Friday, November 14, 2008

လက်နက်ကိုင်တော်လှန်ရေး၊ ကန့်သတ်စစ်ပွဲနှင့် နိုင်ငံရေး ချိန်ခွင်လျှာ

“ဘယ်လိုစစ်ပွဲမှာ သင်ဝင်တိုက်နေတယ်ဆိုတာ နားလည်ခြင်းဟာ အောင်ပွဲရဲ့ ပထမဆုံးခြေလှမ်းပဲ”
(ဗိုလ်ချုပ်အန်တိုနီဇင်နီ)

နိဒါန်း
“တော်လှန်ရေးတရပ်၏ ကံကြမ္မာသည် တော်လှန်သူများ၏ အတွေးအခေါ်ပြတ်သားမှု၊ ဆုံးဖြတ်ချက်ခိုင်မာမှု၊ စနစ်တကျ ဆောင်ရွက်မှု တို့အပေါ်တွင် တည်မှီနေသဖြင့် အတွေးအခေါ်ရှုပ်ထွေးဝေဝါးမှုများဖြင့် တော်လှန်ရေး၏ အရှုံးကို ကိုယ်တိုင်မဆုံးဖြတ်မိစေရန် သတိပြုရမည်” တဲ့။ ဒီစကားစုလေးကို စကြားခါစက နည်းနည်းတော့ မရှင်းသလိုဖြစ်နေခဲ့တယ်။ တော်လှန်သူများကိုယ်တိုင်က တော်လှန်ရေးအရှုံးကို ဆုံးဖြတ်မိ သလို ဖြစ်တတ်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလားဆိုပြီးပါ။ နောက်ပိုင်းကျတော့ နိုင်ငံရေးချိန်ခွင်လျှာညှိဖို့မှာ အရေးကြီးဆုံးဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေးအပေါ်မှာ ဒီမိုကရေစီတော်လှန်ရေးသမားအချို့ရဲ့ ပြောဆိုဝေဖန်သံတွေ ကြားလာခဲ့ရ တယ်။ “လက်နက်ကိုင်တော်လှန်ရေး ခေတ်ကုန်နေပြီ”၊ “လက်နက်ကိုင်တော်လှန်ရေးလုပ်တာ ဦးနှောက်မရှိသူတွေပဲလုပ်တာ” ဆိုပြီး ပြောဆိုသံတွေ ထွက်လာသလို “ဒီမိုကရေစီတိုက်ပွဲဆိုတာ လက်နက်နဲ့တိုက်လို့မရဘူး။ ညင်သာစွာ ပြောင်းမှရတာ။ နအဖ အခင်း အကျင်းအတိုင်း လိုက်လျှောက်ပြီး ဖြည်းဖြည်းချင်းပြောင်းယူရမှာ” ဆိုတဲ့ ဒူးထောက်ကျောသပ်ခံရေး အတွေးအမြင်တွေလည်း ထွက်ပေါ် လာပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး လက်နက်ကိုင်တော်လှန်ရေး၊ ကန့်သတ်စစ်၊ နိုင်ငံရေးချိန်ခွင်လျှာဆိုတဲ့ စကားလုံးလေးတွေကို သတိ သွားရမိပါတယ်။

လက်နက်ကိုင်တော်လှန်ရေးနှင့်ဒီမိုကရေစီ
”မတရားမှုဟာ ဥပဒေဖြစ်လာတဲ့အခါ တော်လှန်ပုန်ကန်ရန် လိုအပ်တယ်တဲ့”။ ဒီဥပဒေသဟာ ရှေးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကမ္ဘာအရပ်ရပ်မှာ ကျင့်သုံးခဲ့ကြတဲ့ ဥပဒေသပါ။ ကမ္ဘာပေါ်မှာ ဖိနှိပ်သူ လူတန်းစားဆိုတာရှိနေသရွေ့ အဖိနှိပ်ခံလူတန်းစားတွေ ရှိကြစမြဲ ဖြစ်သလို၊ ဖိနှိပ်သူတွေကို အဖိနှိပ်ခံရသူတွေက တော်လှန်ပုန်ကန်မှုဆိုတာဟာလဲ အချိန်မရွေး ပေါ်ပေါက်နေနိုင်စမြဲပါပဲ။ အချို့က ဒီမို ကရေစီတော်လှန်ရေးမှာ စစ်ပွဲဆိုတာ မလိုအပ်ပဲ ညင်သာစွာပြောင်းလဲမှုပဲ လိုအပ်တယ်လို့ ဆိုတတ်ကြပါတယ်။ လက်နက်မဲ့ တော်လှန် ရေး (Revolutions without arms) ဆိုတဲ့ သဘောတရားကို ဦးစားပေးဖော်ပြတတ်ကြပါတယ်။

သို့ပေမယ့်လဲ ကမ္ဘာတ၀ှမ်းက ဒီမိုကရေစီလှိုင်းလုံးကြီးများကို လေ့လာကြည့်တာနဲ့ ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ်နဲ့ လက်နက်ကိုင် တော်လှန်ရေး စစ်ပွဲများကြားက ဆက်နွယ်မှုကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ် (Democratization) ကို ဖြစ်စေနိုင်တဲ့ ပြဌာန်းချက် ခြောက်ချက်ရှိပါတယ်။ ဒီခြောက်ချက်ထဲမှာ transnational and international engagements including war ဆိုတဲ့အချက်ကို အရေးပါသော အချက်တချက်အဖြစ် ပညာရှင်များက မီးမောင်းထိုးပြထားကြပါတယ်။

ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးတခုဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပထမအဆင့် ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်ဟာ anti-imperial struggle တခုဖြစ်တဲ့ အမေရိကန်တော်လှန်ရေးကနေ စတင်ခဲ့တာဖြစ်ပါတယ်။ အသွင်ကူးမှု ဒုတိယအဆင့်ကျတော့ အမေရိကန် ပြည်တွင်းစစ်ကနေ ပေါ်ထွက်လာခဲ့တာ ဖြစ်တယ်လို့ ပညာရှင်အချို့ကဆိုခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စု ဒီမိုကရေစီဟာ တော်လှန်ရေးစစ်ပွဲအပေါ်မှာ အခြေပြုပေါ်ပေါက်ခဲ့တာလို့ ဆိုနိုင်ပါတယ်။ ဒီလိုပါပဲ။ ဥရောပမှာဆိုရင်လဲ ပြင်သစ်တော်လှန်ရေး (၁၇၉၈) ဟာ မြေရှင်ပဒေသရာဇ်စနစ်နဲ့ royal absolutist rule ကို ချုပ်ငြိမ်းပြီး၊ ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်စေခဲ့ပါတယ်။ ဥရောပ တောင်ပိုင်းက ပေါ်တူဂီနိုင်ငံရဲ့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ဟာလဲ တော်လှန်ရေးစစ်ပွဲအသွင်သဏ္ဍာန်နဲ့ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဥရောပနဲ့ အခြားနိုင်ငံများရဲ့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်များကို လေ့လာပြီး၊ နိုင်ငံရေးသုတေသီ Dankwart Rustow က ဒီမိုကရေစီဆိုတာ ပဋ္ဋိပက္ခတွေက မွေးဖွားလာတာဖြစ်ပြီး၊ ကမ္ဘာတ၀ှမ်းက ဒီမိုကရေစီပြောင်းလဲမှု ဖြစ်စဉ်များစွာ မှာ ညင်သာစွာ ပြောင်းလဲမှုရှားပါးကြောင်း ပြောဆိုခဲ့ပါတယ်။ များသောအားဖြင့် လက်နက်ကိုင်တော်လှန်ရေး ပေါင်းစပ်ပါဝင်မှုမရှိပဲ ရရှိခဲ့ တဲ့ တော်လှန်ရေးအောင်ပွဲတွေကို ညွှန်းဆိုပြတဲ့အခါမှာ တောင်အာဖရိကနိုင်ငံကို ဥပမာပေးတတ်ကြပါတယ်။

သို့ပေမယ့် တောင်အာဖရိကနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ Geopolitics အနေအထားလုံးဝမတူပါဘူး။ နိုင်ငံတကာ ဖိအားပေးမှုရဲ့ ထိရောက် နိုင်မှု အခြေအနေမတူသလို၊ ဒေသဆိုင်ရာလုံခြုံရေး (regional security) ရှုထောင့်ကနေ ရှုမြင်သုံးသပ်မှု အနေအထားတွေလဲ မတူပါ ဘူး။ ပြီးတော့ တောင်အာဖရိက ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်မှာ စတင်ခဲ့တာက incumbent de Klerk government အနေနဲ့ ဖြစ်ပြီး၊ ၁၉၉၃ စက်တင်ဘာကျမှ ပါဝါခွဲဝေကြားဖြတ်အစိုးရအဆင့်ကို တက်လှမ်းသွားခဲ့တာပါ။ ဒီလိုကူးပြောင်းမှုဖြစ်စဉ်ဆိုတာက အာဏာရှင်တွေဘက်က စတင်မှ ဖြစ်တာပါ။ စတင်လာအောင် တွန်းအားပေးမှုတွေကလဲ ထိရောက်စွာလုပ်နိုင်မှ ဖြစ်တာပါ။ မြန်မာနိုင်ငံ မှာကျတော့ နိုင်ငံတကာဖိအားကလဲ တောင်အာဖရိကတုန်းကလောက် ထိရောက်မှုရှိနိုင်မှာမဟုတ်သလို၊ မြန်မာနအဖရဲ့ strategic doctrine ကလဲ အတိုက်အခံအပြီးသတ် ချေမှုန်းရေးဖြစ်တာကြောင့်၊ ဒီလိုဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်မျိုး မြန်မာပြည်မှာ လုံးဝဖြစ်လာ စရာ အကြောင်းမရှိပါဘူး။

နောက်တမျိုးဖြစ်တဲ့ နမ်ဘီးယား၊ ကမ်ဘောဒီးယား ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်တွေလို နိုင်ငံတကာက ကြားဝင်လာပြီး၊ အပြည်ပြည် ဆိုင်ရာ နိုင်ငံများပူးပေါင်းပါဝင်တဲ့ ကြားဖြတ်အစိုးရနဲ့ ပြောင်းလဲမှုဖြစ်စဉ်စတင်ဖို့ဆိုတာကလဲ ဖြစ်နိုင်ချေနည်းပါးပါတယ်။ ဒီတော့ အသွင်ကူးပြောင်းမှုဖြစ်စဉ် အမျိုးအစားတွေမှာက နှစ်မျိုးပဲကျန်ပါတယ်။ အတိုက်အခံများက ဦးဆောင်သော ကြားဖြတ်အစိုးရ (သို့) ပါဝါ ရှယ်ယာကြားဖြတ်အစိုးရများမှတဆင့် ဒီမိုပြောင်းလဲမှုဖြစ်စဉ်ကို စတင်ဖို့ပါ။ ဒီလိုကြားဖြတ်အစိုးရတွေ စတင်နိုင်ဖို့ လူထုတိုက်ပွဲပုံစံ၊ လက်နက်ကိုင်တော်လှန်ရေး အသွင်သဏ္ဍာန်တွေရဲ့ အခန်းကဏ္ဍဟာ အလွန်ပဲ အရေးကြီးလှပါတယ်။

ပါဝါရှယ်ယာပုံစံလုပ်မည်ထားဦး။ တပ်မတော်က တပ်မှူးများနဲ့ တပ်များ၊ လူထုနဲ့ ပူးပေါင်းလာနိုင်ဖို့က ကြိုတင်စည်းရုံး nominate လုပ်ထားဖို့တွေ လိုအပ်သလို၊ ထွက်လာနိုင်အောင် လမ်းခင်းပေးဖို့လဲ အလွန်ကို လိုအပ်လှပါတယ်။ ယခုလက်ရှိ မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့စည်းပုံ၊ ကွပ်ကဲပုံတွေက လူထုတိုက်ပွဲအသွင်တမျိုးတည်းအနေနဲ့မှာ ပူးပေါင်းနိုင်ဖို့ အခွင့်အလမ်းနည်းပါးပါတယ်။ ငြိမ်းချမ်းရေး အဖွဲ့များမှာလဲ ဒီလိုအခြေအနေပါပဲ။ ရင်ဆိုင်ထိန်းချုပ်အနေအထားနဲ့ လှုပ်ရှားခွင်ကျဉ်းတဲ့ အနေအထားတွေမို့ စစ်မျက်နှာအားလုံး ဖွင့်လှစ်ထားမှသာ အခွင့်အလမ်းသာပြီး၊ အာဏာရှင်ကို ပူးပေါင်းတိုက်ပွဲဝင်နိုင်မယ့် အခြေအနေဖြစ်လာပါမယ်။ ဒါကြောင့် မြန်မာ့ဒီမို ကရေစီရေးအတွက် လက်နက်ကိုင်တော်လှန်ရေးဟာ အလွန်ပဲ အရေးကြီးတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လက်နက်ကိုင်တော်လှန်ရေးမဟုတ်ပဲ လက်နက်မဲ့တော်လှန်ရေးပဲ လုပ်ခဲ့မယ်ဆိုရင် ရန်သူနဲ့ တိုက်ပွဲဝင်မယ့် အနေအထားဟာ ကန့်သတ်စစ်ပွဲ ပုံသဏ္ဍာန်မျိုးဖြစ်သွားပါပြီ။

ကန့်သတ်စစ်ပွဲ
စစ်မဟာဗျူဟာရေးရာမှာ အလုံးစုံစစ်ပွဲ နဲ့ ကန့်သတ်စစ်ပွဲ သဘောတရားတွေဟာ အလွန်ပဲ အရေးပါလှပါတယ်။ အလုံးစုံစစ်ပွဲဆိုတာက အဆုံးသတ်အောင်ပွဲကိုရဖို့အတွက် ရည်ရွယ်ချက်၊ တိုက်ပွဲဝင်မှု၊ စီးပွားရေးအရင်းအမြစ်နဲ့ လူထုအင်အားတွေအပေါ်မှာ ကန့်သတ်ချက် လုံးဝမထားပဲ တိုက်ပွဲဝင်တဲ့ စစ်ပွဲသဏ္ဍာန်ဖြစ်ပါတယ်။ ကန့်သတ်စစ်ပွဲဆိုတာကတော့ အဆုံးသတ်အောင်ပွဲကို မရည်ရွယ်ထားပါဘူး။ တကွေ့မှာ Bargained termination ကို ဦးတည်တာဖြစ်တဲ့အတွက်ကြောင့် ရည်ရွယ်ချက်၊ တိုက်ပွဲဝင်မှု၊ အင်အားစတာတွေအပေါ်မှာ တမင်တကာ ကန့်သတ်ချက်တွေထားရှိပြီးမှ တိုက်ပွဲဝင်တာပါ။ ဒီလိုတမင်တကာ ကန့်သတ်ချက်ထားတာဟာ များသောအားဖြင့် တိုက်ပွဲဝင်မှုနည်းလမ်းတွေမှာ ဖြစ်ပါတယ်။ ဥပမာ- ဗုံးတော့ကြဲမယ်၊ နူးကလီးယားဗုံးမဟုတ်ရဘူး။ ဒါပေမယ့် ပေါက်ကွဲအားပြင်းထန်တဲ့ conventional bomb တော့ ဖြစ်ရမယ်ဆိုတာမျိုးတွေပါ။ ဒါပေမယ့် ဒီလိုကန့်သတ်စစ်ပွဲဆင်နွှဲတဲ့အခါမှာ အရေးကြီးဆုံးပြဿနာ တရပ်ကိုတော့ ရင်ဆိုင်ရတတ်ပါတယ်။ စစ်ပွဲကြာရှည်မှုရဲ့ strain တွေပါ။

နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံကြားမှာ ကန့်သတ်စစ်ပွဲ မဟာဗျူဟာကို security calculus ပေါ်အခြေခံတွက်ချက် ချမှတ်တတ်ကြပါတယ်။ ပြည်တွင်းတော်လှန်ရေးများမှာကျတော့ ကန့်သတ်စစ်ပွဲဆင်နွှဲဖို့က အလွန်ပဲခက်ခဲလှပါတယ်။ အမေရိကန်ပြည်တွင်းစစ် (၁၈၆၁-၆၅) နဲ့ နိုက်ဂျီးရီးယား- ဘီယာဖရင်စစ်ပွဲ (၁၉၆၇- ၇၀) စစ်များမှာ အလုံးစုံစစ်ပွဲမဟာဗျူဟာကိုပဲ ချမှတ်ခဲ့ရပါတယ်။ အလုံးစုံစစ်ပွဲဖြစ်တာမို့ စစ်ဆင်ရေးတခုရဲ့ အရေးကြီးဆုံးကဏ္ဍတွေဖြစ်တဲ့ Objectives, means, targets, arena လေးမျိုးစလုံးမှာ deliberate restraint တွေ မထားခဲ့ကြပါဘူး။ တခါ စစ်ပွဲတခုမှာ တဘက်ရန်သူရဲ့ဗျူဟာကိုလဲ အဓိကဦးစားပေးစဉ်းစားရမှာဖြစ်ပါတယ်။ တဘက်ရန်သူက အလုံးစုံ ချေမှုန်းရေးစစ် ဆင်နွှဲနေတဲ့အချိန်မှာ “လက်နက်မဲ့တော်လှန်ရေးပဲလုပ်မှာ၊ လက်နက်ကိုင်တော်လှန်ရေးမလုပ်ဘူး”၊ “အကြမ်းမဖက်သော နည်းတခုကိုပဲ ကျင့်သုံးပြီးတိုက်ပွဲဝင်မှာ” ဆိုတာတွေက စစ်ဆင်ရေးတွေကို ကန့်သတ်လိုက်သလို ဖြစ်သွားတာကြောင့် ချိန်ခွင်လျှာ မညီမျှပဲ ဖြစ်သွားစေနိုင်ပါတယ်။ ကိုယ်အားသန်ရာ တိုက်ပွဲသဏ္ဍာန်မျိုးစုံနဲ့ တိုက်ပွဲဝင်ကြရမှာ ဖြစ်ပါတယ်။

နိုင်ငံရေးချိန်ခွင်လျှာ
ဓာတုဗေဒညီမျှခြင်းတခုလို ဓာတ်သတ္တုများနဲ့ တိုင်းတာရတာမဟုတ်တဲ့အတွက် နိုင်ငံရေးချိန်ခွင်လျှာ ညီမျှခြင်းကို တွက်ချက်တိုင်းတာရ တာ အလွန်ပဲ ခက်ခဲလှပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင် မိုင်ကယ်အီလွိတ်ဗိတ်မင်ကတော့ တော်လှန်ရေးကာလရဲ့ နိုင်ငံရေးပါဝါညီမျှခြင်း ကို stable stateအခြေအနေမှာ 10= 10 နဲ့ သတ်မှတ်ခဲ့ပြီး၊ X(-Y)+ A+B-C= X(-Z)+D+E – F ကို ရေးဆွဲခဲ့ပါတယ်။ A, B, C, D, F ဆိုတာက law, order, justice, corruption, expression နဲ့ stabilityစတဲ့ အချက်တွေဖြစ်ပြီး၊ X ကတော့ မူရင်း stable state အခြေ အနေကိန်းညွှန်းကို ဆိုထားပါတယ်။ (-Y) နဲ့ (-Z) ကတော့ ပါဝါညီမျှမှု ပြောင်းလဲလာတာတွေကို ညွှန်ပြတာဖြစ်ပါတယ်။

သူ့ညီမျှချင်းအရ 9=11 အခြေအနေဟာ ရန်သူရဲ့ ပါဝါကျဆင်းတဲ့ ပထမအဆင့်ဖြစ်ပြီး၊ 8= 12 အခြေအနေကတော့ ဒုတိယအဆင့် ဖြစ်ပါတယ်။ 7=13 အခြေအနေကတော့ တော်လှန်ရေးအင်အားစုများ (revolution apparat) ညီညွတ်စွာနဲ့ ဖွဲ့စည်းပေါ်ပေါက်ရမယ့် အခြေအနေဖြစ်ပြီး၊ တိုက်ပွဲသဏ္ဍာန်မျိုးစုံဆင်နွှဲရင်း 3= 17 အခြေအနေမှာ ရန်သူရဲ့ state apparat လုံးဝပြိုလဲမှာဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ကြားဖြတ်အစိုးရတခု ချက်ချင်းပေါ်ပေါက်လာဖို့ လိုအပ်လှပါတယ်။

သမိုင်းကြောင်းအရ မြန်မာ့ နိုင်ငံရေးပါဝါညီမျှချင်းဟာ ၁၉၈၈ မှာ 3= 17 အခြေအနေအထိ ဖြစ်သွားခဲ့ဖူးပါပြီ။ ကြားဖြတ်အစိုးရ အချိန်နဲ့ အညီ ပေါ်ပေါက်ရန် နှောင့်နှေးခဲ့မှုကြောင့် ရန်သူက ငြိမ်ပိအဖွဲ့အနေနဲ့ ပါဝါညီမျှခြင်းကို ပြန်ညှိယူသွားခဲ့တာပါ။ ဒီလိုညှိသွားခြင်းအားဖြင့် ချိန်ခွင်လျှာက ရန်သူ့ဘက်ကို အလေးအနည်းငယ် ပြန်သာသွားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နအဖဟာ stable state ကိုတော့ လုပ်နိုင် စွမ်း မရှိပါဘူး။

အုပ်ချုပ်ရေးညံ့ဖျင်းမှု၊ လာဘ်စားမှု၊ စီးပွားရေးပေါ်လစီမနိုင်နင်းမှု စတဲ့ အထွေထွေအားနည်းချက်တွေကြောင့် အခုဆိုရင် နိုင်ငံရေး ချိန်ခွင်လျှာက 7=13 အခြေအနေကို ကျော်လွန်လာပြီဖြစ်ပါတယ်။ 3=17 အခြေအနေဖြစ်သွားနိုင်ရေးကတော့ တော်လှန်ရေးအင်အားစု များရဲ့ ညီညွတ်မှု၊ လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုတိုက်ပွဲကို စနစ်တကျပေါင်းစပ်နိုင်မှု၊ လူထုစည်းရုံးရေးစွမ်းရည် စတာတွေ အပေါ်မှာ မူတည်နေပါတယ်။

ဒါကြောင့် မြန်မာပြည်လွတ်မြောက်ရေး၊ တရားမျှတညီညွတ်သော ဖယ်ဒရယ်နိုင်ငံတော်သစ် ပေါ်ထွန်းလာရေး၊ ဒီမိုကရေစီစနစ် အမြစ် တွယ် ရှင်သန်လာအောင် ဖော်ဆောင်နိုင်ရေးတို့မှာ အရေးကြီးဆုံးဖြစ်တဲ့ လက်ရှိဒီမိုကရေစီ တော်လှန်ရေးရဲ့ အဆုံးအဖြတ်တိုက်ပွဲကို ပြတ်သားသော အတွေးအခေါ်၊ ခိုင်မာသော ဆုံးဖြတ်ချက်၊ စနစ်ကျသော ဆောင်ရွက်ချက်တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်ရင်း၊ အရှုံးနဲ့ ပြိုလဲမှုကို ဦးတည်စေနိုင်တဲ့ အတွေးအခေါ်ရှုပ်ထွေးေ၀၀ါးမှုများကိုလည်း ဖယ်ရှားပစ်ကြပါစို့လို့ ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၅၊ ၁၁၊ ၂၀၀၈)

Read More...

Strategic Doctrine နှင့် ကမ္ဘာ့အရေး၊ မြန်မာ့အရေး

ခုတလော တီဗွီသတင်းတွေမှာပဲဖြစ်ဖြစ်၊ ရေဒီယိုမှာပဲဖြစ်ဖြစ်၊ တက္ကသိုလ် ကော်ရီဒါတွေမှာပဲဖြစ်ဖြစ် ကြားနေရ တတ်တဲ့ စကားလုံးလေးတခုရှိပါတယ်။ မြူးနစ်စာချုပ် ဆိုတာပါပဲ။ ဒါနဲ့အတူတွဲပြီး နာမည်ကြီးနေတာကတော့ တချိန်က ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ချန်ဘာလိန်အကြောင်းပါပဲ။ ချန်ဘာလိန် မှားတယ်၊ မှန်တယ်နဲ့ ငြင်းခုန်နေ ကြတဲ့ အသံတွေက နေရာအနှံ့ပါပဲ။ ဒီဖြစ်ရပ်တွေနဲ့ အဓိက ဆက်စပ်နေတဲ့ strategic doctrine အကြောင်း ရေးသားတင်ပြချင်ပါတယ်။

မြူးနစ်နှင့် ချန်ဘာလိန်

ချိန်ဘာလိန်အကြောင်းမပြောခင် ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်းခုနစ်ဆယ်တိတိက ယခုလို အပတ်ထဲ၊ အတိအကျ ဆိုရ ရင်တော့ (၁၉၃၈) ခု၊ စက်တင်ဘာ (၂၉) ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ မြူးနစ်စာချုပ်လေးအကြောင်း အရင် ကြည့်ကြ ရအောင်ပါ။ (၁၉၃၈) ခု၊ စက်တင်ဘာလက ဗြိတိသျှဝန်ကြီးချုပ်ချန်ဘာလိန်နဲ့ ဂျာမန်ခေါင်းဆောင် ကြီး ဟစ်တလာတို့ Berchtesgaden မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီမှာ ဟစ်တလာက ဂျာမနီရဲ့ Sudetenland ကို သိမ်းပိုက်ဖို့အစီအစဉ်ကို ဗြိတိန်က မထောက်ခံရင် ချက်ကိုစလိုဗက်ကီးယားကို ကျူးကျော်မယ်လို့ ချန်ဘာလိန် ကို ခြိမ်းချောက်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို ချန်ဘာလိန်က ပြင်သစ်၊ ချက်ကိုစလိုဗက်ကီးယားနဲ့ ဆွေးနွေးပြီးတဲ့အခါ ဒီကိစ္စဟာ လက်ခံနိုင်ဖွယ် ရာမရှိဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။ ဒီအခါမှာ ခေါင်းဆောင်ကြီးဟစ်တလာအတွက် အကျပ်ရိုက်သွားပါလေ ရော။ ဗြိတိန်နဲ့ပြင်သစ်ဟာ စစ်မဖြစ်ချင်ဘူးဆိုတာကိုလဲ သူကသိထားပြန်လေတယ်။ ပြီးတော့ သူတွက်ဆထား လိုက်တာက ဒီနှစ်နိုင်ငံကတော့ ဆိုဗီယက်ယူနီယံနဲ့ ပူးပေါင်းမှာမဟုတ်ဘူးပေါ့။

ဒီလိုအခြေအနေမှာ ၀င်ပြီး အကြံပေးလုပ်သူကတော့ အီတလီဖက်ဆစ်ခေါင်းဆောင်ကြီး မူဆိုလိုနီပါပဲ။ သူက ဒီပြဿနာကို ဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းက ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဗြိတိန်နိုင်ငံတွေအနေနဲ့ ကွန်ဖရင့် တခုကျင်းပဖို့ပဲဆိုပြီး အကြံပေးတယ်။ ဟစ်တလာက မူဆိုလိုနီစကားကို နေရာတော်တော်များများကို နားထောင် တာတွေ့ရတယ်။ အခုဒီကိစ္စမှာလဲ သူကနားထောင်တာပဲ။

ဒီလိုနဲ့ ၁၉၃၈၊ စက်တင်ဘာလ (၂၉) ရက်မှာ မြူးနစ်စာချုပ်ကြီး ပေါ်ပေါက်လာတော့တယ်။ စာချုပ်အရ ချန်ဘာလိန်နဲ့ ပြင်သစ် Daladier တို့က ဂျာမနီဟာ Sudetenland ကို သိမ်းပိုက်နိုင်ကြောင်း၊ သဘောတူညီခဲ့ ကြတယ်။ အပြန်အလှန်အနေနဲ့ ဥရောပထဲမှာ နောက်ထပ် နယ်မြေတောင်းဆိုမှုတွေ မလုပ်ဖို့ ဟစ်တလာကလဲ ကတိပေးခဲ့တယ်။ ချက်ကိုစလိုဗက်ကီးယားက ထကန့်ကွက်တော့ ချန်ဘာလိန်က ဗြိတိန်ဟာ Sudetenland အတွက်နဲ့ စစ်အဖြစ်ခံမှာ မဟုတ်ဘူးလို့ ဆိုခဲ့တယ်။ အဲဒီအထိတုန်းကတော့ အကောင်းပဲ။ သူ့ကိုလဲ စစ်ကို ရှောင်နိုင်တယ်ဆိုပြီး တချို့ ကောင်းချီးသြဘာတွေပေးလို့။

အဲ - သိပ်မကြာပါဘူး။ ၁၉၃၉၊ မတ်လလဲရောက်ရော၊ ဂျာမန်စစ်တပ်ကြီးက ချက်ကိုစလိုဗက်ကီးယားကို သိမ်း လိုက်ပါလေရော။ နောက်များမကြာမီ ဒုတိယကမ္ဘာစစ်ကြီးလဲ ဖြစ်လာပါရော။ ဒီတော့မှ ချန်ဘာလိန်ဟာ ဟစ်တလာက မယုံရဘူးဆိုတာသိသွားပြီး၊ သူ့ရဲ့ appeasement ပေါ်လစီမှားသွားတယ်ဆိုတာ သိပါလေရော တဲ့။ လူအများက ချန်ဘာလိန်ကို ၀ိုင်းအပြစ်တင်ကြပါလေရော။

ဟိုတချိန်တုန်းကတော့ ဒီဖြစ်ရပ်ကြားပြောကြတိုင်း ကျွန်မလဲ အပြစ်တင်တာပဲ။ ဗြိတိသျှဝန်ကြီးချုပ်ကြီးဖြစ်ပြီး ဒီလောက်တောင်ပဲ အယုံလွယ်ရလားလို့။ အဲ - စစ်မဟာဗျူဟာလေ့လာရေးနဲ့ အပြည်ပြည်ဆိုင်ရာ လုံခြုံရေး ကျောင်းသူဖြစ်လာပြီး strategic doctrine ကို လေ့လာပြီးတဲ့အခါကျတော့ ကျွန်မချန်ဘာလိန်ကို နားလည်မှုရှိ သွားတယ်။ သူမှန်တယ်၊ မှားတယ် ဆိုတာကို မပြောချင်တော့ပေမယ့် သူဒီလိုဆုံးဖြတ်ချက် ချရတဲ့အကြောင်းဟာ ဘာကြောင့်ဆိုတာကို သတိထားမိသွားတာကြောင့်ပါ။ အဲဒီအချိန်ဗြိတိန်နိုင်ငံရဲ့ နိုင်ငံတော်လုံခြုံရေး၊ စစ်ရေး၊ နိုင်ငံခြားရေးမူဝါဒတွေအပေါ်မှာ သက်ရောက်မှုရှိနေတဲ့ strategic doctrine က offensive strategy မဟုတ်ပဲ defensive strategy ဖြစ်နေတာကြောင့်ပါပဲ။ အဲဒီလိုအချိန်မှာ ဟစ်တလာကို ထိပ်တိုက်ရင်ဆိုင်လိုက်ရင် အားနည်းချက်တွေရှိနေသေးတာကို တွက်ဆပြီး ဒီဆုံးဖြတ်ချက်ကို သူချခဲ့တာပဲ ဖြစ်ပါတယ်။ နိုင်ငံတခုမှာပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းတခုမှာပဲဖြစ်ဖြစ် strategic doctrine ရှိရပါတယ်။ ဒီလိုရှိမှလဲ မှန်ကန်တဲ့ နည်းဗျူဟာတွေကို ဆက်လက်ချမှတ်နိုင်မှာပါ။ စစ်အေးကာလအတွင်းက နေတိုးရဲ့ strategic doctrine ကို ဆက်ပြီး ကြည့်ကြရ အောင်ပါ။

နေတိုးနှင့် 'flexible response' strategic doctrine

နေတိုးလို့ လူအများအတိုကောက်ခေါ်လေ့ရှိတဲ့ North Atlantic Treaty Organizations (NATO) ဆိုတာဟာ ၁၉၄၉ခု၊ အေပြီလ (၄) ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ North Atlantic Treaty ပါ ရည်မှန်းချက်တွေကို အကောင် အထည်ဖော်နေတဲ့ alliance organization တရပ်ပါ။ စစ်အေးကာလအတွင်းမှာ နေတိုးရဲ့ အခန်းကဏ္ဍက တော်တော်ကြီးမားခဲ့ပါတယ်။ ဒီအချိန်တုန်းက နေတိုးကျင့်သုံးခဲ့တဲ့ strategic doctrine က flexible response ဖြစ်ပါတယ်။

ဒီ doctrine ကို အဆင့်သုံးဆင့်နဲ့ ရေးဆွဲထားပါတယ်။ နယူးကလီးယားလက်နက်တွေရှိတာနဲ့တင် ချက်ချင်းကာ ရော စစ်ဖြစ်တာနဲ့ နယူးကလီးယားလက်နက် သုံးစွဲမယ်ဆိုတာမျိုးမဟုတ်ပါဘူး။ သုံးသင့်တဲ့ အဆင့်ရောက်မှ သုံး မှာ ဖြစ်ပါတယ်။ အဲဒီမှာ ပထမအဆင့်က direct defense ပါ။ ဆိုဗီယက်က နယူးကလီးယားလက်နက်မသုံးပဲ conventional forces တွေပဲ သုံးပြီး တိုက်ခိုက်လာခဲ့ရင် ဒီလိုအလားတူ တပ်တွေနဲ့ပဲ ပြန်လည်တိုက်ခိုက်တာပါ။ ဥပမာ - ဆိုဗီယက်တပ်တွေ အနောက်ဂျာမနီကို ကျူးကျော်လာခဲ့ရင် နေတိုးတပ်တွေမှ ပြန်လည်ခုခံတိုက်ခိုက် ခြင်းပါ။

ဒီအဆင့်မှာမှ မရတော့ဘူးဆိုရင်တော့ ဒုတိယအဆင့်ဖြစ်တဲ့ Deliberate Escalation အဆင့်ကို ရောက်ပါမယ်။ ဒီအဆင့်ကတော့ အကယ်၍များ ဆိုဗီယက်တပ်များက နေတိုးတပ်များကို ချေမှုန်းနိုင်တဲ့ သွင်ပြင်ရှိနေမယ်ဆိုရင် နယူးကလီးယား လက်နက်အနည်းငယ်ကို အကန့်အသတ်နဲ့ သုံးတဲ့အဆင့်မျိုးပါ။ တတိယအဆင့်ကတော့ ကြောက်စရာအကောင်းဆုံးပါပဲ။ General nuclear response ပါ။ အလုံးစုံသော ချေမှုန်းရေးပါပဲ။ mutual assured destruction scenario နဲ့ အနည်းနဲ့အများ ဆက်စပ်နေပါတယ်။

ဒီနေရာမှာ စစ်အေးကာလမှာ အမေရိကန်ပြည်တောင်စု ကျင့်သုံးခဲ့တဲ့ containment ဆိုတဲ့ ပေါ်လစီအကြောင်း အနည်းငယ်တင်ပြချင်ပါတယ်။ ဒီပေါ်လစီက ဒုတိယကမ္ဘာစစ်ကာလအပြီးမှာ ဆိုဗီယက်ရဲ့ နိုင်ငံရေးထိန်းချုပ်မှု အောက်ကို ကျရောက်သွားသောနိုင်ငံများရဲ့ ဒိုမီနိုသက်ရောက်မှုကို ရပ်တန့်ဖို့ ပေါ်ပေါက်လာခဲ့တဲ့ ပေါ်လစီဖြစ် ပါတယ်။ ဒီပေါ်လစီရဲ့ အခြေခံကို George Cannan ဆိုတဲ့ အမေရိကန်သံတမန်တယောက်က စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပေါ်လစီက Negotiation နဲ့ compromise ကိုအခြေခံတဲ့ appeasement ပေါ်လစီနဲ့ အမြစ်လှန် ချေမှုန်းရေးကို အခြေခံတဲ့ rollback ပေါ်လစီကြားမှာရှိတဲ့ ပေါ်လစီဖြစ်ပါတယ်။ အလုံးစုံချေမှုန်းရေးအထိ ဆက်မသွားပဲ နေရာတခုမှာပင် ရပ်နေလိုက်ခြင်းမျိုး ဖြစ်ပါတယ်။ ၁၉၆၄ တုန်းက အမေရိကန်ပြည်ထောင်စုမှာ republican candidate, Barry Goldwater က ဘာကြောင့် အနိုင်မတိုက်တာလဲလို့ containment ပေါ်လစီကို challenge လုပ်တော့ ဒီမိုကရက်တစ် candidate, President Johnston က အနိုင်တိုက်ဖို့လုပ်လိုက်ရင် နယူး ကလီးယားစစ်ပွဲကို risk လုပ်လိုက်သလိုဖြစ်မှာပေါ့လို့ ဖြေခဲ့ဖူးပါတယ်။ ဒါကြောင့်လဲ ဗီယက်နမ်စစ်ပွဲကာလမှာ လာအိုထိ ၀င်ရောက်ပြီး ထောက်ပံ့ရေးလမ်းကြောင်းဖြတ်ဖို့ ဗိုလ်ချုပ်တယောက်ရဲ့ ပရိုပိုဆာကို အမေရိကန် သမ္မတက ပယ်ချခဲ့တာဖြစ်ပါတယ်။ ဒီပေါ်လစီက နိုင်ငံခြားရေးပေါ်လစီဆိုပေမယ့် နိုင်ငံတွင်းပဋိပက္ခများမှာလဲ အသုံးပြုတတ်ကြပါတယ်။

စစ်အေးကာလတလျှောက်မှာ နေတိုးက flexible response doctrine ကို ကျင့်သုံးပြီး၊ defensive အနေနဲ့ပဲ နေခဲ့ပါတယ်။ အဲ - စစ်အေးကာလပြီး နောက်ပိုင်းမှာတော့ နေတိုးလဲ offensive strategy ကို ကျင့်သုံးလာပါ တယ်။ ဥပမာ - ၁၉၉၅ မှာဖြစ်ခဲ့တဲ့ ဘော့စနီးယား၊ ဟာဇီဂိုးဗီးနား ဗုံးကျဲမှု (code name- Operation Deliberate Force) ၊ ၁၉၉၉ မှာ ဖြစ်ခဲ့တဲ့ ယူဂိုဆလားဗီးယား ဗုံးကျဲမှု (code name- Operation Allied Force) စတာတွေ ပါ။ ဒီအပိုင်းတွေနဲ့ကတော့ Humanitarian Intervention နဲ့ ပတ်သက်တာမို့ အသေးစိတ်ကို နောက် ဆောင်းပါးများမှာ ဖော်ပြပေးပါမယ်။ ဘာပဲဖြစ်ဖြစ် စစ်အေးကာလပြီး နောက်ပိုင်းမှာ အနောက်နိုင်ငံများ (အထူး သဖြင့် အမေရိကန်နိုင်ငံ) ရဲ့ strategic doctrine က Preemptive strategy ကို ဦးစားပေးလာပါတယ်။

အမေရိကန်ပြည်ထောင်စုနှင့် Preemptive Strategic Doctrine Preemptive doctrine ဆိုတာက ရန်သူက ကိုယ့်ကိုလာမတိုက်မီ ကိုယ်က ရန်သူကို ဦးအောင်ချေမှုန်းရမယ်ဆိုတဲ့ သဘောတရားအပေါ်မှာ အခြေခံထားပါ တယ်။ ဒါပေမယ့် မည်းမည်းမြင်တိုင်းရန်သူဆိုပြီး တိုက်ချင်တိုင်းလိုက်တိုက်နေလို့တော့ မရပါဘူး။ တဘက်ကနေ လုံလောက်တဲ့ ခြိမ်းချောက်မှု အတိုင်းအတာရှိနေမှ တိုက်လို့ရတာမျိုးဖြစ်ပါတယ်။ ဥပမာ - ခြောက်ရက်ကြာ စစ်ပွဲလို့ နာမည်ကြီးခဲ့တဲ့ ၁၉၆၇ ခုနှစ်၊ အာရပ် - အစ္စရေးစစ်ပွဲဟာ Preemptive စစ်ပွဲဖြစ်ပါတယ်။ ဒီတုန်းက အီဂျစ်သမ္မတနာဆာဟာ ကုလသမ္မဂ္ဂအရေးပေါ်တပ်တွေကို ဖယ်ရှားပြီး၊ ထောင်ပေါင်းချီတဲ့တင့်ကားတွေ၊ သိန်းချီ နေတဲ့ စစ်သားတွေကို အစ္စရေးနယ်စပ်အနီးကို စေလွှတ်ခဲ့ပါတယ်။ ဒါကြောင့် အစ္စရေးက သူ့နိုင်ငံတော်လုံခြုံရေး အတွက် Preemptive war ကို စတင်ဆင်နွှဲခဲ့ပါတယ်။

ဒါပေမယ့် Preemptive strategic doctrine ကို တချို့က Preventive strategic doctrine နဲ့ မှားတတ်ကြပါ တယ်။ Preventive strategic doctrine ကကျတော့ ရန်သူဘက်က ခြိမ်းချောက်မှု အတိုင်းအတာ မပေါ်လွင် သေးပဲ ရန်သူကိုစတင် တိုက်ခိုက်တာဖြစ်ပါတယ်။ Future threat လို့ဆိုပေမယ့် နိုင်ငံတကာဥပဒေများနဲ့ ကမ္ဘာ့ လူထုက ဒါကို လက်မခံကြပါဘူး။ အမေရိကန်နဲ့ မဟာမိတ်တပ်များ အာဖဂန်နစ်စတန်နိုင်ငံကို တိုက်ခိုက်မှု အပေါ်မှာ ကန့်ကွက်သံများမကြားရပေမယ့် အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့ရဲ့ ၂၀၀၃ ခုနှစ် အီရတ်နိုင်ငံ တိုက်ခိုက်မှုမှာကျတော့ ကန့်ကွက်သံများထွက်လာကြပါတယ်။ အာဖဂန်နစ်စတန်ကိစ္စမှာ Preemptive strategic doctrine ကို သုံးထားပေမယ့် အီရတ်ကိစ္စမှာကျတော့ ဘွတ်ခ်ျ အုပ်ချုပ်ရေးက Preemptive လို့ ဆိုပေမယ့် Preventive လို့ ယူဆသူများက အများအပြား ပေါ်ထွက်နေပါတယ်။ ဘာပဲဖြစ်ဖြစ် စစ်ပွဲတခုကို justified လုပ်ရတာဟာ အခက်ခဲဆုံးကိစ္စတခုပဲဖြစ်ပါတယ်။ ပညာရှင်များကတော့ debate တွေ ဆက်လုပ်နေကြ ဆဲပါပဲ။

အဓိကပြောလိုတဲ့အကြောင်းအရာကတော့ နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံခြားရေးဆိုင်ရာများကို အဓိက လွှမ်းမိုး သက်ရောက်နေတဲ့ strategic doctrine ရဲ့ အရေးပါမှုကိုပဲဖြစ်ပါတယ်။ strategic doctrine ဟာ နိုင်ငံတကာ ရေးရာများနဲ့ နိုင်ငံတရပ်အတွက်သာမက အဖွဲ့အစည်းများအတွက်ပါ အရေးကြီးပါတယ်။ အဖွဲ့အစည်းတခု အနေနဲ့ ကိုယ့်ရင်ဆိုင်ဆင်နွှဲနေတဲ့ စစ်မျက်နှာအသီးသီးအတွက် strategic doctrine လိုအပ်ပါတယ်။ ကိုယ်နဲ့ ရင်ဆိုင်ရမယ့်ရန်သူရဲ့ ကိုယ့်ကို မဟာမိတ်ပြုနေတဲ့ တိုင်းပြည်အဖွဲ့အစည်းများရဲ့ strategic doctrine ကို သေချာသိရှိနားလည်ဖို့လိုအပ်လှပါတယ်။

လက်ရှိမြန်မာအရေးနှင့် strategic doctrine

ကျွန်မအမြင်ကိုပြောရရင် ကျွန်မတို့မြန်မာ့နိုင်ငံရေးရဲ့ ဦးဆောင်ပါတီတရပ်ဖြစ်တဲ့ အန်အင်ဒီပါတီရဲ့ Strategic Doctrine က defensive ဖြစ်ပြီး၊ နအဖရဲ့ အမ်အယ်ဒီအပေါ်မှာ တောက်လျှောက် ကျင့်သုံးလာခဲ့တာကတော့ containment ဖြစ်ပါတယ်။ အန်အယ်ဒီကို မတရားအသင်းကြေငြာပြီး အပြီးသတ် roll back လုပ်လိုက်တဲ့အခါမှာ မြေအောက်ဆင်းသွားပြီး လူထုတော်လှန်ရေးကို trigger လုပ်လိုက်သလို ဖြစ်သွားမှာစိုးတာရယ်၊ အန်အယ်ဒီ ရှိနေခြင်းအားဖြင့် စစ်ခေါင်းဆောင်အချင်းချင်း ကွဲပြားမှုအပေါ်မှာ အန်အယ်ဒီကို ဘုံရန်သူထားရှိပြီး မကွဲအောင် ထိန်းထားဖို့ရယ်၊ နိုင်ငံတကာကလက်ခံလာနိုင်မယ့် ရွေးကောက်ပွဲတခု အခြေအနေအကြောင်းကြောင်းကြောင့် မလုပ်နိုင်သေးခဲ့တာအတွက်ရယ်ကြောင့် အန်အယ်ဒီအပေါ်မှာ containment strategic doctrine ကို အသုံးပြု နေခဲ့တာဖြစ်တယ်။ နောက်ပြန်ပြီး compromise strategy ကိုသွားဖို့ နအဖမှာအစီအစဉ်မရှိနိုင်ပဲ ရှေ့ဆက်တက် တဲ့ rollback strategy အလုံးစုံချေမှုန်းရေးကိုသာ အစီအစဉ်ရှိနိုင်ပါလိမ့်မယ်။ ဒါကြောင့် အန်အယ်ဒီအနေနဲ့ compromise ထိုင်ပြီး တောင်းဆိုနေခြင်းဟာ ဖြစ်လာနိုင်ဖွယ်မရှိကြောင်း အမှန်တရားကို လက်ခံဖို့လိုအပ်နေပြီ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာနဲ့ တွေ့ဆုံဆွေးနွေးဖြေရှင်းရေးဟာ မြန်မာပြည်အတွက် အကောင်းမွန်ဆုံးသော solution ပါပဲ။ ဒါပေမယ့် Frederick the Great ဆိုခဲ့ဖူးတဲ့ "Negotiations without arms are like music without instrument” ဆိုတာလိုပဲ ငြိမ်းချမ်းစွာနဲ့ ထိပ်တိုက်ရင်ဆိုင်မတွေ့ပဲ ဒီမိုကရေစီတောင်းနေတာကို နအဖ က အမှုတောင်ထားမှာမဟုတ်ပါဘူး။

အခြားသောအတိုက်အခံများအပေါ်မှာတော့ နအဖက rollback strategy ကို တောက်လျှောက်ကျင့်သုံး လာခဲ့ တာဖြစ်ပါတယ်။ ဆင်ပြောင်ကြီးသွားတဲ့လမ်းကို ဒီလောက်ရှင်းနေရဲ့နဲ့ ဒိုင်ယာလော့ခ်ပဲ ထိုင်အော်နေ လို့က တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ အော်သူများပဲ အချိန်ကုန်ပါလိမ့်မယ်။ compromise လုပ်ရမယ်လို့ တချို့ ဆိုတတ်ကြပါတယ်။ compromise ဆိုတာက လက်ခုပ်နှစ်ဘက်တီးမှ မြည်လာမယ့်ကိစ္စပါ။ လက်ခုပ်မတီးချင်တဲ့ နအဖလက်ကို အတင်းသွားဆွဲပြီး တီးနေလို့ကတော့ compromise မဖြစ်လာပဲ ခေါင်းပုတ်နှစ်သိမ့်ခံလိုက်ရတာပဲ ဖြစ်လာပါလိမ့်မယ်။ တပ်ဦးပါတီက defensive strategy ကိုသုံးလာတာ ရာစုနှစ်တွေ ချီနေပြီဖြစ်ပါတယ်။ ဒီ doctrine က ကြာကြာသုံးတာများရင် offensive မလုပ်ရဲတော့ပဲ ဖြစ်တတ်ပါတယ်။ ဒါကိုနားလည်ပြီး အပြစ်တင် မှုမဟုတ်ပဲ confrontation အတွက် ၀န်းရံပေးခြင်း (သို့) ၀န်းရံရင်လဲ မထနိုင်ဖြစ်လာတဲ့အခါ ခဏနောက်ချန် ထားပြီး၊ လုပ်သင့်တာကို ဆက်လက်လုပ်ကိုင်သွားခြင်းများလုပ်ကြဖို့ တပ်ဦးပါတီမဟုတ်တဲ့ အခြားသောအဖွဲ့ အစည်းများမှာ တာဝန်ရှိပါတယ်။

နိုင်ငံတကာအကူအညီဆိုတာမှာလဲ collective security ဆိုတဲ့ strategic doctrine အပေါ်မှာ အခြေခံထားတဲ့ ယူအင်မှာ အားနည်းချက်တွေ အများကြီးရှိပါတယ်။ တနိုင်ငံချင်းစီကနေဆိုရာမှာလဲ သူတို့ရဲ့ strategic doctrine တွေမှာ offensive strategy နည်းပါတယ်။ နိုင်ငံတကာဥပဒေများအရ Humanitarian Intervention ဆိုတာဖြစ်လာဖို့ကလဲ အတော်ကို ခဲယဉ်းလှပါတယ်။ ဒီတော့ ကျွန်မတို့အနေနဲ့ ကိုယ်ပိုင် strategic doctrine တခု ပိုင်ပိုင်နိုင်နိုင် ရှိနေဖို့လိုအပ်နေပါပြီ။

ပြည်တွင်းလူထုတိုက်ပွဲကိုပြပြီး၊ နိုင်ငံတကာဝင်ပေးပါဆိုပြီး တောင်းဆိုမယ့် doctrine လား၊ ယူအင်နဲ့ ပြည်ပက ၀င်ရောက်စွက်ဖက်ပေးပါလို့ ထိုင်အော်နေမယ့် doctrine လား၊ နအဖကို compromise လုပ်ရမယ်ဆိုပြီး ခေါင်းပုတ်ကျောသပ်သွားခံမယ့် doctrine လား၊ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တော်လှန်ရေး တွဲစပ်ပြီး တော်လှန်ရေး အရှိန်ရောက်လာချိန်မှာ ခွဲထွက်ပူးပေါင်းလာမယ့် တပ်ကလူတချို့နဲ့ ကြားဖြတ်အစိုးရဖွဲ့စည်းပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်သွားမယ့် doctrine လား။ ပိုင်ပိုင်နိုင်နိုင် ရွေးချယ်ဆုံးဖြတ်ကြဖို့ လိုပြီဖြစ်ပါတယ်။ ရန်သူ့အခြေအနေကြည့်ပြီး flexible response သုံးမည်ဆိုလျှင်လဲ လိုအပ်သည့်အဆင့်များကို ဖော်ထုတ်သင့် ကြပြီဖြစ်ပါတယ်။

နိဂုံးချုပ်ဆိုရရင် strategic doctrine ဟာ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးရာကိစ္စများမှာ အရေးပါလှသော ကျောရိုး မဏ္ဍိုင်တရပ်ဖြစ်တာမို့ ရေရာတိကျသော strategic doctrine မရှိရင် တိုက်ပွဲဖော်ဆောင်မှုနဲ့ နည်းဗျူဟာများ ဟာ ပြန့်ကျဲနေပြီး၊ ပစ်မှတ်ကို မထိရောက်နိုင်ပဲဖြစ်တတ်ပါကြောင်း ရေးသားလိုက်ရပါတယ်။


တော်လှန်ရေးသစ္စာဖြင့်။
ခင်မမမျိုး (၁၊ ၁၀၊ ၂၀၀၈)
REF: www.naytthit.com



Read More...

ကျွန်မတို့ဘာတွေပြင်ဆင်ထားပြီးပြီလဲ

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရင်ဆိုတဲ့စကားလုံးကို ကျွန်မတို့တွေ ပြောလေ့ရှိကြပါတယ်။ အထူးသဖြင့် ပြည်ပ မှာ နိုင်ငံရေးလုပ်နေရင်း မွေးရပ်မြေကို လွမ်းဆွတ်ကြတဲ့အခါ၊ မွေးရပ်မြေအကြောင်း ပြောဆိုကြတဲ့အခါမှာ ပြောဆိုလေ့ရှိကြပါတယ်။ စစ်အစိုးရကြောင့် တိုင်းပြည်ကြီး ရစရာမရှိအောင် ပျက်စီးနေတာတွေ၊ တိုးတက်မှု မရှိပဲ ဆုတ်ယုတ်နေတာတွေကို တွေးမိတဲ့အခါတိုင်း ဒေါသတွေထွက်မိကြ၊ အားမရတွေလည်းဖြစ်နေကြနဲ့ အတော်ပဲစိတ်ပင်ပန်းရပါတယ်။ တကယ်ပါ။ ကျွန်မကိုယ်တွေ့မှာဆိုရင် မြန်မာပြည်အကြောင်း တွေးမိရင်း အိပ်ပျက်ခဲ့ရတဲ့ ညတွေ၊ ရထားဘူတာကျော်သွားတာတွေ၊ ဘတ်စ်ကားမှတ်တိုင်ကျော်သွားတာတွေ၊ ၀မ်း နည်းမျက်ရည်ကျမိတာတွေ၊ စိတ်ဆိုးမာန်ဆိုးနဲ့ နံရံကိုလက်သီးနဲ့ ထထိုးမိတာတွေ၊ အိမ်ထဲက ပစ္စည်းတွေကို ကောက်ပေါက်မိတာတွေ ဖြစ်ခဲ့ရတာ အများကြီးပါ။ လက်သီးကိုကျစ်ကျစ်ဆုပ်ပြီး၊ ၀မ်းနည်းကြေကွဲမှုတွေကို နာကျည်းမှုခွန်အားအနေနဲ့ ပြောင်းဖြစ်ခဲ့ရတဲ့ အကြိမ်တွေလည်း မရေတွက်နိုင်အောင်ပါ။ ဒါပေမယ့် - ကျွန်မ တို့တွေ ဒီလိုဖြစ်နေရုံနဲ့ ဒီပွဲက ပြီးသွားမှာလား ------ ။

အဖြေကရှင်းပါတယ်။ မဟုတ်ပါဘူး။ ကျွန်မတို့တွေ လုပ်နိုင်တာလုပ်ရင်း ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင် ရင်း အနာဂတ် ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် မျှော်လင့်ချက်အပြည့်ထားကြရမှာပါ။ တကယ်တမ်းကျ တော့ ဒီမိုကရေစီရရင်ဆိုတဲ့စကားလုံးကို ကျွန်မတို့အလွယ်တကူ ပြောတတ်ကြပေမယ့် ကျွန်မတို့အခု စစ် အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ဒီမိုကရေစီနိုင်ငံလို့ ကြေညာလိုက်ရုံနဲ့ ဒီမိုကရေစီအပြည့်အ၀ရှိတဲ့ နိုင်ငံ ချက်ချင်းဖြစ်လာမှာမဟုတ်ပါဘူး။ ဒါဟာ ကနဦးဒီမိုကရေစီအသွင်ကူးပြောင်းမှု (Initial Democratization) ပဲရှိပါသေးတယ်။ ကျွန်မတို့ရဲ့ နောင်တော်မျိုးဆက်တွေ အသက်ပေးပြီး တောင်းဆိုခဲ့ကြတဲ့ ဒီမိုကရေစီဆိုတဲ့ စနစ်ကြီး ရေရှည်တည်တံ့ဖို့အတွက် Democratic Consolidation ဆိုတဲ့အဆင့်ကြီး အောင်မြင်လာအောင် ကိုပါ ဆက်လက်လုပ်ကိုင်ကြဖို့ ကျွန်မတို့မှာ သမိုင်းပေးတာဝန်ရှိပါတယ်။ “မုန့်ဆီကြော်က ဘယ်နေမှန်းမသိ။ နှုတ်ခမ်းနာနဲ့တည့်ပါ့မလား“ ဆိုပြီး လုပ်နေတယ်လို့ ကျွန်မကို ဆိုချင်လဲဆိုကြပါ။ ဒါပေမယ့် နောက်တနေ့ တာအချိန်ဇယားကို ကြိုတင်ပြင်ဆင်ပြီးမှ ညအိပ်လေ့ရှိတဲ့ ကျွန်မ၊ လေးငါးနှစ်မှာဖြေသင့်တဲ့ စာမေးပွဲကို လည်း အခုကတည်းက ကြိုတင်ရွေးချယ်လေ့ရှိတဲ့ကျွန်မ၊ မလွန်ဆန်နိုင်သော ကံကြမ္မာဆိုး တစုံတရာ ကြောင့် ချထားတဲ့စီမံကိန်းလွဲချော်သွားရင် လုပ်သင့်တဲ့ Back up plan နဲ့ ကိုယ်သွားမယ့်လမ်းကြောင်းပေါ် မရောက်ရောက်အောင် တစိုက်မတ်မတ်နဲ့ ပြန်တက်လေ့ရှိတဲ့ ကျွန်မအတွက်တော့ ကြိုတင်ပြင်ဆင်မှုဆိုတာ ကို အလေးအနက် အလွန်အမင်းထားတတ်တာ အကျင့်ဖြစ်နေလို့ ဒီပို့စ်လေးကို ရေးဖြစ်တာပါ။

စစ်မဟာဗျူဟာလေ့လာရေးမှာရော၊ စီးပွားရေးဗျူဟာမှာရော၊ ဈေးကွက်ဗျူဟာမှာရော အလွန်ပဲအရေးကြီး တဲ့ ဆန်းစစ်ချက်တခုရှိပါတယ်။ SWOT analysis လို့ အတိုကောက်ခေါ်လေ့ရှိပါတယ်။ Strengths, Weaknesses, Opportunities, Threats ပါ။ ကိုယ့်ဘက်ကိုရော၊ ရန်သူဘက် (ယှဉ်ပြိုင်ဘက်) ကိုပါ ဒီဆန်းစစ်ချက်လုပ်ပြီးမှ မဟာဗျူဟာတခုကို ချမှတ်အကောင်အထည်ဖော်ရပါတယ်။ လူတိုင်းလူတိုင်းဟာ အားနည်းချက်နဲ့ မကင်းနိုင်ကြပါဘူး။ ဘယ်သူမှ ပြီးပြည့်စုံသောလူရယ်လို့ မရှိပါဘူး။ ဒီလိုပဲတယောက်နဲ့ တယောက် အားသားချက်တွေကလဲ မတူပြန်ပါဘူး။ သူ့အားနည်းချက်မှာ ကိုယ်ကအားသာပြီး comple -ment ဖြစ်သွားရင်တော့ အောင်မြင်မှုဟာ အထွတ်အထိပ်ပါပဲ။ ဒါကြောင့်လဲ ပူးပေါင်းဆောင်ရွက်မှုဆိုတာက လိုအပ်တာပါ။ ယုံကြည်ချက်တူ၊ လမ်းကြောင်းတူတဲ့ အဖွဲ့အစည်းတွေဆိုရင် ပူးပေါင်းဆောင်ရွက်မှုရှိမှလဲ ပိုပြီး ထိရောက်မှုဆိုတာ ဖြစ်စေနိုင်ပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်မှုဆိုတာကို မရောက်ခင် လူတိုင်းလူတိုင်း၊ အဖွဲ့အစည်းတိုင်းဟာ ကိုယ့်အားနည်းချက်ကို ကိုယ့်ဘာသာသိနေဖို့လဲ လိုအပ်ပါတယ်။ ဒါကိုထောက်ပြ ပြောဆိုတာကိုလဲ ဟုတ်မှန်တယ်ဆိုရင် အမှန်အတိုင်း လက်ခံပြုပြင်တတ်နိုင်ဖို့ လိုအပ်ပါတယ်။ မှန်ရင်ခံခက် ဖြစ်တတ်တယ်ဆိုပေမယ့် ဇွတ်မှိတ်ပြီး ငါတို့ကိုမစော်ကားနဲ့လို့ ထိုင်ပြောနေတာထက် သူပြောရအောင် ငါတို့ ကဖြစ်နေသလားဆိုတာ အရင်ဆန်းစစ်ဖို့လိုအပ်ပါတယ်။ ကိုယ့်အားနည်းချက်ကို ကိုယ်မသိရင်တော့ ပစ်မှတ် ကို ထိဖို့မလွယ်ပါဘူး။

ဥပမာပြောရရင် ကျွန်မ သေနတ်ပစ်တဲ့အခါတိုင်းမှာ အားနည်းချက်တခုရှိတယ်။ ခလုတ်ညှစ်လိုက်တိုင်း သေနတ်ပြောင်းက ခါသွားတယ်။ မၿငိမ္ဘူး။ ဖြစ်သင့်တာထက် ပိုဆိုးတာကိုပြောတာပါ။ ခါသင့်တာထက်ခါ တော့ ပစ်မှတ်လွဲတယ်။ target card ကိုထိပေမယ့် အလယ်ဗဟိုကို မထိဘူး။ ဒီတော့ ကျွန်မ သူငယ်ချင်းက အားနည်းချက်ကိုထောက်ပြပါတယ်။ လူဆိုတာကလေ အတ္တမျိုးကြီးပဲရှင့်။ ကိုယ့်ကိုလာပြောတော့ နည်းနည်း တော့ စိတ်ထဲကသိကအောင့်ဖြစ်သား။ ဒါပေမယ့် ဟုတ်နေတော့လဲ လက်ခံရတာပေါ့။ ဒါကို ဘယ်လိုလုပ်နိုင် မလဲ ဆက်မေးရတယ်။ ကျွန်မရဲ့အဓိက Goal က ပစ်မှတ်ဗဟိုကို ထိဖို့လေ။ သူငါ့ကို ဒီလိုပြောတယ်ဆိုပြီး သူနဲ့ သွားငြင်းဖို့၊ ရန်ဖြစ်ဖို့မဟုတ်ဘူးကို။ မှန်သည်ဖြစ်စေ၊ အမြင်မှားပြီး ပြောတာဖြစ်စေ၊ သူဒီလိုပြောလာပြီ ဆိုရင်တော့ အကြောင်းတခုခုရှိလို့ပဲဖြစ်တယ်။ အဲဒီအကြောင်းရင်းကိုသာ အရင်ဆွေးနွေးသင့်တယ် မဟုတ် လား။ ဒီလိုပဲပြောကြရင်း၊ အကြံဥာဏ်တောင်းရင်းနဲ့ ပစ်မှတ်ချိန်တဲ့အခါမှာ ပုံမှန်ထက် နဲနဲလေးမြှင့်ချိန်ဖို့ သူကအကြံပေးလာတယ်။ ကျွန်မလုပ်ကြည့်တယ်။ ထိတယ်။ အလယ်ဗဟို တိတိပဲ။ သူပြောတာမှားပြီး ပစ်မှတ်ကိုပါ လုံးဝမထိတော့တာလဲ ဖြစ်ချင်ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် ကိုယ့်ကို ပြောလာပြီဆိုရင်တော့ သူ့ အမြင်နဲ့ သူ့အကြံကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်။ ဒါကို ကျွန်မဆိုလိုတာပါ။

ဒီတော့ အဲဒီဥပမာလေးကို နှလုံးမူပြီး၊ ပြည်ပရောက် အတိုက်အခံတယောက်အနေနဲ့ ပြည်ပရောက်အတိုက် အခံတွေနဲ့ ပတ်သက်ပြီး မြင်တာပြောကြည့်မယ်နော်။ ကျွန်မတို့တွေ အချိန်တွေကို ထိရောက်တာမှာ မသုံးပဲ အလဟဿ ဖြုန်းပစ်နေကြတယ်။ လိုအပ်တဲ့ ပြင်ဆင်မှုတွေလည်း မလုပ်ပဲ ပွဲလမ်းသဘင်များစွာနဲ့ ဟိုနေရာ စုစု၊ ဒီနေရာစုစု အချိန်ကုန်နေကြတယ်။ ဒီလို ကျွန်မပြောမယ်။ ကျွန်မကိုလာမငြင်းခင်မှာ ကိုယ့်ဘာသာ ကိုယ်ဟုတ်လား၊ မဟုတ်လား အရင်ပြန်မေးကြည့်ပါနော်။ မဟုတ်ဘူးဆိုရင်တော့ အချက်အလက် အခိုင် အမာနဲ့ ပြန်လာပြောပါ။ ကျွန်မဒီအမြင်ကို ရုတ်သိမ်းပေးပါ့မယ်။

ပထမဆုံးအနေနဲ့ လုပ်ငန်းအကောင်အထည်ဖော်ရေးအကြောင်းကို စပြောကြရအောင်။ ပြည်ပရောက် အတိုက်အခံအများစုက ကိုယ့်ဘာသာကို တော်လှန်ရေးသမားလို့ စိတ်ကြီးဝင်နေတတ်ကြတယ်။ တကယ် လုပ်နိုင်တာကျတော့ campaign ပဲဖြစ်တယ်။ တော်လှန်ရေးနဲ့ ကင်ပိန်းကို မကွဲပြားကြဘူး။ မြန်မာပြည်ရဲ့ တော်လှန်ရေးဟာ မြန်မာပြည်တွင်းနဲ့ မြန်မာ့မြေထဲက တောထဲမှာပဲရှိတယ်။ ပြည်ပရောက်လာရင်တော့ ဆန္ဒပြပွဲနဲ့ သက်ဆိုင်ရာအစိုးရတွေကို lobby လုပ်တာ၊ မြန်မာပွဲလမ်းသဘင်တွေလုပ်တာပဲရှိတယ်။ တော်လှန်ရေး ဆိုတာ မရှိဘူး။ ဒီအချက်ဟာ တော်လှန်ရေးရဲ့အဓိက လိုအပ်ချက်မဟုတ်ဘူး။ တော်လှန်ရေး ကို ထောက်ကူမပေးတာပဲရှိတယ်။ မထောက်ကူရင်ကောဖြစ်မလားလို့ ပြန်ငြင်းချင်ငြင်းပါ။ ဒါပေမယ့် အများစု က ထောက်ကူတာပဲလုပ်နေတော့ မှော်ဆရာ လူသေကောင် အသက်သွင်းတာ ခြေထောက်ကြီးပဲ ထောင်နေ သလိုဖြစ်နေတယ်။ တကိုယ်လုံးက မကြွလာဘူး။ ပိုဆိုးတာက ဒါတွေကို အလုပ်ကြီးတခုအနေနဲ့ နိုင်ငံတကာ ဖိအားဆိုတာကြီးကိုပဲ လုံးဝအားကိုးပြီး၊ ဒါကမှ မြန်မာပြည်အတွက် နိုင်ငံရေးလုပ်နေတာ၊ တော်လှန်ရေးလုပ် နေတာလို့ လွဲမှားစွာ ထင်လာတဲ့အချက်ပဲ။ တကယ်တမ်းကျတော့ တော်လှန်ရေးတခုရဲ့ အရေးကြီးတဲ့ pillar တွေဖြစ်တဲ့ political pillar, social-economic pillar, cultural- spiritual pillar, military pillar တွေမှာ လုံးဝအားနည်းသွားတယ်။ အားလုံးက international pillar ကိုပဲ အာရုံစိုက်လာကြတယ်။ အရေးကြီးဆုံး မြေအောက်ကလာပ်စည်းအစုအဖွဲ့တွေကို နက်နက်ရှိုင်းရှိုင်း အကောင်အထည် မဖော်နိုင်တော့ဘူး။ မြေပေါ် လိုင်း အိုဂျီမှာပဲ အားလုံးစုပုံကုန်တယ်။ ဒီအထဲမှာလဲ ကိုးဆယ်ရာခိုင်နှုန်းလောက်က ပြည်ပအခြေစိုက်ပြီး ဆယ့်နှစ်လရာသီမရိုးနိုင်သော ပွဲများဖြစ်တဲ့ လွတ်လပ်ရေးပွဲ၊ တော်လှန်ရေးနေ့ဆန္ဒပြပွဲ၊ သင်္ကြန်ပွဲ၊ ဒေါ်စု မွေးနေ့ပွဲ၊ ရှစ်လေးလုံးဆန္ဒပြပွဲ၊ စက်တင်ဘာအာဏာသိမ်းနှစ်ပတ်လည်ပွဲ၊ ဒီဇင်ဘာလူ့အခွင့်အရေးနဲ့ ဆန္ဒပြ ပွဲတွေလုပ်နေတာနဲ့ပဲ အလုပ်ရှုပ်နေကြတယ်။ အစည်းအဝေးတွေမှာလဲ နိုင်ငံရေးလမ်းစဉ်တရပ်ကို ချပြကြ၊ ဆွေးနွေးကြ၊ တော်လှန်ရေး အရှိန်မြင့်လာအောင် ဘယ်လိုလုပ်မလဲ အဖြေရှာကြတာ မဟုတ်ပဲ ဘယ်ပွဲမှာ ဘယ်သူက အခမ်းအနားမှူး လုပ်မယ်၊ စကားတက်ပြောမယ်၊ ထုတ်ပြန်ကြေညာချက်တွေ ထုတ်မယ်ဆိုတာ တွေနဲ့ပဲ ပြီးသွားကြတာ များတယ်။ ဒီထုတ်ပြန်ကြေညာချက်တွေဆိုတာကလဲ ဟိုအဖွဲ့အစည်းကထုတ်လိုက်၊ ဒီအဖွဲ့အစည်းက ထုတ်လိုက်နဲ့ ပြန်ခြုံကြည့်ရင်လဲ ဒါတွေပါပဲ။ တနှစ်လဲဒါပဲ၊ နောက်တနှစ်လဲဒါပဲ၊ template သဘောထားပြီး ရက်စွဲလေးတွေ ပြောင်းတာပဲရှိတယ်။ ဒါတွေလုပ်ဖို့ ပေးဆပ်လိုက်ရတဲ့အချိန်တွေ၊ အင်အား တွေနေရာမှာ တခြားပိုမိုထိရောက်တဲ့လုပ်ရပ်တွေဖြစ်ဖြစ်၊ မြန်မာပြည်အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှု တွေဖြစ်ဖြစ်လုပ်ရင် အင်အားပြုန်းတီးမှု ဖြစ်နေတာတွေ လျော့သွားမလားပဲ။ ဒီကြားထဲ မညီညွတ်မှုတွေနဲ့ ဆန္ဒပြပွဲကိုတောင် ဟိုတဖွဲ့က တနာရီ၊ ဒီတဖွဲ့က နှစ်နာရီလို့ လုပ်နေကြတာ သေချာတွေးကြည့်ရင် ရှက်ဖို့ အလွန်ကောင်းတဲ့ကိစ္စ။ မြန်မာ့အကြောင်းကို ကမ္ဘာလှည့် ဖော်ကျူးပြနေကြသလိုပဲ။

တပ်ပေါင်းစုတခုသာရှိရင် Pubic Relations ဌာနအနေနဲ့ ထုတ်ပြန်ကြေညာချက်တခုကိုပဲ ခေါင်းစည်းတခုနဲ့ ထုတ်လိုက်၊ လုပ်ငန်းဖော်ဆောင်ရေးဌာနအနေနဲ့ သက်ဆိုင်ရာနိုင်ငံကိုယ်စီမှာ ပွဲတွေကျင်းပလိုက် လုပ်လိုက် တာနဲ့တင် အခု လူတသောင်းလောက်လုပ်နေတဲ့အလုပ်တွေက လူတရာလောက်လုပ်တာနဲ့တင် ပြီးကိုပြီး တယ်။ သက်ဆိုင်ရာနိုင်ငံကအကြီးအကဲတွေ နေရာကလဲ စဉ်းစားကြည့်ပါ။ အစောင်စောင်တက်လာနေတဲ့ ထုတ်ပြန်ချက်တွေကို တကယ်ရောဖွင့်ဖတ်ကြပါ့မလားလို့ တွေးကြည့်ကြပါ။ ပြောမကောင်းလို့သာ မပြောကြ တာ။ မြန်မာတွေဘယ်လိုဖြစ်နေလဲဆိုတာ သူတို့က သိမှသိဖြစ်နေပြီ။

နောက်တခုက ပရိုပိုဆာကိစ္စ။ နိုင်ငံရေးတင်မဟုတ်ဘူး။ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်တဲ့ အဖွဲ့တွေမှာတောင် leaking bucket ဆိုတဲ့ သဘောတရားရှိတယ်။ အတိုဆိုရရင်တော့ ပေးတဲ့သူတွေဆီင်္က နေ လက်ခံသူတွေဆီမရောက်ခင်ကြားမှာ အထွေထွေကုန်ကျစရိတ်တွေပေါ့။ ဒီအထဲမှာ ၀န်ထမ်းစရိတ်က အကြီးဆုံး။ ဒါကြောင့်လဲ တချို့လုပ်ငန်းကြီးတွေမှာ downsizing လုပ်လာကြတာပါ။ ပြီးတော့ လုပ်မယ့် အလုပ်ကို ထိရောက်မှုဖြစ်ဖို့ရာမှာလဲ အလုပ်ခွဲဝေမှုဆိုတာရှိရတယ်။ ဘက်ပေါင်းစုံမှာ လုပ်ကြရမယ်။ အခု ကျွန်မတို့တွေက ပရိုပိုဆာတင်ပြီး ကျလာရင် လုပ်ကြတာတွေက ဟိုအဖွဲ့ကလဲဒါပဲ။ ဒီအဖွဲ့ကလဲ ဒါပဲ။ Project planning ဌာနတခုထားပြီး လိုအပ်တဲ့ကဏ္ဍတွေကို ခွဲဝေချပေးမှုလုပ်လိုက်ရင် တဖွဲ့က civil society အတွက်လုပ်၊ တဖွဲ့က ဒီမိုကရေစီပညာပေးရေးလုပ်၊ တဖွဲ့က ကင်ပိန်းလုပ်၊ တဖွဲ့က မှတ်တမ်းပြုစု ရေးလုပ်နဲ့ ပိုပြီး နေရာမကျနိုင်ဘူးလား။ overlapping ဖြစ်တဲ့ဧရိယာတွေကို လျှော့ချနိုင်တာပေါ့။ နောက်ပြီး ခရီးသွားကုန်ကျစရိတ်တွေ။ ဒါလုပ်ဖို့ကိုပဲ ဟိုအဖွဲ့က အဲဒီနေရာတခါသွား၊ ဒီအဖွဲ့က တခါထပ်သွားနဲ့။ ဟိုလူ ကတခါသွား၊ ဒီလူကတခါသွားနဲ့။ သူ့နေရာနဲ့သူ ဒေသဆိုင်ရာ in-charge တွေထားလိုက်ရင် အဆင်မပြေဘူး လား။ အဲလိုဆိုရင်လဲ ကုလားထိုင်လုနေကြမှာပေါ့။ ကိုယ့်မြန်မာအကြောင်း မသိဘူးလားလို့တော့ ကျွန်မကို မပြောပါနဲ့။ ဒါတွေလုပ်နေလို့ အကျိုးမှမရှိတာ။ ကျဆုံးသွားတဲ့ ရဲဘော်တွေ၊ ထောင်ထဲကရဲဘော်တွေ မျက်နှာထောက်ပြီး ဒီလောက်တော့ သဘောထားကြီးသင့်တယ် ထင်တာပဲ။ ဒီလိုပဲ ဟိုတမျိုး၊ ဒီတမျိုးနဲ့ ပွစာကျဲနေလို့ကတော့ ဘယ်လိုလုပ်ပြီး united force ကိုရမှာလဲ။ လူ့ဘီလူးကြီးကို ခြေထောက်သွားကုပ် လိုက်၊ လက်သွားပုပ်လိုက်၊ ကလိသွားထိုးလိုက်ပုံစံမျိုးဖြစ်နေမှာပေါ့။ အားလုံးက အားနဲ့မာန်နဲ့ တပြိုင်တည်း တွန်းလှဲပြီး တက်ဖိသတ်မှ ရမှာကိုး။

ကဲ - ဒါတွေကထားပါတော့။ မြန်မာပြည်မတိုးတက်လို့ ကျွန်မတို့တွေ ယူကြုံးမရစိတ်ဆိုးနေကြရတာ မဟုတ် လား။ ဒီတော့ စစ်အာဏာရှင်ပြုတ်ကျပြီး ဒီမိုကရေစီစနစ် အကောင်အထည်ဖော်တဲ့အခါ မြန်မာပြည် တိုး တက်အောင် လုပ်ဖို့ကိုကော ကျွန်မတို့ ဘာတွေပြင်ဆင်ထားပြီးပြီလဲ။ ဒီမိုကရေစီဆိုတာက ဥုံဖွ - တိုင်းပြည် တိုးတက်စေသတည်း လုပ်ပေးနိုင်တဲ့ မန္တန်မဟုတ်ဘူးနော်။ ဒီမိုကရေစီစနစ်ဆိုတာနဲ့ ချက်ချင်း ဂျီဒီပီ တက်လာမှာမဟုတ်ဘူး။ မီးမလင်းတဲ့တိုင်းပြည် ချက်ချင်းမီးလင်းလာမှာမဟုတ်ဘူး။ တဲထဲကလူတွေ ချက်ချင်းလက်ငင်းတိုက်ပေါ်ရောက်သွားမှာမဟုတ်ဘူး။ ဒါတွေဖြစ်ဖို့ နှစ်ပေါင်းများစွာ တိုင်းပြည်ကို တည် ဆောက်ကြရမယ်။ ဒါပေမယ့် ဒီမိုကရေစီစနစ်ရှိနေခြင်းအားဖြင့် အာဏာဟာ ပြည်သူရဲ့ လက်ထဲမှာ ရှိတယ်။ တိုင်းပြည်တိုးတက်ရေး မလုပ်ပေးနိုင်တဲ့အစိုးရ၊ လူတဦးချင်းစီရဲ့ ဂုဏ်သိက္ခာကို မလေးစားတဲ့ အစိုးရမျိုးကို ပြည်သူက ဖြုတ်ချပိုင်ခွင့်ရှိတယ်။ ဒီတော့ လူတွေဟာ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးပိုင်ခွင့်ရှိတယ်။ ဒီတော့ သူများတွေ တိုင်းပြည်အုပ်ချုပ်တာမကောင်းတဲ့ အကြောင်းတွေကို မြိန်ရေယှက်ရေ ထိုင်ပြောထိုင်ဆဲနေကြတဲ့ ကျွန်မတို့ ဒီမိုသမားတွေ၊ ကိုယ်ယုံကြည်တဲ့ ဒီမိုစနစ်ဖော်ဆောင်ရင်းနဲ့ တိုင်းပြည်တိုးတက်အောင်မလုပ်နိုင်လို့ Democratic consolidation မဖြစ်ပဲ reverse democratization ဖြစ်သွားလို့ကတော့ ကျွန်မတို့ ကြိုးဆွဲချ သတ်သေဖို့ပဲ ကောင်းလိမ့်မယ်။ လူဆိုတာ ကိုယ်လုပ်ခဲ့တဲ့အလုပ်ကို တာဝန်ခံရမယ်၊ တာဝန်ယူရမယ်လေ။ ဒီတော့ ကျွန်မတို့တွေ ပွဲကြိုက်မောင်၊ ပွဲကြိုက်မယ်တွေ ဖြစ်နေတာတင်မဟုတ်ပဲ တလှမ်းတိုးပြီး စနစ်တကျ ကြိုတင်ပြင်ဆင်ကြဖို့ကော မလိုအပ်ဘူးလား။

နိုင်ငံတိုင်း၊ နိုင်ငံတိုင်းရဲ့ ၀န်ကြီးအဖွဲ့တွေမှာ၊ အစိုးရဌာနဆိုင်ရာတွေမှာ သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်သူတွေကို ပေါ်လစီတွေရေးဆွဲဖို့၊ သုံးသပ်ဖို့ ထောင်နဲ့ချီ၊ သောင်းနဲ့ချီပြီး ခန့်ထားကြတာ။ အမေရိကန်နိုင်ငံမှာဆို ပေါ်လစီမပြောနဲ့၊ တခြားနိုင်ငံအစိုးရအဖွဲ့ဝင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ပြောဆိုပုံ၊ လုပ်ကိုင်ပုံ၊ ဆုံးဖြတ်ချက်ချပုံတွေကိုပါ အသေးစိတ်လေ့လာတဲ့ ပညာရှင်တွေ စီအိုင်အေမှာ ခန့် ထားတာ။ ဒီတော့မှလဲ သံတမန်ရေးရာဆက်ဆံမှုတွေမှာ ဆောင်ရန်၊ ရှောင်ရန်တွေကို ဆုံးဖြတ်နိုင်တာပေါ့။ ဒါတွေရှိဖို့ နေနေသာသာ။ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရမ်းကိုအရေးကြီးတဲ့ နေရာတွေအတွက် ကိုတောင် ကျွမ်းကျင်အောင်လေ့လာထားသူတွေ ကျွန်မတို့ဘယ်လောက် ရှိနေလို့လဲ။ အများစုက ပြောလိုက် ရင် ဒေါ်စုကိုပဲ လက်ညှိုးထိုးနေကြတယ်။ အစိုးရအဖွဲ့ဆိုတာ တယောက်တည်း တတ်နေ၊ သိနေလို့ရတာ မဟုတ်ဘူး။ ပြီးတော့ အဲဒီအချိန်မှာတက်လာမယ့် အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေနဲ့တင် ပြီးသွားတာမဟုတ်ဘူး။ ဒီကိစ္စမျိုးတွေကို တယောက်တည်းလုပ်ရတာ မဟုတ်ဘူး။ Think Tank တွေ အများကြီးလိုအပ်တယ်။

ပေါ်လစီရေးရာ ကျွန်မကပြောတော့ တယောက်ကပြောဘူးတယ်။ ခင်ဗျားက၀န်ကြီးရူး ရူးနေတာလားတဲ့။ ဒီကိစ္စ တက်လာတဲ့ပါတီကပဲ ပြောရမှာ။ ခင်ဗျားပြောစရာမလိုဘူးတဲ့။ ဒီစကားမျိုးကိုသာကြားရင် အခု ယူကေ က Government Economic Department မှာ economic analyst တွေ၊ senior economic adviser တွေ လုပ်နေကြတဲ့ ကျွန်မသူငယ်ချင်းတွေ၊ ဆရာမတွေ သတ်များသေသွားကြမလားပဲ။ ဒီမိုကရေစီရရှိရေးဆိုတဲ့ စကားလုံးရယ်၊ နအဖလူသတ်တယ်၊ နအဖမကောင်းဘူးဆိုတဲ့ စကားတွေရယ်တင်မကပဲ ဒီမိုကရေစီစနစ်ကို တကယ်အကောင်အထည်ဖော်ချင်သူတွေအနေနဲ့ လက်ရှိဒီမိုကရေစီနိုင်ငံတွေရဲ့ အစိုးရယန္တရားတွေ ဘယ်လိုလည်ပတ်နေလဲဆိုတာကို ကြိုတင်မလေ့လာထားသင့်ကြဘူးလား။ ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လိုပေါ်လစီတွေ ချလိုက်တယ်၊ ဘယ်ပေါ်လစီတွေက ဘယ်လိုအခါမျိုးမှာ failure ဖြစ်တတ်တယ် ဆိုတာတွေကို ကြိုတင်သိထားခြင်းဟာ အနာဂတ်ဒီမိုကရေစီနိုင်ငံအတွက် အကျိုးဖြစ်ထွန်းနိုင်တယ် မဟုတ် ဘူးလား။

ကျွန်မတို့မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်တယ်။ ဒီလိုနိုင်ငံမျိုးအတွက် Land Reform လုပ်သင့် မလုပ်သင့်၊ Agricultural Exports တွေကို enlarge လုပ်နိုင်မယ့်နည်းလမ်းတွေ၊ Agriculture Price Policy တွေကို ကျွန်မတို့တွေ ကြိုတင်လေ့လာမထားသင့်ဘူးလား။ တခါစက်မှုလယ်ယာကို စနစ်တကျပြောင်းတဲ့ အခါ Rural to Urban migration ဖြစ်မယ်။ ဒီအတွက် industrialization ဖြစ်နေဖို့လိုမယ်။ ဒီတော့ Industrialization via import substitution လုပ်သင့်မလုပ်သင့်ဆိုတာကိုကော ကျွန်မတို့တွေ မဆွေးနွေး သင့်ကြဘူးလား။

ကဲ - ကျွန်မတို့တွေက နအဖ စစ်အသုံးစရိတ်ကြီးတာကိုပဲ ထိုင်ပြောနေကြတယ်။ ဒီမိုကရေစီနိုင်ငံကျရင် အခု တပ်မှာရှိနေတဲ့ manpower ကို civilian production တက်လာအောင် ဘယ်လို conversion လုပ်မလဲ။ ဘယ်လို Retooling လုပ်မလဲဆိုတာ ကြိုလေ့လာထားတာ မကောင်းဘူးလား။ တခါ ကာကွယ်ရေး အသုံး စရိတ်လျှော့မယ်ဆိုရင် ဘယ်ကဏ္ဍတွေမှာ ပိုတိုးမလဲ၊ ပိုလျော့မလဲစသည်ဖြင့် public expenditure policy တွေကို နိုင်ငံတခုချင်းစီအလိုက် နှိုင်းယှဉ်သိနေသူတွေရှိနေရင် မကောင်းဘူးလား။ Domestic resources တွေကို ဘယ်လို mobilize လုပ်ကြမလဲ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဖြစ်အောင် ရေရှည်၊ ရေတို စီမံကိန်းတွေ ဘယ်လိုချသင့်ကြသလဲဆိုပြီး စဉ်းစားတာကလဲ နအဖတွေ ခိုးနေကြတာပဲ၊ ပညာရေးလဲ စုတ် ပြတ်နေပြီဆိုပြီး ထိုင်ပြောနေတာထက် ပိုအကျိုးရှိတယ်။ နိုင်ငံတကာမှာ ဘာတွေဖြစ်ခဲ့ကြသလို့ ဘယ်လို လုပ်ခဲ့ကြသလဲသိမှ ကောင်းတဲ့နမူနာတွေ သုံးနိုင်တော့မှာပေါ့။

ဒီလိုပဲ foreign resources တွေကို ဘယ်လို mobilize လုပ်မလဲ၊ International trade မှာ အာဆီယံနဲ့ ကုန်သွယ်မှုဆိုင်ရာတွေ၊ တရုတ်၊ အိန္ဒိယတို့နဲ့ ကစားရမယ့် trade game ဆိုင်တာတွေကို ကြိုပြီး လေ့လာ ထားရင်ရော အာဆီယံက နအဖကိုကူညီနေတယ်၊ တရုတ်က ကူညီနေတယ်။ သူတို့ကိုမကူညီအောင် ကင်ပိန်းလုပ်ရမယ်ပြောနေတာထက် ပိုအကျိုးရှိပါလိမ့်မယ်။ သူတို့က lobby လုပ်လို့ကတော့ နောင်မျိုးဆက် ခြောက်ဆယ်လောက်အထိ ထူးမခြားနားပါပဲ။ မယုံရင်ပုံပြင်မှတ်ပါတော့။ စမ်းချင်ရင်လဲ ဆက်သာစမ်းကြပါ။ လုပ်နေသူများကို ဝေဖန်လိုခြင်းအလျဉ်းမရှိပါကြောင်း။ ဒီမိုသမားပီသစွာ လွတ်လပ်စွာပြောဆိုနိုင်သော အခွင့် အရေးကိုသာ အသုံးချခြင်းဖြစ်ပါတယ်။

ပြီးတော့တခါ အာဏာရှင်နိုင်ငံကနေ ဒီမိုနိုင်ငံပြောင်းထားတဲ့နိုင်ငံတိုင်းမှာ civil-military relationship ကို ပုံမှန်ပြန်ဖြစ်အောင် အတော်ပဲလုပ်ယူကြိုးစားကြရပါတယ်။ ဒီအတွက်လဲ တတ်သိနားလည်သူများစွာ လိုအပ် ပါတယ်။ နိုင်ငံတခုရဲ့ ဖွဲ့စည်းပုံရေးရာတွေနဲ့ ပတ်သက်လို့ရော ကျွန်မတို့ဒီမိုတွေ Administrative law ကို စပယ်ရှယ်လစ် ဘယ်သူတွေ လုပ်ထားကြပါသလဲ။ ကျွန်မတို့အကြိမ်ပေါင်းများစွာ ရေရွတ်နေတဲ့ လူ့အခွင့် အရေးနဲ့ ဆိုင်ရာတွေမှာကော ပညာရှင်တွေ လက်ချိုးရေတွက်လို့တောင် ရပါသေးရဲ့လား။

တခြားနယ်ပယ်တွေကလဲအများကြီးပဲ။ ဆက်ပြောနေရင်ဒီပိုစ့်ကပြီးမှာ မဟုတ်ပါ။ ခင်ဗျားက စာအုပ်ကြီးပဲ။ စာအုပ်တွေပဲ အားကိုးမနေနဲ့။ စာအုပ်နဲ့လက်တွေ့ မတူတာအများကြီးလို့ ပြောချင်လဲပြောပါ။ အမှန်ပါပဲ။ ဒါပေမယ့် ဒီသီအိုရီတွေကို လက်တွေ့မှာ apply လုပ်ရတဲ့ နယ်ပယ်တွေအများကြီးပါ။ အထူးသဖြင့် စီးပွားရေး နဲ့ လူမှုရေးပေါ်လစီတွေမှာပါ။ environment policy, regional and urban policy, income distribution policy, taxation policy, public expenditure policy, monetary policy, fiscal policy, macroeconomic reform, competition policy, microeconomic reform စတာတွေမှာ အခြေခံ သီအိုရီမပါပဲ ပြောချင်ရာပြောပြီး လုပ်ချင်ရာလုပ်ကြည့်ကြပါလားကွယ်ရို့။ အခုမြန်မာပြည်မှာ လက်တွေ့ဖြစ် နေတာတွေက သက်သေပဲမဟုတ်လား။ ယူကေက Government Economic Department တို့၊ Govern -ment Actuary Department တို့မှာ အနဲဆုံး မဟာဘွဲ့ရထားသူတွေမှ အလုပ်လျှောက်လို့ရတာ အလကား သတ်မှတ်ထားတာ ဟုတ်နိုင်ပါ့မလား။

မြန်မာပြည်ထဲမှာ ပညာရှင်တွေ မရှိဘူးလို့မဆိုချင်ပါ။ သို့ပေမယ့် အသိပညာရှင်တွေထက်စာရင် အတတ် ပညာရှင်တွေဖြစ်တဲ့ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပြူတာပညာရှင်များက ပိုများနေပါတယ်။ ပြည်ပမှာ ပညာနဲ့ အသက်မွေးသူများမှာလဲ သူတို့တွေပဲများပါတယ်။ မြန်မာပြည်မှာကတော့ ပညာရေးအဆင့်အတန်းကို နှိမ့်ချ ထားလို့ ထားပါတော့။ ပြည်ပရောက်နေပြီဆိုလျှင်တော့ အတတ်ပညာရှင်များသာမက မြန်မာ အသိပညာရှင် များလဲ အင်နှင့်အားနှင့် ပေါ်ထွန်းသင့်ကြပြီ။ သက်ဆိုင်ရာနယ်ပယ်တခုချင်းဆီမှာ ကျွမ်းကျင်သူအုပ်စုများ လည်း ခိုင်ခိုင်မာမာရှိသင့်ကြပြီ။ မြန်မာ့အရေးကျွမ်းကျင်သူဆိုတာနှင့် ရှိသမျှ နယ်ပယ်အားလုံး ကျွမ်းကျင် သည်ဟု မည်သူမျှမဆိုနိုင်။ မည်သည့်တက္ကသိုလ်ဝက်ဆိုဒ်ကိုမဆိုဖွင့်ကြည့်ပါ။ ပါမောက္ခအမည်များ ရှာကြည့် ပါ။ ဘေးမှာ Research Interests ဆိုတာ အမြဲပါပါတယ်။ သူစိတ်ဝင်စားသော၊ ကျွမ်းကျင်သော နယ်ပယ် များသာ ကိုယ်စီသီးသန့်ရှိကြပါတယ်။ ဘယ်သူမှ ရှိသမျှနေရာစုံ မကျွမ်းကျင်နိုင်။ ပညာရပ်တခုတည်းမှာပဲ ကိုယ်သုတေသနလုပ်နေသော နယ်ပယ်ကိုသာ ကျွမ်းကျင်ကြတာပါ။ ဘွဲ့ဆိုတာက ပညာရပ်ဆိုင်ရာကို ယေဘုယျသိခြင်းသာဖြစ်ပြီး၊ မဟာဘွဲ့ဆိုတာက အနည်းငယ်ပိုသိလာခြင်းပါ။ ပါရဂူဘွဲ့ဆိုတာကျတော့ ပညာရပ်ဆိုင်ရာပင်လယ်ထဲက ရေအိုင်ငယ်တခုအကြောင်းကို အသေးစိတ်လေ့လာမိခြင်းသာရယ်ပါ။ တကယ်သိဖို့ရန်မှာလဲ ဘ၀တလျှောက်လုံး ဆက်လက်လေ့လာကြရတာ။ လုပ်ငန်းခွင်ထဲ ၀င်တာဆိုရင်လဲ ကိုယ်လုပ်ရတဲ့ အတွေ့အကြုံများအပေါ် အခြေခံပြီးမှသာ ကျွမ်းကျင်မှုဆိုတာ ဖြစ်လာနိုင်တာပါ။ နိုင်ငံသားဆိုင်ရာကန့်သတ်ချက်များကြောင့် အစိုးရအဖွဲ့များအတွင်းသို့ ၀င်ရောက်မလုပ်ကိုင်နိုင်လျှင်ထား၊ Knowledge တော့ရှိရပါမယ်။ ပြည်ပရောက်ဝန်ကြီးများကလဲ Human Resources Development အတွက် ပါလီမန်များ၊ သက်ဆိုင်ရာကျွမ်းကျင်မှုနယ်ပယ်ဌာနများတွင် Internship များလုပ်နိုင်ဖို့ တရားဝင် တောင်းဆို မှုများလုပ်သင့်ကြပါတယ်။ နိုင်ငံတော်လုံခြုံရေးတို့၊ အမျိုးသားထောက်လှမ်းရေးဌာနတို့ မဟုတ်ရင်တော့ အခြားဌာနများအတွက် အကူအညီပေးကြပါလိမ့်မယ်။

မြန်မာများ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားသင့်သည်မြင်ပါတယ်။ တချို့ က ပြောကြတယ်။ ခင်ဗျား ဘာမှပြောမနေနဲ့။ ဒီမိုကရေစီရရင် နိုင်ငံတကာက ပညာရှင်တွေကို ငှားသုံးမှာ ပေါ့တဲ့။ မြတ်စွာဘုရား။ ဒီမိုကရေစီရလိုက်တာနဲ့ပဲ နိုင်ငံရဲ့ သုံးစွဲနိုင်စွမ်းအားတွေ မိုးပေါ်က ကျလာမှာမို့လား။ နိုင်ငံတကာက ချေးငွေတွေ ယူရဦးမှာ။ တသိန်းလောက်ချေးပြီး ရှစ်သောင်းလောက်ကို ပြည်ပပညာရှင်တွေ ငှားရမ်းသုံးဖို့များ သုံးကြတော့မလို့လား။ ကိုယ့်ဘာသာကိုယ်နဲ့ပဲ ယှဉ်ပြီးတွေးကြည့်ကြပါ။ မြန်မာဖြစ်တဲ့ ကိုယ်တိုင်တောင် ရနေတဲ့တလဒေါ်လာခြောက်ထောင်လောက်ကိုစွန့်ပြီး ဒီမိုကရေစီမြန်မာနိုင်ငံသစ်မှာ တလ သုံးရာလောက်နဲ့ သွားလုပ်နိုင်ပါ့မလားဆိုတာ။ သူ့ကိုငှားရင်တော့ ပေးတန်သလောက်ပေးရတော့ မှာပေါ့။ ဆင်ဖိုးထက်ချွန်းဖိုးကြီးနေရင် မခက်ပါပကောလား။ တချို့ကျတော့တမျိုး။ ကမ္ဘာ့ဘဏ်တို့၊ အိုင်အမ်အက်ဖ်တို့ ဆီမှာ ပေါ်လစီတွေ ပက်ကက်လိုက်ပါလာမှာပဲ။ သူတို့ဝင်လာတာနဲ့ အားလုံးပြီးရောတဲ့။ အမလေး။ လွယ်လိုက်ကြတာ။ သူတို့ဆီက ပရောဂျက်တွေချပေးဖို့ ပရောဂျက်စီမံချက်တွေ တင်ရပါတယ်ရှင့်။ အချိန်နဲ့ အညီလဲ ပေါ်လစီဆန်းစစ်ချက်တွေ တင်ရပါတယ်။ ဒါတွေက ကင်ပိန်းလေးလုပ်ဖို့ ပရိုပိုဆာလေးရေးတာ တွေနဲ့တင် မရဘူးရှင့်။ ကဲ- project planning လုပ်ဖို့၊ forecasting လုပ်ဖို့၊ Development policy analysis လုပ်ဖို့ အခြေခံကျတဲ့ econometrics ပိုင်းမှာ လေ့ကျင့်သင်ကြားထားသူတွေ။ ဘယ်မှာလဲ။ modeling လုပ်ဖို့ actuary တွေ။ ပြီးတော့ ဒီပက်ကက်တွေနောက်မှာ political string တွေက အများကြီး။ လက်တင် အမေရိကတို့၊ အာဖိရိကတို့မှာ ဖြစ်နေတဲ့ ဥပမာတွေကိုလည်း လေ့လာကြည့်ကြပါဦး။ World Social Forum တို့၊ European Social Forum တို့တွေကို နှစ်စဉ် လူသန်းပေါင်းများစွာတက်ပြီး ဘာကြောင့် ကျင်းပနေကြ သလဲဆိုတာကိုလဲ သွားကြည့်ကြပါဦး။ World Trade Organization နဲ့ပတ်သက်တဲ့ implications တွေကို လဲ လေ့လာကြည့်ကြပါဦး။ အားလုံးအထင်ဝိုင်းကြီးနေကြတဲ့ အမေရိကန်နိုင်ငံက မက်ဆီကိုနဲ့ ဘယ်လို trade game တွေ ကစားသွားသလဲ ဆိုတာလဲ လေ့လာကြပါဦး။ ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယနိုင်ငံကြီး ဘာကြောင့် poverty သံသရာက မထွက်နိုင်သေးတာလဲဆိုတဲ့ အကြောင်းတွေကိုလဲ ရှာကြပါဦး။ ကိုယ့်နိုင်ငံ ရဲ့ ကံကြမ္မာကိုများ ဒီလိုပဲ နိုင်ငံခြားသားတွေ ငှားသုံးပြီး၊ သူတို့လက်ထဲကိုပဲ ၀ကွက်အပ်လိုက်ကြတော့မလို့ လား။

ဒီတော့ တချို့ အချို့ကိစ္စများက ထိုင်ပြောနေရုံ၊ ဆဲနေရုံနဲ့ အကျိုးမထူးပါ။ သူ့ပထွေးတွေကို ကာကွယ်ပေး နေတယ်ဆိုပြီး မှတ်ချက်ထဲမှာ ကျွန်မကို ထပ်ပြီး လာပြောမနေကြဖို့လဲ ကြိုတင်တောင်းပန်ပါတယ်။ ပြောနေ တာကို ဂရုစိုက်လို့တော့မဟုတ်ပါ။ ကျွန်မအမေရဲ့ ကိုယ်ကျင့်တရားကို ကျွန်မယုံကြည်တာမို့ ရယ်နေရုံပဲ ရှိတာပါ။ ကျွန်မကို လာရမ်းနေလို့လဲ အကျိုးမရှိကြောင်းကိုသာ ပြောချင်တာပါ။ အခု အနှစ် နှစ်ဆယ်အတွင်း မှာ ဒါတွေလုပ်ရင်းပဲ အချိန်ကုန်ခဲ့ကြတယ်မဟုတ်လား။ နအဖဆဲလိုက်၊ ကိုယ့်အချင်းချင်း ဆဲလိုက်၊ သူ ဘာကောင်လဲ - ငါဘာကောင်လဲပြောလိုက်၊ သုံးယောက်လောက်ရှိရင် တဖွဲ့ခွဲထောင်လိုက်၊ ကုလားထိုင်လု လိုက်၊ အချင်းချင်းတွေ့ရင် သူကဘာလုပ်ခဲ့တာ။ ငါကဘယ်လောက် ပေးဆပ်ခဲ့ရတာ ပြောလိုက်၊ နောက် ကွယ်ကနေ ဟိုလူမကောင်းဘူး၊ ဒီလူမကောင်းဘူးဆိုပြီး အတင်းအုပ်လိုက်၊ ပွဲတွေလုပ်လိုက်၊ တို့အရေးသွား လုပ်လိုက်၊ ကြုံရာကျပန်းအလုပ်လုပ်လိုက်၊ စုဖွဲ့ပြီး စားလိုက်၊ သောက်လိုက်၊ ငြင်းခုန်လိုက်၊ ပွဲလန့်ရင် ခဏ ဖျာခင်းလိုက်၊ ပရိုပိုဆာလေးတင်လိုက်၊ တစိုက်မတ်မတ် လမ်းစဉ်မချပဲ ဟိုခုန်လိုက်၊ ဒီကူးလိုက်နှင့် အချိန် ကုန်ခဲ့ကြတာက အများအပြား။ တက္ကသိုလ်တခုထဲမှာ ကွန်ဖရင့်လို့ အကြီးအကျယ်ခေါင်းစဉ်တပ်ပြီး လာသူ များကို ကော်မတီ in - charge ရွေးခိုင်းရင်း တနေ့လည်လုံးကုန်သွားသည်လဲ ကြုံဖူးပါရဲ့။ ဖိုရမ်လို့ ခေါင်း စဉ်တပ် ဆွေးနွေးကြပြီး၊ ချမှတ်လိုက်သော လမ်းစဉ်များနှစ်ပေါင်းများစွာကြာသည်အထိ ဘာမှဖြစ်လာတာ မရှိသည်ကိုလည်း တွေ့ဖူးပါရဲ့။

လုပ်နေတဲ့ တိုက်ပွဲဝင်လမ်းကြောင်းမှာကလဲ ပေါ်လစ်ဗျူရိုမရှိ။ တယောက်တပေါက်။ တင်ချင်တဲ့လိုင်း ကောက်တင်နေကြတာပဲ တွေ့နေရပါတယ်။ အနာဂတ်အတွက်ကျတော့လဲ ဟိုနားတယောက်စ၊ ဒီနား တယောက်စမှလွဲ၍ ပညာရပ်ဆိုင်ရာနယ်ပယ်တိုင်းတွင် ဖွဲ့စည်းထားသော အုပ်စုများမရှိ။ ယူဂျီနည်းကို ကျ ပြန်တော့လည်း စနစ်တကျ အကောင်အထည်ဖော်ခြင်းမရှိ။ သတင်းဦးပြောချင်ဇောနှင့် အပြိုင်အဆိုင် ကိုယ့် လူ ကိုယ်ပြန်သတ်နေကြတာ မကောင်းပါ။ သူတို့က တကယ်တိုက်ပွဲဝင်နေရတာပါ။ စစ်မြေပြင်မှာပါ။ ကျွန်မ တို့က အဝေးကနေ လက်နက်ကြီး ပစ်ကူပေးတာလောက်ပဲ လုပ်နိုင်တာပါ။ ဒီဂရီအတွက်မှားပြီး အမြောက် ဆန်က ကိုယ့်တပ်ပေါ် ကိုယ်ပြန်ကျတာမျိုးကတော့ မဖြစ်သင့်ပါ။ သတင်းဌာနအချို့ကလည်း တော်လှန်ရေး လို လျှို့ဝှက်သင့်တာလျှို့ဝှက်၊ ဖော်သင့်တာဖော် မလုပ်ကြပါ။ ဒီမိုကရေစီရပြီးသားနိုင်ငံများမှာ ကျင့်သုံးသည့် မီဒီယာပုံစံကို စစ်အာဏာရှင်စနစ်တွင်းတွင် ပိတ်မိနေသည့် ပြည်တွင်းလူများအတွက် သွားသုံးနေကြတာတွေ မြင်နေရပါတယ်။ စက်တင်ဘာတော်လှန်ရေးတုန်းက မစုစုနွေး အခုလှည်းတန်းကိုသွားနေပြီဟု မီဒီယာတခု က ကြေညာလိုက်ရတော့ အံ့သြလို့မဆုံး။ အဲဒီလို prominent leader မျိုးဆိုတာ ရုတ်တရက် ဘွားကနဲပေါ် သွားလိုက်သည်က ပိုမကောင်းဘူးလား။ အခုတော့ ဘာမှတောင်မစရသေး။ အသင့်လာစောင့်ကုန်တာနဲ့ ပြေးရပါရောလား။ ပြီးတော့ သတင်းပို့၊ သတင်းယူစနစ်။ အခုတောင် အပေါ်ထပ်က မြင်နေရပါတယ်လို့ တိုက်ရိုက်ပြောတာမျိုးက သတင်းဘယ်လောက်ခိုင်မာတယ်ဆိုတာ သိသာပေမယ့် နအဖထောက်လှမ်းရေး တွေအတွက် လူရှာရတာ ပိုမလွယ်ကူုသွားဘူးလား။ အနီးကပ် ဓာတ်ပုံတွေကို ရိုက်တင်ကြတာကကော ပြည်ပကလူတွေသိရတော့ ဘာအကျိုးပိုထူးသွားသလဲ။ သိရသလောက် စက်တင်ဘာတော်လှန်ရေးကြောင့် ဆိုပြီး ပြည်တွင်းမှာ တိုက်ပွဲဝင်ဖို့ပြန်ဝင်သွားတဲ့ ပြည်ပရောက်မြန်မာ ဘယ်သူမှမရှိပါ။ အလွန်ဆုံးသံရုံးရှေ့ သွားတာလောက်ပဲရှိတာပါ။ သံရုံးရှေ့ကတော့ တယောက်သွားသွား၊ နှစ်ယောက်သွားသွား။ ဆန္ဒပြပွဲဖြစ် သည်ဆိုလျှင်ပြီးတာပဲ။ ဒီအတွက်နဲ့ ပြည်တွင်းက အဖိုးတန်တဲ့ ကိုယ့်ကလာပ်စည်းကို စတေးလိုက်စရာတဲ့ လား။ ပြည်တွင်းမှာ ပူးပေါင်းလာနိုင်ဖွယ်ရှိတဲ့ တပ်မတော်အရာရှိတွေကိုလဲ နာမည်တပ်ပြီးကို nominate လုပ်စရာတဲ့လား။ ခေါင်းပြူလာတဲ့လိပ် အထဲပြန်ဝင်သွားမှာပေါ့။ ဒီလိုကိစ္စမျိုးဆိုတာ ဖြစ်သွားပြီးမှ လူသိခံရ တာ။ ဒါတောင်အောင်မြင်မှ။ မအောင်မြင်သေးလဲ ဆက်ပြီးအတွင်းစည်းမှာ ကလာပ်စည်းမြှုပ်ပေးထားတာက ပိုမကောင်းဘူးလား။

ကျွန်မက မြင်သည့်အမြင်ကို အမှန်အတိုင်းပြောခြင်းပါ။ တကယ်တော့ ကျွန်မတို့တွေအားလုံးက တိုက်ပွဲဖြစ် ရာ စစ်မြေပြင်ကိုခွာပြီး ပါးစပ်သေနတ်ပစ်နေကြတယ်ဆိုတာ ကိုယ့်မသိစိတ်ထဲမှာ ကိုယ်သိနေကြပါတယ်။ အခွင့်အရေးသမား မဟုတ်ဘူးဆိုရင်ပေါ့။ ဒါကို ဟန်ကိုယ့်ဖို့ ဟန်ရေးပြပြီး တချိန်က အောင်မြင်မှုအတိုင်း အတာရခဲ့တဲ့ ရှစ်လေးလုံးအိပ်မက်ထဲက နိုးမထွက်နိုင်ပဲ အထည်ကြီးပျက်တွေ ချမ်းသာခဲ့တဲ့အချိန်ကို ပြန်ပြောနေသလိုမျိုး တသသနဲ့ အထည်ကြီးပျက်နိုင်ငံရေးကို လုပ်နေကြတာပါ။ ပိုပြီးဖြစ်သင့်တာက ကျဆုံး သွားသူတွေကို ထောက်ထားပြီး၊ ဘယ်လိုအချိန်မှာ လမ်းစဉ်တွေချခဲ့သလဲ၊ ဘယ်လို triggering event တွေ ဖြစ်ခဲ့လဲ၊ လူထုစည်းရုံးရေးကို ဘယ်လိုလုပ်ခဲ့ကြလဲ၊ ဘာအမှားတွေ လုပ်ခဲ့ကြလဲဆိုတာတွေကို ပြန်လည်သုံး သပ် သင်ခန်းစာယူပြီး အောင်ပွဲကိုဦးတည်မယ့် ခြေလှမ်းတွေကိုသာ လှမ်းသင့်ကြတာပါ။ ဟန်ရေးပြဖို့ အချိန် လဲမဟုတ်သလို၊ ကိုယ့်ကိုကိုယ်လိမ်နေကြဖို့အချိန်လဲ မဟုတ်ကြတော့ပါ။ ဘာကြောင့်၊ ညာကြောင့် ဆင်ခြေ တွေ ပေးနေရမယ့် အချိန်လဲမဟုတ်ပါ။ စာမေးပွဲတွေနဲ့ ပတ်သက်ပြီး ကျွန်မမြင်တဲ့ အမြင်တခုကတော့ အောင်ခြင်း၊ ရှုံးခြင်းဟာ အကြောင်းမဟုတ်။ကိုယ်တကယ် ကြိုးစားပြင်ဆင်လုပ်ကိုင်ခဲ့ခြင်းကသာ အကြောင်း ဖြစ်တယ်လို့ပဲ မြင်ပါတယ်။

ကဲ - ကျွန်မမေးပါဦးမယ်။ အခုအနှစ်နှစ်ဆယ် တော်လှန်ရေးခရီးတလျှောက်မှာ ကျွန်မတို့တွေ လုပ်သင့်တာ တွေ တကယ်လုပ်ခဲ့ကြပြီးပြီလား။ ပြင်ဆင်သင့်တာတွေ တကယ်ပြင်ဆင်ခဲ့ကြပြီးပြီလား။ ဒီလိုမေးလို့ ဒီလို ပြောလို့ ခင်ဗျားကဘာလဲ။ ဘာကိစ္စ ဆရာလာလုပ်နေတာလဲဆိုရင်တော့လဲ အမှန်အတိုင်းပင်ဖြေပါမယ်။ ကျွန်မလဲ ဘာမှမဟုတ်ပါ။ မြန်မာပြည်ကိုတိုးတက်စေချင်တဲ့၊ မြန်မာ့တော်လှန်ရေးကို အောင်ပွဲရစေလိုတဲ့၊ မြန်မာပြည်မှာ ကျနေသော မျက်ရည်စက်တွေကို ခန်းခြောက်စေလိုတဲ့၊ ကျွန်မမြန်မာပါဆိုတဲ့စကားကို ကမ္ဘာ မှာ ဂုဏ်ယူစွာ လက်မထောင်ပြောချင်တဲ့ လူငယ်တဦးသာဖြစ်ပါကြောင်း။

ခင်မမမျိုး (၃၀၊ ၆၊ ၂၀၀၈)
REF: http://khinmamamyo.blogspot.com



Read More...

အပေါ်သို့