2012-09-20
မနေ့က အမေရိကန် လွှတ်တော်မှာ ပြောကြားတဲ့ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် ပြည်သူတွေနဲ့ လွှတ်တော် အမတ် တွေကို ကျေးဇူး တင်ရှိကြောင်း ပြောခဲ့ပါတယ်။
မြန်မာပြည်သူတွေ တောင့်တနေကြတဲ့ ဒီမိုကရေစီ အရေးအတွက် တည်ကြည်ခိုင်မာတဲ့ လုံ့လနဲ့ ကူညီခဲ့တဲ့ အမေရိကန် လွှတ် တော် အမတ်တွေကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောလိုပါတယ်လို့ ပြောခဲ့တာပါ။
အမှောင်ချထားခံရတဲ့ နှစ်ပေါင်းများစွာ အတွင်း လွတ်လပ်မှုနဲ့ တရားမျှတမှုဟာ မြန်မာပြည်သူတွေအတွက် အလှမ်းကွာဝေး နေ ချိန်မှာ မိမိတို့ရဲ့ ကြိုးပမ်းမှုတွေကို အမြဲတမ်း စိတ်ထဲ နှလုံးသားထဲ ထည့်ပေးထားခဲ့တဲ့ အမေရိကန်ပြည်သူတွေကို လှိုက်လှိုက် လှဲလှဲ ကျေးဇူး ဥပကာရ တင်ရှိပါကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။
အဲဒီ အခမ်းအနားမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးအတွက် ကြိုးပမ်းနေကြတဲ့ ပြုပြင်ပြောင်းလဲရေး လိုလားသူ အားလုံးကို ချီးကျူးဂုဏ်ပြု ပြောဆိုခဲ့ပါတယ်။
အမေရိကန် အစိုးရအနေနဲ့ သမ္မတ ဦးသိန်းစိန် အပါအ၀င် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး ကဏ္ဍအသီးသီးက ပြုပြင်ပြောင်းလဲရေး လိုလားသူ ခေါင်းဆောင်တွေ၊ ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူတွေနဲ့ လူမှုအဖွဲ့အစည်းအားလုံးနဲ့ လက်တွဲကြိုးပမ်းသွား မှာ ဖြစ်ကြောင်း ပြောခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ နေ့လည်ပိုင်းက အမေရိကန်သမ္မတ အိုဘားမားနဲ့အိမ်ဖြူတော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲမှု အားလုံးကို အမေရိကန် အစိုးရအနေနဲ့ ကူညီသွားမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတက ပြောကြားတယ်လို့ အေပီသတင်းမှာ ရေးသားပါတယ်။ နှစ်ဖက် ဆွေးနွေးမှုကိုတော့ သတင်း ထုတ်ပြန်ခြင်း မရှိပါဘူး။
Ref: http://www.rfa.org/burmese/news/assk-congressional-gold-medal-09202012101633.html
Friday, September 21, 2012
မြန်မာ့ပြုပြင်ပြောင်းလဲမှု အမေရိကန်အစိုးရ ကူညီမည်
သတ္တုတွင်းဝန်ကြီးဌာနနှင့် The Voice ဂျာနယ်အမှု စွဲချက်တင်ဖို့ အမိန့်ချ
2012-09-20
သတ္တုတွင်းဝန်ကြီးဌာနက The Voice ဂျာနယ်ကို ပြစ်မှုဆိုင်ရာ ပုဒ်မ ၅၀၀ နှင့် တရားစွဲဆိုထားမှုကို စွဲချက်တင်သင့်၊ မတင် သင့် ဒဂုံမြို့နယ်တရားရုံးမှာ ဒီကနေ့ မနက်ပိုင်းက ကြားနာစစ်ဆေးခဲ့ပြီး တရားသူကြီးက စွပ်စွဲချက်တင်ဖို့ အမိန့်ချလိုက် တယ်လို့ သိရပါတယ်။
မြို့နယ်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို တိတိကျကျ သိရပြီဖြစ်တဲ့အတွက် တိုင်းဒေသကြီး တရားရုံးကနေ ပြည်ထောင်စု တရားရုံးအထိ အဆင့်ဆင့် အယူခံ တင်သွားဖို့ စီစဉ်ထားတယ်လို့ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေက RFA ကိုအခုလို ပြောပါတယ်။
"၁၄ ကြိမ်မြောက် နှစ်ဖက်လျှောက်လဲချက်တွေ အားလုံးကို ဒဂုံမြို့နယ်တရားသူကြီး ဒေါ်ခင်သန့်စင်က ကြားနာပြီးတဲ့အခါမှာ စွဲချက် တင်တာကို လက်ခံဖို့ ဒီနေ့ စီရင်ချက်ချတယ်။ မြို့နယ်ရုံး အဆင့်မှာ ဒီလိုဆုံးဖြတ်တယ် ဆိုရင်တော့ ခရိုင်ရုံးမှာ ကျွန်တော် တို့က ဆက်ပြီးတော့ တင်မှာပေါ့နော်။ တိုင်းဒေသကြီး။ တိုင်ဒေသကြီးကနေ မရရင် ပြည်ထောင်စုအဆင့် ကျွန်တော်တို့ ဆက်တက်ဖို့ ရှိပါတယ်"
အခုနှစ် မတ်လ ၁၆ ရက်နေ့ထုတ် The Voice ဂျာနယ်စာစောင်မှာ အစိုးရ၀န်ကြီးဌာနတချို့၏ အလွဲသုံးစားမှုများ စစ်ဆေး တွေ့ရှိ ဆိုတဲ့သတင်းကို ဖော်ပြခဲ့တာနဲ့ ပတ်သက်လို့ သတ္တုတွင်း ၀န်ကြီးဌာနက မဟုတ်မမှန် စွပ်စွဲရေးသားချက်ဆိုပြီး ထုတ်ဝေသူ၊ အယ်ဒီတာချုပ်နှင့် သတင်းရေးသားသူတွေကို အရေးယူဖို့ ဒဂုံမြို့နယ် တရားရုံးကို ဒီနှစ်မတ်လမှာ ဦးတိုက် လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
Ref: အာရ်အဖ်အေ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသခံများ ထပ်မံဆန္ဒပြ
2012-09-20
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းလုပ်ငန်း ဆက်လက် လုပ်ဆောင်နေတဲ့ နေရာကို ကျေးရွာ (၁၀) ရွာက ဒေသခံ ၁,၀၀၀ နီးပါးလောက် ဒီကနေ့ သွားရောက်ပြီး တားမြစ်ဆန္ဒပြခဲ့ကြပါတယ်။
လယ်မြေသိမ်းခံထားရတဲ့ နေရာတွေမှာ လယ်သိမ်းခံ တောင်သူတွေက နှမ်းသီးနှံတွေ စိုက်ပျိုးနေတဲ့အတွက် ဆက်လက် မစိုက် ပျိုးနိုင်အောင် အဲဒီလယ်မြေတွေ အတွင်းကို ကုမ္ပဏီဘက်က ကျောက်တွေလာပုံတဲ့အတွက် ဒေသခံတောင်သူတွေက သွားရောက် တားမြစ်ကြတာ ဖြစ်တယ်လို့ ဆန္ဒပြ ဒေသခံတောင်သူ တစ်ဦးက RFA ကို အခုလို ပြောပြပါတယ်။
"တားတဲ့အခါကျတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ဆင်းလာပါတယ်။ သူ့ရဲ့နောက်က စစ်သားတွေနဲ့ အတူပေါ့ဗျာ။ သေနတ် တွေနဲ့လည်း ချိန်ထားတယ်။ သူတို့က ဒီနေရာတွေကို အဆောက်အဦးဆောက်မှာ ဖြစ်တဲ့အတွက် ယာမြေတွေကို ခုတ်ထွင် ပေး တဲ့ လယ်ထွန်စက်တွေကိုလည်း သူတို့သိမ်းမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့က ဒီတစ်နှစ်မှာ တစ်ရက်ပဲ တန်ဖိုးထားရတာ။ အခုဆိုရင် ကြဲလို့မရဘူး ဖြစ်နေတယ်။ အခုက ခြိမ်းခြောက်မှုနဲ့ အဲဒီလို အာဏာတွေပြနေတဲ့ အခါကျတော့ ကျွန်တော်တို့ ဘာမှ လုပ်စားလို့ မရတော့ဘူးဗျ။ ကျွန်တော်တို့က တွေ့ချင်တယ်။ ဆွေးနွေးမှုကို လာပြီးတော့ ဆွေးနွေးမှုလည်း မပြုပါဘူး။ ကျွန်တော် တို့နဲ့ မနီးမဝေးမှာ စခန်းထိုင်ထားတာ ၃ ခု ရှိတယ်ဗျ"
ဒီကနေ့ ဆန္ဒပြတားမြစ်တဲ့ ကျေးရွာတွေဟာ စီမံကိန်း အကောင်အထည်ဖော်ဖို့ လယ်မြေ သိမ်းယူခံထားရတဲ့ ဆည်တဲ၊ မိုးကြိုးပြင်၊ အလယ်ရွာ စတဲ့ ကျေးရွာတွေဖြစ်ပြီး အဲဒီ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းဖို့ ဒေသခံတောင်သူတွေမှာ နည်းလမ်း အမျိုးမျိုးနဲ့ ဆန္ဒပြတောင်းဆိုမှုတွေ လုပ်ပေမယ့် အခုအချိန်ထိ ကြေးနီစီမံကိန်းကို လုပ်ကိုင်နေဆဲပဲလို့ သိရပါတယ်။
အဲဒီ ကြေးနီစီမံကိန်းကို စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ မြန်မာ-၀မ်ပေါင် တရုတ်ကုမ္ပဏီတို့ ဖက်စပ် လုပ်ကိုင်နေတာဖြစ်ပြီး စီမံကိန်း တ၀ိုက်က ကျေးရွာ ၂၆ ရွာက လယ်မြေဧက ၇,၈၀၀ ကျော်ကို ၂၀၁၀ ခုနှစ်ကစပြီး အဓမ္မ သိမ်းယူခံထားရပါတယ်။
သြဂုတ်လ နောက်ဆုံးပတ်ကစလို့ လယ်သိမ်းခံရတဲ့ ဒေသခံ တောင်သူတွေက အဲဒီ စီမံကိန်းကို တားဆီးဖို့ လယ်သိမ်းတိုက်ပွဲကို နေ့စဉ်ရက်ဆက် ဆင်နွှဲခဲ့ကြပါတယ်။ ဒီနေ့ ဆန္ဒပြမှု နောက်ဆုံး အခြေအနေကတော့ ဒေသခံတွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လူစုခွဲ လိုက်တယ်လို့ သိရပါတယ်။
Ref: အာရ်အဖ်အေ
ရခိုင်ဒေသလုံးဆိုင်ရာ လူထုအစည်းအဝေး အာဏာပိုင်ကန့်သတ်
2012-09-20
ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပေါ်မှာ လာမယ့် စက်တင်ဘာလ ၂၅ ရက်နေ့မှာ စတင်ကျင်းပပြုလုပ်မယ့် ရခိုင်ဒေသလုံးဆိုင်ရာ လူထုအစည်းအဝေးနဲ့ ပတ်သက်ပြီး ဒေသ အာဏာပိုင်တွေဘက်က ဒီကနေ့မှာ ကန့်သတ်မှုတွေ ပြုလုပ်လိုက်တယ်လို့ သိရပါတယ်။
ရခိုင်ဒေသလုံးဆိုင်ရာ လူထုအစည်းအဝေး ပင်မကော်မတီက တာဝန်ရှိသူတွေကို ဒီကနေ့မနက် ၈ နာရီလောက်မှာ အာဏာပိုင် တွေက လာရောက်ခေါ်ယူပြီး အဲဒီလို ကန့်သတ်လိုက်တာ ဖြစ်တယ်လို့ ပင်မကော်မတီမှာ ပါဝင်တဲ့ ကိုတေးနွယ်အောင်က RFA ကို ပြောပြပါတယ်။
"၂၅၊ ၂၆ နှစ်ရက်တင်တဲ့ ဥစ္စာမှာ ကျွန်တော်တို့ကို (၁) ရက်ပဲ ခွင့်ပြုမယ်ဆိုပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးရယ်၊ ရဲမြို့နယ်မှူး ရယ်၊ ပြီးတော့ ဗျူဟာမှူး တစ်ယောက်လည်း ခေါ်ပြောပါတယ်"
လူထုအစည်းအဝေးကို လူအင်အား ၆၀၀ ကျော်နဲ့ စာတမ်းဖတ်ကြားဖို့ လူ ၂၈ ဦးကို ခွင့်ပြုကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က လူထုအစည်းအဝေး ဖြစ်မြောက်ရေး ကော်မတီနဲ့ အာဏာပိုင်တွေ သဘောတူညီချက် ရှိခဲ့ပေမယ့် ဒီကနေ့မှာတော့ လူအင်အား ၂၀၀ နဲ့ စာတမ်းဖတ်ကြားမယ့်သူ ၁၀ ဦးကိုသာ အာဏာပိုင်တွေက ခွင့်ပြုခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် အစည်းအဝေး ကျင်းပမယ့် အချိန်ကို မနက် ၈ နာရီက ညနေ ၅ နာရီအထိ ခွင့်ပြုထားတာကိုလည်း နေ့လည် ၁ နာရီ အထိ ကန့်သတ်လိုက်တယ်လို့လည်း ဆိုပါတယ်။
ရသေ့တောင်မြို့ပေါ်မှာ ကျင်းပမယ့် ရခိုင်ပြည်နယ်လုံးဆိုင်ရာ လူထု အစည်းအဝေးကို တက်ရောက်ဖို့အတွက် ရခိုင်ပြည်နယ် ၁၇ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့က လူထုကိုယ်စားလှယ်တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ မြို့မိမြို့ဖတွေ၊ တတ်သိပညာရှင် တွေကို ဖိတ်ကြားထားတယ်လို့လည်း သိရပါတယ်။
ဒီအစည်းအဝေးပွဲဟာ မကြာသေးခင်က ရခိုင်ပြည်နယ်အတွင်းမှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာတွေအကြား ဖြစ် ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်းမှာ ရခိုင်လူမျိုးတွေ ကာလကြာရှည်စွာ နေထိုင်နိုင်ရေးအတွက် အဖြေ ရှာဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
Ref: အာရ်အဖ်အေ
Pussy Riot တီးဝိုင်းအဖွဲ့ဝင် ပြန်လွှတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
2012-09-20
ရုရှနိုင်ငံမှာ အစိုးရက ဖမ်းဆီးထားတဲ့ Pussy Riot ခေါ် နာမည်ကျော် အမျိုးသမီး ခေတ်ပေါ်ဂီတ တီးဝိုင်းအဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
နယူးယောက်မြို့အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ကြာသပတေးနေ့မှာ ကျင်းပခဲ့တဲ့ ဂုဏ်ပြုပွဲမှာ Pussy Riot အဖွဲ့ဝင်တစ်ယောက်ရဲ့ မိသားစုဝင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုပန်းစည်း ပေးအပ်ခဲ့ပါတယ်။
အဲဒီနောက် Pussy Riot အဖွဲ့နဲ့ ပတ်သက်တဲ့ မေးခွန်းကို ဖြေကြားခဲ့ရာမှာ - ဘယ်သူမဆို ကိုယ်ဆိုချင်တဲ့သီချင်း၊ ဘာ သီချင်း ပဲဖြစ်ဖြစ် သီဆိုခွင့်ရှိပါတယ်။ ဒါကို တားဆီး ပိတ်ပင်စရာ အကြောင်းမရှိပါဘူး။ အဲ သီချင်း အဆိုမကောင်းရင်တော့ တစ်မျိုးပေါ့ လို့ ဒေါ်အောင်ဆန်းစုကြည်က ဟာသစွက်ပြီး ပြောဆိုခဲ့ပါတယ်။
ရုရှနိုင်ငံမှာ ၂၀၁၁ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ Pussy Riot အမျိုးသမီး ပန့်ရော့ခ်တီးဝိုင်းဟာ ရုရှ နိုင်ငံရေးလောက အပေါ် သရော်ဝေဖန်တဲ့ သီချင်းတွေ၊ ပြကွက်တွေ သီဆိုတင်ဆက်တဲ့ တီးဝိုင်းဖြစ်ပါတယ်။
Pussy Riot အဖွဲ့ဟာ ဘတ်စ်ကား ခေါင်မိုးပေါ်၊ ငြမ်းစင်ပေါ် စတဲ့ အများမထင်မှတ်တဲ့ နေရာတွေ၊ မော်စကို ရင်ပြင်နီလို ပွဲကျင်းပခွင့် မရှိတဲ့နေရာတွေမှာ ကြိုတင်ကြေညာမထားဘဲ ရုတ်တရက် သီဆိုပြသလေ့ ရှိပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လက မော်စကိုမြို့မှာ ထင်ရှားတဲ့ ခရစ်ယာန် ဘုရားကျောင်း တစ်ခုအတွင်း ၀င်ရောက်ပြီး ရုရှ သမ္မတ Vladimir Putin ကို လှောင်ပြောင်သရော်တဲ့ သီချင်းတစ်ပုဒ် သီဆိုခဲ့ကြတဲ့အတွက် Pussy Riot အဖွဲ့ဝင် သုံးယောက် ဖမ်းဆီးခံခဲ့ရပြီး ရမ်းကားမှုနဲ့ ထောင်ဒဏ် (၂) နှစ်စီ ချမှတ်ခံခဲ့ရပါတယ်။
Ref: အာရ်အဖ်အေ
ဘဏ္ဍာရေးအကူအညီ ကန့်သတ်မှု ဖြေလျှော့ရေး အမေရိကန်အောက်လွှတ်တော် ထောက်ခံ
2012-09-20
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဍာရေးအကူအညီ တားဆီးကန့်သတ်ထားမှု ဖြေလျှော့ပေးရေး ဥပဒေမူကြမ်းကို အမေရိကန် အောက်လွှတ်တော်က ထောက်ခံလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့က တဆင့် မြန်မာနိုင်ငံကို ဘဏ္ဍာရေး အကူအညီ ပေးနိုင်တော့မှာ ဖြစ်ပါတယ်။
အမေရိကန်လွှတ်တော်က ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၈ ခုနှစ်က ချီးမြှင့်ခဲ့တဲ့ ရွှေတံဆိပ်ဆုကို ဗုဒ္ဓဟူးနေ့က အပ်နှင်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသေးတဲ့ ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
အဲဒီနေ့ ညနေပိုင်းမှာပဲ ဘဏ္ဍာရေး အကူအညီ တားဆီး ကန့်သတ်ထားမှု ဖြေလျှော့ပေးရေး အစီအစဉ်ကို အောက်လွှတ်တော်က ထောက်ခံလိုက်ပါတယ်။ ဒါပေမဲ့ ဒီဥပဒေ မူကြမ်းကို ဆီးနိတ် အထက်လွှတ်တော်က အတည်ပြုရဦးမှာပါ။
လက်ရှိအနေအထားမှာတော့ မြန်မာနိုင်ငံအပေါ် ငွေကြေးချေးငှားမှုကို ဥပဒေအရ အမေရိကန်အစိုးရက ဗီတိုအာဏာနဲ့ ပယ်ချဖို့ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ ဒါ့အပြင် ငွေချေးခွင့် မရသေးခင်အတွင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးဘဏ်တွေအပေါ် တင်ရှိနေတဲ့ ကြွေးမြီ တွေကို မြန်မာနိုင်ငံက အကျေအလည် ပြန်ဆပ်ရဦးမှာ ဖြစ်ပါတယ်။
Ref: အာရ်အဖ်အေ
ကိုင်းတန်းပျံကျဈေးသည် တရားမ၀င် စီတန်းလှည့်လည်မှုနှင့် တရားစွဲဆိုခံရ
2012-09-20
သြဂုတ်လ (၆) ရက်နေ့ ညက ကိုင်းတန်း ကုန်စိမ်းပျံကျဈေး ဆန္ဒပြမှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဈေးသည်အမျိုးသမီး သုံးဦးကို ချမ်းအေးသာစံ တရားရုံးက တရားမ၀င် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ တရားစွဲဆို လိုက်တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ စနေနေ့က အမှတ် (၃) ရဲစခန်းက သူတို့ကို ဆင့်ခေါ်ပြီး တရားစွဲခဲ့ပုံကို တရားစွဲခံရတဲ့ ဈေးသည် မနီနီအောင်က RFA ကို အခုလို ပြောပြပါတယ်။
"သောကြာနေ့က ခေါ်တာပေါ့။ သောကြာနေ့ကို မသွားဘူး။ စနေနေ့ကို သွားတယ်။ ကျွန်တော်တို့ကို စီတန်းလှည့်လည်တဲ့ထဲမှာ လူစုတာလား။ ခေါင်းဆောင်တာလားလို့မေးတယ်။ လူစုတာလဲ မဟုတ်ဘူး။ ခေါင်းဆောင်တာလည်း မဟုတ်ဘူးလို့ ပြောတယ်။ ကျွန်တော်တို့က ဘာအမှုလဲလို့ မေးတဲ့အခါကျတော့ စီတန်း လှည့်လည်တဲ့ထဲမှာပါလို့ လို့ပြောပါတယ်။ တရားမဝင် စီတန်းလှည့် လည်လို့ ခင်ဗျားတို့ကို အနည်းဆုံး ဒဏ်ငွေ ၃၀,၀၀၀ နဲ့ ထောင် ၂ နှစ်ချလို့ရတယ်လို့ ပြောပြီး အာမခံနဲ့ ပြန်လွှတ်ပေးလိုက် ပါတယ်။ ဒီနေ့ကျတော့ ရဲစခန်းကိုခေါ်တယ်။ ခေါ်ပြီးတော့ ၁၀ နာရီခွဲလောက်ကျတော့ တရားရုံးကို လွှတ်လို့ တရားရုံးကို လာခဲ့ရ တာပါ။ ဘာအမှုမှန်းလည်း မသိပါဘူး"
ကိုင်းတန်းဈေးသူ ဈေးသားတွေ ဆန္ဒပြမှုမှာ ဦးဆောင်ခဲ့တယ်ဆိုပြီး ကိုအေးသိန်း၊ ဦးဝင်းဆွေမြင့်၊ ဦးစိန်အောင်တို့ကို သြဂုတ်လ (ရ) ရက်နေ့ မနက်မှာ ဖမ်းဆီးခဲ့ပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် စည်းရုံးလှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုခဲ့ သလို ဈေးသူ ဈေးသား ကိုယ်စားလှယ်အဖြစ် ကိုအေးသိန်း၊ ဦးဝင်းဆွေမြင့်တို့နဲ့အတူ မြို့တော်ဝန်နဲ့ တွေ့ဆုံခဲ့တဲ့ ကိုညီညီကျော်ကို လည်း လွန်ခဲ့တဲ့လ ၁၃ ရက်နေ့မှာ တရားမ၀င် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ အမှုဖွင်ခဲ့ပြီး ရဲအာမခံနဲ့ လွှတ်ထားခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မှာတော့ ၅၀၅(ခ)နဲ့ တရားစွဲခံရသူ သုံးဦး၊ ကိုညီညီကျော်နဲ့ အခုအမျိုးသမီးသုံးဦး စုစုပေါင်း (၇) ဦးကို တရားမ၀င် စီတန်း လှည့်လည် ဆန္ဒပြမှုပုဒ်မ (၁၈)နဲ့ တရားစွဲဆိုခဲ့တယ်လို့ ဆိုပါတယ်။
ကိုအေးသိန်းတို့ သုံးဦးကတော့ အမှုနှစ်မှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အာမခံ မပေးတဲ့ ၅၀၅(ခ) ကြောင့် အာမခံ မရခဲ့ပေမယ့် ကျန်လေးဦးကတော့ အခုအမှုကနေ တရားရုံးက အာမခံပေးခဲ့ပြီး ဒီလ ၂၅ ရက်နေ့ကို ရုံးချိန်းလိုက်တယ်လို့ သိရပါတယ်။
အခု တရားစွဲခံရသူတွေထဲက ဦးဆောင်သူတွေဟာ ဆူပူမှုဖြစ်အောင် လုပ်ဆောင်ခဲ့သူတွေ မဟုတ်တဲ့အပြင် ဈေးသူ ဈေးသား တွေကိုယ်စား မြို့တော်ဝန်နဲ့ တွေဆုံခဲ့တာ ဖြစ်တဲ့အတွက် လက်မှတ်ထိုး တောင်းဆိုမှုတွေ လုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။
Ref: အာရ်အဖ်အေ
ဖားကန့်ဒေသ ငြိမ်းချမ်းရေးနဲ့ စိမ်းလန်းစိုပြည်ရေးအဖွဲ့ ဖွဲ့စည်း
2012-09-20
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ဒေသခံ လူငယ်များက ငြိမ်းချမ်းရေးနဲ့ စိမ်းလန်းစိုပြည်ရေး အဖွဲ့ကို ဒီကနေ့ နေ့လည်ပိုင်းက ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာ ဥရုချောင်းနဲ့ ဆက်စပ်နေတဲ့ သဘာဝပတ်ဝန်းကျင်ကို စနစ်တကျ ထိန်းသိမ်းနိုင်ဖို့အတွက် ဒေသခံလူငယ်များနဲ့ အခုလို ဖွဲ့စည်းလိုက်တာလို့ ဦးဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဝင်းက RFA ကို အခုလို ပြောပါ တယ်။
"ကျွန်တော်တို့က ဒီဒေသကြီးကို ပြန်လည်ကာကွယ်ပေးဖို့ စက်ယန္တရားတွေနဲ့ ကျောက်မျက်ရတနာတွေ တူးဖော်ခြင်း မပြုလုပ်ဖို့၊ ပြီးလို့ရှိရင် ဒီဒေသကြီးမှာ နောက်ထပ် သဘာဝအတိုင်း ပြန်လည်ဖြစ်ပေါ်နိုင်ဖို့ အတွက်ဆိုရင် အခုဆိုရင် ဥရုချောင်းကြီးဟာ ပျက်ဆီးနေပြီ။ ဥရုချောင်းကြီးကို ပြန်လည် ကယ်တင်ပေးကြဖို့ ရည်ရွယ်ချက်နဲ့ ဒီအဖွဲ့အစည်းကို ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်ခင်ဗျ"
ဖားကန့်ကျောက်စိမ်းတွင်း ဒေသတစ်ခုလုံးမှာ အစိုးရထိပ်ပိုင်း အာဏာပိုင်တွေ သူတို့နဲ့ နီးစပ်တဲ့သူတွေ အပါအဝင် တိုင်းရင်းသား အမည်ခံ နိုင်ငံခြားသား လုပ်ငန်းရှင် ကုမ္ပဏီကြီး ၅၇ ခုနဲ့ ကုမ္ပဏီငယ် ၅၀၀ ကျော်က စက်ယန္တယားတွေနဲ့ ကျောက်စိမ်း တူး ဖော်ရေးတွေကို အလွန်အကျွံ တူးဖော်လုပ်ပြီး မြေစာတွေကို စည်းကမ်းမဲ့စွာ စွန့်ပစ်တဲ့အတွက် အခုဆိုရင် ဥရုချောင်းရဲ့အခြေ အနေဟာ အလွန်ဆိုးဝါးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကိုမင်းကိုနိုင်ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ဖားကန့်ငြိမ်းချမ်းရေး ခရီးစဉ်အတွင်း နှစ်ဖက်စစ်တပ်တွေက တိုက်ပွဲ တွေ ဖော်ဆောင်ခြင်းမရှိခဲ့ဘဲ အေးချမ်းတည်ငြိမ်နေတဲ့ အခြေနေမျိုးကို ရေရှည်တည်တံ့အောင် ဆောင်ရွက်နိုင်ဖို့ အတွက်လည်း ရည်ရွယ်ပြီး ဒီခရီးစဉ်အပြီးမှာ အခုလို ဖွဲ့စည်းရတာ ဖြစ်တယ်လို့ ဖားကန့်ဒေသ ငြိမ်းချမ်းရေးနဲ့ စိမ်းလန်းစိုပြည်ရေးအဖွဲ့က ဆိုပါ တယ်။
Ref: အာရ်အဖ်အေ
မြန်မာ့ရေပိုင်နက်အတွင်း မူဆလင်လက်နက်ကိုင်အဖွဲ့ ၀င်ရောက်လာ
2012-09-20
မြန်မာနိုင်ငံ ပင်လယ်ပြင် ရေပိုင်နက်အတွင်း မူဆလင် လက်နက်ကိုင်အဖွဲ့ စက်လှေတစီးနဲ့ ၀င်ရောက်လာတဲ့အတွက် ဧရာဝတီ တိုင်း ဖျာပုံခရိုင်အတွင်းက ပင်လယ်နဲ့နီးတဲ့ ကျေးရွာတွေမှာ ဒီကနေ့ကစလို့ လုံခြုံရေးအဖွဲ့တွေ အရေးပေါ် ဖွဲ့စည်း တာဝန်ပေးအပ် နေတယ်လို့ RFA က စုံစမ်းသိရပါတယ်။
အခုလို အရေးပေါ် လုံခြုံရေးအဖွဲ့တွေ ကျေးရွာအလိုက် ဖွဲ့စည်းနေတာနဲ့ ပတ်သက်လို့ ဖျာပုံခရိုင် အမာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးက စာအမှတ် ၃/၂၀၁၂ နဲ့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်ကို ဒေသခံတစ်ဦးက အခုလို ဖတ်ပြပါတယ်။
"ပပ်နန်းအုပ်စု စက်စမ်းပြင်မှ မြန်မာ့ရေပိုင်နက်အတွင်းသို့ ဝင်ရောက်လာကြောင်း၊ မိမိနယ်မြေအတွင်း သတင်းလက်ဦးမှု ရရှိ ရေးနှင့် လုံခြုံရေးကို အထူးတလည် ဆောင်ရွက်ရန် ဖျာပုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဖုန်းကြေးနန်းဖြင့် အကြောင်းကြား လာပါ တယ်။ သို့ဖြစ်၍ မူဆလင် လက်နက်ကိုင်အဖွဲ့ ဝင်ရောက်မှုနှင့် သတင်းလက်ဦးမှု ရရှိစေရန်နှင့် မြို့နယ် လုံခြုံရေးအဖွဲ့၊ ရပ်ကွက်၊ ကျေးရွာ လုံခြုံရေးအဖွဲ့များအား ပူးတွဲပါအတိုင်း ဖွဲ့စည်း တာဝန်ပေးအပ်ပါကြောင်းနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး လုံခြုံရေး အဖွဲ့အနေနှင့် မိမိနယ်မြေအတွင်း ထူးခြားမှုရှိပါက အချိန်နှင့်တပြေးညီ တင်ပြသွားရန် အကြောင်းကြားပါသည်"
အဲဒီ အရေးပေါ် လုံခြုံရေးအဖွဲ့တွေကို အရှေ့ဖျား၊ နောက်မီး၊ ကဗျက်၊ ဂယက်ကြီး စတဲ့ ပင်လယ်ကမ်းခြေ ကျေးရွာတွေမှာ အဓိက ဖွဲ့စည်းနေတာ ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့တွေကို ပြည်သူတွေနဲ့ ဖွဲ့စည်းတာ မဟုတ်ဘဲ မီးသတ်၊ ပြည်သူ့စစ်စတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ရွာတစ်ရွာကို (၆) ဦးကနေ (၉) ဦးအထိ ဖွဲ့စည်းနေတာ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
အဲဒီ မူဆလင် လက်နက်ကိုင်အဖွဲ့ဟာ မြန်မာနိုင်ငံ တောင်ဘက်စွန်း ပင်လယ်ပြင် တစ်နေရာဖြစ်တဲ့ ရနောင်းဒေသ ပပ်နန်အုပ်စု ပတ်ဝန်းကျင်ကနေ စက်လှေတစင်းနဲ့ မြန်မာနိုင်ငံ ရေပိုင်နက်အတွင်းကို ၀င်ရောက်လာတာ ဖြစ်တယ်လို့ အမာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးက ဒီကနေ့ ထုတ်ပြန်တဲ့ စာအရ သိရပါတယ်။
Ref: အာရ်အဖ်အေ
အစိုးရတပ်နှင့် ကေအိုင်အို တိုက်ပွဲဖြစ်ပွား
2012-09-20
ကေအိုင်အို လိုင်ဇာဌာနချုပ်နဲ့ ၇ မိုင်လောက်သာဝေးတဲ့ ဒေသမှာ ဒီလ ၁၈ ရက်နေ့က တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ကေအိုင်အို ဘက်က ပြောပါတယ်။
ဒီလ ၁၈ ရက်နေ့က ကေအိုင်အို တပ်မဟာ ၅ လက်အောက် တပ်ရင်း ၂၄ ဒေသမှာ အစိုးရရဲ့ မြောက်ပိုင်းတိုင်း လက်အောက် ခံတပ်နဲ့ ကေအိုင်အို တပ်တွေ တိုက်ပွဲဖြစ်ခဲ့တာကို ကေအိုင်အို ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်က အခုလို ပြောပါတယ်။
"မနေ့ကတော့ တပ်မဟာ ၅ ကျွန်တော်တို့ရဲ့ ၂၄ ဂွင်မှာ နှစ်ကြိမ်၊ သုံးကြိမ်လောက်တော့ ရှိသွားတယ်။ သူတို့ပြန်ပြီးတော့ ထွက် ခွာသွားတဲ့နေရာမှာပေါ့။ ကျွန်တော်တို့ကတော့ ၃၈၈ လို့ ခန့်မှန်းတယ်။ ဒါပေမဲ့ သူတို့က တပ်ရင်း သုံးလေးခုများ ပေါင်းထား လား မသိဘူး။ အင်အား ၁၀၀ ပတ်ဝန်းကျင်လောက် ရှိတယ်။ အဲဒါကြောင့် ကျွန်တော်ထင်တာက အင်အားဖြည့် တာလည်း ပါမယ်။ နောက်ပြီးတော့ သူတို့ရဲ့ လက်နက်ခဲယမ်း၊ နောက်ပြီးတော့ ရိက္ခာတွေ လာပို့တာလည်း ဖြစ်နိုင်တယ်"
မနေ့ ညကလည်း ကေအိုင်အိုနဲ့ ပူးတွဲလှုပ်ရှားနေတဲ့ ABSDF မြောက်ပိုင်းတပ်တွေရှိရာ လက်ဂျားယန် ကျေးရွာအနီးရှိ တပ်စခန်း မှာ အစိုးရ စကခ ၃ လက်အောက်ခံတပ်တွေ တက်လာလို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ကျောင်းသားတပ်မှူးတစ်ဦးက ပြောပါတယ်။
ဒီလ ၁၇ ရက်နေ့ကလည်း လက်ဂျားယန်တပ်စခန်းကို အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး တက်လာလို့ ABSDF မြောက် ပိုင်း ကျောင်းသားတပ်က တစ်ယောက် လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါတယ်။
Ref: အာရ်အဖ်အေ
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေမူကြမ်း ပြည်သူ့လွှတ်တော်ထံ ပြန်လည်ပေးပို့
2012-09-20
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေမူကြမ်း (FDI) ကို ပြင်ဆင် ဖြည့်စွက်ဖို့အတွက် နိုင်ငံတော်သမ္မတက ပြည်သူ့လွှတ်တော်ထံ ပြန်လည် ပေးပို့လိုက်တယ်လို့ အေပီ သတင်းတစ်ပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ် တစ်ဦးဖြစ်တဲ့ ဒေါက်တာ မြဥာဏစိုးက အခုလို ပြောပါတယ်။
"သမ္မတကြီး အခုပြန်ပို့တဲ့ ပြင်ဆင်ချက်တွေဟာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေအတွက် သင့်တော်တဲ့ အချက်တွေဆိုရင် ကျွန် တော်တို့ လွှတ်တော်ကလည်း ပြုပြင်ပေးရမှာ ဖြစ်ပါတယ်။ အခုက လွှတ်တော် ကျင်းပနေတဲ့အချိန် မဟုတ်သေးတဲ့ အခါကျ တော့ ကျင်းပတဲ့ အောက်တိုဘာ ဒုတိယပတ်လောက်ကျမှပဲ ဘယ်အချက်တွေဆိုတာ ကျွန်တော်တို့ သိရှိရမှာပါ"
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ ၂ ပတ်လောက်က လွှတ်တော်က အတည်ပြုပြီး သမ္မတ ဦးသိန်းစိန် လက်မှတ် ရေးထိုး အတည်ပြုပေးဖို့ ပေးပို့ခဲ့ပါတယ်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကလည်း အခုမူကြမ်းဟာ ပြင်ဆင်ဖို့ လိုအပ်ချက်တွေရှိသေးတယ်လို့လည်း ထောက်ပြတယ်လို့ အေပီ သတင်းက ဆိုပါတယ်။
Ref: အာရ်အဖ်အေ
ဆက်ကြေးများကြောင့် နယ်စပ်ကုန်သွယ်ရေး ထိခိုက်နေဟု အိန္ဒိယကုန်သည် ပြော
နေမျိုး
စက်တင်ဘာလ ၂၀ ရက် ၂၀၁၂ ခုနှစ်
မြန်မာ-အိန္ဒိယ နယ်စပ်တွင် အိန္ဒိယခွဲထွက်ရေး လက်နက်ကိုင်အဖွဲ့များ၏ ဆက်ကြေး ကောက်ခံမှုများကြောင့် အိန္ဒိယ ကုန်စည် များ ဈေးနှုန်းမြှင့်တက်ကာ နယ်စပ် ကုန်သွယ်ရေး၌ တွင်တွင်ကျယ်ကျယ် ကုန်သွယ်နိုင်ခြင်း မရှိကြောင်း သိရသည်။
ကုန်ပစ္စည်း အမျိုးအစားပေါ်မူတည်ပြီး ဆက်ကြေးနှုန်းထား အနိမ့်၊ အမြင့်ရှိသလို မလိုလားအပ်သည့် ကုန်ကျစရိတ်များ လည်း ရှိ နေသည့်အတွက် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် အိန္ဒိယ ကုန်စည်များ ဈေးကွက်မထိုးဖောက်နိုင်ကြောင်း နယ်စပ်ကုန်သည် များ အသင်းဝင် ကုန်သည်ကြီးတဦး က ပြောသည်။
“ကိုယ့်အိမ်က ကိုယ့်မြေကြီးသယ်လည်း နယ်စပ်မှာ ဆက်ကြေးပေးရမှာပဲ။ အခွန်ကတော့ သတ်မှတ်ထားတယ်။ စောင်၊ ဘက်ထရီ အမျိုးမျိုးရှိတယ်။ ကားသမားတွေဆီကလည်း တနှစ်တခါ ထပ်ကောက်သေးတယ်။ ဒါလည်း ကုန်သည်တွေပဲ ပေးရတာပဲ။ ဆက် ကြေးကောက်တဲ့ (သူပုန်) အဖွဲ့က ၁၁ ဖွဲ့လောက် ရှိတယ်။ တရားဝင် ကုန်ပဲဖြစ်ဖြစ်၊ တရားမဝင် ကုန်ပဲဖြစ်ဖြစ် ကောက်ကြ တာပဲ” ဟု အမည်မဖော်လိုသည့် အိန္ဒိယကုန်သည်ကြီး တဦးက ဆိုသည်။
ကုန်သည်များသည် ဆက်ကြေးအမျိုးမျိုးအား တရားမဝင် လက်နက်ကိုင် အဖွဲ့များသို့ တိုက်ရိုက် ပေးဆောင်နေရသည့် အပြင် ဌာနဆိုင်ရာများသို့ အခွန်အဖြစ်လည်း တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ပေးဆောင်နေရ ကြောင်း ၎င်းက ဆက်ပြောသည်။
“ကောက်နေတဲ့ ပုံစံအားလုံးဟာ မိုးရေးက ကုန်သည်ပဲ ခံရတာ။ နံပါတ်တစ်က မိုးရေး ဆိုင်သမားဆီက တိုက်ရိုက် ကောက် တယ်။ ပစ္စည်းတထုပ် ဝင်လာရင် ဘယ်လောက်ဆိုပြီး သူတို့(သူပုန်)က ကောက်တယ်။ အဲလိုကောက်ပြီးတဲ့ အပြင်ကို တနှစ် တခါဆိုရင် ဘယ်လောက်ပေး ဆိုတာ ပါသေးတယ်။ ကုန်သည်များအသင်း Chamber ကလည်း ဒီကုန်သည်တွေဆီကပဲ ပြန် ကောက်တယ်။ Direct tax (တိုက်ရိုက် အခွန်)ပေါ့။ နောက်တခါ Indirect tax (သွယ်ဝိုက် အခွန်) ဆိုတာ ရှိ သေးတယ်။ သူပုန်က Custom (အကောက်ခွန်)ကို တောင်းလိုက်တယ်။ ဥပမာ ပိုက်ဆံ ရူပီး ငါးသိန်းပေး ဆိုတော့ custom က ကုန်သည်ဆီက ပြန်ကောက်တယ်။ ရဲတို့၊ သစ်တောတို့ ဆီကလည်း ကောက်တယ်။ ဒီ (သူပုန်ကို)ပေးရတဲ့ ဌာနအားလုံး ကလည်း ကုန်သည်ဆီကပဲ ပြန်ကောက်တယ်” ဟု ရှင်းပြသည်။
ဤသို့ဖြင့် မဏိပူရပြည်နယ် မြို့တော် အင်ဖာမှ စီးဆင်းလာသော အိန္ဒိယကုန်ပစ္စည်းများမှာ မြန်မာနယ်စပ် အရောက်တွင် ဈေးနှုန်း များ တက်ကုန်ကြရသည်ဟု ဆိုသည်။
လက်ရှိ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် ပစ္စည်းအမျိုးအမည် ၄ဝ သာ ခွင့်ပြုထား၍ ထိုထက်ပို၍ တိုးမြှင့်ခွင့်ပြုသင့်ကြောင်း အိန္ဒိယ-မြန်မာ နယ်စပ် ကုန်သည်ကြီးများသမဂ္ဂမှ ဇွန်လ နှောင်းပိုင်းကတည်းက တောင်းဆိုထားသည်။
နှိုင်းယှဉ်ခြင်းအားဖြင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ကုန်ပစ္စည်းအမျိုးအမည် ၁၁,၆၉၂ မျိုး၊ တိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးတွင် ၃,၆၉၉ မျိုးနှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးတွင် ၆၃ မျိုး လွတ်လပ်စွာ ဖလှယ်နိုင်နေကြ သည်။
၂ဝ၁၁ ခုနှစ် ဧပြီမှ ဒီဇင်္ဘာလအတွင်းတွင် မြန်မာမှ အိန္ဒိယသို့ နယ်စပ်မှတဆင့် ဒေါ်လာ ၅ ဒဿမ ၉၈၉ သန်း တင်ပို့ခဲ့ ကာ အိန္ဒိယမှ မြန်မာသို့ ဒေါ်လာ ၄ ဒဿမ ၁၄၁ သန်းဖိုး တင်သွင်းခဲ့သဖြင့် နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၁ဝ ဒဿမ ၁၃ဝ သန်းဖိုး ရှိခဲ့သည်။ ထိုစဉ်တွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၂၁၈၃ ဒဿမ ၂၈၇ သန်း ရှိခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်တွင် ဒေါ်လာ ၂၂၈ ဒဿမ ၆ဝဝ သန်း ကုန်သွယ်ခဲ့ကာ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ဒေါ်လာ ၁၇ ဒဿမ ၃၄၂ သန်းဖိုး အသီးသီး ကုန်သွယ်နိုင်ခဲ့ကြသည်။
အိန္ဒိယ-မြန်မာ နယ်စပ် ကုန်သွယ်ရေး ဖြစ်ထွန်းအောင်မြင်ရေးအတွက် နှစ်ဘက်လုံးတွင် အားနည်းချက်များ ရှိနေပြီး တရုတ်ကုန် စည်များ ဈေးကွက်တွင် အထူးအောင်မြင်နေကြောင်းနှင့် ကန့်သတ်ကုန်စည်များ စာရင်း လျှော့ချရန် လိုကြောင်း အိန္ဒိယ ကုန်သည် ကြီးက ဆိုသည်။
“မြန်မာဘက်ကလည်း တချို့ကုန်တွေကို တရားဝင် လက်မခံဘူး။ ပစ္စည်းမှန်သမျှ စက်ဘီးတို့၊ ဆေးပစ္စည်း ဘာညာ အားလုံးကို ဖွင့်ပေးလိုက်၊ အကုန်လုံး တရားဝင် အခွန်ကောက်ပြီး ဖွင့်ပေးလိုက်။ အိန္ဒိယဘက်ကတော့ သူပုန်ပြဿနာ ပြေလည်သွား ရင်ကို ပြီးပါတယ်။ မြန်မာဘက်က သူတို့ပို့တဲ့ ပစ္စည်းကို တဖက်သတ် တရားဝင်လို့ သတ်မှတ်ထားတယ်။ မြန်မာအစိုးရက အကုန်လုံး အခွန်ကောက်ပြီးသား။ ဘယ်ယူသွားသွား ရသွားပြီ။ ၉ဝ ရာခိုင်နှုန်းက တရုတ်ပစ္စည်းတွေ ဝင်နေတယ်” ဟု မဇ္မျိမကို ပြောသည်။
ဖူးပွင့်စ မြန်မာ့ ဒီမိုကရေစီ ရောင်နီသန်းချိန်တွင် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် ဗျူဟာများ အိန္ဒိယမှ ကြိုတင်ချမှတ် နိုင်ရေး စက်တင်ဘာလ ၁၇ ရက်နေ့က နယူးဒေလီမြို့တွင် ဆွေးနွေးခဲ့ကြရာ အငြိမ်းစား ဒု-ဗိုလ်ချုပ်ကြီး Lt Gen. (retd) J.R. Mukherjee က နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး တွင် တရားမဝင် အခွန်များနှင့် ပါတ်သက်ပြီး ကိုင်တွယ်ရန် တိုက် တွန်းကြောင်း The Telegraph သတင်းစာတွင်လည်း ဖော်ပြပါရှိသည်။
“မြန်မာနဲ့ ကုန်သွယ်ရာမှာ စဉ်းစားရမယ့် တခုက အရှေ့မြောက် စစ်သွေးကြွများရဲ့ တရားမဝင် အခွန်ကောက်ခံမှုပဲ ဖြစ်ပါတယ်။ ကုန်တင်ယာဉ် တစီးဟာ မိုးရေးကနေ မြန်မာပြည်ကို တကြိမ် ဖြတ်သန်း ဝင်ရောက်တိုင်းပေးရတဲ့ ဆက်ကြေးနှုန်းထားပါ။ ဆို တော့ ကုန်ပစ္စည်းတွေ သယ်ဆောင်ဖို့ ၁ သိန်း။ အဲတော့ ကုန်ပစ္စည်းတန်ဖိုးဟာ နှစ်ဆ မြှင့်တက်သွားတာပေါ၊။ ဒီတော့ တရား ဝင် ကုန်သွယ်မှုထက် တရားမဝင် ကုန်သွယ်မှုက ကျော်တက်သွားတာပေါ့” ဟု ထောက်ပြ ပြောဆိုသွားသည်။
အဆင်းရဲဆုံးနိုင်ငံများစာရင်းဝင် မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံမှ ၂ဝ၁ဝ က ကြေညာခဲ့သော အထူး အကောက်ခွန် ခံစားခွင့် တွင် အကြုံးဝင်သည်။ ၂ဝဝ၉ တွင် လက်မှတ်ရေးထိုးထားသော အိန္ဒိယ-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူ စာချုပ်အရလည်း ခံစားခွင့်ရှိမည် ဖြစ်သည်။
မဏိပူရပြည်နယ်ရှိ မိုးရေး-တမူး နှင့် မီဇိုရမ်ပြည်နယ်ရှိ ဇိုးကထား-ရိဖ် တို့တွင် နယ်စပ်ကုန်သွယ်ရေး စီးဆင်းနေပြီး အဓိက လမ်းကြောင်းဖြစ်သည့် မိုးရေး-တမူးကို ဖြတ်သန်းကာ အရှေ့တောင်အာရှ နိုင်ငံများသို့ ဆိုက်ရောက်မည့် အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီးကို လေးလမ်းသွားအဖြစ် စတင်တိုးချဲ့လျက်ရှိနေပြီ ဖြစ်သည်။
ဖက်စပ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် အတွက် မြန်မာ စီးပွားရေး လုပ်ငန်းရှင်များနှင့် အိန္ဒိယ အရှေ့မြောက်ပြည်နယ် များမှ ကုမ္ပဏီ ၂၈ ခုတို့ သြဂုတ်လ ၃ဝ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ကြပြီး သြဂုတ်လ ၂၆ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ကလည်း အိန္ဒိယနိုင်ငံ မိုရေးမြို့နှင့် မြန်မာနိုင်ငံ မန္တလေး၊ မုံရွာ၊ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် အသီးသီး တွေ့ဆုံခဲ့ကြသည်။
၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယ-မြန်မာ ကုန်သွယ်မှုပမာဏမှာ ဒေါ်လာသန်း ၁,၈ဝဝ ရှိခဲ့ပြီး ပဲအမျိုးမျိုး၊ သစ်၊ သံနှင့် သံထည်၊ အသေးစား စက်ပစ္စည်း ကိရိယာနှင့် ဆေးဝါး စသည်တို့ ဖြစ်သည်။ ၂ဝ၁၅ တွင် နှစ်နိုင်ငံကုန်သွယ်မှုနှစ်ဆ တိုးမြှင့်ရန် နှစ်နိုင်ငံ ရည်မှန်းထားကြသည်။
Ref: မဇ္ဈိမ
မြန်မာ အဓိကရုဏ်းပုံများ ဝဘ်ဆိုက်တင်၍ အိန္ဒိယ ကျောင်းဆရာတဦး ဖမ်းဆီးခံရ
စက်တင်ဘာလ ၂၀ ရက် ၂၀၁၂ ခုနှစ်
အိန္ဒိယ အရှေ့မြောက် ပြည်နယ်သားများအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာ စေရန် လံှု့ဆော်မှု ဖြစ်စေခဲ့သည့် “၂ဝ၁၂ မြန်မာပြည် အဓိကရုဏ်း ရင်ဖိုဖွယ် ပုံများ” Burma Riots Thrilling Pictures 2012 အား အင်တာနက် ဝဘ်ဆိုက်တခုပေါ် လုပ်ကြံဖန်တီး၍ တင်ခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် အိန္ဒိယနိုင်ငံ၊ မုံဘိုင်းအခြေစိုက် ကျောင်းဆရာ တဦးအား အိန္ဒိယ သတင်းဆက်သွယ်ရေးဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
“ကျောင်းဆရာ ရှရစ် အာမဒ် ဘရှီး ဆီဒီကီ Sharif Ahmed Bashir Siddiqui ဟာ သူ့အိမ်က ကွန်ပျူတာကနေ ဒါတွေ ကို အင်တာနက်ပေါ် တင်နေတာ ဖြစ်တယ်” ဟု ဒု-ရဲမင်းကြီး ဆန်ဂျေး ရှင်ဒေး Sanjay Shinde အား ကိုးကား၍ ပီတီအိုင် သတင်းတရပ်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ(ရခိုင်ပြည်နယ်)အတွင်း အကြမ်းဖက်မှုများကို လီဆည် ပြုပြင်ထားသည့် အဆိုပါ ဗီဒီယိုများကို ကျောင်းဆရာ က သြဂုတ်လ အတွင်းက အင်တာနက်ပေါ်သို့ လွှင့်တင်ခဲ့ခြင်းဖြစ်သည်ဟု ရဲအရာရှိက ဆိုသည်။ အဆိုပါ ဗီဒီယိုများမှာ နောက်ပိုင်း တွင် မိုဘိုင်းဖုန်းများသို့ ပျံ့နှံ့သွားကာ ပူနေးမြို့နှင့် အခြား ဒေသများရှိ အိန္ဒိယ အရှေ့မြောက် ပြည်နယ်သား ကျောင်းသားများ အပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာစေသည့် အကြောင်းရင်း ဖြစ်သည်ဟုလည်း ဆိုသည်။
သိပံ္ပဘွဲ့ရ ကျောင်းဆရာမှာ မုံဘိုင်းမြို့အတွင်း ပုန်းအောင်းနေထိုင်ရာမှ ဗုဒ္ဓဟူးနေ့ ညနေပိုင်းကမှ သတင်းဆက်သွယ်ရေး ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါ လုပ်ကြံဗီဒီယိုများ ဆက်လက်မပြန့်ပွားစေရန် အိန္ဒိယ အစိုးရက အင်တာနက်စာမျက်နှာ ၂၄၅ ခုကို သြဂုတ်လ ၂၂ ရက် နေ့မတိုင်မီကတည်းက ပိတ်ပင်ခဲ့ရသည်။
အိန္ဒိယ အရှေ့မြောက်ပိုင်းရှိ အာသံပြည်နယ်နှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဒေသခံ တိုင်းရင်းသား များနှင့် မူဆလင် ဘာသာဝင်များအကြား အကြမ်းဖက်မှုများနှင့် တင်းမာနေမှု သတင်းများလည်း ထိုအတောအတွင်း ပျံ့နှံ့ခဲ့သည်။
အာသံပြည်နယ်တွင် ဒေသခံ ဘိုဒို တိုင်းရင်းသားများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာသည်ဆိုသော မွတ်ဆလင် များအ ကြား အကြမ်းဖက်မှုများ ဇူလိုင်လကတည်းက စတင်ဖြစ်ပွားခဲ့သည်။ သြဂုတ်လဆန်းပိုင်းတွင် သတ်ဖြတ်မှုများနှင့် မီးရှိုမှုများ ပြင်း ထန် သည်းသန်လာခဲ့ကာ အနည်းဆုံး လူ ၁ဝဝ ခန့် သေဆုံးခဲ့ရပြီး လူဦးရေ လေးသိန်းခန့်မှာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။
သြဂုတ်လ ၁၁ ရက်နေ့က မုံဘိုင်းမြို့ကြီးရှိ မူဆလင်များ သောင်းနှင့်ချီ၍ ငြိမ်းချမ်းစွာ ဆန္ဒပြကြစဉ် မသမာသူတစုက ဝင်ရောက် အကြမ်းဖက်၍ ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ရပြီး သတင်းမီဒီယာသမားများလည်း ရိုက်နှက်ခံခဲ့ရသည်။
၎င်းနောက်တွင် အရှေ့မြောက်ပိုင်းရှိ ပြည်နယ်သားများအပေါ် အကြမ်းဖက် တိုက်ခိုက်မည် ဟူသည့် ခြောက်ခြားဖွယ် ခြိမ်းခြောက်မှု များ ကောလာဟလအဖြစ် ဖေ့စ်ဘွတ်နှင့် မိုဘိုင်း မက်ဆေ့ခ်ျများမှတဆင့် ပျံ့နှံ့လာခဲ့သည်။
အစိုးရ တာဝန်ရှိသူများနှင့် ရဲဌာနမှ ထို ကောလာဟလများနှင့်ပတ်သက်၍ စိုးရိမ်ကြောင့်လန့်ခြင်း မရှိရန် ကတိကဝတ် များ ပြု ထားသော်လည်း မုံဘိုင်း၊ ဘန်ဂလို၊ ပူနေး၊ ချန်နိုင်း စသည့် ပြည်မကြီးရှိ မြို့များတွင် အရှေ့မြောက်ပြည်နယ်များမှ လာရောက် အလုပ်လုပ်ကိုင်နေသူများနှင့် ကျောင်းသူ ကျောင်းသားများမှာ ၎င်းတို့နေရပ်သို့ သောင်းနှင့်ချီ၍ ပြန်လည် ထွက်ခွါသွားခဲ့မှုများ ဖြစ်ပွားခဲ့ရသည်။
အိန္ဒိယ ပြည်ထဲရေးဌာနက ပိတ်ပင်လိုက်မှုကြောင့် အဆိုပါ Burma Riots Thrilling Pictures 2012 အား အင်တာနက်ပေါ်တွင် ကြည့်ရှု၍ မရတော့ပေ။
Ref: မဇ္ဈိမ
တရုတ်သင်္ဘောသား ၁၃ ဦး သတ်ဖြတ်မှု တရားရုံးတွင် နော်ခမ်း ငြင်းဆို
စက်တင်ဘာလ ၂၀ ရက် ၂၀၁၂ ခုနှစ်
လွန်ခဲ့သောနှစ်က မဲခေါင်မြစ်အတွင်း တရုတ် ကုန်တင်သင်္ဘော နှစ်စင်းအား ပစ်ခတ် တိုက်ခိုက်မှုနှင့် တရုတ်နိုင်ငံသား ၁၃ ဦး အား သတ်ဖြတ်မှုတို့ဖြင့် စွပ်စွဲဖမ်းဆီး၍ ရုံးတင် စစ်ဆေးခံနေရသော မူးယစ်ရာဇာ နော်ခမ်း က ၎င်းအနေဖြင့် ထိုတိုက်ခိုက်မှု အား စီစဉ်ခဲ့ခြင်း မရှိကြောင်း ငြင်းချက် ထွက်ဆိုလိုက်သည်။
ကြာသပတေးနေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်း တရားရုံး၌ ရုံးထုတ်စစ်ဆေးစဉ် စွပ်စွဲခံရသူ ခြောက်ဦးအနက်
ခေါင်းဆောင် နော်ခမ်းက ထိုသို့ငြင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း ဆင်ဟွာ သတင်းတရပ်တွင် ရေးသားပါရှိသည်။
“အဲဒီအချိန်တုန်းက အဲဒီအကြောင်းကို ကျနော် မသိပါဘူး။ သူတို့ ကျနော့်ကို မပြောပါဘူး။ နောက်ကျမှသာ ကျနော် သိရတာ ပါ” ဟု နော်ခမ်း က ထွက်ဆိုခဲ့သည်။
ရုံးမထုတ်မီက မီဒီယာများနှင့် တွေ့ဆုံစဉ်က ထိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ ဝန်ခံ ပြောဆိုခဲ့သော်လည်း တရားရုံးတွင်မှု ပြောင်း ပြန် ထွက်ဆိုလိုက်ခြင်း ဖြစ်သည်။
၎င်းတို့ ခြောက်ဦးအား နိုင်ငံတကာ လူသတ်မှု၊ မူယစ်ဆေးဝါးမှု၊ ပြန်ပေးဆွဲမှုနှင့် သင်္ဘော အပိုင်စီးမှုတို့ဖြင့် စွဲဆိုထားခြင်း ဖြစ် သည်။
၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့က မြန်မာ-လာအိုနှင့်ထိုင် သုံးနိုင်ငံ ဆုံသည့် ရွှေတြိဂံ နယ်မြေရှိ မဲခေါင်မြစ်ပေါ် တွင် တရုတ်အလံတင် သင်္ဘော နှစ်စင်းအား ထိုင်း ပါမောင်း အထူးတပ်ဖွဲ့မှ ရပ်တန့်စေရာမှ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ သည်။ ပစ်ခတ်မှုအတွင်း သင်္ဘောပေါ်ပါ တဦး သေဆုံးခဲ့သော်လည်း တရုတ်နိုင်ငံသား ၁၃ ဦး၏ အလောင်း များကို မြစ်အတွင်းမှ ဆည်ယူရရှိခဲ့သည်။
ထိုင်းအထူးတပ်ဖွဲ့ တပ်မှူး ဗိုလ်မှူးချုပ် ပရာခန် ချွန်လာယွတ် Prakarn Chonlayuth ၏ အဆိုအရ အဆိုပါ သင်္ဘော
နှစ်စင်းမှာ ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ပြီး ပြန်ပေးအဖွဲ့မှာ ရှမ်းလူမျိုး နော်ခမ်း ဦးစီးသော ဂိုဏ်းဖြစ်နိုင်ကြောင်း “အဲဒီဂိုဏ်းက
မြစ်ပေါ်မှာ သွားလာနေတဲ့ သင်္ဘောတွေကို ပြန်ပေးဆွဲလေ့ရှိပြီး ဆက်ကြေးတောင်းတယ်။ မပေးရင် သင်္ဘောသားတွေကို သတ်ပြီး မြန်မာနိုင်ငံက မူးယစ်ဆေးတွေကို ထိုင်းနိုင်ငံထဲ သွင်းဖို့ လှေကို ယူကြတယ်” ဟု ထိုစဉ်က ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားပါရှိသည်။
နောက်ပိုင်းတွင် ထိုတိုက်ခိုက် သတ်ဖြတ်မှုနှင့် ဆက်စပ်နေသူ ပါမောင်း အထူးတပ်ဖွဲ့ဝင် အရာရှိ ကိုးဦးကို ထိုင်းရဲက ဖမ်းဆီးခဲ့ပြီး လူသတ်မှုဖြင့် တရားစွဲဆိုခဲ့သည်။
သေဆုံးသူ တရုတ်များမှာ ‘Hua Ping’ နှင့် ‘Yu Xing 8 Hao’ အမည်ရှိ တရုတ်သင်္ဘော နှစ်စီးမှ ဖြစ်ပြီး Hua Ping ပေါ်မှ စိတ်ကြွဆေး ၅၂ဝ,ဝဝဝ ပြားနှင့် Yu Xing 8 Hao မှ ၄ဝဝ,ဝဝဝ ပြား မိခဲ့ခြင်းဖြစ်သည်။ ဖမ်းမိသည့် မူးယစ်ဆေးဝါး တန်ဖိုးမှာ ဘတ်ငွေ သန်း ၁ဝဝ ခန့်ရှိသည်ဟု ခန့်မှန်းထားသည်။
ထိုတိုက်ခိုက်မှု ဖြစ်ပွားပြီး မဲခေါင်မြစ်ကြောင်းအတွင်း သွားလာမှုကို လုံခြုံရေး နှစ်လကျော်ကြာ ရပ်နားထားခဲ့ရသည်။
မြန်မာစစ်တပ်အရာရှိကြီးများနှင့် နီးစပ်သူ စိုင်းနော်ခမ်းသည် ဘိန်းဘုရင် ခွန်ဆာ၏ MTA အဖွဲ့တွင် အုပ်ချုပ်ရေး အရာရှိတဦး ဖြစ်ခဲ့ဖူးကာ ခွန်ဆာ လက်နက်ချသွားပြီးနောက် တာချီလိတ်မြို့တွင် နေထိုင်ခဲ့သေးသည်။
၂ဝဝ၆ ခုနှစ်တွင် လက်နက်နှင့် စိတ်ကြွဆေးပြား သန်းနှင့်ချီ တွေ့ပြီးနောက် တာချီလိတ်တွင် မနေတော့ဘဲ မဲခေါင်မြစ် တွင်း သင်္ဘောများထံမှ ဆက်ကြေးကောက်နေကြောင်း ဒေသခံများနှင့် လေ့လာသူများက ပြောသည်။
နော်ခမ်းနှင့်အတူ ငါးဦးအား ယခုနှစ်အစောပိုင်းက တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း လေးနိုင်ငံ ပူးတွဲစစ်ဆင်ရေးဖြင့် ဧပြီလ ၂၅ ရက်နေ့က လာအိုနိုင်ငံတွင် ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံသို့ မေလ ၁ဝ ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ သည်။
မဲခေါင်မြစ်အတွင်း လုံခြုံရေးနှင့် ဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ပီကင်းမြို့တော်တွင် မြန်မာပြည်ထဲရေး ဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးကိုကို တက်ရောက်သည့် တရုတ်၊ လာအို၊ ထိုင်း၊ လေးနိုင်ငံ အစည်းအဝေးမှ ၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာ ၃၁ တွင် သဘောတူခဲ့ကြသည်။
မိုင်ပေါင်း ၃,၁ဝဝ ကျော် ရှည်လျားသည့် မဲခေါင်မြစ်သည် တရုတ်ပြည်နှင့် လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ ရေကြောင်း ကုန်သွယ်မှုတွင် အရေးပါသော မြစ်တစင်း ဖြစ်သည်။
Ref: မဇ္ဈိမ
ဖာပွန်မြို့နယ်မြောက်ပိုင်း လူဦးရေ တဝက်ကျော် တုတ်ကွေးဖြစ်ပွားနေ
ကွန်းချမ်း
စက်တင်ဘာလ ၂၀ ရက် ၂၀၁၂ ခုနှစ်
ကျန်းမာရေး ဝန်ဆောင်မှု အားနည်းသည့် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကျေးရွာအုပ်စု သုံးခုရှိ ရွာ ၁ဝ ရွာကျော်တွင် လူဦးရေ ထက်ဝက်ကျော်မှာ တုတ်ကွေးရောဂါ ဖြစ်ပွားလျက် ရှိပြီး စာသင်ကျောင်းများ ကိုလည်း ပိတ်ထားရကြောင်း နယ်လှည့် ကျောပိုး အိတ် ကျန်းမာရေး လုပ်သားအဖွဲ့ BPHWT ၏ အဆိုအရ သိရသည်။
အင်္ဂါနေ့တွင် ရရှိသည့်စာရင်းအရ ဖာပွန်မြို့နယ် မြောက်ပိုင်း ပလာ့ခို့၊ နော်ယိုထာ့နှင့် လယ်မူပလောကျေးရွာအုပ်စု သုံးခုရှိ လူဦးရေ ၂,ဝ၉ဝ ကျော်အနက် ၁,၄၆၇ ဦးတွင် ရောဂါလက္ခဏာ တွေ့ရှိရပြီး ထိုအထဲတွင် ကျောင်းသူ/သား ၄ဝဝ ကျော် ပါဝင်သည်ဟု BPHWT ဒါရိုက်တာ စောဝင်းကျော် က ပြောသည်။
ရောဂါလက္ခဏာအရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်သည့် Influenza-like illness (ILI) အမျိုးအစား တုတ်ကွေး ရောဂါ ဖြစ်ပြီး ယခုလလယ်ပိုင်းမှ စတင်ဖြစ်ပွားလျက် ရှိသည်ဟု BPHWT က ဆိုသည်။
“အခုထိ ကျနော်တို့ လိုအပ်နေတဲ့ ဆေးတွေကို ထပ်ပို့နေတုန်းပဲ။ အဲဒီကရင်ဒေသတွေက အအေးပိုင်းဒေသ ဖြစ်တဲ့ အတွက် အိမ်ကို အလုံပိတ်ပြီး ဆောက်ထားတာ တွေ့ရတယ်။ အလင်းရောင်နဲ့ လေဝင်လေထွက် ကောင်းကောင်း မရှိလို့ ကူးစက်တာ မြန်တယ်လို့ ပြောနိုင်တယ်” ဟု စောဝင်းကျော် က ပြောသည်။
ကျောင်းသူ/သား ထက်ဝက်ကျော်တွင် ၎င်းရောဂါများ တွေ့ရှိပြီးနောက် ကျောင်းများကို ပိတ်ခိုင်းထားရပြီး ကျန်းမာရေး ပညာပေး ခြင်းနှင့် ဖျားနာ သက်သာစတွင် အရေးကြီးကိစ္စမှ လွဲ၍ တရွာနှင့် တရွာ ကူးလူးသွားလာခြင်း မပြုကြရန်လည်း BPHWT က ဆော်သြထားသည်။
ရောဂါလက္ခဏာများမှာ ကိုယ်ပူခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်းတို့ ဖြစ်ပြီး အချိန်မီ မကုသနိုင်ပါက အသက်အန္တရာယ် စိုးရိမ်ဖွယ် ရှိကြောင်းလည်း သူက ဆက်ပြောသည်။
“ရောဂါရဲ့ သဘောသဘာဝက ကူးစက်မြန်တယ်။ လူတိုင်းကို ကူးစက်ဖို့လည်း အခွင့်အရေးများတယ်။ အသေအချာ မပြုစုဘူး ဆို ရင် နောက်ပိုင်း လူနာက အားနည်းပြီး အပြင်က ရောဂါတွေ ဝင်ရောက်နိုင်တယ်။ အဆုတ်ပွ၊ အဆုတ်ရောင် နမိုးနီးယားရောဂါ ပေါ့” ဟု စောဝင်းကျော် က ရှင်းပြသည်။
တုတ်ကွေးမှတဆင့် နမိုးနီးယားရောဂါ ခံစားရသည့် ဝေဒနာသည် ငါးဦးကို ကုသခဲ့ရပြီး စက်တင်္ဘာလ ၁၇ ရက်နေ့တွင် အသက် နှစ်နှစ်အရွယ် ကလေးမလေးတဦး နမိုးနီးယားဖြင့် သေဆုံးခဲ့ကြောင်းလည်း သူက ပြောသည်။
ဖာပွန်မြို့နယ်အတွင်း၌ ယခင်နှစ်များ ယခုကဲ့သို့ တုတ်ကွေးရောဂါ ဆိုးရွားစွာ ဖြစ်ပွားခြင်း မရှိကြောင်း၊ သို့သော်လည်း ၂ဝဝ၉ ခုနှစ်တွင် ဒေသခံ ၅ဝဝ ကျော်တွင် အမည်မသိ တုတ်ကွေးရောဂါ ကူးစက်ခဲ့ကြောင်း BPHWT ၏ မှတ်တမ်းအရ သိရသည်။
ထိုဒေသသည် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ လှုပ်ရှားရာဒေသ ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု ကြောင့် BPHWT မှ သွားရောက် ဖွင့်လှစ်ထားသည့် ဆေးခန်း နှစ်ခုမှ လွဲ၍ အနီးအနား ကျေးရွာများတွင် ဆေးပေးခန်း များ မရှိကြောင်း စောဝင်းကျော် က ပြောသည်။
Ref:
စရဖ နှင့် စစ်ကြောင်း၏ ညှဉ်းပန်းမှု သမ္မတထံ မိသားစု တိုင်ကြား
ဖနိဒါ
စက်တင်ဘာလ ၂၀ ရက် ၂၀၁၂ ခုနှစ်
ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ဆက်သွယ်မှုဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသော ကချင် စစ်ပြေးဒုက္ခသည် နှစ်ဦးအား အစိုးရ စစ်တပ်နှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ)တို့က မတရား ညှဉ်းပန်း နှိပ်စက်မှု၊ လူ့အခွင့်အရေး ချိုးဖောက် မှုတို့ကို ဖော်ထုတ် အရေးယူပေးရန် ကြာသပတေးနေ့ နံနက်က သမ္မတ ဦးသိန်းစိန် ထံ လိပ်မူ၍ မိသားစုဝင်များက တိုင်ကြား လိုက်သည်။
ဇွန် ၁၂ ရက်နေ့က မြစ်ကြီးနားမြို့ ခလရ ၃၇ ရှေ့တန်းစစ်ကြောင်း တပ်ဖွဲ့ဝင်များက တာလောကြီး ကျေးရွာတွင် ထိုနှစ်ဦး အား ဖမ်းဆီးခဲ့ပြီးနောက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက်ရှိ စရဖ မှ မတရား နှိပ်စက်သူများအား အရေးယူပေး ရန် တိုင်ကြားလိုက်ခြင်း ဖြစ်သည်။
ဖမ်းဆီးခံထားရသူ အချင်းချင်းတို့အား အဓမ္မ လိင်တူဆက်ဆံခိုင်းသည့် စရဖ တပ်ဖွဲ့ဝင် ငါးဦးအား ဖော်ထုတ်အရေးယူ ပေးရန်၊ ဖမ်းဆီးစဉ် ညှဉ်းပန်း နှိပ်စက်ခဲ့သော ခလရ ၃၇ မှ တာလောကြီးစစ်ကြောင်းအဖွဲ့နှင့် ပြည်သူ့စစ်တပ်ဖွဲ့များတို့ အား ဖော်ထုတ် အရေးယူပေးပါရန်နှင့် မမှန်မကန် စွဲဆိုထားမှုများအပေါ် အမှန်တရားကို စုံစမ်းရန်နှင့် တရားစွဲဆိုခြင်းကို အမြန်ရုတ်သိမ်းပေးပါရန် အချက်သုံးချက်ဖြင့် တိုင်ကြားလိုက်သည်။
“သူ့ကို တာလောကြီးမှာ KIO မဟုတ်ဘူးလို့ ငြင်းရင်လည်း ပါးရိုက်၊ သေနတ်နဲ့ ခေါင်းမှာ ထု၊ ဟိုဘက်က ထိုးလိုက်၊ ဒီဘက်က နောက်တယောက် ပြန်ထိုးလိုက်လုပ်တယ်။ ဒီ စရဖ ရုံးမှာ ပြန်ရောက်တော့ ယောက်ျား အချင်းချင်း လုပ်ခိုင်းတာကို မလုပ်ဘူးလို့ ပြောလည်း သေနတ်နဲ့ ထုတယ်။ ကျမ ယောက်ျားကို နှိပ်စက် ပြီးနောက် သူနဲ့အတူ ဖမ်းခံရတဲ့ လူကို ပြန်ခေါ်ပြီး သူတို့ နှစ် ယောက်ကို လုပ်ခိုင်းတယ်တဲ့” ဟု နှိပ်စက်ခံရသူ တဦး၏ဇနီး ဒေါ်ခေါန်က ပြောသည်။
မတရားနှိပ်စက်ခံရသူနှစ်ဦးမှာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)နှင့် ဗုံးခွဲမှုတို့ဖြင့် တရားစွဲဆိုခံထားရသည်။ မိသားစု ဝင်များက ဂုဏ်သိက္ခာ ထိန်းသိမ်းလိုသောအားဖြင့် ၎င်းတို့၏ အမည်များ ဖော်ထုတ်ရန် ငြင်းဆိုသည်။
စရဖ က ဖမ်းဆီးခံရသူ၏ အင်္ကျီများကို ချွတ်လိုက်ပြီး လက်ဝါးကပ်တိုင်တွင် သေဆုံးခဲ့သော သခင်ယေရှုကဲ့သို့ ပြုလုပ် ကာ အသေခံသည့် ပုံစံ လုပ်ခိုင်းခြင်း၊ ကျောက်ခဲစပေါ်တွင် ဒူးထောက်ခိုင်းခြင်း စသည့် မတရား နှိပ်စက်ခြင်းအမျိုးမျိုး တို့ကို ဖော် ထုတ် အရေးယူပေးရန် တိုင်းကြားလိုက်သည်ဟု တိုင်ကြားသူ ဒေါ်ခေါန်က မဇ္စျိမကို ပြောသည်။
“ခုလို စစ်ပြေးဒုက္ခသည်လို နေနေတဲ့အချိန်မှာ KIO ဆိုလို့ ခြေဦးတောင် မလှည့်ဖူးတာ ဘာလို့ KIO လို့ ဝန်ခံတာလဲလို့ မေး တော့ မဟုတ်ဘူးဆိုရင် ဒီအချိန်မှာ အသက်တောင် ရှိတော့မှာ မဟုတ်ဘူး။ သေသွားပြီလို့ ပြောတယ်။ ကျမယောက်ျားက တ ကယ်လည်း KIO မဟုတ်ပါဘူး” ဟု မဇ္စျိမကို ပြောသည်။
၎င်းတို့နှစ်အား လွန်ခဲ့သော သီတင်းပတ်က စစ်ဥပဒေချုပ် အဖွဲ့မှ လာရောက် စစ်ဆေးမေးမြန်းမှုများ ရှိခဲ့သည်ဟု ရှေ့နေ ဦးဂျီ မာခါး က ပြောသည်။
တိုင်ကြားစာကို နိုင်ငံတော် သမ္မတ အပြင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ပြည်နယ် ဝန်ကြီးချုပ်၊ ကချင်ပြည်နယ်နှင့် ရန်ကုန်မြို့ရှိ ကုလ ဒုက္ခသည်မျာိးုင်ရာ UNHCR ရုံး၊ ကုလ လူ့အခွင့်အရေး အထူးသံတမန် မစ္စတာ ကွင်တားနား၊ တရားဥပေဒစိုးမိုးရေးနှင့် တည်ငြိမ်ရေးကော်တီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၊ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများ၊ နိုင်ငံသားအခွင့်အရေး ဒီမိုကရေစီ အဖွဲ့အရေး အမျိုး သားလွှတ်တော်ကော်မတီ စသည့် အဖွဲ့များသို့ ပေးပို့လိုက်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းချုပ် MCC၊ မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းတော်များကောင်စီ၊ ကချင်နှစ် ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC၊ ကက်သလစ် အသင်းတော်တို့ သို့လည်း အဆိုပါ တိုင်ကြားစာကို မိတ္တူပို့လိုက် သည်။
ကချင်ပြည်နယ်တွင် အစိုးရနှင့် KIO တို့အကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက်ပိုင်း ၂ဝ၁၁ခုနှစ်၊ နှစ်ကုန်ပိုင်းမှ ယခုထိ ဖောက်ခွဲ မှု၊ KIO နှင့် ဆက်သွယ်သည့် မတရားသင်း ပုဒ်မ ၁၇(၁)တို့ဖြင့် မပခ လက်အောက်ခံ တပ်ဖွဲ့များနှင့် စရဖ တပ်ဖွဲ့များ ဖမ်းဆီး ခံထားရသူ စုစုပေါင်း ၇ဝ ကျော်ရှိသည်ဟု ရှေ့နေဂျီမာခါး က မဇ္စျိမကို ပြောဆိုထားသည်။
ထိုသို့ KIO နှင့် ဆက်သွယ်သည်ဟူ၍ အင်ဂျန်းကုန် စစ်ပြေးဒုက္ခသည်စခန်းမှ ဖမ်းဆီးခံထားရသူ ဦးဘရန်ရှောင်နှင့် ပတ်သက်၍မူ ၎င်း၏ ဇနီး ဒေါ်ဇညွယ်၊ ဒုက္ခသည် စခန်း တာဝန်ခံ ဆရာအောင်မြတ်၊ အင်ပွန်ကျေးရွာမှ ရွာလူကြီး၊ စရဖ ဗိုလ်ကြီး ကျော်စွာ လင်း နှင့် စရဖ၊ မြို့သစ်ကြီး အုပ်ချုပ်ရေးမှူး တို့အား စစ်ဥပဒေချုပ်အဖွဲ့မှ ဗုဒ္ဓဟူးနေ့က လာရောက် စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။
Ref: မဇ္ဈိမ
ငြိမ်းချမ်းရေးနေ့ ဆန္ဒပြလိုသူများ ဟန့်တားခံရ
လင်းကိုကိုထက်
စက်တင်ဘာလ ၂၁ ရက် ၂၀၁၂ ခုနှစ်
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိန်းအမှတ်အဖြစ် ပြည်တွင်းစစ်ပွဲများ ရပ်တန့်ရန်အတွက် နေပြည်တော်သို့ သွားရောက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မည့် သူများအား သက်ဆိုင်ရာက ခွင့်ပြုချက် မပေးသောကြောင့် ခရီးစဉ်ပျက်ပြယ်ခဲ့ရသည်။
သောကြာနေ့ နံနက် ၄ နာရီခန့်ကတည်းက ထွက်ခွာမည့်ကားများ အဆင်သင့် ရှိနေကြသော်လည်း ရဲများက အဆိုပါ မော်တော် ယဉ်လိုင်းကို ဖိအားပေးခဲ့ခြင်းကြောင့် ကားများထွက်ခွာခြင်း မရှိခဲ့ပေ။
ထို့ကြောင့် ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ အဖွဲ့ဝင် ၁၀၀ ကျော်ခန့်အနေဖြင့် ပြည်သူ့ရင်ပြင်ဘက်သို့ သွားရောက်ကာ စီတန်းလှည့် လည်မှုပြုလုပ်ရန် ထွက်ခွာခဲ့သော်လည်း စမ်းချောင်းမြို့နယ် ရဲစခန်းမှ စခန်းမှူး ဦးအောင်သိန်း က ၎င်းပိုင်နယ်အတွင်း စီတန်း လှည့်လည်မှုမပြုလုပ်ရန် ဟန့်တားမှုများ ပြုလုပ်ခဲ့သည်။
“နယူးမန္တလာထွန်းက ကား ငါးစီးလုံး ပြန်လှည့်သွားကြတယ်။ နေပြည်တော်အတွက်ပဲ စီတန်းလှည့်လည်ဖို့ စာတင်ထားတာ ဆို တော့ ပြည်သူ့ရင်ပြင်ရှေ့မှာ ဆက်ပြီး လမ်းလျှောက်ကြဖို့ကို ရဲတွေက ခွင့်မပြုဘူး။ အခုတော့ ပြည်သူ့ရင်ပြင်ရှေ့က ကားမှတ်တိုင် မှာပဲ ငြိမ်းချမ်းရေးကွန်ယက်က လူတွေရော၊ သတင်းထောက်တွေရော ရှိနေတယ်” ဟု အဆိုပါနေရာသို့ ရောက်ရှိနေသော သတင်းထောက်တဦးက မဇ္ဈိမ ကိုပြောသည်။
ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ပြင် ကားမှတ်တိုင်တွင် စုဝေးနေကြရပြီး ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂၀ ခန့်က ဆက်လက်သွားခွင့် မပြုတော့သောကြောင့် အဆိုပါနေရာ၌ပင် ရပ်တန့်လျက် ရှိနေကြသည်။
ရဲများက လူစုခွဲခိုင်းနေသော်လည်း အဖွဲ့ဝင် ၅၀ ကျော်ခန့်က နံနက်ပိုင်းအထိ ထိုနေရာမှ ထွက်ခွာသွားခြင်းမရှိ သေးပေ။
Ref: မဇ္ဈိမ
ခရီးသည်တင် CNG ယာဉ်လိုင်းများ၌ ဂတ်စ်အိုးအားလုံး ပြိုင်တူဖွင့်၍ အသုံးပြုရန်လို
ထက်အောင်ခန့် (မြစ်မခ)
20 Sep, 2012
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျှက်ရှိသော ယာဉ်လိုင်းများရှိ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များမှာ ကားများ တွင်တပ်ဆင်ထားသည့် CNG အိုးများအား စနစ်တကျ အသုံးမပြုတတ်သေးကြောင်း မထသ(ဗဟို)က သိရှိရသည်။
“သူတို့ဂတ်စ်ကိုအသုံးပြုပြီး မှားယွင်းနေတဲ့စနစ်က အိုးပိတ်တဲ့စနစ်ပါ။ အမှန်ကအိုးထဲမှာ ဂတ်စ်က တပြေးညီရှိနေရမယ်။ သုံးရင် လည်း တပြေးညီ သုံးရမယ်။ သူတို့ အသုံးပြုနေတာ တစ်လုံးကုန်ရင် တစ်လုံးပိတ်ပြီး နောက်တစ်လုံးကို ဖွင့်တယ်။ တကယ်အသုံး ပြုရမှာက အိုးတွေကိုအကုန်ဖွင့်ပြီးတော့ အသုံးပြုရမှာပါ” ဟု မထသ(ဗဟို)ရှိ စည်းကမ်းထိန်းသိမ်းရေးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
ဂတ်စ်အိုးများအား အသုံးပြုရာတွင် ဂတ်စ်များ တပြေးညီလျော့သွားစေရန် အိုး အားလုံးကို အကုန် ဖွင့်ထားရမည်ဖြစ်ပြီး ထို့နောက် ဂတ်စ်အနည်းအများသိရှိစေရန်အတွက် မီတာဘားကို ကြည့်ရှုရမည် ဖြစ်သည်။
ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအနေဖြင့် မီတာဘားများကြည့်ရှုသည့် အလေ့အထမရှိကြောင်းကိုလည်း သိရှိရသည်။
“CNG ဂတ်စ်ဟာ လေထက် ပေါ့တဲ့အတွက် မီးနှင့်မတွေ့ရင် အန္တရယ်မရှိပါဘူး။ သူ့ဘာသာသူကြာရင် အငွေ့ပျံသွားမှာပါ။ မီးနဲ့ မတွေ့သေးသမျှ လူတွေကို အန္တရယ်မဖြစ်ပါဘူး။”ဟု ဗဟိုစည်းကမ်းထိန်းသိမ်း ရေးဋ္ဌာနမှ ဦးကာကျော်က ပြောသည်။
CNG အသုံးပြုပုံနှင့်ပတ်သက်၍ MOGE မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ ဌာနမှ ကျွမ်းကျင်ဝန်ထမ်းများက မထသမှ ယာဉ်လုပ်သားများအား အခြေခံသင်တန်း၊ မွမ်းမံသင်တန်းခေါ်ယူစဉ်ကာလ၌ သင်ကြားပေး လျှက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း ဂတ်စ်အသုံးပြုပုံလွဲမှားနေမှုအား တွေ့ရှိပါက အကြံပြုနိုင်ကြောင်း မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ဆိုသည်။
စက်တင်ဘာ(၉)ရက်နေ့က စစ်မှုထမ်းဟောင်း(အတွင်း) ယာဉ်လိုင်းမှ ယာဉ်အမှတ်(ထ/၈၇၅)သည် ဂတ်စ်အိုးမှ ပိုက်ချို့ယွင်း ကာ ဂတ်စ်ငွေ့များ ထွက်လာသည့်အတွက် လမ်းကြုံလိုက်ပါလာသော ယာဉ် ပေါ်တွင် ပါရှိသည့် ခရီးသည်(၃)ဦးမှာ အထိတ် တလန့်ဖြစ်ကာ ကားပေါ်မှ ခုန်ဆင်းသည့် အတွက် ကျား(၁) ဦးမှာ သေဆုံးသွားပြီး၊ မ (၁) ဦး ကျား (၁) တစ်ဦးမှာ ဒဏ် ရာရရှိသွားကြောင်း သိရသည်။
မထသ(ဗဟို)နှင့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ ဌာနမှ ကျွမ်းကျင်ဝန်ထမ်းများဖြင့် စည်းကမ်းချက်များချမှတ်ကာ ခရီးသည်တင်ယာဉ်များအား လိုက်လံစစ်ဆေး အရေးယူလျှက်ရှိကြောင်း သိရသည်။
အဆိုပါ ခရီးသည်တင်မော်တော်ယာဉ်များအား ၂၀၀၅ ခုနှစ်မှ စတင်ပြီး CNG မော်တော်ယာဉ်များအဖြစ် စတင်ပြောင်းလဲ တပ်ဆင်ခဲ့ခြင်းဖြစ်သည်။
Ref: မြစ်မခ
ငြင်းပယ်ခံခဲ့ရသော်လည်း ကချင်ငြိမ်းချမ်းရေးကွန်ယက်က ဆန္ဒထုတ်ဖော်မည်
ဝင့်သင်ဇာကျော် (မြစ်မခ)
20 Sep, 2012
စက်တင်ဘာလ (၂၁)ရက်နေ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် တောင်းခံစာကို နေပြည်တော် ဥတ္တရသီရိမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ငြင်းပယ်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ငြင်းပယ်စာထုတ်ပြန်ခဲ့သော်လည်း စီတန်းလှည့်လည်မည့် အစီအစဉ်မှာ ပျက်ပြယ်သွားမည် မဟုတ်ကြောင်း ကချင်ငြိမ်း ချမ်းရေးကွန်ယက်မှ ကိုဂျော်ဂွန်းက ဆိုသည်။
“ဘယ်လိုပဲကန့်ကွက် ကန့်ကွက် ကျွန်တော်တို့အစီအစဉ်ပျက်မှာ မဟုတ်ပါဘူး၊ ဆက်ပြီး ဆန္ဒပြမှာပါ “ဟု ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ ကိုဂျော်ဂွန်းက ပြောသည်။
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေအရ ထုတ်ပေးသော ခွင့်ပြုမိန့် အပြင် မြို့နယ်၏ လိုအပ်ချက် အရ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ငြိစွန်းနေခြင်းကြောင့် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။
အဆိုပါ ငြင်းပယ်ခြင်းနှင့်စပ်လျဉ်း၍ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ(၉)အရ အယူခံ ၀င်နိုင်ကြောင်းကိုလည်း သိရှိရသည်။
အဆိုပါကိစ္စနှင့် နေပြည်တော် ဥတ္တရသီရိမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေကြား ခြင်း မရှိပေ။
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ရန်ကုန်နှင့်နေပြည်တော်တွင်ပြုလုပ်မည့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့် လည် ခွင့်ကို ငြင်းပယ်ခံခဲ့ရသော်လည်း ကချင်ငြိမ်းချမ်းရေးကွန်ယက် နှင့်အခြားအဖွဲ့ဝင်များက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သွားကြမည် ဖြစ်သည်။
“သူတို့ကခွင့်မပြုဘူးလို့တော့ ပြောတယ်၊ ဘာလို့ခွင့်မပြုဘူးလဲဆိုတော့ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူးဆိုတာပဲ ပြန်ဖြေပါတယ် ဒါပေမဲ့ ကျွန်မတို့အနေနဲ့ ခွင့်ပြုသည်ဖြစ်စေ ၊ ခွင့်မပြုသည် ဖြစ်စေ လုပ်ဖို့ အစီအစဉ်ရှိပြီးသားပါ။ “ဟု ကချင်ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့မှ မဖြူဖြူ ခေါန်တွယ်က ပြောသည်။
ကချင်ငြိမ်းချမ်းရေးကွန်ယက်မှဦးဆောင်ပြီးးရန်ကုန်မြို့နှင့် နေပြည်တော်တွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်း လှည့် လည်ခြင်းအာ သက်ဆိုင်ရာ အာဏာပိုင်များက ငြင်းပယ်ထားသည့်ကြားမှ အစီအစဉ်မပျက် ဆက်လက်ဆန္ဒပြသွားမည်ကိုလည်း ထိုင်းနိုင်ငံရောက် ကချင်အဖွဲ့အစည်းများကထောက်ခံအားပေးကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရှိရသည်။
“ဒီလိုဆန္ဒပြရတာကလဲ ကိုယ့်ပြည်တွင်းမှာ မငြိမ်းချမ်းသေးတာကို ပြည်သူပြည်သားအနေနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတာပဲ အကြမ်းဖတ်တာ မဟုတ်ဘူး၊ ရိုင်းပြတဲ့အပြုသဘောလည်း မဟုတ်ဘူး၊ အဲ့ဒါကြောင့် မြန်မာပြည်ငြိမ်းချမ်း ဖို့ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့နေ့မှာ ငြိမ်းချမ်းစွာဆန္ဒပြတာကို အားပေးပါတယ်။ “ဟု ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံမှ တာဝန်ခံ မွန်းနေလီ က ပြောသည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ပြည်တွင်းစစ်ရပ်တန့်ရေးနှင့် ပဋိပက္ခများ ငြိမ်းချမ်းစေရန်အတွက် ရန်ကုန် နှင့် နေပြည် တော်တွင် ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ဦးဆောင်ဆန္ဒထုတ်ဖော်မည်ဖြစ်သော်လည်း ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် သတင်းစာရှင်း လင်းပွဲ တစ်ရပ် ပြုလုပ်မည်ဖြစ်ကြောင်းကိုလည်း သိရသည်။
“ခါတိုင်းနှစ်တွေကတော့ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့နေ့မှာ ငြိမ်းချမ်းရေးအခမ်းအနား လုပ်ဖြစ်တယ်ပေါ့၊ ဒါပေမဲ့ဒီနှစ် တော့ ရက်ကအရမ်းနီးကပ်လာတာကြောင့် သတင်းစာရှင်းလင်းပွဲလောက်ပဲ လုပ်ဖြစ်မှာပါ။ သတင်းစာရှင်းလင်းပွဲကလည်း ရက် ရွှေ့ဖြစ်မယ်ထင်တယ်။ သိပ်တော့ မသေချာသေးဘူး “ ဟု မွန်းနေလီက ဆက်ပြောသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ရောက်ရှိနေသော ဘန်ကချင်အဖွဲ့အစည်းအနေဖြင့်လည်း အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ တွင် မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး ရရှိလိုကြောင်းနှင့် မြန်မာနိုင်ငံအတွင်း ပြုလုပ်မည့် ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ငြိမ်းချမ်းစွာစုဝေးခွင့် ကို ထောက်ခံအားပေးကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရှိရသည်။
“ကျွန်တော်တို့လဲ ငြိမ်းချမ်းရေးကို အလွန်လိုလားပါတယ်။ အခုလိုငြိမ်းချမ်းစွာစုဝေးပြီး ဆန္ဒဖော်ထုတ်တာကိုလည်း အားပေးတယ်။ သက်ဆိုင်ရာအာဏာပိုင်တွေက အခုလိုဆန္ဒထုတ်ဖော်ဖို့ စာတင်ထားတာတောင်မှ ငြင်းပယ်တယ်ဆိုတာက သူတို့အကျင့်ပဲလေ “ ဟု Pan Kachin Development Society မှ ဒုတိယအတွင်းရေးမှူး ဂျုံဘိုင်းက ပြောသည်။
မြန်မာနိုင်ငံ ကချင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသော စစ်ဘေးဒဏ်ကြောင့် ဒုက္ခသည်(၇)သောင်းဝန်းကျင်ခန့်ရှိပြီဖြစ်သည်။ စစ်ပွဲ ကြောင့် သေကျေကြသူမှာလည်း သောင်းဂဏန်းဝန်းကျင်အထိ ရှိလာကြောင်း ကချင်အဖွဲ့အစည်းအချို့ထံက သိရှိရသည်။
Ref: မြစ်မခ
အခွင့်ကြုံက ဆက်လုပ်ဦးမည်ဟုဆိုသည့် ပါဖောမန့်အနုပညာတင်ဆက်သူ
မင်းမင်းလတ်(မြစ်မခ)
20 Sep, 2012
မန္တလေးချမ်းအေးသာစံမြို့နယ် အမှတ်(၈)ရဲစခန်းမှ ခေတ္တခေါ်ယူမေးမြန်းခြင်းခံရသော ပါဖောမင့် အနုပညာတင်ဆက်သူ စူးမြင့် သိန်းအား တစ်နာရီခွဲခန့်ခေါ်ယူမေးမြန်းခဲ့ပြီးနောက် ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်သည်။
ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ပြုလုပ်သောငြိမ်းချမ်းရေးသရုပ်ဖေါ်ခဲ့ခြင်းကြောင့် ယခုလိုခေါ်ယူ မေးမြန်းခံခဲ့ ရခြင်းဖြစ် သည်။
တစ်နာရီခွဲခန့် မေးမြန်းမှုများပြုလုပ်ပြီးနောက် စခန်းမှပြန်ထွက်လာသောစူးမြင့်သိန်းကို မီဒီယာသမားများက (၃)မိနစ်ခန့် တွေ့ဆုံ မေးမြန်းခွင့်ရခဲ့သည်။
“ကျန်းမာရေးကြောင့်ပါတဲ့၊ ကျွန်တော့်ကို ရဲမှူးကြီးက ပြောပါတယ် ဒီမှာအေးအေး ဆေးဆေး အနားယူပါလို့ ပြောတယ် ခံဝန် လက်မှတ်တော့ မထိုးခဲ့ရဘူး ၊ကိုယ်ရေးအကျဉ်းဖြည့်ခဲ့ရတယ်” ဟု ၄င်းက အမှတ်(၈) ရဲစခန်း အပေါက်တွင်ဖြေကြားခဲ့သည်။
အနုပညာတင်ဆက်သူ စူးမြင့်သိန်းတွင် ကျန်းမာရေးတစ်စုံတစ်ရာယိုယွင်းမှု မရှိကြောင်း ၎င်းကိုယ်တိုင်က ပြောကြားခဲ့သည်။
“ဘာမှ မရှိပါဘူး ၊ အားလုံးကောင်းပါတယ်။ သူတို့ကတော့ စိုးရိမ်လို့ရပ်ခိုင်းတာလို့ ပြောတယ်” ဟု ဆက်လက် ပြောကြားသည်။
တစ်ကမ္ဘာလုံးစစ်ပွဲတွေဖြစ်ပွားနေတာ၊ လူတွေငြိမ်းချမ်းဖို့ ၊ဒေါသတွေငြိမ်း သွားအောင်လို့ တင်ဆက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အဆိုပါကိစ္စနှင့်ပတ်သတ်၍ မန္တလေးမြို့မှ အနုပညာသမားတစ်ဦးဖြစ်သူ ညီပုလေးကစိတ်ချမ်းသာမှုများရှိမှ အနုပညာများ ဖန်တီး နိုင်မှုရှိမည်ဖြစ်ကြောင်းဒီမိုကရေစီခေတ်တွင် လွတ်လပ်စွာ အနုပညာဖန်တီးနိုင်ခွင့်ရှိရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
“ပန်းချီပြပွဲတွေမှာလဲ ပြသခွင့်မရတဲ့ ကားတွေရှိတယ် ၊ဒီလိုမျိုးတွေ ရှိနေရင် အနုပညာတင်ဆက်မှုတွေ လျော့လာနိုင်တယ်” ဟု ညီပုလေးကပြောကြားသည်။
အနုပညာတင်ဆက်မှုများကြောင့် ယခုအကြိမ်သည် (၃)ကြိမ်မြောက်ခေါ်ယူမေးမြန်းခြင်းဖြစ်ပြီး ပြီးခဲ့သည့် အကြိမ်ကမလေးရှား နိုင်ငံသားများနှင့်အတူ မန္တလေးကျုံးဘေးတွင် ပြုလုပ်ခဲ့သောအနုပညာတင်ဆက်မှုတွင်လဲ စူးမြင့်သိန်းအား ခေါ်ယူမေးမြန်း ခြင်းခံခဲ့ ရပြီးတရားရုံးတင်ရန်အထိ ကြိုးစားခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စများနှင့်ပတ်သတ်၍ ချမ်းအေးသာစံမြို့နယ်အပိုင်အမှတ်(၈)ရဲစခန်းမှ တာဝန်ရှိသူများကို တွေ့ဆုံခွင့် တောင်းခံခဲ့သော လည်းမီဒီယာနှင့် တွေ့ဆုံရန် ငြင်းဆန်ခဲ့သည်။
“ကျွန်တော်ကတော့ ပါဖောမင့်အနုပညာသမားပါ နောက်ထပ် အခွင့်အရေးကြုံရင်ဆက်လုပ်သွားမှာပါ”ဟု အနုပညာတင်ဆက်သူ စူးမြင့်သိန်းက ပြောကြားခဲ့သည်။
Ref: မြစ်မခ
အာဆီယံနိုင်ငံများနှင့်နှိုင်းစာပါက လိုအပ်ချက်ရှိနေသေးသည့် နိုင်ငံခြားငွေရင်းနှီးမှုဥပဒေမူကြမ်း
မြတ်မိုးကျော်(မြစ်မခ)
20 Sep, 2012
မြန်မာနိုင်ငံတွင် ပြဌာန်းထားသည့် နိုင်ငံခြားငွေရင်းနှီးမှု ဥပဒေမူကြမ်းမှာ အာဆီယံနိုင်ငံများအတွင်းက ဥပဒေနှင့်နှိုင်းယှဉ်ပါက ကန့်သတ်ချက်များပြားလွန်းနေခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူနိုင်ငံခြားဦးရေ နည်းပါးနေခြင်းဖြစ်ကြောင်း ပညာရှင်များနှင့် လုပ်ငန်းရှင် များထံက သိရှိရသည်။
အာဆီယံအဖွဲ့ဝင် (၁ဝ)နိုင်ငံအနက် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူနှင့် ဗီယက်နမ်နိုင်ငံ များ၌ နိုင်ငံခြားသားများ အတွက် အနိမ့်ဆုံးရင်းနှီးမြှုပ်နှံရမည့် ငွေကြေးပမာဏကို သတ်မှတ် ကန့်သတ် ထားခြင်း မရှိသည့်အပြင် ကျန်နိုင်ငံများအနက် အမြင့်ဆုံးဖြစ်သည့် လာအိုနိုင်ငံ၌ပင် အနိမ့်ဆုံး မြုပ်နှံရမည့်ငွေပမာဏကို ဒေါ်လာသုံးသိန်းသာ သတ်မှတ်ထားကြောင်း သိရှိရသည်။
ပြည်တွင်းမှလုပ်ငန်းရှင်များက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများတိုးပွားလာခြင်းမှာ ကောင်းမွန်သော်လည်း ပြည်တွင်းမှလုပ်ငန်းရှင်များ ရှယ်ယာပိုင်ဆိုင်မှုနည်းပါးလာမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရှိရသည်။
လွှတ်တော်နှစ်ရပ်လုံးတွင် ဆွေးနွေးအတည်ပြုပြီးဖြစ်သည့် သမ္မတဦးသိန်းစိန်ထံပေးပို့ထားသော ဥပဒေမူကြမ်းတွင် နိုင်ငံခြားသား များအနေဖြင့် အနိမ့်ဆုံးအမေရိကန်ဒေါ်လာ ငါးသန်းရင်းနှီးမြှုပ်နှံ ရမည်ဟုပါရှိပြီး မြန်မာနိုင်ငံ သားလုပ်ငန်းရှင် များနှင့်ဖက်စပ်လုပ် ကိုင်လိုပါက နိုင်ငံခြားသားလုပ်ငန်းရှင် ဘက်မှအရင်းအနှီး၏ အနည်းဆုံး ၃၅ ရာခိုင်နှုန်းမှ အများဆုံး ၄၉ ရာခိုင်နှုန်းအထိ ထည့် ဝင်ခွင့်ရှိသည် ဆိုသည့်အချက်အား အဓိကထား ထောက်ပြကြသည်။
“အခုလိုမျိုး ဖွင့်ပေးလာတာ ကောင်းပါတယ်၊ ဒါပေမဲ့ ပြည်တွင်းကလုပ်ငန်းရှင်တွေအတွက်လည်း နေရာလေးတော့ ကျန်သင့်ပါ တယ်၊ အခုကြားတာက တဖြည်းဖြည်းနဲ့ ဖြေလျှော့ပေးမယ်လို့ကြားတယ်၊ အဲလိုဆိုရင် အစကတည်းက အားနည်းနေတဲ့ ပြည်တွင်း က လုပ်ငန်းရှင်တွေအတွက် ထိခိုက်နိုင်တာ ပေါ့၊ ဒါပေမဲ့ တခြားဘက်က ကြည့်ရင်လည်း နိုင်ငံတကာနဲ့ ရင်ဘောင်တန်း နိုင်ဖို့ ဆိုရင် ဒီလောက်တော့ အဆုံးရှုံးခံရမယ်လို့တော့ ထင်တယ် ’’ဟု စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူတစ်ဦးက ၄င်း၏အမြင်ကို ပြောသည်။
ထို့ဥပဒေကြောင့် ဖက်စပ်လုပ်ကိုင်လိုသော်လည်း နိုင်ငံခြားသားက အနည်းဆုံး ၃၅ရာခိုင်နှုန်း မတည် ပိုင်ဆိုင်ရမည် ဟု ပြဌာန်း ပါက မြန်မာလုပ်ငန်းရှင်က ဖက်စပ်လုပ်ငန်း တစ်ခုလုံး(၁၀၀ ရာခိုင်နှုန်း) ကို ဝယ်ယူခွင့်မရှိတော့သည့် ကိန်းသေပြဌာန်း ချက် ဖြစ် သဖြင့် မြန်မာနိုင်ငံသားများ၏ လုပ်ငန်းချဲ့ထွင် နိုင်မှုကို ချုပ်ချယ်လိုက်သလို ဖြစ်စေမည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ယူဆ နေကြသည်။
ထို့အပြင် နိုင်ငံခြားသားက ဖက်စပ်လုပ်ငန်း၏ အများဆုံး ၄၉ ရာခိုင်နှုန်းအထိသာ ပိုင်ဆိုင်ရမည်ဟု ပြဌာန်းပါကလည်း မြန်မာ လုပ်ငန်းရှင်များအတွက် ၅၁ ရာခိုင်နှုန်းအထိ ငွေမလိုက်နိုင်မည်ကို စိုးရိမ်သူများလည်းရှိနေကြောင်းကိုလည်း သိရှိရသည်။
ထိုဥပဒေမှာ ရင်းနှီးမတည်ငွေ အမြောက်အများတတ်နိုင်သည့် မြန်မာလုပ်ငန်းရှင်အနည်းစု အတွက် သာ အလုပ်ဖြစ်ပြီး အငယ်စား နှင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြား လုပ်ငန်းရှင်နှင့် လက်တွဲလုပ်ကိုင်ခွင့် ဆုံးရှုံးလိမ့်မည်ဟု လုပ်ငန်းရှင် အချို့က ယုံကြည်နေကြသည်။
ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုဥပဒေသည် ပြည်တွင်းလုပ်ငန်းရှင်လူနည်းစုကိုသာ အကျိုးပြုပြီး ကျန်လူများစု အတွက်မူ ပိုမိုဆုံးရှုံးမှုများ ဖြစ်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။
ထို့ကြောင့် ပြဌာန်းထားသော ဥပဒေကို အနည်းငယ်ပြောင်းလဲရန် လိုအပ်သေးကြောင်း မြန်မာ့စီးပွား ရေးဦးပိုင်က စီးပွားရေး ဆိုင်ရာ ပညာရှင်တစ်ဦးက သုံးသပ်ခဲ့သည်။
Ref: မြစ်မခ
ကြုံတွေ့ရတော့မည့် ကျပ်ငွေ (၄၇၀)ဘီလီယံခန့်အား ဈေးကွက်မှ ဆွဲထုတ်ခံရမည့်အရေး
မြစ်မခ
by Myit Makha Mediagroup on 20 Sep, 2012
ယခုစက်တင်ဘာလကုန်ပိုင်းတွင် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ရသောကုမ္ပဏီနှင့် လုပ်ငန်းများမှ တစ်စုလျှင် ကျပ်ငွေ (၄၇) ဘီလီ ယံ ခန့်စီ နိုင်ငံတော်သို့ paid-up capital အဖြစ် တင်ရမည်ဖြစ်သော်လည်း မည်သည့်ပုံစံဖြင့်ငွေများအား အပ်နှံရမည်ကို တရားဝင်ထုတ်ပြန်ကြေငြာခြင်း မရှိသေးကြောင်း AGD ဘဏ်က သိရှိရသည်။
အာမခံလုပ်ငန်းလုပ်ကိုင်ရန် လျှောက်လွှာတင်ဒါခေါ်ယူရာတွင် ကုမ္ပဏီ(၂ဝ)လျှောက်ထားရာ ကုမ္ပဏီ(၁၂)ခုအား စက်တင်ဘာလ (၅)ရက်နေ့ က မြန်မာ့အာမခံလုပ်ငန်းမှရွေးချယ်ခဲ့ပြီး အဆိုပါ ကုမ္ပဏီ(၁၂)ခုအနက် ဘဏ်(၄)ခု ပါဝင်သည်။
စက်တင်ဘာလ(၇) ရက်နေ့မှ စက်တင်ဘာလ(၂ဝ)ရက်နေ့ အထိ အဆိုပါကုမ္ပဏီများအား မှတ်ပုံတင်မည်ဖြစ်ပြီးအာမခံလုပ်ငန်း လိုင်စင်ကို(၁၅)ရက်အတွင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ အာမခံလုပ်ငန်းက သိရှိရသည်။
ယခုအာမခံကုမ္ပဏီအဖြစ် ရွေးချယ်ခံရသော ကုမ္ပဏီများသည် အာမခံငွေများကို အောက်တိုဘာလ (၂၇)ရက်နေ့ တွင် ပြင်ဆင် ထားရမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်း ဥက္ကဌ ဦးအေးမင်းသိန်းက ဆိုသည်။
အသက်အာမခံကုမ္ပဏီဖြစ်ပါက သန်း ခြောက်ထောင် Deposit တင်ရမည်ဖြစ်ပြီး အထွေထွေ အာမခံကုမ္ပဏီဖြစ်ပါက သန်း လေးသောင်း Deposit တင်ရမည်ဖြစ်သည်။
''အသက်အာမခံရော အထွေထွေအာမခံပါက ပြုလုပ်ရင် သန်းပေါင်းလေးသောင်း ခြောက်ထောင် ဘဏ်ကိုသွင်းရမှာ ဖြစ်ပါ တယ်။ လျော်ကြေး တကယ်တမ်းပေးရမယ်ဆိုရင် ထွက်ပြေးသွားမှာစိုးလို့ ခိုင်မာမှုယူတဲ့ သဘောပါ။'' ဟု မြန်မာ့ အာမခံ လုပ်ငန်း ဥက္ကဌ ဦးအေးမင်းသိန်းက ဆိုထားသည်။
အဆိုပါ ကုမ္ပဏီနှင့်လုပ်ငန်းများက အာမခံကြေးငွေ တင်သွင်းကြမည်ဖြစ်သဖြင့် ကျပ်ငွေ (၄၇၀)ဘီလီယံခန့်မှာရုတ်တရက် ဈေး ကွက်မှ ဆွဲထုတ်ခံရမည်ဖြစ်သည်။
လုပ်ငန်းလုပ်ကိုင်ခွင့်ရသော အဖွဲ့အစည်းများမှ ထည့်ဝင်ရမည့် ငွေကြေးကို နိုင်ငံခြားငွေဖြင့် လက်ခံပေးခြင်း(စာရင်းပြောင်း နည်း ဖြင့်) သို့မဟုတ် ပုဂ္ဂလိကဘဏ်များသို့ အပ်နှံစေခြင်းပြုလုပ်လျှင် ဈေးကွက်သို့ သက်ရောက်မှုပိုမိုနည်းပါးနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က သုံးသပ်ကြသည်။
အဆိုပါ Deposit တင်သည့်ငွေများအား မြန်မာ့စီးပွားရေးဘဏ်သို့ ထည့်သွင်းရမည်ဖြစ်သည်။
" အာမခံလုပ်ငန်းကုမ္ပဏီတွေ Deposit တင်ဖို့ ငွေကို မြန်မာ့စီးပွားရေးဘဏ်မှာပဲ ကျွန်တော်တို့ ထည့်ခိုင်းမှာပါ ဖြစ်ပါတယ်။" ဟု မြန်မာ့အာမခံလုပ်ငန်း ဥက္ကဌ ဦးအေးမင်းသိန်းက ပြောသည်။
နိုင်ငံပိုင်ဘဏ် (သို့မဟုတ်) ဗဟိုဘဏ်သို့ အပ်နှံလျှင် ၄င်းငွေများသည် ငွေသေများဖြစ်နိုင်သကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း မလိုအပ်ဘဲအတိုးပေးရခြင်းများကြုံတွေ့ရမည်ဟု AGDက ဆိုထားသည်။
နိုင်ငံခြားငွေဖြင့်လက်ခံပေးလျှင် ပြည်တွင်းရှိနိုင်ငံခြားငွေဈေးကွက်ကို ထိခိုက်မှုနည်းနိုင်သကဲ့သို့၊ ပုဂ္ဂလိကဘဏ်များသို့ စာရင်းသေ အပ်ငွေအဖြစ် တစ်နှစ်၊ နှစ်နှစ်အပ်နှံစေပါက ပုဂ္ဂလိကဘဏ်များမှ အခြားငွေကြေးလိုအပ်နေသော လုပ်ငန်းရှင် များသို့ ပြန်လည် ထုတ်ချေးမည်ဖြစ်သဖြင့် ၄င်းငွေများသည် ဈေးကွက်အတွင်း ပြန်ရောက်လာပြီး လည်ပတ်နိုင်လိမ့်မည်ဟု စီးပွားရေးလုပ်ငန်းရှင် များက ဆိုကြသည်။
Ref: မြစ်မခ
ယုဇနစားအုန်းဆီစက်ရုံမှ ညှိနှိုင်းချက်အတိုင်း ဆောင်ရွက်ခြင်းမရှိက လွှတ်တော်တင်မည်
ယမင်း(မြစ်မခ)
20 Sep, 2012
ယုဇနစားအုန်းဆီစက်ရုံမှထွက်ရှိသော ဘေးထွက်ဆိုးကျိုးများအတွက် စက်ရုံပိုင်ရှင်မှ ညှိနှိုင်းဆွေးနွေးသည့်အတိုင်း ဆောင်ရွက် ပေးခြင်းမရှိပါက လွှတ်တော်တွင်း တင်ပြ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
''အရင်တုန်းက ဒီကိစ္စနဲ့ပတ်သက်ပြီး တင်ပြဖို့လုပ်တုန်းက စက်ရုံကတာဝန်ရှိသူတွေက လာပြီးဆွေးနွေးညှိနှိုင်းတယ်။ အခုက တကယ်လုပ်ပေး၊မလုပ်ပေးကြည့်ပြီးတော့ လွှတ်တော်မှာ တင်ပြသွားမယ်''ဟု သာကေတမြို့နယ်၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်စိုးက ပြောသည်။
အဆိုပါ စက်ရုံပိုင်ရှင်မှာ ဦးဌေးမြင့်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက်အတွင်း တည်ဆောက် ထားသည့်စက်ရုံဖြစ်သည်။
စက်ရုံကိစ္စနှင့်ပတ်သတ်၍ ရပ်ကွက်နေပြည်သူပေါင်း (၉ဝဝ)ကျော် လက်မှတ်ရေးထိုးကာ နိုင်ငံတော်သမ္မတကြီးထံသို့ ၂ဝ၁၂ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့တွင် အသနားခံစာ တင်ခဲ့ကြောင်း သိရှိရသည်။
''ပြာမှုန့်ကိစ္စကို ၁၅ရက်အတွင်း လုပ်ပေးမယ်လို့ စက်ရုံပိုင်ရှင်ကတော့ ပြောတာပဲ ။ဘယ် နေ့ဘယ်ရက်ဆိုတာတော့ အတိအကျ မပြောဘူး။ သူပြောသလို တကယ်လုပ်မလုပ်ဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်''ဟု သာကေတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက ပြောသည်။
စက်ရုံမှထွက်ရှိသော ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်၍ ရှုခင်းသာလမ်း၊ ၆။အရှေ့ ရပ်ကွက်၊ ရှုခင်းသာလမ်း ၆။အနောက် ရပ်ကွက်၊ ရှုခင်းသာရပ်ကွက်တို့မှနေထိုင်ကြသူများ နှင့် ဦးဌေးမြင့် တို့သည် စက်တင်ဘာလ(၁၅)ရက်နေ့က ရှုခင်းသာ ရပ်ကွက်၊ နတ်မောက်ကျောင်းတွင် တွေ့ဆုံညှိနှိုင်းခဲ့ပြီး စက်ရုံပိုင်ရှင်မှ တာဝန်ယူဆောင်ရွက်ပေးမည်ဟု သဘောတူခဲ့ကြောင်းသိရှိရသည်။
''နည်းပညာလိုအပ်ချက်ကြောင့် ဘယ်နေ့အပြီးအစီး လုပ်ပေးမယ်လို့တော့ မပြောနိုင်ဘူး။ ပြာမှုန့်ကိစ္စကိုတော့ (၁၅)ရက်အတွင်း အပြီးလုပ်ပေးမယ်။ အနံ့ဆိုးတွေမထွက်ဖို့ကိုလည်း ပစ္စည်းတွေနဲ့ အစားထိုးနေတယ်''ဟု စက်ရုံပိုင်ရှင် ဦးဌေးမြင့်ကပြော သည်။
စက်ရုံအနီးပတ်ဝန်းကျင်ရှိ ဒေသခံများသည် စက်ရုံထွက် မီးခိုးများ၊ပြာမှုန့်များနှင့် အနံ့ဆိုး များအား (၂ဝဝ၆)ခုနှစ်မှ စတင်ကာ ခံစားခဲ့ ရကြောင်း၊ မြစ်ထွက်ပေါက်ချောင်းအား ပိတ်၍ သဲဖို့ကာ စက်ရုံတည်ဆောက်ထားခြင်းကြောင့် ရေဆိုးရေညစ်များ ထွက် ပေါက် မရှိသဖြင့် ရေစီး ရေလာများ အလွန်အမင်းထိခိုက်ခဲ့ကြောင်း၊ ထွက်ရှိသောအနံ့ဆိုးများမှာ ရပ်ကွက် နေ ပြည်သူများ၏ ကျန်းမာရေးအခြေအနေများ ထိခိုက်မှုများရှိလာကြောင်း ဒေသခံတို့က ဆိုသည်။
''ရေဆိုတာ အဝင်အထွက်ရှိဖို့လိုတယ်။ အဲလိုမရှိဘူးဆိုရင် ရေသေဖြစ်ပြီး အနံကလည်းဆိုးလာတယ်။ ခြင်တွေလဲပေါက်ဖွားနိုင် တယ်။ အဲကနေရောဂါတွေဖြစ်လာနိုင်တယ်။ နောက်အနံ့ဆိုးတွေကို နေ့စဉ်ရှူရှိုက်မိမယ်ဆိုရင် ကျန်းမာရေးများစွာထိခိုက်နိုင်တယ်။ ကလေး သူငယ်တွေအတွက်ဆို ပြီးတော့ ရောဂါဘယတွေ အများကြီးရနိုင်တယ်''ဟု ဒေါက်တာစမ်းသီတာအောင်က ပြောသည်။
လက်ရှိအချိန်အထိ စက်ရုံပိုင်ရှင်မှ ညှိနှိုင်းဆွေးနွေးမှုများအား ဆောင်ရွက်ပေးမှုမရှိခြင်းကြောင့် ဒေသခံများမှ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ခွင့်နှင့် စီတန်းလှည့်လည်ခွင့်အား စက်တင်ဘာ (၁၇)ရက်နေ့တွင် စာတင်ခဲ့သော်လည်း ဒေသန္တရ ညွှန့်ကြား ချက်နှင့် ကိုက်ညီမူမရှိသည့်အတွက် ပယ်ချမှုခံခဲ့ရကြောင်း သိရသည်။
''ပိုင်ရှင်က တစ်စုံတစ်မှလုပ်ပေးတာမရှိဘူး။ ကျွန်တော်တို့ကဆန္ဒထုတ်ဖော်ဖို့ စာတင် တယ်။ အဲဒါကို ဒေသန္တရ ညွှန့်ကြားချက်နဲ့ မကိုက်ညီဘူးဆိုပြီး ပယ်ချတယ်။ အခု အဲအချက်တွေနဲ့ ကိုက်ညီအောင်လုပ်ပြီးပြန်တင်တော့ တိုင်းရဲတပ်ဖွဲ့မှူးထံ အယူခံဝင်ပါဆိုပြီး စာပြန်ကျလာတယ်။''ဟု ရှုခင်းသာလမ်း ၆။အရှေ့ရပ်ကွက်မှ ဦးစန်းလှိုင်က ပြောသည်။
Ref: မြစ်မခ
အခွင့်အရေးနှင့်ထိန်းချုပ်မှုပါဝင်သည့် လိင်လုပ်သားဆိုင်ရာ ဥပဒေပြင်ဆင်ပြဋ္ဌာန်းရန်လို
ကောင်းမြတ်ဖြိုး
20 Sep, 2012
မြန်မာလိင်လုပ်သားများအတွက် အခွင့်အရေးနှင့်ထိန်းချုပ်မှုများပါဝင်သည့် လိင်လုပ်သားဆိုင်ရာဥပဒေများအား ပြင်ဆင်ပြဋ္ဌာန်းရန် လိုအပ်လျက်ရှိကြောင်း လိင်လုပ်သားများအရေးဆောင်ရွက်ပေးနေသူများထံက သိရှိရသည်။
လိင်လုပ်သားများအား အခွင့်အရေးနှင့် ထိန်းချုပ်မှုများ ပေးလိုက်ပါက HIV / AIDS ပြဿနာများမှာ လျော့နည်းသွားနိုင်ပြီး၊ လျှို့လျှို့ဝှက်ဝှက်ဖြင့် လိင်အလုပ်သမားများလုပ်ဆောင်နေလျှင် တိုင်းပြည်အတွက်ဆိုးရွား သည့် အခြေအနေများ ဖြစ်ပေါ်နိုင် ကြောင်း ကိုလည်း သိရသည်။
“ဒီ sex worker တွေနဲ့ပတ်သက်လို့ အခွင့်အရေးတွေပေးသင့်သလို့ တဖက်ကလည်း စည်းကမ်းတွေ ချသင့်တယ်လို့ထင်တယ့် အခုဆိုလို့ရှိရင် အမမြင်ရသလောက်ကတော့ ဒီ sex worker တွေနဲ့ပတ်သက်လို့ ဘာအခွင့်အရေးမှ မရှိဘူးပေါ့နော် ပြောရ မယ် ဆိုလို့ရှိရင် အနီးစပ်ဆုံးထိုင်းနိုင်ငံမှာတောင်မှ ဒီ sexworker တွေနဲ့ပတ်သက်လို့ အခွင့်အရေးတွေ ပေးထားတယ် တ ဖက်ကလည်း ထိန်းချုပ်ထားတာတွေရှိတယ် ” ဟု မင်္ဂလာတောင်ညွှန့်၊ ဒီချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူ သင်းမှပြောဆိုခဲ့သည်။
ထိုကဲ့သို့ တရားဝင်လုပ်ကိုင်ခွင့်များချမပေးဘဲ ယဉ်ကျေးမှုအား ဖက်တွယ်ထားလျှင်လည်း တိုင်းပြည်သည်ရောဂါများဖြင့် အခက်အခဲ တွေ့ လာနိုင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဆက်ပြောသည်။
လိင်လုပ်သားတွေပပျောက်ရေးအတွက် နိုင်ငံတော်မှ ၁၉၄၉ ခုနှစ်တွင် ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေ အားပြဌာန်းခဲ့ပြီး ၊ လိင်လုပ်သားများအား တစ်နှစ်ထက် မပိုသည့်ထောင်ဒဏ်ချမှတ်နိုင်ပြီးယခုအချိန်တွင် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်အဖြစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုအစိုးရတက်ပြီးချိန်၌ ပြောင်းလဲသတ်မှတ်ခဲ့သည်။
“ဥပဒေပိုင်းတွေ ဘာတွေကိုလည်း သေချာလုပ်သင့်တယ်လို့ ထင်တယ်၊ အမတို့ကစိုးရိမ်တာပေါ့နော် တရားဝင်လုပ်ခွင့်လည်း တောင်းချင်တယ်၊ အဲ့ဒီမှာ ပြဿနာရှိပြန်တယ် အမတို့က ယဉ်ကျေးမှုအရပေးမှာလား မပေးဘူး လား ပိုသတိထားပြီး အမတို့ အတွက် ပိုကျပ်သွားမလား ဘာလားကိုလည်း ကြောက်နေရတယ်” ဟု မြန်မာနိုင်ငံလိင်လုပ်သားများ ကွန်ယက်မှ ဥက္ကဌ ဒေါ်နှင်းနှင်းယု က ပြောသည်။
အဆိုပါလိင်လုပ်သားများကွန်ဆက်မှ မြို့ပေါင်း(၁၃)မြို့နှင့်ဆက်သွယ်ထားပြီး၊ အမျိုးသမီးလိင်လုပ်သားအဖွဲ့ဝင်ဦးရေ (၇၀၀)၀န်း ကျင်ရှိကြောင်း သိရသည်။
လိင်လုပ်သားများအနေဖြင့်လည်း လူသားများဖြစ်သဖြင့် ၎င်းတို့အား လူ့အခွင့်အရေးများအပြည့်အ၀ပေးစေချင်ကြောင်း ကိုလည်း ပြောကြားခဲ့သည်။
“ကျွန်မတို့ဆိုရင် ကိုယ်ရှာတာက ကိုယ့်အတွက်မဟုတ်ဘဲ ရဲတွေအတွက်ဖြစ်နေတယ်၊ နေ့တိုင်းဒီနေရာကိုရောက်ရင် ရင်တထိတ် ထိတ်နဲ့ ဘုရားတပြီးလာနေရတယ်” ဟု ရန်ကုန်မြို့တွင်းမှ အသက် ၂၅ နှစ်ဝန်းကျင်လိင်အလုပ်သများတစ်ဦးက လက်ရှိ၎င်း တို့ ကြုံတွေ့နေ ရသည့်  အဖြစ်အပျက်အား ရှင်းပြသည်။
အဆိုပါ လိင်အလုပ်သမားများအတွက်ပြဌာန်းထားသော ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေအား ပြောင်းလဲရန် အတွက်မူ လွှတ်တော်အတွင်းတွင် အမျိုးသမီး အရေအတွက် နည်းပါးနေခြင်းကြောင့်မြန်မာနိုင်ငံတွင်း၌ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်သွား ပါက ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း အင်ဂျန်းယန် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဆိုသည်။
Ref: မြစ်မခ
မြန်မာရွှေ့ပြောင်းအလုပ်သမား တရားမျှတမှုရရှိရေး မဲဆောက်တွင် ဆွေးနွေး
နန်းသူးလေ
20 September 2012
ထိုင်းနိုင်ငံ-တာ့ခ်ခရိုင်၊ မဲဆောက်မြို့ Centara Mae Sot Hill Resort ဟိုတယ်တွင် ထိုင်းလူ့အခွင့်အရေးမှ ဦးဆောင်၍ သက်ဆိုင်ရာ ထိုင်းအစိုးရဌာနများနှင့် မြန်မာ့ရွှေ့ပြောင်းအလုပ်သမား ကူညီစောင့်ရှောက်ပေးရေး အဖွဲ့များ ယနေ့တွေ့ဆုံကာ ရွှေ့ ပြောင်းအလုပ်သမားများ တရားမျှတမှုရရှိရေးအတွက် ဆွေးနွေးပွဲခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ထိုင်းလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုဌာနနှင့် တရားမျှတမှုဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် ဖိထရာကျီရာ ၀တ်၊ ထိုင်းရှေ့နေများကောင်စီ တာဝန်ရှိသူများ၊ မဲဆောက်ရဲစခန်း ဒုတိယအရာရှိနှင့် တရားသူကြီး၊ မယ်လမရဲစခန်း အရာရှိများ နှင့် မြန်မာ့ရွှေ့ပြောင်းအလုပ်သမားကူညီရေးအဖွဲ့များဖြစ်သည့် ရောင် ခြည်ဦးအလုပ်သမားကူညီရေး အဖွဲ့၊ သားများအရေး ပူးတွဲ လှုပ်ရှားမှုကော်မတီ (JACBA) အပါအ၀င် CPPCR၊ FFW၊ SAW၊ FED၊ LAC ၊Map Foundation စသည့်တို့မှ တာဝန်ရှိသူ ၅၀ကျော် တက်ရောက်ခဲ့ကြသည်။
ယနေ့နံနက် ၉နာရီမှ ညနေ ၃ နာရီအထိ ကျင်းပခဲ့သည့် ယင်းဆွေးနွေးပွဲတွင် မဲဆောက်ရွှေ့ပြောင်းအလုပ် သမားအခြေအနေ များကို အဓိက ဆွေးနွေးခဲ့ကြပြီး အလုပ်သမားများအတွက် ထိုင်းဥပဒေအထောက် အကူပြု ရေး၊ တရားမျှတမှုရရှိရေးကွန်ယက် လုပ်ငန်းများ ရှေ့ဆက်လုပ်ဆောင်သွားရေးစသည့် ပါဝင်သည်ဟု ရောင် ခြည်ဦးအလုပ်သမားကူညီရေးအဖွဲ့မှ ကိုဆက်က ကေအိုင်စီ သို့ ပြောသည်။
“အရင်ကဖြစ်ခဲ့တဲ့ သမိုင်းကြောင်းတွေကို ပြန်မကြည့်တော့ပဲနဲ့ ဗမာနဲ့ထိုင်း ပူးပေါင်းပြီး ရွှေ့ပြောင်းအလုပ်သမား အရေးအတွက် ကောင်းကျိုးတွေကို ဇောင်းပေးပြီး ရှေ့ဆက်လုပ်သွားကြမယ့်အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြပါ တယ်”ဟု သူက ပြောသည်။
မည်သည့်နိုင်ငံသားများမဆို ထိုင်းနိုင်ငံတိုးတက်ရန်အတွက်သာ လုပ်ဆောင်နေကြသူများဖြစ်သဖြင့် ထိုသူများ အပေါ်တွင် အကောင်းမြင်ရန်လိုအပ်ကြောင်း ထိုင်းလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုဌာန တရားမျှတမှု ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဖိထရာကျီရာဝတ်က ပြောကြားသွားခဲ့သည်။
ထို့အပြင် ရွှေ့ပြောင်းအလုပ်သမားကူညီပေးနေသည့် အဖွဲ့အစည်းတစ်ခုချင်းစီ၏ လုပ်ငန်းစဉ်များကို မိတ်ဆက် ခြင်း၊ စိန်ခေါ်မှုနှင့် အခက်အခဲများကို တင်ပြခြင်း၊ ထိုင်းနိုင်ငံယာယီပတ်စ်ပို့ ကိုင်ဆောင်ထားသူများကို သက် ဆိုင်ရာ ရဲဝန်ထမ်းများက ဖမ်းဆီးအရေး ယူနေခြင်းများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ယခုတကြိမ် တွေ့ဆုံဆွေးနွေးမှုသည် အချိန်များများ မရရှိခဲ့သဖြင့် ကိစ္စရပ်တိုင်းအား မဆွေးနွေးနိုင်ခဲ့သဖြင့် နောက်ထပ် တွေ့ဆုံ သွားမည့် ဆွေးနွေးပွဲများတွင် အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဟုလည်း ထိုင်း အစိုးရ ဌာနများက ပြောကြောင်း ကိုဆက်က ပြောသည်။
ကိုဆက်က “တချို့အလုပ်သမားတွေ အမှုတွေကြန့်ကြာတာတွေ၊ မဟုတ်ပဲနဲ့ ဟုတ်သလိုဖြစ်သွားတဲ့အကွက် ဆင်မှုမျိုးတွေကို သူတို့ အနေနဲ့ အဓိက ပြန်ဆွေးနွေးဖြစ်တယ်။ ယာယီပတ်စ်ပို့စ်ရှိပြီး ဘန်ကောက် တက်တဲ့ အလုပ်သမား တွေကို ဖမ်းနေတဲ့ ကိစ္စတွေ ကိုတော့ အချိန်မရတဲ့အတွက် သူတို့ မဆွေးနွေး ဖြစ်သွား ဘူး”ဟု ဆိုသည်။
ရှေ့ဆက်၍ ထိုင်းအစိုးရဌာနများ၊ NGOs နှင့် CBOs အဖွဲ့များပူးပေါင်းပြီး ရွှေ့ပြောင်းမြန်မာအလုပ်သမားများ တရားဥပဒေ အကာ အကွယ်ရရှိရေး၊ တရားမျှတမှုရရှိရေးများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကို ယနေ့ဆွေး နွေးပွဲတွင် သဘောတူညီခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၆ရက်နေ့တွင် ထိုင်းရွှေ့ပြောင်းအလုပ်သမားများ တစ်နေ့တာ လုပ်အားခ အပြည့်အ၀ရရှိရန် ထိုင်းအလုပ် သမားရေးရာ ဦးစီးဌာန၊ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များနှင့် ရွှေ့ပြောင်းအလုပ်သမားကူညီရေးအဖွဲ့ များက တွေ့ဆုံဆွေးနွေး ခဲ့ ကြသေးသည်။
Ref: ကေအိုင်စီ
Thursday, September 20, 2012
ရွေးကောက်ပွဲဝင်လိုသော ဦးမိုးသီးဇွန် အခြေခံဥပဒေ ပြင်ရန် တောင်းဆို
ကိုကိုအောင်
စက်တင်ဘာလ ၁၉ ရက် ၂၀၁၂ ခုနှစ်
ပြည်တော်ပြန် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမိုးသီးဇွန် က ပါတီသစ် တည်ထောင်၍ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လိုသောကြောင့် ၎င်းအတွက် အခက်အခဲဖြစ်နေသည့် အခြေခံဥပဒေအား ပြင်ဆင်ပေးရန် တောင်းဆိုလိုက်သည်။
“ကျနော် နိုင်ငံရေးပဲ လုပ်မှာပါ။ လူမှုရေးအလုပ်တွေ မလုပ်ပါဘူး။ ပါတီထောင်မယ်၊ ရွေးကောက်ပွဲဝင်မယ်။ ဒါပေမယ့် အခြေခံဥပ ဒေက မြန်မာနိုင်ငံမှာ ၁ဝ နှစ် အနည်းဆုံး ဆက်တိုက်နေမှ ရွေးကောက်ပွဲ ဝင်ခွင့်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့် အခက်ကြုံ နေရပါတယ်။ ဒါကို ပြင်ပေးဖို့ လိုတယ်။ ပြင်ပေးဖို့လည်း တောင်းဆိုပါတယ်” ဟု ဦးမိုးသီးဇွန် က ပြောသည်။
၂ဝဝ၈ ခုနှစ်က အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂ဝ(ဂ)တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦး၏ အရည် အချင်းအဖြစ် “ရွေးကောက် တင်မြှောက်ခံရသည့် အချိန်နှင့် တဆက်တည်း ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် အနည်းဆုံး ၁ဝ နှစ် အခြေချနေထိုင်ခဲ့သူ” ဖြစ်ရမည်ဟု ဖေါ်ပြပါရှိသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အုပ်ချုပ်မှုအောက် ၁၉၈၈ ခုနှစ်အတွင်း ပါတီစုံဒီမိုကရေစီ တောင်းဆိုဆန္ဒပြမှု နိုင်ငံအဝှမ်းဖြစ် ပွားခဲ့သော လူထုအုံကြွမှုအတွင်း ထင်ရှားလာခဲ့သည့် ကျောင်းသားခေါင်းဆောင် ဦးမိုးသီးဇွန်သည် စစ်တပ်မှ အာဏာသိမ်း အပြီးနောက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို တည်ထောင်ဦးဆောင်ခဲ့ဖူးသည်။
ထို့နောက် စစ်အစိုးရအား လက်နက်ကိုင် တော်လှန်ရေးအတွက် မြန်မာ-ထိုင်းနယ်စပ်သို့ ထွက်ခွါခဲ့ကာ ABSDF ခေါ် ကျောင်း သား တပ်မတော်တွင် ဥက္ကဋ္ဌ တာဝန် ယူခဲ့ဖူးသည့် ဦးမိုးသီးဇွန်သည် နောက်ပိုင်းကာလများတွင် ပြည်ပတွင်သာ အခြေချနေ ထိုင် လာခဲ့ပြီး ၂ဝဝ၈ ခုနှစ်တွင် အမေရိကန်နိုင်ငံသားအဖြစ် ခံယူခဲ့သည်။
သမ္မတဦးသိန်းစိန်၏ အထူးကိုယ်စားလှယ် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် ပမာဏ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ဦးမိုးသီးဇွန်နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်အချို့ မြန်မာနိုင်ငံသို့ စက်တင်ဘာ ၁ ရက်နေ့တွင် လေကြောင်းခရီးဖြင့် ပြန်လည် ဝင်ရောက်လာခဲ့သည်။ အစိုးရကလည်း သူအပါအဝင် ပြည်ဝင်ခွင့် ပိတ်ပင်ထားသူပေါင်း ၂ဝဝဝ ကျော်ကို Black List စာရင်းမည်းမှ ဖယ်ရှားပေးခဲ့ကြောင်း ကြေညာထား ခဲ့သည်။
ဦးမိုးသီးဇွန် ပါတီထောင်၍ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရေး ဥပဒေများ ပြင်ဆင်နိုင်ရန် လွှတ်တော်အတွင်း တင်ပြဆွေး နွေးသွားမည်ဟုလည်း လွှတ်တော်အမတ် ဦးသိန်းညွန့်က ပြောသည်။
“လွှတ်တော်အတွင်းကနေ ပြင်ဖို့ လိုအပ်တဲ့ ဥပဒေတွေကိုပြင်ရမယ်။ ကျနော့်အနေနဲ့လည်း ဆောင်ရွက်နိုင်သမျှ ဆောင်ရွက် ပေး မယ်။ ဖြစ်လာတဲ့ ပြဿနာပေါ် မူတည်ပြီး အခြေခံ ဥပဒေကို ပြင်ဖို့ ပြောမှာပဲ။ အခုလည်း ဒီကိစ္စကိုပြောမှာပဲ” ဟု ဆိုသည်။
ပြည်ပရောက် အတိုက်အခံများ မြန်မာနိုင်ငံသို့ ပြန်လာ လိုကြသော်လည်း ပြည်ဝင်ခွင့် ဗီဇာဖြည့်ရာကအစ ကန့်သတ်ချက်များ များလွန်းနေပြီး ယင်းသို့သော ရှုပ်ထွေးသည့် လုပ်ထုံးများကြောင့် အခက်အခဲဖြစ်နေ သည်ဟုလည်း ဦးမိုးသီးဇွန်က ဆိုသည်။
“ကျနော် နိုင်ငံရေးပဲ လုပ်မှာပါ။ လူမှုရေးအလုပ်တွေ မလုပ်ပါဘူး။ ပါတီထောင်မယ်၊ ရွေးကောက်ပွဲ ဝင်မယ်။ ဒါပေမယ့် အခြေခံ ဥပဒေမှာပါတဲ့ မြန်မာ နိုင်ငံမှာ ၁ဝ နှစ် အနည်း ဆုံး ဆက်တိုက်နေမှ ရွေးကောက်ပွဲ ဝင်ခွင့်ရ မယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့် အခက်ကြုံ နေရပါတယ်။ ဒါကို ပြင်ပေးဖို့လို တယ်။ ပြင်ပေး ဖို့လည်း တောင်းဆိုပါတယ်” ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ် တွင် လာရောက် ကြိုဆိုနေသူများကို “ကျနော်တို့ အခက်အခဲတွေ အများကြီးကြားထဲက ပြန်လာနိုင်ခဲ့ပါပြီ။ ကျနော်တို့ အရမ်း ပျော်ပါတယ်။ ကျနော်တို့ရဲ့ပျော်ရွှင်မှုဟာ ဘယ်သူ့ကိုမှ ဒုက္ခ မပေးပါဘူး။ ကျနော်တို့ရဲ့ပျော်ရွှင်မှုမှာ အားလုံးပါဝင်ပါတယ်” ဟု ဦးမိုးသီးဇွန် က စက်တင်ဘာလ ၁၂ ရက်နေ့ တွင် နှုတ်ခွန်းဆက်စကား ဆိုခဲ့သည်။
၁၉၈၈ ခုနှစ်မှစတင်၍ ၂၃ နှစ်ကြာ စစ်အုပ်ချုပ်ရေး ကာလတွင်းမှ အဆမတန် တိုးပွားလာခဲ့သော Black list စာရင်း မည်းတွင် ပြည်ပနှင့်နယ်စပ်ရှိ အတိုက်အခံများ၊ နိုင်ငံခြားသားများ၊ သတင်းစာဆရာများ၊ မြန်မာအတိုက်အခံ များကို ထောက်ခံ အားပေးသူ နိုင်ငံခြားသားများလည်း ပါဝင်သည်။
နိုင်ငံခြားရေး၊ လူဝင်မှု ကြီးကြပ်ရေး၊ ပြန်ကြားရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာန စသည်ဖြင့် ဌာနပေါင်းစုံမှ စုဆောင်း တင်ပြချက် အရ တားမြစ်သော စာရင်းတွင် လူတဦးထဲကိုပင် စာရင်းသွင်းမှု တကြိမ်ထက်ပို ပါဝင်နေတတ်ပြီး နိုင်ငံ့ဝန်ထမ်းများ နှင့် နိုင်ငံ တော် ကုန်ကျငွေဖြင့် ပညာတော်သင် သွားရောက်ပြီး ပြန်မလာတော့သည့်သူများနှင့် “နိုင်ငံရေးနှင့် ငြိစွန်းသည်” ဟု ခေါ်ဝေါ် လေ့ရှိသော အတိုက်အခံလှုပ်ရှားမှုနှင့် ပတ်သက်သူများကိုလည်း ပိတ်ပင်လေ့ရှိသည်။
မူလစာရင်းတွင် အရေအတွက် မည်မျှပါဝင်သည်ကို ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း အငြိမ်းစား နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိဟောင်းတဦး အဆိုအရ နှစ်သောင်းခန့်ပင် ရှိခဲ့ဖူးသည်ဟု သိရသည်။
ပိတ်ပင်ထားသော စာရင်းမှ ဖယ်ရှားပြီးနောက် ထိုင်းနိုင်ငံတွင် နေထိုင်လျက်ရှိကြသော လူ့ဘောင်သစ်ဒီမိုကရစ်တစ် ပါတီ ခေါင်း ဆောင် ဦးအောင်မိုးဇော်၊ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်မှ ဦးမောင်မောင်တို့လည်း မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာကြပြီ ဖြစ်သည်။
Ref: မဇ္ဈိမ
စစ်ဆန့်ကျင်ရေး ဆန္ဒပြလိုသူများ ခွင့်ပြုမိန့်မရ
သိင်္ဂီထွန်း
စက်တင်ဘာလ ၁၉ ရက် ၂၀၁၂ ခုနှစ်
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရှေ့ အပါအဝင် လွှတ်တော်၊ သမ္မတရုံး၊ ရန်ကုန်နှင့် ကျောက်မဲမြို့တို့တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်သော စက်တင်ဘာလ ၂၁ ရက်နေ့၌ ဆန္ဒပြုခွင့်ပြုပါရန် ခွင့်ပြုမိန့် လျှောက်ထားရာ ငြင်းပယ်ခံရကြောင်း ဆန္ဒပြလိုသူများထဲမှ တဦးဖြစ်သည့် မခင်စန္ဒာညွန့်ကြည် က ပြောသည်။
“ခွင့်ပြုမိန့် ကျကျ မကျကျ ကျမတို့ ဆက်လှုပ်ရှားသွားမှာပါ” ဟု ဗုဒ္ဓဟူးနေ့က မဇ္ဈိမကို ပြောသည်။
အဆိုပါဆန္ဒပြုပွဲအတွက် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ရဲစခန်းသို့ စက်တင်ဘာလ ၁၄ ရက်နေ့က စာတင်ခဲ့သည်။ သို့သော် ဥတ္တရသီရိမြို့နယ်အတွင်း ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအရ ထုတ်ထားသော ခွင့်ပြု မိန့်အပြင် မြို့နယ်၏ လိုအပ်ချက်အရ သတ်မှတ်သော စည်းကမ်းချက်များနှင့် ငြိစွန်းနေ၍ဟု ဆိုကာ ထိုရဲစခန်းမှပင် ၁၆ ရက်နေ့ က ငြင်းပယ်လိုက်သည်ဟု သိရသည်။
ဥတ္တရသီရိမြို့နယ်ရှိ သမ္မတရုံး၊ လွှတ်တော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးများရှေ့တွင် တပြိုင်တည်း ဆန္ဒပြခွင့် ငြင်းပယ် ခံရ ပြီး နောက် တနင်္လာနေ့တွင် ထပ်မံ၍ အယူခံ ဝင်ထားကြောင်းလည်း ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ကိုဂျော်ဂွန်း က ပြောသည်။
တနေ့တည်းတွင်ပင် ရန်ကုန်မြို့၌ နံနက် ၁ဝ နာရီတွင် လမ်းလျှောက်ပွဲ ပြုလုပ်မည်ဖြစ်ပြီး ညနေ ၃ နာရီတွင် အင်းလျားကန် ဘောင်၌ လူစုကာ ၄ နာရီတိတိတွင် ၅ မိနစ်ကြာ ဆုတောင်းပြီး ငြိမ်းချမ်းရေး ကျောက်တိုင် စိုက်ထူရန် ဆန္ဒပြလိုသူတို့က စီစဉ်ထားသည်။
ရန်ကုန်မြို့တွင် ဆန္ဒပြခွင့်နှင့် ပတ်သက်၍ စမ်းချောင်းရဲစခန်း၊ မင်္ဂလာတောင်ညွန့် ရဲစခန်းနှင့် ကျောက်တံတား ရဲစခန်းတို့တွင် လျှောက်ထားသော်လည်း လျှောက်ထားသည့် ရှစ်မြို့နယ်လုံးအား ခွင့်ပြုမိန့် မပေးနိုင်ကြောင်း အင်္ဂါနေ့တွင် အနောက်ပိုင်း ရဲ တပ်ဖွဲ့မှူးရုံးမှ ပြန်ကြားခဲ့သည်။
ဆန္ဒပြမှုက ယာဉ်ကြောပိတ်ဆို့နိုင်ကြောင်းနှင့် သွားမည့် လမ်းကြောင်း ရှည်လျားလွန်း၍ အများပြည်သူအား အနှောင့်အယှက် ဖြစ်စေနိုင်သည်ဟု အာဏာပိုင်များက အကြောင်းပြခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင်လည်း အလားတူ ငြိမ်းချမ်းရေး ဆုတောင်းပွဲနှင့် ဟောပြောပွဲများ အတွက် ခွင့်ပြု မိန့် လျှောက်ထားခဲ့ရာ လျှောက်ထားသူများ အသက်အရွယ် ငယ်လွန်းသောကြောင့် ခွင့်ပြုမိန့် မပေးကြောင်း မခင်စန္ဒာညွန့်ကြည် က ပြန်လည်ပြောပြသည်။ လျှောက်ထားသူများမှာ အသက် ၂၅ နှစ်ဝန်းကျင်ရှိ လူငယ်များ ဖြစ်ကြသည်။
အခြားမြို့အတွက် တင်ထားသော ခွင့်ပြုမိန့်နှင့် ပတ်သက်၍ ရလဒ် တစုံတရာ မသိရှိရသေးကြောင်း မခင်စန္ဒာညွန့်ကြည် က ပြောသည်။
စစ်ရပ်စဲရေး ကြိုးပမ်းလိုသူများက ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မော်လမြိုင်၊ ကျောက်မဲ၊ တောင်ကြီး၊ အင်းလေး၊ ဟိုပုန်း၊ ဆီဆိုင်၊ လားရှိုး၊ သံဖြူဇရပ်၊ ပြည်၊ တောင်ငူ၊ သံတောင်ကြီး၊ ရွှေဘို၊ ပေါင်းတည်၊ ပခုက္ကူမြို့များအပြင် ကချင်နှင့် ရှမ်းပြည်နယ် တွင်း ရှိ ဒုက္ခသည်စခန်းများတွင် ‘တနိုင်ငံလုံး စစ်ပွဲရပ်’ ဆောင်ပုဒ်နှင့် လမ်းလျှောက်ပွဲများ၊ ဆုတောင်းပွဲများ၊ စွန်လွှတ်ပွဲများ၊ ဖျော်ဖြေပွဲများ ပြုလုပ်ရန် စီစဉ်ထားကြသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုများကို ကချင်ငြိမ်ချမ်းရေးကွန်ရက်၊ ငြိမ်းချမ်းရေးကွန်ယက်၊ အဖြူရောင်တွဲ လက်များ၊ ကရင်အမျိုးသမီးများ လှုပ်ရှားမှုအဖွဲ့၊ ပန်းရဲ့လမ်း လူမှုရေးအဖွဲ့၊ စိမ်းရောင်စို လူမှုကူညီရေး အဖွဲ့၊ Youth For Social Change Myanmar၊r ၊ နှောင်ကြိုးမဲ့ လူမှုဖွံ့ဖြိုးရေး ကွန်ယက် (မန္တလေး)၊ ရန်ကုန်အခြေစိုက် ပရဟိတ လူငယ်များ ကွန်ယက်၊ ကျောက်မဲ လူငယ်ကွန်ယက် (ရှမ်း-မြောက်)၊ Open Network – မွန်၊ ကာတွန်းဆရာ များ အဖွဲ့၊ ရန်ကုန် ဂီတလူငယ်များ၊ ကဗျာဆရာများ သမဂ္ဂ၊ Youth Art Network၊ New Zero Art Space၊ Myanmar Ink Gallery၊ ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက် စသည့် လူမှုရေးအဖွဲ့ ၁၉ ဖွဲ့က ဦးဆောင် လှုပ်ရှားကြမည် ဖြစ်သည်။
"Stop Civil War"၊ "တနိုင်ငံလုံး စစ်ပွဲရပ်" စာတန်းများသုံးပြီး လက်မောင်းစီး (သို့မဟုတ်) ခေါင်းစီးကို အပြာရောင် အသုံးပြုသွားမည် ဖြစ်သည်။
Ref: မဇ္ဈိမ
ငြိမ်းချမ်းရေးနေ့ ဂုဏ်ပြု ‘Peace One Day’ မှတ်တမ်းရုပ်ရှင် ပြသမည်
ပန်းမြတ်ဇော်
စက်တင်ဘာလ ၁၉ ရက် ၂၀၁၂ ခုနှစ်
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အား ဂုဏ်ပြုသည့်အနေဖြင့် ‘Peace One Day’ မှတ်တမ်း ရုပ်ရှင်ကို စက်တင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန် နိုင်ငံရေး သိပ္ပံ ကျောင်း၌ ပြသမည်ဟု သိရသည်။
စက်တင်ဘာလ ၂၁ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်သော်လည်း ထိုနေ့တွင် လမ်းလျှောက် ဆန္ဒပြမည့် အစီ အစဉ်များ ရှိနေ၍ ၂၂ ရက်နေ့တွင်မှ ပြသမှာ ဖြစ်သည်။
Peace One Day မှတ်တမ်းရုပ်ရှင်ကို ပြသခြင်းမှာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်လာပုံ၊ ၂၁ ရက်နေ့ဆိုပြီး အတိ အကျ ဖြစ်လာရန် ကြိုးစားစည်းရုံးခဲ့ပုံကို ပညာရေးပိုင်းမှ သိစေချင်တာကြောင့် ပြသရခြင်း ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့က ပညာရေး အဖွဲ့အစည်း ဖြစ်တာကြောင့် ပညာရေးပိုင်းကနေ ဒီလိုနေ့မျိုးကို သိစေချင်လို့ ပြသပေးမှာပါ။ ပြီးခဲ့တဲ့ သုံးလကလည်း ဗြိတိသျှကောင်စီနဲ့ ပေါင်းပြီး ငြိမ်ချမ်းရေးမှာ ပါဝင်တဲ့ နိုဘယ်ဆု ရရှိထားတဲ့ အမျိုးသမီး နှစ်ဦး အကြောင်း ရိုက် ကူး ထားတာာလေး တခု လည်း ပြသပေးဖူးတယ်။ နောက်လည်း တလ တခါဖြစ်ဖြစ် နိုင်ငံရေးနဲ့ ပတ်သက်တာ လူမှု ဘဝ တွေပဲ ဖြစ်ဖြစ် အဲဒီအကြောင်းအရာ ပါတဲ့မှတ်တမ်း ရုပ်ရှင်တွေ ပြသဖို့ လုပ်ထားပါတယ်” ဟု နိုင်ငံရေးသိပ္ပံကျောင်းမှ တာဝန်ရှိ သူ ကိုဝင်းညီညီဇော် က ပြောပြသည်။
Kofi Annan, Dalaima, Judi Dench, Helen Mirren, Alan Rick အစရှိသည့် ခေါင်းဆောင်များနှင့် တွေ့ ဆုံ ရိုက်ကူးထားသည့် Peace One Day ဇာတ်ကားကို ဗြိတိသျှ ရုပ်ရှင်ပညာရှင် Jeremy Gilley ကိုယ်တိုင် ပါဝင် ရိုက် ကူးထားသလို ဒါရိုက်တာလည်း ၎င်းကိုယ်တိုင် ဖြစ်သည်။
တကမ္ဘာလုံးရှိ အပစ်အခတ်ဖြစ်သည့် နေရာများ၊ အကြမ်းဖက်မှု ဖြစ်သည့် နေရာများကို စက်တင်ဘာလ ၂၁ ရက်နေ့ တွင် ရပ်စဲ ရန် ချမှတ်ပေးဖို့အတွက် ရည်ရွယ်ရိုက်ကူးထားသည့် ဇာတ်ကား ဖြစ်သည်။
ပြသချိန် ၁ နာရီ ၂၁ မိနစ် ကြာမြင့်မည့် အဆိုပါ ဇာတ်ကားကို စက်တင်ဘာလ ၂၂ ရက်နေ့၊ နေ့လည် ၁ နာရီတွင် အမှတ် ၄၈၂၊ ၃ လွှာ၊ သိမ်ဖြူလမ်း၊ ဗိုလ်တစ်ထောင် မြို့နယ်ရှိ နိုင်ငံရေးသိပ္ပံကျောင်း၌ ပြသမည်ဖြစ်ပြီး မည်သူဆို သွားရောက် ကြည့်ရှု နိုင်သည်။
အဖွဲ့အစည်းများမှ လာရောက် ကြည့်ရှသည် ဆိုပါက အခြားသူများအား မျှဝေနိုင်ရန် Peace One Day ဇာတ်ကား အခွေကို ပေးဖို့ စီစဉ်ထားကြောင်းလည်း သိရသည်။
ရန်ကုန်၊ နိုင်ငံရေးသိပ္ပံကျောင်းမှာ လွန်ခဲ့သော တနှစ်က ထူထောင်ထားခြင်း ဖြစ်ပြီး နိုငံတကာ ဆက်ဆံရေး၊ နိုင်ငံရေး သိပ္ပံ အပြင် အင်္ဂလိပ်စာတို့ကို သင်ကြားပေးနေသည့် သင်တန်းကျောင်းလည်း ဖြစ်သည်။ လူငယ်များအတွက် အဓိက ရည်ရွယ်သော် လည်း မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရှိရသည်။
Ref: မဇ္ဈိမ
ကြေးနီစီမံကိန်း ရပ်တန့်ရန် ဆန္ဒပြရုံနှင့် မလုံလောက်ဟု လေ့လာရေးအစု ဆို
နေမျိုး
စက်တင်ဘာလ ၁၉ ရက် ၂၀၁၂ ခုနှစ်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့နယ်၊ လက်ပန်တောင်းတောင်၊ ကြေးနီစီမံကိန်းမှာ ဧရာဝတီ မြစ်ဆုံစီမံကိန်းကဲ့သို့ အန္တရာယ်ကြီးပြီး ဦးပိုင် လက်ဝါးကြီးအုပ် လုပ်ကိုင်နေသည့်အတွက် ထိုစီမံကိန်း ရပ်တန့်ရန် ပြည်သူများနှင့်အတူ ကန့်ကွက်မည်ဟု ဦးမိုးသီးဇွန် တို့နှင့်အတူ လယ်မြေသိမ်းခံ ကျေးရွာများသို့ ကွင်းဆင်း လေ့လာနေသူ ကိုရဲလင်း က ပြောသည်။
စီမံကိန်းမှမှ ထွက်ရှိသည့် ဓါတုဗေဒစွန့်ပစ်ပစ္စည်းများအား ချင်းတွင်းမြစ်အတွင်း စွန့်ပစ်မှုကြောင့် တမျိုးသားလုံး ထိခိုက်လာမှာ ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ဧရာဝတီ မြစ်ဆုံစီမံကိန်းလို တနိုင်ငံလုံး အတိုင်းအတာနဲ့ ပါတ်သက်တယ်။ လူထုလူတန်းစား အလွှာအသီးသီးနဲ့ ပါတ်သက်တယ်။ ဒီဖြစ်စဉ်က အရမ်း အရေးကြီးပါတယ်။ စီမံကိန်း အနီးအနားက ရွာတွေသာမကဘဲ ချင်းတွင်းမြစ်ထဲ ကို စွန့်ပစ်ပစ္စည်းတွေ၊ ဓါတု ဗေဒပစ္စည်းတွေ အဆိပ်တွေ ပါတာပေါ့ဗျာ။ အဲဒါတွေက ချင်းတွင်းမြစ်ထဲကို စီးမယ်။ ချင်းတွင်းမြစ်ထဲကနေ ဧရာဝတီမြစ် ထဲကိုစီး မယ်။ ရေသံယံဇာတတွေ ထပ်ပြီးပျက်စီးဦးမယ်၊ အခုတောင် မြေသံယံ ဇာတ တွေ တော်တော် ပျက်စီးနေတာ ကျနော်တို့တွေ့နေ ရတယ်ဗျာ” ဟု မဇ္ဈိမကို ပြောသည်။
စီမံကိန်းအတွက် လယ်အသိမ်းခံ ကျေးရွာများသို့ သွားရောက်လေ့လာနေသည့်အဖွဲ့တွင် လူ ၄ဝ ခန့် ပါဝင်ပြီး ဦးမိုးသီးဇွန်နှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားများ၊ ဗကသ ဖြစ်မြောက်ရေးကော်မတီနှင့် လူ့ဘောင်သစ်ပါတီမှလည်း ပါဝင်ကြသည်။
အဆိုပါ စီမံကိန်းကြီးမှာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ်ကုမ္ပဏီ ဝမ်ပေါင်းတို့ ပေါင်းစပ် လုပ်ဆောင်သည့် စီမံကိန်းတခုဖြစ်နေ၍ ရပ်တန့်သွားစေရန်မှာ ကျယ်ပြန့်သော လှုပ်ရှားမှုများဖြင့် တုန့်ပြန်ဖို့လို ကြောင်းလည်း “ကုမ္ပဏီ ဘက်က ကျောထောက်နောက်ခံ ကလည်း ကောင်းတယ်ဗျ။ ဒီဘက်ကလည်း ဦးပိုင် လီမိတက် ဖြစ်တယ်။ ဆန္ဒဖော်ပြ ကန့်ကွက်ရုံ လောက် နဲ့ မလုံလောက်ဘူး။ ကြီးမားတဲ့ ကန်ပိန်းကြီးတွေ လုပ်ရမယ်ဗျ” ဟု ကိုရဲလင်း က ဆိုသည်။
အသိမ်းခံ လယ်မြေများအရေးနှင့် စီမံကိန်း ရပ်တန့်ရေးအတွက် လယ်သူမများက ဆန္ဒပြခဲ့ကြသော်လည်း အကြမ်းဖက် ဖမ်းဆီးနှိပ် စက်ခံရခြင်းနောက်ဝယ် ငြိမ်သက်သွားခဲ့ရသည်။
လေ့လာရေးအဖွဲ့က လယ်သိမ်းခံ ဝက်မှေး၊ ဆည်တဲနှင့် ရွှေလှေရွာများသို့ ရောက်ရှိပြီးကြ ဒေသခံ တောင်သူများနှင့် တွေ့ဆုံကာ လယ်သမားများ၏ အခက်အခဲနှင့် စီမံကိန်း၏ အန္တရာယ်ကြီးမားပုံကို ကမ္ဘာသိအောင် လုပ်ဆောင်မည်ဟု ဆိုသော်လည်း “တရား စွဲဖို့အထိ လုပ်ဖို့မရည်ရွယ်သေးပါဘူး ခင်ဗျ” ဟု လေ့လာရေးအဖွဲ့ဝင် ကိုရဲလင်းက ပြောဆိုသွား သည်။
အဆိုပါစီမံကိန်းကြောင့် လက်ပန်တောင်းတောင် ပတ်ဝန်းကျင်ရှိ စံပယ်တောင်နှင့် ကြေးစင်တောင် နှစ်ခုသည် ယခုအခါ တွင်း ကျယ် ကြီးများအဖြစ် ကျန်ရှိပြီး လက်ရှိစီမံကိန်း လုပ်ကိုင်လျက်ရှိသည့် ကြေးနီတောင်ကိုလည်း ယင်းတောင်များကဲ့သို့ ကွယ် ပျောက် သွားမည်ကို ပတ်ဝန်းကျင်ရှိ ကျေးရွာသူ/သားများက စိုးရိမ်လျက် ရှိကြသည်။
ထိုစီမံကိန်းရပ်တန့်ရန် တောင်းဆိုမှုသည် တိုင်းဒေသကြီး အစိုးရ အနေဖြင့် လုပ်ဆောင်၍ မရနိုင်ဘဲ ရေရှည်စဉ်းစား ဆောင်ရွက် ရမည့် ကိစ္စဖြစ်သည်ဟု စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး က ပြောဆိုထားသည်။
Ref: မဇ္ဈိမ
ဒေါ်အောင်ဆန်းစုကြည် သမ္မတအိုဘားမားနဲ့တွေ့ဆုံ
19.09.2012
အမေရိကန် ပြည်ထောင်စုမှာ သီတင်း ၃ ပတ် နီးပါးကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုဒ္ဓဟူးနေ့မှာတော့ သမ္မတ ဘရက်ခ် အိုဘားမားနဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမှု အသေးစိတ်နဲ့ ပတ်သက်လို့တော့ တစုံတရာ ထုတ်ပြန်ခဲ့တာမျိုး မရှိပါဘူး။
အိမ်ဖြူတော် ပြောခွင့်ရသူ Jay Carney ကတော့ မြန်မာနိုင်ငံမှာ တရားမျှတပြီး ပွင့်လင်းမြင်သာမှု ရှိတဲ့ ဒီမိုကရေစီ အစိုးရ တရပ် ပေါ်ထွန်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာလူထုရဲ့ လှုပ်ရှားမှုတွေ အပေါ် အမေရိကန် ပြည်ထောင်စုက နှစ် ပေါင်းများစွာ အားပေး ထောက်ခံမှုတွေကို ထပ်မံ အတည်ပြု ပေးနိုင်မယ့် အခွင့် အလမ်း တရပ်အဖြစ် ရည်ညွန်း ပြောဆို သွား ပါတယ်။
ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းမှုတွေ အတွက် ချီးမြှင့်တဲ့ အမေရိ ကန် ကွန်ဂရက် လွှတ်တော်ရဲ့ ဂုဏ်ပြုဆုကို ၀ါရှင်တန်ဒီစီ ဒေသစံတော်ချိန် မွန်းလွဲပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူပါ တယ်။ စစ်အစိုးရ လက်ထက် နေအိမ် အကျယ်ချုပ် နဲ့ ဖမ်းဆီးခံထားရချိန် ၂၀၀၈ ခုနှစ်မှာတုန်းက ချီးမြှင့်ထားတဲ့ ကွန်ဂရက် လွှတ်တော်ရဲ့ အရပ်သားတွေ ကို ပေးအပ်တဲ့ အမြင့်ဆုံး ရွှေတံဆိပ်ဆုကို လက်ခံရယူခဲ့တာပါ။
ဆုလက်ခံ ရယူချိန်မှာတော့ မြန်မာနိုင်ငံက ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို နှစ်ပေါင်းများစွာ အားပေး ခဲ့တဲ့အပေါ် ဒေါ်အောင် ဆန်းစုကြည် က ကျေးဇူးတင်စကား ပြောဆိုသွားခဲ့သလို မြန်မာနိုင်ငံမှာ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရေးအတွက် ပန်းတိုင်ကို မရောက်သေးတဲ့ အကြောင်းကိုလည်း ပြော ဆိုသွားပါတယ်။
Ref: ဗွီအိုအေ
တပ်မတော်ပါသရွေ့ ဒီမိုကရေစီ ပြောင်းလဲရေး နောက်ကြောင်း ပြန်မလှည့်နိုင်
18.09.2012
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေကို တပ်မတော်က အပြည့် အ၀ ထောက်ခံပံ့ပိုးပေးနေသမျှ ကာလပတ်လုံး မြန်မာနိုင်ငံရဲ့ အနာဂတ် ဒီမိုကရေစီရဲ့ လမ်းကြောင်း ဟာ နောက်ကြောင်းပြန်ပြီး လှည့်စရာ အကြောင်းမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ (၁၈) ရက်နေ့ ဗွီအို အေ အင်္ဂလိပ်ပိုင်း အစီအစဉ်နဲ့ တွေ့ဆုံမေးမြန်း ခန်းမှာ ပြောကြား ခဲ့ပါတယ်။
အရင်စစ်အစိုးရက ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲမှာ သူ့ကို စိတ်ဒုက္ခ အပေးဆုံးကိစ္စဟာ လိုအပ် လာရင် တပ်မတော်က အစိုးရအဖွဲ့ကို ထိန်းချုပ်နိုင်ခွင့်ပြုထားတဲ့ အချက်ဖြစ် တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါ တယ်။ အခုအခါမှာ အမေရိကန်ပြည်ထောင် စုက မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးအရ အရေးယူပိတ်ဆို့ ဒဏ်ခတ်ထားတာ တွေ ကို ရုပ်သိမ်းပေးဖို့ သူ့အနေနဲ့ ထောက်ခံတယ်လို့လည်း ပြောပါတယ်။
ဒါဟာ ရုပ်သိမ်းပေးဖို့ အချိန်ကျလာတာဖြစ်ပြီး လိုအပ်နေတဲ့အချိန်ကာလတုန်းက ဒီလို အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေ ချမှတ်ပြီး ဒီမိုကရေစီအရေး တွန်းအားပေးခဲ့တဲ့ အမေရိကန်အစိုးရအနေနဲ့ မြန်မာ့ အရေး ကို အဘက်ဘက်က ထောက်ခံအားပေးကြတဲ့ အမေရိကန်ပြည်သူ လူထုကို ကျေးဇူး တင်ကြောင်း ပြောကြားခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ ယုံကြည်ချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် ကြုံတွေ့ ခဲ့ရသလို ကြုံနေရသူတွေအတွက် အားပေးစကားလည်း ပြောကြားခဲ့ပြီး မျှော်လင့်ချက်တွေက ဘယ်တော့မှ မစွန့်လွှတ်ဖို့နဲ့၊ မျှော်လင့်ရုံ မျှော်လင့်နေတာ မဟုတ်ဘဲ ကြိုးစားအားထုတ် အလုပ်လုပ်မှုနဲ့ အခြေအနေအကြပ်အတည်းတွေကို ရင်ဆိုင်ကျော်လွှား သွားကြဖို့၊ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။
Ref: ဗွီအိုအေ
တမန်တော်မိုဟာမက် ကာတွန်းကြောင့် ပြင်သစ် လုံခြုံရေးတင်းကျပ်
19.09.2012
ပြင်သစ်နိုင်ငံက မဂ္ဂဇင်းတစောင်မှာ အစ္စလာမ် ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ တမန်တော် မိုဟာမက်ရုပ်ပုံကို ကာတွန်း အဖြစ် ရေးဆွဲဖော်ပြလိုက်တဲ့နောက် ကြိုတင် သတိထားတဲ့ အနေနဲ့ နိုင်ငံပေါင်း ၂၀ မှာရှိတဲ့ သံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေ၊ ယဉ်ကျေးမှု ဖလှယ်ရေးဌာနတွေနဲ့ ကျောင်းတွေကို ပိတ်ဖို့ စီစဉ်နေပါတယ်။
ပြင်သစ်အစိုးရနဲ့ ဘာသာရေးခေါင်းဆောင်တွေက ဆင်ဆင်ခြင်ခြင် ပြုမူကြ ဖို့ ပြောဆိုနေချိန်မှာ ပဲ ပြင်သစ်သံတမန်ဆိုင်ရာ လုပ်ငန်းတွေမှာ လုံခြုံရေးတွေ တိုးမြှင့်ထားတဲ့ အကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။
ဝစ်လစ်စလစ်ပုံတွေ အပါအ၀င် တမန်တော်မိုဟာမက်ရဲ့ ကာတွန်းရုပ်ပုံတွေပါဝင်တဲ့ အပတ်စဉ် ထုတ် ပြင်သစ်မဂ္ဂဇင်းတစောင် ဖြစ် တဲ့ Charlie Hebdo ကို ဗုဒ္ဓဟူးနေ့က ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ အလားတူလှောင်ပြောင်တဲ့ ကာတွန်းရုပ်ပုံတွေ ဖော်ပြ ခဲ့လို့ ပြီးခဲ့တဲ့ နှစ်ထဲမှာတုန်းကလည်း မဂ္ဂဇင်းရဲ့ရုံးခန်းတွေကို မီးလောင်ဗုံးတွေနဲ့ တိုက်ခိုက် ခံခဲ့ရတာပါ။
အမေရိကန် သမ္မတအိမ်ဖြူတော် ပြောခွင့်ရသူကတော့ ဒီလို ပုံနှိပ် ထုတ်ဝေဖို့ မဂ္ဂဇင်းရဲ့ ဆုံးဖြတ်ချက် အပေါ် ပြစ်တင် ပြောဆို လိုက်ပေမဲ့၊ ဒီလုပ်ရပ်ကြောင့် အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဆောင်တာမျိုးဟာလည်း မဖြစ်သင့်တဲ့အကြောင်း ပြောဆိုသွား ပါတယ်။
Ref: ဗွီအိုအေ
သမ္မတဦးသိန်းစိန် အမေရိကန်ရဲ့တားမြစ် စာရင်းက ပယ်ဖျက်
19.09.2012
အမေရိကန် ပြည်ထောင်စုကို ရှေ့သီတင်းပတ်ထဲ ရောက်လာဖို့ ရှိနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန် အပါ အ၀င် အစိုးရ တာဝန်ရှိ သူတချို့အပေါ် ပိတ်ပင် တားမြစ်ထားတာကို အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာန က ဖယ်ရှားပေးလိုက်ပါတယ်။
အစိုးရအဖွဲ့ အကြီးအကဲဖြစ်သူ သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့အပေါ် ကန့်သတ်ပိတ်ပင်ရမယ့် အထူး ပုဂ္ဂိုလ်တွေအဖြစ် စာရင်းသွင်းထားရာက ပယ်ဖျက်ပေးလိုက်တဲ့ အကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဌာနက ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
အမေရိကန် ပြည်ထောင် စု နယူးယောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ဖို့ သမ္မတ ဦးသိန်းစိန် ရောက် လာချိန်မှာပဲ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အပြောင်းအလဲတွေအပေါ် တုံ့ပြန်တဲ့ အနေနဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ဖယ်ရှားပေးဖို့ ကတိပြုထားတဲ့ အမေရိကန်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာပဲ အမေရိကန် လုပ်ငန်းတွေ မြန်မာ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံ မှုတွေ လုပ်ကိုင်ခွင့် ပြုခဲ့တာပါ။
Ref: ဗွီအိုအေ
ဒေါ်အောင်ဆန်းစုကြည် အမေရိကန်လွှတ်တော်မှာ ဂုဏ်ပြုဆုလက်ခံ
ကိုသိန်းထိုက်ဦး
19.09.2012
ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ကွန်ဂရက်စ်လွှတ်တော်က အရပ်သားတွေကို ဂုဏ်ပြုပေး အပ်တဲ့ ဆုတွေထဲမှာ အမြင့်ဆုံး ဖြစ်တဲ့ Congressional Gold Medal ဆုကို ဗုဒ္ဓဟူးနေ့တုန်းက လက်ခံရယူခဲ့ပါတယ်။ Capitol Hill လွှတ်တော် အဆောက်အအုံမှာလုပ်ခဲ့တဲ့ ဆုပေးပွဲအခမ်းအနား ကို အမေရိကန်ပြည်ထောင်စုရဲ့ ထိပ်တန်းလွှတ်တော်အမတ်တွေအပြင် အမေရိ ကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် သမ္မတဟောင်းကတော် လော်ရာဘုရှ်တို့ကလည်း တက်ရောက်ပြီးတော့ ချီးကျူး ဂုဏ်ပြုစကားတွေကို ပြောခဲ့ကြပါတယ်။ ဒီ ကွန်ဂရက်စ် လွှတ်တော် အကြောင်း အပြည့်အစုံကိုတော့ ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ကိုသိန်းထိုက်ဦးက တင်ပြပေး ထားပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးလုပ်ငန်းစဉ်တွေဟာ သမ္မတဦးသိန်းစိန် ဦးဆောင် တဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တွေကြောင့်ဆိုပြီး အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ချီးကျူး ပြောဆိုသွားပါတယ်။
တချိန်တည်းမှာ ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းတွေ အခက်အခဲတွေ အများကြီး ရှိနေသေး တယ်လို့ လည်း သူက ဆိုပါတယ်။
ကွန်ဂရက်စ်လွှတ်တော်ရဲ့ရွှေတံဆိပ်ဆုပေးပွဲအခမ်းအနားမှာ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီကလင်တန်၊ အောက်လွှတ် တော်သဘာပတိ John Bohner၊ ရီပတ်ဗလစ်ကန် ဆီးနိတ် လွှတ်တော် အမတ် John McCain၊ ဒီမိုကရက် အထက်လွှတ် တော်အမတ် Dinne Feinstein၊ သမ္မတကတော်ဟောင်း Laura Bush နဲ့ ဒီဆုကို ချီးမြှင့်ဖို့ အဆိုပြုခဲ့တဲ့ ရီပတ်ဗလစ် ကန် ခေါင်းဆောင် အထက်လွှတ်တော် Mitch McConnell တို့ ဒေါ်အောင် ဆန်းစုကြည်နဲ့အတူ စဉ်မြင့်ပေါ်မှာ ရှိခဲ့ပါတယ်။
မြန်မာ့အရေးကို အမေရိကန်ပြည်ထောင်စု လွှတ်တော်အတွင်းမှာ ပါတီကြီးနှစ်ခုလုံး က ခေါင်းဆောင်တွေ ထောက်ခံတယ် ဆိုတာ ပြသလိုက်တဲ့ အခမ်းအနားလည်း ဖြစ်နေပါတယ်။
ဒီအခမ်းအနားမှာ မြန်မာအစိုးရ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ အမေရိကန်ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဦးသန်းဆွေတို့ လည်း တက်ရောက်ခဲ့တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် က မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ အမျိုးသားရင်ကြား စေ့ရေး အနာဂတ်အတွက် အထူးတလည် အားတက်မိကြောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်ကလည်း ဒါကို ကြိုဆိုခဲ့ပါတယ်။
နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်က အခမ်းအနား တက်ရောက်လာတဲ့ ၀န်ကြီးချုပ်ရုံးဝန်ကြီး ဦးအောင်မင်းနဲ့ မြန်မာသံ အမတ် ကြီးတို့ကို ကြိုဆို တဲ့အကြောင်း ပြောဆိုသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီနဲ့ လွှတ်တော်ခေါင်းဆောင် တယောက်အဖြစ်နဲ့သာမကပဲ အခုလို အမေရိကန်ပြည် ထောင်စု ဒီမိုကရေစီရဲ့ ဗဟို လွှတ်တော်အဆောက်အအုံကြီးရဲ့ ပေါင်းမိုး ခမ်းမဆောင်မှာ ဒီလို အခမ်းအနား တက်ရောက် လာနိုင်တာကို သူ့အနေနဲ့ မယုံနိုင်လောက်အောင် ဝမ်းသာမိတဲ့အကြောင်း ဟီလာရီကလင်တန်က ပြောဆိုသွားပါတယ်။
ကွန်ဂရက်စ်လွှတ်တော်က ချီးမြှင့်တဲ့ဆုကိုတော့ အောက်လွှတ်တော် သဘာပတိ John Bohner ကိုယ်တိုင် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့အရေးကို တစိုက်မတ်မတ် အားပေးထောက်ခံခဲ့တဲ့ နယူးယောက်မြို့နယ်က ဒီမိုက ရက် အောက်လွှတ်တော်အမတ် Joseph Crowley က လွန်ခဲ့တဲ့နှစ်နှစ်အတွင်း မြန်မာနိုင်ငံမှာ တိုးတက်ဖြစ်ထွန်းမှုတွေ အများကြီးတွေ့ရတဲ့အကြောင်း၊ ဒီလို အပြောင်းအလဲတွေပေါ် လာအောင် ဆောင်ရွက်နိုင်ခဲ့တဲ့သူတွေကို ချီးကျူးရမှာဖြစ်ပြီး အဲဒီအထဲမှာ လက်ရှိ အစိုးရ ခေါင်းဆောင် တွေကိုလည်း ထည့်သွင်းရမှာဖြစ်တယ်လို့ ထည့်သွင်း ပြောဆိုသွားပါတယ်။
မြန်မာနိုင်ငံသားတွေပေးဆပ်အနစ်နာခံခဲ့တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် ပြုပြင်ပြောင်း လဲရေးလုပ်ငန်းတွေ မပြီးပြတ် သေးတာမို့လို့ လည်း ရှေ့ဆက်မျက်ခြေမပြတ်စောင့်ကြည့်ဖို့ လိုမယ် ဆိုပြီး အောက်လွှတ်တော်အမတ် ဂျိုးဇက် ခရော်လီက ပြောပါတယ်။
အရီဇိုးနားပြည်နယ်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက မြန်မာပြည်သူတွေအတွက် ဂုဏ်သိ က္ခာ၊ တရားမျှတမှုနဲ့ မျှော်လင့် ချက်တွေပေးနိုင်ဖို့ အနစ်နာခံစွန့်လွှတ်ခဲ့တဲ့ စံနမူနာထားရမယ့် သူ့ရဲ့ သူရဲကောင်း တစ်ယောက်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူးပြောဆိုသွားခဲ့ပါတယ်။
သမ္မတဟောင်းကတော် လော်ရာဘွတ်ရှ်ကတော့ - ဒီနေ့ဟာ မြန်မာပြည်ရဲ့မိခင်လို့ ပြောရမယ့် အမျိုးသမီးတစ်ယောက် ကို ဂုဏ်ပြု တဲ့နေ့ပါ ဆိုပြီး အခမ်းအနားမှာ ပြောဆိုသွားပါတယ်။
မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ပြန်လည်သင့်မြတ်ရေးလုပ်ငန်းတွေ ရှေ့ဆက်လုပ်ကိုင်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲစွမ်းသတ္တိ၊ အမြော်အမြင် နဲ့ ဦးဆောင်မှုတွေ လိုအပ်တဲ့အကြောင်းကိုလည်း သမ္မတဟောင်း ကတော် လောရာဘွတ်ရှ်က ပြော ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဆုပေးပွဲမှာ အခုလို မိန့်ခွန်းပြောဆိုသွားပါတယ်။
“ ဒီနေ့ ကျမကို ဂုဏ်ပြုချီးမြှင့်လိုက်တဲ့ဆုဟာ ကျမတို့ပြည်သူတွေရဲ့ ဒီမိုကရေစီရေး မျှော်မှန်းမှုတွေကို အမေရိကန်ပြည် ထောင်စု လွှတ်တော်က ထာဝရရှေ့တန်းကနေပြီးတော့ မားမားမတ်မတ် ထောက် ခံသွားမယ်ဆိုတာကို ပြသလိုက်တာပါပဲ ။ အဲဒီတော့ အမေရိကန်ပြည်သူတွေနဲ့ အတူ ကွန်ဂရက် လွှတ်တော်ရဲ့ ကိုယ်စားလှယ်တော်ကြီးတွေအားလုံးကို ကျမအသည်းနှလုံး ထဲက နှစ်နှစ် ကာကာ ကျေးဇူးတင်ကြောင်းပြောပါရစေ။ လွတ်လပ်မှုနဲ့ မျှတမှုဆိုတာကို လက်လှမ်းမမှီ ခဲ့တဲ့ ကျမတို့ဘ၀ အမှောင်ကျ နေ တဲ့ နှစ်ကာလတွေမှာ ကျမတို့အတွက် မေတ္တာထား ဆောင်ရွက်ပေး ခဲ့တာတွေကို ကျေးဇူးတင်ပါတယ်။
“ကျမတို့နိုင်ငံကို ငြိမ်းချမ်းသာယာဝပြောပြီး အခြေခံလူ့အခွင့်အရေးစောင့်ရှောက်နိုင်မယ့် တရား ဥပဒေ စိုးမိုးမယ့် နိုင်ငံတော်တခု ဖြစ် စေရေး ထူထောင်သွားကြမယ့် ကျမတို့ရဲ့ ရှေ့လုပ်ငန်းစဉ်မှာ တစိုက်မတ်မတ်ကူညီသွားကြမယ့် မိတ်ဆွေရင်းချာတွေကြားမှာ ကျမ အခုရောက်နေတာပါ။
“ကျမတို့ရဲ့ ဒီနိုင်ငံတော် ထူထောင်ရေးလုပ်ငန်းစဉ်တွေဟာ သမ္မတကြီး ဦးသိန်းစိန်ဦးဆောင်နေ တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်တွေကြောင့် ဖြစ်ပေါ်လာတာပါ။ သမ္မတကြီးနဲ့ အတူ အခု သက်တမ်းနုနယ်သေးပေမယ့် အလျှင်အမြန် ရင့်ကျက်လာကြပြီဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော် ၊ ဒါ့အပြင် ဒီမိုကရေစီတန်ဖိုးတွေကို တစိုက်မတ်မတ်တန်ဖိုးထားကြတဲ့ လူထုကြီးတရပ်လုံးဟာ ကျမတို့ လိုလားသလို ခေတ်သစ်ကမ္ဘာကြီးထဲမှာ ကျမတို့နိုင်ငံတော်ကို နေရာမှန်ရစေဖို့အတွက် အင်အားအပြည်နဲ့ ရှေ့တိုးဆောင်ရွက်သွား စေနိုင်မှာဖြစ်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ ညနေပိုင်းမှာတော့ သမ္မတအိမ်ဖြူတော်ကိုသွားပြီး သမ္မတအိုဘားမား နဲ့တွေ့ဆုံပါတယ်။ ဒါပေမဲ့လည်း တွေ့ဆုံပွဲနဲ့ပတ်သက်လို့တော့ သတင်းဌာနတွေကို ပြော ဆိုခြင်းတော့မရှိပါဘူး။ အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရှိသူ ဂျေးကာနီ ကတော့ တရားမျှတပြီး ပွင့်လင်းမှုရှိတဲ့ ဒီမိုကရေစီအစိုးရပေါ်ထွန်းရေးအတွက် ဒေါ်အောင်ဆန်း စုကြည်နဲ့ မြန်မာပြည်သူတွေ ရဲ့ လှုပ်ရှားမှုအပေါ် အမေရိကန်ပြည်ထောင်စုက ကာလရှည်ကြာထောက်ခံလာမှုတွေကို ထပ်မံ အတည်ပြုနိုင်မယ့် အခွင့်အရေးတစ် ရပ်ဖြစ်တယ်ဆိုပြီး ပြောဆိုထားပါတယ်ခင်ဗျာ။
Ref: ဗွီအိုအေ
အမိမြေ ငြိမ်းချမ်းရေးအဖွဲ့ လက်ပံတောင်းတောင် ဒေသခံများနှင့်တွေ့ဆုံ
2012-09-19
အမိမြေ ငြိမ်းချမ်းရေးမစ်ရှင် ခရီးစဉ်အဖြစ် အင်အား ၄၀ ကျော်ပါဝင်တဲ့ ကိုမိုးသီးဇွန်တို့ အဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေ သိမ်းယူခံရပြီး ဖယ်ရှားခံထားရတဲ့ ကျေးရွာ (၅) ရွာကို ဒီကနေ့ သွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် အခက်အခဲဖြစ်နေတဲ့ လယ်သမားတွေရဲ့ ဆုံးရှုံးနစ်နာမှုကို နိုင်ငံတော်အနေနဲ့ ဖြေရှင်း ဆောက်ရွက်ပေးသင့်တယ်လို့ ရွာသားတွေနဲ့ တွေ့ဆုံပွဲအပြီးမှာ ကိုမိုးသီးဇွန်က RFA ကို အခုလို ပြောပါတယ်။
"လက်ပံတောင်းတောင် တဝိုက်မှာရှိတဲ့ လယ်တွေ ဆုံးရှုံးသွားတဲ့ ရွာတွေ ၅ ရွာလောက်က လူထုတွေနဲ့ ကျွန်တော်နဲ့ တွေ့ဆုံ ဖြစ်ပါတယ်။ သူတို့လယ်တွေ ဆုံးရှုံးသွားတဲ့အကြောင်း၊ သူတို့တွေ ဒုက္ခရောက်နေတဲ့ အကြောင်းတွေ ကျွန်တော်တို့ ကွင်းဆင်း လေ့လာတာပါ။ ကြေးစင်တောင် တဝိုက်မှာလုပ်နေတဲ့ စီမံကိန်းတွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တယ်။ စီမံကိန်းတွေကို အမြန်ဆုံး နိုင်ငံတော်က ရပ်ဆိုင်းသင့်တယ်။ သူတို့လယ်တွေကို သူတို့ ပြန်ပြီးလုပ်ကိုင်ခွင့် ပေးသင့်တယ်လို့ ကျွန်တော်မြင်တယ်"
ကိုမိုးသီဇွန် ဦးဆောင်တဲ့ အမိမြေ ငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့ဟာ ၀က်မှေး၊ လက်ပံတောင်း၊ ဆည်တဲ စတဲ့ကျေးရွာတွေကို သွား ရောက် ခဲ့ကြပြီး အဲဒီကနေတဆင့် ပခုက္ကူမြို့ကို ခရီးဆက်ထွက်မယ်လို့ သိရပါတယ်။
မနေ့ကတော့ ကိုမိုးသီးဇွန်တို့အဖွဲ့ဟာ မန္တလေးမြို့ကို ရောက်ရှိခဲ့ပြီး မဟာမုနိဘုရားကြီး၊ မြ၀တီကျောင်းတိုက် ဆရာတော်၊ ဘုရား ကြီးအလယ်တိုက် ဆရာတော်၊ မစိုးရိမ်တိုက်သစ် ဆရာတော်တွေအပြင် ရွှေဝါရောင် တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ဆရာတော်တွေ ကို သွားရောက် ဂါရ၀ပြုခဲ့တယ်လို့ သိရပါတယ်။
Ref: အာရ်အဖ်အေ
GRAND ROYAL အရက်ချက်စက်ရုံ အလုပ်သမားတောင်းဆိုချက် ပြေလည်မှုရ
2012-09-19
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန် (၂)၊ ကနောင်မင်းသားကြီးလမ်းမှာရှိတဲ့ GRAND ROYAL အရက်ချက်စက်ရုံက ထုတ်လုပ်ရေးဝန်ထမ်းတွေ မနေ့က ဆန္ဒပြခဲ့ကြတာကို သက်ဆိုင်ရာ အလုပ်သမားဦးစီးဌာန တာဝန်ရှိသူတွေက ညှိနှိုင်းပေးခဲ့ တာကြောင့် မနေ့ ည (၈) နာရီမှာ ပြေလည်မှု ရခဲ့တယ်လို့ သိရပါတယ်။
အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး အလုပ်ထုတ်ခံခဲ့ရတဲ့ ၀န်ထမ်းတစ်ဦးဖြစ်တဲ့ ကိုကျော်သူအောင်က RFA ကို အခုလိုပြောပါတယ်။
"အလုပ်သမားအခွင့်အရေး တိုးတက်ရရှိရေး၊ အခြေခံ အလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းရေး၊ ဝန်ထမ်းများ အကြာင်းမဲ့ရပ်စဲခြင်းကို ရပ်ဆိုင်းရေး အဲဒီ ၃ ချက်လုံး အောင်မြင်တယ်။ ဖြုတ်လိုက်တဲ့ ဒီဝန်ထမ်း ၄ ဦးကို ပြန်ခန့်ဖို့အတွက် ကျွန်တော်တို့ ကုမ္ပဏီမှာ အသနားခံစာ တင်ခဲ့ရတယ်"
တောင်းဆိုချက် ၄ ချက်အနက် ၃ ချက်ကို သဘောတူလိုက်ပေမယ့် နောက်ဆုံးအချက်ဖြစ်တဲ့ အလုပ်မှ ထုတ်ပယ်ထားသူတွေကို အလုပ်ပြန်လည်ခန့် ပေးရေးမှာတော့ အလုပ်ထုတ်ခံရသူ (၆) ဦးရှိတဲ့အနက် မနေ့က အလုပ်ထုတ်ခံရသူ(၂)ဦးကို အလုပ် သမား အရေး ဖြန်ဖြေရေးအဖွဲ့ရဲ့ ညှိနှိုင်းပေးမှုကြောင့် အလုပ်ပြန်လည် ခန့်ထားလိုက်ပေမယ့် ကျန်တဲ့သူ (၄) ဦးကိုတော့ ရန်ကုန်ရုံးချုပ်ရဲ့ ခွင်ြ့ပုချက်ရမှ ပြန်ခန့်မယ်လို့ ပြောဆိုကြောင်း သိရပါတယ်။
Ref: အာရ်အဖ်အေ
ကျဆုံးအာဇာနည်ကျောင်းသူ၊ ကျောင်းသားများအတွက် ဆွမ်းကပ်လှူဒါန်း
2012-09-19
၈၈ ဒီမိုကရေစီ အရေးတော်ပုံမှာ မ၀င်းမော်ဦးနဲ့တကွ ကျဆုံးသွားခဲ့တဲ့ မောင်တင်ထွန်း၊ မောင်သန်းဌေး စတဲ့ အာဇာနည်ကျောင်း သူ၊ ကျောင်းသားတွေအတွက် (၂၄) နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအောက်မေ့ဖွယ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ဒီကနေ့နံနက် ၇ နာရီက ရန်ကုန် ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာရှိတဲ့ ဘုရားငါးဆူ တန်ဆောင်းမှာ ကျင်းပခဲ့ပါတယ်။
မ၀င်းမော်ဦးက မြန်မာပြည် ဒီမိုကရေစီ မရမချင်း သူ့အတွက် အမျှအတန်း aပးဝေခြင်းမပြုဖို့ သူမရဲ့ဖခင်ကို မှာထားခဲ့ချက်အရ စစ်မှန်တဲ့ဒီမိုကရေစီ အခုအချိန်အထိ မရသေးတာကြောင့် အမျှမဝေသေးဘူးလို့ မ၀င်းမော်ဦးရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ဌေးဝင်းက RFA ကို ပြောပါတယ်။
"အခုချိန်မှာကတော့ သိပ်ပြီးတော့ လွတ်လွတ်လပ်လပ် မရှိသေးတဲ့အတွက် တောင်းထားတဲ့ ဒီမိုကရေစီ ပန်းတိုင်ကလည်း မ ရောက်သေးတဲ့အတွက် အန်တီကတော့ လုံးဝသူ့အတွက်ကို အမျှမဝေပေးသေးဘူး။ အန်တီသမီးက တိုင်းပြည်အတွက် အလုပ် လုပ်သွားတဲ့အတွက် အန်တီ့ရင်ထဲမှာ အမြဲတမ်း ဂုဏ်ယူပါတယ်"
ဒီအခမ်းအနားကို ကချင်ပြည်နယ်မှာ ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင်က လူကိုယ်တိုင် မတက်ရောက်နိုင်ခဲ့ပေမယ့် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ အသက်ပေး ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းတွေကိုယ်စား မ၀င်းမော်ဦးအတွက် ဂုဏ်ပြုရေးသား ပေးပို့လိုက်တဲ့ ကဗျာတစ်ပုဒ်ကို ၈၈ မျိုးဆက်ကျောင်းသား ကိုဇော်မင်းက ရွတ်ဆိုဂုဏ်ပြုခဲ့ပါတယ်။
ဒီအခမ်းအနားကို ၈၈ မျိုးဆက် ကျောင်းသားတွေဖြစ်တဲ့ ကိုထွန်းမြင့်အောင်၊ ကိုဇော်မင်းတို့ တက်ရောက်ခဲ့ပြီး ဗကသကျောင်း သား တွေ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။ လာမယ့် စက်တင်ဘာ ၂၅ ရက် နေ့မှာ လည်း မ၀င်းမော်ဦးအတွက် ဆွမ်းကျွေး တရားနာပွဲတစ်ခုကို မိဘတွေရဲ့ နေအိမ်မှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။
Ref: အာရ်အဖ်အေ
သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌ အမေရိကန်တားမြစ်စာရင်းက ပယ်ဖျက်
2012-09-19
မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့အပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို အမေရိ ကန် ဘဏ္ဍာရေးဌာနက မနေ့က ပယ်ဖျက်လိုက်ပါတယ်။ တချိန်က စစ်အစိုးရ အဖွဲ့ဝင်တွေ ဖြစ်ခဲ့တဲ့ ဦးသိန်းစိန်နဲ့ သူရ ဦးရွှေ မန်းတို့ကို အထူးတလည် အရေးယူဖို့ သတ်မှတ်ထားတဲ့ နိုင်ငံသားများ စာရင်းကနေ ပယ်ဖျက်လိုက်တယ်လို့ ဆိုပါတယ်။
စစ်တပ်က အာဏာစွန့်လိုက်ပြီးချိန်ကစလို့ ၁၈ လအတွင်း ပြုပြင် ပြောင်းလဲရေးတွေ တွန်းအားပေး လုပ်ဆောင်တဲ့အတွက် နိုင်ငံတကာက ချီးကျူးသူနှစ်ဦးကို စာရင်းက ပယ်ဖျက် လိုက်တာလည်း ဖြစ်ပါတယ်။
အတိုက်အခံ ခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီမှာ ရောက်ရှိနေပြီး မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက်မှာ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံပါမယ်။
ကွန်ဂရက် လွှတ်တော် ရွှေတံဆိပ်ဆုကို ဒေါ်အောင်ဆန်းစုကြည် မနေ့က လက်ခံရယူချိန်မှာ ဒီဆုံးဖြတ်ချက် ထွက်ပေါ်လာတာ လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ဖို့ သမ္မတ ဦးသိန်းစိန် နယူးယောက်မြို့ကို လာ မယ့် သီတင်းပတ်မှာ ရောက်မလာခင်မှာ ခုလို ပယ်ဖျက်တာပါ။
ဦးသိန်းစိန်ဟာ အမေရိကန် အထက်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ အခုစာရင်းက ပယ်ဖျက်လိုက်တဲ့ အမေရိကန်က ချမှတ်တဲ့ အရေးယူ ပိတ်ဆို့မှုဟာ အမေရိကန် ကုမ္ပဏီတွေနဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်ကို တားမြစ်ထားတာ ဖြစ်ပါတယ်။
Ref: အာရ်အဖ်အေ
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88