Dec 25, 2010
မင်းကိုခါး (ကွမ်းခြံကုန်း)
အသက် ၃၂ နှစ်သာ ရှိသေးသော လူငယ်တဦးသည် တတိုင်းတပြည်လုံးကို ကတိ ပေးထားသည်။
ိ
၁၉၄၇ ခုနှစ်။
ထိုလူငယ်၏ ကတိကိုလည်း တတိုင်းတပြည်လုံးက ယုံကြည်ကိုးစား နိုးကြားတက်ကြွ နေကြသည်။ သူ၏ ကတိမှာ “တနှစ်အတွင်း လုံးဝ လွတ်လပ်ရေးရစေရမယ်”ဟူ၍ ဖြစ်သည်။ ကတိပေးသူ လူငယ်ကား . . .
သူ့ခေတ်သည် ကျွန်ဘ၀ကိုလိုနီခေတ်နှင့် ထိုကိုလိုနီခေတ်မှ လွတ်မြောက်ရန် “လွတ်လပ်ရေး” ကြိုးပမ်းမှု ခေတ်ကာလဖြစ်သည်။ သူဖြတ်သန်းရသော အချိန်အားလုံးသည် ထိုခေတ်ကြီး အဖြစ် အပျက်များနှင့်သာ လုံးထွေး ရောပြွမ်း နေခဲ့ရလေသည်။ လွတ်လပ်ရေး ရရှိချိန်ကိုကား သူ မတွေ့မမြင်ခဲ့ရပေ။
သူ့အဖို့ တသက်တာကား အကျပ်အတည်းများကို ကျောခိုင်းနောက်လှည့်၍ ရှောင်လွှဲသွားရန် လမ်းကြောင်းများ မရှိပေ။ အဘယ့်ကြောင့်နည်း။ သူသည် ကိုလိုနီ ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး တော်လှန်ရေး သမားတယောက် ဖြစ်သောကြောင့်ပင်။ “ လွတ်လပ်ရေး ” “ နိုင်ငံ၏ ပုံရိပ်သစ် ” နေ့တိုင်းပင် သူ စိတ်ကူးမျှော်မှန်းခဲ့သည်။ သူ့ခေတ်က မြန်မာအမျိုးသားစာဆို ဆရာကြီး သခင်ကိုယ်တော်မှိုင်း က ပြောခဲ့သည်။ ကျွန်ခေတ်မှာ လူရာ မ၀င်ချင်ဘူးတဲ့။ ကိုအောင်ဆန်း (သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း)သည် ထိုလူစားဖြစ်သည်။ သူ့ ခေတ်ပြိုင်များက ဆန်းစစ်တွေ့ရှိသော လူငယ် ကိုအောင်ဆန်းသည် ကိုလိုနီ ကျွန်ခေတ်တွင် လူရာဝင်ရေး အတွက် အပေါင်းအသင်း အဆက်အသွယ် အခွင့်အလမ်း တက်လမ်းတွေ လိုက်ရှာဖွေသူ မဟုတ်။ တကိုယ်ရေ ကောင်းစား ကြီးပွါးရေး အတွေးအခေါ်တွေ သူ့မှာမရှိ။
သူ့အတွေးက နိုင်ငံနှင့်ချီ၍ “ လွတ်မြောက်မှု ” ။
ကိုလိုနီသူ့ကျွန်ဘ၀တွင် ပြည်သူလူထုက “ဘုရားကျွန်တော်မျိုး” ဟု လက်အုပ်ချီပြီး “မှန်ပါ့ ဘုရား” ဟု နယ်ချဲ့ အုပ်စိုးသူ လူမျိုးခြားကို ဘုရားထူး ဒူးထောက်ခဲ့ရ၊ နိမ့်ကျညှိုးငယ်၊ ဒုက္ခအသွယ်သွယ်က ၁၉၃၀ ပြည့်လွန် နှစ်များတွင် လူငယ် တဦးသာဖြစ်သော ကိုအောင်ဆန်းကို စူးစူးရှရှ နာကျည်း ထန်ပြင်းစေခဲ့ပြီးပြီ။ ဘုရင်ခံတဲ့။ ကိုလိုနီ ယန္တရားကြီးကား ပဒေသရာဇ်ခေတ် နယ်စားမြို့စား အုပ်ချုပ်ရေးပုံစံနှင့် မဝေးလှသော ၀တ်ရုံဟောင်းကြီးကို ခပ်တင်းတင်း လွှမ်းခြုံလျက်။ နိုင်ငံကို ကျွန်ပြု စိုးမိုးထားသော ကိုလိုနီနယ်ချဲ့နှင့် နယ်ချဲ့ အလိုတော် ရိများက နန်းရင်းဝန်ကြီး၊ အမတ်ချုပ်ကြီး၊ ၀တ်လုံတော်ရကြီး၊ တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ အရေးပိုင်၊ နယ်ပိုင်၊ မြို့ပိုင်၊ မြို့အုပ်၊ သူကြီး “စေ” တလုံးပိုင်၊ အာဏာဇောင်းထက်မြ၊ ဘုရင်ခံချုပ်၊ ဘုရင်ခံ ဆိုသူတွေ မပြောနှင့် ဗြိတိသျှ နေမ၀င် အင်ပါယာ ယန္တရားကြီးရဲ့ အောက်ဆုံးအဆင့် သူကြီးဆိုသူကပင် မြန်မာနိုင်ငံမှာ “ဘုရား” ထူး ခံချင်၊ အမိန့်တော်မြတ် ချမှတ်ချင် . . . ။
အို . . . သင်တို့ကို ငါ ငြင်းဆိုလိုက်တယ်။
“ မြန်မာပြည်တ၀ှမ်းအကုန်
ဒို့အိမ်မှတ်ပါ ဒို့ယာမှတ်ပါ
အဲဒါ ဒို့ဗမာ ”
“ နောင် ဥဒါန်းဘယ်ကြေစရာ
ရာဇ၀င်တင်ထား မျိုးရိုးနွယ်လာ ၊
ကမ္ဘာတခွင်မှာဖြင့် ၊ ဗမာအထင်အရှား
ဒို့ခေတ်တွင်မှ ညံ့ကြတော့မှာလား ”
အမျိုးအစားသစ် နယ်ချဲ့ဆန့်ကျင်ရေး မြန်မာပြည် လွတ်လပ်ရေး အရေးတော်ပုံ နိုင်ငံရေး အင်အားစုများက ကိုလိုနီ ဖိနှိပ် စိုးမိုးသူတို့ ဆန္ဒနှင့် သီးခြား ကင်းလွတ်စွာ ဖူးပွင့် လာကြပုံမှာ အိပ်မက်မဟုတ်။ သမိုင်း၏ ဖြစ်ပေါ်တိုးတက်မှု အရှိတရားက ၀သန်မိုးဦး တဖြိုက် ရွာလိုက်တဲ့အခါ စိန်ပန်းတွေ ရဲခနဲ လင်းခနဲ လန်းဆတ် တောက်ပ ဖူးပွင့်လိုက်ကြ သလိုပဲ။ မြန်မာစာဆိုများ၊ ဂီတ ပညာရှင်များ ကပင် ကျောခိုင်းနေ၍ မရ။ မျက်နှာမူကာ မြတ်မြတ်နိုးနိုး စာဖွဲ့လွမ်းပွေ့ လိုက်ချင်စရာ။
သမိုင်းရဲ့ အကွေ့။
နိုင်ငံကို စစ်ပွဲကြီးသုံးကြိမ်ပြုပြီး သိမ်းပိုက်အုပ်စိုးခဲ့သော နယ်ချဲ့ ကိုလိုနီ အာဏာရှင်တွေက အရှင်သခင် မဟုတ်။ ဒါ . . . ဒို့မြေ၊ ဒို့ရေ . . . ဒို့ကိုယ်တိုင် အရှင်သခင်။ သူတို့နာမည်ရှေ့မှာ “သခင် ” ဘွဲ့ကို မြင့်မြတ်ခြင်း နိမိတ်ပုံလို တပ်ဆင်လိုက်ကြသည်။
ယုံလိုက်ကြ။ ကိုယ့်ကိုယ်ကို ယုံကြည်လိုက်ကြ။ ကိုယ်သာအရှင်၊ ကိုယ်သာ သခင်။
ကိုလိုနီသမိုင်းခေတ် ၁၉၃၀ ပြည့်နှစ် ဆရာစံတောင်သူလယ်သမား အရေးတော်ပုံကြီး၏ ပြင်းထန်သော ကိုလိုနီ ဆန့်ကျင်ရေး ပုန်ကန်မှုက ထို ၁၉၃၀ ပြည့်လွန် နှစ်များ၏ အလယ်ပိုင်း ကာလများတွင် လွတ်လပ်ရေး တိုက်ပွဲဝင် နိုင်ငံရေး အင်အားစုများ ဖြစ်လာကြတော့မည့် ကိုအောင်ဆန်းတို့ကို ပေါက်ကွဲအား မြှင့်ပေးသော စွမ်းအားပြည့်မြန်မာ့ သမိုင်း ဒီရေ ဖြစ်ခဲ့သည်။
. . . . . . . . . . . . . . . . . . . . . . . . . . . . . .
“ စံရှားခေါ် ဆရာစံ။ အထက်စွပ်စွဲချက်များကြောင့် သင့်အပေါ်မှာ အပြစ်ရှိကြောင်း။ ဤရုံးတော်က တွေ့ရှိကြောင်း။ ၎င်းအပြင် ဗြိတိသျှ နေမ၀င် အင်ပါယာ၏ ရှင်ဘုရင်နှင့် ဘုရင်၏ အစိုးရတို့အား အသင်က ပုန်စား ပုန်ကန်ပြုလုပ်ကြောင်း ထင်ရှား၏။ ဤသို့ပြုလုပ်ခြင်းကြောင့် တိုင်းပြည်တွင် လူအမြောက်အမြား သေကြေပြီးလျှင် ဥစ္စာစီးပွါးလည်း ပျက်ပြားကြောင်း။ သို့သော် ဤသို့ ပျက်ပြားသော်လည်း သင်သည် ၀မ်းနည်းခြင်းမရှိ။ ၀မ်းနည်းသည့် လက္ခဏာလည်း မပြခဲ့ချေ။
ထို့ကြောင့် သင့်လည်ပင်းကိုကြိုးတပ်၍ မသေမချင်း အသင့်ကို သတ်စေရန် အမိန့်ချမှတ်လိုက်ကြောင်း ” ။
လယ်သမားသူပုန်ကြီး ဆရာစံကမူ “ မှန်ပါ့ဘုရား ” ဟု လက်အုပ်မချီ။ ဘုရားမထူး။ မတရား ဗိုလ်ကျ အုပ်စိုးသူတို့ကို တော်လှန် ပုန်ကန်ခြင်း အမှန်တရားအား စွန့်လွှတ်ရန် လုံးဝ မစဉ်းစားခဲ့။ ကျွန်ခေတ်မှာ လူရာ မ၀င်ချင်ဘူး။
ဆရာစံကို ကိုလိုနီကြိုးစင်ပေါ်သို့ ဆွဲခေါ်လာကြသည်။ အို လူမျိုးခြား ဖိနှိပ်သူတို့ ... မြန်မာ့ရာဇ၀င် ထဲ တရားမ၀င် ကျူးကျော် ခုန်တက် လာစ နှစ်များကပင် သင်တို့ကို ငါ ငြင်းဆိုလိုက်တယ်။ လက်ထိပ်ခတ်လျက်။ ငေးကြည့်နေသူများက “ ဆရာစံ တုန်လှုပ်လေမလား ” စူးစမ်းလျက်။ ကျွန် ဖြစ်ရတာထက် သေရတာက မြတ်တယ်။ မင်းတို့ မလိုပါဘူး။ ဖယ်ကြစမ်း။ ငါ့ဘာသာ တက်နိုင်တယ်။ တွဲခေါ်လာသူများကို ကြိုးစင်ရှေ့မှာ တွန်းဖယ် ထားပစ်ခဲ့ လိုက်လေရဲ့။ ပထမ ခြေတလှမ်း။ အမျိုးအတွက်။ ဒုတိယခြေတလှမ်း။ ဘာသာအတွက်။ တတိယခြေတလှမ်း။ သာသနာအတွက်။ ဆရာစံ၏ ရုပ်ပုံလွှာက သူချစ်လှစွာသော နိုင်ငံကို မြတ်မြတ်နိုးနိုး လှုပ်နှိုး ပစ်ခဲ့သည့် နိမိတ်ပုံ။ ဘယ်သောခါမှ မမေ့နိုင်ဖွယ်ရာ တည်ကြည်လေးနက်စွာ ဦးခေါင်းကို မတ်ထားသည့် မြန်မာ့ သူရဲကောင်း။ ငါ ပြန်လာမယ်။ တနေ့ ပြန်လာမယ်။ သန်းနဲ့ချီပြီး ပြန်လာခဲ့မယ်။ ကြီးမြတ်သော သုပဏ္ဏက ဂဠုဏရာဇာ မြန်မာကြီးသည် ကြိုးစင်ထက် မယိမ်းမယိုင် တက်သွားနေသည်။ သူ့နောက်ကျောမှာ ကိုလိုနီခေတ် သူ့ကျွန်ဘ၀ မြန်မာနိုင်ငံ အနှံ့ဆီ သာယာဝတီထောင် ကိုလိုနီအုတ်ရိုးကို ထွင်းဖောက်ပြီး ယုံကြည်မှု အရောင် တလွင်လွင့် တောက်ပ ထွက်ပေါ်သွားတော့သည်။
အဲဒီယုံကြည်မှုအရောင်တွေသည် ၁၉၃၅ - ၃၆ ခုနှစ်က ကိုအောင်ဆန်းတို့ မျိုးဆက်ရဲ့ ရင်ဘတ်တွေ ထဲဆီ စူးရှမြုပ်ဝင် ပဲ့တင်နေကြသည်။
ကိုလိုနီဘ၀ကြီးကို တို့ ငြင်းဆိုခဲ့ကြတယ်။ ကျွန်ခေတ် သမိုင်းရဲ့အမှောင် အင်အားစုတွေကို တို့ ရွံမုန်းခဲ့ ကြတယ်။
“ သက်သေသာဓကတို့သည် နွေဦးပေါက်လှုပ်ရှားသော သစ်ရွက်များကဲ့သို့ ငါတို့၏ ရင်တွင်းဝယ် ဆထက်ထမ်းပိုး တိုးကာ တဖျတ်ဖျတ် တလူလူ လွှင့်ခတ်၍နေပါအံ့။
ဤနေရာဝယ် အနှစ်တထောင် ကာလပတ်လုံး ရှပ်တိုက်၍နေသော ခြေရာ အပေါင်းတို့ သည်လည်း သင်တို့၏ သွေးကွက်များကို ချေဖျက်နိုင်မည် မဟုတ်။
ဤတိတ်ဆိတ်ခြင်းကို ရေတွက်ခြင်းငှာမစွမ်းနိုင်သော အသံဗလံများသည် ရေပွက်ပမာ ထပွက်သော် ငြားလည်း သင်တို့၏မြတ်သော သေခြင်းကို ထောမနာပြုသော ခေါင်းလောင်းသံသာ သည်ကား ပဲ့တင်ထပ်၍ နေမည်သာတည်း ” ။
ချီလီကဗျာဆရာကြီး ပါဘလိုနီရူဒါ
(ဒဂုန်တာရာ မြန်မာပြန်)
တာရာမဂ္ဂဇင်း၊ ၁၉၄၆ - ခုနှစ်။
* * * * * * * * * * * * * * * * *
ကိုအောင်ဆန်းသည် တွေးနေသည်။ သူ့အဖိုး ဗိုလ်မင်းရောင်သည်လည်း အရေးတော်ပုံတွင် ခေါင်းဖြတ် ခံခဲ့ရသည်။ ဆရာစံ၏ လယ်သမား သူပုန် ရဲဘော်ကြီးများ သည်လည်း ဦးခေါင်းတွေ ဖြတ်ခံခဲ့ရသည်။ (၁၉၃၅ - ၃၆) နှစ်ကာလက သူ၏ ခေတ်ပြိုင်များသည် ကိုအောင်ဆန်းကို မှုန်ဆန်သော လူငယ် တယောက်အဖြစ် စတင်တွေ့ရှိ ကြရသည်။ စာသင်ခန်း ထဲမှာလည်း တွေးသည်။ အင်းလျား ကန်ကြီးဘေး လမ်းလျှောက်ရင်း မှာလည်း တွေးသည်။ ပဲခူးဆောင် အပေါ်ထပ်မှ ဆံပင်စုတ်ဖွားနှင့် လှေကားထစ်များကို နင်း၍ နင်း၍ ဆင်းလာနေရင်း မှာပင် တွေးမိနေ သေးသည်။ “သူကလည်း အစဉ်လိုလို နိုင်ငံရေးကိုသာ တွေးနေဟန်တူ၏”။ “တက္ကသိုလ်တွင် ရှိစဉ်က ကိုအောင်ဆန်း သည် ပြုံးသောမျက်နှာကို ထားခဲ၏ ” တဲ့၊ ကဗျာ အနုပညာရှင် ဒဂုန်တာရာက သူတွေ့ရှိသော ကိုအောင်ဆန်းကို ရုပ်ပုံလွှာတွင် ဖွဲ့နွဲ့သည်။ သူ၏ ခေတ်ပြိုင်များကမူ ထိုပုံရိပ်တွေကို နောင်သောအခါ လွမ်းမောဖွယ် တွေအဖြစ် ပြန်လည်အောက်မေ့ သတိ ရခဲ့ကြရသည်။
၃၆ ခုနှစ်က တိုင်းပြည်သည် “ အောင်ဆန်း” ဆိုသော အမည်ကို ထိုခေတ် သတင်းစာများတွင် စတင်တွေ့ရှိ လိုက်ကြချိန်မှာ ထိုလုလင်၏ ရင်အုပ်ထဲတွင် သူတို့ခေတ် တခုလုံး၏ အလွမ်းများ အပြည့်အနင့် သယ်ဆောင် ထားသည်ကို လူတို့က အပြည့်အ၀ မသိနိုင်ကြသေး။ အချိန်က တိုလှသေး၏။ သူ့မှာတော့ ၃၆ ခုနှစ် မတိုင်မီ သူ့နာမည် တိုင်းပြည်နှင့် စတင် မိတ်ဆက်ခြင်း မပြုရသေးချိန် မှာပင် ရင်ထဲ၌ တိုင်းပြည်မနိုးခင် “ ချစ်လှစွာသော ကျွန်ဘ၀ အမိ မြန်မာပြည်ရဲ့ နောက်တနေ့ မနက်ခင်း ဂုဏ်တောက်စွာ လင်းခဲ့ဖို့ အရုဏ်ဦးကို နှလုံးသွေးနဲ့ သယ်ဆောင် နေခဲ့ရပြီ”လေ။ သူ့ရှေ့တွင် မြန်မာပြည်၌ ဆယ်စုတခု၊ နှစ်ခုမက အချိန်မှစ၍ ကိုလိုနီခေတ် ကိုယ်ကျိုးရှာ ၀ါရင့် နိုင်ငံရေးသမား ဟောင်းကြီးများက ရှိနေခဲ့ပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ကဗျာထဲက အတိုင်း “ ငါးထောင် အသပြာစား မာန်ရယ်နဲ့ မာန်ဖီဖီပွား၊ မယားတောင်ညာခံနှင့် စံသည်တကား” အမည် ထိုက်သည့် ပုဂ္ဂိုလ်တွေလည်း မြန်မာနိုင်ငံရေး ပွဲဦး ပွဲကူးထဲမှာ အုတ်အရောရော ကျောက်အရောရော ပါဝင်။ ၃၆ ခုနှစ်တွင် ပေါ်လာသော ကိုအောင်ဆန်းတို့လို အသက် ၂၁ နှစ်အရွယ် လူငယ်များ၏ အမျိုးအစားသစ် အမျိုးသားရေး နိုင်ငံရေး လွတ်လပ်ရေး ရည်မှန်းချက်ကို စိမ်းရိုင်း လတ်ဆတ်စွာ ထိတ်ခနဲ တွေ့ကြရသည်။ မည်သို့ အကဲဖြတ်မလဲ။ သမိုင်းခေတ်က လာနေပြီ။ ၁၉၃၆။ အသက် ၂၁ နှစ်။ သူ ပြောပြောနေသော လုံးဝ လွတ်လပ်ရေး။ မင်း ငယ်ပါသေးတယ်။ ဗြိတိသျှ အလိုတော်ရိ ခေတ် အဆက်ဆက် သော့ကိုင် ထားလိုသူ မင်းတိုင်ပင် နိုင်ငံရေး သမားဟောင်းကြီးတွေရဲ့ မဲ့ပြုံး၊ ကြိတ်ပြုံး၊ မလိုတမာ အပြုံး တွေနဲ့ နဖူးတွန့် မျက်စချီ အကြည့်တွေကလည်း အဲဒီခေတ်ထဲမှာ အပြည့်။
သို့သော် အမှန်တရားကို ရှာပုံတော် ဖွင့်နေကြပြီ။
တလက်မမှ နောက်ပြန်ဆုတ်ပေးလို့ မရတော့။
ခေါင်းမှာ ဆံပင်ပွယောင်းယောင်း။ မျက်နှာက မှုန်ကုပ်ကုပ်။ သပ်ရပ်ချောမွေ့မှု မရှိ။ ကိုလိုနီ ယန္တရား အကြိုက် အိုင်စီအက် အရာရှိကြီးတွေရဲ့ ရှေ့တော်ပြေး ပုံရိပ်ဖြစ်ရမည့် ပညာတတ် တက္ကသိုလ် ကျောင်းသား အသွင်အပြင်ကို သူ့ထံမှာ တွေ့မြင်ရန် ခက်ခဲလှသည်။ ၁၉၃၆ က ရွှေတောင် ပိုးလုံချည်နှင့် ပြည်တွင်းဖြစ် ဖျင်ကြမ်းကို ၀တ်ဆင်ပြီး စင်မြင့်ပေါ်၌ စကားပြောသော သူ့ကို ဂျူဗလီဟောလ်တွင် ထိုခေတ်လူငယ် အများက တွေ့မြင်ဖူး ကြရသည်။ သူ့မှာ လူအလတ်တန်းစား ပညာတတ် စရိုက်ဟန်တွေ မတွေ့ရ။ သူ့ကိုယ်သူ အတင်း ယဉ်ကျေးအောင် သူက ဟန်ဆောင် မလုပ်။ ဒါကဖြင့် နာမည်ကျော် ပညာတတ်လူငယ် အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ပါပဲလေ။ သာမန်လူထဲက လူ . . . လမ်း ပေါ်မှာ နေရာတကာ တွေ့မြင်နိုင်တဲ့ ပုံသွင်ပါပဲလေ။ ဒါပေမယ့် အဲဒီ ရာဇ၀င် ခေတ်ကြီးရဲ့ သွေးခုန်သံများ အားလုံးကို သူဝတ်ဆင်၊ သူ့ခေတ် မျိုးဆက်များရဲ့ ပေါင်းရုံးထားတဲ့ စိတ်ဓာတ် စွမ်းအင်များနဲ့ မျက်နှာက ပိုင်းဖြတ်မှုအပြည့်။
လွတ်လပ်ရေးအတွေးတွေထမ်းလို့ သူ လျှောက်လှမ်းသွားတဲ့ ခြေရာများ
နောက်ရာစုထိ နစ်ကျွံသွားခဲ့တာပါပဲ။
ဒီခြေရာတွေကို ဘယ်အုပ်စိုးသူ ကိုလိုနီမျိုးဆက်ကမှ မဖျက်နိုင်။
သူ့ ခေတ်ပြိုင်ရဲ့ အကောင်းဆုံးတေးသံတွေကို
သူ့နှလုံးအိမ်ရဲ့ နံရံမှာ ကမ္ဘတည်ထွင်းထုထားတယ်။
သူ့ကိုယ်ပေါ် သူ့ခေတ်ရဲ့ အောက်မေ့ဖွယ်တွေက တဖွဲဖွဲဆွတ်ပျံ့ စိမ်းပျံ့  စီးကျလို့ပ . . . ။
စိတ်မရှည်နိုင်
လွတ်လပ်ရေးကို ဒီလုလင်က သူတယောက်တည်း ထမ်းသယ်တော့မယ့်အတိုင်း။
ကိုယ်ရေးကိုယ်တာ နာကျင်မှုတွေကိုမှ သတိမရနိုင်
သူ့ရင်အုပ်ရဲ့  အတွင်းဘက်အမှောင်ထဲမှာ
အသက်ရှင်စွမ်းနေတဲ့အရာ
အခြားသူတွေရဲ့ ရင်အုပ်ထဲမှာ
ပြာဖုံးမီးခဲတွေ . . . မီးလျှံအလင်းထွန်းညှိဖို့
သူလိုက်လို့သာရှာခဲ့။
လေကောင်းလေသန့်တွေ မြန်မာပြည်အနှံ့
ရင်အုပ်တွေထဲဆီ သူအရောက်ပို့ဖို့
ဒုက္ခတရားကိုသာ ဘ၀နဲ့စစ်ခံယူပြီး
ရွှေလို ပြန်သန့်စင်ခဲ့လေပေါ့။
ဒါဟာ ကိုအောင်ဆန်းပေါ့။
၃၆ ခုနှစ်ကိုယ်တိုင်ပင်လျှင် အဲဒီ ၂၁ နှစ်အရွယ် လုလင်ရဲ့ သမိုင်းဆန်တဲ့ သွေးခုန်သံတွေ ဆီက လှပ ခမ်းနားမှုတွေ ပြန်ရခဲ့ပေါ့။ Hell Hound at large (ငရဲခွေးကြီးလွတ်နေပြီ)။ နှစ်ဦးကာလ အိုးဝေမဂ္ဂဇင်းရဲ့ ငရဲခွေး ဆောင်းပါးက ကိုလိုနီ စိုးမိုးသူ အင်္ဂလိပ် အာဏာပိုင်တွေဆီ လေညင်းကလေး ခတ်ပုံက သူတို့ တုန်လှုပ်စရာ။ မဂ္ဂဇင်း စာတည်း မည်သူလဲ။ မင်း . . . ပြောပါ။ သူ့အဖို့ အကျပ်အတည်းများကို ကျောခိုင်း နောက်လှည့်၍ ရှောင်လွှဲ သွားရန် နဂိုကတည်းကပင် သူ မကြိုးစားခဲ့။ အဲဒီ အညာသား မြန်မာလူငယ်က ငယ်ငယ်ကတည်းကပင် ဒါမျိုး မကြိုးစားခဲ့။ နောင်သောအခါ အကြိမ်ကြိမ် ပြန်လည်တသဖို့ ဖြစ်လာခဲ့ရတာပါပဲ။ အားလုံးအကြိုက် ရိုးရိုးစင်းစင်း ပါပဲလေ။ ၁၉၃၆ ခုနှစ်တွင် သူ့အဖြေ။
“ မပြောနိုင်ဘူး ”
ကိုလိုနီခေတ်ရဲ့ တက္ကသိုလ်မျက်နှာဖြူအာဏာပိုင်တွေက ကိုအောင်ဆန်းကို တက္ကသိုလ်မှ ထုတ်ပယ်ကြောင်း ကြေညာ . . . ။ ၁၉၂၀ ပထမ ကျောင်းသားသပိတ်မှ ၁၆ နှစ်အကြာ ကိုလိုနီ ဆန့်ကျင်ရေး ဒုတိယ ကျောင်းသား သပိတ်ကြီး မွေးဖွားလာပုံ အစရဲ့  မဟာသွေးစီးသံသည် သူ၏ ရင်ဘတ်တွင် ပထမ,စပေါက်ကွဲခဲ့တာပါပဲ . . . ။
ပဲခူးဆောင်အလယ်ထပ် သူ့အခန်းမှနေ၍ သူသည် အောက်ထပ်သို့ အတွေးဖြင့် ဆင်းလာ တတ်၏။ (၁၉၃၇ - ၃၈) ခုနှစ်က သူ၏ ကျောင်းနေဘက် များသည် သူ၏ သပ်ရပ်မှုမရှိ၊ သို့သော် စာအုပ်များ ပြည့်နှက် ရှုပ်ပွနေသော သူ့အခန်းကို ပဲခူးဆောင်တွင် တွေ့ဖူးကြသည်မှာ ပြန်တွေးရင် ရာဇ၀င်ကျော် သူရဲကောင်း လုလင်ရဲ့ လွမ်းမောဖွယ်ရာ ကားချပ် တခုပါ။ ကံ့ကော်တွေက ဝေလို့။ ဆွတ်ပျံ့စိမ်းပြာ အင်းလျားရွှေကန်တော်။ မြူမှုန်တွေက ပြာရီရီ။ သက်ငြိမ် ရှုမျှော်ခင်း အလှအပ။ ၁၉၃၈ ခုနှစ် နှစ်လယ်မှာတော့ အိပ်ယာလိပ် ထမ်းပြီး မြန်မာ့ သမိုင်း မုန်တိုင်းထဲဆီ ဇာတ်ဝင်ခန်း တခုလို ရေကျော်ရှိ ဒို့ဗမာ အစည်းအရုံးသို့ သူ ထွက်ခွာလာ ခဲ့လေသည်။ မိုးစက်တွေက ကျလို့။ မဖြီးရသေးသော ဆံပင်။ အင်္ကျီလျော့ရဲ ကြေမွကိုလည်း မပြင်ဆင်ရသေး။ မြန်မာပြည်ရဲ့ ကိုလိုနီ မြေအရိုင်းကို ရင်ဘတ်နဲ့ ထွန်ယက်ဖို့ ဆင်းလာတဲ့ အတိုင်းပါပဲလေ။
အဲဒီခေတ် ဗြိတိသျှကိုလိုနီဥပဒေပြု လွှတ်တော်ထဲမှာတော့ ရာထူးရာခံနှင့် မြန်မာပြည် ကျွန်ခေတ်မှာ လူရာဝင်ရေး ကိုယ်ကျိုးရှာ ကုလားထိုင် လုပွဲမှာ စီးကရက် မီးခိုးငွေ့များ၊ ယမကာ နံ့များဖြင့် ယစ်ဝေကောင်းဆဲပင် ရှိနေသည်။
နောင် . . . ဥဒါန်းဘယ်မကြေစရာ၊ ရာဇ၀င်တင်ထား မျိုးရိုးနွယ်လာ၊ ကမ္ဘာတခွင်မှာဖြင့်၊
ဗမာ အထင်အရှား၊ တို့ခေတ်တွင်မှ ညံ့ကြတော့မှာလား . . .
* * * * * * * * * * * * * * * * *
အမျိုးသားရေးကြိုးပမ်းကြပါ၊ အရှေ့ က နေ၀န်းထွက်သည့်ပမာ၊ ဒို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ၊
တို့ဗမာဟေ့ . . . တို့ဗမာ . . . ဗမာပြည်တ၀ှမ်း အကုန် တို့အိမ်မှတ်ပါ . . . တို့ယာမှတ်ပါ . . အဲဒါ ဒို့ဗမာ . . .
သမိုင်းခေတ်များရဲ့ အကွေ့အချိုးတွေက မာယာများတဲ့ မြစ်တွေလို မြစ်ကျဉ်းတွေ၊ မြစ်ကွေ့တွေ၊ မှုတ်ဝဲ၊ စုပ်ဝဲတွေ၊ ကျောက်ဆောင်တွေ၊ သောင်တွေ၊ အမှိုက်တွေ၊ ဒိုက်တွေကလည်း များပါပေ့။ သို့သော် ထူးဆန်းသည်မှာ မြစ်တွေက မြစ်ဝှမ်းမှာ နေကြသည့် လူထုရဲ့ ဘ၀တွေနဲ့ ပေါင်းစပ်ထွေပြားကာ အတိုင်းအဆမဲ့ ပိုလို့ နက်ရှိုင်းသွားတတ် ကြသေးသည်။ သမိုင်းခေတ်နဲ့ သူ့လူထုလိုပါပဲ။ ကိုအောင်ဆန်းက မြစ်ကို ဖြတ်ကူးသွားသူ မဟုတ်။ မြစ်ကို အလျားလိုက် စုန်ကူးသူ။ သူ့တမ်းချင်းတွေကို အဲဒီရာဇ၀င် မြစ်ရိုးကြီးအတိုင်း သီဆိုသွားသည်။ မြန်မာ ပြည်သူတွေက နေ့နေ့ညည ကြားနေကြရပြီး စိတ်ထိခိုက်ကာ တမ်းချင်းရှင်ကို ရှာဖွေကြသည်။ သို့သော် ရှာစရာမလိုပါ။ တမ်းချင်းရှင် က သူတို့ ရင်အုပ်တွေထဲဆီအထိ သူ့တမ်းချင်းတွေကို ဒက်ဒက်ထိ လာဆိုလေသည်။
သူ့နာမည်ရှေ့ မှာ
မြန်မာပြည်ရာဇ၀င်ခေတ်ရဲ့  ဂုဏ်ရှိန်မြင့်သည့် “ သခင် ” ဘွဲ့ကို
တော်လှန်ရေးအနုပညာရဲ့  သင်္ကေတလို တပ်ဆင်လို့ . . .
မြင့်မြတ်မှုနဲ့ ရိုးဖြောင့်မှု
သူ့ကိုယ်ပေါ် အရောင်တလွင့်လွင့် . . . ။
အခက်အခဲအကျပ်အတည်း ဆိုတာတဲ့လား
လွတ်လပ်ရေးကြိုးပမ်းမှုဖြစ်စဉ်မှာ မလွှဲမရှောင်သာ
တွေ့ရမယ့်
ဖြစ်ရိုးဖြစ်စဉ် သမားရိုးကျကိစ္စတရပ်သာ
သူ ယုံကြည်လေရဲ့ ။
နယ်ချဲ့ သံဖနောင့်အင်ပါယာကြီး
အင်အားကြီးမားတယ်ထင်ရပေမယ့်
ဟောင်းနွမ်းဆုတ်ဆိုင်းနေတဲ့ ကိုလိုနီတရား။
လွတ်လပ်ရေးကြိုးပမ်းခြင်း အင်အားကတော့
နုပျိုပွင့်လန်းတိုးထွက်စ။
သေးငယ်တယ်ထင်ရပေမယ့် သေးငယ်ရာက ရှင်သန်ဖွင့်ထွား
လောကဖြစ်စဉ်တရား။
ဒါ ဒို့မြေ . . . ဒို့ရေ . . . ဒို့ကိုယ်တိုင် အရှင်သခင်။
ကိုယ်ကျိုးရှာ ကိုလိုနီကျွန်ပြုသူတွေရဲ့ 
သံကြိုးကွင်းတွေ
တုန်ခါနေ။
တဆတ်ဆတ်တုန်ခါ . . .
မြန်မာတမျိုးသားလုံး သခင်မျိုးဟေ့လို့
လက်ရုံးဆန့်တန်းကျူးရင့်စေဖို့
အသည့်နှလုံးကို မြေပေါ်ထွန်းညှိစိုက်ချ
အဲဒီ ရွှေသရဖူအလင်းတိုင်ဘေး ညထဲမတ်မတ်ရပ်
“ လွတ်လပ်ရေး သူ ကျူးရင့်ပုံ . . .
သူ့ဘေးမှာ မဟာဧရာဝတီက တလက်လက်စီးလိုက်လို့ . . .
ဒီလုလင်ရဲ့ ရင်ဘတ်နဲ့
ကျွန်ဘ၀ထဲ မသေဆုံးတဲ့ မြန်မာပြည်လွတ်လပ်ရေးအိပ်မက်တို့
ရာဇ၀င်မြောက် သွေးခုန်ပွင့်ဖူးချေသမို့
စိတ်ချလိုက်။
အခက်အခဲများရှေ့ တွင် ကျောခိုင်းပြီး နောက်ပြန်လှည့်မည့် လူမျိုးလည်း မဟုတ်ပေ။
I hope for the best but I am prepare for the worst.
အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကျနော် မျှော်လင့်တယ်။ ဒါပေမဲ့ အဆိုးဆုံးကို ရင်ဆိုင်ဖို့လည်း အသင့်ပဲ။
(နယူးဒေလီ လေဆိပ်၊ ၁၉၄၇ ခုနှစ်)
၁၉၄၇ ခုနှစ်။ သူကွယ်လွန်ခါနီးနေရပေပြီ။ (၇) လ, သာ ကျန်တော့သည်။ ထိုနှစ် ဇန်န၀ါရီလသည် ခိုက်ခိုက် တုန်ချမ်း စိမ့်နေပေသည်။ သူသည် ကမ္ဘာ့ အနောက်ခြမ်း (အင်္ဂလန်) သို့ ခရီးစတင် ထွက်လာခဲ့သည်။ အသက် ၃၂ နှစ်သာ ရှိသေးသော ဦးအောင်ဆန်းသည် တိုင်းပြည်ကို တနှစ်အတွင်း လုံးဝ လွတ်လပ်ရေး ရစေရမယ်ဟု ကတိ ပေးထားသည်။ အသက် ၃၂ နှစ်အရွယ် လူငယ်တဦး၏ ကတိကို (ထိုခေတ်) သူ၏ တိုင်းပြည်ကလည်း မြတ်နိုးမှုတွေ အပြည့်နှင့် ယုံကြည် စွဲလန်း နေကြသည်။ သူ . . . ကိုလိုနီ ခေတ်ကြီးထဲမှာ ထန်ပြင်းရိုင်းစိုင်း မာကျောနေ သလား။ ပင်လယ်ဝါမှာ ခုတ်မောင်းသွားတဲ့ ဟိုင်လီ သင်္ဘောကြီးပေါ်မှာ ရုပ်ဖျက် ပုန်းအောင်းပြီး ချစ်လှတဲ့ တိုင်းပြည်နဲ့ ဝေးရာဆီ လျှို့ဝှက် ထွက်ခွါသွားခဲ့ ရတာတွေကကော။ ထိုသို့ ထွက်ခွါခဲ့ရပုံကို “အရှေ့သို့ ကျွန်ုပ် ထွက်ခွါ လာခဲ့ရသည်မှာ အမှောင်တိုက်တွင်းသို့ သက်ဆင်း လာခဲ့ရသည်နှင့် တူ၏” ဟု နောင်အခါ ပြန်ရေးခဲ့၏။ လူက မှုန်ဆန်ထန်ပြင်း နေမိရပေမယ့် တိုင်းပြည်ပေါ် ချစ်စိတ်ကိုတော့ ရင်ထဲမှာ နူးနူးညံ့ညံ့ ယုယစွာ ထိန်းလို့။ သူ့သစ္စာကို အသက်နဲ့ရင်းပြီး စောင့်ခဲ့တယ်။ သူ့မေတ္တာတရားရဲ့ ချိုမြတဲ့ သင်္ကေတကို ဖော်ပြဖို့တော့ ထွေထွေရာရာ လူ့ဘ၀တ ခုလုံးကိုပဲ အဆုံးတိုင် ပုံပေး ထားခဲ့လေရဲ့ ပ . . . ။
အလှည့်အပြောင်းတွေက များလှရဲ့။ ထိုအတွင်း သူ့သူငယ်ချင်း ကိုအောင်ကျော် (ဗိုလ်အောင်ကျော်) လည်း ဆုံးခဲ့ပြီ။ အဲဒီတုန်းက ၁၉၃၈ ခုနှစ် အမှောင်တိုက်ထဲမှာ။ ကိုအောင်ကျော်လည်း ငယ်ရွယ် လွန်းလှ ပါသေးသည်။ ၂၃ နှစ်။ သူ့ချစ်မိတ်ဆွေ ကိုဗဟိန်း (သခင်ဗဟိန်း) လည်း ၁၉၄၆ ခုနှစ်က မန္တလေးတွင် ကွယ်လွန်ခဲ့ပြီ။ သူသည် လဲလျောင်း ငြိမ်သက်နေသော ရုပ်ကလာပ်ဘေးတွင် စိမ်းစိမ်းမြေ့မြေ့ အောက်မေ့စွာ မိနစ်များစွာ ရပ်တန့်ငေးငိုင် သက်ငြိမ် ရုပ်ဝတ္ထု သဖွယ် နေခဲ့မိသည်။ သူတို့ မျိုးဆက်တွေက ကြွေပွင့်တွေလား။ သူ့စိတ်ထဲမှာတော့ သူ့ရဲဘော်များသည် ကြွေလွင့်ကာမှပင် ပိုလို့ မွှေးမြလာပြန်ရဲ့။ အချိန်တွေက ကြာသလား။ တိုတောင်းသလား။ ထိုအတွင်း ဂျပန်ဖက်ဆစ် တော်လှန်ရေး ကြီးကိုပင် ခေါင်းဆောင် အဖြစ်နှင့် ဖြတ်သန်း ခဲ့ရပြီးပြီ။ တမြေ့မြေ့ အောက်မေ့ဖွယ်တွေက များပြား လှပါဘိသည်။ သူစာရေးချင်သည်။ “ လွတ်လပ်ရေးရပြီးလျှင် စာရေးဆရာ အဖြစ်နှင့်ပင် သူနေတော့မည် ” ဟု မိတ်ဆွေများကို အကြိမ်များစွာ ပြောမိလေသည်။
အချိန်တွေက သိပ်မရှိတော့ဟု သူထင်နေသည်။ အဆက်မပြတ် သူ လှုပ်ရှားခဲ့သည်။ သမိုင်းမြစ်နဒီကို အလျားလိုက် စုန်ဆန်တုန်း။
ရပ်ကြည့်သူတွေ၊ မဲ့သူတွေ၊ ၁၉၃၆ ခုနှစ်ကလို မလောက်လေး မလောက်စား သူငယ်လေး လို့ မြင်နေကြဆဲ ၀ါရင့် အလိုတော်ရိကြီးတွေ ကတော့ အထင်သေး၊ အမြင်သေး၊ မာတာစိတ်ဓာတ် အညံ့စားတွေနဲ့ ဆန္ဒစွဲ ရှုမြင်ကြတုန်း။
အခွင့်သာတာနဲ့ သမိုင်းဘီးကို နောက်ပြန်လှည့်ရန်။
သို့သော် ၁၉၃၆ ခုနှစ်၊ ၁၉၃၇ ခုနှစ် မဟုတ်တော့။ ၁၉၄၇ ခုနှစ် ရောက်နေပြီ။ ၁၀ နှစ် အတွင်း လူထုက လုလင်ကို သူတို့ရဲ့ သူရဲကောင်း အဖြစ် မမေ့နိုင်ဘဲ ပွေ့ပိုက်ခဲ့ကြရပြီ။
အို . . . သူတို့ မယုံကြည်နိုင်ကြသေးဘူးလား။
ကိုအောင်ဆန်း၊ သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း (သို့မဟုတ်) ကိုလိုနီခေတ်ထဲက မြန်မာ့နိုင်ငံရေး ဂန္ထ၀င်ရဲ့ ပုံရိပ်သစ်။
* * * * * * * *
၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ။
နယူးဒေလီမြို့ “၀ယ်လင်တန်” လေဆိပ်တွင် ဦးအောင်ဆန်းသည် လောင်းကွတ် ရှည်ကြီးကို ၀တ်ထား ရသည်။ ဆောင်းလေတွေက အရိုးကွဲအောင် တစိမ့်စိမ့် တိုက်ခတ်နေသည်။ နှင်းတွေ တဖွေးဖွေး ကျနေသည်။ သူသည် အင်္ဂလန်သို့ မြန်မာ့ လွတ်လပ်ရေးအတွက် ခရီးထွက်ခဲ့ခြင်း။ လုံးဝ လွတ်လပ်ရေး . . . ။ တိုင်းပြည်ကိုလည်း သူ ကတိပေးခဲ့ပြီ။
အာရှတိုက်ကြီးကို ၀က်ဝံလက်သည်း ဆောင်းရာသီက စူးစူးနစ်နစ် ကုတ်ခြစ်နေသည်။ မြောက်ပြန်လေသည် ကတုန်ကယင်။
ကင်မရာမီးတွေက တဖျတ်ဖျတ်လွင့်နေသည်။ လေဆိပ်တွင် သတင်းစာ ဆရာများ၊ သတင်းထောက်များက မေးခွန်းတွေ အများအပြား မေးကြသည်။ ဦးအောင်ဆန်းကမူ ၁၉၄၇ ခုနှစ်အတွက် ဖြေဆိုရန် စိတ်ထဲမှာ တွေတွေ ဝေေ၀ စဉ်းစားရန် မရှိ။ ရှင်းလင်းပြီးသား ဖြစ်သည်။ တရား ထူထောင်ပြီး ဖြစ်သည်။ သူသည် အနှစ်တရာကျော် ကျွန်ပြု အုပ်စိုးမှုကို အဆုံးသတ်ရန် ရာဇ၀င် အလှည့်အပြောင်းများကို ထိုင်စောင့်နေသူ မဟုတ်ဘဲ ကိုယ်တိုင် ရှာဖွေခဲ့သူ၊ ပြုစုခဲ့သူ၊ ဖန်တီးခဲ့သူ။ တိုက်ပွဲဝင် တော်လှန်ရေးသမား။
အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်တယ်။ ဒါပေမဲ့ အဆိုးဆုံးကို ရင်ဆိုင်ဖို့လည်း အသင့်ပဲ။
အကျပ်အတည်းများဆီ သူသွားခဲ့တာလား။ အကျပ်အတည်းတွေက သူ့ဆီလာတာလား။
သူက သမိုင်းဖြစ်ပေါ်လှုပ်ရှားမှုဆီ မယိမ်း မယိုင်လာသည်။ သမိုင်းခေတ်က သူ့ကို စူးစူးမက်မက် ပြန်ရှာဖွေ လေသည်။
သူ့အာရုံထဲမှာ တခုတည်းသာရှိသည်။ သူ လုလင်ကျောင်းသားဘ၀ကတည်းက ပဲ့တင်ထပ်အောင် အကြိမ်ကြိမ် အော်ကြီးဟစ်ကျယ် ပြောခဲ့ရသောစကား။ လွတ်လပ်ရေး။ ဒါကဖြင့် မိုးသောက်ရင် သင် ပိုပြီးလှလာလိမ့် မယ်လို့ သူ့တိုင်းပြည်ကို သူလွမ်းဆွတ်ဖွယ် ယုံကြည်မျှော်လင့်ခြင်းပင် ဖြစ်ပေသည်။
မင်းကိုခါး (ကွမ်းခြံကုန်း)
(မှတ်ချက်။ ။ ကွယ်လွန်သူ ပညာရှင်ဆရာသိုက်စိုး၏ သုတေသီ ဆရာသမား ဘ၀ကို လေးစား အားကျ ပညာရှာ ဦးခိုက်သောအားဖြင့် ဤ မြန်မာစကားပြေ ရသ စာတမ်းကို ရေးဖွဲ့ပါကြောင်း။)
စာကိုး
ဦးဘခိုင်(ဖေဘီယန်) - * မြန်မာပြည်နိုင်ငံရေးရာဇ၀င်
ဒဂုန်တာရာ - * ရုပ်ပုံလွှာ
ဒဂုန်တာရာ - * အယ်ဒီတာစားပွဲ၊ စာပေအနုပညာဝေဖန်ရေးနှင့် ပန်းနုရောင်အို
ဒဂုန်တာရာ - * ဒို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ
မောင်ထင် - * ဗမာ့နိုင်ငံရေးသုခမိန်
ဗိုလ်မှူးဘသောင်း - * ဗမာ့တော်လှန်ရေးသမိုင်း
တက္ကသိုလ်နေ၀င်း - * ပြည်ထောင်စုဗိသုကာ
တက္ကသိုလ်နေ၀င်း - * အမှတ်တရ ဗိုလ်ချုပ်အောင်ဆန်း
သုတေသီမြင့်ထွန်း - * အမွိုင်သို့ လျှို့ ဝှက်ခရီး
ဗိုလ်ချုပ်မိန့်ခွန်းများ - *
(အမှတ် ၄။ စက်တင်ဘာ၊ ၂၀၀၇။ ထုတ် စပယ်ဖြူ မဂ္ဂဇင်းတွင် ပါသော ဆောင်းပါးအား ဝိမုတ္တိမှ ကူးယူ ဖေါ်ပြပါသည်။)
Saturday, December 25, 2010
လွတ်လပ်ရေး ရွှေသားမီးတိုင် နှင့် ကိုလိုနီခေတ် ကာလ ၂၀ ရာစု ၏ အလယ်ပိုင်း နှစ်များ
Friday, December 24, 2010
ဒေါ်အောင်ဆန်းစုကြည်နှင့် စကားဝိုင်း မြန်မာပြန် အနှစ်ချုပ်
Dec 24, 2010
မြန်မာ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက် ဆက်သွယ် စကားပြောခြင်း အစီအစဉ် တခုကို အယ်လ်ဂျာဇီးယား ရုပ်သံမှ ဒီဇင်ဘာ ၂၂ ရက် (ဗုဒ္ဓဟူးနေ့) ဂရင်းနစ် စံတော်ချိန် မနက် ၁၂ နာရီ ၃၀ မိနစ်၊ ဒီဇင်ဘာ ၂၃ ရက် (ကြာသပတေးနေ့) ဂရင်းနစ် စံတော်ချိန် နေ့လည် ၁၂ နာရီ ၃၀ မိနစ်၊ ည ၇ နာရီတွင် ထုတ်လွှင့် ပြသကြောင်း သိရှိရပါတယ်။
အဲဒီအစီအစဉ်ကို လန်ဒန် စီးပွားရေးကျောင်း (School of Economic) တွင် ရိုက်ကူးခဲ့တာ ဖြစ်ကာ ကျောင်းသားပေါင်း ၄၀၀ ပါဝင် ကြည့်ရှု ဆွေးနွေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်မှနေ အင်တာနက်က တဆင့် တိုက်ရိုက် ရုပ်သံနဲ့ ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဒီ အစီအစဉ် အတွက် ဒီမိုကရက်တစ် မြန်မာ့ အသံက အကူအညီ ပေးခဲ့ပြီး ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး တိုက်ရိုက် ရုပ်သံ မေးမြန်းမှု ထုတ်လွှင့်ခြင်း ဖြစ်ပါတယ်။
ဒီအစီအစဉ်ကို `ဆုံးဖြတ်ချက်ရဲ့ လမ်းဆုံမှာ - ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခြင်း ( At the Crossroads: Dialogue with Aung San Suu Kyi)’ လို့ အမည်ပေးထားပြီး အစီစဉ်မှုး အဖြစ် ဗရော်နီကာ ပက်ဒရိုဇာ (Veronica Pedrosa) က ဆောင်ရွက်ကာ လန်ဒန် စီးပွားရေးကျောင်းတွင် သုတေသန ပညာရှင်အဖြစ် ဆောက်ရွက်နေတဲ့ ဒေါက်တာဇာနည်၊ လန်ဒန် စီးပွားရေးကျောင်း ပါမောက္ခ တဦးဖြစ်ပြီး Global Governance အဖွဲ့ရဲ့ တွဲဘက် ဒါရိုက်တာအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ မယ်ရီ ကယ်ဒေါ (Mary Kaldor) နဲ့ ဗြိတိန် ဂါးဒီးယန်း သတင်းစာ ပုံမှန်ကလောင်ရှင်၊ သမိုင်းသုတေသီ၊ နိုင်ငံရေး ဝေဖန်သုံးသပ်သူ တင်မသီ ဂါတွန် အက်ရှ် (Timothy Garton Ash) တို့လည်း ပါဝင် ဆွေးနွေးခဲ့သည်။
ထိုဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေး၊ စီးပွားရေး ပိတ်ဆို့မှု အပါအဝင် မြန်မာ့အရေး ဆိုင်ရာ ကိစ္စ အတော်များများကို ဆွေးနွေး သွားခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ ရှေးဦးစွာ ဗရော်နီကာ ပက်ဒရိုဇာက အမျိုးသား ပြန်လည် သင့်မြတ်ရေးကို မေးမြန်း သွားသလို ဒေါက်တာဇာနည်က စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။ အဲဒီနောက် မယ်ရီ ကယ်လ်ဒေါ က နိုင်ငံတကာ ပြည်သူတွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကွန်ယက်တွင် ဘယ်လို ပါဝင်နိုင်မလဲ ဆိုတဲ့ အချက်ကို မေးမြန်းကာ တင်မသီ ဂါတွန် အက်ရှ် ကတော့ မြန်မာ စစ်အာဏာရှင်တွေ ကျူးလွန်ခဲ့တဲ့ အမှုတွေကို စုံစမ်း စစ်ဆေးမယ့် ကိစ္စကို မေးမြန်းခဲ့ပါတယ်။ ထို့နောက် ဗရော်နီကာ ပက်ဒရိုဇာက စည်းလုံးမှု တည်ဆောက်ပြီး ပြောင်းလဲမှုကို လုပ်နိုင်မလားလို့ မေးမြန်း သွားပါတယ်။ ဒါ့အပြင် မန္တလေးတွင် မွေးဖွားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်းနဲ့လည်း သိကျွမ်း ရင်းနှီးသူ ၁၉၉၈ စီးပွားရေး နိုဘယ်လ်ဆုရှင် အမာတီရာစန် (Amartya Sen) က ဒေါ်အောင်ဆန်းစုကြည် ခင်ပွန်း မကွယ်လွန်မီက တွေ့ဆုံ ကြုံခဲ့ရပုံများကို ပြောပြခဲ့ပါတယ်။ အဲဒီနောက်တက်ရောက်လာကြတဲ့ ကျောင်းသားများက မေးခွန်းများကို မေးမြန်းသွားရာ မြန်မာ ရိုဟင်ဂျာ အဖွဲ့က ဦးထွန်းခင်လည်း ပါဝင် မေးမြန်းခဲ့ပါတယ်။
အခုလို မေးမြန်းမှုများအား ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ဖြေကြားခဲ့ပုံများကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖေါ်ပြလိုက်ပါတယ်။
အမျိုးသား ပြန်လည် သင့်မြတ်ရေး
ကျမတို့အနေနဲ့ အမြဲတမ်းပဲ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ယုံကြည်ပါတယ်။ မြန်မာပြည်မှာ လိုက်လျော ညီထွေမှု မရှိတဲ့ အမြင် နှစ်ခု ရှိပါတယ်။ ကျမတို့က ပြောင်းလဲမှု လုပ်ချင်ပါတယ်။ စစ်အာဏာပိုင် တွေကတော့ ပြောင်းလဲမှု မလုပ်ချင်ပါဘူး။ ဒါဟာ အဓိက ပြဿနာ ဖြစ်ပါတယ်။ ကျမတို့က မလွတ်လပ်တဲ့ ဘ၀ကနေ လွတ်လပ်ခြင်းကို ပြောင်းလဲ ချင်ပါတယ်။ ကျမတို့ မြန်မာ စစ်အစိုးရနဲ့ အတူတူ ပြောင်းလဲမှုတွေ လုပ်ချင်ပါတယ်။
စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ
ရွေးကောက်ထားတဲ့ ဒီမိုကရေစီကို မလိုချင်ပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီကို လိုလားပါတယ်။ ဒါဟာ တွေ့ဆုံ ဆွေးနွေးရေး ကိုပဲ ပြန်ရောက် သွားပါတယ်။ တွေ့ဆုံ ဆွေးနွေးတဲ့ အခါ ဒီမိုကရေစီ ဆိုတာကို ဘယ်လို မြင်သလဲဆိုတာ အမြင် ဖလှယ်ကြရပါမယ်။ သူတို့ အနေနဲ့ ဒီမိုကရေစီ တခုခုကို လိုလားတဲ့ သဘော မြင်ရပါတယ်၊ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီပုံစံ ဆိုပါစို့။ ကျမတို့က ပြောပြ ချင်ပါတယ်၊ ကျမတို့ ဘာကို မျှော်လင့်သလဲ ဆိုတာကို။
စီးပွားရေး ပိတ်ဆို့မှု
စီးပွားရေး ပိတ်ဆို့မှုဟာ မြန်မာပြည်သူတွေရဲ့ လူသားချင်းဆိုင်ရာ အကူအညီ တွေနဲ့ ပတ်သက်ပြီး ဘာမှ မသက်ဆိုင် ဘူးလို့ ထင်ပါတယ်။ လူသားချင်း ဆိုင်ရာ အကူအညီ ပတ်သက်ပြီး ကျမတို့ ပြောတဲ့အခါ ပွင့်လင်း မြင်သာမှု ရှိရမယ်၊ တာဝန်ခံမှု တာဝန်ယူမှု ရှိရတယ်၊ လွတ်လပ်စွာ လေ့လာ စောင့်ကြည့်မှု ရှိရမယ်လို့သာ ပြောတာပါ။ ကျမတို့ လူသားချင်း ဆိုင်ရာ အကူအညီတွေကို ဘယ်တုန်းကမှ ပိတ်ဆို့ မထားပါဘူး။ ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ်ဟာ အစိုးရ အသုံးစရိတ်ရဲ့ ငါးရာခိုင်နှုန်း အောက်မှာပဲ ရှိတယ် ဆိုတာကို ကြည့်ရင် လူသားချင်း ဆိုင်ရာ အကူအညီတွေ ရဖို့ဆိုတာဟာ စီးပွားရေး ပိတ်ဆို့မှုကို ပြောတာထက် အစိုးရမူဝါဒကို ပြောတာက ပိုကောင်းမယ် ဆိုတာကို စဉ်းစား ကြည့်နိုင်ပါတယ်။
နိုင်ငံတကာပြည်သူတွေအနေနဲ့ ဘယ်လို ကူညီနိုင်မလဲ
အားလုံးအနေနဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေး အပြောင်းအလဲမှာ သက်ဆိုင်သူတွေ အားလုံး ပါဝင်ဖို့ ကိစ္စကို တောင်းဆို စေလိုပါတယ်။ ဒါဟာ ပထမဆုံး ခြေလှမ်း ဖြစ်ပြီး အခုပဲ တောင်းဆို စေလိုပါတယ်။ နိုင်ငံရေးမှာ အားလုံး ပါဝင်ဖို့ဆိုရင် ပထမအဆင့် အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ဖို့ လိုအပ်ပါတယ်။ မြန်မာပြည် ဒီမိုကရေစီ ပြောင်းလဲလိုသူ ကမ္ဘာသားတွေ အားလုံး အနေနဲ့ ဒီ အချက် အပေါ်မှာ ရပ်တည် စေလိုပါတယ်။ အခုအချိန်ဟာ ကျမတို့အနေနဲ့ အဲဒီအချက်ကို စတင် လုပ်ဆောင် နေပါတယ်။ ကျမတို့ အနေနဲ့ လက်တွေ့ ကျတဲ့ တိုးတက်မှု ရလိမ့်မယ်လို့ ယူဆပါတယ်။
စစ်အစိုးရရဲ့ ပြစ်မှုတွေကို စုံစမ်းစစ်ဆေးရေးကော်မရှင် နဲ့ စစ်ဆေးဖို့
ပါမောက္ခ ကင်တားနားက ကမ္ဘာ့ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ တောင်းဆိုတယ်လို့ ကျမ ထင်ပါတယ်။ ဒါဟာ လိုအပ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အဲဒီ အတွေးအခေါ်ကို ထောက်ခံပါတယ်။ ဒါဟာ စုံစမ်း စစ်ဆေးဖို့ တောင်းဆိုတာပါ။ တချို့လူတွေ ထင်နေတဲ့ စစ်ဗိုလ်ချုပ်တွေကို စွဲချက်တင် တရားစွဲဖို့ ဆိုတာနဲ့ ကွဲကွဲပြားပြား သိစေလိုပါတယ်။ မြန်မာပြည်က လူ့ အခွင့်အရေး အခြေအနေတွေ ပြောင်းလဲဖို့ အတွက် ဆိုရင် ကမ္ဘာ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ ပါမောက္ခ ကင်တားနားက ယူဆပါတယ်။
စည်းလုံးညီညွတ်မှု
ကျမတို့ ဘာတွေ ကြိုးစားပြီး လုပ်ကိုင်ချင်သလဲဆိုတော့ တိုင်းရင်းသားများရဲ့ ပြင်းပြတဲ့ ဆန္ဒ၊ မျှော်လင့်ခြင်းတွေနဲ့ ဦးတည်ချက် တခုကို သွားပြီး အဲဒီ ပြင်းပြတဲ့ ဆန္ဒတွေကို အခြေခံတဲ့ ပြည်ထောင်စု စိတ်ဓါတ် တခုကို တည်ဆောက် ရမှာပါ။ ဆွေးနွေးမှုတွေ၊ တွေ့ဆုံပွဲတွေ အများကြီး လုပ်နေပါတယ်။ ကျမတို့ကို တိုင်းရင်းသား အဖွဲ့ အများအပြားက ထောက်ခံ နေပါတယ်။ ပိုမို ကျယ်ပြန့် လာအောင်လည်း ကြိုးစား နေပါတယ်။ အားလုံး ပါဝင်ရမယ် ဆိုတာ ဒီကနေ့ ကျမတို့ ပြောနေတဲ့ အချက် ပါ။ အားလုံး ပါဝင်ရမယ် ဆိုတာက တိုင်းရင်းသားတွေတင် မကပါဘူး၊ မြန်မာပြည်က နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးနဲ့ ပတ်သက်သူ အားလုံး ပါဝင်ပါတယ်။
နောက် ဆယ်နှစ်အကြာ မြန်မာပြည်ကို ဘယ်နေရာမှာ မြင်လိုပါလဲ
ကျမကတော့ ဒီနေရာမှာပဲ ရှိမှာပါ။ နိုင်ငံရေးအရ ဘယ်နေရာမှာ ရှိမလဲ ဆိုရင်တော့ ကျမအနေနဲ့ ရုပ်ခန္ဓာ အရ ဒီနေရာမှာ ရှိနေပေမယ့် မျှော်လင့် တာကတော့ ကျမတို့ ဒိထက် အများကြီး အရှေ့ကို ရောက်နေမှာပါ။ ဆယ်နှစ်အကြာ ကျရင် ကျမ အနေနဲ့ ရဲရင့်တဲ့ မြန်မာ လူငယ်တွေအတွက် သူတို့ မျှော်လင့်တဲ့ လွတ်လပ်ခြင်းနဲ့ လုံခြုံခြင်းတွေ ပြည့်စုံတဲ့ မြန်မာပြည်မှာ ပျော်ရွှင်စွာ နေထိုင်နိုင်ကြမယ်လို့ မြင်လိုပါတယ်။
အခု ဖော်ပြခဲ့တာတွေကတော့ ဆွေးနွေးမှုတွေကို ပြန်လည် ဖြေကြားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေတချို့ ဖြစ်ပါတယ်။ အခုလို ဖော်ပြရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွေးနွေးမှုကို အပြည့်အစုံ ဘာသာပြန်ဖော်ပြခြင်း မဟုတ်ဘဲ အဓိက အချက်များ ကိုသာ ကောက်နှုတ်ပြီး အဓိပ္ပါယ် ခြုံငုံအောင် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။
Ref: Burma Today
နျူကလီးယား လုပ်သင့်ရင်လုပ်ရမယ်ဟု နအဖသတင်းစာက ပြော
စိုးမိုး။ ဒီဇင်ဘာ ၂၄ ရက် ၂၀၁၀
ယနေ့ထုတ် နအဖသတင်းစာတွင် သပ္ပံမှူးတင်၏ "အလယ်လွှာမျိုးချစ်များ" ဆောင်းပါးတွင် မိမိနှင့် မိမိမဟာမိတ်တို့၏ အန္တရာယ်မှ ကာကွယ်ရန် လိုအပ်ပါက အနုမြူ သုံးတန်က သုံးရမည်ဟု ဆိုကာ ရုရှား နိုင်ငံအား သာဓကပြုထားသည့် သဘောမျိုး ရေးသားထားသည်ကိုတွေ့ရသည်။
ဆိုဗီယက်အင်ပါယာ ပြိုကွဲပြီးနောက်ပိုင်း ရုရှားတို့သည် ကွန်မြူနစ်ဝါဒမှ အရင်းရှင်ဝါဒ ဒီမိုကရေစီကျင့်သုံးသည့် အစိုးရအဖြစ်ခံယူလိုက်ပြီး အနုမြူလက်နက်မသုံးပါဟု ဦးစွာပြင်ဆင် လျှော့ပေါ့လာခဲ့ကြောင်း၊ သို့သော် ယခင် အင်အားကြီး နိုင်ငံကြီးကို တတိယနိုင်ငံသာသာ နှိမ့်ချ ဆက်ဆံကြကြောင်း၊ ထို့ကြောင့် သမတ ပူတင် တက်လာ သောအခါ ဝါဒပြောင်းလဲ၍ ယခင်က ရပ်ဆိုင်းခဲ့သော တိုက်ချင်းပစ်ဒုံးများ စမ်းသပ်မှု၊ မြေပြင်၊ ဝေဟင်၊ ရေပြင်၊ ရေ အောက်မှ ပစ်ပြခဲ့ကြောင်း ထို့နောက် တရုပ်တို့၏ ဝဲယာစပ် ဝါဒကဲ့သို့ ချုပ်သင့်သမျှချုပ်၍ လွှတ်သင့်သမျှ လွှတ်ပေး လိုက်ရာ ရုရှားတို့၏ စီးပွားရေးလည်း တဟုန်ထိုးတက်လာကာ ဘီလျံနာ သူဌေးအများပြား ပေါ်ပေါက်လာကြောင်း ရေးသားထားသည်ကို တွေ့ရသည်။
မိမိလူမျိုးက မိမိတို့ကို အုပ်ချုပ်နေချိန်တွင် တိုင်းပြည်နှင့် လူမျိုးအကျိုးငှာ အစိုးရကချုပ်ချယ်ထားမှု အချို့ကို လက်ခံ သင့်ကြောင်း၊ အစိုးရကလွှတ်ပေးသည့် စီးပွားရေး လုပ်ငန်းများကိုသာ အားကြိုးမာန်တက် ကြိုးစားလိုက်ကြရာ သူတို့ လည်း ကြီးပွားလာကြသည် ဟုဆိုကာ ရုရှားနိုင်ငံနှင့် နှိုင်းယှဉ်ပြီး ရေးသားထားသည်ကို တွေ့ရသည်။
သတင်းစာပါ ဆောင်းပါးအရ အနုမြူလည်း လုပ်ချင်လုပ်မည်။ နအဖကို မဝေဖန်နှင့်၊ ကိုယ့်အလုပ်သာ အားကြိုးမာန် တက် ကြိုးစားလုပ် ဆိုသည့် သဘောမျိုး နအဖက အာဘော်ဖန်တီးလျှက် ရှိနေပါသည်။
မကြာသေးခင်က ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်လာသော ဗိုလ်မှူးစိုင်းသိန်းဝင်းကလည်း နအဖ စစ်အစိုးရသည် အနုမြူဗုံးလုပ်ရန် ကြိုးပမ်းနေကြောင်း ထုတ်ဖော်ပြောဆိုထားပါသည်။
ကိုးကား။ ။ ၂၄-၁၂-၂၀၁၀ ထုတ် ကြေမုံသတင်းစာ ပါသိပ္ပံမှူးတင်၏ “အလယ်လွှာမျိုးချစ်များ”
မီးမီး ရေ… ဆောင်းတောင်ရောက်လာပြီ
December 23rd, 2010
ကျမတို့ဟာ အချိန်အပိုင်းအခြား တခုအတွင်းမှာ တောကြီးမျက် မဲ မဟုတ်ပေမဲ့ ကားသံတွေ စိုးစိမျှ မကြားရတဲ့ နေရာကို ရောက်ခဲ့ကြ ပါတယ်။ ရုပ်ရှင်ရုံ ဆိုတာလဲမရှိ။ ချစ်ရတဲ့ မိသားစုတွေနဲ့လဲ ကမ္ဘာခြားနေတာ မဟုတ်ပေမဲ့ မြင်တွေ့ခွင့် မရှိသလောက် ရှားတဲ့ နေရာကို ရောက်နေခဲ့ကြ ပါတယ်။ အားလုံး တချိန်ထဲ ရောက်တာ မဟုတ်ပေမဲ့ အားလုံးက တပြေးညီထဲ ဖြစ်သွားတဲ့ နေရာပေါ့။ ကျမတို့ ၈ ယောက်ဟာ ညီအမ အရင်းတွေ မဟုတ် ပေမဲ့ ညီအမ အရင်းထက် ပိုပြီးတော့ နားလည် နေကြပါတယ်။ ကျမတို့ဟာ နံရံအိုတွေ ကြားက အုတ်ရိုးထဲမှာ ၇ နှစ်ကြာ နေခဲ့ရ စဉ်ကပေါ့။
နံရံ ၄ ဘက်ကြားက အခန်းကျဉ်းလေးထဲမှာ ကျမနဲ့ မီးမီး အတူတူ နေခဲ့ရပါတယ်။ မီးမီး က အိမ်ထောင်ရှင် တယောက် ဖြစ်ပြီး ကလေး ၂ ယောက် အမေလဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မီးမီးက ကျမတို့ ထက်တော့ အသက် ငယ်ပါတယ်။ မီးမီးမှာ ၄ နှစ်အရွယ် သမီး ၁ ယောက်၊ ၂ နှစ် အရွယ် သား ၁ ယောက် ကျန်ခဲ့ပါတယ်။ သူက သူ့မိသားစုကို လွမ်း ဆွတ်နေတဲ့ အခါမျိုးမှာ သူ့ကလေးတွေ အကြောင်း ပြောပြနေပေမဲ့ တခြားလူ စိတ်အ နှောင့်အယှက် ဖြစ်အောင်တော့ ဘယ်တော့မှ လုပ်လေ့ မရှိပါဘူး။ သူ့မှာ ဖြစ်ချင်တာကို တစိုက်မတ်မတ် လုပ်တတ်တဲ့ အလေ့ရှိပါတယ်။ ဒါကြောင့်လဲ ဘယ်လောက်ပဲ ခက်ခဲနေ ပါစေ သူက သူယုံကြည်ရာကို ဆက်လုပ် နေတာဘဲ မဟုတ်ပါလား။
သူက အိမ်ထောင်ကြပြီးမှ တက္ကသိုလ် တက်ဖြစ်တဲ့သူပါ။ သမီးလေးကို နို့ချိုတိုက်ရင်း ကျောင်းတက်တဲ့ အကြောင်း ပြောတော့ ကျမတို့ ရီကြ ရပါတယ်။ တခါတလေ အိမ်မှာ ကျန်တဲ့ သမီးငယ် နို့ဆာနေရင် သူက ကျောင်းမှာ ဝေဒနာ ခံစားရတဲ့ အကြောင်းပြောပြ တော့ မိခင် တယောက်ရဲ့ ဘဝကို ခံစား မပေးနိုင်သေးတဲ့ ကျမတို့ အတွက်တော့ ယုံတမ်း တခုပဲ ဖြစ်နေပါတယ်။
မီးမီး ရဲ့ ချစ်စရာကောင်းတဲ့ အမူအကျင့်က အနစ်နာခံ တတ်တာပါပဲ။ ဘယ်သူ့ အပေါ်မှာ မဆို သူက အနွံ့အတာခံ တတ်ပါတယ်။ ကျမတို့ အင်းစိန်မှာ တုန်းက ချက်ပြုတ်စား သောက်လို့ မရပါဘူး။ ချက်တယ်ဆိုလို့ မီးသွေး မီးဖိုနဲ့ အကျအန ချက်တယ်လို့ မထင် လိုက်ပါနဲ့။ တကယ်က အိုးတိုက် ဖွဲပြာတွေနဲ့ ကြွပ်ကြွပ်အိတ်တွေကို သုံးပြီးတော့ မီးဖိုတာ ပါ။ အညှော်နံ့ကလဲ တော်တော်လေး ဆိုးပါတယ်။ အဲဒီလို ညှော်နံ့ဆိုးလို့ ဘယ်သူမှ ဟင်းမချက်ချင်ပေမဲ့ မီးမီးကတော့ တတိုက်လုံး စားဖို့ သူတယောက်ထဲ ဒိုင်ခံ ချက်ပါတယ်။ ဘယ်တော့မှ မချက်ချင်ဘူးလို့ ပြောလေ့ မရှိပါဘူး။
မီးမီးက အထူးသဖြင့် ကျမရဲ့ အနွံအတာကို တော်တော် ခံပါတယ်။ အင်းစိန်မှာက အစိမ်း အစို မစားရပါဘူး။ သာယာဝတီ ရောက်ရောက်ခြင်း ကျမ အပင်တွေ စစိုက်ပါတယ်။ ကျမတို့ တိုက်က ထောင်ပိုင် ရုံးခန်းကနေ လှမ်းမြင်တာမို့ ထမင်းကိစ္စ (ကျမတို့ သာယာဝတီ ရောက်ရောက်ချင်း စကြွေးတဲ့ ထမင်းက နီရဲပြီး အတော်ကြမ်းပါတယ်။ ဒါကြောင့် ကျမတို့တွေ မစားနိုင်လို့ မယူကြတာကနေ အစာငတ်ခံ ဆန္ဒပြတယ် ဆိုပြီး ပြဿနာက ကြီးထွား သွားတာပါ။) ကလဲ ရှိနေတော့ ထောင်ပိုင်က ကျမတို့ကို ညစ်တဲ့ သဘောနဲ့ အပင် မစိုက်ရဘူးလို့ပြောပါတယ်။ ကျမ စိုက်ထားတဲ့ ခရမ်းချဉ်သီး ပင်တွေကို နှုတ်ခိုင်းပါတယ်။
ကျမက ပေကျစ်ကျစ် လုပ်တတ်သူဆိုတော့ အပင်ကို ရအောင်စိုက်ပါတယ်။ ထောင်ပိုင် ကလဲ ကျမတို့ မိန်းခလေးတွေကို နှိပ်ကွပ်ဖို့ ပြင်ဆင်နေတော့ လုံးဝကို ခွင့်မပြုဘဲ ကျမ စိုက်ထားတဲ့ အပင်တွေကို နှတ်ခိုင်းပါတယ်။ ကျမလဲ ဒေါသတွေက ထွက်နေပါတယ်။ ကျမက အလုပ်မရှိတော့ အပင်တွေကိုပဲ တသသ လုပ်နေတာ မဟုတ်လား။ ကျမ အသည်းကို အပ်နဲ့ဆွ နေသလိုပါပဲ။ ဒါကြောင့် ကျမနဲ့ တခန်းထဲနေပြီး ညီအမလို ဖြစ်နေ တဲ့ မီးမီးက ပြောပါတယ်။ “အမ ဒေါသထွက်မနေနဲ့ မီးမီး ဘယ်လို လုပ်ပေးရမလဲတဲ့”။ ကျမ၊ ရီရီနဲ့ မီးမီး တိုင်ပင်ကြပါတယ်။ နောက်ဆုံးတော့ ကျမတို့က ထောင်ပိုင်တန်းစီ လာရင် အပင်တွေကို ပုံစံထုတ်ထဲ ထဲ့ထုတ်ကြမယ်လို့ ဆုံးဖြတ် လိုက်ပါတယ်။
ထောင်ထဲမှာ ထောင်ပိုင်က တပတ်ကို ၁ ရက် ထောင်ကို လှည့်လည် ကြည့်ရှူလေ့ရှိပါ တယ်။ အဲလို ထောင်ပိုင် လှည့်ကြည့် တာကို ထောင်ပိုင် တန်းစီတယ်လို့ ခေါ်ပြီး သူလာ ရင် အခန်းတွေထဲက ပစ္စည်းတွေကို အထုပ်တွေနဲ့ ထည့်ပြီး သူမမြင်နိုင်တဲ့ နေရာမှာ ထပ် ထားရပါတယ်။ အဲဒီလို လုပ်တာကို ပုံစံထုတ်တယ်လို့ ပြောကြတာပေါ့။
ကျမတို့ရဲ့ ခရမ်းချဉ်သီးပင်ကို အမြစ်တွေပါ ကျန်မနေအောင် သေချာဂရုစိုက်တူး၊ ကျန် ချောင်းအိတ်ကို ရေထွက်အောင် အပေါက်တွေ ဖောက်ပြီးတော့ အပင်ကို အိတ်ထဲထည့်၊ ထောင်ပိုင်မလာခင် ပုံစံ ထုတ်တဲ့အခါ ပုံစံထုပ်ထဲ ထည့်ထုပ်၊ ထောင်ပိုင် ပြန်သွားလို့ တန်း ဖြုတ်တာနဲ့ အပင်ကို သူ့နေရာသူ ပြန်ထား၊ အဲဒီ အလုပ်ကို မီးမီးက မငြီးမငြူ လုပ်ပါတယ်။ ၃ ပတ် လောက်ကြာမှ ထောင်ပိုင်က သတိ ထားမိသွားပါတယ်။ ခရမ်းချဉ်သီးပင် တွေ ဘက်ကို လှည့်ကြည့်တော့ အပင်တွေ မရှိတော့ဘူးဆိုတော့ ထောင်ပိုင်က ကြေနပ် သွားပုံရပါတယ်။ သူပြန်သွားတော့မှ ကျမတို့တတွေ ပြန်ထုတ်ပြီး သူ့နေရာသူထားလိုက် တော့မှ ထောင်ပိုင် ရုံးခန်းက ကြည့်ရင် လှမ်းမြင်နေရတော့ ထောင်ပိုင် တင်းသွားပုံ ရပါတယ်။ ၁ ပွင့်နဲ့ ထောင်မှူးကို လာကြည့် ခိုင်းပါတယ်။ ထောင်မှူး လာကြည့်တဲ့ အချိန်မှာ ကြွပ်ကြွပ်အိတ် ထုပ်ကိုမြင်သွားတော့ ပြုံးစိစိနဲ့ ထွက်သွားပါတယ်။ အဲဒီ အချိန်ကထဲက ထောင်ပိုင်လဲ ကျမတို့ကို မရစ်တော့ပါဘူး။
မီးမီးက သူ့ခင်ပွန်းကို အရမ်းချောတယ်လို့ ကြွားတတ်ပါတယ်။ အမှန်လဲ ချောပါတယ်။ အသားညိုညို၊ မျက်လုံးမျက်ခုံး ကောင်းကောင်းနဲ့ ဆိုတော့ ကိုလှမိုးက ကုလားဆင်လေး ပေါ့။ မီးမီးနဲ့ ကျမက ထောင်ဝင်စာ အတူတူ ထွက်တော့ ကိုလှမိုးကို ကျမက မြင်ဘူးတာ ပေါ့။ တိုက်မှာက မီးမီးရဲ့ ငယ်သူငယ်ချင်း အရင်းခေါက်ခေါက် ရွှေစင်နဲ့ ကျမ ပဲ ကိုလှမိုး ကို မြင်ဘူးတာ ဆိုတော့ ကျမတို့က “မီးမီးရယ် နဲနဲလျော့လိုက်ပါ ကိုလှမိုးက ကုလားဒိန် လေးပါ” လို့ ပြောတော့ မီးမီး ဆွေ့ဆွေ့ ခုန်နေပါတယ်။ ကျမတို့ကလဲ ဘယ်တော့မှ အ လျော့ မပေးပါဘူး။
မီးမီး ရဲ့ ဝါသနာက သီချင်းဆိုတာပါ။ ဒါပေမဲ့ အသံကတော့ သိပ် မကောင်းပါဘူး။ မီးမီး ဆိုရင် ကောင်းတဲ့ သီချင်းက တော်လှန်ရေး သီချင်းတွေပါ။ ဒါပေမဲ့ မီးမီးက တွေ့ရာသီချင်း ဆိုတတ်တော့ ကျမတို့က နားညည်းတယ်လို့ ထင်ရင် နောက်ကနေ စာသားတွေမှားနေ တယ်ဆိုပြီး တွေ့ရာကြုံရာ စာသားတွေကို လိုက်ထောက်ရင် မီးမီး စိတ်ညစ်တတ်ပါ တယ်။ အဲဒီလိုဆိုရင် မီးမီး က မပြင်ဘူး အမရယ် ဆိုပြီး ခေါင်းမာမာနဲ့ ငြင်းတတ်ပါတယ်။
တခါက မှတ်မှတ်ရရ ဆောင်းဝင်ကာစပေါ့။ တန်းပိတ်တော့ မီးမီးက တံခါးဝက သံတန်း တွေကိုကိုင်ပြီး သီချင်းဆိုဖို့ စိုင်းပြင်း နေပါတယ်။ ကျမ ပုံစံ စတွေနဲ့ ကိုယ်ဖာသာ ချုပ် ထားတဲ့ Made in Tharyarwaddy ခြင်ထောင်ထဲဝင်ပြီး ကွေးနေပါတယ်။ အဲဒီ အချိန်မှာ ပဲ ကျမတို့ အခန်းထဲကို ဓါးခုတ်ကောင်လို့ ခေါ်တဲ့ အစိမ်းရောင် နှံကောင်တွေ ဝင်လာပါ တယ်။ သဘာဝကို ချစ်တတ်တဲ့ မရွှေမီးမီးက နှံကောင်တွေကို ကြည့်ရင်းက သာယာဝ တီ မှာ မို့လို့ နှံကောင်မြင်ရတာ အင်းစိန်မှာ မမြင်ရဘူးလို့ ပြောနေပါတယ်။ ကျမတို့တွေ အင်းစိန် ထောင်ကနေ ပြောင်းလာကြတာလဲ သိပ်မကြာလှ သေးဘူးလေ။ ဒီတော့ မြင်သ မျှက အထူးအဆန်း တွေချည်းဘဲပေါ့။ အစကထဲက ဘယ်လိုလွမ်းရင် ကောင်းမလဲ စဉ်း စားနေတဲ့ မရွှေမီးက စိုင်းထီးဆိုင်ရဲ့ “ဆောင်းသီချင်းကို စဆိုပါတယ်။
“ဒီဆောင်းနှင်းမြူရယ် ကိုယ်ချင်းလဲ မစာတယ် ချမ်းတယ် ချမ်းတယ် မေးခိုက်ခိုက်တုန် အောင် စောင်နဲ့ခြုံတောင် မလုံဘူး အချစ်ရယ် မင်းကိုယ်ငွေ့နဲ့ ထွေးကာမှ ပိုနွေးမယ် ထင် တော့တယ် ပိုနွေးနိုင်မယ် (အချစ်ရယ်) ၂ ပိုနွေးနိုင်မယ်” ဆိုတဲ့ သီချင်းကို ခံစားချက်အ ပြည့်နဲ့ ဆိုပါတယ်။ အမှန်ကတော့ သူ့ရင်ထဲမှာ သူ့မိသားစုလေးကို အရမ်း လွမ်းနေပါ လိမ့်မယ်။ ကျမတို့တွေလဲ နားထောင်ရင်း သူ့ကို ကိုယ်ချင်းစာ မိပေမဲ့ မနောက်ရရင် မနေ နိုင်လို့ ကျမက ဖီလင် အောက်သွားအောင် နောက်ကနေ စာဖတ်နေပါတယ်။ စာဖတ်တယ် ဆိုတာက နောက်ကနေ တတွတ်တွတ်နဲ့ ရေရွတ်နေတာပါ။ အဲဒါကို ၁၈ နှစ်သာရှိ သေးတဲ့ လေးလေးမွန်က စာဖတ်တယ်လို့ အမြဲသုံးလေ့ ရှိလို့ပါ။
ဆောင်းသီချင်းကို ဆိုနေတုန်းမှာဘဲ မီးမီးက ထိတ်လန့်တကြား ရေရွတ်လိုက်ပါတယ်။ မကြီးရေ နှံကောင်တွေလား မသိဘူး ရှေ့မှာ ပျံလာကြတာ မဲနေတာဘဲတဲ့။ ကျမက ခြင် ထောင်ထဲကနေ မီးမီး သီချင်းဆိုတာ ကြိုက်သွားလို့ လာအားပေးတာ နေမှာပေါ့လို့ ပြော လိုက် ပါသေးတယ်။ ခဏလေး အတွင်းမှာဘဲ အခန်းတွေထဲကို တရစပ် ဝင်လာလို့ မီးမီးလဲ အိပ်ရာထဲ ပြေးဝင် လာပါတယ်။ အဲဒီတော့မှ ကျမတို့ တွေ့လိုက်ရတာက တခန်းလုံး နှံ ကောင်တွေ တိုးဝှေ့ ပျံသန်း နေကြပါတယ်။ ကျမတို့တွေလဲ ဘဝမှာ နှံကောင်တွေ အဲဒီ လောက် အများကြီးကို အဲဒီတခါဘဲ မြင်ခဲ့ ဘူးပါတယ်။
မနက်မိုးလင်းတော့ ထောင်ပိုင်နဲ့ အသည်းအသန် ယှဉ်ပြိုင်စိုက်ပျိုးခဲ့ရတဲ့ ခရမ်းချဉ်ပင် တွေဟာ နှံကောင်တွေ ဝိုင်းနားလိုက်တာ ညှိုးနွမ်း သွားပါတယ်။ ခရမ်းချဉ်သီး အကင်း လေးတွေကိုလဲ ကိုက်ဖြတ် စားသောက်သွား ကြပါသေးတယ်။ မီးမီးကတော့ စိတ်ညစ် သွားတဲ့ ကျမကို ပြောတာက “ထောင်ပိုင်က မအောင်ဖြူနဲ့ တိုက်လိုက်တယ် ထင်တယ် နော်” တဲ့။ ကျမရဲ့ ဒေါသတွေက မီးမီး အပေါ်ကျ သွားပါတော့တယ်။ သာယာဝတီ ဆို တာက ဖျာလိပ်နတ် မအောင်ဖြူရဲ့ နယ်မြေ တဲ့လေ။
၂၀၀၇ ခုနှစ်မှာ မီးမီး ကျမအိမ်ကို ရောက်လာပါတယ်။ ၂၀၀၇ ခုနှစ် သြဂုတ်လမှာ လောင် စာဆီတွေ အဆမတန် ဈေးတက် သွားတာနဲ့ ပတ်သက်ပြီး ၈၈ ကျောင်းသားတွေက ဦး ဆောင်ပြီးဆန့်ကျင် ဆန္ဒပြကြတာကြောင့် ၈၈ မျိုးဆက် ကျောင်းသားတွေ အားလုံး ပုန်းရှောင် နေကြရပြီး ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ကိုတော့ ဖမ်းဆီး ထားပြီးတဲ့ အချိန်မှာပေါ့။ ကျမနဲ့ မီးမီး စကားပြောနေတုန်း ကိုစိန်လှိုင်နဲ့ ကိုမာကီးက ဖုန်းဆက်ပါတယ်။ ရေနံသာ မှတ်တိုင်ထိပ်က ယင်းမာမြိုင် လဘက်ရည်ဆိုင်ကို ထွက်ခဲ့ပါတဲ့။ ကျမနဲ့ မီးမီး လက်ဘက် ရည်ဆိုင် ရောက်တော့ ကိုမာကီက
“မီးမီး နင်က ကလေးတွေနဲ့ နင်အဖမ်းခံရရင် မလွယ်ဘူး၊ နင်အခုအချိန် အပြင်ထွက်ပါလား” ဆိုပြီး ပြောပါတယ်။
ကျမတို့က “ဟုတ်တယ်။ မီးမီးထွက်မလား” လို့မေးတော့ မီးမီးက
“ဟင့်အင်း မီးမီး မထွက်ဘူး၊ မီးရဲ့ ရဲဘော်တွေ တောင် နေရဲသေးတာ၊ မီးတယောက်ထဲ ပြေးစရာလားတဲ့။ ကိုမာကီ ကတော့ ပြောရှာပါတယ်။ တကယ်လို့ လာဖမ်းရင် ပြေးလို့ လွယ်အောင်တော့ အပေါက် ရှာထားနော်တဲ့။ ကျမက
“ကိုမာကီ…စိတ်ချနေနော်။ ကျမတို့အိမ်က ပြဿနာ မရှိလောက်ဘူး ထင်ပါတယ်။” လို့ ကျမပြောပြတော့ ကိုစိန်လှိုင်ကလဲ သူရောနေလို့ ရမလားတဲ့။ ဒါကြောင့် မီးမီးရော ကိုစိန်လှိုင် ရော ကျမတို့အိမ် ရောက်လာပါတယ်။
အဲဒီနှစ်က မီးမီးသမီးလေး ၁၀ တန်းဖြေရမှာလေ။ မီးမီးက ကျမကို သေချာမှာခဲ့ပါတယ်။ “အမရေ…မီးတို့က အဖမ်းတော့ခံ ရမှာဘဲ။ သမီးစာမေးပွဲ မပြီးခင် အဖမ်းခံရရင် သမီး မသိပါစေနဲ့တဲ့။ မီးမီး အစား သမီးကို သွားတွေ့ လိုက်ပါနော်တဲ့။ အဲဒီ စကားကြောင့် အထဲ က အဖြစ်အပျက်လေး တခုကို သတိရမိပါတယ်။
မီးမီးကတိရိစ္ဆာန်လေးတွေကို ချစ်တတ်ပါတယ်။ ကျမက တိရိစ္ဆာန် မချစ်တတ်သူပါ။ ကျမ တို့ တိုက်ကို ဘယ်နေရာကမှန်း မသိတဲ့ ကြောင်မကြီး တကောင် ရောက်လာပါတယ်။ ကြောင်မကြီးမှာ ဇီးလဲ ပါလာပါတယ်။ ကျမတို့ တိုက်မှာဘဲ ကြောင်လေး ၄ ကောင် မွေး ပါတယ်။ အဲဒီထဲက အထီးတကောင်ဟာ တော်တော် အကျင့် ဆိုးပါတယ်။ ကျမရဲ့ ခြင် ထောင်နဲ့ ကျမရဲ့ အဝတ်အစား ထဲ့တဲ့ အိတ်ကို သေးနဲ့ အမြဲ ပန်းပါတယ်။ ကျမက လိုက် ရိုက်ရင် မီးမီးက မလုပ်ပါနဲ့ အမရယ်ဆိုပြီး အမြဲတားပါတယ်။ ကျမကလဲ သူတားလေ ပို ဒေါသ ထွက်လေဖြစ်ပါတယ်။ သူက ကျမကို အမ ဝဠ်လိုက်လိမ့်မယ်တဲ့။ ကျမကတော့ ဝဠ်က နောက်မှ လိုက်တာ သေးနံက အခု နံနေတာလေ ဒါကြောင့် သည်းမခံဘူးလို့ အမြဲ ပြောနေကြပါ။ မီးမီးကတော့ ကြောင်မလေး သူ့လက်ပေါ်လာ အိပ်တိုင်း သူ့သမီးလေး အိမွန်နဲ့ တူတယ်လို့ အမြဲတမ်း ပြောပြော နေတတ်သူပါ။
သာယာဝတီရောက်ပြီးနောက်ပိုင်း စီးပွားရေးအခြေအနေကြောင့် ကိုလှမိုး ထောင်ဝင်စာ အလာ ကျဲသွားပါတယ်။ ကျမ အမေကတော့ စီးပွားရေး အဆင်မပြေလို့ ကိုလှမိုး မလာနိုင် ဘူးလို့ ပြောပြပေမဲ့ ထောင်ဝင်စာက ပြန်လာရင် မီးမီးကို နောက်ဖို့ ထောင်ဝင်စာ မထွက် ခင်ကထဲက တိုင်ပင် ထားကြပါတယ်။ ကျမ ထောင်ဝင်စာက ပြန်ရောက်တာနဲ့ ရီရီနဲ့ တီးတိုး တိုင်ပင်တဲ့ အိုက်တင်ကို ဖမ်းပါတယ်။ မီးမီးက အရမ်း သိချင်လာပါတယ်။ ဒါကြောင့် မီးမီးက ကျမကို အတင်းမေးပါတယ်။ မီးမီး ကျမတို့ အကွက်ထဲ ဝင်လာတာပေါ့။
ကိုလှမိုး နောက်မိန်းမယူသွားတဲ့ပုံစံမျိုးဖြစ်အောင် ပြောကြလို့ မီးမီး မျက်ရည်တောင် လည်လည်လာ တဲ့ အထိပါပဲ။ အဲဒီအခါ ကြရင် မီးမီးက သဘောထား ကြီးတဲ့ ပုံစံနဲ့ ကိုကို့ ကို မီးမီး ခွင့်လွတ်ပါတယ်လို့ မီးမီး ပြောနေကြပါ။ ဒါပေမဲ့ မီးမီးလွတ်ရင် သားနဲ့ သမီးကို တော့ ပြန်ခေါ်မယ်၊ အမလွတ်ရင် ကိုလှမိုးကို ပြောပေးနော်တဲ့။ အားလုံးထဲမှာ ကျမက အရင်ဦးဆုံး လွတ်မဲ့ သူလေ။ အဲဒီတုန်းက ကျမတို့က မီးမီး တမင်သဘောထား ကြီးဟန် ဆောင်တယ်လို့ ထင်မိပေမဲ့၊ မီးမီးက သူ့ခင်ပွန်းနဲ့ ပတ်သက်ရင် တကယ် သဘောထား ကြီးပါတယ်။
သူတို့လင်မယား တခါတရံ သဘောထား မတိုက်ဆိုင်ကြပါဘူး။ ဘယ်လိုပဲ စကားများများ နောက်ဆုံးတော့ မီးမီးကပဲ ခွင့်လွတ် တတ်သူပါ။ မီးမီးက လူတိုင်းအပေါ်မှာလဲ ခွင့်လွတ် တတ်ပါတယ်။ သူမက သူ့မိသားစုကို ချစ်ခင်မြတ်နိုးသလို သူမရဲ့ တိုင်းပြည်ကိုလဲ ချစ်ခင် မြတ်နိုးသူပါ။ မီးမီးနဲ့ ကျမ စကားပြော ဖြစ်တော့ မီးမီး ပြောပြခဲ့တာက… “အမရေ…မီးမီးလေ သမီးနဲ့သား ကို ပြုစု ပျိုးထောင်ချင်ပါတယ်။ ဒါပေမဲ့ မီးမီးတို့က မိ သားစု ဘဝထဲမှာ နှစ်မြုပ်လိုက်ရင် မီးမီးတို့ရဲ့ သားစဉ်မြေးဆက် စစ်ကျွန် ဖြစ်နေမှာစိုးလို့ မီးမီး အခု နိုင်ငံရေး လုပ်နေတယ် အမ” တဲ့။
တကယ်တော့ မီးမီးဟာ ပွင့်လင်းရိုးသားသူ တဦးဖြစ်လို့ ကျမတို့က မီးမီးကို ချစ်ခင်နှစ် သက်ပါတယ်။ မီးမီးက ကိုယ်ကျိုး စွန့်တတ်သူ ဖြစ်လို့ သူ့သမိုင်းကို သူကိုယ်တိုင် လှလှ ပပ ရေးဖွဲ့ထားသူလဲ ဖြစ်ပါတယ်။ အခု အချိန်မှာ မီးမီဟာ ၆၅ နှစ်ဆိုတဲ့ အပြစ်ဒဏ်နဲ့ သူချစ်တဲ့ မိသားစုလေးကို လွမ်းနေမှာ သေချာပါတယ်။
ခင်ငြိမ်းသစ်
Ref: နေ့သစ်
ကမ္ဘာဦးကို ထုံကူးခြင်း
ဘာသာတရားရဲ့ အဆုံးအမများနဲ့ ဘဝတည်မြဲရေးအတွက် လိုအပ်ချက်ကြား စေ့စပ်ရေးလုပ်ရတဲ့ သဘောကို ဒုက္ခသည် စခန်းမှာ လက်တွေ့ မြင်ခဲ့ရပါတယ်။ နတ်တော် လပြည့်ကျော် လမင်းရဲ့ လရောင်က အင်ဖက်မိုးကို အလင်းဖောက် ထားတဲ့ ပလပ်စတစ် အမိုး ကြားကနေ တဲအိမ်ထဲကို ဖြာကျနေပါတယ်။ သက်ကြီး ခေါင်းချချိန် ကြက်တွန်သံကို ကြားနေရပေမယ့် ခါတိုင်းလို ကလေးငိုသံ၊ ကလေး ချော့သံတွေကို မကြားရပါဘူး။ တဲအိမ်တွေရဲ့ သဲပွတ်ကာ ဝါးနံရံတွေမှာ နေ့နံ ၇ရက်ကို ကိုယ်စားပြုတဲ့ပန်း၊ အရွက်၊ အညွန့်ကို ပရိတ်ကြိုးတွေနဲ့ ချည်ပတ် ထားတယ်။ နေဝင်ဖြိုးဖျ၊ ညီအကို မသိတသိ အချိန်၊ နွားရိုင်းသွင်းချိန်လို့ ခေါ်ကြတဲ့ အချိန်လောက်မှာ ကလေးငယ်တွေ တအိမ်နဲ့တအိမ် မကူးခိုင်းတော့ဘူး။ အိမ်ထဲက အိမ်ပြင် မထွက်ခိုင်းတော့ဘူး။
မိခင်တွေရဲ့ ဘုရားရှိခိုးသံ၊ ဘုရားစာရွတ်သံကိုလဲ ကျယ်ကျယ်လောင်လောင် ကြားနေရတယ်။ ကိုယ့်အိမ်ထဲကို ပြင်ပက ဘယ်အမှောင့် ပယောဂမှ မလာနိုင်အောင် အသံနဲ့ ပိတ်ဆို့နေကြတာပေါ့။ ခါတိုင်း သွားနေကျမို့ ကလေးတွေက အိမ်ပြင် မထွက်ရလို့ ငိုကြတယ်။ သူတို့ရဲ့ လွတ်လပ်ချင်စိတ်၊ သွားချင်စိတ်ကို စကားနဲ့ မပြောနိုင်တော့ အသံထွက် ငိုပြကြတယ်။ ကလေးငိုသံက မိဘအသည်းနှလုံးကို ခါတိုင်းလို ကိုင်မလှုပ် နိုင်တော့ဘူး။ ကလေးကို အလိုလိုက်လွန်းတဲ့ နေရာမှာ ပြိုင်ဘက်ကင်းတဲ့ သရက် အကျဉ်းထောင်မှာ အကျဉ်းကျ ခံခဲ့ရတဲ့ ကိုယ်တော်ကြီးတောင် သူ့သမီးလေး တင်ပါးကို တဖြန်းဖြန်း ရိုက်နေလို့ အိမ်နီးချင်းတွေတောင် အံ့သြ နေကြရတာ။
ဒုက္ခသည် စခန်းလေးမှာ ဒီဇင်ဘာလအတွင်း လူလေးဦးဆက်တိုက် ဆုံးသွားလို့ ဒုက္ခသည်တွေ အားလုံး ထိတ်လန့် သွားကြတယ်။ ဒုက္ခသည် စခန်းမှာ ရွာထဲနဲ့ PAB လို့ ခေါ်တဲ့ ရပ်ကွက်ပေါင်း ၁၆ခု ရှိပါတယ်။ ရွာထဲမှာ ကရင့်လူမျိုး အများစု နေကြပြီး PAB မှာတော့ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်ကြပါတယ်။ ရွာထဲမှာ ကရင်လူမျိုး အသက် ၁၄ နှစ် အရွယ် ကျောင်းသူ ကျောင်းသားလေး နှစ်ယောက် မရှေးမနှောင်းလေးမှာ မြက်သတ်ဆေး သောက်လို့ သေသွားတယ်။ အသက်ငယ်ရွယ်ပြီး ကျန်းမာရေးလဲ အကောင်းကြီးမို့ ကြားရသူ မြင်ရသူတွေ စုတ်တသပ်သပ် ဖြစ်ကုန်ကြတာပေါ့။
ဒီဇင်ဘာလမှာ ခရစ္စမတ် လက်ဆောင် အပြန်အလှန် ပေးကြတဲ့အတွက် ကျောင်းသား မိဘတွေက ကိုယ့်သား သမီးကို ငွေကြေး၊ ပစ္စည်း ဝယ်ပေးရတာမျိုး ရှိပါတယ်။ မြက်သတ်ဆေး သောက်သေတဲ့ ကျောင်းသားလေးက သူ့အမိုးနဲ့ အပါးကို ခရစ္စမတ် လက်ဆောင်ပေးဖို့ ငွေတောင်းသတဲ့။ ဒီတော့ မိဘတွေကလဲ “ ငါတို့တောတိုး ဝါးခုတ်စားရတဲ့ သူတွေ။ ဖိုးခွားတောင်းတဲ့ ငွေ ဘယ်ပေးနိုင်မလဲ။ ခုတောင် ပါမိုက် (သစ်တောတာဝန်ရှိသူ)တွေက တောထဲမှာတွေ့ရင် သေနတ်နဲ့ ပစ်မယ် ပြောလို့ အပါးတောထဲ မသွားရဲဘူး။ ရိက္ခာ ပဲ ရှိရင်လဲ အပါး ရောင်းပေးပါတယ်။ ရိက္ခာ ပဲ မရတာတောင် ၆ လ ရှိပြီ။ ဖိုးခွားကို ပေးချင်တာတော့ လက်ကုန်ပဲ” လို့ ပြောတယ်တဲ့။
ကလေးကလဲ ကျောင်းမှာ မပေးနိုင်ရင် မျက်နှာငယ်မယ်။ အရှက်ရမယ်လို့ဘဲ စိတ်ထဲစွဲနေမှာ။ ဘဝရဲ့ ပကတိ အတိုင်းကို လက်မခံနိုင်ဘူး ဖြစ်ပါလိမ့်မယ်။ ဒီမှာတင် မြက်သတ်ဆေး သောက်လိုက်တယ်။ ဒုက္ခသည် စခန်းလေးရဲ့ ဆေးရုံမှာ ၂ ရက် ခံလိုက်သေးတယ်။ ၂ ရက် အကြာမှာ ဆုံးသွားတယ်။ မိန်းကလေးကလဲ သူ့အိမ်က သူလိုချင်တာ လုပ်မပေးနိုင်လို့ မြက်သတ်ဆေး သောက်သေတာ။ သူကလဲ ဆေးရုံမှာ ၃ ရက် ခံတယ်။
ဒီကလေးတွေက လူ့အဖွဲ့အစည်း အကြီးကြီးရဲ့ ပညာပေး ဟောပြောမှုတွေ၊ ပတ်ဝန်းကျင်ရဲ့ ပြုပြင် ပြောင်းလဲ မှုတွေကို မခံစား လိုက်ရဘူး။ စစ်အာဏာရှင်တွေရဲ့ သေနတ်ကျည်ဆံ၊ မြေမြှုပ်မိုင်း၊ မြေမြှုပ်ဗုံးတွေရဲ့ ဒဏ်ကို ကြောက်လို့ ထွက်ပြေး လာရတဲ့ စစ်ပြေးဒုက္ခသည် ကရင်မိသားစုက မွေးဖွား လာခဲ့ကြတာ။ ဒုက္ခသည် စခန်းရဲ့ စိတ်ဖိစီးမှုတွေကြား၊ မပြည့်စုံမှုတွေကြား ကြီးပြင်း ခဲ့ကြရသူတွေပါ။ သေခြင်းတရားက သူတို့ရဲ့ လွတ်မြောက်မှုလို့ သူတို့ တွေးမိခြင်းက ကြေကွဲဖို့ ကောင်းလှပါတယ်။
ဒုက္ခသည်စခန်းသာ သူတို့ကမ္ဘာလို့ တွေးထင်ခဲ့ကြမယ်။ လောကမှာ ပြည့်စုံခြင်းကို ပျော်ရွှင် ရယ်မောခြင်းနဲ့ ဖေါ်ပြပြီး၊ မပြည့်စုံခြင်း၊ မရှိခြင်းကို ငိုကြွေးခြင်းနဲ့ ဖေါ်ပြကြပေမယ့် ခုကလေးတွေကတော့ သေခြင်းတရားနဲ့ ဖေါ်ပြသွားကြတယ်။ ကျောင်းသားလေးရဲ့ နောက်ဆုံး ခရီးကို သူ့သူငယ်ချင်း ကျောင်းသားတွေ အကုန် လိုက်ပို့ကြတာများ သုသာန်တခုလုံး လူငယ်တွေချည်းပဲ။ ကျောင်းသားလေး နောက်ဆုံး ဝတ်ခဲ့တဲ့ ကျောင်းဝတ်စုံ၊ လွယ်အိတ် အသုံးအဆောင်တွေကို သူငယ်ချင်းတွေက စင်လေးလုပ်ပြီး ယူလာကြတယ်။ ကျောင်းသားလေး ကိုင်ခဲ့တဲ့ ပစ္စည်းလေးတွေက ခုတော့ ပိုင်ရှင်မဲ့သွားပြီ။ ဘဝသစ်မှာ သူငယ်ချင်း ပြည့်စုံ လုံလောက်ဖို့ သူတို့ လက်ဆောင်လဲမယ့် ပစ္စည်းလေးတွေကို ထည့်ပေး လိုက်ကြတယ်။
ဒီကလေးတွေ သေဆုံးပြီး ရက်ပိုင်းလေးမှာဘဲ ပလာရုံးရှေ့က ရခိုင်လူမျိုး ကျောင်းဆရာမ အသက် ၄၇ နှစ် ရုတ်တရက် သေဆုံး သွားတယ်။ သူ့မှာ နှလုံးသွေးတိုးရောဂါ ရှိလို့ အုန်းဖျန် ဆေးရုံမှာ ဆေးသွားကုတာ ရောဂါ သက်သာလို့ သူ့အိမ်ပြန်ခဲ့တာပါ။ အဲဒီ့နေ့က ထားဝယ် အမျိုးသမီးကြီးက ထားဝယ် သားတွေကို ရဟန်းခံ ရှင်ပြု လုပ်ပေးတဲ့နေ့။ သိမ်ဆင်းလောင်းဖို့ ရခိုင်ဆရာမ ပြင်ဆင်နေတာ။
အဲဒီ့အချိန်မှာ သူ့ရင်ဘတ်ထဲက စူးကနဲ့အောင့်လို့ ထိုးအန်ချလိုက်တယ်။ ဒုက္ခသည် စခန်းလေးက ဆေးရုံကို အရေးပေါ် တင်ဖို့ ကြိုးစားကြတယ်။ ဆေးရုံသွားဖို့ လူနာကို ပုခက်နဲ့ ပို့ရင်ပို့၊ ဒါမှမဟုတ် ရိက္ခာဆန် တွန်းလှည်းနဲ့ ပို့ရပါတယ်။ ဒီလိုလူစုပြီး ခြေလျင် သွားရတဲ့ အချိန်မှာ လူနာရဲ့ အသက်ကိုလုဖို့ အချိန် နည်းပါးခဲ့ရတယ်။ ဆေးရုံလေးရဲ့ ဆေးဝန်ထမ်းတွေမှာ စေတနာက လွဲပြီး ဘာမှ မပြည့်စုံ ရှာပါဘူး။ ဆေးရုံ ကုတင်လေးပေါ် လူနာကိုချ၊ အရေးပေါ် ကုသနည်းနဲ့ နှလုံးခုန်ဖို့ ကြိုးစားပေမယ့် လူနာ ငြိမ်သက် သွားခဲ့ပါတယ်။
အဲဒီ့နေ့က မိသားစုနဲ့အတူ ဘဝတူ ဒုက္ခသည်တွေရဲ့ ကြေကွဲမှုက ထွက်ပေါ်လာတဲ့ ငိုကြွေးသံကို မိုးနတ်မင်းတွေ ဂရုဏာ သက်သွားလို့ ထင်ပါရဲ့။ ဒီဇင်ဘာလကြီး မိုးတွေ ရွာချလိုက်တာ ဒုက္ခသည် စခန်းတခုလုံး ရွှဲရွှဲစိုပါရောလား။ ရဟန်းခံ ရှင်ပြု တရားနာ ရေစက်ချပွဲမှာ ခုမြင်ခုပျောက် သေခြင်းတရားကို လက်တွေ့ပြပြီး ဟောကြားခဲ့တဲ့ တရားကို နာယူခဲ့တဲ့ မစိန်အေးက တရားမနာခင် နောက်ပြောင် နေသေးတယ်။” ဆရာမ နားနေတဲ့သူတွေ သတိထား။ စာထဲ ပါသွားဦးမယ်” တဲ့။
မစိန်အေးက ဒုက္ခသည်ဘဝမှာ လန်းဆန်းတက်ကြွပြီး လောကဓံကို ရဲရဲရင်ဆိုင်ရဲသူ။ ဒုက္ခသည် အချင်းချင်းကို သူ့စကားလုံး၊ သူ့အပြုံးတွေနဲ့ လန်းဆန်း စေသူပါ။ တရားနာတဲ့ နေ့က ၁၂-၁၂-၂ဝ၁ဝ။ ၂ဝ-၁၂-၂ဝ၁ဝ ညနေမှာ မစိန်အေး ဆုံးသွားပြီတဲ့။ ကျမတို့တွေ ကြားကြားချင်း မယုံဘူး။ ကျန်းမာ ရွှင်လန်းနေတဲ့ မစိန်အေးနဲ့အတူ ကျမတို့ တရားနာခဲ့ကြသေးတယ်လေ။
မစိန်အေးမှာ သွေးတိုးရှိသတဲ့။ အဲဒီ့နေ့က သူသွေးတိုးတယ်ဆိုပြီး သွေးကျဆေး သောက်တယ်။ သွေးကျဆေး သောက်ပြီး မကြာခင် ဗိုက်အောင့် တယ်တဲ့။ ဗိုက်အောင့်တော့ သူဆေးရုံ တက်တယ်။ ဆေးရုံ ရောက်ပြီး ၃ ရက် အကြာမှာ သူဆုံးတယ်။ ဆေးရုံကနေ ဒုက္ခသည် စခန်းထဲက သူ့တဲအိမ်လေးဆီ မစိန်အေးကို သယ်ခဲ့ကြတယ်။
မစိန်အေးရဲ့ နောက်ဆုံးခရီးကို ဒုက္ခသည်စခန်း PAB တခုလုံး လိုက်ပို့ကြလို့ သုသာန် တခုလုံး လူတွေနဲ့ ပြည့်သွားတယ်။ မစိန်အေးရဲ့ ရုပ်ကလပ်ကို သုသာန်အဝင်မှာ စောင့်နေသူတွေက ခဲတွေနဲ့ ပေါက်ကြတယ်။ “နောက်လာအုံးမလား”လို့ ပြောပြီး အားပါတရ ပေါက်ကြတာ။ မစိန်အေးကို ထမ်းလာသူတွေက” နောက်မလာတော့ပါဘူး”လို့ ဝိုင်းအော်ကြတယ်။ ဒုက္ခသည် စခန်းရဲ့ ညှိုးနွမ်း၊ အားငယ် သိမ်ငယ်မှုတွေက သေခြင်း တရားမှာတောင် ရှိတယ်။
တောတောင်တွေရဲ့ ဘေးသစ်ပင်ကြီးတွေကြားထဲမှာ မစိန်အေးကို မြေမြှုပ်ကြတယ်။ ပုဇဉ်းရင်ကွဲသံ၊ ပုရစ်သံ၊ အဖော်မဲ့တဲ့ ငှက်ကလေးတွေရဲ့ အသံကြား မစိန်အေး တယောက်ထဲ ကျန်ခဲ့တယ်။ သဘာဝ တရားကဘဲ မစိန်အေးကို အဖေါ်ပြု ကျန်ခဲ့တော့တယ်။
ဒုက္ခသည် စခန်းလေးမှာတော့ စခန်းအုပ်ချုပ်သူတွေက ကိုယ့်ဘာသာတရား တွေနဲ့ အန္တရာယ် ကင်းအောင် လုပ်ကြမယ်လို့ ဆွေးနွေး တိုင်ပင်ကြတယ်။ ဗုဒ္ဓဘာသာဝင်တွေ အတွက် ရဟန်း သံဃာတော် တွေက ဒုက္ခသည် စခန်းရဲ့ လေးဘက်လေးတန်မှာ တချိန်ထဲ တပြိုင်ထဲ ပရိတ်ရွတ်မယ်။ ပြီးတော့ မကောင်းဆိုးဝါး တွေကို ဒုက္ခသည် စခန်းက ထွက်သွားအောင်၊ နောက်ထပ် မလာအောင် သံပုံးတီး မောင်းထုတ်မယ်။ တဲအိမ်လေးတွေထဲ နေထိုင်သူအားလုံး သံပုံးတီး တောထုတ်မှာမို့ စခန်း အုပ်ချုပ်သူ ထိုင်းပလာဆီက ခွင့်ပြုချက် တောင်းမယ်။ ပလာ ခရီးသွားနေလို့ လောလောဆယ်တော့ တဲအိမ်လေးတွေရဲ့ လမ်းဆုံ လမ်းခွလေးတွေမှာ ရဟန်း သံဃာတွေက အန္တရာယ်ကင်း ပရိတ် ရွတ်ပေးနေကြတယ်။
ပရိတ်ရေတွေကို တဲအမိုးပေါ်၊ တဲအိမ်ဘေးတွေကိုဖြန်းပြီး ပရိတ်ကြိုးတွေ ကိုတော့ ကလေးတွေရဲ့ လည်ပင်းတွေ၊ လက်တွေမှာ ချည်ပေး ထားကြတယ်။ ကလေး မိခင်တွေရဲ့ စိုးရိမ်ပူပန်တဲ့ အသံတွေ၊ ကျန်းမာရေး အတွက် ပူပန်နေတဲ့ ဒုက္ခသည်တွေရဲ့ သောက စွက်နေတဲ့ အသံတွေက ကျမရင်ကို နာကျင် စေပါတယ်။
ဒီစကားသံ၊ ဒီမြင်ကွင်းတွေကိုကြည့်ပြီး ကျမကဗျာဆရာ မြမြင့်မိုရ်ရဲ့ ကဗျာထဲကလို ကံကြမ္မာ ဖြစ်ချင်လိုက်တာ။ ကဗျာ ခေါင်းစဉ်ကိုတော့ ကျမ မမှတ်မိတော့ဘူး။ ကဗျာစာသားလေးက ဒုက္ခသည် ကျမတို့ အတွက် မြက်မြက် သက်သက်၊ ကွင်းကွင်း ကွက်ကွက်ပါပဲ။
လက်ညှိုးညွှန်ရာ
ကွေ့ကောက်စီးဆင်းရလွန်းလို့
ကျနော်ဟာကံကြမ္မာဖြစ်ချင်ခဲ့တယ်
အိပ်မက်တွေ
တရာသီပြီးတရာသီ
ရိတ်သိမ်းခံရလွန်း
ကျနော်ဟာကံကြမ္မာဖြစ်ချင်ခဲ့တယ်
ဆုတောင်းခြင်းရဲ့ကျေးကျွန်ဖြစ်ရဖန်များလွန်းလို့
ကျနော်ဟာကံကြမ္မာဖြစ်ချင်ခဲ့တယ်
ဖြည့်ဆီးခြင်းရဲ့အရှင်သခင်အဖြစ်
အရာအားလုံးကိုပြဋ္ဌာန်းဖို့
ကျနော်ဟာကံကြမ္မာဖြစ်ချင်ခဲ့တယ်
လောကဓံကို
ပျစ်ပျစ်နှစ်နှစ်ဆက်ဆံဖို့
ကျနော်ဟာကံကြမ္မာဖြစ်ချင်ခဲ့တယ်……………တဲ့။
ကျမသာ ကံကြမ္မာ ဖြစ်ခဲ့ရင်
မကောင်းဆိုးဝါးနဲ့တူတဲ့
စစ်အာဏာရှင်စနစ်ကို
ဖယ်ရှားပစ်လိုက်ချင်ပါရဲ့ ………………………………။
Ref: မဇ္ဈိမ
ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်ဒီနဲ့ ကွန်ယက်လှုပ်ရှားမှု
ဒီဇင်ဘာ ၂၃၊ ၂၀၁၀
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်ဒီ ပါတီနဲ့ မဟာမိတ်တွေ၊ အဖွဲ့ အစည်းတွေ၊ ပုဂ္ဂိုလ်တွေ အားလုံး အသီးသီးမှာ အလုပ်တွေ များနေကြတယ်။ စကားတွေ ပြောကြ၊ တွေ့ဆုံ ဆွေးနွေးကြ၊ ခရီးတွေ ထွက်ကြ၊ အစီအစဉ်တွေ လုပ်ငန်းစဉ်တွေ ထုတ်ပြန်ကြနဲ့ တွေ့ရတယ်။ ပြည်တွင်း ပြည်ပက မေးမြန်းစုံစမ်းကြတာတွေကိုလည်း ဖြေရ၊ ရှင်းရနဲ့ မအားရအောင်ပါပဲ။ အဲဒါတွေနဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ ဘာပြောချင်ပါသလဲ။ အခု ဒေါ်စုလုပ်နေ ကိုင်နေ ပြောနေ တာတွေဟာ ဒေါ်စု တဦးတည်းရဲ့ သဘောထားတွေလား၊ အင်န်အယ်ဒီရဲ့ သဘောထားတွေလား၊ အတူတူပဲလား။
အခုအချိန်မှာ ခင်ဗျားတို့ဖက်က ပြောသလိုပဲ အချို့က ပြောကြတယ်။ ဒေါ်စုက အလုပ်တွေ အများကြီး လုပ်နေတယ်။ ဒါတွေဟာ အင်န်အယ်ဒီရဲ့ သဘောထားတွေ ဟုတ်ကဲ့လား။ ဒေါ်စုက သူ လုပ်ချင်တာတွေ လျောက်လုပ်၊ လျောက်ပြော နေတာလား ဆိုတာမျိုး ဝေဖန်ကြတယ်။ ဒေါ်စုလုပ်တာတွေက သိပ် ကျယ်ပြန့် လွန်းတော့ အလှမ်းကျယ် အလယ်လတ် နေသလား။ တချို့နယ်စပ်မှာ၊ နယ်စပ် အလွန်မှာ လုပ်နေရတဲ့ ဟာတွေ အတွက် အခက်အခဲတွေ ဖြစ်တယ် ဆိုပြီး ဝေဖန် ကြတာတွေလည်း ရှိတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေ၊ လူ့အခွင့် အရေး စုံစမ်းရေး ကော်မရှင် ကိစ္စတွေမှာ မေးမြန်း ကြတာတွေမှာ မရှင်းလင်းတာတွေ ဖြစ်ကုန်တယ်လို့ ပြောကြတယ်။
နိုင်ငံရေး၊ လူမှုရေး၊ ပုဂ္ဂိုလ်ရေး ဆိုင်ရာ တွေ့ရတာတွေ၊ သတင်း စာနယ်ဇင်းဆိုင်ရာ တွေ့ရတာတွေ၊ နယ်ပယ် အသီးသီးနဲ့ သက်ဆိုင်ရာတွေနဲ့ တွေ့ရ ဆုံရတာတွေက နေ့စဉ် ရက်ဆက် တောက်လျှောက် တွေ့ဆုံ ပြောဆို နေရတဲ့ အခါကျတော့ အလှမ်းကျယ် အလယ်လတ်တာတွေ ရှိကောင်း ရှိနိုင်ပါတယ်။
အခုအချိန်မှာ ကျနော်တို့တတွေနဲ့ တွေ့ဆုံနေတဲ့သူတွေ၊ အဖွဲ့တွေ၊ ပုဂ္ဂိုလ်တွေ ဆိုတာက အယူ အဆတွေ အခြေခံတွေ၊ သဘောထားတွေ၊ မတူညီတဲ့သူတွေ၊ အမျိုးအစား ပေါင်းစုံနဲ့ တွေ့ဆုံ နေရတယ် ဆိုတာကို သိစေ ချင်ပါတယ်။ နောက်ပြီးတော့ လွတ်လပ် အေးချမ်းတဲ့ အနေအထား မျိုးမှာ သူတို့ တွေနဲ့ တွေ့နေရတာမျိုး မဟုတ်ပါဘူး။ ဒေါ်စုကိုယ်တိုင်ကလည်း အခုအချိန် လွတ်မြောက်လာတဲ့ ဆီမှာ သဘောထား အလွန်ကို ပျော့ပြောင်း လာတယ် ဆိုတာကို တွေ့ရပါတယ်။ စစ်အစိုးရနဲ့ ပတ်သက်ပြီး ထိခိုက်တဲ့၊ တိုက်ခိုက်တဲ့ အပြုအမူ၊ အပြော အဆိုတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အလွန် သတိထားတယ်။ ဒေါ်စုက သူ လွတ်မြောက်လာတဲ့ အချိန်မှာ သူ့ရဲ့ ဂုဏ်သိက္ခာတွေ အလွန် မြင့်မား လာသလိုပဲ သူရဲ့ အတွေးအခေါ် အယူအဆ တွေဟာ အတော်ကို သိမ်သိမ် မွေ့မွေ့ ပျော့ပြောင်း ညင်သာမှုတွေ ရှိလာတာကို တွေ့ရတယ်လို့ ကျနော်က ပြောချင်ပါတယ်။
သို့သော်လည်းပဲ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ကျနော်တို့ရဲ့ အမြင်မှာတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ က အတိုင်းပဲ သူရဲ့ နိုင်ငံရေး ရပ်တည်ချက်တွေ၊ အယူအဆတွေ၊ ယုံကြည်မှုတွေဟာ အခုချိန်မှာ မပြောင်း မလဲပဲ ရပ်တည်လျှက် ရှိတယ်၊ ခိုင်မြဲစွာ မြန်မာပြည်နဲ့ မြန်မာပြည်သူ ပြည်သားတွေ အတွက် မပြောင်းမလဲ ရှိနေတယ် ဆိုတာကို တွေ့ရတဲ့ အတွက် ကျနော်တို့ အနေနဲ့ အများကြီး ၀မ်းသာတယ်၊ ကျနော်တို့ အားရှိတယ်လို့ ပြောချင်ပါတယ်။ အရင်တုန်းက အတုင်းပဲ မပြောင်းလဲဘူး ဆိုတာ ပြောချင်ပါတယ်။
ယခု လက်ရှိ ဒီမိုကရေစီရေး လုပ်ငန်းစဉ်တွေ၊ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့၎င်း၊ ကျနော်တို့တွေ၊ အင်န်အယ်ဒီ ပါတီဝင်တွေ သာမက ကျနော်တို့ရဲ့ မဟာမိတ်တွေနဲ့ ပတ်သက်ပြီး ဒေါ်စုဟာ အခုအချိန်မှာ ရွေ့သွားခြင်း၊ ပြောင်းသွားခြင်း မရှိဘူး ဆိုတာကို ကျနော်တို့က ပြောချင်ပါတယ်။
ဒါဆိုရင် အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုတွေဟာ ယခင် အကျယ်ချုပ် မကျခင်က ဦးဆောင်မှုတွေနဲ့ ဘာတွေ ပြောင်းလဲသွားတာ ရှိတယ်လို့ ပြောချင်သလဲ ဆရာ။ ဒေါ်စုရဲ့ ယခုလက်ရှိ လှုပ်ရှားမှုတွေ၊ ဦးဆောင်မှုတွေကို ဘယ်လိုမျိုး ဆရာက မြင်သလဲ။
ကျနော် အခုတလောမှာ ပြောနေတဲ့ ဥပမာကိုပဲ ပြောချင်ပါတယ်။ ၂၀၀၃ မေလ ဒီပဲယင်း အရေးအခင်း မတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေး အရေး ကိစ္စတွေကို ကိုင်တွယ်တဲ့ နေရာမှာ issue တွေကို issue by issue အရေးတွေကို တခုချင်းစီကို သီးခြားစီ ကိုင်တွယ်တယ်၊ ဖြေရှင်းတယ်၊ ဦးဆောင်မှု ပေးနေတယ်လို့ မြင်တယ် လို့ ကျနော် ပြောဖူးတယ်။ ငါးဖမ်းသူ တဦးဟာ ငါးဖမ်းတဲ့ နေရာမှာ ငါးအမျိုးအစားပေါ် မူတည်ပြီးတော့ ငါးစာ အမျိုးမျိုးနဲ့ ငါးမျှားတံ အမျိုးမျိုးကို ကိုင်တွယ်ပြီး မျှားနေသလိုမျိုး လို့ ကျနော်က မြင်တယ်။
အခုကျတဲ့အခါတော့ ဒေါ်စုက ကျယ်ပြန့်တဲ့ အမြင်နဲ့ သဘောထားတွေ အားလုံးကို ခြုံငုံပြီးတော့ ကိုင်တွယ် နေတယ်လို့ ကျနော်က ပြောချင်တယ်။ ဒေါ်စုရဲ့ vision က ကျယ်ပြန့်မှု၊ ဖြန့်ကျက်မှုတွေ ရှိလာတယ်။ တဖက်က အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ပြောနေချိန်မှာ၊ Sanction ကိစ္စကိုလည်း ကိုင်တွယ် နေရတယ်။ အရင်အချိန် တုန်းက နိုင်ငံရေး အင်အားစုတွေထက် ပိုပြီး တိုးပွားလာတဲ့ အခု ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အစု အဖွဲ့တွေကိုလည်း လက်ခံ တွေ့ဆုံနေရတယ်။ ဒေါ်စု ပြန်လည် လွတ်မြောက် လာချိန်မှာ အရင်တုန်းကထက် ပိုပြီး မြန်မာပြည်သူ လူထုဟာ ဖွတ်ကျော ပြာစု ခရု အဆံကျွတ် နေသလို ဆင်းရဲတွင်း နက်နေတာ ကိုလည်း တွေ့နေ ရတယ်။ ဒါတွေကိုလည်း ဒေါ်စုက ရှောင်လွှဲနေလို့ မရဘူး။ ဒါတွေကိုလည်း ကိုင်တွယ် ရတယ်။ ပြင်ဆင်ရတယ်။ ဒါကြောင့် အခုအချိန်မှာ ဒေါ်အောင်ဆန်း စုကြည်ဟာ အရင်တုံးက ငါးမျှားတံတွေနဲ့ ငါးမျှားသလိုမျိုး မဟုတ်တော့ဘဲ ငါးတွေ အမျိုးမျိုး အစုံစုံအတွက် ကွန်ပစ်ပြီး ငါးမျှားတာ၊ ငါးဖမ်းတာ ဖြစ်လာတယ်လို့ ကျနော်က ဥပမာ ပေးပြီးတော့ ပြောချင်ပါတယ်။ ဒါကို ကွန်ယက်ကြီး တခုလိုမျိုး မြင်လို့ ရမယ် ထင်ပါတယ်။
အဲသည်အတွက် ကျနော်တို့ကို၊ ဒေါ်စုကို၊ ကျနော်တို့ မဟာမိတ်တွေကို အခု အချိန်မှာ ကျယ်ပြန့်တဲ့ ဖြန့်ကျက်မှုတွေ၊ အလုပ်တွေ၊ အမြင်တွေ တည်ဆောက် လုပ်ကိုင်လာလို့ ကြိုက်သလို ဝေဖန် နိုင်တယ်။ ဆွေးနွေး နိုင်ပါတယ်။ ကျနော်တို့က လက်ခံပါတယ်၊ ကြိုဆိုပါတယ်လို့ ပြောချင်ပါတယ်။ သို့သော်လည်း အင်န်အယ်ဒီကော၊ ဒေါ်စုကော၊ မဟာမိတ်တွေ မိတ်ဆွေတွေကော ဟာ ပြောင်းလဲသွားခြင်း၊ ရွေ့သွားခြင်း မရှိပါဘူး။ တသဘောတည်း ရှိပါတယ်။ ကျနော်တို့ တတွေဟာ ငါးဖမ်းတဲ့ အလုပ်ကို ဆက်လုပ် နေတုန်းပဲ။ ငါးမျှားတံနဲ့ မျှားနေရာကနေ ပိုက်ကွန် ပစ်ပြီးတော့ ဖမ်းလာတယ်။ ကွန်ယက်နဲ့ ဖမ်းလာတယ်လို့ ပြောချင်ပါတယ်။ နားမလည် နိုင်သူတွေလည်း ရှိတယ်ဆိုတာက အင်န်အယ်ဒီ ပါတီ ရုံးချူပ်တွင်းက နေပြီးတော့ ပြည်ပက အစုအဖွဲ့တွေ အထိ ရှိနိုင်ပါတယ်။ သူတို့ကို ဒေါ်စုအပေါ်မှာ ပြောဆို ဝေဖန်နေတာနဲ့ ပတ်သက်ပြီး ကျနော့် အနေနဲ့ ချုပ်ပြီး ပြောရရင်တော့
(၁) ဒေါ်စုဟာ ပြန်လည်လွတ်မြောက်လာပြီးတဲ့နောက်မှာ ဂုဏ်သိက္ခာတွေ အလွန် မြင့်မားလာတယ်
(၂) ဒေါ်စုဟာ စစ်အာဏာပိုင်တွေကို ရင်ဆိုင်တဲ့နေရာမှာ အလွန်ကို ပျော့ပြောင်း သိမ်မွေ့လာတယ်
(၃) ဒေါ်စုဟာ အမျိုးသားရေးကို လုပ်ကိုင်ဆောင်ရွက်တဲ့ နေရာမှာ ငါးမျှားတံ တချောင်းချင်း စီနဲ့ မျှားနေရာက နေပြီး အလွန်ကို ကျယ်ပြန့်တဲ့ ဖြန့်ကျက်တဲ့ အမြင်တွေနဲ့ ကွန်ပစ်ပြီးတော့ ငါးဖမ်းသလို ဆောင်ရွက် လာတယ်။
ဟုတ်ကဲ့ပါ ဆရာ။ သစ်ပင်တပင်ချင်းစီကနေ တောအုပ်ကြီး တခုလုံးကို ကြည့်လာတယ်လို့ ပြောရင် ရတယ်ပေါ့ ဟုတ်လား ဆရာ။ ယခင်က နိုင်ငံရေး လုပ်တာကို စစ်အစိုးရက ကန့်သတ်ခဲ့တယ်။ နိုင်ငံရေး လုပ်တဲ့ သူတွေကို ဟိုဟာ မလုပ်ရ၊ ဒါတွေ မလုပ်ရဘူးလို့ တားဆီး တာတွေကြောင့် နိုင်ငံရေး လုပ်တာ အပေါ်မှာ အမြင် ကျဉ်းမြောင်းမှုတွေ ဖြစ်ခဲ့ရတယ်။ အခုအချိန်မှာတော့ နိုင်ငံရေးဆိုတာ အားလုံးနဲ့ဆိုင်တယ်။ လူမှုရေးတွေ၊ ပညာရေးတွေ၊ ကျန်းမာရေးတွေ၊ အားလုံးနဲ့ ဆက်စပ်နေတယ်။ သက်ဆိုင်နေတယ် ဆိုတာမျိုး ပြည်သူတွေ ကလည်း မြင်လာပြီ။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ဒါကို ကျယ်ပြန့်တဲ့ အမြင် သဘောထားနဲ့ လက်ခံပြီး ဦးဆောင်မှုပေးတယ်။ ဆောင်ရွက်နေတယ်လို့ ပြောရင် ရမလား ဆရာ။
ဟုတ်ပါတယ်။ အခု ကျနော်တို့လုပ်နေတဲ့ တည်ဆောက်နေတဲ့ လူ့အဖွဲ့ အစည်း ဆိုတာက ဒီမိုကရေစီ နည်းကျ လူ့အဖွဲ့အစည်း ဖြစ်တယ် ဆိုတာကိုလည်း မြင်ကြစေချင်တယ်။ တဖက်က စစ်အာဏာရှင်တွေ ကိုယ်တိုင် ကလည်း သူတို့ စိတ်တိုင်းကျ လူ့အဖွဲ့အစည်းကို တည်ဆောက်နေတယ် ဆိုတာကို သိကြရမယ်။ သူတို့ ဆောက်နေတာက ကျနော်တို့နဲ့တော့ မတူဘူးပေါ့ဗျာ။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အင်န်အယ်ဒီပါတီရဲ့ တရားဝင် ရပ်တည်မှုနဲ့ ပတ်သက် ပြီးတော့ အားလုံးက ပြည်တွင်း ပြည်ပက ၀ိုင်းဝန်း ရပ်တည်ကြပါ၊ ထောက်ခံ အားပေးမှု ပြသကြပါလို့ ပြောခဲ့တယ်။ အကူအညီ တောင်းခဲ့တယ်။ အဲသည်အတွက် အတွင်းကကော၊ အပြင်မှာပါ အစိုးရတွေ၊ ကွန်မြူနီတီတွေက ဒေါ်စုနဲ့ အင်န်အယ်ဒီကို အသိအမှတ်ပြုမှု၊ ထောက်ခံမှု၊ ဆွေးနွေးမှုတွေ လုပ်ကြတယ်။ ဒါတွေကို တွေ့နေရတယ်။ စစ်အစိုးရ ကိုယ်တိုင်ကကော ဘယ်လိုမျိုး တုံ့ပြန်လာတာမျိုး ဆရာတို့ တွေ့ရ ကြားသလဲ ဆရာ။
ကျနော်တို့ ဖက်ကြားတာ တခုကတော့ စစ်အစိုးရဖက်က သံတမန်တွေကို အလွတ်သဘော ပြောဆိုတာတွေ ရှိတယ်လို့ ဆိုတယ်။ အင်န်အယ်ဒီ ပါတီဟာ အခု ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံပြန်တင်ပါ။ ဒါဆိုရင် သူတို့က လက်ရှိ ရွေးကောက်ပွဲ ဥပဒေအရ အသိအမှတ်ပြုမယ် စသည်ဖြင့် ပြောတယ်လို့ ဆိုတယ်။ ဒါဆိုရင်တော့ ကျနော်တို့ဖက်က လက်မခံနိုင်ဘူးလို့ ပြောချင်ပါတယ်။
နဂိုကတည်းက စစ်အစိုးရရဲ့ ၂၀၀၈ အခြေခံဥပဒေကို လက်မခံဘူး။ ဒါကို အသက် သွင်းတဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကိုလည်း တရားမျှတ လွတ်လပ်တယ်လို့ မယုံကြည်တဲ့ အတွက် အင်န်အယ်ဒီ ပါတီက မှတ်ပုံတင် မတင်ခဲ့ဘူး။ ဒီလိုမျိုး ရပ်တည် ခဲ့ပြီးသား ဖြစ်တယ်။ စစ်အစိုးရ ဖက်က ၂၀၀၈ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး ညှိနှိုင်း ဆွေးနွေးတာတွေ၊ ပြင်ဆင် ပြုပြင်တာတွေ မလုပ်ဘဲနဲ့တော့ ကျနော်တို့ဖက်က အခု သိန်းစိုး ခေါင်းဆောင်တဲ့ ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံ မတင်နိုင်ဘူးလို့ ပြောချင်ပါတယ်။
နောက်ပြီးတော့ ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားတဲ့ စည်းကမ်းတွေ၊ ပြဋ္ဌာန်း ချက်တွေ ဖြစ်တဲ့ ၂၀၀၈ အခြေခံ ဥပဒေကို သစ္စာ ခံရမယ်တို့၊ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ချင်ရင် ဒေါ်စု အပါအ၀င် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို မိမိတို့ ပါတီကနေ ထုတ်ပယ် ပစ်ရမယ်တို့ ဆိုတာတွေကို ကျနော်တို့က လက်မခံခဲ့ဘူး ဆိုတာ ကျနော်တို့က ပြောခဲ့ပြီးပြီ။ ဒါမျိုးတွေလို နိုင်ငံရေး လှုပ်ရှားမှုတွေ၊ နိုင်ငံရေး လွတ်လပ်ခွင့်တွေ ကန့်သတ် တာမျိုးတွေကလည်း လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက စစ်အစိုးရက လုပ်ခဲ့ပြီးပြီ ဖြစ်တယ်။ နောက်ပြီးတော့ ကျနော်တို့က အခု ၂၀၁၀ ကော်မရှင်မှာ မှတ်ပုံ တင်လိုက်မယ် ဆိုရင် ကျနော်တို့ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ကျနော်တို့ရဲ့ အနိုင်ရထားတဲ့ ရလဒ်တွေကိုပါ စွန့်လွှတ် လိုက်ရမယ်။ ဒါတွေကို ကျနော်တို့က လက်မခံနိုင်ဘူး။
အခုလိုမျိုး သူတို့ဘက်က ပြောလာရင် ကျနော်တို့ဖက် ပြောစရာက ဒါပဲ။ ပြီးတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက ၁၉၉၀ ရွေးကောက်ပွဲကို ၀င်ဖို့ ၁၉၈၈ စက်တင်ဘာ ကတည်း အင်န်အယ်ဒီ ပါတီ မှတ်ပုံတင်ခဲ့ ပြီးပြီ။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီ တရပ် အဖြစ်လည်း ရပ်တည် နေပြီးသား ဖြစ်တယ်။ အဲဒါကို အဲသည်အတိုင်း အသိအမှတ် ပြုလိုက်ရင်လည်း ဒီကိစ္စတွေက ပြေလည် ပြီးသွားမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ အခု နောက်မှ ပေါ်ထွန်းလာတဲ့ ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်နေစရာ မလိုဘူးလို့ ကျနော်တို့က မြင်တယ်။ နောက်ပေါ်လာတဲ့ ကော်မရှင် ဆိုတာကလည်း ရှေ့က ပေါ်ထားပြီးသား ကော်မရှင် တရပ်ရဲ့ လုပ်ဆောင်ချက်တွေ၊ မှတ်ပုံ တင်ထားတာတွေကို ပစ်ပယ်ခြင်း၊ ဖျက်သိမ်းခြင်း လုပ်စရာ မလိုရင် အလိုလိုကို အင်န်အယ်ဒီ ပါတီဟာ တရားဝင် ရပ်တည်ထားတဲ့ အဖွဲ့အစည်း ဖြစ်တယ် ဆိုတာက လက်ခံရမှာပဲ ဖြစ်တယ်။
ကဲ ဒါဆိုရင်လည်း ဆရာတို့က တရားရုံးမှာ အထက်ပါအတိုင်း တင်ပြထားတယ်၊ ဥပဒေ အရ လျောက်ထား ချက်တွေ ပေးနေတယ်လို့ ဆိုတယ်။ ဒါတွေကနေပြီး ဆရာတို့က ဘာတွေများ မျှော်လင့် ထားလို့လဲ ဆရာရယ်။
ကျနော်တို့က တရားရေးဌာနကို တရားရုံးတော်ကို အင်န်အယ်ဒီ ပါတီ တရားဝင် ရပ်တည်မှုနဲ့ ပတ်သက်ပြီး လျောက်ထားတယ်။ တင်ပြမှုတွေ လုပ်နေတယ်။ တရားရုံးက ကျနော်တို့ကို ကြားနာတဲ့ နေရာမှာ၊ ဆုံးဖြတ်တဲ့နေရာမှာ အခုလက်ရှိ စစ်အစိုးရက ဘာမှ ၀င်ပြီး အနှောက်အယှက် ပေးစရာ မလိုဘူး။ ဘာမှ ၀င်ပြီး စွက်ဖက်မှုတွေ လုပ်နေတာတွေ မရှိစေချင်ဘူး။ တရား စီရင်ရေးမှာ လွတ်လပ်စွာ ကြားနာခွင့်၊ လွတ်လပ်စွာ လျောက်လဲခွင့်၊ ဆုံးဖြတ်ခွင့် ပေးပါလို့ ပြောချင်တယ်။ ဒါဆိုရင် တရားသဖြင့် ဖြစ်မယ်။ ဥပဒေနဲ့ အညီသာ ဆုံးဖြတ်ခွင့် ရှိမယ်သာ ဆိုရင် အင်န်အယ်ဒီ သာမက အခြား နိုင်ငံရေး ပါတီတွေ၊ တိုင်းရင်းသား ပါတီတွေရဲ့ တရားဝင် ရပ်တည်ခွင့်တွေ အားလုံး ပြန်လည်ရရှိမယ်။ အခု ဒုတိယ ကော်မရှင်မှာ ဘာမှ ပြန်ပြီး မှတ်ပုံတင် လျောက်နေစရာတောင် မလိုတော့ဘူး။ ကျနော်တို့ အတွက် တရားသဖြင့် အနိုင်ရမယ်လို့ ယုံကြည်ပါတယ်။
နောက်ပြီးတော့ ဆရာတို့ရပ်တည်ချက်က နောက်လာမယ့် ရွေးကောက်ပွဲတွေ အဆင့်ဆင့်မှာ ၂၀၁၅ တို့ ၂၀၂၀ တို့မှာ ဆက်လက်ပြီး အရွေးခံ ချင်ကြတာလား။ ဘာအတွက် အခု ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံ မတင်ရတာလဲ။
ကျနော်တို့က အခုအချိန်မှာ ၂၀၀၈ အခြေခံဥပဒေကို လက်မခံဘူး။ ဒီမိုကရေစီရေးနဲ့ တရားမျှတ လွတ်လပ်မှုကို အာမခံခြင်း မရှိဘူးလို့ မြင်တယ်။ သည် ၂၀၀၈ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲခြင်း၊ တွေ့ဆုံ ဆွေးနွေး ပြင်ဆင်ခြင်း ညှိနှိုင်းခြင်း မရှိသ၍ နောင်လာမယ့် ရွေးကောက်ပွဲတွေ ကိုလည်း အင်န်အယ်ဒီ ပါတီ အနေနဲ့ ၀င်ပြီး အရွေးခံမှာ မဟုတ်ဘူး ဆိုတာကိုလည်း ရှင်းလင်း ထားချင်ပါတယ်။
ကျေးဇူးတင်ပါတယ် ဆရာ။
Ref: မိုးမခ
ငါးမည်ရ ဇာတ်သိမ်းခန်း
December 23rd, 2010
အချိန်ကား ၂၀၀၄ ခုနှစ် မတ်လ ၂၇ ရက်နေ့ညသန်းခေါင်ယံ။ ရခိုင်ကမ်းရိုတန်းဒေသ မာန်အောင် ရေလက်ကြားတွင် ကျောက်ချ ရပ်နားနေသော စစ်ရေယာဉ် တစီးပေါ်ရှိ တာ ၀န်ကျ စစ်သည်တစု လှုပ်လှုပ်ရှားရှား ရှိနေသည်မှ အပ ပတ်ဝန်းကျင် တခွင်လုံး တိတ်ဆိတ် ငြိမ်သက်လျှက်။ ထိုအချိန်တွင် စစ်ရေယာဉ်ဦးပိုင်း အလယ်ထပ်ဆီမှ သေနတ်သံ နှစ်ချက် ရှေ့ဆင့် နောက်ဆင့် ပေါ်ထွက် လာသည်။ တိုက်တိုက် ဆိုင်ဆိုင် ထိုနေ့သည် ၅၉ နှစ်မြောက် ဖက်ဆစ် တော်လှန်ရေးနေ့လည်း ဖြစ်နေသဖြင့် သေနတ်သံ နှစ်ချက်သည် တော်လှန်ရေး နေ့ကို ဂုဏ်ပြု ပစ်ဖောက် လိုက်လေသလော ဆိုသည်ကိုတော့ မည်သူမျှအ တိအကျ ဝေခွဲမရနိုင်။ သေချာသည့် အချက်ကတော့ သေနတ်သံနှင့် အတူ ငါးမည်ရ ပုဂ္ဂိုလ်ထူးကြီး တဦး ဘ၀နိဂုံး ချုပ်သွားခြင်းပင်။
ကျနော်တို့ငယ်ငယ်က အဆိုတော်သန်းထွန်းလေးရဲ့ ငါးမည်ရပြည်ရွှေဘို သီချင်းဖွင့်သံ ကြားရတိုင်း မပီကလာ တပိုင်းတစ လိုက်ဆို တတ်မြဲ။ အဓိပ္ပါယ်ကိုတော့ ရေရေရာရာမသိ ပါ။ ရတနာသိင်္ခ၊ ရန်ကြီးအောင်၊ မုဆိုးဖို ၊ ကုန်းဘောင် ၊ ရွှေဘို စသဖြင့် ရွှေဘိုမြို့ရဲ့ အမည် ခေါ်တွင်ပုံ ငါးမျိုးရှိတဲ့ အကြောင်းလောက်ပဲသိပါတယ်။ အမည် တမျိုးစီမှာ သူနဲ့ပတ် သတ်တဲ့ သမိုင်းကောက်ကြောင်း တခုစီတော့ရှိမှာ အမှန်ပါ။
ကျနော် တပ်မတော် (ရေ) မှာ ၀င်ရောက်အမှုထမ်းတဲ့အခါ ထူးထူးခြားခြား နာမည်ငါးမျိုး ပိုင်ရှင် ပုဂ္ဂိုလ် တဦးကို ကြုံတွေ့ လိုက်ရပါတယ်။ သူ့နာမည်ရင်းက အောင်ဇော်မိုး (ဗိုလ်မှူး အောင်ဇော်မိုး DSA အပတ်စဉ်-၂၉) ဖြစ်ပါတယ်။
တပ်မတော်မှာ တာဝန်ထမ်းဆောင်စဉ်အတွင်း သူ့ရဲ့ပြောင်မြောက်တဲ့ လုပ်ရပ်တွေနဲ့ ထူးခြားတဲ့ စိတ်နေ သဘောထားကြောင့် စစ်သည် တွေကသူ့ကို ချစ်စနိုးနဲ့ နာမည်တွေပေး ထားပါတယ်။ နာမည်ရင်း အပြင် နာမည်ပြောင်လေးမျိုး ရှိတာကြောင့် ငါးမည်ရ အောင်ဇော်မိုး လို့ ခေါ်ရတာပါ။ နာမည် တခုစီမှာ လိုက်ဖက်ညီထွေ အကြောင်းရင်းခံလေးတွေ ရှိပါတယ်။
ဥပမာ – စစ်ရေယာဉ် (၄၁၅) စစ်ရေယာဉ်မှူးတာဝန်ကို နောက်အရာရှိတဦးထံ လွှဲပြောင်း ပေးရာမှာ ရုံးကိစ္စ သွားလာဖို့ သုံးတဲ့ မောင်တိန်း အမျိုးအစား စက်ဘီလေးကို ထည့်လွှဲ မပေးဘဲ သူ့အိမ်ကို ယူသွားလို့ “မောင်တိန်း” နာမည် တွင်သွားတာမျိုး။ အလားတူနာမည် ပြောင်တွေကတော့ (သံပါးစပ်၊ ဖင်ကြီးမ၊ ဘာဂျဲ) တို့ ဖြစ်ပါတယ်။
ဗိုလ်မှူး အောင်ဇော်မိုးဟာ မိတ္ထီလာဇာတိဖြစ်ပြီး သူ့ဖခင်ကတော့ စစ်ဗျူရိုကရက်ယန္တရား ထဲက မဟုတ်ဘဲ တိုင်းပြည်ရဲ့အနာဂတ် ပန်းကလေးတွေကို ပြုစု ပျိုးထောင်မြေတောင် မြှောက်ပေးတဲ့ မူလတန်း ကျောင်းအုပ်ကြီး တဦးပါ။ အောင်ဇော်မိုး DSA ကျောင်းဆင်းပြီး မကြာမီမှာ အမြောက် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စိုးမြင့်ရဲ့ သမီး မဥမ္မာမြင့်နဲ့ လက်ထပ်ပါတယ်။ ဒုဗိုလ်မှူးကြီး စိုးမြင့်ရဲ့ နောက်သားမက် တဦးကတော့ နိုင်ငံတော် ကာ ကွယ်ရေး တက္ကသိုလ် (နကတ) ကျောက်းအုပ်ကြီး ဗိုလ်ချုပ်မိုးဟိန်းပါ။ ယောက္ခမ အရှိန် အ၀ါနဲ့ မယား ညီအကို ဖြစ်သူတို့ရဲ့ အရှိန်အ၀ါ ကြောင့်လားမသိ ဆက်ဆံရေး မပြေပြစ်တဲ့ ဗိုလ်မှူးအောင်ဇော်မိုးနဲ့ အလွမ်းသင့်သူ အင်မတန် ရှားပါတယ်။
သူနဲ့ သင်တန်းတပတ်စဉ်တည်း အရာရှိတွေတောင် သူ့ကိုရှောင်ချင်ကြပါတယ်။ ကိုယ့်အဖို့သာ သိပြီး အတ္တကြီးတဲ့ သူ့ အကြောင်းကို အားလုံးက သိထားကြလို့ပါ။
ဒီလိုနဲ့ ၂၀၀၃ ခုနှစ်မှာ ဗိုလ်မှူးအောင်ဇော်မိုး အမှတ် (၁) ဗျူဟာစစ်ရေယာဉ်စုကို ပြောင်းရွှေ့ ရောက်ရှိလာပြီး စစ်ရေယာဉ် - အင်းတော်ရဲ့ စစ်ရေယာဉ်မှူး တာဝန် ထမ်းဆောင်ပါ တယ်။ အဲဒီ နှစ်ကုန်ခါနီးမှာ သူ တပ်ရင်းမှူး သင်တန်း တက်ရတာကြောင့် ဗျူဟာရုံးရဲ့ G2 ဗိုလ်မှူးသောင်းထွဋ်ကြူ က စစ်ရေယာဉ်မှူး တာဝန်ကို ခေတ္တ လွှဲပြောင်း ယူလိုက်ရပါတယ်။
တချိန်တည်းမှာ ရေယာဉ်လွန်းတင်ပြင်ဆင်ဖို့ အချိန်လည်းရောက်လာပါတယ်။ အဲဒီကိစ္စအတွက် ဘာမှ ကြိုတင် ဆောင်ရွက်မှု မလုပ်ဘဲ ဖုတ်ဖက်ခါ ထွက်သွားတာကြောင့် ဗိုလ်မှူးသောင်းထွဋ်ကြူ အပေါ်မှာ တာဝန် ပိသွားပါတယ်။ ဖြစ်နိုင်သမျှ အကောင်းဆုံး စီစဉ်မှု တွေလုပ်ပြီး ဒုစစ်ရေယာဉ်မှူး ဗိုလ်ကြီးသိန်းအေး ဦးစီးကာ ရေယာဉ်ကို လွန်းတင် ပြင်ဆင်ရပါတယ်။ ပြင်ဆင်မှု မပြီးခင်မှာပဲ ဗိုလ်မှူးအောင်ဇော်မိုး သင်တန်း ဆင်းလာပြီး မူလ တာဝန် ပြန်လည် ထမ်းဆောင်ပါတယ်။
ဒီအခါမှာ သူမရှိမီကာလ အတွင်း ရေယာဉ်ပြင်ဆင်ရေး တာဝန်ကို ဦးစီး ကြီးကြပ်နေတဲ့ ဗိုလ်ကြီးသိန်းအေး အပေါ် အပြစ်မရှိ အပြစ်ရှာ ဆူပူ ကြိမ်းမောင်း တတ်ပေမဲ့ သူကိုယ်တိုင်လည်း တာဝန် အပြည့်အ၀ မယူပါဘူး ရေယာဉ်ပြင်ဆင်မှု အကြမ်းထည်ပြီးလို့ ရေချတဲ့ အခါမှာလည်း ဗိုလ်ကြီးသိန်းအေး ပဲ ဦးစီး လုပ်ဆောင်ရတာပါ။
၂၀၀၄ ခုနှစ် ဇန်န၀ါရီလထဲမှာ ရခိုင်ကမ်းလွန်ရေနံနဲ့ သဘာဝဓါတ်ငွေ့ ထုတ်လုပ်ရေး (SHWE GAS) ရဲ့ လုံခြုံရေးကို စစ်ရေယာဉ်-အင်းတော်က တာဝန်ယူဖို့ အမိန့် ထွက်လာ ပါတယ်။ ပင်လယ်ပြင် ထွက်ရင် ငွေကြေး အတော်အတန် ရတာကို သိပေမဲ့ ရေယာဉ်မှာ ရှိတဲ့ အရာရှိ၊ စစ်သည်များ ဗိုလ်မှူးအောင်ဇော်မိုး နဲ့ အတူ မလိုက်လိုကြပါဘူး။ သင်တန်း အကြောင်းပြသူပြ ဆေးရုံ တက်သူတက်နဲ့ နောက်ဆုံးမှာ အရာရှိ စစ်သည်အင်အား မပြည့်မစုံနဲ့ သင်္ဘော ထွက်သွား ရပါတယ်။
ဗိုလ်မှူးအောင်ဇော်မိုးနဲ့ အဆင်မပြေတာကြောင့် သူ့ကို ရုံးပေါ်မှာ ခေါ်ထားဖို့ ဗိုလ်ကြီး သိန်းအေးက ဗျူဟာမှူးထံ အကြိမ်ကြိမ် ခွင့်ပန်သော်လည်း အဲဒီအချိန်က အရာရှိအင်အား အခက်အခဲ ရှိနေလို့ (တော်လှန်ရေးနေ့ စစ်ကြောင်းများတွင် အရာရှိများ တွဲဖက်ပေး ထားရ၍) သည်းခံပြီး လိုက်သွားရန် ဗျူဟာမှူး ဗိုလ်မှူးကြီး သက်တင်လှိုင် က ချော့မော့ပြီး လွှတ်လို့ ဗိုလ်ကြီးသိန်းအေး ပင်လယ်ပြင်ကို လိုက်ပါသွားပါတယ်။
ပင်လယ်ပြင်ရောက်တော့ ဗိုလ်မှူးအောင်ဇော်မိုးက အုပ်ချုပ်မှု ကိစ္စတွေကို ဗိုလ်ကြီး သိန်းအေး လက်အောက်က ထောက်ပံ့ရေး အရာရှိ ဗိုလ်ခင်ဇော်ဦးနဲ့သာ တိုင်ပင် လုပ်ဆောင်ပြီး ဗိုလ်ကြီးသိန်းအေး ကို သုံးမရသူ တဦးလို သဘောထား ဆက်ဆံပါတယ်။ ဗိုလ်ကြီး သိန်းအေးရော ဗိုလ်ခင်ဇော်ဦး ပါ စစ်သည် ဘ၀ကနေ အရာရှိ ဖြစ်လာကြသူများ ဖြစ်ပြီး ဗိုလ်ကြီးသိန်းအေးက ဗိုလ်မှူးအောင်ဇော်မိုး ထက် အသက် ပိုကြီးပါတယ်။ မကြာမီမှာပဲ စစ် ရေယာဉ်ရဲ့ ကျောက်ဆူးတဖက် ပင်လယ်ကြမ်းပြင်မှာ ပြုတ်ကျ ကျန်ရစ်တဲ့ ကိစ္စပေါ်ပေါက် လာပါတယ်။ ဒီအခါ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတဲ့ ဗိုလ်မှူးအောင်ဇော်မိုးက ကျောက်ဆူး ဆယ်ယူရရှိရေး အပြင်းအထန် ကြိုးစားပေမဲ့ မအောင်မြင်ပါ။ နောက်ဆုံးမှာ ရေငုပ် ကျွမ်းကျင်တဲ့ ဗိုလ်ကြီး သိန်းအေး ကိုယ်တိုင် ဦးစီးမှ ဆယ်ယူ ရရှိပါတယ်။ သို့သော် လည်း ဗိုလ်ကြီး သိန်းအေး ရဲ့ ကြိုးစားမှုကို အောင်ဇော်မိုး က အသိအမှတ် မပြုပါ။ ဗိုလ် ကြီးသိန်းအေးခမျာ စစ်သည်တွေကိုသာ အဖော်ပြုကာ ငြီးငွေ့ဖွယ်ရာ နေ့ရက်တွေကို တ ရွေ့ရွေ့ ကျော်ဖြတ် နေရပါတော့တယ်။ ဒီကြားထဲ စစ်ရေယာဉ်မှူး အပေါ် စစ်သည်တွေ့ရဲ့ မကျေနပ်ချက်တွေကို ကြားကနေ ဖြေရှင်း ပေးရပါသေးတယ်။
အခင်းဖြစ်တဲ့ညက ဗိုလ်ကြီးသိန်းအေး နေမကောင်း ဖြစ်နေပါတယ်။ သို့သော်လည်း စစ်ရေယာဉ်မှူးက သူ့ကို ဂျူတီ (duty) ချထားလို့ မကျေမနပ် ဖြစ်နေချိန်ပါ။ ညသန်းခေါင်ယံ မှာတော့ ဗိုလ်မှူး အောင်ဇော်မိုးက တာဝန်ကျ တပ်ဖွဲ့ကို စစ်ဆေးစဉ် ဗိုလ်ကြီးသိန်းအေး မရှိတာကြောင့် ပြောဆိုကြိမ်းမောင်းပြီး စစ်သည် တယောက်ကို ဗိုလ်ကြီးသိန်းအေး အား သွားခေါ်ခိုင်းပါ တော့တယ်။
ဗိုလ်ကြီးသိန်းအေး လိုက်မလာပါ။ နောက်တကြိမ် သွားခေါ်မှ လိုက်လာပြီး နေမကောင်း ကြောင်း ရှင်းပြတော့ ဗိုလ်မှူးအောင်ဇော်မိုး က လက်မခံ။ ဒီလိုနဲ့ အပြန်အလှန် စွပ်စွဲပြော ဆိုစကားများကြရင်း ဗိုလ်ကြီးသိန်းအေး ပစ်လိုက်တဲ့ Webbly ခြောက်လုံးပြူး ကျည်ဆံ နှစ်တောင့်က ဗိုလ်မှူးအောင်ဇော်မိုးကို ဇီဝိန် ခြွေလိုက်ပါတယ်။ သင်္ဘောပေါ်မှာ ရှိတဲ့ စစ် သည်တွေ ယောက်ယက်ခတ် ဆူပွက်သွားပြီး ဗိုလ်ကြီးသိန်းအေးက အားလုံးကို ရေ ယာဉ်ပဲ့ပိုင်းမှာ စုရုံးစေပြီး အခြေအနေကို ရှင်းပြလိုက်မှ ပြန်ပြီး တည်ငြိမ်မှု ရှိသွားပါတယ်။
အဲဒီနောက်အခြေပြုရာမှ သင်္ဘောစက်နှိုးထွက်ခွာပြီး ကျောက်နီမော်ဖက် အရောက်မှာ ငါး ဖမ်း လှေတစီးကို အကူညီ တောင်းကာ ဗိုလ်ကြီးသိန်းအေး ထွက်ပြေး လွတ်မြောက်သွား ပါတယ်။ စစ်ရေယာဉ်ကိုတော့ ဓည၀တီ ရေတပ် စခန်းဌာနချုပ် (ဓရခ) မှ စစ်ဦးစီးမှူး (ဒုတိယတန်း) G2 ဗိုလ်မှူးနေမျိုးဆက် လာရောက် ဦးစီး မောင်းနှင်ကာ ဗိုလ်မှူးအောင်ဇော်မိုး ရဲ့ အလောင်းကို ကျောက်ဖြူမြို့ (ဓရခ) သို့ သယ်ဆောင်သွားပါတယ်။ ဓရခ ရောက်တဲ့ အခါ ရေယာဉ်ပေါ်မှာ ကျန်ရှိသော အရာရှိ စစ်သည်အားလုံး (အရာရှိ-၁ဦး၊ စစ် သည်-၂၆ ဦး) ကို အချုပ်ထဲ ထည့်ထား လိုက်ပါသည်။
အခင်းဖြစ်တဲ့ သတင်းကြားကြားချင်း ဗိုလ်ချုပ်မိုးဟိန်း ကိုယ်တိုင် ကျောက်ဖြူကို လိုက်သွားပြီး ဗိုလ်ကြီးသိန်းအေးကို ဖမ်းဆီး ရမိဖို့ အပြင်းအထန် ကြိုးစားပါတယ်။ ရခိုင်ပြည် နယ် အတွင်းမှာ ရှိတဲ့ စစ်တပ် အားလုံးကို တပ်လှန့်ပြီး ပိုက်စိပ်တိုက် ရှာဖွေမှုကြောင့် မတ် လ (၂၉) ရက်နေ့မှာ ဂွမြို့ရှိ ခြေမြန်တပ်ရင်း တခုက ဗိုလ်ကြီးသိန်းအေး ကို ဖမ်းမိ သွားပါတယ်။
အမှုကိစ္စဖြစ်ပြီးတဲ့နောက် စစ်သည် (၂၆) ဦးကို အမှုနဲ့ပတ်သက်ပြီး စစ်ဆေး ကြားနာရာ မှာ အုပ်စု (၃) မျိုး ကွဲထွက် လာပါတယ်။ (၁၁) ဦးကို ဗိုလ်ကြီးသိန်းအေး လွတ်မြောက် ရေး အားပေး ကူညီသူတွေ အဖြစ် သတ်မှတ်ပါတယ်။ (၁၃) ဦးကိုတော့ ဗိုလ်ကြီး သိန်းအေးကို ဖမ်းဆီးဖို့ ကြိုးစားသူတွေ အဖြစ် သတ်မှတ်ပါတယ်။ ကျန်တဲ့ (၂) ဦးကတော့ ဘာတခုမှ မသိရှိပဲ သင်္ဘော တနေရာမှာ တညလုံး အိပ်ပျော် နေတာပါ။ သို့သော်လည်း ပြစ်ဒါဏ် ချမှတ်တဲ့ အခါ စစ်သည် (၁၁) ဦးကို ထောင်ဒါဏ် (၇) နှစ်စီ ချမှတ်ပြီး ကျန်တဲ့ (၁၅) ဦး (အိပ်ပျော်နေသူနှစ်ဦး အပါအ၀င်) ကို (၄) နှစ်စီ ပြစ်ဒါဏ်ချမှတ် လိုက်ပါတယ်။
ဗိုလ်ခင်ဇော်ဦးလည်း ထောင် (၇) နှစ်ကျပါတယ်။ ပန်းနာရင်ကြပ်ရောဂါ ခံစားနေရသူ တပ်ကြပ်ကြီးညွန့်ဝေ ဟာ ကျောက်ဖြူထောင်ကို မပို့မီ တပ် အချုပ်ခန်း ထဲမှာပဲ သေဆုံး သွားပါတယ်။ ဒါကြောင့် အရာရှိနှစ်ဦးရဲ့ ရန်ပွဲမှာ မဆီမဆိုင် စစ်သည် မိသားစုများစွာ ဒုက္ခရောက် ဘ၀ပျက်ကြရ ပါတယ်။ ရန်ကုန်မြို့မှာ ဆွေမရှိမျိုးမရှိနဲ့ ခိုကိုးရာမဲ့ ဖြစ်နေတဲ့ မိ သားစုဝင်တွေရဲ့ ဘ၀ကို မြင်တွေ့ရတာ စိတ်မချမ်းသာ စရာပါ။
အဲဒီ့အမှုတွဲကို နိုင်ငံတော်ပုန်ကန်မှုအဖြစ် သဘောထားကာ ဒုတပ်ချုပ်ကြီး ဒုဗိုလ်ချုပ် မှူးကြီး မောင်အေး ကိုယ်တိုင် စီမံ ကိုင်တွယ်တယ်လို့ နောက်ပိုင်းမှာ သိရပါတယ်။ ဒုဗိုလ် ချုပ်မှူးကြီး မောင်အေးက ရေတပ်ကို မကြည်တဲ့ သမိုင်းကြောင်းလည်း ရှိပါတယ်။
ဗိုလ်ကြီးသိန်းအေး ကိုတော့ စွဲချက် (၆) ခု တင်စစ်ဆေးပြီး စီရင်ချက်မချမီ တရက်အလိုမှာ အချုပ်ခန်းဖောက် ထွက်ပြေးတယ် ဆိုကာ ပစ်သတ် လိုက်ပါတယ်။
တပ်မတော် (ရေ) မှာ ဒီဖြစ်စဉ်မျိုး နှစ်ကြိမ်ပဲကြုံဖူးပါတယ်။ ပထမအကြိမ်က မြိတ်ကျွန်းစု မှာရှိတဲ့ တပ်စခန်း တခုမှာ ဖြစ်ပွား ခဲ့တာပါ။ ငါသာလျှင် အာဏာပိုင် ဖြစ်တယ်ဆိုပြီး လက် အောက်ငယ် သားတွေ အပေါ်မှာ တချက်လွှတ် အာဏာနဲ့ အုပ်ချုပ်တဲ့ အရာရှိ ဆိုးတွေအတွက် သင်ခန်းစာ ဖြစ်ပါတယ်။
သည်းခံမှုဆိုတာ အတိုင်းအတာရှိသောအရာ မဟုတ်ပါသလော။ စစ်သည်တွေရဲ့ နှလုံး သားမှာတော့ မဟုတ်မခံ စိတ်ဓါတ် ရှိတဲ့ ဗိုလ်ကြီးသိန်အေး လို အရာရှိမျိုးကို သူရဲကောင်း အဖြစ် ကမ္ဗည်းထိုး မှတ်တမ်း တင်လိုက်ပါတယ်။ အဲဒီတုန်းက စစ်ဦးစီး အရာရှိချုပ် (ရေ) ဗိုလ်ချုပ်ဥာဏ်ထွန်း (ယခု ကာကွယ်ရေးဦးစီးချုပ် (ရေ) ) က “ ဗိုလ်ကြီးသိန်းအေး သာ စိတ်လိုက်မာန်ပါ လုပ်သွားခဲ့ရင် အားလုံး ရှင်းမရအောင် ပြဿနာ ကြီးသွားနိုင်တယ် အခု ဒီလို မလုပ်တာကိုပဲ သူ့ကို ကျေးဇူးတင်နေရတယ် ” လို့ ဆိုပါတယ်။
သူပြောတာက စစ်ရေယာဉ်ကို နိုင်ငံတကာရေပိုင်နက်ရှိရာကို ဦးတည်မောင်းသွားတယ် ဆိုရင် အုန်းကျွန်း၊ အက်ဒမန် ကျွန်းတွေ ဖက်မှာ အမေရိကန် စစ်သင်္ဘောရှိတယ် ဗိုလ်ကြီး သိန်းအေးအနေနဲ့ အမေရိကန် စစ်သင်္ဘောမှာ သွားပြီး ခိုလှုံခွင့် တောင်းမယ်ဆိုရင် ခက်ကောင်း ခက်ရချည်ရဲ့လို့ ဆိုလိုတာပါ။
ဗိုလ်ခင်ဇော်ဦးနဲ့ စစ်သည်တွေကိုပြစ်ဒဏ်စီရင်ပြီးနောက် တလလောက် အကြာမှာ အ မှတ် (၁) ဗျူဟာ စစ်ရေယာဉ်စုမှူး ဗိုလ်မှူးကြီး သူရသက်ဆွေ (ယခု စစ်ဦးစီး အရာရှိချုပ် (ရေ) က အကျဉ်းကျခံ အရာရှိ စစ်သည်တွေရဲ့ မိသားစုဝင်တွေကို ဗျူဟာရုံးမှာ ခေါ်ယူ တွေဆုံပြီး ဖြစ်ပျက်သွားတဲ့ ကိစ္စအတွက် စိတ်မကောင်း ဖြစ်မိကြောင်း သို့သော်လည်း သူ့ အနေနဲ့ စစ်သည်တွေ ပြစ်ဒဏ် လွတ်အောင် ကူညီဖို့ အခွင့်အရေး မရှိပါကြောင်း ၀န်ခံ ပြောဆိုပါတယ်။ သို့အတွက် အပြင်မှာ ကျန်ရစ်ခဲ့တဲ့ စစ်သည် မိသားစုတွေကို တပ်အနေ နဲ့ ထောက်ပံ့ အကူအညီ ပေးလိုကြောင်း ပြောဆိုကာ မိသားစုတစုကို ငွေကျပ် ငါးသောင်း စီ ထုတ်ပေးပါတယ်။ (ဗိုလ်မှူးအောင်ဇော်မိုး သေဆုံးစဉ်က စစ်ရေယာဉ်ပေါ်မှာ ကျန်ရစ် ခဲ့သော ငွေကျပ် တဆယ့် ငါးသိန်းကို ဗိုလ်မှူး နေမျိုးဆက်မှ ဗိုလ်မှူးကြီး သူရသက်ဆွေ ထံမှာ အပ်နှံထားပါတယ်။ အဲဒီငွေတွေကို ပြန်လည် ခွဲဝေ ပေးတာပါ။)
“အမိန့်ဆိုတာ စဉ်းစားသုံးသပ်အကြံပြုဝေဖန်ရန်မဟုတ်၊ လိုက်နာရန်သာဖြစ်သည်” လို့ စစ်ကျောင်းကြီး တွေမှာ အဓိပ္ပါယ် ဖွင့်ဆို သင်ကြားတာကို နှုတ်မြွက်တော် ကျမ်းစာတ စောင်လို အသေ ဆုပ်ကိုင်ပြီး ငါလုပ်သမျှ အကုန်မှန်တယ်လို့ ခံယူထားတဲ့ ဗိုလ်မှူး အောင်ဇော်မိုး လို ဗျူရိုကရက် အရာရှိဆိုးတွေ တပ်မတော်မှာ ရှိနေသမျှ ကာလပတ်လုံး သည်းမခံနိုင်တဲ့ အဆုံးမှာ သေစာရင်း ရှင်းပြီး တုန့်ပြန်တတ်တဲ့ ဗိုလ်ကြီးသိန်းအေး လို သတ္တိခဲတွေလည်း ပေါ်ပေါက် လာအုံးမှာ မလွဲဧကန် ဖြစ်ပါတယ်။
တပ်ကြပ်ကြီး – နေမင်းသူ
Ref: နေ့သစ်
ကုလ အနုမြူ စောင့်ကြည့်ရေးအဖွဲ့က စစ်ဆေးခွင့်ပေးရန် စစ်အစိုးရကို တောင်းဆို
သောမတ်စ်မောင်ရွှေ
ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၃ ရက် ၂၀၁၀
ချင်းမိုင် (မဇ္ဈိမ) ။ ။ ကုလသမဂ္ဂ၏ အနုမြူ စောင့်ကြည့်ရေးအဖွဲ့ကြီး ဖြစ်သော အပြည်ပြည်ဆိုင်ရာ အနုမြူ စွမ်းအင် အေဂျင်စီ (IAEA) က မြန်မာနိုင်ငံတွင် အနုမြူ စက်ရုံများ ရှိနေသည်ဟု စွပ်စွဲ ပြောဆိုခြင်း ခံနေရသော နေရာများသို့ လာရောက် စစ်ဆေးခွင့် ပြုပါရန် မြန်မာ စစ်အစိုးရကို မကြာသေးမီက စာရေးသား တောင်းဆိုခဲ့သည်ဟု အမည် ဖော်ပြမထားသော အမေရိကန် အရာရှိများကို ကိုးကားပြီး ဝေါလ်စထရိ ဂျာနယ်က ရေးသားသည်။
`မြန်မာနိုင်ငံ မြောက်ပိုင်းရှိ စက်ရုံများတွင် အနုမြူ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းမှုများ ရှိနေသည် ဟူသော စွပ်စွဲချက် အပေါ် ရှင်းလင်းမှုများ လုပ်ပေးပါရန်´ မြန်မာနိုင်ငံ အစိုးရသို့ ယခင်စာနှစ်စောင် ပေးပို့အပြီး ယခု တဖန် အိုင်အေအီးအေ ကာကွယ် လုံခြုံရေးဌာန အကြီးအကဲ Herman Nackaerts က ထပ်မံ ပေးပို့ အကြောင်းကြား ခဲ့သည်ဟု အဆိုပါဂျာနယ်က အမေရိကန် အရာရှိများကို ကိုးကား ဖော်ပြခဲ့ပါသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အနုမြူလက်နက် မပြန့်ပွားရေး စာချုပ်ကို လက်မှတ် ရေးထိုးထားသော နိုင်ငံတနိုင်ငံ ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံတွင် ရှိသည်ဟု စွပ်စွဲ ပြောဆိုနေကြသော အနုမြူ စက်ရုံနေရာများသို့ စစ်ဆေး ကြည့်ရှုခွင့် ပေးရန် အိုင်အေ အီးအေက မေတ္တာရပ်ခံပိုင်ခွင့် ရှိပါသည်။ သို့သော် နိုင်ငံတကာ ဥပဒေများအရ အဆိုပါ မေတ္တာရပ်ခံချက်များကို မြန်မာနိုင်ငံက ငြင်းပယ်ခွင့်လည်း ရှိပါသည်။
အိုင်အေအီးအေ၏ ယခုနောက်ဆုံးစာသည် မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယား နိုင်ငံတို့အကြား အနုမြူဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ရှိနေ၍ အမေရိကန် အစိုးရက စိုးရိမ် ပူပန်နေသည် ဟူသော သတင်းများပါသည့် လျှို့ဝှက် ကြေးနန်းများကို ဝီကီလိ ဝက်ဘ်ဆိုက်က ထုတ်ပြန် ခဲ့ပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။
မသင်္ကာဖွယ် ပစ္စည်းအများအပြားကို မကွေးတိုင်း မင်းဘူးအနီးရှိ အနုမြူဓာတ်အားပေး စက်ရုံ ဆောက်လုပ် နေသည်ဟု ကောလ ဟလများ ထွက်ပေါ်နေသည့် နေရာသို့ သယ်ဆောင်နေကြောင်း သတင်းရင်းမြစ် တခုက ရန်ကုန်ရှိ အမေရိကန် သံရုံးသို့ ပြောကြား ခဲ့သည်ဟု အဆိုပါ ကြေးနန်းတွင် ဖော်ပြထားသည်။
အဆိုပါကြေးနန်းများတွင် ရန်ကုန်ရှိ သြစတြေးလျ သံအမတ် မီရှဲလ်ချန်းကိုလည်း မြန်မာအစိုးရ အရာရှိတဦးက `မြန်မာနဲ့ မြောက်ကိုရီးယား နိုင်ငံတို့ရဲ့ ဆက်ဆံမှုဟာ သမရိုးကျ လက်နက်များ အတွက်သာ မဟုတ်ဘဲ မြန်မာနိုင်ငံတွင် ကြာမြင့်စွာ ဖြစ်ပေါ်နေခဲ့သည့် လျှပ်စစ်ဓာတ်အား မလုံလောက်သည့် ပြဿနာကို ဖြေရှင်းရန် ရည်ရွယ်သည့် ငြိမ်းချမ်းစွာ အနုမြူစွမ်းအင် အသုံးပြုရေးလဲ ပါဝင်ကြောင်း´ လွန်ခဲ့သော သြဂုတ်လက ပြောဆိုခဲ့သည်ဟုလည်း ဖော်ပြထားသည်။
သို့သော် ထူးထူးခြားခြားပင် အထက်ပါ ပြောဆိုချက်ကို အဆိုပါသတင်းရင်းမြစ်က ပြန်လည် ရုတ်သိမ်း သွားခဲ့ပြီး မြန်မာနှင့် မြောက်ကိုရီးယား နိုင်ငံအကြား အနုမြူ အစီအစဉ်တရပ် အမှန်စင်စစ် လုပ်ကိုင်နေခြင်း မရှိကြောင်း ပြောဆိုသွားခဲ့သည်ဟု နောက်ပိုင်း ပေးပို့သော ကြေးနန်းများတွင် ဆက်လက် ဖော်ပြခဲ့သည်။
ဤသို့ပထမပြောဆိုချက်ကို ပြန်လည် ရုတ်သိမ်းသွားမှုကို တုံ့ပြန်သည့် အနေဖြင့် ရန်ကုန်ရှိ အမေရိကန် သံရုံး၏ ဝန်ထမ်း တဦးက လွန်ခဲ့သည့် နိုဝင်ဘာလက ကောက်ချက်ချရာတွင် `လိုရင်းအချက် - မြန်မာ အစိုးရနှင့် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့ သမ္မတနိုင်ငံ တို့အကြား ပူးပေါင်း ဆောင်ရွက်မှုများသည် ဆက်လက်၍ လျှို့ဝှက်နေဆဲပင် ဖြစ်သည်။ တခုခု ဖြစ်ပွား နေသည်မှာတော့ သေချာသည်။ အဆိုပါ တစုံတခုတွင် အနုမြူ လက်နက်များလည်း ပါဝင်ပြီး သံရုံးက အစီရင်ခံရမည့် အထူးဦးစားပေး အဆင့်အတန်းတွင် ဆက်လက် ရှိနေသည်´ ဟု ရေးသားထားသည်။
ပေါက်ကြားလာသော ရန်ကုန်အမေရိကန်သံရုံးက ၂၀၀၄တွင် ပို့ခဲ့သော ကြေးနန်းများတွင် `မြောက်ကိုးရီးယား ပညာရှင် များသည် မြေပြင်မှ ဝေဟင်ပစ် ဒုံးလက်နက် (SAM) များ တပ်ဆင် ထုတ်လုပ်နေပြီး မကွေးတိုင်းအတွင်း စစ်ဘက် တနေရာတွင် မြေအောက် အဆောက် အဦးများကိုလည်း တည်ဆောက်နေသည်´ ဟု ရေးသားထားသည်။
နယူးဒေလီသို့ ၂၀၀၄ အတွင်း လာရောက်လည်ပတ်ခဲ့ကြသော မြန်မာစစ် အာဏာရှင် ဦးသန်းရွှေ၏ ကိုယ်စားလှယ် အဖွဲ့တွင် ပါဝင်ခဲ့သူများက `အမေရိကန်က အာရုံ စိုက်လာအောင် အနုမြူ လက်နက် ပိုင်ဆိုင်ရေး လုပ်ရရင် ကောင်းမလားလို့ သူတို့ တွေးနေကြောင်း´ အိန္ဒိယအစိုးရကို ပြောကြားခဲ့သည် ဟု ယခင်အပတ်က ထုတ်ပြန်ခဲ့သော ၂၀၀၄ နိုဝင်ဘာလက ပေးပို့ခဲ့သည့် အမေရိကန် သံတမန် ကြေးနန်းတွင် ရေးသားထားသည်။
ဒေလီရှိ အမေရိကန် သံရုံးမှ ပေးပို့ခဲ့သော အဆိုပါကြေးနန်းမှာ ဗိုလ်ချုပ်သန်းရွှေ ၂၀၀၄ အောက်တိုဘာလ အတွင်း အိန္ဒိယနိုင်ငံ မြို့တော်သို့ လာရောက် လည်ပတ်ခဲ့သည့် ခရီးစဉ်အကြောင်း အဆင့်မြင့် အိန္ဒိယသံတမန် တဦးက အမေရိကန် သံတမန်များကို ပြောပြခဲ့သည့် သတင်းများအပေါ် အဓိက အခြေခံ ရေးသားထားသည်။
အနုမြူ စီမံကိန်းတရပ် မြန်မာနိုင်ငံက လုပ်ဆောင်နေနိုင်ဖွယ်ရှိဟု အိုင်အေအီးအေ ညွှန်ကြားရေးမှူး ဟောင်းက ယုံကြည်
ပြည်ပရောက် သတင်းဌာနတခုဖြစ်သည့် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က ယခုနှစ် မေလက သတင်းတရပ် ထုတ်လွှင့် ခဲ့ရာတွင် မြန်မာနိုင်ငံသည် ဒုံးပျံ နှင့် အနုမြူ အစီအစဉ်များကို လုပ်ကိုင်လျက် ရှိကြောင်း စစ်တပ်မှ ထွက်ပြေး ဘက်ပြောင်းလာသည့် သူတဦး၏ ထွက်ဆိုချက်များ ပါဝင်ခဲ့သည်။ ဘက်ပြောင်း လာသူ ဗိုလ်မှူးစိုင်းသိန်းဝင်းမှာ မြန်မာ စစ်တပ်မှ အကြီးတန်း သိပ္ပံပညာရှင် တဦးဖြစ်ပြီး စာရွက်စာတန်း အထောက်အထား အများအပြား ယူဆောင်ကာ တိုင်းပြည်မှ ထွက်ခွာလာ၍ နောက်ပိုင်းတွင် အဆိုပါ စာရွက် စာတန်းများကို အိုင်အေအီးအေ ညွှန်ကြားရေးမှူးဟောင်း ရောဘတ်ကယ်လီ သို့ DVB က ပြသခဲ့သည်။
ဘက်ပြောင်း ခိုလှုံလာသူ ပေးအပ်သည့် သတင်းအချက်အလက်များ အရ `မြန်မာနိုင်ငံသည် ယူရေနီယံ သတ္တုများကို တူးဖော်နေကြောင်း၊ အဆိုပါ သတ္တု များကို ဓာတ်ပေါင်းဖိုများနှင့် အနုမြူ ဗုံးများတွင် အသုံးပြု နိုင်သည့် ယူရေနီယံ ဒြပ်ပေါင်းများ အဖြစ်သို့ ပြောင်းလဲနေကြောင်း၊ ဓာတ်ပေါင်းဖို တခုနှင့် ယူရေနီယံ သန့်စင်သည့် စက်ရုံတရုံကို ဆောက်လုပ်ရန်လည်း ကြိုးစားနေပြီး ယင်းက အနုမြူဗုံး လုပ်ရန် သက်သက်သာ ဖြစ်ကြောင်း ပြသနေသည်။
ယင်း ဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် သက်သက် အတွက် မဖြစ်နိုင်ပါ။ ဤကိစ္စသည် မြန်မာနိုင်ငံ၏ အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ စွမ်းပကားနှင့် အလှမ်း ကွာပါသည်။ ဤအခြေ အနေများ ပြောင်းလဲသွားလျှင် အိုင်အေအီးအေသို့ အကြောင်းကြားရေး ကိစ္စမှာ မြန်မာနိုင်ငံ၏ သဘော အတိုင်းသာ ဖြစ်ပါသည်။ သေချာသည်မှာ ဤစည်းကမ်းများကို ချိုးဖောက်ပြီး အနုမြူဗုံး တလုံးကို လျှို့ဝှက် တည်ဆောက်နေသည် ဆိုပါက အိုင်အေအီးအေသို့ သူတို့ အလိုအလျောက် အကြောင်းကြား လိမ့်မည် မဟုတ်ပါ´ဟု ကယ်လီက ရေးသားထားသည်။
DVB က ကယ်လီ၏ ပြောဆိုချက်ကို အသံလွှင့်အပြီးတွင် မြန်မာအစိုးရ မီဒီယာ က `မြန်မာနိုင်ငံတွင် ယူရေနီယံ သတ္တုများကို ပြောင်းလဲ ထုတ်လုပ်ခြင်း၊ သန့်စင်ခြင်း၊ ဓာတ်ပေါင်းဖို တည်ဆောက်ခြင်း၊ သို့မဟုတ် လည်ပတ် လုပ်ကိုင် နေခြင်းများကို ယခင်ကလည်း မလုပ်ခဲ့၊ ယခုလည်း လုပ်ကိုင်နေခြင်း မရှိ၊ နောင်ကိုလည်း လုပ်ကိုင်ရန် အစီအစဉ် မရှိပါ´ ဟု မြန်မာ ကိုယ်စားလှယ် ဦးတင်ဝင်းက အိုင်အေအီးအေသို့ ပေးပို့ အကြောင်းကြား ခဲ့သော စာကို ကိုးကားပြီး ဇွန်လ အတွင်းက ရေးသားဖော်ပြခဲ့သည်။
စွပ်စွဲပြောဆိုနေသော အနုမြူ အစီအစဉ်နှင့် စပ်လျဉ်း၍ အိုင်အေအီးအေ ကျွမ်းကျင်သူ နှစ်ဦး အချင်း များကြခြင်း။
ကယ်လီ၏ ကောက်ချက်များကို အိုင်အေအီးအေရှိ သူ၏ အကြီးအကဲဟောင်း အော်လီဟိုင်နိုနင် (Olli Heinonen) အပါအဝင် အခြား အနုမြူကျွမ်းကျင် သူများက ငြင်းချက် ထုတ်ခဲ့ကြသည်။ အိုင်အေအီးအေ ညွှန်ကြားရေးမှူးဟောင်း ပြောဆိုချက်များ ပါဝင်သည့် ၁၅ မိနစ်ကြာ မှတ်တမ်းရုပ်ရှင်ကို အမေရိကန် ရုပ်သံ အစီအစဉ် တခုက လွန်ခဲ့သောလက ထုတ်လွှင့်ပြသခဲ့သည်။ ဤမှတ်တမ်း ရုပ်သံအစီအစဉ်ကို PBS နှင့် အမြတ်အစွန်း အတွက် မဟုတ်သည့် စုံစမ်း ထောက်လှမ်း သတင်းများ ရေးသား တင်ဆက်နေသည့် ProPublica တို့က ပူးတွဲ တင်ဆက်ခဲ့သည်။ မြန်မာနိုင်ငံ၏ အနုမြူ အစီအစဉ်များ အပေါ် ကယ်လီ၏ စိုးရိမ် ပူပန်မှုများမှာ ပိုလွန်းသည်ဟု အဆိုပါ ရုပ်သံမှတ်တမ်းက စွပ်စွဲ ပြောဆိုထားသည်။
ဘက်ပြောင်း ခိုလှုံလာသူက ပေးအပ်ခဲ့သော သတင်းအချက်အလက်များနှင့် ယင်း အထောက် အထားများ အပေါ် ကယ်လီ၏ ကောက်ချက်များ ရှိခဲ့သော်လည်း `ယခုအဆင့်တွင် ရှိနေသည့် အနုမြူ လက်နက် အစီအစဉ် များမှာ သံသယ ဖြစ်စရာ ကောင်းလောက်အောင် မရှိသေးပါ´ ဟု ဟိုင်နိုနင် က ပရို ပတ်ဘလစ်ကာ ရုပ်သံ သတင်းဌာနကို ပြောကြားခဲ့သည်။
သို့သော် အဆိုပါရုပ်သံ အစီအစဉ်တွင် ကယ်လီအပေါ် စွပ်စွဲပြောဆိုထားသော အဓိက အချက် တချက်ကို ဟိုင်နိုနင်နှင့် ပရိုပတ်ဘလစ်ကာ တို့က ထုတ်လွှင့် အပြီး ရက်သတ္တပတ်ပေါင်း များစွာ အကြာတွင် ပြန်လည် ရုတ်သိမ်း ခဲ့ရသည်။
အဆိုပါ မှတ်တမ်းခွေနှင့်အတူ ပရိုပတ်ဘလစ်ကာ၏ မန်နေဂျင်း အယ်ဒီတာ စတီဖင် အိန်ဂယ် လဲဘတ်နှင့် နာတန်ဒိုတန် တို့ ပူးတွဲ ရေးသားထားသော ဆောင်းပါး တစောင်ကိုလည်း ပရိုပတ်ဘလစ်ကာ ဝက်ဘ်ဆိုက်တွင် တင်ထားသည်။ အဆိုပါ ဆောင်းပါးတွင် အထူး ပြုလုပ်ထားသော `လက်အိတ်သေတ္တာ´ ဆိုသည့် ဓာတ်ပုံအပေါ် ကယ်လီ၏ ကောက်ချက်ကို ဟိုင်နိုနင်ကို ကိုးကားကာ ငြင်းပယ် ချေပထားသည်။
ယူရေနီယံ သတ္တု ထုတ်လုပ်ရာတွင် အပူချိန်မြင့်မားစွာ လိုအပ်သဖြင့် ဤ ကိရိယာသည် ဤ လုပ်ငန်းနှင့် သင့်လျော်ခြင်း မရှိပါ´ ဟု သူတို့က ရေးသားထားသည်။ `ဒီပုံကို ကြည့်ရင် ခင်ဗျားတို့ တွေ့လိမ့်မယ်။ ဥပမာ ဒီသေတ္တာထဲမှာ ရာဘာ လက်အိတ်တွေ ရှိတယ်။ ဒီလုပ်ငန်းမျိုး လုပ်ဖို့အတွက် ရာဘာ လက်အိတ်ပါတဲ့ သေတ္တာ တလုံးနဲ့ လုပ်လို့မရဘူး´ ဟု ဟိုင်နိုနင်၏ ပြောကြားချက်ကို ကိုးကား ရေးသားထားသည်။
`ဒါသာသုံးရင် ဒီလူလက် လောင်သွားမှာပေါ့။ ဒီသေတ္တာဟာ ဒီလုပ်ငန်း အတွက်လို့ ကျနော် မထင်ဘူး´ ဟု သူက ပြောကြားခဲ့သည်။ ကယ်လီ၏ ပြောဆိုချက်ကို ပရိုပတ်ဘလစ်ကာ၏ ချေပချက်ဟု ထင်ရသော အချက်တွင် မှားယွင်း သွားသည့် အချက်မှာ အဆိုပါ လက်အိတ် သေတ္တာကို အပူချိန် အလွန်မြင့်မားစွာ လိုအပ်သည့် ယူရေနီယံ သတ္တု ထုတ်လုပ်သည့်နည်း ထိုအဆင့်၌ အသုံးပြုခဲ့သည်ဟု ကယ်လီကရော DVB ကပါ အမှန်တကယ် မပြောကြားခဲ့ခြင်း ဖြစ်သည်။
ကယ်လီကလည်း ပရိုပတ်ဘလစ်ကာ သို့ ပက်ပက်စက်စက် တုံ့ပြန်ချက် တရပ်ကို ပြန်လည် ပေးပို့ခဲ့ရာ `ဒီလက်အိတ် သေတ္တာကို ယူရေနီယံ သတ္တု ထုတ်လုပ်ရာမှာ အသုံးပြုလို့ ရတယ်လို့ ကျနော် ပြောခဲ့တယ်လို့ ခင်ဗျားတို့က ပြောထားတယ်။ ကျနော် ဒီလို မပြောခဲ့ပါဘူး။ ဒီလို အလွယ်တကူ စစ်ဆေးလို့ရတဲ့ အချက်ကို မိုက်မိုက်မဲမဲ မှားယွင်း ကိုးကားခဲ့တဲ့ ခင်ဗျားတို့အဖြစ်က ဘယ်လိုမှ ကာကွယ်လို့ မရတော့ဘူး။
စာနဲ့ရေးထားတဲ့ မှတ်တမ်းက ဒါတလွဲကြီးဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြနေတာ။ ကျနော့် တင်ပြချက် တွေမှာ လက်အိတ် သေတ္တာနဲ့ ဗုံးထုတ်မယ့် ဓာတ်ပေါင်းဖို နှစ်ခုလုံးကို ပြထားပါတယ်။ ရှင်းရှင်းလေး ခွဲခြားနိုင်ပါတယ်´ ဟု ရေးသားထားသည်။
ကယ်လီက သူ၏ အကြီးအကဲဟောင်းကိုလည်း ပြန်ပက်ခဲ့သည်။ `လက်အိတ် သေတ္တာနဲ့ ဗုံးဓာတ်ပေါင်း ဖိုကို ခွဲခြားနိုင်ဘို့ ခင်ဗျားဆီမှာ အော်လီဟိုင်နိုနင် ရှိတယ်။ ကျနော့်ရဲ့ မြန်မာနိုင်ငံ အပေါ် စွပ်စွဲ ပြောဆိုချက် တွေကို စစ်ဆေး အကဲဖြတ်ဘို့ အိုင်အေအီးအေက တာဝန် ပေးထားတဲ့ အဖွဲ့မှာ ဟိုင်နိုနင်က အကြီးတန်း အရာရှိပါ။ ဒီယူရေနီယံနဲ့ ဆိုင်တဲ့ စက်မှုလုပ်ငန်းသုံး ကိရိယာနှစ်ခုရဲ့ ခြားနားချက်ကို သိဘို့ သူကျနော့် အစီရင်ခံစာကို ကောင်းကောင်း မဖတ်ခဲ့ဘူး။ ကျနော် အတိအကျ ရှင်းလင်း ရေးသားထားတဲ့ အစီရင်ခံစာနဲ့ ကျနော် ဘယ်တုံးကမှ မပြောခဲ့တာကို ရှင်းပြဘို့လုပ်တဲ့ သူ့ရဲ့ ကိုးရိုးကားယား ကြိုးပမ်းချက်နဲ့ ရောထွေး မပစ်ပါနဲ့။ သူဟာ ကျနော့်ကို ဝေဖန်ဘို့ ခင်ဗျားသုံးတဲ့ တဦးတည်းသော `နည်းပညာပုဂ္ဂိုလ်´ ပါ။ ဒါပေမဲ့ ဒီအချက်မှာတော့ သူရှုံးပြီ။ ကျနော်မှားတယ် ဆိုတာပြောနိုင်ဘို့ ကိုးစား ယုံကြည်နိုင်တဲ့ ပုဂ္ဂိုလ်ကို ခင်ဗျား မပြနိုင်ခဲ့ဘူး´ ဟု ထိုစာတွင် ရေးသားထားသည်။
ကယ်လီ၏ စာကိုရရှိပြီးနောက် ကယ်လီအပေါ် ကနဦး စွပ်စွဲထားသော အချက်ကို မှိန်ပစ်ရန် အတွက် အပိုဒ်တပိုဒ်ကို ဆောင်းပါး အဆုံးတွင် ပရိုပတ်ဘလစ်ကာ က ထည့်သွင်း ထားသည်။ မြန်မာနိုင်ငံ၏ ဖြစ်နိုင်ဖွယ် ရှိသော အနုမြူ လက်နက် ထုတ်လုပ်ရေး လုပ်ငန်းအပေါ် ရောဘတ်ကယ်လီ ရေးသားထားသော အစီရင်ခံစာတွင် ပါရှိသည့် `လက်အိတ်သေတ္တာ´ ဟု သိထားသော ကိရိယာ ကို ပိုမို တိတိကျကျ ရှင်းလင်း တင်ပြပါသည်´ ဟု ရေးသားထားသည်။
ပြန်လည် ပြင်ဆင်ထားသော ဆောင်းပါးတွင် `လက်အိတ်သေတ္တာ´ ဟု သုံးနှုန်းရန် `ကိုးရိုးကားယား နိုင်ပါသည်´ ဟု ဟိုင်နိုနင် ၏ ပြောစကားကို ကိုးကား ရေးသားထားသည်။
ကယ်လီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ သူတို့၏ သတင်းထောက် ဒက်ဖ်နာ လင်ဇာ (Dafna Linzer) က အမည် ဖော်ပြ မထားသည့် အမေရိကန် အစိုးရ အဖွဲ့တွင်းမှ ပုဂ္ဂိုလ်များကို မေးမြန်းခဲ့သည်ဟု ပရိုပတ်ဘလစ်ကာ က ဆိုသည်။ အစီရင်ခံစာကို စစ်ဆေး ကြည့်ရှုခဲ့သော စီအိုင်အေနှင့် စွမ်းအင်ဝန်ကြီးဌာန အနုမြူ ဌာနခွဲ မှ ကျွမ်းကျင် သူများက `မြန်မာနိုင်ငံတွင် အနုမြူစီမံကိန်း အချို့ ရှိနိုင်ပါသည်။ သို့သော် အနုမြူ လက်နက်များနှင့် ဆက်စပ်မှု မရှိပါ´ ဟု ပြောကြားခဲ့ကြောင်း သူက ထိုရုပ်သံ မှတ်တမ်းရုပ်ရှင်တွင် ပြောဆို ထားသည်။ ပရိုပတ်ဘလစ်ကာမှ အင်ဂယ်လ်ဘတ်ခ် (Engelberg) ကလည်း ကယ်လီ၏ အစီရင်ခံစာနှင့် ပတ်သက်ပြီး DVBကို ထောက်ပံ့ နေသူများကို ရဲရဲတင်းတင်း အခိုင်အမာ အတိုက်အခံလုပ် ပြောကြားခဲ့သည်။
`ဒီအစီရင်ခံစာကို စိစစ်ဘို့ ပထမအဆင့်အနေနဲ့ အမေရိကန် ထောက်လှမ်းရေး အသိုင်း အဝိုင်းကို သွားပြခဲ့ ပါတယ်။ ဒီစွပ်စွဲချက်တွေ အပေါ် သူတို့က သိပ်မယုံကြည်ကြောင်း ပွင့်ပွင့်လင်းလင်းဘဲ ပြောပြ ခဲ့ပါတယ်။ ဒါတွေကို ခင်ဗျားတို့ သိပါသလား´ ဟု အင်ဂယ်လ် ဘတ်ခ် က အစီရင်ခံစာကို ရည်ညွှန်းပြီး အဆိုပါ ရုပ်သံ မှတ်တမ်း ရုပ်ရှင်တွင် ပြောဆိုခဲ့သည်။
`စွမ်းအင်ဝန်ကြီးဌာနနဲ့ စီအိုင်အေ က ကျနော့်အစီရင်ခံစာကို တကြောင်းချင်း ဖတ်ကြည့်ပြီး ကျနော့် တွေ့ရှိချက် တွေကို ငြင်းဆိုတယ်လို့ ခင်ဗျားက ပြောတယ်။ ခင်ဗျားပြောပုံက အမေရိကန် အစိုးရထဲက ထောက်လှမ်းရေး အသိုင်း အဝိုင်းကြားမှာ အမြင်တွေ တထပ်ထဲကျနေသလို ပြောသွားတယ်။ ဒါပေမဲ့ ယူရေနီယံ ဗုံးလုပ်ငန်း လုပ်ကိုင်ခဲ့တဲ့ စွမ်းအင် ဝန်ကြီးဌာန ထောက်လှမ်းရေး အရာရှိအချို့က ကျနော့် အစီရင်ခံစာကို ဖတ်ပြီး ကျနော့် တွေ့ရှိချက်တွေဟာ ယုတ္တိ တန်ပါတယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် အိုင်အေအီးအေက ပါရဂူတွေ ကလဲ ကျနော့်အမြင်ကို သဘောတူပါတယ်။ နောက်ပြီးတော့ ဒီအစီရင်ခံစာကို ဖတ်ခဲ့ရတဲ့ ဒီအသိုင်း အဝိုင်းက ဘယ်သူကမှ ကျနော် တင်ပြခဲ့တဲ့ နည်းပညာ ဆိုင်ရာ အထောက် အထားတွေကို ငြင်းချက်ထုတ်တာ မလုပ်ခဲ့ကြဘူး´ ဟု ကယ်လီက ပြောသည်။
မြန်မာ့အနုမြူ အစီအစဉ်များရှိကြောင်း ပြောဆိုချက်များကို ထိုင်းဝန်ကြီးချုပ် ငြင်းဆို
မြန်မာနိုင်ငံက အနုမြူလက်နက် ပိုင်ဆိုင်ရေး လုပ်ဆောင်နေသည် ဟူသော သတင်းများကို ထိုင်းဝန်ကြီးချုပ် အဖိစစ် ဝိချချိဝ ကလည်း ခပ်ပေါ့ပေါ့ ပြောဆိုခဲ့သည်ဟု ဒီဇင်ဘာ ၁၂ ရက်ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။ `အာဆီယံကို အနုမြူကင်းမဲ့ ဒေသကြီး အဖြစ်နဲ့ မြင်လိုပါတယ်လို့ မြန်မာနိုင်ငံက အာဆီယံ-အမေရိကန် ထိပ်သီး အစည်းအဝေးမှာ ပြောဆိုခဲ့တာကို ကျနော် မှတ်မိနေပါတယ်´ ဟု အဖိစစ် က ပြောခဲ့သည်ဟု ဆိုသည်။
ဒေသတွင်းရှိ မည်သည့် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) ဝင်နိုင်ငံမျှ အနုမြူလက်နက် မလိုချင် ကြကြောင်း၊ သို့သော် အမျိုးသား လုံခြုံရေး အတွက် အနုမြူလက်နက် ပြဿနာကို ထိုင်းနိုင်ငံက အမြဲတမ်း စောင့်ကြည့် လေ့လာနေကြောင်း အဖိစစ်က ပြောဆိုသွားခဲ့သည်။
သို့သော် နောက်တနေ့တွင် အဖိစစ်ကို နိုင်ငံရေးအရ အမြဲတမ်းလို ထောက်ခံခဲ့သော ဘန်ကောက်ပို့စ် သတင်းစာ ကြီးက သတင်းစာ ခေါင်းကြီးမှ ပြန်လည် ဝေဖန်ခဲ့သည်။
`လျို့ဝှက် အနုမြူ စီမံကိန်းတွေနဲ့ ပတ်သက်လို့ နောက်ထပ် စွပ်စွဲချက်ကို မြန်မာ အစိုးရ အတွက် ဝန်ကြီးချုပ် အဖိစစ်ဝိချာချိဝ က ကာကွယ် ပေးခဲ့တာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒီပြဿနာနဲ့ ပတ်သက်လို့ ဝီကီလိ က နောက်ဆုံး ဖွင့်ချခဲ့တဲ့ ကြေးနန်းတွေ အပေါ် မစ္စတာအဖိစစ် ချေပဖို့ ကြိုးစားတာတွေကတော့ မခိုင်လုံ လှပါဘူး။ သူက မြန်မာ ခေါင်းဆောင်တွေ ပြောတာကို ကိုးကား ပြောတယ်။ သူတို့မှာ ပွင့်လင်းမှုတို့ အစဉ်အလာ ကောင်းတို့ ဆိုတာ သိပ်ရှိတာ မဟုတ်ဘူး။ ရန်ကုန်က အမေရိကန် သံရုံးက လွန်ခဲ့တဲ့ ၆ နှစ်က ပို့ခဲ့တဲ့ ကြေးနန်းကလဲ သူ့ရဲ့ အနုမြူ ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရဟာ ကမ္ဘာကို လိမ်ညာခဲ့တယ် ဆိုတဲ့ အထောက်အထား မပြနိုင်ပါဘူး။ ဒီလိုပါဘဲ၊ မြန်မာ စစ်အစိုးရရဲ့ ဝါဒဖြန့် ပြောကြားချက်တွေ အပေါ် မစ္စတာ အဖိစစ်က စိတ်ကောင်း နှလုံးကောင်းထားပြီး ယုံကြည်နေတာ ကလဲ အဓိပ္ပာယ် မရှိလှပါဘူး´ ဟု အဆိုပါ သတင်းစာေ ခါင်းကြီးတွင် ရေးသားထားသည်။
Ref: မဇ္ဈိမ
နေ့စဉ်သတင်းများ ( ၂၃ - ၁၂ - ၂၀၁၀ )
■ အမေရိကန်ရဲ့ မြန်မာဆိုင်ရာ မူဝါဒ ပြန်သုံးသပ်သင့် သတင်း
■ မြန်မာဗိုလ်ချုပ်များ ခုံရုံးတင် မခံနိုင်ကြောင်း အမေရိကန် လျှို့ဝှက် အစီရင်ခံစာ ပေါက်ကြား သတင်း
■ ပြည်ထောင်စုစိတ်ဓါတ်အကြောင်း ဟောပြောပွဲ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ် သတင်း
■ မြန်မာနျူကလီးယားကိစ္စ စစ်ဆေးခွင့် ပေးရန် အိုင်အေအီးအေ တောင်းဆို သတင်း
■ ကုလ အနုမြူစောင့်ကြည့်ရေးအဖွဲ့က စစ်ဆေးခွင့်ပေးရန် စစ်အစိုးရကို တောင်းဆို သတင်း
■ နအဖတပ်က DKBA ကို ထိုင်းမြေပေါ်မှ တိုက်ရန် ကြိုးစား သတင်း
■ စစ်ပွဲဖြစ်နေသည့် ဒေသတွင် အမျိုးသမီးနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ သတင်း
■ မာနယ်ပလော ကျုံဒိုးနား တိုက်ပွဲများဖြစ် သတင်း
■ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီညီလာခံ အင်အား (၂,၅၀၀) ကျော်ဖြင့် ကျင်းပနေ သတင်း
■ (၂၂) နှစ်ပြည့် ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ နိုင်ငံရေးမူသစ်အချို့ ချမှတ် သတင်း
■ ရှေ့တန်းစစ်မျက်နှာအတွက် UWSA အထူးတပ်မဟာတခု တိုးချဲ့ဖွဲ့စည်း သတင်း
■ အပစ်ရပ် သျှမ်းပြည်တပ်မတော် SSA ပြန်လည်ဖွဲ့စည်းရန် တပ်မဟာ (၁) နယ်မြေ၌ စည်းဝေး သတင်း
■ သျှမ်းပြည်တောင်ပိုင်း၌ မြို့နယ်ခွဲ (၃) ခုထက်မနည်း နအဖ တိုးချဲ့ဖွဲ့စည်း သတင်း
■ စစ်အစိုးရနှင့် ပတ်သက်သည့် ဝက်ဘ်ဆိုဒ်များကို မြန်မာဟက်ကာများ ဆက်တိုက်ခိုက် သတင်း
■ ထောင်က လွတ်ရင် ဘာသာပြောင်းမည်ဟု ကိုဇာဂနာ ပြော သတင်း
■ ဆင်ဆာထိ ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး စစ်ဗိုလ်ချုပ်များ စိတ်ဝင်စား သတင်း
■ အိန္ဒိယ အာဏာရပါတီက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို ကြိုဆို သတင်း
■ အယ်ဂျာဇီးယားရုပ်သံမှ ထုတ်လွှင့်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်စကားပြောခြင်း အစီအစဉ် သတင်း
■ ကြံ့ဖွံ့ပါတီ၏ တံခါးပိတ်စည်းဝေး နေပြည်တော်တွင် ကျင်းပ သတင်း
■ ဂီရိမုန်တိုင်း (၂) လပြည့်သည့်တိုင် ထူထောင်ရေးများ မစတင်နိုင်သေး သတင်း
■ ဗဟိုဘဏ်က ရွှေထုတ်ရောင်းသဖြင့် ပြည်တွင်းရွှေဈေး အေး သတင်း
■ ရမ်းဗြဲကျွန်းမှ လယ်ယာမြေများ လယ်သမားများ လက်လွတ်ဆုံးရှုံးနေ သတင်း
■ ကျပ်သန်း (၅၀) ခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ တောင်ကုတ်တွင် ဖမ်းဆီးမိ သတင်း
■ ပြင်သစ်လူ့အခွင့်အရေးဆုကို မြန်မာ (GHRED) အဖွဲ့ရရှိ သတင်း
■ မြန်မာဘောလုံးအသင်း ဗီယက်နမ်ကို နိုင်ပြီး တတိယရရှိ သတင်း
■ အမျိုးသားစာပေဆုနှင်းသဘင် အခမ်းအနား တက်ရောက်ရန် နှိုးဆော် သတင်း
■ (၁၀) နှစ်သား ဟစ်ဟော့ပ်အတွက် ရန်ကုန်တွင် ရှိုးပွဲကြီး ပြင်ဆင် သတင်း
■ ဒီဇင်ဘာ (၂၃) ရက် နောက်ဆုံးရ သတင်းတိုများ သတင်း
■ ပြည်တွင်း မီဒီယာများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အင်တာဗျူး (၁) (အင်တာဗျူး)
■ ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီနဲ့ ကွန်ယက်လှုပ်ရှားမှု - (ဦးဝင်းတင်နဲ့ မေးခွန်းများ)
■ မီးမီးရေ … ဆောင်းတောင်ရောက်လာပြီ (ဆောင်းပါး)
■ ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦး ကျဆုံးပြီးနောက် (ဆောင်းပါး)
■ သားစားကြူး ဘီလူးလက်တွင်း ပါမသွားရေး (ဆောင်းပါး)
■ ငါးမည်ရ ဇာတ်သိမ်းခန်း (ဆောင်းပါး)
■ ကမ္ဘာဦးကို ထုံကူးခြင်း (ဆောင်းပါး)
■ ဂလိုဘယ် အင်္ဂလိပ်စာ (ဆောင်းပါး)
Thursday, December 23, 2010
စီတန်းလမ်းလျှောက် ချီတက်ဆန္ဒပြ
December 22, 2010
နိုင်ငံရေးချီတက်ပွဲ၊ ဆန္ဒပြချီတက်ပွဲ ... စတာတွေဟာ ဒီကနေ့ခေတ်မှာ ကိုယ့်ဆန္ဒကျင့်သုံးဖို့၊ ကိုယ့်အသံ သူများ ကြားစေဖို့ နည်းလမ်းတခု ဖြစ်နေပြီး အပြောင်းအလဲ ဖြစ်ဖို့ ဖိအားလည်း ဖြစ်ပါတယ်။
အင်္ဂလန်နိုင်ငံမှာ ပထမဆုံး အောင်မြင်တဲ့ နိုင်ငံရေးချီတက်ပွဲကို ၁၈၃၄ ခုမှာ လုပ်ခဲ့ပါတယ်။ အဲဒီတုန်းက လုပ်ခ လစာ လျှော့မှု ဆန့်ကျင်ရေးအသင်း တည်ထောင်မှုကြောင့် စိုက်ပျိုးရေး အလုပ်သမား (၆) ယောက်ကို သံခြေကျင်း ခတ်ပြီး သြစတြေးလျ ပို့ခဲ့လို့ ဆန္ဒပြ ချီတက်ကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ သြစတြေးလျ ပို့တာဟာ တကျွန်းပို့တဲ့ အဓိပ္ပာယ်ဖြစ်ပြီး အသက် ရှင်လျက်နဲ့ ဘဝ ဆုံးရတဲ့ ပြစ်ဒဏ် ဖြစ်ပါတယ်။ ဒါကြောင့် သောင်းနဲ့ချီ တဲ့ အလုပ်သမားတွေက ပါလီမန်ကို ချီတက် ဆန္ဒပြပြီး ဒီအာဇာနည် (၆) ယောက် ဗြိတိန်နိုင်ငံ ပြန်လာခွင့်ပေးဖို့ ပန်ကြားလွှာကို လူ (၈) သိန်း လက်မှတ်ထိုး တင်သွင်းခဲ့ပါတယ်။ ပါလီမန်က အလျှော့ ပေးလိုက်ပြီး လူ (၆) ယောက်ကို အိမ်ပြန်လာခွင့် ပေးခဲ့ရပါတယ်။
အဲဒီကစလို့ နောက်နှစ် (၁၅၀) အတွင်း ကမ္ဘာပေါ်မှာ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ဖို့ ကြိုးပမ်းသူတွေ၊ မတရားမှု ပြေပျောက် စေချင်သူတွေ အတွက် နိုင်ငံရေး ချီတက်ပွဲဟာ အရေးပါတဲ့ လက်နက် ကရိယာ တခု ဖြစ်လာ ခဲ့ပါတယ်။
ချီတက်ပွဲတိုင်း အလုပ်ဖြစ်တာတော့ မဟုတ်ပါဘူး။ ၁၈၈၆ က အမေရိကန်ပြည် ရှီကာဂိုမြို့ ဟေးမားကက် ရင်ပြင်မှာ အလုပ်သမားတွေ အကြမ်းဖက် ခံရပြီး ကျဆုံးခဲ့ကြလို့ နောင်မှာ မေဒေးနေ့ (ကမ္ဘာ့ အလုပ်သမားနေ့) အဖြစ် သတ်မှတ် ခဲ့ရပါတယ်။ ၁၉၀၅ ခု ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့က ဇာဘုရင်ရဲ့ ဆောင်းရာသီ နန်းတော်ကို ချီတက် ဆန္ဒပြတာလည်း အကြမ်းဖက် သွေးချောင်းစီး အသတ်ခံရမှုနဲ့ အဆုံး သတ်ခဲ့ပါတယ်။ ဗမာပြည်မှာလည်း ၂၀၀၇ စက်တင်ဘာလ သံဃာတော်တွေရဲ့ ချီတက်ပွဲဟာ အကြမ်းဖက် ခံရပြီး ပြိုကွဲ ခဲ့ပါတယ်။
ဒါပေမယ့် စုဝေးချီတက်ပွဲတွေကနေ ထူးခြားတဲ့ အပြောင်းအလဲကို ဦးတည် သွားစေတဲ့ ဖိအား မကြာခဏ ပေါ်ထွက် စေခဲ့ပါတယ်။ အောင်မြင်တဲ့ ချီတက်ပွဲတွေကို လေ့လာတဲ့အခါ တူညီချက်တွေကို တွေ့ရပါတယ်။ အဲဒါတွေ ကတော့ အင်မတန် ရှင်းလင်း တိကျတဲ့ ရည်မှန်းချက် သီးသန့်ရှိတာ၊ အပျက်ဘက် တောင်းဆိုမှုထက် အ ပြုဘက် တောင်းဆိုမှု (ဥပမာ - လွတ်လပ်ရေး၊ လူ့အခွင့်အရေး၊ ထိုက်တန်တဲ့ လုပ်ခရရေး) အပေါ် အလေးထား တာတို့ ဖြစ်ပါတယ်။ (ရေကာတာစီမံကိန်း ဖျက်သိမ်းရေးထက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးက ပိုထိရောက်တာ) အရေးကြီးဆုံးကတော့ ဆန္ဒပြရတဲ့ အကြောင်းတရားဟာ ဆန္ဒပြ ချီတက် သူတွေ အနေနဲ့ ထောင်ကျ ခံရဲလောက် တဲ့ အကြောင်းတရား ဖြစ်ရပါမယ်။
နောက်လိုအပ်ချက်ကတော့ အသေးစိတ်ကျတဲ့ နည်းပရိယာယ် အစီအစဉ် ဆွဲထားရေး ဖြစ်ပါတယ်။ ဒီနေရာမှာ စံပြုစရာက ၁၉၃၀ ခု အိန္ဒိယနိုင်ငံက ဆားချီတက်ပွဲ ဖြစ်ပါတယ်။ ဒီချီတက်ပွဲဟာ အိန္ဒိယ နိုင်ငံထွက် ဆားကို မတန်တဆ အခွန် ကောက်တာကို ကန့်ကွက်ဖို့ မဟတ္တမဂန္ဒီ ဦးစီးပြီး ချီတက် ဆန္ဒပြတာ ဖြစ်ပါတယ်။ ဆားခွန်ကြောင့် အင်္ဂလန်က ဆားကို ဝယ်စားရတာ ဈေးသက်သာ စေခဲ့ပါတယ်။ တနည်းအားဖြင့် ကိုလိုနီ အရှင်သခင် ဗြိတိန်က ကျွန်နိုင်ငံ အိန္ဒိယကို နှောင်ကြိုး တည်းထားတာ ဖြစ်ပါတယ်။
ဒီဆားခွန်ကို ဘယ်လို ကန့်ကွက်ရမယ် ဆိုတာကို ဂန္ဒီက လပေါင်းများစွာ စဉ်းစား စီစဉ်ခဲ့ပါတယ်။ သူဟာ သူ့သီးသန့် ဂေဟာရှိရာ အာမက်ဒဘတ်ဒ် ကနေ ဒင်ဒီ ပင်လယ်ကမ်းခြေကို ချီတက်ပြီး ပင်လယ် ကမ်းစပ်မှာ ဆားချက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တရက်ကို (၁၀) မိုင်နှုန်းနဲ့ (၂၄) ရက် လမ်းလျှောက်ဖို့ စီစဉ်ပြီး လမ်းကြောင်းကို ဟိန္ဒူရွာ တွေရော မူဆလင် ရွာတွေကိုပါ ဖြတ်သွားမယ့်လမ်း ရွေးခဲ့ပါတယ်။ ဒီနည်းနဲ့ အိန္ဒိယနိုင်ငံရဲ့ ညီညွတ်ရေးကို တည်ဆောက် ပြသနိုင်မှာ ဖြစ်သလို နိုင်ငံတကာ မီဒီယာတွေရဲ့ စိတ်ဝင်စားမှု ကိုလည်း ဆွဲယူ အရှိန်မြှင့် သွားနိုင်ဖို့ ဖြစ်ပါတယ်။
ဒါပေမယ့် ဂန္ဒီဟာ ချီတက်ပွဲမှာ လူတိုင်းပါခွင့် ဖွင့်မပေးပါဘူး။ ဗြိတိသျှ အာဏာပိုင်တွေဟာ ချီတက်ပွဲ ရပ်သွားအောင် အကြမ်းဖက် နိုင်တယ်လို့ ဂန္ဒီက မျှော်လင့် တွက်ဆ ထားပြီး အမာခံ (၇၀) ကျော်ကိုပဲ အကြမ်း မဖက်ရေး အခြေခံမူ အကြောင်း သင်တန်းပေးပြီး သူနဲ့အတူ လိုက်ပါ ချီတက်ခွင့် ပေးခဲ့ပါတယ်။ လမ်းခရီး တလျှောက် သိန်းနဲ့ချီတဲ့ လူထုတွေက ထွက်ကြိုဆို အားပေးကြပေမယ့် ခရီးစဉ် အစအဆုံး ကိုတော့ ဒီလူ လက်တဆုပ်စာပဲ ချီ တက်ခဲ့တာ ဖြစ်ပါတယ်။ ဘာအကြမ်းဖက်မှုမှ မကြုံခဲ့ပေမယ့် ချီတက်ပွဲရဲ့ သီးသန့် ရည်မှန်းချက် ဖြစ်တဲ့ ဆားခွန် ဖျက်သိမ်းရေးလည်း မဖြစ်မြောက်ခဲ့ပါဘူး။
ဒါပေမယ့် ဆားခွန်ထက် ပိုအရေးပါတဲ့ဟာ ဖြစ်မြောက်ခဲ့ပါတယ်။ အဲဒါကတော့ ခိုင်မာ ညီညွတ်တဲ့ လွတ်လပ်ရေး လှုပ်ရှားမှုကို အုတ်မြစ် ချပေးလိုက်တာ ဖြစ်ပြီး ဗြိတိသျှ အင်ပါယာ သရဖူကြီး ထဲက အတောက်ပဆုံးနဲ့ အကြီးဆုံး ရတနာဖြစ်တဲ့ အိန္ဒိယ နိုင်ငံကြီးဟာ ကိုယ့်ဖာသာကိုယ် ရပ်တည်နိုင် အုပ်ချုပ် စီမံနိုင်တဲ့ နိုင်ငံဖြစ်တယ် ဆိုတာ ဗြိတိသျှတွေ စမြင် သွားစေခဲ့ပါတယ်။
နောက်ထပ် (၂၅) နှစ်အကြာမှာတော့ အမေရိကန် နိုင်ငံ တောင်ပိုင်းသား ကပ္ပလီလူငယ် ဓမ္မဆရာ တယောက် ဟာ ဂန္ဒီ့ နည်းနာတွေကို လေ့လာပြီး “ပြည်သူ့အခွင့်အရေး” တွေရဖို့ အဓိက နည်းဗျူဟာ အဖြစ် ချီတက် ဆန္ဒပြပွဲ နည်းကို အသုံးချခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန် တောင်ပိုင်းမှာ လူမျိုး ခွဲခြားရေးကြောင့် အခွင့်အရေး မဲ့နေခဲ့တာ နှစ် (၈၀) ကျော် ကြာခဲ့ပြီဖြစ်လို့ ၁၉၆၃ နွေရာသီမှာ မာတင် လူသာကင်းနဲ့ တခြားသော ပြည်သူ့ အခွင့်အရေး လှုပ်ရှားမှု ခေါင်းဆောင်တွေဟာ ဝါရှင်တန်သို့ ချီတက်ပွဲကြီး ဆင်နွှဲပြီး တောင်ပိုင်းသား လူမည်းတွေ ရဲ့ အခြေခံ ဥပဒေပါ အခွင့်အရေးတွေ အာမခံမယ့် ဥပဒေ ပြုပေးဖို့ သမ္မတ ဂျွန်ကင်နေဒီကို ဖိအား ပေးနိုင်ခဲ့ပါတယ်။
ကနေဒီအစိုးရက အကြမ်းဖက်မှုတွေဖြစ်လာမှာကို စိုးရိမ်ခဲ့ပေမယ့် ချီတက်ပွဲဟာ ဘာပြဿနာမှ မရှိဘဲ အောင်မြင် ခဲ့ပါတယ်။ မာတင် လူသာကင်းရဲ့ နာမည်ကျော် “ကျနော် အိပ်မက်တခု မက်ခဲ့တယ်” မိန့်ခွန်းနဲ့ တွဲသွားလို့ ဒီချီတက်ပွဲကြီးဟာ အမေရိကန် သမိုင်းမှာ ရာဇဝင် တွင်သွားခဲ့ပါတယ်။
အဲဒီကစလို့ အမေရိကန်နိုင်ငံမှာ ၁၉၆၀ ခုနှစ်များအတွင်း ချီတက်ပွဲတွေကို နိုင်ငံရေး ဆန္ဒပြမှုနဲ့ တောက်လျှောက် တွဲမိ စေခဲ့ပါတယ်။ မကြာခင် မာတင် လူသာကင်းဟာ အယ်လာ ဘားမား ပြည်နယ်ထဲမှာ ဆယ်လ်မာ ကနေ ပြည်နယ်မြို့တော် မောင်ဂိုမာရီကို ချီတက် ခဲ့ပါတယ်။ ဒေသခံ အာဏာပိုင်တွေက ချီတက်သူတွေ အပေါ် အကြမ်းဖက်လို့ နိုင်ငံတကာမှာ ပွက်လော ရိုက်ခဲ့ပြီး ဝါရှင်တန်မြို့တော် လွှတ်တော်ထဲမှာ ပြည်သူ့ အခွင့်အရေး ဥပဒေ အမြန် အတည်ပြုဖို့ တွန်းအား ဖြစ်သွားခဲ့ပါတယ်။
၁၉၆၀ နဲ့ ၇၀ ခုနှစ်များအတွင်း ဗီယက်နမ်စစ် ဆန့်ကျင်ရေး ချီတက်ပွဲတွေလည်း တောက်လျှောက် ဖြစ်ခဲ့ပါတယ်။ တခါတရံ အကြမ်းဖက်မှုတွေ ရှိခဲ့ပါတယ်။ ၁၉၆၈ ခု ရှီကာဂိုမြို့ ဒီမိုကရက်တစ် ပါတီ ညီလာခံကို ကန့်ကွက် ချီတက်ရာက အကြမ်းဖက်တာ၊ အိုဟိုင်းယိုး ပြည်နယ်က ကင့်ပြည်နယ် တက္ကသိုလ်မှာ ၁၉၇၀ တုန်းက အမေရိကန် ကျောင်းသားတွေကို စစ်တပ်က ပစ်သတ်တာတို့ ဖြစ်ပါတယ်။ ချီတက်ပွဲ အများစု ကတော့ လူ သိန်းနဲ့ချီပါ ဝင်ပြီး အမှုအခင်း မဖြစ်ဘဲ ပြီးမြောက် ခဲ့ကြပါတယ်။ ဒီချီတက်ပွဲတွေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အမေရိ ကန်နိုင်ငံရေး သမားတွေကို ဗီယက်နမ် စစ်ရဲ့ အကြီးအကျယ် လူကြိုက်နည်းမှု အကြောင်း သတိပေးဖို့ပဲ ဖြစ်ခဲ့ပါ တယ်။
၁၉၆၀ ခုနှစ်များအတွင်း ကမ္ဘာအနှံ့မှာ နိုင်ငံရေးချီတက်ပွဲတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ ၁၉၆၈ ခု မေလမှာ ပြင်သစ် ကျောင်းသားတွေ ပါရီမြို့တွင်း ချီတက်တာကို ဒီဂေါ အစိုးရက မတန်တဆ အင်အားသုံး အကြမ်းဖက် ခဲ့ပါတယ်။ ဒါကြောင့် ပြင်သစ် တပြည်လုံးက ဒီဂေါကို ဆန့်ကျင်လာပြီး အစိုးရ ပြုတ်ကျ ခဲ့ရပါတယ်။
အခုတလော သတင်းတွေထဲမှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က တက္ကသိုလ် ကျောင်းသားတွေ ကျောင်းလခ တိုးတာကို ကန့်ကွက် ဆန္ဒပြပြီး ချီတက်နေတဲ့ သတင်းတွေ တောက်လျှောက် ပါနေပါတယ်။ လန်ဒန် တက္ကသိုလ်၊ လန်ဒန် စီးပွားရေး တက္ကသိုလ်ကျောင်း၊ ဘုရင့်ကောလိပ် ... စသဖြင့် တက္ကသိုလ် ပေါင်းစုံက ကျောင်းသား တွေဟာ “ကွန်ဆာဗေးတစ်ပါတီ ချီးထုပ်တွေ၊ ငါတို့လာပြီဟေ့” လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ပြီး ချီတက် ကြပါတယ်။
ချီတက်ဆန္ဒပြပွဲကြောင့် ကားအသွားအလာတွေ ပြတ်တောက်ရပ်ဆိုင်းတာ ဖြစ်ကုန်ပါတယ်။ ဒါပေမယ့် ကျန် တဲ့ ပတ်ဝန်းကျင် လောကကြီးကတော့ အသွားအလာ အလုပ်အကိုင် မပျက်ပါဘူး။ ကျောင်းသားတွေနဲ့ ရွယ်တူ လောက်ရှိမယ့် လူငယ် တယောက်ကတော့ ဈေးကြီးတဲ့ အားကစားရုံ တခုအတွက် အဖွဲ့ဝင်ဖို့ ကြော်ငြာ စာရွက်တွေ ဝေနေပါတယ်။ အသားညှပ် ပေါင်မုန့် ဆိုင်မှာလည်း နေ့လယ်နေ့ခင်း ခါတိုင်းလိုပဲ တန်းစီ နေကြပါတယ်။
ညနေစောင်းမှာတော့ ချီတက်ဆန္ဒပြသူတွေကို အစိုးရရုံးတွေရှိရာ ဝှိုက်ဟော လမ်းပေါ်မှာ ရဲတွေက ပိတ်ဝိုင်း ထားလိုက်ပါတယ်။ ကွန်ဆာဗေးတစ် ညွန့်ပေါင်း အစိုးရရဲ့ ကျောင်းလခ နှစ်ဆတိုးရေး ပေါ်လစီကတော့ အရာမယွင်း ရှိနေဆဲ ဖြစ်ပါတယ်။ ကျောင်းလခ တိုးတာကို ကန့်ကွက် ဆန္ဒပြတာ နှစ်လအတွင်း အကြိမ်ကြိမ် ဆန္ဒပြခဲ့ ကြပေမယ့် ဘာမှ မထိရောက်ခဲ့ပါဘူး။ ဗြိတိန် အိမ်ရှေ့မင်းသားရဲ့ ကားကို မီးရှို့တာ အပါအဝင် အကြမ်းဖက်မှု တွေလည်း အနည်းအကျဉ်း ရှိခဲ့ပါတယ်။
ဒီကနေ့ အနောက်နိုင်ငံတွေမှာ ဆန္ဒပြချီတက်ပွဲဆိုတာ ခေတ်ဟောင်းက အလုပ် ဖြစ်သွားပုံ ရပါတယ်။ သီးသန့် အပြောင်းအလဲ တခု ဖြစ်စေမယ့် နည်းနာ မဟုတ်တော့ပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံမှာ အပြောင်းအလဲ ဖြစ်ရေး အတွက် မဲပုံးနဲ့ မီဒီယာက အဓိက နည်းနာတွေ ဖြစ်သွားပါပြီ။ ဒါကြောင့် အပြောင်းအလဲ ဖြစ်စေချင်လို့ လမ်းပေါ် ထွက်အော် သူတွေဟာ ဒီထက်ပို စွန့်စားဖို့ စိတ်မပါကြပါ။
လွတ်လပ်တဲ့ နိုင်ငံတွေမှာ စီတန်းလမ်းလျှောက်ခြင်းဆိုတာ အခွင့်အရေး တခု ဖြစ်ပါတယ်။ နိုင်ငံရေး ခေါင်းဆောင် တွေက လိုက်လျောခွင့် ပြုထားပြီး မစိုးရိမ်ကြပါဘူး။ ၂၀၀၃ ဖေဖော်ဝါရီလမှာ အီရတ် စစ်ပွဲ ဆန့်ကျင်ရေး အတွက် လူတသန်းခွဲ လန်ဒန်မြို့ထဲ ချီတက် ဆန္ဒပြခဲ့တာ ဘာမှ အပြောင်းအလဲ ဖြစ်မသွား ခဲ့ပါဘူး။ အမေရိကန် ပြည်ထောင်စုမှာလည်း မာတင် လူသာကင်းရဲ့ ဝါရှင်တန် ချီတက်ပွဲ ပုံစံမျိုး လူတသန်း ချီတက်ပွဲ (၁၉၉၅)၊ အမျိုး သမီးတသန်း ချီတက်ပွဲ (၁၉၉၇) တွေ လုပ်ခဲ့ ကြပါတယ်။ ဒါပေမယ့် ချီတက် ဆန္ဒပြ သူတွေဟာ တီဗွီသတင်းမှာ ပါဖို့ထက် ပိုပြီး စိတ်မထက်သန် ကြပါဘူး။
ဆန္ဒပြချီတက်ပွဲကို အသုံးဝင်တဲ့ နိုင်ငံရေးနည်းနာတခု ပြန်ဖြစ်စေဖို့ဆိုရင် လမ်းလျှောက်တာထက် ပိုပြီး စွန့်စားဖို့ လိုပါလိမ့်မယ်။ စီတန်း လမ်းလျှောက်မှုရဲ့ နောက်တဆင့်က အာဏာ ဖီဆန်ရေး ဖြစ်ရပါလိမ့်မယ်။ ဗမာပြည် လို အာဏာရှင် တိုင်းပြည်တွေမှာတော့ စီတန်း လမ်းလျှောက်မှု ကိုယ်တိုင်က အာဏာ ဖီဆန်တာ ဖြစ်နေပြီဆို တာ သတိ ပြုရပါမယ်။ ဒါကြောင့် အာဏာဖီဆန်ရေးရဲ့ အကျိုးဆက် အဖြစ် ထောင်နန်း စံရေး အလားအလာကို ထည့်သွင်း စဉ်းစားထားမှ နိုင်ငံရေး အပြောင်းအလဲ အတွက် ချီတက် ဆန္ဒပြပွဲရဲ့ ဖိအား ရလာမှာ ဖြစ်ပါတယ်။ ။
ဂါမဏိ
ရည်ညွှန်း ။ ။ မိုက်ကယ်ဂိုးလ်ဖာ့ဘ်၏ ၂၀၁၀ နိုဝင်ဘာ (၂၇) ရက် BBC ဆောင်းပါး
Ref: နေ့သစ်
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88