ရန်ပိုင်
05 August 2011
ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားမည်ဟု ပြောဆိုသော်လည်း လက်တွေ့ကမ်းလှမ်းမှု မရှိသေး၍ သံသယဖြစ်မိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဝေဖန်ပြောဆိုလိုက်သည်။
နေပြည်တော်၌ ယခုလအလယ်၌ အစိုးရက ပြုလုပ်မည့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဆွေးနွေး ပွဲသို့ ဒေါ်အောင်ဆန်းစုကြည်အား NLD ပါတီ ခေါင်းဆောင်တဦးအနေဖြင့် ဖိတ်ကြားခြင်းမဟုတ် ဘဲ တသီးပုဂ္ဂလအနေဖြင့် ဖိတ်ကြားမည်ဟု ယခု သီတင်းပတ်အတွင်း ဧရာဝတီအပါအ၀င် ပြည်ပ မီဒီယာတချို့ကို သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေး အကြံပေး ဒေါက်တာ နေဇင်လတ်က ပြောခြင်းဖြစ် သည်။
NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “ဖိတ်စာလည်းမရဘူး၊ အဆက်အသွယ်လည်း မရှိဘူး၊ မှားပြောတယ်လို့ ထင်တယ်” ဟု ဆိုသည်။
ယခုကဲ့သို့ ဒေါက်တာ နေဇင်လတ်က မီဒီယာများတွင် ပြောဆိုခြင်းသည် ၎င်း၏ ပုဂ္ဂိုလ်ရေးထင်မြင်ချက်ဖြစ်ပြီး အစိုးရ၏ အာဘော်ဟု မထင်ကြောင်း၊ ဖိတ်ကြားခံရမည်ဟုလည်း မျှော်လင့်ချက် မထားကြောင်း ဆက်ပြောသည်။
ပြီးခဲ့သည့် လအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်သမား ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန နှစ်ဌာန ၀န်ကြီး ဦးအောင်ကြည်တို့ အစိုးရ ဧည့်ဂေဟာတွင် တွေဆုံဆွေးနွေးပြီး ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
ထိုတွေ့ဆုံပြီးနောက်ပိုင်း သမ္မတ နိုင်ငံရေး အကြံပေး ဒေါက်တာနေဇင်လတ်၏ ယခုကဲ့သို့ ပြောဆိုမှု ထွက်ပေါ် လာခြင်းဖြစ်သည်။
ဒေါက်တာ နေဇင်လတ်ကမူ “ပူးပေါင်းဆောင်ရွက်ဖို့ အားလုံး ကျယ်ကျယ်ပြန့်ပြန် ဖိတ်မယ်။ ၀န်ကြီးဌာနက အကြောင်းကြားလိမ့်မယ်။ ဒါ အလားအလာကောင်းတွေပဲ” ဟု ဧရာဝတီသို့ ပြောသည်။
NLD ပါတီ ခေါင်းဆောင်တဦးဖြစ်သည့် ဦးဝင်းတင်က “ဖိတ်စာတွေ ဘာတွေနဲ့ တရားဝင်ပြောရမယ်၊ အခုပြောတာက မီဒီယာကဆိုတော့ တရားဝင်ပြောတာ မဟုတ်ဘူးလို့ သတ်မှတ်ပါတယ်” ဟု ဆိုသည်။
ယခု ပြောဆိုမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင်များ အကြားတွင်လည်း ပြောဆိုဆွေးနွေးခြင်း မရှိကြောင်း၊ အပြောင်းအလဲ ဖြစ်လာမည်ဟုလည်း မထင်ကြောင်း ဦးဝင်းတင်က ဆက်လက်ပြောဆိုသည်။
ထိုဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဆွေးနွေးပွဲများသည် အစိုးရသစ်လက်ထက် ပြီးခဲ့သည့် မေလအတွင်းကမှ စတင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ကြီးမှူးကျင်းပခြင်းဖြစ်သည်။
Ref: ဧရာဝတီ
Saturday, August 6, 2011
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် ဖိတ်ရေး လက်တွေ့ကမ်းလှမ်းမှု မရှိသေး
ပန်းချီမောင်မောင်သိုက် (အသက် ၆၆ နှစ်) ကွယ်လွန်
အေးချမ်းမြေ့
05 August 2011
စာနယ်ဇင်း သရုပ်ဖော်ပုံနှင့် မျက်နှာဖုံးပန်းချီများကို စိုက်လိုက်မတ်တပ် ရေးဆွဲခဲ့သူ ပန်းချီမောင်မောင်သိုက် ယနေ့ ကွယ်လွန်သွားပြီ ဖြစ်သည်။
ယနေ့နေ့လယ် ၁၂ နာရီ ၄၅ မိနစ်က ရန်ကုန် ရွှေဗဟို အထူးကု ဆေးခန်းတွင် အသည်းရောဂါဖြင့် ကွယ်လွန်သွားကြောင်း၊ ကျန်ရစ် သော ရုပ်ကလာပ်ကို ရေဝေးသုဿာန် အအေးခန်းသို့ ပို့ဆောင်ပြီးပြီ ဖြစ်ကြောင်း၊ လာမည့် သြဂုတ် ၇ ရက်နေ့ တနင်္ဂနွေနေ့တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း ရန်ကုန် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုကျော်သူက ဧရာဝတီသို့ ပြောသည်။
ပန်းချီမောင်မောင်သိုက်သည် အဘ ရွှေပန်းတိမ်ဆရာ ဦးလွင်၊ အမိ ဒေါ်မြညွန့်တို့၏ သားဖြစ်ပြီး ၁၉၇၁ ခုနှစ်တွင် စာနယ်ဇင်းပန်းချီဆရာ ဘဝဖြင့် ပန်းချီလောကကို စတင် ဝင်ရောက်ခဲ့ကာ ၁၉၇၃ ခုနှစ်ခန့်တွင် စတင် အောင်မြင်ခဲ့သူ ဖြစ်သည်။
ပန်းချီပန်းပု ကျောင်းတက်စဉ် ပန်းချီ ဦးကြည်ထံတွင် ပန်းချီပညာကို သင်ယူခဲ့ပြီး မြင်ဆရာ၊ ကြားဆရာများဖြစ်ကြသော ပန်းချီ ဦးဘကြည်၊ ဦးဘရင်ကလေး၊ ဦးသောင်းဟန်၊ ဦးညိုလှတို့ထံတွင် ပန်းချီပညာကို ဆက်လက်ဆည်းပူးခဲ့သည်။
“လျှို့ဝှက်သည်းဖို မဂ္ဂဇင်းခေတ်မှာ တက်လာတဲ့ ပန်းချီဆရာတွေထဲမှာ သူလည်း တယောက် အပါအဝင်ပေါ့။ ကျနော် တို့ကတော့ အဲဒီခေတ်ကို မမီလိုက်ဘူး” ဟု ထိုင်းနိုင်ငံ ချင်းမိုင်တွင် နေထိုင်သည့် ပန်းချီမျိုးမြင့်က ပြောသည်။
မြဝတီ၊ ငွေတာရီ၊ ရှုမဝ၊ စစ်ပြန် စသည့် မဂ္ဂဇင်းများမှစ၍ ယနေ့ ခေတ် မဂ္ဂဇင်းများအထိ စာနယ်ဇင်း သရုပ်ဖော်ပုံများ၊ မျက်နှာဖုံးများ ဆွဲခြင်းဖြင့် ပန်းချီလောကတွင် အောင်မြင်ခဲ့သော ပန်းချီမောင်မောင်သိုက်သည် စာရေးဆရာပေါင်း များစွာ၏ ဝတ္ထု မျက်နှာဖုံးများ၊ သရုပ်ဖော်ပုံများကိုလည်း ရေးဆွဲခဲ့သည်။
“စာရေးဆရာ အများစုရဲ့ ဝတ္ထုမျက်နှာဖုံး ပုံတွေ ရေးခဲ့တယ်။ သရုပ်ဖော်ပုံတို့၊ မျက်နှာဖုံးတို့ကို သူမဆွဲပေးဖူးတဲ့ စာရေးဆရာ မရှိ သလောက်ပါပဲ” ဟု သူ့သားအငယ် ကိုဇေဖြိုးက ဆိုသည်။
ပန်းချီမောင်မောင်သိုက်သည် မြန်မာနိုင်ငံ ပန်းပညာရှင်များအစည်းအရုံး အမှုဆောင်အနေဖြင့်လည်း တာဝန် ယူခဲ့ပြီး စာနယ်ဇင်း ပန်းချီဆရာများစုပေါင်း၍ ပြုလုပ်သည့် ပန်းချီပြပွဲများတွင် အစဉ်ပါဝင်ခဲ့သည်။ ၎င်း နောက်ဆုံး ကျင်းပနိုင်ခဲ့သည့် ပန်းချီပြပွဲမှာ ဇွန် ၄ ရက်နေ့မှာ ၁၃ ရက်နေ့အထိ ၎င်းနှင့်ခေတ်ပြိုင် ပန်းချီဆရာတဦးဖြစ်သော ပန်းချီ ကျော်သောင်းနှင့်အတူ တွဲဖက်ပြသသည့် ပွဲဖြစ်သည်။
“ကိုသိုက်ဟာ ကျနော့်ရဲ့ အဓိက အရေးပါတဲ့ မြင်ဆရာတယောက် ဖြစ်ခဲ့ပါတယ်။ သူက မိန်းမလှလေးတွေရဲ့ ပုံတွေ ရေးရာမှာ သူမတူအောင် ကျွမ်းကျင်တယ်” ဟု ပန်းချီမျိုးမြင့်က ဆိုသည်။
၎င်းနှင့် ခေတ်ပြိုင် ပန်းချီဆရာများမှာ ပန်းချီမောင်မောင်ကျော်ညွန့် (အဖွဲ့)၊ ညိုဝင်း၊ ဝသုန်၊ ကျော်သောင်း၊ စံတိုး၊ တင်မောင်မျင့်၊ ဇော်မင်း၊ ကာတွန်းငွေကြည် စသဖြင့် ဖြစ်သည်။
“သူ့ပန်းချီတွေရဲ့ ထူးခြားချက်က အရောင်တွေလှတယ်၊ အရောင်အတွဲအဖက် သိပ်ကောင်းတယ်။ လူပုံတွေနဲ့ တခြားရှုခင်း။ မြင်ကွင်းတွေ တွဲဖက်ရေးတဲ့အခါ အထားအသိုဖွဲ့စည်းမှု သိပ်ကောင်းတယ်။ ပန်းချီတင်မကဘဲ ဒီဇိုင်း ဖန်တီးမှုမှာလည်း တော်တော် အဆင့်မြင့်တယ်၊ ကျွမ်းကျင်တယ်။ ရေးဆေး အထူအပါး ၂ မျိုးစလုံး ပိုင်နိုင်တယ်။ ဆီဆေးကားတွေ တခါတရံ ရေးပေမယ့် ရေဆေးလောက် လူကြိုက် မများဘူး” ဟု ပန်းချီမျိုးမြင့်က ပြောသည်။
ပန်းချီမောင်မောင်သိုက်၏ ဇနီးဖြစ်သူ ဒေါ်ချိုမှာ နှစ်အတန်ကြာကတည်းက ကွယ်လွန်ပြီးဖြစ်၍ ယခု ပန်းချီမောင်မောင်သိုက် ကွယ်လွန်ချိန်တွင် သားသမီး ၂ ဦး ကျန်ခဲ့ကြောင်း သိရသည်။
ပန်းချီမျိုးမြင့်က “သူက စိတ်ရင်းကောင်းတယ်၊ လူချစ်လူခင်များတယ်။ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနဲ့ တခြား အနုပညာ နယ်ပယ်က လူတွေနဲ့လည်း ချစ်ခင်ရင်းနှီးတယ်။ စာနယ်ဇင်း ပန်းချီနယ်မှာ သူ့ခေတ်ရယ်လို့ အခိုင်အမာရှိခဲ့တယ်” ဟု ဆိုသည်။
၁၉၇၁ ခုနှစ်မှ ယနေ့အချိန်အထိ သူ့စတိုင်၊ သူ့ဟန်အတိုင်း ရေးဆွဲနေသော သူ့တပည့်များ များစွာ ရှိနေဆဲဟု ၎င်းက ဆက်ပြောသည်။
“မြန်မာပြည်က ပန်းချီဆရာ အတော်များများဟာ အရက်နဲ့ ဆေးလိပ်ကြောင့် သက်တမ်းပြည့်အောင် မနေကြရဘူး သိပ်နှမြောဖို့ ကောင်းတယ်” ဟု သူက ဆိုသည်။
ပန်းချီမောင်မောင်သိုက် ကွယ်လွန်သွားရခြင်းသည် အနုပညာလောက၊ ပန်းချီလောက တခုလုံးအတွက် ဆုံးရှုံးမှုကြီးတခု ဖြစ်သည်ဟု နာရေးကူညီမှု အသင်း အတွင်းရေးမှူး စာရေးဆရာမ သန်းမြင့်အောင်ကပြောသည်။
“နာရေးကူညီမှုအသင်းဟာ မြန်မာ ပြည်သူအားလုံးအတွက် အကျိုးပြု နေတာပါပဲ။ ဒါပေမယ့် အခုလို အနုပညာ လောကက ကိုယ့်ထက် တတ်သိတဲ့ ကိုယ့်ဆရာတွေရဲ့ နောက်ဆုံးအချိန်မှာ ကူညီခွင့်ရပြန်တော့ သူတို့ကို ပူဇော်ခွင့်ရတာပဲလို့ ခံယူတယ်” ဟု သူက ဆိုသည်။
ပန်းချီဦးမျိုးမြင့်က ၎င်းအတွက် အလွန်တန်ဖိုးကြီးသော မြင်ဆရာတဦး ကွယ်လွန်သွားသည့်အတွက် စိတ်ထိခိုက်ရကြောင်း ပြောသည်။
“သူ့လက်ရာတွေကို အတုယူ ရေးဆွဲခဲ့ကြတဲ့လူတွေထဲမှာ ကျနော်လဲပါတာပေါ့။ လူချင်းလည်း သိပ်ရင်းနှီးတယ်။ အစ်ကိုလို ပါပဲ။ သူ့အတွက် မေတ္တာပို့ ဆုတောင်းပေးရုံပဲ တတ်နိုင်ပါတယ်။ အခုဟာက လူသာမန်သက်သက်ကို ဆုံးရှုံးရတာတင် မကဘူး သူ့ရဲ့ ဖန်တီးမှုအနုပညာတွေကိုပါ တပါတည်း ဆုံးရှုံးရတာ ဆိုတော့ ဆုံးရှုံးမှုက ကြီးမားလှပါတယ်” ဟု သူက ဆိုသည်။
Ref: ဧရာဝတီ
ဒုက္ခသည်စခန်း ရေကြီး
သန်းထိုက်ဦး
05 August 2011
ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိုင်းမြန်မာနယ်စပ်ရှိ မယ်ရာမို ဒုက္ခသည်စခန်းမှ ဆန်ဂိုဒေါင် ၃ ခု နှင့် နေအိမ် ၄၀၆ လုံး ရေနစ်မြုပ်သွားသည်။
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင် မယ့်စရီယမ်မြို့နယ်တွင် တည်ရှိသော ထိုစခန်းရှိ ရေဘေးသင့်မိသားစုဝင်များကို ရေလွတ်ရာ စာသင်ကျောင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံတို့တွင် ယာယီ နေထိုင်ခွင့် ပေးထားသည်ဟု သိရသည်။
“(ကူညီကယ်ဆယ်ရေး) အဖွဲ့တွေကို အရေးပေါ် အစည်းအဝေး ခေါ်ထားတယ်၊ အဲဒီ အဖွဲ့တွေကို အရင်ဆုံး လိုအပ်တဲ့ ပစ္စည်းတွေ လုပ်ဆောင် ပေးနိုင်ဖို့ အတွက် စီစဉ်ထားတယ်” ဟု ကရင် ဒုက္ခသည် ကော်မတီ (KRC) တာဝန်ခံ စောတူးတူးက ဧရာဝတီသို့ ပြောသည်။
ဆုံးရှုံးမှုများထဲတွင် ဆန်အိတ် ၂၉၇၀ အိတ်၊ မူလတန်းကျောင်း နှင့် စာကြည့်တိုက်ရှိ ပစ္စည်း များလည်း ပါဝင်ကြောင်း သိရသည်။
မယ်ရာမို အနီးရှိ မယ်လဦး ဒုက္ခသည် စခန်းတွင်လည်း ရေကြီးသဖြင့် အိမ်ခြေ ၃၀၊ စာသင်ကျောင်း တကျောင်းနှင့် သီးနှံ စိုက်ခင်းများ ရေနစ်မြုပ်သွားခဲ့ကြောင်း ထိုစခန်းတွင် နေထိုင်သူ တဦးက ပြောသည်။
မယ်စရီယမ်မြို့နှင့် ထိုဒုက္ခသည် စခန်းများကို ဆက်သွယ်ထားသော ကားလမ်းများလည်း ပျက်စီးသွားသည်ဟု ကူညီကယ်ဆယ်ရေး အဖွဲ့တခု၏ ယာဉ်မောင်းသူတဦးက ပြောသည်။
“လုံးဝ သွားလို့ မရဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ သစ်ပင်ကြီးတွေ ကျိုးတယ်၊ တောင်တွေ ပြိုပြီးတော့ လမ်းတွေ ပိတ်နေတယ်” ဟု သူက ရှင်းပြသည်။
ထိုစခန်းတွင် နေထိုင်သူ ဒုက္ခသည်များသည် ၁၉၈၃ နောက်ပိုင်း ကရင်ပြည်နယ်နှင့် အနီးတ၀ိုက်တွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးကြသူများ ဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်တွင် ဒုက္ခသည် စခန်း ၉ ခုရှိပြီး ဒုက္ခသည်ပေါင်း တသိန်း ခြောက်သောင်း ခန့် ရှိ ကြောင်း သိရသည်။
Ref: ဧရာဝတီ
ကုန်းတွင်းရေနံ လုပ်ကွက်အတွက် ပြည်တွင်းကုမ္ပဏီများအား ဖိတ်ခေါ်
05 August 2011
ကုန်တွင်းပိုင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ စမ်းသပ်ရှာဖွေ၊ တူးဖော်ထုတ်လုပ်ရေး လုပ်ကွက်များတွင် နိုင်ငံခြားရေနံ ကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ကိုင်နိုင်မည့် မြန်မာတိုင်းရင်းသား ကုမ္ပဏီများအား ယနေ့ တရားဝင် ကြေညာချက်ထုတ်၍ ဖိတ်ခေါ်လိုက်သည်။
ကုန်းတွင်းပိုင်း ရေနံလုပ်ကွက်များတွင် နိုင်ငံခြားကုမ္ပဏီများနှင့် ပူးပေါင်း ရင်းနှီးမြှုပ်နှံခြင်းဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်း နည်းပညာများ၊ နိုင်ငံခြား ကုမ္ပဏီများ၏ ရေနံ လုပ်ငန်းအတွေ့အကြုံနှင့် အကျိုးအမြတ်များကို ပြည်တွင်း ကုမ္ပဏီများ ရရှိနိုင်မည်ဟု စွမ်းအင်ဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန် ထားသည်။
ကုန်တွင်းပိုင်း ရေနံနှင့်သဘာဓာတ်ငွေ့လုပ်ကွက် ၁၈ ခုတွင် ရင်းနှီးမြုပ်နှံလိုသော နိုင်ငံခြား ရေနံကုမ္ပဏီများကို စွမ်းအင်ဝန်ကြီးဌာနက ဇူလိုင်လ ၁၄ ရက်နေ့က ဖိတ်ခေါ်ခဲ့ပြီးနောက် အဆိုပါ နိုင်ငံခြားကုမ္ပဏီများနှင့် ပူးတွဲ လုပ်ကိုင်နိုင်ရန် ပြည်တွင်း စီးပွားရေးကုမ္ပဏီများကို ယနေ့ ထပ်မံဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။
ကုန်တွင်းလုပ်ကွက် ၁၈ ကွက်တွင် မိမိလုပ်ကိုင်လိုသော ရေနံလုပ်ကွက်နေရာ၊ ကုမ္ပဏီမှတ်ပုံတင်၊ သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်း၊ ငွေကြေးပိုင်ဆိုင်မှုနှင့် ခိုင်မာမှု အထောက်အထားများ ပြသ၍ စွမ်းအင်ဝန်ကြီးဌာနတွင် မှတ်ပုံ တင်ထား ရမည်ဖြစ်ကြောင်း နေပြည်တော် စွမ်းအင်ဝန်ကြီးဌာန၊ စွမ်းအင်စီမံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တာဝန်ကျ အရာရှိ တဦးက ဧရာဝတီသို့ပြောသည်။
“တင်ပြလာတာတွေကို ဌာနကစိစစ်ပြီးတော့ ဘယ်ရေနံလုပ်ကွက်မှာ ဘယ်နိုင်ငံခြား ကုမ္ပဏီ လုပ်ခွင့်ရမယ်ဆိုပြီး ပြန်ချပေးမှာပါ” ဟု သူက ဆိုသည်။
နိုင်ငံခြားကုမ္ပဏီများနှင့် မြန်မာကုမ္ပဏီများ ပူးပေါင်းလုပ်ကိုင်ရမည့် ကုန်တွင်းပိုင်းလုပ်ကွက်များမှာ PSC E (မြင်းခြံ)၊ PSC G (တောင်တွင်းကြီး)၊ PSC H ( တောင်ငူ-ပျဉ်းမနား)၊ PSC I ( ဟင်္သာတ)၊ PSC J (မော်လမြိုင်)၊ PSC K (ရမည်းသင်း)၊ EP 1 ( ကျောက်ကြီး-မင်းတုန်း)၊ EP 2 (အောင်လံ)၊ EP 5 (အင်ပင်-တဲကြီးကုန်း)၊ RSF 2 (တူရွင်းတောင် (မြိုင်) တောင်)၊ RSF 3 (ဂွေးချို-ငရှန်တောင်)၊ RSF 9 (ပြလို့- ပေါက်ခေါင်း)၊ RSF 10(ကံမ-နတ်တောင်)၊ MOGE 4 (မြင်သာ)၊ PSC S (လားရှိုး-သိန္နီ)၊ PSC T (အရှေ့လားရှိုး)၊ PSC U (ကလော)၊ PSC V (လွိုင်ကော်) တို့ ဖြစ်ကြောင်း သိရသည်။
ကုန်တွင်းပိုင်း လုပ်ကွက်များ လုပ်ကိုင်လိုသော မြန်မာတိုင်းရင်းသား စီးပွားရေးကုမ္ပဏီများသည် စက်တင်ဘာလ ၉ ရက်နေ့ နောက်ဆုံးထားပြီး စွမ်းအင်ဝန်ကြီးဌာနတွင် လျှောက်ထားရမည် ဖြစ်သည်။
“တကယ့် ဓနအင်အားတောင့်တဲ့ ကုမ္ပဏီတွေနဲ့ အာဏာပိုင် လူကြီးတွေနဲ့ ရင်းနှီးတဲ့ ကုမ္ပဏီတွေပဲ လုပ်ခွင့်ရမှာပါ။
စက်သုံးဆီဆိုင်တွေ လွှဲတုန်းကလိုပေါ့။ ရသွားတော့လည်း သူတို့လူတွေချည်းပဲ” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ ဗဟိုအလုပ် အမှုဆောင်တဦးက ပြောသည်။
အစိုးရသည် ပြည်သူပိုင်လုပ်ငန်းအများစုကို ပုဂ္ဂလိကသို့ လွှဲပြောင်းလျက်ရှိရာ ရန်ကုန် မြို့ပတ်ရထားလုပ်ငန်းကို ပုဂ္ဂလိက လွှဲပြောင်း နိုင်ရေးအတွက် ဇူလိုင်လ ၂၆ ရက်နေ့ကနေပြည်တော်တွင် ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံခဲ့ကြသည်။
Ref: ဧရာဝတီ
ဇုန်ထုတ်ယာဉ်အဖြစ် အသွင်ပြောင်းရေး သိန်းထောင်ချီပေးရ
05 August 2011
စီးပွားရေးသမားတချို့က နိုင်ငံခြားဖြစ် မော်တော်ကားများကို ဆိပ်ကမ်းများမှတဆင့် တရားမ၀င် တင်သွင်းကာ စက်မှုဇုန်ထုတ် ကား အဖြစ် အသွင်ပြောင်း၍ ဈေးကွက်တွင် ထုတ်ရောင်းနိုင်ရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်များကို ကျပ်သိန်း ထောင်နှင့်ချီကာ လာဘ် ငွေပေးရကြောင်း သတင်းရရှိသည်။
“ဂျပန်ကားတွေ၊ တခြား နိုင်ငံခြားကကားတွေကို အောက်လမ်းကသွင်းပြီး မြန်မာပြည် စက်မှုဇုန်ကကားလို ပုံစံမျိုးနဲ့ ဈေးကွက်ထဲမှာ ရောင်းတာ။ အဲဒီအတွက် အကောက်ခွန်၊ ရဲ၊ စရဖ၊ ကညန (ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန) အကုန်လုံးကို လာဘ်ပေးပြီး လုပ်ရတယ်” ဟု မန္တလေးစက်မှုဇုန်မှ ကားထုတ်လုပ်ရေး လုပ်ငန်းရှင်တဦးက ပြောသည်။
ရန်ကုန်မြို့ရှိ Super Seven Star (SSS) မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီသည် တရားဝင် ခွင့်ပြုချက်မရှိသော လိုင်စင်မဲ့ကားများ တင်သွင်းလာသည့် ကွန်တိန်နာအလုံး ၅၀ နီးပါးကို အေးရှားဝေါလ် ဆိပ်ကမ်းမှ အကောက်ခွန် ၀န်ထမ်းများအား လာဘ်ငွေ ကျပ်သိန်း ရာနှင့်ချီပေးပြီး ထုတ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။
ရန်ကုန်ဆိပ်ကမ်းများတွင် တရားမ၀င် လိုင်စင်မဲ့ကားများအား ကွန်တိန်နာတင် သင်္ဘောများဖြင့် တင်သွင်းသော လုပ်ငန်းကို အကောက် ခွန် ၀န်ထမ်းများနှင့် ဆိပ်ကမ်း တာဝန်ကျ ၀န်ထမ်းများက အကြီးအကျယ် လုပ်ကိုင်နေခဲ့ကြရာမှ အချင်းချင်း အဝေမတည့်မှုများ ပေါ် ပေါက်လာပြီးနောက် တိုင်ကြားမှုများ ရှိလာသဖြင့် လိုင်စင်မဲ့ကား ဖမ်းဆီးရမှုများ ဆက်တိုက် ဆိုသလို ဖြစ်ပေါ်လာကြောင်း ဆိပ်ကမ်း အာဏာပိုင် အသိုင်းအဝန်းနှင့် နီးစပ်သူများက ဆိုသည်။
“ပုဂ္ဂလိကပိုင် ဆိပ်ကမ်းတွေမှာ လိုင်စင်မဲ့ကားတွေ သွင်းတာမိတယ်။ ဆိပ်ကမ်းကနေ လိုင်စင်မဲ့ကားတွေ တရားမ၀င် သွင်းနေတာက အတော်ကို တွင်ကျယ်နေတဲ့ လမ်းကြောင်းဖြစ်နေပြီ။ အခု စပြီး ဖမ်းတာက အချင်းချင်း အဝေမတည့်ဘဲ ဟိုတိုင်၊ ဒီတိုင် တွေဖြစ်လို့ပါ” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ အရာရှိတဦးက ပြောသည်။
ဇူလိုင်လ ၁၃ ရက်နေ့တွင် လိုင်စင်မဲ့ကား ၁၀ စီး၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် လိုင်စင်မဲ့ကား အစီး ၂၀ နှင့် သြဂုတ်လ ၃ ရက်နေ့တွင် လိုင်စင်မဲ့ကား ၂ စီး စုစုပေါင်း ၃၂ စီးကို မြန်မာ့စက်မှု ဆိပ်ကမ်းနှင့် အေးရှားဝေါလ် ဆိပ်ကမ်းတွင် ဖမ်းဆီး ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
ရန်ကုန်တွင် စက်မှုဇုန်ထုတ် နာမည်တပ်ကာ လိုင်စင်ရရှိသွားသော ကားအရေအတွက် သောင်းချီရှိကြောင်း၊ အမှန်တကယ် အားဖြင့် မြန်မာပြည်ရှိ မည်သည့် စက်မှုဇုန်တွင်မှ ကားမထုတ်နိုင်ကြောင်း၊ စက်မှုဇုန်ထုတ် အမည်ခံထားသည့် Light Truck၊ Hi-Ace၊ MPV (Multi-Purpose Vehicle) ကားများအားလုံး နိုင်ငံခြားဖြစ်ကားများသာ ဖြစ်ကြောင်း ရန်ကုန် လှိုင်သာယာ စက်မှုဇုန်မှ ဂျစ်ကားထုတ်လုပ်သည့် စက်ရုံပိုင်ရှင်တဦးက ဆိုသည်
“ဒီလိုပဲ လုပ်နေကြတာပဲ။ နိုင်ငံခြားကားတွေကို တရားမ၀င်သွင်း၊ ပြီးတော့ ကိုယ့်စက်မှုဇုန်ကပဲ ထုတ်သယောင်ယောင် လုပ်ပြီး လိမ်ညာ ရောင်းတာ။ အာဏာပိုင်တွေကလည်း လာဘ်ငွေ ရထားတော့ သိသိကြီးနဲ့ စက်မှုဇုန်ကားဆိုပြီး လိုင်စင်ထုတ် ပေးတယ်” ဟု သူက ဆက်ပြောသည်။
လိုင်စင်မဲ့ကားများ တရားမ၀င်တင်သွင်းသဖြင့် ဖမ်းဆီးရရှိကြောင်း Weekly Eleven ဂျာနယ်၊ The Voice ဂျာနယ်၊ ပြည်မြန်မာ ဂျာနယ်များတွင် တရားဝင်ဖော်ပြ ပါရှိသော်လည်း အစိုးရ၀န်ထမ်းနှင့် ကားတင်သွင်းသူ ကုမ္ပဏီ ပိုင်ရှင်များကို အရေးယူခြင်း မရှိဟု သိရသည်။
“လိုင်စင်မဲ့ ကားသွင်းတဲ့သူတွေက ဘယ်သူတွေဆိုတာ အကောက်ခွန်အရာရှိတွေ၊ ဆိပ်ကမ်းအာဏာပိုင် တွေနဲ့ သက်ဆိုင်ရာ တာဝန် ရှိသူတွေဆီမှာ စာရင်းတွေရှိတယ်။ ဒါပေမယ့် အရေးမယူရဲကြဘူး။ မဖမ်းရဲကြဘူး။ အရေးယူမယ်ဆိုရင် အကောက်ခွန် ၀န်ထမ်းတွေ၊ အစိုးရ၀န်ထမ်းတွေလည်း တသီကြီးအဖမ်းခံရမယ်။ ဒါကြောင့် လိုင်စင်မဲ့ ကားတွေ ဖမ်းမိတယ်ဆိုတဲ့ သတင်းပဲထွက်ပြီး အရေးယူ တယ်ဆိုတဲ့သတင်း မကြားရတာ” ဟု မြန်မာနိုင်ငံ အကောက်ခွန်လုပ်ငန်း ၀န်ဆောင်သူများ အသင်းမှ တာဝန်ရှိသူတဦးက ဆိုသည်။
၂၀၀၆ ခုနှစ်က လာဘ်ပေးလာဘ်ယူမှုများ ရှိသည်ဟုဆိုကာ စစ်အစိုးရက အကောက်ခွန် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင် လေးနှင့် အကောက်ခွန်ဝန်ထမ်း ၆၀၀ ကျော်ကို ဖမ်းဆီးအရေးယူခဲ့ပြီး ထောင်ဒဏ်များချမှတ် ခဲ့သည်။
Ref: ဧရာဝတီ
နယ်စပ်ပိတ်သော်လည်း ဘီယာ ဆက်လက် စီးဆင်း
05 August 2011
တနှစ်ကျော်ကြာ ပိတ်ထားသည့် မြ၀တီ မဲဆောက် ကုန်သွယ်ရေး လမ်းကြောင်းမှ မြန်မာပြည်တွင်းသို့ အလုံးအရင်း တင်သွင်းနေသည့် ပစ္စည်းမှာ ထိုင်းဘီယာမျိုးစုံနှင့် အချိုရည်များ ဖြစ်နေသည်။
ထိုပစ္စည်းများမှာ လွန်ခဲ့သည့် ၁၈ နှစ်ကတည်းက တင်သွင်းခွင့် ပိတ်ပင်ထားသည့်ကုန်များ ဖြစ်သည်။ သို့သော်လည်း သံဘူးဘီယာမျိုးစုံ၊ ကျွဲရိုင်းတံဆိပ် အချိုရည်ဘူးတို့သည် ပြည်တွင်းဈေးကွက်အတွက် မရှိမဖြစ် လိုအပ်သည့် ကုန် ပစ္စည်းများ ဖြစ်သည်ဟု ကုန်သည် တို့ကဆိုသည်။
“ထိုင်းကလာတဲ့ဘီယာဆိုရင် ဈေး တက်တာ၊ ကျတာနဲ့ မဆိုင်ဘူး။ လာသမျှ ရောင်းလို့ မလောက်ဘူး။ ဘီယာတို့ ကျွဲရိုင်းဘူးတို့၊ အရက်တို့က မြန်မာပြည်မှာ ၁၂ လရာသီ ဈေးကွက်ရှိတယ်” ဟု ကရင်ပြည်နယ်၊ မြ၀တီမြို့မှ ကုန်သည်တဦးက ပြောသည်။
သူက ထိုင်းနိုင်ငံမှ အဖျော်ယမကာဘူးများကို ကုန်ကားတစီးစာ နေ့စဉ်လိုလို တင်သွင်းနေသူဖြစ်သည်။
ထို တားမြစ်ကုန်များ စစ်ဆေးရေးအဆင့်ဆင့်ကို ဖြတ်ပြီး ပြည်တွင်း ဈေးကွက်သို့ သွားရာတွင် ငွေလမ်းခင်း သွားရသည်ဟု ဆိုသည်။
“မြ၀တီကနေ ရန်ကုန်အထိ လမ်းခရီးမှာ ပေးရတဲ့ ဂိတ်ကြေးကလည်း ဘီယာတန်ဘိုးရဲ့ဆတူ နီးပါး ရှိတယ်” ဟု သူက ရှင်းပြသည်။
မြ၀တီ မဲဆောက် နယ်စပ် ကုန်သွယ်ရေးကို မြန်မာဘက်က ယမန်နှစ် ဇူလိုင်လကစ၍ ပိတ်ထားလိုက်သဖြင့် တရားဝင် ကုန်သွယ်ရေး ရပ်တန့်နေသည်မှာ ၁ နှစ် ကျော်ပြီ ဖြစ်သည်။ မြန်မာအာဏာပိုင်တို့က မည်သည့်အချိန်တွင်ပြန်ဖွင့်မည်ကို ကြေညာခြင်း မရှိသေးပေ။ ဤအတောအတွင်း နယ်စပ်ကုန်သွယ်မှုက မှောင်ခိုလုပ်ငန်း ဖြစ်နေသည်။
သောင်ရင်းမြစ်ပေါ်တွင် ဘီယာဘူးများ အပြည့်တင်ဆောင်ပြီး မြ၀တီဘက်သို့ သွားနေသည့် ကုန်တင်လှေများကို နေ့စဉ် မြင်တွေ့ နေရသည်။
ထိုင်းဘက်ခြမ်းအမှတ် ၁ လှေဆိပ်မှ ထွက်ခွာသည့် ထိုင်းဘီယာမျိုးစုံမှာ တရက်လျှင် ဘူး ငါးသောင်း အထက်တွင် ရှိသည်ဟု ထိုလှေဆိပ် မှ မြန်မာပြည်သား စာရေးတဦးက ဧရာဝတီကို ပြောသည်။
အမှတ် ၂ လှေဆိပ်တွင်လည်း အလားတူ တွေ့ရသည်။
“ကျနော်တို့ အမှတ် ၂ လှေဆိပ် တခုတည်း တနေ့ကို အနည်းဆုံး ၁၀ ခေါက်လောက် သယ်ရတယ်။ ဒီလို ဘီယာ သယ်တဲ့ လှေဆိပ်မျိုးက ဒီတကြောမှာ ၁၀ ဂိတ်လောက် ရှိတယ်” ဟု ကုန်တင်စက်လှေ မောင်းသည့် ကိုဖိုးကုလားက ပြောသည်။
ယခုလဆန်းကစ၍ မဲဆောက်-မြ၀တီ ကုန်သွယ် လမ်းကြောမှ ထိုင်းစားသောက်ကုန်ပစ္စည်းများ တင်သွင်းမှု နည်းပါးနေသည်။ ထိုသို့ ဖြစ်ရခြင်း၏ အကြောင်းရင်း တခုမှာ မြန်မာငွေ တန်ဘိုး မြင့်တက်လာခြင်းကြောင့် ဖြစ်သည်ဟု ကုန်သည်များထံမှ သိရသည်။
မြန်မာငွေတက်ချိန်တွင် တခြား စားသောက်ကုန်များထက် အကျိုး အမြတ် ပိုရသည့် အဖျော်ယမကာများကို ဦးစားပေး ကိုင်တွယ်နေကြောင်း မြန်မာ ကုန်သည်တို့က ပြောသည်။
စက်လှေဆရာ ကိုဖိုးကုလားကလည်း “တချို့ ကုန်သည်တွေကတော့ ဘီယာနဲ့ အချိုရည်ဘူးတွေကိုပဲ ဒီလိုရက်တွေမှာ ပိုသွင်းကြတယ်” ဟု ပြောသည်။
“ဒီရက်ပိုင်းအတွင်းမှာ မြန်မာငွေဈေးက ပြန်တက်လာတယ် ဒီနေ့ဆိုရင် ကျပ် ၁၀၀ ကို ထိုင်းဘတ် ၃.၉၃ ဖြစ်သွားပြီ။ အရင်အပတ်က ဆိုရင် ကျပ် ၁၀၀ ရာကို ဘတ် ၃.၈၀ ၀န်းကျင်ပဲ ရှိတယ်” ဟု မြ၀တီမှ ကုန်သည် ဦးအာလီက ယမန်နေ့က ပြောကြားသည်။
ယနေ့ နံနက်ပိုင်း ငွေဈေးက ကျပ် ၁၀၀ လျှင် ဘတ် ၃.၉၁ ဖြစ်သည်။
ဒေသခံ မြန်မာကုန်သည်ကြီး အများအပြားမှာ အစ္စလမ် ဘာသာဝင်များ ဖြစ်ကြောင်း၊ ထိုကုန်သည်များက တလကြာမည့် ဥပုသ်လတွင် လုပ်ငန်း ရပ်နားတတ်ကြကြောင်း ကုန်သည် ဦးအာလီက ပြောသည်။
Ref: ဧရာဝတီ
Friday, August 5, 2011
အာဆီယံ အမတ်များ အစည်းအဝေး မြန်မာအမတ်များ တက်မည်
သဲသဲ
သြဂုတ်လ ၀၅ ရက် ၂၀၁၁ ခုနှစ်
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်၌ စက်တင်ဘာလတွင်း ကျင်းပမည့် အာဆီယံ အမတ်များ ညီလာခံသို့ မြန်မာလွှတ်တော် အမတ် များ တက်ရောက်မှာ ဖြစ်သည်။
စက်တင်ဘာ ၁၈ မှ ၂၄ ရက်နေ့အထိ ကျင်းပမည့် အာဆီယံ အမတ်များ ညီလာခံ (ASEAN Inter-Parlimentrary Assembly- AIPA) ၏ ၃၂ ကြိမ်မြောက် အထွေထွေ ညီလာခံသို့ အထက်လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် ဦးဆောင်ပြီး အာဏာရ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီနှင့် အတူ တိုင်းရင်းသား ပါတီအချို့မှ အမတ်များ သွားတက်မည်ဟု လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိ များနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီရဲ့ ဥက္ကဋ္ဌ ဖြစ်သူဒေါက်တာအေးမောင်က ပြောသည်။
အာဆီယံ အသင်းကြီးနှင့် ဆက်စပ်အဖွဲ့တခုဖြစ်သော AIPA တွင် မြန်မာနိုင်ငံက အထူးလေ့လာသူ အဖြစ်မှ အမြဲတမ်း အဖွဲ့ဝင် ဖြစ်လာစေရန် ကြိုးပမ်းနေရာ ဖနွမ်းပင် ညီလာခံတွင် မြန်မာကို အဖွဲ့ဝင်ဖြစ်ရေး အဆုံးအဖြတ်ပေးဖွယ် ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် AIPA တွင် အဖွဲ့ဝင်ဖြစ်လာပါက ဒေသတွင်း နိုင်ငံများ အကြား ဒီမိုကရေစီ ကျင့်သုံးလိုက်နာမှု မြှင့်တင် ရေး ဆွေးနွေး လုပ်ဆောင်မှုများတွင် အကန့်အသတ် ရှိလာနိုင်ကြောင်း မြန်မာ့အရေး စင်ပြိုင်အာဆီယံ ကွန်ယက် ALTSEAN Burma အဖွဲ့က ပြောဆိုသည်။
“AIPAက တချို့နိုင်ငံတွေက မမျှတတဲ့ ရွေးကောက်ပွဲ တက်လာတဲ့ သူတွေလည်းရှိတော့ အဲဒီသူတွေကတော့ သူတို့ထက်ဆိုးတဲ့ မြန်မာက အဖွဲ့ဝင် ဖြစ်လာတော့ ပျော်တာပေါ့။ အဲဒါက ဘာဖြစ်လာမလဲ ဆိုတော့ အာဆီယံ အတွင်းမှာ ဒီမိုကရေစီ ကျင့်ထုံးတွေ လိုက်နာရမယ့် ဟာတွေ မြှင့်တင်ဖို့အတွက် ဆွေးနွေးလို့ မရနိုင်တော့ဘူး” ဟု ALTSEAN အဖွဲ့၏ ပူးပေါင်းညှိနှိုင်းရေးမှူး မစ္စ ဒက်ဘီ စတော့ဟဒ် (Debbie Stothard) က ပြောသည်။
ပထမဆုံးအကြိမ်အဖြစ် မြန်မာအမတ်များကို AIPA ၏ အထွေထွေ ညီလာခံသို့ တက်ရောက်ခွင့် ရတာဖြစ်ပြီး ယခင် စစ်အစိုးရ လက်ထက်၌ တရားသူကြီးချုပ်နှင့် ရှေ့နေချုပ်တို့ကိုသာ တက်ရောက်ခဲ့သည်။
ထိုစဉ်က ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းထားသော ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ သော်လည်း အသိအမှတ် မပြုခံရသော အဝေးရောက် လွှတ်တော် အမတ်များ သမဂ္ဂ (မြန်မာနိုင်ငံ) MPU ကလည်း AIPA သို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သေးသည်။
“လက်ခံတာကို ကန့်ကွက်စရာ မရှိပါဘူး၊ သို့သော် ဗမာပြည်ရဲ့ လွှတ်တော်အမတ်တွေက ပြည်သူလူထုရဲ့ အသံ အစစ် အမှန် တွေကို တင်ပြနိုင်မလား ဆိုတဲ့ အပေါ်မှာတော့ သံသယရှိပါတယ်” ဟု မြန်မာ့အရေးကို AIPA သို့ တင်ပြ ဆွေးနွေးမှုများ ပြုလုပ် ခဲ့ဘူးသည့် MPU အဖွဲ့ဝင် ဒေါက်တာတင့်ဆွေက ပြောသည်။
အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့သော ၂၀၁၀ ရွေးကောက်ပွဲမှ အနိုင်ရလာသည့် လွှတ်တော်အမတ်များ AIPA ညီလာခံသို့ တက်ရောက် မည့် အပေါ် အဖွဲ့ဝင် နိုင်ငံအချို့က မကြေလည် ဖြစ်ကြသည်ဟုလည်း ALTSEAN ဆိုသည်။
မြန်မာက အာဆီယံသို့ ဝင်ရောက်ခဲ့သည့် ၁၉၉၇ ခုနှစ်ကပင် AIPA တွင်လည်း ပါဝင်ခဲ့သည်။ အဖွဲ့ဝင်များ အဖြစ် အာဆီယံ ၁၀ နိုင်ငံမှ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံ၊ ဘရူနိုင်း နိုင်ငံတို့ ပါဝင်ပြီး မြန်မာနိုင်ငံ တခုတည်းသာလျှင် အထူးလေ့လာသူ နိုင်ငံအဖြစ် ကျန်ရှိနေဆဲ ဖြစ်သည်။
AIPA အား ဒေသတွင်းနှင့် ပြင်ပရှိ လွှတ်တော်အမတ်များ အကြား နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေး အတွက် ၁၉၇၇ ခုနှစ် တွင် အာဆီယံ လွှတ်တော် အမတ်များက ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ တနှစ်တကြိမ် အထွေထွေ ညီလာခံ ကို အဖွဲ့ဝင် နိုင်ငံများက အလှည့်ကျ ကျင်းပလေ့ရှိပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် နိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူရသည်။
အဖွဲ့ဝင်နိုင်ငံများ၏ လွှတ်တော်အမတ်များ တက်ရောက်ကာ အာဆီယံ ဒေသတွင်းရှိ စီးပွားရေး၊ နိုင်ငံရေး၊ အမျိုးသမီး အခွင့် အရေး၊ ရွှေ့ပြောင်း အလုပ်သမားများ အရေး၊ မူးယစ်ဆေးဝါး နှိမ်နှင်း ကိစ္စရပ်များ အပေါ် ဆွေးနွေးကြသည်။
Ref: မဇ္ဈိမ
ဒေါ်အောင်ဆန်းစုကြည်နှင့် ကြံ့ခိုင်ရေး တွေ့ရန်ရှိဟု ဦးဌေးဦး ပြော
သြဂုတ်လ ၀၅ ရက် ၂၀၁၁ ခုနှစ်
ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အနေဖြင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ရှိပြီး အချိန်ကာလ ကိုတော့ မသတ်မှတ်ရသေးကြောင်း ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကသောကြာနေ့တွင် ပြောကြားလိုက်သည်။
“ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ရှိပါတယ်။ အချိန်ကိုတော့ မပြောတတ်သေးဘူး။ ဒါပေမယ့် ခုတော့ မဟုတ် သေးဘူး” ဟု ဦးဌေးဦးက ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး လမ်းမတော်မြို့နယ် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ရုံးတွင် နံနက် ၁၁ နာရီခန့်က ပြုလုပ်သည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းနှင့် ဦးဌေးဦးတို့ တွေ့ဆုံမှုအပြီှး သတင်းထောက်အချို့ကို လက်ခံ တွေ့ဆုံကာ ပြောကြားခြင်း ဖြစ်သည်။
ဦးဌေးဦးက အသေးစိတ် ပြောကြားခြင်း မပြုခဲ့သော်လည်း ဇူလိုင် ၂၅ ရက်နေ့က အစိုးရ ဧည့်ရိပ်သာ စိမ်းလဲ့ကန်သာတွင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်နှင့် အဓိက အတိုက်အခံ ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှု ဖြစ်ခဲ့ပြီးနောက် နောက်ထပ် တွေ့ဆုံမှုများ
ပြုလုပ်ဦးမည့် အစီအစဉ် ကလည်း ရှိနေပြန်သည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်သို့ မဇ္ဈိမက ဆက်သွယ် မေးမြန်းရာ ပါတီအနေဖြင့် အဆိုပါ တွေ့ဆုံဆွေးနွေးမှု အစီ
အစဉ် အပေါ် မသိရှိကြောင်းနှင့် အကြောင်းကြားမှု မရှိသေးဟု ပြောသည်။
နှစ်ဘက်လုံးက အပြုသဘောဆောင်သော ဆွေးနွေးမှု ဖြစ်သည်ဟု ကြေညာထားခဲ့ရာ အစိုးရနှင့် အတိုက်အခံ ခေါင်းဆောင် အကြား ထိတွေ့မှုများ တိုးမြှင့်လာမည့် အနေအထားလည်း ဖြစ်သည်။
မကြာမီ နေပြည်တော်တွင် ကျင်းပမည် ဆိုသော အမျိုးသား အဆင့် စီးပွားရေး အလုပ်ရုံ ဆွေးနွေးပွဲတခုသို့ဒေါ်အောင်ဆန်း စုကြည်ကို ဖိတ်ကြားထားသည်ဟုလည်း သမ္မတ ဦးသိန်းစိန်၏ အကြံပေးတဦး ဖြစ်သူဒေါက်တာနေဇင်လတ် က ပြောကြား ထားသည်။
ကြံ့ဖွံ့ပါတီသည်၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၂၅ ခု တွင် ၂၅၉ ခု၊ အမျိုးသား လွှတ်တော် မဲ ဆန္ဒနယ် ၁၆၈ ခုတွင် ၁၂၉ ခုနှင့် တိုင်းဒေသကြီး၊ ပြည်နယ် မဲဆန္ဒနယ် ၆၆၁ ခုတွင် ၄၉၄ ခု အသီးသီး အနိုင်ရခဲ့သည်။
Ref: မဇ္ဈိမ
မြန်မာဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ်ချဲလ် အထက်လွှတ်တော် အတည်ပြု
04 သြဂုတ် 2011
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး မူဝါဒ ညှိနှိုင်းရေးမှူး တဦးကို အမေရိကန် အထက်လွှတ်တော်က အတည်ပြု ပေး လိုက်ပါတယ်။
အာရှ၊ ပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး မူဝါဒ ညှိနှိုင်းရေးမှူးအဖြစ် အမေရိကန်လွှတ်တော်က အတည်ပြုပေးလိုက်တာပါ။
သူဟာ စစ်တပ်က စိုးမိုးထားတဲ့ မြန်မာနိုင်ငံနဲ့ အမေရိကန် ထိတွေ့ဆက်ဆံရေးမှာ ဦးစီး လုပ်ဆောင်သွားမှာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံမှာ သိပ်မတွေ့ရတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်ပေါ်ရေး အတွက်လည်း မြန်မာ အစိုးရကို အားပေးမှာ ဖြစ်ပါတယ်။
ဒဲရက်ခ် မစ်ချဲလ်ဟာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ သံအမတ်ကြီးအဆင့် တာဝန်ကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ အခုလို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တယောက် ခန့်အပ်ဖို့ ၂၀၀၈ ခုနှစ်မှာ ကွန်ဂရက် လွှတ်တော်က ပြဋ္ဌာန်း ခဲ့တာပါ။
မစ္စတာ မစ်ချဲလ်ဟာ တရုတ်ရေးရာ ကျွမ်းကျင်သူ ဖြစ်ပြီး ကာကွယ်ရေး ၀န်ကြီးဌာန အာရှနဲ့ ပစိဖိတ်ဒေသ လုံခြုံရေးရာ ဒု-လက်ထောက် ကာကွယ်ရေး ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ရတာကြောင့် အာရှဒေသ အတွေ့အကြုံ ကောင်း ကောင်းရှိတဲ့သူ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ တနှစ်ခွဲကျော် ကာလအတွင်းမှာ အိုဘားမား အစိုးရဟာ မြန်မာနိုင်ငံကို အထီးကျန် ဖြစ်စေတဲ့ မူဝါဒကနေ ထိတွေ့ဆက်ဆံမယ့် မူဝါဒအဖြစ် ပြောင်းလဲခဲ့ပေမဲ့ ပိတ်ဆို့အရေးယူရေး မူဝါဒကိုတော့ ဆက်လက် ကိုင်စွဲထားခဲ့တာပါ။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဒီမိုကရေစီစနစ် ထွန်းကားရေးတို့အတွက် ပိတ်ဆို့အရေးယူရေး မူဝါဒကို တဘက်တလမ်းကနေ ဆက်လက် ကျင့်သုံးတာ ဖြစ်တယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။
မြန်မာအစိုးရကို ပြစ်ဒဏ်ခတ် အရေးယူတာနဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်ပြီး ထိတွေ့ ဆက်ဆံရေး မူဝါဒကို လက်တွေ့ လုပ်ဆောင်လိုက်တဲ့အပေါ် မြန်မာ့အရေး လုပ်ဆောင်နေတဲ့ အာဆီယံ ပါလီမန်အမတ်များ အဖွဲ့က ကြိုဆိုလိုက်သလို မစ္စတာ မစ်ချဲလ်ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး တိုးတက်လာအောင် လုပ်ဆောင် နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားလိုက်ပါတယ်။
Ref: ဗွီအိုအေ
IMF အကြီးအကဲသစ် အာဏာအလွဲသုံးမှု ပြင်သစ် စစ်ဆေး
04 သြဂုတ် 2011
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ အကြီးအကဲ ခရစ်စ်တင်း လာဂ့ါ (Christine Lagarde) ဟာ ပြင်သစ်နိုင်ငံရဲ့ ဘဏ္ဍာရေး ၀န်ကြီးအဖြစ် တာဝန်ယူစဉ်က ဖြေရှင်းခဲ့တဲ့ အမှုတခုမှာ အာဏာအလွဲသုံးစား လုပ်ခဲ့မှု ရှိမရှိ စုံစမ်းစစ်ဆေးသွားဖို့ ပြင်သစ် တရားရုံးတခုက ဆုံးဖြတ်လိုက်ပါတယ်။
အတိုက်အခံ ဆိုရှယ်လစ်ပါတီက အမတ်တွေရဲ့ တိုင်တန်းချက်တွေကို သုံးသပ်ပြီးတဲ့နောက် ဘဏ္ဍာရေး ၀န်ကြီးဟောင်းကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ နိုင်ငံတော် တရားစီရင်ရေး ခုံရုံးအဖြစ် ထင်ရှားတဲ့ အထူးတရားခွင်က ကြာသပတေးနေ့မှာ အမိန့် ထုတ်ပြန်လိုက်တာပါ။
ပြင်သစ်နိုင်ငံသား သူကြွယ်ကြီး တဦးဖြစ်တဲ့ ဘားနာ့ဒ် တာပီ (Bernard Tapie) နဲ့ နိုင်ငံပိုင်ဘဏ်တို့အကြား ကာလကြာရှည် အချေအတင် ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ၂၀၀၇ ခုနှစ်မှာတုန်းက ကြားဝင်ဆုံးဖြတ်တဲ့ ပုဂ္ဂလိက အဖွဲ့တခုကို လုပ်ပိုင်ခွင့် ပေးရာမှာ အာဏာအလွဲသုံးစား လုပ်ခဲ့တယ်လို့ ဆိုရှယ်လစ် ဥပဒေပြု အမတ်တွေက စွပ်စွဲထားတာ ဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်မှာတော့ ကြားဝင်ဖြေရှင်းပေးတဲ့ အဖွဲ့က ပြင်သစ်သမ္မတ နိကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy) ရဲ့ မိတ်ဆွေလည်းဖြစ်တဲ့ သူဌေးကြီးကို ပြည်သူပိုင် အခွန်ငွေတွေထဲက ဒေါ်လာသန်း ၄၀၀ နဲ့ နစ်နာကြေးပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။
တရားလို ရှေ့နေတွေကတော့ ဘဏ္ဍာရေး ၀န်ကြီးဟောင်းဟာ အထောက်အထား စာရွက်စာတမ်းတွေကို မမှန်မကန် ဖော်ပြ ရာမှာ ဆက်နွယ်မှုတွေနဲ့ အများပိုင်ငွေကို ကိုယ်ကျိုးအတွက်ရဖို့ ကြိုးပမ်းခဲ့တယ်လို့ သံသယဖြစ်ဖွယ် ရှိတဲ့အကြောင်း ပြောဆို ခဲ့ကြပါတယ်။
ဘဏ္ဍာရေး ၀န်ကြီးဟောင်းကတော့ မမှန်မကန် ဆောင်ရွက်တာ မရှိဘူးလို့ ငြင်းဆန်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေဟာ IMF တာဝန် တွေကို ထိခိုက်စရာအကြောင်း မရှိဘူးလို့လည်း သူ့ရဲ့ ရှေ့နေဖြစ်သူက ပြောခဲ့တာပါ။
IMF အုပ်ချုပ်ရေး အဖွဲ့ကတော့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်ရပေမဲ့လည်း မစ်စ် လာဂါ့ အနေနဲ့ အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြား ရေးမှူး တာဝန်တွေကို ထိထိရောက်ရောက် ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ထားတဲ့အကြောင်း ပြောပါတယ်။
Ref: ဗွီအိုအေ
ပြည်တွင်းစစ်မှာ ဗုံးကြဲတဲ့ဗိုလ်ချုပ် စစ်ရာဇ၀တ်မှု စွဲဆိုခံရ
04 သြဂုတ် 2011
သီရိလင်္ကာစစ်တပ်က တပ်မှူးဟောင်း တယောက်ကို စစ်ရာဇ၀တ်မှုတွေနဲ့ စွဲချက်တင်ဖို့ လှုံ့ဆော်စည်းရုံးရေး အဖွဲ့ ၂ ဖွဲ့က ဆွစ်ဇာလန် အစိုးရကို တောင်းဆိုထားပါတယ်။
ဆွစ်ဇာလန် အခြေစိုက် အဖွဲ့တွေ ဖြစ်ကြတဲ့ Society for Threatened Peoples အဖွဲ့နဲ့ TRIAL လို့ခေါ်တဲ့ Track Impunity Always အဖွဲ့တို့က ဂျဂါ့သ် ဒီယပ်စ် (Jagath Dias) အပေါ် ရာဇ၀တ်ကြောင်းအရ တရားစွဲဆိုဖို့ ဆွစ်ဇာလန် ရှေ့နေချုပ်ဆီမှာ လျှောက်ထားလိုက်ကြတာပါ။
သီရိလင်္ကာ ပြည်တွင်းစစ်ပွဲ နောက်ဆုံးအဆင့်မှာ အရပ်သားတွေနဲ့ ဆေးရုံတွေကို ဗုံးကြဲတိုက်ခိုက်ဖို့ အမိန့်ပေးခဲ့တယ် ဆိုပြီး သူ့ကို စွပ်စွဲထားပါတယ်။ သီရိလင်္ကာ ပြည်တွင်းစစ်ပွဲမှာ တမီလ် ကျားသူပုန်တွေ ရှုံးနိမ့်ပြီး ၂၀၀၉ ခုနှစ်ကမှ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီယပ်စ်ဟာ ဂျာမနီနိုင်ငံဆိုင်ရာ သီရိလင်္ကာ ဒုတိယသံအမတ်အဖြစ် ၂၀၀၉ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်နေပါတယ်။ ဒါပေမဲ့ ဆွစ်ဇာလန်နဲ့ ဗာတီကန်ဆိုင်ရာ သံတမန်အဖြစ်လည်း သူ့ကို ခန့်အပ်ထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သီရိလင်္ကာ အစိုးရဘက် တုံ့ပြန်ချက် တစုံတရာ ထွက်မလာသေးပါဘူး။ ဒါပေမဲ့ ကြေညာချက်တစောင် ထွက်လာနိုင်ဖွယ် ရှိတယ်လို့ သီရိလင်္ကာ တာဝန်ရှိသူတွေက ပြောဆိုတာတော့ ရှိပါတယ်။
Ref: ဗွီအိုအေ
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တွေ့ဆုံမှု ၈၈ ခေါင်းဆောင်များ ကြိုဆို
လင်းသန့်
04 August 2011
မြန်မာနိုင်ငံ အကျဉ်းထောင် များထဲတွင် ထောင်ဒဏ် နှစ်ရှည် ကျခံနေကြရသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ မကြာခင်က တွေ့ဆုံခဲ့ကြသည်ကို ကြိုဆိုလိုက်ကြောင်း သတင်းရရှိသည်။
ကျိုင်းတုံအကျဉ်းထောင်တွင် အကျဉ်းကျ ခံနေရသည့် ကိုမင်းကိုနိုင်က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် တွေ့ဆုံ ခြင်းမှာ ကောင်းမွန်သည့် ခြေတလှမ်း ဖြစ်ကြောင်း ၎င်းအကျဉ်းထောင်နှင့် နီးစပ်သူ တဦးက ဆိုသည်။
အလားတူ နောက်ထပ် ထင်ရှားသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုကိုကြီးက လည်း အဆိုပါကိစ္စကို ထောက်ခံလိုက်ကြောင်း၊ ပိုမိုကျယ် ပြန့်သည့် ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေးကို မျှော်လင့် ကြောင်း ပြောသည်ဟု ၎င်း အကျဉ်း ကျနေသည့် မိုင်းဆတ် အကျဉ်းထောင် နှင့်နီးစပ်သူတဦးက ပြောသည်။
ကိုကိုကြီးက ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယခု ထက်ပိုမို ကျယ်ပြန့်သည့် ဦးဆောင်မှု အခန်းကဏ္ဍကို တာဝန်ယူ သင့် ကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးကို လိုလားကြောင်း၊ မြန်မာနိုင်ငံသားများ ခံစားနေကြရသော နိုင်ငံရေး မပြေလည်မှု၏ နောက်ကွယ်မှ လူမှုဒုက္ခ အ၀၀ကို အမြန်ဆုံး ဖြေရှင်း နိုင်ရေးအတွက် အရေးတကြီး လိုအပ်ကြောင်း အကြံပြုပြောဆိုလိုက်သည်ဟု သိရသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင်တွင်း၌ အကျဉ်းကျနေသော ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်ကလည်း ဒေါ်အောင် ဆန်း စုကြည်နှင့် ဦးအောင်ကြည် တွေ့ဆုံခြင်းသည် မြန်မာပြည် နိုင်ငံရေးအတွက် အကောင်းဘက်သို့ ခြေတလှမ်းဟု သုံးသပ် ကြောင်း ၎င်းနှင့် ယောက်ဖတော်စပ်သူ ကိုဖြိုးမင်းသိန်းက ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းထိန်က “၈၈ ကျောင်းသား ခေါင်းဆောင်တွေ အနေနဲ့ အများကြီး စွန့်လွှတ်ပေးဆပ် နေရတဲ့ကြားက နိုင်ငံအတွက် အမြဲအပြုသဘော ရှုမြင်တတ်ကြတယ်။ NLD ကလည်း ဒါကို အလေးအနက်ထားပါတယ်” ဟု ပြောသည်။
နှစ်ရှည် အကျဉ်းကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များက ၎င်းတို့ လွတ်မြောက်ရေး အတွက် အစိုးရ ထံတွင် အသနားခံမည်ဆိုသည့် သတင်းများ လတ်တလောတွင် ထွက်ပေါ် နေသော်လည်း မမှန်ကန်ကြောင်း အဆိုပါ ကျောင်း သား ခေါင်းဆောင် များက တုန့်ပြန်ပြောဆိုသည်ဟု သိရသည်။
၎င်းတို့ အနေဖြင့် အစိုးရထံ အသနားခံစာ တင်ခြင်း လုံးဝ လုပ်ဆောင်မည် မဟုတ်ဟု ပြောဆိုကြောင်း သူတို့ အကျဉ်း ကျခံ နေရသည့် အကျဉ်းထောင်များနှင့် နီးစပ်သူများက ဆိုသည်။
ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် အပါအဝင် ကျောင်းသား ခေါင်းဆောင်များသည် ၁၉၈၈ ခုနှစ် ကျောင်းသား လှုပ်ရှားမှုများ၊ တနိုင်ငံလုံးပါဝင်သည့် လူထု လှုပ်ရှားမှုများတွင် စတင် ခေါင်းဆောင် ပါဝင်ခဲ့ပြီး စစ်အစိုးရ၏ အဖမ်းအဆီးကို ခံခဲ့ကြရကာ ထောင်ဒဏ်နှစ်ရှည် ကျခံခဲ့ရသည်။
၂၀၀၄ ခုနှစ်က စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် အပေါင်း အပါများကို တာဝန်မှ ရပ်စဲကာ အရေးယူခဲ့ပြီးနောက် နအဖ စစ်အစိုးရက ပြန်လည်စိစစ် လွှတ်ပေးခဲ့ခြင်းကြောင့် ၎င်းတို့ လွတ်မြောက် လာခဲ့ကြသည်။
အကျဉ်းထောင် အသီးသီးမှ ပြန်လည်လွတ်မြောက်လာကြသော ၈၈ မျိုးဆက် ကျောင်းသားများသည် ပြန်လည် စုစည်းခဲ့ကြပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ လူ့အခွင့်အရေး မှတ်တမ်းများ ကောင်းမွန်ရေး တို့အတွက် ဆက်လက် လုပ်ဆောင်ခဲ့သည်။
ထိုသို့ လုပ်ဆောင်နေစဉ် လောင်စာဆီဈေး မြင့်တက်လာမှုကြောင့် ကုန်ဈေးနှုန်း ကြီးမားလာမှုကို နိုင်ငံသားများ ခံစားနေရသဖြင့် လောင်စာ ဆီဈေးနှုန်း ချပေးရန် ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြခဲ့မှုကြောင့် နအဖ အစိုးရက ပုဒ်မ အမျိုးမျိုးတပ်ကာ မတရား သဖြင့် နှစ်ပေါင်း ၆၀ ကျော် ထောင်ဒဏ်များ အသီးသီး ချမှတ်လိုက်သည်။ ၎င်းတို့အားလုံး မိသားစုနှင့် ဝေးလံသည့် အကျဉ်း ထောင် များသို့ ပြောင်းရွှေ့ခြင်း ခံနေကြရသည်။
Ref: ဧရာဝတီ
မြန်မာကလေးစစ်သားအရေး ဖိအားပေးရန် အမေရိကန်ကို တိုက်တွန်း
04 August 2011
မြန်မာပြည်မှ ကလေးစစ်သားများကို အမေရိကန် ပြည်ထောင်စုတွင် အခြေချခိုလှုံခွင့်ပေးရေး ကူညီရန် သမ္မတ အိုဘားမား အစိုးရအား ကလေးစစ်သားဟောင်း ဟိန်းမင်းအောင်က အမေရိကန်လွှတ်တော် ကြားနာပွဲတွင် တိုက်တွန်းသွားသည်။
“အမေရိကန် ပြည်ထောင်စုမှာ ကျနော့်ရဲ့ အဖြစ်အပျက်ကို လာရောက် ပြောပြဖို့ဟာ ကျနော့် မျှော်လင့်ချက်ပါ။ မြန်မာပြည်မှာ ကလေးစစ်သားပေါင်း ၇ သောင်းလောက် ရှိတယ်ဆိုတာကို သတိ ပိုပြုမိရေးအတွက် ဆောင်ရွက်ချင်လို့ပါ” ဟု ဟိန်းမင်းအောင်က အမျိုးသမီးလွှတ်တော်အမတ် အက်ဒီ ဘားနိုက်စ် ဂျွန်ဆင် ကမကထပြုသော အမေရိကန်လွှတ်တော် ကြားနာပွဲ၌ ယမန်နေ့က ပြောကြားသည်။
ယခုအခါ နယူးဇီလန် နိုင်ငံ၌ အခြေချနေထိုင်နေသော ဟိန်းမင်းအောင်က မြန်မာကလေးစစ်သား ထောင်ပေါင်းများစွာ အသုံးပြု ခံနေရသည်ကို အဆုံးသတ်ရေးအတွက် အမေရိကန်အစိုးရ၏ အကူအညီလိုအပ်ကြောင်း၊ ကလေးစစ်သား အသုံးပြုမှု အဆုံး သတ်ရေးအတွက် ကုလသမဂ္ဂကို အမေရိကန်က ဖိအားပေးသင့်ကြောင်း ဆိုသည်။
“သူတို့ရဲ့ ကလေးစစ်သားဆိုတဲ့ အိပ်မက်ဆိုးတွေ အဆုံးသတ်ဖို့ လုပ်နေကြတာ၊ ကမ္ဘာကြီးက သူတို့ ဒုက္ခတွေအပေါ် ဂရုစိုက်တာ၊ သူတို့ အမေ့ခံ မဟုတ်တာကို ကလေးစစ်သားတွေ သိအောင် လုပ်ပေးဖို့ လိုပါတယ်” ဟု ဟိန်းမင်းအောင်က ပြောသည်။
ယခု အသက် ၂၆ နှစ် ရှိပြီဖြစ်သော ဟိန်းမင်းအောင်သည် အသက် ၁၄ နှစ်အရွယ်တွင် စစ်တပ်အတွင်းသို့ အသွင်းခံရသည်။ နောက် ၂ နှစ်အကြာတွင် စစ်တပ်တွင်းမှ နယ်စပ်သို့ ထွက်ပြေးခဲ့ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခဲ့သည်။ ယခု အမေရိကန်သို့ လာရောက်ပြီး မြန်မာနိုင်ငံမှ ကလေးစစ်သားများ၏ အခြေအနေနှင့် ပတ်သက်၍ အမေရိကန် ဥပဒေပြုသမားများ၊ အစိုးရအရာရှိများ၊ Think Tank များနှင့် တွေ့ဆုံပြီး ရှင်းလင်း ပြောဆိုနေသည်။
ဝါရှင်တန်ရှိ အမေရိကန် လွှတ်တော်တွင် မြန်မာ့အရေး လေ့လာသူများနှင့် ဥပဒေပြု အမတ်များ ရှေ့မှောက်၌ ထွက်ဆိုရာ၌ ဟိန်းမင်းအောင်က “မြန်မာနိုင်ငံဟာ ယနေ့ကမ္ဘာမှာ ကလေးစစ်သားအရေအတွက် အများဆုံးရှိတဲ့ နိုင်ငံတခုပါ။ ကလေး စစ်သားအဖြစ် တပ်ထဲအသွင်းခံရတာ၊ စစ်သားတယောက်အဖြစ် ဖိနှိပ်မှုတွေ ကိုယ်တိုင် ကြုံရတာ၊ အသက် ၁၆ နှစ်မှာ ထိုင်းကို ထွက်ပြေးခဲ့တာ စတဲ့ အတွေ့အကြုံတွေကို ပြန်ပြောပြမှာပါ” ဟု ပြောဆိုသည်။
ကုလသမဂ္ဂရုံး မြန်မာ့ရန်ပုံငွေအဖွဲ့မှ ဒေါက်တာ သောင်းထွန်းက ကုလသမဂ္ဂ လုပ်ပိုင်ခွင့်များမှတဆင့် ကလေးစစ်သားကိစ္စကို ဆောင်ရွက်လာရန် အမေရိကန်က ဖိအားပေးရန် တိုက်တွန်းသင့်ကြောင်း၊ မြန်မာအစိုးရအပေါ် အရေးယူရေးတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ တရုတ်နှင့် ရုရှတို့က ဗီတိုအာဏာသုံးကာ အကာအကွယ်ပေးနေသောကြောင်း ပြောသည်။
Ref: ဧရာဝတီ
ဒုက္ခသည်တို့ကို ကူရန် ပါတီများ တောင်းဆို
ခင်ဦးသာ
04 August 2011
ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီ ၅ ခုက အစိုးရကို ကချင်၊ ရှမ်း၊ ကရင်ဒေသများတွင် ထွက်ပြေးနေကြရသော စစ်ပြေး ဒုက္ခသည်များအား ကူညီထောက်ပံ့ပေးရန် ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုလိုက်သည်။
အစိုးရအပြင် ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများကလည်း လူသားချင်း စာနာသောအားဖြင့် အမြန်ဆုံး ကူညီကြရန် ဗုဒ္ဓဟူး နေ့က ထုတ်ပြန်သည့် ထိုပါတီ ၅ ခု၏ ကြေညာချက်တွင် တိုက်တွန်းထားသည်။
“အပြစ်မဲ့တဲ့ ပြည်သူတွေဟာ နယ်စပ်ဒေသတွေမှာ သောင်းချီပြီး ဒုက္ခရောက်နေကြတယ်၊ ဒါကို နိုင်ငံရေး ရှုထောင့်က မကြည့်ဘဲ နိုင်ငံသားတွေ၊ ဒုက္ခသည် တွေလို့ သဘောထားပြီး ကူညီကြဖို့ တောင်းဆိုရတာပါ” ဟု ကြေညာချက်ထုတ်ရာတွင် ပါဝင်သည့် ချင်းအမျိုးသား ပါတီ၏ အတွင်းရေးမှူး ဆလိုင်းကျဲဘစ်ထောင်းက ဧရာဝတီကို ပြောသည်။
အစိုးရက လိုက်လျောမှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပါတီများက လုပ်ဆောင် သင့်သည်ဟု ယူဆ၍ ယခုကဲ့သို့ ကြေညာ ချက်ထုတ် တောင်းဆိုရခြင်း ဖြစ်ကြောင်း သူက ရှင်းပြသည်။
နယ်စပ် ဒေသ တိုက်ပွဲများ၊ ထွက်ပြေး နေကြရသော တိုင်းရင်းသားများအကြောင်းကို ပုဂ္ဂလိက စာနယ်ဇင်းများတွင် ဖော်ပြ ခွင့်မရှိသည့်အပြင် အစိုးရကလည်း သတင်း အမှောင်ချထားသည်။
“ပြည်တွင်း မီဒီယာတွေမှာ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးရေးတာ မတွေ့ရပါဘူး၊ ဒီတော့ လူတွေကလည်းပဲ မသိကြတော့ ကူညီမှုတွေဘာမှ မရကြဘူးပေါ့၊ ဒီအတွက် အလွန်ပဲ စိတ်မကောင်းဖြစ်ရပါတယ်” ဟု ဦးဆလိုင်းကျဲဘစ်ထောင်းက ဆိုသည်။
တိုင်းရင်းသားပါတီများ၏ ကြိုးပမ်းချက်ကို ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူများက ကြိုဆိုလိုက်သည်။
“ပါတီတွေက တောင်းဆိုတာကို ကြိုဆိုပါတယ်၊ ဒါပေမယ့် ကူညီမယ့် ကိစ္စကို အစိုးရက ခွင့်ပြုပေးလိမ့်မယ်လို့ မထင်ပါဘူး၊ အဲဒီလို ကူညီတဲ့ အစဉ်အလာ တခါမှ မရှိခဲ့တဲ့အတွက် အခုလည်းပဲ ကူညီမှု ပေးမယ် မထင်ပါဘူး” ဟု ကချင်စစ်ပြေး ဒုက္ခသည်များ ကူညီ စောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ကိုလာရစ်က ပြောသည်။
ပြီးခဲ့သည့် ၂ လအတွင်း ကချင်ဒေသ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူပေါင်း အနည်းဆုံး ၁၇၅၂၁ ဦးရှိကြောင်း၊ နေ့စဉ် ဆယ်ဂဏန်းအထိ ထပ်မံ ရောက်ရှိလာနေကြောင်း ကိုလာရစ်က ပြောသည်။
လိုင်ဇာဒေသသို့ အများဆုံး သွားရောက် တိမ်းရှောင်ကြပြီး၊ တချို့က လိုင်ဇာတ၀ိုက်ရှိ မိုင်ဂျာယန်၊ မဂါယာန နှင့် ကချင်ပြည်နယ် အနောက်ပိုင်း ဒေသများသို့ ခိုလှုံနေကြသည်ဟု သိရသည်။
ကချင်ဒေသ ဒုက္ခသည်စခန်းများတွင် လူဦးရေ ထူထပ်နေပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်း စနစ်တကျ လုပ်ဆောင်နိုင်ခြင်း မရှိသဖြင့် ကူးစက်ရောဂါ ဖြစ်ပွားနေသည်ဟု ကိုလာရစ် က ရှင်းပြသည်။
“၀မ်းရောဂါ ဖြစ်တာက ၅ နှစ်အောက် ကလေးတွေ အဖြစ် များနေတယ်၊ နောက်ပြီးတော့ ဒုက္ခသည်တွေထဲမှာ မီးဖွားပြီးခါစ မိခင်တွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေပါ ရှိနေတဲ့ အတွက် အဓိက လိုအပ်နေတာက ဆေးဝါးနဲ့ စားသောက်စရာ ဖြစ်ပါတယ်” ဟု သူက ဧရာဝတီကို ပြောသည်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အာဏာပိုင်တို့ထံမှ ဇူလိုင်လ အတွင်း ရခဲ့သည့် ဆေးဝါးတချို့မှလွဲ၍ တခြား အကူအညီများ မရရှိသေးကြောင်း သူက ပြောသည်။
တိုင်းရင်းသားဒေသ စစ်ပွဲများကြောင့် ထွက်ပြေးရသူ အရေအတွက်သည် ရှမ်းပြည်နယ်တွင် ၁၂၈,၇၅၀၊ ကရင်ပြည်နယ်တွင် ၁၁၃,၅၀၀ အထိ ရှိနေသည်ဟု ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) ၏ ၂၀၁၀ ပြည့်နှစ် မှတ်တမ်းများအရ သိရသည်။
မြန်မာပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်များသည် ပဲခူးတိုင်းအရှေ့ပိုင်း၊ ကယား၊ မွန်၊ တနင်္သာရီ ဒေသတို့တွင်လည်း ရှိနေသည်ဟု TBBC က ဆိုသည်။
ထိုဒုက္ခသည်များအား ကူညီရန် အစိုးရကို အင်္ဂါနေ့က တောင်းဆိုလိုက်သည့် တိုင်းရင်းသားပါတီ ၅ ခုမှာ
- ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီ၊
- ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ( RNDP )၊
- ချင်းအမျိုးသားပါတီ (CNP )၊
- မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊
- ဖလုံ-စဝေါ် ( ကရင် ) ပါတီ တို့ ဖြစ်သည်။
ဒုက္ခသည်အရေးအပြင် လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်ရေး အတွက် သက်ဆိုင်သူ အားလုံး ပါဝင်သော ငြိမ်းချမ်းရေး ကော်မတီတခု ဖွဲ့ပေးရန်၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ချက်ချင်း ကြေညာရန်လည်း ထိုပါတီတို့က အစိုးရကို တိုက်တွန်း ထားသည်။
Ref: ဧရာဝတီ
ဘိုးဘွားရန်ပုံငွေ စင်တင်ပွဲတွင် ဇေယျာသော် သီဆိုခွင့်မရ
လင်းသန့်
04 August 2011
ဘိုးဘွားများ စောင့်ရှောက်ရေး ဂေဟာ တခုအတွက် ရန်ပုံငွေပွဲတွင် မကြာခင်က အကျဉ်းထောင်မှ လွတ်မြောက်ခဲ့သော ဟစ်ပ်ဟော့ပ် အဆိုတော် ဇေယျာသော် ဝင်ရောက်ဖျော်ဖြေခွင့် ပိတ်ပင်ခံရကြောင်း သိရသည်။
ရန်ကုန် ဒဂုံမြို့သစ် မြောက်ပိုင်းတွင် စာရေးဆရာမ သန်းမြင့်အောင် ဦးစီးဖွင့်လှစ်ထားသည့် “ဆည်းဆာရိပ်” အကူအညီမဲ့ ဘိုးဘွားများ စောင့်ရှောက်ရေး ရိပ်သာ ရန်ပုံငွေပွဲအတွက် “ဆည်းဆာအလှ ဖန်တီးကြသူများ” အမည်ရှိ ဂီတ ဖျော်ဖြေပွဲတရပ်ကို လာမည့် သြဂုတ်လ ၆ ရက်နေ့ စနေနေ့တွင် ကန်တော်ကြီး မျှော်စင်ကျွန်း၌ ကျင်းပရန် စီစဉ်ထားသည်။
မူလက ဇေယျာသော်အပါအဝင် တခြားအဆိုတော်များ၏ ရန်ပုံငွေစင်တင်ပွဲ ခွင့်ပြုမိန့် ရခဲ့ပြီးသော်လည်း ရန်ကုန် မင်္ဂလာ တောင်ညွန့် ရဲစခန်း တာဝန်ရှိသူများက အထက်၏ စေခိုင်းချက်အရဟု ဆိုကာ ဇေယျာသော် ပါဝင် သီဆိုပါက အဆိုပါ ပွဲခွင့်ပြုမိန့် ပြန်လည်ရုပ်သိမ်းမည်ဟု ပြောဆိုလာ ကြောင်း သိရသည်။
“ဘိုးဘွားတွေအတွက် ရန်ပုံငွေပွဲပျက်မှာ စိုးလို့ ကျနော် ဒီပွဲမှာ မဆိုပါဘူး ဆိုတာကို စီစဉ်သူတွေက လက်မှတ် ထိုးပေးခဲ့ရတယ်လို့ သိရပါတယ်” ဟု ဇေယျာသော်က ဧရာဝတီကို ပြောသည်။
ထို့ကြောင့် ဖျော်ဖြေပွဲတွင် ဇေယျာသော်မပါဘဲ ကျန်အဆိုတော် များနှင့်သာ တင်ဆက်သွားမည်ဖြစ်ကြောင်း ပွဲစီစဉ် သူများက ဆိုသည်။
ယခုကျင်းပမည့် စင်တင်တေးဂီတ ရန်ပုံငွေဖျော်ဖြေပွဲတွင် သီချင်းသီဆိုခွင့် မရသော်လည်း ဇေယျာသော်ကို အနုပညာလုပ်ငန်း လုပ်ကိုင်ခွင့်၊ သီချင်းသီဆိုခွင့်များ တရားဝင် ပိတ်ပင်ခြင်း မရှိကြောင်း သိရသည်။
“ကျနော်က နိုင်ငံရေးတက်ကြွ လှုပ်ရှားသူဖြစ်လို့ သီချင်းဆိုခွင့် မပေးဘူးဆိုရင်တော့ မဖြစ်သင့်တဲ့ကိစ္စပါ။ ကျနော့်ကို တော့ စာနဲ့ပေနဲ့ တရားဝင် အကြောင်းကြားတာ မရှိသေးပါဘူး။ လောလောဆယ် အခြေအနေအထိ ဘာ အကြောင်း ပြချက်မှ မပေးဘူး။ ကျနော်ကတော့ ဒါ တရားဝင်တယ်လို့ မယုံကြည်ဘူး” ဟု ဇေယျာသော်က ပြောသည်။
မြန်မာနိုင်ငံတွင် အနုပညာသမားများအား အနုပညာလုပ်ငန်းလုပ်ခွင့် ပိတ်ပင်ခြင်းမျိုး ယခင်ကလည်း ရှိခဲ့ကြောင်း၊ ယခုချိန် အထိလည်း ရှိနေဆဲဖြစ်ကြောင်း၊ ယခင်ကတည်းက ပိတ်ထားပြီး ယခုအချိန်အထိ အနုပညာလုပ်ခွင့် မရသေး သူများလည်း ရှိနေဆဲဖြစ်ကြောင်း၊ ယခုကဲ့သို့ ဖြေရှင်းပုံ အဟောင်းအတိုင်း သွားမည်ဆိုလျှင် မြန်မာနိုင်ငံအတွက် အပြောင်းအလဲ မရှိ သေးဘူးဟု ပြောရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အခုတည်ဆဲ အစိုးရဟာ ဒီမိုကရက်တစ် အစိုးရသာဖြစ်တယ်ဆိုရင် မတူညီတဲ့ ကွဲပြားမှုတွေကို နားလည်လက်ခံ ပေးရမှာလေ။ ကျနော်တို့ရဲ့ ယုံကြည်ချက်တွေဟာ အခုတည်ဆဲ အစိုးရရဲ့ ရပ်တည်မှုတွေနဲ့ ကွဲလွဲကောင်း ကွဲလွဲ ပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ လုပ်နေတဲ့အလုပ်တွေက ဥပဒေ ပြင်ပမှာ လုပ်နေတာ မဟုတ်ပါဘူး” ဟု ဇေယျာသော်က ပြောသည်။
အဆိုတော် ဇေယျာသော်သည် မျိုးဆက်သစ် လူငယ်များအစည်းအရုံး (Generation Waves) ကို ဦးဆောင် လှုပ်ရှားခဲ့သူ တဦးလည်းဖြစ်ပြီး အစိုးရ အကျဉ်းထောင်ထဲတွင် ၃ နှစ်ကျော် နေထိုင်ခဲ့ရသည်။
၎င်း အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီး နောက်ပိုင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ တခြား တက်ကြွလှုပ်ရှား သူများနှင့် လက်တွဲကာ ဥပဒေ ဘောင်အတွင်း၌ လူမှု ကူညီ ရေးလုပ်ငန်းများ၊ အများ အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်လျက် ရှိသည်။
ဇွန်လ ၁၉ ရက်နေ့က NLD ရုံးချုပ်တွင် ကျင်းပသော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲ၌ ဇေယျာသော်က တက်ရောက် လာသူများကို သူ၏သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့သည်။
Ref: ဧရာဝတီ
ဘိုးဘွားရန်ပုံငွေ စင်တင်ပွဲတွင် ဇေယျာသော် သီဆိုခွင့်မရ
လင်းသန့်
04 August 2011
ဘိုးဘွားများ စောင့်ရှောက်ရေး ဂေဟာ တခုအတွက် ရန်ပုံငွေပွဲတွင် မကြာခင်က အကျဉ်းထောင်မှ လွတ်မြောက်ခဲ့သော ဟစ်ပ်ဟော့ပ် အဆိုတော် ဇေယျာသော် ဝင်ရောက်ဖျော်ဖြေခွင့် ပိတ်ပင်ခံရကြောင်း သိရသည်။
ရန်ကုန် ဒဂုံမြို့သစ် မြောက်ပိုင်းတွင် စာရေးဆရာမ သန်းမြင့်အောင် ဦးစီးဖွင့်လှစ်ထားသည့် “ဆည်းဆာရိပ်” အကူအညီမဲ့ ဘိုးဘွားများ စောင့်ရှောက်ရေး ရိပ်သာ ရန်ပုံငွေပွဲအတွက် “ဆည်းဆာအလှ ဖန်တီးကြသူများ” အမည်ရှိ ဂီတ ဖျော်ဖြေပွဲတရပ်ကို လာမည့် သြဂုတ်လ ၆ ရက်နေ့ စနေနေ့တွင် ကန်တော်ကြီး မျှော်စင်ကျွန်း၌ ကျင်းပရန် စီစဉ်ထားသည်။
မူလက ဇေယျာသော်အပါအဝင် တခြားအဆိုတော်များ၏ ရန်ပုံငွေစင်တင်ပွဲ ခွင့်ပြုမိန့် ရခဲ့ပြီးသော်လည်း ရန်ကုန် မင်္ဂလာ တောင်ညွန့် ရဲစခန်း တာဝန်ရှိသူများက အထက်၏ စေခိုင်းချက်အရဟု ဆိုကာ ဇေယျာသော် ပါဝင် သီဆိုပါက အဆိုပါ ပွဲခွင့်ပြုမိန့် ပြန်လည်ရုပ်သိမ်းမည်ဟု ပြောဆိုလာကြောင်း သိရသည်။
“ဘိုးဘွားတွေအတွက် ရန်ပုံငွေပွဲပျက်မှာ စိုးလို့ ကျနော် ဒီပွဲမှာ မဆိုပါဘူး ဆိုတာကို စီစဉ်သူတွေက လက်မှတ် ထိုးပေးခဲ့ရတယ်လို့ သိရပါတယ်” ဟု ဇေယျာသော်က ဧရာဝတီကို ပြောသည်။
ထို့ကြောင့် ဖျော်ဖြေပွဲတွင် ဇေယျာသော်မပါဘဲ ကျန်အဆိုတော်များနှင့်သာ တင်ဆက်သွားမည်ဖြစ်ကြောင်း ပွဲစီစဉ် သူများက ဆိုသည်။
ယခုကျင်းပမည့် စင်တင်တေးဂီတ ရန်ပုံငွေဖျော်ဖြေပွဲတွင် သီချင်းသီဆိုခွင့် မရသော်လည်း ဇေယျာသော်ကို အနုပညာလုပ်ငန်း လုပ်ကိုင်ခွင့်၊ သီချင်းသီဆိုခွင့်များ တရားဝင် ပိတ်ပင်ခြင်း မရှိကြောင်း သိရသည်။
“ကျနော်က နိုင်ငံရေးတက်ကြွ လှုပ်ရှားသူဖြစ်လို့ သီချင်းဆိုခွင့် မပေးဘူးဆိုရင်တော့ မဖြစ်သင့်တဲ့ကိစ္စပါ။ ကျနော့်ကို တော့ စာနဲ့ပေနဲ့ တရားဝင် အကြောင်းကြားတာ မရှိသေးပါဘူး။ လောလောဆယ် အခြေအနေအထိ ဘာ အကြောင်း ပြချက်မှ မပေးဘူး။ ကျနော်ကတော့ ဒါ တရားဝင်တယ်လို့ မယုံကြည်ဘူး” ဟု ဇေယျာသော်က ပြောသည်။
မြန်မာနိုင်ငံတွင် အနုပညာသမားများအား အနုပညာလုပ်ငန်းလုပ်ခွင့် ပိတ်ပင်ခြင်းမျိုး ယခင်ကလည်း ရှိခဲ့ကြောင်း၊ ယခုချိန်အထိလည်း ရှိနေဆဲဖြစ်ကြောင်း၊ ယခင်ကတည်းက ပိတ်ထားပြီး ယခုအချိန်အထိ အနုပညာလုပ်ခွင့် မရသေး သူများလည်း ရှိနေဆဲဖြစ်ကြောင်း၊ ယခုကဲ့သို့ ဖြေရှင်းပုံ အဟောင်းအတိုင်း သွားမည်ဆိုလျှင် မြန်မာနိုင်ငံအတွက် အပြောင်းအလဲ မရှိသေးဘူးဟု ပြောရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အခုတည်ဆဲ အစိုးရဟာ ဒီမိုကရက်တစ် အစိုးရသာဖြစ်တယ်ဆိုရင် မတူညီတဲ့ ကွဲပြားမှုတွေကို နားလည်လက်ခံ ပေးရမှာလေ။ ကျနော်တို့ရဲ့ ယုံကြည်ချက်တွေဟာ အခုတည်ဆဲ အစိုးရရဲ့ ရပ်တည်မှုတွေနဲ့ ကွဲလွဲကောင်း ကွဲလွဲ ပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ လုပ်နေတဲ့အလုပ်တွေက ဥပဒေ ပြင်ပမှာ လုပ်နေတာ မဟုတ်ပါဘူး” ဟု ဇေယျာသော်က ပြောသည်။
အဆိုတော် ဇေယျာသော်သည် မျိုးဆက်သစ် လူငယ်များအစည်းအရုံး (Generation Waves) ကို ဦးဆောင် လှုပ်ရှားခဲ့သူ တဦးလည်းဖြစ်ပြီး အစိုးရ အကျဉ်းထောင်ထဲတွင် ၃ နှစ်ကျော် နေထိုင်ခဲ့ရသည်။
၎င်း အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီး နောက်ပိုင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ တခြား တက်ကြွလှုပ်ရှား သူများနှင့် လက်တွဲကာ ဥပဒေ ဘောင်အတွင်း၌ လူမှု ကူညီ ရေးလုပ်ငန်းများ၊ အများ အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်လျက် ရှိသည်။
ဇွန်လ ၁၉ ရက်နေ့က NLD ရုံးချုပ်တွင် ကျင်းပသော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲ၌ ဇေယျာသော်က တက်ရောက် လာသူများကို သူ၏သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့သည်။
Ref: ဧရာဝတီ
ဘားအံတွင် အိမ် ရာနှင့်ချီ ရေမြှုပ်
သန်းထိုက်ဦး
04 August 2011
မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ကရင်ပြည်နယ် ဘားအံမြို့တွင် ယမန်နေ့ ညက စတင်၍ လယ်ကွင်း နှင့် လူနေအိမ် အများအပြား ရေနစ်မြှုပ်သွားကြောင်း ဒေသခံများက ပြောသည်။
ရာနှင့်ချီသောမိသားစုများအတွက် အာဏာပိုင်တို့က စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ အားကစားကွင်းတို့တွင် ယာယီ ကယ်ဆယ်ရေး စခန်းများ ဖွင့်ပြီး အကူအညီ ပေးထားကြောင်း သိရသည်။
“လူတွေကို လိုက်ကယ်နေတုန်းပဲ။ (နေ့ခင်း) ၁၂ နာရီ မထိုးခင်လေးက ၆၁၉ အိမ်ထောင်စု ရှိတယ်၊ အခုထိ ရေတက်နေ သေး တယ်” ဟု ဒေသခံ အမျိုးသမီး တဦးက ဧရာဝတီကို ပြောသည်။
ဒေသခံများ ပြောကြားချက်အရ အမှတ် ၁၊ ၂၊ ၅ ရပ်ကွက်တို့တွင် ရေကြီးမှု ပိုများပြီး အိမ်အများအပြား ခေါင်မိုးအထိ နစ်မြှုပ် လျက်ရှိကြောင်း သိရသည်။
ဘားအံသည် သံလွင်မြစ်ဘေးတွင် တည်ရှိသည်။
“ပြီးခဲ့တဲ့ တပတ်တုန်းက ဒီလောက် ရေမတက်ဘူး၊ ဒီအခု တက်တာက အရင် တခေါက်ကထက် ပိုများလာတယ်” ဟု ဘားအံတွင် နေထိုင်သူ အမျိုးသားတဦးက ပြောသည်။
သံလွင်မြစ်ရေသည် ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်း တိုင်းထွာချက်အရ ဘားအံမြို့တွင် ၈၁၈ စင်တီမီတာသို့ ရောက်ရှိနေကြောင်း၊ စိုးရိမ် ရေမှတ် အထက် ၆၈ စင်တီမီတာ (၂ ဒသမ ၂ပေခန့်) ကျော်လွန်နေခြင်း ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။ ၃ ရက်အတွင်း ၇၅၀ စင်တီမီတာအထက်တွင် ရှိနေမည်ဟု ဆိုသည်။ ကမ်းရိုးတန်းဒေသတွင် ယနေ့ မိုးများ မည်ဖြစ်ပြီး ပြည်နယ်တိုင်း ၁၄ ခုလုံးတွင်လည်း မိုးထစ်ချုန်း ရွာမည်ဟု ခန့်မှန်းထားသည်။
ပြီးခဲ့သည့် ဇူလိုင်လကလည်း ဘားအံအနီး လှိုင်းဘွဲ့မြို့နယ်တွင် မိုးများ၍ ရေကြီးမှု ဖြစ်ပွားခဲ့ရာ စိုက်ခင်းအများအပြား ရေနစ် မြှုပ်ခဲ့သည်။
Ref: ဧရာဝတီ
ကား ၅၀၀၀ အောက်လမ်းမှ ကြံ့ဖွံ့သွင်းခွင့်ရ
04 August 2011
ထိုင်းနိုင်ငံဘက်မှ မော်တော်ယာဉ် အစီးရေ ၅၀၀၀ တင်သွင်းခွင့်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ရရှိထားကြောင်း သိရသည်။
ကြံ့ဖွံ့ပါတီဝင် အလုပ်အမှုဆောင်များကို လစာပေးနိုင်ရန်အတွက် အဆိုပါ ကားများကို တင်သွင်းခွင့် ရရှိခြင်းဖြစ်ကြောင်း၊ ဇူလိုင် ၂၆ ရက်နေ့က အမျိုးအစား စုံလင်သော ကားများ ရန်ကုန်သို့ စတင် ရောက်ရှိပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီ အလုပ် အမှုဆောင် တဦးကပြောသည်။
ကားများကို မော်လမြိုင်ဘက်မှ တဆင့် တင်သွင်းလာ ခြင်းဖြစ်ပြီး စစ်တောင်းတံတား ဖြတ်ခအဖြစ် ယာဉ် အားလုံးအတွက် ကျပ် ၁၂ သိန်းသာ ပေးဆောင်ခဲ့ ရကြောင်း သိရသည်။
ကြံ့ဖွံ့ပါတီမှ ပါတီဝင်များကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးအဆင့်များ ခွဲကာ လစာ သတ်မှတ် ပေးမည်ဖြစ်ကြောင်း၊ ပါတီ၏ ဗဟိုအဆင့်ရှိ သူများကို လစာ ကျပ် ၃ သိန်း၊ ပြည်နယ်နှင့်တိုင်း အဆင့် ပါတီ အတွင်းရေးမှူး များကို ကျပ် ၁ သိန်း ၂ သောင်း၊ ခရိုင်အဆင့် အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင် များကို ကျပ် ၈ သောင်းနှင့် ၇ သောင်း၊ မြို့နယ် အဆင့် အတွင်းရေးမှူး နှင့် အလုပ်အမှုဆောင်များကို ကျပ် ၆ သောင်းနှင့် ၅ သောင်း စသည်ဖြင့် သတ်မှတ်၍ လစဉ် ပေးနေ ကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီ အလုပ်အမှုဆောင် တဦးကဆိုသည်။
ကြံ့ဖွံ့ပါတီက ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်နှင့်တိုင်း ဒေသကြီး အဆင့်များအလိုက် စုစုပေါင်း ၇၂၆ ဦးကို ဇူလိုင် လဆန်းမှစတင်ကာ လစာပေးနေပြီ ဖြစ်ကြောင်းလည်း သတင်းရရှိသည်။
ကြံ့ဖွံ့ပါတီဝင်များအား လစာပေးနိုင်ရန်အတွက် မော်တော်ယာဉ်များ ပြည်ပမှ တင်သွင်းခွင့် ရရှိသည့်အပေါ် နိုင်ငံရေး အသိုင်း အဝန်းကြားတွင် ဝေဖန်ပြောဆိုမှုများ ရှိနေသည်။
“လစာပေးတာတော့ သူတို့ပါတီအနေနဲ့ ရန်ပုံငွေရှိလို့ပေးတာ ဘာမှပြောစရာ မရှိဘူးပေါ့။ နိုင်ငံတော်က နေပြီးတော့ ဒီလို အခွင့်အရေးပေးတယ် ဆိုရင် ပါတီတွေအားလုံးကို ပေးရင် ပြောစရာအကြောင်း မရှိပါဘူး။ တပါတီတည်း ခွဲပေးတာ ကတော့ သိပ်မကောင်းဘူးပေါ့။ နိုင်ငံရေးပါတီတွေက ဝေဖန်စရာရှိလာနိုင်တာပေါ့။ နိုင်ငံရေးပါတီတိုင်း မှာလည်း ရပ်တည်ဖို့ ရန်ပုံငွေ အခက်အခဲ လိုတာပဲလေ” ဟု အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) မှ ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလအမတ်အဖြစ် ဝင်ရောက်အရွေးခံခဲ့သူတဦးကလည်း ကားများ အလုံးအရင်းနှင့် တင်သွင်း ခွင့်ကို ပုံမှန် ကားတင်သွင်းနေသူများပင် မရနိုင်ကြောင်း ပြောသည်။
ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ်များ ကားဈေးကွက်အတွင်း အလုံးအရင်း ရောက်ရှိလာမည် ဆိုပါက ကားဈေးကွက် ကမောက်ကမ ဖြစ်လာမည်ကို စိုးရိမ်ရကြောင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကားဝယ်ရောင်း တဦးကဆိုသည်။
“လက်တလော ဘယ်ကား အမျိုးအစားတွေလဲ ဆိုတာ မူတည်တယ်။ နောက်ပြီး ဒီမှာ ကားလိုအပ်ချက်က တနှစ်ထက် တနှစ် တိုးနေတယ်လေ။ ကားဈေးကွက်မှာတော့ နည်းနည်း လှုပ်နိုင်တယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းက ကားဈေးကွက်အတွင်း လိုင်စင်မဲ့ကားများအား လိုင်စင်ခွင့်ပြုပေးမည့် သတင်းနှင့်အတူ ကားမျိုးစုံ တန်ဖိုး သတ်မှတ်ထားသည့် စာရင်း ထွက်ပေါ်လာခဲ့သည်။ ဈေးကွက်အတွင်းတွင်လည်း ကားဈေးနှုန်း အတက်၊ အကျကို စောင့်ကြည့်နေသည့် အနေအထားဖြစ်သွားခဲ့ပြီး အရောင်းအဝယ် အေးသွားသည်ဟု သိရသည်။
“ဇွန်လအတွင်းက လိုင်စင်မဲ့ကားတွေ ပြန်ခွင့်ပြုမယ်ဆိုပြီး ကားဈေးနှုန်းတွေ ထွက်လာတယ်။ အဲဒီလို ထွက်ပြီး ကားဈေးတွေ ငြိမ်သွားတယ်။ အခုရက်ပိုင်း ဈေးပြန်တက်လာတယ်။ လိုင်စင်မဲ့ကားတွေ ပြန်ခွင့်ပြုမယ် ဆိုတဲ့ သတင်းက အခုထိ မသေချာ သေးတော့ ပွဲစားတွေက ပြန်ပြီး ဈေးမြှင့် လာကြတယ်” ဟု မော်တော်ယာဉ် ၀ယ်ရောင်း တဦးကဆိုသည်။
ယခုလက်တလောတွင် မိုဒယ်လ်မြင့် အပေါ်ကားများသည် ကျပ်သိန်း ၁၅၀ မှ ၂၅၀ အထိ ဈေးနှုန်း မြင့်တက်သွားကြောင်း၊ ပြည်ပမှ မော်တော်ယာဉ်များ ပြည်တွင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာပါက ဈေးကွက်အတွင်း ဈေးနှုန်းအကျဘက်သို့ ဦးတည်နိုင်ကြောင်း ၎င်းကပြောသည်။
ကြံ့ဖွံ့ပါတီမှ တင်သွင်းခွင့်ရခဲ့သော မော်တော်ယာဉ်များထဲတွင် လိုက်ထရပ်၊ Super Custom၊ Mark II၊ ၂၀၁၁ မိုဒယ်လ် Lexus အပါအ၀င် မိုဒယ်လ်မြင့် ကားများစွာ ပါဝင်ပြီး တင်သွင်းလာသောမော်တော်ယာဉ် စာရင်းအတိအကျကို သတင်း ထုတ်ပြန်၍ မရသေးကြောင်း ယင်းပါတီမှ တာဝန်ရှိသူ တဦးကပြောသည်။
ကြံ့ဖွံ့ပါတီသည် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၂၅ နယ်အနက် ၂၅၉ နယ်၌လည်းကောင်း၊ အမျိုးသားလွှတ်တော် မဲ ဆန္ဒနယ် ၁၆၈ နယ် အနက် ၁၂၉ နယ်၌ လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် မဲဆန္ဒနယ် ၆၆၁ နယ်အနက် ၄၉၄ နယ်၌ လည်း ကောင်း အနိုင်ရရှိခဲ့ပြီး စုစုပေါင်းလွှတ်တော် ကိုယ်စားလှယ် ၁၁၅၄ နေရာ အနက် ၈၈၂ နေရာ၌ အနိုင်ရရှိခဲ့သည်ဟု အစိုးက ကြေညာခဲ့သည်။
Ref: ဧရာဝတီ
ကရင့်အာဇာနည်နေ့အတွင်း နယ်စပ်လုံခြုံရေး သတိထားရန် ကရခ ညွှန်ကြား
4 August 2011
စောသိန်းမြင့်
သြဂုတ်လ ၁၂ရက်နေ့၊ ကရင်အမျိုးသားအာဇာနည်နေ့တွင် နယ်စပ်ဒေသရှိ တပ်စခန်းများအား ကေအဲန်ယူတပ်ဖွဲ့မှ အ လစ်ငိုက် ၀င်ရောက်တိုက်ခိုက်လာနိုင်သဖြင့် သတိထားကြရန် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်(ကရခ)က ယခုလ ၂ရက်နေ့တွင် ညွှန်ကြား လိုက်သည်ဟု စစ်ဖက်ဆိုင်ရာသတင်းများအရ သိရသည်။
တနင်္သာရီတိုင်းရှိ နယ်စပ်အထောက်အကူပြုတပ်စခန်းများကို ယခုလ သြဂုတ်လ ၂ရက်နေ့မှစ၍ ၂၄နာရီလုံး တပ်နေရာ အသင့်ယူ ခြင်း၊ တ၀က်အိပ် တ၀က်နိုးစနစ် ကျင့်သုံးခြင်းနှင့် ဆက်သွယ်မှုလုံးဝ မပြတ်တောက်စေရေး တာဝန်ရှိသူအဆင့်ဆင့်မှ လက် အောက်ခံ တပ်ဖွဲ့ ၀င်များအား စနစ်တကျ နေရာယူ ဆောင်ရွက်သွားကြရန် ညွှန်ကြားလိုက်ခြင်းဖြစ်သည်။
ထိုဒေသရှိ စစ်တပ်နှင့်နီးစပ်သူတဦးက “နယ်စပ်မှာရှိတဲ့ တပ်စခန်းအားလုံးကို ညွှန်ကြားတာပါ။ ဒါကလည်း ဒီနှစ်မှစပြီး ညွှန်ကြား တာ မဟုတ်ပါဘူး။ ဒီ ကရင့်အာဇာနည်နေ့ကျရောက်တဲ့ ခါတိုင်း နှစ်တွေလည်း ညွှန်ကြားတာပဲ။”ဟု ကေအိုင်စီကို ပြောသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) တွဲဘက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “သူတို့လူ တွေ မကြာခဏ တိုက်ခိုက်ခံရတဲ့အပေါ်မှာ ဒီလိုမျိုး နေ့ကြီးရက်ကြီး ရောက်လာရင် ထပ်ပြီး တိုက်ခိုက်ခံရမှာစိုးရိမ်လို့ သူတို့တပ် တွေ အမြဲတမ်း သတိဝိရိယရှိဖို့ Alert (သတိပေး)တဲ့ သဘောပါဘဲ။ ဒါပေမယ့်လို့ ကျနော်တို့ ကေအဲန်ယူအနေနဲ့က ဒါမျိုး နေ့ကြီး ရက်ကြီးတွေမှာ တခါမှ တိုက်ပွဲဆင်နွှဲတာ မရှိခဲ့ပါဘူး။”ဟု ပြောသည်။
ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်းကေနှင့် တပ်မှူးတပ်သားအချို့သည် ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ်၊ ထို့ကော်ကိုးကျေးရွာ (ယခု ဗိုလ်ချုပ်ထင်မောင် ဦးစီးသည့် ကရင် ငြိမ်းချမ်းရေးကောင်စီ အခြေစိုက်)တွင် မဆလတပ်များ၏ ၀ိုင်းဝန်း တိုက်ခိုက်မှုကို ခုခံရင်း ကျဆုံးသွားခဲ့သည့် ၁၉၅၀ခုနှစ်၊ သြဂုတ် လ ၁၂ရက်နေ့ကို ကရင့်အမျိုးသားအာဇာနည်နေ့အဖြစ် သတ်မှတ်လာ ခဲ့ကြသည်။
ယခုနှစ် သြဂုတ်လ ၁၂ရက်နေ့သည် ၆၁နှစ်မြောက် ကရင့် အာဇာနည်နေ့ဖြစ်ပြီး ထိုနေ့တွင် ကေအဲန်ယူ ထိန်းချုပ်ရာ နယ်မြေများ တွင် ကျင်းပရန်ရှိသလို ပြည်ပရောက် ကရင်လူမျိုးများ ကလည်း ၎င်းတို့ ရောက်ရှိသည့်နိုင်ငံများ၌ ကျင်းပရန် စီစဉ်လေ့ရှိ သည်ဟု သိရသည်။
Ref: ကေအိုင်စီ
ဖားအံမြို့ပေါ် ဒုတိယအကြိမ် ရေကြီး၊ ယခုနှစ်အတွင်း အဆိုးဆုံး ဖြစ်
4 August 2011
စောခါးစူး
ကရင်ပြည်နယ်တွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေ လျှံလာသည့်အတွက် မြစ်နံဘေးရှိ ဖားအံမြို့ပေါ်တွင် ရေကြီးမှု ဖြစ်ပွားနေရာ မြို့ပေါ် ရပ်ကွက် ၈ရပ်ကွက်တွင် ရေလွှမ်းမိုးမှုဒဏ်နှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံများက ပြောသည်။
ဖားအံ မြို့ခံတဦးက “မြေနိမ့်ပိုင်းရပ်ကွက်တွေ ရပ်ကွက်တခုလုံး နီးပါး မြုပ်တယ်။ ရေဘယ်လောက်ကြီးလဲဆိုရင် မြေနိမ့်ပိုင်း မှာရှိတဲ့ အမှတ်(၅)ရပ်ကွက်မှာဆို ရေက အိမ်ခေါင်မိုးလောက် ရှိနေပြီ။ မြို့မဈေးရဲ့အောက်ပိုင်းတပိုင်းလုံးလည်း မြုပ်သွားပြီ။ အမှတ်(၆)ရပ် ကွက် တခုပဲ လွတ်တယ်။”ဟု ကရင်သတင်းဌာနကို ပြောသည်။
ဖားအံမြို့တွင် ယခင်လ တတိယအပတ်အတွင်း၌လည်း ပထမအကြိမ် မြစ်ရေလျှံခြင်း ဖြစ်ပွားခဲ့သော်လည်း ယခုတစ်ကြိမ်ကဲ့သို့ အိမ်ခေါင်မိုးထိ ရေလျှံမတက်ခဲ့ပေ။
ကားလမ်းတချို့အပေါ်လည်း ရေလွှမ်းမိုးလာသဖြင့် လမ်းတွေ ပိတ်ထားရသည်။ ရေလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ကြရသူ အရေအတွက် အနည်းဆုံး တစ်ထောင်ကျော်ရှိသည်ဟု သိရသည်။
ရေဘေးဒုက္ခသည်များသည် ဖားအံမြို့ အထက အမှတ်(၁)၊ အောင်သံလွင် ပြည်နယ်အားကစားကွင်းနှင့် လေသာဘုန်းကြီး ကျောင်း တို့တွင် ရွှေ့ပြောင်းနေထိုင်နေကြရသည်ဟု ဖားအံမြို့ အမှတ်(၂)ရပ်ကွက်မှ အမျိုးသမီးတဦးက ပြောသည်။ ထို့အပြင် “ရေတက် လာတော့ ပြီးခဲ့တဲ့ နှစ်ရက်ကစလို့ မြို့က စာသင်ကျောင်းတွေနဲ့ ကွန်ပျူတာ တက္ကသိုလ်ကို ယာယီပိတ်ထားရတယ်။”ဟု ၎င်းက ပြောသည်။
ဖားအံမြို့ အစိုးရအာဏာပိုင်များက ရေဘေးဒုက္ခသည်များကို တဦးလျှင် ဆန် ၂ဗူးနှုန်းဖြင့် ဝေပေးခဲ့ပြီး ခရစ်ယာန်ဘုရား
ကျောင်း က လည်း ဆန်အိတ် (၅၀) လှူဒါန်းသည်ဟု ဖားအံမြို့ဒေသခံများက ပြောသည်။
ထို့အပြင် မြို့မဈေးရှိ ဈေးသည်များမှာ မြေမြင့်ပိုင်းရှိရာ မြို့ကားလမ်းမပေါ်ဘက်ကို ပြောင်းရွှေ့ရကာ ရေနက်သည့်နေရာ များ တွင် လှေဖြင့် သွားလာနေရသည်။
ရပ်ကွက် တစ်ရပ်ကွက်လျှင် အိမ်ခြေတစ်ရာကျော်မှ ငါးရာကျော်ရှိသည့် ဖားအံမြို့၌ အချို့ရပ်ကွက်များမှာ အိမ်ခေါင်မိုးအထိ ရေ လွှမ်းမိုးများ ရှိခဲ့သော်လည်း လူများ ထိခိုက်ဒဏ်ရာရမှု ရှိသည်ဟု မကြားသိရသေးပေ။
ကရင်ပြည်နယ် သံလွင်မြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ ၇၅၀ စင်တီမီတာရှိသည်ဟု ဆိုသော်လည်း ယနေ့တွင်မူ ၈၆၉ စင်တီမီတာထိ မြစ်ရေ မြင့်တက်သွားသည်ဟု မြန်မာအစိုးရ၏ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
Ref: ကေအိုင်စီ
ချောင်းရေမြင့်တက်လာမှုကြောင့် မယ်ရာမိုဒုက္ခသည်နေအိမ် ၃၀၀ကျော် ရေနစ်မြုပ်သွား
4 August 2011
နန်းသူးလေ
ထိုင်း-မြန်မာနယ်စပ် မယ်ရာမို ဒုက္ခသည်စခန်းအတွင်းရှိ မှိုင်းလုံးကြီး(မူယူ)ချောင်းရေ မြင့်တက်လာမှုကြောင့် ဒုက္ခသည်နေအိမ် ပေါင်း ၃၀၀ကျော် ရေနစ်မြုပ်သွားကာ ရိက္ခာဂိုဒေါင် ၃လုံးလည်း ပြီးခဲ့သည့် သြဂုတ်လ ၃ရက်နေ့က ပြိုကျသွားခဲ့ကြောင်း စခန်း တွင်းနေထိုင်သူများ၏ ပြောပြချက်အရ သိရသည်။
အဆိုပါ ချောင်းရေလျှံတက်မှုကြောင့် စခန်းတွင်းရှိ ရပ်ကွက် (၁)၊(၂)၊ (၄)၊ (၅)၊ (၆)၊ (၇)နှင့် Green tree ရပ်ကွက်များမှအိမ် ခြေ၃၄၆လုံး ရေနစ်မြုပ်သွားခဲ့ပြီး ရေဘေးဒုက္ခသည်များမှာ ရေမနစ်မြုပ်သည့် နေအိမ်များ၊ စာသင်ကျောင်း၊ စာကြည့်တိုက်နှင့် ဘုရားရှိခိုးကျောင်းများတွင် လိုက်လံနေထိုင်နေရသည်ဟု ကရင်ဒုက္ခသည်ကော်မတီ(KRC)က ပြောသည်။
KRC မဲ့စရင်းရုံးမှ ၀န်ထမ်းတစ်ဦးက “ရေဘေးဒုက္ခသည်တွေက အတော်များတော့ သူတို့ကို နီးစပ်ရာ အသိအိမ်တွေမှာ သွား ထားသလို စာသင်ကျောင်းတွေမှာလည်း နေနေရတော့ သြဂုတ်လ ၃ရက်နေ့(မနေ့)ကစပြီး ကျောင်းတွေကိုလည်း ပိတ်ထားရ တယ်လေ။”ဟု ကေအိုင်စီကို ပြောသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက မပြတ်တမ်း ရွာသွန်းခဲ့သည့်မိုးကြောင့် သြဂုတ်လ ၂ရက်နေ့တွင် စခန်းတွင်းရှိ မှိုင်းလုံး ကြီးချောင်းရေမှာ ပြည့်လျှံတက်လာပြီး နောက်တစ်ရက်အကြာတွင် ရပ်ကွက်(၇)အတွင်းရှိ ကြိုးတံတားကျိုးကျသွားခဲ့သလို ချောင်းနှင့် မနီးမဝေးရှိ ရိက္ခာဂိုဒေါင် ၃လုံးမှာလည်း ပြိုကျသွားခဲ့ကြောင်း KYO တွဲဖက်အတွင်းရေးမှူး(၂) နော်အေဘေနေးဇာ က ပြောသည်။
၎င်းက “ဒီရက်ပိုင်းမှာ မိုးတွေ အရမ်းရွာနေတာကြောင့် ၂ရက်နေ့မှာ ချောင်းရေ လျှံလာတယ်။ အဲဒါကြောင့် ရေစီးကလည်း အရမ်းသန်တော့ ၃ရက်နေ့ ညနေပိုင်းမှာ တံတားကျိုးသွားတယ်။ နောက်တော့ ဂိုဒေါင် ၃လုံးလည်း ပြိုကျ သွားတယ်။”ဟု ပြော သည်။
သို့သော် ယမန်နေ့ မနက်ပိုင်းက ၎င်းဂိုဒေါင်များရှိ ရိက္ခာအချို့ကို နီးစပ်ရာ တောင်ကုန်းများနှင့် စခန်းဆေးရုံသို့ စခန်းတာဝန်ခံ များက ရွှေ့ပြောင်း ထားနိုင်ခဲ့သော်လည်း ယနေ့အထိ ချောင်းရေမှာ တက်လာနေဆဲဖြစ်သည့်အတွက် ဆေးရုံတွင်းမှ ရိက္ခာများ ကို ဒုက္ခသည်များအား ၃လစာကြိုတင်ထုတ်ပေးလိုက်သည်ဟု မယ်ရာမိုဒုက္ခသည်တစ်ဦးက ပြောသည်။
“ရပ်ကွက်(၇-A) ဂိုဒေါင်က တောင်ကုန်းနဲ့နီးတော့ ရိက္ခာတွေကို တောင်ကုန်းပေါ် ရွှေ့ထားတယ်။ ရပ်ကွက်(၇-B) ဂိုဒေါင်က ဆေးရုံနဲ့နီးတော့ ရိက္ခာတွေကို ဆေးရုံမှာ ရွှေ့ထားတယ်။ ဒါပေမဲ့ ဆေးရုံမှာက လူနာတွေလည်းရှိတော့ ရိက္ခာကို ရေရှည်ထား ဖို့ ခက်ခဲပြီး ဒုက္ခသည်တွေကို ၃လစာ ကြိုတင်ထုတ်ပေးလိုက်တယ်။”ဟု သူက ဆိုသည်။
မယ်ရာမိုဒုက္ခသည်စခန်းတွင် ရပ်ကွက် ၈ခုရှိပြီး အဆိုပါ မှိုင်းလုံးကြီးချောင်းမှာ ရပ်ကွက် (၇)ကို ဖြတ်သန်းလျှက်ရှိရာ ဒုက္ခသည် များက ကြိုးတံတားဖြင့် သွားလာနေကြသည်။
လက်ရှိ အခြေအနေတွင် စခန်းထဲ၌ သွားလာရေးနှင့် ဆက်သွယ်ရေးများ ခက်ခဲကာ စခန်းတာဝန်ရှိသူများအနေဖြင့် ယခုအချိန် ထိ မည်သည့်ကူညီမှုမှ လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးသဖြင့် ရေဘေးဒုက္ခသည်များမှာ ရှိသမျှ စားနပ်ရိက္ခာများဖြင့် ဝေမျှစား သောက်နေကြရသည်ဟု သိရသည်။
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ မဲ့စရင်းမြို့နှင့် ကီလိုမီတာ ၁၅၀ ကွာဝေးသည့် မယ်ရာမိုဒုက္ခသည်စခန်းတွင် ဒုက္ခ သည်ဦးရေ စုစုပေါင်း ၁၉,၃၁၇ဦးရှိသည်ဟု ကရင်ဒုက္ခသည်ကော်မတီ၏ ၂၀၁၁ခုနှစ်၊ မေလထုတ် အစီရင်ခံစာ၌ ဖော်ပြထား သည်။
Ref: ကေအိုင်စီ
Thursday, August 4, 2011
ကြံ့ခိုင်ရေးပါတီကို ပါတီဝင်များ ဖျက်ဆီးနေပြီဟုဆို
August 3, 2011
အံ့ဘုန်းမြတ်
၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံတော်အကြီးအကဲတွေ ဦးဆောင် ထူထောင်ထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို အောက်ခြေ ပါတီဝင်တွေ ဖျက်ဆီးမှု ပြုလုပ်နေပြီလို့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ပြောကြားလိုက်ပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့အတူ အောက်ခြေ ပါတီဝင်တွေက မြန်မာနိုင်ငံအနှံအပြား ဒေသတွေမှာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး နေရာအတွက် လာဘ်ယူ ခန့်ထားမှုတွေနဲ့အတူ ဒုစရိုက်မှု မကင်းသူတွေပါ ခန့်ထားမှုတွေ ပြုလုပ်နေတာတွေအပေါ် ပြည်သူလူထုတွေရဲ့ မကျေနပ်ချက်တွေနဲ့ ထောက်ရှုပြီး ပြစ်တင်ဝေဖန် ပြောကြားလိုက်တာပါ။
ဒီလုပ်ဆောင်မှုတွေကြောင့် ကြံ့ခိုင်ရေးပါတီအပေါ် ပြည်သူလူထုက ဘယ်လို တုံ့ပြန်လာမယ်ဆိုတာ မကြာခင် မြင်တွေ့ရ တော့ မယ်လို့လည်း အမျိုးသား ဒီမိုကရေစီပါတီသစ်ရဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က သတိပေး ပြောကြားလိုက်တာ ဖြစ်ပါတယ်။
“သမ္မတကြီးက ပြောသွားတယ် မဟုတ်လား။ clean government ကို အကောင်အထည်ဖော်ဖို့ဆိုရင်တော့ လက်ရှိ နိုင်ငံတော် အစိုးရရဲ့ မူရင်း မိခင်ပါတီကြီးက ပုဂ္ဂိုလ်ကိုယ်စားလှယ်တွေက ဒီလိုလုပ်နေတယ် ဆိုရင်တော့ နိုင်ငံတော် အစိုးရအပေါ်မှာ ကိုယ့် ပါတီက ကိုယ့်ပြန်ပြီး နာမည်ဖျက်နေတာနဲ့ မတူဘူးလားခင်ဗျာ။ အခုပြည်ခိုင်ဖြိုးပါတီဝင်တွေကပဲ လုပ်နေတဲ့ သဘောကြီးပဲ၊ သူတို့ပါတီအတွက်တော့ ရှေ့အလားအလာက လူထုက ဘယ်လိုတုံ့ပြန်လာမလဲ ဆိုတာ မကြာခင် ရင်ဆိုင်ရမယ့် အနေအထား ပေါ့။”
အလားတူ ရန်ကုန်တိုင်းအတွင်း ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တွေနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေ လာဘ်ယူခန့်ထားခဲ့တဲ့ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး ကိစ္စတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရက ပြန်လည်စိစစ်တာမျိုး မရှိတာတွေကို လာမယ့် လွှတ် တော် အစည်းအဝေးမှာ တင်ပြသွားမယ်လို့လည်း အမျိုးသား ဒီမိုကရေစီ ပါတီသစ်ခေါင်းဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဆိုပါတယ်။
“ကြံ့ခိုင်ရေးအမတ်တွေနဲ့ တိုင်ပင်ပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ခန့်ခဲ့တယ်ဆိုတာ ဦးအောင်သိန်းလင်းရဲ့ အင်တာဗျူးမှာ တွေ့ရပါတယ်။ အဲဒါက သင်္ဃန်းကျွန်းမှာတော့ လုံးဝ တိုင်ပင်ခြင်းမရှိပါဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပတ်သက်ပြီးတော့ သူတို့ ခံစားချက်တွေကို တင်ပြထားတဲ့ အမှုတွဲရှိတယ်။ အဲဒီအမှုတွဲပေါ်မှာ မူတည်ပြီးတော့ သက်ဆိုင်ရာ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဆီ ပို့ထားတဲ့စာတွေ နောက် ဒီတခါ နေပြည်တော်သွားရင် အဲဒီအမှုတွဲကို ကိုင်ပြီးတော့ ကျနော်သွားမှာပါ။”
ဒါ့အပြင် တိုင်းပြည်အတွက် အရေးကြီး အုပ်ချုပ်ရေးယန္တရားမှာ အခုလို ဖြစ်ပေါ်နေတာတွေနဲ့ပတ်သက်ပြီးတော့လည်း ဦးသိန်းညွန့် က အခုလိုပြောပါတယ်။
“လွှတ်တော်မှာ သမ္မတကြီး ပြောခဲ့တယ်။ တရားဥပဒေစိုးမိုးရေးဆိုတော့ ကျနော်တို့ကတော့ ဥပဒေနဲ့ အုပ်ချုပ်တာကိုပဲ လိုချင် တယ်။ လူကနေ အမိန့်ပေးပြီးတော့ ဥပဒေမပါတဲ့ဟာတွေကို လုပ်တာတွေ၊ ဥပဒေပါတဲ့အတိုင်း မကျင့်သုံးတာတွေ၊ မရှိသော အာဏာကို ရယူတာ၊ ရှိတဲ့အာဏာကို မသုံးတာ၊ ဒါတွေက တရားမျှတမှု ကင်းမဲ့စေတာပေါ့။”
ရပ်ကွက် အုပ်ချုပ်ရေးမှူး ခန့်ထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဒေသခံ ပြည်သူတွေက သက်ဆိုင်ရာကို တိုင်ကြားမှုတွေ ကျယ် ကျယ်ပြန့်ပြန့် ရှိနေပေမယ့် ပြည်ထောင်စု အစိုးရအပါအ၀င် တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေက ဖြေရှင်းပေးတာမျိုး မရှိ သေးပါဘူး။
ဒီအပေါ် ဒေသခံပြည်သူတွေ အနေနဲ့ မကျေနပ်မှုတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေးတွေနဲ့အညီ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်လာတဲ့ အခြေအနေမျိုးတွေအထိ ဖြစ်လာနိုင်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ် အချို့က စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
Ref: ဒီဗွီဘီ
တိုက်ပွဲကြောင့် ဒုက္ခရောက်နေသူများကို ကျားဖြူပါတီ ကူညီ
August 3, 2011
ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ထဲမှာ အစိုးရ တပ်မတော်နဲ့  ရှမ်းပြည် တပ်မတော်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေတဲ့ ရွာသားတွေကို ကျားဖြူပါတီက အကူအညီပေးနေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်တုန်းက ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ထဲမှာ အစိုးရတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် တို့ အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့အတွက် ရွာပေါင်း ၂၀ လောက်က စစ်ပြေးဒုက္ခသည် ၂၀၀၀ လောက် ထွက်ပြေး တိမ်း ရှောင်နေရတာပါ။
ဒီဒုက္ခသည်တွေကို ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီက ကူညီနေတယ်လို့ ပါတီ ဗဟို အလုပ်အမှုဆောင် စ၀်ဆိုင်မိုင်းက ပြောပါတယ်။
“ကျားဖြူလူကြီးကို လှမ်းအကြောင်းကြားတာလေ။ ရွာသား တွေကို စည်းရုံးပြီးပြောဖို့၊ တောထဲတောင်ထဲမှာ မပုန်းဖို့၊ တောထဲ မှာဆိုရင် သူတို့ရဲ့ ကျန်းမာရေးက အစလိုက်မ ကြည့်နိုင်ဘူး။ ဘုန်းကြီးကျောင်းမှာ သူတို့ကို နေရာသတ်သတ် ချထားပေးတယ်။ သူတို့ရဲ့ စားရေးသောက်ရေးကြတော့ အဲဒီ သက်ဆိုင်ရာ ကျေးသီးမြို့နယ် ကျားဖြူကို အကူ အညီတောင်းပြီး ကျွေးမွေးဖို့ပေါ့။ အခက်အခဲရှိရင်လည်း အကြောင်းကြားဖို့၊ သူတို့ကနေ ကျန်တဲ့မြို့နယ်တွေကို အကြောင်းကြားပြီးမှ တောင်းခံပေးမယ်လို့ ကျနော် သူတို့ကို ပြောထားတယ်။ ပြည်သူက စေတနာရှိတဲ့ ပြည်သူတွေစီက နည်း နည်းများများမဆို ကျနော်တို့ ကောက်ခံပြီး ပေးခဲ့ဖူးတယ်လေ။”
အလှူငွေတွေကို ကျားဖြူပါတီနဲ့ ဒေသခံ အလှူရှင်တွေဆီက ကောက်ခံရရှိတယ်လို့ စ၀်ဆိုင်မိုင်းက ဆက်ပြောပါတယ်။
တိုင်းရင်းသားဒေသထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ဒေသခံရွာသားတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ခံနေရတာနဲ့ ပတ်သက်ပြီး ကျားဖြူပါတီက ပြည်သူ့လွှတ်တော်ကို စာပို့ထားတဲ့အကြောင်း ရှမ်းပြည်တောင်ပိုင်း လဲချားပြည်သူ့လွှတ်တော် အမတ် ဦးစိုင်းတင်က အခုလို ပြောပါတယ်။
“ပြည်တွင်းစစ် ဖြစ်နေတဲ့ ပြဿနာကို စေ့စပ်ညှိနှိုင်းရေး ကော်မရှင် တရပ်ဖွဲ့စည်းပြီးတော့ စစ်ဆေးပေးဖို့ တောင်းဆိုထားတယ်။ တင်လိုက်တာ ၃၁ ရက်နေ့က။ ပြည်နယ် ၇ ခုကို ပို့တယ်။ ကျနော်တို့ ဆွေးနွေးပြီးတော့ တင်ပါတယ်။ ကျနော်ရယ်၊ အမျိုးသား လွှတ်တော်က ဦးစိုင်းကျော်သန်းရယ်။ နောက်ပြီးတော့ ကျနော်တို့ ဒီတောင်ကြီးက ကျားဖြူအဖွဲ့တွေနဲ့ ညှိနှိုင်းပြီးတော့မှ တင်ပါ တယ်။ အများကြီးမျှော်လင့်ပါတယ်။ ငြိမ်းချမ်းရေး မပေါ်ပေါက်ရင်တော့ ပြည်သူတွေကရော တပ်မတော်သားဘက်က သေဆုံး သွား တာကော ကိုယ့်ပြည်တွင်းရေး ပြဿနာပဲ ဖြစ်နေတယ်။ ဒါကို အမြန်ဆုံး လုပ်ပေးဖို့ မေတ္တာရပ်ခံ တောင်းဆိုချင်ပါတယ်။”
ဌာနေပြည်သူ့စစ် အသွင်ပြောင်းဖို့ ငြင်းဆန်ခဲ့တဲ့ ရှမ်းပြည်တပ်မတော်၊ ရှမ်းပြည် တိုးတက်ရေးပါတီကို အစိုးရတပ်က ထိုးစစ် ဆင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ၄ လကျော် ကာလအတွင်းမှာ ဒေသခံရွာသားတွေ ထိခိုက်ဒဏ်ရာရရှိမှု၊ ပေါ်တာဆွဲခံရတာ၊ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရတာ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှု မျိုးစုံဖြစ်ပွားခဲ့သလို အလုပ်အကိုင်တွေ ရပ်နားခဲ့ရပြီး စာသင်ကျောင်းတွေ ပိတ်ထားရလို့ ကလေး ၇၀၀ လောက် စာမသင်နိုင်ပဲ ဖြစ်နေပါတယ်။
Ref: ဒီဗွီဘီ
ရလလဖ ခေါင်းဆောင် စောတာခဲလယ် ကွယ်လွန်
August 3, 2011
ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) ရဲ့ ခေါင်းဆောင်ဟောင်း ဦးစောတာခဲလယ် အသက် ၉၅ နှစ်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ည ၇ နာရီမှာ လူကြီးရောဂါနဲ့ တောင်ကြီးမြို့ထွန်းပုဂ္ဂလိက ဆေးရုံမှာ ကွယ်လွန်သွားပါတယ်။
ဦးစောတာခဲလယ်ဟာ ပအိုဝ့်တော်လှန်ရေးအစ (ပအလဖ) မှာ စတင်ပါဝင်သူဖြစ်ပါတယ်။ နောက်ပိုင်း လူမျိုးပေါင်းစုံပြည်သူ့ ဒီမိုကရေစီတပ်ပေါင်းစု ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် ခဲ့သလို ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလ လဖ) ဗဟိုကော်မတီနဲ့ စစ်ကော်မရှင် ဥက္ကဋ္ဌ တာဝန် ထမ်း ဆောင်ခဲ့သူဖြစ်ပါတယ်။
ရလလဖ ဟာ ၁၉၉၄ ခုနှစ်မှာ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ ဦးစောတာခဲလယ် ကွယ်လွန်ချိန်အထိ ရလလဖရဲ့ အကြံပေးကော်မတီမှာ တာဝန်ထမ်း ဆောင်နေဆဲ ဖြစ်ပါတယ်။
သူ့ရဲ့ ဈာပနအခမ်းအနားကို လာမယ့် ၆ ရက်နေ့ စနေနေ့ နှစ်ခြင်းခရစ်ယာန်သုသာန်မှာ သင်္ဂြီုဟ်မှာဖြစ်ပါတယ်။ သူ့နာ ရေးမှာ ပအိုဝ့်တိုင်းရင်သားအဖွဲ့အစည်းခေါင်းဆောင်တွေ တက်ရောက် ဂါရ၀ ပြုခဲ့ကြသလို သူ့ကို လေးစာကြည်ညိုသူတွေ သွားရောက် ခဲ့ကြပါတယ်။
Ref: ဒီဗွီဘီ
Wednesday, August 3, 2011
ကျောက်မဲအနီးတွင် ပစ်ခတ်မှု ထပ်ဖြစ်
ရန်ပိုင်
03 August 2011
မန္တလေး-ကျောက်မဲ ကားလမ်းပေါ်ရှိ ရင်ကွဲတောင်၌ လမ်းလုံခြုံရေး တာဝန်ယူထားသည့် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ-၁) မှ တပ်စုတစုကို ယမန်နေ့ညနေ ၅ နာရီ ခန့်တွင် အမည်မသိသေနတ် သမားများကကားပေါ်မှပစ်ခတ်သွားကြောင်း ကျောက်မဲ မြို့ခံတဦး က ပြောသည်။
ထိုတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အသေးစိတ်ကို မသိရသေးကြောင်း၊ ကျောက်မဲမြို့ရှိ အနီးတ၀ိုက်တွင် တိုက်ပွဲငယ်များ မကြာ ခဏဖြစ်ပွားနေသည့်အတွက် ဒေသခံလူထုမှာ ပိုမို စိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။
“မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေက စိပ်လာပြီး လက်နက်ကိုင် လှုပ်ရှားမှုတွေက များလာတော့ မြို့လူထုက မလုံခြုံတော့ဘူးလို့ ခံစားနေရတယ်” ဟု ကျောက်မဲမြို့ခံက ပြောသည်။
ဇူလိုင်လ ၂၉ ရက်နေ့ကလည်း အမည်မသိ လက်နက်ကိုင် ၁၀ ဦးခန့်က နံနက် ၅ နာရီဝန်းကျင် တွင် ကျောက်မဲမြို့အဝင်ဂိတ်၌ ပစ်ခတ် ခဲ့သည့်အတွက် အရပ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ၃ ဦး ဒဏ်ရာရှိသွားသည်။
ထိုပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ကျောက်မဲမြို့ရှိ လက်ဖက်ရည်ဆိုင်၊ ဘိလိယက်ခုံများနှင့် ဈေးဆိုင်များသည် ညနေ ၆ နာရီခန့် မှစ၍ ပိတ်ထားကြပြီး လူစည်ကားရာ ညဈေးတန်းကိုလည်း ပိတ်ထားရကြောင်း၊ အသွားအလာ များရပ်ဆိုင်းသွားကြောင်း ကျောက်မဲ မြို့ခံက ပြောသည်။
ယခုအခါ လားရှိုး-မန္တလေး ကားလမ်းပေါ်တွင်လည်း လုံခြုံမှု မရှိတော့ကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းကပင် ခရီးသည်တင် ကားတစီးအား လူ ၂ ဦးက တူမီးသေနတ်ဖြင့် ပစ်ခတ်တိုက်ခတ်မှု ဖြစ်ပွားခဲ့သေးသည့်အတွက် ခရီးသွားများပင် လုံခြုံမှုမရှိကြောင်း သိရသည်။
ဤဒေသသည် ယခင်က ရှမ်းပြည်လွတ်မြောက်ရေး တပ်မတော် မြောက်ပိုင်း (SSA-N) လှုပ်ရှားရာဒေသဖြစ်ပြီး မကြာသေးမီကလည်း ယင်းတပ်ဖွဲ့များ စိမ့်ဝင်လှုပ်ရှားမှုရှိကြောင်း စစ်ဘက်မှ ပြောဆိုမှုများ ရှိနေသည်ဟု မြို့ခံများက ပြောသည်။
အရပ်သားများကို ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဒေသဆိုင်ရာ အာဏာပိုင်များက ၀န်ထမ်းများကို ည ၇ နာရီကျော်လျှင် အပြင်မထွက်ရန် အစည်းအဝေးများ ခေါ်ယူကာ တားမြစ်ထားသည်ဟု ၀န်ထမ်းတဦးက ပြောသည်။
ကျောက်မဲမြို့သည် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) ၁ အခြေစိုက်ရာ မြို့ဖြစ်ပြီး ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) ဌာနချုပ် အခြေစိုက်ခဲ့ဖူးသည့် စိန်ကျော့ဒေသနှင့် နီးသည်။
စကခ ၁ အခြေစိုက်ထားသော်လည်း ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် မြို့လူထု လုံခြုံရေးအတွက် မည်သည့် တာဝန်မှ ယူပေးခြင်း မရှိကြောင်း၊ လုံခြုံရေး တင်းကျပ်မှုလည်း မရှိကြောင်း အဆိုပါ ၀န်ထမ်းက ဆက်ပြောသည်။
ကျောက်မဲမြို့သည် ပြီးခဲ့သည့် လအတွင်းက အမည်မသိ လက်နက်ကိုင်များ၏ တိုက်ခိုက်မှုကို ၂ ကြိမ် ခံခဲ့ရပြီး ဇူလိုင်လ ၁၂ ရက်နေ့ တိုက်ခိုက်မှုတွင် ဒဏ်ရာရသူ ၄ ဦး၊ ဇူလိုင်လ ၂၉ ရက်နေ့ ပစ်ခတ်မှုတွင် သေဆုံးသူ ၃ ဦး၊ ဒဏ်ရာရသူ ၃ ဦး ရှိခဲ့သည်။
ထိုတိုက်ခိုက်မှုများနှင့် ပတ်သက်၍ မည်သည့်အဖွဲ့ကမှ မိမိတို့ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
Ref: ဧရာဝတီ
မူးယစ်ဆေးအတွက် ထိုင်းမြန်မာ တွေ့မည်
သန်းထိုက်ဦး
03 August 2011
နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်း နှိမ်နင်းရေးအတွက် ရန်ကုန်မြို့တွင် ယခုလ ၁၃ ရက်နေ့က စတင်ပြီး ၂ ရက်ကြာ ဆွေးနွေးကြမည်ဟု ထိုင်း အာဏာပိုင်များက ယနေ့ ပြောကြား လိုက်သည်။
အထူးသဖြင့် နှစ်နိုင်ငံ နယ်စပ် ဒေသများတွင် နှိမ်နင်းရန် လိုအပ်သည်ဟု ဘန်ကောက်မြို့ ပြည်ထဲရေး ၀န်ကြီးဌာနရုံး သတင်းစာ ရှင်လင်းပွဲတွင် ပြောလိုက်ခြင်း ဖြစ်သည်။
“စိတ်ကြွဆေးပြားတွေကို ထိုင်းနယ်မြေကို ဖြတ်ပြီး မှောင်ခိုထုတ်နေကြတယ်၊ ဘိန်းဖြူလည်း ပါတယ်။ မြန်မာနိုင်ငံကနေ ၀င်လာကြတာ အခုဆိုရင် ထိုင်းနိုင်ငံအနှံ့ ရောက်နေပြီ” ဟု ရဲအရာရှိကြီးတဦးက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ထို့အပြင် နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသော လူကုန်ကူးမှု၊ ရွှေတြိဂံဒေသတွင် သွားလာနေသော လှေ၊ သင်္ဘောများ ဓားပြတိုက်ခံရမှု တို့ကို နှိပ်နင်းရန်အတွက် မြန်မာ အစိုးရ တာဝန်ရှိသူများနှင့် ဆွေးနွေးမည်ဟု သိရသည်။
ဇွန်လဆန်းပိုင်းကလည်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ တဖက်ကမ်းရှိ မယ်ဆိုင်မြို့တွင် စိတ်ကြွဆေးပြား ၉ သိန်း နှင့် ICE မူးယစ်ဆေးဝါး ၂၅ ကီလိုဂရမ်ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးမိခဲ့သည်။
ထိုမူးယစ်ဆေး သယ်ဆောင်လာသူ ၆ ဦးသည် တာချီလိတ်နှင့် မယ်ဆိုင်ကြားရှိ ချောင်းအနီး ကင်းလှည့်နေသော ထိုင်း စစ် သားများနှင့် ရင်ဆိုင်တိုးစဉ် ၎င်း မူးယစ်ဆေးများကို စွန့်ပစ်ပြီး တာချီလိတ်မြို့ဘက်သို့ ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။
ဖမ်းမိသည့် မူးယစ်ဆေးများ၏ တန်ဖိုးမှာ ဘတ် သန်း ၁၅၀ ခန့် ရှိနိုင်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ် အတွင်းရှိ တချို့သော လက်နက်ကိုင် အဖွဲ့များက ထုတ်လုပ် နေကြပြီး ထိုင်းနိုင်ငံအတွင်းသို့ သယ်ဆောင် ရောင်းချနေကြောင်း သတင်း ဖော်ပြချက်များ အရ သိရှိရသည်။
ဒေသတွင်းရှိ ငြိမ်းချမ်းရေးအဖွဲ့ တဖွဲ့ ဖြစ်သော ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ (UWSA) သည် အာရှတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများကို အကြီးအကျယ် ထုတ်လုပ်နေသည့်အဖွဲ့ တဖွဲ့ ဖြစ်ကြောင်း အမေရိကန်အစိုးရက ဆိုသည်။
တချိန်တည်းတွင်ပင် မြန်မာအာဏာပိုင်များကလည်း နာမည်ကျော် မူးယစ်ရာဇာ နော်ခမ်းကို ဖမ်းဆီးမိန့် ထုတ်ပြန်ထားသည်။ ရွှေတြိ ဂံဒေသတွင် မူးယစ်ဆေးဝါး မှောင်ခို ကုန်ကူးနေသူ နော်ခမ်းကို တရုတ်၊ ထိုင်းနှင့် လာအို နိုင်ငံများကလည်း အလိုရှိနေကြောင်း သိရသည်။
ကုလသမဂ္ဂက နောက်ဆုံး ထုတ်ပြန်ထားသည့် အစီရင်ခံစာအရ မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးလျှင် ဘိန်းအများဆုံး ထွက်ရှိ ရာ ဒေသဖြစ်နေကြောင်း၊ ၂၀၀၇ မှ ၂၀၁၀ အတွင်း ၅ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း သိရသည်။
Ref: ဧရာဝတီ
ဗိုလ်ချုပ်များ ရာထူးဘာကြောင့် ပြုတ်
03 August 2011
စစ်တပ် ထိပ်တန်း အရာရှိကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်တင်ငွေနှင့် ဗိုလ်မှူးချုပ် ထွန်းသန်းတို့နှစ်ဦး ရာထူးမှ အငြိမ်းစား ပေးခံ လိုက်ရခြင်းသည် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းနှင့် လက်ရှိ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်တို့အကြား အာဏာ ပြိုင်ဆိုင်မှုအပေါ် အခြေခံကြောင်း စစ်တပ်အသိုင်းအဝန်းတွင် ပြောဆိုနေကြသည်။
လက်ရှိ ရန်ကုန်မြို့တော်ဝန် သံအမတ်ကြီးဟောင်း ဗိုလ်မှူးချုပ်ဟောင်း ဦးလှမြင့်က မြို့တော်ဝန်အဖြစ် စတင် အာဏာ လွှဲယူ ချိန်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ စာရင်းဇယားများနှင့် ဘဏ္ဍာရေး ရှင်းတမ်းများအား စစ်ဆေး ခဲ့ ကြောင်း၊ ထိုသို့စစ်ဆေးခဲ့ရာတွင် စာရင်းကွာဟမှုများနှင့် နိုင်ငံတော်ပိုင် မြေကွက်များကို အာဏာအလွဲသုံးစားပြု၍ ရောင်းစား ခဲ့သည်များကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ယင်းကြောင့်မြို့တော်ဝန် ဦးလှမြင့်က ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေထံ အကြောင်း ကြားခဲ့ပြီး စစ်ဆေးမှုများပြုလုပ်ရန် တင်ပြခဲ့ကြောင်း သိရသည်။
အထက်ပါ အမှုများကို စတင်စစ်ဆေးပြီးနောက် ပထမဦးဆုံးအဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်း ရေးမှူး ဗိုလ်မှူးကြီးဟောင်း ဦးအောင်သန်းဝင်းကို ရာထူးမှ အနားပေးလိုက်ပြီး အဆိုပါ မသမာမှုများတွင် ဗိုလ်ချုပ် တင်ငွေနှင့် ဗိုလ်မှူးချုပ်ထွန်းသန်းတို့လည်း ပါဝင်ပတ်သက်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဦးမြင့်ဆွေက သမ္မတနှင့် ကာကွယ် ရေးဦးစီး ချုပ်ထံ တင်ပြရာ ဇွန်လတွင် ဗိုလ်မှူးချုပ်ထွန်းသန်း၊ ဇူလိုင်လတွင် ဗိုလ်ချုပ်တင်ငွေတို့ အသီးသီး ရာထူးမှ အနားပေးခံ ခဲ့ရကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်နှင့် နီးစပ်သူတဦးက ပြောသည်။
“မြို့တော်ဝန်သစ်က ဦးအောင်သိန်းလင်း လက်ထက်က ငွေအလွဲသုံးစားမှုတွေ စစ်ရင်းနဲ့ တနွယ်ငင် တစင်ပါဆိုသလို ဗိုလ်ချုပ် တင်ငွေနဲ့ ဗိုလ်မှူးချုပ်ထွန်းသန်းတို့ပါ ပတ်သက်နေတယ် ဆိုတာကို ထပ်တွေ့တယ်။ အဲဒီမှာ ဦးမြင့်ဆွေကလည်း ဒီပြဿနာကို သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်ဆီ တင်တယ်” ဟု သူက ဆိုသည်။
ယင်းအမှု၏ နောက်ဆက်တွဲအဖြစ် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်သည် မြေယာဌာနမှူး အပါအ၀င် အရေးပါသော ဌာနမှူးနေရာ အများအပြားကို အပြောင်းအရွှေ့များ ပြုလုပ်ခဲ့ပြီး တချို့စည်ပင်ဌာနမှူးများကို ရာထူးမှ အနားပေးခဲ့သည်ဟု သိရသည်။
အမှတ် ၅ ကစထမှူး ဗိုလ်ချုပ်တင်ငွေနှင့် ရန်ကုန်တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းသန်း တို့သည် စည်ပင်ပိုင် မြေကွက် ၄၀ ထက် မနည်း ရောင်းချသော အမှုများတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ရောင်းချခဲ့သော မြေကွက်များ အားလုံးကို နိုင်ငံ တော်ပိုင်အဖြစ် ပြန်လည်သိမ်းယူခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်က ဆိုသည်။
ထို့အပြင် ဗိုလ်ချုပ်တင်ငွေသည် အလယ်ပိုင်းတိုင်းမှူးအဖြစ် တာဝန်ယူစဉ်က ကျပ်သိန်း ထောင်ချီတန်သည့် မြေကွက်များအား ရောင်းစားခဲ့သည်ကို ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရပြီး ဗိုလ်မှူးချုပ်ထွန်းသန်းသည်လည်း စစ်တပ်ရန်ပုံငွေများကို အလွဲသုံးစားမှုများ ပြုလုပ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။
ရာထူးမရှိတော့ဘဲ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) တွင် ရန်ကုန်တိုင်း တာဝန်ခံအဖြစ် တာဝန် ထမ်း ဆောင်နေသော တောင်ဥက္ကလာပ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကို ခေါ်ယူစစ်ဆေးမှုတချို့ ရှိခဲ့ သော်လည်း တစုံတရာ အရေးယူခဲ့ခြင်း မရှိပေ။
ဦးအောင်သိန်းလင်းသည် ရာထူးမှ အနားပေးခြင်း ခံလိုက်ရသော သူ၏တပည့် ဦးအောင်သန်းဝင်းကို ကြံ့ဖွံ့ပါတီ၏ စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်ရန် ပါတီတွင် ရာထူးတနေရာ ပေးပြီး ပြန်လည် ခေါ်ယူခဲ့သည်။
ယခုအခါ ရန်ကုန်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ဗိုလ်မှူးချုပ်ဆန်းဦးသည် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ ၏ သားတပည့်တဦး ဖြစ်သည်ဟု သိရှိရသည်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ဗိုလ်ချုပ်မြင့်စိုး၊ ဗိုလ်ချုပ်ခင်ဇော်ဦး၊ ဗိုလ်ချုပ်ကျော်ဖြိုး၊ ဗိုလ်မှူးချုပ် သန်းထွန်းဦး၊ ဗိုလ်မှူးချုပ်ခင်မောင်ဌေးတို့ကိုလည်း အာဏာအလွဲသုံးစားမှုနှင့် လာဘ်ပေးလာဘ်ယူ မှုများ ပြုလုပ်ခဲ့ခြင်းရှိ၊ မရှိ ခေါ်ယူစစ်ဆေးလျက်ပြီး စစ်တပ်အတွင်း ထိပ်တန်းစစ်ဗိုလ်ချုပ်တချို့ ထပ်မံ အနားပေးခံရဖွယ် ရှိကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်တွင် ပြောဆိုနေသည်။
Ref: ဧရာဝတီ
Michael Jackson Thriller
ဒါကတော့ အိန္ဒိယ ဗားရှင်းနဲ့ Thriller
ရှမ်းပြည်နယ် မြောက်ပိုင်းသည် လူကုန်ကူးမှု ဖြစ်ပွားရာ အများဆုံးဒေသဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့်ကချင်ပြည်နယ်
03 August 2011
မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ် မြောက်ပိုင်းသည် လူကုန်ကူးမှု ဖြစ်ပွားရာ အများဆုံးဒေသ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့မှာ ဒုတိယအများဆုံး ဖြစ်ကြောင်း သတင်းရရှိပါသည်။
ထို့ပြင် ငါးနှစ်ကျော် အတွင်း လူကုန်ကူးမှု ၇၀၀ ကျော်ကို ဖော်ထုတ် အရေးယူနိုင်ခဲ့ပြီး လူကုန်ကူးခံရသူ ၂၇၀၀ ကျော်အား ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။လူကုန်ကူးမှုများတွင် အဓိကအားဖြင့် အမျိုးသမီးနှင့် ကလေးသူငယ်များသည် အများဆုံး လူကုန်ကူး ခံရသူများ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် လူကုန်ကူးမှု တိုက်ဖျက်ရေးကို ၁၉၉၆ ခုနှစ်မှ စတင်ပြီး ဆောင်ရွက်ခဲ့ကြောင်း၊ ထိုစဉ်က ဥပဒေ မပေါ်ပေါက်သေးသော်လည်း ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ဦးဆောင်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၁၉၉၇ ခုနှစ်တွင် လူကုန်ကူးမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် အဖြစ် သတ်မှတ် ပြဋ္ဌာန်းခဲ့ကြောင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ မပြဋ္ဌာန်းရသေးသော်လည်း ပြစ်မှုဆိုင်ရာဥပဒေ အခန်း (၁၆) ပါ လူ့ကိုယ်ကို ထိခိုက်သည့် ပုဒ်မများ ဖြစ်သည့် ပုဒ်မ ၃၆၆ မှ ပုဒ်မ ၃၇၃ အထိ ပုဒ်မများဖြင့် အရေးယူခဲ့ကြောင်း၊ အဆိုပါ ပုဒ်မများသည်လည်း ထိရောက်သော ပြစ်ဒဏ်များ ဖြစ်သဖြင့် ပြစ်မှုကျူးလွန်သူများအား ဟန့်တားလောက်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
၂၀၀၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးနောက် လူကုန်ကူးမှုများကို ဖော်ထုတ် အရေးယူနိုင်ခဲ့ကြောင်း သိရသည်။
နှစ်အလိုက် လူကုန်ကူးမှု ဖော်ထုတ် အရေးယူနိုင်မှု ခုနှစ် အမှုတရားခံ ကယ်တင်နိုင်ခဲ့သည့် လူကုန်ကူးခံရသူ
၂၀၀၆ ၅၂ ၁၈၅ ၂၇၅
၂၀၀၇ ၁၂၇ ၃၀၃ ၃၆၄
၂၀၀၈ ၁၃၄ ၃၅၉ ၅၃၅
၂၀၀၉ ၁၅၅ ၄၆၄ ၇၃၃
၂၀၁၀ ၁၇၃ ၅၀၂ ၇၂၉
၂၀၁၁ (ဇွန်လအထိ) ၆၈ ၁၆၇ ၁၂၆
Ref: Eleven Weekly
နယ်သတင်းထောက် ရရှိရန် ခက်ခဲလာ
03 August 2011
သတင်း မီဒီယာများ၏ အခန်းကဏ္ဍ ကျယ်ပြန့်လာသည်နှင့် အမျှ လက်ရှိ အခြေအနေတွင် အရည်အချင်း ပြည့်ဝသော နယ်သတင်းထောက်များ ရရှိရန်မှာ ခက်ခဲနေကြောင်း သတင်း မီဒီယာ အသီးသီးမှ တာဝန်ရှိသူများကပြောကြား ကြ
ပါသည်။
အချို့သော ပုဂ္ဂလိက မီဒီယာများ အနေဖြင့် အစိုးရမှ သတင်းစာ ထုတ်ဝေခွင့် ပေးလာခဲ့ပါက သတင်းစာ ထုတ်နိုင်ရန်အတွက်ပင် ပြင်ဆင်ထားသည့် နည်းတူ အရည်အချင်း ပြည့်ဝသည့် နယ်သတင်းထောက်များ ရရှိရန်အတွက် လုပ်ဆောင်လျက် ရှိနေကြောင်း သိရပါသည်။
''သတင်းစာတစ်စောင် ထုတ်နိုင်လောက်တဲ့ ငွေကြေးအင်အားလည်း ရှိတယ်။ တခြား လိုအပ်တဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကလည်း ဈေးကွက်မှာ အချိန်မရွေး ၀ယ်လို့ရတဲ့ အနေအထားမှာ ရှိပါတယ်။ ခက်နေတာက ကျွမ်းကျင်ပြီး ၀ါသနာပါတဲ့ သတင်းထောက် ကောင်းကောင်း ရဖို့ခက်နေတာပါ''ဟု ထုတ်ဝေသူတစ်ဦးက ပြောပါသည်။
သတင်းမီဒီယာ နယ်ပယ်၌ ပေါ်ပေါက်လျက် ရှိနေသော အလုပ်အကိုင် အခွင့်အလမ်းများတွင် အရည်အချင်း ပြည့်ဝသော နယ် သတင်းထောက်များ လိုအပ်ချက်ကလည်း တစ်ခု အပါအ၀င် ဖြစ်နေကြောင်း သိရပါသည်။ သို့သော် အရည်အချင်း ပြည့်ဝကာ သတင်းထောက် လုပ်ငန်းအား စိတ်ပါဝင်စားသည့် သတင်းထောက်ကောင်းများ ရရှိမှု အပိုင်း၌ အခက်အခဲများ တွေ့နေရ သည့် နည်းတူ နယ်သတင်းထောက်ကောင်း ရှားပါးမှု ပြဿနာကိုပါ ရင်ဆိုင်လာရကြောင်း သိရပါသည်။
''သတင်းသမားဆိုတာ ပြည်သူတွေ ဘာလိုအပ်နေသလဲဆိုတာ ရှာဖွေပြီး တင်ပြတဲ့သူပါပဲ။ သတင်းသမား ရှားလာရင် ပြည်သူတွေ သိသင့်သိထိုက်တဲ့ သတင်းတွေ ဖတ်ခွင့် နည်းသွားပါလိမ့်မယ်။ ဟိုးအရင် ပုဂ္ဂလိက သတင်းစာတွေ ခေတ်ကောင်း စဉ်ကတော့ မြို့တစ်မြို့မှာ သတင်းထောက် လေး၊ ငါးယောက်လောက်ကို ရှိခဲ့တာ။ နောက်ပြီး ပြည်နယ်နဲ့တိုင်းတွေမှာလည်း သတင်းစာတွေ ထုတ်ခွင့်ပေးခဲ့တော့ သတင်းလောကမှာ လူကပေါတယ်။ ၀ါသနာပါတဲ့ သူတွေကလည်း အယ်ဒီတာထံပေးစာလို စာတွေရေးပြီး သတင်းတွေ၊ အဖြစ်အပျက်တွေကို ပို့ကြတော့ အယ်ဒီတာတွေ အတွက် ရွေးချယ်စရာသတင်း ပေါသလို စုံစုံ လင်လင် ဖော်ပြနိုင်ခဲ့ကြတယ်။ အဲဒီခေတ်က ငွေကလည်း တန်ဖိုးရှိ၊ အလုပ်အကိုင် အခွင့်အလမ်းကလည်းပေါ ဆိုတော့ တကယ် ကို ၀ါသနာပါတဲ့လူပဲ ဒီလောကကို ၀င်လာလေ့ ရှိပါတယ်''ဟု ၀ါရင့် သတင်းစာဆရာကြီး မောင်သစ်လွင် (လူထု) က ပြောပါ သည်။
နယ်တွေမှာက အဲဒီလောက်ဆိုရင်ကို သတင်းဖြေဖို့ ကြောက်နေပြီ။ နောက်တစ်ခုက နယ်တွေမှာက သတင်းထောက် ဘယ်သူ ဆိုတာ အလွယ်တကူ သိနိုင်တော့ သတင်းထောက်တွေ အနေနဲ့ အလိုလိုနေရင်း အကန့်အသတ်တွေ ရှိနေသလို ဖြစ်နေတယ်။ ဖိအားတွေ ရှိနေတယ်။ အဲဒီတော့ သတင်းတွေ ကောင်းသင့်သလောက် မကောင်းတော့ဘူး။ လိုအပ်တဲ့ အချက်အလက်တွေ မရနိုင်တော့ဘူး။ နောက်ဆက်တွဲ အနေနဲ့ မလွဲချော်သင့်တာတွေ လွဲချော်လာနိုင်တယ်...
''နယ်တိုင်း မဟုတ်ပေမယ့် တချို့နယ်တွေမှာ စာရေးစာဖတ် ၀ါသနာထုံတဲ့ လူငယ်လေးတွေ ရှိပါတယ်။ မြေတောင်မြှောက် ပေးမယ့် ပတ်ဝန်းကျင် လိုနေတာပါ။ နယ်သတင်းထောက် ဆိုတာ ကျွန်တော်တို့ မီသလောက်ကတော့ သတင်းစာ ကိုယ်စားလှယ် ယူရင်း လုပ်ကြတာက များပါတယ်။ ရေးတော့လည်း ဘုရားပွဲသတင်း၊ ဘုန်းကြီးပျံသတင်းလောက် ရေးကြပြီး မီးလောင်တာ၊ ရေကြီးတာလောက်ပဲ သတင်းလုပ်ပြီး ရေးတတ်ကြတာလေ။ အဲဒီတော့ ဒီဘက်ခေတ် ရန်ကုန်မှာ ပြောင်းလဲလာတဲ့ သတင်း မီဒီယာတွေနဲ့ အံမ၀င်ချင်တော့ဘူး။ ''မီးလောင်၊ ရေကြီး၊ သူပုန်စီး''ဆိုတာ နယ်သတင်းထောက်တွေ ရေးလေ့ရေးထရှိတဲ့ သတင်း မျိုးတွေပေါ့ဗျာ''ဟု နယ်သတင်းထောက် အဖြစ် လုပ်ကိုင်နေသူ ကိုအောင်သူထွန်း(ကလေးမြို့)က ပြောပါသည်။
''နယ်သတင်းထောက် ဆိုတာလည်း အရေးပါပါတယ်။ တစ်နိုင်ငံလုံးကို လျှောက်မသွားနိုင်တဲ့ အတွက်ကြောင့် နယ်မှာဖြစ်နေတဲ့ သတင်းကို အဲဒီက ဒေသခံ သတင်းထောက်က လျှင်လျှင်မြန်မြန်နဲ့ ပို့နိုင်တယ်။ မုန်တိုင်းဖြစ်မှ၊ ရေကြီးမှ မဟုတ်ဘူး။ ရှမ်း၊ ကရင်၊ ကချင် စတဲ့ နယ်တွေဘက်မှာ ဘာတွေ ဖြစ်နေတယ်။ မြစ်ဝကျွန်းပေါ် ဒေသတွေမှာ ဘာတွေဖြစ်နေတယ် ဆိုတာ သိချင်ကြ ပါတယ်။ နယ်သတင်းထောက်ရဖို့ ခက်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ နယ်မှာလည်း သတင်းလိုက်ရတာ ခက် တယ်။ နယ်တွေမှာရှိတဲ့ ဌာနတွေမှာ ပွင့်လင်းမှု မရှိဘူး။ ဒါဟာ အတွေ့အကြုံ မရှိသေးလို့ပါ။ မပြောတော့ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ပြည်သူတွေက မသိဘူး။ ပြည်နယ်နဲ့တိုင်း ဒေသကြီး ၀န်ကြီးဌာနတွေမှာ သတင်းထုတ်ပြန်ရေးဌာန တစ်ခု ထားသင့်တယ်။ ပြီးတော့ မြို့နယ်အဆင့်ကလည်း သတင်းကို စိစစ်ပြီး ထုတ်ပြန်ပေးသင့်တယ်။ မီဒီယာ ကဏ္ဍ လွတ်လွတ်လပ်လပ် ဖြစ်လာ ရင်တော့ ပြေလည်လာမှာပါ''ဟု Popular News ဂျာနယ်မှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။
သတင်းစာတစ်စောင် အတွက် အပတ်စဉ် ဖြစ်စေ၊ နေ့စဉ်ထုတ် ဖြစ်စေ၊ နယ်သတင်းများ ထည့်သွင်း ဖော်ပြရမည့်နည်းတူ နယ်သတင်းထောက်များမှာလည်း မဖြစ်မနေ လိုအပ်ကြောင်း မြန်မာတိုင်း(မ်)ဂျာနယ်မှ အယ်ဒီတာဦးဇော်မြင့် က ပြောပြ
ပါသည်။
''သတင်းစာ တစ်စောင်အတွက် အပတ်စဉ်ထုတ် ဖြစ်ဖြစ်၊ နေ့စဉ်ထုတ် ဖြစ်ဖြစ် နယ်သတင်းတွေ ထည့်သွင်း ဖော်ပြဖို့ လိုအပ်ပါ တယ်။ အဲဒီတော့ နယ်သတင်းထောက်တွေ မဖြစ်မနေ လိုအပ်ပါတယ်။ ဒီနေရာမှာ ရန်ကုန်အခြေစိုက် စာစောင်တွေက နယ်ကို သတင်းရယူဖို့ လွှတ်ရင် တွေ့ရတဲ့ အခက်အခဲက သွားရမယ့် နယ်မြေ အနေအထားကို ကျွမ်းကျင်ဖို့နဲ့ ဆက်သွယ်ရမယ့် source ခိုင်မာဖို့ပါပဲ''ဟု ဦးဇော်မြင့်က ပြောပါသည်။
နယ်သတင်းထောက်များ အဓိက ရင်ဆိုင်ရသော အခက်အခဲမှာ ဒေသဆိုင်ရာ အာဏာပိုင်များ၏ လွန်ကဲစွာ ဆက်ဆံခံရခြင်း ဖြစ်ကြောင်း နယ်သတင်းထောက် အများစုက ပြောဆိုကြပါသည်။ သာမန် သဘာဝဘေးအန္တရာယ် ဘေးသတင်းမျိုးကို ရယူ ရာ၌ပင် အချို့သော ဒေသများ၌ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ၏ တားမြစ်ပိတ်ပင်ခြင်းကို ခံရကြောင်း ကိုယ်တွေ့ ကြုံခဲ့ရသူ နယ်သတင်းထောက် အချို့က ပြောကြားခဲ့ပါသည်။ထို့အပြင် ရန်ကုန်နှင့် အခြား နယ်မြို့များကို နှိုင်းယှဉ်ကြည့်ပါက သတင်းမီဒီယာအပေါ် သဘောထားမှုများမှာ ကွာဟချက်များ ရှိနေကြောင်း သိရပါသည်။
လွတ်လပ်သော သတင်းမီဒီယာနှင့် ကာလအတန်ကြာ ကင်းကွာခဲ့သော လူထုအနေဖြင့် ယခုအချိန်ထိ သတင်းမီဒီယာများနှင့် ပတ်သက်ရန် စိုးရွံ့နေခြင်းကလည်း သတင်းထောက်ကောင်းများ ပေါ်ပေါက်လာစေရန်အဟန့်အတား တစ်ခု ဖြစ်နေ သည်ဟု လည်း နယ်သတင်းထောက် အဖြစ် လုပ်ကိုင်နေသူတစ်ဦးက ပြောပါသည်။
''သတင်းကိစ္စနဲ့ မေးမြန်းရင် လူတွေက မဖြေချင်ကြဘူး။ ဌာနဆိုင်ရာနဲ့ မပတ်သက်ချင်ကြတာပေါ့။ မြန်မာလူမျိုး ဆိုတာကလည်း ရုံးပြင်ကနားဆို ရောက်ချင်ကြတာ မဟုတ်ဘူးလေ။ အဲဒီတော့ သူတို့နာမည်၊ သူတို့ဓာတ်ပုံလေး သတင်းထဲပါသွားရင် သတင်း ထောက်ကို ပြဿနာ ရှာချင်ကြတာ။ မိဘတွေကလည်း သားသမီးတွေ ဒီအလုပ်လုပ်မယ်ဆိုရင် မလုပ်စေချင်ကြဘူး။ ဒါကြောင့် မျိုးဆက်သစ် သတင်းထောက်တွေ ရှားလာတာ ဖြစ်ပါလိမ့်မယ်''ဟု နယ်သတင်းထောက်တစ်ဦးက ပြောပါသည်။
''နယ်တချို့မှာရှိတဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေရဲ့သတင်းထောက်ပေါ် အမြင်ဟာ အရေးကြီးတယ်။ ၂၀၁၀ ပြည့်နှစ်တုန်းက ကျွန်တော်တို့ နယ်သတင်းထောက်က ရေကြီးတာကို ဓာတ်ပုံရိုက်လို့ အချုပ်ထဲမှာ နှစ်ညလောက် အိပ်လိုက်ရတယ်။ နားလည်မှု လွဲတာပါ။ သတင်းထောက်ကလည်း သတင်းကိုပဲ အာရုံစိုက်တယ်။ သက်ဆိုင်ရာကလည်း တာဝန်အရ လုပ်ကြရင်း ဖြစ်သွား တာ ပါ။ ဒီလို ဖြစ်ရပ်မျိုးတွေက သတင်းမီဒီယာထဲကို ၀င်လာချင်တဲ့ လူငယ်တွေရဲ့ ဆုံးဖြတ်ချက်ကိုေ၀၀ါးစေတယ်။ မိဘ အသိုင်း အ၀ိုင်း ကလည်း သတင်းထောက် မလုပ်ဖို့ ဟန့်တားလာကြတယ်''ဟု Weekly Eleven News ဂျာနယ်မှ အယ်ဒီတာချုပ် ကိုဝေဖြိုး က ပြောကြားခဲ့သည်။
''အရာရာတိုင်းကို လုံခြုံရေး ရှုထောင့်ကပဲ ကြည့်လို့ မရတော့ပါဘူး။ အခုကာလက အရင်လို မဟုတ်တော့ပါဘူး။ ပြောင်းလဲမှု တွေနဲ့အတူ တစ်နိုင်ငံလုံးမှာ ဘာတွေ ဖြစ်နေတယ် ဆိုတာ အားလုံးက သိချင်ကြပါတယ်။နယ်တွေ နဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ ၀န်ထမ်းက Report တင်တာနဲ့ သတင်းထောက် အမြင်နဲ့က မတူပါဘူး''ဟု အယ်ဒီတာတစ်ဦးက ပြောကြားခဲ့ပါသည်။
''ကိုယ့်စာစောင်အတွက် ခန့်ထား တာဝန်ပေးထားတဲ့ နယ်သတင်းထောက် အနေနဲ့ သူ့ရဲ့ဒေသတွင်းမှာ သက်ဆိုင်ရာ တာဝန်ရှိ သူတွေနဲ့ ၀င်ထွက်သွားလာ ဆက်ဆံရေး အဆင်ပြေဖို့ ကိုယ့်ဘက်က နယ်ခံ သတင်းထောက်ကို credentials တစ်မျိုးမျိုး ပေးထား သင့်ပါတယ်။ နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေနိုင်ဖို့ အချိန်အခါ ရောက်လာရင် နယ်သတင်းထောက်ရဲ့ အခန်းကဏ္ဍက ပိုအရေး ပါလာပါမယ်။ ကိုယ်ကခန့်ထားတဲ့ နယ်သတင်းထောက်ကို ကိုယ့်စာစောင်ရဲ့ housestyle နဲ့ ကိုက်ညီအောင် သင်တန်း ပေး ညွှန်ကြား တာမျိုးလည်း လုပ်ပေးသင့်တယ်။ သူတို့ကို ညွှန်ကြားရာမှာလည်း နယ်ခံအုပ်ချုပ်ရေး အာဏာပိုင်တွေနဲ့ ဆက်ဆံ ရာမှာ ကိုယ်လိုချင်တာကို တစ်ဖက်သတ် ရအောင်ယူဖို့ထက် နှစ်ဖက် အဆင်ပြေတဲ့ ဆက်ဆံရေးက အကောင်းဆုံးပါပဲ။ တချို့ နယ် သတင်းထောက်တွေ ခြိမ်းခြောက်ခံနေရတယ် ဆိုတာကို အမြင် ပြောရရင်တော့ ခြိမ်းခြောက်ခံရတဲ့ သတင်းထောက် တွေနဲ့ သက်ဆိုင်ရာ နယ်ခံတွေရဲ့အကြား ဆက်ဆံရေးက တကယ့် အစစ်အမှန် ဘယ်လို ရှိသလဲ ဆိုတာကို အဖြေရှာကြည့် သင့်ပါတယ်။ ကျွန်တော်တို့ မြန်မာတိုင်း(မ်)လည်း နယ်ခံသတင်းထောက်တွေ ပိုခန့်နိုင်ဖို့ ကြိုးစားနေဆဲပါ။ နယ်သတင်း ထောက် တွေရဲ့ အခန်းကဏ္ဍ အရေးပါတယ်ဆိုတာ စာဖတ်ပရိသတ်က ပိုပြီး သိကြပါတယ်''ဟု ဦးဇော်မြင့် က သုံးသပ်ပါသည်။
''ပြီးခဲ့တဲ့လက မန္တလေးကို နယ်သတင်းထောက် ရွေးချယ်ခန့်ထားဖို့ သွားခဲ့တယ်။ လာလျှောက်တဲ့သူ နည်းပါးတဲ့ အတွက် ရွေးချယ်စရာ နည်းတယ်။ ဒါက မန္တလေးမှ မဟုတ်ပါဘူး။ တခြားနယ်တွေမှာလည်း ဒီလိုပဲ ကြုံခဲ့ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နယ်တွေမှာ သတင်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမှုတွေ မရှိသေးလို့ပါ။ တချို့နေရာတွေမှာ မရေးပါနဲ့လို့ တားတာ တွေ တောင် ရှိတယ်။ ပြီးခဲ့တဲ့လက ပြင်ဦးလွင်က သတင်းတစ်ခုကို ဂျာနယ်မှာ ထည့်သွင်း ဖော်ပြခဲ့တယ်။ အဲဒီသတင်း ပါပြီးချိန်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အဲဒီသတင်းမှာ ဖြေကြားထားတဲ့ source ကို သွားမေးကြတဲ့အခါ ဖိအားပေးသလို ဖြစ်စေ တယ်။ နယ်တွေမှာက အဲဒီလောက်ဆိုရင်ကို သတင်းဖြေဖို့ ကြောက်နေပြီ။ နောက်တစ်ခုက နယ်တွေမှာက သတင်း ထောက် ဘယ်သူ ဆိုတာ အလွယ်တကူ သိနိုင်တော့ သတင်းထောက်တွေ အနေနဲ့ အလိုလိုနေရင်း အကန့်အသတ်တွေ ရှိနေ သလို ဖြစ် နေတယ်။ ဖိအားတွေ ရှိနေတယ်။ အဲဒီတော့ သတင်းတွေ ကောင်းသင့်သလောက် မကောင်းတော့ဘူး။ လိုအပ်တဲ့ အချက် အလက် တွေ မရနိုင်တော့ဘူး။ နောက်ဆက်တွဲ အနေနဲ့ မလွဲချော်သင့်တာတွေ လွဲချော်လာနိုင်တယ်။ တစ်ဖက်ကလည်း အကျင့် စာရိတ္တပိုင်း၊ ကျင့်ဝတ်ပိုင်း ဒေါင်ဒေါင်မြည်တဲ့ သတင်းထောက်တွေရဖို့ ခက်လာတယ်။ လုပ်မယ့်သူတွေ ရှားကုန်တယ်။ တကယ်တော့ အစိုးရသစ် တာဝန်ယူချိန်မှာ နိုင်ငံတော်သမ္မတက စတုတ္ထမဏ္ဍိုင်ရဲ့ အရေးပါမှုကို မိန့်ခွန်းမှာ ထည့်သွင်း ပြောကြား ခဲ့ပြီးသားပါ။ ဒါတွေကို သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက တာဝန်ရှိသူ အဆင့်ဆင့် နားလည်အောင် ရှင်းပြပေးစေလို ပါတယ်။ နယ်သတင်းထောက်ကောင်းတွေကို ကြိုဆိုဖို့ လိုပါပြီ''ဟု ကိုဝေဖြိုးက ပြောပါသည်။
မြန်မာနိုင်ငံတွင် လက်ရှိ ထုတ်ဝေလျက် ရှိသော ဂျာနယ် အမျိုးအစားပေါင်းစုံ ၁၅၀ ကျော် အပတ်စဉ် ထုတ်ဝေလျက် ရှိသလို သုံးပုံတစ်ပုံခန့်မှာ သတင်းဂျာနယ်များ ဖြစ်ကြသည်။ ထုတ်ဝေလျက်ရှိသော အားလုံးနီးပါးမှာရန်ကုန်အခြေစိုက် ထုတ်ဝေ သော ဂျာနယ်များ ဖြစ်သော်လည်း မြန်မာနိုင်ငံ ဒေသအနှံ့ သတင်းများကို ယခင်ကထက် ပိုမို ထည့်သွင်း ဖော်ပြလာကြပြီ ဖြစ်သည်။
Ref: Eleven Weekly
အလုပ်သင်ဆရာဝန်များ အတွက် လစဉ်ချီးမြှင့်ငွေကျပ် တစ်ထောင့်နှစ်ရာမှ ငွေကျပ် ငါးသောင်းငါးထောင် အထိ တိုးမြှင့်မည်
03 August 2011
အလုပ်သင်ဆရာဝန်များ အတွက် လစဉ်ချီးမြှင့်ငွေ ကျပ်တစ်ထောင့်နှစ်ရာမှ ငွေကျပ် ငါးသောင်းငါးထောင် အထိ တိုးမြှင့်မည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။
''အလုပ်သင် ဆရာဝန်တွေကို လစဉ် ချီးမြှင့်နေတဲ့ ငွေကျပ် ၁၂၀၀ ကနေ ၅၅၀၀၀ အထိ တိုးမြှင့်ပေးဖို့ ရှိပါတယ်''ဟု တာဝန်ရှိသူ တစ်ဦး ထံမှ သိရှိရပါသည်။
အလုပ်သင် ဆရာဝန်များကို လစဉ်ချီးမြှင့်ငွေ ကျပ် ၁၂၀၀ ချီးမြှင့်သော်လည်း တံဆိပ်ခေါင်းခ ၂၅ ကျပ် ကုန်ကျသဖြင့် အလုပ်သင် ဆရာဝန် တစ်ဦးလျှင် လစဉ်ချီးမြှင့်ငွေ ၁၁၇၅ ကျပ် ရရှိကြောင်း၊ အဆိုပါငွေအား လစဉ်ထုတ်ယူနိုင်ပြီး ခြောက်လ အထိ စုပေါင်း ထုတ်ယူနိုင်ကြောင်း သိရသည်။
''ကျွန်တော်က ၂၀၀၆ ခုနှစ်မှာ ဆေးကျောင်းတက်ပြီးလို့ ၂၀၀၇ မှာ အလုပ်သင်ဆရာဝန် အဖြစ် တစ်နှစ် ဆောင်ရွက်ခဲ့ပါတယ်။ အလုပ်သင် ဆရာဝန် ဖြစ်တော့ တစ်လကို ချီးမြှင့်ငွေ ၁၂၀၀ ပဲ ရရှိတယ်။ ၁၂၀၀ ကို သုံးလပေါင်းပြီး ထုတ်ရတယ်။ ဒီလစာ က ကျွန်တော်တို့နှစ်မှ မဟုတ်ပါဘူး လွန်ခဲ့တဲ့ နှစ်တွေ ကတည်းက ၁၂၀၀ ပါပဲ။ ကျွန်တော်တို့ကို စာသင်ပေးတဲ့ ပါမောက္ခတစ်ဦးက ပြောခဲ့ဖူးတယ် သူတို့တုန်းကလည်း ဒီချီးမြှင့်ငွေပါပဲ။ အဲဒီအချိန်တုန်းကတော့ ဒီငွေက အဆောင်ခ၊ စားစရိတ်နဲ့ အထွေထွေ အသုံးစရိတ် လုံလောက်ခဲ့တဲ့ အပြင် အိမ်ကိုတောင် ၅၀၀ လောက် ပြန်ပို့နိုင်ခဲ့တယ်လို့ ပြောခဲ့ဖူးပါတယ်။ ကျွန်တော်တို့ခေတ် ရောက်တော့ ၁၂၀၀ ဆိုတာ ထမင်းတစ်နပ် ကောင်းကောင်း စားဖို့တောင် မလုံလောက်တဲ့ ငွေပမာဏပါ။ ဆေးကျောင်းတက် နေခါစ ကတည်းက အလုပ်သင် ဆရာဝန်တွေကို ချီးမြှင့်တဲ့ငွေတိုးမယ် ဆိုတဲ့ အသံတွေက အမြဲလိုလို ကြားနေရတာပါ။ အခု တစ်လကို ငွေကျပ် ငါးသောင်းငါးထောင် အထိ တိုးမယ်လို့ ကြားမိတော့ ၀မ်းသာမိပါတယ်'' မြောက်ဥက္ကလာပ မြို့နယ်ရှိ လက် ထောက်ဆရာဝန် တစ်ဦးက ရှင်းပြခဲ့သည်။
''ဒီလို တိုးမယ်လို့ကြားတာ ၀မ်းသာပါတယ်။ ကျွန်တော်တို့ကတော့ မမီတော့ဘူး ထင်တယ်။ ဒီလိုသာဆိုရင် နောက်တစ်နှစ် လောက် အလုပ်သင် ဆက်လုပ်ချင်ပါသေးတယ်''ဟု လက်ရှိ အလုပ်သင်ဆရာဝန် တစ်ဦးက ပြောပါသည်။
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ပါမောက္ခ ဦးကိုကိုမောင်က ''သွားတက္ကသိုလ်ကို ငါးနှစ် တက်ရတယ်။ ပြီးရင် အလုပ်သင် ဆရာဝန် အဖြစ် ခြောက်လ ဆင်းရပါတယ်။ အခု လက်ရှိမှာ အလုပ်သင်ဆရာဝန်တွေက တစ်လကို ၁၂၀၀ ရပါတယ်။ တိုးမယ် လို့တော့ ကြားနေရတယ်''ဟု ဆိုပါသည်။
အလုပ်သင် ဆရာဝန်များ၏ ချီးမြှင့်ငွေများ တိုးမြှင့်ပေးမည် ဟူသည့် သတင်းများမှာ မကြာခဏ ထွက်ပေါ်လေ့ရှိပြီး အစိုးရ ၀န်ထမ်းများ၏ လစာငွေများ အကြိမ်ကြိမ် တိုးမြှင့်ခဲ့ခြင်းများ ရှိခဲ့သော်လည်း အလုပ်သင် ဆရာဝန်များ၏ ချီးမြှင့်ငွေမှာ တိုးမြှင့် ခဲ့ခြင်း မရှိကြောင်း သိရသည်။
''ဆေးကျောင်းတက်ဖို့ ဆိုတာက မလွယ်လှပါဘူး။ နယ်ကနေ ကျောင်းလာတက်တဲ့ သူတွေဆို ပိုဆိုးပါတယ်။ လစဉ် ကျောင်း စရိတ်၊ ကျူရှင်ဖိုး၊ အသုံးစရိတ်၊ အဆောင်ခနဲ့ အထွေထွေ ကုန်ကျစရိတ်အားလုံးကို အိမ်ကို ပြန်တောင်းနေရတာပါ။ ကျောင်းပြီး တော့ အလုပ်သင်အဖြစ် တစ်နှစ်ဆင်းရတယ်။ ရတဲ့ငွေက တစ်လ ၁၂၀၀ ဆိုတော့ အိမ်ကိုတောင်းနေရတုန်းပါပဲ''ဟု အလုပ်သင် ဆရာဝန် တစ်ဦးက ဆိုပါသည်။
Ref: ElevenWeekly
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88