Friday, January 11, 2013

ခရိုနီကြီးများ၏ အကူအညီနှင့် ပတ်သက်၍ ဒေါ်စု သဘောထား ထုတ်ဖော်

မြတ်ကျော်သူ
ဇန်နဝါရီလ ၁၀ ရက် ၂၀၁၃ ခုနှစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြည်သူ့လွှတ်တော်၌ မီဒီယာများနှင့် တွေ့ဆုံစဉ် NLD ၏ လူမှုရေး လုပ်ငန်းလုပ်ငန်းများကို ပံ့ပိုးနေသည်ဟုဆိုသည့် ခရိုနီများနှင့်ပတ်သက်၍ ၎င်း၏ သဘောထားကို ထုတ်ဖော် ပြောကြားလိုက်သည်။

ဇန်နဝါရီလ ၉ ရက်နေ့က ကျင်းပသည့် ဆဋ္ဌမအကြိမ် လွှတ်တော်အစည်းအဝေး ခတ္တနားနေချိန် မဇ္ဈိမ၏ မေးခွန်းကို NLD ဥက္ကဋ္ဌက ပြန်လည်ဖြေကြားလိုက်ခြင်းဖြစ်သည်။

Read More...

ကချင် ၂၃ ဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာ ပို့

ဖနိဒါ
ဇန်နဝါရီလ ၁၀ ရက် ၂၀၁၃ ခုနှစ်

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ ပြည်ပရာက် ကချင်ပူးပေါင်းအဖွဲ့ ၂၃ ဖွဲ့က ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် အိတ်ဖွင့်ပေးစာတစောင် ပေးပို့လိုက်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် မြန်မာ အစိုးရကြား တိုက်ပွဲများ ပြင်းထန်လာသဖြင့် စစ်ပြေး ဒုက္ခသည်များ အရေး နှင့် ပတ်သတ်၍ တစုံတရာ တုံ့ပြန်ပေးရန် ထိုင်း၊ အိန္ဒိယ၊ မလေးရှား၊ ဂျပန်၊ အင်္ဂလန်၊ အမေရိကန်၊ သြစတေးလျ၊ ဒိန်းမတ်၊ ဆွီဒင်၊ နယ်သာလန်၊ နော်ဝေးနှင့် စင်္ကာပူ စသည့် နိုင်ငံများသို့ ရောက်ရှိနေသော ကချင်အဖွဲ့အစည်း ၂၃ ဖွဲ့က ထိုအိတ်ဖွင့်ပေးစာကို ပေးပို့လိုက်ခြင်း ဖြစ်သည်။

Read More...

အမေရိကန် သံအမတ်ကြီး၏ မွန်၊ ကရင် ပြည်နယ် ခရီးစဉ် စတင်မည်

ဟင်္သာနီ (မွန်မြေ)
ဇန်နဝါရီလ ၁၀ ရက် ၂၀၁၃ ခုနှစ်

မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက် ဂျေ မစ်ချဲလ်၏ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်သို့ ပထမဆုံး အကြိမ် ခရီးစဉ်ကို ဇန်နဝါရီလ (၁၁) ရက်နေ့ စတင်မည် ဖြစ်ကြောင်း ရန်ကုန်ရှိ အမေရိကန် သံရုံးမှ ဇန်နဝါရီလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။

မစ္စတာ မစ်ချဲလ်၏ (၁၁) ရက်နေ့မှ (၁၃) ရက်နေ့ အထိ သုံးရက်တာ ကြာမြင့်မည့် ခရီးစဉ် အတွင်း၌ အစိုးရအရာရှိများ ၊ လက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံ သွားရန်ရှိကြောင်း ကြေညာချက်၌ ပါရှိသည်။

Read More...

ယူနန် ကချင်များက စစ်ပြေးဒုက္ခသည်များအား လာရောက်အားပေး

ဖနိဒါ၊ နေမျိုး
ဇန်နဝါရီလ ၁၀ ရက် ၂၀၁၃ ခုနှစ်

ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ခိုလှုံနေရသော စစ်ပြေးဒုက္ခသည်များ၏ ဒုက္ခအား ထပ်တူ ခံစားနေရကြောင်း ပြသသည့်အနေဖြင့် တဖက်နိုင်ငံ၊ ယူနန်ပြည်နယ်အတွင်း နေထိုင်သော ကချင်လူမျိုး ၁,၂၀၀ ကျော်က လာရောက် အားပေး ဆန္ဒဖော်ထုတ်ခဲ့သည်ဟု တရုတ်နိုင်ငံ၊ ရင်ကျန်းမြို့မှ ဘာသာရေးဆရာတဦးက ပြော
သည်။

ကြာသပတေးနေ့နံနက် ၁၀ နာရီချိန်မှစ၍ တဖက်နိုင်ငံရှိ ရင်ကျန်း၊ ရွှေလီ၊ မန်ချီ၊ ဝမ်ဒင်၊ ဆန်ချီးကွန်မြို့များမှ ကိုယ်စားလှယ် ကချင် လူကြီး၊ လူငယ်များက ကား၊ ဆိုင်ကယ်များဖြင့် လိုင်ဇာမြို့ တဖက်ကမ်းသို့ မွန်းလွဲ ၂ နာရီချိန်တွင် ရောက်ရှိလာကာ အင်အားပြသခဲ့ခြင်း ဖြစ်သည်။

Read More...

အစိုးရဝန်ထမ်း လစာတိုးနိုင်ကြောင်း သမ္မတ အရိပ်အမြွက်ပြောကြား

သိင်္ဂီထွန်း
ဇန်နဝါရီလ ၁၀ ရက် ၂၀၁၃ ခုနှစ်

အစိုးရဝန်ထမ်းများ၏ လစာနှင့် ထောက်ပံ့ကြေးများ လာမည့်ဘဏ္ဍာနှစ်တွင် တိုးမြှင့်ပေးနိုင်တော့မည့် အနေအထားရှိ ကြောင်း ပြည်ထောင်စု လွှတ်တော်သို့ ဇန်န၀ါရီလ ၁၀ ရက်နေ့က ပေးပို့သော သမ္မတ ဦးသိန်းစိန်၏ နှစ်သစ်ကူး သဝဏ်လွှာတွင် အရိပ်အမြွက် ထည့်သွင်း ပြောကြားသွားသည်။

ပြုပြင်ပြောင်းလဲမှု လုပ်ခဲ့သော လူမှုရေး ဆောင်ရွက်ချက်များအကြောင်း ပြောကြားရာတွင် သမ္မတက ယခုလို ထည့်သွင်း ပြောကြား သွားခြင်း ဖြစ်သည်။

Read More...

Thursday, January 10, 2013

ရွှေ ဓာတ်ငွေ့ပိုက်လိုင်း လုပ်သားများ၏ လစာ တလနီးပါး မရသေးဟုဆို

နန်းသီရိလွင်
January 10, 2013

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းရှိ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်း၊ ဓာတ်ငွေ့သန့်စင် စက်ရုံ တည်ဆောက်ရေး လုပ်ငန်း စသည်တို့ကို တာဝန်ယူထားသည့် တွဲဘက် ကန်ထရိုက် ကုမ္ပဏီများက ဒေသခံ အလုပ်သမား များကို တလနီးပါးအထိ လုပ်ခ ရှင်းမပေးသည့် ဖြစ်ရပ်များ ရှိနေကြောင်း ကြားသိရသည်။

“တပတ်ကို တကြိမ် လုပ်ခတွေ ရှင်းပေးခဲ့တယ်။ အခု လုပ်ခ ရှင်းမပေးတာ ၂၈ ရက်ရှိပြီ။ တခြား လုပ်စရာလည်း မရှိတော့ ဒီမှာပဲ ဆက် အလုပ်ဆင်းနေရတယ်။ တချို့ လစာမရလို့ ဆက်မလုပ်တော့ တာတွေလည်း ရှိတယ်” ဟု ကျောက်ဖြူ မြို့နယ် မလကျွန်း ကျေးရွာရှိ ပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းတွင် နေ့စားလုပ်နေသည့် ကိုခင်ရီက ပြောသည်။

Read More...

ဖယ်ခုံအင်းမှ ကျွန်း ၂ ကျွန်းကို တပ်မြေအဖြစ် ဒေသခံများ လက်မှတ်ထိုးပေးနေရ

ကြယ်ပြာ
January 10, 2013

အင်းလေးကန်နှင့် စပ်ဆက်နေသော ဖယ်ခုံအင်းအတွင်းရှိ ရေလယ်ကျွန်း ၂ ကျွန်းကို တပ်မြေဖြစ်ကြောင်း ဒေသခံများအား လတ် မှတ်ထိုးခိုင်းပြီး ယင်းကျွန်းများပေါ်တွင် ဟိုတယ်ဇုန် တည်ဆောက်ခွင့်ရရန် စီးပွားရေး လုပ်ငန်းရှင်များက ကြိုးပမ်း နေကြကြောင်း သိရသည်။

အဆိုပါ ရေလယ်ကျွန်းများ ဖြစ်ကြသော လွယ်ပန်းစုံကျွန်းနှင့် ဟိုတိန်းတောင် ကျွန်းများက ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာ အုပ်စုတွင် ပါရှိပြီး နှစ်ကျွန်းပေါင်း မြေဧက ၈၀၀ နီးပါးခန့် ရှိသည်။

Read More...

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ပထမဆုံး ချင်းပြည်နယ် ရုံးခန်းဖွင့်

2013-01-09

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် Zomi Congress for Democracy (ZCD) ပါတီရဲ့ ပထမဦးဆုံး ချင်းပြည်နယ် ရုံးခန်းဖွင့်ပွဲအခမ်းအနားကို တီးတိန်မြို့၊ မြို့မရပ်ကွက်မှာ ဒီကနေ့ နေ့လည်က ကျင်းပပြုလုပ်ရာ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီဝင်များ၊ ချင်း အမျိုးသားပါတီဝင်များ၊ စုစုပေါင်း လူဦးရေ (၅၀၀)ခန့် တက်ရောက်ကြတယ်လို့ သိရပါတယ်။

Read More...

ပြည်ပထွက် အဖမ်းခံရတဲ့ ရိုဟင်ဂျာတွေ လဝက ဥပဒေနဲ့ အရေးယူခံရမည်

2013-01-09

ရခိုင်ပြည်နယ် စစ်တွေမြို့ကနေပြီး တနင်္သာရီတိုင်း ကော့သောင်းမြို့ကို အခုလဆန်းပိုင်းက စက်လှေနဲ့ရောက်ရှိလာတဲ့ ရိုဟင်ဂျာ ၈၅ ယောက်ကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ တရားစွဲ အရေးယူသွားဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကော့သောင်းလူဝင်မှုကြီးကြပ်ရေး ဌာနကနေ နေပြည်တော်ကို တင်ပြလိုက်ကြောင်း သိရပါတယ်။

ကော့သောင်းမြို့ကို ရောက်သွားကြတဲ့ ရိုဟင်ဂျာ တွေဟာ သက်သေခံအထောက်အထား လက်မှတ်တစ်စုံတစ်ရာ မရှိကြတဲ့အတွက် နေရင်းဌာနေ ကို ပြန်မပို့ သေးဘဲ လ၀က ဥပဒေနဲ့ အရေးယူဖို့ တင်ပြထားတာဖြစ်ကြောင်း ကော့သောင်းမြို့နယ် လူဝင်မှုကြီးကြပ် ရေးဌာနက အရာရှိက ပြောပါတယ်။

Read More...

မြေမြှုပ်ထားတဲ့ တိုက်လေယာဉ်တွေကို ပြန်လည်ရှာဖွေ

2013-01-09

ဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံမှာ ဗြိတိသျှအစိုးရက လျှို့ဝှက်မြှုပ်နှံ ထားခဲ့တယ်ဆိုတဲ့ Spitfire တိုက်လေယာဉ်တွေကို ပြန်လည် ရှာဖွေတူးဖေါ်ဖို့ ရန်ကုန်ကို ရောက်ရှိနေတဲ့အဖွဲ့က သူတို့ရဲ့ တူးဖော်ရေးလုပ်ငန်းတွေကို နှစ်နှစ်အတွင်း ပြီးစီးအောင်လုပ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြော ကြားလိုက်ပါတယ်။

မြှပ်နှံထားတဲ့ လေယာဉ်တွေကို ပြန်လည်ရှာဖွေတဲ့အဖွဲ့ရဲ့ ရှာဖွေမှုကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ မြစ်ကြီးနားမြို့က လေယာဉ်ကွင်းမှာ စတင်နေပြီး၊ ဒီကိစ္စတွေနဲ့ ပက်သက်ပြီး သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ Park Royal ဟိုတယ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

Read More...

လက်ကမ်းစာစောင်ဝေတာပိတ်ပင်လို့ သန်လျင်နည်းပညာကျောင်းမှာ ရုတ်ရုတ်သဲသဲဖြစ်

2013-01-09

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် တောင်ပိုင်းခရိုင်က ရန်ကုန်တိုင်း သန်လျင်နည်းပညာ တက္ကသိုလ်ရှေ့မှာ ဒီနေ့မနက်က လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာကို ဆရာတွေနဲ့ကျောင်းလုံခြုံရေးတွေက တားဆီး ပိတ်ပင်တဲ့အတွက် ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ် လို့သိရပါတယ်။

ဒီကနေ့ ဖြန့်ဝေတဲ့ လက်ကမ်းစာစောင်မှာ ဗကသများ အဖွဲ့ချုပ်ရဲ့ မူ ၅ ချက်၊ တောင်ပိုင်းခရိုင် ဗကသ ပေါ်ပေါက်လာပုံနဲ့ ဥက္ကဌ အဆက်ဆက်တို့ အမည်တွေ ပါဝင်ပါတယ်။

Read More...

သမ္မတမူအရ လာဘ်ပေး လာဘ်ယူမှု အရေးယူရေး ကော်မီတီဖွဲ့ရဟု ဦးရဲထွဋ် ပြော

ဟင်္သာနီ (မွန်မြေ)
ဇန်နဝါရီလ ၀၉ ရက် ၂၀၁၃ ခုနှစ်

သမ္မတ၏ 'ကောင်းမွန်သော အုပ်ချုပ်မှု စနစ်နှင့် သန့်ရှင်းသော အစိုးရ'အား အကောင်အထည် ဖော်နိုင်ရန် ရည်ရွယ်ချက်ဖြင့် 'လာဘ်ပေး လာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မီတီ'အား ဖွဲ့စည်း ရခြင်း ဖြစ်သည်ဟု နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ အဖြစ် ဇန်နဝါရီလ ၈ ရက်နေ့ကမှ တာဝန် ပေးအပ် ခြင်းခံရသည့် ဦးရဲထွဋ် က ပြောဆိုလိုက်သည်။

“အဂတိ လိုက်စားမှုတွေ ပပျောက်အောင် လုပ်မယ်လို့လည်း သမ္မတက နေပြီး အကြိမ်ကြိမ် ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ကုန်ခါနီး ကျနော်တို့ အစိုးရဝန်ကြီးများနဲ့ ဌာနဆိုင်ရာ အကြီးအကဲများကို ပြောတဲ့ အစိုးရအဖွဲ့ အုပ်ချုပ်မှု ယန္တရား ပြုပြင်ပြောင်းလဲရေး လုပ်ငန်းမှာလည်း ဒီကိစ္စကို ထပ်ပြောပါတယ်။ အခု ဖွဲ့တဲ့ ကော်မတီကတော့ သမ္မတကြီးရဲ့ မူဝါဒတွေကို အကောင်အထည် ဖော်နိုင်ဖို့ အတွက် ရည်ရွယ်ပြီး တော့ ဖွဲ့တာ ဖြစ်တယ်” ဟု ဦးရဲထွဋ် က မဇ္ဈိမကို ပြောသည်။

Read More...

ကချင်စစ်ပွဲ ရပ်ဆိုင်းရေး ဝိုင်းဝန်းလုပ်ဆောင် ပေးရန် KNU ကို သမ္မတနှင့် ကာချုပ် ပြောကြား

ဟင်္သာနီ (မွန်မြေ)
ဇန်နဝါရီလ ၀၉ ရက် ၂၀၁၃ ခုနှစ်

ကချင်စစ်ပွဲ ရပ်ဆိုင်း ရေး နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးအတွက် ၀ိုင်းဝန်း ပန်ကြားလုပ်ဆောင်ပေးရန် KNUနှင့် တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့က ပြောကြားခဲ့ကြောင်း KNU အထွေထွေအတွင်းရေးမှူး ဗဒိုကွယ်ထူးဝင်းက ပြောသည်။

ဗဒိုကွယ်ထူးဝင်းက “ကျွန်တော် တို့ကို မြန်မာ အစိုးရက ခင်ဗျား တို့လည်း တတ်နိုင်တဲ့ ဘက်က ဝိုင်းဝန်း လုပ်ဆောင် ပြီးတော့ ဒီတိုက်ပွဲ ရပ်ပြီးတော့ တွေ့ဆုံ နိုင်ဖို့ လုပ်ဆောင် ကြပါလို့ ပြောတာ ပန်ကြား တာတော့ ရှိတယ်၊ သူတို့ ဘက်ကလည်း တတ်နိုင်တဲ့ နည်းလမ်းက လုပ်နေ တယ်လို့ ပြောတယ်” ဟု မဇ္ဈိမအား ပြောသည်။

Read More...

သီလ၀ါအထူးစီးပွားရေးဇုံကို အများပိုင် ကုမ္ပဏီများဖြင့် တည်ဆောက်မည်

အောင်မြတ်ထွန်း
ဇန်နဝါရီလ ၀၉ ရက် ၂၀၁၃ ခုနှစ်

သံလျင်မြို့နယ်နှင့် ကျောက်တန်းမြို့နယ်တို့တွင် တည်ဆောက်မည့် သီလ၀ါ အထူးစီးပွားရေးဇုံအတွက် အများပိုင် ကုမ္ပဏီများဖြင့် တည်ဆောက်လည်ပတ်နိုင်ရန် လိုအပ်သည်ဟု အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဒုဝန်ကြီး ဦးဆက်အောင်က ပြောသည်။

“အစုရှယ်ယာများကို တစ်ဦးတစ်ယောက်ချင်း၊ အစုအဖွဲ့အလိုက် အများပိုင် ကုမ္ပဏီ ဖြစ်ရန် ရည်ရွယ်ထားခြင်းကတော့ မြန်မာနိုင်ငံသား အားလုံးပါဝင်နိုင်ရန်အတွက်ဖြစ်ပြီး တစ်ဦးတစ်ယောက်ထဲက အားလုံးကို လက်ဝါးကြီးအုပ် ၀ယ်ယူခြင်းမဖြစ်ရအောင် တစ်ဦးကို ရှယ်ယာဘယ်လောက်၊ ကုမ္ပဏီတစ်ခုကို ရှယ်ယာဘယ်လောက် ဆိုတာ သတ်မှတ်ထားဖို့ လိုပါတယ်” ဟု ဦးဆက်အောင်က ပြောသည်။

စီးပွားရေးဇုံကို အဓိကအားဖြင့် ဂျပန်-မြန်မာ ပူးပေါင်းလုပ်ကိုင်မည် ဖြစ်ပြီး ဂျပန်မှ ၄၉ ရာခိုင်နှုန်းနှင့် မြန်မာမှ ၅၁ ရာခိုင်နှုန်း တည် ဆောက်သွားမည်ဖြစ်ရာ ဂျပန်နိုင်ငံ၏ စီးပွားရေး လုပ်ငန်းကြီးများဖြစ်သည့် မစ်ဇူဘစ်ရှီ၊ မာရိုပီနီ၊ ဆူမိတိုမို အစရှိသည့် ကုမ္ပဏီ ကြီးများမှ ငွေကြေနှင့် နည်းပညာများ ပူးပေါင်းပါဝင် လုပ်ဆောင်မည် ဖြစ်သည်။ ဂျပန် အစိုးရဘက်မှလည်း ပူးပေါင်းကာ ဂျိုက်ကာနှင့် အခြား သောဘဏ်လုပ်ငန်းများ ပါဝင်မည်ဟု သိရသည်။

အလုပ်ရုံဆွေးနွေးပွဲကို ယခင်လတွင် အပြည်ပြည်ဆိုင်ရာ စီးပွားရေးအဆောက်အုံ(IBC) တွင် ပြုလုပ်ခဲ့ပြီး တည်ဆောက်ရေးအတွင်းမှ လယ်မြေများကို ပိုင်သည့် လယ်သမားများ ကိုယ်တိုင် ပါဝင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည် ဟု ဦးဆက်အောင်မှ ဆိုသည်။ ထိုအလုပ်ရုံ ဆွေးနွေးပွဲတွင် မြန်မာကုမ္ပဏီများ ၇၀ကျော်နှင့် စိတ်ဝင်စားသူများ တက်ရောက်ခဲ့သည်။

မစ်ဆူဘစ်ရှီ၊ မာရိုပီနီ နှင့် ဆူမီတိုမို တို့မှာ လက်ရှိ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင်တို့တွင် အောင်မြင်နေသော စီးပွားရေး လုပ်ငန်း ကုမ္ပဏီကြီးများ ဖြစ်သည်။

အထူးစီးပွားရေးဇုံအတွက် ပြင်ပတည်ဆောက်ရေးနှင့် လျှပ်စစ်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများလုပ်ကိုင်ရန် အခြားသော လုပ်ငန်းရှင်များ အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဋ္ဌာန၏ ခွင့်ပြုချက်ယူပြီးလုပ်ကိုင်နိုင်သည်ဟု ၀န်ကြီးမှ ပြောသည်။

ထို့အပြင် ဂျပန်နိုင်ငံအစိုးရမှ ပြည်ပတည်ဆောက်ရေးအတွက် မြန်မာအစိုးရတာဝန်ယူ တည်ဆောက်ပြီး ငွေကြေးလုံ လောက်မှု မရှိခဲ့လျှင် သက်သာသော အတိုးနှုန်း ၀ ဒသမ ၁ ရာခိုင်နှုန်း နှင့် ငွေထုတ်ချေးမည်ဟုပြောထားကြောင်း သိရသည်။

ယခုတည်ဆောက်မည့် သီလ၀ါ အထူးစီးပွားရေးဇုံအနေဖြင့် အရှေ့တောင်အာရှတွင် ကြီးမားသည့် စီးပွားရေးဇုံဖြစ်ပြီး ကုန်ကျမည့် ငွေကြေးကို ဇန်န၀ါရီလကုန်ပိုင်းလောက်တွင် ဖော်ပြနိုင်မည်ဟု ဦးဆက်အောင်မှ ပြောသည်။

သီလ၀ါအထူးစီးပွားရေးဇုံနှင့် ပတ်သတ်၍ လွန်ခဲ့သော ၈လကျော်မှ စတင်ပြီး ဂျပန် နှင့် ဆွေးနွေးလုပ်ဆောင်ခဲ့ပြီး မြန်မာတို့ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေခြင်းနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ ဖြစ်လာသည် အထိ မျှော်လင့်ထားကြောင်း ကုန်သည်များ နှင့်စက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောသည်။

Ref: မဇ္ဈိမ

Read More...

Spitfire လေယာဉ်များ ပဏာမ ဘူမိရူပ တိုင်းတာမှု စတင်နေ

ခင်မျိုးသွယ်
ဇန်နဝါရီလ ၀၉ ရက် ၂၀၁၃ ခုနှစ်

ဒုတိယ ကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်ဖွဲ့များ မြန်မာ့မြေတွင် မြှုပ်နှံထားခဲ့သည့် Spitfire လေယာဉ်နှင့် ဆက်စပ် ပစ္စည်းများ တူးဖော်ရန် ပဏာမ ဘူမိရူပ တိုင်းတာမှုများ ဆောင်ရွက်နေပြီဟု သိရသည်။

အောက်တိုဘာလ ၁၆ ရက်နေ့တွင် မြန်မာ့ လေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန၊ ရွှေတောင်ပေါ် ကုမ္ပဏီလီမိတက်နှင့် ဗြိတိန်နိုင်ငံမှ DLC ကုမ္ပဏီတို့ နေပြည်တော်ရှိ တော်ဝင်ကုမုဒြာ ဟိုတယ်တွင် နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

Read More...

ကချင်ငြိမ်းချမ်းရေး ချီတက်ပွဲ မြစ်ကြီးနား ရဲမှူးကြီး ခွင့်မပြု

ဖနိဒါ
ဇန်နဝါရီလ ၀၉ ရက် ၂၀၁၃ ခုနှစ်

ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကျရောက်သော ၆၅ ကြိမ်မြောက် 'ကချင်ပြည်နယ်နေ့'တွင် ပြည်နယ် ငြိမ်းချမ်းရေးအတွက် စီတန်း လမ်း လျှောက်ခွင့်ကို မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲမှူးက အခါကြီးရက်ကြီးဖြစ် ၍ ခွင့်မပြုကြောင်း ချီတက်ပွဲ ဦးဆောင်သူ အင်ဂျားယန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က ပြော သည်။

Read More...

အိမ်ဖေါ်တွေကို အလုပ်သမားဥပဒေနဲ့ကာကွယ်ရမည်

ကိုအောင်လွင်ဦး
09.01.2013

မြန်မာနိုင်ငံသား အများအပြားအပါအ၀င် ကမ္ဘာတ၀ှမ်း သန်းနဲ့ချီရှိတဲ့ အိမ်ဖော် အလုပ်သမားတွေ ဟာ ဥပဒေနဲ့အညီ အကာအကွယ်တွေ မရနိုင်ဘဲ ဖြစ်နေရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။ မြန်မာနိုင်ငံသား အများအပြားရှိရာ အိမ်နီးချင်း တိုင်းပြည်တွေမှာဆိုရင်လည်း တရားဝင် အလုပ် လုပ်ကိုင်ခွင့်တွေ ရလာကြပေမဲ့ အခွင့်အရေးတွေ အပြည့် အ၀ မရနိုင်သေးဘဲ ဖြစ်နေရတယ်လို့လည်း ILO က ပထမဆုံးအကြိမ် ထုတ်ဝေလိုက်တဲ့ အစီရင်ခံစာမှာ ထောက်ပြတားတာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးကတင်ပြပေးထားပါတယ်။

Read More...

သူတပါးဆေးလိပ်ငွေ့ကြောင့် ဦးနှောက်ယိုယွင်းနိုင်

09.01.2013

ကိုယ်တိုင်ဆေးလိပ်မသောက်ဘဲ သူများဆီက ဆေးလိပ်အငွေ့ ရှူနေရသူတွေနဲ့ ဦးနှောက် ယိုယွင်းမှုဟာ သိသိသာသာကို ဆက်စပ် နေတယ်ဆိုတာကို တရုတ်နိုင်ငံက ပြုလုပ်တဲ့ လေ့လာမှု တရပ်က ပထမဆုံးအကြိမ်အဖြစ် ဖော်ထုတ်လိုက်ပါတယ်။

Passive Smoking လို့ခေါ်တဲ့ သူများသောက်တဲ့ ဆေးလိပ်ငွေ့ ရှူရတာကြောင့် နှလုံးရောဂါနဲ့ အဆုတ်ကင်ဆာတို့ကို ဖြစ်စေနိုင်တယ် ဆိုတာကိုတော့ သိရှိခဲ့ကြပြီး ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ဆေးလိပ်သောက်သူ သန်းပေါင်း ၃၅၀ ကျော်ရှိပြီး ကမ္ဘာပေါ်မှာ ဆေးလိပ် အသောက်ဆုံးနိုင်ငံ ဖြစ်ပါတယ်။

Read More...

အခွင့်အရေးလှုပ်ရှားသူတွေအပေါ် ဗီယက်နမ်ပြစ်ဒဏ် ပြင်းထန်

09.01.2013

ဗီယက်နမ်နိုင်ငံမှာ ကွန်မြူနစ် အစိုးရက ဖြုတ်ချဖို့ ကြံစည်မှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး တက်ကြွလှုပ်ရှားသူ ၁၄ ယောက်ကို တရားရုံးက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။

၂ ရက်ကြာ အကျဉ်းရုံး ကြားနာစစ်ဆေးပြီးနောက် ဗုဒ္ဓဟူးနေ့မှာပဲ တရားရုံးက ထောင်ဒဏ် ၃ နှစ်ကနေ ၁၃ နှစ်အထိ အသီးသီး ချမှတ်ခဲ့တာပါ။ ဒီအထဲက တယောက်ကိုတော့ နေအိမ် အကျယ်ချုပ် ၃ နှစ် အပြစ်ပေးခဲ့ပါတယ်။

Read More...

ပြုပြင်ပြောင်းလဲရေးတွေ ဦးသိန်းစိန်နဲ့ George Soros ဆွေးနွေး

ကိုဇော်ဝင်းလှိုင်
09.01.2013

မြန်မာနိုင်ငံကိုရောက်နေတဲ့ အမေရိကန် ကုဋေကြွယ်သူဌေးကြီး George Soros ဟာ ဒီကနေ့ သမ္မတ ဦးသိန်းစိန်နဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံ အတွင်း လတ်တလော လုပ်ဆောင်နေ တဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရဲ့ ပြောခွင့် ရပုဂ္ဂိုလ်က ပြောပါတယ်။ Mr. Soros ဟာ နေ့လည်ပိုင်းမှာ ပြန်ကြားရေးနဲ့ ဘဏ္ဍာရေးစတဲ့ ၀န်ကြီးဌာနတွေက ပြည်ထောင်စုဝန်ကြီး တွေနဲ့လည်း တွေ့ဆုံပြီး ၀န်ကြီးဌာနအလိုက် ပြုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

Read More...

မြန်မာထိုးစစ်ကြောင့် ကချင်ဒုက္ခသည်ဦးရေတိုး

မနန္ဒာချမ်း
09.01.2013

KIA ကချင်လွတ်မြောက်ရေးတပ်မတော် ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာဒေသကို မြန်မာ အစိုးရတပ်တွေဘက်က ဒီကနေ့ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ စစ်ရေး ဗျူဟာအရ အရေးပါတဲ့ KIA ထိန်းချုပ်ရာ အမာခံရှေ့တန်းနေရာ တခုဖြစ်တဲ့ ဖွန်ပြန် ဘွမ်တောင် ကို မြန်မာတပ်တွေဘက်က သိမ်းပိုက်ဖို့ ကြိုးစားနေပေမဲ့ အခုထိတော့ မအောင်မြင်သေးဘူးလို့ KIA တပ်ဖွဲ့နဲ့အတူ ပူးပေါင်း စစ်ဆင်နေတဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး ABSDF မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။ နောက်ဆုံး သိရတဲ့သတင်းတွေ အရ - ဖွန်ပြန်ဘွန်တောင်အနီးမှာရှိတဲ့ တိုက်ကြက်ကုန်းကနေတော့ KIA ရော၊ ABSDF မြောက် ပိုင်းတပ်တွေပါ ဆုတ် ခွာပေးခဲ့ရပြီး - ဒီကနေ့ ထူးခြားချက်မှာတော့ မြန်မာ စစ်တပ်ဘက် ကနေ ပြည်သူ့စစ်တွေ ပါဝင်လာတယ်လို့ ABSDF က ပြောပါတယ်။ ဒီလိုနောက်ဆုံး အခြေအနေတွေကို စုံစမ်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

Read More...

မြန်မာ ဘတ်စကက်ဘောသမားတွေ အမေရိကန်လေ့လာရေးစ

09.01.2013

မြန်မာနိုင်ငံက ဘတ်စကတ်ဘော အားကစားသမားတွေရဲ့ အမေရိကန်ပြည်ထောင်စု ချစ်ကြည်ရေး ခရီးစဉ် ပထမနေ့အဖြစ် ဗုဒ္ဓဟူးနေ့ မှာတော့ ၀ါရှင်တန်မြို့တော်နဲ့ အနီးတ၀ိုက်မှာရှိတဲ့ အမေရိကန် ကိုယ်လက်ကြံ့ခိုင်ရေး လှုပ်ရှားမှုတွေ၊ မသန်မစွမ်း အားကစား သမားတွေရဲ့ လေ့ကျင့်မှုတွေ အပါအ၀င် အားကစား အထောက်အကူပြု အစီအစဉ်တွေကို သွားရောက် လေ့လာကြပါတယ်။

Read More...

Wednesday, January 9, 2013

ကချင်စစ်ပွဲ အပစ်ရပ်ရေး UNFC နည်းလမ်းရှာ

ခင်ဦးသာ
January 8, 2013

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကို အစိုးရ စစ်တပ်က ထိုးစစ်ဆင်နေမှုအား ရပ်ဆိုင်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ် လာရေးတွက် နည်းလမ်းရှာဖွေရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ကြိုးပမ်းနေကြောင်း သိရသည်။

“ကချင်စစ်ပွဲ ရပ်ဆိုင်းရေးအတွက် အဓိက တောင်းဆိုမယ်။ စစ်ပွဲတွေ ရပ်စဲသွားရင် ရှေ့ဆက်ဆွေးနွေးမယ့် နိုင်ငံရေး လမ်းစဉ်တွေအတွက် နည်းလမ်းတွေ ရှာဖွေဖို့ ကိစ္စတွေအတွက် ဒီအစည်းအဝေးကို ကျင်းပတာပါ” ဟု UNFC ၏ တွဲဘက်အတွင်းရေးမှူးနှင့် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) ခေါင်းဆောင် ဦးခွန်ဥက္ကာက ဧရာဝတီသို့ ပြောသည်။

Read More...

ကယားပြည်နယ်ကို ကရင်နီပြည်နယ်ဟု ပြန်လည် သတ်မှတ်ရေး တောင်းဆို

ကြယ်ပြာ
January 9, 2013

ကယားပြည်နယ်၏ မူလနာမည် ဖြစ်သော ကရင်နီပြည်နယ် အဖြစ် ပြန်လည် သုံးစွဲ ခေါ်ဝေါ်ရန် ဒေသခံများက တောင်းဆိုလျက်ရှိပြီး ယင်းသို့ ခေါ်ဝေါ်ရေး သဘောတူ ထောက်ခံ လက်မှတ်များ စုဆောင်းနေကြောင်း သိရသည်။

ယင်းလှုပ်ရှားမှုကို ကယားပြည်နယ် ၈၈ မျိုးဆက် လူမှု အကျိုးပြု ကွန်ယက်က ဦးဆောင် ဆောင်ရွက်နေခြင်းဖြစ်ပြီး တိုင်းရင်းသား လူမျိုးများရေးရာ ကော်မတီထံသို့ နာမည်ပြောင်းလဲပေးရန် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်း စာဖြင့် နှစ်ကြိမ် တင်ပြထားသည်။

“နာမည် ပြောင်းချင်တာက ပြည်နယ် ခွဲထွက်ခွင့်ရဲ့ ပထမအဆင့် မဟုတ်ပါဘူး။ လူမျိုးစု အားလုံးကို ကိုယ်စားပြုတဲ့ မူလနာမည် ပြန်ရချင်ရုံ သက်သက်ပါ။ တန်းတူညီမျှ အခွင့်အရေး ကိုတော့ လိုချင်တာပေါ့” ဟု ယင်းအဖွဲ့မှ ဒေါက်တာ ဒေါ်ခင်စည်သူက ပြောသည်။

လွိုင်ကော်မြို့ ဥတ္တရာရုံ ဘုန်းကြီး ကျောင်း၌ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၉ ရက်နေ့က ကျင်းပခဲ့သည့် နိုင်ငံရေး မြန်မာပြည် အကျဉ်းသား ဟောင်းများနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အဖွဲ့များ တွေ့ဆုံခဲ့ပြီးနောက် ယခုကဲ့သို့ လက်မှတ်များ စုဆောင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်း တနေ့တည်း၌ပင် လတ်မှတ်ထိုးသူ ၈၀ ကျော် ရရှိခဲ့ကြောင်းနှင့် ယခုလ အတွင်း ကျေးရွာများသို့ ဆင်း၍ လတ်မှတ်များ ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ် ၉ (ဂ) အရ ပြည်နယ် အမည်ပြောင်းလဲလိုပါက အများပြည်သူ၏ သဘောထား ခံယူ၍ လွတ်တော်တွင် မဲခွဲ ဆုံးဖြတ်နိုင်သည်ဟု ပါရှိသည်။

ရှေးမြန်မာဘုရင်များ လက်ထက်မှ စ၍ လွတ်လပ်ရေး ရခဲ့သည့် ၁၉၄၈ ခုနှစ် အထိ ကရင်နီပြည်နယ် အဖြစ် ရှိခဲ့သော်လည်း ၁၉၅၁ ခုနှစ်တွင် ကယားပြည်နယ် အဖြစ်သတ်မှတ်ရန် အဆိုတင်သွင်းခဲ့ရာ ၁၉၅၂ ခုနှစ် ဇန်န၀ါရီ ၁၅ ရက်နေ့တွင် အတည်ပြုခဲ့ခြင်းကြောင့် ဇန်န၀ါရီလ ၁၅ ရက်နေ့သည် ကယားပြည်နယ်နေ့ အဖြစ် ရှိနေဆဲ ဖြစ်သည်။

“ပြည်နယ် နာမည်ပြောင်းခဲ့တာ ဆိုးကျိုးတွေပဲ ဖြစ်ခဲ့တယ်။ အစိုးရက ကယားပြည်နယ် ဆိုတော့ ကယားတွေပဲ အဓိကလို့ သတ်မှတ်ပြီး ခွဲခြား ဆက်ဆံတော့ လူမျိုးစုချင်း ပြဿနာတွေ ဖြစ်ခဲ့ရတယ်” ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တခုဖြစ်သော ကယန်း ပြည်သစ် ပါတီ တွဲဘက် အတွင်းရေးမှူး ၁ ဦးစောလွင်က ဆိုသည်။

၁၉၅၁ ခုနှစ်က ပြည်နယ် အမည်ပြောင်းရန် အစိုးရအဖွဲ့က နာမည်ပြောင်းလဲရေး စုံစမ်း စစ်ဆေးရေး ကော်မရှင်တခု ဖွဲ့စည်းခဲ့ သော်လည်း ဒေသခံများ၏ သဘောထားကို ထည့်သွင်း ကောက်ခံခဲ့ခြင်း မရှိဟု ၎င်းက ဆက်ပြောသည်။

ကယားပြည်နယ် ၈၈ မျိုးဆက် လူမှုအကျိုးပြု ကွန်ယက်အဖွဲ့ဝင်၊ နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်သူ ဦးဖိုးခွားက တချို့သော ကယားတိုင်းရင်းသားများမှာ နာမည်ပြောင်းလိုက်ပါက ၎င်းတို့အား ဘေးဖယ်ခံထားရမည် ဆိုသောအမြင်ဖြင့် ကျေနပ်မှု မရှိကြသေး ကြောင်း၊ သို့ရာတွင် တခြား လူမျိုးစု ခေါင်းဆောင်များ၊ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် သဘော တူညီချက်များ ရထားပြီ ဖြစ်ကြောင်း ပြောသည်။

“ကရင်နီပြည်နယ် ဆိုတာကမှ လူမျိုးစု အားလုံးကို ကိုယ်စားပြု ပေးနိုင်တာပါ။ ဒီနာမည်ရဲ့ အောက်မှာ ငြိမ်းချမ်းမှုတွေ ရှိခဲ့တယ်” ဟု ဦးဖိုးခွားက ဆိုသည်။

ကယားပြည်နယ်ဟု သတ်မှတ်ထား သော်လည်း ကယားလူမျိုးမှာ အနည်းစု ဖြစ်ကာ ကယန်းလူမျိုး အများစုနှင့် ကယန်း (ယင်းဘော်၊ ဂေခို၊ ကခေါင်း၊ ဇယိမ်း)၊ ကယော၊ ပကူး (ကရင်)၊ ယင်းတလဲ၊ ဂေဘား၊ မနူမနော၊ ရှမ်း၊ ပအိုဝ်း၊ အင်းသား၊ ဗမာ အစရှိသော တိုင်းရင်းသား ပေါင်းစုံ စုပေါင်းနေ ထိုင်လျက်ရှိသည့် ပြည်နယ်ဖြစ်ပြီး အစိုးရ၏ သန်းခေါင် စာရင်းအရ ကယားပြည်နယ်၏ လူဦးရေ မှာ ၃ သိန်းခွဲခန့် ရှိသည်။

Ref: ဧရာဝတီ

Read More...

မြန်မာ ကင်းထောက် လူငယ်အဖွဲ့ ပြန်လည်ဖွဲ့စည်းနေ

ရန်ပိုင်
January 9, 2013

တော်လှန်ရေးကောင်စီလက်ထက် ၁၉၆၄ ခုနှစ်က ဖျက်သိမ်းခံခဲ့ရသည့် ကင်းထောက်လူငယ်အဖွဲ့ကို ကလေးသူငယ်များ၏ စာရိတ္တနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနက ပြန်လည် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

Scout ဟုခေါ်သော ကင်းထောက်လူငယ်အဖွဲ့မှာ “အစဉ်အသင့်” (Always Prepared) ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အများပြည်သူကို ကူညီနိုင်ရန် အင်္ဂလိပ် အစိုးရက ကျောင်းသားလူငယ်များဖြင့် ဖွဲ့စည်းပေးထားသည့် အဖွဲ့အစည်းဖြစ်ပြီး တော်လှန်ရေး ကောင်စီ လက်ထက်မှ စစ်အစိုးရ လက်ထက်တိုင် နှစ် ၅၀ နီးပါးကြာ ဖျက်သိမ်းခံထားရသည့် လူမှုအဖွဲ့အစည်း ဖြစ်သည်။

ယခုအခါ လူငယ်များကြား ပြည်သူနီတိနှင့် မြန်မာ့ဓလေ့ထုံးစံများ၊ စိတ်ဓာတ်နှင့် စာရိတ္တပိုင်း တိုးတက်စေရန်၊ ပြည်သူကို အကျိုးပြုနိုင်ရန် ကင်းထောက်အဖွဲ့ကို ပြန်လည် အသက်သွင်းခြင်း ဖြစ်ကြောင်း၊ ယခင်အစိုးရများ ဖွဲ့စည်းသည့် အဖွဲ့အစည်းများကဲ့သို့ စစ်ရေး၊ နိုင်ငံရေးတို့၌ ပတ်သက်စေမည် မဟုတ်ကြောင်း ကင်းထောက်သင်တန်း ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသူ ပညာရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ်ဟောင်း ဦးတင်ညိုက ဧရာဝတီသို့ ပြောသည်။

“ပညာရေးဝန်ကြီးဌာနက တာဝန်ယူဖွဲ့တယ် ဆိုပေမယ့်၊ ဟိုတုန်းက မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီက ဖွဲ့ခဲ့တဲ့ လမ်းစဉ်လမ်းလူငယ်၊ ရှေ့ဆောင်လူငယ်၊ တေဇလူငယ်တို့၊ နောက်ဒီဘက်ခေတ် ကြံခိုင်ရေး ပါတီဝင်ခိုင်းတာမျိုးနဲ့တော့ မတူဘူး” ဟု ဆိုသည်။

နိုင်ငံတကာ ကင်းထောက်အဖွဲ့ချုပ်၏ ကင်းထောက်သည် ဂုဏ်သိက္ခာကို စိတ်ချရသည်၊ ကိုယ်စိတ်နှလုံး သုံးပါး ကြည်ဖြူသန့်ရှင်း ရ မည်ဆိုသော ကျင့်ဝတ်များနှင့်အညီ လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သိသင့်သိထိုက်သည့် အချက် အလက်များ၊ ကျင့်ဝတ်သိက္ခာနှင့်အညီ သူတပါးကို ကူညီနိုင်ရေး ထည့်သွင်းသင်ကြားသွားမည်ဟု ဦးတင်ညိုက ပြောသည်။

ကင်းထောက်ယူနီဖောင်းမှာ ကာကီအင်္ကျီ၊ ဘောင်းဘီရှည်၊ လည်စည်းနီ၊ ကင်းထောက်တုတ်၊ ကတိသုံးပါးကို ဖော်ကျူးထားသည့် နိုင်ငံတကာ အမှတ်တံဆိပ်တို့ပင် ဖြစ်ပြီး ရှေးဦးသူနာပြုနည်း၊ ကြိုးချည်နည်း၊ တောစခန်းထွက်ခြင်း၊ စခန်းချနေထိုင်နည်း၊ သဘာဝကို စူးစမ်းလေ့လာခြင်းများကိုလည်း သင်ကြားပေးမည်ဟု သိရသည်။

အသက် ၁၂ နှစ်မှ ၁၅ နှစ်အရွယ် အခြေခံပညာကျောင်းသားများကို မူတည်ကာ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၈ ခုရှိ ကျောင်းပေါင်း ၁၈ ကျောင်းတွင် စတင်ဖွဲ့စည်းမည်ဟု သိရသည်။

လက်ရှိ ပညာရေးလောကတွင် ကျောင်းသားများမှာ အနားယူချိန်နည်းပါးကာ ကျောင်းသင်ခန်းစာဖြင့်သာ လုံးခြာလည်နေရပြီး မိဘများမှာလည်း စားဝတ်နေရေးကြောင့် သားသမီးများအား အချိန်ယူ ပြောဆိုနိုင်ခြင်း မရှိကြောင်း၊ ထို့အတွက် လှုပ်ရှားကစားရင်း ပညာယူနိုင်ရန် ထည့်သွင်းစဉ်းစားထားကြောင်း ဆရာကြီး ဦးတင်ညိုက ဆက်ပြောသည်။

ကနေဒါနိုင်ငံတွင် ကင်းထောက်ပညာနှင့် ပတ်သက်၍ တာဝန်ထမ်းဆောင်ဖူးသူ ဒေါက်တာ ခင်မောင်ကြွယ်ကလည်း ကင်းထောက် ဆိုသည်မှာ စစ်တပ်က ပို့ချသည့် ကင်းထောက်လှမ်းရေး မဟုတ်ဘဲ မျက်စိရှင်ခြင်း၊ ဖျတ်လတ်ခြင်း၊ သူတပါးကို ကူညီခြင်းဆိုသည့် အတတ်ပညာများသာ ဖြစ်ကြောင်း ယမန်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

ကမ္ဘာ့နိုင်ငံ ၁၉၀ တွင် ကင်းထောက် လူငယ်အဖွဲ့များကို ဖွဲ့စည်းထားရာ ယခုအခါ သန်း ၃၀ ခန့် ရှိပြီဖြစ်ပြီး ကင်းထောက် အခေါ်အဝေါ် များမှာ အသက် ၈ နှစ်မှ ၁၂ နှစ် အရွယ်ကို ၀ံပုလွေ၊ ၁၂ နှစ်မှ ၁၈ နှစ်အရွယ်ကို ကင်းထောက်၊ ၁၈ နှစ်ကျော်သူများကို လှည့်လည်သူ (Rover) ဟု ခေါ်ဆိုကြောင်း သိရသည်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း ကာကီရောင်အင်္ကျီ၊ ဘောင်းဘီတို၊ လည်စည်းနီဖြင့် ကင်းထောက် ကျောင်းသားများမှာ အလှည့်ကျ တောစခန်းထွက်ခြင်း၊ လူမှုရေးလုပ်ငန်းများလုပ်ခြင်းများ ဆောင်ရွက်ကြသည်။

အင်္ဂလိပ်အစိုးရလက်ထက် ၁၉၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ကင်းထောက် (Scout) အဖွဲ့သည် ရပ်ရွာလူမှုရေး လုပ်ငန်းများတွင် ပါဝင်ခဲ့သည်သာမက ဒုတိယ ကမ္ဘာစစ်အတွင်း လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့၏ လုပ်ငန်းဆောင်တာ တချို့ကိုပါ ပူးတွဲတာဝန် ယူခဲ့သည်။

ဂျပန်ခေတ်တွင် ကင်းထောက်အဖွဲ့ ယာယီရပ်ဆိုင်းခဲ့ရပြီး လွတ်လပ်ရေးရပြီးနောက် ပြန်လည်ဖွဲ့စည်းခဲ့သည်။ သမ္မတကြီး စ၀်ရွှေသိုက်သည် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့၏ ဂုဏ်ထူးဆောင် နာယကအဖြစ် ပါဝင်ခဲ့ပြီး၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည် ကိုယ်တိုင် ကင်း ထောက်မင်းကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသည်။

တော်လှန်ရေးကောင်စီ လက်ထက်တွင် ကင်းထောက်အဖွဲ့ ဖျက်သိမ်းခြင်းခံရသည်။

Ref: ဧရာဝတီ

Read More...

နိုင်/ ကျဉ်းစာရင်း တိကျရေးအတွက် AAPP နှင့် ၈၈ အဖွဲ့ ပူးပေါင်းဆောင်ရွက်မည်

နန်းဆိုင်နွမ်
January 8, 2013

ထောင်ထဲတွင် ကျန်ရှိနေသေးသည့် နိုင်ငံရေး အကျဉ်းသား(နိုင်/ ကျဉ်း) များ စာရင်း အတိအကျနှင့် တမျိုးတစားတည်း ထွက်ပေါ် လာစေရန် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) နှင့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်သွားမည်ဟု သိရသည်။

ထိုင်းနိုင်ငံအခြေစိုက် AAPP ၏ အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်နှင့် ကိုတိတ်နိုင်တို့ မြန်မာပြည်သို့ ရောက်ရှိနေစဉ် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့် ယမန်နေ့က တွေ့ဆုံကာ လက်ရှိ ထောင်ဒဏ် ကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားများ စာရင်း တမျိုးတည်း ထွက်ပေါ်လာရေး၊ နိုင်ငံရေး အကျဉ်းသား၏ အဓိပ္ပာယ် ဖွင့်ဆိုနိုင်ရေးနှင့် နိုင်ငံရေး အကျဉ်းသား ဟောင်းများ၏ဘ၀ ပြန်လည်ပြုစု ပျိုးထောင်ရေးကိစ္စများ ဦးစားပေး လုပ်ဆောင်မည့် အကြောင်း ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

“ကျန်ရှိနေသေးတဲ့ နိုင်/ကျဉ်းတွေ အားလုံးလွှတ်မယ်ဆိုရင် မြန်မာ့နိုင်ငံရေး အခြေအနေက ပိုပြီး ပြောင်းလဲလာမယ်။ နိုင်ငံတကာကလည်း ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သတ်ပြီး တိုးတက်လာမယ်။ ဒါကြောင့် အစိုးရအနေနဲ့ အမြန် လွှတ်ပေးရင်တော့ အနာဂတ် ပိုချောမွေ့လာမှာပါ” ဟု ကိုဘိုကြည်က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ရုံးခန်းတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုသည်။

ဒီမိုကရေစီနိုင်ငံ တခု ပြောင်းလဲနေသည့် အချိန်တွင် လက်ရှိ ကျန်ရှိနေသေးသည့် နိုင်/ ကျဉ်းများကို လွှတ်ပေးသင့်ကြောင်း၊ နိုင်/ကျဉ်းဟု ဆိုကာ ဖမ်းဆီးမှုတွင် ပုဒ်မ မျိုးစုံ၊ ရာဇာဝတ်မှုမျိုးစုံ တပ်ထားသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် နိုင်/ကျဉ်း များ၏ စာရင်းကို အတိအကျ မတွက်နိုင်ခဲ့ကြောင်း၊ နိုင်/ကျဉ်းများအား လွှတ်ပေးရန် ပြောဆို၊ ညှိနှိုင်းသည့်အခါ အစိုးရဘက်က ပြတ်သားမှု မရှိသည့်အတွက် အငြင်း ပွားဖွယ်ရာ ဖြစ်ခဲ့သည်ဟု ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ကိုဌေးကြွယ်က ပြောသည်။

“အခုဆိုရင် လွှတ်တော်ထဲမှာရော၊ သမ္မတရော၊ ပြောနေတဲ့ အချိန်မှာ နိုင်/ ကျဉ်းတွေ ဆက်ရှိနေသေးတယ် ဆိုတာ သိပ်ပြီး အဓိပ္ပာယ် မရှိသလိုပဲ။ ပုဒ်မမျိုးစုံ ရာဇ၀တ်မှုမျိုးစုံ တပ်တော့ နိုင်/ ကျဉ်း သားတွေ ဘယ်လောက် ရှိသေးလဲ ဆိုတာ အတိအကျမထွက်လာဘူး။ အခု ကျနော်တို့ အဖွဲ့က တမျိုး၊ AAPP က စာရင်းက တမျိုး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တမျိုး ဖြစ်နေတယ်။ စာရင်းတွေ ပြန်တူလာအောင်တော့ ညှိရမယ်” ဟု ၎င်းက ဆိုသည်။

ကျန်ရှိနေသေးသည့် နိုင်/ ကျဉ်းများ ပြန်လည် လွှတ်ပေးရန် လိုအပ်သကဲ့သို့ လွတ်မြောက်လာသည့် နိုင်/ ကျဉ်း ဟောင်းများ၏ ဘ၀များ ပျက်သုဉ်းကာ လုပ်ငန်းခွင် အခွင့်အလမ်းများ ဆုံးရှုံးခဲ့သည်ကို ပြန်လည်ထူထောင်နိုင်ရေးအတွက် နည်းလမ်းများ ရှာဖွေကာ ဆောင် ရွက်သွားမည်ဟု သိရသည်။

“ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့နဲ့ AAPP က နိုင်/ ကျဉ်းဟောင်းတွေရဲ့ ဘ၀ ပြန်လည်တိုးတက်လာဖို့ ပြန်လည် ထူထောင်ရေးနဲ့ တိကျတဲ့ စာရင်းတခု ထွက်ပေါ်လာအောင် လက်တွဲဆောင်ရွက်မယ်” ဟု ကိုမင်းကိုနိုင်က ဆိုသည်။

ထောင်ထဲတွင် ကျဆုံးသွားသော နိုင်/ ကျဉ်း ၁၅၀ ကျော် အတွက်လည်း သမိုင်းတခု ရေးထိုးသွားမည် ဖြစ်ကြောင်း၊ သေးဆုံးသွားသူများ၏ မိသားစုဝင်များကိုလည်း လက်ရှိအချိန်အထိ ထိတွေ့ဆက်ဆံမှု မရှိသေးကြောင်း ကိုဌေးကြွယ်က ပြောသည်။

မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၏ စာရင်းအရ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၂၂၀ ကျော် ကျန်ရှိနေသည်ဟု သိရပြီး ထိုင်းနိုင်ငံအခြေစိုက် AAPP ကမူ လက်ရှိ ၃၁၁ ဦး ကျန်ရှိသည်ဟု ထုတ်ပြန်ထားသည်။

နိုင်/ ကျဉ်း အများစုမှာ နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးခံရခြင်း မဟုတ်ဘဲ တခြား ရာဇ၀တ် ပုဒ်များဖြစ်သည့် မူးယစ်ဆေးဝါးမှု၊ ပိုင်နက် ကျူးလွန်မှု၊ အသရေဖျက်မှု၊ တာဝန် ၀တ္တရား နှောင့်ယှက်မှု၊ တရားမဝင် ထီ လောင်းကစားမှု စသည့် ပုဒ်မများ တပ်ကာ ဖမ်းဆီးခံရမှုများ ရှိကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း များက ဆိုသည်။

AAPP အနေဖြင့် ရာဇ၀တ် အကျဉ်းသားများ လွှတ်ပေးရေး တောင်းဆိုနေခြင်း မဟုတ်ကြောင်း၊ စစ်အစိုးရ အဆက်ဆက်က မတရား ညှဉ်းပမ်းနှိပ်စက်ပြီး အမှုဆင်ထားသည့် စာရွက်များပေါ် လက်မှတ်ထိုး ရယူထားသော ဖြောင့်ချက်များဖြင့် နိုင်ငံရေး ရည်ရွက်ချက်ရှိရှိ လုပ်ဆောင်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန်သာ တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။

AAPP သည် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များကို ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ နှစ်စဉ် တင်ပြပြီး နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် နိုင်ငံတကာ အစိုးရများအနေဖြင့် မြန်မာအစိုးကို ဖိအားပေးရန် တိုက်တွန်း လျှက်ရှိသည်။

ထိုင်း – မြန်မာ နယ်စပ်တွင် ရောက်ရှိနေသော နိုင်ငံရေး အကျဉ်းသားဟောင်းများက ၂၀၀၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့တွင် AAPP ကို ဖွဲ့စည်းတည်ထောင် ခဲ့သည်။

Ref: ဧရာဝတီ

Read More...

လုပ်အားခ တိုးမြှင့် သတ်မှတ်ပြီးနောက် ထိုင်းသို့ ပြောင်းရွှေ့လုပ်သား အဝင်များလာ

သန်းထိုက်ဦး
January 8, 2013

ထိုင်းနိုင်ငံတွင် အလုပ်သမားများကို တနေ့ လုပ်အားခ ဘတ်ငွေ ၃၀၀ ပေးရန် ထိုင်းအစိုးရက အတည်ပြုလိုက်ပြီးနောက် မြန်မာနိုင်ငံ သားများ အပါအ၀င် လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံသားတို့ နယ်စပ်ဖြတ်ကျော် ၀င်ရောက်မှု တိုးမြင့်လာရာ ယခုလ ဇန်န၀ါရီလ ၁ ရက်မှ ၄ ရက်နေ့ အတွင်း ထိုင်းတွင် ၂၀၀ ခန့် ဖမ်းဆီးခံရကြောင်း သိရသည်။

အဆိုပါ နိုင်ငံသားများသည် ထိုင်းနိုင်ငံ Buri Ram မြို့နယ်မှ တဆင့် ဘန်ကောက် မြို့သို့ သွားရန် ကြိုးစားရာတွင် ထိုင်း အာဏာပိုင်များ၏ စစ်ဆေး ဖမ်းဆီးမှုများကို ခံခဲ့ရခြင်းဖြစ်ကြောင်း ယမန်နေ့က ထိုင်းဘာသာဖြင့် ရေးသားထားသော Manager Online အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ထိုင်းအာဏာပိုင်များ ဖမ်းဆီးထားသည့် လူဦးရေ ၂၀၀ အထဲတွင် ကမ္ဘောဒီးယားနိုင်ငံသား အများဆုံးဖြစ်ကြောင်း သိရသည်။

ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ တဖက်ကမ်း စံခလဘူရီမြို့မှ တဆင့် ဘန်ကောက်သို့ သွားသည့် လမ်းကြောင်း တလျှောက် စစ်ဆေးရေး ဂိတ်များတွင် စစ်ဆေးမှုများကို ယခုရက်ပိုင်းတွင် ယခင်ထက် တင်းကျပ် ထားကြောင်း သိရှိရသည်။

တာခ့်ခရိုင် အုပ်ချုပ်ရေးမှူး Mr. Suriya Prasatbuntitya က တနေ့ လုပ်အားခ ၃၀၀ (ကျပ် ၈၀၀၀ ခန့်) ပေးမည်ဟု သတ်မှတ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်မှု ပြန်မြင့်တက်လာသည်ဟု ပြောကြောင်း ထိုင်းသတင်းများတွင် ယနေ့ ဖော်ပြထားသည်။

“မြန်မာ အလုပ်သမားတွေ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်တဲ့သူတွေ ပိုများလာတယ်။ နယ်စပ်မှာရှိတဲ့ မြန်မာ အလုပ်သမားတွေ ကလည်း မြို့တွေမှာ သွားလုပ်ဖို့အထိ ကြိုးစားနေကြတယ်။ တရားဝင် လမ်းကြောင်းကနေပဲ ဖြစ်ဖြစ် တရားမ၀င် နည်းလမ်းနဲ့ပဲ ဖြစ်ဖြစ် သွားနေ ကြတယ်” ဟု Mr. Suriya က ဆိုသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမားတဦး၏ အနည်းဆုံး တနေ့ လုပ်အားခအဖြစ် ယခုလ ဇန်န၀၀ါရီလ ၁ ရက်နေ့မှ စတင်၍ ဘတ်ငွေ ၃၀၀ ပေးရမည်ဟု ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ကုန်ပိုင်းတွင် ထိုင်းအစိုးရက ကြေညာခဲ့သည်။

ထိုင်း ဥပဒေနှင့် နိုင်ငံတကာ အလုပ်သမား ဥပဒေတို့တွင် ပြဌာန်းထားချက်အရ အလုပ်သမားဆိုင်ရာ ရပိုင်ခွင့်များသည် ထိုင်းနိုင်ငံသား များသာမက ထိုင်းတွင် ရောက်ရှိနေသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့မှ အလုပ်သမားများနှင့်လည်း အကျုံးဝင်ကြောင်း သိ ရသည်။

တရားဝင် လာရောက်လုပ်ကိုင်နေသည့် အလုပ်သမားများကို ဘန်ကောက်မြို့နှင့် တခြားသော မြို့ကြီးများတွင် လုပ်ငန်းပိုင်ရှင် တချို့က ယခုလဆန်ပိုင်းမှ စတင်၍ တနေ့ ၃၀၀ ပေးနေပြီဖြစ်ကြောင်း မြန်မာ အလုပ်သမားများက ပြောပြသည်။

မဲဆောက်မြို့ အခြေစိုက် ရောင်ခြည်ဦး အလုပ်သမား အဖွဲ့မှ ဦးမိုးဆွေက “တနေ့ လုပ်အားခ ၃၀၀ တရားဝင် သတ်မှတ်လိုက်ပေမယ့် ဒီမဲဆောက်မှာတော့ မရဘူး၊ ကျန်တဲ့ တခြား ဘန်ကောက်တို့လို တချို့ဒေသတွေမှာတော့ ရတယ်လို့ ကြားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မဲဆောက်မြို့နယ် အတွင်း လုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများကို ထိုင်းလုပ်ငန်းရှင်များက ဘတ် ၃၀၀ မပေးသော်လည်း ယခင် တနေ့ ၁၀၀ ပေးနေသော အလုပ်သမားများကို ၁၇၀ အထိ တိုးပေးလာကြောင်း ၎င်းက ဆိုသည်။

“လက်မှတ်တွေရှိတဲ့ အလုပ်သမားတွေ အများစုက သူတို့ မဲဆောက်မှာ မနေတော့ဘူး။ အထူးသဖြင့် (ယာယီ) ပတ်စ်ပို့တွေရှိတဲ့ အလုပ် သမားတွေက ဒီမှာနေပြီးတော့ ၁၇၀၊ ၁၈၀ နဲ့ဆို သူတို့လည်း ဘယ်လိုမှ မလုပ်နိုင်တော့ ဘန်ကောက် တက်ကြတယ်၊ အခုလည်း တက် နေကြတယ်။ အဲဒီတော့ မဲဆောက်မှာ တရားမ၀င် အလုပ်သမား ပိုများလာမယ်။ အစိုးရက ဘယ်လောက်ပဲ ခြိမ်းခြောက် ခြိမ်းခြောက် အလုပ်ရှင်တွေနဲ့ နယ်မြေခံ အာဏာပိုင်တွေနဲ့ ပေါင်းပြီးတော့ တရားမ၀င် အလုပ်သမား ငှားရမ်မှုတွေ ပိုပြီးတော့ များလာမယ်။ တရားမ၀င် ခိုးပြီးတော့ ဘန်ကောက်ကို တက်တဲ့လူတွေကလည်း များလာမယ်။ များလာတဲ့အပေါ်မှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုပြီးများလာမယ့် အနေအထားရှိတယ်” ဟု ဦးမိုးဆွေက ဆက်ပြောသည်။

Ref: ဧရာဝတီ

Read More...

ဂွမြို့နယ် မြေယာများ စစ်တပ်က သိမ်းယူခဲ့မှုကို ကော်မရှင် စုံစမ်းစစ်ဆေး

ခင်ဦးသာ
January 8, 2013

ရခိုင်ပြည်နယ် ဂွမြို့နယ်၊ ကမ်းသာယာ ပင်လယ်ကမ်းခြေတလျှောက်ရှိ အုန်းခြံများနှင့် လယ်မြေဧက ထောင်ချီ၍ အစိုးရ စစ်တပ်က အဓမ္မ သိမ်းယူထားသည်ကို စစ်ဆေးတွေ့ရှိကြောင်း သတင်းရရှိသည်။

ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားသော လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေး ရေးကော်မရှင်အဖွဲ့သည် ရခိုင်ဒေသတွင်း လယ်ယာမြေ သိမ်းဆည်းခံရမှုများအား၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းသွားရောက် စစ်ဆေးစဉ် ထိုသို့ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ပင်လယ်ကမ်းခြေ တလျှောက်မှာ ရှိတဲ့ အုန်းသီးခြံတွေကို ခလရ ၅၅ က သိမ်းယူထားတာ စစ်ဆေးတွေ့ရှိတယ်။ ဒေသခံ အုန်းခြံပိုင်ရှင်တွေ အားလုံးဟာ အလုပ်လက်မဲ့ ဖြစ်သွားပြီး မိမိနေရပ်ကို စွန့်ခွာသွားကြရတဲ့အထိ ၀မ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်တွေ မြင်တွေ့ခဲ့ရတယ်” ဟု စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဧရာဝတီသို့ ပြောသည်။

ဂွမြို့နယ်၊ ကမ်းသာယာ ပင်လယ်ကမ်းခြေသည် ငပလီ ကမ်းခြေကဲ့သို့ သာယာလှပသည့် ကမ်းခြေတခုဖြစ်သော်လည်း လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုကြောင့် ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်မှု နည်းပါးပြီး ထင်ရှားမှု မရှိသည့် ကမ်းခြေတခုလည်း ဖြစ်သည်။

ခရီးသွားလုပ်ငန်းများကို မျှော်ကိုး၍ ကမ်းခြေတွင် ဆောက်လုပ်ထားသည့် ဟိုတယ် အသေးစား အများအပြားမှာ ပျက်စီးနေသည်ကို တွေ့ခဲ့ရကြောင်း၊ နောင်တချိန်တွင် ငပလီကဲ့သို့ အပန်ဖြေစခန်း ဖြစ်လာနိုင်၍ ကမ်းခြေ လယ်မြေများကို စစ်တပ်က ကြိုတင်လက်ဦးမှု ရယူထားခြင်း ဖြစ်နိုင်ကြောင်း ဦးဘရှိန်က ဆိုသည်။

ပင်လယ်ကမ်းခြေ တလျှောက်ရှိ မိုင်ပေါင်းများစွာ ရှည်လျှားသော အုန်းခြံများကို တွေ့ခဲ့ရကြောင်း၊ ထိုအုန်းခြံများ အားလုံးကို ယခုအခါ သံတွဲမြို့နယ်၊ ငပလီ အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) ၅၅ က သိမ်းယူထားကြောင်း၊ အလားတူ ဂွမြို့နယ်အတွင်းရှိ လယ်ယာမြေ ဧက တထောင်ကျော်ကိုလည်း စစ်တပ်က သိမ်းယူထားကြောင်း သိရသည်။

“ဥပမာ – သိမ်းထားတဲ့ လယ်မြေအမှု ၁၀ မှုရှိရင် ၈ မှုက စစ်တပ်က နည်းလမ်းစုံနဲ့ အဓမ္မ သိမ်းယူထားတာ တွေ့တယ်။ စစ်တပ်နဲ့နီးစပ်တဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်တွေ၊ သူတို့နဲ့နီးစပ်သူတွေက သိမ်းယူထားကြတာ တွေ့တယ်။ ရခိုင် စစ်တိုင်းမှူးဟောင်း ဒု ဗိုလ်ချုပ်ကြီး ခင်မောင်သန်း မိသားစုက သိမ်းထားတဲ့ အမှုတခုကိုလည်း သံတွဲ့မြို့မှာ စစ်ဆေးတွေ့ရှိခဲ့တယ်” ဟု စုံစမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးဘရှိန်က ပြောသည်။

ရခိုင်ပြည်နယ်၏ လယ်ယာမြေ စုံစမ်းရေး ကော်မရှင်အဖွဲ့သည် ဒီဇင်ဘာလအတွင်း ကျောက်ဖြူ၊ ဂွ၊ သံတွဲ မြို့နယ် ၃ ခုကို စစ်ဆေးရာ အမှုအားလုံးနီးပါးသည် စစ်တပ်နှင့် အာဏာပိုင်တို့က အဓမ္မသိမ်း ယူထားသည့် အမှုများ ဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်ရှိ လယ်မြေ အဓမ္မသိမ်းမှု ၈ ခုကို စစ်ဆေးရာတွင် ကျောက်ဖြူ အခြေစိုက် ဓည၀တီ ရေတပ် စခန်းဌာနချုပ်၊ ထောက် လှမ်းရေးတပ်၊ ခြေမြန်တပ်ရင်း (ခမရ) ၅၄၂၊ ဂက်စ် ပိုက်လိုင်းစီမံကိန်း စတင်ရာ မဒေးကျွန်းရှိ ရဲစခန်းမှူးနှင့် ရပ်ရွာအုပ်ချုပ်ရေးမှူး စသူတို့ သိမ်းယူသော အမှုမှာ ၇ မှုရှိပြီး၊ အာဏာပိုင်တို့နှင့် နီးစပ်သည့် ကုမ္ပဏီက သိမ်းယူမှု ၁ မှု ပါဝင်ကြောင်း ကော်မရှင်အဖွဲ့ထံမှ သိရသည်။ ကျောက်ဖြူဒေသ လယ်မြေသိမ်းမှုတွင် ရခိုင် စစ်တိုင်းမှူးဟောင်းနှင့် န၀တ အစိုးရလက်ထက် အတွင်းရေးမှူး (၃) ဒု ဗိုလ်ချုပ်ကြီး ၀င်းမြင့်၏ သမီးအမည်ဖြင့် သိမ်းထားသည့်အမှုလည်း ပါဝင်သည်။

ဂွမြို့နယ်ရှိ ကမ်းသာယာကမ်းခြေနှင့် တခြားလယ်ယာမြေသိမ်းထားသည့် အမှုအားလုံးသည် စစ်တပ်က သိမ်းယူထားခြင်းဖြစ်ကာ သံတွဲမြို့နယ်အမှုများတွင် ဒု ဗိုလ်ချုပ်ကြီး ခင်မောင်သန်း မိသားစု သိမ်းထားသည့်အမှု၊ ငပလီ အခြေစိုက် ခလရ ၅၅ က သိမ်းသည့်အမှု၊ သံတွဲအခြေစိုက် ရေတပ်က သိမ်းယူမှုနှင့် သံတွဲခရိုင် အုပ်ချုပ်ရေးမှူးဟောင်း သိမ်းယူထားသည့် အမှုတို့ကို စစ်ဆေးခဲ့ရကြောင်း၊ ၎င်းတို့ကို အစီရင်ခံစာ တစောင်ရေး၍ ယခုလတွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်၌ တင်သွင်းမည်ဟု ဦးဘရှိန်က ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း လယ်မြေသိမ်းသည့် စစ်တပ်အာဏာပိုင်များတွင် ရခိုင်ဒေသ၌ တိုင်းမှူး တာဝန် ယူခဲ့ကြသော ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း ၀င်းမြင့်၊ ဒု ဗိုလ်ချုပ်ကြီး ခင်မောင်သန်း၊ ဗိုလ်ချုပ် မောင်ဦး၊ ဗိုလ်ချုပ် သောင်းအေး၊ ဗိုလ်မှူးချုပ် သူရမောင်နီ၊ ပို့ဆောင်ရေး ၀န်ကြီးဟောင်း ဗိုလ်ချုပ်သိန်းဆွေ စသူတို့နှင့် ၎င်းတို့မိသားစုဝင်များ ပါဝင်ကြောင်း ရခိုင်ဒေသခံများက ပြောသည်။

မြန်မာတနိုင်ငံလုံးရှိ လယ်မြေ အဓမ္မသိမ်းယူမှုများကို စုံးစမ်းစစ်ဆေးရန် ပြည်နယ်နှင့် တိုင်းအလိုက် စုံစမ်းရေး ကော်မရှင် အဖွဲ့များကို ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ဖွဲ့စည်းပေးခဲ့သည်။ ရခိုင်ပြည်နယ်အတွက် စုံးစမ်းရေး ကော်မရှင်တွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ပြီး စစ်တပ်လွှတ်တော် ကိုယ်စား လှယ် ဒု ဗိုလ်မှူးကြီး စိုးရွှေ ဦးဆောင်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရခိုင်ဒေသ လယ်ယာမြေ သိမ်းယူမှု စုံစမ်းရေး ကော်မရှင်အဖွဲ့သည် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင်လည်း မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ရသေ့တောင်၊ တောင်ကုတ်၊ ပုဏ္ဏားကျွန်း စစ်တွေ စသည့်မြို့နယ်များသို့ သွားရောက် စစ်ဆေးခဲ့ရာ၌ စစ်တပ်ကသိမ်း ထားသည့် လယ်မြေဧက ထောင်ပေါင်းများစွာရှိကြောင်း၊ ထို့အတူ ရမ်းဗြဲ၊ ပေါက်တော၊ မာန်အောင် စသည့်မြို့နယ်များတွင်လည်း စစ်တပ်က သိမ်းယူထားသည့် အမှု များကို စုံစမ်း စစ်ဆေးရန် ရှိသေးကြောင်း ကော်မရှင်အဖွဲ့ထံမှ သိရသည်။

Ref: ဧရာဝတီ

Read More...

မော်တော်ကား မူဝါဒသစ်တရပ် ရေးဆွဲမည်

သာလွန်ဇောင်းထက်
January 8, 2013

မြန်မာနိုင်ငံတွင် အစိုးရ၀န်ကြီးဌာနများ၊ လမ်းတံတားနှင့် မြို့ပြကျွမ်းကျင်ပညာရှင်များ၊ မော်တော်ယာဉ် ထုတ်လုပ်တင်သွင်း ရောင်းချသူ များ အပါအ၀င် နယ်ပယ်ပေါင်းစုံမှ ပညာရှင်များဖြင့် မော်တော်ကား မူဝါဒသစ်တခုကို မကြာမီ စတင် ရေးဆွဲတော့မည် ဖြစ်ကြောင်း သိ ရှိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ဦးဆောင်ပြီး မော်တော်ယာဉ် ထုတ်တင်သွင်းရောင်းချသော ကုမ္ပဏီများ၊ လုပ်ငန်း ရှင်များ၊ သက်ဆိုင်ရာ ပြည်နယ် / တိုင်းဒေကြီး အစိုးရ ၀န်ကြီးဌာနများ အပါအ၀င် နယ်ပယ်ပေါင်းစုံမှ ကျွမ်းကျင်သူများ ပါဝင်မည်ဖြစ်ပြီး ယင်း ကားမူဝါဒရေးဆွဲပြီးပါက မော်တော်ကား တင်သွင်းမှု၊ ထုတ်လုပ်မှုများ၊ ရောင်းဝယ်မှုများကို ယင်းမူဝါဖြင့်ပင် ခွင့်ပြုသွားမည် ဖြစ် ကြောင်း၊ ကားမူဝါဒသစ် ရေးဆွဲမည် ဖြစ်သော်လည်း လက်ရှိတွင် မော်တော်ကား တင်သွင်းမှုများကို တစုံတရာ ပိတ်ပင်ရန်မရှိဘဲ ဆက် လက် ခွင့်ပြုထားဆဲဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့်က ဧရာဝတီသို့ ပြောသည်။

“နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ သူ့နိုင်ငံရဲ့ အခြေအနေနဲ့လိုက်ပြီး မော်တော်ကား ပေါ်လစီဆိုတာ ရှိတယ်။ ကျနော်တို့ ဆီမှာ မရှိသေးဘူး။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်ရင် ရန်ကုန်က ကားအများဆုံးသုံးတယ်။ ကားပေါ်လစီက သူ့နေရာ သူ့ဒေသနဲ့ လိုက်ပြီး ရေးဆွဲတာ မျိုးပေါ့။ ဂျပန်မှာဆိုရင် တိုကျိုမြို့နဲ့ ပတ်သက်တဲ့ ကားပေါ်လစီက တမျိုး၊ အခြားမြို့တွေနဲ့ မတူဘူး။ မြို့အခြေအနေ၊ လမ်းအခြေအနေ ကိုလိုက်ပြီး ပေါ်လစီအမျိုးမျိုးရှိတယ်။ ဒီမှာလည်း အဲလိုမျိုး ဘက်ပေါင်းစုံက ပါဝင်ဆွေးနွေးညှိုနှိုင်းလို့ရတဲ့ ကားပေါ်လစီတခု ရေးဖို့ ပြင်ဆင်နေတယ်။ ပေါ်လစီရေးမယ် ဆိုပေမယ့် ကားတင်သွင်းတာ တွေပိတ်ပင်တာမျိုးမရှိပါဘူး” ဟု ဦးတိုးအောင်မြင့်က ရှင်းပြသည်။

ကားမူဝါဒသစ် ရေးဆွဲပြီးစီးမည့် အချိန်အတိုင်းအတာကို မသိရှိသေးသော်လည်း မော်တော်ကား ထုတ်လုပ်တင်သွင်းသူ၊ ၀ယ်ယူသုံးစွဲသူများ အဆင်ပြေစေရေး၊ မြို့ပြအင်္ဂါရပ်များနှင့် ကိုက်ညီရေး၊ အစိုးရ၀န်ကြီးဌာန၏ မူဝါဒများနှင့် သင့်တော်ကိုက်ညီရေးတို့ကို ထည့်သွင်းစဉ်းစား ရေးဆွဲသွားရန်ရှိသည်ဟု သိရှိရသည်။

“မူဝါဒတရပ် အချိန်တိုတိုနဲ့ ချက်ချင်းချရေး၊ ပြီးတော့ ပြန်ပြင် အဲလိုမျိုးမဖြစ်အောင် ဘက်ပေါင်းစုံပါဝင်ပြီး သင့်တဲ့မျှတဲ့ မူဝါဒဖြစ်အောင် ရေးဆွဲသွားမယ်” ၎င်းက ရှင်းပြသည်။

မော်တော်ယာဉ် တင်သွင်းရောင်းချလျက်ရှိသော လုပ်ငန်းရှင်တဦးဖြစ်သူ Farmer Auto မှ ဒေါက်တာ စိုးထွန်းက မော်တော်ကားမူဝါဒသစ် ရေးဆွဲမည့်အပေါ် ကြိုဆိုလိုက်ပြီး သင့်တင့်မျှတ အများလက်ခံသော မူဝါဒသစ်ဖြစ်လျှင် ပြုပြင်ရန် မလိုဘဲ ရေရှည်တည်တံ့မည်ဟု သုံး သပ်ပြောဆိုသည်။

“မူဝါဒဆိုတာ ရှိသင့်တယ်။ ပေါ်လစီမရှိဘဲနဲ့ အမျိုးမျိုး ပြောင်းလဲလုပ်ကိုင်နေရင် အလုပ်လုပ်တဲ့ သူတွေအတွက်လည်း ခက်တယ်။ သွင်းတဲ့သူတွေအတွက်လည်း ခက်တယ်။ ဖြစ်သင့်တဲ့ကိစ္စပဲ။ ဆွဲတဲ့နေရာမှာတော့ ဘက်ပေါင်းစုံက လူတွေ ထည့်နိုင်ရင် ပိုကောင်းတယ်။ တဖက်တည်းက ကြည့်ဆွဲရင်တော့ အမြင်က တဖက်တည်း။ ဥပမာ – သုံးစွဲသူအပိုင်းက ကြည့်ဆွဲရင်တော့တမျိုး၊ ရောင်းသူပိုင်းက ကြည့်ဆွဲရင် တမျိုးဖြစ်မှာပဲ။ ပေါ်လစီကို နောင်လည်း အများလက်ခံနိုင်အောင် ဆွဲသင့်တယ်” ဟု ဒေါက်တာ စိုးထွန်းက ဆိုသည်။

လတ်တလော ကားအရောင်းစင်တာ အများစုတွင် အရောင်းအ၀ယ် ကျဆင်းလျက်ရှိပြီး ရောင်းလိုအားက ၀ယ်လိုအားထက် လွန်စွာ များပြားလျက်ရှိကြောင်း၊ ၂၀၁၃ ခုနှစ်သည် ကားအရောင်း စင်တာများအတွက် သတိထားရမည့်နှစ်ဖြစ်ပြီး ရောင်းလိုအားနှင့် ၀ယ်လို အားကို ချိန်ဆ ကားတင်သွင်းမှသာလျှင် အရှုံးမပေါ်မည်ဖြစ်ကြောင်း ဒေါက်တာ စိုးထွန်းက ဆက်လက်ပြောသည်။

“လက်ရှိက သတိထားရမယ့် အခြေအနေဖြစ်နေတယ်။ ရောင်းလိုအားများပြီး ၀ယ်လိုအား နည်းနေတယ်။ လူတွေရဲ့ စီးပွားရေးက ထင် သလောက် တက်မလားဘူး။ သုံးစွဲနိုင်အား တက်မလာဘူး။ ၂၀၁၃မှာ ရောင်းအားနဲ့ သုံးစွဲအား ချိန်ပြီးမှ လုပ်သင့်တယ်ထင်တယ်။ မဟုတ်ရင်တော့ အရှုံးနဲ့ ရင်ဆိုင်ရမယ်” ဟု ဒေါက်တာ စိုးထွန်းက ဆိုသည်။

အစိုးရက ကားသစ်များ၏ CIF သင်္ဘောတင် ဈေးနှုန်းသစ်များ (Cost, Insurance and Freight) ထုတ်ပြန်ပြီးနောက် အမေရိကန်နှင့် ဥရောပနိုင်ငံများမှ တင်သွင်းထားသည့် မော်ဒယ်မြင့် ကားသစ်များ၏ ဈေးနှုန်းများ သိန်းနှစ်ရာမှ သုံးရာအထိ ကျဆင်းပြီး ဂျပန်ကား ဈေးနှုန်းများမှာမူ အ၀ယ်မရှိ၍ ငွေကျပ် ၁၀ သိန်းဝန်းကျင် ကျဆင်းကြောင်း သိရှိရသည်။

“ကားဈေးတွေ အဓိက ကျတာ အ၀ယ်ပျောက်နေလို့။ ကားဟောင်းရော၊ ကားသစ်ရော ဈေးကွက်ထဲမှာ ရောင်းမယ့်သူတွေ ပုံနေတယ်။ ပွဲစားတွေလည်း အရောင်းအ၀ယ် မဖြစ်တော့ တော်တော်စိတ်ညစ်နေကြတယ်” ဟု ဟံသာဝတီ ကားပွဲစားတန်းမှ အကျိုးဆောင် ပွဲစား တဦးက ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဝင်းမြင့်က အစိုးရသစ် လက်ထက်တွင် ကားဝယ်လျှင် အရှုံးပေါ်မည် ဖြစ်ကြောင်း ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းတခုတွင် သတိပေး ထုတ်ဖော်ပြောဆိုခဲ့သည်။

သမ္မတ၏ အမျိုးသားစီးပွားရေးနှင့် လူမှုရေးကောင်စီ အကြံပေးလည်းဖြစ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် လည်းဖြစ်သူ ဦးမော်သန်းကမူ မော်တော်ကား မူဝါဒ ရေးဆွဲရာတွင် အများပြည်သူ လုံခြုံမှု၊ ကားဟောင်း တင်သွင်းမှုကြောင့် နောက် ဆက်တွဲဖြစ်ပေါ်လာနိုင်သော ကျန်းမာရေး၊ ယာဉ်ကြောပိတ်ဆို့မှုများကို ထည့်သွင်းစဉ်းစားရန် အရေးကြီးကြောင်း ပြောသည်။

“ဂျပန်ကားတွေကို သက်တမ်းနဲ့ ပေးသွင်းခွင့်ပြုတာမျိုး။ အများပြည်သူ လုံခြုံမှုနဲ့ ကျန်းမာရေးကိုလည်း အဓိကထား စဉ်းစားတာမျိုး တွေလည်း ကားပေါ်လစီမှာ ပါသင့်တယ်။ နောက်ပြီး ကားဟောင်းတွေဖြစ်တဲ့ အခါကျတော့ ကိုယ့်နိုင်ငံက အမှိုက်ပုံလို ဖြစ်မှာမျိုးတွေ ကိုလည်း သေသေချာချာ စဉ်းစားရမယ်။ ဒါပေမယ့်လည်း အရမ်း တင်းကျပ်လွန်းရင်လည်း ကားဈေးတွေ တက်မှာလည်း စိုးတယ်” ဟု ဦးမော်သန်းက ဆိုသည်။

အစိုးရက ၁၉၉၇ ခုနှစ် ၂၀၁၃ ခုနှစ်ကားများ တင်သွင်းခွင့်ပြုထားသော်လည်း အများစုမှာ ဈေးသက်သာသော ဂျပန်ကားဟောင်းများကို အဓိကတင်သွင်းလျက်ရှိကြသည်။

Ref: ဧရာဝတီ

Read More...

UNFC နှင့် အစိုးရ ငြိမ်းအဖွဲ့တို့ ဇန်နဝါရီ ဒုတိယ အပတ်ထဲ ပြန်လည်တွေ့ဆုံဖွယ်ရှိ

ဖနိဒါ
ဇန်နဝါရီလ ၀၈ ရက် ၂၀၁၃ ခုနှစ်

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC တို့ ယခုလအတွင်း တွေ့ဆုံဖွယ်ရှိသည်ဟု မကြာမီက သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သော ကရင်အမျိုးသားအစည်းအရုံး KNU မှ တွဲဘက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်း က ပြောသည်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး အပါအဝင် ခေါင်းဆောင် ငါးဦးတို့သည် ဇန်နဝါရီလ ၅ ရက်နှင့် ၆ ရက်နေ့များက သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြ
ခြင်း ဖြစ်သည်။

“နိုင်ငံရေး ဆွေးနွေးတဲ့အချိန်မှာလည်း တဖွဲ့ချင်းမဟုတ်ဘဲ UNFC နဲ့ တွေ့ဆုံဖို့ ကျနော် ညွန်းပြတယ်။ အဲဒီအပေါ်မှာ ဒီလအတွင်းမှာ UNFC နဲ့ တွေ့နိုင်ဖွယ်ရာ အလားအလာရှိပါတယ်။ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနဲ့ပေါ့။ ဦးအောင်မင်း ပြောဆိုချက်အရ ပေါ့” ဟု ပဒိုမန်းမန်း က ပြောသည်။

ထိုသို့တွေ့ဆုံရာတွင် အပစ်အခတ် ရပ်စဲရေး ခိုင်မာရန်၊ နိုင်ငံရေးအဆင့် ဆွေးနွေးရန်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ဖြစ်ပွားနေ သော တိုက်ပွဲများ ရပ်ဆိုင်းရေးတို့ကို ဆွေးနွေးခဲ့ကြ သည်။

KIO နှင့် တိုက်ခိုက်နေခြင်းသည် ငြိမ်းချမ်းရေးအတွက် အဟန့်အတား ဖြစ်စေနိုင်ကြောင်း KNU ခေါင်းဆောင်များက ထောက်ပြ ပြောဆိုခဲ့ သည်ဟု ပဒိုမန်းမန်းက မဇ္စျိမကို ပြောသည်။

သမ္မတ ဦးသိန်းစိန် က လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေး ဆွေးနွေးမည်ဆိုပါက လွှတ်တော်အတွင်း ဝင်ရောက်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ပြင်ဆင်ရေးကိစ္စကို ထပ်လောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ငြိမ်းချမ်ရေးနှင့် အပစ်အခတ် ရပ်စဲရေးမှာ ၇၅ ရာခိုင်နှုန်း အောင်မြင်မှု ရရှိနေပြီ ဖြစ်ကြောင်းနှင့် ရာနှုန်းပြည့် အောင်မြင်ရေး ဆက်လက် ဆောင်ရွက်နေသည်ဟု ပြောဆိုခဲ့သည်ဟု ပဒိုမန်းမန်း က ပြောသည်။

အစိုးရအနေဖြင့် စစ်မှန်သည့် အပစ်အခတ် ရပ်စဲရေးခိုင်မာပါမှ နိုင်ငံရေးဆွေးနွေးမည့်အဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်ပြီး ထိုနိုင်ငံရေး ဆွေးနွေးမှု မပေါ်ပေါက်နိုင်ပါက အပစ်အခတ် ရပ်စဲရေးသည်လည်း ခိုင်မာမည် မဟုတ်ကြောင်း ပဒိုမန်းမန်းက သုံးသပ်သည်။

ဇန်နဝါရီလ ၇ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တနေရာတွင် ကျင်းပနေသော UNFC ၏ ၂ နှစ်ပြည့် နှစ်ပတ်လည် အစည်းအဝေး ကျင်းပပြီးနောက် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် တွေ့ဆုံနိုင်ဖွယ်ရှိသည်ဟုလည်း သူက မဇ္စျိမကို ပြောသည်။

ထိုနှစ်ပတ်လည် အစည်းအဝေးတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် တွေ့ဆုံဆွေးနွေးမှု အခြေအနေများကို UNFC အထွေ ထွေ အတွင်းရေးမှူး၏ အစီရင်ခံစာနှင့် တဖွဲ့ချင်း အစီရင်ခံစာများကို တင်ပြဆွေးနွေးနေသည်ဟု UNFC တွဲဘက် အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

“နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု ပြန်ရောက်အောင် ဘယ်လို ပုံစံနဲ့ ဘယ်လို အခင်းအကျဉ်း လုပ်မလဲဆိုတာတွေ၊ ကချင်ကိစ္စက အဓိက ပါတယ်။ ကချင်နဲ့ အပစ်မရပ်ဘဲ နိုင်ငံရေးဆွေးနွေးပွဲကို ခေါ်ဖို့ မဖြစ်သင့်ဘူး။ ကချင်ကိစ္စ မရပ်ဘဲ နိုင်ငံရေး ဆွေးနွေးပွဲက ကြည့်လို့ မကောင်းဘူး။ ကချင်နဲ့ အပစ်ရပ်ရေးကိုဘဲ နည်းလမ်းပေါင်းစုံရှာကြတာပေါ့” ဟု ဆိုသည်။

KIO နှင့် ဖြစ်ပွားနေသော ပဋိပက္ခများ ရပ်ဆိုင်းရန်အတွင်း တဖွဲ့ချင်း ဝိုင်းဝန်းတာဝန်ယူကြရန် မတူညီသော နည်းလမ်းများဖြင့် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက မဇ္စျိမကို ပြောသည်။

ထိုအစည်းအဝေးတွင် UNFC ဥက္ကဋ္ဌဖြစ်သည့် KIO မှ ဒု-ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP ဒု-ဥက္ကဋ္ဌ အေဘယ်တွိ ဦးဆောင်သောအဖွဲ့များ၊ KNU မှ ပဒိုဒေးဗစ်သာကဘော ဦးဆောင်သော အဖွဲ့များ၊ မွန်ပြည်သစ်ပါတီ NMSP မှ အတွင်းရေးမှူး နိုင်ဟံသာ၊ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP မှ ခေါင်းဆောင် နှစ်ဦးတို့ အပါအဝင် စုစုပေါင်း ၄၅ ဦး တက်ရောက်နေသည်ဟု သိရသည်။

ချင်းအမျိုးသားတပ်ဦး CNF မှာမူ ၎င်းတို့၏ ဗဟိုကော်မတီ အစည်းအဝေး ကြိုတင် ကျင်းပရန် စီစဉ်ထားသဖြင့် အစည်းအဝေးကို မတက် ရောက်နိုင်ကြောင်း ခွင့်တောင်းစာ တင်ခဲ့သည်ဟု ဦးခွန်ဥက္ကာ က ပြောသည်။

Ref: မဇ္ဈိမ

Read More...

နွားများ ပြည်ပ တင်ပို့ရောင်းချနိုင်ရန် အထူးအဖွဲ့များဖြင့် စစ်ဆေးပေးမည်

ခင်မျိုးသွယ်
ဇန်နဝါရီလ ၀၈ ရက် ၂၀၁၃ ခုနှစ်

အသားစားနွား မွေးမြူသူများ အနေဖြင့် ပြည်ပနိုင်ငံများသို့ နွားအရှင်များနှင့် အသားများကို တင်ပို့ ရောင်းချနိုင်ရန်အတွက် ဇန်နဝါရီ လဆန်းပိုင်းမှ စတင်၍ အထူးအဖွဲ့များဖြင့် စစ်ဆေးပေးမည်ဟု သိရသည်။

“နွားမွေးမြူသူတွေ အနေနဲ့ ပြည်ပ တင်ပို့ဖို့ စနစ်တကျ မွေးထားမယ်၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ထားမယ်၊ ပြည်ပနိုင်ငံတွေက ဝယ်သူကိုလည်း ချိတ်ထားမယ်၊ ပြည်ပ တင်ပို့ရောင်းချဖို့ အသင့်ဖြစ်ပြီ ဆိုရင် မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနက အထူးအဖွဲ့ ဖွဲ့ပြီး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” ဟု မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကြီး က မဇ္ဈိမကို ပြောသည်။

Read More...

အပေါ်သို့