Tuesday, August 2, 2011

၉ဝ နောက်ပိုင်း ပါတီဆောင်ရွက်ချက်တွေ ဒေါ်အောင်ဆန်းစုကြည် သုံးသပ်ဆွေးနွေး

2011-08-01

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ ဗဟိုဦးစီးအဖွဲ့ဝင်တွေနဲ့ ဒီကနေ့ တွေ့ဆုံပြီး NLD ပါတီရဲ့ ဆောင်ရွက်ချက်တွေအပေါ် ပြန်လည် သုံးသပ် ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။


လစဉ် ပုံမှန်ကျင်းပနေတဲ့ ဗဟို အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး ၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲ အနိုင်ရပြီးနောက်ပိုင်း NLD ပါတီရဲ့ ဆောင်ရွက်ချက်တွေကို အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးခဲ့တာ ဖြစ်ကြောင်း NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

“ပါတီတွင်းကိစ္စတွေ၊ ရွေးကောက်ပွဲအနိုင်ရပြီးကတည်းက ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေ၊ သမိုင်းတွေကို ဆွေးနွေးကြတာပါ။ အဲဒီတုန်းက အထွေထွေအတွင်းရေးမှူးကလည်း နေအိမ်အကျယ်ချုပ်၊ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးကလည်း ထောင်ကျနေတယ်။ ဦးဝင်းတင် ကလည်း ထောင်ကျနေတယ်။ တချို့ပုဂ္ဂိုလ်တွေကလည်း ကျန်းမာရေး မကောင်းတော့ ဦးအောင်ရွှေတို့ ဦးလွင် တို့ကလည်း မလာနိုင်တော့ဘူး။ အဲဒီတုန်းကတည်းက အဖွဲ့ချုပ် ဘယ်လို ရပ်တည်ခဲ့သလဲ ဆိုတာတွေနဲ့ ပတ်သက်လို့ ပြန်ပြီး ဆွေးနွေးကြတာပါ”

ဒီကနေ့ ဆွေးနွေးပွဲကို မနေ့က မျက်စိ ခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံတက် ကုသနေရတဲ့ ဦးဝင်းတင်တို့လည်း တက်ရောက်လာကြတယ်လို့ သိရပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့