Friday, March 13, 2009

တသက်လုံးဖုံးသမျှ မစ္စတာကင်တားနားလာမှ ပေါ်ပြီ - မောင်သြ


မတ်လ(၁၃) ရက်၊ ၂၀၀၉
အနှစ် (၂၀) နီးပါးမျှ မြန်မာပြည်သူလူထုကြီးနှင့်တကွ ကမ္ဘာ့နိုင်ငံကြီးများ၊ အိမ်နီးချင်းနိုင်ငံများကိုပါ ပြောင်ပြောင် တင်းတင်း အရှက်မရှိသော မျက်နှာဖြင့် ဖုံးကွယ်လိမ်ညာခဲ့သည့် အမှန်တရားကြီးက ယခုတော့ ဗြုန်းကနဲပေါ်ထွက်လာခဲ့ပေပြီ။

အမှန်တရားကို ဖုံးကွယ်လိမ်ညာခဲ့ကြသောသူများကား ယနေ့မြန်မာနိုင်ငံကို ဥပဒေမဲ့ အာဏာသိမ်းအုပ်ချုပ်နေသော စစ်အာဏာရှင်များနှင့် ၎င်းတို့၏ ပုဆိန်ရိုးနောက်လိုက် တပည့်ကျော်များ ဖြစ်ကြသည့် အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစား ပွဲစား စာရေးဆရာ သတင်းစာဆောင်းပါးရှင်များနှင့် ကြံ့ဖွံ့ စွမ်းအားရှင်များ ဖြစ်ကြပါသည်။

မြန်မာနိုင်ငံ၏ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသမားများ မရှိပါဟု ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးနှင့် လူ့အခွင့်အရေး ကော်မရှင်များသို့ နှစ်ပေါင်းများစွာ အကြိမ်ကြိမ်ဖုံးကွယ်ခဲ့သော မဟာလိမ်ညာမှုကြီးကား ၂၀၀၉ ခု ဖေဖော်ဝါရီ (၁၄) ရက်မှ (၁၉) ရက်အထိ မြန်မာပြည်သို့ ရောက်ရှိနေသော ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ် စားလှယ် မစ္စတာ ကင်တားနား ရှောက်ရှိနေချိန်တွင် ဘူးပေါ်သလို ပေါ်ခဲ့ပေသည်။ ၂၀၀၉ ခု မတ်လ (၂) ရက်ထုတ် Voice Weekly ဂျာနယ်မျက်နှာဖုံးတွင် ဖော်ပြထားသော…

“နိုင်ငံရေးအကျဉ်းသမားများ လွှတ်ပေးရေး တိုးတက်မှုရှိစေရန် စဉ်းစားမည်ဟု ပြည်ထဲရေးဝန်ကြီးဆို” ဆိုသည့် သတင်းခေါင်းစဉ်နှင့် ၎င်းဂျာနယ်၏ အတွင်းစာမျက်နှာ (၇) တွင် …

“မြန်မာနိုင်ငံတွင် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသမားများကို ပြန်လွှတ်ပေးသည့် လုပ်ငန်းစဉ် တိုးတက်မှု ရှိစေရေး စဉ်းစားပေးမည်ဟု ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ MR.Thomas Ojea Quintana က ပြောကြားသည်။ မြန်မာနိုင်ငံသို့ (၆) ရက်ကြာ လာရောက်လည်ပတ်ပြီး ပြန်လည်မထွက်ခွာမီ ဖေဖော်ဝါရီ (၁၉) ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်တွင်းပြည်ပသတင်းထောက်များနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်” ဟု အကျယ်တ၀င့် ရှင်းလင်းပြောသွားသည့်သတင်းကို ဖတ်လိုက်ရသည်။

စစ်အာဏာရှင်အစိုးရသည် မိမိတို့ တသက်လုံး ဖုံးကွယ်လိမ်ညာထားခဲ့သည့် မဟာမုသာဝါဒကြီးကို ယခုမှ ရုတ်တရက်ဖွင့်ဟ၀န်ခံ ပြောဆိုလိုက်ခြင်းသည် တခုခုတော့ ထူးဆန်းနေလောက်သည်ဟု သံသယဖြစ်ဖွယ်မှာ ငြင်းဆန်၍ မရနိုင်ပေ။

အမှန်ကို အမှန်တိုင်း၊ အရှိကို အရှိတိုင်း ၀န်ခံပြောဆိုခြင်းသည် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တိုင်း မွန်မြတ်ဖြူစင် သော သူတော်ကောင်းတို့၏ အသွင်လက္ခဏာစရိုက်ဖြစ်ပေသည်။

အမှားကို အမှားမှန်းသိ၍ အမှန်ဘက်သို့ ပြင်တတ်လာလျှင် ထိုသူသည် လူလိမ္မာဟု ဆိုရပေမည်။
အမှားကို အမှားမှန်းသိလျက် အမှန်ကို မပြင်ဘဲ ဆက်လက်၍ အမှားကို ဆက်လုပ်နေဦးမည်ဆိုလျှင် ထိုသူသည် လူမိုက်ဟု ဆိုရမည်။

(၁.၃.၀၉) တနင်္ဂနွေနေ့ ထိုင်းနိုင်ငံတွင် ကျင်းပပြီစီးခဲ့သော အာဆီယံ ထိပ်သီးအစည်းအဝေးမှ ပူးတွဲကြေညာ ချက်တွင် မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသမားများ လွှတ်ပေးရန် အချက်ပါရှိနေခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး အရွှေ့အပြောင်းတခုသို့ ဦးတည်နေပြီလောဟု ခန့်မှန်းစဉ်းစားစရာ ဖြစ်ရသည်။

မည်သို့ဆိုစေ တသက်လုံး ဘူးကွယ်ဖုံးပိတ်ထားခဲ့သော နိုင်ငံရေးအကျဉ်းသမားများမရှိဟု ဆိုသည့်အမှားကို ပြင်၍ အမှန်ဘက်သို့ ရွှေ့ပြောင်းပြောဆိုလာခြင်းသည်ပင်လျှင် မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းပေါ် တွင် အကောင်းဆုံးသော အနာဂတ်အလင်းရောင်သစ်တခုအနေဖြင့် မျှော်လင့်ယုံကြည်နိုင်ဖွယ် ရှိနိုင်ကြောင်း တင်ပြလိုက်ရပေသည်။

အမှန်တရားဖြင့်လည်းကောင်း၊ မြင့်မြတ်ဖြူစင်သော စိတ်ထားကောင်းမှုဖြင့်လည်းကောင်း အပြန်အလှန် ယုံကြည်လေးစားကြခြင်းဖြင့် မြန်မာနိုင်ငံ၏ အကျပ်အတည်းများကို အောင်မြင်စွာ ဖြေရှင်းနိုင်ကြပါစေ။



မောင်သြ
REF: ခေတ်ပြိုင်

Read More...

သတင်းစာတွေလက်ဝါးကြီးအုပ်ထားရုံနှင့်အားမရသည့်စစ်အစိုးရ


မတ်လ(၁၃) ရက်၊ ၂၀၀၉

နအဖစစ်အစိုးရက စစ်တပ်ပိုင် မြဝတီသတင်းစာတစောင် ထုတ်ရန် စီစဉ်နေကြောင်း အဆိုပါသတင်းစာအတွက် အကြံဉာဏ်ပေးနေသူ အငြိမ်းစား အစိုးရသတင်းစာ စာတည်းမှူးတဦးက ပြောသည်။

၎င်းက “သူတို့က ၂ဝဝ၈ ခုနှစ်ကတည်းက ပြင်ဆင်နေတာ။ လုပ်မယ့် သတင်းစာကတော့ လက်ရှိ ထွက်နေတဲ့ မြန်မာ့အလင်း၊ ကြေးမုံလို ပုံစံပဲ။ ဖွဲ့စည်းပုံရော၊ လစာပေးစနစ်တွေကိုပါ အဲဒီသတင်းစာတွေကိုကြည့်ပြီး လုပ်နေ တာ။ ဒါပေမယ့် စစ်တပ်ပိုင်လုပ်မှာဆိုတော့ ခန့်ထားတဲ့ စာတည်းမှူးချုပ်ကအစ အရာရှိအဆင့်အများစုဟာ တပ်မ တော်သားတွေပဲ ဖြစ်တယ်” ဟု ပြောသည်။

အဆိုပါ သတင်းစာထုတ်ဝေရေးနှင့် ပတ်သက်၍ မြဝတီသတင်းစာတိုက် ဖွဲ့စည်းပုံ၊ လက်ရှိ အင်အားနှင့် လိုအပ်ချက်၊ လစာပေးစနစ်၊ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာများနှင့် နှိုင်းယှဉ်ချက် စသည့်စာတမ်းများအပြင် ၂ဝဝ၈ ဒီဇင်ဘာ (၁၉) ရက်နေ့က ပြုလုပ်သည့် မြဝတီသတင်းစာတိုက် ပုံနှိပ်ဖြန့်ချိရေးလုပ်ငန်းအတွက် သတင်းစာဆရာကြီးများနှင့် တွေ့ဆုံပွဲမှတ်တမ်းများကိုလည်း ခေတ်ပြိုင်က ဖတ်ရှုခွင့်ရရှိခဲ့သည်။

ခေတ်ပြိုင်က ဖတ်ရသည့် မှတ်တမ်းများအရ မြဝတီသတင်းစာတိုက်ကို စာတည်းမှူးချုပ် ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်၊ အုပ်ချုပ်မှုဌာန ဗိုလ်ကြီးဇော်လှိုင်မြင့်နှင့် အခြားအဆင့် (၂၈) ဦး၊ စာတည်းဌာန (မြန်မာ) တာဝန်ခံ ဗိုလ်မှူးအောင်နေထွန်း၊ ဗိုလ်ကြီးအောင်ဆန်းဦးနဲ့ တပ်သား (၃) ဦး၊ သုတေသနမှူး ဗိုလ်ကြီး လှိုင်မြင့်ထွန်း စသဖြင့် ဖွဲ့စည်းထားပြီ ဖြစ်ကြောင်း သိရသည်။

လစာပေးစနစ်နှင့် ပတ်သက်၍ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာများ ပေးသည့်အတိုင်း စာတည်းမှူးချုပ် တလ ကျပ် (၁၄ဝ,ဝဝဝ)၊ တနှစ် (၂,ဝဝဝ) တိုး တလ (၁၅ဝ,ဝဝဝ) ဂိတ်ဆုံး၊ စာတည်းမှူး တလ ကျပ် (၁၂ဝ,ဝဝဝ- ၁၃ဝ,ဝဝဝ) စသဖြင့် ရာထူးအဆင့်ဆင့်အတိုင်း အနိမ့်ဆုံး လစာ (၄၆,ဝဝဝ) အထိ ပေးထားသည်။ ကျန် အောက်ခြေဝန်ထမ်း များကိုမူ အခြားသတင်းစာတိုက်များနည်းတူ အနည်းဆုံးလစာ ကျပ် (၁၅,ဝဝဝ)၊ နေ့စား တရက် ကျပ် (၅ဝဝ) နှုန်းသတ်မှတ်ထားသည်။

မြဝတီသတင်းစာတိုက်သည် အရာရှိနှင့် အခြားအဆင့် စုစုပေါင်း ဝန်ထမ်း (၁၅ဝ) ဦးရှိသည့် မြန်မာ့အလင်းသတင်း စာတိုက်နည်းတူ ဝန်ထမ်းအင်အား စုစုပေါင်း (၁၄၁) ယောက်ဖြင့် လုပ်ကိုင်ရန် လျာထားသည်ကို တွေ့ရသည်။ သို့သော် တပ်မတော်သား အရာရှိ အရာခံ အကြပ် တပ်သား ဝန်ထမ်း စုစုပေါင်း (၄၅) ဦးသာ ခန့်ထားနိုင်သေးပြီး အခြားလိုအပ်သည့် အရာရှိ၊ အခြားအဆင့် ကျွမ်းကျင်ဝန်ထမ်းများ ရရှိရန် ရှာဖွေနေကြောင်း သိရသည်။

စစ်အစိုးရသည် စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြား အသံလွှင့်ဌာနကို ထူထောင်ထားပြီး မြန်မာနိုင်ငံအနှံ့က ထပ်ဆင့်လွှင့်ရုံများကိုလည်း မြန်မာ့ရုပ်သံ ထပ်ဆင့်လွှင့်ရုံများနှင့် သီးခြားခွဲပြီး စစ်တပ်ပိုင်ဧရိယာများတွင် တည်ဆောက်ထားသည်။ ယခုနောက်ပိုင်း မြဝတီရုပ်သံလွှင့်ဌာနသည် မူလရုပ်သံ တလိုင်းတည်း လွှင့်နေရာကနေ နောက်ထပ် (၂) လိုင်းတိုးပြီး စုစုပေါင်း (၃) လိုင်း လွှင့်ထုတ်လာသည်။

ယခုကဲ့သို့ စစ်တပ်ပိုင် သတင်းစာတစောင်ထုတ်ရန် ပြင်ဆင်နေသည့်အပေါ် ဝါရင့်သတင်းစာဆရာတဦး မေးမြန်းကြည့်ရာ ၎င်းက “စစ်အစိုးရဟာ လာမယ့် ၂ဝ၁ဝ မှာ ရွေးကောက်ပွဲတွေ လုပ်ပေးမယ်။ ဒီမိုကရေစီလမ်းကို သွားနေပြီ စသဖြင့် ကြေညာနေပေမယ့်လည်း တကယ့်လက်တွေ့ စာပေနဲ့ သတင်းရေးသားထုတ်ဝေခွင့်ကို ဆိုးဆိုး ရွားရွား ကန့်သတ်ထားဆဲ ဖြစ်ကြောင်း၊ နောက်ပိုင်း သတင်းလုပ်ငန်းထဲကို စစ်အာဏာပိုင် အသိုင်းအဝန်းက ဝင်ရောက်လုပ်ကိုင်တာ များလာပါတယ်။ စာပေနဲ့ သတင်းလွတ်လပ်ခွင့် မပေးဘဲ အရေအတွက် များများ ထုတ်ဝေခွင့်ပေးတဲ့ စနစ် အကောင်အထည်ဖော်နေတာ ဖြစ်နိုင်ပါတယ်။ ဒါကိုကြည့်ရင် ၂ဝ၁ဝ ခုနှစ်နဲ့ နောက်ပိုင်းမှာ လည်း စာပေနဲ့ သတင်းလွတ်လပ်ခွင့် ပေးမှာမဟုတ်ဘဲ အရေအတွက် များများ ထုတ်ဝေတာမျိုးသာ ခွင့်ပြုလာ နိုင်စရာ ရှိတယ်” ဟု သုံးသပ်ပြောဆိုသည်။

ယခုလက်ရှိ မြန်မာနိုင်ငံတွင် နေ့စဉ်ထုတ် သတင်းစာ (၃) စောင် ရှိပြီး အားလုံးသည် စစ်အစိုးရပိုင်ဖြစ်သည်။ သတင်းစာ (၃) စောင်ဆိုသော်လည်း အားလုံးတွင်ဖော်ပြထားသည့် သတင်းနှင့် အာဘော်များသည်လည်း အတူတူပင်ဖြစ်သည်။



REF: ခေတ်ပြိုင်

Read More...

ဆယ်တန်းစာမေးပွဲရက် ရန်ကုန်မှာ စစ်ကားတွေ ကင်းလှည့်


မတ်လ(၁၃) ရက်၊ ၂၀၀၉

ရန်ကုန်မှာ ဆယ်တန်းစာမေးပွဲရက်အတွင်း မီးမလာသော်လည်း သံချပ်ကာအပြည့်နှင့် ရဲအပြည့်တင်ထားသော စစ်ကားကြီးများ ရန်ကုန်မြို့တွင် လှည့်နေကြောင်း မျက်မြင်သက်သေများက ပြောသည်။

“ဒီမနက်ကပဲ အနော်ရထာလမ်းမှာ ရဲတွေအပြည့်၊ လက်နက်အပြည့်နဲ့ လည်မှာ အနီတွေ စည်းပြီးတော့၊ ကားကြီး (၇) စီးလောက် လှည့်နေတာတွေ့တယ်” ဟု မတ်လ (၁၃) ရက်နေ့ မနက်မြင်ကွင်းကို ရန်ကုန်နေသူတဦးက ပြောသည်။

နဂိုပေးနေကျ မြို့ပေါ်တွင် A, B, C, H နှင့် မြို့ပြင် က, ခ, H ဟူ၍ အပိုင်းလိုက် မီးပေးမှု စနစ်ကို ဆယ်တန်းစာမေးပွဲ ရှိနေသော်လည်း မီးပေးချိန် တိုးမြှင့်ပေးမည့် အစီအစဉ် လုံးဝမရှိကြောင်း ရန်ကုန်လျှပ်စစ်ပေးဝေရေးအဖွဲ့က အမည်မဖော်လိုသူတဦးက ပြောသည်။

“ကျမတို့ အင်းဝလမ်းမှာ ဒီနေ့ည (၁၁) နာရီမှာ မီးလာမယ်၊ ပြီးရင် မနက် (၅) နာရီမှာ ပျက်မယ်၊ ဒါက ပုံမှန်လာ နေကျ၊ ဒါပေမယ့် လာချိန်မှာ မီးမပျက်မှာကိုတော့ အာမခံလို့ မရဘူး၊ အချိန်သတ်မှတ်ထားပေမယ့် လာရင်းနဲ့ ပျက်သွားတာမျိုးက ဖြစ်နေကျ ပြဿနာဖြစ်နေပြီ” ဟု တောင်ဥက္ကလာသူတဦးက မတ်လ (၁၂) ရက်နေ့ ညနေက ပြောသည်။

“ကလေးတွေ စာမေးပွဲရှိတဲ့အတွက် လင်းအားကောင်းမယ့် ဖယောင်းတိုင်အကြီးတထုပ်ကို (၆၅၀) ကျပ်တန် ၀ယ်ထားတယ်၊ စာကျက်နေရင်း အိပ်ငိုက်သွားမှာစိုးလို့ ထိုင်စောင့်ပေးရတာပေါ့၊ မီးဘေးအန္တရာယ် ဖြစ်မှာစိုးလို့” ဟု သင်္ကျွန်းမြို့နယ်အတွင်း ကျောင်သားမိဘတဦးကဆိုသည်။

ပုဇွန်တောင်မြို့နယ်အတွင်း နေထိုင်သည့် တက္ကစီယာဉ်မောင်းတဦးက “ခုနကတော့ မီးလာတာတွေ့တယ်၊ ပြောလို့မရဘူးဗျ၊ ပျက်ချင်ပျက်နေတာ” ဟု ဆိုသည်။

ရန်ကုန်တွင် လက်ရှိ တက္ကသိုလ်ဝင်တန်း ဖြေနေသော ကျောင်းသား၊ ကျောင်းသူများအတွက် မီးပေးချိန် ပိုမိုမရခြင်း၊ ပေးသည့်အချိန်အတိုင်း မီးမမှန်ခြင်းမှာ မတ်လ (၆) ရက်နေ့ညက မော်လမြိုင်တွင် EPC ရုံးအား ၀ိုင်း၍ခဲများဖြင့် ၀ိုင်းပေါက်သည့် ပြဿနာကို ဂရုတစိုက် မရှိသည့်အား ပြသခြင်းဖြစ်နိုင်သည်ဟု ပြည်တွင်းအခြေစိုက် သတင်းအယ်ဒီတာ တဦးကသုံးသပ်သည်။

“မော်လမြိုင်မှာလို ရန်ကုန်က ကျောင်းသားတွေ ၀ုန်းဒိုင်းကျဲတာမျိုး ဖြစ်လာရင်လည်း ဂရုမစိုက်ဘူးဆိုတာမျိုး ဖြစ်နိုင်တယ်” ဟု ယင်းက ဆိုသည်။

ကျောက်တံတားမြို့နယ် ရဲအရာရှိတဦးက “ကျောင်းသားတွေကို သွေးထိုးပေးမယ့်သူတွေရှိမှ ပြဿနာဖြစ်နိုင်တာပါ၊ အခုလည်း လုံခြုံရေးတွေ လှည့်နေတာပဲ” ဟု ပြောသည်။



REF: ခေတ်ပြိုင်

Read More...

လက်တွေ့ထောင်ဖောက်ခြင်း သင်ခန်းစာ - ဂါမဏိ

Tuesday, March 10, 2009

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အကျဉ်းထောင်တခုကနေ ၁၉၉၆ ခုမှာ ထောင်ဖောက်လွတ်မြောက်သွားတဲ့ မူးယစ်ဆေး ကုန်ကူးမှုနဲ့ ထောင် ကျခဲ့တဲ့ ဒေးဗစ်မက်မီလန်က သူ့ရဲ့ ထောင်ဖောက်မှုအတွေ့အကြုံကို အခုလို ဝေမျှပါတယ်။

"ကျနော့်ကို ရဲ ၄ ယောက်က ဘန်ကောက်မြို့ တရုတ်တန်းက ခရီးသွားအေဂျင်စီရုံးခန်းထဲ လာဖမ်းတဲ့အချိန်ကစပြီး [ထွက်ပြေးဖို့] စ,ကြံစည်ခဲ့တာဖြစ်ပါတယ်။ တပတ်လောက်ကြာတော့ ကျနော် ထောင်ထဲရောက်သွားတဲ့အခါ ကျနော်ဟာ သံတိုင်တွေ၊ အုတ်နံရံတွေ၊ လျှပ်စစ်လွှတ်ထားတဲ့ သံဆူးကြိုးတွေကို စတင်လေ့လာပြီး ထွက်ပြေးနိုင်ဖို့ အကောင်းဆုံးနေရာကို ရှာဖွေခဲ့ပါတယ်။ ကျနော်ဟာ အဆောင် ၆ မှာ သွားနေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဆောင် ၆ က ပြူတင်းပေါက် သံတိုင်တွေဟာ အသေးဆုံးဖြစ်လို့ပါဘဲ။...

အဲဒီထောင်မှာ ထောင်ဝါဒါကလည်း သိတ်မများပါဘူး။ အကျဉ်းသား ၁၂၀ ကို ဝါဒါတယောက်နှုန်းလောက်ဘဲ ရှိမယ် ထင်ပါတယ်။ တကယ်တော့ အဲဒီထောင်ကို အစိုးရက ကိုင်တွယ်ထိန်းသိမ်းတာမဟုတ်ဘဲ ထိန်းသိမ်းရေးဂေါပကအဖွဲ့ တခုက အုပ်ချုပ်တာဖြစ်ပါတယ်။ ယူနီဖောင်းတွေမှာ ပန်းပွားတွေ၊ လေထီးခုန်တံဆိပ်တွေ၊ အပွင့်တွေ အချောင်းတွေ တပ်ပြီး ဟန်ရေးပြနေတဲ့လူတွေ ဖြစ်ပါတယ်။

[ထောင်ဖောက်ပြေးရာမှာ] အရေးကြီးတကာ့အရေးကြီးဆုံးအချက်ကတော့ လျှို့ဝှက်ရေးပါဘဲ။ တကယ်တော့ ထောင် ထဲမှာ ကျနော့်ရဲ့ လျှို့ဝှက်ချက်ကို ထိန်းထားပေးနိုင်မယ့်လူ တယောက်မှမရှိပါဘူး။ ...

စီမံကိန်းဆွဲခြင်းသည် ပထမ

ပထမဆုံးလုပ်ရမှာက တယောက်ထဲနေလို့ရတဲ့ အကျဉ်းခန်းလေးရဖို့ဖြစ်ပါတယ်။ အကျဉ်းခန်းအများစုဟာ ကားဂိုဒေါင် တလုံးစာလောက် ရှိပြီး အကျဉ်းသား ၂၅ ယောက်လောက် စုနေရပါတယ်။ ငါးသေတ္တာဗူးထဲက ငါးတွေလို ကျပ်ညပ်ပြီး အိပ်ရပါတယ်။

လူတိုင်းကိုသံခြေကျင်းတွေ ခတ်ထားတဲ့အတွက် တချွင်ချွင်အသံလည်း မြည်နေပါတယ်။ မီးကိုလည်း တညလုံး ထွန်းထားပါတယ်။ ကျနော်ကတော့ ပိတ်ဖွင့်လို့ရတဲ့ မီးခလုတ်တခုရအောင် ပိုက်ဆံပေးပြီး အကြံအဖန်လုပ်ခဲ့ပါတယ်။

ကျနော် ထောင်ထဲမှာ ငွေအများကြီးအကုန်ခံခဲ့ပါတယ်။ ကျနော့်မှာ ရုံးခန်းတခန်း၊ ထမင်းချက်တယောက်၊ သန့်ရှင်းရေးသမားတယောက် စသဖြင့် ထားပါတယ်။ တလကို ဒေါ်လာ ၇၀၀ ကျော်လောက် အကုန်ခံနိုင်ရင် ထောင်ထဲမှာ ဇိမ်နဲ့နေလို့ရပါတယ်။ ဒါပေမဲ့ သိထားဖို့က ထောင်ထဲရောက်လာသူ ရာဇဝတ်သားအများစုဟာ လူ့အဖွဲ့အစည်းက စွန့်ပယ်ပစ်လိုက်သူတွေဖြစ်ပါတယ်။ ကိုယ့်ရဲ့ဘဝမှာ မျှော်လင့် ချက်တွေ ပျောက်ဆုံးသွားပြီး မိတ်ဆွေအပေါင်းအသင်း ဘာမှမကျန်တော့သလောက် ဖြစ်သွားကြသူတွေဖြစ်ပါတယ်။

အကျဉ်းသားအများစုဟာ ထောင်ဖောက်ပေးဖို့ကိစ္စ ပြောရင် တအားတက်ကြွ စိတ်ပါလာတတ်ပါတယ်။ ဒါပေမဲ့ သိတ် မကြာခင်မှာဘဲ 'နေစမ်းပါဦး။ မဖြစ်သေးပါဘူး' လို့ သဘောပေါက်သွားတတ်ပါတယ်။ အရင်က ထောင်ဖောက်ဖို့ ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့တဲ့ အကျဉ်းသားငါးယောက်ကို ခဏအတွင်းမှာ သွားသတိရလို့ဖြစ်ပါတယ်။ ဒီငါးယောက် ဟာ အပြင်ဆုံးအုတ်နံရံအထိ ရောက်သွားခဲ့ပြီးမှ ပြန်မိခဲ့တာဖြစ်ပါတယ်။ သူတို့အားလုံး ပြစ်ဒဏ်တိုက်ပိတ်ခံရပါတယ်။ ပြစ်ဒဏ်တိုက် ဆိုတာ အဝတ်ဘီဒိုအသေးတလုံးလောက်ရှိတဲ့ သွပ်လှောင်အိမ်ဘဲဖြစ်ပါတယ်။ သူတို့ကို အဲဒီတိုက်ထဲ ကနေ ဆင်ခတ်တဲ့သံမဏိထူးကြိုးကြီးတွေခတ်ပြီး နေ့တိုင်း ထုတ်လိုက်သွင်းလိုက် လုပ်ပါတယ်။ အပြင်ထုတ်ချိန်မှာ ရိုက်နှက်ညှဉ်းဆဲပါတယ်။ ငါးယောက်မှာ လေးယောက်သေသွားခဲ့ပါတယ်။

ကျနော်ဟာ ထောင်ဝင်စာအထုပ်ထဲမှာ သေသေချာချာဝှက်သွင်းလာတဲ့ သံဖြတ်လွှတွေနဲ့ ညသန်းခေါင်အချိန်မှာ သံတိုင်တွေကို စဖြတ် ပါတယ်။ တကယ်တော့ သံတိုင်တချောင်းဘဲ ဖြတ်ဖို့လိုပါတယ်။ ဒါတောင် တချောင်းလုံး ပြတ်အောင် ဖြတ်ဖို့မလိုပါဘူး။ ကျနော့်အဖော် ဆွီဒင်လူမျိုးဗလကြီးက ဆွဲကွေးပစ်နိုင်လို့ ဖြစ်ပါတယ်။ ကျနော်ကတော့ အတွင်းခံဘောင်းဘီတိုဝတ် ကိုယ်မှာဆီသုတ်ထားပြီး သံတိုင် ကြားကနေ လျှောထွက်လိုက်ပါတယ်။

နောက်ဆုံးအဟန့်အတား

ကျနော် အခန်းပြင်ရောက်ပြီးနောက် တိုက်ဝင်းထဲကထွက်နိုင်ဖို့ ပျဉ်တချပ်သုံးရပါတယ်။ အဲဒီပျဉ်က စာအုပ်စင်ကပျဉ် ဖြစ်ပါတယ်။ ကျနော့်အခန်းထဲကပစ္စည်းအားလုံးဟာ ထောင်ဖောက်ရာမှာ အထောက်အကူရဖို့ ရည်ရွယ်ပြီး ရှာဖွေစု ဆောင်းထားတာဖြစ်ပါတယ်။ ပရိဘောဂတွေဟာ လှေခါးတွေဖြစ်သွားပြီး ခန်းဆီးတွေက ကြိုးတွေဖြစ်သွားပါတယ်။

ကျနော်ဟာ အုတ်နံရံ ၆ ခုကို ကျော်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်ဟာ အလုပ်ရုံတခုထဲဝင်ပြီး လှေခါးရှည်တခုနဲ့ ဝါးလုံးရှည် တချောင်း ယူလိုက်ပြီး အုတ်နံရံတွေကို တခုပြီးတခု ကျော်ခဲ့ပါတယ်။ ဝါဒါတွေ ဘယ်မှာအိပ်တယ် ဆိုတာကို ကျနော်စုံစမ်းထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တယောက်တလေက ကင်းလှည့်တာမျိုး ရှိတတ်ပါတယ်။ အဲသလိုကင်းလှည့်နေတဲ့အခါ ကျနော်အမှောင်ရိပ်မှာ ပုံးနေရပါတယ်။

မနက် ၄ နာရီလောက်ရောက်ချိန်မှာ ကျနော်ဟာ အတော့်ကို ပင်ပန်းနုံးချိနေပါပြီ။ ဘာခံစားမှုမှမရှိတော့ဘဲ ထုံကျင်နေပြီး စက်ရုပ်လိုဘဲ လှုပ်ရှားနေမိပါတယ်။ ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တော့ ဒီဒုက္ခဆင်းရဲကမ္ဘာလေးထဲမှာ လူပေါင်း ၁၂၀၀၀ လောက် ပြစ်ဒဏ် ကျခံနေရင်း လုံးလုံးလျားလျားပိတ်မိနေတာကို ဆင်ခြင်မိတော့ ငါလည်း ထောင်မဖောက်နိုင်ရင် ဒီလိုဘဲနေရမှာဘဲလို့ အတွေးပေါက် မိပါတယ်။

လျှပ်စစ်လွှတ်သံဆူးကြိုးတပ် နောက်ဆုံးအုတ်တံတိုင်းထိပ်ကို ကျနော်ရောက်တဲ့အချိန်မှာ အရုဏ်ပျို့လာပြီး အရှေ့ဘက်ကောင်းကင်မှာ လိမ္မော်ရောင်နုနုလေး စလွင်လာပါပြီ။ တနည်းအားဖြင့်ပြောရရင် ကျနော့်ရဲ့အချိန်ဇယား နောက်ကျနေတဲ့ သဘောပါဘဲ။ ဒါပေမဲ့ ဘယ်လိုဘဲဖြစ်ဖြစ် ထောင်ပြင်ကိုတော့ ခန္ဓာကိုယ်ရောက်နေပါပြီ။ ဒီလိုခံစားမှုမျိုး ကျနော်မခံစားရတာကြာပါပြီ။ ကလေးဘဝတုံးကတော့ မနက်အိပ်ရာထတဲ့အချိန်မှာ ကမ္ဘာလောကကြီးထဲ ကောင်းတဲ့အရာတွေရှိတယ်ဆိုတာကို သိရတဲ့အရသာမျိုးပေါ့။

ကားလမ်းကိုဖြတ်ကူးလိုက်ပြီး နေခဲ့ရတဲ့ထောင်ကို အရင်မမြင်ခဲ့ရတဲ့ မြင်ကွင်းကနေ တခဏပြန်ငေးကြည့်မိပါတယ်။ အရင်ကြည့်ခဲ့ရတဲ့ မြင်ကွင်းကတော့ ထောင်ကိုအပို့မှာ သံခြေကျင်းတွေ၊ ထောင်အဝတ်အစားတွေနဲ့ လူ ၂၀၀ လောက် ပြွတ်သိပ်နေတဲ့ အချုပ်ကားပေါ် ကနေ မြင်ခဲ့ရတဲ့ မြင်ကွင်းပါ။ ဒီ့နောက် ကျနော် တက္ကဆီတစီးငှားပြီး ထွက်လာခဲ့ပါတော့တယ်။"

ဒီဆောင်းပါးရေးတဲ့ ဒေးဗစ်မက်မီလန်ဟာ ဘန်ကောက်ဟီလ်တန်ဟော်တယ် လို့ခေါ်ကြတဲ့ ဘန်ကောက်ထောင် က ဖောက်ပြေးနိုင်ခဲ့တဲ့ တဦးတည်းသော အနောက်နိုင်ငံသားဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ တရားဝင်နေထိုင်နေပါတယ်။ ထိုင်းနိုင်ငံနဲ့ သြစတြေးလျနိုင်ငံတို့ကတော့ သူ့ကို ဖမ်းဝရန်းထုတ်ထားပါတယ်။



ဘီဘီစီ (မတ်လ ၁ ရက် ၂၀၀၉ ခု)
ဂါမဏိ
REF: နေ့သစ်

Read More...

အပစ်ရပ်အဖွဲ့အစည်းတွေအတွက် အချိန်သိပ်မရှိတော့ဘူး - တူမောင်ညို

အင်္ဂါနေ့၊ 10 မတ်လ 2009

“အပစ်အခတ်ရပ်စဲရေးအစ အရှေ့မြောက်က” လို့ ဆိုရမယ်နဲ့တူပါတယ်။

(ဗကပ)ကနေခွဲထွက်ခဲ့ကြပြီး (နဝတ) စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ကြတာ ဗမာပြည်အရှေ့မြောက် အရပ်က စခဲ့တာမဟုတ်လား။ နောက်မှ ဗမာပြည် အလယ်ပိုင်းနဲ့ တောင်ပိုင်းကို ပျံ့နှံ့သွားခဲ့တယ်။ အခု အဲဒီလို အပစ်အခတ် ရပ်စဲခဲ့တာ မကြာခင်မှာပဲ နှစ် (၂၀) ပြည့်တော့မယ်။

နှစ်ပေါင်း (၂၀) အတွင်းမှာ အပစ်ရပ်အဖွဲ့တွေဘာတွေလုပ်ဆောင်နိုင်ခဲ့ကြသလဲ။ မိမိစိုးမိုးထားရာ နယ် မြေဒေသနဲ့ ကိုယ်စားပြုရာလူမျိုးတွေအတွက် ဘာတွေဆောင်ရွက်ပေးနိုင်ခဲ့ကြသလဲ။ တပြိုင်နက်ထဲမှာ သီးခြား ကင်းလွတ် ဘေးဖယ်ထားလို့မရတဲ့ တတိုင်းတပြည်လုံးအကျိုးအတွက်ရော ဘာတွေများလုပ်ဆောင်နိုင်ခဲ့ကြသလဲ ဆိုတာ စာရင်းချုပ်ကြည့်ဖို့လိုပါလိမ့်မယ်။

အပစ်အခတ်ရပ်စဲနိုင်ခဲ့တဲ့ နယ်မြေဒေသတွေမှာ အရင်ကလို သေနတ်သံတွေမကြားရတော့တာ၊ တစုံတရာတည်ငြိမ် လာတာ၊ဒေသခံပြည်သူတွေ တစုံတရာ တည်တည်ငြိမ်ငြိမ် လုပ်ကိုင်စားသောက်လာနိုင်တာတွေ ဟာကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။

ဒီထက်ပိုကောင်းတဲ့ကိစ္စကတော့ အဲဒီလိုရရှိထားတဲ့ တစုံတရာတည်ငြိမ်မှုတွေဟာ ရေရှည်တည်တံ့ ခိုင် မြဲနိုင်မယ့် အာမခံချက်ရရှိဖို့လိုပါတယ်။

အကောင်းဆုံးကတော့ တတိုင်းတပြည်လုံး တည်ငြိမ် အေးချမ်းသာယာမှု ခိုင်ခိုင်မာမာရရှိရေးဆိုတဲ့ အချက်နဲ့ ခိုင်ခိုင် မာမာ ဆက်စပ်ထားနိုင်ဖို့ပဲဖြစ်ပါတယ်။ ဒါမှသာအေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတော်သစ်ကို တည်ဆောင်နိုင်ပါလိမ့်မယ်။

အခုတော့အထက်ကတင်ပြခဲ့တဲ့အချက် ၂ ချက်စလုံးတစ်ခုမှ မရသေးပါဘူး။ ဒါပေမယ့် (နအဖ) စစ် အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)အောက်မှာ နယ်မြေ၊ တပ်နဲ့လက်နက်ပါ အပ်ရ၊ ချရတော့မယ် အနေ အထားဖြစ် လာနေပါပြီ၊ (နအဖ) စစ်အစိုးရကတော့ (နိုင်ငံရေး/စစ်ရေး) ပုံစံမျိုးစုံ နဲ့ သွေးတိုးစမ်းနေပါပြီ။

(နဝတ) စစ်အစိုးရနဲ့ အပစ်အခတ်စတင်ရပ်စဲကြတော့ အပစ်ရပ်အဖွဲ့တွေကို (နဝတ) စစ်အစိုးရက မတရား သင်းကြေညာ ထားရာကနေ ဖျက်သိမ်းပေးခဲ့ပါတယ်။ ဒါပေမယ့် တရားဝင်နိုင်ငံရေးအဖွဲ့အစည်း တရပ် အဖြစ်ရပ် တည် လှုပ်ရှားဆောင်ရွက်ခွင့်မပြုခဲ့ပါဘူး။ လူမျိုးအရကိုယ်စားပြုမှုနဲ့ နိုင်ငံရေးအရ အသိအမှတ်ပြုခြင်း မရှိခဲ့ပါဘူး။

အမျိုးသားညီလာခံထဲ ဆွဲသွင်းချင်တဲ့အခါမှာ အပစ်ရပ်အဖွဲ့တွေကို “ အခြားဖိတ်ကြားသင့်သူများ” ဆိုတဲ့ ခေါင်းစဉ် အောက်မှာ “အထူးဒေသကိုယ်စားလှယ်များ” အဖြစ်ပါဝင်ခဲ့ကြရတာပါ။ ညီလာခံတက်ခဲ့ကြပေမယ့်၊ တင်ပြချက်တွေ မှန်သမျှဘာမှဖြစ်မလာခဲ့ပါဘူး။ “နိုင်ငံရေးစကားပြောချင်ရင်နောက်တက်လာမယ့်အရပ်သားအစိုးရနဲ့ ပြောကြ” ဆိုပြီး နှပ်ကြောင်းပေးခဲ့တဲ့ ထလရ ဗိုလ်ခင်ညွန့်လည်း အခုတော့အရာကျသွားခဲ့ပြီ။

(နဝတ-နအဖ) စစ်အစိုးရ အပစ်ရပ်အဖွဲ့တွေအပေါ်မှာ မှန်ကန်တဲ့သဘောထားမထားရှိခဲ့သလို၊ သဘောထား တမျိုးထဲ ထားရှိခဲ့တာလည်းမဟုတ်ပါဘူး။ အဖွဲ့ကြီးတွေကို မကွဲကွဲအောင်ဖြိုခွဲခဲ့ပြီး။ ကွဲထွက်လာသမျှ ခွဲထွက်လာ သမျှကိုလည်း ဝါးမျိုးပစ်ခဲ့ပါတယ်။ ဖျက်သိမ်းပစ်ခဲ့ပါတယ်။ ချေမှုန်းပစ်ခဲ့ပါတယ်။ အပြီးအပိုင်လက်နက် ဖြုတ်သိမ်းပစ်လိုက်ပါတယ်။ ဒီလိုနဲ့ အပစ်ရပ်အဖွဲ့ငယ်တချို့လုံးဝပျက်စီးသွားခဲ့တယ်။ တချို့လက်နက်ချခဲ့ကြရ တယ်။ အခုသူတို့အသံမကြားရ တော့ပါဘူး။ ဒါဟာ တကယ့်လက်တွေ့ဖြစ်ရပ်ပဲဖြစ်ပါတယ်။ နိုင်ငံရေးအရကြံ့ခိုင် မှုမရှိတဲ့အခါ၊ စည်းလုံးညီညွတ်မှု မရှိတဲ့ အခါ (နဝတ-နအဖ) စစ်အစိုးရပြုသမျှနုရတဲ့ဘဝရောက်သွားရပါတယ်။ ဒါကြောင့် မိမိတို့သက်ဆိုင်ရာ အဖွဲ့အစည်း တွေအတွင်း နိုင်ငံရေးအရ ကြံ့ခိုင်ဖို့နဲ့ စည်းလုံးညီညွတ်မှုရှိဖို့ လိုအပ်ပါတယ်။

ဒါ့အပြင်တတိုင်းတပြည်လုံးနဲ့ဆိုင်တဲ့ နိုင်ငံရေးလှုပ်ရှားမှုကြီးနဲ့ဆက်စပ်ထားနိုင်ဖို့လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ရှေ့ကအတွေ့အကြုံတွေလို နိဂုံးမလှဖြစ်ကြရပါလိမ့်မယ်။

အခုတော့ ၂၀၁၀ ရွေးကောက်ပွဲဝင်မလား/မဝင်ဘူးလားဆိုတာက အပစ်ရပ်အဖွဲ့တွေကြားမှာ ကွဲစရာပြဲစရာသပ် တစ်ချောင်း ဖြစ်နေပါတယ်။ အဖွဲ့အစည်းနဲ့တပ်ကို မအပ်နိုင်ဘူးဆိုတာကတဖက်၊ (နအဖ) စစ်အစိုးရ နဲ့အစစပြေလည်ဖို့ အလျော့ပေးချင်တဲ့ဖက်ဆိုပြီး အပစ်ရပ်အဖွဲ့တွေအတွင်းမှာ နှစ်ဂိုဏ်းနှစ်ပက္ခဖြစ်နေတယ် လို့ ကြားရပါတယ်။ ဒီလိုဖြစ်နေတာကို (နအဖ) စစ်အစိုးရကသိပ်ကြိုက်ပါတယ်။

ဒီနေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)မှာပါရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနဲ့ပတ်သက် ပြီးပြဌာန်း ထားချက်တချို့နဲ့ယှဉ်တွဲထောက်ပြလိုပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသဦးစီးအဖွဲ့များရဲ့ ဥပဒေပြုစာရင်းကို ဇယား(၃) မှာအချက် (၁) မှ (၁၀) အထိ အမှတ်စဉ်ထိုးပြီးဖော်ပြထားရာမှာ “ကာကွယ်ရေး” ဆိုလို့ မီးဘေးအန္တရာယ်ကာကွယ်ရေးနဲ့သစ်တောကာကွယ် ရေးပဲပါရှိပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသဦးစီးအဖွဲ့ ဖွဲ့စည်းမှုနဲ့ပတ်သက်ပြီးလည်း ပုဒ်မ (၂၇၆) ပုဒ်မခွဲ ( က) မှ (ဌ) အထိ ဖော်ပြထားပါတယ်။ အဲဒီပုဒ်မတွေနဲ့ ပုဒ်မခွဲတွေကို လိုရင်းချုပ်ပြီးဖော်ပြရရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသဦးစီး အဖွဲ့ကို အဖွဲ့ဝင် (၁၀) ဦးနဲ့ဖွဲ့စည်းရမယ်လို့ဆိုပါတယ်။

ဒီ (၁၀) ဦးထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ် များမှ ရွေးကောက် တင်မြှောက်ထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်စေရ မယ်။

လုံခြုံရေးတာဝန်ဖြစ်စေ၊ နယ်စပ်ရေးရာတာဝန်ဖြစ်စေ ပေးအပ်နိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမည် စာရင်းတင်သွင်းထားသူများပါရှိရမယ်လို့ဆိုပါတယ်။ ဒီလိုပါရှိရမယ်ဆိုတဲ့ ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်း မည့်သူများဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ဦးစီးအဖွဲ့ဝင်စုစုပေါင်းရဲ့ လေးပုံတစ်ပုံ (အနည်းဆုံး၃ ဦး) ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုဖွဲ့စည်းရာမှာလိုအပ်နေသေးရင် အထက်ကပုဂ္ဂိုလ်များ (သက် ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လွှတ်တော်ကိုယ်စားလှယ်များ၊ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်သူများ) ကရွေးချယ် ဖြည့်စွက် ခန့်အပ် နိုင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအကြီးအမှူးဟာအလိုအလျောက်အဆိုပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသဦးစီး အဖွဲ့ အတွင်းရေးမှူး အဖြစ်ဆောင်ရွက်ရမည်လို့ အတိအလင်းရေးသားပြဌာန်းထားပါတယ်။

ဒီလိုအချက်အလက်တွေ (ဥပဒေပြုခွင့်နဲ့ အုပ်ချုပ်ခွင့်) နဲ့ လက်ရှိ “ဝ” ဒေသကို ချုပ်ကိုင်ထားတဲ့ အပစ်အရပ်အဖွဲ့ အစည်းအနေအထားကို ယှဉ်တွဲစဉ်းစားလိုက်မယ်ဆိုရင်အားလုံး(ဒေသနဲ့တပ်/အုပ်ချုပ်ရေး/စီးပွားရေး)ထိုးအပ်လိုက်ရ မယ်သဘောဖြစ်နေပါတယ်။

ဒါတောင် “ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာဥပဒေ” ထွက်မလာသေးပါဘူး။ အဲဒီမှာပါလာမယ့် ကန့် သတ်ချက်တွေ (နိုင်ငံသားဖြစ်မှု၊ ပညာအရည်အချင်းစသဖြင့် ) ကို ပါထည့်သွင်းစဉ်းစားလိုက်ရင် နိုင်ငံရေး ကနေထာဝစဉ်မောင်းထုတ် ထားတာကို ရှင်းရှင်းကြီးတွေ့မြင်နိုင်ပါလိမ့်မယ်။

ဒါကြောင့် (နအဖ) စစ်အစိုးရ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံလိုက်ရင်အသိအမှတ်ပြုလိုက်ရင် အားလုံး လက်လွတ်ဆုံးရှုံး သွားမှာအသေအချာပဲဖြစ်ပါတယ်။ ဒီလိုအဖြစ်မခံနိုင်ဘူးဆိုရင်တော့နိုင်ငံရေးအရ တန်း တူရည်တူရှိပြီး တိကျသေချာတဲ့ အာမခံချက်ရှိဖို့လိုပါတယ်။ တပြည်လုံးနိုင်ငံရေးလှုပ်ရှားမှုနဲ့ ဆက်စပ်ထားဖို့ လို အပ်ပါတယ်။ သီးခြားစဉ်းစားလို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ တချိန်ကတော့ သီးခြားစဉ်းစားပြီး (ကိုယ့်ဒေသ၊ ကိုယ့် အဖွဲ့အစည်း၊ ကိုယ့်လက်နက်ကိုင်တပ်တည်ရှိရေးအတွက်) ညီလာခံတက်ခဲ့ကြတာပဲ။ အခုတော့ အဲဒီညီလာခံ ရလဒ် (ဖွဲ့စည်းပုံအခြေခံဥပဒေ)နဲ့ အကျပ်ကိုင်လာနေပါပြီ။

မကြာခင်ကပဲ ကချင်အပစ်ရပ်အဖွဲ့တာဝန်ရှိသူတစ်ဦး “တက်လာတဲ့ အရပ်သားအစိုးရသစ်ဆီ လက်နက် ချဖို့အဆင် သင့်ရှိတယ်” လို့ပြောသံကြားရပါတယ်။ လွယ်လွယ်ပဲကိုင်ထားတဲ့လက်နက်အပ်လိုက်မယ်ဆိုရင်တော့ ပြောစရာ မရှိပါဘူး။ ဒီလိုသာဓကတွေရှေ့မှာရှိပြီးသားဖြစ်ပါတယ်။ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတစ်ခု နိုင်ငံရေးဖက် ကူးပြောင်းမယ်ဆိုရင် နိုင်ငံရေးစကားပြောဖို့လိုအပ်ပါတယ်။

ချုပ်လိုက်ရင် (နအဖ) စစ်အစိုးရ အခြေခံဥပဒေဆိုတာနဲ့တစ်ဖက်ကချုပ်ကိုင်လာသလို၊ စစ်ရေး၊ သပ် ရှိုဖြိုခွဲရေးတဲ့ နည်းလမ်းပေါင်းစုံနဲ့အကျပ်ကိုင်လာနေပါပြီ။ ဒီအခက်အခဲကို ဘယ်လိုကျော်လွန်ကြမလဲဆိုတာ အပစ်ရပ်အဖွဲ့ အစည်းများအနေနဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေကို အသေအချာဆုပ်ကိုင်ပြီး၊ ကုန်လွန်ခဲ့တဲ့ နှစ်(၂၀)ကို နိဂုံးချုပ်ကာ ရှေ့အနာဂတ်ဝေးဝေးအထိ မျှော်ကြည့်ကြရမယ်လို့ယူဆပါတယ်။ အချိန်ကသိပ်မရှိတော့ ပါဘူး။

(တစည) က စိုးရိမ်နေတဲ့ “စစ်ပွဲတွေ၊ လူထုဆန္ဒပြပွဲတွေ” ဖြစ်လာနိုင်တဲ့ အလားအလာတွေက လည်း စိုးရိမ်လောက်အောင် တကယ်ကိုတည်ရှိနေတာပါ။

မှတ်ချက်။ ။ စာရေးသူ၏ ပုဂ္ဂလိကအတွေးအမြင်ယူဆချက် သုံးသပ်ချက်ဖြစ်ပါသည်။ (အယ်ဒီတာ)



တူမောင်ညို
REF: သျှမ်းသံတော်ဆင့်

Read More...

ဦးသန့်ရဲ့ နိုင်ငံရေးအမြင် - မောင်စွမ်းရည်


မတ်လ(၁၀) ရက်၊ ၂၀၀၉

ဦးသန့်ကို လက်ဝဲသမား ကွန်မြူနစ်လားလို့ တချို့က တွေးကြ၊ ရေးကြ၊ မေးကြသတဲ့။ ဦးသန့်အနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှာ အလုပ်လုပ်နေတဲ့ကာလတလျှောက် ဒီလိုပဲ ထင်ကြပါတယ်။

သာမန်အားဖြင့်တော့ ဗမာလူမျိုးတွေက ဒီလိုမေးခွန်းမျိုးသာ ကြားလိုက်ရင် ပြုံးကြမှာပါ။ ဦးသန့်နဲ့ လက်ဝဲ၀ါဒဆိုတာ ဘုန်းကြီးနဲ့ ဘီးလိုပဲ၊ ဘာဆိုင်သလဲပေါ့။ ဘုရားဒကာ ဦးနုရဲ့ မိတ်ဆွေမဟုတ်လား။

ဒီနှစ်ဟာ ဦးသန့် ရာပြည့်နှစ်ဖြစ်ပါတယ်။ ဦးသန့်ရာပြည့်အထိမ်းအမှတ် တံဆိပ်ခေါင်းတွေ ကုလသမဂ္ဂက ထုတ်ပါတယ်။ ဦးသန့်ရာပြည့်အထိမ်းအမှတ်ပွဲများလည်း လုပ်နေကြပါတယ်။ ဂျပန်ရောက် မြန်မာများကဆိုရင် တခမ်းတနား လုပ်နေပါတယ်။ (ပန်းချီဝင်းဖေနဲ့ ကဗျာဝင်းဖေ(မောင်စွမ်းရည်) တို့ကိုလည်း ဖိတ်ကြားထားပေမယ့် ဗီဇာပြဿနာကြောင့် မသွားနိုင်ခဲ့ကြပါ။) ရာပြည့်နှစ်ဖြစ်လို့ ဦးသန့်အကြောင်းကို အထူး ပြန်လည်စိတ်ဝင်စား လာရပါတယ်။ ဦးသန့်ရဲ့ အထ္ထုပ္ပတ္တိကို လေ့လာတဲ့အခါမှာ အနောက်နိုင်ငံသားတွေက ဦးသန့်ကို ဘာကြောင့် လက်ဝဲသမားရယ်လို့ သံသယရှိရသလဲဆိုတာ အဖြေလို့ ယူဆရတဲ့အချက်အလက်တချို့ကို တွေ့လာရပါတယ်။

ပထမတွေ့ရှိလာရတာက ဦးသန့်ရဲ့ ကျောင်းသားလူငယ်ဘ၀ နိုင်ငံရေးအတွေးအခေါ်တွေ သန္ဓေတည်စ ခေတ်နောက်ခံကို လေ့လာကြည့်ရင် ဦးသန့်ရဲ့ မိသားစုဘ၀ နောက်ခံကားက ဦးသန့်ကို နိုင်ငံရေးစိတ်ဝင်စားဖို့ အားပေးထောက်ကူနေပါတယ်။ ဦးသန့်ရဲ့ ဖခင်ဟာ ပန်းတနော်လို တောမြို့လေးမှာ တဦးတည်သော ခေတ်ပညာ တတ်၊ အင်္ဂလိပ်စာတတ်ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အိန္ဒိယပြည်က တက္ကသိုလ်တခုမှာ ပညာသင်ခဲ့ဖူးသူ မြန်မာမျိုးချစ်တဦး ဖြစ်ပါတယ်။

မြန်မာပြည်ဟာ ၁၈၈၆ ခုနှစ်မှာ ဗြိတိသျှလက်အောက်ရောက်ပြီး နောက်နှစ် (၂၀) အကြာ ၁၉၀၆ ခုနှစ်မှာ ၀ိုင်အမ်ဘီအေခေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး ပေါ်ပေါက်လာခဲ့ပါတယ်။ အမျိုးသားရေး နိုးကြားလာတဲ့ ၀ံသာနုခေတ်ထဲကို ၀င်ရောက်လာခဲ့ပါတယ်။ ၁၉၁၂ ခုနှစ်မှာ သူရိယသတင်းစာကို ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း ခေါင်းဆောင်တွေက ထုတ်ဝေကြတယ်။ ဆရာလွန်းခေါ် သခင်ကိုယ်တော်မှိုင်းနဲ့ ပီမိုးနင်း၊ ရွှေဥဒေါင်း စတဲ့ သူ့ခေတ်က သတင်းစာဆရာအကျော်အမော်တွေ ဦးဆောင်တည်းဖြတ် ထုတ်ဝေကြပြီး ခေတ်ကို ခေါင်းဆောင်တဲ့ သတင်းစာဖြစ်လာခဲ့တယ်။ နိုင်ငံရေး၊ စာပေရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စတဲ့ ဘက်စုံက နိုးကြားစေပါတယ်။

ဦးသန့်ရဲ့ဖခင်ဟာ သူရိယသတင်းစာ ကုမ္ပဏီလီမိတက်မှာ အစုရှယ်ယာဝင်ပြီး အားပေးတယ်။ သူရိယသတင်းစာလည်း အမြဲမှာယူဖတ်ရှုတယ်။ ၀ိုင်အမ်ဘီအေကနေ ဂျီစီဘီအေဖြစ်လာတော့လည်း ထောက်ခံ အားပေးတယ်။ သူ့သားကြီးဖြစ်တဲ့ ဦးသန့်ကိုလည်း သူရိယသတင်းစာနဲ့တကွ တခြား စာနယ်ဇင်းတွေရော၊ မြန်မာပျို့လင်္ကာ၊ ကဗျာစာပေတွေရော ဖတ်ရှုစေတယ်။ အင်္ဂလိပ်စာလည်း သင်ယူဖတ်ရှုစေပြီး ခေတ်ပညာတတ် ဖြစ်အောင် ပြုစုပျိုးထောင်တယ်။ အမျိုးသားကျောင်းတွေပေါ်လာတော့ အမျိုးသားကျောင်းမှာ ပညာသင်စေတယ်။ ဦးသန့်ဟာ ၁၉၀၉ ခုနှစ်မှာ မွေးဖွားသူဖြစ်ပြီး ၁၉၂၆ မှာ ဆယ်တန်းအောင်တယ်။ တက္ကသိုလ်ကို တက်ရောက် ပညာသင်ပြီး ဒဿနိကဘာသာ၊ သမိုင်းဘာသာ စတဲ့ ဘာသာတွေ ယူတယ်။ ၁၉၂၈ ခုနှစ်မှာ ဥပစာတန်းအောင် တယ်။ ဒါပေမယ့် သူ့ဖခင်ကွယ်လွန်ပြီး သူ့ညီတက္ကသိုလ်ရောက်လာလို့ သူ့ညီတွေရဲ့ ပညာရေးကို အားပေးဖို့ ကျောင်းက ထွက်လိုက်ပါတယ်။

ကျောင်းကထွက်တော့ အင်္ဂလိပ်အစိုးရဲ့ အလုပ်တွေ ရနိုင်ပါတယ်။ ဒါပေမယ့် မလုပ်ဘဲ အမျိုးသားကျောင်းမှာ ကျောင်းဆရာဝင်လုပ်ပါတယ်။ ဒါဟာ နိုင်ငံရေးလုပ်ခြင်းတမျိုး၊ အမျိုးသားတာဝန်ထမ်းဆောင်ခြင်းတမျိုးအဖြစ်နဲ့ သူ့ခေတ်က လူငယ်ခေတ်ပညာတတ်တွေ ယူဆပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ကျဆုံးတဲ့ ဒီးဒုတ်ဦးဘချိုက အမျိုးသားကောလိပ်ဆရာ၊ ဦးရာဇတ်နဲ့ ဦးဘ၀င်းတို့က အမျိုးသားကျောင်း ကျောင်းအုပ်ကြီးတွေပါ။ ဦးနုဘွဲ့ရတော့ လည်း ဦးသန့်ဖိတ်ခေါ်လို့ ပန်းတနော်မှာ အမျိုးသားကျောင်းအုပ်အဖြစ် အမှုထမ်းခဲ့ပါတယ်။ ဦးနု တက္ကသိုလ် ပြန်တက်ပြီး ဥပဒေဘာသာ သင်ယူချိန်ကျတော့မှ ဦးသန့်က ပန်းတနော် အမျိုးသားကျောင်းမှာ အမျိုးသားကျောင်း အုပ်အဖြစ် တာဝန်ယူပါတယ်။

ဦးသန့် တက္ကသိုလ်မှာ ပညာသင်စဉ်က ဦးဖေမောင်တင်၊ မစ္စတာဖာနီဗယ်၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ဦးနုတို့ စတဲ့ စာပေအသိုင်းအ၀ိုင်းနဲ့ ထိတွေ့ခဲ့ပါတယ်။ မစ္စတာ ဖာနီဗယ်ဟာ အင်္ဂလိပ်အရာရှိကြီးတဦးပါ။ အငြိမ်းစားယူပြီး မြန်မာ လူငယ်တွေအတွက် တက္ကသိုလ်နားမှာ စာအုပ်ဆိုင်တဆိုင်ဖွင့်ရင်း တက္ကသိုလ်ဆရာကြီးများအသိုင်းအ၀ိုင်းနဲ့အတူ မြန်မာနိုင်ငံ သုတေသနအသင်း (၁၉၁၁)၊ မြန်မာစာပေပြန့်ပွားရေးအသင်း (၁၉၂၈) မှာ ကူညီဝိုင်းဝန်းနေပါတယ်။ မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ်ကိုလည်း ပါဝင်ကူညီ ရေးသားနေပါတယ်။ သူ့စာအုပ်ဆိုင်မှာ လက်ဝဲစာအုပ် တွေလည်း တင်ထားပါတယ်။ ဂန္ထလောက မဂ္ဂဇင်းဆိုတဲ့ စာပေမဂ္ဂဇင်းတစောင်ထုတ်ဝေပြီး လူငယ်တွေကို ကလောင်သွေးစေပါတယ်။ ဘာသာပြန်ပြိုင်ပွဲလည်း လုပ်ပေးပါတယ်။ သခင်ဘသောင်းနဲ့ ဦးသန့်တို့ဟာ ဘာသာပြန် ပြိုင်ပွဲမှာ ဆုရလို့ စာပေအသိုင်းအ၀ိုင်းက အာရုံစိုက်ခံရပါတယ်။

ဂန္ထလောကမှာ ကလောင်သွေးကြသူ အများစုဟာ အမျိုးသားကျောင်းထွက်တွေ ဖြစ်ကြပါတယ်။ အမျိုးသားကျောင်း မှာ မြန်မာစာ၊ မြန်မာ့သမိုင်းကို အထူးသင်ယူခဲ့ကြသူတွေဖြစ်ပါတယ်။ တက္ကသိုလ်မှာလည်း ပါမောက္ခ ဦးဖေမောင် တင် ဦးဆောင်ပြီး ဖွင့်လှစ်ခါစ မြန်မာစာဂုဏ်ထူးတန်းကို တက်ရောက်ကြသူတွေလည်း ဖြစ်ကြပါတယ်။ နောင်အခါ ခေတ်စမ်းစာပေဆိုပြီး စာပေသစ်တခေတ်ကို ဆန်းသစ်စေခဲ့ပါတယ်။ သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ် စတဲ့ အုပ်စု ဖြစ်ပါတယ်။ ဦးသန့်ဟာ မြန်မာစာဂုဏ်ထူးတန်း မတက်ခဲ့ပေမယ့် ဂန္ထလောက ကလောင်ရှင်၊ ခေတ်စမ်းအုပ်စုမှာ ရောနှောသွားခဲ့ပါတယ်။ သူက ဒဿနိကဗေဒကို စိတ်ဝင်စားခဲ့ပါတယ်။

ဦးသန့် အသက် (၂၀) အရွယ်လောက်မှာ ဗြိတိန်နိုင်ငံက လက်ဝဲစာပေကလပ်ကို လှမ်းပြီး အသင်းဝင်ပါတယ်။ လက်ဝဲစာပေကလပ်မှာ မြန်မာထဲက ပထမဆုံး အသင်းဝင်ဖြစ်ပါတယ်။ လက်ဝဲစာပေများသာမက ဗြိတိန်က စာနယ် ဇင်းတွေကိုပါ မှာဖတ်ခဲ့ပါတယ်။ သူ့ခေတ်မှာ ဘိလပ်က စာနယ်ဇင်းတွေကို သူလောက်ဖတ်သူ ရှားပါလိမ့်မယ်။ အဲသလို စာအုပ်တွေဖတ်ပြီး ဂန္ထလောကမဂ္ဂဇင်းကနေ ပြတ်ပြတ်သားသားဝေဖန်ပါတယ်။

နောင်အခါ လူထုဦးလှဖြစ်လာမယ့် ကြီးပွားရေး မောင်လှဦးစီးတဲ့ “ကြီးပွားရေးမဂ္ဂဇင်း” ဟာ ၁၉၃၃ ခုနှစ်လောက်မှာ စတင်ထုတ်ဝေပါတယ်။ “ကြီးပွားရေး” ဆိုတာ ဟိုခေတ်က “ဖွံ့ဖြိုးတိုးတက်ရေး” ဆိုတဲ့ အဓိပ္ပာယ်ပါ။ (စီးပွားရေး မဟုတ်ပါ။) အဲဒီမဂ္ဂဇင်းမှာ သိပ္ပံမောင်ဝက ကလောင်နာမည်ဝှက် (၁၀) မျိုးမကသုံးပြီး ရေးပါတယ်။ ဇော်ဂျီ၊ မင်းသုဝဏ်၊ မောင်ထင်၊ တက္ကသိုလ်မောင်သန့်စင်၊ ကုသ၊ မြကေတု စတဲ့ ခေတ်စမ်းစာပေအုပ်စု တခုလုံး ၀င်ရေးပါတယ်။ ဦးသန့်လည်းပဲ ၀င်ရောက်ရေးသားရင်း စာပေနိုင်ငံရေး၊ လူမှုရေးဝေဖန်စာများ ရေးလာခဲ့ပါတယ်။

ကိုနု၊ ကိုအောင်ဆန်း၊ ကိုရာရှစ်တို့ ခေါင်းဆောင်တဲ့ ၁၉၃၆ ခုနှစ် ရန်ကုန်တက္ကသိုလ် ဒုတိယသပိတ်ဟာ မြန်မာနိုင်ငံရေးကို အရှိန်မြင့်စေပါတယ်။ လွတ်လပ်ရေးတိုက်ပွဲဆီကို ဦးတည်လာပါတယ်။ အရင်ကလို ရာထူးခွဲဝေ ယူရေး၊ ပြပြုင်ရေးကိစ္စတွေလောက် မဟုတ်တော့ပါ။ လူငယ်တွေအနေနဲ့ အင်္ဂလိပ်နယ်ချဲ့ အရင်းရှင်စနစ်ကို တိုက်ခိုက် ဆန့်ကျင်နေတဲ့ ရုရှားကို မျက်စိကျလာပါတယ်။ လက်ဝဲ၀ါဒဟာ လက်ယာဝါဒ နယ်ချဲ့အရင်းရှင်ကို ဆန့်ကျင်တယ်ဆိုတဲ့အနေနဲ့ လက်ဝဲ၀ါဒကို လိုက်စားလာကြပါတယ်။ ဒီးဒုတ်ဦးဘချိုရဲ့ ဖေဘီယန် ဆိုရှယ်လစ်ပါတီဟာ လက်ဝဲပါတီတခုပါ။ ဦးနုလည်း သူ့ဆရာနဲ့တွဲပြီး ဖေဘီယန်ဂိုဏ်းဝင် ဖြစ်ခဲ့ပါသေးတယ်။ နောက်တော့ ဦးနုက နဂါးနီစာအုပ်အသင်းကို တည်ထောင်တယ်။ ဘိလပ်က လက်ဝဲစာပေကလပ်ကို အတုယူ တယ်။ ၁၉၃၇ မှာ နဂါးနီစာအုပ်အသင်း ထူထောင်လျှင် ထူထောင်ခြင်း ဦးနုရဲ့ မိတ်ဆွေ ဦးသန့်လည်း နဂါးနီစာအုပ်အသင်းဝင် ဖြစ်လာခဲ့ပါတယ်။ အသင်းဝင်အဖြစ် စာအုပ်တွေကို ၀ယ်ဖတ်ရုံမက ဆောင်းပါးတွေ ၀င်ရေးခဲ့ပါတယ်။

နဂါးနီစာစောင်မှာ ဦးသန့်က “လက်ဝဲဂိုဏ်းများ၏၀ါဒ” ဆိုတဲ့ ဆောင်းပါးတပုဒ် ရေးတယ်။ ဦးသိန်းဖေမြင့်က လက်ဝဲစာစု ထုတ်တော့ ထပ်ပြီးသုံးတယ်။ ဒါကြောင့် ဒီဆောင်းပါးဟာ ထင်ရှားပါတယ်။ အရေးရှင်း၊ အတွေးရှင်းပါ တယ်။ လက်ဝဲဂိုဏ်းဆိုတာ ဆင်းရဲသားဝါဒ (၀ါ) ဘုံဝါဒ (၀ါ) ဆိုရှယ်လစ်ဝါဒတို့ကို ခေါ်တယ်။ လက်ယာဂိုဏ်း ဆိုတာက ဓနရှင်ဝါဒ၊ နယ်ချဲ့ဝါဒကို ခေါ်တယ်လို့ အဓိပ္ပာယ် ရှင်းလင်းဖွဲ့ဆိုလိုက်ပါတယ်။ အဲဒီအချိန်က ဖြစ်နေတဲ့ ဂျာမနီ၊ အီတလီတို့က စပိန်ကို ၀င်ရောက်တိုက်ခိုက်တာဟာ လက်ဝဲဂိုဏ်းကြီးစိုးမှာစိုးလို့ နှိမ်နင်းတာပဲ။ တရုတ်ပြည်ကို ဂျပန်ဝင်တိုက်တာဟာလည်း တရုတ်ပြည်မှာ ရုရှားလက်ဝဲအယူအဆ ၀င်လာတာကို မနှစ်မျို့လို့ ၀င်တိုက်တာပဲလို့ ဖြစ်ခါစ ကမ္ဘာစစ်ကို နယ်ချဲ့တို့ရဲ့ ကျူးကျော်စစ်ဖြစ်ကြောင်း သိစေပြီး “လက်ဝဲနှင့်လက်ယာ တိုက်ပွဲသည် ကမ္ဘာ့ရာဇ၀င်ရှိ တိုက်ပွဲများထက် အဆပေါင်းများစွာ ပိုမိုကြီးကျယ်၏” လို့လည်း မှတ်ချက်ပေးလိုက် ပါတယ်။ “ကမ္ဘာကြီးတခုလုံး၏ နောင်ရေးသည် ၎င်းစပိန်နှင့်တရုတ်ပြည်အရေးတို့တွင် တည်သည်ဟုဆိုလျှင် များစွာမှားမည်မဟုတ်ပေ” လို့လည်း မှတ်ချက်ချ၊ နိမိတ်ဖတ်ခဲ့ပါတယ်။ သူ နိမိတ်ဖတ်ခဲ့တဲ့ ပြဿနာအတိုင်း ဖြစ်လာခဲ့တာဟာ သူ ကုလသမဂ္ဂတာဝန် ထမ်းဆောင်ချိန်အထိ တဆက်တည်းဖြစ်လာတဲ့ ပြဿနာအဖြစ်နဲ့ သူ ဖြေရှင်းနေခဲ့ရပါတယ်။

သူဟာ အဲဒီလို လက်ဝဲအမြင်နဲ့ နိုင်ငံရေးဝေဖန်လာတဲ့အခါ ၀ံသာနုအမြင်တွေနဲ့ အမျိုးသားနေ့အမြင်တွေကိုပါ ကျဉ်းမြောင်းဟန် မြင်တွေ့သုံးသပ်လာခဲ့ပါတယ်။ သူနိမိတ်ဖတ်တဲ့ လက်ဝဲ-လက်ယာတိုက်ပွဲဟာ မြန်မာပြည်တွင်း ကို ၀င်လာတော့ ဂျပန်နဲ့ အင်္ဂလိပ်တိုက်ပွဲအသွင် ဆောင်လာပါတယ်။ နောက်ကျပြီး နယ်ချဲ့လို့ နယ်မြေနည်း နည်းသာ ရစရာရှိတော့တဲ့အတွက် နယ်ချဲ့လက်ဟောင်းကြီးတွေရဲ့ လက်က နယ်မြေတွေကိုပါ လက်ရဲဇက်ရဲ ၀င်လုလာခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဖက်ဆစ်ဂျပန်ကို သူရဲ့မိတ်ဆွေ ကိုနု၊ ကိုအောင်ဆန်းတို့က ရှေ့ဆောင် ခေါ်ယူလာရုံမက သူ့ကိုပါ ဂျပန်ခေတ်ပညာရေးတရပ်ကို စီမံကိန်း ရေးဆွဲခိုင်းတာကို ခံရပါတယ်။ ပညာရေး စီမံကိန်းရေးဆွဲပြီးနောက် ရန်ကုန်အစိုးရအဖွဲ့မှာ မပါ၊ မ၀င်ဘဲ ပန်းတနော်ပြန်ပြီး အမျိုးသားကျောင်းပြန်ဖွင့်ပါတယ်။ ဖက်ဆစ်တော်လှန်ရေးပေါ်ပေါက်လာတော့ ရိက္ခာစုဆောင်းရေးတာဝန်ယူရင်း ဖက်ဆစ်ဆန့်ကျင်ရေးဂိုဏ်းမှာ ပါဝင်လာခဲ့ပါတယ်။

ဖက်ဆစ်ဂျပန်ထွက်သွားပြီး အင်္ဂလိပ်ပြန်ဝင်လာတော့ လွတ်လပ်ရေးရတော့မယ့် အခြေအနေကို သိမြင်လာခဲ့တယ်။ အရေးကြီးတဲ့အချိန်မှာ စာနယ်ဇင်းတခုကို ကိုယ်တိုင်ထုတ်ပြီး နိုင်ငံရေးနဲ့ စာပေရေးဘက်မှာ ဝေဖန်ဖေးမပေးဖို့ ကြိုးစားချင်တယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရတော့ သူ့ရည်ရွယ်ချက် ပျက်သွားရပါတယ်။ ဦးနုအစိုးရ တက်လာတော့ သူ့ကို ဖဆပလအဖွဲ့ကြီးမှာ ပြန်ကြားရေးအရာရှိအဖြစ် ဇွတ်ခေါ်ယူ တာဝန်ပေးပါတယ်။ ဒါဟာ နိုင်ငံရေးပါတီတခုရဲ့တာဝန်ကို ပထမဆုံးနဲ့ နောက်ဆုံး ထမ်းဆောင်ရခြင်းပါပဲ။

မကြာခင် လွတ်လပ်ရေးရတော့ ဦးနုက ဦးသန့်ကို ပြန်ကြားရေးဌာနကို ခေါ်ယူပြီး အသံလွှင့်ဌာန ညွှန်ကြားရေးဝန် ခန့်ပါတယ်။ ဒီအခါမှာ လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်ကြီး မွေးဖွားလာခဲ့ပါတယ်။ လက်ဝဲဂိုဏ်းရဲ့ နဂါးနီစာအုပ်သင်း ခေါင်းဆောင် ဦးနုနဲ့ ကျန်လက်ဝဲဂိုဏ်းသားများ ကွဲသွားခဲ့ရာက ဖြစ်တဲ့ ပြည်တွင်းစစ်ပါ။ ဖက်ဆစ်တော်လှန်ရေးမှာ ဗိုလ်အောင်ဆန်းက ကွန်မြူနစ်၊ ဆိုရှယ်လစ်များနဲ့ အတူ ဖဆပလကို ဖွဲ့စည်းခဲ့ပါတယ်။ ဂျပန်မ၀င်ခင်ကတည်းက ဖက်ဆစ်ဆန့်ကျင်ရေးလုပ်နေတဲ့ ကွန်မြူနစ်များကို ဗိုလ်အောင်ဆန်းက တပ်မတော်နဲ့ ပူးပေါင်းပေးလိုက်တာ ဖြစ်ပါတယ်။ တော်လှန်ရေးအောင်ပွဲရပြီးတော့ လက်ဝဲသမားချင်း စကွဲသွားပါပြီ။ ဗိုလ်အောင် ဆန်းက လက်ဝဲသမား လူငယ်တွေ ညီညွတ်ဖို့ အရေးကြီးတယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် ၀ါဒရေးရာ ပုဂ္ဂိုလ်ရေး တိုက်ပွဲတွေ ပြင်းထန်လာပြီး ပြည်တွင်းစစ်ဖြစ်ခဲ့ခြင်းပါ။ ခုထက်ထိ နှစ်ဖက်စလုံး ပြင်မရတဲ့ အမှားဖြစ်နေဆဲပါပဲ။ (အတိတ်က ကွဲပြဲမှုကို တရားခံမရှာလိုတော့ပါ။ ရှေ့မှာ ဒီပြည်တွင်းစစ်ကြားက ထွက်ပေါ်လာတဲ့ စစ်အာဏာရှင် စနစ်ကို ဘယ်လို စာရင်းရှင်းရမလဲဆိုတာက အရေးကြီးနေပါတယ်။ ဖ-ဆဆိုရှယ်မွေးခဲ့တဲ့ သရဲကို လက်ဝဲ-လက် ယာ မရွေး ၀ိုင်းဝန်းတိုက်ကြရမှာပါ။

လွတ်လပ်စ မြန်မာအစိုးရက ဆိုရှယ်လစ်ပန်းတိုင်ကို ချီတက်မယ်လို့ ကြွေးကြော်ထားပါတယ်။ ဒါဟာ ဗိုလ်ချုပ် အောင်ဆန်းလမ်းစဉ်ပါပဲတဲ့။ ပြည်တွင်းစစ်ဖြစ်လာတော့ တောထဲကို ရောက်နေတဲ့ လက်ဝဲဂိုဏ်းသားတွေကို ဦးသန့် တို့ ဆန့်ကျင်ရပါတယ်။ ဒီမိုကရေစီ ပြန့်ပွားရေးအသင်းလို့ အမည်ပေးပြီး ဒီမိုကရေစီစာစောင်တခုလည်း ထုတ်ဝေခဲ့ ပါတယ်။ ဥက္ကဋ္ဌ မြို့မဦးဘလွင်၊ အတွင်းရေးမှူး ဦးသန့်ပါ။ ဦးသန့်ဟာ အသံလွှင့်ရာမှာ မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ လွှင့်ပါတယ်။ ဦးနုရဲ့ မိန့်ခွန်းတွေကိုလည်း ရေးပေးရပါတယ်။ ဒီမိန့်ခွန်းတွေကိုပဲ သူကပြန်ပြီး အင်္ဂလိပ်လို ဖောက်သည်ချရပြန်ပါတယ်။ ၁၉၄၈ ခုနှစ် ဧပြီ (၈) ရက်နေ့ အသံလွှင့်ခဲ့တဲ့ “Burma Choose Democracy” ဆိုတဲ့ ဆောင်းပါးဟာ လွတ်လပ်စ ဗမာပြည်အနေနဲ့ ကမ္ဘာကို သတင်းပေးခဲ့တာဖြစ်လို့ အရေးကြီးပါတယ်။

ဒီအသံလွှင့်ဆောင်းပါးမှာ “The declared political objective of the AFPFL is State Socialism” လို့ ဆိုထားပါတယ်။ “Democratic Socialism” ကိုလည်း ထပ်ဆင့် ပြောဆိုထားပါတယ်။ ဦးနုက “ဆိုရှယ်လစ် ပန်းတိုင်ကို သွားရာလမ်းနှစ်သွယ်ရှိတယ်။ ဗြိတိသျှလမ်းနဲ့ ဆိုဗီယက်လမ်းတို့ဖြစ်ပါတယ်။ ဗြိတိသျှလမ်းက ပန်းတိုင်ကို နှေးနှေးမှန်မှန်နဲ့ ရောက်ပါတယ်။ ဆိုဗီယက်လမ်းကတော့ အမြန်ရောက်တယ်။ ဒါပေမယ့် သွေးထွက် သံယိုရှိမယ်လို့ ဆိုထားပါတယ်။ အဲဒါကို ဦးသန့်က ဗြိတိသျှနည်းက ရွေးကောက်ပွဲနည်း၊ ဆိုဗီယက်နည်းက လက်နက်နဲ့ အကြမ်းဖက်တဲ့နည်း ဖြစ်ပါတယ်လို့ ရှင်းပြတယ်။ ဒါပေမယ့် လက်နက်နဲ့ အကြမ်းဖက်တဲ့နည်းကို အပြစ်မတင်ပါဘူး။ ရုရှားမှာ ဇာဘုရင်က အကြမ်းဖက်နှိပ်ကွပ်နေလို့ တော်လှန်ရတာဖြစ်ကြောင်း ပြောပြပြီး မြန်မာပြည်မှာ ဒီလိုလုပ်စရာမလို။ ဖဆပလကတော့ အကြမ်းဖက်နည်းကို မရွေး၊ ငြိမ်းချမ်းတဲ့နည်း၊ ဒီမိုကရေစီနည်း ကို ရွေးလိုက်ပြီလို့ ရှင်းလင်းကြေညာတာပါပဲ။

ဒီလိုရှင်းရာမှာ ဆိုဗီယက်ရဲ့ အကြမ်းဖက်နည်းကို သူ့နိုင်ငံနဲ့ သူ မှန်ကန်လေဟန် ပြောခဲ့ပေမယ့် ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်အဖြစ် အာဏာရှင်စနစ်ကို ဖော်ပြလိုက်ပါတယ်။ “Democracy” နဲ့ “Dictatorship” ဆိုတဲ့ ဝေါဟာရနှစ်လုံးနဲ့ မပြီးသေးဘူးဆိုပြီး ဆက်ရှင်းတဲ့အခါ အစိုးရတမျိုးက ပြည်သူတဦးချင်းရဲ့ လွတ်လပ်ပြီး ပြည့်စုံတဲ့ဘ၀ကို အာမခံပြီး နောက်အစိုးရတမျိုးကတော့ ပြည်သူတဦးချင်းဟာ နိုင်ငံတော်ကို အလုပ်အကျွေးပြုရမယ်လို့ဆိုပြီး အယူအဆ နှစ်မျိုးရှိကြောင်း၊ တနည်းပြောရရင် “အစိုးရတမျိုးက ပြည်သူကို အစိုးရက ပိုင်ပြီး တခြားအစိုးရတမျိုးက အစိုးရကို ပြည်သူက ပိုင်တယ်” လို့ ထပ်ရှင်းပါတယ်။ ဒီနေရာမှာတော့ လက်ဝဲ၀ါဒကို (၁) အကြမ်းဖက်ဝါဒ၊ (၂) ပြည်သူကို အစိုးရက ပိုင်တဲ့ဝါဒ၊ ပြည်သူတိုင်းဟာ နိုင်ငံတော်ကို အလုပ်အကျွေးပြုရမယ့် ၀ါဒလို့ နိဂုံးချုပ်လိုက်ပါတယ်။ အကြမ်းဖက်ခြင်းဟာလည်း သူ့တိုင်းပြည်နဲ့သူ (ရုရှား ဇာဘုရင်လက်ထက်)၊ သူ့အခါနဲ့သူတော့ မှန်ပေမယ့် မြန်မာနိုင်ငံမှာ မမှန်ဘူးလို့ သူပုန်ထနေတဲ့ ကွန်မြူနစ်များကို ပြောဆိုခြင်းပါပဲ။

ဦးသန့်ဟာ နဂါးနီစာစောင်မှာ “လက်ဝဲဂိုဏ်း၏၀ါဒ” ကို ရှင်းပြတုန်းက လက်ဝဲ၀ါဒဟာ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ ကြီးပွားတိုးတက်ခြင်းတို့ကို လိုလားတဲ့ ၀ါဒလို့ ဖွင့်ဆိုထားခဲ့ဖူးပါတယ်။

မြန်မာပြည်လွတ်လပ်စမှာ ကြားနေနိုင်ငံအနေနဲ့ ဘက်မလိုက်ဝါဒကို ကျင့်သုံးလို့ သြဇာတက်ခဲ့ပါတယ်။ ဦးနုက တရုတ်ပြည်သစ်ကို ချက်ချင်းထောက်ခံပြီး ကုလသမဂ္ဂ၀င်ခွင့်ပြုရေးကို အဦးဆုံး အဆိုတင်ခဲ့ပါတယ်။ ၁၉၅၄ ခုနှစ်မှာ တရုတ်ပြည်ကို ချစ်ကြည်ရေးခရီးသွားတော့ ဦးသန့်လည်း လိုက်သွားရတယ်။ အပြန်မှာ “ဂန္ဓာလရာဇ် မှတ်တမ်း” ဆိုပြီး စာအုပ်ရေးတော့ ဦးသန့်လည်း ၀င်ရေးရတယ်။ “ကိုယ်တွေ့တရုတ်ပြည်သစ်” တဲ့။ တရုတ်ပြည်မှာ အံ့ဖွယ်ကောင်းလောက်အောင် သန့်ရှင်းပြီး စည်းကမ်းရှိတာကို ချီးကျူးတယ်။ ဒါပေမယ့် တချို့ပြောပြတာက အာဏာနဲ့ ခိုင်းကြောင်း၊ တခါတရံ ကြိမ်ဒဏ်၊ တခါတရံ သေဒဏ်ထိ အပြစ်ပေးလေ့ရှိကြောင်းကို ရေးပါတယ်။

ဘာသာရေးလွတ်လပ်တာကိုတော့ ကိုယ်တွေ့လေ့လာပြီး ချီးကျူးတယ်။ ပုဂ္ဂလိက သတင်းစာမရှိဘဲ အစိုးရသတင်းစာတွေသာ ရှိတာကို သဘောမကျဘူး။ နိုင်ငံခြားသားတွေနဲ့ တရုတ်တွေကို လွတ်လွတ်လပ်လပ် ဆက်ဆံခွင့် မပေးဘူး။ ကမ္ဘာ့သတင်းတွေကိုလည်း သိခွင့်မရှိဘူး။ အစိုးရက သိစေချင်တာပဲ သိခွင့်ပေးတယ်။ ဒါတွေကို သဘောမကျဘူး။ ဒါပေမယ့် တရုတ်အစိုးရနဲ့ ကွန်မြူနစ်ဝါဒကို မဝေဖန်ရ၊ မဝေဖန်ကြတာကိုတော့ မြန်မာပြည်မှာ ဗုဒ္ဓဘာသာကို မဝေဖန်နိုင်သလို၊ ဗြိတိန်မှာ ခရစ်ယာန်ဘာသာကို မဝေဖန်နိုင်သလို၊ အိန္ဒိယမှာ ဟိန္ဒူဘာသာကို မဝေဖန်နိုင်သလို အများပြည်သူတွေက အမှန်တရား (အမှားမရှိတဲ့တရား) လို့ ယုံကြည်ထားတဲ့ ကွန်မြူနစ်ဝါဒကို မဝေဖန်ကြတာဖြစ်မယ်လို့ သူများမပြောတဲ့ အဖြေကို ပေးပါတယ်။

နိဂုံးချုပ်မှာတော့ “ပန်းတိုင်ချင်းတူပြီး လမ်းစဉ်ချင်းမတူ” တဲ့ တရုတ်နဲ့မြန်မာချစ်ကြည်ရေးကို ဆန္ဒပြုပါတယ်။ ဒါဟာ ဦးနုရဲ့မိန့်ခွန်းမှာပါတဲ့ “ဆိုရှယ်လစ်ပန်းတိုင်” နဲ့ တရုတ်ပြည်က သွားမယ့် ပန်းတိုင်ချင်းတူတယ်။ ဒါပေမယ့် မြန်မာက ဒီမိုကရေစီနည်း (ရွေးကောက်ပွဲနည်း) ဗြိတိန်နည်းကို ကျင့်သုံးမယ်။ ဆိုဗီယက်နည်း (အကြမ်းဖက်နည်း) မသုံးဘူး လို့ ကြေညာခဲ့တာကို ရည်ရွယ်ဟန်ရှိပါတယ်။ ဒါကို ရှင်းမပြဘဲ နိဂုံးမှာ ထည့်ခဲ့ပါတယ်။ ဒါကိုလည်းပဲ ဦးသန့်ဟာ ဒီပလိုမက်တစ်ဖြစ်တယ် သို့မဟုတ် လက်ဝဲသံယောဇဉ်ရှိတယ်လို့ ပြောနိုင်မှာပါပဲ။

ဦးသန့်ကို ၀န်ကြီးချုပ် ဦးနုက ၁၉၅၇ ခုနှစ်မှာ ကုလသမဂ္ဂကို အမြဲတမ်း မြန်မာကိုယ်စားလှယ်အဖြစ် ပို့လိုက်တယ်။ အဲဒီကာလမှာ ပြည်ထောင်စုခရီးဆိုတဲ့ မြန်မာ့လွတ်လပ်ရေးသမိုင်းစာအုပ် သုံးတွဲကို ရေးနေဆဲပဲ။ ၁၉၆၁ မှာ စာပေဗိမာန်က ရိုက်နှိပ်ထုတ်ဝေတယ်။ ဦးသိန်းဟန် (ဆရာဇော်ဂျီ) ကလည်း “ပြည်ထောင်စုပန်းတိုင်” ဆိုတဲ့ စာအုပ်တအုပ်ကို တည်းဖြတ်ထုတ်ဝေတယ်။ ဦးနုရဲ့ ပြည်ထောင်စုမိန့်ခွန်းတွေပါပဲ။ ပုဂ္ဂိုလ်နှစ်ဦးလုံးဟာ ဦးနုရဲ့ မိတ်ဆွေရင်းတွေပါ။ ဦးနုရဲ့ ပန်ကြားချက်နဲ့ ပြုစုခဲ့တဲ့ စာအုပ်တွေပါ။

ဦးသန့်က “ပြည်ထောင်စုခရီး” ပထမပိုင်းမှာ မြန်မာနိုင်ငံ သူ့ကျွန်ဘ၀ရောက်တာကအစ လွတ်လပ်ရေးရတာအဆုံး အကျဉ်းချုံးပြီး ရေးပါတယ်။ ပထမအခန်းခေါင်းစဉ်က “ဗမာ့လွတ်လပ်ရေး ဆုံးရှုံးခြင်း” တဲ့။ အဲဒီခေါင်းစဉ်အောက်မှာ ခေါင်းစဉ်ခွဲအနေနဲ့ “ဥရောပတွင် ဓနရှင်ဝါဒနှင့် နယ်ချဲ့စနစ် ပေါ်ပေါက်ခြင်း” လို့ အမည်ပေးပါတယ်။ “နယ်ချဲ့” ရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုပြီး နယ်ချဲ့စနစ်ရဲ့ ဇစ်မြစ်အကြောင်းရင်းဖြစ်တဲ့ “ဓနရှင်ဝါဒ” ကိုထောက်ပြပြီး အဓိပ္ပာယ်ဖွင့်ဆိုပါ တယ်။ “အင်အားကောင်းသော နိုင်ငံများက အင်အားချည့်နဲ့သော နိုင်ငံများကို မတရား သိမ်းပိုက်အုပ်စိုးသောဝါဒ”၊ “တနိုင်ငံက တနိုင်ငံကို ကျူးကျော်စော်ကားထားသောဝါဒ”ကို နယ်ချဲ့ဝါဒလို့ ခေါ်ကြောင်းဖြင့် နယ်ချဲ့ဝါဒကို ဖွင့်ဆိုလိုက်တယ်။

ဆက်လက်ပြီးတော့ “နယ်ချဲ့ဝါဒရဲ့ အဓိကအကြောင်းရင်း” တခုအဖြစ် “ဓနရှင်ဝါဒနှင့် ကမ္ဘာပေါ်ရှိ တိုင်းပြည်အသီးသီးတို့၏ ဆူကြုံနိမ့်မြင့် အဆင့်အတန်းမညီ ကွဲပြားခြားနားမှု” ကို စွဲချက်တင်ထားပါတယ်။ (ဓနရှင်ဝါဒကိုတော့ ခုအခါ အရင်းရှင်စနစ်လို့ အသုံးများပါတယ်။) အဲဒီ “ဓနရှင်ဝါဒကို အလွယ်ကူဆုံးစကားဖြင့် ဖော်ပြရလျှင် ကုန်ကို ထုတ်လုပ်ရာ၌ လူအများ အကျိုးရှိစွာ စားသုံးရန်အတွက် ထုတ်လုပ်ခြင်းမဟုတ်ဘဲ အမြတ် ထွက်ရန်အတွက် ထုတ်လုပ်သော စီးပွားရေးစနစ်ကို ခေါ်ဝေါ်ခြင်းဖြစ်လေသည်” လို့ ဖွင့်ဆိုပါတယ်။ ဒီဖွင့်ဆိုချက် တွေမှာ “မတရား” ဆိုတဲ့ ဝေါဟာရနဲ့ “ကျူးကျော်စော်ကား” ဆိုတဲ့ စကားတွေ သုံးထားတာကို ကြည့်ရင် ဦးသန့်ဟာ ကုလသမဂ္ဂရောက်နေချိန်မှာလည်း ဓနရှင်ဝါဒနဲ့ နယ်ချဲ့ဝါဒတို့ကို ခါးခါးသီးသီး မုန်းတီးတယ်ဆိုတာ သတိပြုသင့် ပါတယ်။

အနောက်ဥရောပ အစရှိတဲ့ အရင်းရှင်နယ်ချဲ့နိုင်ငံက သမိုင်းစာအုပ်တွေမှာ မျက်မှောက်ခေတ်ရဲ့သမိုင်းကို “စက်မှုတော်လှန်ရေး” (Industrial Revolution) နဲ့ စဖွင့်လေ့ရှိပါတယ်။ သူတို့နိုင်ငံတွေမှာ စက်မှုထွန်းကားလာလို့ ကုန်ချောရောင်းဖို့ ဈေးကွက်ချဲ့ခြင်း၊ ကုန်ကြမ်းရှာဖို့ နယ်သစ်ရှာခြင်းကို တခမ်းတနား ရေးပါတယ်။ ဦးသန့် နိဒါန်းချီခြင်းဟာ လက်ဝဲသမားရေးဟန်ဖြစ်ပါတယ်။ ကွန်မြူနစ်တို့ရဲ့ သမိုင်းဆိုင်ရာ ရုပ်ဝါဒ (Historical Materialism) ရဲ့ အတွေးအမြင်တွေက ဆင်းသက်လာတာဖြစ်ပါတယ်။

ဦးသန့်ဟာ လက်ဝဲစာပေကလပ်အဖွဲ့ဝင်၊ နဂါးနီစာအုပ်သင်းခေါ် လက်ဝဲစာအုပ်အသင်းသားဖြစ်ခဲ့ပြီး နယ်ချဲ့ဗြိတိသျှလက်အောက်ခံ ကျွန်ဘ၀က လာခဲ့သူဖြစ်ပါတယ်။ မြန်မာနိုင်ငံကို လက်ဝဲသမား ဗိုလ်ချုပ် အောင်ဆန်း၊ သခင်နု၊ စတာလင်ငြိမ်းချမ်းရေးဆုရ သခင်ကိုယ်တော်မှိုင်း၊ ဖေဗီယန်ဆိုရှယ်လစ် ဒီးဒုတ်ဦးဘချိုတို့က ဦးဆောင်ခဲ့တာဖြစ်ပြီး အဲဒီပုဂ္ဂိုလ်တွေဟာ သူ့မိတ်ဆွေရင်း၊ သူ့ဆရာရင်းတွေချည်းပါပဲ။ ဦးနုနဲ့ ဦးသန့်တို့ ကိုယ်တိုင် က ဆိုရှယ်လစ်နိုင်ငံ ထူထောင်ရေးအတွက် ရှေ့တန်းသဘောတရားရေး ဆရာတွေ ဖြစ်နေတယ်ဆိုတာလည်း သတိပြုရပါမယ်။

ဦးနုဟာ အာရှမှာ ဘက်မလိုက်ရေးမူဝါဒကို တီထွင်ဖော်ထုတ် ဦးဆောင်သူတဦးအဖြစ် ထင်ရှားပါတယ်။ ဒီဝါဒကို ထူးထောင်ပြီး ဘန်ဒေါင်းကွန်ဖရင့် ဘက်မလိုက်ပထမညီလာခံလုပ်ခဲ့ရာမှာ ဦးသန့်က ညီလာခံ အတွင်းရေးမှူးပါ။ လူထု ဦးလှနဲ့ လက်ဝဲသမား ကျောင်းသားခေါင်းဆောင်များလည်း ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ ဘက်မလိုက် မူဝါဒဟာ တရုတ်ကွန်မြူနစ် ခေါင်းဆောင် ချူအင်လိုင်းနဲ့ ဦးနုတို့ရဲ့ ချစ်ကြည်ရေးစာချုပ်ကို အခြေခံခဲ့ပါတယ်။ ဘက်မလိုက်ဘူးဆိုတဲ့စကားရဲ့ အဓိပ္ပာယ်က နယ်ချဲ့အရင်းရှင် အမေရိကန်တို့ဘက်ကို မလိုက်ဘူးဆိုတဲ့ အဓိပ္ပာယ်ဘက်ကို ပိုကဲနေပါတယ်။ ဒီလိုနဲ့ လက်ဝဲစာပေကလပ်အသင်းဝင်၊ နဂါးနီအသင်းဝင် ဆိုရှယ်လစ်ပန်းတိုင် ချီတက်ရင်း ဘက်မလိုက်ဝါဒ ထူထောင်တဲ့ နိုင်ငံက ၀န်ကြီးရဲ့ အတွင်းဝန် ပြန်ကြားရေးဌာနရဲ့ ညွှန်ကြားရေးဝန် ဦးသန့်ဟာ “လက်ဝဲညှော်နံ့မပျောက်” သို့မဟုတ် “လက်ဝဲရနံ့သင်း” ဆဲ ဖြစ်နေတယ်လို့ ဆိုချင်ပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၁ က ၁၉၇၁ ခုနှစ်အထိ သက်တမ်းနှစ်ဆက်ကို ဦးသန့်က ထူးထူးခြားခြား တာဝန်ထမ်းဆောင်ရပါတယ်။ ဗုဒ္ဓ၀ါဒီဆိုတဲ့စကားကို ရှေ့တန်းတင်ရင်း ဗုဒ္ဓအလိုတော်အရ မေတ္တာဝါဒနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဆောင်ရွက်နေတယ်လို့ ကျော်ကြားပါတယ်။ ဒါပေမယ့် ပြည်တော်သာခရီး ပထမပိုင်းရဲ့ နိဒါန်းစကားဖြစ်တဲ့ နယ်ချဲ့အရင်းရှင်စနစ်နဲ့ ဆင်းရဲပြီး အင်အားချည့်နဲ့တဲ့ နိုင်ငံများကြား ပဋိပက္ခ တရားကို မမေ့ပါဘူး။ နယ်ချဲ့ခြင်း၊ ကျူးကျော်ခြင်းကို မကြိုက်ပါဘူး။ တရုတ်ပြည်ကြီး ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်ရေး၊ ကျူးဘားကို ဒုံးပျံမရောက်ရေး၊ ဗီယက်နမ်ဗုံးကြဲတာ ရပ်စဲရေးတို့ကို စွဲစွဲမြဲမြဲ တောင်းဆိုခဲ့ပါတယ်။

ဦးသန့်က “ကွန်မြူနစ်ဝါဒဟာ ကျွန်ုပ်တို့ရဲ့ ရန်သူအစစ်မဟုတ်။ ရန်သူအစစ်ကတော့ ဆင်းရဲခြင်းပါပဲ” လို့ အမြဲပြောခဲ့ပါတယ်။ ဒီစကားမျိုးဟာ အနောက်နိုင်ငံသားတွေ မပြောတဲ့ စကားမျိုးပါ။ “လူမျိုးခွဲခြားတဲ့ အာဃာတ စိတ်ဟာ စိတ်ရောဂါတမျိုးပဲ” လို့ ပြောခဲ့တာလည်း နိုင်ငံကြီးတွေက အသားအရောင် ခွဲခြားသူ၊ လူမျိုးခွဲခြားသူတွေ ကို “အရူး” လို့ ဆိုလိုက်တာပါပဲ။ သူ့ရဲ့ “ဒိုင်း” က ဗုဒ္ဓ၀ါဒပါ။ ဘာပဲဖြစ်ဖြစ် သူရဲ့ ငြိမ်းချမ်းရေးအားထုတ်မှုတွေဟာ အောင်မြင်ပြီး ငြိမ်းချမ်းရေး ဗိသုကာကြီး ဦးသန့်လို့ ကျော်ကြားခဲ့ပါတယ်။ ဗုဒ္ဓ၀ါဒီတဦးရဲ့ လက်ဝဲ၀ါဒ စွဲလမ်းမှု တမျိုးပေတကားလို့ ဆိုရင် သဘောတူကြပါသလားခင်ဗျား။



မောင်စွမ်းရည်
REF: ခေတ်ပြိုင်

Read More...

ကြပ်ပြေးနေပြည်တော်မှာ ပေါ်လာတဲ့ ပေါ်တာများ - စွာကျယ်


မတ်လ(၁၁) ရက်၊ ၂၀၀၉
ကြပ်ပြေးနေပြည်တော်ကြီးကို အကွက်ကျကျ၊ အစီအမံနဲ့ ဝန်ထမ်းတွေကို ရန်ကုန်ကခေါ်လာ၊ တည်ဆောက်ရေး လုပ်ငန်းတွေကလည်း ပြီးစီးလုနီးပါး၊ သုံးနှစ်ခန့်အကြာ ဒီအချိန်မှာ ပွဲလမ်းသဘင်တွေကို ဆက်တိုက်လုပ်ပြတော့ နေပြည်တော်ကြီးကို အထင်ကြီးစရာများ ထင်လာလေမလားလို့ ဒင်းတို့က ယူဆထားကြရော့လား၊ ဟိုးတုန်းက ရန်ကုန်မှာလုပ်ခဲ့တဲ့ ပွဲလမ်းတွေကလည်း အသံမစဲ ပဋ္ဌာန်းပွဲလို တဖွဲဖွဲလုပ်နေပြီ။ တနှစ်မှာ ပြက္ခဒိန်နှစ်ရဲ့အစက ဇန်နဝါရီလမှ နှစ်ကုန် ဒီဇင်ဘာထိ တမျိုးပြီးတမျိုး အနားမရအောင်လုပ်ပြတဲ့ ပွဲလမ်းတွေ။


အဲဒီပွဲတွေ စည်ကားအောင်လုပ်ရမှာ ငါတို့အလုပ်။ ဒီလိုလုပ်ခဲ့တာ အခုမှမဟုတ်ဘူး ဟိုး လွန်ခဲ့တဲ့အနှစ် (၄ဝ) ကျော်ထဲက။ ပိုဆိုးလာတာက အနှစ် (၂ဝ) ကျော်ကနေ ဒီနေ့အထိ ဒီပွဲတွေလုပ်ပြတာ ရိုးအီနေပေမယ့် ဒင်းတို့ကတော့ မျိုးဗီဇကောင်းကောင်းနဲ့လုပ်တာတဲ့။ ဒီဟာက ငါတို့ကိုထောက်ခံကြိုဆိုပွဲ၊ ဟိုဟာက သူတို့ကို ရှုံ့ချပွဲ၊ တယ်လည်း တရားတယ်ဆိုပဲ။

ပြီးတော့ ရှေးဟောင်းပုဂံနယ်မြေက ပြည်သူတို့ရဲ့ အဓိဋ္ဌာန်ဆိုလား၊ လက်သီးလက်မောင်းတန်းပြီး အော်ဟစ် ပြလိုက်သေး။ လာကြလာကြ မနက်လေးနာရီအရောက်။ အဝေးနယ်တွေကဆိုရင် ချောဆွဲထားတဲ့ကားနဲ့လာ၊ အနီးရွာတွေကဆိုရင် ခြေလျင်လျှောက်အော်ကြ။ မင်းတို့ ငါတို့ကိုထောက်ခံကြ၊ မင်းတို့ ငါတို့ကို ထောက်ခံဖို့ အလုပ်ကို ငါတို့က အလုပ်ရှုပ်ရှုပ်နဲ့ လုပ်ခဲ့တာကြာပြီပဲ။

ဒီရောဂါက အခုဆိုပိုဆိုးလာပြီ။

ဒီကြပ်ပြေးကြီးပေါ်လာမှ နေပြည်တော် တော်ဝင်ပွဲတွေလို့ အထင်အမြင်တွေနဲ့ အရင်ဟာတွေနဲ့မတူအောင် ဒင်းတို့က တစခန်းထ လက်ပန်းမကျအောင်လုပ်ပြတာ နှစ်အစ ဇန်နဝါရီလက လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနား။

ဒို့ပြည်ကြီးကလည်း ၁၉၄၈ မှာ လွတ်လပ်ရေးကို မနက်အစော (၄) နာရီ (၂ဝ) မှာရပြီလို့ သတ်မှတ်ခဲ့တာကိုး။ (၄) နာရီ (၂ဝ) ဆိုတာ အသေအချာကြည့်ရင် ဖိုးတွမ်တီးဆိုတော့၊ အခုအချိန်အထိ အလိမ်အညာနဲ့ ဆက်တိုက်အုပ်ချုပ် ခံခဲ့ရတာ မဆန်းဘူးလေ။

ဟို နေပြည်တော်မှာ သူတို့နေရာသတ်မှတ်တဲ့ မြို့တော်ခန်းမကွင်းမှာ (၄) နာရီ (၂ဝ) အလံတင်ဖို့ ကျုပ်တို့ ဝန်ထမ်းတွေ မနက် (၂) နာရီထဲက စောစောစီးစီး၊ ချမ်းချမ်းစီးစီးနဲ့ ထလာခဲ့ရတာ၊ ဒီပွဲတော်လာဖို့ ကြိုတင်စာရင်းယူ အပျင်းထူပြီး နောက်ကျကျန်ရစ်ခဲ့ရင် ငါတို့ကိုအဆိုးမဆိုနဲ့၊ အပိုးကျိုးသွားစေရမယ်တဲ့။ ပျက်ကွက်ရင် မင်းတို့တာဝန်၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနတွေက အပြီးသတ်အထိ ကြီးကြပ်ရမယ်တဲ့။

ဒီပွဲပြီးတော့ နောက်လမှာ ဖေဖော်ဝါရီ (၁၂) ရက် ပြည်ထောင်စုပွဲ လာပြန်ပြီ။ ဝန်ကြီးဌာနတွေက ခွဲတမ်းနဲ့ ဝန်ထမ်းအားလုံး တက်ရမယ်။ အဆောင်တွေက ဘယ်နှနာရီထ၊ ကားတွေပေါ် အတင်းတက်ရလို့ ငြင်းမရဘူး။ မင်းတို့လာရမယ်။ ဘယ်ရုံးကဘယ်နှယောက်၊ ဘယ်ဌာနတွေက ယူနီဖောင်းနဲ့၊ ကွင်းထဲမှာပြည့်လျှံမယ်၊ ကားနဲ့ပို့မယ်၊ ကားကြိုမှပြန်ရမယ်၊ အနွေးအင်္ကျီမဝတ်ရဘူး၊ ဝတ်လာရင် ချွတ်ပြီးပြရ။ အေးစက်တဲ့ဆောင်းနံနက်ခင်း နှင်းတွေကျလို့ အရိုးကွဲအောင် အေးပြီး ခံစားရတဲ့ ကျုပ်တို့ဘဝ နေပြည်တော်မှာ ပေါ်တာဆွဲခံရသလို။

မတ်လ (၂၇) ကျတော့ ပျိုမဒီတို့ ပန်းစည်းဆက်ရမှာလည်း ဒီလိုပဲ လာကြရမယ်၊ မပျက်မကွက် လိုက်ခဲ့ရမယ့် ဒီနေရာ၊ ဟိုနေရာ မသွားရဘူး၊ မလာမချင်း ပန်းစည်းကိုင်စောင့်၊ နေပူပူမှာရပ်ရလို့ နေလှမ်းသလို။ ဒါ့အပြင် ဝတ်လာတဲ့ အဝတ်အထည်တွေပေါ် တကိုယ်လုံးအစမ်းခံရ၊ ပါသလားလက်နက်၊ မယုံဘူး မင်းတို့ကို ရှာပြီးမှ အထဲဝင်ရမယ်၊ ဘာလို့များခေါ်ရသလဲ၊ ဒါလည်းကျုပ်တို့ဘဝ နေပြည်တော်မှာ ပေါ်တာဆွဲခံရသလို။

နေပူတဲ့ ဒီမှာ ဧပြီရောက်ရင် သေပြီပေါ့။ သင်္ကြန်ရုံးပိတ်ရက် ရှည်ရှည်မှာ ရန်ကုန်ပြန်ကြမယ့် စိတ်ကူးနဲ့ကြံလိုက်ရင် ပျက်သွားလိုက်မယ့် အစီအစဉ်တွေ၊ ဟော ပျိုမဒီတွေပါမကျန် ရုံးဂျူတီတွေချတဲ့ အမိန့်တွေထွက်လာတော့ ကျုပ်တို့ ဘဝ နေပြည်တော်မှာ ပေါ်တာဆွဲခံရသလို။

နေ့ကြီးရက်ကြီးတွေလုပ်သမျှ ကျုပ်တို့အဓိကတဲ့လေ၊ ဘာဖြစ်လို့ငြီးနေတာလဲ။ ရန်ကုန်ကခေါ်လာကတည်းက မင်းတို့က ငါတို့လက်ခုပ်ထဲကရေ၊ ဘာတွေလာပြောဦးမှာလဲ။ မနက်အစောထဆိုရင်ထ၊ ညမိုးချုပ်မှပြန်ဆိုမှပြန်၊ ဟန်ကျတာ ဟန်မကျတာ ငါတို့မသိဘူး၊ မီးထိန်ထိန်ငြီးအောင် ငါတို့ထွန်းပေးထားတာ၊ မင်းတို့ရန်ကုန်မှဆိုရင်၊ အမှောင်ထဲ ဖယောင်းတိုင်ထွန်း၊ ယပ်ခတ်နေရမှာ မသက်သာဘူးဆိုတာ မသိဘူးလား။

နေ့ကြီးရက်ကြီးတွေမှာ အခမ်းအနားကွင်းထဲသွားရသလို ဆရာဒကာဆိုတဲ့ ပေါ်လစီကြောင့် ဘုန်းကြီးကျောင်းတွေနဲ့ ဝန်ထမ်းတွေ ဆရာတပည့်မွေးစေ။ သူတို့ဌာနက တောင်ကျောင်း၊ ငါတို့ဌာနကျတော့ မြောက်ကျောင်း၊ အကြောင်း မပြနဲ့ လှူကြစမ်း၊ သွားကြစမ်း၊ စားကြစမ်း၊ မလှူချင်၍ မရ၊ မသွားချင်လည်း မရ၊ ရုံးပိတ်ရက်တွေမှာပါ မနားရ။ ကဆုန်ညောင်ရေသွန်းပွဲ ဝန်မင်းကြီးကိုယ်တိုင် ညောင်ရေသွန်းမှာမို့ မင်းတို့တတွေ မနက် (၄) နာရီအရောက် လာစေ၊ ရုံးပိတ်ရက်မှာ ပုန်းထွက်စရာမရှိလို့ ကျုပ်တို့ဘဝ နေပြည်တော်မှာ ပေါ်တာဆွဲခံရသလို။

ဝါဆိုသင်္ကန်းကျတော့ ဒီဘက်ကကျောင်းကိုသွားကြ၊ ကထိန်သင်္ကန်းက ဟိုးက ကျောင်းကိုခင်း၊ ဒင်းတို့ရဲ့အမိန့်၊ မင်းတို့ကုသိုလ်ရအောင် ငါတို့က စိတ်ကောင်းနဲ့လုပ်ပေးတာတောင် အကောင်းမမြင်တဲ့ လူတွေကရှိသေး၊ ငါကောင်းကောင်းမနားရအောင် ဇယ်ဆက်သလို ပွဲလမ်းတွေ၊ ရာသီပွဲတော်တွေထဲမှာ ထမနဲထိုးပြိုင်ရလို့ ပျက်ခဲ့ရတဲ့ အိပ်ရေး တရေးမှမဝခဲ့တဲ့ရက်များ၊ ဒီလိုပွဲမျိုးတွေ ဆက်တိုက်လုပ်ခိုင်းတော့ ကျုပ်တို့ကပဲ စိတ်ရိုင်းသလိုလိုနဲ့ နေပြည်တော်မှာ ကျုပ်တို့ဘဝ ပေါ်တာဆွဲခံရသလို။

ဟော လာပြီ တပေါင်းပွဲတော်ကြီး။ အရင်က ရန်ကုန် ရွှေတိဂုံ တပေါင်းပွဲတော်ကြီး အခု ဥပ္ပါတသန္တိစေတီတော်ကြီး အထက်ဌာနပနာပိတ်ပွဲ၊ စိန်ဖူးတော်တင်ပွဲနဲ့ ဘုရားအနေကဇာတင်ပွဲကြီးတဲ့။ ပေါ့ပေါ့တန်တန်မဟုတ်ဘူး။ ဝန်ထမ်း ဦးရေနဲ့ ခွဲတမ်း၊ အကဲလာမစမ်းနဲ့၊ အတိအကျချထားတာ၊ လွတ်တဲ့ကုလားထိုင် ဘယ်သူဆိုတာ စာရင်းမှတ်မယ်၊ သုံးရက်ဆက်တိုက်၊ မင်းတို့တက်ရမယ်။

အဲဒီ စေတီတော်ကြီးကို သွားရမှာက မနက် (၄) နာရီခွဲ နေရာယူ၊ ဌာနတွေမှာ ဝတ်တဲ့တူညီဝတ်စုံနဲ့ အကုန်ဝတ်ကြ ရမယ်၊ ညွှန်မှူးတွေ၊ ထွေဂျာတွေက တာဝန်ယူကြီးကြပ်ကြလို့ ရုံးစာထွက်တာကတမျိုး။ ပျက်ကွက်ရင် သက်သက်မဲ့ ခံနေရဦးမယ်လို့ နှုတ်ကခြိမ်းခြောက်တာက တဖုံ။ ဘာသာတူတူ မတူတူ လာအူမနေနဲ့ လုံခြုံရေးအရ ဝန်ထမ်းကတ် ယူခဲ့၊ ရင်ဘတ်မှာ စတေကာ ကပ်ဝင်ရမယ်၊ ဝန်ထမ်းကတ်လဲပျောက် စတေကာပါ ပြုတ်ကျရင် အချုပ်ခံရမှာက (၃) ရက်၊ ဘုရားကြီးမှာ ရေထမ်း၊ သဲသယ်တဲ့အလုပ် (၃) ရက်လုပ်ပြီးမှ လွှတ်ပေးမယ်။

အနွေးထည်မဝတ်ရ၊ လည်စီးမပါရ၊ ဦးထုပ်မဆောင်းရ၊ နာရီလက်ကောက်၊ လက်စွပ်၊ လက်ကိုင်အိတ်တွေ၊ စားစရာတွေ ယူမလာရ၊ ပုဂံခေတ်ကလို ကျုပ်တို့ကို ကျွန်သုံးရွာပြု ကြေးစည်ထုပြီး၊ ဘုရားကြီးမှာ ဘုရားကျွန်တွေ အဖြစ် လှူခဲ့အုံးမှာလား။

(၄) နာရီခွဲအရောက် နောက်ကျရင်လက်မခံနိုင်ဘူး။ ဘယ်အချိန်ပြန်မလဲ မမေးနဲ့ မသိဘူး။ ညွှန်ကြားချက်ကို မလိုက်နာရင် ပျက်ကွက်သူတွေ ဘာဖြစ်သွားမယ် သိရဲ့လား။

မင်းတို့ဘဝ ခြင်းထဲကကြက်လို ဘယ်အချိန်ဖြစ်ဖြစ် ရိုက်ချက်လို့ရတယ်။ လက်ခုပ်ထဲကရေဆိုတာ ကြားဖူးမှာပေါ့။ မှောက်လိုမှောက် သွန်လိုသွန်၊ အလွန်အကျွံဖြစ်လာရင် မင်းတို့ကျွန်တွေ ဘယ်သူ့ပြောရဲမှာလဲ၊ တကယ်တော့- နေပြည်တော်မှာ ကျုပ်တို့ဘဝ ပေါ်တာဆွဲခံရသလို။



စွာကျယ်
REF: ခေတ်ပြိုင်

Read More...

စစ်အစိုးရကို ICC တင်နိုင်မယ့် အလားအလာ သြစတြေးလျ မပစ်ပယ်

12 March 2009

မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ အပြစ်ပေးတာ၊ ကလေးစစ်သား အသုံးပြုတာတွေနဲ့ တိုင်းပြည်တွင်း စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကြောင့် မြန်မာစစ်အစိုးရကို ICC နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးမှာတင်ပြီး စစ်ဆေးဖို့ အလားအလာဟာ အနာဂတ်မှာ ဖြစ်လာနိုင်ခြေရှိတယ်လို့ သြစတြေးလျအစိုးရက ပြောလိုက်ပါတယ်။ သြစတြေးလျ အထက်လွှတ်တော်မှာ ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ ကြားနာ စစ်ဆေးပွဲအတွင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို ပြောခဲ့တာပါ။ ဒါ့အပြင် သြစတြေးလျ အထက် လွှတ်တော်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး လွှတ်တော်တရပ်လုံးရဲ့ ထောက်ခံချက်နဲ့ ဆုံးဖြတ်ချက်တခု ချမှတ်ခဲ့ပါသေး တယ်။ ဒီကနေ့ သြစတြေးလျလွှတ်တော်ရဲ့ လှုပ်ရှားမှုတွေကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရကို ICC တင်ဖို့ အလားအလာနဲ့ပတ်သက်ပြီး သြစတြေးလျ အစိုးရအနေနဲ့ စဉ်းစားတာမျိုးရှိသလားလို့ လွှတ်တော်အတွင်း မေးခွန်းထုတ်ခဲ့သူကတော့ သြစတြေးလျ Green ပါတီရဲ့ အထက်လွှတ်တော်အမတ် မစ္စတာ စကော့တ်
လော်ဒ်လမ်မ် (Scott Ludlam) ပါ။

မစ္စတာ စကော့တ် လော်ဒ်လမ်မ်။
(ဓာတ်ပုံ-Green ပါတီ အင်တာနက်စာမျက်နှာ)

“သြစတြေးလျအစိုးရအနေနဲ့ မြန်မာစစ်အစိုးရကို ICCမှာတင်ပြီး စစ်ဆေးဖို့ အကြံပြုချက် တွေကို စဉ်းစားတာမျိုး ရှိ-မရှိ ကျနော် မေးခွန်းထုတ်ခဲ့ပါတယ်။ သြစတြေးလျအစိုးရ အနေနဲ့ ဒီလိုစစ်ဆေးဖို့ ပယ်ချထားတာမျိုး မရှိကြောင်း၊ ဒါဟာ အနာဂတ်မှာ အသုံးဝင်လာနိုင်ခြေရှိတဲ့၊ ဖြစ်လာနိုင်ခြေရှိတဲ့ အချက်ဖြစ်တယ်လို့ ပြန်ဖြေကြားခဲ့ပါတယ်။”

ဒါပေမဲ့လည်း မေးခွန်းထုတ်ခဲ့သူ အထက်လွှတ်တော်အမတ် မစ္စတာစကော့တ် လော်ဒ်လမ်မ် ကိုယ်တိုင်က ဒီလိုစစ်ဆေးတာမျိုး သိပ်မကြာခင်မှာ ဖြစ်လာလိမ့်မယ်လို့တော့ ထင်မထား ပါဘူး။ ICC မှာတင်ပြီး စစ်ဆေးဖို့ဆိုရင် အရင်ဆုံး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကနေ ဆုံးဖြတ်ချက်ချရပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တခုခု ထွက်လာဖို့မှာ အဓိက ထင်သာမြင်သာ ကန့်ကွက်နေတဲ့ နိုင်ငံနှစ်ခုက တော့ ဗီတိုအာဏာသုံးခွင့်ရှိတဲ့ တရုတ်နဲ့ ရုရှားတို့ပါ။

ဒါပေမဲ့ မကြာသေးခင်ကပဲ လက်ရှိ ဆူဒန်သမ္မတ အိုမာ အယ်လ်-ဘရှား (Omar al-Beshir) ကို ICC မှာစစ်ဆေးဖို့ ဖမ်းဝရမ်း ထုတ်လိုက်တာက ထူးခြားတဲ့တိုးတက်မှုတခု ဖြစ်ခဲ့တာကြောင့် အနာဂတ်မှာ မြန်မာအစိုးရကို အလားတူ စစ်ဆေးတာမျိုး အတွက် သြစတြေးလျအစိုးရရဲ့ ထင်မြင်ယူဆချက်ကို သူမေးခွန်းထုတ်ခဲ့တာဖြစ်တယ်လို့ အထက်လွှတ်တော်အမတ် မစ္စတာစကော့တ်က ပြောပါတယ်။

အခု ကြာသပတေးနေ့မှာပဲ သြစတြေးလျ အထက်လွှတ်တော်မှာ နိုင်ငံရေးပါတီအားလုံးက လွှတ်တော်အမတ်တွေအားလုံးရဲ့ တညီတညွတ်တည်း ထောက်ခံချက်နဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်တခု ချမှတ်ခဲ့ပါသေးတယ်။

“သြစတြေးလျ အထက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မှာ မြန်မာအစိုးရကို ပြစ်တင်ရှုတ်ချထားပါတယ်။ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေလုပ်ဖို့ တောင်းဆိုထားပါတယ်။ မြန်မာ့နိုင်ငံရေးမှာ တကယ့်ကို သိသာထင်ရှားတဲ့ တိုးတက်မှုတွေမရှိရင် ၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲကနေ ထွက်လာမယ့် ရလဒ်တွေကို အသိအမှတ်မပြုဖို့ သြစတြေးလျအစိုးရကို တောင်းဆိုထား ပါတယ်။”

အထက်လွှတ်တော်အမတ် စကော့တ် လော်ဒ်လမ်မ် ပြောပြသွားတာ ဖြစ်ပါတယ်။

တကယ်ကတော့ သြစတြေးလျ လွှတ်တော်အမတ်တွေဟာ မြန်မာ့အရေးကို အားကြိုးမာန်တက် ထောက်ခံသူတွေ ဖြစ်ကြပါ တယ်။ မြန်မာ့ဒီမိုကရေစီအရေး သြစတြေးလျလွှတ်တော်အမတ်များအဖွဲ့ (APDB) ဆိုတာကိုတောင် ဖွဲ့စည်းလုပ်ဆောင်နေ ကြပြီး မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ လွှတ်တော်ဆုံးဖြတ်ချက်တွေလည်း မကြာခဏ ထွက်လာလေ့ရှိပါတယ်။ ဒါပေမဲ့လည်း သြစတြေးလျအစိုးရကတော့ လွှတ်တော်အမတ်တွေလောက် မြန်မာ့အရေးကို အားတက်သရော လုပ်ဆောင်တာ မတွေ့ရ ပါဘူး။ ဒါ့အပြင် မြန်မာရဲတပ်ဖွဲ့ကို လေ့ကျင့်ပေးတာတွေ၊ အရပ်ဖက်အရာရှိကြီးတွေကို လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဥပဒေ တွေအကြောင်း သင်တန်းပေးတာတွေ စသည်အားဖြင့် ရှိခဲ့ဖူးသလို ကုန်သွယ်ကူးသန်းရောင်းဝယ်မှုတွေ ဆက်လုပ်နေတဲ့ အတွက်လည်း မကြာခဏ ဝေဖန်ခံရပါတယ်။

ဒီတော့ အထက်လွှတ်တော်က ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကို အစိုးရက ဘယ်လောက်များ ထိထိရောက်ရောက် လိုက်နာ လုပ်ဆောင်မှာပါလဲ၊ လွှတ်တော်နဲ့ အစိုးရကြား မတူကွဲပြားနေတဲ့ ချဉ်းကပ်မှုတွေကိုရော ဘယ်လိုညှိနှိုင်းယူပြီး ဘုံတူညီထိရောက်တဲ့ လုပ်ဆောင်မှု ဖြစ်စေမှာပါလဲ၊ အထက်လွှတ်တော်အမတ် စကော့တ်လော်ဒ်လမ်မ်ကတော့ ဒီကနေ့ ချမှတ်လိုက်တဲ့ လွှတ်တော်ရဲ့ တညီတညွတ်တည်း ဆုံးဖြတ်ချက်ဟာ အစိုးရကို အင်မတန်အားကောင်းတဲ့ သတင်းစကား ပါးလိုက်တာပါပဲလို့ ဆိုပါတယ်။

“သြစတြေးလျအစိုးရ လုပ်နေတာက သူတို့လုပ်နိုင်ခြေရှိတယ်လို့ ထင်တာတွေကို လုပ်နေတာပါ။ ဒီကနေ့ ကျနော်တို့ လုပ်ဆောင်ခဲ့တာက အာဏာရပါတီကရော အာဏာရမဟုတ်တဲ့ပါတီကရော လွှတ်တော်အမတ်တွေ အားလုံးကနေ ပိုပြီးအားကောင်းတဲ့ လုပ်ဆောင်မှုမျိုး အစိုးရကလုပ်တာကို မြင်ချင်တယ်လို့ ပြောလိုက်တာပါ။ ဖြစ်နိုင်ခြေရှိတဲ့ လုပ်ဆောင်မှု အားလုံးထဲမှာ ICC လိုကိစ္စမျိုးဖြစ်ဖြစ်၊ တခြားပုံစံတွေဖြစ်ဖြစ် အားလုံးကို ရှာဖွေဖို့ ကျနော်တို့က တညီတညွတ်တည်း တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။"

သြစတြေးလျ အထက်လွှတ်တော်ရဲ့ ဒီကနေ့ဆုံးဖြတ်ချက်ကြောင့် မြန်မာနိုင်ငံက အသက်တချောင်းကိုလည်း ကယ်တင်နိုင် တာမျိုး မရှိ၊ နိုင်ငံရေးအကျဉ်းသားတယောက်ကိုလည်း လွတ်လာနိုင်စေတာမျိုး မရှိပေမဲ့ ဒီလို စကားချည်းသက်သက်ဆုံးဖြတ်ချက်မျိုးနောက်ကနေ အားကောင်းတဲ့လှုပ်ရှားမှုတွေ ဆက်ပြီး လုပ်ဆောင်သွားဖို့ အခြေအနေ ဖြစ်လာစေပါတယ် လို့လည်း မစ္စတာ စကော့တ် လော်ဒ်လမ်မ်က ပြောခဲ့ပါတယ်။

သံတမန်ရေးစကားတွေနောက်မှာ အမှန်တကယ် ဘာတွေဖြစ်နေတယ်ဆိုတာကို သိရဖို့က အင်မတန်ခက်ခဲကြောင်း၊ ဒီ စကားတွေနောက်မှာ တကယ်လုပ်ဆောင်တဲ့အခြေအနေ ဘယ်လိုရှိတယ်ဆိုတာကို သိဖို့ရာဟာ မိမိတို့ နောက်ထပ် ဆက်လုပ်သွားမယ့်အလုပ် ဖြစ်ပါတယ်လို့လည်း ဆိုပါတယ်။

ကြာသပတေးနေ့ကကျင်းပတဲ့ သြစတြေးလျ အထက်လွှတ်တော်တွင်း ဆွေးနွေးပွဲကို ပြည်ပရောက် မြန်မာ လွှတ်တော် ကိုယ်စားလှယ် ၃ ဦးလည်း လေ့လာသူအဖြစ် တက်ရောက်နားထောင်ခွင့် ရခဲ့ပါတယ်။



REF: ဗွီအိုအေ

Read More...

ကလေးစစ်သား ပပျောက်ရေး တိုးတက်မှု မလုံလောက်သေး

12 March 2009

မြန်မာအစိုးရအနေနဲ့ မြန်မာနိုင်ငံတွင်း ကလေးစစ်သား ပပျောက်ရေး ကိစ္စတွေကို ဆောင်ရွက်တဲ့နေရာမှာ တိုးတက် အောင်မြင်မှုတွေ ရှိနေတယ်လို့ ကုလသမဂ္ဂကို အစီရင်ခံပေမဲ့ တကယ်တမ်းမှာတော့ နိုင်ငံတွင်း ကလေးစစ်သား ပပျောက်ရေး ဆောင်ရွက်ချက်တွေမှာ အားနည်းချက်တွေ ရှိနေတုန်းပဲလို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကတော့ ဝေဖန်ခဲ့ပါတယ်။ ဘယ်လိုအားနည်းချက်တွေ ရှိနေတာလဲဆိုတာ ကိုသားညွန့်ဦး မေးမြန်းစုံစမ်းပြီး တင်ပြပေးထားပါတယ်။

မြန်မာအစိုးရဟာ ကလေးစစ်သား အသုံးပြုမှုကို တိတိကျကျ လမ်းညွန်မှုတွေ၊ ဥပဒေတွေ ထုတ်ထားပြီး ကလေးစစ်သား ပပျောက်ရေး အစီအမံတွေကို ဆောင်ရွက်ပြီး အောင်မြင်တိုးတက်မှုတွေလည်း ရထားပြီလို့ မြန်မာစစ်အစိုးရဘက်က ကုလသမဂ္ဂမှာ ပြောသွားပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တက်ရောက်လာတဲ့ မြန်မာအစိုးရ ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးကျော်မျိုးထွတ်ကနေ မတ်လ ၁၁ ရက်နေ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနှစ်ပတ်လည် အစည်းအဝေး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကိစ္စရပ်မှာ အခုလို ပြောသွားခဲ့တာပါ။

“စစ်တပ်ထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ်တွေကို စစ်သားအဖြစ် မစုဆောင်းဖို့ဆိုတာ မြန်မာအစိုးရအနေနဲ့ ပိုင်းဖြတ်ချက်ရှိရှိ ဆောင်ရွက်နေပါတယ်။ မနှစ်ကတော့ အသက်မပြည့်တဲ့ ကလေးငယ်စုစုပေါင်း ၈၃ ယောက်ကို စစ်တပ် အတွင်းက ဖယ်ရှားနိုင်ခဲ့ပါတယ်။ တခြားသက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) တို့နဲ့ တွဲလုပ်ပြီးတော့ သူတို့ မိဘအုပ်ထိန်းသူတွေထံကို ပြန်အပ်ပေးခဲ့ပါတယ်။ ဒီလို အသက်မပြည့်သေးတဲ့ ကလေးတွေကို စစ်သားအဖြစ် စုဆောင်းတဲ့ စစ်တပ်အတွင်းက တာဝန်ရှိသူတွေကိုလည်း အရေးယူခဲ့ပါတယ်။

“ဒါ့အပြင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြရမယ်ဆိုရင်လည်း ကလေးစစ်သားဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် ရဲ့ အထူးကိုယ်စားလှယ် မစ္စ ရာဒီကာ ကုမာရာဆွာမိကိုလည်း မြန်မာနိုင်ငံကို ၂၀၀၇ ဇွန်လက ဖိတ်ကြားပြီး တပ်တွင်း က ကလေးစစ်သားတွေနဲ့ ပတ်သက်လို့ အချက်အလက် မျက်မြင်တွေ့ရှိနိုင်ဖို့ စစ်ဆေးလေ့လာခွင့် ပေးခဲ့ပါတယ်။”

ဒါပေမယ့် လူ့အခွင့်အရေးအဖွဲ့တွေကတော့ မြန်မာနိုင်ငံတွင်း ကလေးစစ်သား ပပျောက်ရေး ဆောင်ရွက်ချက်တွေမှာ တိုးတက်မှုတွေ ရှိလာတယ်ဆိုတာ လက်ခံပေမဲ့လို့ လုံလောက်ပြီလို့ မယူဆပါဘူး။ မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေး ဌာန ညွှန်ကြားရေးမှူး ကိုအောင်မျိုးမင်းကတော့ ကလေးစစ်သား ပပျောက်ရေး အစိုးရ ဆောင်ရွက်ချက်မှာ အားနည်းချက် တွေ ရှိတုန်းပဲလို့ ထောက်ပြခဲ့ပါတယ်။

“အရင်တုန်းကတော့ ကလေးစစ်သား လုံးဝမသုံးဘူးလို့ သူတို့ ငြင်းပယ်ထားတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကလေးစစ်သား အနည်းငယ်ရှိတယ်ဆိုပြီး ၀န်ခံလာတယ်။ တချို့ကလေးစစ်သားလေးတွေ စစ်တပ်ထဲကပြန်ပြီးတော့ ခေါ်ထုတ်ပြီးတော့ မိဘနဲ့ ပြန်တွေ့ပေးတယ်ဆိုတဲ့ သတင်းတွေ ရရှိပါတယ်။ ဒါပေမယ့် အဲဒီလိုလုပ်နိုင်တဲ့ အရေအတွက်က လက်ချိုးရေလို့ ရနေတာ ဖြစ်တယ်။ နောက်တခါ ဒီလိုမျိုးဖြစ်တဲ့ ကလေးတွေကို ဘယ်လိုနည်းနဲ့ သူတို့ စုံစမ်းဖော်ထုတ်လဲ၊ ဘယ်လိုမျိုးနည်း နဲ့ ပြန်လည်ကယ်ထုတ်ပေးလဲဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ တိတိကျကျ ပြဋ္ဌာန်းထားတာ မရှိပါဘူး။”

အဓိကကြုံနေရတဲ့ အခက်အခဲ အကျပ်အတည်းကတော့ ကလေးစစ်သားအသုံးပြုမှု တွေ့တာကို တိုင်ကြားရင် ဒါမှမဟုတ် ကလေးစစ်သားအဖြစ် အတင်းစုဆောင်းခံရတဲ့ မိဘတွေက တိုင်ကြားရင် သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေဘက်က တိုင်ကြားသူတွေကို ခြိမ်းခြောက်တာမျိုး၊ အငြိုးထားပြီး အရေးယူတာမျိုးတွေ ရှိတတ်တယ်လို့ ကိုအောင်မျိုးမင်းက ပြောပါတယ်။

“ကျနော်တို့တွေ့ရှိရတဲ့ သတင်းအရဆိုရင်တော့ တောင်ဒဂုံမြို့နယ်မှာရှိတဲ့ ကိုသိန်းစိုးဆိုတဲ့သူဆိုရင် ကလေးစစ်သား တိုင်ကြားမှုကို ခဏခဏလုပ်တဲ့အတွက် သူ့ကို တခြား တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ အပြစ်ပေး အရေးယူမှုတွေရှိတယ်။ နောက်တခါ ကလေးစစ်သား မိဘတချို့ကိုဆိုရင် သွားရောက်တိုင်ကြားတဲ့အတွက် သူ့ရဲ့အိမ်ကနေ ဖယ်ထုတ်ခိုင်းတဲ့ အမှုတွေ ရှိနေတော့ ဘယ်လောက်ထိပဲ ကယ်ထုတ် ကယ်ထုတ် တိုင်ကြားမှုကို အရေးယူဆောင်ရွက်ပေးတာ မရှိဘူး။ တိုင်ကြားတဲ့သူကို အနှောင့်အယှက်ပေးတဲ့အမှုတွေ ရှိနေခြင်းက ကလေးစစ်သားအသုံးပြုမှု ဘယ်လိုမှ ရပ်တန့်သွားတဲ့ အခြေအနေမျိုးလို့ ပြောလို့မရပါဘူး။ နောက်ထပ်တိုင်ကြားမယ့်သူတွေအတွက် အရမ်းကို အားလျော့စေပါတယ်။”

မြန်မာအစိုးရအနေနဲ့ကတော့ ကလေးစစ်သားပပျောက်ရေး ကော်မတီကို ၂၀၀၄ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သလို တဘက်မှာ ကလေးစစ်သား အသုံးမပြုဖို့ ဥပဒေ ညွှန်ကြားချက်တွေလည်း ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ကလေးစစ်သား အသုံးပြုမှုနဲ့ ပတ်သက်ပြီး ကမ္ဘာမှာ အဝေဖန်ခံနေရတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ မြန်မာစစ်အစိုးရတပ်တွေတင်မက တခြား မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ယူထားတဲ့၊ ဒါမှမဟုတ် မြန်မာစစ်အစိုးရနဲ့ တိုက်ခိုက်နေဆဲရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချို့အတွင်းမှာလည်း ကလေးစစ်သားအသုံးပြုမှုတွေ ရှိတယ်ဆိုပြီးတော့ လူ့အခွင့်အရေးအဖွဲ့တွေက အစီရင်ခံစာ ထုတ်ပြန်ထားခဲ့ကြပါတယ်။



REF: ဗွီအိုအေ

Read More...

UNHCR လုပ်ငန်း တိုးချဲ့ရေး စစ်အစိုးရ လက်ခံ

12 March 2009

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘင်္ဂလားဒေ့ရှ်ပြန် ရိုဟင်ဂျာတွေရဲ့ အခြေအနေမှာ လိုအပ်ချက်တွေ အများကြီး ရှိနေပြီး ဒီကိစ္စကို တိုးချဲ့ဆောင်ရွက်ဖို့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အန်တိုနီယို ဂူတာရပ်စ် (Antonio Guterres) နဲ့ မြန်မာစစ်အစိုးရတို့ကြားမှာ သဘောတူညီမှုတွေ ရရှိခဲ့ကြပါတယ်။ မြန်မာနိုင်ငံကို ၆ ရက်ကြာ သွားရောက်ခဲ့တဲ့ မစ္စတာ ဂူတာရပ်စ်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး UNHCR က ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် UNHCR ပြောရေးဆိုခွင့်ရှိသူ ဂူဆက်ပီ ဒါဗင်စန်တီ (Giuseppe de Vincentis) ကို ဆက်သွယ်မေးမြန်းပြီး ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

လှေစီးပြေး ရိုဟင်ဂျာပြဿနာ အပါအ၀င် မြန်မာနိုင်ငံမှာ နေရပ်ရင်းကို စွန့်ခွာထွက်သွားနေရသူတွေရဲ့ ပြဿနာနဲ့ ပတ်သက်လို့ လေ့လာအကဲခတ်ဖို့ မြန်မာပြည်ကို သွားခဲ့တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက သူ့ရဲ့ခရီးစဉ် အဆုံးသတ်ချိန်မှာပဲ မြန်မာနိုင်ငံထဲက သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေ၊ ဆောင်ရွက်မှုတွေမှာ လစ်ဟာချက်တွေ ရှိနေသေး တဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။ UNHCR မဟာမင်းကြီး အန်တိုနီယို ဂူတာရပ်စ် ၆ ရက်ကြာခရီးစဉ် အဆုံးသတ်ချိန်မှာ အခုလိုပြောလိုက်တာပါ။

မဟာမင်းကြီးက သူ့ရဲ့ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေ၊ ရိုဟင်ဂျာတွေ ထွက်ပြေးလာရာ ဒေသတခုလို့ ဆိုနေတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ စတဲ့ဒေသတွေကို သွားရောက်ခဲ့ပြီး လေ့လာအကဲခတ်ချက်တွေအပေါ် အခြေခံပြီး အခုလိုပြောရတာလို့ UNHCR ဘန်ကောက်ရုံးက ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဂူဆက်ပီ ဒါဗင်စန်တီက ပြောပါတယ်။

“ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်းမှာ ကျနော်တို့လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေမှာ တကယ့်လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် တိုးချဲ့လုပ်ကိုင်ဖို့ လိုအပ်နေတယ်လို့ မဟာမင်းကြီးက စုံစမ်းတွေ့ရှိခဲ့ပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့လည်း အစိုးရတာဝန်ရှိသူတွေနဲ့ ကျကျနန ဆွေးနွေးနိုင်ခဲ့ပါတယ်။ ကျနော်တို့ လုပ်ငန်းတွေကို တိုးချဲ့ဖို့အတွက်လည်း ပြောနိုင်ခဲ့ပါတယ်။”

ဒီလိုတိုးချဲ့မယ့်ကိစ္စတွေအတွက်လည်း နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စည်ပင်သာယာရေး ၀န်ကြီးဌာနကို UNHCR ဘက်က အဆိုပြု တင်ပြဖို့လည်း မြန်မာစစ်အစိုးရက ပြောခဲ့တယ်ဆိုပြီး UNHCR က ဆိုပါတယ်။ ဒါဟာဆိုရင် ဒီနှစ်ထဲမှာ ကုလသမဂ္ဂရဲ့ အဆင့်မြင့်ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို ၀င်ထွက်သွားလာနေတဲ့အထဲက နောက်ဆုံး ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

ဒီမတိုင်ခင်တုန်းကတော့ မပြေလည်နိုင်သေးတဲ့ မြန်မာ့နိုင်ငံရေး ပြဿနာတွေကို ကြားဝင်ဖျန်ဖြေပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ခန့်အပ်ထားတဲ့ အထူးအကြံပေးပုဂ္ဂိုလ် အီဘရာဟင်မ် ဂမ်ဘာရီ (Ibrahim Gambari)၊ လူ့အခွင့်အရေးအထူး စုံစမ်းစစ်ဆေးသူ တိုမာ့စ် အိုဟေး ကင်တားနား (Tomas Ojea Quintana)တို့လည်း သွားရောက်ခဲ့ကြတာပါ။

မကြာသေးခင် လတွေကစလို့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဘက်ကနေပင်လယ်ပြင်ကို လှေနဲ့ဖြတ်ပြီး ထွက်ပြေး လာတဲ့ ရိုဟင်ဂျာတွေ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား စတဲ့နိုင်ငံတွေကို ရောက်လာလို့ ဒီကိစ္စကို ကျယ်ကျယ်လောင်လောင်ပြောဆိုလာကြတဲ့နောက် အခုလို UNHCR ရဲ့ အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်ကိုယ်တိုင် မြန်မာနိုင်ငံအတွင်း သွားရောက်စုံစမ်းတာ တွေ လုပ်ဆောင်လာခဲ့တာလည်း ဖြစ်ပါတယ်။ ခရီးစဉ်အဆုံးအသတ်ခင် နောက်ဆုံးနေ့မှာတော့ မဟာမင်းကြီးဟာ တနင်္သာရီတိုင်း မြိတ်မြို့ကိုလည်း သွားရောက်ခဲ့ပြီးတော့ အဲဒီက UNHCR ရဲ့ လုပ်ငန်းတွေကို ကြည့်ရှုပြီး မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။



REF: ဗွီအိုအေ

Read More...

ဒေါ်စုနဲ့အတူ အမေရိကန် ခိုင်မာစွာရပ်တည်

12 March 2009

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံအတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရတဲ့ သူတွေ၊ လူ့အခွင့်အရေးအတွက် လှုပ်ရှားနေသူတွေနဲ့ အတူ သွေးစည်း ညီညွတ်စွာ ရပ်တည်နေတဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ထုတ်ဖေါ်ပြောဆိုပါတယ်။ မနေ့က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားမှာ အခုလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပေးပါလိမ့်မယ်။

မတ်လ ၈ရက်နေ့က ကျရောက်ခဲ့တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားကို မနေ့ကတုန်းက အမေရိကန် နိုင်ငံခြားရေးဌာန အဆောက်အဦမှာ ကျင်းပခဲ့ကြတာပါ။ လူအဖွဲ့အစည်းတွေကို တိုးတက်အောင် ဆောင်ရွက်တဲ့နေရာမှာ အဲဒီ လူ့အဖွဲ့အစည်းအတွင်းမှာပါတဲ့ အမျိုးသမီးတွေကို ဘယ်လောက်အထိ တိုးတက်အောင် လုပ်ဆောင်နိုင်မလဲ၊ ဒီ တိုးတက်မှုက လူ့အဖွဲ့အစည်းရဲ့ တိုးတက်မှုကို တိုင်းတာတဲ့ သင်္ကေတ တခု ဖြစ်တယ်ဆိုပြီးတော့ ဟီလာရီ ကလင်တန်က ပြောဆိုသွားပါတယ်။ အမျိုးသမီးတွေကို နောက်ကျ ကျန်ရစ်အောင် လုပ်ထားမယ်၊ တိုးတက်အောင် မဆောင်ရွက်နိုင်ဘူး ဆိုရင် ဒီနေ့ ကမ္ဘာမှာ ရင်ဆိုင်နေရတဲ့ ရာသီဥတု ပြောင်းလဲလာတဲ့ ပြဿနာမျိုး၊ ဆင်းရဲတွင်း နက်လာတဲ့ ပြဿနာမျိုး တွေနဲ့ စီးပွားရေး အကျပ်အတည်းလို ပြဿနာမျိုးတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့လည်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ပြောဆိုသွားပါတယ်။

ဒီအခမ်းအနားမှာ အမျိုးသမီးတွေ ဆုပေးလေ့ ရှိတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးရဲ့ နိုင်ငံတကာ သတ္တိရှင် အမျိုးသမီး များဆိုင်ရာ ဆုအဖြစ် ဆုရှင် ၈ယောက်ကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီ ဆုရှင်တွေက အာဖဂန် နစ္စတန်၊ အီရက်၊ မလေးရှား၊ နီဂါ၊ ရုရှ၊ အူဘကစ္စတန်၊ ရေမန် အဲဒီ နိုင်ငံတွေကပါ ကမ္ဘာတ၀ှမ်းမှာ ရှိတဲ့ အမေရိကန် သံရုံးတွေကနေ အမျိုးသမီး ၈၀၊ လူ့အခွင့်အရေး၊ လူမှုရေး တရားမျှတမှုတွေအတွက် ထူးထူးခြားခြား လုပ်ဆောင်တဲ့ အမျိုးသမီးတွေကို ၈၀ ကို စာရင်းသွင်း ခဲ့ပြီးတော့ ၈၀ထဲက စကာ စစ်ပြီးတော့ အခုလို ၈ယောက်ကို ရွေးချယ်ခဲ့တာပါ။ ဒီလို ၈ယောက်ကို ရွေးချယ် ဆုပေးပွဲ အခမ်းအနားမှာ မြန်မာနိုင်ငံက အဖိနှိပ်ခံ အမျိုးသမီးတွေနဲ့ အတူ လက်တွဲ ရပ်တည်နေတယ် ဆိုတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန် က အခုလို ထပ်ပြီး ပြောသွားခဲ့တာပါ။

ကျမတို့နဲ့အတူ လက်တွဲဖို့ သူတို့ အစိုးရတွေက ပိတ်ပင်ဟန့်တားတာကို ခံနေရတဲ့ သူတွေနဲ့လည်း သွေးစည်း ညီညွတ်မှုကို ကျမတို့ ထုတ်ဖေါ်ချင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ပြီးခဲ့ အနှစ် ၂၀ အတွင်း၊ နှစ်ပေါင်းများစွာ နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ပါ။ သူဟာ ကမ္ဘာတ၀ှမ်းလုံးက ပြည်သူတွေအတွက် အင်အားနဲ့ မျှော်လင့်ချက် ရောင်ခြည်အဖြစ် ဆက်ရပ်တည်ခဲ့သူပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ဥပမာထားပြီး မြန်မာနိုင်ငံအတွင်းမှာ ယုံကြည်ချက် ကြောင့် အကျဉ်းချခံနေရတဲ့ အခြား အမျိုးသမီးတွေ၊ ပြည်ပကို နှင်ထုတ်ခံရသူတွေလည်း စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကျုးလွန်ခံရသူတွေ အတွက်လည်း အင်အားတရပ်ဖြစ်ခဲ့ပါတယ်။

လူမှုရေး တရားမျှတမှုနဲ့ လူ့အခွင့်အရေး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့သူတွေကို ဒီလို အသိအမှတ်ပြု ချီးမြှင့်တာ ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် က ပြောပါတယ်။ ဆုချီးမြှင့်ခံရတဲ့သူတွေထဲက မလေးရှား နိုင်ငံက ရတဲ့ မစ္စ အမ်ဘီဂါ စခရင်ဗာဆန်( Ms. Ambiga Sreenevasan) ဆိုရင် သူဟာ ရှေ့နေများကောင်စီရဲ့ ဥက္ကဌပါ။ သူဟာ သူ့အသက်ကို ရန်ရှာမယ်ဆိုပြီးတော့ ခြိမ်းခြောက်မှုတွေ ရှိခဲ့တဲ့ ကြားထဲက မလေးရှားနိုင်ငံမှာ လူ့အခွင့်အရေး အမျိုးသမီးအခွင့်အရေး၊ ဘာသာရေးဆိုင်ရာ ဖိနှိပ်မှုတွေကို ဆက် ဆန့်ကျင်ပြီးတော့ တရားမျှတမှုအတွက် ရုန်းကန် လုပ်ဆောင်ခဲ့တယ်ဆိုပြီး ဒီအမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ကြေညာချက်က ဖော်ပြထားပါတယ်။ ဒီလို ဆုပေးပွဲ အခမ်းအနားရဲ့ အမျိုးသမီးများအခွင့်အရေး ကြေညာချက်တွေထဲမှာ မြန်မာနိုင်ငံအကြောင်းကို တခုတ်တရ ထည့် ပြောဆို သွားတာပါ။

မကြာသေးခင်တုန်းက အာရှနိုင်ငံတွေကို သွားခဲ့တဲ့ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံပေါ်မှာ ထားတဲ့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ မူဝါဒကို ပြန်ပြီးတော့ သုံးသပ်မယ်၊ အာစီယံ သဘောထားတွေကို သူ့အနေနဲ့ ပိုပြီး နားစိုက်မယ်လို့ ပြောခဲ့တဲ့ အတွက် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒ အပြောင်းအလဲများ ရှိမလားလို့ စိုးရိမ်မှုတွေ ရှိခဲ့ကြပါတယ်။ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံ အပေါ် ဖိအားပေးမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်ခဲ့ကြတာပါ။ ဒါပေမဲ့လည်း အမေရိကန် ပြည်ထောင်စုဟာ သူယုံကြည်တဲ့ လွတ်လပ်မှုနဲ့ လူ့ဂုဏ်သိက္ခာ တန်ဖိုးထားမှုတွေ အတွက် ဆက်လက် ရပ်တည် မယ်ဆိုပြီး လက်ရှိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ပြောဆိုသွားတဲ့ အချက်က ပိုပြီး ထင်ရှားနေပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ ဆုပေးပွဲအခမ်းအနားကို သမ္မတ ကတော် မစ်ရှဲလ်အိုဘားမားလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။



REF: ဗွီအိုအေ

Read More...

မြန်မာနိုင်ငံအပေါ် အမေရိကန်ပေါ်လစီပြောင်းလဲရေး သမ္မတဘွတ်ရှ် သက်တမ်းမကုန်ခင်ကတည်းက စဉ်း စားနေ


မတ်လ(၁၂) ရက်၊ ၂၀၀၉

မြန်မာနိုင်ငံအပေါ် အမေရိကန် ပေါ်လစီပြောင်းလဲရေးကိစ္စကို ၂၀၀၈ ခု အမေရိကန်သမ္မတဟောင်း ဂျော့ဘွတ်ရှ် သက်တမ်းကုန်ကာနီးကတည်းက ပေါ်လစီကိုင်တွယ်သည့် အရာရှိများ စဉ်းစားခဲ့ကြောင်း အမေရိကန်ကွန်ဂရက်သို့ တင်သွင်းသည့် အစီရင်ခံစာတစောင်တွင် ဖော်ပြထားသည်။

ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် မြန်မာနိုင်ငံနှင့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများဆိုင်ရာ အဆိုပါအစီရင်ခံစာကို နိုင်ငံခြားရေးရာ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးဌာနခွဲမှ ကွန်ဂရက်သို့ ၂၀၀၈ ခု သြဂုတ် (၂၁) ရက်နေ့စွဲဖြင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဘိန်းအထွက်နှုန်း ကျဆင်းလာသည့်တိုင် မြန်မာနိုင်ငံမှ ပေါ်ထွက်လာသည့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများကို စစ်အစိုးရဘက်က နှိမ်နင်းမှုအပေါ် အမေရိကန်ပေါ်လစီများက သိသိသာသာ သြဇာသက်ရောက် ခြင်းမရှိဟု ကျွမ်းကျင်သူများက ယူဆကြောင်း အစီရင်ခံစာတွင် ထောက်ပြထားသည်။ အထူးသဖြင့် ၂၀၀၇ ခု သံဃာ့အရေးအခင်းတွင် မြန်မာစစ်အစိုးရ၏ အကြမ်းဖက် နှိမ်နင်းမှုများ ဖြစ်ပေါ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံအပေါ် အမေရိကန်ပေါ်လစီ ပြန်လည်သုံးသပ်စေလိုသည့် အစိတ်အပိုင်းများ တိုးတက်လာသည်ဟုဆို၏။

မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး အမေရိကန်ပေါ်လစီ ပြောင်းလဲရေးအတွက် ပေါ်လစီချမှတ်သူများ စဉ်းစားသည့် အချက်များမှာ

-မြန်မာနိုင်ငံကိုပေးသည့် လူမှုရေးအကူအညီပမာဏကို အမေရိကန်အစိုးရက တိုးမြှင့်ပေးသင့် မပေးသင့်၊
-မြန်မာစစ်အစိုးရအား နိုင်ငံရေးဖိအား တိုးမြှင့်ပေးရာတွင် အာဆီယံနှင့် အခြားနိုင်ငံများ၏ ဆွေးနွေးချက် အခန်းကဏ္ဍက မည်မျှအတိုင်းအတာထိ ရှိမည်၊
-မြန်မာနိုင်ငံကို ဒေသတွင်း မတည်ငြိမ်မှု၏ အဓိကနိုင်ငံ ဖြစ်မလာရေးအတွက် အိန္ဒိယ၏ အခန်းကဏ္ဍအပေါ် အမေရိကန်အစိုးရက မည်သို့သုံးသပ်မည်၊
-မြန်မာနယ်စပ်ကို ကျော်ဖြတ်လာသည့် မူးယစ်ဆေးများ ပို့ဆောင်ပေးရာ ထိုင်းနှင့် တရုတ်နိုင်ငံတို့နှင့် အမေရိကန် အစိုးရ မည်သို့ အတူလက်တွဲ ဆောင်ရွက်သွားမည်နည်း စသည့်အချက်များ ပါဝင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအပေါ် အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှု မအောင်မြင်ရခြင်းမှာ

-အီးယူနှင့် ဂျပန်အပါအ၀င် အခြားနိုင်ငံများက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုပုံစံ ကွဲပြားခြားနားနေခြင်း၊
-မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုများလာပြီး နိုင်ငံခြားရောင်းချနိုင်သည့်အချက်ကြောင့် စစ်အစိုးရ ၀င်ငွေ သိသိသာသာတိုးစေခြင်း၊
-အာဆီယံနိုင်ငံတွေက မြန်မာအပေါ် ဒဏ်ခတ်လိုသည့် ဆန္ဒမရှိခြင်း၊
-မြန်မာနိုင်ငံ၏ စံချိန်တင်လောက်အောင် နိုင်ငံတကာစီးပွားရေးနှင့် အဆက်ဖြတ်ပြီး အထီးကျန်နေနိုင်ခြင်း၊
-တရုတ်က မြန်မာစစ်အစိုးရကို စစ်ရေး၊ စီးပွားရေး ဆက်ကူညီနေခြင်းတို့ကြောင့် ဖြစ်သည်ဟု သုံးသပ်ထားသည်။

မြန်မာနိုင်ငံ၏ နယ်စပ်ဖြတ်ကျော် မှောင်ခိုလုပ်ငန်းများ၌ ကျောက်သံပတ္တမြားများနှင့် တန်ဖိုးပေးချေသည့် စနစ်သုံးသည်။ အထူးသဖြင့် စစ်အစိုးရသည် ကျောက်တွင်းများကို ထိန်းချုပ်ထားသည့်အလျောက် ကျောက်သံပတ္တမြားများ မှောင်ခိုရောင်းချခြင်း၊ တရားဝင်ရောင်းချခြင်း ကိစ္စများ၌ စစ်အစိုးရကိုယ်တိုင် ပါဝင်ပတ်သက်မှု ရှိသည်ဟု စွပ်စွဲထားသည်။

မြန်မာစစ်အစိုးရသည် ၀ယ်မည့်သူများအား မြန်မာနိုင်ငံထွက် ကျောက်သံပတ္တမြားများ မဟုတ်ကြောင်း ဖုံးကွယ်ပြီး အမေရိကန် ကျောက်မျက်ဥပဒေ ပိတ်ဆို့မှုကို ရှောင်ရှားရန် ကြိုးစားသည်ဟု အမေရိကန်ကွန်ဂရက်က စွပ်စွဲထား သည်။ အမေရိကန်ကွန်ဂရက်၏ ခန့်မှန်းချက်အရ ကမ္ဘာပေါ်ရှိ မြန်မာနိုင်ငံမှထွက်သည်ဆိုသည့် ပတ္တမြား (၉၀) ရာနှုန်းကျော်အနက် အမေရိကန်နိုင်ငံသို့ ၀င်လာသည့် (၃) ရာနှုန်းသာ မြန်မာနိုင်ငံထွက် ပတ္တမြားအစစ် ဖြစ်သည် ဟု ထောက်ပြထားသည်။

ထို့ပြင် မြန်မာစစ်အစိုးရသည် ၂၀၀၈ ခုတွင် မြောက်ကိုရီးယားနိုင်ငံမှ ဘက်စုံပစ် ဒုံးကျည်များ တင်သွင်းခဲ့သည့် အတွက် မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂမှ ဒဏ်ခတ်ထားမှုကို ချိုးဖောက်ရာရောက်သည်ဟု ဖော်ပြထားသည်။



REF: ခေတ်ပြိုင်

Read More...

ကေအန်ယူမှ ထုတ်ပယ်ထားသည့် ဗိုလ်ကြီး ၃ ဦး ကေအန်ယူခွဲထွက်အဖွဲ့နှင့် ပူးပေါင်း


မတ်လ(၁၂) ရက်၊ ၂၀၀၉

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်ကြီးအဆင့်ရှိ တပ်ဖွဲ့ဝင် (၃) ဦးသည် ယခုလဆန်းပိုင်းက ကရင်ခွဲထွက် အဖွဲ့တဖွဲ့ဖြစ်သည့် ဗိုလ်ဌေးမောင်၏ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် သွားရောက်ပူးပေါင်းလိုက်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်ကြီးစောနေစိုးမြ၊ ဗိုလ်ကြီးမဟာဆွေနှင့် ဗိုလ်ကြီးသဲခီး တို့သည် ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် သွားရောက်ပူးပေါင်းသည်မှာ မှန်ကန်ကြောင်း ကေအန်အယ်လ်အေ ကာကွယ်ရေးဌာနမှ ဗိုလ်မှူးရှီးလေက ခေတ်ပြိုင်သို့ အတည်ပြုပြောကြားသည်။

ဗိုလ်ချုပ်ကြီးဟောင်း စောဘိုမြ၏ သားငယ်ဖြစ်သူ ဗိုလ်ကြီး စောနေစိုးမြသည် ယခင်နှစ် ဒီဇင်ဘာလ (၁၂) ရက်နေ့ က အဖွဲ့၏ခွင့်ပြုချက်မပါဘဲ ကော့ကရိတ်မြို့နယ် ထော့ကိုကိုးရွာတွင် အခြေစိုက်သည့် ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် သွားရောက်တွေ့ဆုံခဲ့သည့်အတွက် ကေအန်ယူဗဟိုမှ ခေါ်ယူ၍ သတိပေးတားမြစ်မူများ ပြုလုပ်ခဲ့ရသည်။

စောနေစိုးမြသည် ယခင်လက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ နုတ်ထွက်ခွင့် တောင်းခံခဲ့ရာ ကေအန်အယ်လ်အေ စစ်ရုံးချုပ်မှ ၎င်းအား နုတ်ထွက်ခွင့်ပြုခဲ့သည့်နောက်ပိုင်း ထော့ကိုကိုးသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ (၃) ဦးနှင့်အတူ ကရင်အမျိုးသား အစည်းအရုံးကို အစဉ်တစိုက် အားပေးထောက်ခံခဲ့ပြီး ကရင်ခွဲထွက် အဖွဲ့များကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့် ကေအန်ယူ နယ်မြေအခြေစိုက် အင်းရှည်ဆရာတော် ဦးဝိဇယသည်လည်း ၎င်းတို့နှင့်အတူ လိုက်ပါသွားခဲ့သည်။

ထော့ကိုကိုးသို့ လိုက်ပါသွားသူ (၄) ဦးထဲတွင် စောနေစိုးမြ၊ စောမဟာဆွေ၊ စောသဲးခီးတို့ (၃) ဦးမှာ ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့၏ တရားဝင်အဖွဲ့ဝင်များ ဖြစ်သွားပြီးဟု ဗိုလ်မှူးရှီးလေက အတည်ပြု ပြောသည်။ သို့သော် ဘုန်းတော်ကြီး ဦးဝိဇယကမူ “ဘုန်းကြီးဆိုတာက ဒကာ၊ ဒကာမတွေ ပင့်ဖိတ်လို့ရှိရင် ဘယ်အရပ် ဘယ်ဒေသမဆို ကြွရတယ်” ဟု ပြောသည်။

စောသဲခီးအား ကေအန်အယ်လ်အေမှ ထုတ်ပယ်ထားသည်မှာ ကြာပြီဖြစ်သော်လည်း စောနေစိုးမြကို ယခင်လကုန် ပိုင်း၌ နုတ်ထွက်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ စောမဟာဆွေနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ မသိရှိ ရသေးသော်လည်း ဘုန်းတော်ကြီး ဦးဝိဇယ အပါအ၀င် ၎င်းတို့ (၄) ဦးသည် ယခုရက်ပိုင်းအတွင်း မဲဆောက်မြို့သို့ ပြန်လည်ရောက်ရှိလာပြီး မဲဆောက်နှင့် ထော့ကိုကိုးသို့ ပုံမှန်သွားလာလျက်ရှိသည်။

ကရင်အမျိုးသားအစည်းအရုံးသို့ ယခုကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းခဲ့ရာ အဖွဲ့၏ တာဝန်ရှိသူတဦးက အဆိုပါလူများသည် မိမိတို့အဖွဲ့နှင့် လုံးဝပတ်သက်ခြင်းမရှိတော့သဖြင့် တစုံတရာပြောကြားရန် အကြောင်းမရှိဟု ခေတ်ပြိုင်သို့ ပြောကြားသည်။



REF: ခေတ်ပြိုင်

Read More...

မလေးရှားမှ မြန်မာအမျိုးသမီးဒုက္ခသည်များ အိမ်ကထွက်တိုင်း အဖမ်းခံရမည့် အန္တရာယ်ရှိ


မတ်လ(၁၂) ရက်၊ ၂၀၀၉

မလေးရှားရောက် မြန်မာအမျိုးသမီး ဒုက္ခသည်များသည် အိမ်မှထွက်တိုင်း အဖမ်းခံရရန် များနေသကဲ့သို့ အလုပ်လုပ်ရန် အခွင့်အလမ်းမှာလည်း အလွန်နည်းပါးနေကြောင်း အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့အခြေစိုက် ဒုက္ခသည် အမျိုးသမီးနှင့် ကလေးများအတွက် အမျိုးသမီးရေးရာကော်မရှင် (WCRWC) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံတွင် ဒုက္ခသည်နှင့် ခိုလှုံခွင့်လျှောက်ထားသူပေါင်း (၁၀၀,၀၀၀) ခန့် ရှိသည့်အနက် အများစုမှာ မြန်မာများဖြစ်ပြီး UNHCR တွင် မှတ်ပုံတင်ထားသူပေါင်း (၄၀,၀၀၀) ရှိသည်။ ထိုမှတ်ပုံတင်ထားသူများထဲမှ (၁၄,၀၀၀) မှာ ရိုဟင်ဂျာများဖြစ်သည်ဟု အစီရင်ခံစာတွင် ရေးထားသည်။

မလေးရှားတွင် နေစရိတ်ကြီးသည့်အတွက် တလကို မလေးရှား ရင်းဂစ် (၁,၅၀၀) (ဒေါ်လာ ၄၅၀) ခန့် ပေးရသော်လည်း ဒုက္ခသည်အများစုမှာ တလကို မလေးရှားရင်းဂစ် (၄၀၀ မှ ၆၀၀) ကြားသာ ရကြသည်။ ထို့ကြောင့် ဒုက္ခသည်များ စုပြီး အခန်းငှားနေရသည်။

လေ့လာချက်များအရ ဒုက္ခသည်အမျိုးသမီးများမှာ
-အိမ်ကထွက်တိုင်း အဖမ်းခံရမည့် အန္တရာယ်ရှိနေခြင်း၊
-လုပ်ကိုင်စားရန် အခွင့်အလမ်း အကန့်အသတ်နှင့်သာရှိခြင်း၊
-ရသည့်ငွေကို အာဏာပိုင်များကို လာဘ်ထိုးရသည့်အတွက် အဂတိလိုက်စားမှုဒဏ်ခံရခြင်း၊
-နယ်စပ် ပြန်အပို့ခံရလျှင် ရောင်းစားခံရမည့် အန္တရယ်ရှိခြင်း၊
-နေအိမ်နှင့်အလုပ်ခွင်၌ အကြမ်းဖက်ခံရခြင်း စသည့်အခြေအနေများ ကြုံတွေ့နေရသည်ဟု အစီရင်ခံစာတွင် ထောက်ပြထားသည်။

အစီရင်ခံစာ နိဂုံးပိုင်းတွင် မလေးရှားအစိုးရအနေဖြင့် ဒုက္ခသည်များအား တရားဝင်နေခွင့်ရရန် ဆောင်ရွက် ပေးသင့်ကြောင်း၊ UNHCR မှ လက်မှတ်ထုတ်ပေးထားသူများအား အသိအမှတ်ပြုပြီး မှတ်ပုံတင်ထားသူများအား အဖမ်းအဆီးရပ်သင့်ကြောင်း၊ UNHCR နှင့်တကွ ၎င်းနှင့် တွဲလုပ်နေသည့် အန်ဂျီအိုများဘက်ကလည်း အမျိုးသမီး ဒုက္ခသည်များအတွက် သက်မွေးဝမ်းကျောင်းကိစ္စများ ဆောင်ရွက်ပေးသင့်ကြောင်း အကျယ်တ၀င့် ထောက်ခံ ရေးထားသည်။

မြန်မာအမျိုးသမီး အလုပ်သမားများ မလေးရှားနိုင်ငံအတွင်း ၀င်ရောက်အလုပ်လုပ်ကိုင်မှုသည် ၂၀၀၇ ခုနှစ် နောက်ပိုင်း ပိုမိုများပြားလာသည်ဟု မြန်မာအလုပ်သမားအခွင့်အရေးကာကွယ်ပေးရေးအဖွဲ့ (BWRPC) က ပြောသည်။

မလေးရှားနိုင်ငံတွင် တရားဝင် မြန်မာအလုပ်သမား (၂) သိန်းဝန်းကျင်ရှိနေပြီး အမျိုးသမီးအလုပ်သမားဦးရေ မည်မျှရှိသည်ကို အတည်ပြု မပြောနိုင်သေးသော်လည်း မလေးရှားနိုင်ငံ၌ BWRPC အဖွဲ့က အမျိုးသမီး အလုပ်သမား အမှုပေါင်း (၁၇၀) ကျော် ကိုင်တွယ်ဆောင်ရွက်ထားရကြောင်း ယင်းအဖွဲ့မှ ကိုကျော်ထူးအောင်က ပြောသည်။

ယင်းတို့အနက် အမှုပေါင်း (၅၀) ကျော်ကို အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ မြန်မာအမျိုးသမီး အလုပ်သမားများ အများဆုံး ကြုံကြရသည်မှာ သူဌေး၏ဖိနှိပ်မှု၊ လုပ်ခလစာ လျော့နည်းရရှိမှုနှင့် အဓမ္မပြုကျင့်ခံရမှု များဖြစ်ကြောင်း သိရသည်။

“အဓမ္မပြုကျင့်မှုကတော့ နည်းပါတယ်။ ကျနော်တို့ ဆောင်ရွက်ပေးခဲ့ရတာ နှစ်မှုသုံးမှုပဲရှိပါတယ်။ အဲဒီလိုအမှုတွေ ဆိုရင်လည်း အောင်မြင်တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီက အန်ဂျီအိုတွေက အဲလိုကိစ္စမျိုးကို အသည်းအသန် ဆောင်ရွက်ပေးကြလေ့ရှိပါတယ်။ အမှုတိုင်းတော့ အဆင်မပြေနိုင်ဘူးပေါ့ဗျာ။ ကျနော်တို့မှာလည်း မလုပ်နိုင်တဲ့ အတိုင်းအတာတွေ အများကြီးရှိပါတယ်” ဟု ကိုကျော်ထူးအောင်က ရှင်းပြသည်။

မလေးရှားရောက် မြန်မာအထည်ချုပ်အလုပ်သမား (၁၆) ဦး အလုပ်ရှင် မစ္စတာကူးမား၏ ဖိနှိပ်မှုများကြောင့် ဒုက္ခရောက်ခဲ့ကြရပြီးနောက် မလေးရှားအစိုးရ၏ တရားမ၀င် နိုင်ငံခြားသား အလုပ်သမားစစ်ဆင်ရေးတွင်လည်း ပတ်စ်ပို့ကိုင်ဆောင်ထားသူ မြန်မာအမျိုးသမီး မစိုးစိုးထွေးနှင့် အခြားအမျိုးသမီး လေးဦးတို့ ဖမ်းဆီးခံထားရသည်ဟု သတင်းများ ပေါ်ထွက်နေသည်။

“မစိုးစိုးထွေးကို KLLA Depositation ရုံးမှာ ချုပ်ထားတယ်။ သူ့ရဲ့ ဘော်ဒီနံပါတ် (ဖမ်းဆီးခံနံပါတ်) က c-2554 လို့ သိရတယ်။ သူ့အလုပ်လုပ်ကိုင်ခွင့် စာအုပ်မှာ ဖော်ပြထားတာနဲ့ သူအလုပ်လုပ်နေတဲ့ နေရာကွဲပြားနေလို့ ဖမ်းဆီး ထားတာ။ သူက ပတ်စ်ပို့ရှိပါတယ်။ ကျနော်တို့လည်း သူ့အတွက် ကြိုးစားနေတာပဲ။ ဟိုတနေ့ကပဲ ကျနော်တို့ အဖွဲ့ဝင်တယောက်သွားတွေ့တာ တွေ့ခွင့်မရခဲ့သေးဘူး” ဟု BWRPC မှ ကိုရဲမင်းထွန်းက ဆိုသည်။

လွန်ခဲ့သော လအတွင်းက လူသိများခဲ့သည့် မြန်မာအထည်ချုပ်အလုပ်သမ (၁၆) ဦးကို ထိန်းသိမ်းပေးထားခဲ့ရသည့် BWRPC အဖွဲ့ဝင်များကို ပြည်တွင်းရှိ မြန်မာအမျိုးသမီးရေးရာအဖွဲ့၊ သတင်းတပ်ဖွဲ့တို့က အလုပ်သမမိသားစုများထံ ချည်းကပ်၍ ယင်းအဖွဲ့ကို အမှုဖွင့်ရန် ဖိအားပေးနေသည်ကို ပြန်လည်ကြားသိရကြောင်း ကိုရဲမင်းထွန်းက ဆက်လက်ပြောဆိုသည်။

“ကောင်မလေးတွေ မိဘတချို့က ဖုန်းဆက်တယ်ဗျာ။ ငါ့တူရေ တို့ဆီကို အမျိုးသမီးရေးရာအဖွဲ့တွေလာပြီး သမီးမိန်းကလေးတွေကို ဘာလို့ နိုင်ငံခြားလွှတ်ရလဲ။ ဘာလဲနဲ့လာပြောတယ်။ အခုဒီလိုဖြစ်နေပြီဆိုတော့ ဒီမှာကျန်တဲ့ မိသားစုတွေက လုပ်စရာရှိတာလုပ်ရမယ်ဆိုပြီး လာပြောတယ်တဲ့။ အမှုလည်း ဖွင့်ခိုင်းနေတယ်ဆိုတော့ ကျနော်ကလည်း ဖွင့်ပေါ့။ နောက်မှ သူတို့ပြောတာက ဟာ..မဟုတ်ဘူး။ အခု အမှုဖွင့်ခိုင်းတာက မင်းတို့အဖွဲ့ကို ဖွင့်ခိုင်းနေတာ။ တရားမ၀င် အဖွဲ့အစည်းတခုကနေ မြန်မာသံရုံးနဲ့ ပေးမတွေ့တာ။ မိန်းကလေးတွေကို အစာရေစာ ၀၀လင်လင် မကျွေးတာတွေရှိတယ်လို့ ထွက်ဆိုပြီး အမှုဖွင့်ခိုင်းနေတယ်လို့ ကျနော်တို့ကို မိဘတွေက ပြန်ပြော တယ်လေ။ ကျနော်တို့က သံရုံးနဲ့ ပေးမတွေ့တာလည်း မဟုတ်ဘူး။ အစားအတွက်ဆိုလည်း သူတို့အတွက် ၀ယ်ထားတဲ့ ဆန်အိတ်တွေ အခုထိရှိသေးတယ်” ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။

အဆိုပါ အမျိုးသမီး (၁၆) ဦး မစ္စတာကူးမား၏ လုပ်ငန်းခွင်မှ ထွက်ပြေးလာချိန်၌ BWRPC ရုံးခန်းတွင် လက်ခံထား ရှိခဲ့ပြီး ယခုအခါ တင်နာဂါနိတခေါ် အမျိုးသမီးအဖွဲ့တခုက ထိန်းသိမ်းစောင့်ရှောက်ထားသည်။ အဆိုပါအမျိုးသမီး အဖွဲ့ထံ မပြောင်းရွှေ့မီ ရင်ကျော်နှင့် မသန်းရင်တို့ နှစ်ဦးမှာ ၎င်းတို့၏ အစီအစဉ်ဖြင့်ပင် မြန်မာနိုင်ငံသို့ ပြန်သွားကြ သည်။

ကျန်ရှိခဲ့သည့် မြန်မာအထည်ချုပ်အလုပ်သမား (၁၄) ဦးထဲမှ အမျိုးသမီးတဦးက “အစစအရာရာအဆင်ပြေပါတယ်။ သမီးတို့အားလုံး အတူတူရှိနေကြပါတယ်။ အမျိုးသမီးရေးရာအဖွဲ့တွေက အဲလိုပြောတယ်ဆိုတာ ပြန်တော့ကြားရ တာပေါ့နော်။ ကိုယ်မဟုတ်ဘဲနဲ့ အဲလိုပြောနေတော့ မပြောပြတတ်ဘူးရှင့်။ ဘယ်လိုပြောရမလဲ။ သူတို့က ဘယ်လိုပုံစံမျိုးနဲ့တိုင်ချင်တာလဲ သမီးတို့မသိဘူးလေ။ သမီးတို့ကို ဦးရဲတို့က အများကြီး အကူညီပေးထားတာပဲ။ ဟို..မဟုတ်တဲ့ ကိစ္စကို လိမ်ပြီးတော့လည်း မပြောတတ်ဘူးရှင့်။ မဟုတ်ဘဲနဲ့ ပြောတဲ့စကားတွေကိုလည်း မိဘတွေ မယုံစေချင်ဘူး။ သမီးတို့က ကိုယ်တွေ့ခံစားရတာဆိုတော့။ သမီးတို့ပြောတာကိုပဲ ယုံစေချင်တယ်။ ဦးရဲတို့ကလည်း အများကြီး တာဝန်ယူတယ်။ အမှုအတွက် သွားရတဲ့အခါမှာလည်း ရှေ့နေအမျိုးသမီးကြီးနဲ့ ဦးရဲတို့ အဖွဲ့က လိုက်ပို့ပေးတယ်။ ပတ်စ်ပို့စာအုပ်တွေ ပြန်မရသေးပါဘူး။ ဒီမှာနေရတာ အဆင်ပြေပါတယ်” ဟု ပြန်လည် ဖြေကြားသည်။



မင်းနိုင်သူ
REF: ခေတ်ပြိုင်

Read More...

တိုင်းမှူး မ တည်ငွေထည့်သည်ဆိုသော မူလတန်းကျောင်းသစ် ဆောက်ဖို့ ဒေသခံများထံ ပိုက်ဆံထပ်ကောက်

ကြာသပတေးနေ့၊ 12 မတ်လ 2009

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းယန်းမြို့၌ မူလတန်းကျောင်းသစ်တကျောင်းဆောက်လုပ်ဖို့ တြိဂံတိုင်းမှူး ဗိုလ်ချုပ် ကျော်ဖြိုးက မ တည်ငွေကျပ် ၁ သန်းထည့်သည်ဟုဆိုသော်လည်း မိုင်းယန်း မယက ဥက္ကဌနှင့်ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး အသင်းအား ဒေသခံများထံ ပိုက်ဆံနှင့် ဆောက်လုပ်ရေး ပစ္စည်းများ ထပ်မံဆင့်ဆိုကောက်ခံခိုင်းသည်ဟု သျှမ်းပြည် အရှေ့ပိုင်းသတင်းရပ်ကွက်ကဆိုပါသည်။

ယခုလ ၃ ရက်နေ့က ထိုသို့ဆင့်ခေါ်ခြင်းဖြစ်ပြီး အဆိုပါကျောင်းသစ်ကို မိုင်းယန်းမြို့နယ် ဈေးတန်းရပ်ကွက်၌ ဆောက် လုပ်မည်ဖြစ်၏။

“တအိမ်ထောင်ကို တရုပ်ငွေ ၁၅ ယွမ် ကောက်တယ်။ ၆ ဘီး ကုန်ကားတစီး ဘိလပ်မြေ ၁၀ အိပ်၊ထော်လာဂျီ အကြီးစား တစီး ၅ အိပ် ၀ယ်ပေးရတယ်။ ထော်လာဂျီ အသေးစားတွေတော့ အုတ်၊ သဲ၊ ကျောက်တွေတင်ပေး ရတယ်။ လုပ်အား ပေးပေါ့ ” ဟု ဈေးတန်းရပ်ကွက်နေ အသက် ၃၀ ကျော်အိမ်ထောင်သည်အမျိုးသားတစ်ဦးက ပြောပြသည်။

မိုင်းယန်းမြို့တွင်း ၆ ဘီး ကုန်တင်ကား ၁၆ စီး ၊ ထော်လာဂျီအကြီး အစီး ၅၀ ကျော် နှင့် ထော်ဂျီသေး အများအပြားရှိကြောင်း၊ တိုင်းမှူးက ကျောင်းသစ်ဆောက်လုပ်ရန် မ တည်ငွေ ထည့်ပေးသည်ဟုဆိုသော်လည်း မိုင်းယန်း ဒေသခံ အိမ်ခြေ ၆၇၀ ကျော်ထံမှ ယွမ်ငွေ ၁၀,၀၀၀ ကျော်ထပ်မံ ကောက်ယူရရှိကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ဈေးသည် အမျိုးသမီးတစ်ယောက်ကလည်း “တြိဂံတိုင်းမှူးက မတည်ငွေထည့်ပေးတယ်လို့သာပြောတာ။ မြို့ခံတွေဆီ ကဘဲကောက်ထား ယွမ် ၁ သောင်းကျော်နေပြီ။ တိုင်းမှူးက ပြည်သူကိုကူတာလား၊ ပြည်သူက တိုင်းမှူးကိုကူတာလား တော့ မသိဘူးဆိုပြီး ဈေးသူဈေးသားတွေဟာသ လုပ်ပြောနေကြတယ်။ အခုတပတ်အတွင်း ဆင့်ဆိုထားတဲ့ ဘိလပ်မြေ တွေ ပိုက်ဆံတွေအပြီးကောက်ပြီး မိုင်းယန်းမြို့နယ် ဥက္ကဌ ဦးရဲလင်းအောင်ဆီမှာသွားအပ်ထားပြီ။ တြိဂံ တိုင်းမှူး ဗိုလ်ချုပ် ကျော်ဖြိုး နေပြည်တော် ၄ လ ပတ် အစည်းအဝေးကပြန်လာမှ မူလတန်းကျောင်းသစ်အုတ်မြစ်ချ မယ်လို့ပြောတယ်” ဟု ပြော၏။

ယနေ့မိုင်းယန်းမြို့တွင် ဘိလပ်မြေ တအိပ်ရောင်းဈေး တရုပ်ငွေ ၃၅ ယွမ်ရှိကြောင်း၊ ဗမာငွေလဲလှယ်နှုန်းမှာ ၁ ယွမ် လျှင် ကျပ် ၁၅၀ ခန့်ရှိသည်ဟု ၎င်းင်းကဆက်လက်ပြောပြသည်။



REF: သျှမ်းသံတော်ဆင့်

Read More...

ကိုးကန့်အဖွဲ့၏ နှစ်(၂၀) ပြည့် အခမ်းအနားအမည် ပြောင်းလဲကျင်းပ

ကြာသပတေးနေ့၊ 12 မတ်လ 2009

သျှမ်းပြည်(မြောက်ပိုင်း)ရှိ ဦးဖုန်ကြားရှင် ခေါင်းဆောင်သည့် အပစ်ရပ်ကိုးကန့်အဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည့် အထိမ်း အမှတ်အဖြစ်ကျင်းပနေသည့် အခမ်းအနား အမည်ကို ယနေ့ကျင်းပနေသည့် နှစ် (၂၀)မြောက် နေ့တွင် ပြောင်းလဲခေါ် ကြောင်းသိရသည်။

ကိုးကန့်အထူးဒေသ(၁) အုပ်ချုပ်ရေးဒေသ လောက်ကိုင်မြို့တွင် ယနေ့ကျင်းပသည့် အခမ်းအနားအမည်အားကိုးကန့် အထူးဒေသ(၁) အုပ်ချုပ်ရေးဒေသ တည်ထောင်ခြင်းနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(ခေါ်) (MNDAA) ကိုးကန့်အဖွဲ့ ဖွဲ့စည်းခြင်းနှစ် (၂၀) မြောက်နေ့ ဟု ပြောင်းလဲသုံးစွဲထားကြောင်း အပစ်ရပ်များနှင့်နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

၁၉၈၉ခုနှစ် မတ်လ(၁၂)ရက်နေ့မှစတင်၍ ကိုးကန့်တိုင်းရင်းသားများက ဗမာပြည် ကွန်မြူနစ်ပါတီ လက်အောက်မှ ရုန်းထွက် ခဲ့သည်ကို အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ပြီး ယခုနှစ်တွင်မူ အမည်ကို ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

ယနေ့ကျင်းပသည့် အခမ်းအနားတွင် ဒေသခံကိုးကန့် တိုင်းရင်းသားများ၏ နိုင်ငံရေးစိတ်ပါဝင်စားမှု အားတက်သရော ရှိမှု ပိုမိုအားကောင်းလာကြောင်း အပစ်ရပ်နှင့် နီးစပ်သူက ပြောသည်။

“မနေ့မနက်ပိုင်းက လုပ်တာပေါ့ 8 နာရီ ကျော်လောက်ကစပြီးလုပ်တယ် စစ်ရေးပြ အခမ်းအနားမှာလည်း လက်နက်ကိုင် အင်အားက ၂၀၀၀ လောက်ပါတယ် လာတက်ရောက်တဲ့ ဧည့်သည်တွေ ဖိတ်ကြားထားတဲ့သူတွေ ဒေသခံတွေရော အားလုံးဆို ၄ သောင်းကျော် လောက် တက်တယ်ဗျ” လို့သူကပြောသည်။

အခမ်းအနားမိန့်ခွန်းအား အဖွဲ့ဥက္ကဌဖြစ်သူ ဦးဖုန်ကြားရှင်းမှ ပြောကြားခဲ့ရာတွင် ယခု ကိုးကန့်အထူးဒေသ(၁) ထူထောင် လာသည့် နှစ်(၂၀) မြောက် ဖြတ်သန်း လာရာတွင် အောင်မြင်မှုများ ရရှိလာကြောင်းနှင့် ကိုးကန့်ဒေသအတွင်း ၂၀၀၂ ခုနှစ်မှစတင်၍ ဘိန်း ပပျောက် ကင်းစင်ရေးကို အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ ကြောင်းကိုလည်း အထူးအလေးပေး ပြောကြားခဲ့ကြောင်း သိရသည်။

ဗမာစစ်တပ်မှ ဒေသဆိုင်ရာ ကွပ်ကဲရေးဌာနချုပ် (လောက်ကိုင်) ဒကစမှူးဦးစီးသည့် စစ်ဘက်ခေါင်းဆောင်များ ဌာနဆိုင်ရာ ၀န်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

“တိုင်းမှူးတို့ ဒုတိုင်းမှူးတို့တော့ မတက်ဘူးဗျ ဒကစမှူးအဆင့်တော့ လာတက်တယ် တခြားဝန်ထမ်းတွေလည်း လာတယ် အပစ်ရပ် အဖွဲ့ခေါင်းဆောင်တွေလည်း လာတယ်” လို့ သူကပြောသည်။

ဥက္ကဌ ဦးဖုန်ကြားရှင်၏ မိန့်ခွန်းပြောကြားချက်တွင် ကိုးကန့်ပြည်သူလူထုနှင့်အဖွဲ့အစည်း(တပ်မတော်) ၏ အခွင့်အရေးနှင့် ခံစားပိုင်ခွင့်များကို ဆက်လက် ထိန်းသိန်း ကာကွယ် စောင့်ရှောက်သွားပြီး အေးချမ်းသည့် ဒေသအဖြစ် ဆက်လက်ထိန်း သိမ်းသွား မည်ဖြစ်ကြောင်း သိရသည်။



REF: သျှမ်းသံတော်ဆင့်

Read More...

နိုင်ငံခြားရေဒီယိုနားထောင်ပြီး နားမယောင်ဖို့ ၀ တပ်မဟာမှူးအား တြိဂံတိုင်းဂျီဝမ်းပြော

ဗုဒ္ဓဟူးနေ့၊ 11 မတ်လ 2009

ယခုလဆန်းပိုင်းက တြိဂံတိုင်းစစ်ဌာချုပ် ဂျီဝမ်း - ၀ ပြည်သွေးစည်းရေးတပ်မတော်ဌာနချုပ် ပန်ဆန်းသို့ရက်ပိုင်း ခရီးထွက်စဉ် မိုင်းပေါက်ရှိ ၀ တပ်မဟာမှူးအား နိုင်ငံခြားအသံလွှင့်ဌာနမှ ထုတ်လွှင့်သော သတင်းများနားထောင်ပြီး နားမယောင်ကြရန် ၀ အရာရှိများအားသတိပေးတိုက်တွန်းသင့်သည်ဟု ပြောခဲ့ကြောင်းတရုပ်နယ်စပ်သတင်းကဆိုသည်။

မတ်ခ်ျ ၃ ရက်က ကျိုင်းတုံအခြေစိုက်တြိဂံတိုင်း ဂျီဝမ်း ဗိုလ်မှူးကြီးသန်းထွဋ်သိန်းနှင့်အပေါင်းပါ ၅-၆ ယောက်သည် ကျိုင်းတုံ UWSA ရုံးမှ ၀ ကိုယ်စားလှယ်အရာအချို့ကိုဖိတ်ခေါ်၍ ကျိုင်းတုံ - မိုင်းယန်း - မိုင်းဖျန် - ဟိုတောဝ်း - မိုင်းပေါက် မှ တဆင့် ပန်ဆန်းဌာနချုပ်သို့ သွားရောက်ခဲ့ကြောင်း၊ ၆ ရက်နေ့မှ ကျိုင်းတုံသို့ပြန်သွားကြောင်း၊ ပန်ဆန်း၌ မည်သူတို့နှင့် တွေ့ပြီး မည်သည့်ကိစ္စများ ဆွေးနွေးခဲ့သည်ကို အသေးစိပ် မသိရသော်လည်း တပ်မဟာ ၄၆၈ ဌာနချုပ် မိုင်းပေါက်၌ ခရီး တထောက်နားစဉ် တပ်မဟာမှူးအား အဓိကနှစ်ချက် ပြောဆိုခဲ့သည်ဟု ဆိုပါသည်။

“သန်းခေါင်စာရင်းကောက်ပြီး မှတ်ပုံတင်လုပ်ဖို့ကိစ္စ ၀ ဘက်က အဆင်သင့်ဖြစ်ပြီဆိုရင် ကျနော်တို့ကို သတင်းပို့စေချင် တယ်။ သက်ဆိုင်ရာဝန်ထမ်းတွေလွှတ်လိုပါတယ် ။ ဒုတိယအချက်က ပြည်ပအသံလွှင့်ဌာနတွေက တပ်မတော်အစိုးရ နဲ့ ၀ တပ်ဖွဲ့ကြား ပိဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်တဲ့ မဟုတ်မမှန်သတင်းတွေ မကြာခဏထုတ်လွှင့်တဲ့အတွက် နားထောင် တဲ့ အရာရှိတွေ၊ တခြားလူတွေရှိရင် - နားယောင်ပြီးမယုံမိဖို့ ကြုံတိုင်းသတိပေးစေချင်တယ်” - ဟုဗိုလ်သန်း ထွဋ်သိန်း ကပြောကြောင်း ၀ တပ်မှူးနှင့်ရင်းနှီးသည့် အမည်မဖေါ်လိုသူ ကျိုင်းတုံကုန်သည်တဦးကသျှမ်းသံတော်ဆင့် အားပြန်လည် ပြောပြသည်။

ဖေဖေါ်ဝါရီလနှောင်းပိုင်းက ၀ ထိန်းချုပ်နယ်မြေ နှင့် မိုင်းလားထိန်းချုပ်နယ်မြေအတွင်း နအဖ ဌာနဆိုင်ရာဝန်ထမ်းများ သန်းခေါင်စာရင်း ဆင်းကောက်စဉ် နယ်ခြားဂိတ်စောင့် UWSA ၀ တပ်ဖွဲ့က - “အထက်က အမိန့်မရတဲ့အတွက် ဖြတ်သန်းခွင့် မပြုနိုင်ဘူး ”- ဟု အပြတ်ပြောခဲ့သည့်အတွက် လူ ၂၇ ယောက်ပါ ကား ၂ စီး မိုင်းယန်းသို့ပြန်လှည့်ကာ ကျိုင်းတုံသို့ပြန်ခဲ့ရ သည်။

ဗမာစစ်အစိုးရ အာဘော်သတင်းစာတွင်လည်း နိုင်ငံခြားအသံလွှင့်ဌာန မြန်မာဘာသာ၊ တိုင်းရင်းသားဘာသာများလွင့် သည့် RFA, VOA, BBC တို့အားမိုးလုံးပြည့် မုသာဝါဒီများ၊ အဖျက်အမှောင့်လုပ်ငန်း မှိုင်းတိုက်သူများဟု နေ့စဉ်ထုတ် သတင်းစာ၌ ရေးသားထားလေ့ရှိ၏။



REF: သျှမ်းသံတော်ဆင့်

Read More...

MNDAA ကိုးကန့်အဖွဲ့ တည်ထောင်ခြင်းအနှစ် ၂၀ ပြည့်ပွဲ အပစ်ရပ်ခေါင်းဆောင်များ တက်ရောက်

အင်္ဂါနေ့၊ 10 မတ်လ 2009

ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) မှ တော်လှန်ခွဲထွက်ခြင်း နှင့် မြန်မာတိုင်းရင်းသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် Myanmar National Democratic Alliance Army (MNDAA) တည်ထောင်ခြင်း အနှစ် ၂၀ ပြည့် တရားဝင် အခမ်းအနားအားကို ကိုးကန့်မြို့တော်လောဝ်ကိုင်း၌မနက်ဖြန်ကျင်းပမည်ဟု တရုပ်နယ်စပ် သတင်း ရပ်ကွက်ကဆိုသည်။

မတ်ခ်ျလ ၁၁-၁၃ အထိ ၃ ရက်ကြာကျင်းပမည့်အဆိုပါအခမ်းအနားသို့ ကိုးကန့်အဖွဲ့နည်းတူ ဗကပ ကိုတော်လှန် ခွဲထွက်ခဲ့ပြီး သီးခြားစီမရှေးမနှောင်း အပစ်ရပ်ခဲ့ကြသော အခြားအပစ်ရပ်အဖွဲ့အစည်းများမှ ကိုယ်စားလည်များ ခေါင်းဆောင်များလည်း တက်ရောက်သည်ဟု တရုပ်နယ်စပ်မှ အမည်မဖေါ်လိုသူလူလတ်ပိုင်း အမျိုးသား တဦးက ပြောပြသည်။

“မိုင်းလားအဖွဲ့က ၆၀ ကျော်လာတယ်။ ၀ အဖွဲ့လည်းအဲလောက်ဘဲ၊ နောက်ပြီး ကချင်အရာရှိတွေ တော်တော်များများ လာကြတယ်။ ၁၉၈၉ ကတည်းက ဖွဲ့ခဲ့တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးတပ်ပေါင်းစု PDF အဖွဲ့ဝင် ၄ ဖွဲ့စလုံး က ခေါင်းဆောင် တွေစုံစုံညီညီတက်မယ်ထင်တယ်။ လတ်တလော နိုင်ငံရေးအခြေအနေ၊ ၂၀၁၀ ရွေးကောက်ပွဲအတွက် ဘယ်လိုဆက်လက် လက်တွဲသွားမယ် ဆိုတဲ့ကိစ္စတွေ ဆွေးနွေးဖြစ်ကြမယ်ထင်တာဘဲ” ဟုဆို၏။

အစီအစဉ် အသေးစိပ်မသိရသေးသော်လည်း မတ်ခ်ျလ ၁၂ ရက်နေ့တွင် စစ်ရေးပြ ချီတက်ပွဲ အခမ်းအနားပြုလုပ်မည် ဟု လည်းဆိုပါသည်။

ရွှေလီရောက် သျှမ်းလူငယ်တဦးကလည်း “အရင်ကသုံးတဲ့ ဗကပ ကို တော်လှန်ခွဲထွက်တဲ့နေ့ ဆိုတဲ့ နာမည်ကို ဒီနှစ်မသုံး တော့ဘူးလို့ပြောတယ်။ အဘက်ဘက်က တောင်းဆိုတဲ့အတိုင်း MNDAA တည်ထောင်ခြင်း အနှစ် ၂၀ ပြည့်အခမ်းအနား ၊ ဒါမှမဟုတ် ကိုးကန့်တိုင်းရင်းသားဒေသ ပြန်လည်ထူထောင်ရေးနေ့ တစ်ခုခုသုံးမှာလား မပြောတတ်ဘူး” ဟု ဆိုသည်။

ကိုးကန့်ဒေသတွင် ချင်းရွှီဟော် နှင့် လောဝ်ကိုင်း ၂ မြို့နယ်သာရှိသော်လည်း နအဖ တပ်ရင်း ၇ ရင်း (ခလရ ၁၂၅၊ ၁၂၇၊ ၁၂၈၊ ၁၂၉၊ ၂၃၉ နှင့် ခမရ ၃၁၂၊ ၃၂၂) တပ်စိုက်လာခဲ့သည်မှာ ၁၀ နှစ် ကျော်ခဲ့ပြီဖြစ်ကြောင်း၊ သို့သော် တပ်တရင်းလျှင် ပျှမ်းမျှ အင်အား ၂၀၀ မပြည့်ကြောင်း၊ ကိုးကန့်အဖွဲ့တွင်မူ အနည်းဆုံးစစ်အင်အား ၃၀၀၀ ခန့်ရှိကြောင်း သိရှိရသည်။

၁၉၈၉ မတ်လ ၁၂ ရက်နေ့တွင် ဖုန်ကျားရှင်း နှင့် ဖုန်ကျားဖူးတို့ညီအစ်ကို ခေါင်းဆောင်၍ ဗကပ မှ ပထမဆုံး ခွဲထွက်ပြီး MNDAA ကိုတည်ထောင်ခဲ့သည်။ နောက်ပိုင်း စ၀်ညီလိုင်း နှင့် ပေါက်ယူချဲန်တို့ ခေါင်းဆောင်သည့် ၀ တပ်ဖွဲ့၊ စိုင်းလင်း ခေါင်းဆောင်သော မိုင်းလားအဖွဲ့ နှင့် စခုန်တိမ်ယိမ်း ခေါင်းဆောင်သည့် NDA-K ကချင်အဖွဲ့များလည်း ကိုးကန့်နည်းတူ အသီးသီး ခွဲထွက်ခဲ့ကြသည်။

ကိုးကန့်ဒေသသည် ဒုတိယကမ္ဘာစစ် မတိုင်မီ သန္နီစော်ဘွားလက်အောက်ခံ မြို့စားအဆင့်ဖြစ်ခဲ့၏။ နောက်ပိုင်း သန္နီ မှ ခွဲထွက်၍ သီးသန့်နယ်ရှင်စော်ဘွား - ကိုးကန့်ပြည်နယ်ထူထောင်ခဲ့သည်။ ၁၉၆၄ ဧပြီ ၂၄ ရက် သျှမ်းပြည် တပ်မတော် SSA ထူထောင်စဉ် ကိုးကန့်စော်ဘွား၏ညီတော်စ၀်လက် ခေါ် ဂျင်မီယန်းနှင့်အဖွဲ့လည်း ပါဝင်ခဲ့သည်။



REF: သျှမ်းသံတော်ဆင့်

Read More...

အပေါ်သို့