Wednesday, August 3, 2011

၈၈ မျိုး​ဆက်​ကျောင်း​သား​များ​အမှု အစိုး​ရသစ်ကို တင်ပြမည်

August 2, 2011
နေသွင်

နယ်​ဝေး​ထောင် ​တွေမှာ နှစ်ရှည်​ထောင်ဒဏ်ကျခံ​နေရတဲ့​ ကိုမင်း​ကိုနိုင်နဲ့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​ ၉ ဦး​ လွတ်​မြောက်​ရေး​အတွက် ဥပ​ဒေ​ကြောင်း​အရ စီစဉ်​နေပါတယ်။

၂၀၀၈ ခုနှစ်တုန်း​က ​ထောင်ဒဏ် ၆၅ နှစ်ခွဲစီ ချမှတ်ခံထား​ရတဲ့​ ကိုမင်း​ကိုနိုင်နဲ့​ ၉ ဦး​ဟာ အမှုရင်ဆိုင်​နေတဲ့​ကာလမှာ သူတို့​ရဲ့​ အခွင့်​အ​ရေး​တွေ ဆုံး​ရှုံး​ခဲ့​တဲ့​အတွက် အခုလို စီစဉ် ရတာလို့​ ဦး​အောင်သိန်း​က ​ပြောပါတယ်။


“ရပိုင်ခွင့်​ က​တော့​ သူတို့​ကို မတရား​ဖမ်း​ဆီး​ချုပ်​နှောင်ထား​မှုက အစဖြစ်ပြီး​ ပြစ်ဒဏ်​တွေ စီရင်လိုက်တာ​ပေါ့​။ အဲဒါ​တွေအ​ပေါ်မှာ သူတို့​ပြန်လည်သုံး​သပ်ပြီး​ စစ်​ဆေး​ချင်စစ်​ဆေး​ပေါ့​။ ဒါမှ မဟုတ်လည်း​ အပြီး​အပြတ်လွှတ်​ပေါ့​။ ကျ​နော်တို့​ ဒါအ​ကြောင်း​ပြချက်​တွေနဲ့​ သွား​မှာ​ပေါ့​။”

ဒါဟာ ၂၀၀၈ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ​ဘောင်ထဲက လုပ်​ဆောင် တာဖြစ်ပြီး​ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေနဲ့​ပတ်သက်လို့​ အစိုး​ရ သစ်လက်ထက်မှာ ဥပ​ဒေ​ကြောင်း​အရ ပထမဆုံး​ ကြိုး​ပမ်း​မှုလို့​ ဦး​အောင်သိန်း​က ဆိုပါတယ်။

“ဒီအုပ်စုက နဂိုကတည်း​ကိုက ​ရှေ့​နေလည်း​ မပါဘူး​။ သူတို့​ကလည်း​ ဘာမှမ​မေး​ဘူး​။ ဘယ်အယူခံမှလည်း​ မတက်ဘူး​။ အဲဒါ​ကြောင့်​ ကျ​နော်တို့​က သူတို့​ရဲ့​ အခွင့်​အ​ရေး​ ဆုံး​ရှုံး​နေတယ်။ သူတို့​ဟာ မတရား​ဖမ်း​ဆီး​ ချုပ်​နှောင်ခြင်း​ ခံ​နေရတာ​တွေ ​ပေါ်​ပေါက်​နေတယ်။ အဲဒီက​နေ ပြစ်ဒဏ်ကျသွား​တယ်။ ​နောက်ပြီး​တော့​ သူတို့​မိသား​စု​တွေနဲ့​ အဆက်အသွယ်မရခဲ့​ဘူး​။ ​ရှေ့​နေ​ရှေ့​ရပ် ငှား​ရမ်း​ခွင့်​တွေ မရခဲ့​ဘူး​။ အဲဒါ​ကြောင့်​ ဒီအမှု​တွေကို Extract လုပ်ပြီး​တော့​ ဦး​စွာတင်​လျှောက်ကြည့်​မယ်။”

၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်း​က မအူပင်​ထောင်တွင်း​ တံခါး​ပိတ်ခုံရုံး​က​နေ နှစ်ရှည် ​ထောင်ဒဏ်ချမှတ်ခံလိုက်သည့်​ ၉ ဦး​အမှုတွဲမှာ ကိုမင်း​ကိုနိုင်၊​ ကိုကိုကြီး​၊​ ကိုပြုံး​ချို၊​ ကိုမြ​အေး​၊​ ကိုဉာဏ်လင်း​၊​ ကို​ဌေး​ကြွယ်၊​ ကိုလှမျိုး​နောင်၊​ ကို​အောင်သူ၊​ ကိုမျိုး​အောင်နိုင် တို့​ ပါဝင်ပါတယ်။

ဦး​သိန်း​ စိန်အစိုး​ရက မြန်မာပြည်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​တွေမရှိပါဘူး​လို့​ ငြင်း​ဆန် ​နေ​ပေမယ့်​ ကုလသမဂ္ဂနဲ့​ နိုင်ငံတကာအသိုင်း​အဝိုင်း​က ဖမ်း​ထား​တဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၂၀၀၀ ဝန်း​ကျင်ကို အ​စောဆုံး​ ပြန်လွှတ်​ပေး​ဖို့​ အစဉ်တစိုက် ​တောင်း​ဆို​နေကြ ပါ တယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့