Friday, August 5, 2011

ကား ၅၀၀၀ အောက်လမ်းမှ ကြံ့ဖွံ့သွင်းခွင့်ရ

04 August 2011

ထိုင်းနိုင်ငံဘက်မှ မော်တော်ယာဉ် အစီးရေ ၅၀၀၀ တင်သွင်းခွင့်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ရရှိထားကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီဝင် အလုပ်အမှုဆောင်များကို လစာပေးနိုင်ရန်အတွက် အဆိုပါ ကားများကို တင်သွင်းခွင့် ရရှိခြင်းဖြစ်ကြောင်း၊ ဇူလိုင် ၂၆ ရက်နေ့က အမျိုးအစား စုံလင်သော ကားများ ရန်ကုန်သို့ စတင် ရောက်ရှိပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီ အလုပ် အမှုဆောင် တဦးကပြောသည်။


ကားများကို မော်လမြိုင်ဘက်မှ တဆင့် တင်သွင်းလာ ခြင်းဖြစ်ပြီး စစ်တောင်းတံတား ဖြတ်ခအဖြစ် ယာဉ် အားလုံးအတွက် ကျပ် ၁၂ သိန်းသာ ပေးဆောင်ခဲ့ ရကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီမှ ပါတီဝင်များကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးအဆင့်များ ခွဲကာ လစာ သတ်မှတ် ပေးမည်ဖြစ်ကြောင်း၊ ပါတီ၏ ဗဟိုအဆင့်ရှိ သူများကို လစာ ကျပ် ၃ သိန်း၊ ပြည်နယ်နှင့်တိုင်း အဆင့် ပါတီ အတွင်းရေးမှူး များကို ကျပ် ၁ သိန်း ၂ သောင်း၊ ခရိုင်အဆင့် အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင် များကို ကျပ် ၈ သောင်းနှင့် ၇ သောင်း၊ မြို့နယ် အဆင့် အတွင်းရေးမှူး နှင့် အလုပ်အမှုဆောင်များကို ကျပ် ၆ သောင်းနှင့် ၅ သောင်း စသည်ဖြင့် သတ်မှတ်၍ လစဉ် ပေးနေ ကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီ အလုပ်အမှုဆောင် တဦးကဆိုသည်။

ကြံ့ဖွံ့ပါတီက ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်နှင့်တိုင်း ဒေသကြီး အဆင့်များအလိုက် စုစုပေါင်း ၇၂၆ ဦးကို ဇူလိုင် လဆန်းမှစတင်ကာ လစာပေးနေပြီ ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

ကြံ့ဖွံ့ပါတီဝင်များအား လစာပေးနိုင်ရန်အတွက် မော်တော်ယာဉ်များ ပြည်ပမှ တင်သွင်းခွင့် ရရှိသည့်အပေါ် နိုင်ငံရေး အသိုင်း အဝန်းကြားတွင် ဝေဖန်ပြောဆိုမှုများ ရှိနေသည်။

“လစာပေးတာတော့ သူတို့ပါတီအနေနဲ့ ရန်ပုံငွေရှိလို့ပေးတာ ဘာမှပြောစရာ မရှိဘူးပေါ့။ နိုင်ငံတော်က နေပြီးတော့ ဒီလို အခွင့်အရေးပေးတယ် ဆိုရင် ပါတီတွေအားလုံးကို ပေးရင် ပြောစရာအကြောင်း မရှိပါဘူး။ တပါတီတည်း ခွဲပေးတာ ကတော့ သိပ်မကောင်းဘူးပေါ့။ နိုင်ငံရေးပါတီတွေက ဝေဖန်စရာရှိလာနိုင်တာပေါ့။ နိုင်ငံရေးပါတီတိုင်း မှာလည်း ရပ်တည်ဖို့ ရန်ပုံငွေ အခက်အခဲ လိုတာပဲလေ” ဟု အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) မှ ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလအမတ်အဖြစ် ဝင်ရောက်အရွေးခံခဲ့သူတဦးကလည်း ကားများ အလုံးအရင်းနှင့် တင်သွင်း ခွင့်ကို ပုံမှန် ကားတင်သွင်းနေသူများပင် မရနိုင်ကြောင်း ပြောသည်။

ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ်များ ကားဈေးကွက်အတွင်း အလုံးအရင်း ရောက်ရှိလာမည် ဆိုပါက ကားဈေးကွက် ကမောက်ကမ ဖြစ်လာမည်ကို စိုးရိမ်ရကြောင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကားဝယ်ရောင်း တဦးကဆိုသည်။

“လက်တလော ဘယ်ကား အမျိုးအစားတွေလဲ ဆိုတာ မူတည်တယ်။ နောက်ပြီး ဒီမှာ ကားလိုအပ်ချက်က တနှစ်ထက် တနှစ် တိုးနေတယ်လေ။ ကားဈေးကွက်မှာတော့ နည်းနည်း လှုပ်နိုင်တယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက ကားဈေးကွက်အတွင်း လိုင်စင်မဲ့ကားများအား လိုင်စင်ခွင့်ပြုပေးမည့် သတင်းနှင့်အတူ ကားမျိုးစုံ တန်ဖိုး သတ်မှတ်ထားသည့် စာရင်း ထွက်ပေါ်လာခဲ့သည်။ ဈေးကွက်အတွင်းတွင်လည်း ကားဈေးနှုန်း အတက်၊ အကျကို စောင့်ကြည့်နေသည့် အနေအထားဖြစ်သွားခဲ့ပြီး အရောင်းအဝယ် အေးသွားသည်ဟု သိရသည်။

“ဇွန်လအတွင်းက လိုင်စင်မဲ့ကားတွေ ပြန်ခွင့်ပြုမယ်ဆိုပြီး ကားဈေးနှုန်းတွေ ထွက်လာတယ်။ အဲဒီလို ထွက်ပြီး ကားဈေးတွေ ငြိမ်သွားတယ်။ အခုရက်ပိုင်း ဈေးပြန်တက်လာတယ်။ လိုင်စင်မဲ့ကားတွေ ပြန်ခွင့်ပြုမယ် ဆိုတဲ့ သတင်းက အခုထိ မသေချာ သေးတော့ ပွဲစားတွေက ပြန်ပြီး ဈေးမြှင့် လာကြတယ်” ဟု မော်တော်ယာဉ် ၀ယ်ရောင်း တဦးကဆိုသည်။

ယခုလက်တလောတွင် မိုဒယ်လ်မြင့် အပေါ်ကားများသည် ကျပ်သိန်း ၁၅၀ မှ ၂၅၀ အထိ ဈေးနှုန်း မြင့်တက်သွားကြောင်း၊ ပြည်ပမှ မော်တော်ယာဉ်များ ပြည်တွင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာပါက ဈေးကွက်အတွင်း ဈေးနှုန်းအကျဘက်သို့ ဦးတည်နိုင်ကြောင်း ၎င်းကပြောသည်။

ကြံ့ဖွံ့ပါတီမှ တင်သွင်းခွင့်ရခဲ့သော မော်တော်ယာဉ်များထဲတွင် လိုက်ထရပ်၊ Super Custom၊ Mark II၊ ၂၀၁၁ မိုဒယ်လ် Lexus အပါအ၀င် မိုဒယ်လ်မြင့် ကားများစွာ ပါဝင်ပြီး တင်သွင်းလာသောမော်တော်ယာဉ် စာရင်းအတိအကျကို သတင်း ထုတ်ပြန်၍ မရသေးကြောင်း ယင်းပါတီမှ တာဝန်ရှိသူ တဦးကပြောသည်။

ကြံ့ဖွံ့ပါတီသည် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၂၅ နယ်အနက် ၂၅၉ နယ်၌လည်းကောင်း၊ အမျိုးသားလွှတ်တော် မဲ ဆန္ဒနယ် ၁၆၈ နယ် အနက် ၁၂၉ နယ်၌ လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် မဲဆန္ဒနယ် ၆၆၁ နယ်အနက် ၄၉၄ နယ်၌ လည်း ကောင်း အနိုင်ရရှိခဲ့ပြီး စုစုပေါင်းလွှတ်တော် ကိုယ်စားလှယ် ၁၁၅၄ နေရာ အနက် ၈၈၂ နေရာ၌ အနိုင်ရရှိခဲ့သည်ဟု အစိုးက ကြေညာခဲ့သည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့