Friday, December 24, 2010

မီးမီး ရေ… ဆောင်းတောင်ရောက်လာပြီ

December 23rd, 2010

ကျမတို့ဟာ အချိန်အပိုင်းအခြား တခုအတွင်းမှာ တောကြီးမျက် မဲ မဟုတ်ပေမဲ့ ကားသံတွေ စိုးစိမျှ မကြားရတဲ့ နေရာကို ရောက်ခဲ့ကြ ပါတယ်။ ရုပ်ရှင်ရုံ ဆိုတာလဲမရှိ။ ချစ်ရတဲ့ မိသားစုတွေနဲ့လဲ ကမ္ဘာခြားနေတာ မဟုတ်ပေမဲ့ မြင်တွေ့ခွင့် မရှိသလောက် ရှားတဲ့ နေရာကို ရောက်နေခဲ့ကြ ပါတယ်။ အားလုံး တချိန်ထဲ ရောက်တာ မဟုတ်ပေမဲ့ အားလုံးက တပြေးညီထဲ ဖြစ်သွားတဲ့ နေရာပေါ့။ ကျမတို့ ၈ ယောက်ဟာ ညီအမ အရင်းတွေ မဟုတ် ပေမဲ့ ညီအမ အရင်းထက် ပိုပြီးတော့ နားလည် နေကြပါတယ်။ ကျမတို့ဟာ နံရံအိုတွေ ကြားက အုတ်ရိုးထဲမှာ ၇ နှစ်ကြာ နေခဲ့ရ စဉ်ကပေါ့။



နံရံ ၄ ဘက်ကြားက အခန်းကျဉ်းလေးထဲမှာ ကျမနဲ့ မီးမီး အတူတူ နေခဲ့ရပါတယ်။ မီးမီး က အိမ်ထောင်ရှင် တယောက် ဖြစ်ပြီး ကလေး ၂ ယောက် အမေလဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မီးမီးက ကျမတို့ ထက်တော့ အသက် ငယ်ပါတယ်။ မီးမီးမှာ ၄ နှစ်အရွယ် သမီး ၁ ယောက်၊ ၂ နှစ် အရွယ် သား ၁ ယောက် ကျန်ခဲ့ပါတယ်။ သူက သူ့မိသားစုကို လွမ်း ဆွတ်နေတဲ့ အခါမျိုးမှာ သူ့ကလေးတွေ အကြောင်း ပြောပြနေပေမဲ့ တခြားလူ စိတ်အ နှောင့်အယှက် ဖြစ်အောင်တော့ ဘယ်တော့မှ လုပ်လေ့ မရှိပါဘူး။ သူ့မှာ ဖြစ်ချင်တာကို တစိုက်မတ်မတ် လုပ်တတ်တဲ့ အလေ့ရှိပါတယ်။ ဒါကြောင့်လဲ ဘယ်လောက်ပဲ ခက်ခဲနေ ပါစေ သူက သူယုံကြည်ရာကို ဆက်လုပ် နေတာဘဲ မဟုတ်ပါလား။

သူက အိမ်ထောင်ကြပြီးမှ တက္ကသိုလ် တက်ဖြစ်တဲ့သူပါ။ သမီးလေးကို နို့ချိုတိုက်ရင်း ကျောင်းတက်တဲ့ အကြောင်း ပြောတော့ ကျမတို့ ရီကြ ရပါတယ်။ တခါတလေ အိမ်မှာ ကျန်တဲ့ သမီးငယ် နို့ဆာနေရင် သူက ကျောင်းမှာ ဝေဒနာ ခံစားရတဲ့ အကြောင်းပြောပြ တော့ မိခင် တယောက်ရဲ့ ဘဝကို ခံစား မပေးနိုင်သေးတဲ့ ကျမတို့ အတွက်တော့ ယုံတမ်း တခုပဲ ဖြစ်နေပါတယ်။

မီးမီး ရဲ့ ချစ်စရာကောင်းတဲ့ အမူအကျင့်က အနစ်နာခံ တတ်တာပါပဲ။ ဘယ်သူ့ အပေါ်မှာ မဆို သူက အနွံ့အတာခံ တတ်ပါတယ်။ ကျမတို့ အင်းစိန်မှာ တုန်းက ချက်ပြုတ်စား သောက်လို့ မရပါဘူး။ ချက်တယ်ဆိုလို့ မီးသွေး မီးဖိုနဲ့ အကျအန ချက်တယ်လို့ မထင် လိုက်ပါနဲ့။ တကယ်က အိုးတိုက် ဖွဲပြာတွေနဲ့ ကြွပ်ကြွပ်အိတ်တွေကို သုံးပြီးတော့ မီးဖိုတာ ပါ။ အညှော်နံ့ကလဲ တော်တော်လေး ဆိုးပါတယ်။ အဲဒီလို ညှော်နံ့ဆိုးလို့ ဘယ်သူမှ ဟင်းမချက်ချင်ပေမဲ့ မီးမီးကတော့ တတိုက်လုံး စားဖို့ သူတယောက်ထဲ ဒိုင်ခံ ချက်ပါတယ်။ ဘယ်တော့မှ မချက်ချင်ဘူးလို့ ပြောလေ့ မရှိပါဘူး။

မီးမီးက အထူးသဖြင့် ကျမရဲ့ အနွံအတာကို တော်တော် ခံပါတယ်။ အင်းစိန်မှာက အစိမ်း အစို မစားရပါဘူး။ သာယာဝတီ ရောက်ရောက်ခြင်း ကျမ အပင်တွေ စစိုက်ပါတယ်။ ကျမတို့ တိုက်က ထောင်ပိုင် ရုံးခန်းကနေ လှမ်းမြင်တာမို့ ထမင်းကိစ္စ (ကျမတို့ သာယာဝတီ ရောက်ရောက်ချင်း စကြွေးတဲ့ ထမင်းက နီရဲပြီး အတော်ကြမ်းပါတယ်။ ဒါကြောင့် ကျမတို့တွေ မစားနိုင်လို့ မယူကြတာကနေ အစာငတ်ခံ ဆန္ဒပြတယ် ဆိုပြီး ပြဿနာက ကြီးထွား သွားတာပါ။) ကလဲ ရှိနေတော့ ထောင်ပိုင်က ကျမတို့ကို ညစ်တဲ့ သဘောနဲ့ အပင် မစိုက်ရဘူးလို့ပြောပါတယ်။ ကျမ စိုက်ထားတဲ့ ခရမ်းချဉ်သီး ပင်တွေကို နှုတ်ခိုင်းပါတယ်။

ကျမက ပေကျစ်ကျစ် လုပ်တတ်သူဆိုတော့ အပင်ကို ရအောင်စိုက်ပါတယ်။ ထောင်ပိုင် ကလဲ ကျမတို့ မိန်းခလေးတွေကို နှိပ်ကွပ်ဖို့ ပြင်ဆင်နေတော့ လုံးဝကို ခွင့်မပြုဘဲ ကျမ စိုက်ထားတဲ့ အပင်တွေကို နှတ်ခိုင်းပါတယ်။ ကျမလဲ ဒေါသတွေက ထွက်နေပါတယ်။ ကျမက အလုပ်မရှိတော့ အပင်တွေကိုပဲ တသသ လုပ်နေတာ မဟုတ်လား။ ကျမ အသည်းကို အပ်နဲ့ဆွ နေသလိုပါပဲ။ ဒါကြောင့် ကျမနဲ့ တခန်းထဲနေပြီး ညီအမလို ဖြစ်နေ တဲ့ မီးမီးက ပြောပါတယ်။ “အမ ဒေါသထွက်မနေနဲ့ မီးမီး ဘယ်လို လုပ်ပေးရမလဲတဲ့”။ ကျမ၊ ရီရီနဲ့ မီးမီး တိုင်ပင်ကြပါတယ်။ နောက်ဆုံးတော့ ကျမတို့က ထောင်ပိုင်တန်းစီ လာရင် အပင်တွေကို ပုံစံထုတ်ထဲ ထဲ့ထုတ်ကြမယ်လို့ ဆုံးဖြတ် လိုက်ပါတယ်။

ထောင်ထဲမှာ ထောင်ပိုင်က တပတ်ကို ၁ ရက် ထောင်ကို လှည့်လည် ကြည့်ရှူလေ့ရှိပါ တယ်။ အဲလို ထောင်ပိုင် လှည့်ကြည့် တာကို ထောင်ပိုင် တန်းစီတယ်လို့ ခေါ်ပြီး သူလာ ရင် အခန်းတွေထဲက ပစ္စည်းတွေကို အထုပ်တွေနဲ့ ထည့်ပြီး သူမမြင်နိုင်တဲ့ နေရာမှာ ထပ် ထားရပါတယ်။ အဲဒီလို လုပ်တာကို ပုံစံထုတ်တယ်လို့ ပြောကြတာပေါ့။

ကျမတို့ရဲ့ ခရမ်းချဉ်သီးပင်ကို အမြစ်တွေပါ ကျန်မနေအောင် သေချာဂရုစိုက်တူး၊ ကျန် ချောင်းအိတ်ကို ရေထွက်အောင် အပေါက်တွေ ဖောက်ပြီးတော့ အပင်ကို အိတ်ထဲထည့်၊ ထောင်ပိုင်မလာခင် ပုံစံ ထုတ်တဲ့အခါ ပုံစံထုပ်ထဲ ထည့်ထုပ်၊ ထောင်ပိုင် ပြန်သွားလို့ တန်း ဖြုတ်တာနဲ့ အပင်ကို သူ့နေရာသူ ပြန်ထား၊ အဲဒီ အလုပ်ကို မီးမီးက မငြီးမငြူ လုပ်ပါတယ်။ ၃ ပတ် လောက်ကြာမှ ထောင်ပိုင်က သတိ ထားမိသွားပါတယ်။ ခရမ်းချဉ်သီးပင် တွေ ဘက်ကို လှည့်ကြည့်တော့ အပင်တွေ မရှိတော့ဘူးဆိုတော့ ထောင်ပိုင်က ကြေနပ် သွားပုံရပါတယ်။ သူပြန်သွားတော့မှ ကျမတို့တတွေ ပြန်ထုတ်ပြီး သူ့နေရာသူထားလိုက် တော့မှ ထောင်ပိုင် ရုံးခန်းက ကြည့်ရင် လှမ်းမြင်နေရတော့ ထောင်ပိုင် တင်းသွားပုံ ရပါတယ်။ ၁ ပွင့်နဲ့ ထောင်မှူးကို လာကြည့် ခိုင်းပါတယ်။ ထောင်မှူး လာကြည့်တဲ့ အချိန်မှာ ကြွပ်ကြွပ်အိတ် ထုပ်ကိုမြင်သွားတော့ ပြုံးစိစိနဲ့ ထွက်သွားပါတယ်။ အဲဒီ အချိန်ကထဲက ထောင်ပိုင်လဲ ကျမတို့ကို မရစ်တော့ပါဘူး။

မီးမီးက သူ့ခင်ပွန်းကို အရမ်းချောတယ်လို့ ကြွားတတ်ပါတယ်။ အမှန်လဲ ချောပါတယ်။ အသားညိုညို၊ မျက်လုံးမျက်ခုံး ကောင်းကောင်းနဲ့ ဆိုတော့ ကိုလှမိုးက ကုလားဆင်လေး ပေါ့။ မီးမီးနဲ့ ကျမက ထောင်ဝင်စာ အတူတူ ထွက်တော့ ကိုလှမိုးကို ကျမက မြင်ဘူးတာ ပေါ့။ တိုက်မှာက မီးမီးရဲ့ ငယ်သူငယ်ချင်း အရင်းခေါက်ခေါက် ရွှေစင်နဲ့ ကျမ ပဲ ကိုလှမိုး ကို မြင်ဘူးတာ ဆိုတော့ ကျမတို့က “မီးမီးရယ် နဲနဲလျော့လိုက်ပါ ကိုလှမိုးက ကုလားဒိန် လေးပါ” လို့ ပြောတော့ မီးမီး ဆွေ့ဆွေ့ ခုန်နေပါတယ်။ ကျမတို့ကလဲ ဘယ်တော့မှ အ လျော့ မပေးပါဘူး။

မီးမီး ရဲ့ ဝါသနာက သီချင်းဆိုတာပါ။ ဒါပေမဲ့ အသံကတော့ သိပ် မကောင်းပါဘူး။ မီးမီး ဆိုရင် ကောင်းတဲ့ သီချင်းက တော်လှန်ရေး သီချင်းတွေပါ။ ဒါပေမဲ့ မီးမီးက တွေ့ရာသီချင်း ဆိုတတ်တော့ ကျမတို့က နားညည်းတယ်လို့ ထင်ရင် နောက်ကနေ စာသားတွေမှားနေ တယ်ဆိုပြီး တွေ့ရာကြုံရာ စာသားတွေကို လိုက်ထောက်ရင် မီးမီး စိတ်ညစ်တတ်ပါ တယ်။ အဲဒီလိုဆိုရင် မီးမီး က မပြင်ဘူး အမရယ် ဆိုပြီး ခေါင်းမာမာနဲ့ ငြင်းတတ်ပါတယ်။

တခါက မှတ်မှတ်ရရ ဆောင်းဝင်ကာစပေါ့။ တန်းပိတ်တော့ မီးမီးက တံခါးဝက သံတန်း တွေကိုကိုင်ပြီး သီချင်းဆိုဖို့ စိုင်းပြင်း နေပါတယ်။ ကျမ ပုံစံ စတွေနဲ့ ကိုယ်ဖာသာ ချုပ် ထားတဲ့ Made in Tharyarwaddy ခြင်ထောင်ထဲဝင်ပြီး ကွေးနေပါတယ်။ အဲဒီ အချိန်မှာ ပဲ ကျမတို့ အခန်းထဲကို ဓါးခုတ်ကောင်လို့ ခေါ်တဲ့ အစိမ်းရောင် နှံကောင်တွေ ဝင်လာပါ တယ်။ သဘာဝကို ချစ်တတ်တဲ့ မရွှေမီးမီးက နှံကောင်တွေကို ကြည့်ရင်းက သာယာဝ တီ မှာ မို့လို့ နှံကောင်မြင်ရတာ အင်းစိန်မှာ မမြင်ရဘူးလို့ ပြောနေပါတယ်။ ကျမတို့တွေ အင်းစိန် ထောင်ကနေ ပြောင်းလာကြတာလဲ သိပ်မကြာလှ သေးဘူးလေ။ ဒီတော့ မြင်သ မျှက အထူးအဆန်း တွေချည်းဘဲပေါ့။ အစကထဲက ဘယ်လိုလွမ်းရင် ကောင်းမလဲ စဉ်း စားနေတဲ့ မရွှေမီးက စိုင်းထီးဆိုင်ရဲ့ “ဆောင်းသီချင်းကို စဆိုပါတယ်။

“ဒီဆောင်းနှင်းမြူရယ် ကိုယ်ချင်းလဲ မစာတယ် ချမ်းတယ် ချမ်းတယ် မေးခိုက်ခိုက်တုန် အောင် စောင်နဲ့ခြုံတောင် မလုံဘူး အချစ်ရယ် မင်းကိုယ်ငွေ့နဲ့ ထွေးကာမှ ပိုနွေးမယ် ထင် တော့တယ် ပိုနွေးနိုင်မယ် (အချစ်ရယ်) ၂ ပိုနွေးနိုင်မယ်” ဆိုတဲ့ သီချင်းကို ခံစားချက်အ ပြည့်နဲ့ ဆိုပါတယ်။ အမှန်ကတော့ သူ့ရင်ထဲမှာ သူ့မိသားစုလေးကို အရမ်း လွမ်းနေပါ လိမ့်မယ်။ ကျမတို့တွေလဲ နားထောင်ရင်း သူ့ကို ကိုယ်ချင်းစာ မိပေမဲ့ မနောက်ရရင် မနေ နိုင်လို့ ကျမက ဖီလင် အောက်သွားအောင် နောက်ကနေ စာဖတ်နေပါတယ်။ စာဖတ်တယ် ဆိုတာက နောက်ကနေ တတွတ်တွတ်နဲ့ ရေရွတ်နေတာပါ။ အဲဒါကို ၁၈ နှစ်သာရှိ သေးတဲ့ လေးလေးမွန်က စာဖတ်တယ်လို့ အမြဲသုံးလေ့ ရှိလို့ပါ။

ဆောင်းသီချင်းကို ဆိုနေတုန်းမှာဘဲ မီးမီးက ထိတ်လန့်တကြား ရေရွတ်လိုက်ပါတယ်။ မကြီးရေ နှံကောင်တွေလား မသိဘူး ရှေ့မှာ ပျံလာကြတာ မဲနေတာဘဲတဲ့။ ကျမက ခြင် ထောင်ထဲကနေ မီးမီး သီချင်းဆိုတာ ကြိုက်သွားလို့ လာအားပေးတာ နေမှာပေါ့လို့ ပြော လိုက် ပါသေးတယ်။ ခဏလေး အတွင်းမှာဘဲ အခန်းတွေထဲကို တရစပ် ဝင်လာလို့ မီးမီးလဲ အိပ်ရာထဲ ပြေးဝင် လာပါတယ်။ အဲဒီတော့မှ ကျမတို့ တွေ့လိုက်ရတာက တခန်းလုံး နှံ ကောင်တွေ တိုးဝှေ့ ပျံသန်း နေကြပါတယ်။ ကျမတို့တွေလဲ ဘဝမှာ နှံကောင်တွေ အဲဒီ လောက် အများကြီးကို အဲဒီတခါဘဲ မြင်ခဲ့ ဘူးပါတယ်။

မနက်မိုးလင်းတော့ ထောင်ပိုင်နဲ့ အသည်းအသန် ယှဉ်ပြိုင်စိုက်ပျိုးခဲ့ရတဲ့ ခရမ်းချဉ်ပင် တွေဟာ နှံကောင်တွေ ဝိုင်းနားလိုက်တာ ညှိုးနွမ်း သွားပါတယ်။ ခရမ်းချဉ်သီး အကင်း လေးတွေကိုလဲ ကိုက်ဖြတ် စားသောက်သွား ကြပါသေးတယ်။ မီးမီးကတော့ စိတ်ညစ် သွားတဲ့ ကျမကို ပြောတာက “ထောင်ပိုင်က မအောင်ဖြူနဲ့ တိုက်လိုက်တယ် ထင်တယ် နော်” တဲ့။ ကျမရဲ့ ဒေါသတွေက မီးမီး အပေါ်ကျ သွားပါတော့တယ်။ သာယာဝတီ ဆို တာက ဖျာလိပ်နတ် မအောင်ဖြူရဲ့ နယ်မြေ တဲ့လေ။

၂၀၀၇ ခုနှစ်မှာ မီးမီး ကျမအိမ်ကို ရောက်လာပါတယ်။ ၂၀၀၇ ခုနှစ် သြဂုတ်လမှာ လောင် စာဆီတွေ အဆမတန် ဈေးတက် သွားတာနဲ့ ပတ်သက်ပြီး ၈၈ ကျောင်းသားတွေက ဦး ဆောင်ပြီးဆန့်ကျင် ဆန္ဒပြကြတာကြောင့် ၈၈ မျိုးဆက် ကျောင်းသားတွေ အားလုံး ပုန်းရှောင် နေကြရပြီး ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ကိုတော့ ဖမ်းဆီး ထားပြီးတဲ့ အချိန်မှာပေါ့။ ကျမနဲ့ မီးမီး စကားပြောနေတုန်း ကိုစိန်လှိုင်နဲ့ ကိုမာကီးက ဖုန်းဆက်ပါတယ်။ ရေနံသာ မှတ်တိုင်ထိပ်က ယင်းမာမြိုင် လဘက်ရည်ဆိုင်ကို ထွက်ခဲ့ပါတဲ့။ ကျမနဲ့ မီးမီး လက်ဘက် ရည်ဆိုင် ရောက်တော့ ကိုမာကီက

“မီးမီး နင်က ကလေးတွေနဲ့ နင်အဖမ်းခံရရင် မလွယ်ဘူး၊ နင်အခုအချိန် အပြင်ထွက်ပါလား” ဆိုပြီး ပြောပါတယ်။

ကျမတို့က “ဟုတ်တယ်။ မီးမီးထွက်မလား” လို့မေးတော့ မီးမီးက

“ဟင့်အင်း မီးမီး မထွက်ဘူး၊ မီးရဲ့ ရဲဘော်တွေ တောင် နေရဲသေးတာ၊ မီးတယောက်ထဲ ပြေးစရာလားတဲ့။ ကိုမာကီ ကတော့ ပြောရှာပါတယ်။ တကယ်လို့ လာဖမ်းရင် ပြေးလို့ လွယ်အောင်တော့ အပေါက် ရှာထားနော်တဲ့။ ကျမက

“ကိုမာကီ…စိတ်ချနေနော်။ ကျမတို့အိမ်က ပြဿနာ မရှိလောက်ဘူး ထင်ပါတယ်။” လို့ ကျမပြောပြတော့ ကိုစိန်လှိုင်ကလဲ သူရောနေလို့ ရမလားတဲ့။ ဒါကြောင့် မီးမီးရော ကိုစိန်လှိုင် ရော ကျမတို့အိမ် ရောက်လာပါတယ်။

အဲဒီနှစ်က မီးမီးသမီးလေး ၁၀ တန်းဖြေရမှာလေ။ မီးမီးက ကျမကို သေချာမှာခဲ့ပါတယ်။ “အမရေ…မီးတို့က အဖမ်းတော့ခံ ရမှာဘဲ။ သမီးစာမေးပွဲ မပြီးခင် အဖမ်းခံရရင် သမီး မသိပါစေနဲ့တဲ့။ မီးမီး အစား သမီးကို သွားတွေ့ လိုက်ပါနော်တဲ့။ အဲဒီ စကားကြောင့် အထဲ က အဖြစ်အပျက်လေး တခုကို သတိရမိပါတယ်။

မီးမီးကတိရိစ္ဆာန်လေးတွေကို ချစ်တတ်ပါတယ်။ ကျမက တိရိစ္ဆာန် မချစ်တတ်သူပါ။ ကျမ တို့ တိုက်ကို ဘယ်နေရာကမှန်း မသိတဲ့ ကြောင်မကြီး တကောင် ရောက်လာပါတယ်။ ကြောင်မကြီးမှာ ဇီးလဲ ပါလာပါတယ်။ ကျမတို့ တိုက်မှာဘဲ ကြောင်လေး ၄ ကောင် မွေး ပါတယ်။ အဲဒီထဲက အထီးတကောင်ဟာ တော်တော် အကျင့် ဆိုးပါတယ်။ ကျမရဲ့ ခြင် ထောင်နဲ့ ကျမရဲ့ အဝတ်အစား ထဲ့တဲ့ အိတ်ကို သေးနဲ့ အမြဲ ပန်းပါတယ်။ ကျမက လိုက် ရိုက်ရင် မီးမီးက မလုပ်ပါနဲ့ အမရယ်ဆိုပြီး အမြဲတားပါတယ်။ ကျမကလဲ သူတားလေ ပို ဒေါသ ထွက်လေဖြစ်ပါတယ်။ သူက ကျမကို အမ ဝဠ်လိုက်လိမ့်မယ်တဲ့။ ကျမကတော့ ဝဠ်က နောက်မှ လိုက်တာ သေးနံက အခု နံနေတာလေ ဒါကြောင့် သည်းမခံဘူးလို့ အမြဲ ပြောနေကြပါ။ မီးမီးကတော့ ကြောင်မလေး သူ့လက်ပေါ်လာ အိပ်တိုင်း သူ့သမီးလေး အိမွန်နဲ့ တူတယ်လို့ အမြဲတမ်း ပြောပြော နေတတ်သူပါ။

သာယာဝတီရောက်ပြီးနောက်ပိုင်း စီးပွားရေးအခြေအနေကြောင့် ကိုလှမိုး ထောင်ဝင်စာ အလာ ကျဲသွားပါတယ်။ ကျမ အမေကတော့ စီးပွားရေး အဆင်မပြေလို့ ကိုလှမိုး မလာနိုင် ဘူးလို့ ပြောပြပေမဲ့ ထောင်ဝင်စာက ပြန်လာရင် မီးမီးကို နောက်ဖို့ ထောင်ဝင်စာ မထွက် ခင်ကထဲက တိုင်ပင် ထားကြပါတယ်။ ကျမ ထောင်ဝင်စာက ပြန်ရောက်တာနဲ့ ရီရီနဲ့ တီးတိုး တိုင်ပင်တဲ့ အိုက်တင်ကို ဖမ်းပါတယ်။ မီးမီးက အရမ်း သိချင်လာပါတယ်။ ဒါကြောင့် မီးမီးက ကျမကို အတင်းမေးပါတယ်။ မီးမီး ကျမတို့ အကွက်ထဲ ဝင်လာတာပေါ့။

ကိုလှမိုး နောက်မိန်းမယူသွားတဲ့ပုံစံမျိုးဖြစ်အောင် ပြောကြလို့ မီးမီး မျက်ရည်တောင် လည်လည်လာ တဲ့ အထိပါပဲ။ အဲဒီအခါ ကြရင် မီးမီးက သဘောထား ကြီးတဲ့ ပုံစံနဲ့ ကိုကို့ ကို မီးမီး ခွင့်လွတ်ပါတယ်လို့ မီးမီး ပြောနေကြပါ။ ဒါပေမဲ့ မီးမီးလွတ်ရင် သားနဲ့ သမီးကို တော့ ပြန်ခေါ်မယ်၊ အမလွတ်ရင် ကိုလှမိုးကို ပြောပေးနော်တဲ့။ အားလုံးထဲမှာ ကျမက အရင်ဦးဆုံး လွတ်မဲ့ သူလေ။ အဲဒီတုန်းက ကျမတို့က မီးမီး တမင်သဘောထား ကြီးဟန် ဆောင်တယ်လို့ ထင်မိပေမဲ့၊ မီးမီးက သူ့ခင်ပွန်းနဲ့ ပတ်သက်ရင် တကယ် သဘောထား ကြီးပါတယ်။

သူတို့လင်မယား တခါတရံ သဘောထား မတိုက်ဆိုင်ကြပါဘူး။ ဘယ်လိုပဲ စကားများများ နောက်ဆုံးတော့ မီးမီးကပဲ ခွင့်လွတ် တတ်သူပါ။ မီးမီးက လူတိုင်းအပေါ်မှာလဲ ခွင့်လွတ် တတ်ပါတယ်။ သူမက သူ့မိသားစုကို ချစ်ခင်မြတ်နိုးသလို သူမရဲ့ တိုင်းပြည်ကိုလဲ ချစ်ခင် မြတ်နိုးသူပါ။ မီးမီးနဲ့ ကျမ စကားပြော ဖြစ်တော့ မီးမီး ပြောပြခဲ့တာက… “အမရေ…မီးမီးလေ သမီးနဲ့သား ကို ပြုစု ပျိုးထောင်ချင်ပါတယ်။ ဒါပေမဲ့ မီးမီးတို့က မိ သားစု ဘဝထဲမှာ နှစ်မြုပ်လိုက်ရင် မီးမီးတို့ရဲ့ သားစဉ်မြေးဆက် စစ်ကျွန် ဖြစ်နေမှာစိုးလို့ မီးမီး အခု နိုင်ငံရေး လုပ်နေတယ် အမ” တဲ့။

တကယ်တော့ မီးမီးဟာ ပွင့်လင်းရိုးသားသူ တဦးဖြစ်လို့ ကျမတို့က မီးမီးကို ချစ်ခင်နှစ် သက်ပါတယ်။ မီးမီးက ကိုယ်ကျိုး စွန့်တတ်သူ ဖြစ်လို့ သူ့သမိုင်းကို သူကိုယ်တိုင် လှလှ ပပ ရေးဖွဲ့ထားသူလဲ ဖြစ်ပါတယ်။ အခု အချိန်မှာ မီးမီဟာ ၆၅ နှစ်ဆိုတဲ့ အပြစ်ဒဏ်နဲ့ သူချစ်တဲ့ မိသားစုလေးကို လွမ်းနေမှာ သေချာပါတယ်။

ခင်ငြိမ်းသစ်

Ref: နေ့သစ်

0 comments:

အပေါ်သို့