Wednesday, August 3, 2011

အာဆီယံပါလီမန်များ ၃၂ ကြိမ်မြောက်​ အစည်းအဝေးတွင် မြန်မာနိုင်ငံအား အဖွဲ့ဝင်အဖြစ် သတ်မှတ်မည်

August 2, 2011
အံ့ဘုန်းမြတ်

အာဆီယံ ပါလီမန်များရဲ့ ၃၂ ကြိမ်မြောက် အစည်းအဝေး (AIPA) Asean Interparliamentary Assembly Meeting) မှာ မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ် သတ်မှတ်ဖို့ အစီအစဉ် ရှိနေပါတယ်။


ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ဒီလ ၁၈ ရက်နေ့ ကနေ ၂၆ ရက်အထိ ကျင်းပမယ့် AIPA အစည်းအဝေးမှာ မြန်မာနိုင်ငံကို အမြဲတမ်း အဖွဲ့ဝင်အဖြစ် သတ်မှတ်ဖို့ရှိနေတာပါ။

ဒီလိုသတ်မှတ်ဖို့ ရှိနေတာနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော် အစိုးရ၏ ကတိများ၊ အာမခံချက်များနှင့် တာဝန်ခံ ထားရှိမှု တွေကို စိစစ်ရမယ့် ကော်မတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က အခုလို အတည်ပြု ပြောပြပါတယ်။

“ကျနော်တို့က အာဆီယံပါလီမန်ညီလာခံကို တက်မယ်။ ကျနော် သိသလောက်တော့ ဖနွမ်းပင်ကို ၁၈ ရက်နေ့ လောက်ကို အကုန်လုံး AIPA အဖွဲ့ဝင်နိုင်ငံတွေ ရောက် မယ်။ မြန်မာနိုင်ငံကို AIPA အဖွဲ့ဝင်အဖြစ် အသိအမှတ် ပြုဖို့ ရှိတယ်။ အလံလွှဲ ပြောင်းတာတို့ ဘာတို့ လုပ်ဖို့။”

မြန်မာနိုင်ငံကို အာဆီယံပါလီမန် အဖွဲ့ဝင် အဖြစ်သတ်မှတ်မယ့် ဒီအစည်းအဝေးကို မကြာသေးခင်ကမှ ပေါ်ပေါက်လာတဲ့ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တွေက လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးလောက် တက်ရောက်ဖို့ရှိနေပြီး လွှတ်တော် ဥက္ကဋ္ဌတွေက ဦးဆောင်ပြီး သွားရောက်မယ်လို့လည်း ဒေါက်တာ အေးမောင်က ပြောပါတယ်။

“ပြည်ထောင်စုလွှတ်တော် နာယကကြီး ဦးဆောင်ပြီး​ ဖြစ်မယ်ထင်တယ်။ အဲဒီကာလကလည်း ပုံမှန် ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေး ကျင်းပမယ့် အချိန်ဆိုတော့ နာယကကြီးများ မအားလပ်ရင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်က ဒုတိယ ဥက္ကဋ္ဌ တပါးပါးက ဦးဆောင်နိုင်ပါတယ်။”

မြန်မာနိုင်ငံဟာ ဒီအစည်းအဝေးမှာ အာဆီယံပါလီမန်များ အဖွဲ့ဝင်အဖြစ် စတင်ဝင်ရောက်ခွင့် ရရှိလာတာ ဖြစ်သလို ဒီအရင် ကတော့ မြန်မာအစိုးရရဲ့ ကိုယ်စားလှယ်အနေနဲ့ အမျိုးသား ညီလာခံ ကျင်းပပြုလုပ်နေစဉ်က ဦးအောင်တိုး ဦးဆောင်တဲ့ ကိုယ်စား လှယ်အဖွဲ့လည်း သွားရောက် လေ့လာခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ၃၁ ကြိမ်မြောက် အာဆီယံပါလီမန်များ အစည်းအဝေးကို ဗီယက်နမ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လွှတ်တော်အရပ်ရပ်ကို ၂၂ နှစ်တာ ကာလအတွင်း ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ စတင် နအဖ စစ်ကောင်စီ က ခေါ်ယူကျင်းပခဲ့ပါတယ်။ ဒီလွှတ်တော်တွေကနေတဆင့် နိုင်ငံတော် အာဏာ အရပ်ရပ်ကို သမ္မတဦးသိန်းစိန်ကို မတ်လ ၃၀ ရက်နေ့မှာ အာဏာလွှဲပြောင်း ရယူခဲ့ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့