Friday, January 16, 2009

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး - (အင်တာဗျူး)

ကြာသပတေးနေ့၊ ဇန်နဝါရီလ 15 2009

မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် နှစ်တို-နှစ်ရှည်အကျဉ်းကျခံနေရသူပေါင်း (၂,၀၀၀) ကျော်ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ထုတ်ပြန်ထားသည်။

မြန်မာစစ်အစိုးရက ၎င်းတို့နှင့် ယုံကြည်ချက်မတူညီ၊ သဘောထားကွဲသူများကို အငြိုးအတေးဖြင့် ဥပဒေနှင့် မညီဘဲ ထောင်ဒဏ်များ ချမှတ်နေပြီး ရပ်ဝေးထောင်များသို့ ပြောင်းရွှေ့ပို့ဆောင်ခြင်းများပင် ပြုလုပ်လျက်ရှိ ကြောင်း ပြည်တွင်းနှင့် နိုင်ငံတကာ အသိုင်းအ၀န်းများက ဝေဖန်ကြသည်။

ရပ်ဝေးထောင်များသို့ ပြောင်းရွှေ့ပို့ဆောင်ခြင်းခံရသူများ၏ မိသားစုများက ၎င်းတို့၏ ဆွေမျိုးသားချင်းများထံ ထောင်ဝင်စာ သွားတွေ့ရန် ခရီးဝေးခြင်း၊ လမ်းပမ်းဆက်သွယ်ရေး မချောမွေ့ခြင်း၊ ခရီးစရိတ်များမြင့်မားခြင်း၊ အာဏာပိုင်များက နှောင့် ယှက်ခြင်း စသည်တို့ကြောင့် ဒုက္ခရောက်ကြရကြောင်း ထုတ်ဖော်ပြောဆိုကြသည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်နှင့်ပတ်သက်ပြီး သိရှိနိုင်ရန် မကြာသေးမီကမှ ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသော နိုင်ငံရေးရှေ့နေ စောကျော်ကျော်မင်းကို မဇ္ဈိမကမေးမြန်းခွင့် ရခဲ့သည်။ ကိုစောကျော် ကျော်မင်းသည် ရှေ့နေတဦးဖြစ်ပြီး နယ်စပ်သို့မထွက်ခွာမီအထိ နိုင်ငံရေးအမှုပေါင်း (၁၄) မှု လိုက်ခဲ့သူဖြစ် သည်။ ထို့အပြင် အင်းစိန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) လူငယ်တာဝန်ခံဖြစ်ခဲ့သည်။

လှိုင်သာယာမြို့နယ်တရားရုံးမှာ ကိုသန့်ဇင်မျိုးအပါအ၀င် ၁၁ ဦးအမှုမှာ အမှုသည်တချို့က တရားစီရင်ရေး ကို အယုံအကြည် မရှိဘူးဆိုပြီး ဆန္ဒပြခဲ့တာနဲ့ ပတ်သက်လို့ ကိုစောကျော်ကျော်မင်းနဲ့အတူ ရှေ့နေ ကိုညီညီထွေးတို့ကို ထောင်ဒဏ် ၆ လစီ စီရင်ချက် ချလိုက်တယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အကျဉ်းချုံး ပြောပြ ပေးပါလားဗျာ။

၂၀၀၇ ခု အောက်တိုဘာ ၂၃ ရက်မှာ ကိုသန့်ဇင်မျိုးအပါအ၀င် ၁၁ ဦးကို စစ်တာမှာ ကိုညီညီထွေးရော၊ ကျနော်ရော နှစ်ယောက်စလုံး အဲဒီအမှုမှာ ပါဝါတင်ထားတဲ့အတွက် သွားပြီးစစ်ဆေးခဲ့ပါတယ်။ ကိုရန်နိုင် ထွန်းရဲ့ ရှေ့နေက ကိုညီညီလှိုင် ဖြစ်တယ်ဗျာ။ သူက အဲဒီနေ့မှာ တခြားရုံးချိန်းတခုနဲ့တိုက်နေလို့ မအားတဲ့ အတွက် မလာနိုင်ဘူး။ ကိုရန်နိုင်ထွန်းက သူကိုယ်တိုင်ပဲ တရားလိုနဲ့ အပြန်အလှန် မေးခွန်းသုံးလေးခွန်း လောက် မေးပြီးတဲ့အခါမှာ သူက တရားသူကြီးကိုတော့ လေးစားပါတယ်တဲ့၊ တရားစီရင်ရေးစနစ်ကိုတော့ အယုံအကြည်မရှိဘူးလို့ ပြောပြီးတော့ သူက တရားသူကြီးကို ကျောပေးထိုင်တာပေါ့။ တရားသူကြီးက ကိုရန်နိုင်ထွန်းကို ဒီဘက်ကို ပြန်လှည့်ထိုင်ပါဆိုပြီး ပထမဆုံးပြောတယ်။ အဲဒါ သူက မထိုင်တဲ့အပြင်ကို နောက်ထပ် ကိုအောင်မင်းနိုင် ခေါ် မီးသွေး၊ မျိုးကျော်ဇင်ရယ် ၂ ယောက်ကပါ သူ့လိုပဲပြောပြီး နောက်လှည့် ထိုင်လိုက်တယ်။

အဲဒီတော့ တရားသူကြီးကနေ ကဲ ရှေ့နေတွေ ဒီဘက်ကို လှည့်ထိုင်ပေးဖို့ သူတို့ကို ပြောပါဦးတဲ့။ ကျနော်တို့ ကနေ ရှေ့နေဆိုတာ အမှုသည်တွေရဲ့ ညွှန်ကြားချက်နဲ့အညီ လိုက်ပါဆောင်ရွက်ရတာဖြစ်တယ်။ အဲဒီလို ဖြစ်တဲ့အတွက် ဒီအမှုမှာတော့ဖြင့်ရင် အမှုသည်တွေ ကိုယ်၌ကနေ ပြုမှုဆောင်ရွက်တဲ့ ကိစ္စရပ်တွေမှာ ကျနော်တို့ ရှေ့နေတွေအနေနဲ့ ဝင်ရောက်ပါဝင်လိုခြင်း မရှိဘူး။ ဝင်ရောက်ပြောဆိုလိုခြင်း မရှိဘူးလို့ ပြော လိုက်တယ်ပေါ့။ တရားသူကြီးက ဒါဆိုရင်တော့ ကောင်းပြီတဲ့ အမှုဆက်စစ်လို့ မရတော့ဘူးပေါ့နော်။ နောက် တရက်ကို ရုံးချိန်းပေးလိုက်တယ်။

၂၄ ရက်နေ့ကျတော့ လှိုင်သာယာမြို့နယ်တရားသူကြီးက တရားလိုလုပ်ပြီးတော့ မြောက်ပိုင်းခရိုင်တရားရုံး မှာ ကျနော်တို့ကို တရားစွဲတယ်။ တရားရုံးရဲ့ အမှုစစ်ဆေးနေတာကို နှောင့်နှေးကြံ့ကြာအောင်လုပ်တယ်ဆို ပြီး ပြစ်မှုဥပဒေပုဒ်မ ၂၂၈ နဲ့ စွဲတာ။

အမှုသည်က အခုလို ကျောပေးဆန္ဒပြတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ရှေ့နေတွေကို ထောင်ဒဏ် ၆ လစီ ချ လိုက်တယ်ဆိုတာ ဥပဒေရှုထောင့်ကကြည့်ရင် အဆီအငေါ်တည့်ရဲ့လားဗျာ။

ပြစ်မှုဥပဒေပုဒ်မ ၂၂၈ ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုက ပြည်သူ့ဝန်ထမ်းတဦးက ပြည်သူ့ဝန်ထမ်းအဖြစ်နဲ့ တရား စစ်ဆေးစီရင်နေတဲ့ အချိန်မှာ ကြိုတင်ကြံရွယ်ချက်နဲ့ပေါ့၊ တမင်တကာကိုပဲ နှောင့်နှေးကြံကြာအောင် လုပ် တာကို ဆိုလိုတာပါ။ ဒါပေမဲ့ အဲဒီနေ့က ကျနော်တို့ရှေ့နေတွေက တမင်ကြံရွယ်ချက်နဲ့ နှောင့်နှေးကြန့်ကြာ အောင် လုပ်တာမရှိဘူး။

နောက်တခုက ပြစ်မှုဥပဒေပုဒ်မ ၂၂၈ နဲ့ တရားစွဲမယ်ဆိုရင် တရားရုံးတွေကနေပြီးတော့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၈၀၊ ပုဒ်မခွဲ ၁ ကို လိုက်နာကျင့်သုံးရတယ်။ အဲဒီမှာဆိုရင် ပုဒ်မ ၂၂၈ နဲ့ တရားစွဲရင် ထောင်ဒဏ် ၁ လ ဒါမှမဟုတ်ရင် ငွေဒဏ် ၂၀၀ ပဲချမှတ်ရမယ်လို့ ပြဋ္ဌာန်းချက်ရှိတယ်။ အဲဒီလို ပြဋ္ဌာန်းချက် ရှိတဲ့အတွက် ကိုညီညီထွေး အပါအ၀င် ကျနော့်ကို ထောင်ဒဏ် ၆ လ ချလိုက်တာကတော့ဖြင့် ဥပဒေနဲ့ လုံးဝ ညီညွတ်မှုမရှိဘူး။ တရားမျှတမှုမရှိဘူးလို့ပဲ မြင်တယ်လေ။ ပြီးတော့ ဒီလို ဆန္ဒပြတာနဲ့ပတ်သက်ပြီး ရှေ့နေ တွေက သွားပြီး တားမြစ်ပေးရမယ်လို့လည်း ကျနော် လေ့လာခဲ့ဖူးသလောက် ဥပဒေပြဋ္ဌာန်းချက် မရှိပါဘူး။

နိုင်ငံရေးအမှုတွေကို မလိုက်ခင်မှာ ကိုစောကျော်ကျော်မင်းက ၂၀၀၇ ခုနှစ် မေလ ၁ ရက်မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အင်းစိန်ကျောက်တော်ကြီးမှာ မစုစုနွေးတို့နဲ့ အတူ ဆုတောင်းပွဲလုပ်ခဲ့လို့ အဆွဲခံခဲ့ရတယ်။ စက်တင်ဘာ သံဃာတွေကိစ္စတုန်းကလည်း ပါဝင်ခဲ့တယ်။ အဲဒီလို နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်လို့ မတရား စီရင်ချက်ချခံရတယ်လို့ရော ယူဆလား။

ကျနော်က ဥပဒေကျောင်း တက်နေတဲ့အချိန်မှာကို အန်အယ်ဒီ အဖွဲ့ဝင်ဖြစ်နေပြီး နိုင်ငံရေးလုပ်ခဲ့တာ တချက် ပေါ့လေ။ တခြား နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ လုပ်ကိုင်တာတွေကိုလည်း ကူညီတဲ့အပေါ်မှာ ကျနော့ကို အာဏာပိုင်တွေက ရန်ငြိုးအာဃာတ ရှိတယ်လို့တော့ ကျနော်မြင်တယ်။

ကျိုက္ကဆံစစ်ဆေးရေး၊ မှော်ဘီရတပ်ရင်း ၃ ၊ ရဲတပ်ရင်း ၆ ၊ အောင်သပြေ စစ်ကြောရေးတွေကိုလည်း အပို့ခံရ ပြီး စစ်ဆေးခံခဲ့ရတယ်လို့ သိရတယ်။ အားလုံးပေါင်း ဘယ်လောက်ကြာသွားလဲ။ ပြီးတော့ အာဏာပိုင်တွေက ဘာတွေ ဘယ်လို စစ်ဆေးမေးမြန်းလဲဗျ။

၁၅ ရက် ၅ လ ၂၀၀၇ ကနေပြီးတော့ ၂၇ ရက် ၇ လပိုင်း ၂၀၀၇ အထိ။ ၂ လကျော်လောက်ကြာမယ်။ စစ ခေါ်သွားချင်း ကျိုက္ကဆံစစ်ကြောရေးမှာ စစ်ပါတယ်။ မေးတာကတော့ ဒီလိုမျိုး ၀တ်ပြုဆုတောင်းပွဲလုပ်တာ ဘယ်သူက ဦးဆောင်တာလဲ။ ဆုတောင်းပွဲမှာ ၂၉ ယောက်လုံးပါအောင် ဘယ်သူက လိုက်ပြီး စည်းရုံးတာ လဲ။ ဒီ Free Aung San Suu Kyi အင်္ကျီတွေကို ဘယ်သူက ထုတ်ပေးတာလဲ။ ဒီ Free Aung San Suu Kyi အကျီတွေရဖို့အတွက် ဘယ်လိုမျိုး ငွေစုလဲပေါ့။ တကယ်လို့ အဖမ်းမခံရဘူးဆိုရင် ဘယ်လိုအစီအစဉ်တွေနဲ့ ဆက်လုပ်မလဲ။ အဲဒါတွေ အဓိကထားပြီး မေးတာပေါ့။

ကျိုက္ကဆံစစ်ကြောရေးမှာ ၃ ရက်ပေါ့။ ကျနော်တို့ အဖမ်းခံရတာ ၂၉ ယောက်။ နောက် အဲဒီမှာပဲ ကိုသန့်ဇင် မျိုးတို့ ၁၁ ယောက်ဆိုတော့ ၄၀ လောက်ရှိတယ်။ စစ်ဆေးတာကတော့ သက်သက်ညှာညှာပါပဲ။ ရဲတပ်ရင်း ၆ ကို ကျနော်တို့ ၅ ယောက် ပြောင်းခံရတယ်။ တိုက်ပိတ်ခံရတယ်။ အဲဒီမှာကျတော့ ဘာလာပြောလဲဆိုတော့ အထက်က လူကြီးတွေက လွှတ်ပေးချင်ပါတယ်တဲ့၊ ဒါပေမဲ့ ကျနော်တို့တွေက ခေါင်းမာတဲ့လူတွေ ဖြစ်နေ တယ်တဲ့။ ပြန်ထွက်သွားရင် နိုင်ငံရေးလုပ်မလား မလုပ်ဘူးလား အဲဒါသိချင်တယ်တဲ့။ ကျနော်တို့က လုပ်မယ် လို့ ပြောလိုက်တယ်။ နောက်ဆုံး အက်စ်ဘီက တာဝန်ခံ တယောက်ရောက်လာပြီး စစ်ကြောရေးလုပ်တယ်။ တောထဲနဲ့ အဆက်အသွယ်ရှိလားတဲ့၊ အဓိကမေးတယ်။ နောက်နေ့ ပြန်လွှတ်တာပဲ။

ရုံးထုတ်စစ်ဆေးတဲ့အခါမှာ တရားရုံးခန်းထဲမှာ ဘယ်သူတွေရှိလဲဗျ။

တရားခံရှိမယ်။ ရှေ့နေရှိမယ်။ ရဲတွေရှိမယ်။ နောက် ကိုသန့်ဇင်ဦးတို့ နှစ်မှုလုံး လှိုင်သာယာရော၊ ကမာရွတ် တရားရုံးရောမှာဆိုရင် လုံထိန်းကား ၂-၃ စီးပါချထားတယ်။ ပြီးတော့ တရားရုံးဝန်းထဲမှာလည်း ကြံ့ခိုင်ရေးတို့ စွမ်းအားရှင်တို့ အယောက် ၁၀၀ ကျော်လောက်ကို စောင့်ကြပ်နေတာပေါ့။ စစ်နေရင် တရားရုံးအပေါက်ဝမှာ သူတို့က ပိတ်ထားတယ်။ မိသားစုတွေ ၀င်လို့မရအောင်။ ကိုသန့်ဇင်မျိုးတို့က လှိုင်သာယာရုံးမှာ ပြစ်မှုဥပဒေ ၁၄၃-၁၄၅-၁၅၂- ၅၀၅ (ခ) တွေနဲ့ စွဲခံထားခဲ့ရတာပေါ့။ ၁၀ နှစ်ကျော်တွေကျမယ်ထင်တယ်။ အတိအကျ တော့ မသိရသေးဘူး။ တခြားအမှုတွေမှာ စစ်ဆေးခန်းထဲ အက်စ်ဘီဝင်တာလည်း ရှိတယ်။ ကျနော့်အမှုတွေ မှာတော့ အပေါက်ဝမှာ ရပ်စောင့်နေတာ တွေ့ရတယ်။

ရှေ့နေနဲ့ အမှုသည်က အမှုသွားအမှုလာကို တွေ့ဆုံဆွေးနွေးတဲ့ ကိစ္စက ဘယ်လောက်အရေးကြီးလဲ။

တော်တော်ကိုပဲ အရေးကြီးပါတယ်။ အမှုအကြောင်းချင်းရာကိုသိထားမှ။ အမှုစစ်ဆေးတော့ ကောင်းကောင်း မွန်မွန် ခုခံချေပနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်ကြုံခဲ့ရတာကတော့ အမှုသည်ဆီက ညွှန်ကြားချက်ရဖို့ နေနေသာသာပေါ့။ လိုက်ပါဆောင်ရွက်ဖို့ကို မနည်းကို ကြိုးစားလုပ်ဆောင်ရပါတယ်။ ကိုရံရွှေတို့ ကိုမြင့်အေး တို့ အမှုမှာဆို ဒီရှေ့နေတွေကို ဘာလို့ ငှားတာလဲ၊ ဒီရှေ့နေတွေနဲ့ ဘယ်လိုအဆက်အသွယ်ရှိနေလဲဆိုပြီး အမှုသည်တွေကို ဖိအားပေးတာတွေ ရှိပါတယ်။ ကျနော်တို့ သူတို့အမှုကို လိုက်မယ်လို့ ပါဝါတင်လိုက်ပြီး ပြန် သွားတဲ့အချိန် အမှုသည်တွေကို ထောင်ထဲပြန်ထည့်ချိန် အက်စ်ဘီတို့ စရဖတို့က ထောင်ထဲမှာကို လာနေပါ တယ်။ သူတို့မိသားစုတွေကိုလည်း ဖိအားပေးတယ်လို့ သိရပါတယ်။

စီရင်ချက်ချတဲ့အခါမှာ တရားသူကြီးတွေကရော ဘယ်လောက်အထိ လွတ်လပ်မှုရှိလဲဗျ။

လုံးဝကို လွတ်လပ်မှုမရှိဘူးလို့ပဲ ပြောရမှာပဲ။ ဒီအမှုတွေနဲ့ပတ်သက်ပြီးတော့။ ထင်ထင်ရှားရှား အမှုတခုကို ပြ ဆိုရင် ကျနော့အမှုပဲလေ။ ဒုတိယတရားသူကြီးကိုယ်၌က မင်းတို့ကိုတဲ့ ဒီနေ့ပဲဖမ်းချုပ်ဖို့ အထက်က အမိန့် ပေးတယ်ဆိုတော့ တရားခွင်မှာ တရားသူကြီးက လွတ်လွတ်လပ်လပ် ဆုံးဖြတ်ရမယ့်လူလေ။ အထက်က အမိန့်ပေးတယ်ဆိုတာက သူ့စကားထဲမှာကို ပါနေပြီ။ ဘယ်လောက်အထိတောင် လွှမ်းမိုးမှုရှိနေလဲဆိုတာ။ နောက်တချက်က ကိုဖိုးဖြူ လိုက်ပါဆောင်ရွက်နေတဲ့ ကိုသန့်ဇင်ဦး အမှုကြည့်ရင် ပြည်ထဲရေးဝန်ကြီးဌာနက နေ ကိုသန့်ဇင်ဦးကို ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ်ချမှတ်ပေးပါဆိုတဲ့စာ တရားရုံးမှာရောက်နေပြီး အဲဒီ စာကြီးကို တရားသူကြီးက ထုတ်ပြတယ်။ အင်းစိန်မြို့နယ် ဒုတိယတရားသူကြီး ဒေါ်ဘေဘီက။ ကိုသန့်ဇင်ဦး ကို ကိုယ်တိုင်ထုတ်ပြတာ။ ရှင့်ကို ဒီမှာ စာရောက်နေတယ်ဆိုတဲ့ အနေအထားမျိုးပေါ့။

ဒီနေ့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်အပေါ် ဘယ်လိုမြင်လဲဗျာ။ အတိုချုံးပေါ့။

အတိုချုံးပြောရရင် မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု လုံးဝမရှိဘူးလို့ ပြောချင်တယ်ဗျာ။ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ၊ ယုံကြည်ချက်အတွက် လုပ်ဆောင်နေတဲ့သူတွေကို ပြစ်ဒဏ်အရှည်ကြီးတွေ ချမှတ်လိုက် တာတော့ဖြစ်ရင် ရန်ငြိုး အာဃာတနဲ့ဗျာ ဂလဲ့စားချေတဲ့သဘောမျိုးနဲ့ကို ချမှတ်တာဖြစ်တယ်။ ဥပဒေဆိုတာ ကတော့ဗျာ အုပ်ချုပ်သူရဲ့ အကျိုးစီးပွားကိုကာကွယ်ပေးပြီး ပြည်သူလူထုကို ဖိနှိပ်တယ်ဆိုရင် တရားဥပဒေ စိုးမိုးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။

ကိုဝိုင်း
REF: မဇ္ဈိမ

Read More...

တရုတ် စစ်ထရပ်ကားကြီးများ မြန်မာသို့ လွှဲပြောင်း

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ 14 2009

ရွှေလီ (မဇ္ဈိမ)။ ။ တန်ချိန် ၁၀၀ ကျော် တင်ဆောင်နိုင်မည့် တရုတ်လုပ် ဧရာမစစ်ထရပ်ကား ၅ စီးကို ယမန် နေ့ နံနက်ပိုင်းက တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် ဂိတ်ပေါက်မှတဆင့် မြန်မာဘက်သို့ မောင်းယူသွားသည်။

မြန်မာစစ်အရာရှိများကိုယ်တိုင် လိုက်ပါလာသည့် သယ်ယူရေးအဖွဲ့တခုက ဦးဆောင်ကာ အဆိုပါ စစ်ထရပ် ကားကြီးများကို ကြယ်ခေါင်-မန်ဝိန်းကြီး နှစ်နိုင်ငံ နယ်စပ်ဂိတ်မှ မြန်မာပြည်တွင်းသို့ မောင်းနှင်သယ်ဆောင် သွားခြင်းဖြစ်သည်။ ''ကားခေါင်းရှေ့မှာ Sino Truck (ဆီနိုထရပ်) လို့ ရေးထားတယ်။ မနေ့က မြန်မာ ၉ နာရီ ခွဲလောက်မှာ မန်ဝိန်းကြီး အပေါက်ကနေ လာသယ်သွားတာ။ စစ်တပ်က အရာရှိတချို့နဲ့ ကားမောင်းသမား တွေကလည်း စစ်တပ်က လူတွေပဲ။ အရပ်ဝတ်နဲ့ လာကြတယ်။ ကားတွေကတော့ အခွံချည်းပဲ။ ဘာပစ္စည်းမှ တင်မထားဘူး'' ဟု မျက်မြင်သက်သေတဦးက မဇ္ဈိမကို ပြောသည်။

မြန်မာပြည်အလယ်ပိုင်း မိထ္ထီလာမြို့ရှိ စစ်စခန်းတခုအထိ သယ်ဆောင်မည်ဟု ကိုယ်တိုင်မေးမြန်းခွင့်ရခဲ့သူ သူက ဆက်ပြောသည်။

ထရပ်ကားကြီးများသည် ယခင်က သယ်ယူနေသည့် ဒေါင်ဖန်း (Dong Peng) နှင့် ဖေါ (Faw) စသည့် စစ် ယာဉ်အမျိုးအစားများထက် အရွယ်အစားမှာ တဆခွဲခန့် ပိုမိုကြီးမားပြီး၊ အလေးချိန်အားဖြင့် တန်ချိန် ၁၀၀ ကျော်အထိ သယ်ဆောင်နိုင်သည်ဟု ဆိုသည်။

''အရင် ရာနဲ့ချီသွားခဲ့တဲ့ တုန်ဖုန်းကားတွေလို မဟုတ်တာတော့ ထူးပါတယ်။ ရှည်တာကလည်း တဆခွဲ လောက် ရှည်တယ်။ ကြီးတာကလည်း တဆခွဲလောက်ကြီးတယ်။ ၁၀ ဘီးကားကြီးတွေ အရင်ကားတွေက တော့ တန် ၄၀ လောက်ပဲ နိုင်တယ်။ အခုကားတွေက တန် ၁၀၀ ကျော်အထိ တင်နိုင်တယ်။ အဲဒီက သယ်တဲ့အဖွဲ့က တယောက်ပြောတာက ပုံစံပြောင်းပြီး အမြောက်တင်ကားအဖြစ် သုံးမယ် ပြောတယ်'' ဟု သူက ဆက်ပြောသည်။

တရုတ်ကုမ္ပဏီများက မြန်မာစစ်တပ်အတွက် စစ်ထရပ်ကားများကို ပေါက်ဈေးနှုန်းထက် ထက်ဝက်ဈေးနူန်း ဖြင့် ရောင်းချပေးကြောင်းနှင့် လက်ငင်း ငွေချေရန်မလိုဘဲ အရစ်ကျစနစ်ဖြင့် ရောင်းချခြင်းဖြစ်ကြောင်း သိရ သည်။

လွန်ခဲ့သည့်နှစ်များမှ စတင်၍ တရုတ်-မြန်မာနှစ်နိုင်ငံ ကြယ်ခေါင်-မူဆယ်လမ်းကြောင်းမှတဆင့် တရုတ်လုပ် ဒေါင်ဖန်းနှင့် ဖေါ အမျိုးအစား စစ်ထရပ်ကားများ အစီးရေ ရာပေါင်းများစွာ သယ်ယူခဲ့သည့်အပြင် မြန်မာ စစ်တပ်ကာကွယ်ရေး စစ်ပစ္စည်းထုတ်လုပ်ရေး စက်ရုံများအတွက် လိုအပ်သည့် စက်ပစ္စည်းများနှင့် အခြား စစ်လက်နက်သုံး အရေးကြီးပစ္စည်းများလည်း သယ်ဆောင်နေခဲ့သည်။



မျိုးကြီး
REF: မဇ္ဈိမ

Read More...

မြန်မာအပေါ် စီးပွားရေး ဒဏ်ခတ်သည့်စာရင်း အမေရိကန် ဖြည့်စွက်

16 January 2009

မြန်မာစစ်အစိုးရအပေါ် ဘဏ္ဍာရေးအရ အရေးယူပိတ်ဆို့ထားတဲ့ စာရင်းမှာ နောက်ထပ် လူပုဂ္ဂိုလ် နှစ် ယောက်နဲ့ ကနေဒါအခြေစိုက် ကုမ္ပဏီတခုကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထပ်တိုးလိုက်ပါတယ်။ ဒီ စီးပွားရေးကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတွေ အမေရိကန်ပြည်ထောင်စုမှာ အပ်နှံထားမယ်ဆိုရင် ထုတ်သွင်းလို့ မရအောင် ထိန်းထားဖို့နဲ့ ဒီကုမ္ပဏီတွေနဲ့ စီးပွားရေးအရ ပတ်သက်သူတွေကို အရေးယူဖို့ အခုလို ထပ်ပြီး
ဖြည့်စွက်လိုက်တာ ဖြစ်ပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်ပပိုင်ဆိုင်မှု ထိန်းချုပ်ရေးဆိုင်ရာဌာန (OFAC) ဌာန ရဲ့ ထုတ်ပြန်ချက်မှာ မြန်မာစစ်အစိုးရနဲ့ စီးပွားရေး ဆက်နွယ်ပတ်သက်တဲ့ ကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်ငန်း ရှင်တွေရဲ့ စာရင်းကို ထပ်ပြီးတိုးလိုက်တာပါ။ ဒါနဲ့ပတ်သက်လို့ ၀ါရှင်တန်မြို့တော်အခြေစိုက် US Campaign for Burma(USCB) အဖွဲ့ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင်က အခုလိုပြောပါတယ်။

“အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက Office of Foreign Assets Control ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တဲ့အဖွဲ့ပေါ့၊ အဲဒီဌာနကနေပြီး မြန်မာပြည်က နအဖနဲ့ ပူးပေါင်းပြီး အကျိုးတူ စီးပွားရှာနေတဲ့ စီးပွား ရေး လုပ်ငန်းရှင် နှစ်ယောက်နဲ့ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေပေါ့၊ ဗမာပြည်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ စင်ကာပူမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အဲဒါတွေကို အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့မှု စာရင်းထဲမှာ ထည့်သွင်းလိုက်တယ်။

“နောက်တခါ ကနေဒါကနေ မြန်မာပြည်မှာ ဖက်စပ်လုပ်နေတဲ့ ကုမ္ပဏီတခုဖြစ်တဲ့ မြန်မာအိုင်ဗင်ဟိုး ကုမ္ပဏီ ကိုလည်း အမေရိကန်အစိုးရရဲ့ Financial Sanction စာရင်းထဲမှာ ထည့်လိုက်တယ်။ ခုန ကျနော်ပြောတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင် နှစ်ယောက်မှာ တယောက်က ဒဂုံ ဦးဝင်းအောင်ဆိုတာ၊ ဒဂုံအင်တာနေရှင်နယ် က၊ နောက်တယောက်က မက်စ်မြန်မာ ဇော်ဇော်၊ အဲဒီနှစ်ယောက်ပေါ့။ သူတို့ရဲ့ စီးပွားရေးလုပ်ငန်း တော် တော်များများ၊ ရန်ကုန်မှာရှိမယ်၊ စင်ကာပူမှာရှိမယ်၊ အဲဒါတွေအားလုံးကိုလည်း အမေရိကန်အစိုးရရဲ့ စီးပွား ရေး ပိတ်ဆို့မှုစာရင်းထဲမှာ ထည့်လိုက်တယ်။”

ဦးအောင်ဒင် ပြောပြသွားတာ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် အောက်တိုဘာလအတွင်းက အမေရိကန်သမ္မတ လက်မှတ်ရေးထိုးခဲ့တဲ့ အရေးယူပိတ်ဆို့မှုအရ အဲဒီအချိန်က မြန်မာစစ်အစိုးရ ထိပ်တန်းခေါင်းဆောင် ၁၁ ယောက်နဲ့ စီးပွားရေးလုပ်ငန်းရှင် ၁၂ ယောက်ကို အရေးယူပိတ်ဆို့ခဲ့တာပါ။

နောက်ပိုင်းမှာ စစ်အစိုးရနဲ့ ဆက်နွယ်ပတ်သက်တယ်လို့ ဖော်ထုတ်ရတဲ့ စီးပွားရေးကုမ္ပဏီတွေကို ထပ်ပြီး စာရင်းမှာ ဖြည့်စွက်ခဲ့သလို အရေးယူပိတ်ဆို့မှုတွေ တိုးမြှင့်ဆောင်ရွက်လာခဲ့ပါတယ်။

၂၀၀၈ ခုနှစ် ဇူလိုင်လအတွင်းကလည်း မြန်မာစစ်အစိုးရနဲ့ ဆက်နွယ်ပတ်သက်နေတဲ့ စီးပွားရေးကုမ္ပဏီ ၁၀ ခုကို အမေရိကန်အစိုးရက အရေးယူပိတ်ဆို့ခဲ့ပါတယ်။ ဒီကုမ္ပဏီတွေကိုတော့ မြန်မာနိုင်ငံက ကျောက်မျက် ရတနာတင်ပို့မှု ပိတ်ပင်ရေး ဥပဒေအရအရေးယူခဲ့တာပါ။

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ ထွန်းမြင့်နိုင်ခေါ် ဘိန်းဘုရင် လော်စစ်ဟန်ရဲ့သား စတီဗင်လောပိုင်တဲ့ ကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အရေးယူခဲ့သလို စစ်အစိုးရနဲ့ စီးပွားရေး နီးနီးကပ်ကပ်ဆက်ဆံပြီး လက်နက်ရောင်းဝယ်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုပြီး ဦးတေဇပိုင် ကုမ္ပဏီတွေကိုလည်း အရေးယူ ပိတ်ဆို့တဲ့စာရင်းမှာ ထပ်ပြီးဖြည့်စွက်ခဲ့ပါတယ်။

ဒီလိုကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတွေ အမေရိကန်ပြည်ထောင်စုမှာ ရှိခဲ့မယ်ဆိုရင် ထုတ်သွင်းလို့မရအောင် ပိတ် ပင်ဟန့်တားထားသလို သူတို့နဲ့ စီးပွားရေး ဆက်စပ်ဆောင်ရွက်သူတွေကိုလည်း အရေးယူမယ်လို့ အမေရိ ကန် ဥပဒေအရ ပြဋ္ဌာန်းထားတာပါ။ ဒီလို စီးပွားရေးအရ အရေးယူတာတွေအပြင် စစ်အစိုးရခေါင်းဆောင်တွေ နဲ့ သူတို့ရဲ့ မိသားစုဝင် ၂၆၀ ကို အမေရိကန်ပြည်ထောင်စုကို မလာနိုင်အောင် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားပါတယ်။



REF: ဗွီအိုအေ

Read More...

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ထိုင်းဘက်က မောင်းထုတ်

15 January 2009

ထိုင်းနိုင်ငံ၊ တပ်ခ်ခရိုင်၊ ဖွတ်ဖမြို့နယ် ၄၄ ကီလိုကျေးရွာက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ နေထိုင်တဲ့ ၀ါးတဲအစုကို ထိုင်းအာဏာပိုင်တွေက ကားဆယ်စီးနဲ့ရောက်လာပြီး နေရာမရွှေ့ပေးရင် မီးရှို့ဖျက်ဆီးမယ် ဆိုတာကြောင့် ရွာသား၂၀၀ ကျော်တို့ဟာနီးစပ်ရာတောတောင်တွေထဲမှာ ပုန်းအောင်းနေရပါတယ်။ ဒီ အကြောင်း အပြည့်အစုံကိုဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါ တယ်။

အခုအခါမှာတော့ ၀ါးတောဆိုတဲ့ နေရာတ၀ိုက်မှာ လက်နက်ကိုင်စစ်သားများ စောင့်ကြပ်နေဆဲဖြစ်ပါတယ်။ ၁၅ မိနစ်တခါ ကင်းလှည့်နေပြီး စစ်ဆေးမှုတွေလည်းလုပ်နေပါတယ်။ ၀ါးတောနဲ့ အဲဒီနီးစပ်ရာ အစုလေးတွေ က ကလေးငယ်တွေအတွက် The Best Friend ဆိုတဲ့ စာသင်ကျောင်းလေးဖွင့်ထားတဲ့ ကျောင်းဆရာ
ကိုထိုက်သူအောင်က နောက်ဆုံးအခြေအနေကို ပြောပြရာမှာ …

“၈ နာရီပတ်ဝန်းကျင်လောက်မှာ နယ်ခြားစောင့်တပ်ရယ်၊ ပုလိပ်ရယ်၊ ဒီဘက်က ရပ်ရွာသူကြီးတွေရယ်၊ အုပ်ချုပ်ရေးတာဝန်ခံ အဖွဲ့အစည်းတွေရယ်၊ အဖွဲ့ပေါင်းစုံပေါ့။ တောချလောတို့ရော မြို့နယ်ကလူတွေရော ကားဆယ်စီးအပြည့် ဒီမှာလာစစ်သွားတယ်။ စစ်သွားပြီးနောက်ပိုင်း ကျနော်တို့လည်း ပူထူနေတာ။ သက်ကယ်ပုံတွေလည်းပျောက်သွားတယ်။ ပစ္စည်းဆိုလို့ အဲဒါတခုတော့ ပါသွားတယ်။ ဆေးခန်းထဲကပစ္စည်းတွေ တော့ မစစ်ကြည့်ရသေးဘူး။”

ဒီဖြစ်ရပ်ဟာ မနေ့ကတည်းက ဖြစ်ခဲ့တာပါ။ မနေ့က နေ့ခင်းပိုင်းအချိန်လောက်မှာ ၄၄ ကီလိုထဲက အာဏာပိုင်တချို့က ၀ါးတောအစုမှာ ရပ်ရွာလူကြီးလုပ်နေသူကို အကြာင်းကြားလာတယ်လို့ ပြောပြပါတယ်။

“ဖွတ်ဖမြို့နယ်က အာဏာပိုင်အဖွဲ့အစည်းတွေပဲ၊ သူတို့က ယူနီဖောင်းတပိုင်း၊ အရပ်ဝတ်တပိုင်းဆိုတော့ ကျနော်လည်း ပြောရခက်တယ်။ တောချလောလိုအဖွဲ့မျိုးလို့ပြောတယ်။ သူတို့ကလာတယ်၊ လာပြီး အဲဒီ ၀င်းမှာ သူတို့က လစဉ် ပိုက်ဆံတွေကောက်ထားတယ်။ ကောက်ထားတဲ့အတွက် သူတို့က လာပြောတယ်။ ဦးသောင်းကြည်တဲ့ လုံးဝ နင်တို့ ၀င်နေလို့မရတော့ဘူးတဲ့။ နင်တို့ပစ္စည်းတွေအကုန်သိမ်းပြီး တောထဲဝင်တော့ တဲ့။ အိမ်တွေကိုလည်း ဖျက်ပါတဲ့။ တကယ်လို့ အိမ်တွေကိုမဖျက်ဘူးဆိုရင် သူတို့က မီးဝင်ရှို့မှာတဲ့။ အဲတော့ ကိုယ့်ဘာသာကိုယ် ဖျက်သွားမယ်ဆိုရင် အိမ်တွေမီးမရှို့ဘူး။ ၀င်းကို မီးမရှို့ဘူးပေါ့။”

ဝါးတောအစုလေးဟာ ၄၄ ကီလိုမှာ စံပြနေရာလေးတခု ဖြစ်လာပြီး အစိုးရမဟုတ်တဲ့ အဖွဲ့တွေက ရေနဲ့ အိမ်သာကိစ္စတွေ၊ ကျန်းမာရေးဆိုင်ရာကိစ္စတွေ လာရောက်လုပ်ကိုင်ပေးနေတဲ့ နေရာလေးတခုလည်း ဖြစ်ပါ တယ်။

“၀ါးတောကလည်း ၄၄ တရွာလုံးမှာ တော်တော်လေး ထူးခြားတဲ့နေရာတခု။ ဒုစရိုက်လုပ်ငန်း ဘာတခုမှ မရှိ ဘူး၊ လူကုန်ကူးမှု မရှိဘူး၊ မူးယစ်ဆေးဝါးမရှိဘူး၊ လောင်းကစားမရှိဘူး၊ တော်တော်လေး အေးအေးချမ်းချမ်း နေတဲ့ဝင်း။ ဘာသာရေးအဖွဲ့အစည်းတွေ အ၀င်အထွက်ရှိတယ်။ ကျန်းမာရေးအဖွဲ့အစည်းတွေ အ၀င် အထွက်ရှိတယ်။ ခုနောက်ပိုင်း ပညာရေးအဖွဲ့အစည်းတွေလည်း ကျနော့်ကျောင်းရောက်ပြီဆိုရင် အဲဒီအောက် ကို အ၀င်အထွက်ရှိတယ်။ အဲတော့ ဒီဝါးတောကို ရွာဖြစ်သွားမှာ သူတို့ ကြောက်ကြတယ်လို့ ပြော တယ်။”

မနေ့ကတော့ အာဏာပိုင်တချို့ သတင်းပေးလာပြီးတဲ့နောက်မှာ ၀ါးပင်တွေကြားမှာ နေထိုင်သူတွေအနေနဲ့ တခြားနေရာတွေ ပြောင်းကြဖို့အတွက် ပြင်ဆင်ကြသလို အခုဆိုရင် ကျောင်းဆရာလေး စာရင်းကောက်လို့ ရသလောက် တောတောင်ထဲမှာ ပုန်းနေရသူ ၂၀၀ ကျော်ရှိပြီလို့ ဆိုပါတယ်။ ဒီထဲမှာ အလုပ်သမား လက်မှတ်ရှိသူ ၆၀ ကျော် ပါဝင်ပေမယ့်လည်း အားလုံး ကြောက်ပြီး ပုန်းနေရပါတယ်။

အခုအခါမှာတော့ ၀ါးတော၊ ကျွန်းတော၊ ငှက်ပျောတော၊ ပြောင်ကြီးဝင်း စတဲ့ အစုလေးပေါင်း ၈ စုလောက် ဟာ လူပေါင်း ၂,၀၀၀ ကျော်ရှိပြီး နယ်ခြားစောင့်တပ်တွေ လာမယ်ဆိုတာကြောင့် အားလုံး အသီးသီး ပုန်း အောင်းနေရပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး လူသားချင်းစာနာဖို့အတွက် အလုပ်သမားရေး ဆောင်ရွက်နေ သူ ကိုမိုးကြိုးကလည်း အခုလိုပြောသွားပါတယ်။

“ပြောင်းခင်းတွေကြားထဲမှာ တောတွေ၊ တောင်တွေနဲ့ ကျွန်းစိုက်ခင်းတွေကြားထဲမှာ ရှောင်တိမ်းပုန်းအောင်း နေရတဲ့ အနေအထားက မသင့်တော်ဘူးခင်ဗျ။ လူသားချင်းစာနာထောက်ထားတဲ့ ရှုထောင့်ကကြည့်ကြည့်၊ ထိုင်းနိုင်ငံရဲ့ သဘာဝ ရာသီဥတု အနေအထားအရပဲကြည့်ကြည့်၊ အဲလိုပုန်းအောင်းနေရတဲ့ အနေအထား တွေက၊ သူတို့ အမျိုးသားလုံခြုံရေးအရ လုပ်တယ်ပဲထားဦး၊ ဒါ အင်မတန် စိတ်မကောင်းစရာ အခြေအနေ၊ မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ အခြေအနေပဲဖြစ်တယ်။”

အခုချိန်ဟာ ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၅၀ အတွင်း အအေးဆုံးအချိန်ကာလလည်း ဖြစ်ပါတယ်။ အိမ်တွေထဲမှာ တောင် အအေးလွန်နေတဲ့အချိန်မှာ တောတောင်ထဲ ပုန်းအောင်းနေရသူတွေအဖို့ အခက်အခဲတွေ ဖြစ်နေပါ တယ်။ ၀ါးတောအစုမှာ ကလေးငယ်တွေလည်း အများအပြားရှိပြီး မနေ့ညကတော့ အမျိုးသားတွေက လက်နက်ကိုင်တွေလာရင်ပြေးနိုင်ဖို့ ကင်းစောင့်နေပြီး အမျိုးသမီးတွေ၊ ကလေးတွေကတော့ မီးဖိုပြီး အိပ်စက်ရ ပါတယ်။ အခု ကျွန်းတောတွေထဲ အိပ်စက်နေရတဲ့အတွက် ရေပြဿနာနဲ့ အိမ်သာပြဿနာတွေ ကြုံတွေ့ နေရပြီး နယ်ခြားစောင့်တပ်တွေလာရင် ပစ်သတ်ခံရမှာကိုလည်း စိုးရိမ်နေကြပါတယ်။

အခု ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်တဲ့ ကရင်လူငယ်တွေရဲ့ ပြောပြချက်အရ ဒီနေရာဟာ ထိုင်းနယ်ခြားစောင့် တပ်တွေ တပ်စွဲတဲ့နေရာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအရ လက်မှတ်မရှိသူတွေကိုသာ ရှင်းလင်း ခြင်း ဖြစ်တယ်လို့လည်း ပြောပြပါတယ်။



REF: ဗွီအိုအေ

Read More...

သတင်းသမားများနှင့် ၂၀၀၈

Thursday, 15 January 2009
၂၀၀၈ ခုနှစ်တွင် ပြည်တွင်း ဂျာနယ်လစ်များအနေနှင့် အာဏာပိုင်များ၏ ဖမ်းဆီး ထောင်ချခံရခြင်း၊ ခြိမ်း ခြောက်ခံရခြင်းတို့ ကြုံတွေ့ရင်ဆိုင်ခဲ့ရသည်နှင့် တပြိုင်နက်တည်း ပြည်ပ (ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ) အခြေ စိုက် မီဒီယာများသည်လည်း အင်တာနက် ဆိုက်ဘာတိုက်ခိုက်မှုဒဏ်ကို အပြင်းအထန်ခံခဲ့ရသဖြင့် မြန်မာ ဂျာနယ်လစ်များအတွက် အခက်အခဲများနှင့် ရောပြွမ်းနေသော နှစ်တနှစ်ဟု ဆိုရမည် ဖြစ်သည်။


ထို့ပြင် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးနှင့် ၂၀၀၈ မေလဆန်းက ဝင်ရောက်မွှေနှောက်ခဲ့သော နာဂစ် ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်သည့် သတင်းများ၊ ဆောင်းပါးများကို ပြည်တွင်း ပြည်ပရှိ မြန်မာ မီဒီယာများက အချိန်နှင့်တပြေးညီ ဆွဲထုတ်တင်ပြနိုင်ခဲ့သည့်အတွက် မြန်မာပြည်ကို နိုင်ငံတကာက ထူးထူး ခြားခြား အာရုံစိုက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။

တချိန်တည်းတွင် ပြည်တွင်းရှိ သတင်းသမားများကို အာဏာပိုင်များက တင်းကျပ်စွာစောင့်ကြည့်ခဲ့သည်။ ၂၀၀၈ ခုနှစ်အတွင်းတွင် ဖမ်းဆီးခံရသည့် မီဒီယာသမား ၁၁ ဦးရှိပြီး ၉ ဦးမှာ ထောင်ချခံရသည်။ ကျန် ၁ ဦး ကို ချုပ်ရက် ၆ လကျော်ကြာသည့်တိုင် စီရင်ချက် မချသေးပေ။

ကံကောင်းထောက်မစွာဖြင့် ပြည်တွင်း၌ ဂျာနယ်လစ်များ အသတ်ခံရသည်ဟူသော သတင်းမျိုးတော့ မကြား ရပါ။ အီရတ်၊ ဆိုမာလီနှင့် အာဖဂန်နစ္စတန်တို့ရှိ သတင်းထောက်များထက်စာလျှင် တော်သေးသည်ဟု ဆိုရ မည်ဖြစ်သည်။

ပြည်တွင်းရှိ သတင်းသမားများအတွက် အကြီးမားဆုံးသော အခက်အခဲမှာ စာပေစိစစ်ရေးနှင့် အပတ်စဉ် ရင် ဆိုင်နေရခြင်းဖြစ်သည်။ စာပေစိစစ်ရေးနှင့် ရင်ဆိုင်ရာတွင် ပုံစံမတူ မူကွဲများနှင့် ကြုံတွေ့ကြရသည်။ ဥပမာ - ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို တနင်္လာ၊ အင်္ဂါတွင်ဖြန့်ချိသည့် ဂျာနယ်တချို့တွင် ခွင့်ပြုခဲ့ပြီးမှ နောက်ပိုင်း ရက်ထွက်မည့်ဂျာနယ်များတွင် ထည့်ခွင့်ပိတ်ပင်လိုက်ခြင်းမျိုး ဖြစ်ဖူးကြောင်း ရန်ကုန်အခြေစိုက် သတင်း ဂျာနယ်အယ်ဒီတာတဦးက ပြောပြသည်။

စိစစ်ရေး၏ မူဝါဒကို လိုက်နာခြင်းမရှိဟုဆိုကာ ဂျာနယ်အပိတ်ခံရခြင်း၊ ဂျာနယ်တိုက်ဝန်ထမ်းများကို ဖိအား ပေး နုတ်ထွက်ခိုင်းခြင်းများ ရှိသည်။ ၂၀၀၈ နှစ်ဆန်းပိုင်းကာလက မြန်မာတိုင်းမ်စ်ဂျာနယ်တွင် ဖော်ပြခဲ့ သော ဂြိုဟ်တုစလောင်းသတင်းကြောင့် အယ်ဒီတာများဖြစ်သော မနွယ်နွယ်အေး၊ ဦးမြင့်စိုး၊ ကိုဝင်းညွန့်လွင် နှင့် သတင်းထောက်ချုပ် ကိုဝင်းကျော်ဦးတို့ကို ဖိအားပေး နုတ်ထွက်ခိုင်းခဲ့သည်။ ချယ်ရီမဂ္ဂဇင်းမှ အယ်ဒီတာ တဦးလည်း အလားတူ နုတ်ထွက်ပေးခဲ့ရသည်။

သစ္စာ (True News) အပတ်စဉ် ဂျာနယ်သည် ထိုင်းနိုင်ငံဖူးခက်နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှ မြန်မာကလေး အလုပ်သမားဓာတ်ပုံကို ဖော်ပြခဲ့သောကြောင့် ထုတ်ဝေခွင့် ၁ လ ပိတ်ပင်ခံခဲ့ရပြီး အက်ရှင် တိုင်းမ်စ်ဂျာနယ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဦးဝင်းတင်သတင်းကို အသေးစိတ် ဖော်ပြခဲ့ သောကြောင့် ၂ လ ပိတ်ခံခဲ့ရသည်။ ပိတောက်ပွင့်သစ် မဂ္ဂဇင်းသည်လည်း အိုးဝေဦးညိုမြနှင့်ပတ်သက်၍ မျက်နှာဖုံးသတင်း ဆောင်းပါးရေးသားခဲ့သောကြောင့် ထုတ်ဝေခွင့် ယာယီပိတ်ပင်ခံခဲ့ရသည်။

“စိစစ်ရေးက ဖြတ်ဖို့မေ့သွားပြီး ဂျာနယ်ထွက်လာတော့မှ ဆိုင်ပေါ်ကနေ ပြန်သိမ်းပါ ဆိုတာမျိုးတွေလည်း ကြုံ ဖူးတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းအယ်ဒီတာတဦးက ဆိုသည်။ အပတ်စဉ် စာစစ်မှူးများကို ဂျာနယ် မူကြမ်း တင်ပြသည့်နေ့တွင် ငွေပေးရသည်၊ အရာရှိအားလုံးအတွက် အချိုရည်နှင့် မုန့်များ ဝယ်ပေးရသည်၊ ညွှန်မှူးနှင့်တကွ အကြီးတန်းအရာရှိများကို တလတခါ ပဲဆီပုံး ဝယ်ပေးခြင်း၊ တနှစ် တခါ လက်ဆောင်ခြင်း များပေးပို့ခြင်း ပြုလုပ်ရသည်၊ ထိုသို့ပေးရန်ပျက်ကွက်ပါက ငြိုငြင်ပြောဆိုခံရသည်၊ ပညာပြတတ်သည်ဟု ၎င်း က ပြောပြသည်။ နှစ်စဉ် စာပေစိစစ်ရေး၏ ကထိန်ပွဲ၊ သင်္ကြန်ရုံးပိတ်ရက် အပျော်ခရီးတို့အတွက် ဂျာနယ် တိုက်များက ရန်ပုံငွေ ထည့်ဝင်ပေးရသေးသည်။ စိစစ်ရေး ညွန်ကြားရေးမှူး ခရီးထွက်နေချိန်မျိုးတွင် ကျန်ရှိ နေသူ မည်သူတဦးတယောက်ကမှ တာဝန်မခံရဲဘဲ ပိုမိုစိစစ်ဖြတ်တောက်ခြင်းများ ကြုံတွေ့ကြရကြောင်း ကြားသိရသည်။

“ပြည်တွင်းက သတင်းအယ်ဒီတာတွေအားလုံး စိစစ်ရေးမှူးတွေရဲ့ အဟိန်းအဟောက် မခံရဘူးသူ မရှိဘူး။ မတော်တဆ မှားသွားတာပါလို့ ခံဝန်လက်မှတ်မထိုးဖူးတဲ့သူလည်း မရှိဘူး” ဟု သူက ဆက်ပြောသည်။

၂၀၀၈ ခုနှစ်ထဲတွင် အစိုးရဌာနဆိုင်ရာရုံးများမှ သတင်းရယူရန် ပိုမိုခက်ခဲလာသည်။ အစိုးရဌာနများက သတင်းသမားများနှင့် ပူးပေါင်းဆောက်ရွက်ခြင်း မပြုသလောက် ဖြစ်လာသည်။ သတင်းထုတ်ပြန်ရန် ငြင်းဆို လာကြသည်။ ထို့ပြင် သတင်းမှန်ပါလျှက် သူတို့မပြောဘဲ ရေးပါသည်ဟုဆိုကာ တရားစွဲမည်ဟု ခြိမ်းခြောက် ခံကြရသည်။

ဌာနဆိုင်ရာသတင်းများတွင် ပြောသူအမည်နှင့် ရာထူးကို ထည့်သွင်းရမည်ဟု စိစစ်ရေးက ညွှန်ကြားသည်နှင့် တပြိုင်နက်တည်း ဌာနဆိုင်ရာများကလည်း ထည့်သွင်းပေးရန် ကြောက်ရွံ့သဖြင့် သတင်းများစွာ ဖော်ပြ ရေး သားခွင့် ဆုံးရှုံးရသည်။ ဝန်ကြီးဌာနများနှင့် တရားရင်ဆိုင်နေရသည့် သတင်းထောက်များစွာ ရှိသည်။

နှစ်ဆန်းပိုင်းက ဖြစ်ပေါ်ခဲ့သော အင်းလျားလမ်း ၅ လောင်းပြိုင်လူသတ်မှုနှင့်ပတ်သက်၍ ဈာပန အခမ်းအနား ဆောင်းပါးကို ရေးသားခဲ့သော ဆဲဗင်းဒေးနယူးစ်ဂျာနယ်မှ အယ်ဒီတာ မငြိမ်းငြိမ်းနိုင် တရားစွဲဆို ခံခဲ့ရသည်။

နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရသည့် ဧရာဝတီတိုင်းအတွင်း လွတ်လပ်စွာသွားလာ သတင်းယူခွင့်မရှိပေ။ မှုခင်းသတင်းများကို ၂၀၀၈ ခုနှစ်အတွင်း အစိုးရသတ်မှတ်ပေးထားသည့် နေရာများတွင်သာ ၎င်းတို့ ရှင်း လင်း ပြသည့်အတိုင်း ရယူပြီး ရေးကြရသည်။ မိမိ လိုက်လိုသည့် ဒေသခံ ရဲစခန်းများတွင် သတင်းယူခွင့် လုံးဝမရှိတော့ပေ။

၂၀၀၈ ခုနှစ်ထဲတွင် ပြည်တွင်းသတင်းသမားများကို ခေါ်ယူ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်းများ ပိုမိုများပြား လာသည်။ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း နောက်ပိုင်း လူမှုကူညီရေး လုပ်ငန်းများတွင် ပါဝင်သောကြောင့် ဖမ်းဆီးခံရသူများ ရှိသည်။ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ အဖမ်းအဆီးခံရသည့် သတင်းသမား ၄ ဦးရှိသည်။ ၃ ဦးမှာ ဒုက္ခသည်များကို သွားရောက်လှူဒါန်းရာတွင် ပါဝင်ခဲ့သော အဖမ်းခံရခြင်းဖြစ်ပြီး ၁ ဦးမှာ ဆိုင်ကလုန်းနှင့်ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံ၊ ဗီဒီယိုများ ထိုင်းနိုင်ငံသို့ မသယ်ဆောင်သွားမီ အဖမ်းခံရခြင်းဖြစ်သည်။

မတရား အမှုဆင်၍ ဖမ်းဆီးခံရသူများလည်း ရှိသည်။ ထို့ပြင် ပြောမှားဆိုမှားဖြစ်၍ တရားစွဲဆိုထောင်ချခံရ သူများလည်း ရှိသည်။ အချုပ်ထဲတွင် ၂ လကျော် နေခဲ့ရသည့် ဖလားဝါးနယူးစ်ဂျာနယ် သတင်းထောက် ကိုစောမြင့်သန်းကို ဥပမာပေးကာ သတင်းသမားများ ခေါင်းမထောင်ရဲအောင် ပြုလုပ်ခဲ့သည်။

ကိုစောမြင့်သန်းသည် သင်္ဃန်းကျွန်းလူသတ်မှုသတင်းကို ရေးသားခဲ့ရာ မြို့နယ်ရဲစခန်းတခုမှ ခေါ်ယူ ခြိမ်း ခြောက်ခဲ့သည်။ ထိုသို့ ခြိမ်းခြောက်သည့် သတင်းကို ဧရာဝတီမဂ္ဂဇင်းမှ ရေးသားခဲ့သဖြင့် ကိုစောမြင့်သန်းကို ဖမ်းဆီးသွားခဲ့သည်။

ကဗျာဆရာစောဝေသည်လည်း အချစ်ဂျာနယ်တွင် “အာ နာ ရူး ကြီး မှူး ကြီး သန်း ရွှေ” ဟူသည့် စကားလုံး များ ပါဝင်သည့်ကဗျာ ရေးသားခဲ့သဖြင့် ဖမ်းဆီးခံရသည်။

ထို့ပြင် ယခုလအတွင်း လွတ်လပ်သော အာရှအသံ (အာအက်ဖ်အေ) ၏ ထုတ်လွှင့်ချက်တခုတွင် ဒီဗီဘီ သတင်းဌာန၏ ပြည်တွင်းအခြေစိုက် သတင်းထောက် ၉ ဦး အဖမ်းခံထားရကြောင်း ဒီဗီဘီ ရုပ်သံသတင်း ထောက် ကိုကျော်မင်းသက်က အတည်ပြုပြောကြားခဲ့သည်ဟု ပါရှိသည်။ ဖမ်းရသည့် အကြောင်းရင်းမှာ စစ် အစိုးရ၏ လျှို့ဝှက်ချက်ကို နိုင်ငံတကာကသိရှိစေရန် ဖော်ထုတ်သောကြောင့်ဟု သိရသည်။

ချင်းမိုင်အခြေစိုက် ဧရာဝတီမဂ္ဂဇင်း၏ မန်နေးဂျင်းအယ်ဒီတာ ကိုကျော်စွာမိုးကလည်း “စစ်အစိုးရကတော့ ဂျာနယ်လစ်တွေရဲ့ ရန်သူဖြစ်နေတုန်းပဲ” ဟု ဆိုသည်။ ၎င်းက စစ်အစိုးရ ဆက်အုပ်ချုပ်နေသရွေ့ မီဒီယာ လောက အခြေအနေမှာ အပြောင်းအလဲရှိရန် မမြင်ဟု ဆက်ပြောသည်။

စားဝတ်နေရေး ကြပ်တည်းမှုသည်လည်း ပြည်တွင်း သတင်းသမားများအတွက် အရေးပါလှသည့် အခက်အခဲ တခုဖြစ်သည်။ အလုပ်သင် သတင်းထောက်တယောက်၏ လစာမှာ ကျပ် ၃၀၀၀၀ ခန့်သာရှိပြီး ၎င်း၏ အရည် အသွေးပေါ်မူတည်၍ တဖြည်းဖြည်း မြင့်တက်သွားရာ အမြင့်ဆုံးမှာ ကျပ် ၇၀၀၀၀ ခန့်သာ ရှိသည်။ ရန်ကုန် လူနေမှုစရိတ်အရ တဦးချင်း အသုံးစရိတ်မှာ နေ့စဉ် ကျပ် ၁၅၀၀ ခန့်ရှိသောကြောင့် မလောက်ငပေ။

အမြင့်ဆုံးအယ်ဒီတာတဦးပင် လစာ ကျပ် ၃၀၀၀၀၀ ခန့်သာ ရရှိသဖြင့် အိမ်ထောင်ရှိသူဆိုလျှင် ငွေကြေး မလောက်ငသည့် ပြဿနာ ရင်ဆိုင်ရသည်။ ရန်ကုန်တွင် အိမ်ငှားခ၊ တိုက်ခန်းငှားခဈေးမှာ အဆမတန် မြင့် မားသည်။ အိမ်ငှားခ သက်သာသည့် မြို့ပြင်ဒေသများမှ လာရလျှင် ခရီးစရိတ်နှင့် အချိန်ကုန်သောကြောင့် မထူးလှပေ။

သတင်းထောက်အားလုံးနီးပါးတွင် ကိုယ်ပိုင် အသံဖမ်းစက်နှင့် ကင်မရာမရှိကြ။ ရုံးမှ ထုတ်ပေးသော ထို ပစ္စည်းများ ထိခိုက်ပျက်စီးလျှင် ကိုယ်ပိုင်ငွေထဲမှ စိုက်လျှော်ရသည်။


“ရန်ကုန်က သတင်းထောက်တွေအတွက် ဟန်းဖုန်းတို့ လက်ပ်တော့ပ်တို့ ပိုင်ဖို့ဆိုတာ အိပ်မက်တခုပါပဲ” ဟု သတင်းအယ်ဒီတာတဦးက စိတ်ပျက်လက်ပျက် ပြောကြားသည်။

ပြည်တွင်းရှိ ဂျာနယ်နှင့် မဂ္ဂဇင်း အစောင် ၃၀ ထက်မနည်း နှစ်စဉ်သက်တမ်းတိုးခ မတတ်နိုင်တော့သော ကြောင့် ၂၀၀၈ ဒီဇင်ဘာလအတွင်း ထုတ်ဝေခွင့်လိုင်စင်များ ရုတ်သိမ်းခံခဲ့ရသည်။

ပြည်ပမီဒီယာများ၏ အခက်အခဲများသည်လည်း သေးငယ်လှသည်ဟု မဆိုသာပေ။ ၂၀၀၈ ခုနှစ်ထဲတွင် ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံအခြေစိုက် မြန်မာမီဒီယာများ၏ အင်တာနက် စာမျက်နှာများကို အကြီးအကျယ် အတိုက်အခိုက် ခံခဲ့ရသည်။ တိုက်ခိုက်ခံရသည့် မီဒီယာများထဲတွင် ဧရာဝတီ၊ မဇ္ဇျိမ၊ ခေတ်ပြိုင်နှင့် ဒီမို ကရက်တစ်မြန်မာ့အသံ (DVB) ဝက်ဘ်ဆိုက်များ ပါဝင်သည်။

၎င်းဝက်ဘ်ဆိုက်များထဲမှ ၃ ခုမှာ DDoS (Distributed denial- of- service) နည်းပညာဖြင့် တိုက်ခိုက်ခံရ ခြင်းဖြစ်ပြီး နောက်ထပ်တိုက်ခိုက်မှု မကြုံတွေ့ရစေရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းကြရသည်။

“ကျနော်တို့ ဝက်ဘ်ဆိုက်ဆိုရင် ၂၀၀၈ ထဲမှာကို တိုက်ခိုက်ခံရတာ ၃၊ ၄ ကြိမ်လောက်ရှိမယ်။ သေချာကို ရည်ရွယ်ချက်နဲ့၊ အုပ်စုလိုက်နှောင့်ယှက်နေတယ် ဆိုတာ သိရတယ်” ဟု မဇ္ဇျိမ သတင်းဌာနမှ လက်ထောက် အယ်ဒီတာ ကိုမုံပီးက ပြောပြသည်။

ထို့ပြင် နအဖ ဘက်တော်သားများ၏ သတင်းလွှဲမှု၊ သတင်းမှားများပေးမှုကိုလည်း မကြာခဏ ကြုံတွေ့ရ သည်ဟု သူက ဆိုသည်။

“သတင်းတွေကို အမှား၊ အမှန် သေချာအတည်မပြုနိုင်လို့ လက်လွှတ်လိုက်ရတာတွေ အများကြီးပဲ” ဟု ၎င်း က ဆက်ပြောသည်။

ပြည်ပရှိ အတိုက်အခံ မီဒီယာများတွင် ပြည်တွင်းမီဒီယာများကဲ့သို့ စာပေစိစစ်ရေးကို တင်ပြစရာမလိုသော် လည်း မိမိစာကို မိမိသေချာစွာ စိစစ် တည်းဖြတ်နေရသည့် ပြဿနာရှိသည်။ ကိုယ်တိုင်စိစစ် ဖြတ်တောက် ခြင်း မလုပ်မိပါက ခြိမ်းခြောက်ခံရခြင်းများ ကြုံတွေ့ရနိုင်သည်။

ပြည်တွင်းမှ သတင်းရင်းမြစ်များ၏ အရုပ်များ၊ အသံများ၊ နာမည်များ ပေးမသုံးခြင်းသည်လည်း အခက်အခဲ တခုဖြစ်ကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ဒီဗီဘီရုပ်သံမှ အယ်ဒီတာ ဦးခင်မောင်စိုးကပြောသည်။

“အဲဒါက အဆိုးဆုံးပေါ့ဗျာ။ တချို့ DVB ကမို့ မပေးဘူးဆိုတာမျိုး ခဏ ခဏ ကြုံရတယ်ဗျ” ဟု ၎င်းက ဆို သည်။

ဝါရှင်တန်ဒီစီ အခြေစိုက် VOA ရေဒီယိုအစီစဉ်၏ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းကလည်း ၂၀၀၈ ခုနှစ် အတွင်းတွင် ၎င်းတို့မီဒီယာအနေနှင့် သတင်းလိုက်ရခက်ခဲသည့် ပြဿနာနှင့် အကြီးအကျယ် ကြုံတွေ့ရ သည်ဟု ပြောပြသည်။ မြန်မာပြည်တွင်းသို့ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဝင်မွှေသွားပြီး နောက်ပိုင်း VOA ရေဒီယိုအစီအစဉ်က သတင်းများရယူလွှင့်ထုတ်နိုင်ရန် ကြိုးစားသော်လည်း နအဖစစ်အစိုးရက ဆက်သွယ် ရေးများ ဖြတ်တောက်လိုက်သဖြင့် အခက်အခဲတွေ့ရသည်ဟု ၎င်းက ဆက်ပြောပြသည်။

စစ်အစိုးရအနေနှင့် ပြည်တွင်း၌ ဖြစ်ပျက်နေသည့် အခြေအနေမှန်များကို နိုင်ငံတကာအား မသိစေလိုခြင်းက အဓိက ပြဿနာတခု ဖြစ်နေကြောင်း သူကထောက်ပြသည်။ ထိုသို့ ပိတ်ဆို့ခံရမှုကြောင့် သတင်းသမားတို့ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ကာ သတင်းရင်းမြစ်များ မဖော်ပြနိုင်သည့် အနေ အထား ရှိခဲ့သည်ဟု ဦးသန်းလွင်ထွန်းက ဆိုသည်။

ပြည်တွင်း၌ သတင်းစာပညာနှင့်ပတ်သက်၍ လေ့လာသင်ယူစရာသင်တန်းများ၊ ကျောင်းများ သေသေချာချာ မရှိခြင်းသည်လည်း သတင်းလောကသို့ စမ်းတဝါးဝါး ဝင်ရောက်လာသည့် လက်သင်သတင်းထောက်များ အတွက် အခက်အခဲများနှင့် ကြုံတွေ့ရသည်။

ယခုနောက်ပိုင်းတွင် မြန်မာပြည်တွင်း၌ သတင်းထောက်အလုပ်ဆိုသည်မှာ တခြားသော အရောင်းဝန်ထမ်း၊ ကြော်ငြာဈေးကွက်ရှာဖွေသူ၊ ကုမ္ပဏီစာရေး စသူတို့ကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းတရပ်ဖြစ်နေရာ တက္ကသိုလ် ၄ နှစ်တက်ပြီး မည်သည့်အလုပ် လုပ်ရမည် မသေချာသေးခင် အလုပ်တခု ရရာဝင်လျှောက် သည့်သဘောဖြင့် ဝင်လာကြသူများပြားကြောင်း ပြည်တွင်းမီဒီယာတခုမှ အကြီးတန်း အယ်ဒီတာတဦးက ပြောသည်။

ပြည်ပမီဒီယာများတွင်မူ လူသားရင်းမြစ် ရှားပါးသောကြောင့် ရွေးချယ်စရာ အခွင့်အလမ်း အလွန်နည်းပါး သည်။ ပြည်ပအခြေစိုက် မီဒီယာများသည် ပြည်ပသို့ ရောက်ရှိပြီးဖြစ်သော နိုင်ငံရေးလှုပ်ရှားသူများ၊ တိုင်းရင်း သား အဖွဲ့အစည်းများကို နီးစပ်ရာဆွဲခန့်ပြီး မီဒီယာပညာရပ်နှင့်ပတ်သက်၍ လက်ပူတိုက်သင်ကြားပေးကြရ သည်။

ပြည်ပ မီဒီယာတိုင်းအတွက် ပြည်တွင်းတွင်အခြေစိုက် လုပ်ကိုင်သတင်းပေးပို့နေသည့် သတင်းထောက်များ ရှိသော်လည်း ထိုသူတို့၏ အန္တရာယ်မှာ ကြီးမားလှသည်။

“အခုက ပြည်တွင်းမှာ ကင်မရာကိုင်တဲ့သူဆိုရင်ကို စိတ်မချရတော့ဘူး။ နောက်က တကောက်ကောက် လိုက်စောင့်ကြည့်နေတာ” ဟု ဒီဗီဘီမီဒီယာ၏ အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က ပြောပြသည်။

ဆက်လက်၍ ၎င်းက အာဏာပိုင်များအနေနှင့် ပြည်တွင်းမှ သတင်းများ ပြည်ပသို့မရောက်ရှိနိုင်ရန် နည်းမျိုးစုံ နှင့် တားဆီးပိတ်ပင်သော်လည်း မီဒီယာများက ကမ္ဘာကသိအောင် လုပ်ပေးနိုင်နေဆဲဖြစ်သည်ဟု ဆိုသည်။

မဇ္ဇျိမ သတင်းဌာန၏ လက်ထောက်အယ်ဒီတာ ကိုမုံပီးကလည်း “ပြည်တွင်းက ကျနော်တို့သတင်းထောက် တွေရဲ့ လုံခြုံရေးက အရမ်းကိုအရေးကြီးလာတယ်။ သူတို့က လုံခြုံရေးကိုငဲ့နေရတော့ စိတ်ရှိလက်ရှိ သတင်း မလိုက်နိုင်ကြဘူးပေါ့” ဟု ပြောပြသည်။

ပြည်ပမီဒီယာများတွင် အလုပ်လုပ်နေသည့် သတင်းသမားအားလုံးလိုလို ကြုံတွေ့ရသည့် ပြဿနာတခုမှာ နေထိုင်ခွင့်ဗီဇာဖြစ်သည်။ အများစုမှာ မြန်မာနိုင်ငံကူးလက်မှတ်နှင့် တခြား နိုင်ငံရေးနှင့်ပတ်သက်သည့် နိုင်ငံ ကူးလက်မှတ်များ တရားဝင်ကိုင်ဆောင်ထားကြသော်လည်း ၎င်း နိုင်ငံကူးလက်မှတ် ရှင်သန်နေရန် ၃ လ တခါ ပြည်ပနိုင်ငံများသို့ ထွက်ခွာပြနေရသည်။

တရားဝင် ပတ်စ်ပို့ မကိုင်ဆောင်ထားသူတို့မှာမူ ခရီးတိုထွက်ရန်ပင်ခက်ခဲပြီး နေ့စဉ် သက်ဆိုင်ရာနိုင်ငံ အာဏာပိုင်များ၏ ဖမ်းဆီးမှုရန်မှ ကင်းဝေးရန် ရှောင်တိမ်းနေကြရသည်။ တချို့မှာ တတိယနိုင်ငံသို့ထွက်ပြီး တရားဝင် နေထိုင်ခွင့်ရရန် ကြိုးပမ်းကြရသောကြောင့် အနည်းဆုံး သုံး၊ လေး၊ ငါး နှစ်ခန့် မိမိမီဒီယာကို စွန့်ခွာ ကြရသည်။

ငွေကြေးမရေရာမှုသည်လည်း ပြည်ပမီဒီယာများကြုံတွေ့ရသည့် အခက်အခဲထဲတွင် ပါဝင်သည်။ ၎င်းမီဒီယာ များ အားလုံးမှာ စီးပွားဖြစ် မဟုတ်သော မီဒီယာများဖြစ်နေပြီး ထောက်ပံ့ငွေကြေး (Funding) ချပေးသည့် အဖွဲ့အစည်းများပေါ်တွင်သာ တည်မှီ လုပ်ကိုင်နေကြရသဖြင့် နှစ်စဉ် ငွေကြေးအခက်အခဲနှင့် ရင်ဆိုင်ရသည့် မီဒီယာများရှိသည်။ ယခု ကာလကဲ့သို့ ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်ချိန်တွင် ထောက်ပံ့ငွေဖြင့် ရပ်တည်နေရ သော မီဒီယာ အဖွဲ့အစည်းများ မျက်ခုံးလှုပ်ရသည့် ကာလဖြစ်သည်။

“ပိုက်ဆံကတော့ ကျနော်တို့အတွက် စိန်ခေါ်မှုတရပ်ပေါ့ဗျာ။ ဒါပေမယ့် ၂၀၀၈ ခုနှစ်ထဲမှာ လုံးဝ ရပ်သွားရ လောက်အောင်ထိတော့ မကြုံခဲ့ရပါဘူး” ဟု ကိုမုံပီးက ပြောပြသည်။

ဆက်လက်၍ သူက မဇ္ဇျိမ သတင်းဌာနသည် ငွေကြေးကို အလှူရှင်များပေါ်တွင် အမှီပြုနေရသော်လည်း မဇ္ဇျိမ၏ အယ်ဒီတာ့အာဘော်အပေါ်သို့ အလှူရှင်များလွှမ်းမိုးသည်ကိုမူ လက်မခံကြောင်း ပြောသည်။

“သူတို့ဘက်က သတင်းဦးသတင်းထူးမို့လို့ ပြောပြတာမျိုးတွေတော့ ရှိပါတယ်။ ဒါပေမယ့် မဇ္ဇျိရဲ့ အယ်ဒီတိုရီ ရယ် ပေါ်လစီက လွတ်လပ်မှုရှိရမယ်ဆိုတာ အစောကြီးကတည်းက ကြေညာထားတယ်။ အလှူရှင်တွေ အနေနဲ့ စွက်ဖက်တာမျိုးမရှိပါဘူး” ဟု သူက ဆိုသည်။

ပြည်ပအခြေစိုက် တိုင်းရင်းသား မီဒီယာများအနေနှင့်လည်း အခက်အခဲများစွာ ရှိနေသည်။ မွန်တိုင်းရင်းသား သတင်းဌာနတခုဖြစ်သော လွတ်လပ်သောမွန်သတင်းအေဂျင်စီ၏ အယ်ဒီတာချုပ် နိုင်ကဆော့မွန်က ၎င်းတို့ အတွက် အကြီးမားဆုံး အခက်အခဲမှာ သတင်းထောက်များကို ငွေကြေးလုံလောက်စွာ မထောက်ပံ့နိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ကျနော်တို့ တိုင်းရင်းသား မီဒီယာအဖွဲ့တွေက တိုးတက်မှုရှိပါတယ်။ ဒါပေမယ့် ဈေးကွက်ရဖို့ တော်တော် လေးကို ခက်ခဲတယ်” ဟု သူက ဆက်ပြောသည်။ ၎င်းတို့ဆက်လက် ရပ်တည်ရေးမှာ အလှူရှင်များ အပေါ် တွင် များစွာ မူတည်လျှက်ရှိကြောင်း ပြောပြသည်။

၎င်းတို့အတွက် နောက်ထပ် အခက်အခဲတခုမှာ သတင်းထောက်များအတွက် လုံခြုံရေး ပြဿနာဖြစ်သည်။ မွန် တိုင်းရင်းသား သတင်းထောက် အများစုမှာ ထိုင်း-မြန်မာ နယ်စပ်တွင် နေထိုင်လှုပ်ရှားနေရပြီး ထို သတင်းထောက်များကို စစ်အစိုးရနှင့် လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ထားသည့် မွန်ပြည်သစ်ပါတီသာမ က မြန်မာစစ်တပ်ကပါ သိရှိနေသဖြင့် စွန့်စားသတင်းရယူနေရကြောင်း နိုင်ကဆော့မွန်က ဆိုသည်။

မွန်ပြည်သစ်ပါတီနှင့် မြန်မာစစ်တပ်ကို ဝေဖန်ရေးသားသည့် တချို့သော ၎င်း၏ သတင်းထောက်များကို မွန် ပြည်သစ်ပါတီဝင်တချို့က လုပ်ကြံသတ်ဖြတ်မှုများပင် ရှိသည်ဟု ဆက်ပြောသည်။

ရှမ်းတိုင်းရင်းသား သတင်းဌာနတခုဖြစ်သော သျှမ်းသံတော်ဆင့် သတင်းဌာနကမူ ၂၀၀၈ ခုနှစ်အတွင်း ငွေ ကြေးပြတ်တောက်မှု ပြဿနာအပြင် ဆက်သွယ်ရေးနှင့် ပတ်သက်သည့် ပြဿနာကိုပါ ကြုံတွေ့ခဲ့ရသည်ဟု ၎င်းသတင်းဌာန၏ အယ်ဒီတာတဦးဖြစ်သူ ဦးခွန်စိုင်းဂျန်ရေက ပြောသည်။

၂၀၀၈ ခုနှစ် မေလအတွင်းက ၎င်းတို့ သတင်းဌာနအနေနှင့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းနှင့် ပတ်သက်သည့် သတင်းများ၊ အခြေခံဥပဒေဆန္ဒခံယူပွဲနှင့် ပတ်သက်သည့် သတင်းများကို ဆက်သွယ်ရေး ပြဿနာကြောင့် အချိန်နှင့်တပြေးညီ ဖော်ပြရန်ခက်ခဲခဲ့သည်ဟု သူက ဆိုသည်။

အလားတူ ကရင်တိုင်းရင်းသား သတင်းဌာနဖြစ်သည့် ကရင်သတင်းဌာန (ကေအိုင်စီ) သည်လည်း ငွေကြေး အခက်အခဲနှင့် လူသား အရင်းအမြစ် ရှားပါးမှု ပြဿနာကို ကြုံတွေ့ခဲ့ရကြောင်း ၎င်းအဖွဲ့၏ အယ်ဒီတာ နန်းဖောဂေက ပြောပြသည်။

ကျွမ်းကျင်မှုရှိပြီး အတွေ့အကြုံရှိသည့် တိုင်းရင်းသား သတင်းထောက်များသည် မိခင် သတင်းအေဂျင်စီများ ကို စွန့်ခွာကာ လစာကောင်းစွာပေးနိုင်သည့် နာမည်ကြီး သတင်းဌာနကြီးများသို့ သွားရောက်အမှုထမ်းကြ သဖြင့် လူသားအရင်းအမြစ် ရှားပါးမှု ပြဿနာကို ကြုံတွေ့ရခြင်းဖြစ်ကြောင်း နန်းဖောဂေက ရှင်းပြသည်။

ကရင်တိုင်းရင်းသား သတင်းသမားကောင်းများစွာ ရှိနေသော်လည်း ထိုသူတို့ကို လုံလောက်စွာ ထောက်ပံ့ ပေးနိုင်ခြင်း မရှိသောကြောင့် ၎င်းတို့၏ သတင်းဌာနကို အခက်အခဲများစွာဖြင့် ဆက်လက် ရုန်းကန်နေရသည် ဟု ဆိုသည်။

ပြည်ပရောက် တိုင်းရင်းသား မီဒီယာများအားလုံးက လူသားအရင်းအမြစ် ရှားပါးမှုကို ကြီးမားသည့် အခက် အခဲအဖြစ် သဘောတူညီကြပြီး ငွေကြေး မလုံလောက်မှုမှာ ၎င်းတို့အတွက် စိန်ခေါ်မှုတရပ် ဖြစ်သည်ဟု ပြောကြသည်။

ယခုအခါတွင် ပြည်တွင်း၊ ပြည်ပရှိ ဘလော့ဂါများသည်လည်း မီဒီယာတာဝန်ကို တစိတ်တပိုင်း ထမ်းဆောင် သူများ ဖြစ်နေပေပြီ။ ပြည်တွင်းရှိ ဘလော့ဂါများ ၂၀၀၈ ခုနှစ်အတွင်း ကြုံတွေ့ရသည့် အခက်အခဲမှာ အင်တာနက် လွတ်လပ်စွာ သုံးစွဲခွင့် မရရှိခြင်း ဖြစ်သည်။


အာဏာပိုင်များက အင်တာနက် သုံးစွဲခွင့်ကို နည်းမျိုးစုံဖြင့် ပိတ်ဆို့မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်လျှက်ရှိရာ ပြည်တွင်းမှ ဘလော့ရေးနေသူများ ဒုက္ခရောက်ကြရသည်။

“၂၀၀၈ နှစ်ကုန်ခါနီးလောက်မှာ ကိုယ့်ဘလော့ကိုတောင် ဝင်ကြည့်လို့မရအောင်ဖြစ်တယ်။ စိတ်ပျက်ရတယ်” ဟု ရန်ကုန်အခြေစိုက် ဘလော့ဂါတဦးက ပြောပြသည်။

ပြည်တွင်းရှိ ဘလော့ဂါများမှာ အာဏာပိုင်များ၏ အာရုံစိုက်မှုမှ ကင်းလွတ်အောင် ရှောင်ရှားရသည့် ပြဿနာ လည်းရှိသေးသည်။ ၂၀၀၇ ခုနှစ်က အဖမ်းအဆီးခံခဲ့ရသော ဘလော့ဂါ နေဘုန်းလတ်က ဥပမာတခုဖြစ် သည်။ ဘလော့ဂါနေဘုန်းလတ်ကို ၂၀၀၈ ခုနှစ်အတွင်း ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့သည်။

ပြည်ပတွင် အခြေစိုက်နေရသည့် မီဒီယာသမားများအနေနှင့် ငွေကြေးအခက်အခဲနှင့် အယ်ဒီတိုရီရယ် ပေါ်လစီအရပါ လွတ်လွတ်လပ်လပ် ရပ်တည်ရန် ခက်ခဲနေဆဲဖြစ်သည်ဟု ကိုကျော်စွာမိုးက ပြောသည်။

“ကျနော်တို့ ဂျာနယ်လစ်တွေကိုယ်တိုင်ကိုကပဲ စာနယ်ဇင်းရဲ့ ရန်သူဖြစ်သွားနိုင်ပါတယ်။ ဘာကြောင့်လဲဆို တော့ စာနယ်ဇင်းသမား ပီပီသသနဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ ဝတ္တရားရယ် သူတို့ရဲ့ တာဝန်အရ ပြည်သူ ကို အလုပ်အကျွေးပြုဖို့ရယ် အဲဒီ ၂ ချက်ကို ယုံယုံကြည်ကြည် စွဲစွဲမြဲမြဲ ကိုင်မထားနိုင်ရင် ကိုယ်ကိုယ်တိုင်ကပဲ ကိုယ့်ရဲ့ရန်သူ ပြန်ဖြစ်သွားနိုင်ပါတယ်” ဟု သူက ဆိုသည်။

ပြည်တွင်း၊ ပြည်ပရှိ မီဒီယာများအားလုံးမှာ အခက်အခဲ အနည်းနှင့်အများ ဆိုသလို ကြုံတွေ့နေရသော်လည်း သတင်းများကို ပြည်သူလူထုလက်ဝယ် ရောက်ရှိရေးအတွက် ကြိုးစားနေကြသူများချည်းသာ ဖြစ်သည်။ သို့ရာတွင် မြန်မာစစ်အစိုးရ၏ အထီးကျန်ဝါဒ ကိုင်စွဲထားမှုကြောင့် မြန်မာပြည်သူလူထုအနေနှင့် လွတ်လပ် သည့် သတင်းမီဒီယာများကို ဆုံးရှုံးနေရဆဲဖြစ်သည်။

“ကျနော်တို့ဘက်ကတော့ လုပ်စရာရှိတာဆက်လုပ်ရမှာပဲ။ နအဖအနေနဲ့ ဘယ်လိုပဲတားဆီး တားဆီး သတင်းစီးဆင်းမှုတွေကို သူတို့ မပိတ်ဆို့နိုင်ပါဘူး။ ခုလို နည်းပညာတွေ တိုးတက်နေတဲ့ ခေတ်ကြီးမှာ ပိုလို့ တောင် မတားဆီးနိုင်တော့ဘူးဆိုတာ ယုံကြည်ပါတယ်” ဟု ဦးအေးချမ်းနိုင်က ပြောသည်။

ပြည်တွင်း၌ သတင်းလွတ်လပ်ခွင့်မရှိခြင်းက စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ဖုံးကွယ်ပေး နေယုံမျှမက ကုလသမဂ္ဂအပါအဝင် အန်ဂျီအိုများ၊ အတိုက်အခံများ၏ အဂတိလိုက်စားမှု စသော ချိုးဖောက် နေမှုများကိုပါ ပြည်သူလူထု မမြင်သာအောင် ဖုံးပေးနေသကဲ့သို့ ဖြစ်နေသည်။

“မီဒီယာဆိုတာ ပြည်သူလူထုအတွက် မျက်စိနဲ့ နားတွေပဲ။ ဒါပေမယ့် မြန်မာပြည်ထဲမှာတော့ အာဏာပိုင်တွေ အတွက် မျက်စိနဲ့ နားတွေ ဖြစ်နေတယ်။ စစ်အစိုးရက မီဒီယာကို ရန်သူလို သဘောထားနေသရွေ့တော့ ပြည်တွင်းမှာ သတင်းလွတ်လပ်ခွင့်ဆိုတာ ရှိမှာမဟုတ်ဘူး” ဟု VOA အယ်ဒီတာချုပ် ဦးသန်းလွင်ထွန်းက ဆို သည်။

၂၀၀၈ ခုနှစ်အတွင်း အထိမ်းသိမ်းခံခဲ့ရသည့် သတင်းသမားများ


ဦးသက်ဇင်

ဦးသက်ဇင်၊ ၄၂ နှစ်
အယ်ဒီတာ (မြန်မာနေးရှင်း အပတ်စဉ်ဂျာနယ်)
ထောင်ဒဏ် ၇ နှစ် (ရန်ကုန် အင်းစိန်ထောင်)
သင်္ဃန်းကျွန်း တရားရုံးတွင်အမှုစစ်သည်။ အာဏာပိုင်များက ၎င်း၏ ဂျာနယ် ရုံးခန်းကို ဝင်ရောက်ရှာဖွေခဲ့ရာ ၂၀၀၇၊ စက်တင်ဘာ အရေးတော်ပုံလှုပ်ရှားမှု ဓာတ်ပုံများပါဝင်သည့် စီဒီအချပ်များ တွေ့ရှိသောကြောင့် ဖမ်းဆီးအရေးယူခဲ့ခြင်း ဖြစ်သည်။

ကိုကျော်ကျော်သန့်
အလွတ်သတင်းထောက်
ထောင်ဒဏ် ၇ နှစ် (ရန်ကုန်၊ အင်းစိန်ထောင်)
နာဂစ်ဆိုင်ကလုန်း ဒုက္ခသည်များကို သွားရောက်လှူဒါန်းရာတွင် ပါဝင်ခဲ့ပြီး အဖမ်းခံခဲ့ရသည်။


ဦးစိန်ဝင်းမောင်

ဦးစိန်ဝင်းမောင်
မန်နေဂျာ (မြန်မာနေးရှင်း အပတ်စဉ်ဂျာနယ်)
ထောင်ဒဏ် ၇ နှစ် (ရန်ကုန်၊ အင်းစိန်ထောင်)
ဦးသက်ဇင်နှင့်အတူ ဖမ်းဆီးခံရကာ ထောင်ချခံရခြင်းဖြစ်သည်။

ကိုသန့်ဇင်အောင်
ဓာတ်ပုံသတင်းထောက်
ထောက်ဒဏ် ၁၈ နှစ် (ရန်ကုန်၊ အင်းစိန်ထောင်)
နာဂစ်ဆိုင်ကလုန်းနှင့်ပတ်သက်သည့် မှတ်တမ်း ဗီဒီယို၊ ဓာတ်ပုံများကို ထိုင်းနိုင်ငံသို့ ယူဆောင်သွားစဉ် မင်္ဂလာဒုံလေဆိပ်၌ အဖမ်းခံခဲ့ရသည်။


မအိမ့်ခိုင်ဦး

မအိမ့်ခိုင်ဦး၊ ၂၄ နှစ်
သတင်းထောက် (အီကိုဗစ်ရှင်း အပတ်စဉ်ဂျာနယ်)
ထောင်ဒဏ် ၂ နှစ် (ရန်ကုန်၊ အင်းစိန်ထောင်)
နာဂစ်ဆိုင်ကလုန်း ဒုက္ခသည်များကို သွားရောက်လှူဒါန်းရာတွင် ပါဝင်ခဲ့ပြီး အဖမ်းခံခဲ့ရသည်။

ကိုထွန်းထွန်းသိန်း
သတင်းထောက် (News Watch ဂျာနယ်)
ထောင်ဒဏ် ၃ လ (ရန်ကုန်၊ အင်းစိန်ထောင်)
၎င်း ဂျာနယ်တွင် တရားသူကြီးလာဘ်စားသည့် သတင်းရေးမှုဖြင့် နိုဝင်ဘာ ၅ ရက်နေ့တွင်အဖမ်းခံခဲ့ရသည်။

ဦးခင်မောင်အေး
အယ်ဒီတာ (စောင့်ကြည့် ဂျာနယ်)
ထောင်ဒဏ် ၃ လ (ရန်ကုန်၊ အင်းစိန်ထောင်)
ကိုထွန်းထွန်းသိန်းရေးသည့် တရားသူကြီး လာဘ်စားမှုသတင်းကို ထည့်သွင်းဖော်ပြသောကြောင့် နိုဝင်ဘာ ၅ ရက်နေ့တွင် အဖမ်းခံခဲ့ရသည်။

ဦးအောင်သွင် (ခ) ဦးအောင်ကြီး
အလွတ်သတင်းထောက်
ထောင်ဒဏ် ၂ နှစ် (ရန်ကုန်၊ အင်းစိန်ထောင်)
(အဖမ်းခံရသည့် အကြောင်းရင်း မသိရှိရ)


ဦးဇော်သက်ထွေး

ဦးဇော်သက်ထွေး
အားကစားစာရေးဆရာ။ First Eleven ဂျာနယ်၏ အယ်ဒီတာဟောင်း
ထောင်ဒဏ် ၁၉ နှစ် (ရန်ကုန်၊ အင်းစိန်ထောင်)
နာဂစ်ဆိုင်ကလုန်းဒုက္ခသည်များကို ကိုဇာဂနာနှင့်အတူ သွားရောက်လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီးနောက် အဖမ်း ခံခဲ့ရသည်။

ဦးအောင်ကျော်ဆန်း
အယ်ဒီတာချုပ် (မြန်မာထရီဗြွန်း အပတ်စဉ်ဂျာနယ်)
ချုပ်ရက် ၆ လကျော်ကြာသည်ထိ အမိန့်မချသေး
နာဂစ်ဆိုင်ကလုန်းကြောင့် သေဆုံးသွားသည့် လူသေအလောင်းများကို ကိုယ်ထူကိုယ်ထ မြှုပ်နှံပေးခဲ့ပြီး နောက် အဖမ်းဆီးခံခဲ့ရသည်။



အေးချမ်းမြေ့
REF: ဧရာဝတီ

Read More...

ပူတာအိုထောင်က ကိုအောင်သူ ကျန်းမာရေးမကောင်း

၁၅ ဇန်န၀ါရီ ၂၀၀၉

မြန်မာပြည်မြောက်ဖျား၊ ပူတာအိုအကျဉ်းထောင်တွင် ထောင်ဒဏ် (၆၅)နှစ် ချမှတ်ခံထားရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုအောင်သူ၏ ခြေထောက်မှာ သေးလိုက်လာပြီး အစာမျိုချရာတွင် လည်း အခက်ခဲဖြစ်ကာ ကျန်းမာရေးအခြေအနေဆိုးနေသည်။

ရာသီဥတုအေးလွန်းသည့်အတွက် ကိုအောင်သူ၏ကျန်းမာရေးထိခိုက်ခဲ့ရကြောင်း ဒီဇင်ဘာလကုန်ပိုင်းက ထောင်ဝင်စာတွေ့ခွင့်ရခဲ့သူ မိသားစုဝင်တဦးက ပြောသည်။

၎င်းက “ပူတာအိုရောက်တော့ သူက အကြောသိပ်မကောင်းဘူးလေ။ ခြေထောက်နည်းနည်းဆွဲသွားတယ်။ ခြေသလုံးလေးတွေ သေးလိုက်လာတယ်။ ရာသီဥတုအေးတဲ့ဒဏ်မခံနိုင်လို့ ခြေထောက်က ဆာသွားတယ် တဲ့။ အခု ဆန်ပြုတ်ပဲ သောက်နိုင်တယ်။ ဆေးတွေလည်း မျိုနိုင်တဲ့ အားမရှိဘူး။ မနက်ဘက် အေးလာပြီဆို လျှာက တိုသလိုဖြစ်သွားတယ်တဲ့။ မျိုချဖို့ ခက်တယ်တဲ့” ဟု ပြောသည်။

ကိုအောင်သူအား (၃) ကြိမ်တွေ့ဆုံခဲ့ရပြီး (၂) ကြိမ်သာ တနာရီကြာတွေ့ဆုံရပြီး နောက်ဆုံးအကြိမ်တွင် (၁၅) မိနစ်မျှသာ တွေ့ဆုံခဲ့ရကြောင်း၊ ထောင်ဝင်စာတွေ့ခွင့်ကို အထက်က ပိတ်လိုက်သည့်အတွက် ပြန်လာ ခဲ့ရကြောင်း လမ်းခုလတ်မှာရောက်ရှိနေသည့် ကိုအောင်သူ မိသားစုဝင်က ပြောသည်။


ပူတာအိုဒေသတွင် အစားအစာရှားပါးဈေးကြီးကာ ရာသီဥတုဆိုးဝါးသဖြင့် ထောင်ဝင်စာတွေ့ရသည့် အခက် အခဲမှာ အလွန်ကြီးမားပြီး ဒုက္ခမျိုးစုံဖြင့်ကြုံတွေ့ခဲ့ရကြောင်း ၁၉၉၈ လွတ်တော်ခေါ်ယူရေး တောင်းဆိုမှုဖြင့် ထောင်ဒဏ် (၅၂) နှစ်ချမှတ်ခံထားရသည့် ကိုမျိုးမင်းဇော်အား ထောင်ဝင်စာတွေ့ခဲ့ရသူ အသက် (၅၆) နှစ်ရှိ မိခင်ဖြစ်သူက ပြောသည်။

၎င်းက “မြို့ထဲကနေ ထောင်ကို သွားရတဲ့ခရီးက အတော်ပန်းတယ်။ ငွေသုံးနိုင်လို့ ကားနဲ့သွားရင် တသောင်း ခွဲ၊ တသောင်းနှစ်ထောင် ရှိတယ်။ ဆိုင်ကယ်နဲ့ဆို ခုနှစ်ထောင်ပေါ့။ အစောပိုင်း တပတ်ကို နှစ်ကြိမ်တွေ့ရမယ် ဆိုတော့ သွားသေးတာပေါ့။ အက်စ်ဘီပါမှ တွေ့ရမယ်ဆိုတော့၊ တွေ့ရမယ် မတွေ့ရဘူးဆိုတာ သိပ်မသေချာ တော့ဘူး။ ကျမတို့လည်း ဆိုင်ကယ်တောင် မငှားနိုင်လို့ တောလမ်းကပဲ ခြေလျင်သွားရတာပေါ့။ ခရီးကပန်း၊ အစားအသောက်ကလည်း နှစ်နပ်ကို တနပ်တည်းပေါင်းစားဆိုတော့ ကျမတောင် ပူတာအိုဆေးရုံမှာ (၃) ရက် တက်ခဲ့ရတယ်။ ရာသီဥတုကလည်း အေးတော့ မခံနိုင်ဘူးပေါ့။ ရှော့ခ်ဖြစ်သွားတယ်” ဟု ပြောသည်။

၂ဝဝ၇ ခုနှစ်၊ မေအတွင်း အမေရိကန်သံရုံးစင်တာ၌ မေဒေးနေ့အခမ်းအနားပြုလုပ်သည့်အမှုဖြင့် ပူတာအို ထောင်တွင် ထောင်ဒဏ် (၂၈) နှစ် ချမှတ်ခံထားရသူ ကိုဝေလင်းအား ထောင်ဝင်စာတွေ့ရန် ကြိုစားခဲ့ရာ ယခုနှစ်ဆန်းပိုင်းမှစ၍ ထောင်ဝင်စာတွေ့ခွင့် ပိတ်ခဲ့သည့်အတွက် လုံးဝတွေ့ခွင့်မရဘဲ ပြန်လာခဲ့ရကြောင်း အစ်ကိုဖြစ်သူက ပြောသည်။

၎င်းက “ကျနော်က အခုလ (၆) ရက်နေ့က ရောက်သွားတော့ ထောင်ဝင်စာပိတ်တဲ့အော်ဒါက ထွက်သွားပြီ။ တွေ့ရမလားဆိုပြီး လေးကြိမ်သွားခဲ့တယ်။ မတွေ့ရဘဲနဲ့ ငွေကုန် လူပန်းနဲ့ ပြန်လာခဲ့တယ်။ နောက် ထောင် ဝင်စာ ဘယ်တော့ ပြန်တွေ့ရမလဲဆိုတာ မသိရသေးဘူး” ဟု ပြောသည်။

နအဖက ကျောင်းသားခေါင်းဆောင်များအပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားသူများကို နှစ်ရှည် ထောင်ဒဏ် များ ချမှတ်ပြီး ထောင်ဝင်စာတွေ့ရန် ခက်ခဲသည့် ဝေးလံခေါင်ဖျားဒေသရှိ ထောင်များကို ယမန်နှစ် နိုဝင်ဘာ လ အတွင်းမှစ၍ ပို့ဆောင်ခဲ့သည်။



REF: ခေတ်ပြိုင်

Read More...

ဆန္ဒပြ အန်အယ်လ်ဒီလူငယ်(၆) ဦး ပြန်လွတ်၊ (၃) ဦးကို ဆက်လက်ဖမ်းဆီး ထားဆဲ

၁၅ ဇန်န၀ါရီ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး တောင်းဆိုဆန္ဒပြခဲ့ခြင်းကြောင့် အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်း ခြင်းခံခဲ့ရသော အန်အယ်လ်ဒီလူငယ် (၉) ဦးအနက် (၆) ဦး ယမန်နေ့က ပြန်လည်လွတ်မြောက်လာပြီး (၃) ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဝင်းနိုင်က ခေတ်ပြိုင်သို့ ပြောသည်။

အာဏာပိုင်များ ပြန်လွှတ်ပေးခဲ့သူများမှာ ကိုထွန်းလင်း၊ ကိုပြည့်ပြည့်၊ ကိုအောင်ဖြိုးဝေ၊ ကိုမင်းသိန်း၊ ကိုကောင်းထက်လှိုင်၊ ကိုသက်မောင်ထွန်းတို့ဖြစ်ကာ ကိုထွန်းထွန်းဝင်း၊ မထက်ထက်ဦးဝေနှင့် ကိုဝင်းမြင့် မောင်(ခ) ပဲပြုတ်တို့ကို ဆက်လက်ဖမ်းဆီးထားသည်။

လူငယ် (၆) ဦးကို ယမန်နေ့ နေ့လယ် (၁၂) နာရီခန့်တွင် အင်းစိန်ထောင်မှ ကျိုက္ကဆံကွင်းသို့ ပို့ဆောင်ကာ ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းခဲ့ပြီး စမ်းချောင်း မယက ရုံးတွင် မိဘများကိုလည်း ခံဝန်လက်မှတ် ထိုးခိုင်းခဲ့ ကြောင်း သိရသည်။

၎င်းတို့ (၉) ဦးသည် ၂၀၀၈ ဒီဇင်ဘာ (၃၀) ရက် မွန်းလွဲ (၂) နာရီခန့်တွင် အဖွဲ့ချုပ်ရုံးရှေ့မှ စမ်းချောင်းမြို့ နယ်ရှိ လွှတ်တော်အဆောက်အဦးအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး ယင်းအဆောက်အဦရှေ့၌ ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး တောင်းဆိုဆန္ဒပြခဲ့ကြရာ ယင်းနေ့တွင်ပင် အာဏာပိုင်များက ဖမ်းဆီး ခဲ့သည်။

နအဖစစ်အစိုးရကလည်း အဆိုပါ ဆန္ဒပြမှုကို အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့၏ ၀ါဒမှိုင်းတိုက်မြှောက်ပင့်ပေးမှုကြောင့်ဟု တိုက်ရိုက်စွပ်စွဲ သတင်းရေး သားကာ ပုဂ္ဂလိကဂျာနယ်အချို့တွင် အဓမ္မထည့်သွင်းဖော်ပြခဲ့သည်။



မင်းနိုင်သူ
REF: ခေတ်ပြိုင်

Read More...

Thursday, January 15, 2009

သက်တန်းအရှည်ကြာဆုံး တည်ဆဲဥပဒေတခု (သို့မဟုတ်) Lese Majesty - ရှင်ဒိသာ

ဟိုတလောက ဘန်ကောက်ပို့စ်သတင်းစာမှာပါတဲ့ ထိုင်းလူမျိုးစာရေးဆရာ၊ ဆရာကြီးဆူလပ်ရဲ့ ဆောင်းပါးကို ဖတ်မိပြီး ဆရာကြီးဆူလပ်အကြောင်းကို အသေးစိတ်သိချင်တာနဲ့ wikipedia မှာ ဖတ်ကြည့်မိပါတယ်။ ဒီတော့မှ ဆရာကြီးဟာ တိုင်းပြည်အတွက် လူမှုရေး၊ ဘာသာရေး၊ လူ့အခွင့်အရေးဘက်တွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ စာပေပညာရှင်။ လူမှုရေးပညာရှင်ကြီး လူသူတော်ကောင်းကြီး တယောက်ပါလားဆိုတာ ပို သိလာရသလို။ အစိုးရရဲ့ ရာဇမန်ရှတာကို (၃)ကြိမ်တောင်ခံခဲ့ရပြီး (၂) ကြိမ်က ဘုရင်ကို အကြည်ညိုပျက် စေမှုနဲ့ တရားစွဲဆိုခံခဲ့ရဖူးတယ်ဆိုတာလည်း သိလိုက်ရပါတော့တယ်။


စွဲဆိုတဲ့ ပုဒ်မက Lese Majesty တဲ့။ ဒီပုဒ်မအကြောင်းကို ဆက်လေ့လာလိုက်တော့ ကမ္ဘာမှာ သက်တမ်း အရှည်ကြာဆုံးလည်းဖြစ်။ ယနေ့ခေတ်မှာတော့ ဆက်လက်ကျင့်သုံးဆဲ နိုင်ငံအနည်းငယ်သာရှိတော့ပေမဲ့ ဒီ ခေတ် ကျနော်တို့နိုင်ငံမှာရှိနေတဲ့ စစ်အာဏာရှင်အစိုးရတွေကလည်း သူတို့ အာဏာတည်မြဲရေးအတွက် လူ တွေကို ဖမ်းချင်တဲ့အချိန် ဖမ်းလို့ရအောင် လုပ်ထားတဲ့ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၂၄ (က) နဲ့ ၅၀၅ (ခ) တို့ရဲ့ အစက Lese Majesty ကပါလားလို့ စိတ်ကူးအတွေးတွေ ၀င်လာတော့၊ စာဖတ်သူတွေအတွက်လည်း စိတ်ဝင်စားဖွယ်ဖြစ်စေမှာမိုလို့ မျှဝေလိုက်ရပါတယ်။

Lese Majesty

လက်တင်ဘာသာစကား (Laesa maiestas) က ဆင်းသက်လာခဲ့တာဖြစ်ပြီး ပြင်သစ်လို Lèse Magesté လို့ ခေါ်ဝေါ် သုံးစွဲပါတယ်။ အချုပ်အခြာအာဏာ (သို့မဟုတ်) နိုင်ငံတော်အစိုးရအား ဂုဏ်သိက္ခာကို ဖောက်ဖျက် ကျူးလွန်သည့် ရာဇ၀တ်မှုလို့ ဖွင့်ဆိုထားပါတယ်။ မူရင်းကတော့ အလယ်ခေတ်ဥရောပရဲ့ သက်ဦးဆံပိုင် ကာလက ဘုရင်ကိုအကြည်ညိုပျက်အောင်၊ အသရေပျက်အောင် ပြုမူပြောဆိုတဲ့အတွက် ပြစ်ဒဏ်သင့်တဲ့ ရာဇ၀တ်မှုဆိုင်ရာဥပဒေ ဖြစ်ပါတယ်။ နောက်ပိုင်းခေတ်မှာတော့ ဘုရင်စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာသာမက တော့ဘဲ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ သမတနိုင်ငံတွေ အချို့မှာလည်း နိုင်ငံတော်အကြီးအကဲတွေကို အကြည်ညိုပျက်စေမှုဆိုပြီး ဒီဥပဒေကို လိုသလို ဆက်ခံကျင့်သုံးနေကြတာ တွေ့နေရဆဲဖြစ်ပါတယ်။

ဥရောပအလယ်ခတ်ကာလ၊ ရောမသာသနာလွှမ်းမိုးတဲ့ သက်ဦးဆံပိုင်ခေတ်မှာ Lese Majesty Act ကို စတင်ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် သက်ဦးဆံပိုင်စနစ်ကနေ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ ခေတ်သစ် သမတ နိုင်ငံတွေ ပေါ်ပေါက်လာတဲ့ အခုခေတ်အထိ အုပ်ချုပ်ရေးစနစ်တွေ၊ ပုံစံတွေ အမျိုးမျိုး အဖုံဖုံ ပြောင်းလဲသွားကြပေမဲ့ နိုင်ငံတော်အာဏာရဲ့အခြေခံဖြစ်တဲ့ ဒီလိုပုဒ်မမျိုးကတော့ အစိုးရတိုင်းက ဆက်လက်ပြဌာန်းထားပြီး လိုသလို ကျင့်သုံးကြပါတယ်။ မူလအဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ သုံးနှုံးမှုတွေသာ ပြောင်းလဲကောင်း ပြောင်းလဲသွားကြပေမဲ့ နိုင်ငံတိုင်းမှာ ဘာသာ၊ သာသနာ စော်ကားမှု ဒါမှမဟုတ် နိုင်ငံ တော်အကြီးအကဲကို အကြည်ညိုပျက်အောင် အသရေဖျက်မှု ဒါမှမဟုတ် မိမိနိုင်ငံကိုလာရောက်လည်ပတ်တဲ့ နိုင်ငံခြားတိုင်းပြည်က နိုင်ငံအကြီးအကဲကို အသေရေဖျက်မှု ဒါမှမဟုတ် မိမိနိုင်ငံရဲ့အမျိုးသားခေါင်းဆောင်ကို အကြည်ညိုပျက်အောင် အသရေဖျက်မှု စတာ စတာတွေနဲ့ အရေးယူနိုင်တဲ့ ဥပဒေပုဒ်မတွေ တခု မဟုတ် တခုကတော့ ဆက်လက်တည်ဆဲ ကျင့်သုံးနေကြဆဲပါ။

ဥပမာ။ မြန်မာနိုင်ငံမှာဆိုလည်း Lese Majesty နဲ့ အနှစ်သာရတူတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေတွေရှိပါတယ်။ အဲ့ဒါ တွေကတော့ ပုဒ်မ ၁၂၄(က)နဲ့ ပုဒ်မ ၅၀၅(ခ) တို့ပါပဲ။ ထောင်ဒဏ်နှစ်များများချချင်ရင် ပုဒ်မ ၁၂၄ (က)ကို သုံးပြီး နှစ်နည်းနည်းချချင်ရင် ပုဒ်မ ၅၀၅ (ခ) ကို သုံးပါတယ်။ ပိုလန်နိုင်ငံမှာဆို Criminal Defamation Laws လို့ ခေါ်ပါတယ်။ အီဂျစ်။ ဇင်ဘာဘွေ။ ဘယ်လာရုစ်။ ဆီးရီးယား။ ကာဇက်စတန် တို့မှာလည်း အလား တူ ပုဒ်မတွေနဲ့ အရေးယူတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာတော့ ၂၀၀၇ မတ်လက ဒီပုဒ်မနဲ့ ပြစ်ဒဏ် ၁၀နှစ်ထိ ထောင်ချခံရတဲ့ ပထမဆုံး နိုင်ငံခြားသား ကတော့ ဆွစ်နိုင်ငံသား Oliver Jufer ပဲဖြစ်ပါတယ်။ ချင်းမိုင်မှာ ဘုရင်ကြီးဘူမိဘောရဲ့ရုပ်ပုံကို ဆေးပက် ဖျန်း ဖျက်ဆီးခဲ့လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အသနားခံစာတင်ခဲ့လို့ ဘုရင်ကြီးရဲ့ သနားဂရုဏာကြောင့် ထောင် ဒဏ်ကနေ တိုင်းပြည်ကနေ နှင်ထုတ်တာပဲ ခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံမှာ ဒီပုဒ်မနဲ့ငြိခဲ့ကြတဲ့ အခြားနိုင်ငံခြား သားတွေကတော့ ၂၀၀၈ ဧပြီလတုန်းက BBC အရှေ့တောင်အာရှဆိုင်ရာ သတင်းထောက် ဂျိုနာသန်ဟက် (Jonathan Head)၊ ၂၀၀၈ စက်တင်ဘာမှာ သြစတြေးလျနိုင်ငံသား စာရေးဆရာ ဟာရီနိကိုလေ့(Harry Nicolaides) တို့ဖြစ်ကြပါတယ်။ ထိုင်းနိုင်ငံမှာ ဒီဥပဒေက ၁၉၀၈ မှာ ရာဇ၀တ်မှုဆိုင်ရာ ကိုဓဥပဒေအဖြစ် စတင်ပြဌာန်းခဲ့တာဖြစ်ပါတယ်။ ယနေ့အထိ မပြောင်းလဲဘဲ ဆက်လက်တည်ရှိနေသေးတဲ့ ဥပဒေတခုပါ။ Lese Majesty Act နဲ့ တရားစွဲဆိုခံရတဲ့ ထိုင်းနိုင်ငံသားတွေထဲမှာတော့ နိုင်ငံရေး၊ လူမှုရေးဘက်မှာ အကျော် အမော်တွေဖြစ်ကြတဲ့ ဆူလပ်(Sulak Sivaraksa) ။ ၀န်ကြီးချုပ်ဟောင်း ထပ်စင်ရှီနာဝပ်ထရာ ။ စီးပွားရေး လုပ်ငန်းရှင်ကြီး ဆွန်ဒိ (Sondhi Limthongkul) တို့ ပါဝင်ကြပါတယ်။

ဥရောပ

၂၀၀၇ အောက်တိုဘာမှာ အသက် (၄၇)နှစ်ရှိတဲ့ လူတဦးဟာ ဘုရင်မကြီး ဘိထရစ်ကို မိန်းမပျက်လို့ခေါ်တဲ့ အတွက် နယ်သာလန်နိုင်ငံရဲ့ lèse majesté ဥပဒေအရ ဒဏ်ငွေ ပေါင် (၄၀၀) ဆောင်လိုက်ရပါတယ်။ စပိန် မှာလည်း သရော်စာမဂ္ဂဇင်းတခုဖြစ်တဲ့ El Jueves ကို စပိန်ရဲ့ lèse majesté ကို ချိုးဖောက်တဲ့အတွက် ဒဏ် ငွေ ဆောင်စေခဲ့ပါတယ်။ အကြောင်းကတော့ သြစတြီးယားအိမ်ရှေ့မင်းသားနဲ့ ကြင်ရာတော်တို့ရဲ့ လိင် ဆက်ဆံနေတဲ့ ရုပ်ပြောင်ပုံကို ၂၀၀၇ ခုနှစ်ထုတ် မဂ္ဂဇင်းမျက်နှာဖုံးမှာ ဖော်ပြခဲ့လို့ဖြစ်ပါတယ်။

အလားတူပုဒ်မနဲ့ ပြစ်ဒဏ်တွေ

ဂျာမဏီ၊ ဆွစ်ဇာလန်နဲ့ ပိုလန်တို့မှာတော့ နိုင်ငံခြားတိုင်းပြည်တခုရဲ့ အကြီးအကဲတဦးဦးကို လူသိရှင်ကြား စော်ကားတာဟာ ဥပဒေချိုးဖောက်တာ ဖြစ်ပါတယ်။ ၂၀၀၅ခုနှစ် ဇန်န၀ါရီလတုန်းက ပိုလန်မှာ Jerzy Urban ကို ဒဏ်ငွေ ယူရို ၅၀၀၀ ချမှတ်လိုက်ပါတယ်။ အကြောင်းက ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် (၂) ပိုလန်ကို လာ လည်တုန်း စော်ကားတဲ့အတွက် ဖြစ်ပါတယ်။ ၂၀၀၅ခုနှစ် ဇန်န၀ါရီလ ၂၆ ရက်နဲ့ ၂၇ ရက် နေ့တုန်းကလည်း လူ့အခွင့်အရေးလှုပ်ရှားသူ (၂၈) ဦးကို ပိုလန်ရဲတွေက ယာယီ ထိန်းသိမ်းခဲ့ပါတယ်။ အကြောင်းက နိုင်ငံကို လာလည်တဲ့ ရုရှသမတ ပူတင်ကို စော်ကားလို့ဆိုပြီး ပြောဆိုပါတယ်။ နာရီ (၃၀) ကြာထိန်းသိမ်းထားပြီး တော့ ပြန်လွှတ်ပေးလိုက်ပါတယ်။ တယောက်ကိုတော့ နိုင်ငံတော်အကြီးအကဲကို စော်ကားမှုနဲ့ တရားစွဲခဲ့ပါ တယ်။ ၂၀၀၆ အောက်တိုဘာလမှာ ၀ါဆောမှာ ပိုလန်လူမျိုးတယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ အကြောင်းက Lech နဲ့ Kaczynski တို့ရဲ့ ခေါင်းဆောင်မှုကို မကျေနပ်ကြောင်း ထုတ်ဖော်ပြောဆိုတဲ့အတွက်ကြောင့် ဖြစ်ပါ တယ်။

ဒိန်းမတ်နိုင်ငံမှာတော့ ဘုရင်နဲ့မိဖုရားကို common law နဲ့ အကာအကွယ်ပေးထားပါတယ်။

အီဂျစ်မှာ အစ္စလာမ်တရားတော်နဲ့ သမတမူဘာရတ်ကို စော်ကားလို့ဆိုပြီး တရားရုံးက ဘလော့ဂါသမားတဦး ဖြစ်တဲ့ Abdel Kareem ကို ထောင်ဒဏ် (၄) နှစ် ချခဲ့ပါတယ်။

ကာဇက်စတန်မှာ သမတနာဆူလ်တန်နာဇာဘေယက်ရဲ့ဂုဏ်သိက္ခာကို စော်ကားလို့ဆိုပြီး သတင်းသမား Kaziz Toguzbayev ကို ဆိုင်းငံ့ပြစ်ဒဏ်နဲ့ ထောင်ဒဏ် (၂) နှစ်ချမှတ်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်ကလည်း ဇင်ဘာဘွေနိုင်ငံမှာ “ဒီသမတက အသုံးမ၀င်တဲ့ငွေတွေကိုပဲ ရိုက်ထုတ်နေတာပဲ” လို့ ပြောတဲ့အတွက် စီးပွား ရေးလုပ်ငန်းရှင် Jason Gambitzs ကို ဆိုင်းငံ့ ပြစ်ဒဏ်နဲ့ ထောင်ဒဏ် (၂) နှစ်ချမှတ်ခဲ့ပါတယ်။

၂၀၀၄ခုနှစ်မှာပဲ ဘယ်လာရုစ်နိုင်ငံမှာ သမတအလက်ဇန္ဒားလူကာရှင်ကို လူသိရှင်ကြားစော်ကားလို့ဆိုပြီး နာမည်ကြီး အတိုက်အခံ ၂ ဦး ဖြစ်တဲ့ Valeriy Levonevskiy နဲ့ Alexander Vasiliev ကို ပြစ်ဒဏ် ချမှတ်ခဲ့ ပြန်ပါတယ်။

ဆီးရီးယားမှာလည်း ၂၀၀၆ ခုနှစ်က သမတဘာရှာအယ်လ်အာဆတ်ကို စော်ကားလို့ဆိုပြီးသတင်းစာသမား Mohammad Ghanem ကို ထောင်ဒဏ် ၆ လ အပြစ်ပေးခဲ့ပါတယ်။

International Amnesty ကတော့ နိုင်ငံတနိုင်ငံဟာ ငြိမ်းချမ်းစွာထုတ်ဖော်ပြောဆိုတာကြောင့် ဘယ်သူတဦး တယောက်ကိုမှ ဖမ်းဆီးချုပ်နှောင်တာ မလုပ်သင့်ပါဘူးလို့ဆိုပြီး ဒီဥပဒေကျင့်သုံးမှုနဲ့ ပတ်သက်ပြီး ကန့်ကွက် ပြောဆိုပါတယ်။

နောက်ဆုံးလက်ကျန်

ဒီကနေ့ကမ္ဘာမှာ ဒီဥပဒေကို ဆက်လက်ကျင့်သုံးနေတဲ့ နိုင်ငံတွေကတော့ အာရှမှာဆို ထိုင်းနိုင်ငံဖြစ်ပြီး ထိုင်း နိုင်ငံမှာဆို ထောင်ဒဏ် ၇၅ နှစ် ထိ ပြစ်ဒဏ်ချမှတ်နိုင်ပြီး ကမ္ဘာပေါ်မှာအပြင်းထန်ဆုံးလို့ဆိုကြပါတယ်။ အရှေ့အလယ်ပိုင်းမှာဆို ဘရူနိုင်းနိုင်ငံဖြစ်ပြီး ၂၀၀၆ ခုနှစ်တုန်းက ဘုရင်ဆူလ်တန်နဲ့မိသားစုကို ဖုန်းထဲကနေ စော်ကားတဲ့ သတင်းပေးပို့တဲ့အတွက် လူ (၃) ယောက်ကို ထောင်ဒဏ် (၁) နှစ် ချမှတ်ခဲ့ဖူးပါတယ်။ ဥရောပ မှာဆို စပိန်၊ နယ်သာလန်နိုင်ငံတို့ ဖြစ်ကြပါတယ်။



(Source: Wikipedia)

REF: နေ့သစ်

Read More...

ဦးသန့် အမှတ်တရ အပိုင်း (၂)

လွန်ခဲ့တဲ့နှစ်နှစ်လောက်က ဖတ်ဖူးခဲ့ပေမယ့် အချက်အလက် အသေးစိတ်တွေကျတော့ မမှတ်မိပါ။ ထို့ကြောင့် တစ်ယောက်ယောက် စာရေးဖို့ ကိုးကားလိုတဲ့အခါ လာယူလို့ရအောင် လိုမယ်ထင်တာတွေကို ဟို တစ်စ ဒီတစ်စ လိုက်စုထားပါတယ်။ အောက်မှာ ကျမ ၀င်လေ့လာဖတ်ရှုခဲ့တဲ့ ဘလော့တွေကို ဖော်ပြပေး ထားပါတယ်။


ဦးသန့်၏ ကိုယ်ရေးရာဇ၀င်အကျဉ်း

မွေးသက္ကရာဇ်။ ။ ၁၉၀၉ ခုနှစ်၊ ဇန်န၀ါရီလ (၂၂) ရက်။
မိဘ။ ။ဦးဖိုးနှစ်၊ ဒေါ်နန်းသောင်
ဇာတိ။ ။ ပန်းတနော်မြို့နယ်၊ ဧရာဝတီတိုင်း၊ မြန်မာနိုင်ငံ။
ပညာရေး။ ။ ပန်းတနော်အမျိုးသားအထက်တန်းကျောင်း။ ရန်ကုန်တက္ကသိုလ်ကောလိပ်။
ဇနီး။ ။ ဒေါ်သိန်းတင်၊ သားသမီး (၃) ဦးရှိခဲ့။


မြန်မာပြည်အတွက် တာဝန်ထမ်းဆောင်မှု။ ။

အမျိုးသားအထက်တန်းကျောင်း၏ အထက်တန်းပြကျောင်းဆရာ၊
ဆရာအတတ်သင်ကျောင်းမှဆင်ပြီးနောက် ကျောင်းအုပ်ကြီးတာဝန်ယူခဲ့။
မြန်မာစာကျောင်းသုံးသင်ရိုးများပြဌာန်းထုတ်ဝေရေးကော်မတီနှင့်
အမျိုးသား ပညာရေးကောင်စီတို့တွင် ဒုတိယကမ္ဘာစစ်မတိုင်မီ တာဝန်ထမ်းဆောင်ခဲ့။
အမျိုးသားပညာရေးကောင်စီ၊ ဗမာ့သုတေသနအဖွဲ့။
စာသင်ကျောင်းများဦးစီးအဖွဲ့အမှုဆောင်။
ဂျပန်ခေတ် ပညာရေးပြန်လည်ထူထောင်ရေးအဖွဲ့ အတွင်းရေးမှူး။
နှောင်ကြိုးမဲ့ သတင်းထောက်လည်းဖြစ်

၁၉၄၂ တွင် မြန်မာနိုင်ငံ၏ ပညာရေးပြန်လည်ဖွဲ့စည်းရေးကော်မတီတွင် အတွင်းရေးမှူး။
နောက်ပိုင်းနှစ်များတွင် အမျိုးသားအထက်တန်းကျောင်းအတွက် အထက်တန်းကျောင်းအုပ်ရာထူးဖြင့် (၄) နှစ် တာဝန်ထမ်းဆောင်ခဲ့။

၁၉၄၇ တွင် မြန်မာနိုင်ငံအစိုးရအဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးဝန်ကြီးတာဝန်ကိုထမ်းဆောင်ခဲ့။
၁၉၄၈ တွင် မြန်မာ့ရေဒီယိုအသံလွှင့်ဌာန၏ ဒါရိုက်တာ။

မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန၏ အတွင်းရေးမှူး။

၁၉၅၃ တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ စီမံကိန်းဆိုင်ရာ အတွင်းရေးမှူး။

၁၉၅၅ တွင် မြန်မာပြည်၏ စီးပွားရေးနှင့် စီမံခန့်ခွဲရေး ဘုတ်အဖွဲ့၏ အတွင်းရေးမှူး။

၁၉၅၇ မှ ၁၉၆၁ အထိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံအရာရှိ။

ထိုမှ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဒက်ဟမ်းမားရှိုး ကွယ်လွန်သောအခါ ဒက်ဟမ်းမားရှိုး နေရာ တွင် ၁၉၆၁ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်မှစတင်အမှုထမ်း။

ထို့နောက် သက်တမ်းနောက်တခု ထပ်မံအရွေးခံရပြီး ၁၉၇၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်အထိ ကုလသမဂ္ဂ ၏ အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့။

အသက် (၆၅) နှစ်အရွယ်တွင် ကင်ဆာရောဂါဖြင့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ ကွယ်လွန်ခဲ့ သည်။

ရွှေတိဂုံဘုရားတောင်ဘက်မုခ် ကန်တော်မင်ပန်းခြံအနီးတွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၊ စုဘုရားလတ်၊ ဒေါ်ခင်ကြည်တို့၏အုတ်ဂူများနှင့်အတူ...

မြန်မာနိုင်ငံမှ ချီးမြှင့်သောဘွဲ့။ ။ ဝဏ္ဏကျော်ထင်၊ သီရိပျံချီ၊ စည်သူဘွဲ့ နှင့် မဟာသရေစည်သူဘွဲ့ (တော်လှန် ရေးကောင်စီ အာဏာမသိမ်းခင် ၁၉၆၂ ခုနှစ်မတိုင်ခင်ရရှိခဲ့ခြင်း)

၁၉၆၆ ခုနှစ် စက်တင်ဘာ (၂၆) ရက်နေ့မှာ နိုင်ငံတကာ ချစ်ကြည်ရေးနားလည်မှု ရှိရေးကြိုးပမ်းချက်အတွက်
နေရူးဆုနှင့် အတူ အိန္ဒိယငွေ ရူပီး တစ်သိန်းရရှိ။

ဦးသန့်က ကုလသမဂ္ဂ နိုင်ငံတကာဆိုင်ရာ ကျောင်းရန်ပုံငွေကို ပြန်လည်လှူဒါန်းခဲ့။

မာရှယ်တီးတိုးက ပေးအပ်တဲ့ ယူဂိုဆလဗ်တံခွန်ဘွဲ့တံဆိပ်
ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ပေးအပ်ဖို့တောင် လျာထားခြင်းခံခဲ့ရ

ဦးသန့်၏ စာပေလှုပ်ရှားမှု

ကလောင်ခွဲများ။ ။ သီလဝ၊ မောင်သန့်၊ ဦးသန့်

စာပေအမျိုးအမည်။ ။ (၁၅) နှစ်အရွယ်တွင် ပထမဦးဆုံးပုံနှိပ်ခံရသူ (အင်္ဂလိပ်ဘာသာဖြင့်ရေးသား)။
အင်္ဂလိပ် မြန်မာ (၂) ဘာသာဖြင့် ထုတ်ဝေတဲ့ ဂန္ထလောက မဂ္ဂဇင်း၏ ဘာသာပြန်ပြိုင်ပွဲမှာ(၄) ကြိမ်တိုင်တိုင် ပထမဆု ရရှိခဲ့။

မြို့ပြပုံပြင်များ၊ နိုင်ငံပေါင်းချုပ်အသင်းကြီး ကျောင်းသုံးစာအုပ်၊ ဗမာသစ်နှင့် ပညာသစ်၊ ပြည်တော်သာခရီး (၃ အုပ်တွဲ) စာအုပ်များ။
နိုင်ငံရေး ဝေဖန်ချက်၊ စာပေဝေဖန်ရေး ဆောင်းပါးများ

ပြောင်မြောက်အောင်မြင်စွာဖြေရှင်းပေးနိုင်သည့် ကမ္ဘာ့အရေးအခင်းများ။

ကျူးဘား ဒုံးလက်နက်အရေး အခင်း (၁၉၆၂)၊
ကွန်ဂိုအရေးအခင်း (၁၉၆၃)၊
ဆိုက်ပရပ်စ် ပြည်တွင်းစစ် (၁၉၆၄)၊
အိန္ဒိယ-ပါကစ္စတန် ကက်ရှ်မီးယားအရေးအခင်း (၁၉၆၅)၊
အာရပ်-အစ္စရေး ၆ ရက်စစ်ပွဲ (၁၉၆၇)၊ ဗီယက်နမ်စစ်


ကိုးကားဖွေရှာရာ နေရာများ။ ။
အတ္တကင်းစင်…ဒီမိုကရေစီလွင်ပြင်၊ မြန်မာ ၀ီကီပီဒီယာ။ Land of Harmony ပါ (ထိန်လင်းဆောင်းပါး)



REF: ခွာညို

Read More...

ဦးသန့် အမှတ်တရ အပိုင်း (၁)

၁၉၀၉ ခုနှစ်၊ ဇန်န၀ါရီလ (၂၂) ရက်တွင် မွေးဖွားခဲ့သူ မြန်မာနိုင်ငံသား၊
တစ်ကမ္ဘာလုံးက လေးစားအားကျရသူ ဦးသန့်၏ နှစ်တစ်ရာပြည့်မွေးနေ့တွင် အမှတ်တရ တံဆိပ်ခေါင်းများ ထုတ် ဝေသွားရန် ကမ္ဘာ့ကုလသမဂ္ဂ စာတိုက်နှင့် ဆက်သွယ်ရေးဌာနမှ တရားဝင်ထုတ်ပြန်ကြေညာထားပါသည်။

ကမ္ဘာအနှံ့မှ ဦးသန့်အား အပ်နှင်းခဲ့ကြသော ဥပဒေဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ

(၁) Carleton University, Ottawa, Canada (25 May 1962);
(၂) Williams College, Williamstown, Massachusetts (10 June 1962);
(၃) Princeton University, Princeton, New Jersey (12 June 1962);
(၄) Mount Holyoke College, South Hadley, Massachusetts (2 June 1963);
(၅) Harvard University, Cambridge, Massachusetts (13 June 1963);
(၆) Dartmouth College, Hanover, New Hampshire (16 June 1963);
(၇) University of California at Berkeley, California (2 April 1964);
(၈) University of Denver, Denver, Colorado (3 April 1964);
(၉) Swarthmore College, Swarthmore, Pennsylvania (8 June 1964);
(၁၀) New York University, New York (10 June 1964);
(၁၁) Moscow University, Moscow, Soviet Union (30 July 1964);
(၁၂) Queen's University, Kingston, Ontario (22 May 1965);
(၁၃) Colby College, Waterville, Maine (6 June 1965);
(၁၄) Yale University, New Haven, Connecticut (14 June 1965);
(၁၅) University of Windsor, Windsor, Ontario, Canada (28 May 1966);
(၁၆) Hamilton College, Clinton, New York (5 June 1966);
(၁၇) Fordham University, Bronx, New York (8 June 1966);
(၁၈) Manhattan College, New York (14 June 1966);
(၁၉) University of Michigan, Ann Arbor, Michigan (30 March 1967);
(၂၀) Delhi University, New Delhi, India (13 April 1967);
(၂၁) University of Leeds, England (26 May 1967);
(၂၂) Louvain University, Brussels, Belgium (10 April 1968);
(၂၃) University of Alberta, Edmonton, Canada (13 May 1968);
(၂၄) Boston Unversity, Boston, Massachusetts (19 May 1968);
(၂၅) Rutgers University, New Brunswick, New Jersey (29 May 1968);
(၂၆) University of Dublin (Trinity College), Dublin, Ireland (12 July 1968);
(၂၇) Laval University, Quebec, Canada (31 May 1969);
(၂၈) Columbia University, New York City (3 June 1969);
(၂၉) the University of the Philippines (11 April 1970);
(၃၀) and Syracuse University (6 June 1970).

ဦးသန့်ရရှိခဲ့သော ဘာသာရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့များမှာ-

(၃၁) Doctor of Divinity, The First Universal Church (11 May 1970);
(၃၂) Doctor of International Law, Florida International University, Miami, Florida (25 January 1971);
(၃၃) Doctor of Laws, University of Hartford, Hartford, Connecticut (23 March 1971);
(၃၄) Doctor of Civil Laws degree, honoris causa, Colgate University, Hamilton, New York, (30 May 1971);
(၃၅) Doctor of Humane Letters, Duke University, Durham, North Carolina (7 June 1971). တို့ဖြစ်ကြသည်။

ဝီကီပီဒီယာမှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။



REF: ခွာညို

Read More...

မြန်မာပြည်ပြောင်းလဲရေး မှန်ကန်တဲ့ချဉ်းကပ်မှုနဲ့ ထိုင်း ကြိုးပမ်းမည်

15 January 2009

အာဆီယံအသင်းကြီးရဲ့ အလှည့်ကျဥက္ကဌ ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်သစ် အဘီဆစ် ၀ိုက်ချာချီဝက အာဆီယံ အသင်းဝင်နိုင်ငံတွေ သာယာဝပြောဖို့အတွက် အာဆီယံအဖွဲ့ကြီး ခိုင်မာဖို့လိုအပ်ကြောင်း၊ အာဆီယံအဖွဲ့ကြီး ခိုင်မာဖို့အတွက်ဆိုရင် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ လေးစားမှု၊ ယုံကြည်ကိုးစားမှု လိုအပ်ကြောင်း၊ ဒါ ကြောင့် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေ မှန်သမျှ ကျန်ဒေသတခုလုံးကို အကျိုးသက်ရောက်စေတာမို့ အပြောင်းအလဲတွေ ဖြစ်ထွန်းဖို့ အချိန်တန်ပြီလို့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကို တွန်းအားပေးသွားမှာ ဖြစ်တဲ့အကြောင်း ပြောဆိုသွားပါတယ်။ ဘန်ကောက်မြို့မှာရှိတဲ့ FCCT နိုင်ငံခြားသတင်းထောက်များ အသင်းရဲ့ ညစာစားပွဲမှာ ၀န်ကြီးချုပ် အဘီဆစ် တက်ရောက်ပြီး အခုလို ပြောကြားသွားတာ ဖြစ်တယ်လို့ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ဒေါ်ခင်စိုးဝင်းက သတင်းပေးပို့ထားပါတယ်။


ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဝိုက်ချာချီဝ
(ဇန်န၀ါရီ ၁၄၊ ၂၀၀၉)

အမေရိကန်ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံတွေလိုပဲ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ် လာတာကို မြင်ချင်ပါတယ်လို့ မကြာခင်က ပြောခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်သစ် အဘီဆစ် ၀ိုက်ချာချီဝ ကို မြန်မာ နိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ထွန်းလာအောင် ဘယ်လိုပုံစံနဲ့ တွန်းအားပေးသွားလိုပါသလဲ။ မြန်မာ့ ဒီမို ကရေစီရေးအတွက် တွန်းအားပေးတဲ့နေရာမှာ ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားကို မငဲ့ကွက်ဘဲ တည့်တည့် မတ်မတ် တွန်းအားပေးသွားမှာလားလို့ ဗွီအိုအေ က မေးခွင့်ရခဲ့ပါတယ်။

အိမ်နီးချင်းနှစ်နိုင်ငံ စီးပွားရေးအရ အပြန်အလှန် ဆက်ဆံကြရာမှာ အကျိုးစီးပွားချင်း မျှဝေခံစားကြရတာမို့ နှစ်ဘက်စလုံး အကျိုးရှိပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တခြား အာဆီယံ နိုင်ငံတွေလိုပဲ မြန်မာနိုင်ငံအနေနဲ့ သာယာဝပြောဖို့ လိုတယ်လို့ အခုလို စပြောပါတယ်။

"အသင်းဝင်နိုင်ငံတွေ သာယာဝပြောဖို့အတွက် အာဆီယံအသင်းကြီး ခိုင်မာတောင့်တင်းဖို့ လိုပါတယ်။ အာဆီယံ အသင်းကြီး ခိုင်မာတောင့်တင်းဖို့ဆိုတာက နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ လေးစားမှုနဲ့ ယုံကြည် ကိုးစားမှု ရှိဖို့လိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေ မှန်သမျှ ကျန်ဒေသတခုလုံးကို အကျိုးသက်ရောက်စေတာကတော့ ရှင်းပါတယ်။ ဒါကြောင့်မိုလို့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ထွန်း ဖို့ အချိန်ကျရောက်နေပြီလို့ သူ ထောက်ပြမှာဖြစ်ပါတယ်။ အပြောင်းအလဲတွေ ဖော်ဆောင်ရာမှာ လူထု အတွက်တင် မဟုတ်ဘဲ အစိုးရအတွက်လည်း အကျိုးရှိစေမှာ ဖြစ်တယ်။"

မြန်မာနိုင်ငံအပေါ်မှာ အနောက်နိုင်ငံတွေရဲ့ ဖိအားပေး အရေးယူတဲ့ပုံစံနဲ့မဟုတ်ဘဲ မတူကွဲပြားတဲ့ပုံစံနဲ့ ချဉ်း ကပ်မယ်လို့ ဆိုတဲ့အပေါ် သတင်းထောက်ရဲ့ အမေးကို ဖြေဆိုရာမှာတော့ နောက်ဆုံး အုပ်ချုပ်ခဲ့တဲ့ ထိုင်း အစိုးရတွေရဲ့ ချဉ်းကပ်ပုံနဲ့ မတူသလို ဥရောပနိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ချဉ်းကပ်ပုံနဲ့လည်း ကွဲ ပြားမယ်လို့ ဆိုပါတယ်။ မှန်ကန်တဲ့ ချဉ်းကပ်မှုနဲ့ အပြုသဘောဆောင်သွားမယ့်အကြောင်း၊ အပြောင်းအလဲ တွေ ဖြစ်ပေါ်လာအောင် ပြောင်းလဲသွားမယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံ ဖြစ်လို့ ပါပဲလို့ ၀န်ကြီးချုပ် အဘီဆစ် က အခုလို ဖြေဆိုသွားပါတယ်။

"ရေရှည်တည်တံ့မယ့် အပြောင်းအလဲဟာ မြန်မာပြည်တွင်းကပဲ ဆောင်ကြဉ်းလို့ ရနိုင်မယ်လို့ ယုံကြည်ပါ တယ်။ ပြင်ပကနေ အဓမ္မ တွန်းအားပေးပြီး ပြောင်းလဲအောင် လုပ်နိုင်တာထက် သူ့ပြည်တွင်းမှာ ကိုယ့် ဘာသာကိုယ် ပြောင်းလဲအောင် လုပ်ကြဖို့သာ လိုပါတယ်။"

ဒါပေမယ့် အိမ်နီးချင်းနိုင်ငံ အနေနဲ့တော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာအောင် ထပ်ပြီး အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ အရင်တုန်းက အပြုသဘောဆောင် ဆက်ဆံရေး နဲ့ ဆက်ဆံခဲ့သလိုပဲ ဆက်ပြီး ဆက်ဆံသွားမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပြောပြောနေတဲ့ အပြုသဘော ဆောင် ဆက်ဆံရေးမှာ တကယ်အပြုသဘော မဆောင်တာမို့ အပြုသဘောဆိုတဲ့အချက်ကိုတောင် မေ့တေ့ တေ့ ဖြစ်ခဲ့ရပါတယ်လို့ သူက ပြောပြသွားတာပါ။

အဲဒီနောက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် အနောက်နိုင်ငံတွေရဲ့ တားဆီးပိတ်ဆို့မှုတွေနဲ့ အရေးယူတာမှာ အသံသာမြည်တဲ့ သင်္ကြန်အမြှောက်လို ဖြစ်နေတာကြောင့် အခု အာဆီယံ ဥက္ကဌ ဖြစ်တဲ့ ထိုင်းနိုင်ငံအနေနဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ဘယ်လို လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ စိတ်ကူးရှိပါသလဲလို့ သတင်းထောက်ရဲ့ အမေးကိုတော့ - ဒီကိစ္စဟာ တကယ်တော့ လွယ်ကူတဲ့အလုပ်လို့ သူ တွေးမထားပါဘူးလို့ ပြောပါတယ်။ အပြောင်းအလဲတွေ ဖြစ်လာအောင် အာဆီယံ အသင်းကြီးအနေနဲ့ လက်တွေ့ကျကျ လှုပ်ရှားဖို့ ဖြစ်ပါတယ်လို့ သူက အခုလို ပြောပါတယ်။

"အခုဆိုရင် အာဆီယံ ပဋိဉာဉ်စာတမ်းကြီးလည်း အတည်ပြုပြဌာန်းခဲ့ပြီး ဖြစ်တာကြောင့်မိုလို့ အဲဒီ ပဋိဉာဉ် စာတမ်းမှာပါတဲ့ လူ့အခွင့်အရေးနဲ့သက်ဆိုင်တဲ့ ပြဌာန်းချက်တွေကို မြန်မာနိုင်ငံအနေနဲ့ လိုက်နာမှု ရှိမရှိကို လည်း သေသေချာချာ စိစစ်သွားမှာဖြစ်ပြီးတော့ ၂၀၁၀ ခုနှစ် မတိုင်မီ အကောင်အထည်ဖော်ဖို့ မျှော်လင့် ထားပါတယ်။ မြန်မာနိုင်ငံအပေါ် ရပ်တည်ရမယ့် ရွေးချယ်စရာလမ်းက ဒီလမ်းပဲ မြင်နိုင်ဖို့ ဒီလမ်းကြောင်း အတိုင်း ခပ်သွက်သွက် လှုပ်ရှားသွားပါမယ်။"

တဆက်တည်းမှာပဲ ထိုင်းနိုင်ငံအနေနဲ့ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း ဂယက်ရိုက်တာကို ခံနေရတဲ့အချိန် မှာ မတည်ငြိမ်တဲ့ ထိုင်းနိုင်ငံရေးကိုပါ ကိုင်တွယ်ရတဲ့ အချိန်ဖြစ်နေတယ်လို့ ပြောပါတယ်။ ဥပဒေနဲ့အညီ တရားမျှတရေး၊ တရားဥပဒေ စိုးမိုးရေးသာမက နိုင်ငံတောင်းပိုင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူမျိုး ရေး ဘာသာရေး ခွဲခြားဆက်ဆံတာတွေကို တိတိကျကျ ကျောသားရင်သားမခွဲဘဲ တရားဥပဒေဘောင် အတွင်းက ကိုင်တွယ်သွားမယ့်အကြောင်းကိုလည်း ၀န်ကြီးချုပ် အဘီဆစ် ၀ိုက်ချာချီဝ က ပြောကြားသွားပါ တယ်။



REF: ဗွီအိုအေ

Read More...

မြန်မာစစ်အစိုးရကို လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ အပြင်းအထန် ဝေဖန်

15 January 2009

အမေရိကန်အခြေစိုက် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကြီးက ၂၀၀၈ ခုနှစ် အတွက် လူ့အခွင့်အရေး အစီရင်ခံစာတစောင်ကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့အပြင် အသစ်တက်လာမယ့် အမေရိကန် အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်ဖို့လည်း တိုက်တွန်းထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် သက်တမ်းတိုးခဲ့တာနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေပေးနေတဲ့ အပေါ် စိတ်ပူပန်ကြောင်း၊ အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေအနေနဲ့ မြန်မာစစ်အာဏာရှင်တွေကို ကျောထောက်နောက်ခံ ပေးထားတာတွေအတွက်လည်း အပြစ်တင်ထားကြောင်း အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကြီးက ၂၀၀၈ ခုနှစ်အတွက် ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ မြန်မာ နိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး၊ ၂၀၀၇ ခုနှစ် သံဃာတွေ ဦးဆောင်တဲ့ လူထုလှုပ်ရှားမှုကို ရက်ရက် စက်စက် ဖြိုခွင်းခဲ့တာထက်ပိုပြီးဆိုးတဲ့၊ မေလ နာဂစ် ဆိုင်ကလုံး ဒဏ်ခံရသူတွေအတွက် နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေကို အချိန်မှီ ပေးခွင့်မပြုခဲ့တဲ့ လုပ်ရပ်ပဲလို့ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကြီးရဲ့ အာရှဒေသဆိုင်ရာဒါရိုက်တာ ဆိုဖီရစ်ချတ်ဆန် (Sophie Richard -son) က ဒီလုပ်ရပ်ဟာ သိသာထင်ရှားတဲ့ ငြင်းမရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတရပ်လို့ ပြောပါတယ်။

"ပြီးခဲ့တဲ့နှစ်ထဲမှာ မြန်မာစစ်အစိုးရ လုပ်ဆောင်ခဲ့တဲ့အထဲက အသိသာဆုံးကတော့ စစ်အစိုးရရဲ့ ငြင်းမရတဲ့ လုပ်ရပ်တခုဖြစ်တဲ့ နာဂစ်ဆိုင်ကလုံးဒဏ်ခံရတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးတာကို တားဆီးနှောက်ယှက်တဲ့ ကိစ္စဖြစ်ပါတယ်။"

ဒီလိုတားဆီးခဲ့တဲ့အတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူတွေ အချိန်မှီမရဘဲ သေဆုံး၊ ပျောက် ဆုံးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် သန်းနဲ့ချီတဲ့ပြည်သူတွေ ဒုက္ခရောက်နေတုန်းမှာပဲ စစ်အစိုးရ အဓွန့်ရှည်စေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို အပျက်မခံပဲ ကျင်းပခဲ့တာမို့ အဆိုးဝါးဆုံး ဖြစ်ရပ်တခုအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်းတိုးခဲ့တဲ့ အတွက်လည်း စိုးရိမ်ပူပန်တယ်လို့ ပြောပါတယ်။

"ကျမတို့ အထူးစိတ်ပူတာကတော့ မေလ ၂၇ ရက်နေ့တုန်းက အဲန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ်အကျယ်ချုပ်သက်တမ်း တနှစ်ထပ်တိုးခဲ့တာပါပဲ။ ဒါဟာ နေအိမ်အကျယ်ချုပ်ဘ၀နဲ့ ၆ နှစ် ဆက်တိုက် ကျခံစေရဖို့ ဖြစ်ပြီး၊ သူမ အခုလို နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ကာလတလျှောက်လုံး ပြင်ပ ကမ္ဘာနဲ့ စစ်အစိုးရက အဆက်ဖြတ်ထားတဲ့အပြင် သူမရဲ့ ကျန်းမာရေးအခြေအနေ ဆိုးဝါးနေတယ်ဆိုတဲ့ သတင်းတွေကြောင့် စိတ်ပူရပါတယ်။"

၂၀၀၈ ခုနှစ်ထဲမှာပဲ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို လျှို့ဝှက် တရားစီရင်တာတွေနဲ့ နှစ်ရှည်ထောင်ဒဏ် ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာတွေ လုပ်ခဲ့တယ်လို့လည်း ပြောပါတယ်။

"မနှစ်က နှစ်ကုန်ခါနီးမှာပဲ နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ ဘုန်းကြီးတွေ၊ သီလရှင်တွေ၊ သတင်းထောက်တွေ၊ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူတွေ အပါအ၀င် နိုင်ငံရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ၇၀ ကျော်ကို အကျဉ်းထောင်တွေထဲမှာ လျှို့လျှို့ဝှက်ဝှက်နဲ့ အမှုစစ်ဆေးခဲ့ပြီး အများအပြားကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာ တွေ့ရပါတယ်။"

၂၀၀၇ ခုနှစ် သံဃာတွေဦးဆောင်တဲ့လှုပ်ရှားမှုနဲ့ ပတ်သက်နေသူတွေနဲ့ နာဂစ်မုန်တိုင်းမှာ ကူညီသူတွေကို ၆၅ နှစ်အထိ ကြီးလေးတဲ့ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာတွေ့ရပြီး ၈၈ မျိုးဆက် ကျောင်းသားတချို့ဟာဆိုရင် ပြစ်မှုပေါင်း ၂၂ မှုလောက်နဲ့ စွဲချက်အတင်ခံရတာ၊ ထောင်ဒဏ်နှစ်ပေါင်း ၁၅၀ အထိ ချမှတ်ခံရတာလိုမျိုး တခါမှ မကြုံဖူးအောင် ကြားနေရတယ်လို့ ပြောပါတယ်။

အခုလို မြန်မာစစ်အစိုးရက လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ကြီးမားတဲ့ ပြစ်ဒဏ်တွေချမှတ်ပြီး လူ့အခွင့် အရေး ချိုးဖောက်မှုတွေ လုပ်နေတဲ့အတွက် အသစ်တက်လာတဲ့ အမေရိကန်အစိုးရအနေနဲ့ ဒီကိစ္စကို ဦးစား ပေးပြီး လုပ်ဆောင်သင့်တယ်လို့လည်း ပြောပါတယ်။

"အမေရိကန်အစိုးရသစ်အနေနဲ့ အရင်က ချမှတ်ထားတဲ့ Targeted Sanction လို့ ခေါ်တဲ့ မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တိုးချဲ့လုပ်ဆောင်တာကို မြင်ချင်ပါတယ်။ နောက် တခြားနိုင်ငံတွေထဲက - အထူးသဖြင့် ဥရောပနိုင်ငံတွေပါ မြန်မာစစ်အစိုးရကို ပိုပြီး ဖိအားပေးလာ အောင် ကြိုးစားစေချင်တဲ့အပြင် အရင်တုန်းက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်အစိုးရရဲ့ မူဝါဒ တွေကို ပြန်သုံးသပ်ပြီး အခုနောက်ဆုံးဖြစ်နေတဲ့ အကြောင်းအရာတွေနဲ့ အံဝင်အောင်ပြန်ပြီး ညှိစေချင်ပါ တယ်။"

အထူးသဖြင့် အာဆီယံ၊ တရုတ်၊ ဂျပန်တို့ကို မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တေ့တေ့ဆိုင်ဆိုင် ပြန်ပြီး ဆွေးနွေး စေချင်တယ်လို့လည်း ပြောပါတယ်။ တကယ်ဆို ဒီနိုင်ငံအဖွဲ့အစည်းတွေနဲ့ အမေရိကန်က တူညီတဲ့ ဘုံ သဘောတူညီမှု တခုရအောင် မလုပ်နိုင်ခဲ့တဲ့အတွက် မြန်မာစစ်အစိုးရဘက်က ပြောင်းလဲမှု လုံးဝမရခဲ့တာလို့ လည်း ဆိုပါတယ်။

အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေဟာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့အပြင် မြန်မာစစ်အစိုးရကို ကျောထောက်နောက်ခံ ပေးနေတယ်လို့လည်း သူက ပြောပါတယ်။
"အိန္ဒိယနဲ့ တရုတ်နိုင်ငံရဲ့ မြန်မာစစ်အစိုးရအပေါ် ပြစ်တင်ဝေဖန်မှု လုံးဝမရှိတဲ့ ဆက်ဆံရေးအတွက် ကျမတို့ က လုံးဝ ရှုတ်ချပါတယ်။"

လုံခြုံရေးကောင်စီကနေ မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းကို စနစ်တကျ sanction ချ ပိတ်ဆို့အရေးယူတဲ့ လုပ်ဆောင်မှုတွေ ဖြစ်မလာအောင် အထူးသဖြင့် တရုတ်နိုင်ငံက ၀င်ပြီးဟန့်တားနေတဲ့ကိစ္စဟာ မြန်မာနိုင်ငံ ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပိုပြီး ဆိုးလာစေတယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့ကြီးက ယုံကြည် ကြောင်း မစ္စရစ်ချတ်ဆန်က ပြောသွားပါတယ်။



REF: ဗွီအိုအေ

Read More...

အသက် ၂၀ ကျော် ကျောင်းသားကို ထောင်နှစ် ၁၀၀ ကျော် ချမှတ်

14 January 2009

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသား ကိုဘိုမင်းယုကို ကို ထောင်ဒဏ် ၁၀၄ နှစ် ချမှတ်လိုက်ပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံတင်ပြထားပါတယ်။

ကိုဘိုမင်းယုကို ခေါ် ကိုဖြိုးကြီး ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃/၁ တခုတည်းနဲ့တင်ပဲ စွဲချက် ခြောက်ခု တင်ခဲ့တယ်ဆိုပြီး ထိုင်း-မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအဖွဲ့ AAPPB ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သူလုပ်ခဲ့တာကလည်း အကြမ်းဖက် ဆူပူတဲ့ လုပ်ရပ်တွေ တခုမှမပါပါဘူးလို့ အေအေပီပီ တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည် က ပြောပါတယ်။

“ကျနော်တို့ သိထားသလောက်ကတော့ သူက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လူထုလှုပ်ရှားမှုတွေ ဖြစ်အောင် ကြိုးစား တာလောက်ပဲ ရှိတယ်။ ကျန်တဲ့ လက်နက်ကိုင်ကိစ္စတို့၊ တခြားဟာတွေ မပါပါဘူး။ အဲဒီလို မပါတဲ့ ကျောင်း သားလေးတယောက်ကို ၁၀၄ နှစ် ချလိုက်တယ်ဆိုတော့ ကျနော်တို့လည်း ကြားရတာ တော်တော်အံ့သြမိပါ တယ်။”

ဒီလောက် ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတဲ့ လူတယောက်ကို ရုံးတင်စစ်ဆေးတဲ့အခါမှာလည်း ကာယကံရှင် ဘက်က ခုခံချေပဖို့ တရားဥပဒေကြောင်းအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဘာမှမရခဲ့ဘူးလို့ ကိုဘိုကြည်က ဆက်ပြောပါတယ်။

“သူတို့ ရှေ့နေ ငှားရမ်းခွင့်တို့ ဘာတို့လည်း မရခဲ့ဘူး။ အကျဉ်းချုပ်နည်းနဲ့ပဲ မန္တလေး အကျဉ်းထောင်ထဲမှာ သူ့ကို ပြစ်ဒဏ်ချလိုက်တာ ဖြစ်ပါတယ်။ သူ့မိသားစုတောင်မှ သေသေချာချာ မသိရဘူး။ နောက်ပြီးတော့ မိသားစုကလည်း ခုချိန်ထိ ထောင်ဝင်စာ တွေ့ခွင့်မရသေးပါဘူး။”

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ငြိမ်းငြိမ်းချမ်းချမ်း လှုပ်ရှားကြသူတွေကို ထောင်ဒဏ်နှစ်ရှည်တွေ ချမှတ် တာ ကိုဘိုမင်းယုကို က ပထမဆုံးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလမှာ နိုင်ငံရေးလှုပ်ရှားသူ ၂၈၀ ထက်မနည်းကို ထောင်ဒဏ်နှစ်ရှည်တွေ ချခဲ့တဲ့ထဲမှာတော့ ကိုဘိုမင်းယုကို ဟာ အပြင်းထန်ဆုံး ချမှတ်ခံရသူ ဖြစ်တယ်လို့ အေအေပီပီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့်လည်း ကိုဘိုမင်းယုကို အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံ တကာက ပိုပြီး ဖိအားပေးလာအောင် ဆက်လုပ်သွားမယ်လို့ ကိုဘိုကြည်က ပြောပါတယ်။

“ဒီဟာက ရိုးရိုးတန်းတန်း ပြစ်ဒဏ်ချတာမဟုတ်ဘဲနဲ့ လက်စားချေတဲ့ပုံစံမျိုး သက်ရောက်နေတယ်လို့ ကျနော် တို့ တွေ့ရတယ်။ နောက်တခုက ကျနော်တို့ ဒီ ကိုဘိုမင်းယုကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက် ပြီးတော့ နိုင်ငံတကာနဲ့ သက်ဆိုင်ရာ လူ့အခွင့်အရေး ကောင်စီတို့ဘာတို့မှာ ဒီအမှုအကြောင်းကို ကျနော်တို့ သေသေချာချာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင်နဲ့ ဘိုမင်းယုကို လွှတ်မြောက်ရေးအတွက် နိုင်ငံတကာက ပိုပြီး တော့ တောင်းဆိုလာအောင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ကျနော်တို့ ဆက်ပြီးတော့ တောင်းဆိုသွားမှာဖြစ်ပါတယ်။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည်ပါ။

မြန်မာအာဏာပိုင်တွေကတော့ တကမ္ဘာလုံးရဲ့ ဝေဖန်သံတွေကြား၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ပါလို့ တိုက်တွန်းတောင်းဆိုသံတွေ ကြားမှာပဲ ဆက်ဖမ်းဆဲ၊ ဖမ်းဆီးထားသူတွေကို ထောင်ချဆဲ၊ ထောင်ချထားသူတွေကို ဝေးလံတဲ့ထောင်တွေ ဆီ ပြောင်းရွှေ့ဆဲ ရှိနေသေးတာမို့ မကြာခင် လပိုင်းတွေအတွင်း နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာဖို့၊ နိုင်ငံရေးအရ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေဖြစ်လာဖို့ အလားအလာ နည်းပါးလှတယ်လို့ မြန်မာ့ အရေး လေ့လာသူတွေက သုံးသပ်ကြကြောင်းပါ။

REF: ဗွီအိုအေ

Read More...

ဦးဝင်းတင်ပြောစကား မှားယွင်းသတင်းရေးမိကြောင်း ရန်ကုန် ဒီပီအေ သတင်းထောက်ဝန်ခံ

၁၄ ဇန်န၀ါရီ ၂၀၀၉

အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်အား အင်တာဗျူးပြီး ရေးသားခဲ့သည်ဆိုသော ဒီပီအေ သတင်းပါ သတင်းရေးသားချက်များ မှန်ကန်မှုမရှိကြောင်း ဦးဝင်းတင်က မြန်မာနိုင်ငံ နိုင်ငံခြား သတင်း ထောက်များအသင်းသို့ တိုင်ကြားခဲ့သည်။ အဆိုပါအမှုကို ဇန်န၀ါရီ (၈) ရက်တွင် ယင်းအသင်းရုံး၌ ရန်ကုန် ဒီပီအေသတင်းထောက်ကို စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ မှားယွင်းသတင်းရေးမိကြောင်း သတင်းထောက် ကိုကို (စက်မှုတက္ကသိုလ်) က ၀န်ခံသွားသည်။


ယင်းအသင်း၏ စုံစမ်းမေးမြန်းမှုများကို ဦးဝင်းတင်ထံသို့ ပေးပို့ခဲ့ပြီး အသင်းအနေဖြင့် အသင်း၏ အခြေခံ စည်းမျဉ်းအတိုင်း ဆောင်ရွက်ရသည်ဖြစ်ရာ ဤမျှအထိသာ ဆောင်ရွက်ပိုင်ခွင့်ရှိပါကြောင်းနှင့် ဤမျှဖြင့် ကျေနပ်မှုမရှိပါက အခြားကြိုက်ရာနည်းလမ်းများဖြင့် ဒီပီအေ၏ သတင်းရေးသားချက်များအပေါ် ဆောင်ရွက် နိုင်ကြောင်းလည်း ထည့်သွင်းဖော်ပြခဲ့သည်။

စုံစမ်းမေးမြန်းမှုများကို အသင်းနာယက ဦးလှထွေးက ပြုလုပ်ခဲ့ရာ ဒီပီအေသတင်းထောက် ကိုကို (စက်မှု တက္ကသိုလ်) က ယင်းသတင်းရေးသားသူမှာ ၎င်းကိုယ်တိုင်ဖြစ်ပြီး ဦးဝင်းတင်ထံ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းသူမှာ မိမိ၏လက်ထောက် ဒေါ်ဆင့်ဆင့်အောင်ဖြစ်သည်ဟု ၀န်ခံပြောဆိုခဲ့ကြောင်း ဦးဝင်းတင်ထံ အကြောင်းပြန်စာတွင် ဖော်ပြခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ၀န်ခံခဲ့ရာ အသင်းနာယက က ဦးဝင်းတင်အနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ ပါတီ တွင်းမှ ပါဝင်ယှဉ်ပြိုင်လိုသူအချို့ရှိပြီး၊ အချို့မှာ ပါဝင်ယှဉ်ပြိုင်လိုခြင်းမရှိဟု ပြောကြားခဲ့ခြင်း ရှိမရှိနှင့် ထိုသို့ ပြောသည်ရှိသော် မည်သည့်အထောက်အထားရှိမရှိ တိတိကျကျပြောကြားရန် ဒေါ်ဆင့်ဆင့်အောင်အား စစ် ဆေးမေးမြန်းခဲ့သည်။

ဒေါ်ဆင့်ဆင့်အောင်က မိမိသည် ဦးဝင်းတင်အား တယ်လီဖုန်းဖြင့် မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း မေးမြန်းမှုကို လည်း အသံဖမ်းထားခြင်း မပြုမိခဲ့ကြောင်း၊ သက်သေအထောက်အထားလည်း အတိအကျမဖော်ပြနိုင် ကြောင်း၊ မိမိမှတ်သားထားမိသည်မှာ ဦးဝင်းတင်က အန်အယ်လ်ဒီအတွင်း လာမည့်ရွေးကောက်ပွဲအပေါ် တင်းမာသည့်အသွင်ဖြင့် ချဉ်းကပ်သူများရှိသကဲ့သို့ ပျော့ပျောင်းသည့်အသွင်ဖြင့် ချဉ်းကပ်သူများလည်းရှိ ကြောင်း ပြောဆိုခဲ့သည်ဟုသာ မှတ်မိပါကြောင်း၊ ဦးဝင်းတင်အနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီပါတီဝင်အချို့ ရွေးကောက်ပွဲဝင်လိုပြီး အချို့ မ၀င်လိုကြောင်း ပြောမပြောကို မိမိမသေချာ ကြောင်း ဖြေကြားခဲ့သည်ဟု သိရသည်။

ထို့နောက် ဦးကိုကိုက ဆက်လက်ဖြေကြားရာ ဒေါ်ဆင့်ဆင့်အောင်ထံမှ အထက်ပါအတိုင်း အဖွဲ့ချုပ်အတွင်း လာမည့်ရွေးကောက်ပွဲအပေါ် ချဉ်းကပ်ပုံနှစ်မျိုးရှိကြောင်း တဆင့်ကြားသိရသောအခါ မိမိအနေဖြင့် လာမည့် ရွေးကောက်ပွဲအတွင်း ပါဝင်ယှဉ်ပြိုင်လိုသူများရှိသလို ပါဝင်ယှဉ်ပြိုင်လိုသူများမရှိဟု အဓိပ္ပာယ်သက်ရောက် သည်ဟု ရိုးသားစွာယူဆပြီး သတင်းရေးသားပေးပို့ခဲ့ကြောင်း တင်ပြခဲ့သည်ဟု သိရသည်။

၎င်းတို့၏ တင်ပြချက်များအပြီးတွင် နာယကကြီးက နောက်နောင် အရေးကြီးသော အင်တာဗျူးများလုပ်ပါက တယ်လီဖုန်းဖြင့် အင်တာဗျူးလုပ်ခြင်းထက် လူကိုယ်တိုင်အင်တာဗျူးလုပ်လျှင် ပိုကောင်းမည်ဖြစ်ကြောင်း၊ အင်တာဗျူးလုပ်ရာ၌လည်း အသံဖမ်းစက်ဖြင့်ဖမ်းပြီး ယင်းအသံဖမ်းခွေကိုလည်း မှတ်တမ်းအဖြစ် သိမ်းဆည်း ထားသင့်ကြောင်း ပြောကြားခဲ့ပြီး ကမ္ဘာသုံးသတင်းစာပညာစာအုပ်ကို ကိုးကားကာ သတင်းစာကျင့်ဝတ်များ ကို ပြောကြား၍ စုံစမ်းမေးမြန်းမှုများကို အဆုံးသတ်ခဲ့သည်။

“ရိုးသားစွာ လွဲမှားတယ်လို့ ယူဆသလားဆိုတော့ ယူဆဖို့ကတော့ ခပ်ခက်ခက်ပဲဗျ။ ကျနော်က သတင်းစာ ကလာတဲ့ နိုင်ငံရေးသမားဆိုတော့ မီဒီယာတွေနဲ့ အငြင်းပွားချင်တာမရှိဘူး။ နိုင်ငံရေးအဖွဲ့အစည်းမှာ တာဝန် ရှိသူ တယောက်အနေနဲ့ ပြောရရင်လည်း မီဒီယာနဲ့ အငြင်းမပွားချင်ဘူး။အခုလို လုပ်ရတာက တော်တော်ကို ဆိုးဆိုးရွားရွားမှားနေလို့ပါ။ ကျနော်ပြောခဲ့တာက အန်အယ်လ်ဒီအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာ တင်းမာတဲ့ချဉ်းကပ်ပုံနဲ့ ပျော့ပျောင်းတဲ့ချဉ်းကပ်ပုံ နှစ်မျိုးနဲ့ ချဉ်းကပ်ခဲ့တယ်ဆိုတာကို အန်အယ်လ်ဒီရဲ့ ထုတ်ပြန်ချက်နှစ်ခုကို ဥပမာပေးပြီးပြောခဲ့တာပါ။ အဲဒါကို သူတို့က အခြေခံဥပဒေနေရာမှာ ရွေးကောက်ပွဲဆို တာကို ထည့်သွင်းရေးသွားတယ်။ အဲဒါအပြင် နောက်ထပ်မှားပြန်တာက အန်အယ်လ်ဒီအတွင်းမှာ ရွေးကောက်ပွဲဝင်လိုသူနဲ့ မ၀င်လိုသူ နှစ်ပိုင်းရှိတယ်ဆိုပြီး ပါတီတွင်းမှာ အကွဲအပြဲတွေ ဖြစ်နေပြီဆိုတဲ့ သဘော၊ ပါတီနှစ်ခြမ်းကွဲတော့မယ်ဆိုတဲ့ သဘော အဓိပ္ပာယ်အထိသက်ရောက်လာလို့ တိုင်ကြားခဲ့တာ။ အဲတော့ ရိုးသားစွာမှားတာ ဟုတ်မဟုတ်ကတော့ ကာယကံရှင်များကိုယ်တိုင်သာ သိမှာပေါ့ဗျာ။ ကျနော့် အနေနဲ့ကတော့ မှားတာကိုမှားတယ်လို့ ၀န်ခံရင်တော်ပြီပေါ့ဗျာ။ သို့သော် နိုင်ငံရေးအနေနဲ့ကတော့ ပြည်ပမှာ ရောက်နေတဲ့ ဒီမိုကရေစီအင်အားစုများအနေနဲ့ ဒါဟာတမင်လုပ်ကြံမှု၊ တမင်မှားယွင်းမှုလို့ ယူဆရင်လို့ ဆက်လက်ဆောင်ရွက်ကြမယ်ဆိုရင် ကျနော်သဘောတူတယ်။ လက်ခံတယ်။ ကျနော့်ကိုယ်စား ဆောင်ရွက် ပေးကြတဲ့အတွက်လည်း ကျေးဇူးတင်တယ်လို့ ကျနော်ပြောချင်တယ်ဗျ။ ကျနော့်အနေနဲ့ကတော့ နိုင်ငံခြား ကို စာရေးဖို့ ဆက်သွယ်ဖို့ ဆိုတာတွေကလည်း အခက်အခဲတွေရှိနေပါတယ်” ဟု ဦးဝင်းတင်က ခေတ်ပြိုင်၏ ဆက်သွယ်မေးမြန်းမှုအပေါ် ရှင်းလင်းပြောကြားသည်။

အဆိုပါအမှုမှာ ၂၀၀၈ နိုဝင်ဘာ (၃၀) ရက်စွဲဖြင့် ထုတ်ဝေသော ဂျာမနီအခြေစိုက် ဒီပီအေသတင်းတွင် ပါလာ ခဲ့ပြီးနောက် ဦးဝင်းတင်က ၎င်းပြောကြားချက်မဟုတ်သည်များ ပါရှိခြင်းကြောင့် ဒီဇင်ဘာ (၁၀) ရက် ရက်စွဲ ဖြင့် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းသို့ တိုင်ကြားစာပေးပို့ခဲ့ခြင်း ဖြစ်သည်။

ယင်းသတင်းတွင် ပါတီတွင်းအကွဲအပြဲများရှိနေသယောင် ရေးထားခြင်းကြောင့် ပြည်ပဒီမိုကရေစီအင်အားစု များက မကျေနပ်ဖြစ်ခဲ့သည်။ ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ဒီပီအေ သတင်းဌာနချုပ်အထိ အတိုက်အခံများက တိုင်ကြားခဲ့သဖြင့် ဦးဆောင်အယ်ဒီတာချုပ် Eva-MariaMcCormack က စုံစမ်းစစ်ဆေးမှုများ လုပ်သွားမည် ဖြစ်ကြောင်းနှင့် မမှန်သတင်းပို့ခဲ့ကြောင်း ထင်ရှားပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းကိုလည်း မြန်မာအတိုက်အခံများထံ ပြန်ကြားထားသည်။

ယခု စစ်ဆေးချက်မှာ ရန်ကုန် နိုင်ငံခြားသတင်းထောက်များအသင်းက စစ်ဆေးချက်ဖြစ်သည့်အတွက် ဒီပီအေ သတင်းဌာန၏ ဌာနဆိုင်ရာစုံစမ်းစစ်ဆေးချက်အပြီးတွင် ရန်ကုန် ဒီပီအေ သတင်းထောက် ကိုကို (စက်မှုတက္ကသိုလ်) အား မည်သို့အရေးယူမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

မင်းနိုင်သူ
REF: ခေတ်ပြိုင်

Read More...

နအဖတပ်တွင်း၌ အစုလိုက်အပြုံလိုက် တပ်ပြေးမှုများ များပြားလာနေသဖြင့် အပတ်စဉ်တူ၊ ဇာတိတူ၊ လူမျိုးစုတူ၊ ဆွေးမျိုးတော်သူများကို ခွဲထားရန် ကက/ကြည်းက ညွှန်ကြားချ

နအဖ ရှေ့တန်းနောက်တန်း တပ်ရင်းတပ်ဖွဲ့တွေမှာ အစုလိုက်အပြုံလိုက် တပ်ပြေးမှုတွေ ဆက်တိုက် ဖြစ်ပွားလာနေတဲ့ အတွက် တပ်ရင်းတပ်ဖွဲ့ အသီးသီးမှာ ဇာတိတူ၊ လူမျိုးစုတူ၊ အပါတ်စဉ်တူ၊ ဆွေမျိုးတော်စပ်သူ၊ ပြဿနာရှာတတ်သူ၊ အရက်သေစာ သောက်စားတတ်သူတွေကို တနေရာတည်းမှာ စုမထားဘဲ ဖြန့်ခွဲတာဝန်ပေးကြဖို့၊ တပ်ဖွဲ့ဝင်တွေကို ဒေသခံပြည်သူတွေ၊ ဒေသခံအပစ်ရပ် အဖွဲ့တွေနဲ့ အရောတဝင် ဆက်ဆံခြင်း မပြုစေဖို့၊ တပ်ဖွဲ့ဝင် အချင်းချင်း စောင့်ကြည့်ခိုင်းတဲ့ စနစ်ကို လိမ်မာပါးနပ်စွာနဲ့ ကျင့်သုံးကြဖို့၊ ကက/ကြည်းက နိုဝင်ဘာ(၁၄)ရက်နေ့မှာ တိုင်း၊ တပ်မ၊ တပ်ရင်း တပ်ဖွဲ့တွေ ကို ညွှန်ကြားခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းတွေအရ သိရှိရပါတယ်။

အခုလအတွင်း ထိုင်းမြန်မာ နယ်စပ်တလျှောက်မှာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေကြရတဲ့ တပ်ရင်း တပ်ဖွဲ့တွေမှာ အစုလိုက် အပြုံလိုက် တပ်ပြေးမှုတွေ ဖြစ်ပွားနေတဲ့အတွက် ကက/ကြည်း က ဒီအမိန့်ကို ထုတ်ပြန် ရတာ ဖြစ်ကြောင်း သိရှိရပါတယ်။

နိုဝင်ဘာ(၆)ရက်နေ့က တနင်္သာရီတိုင်း ထိုင်းမြန်မာ နယ်စပ်အနီးရှိ (မယ်ဖျာ) တပ်စခန်းမှာ တာဝန်ကျနေတဲ့ ရှေ့တန်း ခလရ(၁ဝ၄) စစ်ကြောင်း(၂)၊ တပ်ခွဲ(၄)မှ တပ်သား စိုင်းမျိုးမင်းဦး၊ တပ်သား ရဲမင်းထွန်းနဲ့ တပ်သား အောင်ဌေး တို့ဟာ ထိုင်းနိုင်ငံထဲကို လက်နက်မဲ့ ထွက်ပြေးသွားခဲ့ကြသလို၊ မွန်ပြည်နယ် ဘုရားသုံးဆူ နယ်စပ်ကို စစ်ဆင်ရေး တာဝန်တွေနဲ့ မကြာသေးခင်ကမှ ရောက်ရှိလာတဲ့ ရှေ့တန်း ခမရ(၅၃၈) မှ စစ်သည်(၅)ဦးဟာလည်း နိုဝင်ဘာ (၁၅)ရက်နေ့ နေ့လည်ပိုင်းက ထိုင်းနိုင်ငံ အတွင်းကို လက်နက်မဲ့ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါတယ်။ ။



Source: ၀ိမုတ္တိ

Read More...

တပ်ပြေးစစ်သည် (၃)ဦးကို ဖမ်းပြီးပြန်ပို့ပေးရန် နအဖက ထိုင်းနယ်ခြားစောင့်တပ်ကို အကူအညီတောင်းခံ

တနင်္သာရီတိုင်း ထိုင်းမြန်မာနယ်စပ်ရှိ နအဖတပ်စခန်းတခုမှ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးခဲ့ကြတဲ့ စစ်သည် (၃) ဦး ကို ရှာဖွေ ဖမ်းဆီးပြီး ပြန်ပို့ပေးဖို့ နအဖက ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့ကို အကူအညီ တောင်းထားကြောင်း စစ်ဘက် သတင်းတွေအရ သိရှိရပါတယ်။

လောင်းလုံ မြို့အခြေစိုက် ခလရ (၁ဝ၄) စစ်ကြောင်း(၂)မှ တပ်သား စိုင်းမျိုးမင်းဦး (၁၉)နှစ်၊ တပ်သား အောင်ဌေး (၂ဝ) နှစ် နဲ့ တပ်သား ရဲမင်းထွန်း (၂၃)နှစ် တို့ဖြစ်ပါတယ်။ သူတို့ရဲ့ တပ်ခွဲ(၄) တပ်ခွဲမှူး ဗိုလ်အောင်ဆွေလှ ရဲ့ နှိပ်စက်မှုတွေကို မခံနိုင်တဲ့အတွက် သူတို့တာဝန်ကျရာ မယ်ဖျာ နယ်စပ် တပ်စခန်းကနေ နိုဝင်ဘာလ (၆) ရက်နေ့ ညနေပိုင်းမှာ ထိုင်းနိုင်ငံထဲကို လက်နက်မဲ့ ထွက်ပြေး ခဲ့ကြတာဖြစ်ကြောင်း သိရှိရပါတယ်။

သူတို့ထွက်ပြေးပြီး နာရီပိုင်းအတွင်း နအဖစစ်ကြောင်းမှူးက ထိုင်းနိုင်ငံ နယ်ခြားစောင့်တပ်ကို ဆက်သွယ် အကြောင်းကြားခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်။

ထိုင်းမြန်မာနယ်စပ်တလျှောက်ရှိ နအဖ ရှေ့တန်း ခြေလျှင်တပ်စခန်းတွေ၊ အမြောက်တပ် စခန်းတွေနဲ့ လေကြောင်းရန် ကာကွယ်ရေးစခန်းတွေက အကြပ်စစ်သည်အများအပြားဟာ မကြာခဏ မိမိတို့ တပ်စခန်းတွေကို စွန့်ခွာပြီး ထိုင်းနိုင်ငံ အတွင်းကို ထွက်ပြေးလာလေ့ရှိကြောင်း သိရှိရပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်းမြန်မာ နယ်စပ် တလျှောက်မှာ လှုပ်ရှားနေတဲ့ အမှတ်(၈) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်လက်အောက်ခံ ရှေ့တန်း ခမရ (၄ဝ၁) နဲ့ခမရ(၄ဝ၉)တို့က တပ်သား(၆)ဦးဟာ လက်နက်ခဲယမ်း အပြည့်အစုံနဲ့အတူ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး ခဲ့သေးကြောင်း သတင်းရရှိပါတယ်။


Source: ၀ိမုတ္တိ

Read More...

တပ်မတော်တွင်း ဖြစ်ရပ်မှန်များ တစေ့တစောင်း

ခြေလျင်တပ်ရင်း (၂၃၅) က အောက်ခြေအကြပ်တပ်သားတွေရဲ့ ခံစားချက်တွေကို စုစည်းထုတ်ဖော်လိုက်တဲ့ အောက်ပါ ဖြစ်စဉ်လေးကို တပ်မတော်သားအားလုံးသိစေဖို့ ၀ိမုတ္တိ ဘလော့ကနေ ဖော်ပြပေးလိုက်ပါတယ်။

၁။ ခလရ(၂၃၅)မှ အမ/၄၄၄၀၅၁၈ ဒုအရာခံဗိုလ် စိုးလှိုင်၊ အမ/၄၁၉၁၂၅ ခွဲတပ်ကြပ်ကြီး ကြည်သန်း၊ အမ/၄၀၅၀၁၈ တပ်ကြပ်ကြီး ၀င်းဆင့်၊ အမ/၅၅၂၉၅၅ တပ်ကြပ်ကြီးသိန်းဝင်းတို့သည် မိသားစုကိုယ်စား အမည်ခံ လက်မှတ်ရေးထိုး၍ တပ်ရင်းတံဆိပ်တုံး ရိုက်နှိပ်ကာ တပ်ရင်းစည်းလုံးညီညွတ်မှု အခြေအနေတင်ပြခြင်းဖေါ်ပြလျှက် ကကကြည်း၊ ကက စစ်၊ ကကထူးသို့လိပ်မူ၍ နမခနှင့် နပတတိုင်းမှူး (ရင်းမှူးဟောင်း)သို့ မိတ္တူပြု တိုင်ကြားစာပေးပို့ခဲ့မှုအပေါ် အဖြစ်မှန် ပေါ်ပေါက်စေရန်နှင့် တာဝန်ရှိသူများအား ဖေါ်ထုတ်အရေးယူရန်အတွက် တမခမှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်ထွေး ဦးစီးသော စုံ/ခုံဖြင့် ဖွဲ့စည်းစစ်ဆေးလျှက်ရှိနေပါသည်။

၂။ စစ်ဆေးလျှက်ရှိသည့် စုံ/ခုံတွင် ခလရ(၂၃၅)မှ စစ်ဦးစီးတ္ကသိုလ် သင်တန်းအမှတ်စဉ် (၅၈)သို့ တက်ရောက်လျှက် ရှိသည့် တပ်ရင်းမှူးဖြစ်သူ ကြည်း/၂၃၁၈၈ ဒုမှူးကြီး မျိုးသန့်ဇင်နှင့် ပတ်သက်ပြီး တိုင်ကြားစာ ပါဝင်သည့် အောက်ပါ အချက်များတွင် ထွက်ဆိုချက်များ လိုအပ်လျှက်ရှိနေပါသည်။

(က) ရင်းမှူးနှင့် ဒုရင်းမှူး၊ ရင်းမှူးကတော်နှင့် ဒုရင်းမှူးကတော်တို့သည် တယောက်နှင့်တယောက် မတည့်ကြပါ။ တပ်ရေးဗိုလ်ကြီးနှင့် တပ်ထောက်ဗိုလ်ကြီး၊ တပ်ရေးဗိုလ်ကြီးကတော်နှင့် တပ်ထောက်ဗိုလ်ကြီးကတော်တို့သည် မတည့်ကြပါ။ ၎င်းတို့ မတည့်ကြ၍ စစ်သည်/ ရဲဘော်များ ကြားညှပ်နေပါသည်။

(ခ) တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၌ စစ်ဆင်ရေးထိုးစဉ် ၂၀၀၈ခု၊ ဇန်န၀ါရီလ (၂၂) ရက်နေ့တွင် မိုင်းထိခဲ့ သော ဗိုလ်အောင်အောင်အား ဆေးရုံပို့ရာ၌ အဖျားကြီးကာ လမ်းမလျှောက်နိုင်သော တ/၃၄၅၆၁၃ တပ်သား ရဲဝင်း အောင်အား ဒုရင်းမှူးမှ “အရာရှိက အရေးကြီးတယ်၊ ရဲဘော်ကအရေးမကြီးဘူး” ဟုပြောကာ ပစ်ထားခဲ့သဖြင့် စစ် သည်မှာ ရှေ့တန်းတွင်သေပြီး ကျန်ရစ်ခဲ့ပါသည်။ ရဲဘော်များ ဒါ့ကြောင့် စိတ်ဓါတ်ကျကုန်ပါသည်။

(ဂ) ရှေ့တန်းမှာသေခဲ့သော တပ်သားရဲဝင်းအောင်ကို သေဆုံးကြောင်းမတင်ပြဘဲ ခွင့်မဲ့ပျက်ကွက် ပြမည်ဖြစ်တာ ကြောင့် ယနေ့အထိ မသေစာရင်းပေါ်နေပါသေးသည်။ ရဲဘော်များ ယုံကြည်မှုမရှိဘဲ စိတ်ဓါတ်ပိုကျကုန်ပါသည်။

(ဃ) ရှေ့တန်းပြန် ၂၀၀၈ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့တွင် မိတ်ဆုံစားပွဲတွင် ခမ်းမအတွင်း၌ အရက်တိုက်၍ မူးလဲနေသော အမ/၆၆၇၈၂၅ တပ်ကြပ်ကြီးဝင်းမြိုင်အား ကြည်း/၄၅၇၄၉ ဗိုလ်အောင်ကိုကိုနှင့်အဖွဲ့ (နောက်ဆုံး ရောက်ရှိလာသော ဒုဗိုလ်များ) မှ တက်နင်းမိရာမှ စကားများကြပါသည်။ “မူးမူးနဲ့ ငါ့ကိုတက်နင်းတာ ဘယ်ကောင် လဲ” လို့ မေးရာမှ မကျေနပ်ကြသဖြင့် ဗိုလ်အောင်ကိုကိုနှင့်အဖွဲ့မှ ၀ိုင်းဝန်းထိုးကြိတ်ခြင်း၊ တုတ်ဖြင့်ရိုက်ခြင်းများ ပြု လုပ်ကြသဖြင့် တပ်ကြပ်ကြီးဝင်းမြိုင် နံရိုး (၂) ချောင်းကျိုး၍ မေမြို့စစ်ဆေးရုံ တက်ရောက်ကုသရပါသည်။ စစ် သည်များအားလုံး ဒေသထွက်ကြရပါသည်။

(င) တပ်ကြပ်ကြီးဝင်းမြိုင်အား ဗိုလ်အောင်ကိုကိုနှင့်အဖွဲ့ ထိုးကြိတ်/ရိုက်နှက်သည်မှာ လွန်လွန်းနေသဖြင့် တာဝန် ကြပ်ကြီးဖြစ်သူ အမ/၆၄၇၂၈၃ တပ်ကြပ်ကြီး နိမ့်ထန်းပက်မှ “ကျွန်တော်တာဝန်ကျတပ်ကြပ်ကြီးပါ တပ်ကြပ်ကြီး ၀င်းမြိုင်အား ရိုက်တာ၊ ထိုးတာရပ်ကြပြီး အချုပ်ထဲထည့်ရန် တောင်းပန်အကြံပေးပါတယ်” လို့ ပြောရာ “ဘာ တာဝန်ကြပ်ကြီးလဲ လီးတာဝန်ကြပ်ကြီးလား” လို့ ပြောဆိုကာ ဗိုလ်အောင်ကိုကိုနှင့်အဖွဲ့မှ ထပ်မံဝိုင်းဝန်း ထိုးကြိတ် ခြင်း၊ ရိုက်နက်ခြင်းလုပ်ကာ ဗိုလ်အောင်ကိုကိုမှ ဘောင်းဘီဇစ်ဖြုတ်ပြီး တပ်ကြပ်ကြီး နိမ့်ထန်းပက်၏ မျက်နှာကို လီး နှင့်ထိုးပါသည်။ စစ်သည်များမှ လုံးဝကျေနပ်မှုမရှိပါ။
(စ) အဲ့ဒီဖြစ်ရပ်ကြောင့် လူပျိုလိုင်းမှ စစ်သည်(၁၅)ဦးခန့် “အခုမှ ဗိုလ်ဖြစ်ကာစရှိသေးတယ်၊ ဒို့ဆရာကြီးကို စော် ကားတယ်” ဆိုကာ အရာရှိရိပ်သာသို့သွားကြရာ အရာရှိများ ထွက်ပြေးကြပါသည်။ ဒါကြောင့် ရိပ်သာမှန်များအား ခဲဖြင့်ပေါက် ဖျက်ဆီးကြပါသည်။ စစ်သည်များမှာ ယခုထိကျေနပ်မှုမရှိသေးပါ။

(ဆ) ထို့အပြင် တိုက်ပွဲကျ ဆရာကြီးများ၏ မိန်းမများနှင့် မိသားစုများအား ကျဆုံးပြီး မကြာခင်/အဆင်မပြေခင် ကူညီမှုမရှိဘဲ နှင်ထုတ်တာကြောင့် စစ်သည်/ရဲမေ မိသားစုအားလုံး တစ်ရင်းလုံးမှ နာကြည်းခံပြင်း နေကြပါသည်။

(ဇ) တပ်ထဲမှ စာတော်သူ ဆေးတက္ကသိုလ်တက်နေသူ ကျောင်းသား (တကက အေးထွန်း၏သား) အား ထောက်ပံ့ ခြင်းမပြုဘဲ တပ်ရင်းအတွင်း မြေငှားထားသော အမွှေးတိုင်ကြိတ်စက်များမှ (၂၀) သိန်း လစဉ်ရရှိသော တပ်ရင်းမှူး မှ ကိုယ်ကျိုးသုံးစွဲနေပါသည်။ (မိသားစုများမှ ကျေနပ်မှု မရှိကြပါ)။

၃။ သို့ဖြစ်ပါ၍ အပိုဒ် (၂) ပါ အချက်များနှင့် ပတ်သက်ပြီး ခလရ (၂၃၅) ရင်းမှူး စစ်ကြောင်း(၁)မှူး တာဝန်ထမ်း ဆောင်သည့် တပ်ရင်းမှူ၏ ထွက်ဆိုချက် အမြန်ရရှိရေး ဆောင်ရွက်ရန် အကြောင်းကြားသည်။



Source: ၀ိမုတ္တိ

Read More...

Wednesday, January 14, 2009

ကြံ့ဖွံ့အသင်း နိုင်ငံဦးဆောင်ရန်အသင့်ဟု ဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်ပြော

၁၄ ဇန်န၀ါရီ ၂၀၀၉

ကြံ့ခိုင်ရေးအသင်းကြီးသည် နိုင်ငံတော်ကို ဦးဆောင်သွားနိုင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဇန်နဝါရီ (၉) ရက်နေ့ မြစ်ကြီးနားမြို့တွင် မြို့မိမြို့ဖများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်က ပြော သည်။

မြစ်ကြီးနားမြို့တွင် မြို့မိမြို့ဖများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့်တွေ့ဆုံစဉ် ကချင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း တာဝန်ခံလည်း ဖြစ်သူ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်က ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ် သည်။
နိုင်ငံတော်ကို မည်သို့ဦးဆောင်မည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံအသင်း ၀င်ပြိုင်မည်၊ မပြိုင်မည် စသည့် အချက်များကိုမူ ဗိုလ်မှူးချုပ်သိန်းဇော်က ရှင်းရှင်းလင်းလင်း ပြောခဲ့ခြင်းမရှိဟု အဆိုပါ အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်ခဲ့သူ မြို့ခံတဦးက ပြောသည်။

သို့သော် ကြံ့ဖွံ့အသင်းက နိုင်ငံရေးပါတီ (၂) ခု ဖွဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၂၀၀၈ ခု နိုဝင်ဘာ (၃၀) ရက် ရန်ကုန် ဒီပီအေသတင်းတွင် ဖော်ပြထားသည်။ ရန်ကုန် ဒီပီအေသတင်းထောက် (ကိုကို-စက်မှုတက္ကသိုလ်) ဆိုသူသည် စစ်အစိုးရအလိုကျ ရေးသားနေသည့် သတင်းထောက်ဖြစ်သည်ဟု ရန်ကုန်စာနယ်ဇင်းအသိုင်းအ၀န်းက ပြောသည်။

ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်သည် ကချင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်း တာဝန်ခံလည်းဖြစ်သကဲ့သို့ ကြံ့ခိုင်ရေးအသင်း ဗဟိုအတွင်းရေးမှူးလည်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံစည်းဝေးပွဲကို နံနက် (၁ဝ) နာရီ စမည်ဆို၍ (၉) နာရီခွဲကျော်ကတည်းက သွားစောင့်နေခဲ့ရ ကြောင်း၊ ဝန်ကြီးခရီးစဉ်နောက်ကျနေ၍ နံနက် (၁၁) နာရီမှ စတင်ခဲ့ရပြီး နေ့လယ် (၁) နာရီလောက်တွင် ပြီး ဆုံးခဲ့သည်ဟု မြစ်ကြီးနားမြို့ခံက ပြောသည်။

၎င်းက “သူတို့အသင်းဝင်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ မပါဘူး။ ရပ်ကွက်တိုင်းက မြို့မိမြို့ဖတွေလည်း မဟုတ်ဘူး။ လူရွေးပြီး ဖိတ်တာ။ ကျနော်လည်း သူတို့လာဖိတ်လို့ အခုမှ တက်ဖူးတာ။ ဗိုလ်မှူးချုပ်သိန်းဇော် က ဒီကို မကြာမကြာ လာတယ်။ လာရင် သူတို့အသင်းသားတွေနဲ့ အစည်းအဝေး သီးသန့်လုပ်တာရှိတယ်။ မြို့မိမြို့ဖတွေနဲ့ တွေ့တာရှိတယ်။ ဘာသာရေးခေါင်းဆောင်တွေကို တွေ့တာရှိတယ်” ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲဥပဒေ မထွက်သေးသည့်အတွက် ပါတီအရေအတွက် မည်မျှယှဉ်ပြိုင်ခွင့် ရှိမည်ကို အတိအကျ မသိရသေးသော်လည်း နောက်ထပ် ပါတီတခု နှစ်ခု ထွက်လာနိုင်သည့်အပြင် အန်အယ်လ်ဒီ လည်း ပါနိုင်သည်ဆိုပြီး ပြည်တွင်းဂျာနယ်တခုနှင့် တွေ့ဆုံရာတွင် တစညပါတီ ပြောခွင့်ရပုဂ္ဂိုလ်က မကြာခင် ရက်ပိုင်းအတွင်း ပြောခဲ့သည်။ စစ်အစိုးရနှင့် ရင်းနှီးသည်ဟု လူသိများသည့် ရန်ကုန်တိုင်းမ်ဂျာနယ်နှင့် တွေ့ဆုံရာတွင် တစညပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ကြီးက ယင်းသို့ ပြောခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ပြည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီကြီး (၃) ခုသာ ၀င်ရောက်ယှဉ် ပြိုင်ခွင့်ရမည် ဖြစ်သည်ဟု ၂၀၀၇ ခုနှစ် ဧပြီလတွင် ထိုင်းဝန်ကြီးချုပ်စမတ်က သတင်းထောက်များကို ပြောခဲ့ သည်။

REF: ခေတ်ပြိုင်

Read More...

မြန်မာမျိုးချစ်များအား ဖမ်းဆီးမှုနှစ်ချုပ်စာရင်း (အပြည့်အစုံ မဟုတ်ပါ)

တကယ်တော့ ဒီ အဖမ်းအဆီးစာရင်းလုပ်ထားတာ နှစ်ဟောင်း နှစ်သစ် စပ်ကူးမတ်ကူးကာလမှာပါ။ လေးအောက် အယ်ဒီတာလေးက မိုးကြိုး (၁၀၀) ပြည့်မှာ ဒေါ်ကူမဲန်ထရီအနေနဲ့ ထည့်ချင်တယ်လုပ်ပေးပါ.. ဆိုလို့ လုပ်ပေးထားတာပါ။ ဒါပေမယ့် ဒီလက အစောင် (၁၀၀) ပြည့်လည်းဖြစ်...(၁၀) နှစ်မြောက် မွေးနေ့နဲ့ လည်းတိုက်နေတော့ စာမျက်နှာ နည်းနည်း ကြပ်သွားတာရော စာရင်းကလည်း မထင်မှတ်ဘဲ အတော်ရှည် သွားတော့ ထည့်လို့မရတော့ဘူးနဲ့ တူပါတယ်။ ဒါနဲ့ပဲ ကျမ ဘလော့ထဲ ရောက်လာရတာပါ။

ပန်းစပယ် နန်းအလယ် မပေါ်ခိုက်ဟာမို့ ခံပွင့်ကိုကုံး...ဆိုသလိုပေါ့..
စစ်အစိုးရသည် ၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်တော်လှန်ရေးကို အစပြုသော လောင်စာဆီဈေးနှုန်း ကန့်ကွက်မှုမှ နာဂစ်မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များအားကူညီနေသည့် ဇာဂနာအထိ ဖမ်းဆီးထားသမျှ ပြည်သူ့ဘက်မှ ရပ် တည်သော အနုပညာရှင်များ၊ နိုင်ငံ့အရေးလှုပ်ရှားသူ ကျောင်းသားအဖွဲ့များ၊ နိုင်ငံရေးပါတီများ အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များအား အစုလိုက် အပြုံလိုက် နှစ်ရှည်ထောင် ဒဏ်များချမှတ်ခဲ့ပြီး ဆက်လက်၍လည်း ဖမ်းဆီးထောင်ချခြင်းများကို အရှိန်အဟုန်ဖြင့် ကျူးလွန်နေဆဲဖြစ်သည်။

သာသနာတော်ကိုထောင်ချခြင်း

ထောင်ဒဏ် ၆၈ နှစ်အချခံရသော မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီး၏ ဦးဆောင်ဆရာတော် အသျှင်ဂမ္ဘီရအား ခန္တီးထောင်၊ နောင်တော် ကိုအောင်ကျော်ကျော်အား တောင်ကြီးထောင်၊ အမှုတွဲ ကိုဝဏ္ဏ အောင်အား ပဲခူးထောင်၊ စက်တင်ဘာ (၅) က ရန်ကုန်တိုင်း၊ သံလျှင်မြို့နယ်၊ ဗိုလ်ချုပ်ရွာရှိ မာလာရုံ ကျောင်းတိုက် ကျောင်းတိုင်ဆရာတော် သက်တော် (၅၈) နှစ်အား ဖမ်းဆီးသွားကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောသည်။

စက်တင်ဘာတွင် သံဃာတော်များ ဆုတောင်းမေတ္တာပို့ကြွချီခြင်းများနောက်ပိုင်း ဘုန်းကြီးကျောင်းများသို့ စီးနင်းဖမ်းဆီးခြင်းခံရသော သံဃာတော်များအနက် ပုဇွန်တောင်မြို့နယ်၊ ကျားကျောင်းဆရာတော် ဦးစန္ဒိမာ အား ၂၀၀၈ ခုနှစ်၊ ကျောက်တံတားတရားရုံးမှ ထောင်ဒဏ် (၈) နှစ် ချမှတ်လိုက်ကြောင်း နိုဝင်ဘာလ (၁၄) ရက်နေ့ ခေတ်ပြိုင်သတင်းတွင် ဖော်ပြထားသည်။ ဦးစန္ဒိမာနှင့်အတူ ကိုကို (ခေါ်) ကိုဝဏ္ဏနွယ်ကိုလည်း အလားတူချမှတ်ခဲ့သည်။ စွဲဆိုခံရသော အမှုများမှာ မတရားအသင်းအက်ဥပဒေ ပုဒ်မ (၁၇/၁-၂) ဖြစ်ပြီး ဆက်လက်၍လည်း အသင်းအဖွဲ့ပုဒ်မ (၆) နှင့်လည်းကောင်း၊ ဖောက်ခွဲဖျက်ဆီးပုဒ်မ (၅/၆) စသည့် အမှု လက်ကျန်များဖြင့် နောက်ထပ် ထောင်ဒဏ်ကျခံရန်ရှိနေသေးကြောင်းလည်း သိရသည်။

ယမန်နေ့က မင်္ဂလာတောင်ညွန့်တရားရုံးမှ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေတောင်ကျောင်းတိုက်၊ ကျောင်း ထိုင်ဆရာတော် ဦးပြည်ကျော်အား ထောင်ဒဏ် (၁၀) နှစ်၊ ဦးသုတဉာဏနှင့် တူမဖြစ်သူ မအိတို့အား ထောင် ဒဏ် (၅) နှစ်စီ ချမှတ်ခဲ့ကြောင်းသိရသည်။

တရားခံဖြစ်သွားသော ရှေ့နေများ

ဒီမိုကရေစီရေး ထောက်ခံလှုပ်ရှားသူများအား ဥပဒေအကျိုးဆောင်ပေးနေကြသော ရှေ့နေကြီးများဖြစ်ကြ သည့် ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့အား တရားရုံးအား မထီမဲ့မြင်ပြုမှုနှင့် ထောင်ဒဏ်လေးလစီ ချမှတ် ကာ ဦးအောင်သိန်းအား ပုသိမ်ထောင်သို့လည်းကောင်း၊ ဦးခင်မောင်ရှိန်အား မြောင်းမြထောင်သို့လည်း ကောင်း ပြောင်းရွှေ့လိုက်သည်။ တရားခွင်တွင် “တရားစီရင်ရေးကို မယုံကြည်တော့…” ဟု သုံးနှုန်းခဲ့ခြင်း ကြောင့် တရားရုံးချုပ် ဒုတိယညွှန်ကြားရေးမှူးချုပ်တစ်ဦးက တရားစွဲခြင်းဖြစ်ကြောင်း…ဤသည်မှာ အမှုသည် များ၏ ပြောကြားချက်အတိုင်း တင်ပြခြင်းသာဖြစ်ကြောင်းနှင့် တရားခွင်အတွင်း တရားခံတွေကိုယ်တိုင် သုံးနှုန်းစဉ်ကလည်းကောင်း… စာတင်သည့်အခါကလည်းကောင်း ဟန့်တားခြင်း… ပြန်ဖျက်ပေးရန် တောင်း ဆိုခြင်းများလည်း တရားသူကြီးမှမရှိခဲ့ကြောင်း လုပ်ထုံးလုပ်နည်းများကို ခေတ်ပြိုင်သို့ ရှင်းပြခဲ့သည်။

အောက်တိုဘာ (၃၀) ကလည်း လူငယ်ရှေ့နေ ကိုညီညီထွေးနှင့် ၎င်း၏အမှုသည် သုံးဦးဖြစ်သော ကိုရန်နိုင် ထွန်း၊ ကိုမျိုးကျော်ဇင်နှင့် မီးသွေး ခေါ် ကိုအောင်မင်းနိုင်တို့အား တရားခွင်ကို မထီမဲ့မြင်ပြုမှုနှင့် ထောင်ဒဏ် (၆) လစီချမှတ်ခဲ့သည်။ ကိုညီညီထွေးသည် ရှေ့နေကိုစောကျော်ကျော်မင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းပွဲများအတွက် ဖမ်းဆီးချုပ်နှောင်ခံရသူ (၁၁) ဦးတို့အတွက် လိုက်ပါ ဆောင်ရွက်ပေးနေသူဖြစ်သည်။

ကိုစောကျော်ကျော်မင်းက တိမ်းရှောင်လျှက်ရှိနေပြီး တရားစွဲဆိုသောနေ့က ကိုညီညီထွေးအား ဒီဗွီဘီမှ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ကိုညီညီထွေးက “ကျနော်တို့ နိုင်ငံရေးအမှုတွေ လိုက်နေကတည်းက အားလုံး ကိုစွန့်ပြီး လိုက်ရတဲ့ အနေအထားပဲလေ၊ လိုင်စင်ဆိုတာလည်း မသေချာဘူး၊ ထောင်ကျရေး မကျရေးလည်း မသေချာဘူး၊ မျှတတဲ့ တရားစီရင်ရေးအရဆိုရင်တော့ ကျနော်တို့လို ရှေ့နေတွေကို တန်ပြန် တရားစွဲဆိုခံရဖို့ ဆိုတာက သိပ်တော့ မမျှော်လင့်ထားဘူး။ သမိုင်းတလျှောက်မှာ ကျနော်သိသလောက် တစ်ကြိမ်မှလည်း မကြုံတွေ့ဖူးဘူး။ ထောင်ကျမှာ၊ လိုင်စင်ပြုတ်မှာ ဒါနဲ့ပတ်သက်ပြီးတော့ သိပ်ပြီး စိုးရိမ်တကြီး အထိတ်တလန့် ကြီး ခံစားရတာမျိုးတော့ မရှိဘူးခင်ဗျ” ဟု ဖြေကြားသွားခဲ့သည်။

ဖမ်းဆီးထားသူများအနက်မှ ကိုအောင်သိန်းလွင်ကို ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ (၅) ခုနှင့် ထောင်ဒဏ် (၁၁) နှစ်၊ ဘောင်းဘောင်း ခေါ် ကိုဇော်မင်းအား ပုဒ်မ ၅၀၅ (ခ) အစိုးရ သို့မဟုတ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု ကို ထိခိုက်အောင်ကြံစည်မှုများနှင့် ထောင်ဒဏ် (၂) နှစ် ချမှတ်ခဲ့ကြောင်းသိရသည်။

စာ၊ နယ်၊ ဇင်းမှ အဖမ်းခံရသူများ-

အာဏာရူးကြီးသန်းရွှေ - စာတန်းပါအောင် ကဗျာရေးသားခဲ့သော ကဗျာဆရာစောဝေအား နိုဝင်ဘာ (၁၀) ရက်နေ့က ထောင်ဒဏ် (၂) နှစ် ချမှတ်လိုက်သည်။ အချစ်ဂျာနယ်တွင် ချစ်သူများနေ့အထိမ်းအမှတ်အဖြစ် ရေးသားသောကဗျာ၏ ထိပ်ဆုံးစာလုံးများကို ဒေါင်လိုက်ဖတ်ပါက “အာနာရူးကြီး မှူးကြီးသန်းရွှေ” ဟူသော စာတန်းထွက်လာသောကြောင့် ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ (၂၃) ရက်တွင် ရဲအထူးသတင်းတပ်ဖွဲ့ (အက်စ်ဘီ) က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ပြည်တွင်းအပတ်စဉ်ထုတ် စောင့်ကြည့်သတင်းဂျာနယ်မှ တရားရုံး ၀န်ထမ်းများ လာဘ်ပေးလာဘ်ယူသတင်းရေးသားခဲ့သော သတင်းထောက် ကိုထွန်းထွန်းသိန်းနှင့် ထည့်သွင်း ဖော်ပြခဲ့သော အယ်ဒီတာ ဦးခင်မောင်အေးတို့အား တရားခွင်မတင်ဘဲ ထောင်ဒဏ် (၃) လစီချမှတ်ပြီးမှ နေအိမ်များသို့ လာရောက်ဖမ်းဆီးသွားခဲ့သည်။ အောက်တိုဘာလအတွင်းက ဖော်ပြခဲ့သော ထိုသတင်းမှာ မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ခွင့်ပြုချက်ရပြီးမှ ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်း သတင်းထောက်တစ်ဦးက ဧရာဝတီသတင်းဌာနသို့ပြောခဲ့သည်။

နာဂစ်မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များအားကူညီမှုဖြင့် ၂၀၀၈ ခုနှစ်၊ ဇွန်လ (၁၃) ရက် က ဖမ်းဆီးခံခဲ့ရသော အားကစားအယ်ဒီတာ ဇော်သက်ထွေးအား နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးထိခိုက်စေမှု၊ သာသနာတော်ညှိုးနွမ်း အောင်ကြံဆောင်မှုတို့ဖြင့် ထောင်ဒဏ် (၄) နှစ် ချမှတ်လိုက်သည်။ နိုဝင်ဘာ (၂၈) ရက်နေ့တွင် မြန်မာ နေးရှင်းဂျာနယ် အယ်ဒီတာချုပ် ဦးသက်ဇင်နှင့် မန်နေဂျာဖြစ်သူ ဦးစိန်ဝင်းမောင်တို့အား တရားမ၀င် ပုံနှိပ် ထုတ်ဝေမှုဖြင့် ထောင်ဒဏ် (၇) နှစ်စီချမှတ်ခဲ့သည်။ စက်တင်ဘာလအတွင်းက ပန်းသတင်းဂျာနယ် သတင်း ထောက်ချုပ် ကိုစောမြင့်သန်း အဖမ်းခံရကြောင်း သတင်းရရှိပြီး ၎င်း၏ နောက်ဆက်တွဲသတင်းကို ထပ်မံမရရှိ သေးပါ။

ဂီတနှင့် အနုပညာရှင်များ

မြန်မာပြည်တွင် ပထမဆုံး ဟစ်ဟော့အဖွဲ့မှ အဆိုတော် ဇေယျာသော်အား ဖေဖော်ဝါရီလကုန်ပိုင်းက ဖမ်းဆီး ခဲ့ပြီး ထောင်ဒဏ် (၆) နှစ်ဖြင့် ကော့သောင်းထောင်သို့ ပြောင်းရွှေ့ပစ်ခဲ့သည်။ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးနောက်ပိုင်းတွင် လူငယ်များအချစ်တော် ဟစ်ဟော့အဖွဲ့ဖြစ်သည့် အက်ဆစ် တေးဂီတအဖွဲ့ သည် မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) ကို တည်ထောင်ပြီး မြန်မာပြည်အား အကြမ်းမဖက်လှုပ်ရှားမှုများဖြင့် နိုင်ငံရေးပြောင်းလဲတိုးတက်လာစေရန် တတ်စွမ်းသမျှ ကြိုးစားနေသော လူငယ်အဖွဲ့ဖြစ်သည်။

ဇေယျာသော်နှင့်အတူ ဖမ်းဆီးခံခဲ့ရသူများမှာ ကိုအောင်ဇေဖြိုး(တောင်ငူထောင်)၊ ကိုအာကာဗိုလ် (ကျောက် ဖြူထောင်)၊ ကိုဝေလွင်မျိုး၊ ကိုရန်နိုင်သူ၊ ကိုသီဟ၀င်းတင် အား (ညောင်ဦးထောင်) တို့ဖြစ်ကြပြီး ၎င်းတို့အား ပုဒ်မ ၆/၈၈ ခွင့်ပြုချက်မရဘဲ အသင်းအဖွဲ့ ဖွဲ့စည်းမှုဖြင့် ယခု မတ်လအတွင်းက ဖမ်းဆီးတရားစွဲဆိုထားခဲ့ခြင်း ဖြစ်သည်။ ဇေယျာသော်မှာ တရားမ၀င် နိုင်ငံခြားငွေကိုင်ဆောင်မှု တစ်မှု ၂၄/၁ တစ်မှုတိုး၍ (၆) နှစ်ကျခံစေ ခဲ့သည်။

မြန်မာနိုင်ငံ၏ နာမည်ကြီး ဟစ်ဟော့အဆိုတော် ရန်ရန်ချန်းကို ဧပြီလ (၁၈) ရက်၊ သင်္ကြန်အတက်နေ့ (ကြာသာပတေးနေ့) က မုံရွာမြို့တွင် ဖမ်းဆီးခဲ့သည်။

စက်တင်ဘာ (၃) ရက်တွင် အဖွဲ့ဝင် ကိုတင်မျိုးထွဋ် (ခ) ကိုကျော်ဦးအား ဖမ်းဆီးသွားကြောင်း G/W အဖွဲ့မှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ စက်တင်ဘာတော်လှန်ရေးနှစ်ပတ်လည်နား နီးလာသောကြောင့် အထိမ်း အမှတ်လှုပ်ရှားမှုများ ပြုလုပ်မည်စိုးသောကြောင့် လူငယ်အဖွဲ့များကို ပစ်မှားထားပြီး ဖမ်းဆီးခြင်းဖြစ်နိုင် ကြောင်း အဖွဲ့ခေါင်းဆောင် ကိုမိုးဃ်သွေးက ပြောသည်။

အောက်တိုဘာ (၃) ရက်နေ့တွင် Generation Wave (G/W) မျိုးဆက်သစ်လူငယ်များအစည်းအရုံးမှ အဖွဲ့ ၀င် (၄) ဦးအပါအ၀င် နိုင်ငံရေးလှုပ်ရှားသူ လူငယ် (၈) ဦးအား ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်တွင်း နေအိမ်တစ်အိမ်မှ ဖမ်းဆီးသွားခဲ့ကြောင်း (G/W) က ကြေညာသည်။

အောက်တိုဘာ (၉) ရက်နေ့က ရန်ကုန်နှင့် အခြားမြို့များတွင် (G/W) ဖွဲ့စည်းသည့် တစ်နှစ်ပြည့် အထိမ်း အမှတ်အဖြစ် “စစ်အာဏာရှင် အဆုံးသတ် ၂၀၀၈” ဟု ရေးသားထားသည့် တစ်လက်မခွဲပတ်လည် စာရွက်ပိုင်းများဖြန့်ဝေမှုဖြင့် ကိုခိုင်ကိုမွန် (ခ) ငြိမ်းချမ်း၊ ကိုရဲသူကို (ခ) ညီညီ၊ ကိုဇင်မင်းအောင်နှင့် ကိုအောင် ပိုင် အဖမ်းခံခဲ့ကြရပြီး ၎င်းတို့နှင့်အတူ အိမ်ရှင်များနှင့် ထိုအိမ်သို့ အလည်ရောက်နေသည့် ဧည့်သည်များကို အောက်တိုဘာ (၉) ရက်နှင့် (၁၀) ရက် နေ့များတွင် ဖမ်းဆီးသွားခဲ့သည်။ လက်ကိုင်ဖုန်း၊ ကင်မရာ၊ စာရွက် စာတန်းအပိုင်းများနှင့် လှုပ်ရှားမှုမှတ်တမ်းတင် ဓာတ်ပုံများကို သိမ်းဆည်းသွားခဲ့သည်။

ရွှေသံစဉ် တေးဂီတအဖွဲ့၏ အဖွဲ့မှူး ဂီတအနုပညာရှင် ကိုဝင်းမော်နှင့် အခြားအဆိုတော်နှစ်ဦးတို့အား ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံသော သီချင်းများရေးမှုဖြင့် ၂၀၀၇ နိုဝင်ဘာ (၂၇) ရက်က ဖမ်းဆီးသွားခဲ့သည်။ ၂၀၀၈ အောက်တိုဘာ (၃၀) တွင် ရွှေသံစဉ် ကိုဝင်းမော်၊ ကိုမြတ်စံနှင့်အတူ အဖမ်းခံရ သည့် ကိုသိန်းအောင်လင်း (ခ) ရှဲအား ထောင်တွင်းအထူးတရားရုံးက ဥပဒေပုဒ်မ (၅) ခုဖြင့် ထောင်ဒဏ် (၁၁) နှစ် ချမှတ်လိုက်သည်။

၂၀၀၈ ခုနှစ်၊ ဇွန်လ (၅) ရက် က ပြည်သူ့အချစ်တော် ဇာဂနာအား လာရောက်ဖမ်းဆီးစဉ်က ဖမ်းဆီးသူများ က (၂) ရက်လောက်ကြာမည်ဟု ပြောသွားခဲ့သော်လည်း နိုဝင်ဘာ (၂၇) ရက်နေ့တွင် အင်းစိန်တရားရုံးမှ ထောင်ဒဏ် (၅၉) နှစ်ချကာ မြန်မာပြည်မြောက်ဖျားပိုင်း မြစ်ကြီးနားထောင်သို့ ပို့လိုက်ပြီဖြစ်သည်။ ဇာဂနာ အား လာရောက်ဖမ်းဆီးစဉ်က သိမ်းယူသွားခဲ့သော လေဘေးကယ်ဆယ်ရေး လုပ်ငန်းမှတ်တမ်းတင် စီဒီ ဓာတ်ပြားတစ်ချပ်၊ ရမ်ဘို အပိုင်း(၄) ရုပ်ရှင် ဓာတ်ပြား၊ စိန်စီသောည စီဒီဓာတ်ပြား၊ အမေရိကန် ဒေါ်လာ (၁၀၀၀) fec (၃၀) တို့ဖြင့် ဗွီဒီယိုဥပဒေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုထိခိုက်စေမှု၊ သာသနာညှိုးနွမ်းစေမှု စသည့် ပုဒ်မ (၄) ခုဖြင့် အမှုဆင်ထောင်ချခဲ့ခြင်းဖြစ်သည်။ ဇာဂနာ၏ အမှုတွဲများဖြစ်ကြသော ကိုဇော်သက်ထွေးအား ထောင်ဒဏ် (၄) နှစ်၊ ကိုသန့်ဇင်အောင်အား ဗွီဒီယိုဥပဒေဖြင့် (၃) နှစ် ကျခံစေခဲ့သည်။

(၈၈) မျိုးဆက်များ

တရားရုံးအားမထေမဲ့မြင်ပြုမှုဖြင့် ထောင်ဒဏ် (၆) လ ရှေ့ပြေးချမှတ်ကာ အင်းစိန်ထောင်မှ မအူပင်ထောင်သို့ ပြောင်းခံခဲ့ကြရသော ၈၈ ခေါင်းဆောင် (၉) ဦးအနက် (၈) ဦးအား နိုဝင်ဘာလ (၁၀) ရက်နေ့၌ မအူပင် ထောင်က ထောင်ဒဏ် (၆၅) နှစ်စီ စီရင်ချက်ချခဲ့ပြီးနောက် ဝေးလံခေါင်သီသော ထောင်အသီးသီးသို့ ပြောင်း ရွှေ့ရန် နိုဝင်ဘာ (၁၅) ရက်တွင် အင်းစိန်သို့ ပြန်ခေါ်လာခဲ့သော်လည်း မိသားစုများအား အသိပေး အကြောင်းကြားခြင်းမရှိခဲ့ကြောင်း သိရသည်။

(၆၅) နှစ် စာရင်းပေါက်သူ (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် အပို့ခံရသော ထောင်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ကိုမင်းကိုနိုင်နှင့် ကိုကိုကြီး (ကျိုင်းတုံထောင်)၊
ကိုဌေးကြွယ် (ဘူးသီးတောင်ထောင်)၊
ကိုမြအေး (လွိုင်ကော်ထောင်)၊
ကိုပြုံးချို (ကော့သောင်းထောင်)၊
ကိုအောင်သူ (ပူတာအိုထောင်)၊
ကိုလှမျိုးနောင် (မြစ်ကြီးနားထောင်)၊
ကိုအောင်နိုင် (ကလေးထောင်)၊
ကိုဉာဏ်လင်းကို အင်းစိန်မှ ထပ်မံမပြောင်းရွှေ့သေးပါ။
(အထက်ပါစာရင်းဝင်များမှာ (၆၅) နှစ်မတိုင်မီ ရုံးတော်အား မထေမဲ့မြင်ပြုမှု… ဟုဆိုလျှက် ထောင်ဒဏ် (၆) လဦးစွာ ချထားပြီးဖြစ်သည်။)

ရုံးတော်အတွင်း တရားရင်ဆိုင်နေစဉ် လက်ထိပ်ခတ်မထားရန်ကိုလည်းကောင်း၊ မိမိတို့သည် ပြစ်မှုကျူးလွန် ခြင်း မရှိသော အကျဉ်းသားများ ဖြစ်သည့်အတွက် “တရားခံ” ဟု မသုံးစွဲဘဲ “စွပ်စွဲခံရသူ” ဟုသာ သုံးနှုံးရန်၊ လွတ်လပ်သော တရားစီရင်မှုဖြစ်စေရေးအတွက် အများပြည်သူများ လာရောက်ကြားနာခွင့်တို့ကို တရားခွင်၌ တရားဝင်တောင်းဆိုခြင်းအား စစ်အုပ်စုက ရုံးတော်အား မထေမဲ့မြင်ပြုမှုအဖြစ် သတ်မှတ်သည်။

ဆက်လက်၍ -- ကိုမင်းဇေယျာ၊ ကိုဂျင်မီ ခေါ် ကိုကျော်မင်းယု၊ ကိုအံ့ဘွယ်ကျော်၊ ကိုမာကီး ခေါ် ကိုကျော် ကျော်ထွေး၊ ကြီးသန်း ခေါ် ကိုသန်းတင်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုဇေယျ၊ ကိုသက်ဇော်၊ ကိုဇော်ဇော်မင်း၊ မနီလာ သိန်း၊ မမာမာဦး၊ မီးမီး ခေါ် မသင်းသင်းအေး၊ ရွှီး ခေါ် စန္ဒာမင်း၊ မသက်သက်အောင်တို့လည်း (၆၅) နှစ် ပြစ်ဒဏ်ကျခံသူများဖြစ်သည်။

လားရှိုးထောင်သို့ အပို့ခံထားရသော ကိုမင်းဇေယျာသည် ယခု ဆောင်းဝင်လာသောအခါ ရာသီပြင်းသော ဒေသတွင် တိုက်ပိတ်ခံထားရသည့်အတွက် ယခင်ခွဲထားသည့် ခါးမှ ပြန်လည်နာကျင်မှုရှိလာကြောင်း ဇနီး ဖြစ်သူ မချိုချိုဝင်းက ဒီဗွီဘီသို့ပြောသည်။

မိုင်းဆတ်ထောင်အတွင်း ကိုကိုကြီးကျန်းမာရေးအခြေအနေဆိုး မိသားစုစိုးရိမ်နေ (အသည်းကြီးသောကြောင့် ဗိုက်မှာရေရှိ။ ယခင် ထောင် (၁၃) နှစ်တာကာလအတွင်း အသည်းရောင်အသားဝါ ဘီပိုးဝင်ခဲ့) နိုင်ငံရေး အကျဉ်းသားများဖြစ်သော ကိုသိန်းဝင်း၊ ကိုဝေလွင်မျိုး၊ ကိုကျော်ဆန်းတို့နှင့်အတူ ထောင်ဒဏ် (၆၅) နှစ် ကျခံရသော ၈၈ မျိုးဆက်ခေါင်းဆောင် မသင်းသင်းအေး ခေါ် မီးမီးအား နိုဝင်ဘာ (၂၀) ရက်နေ့က အင်းစိန် ထောင်မှ ပုသိမ်ထောင်သို့ ပြောင်းလိုက်သည်။ မီးမီးသည် (၉၆) တွင် တခါကျပြီး ၂၀၀၅ မှာပြန်လွတ်ခဲ့ပြီး သားတစ်ယောက် သမီးတစ်ယောက်ရှိသည်။ လေးဘက်နာရှိသည်ဟု ခင်ပွန်းဖြစ်သူ ကိုလှမိုးက ခေတ်ပြိုင် သို့ ပြောသည်။

ကိုဌေးကြွယ်။ ။ ရန်ကုန်၊ အင်းစိန်မှ ဘူးသီးတောင်သို့အပြောင်းခံရသော ကိုဌေးကြွယ် (၈ပေ-၁၀ပေ) အခန်း ထဲမှ လမ်းထွက်လျှောက်ခွင့်မရသေး။ ယခင်ဗိုက်ခွဲထားသည်က ပြန်နာလာခြင်း၊ ရေချိုးခွင့်မရသောကြောင့် ယားနာပေါက်ခြင်းနှင့် ထမင်းဝအောင်မကျွေးကြောင်း ဘူးသီးထောင်တွင် ထောင်ဆရာဝန်မရှိကြောင်းတို့ကို မိသားစုအသိုင်းအ၀ိုင်းမှတဆင့်သိရသည်။

အင်းစိန်ထောင်အတွင်းရှိနေကြသော (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင်များအနက် သိန်းသန်းထွန်း (ခေါ်) စမ်းချောင်းကိုကိုကြီးသည် ထောင်ဆေးရုံတက်ကာ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းယူနေရကြောင်း ဒီဗွီဘီသတင်းတွင် ဖော်ပြထားသည်။ ထောင်တွင်း၌ အနွေးထည်နှင့် စောင်မလုံလောက်မှု၊ လမ်းလျှောက်ခွင့် နည်းပါးမှုတို့ကြောင့် အကျဉ်းသားများမှာ ထုံကျင်ကိုက်ခဲမှု ဝေဒနာကို အနည်းနှင့်အများ ခံစားနေကြရ ကြောင်းလည်း ဖော်ပြထားသည်။ စမ်းချောင်း ကိုကိုကြီးအပါအ၀င် အင်းစိန်ထောင်တွင်း၌ (၈၈) မျိုးဆက် (၁၃) ဦးကျန်ရစ်ခဲ့ပြီး။ (၁၁) နှစ်ကျသူ (၈) ဦးနှင့် (၉) နှစ်ကျသူ (၅) ဦးဖြစ်သည်။ ၎င်းတို့အား စွဲဆိုသည့်အမှု များတွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုအား ထိခိုက်စေမှု တစ်မှုတည်းအတွက် ထောင်ဒဏ် (၆) နှစ် သတ်မှတ် သည်။

(၈၈) ခေါင်းဆောင်များအနက် (၁၁) နှစ်ကျသူများမှာ သိန်းသန်းထွန်း (ခေါ်) စမ်းချောင်းကိုကိုကြီး၊ ဇော်ထက်ကိုကို၊ ချစ်ကိုလင်း၊ မလေးလေး မွန်၊ မနိုဘယ်အေး (ခေါ်) နှင်းမေအောင်၊ မနှင်းရီ (ခေါ်) နိုးနိုး၊ မသရဖီ သိမ့်သိမ့်ထွန်း၊ မအေးသီတာတို့ ဖြစ်ကြသည်။ (၉) နှစ်ကျခံရသူများမှာ ကိုသော်ဇင်ထွန်း၊ ကိုကြည် သန်း၊ စောမျိုးမင်းလှိုင် (ခေါ်) ဂျိမ်း၊ ကိုအောင်သိုက်စိုးနှင့် ဒေါ်စန်းစန်းတင်တို့ဖြစ်ကြသည်။ အင်းစိန်ထောင် အတွင်းတွင် ၎င်း (၁၃) ဦး အပြင် နောက်ထပ် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး (၅၀) ခန့် ရှိနေသေး ကြောင်း အကျဉ်းသားမိသားစုဝင်များက ပြောသည်။

(၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် (အင်္ဂလိပ်စာပြ ဆရာတစ်ဦး) ကိုတိုးကျော်လှိုင်အား ဘိုကလေးမြို့ နာဂစ်ဒုက္ခသည်များအား ကူညီပြီး ပြန်လာပြီးနောက် ဖမ်းဆီးသွားခဲ့သည်။ ကိုတိုးကျော်လှိုင်နှင့်အတူ (၈၈) မျိုးဆက်မှ သုံးဦးအဖမ်းခံရသည်။ ယခုရက်ပိုင်းအတွင်း အခြား အဖမ်းခံရသူများမှာ မအိမ့်ခိုင်ဦး၊ မယဉ်ယဉ် ၀ိုင်း ခေါ် ဆည်းဆာ၊ မတင်တင်ချို၊ ကိုဇော်၊ ကိုတင်မောင်ဦး၊ မနှင့်ပွင့်ဝေ၊ ကိုလင်းထက်နိုင်၊ ကိုရဲတံခွန်၊ မနီမိုလှိုင်တို့ ဖြစ်ကြသည်။

အောက်တိုဘာ (၁၇) ရက်တွင် ၈၈ မျိုးဆက်ကျောင်းသားများအနက် (၂) ဦးဖြစ်သူ မခင်မိုးအေးနှင့် ကိုကျော်စိုးတို့အား နိုင်ငံခြားငွေ လက်ဝယ်တွေ့ရှိမှုအက်ဥပဒေ ပုဒ်မ ၂၄ (၁) အရ အလုပ်ကြမ်းနှင့် ထောင် ဒဏ် (၃) နှစ်စီ ချမှတ်ခြင်းခံရသည်။ ၎င်းတို့အား ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် စအဖ မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မခင်မိုးအေးသည် ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုများအတွင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂတွင် ပါဝင် ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရစဉ်က ရန်ကုန်တက္ကသိုလ်တွင် ပြုလုပ်ခဲ့သည့် ထောက်ခံပွဲများကို ဦးဆောင်ခဲ့သဖြင့် ထောင်ဒဏ် (၁၀) နှစ် ကျခံခဲ့ရသည်။ သို့သော် နှစ်ပြည့် မနေခဲ့ရဘဲ ၁၉၉၂ ခုနှစ်တွင် ပြန်လည်လွှတ်ပေးခြင်းခံရပြီး ကိုအောင်ထွန်း ရေးသားပြုစုသော မြန်မာနိုင်ငံ ကျောင်းသားသမိုင်းစာအုပ်ကို အကူအညီပေးခဲ့သဖြင့် ၁၉၉၈ ဖေဖော်ဝါရီလတွင် နောက်တစ်ကြိမ် အဖမ်းခံရ သည်။ ၂၀၀၃ ခုနှစ် မေလတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ကိုကျော်စိုးသည် ၁၉၉၀ က ကိုဖုန်းမော် (၂) နှစ်ပြည့်အခမ်းအနားဖြစ်မြောက်ရေး (၁၉) ဦးကော်မတီတွင် ပါဝင်ခဲ့သောကြောင့် အခြားကော်မတီဝင်များနှင့်အတူ အဖမ်းခံခဲ့ရပြီး ထောင်မှပြန်လွတ်လာသောအခါတွင် လည်း ဒီမိုကရေစီရေးနှင့် ကျောင်းသားရေးရာများကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် (ဗကသ)

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ်ခေါင်းဆောင် ဒီငြိမ်းလင်းကိုလည်း ထောင်ဒဏ် (၁၀) နှစ်ခွဲ ချ ထားပြီးဖြစ်သည့်အပြင် နောက်တိုး သင်းဖွဲ့ပုဒ်မနှင့် ဆက်လက်ရုံးထုတ်နေဆဲဖြစ်သည်။

နိုဝင်ဘာ (၁၃) ရက်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ချုပ် (ဗကသအဖွဲ့ချုပ်) ခေါင်း ဆောင်တစ်ဦးဖြစ်သည့် မဟန်နီဦးအား အသင်းအဖွဲ့ပုဒ်မ (၆) ၅၀၅/ခ တို့ဖြင့် ထောင် (၉) နှစ်ခွဲ ချမှတ်ခံရ သည်။အသက် (၂၁) နှစ်အရွယ် ဥပဒေကျောင်းသူ မဟန်နီဦးတွင် လေးဘက်နာရှိကြောင်း မိသားစုဝင်များက ပြောသည်။

(စည်သူမောင်နှင့်အတူ။ စက်တင်ဘာနောက်ပိုင်း) ရှမ်းပြည်နယ်၊ လားရှိုးထောင်သို့ပြောင်းရွှေ့ခဲ့။ ထို ထောင် တွင် ဒေါပုံမြို့နယ်မှ ကိုအုန်းဂျော်၊ ကိုထွန်းမြင့်ထွန်း၊ ကိုမင်းဇေယျ၊ ကိုမြင့်ဟန်နှင့် မဂ္ဂင်ဆရာတော်တို့လည်း ရှိသည်။

ထို့အပြင် (၈၈) မျိုးဆက် ကျောင်းသားအဖွဲ့နှင့် ၂၀၀၇ ခုနှစ်က ပြန်လည်ဖွဲ့စည်းခဲ့သည့် ဗကသများအဖွဲ့ချုပ်ကို အကူအညီပေးသည့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်၊ ကဗျာဆရာများသမဂ္ဂကိုဦးဆောင်ခဲ့သူ ကိုမင်းဟန်အား လည်း အင်းစိန်ထောင်တွင်း အထူးတရားရုံးမှ ထောင်ဒဏ် (၁၁) နှစ် ချမှတ်လိုက်ကြောင်း (၈၈) ကျောင်းသားအဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောကြားသည်။

၂၀၀၇ မျိုးဆက်၊ ဗကသ (အထက်မြန်မာပြည်-လူငယ်) ကျောင်းသားခေါင်းဆောင် ကိုထွန်းထွန်းအား မိအောင်မဖမ်းနိုင်သည့်အတွက် ကိုယ်ဝန်သုံးလဖြင့် မိခင်လောင်း မကေသီအောင်အား ဖမ်းဆီးသွားခဲ့ပြီး ဒီဇင်ဘာ (၁၅) ရက်နေ့က စာရွက် စာတမ်းဖြန့်ဝေမှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့ဖြင့် စွဲချက်တင်ကာ ထောင်ဒဏ် (၂၆) နှစ်ချမှတ်လိုက်သည်။ အမှုတွဲများဖြစ်ကြသော ကိုထွန်းထွန်း၏အကို ကိုဝေမျိုးအား (၂၆) နှစ်နှင့် ဦးဇင်းမေတ္တာနိုင်၊ ဦးဇင်းဦးသာဂရနှင့် ဦးသုမင်္ဂလတို့မှာလည်း ၎င်းတို့နှင့် အမှုတွဲများဖြစ်ကြောင်း Freedom News Group ၏ ဘလော့တွင် ရေးသားဖော်ပြထားသည်။

အထက်ဗမာပြည် (မန္တလေး) ဗကသ လူငယ်ကျောင်းသား ကိုဗိုလ်မင်းယုအား အမှုပေါင်း (၄၀) ဖြင့် ထောင် ဒဏ် နှစ်ပေါင်း (၁၀၄) နှစ် ချမှတ်ထားသည်။ မန္တလေးတိုင်း၊ အိုးဘိုထောင်တွင်း တရားရုံးတွင် ရှေ့နေမပါဘဲ တစ်ဘက်သတ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ခေတ်က ကျောင်းသားခေါင်း ဆောင် ကိုတင်မောင်ဦးအေား သေဒဏ်ပေးသည့်ဖြစ်ရပ်နောက်ပိုင်းတွင် ဒုတိယ အကြီးမားဆုံး ပြစ်ဒဏ်ဖြစ် ကြောင်း၊ ဗကသ အထက်ဗမာပြည် (မန္တလေး) အဖွဲ့ဝင် ကိုညီညီအားလည်း မန္တလေးထောင်တွင်းတရားရုံးမှ ထောင်ဒဏ် နှစ် (၅၀) ချမှတ်လိုက်ကြောင်း ဖရီးဒဲမ်းသတင်းအုပ်စုဘလော့ဂ်တွင် ဖော်ပြပါရှိသည်။

နာဂစ်မုန်တိုင်းကြောင့် အတိဒုက္ခရောက်နေသော ပြည်သူများကို ကူညီမှုဖြင့် ဖမ်းဆီးထောင်ချခံရသော မျိုးဆက်သစ် လူငယ်များအစည်းအရုံးနှင့် အကောင်းဆုံးမြေသြဇာအဖွဲ့မှ ကျောင်းသားလူငယ်များ၊ ဆရာ တော် ဦးစန္ဒိမာအပါအ၀င် ခုနစ်ဦးအမှုတွဲ။ (၈၈) မျိုးဆက်မှ ထောင်ဒဏ်ချကာ နယ်ပို့ခံရပြီးသော မာမာဦး၏ အမှုတွဲများဖြစ်ကြသော (၆) ဦးတို့မှာ အမှုရင်ဆိုင်နေရဆဲဖြစ်သည်။ စုစုပေါင်း (၂၅၀) ခန့်ကို ဝေးလံသော နယ်ထောင်များသို့ ပို့ပစ်ခဲ့ကြောင်း ဒီဗွီဘီသတင်းတွင် ဖော်ပြထားသည်။

နိုဝင်ဘာ (၁၃) (၈၈) မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ကိုမျိုးရန်နောင်သိန်းနှင့် ကိုမင်းမင်းစိုးတို့အား ထောင် ဒဏ် (၂) နှစ်စီနှင့် ကွန်ပြူတာပညာရှင် မမြမြသိမ့်အား လှိုင်မြို့နယ်တရားရုံးမှ ထောင်ဒဏ် (၅) နှစ် ချမှတ် လိုက်သည်။ စက်တင်ဘာလအတွင်း နောက်ထပ်ဖမ်းဆီးခံရသူများမှာ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး အဖွဲ့ဝင် ကိုစောမောင်နှင့် ကိုကျော်ဦး၊ တရားမျှတမှုအတွက် မျိုးဆက်သစ်လှုပ်ရှားမှုအဖွဲ့ဝင် ကိုကို၊ အကောင်း ဆုံးမြေသြဇာအဖွဲ့ဝင် ကိုမောင်ငယ်တို့ဖြစ်ကြသည်။

ပဲခူးထောင်တွင် ကျခံနေရသော နိုင်ငံရေးအကျဉ်းသူ မထားထားသက်အား ထောင်အာဏာပိုင်များက ရာဇ ၀တ်မှု အကျဉ်းသူများနှင့် ရောနှောထားခဲ့ရာ လူပေါင်းစုံနှင့် စီးကရက်ဆေးလိပ်နံ့တို့အား မခံနိုင်သဖြင့် ထောင်ပြောင်းရန်တောင်းဆိုခဲ့ရာ ခန္တီးထောင်သို့ ပို့လိုက်ကြောင်း မိသားစုမှ အတည်ပြုပြောကြားသည်။ မထားထားသက်အား လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃ (၁) နယ်စပ်ဖြတ်ကျော်မှုအပါအ၀င် ပုဒ်မ (၇) ခုဖြင့် ထောင်ဒဏ် (၁၉) နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

နာဂစ်မုန်တိုင်းအတွင်းတွင် ကိုးနှစ်အရွယ် တစ်ဦးတည်းသောသားနှင့် မိဘနှစ်ပါးတို့ ဆုံးပါးခဲ့ရသော ဧရာဝတီ တိုင်း၊ ဘိုကလေးမြို့နယ်မှ ကိုသီဟသက်ဇင်သည် ယခုအခါတွင် မြစ်ကြီးနားထောင်အတွင်း၌ အအေးဒဏ် ကို မခံနိုင်သောကြောင့် ခေါင်းကိုက်ခြင်းနှင့် နောက်ကျောတက်ခြင်းဝေဒနာကို ပြင်းထန်စွာ ခံစားနေရ ကြောင်း ထောင်ဝင်စာတွေ့ပြီး ပြန်လာသည့် ဇနီးဖြစ်သူက ဒီဗွီဘီသို့ အတည်ပြုပြောကြားသည်။ ကိုသီဟ သက်ဇင်သည် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ (၃) ခုဖြင့် ထောင်ဒဏ် (၁၈) နှစ် စီရင်ခြင်း ခံထားရသူဖြစ်သည်။

ဒီဇင်ဘာ (၁၉) ရက်နေ့ကလည်း ပဲခူးထောင်တွင် (၂) နှစ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား မောင်ဆန်းသည် ဆေးကုသခွင့်တောင်းခံသည်ကို မရသဖြင့် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သွားခဲ့ သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ -

၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာ (၃၀) တွင် အဖွဲ့ချုပ်အဖွဲ့ဝင်လူငယ်အား ပြည်သူ့လွှတ်တော်ရှေ့တွင် ဖမ်းဆီးခြင်းခံခဲ့ ကြရသည်။ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သော လူငယ်ဟောပြောပွဲမှ အပြန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေး…စာတန်းပါ ပိတ်ဖြူဆိုင်းဘုတ်ကို ကိုင်ဆောင်၍ တိတ်ဆိတ်ငြိမ်းချမ်းစွာ လမ်းလျှောက်လာကြစဉ် ရိုက်နှက်ဖမ်းဆီးသွားခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူ(၉) ဦးမှာ -
စမ်းချောင်းမြို့နယ်မှ အဖွဲ့ဝင်များဖြစ်ကြသော ကိုထွန်းထွန်းဝင်း (လူငယ်တာဝန်ခံ)၊ ကိုထွန်းလင်း၊ ကိုပြည့် ပြည့် (ဒဂုံတက္ကသိုလ် ပထမနှစ် ဥပဒေကျောင်းသား)၊ ကောင်းထက်လှိုင်၊ အောင်ဖြိုးဝေ၊ သက်မောင်ထွန်း၊ ထက်ထက်ဦးဝေ (ရွှေပြည်သာ)၊ ၀င်းမြင့်မောင် ခေါ် ပဲပြုတ် (ခရမ်း)၊ ကိုမင်းသိန်း (သာကေတ) တို့ဖြစ်ကြ သည်။

၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ (၁၀) ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် လူငယ်ဘလော့ဂါ နေဘုန်း လတ် (၂၈) နှစ်အား ဗွီဒီယိုပုဒ်မ၊ ပုဒ်မ ၅၀၅ (ခ)၊ အီလက်ထရွန်းနစ်ဥပဒေတို့ဖြင့် တရားစွဲဆိုခဲ့ပြီး ထောင် ဒဏ် အနှစ် (၂၀) နှင့် (၆) လချမှတ်ကာ ကရင်ပြည်နယ်၊ ဘားအံထောင်သို့ ပို့ခြင်းခံခဲ့ရသည်။ ၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလ (၂၉) ရက်က ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းနေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် (၉) လ အကြာတွင် ထိုသို့စီရင်ခဲ့ခြင်းဖြစ်သည်။ နေဘုန်းလတ်နှင့်အတူ အဖမ်းခံခဲ့ရသော မသင်းဇူလိုင်ကျော်ကို လည်း ဗီဒီယိုအက်ဥပဒေပုဒ်မ ၃၂ (ခ) ၃၆ ဖြင့် ထောင်ဒဏ် (၂) နှစ် ချမှတ်ခဲ့သည်။

၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ (၁၂) ရက်က မစုစုနွေးအား ထောင်ဒဏ် (၁၂) နှစ်နှင့် (၆) လနှင့် အမှုတွဲ ဘိုဘို ၀င်းလှိုင်ကို (၈) နှစ် ချလိုက်သည်။ မစုစုနွေးအား ဦးစွာ စွဲဆိုထားသော ပုဒ်မ ၁၂၄ (က)၊ ၁၃၀ (ခ)၊ ၅၀၅ (ခ)/၃၄ တို့ဖြင့် စွဲဆိုထားရာမှ ပုဒ်မ ၁၂၄ (က) ကိုဖြုတ်၍ ပုဒ်မ ၁၅၂၊ ၁၃၀ (ခ)၊ ၅၀၅ (ခ) တို့ဖြင့် ပြောင်းလဲ စွဲဆိုခဲ့သည်။ ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့က စစ်အစိုးရစိုက်ထူထားသည့် “အမေရိကန်အားကိုး၊ ပုဆိန်ရိုး… အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ” ဆိုသည့် ဆိုင်းဘုတ်တွင် စစ်အစိုးရဆန့်ကျင်ရေးပိုစတာ ချိတ်ဆွဲစဉ် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

ကနေဒါနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့ချုပ်က ဂျွန်ဟမ်းဖရေး လွတ်လပ်ရေးဆုကို ၂၀၀၆ ခုနှစ်က ရရှိထားခဲ့သူ မစုစုနွေးတွင် မွေးရာပါ နှလုံးရောဂါနှင့် လေးဘက်နာရောဂါတို့ကို ခံစားနေရပြီး တိမ်း ရှောင်နေစဉ် ကာလများအတွင်းက ခွဲစိတ်မှုတစ်ကြိမ် ပြုခဲ့ရသူလည်း ဖြစ်သည်။ မစုစုနွေး၏လည်ပင်းတွင် အကြိတ်ပေါက်နေသဖြင့် ဆရာဝန်နှင့်တွေ့ခွင့်တောင်းသော်လည်း အာဏာပိုင်များက ခွင့်မပြုခဲ့ပေ။

နိုဝင်ဘာလ (၁၃) ရက်တွင် အဖွဲ့ချုပ် အဖွဲ့ဝင် (၁၁) ဦးအား အများပြည်သူ ဆူပူမှုဖြစ်ရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မလေးခုဖြင့် တရားစွဲဆိုထားရာမှ ထောင်ဒဏ် (၇ နှစ်၊ ၆ လ) စီ ချမှတ်လိုက်သည်။ ထို (၁၁) ဦးတွင် အသက် (၇၂) နှစ်အရွယ် ဦးတင်ယုအပါအ၀င် လှိုင်သာယာမြို့နယ်မှ ကိုသန်းနိုင်၊ မလှလှ မော်၊ ကိုစိုးမင်းမင်း၊ ကိုသန့်ဇင်မျိုး၊ ကိုကျော်စိုးဝင်း၊ ကိုဆန်းဝင်း၊ ကိုအောင်မင်းနိုင်၊ ဦးဝင်းမြင့်၊ ကိုမျိုးကျော် ဇင် (အင်းစိန်) နှင့် ကိုရန်နိုင်ထွန်း (ကြည့်မြင်တိုင်) တို့ ဖြစ်သည်။

ရုံးတော်အားမထေမဲ့မြင်ပြုမှု (ပုဒ်မ ၂၂၈) ဖြင့် ထောင်ဒဏ် (၆) လစီ ပို၍ကျခံကြရသူများမှာ ကိုအောင်မင်း နိုင် ခေါ် မီးသွေး (ကြည့်မြင်နိုင်) ကိုမျိုးကျော်ဇင် (အင်းစိန်)၊ ကိုရန်နိုင်ထွန်း၊ ကိုသက်ဇော်မြင့်နှင့် ကိုသန့်ဇင် မျိုး (လှိုင်သာယာ) တို့ဖြစ်ပြီး ယခုအခါ ၎င်းတို့ (၁၁) ဦးအား အင်းစိန်ထောင်သို့ ပို့လိုက်ကြောင်းသိရသည်။

တဆက်တည်းမှာပင် အင်းစိန်ထောင်အတွင်း ယာယီတရားရုံးမှ စီရင်ချက်အချခံရသည့် ထောင်ဒဏ် (၇) နှစ် ခွဲ ကျသူများမှာ ကမာရွတ်မြို့နယ်မှ ကိုကျော်စိုးဝင်း၊ ကိုသိုက်မင်းနှင့် မြောက်ဥက္ကလာအဖွဲ့ချုပ်အဖွဲ့ဝင် ဒေါ်မငယ်တို့ဖြစ်ကြသည်။

တဆက်တည်းမှာပင် ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်အဲန်အယ်လ်ဒီ ဥက္ကဌ ကိုမျိုးခင်အား ထောင်ဒဏ် (၄) နှစ် ခွဲနှင့် ကိုမျိုးခိုင်အား (၆) နှစ်ခွဲ ချလိုက်ကြောင်းလည်း ဧရာဝတီသတင်းတွင် ဖော်ပြထားသည်။

ဇန်န၀ါရီလ (၃) ရက် ၂၀၀၈ ခုနှစ်က နေအိမ်များမှ ဖမ်းဆီးသွားခြင်းခံခဲ့ရသော အဖွဲ့ချုပ်အဖွဲ့ဝင်များအား နိုဝင် ဘာလ၊ (၁၄) ရက် ၂၀၀၈ ခုနှစ်က နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့သည်။ ဒေါပုံမြို့နယ်မှ ကိုကျော်ဇင်ဝင်း အား (၁၆) နှစ်၊ မကြည်ကြည်ဝါအား (၁၁) နှစ်၊ ကိုကျော်ကျော်လင်းအား (၁၃) နှစ်နှင့် ကိုနေဇာမျိုးဝင်း (လူငယ်စည်းရုံးရေးနှင့် ၀ါဒဖြန့်ချိရေးမှူး) ထောင်ဒဏ် (၅) နှစ်တို့ ဖြစ်ကြသည်။

မန္တလေး အဖွဲ့ချုပ်ပါတီဝင်များဖြစ်ကြသော ကိုရွှေမောင်း၊ ကိုဝဏ္ဏအောင်နှင့် ကိုဇော်ဝင်းတို့ကိုလည်း ထောင် ဒဏ် (၄) နှစ်ခွဲစီ ချမှတ်ခဲ့သည်။

၎င်းတို့အား ဇန်န၀ါရီလ (၂၁) ရက် ၂၀၀၈ ခုနှစ်တွင် အသင်းအဖွဲ့ ဖွဲ့စည်းခြင်းပုဒ်မ (၆) ဖြင့် ရုံးတင်ခဲ့ပြီး နောက် ဇန်န၀ါရီလ (၂၃) တွင် ဗွီဒီယို အက်ဥပဒေဖြင့် ထပ်မံတရားစွဲဆိုကာ ဧပြီလ (၂) ရက်နေ့တွင် မတရား အသင်းအက်ဥပဒေ ပုဒ်မ (၁၇/၁-၂) ဖြင့် ထောင်ချခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ (၈) ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်ဖြူကျွန်းမြို့နယ်နှင့် မဒဲတိုက်နယ်များမှ အဖွဲ့ဝင် (၁၀) ဦးကို ဖမ်းဆီးလိုက်ကြောင်း ဦးဉာဏ်ဝင်းမှ အတည်ပြုပြောကြားသည်။ အဖမ်းဆီးခံခဲ့ရသူများမှာ ဆင်ဖြူကျွန်းမှ ဦးသိန်းအောင်၊ ပွင့်ဖြူမှ ကိုဌေးမြင့်၊ ကိုဝင်းမောင်၊ ကိုကြည်ဌေး အောင်၊ ကိုကိုဦး၊ ကိုသန်းထွန်းတို့ဖြစ်ကြပြီး လဆန်း (၆) ရက်နှင့် (၇) ရက်များအတွင်း အဖမ်းခံခဲ့ရခြင်းဖြစ် ကြောင်းသိရသည်။

စက်တင်ဘာ (၅) ရက်နေ့ကလည်း လှိုင်သာယာမြို့နယ် ရပ်ကွက် (၉) တွင်နေထိုင်သော လူငယ် (၆) ဦး အား အင်းစိန်ထောင်မှအပြန်တွင် ဖမ်းဆီးထားခဲ့သည်။ အဖမ်းခံရသူများမှာ ကိုဇော်မင်းရှိန် (ခ) ကိုကြွက်ဖြူ၊ ကိုတေဇ၊ ကိုဘောလေး၊ ကိုဒိုလေး၊ ကိုဇော်လတ်နှင့် ကိုတင်မင်းထွဋ် (ခ) ကိုကျော်ကျော်တို့ဖြစ်ကြသည်။

မေ (၂၂) ရက်နေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် (၁၁) ဦးအား ဖမ်းဆီးခဲ့ပြီး (၈) ဦးကို မကြာခင် ပြန်လည် လွှတ်ပေးလိုက်ပြီဖြစ်သော်လည်း မချို (တောင်ဒဂုံ)၊ ကိုထွန်းဇော်ဇော် (သင်္ကန်းကျွန်း)နှင့် ကိုခင် ထွန်း (ရန်ကုန်တိုင်း၊ အဲန်အယ်လ်ဒီ လူငယ်တာဝန်ခံ) တို့ကိုမူ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။ မေလ (၁၉) ရက်က အဲန်အယ်လ်ဒီ အဖွဲ့ဝင်များနှင့် ပေါင်းသင်းမှုကြောင့် သာမန်အရပ်သား ထွန်းထွန်းဦးအား စရဖ အဖွဲ့မှ ဖမ်းဆီးသွားခဲ့သည်။

၂၀၀၈ ခုနှစ် ဇွန်လက ဖမ်းဆီးခြင်းခံခဲ့ကြရသော ဒေါပုံမြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ကိုအုန်းဂျော်နှင့် ၎င်း၏ အမှုတွဲများအား ဗွီဒီယို အက်ဥပဒေ ပုဒ်မ (၁၃/က) နှင့် (၅၀၅/ခ) ပုဒ်မများနှင့်တရားစွဲဆထောင်ဒဏ် (၅) နှစ် စီ ချမှတ်ခဲ့သည်။ ဖမ်းဆီးစဉ်က သိမ်းဆည်းသွားခဲ့သော ဒီမိုကရေစီဆိုသည်မှာ အမည်ရှိ ဗွီစီဒီတစ်ချပ်ကို အကြောင်းပြ၍ ထောင်ချခဲ့ခြင်းဖြစ်သည်။

ထိုနေ့မှာပင် သာကေတမြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ဦးတင်မြင့်အား ထောင်ဒဏ် (၂) နှစ် (၆) လ ချမှတ်ခဲ့ သည်။ သင်္ဃန်းကျွန်းဥက္ကဌ ဦးတင်မြနှင့် (၇) ဦးအား ဖောက်ခွဲမှုဖြင့် တရားစွဲဆိုဆဲဖြစ်သည်။

၂၀၀၇ စက်တင်ဘာလအတွင်းက လောင်စာဆီဈေးနှုန်းမြင့်တက်ခဲ့မှုကြောင့် ယာဉ်စီးခများ တိုးမြှင့်ကောက်ခံ ခဲ့ခြင်းအပေါ် လမ်းလျှောက်ဆန္ဒပြမှုဖြင့် ဖမ်းဆီးခံခဲ့ရသော လှိုင်သာယာမြို့နယ်မှ ကိုသန့်ဇင်မျိုး၊ ကိုသန်းဇော် မြင့်နှင့် ကိုမောင်ဆန်းဝင်းတို့ (၃) ဦးအား(၁၃) ရက် နိုဝင်ဘာလ ၂၀၀၈ ခုနှစ်တွင် ထောင်ဒဏ် (၉) နှစ်နှင့် (၆) လစီ ချမှတ်ခဲ့သည်။ စွမ်းအားရှင်အဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဌ ဦးပူကျင့်ရှင်းထန်၏သား ကမ်လမ်ခုပ် ခေါ် ကိုကျောက်ကျော်စိုးအား ထောင် ဒဏ် (၃၃) နှစ်၊ တူ ကမ်ခန့်ခွာလ်အား (၈) နှစ် နှင့် အခြားတစ်ဦးအားလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ် လိုက်ကြောင်း ဦးပူကျင့်ရှင်းထန်က ခေတ်ပြိုင်သို့ အတည်ပြုပြောကြားသည်။ ၎င်းတို့မှာ စက်တင်ဘာ အရေး အခင်းနှင့်ပတ်သက်၍ အဖမ်းခံခဲ့ကြရခြင်းဖြစ်သည်။

ဒေါင်းမာန် အမည်ရှိ ကဗျာများရေးသားထုတ်ဝေမှုဖြင့် ထောင်ဒဏ် (၁၉) နှစ် ကျခံနေရသော အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်၊ ကဗျာဆရာ (၃၆) နှစ်ခန့်အရွယ် ကိုအောင်သန်း၌ HIV ပိုး ကူးစက်ခံနေရကြောင်း သိရသည်။ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလတွင်းက အကျဉ်းထောင်တွင်းတွင် အမျိုးသားဆီလမ်းကြောင်း ဆိုင်ရာဝေဒနာဖြင့် အင်းစိန်ထောင်ဆေးရုံ၌ ကုသမှုခံယူစဉ် တာဝန်ကျ ဆရာဝန်များ၏ ညွှန်ကြားချက်မပါဘဲ ဆေးထိုးပေးခြင်းခံခဲ့ရကြောင်း၊ လအနည်းငယ်ကြာသောအခါ မကြာခဏ အဖျားတက်၍ ကိုယ်ခံအား ကျ ဆင်းလာခြင်း၊ အရေပြားများအမြဲတမ်းအေးနေခြင်းတို့ကြောင့် ဆေးစစ်ပေးရန်တောင်းဆိုသော်လည်း ထောင် အာဏာပိုင်များက ငြင်းဆိုခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်ခင်စီကို ကိုးကား၍ နယ်ခြားမဲ့သတင်းထောက်များအဖွဲ့ နှင့် မြန်မာ့သတင်းနှင့်မီဒီယာ အဖွဲ့တို့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကိုအောင်သန်းနှင့်အတူ အဖမ်း ခံခဲ့ရသူများမှာ ကိုမောင်မောင်ဦး၊ ကိုဇေယျအောင်(ကျောင်းသား) နှင့် အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူ ကိုစိန်လှိုင်တို့ဖြစ်ကြသည်။

မန္တလေးတိုင်း၊ အမရပူမြို့နယ်၊ အဖွဲ့ချုပ်လူငယ်အဖွဲ့ဝင် ကိုဌေးလွင်ဦးသည် ဒီဇင်ဘာ (၂၈) ရက်နေ့တွင် အဆုပ် ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ကိုဌေးလွင်ဦးအား ပုဒ်မ ၅ (ည) ဖြင့် ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်တွင် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် (၇) နှစ် ချမှတ်ခံခဲ့ရပြီး ၂၀၀၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ထောင်တွင်း၌ အဆုပ်ရောဂါစတင်ဖြစ်ပွားခဲ့သည်။ ဆေးဝါးကုသခွင့်မရှိခဲ့ခြင်းကြောင့် ရောဂါအခြေအနေ ပိုမိုဆိုးဝါးလာခဲ့ ကြောင်း၊ ဆေးရုံပေါ်တွင် သုံးလကျော် လေးလခန့် တင်ထားပေးသော်လည်း ဆရာဝန်မှ ဆေးညွှန်ကြားချက် တစ်စုံတစ်ရာမပေးခဲ့ကြောင်း၊ ဆေးဝါးလုံလောက်စွာမရရှိခြင်းကြောင့် အနာတစ်ခြား ဆေးတစ်ခြားဖြစ်ကာ ယခုကဲ့သို့ ဆုံးပါးသွားရခြင်းဖြစ်ကြောင်းတို့ကိုလည်း ဆက်လက်ပြောပြသွားခဲ့သည်။

ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) နှင့်ဆက်သွယ်သောကြောင့် ကိုဌေးလွင်ဦးနှင့်အတူ အဖွဲ့ချုပ် အဖွဲ့ဝင် (၁၁) ဦးလည်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ ကိုဌေးလွင်ဦးသည် ထောင်ထဲတွင်ကျဆုံးခဲ့သော (၁၃၈) ယောက်မြောက် နိုင်ငံရေး အကျဉ်းသားဖြစ်သည်။

(ဧရာဝတီ၊ ခေတ်ပြိုင်၊ ဗွီအိုအေ၊ ဒီဗွီဘီ၊ ဖရီးဒမ်း သတင်းအုပ်စုအဖွဲ့များတွင် သွားရောက်ရှာဖွေခဲ့ပါသည်။)



REF: ခွာညို

Read More...

အပေါ်သို့