Wednesday, September 12, 2012

လေးလအတွင်း တရားမဝင် ခွေရောင်းဝယ်မှု ၉၀ နီးပါးဖမ်းမိ

တင်ဇာအောင်၊ ပန်းမြတ်ဇော်
စက်တင်ဘာလ ၁၁ ရက် ၂၀၁၂ ခုနှစ်

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အမှုဆောင်များ တာဝန်လွှဲပြောင်းယူပြီးချိန်မှ စပြီး လေးလ အတွင်း တရားမဝင်အခွေများ ရောင်း ဝယ်ဖောက်ကားသူဟု စွပ်စွဲကာ ဖမ်းဆီးထားသော အမှုပေါင်း ၉၀ နီးပါး အထိရှိသည်ဟု မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးမှ ထုတ် ပြန်သော စာရင်းများအရ သိရသည်။

ရွေးကောက်ပွဲဖြင့် တက်လာသော ရုပ်ရှင်အစည်းအရုံးသစ်က တရားမဝင် ခိုးကူးခွေ၊ ကျော်ခွေ၊ ဆင်ဆာမဲ့ ခွေများ၊ ညစ်ညမ်းခွေ များကို ဖမ်းဆီးအရေးယူမှုများကို အလေးထား ဆောင်ရွက်လာခဲ့သည်။

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက “သမ္မတကို စာတင်ပြီး ကျွန်တော်တို့ကို အဆင့်ဆင့် ပြန်ချပေး တယ်။ ပြည်ထဲရေးဝန်ကြီးကမှ ပြည်ထောင်စု ဝန်ကြီးဆီပေါ့။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရုံးချုပ် ကိုယ်စား ရန်ကုန်တိုင်း ရဲမှူးကြီးက ခိုးကူးနဲ့ ပတ်သက်ပြီး အရေးယူဖို့ ဝိုင်းဝန်း ဆောင်ရွက်ပေးပါတယ်" ဟု ပြောသည်။

ခိုးကူးခွေများ ဖမ်းဆီးရာတွင် ခိုးကူးခွေများသာမက နိုင်ငံရပ်ခြားမှ တရားမဝင် ဝင်ရောက်လာသော အပြာကားများ အပါအဝင် ရုပ်ရှင် စီဒီ၊ ဒီဗီဒီခွေများ ပါဝင်သည်။ ခိုးယူရိုက်ကူးမှုနှင့် အင်တာနက်သို့ ပျံ့နှံထွက်လာခဲ့သော မြန်မာပြည် တွင်းမှ အပြာဇာတ် လမ်းများကိုလည်း ကူးယူပြီး အရောင်းဆိုင်အချို့တွင် လျှိ့ဝှက်ရောင်းချတတ်ရာ ဖမ်းဆီးခံရမှုတွင် ပါဝင်သည်။

ရုပ်ရှင်အစည်းရုံး၏ ဖမ်းဆီးမှုက တနိုင်တပိုင် လမ်းဘေးဈေးသည်များကို ပစ်မှတ်ထားခြင်း မဟုတ်ဘဲ နောက်ကွယ်မှ လက်ကြီး သမားများကို ဦးတည်သည်ဟု ဦးဇင်ဝိုင်းက ပြောသည်။

ဦးဇင်ဝိုင်းက “ တရားမဝင်လို့ ဘာလို့ပြောရလဲဆိုရင် ဗီဒီယို ဥပဒေနဲ့ မညီညွတ် လို့ပါ။” ဟုပြောသည်။

“ဒီဥပဒေ ကို အဲဒီအချိန်တုန်းက ပြန်ကြားရေးဝန်ကြီး ဌာနကနေ ဦးဆောင်ရေးဆွဲ ပြီးတော့မှ နိုင်ငံတော်က ပြဋ္ဌာန်း ခဲ့ခြင်း ဖြစ် ပါတယ်။ အဲဒီဥပဒေက ဒီနေ့ အထိလဲ အတည် ဖြစ်နေပါတယ်။ ဒီဥပဒေကို ကျွန်တော်တို့ မြန်မာနိုင်ငံ ရုပ်ရှင်လောကသား များကရော ဂီတအစည်းအရုံး အတွင်းမှာရှိတဲ့ ဂီတသမားများကပါ လေးစား လိုက်နာ ဆောင်ရွက် နေပါတယ်” ဟု ပြောသည်။

ဦးဇင်ဝိုင်း၏ ပြောကြားချက်အရ ခိုးကူးခွေ လက်ကြီး ဖြန့်ဖြူးရောင်းချသူများ၏ တစ်နေ့ ဝင်ငွေမှာ ကျပ်သိန်းတစ်ရာ နီးပါး ရှိ သည်ဟုဆိုသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့