Tuesday, August 2, 2011

စာနယ်ဇင်းသမား အခွင့်အရေး ကာကွယ်သည့် ဥပဒေပြဋ္ဌာန်းရန် လိုအပ်

August 1, 2011
နေသွင်

မြန်မာပြည်မှာ သတင်းသမားတွေကို အပြစ်ပေးနိုင်တဲ့ ပုဒ်မတွေ၊ စည်းမျဉ်းတွေ ရှိနေသလို စာနယ်ဇင်းသမားတွေကို ကာကွယ်တဲ့ ဥပဒေတရပ်ကိုလည်း လွှတ်တော်က ပြဋ္ဌာန်းဖို့ လိုအပ်နေတယ်လို့ ၀ါရင့်သတင်းစာ ဆရာကြီး မောင်ဝံသက ပြောပါတယ်။

“သမ္မတကြီး ဦးသိန်းစိန် အစိုးရကနေပြီးတော့ စတုတ္ထမဏ္ဍိုင်လည်း အလေးထားပါတယ် ဆိုတာ အများကြီး လက္ခဏာတွေ ရှိပါ တယ်။ ထုတ်ဖော် ပြောဆိုတာတွေလည်း ရှိပါတယ်။ အဲတော့ ဒီအတိုင်းပဲ ဆက်ပြီးတော့ မီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး မီဒီယာသမားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ တဖြည်းဖြည်းချင်း ဖွင့်ပေးသွားမယ်လို့ မျှော်လင့်တယ်။ နောက်တခု အရေးကြီးတာက လွှတ်တော်မှာကို စာနယ်ဇင်းသမားတွေအတွက် အခွင့်အရေး ကာကွယ်တဲ့ဥပဒေပေါ့။ အဲဒီဥပဒေမျိုးကို ပြဋ္ဌာန်းပေးဖို့ လိုအပ်ပြီလို့ ဖြစ်လာပြီလို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ တဖြည်းဖြည်းနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် ရှိလာ တာနဲ့အမျှ စာနယ်ဇင်းတခု အတိုင်းအတာတခုထိ လွတ်လပ်တဲ့ စာနယ်ဇင်းဆိုရင် ကျနော်တို့ စာနယ်ဇင်းသမားတွေကလည်း လွတ်လပ်ခွင့် အတိုင်းအတာထက် ရေးကြမှာပဲ။ ဝေဖန်ချက်တွေ လုပ်ကြမှာပဲ။ အဲဒီအခါမှာ လုံခြုံရေးပုဒ်မတို့ နောက်တခါ အသရေဖျက်မှုတို့ အဲဒါလေးတွေပေါ့။ ရင်ဆိုင်ရမယ့် အခြေအနေရှိတယ်။ အဲဒီတော့ အဲလိုရှိရင် ကျနော်တို့ စာနယ်ဇင်း သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေဆိုတာ ကျနော်တို့ဘက်ကလည်း ဥပဒေရဲ့ အကာအကွယ် လိုမယ်လို့ ကျနော်ယူဆတယ်။ အဲဒါမျိုးကို လွှတ်တော်က ဆောင်ရွက်ပေးဖို့ လိုလားနေကြပါတယ်။”

ဒါ့အပြင် ဒီလ (၂၂) ရက်နေ့မှာ ပြန်စမယ့် လွှတ်တော်အစည်းအဝေး သတင်းတွေကိုလည်း သတင်းသမားတွေကို လွတ်လွတ် လပ်လပ် ယူခွင့် ရှိသင့်တယ်လို့ ဆရာမောင်ဝံသက ဆိုပါတယ်။

နေပြည်တော်မှာ လုပ်ခဲ့တဲ့ ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးတွေမှာလည်း မီဒီယာသမားတွေကို သတင်းယူခွင့် မပေးခဲ့သလို၊ လွှတ်တော်အပြင်မှာလည်း လွှတ်တော်တွင်း ဆွေးနွေးတဲ့ အကြောင်းအရာတွေကို မီဒီယာတွေကို မပြောဖို့အထိ လွှတ်တော် ဥက္ကဋ္ဌတွေက လွှတ်တော်အမတ်တွေကို နှုတ်ပိတ်ခဲ့ပါတယ်။

သတင်းသမားတွေ ဖမ်းဆီးထောင်ချတာတွေ ရှိခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်မှာတောင် သတင်းသမားတွေဟာ လွှတ်တော်ထဲအထိ သတင်းယူခွင့် ရှိခဲ့တာကို ဗိုလ်တထောင်သတင်းစာ အယ်ဒီတာချုပ်ဟောင်း ဆရာမောင်ဝံသက ထောက်ပြ ပါတယ်။

“စာနယ်ဇင်းသမားတွေ ကိုယ့်ကိုယ်ကျိုးအတွက် သွားတက်တာမှ မဟုတ်ဘဲ။ တိုင်းပြည် ပြည်သူလူထုကို ပြန်တင်ပြဖို့ အစီရင်ခံ တင်ပြဖို့ အဲဒီအတွက် သတင်းလိုက်တာ။ တကယ်ရသင့်တဲ့ အခွင့်အရေးပါ။ လွှတ်တော်အဆောက်အဦကြီးပေါ့။ အဲဒီမှာဆိုရင် လွှတ်တော် အစည်းအဝေးတွေမှာ သတင်းစာဆရာတွေအတွက် သီးခြား နေရာထိုင်ခင်း ပေးတယ်။ နောက်ပြီးတော့ သတင်းယူ ဖို့အတွက် အစီအစဉ်တွေ လုပ်ပေးတယ်။ နောက်ပြီး သတင်းအချက်တွေ နားနားနေနေ ယူလို့ရတဲ့ မီဒီယာတွေ အတွက် စပီကာတွေပေါ့။ စပီကာကို ပီပီပြင်ပြင်နဲ့ ထားပေးတယ်။ လိုက်ဖမ်းလို့ရတယ်။ နောက်တခါ မြန်မာ့သတင်းစဉ်က အစိုးရ သတင်းတွေ ထုတ်ပေးတဲ့ သတင်းဌာနပေါ့။ မြန်မာ့သတင်းစဉ်နဲ့ ပြည်သူပိုင်သတင်းစာက စာနယ်ဇင်းတွေ၊ သတင်း ထောက်တွေ၊ အယ်ဒီတာတွေက ညှိနှိုင်းပြီး ရေးလို့ ရတယ်။ လွှတ်တော်မှာတင်တဲ့ ဥပဒေအကြောင်းအရာတွေ အဲဒါတွေကို ဝေဖန်ရေးသားလို့ ရတယ်။ စည်းမျဉ်းစည်းကမ်းဘောင်ထဲက ရေးလို့ရတယ်။ ဆောင်းပါးရှင်တွေ အများကြီးရေးလို့ ရတယ်။ အခုလည်း သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက ဆောင်ရွက်ပေးနေတယ်လို့ ကျနော်တို့ မျှော်လင့်ထားတယ်။”

သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း လွှတ်တော်ထဲမှာ သတင်းထောက်တွေကို သတင်း ယူခွင့်ပေးခြင်းဖြင့် လွှတ်တော်ရဲ့ လွှတ်တော်အဆင့်အတန်း၊ လွှတ်တော်အမတ်တွေရဲ့ အရည်အချင်းကို သူတို့ရဲ့ မဲဆန္ဒရှင်တွေနဲ့ နိုင်ငံတကာက အကဲဖြတ်နိုင်မယ်လို့ အခုလို ဆိုပါတယ်။

“ကိုယ့်အရည်အချင်းကိုတော့ အခုဒီတပတ်လွှတ်တော်မှာ နိုင်ငံရေးပါတီတွေက တင်ပြနိုင်အောင် တိုင်းပြည်ကလည်း အကဲဖြတ် နိုင်အောင် အခု ဒုတိယအကြိမ် ပုံမှန်လွှတ်တော်အစည်းအဝေးကို အခြားနိုင်ငံတွေရဲ့ လွှတ်တော်အစည်း အဝေး တွေလိုပေါ့။ လမ်းစဉ်ပါတီခေတ်ကလည်း အရေးကြီးတဲ့ ကိစ္စတွေမှာ တီဗွီက တိုက်ရိုက်လွှင့်သလိုပေါ့။ ဟိုပါလီမန်ခေတ်ကလည်း ရေဒီယိုက တိုက်ရိုက်လွှင့်သလိုပေါ့။ လွှတ်တော်ရဲ့ ဆောင်ရွက်မှုတွေကို တိုက်ရိုက် အသံလွှင့်ခြင်း၊ မီဒီယာသမားတွေကို လွှတ်တော်ထဲ ၀င်ခွင့်ပေးခြင်းအားဖြင့် ပွင့်လင်းကျယ်ပြန်မှုရလာရင် ဒီလွှတ်တော်ရဲ့ အဆင့်အတန်းကို ကမ္ဘာကရော ပြည်တွင်းကပါ အကဲဖြတ် နိုင်မှာပါ။”

မတ်လက စစ်အစိုးရလက်ထက်က ၀န်ကြီးချုပ် ဦးသိန်းစိန်၊ သမ္မတအဖြစ် ရာထူးပြန်လည် လက်ခံခဲ့တဲ့ ပထမဆုံးမိန့်ခွန်းမှာ မီဒီယာကို စတုထ္ထမဏ္ဍိုင်အဖြစ် အသိအမှတ်ပြုပြောဆိုတာ ရှိခဲ့ပေမယ့် အစိုးရသစ်လက်ထက်မှာ အသစ်ထုတ်ပြန်လာတဲ့ စာနယ်ဇင်းဆိုင်ရာ စည်းမျဉ်းစဉ်းကမ်းတွေဟာ အရင်ထက် ပိုဆိုးသေးတယ်လို့ ပြည်တွင်းစာနယ်ဇင်း အသိုင်းအ၀ိုင်းက ယူဆကြပါတယ်။

ဒါ့အပြင် နိုင်ငံတကာ မီဒီယာစောင့်ကြည့်ရေးအဖွဲ့တွေရဲ့ နောက်ဆုံး စစ်တမ်းတွေအရလည်း မြန်မာပြည်ဟာ မီဒီယာလွတ်လပ်မှု အဆိုးဆုံး အခြေအနေမှာ အရင်အတိုင်းပဲ ရှိနေတုန်းပါပဲ။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့