Friday, April 8, 2011

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်တပ်ကို ချုပ်ကိုင်ဆဲ

Thursday, 07 April 2011

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) ကို ဖျက်သိမ်း၍ ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို လွှဲပြောင်းပေးပြီး ဖြစ်သော်လည်း တပ်မတော်ကို ဆက်လက် ထိန်းချုပ် ထားဆဲ ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာနနှင့် နီးစပ် သူများက အတည်ပြု ပြောကြားသည်။

မတ်လ ၃၀ ရက်နေ့တွင် နအဖအဖွဲ့ကို ဖျက်သိမ်း၍ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ၊ သမ္မတသစ် ဦးသိန်းစိန်ကို အာဏာ လွှဲပြောင်း ပေးခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ် ရာထူးကိုလည်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် သို့ လွှဲပြောင်း ပေးခဲ့သည်။

ထိုသို့ လွှဲပြောင်းပေးပြီးနောက် ပြည်တွင်း ပြည်ပ မီဒီယာများ ကြားတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်ရာထူးနှင့် အစိုးရ အကြီးအကဲ ရာထူးများမှ အနားယူ သွားပြီဆိုသော သတင်းများ တွင်တွင် ကျယ်ကျယ် ထွက်ပေါ် ခဲ့ကြောင်း၊ သို့ရာတွင် နေပြည်တော် အခြေစိုက် ကာကွယ်ရေး ၀န်ကြီးဌာနက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နာမည်တပ် လိပ်မူထားသော လျှို့ဝှက်ဆိုသည့် စာတမ်းပါ တပ်မတော် ဆိုင်ရာ အစီရင်ခံစာများ တရားဝင် ထွက်ရှိနေကြောင်း နေပြည်တော် စစ်ဘက် အသိုင်းအဝန်းက ပြောသည်။

နေပြည်တော်မှ စစ်ဘက်ဆိုင်ရာ အရာရှိတဦးက “အငြိမ်းစားဖြစ်သွားတဲ့ စစ်ဗိုလ်ချုပ် တဦးဆီ ဘာကိစ္စမှ တပ် အစီရင်ခံစာ ပို့ဖို့ မလိုဘူး။ အခုစစ်ရုံးကပို့တဲ့ အစီရင်ခံစာက ဗိုလ်ချုပ်မှူးကြီးကို လိပ်မူ အမည် တပ်ထားတယ်။ ဗိုလ်ချုပ်မှူးကြီးက ဇေယျာသီရိ စစ်ရုံးတွေ ဘက်မှာ ရုံးမထိုင်တာတော့ သေချာ ပြောနိုင်တယ်။ လောလောဆယ် ပို့နေတဲ့ အစီရင်ခံစာတွေ အရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တပ်မတော်ကို တရားဝင် ချုပ်ကိုင် ထားဆဲပါ၊ အရေးပါနေဆဲပါ။ အငြိမ်းစား သွားတယ်၊ အနားယူတယ် ဆိုတာ လုံးဝ မဟုတ်ပါဘူး” ဟု ပြောသည်။

အာဏာလွှဲပြီးနောက် မတ်လ ၃၁ ရက်နေ့တွင် အစိုးရသစ် တဖွဲ့လုံးကို ခေါ်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ညွှန်ကြားချက် သြဝါဒ ပေးကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန် အစိုးရသည် မတ်လ ၃၁ ရက်နေ့မှ စတင်အာဏာတည်နေပြီ ဖြစ်သော်လည်း သမ္မတရုံး၊ ကာကွယ်ရေး ၀န်ကြီးဌာနရုံး အပါအ၀င် နေပြည်တော်ရှိ အစိုးရ၀န်ကြီးဌာန ရုံးများ အားလုံးတွင် ချိတ်ဆွဲထားသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဓာတ်ပုံကို ဖြုတ်ချခြင်း မရှိကြောင်း သိရှိရသည်။

“တကယ်ဆိုရင် သမ္မတ ဦးသိန်းစိန်ပုံကို ချိတ်ရမှာ။ အခုထိ ဗိုလ်ချုပ်မှူးကြီးဓာတ်ပုံပဲ ချိတ်ထားတယ်။ ရုံးမှာလည်း ဓာတ်ပုံ လဲချိတ်ဖို့ ပြောဆို ဆွေးနွေးတာမျိုးလည်း မရှိဘူး။ အားလုံး အရင်အတိုင်းပဲ” ဟု နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာနမှ အရာရှိ တဦးက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဆေးမှူးများဖြစ်ကြသော ဗိုလ်ချုပ် နေဝင်း၊ ဗိုလ်မှူးချုပ် စိုးရှိန်နှင့် ဗိုလ်မှူးကြီး မြင့်ကြည်တို့ သည်လည်း ဗိုလ်ချုပ်မှူးကြီး အနီးတွင် ဆက်လက် တာဝန် ယူနေကြဆဲ ဖြစ်ကြောင်းလည်း သိရသည်။

စစ်တက္ကသိုလ် အမှတ်စဉ် ၁၉ ကျောင်းဆင်း ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဗိုလ်ချုပ်ကြီး ရာထူး တိုးမြှင့်ခန့်သည့် အပြင် စစ်တက္ကသိုလ် အမှတ်စဉ် ၁၇ ကျောင်းဆင်း ကာကွယ်ရေးဦးစီးချုပ် (လေ) ဒု ဗိုလ်ချုပ်ကြီး မြတ်ဟိန်းနှင့် စစ်တက္ကသိုလ် အပတ်စဉ် ၁၆ ကျောင်းဆင်း ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒု ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းအောင် တို့ကိုလည်း ဗိုလ်ချုပ်ကြီး ရာထူးသို့ တပြိုင်နက်တည်း အသီးသီး ရာထူး တိုးပေးခဲ့သဖြင့် စစ်တပ်အတွင်း အာဏာ ချိန်ခွင်လျှာ မျှနိုင်ရန် ဗိုလ်ချုပ်မှူးကြီးက လုပ်ဆောင် ထားခဲ့ခြင်းဖြစ်ကြောင်း စစ်တပ် အသိုင်းအဝန်းက ပြောသည်။

နေပြည်တော် စစ်ဘက်ဆိုင်ရာနှင့် နီးစပ်သူတဦးက “မတ်လကုန်လောက်မှာပဲ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အဖြစ် ရာထူး တိုးတဲ့အချိန်၊ ကာချုပ်-ရေနဲ့ ကာချုပ်-လေတွေလည်း ဗိုလ်ချုပ်ကြီးရာထူး တခါတည်း တိုးပေးလိုက်တယ်။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဆိုပေမယ့် တပ်ကိစ္စတွေကို ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းအောင်၊ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းတို့နဲ့ အတူ ပူးတွဲ ကိုင်တွယ်ရပုံရှိတယ်” ဟု ဆိုသည်။

ယခင်က တိုင်းမှူး၊ တပ်မမှူးများသည် စစ်ဘက်ဆိုင်ရာ ကိစ္စများတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ လူကိုယ်တိုင် သွားရောက် တွေ့ဆုံပြီး သတင်း ပို့ရသော်လည်း ယခု အခါ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ထံသို့သာ သတင်း ပို့ရတော့ကြောင်း သိရသည်။

သို့သော် အမှန်တကယ် အာဏာရှိသူမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသာဖြစ်ပြီး ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ဟန်ပြသာ ဖြစ်သည်ဟု စစ်တပ် အသိုင်းအဝန်း အတွင်းတွင်လည်း ပြောဆိုလျက် ရှိကြောင်း သိရှိရသည်။

ယမန်နေ့က တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ ဒု ဝန်ကြီးချုပ်များကို သမ္မတ ဦးသိန်းစိန်က မိန့်ခွန်း ပြောကြားရာ၌ ဗဟို ချုပ်ကိုင်မှု စနစ်ကို ဖျက်သိမ်းရမည်ဟု ပြောသွားသော်လည်း လေ့လာ အကဲခတ် သူများကမူ အစိုးရသစ်အပေါ် သံသယ ရှိနေကြသည်။

Ref: ဧရာဝတီ်

Read More...

Uncensored Burma - Daily News ( 2011 April, 7)

News on April 7

Read More...

ကြားညပ်နေတဲ့ မြန်မာပြည်

April 7, 2011 ။ ။



မြန်မာနိုင်ငံဟာ အာရှအင်အားကြီးနိုင်ငံကြီးတွေ ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံအကြားမှာ တည်ရှိနေတဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား စစ်အင်အားအသုံးပြု (The use of force) ရတဲ့ ပဋ္ဋိပက္ခတွေ ဖြစ်လာခဲ့ရင် အိန္ဒိယ သမုဒ္ဒရာ စစ်မျက်နှာမှာ မဟာဗျူဟာ တန်ဖိုး (strategic value) အမြင့်ဆုံး နိုင်ငံတနိုင်ငံ အနေနဲ့ သတ်မှတ်ထားခြင်း ခံရတဲ့ နိုင်ငံတ နိုင်ငံလဲ ဖြစ်ပါတယ်။ မြန်မာ့ အရေးကို စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး၊ လူ့အခွင့်အရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ တိုင်း ရင်းသား စည်းလုံး ညီညွတ်ရေး စတဲ့ အချက်တွေ ပေါ်မှာပဲ မူတည်ပြီး တွက်ချက်စဉ်းစားမှု လုပ်လို့ မရနိုင်ပါ။ ပထ၀ီဝင် နိုင်ငံရေး (Geopolitical factors) နဲ့ ပတ်သက်တဲ့ အချက် အလက်တွေကိုလဲ ဆက်စပ်စဉ်းစားမှု လုပ်ဖို့ လိုအပ်ပါတယ်။ သို့မှသာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အကျိုးရှိမယ့် ချဉ်းကပ်မှု သဏ္ဍာန်သစ်တွေ၊ မဟာဗျူဟာ အခင်းအကျင်းတွေ ကို ထိထိ ရောက်ရောက် ချမှတ်နိုင်မှာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်၊ ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာ

ဝါရှင်တန်က ထုတ်ပြန်လိုက်တဲ့ National Military Strategy မှာ အာရှ-ပစိဖိတ်ဒေသရဲ့ မဟာဗျူဟာ အကျိုးစီးပွား (strategic interests) တိုးမြှင့်ရေး ပါရှိပြီး၊ တောင်အာရှနဲ့ အရှေ့တောင် အာရှ နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်ရေးကို အာရုံစိုက်ရေး အချက်တွေ ပါဝင်ပါတယ်။ တရုတ်နိုင်ငံရဲ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော တပ်မတော် တည်ဆောက်ရး (military modernization) နဲ့ ပတ်သက်ပြီး စိုးရိမ်ဖွယ်ရာ အချက်တွေကိုလဲ ထည့်သွင်း ထားပါတယ်။

တချိန်တည်းမှာပဲ အာရှနိုင်ငံတွေအကြားက ကာကွယ်ရေးညွှန်ကြားချက် (defence guidelines) တွေကလဲ ပြုပြင်တိုး ချဲ့မှုတွေ ဖြစ်လာပါတယ်။ ဂျပန်နိုင်ငံက ရေငုပ်သင်္ဘော၊ ဖျက်သင်္ဘော၊ ကင်းထောက် လေယာဉ်နဲ့ ရဟတ်ယာဉ်အ မြောက်အမြား ၀ယ်ယူဖို့ စီမံထားပါတယ်။ တောင်ကိုးရီးယားနဲ့ ဗီယက်နမ် နိုင်ငံတွေကလဲ ရေငုပ် သင်္ဘောဝယ်ယူဖို့ စီမံ ချက်တွေရှိပြီး၊ မလေးရှားနိုင်ငံရဲ့ လက်နက် တင်သွင်းမှုက ရာခိုင်နှုန်း တက်လာပါတယ်။ စင်ကာပူနိုင်ငံကလဲ ရေငုပ် သင်္ဘောနှစ်စီး ထပ်ပြီးဝယ်ယူ အင်အား ဖြည့်လာပါတယ်။ သြစတြေးလျနိုင်ငံကလဲ ရေငုပ်သင်္ဘော၊ ဖျက်သင်္ဘောနဲ့ တိုက် လေယာဉ်တွေ တိုးချဲ့ဖို့ စီမံလာခဲ့ပါတယ်။

၂၀၁၀ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ စစ်အသုံးစရိတ်ဟာ အမေရိကန်ဒေါ်လာ ၇၈ ဘီလီယံရှိပြီး၊ လက်နက် တင်သွင်းမှု ကိန်းဂ ဏန်းတွေကို ထပ်ဖြည့် လိုက်ရင် အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံ အထက်မှာ ရှိနိုင်ကြောင်း စစ်ရေး လေ့လာသူတွေက ဆိုထားခဲ့ပါတယ်။ high seas operations အတွက် နယူးကလီးယား ပါဝါသုံး လေယာဉ်တင် သင်္ဘော သုံးစီးကို ၂၀၁၇ ခုနှစ်မှာ အပြီး တည်ဆောက်ဖို့ ပြုလုပ်ထားတဲ့ စီမံချက်အရ ပထမဦးဆုံး လေယာဉ်တင် သင်္ဘောကို ၂၀၁၁ ခုနှစ်မှာ အပြီး တည်ဆောက် နိုင်မယ်လို့ ခန့်မှန်းချက်တွေ ရှိပါတယ်။ အမေရိကန်ရဲ့ F-22 ဂျက် တိုက်လေယာဉ် ဒီဇိုင်းကို ပုံစံတူယူထား တဲ့ J-20 stealth jet fighter ကို ဇန်န၀ါရီလမှာ စမ်းသပ်ခဲ့ပါတယ်။

အင်အားကြီးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ စစ်အသုံးစရိတ်ဟာလဲ အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံ အထိ ရှိပြီး၊ ၃၃ ရာခိုင် နှုန်း ထပ်မံ တိုးမြှင့်ဖို့ စီမံချက် ရှိပါတယ်။ scorpene submarines တည်ဆောက်မှုများ ရှိပြီး၊ anti-aircraft submarine နဲ့ စစ်လက်နက် ပစ္စည်း အများအပြား ၀ယ်ယူမှုတွေ ရှိပါတယ်။ ဘိုအင်း လေကြောင်း ကုမ္ပဏီ အပါအ၀င် လေကြောင်းကုမ္ပဏီ တွေမှာ ဂျက်တိုက်လေယာဉ် ၁၂၆ စင်း မှာယူထားဆဲပါ။

အာရှအင်အားကြီးနိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံ အကြားက စစ်အင်အား အပြိုင်အဆိုင် တိုးချဲ့မှု (arms race) ဟာ အာရှ-ပစိဖိတ်ဒေသမှာ ရှိတဲ့ နိုင်ငံတွေရဲ့ စစ်ရေး တာဝန်ရှိသူတွေ၊ နိုင်ငံတော် အကြီးအကဲ တွေနဲ့ နိုင်ငံရေး သမားတွေ အတွက် မလွဲမသွေ ထည့်သွင်း စဉ်းစားရမယ့် အချက်အလက်တွေ ဖြစ်ပါတယ်။

တရုတ်- အိန္ဒိယ ဆက်ဆံရေး (Sino- Indian Relations)

၁၉၅၀ ကာလတွေမှာ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံအကြားမှာ တတိယကမ္ဘာရဲ့ လွတ်လပ်ရေး လှုပ်ရှားမှု တွေကို ထောက်ခံ အားပေးရင်းနဲ့ ကောင်းမွန် ခဲ့ကြပါတယ်။ ဒါပေမယ့် တိဘက် ခေါင်းဆောင် ဒလိုင်လားမားကို အိန္ဒိယ သမ္မတ နေရူးက ခို လှုံခွင့်ပေးမှုနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ အကြားက သံတမန် ဆက်ဆံရေး ပျက်ယွင်း လာခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်မှာ အိန္ဒိယ အုပ်ချုပ်ခံ နယ်တွေကို တရုတ်တပ်တွေ ၀င်ရောက် တပ်စွဲလာတဲ့ အခါမှာ အိန္ဒိယက Forward Policy ကို ကျင့်သုံးပြီး၊ တ ရုတ်တပ်တွေကို ပြန်ဆုတ် ခိုင်းခဲ့ပါတယ်။ တရုတ် နိုင်ငံကလဲ armed co-existence policy ကို ကျင့်သုံးပြီး၊ စစ်ရေးအရ ထိပ်တိုက် ဖြေရှင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ စစ်ပွဲပြီးဆုံး သွားခဲ့ပေမယ့် အိန္ဒိယဘက်က humiliating defeat အနေနဲ့ သတ်မှတ်ထားဆဲပါ။

၁၉၆၄ ခုနှစ်မှာ တရုတ်နိုင်ငံက နယူးကလီးယားလက်နက်နိုင်ငံ (nuclear weapon state) ဖြစ်လာချိန်မှာ အိန္ဒိယက စစ်ရေးအရ ခြိမ်းချောက်မှု အနေနဲ့ သတ်မှတ်ခဲ့ပါတယ်။ ဆယ်နှစ် အကြာမှာ အိန္ဒိယ နိုင်ငံကလဲ နယူးကလီးယား လက်နက် ပိုင်ဆိုငတဲ့ နိုင်ငံ ဖြစ်လာ ခဲ့ပါတယ်။ ၁၉၇၀၊ ၁၉၈၀ ကာလ တလျှောက်မှာ နှစ်နိုင်ငံအကြား nuclear arms race တွေ ဖြစ်ပွားခဲ့ပြီး၊ ၁၉၈၀ နှောင်းပိုင်းမှာမှ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် လာခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ fair and reasonable settlement ပြုလုပ်ဖို့အတွက် ပူးတွဲ အလုပ်အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး၊ ဒီအလုပ်အဖွဲ့ရဲ့ ထောက်ခံချက်တွေ ဖြစ်တဲ့ ၁၉၉၃ ခုနှစ် Maintenance of Peace and Tranquillity နဲ့ ၁၉၉၆ ခုနှစ် Confidence Building Measures ဆိုင်ရာ စာချုပ် တွေကို လက်မှတ် ရေးထိုး နိုင်ခဲ့ကြပါတယ်။

ဒီလိုအပြုသဘောဆက်ဆံရေးတွေ ရှိနေပေမယ့် နှစ်နိုင်ငံဆက်ဆံရေးဟာ ပါကစ္စတန် အရေး၊ တိဘက် အရေးနဲ့ ဟိမ၀န္တာ တောင်တန်း တောင်ပိုင်းနဲ့ Aksai Chin Plateau တို့မှာရှိနေတဲ့ နယ်နိမိတ် အငြင်းပွား ဒေသ နှစ်ခုနဲ့ ပတ်သက်ပြီး ပြေ လည်မုတွေ မရှိခဲ့ပါဘူး။ အိန္ဒိယဘက်က မဟာဗျူဟာ အမြင်မှာ တရုတ်နိုင်ငံဟာ အိန္ဒိယကို ခြိမ်းချောက် နိုင်တယ်ဆိုတဲ့ အချက်ကို ထည့်သွင်း စဉ်းစားမှုတွေ ရှိခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်က အိန္ဒိယနိုင်ငံ နယူးကလီးယား စမ်းသပ်မှုတွေ ဖြစ်ပွား နေချိန်မှာ၊ ကာကွယ်ရေး ၀န်ကြီးက တရုတ်ဟာ အိနိံ္ဒယရဲ့ ရန်သူနံပါတ် (၁) လို့ သတ်မှတ် ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံက မဟာဗျူဟာလေ့လာသူတွေကလဲ ဂျပန်၊ သြစတြေးလျနဲ့ အိန္ဒိယနိုင်ငံတွေဟာ တရုတ်နိုင်ငံရဲ့ အရှေ့ မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းနဲ့ အနောက်တောင်ပိုင်းမှာ ရှိနေပြီး၊ ပစိဖိတ်မှာကလဲ အမေရိကန်ရဲ့ ပါဝါ ရှိနေတာကြောင့် မဟာမိတ်တန်ဖိုး (alliance values) ပြောင်းသွားခဲ့ရင် တရုတ်ရဲ့လုံခြုံရေးကို ထိခိုက်စေနိုင်တယ်လို့ တွက်ဆ ထားကြ ပါတယ်။ အာရှ နိုင်ငံရေး အခင်းအကျင်းမှာ ပေါ်ထွက်လာတဲ့ အမေရိကန်၊ ဂျပန်နဲ့ သြစတြေးလျ နိုင်ငံတို့အကြားက trilateral security dialogue အခင်းအကျင်းတွေ၊ အင်ဒို- ဂျပန် မဟာမိတ် အခင်းအကျင်းတွေ ပါဝင်နေတဲ့ Asian-Pacific trilateralism ဟာ တရုတ်နိုင်ငံကို စစ်ရေးအရ ၀ိုင်းဝန်းပိတ်ဆို့မှု ပြုလာနိုင်တယ်လို့ ယူဆ ထားကြပါတယ်။

၂၁ ရာစုမှာ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံအကြားမှာ စစ်ရေးအပြိုင်အဆိုင်အင်အားတိုးချဲ့မှုတွေ ကြီးမား လာခြင်းရဲ့ အဓိက အရေးကတော့ အိန္ဒိယ သမုဒ္ဒရာကို ထိန်းချုပ် နိုင်မှုပဲ ဖြစ်ပါတယ်။ အိန္ဒိယ သမုဒ္ဒရာနဲ့ ပတ်သက်ရင် တရုတ်နဲ့ အိန္ဒိယကို two scorpions in a bottle လို့ စစ်မဟာဗျူဟာ အသိုင်း အ၀ိုင်းက သတ်မှတ်ထားပါတယ်။ အိန္ဒိယ နိုင်ငံရဲ့ အမျိုးသား လုံခြုံရေးရဲ့ survival ဟာ အိန္ဒိယ သမုဒ္ဒရာရဲ့ အရှေ့မြောက်ပိုင်း ဒေသပဲဖြစ်ပါတယ်။ လက်ရှိ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး အင်အား (economic power) ဟာ ရေနံ တင်သွင်းမှု ပေါ်မှာ မူတည် နေပါတယ်။ လက်ရှိမှာ နိုင်ငံတွင်း လိုအပ်ချက်ရဲ့ ၆၅ ရာခိုင်နှုန်းက ပင်လယ်ကွေ့ ဒေသကနေ အိန္ဒိယသ မုဒ္ဒရာကို ဖြတ်ပြီး တင်သွင်းရတာပါ။ ၂၀၁၅ မှာဆိုရင် ၇၅ ရာခိုင်နှုန်း အထိ တင်သွင်းဖို့ လိုအပ်လာမယ်လို့ သတ်မှတ် ထားကြပါတယ်။

တပြိုင်နက်တည်းမှာပဲ တရုတ်နိုင်ငံရဲ့ ရေနံတင်သွင်းမှာ ရှစ်ဆယ်ရာခိုင်နှုန်းကျော်ကလဲ အိန္ဒိယ သမုဒ္ဒရာကို တည်မှီနေတာ ဖြစ်ပါတယ်။ အဲဒီမှာမှ တရုတ်နိုင်ငံက ဆိပ်ကမ်းတွေကို အ၀င်အထွက် လုပ်နေတဲ့ သင်္ဘောတွေရဲ့ ငါးဆယ်ရာခိုင် နှုန်းကျော်ဟာ မလက်ကာ ရေလက်ကြား ကနေ ဖြတ်သန်းရတာ ဖြစ်ပါတယ်။ ဒါကြောင့် Malacca Dilemma ဟာ တ ရုတ်မဟာဗျူဟာ ကျွမ်းကျင်သူ တွေနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ အတွက် ကြီးမားလှတဲ့ ကိစ္စ တရပ်ဖြစ်ပါတယ်။ မလကာ ရေလက်ကြားနဲ့ အိန္ဒိယ သမုဒ္ဒရာကို အိန္ဒိယနဲ့ အနောက် နိုင်ငံတွေက ထိန်းချုပ် သွားနိုင်ခဲ့ရင် တရုတ်နိုင်ငံရဲ့ စီးပွားရေး အင်အား ပြိုလဲသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အိန္ဒိယ သမုဒ္ဒရာကို ထိန်းချုပ်နိုင်ရေးကို စတင် စီမံ လာခဲ့ကြပါတယ်။

အိန္ဒိယသမုဒ္ဒရာနှင့် အပြိုင်အဆိုင် စစ်အင်အားတိုးချဲ့မှုများ

တရုတ်နိုင်ငံ People’s Liberation Army Navy (PLAN) ရဲ့ ရေရှည်မဟာဗျူဟာဖြစ်တဲ့ အိန္ဒိယ သမုဒ္ဒရာကို ဖြန့်ကျက် ထိန်းချုပ် ထားနိုင်ရေးမှာ ပုလဲသွယ် မဟာဗျူဟာက အဓိက ကျပါတယ်။ ဒီဗျူဟာအရ တရုတ်ပြည်မကနေ ပါရှန်းပင်လယ်ကွေ့ အထိ SLOC (Sea Lines of Communication) တလျှောက်မှာရှိတဲ့ နိုင်ငံတွေနဲ့ မဟာဗျူဟာအရ ပူးတွဲခြင်း၊ ဆိပ် ကမ်းတည်ဆောက်ခြင်း စတာတွေ ပြုလုပ် အကောင်အထည် ဖော်ခဲ့ပါတယ်။ ဟိုင်နန်ကျွန်းက military facilities တွေ တိုးမြှင့်မှု၊ ဗီယက်နမ် အရှေ့ပိုင်းက Woody ကျွန်းပေါ်မှာ airstrip တိုးချဲ့မှု၊ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းမှာ container shipping facility တည်ဆောက်မှု၊ မြန်မာနိုင်ငံ၊ ရခိုင်ဒေသမှာ ရေနက် ဆိပ်ကမ်း တည်ဆောက်မှု၊ ပါကစ္စတန်နိုင်ငံ၊ ဂျီဝါ ဒါဆိပ်ကမ်း စတောတွေဟာ ဒီဗျူဟာရဲ့ အခင်းအကျင်းတွေ ဖြစ်ပါတယ်။

တရုတ်ရေတပ်ကို offshore waters (Green Water) Navy Status ကနေ High Seas (Blue Water) Navy Status အထိ မြှင့်တင်ရန် ကြိုးပမ်းမှုတွေ ပြုလုပ် ခဲ့ရာကနေ nuclear-powered aircraft carrier တည်ဆောက်ရေး စီမံကိန်း တွေ ပေါ်ထွက် လာခဲ့တာဖြစ်ပါတယ်။ ဟိုင်နန်ကျွန်း တောင်ပိုင်းက Sanya ရေတပ်စခန်းမှာ nuclear-powered ballistic missile submarines (SSBNs) တည်ဆောက်မှုတွေ ရှိနေပါတယ်။

အိန္ဒိယ နိုင်ငံကလဲ light aircraft carrier တည်ဆောက်မှု၊ missile-armed submarines တည်ဆောက်မှုတွေ ပြုလုပ် ပြီး three dimensional nuclear strategic capability ကို တိုးမြှင့်ဖို့ ကြိုးပမ်း လာခဲ့ပါတယ်။ နှစ်သုံးဆယ် ရေငုပ် သင်္ဘော တည်ဆောက်မှု စီမံကိန်းကို အကောင်အထည် ဖော်ပြီး၊ project-15 B လို့ခေါ်တဲ့ စစ်သင်္ဘော တည်ဆောက်မှု စီမံကိန်းတွေကိုလဲ ပြုလုပ်နေပါတယ်။ Land-based naval aviation ဗျူဟာကို ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့အ တွက် ကြိုးပမ်း ပြင်ဆင်မှုတွေ ရှိနေပါတယ်။

စစ်အင်အား အပြိုင်အဆိုင် တိုးချဲ့ရုံမက အရေးကြီးတဲ့ မဟာဗျူဟာဒေသတွေ ထိန်းချုပ်ရေးတွေကိုလဲ ပြုလုပ် နေကြပါတယ်။

မဟာဗျူဟာဒေသများ

အိန္ဒိယနဲ့ တရုတ်နိုင်ငံအကြားမှာ စစ်ရေးပဋ္ဋိပက္ခတွေ ဖြစ်လာခဲ့ရင် အရေးကြီးတဲ့ မဟာဗျူဟာ ဒေသ သုံးခုရှိပါတယ်။ ပထမတခုက အမ်ဒမန် ကျွန်းစုပေါ်က Port Blair ဖြစ်ပါတယ်။ ဒီဒေသဟာ မလက္ကာ ရေလက်ကြားနဲ့ ရေမိုင် (၅၀၀) အ ကွာမှာ ရှိပြီး၊ India’s East Command အတွက် အချက်အချာ အကျဆုံး နေရာ ဖြစ်ပါတယ်။

ဒုတိယတခုက တိဗက်ဒေသ ဖြစ်ပါတယ်။ ၂၀၁၀၊ သြဂုတ်လမှာ Qinghai- Tibet ရထားလမ်းက တဆင့် တရုတ်လေ တပ်အတွက် အရေးကြီးတဲ့ combat readiness materials တွေကို နေရာရွှေ့ပြောင်း ချထားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ တိဘက်မှာ တရုတ်ရဲ့ လေတပ် အခြေစိုက်စခန်း လေးခုရှိရာက၊ အောက်တိုဘာလမှာ လေတပ် အခြေစိုက် စခန်း တခုကို ထပ်မံ တည်ဆောက် ထားခဲ့ပါတယ်။

တတိယတခုက မြန်မာနိုင်ငံဖြစ်ပါတယ်။ တရုတ်နဲ့ အိန္ဒိယ- အနောက်အုပ်စုတွေရဲ့ အကြားမှာ အရေးကြီးဆုံး ဖြစ်တဲ့ Burma factor ဆိုတာကို စစ်မဟာဗျူဟာ ရှုထောင့်ကနေ မဖြစ်မနေ ထည့်သွင်း စဉ်းစားကြပါတယ်။ အန်ဒမန်ကျွန်းစု တွေနဲ့ ရေမိုင် သုံးဆယ် အကွာမှာရှိတဲ့ ကိုးကိုးကျွန်းနဲ့ မြန်မာ့ ပင်လယ် ရေပိုင်နက်ထဲက ဟိုင်းကြီးကျွန်း တွေက အိန္ဒိယ သမုဒ္ဒရာမှာ ဖြစ်ပွား လာနိုင်ချေ ရှိတဲ့ future conflicts တွေရဲ့ decisive victory ကို အဆုံးအဖြတ် ပေးနိုင်တဲ့ ဒေသတွေ ဖြစ်ပါတယ်။

ဒီကျွန်းတွေပေါ်မှာ တရုတ်ရေတပ်ရဲ့ naval facilities, radars နဲ့ signal-intelligence posts တွေသာ ရှိနေမယ် ဆိုရင် အိန္ဒိယ တပ်နဲ့ အနောက် အုပ်စု တပ်တွေရဲ့ လှုပ်ရှားမှုတွေ အားလုံးကို တရုတ်က မျက်ချေမပြတ် စောင့်ကြည့် လေ့လာမှု တွေ ပြုလုပ် နေနိုင်မှာ ဖြစ်ပါတယ်။ တရုတ်ရေတပ်ကို carrier strike force, land-based naval aviation ဗျုဟာတွေနဲ့ ထိထိရောက်ရောက် တိုက်ခိုက် နိုင်ဖို့ ဆိုတာကလဲ မြန်မာနိုင်ငံ လေတပ် စခန်းတွေကို အခြေပြုတဲ့ air cover မရှိမှ ဖြစ်နိုင် မှာပါ။ ဒါကြောင့် Burma factor ဟာ ၂၁ရာစု strategic challenges ဗဟိုချက်မမှာ ရှိတဲ့ အိန္ဒိယ သမုဒ္ဒရာ တွင်းက strategic rivalries တွေရဲ့ အရေးအကြီးဆုံး strategic decisive factor ဖြစ်နေပါတယ်။


နိဂုံး

အခုလို စစ်ရေးအရ၊ နိုင်ငံတကာ လုံခြုံရေးအရ စိုးရိမ်မှုတွေ မြင့်မားလာကြတဲ့ ၂၀၁၁ ခုနှစ်မှာ၊ တိုက်တိုက် ဆိုင်ဆိုင် မြန် မာ့နိုင်ငံရေး အပြောင်းအလဲ တွေကလဲ ဖြစ်လာခဲ့ပါတယ်။ မကြာခင်မှာ အမေရိကန်၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ရဲ့ အစိုးရ သစ်ကို ကျယ်ကျယ်တမျိုး၊ တိုးတိုးတဖုံ ချဉ်းကပ်မှုမျိုးစုံတွေ အပြိုင်အဆိုင် ပေါ်ထွက်လာတော့မှာ ဖြစ်ပါတယ်။ ဒီလို ကမ္ဘာ့စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းတွေ အကြားမှာ တိုင်းပြည်တိုးတက်ရေး၊ စစ်ရေးအရ ကြားမညပ်စေရေး၊ ပြည် သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးကို ဦးတည်တဲ့ မြန်မာ့ နိုင်ငံရေး အခင်းအကျင်း တွေလဲ ပေါ်ထွက်လာသင့် ပြီ ဖြစ်ပါတယ်။

ကြားညပ်ပြီး စုပ်ပြတ်သပ်ချုံးချုံးကျနေတဲ့ မြန်မာပြည်ကို ကယ်တင်နိုင်သူတွေဟာ မြန်မာ နိုင်ငံသားတွေပါပဲ။ အပြန်အ လှန် စွပ်စွဲမှုတွေ၊ စိန်ခေါ်မှုတွေ၊ တဘက်နဲ့ တဘက် အနိုင်ယူလိုမှုတွေ၊ ဗိုလ်ကျ စိုးမိုးမှုတွေ၊ ရလဒ် ထွက်ပေါ်လာရေးကို မစဉ်းစားပဲ ရလဒ်ဖြစ်အောင် ဦးဆောင်သူ အနေနဲ့ သတ်မှတ် ခံချင်မှုတွေ၊ နဖားကြိုးထိုး ခံမှုတွေကနေ ဖောက်ထွက်ပြီး၊ မြန်မာ နိုင်ငံသားတွေ အချင်းချင်း ကြားမှာ အပြန်အလှန် နားလည်မှု၊ အသိအမှတ်ပြုမှု၊ ဘုံအကျိုးစီးပွား ရှာဖွေနိုင်မှုတွေ ပေါ်ထွက်လာတဲ့ တနေ့မှာ ကြားညပ် နေသော်လည်း ဘက်မလိုက်တဲ့ မူဝါဒကို အခြေခံသော ခေတ်မီ နိုင်ငံတော်သစ်ကြီး ကို တည်ဆောက် လာနိုင်မှာ ဖြစ်ပါကြောင်း ရေးသား တင်ပြအပ်ပါတယ်။

ခင်မမမျိုး (၆၊ ၄၊ ၂၀၁၁)

(စာရေးသူသည် ယူကေနိုင်ငံ အခြေစိုက်၊ စစ်ရေးလေ့လာသူတဦး ဖြစ်ပြီး China and Indian Ocean: Strategic Interests in the 21st Century စာအုပ်ကို ရေးသားခဲ့သူ ဖြစ်ပါသည်)

Read More...

ဗမာတွေ ငတုံး၊ ငအ မဟုတ်ပါ

March 26, 2011

တလောက မြန်မာပြည် ဒီမိုကရေစီဖော်ဆောင်ရေး Democr atisation on Myanmar (Burma) ခေါင်းစဉ်ဖြင့် ဒေလီ တက္ကသိုလ် ဇခါဟူစိန် ကောလိပ် (Zakir Husain College) မှာ ကျင်းပ တဲ့ပွဲကို ဦးဇင်းတို့ တက်ရောက်ခဲ့ကြတယ်။ မြန်မာပြည် ဒီမိုကရေ စီ ဖော်ဆောင်ရေး ဆွေးနွေးပွဲကို အိန္ဒိယ နိုင်ငံခြားရေး ဌာနက ပုဂ္ဂိုလ်တွေ၊ တက္ကသိုလ်တွေက ပညာရှင်တွေနဲ့ မြန်မာ့ အတိုက်ခံ ဒီမိုကရေစီ ခေါင်းဆောင်တွေ ပြောကြ ဆိုကြတဲ့ ပွဲပါ။

ဖိတ်ကြားခြင်းခံရလို့တော့ မဟုတ်ပါဘူး၊ အတည်ပေါက်နဲ့ ၀င် တက်တာပဲ ဆိုပါတော့။ ကြံကြံဖန်ဖန် ကြော်ညာ ထားတဲ့ ပိုစတာ လေး တခုတွေ့ရလို့ တော်သေးတယ် လို့ပဲ အောက်မေ့မိပါတယ်။ ကိုယ်လိုပဲ ဖိတ်စာ မရတဲ့ အဖွဲ့ ခေါင်းဆောင်တွေ မနဲမနော ပါပဲ။ တချို့ ခေါင်းဆောင်တွေက ဖိတ်စာ မရောက်ပေမယ့် သိတယ် မတက်ဘူးပေါ့။ တချို့ကတော့ သိကို မသိတာပါ။

အံ့သြစရာ တခုက ဒီဖိတ်စာက နိုင်ငံရေးဆိုတာ လူစုပြီး ပါလီမန် နားက ပန်းခြံတခုမှာ အော်ကြ ဟစ်ကြတာ လောက်သိပြီး တတိယ နိုင်ငံ ကူးဖို့ လုပ်နေတဲ့ လူတချို့ စီမှာတော့ တွေ့နေရပြန်ရော။ ဖိတ်စာ မရောက်ပေမယ့် ဒီပွဲကိုတော့ဖြင့် တက်ရောက်ချင်စိတ် ဖြစ်မိပါတယ်။ အကြောင်းကတော့ ထိုင်းဘက်က ဗဟုအဖွဲ့က အောင်နိုင်ဦးတို့ လာရောက် ပြောမယ် ဆိုလို့ပါ။ ဒီအဖွဲ့ကိုတော့ စစ်တပ်နဲ့ ဆက်နွယ် နေတယ်လို့ သံသယ ရှိထားတာကိုး။ ပြည်တွင်းက သံဃာတွေကို တရားဝင် ဗီဇာတွေနဲ့ ခေါ်ပြီး သင်တန်း တွေ ပေးနေတာတွေ သိနေတော့ ဧရာမ နိုင်ငံရေး မှောင်ခိုဂိုဏ်း ကြီးလို့ သဘောထားတဲ့ အဖွဲ့ပါ။ ဒီလူတွေ ပြောရင်တော့ ပြည်သူ့ ဆန္ဒတော့ ပြောမှာ မဟုတ်ဘူး၊ စစ်တပ် ဆန္ဒပဲ ပြောမှာပါ။ ဒါမှမဟုတ် သခင်ကြီးတွေ ဖြစ်တဲ့ အီးယူတို့ အမေရိကန်တို့ရဲ့ ဆန္ဒတွေ ပြောကြမှာပါ။

အစည်းဝေးခန်းမထဲ ရောက်တော့ ဂိုရှယ်ဆိုတဲ့လူက မြန်မာစစ်အာဏာရှင်တွေကို အထီးကျန် မထားဖို့၊ လက်တွဲ ခေါ်ဖို့ တွေ၊ ဆန်ရှင် ဖြုတ်ဖို့တွေ အတောမသတ် ပြောနေ တော့တာပါ။ အိန္ဒိယက ပညာရှင်တွေ အကုန်လုံး တီးလုံး တိုက်ညှိ ထားတဲ့ အတိုင်း ဆန်ရှင်ဖြုတ်ဖို့ လူတိုင်းလောက် ပြောကြတာပါ။ ထူးထူးဆန်းဆန်း အမျိုးသမီး တယောက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အဂတိတရား လေးပါး အကြောင်းနဲ့ မစန္ဒာရဲ့ ခေါက်ထီးလေး မလုံ့တလုံ ၀တ္ထုထဲက ဇာတ်လမ်း တခုကြောင်း ပြောပါတယ်။ ထိုင်းဘက်က မခင်ဥမ္မာ ကတော့ သူဖြတ်သန်းခဲ့တဲ့ တော်လှန်ရေး အကြောင်းတွေ သူ လက်ရှိ လုပ်နေတာတွေ ပြောပါတယ်။ တော်တော် နားထောင်လို့ ကောင်းပါတယ်။ အားလည်း တက်မိပါတယ်။

ခဏနေ တော့ မဇ္ဈိမအယ်ဒီတာ ကိုစိုးမြင့် ပြောပါတယ်။ အဲဒီမှာ တကယ့်ကို အကျိုးနဲတွေ ပြောတော့တာပါပဲ။ ဒီလူတွေ ဆိုတာက ပြည်သူ့ ဆန္ဒတွေ ပြောရမှာလေ။ သူပြောတာက ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ညစ်ပတ်မှု မတရားမှုတွေ ရှိတာ မှန်ကြောင်း၊ သို့သော်လည်း လက်ရှိ အခြေနေမှာ ဗမာပြည် ဒီမိုကရေစီရေး အတွက် အခွင့်အလမ်း တံခါးပေါက်ဖြစ် ကြောင်း။ အကြောင်းကတော့ လူနည်းစု ဒေသများတွင် တိုင်းရင်းသား များလည်း ရွေးကောက်ပွဲတွင် ယှဉ်ပြိုင် အနိုင်ရခဲ့ကြောင်း၊ လက်ရှိ ပြည်တွင်း စီးပွားရေး အခြေနေများ အလွန် ဆိုးဝါးနေပြီး အလျှင်အမြန် အရေးယူ ဖြေရှင်းဖို့ လိုအပ်နေပြီ ဖြစ်ကြောင်းတဲ့။ ဒီစကားတွေ ပြောချင်ရင် အခု နေပြည်တော်မှာ ကျင်းပနေတဲ့ လွတ်တော်ထဲမှာ သွားပြောပေါ့။ ဒီနိုင်ငံ ကလူတွေ စစ်တပ်နဲ့ ပေါင်းဖို့ ပြောတာတွေကို ခင်များတို့ စစ်တပ် လုပ်နေတာတွေ နားမလည်လို့ မှားမှား ယွင်းယွင်းတွေ ပြောနေတာ ဆိုတာကို အတိုက်ခံ လုပ်နေပါတယ် ဆိုတဲ့ လူတွေက ချေဖျက် ပြောရမှာပေါ့။ မီဒီယာသမား ဖြစ်နေလို့ ဒေါနဲ့ မောနဲ့ မပြောချင်နေပေါ့။ သြော်… ခက်ပါရော။

မေးခွန်းတွေမေးကြတဲ့ အချိန်ရောက်တော့ ရဲဘော်ကျော်သန်း ကတော့ အာဘောင် အာရင်း သန်သန်နဲ့ ကုလား ပညာ ရှင်တွေ ပြောတာကို ချေဖျက်တော့တာပဲ။ အခန်းနားမှူး လုပ်တဲ့ အမျိုးသမီးကြီးဆို မျက်နှာတွေ ပျက်လို့၊ ဂိုရှယ်ဆိုတဲ့ လူ တော့ နဖူးနဲ့ ဆံစပ်တွေမှာ ချွေးတွေများတောင် ပြန်လို့။ အမျိုးသမီး တယောက်ကပါ သူ့တင်ပြချက်တွေကို မေးခွန်းထုတ် နေတာကိုး ချွေးပြန် တော့တာပေါ့။ ပြောရရင်တော့ ပွဲကြီးက လုပ်ပွဲကြီးပါ။ တယောက်နှစ်ယောက်က ၀င်ထောက်လိုက် တာနဲ့ အခြေမလှ ဖြစ်သွားတယ်။ ပညာတတ်တွေ ဆိုတော့ ဘာမှ မဖြစ်သလို ခပ်တည်တည်ပဲပေါ့။ ပွဲကမလှတော့ ညနေ ပိုင်း သတင်း နားထောင်တော့ ဘယ်လေဒီယို သတင်းဌာနမှ ပါမလာတော့ဘူး။

မြန်မာပြည် ဒီမိုကရေစီဖော်ဆောင်ရေးဆိုတဲ့ ဧရာမ ခေါင်းစဉ်ကြီးနဲ့ နိုင်ငံခြားရေး ဌာနက လူကြီးတွေ၊ တက္ကသိုလ် အသီး သီးက ပညာရှင်တွေနဲ့ လုပ်တဲ့ပွဲ၊ ငွေတွေ အများကြီး ကုန်ကျတဲ့ပွဲ၊ တိုးတိုး တိတ်တိတ်နဲ့ ပြီးသွားရတယ်။ ရွာလည်က ကြက်ပွဲကမှ အသံ ထွက်လိမ့်အုန်းမယ်။ နောက်ရက်တော့ ဦးဇင်းတို့လည်း မသွားတော့ဘူး။ ပြီးပြီလေ ဘာဆိုဘာမှ မ ဟုတ်တာကြီး။ ကိုယ်ကပြီးပေမယ့် မပြီးနိုင်တဲ့ သူက ရှိလာပြန်တယ်။

ဒီမှာရှိတဲ့လူတွေ အခမ်းအနားလုပ်တဲ့ BCRC လို့ခေါ်တဲ့ ဗမာ့ရိပ်သာ ခန်းမမှာ အစည်းဝေးပွဲ ထပ်လုပ်တာပေါ့။ ဒီပွဲလည်း ဖိတ်စာ မရောက်ပါဘူး။ သွားတော့ တက်ရတာပေါ့။ ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ လုပ်တာတွေ ပြောနေရင် မခက်ပေဘူးလား။ ထင်တဲ့ အတိုင်းပဲ ပြောတာပါပဲ။ ဒေါက်တာတင့်ဆွေ ကနေ ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ လုပ်တဲ့ ပွဲဟာ အိန္ဒိယမှာရှိတဲ့ ပညာရှင်တွေရဲ့ အမြင်တွေကို ပြောကြတာပါတဲ့။ ဒါဟာ ကောင်းပါ တယ်တဲ့ ကျနော်တို့ သူတို့ရဲ့ အမြင်တွေ သိရတာပေါ့တဲ့။ နောင်လည်း ဒီလိုပွဲတွေ ဆက်လုပ် သွားမယ်လို့ ပြောပါတယ်။ ရဲဘော်ကျော်သန်းကြီး ကတော့ ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ လုပ်တဲ့ပွဲမှာ သူတင်ပြချက်တွေနဲ့ ပညာရှင်တွေရဲ့ အလွဲအမှားတွေကို ပရိသတ်ကို ပြန်ပြောပြပါတယ်။

ဒီနေရာမှာ ပညာရှင်ဆိုတာကို ယေဘုယျအားဖြင့် (၃) မျိုးလောက် ခွဲပြောချင်ပါတယ်။ မိမိပညာရပ်ကို လေးစားပြီး အမှန်တိုင်း ထုတ်ဖော် ပြောကြားတဲ့ ပညာရှင်၊ မိမိပညာကို အမှန်တိုင်း မပြောမဆိုဘဲ လိမ်ညာပြီး အမှားကိုပြောပြီး နာမည် ရောင်းစားတဲ့ ပညာရှင်၊ သိပေမယ့် ဘာမှမပြောဘဲ ဆွံ့အနေတဲ့ ပညာရှင်တွေပါပဲ။ ပထမ အမျိုးစားကတော့ အိန္ဒိယနိုင်ငံ က အမတြာဆင်း တို့လို လူမျိုးတွေပါ။ ဒုတိယ အမျိုးစားကတော့ အစည်းဝေးတွေမှာ ကိုယ့်စကားနဲ့ကို ပြောပြီး မဟုတ် မမှန်တာတွေ ဆိုတာ သိပြီး မေးခွန်းတွေ တက်လာတဲ့အခါ ချွေးပြန်တတ်တဲ့ ဂိုရှယ်တို့လို လူမျိုးပါ။ နောက်တမျိုးကတော့ ဖေ့ဘုတ်တွေမှာ ဘာမှ မပြောမဆို နေနိုင်ကြတဲ့ မြန်မာပြည်က မဟာ ပညာရှင်ကြီးတွေပါ။

အဲဒီမှာ ၈၈ မျိုးဆက်ထဲက ကျောင်းသားတယောက်က ခင်များတို့ NGO တွေလုပ်တဲ့ နိုင်ငံရေးနောက် လိုက်မှာလား၊ ဒေါ်စု လုပ်တဲ့ နိုင်ငံရေးနောက် လိုက်မှာလားဆိုပြီး မေးခွန်း ထုတ်ပါတော့တယ်။ ကျနော်တို့ ကတော့ ဘယ်လောက် ငတ်ငတ် ပြတ်ပြတ် ဒေါ်စု နောက်ပဲ လိုက်မယ်လို့ ခပ်ပြတ်ပြတ် ခပ်တင်းတင်းကို ပြောတော့တာပါ။

ထိုင်းဘက်က မခင်ဥမ္မာကတော့ သူတို့က ပြည်တွင်းမှာ လုပ်နေတဲ့ အီးဂရက်က နေ၀င်းမောင်တို့၊ ဒေါက်တာ ခင်ဇော်ဝင်း တို့နဲ့ လိုင်းမတူပါဘူးလို့ ပြောလာ တော့တယ်။ ဦးဇင်းလည်း အခုလို ပြောလာတော့ တခု ပြောချင်ပါတယ်။ ပြည်တွင်းက နေ၀င်းမောင်တို့ အီးမေးတွေနဲ့ အတူ ပြည်ပမှာရှိတဲ့ အဖွဲ့စည်းတွေကို ထောက်ပံ့နေတဲ့ NGO တွေရဲ့ အီးမေးတွေပါတဲ့ ဖော်ဝါဒ့်မေးတွေ ဦးဇင်းတို့ဆီမှာ ရောက်လာတယ်။ NGO တွေရဲ့ အထောက်ပံ့တွေနဲ့ အလုပ် လုပ်ရင်တော့ ဒီကရှေ့ သတိကြီးကြီးထားပြီး မျက်စိကြီး၊ နားကြီးနဲ့ အလုပ် လုပ်ကြပါလို့ သတိပေးခဲ့ပါတယ်။ အခုပဲ လမ်းခွဲဖို့ ပြောနေတာကို ထောက်ဆ ကြည့်ပေတော့လို့ ပြောဖြစ်ခဲ့ပါတယ်။

နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်သူ့ဆန္ဒကို ဆောင်ရွက်ပေးတာပါ။ ပြည်သူတွေဟာ လက်ရှိ အုပ်ချုပ် သူတွေကို မလိုချင် တော့ပါဘူး။ လက်ရှိ စစ်အာဏာရှင် တွေဟာ ၈၈ မှာ ကျောင်းသားတွေကို သတ်တယ်၊ ၂၀၀၇ မှာ ဘုန်းကြီးတွေကို သတ်တယ်။ နာဂစ်မှာ ပြည်သူတွေ ဒုက္ခ ရောက်နေတာတွေကို အကူညီ မပေးတဲ့အပြင် လာကူညီတဲ့ လူတွေကို ပြဿနာ ရှာတယ်၊ ကူညီခွင့် မပေးဘူး၊ နိုင်ငံတကာက လှူတဲ့ ငွေတွေကို ဖြတ်ယူတယ်။ ပြောမကုန် နိုင်လောက်အောင် ယုတ်မာတဲ့ ဒီအုပ်ချုပ်သူတွေကို ပြည်သူတွေ အလို မရှိတော့ဘူး။ ဒီလူတွေကို နိဂုံးကမ္ပတ် အဆုံးသတ်တဲ့နေ့ကို ရောက်ချင်နေပြီ။

အီးယူတို့၊ အမေရိကားတို့ကလည်း သူတို့ ဒဏ်ခတ်အရေးယူ ထားတဲ့ ဆန်ရှင်ကို ပြန်ဖြုတ် ချင်နေပြီ။ စစ်တပ်ရဲ့ လွတ် တော်ထဲမှာ ၀င်ပလူး ချင်နေပြီ။ လွတ်တော်ထဲမှာ သူ့လူတွေ (proxy) ရောက်နေပြီ ဆိုတော့ ဒီနှစ်ထဲမှာ ပိုပြီး သိသိသာ သာ ပြောလာတယ်၊ လုပ်လာတယ်။ ဇခါဟူစိန် ကောလိပ် (Zakir Husain College) မှာ လုပ်တဲ့ပွဲဟာ အိန္ဒိယနဲ့ အမေရိကန် ပေါင်းပြီး ဆန်ရှင်ဖြုတ်ဖို့ ပြောကြ ဆိုကြတဲ့ ပွဲပါ။ မြန်မာ အတိုက်ခံတွေကို ဒီပွဲမှာ စကားပြောခိုင်းတာ အမေရိကန်ပဲ လုပ်နိုင်တာပါ။

မြန်မာ့အရေးကို ပေါ့ပေါ့တွေးပြီး စိတ်ဓာတ်ရေးရာ ပျက်ပြားနေတဲ့ တော်လှန်ရေး သမားတွေ၊ ခပ်ညံ့ညံ့ ပညာရှင်တွေနဲ့ မ လိမ့်တပတ် ၀င်ကစားတဲ့ အီးယူနဲ့ အမေရိကန်တွေဟာ ပေါတောတော ကြောင်ကြောင်တွေလို့ မြန်မာ ပြည်သူတွေက မြင်တတ်ပါတယ်။ မြန်မာ စကားပုံမှာ အပွေးမြင် အပင်သိ ဆိုသလို လယ်ပြင်ဆင်သွား အထင်အရှား မြင်ပါတယ်၊ စကားတခွန်း ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေ ရှိတယ်ဆိုတာ သိတယ်၊ ဗမာစကားပုံတွေကို ကြည့်ရင် မြန်မာတွေဟာ ရှေးအစဉ်လာ ကတည်းက အသိဉာဏ် ကိစ္စမှာ ငတုံး ငအတွေ မဟုတ်ဘူး ဆိုတာ လုပ်စား နိုင်ငံရေးသမားတွေ၊ နိုင်ငံကြီးသားတွေကို ပြောလိုက် ချင်ပါတယ်။

အရှင်ပညာဇောတ (ဒေလီ)

၂၅၊ ၃၊ ၂၀၁၁

Ref: နေ့သစ်

Read More...

Thursday, April 7, 2011

တာလီဘန်နှင့် ဆက်သွယ်သည့် သံသယဖြင့် ဖမ်းဆီးခံရသူ ၁၉ ဦးကို ယနေ့ ရုံးထုတ်ပြီ

4/6/2011
တာကလူး

တာလီဘန်နှင့် ဆက်သွယ်သည့် သံသယဖြင့် နစက မှ ဖမ်းဆီး ထိန်းသိမ်းထားသူများထဲမှ (၁၉) ဦးကို ယနေ့ ဗုဒ္ဓဟူးနေ့တွင် မောင်တော မြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေး နေပြီဖြစ်ကြောင်း သတင်း ရရှိသည်။

နစကမှ အဆိုပါ ဖမ်းဆီးထားသူများကို တရားဥပဒေအတိုင်း စီရင်နိုင်ရန် မတ်လ (၂၈) ရက်နေ့နှင့် ယခုလ (၁)ရက်နေ့တွင် မြို့နယ်တရားရုံး တရားသူကြီးရှေ့မှောက်တွင် ပြစ်မှု ကျူးလွန်ခဲ့ကြောင်း ကြိုတင်ထွက်ဆိုချက် (သို့) ဖြောင့်ချက် ပေးခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ရုံးထုတ် စစ်ဆေးခြင်း ဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ဒီနေ့သူတို့ကို ရုံးထုတ်စစ်ဆေးမှာဖြစ်ပါတယ်။ နစက က သူတို့ကို တရားဥပဒေအတိုင်း စစ်ဆေး စီရင်နိုင်အောင် မတ်လ (၂၈)နေ့ နဲ့ ယခုလ (၁)ရက်နေ့ကနေ တရားသူကြီးရှေ့မှာ ဖြောင့်ချက် အသီးသီး ပေးခဲ့ပြီးတာနဲ့ ခုလို ရုံးထုတ်စစ်ဆေးလာတာဖြစ်ပါတယ်” ဟု သူက ပြောသည်။

ယခုအမှုတွင် နစကမှ လက်ရှိသုံးမိုင်စစ်ဆေးရေးဂိတ်မှူး ဒုရဲမှူး အောင်သာဝင်းက အဓိက တရားလိုဖြစ်ပြီး၊ ၄င်းဖမ်းဆီးထားသူများကို မတရားအသင်း ပုဒ်မများဖြစ်ကြသည့် ၁၇(၁)၊ ၁၇(၂) တို့ဖြင့် အမှုဖွင့် တရားစွဲဆိုထားကြောင်း သိရှိရသည်။

တရားရုံးရှေ့နေ တစ်ဦးက ပုဒ်မ ၁၇(၁) မှာ မတရားအသင်း အက်ဥပဒေ ဖြစ်ပြီး မတရား အသင်းများနှင့် ဆက်သွယ်မူ၊ ပံ့ပိုးမူ၊ ကူညီအားပေးသူတို့အား စွဲဆိုသော ပုဒ်ဖြစ်ပြီး ၁၇ (၂) မှာ အဆိုပါ မတရားအသင်းတွင် အဖွဲ့ဝင် ဖြစ်သူများကို စွဲဆိုသော ပုဒ်မများ ဖြစ်ကြောင်း ပြောသည်။

လက်ရှိနစကမှ တရားစွဲ ရုံးထုတ်စစ်ဆေးနေသည့် ဖမ်းဆီးခံထားရသူများမှာ အောက်ပါ အတိုင်းဖြစ်သည်။

၁။ ဦးဇော်ဝင်း (ခ) ဖေရုအာလမ် (ခ) ကာလူ၊ ရယက ဥက္ကဌဟောင်း၊ အဖ- ဦးရွှေမောင် (ခ) မိုဟာမက် ချောဖိ၊ ခမောင်းဆိပ်ကျေးရွာ

၂။ ဦးကျော်မောင် (ခ) အဘူကလောင်၊ ရယက ဥက္ကဌဟောင်း၊ အဖ-ဦးလှရွှေ (ခ) အဘဒူချောဖိ၊ ခမောင်းဆိပ်မြောက်ရွာ

၃။ ဦးချစ်မောင် (ခ) ဒီးလ်မိုဟာမက်၊ ရယက အတွင်းရေးမှူး၊ အဖ-ဦးအာလီဟူဆိန်း၊ ခမောင်းဆိပ်မြောက်ရွာ

၎။ ဦးချစ်နိုင် (ခ) ချောဖိအူလ်မူဆ၊ အဖ-ဦးချစ်မောင် (ခ) ဒီးလ်မိုဟာမက်၊ ခမောင်းဆိပ်မြောက်ရွာ

၅။ ဦးစောလွင် (ခ) မိုဟာမက်ကာရိမ်၊ အဖ- ဦးချစ်မောင် (ခ) ဒီးလ်မိုဟာမက်၊ ခမောင်းဆိပ်မြောက်ရွာ

၆။ ဦးလှမြင့် (ခ) ချောဖိအာလမ်၊ အဖ- ဦးမိုဟာမက်ချောဖိ၊ ခမောင်းဆိပ်တောင်ရွာ

၇။ ဦးဖောဇောအာလီ၊ အဖ- ဦးဖောဇောကာရိမ် (ခ) ဆောယော့ဟူဆိန်း၊ ဘင်ဒရာကျေးရွာ

၈။ ဦးစောလွင် (ခ) ဆောလိမ်၊ အဖ-ဦးနာဇီအာမက်၊ ဆိုင်းဒူလာခွဆုံကျေးရွာ

၉။ ဦးဇီယာဘူဟောက် (ခ) မော်လ၀ီ ဟူဆိန်း၊ ရယကဥက္ကဌဟောင်း၊ ရဲအောင်ကြက်ပွဲ ကျေးရွာ၊

၁၀။ ဦးအဘူတိုယု၊ အဖ-ဦးချာမ်ချူအာလမ်၊ ကြောင်နဘေးကျေးရွာ

၁၁။ ဦးခင်မောင်အေး (ခ) ဆီရာဇူဟောက်၊ အဖ- ဦးအာချာရာဖ် ဇာမာလ်၊ သဌေးချေင်းအရှေ့ရွာ

၁၂။ ဦးကျော်နိုင် (ခ) အာလီဂျူဟာ၊ အဖ- ဦးဇာဖာအာမက်၊ ရဲဘော်ကျ ခမောင်းဆိပ် ကျေးရွာ

၁၃။ ဦးမိုဟာမက်အာယတ်၊ အဖ-ဦးအီလီယာစ်၊ ရဲဘော်ကျ ခမောင်းဆိပ်

၁၄။ ဦးမိုဟာမက်ချောဖိ၊ အဖ- အဘဒူမာလက်၊ မောင်ခင်အုပ်စု ကျေးရွာ

၁၅။ ဦးမူစတာအာမက်၊ အဖ- ဦးမိုဇူမီယာ၊ ခမောင်းဆိပ်အရှေ့ရွာ

၁၆။ ဦးဒီးလ်မိုဟာမက်၊ အဖ-ဦးဘောဇောလ်ရာမန်၊ ရဲအောင်အရှေ့ရွာ

၁၇။ ဦးမိုဆက်ကော်လီ၊ အဖ- ဦးဘော်ချူ၊ ခမောင်းဆိပ်ကျေးရွာ

၁၈။ ဦးတင်ရွှေ (ခ) အဘဒူဇော်လီ၊ အဖ- ဦးအာဇိမ်အူဒိန်၊ ရွာသစ်ကျေးရွာ

၁၉။ ဦးဖေရုစ်အာမက်၊ အဖ- ဦးအဘဒူဇာဘာ၊ ဆိုင်းဟူလာခွဆုံကျေးရွာ

ယနေ့ နံနက် ၁၁း၃၀ နာရီ အချိန်အတွင် အထက်ပါဖမ်းဆီးခံထားရသူများကို မောင်တောမြို့နယ် တရားရုံးတွင် ရဲ၊ လုံထိန်း နှင့် နစကတပ်ဖွဲ့များဖြင့် လုံခြုံရေး တင်းကျပ်စွာချထားပြီး စစ်ဆေးမူများ ပြုလုပ်နေကာ ပြင်ပလူများကို လုံး၀၀င်ခွင့်မပေးပဲ တရားစစ်ဆေးနေကြောင်း တရားရုံးဝင်းထဲမှ အမှုထမ်းတစ်ဦးက ပြောသည်။

သူတို့နှင့်အတူ ဖမ်းဆီးခြင်းခံခဲ့ရသည့် ခမောင်းဆိပ်မှ အာရဘီ ကျောင်းအုပ်ဆရာ မော်လ၀ီဖောရိ မှာ နစက၏ ရိုက်နှက်မေးမြန်းခဲ့မှုကြောင့် လက်လွန်သေဆုံးသွားခဲ့သဖြင့် ယခုရုံးထုတ်ရာတွင် ပါဝင်လာခြင်းမရှိကြောင်း သိရှိရသည်။

ခမောင်းဆိပ် ဥက္ကဌဟောင်း ဦးဇော်ဝင်း (ခ) ဖေရုအာလမ် (ခ) ကာလူ ကို သူ့နေအိမ်မှ သူအဖွဲ့၏ ဆေးတံဆိပ်တုံး၊ စာရွက်စာတန်းများ၊ ဘင်္ဂလားဒေ့ရှ်အခြေစိုက် လက်နက်ကိုင် အဖွဲ့များနှင့် ဆက်သွယ် ထားသည့် စာရွက်စာတန်းများ၊ ဂျီဟက် ခေါ် မူဆလင်ဘာသာဝင်တို့၏ တိုက်ပွဲ တာဝန် အကြောင်း ရေးသားထားသည့် စာအုပ်များ နှင့်အတူ မတ်လ (၄)နေ့တွင် နစကမှ ဖမ်းဆီးခဲ့ပြီး နောက်ပိုင်း ယခုအမှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဦးဇော်ဝင်းကို ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း သူနှင့် ဆက်စပ်နေသည့် လူ (၁၀၀) ကျော်ကိုလည်း မောင်တောမြောက်ပိုင်း နစက နယ်မြေ (၁) နှင့် နယ်မြေ (၂) အတွင်းကျေးရွာများမှ ဖမ်းဆီးခဲ့သည်။ ထိုအထဲမှ အဓိက ခေါင်းဆောင်မှုပိုင်းတွင် ပါဝင်လှုပ်ရှားနေသည့် အထက်ပါ ၁၉ ဦးကို တရားဥပဒေအတိုင်း အရေးယူရန် ယနေ့တွင် ရုံးထုတ် စစ်ဆေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျန်သူများမှာ နစက ဌာနချုပ်နှင့် နစက နယ်မြေ (၁) (၂) တို့တွင် ဖမ်းဆီး ထိန်းသိမ်း ထားဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

Ref:Narinjara

Read More...

Uncensored Burma - Daily News ( 2011 April, 6)

News on April 6

Read More...

Wednesday, April 6, 2011

အစ မရိုးတဲ့ အစိုးရ

၃၀ – ၃ – ၂၀၁၁ ။ ။

နိုင်ငံတ၀ှမ်း လူ (၃၀၀၀) ကျော်ကို သတ်ဖြတ်ပြီး စစ်အာဏာ သိမ်း န၀တ ၊ နအဖ စစ်အုပ်စု က ကိုယ့်ဟာကိုယ် အစိုးရလို့ ကြေညာ ခဲ့သည်။ ပါတီစုံ ဒီမိုကရေစီကို လက်ခံပါ တယ်လို့လဲ ဗြောင်လိမ်ခဲ့သည်။ ရွေးကောက်ပွဲကိုလဲ လိမ်စဉ်ကြီး တခုလို ကျင်းပပေးခဲ့ပြီး အပြတ် အသတ် အနိုင်ရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကို အာဏာ လွဲမပေးတဲ့ အပြင် နိုင်ငံရေးသမား အားလုံးကို နိုင်ငံအနှံ့ အကျဉ်း ထောင်တွေထဲ ထည့်ပြီး နိုင်ငံရေးသမား (၁၀၀) ကျော်ကို ထောင်ထဲမှာပဲ သတ်ပစ်ခဲ့သည်။ ခုလောလောဆယ် မှာကို အကျဉ်းထောင်တွေ ထဲမှာ နိုင်ငံရေး အကျဉ်းသား (၂၁၀၀) ကျော် ရှိနေ သေးသည်။ ဒီပဲယင်း လူသတ်ပွဲနဲ့ (၂၀၀၇) ရွှေဝါရောင် သံဃာ့ အရေးအခင်းမှာ သံဃာတော်တွေ ကိုတောင် သတ်ဖြတ်ခဲ့သည်။ လယ်မဲ့ ယာမဲ့ လယ်သမား အမြောက်အများ ပေါ်ပေါက်လာအောင် နိုင်ငံအနှံ့မှာ မြေယာတွေ အမြောက်အများကို သိမ်းပိုက် ထားသည်။ နိုင်ငံမှာ အလုပ်သမား တဦးရဲ့ အနိမ့်ဆုံး လစာငွေဟာ (၁၂၀၀၀) ကျပ်ဖြစ်ပြီး နိုင်ငံဝန်ထမ်း တဦးရဲ့ အနိမ့်ဆုံး လစာငွေဟာ (၃၀၀၀၀) ကျပ်သာ ရရှိကာ အဆင်းရဲဆုံး နိုင်ငံဘ၀ ရောက်ရှိ နေရသည်။ လာဘ်ပေး လာဘ်ယူ အဂတိ အလိုက်စားဆုံး နိုင်ငံဘ၀ ရောက်အောင်ကို စစ်အုပ်စု အုပ်စီးမှုအောက်မှာ အကျင့်ပျက် နေကြသည်။ ဒါနဲ့တောင် အနာဂတ် နိုင်ငံရေးကို စစ်တပ်က ဦးဆောင် အုံးမယ်တဲ့။

အမျိုးပျောက်မှာ စိုးကြောက်ပါလှသည် သီချင်းကို ကြားယောင် လာမိပါသည်။ ဒီမိုး ဒီလေ ဒီစစ်တပ် တွေကြောင့် တိုင်းပြည် သံဃာစင် မှောက်နေသည်ကို ဘယ်ပြည်သူ တဦး တယောက်ကမှ လက်ပိုက် ကြည့်နေကြမည်တော့ မဟုတ်တော့ပါ။ ယခု စစ်အုပ်စု ရုပ်သေး လွှတ်တော်တွေက အလိမ်အညာ ဖြေကြားချက်ကို ကြည့်ပြီး မယုံလျှင် လွှတ်တော် သွားမေးလို့ ပြည်သူတွေက ဟာသ လုပ်နေကြပြီ။ မတော်မတရား ဥပဒေ တသီတတန်းကြီး ထွက်ပေါ် လာအုံးမယ် ဆိုတော့ သွေးစုပ်မှုက သားရေတထပ်ကို အထပ် တရာ ဆုတ်ခွါခံကြ ရပါတော့မည်။ လာမယ့်ဘေး ပြေးတွေ့စရာပင် မလိုတော့။

ပညာရှင်တွေပြောတဲ့ (De facto) တရားမ၀င် အစိုးရက (De jure) တရားဝင် အစိုးရ တရပ် ဖြစ်လာလျှင် ဒီထက် အဆတရာ ဆိုးသွမ်း ယုတ်မာနိုင်ဖို့ စစ်တပ်အတွက် လူသတ်တာ မဟုတ် ဥပဒေ အတွက် လူသတ်တာလို့ ပြောလာနိုင်အောင် ဥပဒေ ဗလပွ တွေကို ထုတ်ပြန် ပါတော့မယ်။ ဥပဒေ စက္ကူဖြူ စာတမ်းတွေကို ဆွဲဆုတ် ပစ်နိုင်ရန် ပြင်ဆင်ထားဖို့ လိုအပ်လာပါတယ်။ ဥပဒေဆိုတာ ဥပဒေ ထုတ်သူတွေ အကျိုးအတွက် ဆိုတာကို ပြည်သူများက အပွေးမြင် အပင်သိ ကြပါသည်။ တရားဝင် အစိုးရ တရပ်ဖြစ်တည် နိုင်ပါရန် န၀တ နအဖ မှာ အရည်အချင်း ပြည့်စုံပါ၏လော။ အဖြေကို ပြတ်ပြတ်သားသား ဖြေ၀ံ့ရပါမည်။

နံပါတ်တစ် – ကိုယ်ထုတ်သည့် ဥပဒေကို ကိုယ်ကိုယ်တိုင် လိုက်နာပါ၏လော။ လာဘ်ဦး ကျိုးပြီးသား ဖြစ်နေသည်။ (၁၉၉၀) ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုဘဲ ရွေးကောက်ပွဲ အရ တက်လာမည့် လွှတ်တော် ကသာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲရမည် ဆိုသော စစ်အုပ်စု ပြဌာန်းခဲ့သည့် ဥပဒေကို စစ်အုပ်စု ကိုယ်တိုင်က မလိုက်နာခဲ့။ ပြည်သူ့ ဆန္ဒကို မျက်ကွယ် ပြုခဲ့သည်။ ဟုတ် မှန်ပါ၏လော။ နောက်ဆုံး နအဖ စစ်အုပ်စု ဆေးဖော်ထားသည့် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုပင် နအဖ ကိုယ်တိုင် မစားဝံ့ ဖြစ်နေသည်။ ဥပဒေအတိုင်း မဟုတ်တော့ဘဲ ဆင်ဝှေ့ရန်ရှောင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေပါသည်။ မင်းမှာဂတိ လူမှာသစ္စာ မြန်မာ့ သမိုင်းထဲမှာ ရခိုင် ဘုရင် မင်းထီးက နန်းတော်တိုင် ထုံးမသုတ်ရ အမိန့် ထုတ်ပြီးမှ သူကိုယ်တိုင် ထုံးသုတ်မိလို့ သူ့လက်ညိုးသူ ဖြတ်ပြခဲ့သည့် ထုံးကို နုလုံး မူသင့်ပါသည်။

နံပါတ်နှစ် – အနိုင်ရမဲစာရင်းများမှာ တိကျပါ၏လော။ (၁၉၈၃) ခုနှစ် နောက်ပိုင်းတွင် တိကျသည့် သန်းခေါင်စာရင်း ကောက်ယူမှု မရှိကြောင်းကို နိုင်ငံတကာနှင့် သက်ဆိုင်ရာ ယခု လွှတ်တော်များက ဗြောင် ၀န်ခံထားပြီး ဖြစ်နေသဖြင့် မဲထည့်ရသည့် လူဦးရေစာရင်း ရရှိသည့် မဲစာရင်းတို့မှာ တိကျ မှန်ကန်စွာ မပြနိုင်ဘဲ ရွေးကောက်ပွဲ ကော်မရှင်က ပေါ်ပေါ်လွင်လွင် လိမ်ညာ ခဲ့သည်ကို ငြင်းချက် ထုတ်နိုင် ပါမည်လော။ မှောင်ခိုမဲ ဗြောင်တိုမဲ သူခိုးမဲတွေနဲ့ သူခိုးအစိုးရ ဖွဲ့မည်ဆိုပါက ခိုးသားငါးရာ ဇာတ်ကိုသာ ကြည့်ရ ပါတော့မည်။

နံပါတ်သုံး – ကျင်းပခဲ့သော လွှတ်တော်များတွင် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ မေးမြန်းခွင့်ကို လုံးဝ ပိတ်ပင် ထားသည်ကို တွေ့ရ ပါသည်။ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာချက် အပိုဒ် (၁၉) တွင် “လူတိုင်း လွတ်လပ်စွာ ထင်မြင် ယူဆပိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟ တင်ပြ ပိုင်ခွင့်ရှိသည်။ ထိုအခွင့် အရေးအရ မိမိ တင်ပြယူဆချက်များကို အနှောက်အယှက် အဟန့်အတား မရှိ ခံယူ ကျင့်သုံး ပိုင်ခွင့် ရှိသည်။ နယ်မြေပိုင်းခြားမှု မရှိဘဲ သတင်း စာနယ်ဇင်းများမှ တဆင့် သတင်းများ၊ အယူအဆများကို ရှာဖွေ ဆည်းပူးပိုင်ခွင့်၊ လက်ခံ ပိုင်ခွင့်နှင့် ဖြန့်ဖြူး ပိုင်ခွင့်တို့ ရှိသည်။” ဟုပြဌာန်းချက်ကို ချိုးဖောက်ထားကြောင်း တွေ့ရှိရပါသည်။ ပြည်သူ့ ကိုယ်စားလှယ်များ ဖြစ်ပါလျက် ပြည်သူ့ကိုယ်စား လွတ်လပ်စွာ တင်ပြပိုင်ခွင့် လွှတ်တော် အတွင်းတွင် လုံးဝ မရှိကြောင်းကို တွေ့ရသည်။ နှုတ်ပိတ်ခံ လွှတ်တော်များမှာ လူ့အခွင့်အရေး ချိုးဖောက်နေသည် မဟုတ်ပါလား။

နံပါတ်လေး – လွှတ်တော်အတွင်း ဖြေကြားချက်များမှာ လုံးဝ အလိမ်အညာ မပါရှိရပါ။ ပြန်လည် ဖြေရှင်းခွင့် ပေးရပါမည်။ ဆွေးနွေးခွင့် ပေးရပါမည်။ လယ်ဆည်ဝန်ကြီး ဦးဌေးဦး ကဲ့သို့ အလိမ်အညာ ဖြေကြားချက်များမှာ လွှတ်တော် အားလုံးကို ပြည်သူလူထု အယုံအကြည် မဲ့သွား စေပါသည်။ ဤလွှတ်တော်များက ဖွဲ့စည်းပေးလာမည့် အစိုးရ ဆိုသူများကိုလည်း ဘယ်ပြည်သူကမျှ အယုံအကြည် မရှိနိုင်တော့ပါ။ စစ်အုပ်စု အတွက် စစ်အစိုးရသာ ဖြစ်သည့်အတွက် မျောက်လောင်း မျောက်လောင်းပင် ဖြစ်နေပါတော့သည်။ ပြည်သူ အကျိုးအတွက် ပြည်သူ့ အစိုးရ လုံးဝ ဖြစ်မလာ နိုင်တော့ပါ။

နံပါတ်ငါး – ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည့် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုသည်ကို လွှတ်တော် ကိုယ်စားလှယ်များပင် သဘော မပေါက်ကြပါ။ ဘေးတွင် (၂၅) ရာခိုင်နှုန်းသော စစ်ဗိုလ်များ ထိုင်နေသည်ကိုသာ သိကြပါသည်။ ဥပဒေ မမည်သော (၂၀၀၈) အခြေခံ ဥပဒေကို ပြည်သူလူထု နားလည်အောင် ဘယ်တုန်း အခါကမှ မရှင်းပြခဲ့ဘူးဘဲ ကြိုတင်မဲ၊ အဓမ္မမဲတွေနဲ့ နာဂစ် မုန်တိုင်း ကာလတွင် အတင်းအကြပ် မဲထည့် ခိုင်းခဲ့ပါသည်။ ယခု ပြည်သူအများ လုံးဝ လက်မခံပါ။ စက္ကူဖြူ စာတမ်းအဖြစ် ဆွဲဆုတ်ပစ်ရန် လူထုတိုက်ပွဲ ကော်မီတီများ ပေါ်ပေါက်နေပေပြီ။ လူထုဆန္ဒဖြင့် ရေးဆွဲ အတည်ပြုခဲ့သည့် ဥပဒေ မဟုတ်ပါ။

နံပါတ်ခြောက် – (၂၀၁၀) တရားစီရင်ရေး ဥပဒေ၊ ပုဒ်မ (၆၄) တွင် “တရားသူကြီး အဖြစ် ဆောင်ရွက်ရန် တရားရေး အရာရှိ များအား စီရင်ပိုင်ခွင့် အာဏာ အရပ်ရပ်ကို အပ်နှင်းခြင်း၊ တာဝန် ၀တ္တရားများ သတ်မှတ်ပေးခြင်း ပြုလုပ်ရမည်။” ဟုပါရှိသဖြင့် ၀န်ထမ်း အရာရှိတရား စီရင်ရေးစနစ် ဖြစ်ကြောင်း တွေ့ရှိရသည်။ ပါတီစုံ ကျင့်သုံးသော နိုင်ငံများတွင် ၀န်ထမ်း အရာရှိ တရား စီရင်ရေးမှာ အံဝင်ဂွင်ကျ မဖြစ်တော့သည့် အတွက် ခေတ်မမှီတော့ပါ။ ဗြိတိသျှ ကိုလိုနီနယ်ချဲ့ တရားစီရင်ရေး စနစ် အတိုင်း ကိုယ့်နိုင်ငံ၏ တရားစီရင်ရေး စနစ်ကို သင်းမသတ် သင့်ပါ။ လွတ်လပ်သည့် တရားစီရင်ရေး စနစ်ကိုသာ အကောင် အထည်ဖော်သင့်ပါသည်။

နံပါတ် ခုနှစ် – စစ်ဗျူရိုကရက် အုပ်ချုပ်ရေး စနစ်ကို အတိအလင်း ဖော်ပြထားသည့် (၂၀၀၈) ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ စာအုပ် တအုပ်လုံးပါ ပုဒ်ထီး၊ ပုဒ်မများမှာ တရားဥပဒေ စိုးမိုးမှု အခြေခံ အားလုံးကို ဖျက်ဆီးထားပြီးသား ဖြစ်နေပါသည်။ တရားဥပဒေ စိုးမိုးမှုရှိသည့် အရပ်သား စစ်စစ် အစိုးရ စနစ်ကိုသာ ထူထောင်သင့်ပါသည်။

နံပါတ် ရှစ် – ပြဌာန်းထားသည့် ပြဌာန်းလာအုံးမည့် အထူးဥပဒေ အားလုံးမှာလည်း နအဖ ဖက်ဆစ် ဥပဒေ စနစ်အရ ပြဌာန်းချက်များ ဖြစ်နေပါသည်။ တရား ဥပဒေဆိုင်ရာ မူများသည် နိုင်ငံတကာ စံချိန် စံညွန်းများကို စံချိန်မီ လိုက်လျော ညီထွေမှုရှိအောင် ပြဌာန်းရပါသည်။ တရားမျှတ တန်းတူ အခွင့်အရေး (Equal Right) တွင် ညီမျှခြင်းဆိုသော လောကပါလ တရားနှင့် ကိုက်ညီအောင် အဆင့်အတန်း ညီမျှမှု (Equality of Status) အခွင့်အလမ်း ညီမျှမှု (Equality of Opportunities) နှင့် တရားဥပဒေ ရှေ့မှောက်တွင် ညီမျှမှု (Equality before the Law) တို့နှင့်ပြည့်စုံရန် ပြဌာန်းရပါသည်။ နအဖ စစ်အုပ်စု တလျှောက်လုံး ပြဌာန်းလာသည့် အထူး ဥပဒေ အားလုံးမှာ အထက်ပါ ညီမျှမှု တစုံတရာမှ ပါမလာသည်ကို တွေ့နေရပါသည်။ (၂၀၀၈) ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ စာအုပ် တအုပ်လုံး ကိုယ်တိုင်က သက်သေခံချက် ဖြစ်နေပါပြီ။

နံပါတ်ကိုး – တရားဥပဒေ လွှမ်းမိုးမှုရှိသော လူ့အဖွဲ့အစည်းကို ထူထောင်နိုင်ရန် ရှိသင့် ရှိထိုက်သော အရည်အချင်းများ လုံးဝ ကင်းမဲ့ နေသည်ကို တွေ့နေရပါသည်။ စံပြုထိုက်သော အောက်ပါ အချက်များ အလျဉ်း မရှိသည်ကို တွေ့ရပါသည်။

* လွတ်လပ်ပြီး ဒီမိုကရေစီကျသော ရွေးကောက်ပွဲ
* အုပ်ချုပ်ရေး လုပ်ငန်း ဆောင်ရွက်မှုများ အတွက် ဥပဒေပြုအဖွဲ့ (သို့မဟုတ်) မဲဆန္ဒရှင်များကို တာဝန် ခံရသော ကိုယ်စားပြု အစိုးရ အဖွဲ့ထားရှိခြင်း
* အစိုးရနှင့် အစိုးရအာဏာပိုင်များ၏ တာဝန်သည် အခြေခံဥပဒေကို လိုက်နာရန်နှင့် ဥပဒေနှင့် အညီသာ ပြုမူဆောင်ရွက်ခြင်း
* နိုင်ငံတော်နှင့် နိုင်ငံရေးပါတီများ အကြား ရှင်းရှင်းလင်းလင်း ခွဲခြားမှုရှိခြင်း
* စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များသည် အရပ်သား အစိုးရ၏ ထိန်းချုပ်မှု အောက်တွင်ရှိပြီး အရပ်သား အစိုးရကို တာဝန်ခံရခြင်း
* လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များကို ဥပဒေဖြင့် အာမခံခြင်း
* လူတိုင်းသည် ဥပဒေရှေ့မှောက်တွင် အညီအမျှ ဖြစ်ခြင်းနှင့် ဥပဒေ၏ အကာအကွယ်ကို ရယူရာတွင် ခွဲခြားမှု မရှိဘဲ ရယူ ခံစားပိုင်ခွင့် ရှိခြင်း
* တရားစွဲဆိုခံရသူတိုင်းအား တရားမျှတမှုရှိ၍ အများပြည်သူ တက်ရောက် နားထောင်နိုင်သော တရားခွင်တွင် စစ်ဆေး စီရင်ခြင်း တို့ဖြစ်ပါသည်။

အထက်ပါ စံထားချက်များနှင့် ကိုက်ညီမှသာလျှင် တရားဝင် အစိုးရတရပ်၏ အရည်အချင်းနှင့် ကိုက်ညီ သည်ဟု သတ်မှတ်ရပါမည်။

ယခု ကျမ်းသစ္စာ ကျိန်ဆိုကြမည့် အစိုးရအဖွဲ့ဝင် အားလုံး အထက်ပါ အရည်အချင်းနှင့် ကိုက်ညီ ကြပါ၏လော။ ကိုယ့်လိပ်ပြာ ကိုယ်မရှက် စတမ်း၊ ၀န်ခံစရာရှိလျှင် ရဲရဲ ၀န်ခံကြရ ပါမည်။ နိုင်ငံ၏ အစိုးရကောင်း တရပ်ကို ဘယ်နည်း ဘယ်ပုံ အကောင်အထည် ဖော်ကြပါ မည်နည်း။ ပြည်သူတွေက ဒီအတိုင်း လက်ပိုက် ကြည့်နေ ကြမည်တော့ မဟုတ်ပါ။

ဦးမျိုး (ဥပဒေ)
၃၀ – ၃ – ၂၀၁၁

Ref: Arakan Review

Read More...

စက်မှု ၁ ဝင်းမှ ဆိုင်များ ဖယ်ရှားရန် ကြိုးစားမှု မအောင်မြင်

သဲသဲ | အင်္ဂါနေ့၊ ဧပြီလ ၀၅ ရက် ၂၀၁၁ ။ ။

နယူးဒေလီ (မဇ္ဈိမ) ။ ။ စက်မှု ၁ ပိုင်မြေကို ငှားရမ်းကာ ဆောက်လုပ် ရောင်းချခဲ့သော ဈေးဆိုင် ၄၁ ဆိုင်အား စက်ရုံမှူးက အင်အားသုံး ဖယ်ရှားရန် ကြိုးစားရာ အရပ်သားများက ဝိုင်း အော်သည့်အတွက် မအောင်မြင်ဘဲ ပြန်သွားရမှု ပြည်မြို့နယ်တွင် တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သည်။

ပဲခူးတိုင်း ပြည်မြို့နယ် သံတချောင်းလမ်းပေါ်ရှိ တက္ကသိုလ်ရှေ့၌ စက်မှု ၁ ပိုင် မြေပေါ်တွင် ဆောက်လုပ် ထားသည့် မြစန္ဒာ ရေခဲစက်ရုံ တိုက်တန်းမှ ဆိုင်ပစ္စည်းများအား စက်ရုံမှူး ဗိုလ်ကြီးဟောင်း ဦးတင့်လွင်က ဝန်ကြီးဌာန အမိန့်ဟု ဆိုကာ ပြင်ပ အလုပ်သမား များဖြင့် ဧပြီလ ၃ ရက်နေ့တွင် ဆွဲထုတ်ရာ ဈေးဆိုင် ပိုင်ရှင်များက “မတရားပါဘူး” ဟု ဝိုင်းအော် သဖြင့် အစီအစဉ် ပျက်သွားသည်။

စက်ရုံဝင်း လစဉ်မြေငှားခကို ပိုမိုတောင်းရာက ဈေးသည်များနှင့် သဘောတူညီမှု မရသည့် နောက်ပိုင်း စက်ရုံမှုးက ဆိုင်ဖျက်ရန် ကြိုးစားခြင်း ဖြစ်သည်။

“အမိန့်ဆိုပြီး လက်မှတ် မပါတဲ့ မိတ္တူစာရွက်ပဲ ပါတယ်။ နေ့စား အလုပ်သမား တွေကို ချောဆွဲ ခေါ်လာပြီး၊ ပစ္စည်းတွေ ဆွဲထုတ်ပြီး လမ်းမှာ ပုံခိုင်းတယ်။ မတရားဘူး ဆိုပြီး ကျမတို့က အော်တော့ လူတွေ ဝိုင်းလာပြီး အကုန်လုံး ဝိုင်းအော်တာနဲ့ ပြန်သွားတာ” ဟု ဆိုင်ရှင်တဦးက မဇ္ဈိမကို ပြောသည်။

အခင်းဖြစ်ပွားမှုကို ကိုယ်တိုင်တွေ့ရှိခဲ့သူ မြို့ခံတဦးကလည်း “ကား ၃ စီးနဲ့ အလုပ်သမားတွေ ခေါ်လာတာ။ ဆိုင်ထဲက ပစ္စည်းတွေ ဆွဲချတဲ့အချိန် လူတွေက ဝိုင်းလာပြီး အကုန်လုံးက မတရားပါဘူး အော်ကြတော့တာ။ လမ်းမကြီးမှာ လူတွေ အပြည့်ပဲ” ဟု ဆိုသည်။

လွန်ခဲ့သည့် ၇ နှစ်ကျော်ကပင် ရေခဲစက်ရုံပိုင်မြေကို ငှားရမ်းကာ ကိုယ်ပိုင်ငွေဖြင့် ဆိုင်ခန်းများ ဆောက်လုပ် ခဲ့ခြင်း ဖြစ်သည်ဟု ဆိုင်ရှင်များက ပြောသည်။

ဆိုင်ခန်းမှာ ထပ်ခိုးပါ ၂ ထပ် အဆောက်အဦးဖြစ်ပြီး တခန်းလျှင် ၁ဝ ပေ X ၂၅ ပေ ကျယ်ဝန်းကာ၊ ကာလတန်ဖိုး ကျပ် သိန်း ၅ဝ မှ သိန်း ၈ဝ အထိ ကုန်ကျခဲ့ပြီး မြေငှားခမှာ တလလျှင် ကျပ် ၅၅ဝဝ ပေးသွင်း နေကြသည်ဟု ဆိုသည်။

ဆိုင်ခန်းများ ဖယ်ရှားခိုင်းရာတွင် အစိုးရပိုင် အဆောက်အအုံ ဥပဒေဖြင့် စက်ရုံအာဏာပိုင်က လွန်ခဲ့သည့် တနှစ်ခန့် ကတည်းက Notice စာများ မကြာခဏ ပေးပို့နေခဲ့သည်။ သို့သော် ဆိုင်ရှင်များကမူ ၎င်းတို့ ပိုင်ဆိုင်သည့် အဆောက် အအုံဟု ဆိုကာ ပြောင်းရွှေ့ရန် ငြင်းဆန်လာခဲ့ပြီး၊ ဆိုင်များကို ဆက်လက် ဖွင့်လှစ်နေသည်။

မြစန္ဒာ ရေခဲစက်ရုံမြေအား ပြီးခဲ့သည့်နှစ် နှစ်ဦးပိုင်းတွင် ပုဂ္ဂလိကသို့ လေလံတင်ခဲ့ရာ AA ဆေးဝါးကုမ္ပဏီက ကျပ်သိန်း ၅၈ဝဝ ဖြင့် လေလံ အောင်ခဲ့ကြောင်း မြို့ခံများက ပြောဆိုကြသည်။

ဆောက်လုပ်စဉ်က စာချုပ်ချုပ်ရာ နှစ်အကန့်အသတ် မပါဝင်သည်ကို အခွင့်ကောင်း ယူ၍ လေလံ ပစ်ရာတွင် ဆိုင်ခန်းများ ကိုပါ ထည့်ရောင်း ခဲ့ကြောင်း ဆိုင်ရှင်များကလည်း ပြောပြသည်။

၎င်းတို့ငွေဖြင့် ဆောက်ထားသည့် ဆိုင်များဖြစ်သဖြင့် မရွှေ့ပြောင်းရေး အတွက် ဆိုင်ရှင်များက နေပြည်တော် တရားရုံးချုပ်သို့ ယခု နှစ်ဆန်းပိုင်းတွင် လျှောက်ထားကာ၊ သမ္မတ ထံသို့ပါ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အသနားခံစာ ပေးပို့ခဲ့ကြသေးသည်။

အခြေမပျက် ဆက်လက်နေရန် ဆိုင်ခန်းမြေကို ဆက်လက်ငှားရမ်းခြင်း (သို့မဟုတ်) ရောင်းချပေးရန် ညှိနှိုင်း လိုသည်ဟု ဆိုင်ရှင်များက ဆိုသည်။

“ရေအိုင်တွေကို မြေဖို့ပြီး ဆောက်ခဲ့ရတာ။ ၁ ကနေ စထားတဲ့ နေရာဆိုတော့ လျော်ကြေး ရဖို့ထက် ဒီမှာပဲ အခြေမပျက် နေချင်တယ်၊ ပြောင်းရရွှေ့ရဆို ဘဝပျက်မယ့် မိသားစုတွေ ဒီမှာ အများကြီး” ဟု အခြား ဆိုင်ရှင်တဦးက ပြောသည်။

စက်ရုံမှူး ဦးတင့်လွင်ထံ ဆက်သွယ်မေးမြန်းရာ ၎င်းတွင် စာရွက်စာတမ်း အထောက် အထားများ ရှိသည်ဟုသာ ပြောဆိုပြီး၊ အသေးစိတ်ကို တယ်လီဖုန်းဖြင့် မပြောလိုဟု ဆိုသည်။

ပြည်တွင် အစိုးရဌာနများက ဝန်ထမ်း သက်သာချောင်ချိရေး ခေါင်းစဉ်ဖြင့် ဌာနပိုင် မြေလွတ်များ၌ ဆိုင်ခန်းများကို နှစ်ကန့်သတ်ချက် သို့မဟုတ် ကန့်သတ်ချက်မပါဘဲ ဆောက်လုပ် ဖွင့်လှစ်ခွင့် ပြုလေ့ရှိသည်။

ဆေးရုံဟောင်းအနီးရှိ အမှတ် ၁ ရဲတိုက်တန်းတွင်လည်း ငှားရမ်းထားသည့် ရဲဌာန မြေပေါ်ရှိ ဆိုင်ခန်းများအား ဖယ်ရှား ခိုင်းသဖြင့် ဆိုင်ရှင်များက အဆောက် အအုံများ ဖြိုချကာ ဖယ်ရှား ပေးခဲ့ရသေးသည်။

အလားတူ အမှတ် ၁ ၊ ၂ ရဲတိုက်တန်း၊ ဗဟိုမီးသတ်တိုက်တန်း၊ ပြန်ကြားရေး တိုက်တန်း၊ ဆောက်လုပ်ရေး တိုက်တန်းတို့မှာ မြို့အချက်အခြာ နေရာများတွင် တည်ရှိသည်။

Ref: မဇ္ဈိမ

Read More...

အပစ်ရပ်ရန် အစိုးရသစ်ကို KNU တောင်းဆို

ကျော်ခ | အင်္ဂါနေ့၊ ဧပြီလ ၀၅ ရက် ၂၀၁၁ ။ ။

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရက်ပိုင်းသာ သက်တမ်း ရှိသေးသည့် ဦးသိန်းစိန် အစိုးရကို တိုင်းရင်းသား ဒေသများတွင် အပစ် ရပ်ရန်နှင့် နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးရန် နှစ် ၆၀ ကျော်ကြာ လက်နက် ကိုင်လာခဲ့သည့် ကရင်အမျိုးသား အစည်းအရုံး KNU က တောင်းဆို လိုက်သည်။

“ကရင့်အမျိုးသားအစည်းအရုံးမှ စစ်အာဏာရှင်အစိုးရကို ပထမခြေလှမ်း အဖြစ် တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်ရန်၊ တိုင်းရင်းသား ဒေသများတွင် တပ်စွဲထားသော စစ်တပ်များကို ပြန်လည် ရုပ်သိမ်းပေးရန်၊ စစ်တပ်မှ အပြစ်မဲ့ ပြည်သူများကို အဓိကထား ထိုးစစ် ဆင်နေမှုများကို ရပ်တန့် ပေးရန်နှင့် နိုင်ငံရေးအရ နိုင်ငံရေး ပြဿနာကို အဖြေရှာရန် တွေ့ဆုံ ဆွေးနွေးမှုများကို စတင်ရန် တောင်းဆိုသည်” ဟု ဧပြီလ ၄ ရက် နေ့စွဲတပ် KNU ကြေညာချက်က ဆိုသည်။

ကရင်ပြည်နယ် တိုက်ပွဲဖြစ်ရာ ဒေသများတွင်လည်း ဒေသခံများကို စစ်အစိုးရ တပ်များက ရိက္ခာများနှင့် စစ်လက်နက်များ သယ်ရန်နှင့် မြေမြှုပ်မိုင်းများ ရှင်းလင်းရန် အတွက် အဓမ္မခိုင်းစေမှုများ နေ့စဉ် ရှိခဲ့သည်ဟု KNU ကြေညာချက်တွင် ပါရှိသည်။

အပစ်အခတ်ရပ်ရေး ပြုလုပ်ရန်အပြင် တွေ့ဆုံဆွေးနွေးရေးအတွက် အဆင့်ဆင့် လုပ်ဆောင်ရန် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အနေဖြင့် တိုက်တွန်း ဖိအားပေးရန် တောင်းဆို ပေးစေလိုကြောင်းလည်း ရေးသားထားသည်။

ပြီးခဲ့သည့်နှစ် တနှစ်ထဲတွင် KNU နှင့် စစ်အစိုးရတပ်များနှင့် တိုက်ပွဲပေါင်း ၁ဝ၈၃ ပွဲ ဖြစ်ပွားခဲ့ရာ ဗဟို အစိုးရ စစ်တပ်မှ ၆၁၈ ဦး ကျဆုံးခဲ့ကာ ဒဏ်ရာရသူ ၁၃ဝ၄ ဦး၊ အသက်ရှင်လျက် ဖမ်းမိသူ ၁၆ ဦး ရှိခဲ့ပြီး၊ KNU ဘက်မှ ၉ ဦး ကျဆုံးကာ ၉ ဦး ဒဏ်ရာ ရခဲ့ကြောင်း KNU ၏ ၂ဝ၁ဝ ခုနှစ် နှစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

Ref: မဇ္ဈိမ

Read More...

Uncensored Burma - Daily News ( 2011 April, 5)

News on April 5

Read More...

အစိုးရသစ် နယ်စပ်အရေး ကိုင်တွယ်ရန် တရုတ်မျှော်လင့်

Tuesday, 05 April 2011 /

မကြာသေးမီက ကျမ်းသစ္စာ ကျိန်ဆိုပြီးသော သမ္မတသစ် ဦးသိန်းစိန်ကို ပထမဆုံးသော ပြည်ပ ကိုယ်စားလှယ် အဖြစ် တရုတ် နိုင်ငံမှ ထိပ်တန်း ခေါင်းဆောင် နံပတ် ၄ အဆင့်ရှိ မစ္စတာ ကျာ ချင်းလင်က ယမန့်နေ့တွင် လာရောက် တွေ့ဆုံသည်။

ဧပြီလ ၂ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိ လာသော တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်း ကော်မတီဝင်နှင့် တရုတ် နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်ရင့် ၁၁ ကြိမ်မြောက် အမျိုးသား ကော်မတီ ဥက္ကဋ္ဌ မစ္စတာ ကျာချင်းလင် သည် ယမန်နေ့က သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ အဆင့်မြင့် ဆက်ဆံရေး တိုးမြှင့်သွားရေး၊ တရုတ်-မြန်မာ နယ်စပ်ကိစ္စနှင့် စီးပွားရေး ဖွံ့ဖြိုးရေး ကိစ္စများကို ဆွေးနွေးကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားသည်။

“မြန်မာအစိုးရသစ် အနေနဲ့ တရုတ်-မြန်မာ နယ်စပ် ဒေသ တည်ငြိမ်ရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အတွက် တည်ငြိမ်တဲ့ ပတ်ဝန်းကျင် ဖန်တီး နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု မစ္စတာ ကျာ ချင်းလင်က ထုတ်ဖော် ပြောဆိုကြောင်း ဆင်ဟွာ သတင်းဌာနက ကိုးကား ဖော်ပြသည်။

မြန်မာအစိုးရသစ် တက်လာသော်လည်း တရုတ်အပေါ် မြန်မာနိုင်ငံ၏ မူဝါဒများ ပြောင်းလဲခြင်း မရှိဟု မြန်မာ သမ္မတ သစ်က အတည်ပြုကြောင်း၊ အဓိက ကျသော စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း တရုတ် မီဒီယာများက ရေးသားကြသည်။

သို့သော် အစိုးရထိန်းချုပ်သော မြန်မာ သတင်းစာများကမူ “မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းရေးနှင့် တိုးတက် ဖွံ့ဖြိုးရေးကို အဟန့် အတား ဖြစ်စေသည့် လုပ်ရပ်မှန်သမျှ တရုတ်နိုင်ငံက ဆန့်ကျင်” မည်ဟု ပြောကြောင်း အသားပေး ဖော်ပြထားသည်။

တရုတ်နှင့် မြန်မာသည် နိုင်ငံရေးနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်နေကြသည့် အိမ်နီးချင်း နိုင်ငံများ ဖြစ်သော်လည်း နှစ်နိုင်ငံ နယ်စပ်ရှိ မြန်မာ တိုင်းရင်းသား လူမျိုးစုများ အရေးနှင့် ပတ်သက်၍ မတူသော အမြင်များ ရှိနေကြောင်း နေပြည်တော် စစ်ဘက် အသိုင်းအဝိုင်းမှ သိရသည်။

နေပြည်တော်မှ အဆင့်မြင့်အရာရှိတဦးက တရုတ်-မြန်မာ နယ်စပ်ရှိ ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) စသည့် တိုင်းရင်းသား တပ်ဖွဲ့များ အရေးနှင့် ပတ်သက်၍ “ဟုတ်ပါတယ်၊ နယ်စပ် ပြဿနာဟာ တရုတ်အတွက် ခေါင်းခဲစရာ ဖြစ်ပါတယ်။ ဒီနယ်စပ် တိုင်းရင်းသား အရေးကို ကိုင်တွယ်ဖို့ တရုတ်ရဲ့ အကူအညီ လိုပေမယ့် တရုတ်က မပေးချင်ဘူး။ တရုတ်က မြန်မာ အစိုးရကို ကိုယ့်ဟာကိုယ် ပြေလည်အောင် ဖြေရှင်း စေချင်နေတယ်” ဟု ပြောသည်။

၂၀၀၉ ခုနှစ် သြဂုတ်လတွင် တရုတ်-မြန်မာနယ်စပ်ရှိ ကိုးကန့်အဖွဲ့ (ခေါ်) မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု တပ်မတော် (MNDAA) ကို နအဖ စစ်အစိုးရက ထိုးစစ် ဆင်ခဲ့ရာတွင် ဒေသခံ တရုန်-ကိုးကန့် ၃ သောင်း ၇ ထောင်ကျော် တရုတ် နိုင်ငံဘက်သို့ ထွက်ပြေး ခိုလှုံခဲ့သည်။

ထိုသို့ ထိုးစစ်ဆင်ပြီးနောက် တရုတ်-မြန်မာ နယ်စပ်အခြေစိုက် ကိုးကန့်အဖွဲ့နှင့် တခြားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် နအဖ စစ်အစိုးရက ကမ်းလှမ်း ထားသော အပစ်အခတ် ရပ်စဲရေးနှင့် နယ်ခြားစောင့်တပ် အဖြစ် အသွင် ပြောင်းရေး တို့ကို ငြင်းပယ်ခဲ့သည်။

တရုတ်အဆင့်မြင့် ကိုယ်စားလှယ် မစ္စတာ ကျာ ချင်းလင်ကို သမ္မတ ဦးသိန်းစိန် အပါအဝင် ဒု သမ္မတနှင့် ကုန်သွယ်ရေး မူဝါဒ ကောင်စီ ဥက္ကဋ္ဌ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် စသူတို့က လက်ခံ တွေ့ဆုံခဲ့သည်။ မစ္စတာ ကျာ ချင်းလင်သည် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့်လည်း သီးခြား တွေ့ဆုံခဲ့သည်။

တရုတ်ကိုယ်စားလှယ် အဖွဲ့သည် ယင်းတို့၏ ၄ ရက်ကြာ ခရီးစဉ်အတွင်း မြန်မာ အစိုးရသစ်နှင့် စီးပွားရေး ဆိုင်ရာ သဘော တူညီချက် စာချုပ် ၅ ခုချုပ်ဆိုသည်။ ယင်းတို့ အထဲတွင် တရုတ် နိုင်ငံက မြန်မာသို့ တရုတ် ယွန်ငွေ ဘီလီယံ ၃၀ ချေးငွေအောက်မှ ပထမ အသုတ် ချေးငွေ သဘောတူစာချုပ်၊ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးနှင့် မြန်မာစီးပွားရေး ဦးပိုင် လီမိတက်နှင့် စီးပွားရေး လုပ်ငန်းဆိုင်ရာ သဘော တူညီချက်များ ပါဝင်သည်။

မစ္စတာ ကျာ ချင်းလင်သည် သူရ ဦးရွှေမန်း၏ ဖိတ်ကြားချက်အရ လာရောက်ခြင်း ဖြစ်ပြီး မြန်မာ ခရီးစဉ်ပြီးလျှင် သြစတြေး လျနှင့် ဆာမိုအာ နိုင်ငံများသို့ ခရီးဆက်မည်ဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

အမေရိကန် အထူးကိုယ်စားလှယ် တကယ်ထူးမည်လား

ဖနိဒါ | အင်္ဂါနေ့၊ ဧပြီလ ၀၅ ရက် ၂၀၁၁ ။ ။

ချင်းမိုင်(မဇ္စျိမ) ။ ။ မြန်မာအစိုးရသစ် ဖွဲ့စည်းပြီးနောက် အမေရိကန် နိုင်ငံက မြန်မာ နိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် အဖြစ် မစ္စတာ ဒဲရစ် ဂျေမစ်ရှဲလ် Mr. Derek J.Mitchell ကို ခန့်မည့်အရေး နိုင်ငံရေး ပါတီများအတွင်း သဘော ကွဲလွဲနေသည်။

ကွယ်လွန်သွားပြီဖြစ်သော အမေရိကန် အထက် လွှတ်တော်အမတ် တွမ်လန်းတို့စ် ဦးဆောင် တင်သွင်းသော Jade Act ဥပဒေ အရ အမေရိကန် လွှတ်တော်ဟာ လက်ရှိ အမေရိကန် အာရှနှင့် ပစိဖိတ်ရေး ဆိုင်ရာ ဒုလက်ထောက် ကာကွယ်ရေး ဝန်ကြီး မစ္စတာဒဲရက် ဂျေမစ်ရှဲလ်ကို မြန်မာနိုင်ငံ ဆိုင်ရာ အထူး သံတမန် အဖြစ် ခန့်အပ်လိမ့်မည်ဟု သတင်း ထွက်ပေါ်နေသည်။

မတ်လ ၂၉ က အမေရိကန် အထက် လွှတ်တော် အမတ် ၄ ဦးက စီးပွားရေး ပိတ်ဆို့ အရေးယူမှု ပိုမို ထိရောက်ရန် အထူး ကိုယ်စားလှယ် တဦး အမြန် ခန့်အပ်ဖို့ လိုကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကို တိုက်တွန်း ခဲ့သည်။

ထိုအမတ် ၄ ဦးသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ စီးပွားရေး ပိတ်ဆို့ အရေးယူမှုကို ထောက်ခံ သူများဟုလည်း ဗီအိုအေ မြန်မာပိုင်း သတင်းတရပ်တွင် ပါရှိသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေဖြင့် အထူး သံတမန် ခန့်အပ်ထားမည့် အရေးကို ကြိုဆိုကြောင်း ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောသည်။

“ ဒီလိုအထူး ကိုယ်စားလှယ်ခန့်မှာ မြန်မာပြည်မှာ စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ပြည်သူတွေ အပေါ် ထိခိုက်မှု ရှိမရှိ၊ အစိုးရ အပေါ် ထိခိုက်မှုရှိ မရှိဆိုတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တားဆီးနိုင်အောင် ဆွေးနွေးဖို့ လုပ်ဖို့ လိုတယ်လို့ ပြောပြီးသား ဖြစ်တဲ့ အတွက် ဒီလိုခန့်တာကို ကြိုဆိုပါတယ် ”ဟု ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

အမေရိကန် အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံ အပေါ် ထားသည့် စီးပွားရေး ပိတ်ဆို့မှု၊ NLD၊ လက်နက်ကိုင် တိုင်းရင်းသား အင်အားစုများ၊ ဒီမိုကရေစီ အင်အားစုများနှင့် စစ်အစိုးရ အကြား ဆက်စပ် ညှိနှိုင်းပေးနိုင်မည်ဟု သူက ယူဆထားသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်းကတော့ ဆန်ရှင်ကို ရုပ်သိမ်း စေလိုပြီး အမေရိကန် အထူး သံတမန် အနေဖြင့် မြန်မာ့ ဒီမိုကရေစီ အရေးအတွက် လက်တွေ့ ညှိနှိုင်း ပေးနိုင်ဖို့လိုသည်ဟု သတိနှင့် ပြောဆို လိုက်သည်။

“ ဆန်ရှင်တွေ ရုပ်ကြမယ်လို့ မျှော်လင့်တယ်လေ။ ဒီလို ကိုယ်စားလှယ် တဦးထားတယ် ဆိုတာ ဗမာပြည်ကို စောင့်ကြည့်ဖို့ ဆိုတဲ့ အဓိပ္ပာယ်လား၊ အကြံပေးမယ်၊ ဖလှယ်မယ် ညှိနှိုင်းမယ်။ ဆွေးနွေးမယ်၊ တိုင်ပင်မယ်။ ဒါတွေ မဖြစ်ဖြစ်အောင် လုပ်မယ် ဆိုရင်တော့ အိုကေပေါ့။ ကန့်ကွက်စရာ မရှိဘူး။ ကိုယ်စားလှယ် တဦးထားပြီးတော့ စောင့်ကြည့်ဖို့ဘဲဆိုရင် မထူးဘူးပေါ့၊ စောင့်ကြည့်ပြီးတော့ အပြစ်ရှာမယ် ဆိုရင်တော့ တမျိုးပေါ့”ဟု နိုင်ငွေသိန်းက မဇ္စျိမကို ပြောသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေကလည်း ကိုယ်စားလှယ်၏ လုပ်ရပ်သည် အပြုသဘော မဆောင်ပါက လက်ခံမည် မဟုတ်ကြောင်း ပြောသည်။

“ ဒီအထူးကိုယ်စားလှယ်က ဘာတွေလုပ်မှာလဲ။ လုပ်ငန်းတာဝန်က ဘာတွေ သတ်မှတ် ပေးမှာလဲ။ အပြုသဘော အလားအလာ မဆောင်တဲ့ ကိစ္စရပ်မျိုး ဆိုရင် ကျနော်တို့ လက်ခံမှာ မဟုတ်ဘူးဆိုတဲ့ ယေဘုယျ သဘောထားတော့ ကျနော်တို့ ပါတီမှာ ချမှတ်ထားတာ ရှိပါတယ်”ဟု ဦးဟန်ရွှေက မဇ္ဈိမကို ပြောသည်။

အမေရိကန်အစိုးရက မြန်မာ့နိုင်ငံရေးကို အထူးအာရုံစိုက်လာကာ ကိုင်တွယ်လာသည့် သဘော သက်ရောက်ပြီး မြန်မာ့အရေး တိုးတက်မှု ရှိမရှိ၊ အခြေအနေများကို အကြံပြု တင်ပြနိုင်ရန် အထူး ကိုယ်စားလှယ် ခန့်ထားခြင်းသည် အမေရိကန် အစိုးရ၏ ဆုံးဖြတ်ချက် ချမှုတွင် ပို အထောက်အကူ ဖြစ်စေမည်ဟု မြန်မာ့အရေး လေ့လာသူ ဦးဌေးအောင်က ပြောသည်။

“ အမေရိကန်က စီးပွားရေး အရေးယူပိတ်ဆို့နေတာ ရှိတယ်။ ဒါပေမဲ့ အဲဒါတွေက တကယ့် မထိရောက် ဘူးလေ။ ဒါတွေကို ပြန်ပြီးတော့ သူတို့ အနေနဲ့ တိတိကျကျ မပြောနိုင်ဘူး။ အခုလို သတ်သတ်မှတ်မှတ် ထားပြီး မြန်မာနိုင်ငံ အရေးကိစ္စကို အာရုံစိုက် ကြည့်နေမယ်။ သုံးသပ်နေမယ်။ အဲဒီအတွက် ဘယ်လို ဆောင်ရွက်သင့်တယ် ဆိုရာ အမေရိကန် အစိုးရအပေါ် အကြံပေးမယ် ဆိုရင် ပိုကောင်းတယ်။ မြန်မာအပေါ် အရေးယူမယ် ဆိုရင်လဲ ထိရောက်တဲ့ အရေး ယူနိုင်တာပေါ့နော်။ ပိုကောင်းတယ်လို့ ပြောရမှာပေါ့”ဟု သူက မဇ္ဈိမကို ပြောသည်။

မစ္စတာ ဒဲရက်စ်မစ်ရှဲလ်သည် အာရှပစိဖိတ်ဒေသဆိုင်ရာ တခုလုံးကို ကိုင်တွယ် ခဲ့ဖူးသဖြင့် လက်ရှိ မြန်မာ့အရေး တခုတည်း ကိုဘဲ ကိုင်တွယ်သော အခါ မြန်မာ့ နိုင်ငံရေး အကြောင်းကို သိရှိထားပြီးသူ ဖြစ်၍ ထိရောက်လိမ့်မည်ဟု သူက မျှော်လင့်နေသည်။

၁၉၈၈ အရေးအခင်းနောက်ပိုင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ခန့်မထားသေးသည့် အပြင် အမေရိကန်က မြန်မာကို သံတမန်ရေးတွင် အဆင့် လျှော့ထားသည်။

Ref: မဇ္ဈိမ

Read More...

ရန်ကုန်မြို့လယ် စိန်ရွှေ ရတနာဆိုင်ကြီးတွင် ဓားပြတိုက်မှုဖြစ်ပွား

မိုးမခ အထောက်တော်၊ ရန်ကုန်
ဧပြီ ၆၊ ၂၀၁၁
၂၀၀၇ ခုနှစ်က စင်္ကာပူ လုပ်ငန်းခွဲ ဖွင့်ပွဲတွင် အာရှမယ် Sabrina Houssami နှင့်
တွေ့ရသော ရွှေနန်းတော်မိသားစု



ယမန်နေ့ ညနေ ၆နာရီ ၀န်းကျင်က ရန်ကုန်မြို့ ရွှေနန်းတော် စိန်ရွှေ ရတနာ ရွှေဆိုင်တွင် ဓားပြတိုက်မှု ဖြစ်ပွား ခဲ့သည်ဟု သတင်း ရရှိသည်။ ထိုသို့ ဖြစ်ပွားပြီးနောက် ၄ နာရီကျော်ကြာထိ ရွှေနန်းတော်ကို သံတံခါး ပိတ်ပြီး ရဲများက စစ်ဆေး မေးမြန်းလျက် ရှိနေ သေးသည်ဟုလည်း သိရသည်။ အဆိုပါ လမ်းဆုံ တ၀ိုက်တွင် လက်နက်ကိုင် ရဲလုံခြုံရေးများ ချထားသည်ကိုလည်း တွေ့မြင်ရသည်။

ဓားပြတိုက်သူ မည်သူ မည်ဝါ ဖြစ်သည်၊ မည်မျှ ပါသွားသည် ဆိုသည့် အသေးစိတ် အချက်အလက်များ ယခုအချိန်တွင် မသိရှိရသေးပါ။

ပိုင်ရှင်

ရွှေနန်းတော် ရတနာဆိုင်ကို ဒေါက်တာ အောင်ကျော်ဝင်း ပိုင်ဆိုင်သည်ဟု သိရသည်။ သူ၏ ဇနီးမှာ ဒေါက်တာ သက်သက်ခိုင် (သရုပ်ဆောင် အကယ်ဒမီ ထွန်းအိန္ဒြာဗို နှင့် ညီအစ်မ တော်စပ်သူ) ဖြစ်သည်။

သို့သော်လည်း အာဏာရှင်စောင့်ကြည့်ရေး အင်တာနက်စာမျက်နှာ http://burmadictatorwatch-eng.blogspot.com/2008/01/more-about-u-kyin-pain-u-shwe.html တွင်မူ ရွှေနန်းတော်သည် သူ၏ ဖခင် ဦးရွှေ ပိုင်ဆိုင်ကြောင်း၊ ဦးရွှေသည် ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်ပြီး စီးပွားရေး လုပ်ငန်းများစွာ လုပ်ကိုင်နေကြောင်း ရေးသား ထားသည်။

မြန်မာပြည်ရှိ သူ၏ လုပ်ငန်းများတွင် စိန်နန်းတော်၊ မြနန်းတော်၊ ရတနာနန်းတော်၊ ၀ါဝါ၀င်း စသည့် ရတနာ ဆိုင်ကြီးများ၊ ရွှေသဇင် စင်ဒီကိတ်တို့ ပါဝင်သည်ဟု ဆိုသည်။

တန်ဘိုးကြီး

ရွှေနန်းတော်သည် ရွှေထည်ပစ္စည်းများ သာမက၊ စိန် နှင့် တန်ဘိုးကြီး ရတနာများ ရောင်းချသည့်ဆိုင် ဖြစ်သည်။

ပိုင်ရှင် ဒေါက်တာ အောင်ကျော်ဝင်းက သူ၏ လုပ်ငန်းများ အတွက် ရတနာ ပစ္စည်း ထုတ်လုပ်သည့် စက်ရုံကို ၂၀၀၅ ခုနှစ်တွင် တည်ထောင် ခဲ့ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလက ရန်ကုန် အခြေစိုက် The First Music ဂျာနယ်ကို ပြောသည်။

အိန္ဒြာကျော်ဇင် မင်္ဂလာပွဲတွင် ၀တ်ဆင်ရန် ငှားရမ်းလိုက်သည့် စိန်ထည် ပစ္စည်းများမှာ ထိုစက်ရုံမှ ထုတ်လုပ်သည် ဟု ဆိုသည်။ “စုစုပေါင်း စိန်အပွင့်က စိန်အဝိုင်း အပွင့်ရေ ၂၆၀၀ ဝန်းကျင်၊ စိန်ဖန်ချောင်း အပွင့် ၁၂၀၀ ဝန်းကျင်” ပါဝင်ကြောင်း သူက The First Music ဂျာနယ်ကို ပြောသည်။

အစိုးရသစ်ကို အားစမ်းခြင်း

ရန်ကုန်မြို့လယ် လူစည်ကားရာ လမ်းဆုံလမ်းခွရှိ နာမည်ကြီး ရွှေဆိုင် ဓားပြမှုမှာ “အရပ်သား” အစိုးရသစ် တက်လာပြီး ၅ ရက် အကြာတွင် ဖြစ်သည်။ ဤအမှုသည် အသစ် တက်လာသည့် အစိုးရ လက်ထက် တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး အစီအမံကို အားစမ်းမှု တခု ဖြစ်သည်ဟု ရန်ကုန်မြို့ခံတဦးက ဝေဖန်လိုက်သည်။

လုံခြုံရေး

ရွှေနန်းတော် စိန်ရွှေ ရတနာရွှေဆိုင်တွင် လုံခြုံရေး ကင်မရာများ တပ်ဆင်ထားသည်။

ရန်ကုန်မြို့လယ် ရွှေဆိုင်များ၏ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့က ကားဖြင့်လှည့်ပြီး စောင့်ရှောက်သည့် အစီအစဉ် ရှိသည်ဟု သိရသည်။ ထိုသို့ လုံခြုံရေး ယူပေးသည့် နယ်မြေခံ ရဲတပ်ဖွဲ့ကို ရွှေဆိုင် ပိုင်ရှင်များက စုပေါင်းပြီး ထောက်ပံ့ ထားရသည်ဟု ဆိုသည်။

ရန်ကုန်ရှိ စိန်ရွှေ ရတနာရွှေဆိုင် အများစုမှာ တရုတ်တန်းတွင် တည်ရှိသည်။

ရန်ကုန်တွင် ပထမဆုံးအကြိမ် အဖြစ် ရတနာဆိုင်ကြီး ဓားပြတိုက် ခံရခြင်း ဖြစ်သည်ဟု သိရသည်။

ယခင်က နယ်မြို့ ရွှေဆိုင် တချို့တွင်သာ ဓားပြမှု ဖြစ်ပွားခဲ့သည်။

Ref: မိုးမခ

Read More...

Tuesday, April 5, 2011

ရေနံချက်စက်ရုံတည်ရန် ဦးပိုင်နှင့် တရုတ်စာချုပ်ချုပ်


တနှစ်လျှင် ရေနံစိမ်းတန်ချိန် ၅ သန်းချက်နိုင်မည့် ရေနံချက်စက်ရုံနှင့် ဓာတ်ဆီနှင့် ရေနံ ဓာတ်ငွေ့ရည် ဖြန့်ဖြူးရေးဌာနများ တည်ဆောက်မည့် စီမံကိန်းအတွက် တရုတ်နိုင် ငံနှင့် မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ သက်တမ်းတိုးစာချုပ် တနင်္လာနေ့က လက်မှတ်ထိုးသည်။

ဦးသိန်းစိန် အစိုးရသစ်ကို အာဏာလွှဲပြီးနောက် ပထမဆုံးရောက်ရှိ လာသော နိုင်ငံခြားဧည့်သည်တော် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင် ကျာချင့်လင် ခရီးစဉ်အတွင်း Guandong Zhenrong Energy ကုမ္ပဏီ ဥက္ကဋ္ဌ Xiong Shohui နှင့် စီးပွားရေးဦးပိုင်လီမိတက်၏ အကြီးအကဲသစ် ဗိုလ်မှူးချုပ် ဇာနည်ဝင်းတို့ နေပြည်တော်တွင် လက်မှတ်ရေးထိုးကြသည်။

ထို့အပြင် တရုတ်ယွမ်ငွေ ဘီလျံ ၃ဝ (ဒေါ်လာ ၄.၅ ဘီလျံ) အတိုးမဲ့ချေး ငွေမှ “ပထမအသုတ်” ချေးငွေသဘောတူစာချုပ်ကို ဘဏ္ဍာ/အခွန် ဝန်ကြီးဌာန မြန် မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တရုတ်အစိုးရ သွင်းကုန်/ထုတ်ကုန်ဘဏ် ဥက္ကဋ္ဌ တို့ လက်မှတ်ထိုးကြသည်ဟု အင်္ဂါနေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

တရုတ်က ချင်းတွင်းမြစ်အနောက်ဖက်ရှိ စပယ်တောင်၊ စပယ်တောင် (တောင်) နှင့် ကြေးစင်တောင် သတ္တု တွင်းများမှ ကြေးနီထုတ်လုပ်မှုမှ အချိုးကျ ရရှိမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်း အမေရိကန်ဒေါ်လာ သန်း ရှစ်ထောင်ကျော်အထိ ရင်းနှီးမြှုပ်နှံ ထားပြီး ဒေါ်လာသန်း ငါးထောင်တန် ရေအားလျှပ်စစ် စီမံကိန်း များနှင့် ဒေါ်လာ သန်း နှစ်ထောင်ခန့် တန်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများ ပါဝင်သည်။

ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်၊ ဝန်ကြီးများနှင့် နေပြည်တော်၌ သီးခြားတွေ့ဆုံစဉ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်နှင့် အမျိုးသားကော်မတီ ဥက္ကဋ္ဌ ကျာချင့်လင်က နှစ်နိုင်ငံ ဆက်ဆံရေးတိုးချဲ့သွားမည် ပြောကြောင်း အစိုးရသတင်းစာ က ဖော်ပြသည်။

ကျာချင့်လင်သည် တရုတ်နိုင်ငံတွင် သမ္မတ၊ ဝန်ကြီးချုပ်နှင့် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့်ဥက္ကဋ္ဌပြီးလျှင် စတုတ္ထအရေးအပါဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေး ကိစ္စရပ်များလည်း အလေးထား ဆွေးနွေးခဲ့ကြကြောင်း တရုတ်-မြန်မာ နယ်စပ် အကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

Ref;< a href"http://www.mizzimaburmese.com/news/business/7346-2011-04-05-13-39-59.html">Mizzima

Read More...

ထိန်းသိမ်းခံ ဗိုလ်ကြီးဟောင်း၏ အိမ် ရှာဖွေခံရ

2011-04-04 /

ပြီးခဲ့တဲ့ စနေနေ့က ထိန်းသိမ်းခံခဲ့ရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ နေအိမ်ကို ဒီနေ့ ဧပြီ ၄ ရက် မနက်မှာ ထောက်လှမ်းရေး၊ ရဲနဲ့ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့တွေ ဝင်ရောက် ရှာဖွေခဲ့ပြီး ကိုယ်ပိုင်သုံး ကွန်ပျူတာ Laptop တလုံး သိမ်းဆည်း သွားတယ်လို့ သတင်းရရှိပါတယ်။

ကိုနေမျိုးဇင်ဟာ NLD လူငယ် သွေးကူညီရေးအဖွဲ့ကို ပံ့ပိုးနေသူတယောက် ဖြစ်ပါတယ်။ သူ့ကို ပြီးခဲ့တဲ့ စနေနေ့၊ ဧပြီလ ၂ ရက်နေ့ ညနေ ၄ နာရီလောက်မှာ နယ်မြေခံ SB သတင်းတပ်ဖွဲ့ဝင် တပ်ကြပ် တဦးက တယ်လီဖုန်း ဆက်ပြီး ဆင့်ခေါ်လို့ သွားရောက် ခဲ့ရာမှာ ထိန်းသိမ်း ထားလိုက်တာပါ။

ဒီနေမှာတော့ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ၁၉ ရပ်ကွက်က သူရဲ့ နေအိမ်ကို ဝင်ပြီး ရှာဖွေကြတာပါ။

ဒီကိစ္စနဲ့ ပတ်သက်လို့ NLD သွေးကူညီရေးအဖွဲ့ တာဝန်ခံတဦးဖြစ်တဲ့ ကိုညီညီက RFA ကို အခုလို ပြောပါတယ်။

“ဒီနေ့ ၁၁ နာရီခွဲလောက်မှာ ရဲမှူးကြီး ဦးထိန်လင်း ဦးစီးတဲ့ မယကတွေ ပါမယ်၊ မယက ဥက္ကဋ္ဌပါမယ်၊ SB တပွင့်က နှစ်ယောက်လောက် ပါမယ်၊ အားလုံးပေါင်း ၈ ယောက်ပေါ့နော်၊ ဓာတ်ပုံဆရာတွေ၊ ကွန်ပျူတာ ဆရာတွေပေါ့ ဝင်စစ်ဆေး သွားပြီးတော့ သူ့ရဲ့ laptop ယူသွားတယ် ခင်ဗျ။ သူက ကွန်ပျူတာ အင်တာနက် ဆိုင်လေး ဖွင့်ထားတော့ အဲဒီမှာ သူအဓိက သုံးတဲ့ ဟာလေးပေါ့နော်၊ အဲဒီ laptop လေးတော့ ယူသွားတယ်။ သူ့ကို ဝင်ရှာတဲ့အချိန်မှာ ကျွန်တော်တို့က သူ့အိမ်ကို သွားတယ်လေ။ သွားတော့ ကျွန်တော်တို့ကို သူတို့က အဝင်မခံဘူးဗျ။”

အခုချိန်ထိ ကိုနေမျိုးဇင်ကို ဘာကြောင့် ထိန်းသိမ်း စစ်ဆေးနေတယ်၊ ဘယ်နေရာမှာ ထိန်းသိမ်း ထားတယ် ဆိုတာ မသိရ သေးဘူးလို့ ဆိုပါတယ်။ သူဟာ အင်တာနက် ကဖေးဆိုင် ဖွင့်ထားပြီး၊ တဖက်မှာလည်း NLD သွေး ကူညီရေး အဖွဲ့တွေ သွားလာ ဆောင်ရွက်မှုတွေ အတွက် ကိုယ်ပိုင်ကားနဲ့ တောက်လျှောက် လိုက်ပါ ကူညီနေသူ ဖြစ်တယ်လို့ NLD အဖွဲ့ဝင်တွေက ပြောပါတယ်။

သူ့ကို ထိန်းသိမ်းလိုက်တဲ့ စနေနေ့ ညဦးပိုင်း တယ်လီဖုန်း အဆက်အသွယ်ရတဲ့ အချိန်မှာ ကိုနေမျိုးဇင်က ဆင်းရဲ ချို့တဲ့တဲ့ နာမကျန်း သူတွေအတွက် အမြဲ လိုအပ်နေတဲ့ သွေးကူညီရေးကို အဆက် မပြတ်အောင် ဆက်လုပ်ကြဖို့ နောက်ဆုံး တိုက်တွန်း ပြောဆိုခဲ့တယ်လို့ ကိုညီညီက ပြောပါတယ်။

Ref: RFA News

Read More...

Uncensored Burma - Daily News ( 2011 April, 4)

2011 April, 4

News on April 4

Read More...

Monday, April 4, 2011

ထောင်ဝင်စာ တွေ့ရေးအတွက် ရှမ်း NLD ထောက်ပံ့မည်

မျိုးသန့်
ဧပြီလ ၀၄ ရက် ၂၀၁၁ ခုနှစ်

ရှမ်းဒေသခံ နိုင်ငံရေးအကျဉ်းသားများထံ ထောင်ဝင်စာ တွေ့နိုင်ရေးအတွက် မိသားစုဝင်များကို လစဉ်ထောက်ပံ့ကြေး ၅၀၀၀ ကျပ် ပေးသွားမည်ဟု ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောသည်။

ပါတီက စာရင်းကောက်ယူမှုအရ ရှမ်းပြည်နယ်ဒေသခံ နိုင်ငံရေး အကျဉ်းသား ၂၅ ဦး ရှိနေပြီး၊ တဦးကို တလလျှင် ကျပ် ၅ဝ၀ဝ ထောက်ပံ့သွားမည့် အစီအစဉ် ဖြစ်သည်။

၂၅ ဦးထဲတွင် ၁၉၉ဝ ရွေးကောက်ပွဲ၌ တောင်ကြီး မဲဆန္ဒနယ် အမတ် ၁ မှ အနိုင်ရခဲ့သည့် NLD အမတ် ဦးကျော်ခင်လည်း ပါဝင်သည်။ သူသည် ထောင် ၂ ကြိမ် ကျခံရသူဖြစ်ပြီး ပထမတကြိမ် ထောင်ဒဏ် ၁ဝ နှစ်နှင့် ယခု ဒုတိယအကြိမ်တွင် ၁၄ နှစ် ကျခံနေရသည်။ ယခုအခါ ရှမ်းပြည်နယ် တောင်ပိုင်း ရှိ တောင်လေးလုံးထောင်၌ ရှိနေသည်။

ပထမအကြိမ် ထောင်ဒဏ်ကျခံရစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တခုအကြောင်း ရိုက်ကူးထားသည့် ဗီဒီယိုခွေ လက်ဝယ်တွေ့ရှိသဖြင့် စွဲချက်အတင်ခံခဲ့ရသည်။ ၁ဝ နှစ်ကျခံခဲ့ရာမှ ပြန်လွတ်အပြီး ၅၂ ရက်အကြာ ၂ဝဝ၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ထပ်မံဖမ်းဆီးခံရကာ နိုင်ငံရေးပုဒ်မ ၅/ည၊ ပုံနှိပ်ဥပဒေတို့ဖြင့် ထောင်ချခံရခြင်း ဖြစ်သည်။

“အဲဒီလူတွေကို ကျမတို့က ကိုယ့်ပြည်နယ်ကနေပြီးတော့ပေါ့နော်၊ သူတို့ကို လေးစား ဂုဏ်ယူတဲ့အနေနဲ့ ကိုယ့်ပြည်နယ်က ပေးတဲ့ အစီအစဉ်တခုကို ကျမတို့ ဒီနှစ်မှာမှ ပေးတာပါ” ဟု ရှမ်းပြည်နယ် NLD အတွင်းရေးမှူး ဒေါ်ခင်မိုးမိုးက မဇ္ဈိမကို ပြောသည်။

နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များသည် ဝေးလံအရပ်သို့ သွားရောက်ကာ ထောင်ဝင်စာ မတွေ့နိုင်သဖြင့် ပြည်နယ်/တိုင်းအလိုက် ပံ့ပိုးပေးလျှင် ကောင်းမွန်သည့် အစီအစဉ်ဟု ရှမ်းပြည်နယ် NLD က ဆိုသည်။

“ပြည်နယ်အလိုက် ကျမတို့ ပံ့ပိုးနေတာကို သိသွားကြရင် ကိုယ့် တိုင်းနဲ့ ပြည်နယ်အတွက် တခြား တိုင်းနဲ့ ပြည်နယ်တွေကပါ လိုက်လုပ်လာကြမယ်ဆိုရင်တော့ နိုင်ငံရေးအကျဉ်းသား မိသားစုတွေအတွက် အသက်ရှူ ချောင်တာပေါ့ရှင့်။ နယ်ဝေးထောင်တွေကျတော့ သွားစရိတ် လာစရိတ်နဲ့ကို မကာမိဘူးလေ” ဟု NLD ဗဟိုဦးစီးအဖွဲ့ဝင် တဦးလည်းဖြစ် သူ ဒေါ်ခင်မိုးမိုးက ပြောသည်။

ရှမ်းပြည်နယ်လိပ်စာဖြင့် ထောင်ကျခံရသူ မည်သည့် တိုင်းရင်းသား နိုင်ငံရေး အကျဉ်းသားကိုမဆို ထောက်ပံ့မည်ဖြစ်ရာ ယခုအခါ တောင်းကြီး မြို့ပေါ်မှ ဦးကျော်ခင် (တောင်လေးလုံးထောင်)၊ ဦးထွန်းညို (ဗူးသီးတောင်)၊ ကိုညီညီမိုး (မြင်းခြံ)၊ စိုင်းမျိုးဝင်းထွန်း (ပခုက္ကူ) နှင့် ကိုအောင်ဇော်ဦး (လားရှိုး) တို့၏ မိသားစုများကို ထောက်ပံ့ခဲ့ပြီး ဖြစ်သည်။

ယခု အစီအစဉ်ကို မတ်လ ၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်မှ NLD ခေါင်းဆောင်များနှင့် NLD အဖွဲ့ချုပ် ခေါင်းဆောင်များ တွေ့ဆုံပွဲ၌ ဆွေးနွေးခဲ့သေးသည်။

ရန်ကုန် NLD ရုံးချုပ်ကလည်း နိုင်ငံရေး အကျဉ်းသားများအတွက် ကူညီနေပြီး ဦးရေ ၆ဝဝ ကျော်ကို လစဉ် ၅,ဝဝဝ ကျပ်စီ ထောက်ပံ့နေသည်။

“သမ္မတကော၊ အစိုးရအသစ်ကကော ဒီအစီအစဉ်လေး (နိုင်ငံရေးအကျဉ်း သားများလွှတ်ပေးခြင်း) ကို အကောင်အထည်ဖော်မယ် ဆိုရင် ပြည်သူလူထုက သူတို့ကို ပိုပြီး ချစ်ခင်လာမှာပေါ့။ နည်းနည်း ပြည်သူလူထုရဲ့ အာဃာတတွေကို ပြေပျောက်ဖို့ကတော့ အမြန်ဆုံး လုပ်နိုင်တဲ့ အလုပ်ကို အမြန်ဆုံး အကောင်အထည်ဖော်လိုက်ရင် အကောင်းဆုံးပါပဲ” ဟု ဒေါ်ခင်မိုးမိုးက ပြောသည်။

မြန်မာအကျဉ်းထောင်များတွင် တိုင်းရင်းသား ၃၂၄ ဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂ဝ၇၆ ဦး ရှိသည်ဟု ထိုင်းနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B ၏ ယခုနှစ် မတ်လထုတ် စာရင်းများအရ သိရသည်။

Ref;Mizzima

Read More...

ဖူးခက်မြို့တွင် ရဲအယောင်ဆောင် မုဒိမ်းသမားဖမ်းမိ


မြန်မာနိုင်ငံသား ဂေါ်ရခါး မိန်းကလေး တဦးကို ရဲအဖြစ် ဟန်ဆောင် ဖမ်းဆီး၍ ၄ ရက်ကြာ မတရားပြုကျင့်ခဲ့သူဟု သံသယရှိခံရသူ ထိုင်းလူမျိုးတဦးကို ဖူးခက်မြို့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း ထိုင်းရောက် နီပေါသားများအဖွဲ့ (Thai Nepali Foundation) က ပြောသည်။

ပါတောင်ရှိ Jungcylon စတိုးဆိုင်တွင် အလုပ်လုပ်နေသည့် အမိသာ ကို မတ်လ ၂၈ က ထိုင်းလူမျိုး အသက် ၂၉ နှစ်အရွယ် ဖဖုံမနီရက် ဆိုသူက ရဲအဖြစ် ဟန်ဆောင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ၄ ရက်ကြာ မတရား ပြုကျင့်ခဲ့ကြောင်း ပါတောင်မြို့နယ် ရဲက ယခုလ ၃ ရက်ကပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

Thai Nepali Foundation သည်ထိုင်းနိုင် ငံရောက် မြန်မာနွယ် ဖွားဂေါ်ရခါး လူမျိုးများနှင့် ထိုင်းနိုင်ငံရှိ ဂေါ်ရခါး လူမျိုးများ စုဖွဲ့ထားသည့် လူမှုရေးအသင်းတခု ဖြစ်သည်။

“ဒီလ ၁ ရက်နေ့က အဲဒီလူက သူ စခေါ်သွားတဲ့ ဒီပါတောင်မြို့ကို လာလွှတ်တယ်။ လွှတ်ပြီးနောက်မှာပဲ အမိသာ က ရဲစခန်းကို သွားအမှုဖွင့်တယ်။ ည ၇ နာရီ မိနစ် ၂ဝ လောက်မှာ မိတယ်”ဟု အဖွဲ့ အတွင်းရေးမှူး အုမ် ကမဇ္ဈိမကို ပြောသည်။

အမိသာနှင့် သူ့သူငယ်ချင်းများ မတ်လ ၂၈ ရက်နေ့ အလုပ်က အပြန်၌ ဖဖုံမနိရက် က ရဲဖြစ်ကြောင်းပြောဆိုကာ နေထိုင်ခွင့်လက်မှတ်များ တောင်းယူကြည့်ရှုခဲ့သည်ဟု ဆိုသည်။ အားလုံးတွင် လက်မှတ်များ ရှိနေသော်လည်း အမိသာ၏ နေထိုင်ခွင့် လက်မှတ်မှာ ရက်လွန်နေပြီဖြစ်၍ ရဲစခန်းသို့ လိုက်ခဲ့ရန် ပြောပြီး ကားဖြင့်ခေါ်သွားသည်ဟု ဆိုသည်။

ထို့နောက် ရဲစခန်းသို့ ခေါ်မသွားဘဲ ကပီမြို့နယ်က တည်းခိုခန်းတခုတွင် အခန်းငှားယူကာ အနိုင်အထက် ပြုကျင့်ခဲ့သည်ဟု ဆိုသည်။

ယခုလ ၁ ရက်တွင် ဖဖုံမနိရက်က အမိသာကို ၎င်းခေါ်ဆောင်လာရာ ဂျေဂျေ ပလာဇာ မျက်နှာချင်းဆိုင်ရှိ ဖန်းမွန်းဆိုင် လမ်းမပေါ် ပြန်ပို့ရာမှ လမ်းပေါ်တွင် တပ်ထားသည့် စီစီတီဗီ ကင်မရာများမှတဆင့် မှတ်တမ်းရရှိကာ အမြန်ဆုံး ဖမ်းဆီးနိုင်ခဲ့ကြောင်း ယနေ့ထုတ် ထိုင်း သတင်းစာများတွင် ဖေါ်ပြကြသည်။

ဖဖုံမနိရက်က ယခုလို ရဲဟန်ဆောင်ကာ ဂေါ်ရခါးမိန်းကလေးများကို ဖမ်းဆီး မတရားပြုကျင့်ခဲ့သည်မှာ ၆ ဦးရှိပြီဟု ရဲစခန်းတွင် ထွက်ဆိုကြောင်း ပါတောင်ရဲစခန်း မှ ရဲအရာရှိတဦးကို ကိုးကား၍ ထိုင်း သတင်းဌာန တခုဖြစ်သည့် Komchadluek က ဖော်ပြသည်။

ဖဖုံမနိရက် သည် ဘန်ကောက်အခြေစိုက် သန့်ရှင်းရေး ဆေးရည်ရောင်းသည့် ကုမ္ပဏီ ကြီးတခုတွင် အလုပ် လုပ်ကိုင်သူ တဦးဖြစ်ပြီး ၎င်း ပြုကျင့်ခဲ့သည့် အမျိုးသမီးအားလုံး မှာ မြန်မာပြည်ဖွား ဂေါ်ရခါးနွယ်ဝင်များ ဖြစ်ကြောင်း သိရသည်။

“အခု သူဝန်ခံခဲ့တဲ့ ၆ ယောက်ဆိုတာ တရားဝင် တိုင်တန်းခဲ့တဲ့လူတွေပဲ ရှိသေးတာ။ အမိသာ မဖြစ်ခင်ကထဲက အရင် ၅ ယောက်က ဒီစခန်းမှာ တိုင်ထားပြီးသား။ အခုမှ ဖမ်းတာ။ အရှက်တရားကြောင့် ထုတ်ဖေါ်မပြောရဲဘဲ ငုံ့ခံသွားရတဲ့ အမျိုးသမီးတွေ ဘယ်လောက်ရှိမလဲဆိုတာ မသိဘူး”ဟု အုမ် ကပြောသည်။

ဖမ်းးဆီးပြုကျင့် ခံရသူများတွင် ပါလာသည့် ဖုန်း၊ လက်ဝတ်တန်ဆာနှင့် အဖိုးတန် ပစ္စည်းများကို ယူထားလိုက်သလို အခြားမြန်မာအလုပ်သမားများကိုလည်း ဖမ်းဆီးငွေညှစ်ခဲ့ကြောင်း သိရသည်။

ပါတောင်ရဲစခန်းက ဖဖုံမနိရက်ကို အဓမ္မ ပြုကျင့်မှု အပါအဝင် လုယက်မှု၊ လိုင်စင်မပါ လက်နက်ကိုင်ဆောင်မှု၊ အစိုးရဝန်ထမ်း အယောင်ဆောင်မှုတို့ဖြင့် တရားစွဲလိုက် ပြီ ဖြစ်သည်။

Ref;Mizzima

Read More...

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့ သံချပ်ခွေထုတ်ဝေ

2011-04-04

၂၀၁၁ အတာသင်္ကြန်အတွက် အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီအင်အားစုမှ ‘ငုံ့မခံရဖို့ တုံ့ပြန်ကြစို့’ ဆိုတဲ့ခေါင်းစဉ်နဲ့ ၁၃ ကြိမ်မြောက် သင်္ကြန်သံချပ်ခွေသစ်ကို ထုတ်ဝေ လိုက်ပါတယ်။


နှစ်စဉ်နှစ်တိုင်း အတာသင်္ကြန် မရောက်ခင်မှာ သံချပ် သီချင်းခွေတွေ ထုတ်လုပ် ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာကို ဖြန့်ချိခဲ့တာ အခုဆိုရင် ၁၃ ကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ခါတိုင်းနှစ်တွေလို မဟုတ်ပဲ ထူးခြားတဲ့ ကဏ္ဍသုံးခု တိုးလာခဲ့ပြီး ဂျပန်နိုင်ငံနဲ့ ထိုင်းနိုင်ငံက မြန်မာ့ ဒီမိုကရေစီအင်အားစုတွေကပါ အားဖြည့် သီဆိုရေး စပ်ပေးခဲ့ကြပါတယ်။ အဲဒီ တိုးလာတဲ့ ကဏ္ဍတွေကတော့ လွှတ်တော်နဲ့ အမတ်တွေ၊ မီဒီယာနှင့် ပြည်သူကွန်ရက်တို့ ဖြစ်ပါတယ်။ လွှတ်တော်နဲ့ အမတ်တွေ မှာကတော့ သံချပ်စာသားတွေ အခုလို ရေးစပ်ထားပါတယ်။

“သမတကြီးရယ်နေပါဦး ကန့်ကွက်ပါရစေဦး၊ ကိုယ်စားလှယ်ကြီးရယ် ပြုပြင်ပါဦး အခြေခံဥပဒေ ထုံး၊ တိုင်းရင်း ကိုယ်စားလှယ် တွယ်ပါဦး၊ ပြည်ထောင်စုမူ သုံး၊ ကာချုပ်ကြီးရယ် ဆင်းခဲ့ပါဦး ပြည်သူ့ချဉ်ဖတ် အမုန်း၊ တရက်တခါ ဆယ်မိ နစ်ကြာ၊ ဆွေးနွေးရတာ တိုင်းပြည်အနာဂါတ်၊ ရွေးကောက်ပွဲကြီး ရှော့ရှိတယ် မဝင်နဲ့ကွယ် အတန်တန်တားရဲ့”

မီဒီယာကဏ္ဍာမှာတော့ ခုလို သံချပ် ထိုးပါတယ်။

“မြန်မာပြည်က မီဒီယာလွတ်လပ်ခွင့်မှာ နောက်ဆုံးကပဲ၊ ဒေါ်စုသတင်းရေးမိတယ် ပိတ်ခံရတာ ခုနှစ်စောင်တောင်ဗျ၊ ကျော်ဆန်း၊ ခင်ရီ လိမ်နေသည် ဂျာနယ် တီဗွီ အကုန်ဖော်ပြရ။”

ပြည်သူ့ကွန်ရက်ကဏ္ဍမှာ ဆိုရင် သံချပ်မှာ ခုလို ကြားရမှာ ဖြစ်ပါတယ်။

“စည်းလုံးညီညာ အောင်ကြောင်းဖြာ- ပင်လုံစာချုပ် သက်သေပြခဲ့၊ စည်းလုံးမှုမရှိ ဝါးအစည်ပြေ- တိုင်းပြည်အာဏာ စစ်တပ်ယူသွား၊ စစ်အာဏာရှင် အုပ်ချုပ်တယ်- တိုင်းပြည်မှာတော့ မွဲသထက်မွဲခဲ့။”

အခုလိုသံချပ်သီချင်းတွေဖြစ်မြောက်အောင် စီစဉ်ပေးသူ ကိုကျော်ကြီး (ကျောက်မဲ) က အခုလို ပြောပါတယ်။

“မြန်မာပြည်ထဲမှာ စစ်အာဏာရှင်တွေက လုံးဝ ဆိုခွင့် မပြုတဲ့ သံချပ်တွေ ကို နှစ်စဉ်နှစ်တိုင်း ထုတ်လွှင့်ရတဲ့ ရည်ရွယ်ချက်ကတော့ ကမောက်ကမ၊ မတော်တရော် ဖြစ်နေတဲ့ စနစ်ကြီးကို ကျနော်တို့ သရော်တဲ့အနေနဲ့ ထုတ်လွှင့် လိုက်ခြင်း ဖြစ်ပါတယ်။ ဒီနှစ်ကတော့ ကျနော်တို့ ခေါင်းစဉ်ထဲမှာ ပါတဲ့အတိုင်းပဲ ငုံ့မခံရဖို့ တုံ့ပြန်ကြစို့ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ မဟုတ်ရင်တော့ စစ်အာဏာရှင်တွေက စစ်ကျွန်ဖြစ်ရေးအတွက်ပဲ သူတို့ စိတ်ကြိုက် အခြေခံဥပဒေ ရေးဆွဲ ပြီးတော့ စိတ်ကြိုက် လွှတ်တော်အသစ်ကြီး ခေါ်နေပါပြီ။ ကျနော်တို့ကတော့ ဒီနှစ်မှာ အစိုးရသစ်၊ ”လွှတ်တော်သစ်ကြီးကို နည်းစနစ်အသစ်တွေနဲ့ ပြန်ပြီး တော်လှန်တုံ့ပြန်မှ ဖြစ်မယ် အာရပ်ကမ္ဘာမှာ ဒီမိုကရေစီ လှိုင်းလုံးကြီး တိုက်ခတ်သွားသလို မြန်မာပြည်မှာလည်း မကြာခင် ဒီမိုကရေစီ လှိုင်းလုံးကြီး လာပါလိမ့်မယ်။ အဲဒီအချိန်မှာ ပြည်သူတွေအားလုံး အားတက်သရော ပါဝင်ဆောင်ရွက်ကြဖို့ ကျနော်တို့အနေနဲ့ တိုက်တွန်းအပ်ပါတယ်။

အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုအနေနဲ့ ၁၃ ကြိမ်မြောက် သင်္ကြန် သံချပ်ခွေများကို ပြည်တွင်းနှင့် နိုင်ငံတကာကို အခမဲ့ ဖြန်ချိ သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Ref;RFA

Read More...

NDF နှစ်ခြမ်းကွဲ

ဧရာဝတီ
04 April 2011

ဦးသိန်းညွန့် ဦးဆောင်သော အဖွဲ့သည် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း တို့ ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) နှင့် လမ်းခွဲလိုက်ပြီ ဖြစ်ပြီး အခွင့်သင့်လျှင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ပြန်လည် ပူးပေါင်း မည် ဖြစ်ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သော ဦးသိန်းညွန့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၊ သင်္ဃန်းကျွန်းမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နှင့် ဒေါ်စန်းစန်းမြင့်တို့ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက ဧပြီလ ၂ ရက်နေ့ သင်္ဃန်းကျွန်း မြို့နယ် ပြည်သူလူထုနှင့် တွေ့ဆုံပွဲတွင် ဦးသိန်းညွန့်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဦးသိန်းညွန့်က “အခုအချိန်ကစပြီး တရားဝင်ကြေညာတယ်။ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက နှစ်ခုကွဲသွားပြီ။ ကျနော် ဦးဆောင်တဲ့ သင်္ဃန်းကျွန်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီနဲ့ ဆွေငြိမ်း (ဦးခင်မောင်ဆွေနဲ့ ဒေါက်တာ သန်းငြိမ်း) ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဆိုပြီး နှစ်ခုလုံးဝကွဲသွားပြီ။ NLD က ပြန်ပြီးမှတ်ပုံတင်ခဲ့မယ်၊ ရွေးကောက်ပွဲဝင်ဖို့ ရှိလာခဲ့ရင် NLD နဲ့ ပြန်ပေါင်းမယ်” ဟု ပြောသည်။

ဦးခင်မောင်ဆွေနှင့် ဒေါက်တာသန်းငြိမ်း တို့သည် ပြည်ပနိုင်ငံများမှ အထောက် အပံ့ရယူခဲ့သော အဖွဲ့အစည်းများထံမှ အကူအညီငွေကြေးများ လက်ခံခဲ့ကြောင်း၊ မိမိတို့ အနေနှင့် မည်သူ့အကူအညီမျှ ယူမည်မဟုတ်ဘဲ နိုင်ငံရေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

“ဦးတင်အေးက ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှာဖြစ် တဲ့အတွက် ဆွေငြိမ်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့ ကိစ္စကို ကိုင်တွယ်လိမ့်မယ်လို့ မျှော်လင့်တယ်။ အဲဒီအခါကျလို့ရှိရင် ပြဿနာပြေလည်သွားရင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ နှစ်ခုပေါ်လာမယ်။ တကယ်လို့ ပြဿနာမပြီးဘဲ ဆွေငြိမ်းပါတီ ဖျက်သိမ်းခံရရင် ကျနော်တို့ သင်္ဃန်းကျွန်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက နိုင်ငံရေးကို ဆက်ဦးဆောင်သွားမယ်” ဟု ၄င်းက ဆိုသည်။

စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေးနှင့် လွတ်ငြိမ်းချမ်းသာခွင့် အဆိုနှစ်ခုကို လွှတ်တော်တွင် ၄င်းက တင်ပြခဲ့သော်လည်း လွှတ်တော်က ပယ်ချခဲ့ရုံမက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး၏ အဆိုဖြစ်သော စီးပွားရေးပိတ်ဆို့မှုများ ကန့်ကွက်သည့်အဆိုကို ၄င်းက ထောက်ခံဆွေးနွေးခဲ့ရာတွင် ၄င်းပြောကြားခဲ့သော စကားအများစုကို ပြန်ကြားရေးဝန်ကြီးဌာနက သတင်းစာတွင် မဖော်ပြဘဲ ချန်လှပ်ခဲ့ကြောင်း ဦးသိန်းညွန့်က ပြောသည်။

“ဦးဌေးဦးက စီးပွားရေးပိတ်ဆို့မှု ကန့်ကွက်တဲ့အဆိုလည်းတင်ရော ကျနော်က ကျနော်ပြောချင်တာတွေကို သူ့အဆိုကို ထောက်ခံရင်းနဲ့ ထပြောတယ်။ လွှတ်တော် ကိုယ်စားလှယ် တဦးကို မိနစ် ၂၀ ပြောခွင့်ရတော့ ကျနော်က ၁၈ မိနစ် ထပြော တယ်။ ဘာပြောလဲဆိုရင် စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းဖို့ဆိုရင် လွတ်ငြိမ်းချမ်း သာခွင့် ပေးရမယ်။ နောက်ပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေးစနစ် ဖော်ဆောင်ပေးဖို့လိုတယ် ဆိုတာကို ကျနော်တင်ပြတယ်။ ကျနော်တို့နိုင်ငံက စီးပွားရေးပိတ်ဆို့မှု တခုတည်းကြောင့် ဆင်းရဲတာ မဟုတ်ဘူး။

တခြားအကြောင်းတွေ ရှိသေးတယ်။ အဲဒီအထဲက တချက်ကို ပြောပြရရင် ‘ဤဌာနတွင် ငွေပေးရန်မလို’၊ သို့သော် ငွေမပါလျှင် ဘာအလုပ်မှ လုပ်မပေးတဲ့ကိစ္စ။ တရားရုံးတွေမှာ ‘ပုဒ်မ လေး၊ ပေးမှ လုပ်’ ဆိုတဲ့အထိ လူထုရဲ့ အော့နှလုံး နာစရာတွေ ဖြစ်နေပြီဆိုတာ တင်ပြတယ်။ ဒါပေမယ့် အဲဒါတွေကို သတင်းစာထဲမှာ မဖော်ပြဘူး။ ကျနော်က ဦးဌေးဦးရဲ့အဆိုကို ထောက်ခံတယ်ဆိုတာပဲ ပါတယ်” ဟု ၄င်းက ဆိုသည်။

သမ္မတ ဦးသိန်းစိန်အစိုးရကို မတ်လ ၃၀ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအမိန့်ဖြင့် နအဖ စစ်အစိုးရက တရားဝင် အာဏာလွှဲပြောင်းပေးခဲ့သည်။

Ref;Irrawaddy

Read More...

အိုင်ဗရီကို့စ် အချက်အချာ လေဆိပ်ကို ပြင်သစ် သိမ်းယူ

တနင်္ဂနွေ, 03 ဧပြီ 2011 ။ ။

အိုင်ဗရီကို့စ်နိုင်ငံရဲ့ စီးပွားရေး အချက်အချာမြို့ဖြစ်တဲ့ အဘစ်ဂျန် (Abidjan) ကို ထိန်းချုပ် နိုင်ဖို့ အတွက် လက်ရှိ အာဏာရ သမ္မတရဲ့ တပ်ဖွဲ့တွေနဲ့ အတိုက်အခံ တပ်ဖွဲ့တွေဟာ ဆက်ပြီး တိုက်ခိုက် နေတုန်းမှာပဲ အဘစ်ဂျန် လေဆိပ်ကို ပြင်သစ် တပ်ဖွဲ့ တွေက သိမ်းပိုက် ခဲ့ပါတယ်။

အိုင်ဗရီကို့စ်မှာ ရောက်နေတဲ့ နိုင်ငံခြားသား တွေကို ဘေးလွတ်ရာကို ပို့ပေးဖို့နဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်း တပ်တွေ အတွက် နောက်ထပ် တပ်သား ၃၀၀ ထပ်ပြီး ဖြည့်ဆည်း ပေးနိုင်ဖို့ အတွက် အဘစ်ဂျန် လေဆိပ်ကို ပြင်သစ် တပ်ဖွဲ့တွေက အသုံးပြုမှာ ဖြစ်ပါတယ်။

နိုင်ငံတကာက သမ္မတအဖြစ် အသိအမှတ်ပြုထားတဲ့ အလက်ဆန်း ၀ါတာရာ (Alassane Ouattara) ရဲ့ သစ္စာခံ တပ်တွေက လွန်ခဲ့တဲ့ သီတင်းပတ် ထဲမှာပဲ နိုင်ငံရဲ့ ဒေသ အတော် များများကို ထိန်းချုပ် နိုင်ခဲ့ပါတယ်။

လက်ရှိ အာဏာရ သမ္မတ လောရင့် ဘက်ဂ်ဘို (Laurent Gbagbo) ကို အဘစ်ဂျန် သမ္မတ နန်းတော်ကနေ နောက်ဆုံး နှင်ထုတ် နိုင်တော့မယ့် အခြေအနေကို မြင်နေရပြီ ဖြစ်ပါတယ်။

နိုဝင်ဘာလ ရွေးကောက်ပွဲမှာ မစ္စတာ ၀ါတာရာ အနိုင်ရခဲ့ကြောင်း ကြေညာ ခဲ့ပေမဲ့ မစ္စတာ ဘက်ဂ်ဘိုက အာဏာကို လက်မလွှတ်ဘဲ နှုတ်ထွက်ပေးဖို့ ငြင်းဆို ခဲ့ပါတယ်။

မစ္စတာ ၀ါတာရာရဲ့ တပ်တွေဟာ အခုလောလောဆယ် အဘစ်ဂျန်မြို့ မြောက်ပိုင်း အစွန်ကို ရောက်နေပြီ ဖြစ်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင် နေကြပြီ ဖြစ်ပါတယ်။

Ref: VOA News

Read More...

မြန်မာ့ ဒီမိုကရေစီအရေး ဘာကြောင့် မအောင်မြင်သေးတာလဲ

Saturday, 02 April 2011 16:57

လူတွေကတော့ ဒေါက်တာ ဂျင်းရှပ် (Dr. Gene Sharp) အား အီဂျစ်သမ္မတ မူဘာရက်ကို ဖြုတ်ချ ခဲ့သူလို့ ပြောစမှတ် ပြုနေကြတယ်။ ဒီလို ပုံဖော် ပြောဆိုတာဟာ အာဏာရှင် အုပ်စိုးမှုကို ဆန့်ကျင် အန်တုခဲ့တဲ့ အီဂျစ်ပြည်သူတွေရဲ့ အုံကြွမှုကို အထင် သေးလိုက် တာပဲလို့ သူကတော့ မြင်ပါတယ်။ အဲဒီ မတိုင်ခင်က ဒေါက်တာ ဂျင်းရှပ်ဟာ လူထု အုံကြွမှု မျက်နှာဖုံးစွပ် အောက်ကနေ အမေရိကန် လိုလားတဲ့ အစိုးရ အပြောင်းအလဲ ဖြစ်ရေးအတွက် လုပ်ပေးနေသူ တယောက်လို့ တီးတိုး ဝေဖန် ခံခဲ့ရသူ တယောက်ဖြစ်ပါတယ်။ သူက အဲဒီလို စွပ်စွဲချက် တွေကို “ရယ်စရာ” လို့ ပြောဆို လိုက်ပြီး အမေရိကန် ပြည်ထောင်စုမှာ ကိုရီးယား စစ်ပွဲအတွင်း စစ်မှုမထမ်း မနေရ ဥပဒေကို ဆန့်ကျင်လို့ အာဏာ ဖီဆန်မှုနဲ့ ထောင်ကျ ခံရဖူးတာကို အမှတ်ရပါတယ်လို့ ဆိုပါတယ်။

“အာဏာရှင်စနစ်မှသည် ဒီမိုကရေစီစနစ် ဆီသို့” စာအုပ်ဟာ သူ့ရဲ့ လူသိ အများဆုံးနဲ့ သြဇာတက္ကိမ အရှိဆုံး စာအုပ်လို့လည်း ဆိုနိုင်ပါတယ်။ ကမ္ဘာတလွှား မဟာ ဗျူဟာမြောက် နှလုံးရည် တိုက်ပွဲတွေ အတွက် ထင်ရှားတဲ့ လက်စွဲ စာအုပ်ဟာ အမှန်စင်စစ် ၁၉၉၀ အစောပိုင်း နှစ်များ အတွင်း ဒေါက်တာ ရှပ် မြန်မာ အတိုက်အခံများ၊ တိုင်းရင်းသား အုပ်စုများနဲ့ လက်တွဲ လုပ်ဆောင်ရာမှ ထွက်ပေါ် လာသော စာအုပ်တအုပ် ဖြစ်ပါတယ်။ စစ်အာရှင် အုပ်ချုပ်မှု အောက်မှ တိုင်းပြည် တခု လွတ်မြောက်ရေး အတွက် စီမံချက် တခုသဖွယ် ရည်ရွယ် ရေးသားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက တက်ကြွလှုပ်ရှားသူတွေ၊ အတိုက်အခံ အင်အားစုတွေ ရင်ဆိုင် နေရတဲ့ စိန်ခေါ်ချက်တွေ အနက် ကြောက်မက်ဖွယ် အကောင်းဆုံး တခုကတော့ ၁၉၆၂ ခုနှစ် စပြီး အာဏာ ရယူထားပြီး အခု အချိန်မှတော့ လွှတ်တော် မျက်နှာစာ နောက်ကွယ်ကနေ ခံကတုတ်နဲ့ အခိုင်အမာ အာဏာ ဆက်ယူ ထားသေးတဲ့ စစ်တပ်ပါပဲ။

ဒုတိယကမ္ဘာစစ်အတွင်းက နာဇီ/Quisling အုပ်ချုပ်မှုကို ဆန့်ကျင် တော်လှန်သော နော်ဝေ တော်လှန်ရေး သမားတွေနဲ့ လက်တွဲ တိုက်ပွဲဝင်ခဲ့ဖူးသူ ယခု အသက် ၈၃ နှစ်အရွယ် ဒေါက်တာ ဂျင်းရှပ်ကို ဆိုင်မွန် ရပ်ဖ်နင်းက ယခု ဖြစ်ပွားနေတဲ့ အာဖရိက မြောက်ပိုင်းနဲ့ အရှေ့ အလယ်ပိုင်းက ဆန္ဒပြမှုတွေ အပေါ် သူ့ရဲ့ အမြင် အယူအဆတွေကို ပြောပြခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ အတိုက်အခံတွေက အာဏာရှင် တွေကို ပလ္လင်ထက်ကနေ ဘာကြောင့် မဖယ်ရှား နိုင်သေးတာလဲ ဆိုတဲ့အပေါ် သူ့ရဲ့ ယူဆချက်ကိုလည်း ပြောထား ပါတယ်။

မေး ။ ။ ဒေါက်တာ ရှပ် ခင်ဗျား၊ ဒေါက်တာ့အနေနဲ့ မြန်မာနိုင်ငံနဲ့ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှု အပေါ်မှာ ဟိုးနှစ်ပေါင်း များစွာ ကတည်းက စိတ်ဝင်စား လာခဲ့တာပါ။ မြန်မာ နိုင်ငံအရေးနဲ့ ဘယ်လိုဘယ်ပုံ စတင် ပတ်သက်ခဲ့တယ် ဆိုတာကို ဧရာဝတီ ပရိသတ်တွေ သိအောင် ပြောပြပေးပါ။

ဖြေ ။ ။ ကျနော့်ကို အရင် ရန်ကုန်အခြေစိုက် အမေရိကန် စစ်သံမှူးဟောင်း ရောဘတ် ဟာလ်ဘီက မြန်မာပြည်ကို ခေါ်သွားတယ်။ ရောဘတ် ဟာလ်ဘီ ဆိုတာ စစ်အစိုးရကို ဆန့်ကျင်တဲ့ အုပ်စုတွေ အပေါ် စာနာ ထောက်ခံတဲ့ သူပါ။ အထူးသဖြင့် ကရင် တော်လှန်ရေး သမားတွေကိုပါ။ အဲဒီတုန်းက ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဦးတင်မောင်ဝင်း ဦးစီးပြီး ဘန်ကောက် အခြေစိုက် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ထုတ်ဝေတဲ့ ခေတ်ပြိုင် သတင်းစာ အတွက် ကျနော့်ကို ဆောင်းပါးတွေရေးဖို့ ပြောလာတယ်။

အဲဒီဆောင်းပါးတွေက နောင်ထုတ်ဝေတဲ့ “အာဏာရှင်စနစ်မှသည် ဒီမိုကရေစီစနစ် ဆီသို့” ဆိုတဲ့ စာအုပ်မှာ ပါလာတာ ပါပဲ။ မာနယ်ပလော ကိုလည်း ကျနော် ၂ ကြိမ်၊ ၃ ကြိမ် ရောက်ဖူးပါတယ်။ ထိုင်းနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေနဲ့လည်း ဆုံဖူးပါတယ်။

မေး ။ ။ မြန်မာနိုင်ငံမှာ အကြမ်းမဖက် နှလုံးရည်နည်းနဲ့ စစ်အုပ်ချုပ်ရေးကို တွန်းလှန်ပေမယ့် ဘာကြောင့် အခုထိ မအောင်မြင် သေးတာလဲ။ မြန်မာနိုင်ငံနဲ့ အခုလတ်တလော ဖြစ်နေတဲ့ အီဂျစ်တို့၊ တူနီးရှားတို့နဲ့ ဘယ်လို ကွာသလဲ။ ဒါ့အပြင် ၂၀၀၀ ပြည့်နှစ် ရုရှ လက်အောက်ခံ တိုင်းပြည်ဟောင်း ဆာဗီးယားမှာ ဖြစ်ခဲ့တဲ့ Colour Revolutions နဲ့ ၁၉၈၆ ခုနှစ် ဖိလစ်ပိုင်မှာ ဖြစ်ခဲ့တဲ့ တော်လှန်ရေး တွေနဲ့ရော ဘယ်လို ကွာခြားပါသလဲ။

ဖြေ ။ ။ ဒါနဲ့ပတ်သက်လို့ ရှင်းပြစရာ နည်းနည်းပါးပါး ရှိမယ်လို့ ကျနော်ထင်ပါတယ်။ အတိုက်အခံ အင်အားစုတွေ တော်တာ် များများမှာ ကရင်၊ မွန်အပြင် တခြား တိုင်းရင်းသား အဖွဲ့တွေမှာ ကိုယ်ပိုင် လက်နက်ကိုင် တပ်တွေ၊ စစ်တပ် အသေးစားတွေ ရှိခဲ့ ကြပါတယ်။ သူတို့ ထင်တာက လက်နက်ကိုင် တပ်တွေကို စွန့်ပြီး အကြမ်းမဖက် နှလုံးရည်နည်လမ်း (မြန်မာပြည်မှာတော့ နိုင်ငံရေး အံတုမှုလို့ လူသိ များပါတယ်) ကို လိုက်မယ်ဆိုရင် သူတို့တွေဟာ အားနည်း ကုန်မယ်လို့ ထင်ခဲ့ကြတယ်။ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) လို အဖွဲ့တွေမှာလည်း စစ်တပ် အသေးစားလေးတွေ ရှိခဲ့ပြီး နိုင်ငံရေး အံတုမှု လုပ်ငန်းကို ယာယီသာ ကိုင်စွဲ ခဲ့ကြတယ်။ ၂ နှစ် ၃ နှစ်ကြာတော့ မူရင်း လက်နက်ကိုင် ဆီကိုပဲ ပြန်သွား ခဲ့ကြတယ်။ လက်နက်ကိုင် အုပ်စုတွေ အားလုံး ထင်တာက စစ်တပ်ကို အနိုင် တိုက်နိုင်မယ်လို့ ထင်ထားကြတယ်။ လူအင်အား၊ လက်နက်အင်အား အလွန် ကြီးမားတဲ့ စစ်တပ်ကို အနိုင် တိုက်ဖို့ ဆိုတာက သဘာဝ မကျတဲ့ ဆုံးဖြတ်ချက်ပဲလို့ ကျနော်တော့ အဲဒီလို ထင်တယ်။

ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရလို့ခေါ်တဲ့ အစိုးရဆိုတာ တကယ်တော့ ဘာညွန့်ပေါင်း အစိုးရမှ မဟုတ်ပါဘူး။ ၀ါရှင်တန် ဒီစီမှာ အခြေစိုက်ပြီး မြန်မာပြည်နဲ့ အဝေးကြီးပါ။ သူတို့နည်း သူတို့ဟန်နဲ့ လွတ်လပ်ရေး ရမယ်၊ အစိုးရကို ဖြိုချ နိုင်မယ်လို့ ထင်နေကြတယ်။ နည်းလမ်း အသစ်တွေကို လေ့လာဖို့လည်း သိပ်စိတ်ဝင်စားပုံ မပေါ်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်မှာ အလွန်အံ့သြဖွယ် အရည်အချင်းတွေ ရှိတဲ့အပြင် သတ္တိ အရာမှလည်း ထွန်းပြောင် ပါတယ်။ ဒီမိုကရေစီ အခွင့် အရေးနဲ့ မြန်မာပြည်သူတွေရဲ့ အခွင့်အရေးတွေကို ယုံကြည်သူတွေ အတွက် သူဟာ ခွန်အား တရပ်ပါ။ ဒါပမေယ့် ဒေါ်အောင်ဆန်း စုကြည်က မဟာဗျူဟာမြောက် တွေးခေါ်နိုင်သူ တဦးတော့ မဟုတ်ပါဘူး။ စိတ်ဓာတ် ခွန်အားအရ ဦးဆောင်မှု ပေးတဲ့ ခေါင်းဆောင် တဦးပါ။ ဒီတချက်တည်းနဲ့ မဟာဗျူဟာတခုကို မဆွဲနိုင်ပါဘူး။

“အာဏာရှင်စနစ်မှသည် ဒီမိုကရေစီစနစ်ဆီသို့” စာအုပ်ကို မြန်မာတွေ အတွက် ရေးခဲ့ ပေမယ့်လည်း ဘယ်မြန်မာ အဖွဲ့အစည်း ကမှ စာအုပ်ပါ ဆန်းစစ်ချက်တွေကို အရေးတယူ မပြုခဲ့သလို မြန်မာပြည် လွတ်မြောက်ရေး အတွက် မဟာဗျူဟာ တခု အဖြစ်လည်း မသုံးခဲ့ ကြပါဘူး။ မြန်မာ ဘာသာနဲ့ရော၊ တခြား ဘာသာနဲ့ ရေးထားတဲ့ အဲဒီစာအုပ် လက်ဝယ်ရှိတဲ့ သူတွေ အဖမ်း ခံခဲ့ရတယ်။ ထောင်ကျ ခဲ့ကြတယ်။ ရန်ကုန်နဲ့ တခြား နေရာတွေမှာ အရမ်း အားကောင်းပြီး ရဲရင့်တဲ့ ဆန္ဒပြပွဲတွေ သူတို့ လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လှုပ်ရှားမှု တခုလုံး အထိတော့ သူတို့ မစီစဉ်ခဲ့ကြဘူး။ ခင်ဗျား အစီအစဉ် မဆွဲဘူး ဆိုရင် ခင်ဗျားမှာ ပိုကြီးကျယ်တဲ့ မဟာဗျူဟာလည်း မရှိနိုင်ဘူး။ အဲဒီအတွက် ခင်ဗျား ဘယ်တော့မှ အနိုင်ရမှာ မဟုတ်ဘူး။

မေး ။ ။ ပြီးခဲ့တဲ့ နိုဝင်ဘာလရွေးကောက်ပွဲနဲ့ ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ လွှတ်တော် စတင်ကျင်းပတဲ့ အချိန်က စလို့ အပြောင်းအလဲ တစုံတရာ မြင်မိပါသလား။ မြန်မာနိုင်ငံမှာ လမ်းမပေါ် ထွက်စရာ မလိုသလို၊ အရင်က ဒေါက်တာ အကြံပြုခဲ့တဲ့ နည်းလမ်း တွေကိုလည်း ပြန်သုံးစရာ မလိုဘဲ နှလုံးရည် တိုက်ပွဲ ၀င်နိုင်တဲ့ အတိုက်အခံ တခု ပေါ်လာနိုင်စရာ လမ်းစ ရှိပါသလား။

ဖြေ ။ ။ ဒီအခြေအနေနဲ့ပတ်သက်လို့ ကျနော့်မှာ အသေးစိတ် အချက်အလက် မရှိတဲ့ အတွက် ကျနော် ထင်မြင်ချက် မပေးနိုင်ပါဘူး။ စိတ်မရှိပါနဲ့။

မေး ။ ။ မြန်မာနိုင်ငံအရေးကနေ တခြားကိစ္စအကြောင်း ပြောကြရအောင်။ ဒေါက်တာရဲ့ အတွေး အခေါ်တွေဟာ အမေရိကန် အစိုးရအတွက် ဒါမှမဟုတ် အချုပ်အခြာ အာဏာပိုင် နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို အနောက် နိုင်ငံတွေရဲ့ ကြားဝင် နှောက်ယှက်မှု ဒါမှမဟုတ် ၀င်ရောက် စွက်ဖက်မှုတွေ အတွက် အားပေးနေတဲ့ အတွေးအခေါ်တွေ ဖြစ်ကြောင်း၊ အကြမ်းမဖက် လှုပ်ရှားမှု အရေခြုံ ထားတဲ့ နိုင်ငံတော် အာဏာ လုယူမှုပဲ ဖြစ်ကြောင်း အဆိုးမြင် သီအိုရီ သမားတွေက ပြောကြတဲ့ အပေါ် ဒေါက်တာ ဘယ်လို ပြောချင်ပါသလဲ။

ဖြေ ။ ။ အဲဒါက တကယ့်ရယ်စရာကြီးပါ။ အမေရိကန်အစိုးရ ထံကရော၊ အမေရိကန် စစ်တပ် ဆီကရော ဘယ်ထောက်လှမ်းရေး အေဂျင်စီကမှ ကျနော်တို့ အထောက်အပံ့ တခါမှ မရခဲ့ပါဘူး။ ကျနော်တို့ ရုံးခန်းကို ကြည့်ပါ။ ခပ်သေးသေးလေးပါ။ ကျနော်တို့ လုပ်ငန်းတွေ လည်ပတ်ဖို့တောင် ဘဏ္ဍာငွေ နည်းနည်းပဲ ရှိပါတယ်။ ကျနော်တို့ ကူညီပေးတဲ့ ဆန်းစစ် လေ့လာချက် တွေကို သိက္ခာ ကျအောင် တစုံတဦးက လုပ်နေတာပါ။ အဲဒီသဘောပါပဲ။ စွပ်စွဲချက်တွေက အမှားတွေပါ။

မေး ။ ။ နိုင်ငံတွင်းပြဿနာတွေကို ၀င်ရောက် စွက်ဖက်တာ သို့မဟုတ် ပြင်ပ ကြားဝင် နှောက်ယှက်မှု လို့ မြင်ကြတဲ့ ဒေါက်တာ့ အလုပ်ကို ဝေဖန်သူတချို့က ကိုလိုနီ ၀ါဒဆိုတဲ့ အယူအဆ အောက်မှာ သူတို့ကိုယ် သူတို့ အပြစ် ရှိသူတွေလို့ မြင်နေ ကြမလား။ ဆိုလိုတာက မြန်မာနိုင်ငံ သားတွေလို၊ အီဂျစ် နိုင်ငံသားတွေလိုမျိုး ကိုယ့်တိုင်းပြည် အရေးကို ပြင်ပ အကူအညီ မရှိဘဲ ကိုယ့်ဟာကိုယ် လွတ်လွတ် လပ်လပ် ဆောင်ရွက်နိုင်ခြင်း မရှိတဲ့ အခြေအနေမျိုးမှာ ပြည်ပ အကူအညီ တောင်းကြရတဲ့ အခါမှာ အဲဒီလို မြင်ကြပါလား။

ဖြေ ။ ။ တကယ်ကောင်းတဲ့အချက်ပါ။ ကျနော့်ရဲ့ လေ့လာ ဆန်းစစ်ချက်တွေကို လူတွေက သိက္ခာကျအောင် လုပ်တဲ့ အခါမှာ အဓိက သတိချပ်သင့်တဲ့ အရာက ကျနော့်ရဲ့ လေ့လာ ဆန်းစစ်ချက်တွေဟာ နိုင်ငံပေါင်း များစွာမှာ နှစ်ပေါင်းများစွာ ကြာ လက်တွေ့ ဆောင်ရွက်ခဲ့ခြင်း၊ ကမ္ဘာအ၀ှမ်းက လွတ်လပ်မှုကို မြတ်နိုးသူ များစွာနဲ့ လက်တွဲ ဆောင်ရွက် ခဲ့ခြင်းကို အခြေခံ ထားတယ်ဆိုတဲ့ အချက်ပါ။

တခါတရံမှာ ကျနော်တို့ကို တိုက်ခိုက်တဲ့သူတွေက အကြမ်းဖက်မှုကို ယုံကြည်တဲ့ သူတွေပါ။ ဘာကြောင့်လဲ ဆိုတော့ သူတို့က လူထုရဲ့ အကြမ်းမဖက် နှလုံးရည် တိုက်ပွဲကို အားနည်း စေချင်တယ်။ အကြမ်းမဖက် နှလုံးရည် တိုက်ပွဲ မဟာဗျူဟာရဲ့ လက်တွေ့ အသုံးဝင်မှုကို ချိနဲ့စေချင်လို့ပါ။

အဲဒီလိုမျိုးလူတွေကို ခင်ဗျားကြည့်လိုက်ပါ။ သူတို့ဘာတွေ လုပ်ပေးနိုင်သလဲ မေးကြည့်ပါ။ တကယ့် ရိုးသား စစ်မှန်တဲ့ ဝေဖန်မှုကို အမြဲ ကြိုဆို လက်ခံပါတယ်။ ဒါပေမယ့် ယုတ္တိ မတန်တဲ့ စွပ်စွဲချက်တွေ ကတော့ ရယ်စရာကောင်းလွန်းပါတယ်။

ကျနော့်ကို အမေရိကန်အစိုးရရဲ့ အသုံးချကိရိယာတခုလို့ ပြောနေကြတဲ့သူတွေကို ကျနော် ပြောချင် တာက ကျနော်ဟာ အမေရိကန် အစိုးရရဲ့ မူဝါဒတွေကို ဝေဖန်လို့၊ အာခံခဲ့လို့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပြီး ထောင်ထဲမှာ ၉ လ နေခဲ့ရတယ် ဆိုတာကို မမေ့သင့်ဘူးလို့။

မေး ။ ။ မြောက်အာဖရိကနဲ့ အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ အရေးအခင်း တွေကြောင့် ဒေါက်တာ့ရဲ့ အယူ အဆ တွေဟာ ပြည်သူတွေ ကြားမှာ တကျော့ပြန် ရောက်လာခဲ့ပါတယ်။ သတင်းစာတခုရဲ့ ခေါင်းကြီးပိုင်းမှာဆို “ဂျင်းရှပ် - အသက် ၈၃ နှစ်အရွယ်၊ အီဂျစ်ကို ဖြိုချနိုင်ခဲ့သူ” လို့ ရေးထားပါတယ်။ အဲဒီအပေါ်မှာ ဒေါက်တာ ဘယ်လို ထင်ပါသလဲ”

ဖြေ ။ ။ အဲဒီက ပြည်သူတွေ တိုက်ပွဲထဲမှာ လက်တွေ့ ကျင့်သုံးနေတဲ့ တချို့သော အယူအဆ တွေကို ကျနော် ပေးကောင်း ပေးခဲ့နိုင်သလို၊ ပေးဖြစ်ချင်မှာလည်း ပေးဖြစ်မှာပါ။ အဲဒီအတွက် ကျနော် အတိအကျပြောလို့ မရပါဘူး။ ကျိန်းသေတာ မူဘာရက် အစိုးရကို ဖြုတ်ချ နိုင်ခဲ့တာဟာ အီဂျစ်ပြည်သူတွေပါ။ ကျနော် မဟုတ်ပါဘူး။

မေး ။ ။ တူနီးရှားနဲ့ အီဂျစ် လူထုအုံကြွမှု ပြီးကတည်းက ဒေသတွင်း ဆန္ဒပြပွဲတွေဟာ ပုံစံ ပြောင်းလာ ပါတယ်။ လစ်ဗျားရဲ့ လူထု အုံကြွမှုက လက်နက်ကိုင် တော်လှန်ရေး တိုက်ပွဲ ဖြစ်လာနေပါတယ်။ အခုလို လမ်းဆုံ ရောက်နေတဲ့ အချိန်မှာ လစ်ဗျားကို ကြားဝင် စွက်ဖက်တာကို မှန်ကန်တယ်လို့ ဒေါက်တာ ယူဆပါသလား။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ကရော အာရပ် အဖွဲ့ချုပ်ကတော့ ထောက်ခံ နေပါတယ်။

ဖြေ ။ ။ ကျနော်ဆိုရင်တော့ အဲဒီလိုမျိုး နည်းလမ်းကို မရွေးပါဘူး။ လစ်ဗျား ဒီမိုကရက်တွေက အီဂျစ်တွေ လိုမျိုး အိမ်စာ ကြိုမလုပ်ထားဘူးလို့ ကျနော် ထင်တယ်။ အီဂျစ်တွေက လုံးဝ လက်တွန့်ခြင်း မရှိတဲ့ အကြမ်းမဖက် နှလုံးရည်တိုက်ပွဲ အစီအစဉ် တခုကို အချိန် တော်တော်ယူပြီး လေ့လာ ပြင်ဆင်ခဲ့ပုံ ရပါတယ်။ ဒါကြောင့်လည်း သူတို့ အောင်ပွဲ မြန်မြန်ဆန်ဆန် ရခဲ့တာပေါ့။ လစ်ဗျားမှာတော့ အဲဒီလိုပုံမျိုး ဖြစ်ခဲ့ပုံမရဘူး။ လစ်ဗျားတွေ ခေါင်းထဲမှာ ရှုပ်ထွေး နေပုံရတယ်။ ပြီးတော့ ကဒါဖီက ဘယ်လို ဖိနှိပ်မှုမျိုး လုပ်လာနိုင်တယ် ဆိုတာကိုလည်း သူတို့တွေ မျှော်မှန်း ထားခဲ့ သင့်တယ်။

နိုင်ငံရေးအံတုမှုရဲ့ ပါဝါကို လက်တွေ့သိတဲ့လူတွေကျတော့ အကယ်၍ စစ်အစိုးရက ဒါကို ခြိမ်းခြောက် မှုလို့ မြင်လာရင် သူပြန်တိုက်မယ် ဆိုတာ သူတို့ သိကြတယ်။ အစိုးရက လူတွေကို ဖမ်းမယ်၊ ထောင်ချမယ်၊ ရိုက်မယ်၊ သတ်မယ်ဆိုရင်၊ အဲဒီလက္ခဏာက ခင်ဗျားဟာ အစိုးရကို ခြိမ်းခြောက် နေပြီဆိုတာကို ပြနေတာပဲ။

ခင်ဗျားက အကြမ်းဖက်နည်းနဲ့ တိုက်မယ်ဆိုရင် အာဏာရှင်တွေကလည်း ခင်ဗျားကို အကြမ်းဖက် နည်းနဲ့ ပြန်နှိပ် ကွပ်မှာပါ။ သူပုန်တွေက ကဒါဖီ အစိုးရကို လက်နက်ကိုင် နည်းနဲ့ အနိုင်မယူနိုင်ဘူး ဆိုတာ လုံးဝ သေချာတယ်။ ဆိုတော့ သူတို့အတွက် ပြင်ပအကူ အညီ ရှာဖို့ပဲ ကျန်တော့တယ်။ ပြင်ပ အကူအညီဆိုတာ သူတို့ လိုချင်တဲ့ လုပ်နိုင်စွမ်းမျိုး (ဒါမှမဟုတ်) အောင်ပွဲမျိုး ဖြစ်မှာတော့ မဟုတ်ဘူး။

မေး ။ ။ ဥပမာ မြန်မာနိုင်ငံမှာလိုမျိုး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းသော ဆန္ဒပြပွဲတွေဟာ အစိုးရရဲ့ အကြမ်းဖက်မှု တွေနဲ့သာ ရင်ဆိုင် ကြရတဲ့အခါ ဆန္ဒပြတဲ့ သူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့် သို့တည်းမဟုတ် ပြန်လည် တိုက်ခိုက်ခွင့်၊ ဒါမှမဟုတ် နိုင်ငံတော် ရဲတပ်ဖွဲ့၊ စစ်တပ် အတွင်းမှာရှိတဲ့ စာနာသူတွေနဲ့ မဟာမိတ် ဖွဲ့တာမျိုး၊ ဒီလိုမှ မဟုတ်လည်း လစ်ဗျား သူပုန်တွေလို နိုင်ငံတကာ စစ်ရေးအကူအညီ တောင်းခံတာမျိုး လုပ်နိုင်တယ်လို့ ဒေါက်တာ ယူဆပါသလား။

ဖြေ ။ ။ ဒီရွေးချယ်မှုကို ကျနော်ကတော့ လူထုရဲ့ ကံအကြောင်း မလှတဲ့ ရွေးချယ်မှု တခုလို့ပဲ ထင်ပါတယ်။ ခင်ဗျားရဲ့ ရန်သူက ခင်ဗျားကို ဖိနှိပ်မှု ပုံစံမျိုးစုံနဲ့ အကြမ်းဖက်မယ် ဆိုတာ တင်ကြို ခန့်မှန်း နိုင်ပါတယ်။ ခင်ဗျားက တစုံ တဦးထံက အကူအညီ ယူမယ် ဆိုရင် သူတို့ကလည်း သူတို့ အကျိုးစီးပွားနဲ့ လာကြမှာပဲ။ ဖြစ်နိုင်တာက ခင်ဗျား တိုင်းပြည်ကို စစ်မြေပြင် အဖြစ် ပြောင်းလိုက်ကြမယ်။ သူတို့တွေက ဖိနှိပ်သူကို ကူညီ နှိမ်နင်းပေးတယ် ဆိုတာတောင် ဒါဟာ ပြည်သူတွေရဲ့ လုပ်ဆောင်နိုင်စွမ်းရဲ့ ရလဒ် မဟုတ်ဘူး။ ဒါကြောင့် တိုင်းပြည်ကို ထပ်သိမ်းပိုက်ဖို့ကြိုးစားတဲ့ နောက်ထပ် ဖိနှိပ်သူကို တော်လှန်ဖို့ ပြည်သူတွေမှာ အဆင်သင့်ရှိမှာ မဟုတ်တော့ဘူး။ ဆိုလိုတာက အကယ်၍ အီဂျစ် စစ်တပ်ကသာ အာဏာကို ရယူဖို့ ကြိုးစားမယ် ဆိုရင် လူထုက ဘယ်လို တန်ပြန် ဆောင်ရွက်ရမယ် ဆိုတာ သိနေပြီ။ ဘာကြောင့်လဲ ဆိုတော့ သူတို့ ကိုယ်ပိုင်အား သူတို့ ကိုယ်တိုင် လုပ်နိုင်စွမ်းတွေ အီဂျစ် ပြည်သူတွေမှာ ရှိနေလို့ပဲ။

အန္တိမရည်မှန်းချက်အရ ဆိုရင်တော့ အကြမ်းမဖက် တော်လှန်ရေးလုပ်မယ် ဆိုရင် ခင်ဗျား အနေနဲ့ အစီအစဉ် ရေးဆွဲ ရမယ်၊ လေ့လာရမယ်။ ခင်ဗျား ဘာလုပ်နေတယ် ဆိုတာ ခင်ဗျား သိဖို့ လိုတယ်။

မေး ။ ။ ကမ္ဘာအ၀ှမ်း အတွေးအခေါ်ပညာရှင်တွေ၊ လက်တွေ့ဆောင်ရွက် သူတွေရဲ့ လုပ်ငန်းတွေ အပေါ်မှာ ဒေါက်တာရဲ့ အယူ အဆတွေက လွှမ်းမိုးမှု ရှိနေတယ်လို့ ဒေါက်တာ့ကို ချီးကျူး ပြောဆိုတာတွေ ရှိပါတယ်။ ဒါပမယ့် ဒေါက်တာကိုရော ဘယ်သူက လွှမ်းမိုး ပါသလဲခင်ဗျား။

ဖြေ ။ ။ ဆယ်စုနှစ်များစွာအတွင်း ကမ္ဘာအ၀ှမ်းကျနော်နဲ့ ထိတွေ့ခဲ့တဲ့ သူတွေ ထံကနေ ကျနော် လေ့လာခဲ့ပါတယ်။ တသီးတခြား တဦး တယောက်ရယ် လို့တော့ မရှိခဲ့ပါဘူး။ မဟတ္တမဂန္ဓီကြီး ဆီက ကျနော် လေ့လာခဲ့ပါတယ်။ ဂန္ဓီကြီးကို အလွန်တော်တဲ့ နိုင်ငံရေး မဟာဗျူဟာရှင် ရှုတောင့်ကနေ ကျနော် လေ့လာခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ် အတွင်း Quisling ဖက်ဆစ် အစိုးရကို တော်လှန်တဲ့ နော်ဝေး တော်လှန်ရေး အင်အားစုတွေ ထံကနေ ကျနော် လေ့လာခဲ့ပါတယ်။ အကြမ်းမဖက် တော်လှန်ရေး ဆင်နွှဲကြတဲ့ ဘောလ်တစ် တိုင်းပြည်တွေ ဖြစ်တဲ့ အက်စတိုးနီးယား၊ လပ်ဗီးယားနဲ့ လစ်သူယေးနီးယား စတဲ့ တိုင်းပြည်တွေ ကနေ ကျနော် လေ့လာခဲ့ပါတယ်။ အဲဒီ အစိုးရတွေ ကလည်း ကျနော့် စာပေတွေကို ဖတ်ကြပါတယ်။ ကျနော့်မှာ နိုင်ငံရေး အယူဝါဒ မရှိသလို နိုငံရေး ကယ်တင်ရှင် ၀ါဒလည်း မရှိပါဘူး။ ကျနော်အယူအဆ အများစုက ကိုယ်ပိုင်စဉ်းစားချက်၊ လေ့လာချက် သက်သက်ပါပဲ။

Ref: ဧရာဝတီ်

Read More...

ရခိုင်ပြည်နယ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အခမဲ့ကျောင်း ဖွင့်လှစ်

2011-04-03

ရခိုင်ပြည်နယ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပထမဦးဆုံး အခမဲ့ ပညာသင်ကျောင်း တကျောင်းကို ဒီကနေ့ ဖွင့်လှစ် ခဲ့ပါတယ်။

အလယ်တန်း ကျောင်းသူ ကျောင်းသားတွေ အတွက် စာသင်ခုံ နဲ့ လိုအပ်တဲ့ စာရေး ကိရိယာ တွေကိုလည်း ထောက်ပံ့ လှူဒါန်းမှာ ဖြစ်တယ်လို့ NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

“ရခိုင်ပြည်နယ် စည်းရုံးရေး ကော်မတီက ဦးဆောင် ပြီးတော့ ခြင်္သေ့နှစ်ကောင် ဆိုတဲ့ ဘုန်းကြီးကျောင်းမှာ ပညာဒါန အင်္ဂလိပ်စာ အခမဲ့ သင်တန်း ကျောင်းလေး တခု ဖွင့်ပါတယ်။ ငါးတန်း ခြောက်တန်း ကလေးတွေကို အင်္ဂလိပ်စာ အရေး၊ အပြော၊ အဖတ် အခမဲ့ သင်ပေးမှာ ဖြစ်ပါတယ်။ စေတနာ့ရှင် ဆရာ သုံးယောက်က အခမဲ့ ပြသပေးပါတယ်”

အခု ဖွင့်လှစ်လိုက်တဲ့ အခမဲ့ ပညာသင်ကျောင်းကို “မြတ်မိခင်” လို့ အမည်ပေးထားတယ်လို့ သိရပါတယ်။ NLD ရဲ့ အခမဲ့ ပညာသင် ကျောင်းတွေကို ဧရာဝတီ၊ မန္တလေးနဲ့ ရန်ကုန် တိုင်း ဒေသကြီး တွေမှာလည်း ဖွင့်လှစ် ထားပါတယ်။

အလားတူပဲ NLD လူငယ်တွေရဲ့ ပညာရေးနဲ့ ကျန်းမာရေး အထောက်အကူပြု အဖွဲ့တွေကလည်း သဘာဝ ဘေးဒဏ်သင့် ဒေသတွေက ပြည်သူတွေဆီကို သွားရောက်ကူညီ ဆောင်ရွက်ပေးနေတယ်လို့လည်း NLD က ထုတ်ပြန် ကြေညာထားပါတယ်။

Ref: RFA News

Read More...

ရောင်းလို့ရတာ အကုန်ရောင်းတဲ့ နောက်ကွယ်မှာ

ဂျွန်ဟန်းနက်စ် | သောကြာနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၁ ။ ။

မြန်မာ အစိုးရက အရှုံးပြနေသည့် စီးပွားရေး လုပ်ငန်းများကို ၁၅ နှစ်ခန့် ပုဂ္ဂလိက လက်သို့ လွှဲပြောင်း ခဲ့သည်။ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရ လက်အောက်တွင် နောက်ဆုံး ပုဂ္ဂလိကလက်သို့ လွှဲပြောင်း ရောင်းချမှုသည် ၂ဝ၁၁ ခုနှစ် မတ်လတွင် ဖြစ်ပေါ်ခဲ့သည်။

ရာစုနှစ်အတွင်း နိုင်ငံပိုင် အဆောက်အအုံများနှင့် မြေကွက်များကို လေလံ ပစ်ရာတွင် အကြီးဆုံး ဖြစ်သဖြင့် ရာစုနှစ်၏ ဈေးရောင်း ပွဲကြီးဟု တင်စား ခေါ်ဝေါ်ကြသော ပွဲကြီးပင် ဖြစ်သည်။

နိုင်ငံပိုင် မြေယာနှင့် အဆောက်အအုံ ၁၅၇ ခုကို လေလံပစ်ရန် ကြေညာခဲ့သည့် အနက် အများစုကို ရောင်းချ ခဲ့သော်လည်း မည်သည့် အကြောင်းကြောင့် မသိဘဲ အချို့ကို စာရင်းမှ ပြန်ထုတ်ခဲ့သည်။

နောက်ပိုင်းတွင်ပေါ်ထွက်လာသော သတင်းများအရ အခွင့်ထူးခံအချို့သည် မဟာဗျူဟာမြောက် နေရာ များမှ ထို ပိုင်ဆိုင်မှု များကို ဈေးကွက် ပေါက်ဈေးထက် နိမ့်ကျသော ဈေးနှုန်းများဖြင့် ရယူ သွားကြသည်ဟု သိရသည်။ ဤသည်က အကျိုး ခံစားသူ အုပ်စုတမျိုး ဖြစ်သည်။

အခြားအုပ်စုတွင် ဈေးကွက်ပေါက်ဈေးထက် ၅ဝ ရာခိုင်နှုန်းမှ ၁ဝဝ ရာခိုင်နှုန်းအတွင်း ဈေးပိုပေး ကြသော ထင်ရှားသည့် စွန့်ထွင် ဦးစီးသူများ ပါဝင်ကြသည်။ Asia World နှင့် AA အုပ်စုတို့သည် ယင်း အထဲတွင် ပါဝင်ကြသည်။ လေလံ တင်သော အဆောက် အအုံများသည် နေရာကောင်း များတွင် ရှိသဖြင့် အကြိတ်အနယ် အပြိုင်အဆိုင် ဝယ်ယူခဲ့ကြသည်။ ဈေးပေး နိုင်စွမ်း မြင့်မား စေရန်အတွက် အချို့က တဦးချင်း အနေဖြင့် မပြိုင်ဘဲ အုပ်စုလိုက် ပါဝင်ကြခြင်း ဖြစ်သည်။

သို့ဖြစ်ရာ အိမ်ယာမြေဈေးကွက်၌ ဈေးနှုန်းများ တည်ငြိမ် နေခြင်းကြောင့် ဝယ်လိုအား လျှော့နည်းနေရာ လေလံ အောင်သူများသည် ပြန်ရောင်း၍ မရသဖြင့် အချိန်မီ ငွေချေရန် ခက်ခဲခဲ့ကြသည်။

အိမ်ယာမြေ ဈေးကွက်နှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသော မျက်နှာသစ်များကိုလည်း ဤ နောက်ဆုံး လေလံ ပွဲတွင် တွေ့မြင်ရသည်။ အများအားဖြင့် သူတို့သည် ယခင် ကျောက်မျက် ပြပွဲများတွင် စံချိန်တင် ဝင်ငွေများ ရရှိခဲ့ကြသော ကျောက်မျက် လုပ်ငန်းရှင်များ ဖြစ်ကြသည်။

မကြာသေးမီက နေပြည်တော်၌ ပြုလုပ်ခဲ့သော ၂ဝ၁၁ ခုနှစ် ပထမအကြိမ် ကျောက်မျက် ရတနာ ပြပွဲသည် ဒေါ်လာ သန်းပေါင်း ၂၈ဝဝ ခန့် ရောင်းချ ခဲ့ရရာ ထိုပုဂ္ဂိုလ်များ အိမ်ယာမြေ လောကသို့ ထပ်မံ ဝင်ရောက် လာဖွယ် ရှိသည်။ ထိုရောင်းရငွေ ၁ဝ ရာခိုင်နှုန်းသည် အခွန် အဖြစ်ဖြင့် အစိုးရ ငွေတိုက် အတွင်းသို့ ဝင်ရောက် သွားဖွယ် ရှိသည်။

ရောင်းချရသော ကျောက်မျက် အတော်များများသည် ပြည်တွင်းဝယ်သူများထက် ဈေး ပိုပေး နိုင်သော တရုတ် ကုန်သည်များ၏ လက်တွင်းသို့ သက်ဆင်း သွားကြကြောင်း အထူးပြောရန် လိုမည် မဟုတ်ပါ။ ကုန်သည် အငယ်စား များနှင့် လက်မှု လုပ်ငန်းများ လည်ပတ်ရန် ပြည်တွင်း ကျောက်ဈေး ကွက်တွင် ကျောက်မျက်များ ရှားပါးနေဖွယ်ရာ ရှိပါသည်။

အချို့စာနယ်ဇင်း အုပ်စုများက ပုဂ္ဂလိကလက်သို့ လွှဲပြောင်းရောင်းချမှုကို လုပ်ငန်းရှင်များ ငွေကြေး ခဝါချသည့် လုပ်ရပ် အဖြစ် ရှုမြင်ကြသည်။

အမှန်တကယ်တွင် ယင်းတို့ မည်သည့်နေရာမှ ဝင်ငွေရရှိသည်ကို မည်သူကမျှ ဒုက္ခခံပြီး စစ်ဆေးခြင်း မရှိသဖြင့် ခဝါချစရာ မလိုပါ။ အိမ်ယာမြေ ရောင်းချရမှ ရရှိသော ဝင်ငွေများကို ထုတ်လုပ်မှု စွမ်းအား ရှိရှိ အသုံးပြုကာ ရုပ်ဝတ္ထုနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အသုံးပြုမည်ဟု မျှော်လင့်ရသည်။

သို့သော်လည်း အခြားသော တွက်ကိန်းများကား ရှိနေသေးသည်။ အိမ်ယာမြေ၌ ရင်းနှီး မြုပ်နှံ ကြခြင်းမှာ အခြား အကျိုး အမြတ် ရှိရှိ ရင်းနှီး မြှုပ်နှံစရာ အခွင့် အလမ်းများ မရှိကြောင်း အတိတ်နိမိတ် ပြသကဲ့သို့ ရှိသည်။ ထုတ်လုပ်မှု စွမ်းအားရှိရှိ အသုံး ပြုနိုင်သည့် ရင်းနှီး မြုပ်နှံမှုများသည် ထုတ်လုပ်မှု စွမ်းအားကို အကျိုး မပြုသော နေရာများသို့ ဝင်ရောက် သွားကြသည်။

အခြားတဖက်တွင် ပုဂ္ဂလိကနယ်ပယ်မှ ငွေကြေးများ အစိုးရသို့ ကြီးကြီးမားမား စီးဆင်း သွားခြင်းသည် ပုဂ္ဂလိက နယ်ပယ်တွင် ငွေကြေး ရှားပါးမှု ဖြစ်ပေါ်စေကာ ကျပ်ငွေတန်ဖိုး တက်သွား နိုင်သည်။ ထို့အပြင် အိမ်ယာမြေ ဈေးတက်ခြင်းကြောင့် မြေယာငှား ခများ တက်သွား နိုင်သည်။

အရေးပါသော နေရာများ၌ ငှားရမ်းခများသည် ၃ လ တကြိမ်သော်လည်းကောင်း၊ တနှစ်တကြိမ် သော်လည်းကောင်း တက် တတ်ပေရာ ထိုနေရာများတွင် လုပ်ငန်းတခု၊ ဆိုင်တဆိုင် ဖွင့်လှစ်ရန် ပိုခက်လာသည်။ တဖန် ဝင်ငွေ နိမ့်သူများ အတွက် အိမ်ငှားခများ ကြီးမား လာခြင်းကြောင့် လူနေမှု စရိတ်တက်ကာ မြင့်မားသော လခများကို တောင်းဆို လာကြသည်။

မကြာမီက ပြီးစီးသွားခဲ့သော ပြည်သူ့လွှတ်တော်၌ မေးမြန်းဖြေကြားခြင်း မရှိသည့် မေးခွန်းတရပ်မှာ ထို အိမ်ယာမြေ ရောင်းရ ငွေများကို နေပြည်တော် တည်ဆောက်ရေး အတွက် အသုံးပြုသည်၊ သို့မဟုတ် ဖြစ်နိုင်ချေ နည်းသော ထုတ်လုပ်မှု စွမ်းအား ရှိသည့် ကိစ္စများတွင် အသုံးပြုသည် ဆိုသည့် ကိစ္စဖြစ်သည်။

မြင်သာထင်သာ ရှိမှု၊ စာနယ်ဇင်း၏ ကျယ်ပြန့်သော အခန်းနှင့် မသမာမှု တိုက်ဖျက်ရေး မူဝါဒများကို အလေး ထားပုံရသည့် သမ္မတ ဦးသိန်းစိန်၏ အစိုးရသစ်သည် ထိုစိန်ခေါ်မှုများကို ဖြေရှင်းရမည့် အလုပ်ကြီးများ ရှိနေပေသည်။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့