Saturday, August 6, 2011

ပန်းချီမောင်မောင်သိုက် (အသက် ၆၆ နှစ်) ကွယ်လွန်

အေးချမ်းမြေ့
05 August 2011

စာနယ်ဇင်း သရုပ်ဖော်ပုံနှင့် မျက်နှာဖုံးပန်းချီများကို စိုက်လိုက်မတ်တပ် ရေးဆွဲခဲ့သူ ပန်းချီမောင်မောင်သိုက် ယနေ့ ကွယ်လွန်သွားပြီ ဖြစ်သည်။

ယနေ့နေ့လယ် ၁၂ နာရီ ၄၅ မိနစ်က ရန်ကုန် ရွှေဗဟို အထူးကု ဆေးခန်းတွင် အသည်းရောဂါဖြင့် ကွယ်လွန်သွားကြောင်း၊ ကျန်ရစ် သော ရုပ်ကလာပ်ကို ရေဝေးသုဿာန် အအေးခန်းသို့ ပို့ဆောင်ပြီးပြီ ဖြစ်ကြောင်း၊ လာမည့် သြဂုတ် ၇ ရက်နေ့ တနင်္ဂနွေနေ့တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း ရန်ကုန် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုကျော်သူက ဧရာဝတီသို့ ပြောသည်။


ပန်းချီမောင်မောင်သိုက်သည် အဘ ရွှေပန်းတိမ်ဆရာ ဦးလွင်၊ အမိ ဒေါ်မြညွန့်တို့၏ သားဖြစ်ပြီး ၁၉၇၁ ခုနှစ်တွင် စာနယ်ဇင်းပန်းချီဆရာ ဘဝဖြင့် ပန်းချီလောကကို စတင် ဝင်ရောက်ခဲ့ကာ ၁၉၇၃ ခုနှစ်ခန့်တွင် စတင် အောင်မြင်ခဲ့သူ ဖြစ်သည်။

ပန်းချီပန်းပု ကျောင်းတက်စဉ် ပန်းချီ ဦးကြည်ထံတွင် ပန်းချီပညာကို သင်ယူခဲ့ပြီး မြင်ဆရာ၊ ကြားဆရာများဖြစ်ကြသော ပန်းချီ ဦးဘကြည်၊ ဦးဘရင်ကလေး၊ ဦးသောင်းဟန်၊ ဦးညိုလှတို့ထံတွင် ပန်းချီပညာကို ဆက်လက်ဆည်းပူးခဲ့သည်။

“လျှို့ဝှက်သည်းဖို မဂ္ဂဇင်းခေတ်မှာ တက်လာတဲ့ ပန်းချီဆရာတွေထဲမှာ သူလည်း တယောက် အပါအဝင်ပေါ့။ ကျနော် တို့ကတော့ အဲဒီခေတ်ကို မမီလိုက်ဘူး” ဟု ထိုင်းနိုင်ငံ ချင်းမိုင်တွင် နေထိုင်သည့် ပန်းချီမျိုးမြင့်က ပြောသည်။

မြဝတီ၊ ငွေတာရီ၊ ရှုမဝ၊ စစ်ပြန် စသည့် မဂ္ဂဇင်းများမှစ၍ ယနေ့ ခေတ် မဂ္ဂဇင်းများအထိ စာနယ်ဇင်း သရုပ်ဖော်ပုံများ၊ မျက်နှာဖုံးများ ဆွဲခြင်းဖြင့် ပန်းချီလောကတွင် အောင်မြင်ခဲ့သော ပန်းချီမောင်မောင်သိုက်သည် စာရေးဆရာပေါင်း များစွာ၏ ဝတ္ထု မျက်နှာဖုံးများ၊ သရုပ်ဖော်ပုံများကိုလည်း ရေးဆွဲခဲ့သည်။

“စာရေးဆရာ အများစုရဲ့ ဝတ္ထုမျက်နှာဖုံး ပုံတွေ ရေးခဲ့တယ်။ သရုပ်ဖော်ပုံတို့၊ မျက်နှာဖုံးတို့ကို သူမဆွဲပေးဖူးတဲ့ စာရေးဆရာ မရှိ သလောက်ပါပဲ” ဟု သူ့သားအငယ် ကိုဇေဖြိုးက ဆိုသည်။

ပန်းချီမောင်မောင်သိုက်သည် မြန်မာနိုင်ငံ ပန်းပညာရှင်များအစည်းအရုံး အမှုဆောင်အနေဖြင့်လည်း တာဝန် ယူခဲ့ပြီး စာနယ်ဇင်း ပန်းချီဆရာများစုပေါင်း၍ ပြုလုပ်သည့် ပန်းချီပြပွဲများတွင် အစဉ်ပါဝင်ခဲ့သည်။ ၎င်း နောက်ဆုံး ကျင်းပနိုင်ခဲ့သည့် ပန်းချီပြပွဲမှာ ဇွန် ၄ ရက်နေ့မှာ ၁၃ ရက်နေ့အထိ ၎င်းနှင့်ခေတ်ပြိုင် ပန်းချီဆရာတဦးဖြစ်သော ပန်းချီ ကျော်သောင်းနှင့်အတူ တွဲဖက်ပြသသည့် ပွဲဖြစ်သည်။

“ကိုသိုက်ဟာ ကျနော့်ရဲ့ အဓိက အရေးပါတဲ့ မြင်ဆရာတယောက် ဖြစ်ခဲ့ပါတယ်။ သူက မိန်းမလှလေးတွေရဲ့ ပုံတွေ ရေးရာမှာ သူမတူအောင် ကျွမ်းကျင်တယ်” ဟု ပန်းချီမျိုးမြင့်က ဆိုသည်။

၎င်းနှင့် ခေတ်ပြိုင် ပန်းချီဆရာများမှာ ပန်းချီမောင်မောင်ကျော်ညွန့် (အဖွဲ့)၊ ညိုဝင်း၊ ဝသုန်၊ ကျော်သောင်း၊ စံတိုး၊ တင်မောင်မျင့်၊ ဇော်မင်း၊ ကာတွန်းငွေကြည် စသဖြင့် ဖြစ်သည်။

“သူ့ပန်းချီတွေရဲ့ ထူးခြားချက်က အရောင်တွေလှတယ်၊ အရောင်အတွဲအဖက် သိပ်ကောင်းတယ်။ လူပုံတွေနဲ့ တခြားရှုခင်း။ မြင်ကွင်းတွေ တွဲဖက်ရေးတဲ့အခါ အထားအသိုဖွဲ့စည်းမှု သိပ်ကောင်းတယ်။ ပန်းချီတင်မကဘဲ ဒီဇိုင်း ဖန်တီးမှုမှာလည်း တော်တော် အဆင့်မြင့်တယ်၊ ကျွမ်းကျင်တယ်။ ရေးဆေး အထူအပါး ၂ မျိုးစလုံး ပိုင်နိုင်တယ်။ ဆီဆေးကားတွေ တခါတရံ ရေးပေမယ့် ရေဆေးလောက် လူကြိုက် မများဘူး” ဟု ပန်းချီမျိုးမြင့်က ပြောသည်။

ပန်းချီမောင်မောင်သိုက်၏ ဇနီးဖြစ်သူ ဒေါ်ချိုမှာ နှစ်အတန်ကြာကတည်းက ကွယ်လွန်ပြီးဖြစ်၍ ယခု ပန်းချီမောင်မောင်သိုက် ကွယ်လွန်ချိန်တွင် သားသမီး ၂ ဦး ကျန်ခဲ့ကြောင်း သိရသည်။

ပန်းချီမျိုးမြင့်က “သူက စိတ်ရင်းကောင်းတယ်၊ လူချစ်လူခင်များတယ်။ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနဲ့ တခြား အနုပညာ နယ်ပယ်က လူတွေနဲ့လည်း ချစ်ခင်ရင်းနှီးတယ်။ စာနယ်ဇင်း ပန်းချီနယ်မှာ သူ့ခေတ်ရယ်လို့ အခိုင်အမာရှိခဲ့တယ်” ဟု ဆိုသည်။

၁၉၇၁ ခုနှစ်မှ ယနေ့အချိန်အထိ သူ့စတိုင်၊ သူ့ဟန်အတိုင်း ရေးဆွဲနေသော သူ့တပည့်များ များစွာ ရှိနေဆဲဟု ၎င်းက ဆက်ပြောသည်။

“မြန်မာပြည်က ပန်းချီဆရာ အတော်များများဟာ အရက်နဲ့ ဆေးလိပ်ကြောင့် သက်တမ်းပြည့်အောင် မနေကြရဘူး သိပ်နှမြောဖို့ ကောင်းတယ်” ဟု သူက ဆိုသည်။

ပန်းချီမောင်မောင်သိုက် ကွယ်လွန်သွားရခြင်းသည် အနုပညာလောက၊ ပန်းချီလောက တခုလုံးအတွက် ဆုံးရှုံးမှုကြီးတခု ဖြစ်သည်ဟု နာရေးကူညီမှု အသင်း အတွင်းရေးမှူး စာရေးဆရာမ သန်းမြင့်အောင်ကပြောသည်။

“နာရေးကူညီမှုအသင်းဟာ မြန်မာ ပြည်သူအားလုံးအတွက် အကျိုးပြု နေတာပါပဲ။ ဒါပေမယ့် အခုလို အနုပညာ လောကက ကိုယ့်ထက် တတ်သိတဲ့ ကိုယ့်ဆရာတွေရဲ့ နောက်ဆုံးအချိန်မှာ ကူညီခွင့်ရပြန်တော့ သူတို့ကို ပူဇော်ခွင့်ရတာပဲလို့ ခံယူတယ်” ဟု သူက ဆိုသည်။

ပန်းချီဦးမျိုးမြင့်က ၎င်းအတွက် အလွန်တန်ဖိုးကြီးသော မြင်ဆရာတဦး ကွယ်လွန်သွားသည့်အတွက် စိတ်ထိခိုက်ရကြောင်း ပြောသည်။

“သူ့လက်ရာတွေကို အတုယူ ရေးဆွဲခဲ့ကြတဲ့လူတွေထဲမှာ ကျနော်လဲပါတာပေါ့။ လူချင်းလည်း သိပ်ရင်းနှီးတယ်။ အစ်ကိုလို ပါပဲ။ သူ့အတွက် မေတ္တာပို့ ဆုတောင်းပေးရုံပဲ တတ်နိုင်ပါတယ်။ အခုဟာက လူသာမန်သက်သက်ကို ဆုံးရှုံးရတာတင် မကဘူး သူ့ရဲ့ ဖန်တီးမှုအနုပညာတွေကိုပါ တပါတည်း ဆုံးရှုံးရတာ ဆိုတော့ ဆုံးရှုံးမှုက ကြီးမားလှပါတယ်” ဟု သူက ဆိုသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့