တင်ဦး
Wednesday, August 04, 2010
ကျနော် စစ်တပ်ထဲ စဝင်တုန်းက အသက် ၁၆ နှစ်ပြည့်ပြီးလို့ ၁၇ နှစ်ထဲမှာ၊ စစ်ကြီးဖြစ်တော့ အထက်တန်း ရောက်နေပြီ။ အမျိုးသား အထက်တန်း ကျောင်းက အထက်တန်း ကျောင်းသားပေါ့။
အမျိုးသားကျောင်းက ဆိုတော့လည်း အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်နေတာပဲ။ ဆရာကြီးတွေ ကိုယ်တိုင်ကလည်း အမျိုးသားရေး စိတ်ဓာတ်နဲ့ လခ မယူဘဲ သင်ကြားပေးကြတဲ့ ဆရာကြီးတွေ ဆိုတော့ ဒီကျောင်းသားတွေကို စေတနာ သက်သက်နဲ့ မျိုးချစ်စိတ် ထက်သန်အောင် သင်ပေးတယ်။ ပြီးတော့ တိုင်းပြည်ကလည်း ကျွန်ဘဝကနေ လွတ်မြောက် ရမယ် ဆိုတာတွေက ငယ်ငယ်တည်းက ကျနော်တို့ ခေါင်းထဲမှာ သိပ်ပြီးတော့မှ ဝင်နေကြတာပေါ့ဗျာ။
စစ်တပ်ထဲ ရောက်တော့ ဗိုလ်ချုပ် အောင်ဆန်းတို့က လွတ်လပ်ရေး အတွက် ဦးဆောင်ပြီး လုပ်တယ်၊ ကျနော်တို့ တွေလည်း လွတ်လပ်ရေး အတွက် လုပ်နေတယ် ဆိုတော့ ပျော်တာပေါ့ဗျ။ အဲဒီချိန်မှာ ဘယ်လိုဟာမျိုး တွေ့တွေ့ ရင်ဆိုင်မယ် ဆိုတဲ့ စွန့်စားချင်တဲ့ စိတ်ဓာတ်မျိုးလည်း ရှိတယ်၊ ဒါပေမယ့် စစ်အတော အတွင်း ဆိုတော့ အစစအရာရာ ရှားပါးတာပေါ့။
ကျနော်တို့ရှိတဲ့ စစ်တပ်ထဲမှာလည်း ရှားပါးတာပဲ၊ စားရသောက်ရတာ ငတ်တာပဲ၊ ငတ်တယ် ဆိုပေမယ့် ဆန်တော့ ရှိတာ ပေါ့ဗျာ။ ငါးပိ၊ ငါးခြောက်၊ ဆားတွေလည်း ရှိတော့ ရှိတာပေါ့။ ဒါပေမယ့် ကျန်တဲ့ ဆေးနဲ့ ပတ်သက်တာတွေ ကတော့ အင်မတန် ဆင်းရဲတာပေါ့။ ဖိနပ်တွေ၊ ဦးထုပ်တွေကအစ ဆင်းရဲတာ။
သို့သော်လည်းပဲ ကျနော်တို့ကတော့ ဒီ လွတ်လပ်ရေးကို အောင်မြင်အောင် လုပ်မယ်၊ ကျနော်တို့ လူငယ်တွေကို ပြည်သူ ပြည်သားတွေက အားကိုးတကြီး ဖြစ်နေတော့ ပျော်တာပေါ့။ အရင်ကတည်းက စစ်တပ်ထဲမှာ ဘာခံစားခွင့်ရမယ်၊ ဘာ ရမယ်၊ ညာရမယ် ဆိုတာကို လုံးဝ စိတ်ကူးပြီး လာကြတာ မဟုတ်ဘဲနဲ့ စစ်သင်တန်းကို တက်ခဲ့တာ။ ပင်ပန်းသော်ငြား လည်း ဒီလို လုပ်နေရတာကို ဂုဏ်ယူ တယ်ပေါ့ဗျာ။ လွတ်လပ်ရေး အတွက် လုပ်နေတာ၊ စစ်တိုက်ဖို့ အတွက် တပ်ထဲ ဝင်တာ ဆိုတော့ ဂုဏ်ယူတာပေါ့။
အဲဒီခေတ်တုန်းကတော့ ဂျပန်ခေတ် စစ်တက္ကသိုလ် ဖွင့်တယ်၊ ဒါပေမယ့် ခုခေတ်လိုတော့ သိပ်ပြီး ပြည့်ပြည့်စုံစုံကြီး မဟုတ်ဘူး ပေါ့ဗျာ၊ ကျောင်းသားတွေ အနေနဲ့ ဂျပန်စာကို ဦးစားပေးသင်ရတယ်။ နောက် စစ်ပညာနဲ့ ပတ်သက်လို့လည်း ကောင်းကောင်း သင်ရတယ်။ နောက်ပြီးတော့ သမိုင်းတို့၊ ပထဝီတို့ စသည်ဖြင့်ပေါ့။ ခေတ်ပညာကိုတော့ ဂျပန်တွေက ပို့ချတာပေါ့။
လေ့ကျင့်ခန်းလည်း ဆင်းရတယ်၊ စာလည်း ကျက်ရတာပေါ့။ စာကျက်ရတာကတော့ အခုခေတ်လို အကန့်အသတ်နဲ့ အများကြီး ကျက်ရတာမျိုးတော့ မဟုတ်ဘူး။ အစားအသောက်ကတော့ သိပ်ဆင်းရဲတယ်၊ ဆန်ဆိုရင် ဆန်လုံးတီးပေါ့။ မနက်ကို ဆန်ပြုတ်ကလေး တခွက်၊ နေ့ခင်းကျတော့ ထမင်း တပန်းကန်နဲ့ ဟင်းက ကန်စွန်းရွက်ပြုတ်၊ နောက် ပဲပင်ပေါက် ပြုတ်၊ ချဉ်ပေါင်ရွက်ပြုတ်၊ ခဝဲသီးပြုတ်၊ ဘူးသီးပြုတ်၊ အပြုတ်တွေချည်းပဲ၊ ဆီလေး ဘာလေး နည်းနည်းပါးပါး ပါတယ်။ ပါတယ် ဆိုတာလည်း ဟန်လေးပဲ ပါတာပါ။ အဲဒီလိုပဲ တောက်လျှောက် နေခဲ့ရတယ်။ ဒါပေမယ့်လည်း အဲဒါကို ပျော်တယ် ဗျာ။
ဘာဖြစ်လို့လဲဆိုတော့၊ ဒါဟာ လွတ်လပ်ရေးအတွက် လုပ်တာပဲ ဆိုပြီး ပျော်တာပေါ့။ နောက်ပြီးတော့ ကျနော်တို့ ခေါင်းထဲမှာလည်း ဘာရရမယ်၊ ညာရရမယ် စိတ်ကူးကလည်း မရှိဘူး။ ဗိုလ်ချုပ် အောင်ဆန်းတို့ ခေါင်းဆောင်ပြီး ဟောတဲ့ တရားကလည်း ပင်ပန်းမယ့်တရား၊ ကြမ်းတမ်းတဲ့ တရား၊ လူစဉ်မမီ ဖြစ်နိုင်တဲ့ တရား၊ သေနိုင်တဲ့ တရား၊ တိုက်ပွဲကျနိုင်တဲ့ တရား၊ အဲဒီဟာတွေက လွဲလို့ ဘာအခွင့်အရေးမှ ရှိမှာ မဟုတ်ဘူးလို့ ဒီလိုတွေ ပြောသော်ငြားလည်း တို့ဆီ လွတ်လပ်ရေး ရမှာမို့လို့ ပျော်တယ်၊ ဒါပဲ။
စစ်ထဲဝင်မယ်ဆိုတော့ ကျနော့်အမေ ကျနော့်ကို ဘူတာရုံကို လိုက်ပို့တယ်ပေါ့ဗျာ။ ပုသိမ်မှာပေါ့၊ ပုသိမ် ဘူတာရုံကို လိုက်ပို့တယ်။ နောက် အမေ့ကို ကျနော် ကန်တော့တယ်ဗျာ။ ကန်တော့ပြီးတော့ ကျနော် မျက်ရည်ကျတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အမေနဲ့ တခါမှ မခွဲဖူးဘူးကိုးဗျ။ ဒါပေမယ့် ကျနော့်အမေက မျက်ရည် မကျဘူးဗျ။ အဲဒီမှာ အမေက မေးတယ် ဘာလို့ မျက်ရည် ကျတာလဲတဲ့။ သေရင်မြေကြီး ရှင်ရင် ရွှေထီး၊ နောက် စစ်တိုက်ရမှာ ကြောက်ရင် ပြန်မလာနဲ့၊ ပြန်လာရင် အမေ ရှက်တယ်တဲ့။
ဒါပဲ သူပြောတာ၊ အဲဒီစကားပဲ ကောင်းကောင်း မှတ်မိသေးတယ်။ တပ်ထဲက အဖြစ်အပျက်တွေ ကတော့ တပုံတခေါင်း ကြီးပဲ။ လေ့ကျင့်ခန်း ဆင်းတုန်းကလည်း ကြုံဖူးတာပဲ၊ တိုက်ပွဲ ဖြစ်တုန်းကလည်း ကြုံဖူးတာပဲ၊ ပြင်းပြင်းထန်ထန် တိုက်တုန်းကလည်း ကြုံဖူးတာပဲ။ နိုင်ငံခြားတပ်တွေ၊ ကေအန်ယူ တွေနဲ့ တိုက်တုန်းကလည်း ကြုံရတယ်။ နတ်မြစ်ဝ ပေါ်မှာ တခါတည်း ကျနော်တို့က သူတို့ ကျူးကျော်နယ်ကို ပြန်တိုက်ပြီး သိမ်းရတာတွေလည်း လုပ်ခဲ့ရတာပဲ၊ အများကြီးပဲဗျာ။
အရင်က တပ်မတော်ဆိုတာနဲ့ အခုခေတ် တပ်မတော်ဆိုတာက တော်တော်ကြီးကို ကွာသွားပြီဗျ၊ တွေးတာ ခေါ်တာ လုပ်တာ ကိုင်တာကအစ ကွာသွားပြီ။ ကျနော် တပ်ရင်းမှူး ဘဝတုန်းကဆို မိုးကုတ်မှာ တာဝန် ထမ်းဆောင်ဖူးတယ်။ မိုးကုတ် ဧရိယာမှာ သောင်းကျန်းသူတွေ ဆက်ကြေး မယူနိုင်အောင်ပေါ့။ မိုးကုတ်က ချမ်းသာတယ် မဟုတ်လား။ အဲဒီက ဆက်ကြေးရရင် သိပ်တောင့်သွားမှာ ဆိုတော့ ကျနော်တို့ ကာကွယ်ရမယ့် တာဝန် ထမ်းဆောင်ရတယ်။ အဲဒီအချိန်မှာ တပ်သားအားလုံးက အဲဒီက ကျောက်စိမ်း၊ ပတ္တမြား ကိစ္စနဲ့ ပတ်သက်တာတွေ ဘာမှ စိတ်ဝင်စားမှု မရှိဘူးလို့ ကျနော်တို့ မြင်တာပဲ။ ကျောက်တွေနဲ့ ပတ်သက်တာ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုတာလည်း တခုမှ စိတ်မဝင်စားဘူး။ လိုလည်း မလိုချင်ဘူး၊ လိုချင်တဲ့စိတ်လည်း မရှိဘူး။
ဘာလို့လဲဆိုတော့ ကျနော်တို့မှာ ပြည့်စုံတယ်ဗျ။ ရိက္ခာတို့၊ ဘာတို့၊ ညာတို့ ထောက်ပံ့မှု စသည်ဖြင့်ပေါ့ဗျာ။ အဲဒီ အခါကတော့ တပ်ရင်းမှူးလောက် ဖြစ်ပြီဆိုရင် လိုလေသေး မရှိဘူး၊ ပြည့်စုံတဲ့ အခါကျတော့ ဒါတွေနဲ့ ပတ်သက်ပြီး ခေါင်းထဲ မဝင်ဘူး။ တိုတို ပြောရရင်တော့ဗျာ၊ ကိုယ့်အတွက် လုပ်ဖို့ဆိုတာကို ခေါင်းထဲမှာ မရှိဘူး။ အဲဒါ ကိုယ့်အတွက် လုပ်ရမှာ ရှက်တယ်၊ အဲဒီလို ဖြစ်တာပဲ။
နောက်ထပ် ဥပမာပေါ့ဗျာ။ ပြောင်းဖူးခူးစားတာတို့၊ ဟင်းရွက်ခူးစားတာတို့ ဆိုရင် ကျနော်တို့က အဲဒီပြောင်းဖူး ချိုးစားတဲ့၊ ဟင်းရွက်ခူးစားတဲ့ ကောင်တွေကို အဲဒီမှာ သူတို့စားတဲ့ ပြောင်းဖူးတို့ ဟင်းရွက်တို့ရဲ့ တန်ဖိုး ပြန်ပေး၊ တပြားမှ မတန်ရင်တောင် ပြန်ပေးရမယ်။ ကုန်ကုန်ပြောမယ်ဗျာ။ သိပ်ပြီးမှ ဆာလွန်း အားကြီးလို့ ကြက်ကို ရိုက်သတ် ချက်စားတာတောင် အဲဒီပိုင်ရှင်ဆီကို ကြက်ရဲ့တန်ဖိုး ကြေကြေလည်လည် ကျေနပ်တဲ့အထိ ပေးခိုင်းတယ်ဗျ။ သူမပေးနိုင်လို့ ရှိရင်တောင် သူ့မှာပါတဲ့ လက်စွပ်တို့၊ ဆွဲကြိုးတို့ ပါတာပေးခဲ့။ ဒီလိုမျိုး အမိန့် ပေးပြီးတော့ လူထုကို နစ်နာအောင် မလုပ်ခဲ့တဲ့ဟာမျိုး များတယ်ဗျ။ ပြည်သူလူထု ဆီက ယူဖို့ဆိုတာ ဝေးရော။
တပ်မတော်မှာ ပါတဲ့သူအားလုံး စစ်သားကအစ ဟို ဗိုလ်ချုပ်ကြီးအထိ သူ့ရဲ့ ကျွမ်းကျင်တဲ့ ပညာရပ်နဲ့ သင်ထားတာကို တကယ့် သူရဲကောင်း တယောက်အနေနဲ့ ပြည်သူပြည်သားရဲ့အသက် အိုးအိမ် စည်းစိမ်တွေကို ရိုးရိုးသားသား ကာကွယ်ပြီးတော့ ပြည်သူသည် အမိ၊ ပြည်သူသည် အဘ၊ ဆိုတဲ့ဟာမျိုးနဲ့ ကျစ်ကျစ်လျစ်လျစ် သိပ်သိပ်သည်းသည်း နေပြီး တော့ ပြည်သူတွေ အားလုံးချစ်တဲ့၊ တနည်းအားဖြင့် ဆိုရင် ပြည်သူတွေအားလုံး ကြိုက်တဲ့၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တပ်မတော်မျိုးကို ပြန်လိုချင်တယ်။
ဘယ်ပါတီ ဘယ်အဖွဲ့အစည်းကို ဘာကိုမှလုပ်ပေးစရာ မရှိဘူး။ တခုတော့ရှိတယ်၊ ရွေးကောက်ပွဲတို့၊ ဘာတို့ ကျလို့ရှိရင်တော့ ကိုယ်ကြိုက်တဲ့ သူကို လျှို့ဝှက် မဲပေးတာ ပေးလိုက်၊ ရတယ်။ ဒါပေမယ့် ကိုယ်က အသုံးချပြီးတော့၊ အသုံးချခံ ပြီးတော့ ကိုယ်ကျိုးအတွက် လုပ်တာမျိုးကတော့ မလိုလား အပ်ဘူး။
ကာကွယ်ရေး ဦးစီးချုပ်ဖြစ်တုန်းကတော့ ရွှေထီး ဆောင်းရတဲ့ သဘောပေါ့ဗျာ။ အစစ အရာရာ လစာနဲ့ ထောက်ပံ့မှုတွေက ကျနော်တို့ အတွက် ပြည့်စုံ နေတဲ့အတွက် ဘာမှ မပူရဘူး။ အေးချမ်း တာပေါ့လေ။ အခု အရပ်သားဘဝ ရောက်တော့ ပြည်သူလူထုရဲ့မေတ္တာ ခိုလှုံရတာပေါ့။ အေးချမ်းတယ်လို့ မှတ်တယ်။ ကျနော်က အဲဒါလေးပဲ။ ပြည်သူသည် ဆင်းရဲရင် ဆင်းရဲခြင်း၊ ချမ်းသာရင် ချမ်းသာခြင်း၊ ငါတတ်နိုင်တဲ့ ဘက်က လုပ်ပေးမယ်။ အဲဒါပဲ။
အခု ကာကွယ်ရေးဦးစီးချုပ်ကို ကျနော် ပြောချင်တာ သွားပြောလိုက်ရင် သူစိတ်ဆိုးမှာပေါ့ဗျာ။ သူတို့က ကျနော့်ရဲ့ အောက်က တာဝန် ထမ်းဆောင်ခဲ့တာ ဆိုတဲ့ ဟာကိုတော့ ကျနော် မပြောပါဘူး။ ကျနော့်စိတ်ထဲမှာ သူတို့က တချိန်တုန်းက ကျနော့်လုပ်ငန်းကို အောင်မြင်အောင် ဝိုင်းဝန်း ကူညီပေးတဲ့ လုပ်ဖော်ကိုင်ဖက် တွေလို့ပဲ မှတ်ပါတယ်။ အဲဒီလို စိတ်ထားနဲ့ပဲ ဆက်ဆံချင်တာပါ။
ကာကွယ်ရေး ဦးစီးချုပ်ကို ပြည်သူတွေက ချမှတ်ပေးထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ကျနော်ရိုသေလေးစားတဲ့ ဗိုလ်ချုပ် ကျော်ဇော တို့လိုမျိုး တပ်မှူးကောင်းတွေ ဖြစ်စေချင်တာပါပဲ။
Ref: ဧရာဝတီ်
Friday, August 6, 2010
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တပ်မတော်
နအဖ၏ ကြွေးကြော်သံများကို ကြံ့ဖွံ့ပါတီ ဆက်လက်ကိုင်စွဲ
ပေါက်ပေါက်
၀၅ သြဂုတ် ၂၀၁၀
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းဆိုသည့် စာအုပ်တအုပ် ထွက်ရှိလာပြီး ယင်းစာအုပ်တွင် ကြံ့ဖွံ့ပါတီ၏ ရည်မှန်းချက်၊ ယုံကြည်ချက်၊ သန္နိဋ္ဌာန်၊ လုပ်ငန်းစဉ်၊ မူဝါဒများ၊ သဘော ထားများနှင့် ပါတီအတွင်း အဆင့်ဆင့် ဖွဲ့စည်း တည်ဆောက်ပုံတို့ ပါရှိသည်။
စာမျက်နှာ (၈၂) မျက်နှာပါရှိသည့် အဆိုပါစာအုပ်တွင် အခန်း (၇) ခန်းပါရှိပြီး အခန်း (၁)၊ ပါတီ၏ ရည်မှန်းချက်၊ ယုံကြည်ချက်၊ သန္နိဋ္ဌာန်၊ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် သဘောထား အခန်း၌ နဝတ၊ နအဖလက်ထက် တလျှောက်လုံး ကြွေးကြော် လာသည့် တို့တာဝန် အရေးသုံးပါး၊ အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေး အပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များကို ဆက်လက် စွဲကိုင်ထားသည်။
ကာကွယ်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍လည်း တပ်မတော်ကို အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီမျိုးချစ် တပ်မတော် ဖြစ်အောင် တည်ဆောက်မည်ဟု ဖော်ပြထားသည်။
ပါတီအမည်ကို အတိုကောက်အနေဖြင့် ပြည်ခိုင်ဖြိုးပါတီဟု ခေါ်ဆိုရမည်ဖြစ်ပြီး အလံ၊ တံဆိပ်၊ ရုံးတံဆိပ်၊ ရင်ထိုးတံဆိပ်နှင့် “စိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်၊ စည်းလုံး” ဆိုသည့် ပါတီဆောင်ပုဒ်တို့သည် ယခင် ကြံ့ဖွံ့ အသင်းအတိုင်း အပြောင်းအလဲ မရှိပေ။
အခန်း (၄)၊ ပါတီ အဖွဲ့အစည်း အဆင့်ဆင့် တည်ဆောက်မှု ဆိုသည့်အခန်း၌ ပါတီအတွင်း တည်ဆောက်မှု ပုံစံတွင် (က) အခြေခံအဖွဲ့၊ (ခ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုပါတီအဖွဲ့၊ (ဂ) မြို့နယ် မြို့နယ်ခွဲ ပါတီကော်မတီ၊ (ဃ) ခရိုင် ပါတီ ကော်မတီ၊ (င) တိုင်းနှင့်ပြည်နယ် ပါတီကော်မတီ၊ (စ) ဗဟို အလုပ်အမှုဆောင် ကော်မတီ၊ (ဆ) ပါတီ ဗဟိုကော်မတီ၊ (ဇ) ပါတီညီလာခံ ဟူ၍ ဖွဲ့စည်း တည်ဆောက် ထားသည်။
အခြေခံအဖွဲ့ကို ပါတီဝင် လူ (၁ဝ) ဦးဖြင့် ဖွဲ့ရန်၊ အခြေခံအဖွဲ့ (၁ဝ) ဖွဲ့ကို အခြေခံအဖွဲ့စိတ်အဖြစ် ဖွဲ့ရန်၊ အခြေခံအဖွဲ့စိတ် (၁ဝ) စိတ်ကို အခြေခံအဖွဲ့စုအဖြစ် ဖွဲ့ရန်၊ ရပ်ကွက် ကျေးရွာအုပ်စု ပါတီ အဖွဲ့များကို အခြေခံ အဖွဲ့များနှင့် ဖွဲ့စည်းပြီး အဆင့်တိုင်းတွင် ခေါင်းဆောင်တဦး၊ ဒု-ခေါင်းဆောင် တဦးတို့က ဦးဆောင်ကာ သက်တမ်းမှာ (၃) နှစ်တကြိမ်ဖြစ်သည်။
မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့်တိုင်းအဆင့် ပါတီကော်မတီများကို အတွင်းရေးမှူး (၁) ဦးနှင့် ကော်မတီဝင်များ က ဦးဆောင် သွားရပြီး သက်တမ်းမှာ (၅) နှစ်ဖြစ်သည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး၊ အတွင်းရေးမှူး အဖွဲ့ (၅) ဦးအပါအဝင် လူ (၂ဝ) ဦးမှ (၃ဝ) ဦးအထိ ဖွဲ့စည်းနိုင်ကြောင်း၊ ပါတီ ဗဟိုကော်မတီကို ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌအပါအဝင် အင်အား (၁၅ဝ) ဦး၊ အရန်ပါတီ ဗဟိုကော်မတီ (၅ဝ) ဦး၊ စုစုပေါင်း (၂ဝဝ) ဦး ဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ယင်းအစည်းဝေးက ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူး၊ တွဲဖက် အထွေထွေ အတွင်းရေးမှူးတို့ကို ရွေးချယ် တင်မြှောက်ပြီး ၎င်းတို့မှာ ဗဟိုအလုပ်အမှုဆောင်နှင့် ပါတီတခုလုံး၏ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူး၊ တွဲဖက် အထွေထွေ အတွင်းရေးမှူးများလည်း ဖြစ်ကြကြောင်း ပါရှိသည်။
ပါတီ၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ပြင်ဆင်ရန်အတွက် ပါတီညီလာခံတွင် တက်ရောက်ဆန္ဒမဲပေးခွင့် ရှိသူ (၇၅) ရာနှုန်း တက်ရောက်မှ မဲပေးနိုင်သကဲ့သို့ ထောက်ခံမဲ (၇၅) ရာနှုန်း ရရှိမှသာ ပြင်ဆင်နိုင်သည့် အတွက် ယင်းဖွဲ့စည်းပုံ စည်းမျဉ်းအား အလွယ်တကူ မပြင်ဆင်နိုင်ရန် တင်းကျပ် ထားသည်။
ကြံ့ဖွံ့ပါတီသည် နိုင်ငံအဝှမ်းတွင် ပါတီစည်းရုံးရေးများ လုပ်နေသော်လည်း ပါတီတာဝန်ရှိသူများ အနေဖြင့် မီဒီယာများနှင့် တွေ့ဆုံမှု မရှိသေးဘဲ ပါတီဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးသိန်းစိန်မှလွဲ၍ ကျန်ပါတီ ခေါင်းဆောင်အမည်များနှင့် တာဝန်များကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
Ref: ခေတ်ပြိုင်
နေ့စဉ်သတင်းများ ( ၅ - ၈ - ၁၀ )
■ ဖြိုးမင်းသိန်း ရွေးကောက်ပွဲကို ကျောခိုင်း သတင်း
■ စစ်တွေရှိ မိဘမဲ့ကလေးများ ဝေးလံသည့်ဒေသ အပို့ခံရ သတင်း
■ မြန်မာလူဦးရေ (၁၀) ရာခိုင်နှုန်း အငတ်ဘေးကြုံနေ သတင်း
■ ဗိုလ်ချုပ်မှူးကြီး ရန်ကုန်တွင် ရှောင်တခင် ကျန်းမာရေး စစ်ဆေး သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်း ဗြိတိန်သံအမတ် ပေးပို့ သတင်း
■ NLD ထိပ်ပိုင်းတချို့နှင့် ပဲခူးတိုင်းအဖွဲ့ဝင်များ တွေ့ဆုံ သတင်း
■ တာရာမင်းဝေ (၃) နှစ်ပြည့် အဖွဲ့ချုပ်ခေါင်းဆောင်များ တက်ရောက် သတင်း
■ စစ်သားက အိုင်အယ်လ်အိုကို တိုင်ကြား သတင်း
■ လဝကအရာရှိ အပြောကြောင့် အလုပ်သမားများ စိတ်ညစ် သတင်း
■ နအဖ၏ ကြွေးကြော်သံများကို ကြံ့ဖွံ့ပါတီ ဆက်လက်ကိုင်စွဲ သတင်း
■ အခြားပါတီများကို ကန့်သတ်ပြီး ကြံ့ဖွံ့ စည်းရုံးရေးလုပ် သတင်း
■ ငွေတိုးချေးပြီး မဲဆွယ်မယ့် ကြံ့ဖွံ့ သတင်း
■ လူ (၁ဝဝဝ) ကျော် ဖြစ်တဲ့ တောင်ကြီးဆင်တုပ်ကွေး သတင်း
■ စိတ်ကြွဆေးပြား ကီလိုဂရမ် (၂ဝ) နှင့် မြန်မာနိုင်ငံသား ဖမ်းမိ သတင်း
■ ရခိုင်၊ တနင်္သာရီ ဆန်မပို့ရ သတင်း
■ မွန်တွေရဲ့ နိုင်ငံရေးရပိုင်ခွင့်ကို ဒီမိုကရေစီနည်းနဲ့ ရယူမယ် (အင်တာဗျူး)
■ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တပ်မတော် (ဆောင်းပါး)
■ မီးလျှံထဲက ကြာ (ဆောင်းပါး)
■ “သစ္စာသည်သာ … အလှတရား” (ဆောင်းပါး)
■ ဂျပန်ငှက်ရုပ်၊ ကိုရီးယားယဉ်ကျေးမှုနဲ့ မြန်မာပြည် (ဆောင်းပါး)
■ ဒီမိုကရေစီဖျက်မည့် ခြွင်းချက်များ (ဆောင်းပါး)
Thursday, August 5, 2010
မီးလျှံထဲက ကြာ
ဇင်လင်း
၀၅ သြဂုတ် ၂၀၁၀
သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပွားခဲ့သည်မှာ ယခုနှစ်တွင် (၂၂) နှစ် ပြည့်ပေပြီ။ ဤအရေး တော်ပုံကို မြန်မာ့ မျက်မှောက် သမိုင်း၏ အချိုးအကွေ့ကြီး တခုအဖြစ် မှတ်တမ်း တင်ကြသည်။ အဘယ်ကြောင့်နည်း။ လူထု အရေးတော်ပုံကြီး အတောအတွင်း လူကို လူလို မမြင်သော မဆလ စစ်အာဏာရှင် စနစ်အား ခုတ်ပိုင်း ဖြိုလှဲနိုင်ခဲ့သည်။ လွတ်လပ်ရေး၊ တရားမျှတရေးနှင့် တန်းတူရေး ဆိုသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အသိအမြင်များကို အရေးတော်ပုံက ရှင်သန် စေခဲ့သည်။ စစ်အာဏာရှင် စနစ်ကို စိန်ခေါ် အန်တုနိုင်စွမ်း ရှိသော လူထုခေါင်းဆောင် တယောက်ကိုလည်း အရေးတော်ပုံက မွေးဖွား ပေးခဲ့သည်။
တချိန်တည်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ် တို့သည်လည်း အရေး တော်ပုံ၏ အောင်သီး အောင်ပွင့်များပင် ဖြစ်သည်။ ဤနေရာ၌ ပိုမိုအရေးပါသည့် ထူးခြားချက်တခုမှာ အရေးတော်ပုံ၏ သက်ရောက်မှု အရှိန်ကြောင့် မြန်မာ့ နိုင်ငံရေး အတွေးအခေါ် အလှည့်အပြောင်း သိသာစွာ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ထိုအလှည့်အပြောင်းက စစ်ဝါဒ၊ စစ်အာဏာ ရှင်ဝါဒ၊ ‘ပုရိသ ပဓာန၀ါဒ’ လွှမ်းမိုးနေမှုကို တပ်လှန့် စိန်ခေါ်လိုက်သည့် အသံလည်းဖြစ်သည်။ ပုရိသ၀ါဒ သို့မဟုတ် စစ်ဒဿန ၀ါဒအား စိန်ခေါ်သူအဖြစ် ရှစ်လေးလုံး အရေးတော်ပုံက မွေးထုတ် ပေးလိုက်သူမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပင်ဖြစ်သည်။
၂၀၁၀ ဇွန်လတွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပေါင်း (၆၅) ကြိမ်တိုင်ခဲ့ပြီ။ (၁၅) ကြိမ်သော မွေးနေ့များကို နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် တိတ်ဆိတ်စွာ ဖြတ်သန်းခဲ့ရသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင် လေးစားကြသော မြန်မာ့ ပြည်သူများနှင့် ကမ္ဘာ့ ပြည်သူများက သူ့မွေးနေ့ ရောက်တိုင်း ကမ္ဘာ့ နေရာဒေသ အနှံ့အပြားတွင် တခမ်းတနား ကျင်းပကြစမြဲ ဖြစ်သည်။ ထိုနေ့ ရောက်တိုင်း နိုင်ငံတကာ အစိုးရ ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်များ၊ ကမ္ဘာ့ ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များ၊ ပြည်တွင်းပြည်ပမှ ဒီမိုကရေစီ မြတ်နိုးသူများက စစ်အာဏာရှင်တို့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအား ကန့်ကွက် ရှုတ်ချမြဲဖြစ်သည်။
တဖန် ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည်သည့် သြဂုတ်လရောက်တိုင်းလည်း နအဖစစ်အုပ်စု အထိတ်ထိတ် အပြာပြာ မျက်နှာ မသာမယာ ဖြစ်လေ့ရှိပြန်သည်။ ယခုနှစ်တွင်မူ စစ်အုပ်စု၏ ဆိုးညစ် ကောက်ကျစ်သည့် လုပ်ရပ်များ လွန်ကဲလွန်း လာသဖြင့် နိုင်ငံတကာ၏ ပြစ်တင်ဝေဖန် ဖိအားပေးမှုများကလည်း အထွတ်အထိပ်သို့ ရောက်လာသည်။ အထူးသဖြင့် ဥပဒေကို မစောင့်စည်းဘဲ မတော်မတရား ကလိန်ဉာဏ်ဆင်ကာ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ထပ်တိုး ချုပ်နှောင်ခဲ့သည်။ တဖန် ဥပဒေမမြောက်သော မတော်မတရား တားမြစ်ကန့်သတ်ချက်များ ပြဋ္ဌာန်းလျက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား မြန်မာ့နိုင်ငံရေးတွင် ပါဝင်ခွင့်မရှိအောင် ညစ်ပတ်ခဲ့သည်။ ထိုသို့သော အခြေအနေများကြောင့် နိုင်ငံတကာဖိအား ပိုမိုများပြားလာကြောင်း တွေ့ရသည်။
ဤအချင်းအရာများကိုကြည့်လျှင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာတနိုင်ငံတည်းနှင့်သာ သက်ဆိုင်သည့် ပုဂ္ဂိုလ်တဦးမျှမဟုတ်သကဲ့သို့ “ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖစစ်အုပ်စုပဋိပက္ခ” သည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စသက်သက်မျှ မဟုတ်သည်မှာ ထင်ရှားပေသည်။ အထူးသဖြင့် နအဖတွင် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ရန် လုပ်ဆောင်ပိုင်ခွင့်မရှိပေ။ မြန်မာနိုင်ငံ ပြည်သူလူထုက သူတို့၏အခြေခံ နိုင်ငံသားရပိုင်ခွင့်ကို အသုံးပြုလျက် သူတို့ကြိုက်နှစ်သက်သည့် ခေါင်းဆောင်ကို သူတို့၏ ကိုယ်စားလှယ်အဖြစ် တိုင်းပြည်အုပ်ချုပ်ရန် အခွင့်အဏာ အပ်နှင်းခဲ့ကြရာမှ ထွက်ပေါ်လာသော ရလဒ်ဖြစ်သည်။ သို့ဖြစ်၍ ထို ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းရန် နအဖတွင် အခွင့်အာဏာမရှိပေ။ လူထုထံ၌သာ အခွင့်အာဏာရှိပေသည်။
၎င်းပြင် မြန်မာသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်သဖြင့် “အာဆီယံ လူ့အခွင့်အရေးကော်မရှင် (ASEAN Intergovernmental Commission on Human Rights – AICHR)” တွင်လည်း အဖွဲ့ဝင်ဖြစ်သည်။ ထို့ကြောင့် အာဆီယံဒေသတွင်း လူ့အခွင့်အရေးများကို ကာကွယ်ရန်နှင့် မြှင့်တင်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၌လည်း တာဝန်ရှိသည်။ သို့သော် လူ့အခွင့်အရေးဆိုင်ရာ အခြေခံရပိုင်ခွင့်များဖြစ်သည့် လွတ်လပ်စွာ ပြောဆိုရေးသား ထင်မြင်ယူဆချက် ဖြန့်ချိခွင့်၊ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ မိမိနှစ်သက်သည့် နိုင်ငံရေးပါတီအား ထောက်ခံခွင့်၊ မိမိနှစ်သက်သည့် နိုင်ငံရေးခေါင်းဆောင်အား ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခွင့်များ ပိတ်ပင်ဟန့်တားခံနေရသော မြန်မာနိုင်ငံအား AICHR အဖွဲ့တွင် လက်မခံသင့်ဟု ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့များ၏ ဝေဖန်မှုများရှိသည်။
တိုင်းပြည်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများကို ဖိနှိပ်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသော စစ်အစိုးရအုပ်စိုးနေသည့် မြန်မာနိုင်ငံကို ဤအသစ်ဖွဲ့စည်းလိုက်သော AICHR မှ ထုတ်ပယ်ပစ်သင့်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲရလဒ်ကိုလည်း အသိအမှတ်မပြုသင့်ကြောင်း အာဆီယံအား ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့များက ပြင်းထန်စွာ တိုက်တွန်းလျက်ရှိသည်။
စစ်အုပ်စုအနေဖြင့် တိုင်းပြည်နှင့်လူထုကို အမှန်တကယ် စေတနာထားလျှင် ပြည်သူလူထုက ရွေးချယ်ထားသော ခေါင်းဆောင်နှင့် တိုင်းပြည်ငြိမ်းချမ်းသာယာရေးအတွက် တွေ့ဆုံဆွေးနွေးနိုင်ရမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အား တန်းတူရည်တူ လေးစားအသိအမှတ်ပြု၍ စားပွဲဝိုင်းထိုင် စကားပြောနိုင်ရပေမည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရိုးသားဖြောင့်မတ်မှုအား စစ်ဗိုလ်ချုပ်များက ကောက်ကျစ်စဉ်းလဲစွာ တိုက်ခိုက်လေ၊ စစ်အုပ်စုအား လူထုက အော့နှလုံးနာလေ ဖြစ်မည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ကျိုးစွန့်အနစ်နာခံမှုကို စစ်ဗိုလ်ချုပ်များက သရော်မော်ကားလုပ်လေ၊ စစ်အုပ်စုအား လူထုက ဆန့်ကျင်လေဖြစ်မည်။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအခန်းကဏ္ဍကို စစ်အုပ်စုက ဖိနှိပ်လေ၊ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးခေါင်းဆောင်မှုပုံရိပ်က ပို၍ပို၍ ကြီးမားမြင့်ထည်လေဖြစ်မည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းရန် တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်အား စစ်အုပ်စုက ကျောခိုင်းပစ်ပယ်လေ၊ စစ်အာဏာရှင်တို့အဖို့ အနာဂတ်မဲ့လေ ဖြစ်ပေမည်။
စင်စစ် ယနေ့မြန်မာ့နိုင်ငံရေးပြဿနာမှာ ‘အမျိုးသားပြန်လည်သင့်မြတ်ရေး’ က ‘ပထမ’ ဖြစ်သည်။ ‘ရွေးကောက်ပွဲ’ က ‘ဒုတိယ’ ဖြစ်သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေး မတည်ဆောက်နိုင်ဘဲ ရွေးကောက်ပွဲလုပ်ခြင်းမှာ အချည်းနှီးအားထုတ်မှုဖြစ်သည်။ ထို့ပြင် ယခင်ရွေးကောက်ပွဲရလဒ်ကို လူထုလက်ခံနိုင်မည့် နည်းလမ်းဖြင့် မဖြေရှင်းသေးဘဲ နောက်ရွေးကောက်ပွဲတခု လုပ်ခြင်းမှာ ပဋိပက္ခအသစ်တခု ဖိတ်ခေါ်ခြင်းဖြစ်သည်။ ယင်းပြဿနာနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၈ ခုနှစ်၊ မေလ (၂၈) ရက်တွင် ယခုကဲ့သို့ ဝေဖန်ခဲ့ဖူးသည်။
“ကျမတို့နိုင်ငံရဲ့  အတွေအကြုံအရ ဖြည့်စွက်ပြောဆိုလိုတာကတော့ ရွေးကောက်ပွဲကျင်းပပြီးရင် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်တာဟာ ထမင်းစားဖိတ်ပြီး ထမင်းပွဲပြင်၊ စားပွဲမှာ ထိုင်ခိုင်ပြီးမှ မစားရဘူးဆိုပြီး ထမင်းဟင်းတွေ ပြန်ပြီးသိမ်းသွားသလိုပါပဲ။ ဧည့်သည်တွေကို စော်ကားတဲ့လုပ်ရပ်ပါ။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် မဖော်ပေးတာဟာ ပြည်သူတရပ်လုံးကို လိမ်လှည်လှည့်ဖြား စော်ကားရာရောက်တယ်။ အာဏာပိုင်တွေဟာ မိမိတို့သဘောမကျတဲ့ ရွေးကောက်ပွဲရလဒ်ဆိုရင် လျစ်လျူရှုလိုက်၊ လိုချင်တဲ့ ရလဒ်ဖြစ်လာနိုးနိုး ရွေးကောက်ပွဲအသစ်တွေ ကျင်းပလိုက်နဲ့ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ အနာဂတ်နဲ့ ကစားရာရောက်ပါလိမ့်မယ်။ တိုင်းပြည်ရဲ့ အနာဂတ်ဆိုတာဟာ ကစားရမယ့်အရာမဟုတ်ပါဘူး။ တလေးတစားနဲ့ စောင့်ရှောက်သွားရမယ့်အရာသာ ဖြစ်ပါတယ်။ ဒါကြောင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်ဘဲ နောက်ရွေးကောက်ပွဲအသစ် ကျင်းပရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုံးဝလက်ခံမှာမဟုတ်ဘူးလို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်”
ဒေါ်အောင်ဆန်းစုကြည် ထောက်ပြသကဲ့သို့ ၁၉၉၀ ရလဒ်ကို အကောင်အထည်မဖော်ခြင်းသည် လူထုကို စော်ကားခြင်းဖြစ်သည်မှာ ထင်ရှားသည်။ ဤသို့ စစ်ဗိုလ်များ မိုက်မဲစွာ ပြုမူခဲ့ကြခြင်းမှာ ခေတ်အပြောင်းအလဲ အတွေးအခေါ်အပြောင်းအလဲကို လက်မခံနိုင်၍ဟု ဆိုရပေမည်။ မြန်မာနိုင်ငံတွင် ယောက်ျားသားစစ်ဗိုလ်များ ထင်ရာစိုင်းကြီးစိုးနေသည်မှာ အတော်ကြာပြီ။ လူ့အဖွဲ့အစည်း၏ ဦးဆောင်မှုအခန်းကဏ္ဍများတွင် မိန်းမသားများကို ကန့်သတ်ချုပ်ချယ် နေရာမပေးဘဲ ခွဲခြားဆက်ဆံခဲ့သည်မှာ ကြာလှပြီ။ ရှေ့နေချုပ်၊ တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်၊ ပါမောက္ခချုပ်ကဲ့သို့သော ရာထူးမျိုးမှာပင် အမျိုးသမီးများကို နေရာပေးခြင်းမရှိ။ ဒု-၀န်ကြီး၊ ၀န်ကြီးဆိုသည့် ရာထူးမျိုးကတော့ ပို၍ဝေးပါသေးသည်။။ ဤသည်မှာ စစ်အာဏာရှင်များ၏ ပဒေသရာဇ်ဆန်ဆန် အတွေးအခေါ်များကြောင့်ဖြစ်သည်။
ယင်းသို့သော အခြေအနေ အချိန်အခါမျိုးတွင် ပြည်သူက ‘ဒေါ်အောင်ဆန်းစုကြည်’ ကို လူထုခေါင်းဆောင် အဖြစ် အသိအမှတ်ပြုလိုက်ခြင်းမှာ အရေးကြီးသည့် အတွေးအခေါ်အလှည့်အပြောင်းဟု ဆိုထိုက်သည်။ ဤအလှည့် အပြောင်းကို လက်မခံနိုင်သော စစ်အာဏာရှင်ကြီး တစုက ယနေ့ထက်တိုင် ပဒေသရာဇ်အတွေးအခေါ်ဟောင်းဘက်မှ ခုခံ တိုက်ခိုက်နေခြင်းဖြစ်သည်။ ၂၀၀၈ စစ်အာဏာဦးစားပေး ဖွဲ့စည်းပုံတွင် အမျိုးသမီးများကို ပဓာနကျသည့် ခေါင်းဆောင်မှုနေရာများ ရယူခွင့်မရှိအောင် ပြဋ္ဌာန်းဟန့်တားထားသည်။ ဤလုပ်ရပ်မှာ ‘ဒေါ်အောင်ဆန်းစုကြည်’ ကိုသာမက အမျိုးသမီး နိုင်ငံသား အားလုံးကိုပါ ခွဲခြား နှိမ့်ချလိုက်ခြင်း ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို နှစ်ပေါင်းများစွာ ငြင်းဆန် လက်မခံခဲ့ခြင်းသည်လည်း ယင်းအတွေးအခေါ်အ လှည့်အပြောင်းတိုက်ပွဲ၏ အဆက်ဟုပင် ဆိုရမည်။
အမျိုးသမီးများအား မူဝါဒရေးရာချမှတ်ရာတွင် ပါဝင်ခွင့်မရအောင် ပိတ်ပင်ဟန့်တားနေသူများမှာ ပဒေသရာဇ် အတွေး အခေါ်ဟောင်း လက်ခံသူ လက်ရှိ စစ်အာဏာရှင်များပင် ဖြစ်သည်။ လက်ရှိ ဗိုလ်သန်းရွှေ စစ်အုပ်စုသည် အတွေးအခေါ် အလှည့်အပြောင်း သမိုင်းဖြစ်စဉ်ကို အချည်းအနှီး ခုခံအန်တုနေပေသည်။ “အမျိုးသမီးများအပေါ် ခွဲခြားဖိနှိပ်မှုများ ပပျောက်ရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်” The Convention on the Elimination of All Forms of Discrimination against Women (CEDAW) ကို နိုင်ငံပေါင်း (၁၃၀) ၏ ထောက်ခံမှုဖြင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက် (၃၄/၁၈၀) အရ ၁၉၇၉ ဒီဇင်ဘာ (၁၈) မှာ အတည်ပြု ထားပြီးဖြစ်သည်။
ယင်းသဘောတူညီချက်ကို မြန်မာနိုင်ငံကလည်း လက်မှတ်ရေးထိုးထားပြီးဖြစ်၍ လိုက်နာကျင့်သုံးရမည့် တာဝန်ရှိသည်။ လက်မှတ်ရေးထိုးထားသော အဖွဲ့ဝင်နိုင်ငံသည် အမျိုးသမီးများကို အမျိုးသားများနှင့်တန်းတူ အခြေခံနိုင်ငံသားရပိုင်ခွင့်၊ အခြေခံလူ့အခွင့်အရေး ရပိုင်ခွင့်များပေးရန် တာဝန်ရှိသည်။ နိုင်ငံ့အရေးအရာကိစ္စများကို စီမံခန့်ခွဲဆုံးဖြတ်ရာတွင်လည်း အမျိုးသမီးများကို တန်းတူပါဝင်ခွင့်ပေးရမည်ဖြစ်သည်။ လက်ရှိ ပါလီမန်လွှတ်တော်များသမဂ္ဂ (IPU) ၏ သုတေသနပြုချက်အရ နိုင်ငံတကာ ပါလီမန်လွှတ်တော်များတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် (၈,၄၃၇) ယောက်ရှိပြီး အမျKdးသားလွှတ်တော်ကိုယ်စားလှယ်က (၃၅,၆၃၈) ဦး ရှိသောကြောင့် ပါလီမန်လွှတ်တော်များတွင် အမျိုးသမီးကိုယ်စားပြုမှု (၁၉.၁၄) ရာခိုင်နှုန်းရှိသည်။ ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံ (၁၈၉) နိုင်ငံအနက် နိုင်ငံ (၃၀) တွင် အမျိုးသမီးနိုင်ငံ့ခေါင်းဆောင်များ ဦးဆောင်နေသည်ကို တွေ့ရသည်။ လွှတ်တော် (၄၁) ခုတွင် အမျိုးသမီး ပါလီမန်လွှတ်တော်ဥက္ကဋ္ဌများ ရွေးချယ်တင်မြှောက်ခံရသည်။ ဤသည်မှာ ယနေ့ကမ္ဘာတွင် ဖြစ်ပေါ်နေသော အမျိုးသမီးအခွင့်အရေးဆိုင်ရာ သမိုင်းဖြစ်ပေါ်တိုးတက်မှု ညွှန်းကိန်းဖြစ်သည်။ ဤသမိုင်းပင်မရေစီးကို ဗိုလ်သန်းရွှေစစ်အုပ်စုသည် မိုက်မဲစွာ ခုခံဆန့်ကျင်နေသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သာမန်အမျိုးသမီးခေါင်းဆောင်တဦးမျှသာ မဟုတ်ဆိုသည်ကို ဗိုလ်သန်းရွှေ သိဖို့ကောင်းသည်။ ဒေါ်အောင်ဆန်းစုကြည်သည် “ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ” မှ တင်မြှောက်လိုက်သော ခေါင်းဆောင်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ လက်ခံအသိအမှတ်ပြုခြင်းခံရသော ခေါင်းဆောင်လည်းဖြစ်သည်။ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ၏ တောင်းဆိုချက်သည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု (Political System Change) ဖြစ်သည်။ ‘လွတ်လပ်ရေး၊ တရားမျှတရေးနှင့် တန်းတူရေးဆိုသော ဒီမိုကရေစီပိုင်ခွင့်’ ကို တောင်းဆိုခြင်းဖြစ်သည်။ ‘တန်းတူရေး’ ဟု ပြောရာ၌ လူမျိုး၊ လူတန်းစား၊ နိုင်ငံရေးယုံကြည်ချက်နှင့် ကိုးကွယ်သည့် ဘာသာမျှသာမက ‘လိင်’ ခွဲခြားဆက်ဆံမှု မပြုလုပ်ရေးလည်း ပါဝင်သည်။ လွတ်လပ်ရေး၊ တရားမျှတရေးနှင့် တန်းတူရေးဆိုသော ဒီမိုကရေစီပိုင်ခွင့်များ ဖြစ်ထွန်းတိုးတက်ရေးအတွက် တိုင်းရင်းသားပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်အား သူတို့ကိုယ်စားလှယ်အဖြစ် ရွေးချယ်ထားခြင်းဖြစ်သည်။
၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို သုံးသပ်လျှင်လည်း ပြည်သူက ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စားလှယ်များအား တခဲနက် ဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်သည်။ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့၏ကိုယ်စား တိုင်းပြည်အရေးအရာများကို စီမံအုပ်ချုပ်နိုင်ရန် အခွင့်အာဏာ (Authorization or Mandate) လွှဲအပ်လိုက်ကြခြင်းဖြစ်သည်။ တိုင်းပြည်အေးချမ်းသာယာမှုကို အမှန်လိုလားလျှင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို ဗိုလ်သန်းရွှေတို့ စစ်အုပ်စုအနေဖြင့် မသိကျိုးကျွန်မပြုသင့်ပေ။ ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာခေါင်းဆောင်များက တစိုက်မတ်မတ် တောင်းဆိုနေသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံးအကျဉ်းမှလွှတ်၍ မြန်မာ့နိုင်ငံရေးတွင် ပါဝင်တာဝန်ထမ်းခွင့်ပေးရပေမည်။
အထူးသဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံမှ ဆယ်စုနှစ်တခုမျှမက အစဉ်တစိုက် ဆုံးဖြတ်တိုက်တွန်းလျက်ရှိသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများမှတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှာဖွေရပေမည်။ ယနေ့ ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသားပေါင်းစုံ လူထုအများစု၏ ထောက်ခံမှုကို ရရှိထားရုံမက နိုင်ငံတကာခေါင်းဆောင်များ၏ ယုံကြည်အားထားမှုကိုပါ ရရှိနေသည့် နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်သည်။ ထိုအချက်ကို ဗိုလ်သန်းရွှေစစ်အုပ်စုက မျက်ကွယ်ပြုလျှင် ပြည်တွင်းစစ်ကင်းရှင်း၍ နိုင်ငံရေးတည်ငြိမ်သော လူမှုဘ၀ပတ်ဝန်းကျင်ကို ရရှိနိုင်ဖွယ်မရှိပေ။
သို့ဖြစ်ရာ စစ်ဗိုလ်ချုပ်များအနေဖြင့် ဉာဏ်အမြော်အမြင်ကြီးမား၍ ရင့်ကျက်သော နိုင်ငံရေးခေါင်းဆောင် (Statesman) ဒေါ်အောင်ဆန်းစုကြည်အား အောက်လမ်းနည်းအသွယ်သွယ်သုံးကာ မြန်မာ့နိုင်ငံရေးမှ ၀ိုင်းပယ်ရန် အားထုတ်ခြင်းမှာ အံ့ဖွယ်သူရဲ အသိဉာဏ်နုံချာမှုဟု ဆိုရန်မှတပါး အခြားစကားပင် မရှိတော့။ လက်ငင်း စစ်အုပ်စု ကြံစည်နေသော ၂၀၁၀ ရွေးကောက်ပွဲသည်ပင်လျှင် အဓိကပစ်မှတ်က ဒေါ်အောင်ဆန်းစုကြည်ဖြစ်နေသည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို ၂၀၁၀ ရွေးကောက်ပွဲအသစ်ဖြင့် ချေဖျက်ရန်ဖြစ်သည်။
ထိုသို့ မူလရည်ရွယ်ချက်ကိုယ်၌က မရိုးသားသည့်အလျောက် စစ်အစိုးရ၏ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေ စသည်တို့သည် ‘ဒီမိုကရေစီဆန့်ကျင်ရေး၊ ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေးစီမံချက်’ ဖြစ်နေကြောင်း အထင်အရှားတွေ့ရသည်။ ထို့ကြောင့်လည်း ပြည်တွင်းပြည်ပ နိုင်ငံရေးအကဲခတ်များက ၂၀၁၀ ရွေးကောက်ပွဲကို အတုအယောင်ဟု အကဲဖြတ်ထားကြခြင်းဖြစ်ပေသည်။ အဓိက အတိုက်အခံ အန်အယ်လ်ဒီကို ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မပေးလိုသည့်သဘော၊ ဒေါ်အောင်ဆန်းစုကြည်အား လူထုက ထပ်မံ မရွေးချယ်စေလိုသည့် သဘောပင်ဖြစ်သည်။
သို့သော် လူထု၏ ရင်ထဲအသည်းထဲမှ ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားပစ်ရန် နအဖ၏ ဆိုးညစ်သောအကြံမှာ အောင်မြင်ဖွယ်ရာမရှိ။ အကြောင်းမှာ လူထုအပေါ် ဒေါ်အောင်ဆန်းစုကြည် ထားရှိသည့် စေတနာမျိုး စစ်ဗိုလ်ချုပ်များတွင် တရွေးသားမျှ မရှိသဖြင့်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က လူထုအပေါ်ထားရှိသော စေတနာကို ယခုကဲ့သို့ ဖော်ပြဖူးသည်။
“ပြည်သူလူထုအတွက် ကျမ အလိုချင်ဆုံးကတော့ စစ်မှန်တဲ့ လွတ်လပ်ခွင့်အောက်မှာ လုံလုံခြုံခြုံနေရဖို့နဲ့ စစ်မှန်တဲ့ လုံခြုံမှုအောက်မှာ လွတ်လွတ်လပ်လပ် နေထိုင်နိုင်ဖို့ပါပဲ။ အကြောက်တရားကြီးစိုးမှု အနှောင်အဖွဲ့တွေကို ဖယ်ရှားနိုင်တဲ့ လူထုအဖြစ် ကျမ မြင်တွေ့လိုပါတယ်။ လွတ်လပ်တဲ့ လူသားတွေအဖြစ် မြန်မာပြည်သူတွေ ခေါင်းမော့ရင်ကော့နေနိုင်တာကို ကျမ မြင်တွေ့လိုပါတယ်။ ကျမတို့အားလုံးအတွက် ပိုပြီးသာယာချမ်းမြေ့တဲ့၊ ပိုပြီးလုံခြုံမှုရှိတဲ့ လူ့ဘောင်တခုကို စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် ကြိုးပမ်းတည်ဆောက်နေကြတာကို ကျမ မြင်တွေ့လိုပါတယ်။” (“လွတ်လပ်မှုကိုပဲ ကျမတို့ လိုချင်တယ်” Parade မဂ္ဂဇင်း၊ မတ်လ ၉ ရက် ၂၀၀၃)
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည်က တစိုက်မတ်မတ် မေတ္တာရပ်ခံခဲ့သော်လည်း စစ်အုပ်စုက အမြဲဥပေက္ခာပြုခဲ့သည်။ ၁၉၉၅ သြဂုတ်လ (၁) ရက်နေ့ ည (၉) နာရီတွင် ထုတ်လွှင့်ခဲ့သည့် ထိုင်းနိုင်ငံ နေးရှင်းသတင်းစာနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးတွင် ဒေါ်စု၏ ရိုးသားဖြောင့်မှန်သော နိုင်ငံရေးယုံကြည်ချက် စေတနာကို ယခုကဲ့သို့ တွေ့နိုင်သည်။
နေးရှင်းအယ်ဒီတာ ။ ။ စစ်မှန်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံကို အမှန်တကယ် ထူထောင်မယ်ဆိုရင် ဘယ်လို လျော်ကန်သင့်မြတ်တဲ့ မူဘောင်ချရမှာပါလဲ။
ဒေါ်အောင်ဆန်းစုကြည် ။ ။ ပထမဆုံး ‘ယုံကြည်မှုပတ်ဝန်းကျင်’ တခု တည်ဆောက်ကြရမှာပါ။ ဒီ ‘ယုံကြည်မှု’ ဟာ မြန်မာနိုင်ငံမှာ ကွယ်ပျောက်နေတဲ့အရာ ဖြစ်ပါတယ်။ ‘ယုံကြည်မှုပတ်ဝန်းကျင်’ တခု မတည်ဆောက်နိုင်သေးသမျှ ‘ထိရောက်မှုရှိတဲ့ ဆွေးနွေးပွဲ’ မျိုး ကျမတို့ စတင်နိုင်မှာ မဟုတ်ပါဘူး။ ဆွေးနွေးရေးစားပွဲမှာ ၀ိုင်းထိုင်လိုက်ဖို့ဆိုတာကတော့ လွယ်ပါတယ်။ ဒါပေမယ့် လူတိုင်းက တဦးအပေါ်တဦး သံသယတွေ ပွားနေကြရင် အများလက်ခံနိုင်တဲ့ သဘောတူညီမှုတခု ရရှိအောင် ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တိုင်းရင်းသားတွေ ယုံကြည်စိတ်ချနိုင်တဲ့ အစိုးရတရပ်ရှိတယ်ဆိုတာ ကျမတို့အနေနဲ့ ပြသဖို့လိုပါတယ်။ အဲဒီအစိုးရဟာ တိုင်းရင်းသားတွေရဲ့ မျှော်မှန်းချက်တွေနဲ့ ပြဿနာတွေကို စာနာထောက်ထားကြောင်းလည်း ပြသရပါလိမ့်မယ်။ ပြဿနာကို အဲဒီကနေစပြီး ကိုင်တွယ်ရမယ် ထင်ပါတယ်။ တချို့တိုင်းရင်းသားအင်အားစုတွေအနေနဲ့ ‘ထိရောက်မှုရှိတဲ့ ဆွေးနွေးပွဲ’ တွေ မစတင်မီ သူတို့ဖြစ်စေချင်တဲ့ မူဘောင်ဆိုင်ရာ အကြံပြုစရာတွေ ရှိပြီးဖြစ်နိုင်ပါတယ်။ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ မူဘောင်တခုရရှိဖို့အတွက် ညှိနှိုင်းဆွေးနွေးကြမယ်ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။
နေးရှင်းအယ်ဒီတာ ။ ။ စစ်ခေါင်းဆောင်များနဲ့ ဆွေးနွေးတဲ့အခါ တိုင်းရင်းသားလူမျိုးများရဲ့ ပြဿနာကို ဦးစားပေးကိစ္စအဖြစ် သဘောထားနိုင်ပါမည်လား။
ဒေါ်အောင်ဆန်းစုကြည် ။ ။ ပထမဆုံးလုပ်ရမှာက အပြန်အလှန် စကားစတင်ပြောနိုင်ကြဖို့ဖြစ်ပါတယ်။ အဲဒီနောက်မှာ အမှန်အတိုင်းပြောရရင် ဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေ ပါဝင်လာဖို့ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ မပါဝင်ခဲ့ရင် အရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ကျမတို့ မရနိုင်ပါဘူး။ ဒါကြောင့် ဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေ မုချပါဝင်ရမှာပါ။
နေးရှင်းအယ်ဒီတာ ။ ။ အဂတိလိုက်စား အကျင့်ဖောက်ပြားမှုဖြစ်စေတာ ‘အာဏာ’ ကြောင့်မဟုတ်။ ‘အာဏာကို လက်လွှတ်ဆုံးရှုံးရမှာ ကြောက်ရွံ့ခြင်း’ ကြောင့် ဖြစ်တယ်လို့ ခင်ဗျားရေးတဲ့ ‘ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ရေး’ စာအုပ်မှာ ရေးထားတာ တွေ့ရပါတယ်။ ခင်ဗျားကိုယ်တိုင်ရော မျက်မှောက်ကာလမှာ ဘာကို ကြောက်ရွံ့ပါသလဲ။
ဒေါ်အောင်ဆန်းစုကြည် ။ ။ ကျမအပေါ်မှာ ယုံကြည်အားထားနေကြတဲ့ ပြည်သူလူထုကို ကျမက စိတ်ပျက်အောင်လုပ်မိမှာ အကြောက်ဆုံးပါပဲ။ လူထုကို စိတ်ပျက်အောင် လုပ်မိမှာထက် ကျမကိုယ်တိုင်က အရည်အချင်း ကျဆင်းသွားတာဖြစ်ဖို့က ပိုများပါတယ်။ သူတို့ဖြစ်ချင်တဲ့ အရာတိုင်းကို ကျမအနေနဲ့ လုပ်မပေးနိုင်ပေမယ့် သူတို့စိတ်ပျက်အောင်တော့ ကျမ လုပ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ကို တခုခု လုပ်ပေးမယ်လို့ ကျမ ကတိပေးထားတာတော့ မရှိသေးပါဘူး။ ကျမ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်ပါ့မယ်လို့ ရိုးရိုးသားသား ပြောထားတာပဲ ရှိပါတယ်။
နိဂုံးချုပ်ရလျှင် ဒေါ်အောင်ဆန်းစုကြည်သည် ဆရာဦးဝင်းတင် အကဲဖြတ် ဖော်ညွှန်းသည့် “မီးလျှံထဲက ကြာ” ဆိုသည့် ဂုဏ်ဒြပ်နှင့် ညီညွတ်လှသည်ဟု ဆိုချင်ပါသည်။ ၁၉၉၉ ခုနှစ်ကုန်ပိုင်းတွင် ဆရာဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည်ကို ရည်စူး၍ (၃) ကြောင်း ဟိုက္ကုကဗျာတပုဒ် ထောင်တွင်း၌ ရေးဖွဲ့ခဲ့ပါသည်။ ကဗျာအမည်က ‘မီးလျှံထဲက ကြာ’ ဖြစ်သည်။
‘မီးလျှံထဲက ကြာ’
ရဲ ဇွဲ ဉာဏ် စည်း တာ
မကြောက်တရား တေးကဗျာ
မီးလျှံထဲက ကြာ။
‘ရဲ’ ဆိုသည်မှာ ရဲရင့်ခြင်း၊ ‘ဇွဲ’ ဆိုသည်မှာ စွဲမြဲခြင်း၊ ‘ဉာဏ်’ ဆိုသည်မှာ ဉာဏ်အမြော်အမြင်ကြီးခြင်း၊ ‘စည်း’ ဆိုသည်မှာ စည်းကမ်းကြီးခြင်း စည်းကမ်းသိခြင်း စည်းကမ်းထိန်းခြင်း၊ ‘တာ’ ဆိုသည်မှာ တာဝန်သိခြင်း တာဝန်ယူခြင်း တာဝန်ခံခြင်းဟု ဆရာက အနက်ဖွင့်ပြပါသည်။ သန့်ရှင်းခြင်း၊ စင်ကြယ်ခြင်း၊ ဖြူစင်ခြင်းတို့ဖြင့် တင့်တယ်လှသော ‘ကြာပန်း’ သည် မီးလျှံတွင်း၌ ပွင့်ရသည်ဖြစ်သော်လည်း တုန်လှုပ်ခြင်းမရှိ၊ “ရဲ ဇွဲ ဉာဏ် စည်း တာ” တည်းဟူသော ဂုဏ်သတ္တိတို့ဖြင့် ဆက်လက် လန်းဆန်းသင်းပျံ့နေဦးမည်ဖြစ်သည်။
စစ်အာဏာရှင်စနစ် မီးလျှံဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ စွမ်းရည်သတ္တိတို့ကို ချေမှုန်းရန် အားထုတ်သော်လည်း ပြည်သူလူထုထောက်ခံမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်သည် ကြီးမြင့်သည်ထက် ကြီးမြင့်လာဖို့သာရှိသည်။ သံမဏိကို ဆေးသားတင်ပေးသကဲ့သို့သာဖြစ်မည်။ ဒေါ်အောင်ဆန်းစုကြည်သည် မိမိ၏ ကိုယ်ပိုင်ဘ၀၊ မိမိ၏ မိသားစု ဘ၀နှင့်တကွ မိမိ၏ စည်းစိမ်ဥစ္စာ ဂုဏ်ပညာတို့ကို တွန့်ဆုတ်ခြင်း အလျဉ်းမရှိဘဲ စွန့်လွှတ်၍ မိမိနိုင်ငံနှင့် လူထုအတွက် လွတ်လပ်ရေး၊ တရားမျှတရေးနှင့် တန်းတူရေးဆိုသည့် ဒီမိုကရေစီပိုင်ခွင့်များရရှိရေး တိုက်ပွဲလမ်းကို ရွေးချယ်ခဲ့သူ ဖြစ်သည်။ တရားမျှတမှုနှင့် သစ္စာတရားဘက်က ရပ်တည်သူဖြစ်၍လည်း တနေ့တွင် ‘မီးလျှံထဲက ကြာ’ ဟူသော ဂုဏ်ပုဒ်နှင့်အညီ ကမ္ဘာ့အလယ်၌ ထည်ဝါစွာ ဂုဏ်ပြုခံရဦးမည်မလွဲဖြစ်သည်။ ။
Ref: ခေတ်ပြိုင်
နေ့စဉ်သတင်းများ ( ၄ - ၈ - ၁၀ )
■ မြန်မာ (၁၀) ဦးတွင် (၁) ဦးနှုန်း အငတ်ဘေးကြုံနေဟု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ဆို သတင်း
■ ရွေးကောက်ပွဲကို နှောင့်ယှက်လျှင် ထောင်အနှစ် (၂၀) ဟု ဗိုလ်ချုပ်ကြီးတို့ ခြိမ်းခြောက် သတင်း
■ အငြိမ်းစားဝန်ထမ်းများ လခတိုးမြှင့်ပေးရန် နိုင်ငံတော်အကြီးကဲထံ တင်ပြတောင်းဆို သတင်း
■ ရဲမွန်တပ်သားများ စုငွေ ပြန်ထုတ်ပေးရန် တောင်းခံ သတင်း
■ အကျဉ်းကျ တိုင်းရင်းသားမိသားစုများကို NLD ခေါင်းဆောင်များ တွေ့ဆုံ သတင်း
■ ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံအပေါ် မူဝါဒနှင့် ပတ်သက်ပြီး အမီတြာဆဲန် ပြင်းပြင်းထန်ထန် ဝေဖန် သတင်း
■ ထိုင်းဝန်ကြီးချုပ် လည်ပတ်ခွင့်ကို စစ်အစိုးရ ခွင့်ပြု သတင်း
■ စစ်အစိုးရနှင့် KNLA တိုက်ပွဲ စစ်အစိုးရဖက်က အရာရှိအပါအ၀င် (၉) ဦး သေ သတင်း
■ DKBA ကိုးသုံးလုံးတပ်ရင်းက စစ်အစိုးရထံ လက်နက်အပ်နှံ သတင်း
■ လုံခြုံရေးမပါသော နအဖစစ်လက်နက်ပစ္စည်း ကေအဲန်ယူ သိမ်းယူဖျက်ဆီး သတင်း
■ ကရင်အပစ်ရပ်အဖွဲ့များ တပ်ပြင်ပတွင် လက်နက်မကိုင်ရ သတင်း
■ အပစ်ရပ်အဖွဲ့များအား လက်နက်ကိုင်ဆောင် သွားလာခွင့်ကို ပိတ်ပင် သတင်း
■ ပအိုဝ်းနဲ့ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်များအကြား ပဋိပက္ခဖြစ်အောင် စစ်အစိုးရ ဖန်တီးနေ သတင်း
■ တိုကျိုဆန္ဒပြပွဲက ဘန်ကီမွန်းအား မြန်မာ့အရေး တောင်းဆိုစာ ပေးအပ် သတင်း
■ စစ်တွေမြို့တွင် လုံခြုံရေးတိုးမြှင့်ချထား သတင်း
■ စလင်းမြို့နယ် အာဏာပိုင်က ဒေသခံတွေကို အဓမ္မလုပ်တဲ့ ရပ်ကွက်ဥက္ကဌကို အကာအကွယ် ပေး သတင်း
■ ဦးခိုင်ပြည်စိုးနှင့် တွေ့ဆုံမေးမြန်းချက် သတင်း
■ နိုင်ငံကူးလက်မှတ်အသစ်များ စတင်ထုတ်ပေး သတင်း
■ မြန်မာ့ဒီမိုကရက်များ စစ်အာဏာရှင်ထံ ဒူးထောက်အညံ့ခံမည်မဟုတ် (ဆောင်းပါး)
■ အကြောက်တရားနွံထဲက (ဆောင်းပါး)
■ ဒီမိုကရေစီဖျက်မည့် ခြွင်းချက်များ (ဆောင်းပါး)
Wednesday, August 4, 2010
အရုဏ်ဦးမှာ ဖူးသည့်ကြာနှင့် ပတ်သက်၍ တင်သန်းဦး၏ ရင်ဖွင့်စကား
ကျော်ခ
အင်္ဂါနေ့၊ သြဂုတ်လ ၀၃ ရက် ၂၀၁၀
လတ်တလော ရေပန်းအစားဆုံး စူပါစတားများ အပါအဝင် သရုပ်ဆောင် ၆၈ ဦး အသုံးပြု ထားသော ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်လုပ်သည့် ”အရုဏ်ဦးမှာ ဖူးသည့်ကြာ” ရုပ်ရှင်နှင့် ပတ်သက်၍ စစ်အစိုးရ ဝါဒဖြန့်ချိရေး ရုပ်ရှင်ကားအဖြစ် ဝေဖန် သံများစွာ ပေါ်ထွက်နေသည်။
ပါဝင်သရုပ်ဆောင်ခဲ့သူ နေတိုးနှင့်အဖွဲ့ကို အင်္ဂလန်နိုင်ငံရှိ မြန်မာများက တနင်္လာနေ့က ကန့်ကွက် ဆန္ဒပြမှုများလည်း ရှိနေပြီး နိုင်ငံခြား တိုင်းပြည်များက ပြည်ဝင်ခွင့် ဗီဇာပိတ်ရန် လှုံ့ဆော်မှုများလည်း ရှိနေသည်။
ဒီရုပ်ရှင်ကြောင့် ပြစ်တင်ပြောဆိုခြင်း ခံရသူများတွင် ထိပ်ဆုံးမှ ခံရသူကတော့ ဒါရိုက်တာအဖြစ် တာဝန်ယူရသည့် တပ်မတော် စိတ်ဓာတ် စစ်ဆင်ရေးတွင် နှစ် ၂ဝ အမှု ထမ်းခဲ့သော ဒုဗိုလ်မှူးကြီးဟောင်း တင်သန်းဦး ဖြစ်သည်။
ဇာတ်ကားကြောင့် ဘယ်သူတွေ အကျိုးအမြတ် ဖြစ်ထွန်းလဲ၊ ကန့်လန်ကာ နောက်ကွယ်မှ အဖြစ်အပျက်များနှင့် ပတ်သက်ပြီး အငြင်းပွားဖွယ်ရာ ဒါရိုက်တာ တင်သန်းဦးကို မဇ္ဈိမက သတင်းထောက် ကျော်ခက ဆက်သွယ် မေးမြန်းထားသည်။
* ဒီဇာတ်ကားရိုက်ဖို့အတွက် ဘယ်လိုကနေ လုပ်ဖြစ်သွားတာလဲ။ အန်ကယ်ရဲ့ ကိုယ်တိုင် ဇာတ်ညွန်းလား။ ဒါမှမဟုတ် အထက်ကခိုင်းလို့ လုပ်ပေး ရတာလား။
ကျနော်က မနှစ်က မက်လမှ နှလုံးခွဲထားတာ။ ဒုတိယအကြိမ် ခွဲတာဆိုတော့ ဘာမှလဲ လုပ်လို့ မရဘူးပေါ့နော်။ ရင်ဘက်ကလဲ ဒီမှာ ဒဏ်ရာကြီးနဲ့ပဲ။ ခွဲပြီးခါစ ဒီလိုမိုးတွင်းပေါ့ အဲဒီအချိန်မှာ ပြန်ကြားရေးက ဖိတ်တာပေါ့လေ။
ရိုတ်ဖို့က ပြန်ကြားရေးက သူတို့ဘာသူတို့ စီစဉ်နေတာ။ ရေးတာက ငြိမ်းမင်းနဲ့ လှိုင်အောင်နဲ့ရေးတာ။ ရေးပြီး သူတို့ရေးတဲ့ ဟာတွေကို သုံးသပ် ပေးပါဆိုလို့ အကြံပေးတဲ့ အနေနဲ့ ကျနော်တို့ကို ဖိတ်တာ။ သူတို့ နှစ်ယောက် ရေးတာကို ပေါင်းပေးပါ ဆိုပြီးတော့ ကျနော့်ကို အကူအညီ တောင်းတာ။ ရိုက်ခိုင်းသေးတာ မဟုတ်ဘူး။
ကျနော်ကတော့ ပြောလိုက်တယ်။ ကျနော်တော့ နေမကောင်းဘူးလို့ ကျနော့်ကို ချမ်းသာပေးပါလို့ ကျနော်က ပြောပြီးတော့ အဲဒီမှာ ပြင်ကြ ဆင်ကြတာပေါ့လေ။ ပြင်ကြ ဆင်ကြရင်းနဲ့ပဲ ဘာပြောလာလဲ ဆိုတော့ ငြိမ်းမင်းရေးတာနဲ့ လှိုင်အောင် ရေးတာနဲ့ ပေါင်းပေးပါတဲ့။ အဲဒါကို ကြည့်လိုက်တဲ့ အချိန်ကျတော့ ရွာလည်နေရော။
ပေါင်းဆိုလို့သာ ပေါင်းပေးလိုက်တာ အချိုးတော့ မပြေဘူးဗျ။ ကျနော့်စိတ်ကြိုက် မဟုတ်ဘူးပေါ့ဗျာ။ ကျနော်က ပြန်ပြော လိုက်တယ်။ လွတ်လပ်ရေး မရခင် ဟိုးစစ် မဖြစ်ခင်ကနေ စပြီးဆိုတော့ ဒီဟာကြီးက ဘယ်တော့ ဆုံးမလဲ။
ဆုံးမှာလည်း မဟုတ်ဘူးဆိုပြီး အဲဒီလွတ်လပ်ရေး မရခင်ကဟာတွေကို ဖြုတ်ပေးပါ။ ဒါလေးနဲ့တော့ ရိုက်လို့မရဘူး။ အဲဒီတော့ သမိုင်းကြောင်းကို ပြန်စိစစ်ပေးပါ ဆိုတော့ အဲဒီမှာတခါ ထပ်ဖိတ်တာပေါ့လေ။ တက္ကသိုလ် မြတ်သူတို့၊ ချစ်နိုင် စိတ်ပညာတို့၊ ပြန်ကြားရေး ဘက်က လူကြီးတွေနဲ့ ဝိုင်းဆွေးနွေးကြ။ လုပ်ရင်းနဲ့ စာမျက်နှာက ၆ဝ လောက် ဖြစ်သွားတယ်။ ဒါတွေ အကုန် ထည့်မှာလား ဆိုတော့ အဲဒါတွေ အကုန်ပါအောင် ထည့်မယ်တဲ့။ ဒါဆိုရင် ဒီကားက တကားထဲတော့ပြီးမှာ မဟုတ်ဘူး။ ဒါနဲ့ အဲဒီ ဇာတ်ကားက ၁ ပိုင်းကို ၁ နာရီ ၄၅ မိနစ်နဲ့ ၃ ပိုင်း ဖြစ်သွားတယ်။
* ဇာတ်ကားမှာလည်း နာမည်ကြီး မင်းသားမင်းသမီး သရုပ်ဆောင်တွေ အများကြီး အသုံးပြုထား ဆိုတော့ ဒီဇာတ်ကားမှာ ကုန်ကျငွေ တော်တော်များလား။
အဲဒီလောက် မကုန်ပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ဇာတ်ကား သွားရိုက်တဲ့ နေရာမှာရှိတဲ့ ဒေသခံ တိုင်းတို့ ဘာတို့က အကျွေးအမွေး ကိစ္စတွေ တာဝန်ယူတာ ဆိုတော့ ပြန်ကြားရေး ဘက်က သိန်း ၈ဝဝ လောက်ပဲ ကုန်ပါတယ်။ သရုပ်ဆောင် ကြေးတွေကို နှုန်းအပြည့် မပေးရဘူး။ ပေးများပေးရရင် သိန်း ၅ဝဝဝ လောက် ကုန်သွားမလား မသိဘူး။
* ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ကြတဲ့ မင်းသား/မင်းသမီးတွေကို သရုပ်ဆောင်ကြေး ဘယ်လို ပေးရလဲ။
အဲဒါ တယောက်နဲ့တယောက် တူမှာမဟုတ်ဘူး။ သူတို့ နှုန်းတိုင်း အပြည့်တော့ မပေးရဘူး။ ဒါကတော့ သူတို့လည်း သဘော ပေါက်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ကို အစိုးရက လုပ်ပေးထားတာ ရှိတယ်လေ။
သူတို့ Income tax တွေ ဆိုလို့ရှိရင် ရာခိုင်နှုန်း ၅ဝ လျှော့ပေးထားတာပဲ။ အဲဒီကြားထဲက များတယ်ထင်ရင် ထပ်တင်- တင်သလောက်ကို လျှော့ပေး ထားတာပဲ။ အဲသလိုမျိုးပေါ့ သူတို့ လိုချင်သလောက်ကို လုပ်ပေးထားတာ ရှိတာပေါ့။
ဒါက ပြန်ကြားရေးနဲ့ ရုပ်ရှင်အစည်းအရုံးနဲ့ ညှိပြီးတော့ သူတို့ကို ခေါ်တာ။ ခေါ်ပြီးတော့ သူတို့ကို ပေးတာတွေတော့ ရှိတယ်။ နောက်ညစာစားပွဲ ဖိတ်ပြီးတော့ ဆု ချီးမြှင့်တာတွေလည်း ရှိတယ်။
ကျနော်တို့ကိုလည်း ချီးမြှင့်ပါတယ်။ ကျနော့်ကိုဆိုရင် ၄ သိန်းလားမသိဘူး။ ချီးမြှင့်တယ်။ ဒီလောက်ပါပဲ ကျနော်တို့က များများစားစားလည်း မယူပါဘူး။ ဘာမှလည်း သူတို့ဆီက အခွင့်အရေးလည်း မတောင်းဘူး။
* စောစောကပြောတာ ဒီဇာတ်ကားရဲ့ ဇာတ်ညွန်းက ကိုယ်ပိုင်ဇာတ်ညွန်း မဟုတ်ဘူး။ သူများရေးတဲ့ ဇာတ်ညွန်းတွေဆိုတော့ ပြည့်စုံမှုရှိလား။ တကယ် အလုပ် လုပ်ရတဲ့အခါမှာ စိတ်ကြိုက်တွေ့လား။
ကျနော့စိတ်ကြိုက်ဆိုလို့ရှိရင် ဒါလောက်အရှည်ကြီး မရိုက်ဘူး။ ဦးတည်ချက်က ဘာကို ဆိုလိုချင်တာလဲ။ ဦးတည်ချက် တချက်ပဲပေး။ ရုပ်ရှင်ကားက ထိုင်ကြည့်ရင် ဦးတည်ချက်က တချက်ပဲ ပေးရမှာ။ ဥပမာ ရာဇဝတ်ဘေး ပြေးမလွတ်၊ ဆေးလိပ်သောက်တာ မကောင်းဘူး၊ အရက်မူးရင် ဘာဖြစ်တယ် ညာဖြစ်တယ်။ ဒီလိုမျိုး တချက်ပဲဝင်မှာ။ ဇာတ်လမ်းက ဟိုဘက်ပဲ ဦးတည်ရမလိုလို ဒီဘက်ပဲ ဦးတည်ရမလိုလို အဲဒါမျိုးဆိုရင် အဲဒီကားတွေက ရှည်ပြီ။
* သရုပ်ဆောင်တွေနဲ့ အရင်တုန်းက ခေတ်မှာရှိခဲ့တဲ့ လူတွေရဲ့ ဇာတ်ကောင် စရိုက်မှာရော အခက်အခဲတွေ ရှိလား။
ဦးနုနဲ့ တူတဲ့လူကို သရုပ်ဆောင်ရှာပြီး မရိုက်နိုင်ဘူး။ ဦးနုနဲ့ တူတဲ့လူက သရုပ်ဆောင်ရှာဖို့ ဆိုတာ အင်မတန် ခဲယဉ်းတယ်။ ဦးနုလို ဥပဓိ ရုပ်မျိုးနဲ့ ဘာနဲ့ညာနဲ့ ဒီသရုပ်ဆောင်တွေနဲ့ ဘယ်လိုမှ မကိုက်ဘူး။ ဦးကျော်ငြိမ်းလည်း ဒီအတိုင်းပဲ။ ဦးဗဆွေလည်း ဒီအတိုင်းပဲ။ သူတို့က အင်မတန်မှ တကယ့်ကို နိုင်ငံရေး သမားကြီးတွေလေ။ ဂုဏ်သိက္ခာရှိတဲ့ လူကြီးတွေ။ သူတို့ပုံစံ မျိုးတွေကို ဒီသရုပ်ဆောင်တွေ မရဘူး။
* ဒီဇာတ်ကားမျိုးကိုရော ဆင်ဆာဘုတ်က ဆင်ဆာ ဖြတ်တာရှိသေးလား။ ရှိရင် ဘယ်လို အခန်းမျိုးတွေကို ဖြတ်လဲ။
ရှိပါတယ်။ ကြီးကြီးမားမား အခန်းမျိုးတွေတော့ မဟုတ်ပါဘူး။ ကျနော်တို့ကတော့ သမိုင်းအတိုင်း ရိုက်တာပေါ့နော်။ ဥပမာ ပြောရမယ် ဆိုလို့ရှိရင် ၁၉၅၈ ခုနှစ် အကွဲအပြဲ ဇာတ်လမ်းပေါ့။ ဦးဗဆွေက ပြောတယ်။ ရဲဘော်တွေကတဲ့ အရင်တုန်းက ငါ့ကို ကျားကြီးဗဆွေ လို့ခေါ်တယ်တဲ့။ အလုပ်လုပ်တာ ပြတ်သားလို့။
အခုကြတော့ ငါ့ကို နွားကြီးဗဆွေလို့ ခေါ်ကုန်ပြီတဲ့ ပြတ်သားသား မလုပ်တော့လို့တဲ့။ သဘောကတော့ ဦးနုနဲ့ သူတို့အုပ်စုနဲ့ တိုက်တဲ့ နေရာမှာ မပြတ်သားလို့ အောက်က မကျေနပ်ဘူးဆိုပြီး ပြောတာကို သူကိုယ်တိုင် ပြောတဲ့ စကားပေမယ့် ဒါတော့ ရင့်သီးတယ် ဆိုပြီး ဖြုတ်တယ်။
* ဒီဇာတ်ကားက စိတ်ဓါတ်စစ်ဆင်ရေး လုပ်တာလို့ တချို့က ဝေဖန်နေကြတယ်။ အန်ကယ် အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အန်ကယ် အနေနဲ့ ဘယ်လို ပြောချင်လဲ။
ကျနော်က စိတ်ဓါတ်စစ်ဆင်ရေး ရုံးမှာ အနှစ် ၂ဝ လုပ်လာတာ။ ကျနော် စိတ်ဓါတ်စစ်ဆင်ရေး အရာရှိ လုပ်လာတာ အကြာကြီးပဲ။ ကျနော်သာ စိတ်ဓါတ် စစ်ဆင်ရေးလုပ်ရင် ဒါမျိုး မလုပ်ဘူး။ သူက နဲနဲလေး ဒဲ့ဒိုး ဆန်တာပေါ့။ စိတ်ဓါတ် စစ်ဆင်ရေး ဆိုတာ ဒဲ့ဒိုး မဟုတ်ဘူး။ လုပ်လို့ လုပ်လိုက်မှန်း မသိအောင် လုပ်တာ။ ကျနော်တို့ အများကြီး လုပ်ခဲ့ဘူးပါတယ်။ အတွေ့အကြုံတွေလည်း ရှိတယ်။
အခုဟာ ဇာတ်လမ်းဇာတ်ညွှန်းတွေက ကျနော်စိတ်ကြိုက် မဟုတ်ဘူး။ သူတို့ ချပေးတဲ့အတိုင်း သဘောတူတဲ့ အတိုင်း ကျနော်က ရိုက်တာ။
* အန်ကယ်အနေနဲ့ ကိုယ်တိုင် ဇာတ်ညွန်းရေးပြီး စိတ်ဓါတ်စစ်ဆင်ရေး ဇာတ်ကားရိုက်မယ် ဆိုရင် ဘယ်လို ပုံစံမျိုး ရိုက်မလဲ။
ကျနော်သာ စိတ်ဓါတ်စစ်ဆင်ရေး ဇာတ်ကားရိုက်ရင် ဘယ်လိုကားမျိုး ရိုက်ပြမလဲဆိုရင် ဥပမာပြောရရင် မင်းသားတွေ အများကြီးနဲ့ မဲသဝေါ တိုက်ပွဲကို THE LONGEST DAY လို ဇာတ်လမ်းမျိုး ရိုက်မှာပေါ့။ THE LONGEST DAY မှာဆိုရင် ဂျာမန်ကို ထိုးနှက် သွားတာပဲ။
ရမ်ဘိုလိုဟာမျိုးဆိုရင်တော့ ပေါပါတယ်။ သူတယောက်တည်းနဲ့ လူအများကြီးကို လျှောက်ချနေတဲ့ ဟာမျိုးတွေ။ နောက် Platoon လို ဟာမျိုးတွေ အဲဒါတွေက တကယ့်ဖြစ်ရပ်မှန်။ အဲဒီလို ဇာတ်ကားမျိုးတွေ ကျတော့ လူတွေက လက်ခံတယ်လေ။ အဲဒါမျိုးပေါ့။
စိတ်ဓါတ်စစ်ဆင်ရေးမှာ မူဝါဒ တခုရှိပါတယ်။ သီအိုရီပါပဲ။ ပရိသတ်ရဲ့အကြိုက်ကို ဘယ်တော့မှ မဆန့်ကျင်ရတဲ့။ ပရိသတ်တွေ အားလုံး ကြိုက်အောင် လုပ်မှာပဲ။ ပရိသတ်တွေ ကြိုက်မယ့်ဟာကို ၈ဝ ရာခိုင်နှုန်းလောက် ထည့်ပေးရမယ်။ ဟာသတွေပဲ ဖြစ်ဖြစ် ဘာပဲ ဖြစ်ဖြစ်ပေါ့နော်။ ကိုယ်ထည့်ချင်တဲ့ အိုက်ဒီယိုလော်ဂျီကို ၂ဝ ရာခိုင်နှုန်းလောက်ပဲ ထည့်ပေးရမယ်။ အခု ဒီကားမှာဆိုရင် ပြောင်းပြန်လောက် ဖြစ်တယ်။
* အရုဏ်ဦးမှာ ဖူးသည့်ကြာဇာတ်ကိုက သမိုင်းကြောင်းတွေကို ပြောင်းပြန်လုပ်ပြီး ရိုတ်ထားတယ်လို့ ဝေဖန်သံတွေ အများကြီး ထွက်နေတယ်။ ဒါကိုရော အန်ကယ် ဘယ်လိုမြင်လဲ။
အဲလိုဝေဖန်တာတွေကို အင်တာနက်ထဲမှာလည်း အများကြီးတွေ့တယ်။ ဒါပေမယ့် အဲဒါနဲ့ ပတ်သက်ပြီး သမိုင်းကြောင်း အထောက် အထားနဲ့ ပတ်သက်ပြီး တာဝန်ခံ စစ်ပေးမယ့်လူတွေ ရှိတယ်။ ဥပမာ ၁၉၄၈ ခုနှစ် ဗိုလ်ချုပ်နေဝင်းက အာဏာမရခင်မှာ ကာကွယ်ရေး ဦးစီးချုပ် မဟုတ်ဘူး။ ဒုတိယ ဗိုလ်ချုပ်ကြီး စမစ်ဒွန်း သူက ကရင်။ သူ့ကို ဘယ်သူမှတောင် မသိဘူး။ လွတ်လပ်ရေးရတဲ့ အချိန်မှာ သူက စစ်ဦးစီးချုပ်။
လေတပ်ဗိုလ်ချုပ်က စောရှီးရှိုး ကရင်။ အဲလိုဖြစ်နေတဲ့အချိန်မှာ ဦးနုနဲ့ သူတို့နဲ့ ကေအန်ယူ သောင်းကျန်းမှု ဘာညာ လုပ်နေတဲ့ အချိန်မှာ နောက်ဆုံးကျ ဦးနုက မနိုင်ဘူး။ မနိုင်ဘူးဆိုတာ သူလျှော့ပေး နေတာကိုး။ နောက်ကျတော့ သူပြောလို့ မရတော့ ကွန်မြူနစ် ဦးသိန်းဖေမြင့်တို့က ဖိအားပေးတာလည်း ပါတယ်။
ဦးဗဆွေတို့ ဦးကျော်ငြိမ်းတို့ကလည်း ဖိအား ပေးတာပါတယ်။ ကဲအဲဒါဆို ကရင်အရာရှိတွေ ထုတ်ပစ်ဆိုပြီး သူတို့က စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စမစ်ဒွန်းကို အနားပေးပစ် လိုက်တယ်။ လေတပ်ဗိုလ်ချုပ်ကို အနားပေးတယ်။ ပြီးတော့ ဗိုလ်ချုပ်နေဝင်းကို ခေါ်ပြီး စစ်ဦးစီးချုပ် ခန့်လိုက်တယ်။ ခန့်လိုက်တဲ့အချိန်မှာ အဲဒီမှာ ကေအန်ယူက အဲဒါ မကျေနပ်ပြီးတော့ စတာပဲ။ ကေအန်ယူ တော်လှန်ရေးတွေ ဖြစ်ကုန်တယ်ဆိုတာ အဲဒါပဲ။
* အန်ကယ်က ဖြစ်ရပ်မှန်တွေကို ပြန်ရိုက်တယ်ဆိုတော့ ၁၉၈၈ အရေးတော်ပုံလို ဟာမျိုးကိုရော အန်ကယ် အနေနဲ့ ပြန်ရိုက်ပြဖို့ ရှိလား။
မရှိပါဘူး။ အဲဒီအကြောင်းကို ရေးတော့ ရေးဘူးတယ်။ အဲဒီတုန်းက ခွင့်မပြုဘူး။ စာမူကလည်း ပျောက်သွားတယ်။ ကျောင်းသားတွေ အကြောင်းပဲ ရေးတာပါ။ ပြန်လာတဲ့ ကျောင်းသားတွေကို အင်တာဗျူး အကုန် လုပ်ပြီးတော့မှ ရေးထားတာပါ။ အဲဒီတုန်းကတော့ တပ်မှာကိုက သတင်းထုတ်ပြန်ရေး အဖွဲ့ဆိုပြီး တဖွဲ့ရှိသေးတာ။ စာပေစိစစ်ရေးထက် မြင့်တဲ့ အဖွဲ့ပေါ့။ အဲဒီအဖွဲ့က ခွင့်မပြုဘူးလည်း မပြောဘူး။ ဆိုင်းငံ့လို့ ပြောထားပြီး စာမူက ပျောက်သွားတာ။ စာမူက လက်ရေးမူပါ ပျောက်သွားတော့ အဲဒါနဲ့ ပြန်လည်း မရေးနိုင်တော့ဘူး။
* အန်ကယ့်အနေနဲ့ရော ကြံ့ဖွံ့ကိုယ်စားပြု ဇာတ်ကားမျိုးတွေရော ရိုက်ဖို့ရှိလား။ သူတို့ကရော ဇာတ်ကားရိုက်ဖို့ ပြောလာတာမျိုးရှိလား။
အဲဒါတော့ မရိုက်နိုင်ဘူးလို့ပဲ ပြောလိုက်တယ်။ သူတို့ကလည်း ရိုက်ချင်တယ်လို့သာ ပြောတာ၊ ဘာမှမရှိဘူး။ ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆိုတော့ ဘယ်လိုမှ လုပ်မနေနဲ့လို့ ပြောလိုက်တယ်။ ရိုက်ချင်တယ်။ ဘယ်လိုလုပ်ကြရင် ကောင်းမလဲ။ ဘာလဲဆိုပြီး စကားတော့ စလာတယ်။ ငါတော့ လာမခိုင်းပါနဲ့လို့ ကျန်းမာရေး မကောင်းဘူးလို့။ အဲဒီ အာရုံဦးမှာ ဖူးသည့်ကြာ ရိုက်ပြီးကတည်းက အိမ်မှာ ၂ လလောက်က လဲနေတာ ထတောင် မထနိုင်ဘူး။ ကျနော့် နှလုံးက ၂ ခါခွဲပြီးပြီ။ အဲဒီဇာတ်ကား ရိုက်တုန်းက အနာတောင် မကျက်သေးဘူး။ မနှစ်ကတည်းက ရိုက်နေတာလေ။ ရိုက်ကူးတဲ့ရက်က ခရီးသွားရက်မပါ ၂၉ ရက် ကြာတယ်။
* အန်ကယ်အနေနဲ့ ဒီလို ပေါ်လစီ ဇာတ်ကားမျိုးတွေ ရိုက်တဲ့အတွက် ပရိတ်သတ်က မုန်းမယ် ဆိုတာမျိုးရော ထည့်တွက်ခဲ့ဘူးလား။
တချို့ နားလည်တဲ့ လူကလည်း နားလည်ပါတယ်။ နားမလည်တဲ့ လူကလည်း ဆဲသွားမှာပေါ့ဗျာ။ ဒါကတော့ ကိုယ်လုပ်တဲ့ အလုပ် ကိုယ့်နာမည်ကြီး စာတမ်းထိုးလိုက်ရင် ကိုယ်ကတော့ တာဝန်ယူရမှာပဲ။ မရှောင်ပါဘူး။ ဟာ ဒီဥစ္စာကြီး ကျနော်မသိဘူး။ မသိလို့ လုပ်လိုက် ရတာပါလို့ ကျနော်မပြောဘူး။ သဘောကတော့ ကျနော် အတင်းဆေးရုံတက် ပြေးရင်ရတာပဲ။ ဒါပေမယ့် သြော်.. ကိုယ့်ကို တာဝန်ပေးပြီ ဆိုမှတော့ တာဝန် ကျေအောင် လုပ်ရတော့မှာပဲ ဆိုပြီး လုပ်လိုက်တာပါ။
* အန်ကယ်က အရင်တုန်းက တပ်မတော်သား တယောက်ပေါ့လေ။ အဲဒီကနေပြီးမှတဆင့် စာတွေရေး၊ ရုပ်ရှင်တွေ ရိုက်ဆိုတဲ့ လိုင်းဘက် ဘယ်လိုကူးခဲ့တာလဲ။
အရင်တုန်းကတော့ ကျနော်က ခြေလျင်စစ်သားပဲ။ ခြေလျင်စစ်သားကနေပြီးတော့ တပ်မတော် စာစဉ်မှာ စာရေးတဲ့ လူမရှိဘူးလို့ ဆိုပြီး ကျနော့်ကို ခေါ်တဲ့အချိန်မှာ ကျနော်က ငြင်းနေတာပေါ့နော်။ နောက်ဆုံး လူမရှိလို့ဆိုပြီး ကျနော့်ကို အတင်း ဆွဲခေါ်တော့ ကျနော် ခြေလျင် စစ်သားကနေ ရောက်လာတယ်။ ရောက်လာပြီး စာအုပ်ထုတ်ခိုင်း။
အဲဒီကနေ တခါ စစ်ရုံးကိုခေါ်။ ခေါ်ပြီးတခါ ရုပ်ရှင်မှာလုပ်မယ့်လူ မရှိဘူး သွားလုပ်ဆိုတော့ ရုပ်ရှင်က ကိုယ်လည်း မတတ်ဘူး။ မတတ်တော့ ပြန်လေ့လာရတယ်။ သင်တန်း တက်ရတယ်။ အဲဒါတွေ လုပ်ပြီးတော့မှ လုပ်တာပေါ့ဗျာ။
အဲသလို ကျနော်တို့က လုပ်ခဲ့တာ လုပ်ခဲ့ပြီးတော့မှ ခိုင်းရော။ ခိုင်းတဲ့ အခါကျတော့ စိတ်ဓာတ် စစ်ဆင်ရေးဆိုတာ ရုပ်ရှင်ရိုက်တာ စာရေးတာ ၂ ခုတည်း မဟုတ်ဘူး။ တခြားဟာတွေ အများကြီး ရှိပါတယ်။ လေယာဉ်ပျံပေါ်က နေပြီး စာရွတ်တွေ သွားပြီး ကြဲချရတာတို့ ဘာတို့ အများကြီးပဲ။
၈၈ ဆူပူနေတုန်းကလည်း မြောက်ဥက္ကလာမှာ လေယာဉ်နဲ့ ဆူပူနေရင် တပ်ကဝင်လိမ့်မယ် ဘာညာနဲ့ အဲဒီစာတွေ သွားကြဲ ချရတာပဲ။ နောက်တခါ ကျောင်းသားတွေ သွားတော့ ပြန်ခေါ်တဲ့စာလည်း နယ်စပ်တွေမှာ သွားပြီးတော့ လိုက်ကြဲတယ် ဒါက စိတ်ဓာတ် စစ်ဆင်ရေးတွေပဲ။
အဲတော့ ဒီရုပ်ရှင်ရိုက်တာ ဘာညာကျတော့ အများက သိလာတယ်။ တကယ့် စိတ်ဓာတ် စစ်ဆင်ရေးမှာ ၂ မျိုးရှိတယ်။ တမျိုးက လျှို့ဝှက်ပြီး လုပ်တယ်။ ဘယ်သူလုပ်မှန်း မသိဘူး ပေါ့နော်။ စာရေးရင်တမျိုး၊ အသံလွှင့်နေရင်လည်း ဘယ်က လွှင့်နေမှန်း မသိဘူး ဒါမျိုးတွေက စိတ်ဓာတ် စစ်ဆင်ရေး စနစ်ပေါ့။
နောက်တမျိုးက အထင်ကရလုပ်တဲ့ စိတ်ဓာတ်စစ်ဆင်ရေး လူသိရှင်ကြား ဗြောင်ကြီးလုပ်တဲ့ စစ်ဆင်ရေး။ လုပ်တဲ့လူက နာမည် ခံရတော့မှာ။ အဲဒီတော့ ကျနော်တို့က ဘာဖြစ်လဲ ဆိုတော့ ရှေ့က ပြန်ကြားရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန ဘယ်ဌာနမှ ရိုက်ကူးပါသည် လို့သာ ထိုးထားတာ ထိုးလိုက်တာကို ဒါရိုက်တာက ခံရတာပဲ။
အဲဒီတော့ ကောင်းကျိုးဆိုးကျိုးကို ဒါရိုက်တာက ခံရတာပဲ။ ကျနော်တို့ နိုင်ငံမှာ လူထုရဲ့ အသိကိုက ဒါရိုက်တာ သဘောပဲ ဆိုပြီး ဒါရိုက်တာကိုပဲ မြင်တာလေ။ ဒါရိုက်တာက သေဆိုသေ ရှင်ဆိုရှင် ဘယ်ဟုတ်မလဲ။ ကျနော်တို့က မရိုက်ခင်လည်း on paper အစစ်ခံရတယ်။ ရိုက်ပြီးရင်လည်း ဟိုက မှန်ဘီလူးနဲ့ ကြည့်မှာပဲ။ မကျေနပ်ရင် ပြန်ရိုက်ခိုင်းမယ့် ပုံစံရှိတာကိုးဗျ။
* အန်ကယ်က တပ်မတော်ကနေ အနားယူလိုက်တာရော ဘာကြောင့်လဲ။ နိုင်ငံရေးလုပ်ဖို့ ရည်ရွယ်ချက်တွေများ ရှိလို့လား။
ကျနော်က အရင်ကစစ်သားဟောင်းပါပဲ။ ၂ဝဝ၇ ခုနှစ်တုန်းက ကျနော် ထွက်လိုက်တာပါ ဆေးနဲ့။ ကျနော်က ကျန်းမာရေး မကောင်းလို့ ထွက်တာ။ ကျနော်နားတော့ ဦးစီးအရာရှိ ပထမတန်းပါ။ ဒုဗိုလ်မှူးကြီးပေါ့။ နိုင်ငံရေး လုပ်ဖို့တော့ အစီအစဉ်မရှိပါဘူး။ ရည်ရွယ်ချက်လည်း မရှိပါဘူး။
Ref: မဇ္ဈိမ
နေ့စဉ်သတင်းများ ( ၃ - ၈ - ၁၀ )
■ “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ၌ ပါဝင်သူများကို အင်္ဂလန်တွင် ဆန္ဒပြ သတင်း
■ ရခိုင်ဆရာတော် အဖမ်းခံရမှု အကြောင်းရင်း မသိရ သတင်း
■ ရှမ်းခေါင်းဆောင် ဗိုလ်ချုပ်ဆေထင် ထောင်ပြောင်း သတင်း
■ ဒီဇင်ဘာတွင် ရွေးကောက်ပွဲလုပ်မည်ဟု သတင်းထွက် သတင်း
■ ရွေးကောက်ပွဲ ဒီဇင်ဘာလ ဖြစ်နိုင်မလား သတင်း
■ ကန့်သတ်ဥပဒေများကို သုံးသပ်ရန် လိုအပ်ဟု အန်ဒီအက်ဖ်ခေါင်းဆောင် ပြောကြား သတင်း
■ မြန်မာစစ်အစိုးရ ထူထောင်ပေးသည့် ကချင်ပါတီ မှတ်ပုံတင်ကျလာ သတင်း
■ မနောတိုင် အမှတ်အသားသုံးသည့် ကချင်ပါတီ မှတ်ပုံတင်ခွင့်ကျပြီ သတင်း
■ တရုတ်လူမျိုးများ ကြံ့ဖွံ့ပါတီဝင် မဲပေးကြရမည် သတင်း
■ မင်္ဂလာဈေး သြဂုတ်လအတွင်း ပြန်ဖွင့်မည် သတင်း
■ ပြည်ပတင်ပို့မှု ပိတ်၍ ကြက်သွန်ဈေး ပြုတ်ကျ သတင်း
■ မီးရှို့ခံရသည့် အလယ်တန်းကျောင်း စာပြန်သင်ကြားတော့မည် သတင်း
■ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များသမဂ္ဂ စတင်ဖွဲ့စည်း သတင်း
■ ရွေးကောက်ပွဲကို သပိတ်မှောက်ပါဟု လူငယ်များသမဂ္ဂ တိုက်တွန်း သတင်း
■ မြန်မာလူငယ်တို့ လွတ်လပ်ခွင့်ရရန် လှုပ်ရှား သတင်း
■ ရဲမွန်တပ်မြို့ဝန်းကျင် လုံခြုံရေးတင်းကျပ် သတင်း
■ ဘူးသီးတောင်မှ ရခိုင်အမျိုးသမီး ဗလက္ကာရ ပြုကျင့်ခံရ သတင်း
■ ကျွန်စိတ်ကို ဖျောက်ကြလော့ (ဆောင်းပါး)
■ မျိုးဆက်တော်လှန်ရေး အပြီးသတ်နဲ့ တန်းတူရေးလက်နက် (ဆောင်းပါး)
■ တမျိုးပြောင်းလိုက်ကြဦးစို့ရဲ့ (ဆောင်းပါး)
■ ကျနော့်ရဲ့ အားနည်းချက်များ (ဆောင်းပါး)
Tuesday, August 3, 2010
အတိတ်သမိုင်းပြန်လှန်တဲ့အခါ ဆင်ခြင်စရာ
August 3, 2010
ဒီတနှစ်လောက်အတွင်း ဂျာနယ်တွေ ဖတ်ကောင်းလာတယ်။ အရင်ကလို အရည်မရ အဖတ်မရ ဖျော်ဖြေရေး သတင်းတွေ အစား နိုင်ငံရေး အကြောင်း၊ ဒီမိုကရေစ အကြောင်း၊ ရွေးကောက်ပွဲ အကြောင်း၊ သတင်း ဆောင်းပါးတွေ သူ့ထက်ငါ ပြိုင်သထက်ပြိုင်အောင် ဖေါ်ပြလာကြတယ်။
ယောင်ဝါးဝါးအသိ
ဒီလို ဖေါ်ပြလာကြတာ လူကြီးပိုင်းအတွက်လဲ ကောင်းတယ်။ မကြားရ၊ မပြောရတာ ကြာပြီဖြစ်တဲ့ စကားတွေကို အားရ ပါးရ ဖတ်ပြီး အားရ ပါးရ စားမြုံ့ ပြန်နိုင်ကြတယ်။ လူငယ် လူရွယ်တွေ အတွက်လဲ အများကြီး ကောင်းတယ်။ အဆက်ပြတ်နေတဲ့ ခေတ်အကြောင်း တွေကို သိကြရတယ်။ ဂျာနယ်တွေကို ကျေးဇူး တင်မိတယ်။ လူငယ်လူရွယ်တွေ သာမကဘူး အခုချိန်မှာ အသက် (၅၀) တန်းအောင် ရောက်နေသူတွေတောင် ကိုယ့်နိုင်ငံရဲ့ သမိုင်းကို သေသေချာချာ မှန်မှန်ကန်ကန် သိကြာတာ မဟုတ်ဘူး၊ ယောင်ဝါးဝါး လောက်သာ သိကြတာ။ အတိတ် သမိုင်းကို မသိတဲ့ အခါကျတော့ အခု ပစ္စုပ္ပန်မှာ ရွေးကောက်ပွဲတို့ ဒီမီုကရေစီတို့ အကြောင်းတွေကို ကြားရတဲ့ အခါမှာ ဟိုလူပြောလဲ ဟုတ်နိုးနိုး ဒီလူပြောလဲ ဟုတ်နိုးနိုးနဲ့ ယောင်ဝါးဝါး ဖြစ်ကြ နေကြရတယ်။ ကိုယ်တိုင် တိတိကျကျ ဘာမှ ဆုံးဖြတ်နိုင်စွမ်း မရှိကြဘူး။
တအံ့တသြဖြစ်ကြ
ဂျာနယ်လစ်တွေ ပြန်ပြီး ဖေါ်ပြနေကြတဲ့ အတိတ်သမိုင်းကြောင်းတွေ ဖတ်ပြီး တချို့ဆိုရင် မယုံနိုင် လောက်အောင်ကို ပါးစပ် အဟောင်းသား ဖြစ်နေကြတာ တွေ့ရတယ်။ ကာတွန်းတွေ တွေ့ပြန်တော့လည်း ဒီလို သရော်လို့ ရသလား၊ ဒီလို လှောင်လို့ ရသလားနဲ့ တအံ့ တသြဖြစ် နေကြတယ်။ ဒါကြောင့် ဂျာနယ်တွေကို ကျေးဇူးတင်တယ် ပြောခဲ့တာ။ ဒါပေမယ့် ဘ၀င်မကျ သဘော မတူ နိုင်တာတွေလည်း ရှိပါတယ်။ ဂျာနယ်တွေက ပြန်လည် ဖေါ်ပြတဲ့ အတိတ် ဖြစ်ရပ်တွေထဲမှာ အများစုက နိုင်ငံရေးသမား အချင်းချင်း ကွဲကြ ပြဲကြတာတွေ တဦးနဲ့ တဦီး အပြန် အလှန် ပုတ်ခတ်တာတွေချည်း တွေ့ရတယ်။ နိုင်ငံရေး ဆိုတာ ကိုယ်တိုင် မကြုံဘူး သူတွေရဲ့ အမြင်မှာ နိုင်ငံရေးသမားတွေ ဆိုတာ ဒီလိုဘဲ ကွဲကြ ပြဲကြ တိုက်ခိုက်နေကြတာဘဲ၊ ဘယ်သူမှ မကောင်း ပါလားလို့ ယူဆထားစရာ ဖြစ်နေတယ်။ ဒီနေ့ မြန်မာ့တပ်မတော်ရဲ့ အမတေ ဖြစ်တဲ့ ရဲဘော်သုံးကျိပ် ဗိုလ်အောင်ဆန်း၊ ဗိုလ်လင်္ကျာ၊ ဗိုလ်စင်္ကြာ၊ ဗိုလ်နေ၀င်း၊ ဗိုလ်ဇေယျ၊ ဗိုလ်ရန်အောင်၊ ဗိုလ်မှုးအောင်၊ ဗိုလ်ဗလ၊ ဗိုလ်တာရာ စတဲ့ ပဂ္ဂိုလ်တွေ အားလုံးဟာ သခင်ဘွဲ့ခံ နိုင်ငံရေးသမား ဆိုတဲ့ အချက် မှေးမှိန် ကွယ်ပျောက် သွားနိုင်ပါတယ်။
နားမလည်နိုင်ဘူး
ညီညွတ်ရေး အရေးကြီးပုံကို ပြောချင်လို့ အကွဲအပြဲတွေကို ပြန်ဖေါ်ထုတ်တာဆိုတဲ့ အကြောင်းပြချက် ကလည်း မှန်တယ်မထင်ပါဘူး။ ညီညွတ်ရေး အကြောင်း တခြား ပြောစရာ ပြစရာ နမူနာတွေ အများကြီး ရှိပါတယ်။ ၁၃၀၀ ပြည့် အရေးတော်ပုံကြီး အကြောင်း၊
၁၉၂၀၊ ၁၉၃၆ ကျောင်းသားသပိတ်ကြီး အကြောင်းတို့ နေသူရိန် အစည်းအဝေးကြီး အကြောင်းတို့၊ ပင်လုံ ညီလာခံ အကြောင်းတို့လို အကြောင်းတွေ မနည်းလှပါဘူး။ ဒါတွေကို ဇောင်းပေး ဖေါ်ထုတ်ခြင်း မပြုဘဲနဲ့ ကွဲတာ ပြဲတာတွေချည်း ဖေါ်ထုတ် နေကြတာတော့ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။ လူ့လောကမှာ အမြင် သဘောထားခြင်း မတူကွဲပြားတာဟာ လူ့သဘာဝ ဖြစ်တယ်။ ကဲ့ရဲ့ရှုတ်ချရမယ့် ကိစ္စ မဟုတ်ဘူး၊ နိုင်ငံရေး လုပ်တယ် ဆိုတာကလည်း လူ့လောက အရေးကို လုပ်ကြတာဘဲ။ အဲဒီတော့ သဘောများ အယူအဆ ကွဲပြားတာတွေ ဆွေးနွေး ငြင်းခုန်တာတွေ ရှိမြဲ ဖြစ်တယ်။
ငြင်းခုန်တာလူ့သဘာဝ
ဆွေးနွေး ငြင်းခုန်ခြင်းဟာ ရန်ဖြစ်တာ မဟုတ်ပါဘူး။ သမ္မတ အိုဘာမားရဲ့ကျန်းမာရေး ဥပဒေကို အမေရိကန် တစ်နိုင်ငံလုံး ငြင်းခုံခဲ့ကြသလို လွှတ်တော် နှစ်ရပ်လုံးမှာလည်း ငြင်းခုံ ဆွေးနွေး ကြတာပါဘဲ။ လွှတ်တော်ထဲ မဲခွဲတဲ့ အခါမှာလည်း အိုဘားမားရဲ့ ပါတီက ဒီမိုကရက်အမတ် ကန့်ကွက်မဲ ပေးသူတွေ ရှိခဲ့သလို၊ ပြိုင်ဘက် ရီပတ်ဘလစ်ကန် အမတ်တွေက ထောက်ခံမဲ ပေးသူလည်း ရှိခဲ့ပါတယ်။ အဲဒီလိုငြင်းခုန် ခဲ့ကြလို့ ကန့်ကွက်/ထောက်ခံမဲ ပေးခဲ့ကြလို့ ဘယ်ပါတီမှ နှစ်ခြမ်း မကွဲသွားသလို ဘယ်အမတ် ကိုမှလည်း သူ့ပါတီတွေက ပုတ်ခတ် မပစ်ခဲ့ကြဘူး။ ဂျပန်နိုင်ငံက LDP ဆိုတဲ့ ပါတီကြီး ဆိုရင် ဂိုဏ်းအုပ်စုတွေ တစ်ဒါဇင်လောက် တရားဝင် တည်ရှိ နေတဲ့ ပါတီ ဖြစ်တယ်။ ဒါတောင် LDP ဟာ နိုင်ငံရေး အာဏာကို တစ်လျှောက်လုံး နီးပါး၊ ချုပ်ကိုင် ထားနိုင် ခဲ့ပါတယ်။ ဂိုဏ်းအုပ်စုတွေကြောင့် ပါတီ အစိတ်စိတ် အမွှာမွှာ ကွဲတာမျိုး မဖြစ်ခဲ့ပါဘူး။
သဘောပေါက်သင့်တယ်
စိတ်ဓါတ် အတွေးအခေါ် ရင့်ကျက်သူတိုင်း ငြင်းခုန်တာဟာ ရန်ဖြစ်တာ မဟုတ်၊ ကိုယ်နဲ့ အယူအဆ မတူတိုင်း ရန်သူ ဖြစ်သွားတာ မဟုတ် ဆိုတဲ့ သဘော သဘာဝကို နားလည် ကြပါတယ်။ ဂျာနယ်တွေက ဒီအချက်ကို သဘောပေါက်ထား သင့်တယ်။ မီးလောင်ရာ လေပင့်သလို ဖြစ်မသွားအောင် သတိထား ဆင်ခြင် သင့်တယ်။ ငြင်းခုံတိုင်း ရန်ထဖြစ်တာ မရင့်ကျက်သေးတဲ့ ကလေးတွေရဲ့ အပြုအမှု ဖြစ်တယ်။ ရင့်ကျက်သူတွေဟာ ငြင်းတိုင်း ရန်ထ မဖြစ်ဘူး၊ ကိုယ့်နဲ့မတူ ကိုယ့်ရန်သူလို့ သဘော မထားဘူး၊ မတူပေမယ့် လက်တွဲ မဖြုတ်တမ်း နေချင် ကြတယ်။ အိုဘားမားနဲ့ ဟီလာရင် ကလင်တန်ဟာ အကြီးဆုံး ပြိုင်ဘက်ကြီးများ အဖြစ် တစ်ဦီးနဲ့တစ်ဦီး အပြင်းအထန် ဝေဖန် တိုက်ခိုက်ကြ ငြင်းခုန် ခဲ့ကြတာဘဲ။ ဒါပေမယ့် အခုတော့ သမ္မတနဲ့ နိုင်ငံခြားရေး ၀န်ကြီးအဖြစ် လက်တွဲ နေနိုင်ခဲ့ကြတယ်။ ဒါဟာ ရင့်ကျက်ခြင်းရဲ့ အကောင်းဆုံး သာဓက ဖြစ်တယ်။
ကျေးဇူးကန်းရာရောက်ရောက်မယ်
ဂျာနယ်တွေအနေနဲ့ နှောင်းခေတ်လူငယ်တွေကို နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတ ဖြန့်ဝေပေးရာမှာ ဒီအချက်တွေကို အလေးအနက်ထား စဉ်းစားပြီးမှ ပေးသင့်တယ်။ နိုင်ငံရေးသမား ဆိုတာ ဘယ်သူမှ မကောင်းဘူး ဆိုတဲ့ အမြင်မှားတွေ ဖြစ်ပေါ်စေမယ့် အကြောင်းတွေကို ရှောင်ရှား သင့်တယ်။ လူငယ်တွေ လက်ထဲ ဒီလို အမြင်မျိုး စွဲသွားရင် နယ်ချဲ့သမားတွေနဲ့ ဖက်ဆစ်တွေကို အသက်စွန့် တိုက်လိုက်ပြီး တိုင်းပြည် လွှတ်လပ်ရေး ရအောင် မိပစ် ဖပစ်၊ အိုးပစ် အိမ်ပစ်၊ သားပစ် မယားပစ်၊ ဆောင်ရွက် ခဲ့ကြတဲ့ နိုင်ငံ့ ကျေးဇူးရှင်ကြီးများကို ကျေးဇူးကန်းရာ ရောက်သွား ပါလိမ့်မယ်။ သတိထားကြ၊ ဆင်ခြင် ကြစေ လိုပါတယ်။
နေ့စဉ်သတင်းများ ( ၂ - ၈ - ၁၀ )
■ ဗိုလ်ချုပ်ဆေထင်ကို မန္တလေးထောင် ပြောင်း သတင်း
■ ရွေးကောက်ပွဲ ဖြစ်နိုင်ခြေနည်း၊ ဆူပူရန် လုပ်ကြံမှုများရှိ သတင်း
■ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ကချင်ပြည်နယ်သို့ သွားရောက်မည် သတင်း
■ အမေရိကန်စောင့်ကြည့်ရေးအဖွဲ့က မြန်မာရွေးကောက်ပွဲကို ဝေဖန် သတင်း
■ ထောင်ဝင်စာတွေ့ခွင့် ဇာဂနာ၏ ခယ်မ တောင်းဆို သတင်း
■ အန်အယ်ဒီ ခေါင်းဆောင်များ ရခိုင်ပြည်နယ် ခရီးထွက် သတင်း
■ ဝ ဒေသတွင် ရွေးကောက်ပွဲ စည်းရုံးလှုပ်ရှားမှု ကန့်ကွက် သတင်း
■ အာဏာရှင်ဟောင်း ဦးနေဝင်းပုံ ပြန်လည်ဖော်ပြခွင့်ရ သတင်း
■ သေနတ်ပစ်ဖောက်၍ အပစ်ရပ်အဖွဲ့ဝင် (၂) ဦး အဖမ်းခံရ သတင်း
■ မွန်ပါတီ ရွေးကောက်ပွဲဝင်ရေး ပြန်သုံးသပ်ရန် တိုက်တွန်း သတင်း
■ အန်ဒီအက်ဖ်က ရွေးကောက်ပွဲဝင်ရန် အသင့်ဟု ပြောကြား သတင်း
■ သီရိလင်္ကာကို ကူညီရန် ပိဋကတ်တိုက်မြေများ သိမ်းယူ သတင်း
■ ပဲခူးတိုင်းအတွင်း တစညပါတီက ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးလှုံ့ဆော် သတင်း
■ ဆင်ဖြူတော် နေပြည်တော်ကို သယ်ပြီ သတင်း
■ ဘူးသီးတောင်မှ ရခိုင်အမျိုးသမီး ဗလက္ကာရ ပြုကျင့်ခံရ သတင်း
■ TATA နှင့် မြန်မာဆလွန်းကား ထုတ်မည် သတင်း
■ ထိုင်းကုမ္ပဏီက သဘာဝဓာတ်ငွေ့ ဝယ်ယူရန် စာချုပ် ချုပ် သတင်း
■ ထိုင်းကုန်ပစ္စည်းများ ဈေး (၂) ဆ တက် သတင်း
■ အမှိုက်သိမ်းကားနှင့် သစ်လုံးတင်ယာဉ် တိုက်၊ လူ (၂) ဦး သေဆုံး သတင်း
■ ဘူတာကြီး ရဲစစ်ဆေးမှု ခရီးသည်များ စိတ်ပျက် သတင်း
■ မြဝတီမှ သစ်သီးကားများ ရန်ကုန်သို့ သွားခွင့်မရ သတင်း
■ လန်ဒန်ရောက် မြန်မာမင်းသား၊ မင်းသမီးများကို ဆန္ဒပြ သတင်း
■ စစ်အာဏာရှင်စနစ်အောက်မှာ မြန်မာစာပေ ဖွံ့ဖြိုးဖို့မရှိ (စာရေးဆရာ သန်းဝင်းလှိုင် အင်တာဗျူး)
■ သူခိုးဓားရိုးကမ်းသော အိန္ဒိယအစိုးရ (အယ်ဒီတာ့အာဘော်)
■ မြင်မြင်သမျှ အထင်ကရ (ဆောင်းပါး)
Monday, August 2, 2010
အဟာဝတ ကောင်းလေစွ၊ ကောင်းလေစွ
မနက်တိုင်း သတင်းစာဖတ်တဲ့အခါမှာ ကြော်ငြာတွေကို အရင်ဆုံး ဖတ်ပါတယ်။ ထုံးစံအတိုင်း နာရေးကို အရင်ဖတ်ပြီးမှ မင်္ဂလာဆောင် ကြော်ငြာတွေနဲ့ တခြား ကြော်ငြာမျိုးစုံကို ဖတ်တယ်။ ကြော်ငြာတွေက စိတ်ဝင်စားဖို့ အကောင်းဆုံးဖြစ်တယ်။ ယူတတ်ရင် အများကြီး တရားရနိုင်တယ်။
တရားရစရာ လူ့သဘာဝတွေ
ကြော်ငြာတွေထဲမှာ လူ့သဘာဝမျိုးစုံကို လေ့လာလို့ရတယ်။ မင်္ဂလာဆောင် ကြော်ငြာတွေထဲက မဆီမဆိုင် အင်္ဂလိပ် စာလုံးတွေ ကြံဖန် ထည့်ကြတာတွေ ကြည့်ပြီး လူတွေရဲ့ ကြွားတတ်တဲ့ သဘာဝကို သိရတယ်။ အမွေပြတ် စွန့်လွှတ်ခြင်း ကြော်ငြာတွေဖတ်ပြီး တဒင်္ဂ ဒေါသလေး တစ်ခုကြောင့် ကိုယ့်ပေါင် ကိုယ်လှန်ထောင်း ဖြစ်နေတာတောင် သတိမထား မိကြပါလားလို့ တွေးပြီး ဒေါသ၊ မောဟ၊ လောဘတွေ အကြောင်း နားလည် သဘောပေါက်ရတယ်။ ကွာရှင်းပြတ်စဲခြင်း ကြော်ငြာတွေ ဖတ်ရင်းနဲ့ မင်္ဂလာဆောင်တဲ့ ရက်နဲ့ တစ်လလောက်သာ ကွာတာမျိုးကို သတိထားမိတဲ့ အခါ အံ့သြရတယ်။ ခုမြင်၊ ခုကြိုက်၊ ခုယူ၊ ခုကွဲ အဖြစ်တွေ သိပ်များ လွန်ကဲနေပြီလားလို့ တွေးပြီး စိတ်မကောင်းလည်း ဖြစ်ရတယ်။
ချီးပင့်မြှောက်စားမှုမှာမျော
"ပုထုဇနောဥမ္မာတကော" ဆိုတဲ့ စကားကို သတင်းစာထဲက ကြော်ငြာတွေ ဖတ်ရုံနဲ့တင် သဘောပေါက်ပြီး တရား ရနိုင်တယ်။ ချီးပင့်မြှောက်စားမှု မျိုးစုံမှာ ပုထုဇဉ်တွေ သာယာ နစ်မျောနေကြတာတွေကို မွေးနေ့ဂုဏ်ပြု ကြော်ငြာတွေမှာ တွေ့နိုင်တယ်။ သီချင်းခွေ ကြော်ငြာ၊ စာအုပ် ကြော်ငြာတွေ ဖတ်ရင်းနဲ့ လူတွေ မမှည့်ဖူးတဲ့ နာမည် အထူးအဆန်းတွေ အများကြီး တွေ့ရတဲ့အခါ ပြုံးရတယ်။ ထူးရင်ပြီးရော၊ ဆန်းရင်ပြီးရော ဆိုပြီး စတန့် ထွင်လိုက်ကြတာ။ ကိုယ့်ဟာကိုယ် ပေါကြောင်ကြောင် ဖြစ်လို့ဖြစ်မှန်းတောင် မသိရှာကြဘူး။ တချို့ကျတော့ ဘိုနာမည်မှည့်မှ ဟုတ်တယ်ထင်ပြီး ယောက်ျားနာမည်မှန်း မသိ၊ မိန်းမနာမည်မှန်း မသိ ကြားဖူးနားဝနဲ့ မှည့်ထား လိုက်ကြတာ ရယ်စရာကြီး ဖြစ်နေတော့တယ်။ ယောက်ျားလေးက "ကစ်တီ" လို့ မှည့်တာမျိုးပေါ့။
ငွေကြောင့် ပျက်စီးကုန်ကြ
တစ်ခါတလေ ကြော်ငြာတွေထဲမှာ သားသမီးတွေက အဖေရင်း၊ အမေရင်းကို ပစ္စည်းခန်းနဲ့ တရားစွဲတာ မျိုးလည်း တွေ့ရ တတ်တယ်။ အဖေရင်း၊ အမေရင်းက သားသမီးတွေကို တရားစွဲတာလည်း တွေ့ရတယ်။ "မြင်းမိုရ်တောင်ဦး မကကျူး ကျေးဇူးကြီးလှ မိနှင့်ဖ" ဆိုတဲ့ မြန်မာ လူမျိုးများရဲ့ ရိုးရာ ယဉ်ကျေးမှုတွေလည်း ငွေနဲ့ ဓနဥစ္စာတို့ကြောင့် ပျက်စီး ကုန်ကြပါပေါ့လားလို့ တွေးပြီး စိတ်ဆင်းရဲခြင်း ကြီးစွာ ဖြစ်ရတယ်။ မေတ္တာရေအလျဉ် ဆိုတာ အထက်ကအောက်ကို တသွင်သွင် စီးဆင်းမြဲ ဆိုတဲ့စကားလည်း ခြွင်းချက် ရှိတတ်ပါလားလို့ တွေးပြီး စိတ်မကောင်း ဖြစ်ရတယ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ ဆိုတဲ့ တရားများလည်း ပိုက်ဆံ အဓိကဆိုတဲ့ ဆုပ်ကပ်ကြီးမှာ လုံးဝ ပျက်စီး ကုန်ကြပါပေါ့လား၊ ကြောက်စရာ ကောင်းလိုက်တာ။
ကျက်သရေရှိတဲ့ကြော်ငြာ
ကြောက်စရာတွေ၊ ရှက်စရာတွေ၊ လှောင်ပြုံးစရာတွေ၊ တရားသံဝေဂရစရာတွေ အမျိုးမျိုး ကြားမှာ တစ်ခါတလေ မုဒိတာ ပွားစရာ ကျက်သရေရှိတဲ့ ကြော်ငြာမျိုးတွေလည်း တွေ့ရတတ်တယ်။ နှစ်လေးဆယ်မြောက်၊ နှစ်ငါးဆယ်မြောက် မင်္ဂလာ အထိမ်းအမှတ် ကြော်ငြာမျိုးတွေ ဖြစ်ပါတယ်။ ဒီလို နှစ်ပေါင်း လေးငါး ခြောက်ဆယ်ကြာအောင် တည်တံ့ခိုင်မြဲတဲ့ အိမ်ထောင်ရေးဆိုတာ ဒီခေတ် ဒီအခါမှာ တကယ်ကို မင်္ဂလာ ကျက်သရေ အပေါင်းနဲ့ ခညောင်းတဲ့ သတင်း ဖြစ်တယ်။ ကမ္ဘာမှာလည်း ရှားသထက် ရှားလာသလို၊ မြန်မာမှာလည်း ရှားလာ နေပါပြီ။
အဆိုးဘက်ကိုပြောင်း
သူများနိုင်ငံတွေမှာ ဖြစ်နေတာတွေကို မပြောချင်ဘူး။ ကိုယ့်နိုင်ငံမှာကို အခုနှစ်တွေ အတွင်း အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ သဘောထားတွေ၊ ခံယူချက်တွေ အဆိုးဘက်ကို သိသိသာသာကြီး ပြောင်းလဲ သွားတာ တွေ့မြင်နေရတယ်။ ရိုးမြေကျ ပေါင်းဖက်တဲ့ အိမ်ထောင်ရေး ဆိုတာ ကျေးလက် ဒေသတွေမှာပဲ တွေ့မြင် ရတော့တယ်လို့ ထင်မိတယ်။ မြို့ကြီး ပြကြီးတွေမှာတော့ ကွာရှင်း ပြတ်စဲကြောင်း ကြော်ငြာတွေကို ကြည့်လိုက်ရင်ပဲ တော်တော်များနေတာကို သိနိုင်တယ်။ မင်္ဂလာ ဆောင်ပြီး တစ်လလောက် အကြာမှာ ကွာရှင်း လိုက်တဲ့ ကြော်ငြာ မျိုးတွေတောင် တစ်နှစ်ကို သုံး၊ လေးကြိမ်လောက် တွေ့ရတယ်။ မကြော်ငြာဘဲ ထားတာတွေလည်း ရှိဦးမှာပါပဲ။
တော်ရုံဆိုမပြောဘူး
ခေတ်တွေ၊ စနစ်တွေပြောင်းတာနဲ့အတူ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေပါ ပြောင်းလဲလာကြတာ သဘာဝမို့ တော်ရုံ တန်ရုံလောက်ဆို မပြောပါဘူး။ ခုဟာကတော့ လွန်ကဲနေတယ် ထင်လို့ပါ။ မြန်မာ့ ယဉ်ကျေးမှု ရိုးရာ ဓလေ့ထုံးစံ တွေကို ပစ်ပယ်ရုံတင် မကတော့ဘဲ လုံးလုံးကြီးကို ဆန့်ကျင်တဲ့ ဘက်အထိ ပြုမူကျင့်ကြံ နေကြတာတွေကို နေရာတကာမှာ မြင်တွေ့နေရတယ်။ မြန်မာမိန်းကလေး တို့ရဲ့ သိမ်မွေ့မှုနဲ့ ကျက်သရေ ရှိမှုဟာ ကမ္ဘာကျော်ခဲ့တယ်။ ကစ်ပလင်က သူ့ရဲ့ (Road to Mandalay) "မန္တလေးလမ်း" ကဗျာမှာ တသသနဲ့ ဖွဲ့နွဲ့ ရေးခဲ့ရတယ်။ အခုခေတ် မြန်မာ မိန်းကလေးများကတော့ ပွင့်လင်း လွတ်လပ်မှု ဆိုတဲ့စကားကို "တလွဲဆံပင်ကောင်း" အသုံးချပြီး ရဲတင်းမှု လွန်လွန်း နေတာကို တွေ့ရတယ်။
ပညာပေးလား၊ လှုံ့ဆော်ရေးလား
မြန်မာ့ယဉ်ကျေးမှုက "ဃရာဝါသ" ကိစ္စမှန်သမျှကို သိသာသိစေ၊ မမြင်စေနဲ့ သဘောနဲ့ သိုသိုသိပ်သိပ် လုပ်ဆောင်လေ့ ရှိတယ်။ ဒီလိုကိစ္စမျိုးတွေကို လူကြားထဲမှာ ပြောလေ့ ဆိုလေ့ မရှိကြဘူး။ အခုခေတ်တော့ ရုပ်မြင် သံကြားလို ကလေးလူကြီးနဲ့ ရဟန်းသံဃာပါ မကျန် ကြည့်လေ့ရှိတဲ့ နေရာများက နေပြီး မိန်းကလေး တစ်ကိုယ်ရေသုံး ပစ္စည်းမျိုးစုံကို မိန်းကလေးတွေ ကိုယ်တိုင် မျက်နှာ ပြောင်ပြောင်နဲ့ ကြော်ငြာ နေကြတာဟာ မထူးဆန်းတဲ့ ကိစ္စ ဖြစ်နေပြီ။ ဒါထက်ဆိုးတာက "ကွန်ဒုံး" ကြော်ငြာတွေ။ ကလေးတွေကို စမ်းသပ် ကြည့်ချင်အောင် အားပေးအားမြှောက် ပြုသလို ဖြစ်နေတာကို စဉ်းစားမိကြဟန် မတူဘူး။ ပညာပေးဆိုတဲ့ ဆိုင်းဘုတ်တပ်ပြီး ကိုယ့်ယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင် ဖြစ်တဲ့ အထိ ရေးသားကြ၊ ကြော်ငြာကြတာ တွေဟာ ပညာပေး မကတော့ဘဲ လှုံ့ဆော်ရေး ဖြစ်တဲ့အထိ ရောက်သွားတာတွေ ကတော့ မသင့်တော်ပါဘူး။
လှတာထက်လွန်ပြီး ရိုင်းပျ
နောက်ပြီး ဖျော်ဖြေရေးလောကထဲက တချို့မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှု များကလည်း လှပတာထက် လွန်ကဲပြီး ရိုင်းပျတဲ့ အထိ ဖြစ်နေကြတယ်။ အပြောအဆိုတွေ ပွင့်လင်း လိုက်ပုံများကလည်း လက်ဖျား ခါလောက်တယ်။ ရည်းစား ရှိနေတာကို ဂျာနယ်တွေထဲက တစ်ဆင့် လူသိရှင်ကြား ကြော်ငြာကြတယ်။ တစ်ခါဆို ထားတော့ တစ်ယောက်ပြောင်းတိုင်း တစ်ခါ ကြော်ငြာတာမျိုး ကတော့ မြန်မာလူမျိုးတွေရဲ့ အမြင်မှာ မတင့်တယ်ဘူးလို့ ထင်တယ်။
အိနြေ္ဒနဲ့ သိုသိပ်မှု
မြန်မာတွေက အစဉ်အလာရိုးရာအနေနဲ့ကို "အိနြေ္ဒ" ဆိုတာကို တန်ဖိုးထားကြတယ်။ နေရာတကာ ပွင့်လင်းတာကို လက်မခံဘူး။ အိနြေ္ဒရှိခြင်းနဲ့ သိုသိပ်ခြင်းကို ယဉ်ကျေးမှုရဲ့ အခြေခံ အုတ်မြစ်လို့ သဘော ထားတယ်။ ခေတ်တွေ၊ စနစ်တွေပြောင်းရင် ရိုးရာဓလေ့ ထုံးစံတွေနဲ့ ယဉ်ကျေးမှုတွေလည်း ခေတ်နဲ့အညီ လိုက်ပြောင်း ကြရမြဲဖြစ်တယ်။ ဒါပေမယ့် လူမျိုးတိုင်း လူမျိုးတိုင်းဟာ သူတို့ရဲ့ အခြေခံကျောရိုး ယဉ်ကျေးမှု တွေကိုတော့ ထိန်းသိမ်း စောင့်ရှောက်ကြတယ်။ တန်ဖိုးထားကြတယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ်ပိုင် ယဉ်ကျေးမှု ပျောက်ကွယ်ရင် လူမျိုးပါ ပျောက်ကွယ် သွားနိုင်လို့ ဖြစ်တယ်။
တလွဲဆံပင်ကောင်းကြတယ်
ပြောရမှာ အားနာပေမယ့် နောင်လာမယ့် ကလေးတွေ အတုယူ မမှားစေချင်လို့ ပြောရ ရင်တော့ ကျွန်တော်တို့ ဆီက ဖျော်ဖြေရေး လောကဟာ တလွဲဆံပင်ကောင်း ဖြစ်နေတယ်လို့ မြင်မိတယ်။ အပေါ်ယံ ပကာသန အဆောင် အယောင်တွေ ကမ္ဘာ့ အဆင့်မီအောင် ကြိုးစား ကြသလောက် အနုပညာပိုင်းက အဆင့်မီအောင် ကြိုးစား အားထုတ်မှုတော့ ပေါ့တီးပေါ့ဆနဲ့ လျော့တိလျော့ရဲ ဖြစ်နေတယ်လို့ ထင်တယ်။ ၀တ်စား ဆင်ယင်မှုတွေမှာ ဟောလိဝုဒ်နဲ့ နင်လားငါလား လိုက်သလို၊ ဆေးဝါး တလွဲသုံးတာ၊ ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက် ဖြစ်တာတွေလည်း ဟောလိဝုဒ်ကို အမီ လိုက်နေသလိုပါပဲ။
အားနာနာနဲ့ပြောရတာ
ဖျော်ဖြေရေးလောကဆိုတာက ထင်သာမြင်သာအရှိဆုံး ဖြစ်လေတော့ ငယ်ရွယ် နုနယ်တဲ့ ကျောင်းသူ ကျောင်းသား ငယ်တွေနဲ့ အရပ်ထဲက မရင့်ကျက်သေးတဲ့ ကလေးအရွယ်တွေ အတုမြင် အတတ်သင် လုပ်ပြီး လျှပ်ပေါ် လော်လီတဲ့ လူငယ်လေးတွေ ဖြစ်လာနိုင်တဲ့ အတွက် အားနာနာနဲ့ ပြောရတာပါ။ မိဘရဲ့ ရင်အုပ်မကွာ စောင့်ရှောက်မှုနဲ့ ကင်းလွတ်ကြရတဲ့ ရန်ကုန်လိုမြို့ကြီးပြကြီးက ကလေးတွေရဲ့ စရိုက်တွေ တော်တော် ရိုင်းပျလာပြီး "အိနြေ္ဒ" နဲ့ "သိက္ခာ" ဆိုတာ ဘာမှန်းတောင် မသိရှာ ကြတော့ဘူးလို့ ပြောရင်တောင် ရတဲ့ အခြေအနေ ဖြစ်နေပါပြီ။ အဲဒါကြောင့် မကြာခဏ သတိပေး ရေးသား နေရတာပါ။
ကောင်းလေစွ၊ ကောင်းလေစွ
ရိုးရာအစဉ်အလာ ဓလေ့ထုံးစံတွေနဲ့ မြန်မာ့ယဉ်ကျေးမှုတွေ တစ်စတစ်စနဲ့ ယုတ်လျော့ ကျဆင်း လာနေချိန်မှာ သတင်းစာထဲက မင်္ဂလာသက်တမ်း နှစ်ငါးဆယ်မြောက်၊ ခြောက်ဆယ်မြောက် ဆိုတဲ့ကြော်ငြာမျိုးတွေ ဖတ်ရတာ ကျက်သရေမင်္ဂလာ ရှိလှပါတယ်။ ရာသက်ပန်ရိုးမြေကျ အိုအောင်မင်းအောင် အပြန် အလှန် မေတ္တာထား စောင့်ရှောက်ကြ ဆိုတာ လူသားများရဲ့ အခြေခံ ယဉ်ကျေးမှု ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာလူမျိုးများက ဒီနေ့အထိ တန်ဖိုးထား စောင့်ရှောက်ကြဆဲ ဖြစ်ပါတယ်။ ဒီလိုကြော်ငြာတွေ ဖတ်လိုက်ရတဲ့ အခါ ဆုတ်ကပ်ခေတ်ကြီးထဲမှာ ဒီလိုလေးစားဖွယ်ကောင်းလှတဲ့ အိမ်ထောင်တွေလည်း ရှိပါသေးလားဆိုပြီး မုဒိတာပွား ကြည်နူးရပါတယ်။ ကောင်းလေစွ၊ ကောင်းလေစွ၊ ကောင်းလေစွလို့ ကောင်းချီးသြဘာ ပေးလိုက်ရပါတယ်။
နေ့စဉ်သတင်းများ ( ၁ - ၈ - ၁၀ )
■ အန်အယ်လ်ဒီက ရွေးကောက်ပွဲကို သပိတ်မှောက်မည် (ဦးဝင်းတင်နှင့် မေးမြန်းချက်) သတင်း
■ ကျောင်းထိုင်ဘုန်ကြီး ဖမ်းဆီးပြီးနောက် ကျောင်းက ကလေးများကို စစ်တပ်က ခေါ် သတင်း
■ စစ်တပ်ကို ဆည်ရေပေးရသဖြင့် ဒေသခံတောင်သူများ ဆည်ရေမရ သတင်း
■ ဆင်ဖြူတော်ကို နေပြည်တော်သို့ ယူဆောင်ပြီ သတင်း
■ ၀ါရှင်တန်ဒီစီတွင် မြန်မာနိုင်ငံ အပြောင်းအလဲနဲ့ ပတ်သက်တဲ့ ဆွေးနွေးတင်ပြပွဲ ပြုလုပ်ခဲ့ သတင်း
■ ကင်ဂျုံအီး အတ္ထုပ္ပတ္တိစာအုပ် မြောက်ကိုရီးယားသံရုံးက သိမ်းဆည်း သတင်း
■ ဗုဒ္ဓ၀ိဟာရမှ ကလေးများကို နယ်ဝေးပို့ဆောင်ရေး အစီအစဉ်ကို တားမြစ်ရန် စစ်တွေရှိ လူမူအဖွဲ့အစည်းများ အစည်းအဝေး လုပ် သတင်း
■ မြန်မာပြည်သားချင်း ရိုင်းပင်းကူညီ၊ အလှူဒါန သတင်းကြားကြားသမျှ သတင်း
■ မီးလောင်ကျွမ်းခဲ့သည့် မင်္ဂလာဈေး ပြန်လည်ဖွင့်လှစ်တော့မည် သတင်း
■ စစ်အစိုးရက ဆားများ ဈေးပိုပေးပြီးဝယ်၊ ဆားလုပ်ငန်းရှင်တိုင်း ခံစားခွင့်မရ သတင်း
■ အာဏာရှင်စနစ် မုချကျဆုံးရမည် (ဆောင်းပါး)
■ သူတို့ပြောတဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲရဲ့ သရုပ်မှန် (ဆောင်းပါး)
■ ရွှေမိုးရဲ့ ဟိုအကြောင်း ဒီအကြောင်း (ဆောင်းပါး)
Sunday, August 1, 2010
ပုဏ္ဏက ကျားမြီးဆွဲကောင်းခြင်း
ဘိုဘိုလန်းစင်
Saturday, July 31, 2010
“... ကျုံးဘေးမှာ လမ်းလျှောက်နေတုန်း နန်းတော်ထဲက ယာဉ်တန်း ထွက်လာပြီး ဗိုလ်ချုပ်နေဝင်းက ကားပေါ်ကနေ လက်ပြ သွားတယ်။ ကိုလှကို နောက်ကျောက မြင်တာတောင် မှတ်မိပုံထောက်တော့ ဟိုတခါ မေမြို့ အိမ်တော်မှာ ခေါ်တွေ့တုန်းက ပြောဖူးတဲ့ သားကိစ္စကိုလည်း မမေ့လောက်ဘူး ထင်ပါရဲ့...” (လူထုဒေါ်အမာ၏ ကိုယ်ရေးမှတ်တမ်း တစောင်မှ) (၁၉၇၂ ခန့်)
ဗိုလ်ချုပ်ကြီး အဂ္ဂမဟာ သီရိသုဓမ္မ နေဝင်း ၏ မှတ်ဉာဏ်နှင့် စပ်လျဉ်း၍ မိတ်ဆွေများလည်း ကြားဖူးပြီး ဖြစ်ပါမည်။ လူတယောက်ကို ပြန်တွေ့တိုင်း သူကမှတ်မိ နှုတ်ဆက်တတ်သော ဝသီကြောင့် “မင်း ဒီမှာပဲလား..” အမေးခံရသူကို သူ့ “အနားပြာ” များက အလိုက်သိလွန်ပြီး ဖြုတ်ပစ် လိုက်၍ ဒုက္ခရောက်ရသည့် အကြောင်း “နေဝင်းပုံပြင်”များမှာ လက်ရှိ မြန်မာ့ နိုင်ငံရေး မိုးလေဝသနှင့် နှိုင်းစာကြည့်လျှင်ပင် ဖြစ်တန်ရာသော အကြောင်းရပ်များဟု ယူဆ သင့်ပေ၏။
ထိုသို့နှုတ်ဆက်ခံရသူများ အထဲ စာရေးဆရာ ရန်ကုန်တက္ကသိုလ် ဥပဒေ ကထိက မောင်ကိုယုက “ခင်ဗျားတောင် ဒီလိုနေရာ ရောက်သေးတာပဲ၊ ကျုပ်လဲ ရောက်မှာပေါ့ဗျ” ဟု အငေါ်ပြန်တူးမိ၍ အလုပ်ပြုတ် သွားသည် ဆိုသော ပုံပြင်ကို တွေးမိတိုင်း နေရာ တလွဲမှာ လူတလွဲတွေနှင့် ဖြစ်ပျက်နေသော မြန်မာ လောကကြီးကို မြင်လာ မိတော့သည်။
ဟုတ်ကဲ့။ လွဲတာတွေ များလွန်းတော့လည်း အစောင်းကိုမှ အတည့်မှတ်ချင်စရာပင်။ နိုင်ငံရေး ယဉ်ကျေးမှုက နှစ် ၅၀ လောက် လွဲလာသည့် အခါ ပြည်သူ့ဝန်ထမ်းတွေ နိုင်ငံရေး မလုပ်ရဟု တင်းကျပ်စွာ သတ်မှတ်ထားသော ရွှေပြည်ကြီးဖြစ် ဥပဒေတော်ကြီး တွင်ပင် ဝန်ထမ်းတစုကို ထူးထူးရှယ် အခွင့်အရေးများပေး၍ ပြည်စိုးပြည်ပိုင် နှင်းထားသည်ကို ကြည့်လေ။ သူ့အရပ်နှင့် သူ့ဇာတ် ပိုင်လို့ ဤမျှ လက်ရဲနေခြင်း မဟုတ်ပါလား။ တကယ်တမ်းတော့လည်း နိုင်ငံရေး သမားတွေ အာဏာမက် ကွဲပြဲနေလို့ ဝင်ထိန်းပေး နေရပါသည်ဆိုသော ဗျာဒိတ်ခံ ကိုယ်တော်ကြီးများ အာဏာ ငန်းဖမ်းပြီး တောတွင်း ဥပဒေနှင့် လက်ဦးသူက ဖြုတ်ထုတ်ရှင်း လိုက်ကြသည်မှာ သူတို့ “အဖေကြီး” ပါ ဝိပါက်တော် မကြွင်းခဲ့ပါတကား။ လက်နက်နှင့် မင်းလုပ်သည့် ပဒေသရာဇ် နိုင်ငံရေး အစဉ်အလာ ကြီးကတော့ အရှိန်တညီးညီးနှင့် မွန်းတည့်နေဆဲပင်။
မွေးနေ့များ အချစ်အမုန်းနှင့် အလှည့်လေးများ
နံပါတ်ဝမ်းကြီးခေါ် ဗိုလ်ချုပ်ကြီးနေဝင်းကို ၁၉၁၁ မေ ၁၄ မွေးသည်ဟု အစဉ်အလာအားဖြင့် လက်ခံ လာကြပါသည်။ ၁၉၉၅ ရန်ကုန် တက္ကသိုလ် စိန်ရတုပွဲ အကန်တော့ခံ ကျောင်းသားဟောင်းများ စာအုပ်တွင်လည်း ရက်တမျိုး တွေ့ဖူးပါသည်။ ၁၉၁၀ ဇူလိုင် ၆ ဆိုသည်ကတော့ သူ့ဇနီးဟောင်း ဒေါ်နီနီမြင့်ဌာနက ပြုစုသည့် ရဲဘော်သုံးကျိပ် စာအုပ် အလိုအရပင်။ သေခါနီး တရားထိုင်ချိန် မှာတော့ အမှန်တိုင်းပြောမည် မှတ်ပါသည်။ မွေးနေ့ များသကဲ့သို့ ဗိုလ်ချုပ်ကြီးတွင် ဇနီးလည်း ပေါသည့်အပြင် သတ်သတ်မှတ်မှတ် ယူသည့် အရေအတွက်ပင် ဘယ်နှယောက်မှန်း သေချာ မသိကြပါ။
ထိုနည်းနှင်နှင် စစ်ဗိုလ်ကြီးတန်မဲ့ ဉာဏ်နီဉာဏ်နက်ကလည်း အင်မတန်များပါသည်။ ဂဠုန်စော ကို လုပ်ကြံသည့် ကိစ္စ၊ ဘကြီး ဘဘေ၏ နိုင်ငံတော် သစ္စာဖောက်မှု သက်သေပြ အသံဖမ်းစက်တို့လို “ဇာတိပြ” လက်ရာမျိုးမှသည် ၁၉၆၂ အာဏာသိမ်းပွဲ၊ ပြည်သူပိုင်သိမ်းခြင်း၊ ၁၉၆၃ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ ၁၉၆၈ ပြည်တွင်း ညီညွတ်ရေး အကြံပေး အဖွဲ့နှင့် ၁၉၇၄ ဆိုရှယ်လစ် သမ္မတ နိုင်ငံတော်သစ်၊ နောက်ဆုံး ၈၈ အရေးအခင်းကို လက်တလုံးကြား ပြန်အာဏာသိမ်းပွဲ စသည့် အံ့ချီးမကုန် ကလိမ်ချုံများမှာ လက်မြောက်လှသည်။
လက်ရှိ ဒီမိုကလိမ်ဆင်ရွေးကောက်ပွဲမှာ ယုံချင်ယောင်ဆောင်သည့် နိုင်ငံရေး လူနပ် တသိုက်ကိုသာ အမဲတုံးပစ် ဖမ်းနိုင်သည်။
ဗိုလ်ချုပ်ကြီး၏ ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေးကြီးမှာကား တချို့လက်ဝဲ နိုင်ငံရေး သမားကြီးများနှင့် နိုင်ငံရေး သန်သူ ပညာတတ်များကို နှစ်အနည်းငယ်ခန့် ဖမ်းစားခဲ့နိုင်သည် သာမက စီးပွားရေး နှောင့်နှေးတာ မှောင်ခို ဝိသမတွေကြောင့်ဟု ၁၉၈၇ ငွေစက္ကူတွေ သိမ်းချိန်အထိ ယုံနေခဲ့သည့် ပြည်သူများပင် ရှိခဲ့သည် မဟုတ်ပါလော။
“ဆိုရှယ်လစ်အနံ့ပေးလိုက်ရင် လိုက်သွားတာပဲ”ဟု ဦးသိန်းဖေမြင့်ကို သူ့ဇနီးက မှတ်ချက်ပေးသည်ကိုပဲ မှတ်မိ နေပါသည်။ မဆလ ပါတီဝင် မဟုတ်ပေသိ ထိုခေတ်ပညာရေး ယဉ်ကျေးမှု လှုပ်ရှားမှုများတွင် ဆိုရှယ်လစ်စိတ် တိုင်းပြည်စိတ်နှင့် ကျွန်ုပ်ဘိုးဘွားများ ကဲ့သို့ အလေးစားခံ ပညာတတ် အသိုင်းအဝိုင်းက ကူညီအားပေးမှု ရှိခဲ့ပေသေးသည်။ ယခုကဲ့သို့ ဆိတ်ခလောက် သတင်းသမား ပညာရှင် တသိုက် မည်မျှ နာမည်ပျက်ခံ ကျားကန်ပေးငြား ထန်းပလတ်စုတ်က နတ်ရုပ် မဖြစ်သည့် အပေါက်မျိုး မဟုတ်ပေ။ အာကာ ဘောင်က ကိုကိုမောင် အသက်သွင်းသည့် အညမည ဆိုရှယ်လစ်ရေသူမ မှာ လာလတ္တံ့ လေဒီဘွိုင်း ဒီမိုကရေစီ ထက်တော့ ကြည့်ပျော်သေးသည် ဆိုက မမှားပေ။
သို့သော် ဆဲဗင်းဂျူလိုင်၊ ဦးသန့်၊ ၈၈ စသည့် အရေးအခင်းများတွင် လက်လွတ်စပယ် စစ်အင်အား သုံးခဲ့ခြင်း၊ သောင်းကျန်းမှု စစ်ဆင်ရေးများ အတွင်း ဖြတ်လေးဖြတ် စသည့် မလေး ဗီယက်နမ် စစ်များမှ သယ်လာသည့် ချေမှုန်းရေး ပေါ်လစီများကြောင့် စစ်တပ် အနေနှင့် ခုချိန်ထိ အာဏာသိုက်စောင့် ဘဝက မကျွတ်ဝံ့ ဖြစ်နေရပေသည်။ ဗိုလ်ချုပ်ကြီးအား မင်းဆိုး မင်းညစ်အဖြစ် မော်ကွန်း တင်ခံရခြင်းမှာ ဤသို့ စစ်တပ်အားကိုး ဖိနှိပ်သတ်ဖြတ်မှုများ၊ ခြစားမှုများကြောင့် လူထုနှင့် အခွင့်ထူးခံများကြား အမုန်း မီးပင်လယ်ကို အတိုင်းမသိ ကျယ်ပြောစေခြင်း၊ လက်ဝဲကျွံ ဆိုရှယ်လစ် ပေါ်လစီများနှင့် တိုင်းပြည်ကို ချွတ်ခြုံကျစေရုံ သာမက သူ့ပုဂ္ဂလိက စည်းစိမ် ခံမှုကလည်း တိုင်းပြည်၏ အကြည်ညို မဲ့စေခြင်းတို့ကြောင့်ပင်။ သို့ကြောင့် နာဆာ၊ တီးတိုး စသည့် သူ အတု ယူရာ ဆိုရှယ်လစ် ဗိုလ်ချုပ်ကြီး အာဏာရှင်ကြီး တချို့ကဲ့သို့ တိုင်းပြည် ဖခင်ဘဝ မရောက်ဘဲ ပထွေးဆိုးဘဝနှင့် ဘဝ ဆုံးခဲ့ရသည်။ ပိုဆိုးသည်က သမီးကို မုဒိန်းကောင်နှင့် အဓမ္မ မင်္ဂလာ ပြုစေခဲ့ခြင်းတည်း။
ကျွန် သဘောက်တို့ရမည့် နေဝင်းစပေ့စ်
မြန်မာပြည်တွင် နေဝင်းအမွေဟု ထင်ထင်ရှားရှားပြစမ်းပါ ဆိုလာလျှင် ပဒေသရာဇ် အသုံးတော်ခံ စစ်နိုင်ငံကြီးနှင့် ရဟန်းရှင် လူ ပညာရှင်တို့ မကျေလည်စရာ မြန်မာစာ သတ်ပုံစာအုပ် စိမ်းစိမ်းများကိုသာ ဆွဲထုတ် ပြလိုသည်။ စစ်တပ် မျိုထားသော နိုင်ငံကို အရပ်ရောင်ထွက်အောင် လွှတ်တော် ရွေးကောက်ပွဲ ပါတီစုံ အဆောင်အယောင်နှင့် မည်သို့ ဆင်စေကာမူ ပွဲစား ရှင်လောင်းမှာ နူနာမကင်း၍ ရှင်ဖြစ်မည့်ပုံ မပေါ်ချေ။ နေပြည်တော် ခံကတုတ်မှ အချိန်မရွေး ထွက်လာမည့် ဇွမ်ဘီ တပ်ကြီးကို အဘယ် ပါချီပါချဲ့ နိုင်ငံရေးသမားက နားရွက်လှုပ်ဝံ့ ပါအံ့နည်း။
စင်စစ် ၁၉၅၈ အိမ်စောင့်ခေတ်ကတည်းက မြန်မာပြည်တ၀န်း နိုင်ငံရေး ခါးပိုက်ဆောင် တပ်များကို ရှင်းလင်းပြီး အာဏာကို စုစည်း ထားသည့် စစ်တပ်သည် တိုင်းပြည်တွင် သြဇာ အကြီးဆုံး နိုင်ငံရေး အင်အားစု ဖြစ်ခဲ့ပြီးလေပြီ။
သတ်ပုံကိစ္စတွင်လည်း မြန်မာစာကော်မရှင်ကို လက်ကိုင်တုတ် လုပ်ကာ ဟံသာဝတီ ဦးဘရင်၊ ဒဂုန် ဦးစန်းငွေ၊ ဦးဆန်းထွန်း စသည့် ဘောင်းတော်ညိတ် မြန်မာ ပညာရှိ တသိုက်နှင့် “တ” တွေ “တစ်”တွေ ထင်ရာ လုပ်သွားခြင်းကို ဆရာ ဇဝန ကဲ့သို့ “အဟမ်း အဟမ်း သတ်ပုံကျမ်းကြီး”ဟု ချောင်းဟန့်ဝံ့သူ မည်သူမှ မရှိတော့ဘဲ မကျေမချမ်းနှင့် လက်ခံခဲ့ရသည်။
မှတ်မိသေးသည်၊ ကျွန်ုပ် ဘွားအေ က “လဲတွေအကုန်လုံး လည်းနဲ့ပေါင်းရတော့မယ်တဲ့ကွ” ဟု ညသတ် ရှေ့ကပေါက် အသံ ပီပီကြီးနှင့် မြည်တွန်နေခြင်း ကိုပင်။ စိတ်ဆိုးလည်း ဆိုးလောက်စရာ၊ ဥက္ကဋ္ဌကြီး မန္တလေးမေမြို့ရောက်လျှင် မြန်မာစာ ကထိက ဟောင်း ဆရာ မောင်မောင် တင်ကလေး နှင့်အတူ သူတို့စုံတွဲကို ခေါ်,ခေါ်တွေ့ကာ သတ်ပုံကိစ္စ မေးမြန်း တိုင်ပင်ပြီးမှ ထင်ရာ လုပ်ခဲ့သည်ကိုး။
ရန်ကုန်က ဆရာ ဇေယျ၊ ဇော်ဂျီ၊ မင်းသုဝဏ်တို့ကိုလည်း မင်းလို သူ့အလို မလိုက်၍ ချောင်ထိုး ထားခဲ့သည်။ ပိုဆိုးသည်က ရှေးစာအုပ်များကို လက်ရှိမူနှင့် လျှောက်ပြင်၍ ဖောက်ပြန် ပျက်စီးရခြင်း။ စင်စစ်မတော့ ပညာရှိ အဆက်ဆက် ငြင်းမပြီးနိုင်သည့် ကိစ္စကြီးကို စစ်ပုံစံ တစံတည်း ဖြစ်အောင် ရိုက်သွင်းသည့် အတွက် စာပေရေးထုံးတွင် ဒွိဟပွားစရာတွေ ပိုလို့ များလာခဲ့ရခြင်းပင်။
စစ်အစိုးရ စက်ရိပ် အပြင်က မီဒီယာတွေကပါ ဤသတ်ပုံတိုင်း လိုက်ပြီး တ တစ် လဲ လည်း ပဲ ဘဲ ဦး အုံး တွေကို လျှောက်ပြင် လာသည့်အခါ ရှေးကထုတ်သည့် သတ်ပုံဟောင်းများကို ရှာဖွေတိုက်ဆိုင် ကြည့်ကြပါဦးဟုသာ ဟစ်ချင်တော့သည်။
ထို့ထက် ဗိုလ်ချုပ်ကြီးသည် ယဉ်ကျေးမှု ရှေးရိုးစွဲဖြစ်သည်။ နိုင်ငံခြား မုန်းတီးရေးနှင့် တိုင်းပြည်ကို တံခါးပိတ်ခဲ့သည်။ မြန်မာပြည်ကို ကိုလိုနီ အမွေမှလွတ်ပြီး စီးပွားရေး တကယ်တမ်း လွတ်လပ်အောင် ဆောင်ကြဉ်းခဲ့သည်ဆိုသော မိုက်ကယ် အောင်သွင်၏ စာမျိုး ကို ဖတ်ရလျှင် နဝရတ် ဟိုတယ် ရေကန်ပေါင်မှ သမီးတော်ဘုရား မွေးနေ့တွင် ပုဆိုး ထဘီများနှင့် တွဲဖက် ကနေသည့် မဆလ ၏ သားအို သမီးအိုများ ဗီဒီယိုခွေကိုသာ သတိရမိသည်။ ကြည့်လိုက်ရသူ တဦးက ဒါကြည့်ပြီးတော့ တတိုင်းပြည်လုံးကို ပိတ်ဆို့ ထားချိန်မှာ သူတို့ အသိုင်းအဝိုင်းထဲ မတော့ အပြင်လမ်းကြောင်းတွေက မပြတ် ပွင့်နေတုန်းပဲ ဆိုတာ ပို သိသာတယ် ဟု ကောက်ချက်ချ သည်ကိုသာ ကြားနေဆဲပင်။
ဟုတ်၏၊ ကိန်းဘရစ်ခ်ျထုတ် မိုက်ကယ်ချာနီ၏ ခေတ်သစ်မြန်မာပြည် သမိုင်းတွင် မဆလ ခေတ်က အခွင့်ထူးခံ ရေပေါ်ဆီ လူတန်းစား သည် ဆက်၍လည်း (စီးပွားရေး နိုင်ငံခြားနှင့် ကူးလူး ဆက်ဆံရေး အခွင့်ထူးများ ဆက်လက်ခံစားပြီး) ဒီမိုကရေစီ ကူးပြောင်းရေးတွင် ကဖျက်ယဖျက် လုပ်နေဆဲဆိုသည့် အချက်မှာ ၂၀၁၀ တွင် ပြည်တွင်းပြည်ပ တတိယ အုပ်စု ဆိုသူများ၏ ခွင်များကိုကြည့်ရင်း ရုပ်လုံးက ပို၍ပေါ်လာသည်။
အင်္ဂလိပ်ခေတ်၊ ဖဆပလခေတ်ကဲ့သို့ လက်သာရာယိမ်းသည့် မဆလ ကလည်း နီးစပ်ရာ စစ်အသိုင်းအဝိုင်းကိုသာ ပြည်ပ ပညာ တော်သင် လွှတ်ပြီး လူမွေးခဲ့သည် မဟုတ်ပါလား။
ယခု အန်ဂျီအို သံ စပေ့စ်သံ ဟစ်နေသူများတွင်လည်း ထိုအနွယ်အဆက် ပညာရှင်၊ ဓနရှင်များက ကြီးစိုးနေသည်ကို တတိယလိုင်း စာစောင်များ၊ ပြည်ပကွန်ဖရင့် ဆွေးနွေးပွဲတက် ပြည်တွင်း ကိုယ်စားလှယ် စာရင်းများကို ကြည့်လိုက်လျှင် တန်းသိလိမ့်မည် (မျက်နှာကြီးဆွေတော်စဉ်တော့ သိရမည်)။
လက်ရှိစစ်အစိုးရကိုလည်း နိုင်ငံခြားကြောက်စိတ်ရှိသည်၊ ရှေးရိုးစွဲဟု မသိနိုးနားပြောသံများ ကြားတိုင်း “မင်းပရိယာယ် ငတင့်တယ် နားဝယ် မလည်ရှာ” ဆိုသည့် ကဝိလက္ခဏ သံပေါက်ကိုပဲ ထပ်ခါထပ်ခါ ရွတ်ပြချင်မိသည်။ မဆလ စီးပွားရေး အဆောက်အအုံမှာ လည်း စင်စစ် ဂျပန်နှင့် မြန်မာ့မိတ်ဆွေများ ထောက်ပံ့မှုကို မှီခိုနေရသည့် ကုန်ကြမ်းဈေးကွက် ကိုလိုနီသာသာပဲ ရှိပါသည်။
သြော် ခုတော့ ဗိုလ်ချုပ်ကြီးလည်း လွန်လေပြီ။ ပုဏ္ဏက လက်သစ် ပဒေသရာဇ် ခေတ်ကို ရိုက်ချိုးမည့် ခေတ်ပြောင်း တော်လှန်ရေး ကား ရုပ်လုံးမပီ သေးသလို နေပြည်တော် ပေါ်တွင် နေဝန်းက ရှိန်ပြင်းဆဲ။
Ref: ဧရာဝတီ်
နေ့စဉ်သတင်းများ ( ၃၁ - ၇ - ၁၀ )
■ မြန်မာကို စုံစမ်းစစ်ဆေးရေး ထောက်ခံဖို့ အထက်လွှတ်တော်အမတ်တွေ စာတင် သတင်း
■ မြန်မာစစ်ရာဇ၀တ်မှု စုံစမ်းရေး အတိုက်အခံများ ကြိုဆို သတင်း
■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် သတင်း
■ အစားအသောက် သုံးဆောင်ရန် ငြင်းပယ်နေသဖြင့် ရမ္မာဝတီ အရှင်ပညာစာရ အခြေအနေ စိုးရိမ်ရ သတင်း
■ လန်ဒန်ရောက် မင်းသားမင်းသမီးများကို ဆန္ဒပြ သတင်း
■ စစ်အစိုးရရဲ့ အားနည်းချက်များ အတိုက်အခံ ဆွေးနွေး သတင်း
■ စာရေးဆရာ ဟိန်းလတ် မြောက်ကိုရီးယားအစိုးရကို တရားစွဲဆိုသင့် သတင်း
■ ကင်ဂျုံအီစာအုပ် အသိမ်းခံရသည့်ကိစ္စ စာနယ်ဇင်းသမား အမြင်များ သတင်း
■ NDF ခေါင်းဆောင် (၄) ဦးကို ရွေးကောက်ပွဲကော်မရှင် ခေါ်ယူ သတင်း
■ ကြံ့ဖွံ့ပါတီဝင်မှ ဧည့်စာရင်းတိုင်လို့ရ သတင်း
■ ရွှေတိဂုံဘုရားအနီးရှိ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များ ပြောင်းရွှေ့ခံရ သတင်း
■ အမျိုးသားအတွက် မှန်ကန်သော ဆုံးဖြတ်ချက်ကို ကရင်ပြည်သူများ ကြိုဆို သတင်း
■ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ဖွင့်လှစ်ရေး ဆွေးနွေးပွဲ မအောင်မြင် သတင်း
■ နစကနှင့် ဒေသအခြေအနေကို စစ်ဆေးရန် တိုင်းမှူး ဗိုလ်ချုပ်သောင်းအေး မောင်တောသို့ ရောက်ရှိ သတင်း
■ NDF အဖွဲ့ဝင်တချို့ကို အသနားခံစာ တင်ခိုင်း သတင်း
■ ကြံ့ဖွံ့ပါတီက လတ်တလော လုပ်ငန်းစဉ် ညွှန်ကြားချက် သတင်း
■ ထားဝယ်ခရိုင်မှာ တုပ်ကွေးဖြစ်ပွားသူ များနေ သတင်း
■ ယုံကြည်ချက်ကို အသက်ထက် တန်ဖိုးထားသူ (ဆောင်းပါး)
■ ဥရောပသမဂ္ဂနှင့် ဥရောပကော်မရှင် ဘာလဲ ဘယ်လဲ (ဆောင်းပါး)
■ ပုဏ္ဏက ကျားမြီးဆွဲကောင်းခြင်း (ဆောင်းပါး)
■ အကျိုးသက်ရောက်မှု ထိရောက်ကောင်းမွန်သည့် အဖွဲ့အစည်းတခု၏ လက္ခဏာနှင့် အရည်အသွေးများ (ဆောင်းပါး)
■ ကာတွန်းဆရာကို ကာတွန်းဆွဲခြင်း (ဆောင်းပါး)
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88