ကြာသပတေးနေ့၊ မတ်လ 2009 ဒါပေမဲ့ မြန်မာပြည်နဲ့ ကိုက်ညီနိုင်မယ့် အခြေအနေတွေကို ထည့်သွင်းပြီး တွက်ချက်ဖို့လည်း မမေ့သင့်ပါဘူး။ သိပံ္ပဓာတ်ခွဲခန်းမှာ ပူးတွေ၊ ကြွက်တွေကို စမ်းသပ်နေသလို မြန်မာပြည် အရေးကိုလည်း အဲသလို စမ်းချင်နေရင်တော့ သိပ်နေရာကျမယ် မဟုတ်ပါဘူး။ သန်း ၅ဝ ကျော် ပြည်သူတွေဟာ သက်ရှိလူသားတွေ ဖြစ်တယ်ဆိုတာ မမေ့ဖို့ လိုပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ် မစ္စကလင်တန်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ‘အမေရိကန် အစိုးရအနေနဲ့ ထိရောက်တဲ့ ပေါ်လစီသစ်တွေ ချမှတ်ဖို့ရှိတယ်’ လို့ ပြောလိုက်တော့ ဟိုကဒီကနေ အသံတွေ ထွက်လာကြပါတယ်။
အဓိကတော့ မြန်မာစစ်အစိုးရအပေါ်မှာ ထားရှိတဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှု မူဝါဒကို ‘အမေရိကန်အစိုးရက မကြာခင်မှာ ပြောင်းတော့မှာလား’ လို့ တချို့က တွက်ချက်ပါတယ်။ ‘စီးပွားရေးပိတ်ဆို့တဲ့ မူဝါဒဟာ မကောင်းဘူး၊ ကောင်းတယ်’ စသဖြင့် ထောင့်အမျိုးမျိုးကနေ ငြင်းခုံနေကြတာ အတော်လေးကြာခဲ့ပါပြီ။
မြန်မာနိုင်ငံထဲက တတိယအင်အားစုလို့ အခေါ်ခံရတဲ့ အုပ်စုကလည်း ‘စစ်တပ်နဲ့ ပေါင်းပြီး အခုရသလောက် လုပ်ထား၊ နောင်တနေ့ကျရင် ဒီ့ထက်ပိုလို့ အခွင့်အရေး ရလာမယ်။ အဲဒီအခါကျရင် မြန်မာပြည်ဟာ ပိုလို့ ပွင့်လင်းတဲ့ လူ့ဘောင်တခုကို ရောက်လာနိုင်မယ်’ လို့ ပြောပါတယ်။ သူတို့ သီအိုရီကို သူတို့တင်ပြတဲ့ အပေါ်မှာ တင်ပြခွင့် ရှိပါတယ်။ ဒါပေမဲ့ ‘ငါတို့အဆိုကမှ မှန်တယ်၊ ငါတို့ သီအိုရီသာ အလုပ်ဖြစ်လိမ့်မယ်၊ ဟိုအတိုက်ခံတွေ ပြောသလိုမျိုးကတော့ မဖြစ်နိုင်တော့ဘူး’ ဆိုပြီး တဖက်သတ် ပြောရင်တော့ ပြဿဿနာ ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။
ကုန်တိုက်သွားပြီး ကိုယ်ကြိုက်တဲ့ အမှတ်တံဆိပ် ချုပ်ပြီးသား အထည်ကို ဝယ်တဲ့ ကိစ္စ မဟုတ်လို့ ဖြစ်ပါတယ်။
ပညာရှင်ဆိုသူ မြန်မာအချို့ကလည်း ဟိုဥပမာ ဒီဥပမာ၊ ဟိုဖေါ်မြူလာ ဒီဖေါ်မြူလာတွေကို ကိုးကားလို့ ပြောကြပြန်ပါတယ်။ ‘ချီလီမှာ ဘယ်ကဲ့သို့ ဖြစ်ခဲ့တယ်၊ ပိုလန်မှာတော့ ဒီနည်းက အလုပ်ဖြစ်ခဲ့တာ၊ အရှေ့တီမောမှာတော့ ဒီလိုလုပ်ခဲ့တာ၊ လိမ္မော်ရောင် တော်လှန်ရေး၊ နှင်းဆီတော်လှန်ရေး၊ ကတ္တီပါတော်လှန်ရေး အစရှိတဲ့ နိုင်ငံအချို့က ဖြစ်စဉ်တွေ’ ကိုလည်း တင်ပြကြပါတယ်။ လေ့လာရေးအတွက် ကောင်းတဲ့ သဘောလို့ ဆိုနိုင်ပါတယ်။ တခြား နိုင်ငံတွေရဲ့ ဖြစ်စဉ်ကိုလည်း လေ့လာဖို့ အထူးလိုအပ်ပါတယ်။
နိုင်ငံသားတို့ ဆန္ဒကို သိဖို့လိုပါတယ်။ နိုင်ငံသားတို့ ဘာကိုဖြစ်စေချင်တယ် ဆိုတာကိုလည်း ထည့်သွင်းတွက်ချက်ဖို့ လိုပါတယ်။ အာဏာရှင်က ‘အာဏာရှိလို့ ငါလုပ်ချင်တာ လုပ်မယ်’ ဆိုလည်း လုပ်ပေါ့။ ပွဲက ပြီးသွားမှာမှ မဟုတ်တာ။ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆိုတာဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွက် နောက်ဆုံးတိုက်ပွဲ မဟုတ်ပါ။ နိုင်ငံရေး ဖြစ်စဉ်ပေါင်း အဆင့်ဆင့် မြောက်မြားစွာထဲက တခုမျှသာ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်ရဲ့ ပြောဆိုမှုကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့တာတော့ အမှန်ပါ။ စီးပွားရေး ပိတ်ဆို့အရေးယူတာဟာ မြန်မာပြည်အတွက် အကျိုး ရှိ၊ မရှိ ဆိုတဲ့ ခေါင်းစဉ်ကို ပြန်ကောက်ရရင် ပြောစရာတွေ၊ ငြင်းခုန်စရာတွေ အများကြီး ရှိနေပါသေးတယ်။
ဒါပေမဲ့ ကျနော်တို့အနေနဲ့ စေ့စေ့စပ်စပ် ပြန်ကြည့်၊ ပြန်တွက်ချက်၊ ပြန်လေ့လာစမ်းစစ်တာတောင်မှ တချို့ သမိုင်းဆိုင်ရာ နိုင်ငံရေးဆိုင်ရာ ကိစ္စတွေ၊ အဖြစ်အပျက်တွေဟာ အခုခေတ်အထိ အကုန်အစင် အဖြူအမဲ ကွဲအောင်၊ လုံးလုံးမှန်တယ်၊ လုံးလုံးမှားတယ်လို့ ဆုံးဖြတ်လို့ မရသေးတာတွေ ရှိနေပါတယ်။ ဥပမာ အားဖြင့် အချို့အချက်များကို တင်ပြရမယ် ဆိုရင် ...
၁။ မြန်မာပြည်မှာ အင်္ဂလိပ်တွေကြောင့် ဘုရင်စနစ် ပျောက်ကွယ်သွားတာ ကောင်း၊ မကောင်းနဲ့ အကျိုး ရှိ၊ မရှိ။
၂။ ဆရာစံ လယ်သမားသူပုန်ထမှုဟာ မနိုင်မှန်းသိရက်နဲ့ လုပ်ခဲ့တာဖြစ်လို့ အရူးထခြင်းတမျိုးသာ ဖြစ်တယ်။ မဟုတ်ပါ အမျိုးသားရေး နိုးထခြင်းရဲ့ အဆင့်များစွာထဲက တခုဖြစ်ပါတယ်။
၃။ ရဲဘော်သုံးကျိပ် ဖြစ်တည်လာခဲ့ခြင်းအတွက် မြန်မာပြည်မှာ ကောင်းကျိုးနဲ့ ဆိုးကျိုး ဘယ်ဟာက ပိုများခဲ့သလဲ။
၎။ အင်္ဂလိပ် လက်အောက်ကနေ လွတ်လပ်ရေးယူခဲ့တာ သိပ်စောလွန်းတယ်။ မစောပါ။
၅။ လွတ်လပ်ရေး ရရချင်း အင်္ဂလိပ်ပုံစံ ပါလီမန်ဒီမိုကရေစီစနစ် ထူထောင်တာ အကျိုး မရှိခဲ့ပါ။ အကျိုးရှိပါတယ်။
၆။ မြန်မာစစ်အစိုးရ ကျင့်သုံးနေတဲ့ ဈေးကွက်စီးပွားရေးစနစ်ဟာ နိုင်ငံသားအများစုအတွက် အလုပ်ဖြစ်ပါတယ်။ အလုပ်မဖြစ်ပါ။
၇။ မြန်မာစစ်အစိုးရကို စီးပွားရေးအရ အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူတာဟာ အလုပ်ဖြစ်တယ်။ အလုပ်မဖြစ်ပါ။
၈။ မြန်မာပြည်ကို စစ်တပ်က အသွင်မျိုးစုံနဲ့ ၄၆ နှစ်ကြာ အုပ်ချုပ်ခဲ့တာဟာ ဘာပဲပြောပြော တိုင်းပြည် မပြိုကွဲရေးအတွက် အလုပ်ဖြစ်တယ်။ ဒါကြောင့် ၂ဝဝ၈ အခြေခံဥပဒေသစ်ဟာ လက်တွေ့ကျတယ်။ ထောက်ခံပါတယ်။ မထောက်ခံပါ။ လိပ်တွေလို ကိုယ့်ဘက်ကို ယက်နေခြင်းသာ ဖြစ်ပါတယ်။
၉။ လူထုဆိုတာ တကယ်တော့ ဘာမှ သိပ်မသိ၊ ဒါကြောင့် ဒို့တွေကသာ ဦးဆောင်ရမယ်။ မှန်ပါတယ်။ မဟုတ်ပါ၊ မှားနေပါတယ်။
အထက်မှာ တင်ပြခဲ့တဲ့ အချက် ၉ ချက်ကို အကုန်လုံး ဒီနေရာမှာ မဆွေးနွေးတော့ပါ။ တချက်နှစ်ချက် လောက်သာ ဆွေးနွေးလိုပါတယ်။ အဲတာတွေကတော့ ...
ဘုရင်စနစ်နဲ့ ပတ်သက်လို့ ပြောရရင် ဗမာတွေအကြားမှာ အမြင်အမျိုးမျိုး ကွဲပြားမှာတော့ သေချာပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံက ပြည်သူတွေဆိုရင် သူတို့သမိုင်းဖြစ်စဉ်အရ ဘယ်လိုပြောမလဲ။ သူတို့ ချဉ်းကပ်မှုတွေဟာ စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။
စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုနဲ့ ပတ်သက်လို့ မိတ်ဆွေတယောက်က ဒီလိုဆွေးနွေးခဲ့ဖူးပါတယ်။ စပိန်နိုင်ငံမှာ တချိန်တုန်းက အာဏာရှင် ဖရန်ကို အုပ်ချုပ်ခဲ့လို့ တခြား အနောက်နိုင်ငံတွေကနေ စီးပွားရေး ပိတ်ဆို့မှုကို ခံခဲ့ရပါတယ်။ ဒီအကျိုးဆက်အဖြစ် ဖရန်ကို မရှိတဲ့နောက်ပိုင်းမှာ ဆက်ပြီး ဆင်းရဲခဲ့တယ်။ အနောက်ဥရောပ နိုင်ငံတွေအကြားမှာ အဆင်းရဲဆုံး ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ကျနော့် အမြင်က ဒီလိုကော မဖြစ်နိုင်ဘူးလားလို့ ဆွေးနွေးပါတယ်။ ဒီစီးပွားရေး ပိတ်ဆို့မှုတွေကြောင့် နောက်ထပ် ဖရန်ကို လက်သစ်တယောက် စပိန်မှာ ထပ်ပေါ်မလာခဲ့တာကော မဖြစ်နိုင်ဘူးလားဆိုတဲ့ ချဉ်းကပ်မှု ဖြစ်ပါတယ်။ ဒါ့အပြင် စပိန်နိုင်ငံအနေနဲ့ အနောက်ဥရောပ နိုင်ငံတွေအကြားမှာ ဆင်းရဲခဲ့တာ စီးပွားရေး ပိတ်ဆို့မှု တခုထဲကြောင့်လား။ ဒါ့အပြင် နောက်ထပ် အချက်အလက်တွေကော မရှိနိုင်တော့ဘူးလား။ ဥပမာ သူ့အစိုးရကပဲ သူ့နိုင်ငံသားတွေကို ဘာမှလုပ်မရအောင် ပိတ်ဆို့ထားတာတွေကိုကော ထည့်သွင်း မတွက်ချက်သင့်ဘူးလားဆိုတဲ့ အမြင်ဖြစ်ပါတယ်။
ထပ်ပြီးထည့်မယ်ဆိုရင် နောက်ထပ် အချက်အလက်တွေ အများကြီး ရှိပါသေးတယ်။ အခုလောလောဆယ်အနေနဲ့ ဒီလောက်နဲ့ပဲ ငြင်းခုံကြည့်မယ်ဆိုရင် အဖြူအမဲ ကွဲပြားတဲ့ အဖြေမျိုး ရှိနေသလို နောင်နှစ်ပေါင်းများစွာကြာမှ ဖြူမှန်း၊ မည်းမှန်း သိရမည့် ကိစ္စတွေလည်း ရှိပါတယ်။ ဒါ့အပြင် နောင် အနှစ် ၁ဝဝ ၊ ၂ဝဝ အထိ အဖြူအမည်း မကွဲနိုင်မယ့် ကိစ္စတွေလည်း ကျန်ရှိနေပါသေးတယ်။
ဒါပေမဲ့ သေချာတာ တခုတော့ ရှိပါတယ်။ သင် ဘယ်သူ့ဘက်က ရပ်ပြီး စကားပြောမှာလည်း ဆိုတာပဲ ဖြစ်ပါတယ်။ စမ်းသပ်ခန်းထဲက ပူးတွေ၊ ကြွက်တွေဘက်က ရပ်မှာလား။ နိုင်ငံထဲက လူတွေဘက်က ရပ်မှာလား။
ဇော်မင်း (လူ့ဘောင်သစ်)
REF: မဇ္ဈိမ
Friday, March 6, 2009
ဓာတ်ခွဲခန်းထဲက ပူးများကြွက်များ မဟုတ်ပါ - ဇော်မင်း (လူ့ဘောင်သစ်)
အရပ်သားအစိုးရသစ်ကလက်နက်ချခိုင်းလျှင် အန်ဒီအေကေ ကချင်အဖွဲ့ လက်နက်ချမည်
၆ မတ် ၂၀၀၉
ရွေးကောက်ပွဲအပြီး ရုပ်သေးအရပ်သား အစိုးရတက်လာသည့်အချိန်တွင် လက်နက်ချရေး ပြောလာပါက လက်နက်ချရန်အသင့်ရှိကြောင်း ကချင်အပစ်အခတ်ရပ်စဲရေး အဖွဲ့ခေါင်းဆောင်တဦးက ခေတ်ပြိုင်သို့ပြောသည်။ ဖွဲ့စည်းမည့် ကချင်ပါတီမှာ ကေအိုင်အို အပစ်အခတ်ရပ်စဲရေးအဖွဲ့နှင့် အန်ဒီအေကေတို့မှ ကိုယ်စားလှယ်အချို့ ပါဝင်မည်ဖြစ်သည်။ အစိုးရသစ်အပြောင်းအလဲမှာ တိုင်းရင်းသားများကို အလုပ်အကျွေးပြုနိုင်မည့် နိုင်ငံရေး ပါတီတရပ်ဖွဲ့ရေးအတွက် ကချင်အတိုင်ပင်ခံကောင်စီမှ မေတ္တာရပ်ခံသည့်အတွက် ယခုကဲ့သို့ ပါတီဖွဲ့ရန် ကြိုးစားခြင်းဖြစ်ကြောင်း ဦးဇခုန်တိန့်ယိန်းက ရှင်းပြသည်။
၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်မည့် ကချင်နိုင်ငံရေးပါတီဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး ကချင်အပစ်အခတ် ရပ်စဲရေးအဖွဲ့တခုဖြစ်သည့် (အန်ဒီအေကေ) ကချင်ဒီမိုကရေစီသစ်တပ်မတော်-ကချင်အဖွဲ့ ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်း နှင့် ခေတ်ပြိုင် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် လက်နက်ချရန် အသင့်ရှိသည်ဟု အန်ဒီအေကေအဖွဲ့က ပထဆုံး ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။
ကချင်ပြည်နယ်ကိုယ်စားပြု နိုင်ငံရေးပါတီတွင် ကချင်အတိုင်ပင်ခံကောင်စီမှ (၅၀) ရာနှုန်းကျော် ပါဝင်မည်ဟု ကချင်အပစ်အခတ်ရပ်စဲရေး အဖွဲ့ခေါင်းဆောင်တဦးက ခေတ်ပြိုင်သို့ပြောသည်။
သို့သော် ကချင်အတိုင်ပင်ခံကောင်စီသည် ကေအိုင်အိုအဖွဲ့၏ ထောက်ပံ့မှုကို အများဆုံးရယူထားသည့် အဖွဲ့ဖြစ်သည့်ပြင် ကေအိုင်အိုအဖွဲ့၏ စစ်အစိုးရအပေါ် မပြတ်သားသည့် ပေါ်လစီကြောင့် ကချင်လူထုက စိတ်ဝင်စားမှုနည်းသည်ဟု ကချင်သတင်းအုပ်စု အယ်ဒီတာ နော်ဒင်းက ပြောသည်။
ကချင်နိုင်ငံရေးပါတီသစ်တွင် အန်ဒီအေကေအဖွဲ့ကို ကိုယ်စားပြုမည့် ဦးမန်ရှန်တိန့်ဆောင်သည် အမျိုးသားညီလာခံကာလအတွင်း အန်အယ်လ်ဒီသည် အမျိုးသားညီလာခံပျက်စီးအောင် အမေရိကန်အားကိုးဖြင့် လုပ်ကိုင်နေသလို တွေ့ဆုံဆွေးနွေးရေး အန်အယ်လ်ဒီက တောင်းဆိုနေခြင်းသည်လည်း အမျိုးသားညီလာခံကို ဖျက်လိုဖျက်ဆီး လုပ်နေခြင်းဖြစ်ကြောင်း စွပ်စွဲသည့် စာတမ်းကို ၂၀၀၆ ခု ညီလာခံအဖွင့်မှာ ဖတ်ကြားခဲ့သူ ဖြစ်သည်။
(ကချင်နိုင်ငံရေးပါတီဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး (အန်ဒီအေကေ) ကချင်ဒီမိုကရေစီသစ်တပ်မတော်-ကချင်အဖွဲ့ ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းအား ခေတ်ပြိုင် ဦးစိန်ကျော်လှိုင်က မေးမြန်းရာ ဦးဇခုန်တိန့်ယိန်းက ယခုကဲ့သို့ စတင်ပြောကြားသည်။)
REF: ခေတ်ပြိုင်
မြန်မာတွေသာ ဖြေရှင်းရမည့် မြန်မာ့နိုင်ငံရေး (သတင်းသုံးသပ်ချက်)
၎ မတ် ၂၀၀၉
ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်အစိုးရအနေဖြင့် ၎င်းတို့ ချမှတ်ထားသည့် လမ်းညွှန်မြေပုံအတိုင်း ဆက်လက်အကောင်အထည်ဖော်ရန် အာဆီယံခေါင်းဆောင်များက တိုက်တွန်းခဲ့ကြသည်။
“လူထုဘက်က ဆနေတာမျိုး။ စောင့်ကြည့်နေတာမျိုးပဲ ဖြစ်မှာ။ စက်တင်ဘာ သံဃာ့ အရေးအခင်းကို ဘယ်သူကမှ မျှော်လင့်မထားတဲ့၊ ဘယ်တုန်းကမှ မကြားဘူးတဲ့ သံဃ့ာ အသိုင်းအ၀ိုင်းကနေ ပေါ်ထွက်လာသေးတာပဲ။ လူထုအုံကြွမှုဆိုတာက အဓိကလိုအပ်နေ တာက ခေါင်းဆောင်မှုပါ။ ခေါင်းဆောင်မှုဆိုတာက တရားဝင်အဖွဲ့အစည်းတွေထဲကလည်း ဖြစ်ချင်ဖြစ်မယ်။ မြေအောက် အဖွဲ့တွေထဲကလည်း ဖြစ်ချင်ဖြစ်မယ်။ လက်နက်ကိုင်အဖွဲ့တွေ ထဲကလည်း ဖြစ်ချင်ဖြစ်မယ်။ အဲဒီလိုအဖွဲ့အစည်းတွေက လူထုကြီးနဲ့ လိုအပ်တဲ့အချိန်မှာ လိုအပ်သလို ပေါင်းစပ်လိုက်နိုင်ဖို့က အရေးကြီးတာပါ” ဟု ရဲဘော်ဖိုးသံချောင်းက သုံးသပ်ပြသည်။
မြန်မာစစ်အစိုးရအနေဖြင့် ကုလသမဂ္ဂနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်နှင့် ကြေညာထားသည့် လမ်းညွှန်မြေပုံအတိုင်း အကောင်အထည်ဖော်ရန် အာဆီယံ ခေါင်းဆောင်များက တိုက်တွန်းခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ် အာဘီဆစ်က ပြောသည်။
ယင်းကဲ့သို့ တိုက်တွန်းလိုက်ခြင်းသည် နအဖက ကျင်းပပေးမည်ဆိုသော ရွေးကောက်ပွဲကို ထောက်ခံသည့် သဘောလက္ခဏာတရပ်ဖြစ်သည်။
အာဆီယံနှင့် ကုလသမဂ္ဂတို့မှာ နအဖက ကျင်းပပေးမည်ဆိုသော ၂၀၁၀ ရွေးကောက်ပွဲကိုသာ အာရုံပြုနေကြပြီး တရားဝင်ပယ်ဖျက်ခြင်းမပြုရသေးသော ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို မေ့ထားခဲ့ကြပြီ ဖြစ်သည်။
ထိုကဲ့သို့ ရွေးကောက်ပွဲ ရလဒ်တခုကို တရားဝင်ပယ်ဖျက်ခြင်းမပြုသေးဘဲ နောက်ရွေးကောက်ပွဲတခုဆီ ခြေလှမ်းနေခြင်းမျိုး ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် မရှိဟု နိုင်ငံရေးစာပေများ ရေးသားနေသော ဗကပပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းက ပြောသည်။
ယင်းကဲသို့ဖြစ်ရခြင်းမှာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲသည် ကျန်နိုင်ငံများအပေါ် သက်ရောက်နိုင်မှု အားနည်းခြင်းကြောင့် ကျန်နိုင်ငံများက စိတ်မ၀င်စားတော့ခြင်း ဖြစ်သည်ဟု လည်း သုံးသပ်သည်။
ထို့ကြောင့် မြန်မာ့နိုင်ငံရေးကို လူထုကသာ အပြောင်းအလဲလုပ်နိုင်မည်၊ ပြည်တွင်းရှိ အဖွဲ့အစည်းများ ကိုယ်တိုင်သာဖြေရှင်းရမည်၊ ပြည်ပအဖွဲ့အစည်းများမှာ ၀ါဒဖြန့်အလုပ်သာ လုပ်နိုင်သည်ဟု ရဲဘော်ဖိုးသံချောင်းက ထောက်ပြသည်။
ပြည်တွင်းရှိ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကမူ နိုင်ငံရေးလှုပ်ရှားသူများအပေါ် နအဖ၏ ပြင်းထန်သော ဖိနှိပ်မှုများကြောင့် ပြည်တွင်းလူထုအနေဖြင့် အန်အယ်လ်ဒီက ပြုလုပ်နေသော နိုင်ငံရေးအကျဉ်းသားလွှတ်ရေး လက်မှတ်ကောက်ယူမှုများမှာပင် ပါဝင်လာနိုင်မှု သိပ်မရှိဟု ဆိုသည်။
အမှန်တကယ်လည်း နအဖစစ်အစိုးရက ရွေးကောက်ပွဲနီးလာချိန်တွင် အတိုက်အခံ နိုင်ငံရေးအင်အားစုများကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ပြခြင်းဖြင့် လူထုထံ အကြောက်တရား စိတ်ဓာတ် သွတ်သွင်းပေးနေသည်။
“ဆိုလိုတာက ဗျာ။ အထဲကလူတွေလုပ်မှရမှာ ဟုတ်ပေမယ့် အထဲမှာကလည်း နိုင်ငံရေး လှုပ်ရှားသူတွေကို ထောင်တွေချ၊ ဘာတွေချနေတော့ အခု အန်အယ်လ်ဒီက လုပ်နေတဲ့ လက်မှတ်ထိုးလှုပ်ရှားမှုမှာတောင် လူထုအား ဘယ်လောက်ပါသလဲ။ လူဦးရေသန်း (၅၀) ကျော် ရှိတဲ့အထဲမှာ လက်မှတ် (၅) သောင်းရအောင် စုနိုင်သလား။ (၅) သိန်းရအောင် စုနိုင်လို့လား။ တက်ကြွလှုပ်ရှားတဲ့ မြို့နယ်တွေမှာပဲ အနည်းအကျဉ်း လှုပ်ရှားသံကြားနေရ တာပဲ။ အဲဒီလိုလှုပ်ရှားတဲ့ သူတွေမှာလည်း အနှောင့်အယှက် အမျိုးမျိုးကြုံနေကြရတယ်။ ဒီတော့ အန်အယ်လ်ဒီက လူထုထောက်ခံမှုရအောင် ဘယ်လောက်လုပ်နိုင်မလဲ” ဟု သခင်ချန်ထွန်းက လူထုထောက်ခံမှုနှင့် အန်အယ်လ်ဒီ၏ လုပ်နိုင်စွမ်းကို ထောက်ဆသည်။
အကယ်စင်စစ်လည်း ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်းပြီးကတည်းက နအဖစစ်အစိုးရက အကြောင်းပြချက်မရှိဘဲ အန်အယ်လ်ဒီပါတီ၏ မြို့နယ်ရုံးခွဲများကို ပိတ်ပစ်လိုက်သဖြင့် အန်အယ်လ်ဒီပါတီ၏ စည်းရုံးနိုင်မှုမှာ ကျဆင်းနေခဲ့ရသည်။
သို့သော်လည်း စည်းရုံးနိုင်မှု ကျဆင်းခြင်းသည် ထောက်ခံမှုကျဆင်းခြင်း မဟုတ်ပေ။
လူထုလိုက်ပါနိုင်မှု အားနည်းနေပြီဟု ယူဆသော သခင်ချန်ထွန်းက ပြည်ပအဖွဲ့အစည်းများ၊ နိုင်ငံများအနေဖြင့်လည်း မြန်မာ့နိုင်ငံရေးကို ပြုပြင်ပြောင်းလဲမှုမလုပ်နိုင်၊ ကုလသမဂ္ဂ ကိုယ်စားလှယ်များပင် နအဖက လာဆိုမှလာ၊ သွားဆိုမှသွားရသည့် အခြေအနေဖြစ်နေသည် ဟုလည်း ပြောသည်။
မြန်မာ့နိုင်ငံရေး တိုးတက်ရေးအတွက် မကြာခဏသွားလာနေရသော မစ္စတာဂမ်ဘာရီကမူ မစ္စတာဘန်ကီမွန်း အနေဖြင့် စစ်အစိုးရအား အကျပ်ကိုင်ခိုင်း၍မရဘဲ တိုက်တွန်းသည့်နည်း၊ ဆွဲဆောင်သည့်နည်းမျိုးဖြင့်သာ ဆောင်ရွက်နိုင်သည်ဟု ဆိုသည်။
သို့သော် မစ္စတာဂမ်ဘာရီအနေဖြင့် နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲကိုသာ အလေးပေး ပြောကြားနေခြင်းမသင့်ဟု အတိုက်အခံများက ယူဆသည်။ ကြားဝင်စေ့စပ်သူပီပီ တွေ့ဆုံ ဆွေးနွေးရေး ဖြစ်ပေါ်လာရန်ကိုသာ ဦးစားပေးဆောင်ရွက်သင့်ကြောင်း အတိုက်အခံများက ပြောကြသည်။
နအဖက ၂၀၁၀ ရွေးကောက်ပွဲကျင်းပမည်ဟု ပြောဆိုနေသော်လည်း ယခုအချိန်အထိ ပါတီဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေများကို ယခုအချိန်အထိ ထုတ်ပြန်ပေးခြင်း မရှိသေးပေ။ ထိုကဲ့သို့ ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ရွေးကောက်ပွဲကို ကုလသမဂ္ဂလေ့လာခွင့်ရမည်ဟု နအဖ ၀န်ကြီးချုပ်က ထိုင်းဝန်ကြီးချုပ် အာဘီဆစ်ကို ထုတ်ဖော်ပြောကြားခဲ့ပြီ ဖြစ်သည်။
ယင်းကဲ့သို့ ယခုအချိန်ထိ ပါတီဖွဲ့စည်းခွင့်ဆိုင်ရာဥပဒေ၊ ရွေးကောက်ပွဲဥပဒေများ ထုတ်ပြန် မပေးသေးသည်မှာ နအဖဘက်မှ မရိုးသားသည့် လက္ခဏာများဖြစ်ကြောင်း အန်အယ်လ်ဒီ၏ တုံ့ပြန်မှုကို စောင့်နေသည်ဟု မြင်မိကြောင်း ရဲဘော်ဖိုးသံချောင်းက ထောက်ပြပြောဆိုသည်။
“နအဖဘက်ကတော့ ရှင်းတယ်လေ။ သူတို့ရဲ့မြေပုံနဲ့ ရွေးကောက်ပွဲကို အကောင်အထည် ဖော်မှာပဲ။ လာမည့် ရွေးကောက်ပွဲဟာ သဏ္ဌာန်သက်သက်သာ ဖြစ်တယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံတော်အာဏာရဲ့ အဓိကကျတဲ့ သမ္မတနေရာတွေ၊ ၀န်ကြီးနေရာတွေမှာ သူတို့ စစ်တပ်ဘက်က ရအောင်လုပ်ထားပြီးပြီ။ ဒါကြောင့်မို့ ဘယ်သူလာကြည့်ကြည့်ရတယ်။ တရားမျှတတယ်ဆိုတာကို ဖော်ပြမှာပဲ။ အာဏာက သူတို့လက်က ပြေးမလွတ်တော့ဘူးလေ။ ဒါကြောင့် သူတို့က အင်မတန် သဘောထားကြီးလေဟန် လာပါ၊ လေ့လာပါလုပ်နေတာ။ အန်အယ်လ်ဒီဘက်ကကျတော့လည်း တခြားအဖွဲ့တွေနဲ့မတူဘူး။ သူတို့က ၁၉၉၀ မှာ လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အဖွဲ့။ တခြားအဖွဲ့တွေ ရွေးကောက်ပွဲဝင်လို့ ဘာမှပြောစရာ မရှိဘူး။ ဒါပေမယ့် အန်အယ်လ်ဒီက ၀င်လိုက်လို့ရှိရင် အဲဒီ mandate ကို စွန့်လွှတ်ပစ်လိုက် ရမယ်။ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ဖောက်ဖျက်လိုက်ရာ ဖြစ်သွားနိုင်တယ်။ အန်အယ်လ်ဒီ အနေနဲ့ကတော့ ကျနော်ထင်တယ် ထူးခြားတဲ့ အပြောင်းအလဲမရှိရင် ရွေးကောက်ပွဲဝင်မှာ မဟုတ်ဘူးထင်တယ်” ဟု ရဲဘော်ဖိုးသံချောင်းက သုံးသပ်ပြသည်။
ထူးခြားသည့် အပြောင်းအလဲဆိုသည်မှာ နအဖဘက်မှ အပြောင်းအလဲနှင့် အန်အယ်လ်ဒီ ပါတီတွင်း အပြောင်းအလဲကို ပြောဆိုခြင်းဖြစ်သည်ဟု ရဲဘော်ဖိုးသံချောင်းက ရှင်းသော်လည်း အသေးစိတ်ကို ပြောရန်မသင့်ဟု ဆိုသည်။
ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကမူ အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲ ၀င်သင့်သည် ဟု ပြောသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော နိုင်ငံခြားသားနှင့် လက်ထပ်ထား သူများကိုလည်း မြန်မာနိုင်ငံသားအဖြစ် မစွန့်လွှတ်ခဲ့လျင် ရွေးကောက်ပွဲ ၀င်ဖို့ ခွင့်ပြုသင့်သည် ဟုပါ ဆက်လက် ပြောဆိုသည်။
ရွေးကောက်ပွဲတွင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲကဲ့သို့ မဖြစ်ရအောင် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများကို ဖိတ်ကြားပေးသင့်သည်ဟု ဆိုသည်။
သခင်ချန်ထွန်းက “ရွေးကောက်ပွဲလုပ်ရင် စောင့်ကြည့်လေ့လာသူတွေပါရမယ်။ ကျနော် ထင်တယ် ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲတုန်းကလိုတော့ သွားလို့မရဘူး။ ကျနော်လည်း မေးကြည့် ပါတယ်။ နယ်ကအမျိုးသမီးတယောက် အလည်ရောက်လာလို့မေးကြည့်တော့ ဆန္ဒခံယူပွဲတုန်း က ရယကတွေကပဲ အိမ်မှာ လူဘယ်နှစ်ယောက်ရှိလည်း မေးပြီး ရယကတွေကပဲ ထည့်သွား တာတဲ့။ အဲဒါမျိုးတွေက အများကြီးပဲ။ လာမယ့်ဟာကိုတော့ အဲလိုလုပ်လို့မသင့်ဘူး။ လုပ်ရင်လည်း အစိုးရကို အကာအကွယ်ပေးထားတဲ့ တရုတ်တို့ ရုရှတို့ပါ မျက်နှာပျက်စရာတွေ ဖြစ်ကုန်မယ်။ ဆိုတော့ ဒီလိုစောင့်ကြည့်သူတွေလည်းပါမယ်။ ဒေါ်အောင်ဆန်းစုကြည်တို့လို ပုဂ္ဂိုလ်မျိုးတွေလည်းပါမယ်ဆိုရင် အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲဝင်သင့်တယ်” ဟု ပြောသည်။
သခင်ချန်ထွန်း၏ တိုက်တွန်းချက်မှာ အန်အယ်လ်ဒီပါတီက တောင်းဆိုထားသည့် ဖွဲ့စည်းပုံ ဥပဒေပြင်ဆင်ရေး သဘောမျိုးသာဖြစ်နေသဖြင့် နအဖဘက်မှ လက်ခံနိုင်မည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ကုလသမဂ္ဂက နအဖ၏ လမ်းညွှန်မြေပုံ (၇) ချက်ကို ပယ်ဖျက်နိုင်စွမ်း မရှိသကဲ့သို့ အာဆီယံကလည်း ယင်းအတိုင်းဆက်သွားရန်ကိုပင် တိုက်တွန်းနေပြီဖြစ်ရာ မြန်မာ့အရေး အပြောင်းအလဲသည် ပြည်သူလူထုနှင့် ပြည်သူလူထုက ရွေးကောက်ထားသော အန်အယ်လ်ဒီပါတီအပေါ်တွင်သာ အဓိက မူတည်နေပြီဖြစ်သည်။
မင်းနိုင်သူ
REF: ခေတ်ပြိုင်
သတင်းစာက အဖျင်းအညာများ - မောင်သြ
ယနေ့မြန်မာနိုင်ငံမှာ သတင်းစာဖတ်တဲ့ ပရိသတ်နှင့် မဖတ်တဲ့ ပရိသတ် နှစ်မျိုးရှိပါတယ်။ ဖတ်တဲ့သူရဲ့ သဘောထားကတော့ နာရေးသတင်းနဲ့ နအဖစစ်အစိုးရ ဘာတွေလုပ်နေလဲ၊ ဘယ်နိုင်ငံကလာတဲ့ အကြီးအကဲ တွေကို ဘယ်လို မျက်နှာချိုသွေးနေလဲဆိုတာ သိချင်လို့ပါ။ မဖတ်တဲ့သူတွေရဲ့ သဘောကတော့ မဟုတ်မမှန် ကိုယ့်ဘက်ကိုယ်ယက်နေတဲ့ ဆောင်းပါးတွေ၊ သတင်းတွေ ဖတ်မိရလို့ ဒေါသထွက်ရတယ်။
ပြည်သူတွေ သိသင့်သိထိုက်တဲ့ သတင်းအဖြစ်မှန်တွေကို ဖုံးကွယ်ထားပြီး တံတားဆောက်တာတွေ၊ လမ်းဖောက် တာတွေ၊ အလှူဒါနပြုကြသူငါ သတင်းဓာတ်ပုံတွေနဲ့ သူတို့ (ဗိုလ်ချုပ်ကြီးများ) တိုင်းခန်းလှည့်လည်ကြတာတွေ၊ နအဖ အကြိုက် ဖားရေးနေတဲ့ ဆောင်းပါးရှင်တွေက အတိုက်အခံပါတီတွေကို အပုတ်ချ တိုက်ခိုက်နေတာတွေ ဒါတွေပဲ ပါနေကြတော့ဘာမှ ထူးခြားမှုမရှိလို့ မဖတ်ကြဘူး။
ကိုယ့်ဂုဏ်ကိုဖော် မသူတော်ဆိုတဲ့ စကားပုံလို ကိုယ့်ငါးချဉ်ကိုယ်ချဉ် သတင်းဆောင်းပါးတွေကို နေ့စဉ် တွေ့နေရတော့ သတင်းစာမဖတ်တဲ့သူက ပိုများပါတယ်။ ယခင်တုန်းက သတင်းစာနောက်ကျောမှာ စောင်ရေ ဘယ်လောက်ထုတ်ဝေတယ်ဆို ဖော်ပြလေ့ရှိတယ်။ အခုတော့ ဖတ်သူလျော့နည်းလို့ စောင်ရေကျလာတော့ စောင်ရေ ဘယ်လောက်ရှိတယ်ဆိုတာ မဖော်ပြရဲတော့ဘူး။ သတင်းစာမှာ ရေးနေကြတဲ့ ဆောင်းပါးရှင်တွေ ကလည်း နအဖ ခြေသလုံးဖက် မစားရ ၀ခမန်း အမှန်တရားကို ဖုံးကွယ်ပြီး မှန်သယောင်ယောင် လိမ်ဆင်တွေ ရေးတာများတယ်။ ဥပမာ -
၁၈- ၂- ၀၉ နေ့က ထုတ်ဝေတဲ့ အစိုးရပိုင် သတင်းစာ ကြေးမုံမှာပါတဲ့ ဆောင်းပါးရှင် စည်သူအောင်ရဲ့ “လက်တွဲ ညီညီ ရှေ့သို့ချီ” ဆိုတဲ့ ဆောင်းပါး ကော်လံအလယ်မှာ -
“နိုင်ငံရေးဆိုတာ နိုင်ငံနဲ့ပြည်သူတွေရဲ့ အကျိုးစီးပွားကို လက်တွေ့ကျကျ အမြင့်ဆုံး ဘယ်လိုဖော်ဆောင်မလဲဆိုတဲ့ အရေးကိစ္စကို (Maximization of National interest) သာ ဖြစ်တယ်။ ပါတီတခု၊ လူတစုရဲ့ ကိုယ်ပိုင်အကျိုး စီးပွားကို ရှာဖွေဖို့ လုပ်ငန်းတခု (Individual Profiteering Business) မဟုတ်ပါဘူး” ဆိုပြီး ရေးထားတယ်။
ပါတီအကျိုးစီးပွား၊ ကိုယ်ပိုင်အကျိုးစီးပွားကို ဒီနေ့ ဘယ်သူတွေက ဦးဆောင်လုပ်ပြီး၊ ဘယ်သူတွေက ကြီးပွားချမ်းသာပြီး ကောင်းစားနေသလဲဆိုတာ ဆောင်းပါးရှင် ဆရာကြီး အတ္တမျက်လုံးမှာ တိမ်သလ္လာ ဖုံးနေပြီထင်ပါတယ်။
နောက် ဒုတိယကော်လံမှာ “ဒီလောက် သယံဇာတတွေနဲ့ ပြည့်စုံကြွယ်ဝတဲ့ မြန်မာနိုင်ငံဟာ အလားအလာ ရှိသလောက် တိုးတက်အောင်မြင် ပေါက်မြောက်မှု မရှိခဲ့တာ အားလုံးအသိပါ”။ ဆိုလိုခြင်တာက သယံဇာတပေါတဲ့ နိုင်ငံကြီးဟာ မချမ်းသာဘဲ ဆင်းရဲနေတာ ဘာကြောင့်ပါလဲဆိုတဲ့ သဘောပါ။ ကောင်းပြီ ၁၉၆၂ မှ ယနေ့ထိ (၄၇) နှစ်တိုင်တိုင် စစ်အာဏာရှင်များ တဆက်ပြီးတဆက် အုပ်ချုပ်လာခဲ့တာ အရှေ့တောင်အာရှမှာ တချိန်က အချမ်းသာဆုံးကြွယ်ဝခဲ့တဲ့ မြန်မာနိုင်ငံဟာ အဆင်းရဲဆုံး နိုင်ငံအဖြစ် ကြေညာခဲ့ရတယ်။ ဘယ်သူတွေ အုပ်ချုပ်မင်းလုပ်ပြီး ဘယ်သူတွေ ကြီးပွားချမ်းသာနေလဲဆိုတာရယ်၊ ဘယ်သူတွေကြောင့်ဆိုတာရယ် ခွဲခွဲခြားခြား သိဖို့ ကောင်းပါပြီ။
နောက်တခုက “အာဏာနဲ့ ပတ်သက်လာရင် ရွဲကုန်သည်ဇာတ်ထဲက မင်းသားကြီး ရွှေမန်းဦးတင်မောင်သီချင်းလို မပေး….ပေး…ပေး xxx ငါ့ရွှေခွက်ပေး ဆိုတာမျိုးတွေနဲ့ အတိတ်ကို ပြန်သွားချင်တာ တွေ့နေခဲ့ရပါတယ်” …… တဲ့။
အန်အယ်လ်ဒီ အဖွဲ့ချုပ်ဟာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ပြီးကတည်းက အာဏာတငမ်းငမ်းနဲ့ တောင်းဆိုခဲ့တာ မရှိခဲ့ပါဘူး။ ခုထိလည်း အာဏာလွှဲပြောင်းပေးအပ်ဖို့ မတောင်းဆိုခဲ့သေးပါဘူး။ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး န၀တ (နအဖ) အစိုးရရဲ့ ထုတ်ပြန်ထားတဲ့ ၁/၉၀ ကြေညာချက်တွေ၊ စည်းကမ်းဥပဒေ အမိန့်တွေနဲ့ ပြောထားတဲ့ ကတိစကားတွေနဲ့အညီ ဆောင်ရွက်ပေးဖို့ တွေ့ဆုံဆွေးနွေးမှုကိုသာ အစဉ်တစိုက် ပြောဆိုနေခဲ့တာပါ။ နောက်ရှိသေးတယ်။ “တကယ်အရင်းစစ်လိုက်ရင် ပြည်သူလူထုကြီးတရပ်လုံးရဲ့ အကျိုးစီးပွားလား၊ သူတို့အတွက် အာဏာရွှေခွက် အစွဲနဲ့ အလွဲကြီးလွဲမှား နေတာလားဆိုတာဟာ အသိပညာရှိသူတိုင်း စဉ်းစားကြည့်နိုင်တဲ့ ကိစ္စပါ” တဲ့။ ကောင်းပြီ။ ဒီနေ့ပြည်သူလူထုကြီးတရပ်လုံးရဲ့ အကျိုးစီးပွားတွေ ကမောက်ကမ ဖြစ်ပြီး စီးပွားရေး အကျပ်အတည်းဒဏ်ကို ခံရတဲ့ ပြည်သူတွေရဲ့ ညည်းညူသံတွေကို ကြားနေရပါတယ်။ ဘယ်သူ့စနက်လဲ၊ ဘယ်သူတရားခံလဲ … အန်အယ်လ်ဒီ မဟုတ်တာတော့ သေချာတယ်။ အာဏာရွှေခွက်ကို မက်မောပြီး အာဏာကုလားထိုင်က ဖင်မခွာချင်ဘဲ နှစ် (၂၀) ကျော်တိုင်တိုင် လက်မလွှတ်ချင်တာ ဘယ်သူတွေလဲ။ ဆောင်းပါးရှင် ရှေ့နောက်ညီညွတ်အောင် ရေးပါ။ အမှန်တရားကို မြင်တတ်ပါ။ ဆေးခါးကြီးကို သကြားရည် မဖုံးပါနှင့်။ နောက်… ပြောချင်တာက ဆောင်းပါးရှင် စည်သူအောင်ရဲ့ နိဂုံးပိုင်းမှာ ရေးထားတဲ့ “ရွေးကောက်ပွဲမှာ တကယ်ဆုံးဖြတ်ပေးရမှာက မဲဆန္ဒရှင် ပြည်သူတွေပါ။ ပြည်သူ့အဆုံးအဖြတ်ကို နာခံပြီး ကျရာကဏ္ဍက ပြည်သူကို အလုပ်အကျွေးပြုရမှာက နိုင်ငံရေး အင်အားစုတွေပါ” တဲ့။ အဲဒီ စာကြောင်းလေးကို ထပ်ဖြည့်ပြောချင်ပါတယ်။ ဒါမှ သဘာဝကျမှာကိုး။ …… ရွေးကောက်ပွဲ တကယ်ဆုံးဖြတ်ရမှာက မဲဆန္ဒရှင် ပြည်သူတွေပါ။ ပြည်သူ့အဆုံးအဖြတ်ကို နာခံပြီး ဆောင်ရွက်ပေးရမှာက ရွေးကောက်ပွဲကို ကျင်းပပေးတဲ့ ပုဂ္ဂိုလ်များ (အုပ်ချုပ်တဲ့အစိုးရ) သာ ဖြစ်ပါတယ်။ ပြည်သူကို အလုပ်အကျွေးပြုရမှာက ရွေးကောက်ပွဲမှာ တရားမျှတပြီး မှန်မှန်ကန်ကန် အနိုင်ရရှိတဲ့ နိုင်ငံရေးအင်အားစု (ပါတီ) များသာ ဖြစ်ပါတယ်လို့ ထပ်ဖြည့်ချင်ပါတယ်။ ၉၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲကို ဘယ်သူတွေ ကျင်းပပေးခဲ့ပါသလဲ။ အဲဒီတုန်းက ပြည်သူ့ဆန္ဒ အစစ်အမှန်ကို ဘာကြောင့် လက်မခံဘဲ ယခု ၂၀၀၈ ခုနှစ် မစစ်မှန်တဲ့ တဖက်သတ် ကျင်းပခဲ့တဲ့ ပြည်သူ့ဆန္ဒ ခံယူပွဲကျမှ ပြည်သူ့ဆန္ဒကို လက်ခံရမယ်ဆိုတာ တရားမျှတမှုရှိရဲ့လား။ ကိုယ့်ဘက်ကိုယ်ယက်တဲ့ လိပ်အမျိုးအစားထဲ ပါသွားမယ်နော်။ ဒီနေ့ မြန်မာနိုင်ငံအရေးဟာ ဆောင်းပါးရှင် စည်သူအောင် ပြောသလို အချင်းချင်း စည်းလုံးညီညွတ်မှုအားကို ရယူမှဖြစ်မယ်၊ ညှိနှိုင်းဆောင်ရွက်ကြဖို့လိုတယ်ဆိုရင် အကောင်းဆုံးကတော့ ကြိုတင်စည်းကမ်းချက်၊ သတ်မှတ်ချက်များမပါဘဲ နအဖ ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် လူထုက ချစ်ခင်ကြည်ညိုလေးစားတဲ့ အန်အယ်လ်ဒီ အထွေထွေအတွင်းရေးမှူး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အမြန်ဆုံး တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းဖြင့်သာ မြန်မာနိုင်ငံရဲ့ အနာဂတ်အလင်းရောင်သစ်ဟာ ထွန်းလင်းတောက်ပ သာယာချမ်းမြေ့လာနိုင်မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
မောင်သြ
REF: ခေတ်ပြိုင်
“ရဲ” စိတ်တွေမွေးထားကြ - ဒီလှိုင်း
လက်ဝှေ့သမား နှစ်ဦးလက်ဝှေ့ထိုးကြတဲ့အခါ နိုင်သူက နိုင်တယ်၊ ရှုံးသူက ရှုံးတယ်။ ရှုံးသူက မကျေနပ်လို့ နိုင်သူကို စိန်ခေါ်တဲ့ပွဲကို စိန်ခေါ်ပွဲလို့ ခေါ်ကြတယ်။ အားကစားဘက်မှာ ဒီပွဲမျိုးရှိသလိုပဲ စီးပွားရေးနယ်ပယ်၊ ပညာရေးနယ်ပယ်၊ လူမှုရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ် အသီးသီးမှာ “စိန်ခေါ်ပွဲ” အမျိုးမျိုးရှိကြတယ်။ ဒီလို ပေါက်ကွဲဖြစ်ပေါ်ကြတဲ့ အခြေခံဟာ ဘာလဲဆိုတော့ မကျေနပ်လို့ မခံချင်လို့ဆိုတာ ထင်ရှားတယ်။ နိုင်သူကထပ်ပြီး နိုင်ချင်နိုင်မယ်၊ ရှုံးသူက ထပ်ပြီး ရှုံးချင်ရှုံးမယ်။ နိုင်သူက ရှုံးချင်ရှုံးပြီး ရှုံးသူက နိုင်ချင်နိုင်မယ်။ ကျိန်းသေပေါက် ဘယ်သူမှ မပြောနိုင်ကြပါဘူးဗျာ။
နယ်ပယ်အသီးသီး၊ နိုင်ငံအသီးသီးရဲ့  “စိန်ခေါ်ပွဲ” ကတော့ စိန်ခေါ်ပွဲ အမျိုးမျိုးထဲမှာ စွန့်စားရတာ ပိုများသလို ခွန်အားစုရတာတွေ၊ နည်းပညာလေ့လာရတာတွေ ပိုများလာတာ တွေ့ရပါတယ်။ နိုင်ငံတနိုင်ငံရဲ့  အုပ်ချုပ်သူ လူတန်းစားဟာ တိုင်းသူပြည်သားတွေအပေါ် ကောင်းတဲ့စနစ်နဲ့ အုပ်ချုပ်နိုင်ရင် ပြည်သူတွေက ထောက်ခံကြတယ်။
အတိုက်အခံတွေကလည်း ချီးကျူးအားပေးကြတယ်။ ဝေဖန်စရာရှိရင် ဝေဖန်ပေးကြတယ်။ ဒီလိုအုပ်ချုပ်သူဟာ ပြည်သူတွေရဲ့  အားပေးထောက်ခံမှုကို ကျေကျေနပ်နပ်ကြီး ခံယူကြသလို အတိုက်အခံတွေရဲ့  ဝေဖန်တာတွေ အကြံပြုတာတွေကိုလည်း နှိမ့်နှိမ့်ချချ ကြိုဆိုကြတယ်။ ရန်ပြုတုံ့ပြန်တာတွေ၊ အာဃာတထားတာတွေ မလုပ်ကြဘူး။ ကောင်းတဲ့စနစ်တခုကို အခြေခံပြီး တည်ဆောက်ထားတဲ့အတွက် ကောင်းတဲ့အုပ်ချုပ်သူ ပညာတတ်ပြီး အရာရာကို ဟုတ်မဟုတ်၊ မှန်မမှန် ပိုင်းခြားတတ်သူတွေ ဖြစ်လို့ဆိုတာ မေးစရာလိုတာမှမဟုတ်ဘဲ။ ဟုတ်တယ်မဟုတ်လားဗျာ။ အတိုက်အခံခေါင်းဆောင် လီယိုပေါ်ဒို လိုပက်ဇ်က သမ္မတ ဟူဂိုဟာ အာဏာနဲ့ ဖိအားပေးပြီး ဆန္ဒခံယူပွဲမှာ မဲအရေအတွက်များအောင် လုပ်မယ်ဆိုတာ သိလို့ သူ့အနေနဲ့ ယှဉ်ပြိုင်မှာ မဟုတ်ဘူး ဆိုပြီး ဘီဘီစီသတင်းဌာနကို ပြောကြားတယ်ဗျ။ အဲဒီနိုင်ငံမှာ ဆယ်နှစ်အတွင်း ရွေးကောက်ပွဲ (၁၅) ကြိမ်လုပ်ခဲ့တယ်ဆိုပါလား။ အဲဒီရွေးကောက်ပွဲတွေ အားလုံးဟာ တရားမျှတမှု မရှိဆုံး၊ အမှားအယွင်း တွေ အလုပ်ဆုံးလို့ သူကထောက်ပြပြန်တယ်။ ပြီးတော့ ဗင်နီဇွဲလားအစိုးရရဲ့  ဝါဒဖြန့်ချိရေး လုပ်ငန်းတွေ၊ လှုပ်ရှားမှုတွေ၊ ကြော်ငြာတွေ ပိုလုပ်လာတယ်လို့လည်း ဝေဖန်ပြောကြားကြတယ်ဗျ။ ခုချိန်မှာ နိုင်ငံတိုင်း နိုင်ငံတကာ စီးပွားရေး အကျပ်အတည်း ဆိုက်နေတဲ့ကိစ္စနဲ့ ရင်ဆိုင်နေရတယ်။ ကုန်ဈေးနှုန်းတက်တဲ့ကိစ္စ၊ ငွေကြေးဖောင်းပွတဲ့ ကိစ္စနဲ့လည်း ရင်ဆိုင်နေရတယ်။ နိုင်ငံတိုင်းမှာ ပြဿနာပေါင်းစုံ တွေ့နေရတယ်။ အတိုက်အခံ ခေါင်းဆောင် လိုပက်ဇ်ဟာ ၂၀၁၂ ခု ရွေးကောက်ပွဲမှာ ဘာဖြစ်လို့ မယှဉ်ပြိုင်တာလဲ။ ဟူဂိုလုပ်မယ့် ရွေးကောက်ပွဲကို မကြိုက်လို့ဘဲဆိုတာ ပြောနေစရာ လိုသေးလားဗျာ။ ဒီတော့လည်း အဲဒီမှာ စိန်ခေါ်ပွဲအသစ်တွေ ထပ်တွေ့ရဖို့ ရှိတယ်ဆိုတာပဲဗျာ။ နအဖကို တောက်လျှောက် တိုက်ပွဲဝင်လာတဲ့ အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းတွေအနေနဲ့ ပါးစပ်ပြောမဟုတ်ဘဲ လက်တွေ့လုပ်ဖို့ လိုလာပြီဆိုတာ အထူးပြောစရာမလိုဘူး။ ရပ်တည်ချက် ကောင်းဖို့ အယူအဆ၊ အတွေးအခေါ်တွေ “ညက်” နေဖို့လိုနေပြီ။ အချိန်ဆွဲနေရင် ဆွဲသလောက် နအဖရဲ့ ဘက်က မျက်လှည့်ပြကွက်တွေ တိုးတိုးပြီး လုပ်နေကြတယ်ဆိုတာ သတိရှိဖို့လိုတယ်။ အပေါ်က တင်ပြခဲ့တဲ့ သမ္မတ ဟူဂိုရဲ့  လုပ်ရပ်နဲ့ နှိုင်းယှဉ်တတ်ဖို့ အထူးလိုနေပြီ။ အဲဒီ သမ္မတရဲ့  အတိုက်အခံ လီယိုပေါ်ဒို-လိုပက်ဇ် လမ်းစဉ်အတိုင်း အမှန်တရားဘက်ကရပ်ပြီး “ရွေးကောက်ပွဲ မဝင်ရေး လမ်းစဉ်” ကို ကြည့်ရင် အားကျစရာ မကောင်းဘူးလားဗျာ။ ဒီတော့ သူတို့ဘက်က“ရန်-ငါ-စည်း” ပြတ်သလို ပြည်သူ့ဘက်ကလည်း သူတို့ထက်ပိုပြီး “ရန်-ငါ-စည်း” ပြတ်ဖို့ ဂရုစိုက်ရမယ့်အချိန် ရောက်နေပြီ။ ဗမာပြည်ရဲ့ သမိုင်းမှာ သွေးချောင်းစီး တိုက်ပွဲတွေ ဖြစ်ခဲ့ရတာ ဘာဖြစ်လို့လဲ။ အာဏာရှင်စနစ်ကြောင့် ဆိုတာ သိကြပါတယ်ဗျာ။ အာဏာရှင်တွေ သက်ဆိုးရှည်တာဟာ ပြည်သူ့တိုက်ပွဲတွေကို သူတို့ရဲ့ သေနတ်၊ ကျည်ဆန်တွေသုံးပြီး ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့ကြ လို့ပဲ မဟုတ်လား။ ပြည်သူတွေ သိထားပြီပဲဗျာ။ ဒီတော့ ဒီနေ့လုပ်ရမယ့် တိုက်ပွဲပုံစံဟာ ရန်သူ (နအဖ) ရဲ့  အသေးအမွှား အောက်ခြေကအစ ရနိုင်သလောက် နေရာဒေသ အသီးသီးကို ချေမှုန်းပစ်မှ ဖြစ်တော့မယ်။ ပြည်သူ့တိုက်ပွဲနဲ့ ပြည်သူ့အောင်ပွဲကို ရယူဖို့ဆိုတာ လက်ရုံးရည်၊ နှလုံးရည်ပြည့်စုံဖို့ လိုနေပြီ။ ပြည်သူတွင်း ပဋိပက္ခဖြစ်လာအောင် နအဖဘက်က ဆက်တိုက် လုပ်လာတော့မယ့် ကိစ္စကို အရေးတကြီး သိထားကြဖို့ လိုတယ်နော်။ လူနဲ့ လက်နက် ဘယ်ဟာအရေးကြီးလဲ။ ဒီနှစ်ခုစလုံးဟာ ရုပ်ဝတ္ထုတွေဖြစ်တယ်။ ဒါပေမယ့် လူဟာ အတွေးအခေါ်ရှိတယ်။ အယူအဆရှိတယ်။ ဒါကြောင့် ဒီနေ့ ပြည်သူတွေ ခါးစည်းခံနေကြရတဲ့ အဖြစ်ဆိုးတွေကို ပိုပြီးခါးသီးလာအောင် နေရာဒေသ အသီးသီးမှာ နည်းမျိုးစုံးနဲ့ ရန်သူ (နအဖ) ရဲ့ ကုလားထိုင်ကို ဆွဲခါပစ်ဖို့လိုနေကြောင်းပါ ခင်ဗျ။ သူတို့ ကုလားထိုင် ပြုတ်မှာကို သူတို့ အကြောက်ဆုံးဖြစ်တယ်။ ပြည်သူတွေရဲ့  “လုပ်ရဲ၊ ကိုင်ရဲ၊ တိုက်ရဲ” တဲ့ “ရဲ” စိတ်ဓာတ်တွေ သူတို့ အရမ်းကြောက်ကြတယ်ဆိုတာ ပြည်သူတွေဘက်က အချိန်ရှိသရွေ့  အားမွေးထားဖို့ပဲဗျို့။ ပြည်သူတွေ အငတ်ဘေးဆိုက်နေတာ အားလုံးဝိုင်းလုပ်ကြမှ ဖြစ်တော့မယ်။ တကယ်တော့ “စိန်ခေါ်ပွဲ” ရှေ့ရှိနေတယ်ဆိုတာ အချင်းချင်း လက်တို့သတိပေးထားကြဖို့ပါ ခင်ဗျ။
ပြီးခဲ့တဲ့ ရက်အတွင်းက နိုင်ငံခြားသတင်းတပုဒ် ဖတ်ရတယ်။ သတင်းကတော့ လက်တင်အမေရိက တိုက်မှာရှိတဲ့ ဗင်နီဇွဲလား နိုင်ငံက လက်ရှိသမ္မတကို နောက်လာမယ့် ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲအ တွက် ဆန္ဒခံယူပွဲ လုပ်တယ်ဆိုတဲ့ သတင်းဖြစ်တယ်။ လက်ရှိသမ္မတ နာမည်ကတော့ ဟူဂို ချာဗက်ဇ် ဖြစ်တယ်။ ဗင်နီဇွဲလားဆိုရှယ်လစ်တော်လှန်ရေးအတွက် အာမခံချက် ရရှိနိုင်ဖို့ဆိုပြီး ဒီသမ္မတက ဆိုတယ်။ ဝေဖန်ရေးသမားတွေကတော့ သမ္မတ ဟူဂိုဟာ ဒုတိယသမ္မတ သက်တမ်းအတွက် အာဏာအကြီးအကျယ် သုံးပြီး အနိုင်ယူလိုက်တယ်လို့ဆိုကြတယ်။ သမ္မတက သူ့ရဲ့  နန်းတော်က နေပြီး အနာဂတ်တိုင်းပြည်ဟာ အခြေအနေကောင်း၊ အခွင့်အခါကောင်းတွေ ပွင့်လင်းသွားပြီလို့ ကြေညာတော့ သူ့ကို ထောက်ခံတဲ့သူတွေက တခဲနက် သြဘာပေးကြတယ်ဆိုပဲ။
ဒါကိုကြည့်ပြီးတော့ ဗမာပြည်အရေး မျှော်တွေးကြည့်ရင်း နအဖစစ်အုပ်စု၊ တနည်းအားဖြင့် ပြည်သူလူထုရဲ့  စစ်မှန်တဲ့ ပြည်သူ့အာဏာကို မတရားသိမ်းပိုက်ခဲ့တဲ့ စစ်အုပ်စု ခုချိန်ထိဆို အနှစ် (၂၀) ကျော်ခဲ့ပြီ။ ပြီးတော့ ဗင်နီဇွဲလားလိုပဲ။ နအဖဟာ ပြည်သူလူထုကို နားလှည့်ပါးရိုက် နေဆဲပဲ ဖြစ်တယ်။ ဒီလို မျက်လှည့်ပြပွဲလုပ်ထားတဲ့ ကိစ္စကို “ရိုးအ” တဲ့ ဗမာပြည်သူတရပ်လုံး ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ဘာတွေဆက်လုပ်ကြမလဲ။ နည်းလမ်းတွေ အမျိုးမျိုး ပြင်ဆင်ထားဖို့ လိုနေပြီလို့ပဲ ဆိုချင်တယ်ဗျာ။
ဗမာပြည်ဟာ ရေခံမြေခံကောင်းတဲ့နိုင်ငံဆိုတာ သိကြပြီးသားပါ။ ပြီးတော့ ဗမာပြည်ရဲ့ အခြေခံ လူတန်းစားအများစုဟာ လယ်သမား၊ အလုပ်သမား၊ ကျောင်းသားတွေနဲ့ ရဟန်းပျိုတွေ ဖြစ်ကြတယ်။ ခုလည်း ကြည့်စမ်းပါအုံး။ နအဖဟာ ရာဇဝတ်အကျဉ်းသားတွေ ထောင်ချီလွှတ်ပေးနေတယ်လို့ ကမ္ဘာကို ကြေညာနေပြီ။ ဒီလိုလွှတ်တဲ့ကိစ္စရဲ့ အဓိကလုပ်ရပ်ကတော့ ၂၀၁၀ရွေးကောက်ပွဲမတိုင်ခင် နအဖလက်ပါးစေ၊ စွမ်းအားရှင်တွေကို အားဖြည့်ပေးဖို့ဆိုတာ သဘောပေါက်ထားဖို့လိုတယ်။ သူတို့ ဘက်က ဘက်ပေါင်းစုံ စီမံကိန်းချပြီး ပြည်သူလူထု တရပ်လုံးကို ဖြိုခွင်းဖို့ လုပ်နေကြပြီဆိုတာ ကြိုတင် သိထားဖို့ အထူးအရေးကြီးနေပြီဗျ။ သူတို့ရဲ့  လမ်းပြမြေပုံအတိုင်း ခေါင်းမာမာနဲ့ အတင်းရွေးကောက်ပွဲ လုပ်ပြီး တိုင်းပြည်ကို အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ဖို့ လုပ်နေကြပြီ။ နအဖရဲ့ အတိုက်အခံ အုပ်စုအားလုံး ဘက်ကလည်း ပြင်ဆင်သင့်သလောက် ပြင်ဆင်နေကြတဲ့အသံတွေ ကြားနေရတဲ့အတွက် နအဖဟာ ကြောက်ဒူးတုန်သလောက် တုန်နေလောက်ပြီ။ သူတို့ရဲ့  သေနတ်ပြောင်းဝဟာ ပြည်သူတွေရဲ့  ရင်ဝတည့်တည့်ကို ပစ်ဖို့ဝန်မလေးဘူးဆိုတာ အထူးပြောစရာ မလိုဘူးဗျ။ နအဖဟာ သူတို့ရဲ့  ပထွေးတော် အာဏာရှင်နေဝင်းရဲ့  ထုံးကို နှလုံးမူကြမှာ သေချာတယ်။ အဲဒီထုံးက သေနတ်ကို မိုးပေါ်ထောင်မပစ်ဖို့၊ ရင်ဝတည့်တည့်ကို ပစ်ဖို့ အမိန့်ချပေးခဲ့ပြီးပြီ။
ဒီလှိုင်း
REF: ခေတ်ပြိုင်
ဘာသာရေးနဲ့နိုင်ငံရေး - မောင်စွမ်းရည်
ပရိတ်ကြီး (၁၁) သုတ်ထဲမှာ ရတနာ့သုတ်ပါရှိတယ်။ ရတနာ့သုတ်ထဲမှာ လောကတ္ထစရိယ၊ ဉာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယ ဆိုတဲ့ စရိယတရားသုံးပါး ပါရှိတယ်။ လောကတ္ထစရိယဆိုတဲ့ အများလူသားတို့ အကျိုးကိုဆောင်ရွက်ခြင်းဟာ နိုင်ငံရေးနဲ့ အတူတူပါပဲ။ သံဃာတော်များ အများအကျိုးဆောင်ရွက်တာဟာ ရှုတ်ချစရာမရှိ။ အပြစ်မရှိ။ ကုသိုလ်ရတဲ့အလုပ်၊ သာသနာပြု တဲ့အလုပ်၊ တရားတော်နဲ့ညီတဲ့ အလုပ်ဖြစ်ပါတယ်။ သံဃာတော်များဟာ မိမိတို့ရဲ့ ကျောင်း သင်္ကန်း၊ ဆွမ်း၊ ဆေး ဆိုတဲ့ ပစ္စည်းလေးပါး ဒါယကာတွေ ဒုက္ခရောက်နေတာကို ဘယ်တုန်းကမှ ပစ်ပယ်ထားရိုးမရှိခဲ့ပါ။ အဲသလို အကြောင်းပြချက်များနဲ့တကွ ဘုန်းကြီးနဲ့ နိုင်ငံရေးဆိုတဲ့ ဆောင်းပါးကို ရေးခဲ့တာပါ။ ပီနန်ဆရာတော်ကြီးရဲ့ အဆိုအမိန့်ကို ကိုးကားရေးသားခဲ့တာလည်း ဖြစ်ပါတယ်။
ခုတင်ပြ ဆွေးနွေးကြည့်ချင်တာက ဘုန်းတော်ကြီးများနဲ့ နိုင်ငံရေးအကြောင်းမဟုတ်ဘဲ ဘာသာရေးနဲ့ နိုင်ငံရေးအကြောင်းဖြစ်ပါတယ်။ ဘာသာရေးဆိုရာမှာလည်း ကိုယ်မမွေးခင်ကတည်းက ကိုးကွယ်လာခဲ့တဲ့ ဗုဒ္ဓဘာသာအကြောင်းကို နိုင်ငံရေးနဲ့ ဆက်စပ်ဆင်ခြင် ကြည့်တာပဲ ဖြစ်ပါတယ်။
နိုင်ငံရေးနဲ့ ဘာသာရေးကို ဆက်စပ်ဆင်ခြင်မိတဲ့အခါတိုင်း ဆရာကြီး ရွှေဥဒေါင်း ရေးဖူး၊ ပြောဖူးတာလေးတခုကို အမြဲတမ်း သတိရမိလိုက်ပါတယ်။ ဆရာကြီးကို သူ့ရဲ့မိတ်ဆွေတဦးက “ဆရာကြီးခင်ဗျား။ ဆရာကြီးအနေနဲ့ မတ်(က်စ်) ၀ါဒနဲ့ ဗုဒ္ဓ၀ါဒတို့ကို ဘယ်ဟာပိုကောင်းတယ် ထင်ပါသလဲ” လို့ မေးဖူးသတဲ့။ ဒီတော့ ဆရာကြီးက “ခင်ဗျားမေးတဲ့ မေးခွန်းက မဟုတ်သေးဘူး ထင်တယ်။ မေးခြင်းမေးရင်း အမျိုးအစားတူတာချင်းပဲ နှိုင်းယှဉ်မေးမြန်းသင့်ပါတယ်။ ဥပမာ သကြားနဲ့ ထန်းလျက် ဘယ်ဟာကို ပိုကြိုက်သလဲ၊ ဒီလိုမှ မဟုတ်ရင် လေယာဉ်ပျံနဲ့ ခရီးသွားတာနဲ့၊ မီးရထားနဲ့ ခရီးသွားတာ ဘယ်သင်းကို ပိုကြိုက်သလဲ ဆိုတာမျိုး၊ စားစရာကို စားစရာနဲ့၊ သွားစရာကို သွားစရာနဲ့ နှိုင်းယှဉ်သင့်ပါတယ်။ ခု ခင်ဗျားမေးတာက သကြားစားတာနဲ့ လေယာဉ် ပျံစီးတာ ဘယ်ဟာက ပိုကောင်းသလဲလို့ အမျိုးအစားမတူတာချင်း နှိုင်းယှဉ်မေးသလို ဖြစ်နေပါတယ်တဲ့။
ခုလည်း ကျနော့်အနေနဲ့ ဘာသာရေးနဲ့ နိုင်ငံရေးတို့ကို နှိုင်းယှဉ်မိသလို ဖြစ်နေပါတယ်။ ကျနော်အနေနဲ့က နှိုင်းယှဉ်ကြည့်တာမဟုတ်ပါ၊ ဆက်စပ်ကြည့်တာပဲ ဖြစ်ပါတယ်။ လူနဲ့ ဘုန်းကြီး၊ ဆရာနဲ့ ဒကာ ဆက်စပ်နေသလို ဘာသာရေးနဲ့ နိုင်ငံရေးဟာလည်း ဆက်စပ်နေပါတယ်။ မန္တလေးကနေ ရန်ကုန်ကို မီရထားလမ်းနဲ့ ကားလမ်း အတူယှဉ်သွားသလိုပါပဲ။ ဘုန်ကြီးက ရန်ကုန်အထိသွားမှာ၊ လူ(ဒကာ) က တောင်ငူသွားမှာ။ အတူယှဉ်ပြီး သွားပေမယ့် အဝေးအနီး ကွာသလိုပါပဲ။ သံဃာက လူနိုင်ငံရေး၊ ပါတီနိုင်ငံရေး၊ ဘာသာနိုင်ငံရေး မလုပ်ပါ။ မလုပ်ရပါ။
ဘာသာရေးဆိုတာက လူပုဂ္ဂိုလ်တဦးချင်းရဲ့ ယုံကြည်ကိုးကွယ်မှု ဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာက အများပြည်သူရဲ့ အရေးကိစ္စကို ဆောင်ရွက်မှုဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ရှုထောင့်က ပြောရရင် ဘာသာရေးဆိုတာက လူတဦးချင်းအနေနဲ့ သံသရာဝဋ်ဆင်းရဲက အားထုတ်လုပ်ဆောင်ရတာ ဖြစ်ပြီး နိုင်ငံရေးဆိုတာက လောကီလူသားတွေရဲ့ စားဝတ်နေရေးဘ၀ တိုးတက်အောင် ဆောင်ရွက်ရတဲ့ လောကီဘ၀ လွတ်မြောက်ရေးကို လုပ်ဆောင်ရတာဖြစ်ပါတယ်။ လောကီရေးနဲ့ လောကုတ္တရာရေးလို့ ခွဲခြားပြောရင် ရပါတယ်။ (မတူပေမယ့် မဆန့်ကျင်ပါ)
လောကီရေးနဲ့ လောကုတ္တရာရေးတို့ ရည်မှန်းချက်မတူသလို လုပ်ကိုင်ဆောင်ရွက်ရပုံချင်းလည်း မတူပေဘူး။ လောကီသမားဖြစ်တဲ့ နိုင်ငံရေးသမားတွေက အဖွဲ့အစည်းနဲ့ လုပ်ရပေမယ့် ဘာသာရေးသမားက တဦးချင်း လုပ်ဆောင်ရပါတယ်။ လုပ်ဆောင်ရတဲ့ နေရာချင်းတောင် မတူပါဘူး။ ဗုဒ္ဓဘာသာဝင် တရားအားထုတ်သူတဦးက သစ်တပင်အောက်၊ ၀ါးတပင်အောက်ကိုပဲ ဖြစ်ဖြစ်၊ အခန်းပိတ်၊ ဂူအောင်းလို့ပဲဖြစ်ဖြစ် ဆိတ်ငြိမ်ရာရှာပြီး ဧကစာ ကျင့်ရပါတယ်။ နိုင်ငံရေးသမားတွေကတော့ ခန်းမကျယ်ကျယ်၊ လမ်းမကျယ်ကျယ်တွေမှာ လုပ်ဆောင်ရတာမျိုးတွေ ရှိပါတယ်။ (ယူဂျီကိစ္စကတော့ သီးခြားပါ။)
ဘာသာတိုင်းမှာ စုပေါင်းဝတ်ပြုကြတာ၊ စုပေါင်းပြီး ဆုတောင်းပွဲတွေလုပ်ကြတာ ရှိကြပါရဲ့။ စုပေါင်းသီလယူ၊ စုပေါင်းဒါန ပြုကြတာတွေလည်း ရှိကြပါရဲ့။ ဒါပေမယ့် ဒီကိစ္စတွေက အဆုံးစွန် ကျွတ်တမ်းဝင်ရေး မဟုတ်သေးပါ။ သံသရာကျင်လည်နေဆဲ ဘ၀တွေမှာ ချမ်းချမ်းသာသာ၊ အဆင့်မြင့်မြင့် နေကြရေးအတွက်သာ ဖြစ်ပါတယ်။ ကျွတ်တမ်းဝင်ဖို့ တရားအားထုတ်ရင် တဦးတည်း ရှုမှတ်ဆင်ခြင်တာမျိုး လုပ်ရမှာပါ။ နိုင်ငံရေးကတော့ အများအကျိုးအတွက် အများက စုပေါင်းအားထုတ်ရတာပါ။ (ရည်မှန်းချက်က နိုင်ငံရေးအာဏာရဖို့ပါ။)
ဒီခေတ်မှာ မကြုံစဖူး ကြုံရတာ တခုရှိပါတယ်။ ဗုဒ္ဓဘာသာ သံဃာတော်များအနေနဲ့ လမ်းမပေါ်မှာ အစုအဝေးလိုက်ထွက်ပြီး မေတ္တာသုတ်ရွတ်ဆိုဆန္ဒပြကြတာဟာ သမိုင်းမှာ မကြုံဖူးခဲ့ပါဘူး။ ဗုဒ္ဓ၀ါဒီများဟာ မေတ္တာဝါဒီ၊ ငြိမ်းချမ်းရေးဝါဒီတွေဖြစ်လို့ အကြမ်းဖက်ရိုး ထုံးစံမရှိပါ။ မိမိတို့ကို အကြမ်းဖက် ဖမ်းဆီးရိုက်နှက်၊ သေနတ်နဲ့ပစ်ကြပေမယ့် အကြမ်းဖက်ပြီး မတုံ့ပြန်ကြပါ။ မိမိတို့ကို အကြမ်းဖက်လာတဲ့အခါ၊ သူတို့ကျွေးတဲ့ဆွမ်း၊ ဆေး စတာတွေကို လက်မခံ၊ သူတို့ရဲ့ သာရေးနာရေးကို မသွားဘဲ နေလိုက်ကြပါတယ်။ ဒါကို သံဃာအချင်းချင်း ညှိနိုင်းသဘောတူပြီး ဆောင် ရွက်ကြပါတယ်။ အရပ်စကားနဲ့ပြောရင် သပိတ်မှောက်တယ်၊ သံဃာတွေ ဝေါဟာရအရ ပတ္တနိက္ကုဇ္ဇနကံ ဆောင်တယ်လို့ ခေါ်ပါတယ်။ အကြမ်းဖက်တဲ့ ဒကာတွေက သံဃာတွေကို တောင်းပန်ရင်လည်း ချက်ချင်း ကျေအေး ခွင့်လွှတ်ရမြဲဖြစ်ပေမယ့် မတောင်းပန်ရုံမက ဆက်လက်ဖမ်းဆီး၊ နှိပ်စက်နေတဲ့အတွက် ဘုန်းကြီးများဘက်ကလည်း ဆက်လက် သပိတ်မှောက်ထားပါတယ်။ သံဃာတော်များရဲ့ ဆွမ်းကွမ်းဒါယကာများမှာလည်း ကုန်ဈေးနှုန်းတွေတက်၊ စားကောင်းခြင်း မစားရ၊ အိပ်ကောင်းခြင်း မအိပ်ရ ဖြစ်နေကြရလို့ သံဃာတော်များက ဒကာများအတွက်ပါ မေတ္တာရပ်ခံပါတယ်။ ဖမ်းဆီးထောင်ချထားတဲ့ ဒကာတွေကိုလည်း လွှတ်ပါ။ နှိပ်စက်၊ သတ်ဖြတ်တာတွေကိုလည်း ရပ်ပါ။ စားဝတ်နေရေး သက်သာချောင်ချိအောင်လည်း ဆောင်ရွက်ပေးပါ စသဖြင့် မေတ္တာရပ်ခံပါတယ်။ လူမှုကိစ္စနဲ့ သံဃာကိစ္စ တပေါင်းတည်း ဖြစ်သွားခဲ့ပါတယ်။ (သံဃာတွေ နိုင်ငံရေး အာဏာရယူရေးမဟုတ်ပါ။) လူတွေ ဒုက္ခရောက်ကြတာ၊ ဖမ်းဆီးနှိပ်စက်ခံကြရတာဟာ ဗုဒ္ဓဘာသာဝင်တွေသာ မဟုတ်ပါဘူး။ မွတ်စလင်ရော၊ ခရစ်ယာန်တွေရော ပါဝင်ကြပါတယ်။ လူတွေ ဆန္ဒပြကြရာမှာလည်း ဘာသာစုံ လက်တွဲပါဝင်ကြပါတယ်။ သံဃာတော်များကလည်း အများပြည်သူတွေကို ဘာသာရေး၊ လူမျိုးရေး မခွဲခြားဘဲ ထောက်ခံပြီး တပြေးညီ မေတ္တာပို့ခဲ့ပါတယ်။ ဖမ်းဆီးနှိပ်စက် ပစ်ခတ်နှိမ်နင်းတဲ့ စစ်သားတွေလည်း မေတ္တာပို့ပါတယ်။ (မတရားဖိနှိပ်မှုကို သတိပေးတာပါ။) ကွယ်လွန်သူ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ဟာ သူကိုးကွယ်ဆည်းကပ်တဲ့ ဗုဒ္ဓဘာသာမှာ လူမျိုး ခွဲခြားမှုမရှိ၊ လူတန်းစား ခွဲခြားမှုမရှိ၊ ကျားမ ခွဲခြားမှုမရှိ - အားလုံးကို တန်းတူထားကြောင်း ထုတ်ဖော်ပြောဆို ဂုဏ်ယူခဲ့ပါတယ်။ ဗုဒ္ဓ၀ါဒဟာ အစွန်းနှစ်ဖက်လွတ်တဲ့ ၀ါဒ၊ မေတ္တာဝါဒ၊ ငြိမ်းချမ်းရေးဝါဒ ဖြစ်ကြောင်းကိုလဲ ကြုံတိုင်း ဖော်ထုတ်တယ်။ မေတ္တာမထားဘဲနဲ့ ငြိမ်းချမ်းရေးမရနိုင်ပါဘူး။ မြန်မာနိုင်ငံ လွတ်လပ်ရေးရတော့မယ်ဆိုတော့ အခြေခံဥပဒေရေးဆွဲကြရတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်ကျင့်သုံးမယ်လို့ ဆုံးဖြတ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ လူများစုဖြစ်လို့ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံတော်အဖြစ် သတ်မှတ်ဖို့ တချို့က အဆိုတင်သွင်းခဲ့ကြဖူးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက အမြော်အမြင်ကြီးကြီးနဲ့ ဒီအဆိုကို ပယ်ချခဲ့ပါတယ်။ ဒီမိုကရေစီနိုင်ငံဆိုတာ ဘာသာရေးတခုရဲ့ နိုင်ငံမဟုတ်ရဘူး။ ဘာသာရေးတခုခုကို ဦးစားမပေးရဘူး။ ဘာသာတိုင်းကို တန်းတူအခွင့်အရေးပေးရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ အခြေခံဥပဒေအရ တရားမျှတ လွတ်လပ်ခဲ့ပါတယ်။ ကိုလိုနီခေတ်က စပြီးအစိုးရအဆက်ဆက်ဟာ သူတို့အကျပ်အတည်း ဖြစ်ရင် ထွက်ပေါက်အဖြစ် ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းတွေ ဖန်တီးလေ့ရှိပါတယ်။ ဒါပေမယ့် လူထုက ဒီလောက် မအလို့ ဘာသာရေးအဓိကရုဏ်း အကြီးအကျယ်မဖြစ်ခဲ့ပါဘူး။ ကျနော်တို့မှာ ဘာသာရေး အစွန်းရောက်တွေလည်း မရှိပါ။ သံဃာတော်တွေဟာ သူများရဲ့ အသက်ကို သက်ရဖို့ ဝေးရော၊ သတ္တ၀ါတွေကို ထိခိုက်နာကျင်အောင် နှိပ်စက်တာတွေတောင် မလုပ်ရပါ။ လက်နက်ကိုင်တော်လှန်ရေးမှာ လည်း မပါရပါ။ မလွှဲသာရင် လူဝတ်လဲပြီး လက်နက်ကိုင်ကြပါတယ်။ (ဖက်ဆစ်ဂျပန်ကို တော်လှန်တုန်းတာပါ။) ဒီခတ်မှာ ထူးဆန်းတာက ဗုဒ္ဓဘာသာအမည်ခံပြီး လက်နက်ကိုင်တပ် ဖွဲ့စည်းနေသူတွေ ရှိနေပါတယ်။ ဗုဒ္ဓဘာသာဝင်တွေများတဲ့ ဗမာစစ်တပ်က ဗိုလ်ချုပ်တွေကို ကျောထောက်နောက်ခံ ပြုနေပါတယ်။ အဲဒါကတော့ ဒီကေဘီအေခေါ် ကရင်ဗုဒ္ဓဘာသာ လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ပါတယ်။ သံဃာ့နာယက ဆရာတော်ကြီးများက လက်နက်ကိုင် အဖွဲ့အစည်းမှာ ဗုဒ္ဓဘာသာ ဆိုတဲ့ အမည်မသုံးစွဲဖို့ မေတ္တာရပ်ခံတာ မကြားရပါ။ တဖက်က ကေအန်ယူများဟာ ခရစ်ယာန် များချည်း ဖွဲ့စည်းထားတာလည်း မဟုတ်၊ ဘာသာရေးစစ်ပွဲ ဆင်နွှဲနေတာလည်း မဟုတ်။ ဖိနှိပ်တဲ့၊ ဒီမိုကရေစီမရှိတဲ့၊ ပြည်ထောင်စုစည်းလုံးရေးကို မလုပ်တဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်တော်လှန်နေတာပဲ ဖြစ်ပါတယ်။ ဒီကေဘီအေက ဗုဒ္ဓဘာသာ နာမည်ယူခြင်းဟာ မရိုးသားမှု ဖြစ်ပါတယ်။ အချင်းချင်း ကွဲကြတာကို ဘာသာရေး ခုတုံးလုပ်တာဖြစ်ပါတယ်။ (အာဏာနိုင်ငံရေးမှာရော၊ လက်နက်ကိုင်တပ်ဖွဲ့ မှာရော ဘာသာရေးအမည်မတပ်သင့်ပါ။) ဗုဒ္ဓဘာသာဟာ အကြမ်းဖက်မှုကို မလိုလားပါ။ ငြိမ်းချမ်းရေးကို လိုလားပါတယ်။ ဒါပေမယ့် ထိပ်တန်းဗုဒ္ဓဘာသာ နိုင်ငံအဖြစ် ကြွားဝါဂုဏ်ယူလေ့ရှိတဲ့ ဗမာပြည်မှာ အကြမ်းဖက်မှုတွေက မယုံနိုင်အောင် များပြားပါဘိ။ ကြာလေ ကြမ်းလေ ဖြစ်နေပါတယ်။ ဗမာပြည်ရဲ့ ခေတ်သစ်သမိုင်းဟာ အကြမ်းဖက်မှု သမိုင်းကြီး၊ သွေးနဲ့ မျက်ရည်သမိုင်း ကြီး ဖြစ်နေပါတယ်။ ကျနော်တို့တသက်မှာ ငြိမ်းငြိမ်းချမ်းချမ်း မနေခဲ့ရတာဟာ တွေးလေကြေကွဲစရာ ကောင်းလေ ပါပဲ။ စစ်ဗိုလ်ချုပ်တစု (လူနည်းစု) က အကြမ်းဖက်ဝါဒကို ဆုပ်ကိုင်ထားသမျှ (လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန တွေ မလျှော့သမျှ) တိုင်းပြည်လည်း မငြိမ်းချမ်း၊ သာသနာရောင်လည်း ညှိုးမှိန်နေရမှာပါပဲ။ ခုဆိုရင် စစ်ဗိုလ်ချုပ် တွေကို အောက်ခြေစစ်ဗိုလ်၊ စစ်သားတွေက စိတ်ပျက်လာပါပြီ။ (တပ်နဲ့ပြည်သူ ကြည်ဖြူခွင့်မရလို့ပါ။) ပြည်သူတွေ ဘက်ကလည်း စစ်ဗိုလ်ချုပ်တွေအပေါ် စိတ်မရှည်ချင်တော့ပါ။ ဒါဟာ မကောင်းတဲ့ အလားအလာပါ။ အကြမ်းဖက်မှု ကို အကြမ်းဖက်မှုနဲ့ တုံ့ပြန်ရင်၊ လက်နက်ကို လက်နက်နဲ့ တုံ့ပြန်ရရင် နောက်ထပ်ပိုပြီး ကြီးလည်းကြီး ကြာလည်း ကြာတဲ့ ပြည်တွင်းစစ်မီးကြီး ဖြစ်ရတော့မှာပါ။ ပြည်တွင်းစစ်မီးကြီး ဟုန်းဟုန်းတောက်မဖြစ်ခင် စစ်ဗိုလ်ချုပ်တွေက ငြိမ်းချမ်းရေးလမ်းကို (ဟန်ပြမဟုတ်၊ အချိန်ဆွဲတာမဟုတ်၊ လှည့်စားတာမဟုတ်ဘဲ) လမ်းဖွင့်လိုက်သင့်ပါတယ်။ သာသနာမညှိုးနွမ်းအောင်၊ တိုင်းပြည်လည်း ငြိမ်းချမ်းအောင် သံဃာရော၊ တိုင်းရင်းသား ပြည်သူတွေရော၊ စစ်တပ်ရော အချိန်မဆိုင်း ကြိုးစားကြရမှာပါ။ သေနတ်ပြောင်းက နိုင်ငံရေးအာဏာပဲ ထွက်ပေါ်ပါမယ်။ သေနတ်ပြောင်းက ငြိမ်းချမ်းရေး မထွက်ပေါ်နိုင်ပါ။ ယမ်းအိုးထဲမှာ ဒီမိုကရေစီရှာလို့မရနိုင်ပါ။
မောင်စွမ်းရည်
REF: ခေတ်ပြိုင်
စစ်မိန့်သံအောက် သတင်းမီဒီယာ လက်နက် - စိုင်းအောင်
ဗုဒ္ဓဟူးနေ့၊ 04 မတ်လ 2009
တစ်ချိန်က ကမ္ဘာကြီးကို ကိုင်လှုပ်ခဲ့သည့် ဖက်ဆစ်ဂျာမဏီ အာဏာရှင်ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ၏ အဆိုအမိန့်တစ်ခုကို သတိရကြလိမ့်မည်ထင်သည်။ ဒါကတော့ “လိမ်စရာရှိရင် ကြီးကြီးကျယ်ကျယ်လိမ်လိုက် ယုံသွားလိမ့်မယ်(သို့မဟုတ်) ယုံအောင်သာလိမ်လိုက်” ဟုဆိုသည်။ ဗမာစစ်အာဏာပိုင်တွေ အတွက်တော့၎င်းတို့အပေါ် နိုင်ငံတကာနှင့်ပြည်သူတစ်ရပ်လုံးက “တကယ့်လူကောင်း တွေပဲ၊ကောင်းတာတွေချည်းတချိန်လုံး လုပ်နေတယ်” ဟုထင်မြင်လာစေရေးမှာ လွန်စွာအရေးကြီးသည် မဟုတ်ပါလား။
သွားလေသူဖက်ဆစ် အာဏာရှင်ဟစ်တလာပြောခဲ့သည့် မှတ်သားဖွယ်အဆိုအမိန့်ကိုတိုင်းပြည်အာဏာထိန်းချုပ်ထားသည့် ယနေ့ ဗမာစစ်ဗိုလ်ချုပ်များ အတော် သဘောတွေ့မနောခွေ့ နေပုံရသည်။ ထိုနည်းအတိုင်း လိုက်နာကျင့်သုံးနေသည်ကို တွေ့ရသည်။
လူထုအတွင်း နည်းမျိုးစုံအကျိုးသက်ရောက်မှုရှိသည့် ပြည်တွင်းရှိ လူထုဆက်သွယ်ရေး မီဒီယာလုပ်ငန်းများ အပေါ် ဗမာစစ်ဗိုလ်ချုပ်များ မည်သို့သဘောထားသနည်းဟုမေးလျှင် (အားမနာစတမ်းပြောပါက) ဗမာစစ်ဗိုလ်အုပ်စု အာဏာမြဲနေသည့်အဓိက အကြောင်းအချက်တစ်ရပ်မှာ လိမ်ညာမှုကျွမ်းကျင်ခြင်းကြောင့်ဟု ဆိုလိုက်ချင်ပါသည်။
ထို့ကြောင့်လည်း တိုင်းပြည်တစ်ခု၏အသက်ယန္တရားဖြစ်သည့် ဥပဒေပြုရေး၊ တရားစီရင်ရေး ၊ စီမံအုပ်ချုပ်ခန့်ခွဲရေး မိဏ္ဏိုင်ကြီး (၃)ရပ်ရှိသည်ဆိုသည့် အချက်အပြင် နအဖခေတ်အဘို့ မိုးလုံးပြည့်မုသာဝါဒမဏ္ဏိုင်ကိုပါ ထည့်သွင်းရမလိုဖြစ်နေပါသည်။
လူအပေါင်း အကောင်းမြင်သဘောထားရှိရေးစေအတွက် ပုံရိပ်ကောင်းများဖေါ်ဆောင်ရန်အာဏာလောင်းရိပ်အောက် တင်းကြပ်စွာ ကိုင်တွယ်ထိန်းချုပ်ထားသည့် သတင်းမီဒီယာလုပ်ငန်းများဖြစ်သည့် စာပေ ဂီတ ရုပ်ရှင် အနုပညာ လောကတစ်ခုလုံးက စစ်ဗိုလ်ချုပ်များ၏ အကောင်းတကာ့အကောင်းဆုံး ပုံရိပ်များကို လံကြုပ် ဖေါ်ပြနေရသည်။
ဤနည်းဖြင့် စစ်ဗိုလ်အုပ်စုက ပြည်တွင်းသတင်းမီဒီယာ တစ်ခုလုံးအပေါ် တစ်ချက်လွတ်အမိန့်ဖြင့် ထိန်းချုပ် ထားပြီး ပြည်ပမီဒီယာများမှ တင်ပြနေကြသည့် ဖြစ်ရပ်မှန် သတင်းအချက်အလက်များ လူထုအတွင်းမရောက်ရှိစေရန် နည်းမျိုးစုံပိတ်ပင်တားဆီးနေခြင်းဖြစ်သည်။
ယနေ့အချိန်သည် မီဒီယာနှင့်ပတ်သက်၍ ဗမာစစ်ဗိုလ်များ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လာချိန်ဖြစ်သဖြင့် အောက်ခြေ၀န်ထမ်းမိသားစုများမှအစ အထက်အရာရှိ ကြီးများအထိ ပြင်ပမီဒီယာသမားများနှင့် အဆက် အသွယ်မလုပ်ကြရန်အထူးတင်းကြပ်ခံထားရသည်။ အခြားတစ်ဘက်၌ ၄င်းတို့ပိုင်သတင်းမီဒီယာများက စစ်ဗိုလ်ချုပ်ကြီးများ၏ ပုံရိပ်ကောင်းများပြည်သူလူထုအတွင်းအစဉ်လွမ်းမိုးနေစေရန် ၀ါဒဖြန့်ရေးသား နေကြသည်။
ယနေ့နအဖ လုပ်ရပ်များသည် ကုမဏြီတစ်ခုက စားသုံးသူများအား ဆင်တူရိုးမှား ကုန်အမှတ်တံဆိပ်အတုဖြင့် လိမ်လည်ရောင်းချသည့် သာဓကနှင့်အလားတူနေသည်။
စားသုံးသူများ ဆင်တူရိုးမှားအတုအပများနှင့် ထင်ယောင်ထင်မှားမဖြစ်စေရန် သတိပေးသည့် ကုန်အမှတ်တံဆိပ် များကိုလူတိုင်းတွေ့ဘူးကြပါလိမ့်မည်။ နံမည်ကြီးကုမ္ပဏီတစ်ခု၏ ကုန် အမှတ်တံဆိပ်နှင့် ဆင်တူရိုးမှားအမည်ပေး လိမ်လည်ရောင်းချသည့် ကုန်ပစ္စည်းများကိုလည်း သတိပြုမိကြလိမ့်မည် ထင်ပါသည်။
ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကွင်တားနား မြန်မာပြည်သို့ရောက်ရှိခဲ့ပြီး မကြာမီမှာပင် လူ့အခွင့်အရေးကိုမိမိတို့ကာကွယ် မြှင့်တင်နေပါပြီဟု စစ်အုပ်စုအာဘော်သတင်းစာများက ရေးသားဖေါ်ပြခဲ့ကြသည်။
သို့သော် မိမိပေးသည့် ကတိကို အကြိမ်ဖန်များစွာ ချိုးဖေါက်ခဲ့သည့် ဗမာစစ်ဗိုလ်ချုပ်များ၏ အဆိုပါ ဖေါ်ပြချက်မှာ ကမ္ဘာ့ကုလသမဂ္ဂမှထုတ်ပြန်ထားသော ၁၉၄၈ နိုင်ငံတကာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ အချက်များထဲမှ အခြေခံအကျဆုံး ဖြစ်သည့် အသက်ရှင်ရပ်တည်ပိုင်ခွင့်နှင့် နေထိုင်စားသောက်ပိုင်ခွင့်ပင် မြန်မာပြည်သူများ ပြည့်ဝစွာမခံစားရသေးပေ။ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်နေသည်ဆိုခြင်းကား ယုံတမ်းစကားဖြစ်နေမည်မှာက သေချာသည်။
စစ်ဗိုလ်ချုပ်ကြီးများအား ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအခြေအနေတိုးတက်စေရန် ပြုပြင်ပြောင်းလဲရေးပြုလုပ်ပါ ဆိုသည့်အဖက်ဖက် တိုက်တွန်းချက်အပေါ် ၄င်းတို့ကလည်း ပြောင်းလဲရေးရှေးရှုနေပြီဟု ထင်ယောင်ထင်မှား ဖြစ်စေရန်အပေါ်ယံနှမ်းဖြူးသည့် ဆင်တူရိုးမှား လုပ်ရပ်ကိုစစ်အုပ်စု ခပ်စိပ်စိပ်လေး လုပ်ပြလာနေကြောင်း သတိထားမိသည်။
UN အကြီးအကဲဗန်ခီမွန်းအပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးချင်းချက်မရှိ ပြန်လွတ်ပေးပါဟု တောင်းဆိုကြသည့် အသံများ ခေတ္တမျှတိတ်သွားစေရန် နိုင်ငံရေး အကျဉ်းသား၂၀ ခန့်အား ရာဇ၀တ်အကျဉ်းသား (၆၀၀၀) ကျော်နှင့် အတူရော၍လွတ်ပေးလိုက်ခြင်းအပေါ် အချို့က စုပ်သပ်ညည်းတွားကြသော်လည်း တစ်ယောက်မှ မလွတ်တာထက် ကောင်းပါသည်ဟု အမြင်ရှိလျှင်ပင်စစ်အုပ်စုအတွက်နိုင်ငံရေးအမြတ်ဖြစ်သည်။
“အားလုံးကို အခုချက်ခြင်းလွတ်ပေးလိုက်လျင် စစ်ဗိုလ်ချုပ်များ၏ပုံရိပ် ဒီ့ထက်အများကြီးပိုကောင်းလာမည်။ ထို့ထက်မက နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်ပေးပြီး အင်အားစုအသီးသီးနှင့် တွေ့ဆုံဆွေးနွေးရေး လုပ်ခဲ့မည် ဆိုပါက ပုံရိပ်ကောင်းများဖြစ်ပေါ်လာစေရန် အပင်ပန်းခံ ဖန်တီးနေစရာပင် လိုတော့မည် မဟုတ်-” ဆိုသည်ကို စစ်အုပ်စု မသိ၍မဟုတ်။ သို့သော်မိမိတို့၏ ရေရှည်လုံခြုံရေးအတွက် အလွန်စိုးရွံ့ကြသောကြောင့် စစ်အုပ်စုအဖို့ ပုံရိပ်ကောင်းသည် နည်းဗျူဟာ၊အာဏာတည်မြဲရေးသည်မဟာဗျူဟာသာဖြစ်သည်။
စစ်အုပ်စု၏အဖြစ်မှန်ပုံရိပ်ဆိုး သတင်းများကို နအဖပိုင် သတင်းမီဒီယာများ လုံးဝအမှောင်ချထားသော်လည်း တကယ့်ပုံရိပ်အစစ်အမှန်များကိုတော့ ပြည်သူလူထုက အလိုလို သိရှိနေသည်။
ယနေ့မျက်မှောက်ကာလအဖို့-လမ်းတွေဖေါက်သည် တံတားတွေဆောက်သည်ဟူသော စာလုံးမဲကြီးများဖြင့် ဖေါ်ပြထားတိုင်း ကောင်းလေစွ ဟုသာဓုခေါ်ကြသူများ လက်ညှိုးရေတွက်၍ ရသည်။ တိုင်းပြည်အာဏာလုယူထားသည့် အစိုးရတရပ်၏ တာဝန်ကိုရေးကြီးခွင်ကျယ်လုပ်စရာမလိုဟု ပြည်သူအများ နားလည်ထားကြသောကြောင့်ဖြစ်သည်။
စစ်ဗိုလ်ချုပ်များ လမ်းဖေါက် တံတားဆောက်သည့်သတင်း၏ နောက်ကွယ်မှ ပုံရိပ်အစစ်အမှန်များကား- လမ်းပန်း ဆက်သွယ်ရေး မကောင်းသဖြင့် ကုန်ဈေးနူန်းကြီးမြင့်ခြင်း၊ ယာဉ်တိုက်မှု မကြာခဏဖြစ်ပွားခြင်း၊ လိုရာခရီးသို့ ရက်ပေါင်း များစွာ သွားလာနေရခြင်း၊ အဓမ္မ လုပ်အားပေးခိုင်းစေခြင်း- စသည်များ အဆက်မပြတ် ထင်ဟပ်ပြောပြနေကြသည်။
ရေအားလျှပ်စစ်စီမံကိန်းများ တစ်ခုပြီးတစ်ခုအကောင်အထည်ဖေါ်နေသည်ဟုစစ်အုပ်စုဝါဒဖြန့်နေသည်။ သို့သော် မြို့ကြီးအတော်တော် များများတွင် ကိုယ်ပိုင်မီးစက်များဝယ်သုံးနေရ၏။ ဖရောင်းတိုင်မီး၊ ရေဆံ နီမီးခွက်မီးကြောင့် မီးလောင်မှုများမကြာခဏဖြစ်ပွား၏။ တိုင်းပြည်ကြီး မည်သည့်ခေတ် အခါနှင့်မှ မတူအောင် တိုးတက်လာပြီဟု စစ်အုပ်စု ၀ါဒဖြန့်နေသော်လည်း စားဝတ်နေရေးကြပ်တည်းခက်ခဲလွန်းသဖြင့် နိုင်ငံခြားထွက် အလုပ်လုပ်သူတစထက်တစ များပြားလာခဲ့သည်။ သမုဒ္ဒရာဝမ်းတထွာ အတွက်ရေကြည်ရာ ရှာသူများအားစစ်အုပ်စုက သူတောင်းစား၊ လူဆိုး၊ သူခိုးဓါးပြ၊သူပုန်ပြည်ပြေးအဖျက်သမားဟု တံဆိပ်ကပ်စွပ်စွဲပြန်သည်။
မိမိတို့လုပ်ရပ်အပေါ်တကမ္ဘာလုံးအကောင်းမြင် စေရမည်ဆိုသည့် ဗမာစစ်ဗိုလ်ချုပ်များ၏ ကြွေးကြော်ချက်အရ ရုပ်ရှင်ဇါတ်ဝင်ခန်းများ၌ ဆင်းရဲသားအခန်းများ မရိုက်ကူးကြရန် မြန်မာ့ရုပ်ရှင်လောကသားတို့ တားမြစ်ပိတ်ပင် ခြင်းခံလိုက်ရသည်။
လက်စသတ်လိုက်လျှင် ဗမာစစ်ဗိုလ်ချုပ်များအဖို့မီဒီယာတိုက်ပွဲ အနိုင်ရရှိရေးအတွက် ဂျာမဏီ နာဇီဟစ်တလာ၏ အဆိုအမိန့်အတိုင်း အကြီးအကျယ်လိမ်လည် အယုံသွင်းနေခြင်းဖြစ်၏။ မီဒီယာ လက်နက်ကိုအစွမ်းထက်မြက်စွာ အသုံးချပြီး မုသားအဖုံဖုံဖြင့်လွမ်းခြုံနေခြင်းသာဖြစ်သည်။ သို့သော် စစ်ပွဲ အကန့်အသတ်ရှိနိုင်-မရှိနိုင် ဆိုသည်မှာ ခေတ်ကာလဒေသ အခြေအနေအပေါ်မူတည်၏။ ဖက်ဆစ်ဂျာမဏီခေတ်နှင့် ပြောင်းပြန် IT ခေတ် Globalization ခေတ်၌ဟစ်တလာနည်းနာအတိုင်း စစ်အုပ်စု ဇွတ်အတင်းလိမ်လည်နေပြန်သည်။ ဆင်သေကို ကြွက်သားရေဖြင့် ဖုံးနေသောတတ်လည်းတတ်နိုင်လွန်းသည့် ဗမာစစ်အုပ်စု ပါတကား။
သို့သော် စစ်မိန့်သံအောက်မီဒီယာလက်နက်- ရေရှည်ထက်မြက်ဘွယ်မမြင်။
စိုင်းအောင်
REF: သျှမ်းသံတော်ဆင့်
မိုး စုန်းစုန်းချုပ်နေတဲ့ ငါတို့ရဲ့ မနက်ဖြန်များစွာ - ရွှေဘန်း
"ခြေကားယား လက်ကားယားနဲ့ ဟစ်ဟော့ တပုဒ် အော်သွားတဲ့ လူငယ်တသိုက်၊ ဘုံဆိုင်အထွက် အိမ်အပြန် ခေါင်းငိုက်စိုက်ချ ခြေလှမ်းယိုင်နဲ့နဲ့ အမူးသမား တယောက်၊ မီးတိုင်အို မှောင်မှောင်အောက်က ဈေးခေါ်နေတဲ့ ညဉ့်ငှက်လေးတွေ၊ တချက်တချက် အတင်း ဖြတ်မောင်းသွားတဲ့ တက္ကစီပေါ်က ခိုးခိုးခစ်ခစ် ရယ်မောသံတွေ..." ခွေးတွေကလဲ ဟောင်လိုက်တာ။ မနေ့တုန်းက သူတို့ အိမ်မျက်စောင်းထိုး အပေါင်ဆိုင်ကို သူခိုး ၀င်ခိုးတုန်း ကတော့ ဒီသောက်ခွေးက မဟောင် ဒီနေ့မှ ဘာကြောင့် ဟောင်နေပါလိမ့် အော်အော် သူ့အမ အလုပ်က ပြန်လာပြီပဲ။ ညဉ့်တောင် နက်ရော့မယ်။ အခုမှ သူ့ စင်တင်တေးဂီတ ဆိုင်က ပြီးတယ်ဆိုလား? မောင်လေးရေ ရော့ ရော့ မုန့်ဖိုး .. စာသေချာ ကျက်နော် ... မမ အိပ်ချင်ပြီကွယ် အမေရေ အဖေ့ကို တွဲတင်ရအောင် တိုင်ထောင့်မှာ ခွေခွေလဲနေတာ အအေး ပတ်တော့မယ် .. ၀ုတ် ၀ုတ် အူ....အူ......ဝု.....ဝူး..... သူတို့တွေဟာ ဒီနေ့ကို ဖြတ်ခဲ့ကြပြီ။ မနက်ဖြန်ရော ဘယ်လို ဖြတ်ရအုန်း မှာပါလိမ့်၊ သူတို့အတွက် ဒီမြေ ဒီရေ ဒီရေဟာ မျှော်လင့်ချက်တွေ တမ်းတခြင်းတွေ အိမ်မက်လှလှတွေ ပေါ်စေရဲ့လား။ သူတို့အတွက် ဒီနေ့ဟာ မနက်ဖြန်အတွက် ရောင်ခြည်ဦးတွေ ဖြစ်ခဲ့ရဲ့လား? သူတို့အတွက် နောက်နေ့ဆိုတာ ရေရာ သေချာစွာနဲ့ ကောင်းခြင်းတွေ ဝေဖြာနေပါရဲ့လား? ဟင့်အင်း! လို့ အမှန်အတိုင်း ငါဖြေရင် သံတိုင်တွေ ငေါက်ကနဲ့ ခေါ်သံတွေ ကြားရမယ်။ အင်းလို့ ငါဖြေရင် ငါ့သမိုင်းတွေ အဆိပ်သင့်တော့မယ်။ အော် ဖြစ်လာနိုင်ချေ ရှိတဲ့ မနက်ဖြန်များ အကြောင်းကို နေ့စဉ် မွန်းကြပ်မှုတွေ ခါးသီးမှုတွေကို မြိုမြိုချနေရလို့ တနေ့တော့ ဖြစ်လာမှာပါ ဆိုတဲ့ စိတ်နဲ့ ဘဝတွေ ခေါက်ရိုးများကို ကျိုးလို့။ မနေ့ ကလေ … မနေ့ကပေါ့ ........ မနေ့က ဆိုတာ ဖေဖေါ်ဝါရီ ၂၅ ရက်ကို ဆိုလိုတာပါ။ ၂၀၀၉ ခုနှစ်နော် ။ တော်ကြာ သတင်းစာထဲက မီးတွေလာ တိုင်းပြည်ကသာ အကြောင်းအရာတွေနဲ့ ငါတွေ့တဲ့ အဖြစ်အပျက်တွေလို အပ်ချမတ်ချ မဟုတ်ပဲ တလွဲစီဖြစ်နေတော့ မယုံမရဲ ဖြစ်မစိုးလို့ အဲ့ …. မနေ့ညကလေ ငါတို့မိသားစု အိပ်ရာဝင်မလို့ မီးခလုတ်တွေကို ဓါတ်မီးမှိန်မှိန်နဲ့ လိုက်ပိတ်နေတုန်း အိမ်ရှေ့က လူသံတွေ အုပ်အုပ်အက်အက်နဲ့ စကြားလာခဲ့တယ်။ မီးပျက်နေတာက နေ့ခင်း ကတည်းကပါ။ မီးပြန်လာချိန်သိရအောင် ဆိုပြီး အိမ်မီးလိုင်းကို ဖွင့်ထားတော့ ညပိုင်း အိပ်ချိန်မှာ မီးအကယ်လို့ လာနေရင် လင်းနေ မှာစိုးလို့ ဓါတ်မီးအလင်းလေးနဲ့ လိုက်ပိတ်နေတုန်း ကြားခဲ့ရတဲ့ အဲဒီအသံတွေဟာ သုသာန် တစပြင်လို တိတ်ဆိတ်နေပြီး တခါတခါ ဖြတ်မောင်းသွားတဲ့ ကားသံကြားမှ အသက်ဝင်တတ်တဲ့ ပတ်ဝန်းကျင်မှာတော့ ထူးဆန်းနေတာပေါ့။ “ မအေ--ိုး။ ခွေးသူခိုး။ သေဖို့သာပြင်” ခွပ် ဖေါင်းဖေါင်း... ချ .. ချ အသေသတ်ပစ်.. မအေ--ိုး ကိုယ်မေကို--ိုး” ကျမ်းကိုးကားပြီး ဆဲသလို စုံစေ့လှတဲ့ ဆဲသံတွေနဲ့ အတူ “အမလေး သေပါပြီဗျ.. ကျနော် မလုပ်ပါဘူး။ အား .. အား.. ခွပ်.” မနေနိုင်တဲ့ ငါလဲ အိမ်တံခါးသော့ဖွင့်ပြီး ခြံဝင်းထဲပြေးထွက်ပြီး ခြံစည်းရိုးကနေ ကြည့်လိုက်တော့ တဘက်က အိမ်ရှေ့မှာ အင်ဗာတာ နဲ့ ထွန်းထားတဲ့ ဓါတ်တိုင် မီးချောင်းအောက်မှာ ဖြစ်ပျက်နေတဲ့ မြင်ကွင်းကို ထင်းထင်း လှမ်းမြင်ရတော့ တာပဲ................။ အကျီမပါတဲ့ လူနှစ်ယောက်( လူငယ်သာသာပါပဲ ရှိလှပေါ့ ၂၀ ) နဲ့ အင်္ကျီဖြူ ညစ်နွမ်းနွမ်း ပုဆိုးခပ်တိုတို ၀တ်ထားတဲ့ လူတယောက် ပေါင်းသုံးယောက် က အခြား လူငယ်တယောက်ကို ၀ိုင်းပြီး ကန်ကျောက်ရိုက်ထိုးနဲ့ လုပ်ချင်သလို လုပ်နေကြတယ်။ ခံနေရတဲ့ လူငယ်က လက်မောင်းပလွေရိုး... ဘောင်းဘီဖင်ကျပ်.... ခါးပတ်က သံဖြူပြားတွေနဲ့ အလှစီထားတဲ့ ခေတ်ပေါ်လူငယ်တွေ စတိုင်လ်နဲ့ အပေါ်က အကျီင်္လက်ပြတ် စုတ်စုတ်တထည်ကို ၀တ်ထားပြီး သူ့ခါးမှာ လျော့ရဲရဲနဲ့ အပေါ်အကျီဖြူကို ချည်သိုင်းထားတယ် လက်မောင်းမှာလည်း တက်တူးခေါ်တဲ့ အရုပ်တချို့ ထိုးထားတယ် ထင်တာပဲ ရုတ်ရုတ်သဲသဲနဲ့ သုံးယောက် တယောက် ဖြစ်ချင်ရာ ဖြစ်နေတာကို အဲဒီတဖက်အိမ်က လူတွေက ထွက်တောင်မကြည့်ဘူး။ အိမ်ထဲကပဲ ချောင်းနေထင်ရဲ့။ ရိုင်းချက်ဗျာ! ... ဆဲဆဲဆိုဆို ထိုးထိုးကန်ကန်နဲ့ အကျီဖြူဝတ်ထားတဲ့ ကောင်က ဦးဆောင်ပြီး အဲဒီ ဟစ်ဟော့ ကောင်လေး တယောက်ကို ချနေတာ။ ရင်ဘတ်ကို ဆောင့်ကန်လိုက် ခံရတဲ့ ကောင်က အား! အမေ့ အမလေး… သေပါပြီဗျ!... မလုပ်ပါနဲ့ဗျ!... ကူကြပါအုံးဗျ ...! အော်လိုက် ။ ဟိုတဘက်က ကောင်က အုတ်ခဲ နဲ့ ပုခုံး လို့ထင်တာပဲ ဦးခေါင်းကို ထုတာလဲ ဖြစ်ချင်ဖြစ်မယ် ထုလိုက် ခြေထောက်နဲ့ ဆောင့်ကန်လိုက်။ ယိုင်လဲခွေပြော့ နောက်လန်သွားတာကို ပြေးကန်လိုက်နဲ့ ငါ့မျက်စိထဲမြင်နေတာ။ စိတ်ထဲမတော့ တီဗွီက ပြပြတတ်တဲ့ Discovery ထဲက တိရိစ္တာန်တွေ ခြင်္သေ့တွေက သမင်တွေ သားကောင်တွေကို ၀ိုင်းပြီး အမဲဖျက်တာ သတ်ကြ ရက်စက်ကြတာ မြင်ယောင်နေမိတယ်။ စာဖတ်သူက ပြောမယ် မင်းဘာလို့ ထွက်မဆွဲသလဲလို့ အဲလို လူတယောက်ကို လူအများက မတရား အနိုင်ကျင့်နေတာကို ဒီအတိုင်း ကြည့်နေသလားလို့။ ဟုတ်တယ် ငါလည်း ထွက်ဆွဲမလို့ပါပဲ။ ဒါပေမယ့် အိမ်က မိဘတွေက ငါ့ကိုဆွဲ မထွက်နဲ့မထွက်နဲ့လို့ ခပ်အုပ်အုပ်ပြောတယ်၊ မတော်လို့ အခု အရိုက်ခံနေရတဲ့ ဆေးဘဲလိုလို ပိန်ပိန်ကောင်က မနေ့ကမှ ရွေးကောက်ပွဲ ထောက်ခံဖို့ လွတ်ငြိမ်းချမ်းသာနဲ့ ထောင်က လွှတ်ပေးလိုက်တဲ့ သူခိုးဂျပိုးဖြစ်နေရင် ဘယ်နှယ်လုပ်မလဲ! တဲ့ ဒီကောင် တခုခု ၀င်ခိုးလို့ သူ့ကို ၀ိုင်းဆုံးမ နေတာလားမှ မသိတာတဲ့… ဟုတ်မှာ …ဟုတ်မှာ .. စိတ်ထဲမတော့ အသိချပ်နေလေရဲ့။ ဟုတ်ပါ့ ပတ်ဝန်းကျင်ကလည်း မှောင်နေတာပဲ ။ အဲဒီအိမ် သူတို့ ရန်ဖြစ် ရိုက်နှက်နေတဲ့ အိမ်ရှေ့တခုပဲ ဓါတ်မီးတိုင်တခု ထွန်းပေးထားလို့ လင်းနေတော့ ပွဲကြည့်စင်ကနေ ကြိုးဝိုင်း လင်းလင်းထဲက လက်ဝှေ့ပွဲကို ကြည့်သလို မြင်နေရတဲ့ မြင်ကွင်းဆိုးဆိုးဟာ ၅ မိနစ်လောက် လုပ်ချင်သလို လုပ်ပြီး ခွေခွေလေးနဲ့ ငါ့တဘက်အိမ် ခြံတံခါး သံပန်းကို မှီလဲနေတဲ့ ဘိန်းစားလိုလို ဆေးခြောက်သမားလိုလို ကောင်ကို ဟိုသုံးယောက် အနက်က အကျီဖြူနဲ့ ကောင်က အုတ်ခဲနဲ့ အားရပါးရ ပစ်ပေါက်ပြီး မိုးမွန်တဲ့ အဆဲသံတွေပြော ထွက်သွားတော့တယ်။ ငါလဲ အိမ်ထဲကကို မထွက်ဖြစ်သေးဘူး၊ စိတ်ထဲ မတော့ တယောက်နဲ့ အများမို့ သနားလို့ မဆုံးသေးဖူး။ အောင်မာ... စောစောကတော့ သနားစဖွယ် အသံနဲ့ အသံကုန်အောင်နေတဲ့ ကောင်.... သေပါပြီဗျ! ကျနော် မခိုးပါဘူးဗျ! ကယ်ကြပါအုံးဗျ .. ! အောင်မလေး! အား … အား စတဲ့ စကားလုံးပေါင်းများစွာနဲ့ အသံနက်ကြီးတွေနဲ့ အော်ဟစ်နေတဲ့ အထိုးရိုက်ခံလူငယ်ဟာ ..... ဓါတ်မီးတိုင်အောက် ခြံစည်းရိုးဘေးကနေ သူမဟုတ်သလိုပဲ ကုန်းထပြီး ဟိုကြည့် သည်ကြည့်နဲ့ ထွက်သွားပါလေရော အလင်းရောင် သိပ်မရလို့ သူ့မှာ သွေးတွေ ထွက်နေမနေ မသေချာပါဘူး။ ကောင်းကောင်း မမြင်လိုက်ပါဘူး လက်မောင်းပုလွေရိုးနဲ့ ခပ်ပိန်ပိန် ဆေးခြောက်သမားလို အဲဒီကောင်ဟာ လက်စသတ်တော့ ကျနော်တို့ အိမ် သုံးလေးအိမ်ကျော်လောက် အသုဘအိမ် ဖဲဝိုင်းက ထ လာတာကိုး … သူဟာ မူးလဲ မူးနေပုံရတယ်။ သူ့ပုံကြည့်ရတာ မူးယစ်ဆေးဝါးလဲ သုံးခဲ့ပုံရတယ်။ ယိုင်တိယိုင်ထိုးနဲ့ လမ်းလျှောက်နေပုံက ဒါဏ်ရာတွေကြောင့်လဲ ဖြစ်မယ်ထင်တာပဲ။ သူ့ကို သူ့အဖေါ်တချို့က တိုးတိုးတိတ်တိတ်နဲ့ ထွက်လာမေးပုံကို အသုဘအိမ်ရှေ့ မီးရောင်မှိန်မှိန်နဲ့ လှမ်းမြင်ရပြန်ပါရော။ အဲ... မကြာပါဘူး။ စောစောက ကောင် ငမူး၊ ငကြောင် ထွက်သွားရာ ဘက်ကနေ အော်သံတွေ ကြားရပြန်ပါရော.. ဟေ့ကောင်တွေ ငါနဲ့ မဆိုင်ဘူး။ ငါနဲ့ မဆိုင်ဘူး။ ငါ့ကို မလုပ်နဲ့ ဟေ့ကောင်တွေ ဟေ့ကောင်တွေ ဆိုပြီး ပြေးလွှားလာတဲ့ အသံတွေ ကြားရပြန်ရော။ ငါလည်း ခြံတိုင်တွင်းထဲက အမှောင်ထုကို အကာကွယ်ယူပြီး ဆက်စောင့်ကြည့်နေမိတယ်။ တဘက်အိမ်မီးတိုင် အလင်းနဲ့တင် မြင်နေရပါပြီ။ စောစောက မူးကြောင်ကြောင်ကောင်ကို တဖက်သတ် ထိုးကြိတ် ရိုက်နှက်ခဲ့တဲ့ ကောင်လေးလို့ ထင်ရတဲ့ အကျီဖြူ ပုဆိုးနဲ့ကောင်က ရှေ့ကထွက်ပြေးလာတယ် သူ ၀ဋ်လည်ပြီထင်တယ်။ စောစောကတော့ သူက တခြား လူတယောက်ကို သေလုမျောပါးဖြစ်အောင် ရိုက်နှက် ထိုးကြိတ်ကန်ကျောက်ခဲ့တယ်။ အခုတော့ သူခံရတဲ့ အလှည့်ပေါ့ ။ လူ့လောကကြီးက သံဝေဂ ရစရာပဲ။ မုဆိုးဖြစ်လိုက် သားကောင်ဖြစ်လိုက်နဲ့လေ...... ၀ရုန်းသုန်းကား ပြေးနေတဲ့ သူ့နောက်က အကျီမပါ ပုဆိုးကို ပေါင်ပေါ်လောက်ထိ တိုအောင်ဝတ်ထားတဲ့ လူသုံးယောက်က အမဲဖျက်မလို အားကုန် ပြေးလိုက်လာတယ် သူတို့လက်ထဲမှာလဲ ပျဉ်ချောင်းကြီးတွေ ဒုတ်တွေနဲ့ .. တရကြမ်းပြေးလိုက်ရင်း ရှေ့ကကောင်ကို မှီတာနဲ့ မှီတဲ့ နေရာ ကျောကုန်းတို့ ဦးခေါင်းတို့ကို အားကုန်လွဲပြီး လှမ်းရိုက်နေတယ် တခွပ်ခွပ် တဖေါင်းဖေါင်းပဲ ရှေ့ကကောင်ကလည်း ပြေးရင်းအော် အော်ရင်းပြေး ငါမြင်လိုက်ရတာက မီးတိုင် အလင်းမှိန်ပျပျအောက်က အသက်လုထွက်ပြေးတဲ့ ရှေကကောင်နဲ့ ဘီလူးသဘက်စီး သလို သတ်မယ်ဖြတ်မယ့် ပုံနဲ့ ပြေးလိုက်ရိုက်နှက်နေတဲ့ သူတို့ သုံးယောက်ကို ဖြတ်ကနဲပဲ မြင်လိုက်တာ ။ အသံတွေကတော့ ဆက်ကြားနေတုန်းပဲ အသံနက်ကြီးနဲ့ အော်ပြေးသူက ပြေး ညာသံပေးပြီး လိုက်ရိုက်သူက ရိုက်..... အူး ဟူးဟူး ….. ငါက သူတို့ဆီက အသံ အကြားနဲ့တင် မောနေပြီ ဘာတွေဖြစ်ကုန်ပါပြီလဲ။ ငါတို့တိုင်းပြည် ဘာတွေဖြစ်ကုန်ပြီလဲ........... သူတို့ ဘယ်ထိ လိုက်ရိုက်နေလဲမသိ ငါလည်း မမြင်နိုင်တော့ပြီ။ ပတ်ဝန်းကျင်က အိမ်တချို့ ကနေ ဓါတ်မီးရောင် အလင်းတချို့ အမှောင်ထု လမ်းမပေါ်ကို ဝေ့၀ဲထွက်လာတယ် စူးစမ်းတဲ့သဘော ငါတို့အိမ်က မအိပ်သေးဘူး ပြဿနာ လာရှာမယ် စိတ်မကူးနဲ့ဆိုတဲ့ ပုံနဲ့ အရိပ်အယောင် ပြတဲ့ သဘောထင်ပါရဲ့ အိမ်ပြင်တော့ ဘယ်သူမှ ထွက်မကြည့်ကြဘူး ငါလည်း ထွက်မလိုက်ရဲဘူး သူတို့က ဘီလူးစီး သရဲစီး ဖြစ်နေကြပုံတွေ ........ပြီးတော့ ဘယ်သူတွေမှန်းလဲ ကိုယ်မသိ။ မနေ့ကတင် ထောင်က ပြန်လွတ်လာတဲ့ တေလေဂျပိုး လက်ယဉ်နေတဲ့ လူသတ်သမားတွေ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ.... ငါ့အမေပြောသလို အချင်းချင်း ကျောင်းတော်က ရန်စ ကို အပြင်ရောက်မှ ဖေါက်ရှင်း ရှင်းနေတာဆိုရင် ဘယ်နှယ်လုပ်မလဲ? ပဲလှော်ကြား ငါ ဆားညှပ် သွားမှာပေါ့။ အင်း ..... ပြီးတော့ သတင်းစာထဲ မီးလာသလောက် အပြင်မှာက တစပြင်လို မဲမှောင် ငြိမ်သက် နေလေရဲ့ ... ရန်ကုန်မြို့သစ် အိပ်ပြီ ထင်တယ်။ အော် ငါ့နာရီကို ပြန်ကြည့်မိတယ်။ ည ဆယ်နာရီနဲ့ ဆယ့်ငါးမိနစ်ပဲ ရှိပါသေးလား။ သိပ်ညဉ့်အနက်ကြီး မဟုတ်သေးဘဲကိုး ။ ငါတို့ နိုင်ငံ ငါတို့ ရန်ကုန်မြို့ကြီး ဘာတွေ ဖြစ်နေပါလိမ့်? သူတို့ ပြောနေတဲ့ တိုင်းပြည်ကြီး ငြိမ်းချမ်း သာယာနေပါတယ်ဆိုတာ ဟုတ်ပါရဲ့လား? တကယ်လား? နွေနေ တံလျှပ်တွေလား? ဒီနေ့တွေကြောင့် ဖြစ်လာနိုင်ချေရှိတဲ့ မနက်ဖြန်များထဲမှာ မနေ့ကဖြစ်ခဲ့တဲ့ အရုပ်ဆိုး ဖြစ်စဉ်မျိုးတွေဟာ ရန်ကုန်ဆင်ခြေဖုံး နွားရိုင်းသွင်းချိန်ရဲ့ တကယ့် နိစ္စဓူဝ ဇာတ်ရုပ်တွေပဲလား? မနက်ဖြန် ဘာများဖြစ်လာ မှာပါလိမ့်..
ဟိုး…. မြို့သစ် ချောင်ကြားက အိမ်စုတ်လေးထဲက ဖယောင်းတိုင်မီးနဲ့ စာကျက်နေတဲ့ ကလေးငယ်၊ ဘေးနားက ချဲတွက်နေတဲ့ သူ့အမေ၊ သူ့အဖေက မျက်ထောင့်နီနီ တိုင်နံရံမှာ မှီလို့ အမူးမပြေ့တပြေနဲ့ သူ့သားလေးကို ခြင်ဟပ်လို့ ယပ်ခတ်ပေးရင်း သူ့သား စာကျက်သံကို ဇရက်မင်း စည်းစိမ်ယူရင်း စောင်းငမ်းငမ်းနဲ့ နားစွင့်နေတယ်။
ငါတို့
ကြေကွဲခြင်း မွဲတဲ့ မိုးတိမ်အောက်မှာ
ဆွံ့အ ရင်း ဆွံ့အ နေရတာဟာ …..
အကြောက်တရားတွေနဲ့ ဖိစီးထားတဲ့ စစ်ဖိနပ်တွေအောက်မှာ မိုးစုံးစုံး ချုပ်နေလို့ပဲ မဟုတ်ပါလား ။
ရွှေဘန်း( ရန်ကုန်သစ် ) …
REF: လူထုအသံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က မူဝါဒအမှားကို တာဝန်ခံရမည် - ဇာနည်
Tuesday, 03 March 2009
မြန်မာနိုင်ငံ၏ အတိုက်အခံနိုင်ငံရေးပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အနောက်နိုင်ငံများမှ စီးပွားဒဏ်ခတ် ပိတ်ဆို့သည့်မူဝါဒနှင့် ပတ်သက်၍ ၀ိဝါဒကွဲစရာ ထုတ်ပြန်ပြောဆိုချက် အမျိုးမျိုးပြုလျှက်ရှိသည်။ အမေရိကန်နိုင်ငံမှ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများ ဆောင်ရွက်လာစေရေး၊ သပိတ်မှောက်သည့် လှုပ်ရှားမှုများ ဖြစ်ပေါ် လာစေရေးအတွက် ဦးဆောင်လှုပ်ရှားခဲ့သူ တဦးအနေနှင့် အဖြစ်မှန်ကို ကောင်းကောင်းသိပါသည်။ NLD ၏ ခေါင်းဆောင်မှု အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်နှိုက်က ၁၉၉၅ ခုနှစ်၊ ဇူလိုင်လ အိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး ကာလ နောက်ပိုင်းတွင် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု ဖြစ်ပေါ်လာစေရေး လှုပ်ရှားမှုများတွင် ကိုယ်တိုင်ဦးဆောင် ပါဝင် ပတ်သက်ခဲ့ပါသည်။
မြန်မာစစ်အစိုးရအနေနှင့် နိုင်ငံရေးအရတန်းတူ တွေ့ဆုံဆွေးနွေးပွဲ စကားဝိုင်းသို့ ရောက်လာစေရန် ဖိအားပေး တိုက်တွန်းရ သည့် လုပ်ငန်းကို အခက်အခဲ အမျိုးမျိုးကြားမှ ကြံ့ကြံ့ခံဆောင်ရွက်နေရသည့် NLD ပါတီကို များစွာလေးစားဖွယ်ရှိ ပါသည်။ သို့သော်လည်း စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကြောင့် တိုင်းပြည်အပေါ်သက်ရောက် စေခဲ့သည့် ဆိုးကျိုးဒုက္ခများကို မူ NLD ခေါင်းဆောင်မှုက ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ၀န်ခံပြောဆို သင့်ပါသည်။ လွန်ခဲ့သည့်ဆယ်စုနှစ် ၂ ခု တာကာလအတွင်း ၎င်းတို့ဖန်တီးခဲ့သည့် မူဝါဒဆိုင်ရာ အမှားအယွင်း များကိုလည်း တာဝန်ခံရလိမ့်မည် ဖြစ်သည်။
ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ထုတ် မဇ္ဈိမသတင်းစာပါ ဆောင်းပါးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆို ခွင့် ရှိသူ ဦးဉာဏ်ဝင်းက " ကျနော်တို့က ဘာမှ ရုပ်သိမ်းစရာ မရှိပါဘူး။ အကြောင်းကတော့ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုဆိုတာ ကျနော်တို့က ချမှတ်ထားတာမဟုတ်သလို၊ ချမှတ်ထားတဲ့ သက်ဆိုင်ရာနိုင်ငံတွေနဲ့ ဆိုင်တဲ့ကိစ္စ ပါ။ စစ်အစိုးရက ကျနော်တို့ ကို စွပ်စွဲနေတယ် ဆိုတဲ့ကိစ္စတွေက ကျနော်တို့က လုပ်ထားတာ မဟုတ်ပါဘူး" ဟု ဆိုခဲ့သည်။
မိမိတို့ ကမ်ပိန်းလှုပ်ရှားမှုမှ "ဆက်သား"များကို မြန်မာပြည်တွင်း ရန်ကုန်သို့ စေလွှတ်ခဲ့ပါသည်။ လှုပ်ရှားမှု၏ ကြွေးကြော်သံများနှင့် မူဝါဒရေးရာကိစ္စများအတွက် အကြံပြုနိုင်ရန် ဒေါ်စုထံ တင်ပြခဲ့ပါသည်။ NLD ခေါင်းဆောင် က ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ရေးသားမှုများ ပြုပေးခဲ့သည်။ သို့မဟုတ် ပြောဆိုရမည့်အချက်များ၊ သတင်း စကားများကို မီးစိမ်းပြပေးခဲ့ပါသည်။ ဤသို့ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုသပိတ်ကို ထောက်ခံသည့် သတင်းစကားများကို မိမိတို့က ချက်ချင်းဆိုသလို ကမ္ဘာအနှံ့ ဖြန့်ဖြူးခဲ့ကြသည်။ သတင်းမီဒီယာ ထိုးဖောက်မှုကိုလည်း စတင်လှုပ်ရှားခဲ့ကြသည်။ ဒေါ်စုတွင် စိတ်ဓာတ် ရေးရာပိုင်းအရ အလွန် သြဇာ ရှိနေပြီး၊ နိုင်ငံတကာမှ နှစ်လိုထောက်ခံ မှုလည်း ရရှိထားသည်။ မိမိတို့အဖွဲ့များက တစိုက်မတ်မတ် လှုပ်ရှားဆောင်ရွက်ကြမည့် ဇွဲနှင့် ဗျူဟာပိုင်းဆိုင်ရာအရ စွမ်းဆောင်နိုင်ရည်၊ ကျွမ်းကျင်မှုရှိနေကြသည်။
အမှန်ပြောရလျှင် ၁၉၈၉ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာဖော်ပြချက်မှာပင် စစ်အစိုးရနှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု၊ စီးပွားဆက်ဆံမှု မပြုဘဲ သပိတ်မှောက်ကြရန် ဒေါ်စုက တောင်းဆိုကြောင်း ဖော်ပြခဲ့ဖူးသည်။ ထို အချိန်မှစ၍ ဒေါ်စု အနေဖြင့် လူသိရှင်ကြား ဤမူဝါဒကိုပြောင်းလဲ၍ ပြောကြားခဲ့ဖူးခြင်း မရှိ ပါ။ ပြည်တွင်း၊ ဒေသဆိုင်ရာ၊ နိုင်ငံတကာ လက်တွေ့ အခြေအနေများက ထိရောက်သော စီးပွားဒဏ်ခတ် ပိတ်ဆို့မှု အတွက် အခြေအနေ မပေးတော့သည့်တိုင်သော်မှ ဤမူဝါဒ ပြောင်းလဲကြောင်း ဖော်ပြပြောဆိုခဲ့ခြင်း မရှိပါ။
မူလက "သေချာချိန်ရွယ် ပစ်မှတ်ထားသော စီးပွားရေးဒဏ်ခတ်အရေးယူမှု" ဖြင့် ဗိုလ်ချုပ်များ အိပ်အတွင်းသို့ ၀င်ငွေမရစေရန်၊ စီးပွားရေးအရ ထိခိုက်နစ်နာလာစေရန် ရည်ရွယ်ခဲ့ပါသည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့် စစ်အစိုး ရက တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းပေါ် ရောက်လာစေရန် ရည်ရွယ်ပြီး၊ ပြည်တွင်းတွင် ဒေါ်စုက လှုပ်ရှားဆောင် ရွက်နေသည့် ငြိမ်းချမ်းစွာ အာဏာဖီဆန်ရေး အကြမ်းမဖက် လှုပ်ရှားမှုများ၊ နိုင်ငံတကာမှလည်း စီးပွားရေးအရ ဒဏ်ခတ် ဖိအားပေးခြင်း၊ သံတမာန်ရေးအရ အထီးကျန် ဖြစ်စေရန် ဆောင်ရွက်ခြင်း၊ သတင်းမီဒီယာများ တွင် လည်း မြန်မာပြည်အရေးကို ဖော်ပြလာ စေရန် ကြိုးပမ်းခြင်း၊ ထို့အပြင် ကုလသမဂ္ဂမှလည်း အခြားသော အရေး ယူမှုများပြုခြင်း စသဖြင့် နည်းမျိုးစုံဖြင့် ပေါင်းစပ်၍ မြန်မာနိုင်ငံတွင် အပြောင်း အလဲများ ဖြစ်ပေါ်လာစေရန် မဟာဗျူဟာ အရ ရည်ရွယ် ခဲ့ ကြပါသည်။ဤကြိုးပမ်းချက်များကို ထိုင်း-မြန်မာနယ်စပ်တွင် လက်နက်ကိုင် တော်လှန်ရေး အရှိန်မြှင့်ဆောင်ရွက်ခြင်းဖြင့် ပေါင်းစပ်နိုင်မည်ဟု ယူဆခဲ့ကြသည်။
ဓမ္မဓိဌာန်ကျကျ ဆန္ဒစွဲကင်းကင်းဖြင့် သုံးသပ်ကြသူတိုင်းက ယခုကဲ့သို့"ပြည်တွင်း ပြည်ပ" ပူးပေါင်း ဆောင် ရွက်မည်ဟူသည့် ဗျူဟာ အလုပ်မဖြစ်ခဲ့ကြောင်း သေချာရှင်းလင်း တွေ့နိုင်ပါသည်။
မြန်မာပြည် လွတ်လပ်ရေးညွန့်ပေါင်းအဖွဲ့ (FBC) က အနောက်တိုင်းနိုင်ငံများရှိ စားသုံးသူများအကြား သပိတ် မှောက်မှုများ၊ မြန်မာနိုင်ငံသို့ ဧည့်ခရီးမသွားရေး ကိစ္စများကို ဦးဆောင်လှုပ်ရှားခဲ့သည်။
စီးပွားရေးဒဏ်ခတ်မှုအတွက်လည်းကောင်း အာဏာပိုင် အစိုးရများကို တိုက်တွန်းစည်းရုံးခဲ့သည်။ သတင်းမီဒီယာ လှုံ့ဆော်မှု ကမ်ပိန်းများ ဆောင်ရွက်ခဲ့ပါသည်။ ဤသို့ဖြင့် ၁၉၉၀ ခုနှစ်ကာလများတွင် စစ်အစိုးရက (ကန့်သတ်၍) စီးပွားရေး တံခါးဖွင့်စ အခြေအနေကို ပိတ်ဆို့ရန်ကြိုးပမ်း ရာတွင် တစိတ်တပိုင်းတာဝန်ရှိ ခဲ့ပါသည်။ ဤသို့ စီးပွားရေး တံခါးဖွင့်လာခြင်းကြောင့် နောက်ပိုင်းဖြစ်လာနိုင်သည့် နိုင်ငံရေးအကျိုးရလဒ်များကို လျစ်လျူရှုခဲ့သည့် အတွက်လည်း အကျိုးဆက်များအတွက် တစုံတရာ တာဝန်ရှိပါသည်။
ပို၍ ဆိုးသည့်အချက်မှာ အနောက်နိုင်ငံများတွင် မိမိတို့က ဆန္ဒစေတနာကောင်းဖြင့် တိုက်တွန်းလှုပ်ရှားခဲ့သော လှုပ်ရှားမှု ကြောင့် သွယ်ဝိုက်၍ဖြစ်သော အကျိုးဆက်ပင်ဖြစ်စေ မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံမှ အမျိုးသမီး ငယ်များ ထောင်နှင့်ချီ၍ အလုပ်ပြုတ်ခဲ့ကြရပါသည်။ စီးပွားရေးအရ ပို၍ ကြပ်တည်းဆင်းရဲခဲ့ရသည်။ တချို့လည်း ပြည့်တန်ဆာအဖြစ် ကိုယ်ရောင်းစားရသည့်ဘ၀၊ တဘက်နိုင်ငံကူး၍ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် အလုပ် လုပ်ကြရသည့် အခြေအနေ ဆိုက်စေခဲ့ပါသည်။
လွန်ခဲ့သည့် နှစ်၂၀ ကာလအတွင်း မိမိတို့က မြန်မာနိုင်ငံနှင့် မိုင်ပေါင်း ၁၂,၀၀၀ မျှဝေးသည့် အမေရိကန်နိုင်ငံမှ နေ၍ ဤလှုပ်ရှားမှုကို စတင်ခဲ့သည့်အချိန်မှစ၍ ဖြစ်လာသည့် လက်တွေ့ ဖြစ်ရပ်မှန်များက ခုတ်ရာတခြား ရှရာ တခြား အခြေအနေကို ဖော်ပြနေကြသည်။ စစ်ဗိုလ်ချုပ်များက ပို၍ချမ်းသာလာကြသည်။ ပို၍ ခိုင်မြဲလာသလို ပို၍ လည်း ယုံကြည်မှုမြင့်လာကြသည်။ မြန်မာနိုင်ငံ၏ ပေါကြွယ်ဝလှသည့် သဘာဝဓာတ်ငွေ့၊ ရေနံ စသဖြင့် ဗျူဟာ မြောက် သဘာဝအရင်းအမြစ်များနှင့် ကမ္ဘာ့ရေနံ ထုတ်လုပ်မှုနှင့် ရေနံဈေးကွက်တို့ကြောင့် ဤ အခြေအနေ ရောက်လာခြင်းဖြစ်သည်။ ထိုမျှမက စစ်တပ်အစိုးရအနေဖြင့်အလျှင်အမြန်စီးပွားဖွံ့ဖြိုးလာနေသည့် တရုတ်၊ အိန္ဒိယ စသည့် အာရှတိုက်၏ အင်အားကြီးနိုင်ငံများ၏ ကူညီပံ့ပိုးမှုကိုလည်း ရရှိနေကြပြန်သည်။
ဒီမိုကရေစီရေးအတွက် အလံကိုင်ပါတီကြီး ဖြစ်သည့် NLD အပေါ် အတိုက်အခံ ပုဂ္ဂိုလ်များနှင့် အတိုက် အခံ အဖွဲ့များ လှုပ်ရှားမှုများအကြားတွင် မူလက ထားခဲ့သည့် ယုံကြည်အားကိုးမှုများ တပြေးညီ မရှိတော့ပြီကို ထောက်ပြဖို့ လိုပါသည်။ NLD ပါတီသည် မြန်မာပြည်သူအများ၏ နှလုံးကို သိမ်းကျုံးမယူနိုင်၊ မဆွဲဆောင် နိုင် တော့ပါ။ NLD ပါတီကို အခိုင်အမာ ရပ်တည် ထောက်ခံခဲ့ကြသည့် အနောက်တိုင်း အစိုးရများပင်လျှင် ပါတီ၏ မဟာဗျူဟာပိုင်းအရ ခေါင်းဆောင်မှုအပေါ် ယုံကြည်မှု လျော့ပါးလာနေပြီ ဖြစ်ပါသည်။
လွန်ခဲ့သည့်အပတ် အာရှတိုက်ရှိ နိုင်ငံများသို့ ခရီးလှည့်လည်စဉ်၌ အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေး ၀န်ကြီး ဟေလာရီ ကလင်တန်က ၎င်းနိုင်ငံအနေနှင့် မြန်မာနိုင်ငံအပေါ် စီးပွားဒဏ်ခတ်ပိတ်ဆို့သည့် မူဝါဒကို ပြန်လည်သုံးသပ်နေ ကြောင်း ပြောကြားခဲ့ပါသည်။ မူဝါဒအပြောင်းအလဲ ရှိနိုင်ကြောင်းလည်း အချက်ပြခဲ့သည်။
အမေရိကန်နိုင်ငံ၏ မြို့တော် ၀ါရှင်တန်တွင် စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုနှင့် ပတ်သက်၍ နိုင်ငံရေးပါတီကြီး ၂ ခု လုံးက သဘောတူညီမှု တစုံတရာ ရှိနေကြ ပုံကို သုံးသပ်လို့ရပါသည်။ ဤသို့စီးပွားရေး ပိတ်ဆို့မှုကြောင့် ဖြစ်လာ သည့် အကျိုးဆက်များသည် အမေရိကန်ပြည်ထောင်စု၏ အကျိုးစီးပွားအတွက် အလုပ်မဖြစ်စေပါ။
အထက်လွှတ်တော်၏ နိုင်ငံခြားဆက်ဆံရေး ကော်မီတီဥက္ကဋ္ဌ ဟောင်း ရီပတ်ဘလစ်ကင်ပါတီ အမတ် ရစ်ချတ် လူဂါ (Richard Lugar) က ကျူးဘားနိုင်ငံအပေါ် ၄၇ နှစ်ကြာ အထီး ကျန်ဖြစ်စေရန် ပိတ်ဆို့ခြင်းကြောင့် မည်သည့်အကျိုးရလဒ်မျှ မရှိခဲ့ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပါသည်။
လက်ရှိ စစ်အစိုးရအနေနှင့် ၁၉၆၂ ခုနှစ်မှ စတင်၍ လွဲမှားဆောင်ရွက်လာခဲ့သည့် မူဝါဒအမှားများ၊ ညံ့ဖျင်းသည့် ခေါင်းဆောင်မှုများကြောင့် ဖြစ်ပေါ်လာရသော ဆိုးကျိုးဒုက္ခများအတွက် တာဝန်ရှိသည်ကို မြန်မာပြည်သူအားလုံး ကောင်းစွာ သိပါသည်။ ၎င်းတို့က မူဝါဒများချမှတ်ရာတွင်သော်လည်းကောင်း၊ နိုင်ငံရေးအရ ဆုံးဖြတ်ချက်များ ချ မှတ်ရာတွင်သော်လည်းကောင်း တဘက်သတ်သာ ဆောင်ရွက်ခဲ့ကြသည်။ ဒီမိုကရေစီနည်းလမ်းတကျ မဟုတ် ဘဲ ဆောင်ရွက်ခဲ့ကြပါသည်။
သို့ရာတွင် မိမိတို့၏ လုပ်ဆောင်မှုများအတွက် တာဝန်ယူ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုဆိုသည်မှာ အာဏာရှင် များသာမက ဒီမိုကရေစီ ယုံကြည်သူများပါ လိုက်နာ အကောင်အထည်ဖော်ကြရမည့် ကိစ္စ ဖြစ်ပါသည်။
ထို့ကြောင့် NLD ခေါင်းဆောင်မှုအနေနှင့် ရိုးသားစွာ မိမိတို့၏မူဝါဒများ ရှုံးနိမ့်ရမှုကို ပြန်လည်သုံးသပ်ပါရန် တောင်းဆိုလိုပါသည်။ ထိုမျှမက မြန်မာလူထုနှင့် နိုင်ငံ၏ ရှေ့ရေး အပေါ် အကျယ်အပြန့် သက်ရောက်စေသည့် ဆိုးကျိုး များကိုလည်း ထည့်သွင်း စဉ်းစားသင့်ပါသည်။ အတိုက်အခံ နိုင်ငံရေးလှုပ်ရှားမှုတခုလုံးက ဒေါ်အောင်ဆန်းစုကြည် ၏ ကျင့်ဝတ်မှု ပိုင်းဆိုင်ရာ ခေါင်းဆောင်မှု၊ မဟာဗျူဟာ မူဝါဒ အရ ဦးဆောင်မှုကို ခံယူလှုပ်ရှားနေကြသည့် အတွက်ကြောင့်လည်း ဤသို့ ပြောဆိုရခြင်း ဖြစ်ပါသည်။
စစ်အစိုးရနှင့်"အပြုသဘော ဆက်ဆံရေးမူဝါဒ" ကို ဝေဖန်ပြောဆိုကြသူများက ဤသို့ အပြုသဘော ပူးပေါင်း ဆောင်ရွက် ခြင်းဖြင့်လည်း အလုပ်မဖြစ်နိုင်ကြောင်း ဝေဖန်ကြပါသည်။ သူတို့ ဝေဖန်သည့်အတိုင်း မှန်ပါသည်။ အပြုသဘောဆက်ဆံရေးမှာ စစ်ဗိုလ်ချုပ်များနှင့် မိမိအကျိုးစီးပွားကိုသာ ရှေးရှုပြီး အပြုသဘော ဆက်ဆံ ပေါင်း သင်းခြင်းမျှသာ ဖြစ်ပြီး အရပ်ဘက် လူထုအဖွဲ့အစည်းများနှင့် မြန်မာ လူ့အသိုင်းအ၀န်းကို အပြု သဘော ပေါင်းသင်း ဆက်ဆံခြင်း မဟုတ်ပါ။
မြန်မာနိုင်ငံ၏ လက်ရှိအနေအထားအရ အစိုးရမဟုတ်သည့် အဖွဲ့အစည်း (အန်ဂျီအို) များ၊ သက်မွေးဝမ်းကျောင်း ဆိုင်ရာ အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင် ကုန်သည်ကြီးများ အသင်း၊ ပညာရေးဆိုင်ရာ ဌာနများ၊ ကမ္ဘာ့ နိုင်ငံသားများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ စသဖြင့်တို့က မြန်မာနိုင်ငံ ဘက်စုံ ပွင့်လင်းတိုးတက်ပြောင်းလဲ လာစေရေးအတွက် များစွာကူညီ ပံ့ပိုးနိုင်ကြပါသည်။
နိုင်ငံရေးနှင့် စီးပွားရေး လုပ်ငန်းစဉ်များတွင် လူအများ ပါဝင်ဆောင်ရွက်ခွင့် ရှိလာစေခြင်းဖြင့် ပို၍ လွတ်လပ် ပွင့်လင်း သော၊ အမြင်သဘော မတူညီမှုများကို ပို၍သည်းခံမှု မြင့်မားသော ရင့်ကျက်သည့် လူ့အဖွဲ့အစည်း တရပ် ကို အုတ်မြစ်ချ တည်ထောင်နိုင်ကြမည် ဖြစ်သည်။ ဤအချက်မရှိဘဲ မည်သို့သော ဒီမိုကရေစီစနစ်မျိုးကမှ ရှင်သန် သက်ဝင် အလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။ ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရှင်သန်ခြင်း ကိုလည်း အပြောင်းအလဲအတွက် လုပ်ငန်းစဉ်၏ ကဏ္ဍတရပ် အဖြစ် ရှုမြင်နိုင်ရန် လိုအပ်ပါသည်။
ခေတ်နောက် ပြန်ဆွဲနေ သည့်၊ အရာရာကို စစ်ဘက်က လွှမ်းမိုးချုပ်ကိုင်ထားသည့် လက်ရှိအခြေအနေမှ ပို၍ လွတ်လပ်ပွင့်လင်းသည့် ပို၍ရင့်ကျက်သည့် လူ့ဘောင်အဖွဲ့အစည်း ဖြစ်လာအောင် လုပ်ယူကြရမည် ဖြစ်ပါသည်။ ပို၍ ပွင့်လင်းသည့် လူ့ဘောင်ကို စီးပွားဒဏ်ခတ်ပိတ်ဆို့မှု မူဝါဒ သေနတ်ပြောင်းဝတွင် တည်ဆောက်၍ မရနိုင်ပါ။ ထို့အပြင် ကုလသမဂ္ဂ ဆုံးဖြတ်ချက်များဖြင့်လည်း အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ တွေ့ဆုံဆွေးနွေးရေး ချက်ချင်းဖြစ်လာစေမည် မဟုတ်ပါ။
စစ်အစိုးရ ခေါင်းဆောင်ပိုင်းနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုအပေါ် မိမိက သိပ်၍ အကောင်းမြင် မျှော်လင့်ချက် မထားလှပါ။ ထိုထက်စာလျှင် အဖွဲ့အစည်းများ၊ အင်စတီကျူးရှင်းများ၊ နည်းပညာပိုင်းဆိုင်ရာ နယ်ပယ်မှ အစု အဖွဲ့များ၊ ယဉ်ကျေးမှု၊ အနုပညာ၊ အဆင့်မြင့်နှင့် အခြေခံပညာရေး၊ လူထုကျန်းမာရေး၊ စိုက်ပျိုးရေး၊ အားကစား၊ ခရီးသွားလုပ်ငန်း၊ သုတေသန၊ ကုန်သွယ်မှု စသဖြင့် အခြားအဆင့်များနှင့် ဆက်ဆံရေးပေါ်မှာသာလျှင် ပို၍ ရလဒ်ဖြစ်ဖွယ် မြင်မိပါသည်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း၏ အဆုံးစွန် ရည်မှန်းချက်မှာ လွတ်လပ်ပွင့်လင်းသည့် လူ့ဘောင်တရပ် ကို ထူထောင်ရေး၊ ဒီမိုကရေစီ နည်းနာများကို ထိန်းသိမ်းကျင့်သုံးနိုင်ရေးဟု ဆိုလျှင်၊ မြန်မာ့ လူ့အဖွဲ့အစည်းကို ပွင့်လင်းလာ စေမည့် နောက်ထပ်မူဝါဒများ ချမှတ်ကျင့်သုံးရန် လိုအပ်နေပါသည်။ စစ်တပ်အပါအ၀င် လူမှုအဖွဲ့ အစည်း အဆောက်အအုံများကိုလည်း ပို၍ လွတ်လပ် ပွင့်လင်းလာစေဖို့ လိုပါသည်။ ဒီမိုကရေစီနိုင်ငံများတွင် မည်သို့မည်ပုံ ကျင့်သုံးနေသည်ကို အတွေ့အကြုံရစေရန် လေ့လာခွင့်ရှိရန် လိုအပ်ပါသည်။
NLD ပါတီက ၎င်းတို့၏ နိုင်ငံရေးအတွင်းသို့ လူအများ၏ ဘ၀ဆိုင်ရာကိစ္စများ ပြန်လည်သွတ်သွင်းပြီး အသက်ဝင် ရှင်သန်လာအောင် ဆောင်ရွက်နိုင်ပါသည်။ စေတနာကောင်းဖြင့် ကြိုးပမ်းခဲ့သော်လည်း အလုပ်မဖြစ်သည့် မူဝါဒ များ၊ မဟာဗျူဟာများကို အမှန်အတိုင်း လူသိရှင်ကြား ဖွင့်ဟ၀န်ခံပြီး ပြန်၍ ချိန်ညှိနိုင်ပါသည်။
ကမ္ဘာပေါ်ရှိ နိုင်ငံရေးပါတီများ၊ အစိုးရများ၊ ခေါင်းဆောင်များက တကြိမ်မဟုတ် တကြိမ် အမှားပြုကြသည်မှာ မဆန်း ပါ။ ဤသို့ အမှားပြုခဲ့ခြင်းကို ၀န်ခံရသည်မှာလည်း ရှက်စရာကိစ္စ မဟုတ်ပါ။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းသည်ပင် ဗြိတိသျှ အင်ပါယာနယ်ချဲ့များကိုတိုက်ထုတ်ရန် ဂျပန်ဖက်ဆစ်များနှင့် ပူးပေါင်းခဲ့သည့်အမှားကို အသိ အမှတ်ပြု ခဲ့ပြီး သူ၏ ရပ်တည်ချက်ကို ပြန်လည်ပြောင်းလဲခဲ့ဖူးသည်။
NLD ပါတီအနေနှင့် ဤကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းက ဆောင်ရွက်ခဲ့ချက်ကို စံပြနမူနာ ယူနိုင်ပါသည်။ သမိုင်းချောက်တွင်း ကျဆင်းမသွားစေရေးအတွက် ပြန်လည်ဆည်မနိုင်ပါသည်။ မူဝါဒအတိုင်း ရပ်တည်သော် လည်း၊ ခေါင်းဆောင်မှု မှားယွင်းမှုကြောင့်၊ သို့မဟုတ် အလုပ်မဖြစ်သော မူဝါဒများကြောင့် ဆယ်စုနှစ်ပေါင်းများစွာ တံခါးပိတ်အထီးကျန်နေခဲ့ရသည့် ဘ၀မှ ကုန်းရုန်းထလာသည့် မြန်မာ့လူ့အဖွဲ့အစည်းကို ပို၍ ဆင်းရဲတွင်း နက်စေ ရန်၊ ပို၍ အထီးကျန်မှုကို ဖြစ်စေသည့် မူဝါဒနှင့် ဗျူဟာကို ဆက်လက်ဆောင်ရွက်၍ မသင့်တော်တော့ပြီ ဖြစ်ပါ သည်။
ပြည်သူအများ၏ ကောင်းကျိုးစီးပွားကို ပါတီ၏ မူဝါဒများထက်၊ သို့မဟုတ် ခေါင်းဆောင် မျက်နှာပျက်ရမည့်အရေး ထက် ပို၍ ရှေ့တန်းထားသင့်ပါသည်။ သူတို့ပြောနေသည့် တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုကို ပြောသည့်အတိုင်း ဆောင်ရွက်သင့် ပါသည်။
အကယ်၍"လူလတ်တန်းစားများ ပေါ်ပေါက်ရေးက ပထမ၊ ဒီမိုကရေစီက ဒုတိယ"ဟူသည့် အာရှတိုက်မှ ခေါင်း ဆောင်များ၏ အဆိုကို လက်မခံနိုင်သည် ဆိုဦးတော့၊ ဒီမိုကရေစီဆိုသည်မှာ နိုင်ငံရေးလုပ်ငန်းစဉ် သက်သက်မျှ မဟုတ်သည်ကို မြင်သင့်ပါသည်။ စီးပွားရေးကိစ္စများ၊ ယဉ်ကျေးမှုကိစ္စများ.. စသဖြင့် ကဏ္ဍပေါင်းစုံတွင် အပြောင်း အလဲများ ဖြစ်ပေါ်ရန် လိုအပ်သည်ကိုလည်း အမြင်မလျှမ်းသင့်ပါ။
စီးပွားရေးပိတ်ဆို့မှုကို ဆန့်ကျင်သူ ပညာရှင်များအား သွားပုပ်လေလွင့် တရားသေစွပ်စွဲ၊ တပ်မတော်သားများ အား တိုက်ခိုက် ဝေဖန်နေမည့်အစား၊ စစ်မှန်သော ဒီမိုကရေစီ စိတ်ထားအပြည့်အ၀ဖြင့် ဆွေးနွေးကြရန်၊ ငြင်း ခုန်ကြရန်၊ မြန်မာပြည်အပြောင်း အလဲအတွက် အဖြေထုတ်ကြရန် မြန်မာနိုင်ငံသားအားလုံးမှာ တာဝန်ရှိပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထိပ်သီးခေါင်းဆောင် ၂ ဦးအကြား တွေ့ဆုံ ဆွေးနွေးရုံမျှ ဖြင့် ပြေလည်မှုရနိုင်မည် မဟုတ်ပါ။
နောက်ဆုံး ဖော်ပြလိုသည်မှာ ဒီမိုကရေစီဆိုသည်မှာ ခေါင်းဆောင်များ၏ ကိုယ်ရေးကိုယ်တာ ကိစ္စ မျှသာမဟုတ် ပါ။ ခေါင်းဆောင်ကြီးများ မည်မျှ သတ္တိရှိသည်၊ မြင့် မြတ်သည်၊ ကြည်ညိုလေးစားဖွယ် ကောင်းသည် စသည့် ကိစ္စများနှင့်လည်း လုံးဝမဆိုင်လှပါ။ ဒီမိုကရေစီဆိုသည်မှာ လူအများ၏ ကိစ္စသာ ဖြစ်ပါသည်။ သူတို့၏ နေ့စဉ် ဘ၀၊ သူတို့၏ လိုအပ်ချက်များ၊ သူတို့၏ အရေးကိစ္စများသာ ဖြစ်ပါသည်။
ဒေါက်တာဇာနည် ရေးသားသည့် NLD Must Own Up to its Policy Mistakes ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။
ဒေါက်တာဇာနည်သည် မြန်မာပြည် လွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (Free Burma Coalition) ကို စတင်တည်ထောင်ခဲ့သူ တဦးဖြစ်ပြီး ယခုအခါ အောက်စဖို့ဒ်တက္ကသိုလ်တွင် ဧည့်သုတေသီ ပညာရှင် အဖြစ် ဆောင်ရွက်နေသူ ဖြစ်ပါသည်။
ဇာနည်
REF: ဧရာဝတီ
ဒီမိုကရေစီနှင့်ပူးပေါင်းမလား အာဏာရှင်နှင့်ပူးပေါင်းမလား - ထက်အောင်
Thursday, 05 March 2009
မြန်မာ့နိုင်ငံရေးအကြပ်အတည်းနှင့်ပတ်သက်ပြီး စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ထောက်ခံပြောဆိုသည့် အသံများ သတင်းစာမျက်နှာများပေါ်တွင် မကြာသေးခင်ကာလအတွင်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါသည်။
နှစ်ပေါင်း၂၀ ကြာခဲ့ပြီဖြစ်သည့် ဤနိုင်ငံရေးအရှုပ်အထွေးကိုဖြေရှင်းရန်အတွက် ယခုကဲ့သို့ အသစ်တဖန်ကြိုးပမ်းအားထုတ် မှုသည် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအထူးသံကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ၏ ဇန်န၀ါရီလ ၃၁ ရက် နေ့မှ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ သွားရောက်ခဲ့သော ၇ ကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်နှင့်လည်း တိုက်ဆိုင်နေခဲ့ပါသည်။
ထိုခရီးစဉ်မှ ထွက်ပေါ်လာသည့် အပြုသဘောတိုးတက်မှုတခုခုကို ကျွန်တော်တို့ ထောက်ပြရမည်ဆိုလျင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပထမဦးဆုံးအကြိမ် သူမ၏အဖွဲ့ချုပ်ခေါင်းဆောင်များနှင့်အတူ တကွ ကုလသမဂ္ဂအထူးသံကိုယ်စားလှယ်ကို တွေ့ဆုံခွင့်ရလိုက်ခြင်းပင်ဖြစ်ပါသည်။
ဤတကြိမ်တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အဖွဲ့ချုပ်နှင့် စစ်အစိုးရအကြား အဓိပ္ပာယ်ရှိသည့် တွေ့ဆုံဆွေး နွေးပွဲ ဖြစ်ပေါ်လာစေရန်၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရုံးက ကြားဝင်ဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့သည်မှာ ထင်ရှားပါသည်။
“ထိတ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံ ပျက်သုဉ်းရေး၊ စီးပွားရေး အဆက်အသွယ်ဖြတ်တောက်ရေး၊ အလုံးစုံ ပိတ်ဆို့ရေးတို့ သည် တိုင်းပြည်နှင့်ပြည်သူလူထုအတွက် အကျိုးမရှိပါ”ဆိုသည့် စစ်အစိုးရ၏ထုတ်ပြန် ကြေညာချက်ကို စစ်အစိုးရနှင့် အဖွဲ့ချုပ်တို့ တသဘောတည်းရှိသည်ဆိုသည့်အနေနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရည်ညွှန်းမှု မရှိခဲ့ခြင်းကို မစ္စတာဂန်ဘာရီ သိရှိနေပြီးဖြစ်သည်မှာလည်း ထင်ရှားပါသည်။ “ယင်းကိစ္စများ(နားလည်မှုလွဲမှားမှုများ) မဖြစ်ပေါ်ရအောင် နှစ်ဦးနှစ်ဘက်ပူးပေါင်းဆောင်ရွက်ကြရန်နှင့် သဘောတူညီ ချက်များကိုလည်း နှစ်ဦးနှစ်ဘက်အတူတကွ ကြေညာချက်ထုတ်ပြန်ကြရန် အသင့်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်ဆံရေးဝန်ကြီးဦးအောင်ကြည်မှတဆင့် အာဏာပိုင်တို့ထံအသိပေးခဲ့ပြီးဖြစ်ပါသည်”ဟု ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ထုတ်ပြန်သည့် အထူးကြေညာချက်အမှတ် ၂ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၄င်း၏ရပ်တည်ချက်ကို ရှင်းလင်း ထားပါသည်။ အဖွဲ့ချုပ်၏ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းမှလည်း ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီမဂ္ဂဇင်းသို့ အဖွဲ့ချုပ်သည် ကြိုတင်စည်း ကမ်းသတ်မှတ်ချက်မထားသည့်တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရေးကို အလေးအနက်ထားကြောင်း ထပ်မံပြောကြားခဲ့ပါသည်။ ထို့အပြင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံကို လာရောက်စေချင်သည့် အဖွဲ့ချုပ် ၏ ဆန္ဒကိုလည်း အလေးအနက်ပြောဆိုခဲ့ပါသည်။ စီးပွားရေးနှင့် အခြားအရေးယူပိတ်ဆို့မှုအပါအ၀င် တိုင်းပြည်၏နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးပြီး နှစ်ဦးနှစ်ဘက် သဘောတူထုတ်ပြန်ကြေညာချက်တစောင်ထုတ်ပြန်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က အဆင်သင့်ရှိနေပါသည်။ အဓိပ္ပာယ်ရှိသည့်တွေ့ဆုံဆွေးနွေးမှုများဖြစ်မြောက်ရေးကို မည်သူကလွှဲရှောင်နေသည် ဆိုသည်မှာ ထင်ရှားပါသည်။ ယခုနှစ်အစောပိုင်း မစ္စတာ ဂန်ဘာရီ၏ ခရီးစဉ်အတွင်း မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ကုလသမဂ္ဂအနေနှင့် မြန်မာနိုင်ငံတည်ငြိမ်တိုးတက်မှုရှိခြင်းကို မြင်တွေ့လိုလျင် စီးပွားရေးနှင့် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ဆို့အရေးယူထားမှုများကို အရင်ဆုံးဖယ်ရှားပေးရလိမ့်မည်ဟု တောင်းဆိုခဲ့ပါသည်။ စစ်အစိုးရသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်တလှည့် ကုလသမဂ္ဂဆီတလှည့် သံတမန်ကစားကွက်များဖြင့် အခြေ အနေတွေဖြေရှင်းမရဖြစ်ပြီး ပိုပြီးရှုပ်ထွေးလာစေရန်ဖန်တီးနေခြင်းသာဖြစ်ပါသည်။ စစ်ဗိုလ်ချုပ်ကြီးများသည် ထိုနည်းဗျူဟာကို တလျှောက်လုံးကျင့်သုံးလာခဲ့ပြီး ဆက်လက်၍လည်းကျင့်သုံးနေပါလိမ့်မည်။ အကြောင်းမှာ အနာဂတ်မြန်မာနိုင်ငံရေးတွင် အတိုက်အခံအင်းအားစုများကို တလက်မမှ နေရာပေးစရာမလိုဘဲ တိုင်းပြည် ကို ၄င်းတို့ကိုယ်တိုင် စီမံအုပ်ချုပ်သွားနိုင်ပြီဟု စစ်ဗိုလ်ချုပ်ကြီးများယုံကြည်နေကြသောကြောင့်ဖြစ်ပါသည်။ ထိုအတောအတွင်း အမေရိကန်ပြည်ထောင်စုအစိုးရအသစ်သည် ၄င်း၏မြန်မာပြည်ဆိုင်ရာမူဝါဒများကို အစအဆုံး ပြန် လည် သုံးသပ်နေချိန်လည်းဖြစ်ပါသည်။ အမှန်တကယ်အားဖြင့် အမေရိကန်ပြည်ထောင်စုသည် မြန်မာစစ်ဗိုလ်ချုပ်များနှင့် သူတို့၏အပေါင်းအပါများကို စီးပွားရေးနှင့်ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်အရေးယူမှုများ အဓိကပြုလုပ်ထားသည့် နိုင်ငံဖြစ်ပါ သည်။ သို့သော် မြန်မာပြည်ဆိုင်ရာမူဝါဒအသစ်များကိုမကြေညာမီ သမ္မတ အိုဘားမားအစိုးရသည် အောက်ပါအချက်ကို အလေး အနက်စဉ်းစားသင့်ပါသည်။ အနာဂတ်မြန်မာနိုင်ငံ၏ အရေးအရာများဆောင်ရွက်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နေရာပေး ပူးပေါင်းဆောင် ရွက်လိုစိတ် စစ်အစိုးရတွင် အမှန်တကယ်ရှိပါသလား ဆိုသည့် အချက်ဖြစ်ပါသည်။ ရန်သူကိုအနိုင်တိုက်ရန်အတွက်သာ လေ့ကျင့်ပေးထားသည့်စစ်သားများသည် စစ်ပွဲအောင်နိုင်ရန်အလားအလာရှိနေ သရွေ့ မည်သည့်အခါမျှ စားပွဲဝိုင်းတွင်ထိုင်ပြီးဆွေးနွေးလိမ့်မည်မဟုတ်ပါ။ ယခုလိုအချိန်အခါမျိုးမှာ ၂၀၁၀ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ၄င်းတို့သေချာပေါက်နိုင်တော့မည်ဆိုပြီး စစ်အစိုးရသည် ယုံကြည်မှုအပြည့်နှင့် ရှိနေပါ လိမ့်မည်။ မကြာသေးခင်ရက်များအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား အဆိုးမြင်ဝေဖန်ရေးသား ထားချက်များကို လက်တဆုပ်စာ နိုင်ငံခြားသားပညာရှင်နှင့် သံတမန်ဟောင်းတချို့က ရေးသားထုတ်ပြန်ခဲ့ပါသည်။ သတင်းစာမျက်နှာများပေါ်တွင် ထွက်ပေါ်လာသော ၄င်းတို့၏အမြင်သဘောထားများသည် စစ်အစိုးရနှင့်ပူးပေါင်းဆောင် ရွက်ရေးကို တိုးမြှင့်ဆောင်ရွက်ရန် ထောက်ခံရေးသားကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား တိုင်းပြည်ဖွံ့ဖြိုးရေးကို ပိတ်ဆို့နေသော သိုးမည်းအုပ်သဖွယ် ဝေဖန်ခဲ့ကြပါသည်။ မြန်မာပြည်နိုင်ငံရေးသည် စီးပွားရေးဆန်သောလုပ်ငန်းသက်သက်ဖြစ်ပြီး အကျိုးစီးပွားတူသူများအတွက် အမြတ်ရရှိရေးကို ရှေးရှု့သည့်လုပ်ငန်းတရပ်ဖြစ်နေလျင် အထက်ပါဝေဖန်ရေးသားချက်များသည် အံ့သြစရာကောင်းလိမ့်မည် မဟုတ်ပါ။ သို့သော် လက်ရှိဖြစ်နေသောအခြေအနေသည် ထိုကဲ့သို့မဟုတ်ပါ။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားများ၊ သံဃာတော်များ၊ သတင်းစာဆရာများ၊ စာရေးဆရာများ၊ ကဗျာဆရာများနှင့် မီးဖိုချောင်ထဲက အိမ်ရှင်မများပါမကျန် ဒီမို ကရေစီလှုပ်ရှားမှုနယ်ပယ်ကြီးတခုလုံးသည် ၁၉၈၈ ခုနှစ်ကတည်းက သူတို့၏အသက်များ၊ ဘ၀များကို စွန့်လွှတ်ခဲ့၊ စွန့် လွှတ်ကြိုးပမ်းနေကြဆဲဖြစ်ပါသည်။ အကြောင်းမှာ ဒီမိုကရေစီစနစ်သာလျင် ငြိမ်းချမ်းရေး၊ လွတ်လပ်ရေးနှင့် ကြွယ်ဝ ချမ်းသာမှု၊ ထို့ထက်ပိုပြီးအရေးကြီးသည့် အချက်မှာ မိမိနေထိုင်ရာလူ့အဖွဲ့အစည်းတွင် လူသားတယောက်နှင့်ထိုက်တန်သော လူ့ဂုဏ်သိဏ္ခာရှိရှိဖြင့် အသက်ရှင် ရပ်တည်နိုင်ရေးတို့ကိုဆောင်ကျဉ်းပေးနိုင်သည်ဆိုသည့် ယုံကြည်ချက်ကြောင့်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပွင့်လင်းမှုရှိသောဒီမိုကရေစီလူ့အဖွဲ့အစည်းကသာလျင် ဆောင်ကျဉ်းပေးနိုင် လိမ့်မည်ဟု ကျနော်ယုံကြည်ပါသည်။ ကျနော်တို့ အခုလို ရုန်းကန်လှုပ်ရှားနေကြခြင်းသည် ကျနော်တို့ ထောက်ခံသော အဖွဲ့အာဏာရရှိရေးအတွက်ဆောင်ရွက်နေခြင်းမဟုတ်ပါ။ တိုင်းပြည်ကို အကျိုးပြုမည့် နိုင်ငံရေးစနစ်တရပ်ကို တည် ဆောက်နေခြင်းသာ ဖြစ်ပါသည်။ အကယ်၍ နိုင်ငံတကာအသိုင်းအ၀န်းအနေနှင့် မြန်မာနိုင်ငံကို ဥပဒေစိုးမိုးသောနိုင်ငံတနိုင်ငံအနေဖြင့်မြင်လိုလျင် ဒီမို ကရေစီ လှုပ်ရှားမှုဘက်က ရပ်တည်ရပါလိမ့်မည်။ အကယ်၍ မြန်မာနိုင်ငံကို ကြွယ်ဝချမ်းသာသည့်ဒေသတခုအတွင်းက တည်ငြိမ်သောနိုင်ငံတနိုင်ငံအဖြစ်မြင်လိုလျင် အရေးအကြီးဆုံးလုပ်ငန်းမှာ နောက်ဆုံးတွင် ဒီမိုကရေစီစနစ်ကသာလျင် မြန်မာနိုင်ငံ၏လူမှုစီးပွားရေးအကြပ်အတည်းများကို ပပျောက်အောင် လုပ်ဆောင်နိုင်ပြီး လူ့အဖွဲ့အစည်းအတွင်း လူမှုတည် ငြိမ်မှုကို ရရှိစေမည်ဖြစ်ကြောင်း နားလည်သဘောပေါက်လာသည်အထိ စစ်အစိုးရကို ဖိအားပေးကြရန်ပင် ဖြစ်ပါသည်။ (စာရေးသူသည် ဘန်ကောက်အခြေစိုက် သုတေတီတဦးဖြစ်ပြီး ထိုင်းနိုင်ငံ ချုလာလောင်ကွန်း တက္ကသိုလ်မှ နိုင်ငံတကာ ဖွံ့ဖြိုးမှုဘာသာရပ်ဖြင့် မဟာဝိဇ္ဇဘွဲ့ ရရှိထားသူဖြစ်ပါသည်)
ထက်အောင်
REF: ဧရာဝတီ
လှေခွက်ချည်းကျန်၊ အလံမလှဲ - ခင်မမမျိုး
ကျွန်ုပ်တို့လှေလှော်နေကြသည်။
နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။
ပန်းတိုင်ကားမရောက်သေး။
သို့ရာတွင် ထိုပန်းတိုင်တစ်ခုတည်းသည်သာ ကျွန်ုပ်တို့မြန်မာပြည်သူပြည်သား အားလုံး၏ အနာဂတ်ဘဝ သာယာရေးဖြစ်သည်မို့ ဆက်၍လှော်ကြရပေဦးမည်။ အားလုံး၏ ဘဝအတွက်၊ မျိုးဆက်သစ်များ၏ အနာဂတ်အတွက်။ အပြုသဘောနှင့် တွေ့ဆုံဆွေးနွေးအဖြေရှာပြီး၊ တိုင်းပြည်ကောင်းကျိုး လုပ်သင့်ပါလျက် စစ်အုပ်စုတို့က အာဏာရှင်စနစ်ကိုပင် ဖက်တွယ်ထားသည်မို့ တိုင်းပြည်နစ်နာစေခဲ့သည်။ သို့ပေမယ့် တိုင်းပြည်၏ ကံကြမ္မာကို အဘယ်ကြောင့် ဤလက်တဆုပ်စာ လူတစု၏ လက်ထဲသို့ ထိုးအပ်ထားရမည်နည်း။
ဒီမိုကရေစီစနစ်
စနစ်တစ်ခုဖြစ်သည့်အလျောက် အားသာချက်၊ အားနည်းချက်များကား ရှိပါလိမ့်မည်။ သို့ရာတွင် နိုင်ငံတစ်ရပ် ကျင့်သုံးသင့်သည့်စနစ်တစ်ခု ဟူ၍ကား ကမ္ဘာ့နိုင်ငံအားလုံးက တညီတညွတ်တည်း သတ်မှတ်ထားကြသည်။
ဒီစနစ်ကျင့်သုံးသောနိုင်ငံများနှင့် အခြားစနစ်များ၏ကွာခြားမှုများကို ကမ္ဘာ့ပြည်သူတို့ မျက်ဝါးထင်ထင် တွေ့လာပြီးသည့်နောက်ပိုင်း ဒီမိုကရေစီ လှုပ်ရှားမှု လှိုင်းလုံးများကား နေရာအနှံ့။ ဤသည်ကား ပြောင်းလဲမှုဖြစ်စဉ် တစ်ရပ်ပင်ဖြစ်သည်။ ရှောင်လွှဲ၍မရ။ လက်ခံရမည့်သဘာဝတရား။ တိုးတက်သော လူ့ဘောင်တရပ်အတွက် မရှိမဖြစ်ကျင့်သုံးရမည့် စနစ်တစ်ခု။
ဘယ်သူပေးပေးမပေးပေး၊ ရအောင်ယူရမည်။ စစ်အာဏာရှင်တို့ထံတွင် ဒီမိုကရေစီမရှိ။ မရှိသူထံမှ တောင်းနေမည့်အစား ရှိလာအောင် လုပ်ယူကြရမည်။ ထိုသို့လုပ်ရေးအတွက် အတားအဆီးဖြစ်နေသည့် စစ်အာဏာရှင်ကို ဖယ်ရှားပစ်ရမည်။
လူ့အခွင့်အရေး
လူသားတိုင်းတွင် မွေးရာပါအခွင့်အရေးရှိသည်။ သန်းပေါင်းများစွာသော လူသားတို့ခံစားနေသော လူ့အခွင့်အရေးအား၊ မြန်မာပြည်သူတို့ကျမှ အဘယ်ကြောင့်ခံစားခွင့် မရှိရသနည်း။ မွေးရာပါ လူ့အခွင့်အရေးကို သူတပါးတို့ ချုပ်ကိုင်ထားသည်ကို အဘယ်ကြောင့် လက်ပိုက် ခေါင်းငုံ့ခံနေကြမည်နည်း။ ကိုယ့်အခွင့်အရေးကို ကိုယ်ပြန်ရအောင် လုပ်ယူကြရမည်။
ဖယ်ဒရယ်မူ
တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သော မြန်မာနိုင်ငံသည် ဖယ်ဒရယ်မူမကျင့်သုံးသေးသမျှ တန်းတူညီမျှခွင့်အရေး ဆုံးရှုံးနေမည်မလွဲ။ နိုင်ငံ၏ရေမြေသဘာဝ၊ အခြေအနေ၊ သမိုင်းကြောင်းအရပ်ရပ်သည် ဖယ်ဒရယ်မူကိုသာ တောင်းဆိုညွှန်ပြနေပြီးသား။ (၁ဝ)နှစ်ကလေးအား (၅)နှစ်ကလေးရဲ့ အဝတ်အစားများဝတ်ပေး၍ မည်သို့တော်ပါမည်နည်း။ ဖယ်ဒရယ်စနစ်သည်ကား မြန်မာပြည်၏လိုအပ်ချက်။ တိုင်းရင်းသားများအတွက် အသက်သွေးကြော။
ယင်း (၃)ချက်ကိုသာ အဓိကပန်းတိုင်သတ်မှတ်၍ ကျွန်ုပ်တို့လှေလှော်ကြရပါမည်။
အတားအဆီးများကား အများအပြား ကြုံတွေ့ကြရမည်။
လှေလှော်ခရီးတလျှောက် လှေလှော်ရင်းနစ်သွားသူများလဲရှိသည်။ ဆက်မလှော်နိုင်ပဲ ရန်သူထံ အရှုံးပေးလိုက်သူများလဲ အများအပြား။
ကျွန်ုပ်တို့လှေတပ်တော်ကြီးတွင် လှေများစွာပါဝင်ပါသည်။
လှေပေါင်းစုံမှ လွှင့်ထားသော အလံအမျိုးအမည်များမှာလဲ တလူလူ။
သို့ရာတွင် အားလုံးကိုင်စွဲကြရမည့် အလံကား ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ဖယ်ဒရယ်ကို ကိုယ်စားပြုရမည်ပင်။ အားလုံး၏ရင်ထဲတွင် ဒီအလံကို လွှင့်ထူထားပါက မည်သူလှဲနိုင်အံ့နည်း။
လှေများစွာအမျိုးအမည်ကွဲပါသည်။ သို့ရာတွင်ပန်းတိုင် တစ်ခုတည်းသို့သာ ဦးတည်ပါလျှင် မည်သူတားနိုင်အံ့နည်း။
အချုပ်ဆိုရသော် ကျွန်ုပ်တို့အားလုံး လှေခွက်ချည်းကျန်၊ အလံမလှဲစိတ်ဓာတ်ဖြင့် ဆက်လက်လှော်ခတ်ကြပါစို့။ လှေတပ်တော်ထဲတွင် မပါရသေးသူများအား ဖိတ်ခေါ်ပါသည်။
ယခုလှေလှော်ပွဲသည် တော်လှန်ရေး ဖြစ်ပါသည်။ သူရဲကောင်းရွေးချယ်ပွဲမဟုတ်ပါ။ ဘယ်သူဘာက အရေးမကြီးပါ။ ဘယ်သူဘာလုပ်ခဲ့သည်က သမိုင်းဆရာတို့ မှတ်တမ်းတင်ပါလိမ့်မည်။ လက်ရှိမှာ ဘယ်သူဘာလုပ်နေသည်က ပိုအရေးကြီးနေပါပြီ။ နီးစပ်ရာလှေပေါ်တက်ပြီး၊ မြန်မာ့အနာဂတ်ကို မြန်မာတို့ကိုယ်တိုင် ဆုံးဖြတ်ကြပါစို့။
REF: ခင်မမမျိုး
စစ်ဖိနပ်အောက်မှ မြန်မာရိုဘော့ - ခိုင်ထွန်း
ကြာတော့ သည်အလုပ်ခွင်ဝင် လူတန်းစားမှာ လူသားစင်စစ်က ခံစားချက်ကို မဖော်ပြနိုင်တော့သော စက်ရုပ်များ ဖြစ်သွားကြသည်။ ပရိယေသန ၀မ်းစာအတွက် အမောမှ မပြေနိုင်ရသည့်အထဲ စစ်တပ်၏ ဥပဒေမဲ့ရက်စက်မှုကို ထပ်ပြီး ရင်မဆိုင်ချင်တော့။ သည်တော့ သူတို့အလုပ်ခွင်ပြင်ပမှာ ဘာတွေပဲဖြစ်နေနေ အာရုံမစိုက်နိုင်တော့။ ဒီမိုကရေစီကိုတော့ အမှန်လိုချင်သည်။ သို့သော် အရင်းစိုက်ဖို့ ခွန်အားကား လက်ထဲမရှိဖြစ်နေသည်။
RFA သတင်းပါ ရဲဘက်မှ လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသမားနှင့် အင်တာဗျူးကို နားထောင်မိသည်။ အင်တာဗျူးသူက “အခု ဘာဆက်လုပ်မလဲ ခင်ဗျ”၊ လွတ်မြောက်လာသူက - “ကျနော် မပြောတတ်ဘူး။ ခံစားချက် မဲ့နေတယ်” ဟု ဖြေ၏။
သည်စကားက တော်တော် သရုပ်ပါသည်။ ၎င်းအတွက်မှမဟုတ်၊ မြန်မာလူထု တရပ်လုံးအတွက်ပါ ပုံဖော်နေသကဲ့သို့ ရှိ၏။ လက်ရှိ မြန်မာလူထု လူတန်းစားအသီးသီး၏ အခြေအနေကို ရှင်းပြချင်သည်။ အလုပ်ခွင်ဝင် လူတန်းစားအကြောင်းကို စပြောပါမည်။ ၎င်းတို့အတွက် မိုးလင်းမှမိုးချုပ် သွားရလာရနှင့် အချိန်ကုန်ပြီး၊ လခက မလောက်၊ ထို့ကြောင့် ဘေးပေါက်က ရှာရသေးသည်။
ခြုံ၍ပြောသော် ၎င်းတို့တွင် အချိန်ပိုမရှိ။ ရလာသည့် အချိန်ပိုကလေးအတွင်း မိမိ၏ ဗာဟီရ၊ သာရေးနာရေးတို့နှင့် အချိန်ပြည့်သွားသည်။ သည်တော့ သူတို့အာရုံက အပြင်လောကနှင့် ဆက်စပ်နိုင်လောက်အောင်ပင် အချိန်မပေးနိုင်။ ခေါက်ရိုးကျိုးနေသော ဘ၀ပုံစံများ ဖြစ်သည်။ တိုင်းပြည်အတွင်း ဖြစ်ပျက်နေသည်တို့ကို အာရုံမသွင်းနိုင် ဖြစ်ရသည်။ ကိုယ်တိုင် ဘာမှဝင်မစွက်နိုင်။ စွက်နိုင်အောင်လည်း အချိန်ကမရ။ မလွှဲသာမရှောင်သာ မြင်ရကြားရသည်များကလည်း ၎င်းတို့အတွက် အားတက်စရာမရှိသည့် သတင်းဆိုးများ။ အနိုင်မခံသူတို့ကို ရက်ရက်စက်စက် နှိပ်ကွပ်သည့် သတင်းဆိုးများ၊ သည်တော့ မလုပ်၊ မရှုပ်၊ မပြုတ် မူဖြင့် ရှင်သန်နေရတော့သည်။
စစ်တပ်ကလည်း သည်လို စားဝတ်နေရေးပြဿနာ၊ အလုပ်ခွင် ပြဿနာ၊ သူတို့စစ်တပ်၏ လက်ရှိ အရေးပါ အရာရောက်သော အနေအထားတို့ကို ပေါ်လွင်အောင် လုပ်နေသော ပြကွက်များ၊ ထောင်တွင်းငရဲခန်းများ၊ ဥပဒေမဲ့ လုပ်ရပ်များ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများဖြင့် လူထုကို မလှုပ်ရဲအောင် မြင်ပါလျက် မတို့နိုင်၊ ကြားပါလျက် မအော်နိုင်၊ သိပါလျက် မပွင့်နိုင်မအံနိုင်အောင် ဇက်ကြိုးဆွဲထားကြသည်။ ဤသည်က စစ်တပ်၏ မဟာဗျူဟာမြောက် စစ်ဆင်ရေး အခင်းအကျင်း ဦးတည်ချက် ရည်မှန်းချက် ဖြစ်တော့သည်။
ကျန်အလုပ်ခွင် မ၀င်ရသေးသော ကျောင်းသားများ၊ ဘွဲ့ရအလုပ်လက်မဲ့များနှင့် အကြောင်းကြောင်းကြောင့် အလုပ်မရှိ သောလူများမှာလည်း အခြားသော အခက်အခဲများ ရှိနေသည်။ မျက်မြင်အခြေအနေများကို နားလည်သူ၊ လေ့လာသူတို့ ရှိနေသော်လည်း ၎င်းတို့မှာ ကြံစည်ခွင့်မရ၊ အားထုတ်ခွင့်မရ ဖြစ်နေသည်။ ကျောင်းသားလူငယ်များမှာမူ အနာဂတ်ကို မျှော်လင့်ချက်အပြည့်။ ထို့ကြောင့် မသေချာသော စွန့်စားမှုတို့နှင့် အင်အားမဖြုန်းတီးချင်။ အချို့သောလူငယ်များသာ ရသမျှ အခွင့်အရေးတို့ကို အသုံးချပြီး အစွမ်းရှိသလောက် ပုံဖော်ကြသည်။ သို့သော် သူတို့ ရင်ဆိုင်သွားသည်က ထောင်နှင့် နှိပ်စက်မှု၊ ဥပဒေမဲ့ စီရင်မှုတို့ ဖြစ်သည်။
ပြီးတော့ လူတွေကလည်း အရောင်အမျိုးမျိုးဆိုတော့ အချင်းချင်းကြား ယုံကြည်မှု တည်ဆောက်ဖို့ ခက်လာသည်။ တလောက အင်တာနက်ဝန်ဆောင်မှု လုပ်ကိုင်နေသော ကျောင်းသားတဦးနှင့် စကားပြောရသည်။
သူက “ကျနော် တကယ်ယုံကြည်ပါတယ်၊ စိတ်ဓာတ်လည်း ရှိပါတယ်၊ ဒါပေမဲ့ ဘယ်သူနဲ့ ဘယ်လိုပူးပေါင်းရမယ် ဆိုတာကိုတော့ ဘယ်လိုမှ စဉ်းစားမရဘူး၊ ကိုယ်ဖွင့်ပြောနိုင်မယ့် လူကို မတွေ့နိုင်ဘူးဖြစ်နေတယ်။ ဒီမှာကလည်း သတင်းအမျိုးမျိုးတွေနဲ့ဆိုတော့ ဘယ်သူ့ကို ဘယ်လို ယုံကြည်နိုင်ရမလဲ”။ မှန်ပါသည်။ တယောက်နှင့်တယောက် စိတ်မချရအောင် ဖန်တီးထားသော စစ်တပ်၏ မဟာဗျူဟာမြောက် စိတ်ဓာတ်စစ်ဆင်ရေး၊ ပြီးတော့ လူထုအတွက်က ကျောထောက်နောက်ခံ အားကိုးလောက်သည့် ဥပဒေနှင့် လူ့အခွင့်အရေးကမရှိ။ သည်တော့ ကိုယ့်နောက်မှာ ဆုတ်ခံခံပြီး အားပြုရမည့် ခံတပ်မရှိ။
နောက် အလုပ်ခွင်ဝင်ကာစ ဘွဲ့ရ အမျိုးသမီးငယ်တဦးက “စိတ်ရှိတာပေါ့ဦးရာ။ ဒါပေမဲ့ တပတ်မှာက တရက်ပဲ နားရတာ။ နားတဲ့ရက်မှာ ရှေ့လာမယ့် တပတ်စာအတွက် အ၀တ်လျှော်၊ မီးပူတိုက်၊ ပြီးတာနဲ့ ကိုယ့်ဘ၀ တက်လမ်းအတွက် မျက်စိဖွင့် နားစွင့်ရသေးတော့ ဒီဘက်ကို အာရုံမစိုက်နိုင်ဘူး ဖြစ်နေတယ်။ ဒါပေမဲ့ သမီးယုံတာက တကယ်ဖြစ်လာရင်တော့ ဘယ်သူမှ မနေပါဘူး။ အခုဟာက စားဝတ်နေရေး တခုတည်းကြောင့် မဟုတ်ဘူး။ အင်အားစုနိုင်လောက်အောင်ကို အချိန်မရတာ မပေးနိုင်တာဖြစ်နေတယ်” ဟု ဆိုသည်။ မှန်ပါသည်။
လူထုက ဖြစ်လာလျှင်တော့ လက်ပိုက်ကြည့်နေမည်မဟုတ် သို့သော် လက်ရှိအနေအထားတွင်မူ ခံစားချက်မဲ့နေသည်က ကျောပူရင်ပူစိတ်ပူရသော ဘ၀မျိုးတွင် ရှင်သန်နိုင်ဖို့ ပိုပြီး အခွင့်အရေး ရှိနိုင်သည်။
နောက်တမျိုးက ပုဂ္ဂလိက လုပ်ငန်းသမားများ (ကွမ်းယာဆိုင်၊ အရက်ဆိုင်၊ အကြော်ဆိုင်ကအစ အရင်းအနှီးကြီးမားသော လုပ်ငန်းမျိုးစုံအထိ) မှာလည်း စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် အသက်မွေးဝမ်းကျောင်း နေရသည်မို့ အလုပ်ကို အထိခိုက်မခံနိုင်၊ ပတ်သက်မိလျှင် စစ်တပ်က ဥပဒေကို လိုက်နာသည့် အဖွဲ့အစည်းမဟုတ်။
တလောက စည်ပင်မှ အမျိုးသမီးအရာရှိတဦးနှင့် ပြောသည်။ သူ့ပိုင်နက်ထဲက မြေယာပြဿနာများ၊ အဆောက်အဦး ပြဿနာများတွင် NLD အဖွဲ့ဝင်များနှင့် အခြားမည်သူမဆို နှစ်ဖက်ပြဿနာဖြစ်ပါက NLD ကို အနိုင်မပေးရဟု အထက်က မှာထားသည်ဆို၏။ သည်တော့ ကျနော်က “မှန်မှန်မှားမှားပေါ့” ဟု မေးမိသည်။ သူက NLD ဆိုရင် ပညာပေးရမယ်လို့ကို မှာထားတယ်” ဟူ၏။
သည်လို ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများတွင်လည်း စစ်တပ်က အရက်ဆိုင်၊ ကွမ်းယာဆိုင်မှအစ ကုမ္ဗဏီကြီးများအထိ မလှုပ်နိုင်အောင် ချုပ်ကိုင်ထားသည်။ ပြည်တွင်းမှာက ဥပဒေပြင်ပက အသက်မွေးဝမ်းကျောင်းများကလည်း ခိုင်ခိုင်မာမာ ရှိနေကြသည်ဆိုတော့ ၎င်းလုပ်ငန်းရှင်တို့မှာ စစ်တပ်က ငြူစူမည့် မည်သည့်အလုပ်မှ လုပ်၍မဖြစ်။ လိုင်စင်မဲ့အရက်ဆိုင်၊ လောင်းကစားများ၊ ပြည့်တန်ဆာ လုပ်ငန်းများမှအစ တရားမ၀င် လုပ်ငန်းပေါင်းများစွာနှင့် ပတ်သက်နေသော သူများနှင့် ၎င်းတို့၏ မိသားစုများပါ တနွယ်ငင်တစင်ပါဖြစ်ပြီး မိသားစုထိခိုက်နိုင်သည့် စစ်တပ်ငြိုငြင်မည့် လှုပ်ရှားမှုများကို မလုပ်သာတော့။ ၎င်းတို့လည်း ခံစားမှုကို မပြရဲတော့သော ရိုဘော့များ ဖြစ်လာတော့သည်။
ယခုတော့ သည်လိုစီးပွားရေးနယ်ပယ်သာ မဟုတ်တော့။ ခံစားမှုနှင့် ဖန်တီးရသော အနုပညာနယ်ပယ်တွင်ပါ ၀င်ရောက်စွက်ဖက်လာလေပြီ။ စာပေ၊ ရုပ်ရှင်၊ ဂီတ အစရှိသော နယ်ပယ်အသီးသီးတွင်လည်း နားလည်နိုင်ဖို့ မလွယ်ကူသည့် ကန့်သတ်ချက်များကို အာဏာသုံး၍ ပြဋ္ဌာန်းနေသည်။ စာပေ၊ စာနယ်ဇင်းနယ်ပယ်တွင်မူ စစ်တပ်၏ ၀ါဒဖြန့်ဖို့အတွက် သက်သက်မျှလောက်သာ ဖွင့်ပေးထားပြီး ဖြစ်သည်ကို ယနေ့ခေတ် စာစောင်များက သက်သေပြနေလေသည်။ အခုရုပ်ရှင်တွင်လည်း ၎င်းတို့ မြင်စေချင်သည့် မြင်ခွင့်ပြုသည့် အရုပ်အသံမှတပါး ကြည့်ခွင့်မရနိုင်တော့။ သူတို့ကန့်သတ်ချက်ကလည်း သာမန်အတွေးဖြင့် ကြည့်လျှင်ပင် လက်ခံနိုင်ဖွယ်မရှိ။
ဇာတ်လမ်းတွင် လူဆိုးက ရဲကို မနိုင်ရ၊ မထိုးရ၊ ဇာတ်လမ်းတွင် ရဲသည် မသောက်မစားရ၊ အဂတိမလိုက်စားရ၊ လာဘ်မယူရ (အပြင်က ရဲနှင့်တော့ ကွာပါ့၊ တစက်ကလေးမှမတူ) အခုလည်း ဆင်းရဲသားခန်း မရိုက်ရဆိုသည်။ ဤသို့ဆိုလျှင် လှုပ်ရှားသက်ဝင် မြန်မာ့ရုပ်ရှင်သည် မြန်မာ့ရုပ်သေ ဖြစ်သွားနိုင်သည်။ သဘာဝကျဖို့အသာထား၊ ဇာတ်ကွက်ဆင်ဖို့အသာထား ဇာတ်လမ်းကျောရိုးပင် ဖန်တီးဖို့ခက်သွားသည်။ ပြဿနာက စစ်တပ်ကို ကလန်ကဆန် လုပ်မိလျှင် အနုပညာမြင်ကွင်းမှ ပျောက်သွားနိုင်သည်။ သည်တော့ ၀ါသနာကိုမှ လုပ်ခွင့်မရ၊ ဖန်တီးခွင့်မရလျှင် မရှင်သန်နိုင်သော အနုပညာသည်များမှာ ကိုယ်ပိုင်အတွေး ကိုယ်ပိုင်ဖန်တီးခွင့် အဆုံးရှုံးခံပြီး စစ်တပ်၏ အာဘော်ကိုသာ ဖော်ကျူးနေရချင်းဖြင့် အာသာဖြေနေရတော့သည်။
ဟိုတလောက ရုပ်ရှင်ဒါရိုက်တာ လုပ်နေသော ကျောင်းသားခေါင်းဆောင်ဟောင်း တဦးနှင့် စကားပြောရသည်။ သူက “ကိုယ်တယောက်တည်း မဟုတ်ဘူး။ နောက်က မိသားစုကော၊ ကိုယ့်ကိုထမင်းကျွေးနေတဲ့ ထုတ်လုပ်သူရော၊ ကိုယ့်တပည့်တွေ မင်းသားမင်းသမီးတွေ ကျန်တဲ့ သရုပ်ဆောင်တွေအတွက်ပါ ထည့်စဉ်းစားနေရတာ။ ပြန်ပြီး ခံစားချက်နဲ့ ခံယူချက်နဲ့သွားလုပ်လိုက် ရင်အကုန်လုံးထိမှာ“ ဆို၏။
သူက ဆက်လက်ပြီး “ရုပ်ရှင်၊ ဗီဒီယိုဆိုပြီး လှုပ်လှုပ်ရှားရှား ရိုက်နေရတယ် မထင်ပါနဲ့။ အကုန်လုံးက အသေကြီးတွေချည်းပဲ လုပ်နေရတာ။ အသက်သွင်းဖို့ အသာထား၊ အရုပ်သေတွေတောင် ပိတ်ကားပေါ်က မပျောက်အောင် မနည်းလုပ်နေရတာ“ ဟု ဆို၏။
မြန်မာ့ရုပ်ရှင်၊ ဗီဒီယို၊ ရုပ်သံဇာတ်လမ်းတို့သည်လည်း အသက်မ၀င်နိုင်တော့သော ရိုဘော့များ ဖြစ်ကုန်ကြလေပြီ။
သည်တော့ မြန်မာ့ရုပ်ရှင်မှာ ဘယ်သို့ ခရီးဆက်မည်နည်း။ မြန်မာ့ရုပ်သေဘ၀ကြီးဖြင့် ဘယ်ထိ စခန်းသွားရမည်နည်း။
စာပေကိုတော့ အထူးမပြောတော့ပါ။ ဤဆောင်းပါးကိုပင် ပြည်ပသို့ တင်ပို့နေရသည်ကို ကြည့်ပါတော့။ အမှန်မှာက ပြည်တွင်းက လူတွေအကြောင်း ရေးထားသည်ကို ပြည်တွင်းကလူတွေ ဖတ်ခွင့်မရအောင် ဖြစ်နေသော အခြေအနေ၊ သတင်း လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး ဆိုသည်တို့ကိုမူ အကျယ် မဖွင့်ဆိုလိုတော့ပြီ။ ဤစာတွေကို မြန်မာပြည်သားတွေ လွတ်လွတ်လပ်လပ် ဖတ်ရှုနိုင်ခွင့်ရမည့်နေ့၊ ရမည့်အချိန်ထိ အသက်ရှင်ဖို့က မသေချာ။ ကိုယ်ကိုယ်တိုင်ကလည်း ဒီထဲမှာ ရိုဘော့ စက်ရုပ်တရုပ်ပင်။ အင်တာဗျူးခံရသည့် လွတ်မြောက်အကျဉ်းသားလိုပင် ခံစားချက်မဲ့နေသည်။
သည်တော့ သည်ကရိုဘော့တွေ ဘာဆက်လုပ်ကြမည်နည်း။ မပြောရ၊ မကြည့်ရ၊ မလုပ်ရ၊ မတွေးရ၊ မခံစားရ၊ သည်လောက်အထိ ဖိလာကြသည်။ ဤသည်တို့ကို “ကံတရားဟု” “ဖန်ဆင်းရှင်အလိုကျဟု” လက်ခံကြမည်လော။
မိမိကိုယ်တိုင် မိမိကံကြမ္မာကို ဖန်တီးခွင့်ရှိကြောင်း ယုံကြည်ကြပါသလော။ ထို့အတွက် အားထုတ်ကြပါသလော။
ထိုင်ရင်း၊ အိပ်ရင်း၊ လဲလျောင်းရင်းဖြင့် မိုးပေါ်က ကျလာမည့် ဒီမိုကရေစီကို အိပ်မက်ထဲတွင် အသက်သွင်းကြမည်လော။
မနက်ဖြန်၏ လွတ်လပ်ရေးအတွက် ယခုကစ၍ ငရဲလမ်းကို ရင်ဆိုင် ဖြတ်သန်းကြမည်လော။
Freedom from fear!
ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ကြပါကုန်။
ခိုင်ထွန်း
REF: မဇ္ဈိမ
ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာအား မြန်မာ စစ်အစိုးရ ပယ်ချ
မြန်မာ အပါအ၀င် နိုင်ငံပေါင်း (၁၉၀) မှ လူ့ အခွင့်အရေး ဆောင်ရွက်ချက်များကို ဖော်ပြထားသည့် အဆိုပါ အစီရင် ခံစာသည် မြန်မာ စစ်အစိုးရ ၏ လူ့ အခွင့်အရေး ဖော်ဆောင်မှု များကို မျက်ကွယ် ပြုထားကြောင်း စစ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်း က စွပ်စွဲ ပြောဆိုလိုက်သည်။
စစ်အစိုးရ ၀န်ကြီးက ဖော်ပြချက် အမှားများ ထုတ်ပြန်နေမည့် အစား ကုလသသမဂ္ဂ အနေနှင့် မြန်မာ စစ်အစိုးရနှင့် အတူ ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ပြီး၊ အမေရိကန် အပါအ၀င် အနောက် နိုင်ငံများသည် မြန်မာနိုင်ငံ၏ ရပ်တည်မှုကို နည်း အမျိုးမျိုးနှင့် နှောင့်ယှက် ဖျက်ဆီးနေကြောင်း ထပ်မံ စွပ်စွဲ ပြောကြားလိုက်သည်။
ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် မြန်မာ စစ်အစိုးရသည် ပြည်သူများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု များကို ဆိုးဆိုးရွားရွား ကျူးလွန်နေကြောင်း ထည့်သွင်း ဖော်ပြထား သဖြင့် စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ယခုကဲ့သို့ လက်တုန့်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည် ဟု ကမ္ဘာ့သတင်းများတွင် ဖေါ်ပြထားသည်။
REF: လူထုအသံ
ဗမာ့တပ်မတော်နှင့်အပြိုင် ၀ တပ်ဖွဲ့ အင်အားဖြည့်
ကြာသပတေးနေ့၊ 05 မတ်လ 2009
၂၀၀၈ နှောင်းပိုင်းကတည်းက ဗမာ့တပ်မတော် အင်အားတိုးဖြည့်မှုအပေါ် တုန့်ပြန်သည့်အနေဖြင့် UWSA ၀ တပ်ဖွဲ့ ထိန်း ချုပ်သည့် နယ်ခြားတလျှောက် နအဖတပ်အင်အားတပ်ရင်း ၄ - ၅ ရင်း ထပ်ဖြည့်ကြောင်း တရုပ်နယ်စပ်သတင်း ရပ်ကွက်က ဆိုသည်။ “စစ်ရေးအရအဓိကကျတဲ့နေရာတွေမှာကျုပ်တို့လူအင်အား၊ လက်နက်အင်အား၊ ကတုတ်ကျင်းတွေပြင်ဆင်မှု အားလုံး လုပ်ထားတယ်၊ ကွပ်ကဲရေးအရာရှိတွေနေရာမှာလဲ အတွေ့အကြုံများတဲ့ တပ်မှူးတွေအစားထိုးဖြည့်ထားတယ်” - ဟု တပ်မှူး တယောက်က ပြောပြကြောင်း အဆိုပါကုန်သည်က သျှမ်းသံတော်ဆင့်ကို ပြန်ပြောပြ၏။
ပြီးခဲ့သည့်ဖေဖေါ်ဝါရီလယ်က မိုင်းပြင်း တုန်တာဘက်မှ ဗမာစစ်တပ် ၆ ဘီး စစ်ကား ၁၂ စီး လက်နက်ကြီးအချို့ နှင့်အတူ (ကားတစီးလျှင် ပျမ်းမျှ အင်အား ၃၅ ယောက်) ကျိုင်းတုံမြောက်ဘက် မိုင်းခတ်၊ မိုင်းနုန်း၊ မိုင်းကာ ၀ တပ် ထိန်းချုပ်နယ်မြေ နှင့် ထိစပ်သည့်ဒေသ တလျှောက် အင်အားဖြည့်တင်းရာ UWSA ၀ တပ်ဖွဲ့ကလည်း တပ်မဟာ ၄၆၈ ဌာနချုပ် မိုင်းပေါက် တောင်ဘက်နှင့် အရှေ့တောင်ဘက် တလျှောက်တွင် ၀ တပ်ရင်း ၄ -၅ ရင်း အင်အားအပြိုင် ဖြည့်တင်းပြင်ဆင်မှု လုပ်နေ ကြောင်း ဒေသခံများက ဆိုသည်။
ဝ ခေါင်းဆောင် တချို့နှင့် ရင်းနှီးသည့် ကုန်သည်တဦးက - “အခုအင်အားဖြည့်တာ ၀ ဌာနချုပ် ပန်ဆန်းမြို့တော်အရှေ့ တောင်ဘက်တင်မကဘူး၊ မြောက်ဘက်ခြမ်း ပန်လုန်၊ နမ့်တစ် ဘက်မှာလဲ ပြီးခဲ့တဲ့ ၂၀ ရက် လောက်က ၀ တပ်ဖွဲ့ အင်အား ၁၀၀ ကျော် ဗမာတပ်လှုပ်ရှားတဲ့နယ်မြေထဲ စခန်းသွားချတယ်။ ဗမာ့တပ်က ၀ တွေကို တပ်ဆုတ်ခိုင်းတယ်။ အမှန်ကတော့ နယ်မြေကျူးကျော်တာ ၀ မဟုတ်ဘူးဗျ၊ ဗမာတပ်ကဘဲ ခေတ်အဆက်ဆက် ၀ နယ်ကိုကျူးကျော်တယ်၊ လက်နက်ကြီးတွေ ပြင်ဆင်ထားတယ်။ တခါမှပြန်ရုပ်တယ်ဆိုတာမရှိဘူး။ ၀ တပ်လဲ အခုထိ ပြန်မဆုတ်ပေးဘူးဗျ” ဟု ပြောပြပါသည်။
တောင်ပိုင်း SSA နှင့် ၀ တပ်ဖွဲ့တို့အားထိန်းချုပ်နိုင်ရန် ပြီးခဲ့သည့်လမှစ၍ နအဖစစ်အစိုးရက ဗမာပြည်မှ တပ်မ ၈၈ နှင့် ၆၆ အင်အား ၁,၅၀၀ - ၂,၀၀၀ ကြား သျှမ်းပြည်သို့ အင်အားဖြည့်ထားသည် ဟု ယုံကြည်ရသည့် တရုပ်နယ်စပ် သတင်း က ဆို၏။
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA (အထူးဒေသ ၂ )သည် အထူးဒေသ ၄ မိုင်းလားအဖွဲ့၊ အထူးဒေသ ၁ ကိုးကန့် အဖွဲ့တို့နှင့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီတပ်ပေါင်းစု PDF ဖွဲ့စည်းထားသော်လည်း၊ နယ်မြေဒေသအခြေ အနေ မတူကြောင်း၊ သျှမ်းပြည်အရေးလေ့လာသည့်ပုဂ္ဂိုလ်တဦးက- “အထူးဒေသ ၁ ကိုးကန့်နယ်မြေမှာ စစ်အစိုးရ အခြေစိုက် ထားတဲ့ တပ်ရင်း ၇ ရင်းရှိတယ်။ အရေးကြီးတဲ့ နယ်မြေအများစုကိုလည်း စစ်အစိုးရကခြေကုတ်ထားတယ်။ ၀ နဲ့ မိုင်းလား ဘက်တော့ အဲလိုမဟုတ်ဘူး။ နအဖ မချယ်လှယ်နိုင်တဲ့ သီးခြားကိုယ်ပိုင်လွတ်လပ်နယ်မြေတွေဖြစ်တယ်။ ၀ နဲ့ မိုင်းလား အဖွဲ့ အရေးကြုံလာရင် အချင်းချင်းကူညီနိုင်ပေမယ့် ကိုးကန့်ကိုတော့ သွားကူဖို့မလွယ်ဘူး။ ခရီးကအဆန် ခရီးဖြစ်နေလို့ဘဲ ” - ဟုဆို၏။
REF: သျှမ်းသံတော်ဆင့်
ပြည်သူ့စစ်များ ဆက်တိုက် တိုးချဲ့စစ်ရေးလေ့ကျင့်ပေးနေ
ဗုဒ္ဓဟူးနေ့၊ 04 မတ်လ 2009
ပြီးခဲ့သည့်ဖေဖေါ်ဝါရီလအတွင်း သျှမ်းပြည်အရှေ့တောင်ပိုင်း မိုင်းတုံမြို့နယ်၌ ရှိရင်းစွဲပြည်သူ့စစ် ဟောင်းအပြင် အသစ်ကောက်သော ပြည်သူ့စစ်အဖွဲ့ကို ၂ သုတ်ခွဲ၍ နအဖစစ်တပ်က စစ်ရေး လေ့ကျင့်ပေးသည်ဟု သျှမ်းပြည် တောင်ပိုင်းသတင်းရပ်ကွက်က ဆိုပါသည်။ “ပထမတစ်သုတ်က ပြည်သူ့စစ်ဟောင်းတွေချည်းဘဲ။ စုစုပေါင်း ၃၂ ယောက်ရှိတယ်။ စစ်ရေးလေ့ကျင့်နေတုန်း သစ်သားသေနတ်ဘဲကိုင်ရတယ်။ ဒုတိယတစ်သုတ်ကတော့ အသစ်ကောက်ထားတဲ့ပြည်သူ့စစ်တွေ။ အယောက် ၁၀၀ နီးပါးရှိမယ်။ ဖေဖေါ်ဝါရီ ၁၆ ရက်ကနေ ၂၆ ရက်အထိ နေရာအသီးသီးမှာစစ်ရေးလေ့ကျင့်ပေးတယ်” ဟုဆို၏။
မိုင်းတုံတောင်ဘက် နားကောင်းမူးအခြေစိုက် ခလရ ၆၅ က စစ်ရေးလေ့ကျင့်ပေးခြင်းဖြစ်ပြီး လားဟူရွာသား ပြည်သူ့ စစ်ဟောင်းချည်းသက်သက်ဖြစ်သော ပထမတသုတ်ကို ဖေဖေါ်ဝါရီလဆန်းမှ လလယ်အထိ ၁၀ ရက် ကျော်ကြာဦးစွာ လေ့ကျင့်ပေးခဲ့သည်ဟု မိုင်းတုံဒေသခံတစ်ဦးကပြောပြ၏။
ထိုပြည်သူ့စစ်အသစ်များကို မိုင်းတုံမြို့နယ် ဟွေ့အော့၊ နားကောင်းမူး၊ နားဖယောင်းနှင့် ၀မ့်ကုန်းဆာရွာတို့မှဆင့်ဆို ကောက်ထားခြင်းဖြစ်ပြီး၊ စစ်ရေးလေ့ကျင့်မှုသင်တန်းအပြီး အခြားဒေသခံများထက် အခွင့်ထူး ခံစားရမည့် ပြည်သူ့ စစ်ကဒ်ပြားထုတ်ပေးမည်ဟုလည်းဆိုပါသည်။
“သူတို့လိုသလိုခိုင်းနိုင်ဖို့ အခွင့်ထူးရတဲ့ကဒ်ထုတ်ပေးမယ်။ ဘိန်းခြံလုပ်ခွင့်ရှိတဲ့ဌာနေလားဟူ ပြည်သူ့စစ်တွေနဲ့ဘိန်းခြံ ပိုင်ရှင်ကိုးကန့်ပြည်သူ့စစ်တွေအများဆုံးပေါ့။ တဘက်ကလည်း ကျန်တဲ့လူတွေ ပြည်သူ့စစ်ဝင်ချင်အောင်ဆွဲဆောင်တာ လည်းပါမှာပေါ့” ဟု ၄င်းကဆက်ပြောပြ၏။
ယခုတစ်ခေါက် ပြည်သူ့စစ်များကို စစ်ရေးလေ့ကျင့်ပေးခြင်းမှာ နယ်စပ်တလျှောက်လှုပ်ရှားနေသော SSA နှင့် ဒေသ အတွင်းအပစ်ရပ် UWSA တို့အား ငါးကြင်းဆီဖြင့်ငါးကြင်းကျော်ကိုင်တွယ် ကာကွယ်ရန် ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း ရပ်မိရပ်ဖများကသုံးသပ်ကြ၏။
ထို့အပြင် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ၀ိန်းဟိုင်မြို့နယ်၊ ပိန်းလုံနှင့်မျက်နှာချင်းဆိုင်၊ သျှမ်းပြည်အရှေ့တောင်ပိုင်း မိုင်းတော့ မိုင်းထားတွင်လည်း ကိုးကန့် ပြည်သူ့စစ်အင်အား ၄၀ ခန့်ကို နအဖစစ်တပ်က စစ်ရေး လေ့ကျင့်ပေးခဲ့သည်ဟု သိရပါသည်။
REF: သျှမ်းသံတော်ဆင့်
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88