Friday, April 8, 2011

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်တပ်ကို ချုပ်ကိုင်ဆဲ

Thursday, 07 April 2011

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) ကို ဖျက်သိမ်း၍ ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို လွှဲပြောင်းပေးပြီး ဖြစ်သော်လည်း တပ်မတော်ကို ဆက်လက် ထိန်းချုပ် ထားဆဲ ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာနနှင့် နီးစပ် သူများက အတည်ပြု ပြောကြားသည်။

မတ်လ ၃၀ ရက်နေ့တွင် နအဖအဖွဲ့ကို ဖျက်သိမ်း၍ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ၊ သမ္မတသစ် ဦးသိန်းစိန်ကို အာဏာ လွှဲပြောင်း ပေးခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ် ရာထူးကိုလည်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် သို့ လွှဲပြောင်း ပေးခဲ့သည်။

ထိုသို့ လွှဲပြောင်းပေးပြီးနောက် ပြည်တွင်း ပြည်ပ မီဒီယာများ ကြားတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်ရာထူးနှင့် အစိုးရ အကြီးအကဲ ရာထူးများမှ အနားယူ သွားပြီဆိုသော သတင်းများ တွင်တွင် ကျယ်ကျယ် ထွက်ပေါ် ခဲ့ကြောင်း၊ သို့ရာတွင် နေပြည်တော် အခြေစိုက် ကာကွယ်ရေး ၀န်ကြီးဌာနက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နာမည်တပ် လိပ်မူထားသော လျှို့ဝှက်ဆိုသည့် စာတမ်းပါ တပ်မတော် ဆိုင်ရာ အစီရင်ခံစာများ တရားဝင် ထွက်ရှိနေကြောင်း နေပြည်တော် စစ်ဘက် အသိုင်းအဝန်းက ပြောသည်။

နေပြည်တော်မှ စစ်ဘက်ဆိုင်ရာ အရာရှိတဦးက “အငြိမ်းစားဖြစ်သွားတဲ့ စစ်ဗိုလ်ချုပ် တဦးဆီ ဘာကိစ္စမှ တပ် အစီရင်ခံစာ ပို့ဖို့ မလိုဘူး။ အခုစစ်ရုံးကပို့တဲ့ အစီရင်ခံစာက ဗိုလ်ချုပ်မှူးကြီးကို လိပ်မူ အမည် တပ်ထားတယ်။ ဗိုလ်ချုပ်မှူးကြီးက ဇေယျာသီရိ စစ်ရုံးတွေ ဘက်မှာ ရုံးမထိုင်တာတော့ သေချာ ပြောနိုင်တယ်။ လောလောဆယ် ပို့နေတဲ့ အစီရင်ခံစာတွေ အရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တပ်မတော်ကို တရားဝင် ချုပ်ကိုင် ထားဆဲပါ၊ အရေးပါနေဆဲပါ။ အငြိမ်းစား သွားတယ်၊ အနားယူတယ် ဆိုတာ လုံးဝ မဟုတ်ပါဘူး” ဟု ပြောသည်။

အာဏာလွှဲပြီးနောက် မတ်လ ၃၁ ရက်နေ့တွင် အစိုးရသစ် တဖွဲ့လုံးကို ခေါ်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ညွှန်ကြားချက် သြဝါဒ ပေးကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန် အစိုးရသည် မတ်လ ၃၁ ရက်နေ့မှ စတင်အာဏာတည်နေပြီ ဖြစ်သော်လည်း သမ္မတရုံး၊ ကာကွယ်ရေး ၀န်ကြီးဌာနရုံး အပါအ၀င် နေပြည်တော်ရှိ အစိုးရ၀န်ကြီးဌာန ရုံးများ အားလုံးတွင် ချိတ်ဆွဲထားသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဓာတ်ပုံကို ဖြုတ်ချခြင်း မရှိကြောင်း သိရှိရသည်။

“တကယ်ဆိုရင် သမ္မတ ဦးသိန်းစိန်ပုံကို ချိတ်ရမှာ။ အခုထိ ဗိုလ်ချုပ်မှူးကြီးဓာတ်ပုံပဲ ချိတ်ထားတယ်။ ရုံးမှာလည်း ဓာတ်ပုံ လဲချိတ်ဖို့ ပြောဆို ဆွေးနွေးတာမျိုးလည်း မရှိဘူး။ အားလုံး အရင်အတိုင်းပဲ” ဟု နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာနမှ အရာရှိ တဦးက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဆေးမှူးများဖြစ်ကြသော ဗိုလ်ချုပ် နေဝင်း၊ ဗိုလ်မှူးချုပ် စိုးရှိန်နှင့် ဗိုလ်မှူးကြီး မြင့်ကြည်တို့ သည်လည်း ဗိုလ်ချုပ်မှူးကြီး အနီးတွင် ဆက်လက် တာဝန် ယူနေကြဆဲ ဖြစ်ကြောင်းလည်း သိရသည်။

စစ်တက္ကသိုလ် အမှတ်စဉ် ၁၉ ကျောင်းဆင်း ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဗိုလ်ချုပ်ကြီး ရာထူး တိုးမြှင့်ခန့်သည့် အပြင် စစ်တက္ကသိုလ် အမှတ်စဉ် ၁၇ ကျောင်းဆင်း ကာကွယ်ရေးဦးစီးချုပ် (လေ) ဒု ဗိုလ်ချုပ်ကြီး မြတ်ဟိန်းနှင့် စစ်တက္ကသိုလ် အပတ်စဉ် ၁၆ ကျောင်းဆင်း ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒု ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းအောင် တို့ကိုလည်း ဗိုလ်ချုပ်ကြီး ရာထူးသို့ တပြိုင်နက်တည်း အသီးသီး ရာထူး တိုးပေးခဲ့သဖြင့် စစ်တပ်အတွင်း အာဏာ ချိန်ခွင်လျှာ မျှနိုင်ရန် ဗိုလ်ချုပ်မှူးကြီးက လုပ်ဆောင် ထားခဲ့ခြင်းဖြစ်ကြောင်း စစ်တပ် အသိုင်းအဝန်းက ပြောသည်။

နေပြည်တော် စစ်ဘက်ဆိုင်ရာနှင့် နီးစပ်သူတဦးက “မတ်လကုန်လောက်မှာပဲ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အဖြစ် ရာထူး တိုးတဲ့အချိန်၊ ကာချုပ်-ရေနဲ့ ကာချုပ်-လေတွေလည်း ဗိုလ်ချုပ်ကြီးရာထူး တခါတည်း တိုးပေးလိုက်တယ်။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဆိုပေမယ့် တပ်ကိစ္စတွေကို ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းအောင်၊ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းတို့နဲ့ အတူ ပူးတွဲ ကိုင်တွယ်ရပုံရှိတယ်” ဟု ဆိုသည်။

ယခင်က တိုင်းမှူး၊ တပ်မမှူးများသည် စစ်ဘက်ဆိုင်ရာ ကိစ္စများတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ လူကိုယ်တိုင် သွားရောက် တွေ့ဆုံပြီး သတင်း ပို့ရသော်လည်း ယခု အခါ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ထံသို့သာ သတင်း ပို့ရတော့ကြောင်း သိရသည်။

သို့သော် အမှန်တကယ် အာဏာရှိသူမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသာဖြစ်ပြီး ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ဟန်ပြသာ ဖြစ်သည်ဟု စစ်တပ် အသိုင်းအဝန်း အတွင်းတွင်လည်း ပြောဆိုလျက် ရှိကြောင်း သိရှိရသည်။

ယမန်နေ့က တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ ဒု ဝန်ကြီးချုပ်များကို သမ္မတ ဦးသိန်းစိန်က မိန့်ခွန်း ပြောကြားရာ၌ ဗဟို ချုပ်ကိုင်မှု စနစ်ကို ဖျက်သိမ်းရမည်ဟု ပြောသွားသော်လည်း လေ့လာ အကဲခတ် သူများကမူ အစိုးရသစ်အပေါ် သံသယ ရှိနေကြသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့