Tuesday, August 2, 2011

ကံမလယ်သမား​များ​ စွဲဆိုသည့်​အမှု ပယ်ချခံရ

August 1, 2011
အေး​နိုင်

မ​ကွေး​တိုင်း ​ ကံမမြို့နယ်က စစ္စရံ​ကျေး​ရွာမှာ လယ်သမား​တွေရဲ့​မြေ​ပေါ် ဦး​ပိုင်ကုမ္ပဏီက ​ကော့​စတစ်ဆိုဒါစက်ရုံတည်ဖို့​ ​မြေသိမ်း​တဲ့​အမှုကို လယ်သမား​ ကိုသန်း​ဦး​ပါ ​လေး​ဦး​က စွဲဆိုတဲ့​အမှုကို မ​ကွေး​တိုင်း​ဒေသကြီး​ တရား​လွှတ်​တော်က ဒီက​နေ့​ ပယ်ချ လိုက်တယ်လို့​ တရား​လိုဘက်က အကြံ​ပေး​တဲ့​ အဖွဲ့ချုပ်ဥပ​ဒေအကြံ​ပေး​ ဦး​အောင်သိန်း​က ​ပြောပါတယ်။


ဘာ​ကြောင့်​ ပယ်တယ်ဆိုတာကို​တော့​ ​နောက်ရက်ပိုင်း​ကျမှ သိနိုင်မယ်လို့​ သူက ​ပြောပါတယ်။

ကိုသန်း​ဦး​ပါ ငါး​ဦး​ဟာ သူတို့​မြေ​တွေ​ပေါ်မှာ ဦး​ပိုင်ကုမ္ပဏီက ​မြေသိမ်း​ပြီး​ ​ကော့​စတစ်စက်ရုံ စီမံကိန်း​အ​ကောင်အထည်​ဖော်တာကို ကံမမြို့နယ်တရား​ရုံး​မှာ တရား​စွဲရာမှာ ရဲရဲ့​အစီရင်ခံစာပါ ပြစ်မှုမ​မြောက်ဘူး​ဆိုတဲ့​ တင်ပြချက်အ​ပေါ် မူတည်ပြီး​ ကံမမြို့နယ်တရား​ရုံး​က အမှုကိုပယ်ချခဲ့​ပါတယ်။

ဒီ​နောက် သရက်ခရိုင်တရား​ရုံး​ကို ထပ်တင်ရာမှာ အကျဉ်း​နည်း​နဲ့​ ပယ်ချခံရပြန်တာ​ကြောင့်​ မ​ကွေး​တိုင်း​ဒေသကြီး​ တရား​လွှတ်​တော်ကို ထပ်မံတင်ခဲ့​တာပါ။

တိုင်း​ ဒေသကြီး​ တရား​လွှတ်​တော်က အမှုကိုလက်ခံပြီး​ နှစ်ဘက်​လျှောက်လဲချက်​တွေကို ကြား​နာခဲ့​ပြီး​ အမှု​တွေကို ​အောက်ရုံး​အတိုင်း​ပဲ ပယ်ချခဲ့​တာဖြစ်ပြီး​ စီရင်ချက်မှာ ဘာ​ကြောင့်​ ပယ်တယ်ဆိုတာကို မ​ဖော်ပြ​သေး​ဘူး​လို့​ ဆိုပါတယ်။

ဒီအမှုသုံး​ခုက ​တော့​ ဦး​ပိုင်ကုမ္ပဏီကတာဝန်ရှိသူ ဗိုလ်မှူး​ဟောင်း​ ဦး​ဝင်း​မြင့်​နဲ့​နှစ်ဦး​ကို စွဲဆိုထား​တဲ့​ ပိုင်နက်ကျူး​လွန်မှု၊​ အကျိုး​ပျက်စီး​မှု၊​ ခြိမ်း​ခြောက်မှု​တွေဖြစ်ပါတယ်။ ဒီသုံး​မှုစလုံး​ကို တိုင်း​ဒေသကြီး​ တရား​လွှတ်​တော်က ပယ်ချခဲ့​တာ ဖြစ်ပါတယ်။

အခုပယ်ချခံရတဲ့ ​အမှု​တွေမှာ တရား​လိုဖြစ်တဲ့​ လယ်သမား​ဦး​သန်း​ဦး​ပါ ​လေး​ဦး​နဲ့​ ကျန်တဦး​ဟာ အဲဒီဦး​ပိုင်ကုမ္ပဏီဝန်ထန်း​တွေက ရိုက်နှက်မှုကျူး​လွန်ပြီး​ ပိုက်နက်ကျူး​လွန်မှု၊​ လိုင်စင်မဲ့​ဆိုင်ကယ်စီး​နင်း​မှု စတဲ့​အမှု စွဲချက်​တွေကို ခံရပြီး​ တရား​ရုံး​က ​ထောင်ဒဏ်ချ မှတ်ပြီး​ကာမှ အပြစ်မှ​လျှော့​ပေါ့​ပေး​သည်ဆိုပြီး​ အား​လုံး​ကို ပြန်လွှတ်​ပေး​ခဲ့​ပါတယ်။

ပြန်လည်လွတ်​ မြောက်တဲ့​ လယ်သမား​တွေဟာ သူတို့​မှာအပြစ်မရှိတဲ့​အတွက် ​လျှော့​ပေါ့​ပြစ်ဒဏ်ချမှတ်တာကို လက်မခံနိုင်ဘဲ အပြစ်မရှိ​ကြောင်း​ တရား​ရုံး​မှာ ဦး​တိုက်​လျှောက်ဖို့​ ပြင်ဆင်​နေကြပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့