Tuesday, August 2, 2011

ကချင်ပြည်နယ်အစိုးရ ကေအိုင်အိုနှင့် စစ်ရပ်စဲရေးဆွေးနွေး

August 1, 2011
အေး​နိုင်

ကချင်ပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့တဖွဲ့နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ဒီကနေ့ တွေဆုံပြီး အစိုးရတပ်နဲ့ ကေအိုင်အေအကြား တိုက်ပွဲရပ်ရေးကိစ္စ တွေ့ဆုံ စကားပြောကြပါတယ်။


ကချင်ပြည်နယ်အစိုးရ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးသန်းအောင်၊ ကချင်အမျိုးသား အတိုင်ပင် ခံအဖွဲ့ ဥက္ကဋ္ဌ ဦးဆင်ဝါးနဲ့ ကချင်လွှတ်တော်အမတ် တဦးပါ ကိုယ်စား လှယ်အဖွဲ့ဟာ လဂျားယံဒေသမှာ ကေအိုင်အေ ဒုတိယဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဒီကနေ့ နေ့ခင်းမှာ တွေ့ဆုံကြပါတယ်။

နှစ်ဖက်ကိုယ်စားလှယ် တွေ့ဆုံကြပေမယ့် ဆွေးနွေးပွဲအဆင့် မရောက်ဘဲ အရင် ရက်ပိုင်းတွေတုန်းက တဖက်နဲ့တဖက် အပြန်အလှန်ရေးတဲ့ စာတွေကို ပြောဆိုခဲ့ကြပြီး ဒီတွေ့ဆုံပွဲကနေ ဘာဆုံးဖြတ်ချက်မှ မချနိုင်ဘူးလို့ ကေအိုင်အို ပြောခွင့်ရ ဦးလနန်းက ပြောပါတယ်။

“ဆွေးနွေးပွဲလို့တော့ ပြောလို့မရဘူး။ ဘာကြောင့်လည်းဆို တော့ သူတို့ဘက် က ဆုံးဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ မပါတော့ကာ ဒါတွေ့ဆုံမှုပဲလို့ ပြောရမယ်။ တကယ်လို့ ဆွေးနွေးပွဲဆိုရင် ဆုံးဖြတ်ချက်တခုတော့ ချနိုင်ရမယ်။ အခုဟာက ဘာမှ ဆုံးဖြတ်ချက် ချနိုင်တဲ့ ပုဂ္ဂိုလ်တွေ မပါဘူးဆိုတော့ ဒီလိုပဲ ကျနော်တို့ရဲ့ ပြောဆိုချက်တွေကို နားထောင်ပြီးတော့ ပြန်သွားရုံပါပဲ။ ကျနော်တို့ ဘက်မှာ အတော်အသင့် ဆုံးဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ပါပါတယ်။ နောက်ပြီး ကျနော်တို့ဘက်က စာမှာပါတဲ့ အကြောင်းအရာတွေ ကို ဗဟိုကော်မတီမှာ အားလုံးက သဘောတူညီပြီးတော့ ရေးပို့ထားတဲ့အတွက်ကြောင့် အဲဒီစာအတိုင်းပဲ သွားမှာပါ။”

ကေအိုင်အိုကို အစိုးရဘက်က နယ်ခြားစောင့်တပ် အသွင်ပြောင်းခိုင်းရာကနေ နောက်ဆုံး လက်နက်ပါ ချခိုင်းခဲ့ရာက တင်းမာ နေရာကနေ ဇွန်လ ၉ ရက်နေ့ကစပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

နေ့စဉ်လို တိုက်ပွဲတွေဖြစ်၊ တံတားတွေ ချိုးနေပြီး ဒုက္ခသည် ထောင်ပေါင်းများစွာ တရုတ်-မြန်မာနယ်စပ်ကို ထွက်ပြေး ခိုလှုံနေကြပါတယ်။

အစိုးရဘက်က ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေကို ရပ်တန့်ပြီး အပစ်အခတ် ရပ်စဲရေးကို ယာယီပဲဖြစ်ဖြစ် လက်မှတ် ထိုး နိုင်အောင် ကြိုးပမ်းနေပြီး ကေအိုင်အိုက တနိုင်ငံလုံး အပစ်ရပ်ဖို့နဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဆိုတဲ့ အချက်နှစ်ချက်ကို ခိုင်ခိုင်မာမာ ကိုင်စွဲထားပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့