Friday, September 14, 2012

အရည်သွေးကောင်း စားသုံးဆီရဖို့ စက်ပိုင်းသာမက ကုန်ကြမ်းပါ အရေးပါ

သစ်ငြိမ်း
စက်တင်ဘာလ ၁၃ ရက် ၂၀၁၂ ခုနှစ်

ပြည်တွင်းစားသုံးဆီ ထုတ်လုပ်ရောင်းချမှုနှင့် အရည်အသွေးကောင်းစားသုံးဆီများ ပြည်တွင်းတွင် စားသုံးဆီ ဖူလုံ တွင်ကျယ်စွာ ထုတ်လုပ်ရောင်းချနိုင်ရန်နှင့် ဆီထွက်သီးနှံစိုက်ပျိုးမှုဖွံ့ဖြိုးတွင်ကျယ်လာစေရန် အခြေခံ လိုအပ်ချက်များနှင့် ပတ်သက်ပြီး မြန်မာ နိုင်ငံ စက်မှုလက်မှုကုန် ထုတ်လုပ်သူများအသင်းအဖွဲ့ဝင် တစ်ဦးလည်းဖြစ် ပြီး ၁၉၉၂ ခုနှစ်မှ ဧရာဝတီ မြေပဲဆီ ထုတ်လုပ် ဖြန့်ဖြူးမှုကို ဆောင်ရွက်နေသည့် ဆီစက်လုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်သည့် ဦးခင်စိုးနှင့် မဇ္ဈိမတို့ တွေ့ဆုံမေးမြန်း ထားသည်များ
ထဲမှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး။ ။လက်ရှိပြည်တွင်းစားသုံးဆီထုတ်လုပ်မှုအခြေအနေကို အရင်ဆုံးပြောပြပေးပါဦး။

ဖြေ။ ။ပြည်တွင်းဆီထုတ်လုပ်မှုကတော့ အခုလက်ရှိက ကုန်ကြမ်းပေါ်ကာစဖြစ်နေပြီ။ ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်၊သြဂုတ်မှာ က တရုတ်ကိုအထွက်များတဲ့အတွက် ကုန်ကြမ်းပြတ်တဲ့အထိဖြစ်သွားတယ်။ အချို့စက်တွေဆိုရင် တစ်လလုံးမှ ငါးရက်လောက်၊ ၁ဝ ရက်လောက်သာလည်ရတာမျိုးတွေဖြစ်သွားတယ်။ အခုတော့ ပဲဆန်အသစ်ပေါ်နေပြီ။ ဝယ်လို့လည်းရနေတယ်။

မေး။ ။ပြည်ပကတင်သွင်းတဲ့စားအုန်းဆီဈေးနှုန်းနဲ့ ပြည်တွင်းကထုတ်တဲ့ ပဲဆီ၊ နှမ်းဆီ ဈေးနှုန်း ကွာဟမှု ရှိနေတဲ့အပေါ် မူ တည်ပြီး စားအုန်းဆီစားသုံးမှုပမာဏများပြားနေတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီလို ဈေးနှုန်းကွာဟမှုအပေါ် ထိန်းပေးနိုင် မယ့်နည်း လမ်း များရှိပါသလား။

မှောင်ခိုလမ်ကြောင်းကနေ တရားမဝင်ဝင်နေတဲ့ ဆီကိုလည်း တားမြစ်ပေးဖို့ မကောင်းဘူးလား။ ဒါမှသာ ပြည်တွင်းဈေးကွက်
အောင်မြင်လာမှာ ဖြစ်တယ်။ ပြည်တွင်းဈေးကွက် မအောင်မြင်ရင်၊ ပြည်တွင်းဆီစက် တွေတိုးတက်မှုမရှိရင် ခေတ်မီတဲ့နည်းပညာ
တွေ ဘယ်လိုလုပ်ပြောင်းလဲနိုင်မလဲ။ ဝယ်ယူနိုင်မလဲ။

ဖြေ။ ။ စားအုန်းဆီနဲ့ယှဉ်ရင် ဆီဈေးကိုထိန်းပေးနိုင်မလားဆိုတာမှာ စားအုန်းဆီနဲ့ယှဉ်ရောင်းခိုင်းရင်တော့ ကျွန်တော်မရောင်း နိုင်ဘူး။ ပဲဆီ၊ နှမ်းဆီရဲ့ အားသာချက်က ကမ္ဘာမှာကိုက စားအုန်းဆီထက် အားသာပြီး စားသုံးသူတွေက တန်ဖိုးထားစားနေတာ တစ်ကမ္ဘာလုံး သိတယ်။

မေး။ ။အဲလို ဈေးနှုန်းကို ယှဉ်ရောင်းတာမျိုးမဟုတ်တောင် စားသုံးသူအများစုလက်လှမ်းမီနိုင်မယ့် ဈေးမျိုးကိုရော ဆီလုပ်ငန်း ရှင်တွေဘက်က လုပ်ဆောင်ပေးနိုင်ပါသလား။

ဖြေ။ ။ အရင်က တစ်နေ့ကို ပေပါသုံးဆယ်ရောင်းပြီးတော့ တစ်ပိဿာကို ၅ဝဝ မြတ်မှရောင်းမယ်။ ပီပါ ၁၅ဝ ရောင်းရ တဲ့နေ့ကျရင် တစ်ပိဿာကို ၁၅ဝ အမြတ်နဲ့ရောင်းချင်လည်းရောင်းမယ်။ စက်မှုလက်မှုလုပ်ငန်းကများများ ထွက်လေ။ ကုန်ကျ စရိတ်နည်းလေ အကျိုးအမြတ်ကိုနည်းနည်းယူပြီးတော့ များများရောင်းရရင် အကျိုးအမြတ် အတူတူပဲ။ ရောင်းတဲ့ဈေးကွက် ကျယ် ပြန့်ပြီး များများရောင်းရရင် ကျွန်တော်တို့ကဈေးလျှော့ ရောင်းမှာပဲ။

မေး။ ။ ပြည်ပကတင်သွင်းမှုမပြုဘဲ ပြည်တွင်းကစက်နဲ့ ပြည်တွင်းစားသုံးမှုဖူလုံအောင် ထုတ်လုပ်နိုင်ပါ သလား။

ဖြေ။ ။ ပြည်တွင်းစားသုံးမှုဖူလုံဖို့အတွက်က ကျွန်တော်တို့စက်တွေသာ အကုန်လည်ခွင့်ရရင်ကျော်အောင်ကို ထုတ်နိုင်တယ်။ မြန်မာပြည်မှာ စက်ပေါင်း ၃,ဝဝဝ လောက်ရှိတယ်။

တကယ်လည်ပတ်နေတာ အနည်းဆုံး ၂,ဝဝဝ လောက်ရှိတယ်။ တစ်နေ့ ၂၅ ပီပါကျကြိတ်နိုင်တဲ့စက်က ထောင်နဲ့ချီ ရှိတယ်။ ပီပါ ၅ဝ အထက်ကြိတ်နိုင်တဲ့စက်ပေါင်းက ၂ဝဝ လောက်ရှိတယ်။ မြန်မာနိုင်ငံက တစ်ရက်ကိုပီပါ ၈၅ဝဝ လောက်ပဲ လိုတယ်။ တကယ်လို့ ဆီထွက်သီးနှံဖူလုံလို့ လုံလုံလောက်လောက်ကြိတ်ခွင့်ရရင် မြန်မာပြည်စားတဲ့ဆီက ကျွန်တော်တို့ဆီက စက်တွေက အေးဆေးပဲ။

မေး။ ။ အဲဒီ့ပြည်တွင်းတစ်နှစ်လိုအပ်တဲ့ စားသုံးဆီပီပါ ၈၅ဝဝ ထုတ်နိုင်ဖို့ရော ဆီထွက်သီးနှံက လုံလောက်နိုင် ပါသလား။

ဖြေ။ ။ အခုလက်ရှိဆီထွက်သီးနှံစိုက်နေတာ ဧကနှစ်သန်းလောက်ရှိတယ်လို့သိရတယ်။ ပြည်ပက စားအုန်းဆီ တင်သွင်းမှု မရှိဘူးဆိုရင်လည်း ဒီဧကနဲ့ တင် နိုင်ငံတွင်းလောက်အောင်ထုတ်လုပ်နိုင်ပါတယ်။

မေး။ ။စက်တွေအကုန်လည်ပတ်နိုင်ဖို့။ ပြည်တွင်းလိုအပ်တဲ့ ဆီပမာဏကို စက်ပိုင်းက အပြည့်အဝ ထုတ်လုပ် ခွင့်ရနိုင်ဖို့ ဘာတွေ လုပ်ဆောင်သင့်တယ်လို့ထင်ပါသလဲ။

ဖြေ။ ။ပြည်တွင်းဈေးကွက်ကနေပြီး ပြည်တွင်းဆီစက်တွေကို အားပေးမှုဖြစ်အောင် ပြည်တွင်းဈေးကွက်ကို ဖန်တီး ပေးရမယ်။ ပြည်တွင်းအားက ကိုယ့်အားပဲ။ ပြည်တွင်း လူဦးရေ သန်း ၆ဝ ဝယ်စား တာသည် ပြည်ပကနေ တန်ချိန် သုံးသိန်းခွဲ ဝယ်စား နေမယ့်ဈေးကွက်ကို သူများကိုပေးမယ့်ပိုက်ဆံဈေးကွက်ကို ကိုယ့်ပြည်တွင်း ဈေးကွက်အဖြစ် ဖန်တီးယူလို့မရဘူးလား။ မှောင်ခို လမ်ကြောင်းကနေ တရားမဝင်ဝင်နေတဲ့ဆီကိုလည်း တားမြစ်ပေးဖို့ မကောင်းဘူး လား။ ဒါမှသာ ပြည်တွင်းဈေးကွက် အောင်မြင် လာမှာဖြစ်တယ်။ ပြည်တွင်းဈေးကွက် မအောင်မြင် ရင်၊ ပြည်တွင်းဆီ စက်တွေ တိုးတက်မှုမရှိရင် ခေတ်မီတဲ့နည်းပညာတွေ ဘယ်လိုလုပ်ပြောင်းလဲနိုင်မလဲ။ ဝယ်ယူ နိုင်မလဲ။
မေး။ ။ပြည်တွင်းစားသုံးဆီကို ပြည်ပတင်ပို့နိုင်တဲ့အဆင့်ထိ ရောက်အောင်ဆိုရင် စက်တွေ ခေတ်မီဖို့လို တယ် လို့ပြောကြ ပါတယ်။ စက်တွေခေတ်မီဖို့၊ အရည်အသွေးကောင်းတဲ့ဆီရရှိဖို့ ဆိုရင်ဘာတွေလိုအပ်ပါ သလဲ။

ဖြေ။ ။ ပြည်တွင်းစက်နဲ့တင် ပြည်ပတင်ပို့တဲ့အရည်အသွေးမီအောင်လုပ်နိုင်တယ်။ ပြည်ပကိုတင်ပို့နိုင်ဖို့ အမှန် တကယ် လိုနေတဲ့အချက်က သန့်စင်တဲ့ ကုန်ချောရဖို့ရယ်။ ကုန်ချောထုတ်လုပ်ရာမှာ ထုတ်လုပ်မှု အဆင့်တိုင်း သန့်စင်မှုလည်းရှိရမယ်။ ကုန်ကြမ်းကောင်းရင် ကုန်ချောကောင်းဖို့က မခဲယဉ်းဘူး။ မှိုတက်ပြီး ပိုးထိုးထားတဲ့ ပဲကိုကြိတ်တာ အစစ်လို့ပြောလို့ရပေမယ့် စားသုံးရန်သင့်တဲ့ ပဲဆီအသန့်လို့ပြောလို့မရဘူး။

မေး။ ။ကုန်ကြမ်းကောင်းရင် ကုန်ချောကောင်းဖို့မခဲယဉ်းဘူးဆိုတော့ ကုန်ကြမ်းကောင်းဖို့ ဘယ်လိုလုပ်ဆောင် သင့်ပါသလဲ။

ဖြေ။ ။ အစိုဓာတ်ဘယ်လောက်နဲ့ မြေပဲဆန်ကိုထိန်းသိမ်းထားရမယ်။ အစိုဓာတ်များနေရင် အခြောက်ခံစက်နဲ့ အစိုဓာတ်ကို ချရမယ်။ အခြောက်ခံစက်နဲ့ချထားတဲ့ မြေပဲဆန်ကိုသာလျှင် သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်းလုပ်ရ မယ်။ စိုနေတဲ့ မြေပဲ ဆန်ကို သိုလှောင်ခြင်း၊ ပုံထားခြင်းမလုပ်ရဘူး။

မေး။ ။အဲဒီလို့ မလုပ်ခဲ့ဘူးဆိုရင် ဘာဖြစ်နိုင်ပါသလဲ။ နောက်ဆက်တွဲအကျိုးဆက်ကရော ဘယ်လိုရှိပါသလဲ။

ဖြေ။ ။အဲကျရင် သူက အစိုဓာတ်များပြီးမှိုဖြစ် လာဖြစ်မယ်။ မြေပဲဆီရဲ့ အဓိကအဆိုးဆုံးအပြစ်က မှိုဆိပ်ပဲ။ အဲဒီ မှိုဆိပ် ကင်း စင်တဲ့ မြေပဲဆန်ဖြစ်ဖို့ အခြောက်ခံစက်ရှိရမယ်။ အစိုအဓါတ်ထိန်းညှိုပေးတဲ့စက်ရှိရမယ်။ ဒါမှသာလျှင် သတ်မှတ်တဲ့ အပူချိန် အ တွင်း၊ သတ်မှတ်တဲ့အစို၊ အခြောက်အတွင်းမှာ ကုန်ကြမ်းကိုသိုလှောင်ထားတဲ့အတွက် မှိုဆိပ်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ပွားတာ မရှိတော့ဘူး။ စားသုံးရန်သင့်တဲ့ ပဲဆီအသန့်ဆိုတာ မှိုကင်းစင်ရ မယ်။

မေး။ ။အဲလိုအခြောက်ခံစက်တွေ ထားရှိလာအောင်နဲ့ စနစ်တကျသုံးစွဲလာအောင် ဘယ်လိုလုပ်ကိုင်ရင် အဆင်ပြေစေနိုင်ပါမလဲ။

ဖြေ။ ။အဲဒါကို ဆီစက်ပိုင်ရှင်တွေလည်း သိအောင်အသိပညာမျှဝေရမယ်။ အဲဒီလိုစက်မျိုးသူတို့ဆီမှာ ရှိအောင် လည်းလုပ်ရ မယ်။ မလုပ်နိုင်ရင်လည်း ဘုံပိုင်ဆိုင်မှုမျိုး ဆီထွက်သီးနှံထွက်တဲ့ တစ်မြို့တစ်နယ်မှာ တစ်ခုနှုန်း တည်ထောင်ပြီးတော့မှ လိုတဲ့သူ ကသွားပြီး နဝလီပေးတဲ့စနစ်နဲ့ အခြောက်ခံတာတို့၊ အအေးခံတာတို့လုပ်လို့ရမယ်။ တစ်ဦးချင်းမဝယ်နိုင်ရင် စုပေါင်းဝယ်ပေါ့။ စိုက်ပျိုးတဲ့နေရာမှာ မျိုးကောင်းမျိုးသန့်ကို စိုက်ပျိုးနိုင်အောင် အကြံဥာဏ်
ပေးရမယ်။

မေး။ ။မျိုးကောင်းမျိုးသန့်ကို စိုက်ပျိုးနိုင်ဖို့ လိုအပ်တာလေးတွေလည်း ပြောပြပေးပါဦး။

ဖြေ။ ။အဲဒါက အသင်းအဖွဲ့နဲ့လုပ် မှရမယ်။ ဒါပေမယ့် မိရိုးဖလာအရ သန့်သန့်ရှင်းရှင်းကိုင်တဲ့ နယ တွေက သူနယ်နဲ့ သူရှိ တယ်။ မိရိုးဖလာအရ သန့်သန့်ရှင်းရှင်းကိုင်ပြီးတော့ အခုအချိန်ထိလည်း ပစ္စည်းကောင်းကိုင်တဲ့ နယ်တွေကို ဈေးကောင်းပေးပြီး ရွေးဝယ်ရမယ်။ ပစ္စည်းကောင်း ကောင်းကောင်း မကိုင်တတ်တဲ့နယ်တွေကိုလည်း ကောင်းကောင်းကိုင်တတ်အောင် သင်ပေးပြီး တော့ စွဲခေါ်ရမယ်။ စည်းရုံးရမယ်။

မေး။ ။ ပြည်တွင်းစားသုံးဆီဖူလုံဖို့အတွက် ဘယ်လောက်ထိထုတ်လုပ်ရပါမလဲ။ လက်ရှိ ပြည်ပက တင်သွင်း နေတဲ့ စားအုန်း ဆီနဲ့ ပြည်တွင်းမှာ ထုတ်လုပ်နေတဲ့ စားသုံးဆီအပိုင်းကိုလည်း ရှင်းပြပေးပါဦး။

ဖြေ။ ။ ပြည်တွင်းစားသုံးဆီဖူလုံဖို့အတွက် ခန့်မှန်း ထားကြတာကတော့ တစ်နှစ်ကို တန်ချိန်ခြောက်သိန်း ခန့်မှန်း ထားတယ်။ အဲလိုခန့်မှန်းထားရာမှာ ပြည်ပကနေ တစ်လကို တန်သုံးသောင်းနဲ့ တစ်နှစ်ကို သုံးသိန်းခွဲ လောက်သွင်း တယ်။ ပြည်တွင်းက နှစ်သိန်းခွဲလောက်ထုတ်လုပ်တယ်လို့ပြောတယ်။

မေး။ ။ လက်ရှိမှာ ဆီထွက်သီးနှံတွေကို ပြည်ပတင်ပို့ခွင့်ပြုမှုအခြေအနေနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ။ ။ အခုက ဆီကုန်ကြမ်းကို အားလုံးပြည်ပတင်ပို့ခွင့်ပြုလိုက်ပြီ။ အဲလိုဖွင့်ပေးလိုက်တဲ့ အကျိုးဆက်ကတော့ နှမ်းဆီက အညာက အဓိကစားတာဆိုတော့ သိပ်ထိခိုက်မှုမရှိပေမယ့် နှမ်းဖက်ကတော့ ရှားသွား တယ်။ နှမ်းဖက် တစ်ပိဿာ တစ်ထောင် လောက်ဖြစ်သွားတယ်။ မြေပဲကို ခွင့်ပြုလိုက်တာကတော့ တော်တော် ထိခိုက်တယ်။ နှမ်းဆီကို မြန်မာနိုင်ငံမှာ ၂ဝ ရာခိုင်နှုန်း လောက်ပဲ စားတာ။ မြေပဲဆီကို ၈ဝ ရာခိုင်နှုန်းလောက် စားတယ်။

မေး။ ။ အဲလိုဆိုတော့ ပဲဆီ၊ နှမ်းဆီရဲ့ ဈေးကွက်ဈေးနှုန်းအပေါ် အကျိုးသက်ရောက်မှုကရော ဘယ်လို ရှိပါသလဲ။

ဖြေ။ ။ ဆီထွက်သီးနှံကို ပြည်ပကိုတင်ပို့တဲ့အတွက် ဈေးတွေအရမ်းမြင့်သွားတယ်။ အရင်တုန်းက မြေပဲဆန်က တစ်ပိဿာ ၁၅ဝဝ၊ ၁၆ဝဝ ကနေ အခု ၂၅ဝဝ ထိအောင်ဖြစ်သွားတယ်။ အဲဒီအတွက် လယ်သမားတွေက ဈေးကောင်းရသွားတယ်။ ပို့တဲ့သူ တွေအလုပ်ဖြစ်သွားတယ်။ ဒါပေမယ့် ပြည်တွင်းဆီစားသူတွေက အရင်က ၃၈ဝဝ လောက်နဲ့ဝယ်စားရ တာကနေ ၅၃ဝဝ ဖြစ်သွား တယ်။ပြည်တွင်း မွေးမြူရေးလုပ်ငန်းရှင်တွေက ပဲဖတ် ၆၅ဝ လောက်နဲ့ ဝယ်လို့ရနေရာကနေ ၁ဝဝဝ လောက်ဖြစ်သွားတယ်။ ကုန် ကြမ်းဈေးတက်ပြီဆိုတာနဲ့ အဲဒီကုန်ကြမ်းနဲ့ ဆက်စပ်နေတဲ့ ကုန်ချော၊ ဘေးထွက်ပစ္စည်းအားလုံး လိုက်တက်သွားတယ်။

မေး။ ။ ပြည်တွင်းစားသုံးဆီဖူလုံစွာထုတ်လုပ်နိုင်ဖို့နဲ့ပတ်သက်ပြီး ဆီစက်လုပ်ငန်းရှင်တွေဘက်က သဘော ထားနဲ့ တာဝန်ယူမှု အပိုင်းကို ပြောပြပေးပါဦး။

ဖြေ။ ။ မြန်မာနိုင်ငံပြည်တွင်းစားသုံးဆီ ဖူလုံဖို့နဲ့ ပြည်တွင်းစားသုံးဆီ ထုတ်လုပ်ဖို့ ကိစ္စသည် ပြည်တွင်း စက်မှုလက်မှု လုပ်ငန်းရှင်ဖြစ်တဲ့ ဆီစက်လုပ်ငန်းရှင်များရဲ့ ရပိုင်ခွင့်ဖြစ်သလို တာဝန်လည်းဖြစ်တယ်။ ပြည်တွင်း ဆီဖူလုံဖို့ က ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်တယ်။ အဲဒီ ပြည်တွင်းဆီရောင်းချခြင်း၊ ထုတ်လုပ်ခြင်း၊ ပြည်တွင်း ဆီထွက်သီးနှံဖွံ့ဖြိုး တိုးတက်အောင် အားပေးခြင်းဆို တဲ့ကဏ္ဍတွေကလည်း ကျွန်တော်တို့ရဲ့ တာဝန်ပဲ။ အဲဒီက ဖြစ်ပေါ်လာတဲ့။ စားသုံးသူတွေက ပေးလာတဲ့အကျိုးအမြတ်တွေကလည်း ကျွန်တော်တို့ရဲ့ ရပိုင်ခွင့်ပဲ။

မေး။ ။ အဲလိုရပိုင်ခွင့်နဲ့ တာဝန်ယူလုပ်ဆောင်နိုင်မှုအတွက် အသင်းအဖွဲ့တစ်ခုအနေနဲ့ ရပ်တည်လုပ်ဆောင် သင့်တယ်လို့ မြင်ပါသလား။ အသင်းတစ်ခုရဲ့ အရေးပါမှုကိုလည်း ပြောပြပေးပါဦး။

ဖြေ။ ။ ဆီစက်လုပ်ငန်းရှင်များအသင်းဖြစ်ပေါ်လာရေး အရေးပါမှုက မြန်မာနိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ အတွက်လည်း အခြေ ခံအကြောင်းတရားထဲမှာပါတယ်။ ဆီထွက်သီးနှံဖွံ့ဖြိုးတိုးတက်ဖို့ကိစ္စသည် ဆီထွက်သီးနှံ စိုက်ပျိုးပြီး ဆီထွက် သီးနှံကုန်ကြမ်း ရောင်း ရရုံလောက်နဲ့တော့ စိုက်ပျိုးသူနဲ့ ရောင်းသူပဲ ပိုက်ဆံရသွားမယ်။ ပြည်တွင်း စက်မှုလက်မှုလုပ်ငန်းတိုးတက်လာမှာမဟုတ်ဘူး။

မေး။ ။အဲဒီအသင်းဖြစ်ပေါ်လာဖို့ရော လုပ်ဆောင်နေပါသလား။

ဖြေ။ ။ ဆီစက်လုပ်ငန်းရှင်များအသင်းဖြစ်ပေါ်လာဖို့ ဆီစက်ပိုင်ရှင်တော်တော်များများက သက်ဆိုင်ရာလူကြီး တွေ ဆီကို ဆင့် ကဲဆင့်ကဲတင်ပြထားတယ်။ အခုလက်ရှိပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကလည်း ဖွဲ့ပေးဖို့ ပြောထားပြီးပြီ။ ဘယ်အချိန်မှာ အခြေ အနေပေးမယ်ဆိုတာကတော့ မသိရသေးဘူး။ အဲဒီ့အသင်း မြန်မြန်ဖြစ် လေကောင်းလေပဲ။ မြန်မြန်ဖြစ်ရင် စိုက်ပျိုးတဲ့တောင် သူတွေလည်း စိုက်ပျိုးသီးနှံအတွက် အာမခံချက် ရှိလာ မယ်။

မေး။ ။အဲဒီအသင်းပေါ်ပေါက်လာရင် ရရှိမယ့်အကျိုးကျေးဇူးကိုလည်း သုံးသပ်ပေးပါဦး။

ဖြေ။ ။ မြန်မာနိုင်ငံကို စိုက်ပျိုးရေးအခြေခံစက်မှုလက်မှုနိုင်ငံလို့ပြောလိုက်တာနဲ့ကို ဆီစက်လုပ်ငန်းရှင်များ အသင်း ဟာ ဂုဏ်ဒြပ်အနေနဲ့ရှိကိုရှိရမယ်။ ဆီစက်လုပ်ငန်းရှင်များအသင်းပေါ်လာတာနဲ့ ဆီစက်လုပ်ငန်းရှင်များ အသင်းရဲ့ ရည်ရွယ်ချက်က ပါလာရမယ်။ အဲဒီမှာ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်သူတွေ ဘဝမြင့်မားဖို့။ ကျန်းမာရေးနဲ့ ညီညွတ် တဲ့ သန့်ရှင်းလက်ဆတ်တဲ့ ဆီရရှိဖို့။ မွေးမြူရေုးလုပ်ငန်းရှင်တွေအတွက် ဘေးထွက် ပစ္စည်းတွေကိုလည်း သန့်ရှင်း ကောင်းမွန်တဲ့ ဘေးထွက်ပစ္စည်းတွေ ရရှိဖို့။ နိုင်ငံတကာ ကျန်းမာရေးအဆင့် အတန်းနဲ့ညီတဲ့ စားသုံးဆီ တွေတင် ပို့နိုင်ဖို့။ အဲဒီ့ရည်ရွယ်ချက်တွေ ပါလာမှာပဲ။

Ref:

Read More...

သမ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ နိုဝင်ဘာလဆန်းတွင် ကျင်းပမည်

ရတနာဦး
စက်တင်ဘာလ ၁၃ ရက် ၂၀၁၂ ခုနှစ်

ကောလိပ်မှသည် တက္ကသိုလ်အဆင့်သို့ မကြာခင်ကမှ တိုးမြှင့်လိုက်သော သမဝါယမ တက္ကသိုလ်နှစ်ခုသို့ တက်ရောက် ပညာ သင်ကြားလိုသူများအတွက် ဝင်ခွင့်စာမေးပွဲကို နိုဝင်ဘာလဆန်းတွင် ပြုလုပ်သွားမှာ ဖြစ်သည်။

သန်လျင်နှင့် စစ်ကိုင်း သမဝါယမ တက္ကသိုလ်များအတွက် ဝင်ခွင့်စာမေးပွဲတွင် သမဝါယမ ဖြစ်တည်လာပုံ၊ သမဝါယမလုပ်ဆောင် လည်ပတ်ပုံအစရှိသည့် သမဝါယမနှင့် ပတ်သက်သော ဗဟုသုတမေးခွန်းများကို ဖြေကြား ရမှာ ဖြစ်သည်။ အင်္ဂလိပ်စာနှင့် ပတ် သက်၍ စာမေးပွဲစစ်ရန် လျာထားသော်လည်း အာဏာပိုင်များအနေဖြင့် ဆုံးဖြတ်ချက် မချရသေးပေ။

သမဝါယမ တက္ကသိုလ်နှင့် ကောလိပ်သို့တက်ရောက်ရန် ဝင်ခွင့်စာမေးပွဲကို ၂ဝ၁၂ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင် သည့်သူများကိုသာ ဖြေဆိုခွင့်ပြုခြင်းဖြစ်ပြီး အောင်မြင်သူများသည် ဒီဇင်ဘာလဆန်းပိုင်းမှ စတင် တက်ရောက်ကြရမှာ ဖြစ်သည်။

သမ တက္ကသိုလ်အတွက် စာသင်နှစ် လေးနှစ် သတ်မှတ်ထားပြီး ဘွဲ့ပေးသွားမှာဖြစ်သည်။ ကောလိပ်အောင်ထား သူများကိုမူ တတိယနှစ် သင်တန်းမှ စတက်ခွင့်ပြုမည်။ ကျန်ရှိနေသေးသော သမဝါယမ ကောလိပ်နှစ်ခုအတွက် ဝင်ခွင့်စာမေးပွဲကိုလည်း နိုဝင်ဘာလဆန်းတွင် တပြိုင်တည်း ပြုလုပ်မှာဖြစ်သည်။ သမ တက္ကသိုလ်များနှင့် ကောလိပ်များအတွက် ဝင်ခွင့်တင်ထားသူပေါင်း ၃၆ဝဝ ကျော်ရှိသည်။

ကောလိပ်အဆင့်တွင် ဘာသာရပ် ၁ဝ ခု သင်ကြားပေးပြီး တက္ကသိုလ်အဆင့်သင်ကြားမှုတွင် ပထဝီဝင် ဘာသာရပ် တစ်ခု ထပ်မံတိုးလာမှာဖြစ်သည်။

"ဒီပညာနဲ့ ဘွဲ့ရပြီးသူတွေက ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေမှာ ဒီဘွဲ့ကို အသုံးချပြီး ဝင်ရောက်လုပ်ကိုင်နိုင်သလို သမဝါယမ ဝန်ကြီးဌာန လက်အောက်ရှိ အစိုးရ ရုံးတွေမှာလည်း အလုပ်ဝင်လုပ်လို့ရတယ်" ဟု သမဝါယမတက္ကသိုလ် (သန်လျင်) ကျောင်း အုပ်ဆရာကြီး ဒေါက်တာသိန်းထွန်းက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ဒီဂရီပေးသော သမဝါယမကောလိပ်များကို ဖောင်ကြီးနှင့် မန္တလေးတို့တွင် ၁၉၉၄ ခုနှစ်က ဖွင့်လှစ် ခဲ့ပြီး သံလျင် နှင့် စစ်ကိုင်းတို့တွင် ၁၉၉၆ ခုနှစ်များတွင် ဖွင့်လှစ်ခဲ့သည်။ ဇွန် ၂၁ ရက်နေ့က သန်လျင်နှင့် စစ်ကိုင်း သမဝါယမကောလိပ် များ ကို တက္ကသိုလ်အဆင့် ပြောင်းလဲရန် အာဏာပိုင်များက ဆုံးဖြတ်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

တရုတ် ပိတ်ထားသည့်အမဲသား တင်ပို့ခွင့် နှစ်မကူးခင် ပြန်ဖွင့်အောင် ကြိုးစားမည်

ရတနာဦး
စက်တင်ဘာလ ၁၃ ရက် ၂၀၁၂ ခုနှစ်

နှစ်လကျော် ကြာမြင့်နေပြီဖြစ်သည့် တရုတ်နိုင်ငံက ပိတ်ပင်ထားသော မြန်မာနိုင်ငံမှ အအေးရိုက် အမဲသားတင်သွင်းခွင့်ကို ယခုနှစ်ထဲမှာပင် ပြန်လည်ဖွင့်ပေးအောင် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ (၁) ဦးဝင်းစိန်က ပြောကြားလိုက်သည်။

“ဒီနှစ်မကုန်ခင်တရုတ်ကို အေးခဲအမဲသား တင်ပို့နိုင်ဖို့ လောလောဆယ် နှစ်ဖက် တိရိစ္ဆာန်ဆေးကုဌာနတွေ အချင်းချင်းညှိ နေ တယ်။ ပြီးတော့ ဒီက လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးမှုတွေလုပ်နေတယ်” ဟု မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ (၁) ဦးဝင်း စိန်က ဆိုသည်။

မြန်မာနိုင်ငံတွင် ကျွဲ ၊နွား ခွာနာ လျှာနာ ကင်းစင်မှုမရှိသော်လည်း တစ်နိုင်ငံလုံးအနေနှင့်မကြည့်ဘဲ နိုင်ငံတွင်း ကင်းရှင်းဧရိယာ တစ်ခုအပေါ် တရုတ်နိုင်ငံနှင့် ညှိနှိုင်းပါက ပြေလည်နိုင်လိမ့်မည်ဟု မျှော်လင့်ကာ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်အနေနှင့် ကြိုးစား ဆောင်ရွက်နေလျက်ရှိသည်။

သားရေနှင့်ပတ်သက်၍ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေး အဖွဲ့၏ ဥပဒေအရလည်း သားရေဆားနယ်များကို ဆိုဒီယမ် ကာဗွန်နိတ်တွင် ၂၈ ရက်ကြာ စိမ်ထားပါက ခွာနာလျှာနာပိုး သေစေနိုင်သည်ဟု ဖော်ပြထားမှုအပေါ် ဆွေးနွေး တင်ပြပြီး တရုတ်အာဏာပိုင် များ ကို နားချရန် စဉ်းစားထားကြသည်။

မြန်မာနိုင်ငံမှ တင်ပို့သည့် အေးခဲအမဲသားများတွင် ခွာနာလျှာနာရောဂါပိုး ပါရှိသည်ကို တွေ့ရှိပြီးနောက် တရုတ်နိုင်ငံ က ဇူလိုင် လ ဆန်းမှစတင်၍ တင်သွင်းခွင့်ပိတ်ပင်ခဲ့သည်။

ဒီဇင်ဘာလတွင် ရှမ်းပြည်နယ် မူဆယ်မြို့တွင် ပြုလုပ်မည့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးပြပွဲ မတိုင်ခင် ဖြေရှင်း သွားရန်လို သည်ဟု စီးပွားကူးသန်းဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာပွင့်ဆန်းက မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်သို့ ပြောကြားထားခဲ့ သည်။

မူဆယ် ကုန်သွယ်ရေးပြပွဲတွင် ယခင်နှစ်က သားရေပို့ကုန်ပြခန်း နှစ်ခုပါရှိခဲ့ပြီး ယခုနှစ်အတွက်မူ မဆုံးဖြတ်ရသေးဘဲ ဖြစ်နေ သည်။

၂ဝ၁၂-၁၃ဘဏ္ဍာနှစ်အစ ဧပြီလမှဇွန်လအထိ သုံးလအတွင်း အေးခဲအမဲသားတန်ချိန် ၄.၈၈၄ တန် ကို တရုတ်နိုင်ငံ သို့ တင်ပို့ နိုင်ခဲ့ပြီး ရက်သတ္တပတ်လျှင် အေးခဲအမဲသားတန်ချိန် ၄ဝဝ ရှိနေခဲ့ရာက ဇွန်လ၂၇ ရက်နေ့မှ ဇူလိုင်လ ၃ ရက်နေ့အထိ ၁၄၅ တန်သာ နောက်ဆုံးတင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းတွင်ဖော်ပြပါရှိသည်။

Ref: မဇ္ဈိမ

Read More...

မြန်မာနိုင်ငံ လူနည်းစုများအရေး ဗြိတိန်ပါလီမန် ဆွေးနွေး

စက်တင်ဘာလ ၁၃ ရက် ၂၀၁၂ ခုနှစ်

အတိုက်အခံနှင့် မြန်မာအစိုးရ တာဝန်ရှိ ဝန်ကြီး အပါအဝင် မြန်မာနိုင်ငံတွင်းရှိ အစ္စလာမ် ဘာသာဝင် ရိုဟင်ဂျာ လူနည်းစုအရေး ပြောကြားခဲ့သည့် မိန့်ခွန်းများနှင့် စပ်လျဉ်း၍ ဗြိတိသျှ ပါလီမန်အမတ်များက အင်္ဂါနေ့တွင် အချေအတင် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အချေအတင်ဆွေးနွေးပွဲမှာ တနာရီခွဲမျှ ကြာမြင့်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း သုံးလကြာမျှ ဖြစ်ပွါးခဲ့သည့် လူ ၇၇ ဦး သေ ဆုံးခဲ့ရသော လူမျိုးရေး ဆူပူမှုများနှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည့် မိန့်ခွန်းများကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ဤဆူပူမှုကြောင့် လူပေါင်း ခြောက်သောင်းမျှ အိုးအိမ်များကို စွန့်ခွါထွက်ပြေးခဲ့ကြရပြီး နိုင်ငံတကာမှ အကူအညီများ ပေးအပ်ခဲ့ကြသည်။

မြန်မာ့ ဒီမိုကရေစီအရေးအတွက် ပါတီပေါင်းစုံပါဝင်သည့် ပါလီမန်အမတ်များအဖွဲ့က အစည်းအဝေးတရပ်ကို လက်ခံကျင်းပဦးမည် ဖြစ်ပြီး ယင်းအစည်းအဝေးတွင် ချင်း လူ့အခွင့်အရေး အဖွဲ့ကလည်း မြန်မာနိုင်ငံတွင်း ချင်းတိုင်းရင်းသားများ ခံစားနေရသော ဘာသာရေး ဖိနှိပ်ညှဉ်းပန်းမှုများကို တင်ပြဆွေးနွေးသွားမည် ဖြစ်သည်။

ဤအချေအတင် ဆွေးနွေးပွဲနှင့် အစည်အဝေးများက မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားများ ဆက်လက်ရင်ဆိုင် ကြုံတွေ့နေရသော ဖိနှိပ်ညှဉ်းပန်းခံရမှုများ၊ မူဆလင်နှင့် ခရစ်ယာန်များအပေါ် ဖိနှိပ်ညှဉ်းပန်းမှုများအကြောင်း အဓိက အာရုံစိုက် ဆွေးနွေးသွားကြမည် ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်သည် အမျိုးသားရေး အခြေခံ၍ ရိုဟင်ဂျာများကို ဆန့်ကျင် ပြောကြားခြင်းကြောင့် မကြာသေးခင် လများ အတွင်း လူထုထောက်ခံမှုကို ထူးထူးခြားခြား ရရှိခဲ့သည်ဟု မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့တခု ဖြစ်သည့် Burma Campaign (UK) ၏ တနင်္လာနေ့ထုတ် ကြေညာချက်တွင် ရေးသားထားသည်။

“မြန်မာ ဗုဒ္ဓဘာသာ လူမျိုးများအကြား ပြင်းထန်သည့် အမျိုးသားရေးဝါဒကို လှုံ့ဆော် ပြောကြားခဲ့ခြင်းသည် သူ့ (သမ္မတ) အတွက် ကြားဖြတ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ယှဉ်ပြိုင်အနိုင်ယူနိုင်မည့် နည်းလမ်းကောင်းတခု ဖြစ်နေပုံရသည်” ဟု အဆိုပါကြေညာချက်တွင် ပါရှိသည်။

“လူမျိုးရေး၊ ဘာသာရေးအရ ကွဲပြားခြားနားသော နိုင်ငံတခုတွင် ဤသို့သော မဟာဗျူဟာကို ကျင့်သုံးခြင်းသည် အလွန်အန္တ ရာယ် ကြီးပြီး ချက်ချင်း အားသွန်ခွန်စိုက် တန်ပြန်တုံ့ပြန် ဆောင်ရွက်သင့်သည်” ဟုလည်း BCUK ကြေညာ ချက်က ဆိုသည်။

“မြန်မာနိုင်ငံတွင် ကြိုဆိုရမည့် ပြုပြင်ပြောင်းလဲရေးများ ပေါ်ပေါက်နေလင့်ကစား အလွန် စိုးရိမ်ဖွယ် ပြဿနာကြီးများ ရှိနေဆဲဖြစ် ကြောင်း ဗြိတိသျှပါလီမန်တွင် ပြုလုပ်ခဲ့သည့် အချေအတင် ဆွေးနွေးပွဲနှင့် အစည်းအဝေးများက မီးမောင်း ထိုးပြခဲ့သည်။ အထူး သဖြင့် တိုင်းရင်းသား လူနည်းစုနှင့် ဘာသာရေး လူနည်းစုများအပေါ် ဖိနှိပ်ညှဉ်းပန်းမှုများ ရှိနေဆဲဖြစ်ကြောင်း မီးမောင်းထိုးပြခဲ့ သည်” ဟု BCUK မှ အမှုဆောင် ညွှန်ကြားရေးမှူး အန်နာရောဘတ် က ပြောဆိုသည်။

“စစ်တပ် ကျောထောက် နောက်ခံပြုထားသည့် ဦးသိန်းစိန်၏ အစိုးရက အလွန် စိုးရိမ်ဖွယ် ကောင်းသည့် လူ့အခွင့် အရေး ဖောက်ဖျက်မှုများ ဆက်လက်ကျူးလွန်နေသည်ကို ဆက်လက် အလေးဂရုပြုနေသည့်အတွက် ဗြိတိသျှ ပါလီမန်ကို ကျွန်ုပ်တို့က ကြိုဆိုပါသည်” ဟုလည်း ၎င်းက ပြောဆိုသွားသည်။

Ref: မဇ္ဈိမ

Read More...

တရုတ်ပြည်ရောက် ကချင်ဒုက္ခသည်များကို `ထောက်ပံ့ကူညီရန်´ ကုလအသင့်ရှိ

စက်တင်ဘာလ ၁၃ ရက် ၂၀၁၂ ခုနှစ်

ကချင်ပြည်နယ်တွင်း အကြမ်းဖက်မှုများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးခိုလှုံ ရောက်ရှိ လာသော မြန်မာနိုင်ငံသားများကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ပြန်လည် နှင်ထုတ်ခဲ့သည့်အတွက် “အထူး စိုးရိမ် ပူပန်မိ” ကြောင်း ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ UNHCR က ပြောဆိုလိုက်သည်။

“တိုက်ပွဲများကြောင့် ထွက်ပြေး ခိုလှုံလာကြသော ဒုက္ခသည်များကို ယာယီ အကာအကွယ်များ ပေးပါရန်၊ သူတို့၏ လူသားလိုအပ်ချက်များကို လေးစားပါရန်၊ လုံခြုံမှုနှင့် စားဝတ်နေရေးအတွက် အန္တရာယ်ရှိသည့် ဒေသများသို့ အတင်းအကြပ် ပြန်မပို့ပါရန် တရုတ်အစိုးရကို UNHCR က တိုက်တွန်းပါသည်” ဟု အဆိုပါရုံးမှ ပြောရေးဆိုခွင့်ရှိသူ အာဒရီယန်အက်ဒဝပ် (Adrian Edwards) က ဆွတ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

“သူတို့၏ နေရင်းရပ်ရွာများတွင် တည်ငြိမ်သွားသည်အထိ အဆိုပါ ဒုက္ခသည်များအား ကူညီနိုင်ရန် တရုတ်နိုင်ငံကို
ထောက်ပံ့ကူညီရန် ကျွန်ုပ်တို့ အသင့်ရှိပါသည်” ဟုလည်း သူက ပြောသည်။

၂ဝ၁၁ ခုနှစ်မှစ၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရတပ်များအကြား တိုက်ပွဲများ ဖြစ်ပွါးလာကတည်းက ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှ နေအိမ်များကို စွန့်ခွါ ထွက်ပြေးလာသူ အရပ်သားပေါင်း ၇၅,ဝဝဝ ရှိပြီဟု UNHCR က ခန့်မှန်းထားပြီး နောက်ထပ်လည်း နေ့စဉ်ထွက်ပြေး ရောက်ရှိနေဆဲဖြစ်သည်။

ယမန်နှစ် ဇွန်လတွင် ဖြစ်ပွါးခဲ့သော တိုက်ပွဲများကြောင့် ထွက်ပြေးလာခဲ့သူများအနက် ကချင်ဒုက္ခသည် ၅,ဝဝဝ ခန့်သည် သြဂုတ်လလယ်ကတည်းက တရုတ်ပြည်မှ ပြန်သွားခဲ့ကြပြီး ယခုအခါ မြန်မာနယ်စပ်ရှိ ယာယီစခန်းများ တွင် နေထိုင်လျက်ရှိကြသည် ဟု အက်ဒဝပ် က ဆိုသည်။

၎င်းတို့ နေရင်းရပ်ရွာများတွင် တိုက်ပွဲများ ဖြစ်ပွားနေ၍ အဆိုပါပြန်သွားသူ ၃,၄ဝဝ ကျော်သည် မိမိတို့ရွာသို့ မပြန်ရဲ
ကြဘဲ ကချင်ပြည်နယ်အတွင်း ဖွင့်လှစ်ထားသည့် ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည် စခန်းများတွင် ဆက်လက်
နေထိုင်နေကြရသည်ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“အစားအစာ၊ အိုးအိမ်၊ ဆေးဝါးနဲ့ အခြား ကယ်ဆယ်ရေး ပစ္စည်းတွေ သူတို့ အရေးတကြီး လိုအပ်နေပါတယ်" ဟု သူက ဆက်လက်ပြောကြားခဲ့သည်။

တရုတ်အာဏာပိုင်များကို ကြိမ်ဖန်များစွာ ပြောကြားခဲ့သော်လည်း နယ်စပ် တရုတ်ပြည် ဘက်အခြမ်းရှိ ကချင်အုပ်စု များထံ ယခုအထိ အကူအညီများ သွားရောက် ပေးအပ်ခြင်း မပြုနိုင်သေးဟု UNHCR က ဆိုသည်။

သို့သော် မကြာမှကမူ အကူအညီများ ပေးအပ်ရန်နှင့် ပြန်လာသူများအတွက် လိုအပ်ချက်များကို လေ့လာနိုင်ရန် မြန်မာပြည်ဘက် အခြမ်းရှိ လွယ်ဂျယ်သို့ UNHCR က သွားရောက်နိုင်ခဲ့သည်။

တွေ့ဆုံမေးမြန်းခဲ့သူ အချို့၏ ပြောကြားချက်အရ တရုတ်အာဏာပိုင်များက ၎င်းတို့ ခိုလှုံရာ တဲများကို အတင်းဆွဲချ ဖျက်ဆီးခဲ့ ကြောင်း၊ အရပ်ဝတ်ပုလိပ်များက သူတို့ကို ထရပ်ကားများပေါ်သို့ အတင်းမောင်းတင်ခဲ့ကြောင်း၊ သူတို့ ပစ္စည်းများကိုလည်း ဤသို့ပင်ကားပေါ်သို့ တင်ပေးလိုက်ကြောင်း၊ ထို့နောက် နယ်စပ်ဂိတ်သို့ မောင်းသွားခဲ့ကြသည် ဟု ဆိုကြသည်။

NGO တွင် လုပ်ကိုင်နေသော ဒေသခံဝန်ထမ်းများက အဖြစ်အပျက်များကို တွေ့မြင်ခဲ့ကြသည်။ မြန်မာပြည်ရှိ အနီးဆုံး ဒုက္ခသည် စခန်းများသို့ ထိုပြန်သွားသူများကို တင်ဆောင်သွားနိုင်ရန် ထရပ်ကားများလည်း စီစဉ်ပေးခဲ့ကြသည်ဟု အက်ဒဝပ် က ပြောသည်။ နောက်ထပ်လည်းလူများကို တရုတ်ပြည်မှ အတင်းပြန်ပို့လိမ့်မည်ဟု မျှော်လင့်ထားသည် ဟုလည်း UNHCR ပြောရေးဆိုခွင့်ရှိသူ အာဒရီယန် အက်ဒဝပ် က ပြောဆိုသွားသည်။


Ref: မဇ္ဈိမ

Read More...

ပြည်သူကိုလည်း တရုတ် ဆက်ဆံတော့မည်

လင်းသန့်
September 12, 2012

တရုတ်နိုင်ငံအနေဖြင့် ယခင် ကျင့်သုံးခဲ့သည့် အစိုးရချင်း ဆက်ဆံရေးမှသည် နိုင်ငံရေးပါတီများနှင့် ပြည်သူချင်း ဆက်ဆံရေး များပါ အလေးထားလုပ်ဆောင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ နိုင်ငံ တကာ ရေးရာဌာန ဒုတိယ အကြီးအကဲ မစ္စတာ အိုင်ပင်း(Mr. Ai Ping) နှင့် အဖွဲ့က ပြောကြားလိုက်သည်။

ရန်ကုန် မြို့ရှိ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ(NDF) ရုံးချုပ်တွင် စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၀န်းကျင် က ပါတီ ခေါင်းဆောင်များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးရာတွင် ထိုကဲ့သို့ ပြောဆိုလိုက်ကြောင်း NDF ပါတီခေါင်းဆောင် ဒေါက်တာ သန်းငြိမ်းက ဧရာဝတီကို ပြောသည်။

မစ္စတာ အိုင်ပင်းနှင့် ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၁၀ ရက်နေ့က ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

“သူတို့ဘက်က ဒါ ပြန်စဉ်းစားလာတာပါ။ အရင်လိုလည်း သွားလို့ မဖြစ်ဘူးဆိုတာသိလာတာဖြစ်မယ်။ အရင်တုန်းက တော့ နိုင်ငံအစိုးရချင်း ဆက်ဆံရေးကိုသာ အဓိကထားတယ် ပေါ့။ အခု ဆိုရင် နိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံတာရော၊ NGO တွေနဲ့ ဆက်ဆံတာရော၊ ပြည်သူချင်း ဆက်ဆံတာရော ဒါတွေကို သူတို့ အလေးပေးပြီးလုပ်သွားဖို့ ရှိတယ်ဆိုပြီးတော့ ပြောပါတယ်” ဟုလည်း ဒေါက်တာ သန်းငြိမ်းက ပြောဆိုသည်။

NDF ပါတီဘက်ကလည်း ယခင်က တရုတ်နိုင်ငံကဆက်ဆံခဲ့သည့် စစ်အစိုးရသည် ပြည်သူထောက်ခံသည့် အစိုးရမဟုတ် ကြောင်း၊ ပြည်သူလူထု ထောက်ခံမှုဖြင့် ဒီမိုကရေစီလမ်းကို ဆက်လက်လျှောက်လှမ်း သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် အစဉ်အလာ ဆက်ဆံနေသည့် နိုင်ငံဖြစ်ကြောင်း၊ ယခုကဲ့သို့ နိုင်ငံရေးပါတီများနှင့် ထိတွေ့ ဆက်ဆံမှု ရှိလာသည်ကို ကြိုဆို ကြောင်း ပြောဆိုဟု ဒေါက်တာ သန်းငြိမ်းက ဆက်ပြောသည်။

“ကျနော်တို့ အနေနဲ့ကတော့ ဘယ်နိုင်ငံမဆို၊ ဘယ်ပြည်သူမဆို မိမိတို့ ကြိုက်နှစ်သက်တဲ့ နိုင်ငံရေး လမ်းကြောင်း၊ စနစ် တခု ကို လွတ်လပ်စွာ ကျင့်သုံးခွင့် ရှိတဲ့အတွက် ကိုယ်နိုင်ငံမှာ ကျင့်သုံးနေတဲ့စနစ်တခုကို သူများနိုင်ငံကို တင်ပို့ဖို့ဆိုတာ ကျနော် တို့ မစဉ်းစားပါဘူးလို့ အဲဒီလို ပြောလိုက်ပါတယ်”ဟုလည်း သူက ပြောဆိုသည်။

တရုတ် ကိုယ်စားလှယ်အဖွဲ့ကလည်း အာရှနိုင်ငံများတွင် အာဏာရပါတီ၊ အတိုက်အခံပါတီများဖြင့် စုစည်းထားသည့် အာရှ နိုင်ငံ ရေးပါတီများ အဖွဲ့အစည်းတွင် မြန်မာနိုင်ငံက နိုင်ငံရေးပါတီများကလည်း အဖွဲ့ဝင်ဖြစ်သည့်အတွက် ယခုကဲ့သို့ လာရောက် ခြင်း ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးသည်ဟု ဆိုသည်။

တရုတ်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ရှိသကဲ့သို့ အခြား သော နိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံရန်ရှိကြောင်း သိရသည်။

ဒီမိုကရက်တစ် ပါတီ(မြန်မာ) ဥက္ကဌ ဦးသုဝေကမူ ယခင်ကလည်း အစိုးရချင်းဆက်ဆံရေး၊ ပါတီချင်းဆက်ဆံရေးအရ တရုတ် အစိုးရသည် မြန်မာ အစိုးရနှင့် လည်းကောင်း၊ တရုတ် ကွန်မြူနစ် ပါတီသည် ဗမာပြည် ကွန်မြူနစ် ပါတီနှင့်လည်းကောင်း ထိ တွေ့ ဆက်ဆံမှုများ လုပ်ခဲ့ကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲ ပြီးခါစ နိုင်ငံရေးပါတီများနှင့် ပြန်လည်ဆက်ဆံခဲ့ပြီး စစ်အစိုးရ က အာဏာမအပ်ဟု သိပြီးနောက်ပိုင်း ဆက်ဆံမှုမလုပ်ခဲ့တော့ကြောင်း၊ ပထ၀ီ နိုင်ငံရေးအရ တရုတ်နိုင်ငံကို မြန်မာ့ နိုင်ငံရေး အင် အားစုများ က မိတ်ဖက် အိမ်နီးချင်းဆက်ဆံရေး လိုလားကြောင်း ထောက်ပြပြောဆိုသည်။

လွန်ခဲ့သည့် ၂ လခန့်က တရုတ်-မြန်မာ ချစ်ကြည်ရေး အဖွဲ့တဖွဲ့ကလည်း လာရောက်၍ ၎င်းတို့ ပါတီနှင့် နိုင်ငံရေး ပါတီတချို့မှ ခေါင်းဆောင်များကို တရုတ်နိုင်ငံသို့ အလည်အပတ် ဖိတ်ခေါ်ခဲ့ကြောင်း သို့ဖြစ်၍ ယခုလအတွင်း သွားရောက်ရန် ရှိကြောင်း ဦးသုဝေက ဆက်ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ လီယန်ဟွာ(Li Junhua) ကလည်း ဆင်ဟွာသတင်း ဌာနနှင့် အင်္ဂါနေ့က သီးသန့် မေးမြန်းခန်းတွင် နှစ်ပေါင်း ၆၀ ကျော်ကြာ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ရင်းနှီးမှုရှိကြောင်း၊ လွန်ခဲ့သည့် နှစ် က သမ္မတ ဦးသိန်းစိန်၏ တရုတ်နိုင်ငံခရီးစဉ်တွင် တရုတ် သမ္မတ ဟူကျင်းတောင်နှင့် တွေ့ဆုံစဉ်ကလည်း တရုတ်-မြန်မာ ၂ နိုင်ငံကျယ်ပြန့်သည့် မဟာဗျူဟာမြောက် ပူးပေါင်းဆက်ဆံရေး အခိုင်အမာ တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း ပြောဆို ထားသည်။

ဆက်လက်ပြီး သူက တရုတ် ထိပ်တန်းခေါင်းဆောင် တဦးဖြစ်သည့် အမျိုးသား ပြည်သူ့ ကွန်ဂရက် အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ မစ္စတာ ၀ူဘန်ဂိုး သည်လည်း စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံကို ချစ်ကြည်ရေး ကိုယ် စားလှယ် အဖွဲ့ကို ဦးဆောင်၍ရောက်လာပြီး မြန်မာ အစိုးရတာဝန်ရှိသူများအပြင် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံရန် ရှိကြောင်း၊ ခရီးစဉ်အတွင်း ၂ နိုင်ငံဆိုင်ရာ ကဏ္ဍအသီးသီးတွင် ခိုင်မာသည့်အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြင့် မားမည်ဟု ယုံကြည်ကြောင်း ပြောသည်။

တရုတ်-မြန်မာ ၂ နိုင်ငံ အစိုးရ၊ ပါလီမန်များ၊ တရားရေး ဌာန၊ နိုင်ငံရေးပါတီများနှင့် ပိုမိုခိုင်မာသည့် ပူးပေါင်းလုပ်ဆောင်နိုင် မည်ဖြစ်ပြီး ၂ နိုင်ငံ ပြည်သူချင်း ထိတွေ့ဆက်ဆံခြင်း၊ အကျိုးတူပူးပေါင်းဆက်ဆံရေး အရှိန် မြှင့်တင်နိုင်ခြင်းများ ပြုလုပ်နိုင် မည်ဟု ယုံကြည်ကြောင်းလည်း တရုတ်သံအမတ်ကြီးက ပြောသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ကြောင်း၊ ခိုင်မာသည့်၂ နိုင်ငံကုန်သွယ်မှု၊ စီးပွား ရေးလုပ်ငန်းများ အရှိန်မြှင့် လုပ်ဆောင်ရန်ကိုလည်း ထိုစဉ်က၂ နိုင်ငံ သဘောတူခဲ့ကြောင်းလည်း ၎င်းက ပြောဆိုထားသည်။

၂၀၁၁ ခုနှစ်က တရုတ်-မြန်မာ ၂ နိုင်ငံ ကုန်သွယ်မှု သည် ၄၆.၃ ရာခိုင်နှုန်းတိုးမြင့်လာပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ ၆.၅ ဘီလျံ ရှိကြောင်း၊ လွန်ခဲ့သည့် နှစ်ကုန်ပိုင်းစာရင်းများအရ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၂၀.၂၅ ဘီလျံထိ ရောက်ခဲ့ကြောင်း သူက ဆက်လက် ပြောဆိုထားသည်။

ထိုသို့တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ တရုတ်ကိုယ်စားလှယ် မစ္စတာ အိုင်ပင်း ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ ဆုံရာ တွင် သတိပေးတိုက်တွန်းမှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း ဒေါက်တာ သန်းငြိမ်း က ဆိုသည်။

“တရုတ်နိုင်ငံအနေနဲ့ လာပြီးရင်းနှီးမြှုပ်နှံတဲ့အခါ ကျနော်တို့ဆီက သယံဇာတတွေချည်းပဲ ယူသွားတာမျိုး မလုပ်ဘဲ ကျနော် တို့ နိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ ဘာတို့က အစပေါ့၊ သတိထားပြီး ရင်းနှီးမြှုပ်နှံကြဖို့ ပြောပါတယ်”ဟု ဒေါက်တာ သန်းငြိမ်းက ပြောဆိုသည်။

တရုတ်-မြန်မာနယ်မြေချင်း ထိစပ်နေသည့် ဒေသများ၏ တည်ငြိမ်အေးချမ်းမှု လိုအပ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ရာ၌ ကချင်ပြည်နယ် ကျန်ရှိနေသေးကြောင်း၊ တရုတ်အနေနှင့် ၀ိုင်းဝန်ကြိုးပမ်းပေးမည်ဆိုက ကျေးဇူးတင်ကြောင်း၊ စစ်ပြေးဒုက္ခသည်များကို ကြည့်ရှု စောင့်ရှောက် ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း၊ နယ်မြေမငြိမ်းချမ်းခင် ဒုက္ခသည်များ ထွက်ပြေးလာမှုကို စောင့်ရှောက် ကူညီပေးစေလိုကြောင်း တရုတ် ကိုယ်စားလှယ်အဖွဲ့ကို တိုက်တွန်းပြောဆိုခဲ့ သည်ဟုလည်း သူက ပြောသည်။

“ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးသည် ကျနော်တို့ မြန်မာနိုင်ငံအတွက်သာ မကဘူး တရုတ်ပြည်ကြီးအတွက်လည်း အရေးကြီးပါတယ်လို့ ပြောလိုက်ပါတယ်”ဟု ဒေါက်တာ သန်းငြိမ်းက ဆိုသည်။

သြဂုတ်လ ၁၆ ရက်နေ့က မန္တလေးမြို့ရှိ မြစ်ဖျားဧရာ ဟိုတယ်တွင်တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုများအပေါ် မြန်မာပြည်သူတို့၏ သဘောထားကို သိရှိရန်အတွက် တရုတ်ထိပ်တန်း တက္ကသိုလ်များမှ ပညာရှင် ၅ ဦးသည် မြန်မာလူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး တရုတ်ပညာရှင်များကလည်း ထိုဆွေးနွေးချက်များကို တရုတ်အစိုးရနှင့် ကုမ္ပဏီများသို့ တင်ပြပေးမည် ဟု ပြောဆို ခဲ့ကြောင်း သိရသည်။

Ref: ဧရာဝတီ

Read More...

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း အမေရိကန် လေ့လာ

ငြိမ်းချမ်း
September 13, 2012

အမေရိကန်နိုင်ငံ အာရှ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက်ယွန်း ဦးဆောင်သောအဖွဲ့သည် စက်တင်ဘာ ၁၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ် -မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်းများကို သွားရောက်လေ့လာခဲ့သည်။

လေ့လာရေး အဖွဲ့သည် ကူတူပါလန် ဒုက္ခသည်ကို ညနေ ၄ နာရီခန့်တွင်ရောက်ရှိလာပြီး ဒုက္ခသည် စခန်းတွင်း လှည့်လည်ကြည့် ရှုသော်လည်း ဒုက္ခသည်တွေနဲ့ တွေ့ဆုံခြင်း မရှိဘဲ ဘင်္ဂလားဒေ့ရှ်အစိုးရ အာဏာပိုင်များ၊ UNHCR အရာရှိများနှင့် တွေ့ဆုံသွား ကြောင်း သိရသည်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘာဇာခရိုင်၊ ဦးကီယာမြို့နယ်၊ ကူတူပါလန်ကျေးရွာအနီးတွင် UNHCR က ဒုက္ခသည် အဖြစ် အသိအမှတ်ပြုခံထားရသည့် ဒုက္ခသည် ၁၀၀၀၀ ခန့် နေထိုင်သည့် စခန်းတခုရှိပြီး ယင်းနှင့် ကပ်ပြီး ဒုက္ခသည် အဖြစ် အသိမှတ်ပြု မခံရသူ ဒုက္ခသည် တသိန်းနီးပါး နေထိုင်သည့် စခန်းတခု စုစုပေါင်း ၂ ခု တည်ရှိသည်။

လူဦးရေ ၁၆၀၀၀ လောက်ရှိသော UNHCR မှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု မထားသည့် လေးဒါဒုက္ခသည် စခန်းသို့လည်း သွားရောက်ခဲ့သည့်အပြင် ဒုက္ခသည်များကို အားပေးစကားပြောခဲ့ကြောင်း သိရသည်။ တက္ကနာမြို့နယ်အတွင်းရှိ UNHCRမှ အသိ မှတ်ပြုထားသည့် ဒုက္ခသည်များနေထိုင်ရာ နော်ယာပါရာ ဒုက္ခသည်စခန်းကိုလည်း သွားရောက်ကြည့်ရှု့ခဲ့သေးသည်။

အမေရိကန် အာရှ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက်ယွန်းသည် စက်တင်ဘာလ ၈-၉ ရက်များတွင် မြန်မာနိုင်ငံ ရခိုင်ပြည်အတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး ၁၁ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာသော အမေရိကန်က လေ့လာရေးအဖွဲ့ကို ဘင်္ဂလားဒေ့ရှ် အစိုးရက ရခိုင်ဒေသသည် စီးပွား ရေး အထူးချွတ်ခြုံ ကျနေသော ပြည်နယ်တခုဖြစ်သည့် အတွက် နိုင်ငံတကာက ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြု လုပ်မှသာ စီးပွားရေး အရ ဖွံ့ဖြိုးတိုးတက်လာစေမည် ဖြစ်ပြီး ထွက်ပြေးလာနေသော မွတ်ဆလင် ဒုက္ခသည်များ ရပ်သွားစေလိမ့် မည်ဟု အကြံပြုကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းစာများက ရေးသားဖေါ်ပြကြသည်။

Ref: ဧရာဝတီ

Read More...

SME သည် မြန်မာ့စီးပွားရေး “ထွက်ပေါက်”

ကျော်ခ
September 13, 2012

နိုင်ငံ့စီးပွားရေးတွင် အဓိကလိုအပ်ချက်ဖြစ်သော အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (Small and Medium Enterprises, SME) ကို အရှိန်ယူ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဌ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း က ဧရာဝတီသို့ ပြောသည်။

အခြေခံ စီးပွားရေး လုပ်ငန်းများနှင့် အလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ တိုးမြှင့် လုပ်ကိုင်နိုင်ရန် သမ္မတ ဦးသိန်းစိန်ကလည်း ကျပ်ငွေ ၅ ဘီလီယံချပေးထားကြောင်း၊ စက်မှုဝန်ကြီးဌာနအောက်ရှိ ဘဏ်မှ လည်း ထိုလုပ်ငန်းများအတွက် အထောက်အကူ ပြုနိုင်ရန် ချေးငွေများ ချပေးနေကြောင်း သိရသည်။

“ကျနော်တို့အတွက် လတ်တလော Industry မူဝါဒကတော့ SME ပဲ၊ ထွက်ပေါက်ကလည်း SME ပဲ၊ လူတွေအများကြီး အလုပ်ရ မယ်၊ အလုပ်အကိုင် ဖန်တီးမှုပေါ့၊ ကျနော်ထင်တယ် နောက်ထပ် ၃ နှစ်လောက်မှာ မီးတွေ၊ ဘာတွေလည်းရမယ် ဆိုရင်တော့ သံမဏိတွေ၊ ဘာတွေလည်း ထုတ်မှာပေါ့ဗျာ အဲဒီအချိန်ကြရင်တော့” ဟု ဦးစိုးသိန်း က ပြောသည်။

ထိုလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်လာနိုင်ရေးအတွက် ချေးငွေများ ချပေးမည့် နိုင်ငံတကာ အဖွဲ့များထံတွင်လည်း တောင်းခံ ထားပြီး နော်ဝေး၊ အမေရိကန်နှင့် ဂျာမနီနိုင်ငံများ ကလည်း မြန်မာနိင်ငံကို ချေးငွေများ ချပေးသွားရန်ရှိကြောင်းသိရသည်။

ထို့ပြင် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံနိုင်ရေး အတားအဆီးဖြစ်နေသော အမေရိ ကန် ဒေါ်လာ ၅ သန်း အနည်းဆုံး ရင်းနှီးရမည်ဆိုသော အချက်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ဥပဒေမူကြမ်းတွင် ပယ်ဖျက် လိုက်ပြီဖြစ်ကြောင်း၊ ယင်းကိစ္စကို ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် ကိုယ် စားလှယ်များကို ဆွေးနွေး ဖြောင်းဖြပေး ခဲ့ကြောင်းလည်း ဝန်ကြီးဦးစိုးသိန်းက ဆိုသည်။

ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် အထည်ချုပ်လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ မွေးမြူရေးနှင့် စိုက်ပျိုးရေး လုပ်ငန်း အပါ အဝင် အသေးစား အလတ်စား လုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရရှိသွားပြီဖြစ်ကြောင်း ဦးစိုးသိန်းက ပြောသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် အများဆုံးမတည်ရင်းနှီးငွေ ၅၀ ရာခိုင်နှုန်းထည့်ဝင်ရန် အဆိုပြုနိုင်ပြီး တိုးချဲ့ရင်းနှီးလိုပါက ရင်းနှီး မြှုပ်နှံမှု ကော်မရှင်နှင့် ညှိနှိုင်းကာ ရင်းနှီးမြှုပ်နှံမှု ပမာဏကို တိုးနိုင်သည်ဟု ဆိုသော်လည်း ဥပဒေသည် မရှင်းလင်းကြောင်း ရင်းနှီးမြှုပ်နှံသူများက ဆိုသည်။

မြန်မာ့စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသော SPA Group ၏ ဥက္ကဌ ဆာ့ခ်ျပန်က နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို တင်း ကြပ်မှုလုပ်ထားသော ကဏ္ဏ ၁၃ ခုကို အဓိပ္ပါယ်ဖွင့်ဆိုမှုမှာ ယေဘုယျဆန်ပြီး ပိုင်ဆိုင်မှု ၅၀ ရာနှုန်းနှင့် အောက်သာ ပေးထား သည်က အစိုးရအနေဖြင့် နိုင်ငံခြားသား အများစု ပိုင်ဆိုင်ခွင့်ကို မလိုလားရာ ပြကြောင်း ရိုက်တာသတင်းဌာနကို ပြောကြား ထားသည်။

၅၀-၅၀ ပိုင်ဆိုင်မှုသည်လည်း ဆုံးဖြတ်ချက်ချရာတွင် အကြပ်ဆိုက်စေကြောင်း ဆာ့ခ်ျပန်က ဆိုသည်။

Ref: ဧရာဝတီ

Read More...

ရေကျချိန် ထပ်မံစိုက်ပျိုးရန် မျိုးစပါး မရှ

ရန်ပိုင်
September 13, 2012

ဧရာဝတီတိုင်းအတွင်း တချို့သောနေရာများ၌ ရေပြန်လည် ကျဆင်းသွားပြီဖြစ်သော်လည်း မျိုးစပါး အလွယ်တကူ မရရှိသည့် အတွက် ပြန်လည်စိုက်ပျိုးရန် အခက်အခဲဖြစ်နေပြီး ဒေသတွင်းရှိ လူမှုအဖွဲ့အစည်းများထံတွင် အကူအညီတောင်းခံနေကြောင်း သတင်းရသည်။

ပုသိမ်ခရိုင် သာပေါင်းဒေသတွင်းရှိ လယ်သမားများမှာ ရေပြန်လည်ကျဆင်းသွားပြီ ဖြစ်သော်လည်း မျိုးစပါးမရှိ၍ မစိုက်ပျိုးနိုင် ကြောင်း၊ ထို့အတွက် မျိုးစပါးရရှိပြီး အချိန်မီ စိုက်ပျိုးနိုင်စေရန် အစိုးရနှင့် မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းအသင်းသို့ ကူညီတိုက် တွန်းပေးရန် ပြောဆိုကြောင်း အဆိုပါဒေသသို့ သွားရောက်ကူညီပေးနေသည့် ကိုနေမျိုးဇင်က ပြောသည်။

“မြုပ်သွားတဲ့ တောင်သူအများကစု မျိုးစပါး မရှိကြဘူး။ ဒါကြောင့် ဆန်ဝေသလိုမျိုး မျိုးစပါး ဝေပေးပါဆိုပြီး လယ်သမားတွေက အကူအညီတောင်းတယ်” ဟု ၎င်းက ဆိုသည်။

စိုက်ပျိုးရာသီ အစပိုင်းတွင် ငွေချေးငှား စိုက်ပျိုးထားသည့် လယ်သမားအများစုမှာ ဒုတိယအကြိမ် ပြန်လည်စိုက်ပျိုးရန် မတတ်နိုင် တော့ကြောင်း၊ ထိုအတွက် အစိုးရအနေဖြင့် မျိုးစပါးကို ချေးပေးရန် လိုလားနေကြောင်း၊ ယခုအချိန် ပြန်လည် စိုက်ပျိုးနိုင်လျှင် စပါးပေါ်ချိန်ဖြစ်သည့် နိုဝင်ဘာလအမီ ပြန်လည် ရိတ်သိမ်းနိုင်မည်ဖြစ်သည့်အတွက် မျှော်လင့်နေခြင်းဖြစ်ကြောင်း ကိုနေမျိုးဇင်က ဆက်ပြောသည်။

ငွေကြေးတတ်နိုင်၍ ပြန်လည် စိုက်ပျိုးထားသည့် လယ်သမားများမှာလည်း ယခုရက်ပိုင်း မိုးဆက်တိုက် ရွာသွန်းလာသည့်အတွက် ရေပြန်တက်လာမည်ကို စိုးရိမ်နေကြောင်း သိရသည်။

ကျုံပျော်ခရိုင် အတွင်း၌မူ ရေအနည်းငယ်သာ ကျဆင်းပြီး ယခုလကုန်ခန့်မှသာ ရေအကုန်အစင် ကျဆင်းနိုင်ရာ ပြန်လည်စိုက်ပျိုး ရေး အချိန်မမီနိုင်ကြောင်း၊ စိုက်ပျိုးရာသီ ကျော်လွန်သွားပါက မိုးရေမရခြင်း၊ ရေသွင်းစိုက်ပျိုးရန် အခက်အခဲရှိခြင်း၊ မျိုးစပါးနှင့် စိုက်ပျိုးစရိတ် အခက်အခဲရှိခြင်းတို့ကြောင့် စိုက်ပျိုးရန် မလွယ်ကူကြောင်း ရှားခဲကျေးရွာမှ လယ်သမား ဦးဝင်းမြင့်က ဆိုသည်။

အစိုးရနှင့် မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်သည့် စာရင်းများအရ ယခုနှစ် ရေကြီးမှုကြောင့် ဧရာဝတီတိုင်းတွင် ရေမြုပ်စိုက်ပျိုး ဧရိယာပေါင်း ၁ သိန်း ၆ သောင်းကျော် ရှိသည်ဟု သိရသည်။

ပန်းတနော်ခရိုင်တွင် အင်းလုပ်ငန်းရှင်များက ရေထွက်ပေါက်များကို ပိတ်ထားရာ ရေများပြန်လည် ကျဆင်းခြင်း မရှိသည့်အတွက် မြို့နယ်အာဏာပိုင်များ၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဆည်မြောင်း ဦးစီးဌာန၊ အင်းလုပ်ငန်းရှင်များနှင့် လယ်သမား အကျိုးဆောင်အဖွဲ့များ ယနေ့ဆွေးနွေးပွဲ ပြုလုပ်ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်သည့် ဦးအောင်မြင့်က ဆိုသည်။

“ဒီကွင်းကြီး ရေမြုပ်နေတာ နှစ်လကျော်ပြီ။ ရေထွက် လုံလုံလောက်လောက် မရှိဘူး၊ ရှိတဲ့နေရာတွေလည်း ပိတ်ထားတယ်။ ဒါကြောင့် အချိန်မီ ရေပြန်ဆင်းရေးက အရေးကြီးတယ်” ဟု ၎င်းက ဆိုသည်။

ရေပြန်ကျရေးကို ပထမ ဦးစားပေး ဖြေရှင်းနေရသော်လည်း ရေပြန်ကျလျှင် မျိုးစပါးရရှိရေး၊ စိုက်ပျိုးစရိတ် ရရှိရေး၊ အချိန်မီ ပြန်လည် စိုက်ပျိုးနိုင်ရေးတို့အတွက် လုံးပမ်းဖြေရှင်းရဦးမည် ဖြစ်ကြောင်း ဦးအောင်မြင့်က ပြောသည်။

ယခု ရေမြုပ်ဧရိယာမှာ ညောင်တုန်း၊ ဓနုဖြူ၊ ပန်းတနော် မြို့နယ်များ ထိစပ်နေသည့် ဒေသဖြစ်ပြီး မိုင် ၂၀ ကျော် ကျယ်ဝန်း ကြောင်း၊ စိုက်ပျို ဧက ၇ ထောင်ကျော် ရှိပြီး မိုးစပါးနှင့် ဆောင်းသီးနှံ စိုက်ပျိုးကြောင်း သိရသည်။ မိုးများသည့်အတွက် ရေနစ် မြုပ်ခဲ့ရသည့် ဧရာဝတီတိုင်း၊ ပဲခူတိုင်းဒေသများသို့ သမ္မတ ဦးသိန်းစိန် သွားရောက်ကာ မျိုးစပါးပြန် လည်ဝယ်ယူရန် လိုအပ်သည့် အကူအညီ အထောက်အပံ့ပေးရန် ဒေသအာဏာပိုင်များကို ပြောဆိုခဲ့သေးသည်။

ပုသိမ်ခရိုင် ကန်ကြီးဒေါင့်၊ ကျောင်းကုန်းမြို့နယ်များတွင်မူ ရေမြုပ်ဧရိယာ တွက်ချက်ရာတွင် မှားယွင်းမှုများကြောင့် ယခုရေပြန် ကျချိန်၌ အစိုးရထောက်ပံ့သည့် မျိုးစပါး ဝေငှရာတွင် မလောက်မငဖြစ်နေကြောင်း ကန်ကြီးဒေါင့်မြို့နယ်မှ ရေဘေးကယ်ဆယ်ရေး လုပ်ကိုင်နေသည့် လယ်သမား ဦးရွှေလှကြိုင်က ဆိုသည်။

“သမ္မတကြီး ဦးသိန်းစိန် ကျောင်းကုန်းလာတုန်းက ရေက မကျသေးဘူး။ အဲဒီတော့ ရေမြုပ်ဧရိယာ တိတိကျကျ ကွင်းမနင်းနိုင် ဘူး။ အခုတကယ်လည်း ရေကျလို့ ကွင်းနင်းရော ဧကအများကြီး ဖြစ်နေတော့ မျိုးစပါးဝေတဲ့နေရာ ပြဿနာတက်ရော”ဟု ဦးရွှေလှကြိုင်က ဆိုသည်။

အဆိုပါဒေသတွင် ရေမြုပ်ဧရိယာ ၁ သောင်း ၅ ထောင်ကျော်ရှိပြီး ယခုအခါ ဒေသအာဏာပိုင်များက မူလ ကောက်ခံထားသည့် စာရင်းအတိုင်း တဧကလျှင် မျိုးစပါး ၁ တင်း ဖြန့်ဝေလျှက်ရှိသည်။

ပြီးခဲ့သည့်လကလည်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်း (MRIA) အနေဖြင့် တောင်သူများ လျင်မြန်စွာ စိုက်ပျိုး နိုင်ရန် အဓိက လိုအပ်နေသည့် မျိုးစပါး တင်း ၃ သောင်းခန့်နှင့် ပျိုးပင်များကို ကူညီမည်ဟု မီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သေးသည်။

Ref: ဧရာဝတီ

Read More...

၂၀၁၅ အတွက် NLD ကြိုတင်ပြင်ဆင်မှုလုပ်နေ

ကျော်ခ
September 14, 2012

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု တခုအဖြစ် တိုင်းနှင့် ပြည်နယ် ၁၃ ခုမှ အဖွဲ့ဝင်လူငယ်များကို ပထမဆုံးအကြိမ် ၁၅ ရက်ကြာ ဖွံ့ဖြိုးရေးသင်တန်းပေးရာ ယမန်နေ့က သင်တန်းပြီးဆုံးသည်။

အဆိုပါသင်တန်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နိုင်ငံတကာဆက်ဆံရေး၊ ပြည်တွင်းဥပဒေ၊ လူ့အခွင့်အရေး၊ စီးပွားရေး၊ ဒီမိုကရေစီ နှင့် နိုင်ငံရေး၊ သတင်းနှင့် နည်းပညာ စသည့် ကဏ္ဍများကို ရခိုင်ပြည်နယ်မှအပ တခြားပြည်နယ်နှင့် တိုင်းများမှ တက်ရောက် လာသော NLD အဖွဲ့ဝင် လူငယ် စုစုပေါင်း ၅၄ ဦးကို သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“နောင်လာမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒီမိုကရေစီကျကျ ပြည်သူတရပ်လုံးရဲ့ ပါတီတရပ်ဖြစ်ဖို့ ဆိုတဲ့အခါမှာ လူငယ်တွေ ရဲ့ကိစ္စဟာ ကြီးမားတဲ့အခန်းက ပါလာပြီး သူတို့ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ဖွံ့ဖြိုးတိုးတက်မှု မရှိရင် မဖြစ်တော့ဘူး။ ဒါကြောင့် မို့လို့ သူတို့ကို သိသင့်သိထိုက်တာ လုပ်မှ တော်မယ်ဆိုပြီး စပြီးတော့ ဒါတွေပေးတာပါ” ဟု NLD ပါတီ၏ နာယက ဦတင်ဦးက ဧရာဝတီသို့ ပြောသည်။

တက်ရောက်ခဲ့သည့် လူငယ်များမှတဆင့် တိုင်း၊ ခရိုင်၊ မြို့နယ်၊ ထိုမှတဆင့် ကျေးရွာအဆင့်အထိ ဆင့်ပွားပညာပေး စည်းရုံးမှုများ ပြုလုပ်သွားမည်ဖြစ်သကဲ့သို့ အဆိုပါ ဖွံ့ဖြိုးရေးသင်တန်းကို ယခုလမှစတင်ကာ လစဉ် တလလျှင် တကြိမ်နှုန်း တိုင်းနှင့် ပြည်နယ် အသီးသီးမှ လူငယ်များကို ခေါ်ယူသင်ကြားပေးသွားမည် ဖြစ်သည်ဟု ဦးတင်ဦးက ဆက်ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၇၄ မဆလ အစိုးရလက်ထက် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၄၇ မြန်မာနိုင်ငံ၏ ပထမဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို တက်ရောက်သူများက တက်တက်ကြွကြွ ဆွေးနွေး သင်ယူကြကြောင်း ဖွဲ့စည်းပုံဆိုင်ရာ အခြေခံဥပဒေနှင့် ပတ်သက်ပြီး သင်ကြားပေးခဲ့သော ဥပဒေပညာရှင် ဦးကိုနီက ပြောသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ချင်တယ်ဆိုရင် ဘယ်လိုပြင်သင့်သလဲ ဆိုတဲ့ဟာကို ဒီကလေးတွေကနေတဆင့် ပြည်သူလူထုကို သွယ်ဝိုက်သောနည်းဖြင့် Message ပေးတဲ့ သဘောပါပဲ၊ ကလေးတွေကလည်း တော်တော် စိတ်ဝင်စားတယ်။ လာမယ့် ၂၀၁၅ မှာ သူတို့ တော်တော်လုပ်နိုင်မယ်လို့ ကျနော်ထင်တယ်” ဟု ဦးကိုနီက ဧရာဝတီသို့ ပြောသည်။

ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲ့သော လူငယ်ဖွံ့ဖြိုးရေး သင်တန်းကို အဖွဲ့ချုပ် ပညာရေးကော်မတီက စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း တက်ရောက်သူဦးရေမှာ နည်းပါးနေသော်လည်း လစဉ် တလတဖွဲ့နှုန်းဖြင့် ဆက်တိုက် လုပ်ဆောင်သွားရန် အစီအစဉ် ရှိကြောင်း သင်တန်းကြီးကြပ်ရေးမှူး မကြည်ပြာလင်းက ပြောသည်။ သူသည် သင်တန်းတွင်လည်း ဒီမိုကရေစီနှင့် နိုင်ငံရေးပါတီ ဘာသာရပ် ကို ပို့ချပေးသည်။

“အခု ကျမတို့က တပြည်နယ်၊ တတိုင်းကို ၄ ဦးစီ သူတို့ပြည်နယ်တိုင်း ကော်မရှင်တွေကနေ ရွေးချယ်ပြီးတော့ လွှတ်လိုက်တာပါ၊ အရမ်းနည်းမှန်းသိပါတယ်။ လောလောဆယ် အစီအစဉ်အရ အဖွဲ့ချုပ်မှာပဲ လစဉ်လတိုင်း အကောင်အထည် ဖော်သွားဖို့ ရှိပါတယ်။ နယ်ကိုတော့ နောက်ထပ် ဒီသင်တန်းက ဆရာတွေရော၊ အပြင်က ဆရာတွေရော အဆင်ပြေကြမယ်ဆိုရင်တော့ ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု မကြည်ပြာလင်းက ပြောသည်။

သင်တန်းမှ ပို့ချပေးသည့် ဘာသာရပ်များနှင့် ပတ်သက်၍ ရှမ်းပြည်နယ် NLD လူငယ်အဖွဲ့ ကိုယ်စားပြု တက်ရောက်ခဲ့သူ မခင် ဌေးဝင်းက “မျိုးဆက်သစ် လူငယ်တွေအတွက် တကယ့်ကို သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို နက်ရှိုင်းစွာ သိလိုက် ရပါတယ်။ အရင်က နိုင်ငံရေးကို စိတ်ပါဝင်စားလို့ လုပ်ခဲ့တာပဲရှိတယ်၊ ဒီလောက် ကျယ်ပြန့်မယ်ကို မထင်ခဲ့ဘူး။ ဒီသင်တန်းက တကယ့်ကို ကိုယ့်တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်လောက်ထိ လေ့လာရမလဲဆိုတာကို သိရှိလာရတယ်” ဟု ပြောသည်။

ကချင်ပြည်နယ် NLD လူငယ်အဖွဲ့ ကိုယ်စားပြု တက်ရောက်ခဲ့သူ ကိုဥက္ကာမိုးက “ကျနော်တို့ ကချင်ပြည်နယ်က ငြိမ်းချမ်းရေး မရသေးဘူးဆိုတာ အားလုံးလည်း သိပြီးသားပဲလေ။ ငြိမ်းချမ်ရေး မရသေးဘူးဆိုတာကလည်း နိုင်ငံရေး ပြဿနာပဲ။ ဒီကသင် ပေးလိုက်တဲ့ ဘာသာရပ်တွေနဲ့ ကျနော်တို့ရဲ့ စဉ်းစားတွေးခေါ်မှု အပိုင်းတွေနဲ့ ပူးပေါင်းပါဝင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ၏ အဓိက ပြိုင်ဘက်ဖြစ်နေဦးမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး ပါတီ) သည် ယခုနှစ် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲအပြီး ၂ ပတ်အကြာတွင် ပြုပြင်ပြောင်းလဲမှု တချို့ စတင်လုပ် ဆောင်ခဲ့ကြောင်း ကြံ့ခိုင်ရေးပါတီ အကြီးအကဲများက ပြောသည်။

ကြံ့ခိုင်ရေးပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရရှိမည်ဟု မူလက မျှော်လင့်ခဲ့သော်လည်း ဝင်ရောက် ရွေးချယ်ခံခဲ့သည့် မဲဆန္ဒနယ် ၄၅ နေရာအနက် NLD ယှဉ်ပြိုင်ခွင့် မရသည့် တနေရာ၌သာ အနိုင်ရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်သော NLD ပါတီက ၄၃ နေရာ အနိုင်ရရှိခဲ့သည်။

Ref: ဧရာဝတီ

Read More...

ပြန်မလာတဲ့ စစ်တွေတက္ကသိုလ် ဆရာတွေ လစာဖြတ်

ခင်ဦးသာ
September 13, 2012

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် စစ်တွေ တက္ကသိုလ်မှ ဆရာ၊ ဆရာမ ၈၀ ကျော်သည် မိမိတို့ နေရပ် ဒေသ အသီးသီးသို့ ပြန်သွားကြပြီး အချိန်မီ ပြန်ရောက်မလာသောကြောင့် လစာ ဖြတ်တောက်ခံရသည်။

ဇွန်လဆန်းက စတင်သော ပဋိပက္ခများကြောင့် စစ်တွေ တက္ကသိုလ်အပါအ၀င် တက္ကသိုလ်များအား ခေတ္တ ပိတ် ထားရသဖြင့် ပြန်သွားကြ သော ဆရာ၊ ဆရာမ များကို ဇူလိုင် ၂၀ ရက်တွင် ပြန်လာကြရန် စစ်တွေ တက္ကသိုလ် ပါမောက္ခချုပ်က စာထုတ် ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြန်မရောက်သူများ၏ လစာဖြတ်ခံရ ကြောင်း စစ်တွေ တက္ကသိုလ်မှ ကျောင်းဆရာ တဦး က ဧရာဝတီ ကို ပြောသည်။

“အရေးပေါ်ကာလ ဖြစ်တဲ့အတွက် ၂၀ ရက်မှာ အားလုံးအရောက်ပြန်လာဖို့၊ မရောက်ဘူးဆိုရင် ရက်အလိုက် လစာဖြတ်မယ် ဆိုတဲ့ အကြောင်းကို ပါမောက္ခချုပ်က ကြိုတင်ပြောထားတာ တော့ရှိတယ်၊ ဖြတ်ခံရတဲ့ ငွေက ကျပ်သိန်း ၅၀ ၀န်းကျင် လို့ သိ ရတယ်”ဟု ၎င်း က ဆိုသည်။

ဆရာ၊ ဆရာမ များ၏ လစာဖြတ်တောက်ခြင်းကို ပြည်ထောင်စုအဆင့် ပညာရေးဝန်ကြီးဌာနက တိုက်ရိုက်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ တဦးလျှင် ၁၀ ရက်မှ ၁၅ ရက်စာ ဖြတ်ခံရ၍ လစာ တ၀က်ခန့်သာ ရကြကြောင်း၊ တက္ကသိုလ် ဆရာ၊ဆရာမ တဦး၏ လစာသည် ကျပ် တသိန်း ၃ သောင်းရှိကြောင်း၊ စစ်တွေ တက္ကသိုလ်တွင် ဆရာ၊ ဆရာမ ဦးရေ ၂၀၀ ၀န်းကျင်ရှိ ကြောင်း သိရသည်။

စစ်တွေ တက္ကသိုလ်မှ ဆရာ၊ ဆရာမများ လစာဖြတ်တောက်ခံရမှု ကိစ္စကို ပြန်လည် စဉ်းစားပေးရန်အတွက် တက္ကသိုလ် ဆရာ၊ဆရာမများအသင်း ( ရန်ကုန် တက္ကသိုလ်၊ ဒဂုံ တက္ကသိုလ်၊ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်) စသည့် တို့မှ ဆရာ၊ ဆရာများသည် စက်တင်ဘာလ ၁၁ နေ့ ရက်စွဲဖြင့် မေတ္တာရပ်ခံစာ တစောင်ထုတ်ပြန်၍ သက်ဆိုင်ရာ ဌာန များသို့ ပေးပို့ထားကြောင်း ပေါ်ပြူလာဂျာနယ်၌ ဖော်ပြထားသည်။

ရန်ကုန်အခြေစိုက် တက္ကသိုလ် ဆရာ၊ ဆရာမ အသင်း ၏ ထုတ်ပြန်ချက်အား နိုင်ငံတော် သမ္မတရုံး၊ ပညာရေး ၀န်ကြီးဌာန၊ လွှတ်တော်ရေးရာ ဌာနများသို့ ပေးပို့ ထားကြောင်းလည်း သိရသည်။

အဝေးရောက်နေသည့် ဆရာ၊ ဆရာမ များသည် ခရီးလမ်းကြောင်း၊ လမ်းစရိတ်၊ မိသားစု အရေး စသည့် အခက်အခဲများ အပြင် ရခိုင်ဒေသတွင်း ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ အမိန့် စသည့် အခြေအနေတို့ကြောင့် လုံခြုံရေး စိုးရိမ်မှုများ ရှိနေသေး ခြင်း စသည့် အခြေအနေများ ရှိနေခြင်းအပေါ် မိသားစု သဘောထားဖြင့် ပြန်လည်သုံးသပ်ပေးရန် ကြေညာချက်၌ ဖော်ပြထားကြောင်း ပေါ်ပြူလာဂျာနယ်က ရေးထားသည်။

ဇွန်လဆန်းမှ စတင်ပြီး စစ်တွေမြို့နယ် အပါအ၀င် ရခိုင်ပြည်၏ မြို့အများစု၌ ပဋိပက္ခများဖြစ်ပွားသည့်အတွက် တက္ကသိုလ်များ၊ ကောလိပ်များ၊ အခြေခံပညာ ကျောင်းများ ပိတ်ထားခဲ့ရသည်။ တက္ကသိုလ်တချို့နှင့် အခြေခံ ပညာကျောင်း တချို့အား ဇူလိုင် လ အတွင်း ပြန်လည် ဖွင့်ခဲ့ပြီး စစ်တွေ တက္ကသိုလ် (ပင်မ )အား သြဂုတ်လ ၆ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ထိုပဋိပက္ခ များကြောင့် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ စသည့်မြို့နယ်များ မှ ဒေသခံ မဟုတ်သည့် ဆရာ၊ ဆရာမ များ သည် မိမိဒေသ အသီးသီးသို့ ပြန်သွားကြသည်။ စစ်တွေ တက္ကသိုလ် ဆရာ၊ ဆရာမ အများစု သည် ရခိုင်ပြည် နယ်နှင့် ရန်ကုန်တိုင်း တို့မှ ဖြစ်ပြီး မြန်မာနိုင်ငံ အနှံ့မှ ပါဝင်ကြောင်း သိရသည်။

ရခိုင်ဒေသတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ၊ အကြမ်းဖက်မှုများကြောင့် စစ်တွေ၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ စ သည့် မြို့နယ်များကို ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ အား သမ္မတ ဦးသိန်းစိန် က ဇွန်လ ၁၀ ရက်နေ့တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်ကို ထိုနေ့မှ စ၍ အရေးပေါ် အခြေအနေလည်း ကြေညာခဲ့သည်။ အကြမ်းဖက်မှု စတင်ခဲ့သည့် မောင်တော မြို့၌ ဇွန်လ ၈ ရက်နေ့က စတင်၍ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။

ရခိုင်ဒေသတွင်း ပဋိပက္ခဖြစ်ပွားပြီး ၃ လ ကျော်လာသည့်တိုင် တည်ငြိမ်မှု အပြည့်အ၀ မရှိသေးပေ။ လုံခြုံရေး အားနည်း သည့် မြို့နယ် တချို့တွင် ခိုးမှု၊ လုယက်မှု၊ လူသတ်မှု တချို့ဖြစ်ပွားနေကြောင်း သိရပြီး ကျောက်တော်မြို့နယ် အတွင်းမှ ဦးကျော်မောင် ချေ ဆိုသူ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

ရခိုင်ပြည်နယ် ပဋိပက္ခများအတွင်း လူ ၇၇ ဦးသေဆုံး၍ ဒုက္ခသည်ပေါင်း ခြောက်သောင်း ကျော်ရှိနေပြီး အရေးပေါ်အကူ အညီ နှင့် ပြန်လည် ထူထောင်ရေး အကူအညီများ လိုအပ်နေသည်ဟု နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး က ဇူလိုင် ၃၀ ရက်က ရန်ကုန်မြို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ၌ ကျင်းပသော အစိုးရ သတင်းရှင်းလင်းပွဲတွင် ပြောသည်။

ပဋိပက္ခများကြောင့် အဆောက်အအုံ ၄၈၂၂ လုံး၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်း၊ ဗလီ ၁၇ ခု ပျက် စီး သွားခဲ့သည် ဟု လည်း သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်အရ သိရှိရသည်။

Ref: ဧရာဝတီ

Read More...

နေပြည်တော်လာရန် KIO ကို သမ္မတ ဦးသိန်းစိန် ဖိတ်ကြား

သန်းထိုက်ဦး
September 13, 2012

သမ္မတ ဦးသိန်းစိန်က ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) မှ ကိုယ်စားလှယ်များကို အပစ်အခတ်ရပ်စဲရေး အတွက် နေပြည်တော် ၌ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်း ထားကြောင်း ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောသည်။

အဆိုပါ သမ္မတ ဦးသိန်းစိန်၏ ကမ်းလှမ်းမူကို KIO အဖွဲ့ ကိုယ်စားလှယ်များက အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ယခု ရက်ပိုင်းအတွင်း နေပြည်တော်၌ ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်နှင့် သီးသန့် တွေ့ဆုံမေးမြန်းရာတွင် ဦးအောင်မင်း က ပြောကြားသည်။

“နိုင်ငံတော် သမ္မတကြီးက ဒီလောက်တောင် ဖြစ်လှတာ၊ နေပြည်တော်မှာ လာလုပ်၊ သူ့မျက်စိရှေ့မှာ လာလုပ်ဆိုပြီးတော့ ဒီ လောက်အထိကို အခွင့်အရေး ပေးထားတယ်။ သွားရေး၊ လာရေး၊ လုံခြုံရေး ကိစ္စအားလုံး တာဝန်ယူတယ်။ ဒီမှာ လာလုပ်ပါ။ အဲဒါ အဖြေ မရသေးဘူး” ဟု ဦးအောင်မင်းက ဆိုသည်။

အစိုးရအနေနှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အပါအ၀င် ဗန်းမော်မြို့နယ်နှင့် မူဆယ်မြို့များတွင် တွေ့ဆုံ ဆွေးနွေးရန် KIO အဖွဲ့မှ တာဝန်ရှိသူတို့ကိုလည်း ကမ်းလှမ်းခဲ့သေးကြောင်း သိရသည်။

“ဗန်းမော်မှာ တွေ့ရအောင်လို့ ပြောတယ်၊ မဟုတ်ဘူး၊ သူတို့က လွယ်ဂျယ်နားက ပရန်ငေါန်ကျေးရွာမှာ တွေ့မယ်ဆိုပြီးတော့ ပြောသွားတယ်၊ သူတို့နယ်မြေထဲမှာပေါ့။ ကဲ … ဒီနေရာ မကြိုက်ရင် နောက်တနေရာ မူဆယ်မှာ တွေ့ရအောင် ပြောတယ်၊ သူတို့က မဟုတ်ဘူး၊ တဖက်နိုင်ငံ တနေရာ၊ ရွှေလီမှာ တွေ့ရအောင် ပြောတယ်။ ဒီလိုနေရာ ညှိတဲ့အခါမှာ အဆင်မပြေတာ လေးတွေ ရှိတယ်” ဟု ဦးအောင်မင်းက ပြောသည်။

KIO ခေါင်းဆောင်များနှင့် အစိုးရ ဒု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ဦးဆောင်သော နှစ်ဘက် ကိုယ်စားလှယ်များအနေဖြင့် တင်းမာနေသည့် စစ်ရေးကိစ္စများ ပြေလည်ရေးအတွက် တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံရေးနဲ့ စီးပွားရေး ကိစ္စအားလုံးကို ရှင်းပေးလို့ ရတယ်။ မူဝါဒ၊ မူဘောင်နဲ့ ကိုက်ညီတဲ့ ဥစ္စာတွေ ဥပဒေက ခွင့်ပြုထားတဲ့ ဥစ္စာတွေကို အကုန် ရှင်းပေးလို့ရတယ်။ သို့သော်လည်းပဲ ဒီစစ်ရေး စွမ်းအားကိုတော့ ကျနော် ရှင်းပေးလို့ မရဘူး။ ဒါတွေ အားလုံးက နှစ်ဘက်တပ်တွေက ဒီဘက်က တပ်ခေါင်းဆောင်တွေနဲ့ ဟိုဘက်က တပ်ခေါင်းဆောင်တွေ ရှင်းရမယ့် ကိစ္စဖြစ်တယ်” ဟု ဦးအောင်မင်းက ဆိုသည်။

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်ကမူ အစိုးရထံသို့ တရားဝင် အစည်းအဝေး ပြုလုပ်ရန် ကမ်းလှမ်းခဲ့သော်လည်း ဖြစ်မလာကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်သို့ ပြောသည်ဟု ဘားမား ဗီဂျေ မီဒီယာ၏ ရုပ်သံသတင်းတွင် ဖော်ပြထားသည်။

“တရားဝင် အစည်းအဝေးလုပ်ရအောင် ကျနော်တို့ တောင်းဆိုတယ်၊ ရွှေလီမှာပဲ တကြိမ် တရားဝင် အစည်းအဝေးလုပ်မယ်၊ မူတခု ချမယ်၊ မူချပြီးလို့ရှိရင် ကျနော်တို့ မြစ်ကြီးနားမှာ လုပ်ရအောင်လို့ ပြောထားပြီးသား။ မြစ်ကြီးနား ဘယ်မှာလုပ်မယ်၊ ဘယ်သူက တာဝန်ယူမှာကအစ အဆိုပြုထားတယ်။ ဒါပေမယ့် တရားဝင် အစည်းအဝေးက ဖြစ်မလားဘူး” ဟု ဗိုလ်မှူးချုပ် ဂွန်မော်က ပြောကြောင်း အဆိုပါ ရုပ်သံသတင်းအရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့က ဦးအောင်မင်းနှင့် KIO ခေါင်းဆောင်များ မိုင်ဂျာယန် ဒေသတွင် နောက်ဆုံး တွေ့ဆုံခဲ့ပြီး စစ် ဘက်ဆိုင်ရာ နှစ်ဘက်ကိုယ်စားလှယ်များကို ကမ်းလှမ်းထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

ကချင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ အစိုးရ တပ်မတော်က သမ္မတ၏ အမိန့်ကို နာခံခြင်း ရှိမရှိ ဧရာဝတီက မေးမြန်းခဲ့ရာ ဦးအောင်မင်းက “တပ်မတော်က အမိန့်မနာခံဘူး ဆိုတာကတော့ မဟုတ်ပါဘူး။ ကျနော်ကိုယ်တိုင် လည်း တပ်မတော်သားပဲ။ အထက်က အမိန့်ပေးရင် ဖြစ်အောင်လုပ်ရမှာပေါ့။ တိတိကျကျ လိုက်နာရမှာပေါ့။ ပေးလည်းပေးပြီး သား ပဲ။ စာရွက်စာတမ်းကအစ ကျနော်တို့က ရှိပြီးသားပဲ။ ဒီစာရွက်စာတမ်းတွေကိုလည်း တိုင်းရင်းသား အကုန်လုံးကို လိုက်ဖြန့် ဝေထားတာပဲ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ရှုပ်ထွေးနေလို့ ဖြစ်တဲ့အခြေအနေလို့ပဲ ကျနော်ယူဆပါတယ်။ တပ်မတော်က အမိန့်မနာခံ တာ မဟုတ်ပါဘူး” ဟု ဖြေကြားသည်။

ကချင်ဒေသတွင် ယမန်နှစ် ဇွန်လမှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးရသော ဒေသခံ ဒုက္ခသည် များမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း စုစုပေါင်း ၉၀၀၀၀ ခန့် ရှိကြောင်း သိရသည်။

(သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်တို့ တွေ့ဆုံမေးမြန်းချက် အပြည်အစုံကို မကြာမီ ဖော်ပြပါမည်။)

Ref: ဧရာဝတီ

Read More...

လက်ပံတောင်း ကြေးနီ စီမံကိန်း ရပ်ဆိုင်းရန် တောင်းဆိုပြီ

ငြိမ်းငြိမ်း
September 13, 2012

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ ကျေးရွာ ၂၆ ရွာကို ကိုယ်
စားပြုသော ရွာသူရွာသား ၃၀၀ ကျော်က ဆည်တဲရွာ၌ ယမန်နေ့ က လူထုအစည်းဝေးပြုလုပ်ပြီး လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုံးဝ ရပ်ဆိုင်းပေးရန် တောင်းဆို လိုက်သည်။

နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်သော ဆည်တဲရွာ လူထုအစည်းဝေးမှ ကြေးနီစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုများ ဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် လျော်ကြေးပေးရေးကိစ္စထက် ယင်းစီမံကိန်းအား လုံးဝ ရပ်ဆိုင်းပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း အစည်းဝေးတက်ရောက်သူများက ဧရာဝတီသို့ ပြောသည်။

ထို့အတူ ဒေသခံ လူထုအစည်းအဝေးမှ စီမံကိန်းရပ်တန့်ပေးရေး ကြေညာချက်တစောင် ကိုလည်း ထုတ်ပြန်လိုက်သည်။

“လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ချင်းတွင်းမြစ်အား ညစ်ညမ်းစေနိုင်ခြင်း၊ သာသနာ့အောင်မြေအား ဖျက်ဆီးနေခြင်း၊ လက်ပံတောင်းတောင် ဒေသ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးနိုင်ခြင်း၊ မုံရွာမြို့ ပတ်ဝန်းကျင်တွင် ညစ်ညမ်းမှု ဖြစ်ပေါ်နိုင်ခြင်းတို့ကြောင့် ကြေးနီစီမံကိန်း လုံးဝမလုပ်ဘဲ အပြီးတိုင် ဖျက်သိမ်းရန်နှင့် လက်ပံတောင်းတောင်ရှိ ကျေးရွာပေါင်း ၂၆ ရွာကိုယ်စား ရွာ ၁၂ ရွာ မှ လူအင်အား ၃၂၀ တို့ဟာ တဦးချင်းသဘောထက် နိုင်ငံတော် လူထု အကျိုးစီးပွားကို ရှေးရှုပြီး မိမိတို့ ဆန္ဒကို အသိပေးအပ်ပါ ကြောင်း”ကြေညာချက်က ဆိုသည်။

ကြေညာချက်တွင် လက်ပံတောင်းတောင်စီမံကိန်းကြောင့်“ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ အား ရုပ်သိမ်းပေးရန်၊ မတရားဖမ်းဆီး အရေးယူမှုများ လုံးဝမပြုလုပ်ရန်”တို့ကို တောင်းဆိုထားကြောင်း ပါဝင်သူတဦးဖြစ်သည့် ဦးဖိုးကျောင်းက ဧရာဝတီသို့ ပြောသည်။

ဦးဖိုးကျောင်းသည် ပြောင်းရွှေ့ရန်သတ်မှတ်ခံထားရသော ရွာ ၄ ရွာထဲမှ ဆည်တဲရွာကဖြစ်ပြီး စီမံကိန်းကြောင့် မြေ ၁၅ ဧက ကျော် သိမ်းယူခြင်း ခံရသူလည်း ဖြစ်သည်။

မြန်မာ့စီးပွားရေးဦးပိုင် လိမိတက်နှင့် တရုတ် ၀မ်ပေါင် ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်သော ကြေးနီစီမံကိန်းတ၀ိုက် ကုမ္ပဏီဘက်မှ လုံခြုံရေးများ လာရောက်ချထားရာမှ တင်းမာမှုများ စတင်ခဲ့သည်။ ၀က်မှေး၊ ဆည်တဲ၊ တုံတောကျောင်း၊ ဇီးတော နားက မြေ များကို ကုမ္ပဏီဘက်က ဘူဒိုဇာများနှင့် ထပ်ထိုးသည့်အတွက် စီမံကိန်းပြန်မလုပ်ရန် ရွာသားများက ကားများရှေ့တွင် ကာ၍ တားမြစ်ခဲ့ကြ ပြီး လယ်သိမ်း တိုက်ပွဲများ ဖော်ဆောင်ကာ ဆန္ဒထုတ်ဖော်မှုများလည်း ပြုလုပ်ခဲ့သည်။

ယခင်လ ၂၁ ရက်ကတည်းက စတင်တင်းမာမှု ဖြစ်လာသော ထိုစီမံကိန်းဒေသတွင် လူမှုရေးလှုပ်ရှားသူ ကွန်ရက်များနှင့် ကျောင်းသား လူငယ်များ ၀င်ရောက်ကူညီဖြေရှင်းပေးမှုများ ရှိနေပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားများ ကွန်ရက်မှ ကိုဝေဠုကို သြ ဂုတ် လ ၃၁ ရက်က စတင်ဖမ်းဆီးခဲ့ကာ သာသနာညှိးနွမ်းစေမှုဖြင့် တရားစွဲဆိုခံနေရသည်။

“ဒေသခံပြည်သူတွေ သူတို့ဘာလိုချင်လဲဆိုတာ သက်ဆိုင်ရာရော တနိုင်ငံလုံး သိရှိအောင် ကြေညာချက် ထုတ်ပြန်တာပါ။ သူတို့ က မြေလျော်ကြေးယူပြီး ဒီနေရာကနေ စွန့်ခွာသွားမယ်ဆိုရင် ဒီတောင်ကြီးပတ်ပတ်လည်က ကြေးနီစီမံကိန်းကြောင့် ပျက်စီးသွား မယ်။ ပျက်စီးမှုကြောင့် မုံရွာမြို့ ထိခိုက်နိုင်၊ ချင်းတွင်းမြစ်ရေ ပျက်စီးနိုင်တယ်။ မြေလျော်ကြေး ကျေနပ်ရုံနဲ့မပြီးဘဲ တခြား ပတ် ၀န်းကျင်ပါ ထိခိုက်နိုင်တဲ့အတွက် လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း ရပ်ဆိုင်းရေးသာ အဓိက ဖြစ်တယ်ဆိုတာ ဆုံးဖြတ် ခဲ့တာ” ဟု ဒေသခံများအား ကူညီပေးနေသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ ကွန်ရက်မှ ကိုဟန်ဝင်းအောင် ကလည်း ဧရာဝတီသို့ ပြော သည်။

စက်တင်ဘာ ၁၀ ရက် တနင်္လာနေ့က မုံရွာမြို့သို့ သွားရောက်ဝတ်ပြုဆုတောင်းသူများထဲမှ ၁၂ ဦးကိုဖမ်းဆီးခဲ့ပြီး ၉ ဦးကို နေ့ တွင်းချင်း ပြန်လွှတ်ခဲ့သော်လည်း ၀က်မှေးရွာသူ ၃ ဦး ဖြစ်သော မသွဲ့သွဲ့ဝင်း၊ မအေးနက်နှင့် မဖြူဖြူဝင်း တို့သည် မုံရွာထောင် တွင် ဆက် လက် ထိန်းသိမ်းခံနေရဆဲ ဖြစ်သည့်အတွက် မုံရွာမြို့တွင်လည်း ဆန္ဒပြမှု ဖြစ်ပေါ်လျက်ရှိသည်။

လက်ပံတောင်းတောင်တ၀ိုက် လုံခြုံရေးများ တိုးမြှင့်ချထားပြီး မုံရွာတဖက်ကမ်းသို့ သွားလာခွင့်များ စောင့်ကြည့်ခံနေရကြောင်း ဒေ သ ခံများက ပြောသည်။

မုံရွာဘက်တွင်လည်း ဖမ်းဆီးထားသူများ ပြန်လည်လွှတ်ပေးရေး ဆန္ဒပြမှုများ ပြေလည်မှုရစေရန် ကျောင်းသား လူငယ်အဖွဲ့များ က ၀င်ရောက်စေ့စပ်နေပြီး ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုဂျင်မီနှင့်ခေါင်းဆောင်များ ရောက်ရှိနေကြောင်း သိရသည်။

Ref: ဧရာဝတီ

Read More...

MOGE နဲ့ ဘယ်လို ငွေရှာမလဲ

ဝီလျံဘွတ်
September 13, 2012

“ရိုးသားမှု၊ ကျင့်ဝတ္တရားနှင့် လူအများအား လေးစားမှုတို့အပေါ်တွင် ကျွန်ုပ်တို့ထားရှိသည့် တန်ဖိုးအနှစ်သာရများအရ သော်လည်း ကောင်း၊ သက်ဆိုင်ရာဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများအား လိုက်နာရန်သော်လည်းကောင်း လုပ်ငန်း ဆောင်ရွက်မှုနှင့် ကျင့်ဝတ် ပိုင်းဆိုင်ရာတို့တွင် မြင့်မားသည့် စံချိန်စံညွှန်းများကို ကျွန်ုပ်တို့ ချမှတ်ထားသည့်အပြင် ထိုအရာများအတိုင်း နိုင်ငံတကာတွင် လုပ်ငန်း လည်ပတ်လျှက်ရှိပါသည်” တဲ့။

ဒီလို စကားလုံးမျိုးတွေက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို တကယ် တုန်လှုပ်ချောက်ချားစေ နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် လုပ်ငန်းပိုင်းမှာ ပိုပြီး ပွင့်လင်းမြင်သာမှုရှိရှိနဲ့ လမ်းပွင့် လာ နိုင်ဖို့ဆိုတဲ့ အနောက်နိုင်ငံ သဘာဝဓာတ်ငွေ့ ကုမ္ပဏီတချို့ရဲ့ ဖိအားတွေနဲ့ MOGE က နပန်းလုံးနေရတာကိုး။

အဲ့ဒီစာသားတွေဟာ ရှဲလ် (Shell) ကုမ္ပဏီရဲ့ စီးပွားရေး စံချိန်စံညွှန်းဆိုင်ရာ ကြေငြာစာတမ်းထဲက အရာတွေဖြစ်ပြီး ဘာ့ ကြောင့် မြန်မာ စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက လုပ်ကွက်တွေ ချထားပေးမယ့် ဒါဇင်နဲ့ချီတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေ ရေးလိုင်စင်တွေ မကြာသေးခင်က ပြန်ရုတ်သိမ်းလိုက်ရသလဲဆိုတာကို ရှင်းရှင်းလင်းလင်း မြင်သာစေပါတယ်။

မြန်မာ့ကမ်းလွန်ရေပိုင်နက်နဲ့ ကုန်းတွင်းပိုင်းက အကျိုးအမြတ် များနိုင်တဲ့ လုပ်ကွက်နေရာ ၄၀ ကျော်ကို ဒီလအစောပိုင်း ရန်ကုန် မှာကျင်းပတဲ့ မြန်မာ့ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ် (Myanmar Oil, Gas and Power) ဖိုရမ်မှာ ကြေငြာလိမ့် မယ်လို့ ယူဆထားခဲ့ကြပေမယ့် ဖြစ်မလာခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် MOGE ထဲမှာလည်း အပြောင်းအလဲတွေလုပ်ဖို့ အနောက်နိုင်ငံကုမ္ပဏီတွေက တောင်း ဆိုကြပြီးတဲ့နောက် လုပ်ကွက် လေလံပစ်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ကြေငြာ လိုက်လို့ပါ။

ရှဲလ်လို ကုမ္ပဏီတွေကလည်း လေလံပစ်မယ့် လုပ်ငန်းစဉ်အပါအဝင် MOGE မှာ ဘယ်သူတွေ ပါဝင်ဆောင်ရွက်မယ် ဆိုတာနဲ့ ဘယ်လို စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ငန်းလည်ပတ်မယ်ဆိုတာတွေကို ရှင်းရှင်းလင်းလင်းနဲ့ ပွင့်ပွင့်လင်း လင်း ရှင်းပြဖို့ တောင်း ဆို ခဲ့ကြပါတယ်။

အရင် စစ်အစိုးရနေရာမှာ အစိုးရသစ် တက်လာပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ စတင်ချိန်အထိ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဆိုင်ရာ လုပ်ငန်းလိုင်စင်နဲ့ အပေးအယူ ကိစ္စအားလုံးကို စစ်တပ်ပိုင်လို့ လူသိများတဲ့ MOGE ကတဆင့် ဆောင်ရွက်ရတာပါ။ အမေရိကန်အစိုးရနဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့က ပြစ်တင်ဝေဖန်ခဲ့ကြပေမယ့် MOGE ကတော့ လုပ်ငန်း ကို ထဲထဲဝင်ဝင် ချုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာတွေကို စံချိန်စံညွှန်းတွေနဲ့အညီ ပြန်လည် မွမ်းမံပြီး ဒီနှစ်အကုန်ပိုင်းမှာ ကမ်းလွန်နဲ့ ကုန်းတွင်းပိုင်း ရှာဖွေရေးလုပ်ကွက်လိုင်စင်သစ်တွေ ထုတ်ပေးနိုင်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ခြစားမှု တိုက်ဖျက်ရေးနဲ့ ပိုမို ပွင့်လင်းမြင်သာမှု ရှိရေး နိုင်ငံတကာ စာချုပ် Extractive Industries Transparency Initiative (EITI) ကို လက်မှတ်ထိုးဖို့ စိတ်ဆုံးဖြတ် ထားတယ်လို့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ ဦးစိုးသိန်းကလည်း The Wall Street Journal သတင်းစာကို ပြော ထားပါတယ်။ နော်ဝေမှာ ရုံးထိုင်တဲ့ EITI ရဲ့ အကြီးအကဲ မစ္စတာ ဂျဲနပ်စ် မိုဘာ့ဂ်နဲ့ အဖွဲ့ မကြာခင်က မြန်မာပြည်သွားခဲ့ပြီး နေပြည်တော် အာဏာပိုင်တွေနဲ့ တွေ့ခဲ့ပါတယ်။

ဒါပေမယ့် လုပ်ငန်းဆန်းစစ်သူတွေ၊ မြန်မာ့အရေး လေ့လာသူတွေကတော့ အဲ့ဒီလို ပြန်လည်မွမ်းမံတဲ့ကိစ္စတွေကို အစီ အစဉ်တကျ သပ်သပ်ရပ်ရပ်နဲ့ ၂၀၁၃မှာ ပြီးနိုင်တယ်လို့ မျှော်လင့်မယ်ဆိုရင်တောင် အကောင်းမြင်လွန်းရာကျတယ်လို့ ထင်ကြပါတယ်။

“MOGE ထဲမှာ တကယ်ကောင်းမွန်တဲ့ အပြောင်းအလဲတွေ အလျှင်အမြန် လုပ်ရပါလိမ့်မယ်၊ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ကမ်းလွန် လုပ်ကွက်တွေနဲ့ပတ်သက်တဲ့ လုပ်ငန်းအစီအစဉ် အသေးစိတ်ကို အချိန်အတိုအတွင်း ရေးဆွဲနိုင်လိမ့်မယ်လို့ ကျနော်မမြင်ပါဘူး” လို့ ဟောင်ကောင်အခြေစိုက် စွမ်းအင်ဆန်းစစ်သူ ဂျက်ဖ် မိဒ် (Jeff Mead) က ပြောပါတယ်။

အခြားသူတွေက အခုလို လုပ်ငန်းလုပ်ကွက်တွေပေးဖို့ ကြာနေတာဟာ ရေရှည်မြန်မာ့စီးပွားရေးအတွက် အမြော်အမြင်ရှိတဲ့ ဆောင်ရွက်မှုလို့ ယူဆကြပါတယ်။

“ဒီစီမံကိန်းတွေဟာ အမျိုးသား အကျိုးစီးပွားအတွက် ဖြစ်စေဖို့နဲ့ နိုင်ငံအနေနဲ့လည်း အဲ့ဒီစီမံကိန်းတွေကနေ ဖြစ်နိုင်သမျှ အကျိုး အမြတ် အများဆုံးရနိုင်အောင် သေသေချာချာ ဆောင်ရွက်နိုင်ဖို့ မြန်မာအစိုးရကို အချိန်ပေးရမယ်၊ ဒါကြောင့် အခုလို လုပ်ကွက် သစ် လိုင်စင်တွေထုတ်ပေးတဲ့အပေါ် အချိန်ဆွဲထားတာမျိုး ရှိသင့်တယ်လို့ တချို့က အကြံပေးနေကြပါတယ်” လို့ မြန်မာ့စီးပွား ရေး ဆိုင်ရာ စောင့်ကြည့်လေ့လာရေး (Burma Economic Watch) စာစောင်ရဲ့ တွဲဖက်အယ်ဒီတာဖြစ်တဲ့ သြစတြေလျနိုင်ငံ မက်ကွိုင်ယားတက္ကသိုလ် (Macquaire University) က စီးပွားရေးပညာရှင် ရှောင်တာနယ် (Sean Turnell) က ဆိုပါတယ်။

“အထူးသဖြင့် ဒီစီမံကိန်းတွေကရမယ့် ဝင်ငွေတွေက မြန်မာပြည် ဘဏ္ဍာရေး အနာဂတ်အတွက် အခြေခံတွေဖြစ်လာမှာ မို့ ဘာကိုမှ အလျင်စလို လုပ်စရာ မလိုပါဘူး။ ရလာမယ့်ငွေတွေကို အခြေခံအဆောက်အအုံတွေ အဆင့်အတန်းမြှင့်ဖို့၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍာတွေ တိုးတက်လာအောင်လုပ်ဖို့နဲ့ နိုင်ငံကိုယ်၌က လိုအပ်နေတဲ့ စွမ်းအင်တွေဖြည့်ဆည်းဖို့ သုံးရမှာ” လို့ သူက ပြောပါတယ်။

“အရင်အစိုးရကတော့ ငွေများများရဖို့ သဘာဝဓာတ်ငွေ့ကို မြန်နိုင်သမျှ အမြန်ဆုံး ထုတ်ရောင်းချင်ခဲ့တာ။ အခုအစိုးရ သစ်မှာ တော့ အဲ့ဒီထက် ပိုအရေးကြီးတဲ့ အစီအစဉ်တွေရှိတယ်” လို့လည်း သူက ဆိုပါသေးတယ်။

ပြီးခဲတဲ့ ရန်ကုန်ဖိုရမ်မှာ မေးမြန်းခဲ့ကြတဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းဆိုင်ရာ မေးခွန်းတချို့ကို စက်တင်ဘာ ၇ ရက်နေ့တုန်းက လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ ပြင်ဆင်ချက် အတော်များများပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေက ရှင်းမပြနိုင်သေးသလို အခြားကိစ္စ အများအပြားအတွက်လည်း အဖြေမရှိဘဲ ဖြစ်နေဆဲပါ။

အဲ့ဒီဖိုရမ်ကို တက်ရောက်ခဲ့တဲ့ အနောက်နိုင်ငံကုမ္ပဏီတွေအနေနဲ့လည်း ကမ်းလွန်လုပ်ကွက်တွေနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေ သိရလိမ့်မယ်လို့ မျှော်လင့်ထားကြပေမယ့် ဘာအချက်အလက်မှ မရှိတဲ့အပေါ် စိတ်ပျက်လက် ပျက် ဖြစ်ကုန်ကြတယ်လို့ သိရပါ တယ်။ MOGE အနေနဲ့ မေးတဲ့မေးခွန်းတွေကို မဖြေချင်တာလည်း ဖြစ်နိုင်သလို မဖြေနိုင်တာလည်း ဖြစ်နိုင်ပါတယ်။

“အခြေအနေက ကိုယ်ဖြစ်ချင်သလိုမျိုး ဖြစ်လို့မရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်၊ ဘာဖြစ်လို့လဲဆိုတဲ့ မြန်မာအစိုးရက လိုအပ်တဲ့ ရှာဖွေရေးနဲ့ ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ အနောက်နိုင်ငံ ရေနံကုမ္ပဏီကြီးတွေကို ရင်းနှီးမြှပ်နှံစေချင်တယ် ဒါမှမဟုတ်လည်း အစိုးရအနေနဲ့ အဲ့ဒီကုမ္ပဏီကြီးတွေရဲ့ ရင်းနှီးမြှုပ်နှံမှုလိုအပ်တယ်၊ ကုမ္ပဏီကြီးတွေကလည်း မြန်မာ ပြည်ထဲမှာ သွားလုပ်ချင်တယ်၊ ဒါပေမယ့် အဲ့ဒါတွေအကုန်လုံး မဖြစ်နိုင်သေးဘူး” လို့ ဂျက်ဖ်မိဒ် က ပြောပါ တယ်။ “အဲ့ဒီကုမ္ပဏီတွေအနေနဲ့ စစ်အစိုးရလက် ထက်မှာ အမေရိကန်အစိုးက ချမှတ်ထားခဲ့တဲ့ တည်ရှိဆဲ စည်းကမ်း တင်းကျပ်မှုတွေကို ချိုးဖောက်ပြီး လုပ်ငန်းလည်ပတ်ဖို့ ဆန္ဒ မရှိတဲ့အပြင် ဘာ စည်းမျဉ်းစည်းကမ်းမှ မရှိဘဲနဲ့လည်း ဗလာချည်း ရင်းနှီးမြှုပ်နှံချင်ကြတာ မဟုတ်ဘူး” လို့လည်း သူက ဆိုပါ တယ်။

မြန်မာ့ရေပိုင်နက်ထဲမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ၁၁ ထရီလီယံနဲ့ ၂၂ ထရီလီယံကုဗပေ အကြားရှိတယ်လို့ MOGE က အခိုင် အမာ ဆိုနေပေမယ့် ဒီကိန်းဂဏန်းတွေက စစ်ဆေးအတည်ပြုလို့မရသေးပါဘူး။

ဘယ်လိုပဲဖြစ်နေနေ ဇီဇာမကြောင်ဘဲ MOGE နဲ့ ဆက်စပ်ဆောင်ရွက်လိုတဲ့ နိုင်ငံတကာရေနံကုမ္ပဏီကြီးတွေလည်း ရှိပါ တယ်။ ပြီးခဲ့တဲ့လတွေထဲမှာ အစိုးရရေနံကုမ္ပဏီတွေဖြစ်တဲ့ မလေးရှားနိုင်ငံက ပက်ထရိုနပ်စ် (Petronas) နဲ့ ထိုင်းနိုင်ငံ က PTTEP ကုမ္ပဏီတွေဟာ ရှာဖွေရေးစာချုပ်တွေ လက်မှတ်ထိုးခဲ့ပြီး ပြင်သစ်နိုင်ငံက တိုတယ်လ် (Total) နဲ့ ဂျပန်နိုင် ငံက နစ်ပွန်အွိုင် (Nippon Oil) ကုမ္ပဏီတွေကလည်း မုတ္တမပင်လင်ကွေ့ကနေ အများအပြားထုတ်မယ့် PTTEP ရဲ့ ကမ်းလွန် သဘာဝဓာတ် ငွေ့ ရှယ်ယာတွေကိုဝယ်ဖို့ သဘောတူခဲ့ကြပါတယ်။

ဒါ့ပြင် တရုတ် အမျိုးသား ကမ်းလွန်ရေနံ ကော်ပိုရေးရှင်း (China National Offshore Oil Corporation – CNOOC) နဲ့ တရုတ် အမျိုးသား ရေနံ ကော်ပိုရေးရှင်း (China National Petroleum Corporation – CNPC) လိုမျိုး တရုတ်အစိုးရ ကုမ္ပဏီကြီးတွေကလည်း MOGE နဲ့ အနီးကပ် လုပ်ကိုင်ဆောင်ရွက်နေကြပါသေးတယ်။

လူ့အခွင့်အရေးဆိုင်ရာ အဲန်ဂျီအိုတွေကတော့ အလုပ်သမားတွေနဲ့ မြေကွက် အသေးစား ပိုင်ရှင်တွေအပေါ်ထားရှိတဲ့ CNPC ရဲ့ ကျင့်ဝတ်စံချိန်စံညွှန်းတွေနဲ့ပတ်သက်ပြီး မေးခွန်းတွေ မေးနေကြဆဲပါ။ ဘာဖြစ်လို့လဲဆိုတော့ CNPC က ကီလိုမီတာ ၉၀၀ ရှည် တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်တွေ မြန်မာပြည်ကို ဖြတ်ပြီး ဖောက်နေတာကိုး။

“အနောက်နိုင်ငံကုမ္ပဏီတွေက MOGE အပေါ် တကယ်ဂရုစိုက်တယ်လို့ ကျနော်ထင်ပါတယ်၊ ဒါပေမယ့် သူတို့က နွေးထွေး ကြင် နာ တတ်လို့ အဲ့ဒီလို ဂရုစိုက်တာမျိုး ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ ရိုးရိုးလေးပြောရရင် သူတို့က သူတို့နိုင် ငံဥပဒေနဲ့ လုပ်ငန်း ဆောင်ရွက်မှုဘောင်ထဲမှာ ရပ်တည်ရတာမို့ ဂရုစိုက်တာပါ” လို့ ရှောင်တာနယ်က ပြောပါတယ်။ “သူတို့တွေက လုပ်ငန်းလည် ပတ်တဲ့နေရာမှာ စောင့်ကြည့်ခံရတာမျိုး မရှိနိုင်တဲ့ နည်းလမ်းတွေနဲ့ လည်ပတ်ကြတာပါ၊ ဒါပေမယ့် မြန်မာပြည်မှာတော့ အခြား နေရာတွေမှာ လုပ်ငန်းလည်ပတ်သလိုမျိုး လည်ပတ်လို့မရနိုင်တဲ့ ကိစ္စတွေ ရှိနေ ပါတယ်” လို့လည်း သူက ဆိုပါတယ်။

စီးပွားရေးလုပ်ငန်း စိန်ခေါ်မှုဆိုင်ရာ အကဲဖြတ်ကုမ္ပဏီတွေကလည်း MOGE နဲ့ ဆက်စပ်ဆောင်ရွက်မယ့် ကိစ္စတွေပေါ် သတိပေး ခဲ့ကြဖူးပါတယ်။

ဂျာမဏီနိုင်ငံအခြေစိုက် နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International) ဆိုရင် မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ ခြစားမှု အများဆုံး နိုင်ငံတခုလို့ အခုထိ သတ်မှတ်ထားဆဲပါ။ ဗြိတိန်အခြေစိုက် မေပယ်ခရော့ဖ်တ် (Maplecroft) အဖွဲ့ကတော့ မြန်မာပြည်မှာ အင်စတီကျူးရှင်းဆိုင်ရာ အခြေခံအဆောက်အအုံတွေ အားနည်းနေသေး တာကို မေလတုန်းက သတိပေးခဲ့ပါတယ်။

စီးပွားရေးသုတသနဆိုင်ရာ အရှေ့အာရှဗျူရို (East Asian Bureau of Economic Research) ရဲ့ အစိတ်အပိုင်းတခု ဖြစ်တဲ့ အရှေ့အာရှဖိုရမ် (East Asian Forum) အင်တာနက်စာမျက်နှာမှာလည်း မြန်မာပြည်ပြုပြင်ပြောင်းလဲမှုတွေ ဟာ “နုနယ်လွန်းတဲ့အတွက် အလွယ်တကူပျက်စီးသွားနိုင်တဲ့အပြင် ပြုပြင်ပြောင်းလဲမှုတွေက အဓိက လူပုဂ္ဂိုလ် အနည်းငယ်အပေါ် မူတည်နေတယ်” လို့ သတိပေးထားတဲ့ ရှောင်တာနယ်ရဲ့ ဆောင်းပါးတပုဒ်ကို စက်တင်ဘာလ ၈ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

အဲ့ဒီဆောင်းပါးမှာ သူက “ပြုပြင်ပြောင်းလဲမှုတွေက ဆယ်စုနှစ် ၅ ခုကြာ တိုင်းပြည်ကို ဖရိုဖရဲ အုပ်ချုပ်ခဲ့တာတွေရဲ့ ဒဏ်ရာဒဏ် ချက်တွေ အားလုံးကို ခံနေရတာပါ။ အဲ့ဒါတွေကတော့ အဆင့်အတန်းမမှီတော့တဲ့ အခြေခံအဆောက်အအုံ၊ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ ခြစားမှုနဲ့ ခရိုနီဝါဒ၊ အစိုးရနဲ့ မူဝါဒချ မှတ်တဲ့ အဖွဲ့တွေမှာ စွမ်းရည် ဆိုးဆိုးဝါးဝါး ချို့တဲ့နေတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ တိုင်းရင်းသားပဋိပက္ခ၊ အလုပ်မဖြစ်တဲ့ ဘဏ္ဍာရေးကဏ္ဍနဲ့ အသွင်ကူးပြောင်းမှုကို ချောချောမွေ့မွေ့မဖြစ်အောင် တားဆီးနေတဲ့ အခြား ဆူးညောင့်ခလုတ် ဒုနဲ့ဒေးပါပဲ” လို့ သူက ရေးထားပါတယ်။

William Boot ၏ Ethnics of MOGE and Gas Money ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။

Ref: ဧရာဝတီ

Read More...

Thursday, September 13, 2012

KIA ဖမ်းမိသော စစ်သုံ့ပန်းထဲက ကလေး စစ်သားများကို ILO လက်ခံမည်

12 September 2012

ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) မှ စစ်ပွဲ အတွင်း ဖမ်းမိထားသော အစိုးရ စစ်သုံ့ပန်း ထဲက အသက် မပြည့် သော ကလေး စစ်သားများကို ILO က လက်ခံပြီး ကလေး မိဘများထံ ပြန်ပို့ရေး အတွက် KIA နှင့် အစိုးရကို ဆွေးနွေးနေ သည်ဟု ILO ၏ ရန်ကုန်ရုံး ဆက်သွယ်ရေး အရာရှိ Mr.Steve Marshall က ဆိုပါသည်။

“ KIAမှာ ရှိတဲ့ ကလေး စစ်သား သုံ့ပန်း ကတော့ (၁၀) ဦးခန့် ရှိမယ်လို့ စာရင်း ရထား ပါတယ်။ အဲဒီ ကိစ္စကို နှစ်ဖက် စလုံးနဲ့ ဆွေးနွေး နေဆဲပဲ ရှိပါသေးတယ်၊ ဒီကိစ္စ အစိုးရနဲ့ ကေအိုင်အိုကို ဆက်သွယ်ပြီး လုပ်ဆောင်နေပါတယ်၊ တိုးတက်မှု ကတော့ တစ်စုံတစ်ရာ အခြေအနေကို ရနေပြီလို့တော့ ပြောနိုင်ပါတယ်ခင်ဗျ၊ ဒါပေမယ့် နှစ်ဖက် အဆင်အပြေဆုံး ဖြစ်အောင် တော့ ကျွှန်တော်တို့ ဆောင်ရွက် နေပါတယ်။ ဒါကလည်း ကျွှန်တော်တို့နဲ့ အစိုးရနဲ့ ချုပ်ဆိုထားတဲ့ ကလေး စစ်သား ပပျောက် ရေးမူ ပေါ်မှာ အခြေခံပြီးတော့ ပြောတာပါ” ဟု ဆိုပါသည်။

သုံ့ပန်းထဲက ကလေး စစ်သား လက်ခံသည့် ကိစ္စကိုလည်း အစိုးရ အနေနှင့် ကန့်ကွက် လိမ့်မည် မထင်ကြောင်း Mr.Steve Marshall က ဆိုပါသည်။ ကလေး စစ်သား ပပျောက်ရေးနှင့် ပတ်သက်ပြီး ILO သည် အစိုးရနှင့် လက်မှတ်ရေးထိုး ထား ပါသည်။ အစိုးရသည်လည်း ဤပေါ်လစီကို တက်တက်ကြွကြွ အကောင်အထည် ဖော်နေသည့် အနေအထား၌ ရှိနေသည့် အတွက် ဤကိစ္စ၌ အစိုးရမှ ကန့်ကွက်လိမ့်မည် မဟုတ်ကြောင်း ဆိုခဲ့ခြင်းဖြစ်ပါသည်။

ILO သည် ထိုသုံ့ပန်း ကလေး စစ်သားများကို လက်ခံပြီး ၄င်းတို့ကို စစ်တပ်မှ တရားဝင် နှုတ်ထွက်ခွင့် ပေးစေပြီး မိဘနေရပ် ထံကို လုံလုံခြုံခြုံနှင့် ပြန်ပို့ ပေးနိုင်ရန် ကူညီလုပ်ဆောင် သွားမည်ဖြစ်ပါသည်။

ကလေး စစ်သား သုံ့ပန်းများသည်၊ ရှေ့တန်း၌ အဖမ်း ခံခဲ့ရသည့် အတွက် အစိုးရ စစ်တပ်က စစ်ဥပဒေအရ အရေး ယူနိုင် ဖွယ်ရာ ရှိနေပါသည်။ ဤအချက်ကြောင့် ကလေးစစ်သားများက အိမ်ပြန်လိုသော်လည်း ကြောက်ရွံ့ စိုးရိမ်မှုများ ရှိနေသည်ဟု KIA က ဆိုပါသည်။ ILO အရာရှိကမူ ဤသို့ဖြစ်၍ မရကြောင်း၊ ကလေး စစ်သားဆိုသည်မှာ အသက်ပြည့် စစ်သားများလို ဥပဒေ အရ အရေးယူ၍ မရသည့် အနေအထားဟု ILO အရာရှိ Mr.Steve Marshall က ဆိုပါသည်။

ယင်းကလေး စစ်သား သုံ့ပန်းများကို ILO မှ လက်ခံ ရရှိပါက ၄င်းတို့၏ မိဘ နေရပ်ထံကို လုံလုံခြုံခြုံ ပြန်ပို့ပေးရန်အပြင် ၄င်းတို့၏ ဘဝများပြန်လည် ထူထောင်ရေး အပါဝင် အခြား လူမှုရေး ကိစ္စများကိုလည်း UNICEF အပါဝင် အခြား အဖွဲ့များနှင့် ပြန်လည် ချိတ်ဆက်ပြီး လုပ်ဆောင်ပေးရန် ရှိပါသည်။

KIA သည် ၄င်းတို့ ဖမ်းဆီး ရမိထားသော စစ်သုံ့ပန်း အယောက် (၄၀) ခန့်ကို လက်ခံပေးရန် ပြည်တွင်း ပြည်ပ အဖွဲ့အစည်း များအား မေတ္တာ ရပ်ခံထားပါသည်။ http://phophtaw.org/burmese/index.php/news/local-news/ 1868--kia -.html
ဤသို့ကြောင့် ILO သည် သုံ့ပန်း အရေးထက်အစိုးရနှင့် သဘောတူထားသော ကလေး စစ်သား ကိစ္စကိုသာ လက်ခံဖြေရှင်း ရန် ဖြစ်လာခဲ့ပါသည်။

အစိုးရ ဖက်ကလည်း မိမိတို့ တပ်ထဲတွင် ကလေး စစ်သား မရှိသလောက် နီးပါး ဖြစ်နေပြီးဟု စက်တင်ဘာလ (၃) ရက်နေ့၌ မြန်မာ့ တပ်မတော်ရှိ ကလေးစစ်သား (၄၂) ဦးကို နိုင်ငံသား စိစစ်ရေး ကဒ်ပြားများ ထုတ်ပေးပြီး မိဘ အုပ်ထိန်းသူများထံလွှဲ ပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်း လှိုင်မြို့နယ်၊ ဘုရင့်နောင် လမ်းမကြီးရှိ အမှတ် (၁) စစ်ကြောရေး စခန်း၌ ကျင်းပစဉ် ထုတ်ဖေါ်ပြောကြား ခဲ့ပါသည်။

ILO သည် ကလေး စစ်သားနှင့် ပါတ်သက်ပြီး၊ ပြဌာန်းချက် Convention 138 ဖြင့် ပြဌာန်း ထားပါသည်။ ဤပြဌာန်း ချက် ထဲ၌ ကလေးစစ်သား အရာထဲတွင် အသက် အန္တရာယ် အရှိဆုံးနှင့် အဓမ္မ ခိုင်းစေမှုများကို ပြင်းထန်စွာ ကန့်ကွက် ထားပါ သည်။ ဤအချက်ကို ILO အဆင့်မြင့်ခေါင်းဆောင် များသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မေလ မြန်မာနိုင်ငံ ခရီးစဉ်၌ မြန်မာ အစိုးရနှင့် ဆွေးနွေး ခဲ့ပါသည်။

ILO နှင့် သဘော တူညီချက်ထဲ၌ (၃) နှစ်အတွင်း ကလေး စစ်သား ပပျောက်ရန် အသေးစိတ် စီမံကိန်းချပြီး ဆောင်ရွက်ပေး မည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဘော တူခဲ့ကြောင်း ILO ဖက်က ဆိုပါသည်။

သို့သော် KIA ဖမ်းဆီး ရမိထားသော စစ်သုံ့ပန်း များထဲ၌ အသက် မပြည့်သေးသော ကလေး စစ်သားများ ပါရှိနေသဖြင့် ရှေ့ တန်းများ၌ ကလေး စစ်သားများကို အသုံးပြုနေဆဲဟု ဆိုနိုင်ပါသည်။ ILO သည် အစိုးရနှင့် သဘော တူညီချက်အတိုင်း (၂၀၁၅)ခုနှစ် ၌ ကလေး စစ်သားများ မပပျောက်ခဲ့သော် ကုလ သမဂ္ဂ အနေနှင့် ပြင်းထန်စွာ အရေးယူရန် ရှိနေပါသည်။

ဤခံဝန်ချက်ဖြင့် အစိုးရသည် ကလေး စစ်သားများ မိဘထံ ပြန်အပ်ပွဲများ ကျင်းပ နေရခြင်း ဖြစ်ပါသည်။ ကလေး စစ်သား နှင့် ပတ်သက်သော အချက်အလက် များကိုလည်း မည်သူ မဆို ILO ရုံးသို့ တိုင်ကြား နိုင်ကြောင်း ထုတ်ပြန် ထားပါသည်။

Ref: ရွှေဟင်္သာ

Read More...

ဆားလင်းကြီး လယ်သမား တွေ အရေး အထွေထွေ သပိတ် တိုက် ပွဲ သို့  ဦးတည်

September 13, 2012

တရုတ် ကြေးနီမိုင်းမှ သိမ်းဆည်းခဲ့သည့် လယ်ယာမြေ ပြန်လည် ရရှိရေးတောင်းဆို ဆန္ဒပြသည့် အမျိုးသမီး ၃ အား ပြန်လည် လွှတ်ပေးခြင်း မပြုလျှင် သော်လည်းကောင်း ၊သိမ်းဆည်းထားသည့် လယ်ယာမြေ ကိစ္စအားနစ်နာသူ များဘက်မှ ကျေနပ်လောက် အောင် ဖြေရှင်းပေးခြင်း မရှိလျှင် သော်၎င်း မြန်မာနိုင်ငံတွင်းရှိ မြို့အသီးသီးမှ တက်ကြွလှုပ်ရှားသူများက ဆားလင်းကြီး နယ်မှ ဒေသခံများ ဘက်မှရပ်တည်ပြီး အထွေထွေ သပိတ်တိုက်ပွဲ စတင်မည်ဟု FNG မှ သတင်း ရရှိသည်။

မုံရွာ ခရိုင်မုံရွာမြို့တွင် ဆားလင်းကြီး ဒေသ၌ လယ်ယာ မြေပြန်လည် ရရှိရေး လယ်သမားများ၏ ဆန္ဒပြတောင်း ဆိုမှုကို မုံရွာ ဒေသခံ များပူးပေါင်းလျှက် ဆင်နွှဲနေသည်မှာ လေးရက်မြောက် ရှိပြီ ဖြစ်သည်။

ဒေသခံ အာဏာပိုင်များသည် ကြေးနီမိုင်းကြောင့် လယ်ယာမြေ အသိမ်းခံရသည့် ပြည်သူများ၏ နစ်နာမှုများ ကိုဖြေရှင်း ပေးခြင်း မရှိဘဲ ဖမ်းဆီးချုပ် နှောင်ကာ တရားစွဲဆိုမှု ပြုလုပ်ထား သည်။

Ref: အဖ်အဲန်ဂျီ

Read More...

Western Union ငွေကြေး လွှဲပြောင်း မှု လုပ်ငန်းများ မြန်မာနိုင်ငံ မှာ စတင်

September 13, 2012

နိုင်ငံ တကာ ရှိ နိုင်ငံပေါင်း ၂၀၀ ကျော်တွင် ငွေကြေး လွှဲပြောင်း ၀န်ဆောင် မှု များ လုပ် ကိုင်နေသည့် Western Union နှင့်မြန်မာ နိုင်ငံရှိ ပုဂ္ဂလိက ဘဏ် တစ်ခု ဖြစ်သည့် Myanmar Oriental Bank(မြန်မာအရှေ့ တိုင်းဘဏ်)တို့ ပူးပေါင်း ၍ ငွေကြေး လွှဲပြောင်းဝန်ဆောင်မှု လုပ်ငန်းများ စတင်တော့မည် အပတ်စဉ် စီးပွားရေး သတင်းစာမှာ ဖော်ပြထား ပါတယ်။

Western Union ရဲ့  လုပ်ငန်းတွေ စတင်ရင် အရင်ကလို ဟွန်ဒီ စတဲ့ တရားမ၀င် ငွေလွှဲစနစ်တွေ နဲ့ နိုင်ငံရပ်ခြား ရောက် နေတဲ့ မြန်မာတွေက ပြည်တွင်းကို ငွေလွှဲပြောင်း ပေးပို့ စရာမလိုတော့ဘူး ဆိုပေမယ့်၊ လွှဲပြောင်းတဲ့ ငွေကြေးတွေမှာ အခွန် ကောက်ခံမှု ပြုတာတို့ ၊ ၀င်ငွေခွန်လိုက် တာတွေ ဖြစ်လာမှာ ကိုတော့ သတိထားရမှာ ဖြစ်တယ်လို့ စင်္ကာပူမှာ ဆော်ဖ်ဝဲလ် အင်ဂျင်နီယာ တာဝန်ကို ထမ်းဆောင်နေတဲ့ ကိုဇော်ဇော်က ပြောပါတယ်။

Western Union ဟာ နိုင်ငံပေါင်း၂၀၀ ကျော်မှာ ဧဂျင်စီ ငါးသိန်းကျော်နဲ့  အလုပ်လုပ်ကိုင်နေတာကြောင့် ငွေကြေးလွှဲ ပြောင်းမှုတွေကို ကမ္ဘာ့  ဘယ်နေရာကမဆို အခက်အခဲမရှိ ငွေလွှဲ နိုင်ပါတယ်။

တရားဝင် ငွေကြေး လွှဲပြောင်းမှု တွေ ဖြစ်လာတဲ့ အခါအရင် ကလို ငွေကြေး လွှဲပြောင်းမှုမှ အထစ်အငေါ့ ရှိမှာကိုတော့ စိုးရိမ် စရာမလိုတော့ကြောင်း ရန်ကုန်မြို့ မှ အီလက်ထရောနစ်ပြခန်း ပိုင်ရှင် ဦးမောင်နိုင်က FNG ကို ပြောပါတယ်။

ယခင်က စီမံချက်ဖြင့် ဖမ်းဆီးမှုများ၊ ဟွန်ဒီများမှ ထွက်ပြေးတိမ်းရှောင်မှုတွေ ရှိခဲ့လို့ ငွေလွှဲ သူတွေမှာ နစ်နာဆုံးရှုံး မှုတွေရှိ ခဲ့ ကြ ပါတယ်။

မြန်မာနိုင်ငံတွင်း အလုပ်အကိုင် ရှားပါးမှု နှင့်လုပ်ခလစာ ခေါင်းပုံဖြတ်ခြင်းများရှိနေခြင်း တို့ကြောင့် နိုင်ငံရပ်ခြားသို့ သွားရောက် အလုပ်လုပ်ကိုင်ရသည့် မြန်မာအလုပ်သမားများသည် ဟွန်ဒီဟုခေါ်သည့် ငွေကြေးလွှဲပြောင်းမှု စနစ်တစ်မျိုးဖြင့် မြန်မာ နိုင်ငံတွင်းရှိ မိသား စုများသို့ မိမိတို့ ရှာဖွေစုဆောင်းထားသည့် ငွေကြေးများအား ပြန်လည် လွှဲပြောင်းမှုများ ရှိကြပါတယ်။

မြန်မာ အရှေ့တိုင်းဘဏ် နဲ့  Western Union တို့၏ ငွေကြေးလွှဲပြောင်းမှု လုပ်ငန်းများ ကိုကနဦး အဆင့်စတင် နေပြီ ဖြစ်ပေမယ့် မြန်မာနိုင်ငံတွင်း ကနေ နိုင်ငံရပ်ခြားကို ငွေကြေးလွှဲပြောင်း လို့ရ အုံးမှာ မဟုတ်သေးပဲ၊ နိုင်ငံခြားကနေ မြန်မာပြည် တွင်းကိုသာ ငွေကြေးလွှဲပြောင်း လို့ရမှာ ဖြစ်ပါတယ်။

နိုင်ငံရပ်ခြားရောက် မြန်မာများ၏ နိုင်ငံတွင်းသို့ ငွေကြေးလွှဲပြောင်းပေးပို့ ငွေမှာတစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သိန်းခြောက် ထောင် နီးပါးရှိမယ် လို့ခန့်မှန်း ရပါတယ်။

Ref: အဖ်အဲန်ဂျီ

Read More...

iPhone 5

September 13, 2012

စက်တင်ဘာလ ၁၂ ရက်နေ့ က Apple ကုမ္ပဏီ သည် ၎င်း၏ မိုဘိုင်းဖုန်း ဖြစ်သည့် မျိုးဆက်သစ် iPhone 5 ကို ကာလီဖိုးနီးယား ပြည်နယ် ဆန်ဖရန် စစ္စကို Yerba BuenaCenter for the Artsတွင် ယနေ့ ကျင်း ပရာ Apple ၏ အမှုဆောင် အရာရှိချုပ် တင်(မ)ကွတ် ၊ ဈေးကွက် အမှုဆောင် အရာရှိ နှင့် အင်ဂျင်နီယာများ တက်ရောက် ပြီး မိတ်ဆက် ရှင်းလင်း ခဲ့ကြသည်။

Apple ၏ဈေးကွက် ဖြန့် ဖြူးရေးဌာန အကြီး အကဲဖီလ် ရှလာ က iPhone 5 ကို မိတ်ဆက်ရာ၌ မျိုး ဆက်သစ် အိုင်ဖုန်း သည် ၇.၆ မီလီမီတာ သာရှိ၍ ကမ္ဘာ့ အပါးလွှာဆုံး မိုဘိုင်း ဖုန်း ဖြစ်ပြီး ယခင် iPhone မျိုးဆက်များထက် ၁၈ ရာခိုင် နှုန်း ပါးလွှာကာ ၁၁၂ ဂရမ်သာလေးသည် ဟုဦးစွာ မိတ်ဆက် သည်။

ယခင် အိုင်ဖုန်း များ ထက် TouchScreen ဧရိယာ ပိုကျယ်ကာ လေးလက်မ အကျယ်ရှိ ပြီးထိုသို့ ပြုလုပ်ထား ရခြင်းသည် အင်တာနက် ကြည့် ရှုရန်၊ လူမှုကွန်ယက်နှင့် အီးမေး များစစ်ဆေး ခြင်းတို့ တွင် ပိုမို ပြီး စွမ်းရည်ပြည့် အသုံးချ နိုင်ရန် စီစဉ် ထား ခြင်း ဖြစ်သည်။

ဘက်ထရီ သက်တမ်းသည် အားအပြည့် ရှိ လျှင် ၂၂၅ နာရီ သက်တမ်း အထိ Standby ရရှိကာ ရှစ်နာရီ ကြာမရပ် မနား ပြောဆိုနိုင်ကာ၊ ဗီဒီယို ကြည့် ရှု ရန် အတွက် ၁၀ နာရီ ကျော်ကြာ၊ အသံနှင့် သီချင်း သီးသန့် နားထောင်ရန် နာရီ ၄၀ ကျော်ကြာ စွမ်း ဆောင် နိုင်သည်။ 3G လိုင်း နှင့် အင်တာနက် သုံးလျှင် ရှစ်နာရီကြာ ၊ ၀ိုင်ဖိုင် ကြိုးမဲ့ ကွန်ယက် နှင့် ၁၀ နာရီ ကျော် ကြာ ရရှိသည်။

iPhone 5 ၏ ဈေးနှုန်း သည် တယ်လီဖုန်း လိုင်း ပါ တွဲဖက် လျှက် နှစ်နှစ်စာချုပ် ဖြင့် ၁၆ ဂီဂါဘိုက် အတွက် ၁၉၉ ဒေါ်လာ ၃၂ ဂီဂါဘိုက် အတွက် ၂၉၉ ဒေါ်လာ နှင့် ၆၄ ဂီဂါ ဘိုက် အတွက် ၃၉၉ ဒေါ်လာ ကျ မည် ဖြစ်သည်။

Phone 5 သည် 8 Megapixel ဒီဂျစ်တယ် ပုံရိပ်ဖော် စနစ်ကို အသုံးပြုထား ပြီး မြင်ကွင်း ကျယ် Panorama တွင် 28 Megapixels အထိ ပုံရိပ် ဖော်ဆောင်မှု စနစ် ပါရှိသည်။

အိုင်ဖုန်း ငါး တွင် လုပ်ဆောင် မှု ဆော့ဖ်ဝဲလ် Apple၏ မိုဘိုင်း ဖုန်း ဆော့ဖ် ၀ဲ iOS ၆ ဗားရှင်းကို အသုံးပြုထား သည်။ Processor မှာ မူ မတ်လ က ထုတ်ဝေ ခဲ့ သည့် A5X ထက် ပိုမိုပါးလွှာ သည့် Eight-Core ARM Cortex-A15 CPU ကို အသုံးပြုထားသည်။

ဈေးကွက် ထဲ တွင် စက်တင်ဘာလ၂၁ ရက်နေ့ စတင်ဝယ် ယူ နိုင် ပြီ ဖြစ်သည်။

SIM ကဒ် ကို မူ Micro SIM ထက် ပိုမိုသေးငယ်သည့် NANO SIM ကို အသုံးပြုမည်ဟု ဆိုထားရာ သမရိုးကျ ဆင်းကဒ် များ ၏ ထက်ဝက် မျှ သာ ရှိမည် ဖြစ်သည်။

မျက်နှပြင်နှင့် တည်ဆောက်မှု ဒီဇိုင်း တွင် iPhone 4S နှင့် မကွာခြားသော်လည်း ၊ သေးငယ် ပါးလွှာသည့် နည်း ပညာများ ကိုအသုံး ပြုထားခြင်းကြောင့် အခြား မိုဘိုင်း ဖုန်း နည်းပညာ များ ထက်သာလွန်သည် ဟု နည်းပညာ သမားတို့ က သုံးသပ် ကြသည်။

Ref: အဖ်အဲန်ဂျီ

Read More...

ဆီးဂိမ်းအမီ ဂျပန်အကူအညီဖြင့် အင်တာနက်မြန်နှုန်း 10GB အထိ မြှင့်တင်မည်

ဥာဏ်ဥာဏ် (မြစ်မခ)
13 Sep, 2012


မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၃အာဆီယံဆီးဂိမ်းပြိုင်ပွဲအမီ ပြည်တွင်း အင်တာနက်လိုင်းမြန်နှုန်းများကို ဂျပန်နည်းပညာအကူအညီဖြင့် 10GB အထိ တိုးမြှင့်ဆောင်ရွက်သွား ရန် ပြင်ဆင်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။

အင်တာနက်မြန်နှုန်းများ အဆင့်မြှင့်တင်ခြင်းကို နေပြည်တော်၌ အဓိကဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်-မန္တလေး-နေပြည် တော် ဖိုက်ဘာဆက်ကြောင်း အဆင့်မြှင့်တင်ခြင်းကိုလည်း ပြုလုပ်သွားမည် ဖြစ်သည်။

“ဒီလိုပါ ဆီးဂိမ်းပြိုင်ပွဲအမီ ပြည်တွင်းအင်တာနက်လိုင်းတွေ မြန်နှုန်းကို အကောင်းဆုံးလုပ်ပေးမှာပါ၊ ဘာလို့လည်းဆို တော့ နိုင်ငံ ခြားသားတွေလည်း အများဆုံးလာရောက်မှာဖြစ်တယ်၊ပြီးတော့ဆက်သွယ် ရေး ပိုမိုအဆင်ပြေနိုင်အောင်လို့ပါ”ဟု မြန်မာ့ ဆက် သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ထိုကဲ့သို့ ပြည်တွင်းအင်တာနက်လိုင်းများ၏ မြန်နှုန်းတိုးမြှင့်ဆောင်ရွက်ရာ၌ လိုအပ်သည့် နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပညာရပ် ပိုင်းဆိုင်ရာ လေ့ကျင့်သင်တန်းပေးမှုများကို ဂျပန်နိုင်ငံမှကူညီဆောင်ရွက် ပေးနေကြောင်းကိုလည်း သိရှိရသည်။

အင်တာနက်စနစ်ကို ယုံကြည်၍ နိုင်ငံခြားကုမ္ပဏီများမှ အပ်နှံသည့် Outsourcing လုပ်ငန်းများကို ပြည်တွင်းမှ လုပ်ကိုင် ကြရန် လိုအပ်ကြောင်း၊ အင်တာနက်စနစ်ချို့ယွင်းခဲ့ပါက လျော်ကြေးအနေဖြင့် ပြန်လည်ပေးအပ်သွားမည် ဖြစ်သည့်အတွက် ယုံကြည်စိတ်ချစွာ လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ပြောသည်။

ယခုလ (၇)ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သည့် ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်း ပညာဖွံ့ဖြိုး တိုး တက်ရေး အလုပ်ရုံဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီး အကဲများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့အစည်းအသီးသီး၌ လုပ်ကိုင်ဆောင်ရွက်နေသူများအတွက်လည်း အင်တာနက် စနစ်နှင့် ပတ်သက်၍ တာဝန်ယူမည်ဖြစ်ကြောင်းကိုလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သေးသည်။

လက်ရှိအချိန်တွင် ပြည်တွင်း၌ သုံးစွဲနေသည့် တစ်နိုင်ငံလုံး၏အင်တာနက်မြန်နှုန်း Bandwidth မှာ 3GB ဝန်းကျင်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးက သိရှိရသည်။

Ref: မြစ်မခ

Read More...

ကချင်ထိုးစစ်အား အမြန်ဆုံးရပ်ဆိုင်းရန် ENC တောင်းဆို

အောင်အောင်(မြစ်မခ)
13 Sep, 2012

ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်တိုက်ခိုက်နေမှုအား ရပ်တန့်ရန် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က အမိန့်ထုတ်ပြန်ခဲ့ ပေမယ့် မြန်မာအစိုးရတပ်ဖွဲ့များ ဆက်လက်ထိုးစစ်ဆင်မှုများရှိနေကြောင်း တိုင်းရင်းသားလူမျိုးများကောင်စီ(ENC) ကသိရှိရသည်။

ထိုကဲ့သို့ထိုးစစ်ဆင်တိုက်ခိုက်နေမှုအား အမြန်ဆုံးရပ်ဆိုင်းရန်အတွက်လည်း တိုင်းရင်းသားလူမျိုးများကောင်စီ (ပြည်ထောင်စု မြန်မာ နိုင်ငံ) Ethnic Nationalities Council (Union of Burma) ENC အဖွဲ့က စက်တင်ဘာလ (၁၁)နေ့ ထိုင်း-မြန်မာနယ် စပ်တစ်နေရာတွင် ကျင်းပသည့် တတိယအကြိမ် ညီလာခံပြီးဆုံးချိန်တွင် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တတိယအကြိမ်ညီလာခံတွင် အလှည့်ကျ ဥက္ကဌအဖြစ် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်အား ရွေးချယ် ခဲ့သည်။

ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်မှုများ ဆက်လက်ပြုလုပ်နေဦးမည်ဆိုပါက အပစ်ရပ်ရေးသဘောတူညီမှုရထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့နှင့်ငြိမ်းချမ်းရေးဆွေးနွေးပြောဆို ဆက်ဆံမှုများအား ရပ်တန့်ရပ် အတွက် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ENCက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာရွှေခါး က ယခုကဲ့သို့ဆိုသည်။

"သမ္မတ သိန်းစိန်ကိုယ်တိုင်ကလည်း မြန်မာ စစ်တပ်တွေကို ထိုးစစ်ဆင်မှုတွေကို မလုပ်ဖူးဆိုပြီးတော့မှ သူက အမိန့်ထုတ် ထား တယ်၊ အဲ့ဒါတွေ အကုန်လုံး ကြည့်ပြီးတော့ ဒါကရပ်တန်းကရပ်သင့်ပြီပေါ့ ဆိုပြီးတော့ ရပ်ဆိုင်းဖို့ကို ကျွန်တော်တို့ တောင်းဆိုလိုက် တာဖြစ်တယ် "ဟု ဒေါက်တာရွေခါးက ပြောသည်။

လက်ရှိ ကချင်ပြည်နယ်တွင် စစ်ပွဲများဖြစ်ပွားနေခြင်းကြောင့် စစ်ပြေးဒုက္ခသည်(၉)သောင်းကျော်ရှိနေကြောင်းကိုလည်း ENCမှ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

ကချင်ဒုက္ခသည်များအတွက် နိုင်ငံတကာမှ အကူအညီအထောက်အပံ့များ အမြန်ဆုံးရောက်ရှိနိုင်ရေးအတွက် မြန်မာအစိုးရဘက်က တာဝန်ယူဆောင်ရွက်ပေးရန် လိုအပ်နေကြောင်းကိုလည်း ထောက်ပြပြောဆိုခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသားလူမျိုးများ နှစ်ဦးနှစ်ဖက် ညှိနှိုင်းသဘောတူညီပြီးမှသာ ပင်လုံကဲ့သို့သော ညီလာခံအပါအ၀င် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု(မူဘောင်) Framework များအား ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်နေကြောင်းကိုလည်း တတိယအကြိမ်ညီလာခံ၏ သဘောထားထုတ်ပြန် ချက်များအရ သိရှိရသည်။

‘’ကျွန်တော်တို့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ အပါအ၀င်ပေါ့ ပင်လုံကဲ့သို့သော် ညီလာခံက လုပ်မယ်ဆိုတဲ့ ဟာက အစိုးရဖက် ကလည်း ပြောတယ်၊ အဲ့ဒီဟာကို စောစောကတည်းကလည်း NLD အပါအ၀င် တခြား အတိုက်အခံတွေကလည်း ပြောတယ်၊ ကျွန်တော်တို့ ဖက်ကလည်း ဒါမျိုးကတော့ လုပ်သင့်တယ် ဆိုတာကိုတော့ ပြောနေကြတယ်၊ ဒါပေမယ့် ဘယ်လို ပုံစံနဲ့ လုပ် မယ်ဆိုတဲ့ Framework က ဘယ်သူ့မှာမှ မရှိဘူး၊ဒါမှမဟုတ် အမျိုးမျိုးရှိနိုင်တယ် ဘယ်သူလုပ်မယ်ဆိုတဲ့ဟာကို အဲ့ဒါကြောင့် ဒီ Framework ကို ကျနော်တို့ ပြည်တောင်စု အစည်းဝေးနဲ့ တိုင်းရင်းသားလူမျိုးတို့နဲ့ ညှိနှိုင်းပြီးတော့ သဘောတူထားတဲ့ဟာကို ချမှတ်အကောင်အထည်ဖော်သင့်တယ်၊”ဟု ENC အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ENCအဖွဲ့အား တိုင်းရင်းသားဒေသများရှိ ပြည်နယ်(၇)ခုမှ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်များနှင့် စုပေါင်း ဖွဲ့စည်းထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

Ref: မြစ်မခ

Read More...

အခက်အခဲများကြောင့် ဖားကန့်ဒုက္ခသည်စခန်းမှ ဒုက္ခသည်အချို့ နေရပ်ပြန်ကြပြီ

ရန်နိုင်(မြစ်မခ)
13 Sep, 2012

နေထိုင်စားသောက်ရေး အခက်အခဲများကြောင့် ဖားကန့်မြို့ပေါ်ရှိ ဒုက္ခသည် စခန်းများမှ ဒုက္ခသည်အချို့မှာ မိမိတို့ နေရပ်များ ဆီသို့ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း ဒေသခံများထံက သိရှိရသည်။

သြဂုတ်လအတွင်းမှစတင်ကာ မြန်မာ့တပ်မတော်နှင့် KIA တပ်များ နှစ်ဘက်အပြန်အလှန်တင်းမာမှုများကြောင့် တိုက်ပွဲများ ပြင်းပြင်း ထန်ထန်ဖြစ်ပွားခဲ့ပြီး ဖားကန့်မြို့နယ်နှင့်အနီးတ၀ိုက်ရှိ ကျေးရွာ(၁၀)ရွာကျော်မှ ဒေသခံများသည် ဖားကန့်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြ၍ မြို့ပေါ်ရှိယဉ်ကျေးမှုကျောင်းများ၊ ဗုဒ္ဓဘုန်းတော်ကြီး ကျောင်းများ၊ ကက်သလစ်ဘုရားကျောင်းများ၊ ခရစ်ယာန်ကျောင်းများတွင် ခိုအောင်းနေခဲ့ကြသည်။

“ဒေသခံအချို့ကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တည်းက အချို့ပြန်ကုန်ကြတာမျိုးရှိတယ်။ အစားအသောက် လိုအပ်ချက်တွေလည်း ရှိနေတယ်လေ။ ပြီးတော့ အစိုးရဘက်က အင်အားဆက်တိုက်ဖြည့်နေတာမျိုးရှိတော့ အခု ဖားကန့်နားမှာ နည်းနည်းပြန်ငြိမ် သွားတယ်”ဟု လုံးခင်းမြို့နယ်မှ ဒေသခံတစ်ဦးဖြစ်သူ ဦးစိုင်းမောင်လှ မှ ပြောသည်။

လက်ရှိချိန်အထိ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားမှုမျိုး မရှိတော့သော်လည်း လုံးခင်းကျေးရွာနှင့် သုံးမိုင်အကွာ ခန့်တွင် ပစ်ခတ် မှုများ ရှိနေသေးကြောင်းနှင့် တစ်ခါတစ်ရံလက်နက်ကြီးနှင့် ပစ်ခတ်သံများကြားနေရသည်ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိ အချိန်အထိ ဖားကန့်မြို့ပေါ်တွင် လာရောက်ခိုအောင်းနေသာ ဒုက္ခသည်ဦးရေ တစ်သောင်းကျော်တွင် ရှိသည်ဟု ကယ် ဆယ်ရေးစခန်းများတွင် ကူညီနေကြသူများထံက သိရှိရသည်။

“တချို့လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အစားအသောက်တွေကို တက်နိုင်သလောက်တော့ ကူညီနေကြပါတယ်။ တချို့ကတော့ နည်းနည်း ပြန်ငြိမ်သွားပြီဆိုပြီး ကိုယ့်နေရပ်ကိုယ် ပြန်သွားကြတဲ့သူတွေလည်း ရှိတယ်။ တစ်ခါတစ်ရံ ပစ်ခတ်သံတွေ ကြားနေရတော့ ကျွန်တော်တို့ကတော့ စိတ်ချရတဲ့အခါမှ ပြန်ပါလို့ပြောပါတယ်”ဟု ဒုက္ခသည်စခန်းတစ်ခုတွင် ကူညီနေသူ ဒေသခံလူငယ် တစ်ဦး က ပြောသည်။

တပ်မတော်အစိုးရမှ အင်အားဖြည့်တင်းမှုများကြောင့် ဖားကန့်မြို့နှင့် အနီးတ၀ိုက်တွင် ပြန်လည်ငြိမ်သက်လာ သော်လည်း မငြိမ် မသက်မှုများကြောင့် ပိတ်ထားရသည့် ဖားကန့်မြို့နှင့် အနီးတ၀ိုက်ရှိ ကျောက်တူးဖော်ရေး ကုမ္ပဏီများထဲသို့ ရေမဆေးကျောက် လုပ်သားများ ကြူးကျော်ဝင်ရောက်၍ ကျောက်တူးဖော်ခြင်းများနှင့် အဆောက်အဦးများမှ ပစ္စည်းများဝင်ရောက်ယူငင်ခြင်းများမှာ ရှိနေဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“တိုက်ပွဲအခြေအနေကတော့ ငြိမ်သက်နေပါပြီ၊ ဒါပေမဲ့ မြန်မာနိုင်ငံအနှံအပြားကနေလာကြတဲ့ ရေမဆေး လုပ်သားတွေ က ကျောက်တူးဖော်ရေးလုပ်ငန်းတွေထဲကို ၀င်ပြီးတော့ ပစ္စည်းယူတာတွေ၊ ကျောက်တူးတာတွေ ကြောင့် ဒေသခံရဲတွေကနေပြီး မကြာခဏလူစုခွဲတာမျိုး လုပ်နေတာကို တွေ့ရတယ်”ဟု လုံးခင်းမြို့နယ်မှ ဒေသခံတစ်ဦးဖြစ်သူ ဦးလဆိုင်းက ပြောသည်။

Ref: မြစ်မခ

Read More...

အိုဟောင်းယာဉ်အပ်နှံမှု နည်းပါးခြင်းက ယာဉ်ကြောပိတ်ဆို့မှုအား ပိုမိုဆိုးရွားစေ

မြတ်မိုးကျော်(မြစ်မခ)
13 Sep, 2012

မော်တော်ယာဉ်တင်သွင်းမှုဖြေလျော့ပေးခဲ့သော်လည်း ယာဉ်အိုယာဉ်ဟောင်း အပ်နှံ့ရေးအကောင်အထည် ပေါ်လာခြင်းမ ရှိသည့် အတွက် ရန်ကုန်မြို့အတွင်းရှိ ယာဉ်ကြောပိတ်ဆို့မှုများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာ ကြောင်း သိရှိရသည်။

လက်ရှိတွင်အိုဟောင်းယာဉ်အပ်နှံမှု၌ “ဗ” အက္ခရာ မော်တော်ယာဉ် ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံနိုင်သည်ဟု စက်တင် ဘာလ(၅)ရက်နေ့တွင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

ယာဉ်အိုယာဉ်ဟောင်းအပ်နှံရေး ပထမအစီအစဉ်အဖြစ် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စတင်ခဲ့ပြီး သက်တမ်းနှစ် (၄ဝ) မော်တော်ယာဉ်များကို ၂ဝ၁၁ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့တွင် လည်းကောင်း၊ အနှစ်(၃ဝ)နှင့်(၄ဝ)အကြားမော်တော် ယာဉ်များကို နိုဝင်ဘာလတွင် လက်ခံဆောင်ရွက်ခဲ့သည်။

ဒုတိယအစီအစဉ်အဖြစ် ၂ဝ၁၂ခုနှစ် စက်တင်ဘာလ(၅)ရက်နေ့တွင် သက်တမ်းနှစ်(၂ဝ)မပြည့်သေးသည့် ယာဉ် ဟောင်းများ အား အပ်နှံခွင့်ပြုခဲ့သည်။ နောက်ပိုင်းတွင် ဗ၊ မ စသည့် အက္ခများကိုလည်း အစဉ်အလိုက် အပ်နှံ နိုင်ရန် စီစဉ်ထားရှိကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။

ယခုလက်ရှိအထိ စီးရေ (၆၁၈၅၂)စီးလက်ခံပြီးကြောင်း ရထားပို့ဆောင်ရေးညွှန်ကြားရေးဦးစီးဌာနမှ သိရှိ ရသည်။ ထိုကဲ့သို့ အပ်နှံနိုင် သည်ဟု ဆိုသော်လည်း အချို့ယာဉ်အိုယာဉ်ဟောင်းလက်ရှိထားထားသော ပိုင်ရှင်အများစုသည် ပြန်မအပ်သေးကြောင်း သိရှိရသည်။ ထပ်မံအပ်နှံနိုင်သည့် အက္ခရာများ တိုးပွား လာသည်နှင့်အမျှ ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံမှုမှာ များပြားလာသင့် သော်လည်း များသင့်သလောက် များပြားလာခြင်း မရှိပေ။

ယခုနောက်ပိုင်းတွင် မော်တော်ယာဉ်များသည် တဖြည်းဖြည်းတိုးပွားလာသည့်အပြင် လမ်းများကျဉ်းလာခြင်းကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နိုင်ကြောင်း ကိုလည်း သိရသည်။

''အခုနောက်ပိုင်း ပြည်သူတွေ ကားစီးလာနိုင်တာတော့ ကောင်းပါတယ်၊ ဒါပေမဲ့ ကားစီးရေ တိုးလာနဲ့အမျှ လမ်းတွေလည်း ပို ကျယ်ရမယ်၊ ပိုကောင်းရမယ်လေ၊ ပြီးတော့ ယာဉ်အိုယာဉ် ဟောင်းတွေကိုလည်း လက်ထဲ ကိုင်မထားတော့ဘဲနဲ့ ပြန်အပ်သင့် တယ်လေ၊ အခုဆို ယာဉ်ပိတ်ဆို့မှုတွေက နေရာတိုင်းမှာလိုလို တွေ့နေ ရတယ်လေ၊ ဟိုနေ့ကဆို ဘုရင့်နောင်လမ်းဆုံမှာ ပိတ် နေတာ ၄၅ မိနစ် လောက်တောင်ကြာ သွားတယ်''ဟု သုဝဏ္ဏမြို့နယ်မှ ကိုဇော်မင်းထွန်းက ပြောကြားသည်။

ထို့အပြင် ယာဉ်ကြောပိတ်ဆို့မှုမှာ ယာဉ်မောင်းများ ယာဉ်မောင်းမကျွမ်းကျင်သည့်အချက်၊ ယာဉ်စည်းကမ်း နားမလည်သည်က တစ်ကြောင်း၊ ယာဉ်စည်းကမ်းကို သိသော်လည်း မလိုက်နာခြင်းကြောင့်တစ်ကြောင်း စသည့် စည်းကမ်းမဲ့မှုများကြောင့် ယာဉ် ကြောပိတ်ဆို့မှုများ ဆိုးရွားလာရခြင်းဖြစ်ကြောင်း ဟံသာဝတီကားပွဲစားတန်းမှ ဝါရင့်ကားပွဲစားတစ်ဦးက ပြေကြားသည်။

''အခုဆိုရင် ဆိုင်သွားဖို့ကို အစက နာရီဝက်လောက်ပဲ ကြိုထွက်ရင်ရတယ်လေ၊ အခုတော့ တစ်နာရီကျော် ကျော်လောက် စောထွက်မှ ရတယ်လေ၊ အဲဒါတောင် တစ်ခါတစ်လေ ကားအဆင်မပြေရင် နောက်ကျ သေးတာလေ၊ ပြီးတော့ နောက်ကျ ရင်လည်း အလုပ်က ဆင်ခြေမကြိုက်ဘူးလေ၊ ပိုက်ဆံအဖြတ်ခံရတယ်လေ'' ဟု ဖုန်းအရောင်းစင်တာတစ်ခုတွင် အလုပ်ဝင် နေသော မသဇင်အေးက လမ်းပိတ်ဆို့မှုနှင့်ပတ်သက်၍ ပြောသည်။

တာဝန်ရှိသူများအနေဖြင့်လည်း ယာဉ်အိုယာဉ်ဟောင်းအပ်နှံရေးကို ထိရောက်စွာ ဆောင်ရွက်သင့်ကြောင်း ယာဉ်ဟောင်းများ အပ်နှံခြင်း နည်းပါးနေပါက ယာဉ်များ ပိုမိုတိုးပွားလာသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုတွင် ပါဝင်သော အချက်တစ်ခုဖြစ်လာ နိုင်ကြောင်းနျင့် ယာဉ်ဟောင်းပိုင်ရှင်များအနေဖြင့်လည်း ယာဉ်များကို အပ်နှံခြင်း ဖြင့် ယာဉ်ကြောပိတ်ဆို့မှုမှ လျှော့နည်းစေနိုင် ကြောင်းကိုလည်း ပြည်သူများက အကြံပြုပြောဆိုကြသည်။

Ref: မြစ်မခ

Read More...

စေ့စပ်ဆဲကာလမှာပင် သဘောထားကွဲလွဲနေသည့် ပုသိမ်NLD

မျိုးမင်းထွန်း(မြစ်မခ)
13 Sep, 2012

ပုသိမ်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်များ အကြား စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်နေဆဲကာလမှာပင် NLD ပါတီ(ဗဟို)မှ မြို့နယ်ရုံးခန်းကိစ္စ ထုတ်ပြန်ကြေငြာချက်ကြောင့် ပါတီဝင်များအကြား သဘောထားကွဲလွဲမှုများ ထပ်မံဖြစ်ပေါ် လာ ကြောင်း သိရှိရသည်။

ဒေါ်ဆောင်ဆန်းစုကြည် ရေဘေးလှူဒါန်းရန် ပုသိမ်သို့လာရောက်ခဲ့စဉ်က မြို့နယ်ပါတီဝင်များအား တွေ့ဆုံပြီးနောက် ပုသိမ်မြို့နယ် NLD ပါတီဝင်များအကြား စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင် နေချိန်တွင် ပါတီဗဟိုမှ မြို့နယ်ရုံးခန်းကိစ္စ ထုတ်ပြန်ကြေငြာချက် ကြောင့် ပါတီဝင်များအကြား သဘောထားကွဲလွဲ မှုများ ထပ်မံဖြစ်ပေါ်လာခြင်းဖြစ်သည်။

ပုသိမ်မြို့နယ်နှင့် မြောင်းမြမြို့နယ် NLD ပါတီဝင်များအကြား တိုင်းအတွင်း ညီလာခံကျင်းပရေး ကော်မရှင်အဖွဲ့များကို ဗဟို ဦးစီး စနစ်ဖြင့် ဖွဲ့စည်းမှုကြောင့် သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ပြီး ဆန္ဒထုတ်ဖော်မှုများအသီးသီးပြုလုပ်ခဲ့ကြသော်လည်း ဗဟိုဦးစီး စနစ်ဖြင့်ပင် ဆက်လက်သွားနေခြင်း ဖြစ်သည့်အတွက် လူအများစုသဘောထားကို လိုက်လျောခြင်းမရှိသေးဟု ပါတီဝင်တို့က ထုတ်ဖော် ပြောဆိုကြသည်။

"အဓိက သူတို့မြို့နယ်ရုံးကိုလာတာက တောင်းပန်ပြီး ရုံးတစ်ရုံးတည်းမှာပဲ ညီညီညွတ်ညွတ်လုပ်သွား ကြမယ်လို့ လာပြောတာ၊ အဲ့ဒီနောက် ၃ ရက်နေ့မှာ ဗဟိုကထုတ်လိုက်တဲ့မြို့နယ်ရုံးခန်းကိစ္စထုတ်ပြန် ကြေငြာချက်မှာတော့ ဟိုးအရင်ကလို ဖော်ပြထား တယ်" ဟု ၉၀ ပြည့်နှစ် ရွေးကောက်ပွဲကိုယ်စားလှယ် တစ်ဦးက ပြောသည်။

စက်တင်ဘာလ(၃)ရက်နေ့ ရုံးခန်းကိစ္စ ကြေငြာချက်(၂)တွင် ပါတီမှ တာဝန်ပေးအပ်ခြင်းမရှိသူတို့က မြို့နယ်ရုံးခန်းကို လက်ဝယ် ထားအသုံးပြုနေကြောင်းဖော်ပြချက်မှာ ညီညွတ်စွာသွားရမည့် ပါတီဝင် အချင်းချင်းအကြားတွင် မြို့နယ်ကော်မရှင်ကိုသာ ပါတီဝင် ဟုသဘော ထားမည်ဟု ထုတ်ဖော်ပြနေ သကဲ့သို့ဖြစ်နေကြောင်းကိုလည်း ၄င်းကဆက်ပြောသည်။

ပုသိမ်မြို့ခံပါတီဝင်လူငယ်များအနေဖြင့် လက်ရှိမြို့နယ်ရုံးခန်းကို အသုံးပြုနေသောလူကြီးများမှာ ၉၀ ခုနှစ်ကတည်းက ကိုယ်စား လှယ်များ ဖြစ်ခြင်း၊ ညောင်နှစ်ပင်ညီလာခံသပိတ်မှောက်ရာတွင်ဒေါ်စု နောက်မှ ရပ်တည်ခဲ့ခြင်း ၉၃ ဒေါ်စုအား ပါတီမှထုတ်ပယ်စဉ် ကန့်ကွက်ခဲ့(ပြင်းထန်စွာ)သူများဖြစ်ခြင်း ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ပါတီ၏ဆုံးဖြတ်ချက်အတိုင်း မယိမ်းယိုင်ဘဲ ထောက်ခံခဲ့ သူများဖြစ်ခြင်း စသည့်အချက်များကြောင့် ယခုချိန်တွင် ထိုလူကြီးများကို ပါတီနှင့်မပတ်သက်တော့သလို ထုတ်ပြန်ခဲ့သော ကြေ ငြာချက်ကို ဆန့်ကျင်ကြောင်း ပါတီဝင်လူငယ်အများစုက ဆိုသည်။

ဒေါ်အောင်ဆန်းဆုကြည် ပုသိမ်သို့ရောက်ရှိစဉ် မြို့ခံပါတီဝင်လူငယ်များကို ခေတ္တတည်းခိုရာ ပုသိမ် ဟိုတယ်၌ တွေ့ဆုံကာ အောက်ပါအတိုင်း ပြောကြားခဲ့ကြောင်းကိုလည်း သိရှိရသည်။

"လူကြီးတွေပြသာနာမှာ လူငယ်တွေကို ၀င်မပါစေချင်ဘူး၊ လူငယ်တွေကြောင့် လူကြီးတွေ ညီညွတ်သွားတာကိုပဲ မြင်ချင်ပါ တယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ဆုံးမသြ၀ါဒပေးခဲ့ကြောင်း တွေ့ဆုံခဲ့ရသူ လူငယ်တစ်ဦးကပြောသည်။

ထို့ပြင် ဧရာဝတီတိုင်း NLD ရုံးတွင်လည်း မြို့နယ်ရွေးကောက်ပွဲ အောင်နိုင်ရေးရှိစဉ်က လုပ်ဆောင်ပေး ခဲ့ကြသော လူကြီးများကို တံခါးပိတ်တွေ့ဆုံမှုပြုလုပ်ပြီးနောက် ကော်မရှင်(ပုသိမ်မြို့နယ်) ဥက္ကဌမှ ပုသိမ်အောင်နိုင်ရေးအဖွဲ့အတွက် လုပ်ဆောင်ပေးခဲ့ကြသော လူကြီးများအား တောင်းပန်မှုများပြုလုပ် ခဲ့ကြောင်း ပါတီဝင်များက တဆင့်သိရသည်။

Ref: မြစ်မခ

Read More...

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရန်မုံရွာမှာကျောင်းသားသမဂ္ဂပူးပေါင်းပါဝင်

မောင်ယဉ်ကျော်(မြစ်မခ)
12 Sep, 2012

လက်ပံတောင်းတောင်ကြေး နီစီမံကိန်းအားကန့်ကွက်ပြီးဖမ်းဆီးထားသူများ ပြန်လည်လွတ်ပေးရန်ဗမာနိုင်ငံလုံးဆိုင်ရာကျောင်း သား သမ္မဂ္ဂများအဖွဲ့ချုပ်နှင့် ဆားလင်းကြီးမြို့နယ်မှတောင်သူများသည်စက်တင်ဘာလ၁၂ရက်နေ့၌ မုံရွာမြို့အမှတ်(၁)ရဲစခန်းရှေ့တွင် ညနေ ၅း၀၀မှ ည ၈း၀၀အထိဆန္ဒထုတ်ဖော် တောင်းဆိုမှုများပြုလုပ်ခဲ့သည်။

“စဖြစ်ပြီဆိုကတည်းကကျနော်တို့ အဖွဲ့စည်းကနေဒီပြဿနာတွေကို လိုက်လံဖြေရှင်းပေးတယ်။ တရားဥပဒေစိုးမိုးမှုတွေနောက် သမ္မတကြီး အနေနဲ့တောင်သူလည်သမားတွေရဲ့ ခံစားချက်တွေကို ကျနော်တို့ ကျောင်းသားတွေနဲ့ ပြည်သူတွေဖွင့်ဟတာကိုအလေး
ပေးပြီးတော့ပြုပြင် ပြောင်းပေးစေချင်ပါတယ်”ဟုဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(မုံရွာ)မှကိုနွေဦးကိုကဆိုသည်။

တောင်းဆိုစဉ်အတွင်းအမှတ်(၁)စခန်းမှ ဖမ်းဆီးထားသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂခေါင်းဆောင် ကိုအောင်မြင့်ဦး နှင့်ပွင့်လင်းလူ့အဖွဲ့စည်းမှ ကိုအောင်ထွန်းဦးအား လွှတ်ပေးခဲ့သော်လည်းဝက်မှေးရွာမှ ရွာသူသုံးဦးကျန် ရှိနေ သေးကြောင်းဆန္ဒထုတ်ဖော်နေသောရွာသူများထံမှသိရသည်။

“ရွှေလှေရွာကလူတွေ အကုန်လွတ်ပေးပြီးပြီ ။ ၀က်မှေးရွာက မသွဲ့သွဲ့ဝင်း၊ မအေးနက်နဲ့ မဖြူဖြူဝင်းသုံး ယောက်ကိုအခုထိ လွှတ်မပေးသေးဘူး”ဟုရွှေလှေရွာသူမသန်းအေးကဆိုသည်။

အမှတ်(၁)ရဲစခန်းမှလွတ်ပေး လိုက်သာဝက်မှေကျေးရွာမှမစန်းစန်းလှမှာ အတက်ရောဂါအခြေနေဆိုးဝါးနေကြောင်းသိရသည်။ ဆား လင်းကြီးမြို့ပေါ် ရဲစခန်းရှေတွင်လည်းယင်းကိစ္စနှင့် ပတ်သက်၍နေ့လည်(၁း၀၀)ရီခန့်မှညနေ(၃း၀၀)အထိလူ (၇၀၀)ကျော်ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သိရသည်။

“ပြည်သူတွေကအကြမ်းဖက်မှု မရှိဘဲနဲ့ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတာပါ။ ပြည်သူပိုင်ပစ္စည်းမဖျက်စီးပဲကိုယ့်ရပိုင်ခွင့်ကို ထုတ်ဖော် နေ ကြတာပါ။အာဏာပိုင်အဖွဲ့စည်းကလည်းပြည်သူကို ကျောသားရင်သား မခွဲခြားပဲညှာတာထောက်ထား သောနည်းနဲ့ဖြေရှင်း ပေးစေ ချင်ပါတယ်”ဟုမုံရွာမြို့ခံ ပြည်သူတစ်ဦးကဆိုသည်။

လက်ပန်တောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်ကန့်ကွက်သောအားဖြင့် ပြည်သူလူထုမှချင်းတွင်းမြစ်တစ်ဖက်ကမ်းတွင် ၉ရက် မုံရွာမြို့ပေါ် တွင်၂ရက်ဆက်တိုက် ဆန္ဒထုတ်ဖော်ခဲ့သော်လည်း သက်ဆိုင်ရာအာဏာပိုင်များ ဖက်မှအကြောင်း တစ်စုံတစ်ရာ ပြန်ကြား ခြင်းမရှိသေးကြောင်း ဆားလင်းကြီးမြို့နယ် ဒေသခံများထံမှသိရသည်။

“ကျနော်နားလည်သလောက်က မြေယာပြဿနာလဲမဟုတ်ဘူး ရွာတွေရွေ့ပြောင်းခံရမယ့် ကိစ္စလဲမဟုတ်ဘူး ချင်းတွင်းမြစ်ဝှမ်း အဖျက်စီးခံရမယ့်ကိစ္စပါ အမျှော်အမြင်ကြီးတဲ့ သက်ဆိုင်သူ အားလုံးဘယ်သူ့ မျက်နှာကိုမှမထောက်ပဲပြည်သူတွေရဲ့ ခံစားချက်တွေ ကိုနားလည် ပေးနိုင်မယ် ဆိုရင်လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းပေး နိုင်မှာပါ”ဟု နိုင်ငံရေး အကျဉ်းသား မိသားစု များကွန်ယက်မှတာဝန်ရှိသူ ကိုဟန်ဝင်းအောင် ကသုံးသပ်ပြောကြားခဲ့သည်။


Ref: မြစ်မခ

Read More...

အပေါ်သို့