Friday, August 5, 2011

ဒုက္ခသည်တို့ကို ကူရန် ပါတီများ တောင်းဆို

ခင်ဦးသာ
04 August 2011

ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီ ၅ ခုက အစိုးရကို ကချင်၊ ရှမ်း၊ ကရင်ဒေသများတွင် ထွက်ပြေးနေကြရသော စစ်ပြေး ဒုက္ခသည်များအား ကူညီထောက်ပံ့ပေးရန် ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုလိုက်သည်။

အစိုးရအပြင် ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများကလည်း လူသားချင်း စာနာသောအားဖြင့် အမြန်ဆုံး ကူညီကြရန် ဗုဒ္ဓဟူး နေ့က ထုတ်ပြန်သည့် ထိုပါတီ ၅ ခု၏ ကြေညာချက်တွင် တိုက်တွန်းထားသည်။


“အပြစ်မဲ့တဲ့ ပြည်သူတွေဟာ နယ်စပ်ဒေသတွေမှာ သောင်းချီပြီး ဒုက္ခရောက်နေကြတယ်၊ ဒါကို နိုင်ငံရေး ရှုထောင့်က မကြည့်ဘဲ နိုင်ငံသားတွေ၊ ဒုက္ခသည် တွေလို့ သဘောထားပြီး ကူညီကြဖို့ တောင်းဆိုရတာပါ” ဟု ကြေညာချက်ထုတ်ရာတွင် ပါဝင်သည့် ချင်းအမျိုးသား ပါတီ၏ အတွင်းရေးမှူး ဆလိုင်းကျဲဘစ်ထောင်းက ဧရာဝတီကို ပြောသည်။

အစိုးရက လိုက်လျောမှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပါတီများက လုပ်ဆောင် သင့်သည်ဟု ယူဆ၍ ယခုကဲ့သို့ ကြေညာ ချက်ထုတ် တောင်းဆိုရခြင်း ဖြစ်ကြောင်း သူက ရှင်းပြသည်။

နယ်စပ် ဒေသ တိုက်ပွဲများ၊ ထွက်ပြေး နေကြရသော တိုင်းရင်းသားများအကြောင်းကို ပုဂ္ဂလိက စာနယ်ဇင်းများတွင် ဖော်ပြ ခွင့်မရှိသည့်အပြင် အစိုးရကလည်း သတင်း အမှောင်ချထားသည်။

“ပြည်တွင်း မီဒီယာတွေမှာ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးရေးတာ မတွေ့ရပါဘူး၊ ဒီတော့ လူတွေကလည်းပဲ မသိကြတော့ ကူညီမှုတွေဘာမှ မရကြဘူးပေါ့၊ ဒီအတွက် အလွန်ပဲ စိတ်မကောင်းဖြစ်ရပါတယ်” ဟု ဦးဆလိုင်းကျဲဘစ်ထောင်းက ဆိုသည်။

တိုင်းရင်းသားပါတီများ၏ ကြိုးပမ်းချက်ကို ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူများက ကြိုဆိုလိုက်သည်။

“ပါတီတွေက တောင်းဆိုတာကို ကြိုဆိုပါတယ်၊ ဒါပေမယ့် ကူညီမယ့် ကိစ္စကို အစိုးရက ခွင့်ပြုပေးလိမ့်မယ်လို့ မထင်ပါဘူး၊ အဲဒီလို ကူညီတဲ့ အစဉ်အလာ တခါမှ မရှိခဲ့တဲ့အတွက် အခုလည်းပဲ ကူညီမှု ပေးမယ် မထင်ပါဘူး” ဟု ကချင်စစ်ပြေး ဒုက္ခသည်များ ကူညီ စောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ကိုလာရစ်က ပြောသည်။

ပြီးခဲ့သည့် ၂ လအတွင်း ကချင်ဒေသ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူပေါင်း အနည်းဆုံး ၁၇၅၂၁ ဦးရှိကြောင်း၊ နေ့စဉ် ဆယ်ဂဏန်းအထိ ထပ်မံ ရောက်ရှိလာနေကြောင်း ကိုလာရစ်က ပြောသည်။

လိုင်ဇာဒေသသို့ အများဆုံး သွားရောက် တိမ်းရှောင်ကြပြီး၊ တချို့က လိုင်ဇာတ၀ိုက်ရှိ မိုင်ဂျာယန်၊ မဂါယာန နှင့် ကချင်ပြည်နယ် အနောက်ပိုင်း ဒေသများသို့ ခိုလှုံနေကြသည်ဟု သိရသည်။

ကချင်ဒေသ ဒုက္ခသည်စခန်းများတွင် လူဦးရေ ထူထပ်နေပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်း စနစ်တကျ လုပ်ဆောင်နိုင်ခြင်း မရှိသဖြင့် ကူးစက်ရောဂါ ဖြစ်ပွားနေသည်ဟု ကိုလာရစ် က ရှင်းပြသည်။

“၀မ်းရောဂါ ဖြစ်တာက ၅ နှစ်အောက် ကလေးတွေ အဖြစ် များနေတယ်၊ နောက်ပြီးတော့ ဒုက္ခသည်တွေထဲမှာ မီးဖွားပြီးခါစ မိခင်တွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေပါ ရှိနေတဲ့ အတွက် အဓိက လိုအပ်နေတာက ဆေးဝါးနဲ့ စားသောက်စရာ ဖြစ်ပါတယ်” ဟု သူက ဧရာဝတီကို ပြောသည်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အာဏာပိုင်တို့ထံမှ ဇူလိုင်လ အတွင်း ရခဲ့သည့် ဆေးဝါးတချို့မှလွဲ၍ တခြား အကူအညီများ မရရှိသေးကြောင်း သူက ပြောသည်။

တိုင်းရင်းသားဒေသ စစ်ပွဲများကြောင့် ထွက်ပြေးရသူ အရေအတွက်သည် ရှမ်းပြည်နယ်တွင် ၁၂၈,၇၅၀၊ ကရင်ပြည်နယ်တွင် ၁၁၃,၅၀၀ အထိ ရှိနေသည်ဟု ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) ၏ ၂၀၁၀ ပြည့်နှစ် မှတ်တမ်းများအရ သိရသည်။

မြန်မာပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်များသည် ပဲခူးတိုင်းအရှေ့ပိုင်း၊ ကယား၊ မွန်၊ တနင်္သာရီ ဒေသတို့တွင်လည်း ရှိနေသည်ဟု TBBC က ဆိုသည်။

ထိုဒုက္ခသည်များအား ကူညီရန် အစိုးရကို အင်္ဂါနေ့က တောင်းဆိုလိုက်သည့် တိုင်းရင်းသားပါတီ ၅ ခုမှာ

- ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီ၊
- ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ( RNDP )၊
- ချင်းအမျိုးသားပါတီ (CNP )၊
- မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊
- ဖလုံ-စဝေါ် ( ကရင် ) ပါတီ တို့ ဖြစ်သည်။

ဒုက္ခသည်အရေးအပြင် လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်ရေး အတွက် သက်ဆိုင်သူ အားလုံး ပါဝင်သော ငြိမ်းချမ်းရေး ကော်မတီတခု ဖွဲ့ပေးရန်၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ချက်ချင်း ကြေညာရန်လည်း ထိုပါတီတို့က အစိုးရကို တိုက်တွန်း ထားသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့