Friday, August 5, 2011

ဘားအံတွင် အိမ် ရာနှင့်ချီ ရေမြှုပ်

သန်းထိုက်ဦး
04 August 2011

မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ကရင်ပြည်နယ် ဘားအံမြို့တွင် ယမန်နေ့ ညက စတင်၍ လယ်ကွင်း နှင့် လူနေအိမ် အများအပြား ရေနစ်မြှုပ်သွားကြောင်း ဒေသခံများက ပြောသည်။

ရာနှင့်ချီသောမိသားစုများအတွက် အာဏာပိုင်တို့က စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ အားကစားကွင်းတို့တွင် ယာယီ ကယ်ဆယ်ရေး စခန်းများ ဖွင့်ပြီး အကူအညီ ပေးထားကြောင်း သိရသည်။

“လူတွေကို လိုက်ကယ်နေတုန်းပဲ။ (နေ့ခင်း) ၁၂ နာရီ မထိုးခင်လေးက ၆၁၉ အိမ်ထောင်စု ရှိတယ်၊ အခုထိ ရေတက်နေ သေး တယ်” ဟု ဒေသခံ အမျိုးသမီး တဦးက ဧရာဝတီကို ပြောသည်။

ဒေသခံများ ပြောကြားချက်အရ အမှတ် ၁၊ ၂၊ ၅ ရပ်ကွက်တို့တွင် ရေကြီးမှု ပိုများပြီး အိမ်အများအပြား ခေါင်မိုးအထိ နစ်မြှုပ် လျက်ရှိကြောင်း သိရသည်။

ဘားအံသည် သံလွင်မြစ်ဘေးတွင် တည်ရှိသည်။

“ပြီးခဲ့တဲ့ တပတ်တုန်းက ဒီလောက် ရေမတက်ဘူး၊ ဒီအခု တက်တာက အရင် တခေါက်ကထက် ပိုများလာတယ်” ဟု ဘားအံတွင် နေထိုင်သူ အမျိုးသားတဦးက ပြောသည်။

သံလွင်မြစ်ရေသည် ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်း တိုင်းထွာချက်အရ ဘားအံမြို့တွင် ၈၁၈ စင်တီမီတာသို့ ရောက်ရှိနေကြောင်း၊ စိုးရိမ် ရေမှတ် အထက် ၆၈ စင်တီမီတာ (၂ ဒသမ ၂ပေခန့်) ကျော်လွန်နေခြင်း ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။ ၃ ရက်အတွင်း ၇၅၀ စင်တီမီတာအထက်တွင် ရှိနေမည်ဟု ဆိုသည်။ ကမ်းရိုးတန်းဒေသတွင် ယနေ့ မိုးများ မည်ဖြစ်ပြီး ပြည်နယ်တိုင်း ၁၄ ခုလုံးတွင်လည်း မိုးထစ်ချုန်း ရွာမည်ဟု ခန့်မှန်းထားသည်။

ပြီးခဲ့သည့် ဇူလိုင်လကလည်း ဘားအံအနီး လှိုင်းဘွဲ့မြို့နယ်တွင် မိုးများ၍ ရေကြီးမှု ဖြစ်ပွားခဲ့ရာ စိုက်ခင်းအများအပြား ရေနစ် မြှုပ်ခဲ့သည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့