Saturday, August 6, 2011

ကုန်းတွင်းရေနံ လုပ်ကွက်အတွက် ပြည်တွင်းကုမ္ပဏီများအား ဖိတ်ခေါ်

05 August 2011

ကုန်တွင်းပိုင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ စမ်းသပ်ရှာဖွေ၊ တူးဖော်ထုတ်လုပ်ရေး လုပ်ကွက်များတွင် နိုင်ငံခြားရေနံ ကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ကိုင်နိုင်မည့် မြန်မာတိုင်းရင်းသား ကုမ္ပဏီများအား ယနေ့ တရားဝင် ကြေညာချက်ထုတ်၍ ဖိတ်ခေါ်လိုက်သည်။

ကုန်းတွင်းပိုင်း ရေနံလုပ်ကွက်များတွင် နိုင်ငံခြားကုမ္ပဏီများနှင့် ပူးပေါင်း ရင်းနှီးမြှုပ်နှံခြင်းဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်း နည်းပညာများ၊ နိုင်ငံခြား ကုမ္ပဏီများ၏ ရေနံ လုပ်ငန်းအတွေ့အကြုံနှင့် အကျိုးအမြတ်များကို ပြည်တွင်း ကုမ္ပဏီများ ရရှိနိုင်မည်ဟု စွမ်းအင်ဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန် ထားသည်။

ကုန်တွင်းပိုင်း ရေနံနှင့်သဘာဓာတ်ငွေ့လုပ်ကွက် ၁၈ ခုတွင် ရင်းနှီးမြုပ်နှံလိုသော နိုင်ငံခြား ရေနံကုမ္ပဏီများကို စွမ်းအင်ဝန်ကြီးဌာနက ဇူလိုင်လ ၁၄ ရက်နေ့က ဖိတ်ခေါ်ခဲ့ပြီးနောက် အဆိုပါ နိုင်ငံခြားကုမ္ပဏီများနှင့် ပူးတွဲ လုပ်ကိုင်နိုင်ရန် ပြည်တွင်း စီးပွားရေးကုမ္ပဏီများကို ယနေ့ ထပ်မံဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။

ကုန်တွင်းလုပ်ကွက် ၁၈ ကွက်တွင် မိမိလုပ်ကိုင်လိုသော ရေနံလုပ်ကွက်နေရာ၊ ကုမ္ပဏီမှတ်ပုံတင်၊ သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်း၊ ငွေကြေးပိုင်ဆိုင်မှုနှင့် ခိုင်မာမှု အထောက်အထားများ ပြသ၍ စွမ်းအင်ဝန်ကြီးဌာနတွင် မှတ်ပုံ တင်ထား ရမည်ဖြစ်ကြောင်း နေပြည်တော် စွမ်းအင်ဝန်ကြီးဌာန၊ စွမ်းအင်စီမံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တာဝန်ကျ အရာရှိ တဦးက ဧရာဝတီသို့ပြောသည်။

“တင်ပြလာတာတွေကို ဌာနကစိစစ်ပြီးတော့ ဘယ်ရေနံလုပ်ကွက်မှာ ဘယ်နိုင်ငံခြား ကုမ္ပဏီ လုပ်ခွင့်ရမယ်ဆိုပြီး ပြန်ချပေးမှာပါ” ဟု သူက ဆိုသည်။

နိုင်ငံခြားကုမ္ပဏီများနှင့် မြန်မာကုမ္ပဏီများ ပူးပေါင်းလုပ်ကိုင်ရမည့် ကုန်တွင်းပိုင်းလုပ်ကွက်များမှာ PSC E (မြင်းခြံ)၊ PSC G (တောင်တွင်းကြီး)၊ PSC H ( တောင်ငူ-ပျဉ်းမနား)၊ PSC I ( ဟင်္သာတ)၊ PSC J (မော်လမြိုင်)၊ PSC K (ရမည်းသင်း)၊ EP 1 ( ကျောက်ကြီး-မင်းတုန်း)၊ EP 2 (အောင်လံ)၊ EP 5 (အင်ပင်-တဲကြီးကုန်း)၊ RSF 2 (တူရွင်းတောင် (မြိုင်) တောင်)၊ RSF 3 (ဂွေးချို-ငရှန်တောင်)၊ RSF 9 (ပြလို့- ပေါက်ခေါင်း)၊ RSF 10(ကံမ-နတ်တောင်)၊ MOGE 4 (မြင်သာ)၊ PSC S (လားရှိုး-သိန္နီ)၊ PSC T (အရှေ့လားရှိုး)၊ PSC U (ကလော)၊ PSC V (လွိုင်ကော်) တို့ ဖြစ်ကြောင်း သိရသည်။

ကုန်တွင်းပိုင်း လုပ်ကွက်များ လုပ်ကိုင်လိုသော မြန်မာတိုင်းရင်းသား စီးပွားရေးကုမ္ပဏီများသည် စက်တင်ဘာလ ၉ ရက်နေ့ နောက်ဆုံးထားပြီး စွမ်းအင်ဝန်ကြီးဌာနတွင် လျှောက်ထားရမည် ဖြစ်သည်။

“တကယ့် ဓနအင်အားတောင့်တဲ့ ကုမ္ပဏီတွေနဲ့ အာဏာပိုင် လူကြီးတွေနဲ့ ရင်းနှီးတဲ့ ကုမ္ပဏီတွေပဲ လုပ်ခွင့်ရမှာပါ။

စက်သုံးဆီဆိုင်တွေ လွှဲတုန်းကလိုပေါ့။ ရသွားတော့လည်း သူတို့လူတွေချည်းပဲ” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ ဗဟိုအလုပ် အမှုဆောင်တဦးက ပြောသည်။

အစိုးရသည် ပြည်သူပိုင်လုပ်ငန်းအများစုကို ပုဂ္ဂလိကသို့ လွှဲပြောင်းလျက်ရှိရာ ရန်ကုန် မြို့ပတ်ရထားလုပ်ငန်းကို ပုဂ္ဂလိက လွှဲပြောင်း နိုင်ရေးအတွက် ဇူလိုင်လ ၂၆ ရက်နေ့ကနေပြည်တော်တွင် ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံခဲ့ကြသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့