Friday, February 6, 2009

၂ဝ၁ဝ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရခြင်း အဖြစ်မှန်

မိုးသူနှင့် ထက်ဝင်း
သောကြာနေ့၊ ဖေဖေါ်ဝါရီလ

စစ်အစိုးရက ၂ဝ၁ဝ ခုနှစ်တွင်ကျင်းပမည်ဟုဆိုသော ရွေးကောက်ပွဲမှာ ရွှေ့ဆိုင်းဖွယ်ရှိနေသည်။ သို့သော် သူတို့ပေးသော အကြောင်းပြချက်များကြောင့် မဟုတ်။ အမှန်မှာ အာဏာကို ကြာရှည်ဖက်တွယ်ထားလို သည့် စေ့ဆော်မှုကြောင့်သာဖြစ်သည်ဟု စစ်အစိုးရနှင့် နီးစပ်သည့် သတင်းရပ်ကွက်များက ပြောကြသည်။

“၁၉၉ဝ စုနှစ် နှောင်းပိုင်းတုန်းက အစိုးရဝန်ကြီးတယောက်က စစ်အစိုးရအနေနဲ့ နောက်ထပ် ၁ဝ နှစ်လောက် အာဏာယူထားဦးမယ်လို့ ပြောခဲ့တယ်။ ဒါ အခု မှန်နေတာပဲ” ဟု မြန်မာ့အရေးကို ကြာရှည်စွာ စောင့်ကြည့် နေသူက ပြောသည်။ “ဒါ့အပြင် တပ်ကအရာရှိတွေကလည်း ဒီလိုရွေးကောက်ပွဲ ရွှေ့ဆိုင်းမယ့်ကိစ္စမျိုးကို တမျိုးတဖုံ ပြောင်းပြီး ပြောလို့ရတာ မဟုတ်ဘူး။ သူတို့ ဘာလုပ်ရမယ်ဆိုတာ အထက်က တခါထဲ ညွှန်ကြား ထားပေးပြီးသား” ဟု သူက ဆက်ပြောသည်။

၂ဝ၁ဝ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပ အတိုက်အခံများ၏ အဖျက် အမှောက် လုပ်ရပ်များ အပါအဝင် အကြောင်းကြောင်းကြောင့် ရွှေ့ဆိုင်းရနိုင်သည်ဟု စစ်တပ်အဆင့်မြင့် အရာရှိတဦးက ပြောကြားကြောင်း အကြားအမြင်များသော သတင်းရပ်ကွက်များကို ကိုးကားကာ ထိုင်း အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာနက ပြီးခဲ့သော ကြာသပတေးနေ့က သတင်းထုတ်ပြန်ခဲ့သည်။

ဤအကြောင်းနှင့်ပတ်သက်၍ ရှမ်းပြည်တောင်ပိုင်း တပ်မှူး ဒုဗိုလ်မှူးကြီး တင်မောင်ရွှေက အသေးစိတ် ရှင်း လင်းပြောကြားခြင်း မရှိပါ။ ပြည်တွင်းမှ စီးပွားရေးဆောင်းပါးရှင်တဦးကမူ အဆိုပါ အဖျက်လုပ်ငန်းများကို စစ် အစိုးရကပင် ဖန်တီးပြုလုပ်သည်ဟု ယုံကြည်ရကြောင်းဖြင့် စီးပွားရေးမြို့တော် ရန်ကုန်တွင် မကြားသေးခင် က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု အများအပြားတွင် စစ်အစိုးရက ဗုံးဖောက်ခွဲသူ တရားခံများကို ဆက်တိုက် ပင် မဖော်ထုတ်နိုင်ခဲ့ခြင်းကို ရည်ညွှန်းကာ ပြောဆိုသွားသည်။ ဤသို့ ဗုံးပေါက်ကွဲသည့်အခါတိုင်း စစ်အစိုးရ က ပြည်တွင်းပြည်ပရှိ နိုင်ငံရေးအတိုက်အခံများကိုသာ အပြစ်ဖို့ ပြောဆိုလေ့ရှိသည်။

“အစိုးရက သူတို့လက်ချက်လို့ အမြဲပြောနေကျပဲ။ ဒါပေမဲ့ ဘယ်တော့မှ သက်သေလည်း ပြနိုင်တာ မဟုတ် ဘူး” ဟု ရန်ကုန်အခြေစိုက် ဆောင်းပါးရှင်က ပြောသည်။ စစ်အာဏာအတွက် ဤသို့ မြန်မာနိုင်ငံတွင် မတည်မငြိမ်မှုများ ဖြစ်ပွားအောင် စစ်အစိုးရကိုယ်တိုင်ကသာ ဖန်တီးပြုလုပ်နေကြောင်းလည်း သူက ဆက် ပြောသည်။

နေပြည်တော်အခြေစိုက် အခြား အကြားအမြင်များသော သတင်းရပ်ကွက်ကမူ စစ်အစိုးရသည် ဆူပူလှုံ့ ဆော်ရေးသမား ဒါဇင်ပေါင်းများစွာကို မွေးထုတ်ရန်အတွက် သင်တန်းအစီအစဉ်တခုကို ပြုလုပ်ခဲ့ကြောင်း ပြောသည်။

“ဖြစ်နိုင်တာ ပြည်ထဲရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ ဌာနခွဲတခုကဖြစ်မယ်” ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

“ဒီဆူပူလှုံ့ဆော်ရေးသမားတွေ သုံးပြီးတော့ စစ်အစိုးရက နောက်လအနည်းငယ်အတွင်း ဗမာနဲ့ ဒေသခံ အိန္ဒိ ယနွယ်ဖွား အသိုင်းအဝိုင်းကြားမှာ လူမျိုးရေးအဓိကရုဏ်းတခု မီးမွှေးဖို့ ပြင်ဆင်နေတယ်။ ဒါ လူထုရဲ့ နိုင်ငံ ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတွေအပေါ် အာရုံစိုက်နေတာကို အာရုံပြောင်းအောင် လမ်းလွှဲနိုင်အောင် လုပ်ဖို့ပဲ” ဟု ထိုသတင်းရပ်ကွက်က ဆိုသည်။

မည်သည့်နည်းကိုပင်သုံးသုံး စစ်အစိုးရအတွက် အခွင့်သာနေသမျှ ဘယ်လိုရွေးကောက်ပွဲဖြစ်ဖြစ် အကြောင်း ပြ ရွှေ့ဆိုင်းနိုင်အောင် သုံးမည်သာဖြစ်သည်ဟု ထိုသတင်းရပ်ကွက်များက ဆိုသည်။

စစ်အစိုးရအတွက် စေ့ဆော်မှုမှာ အာဏာမြဲရေးသာဖြစ်သည်။

“အခုထိ စစ်တပ်ကြီးစိုးတဲ့ အစိုးရတွေဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတို့၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး နှင့် ဖွံ့ဖြိုးရေးကောင်စီတို့ဆိုတာ သူတို့သာ တကယ် တိုင်းပြည်ကိုချစ်ရင် တိုင်းပြည်ရဲ့ ခေါင်းဆောင်မှုမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့မှာပေါ့” ဟု လူငယ်မြန်မာပညာရှင်တဦးက ပြောသည်။

“သူတို့က ဖွံ့ဖြိုးရေးလုပ်ငန်းတွေဆိုတာကို အပြသက်သက်ပဲ ဆက်လုပ်နေကြတာ။ ဒါပေမဲ့ လူထုကတော့ ဆက်ပြီး ဒုက္ခခံနေကြရတုန်းပဲ။ ချမ်းသာတဲ့လူတွေက ပိုချမ်းသာလာတယ်။ ဆင်းရဲတဲ့လူတွေက ပိုဆင်းရဲလာ တယ်” ဟု သူက ဆိုသည်။

သူက ဆင်းရဲသားများသည် ရုပ်ပိုင်းဆိုင်ရာအရသာ ဆင်းရဲကြသည်မဟုတ်၊ အသိဉာဏ်ပိုင်းတွင်လည်း ချွတ် ခြုံကျသွားသည်ဟု ဆိုသည်။ ဆင်းရဲသားများ ရနိုင်သည့် အကျိုးစီးပွားဆိုသည်မှာ လက်ကြားယိုသလောက် သာ ဖြစ်သည်။ အကူအညီနှင့် ရင်းနှီးမြှုပ်နှံမှုများ နောက်ဆုံးတွင် ဝင်ရောက်လာနိုင်သည်။ သို့သော် မြန်မာ နိုင်ငံမှာမူ လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေးနှင့် နိုင်ငံရေးအတိုက်အခံတို့ကို လေးစားခြင်း မရှိသည့် လုပ်အားဦးစားပေး အဆင့်နိမ့် စက်မှုလုပ်ငန်းများသာရှိသည့် ချွေးပေါင်းရုံအဆင့်က တက်မည်မဟုတ်ဟု သူ က ပြောသည်။

ဤနည်းဖြင့် စစ်အစိုးရသည် မြန်မာနိုင်ငံတွင် သာမန်လူထု အများစုကြီး၏ လိုလားတောင့်တချက်ဖြစ်သော ဒီမိုကရေစီနည်းကျ ခေါင်းဆောင်မှုသို့ ပြောင်းလဲရေးကို လေသံလျော့သွားအောင် ကြိုးစားလုပ်ဆောင်နေ ခြင်းဖြစ်သည်။

ဤသို့ အပြောင်းအလဲများ ဖြစ်ပေါ်မလာအောင် တားဆီးတားသည့် နောက်အကြောင်းတရပ်မှာ အနာဂတ် ပါလီမန်လွှတ်တော်တွင် မည်သို့သော ကိုယ်စားလှယ်များ ထားရှိမည်ဆိုသည့် ကိစ္စနှင့်စပ်လျဉ်း၍ အစိုးရတွင် မတင်မကျ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။

အနာဂတ်တွင် ပေါ်ပေါက်လာမည့် လွှတ်တော်တွင် ထားရှိရမည့် ယုံကြည်စိတ်ချရသော အရပ်သား လက်တွဲ လုပ်ဖော်များ ချို့ငဲ့နေခြင်းအတွက် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နာယကအဖြစ် ဆောင် ရွက်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီး (ကြံ့ဖွံ့) ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် ဌေးဦးကလည်း စိတ်ပျက်လက်ပျက် ဖြစ်နေသည်ဟု ဆိုသည်။

ဒီမိုကရေစီကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရှာဖွေနေကြသည့် မြန်မာနိုင်ငံတွင်းမှ တတိယအင်အားစုဟု ရည် ညွှန်း ပြောဆိုကြသော တသီးပုဂ္ဂလများကလည်း အပြောင်းအလဲများ လုပ်နိုင်ရန်အတွက် စစ်တပ်တွင် သူတို့ ကို ကူညီနိုင်မည့် အရပ်သား ပူးပေါင်းဆောင်ရွက်သူများ လိုသည်ဟု ခုခံပြောဆိုကြသည်။ စစ်တပ်မှ အရပ် သားအဖြစ်သို့ ကူးပြောင်းလာမည့်သူများအတွက် သူတို့နှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသည့် အရပ်သား လက်တွဲဖော်များ လိုသည်ဟု သူတို့က ခုခံချေပ ပြောဆိုကြသည်။ နှစ်ဘက်လုံးက အလယ်အလတ် ပျော့ ပျောင်းသော သဘောထားရှိသူများကသာ ပြောင်းလဲရေးဖြစ်စဉ်တွင် ကြုံနေရသော လိပ်ခဲတည်းလည်း အခြေအနေကို ဖြေရှင်းပေးနိုင်မည်။ သို့သော် စစ်အစိုးရ၏ လမ်းပြမြေပုံကို လက်ခံဖို့လည်းလိုသည်ဟု သူတို့ က ပြောသည်။ မည်သို့ပင်ဖြစ်စေ အခြေအနေမှာ စိုးရိမ်စရာကောင်းဆဲ အခြေအနေတွင်သာ ရှိနေသေးပြီး ယခုအချိန်တွင် ဆုံးဖြတ်ချက်မှန်သမျှကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တဦးတည်းကသာ ချနေခြင်းဖြစ်သည်ဟု ဆိုသည်။

ဤအတောအတွင်း တပ်မတော်ကလည်း သမရိုးကျ နည်းလမ်းများအတိုင်းသာ ရှေ့ဆက်သွားလိုသည့် ဝါရင့် နိုင်ငံရေးသမားများကို မယုံကြည်၊ အချို့သော ဝါရင့်များသည် ၁၉၄ဝ စုနှစ်များ အနှောင်းပိုင်းက နိုင်ငံရေး လောကတွင် ရှိခဲ့သူများဖြစ်သည်။

လာမည့်ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရစေနိုင်သည့် အကြောင်းပြချက် ၄ ခုထဲမှ တခုဖြစ်သော ရေနံဓါတ်ငွေ့ ရှာဖွေရေးနှင့် စပ်လျဉ်း၍ ပေါ်ပေါက်ခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် တင်းမာမှုဆိုသည်မှာလည်း အကြောင်းပြ ချက် တရပ်သာဖြစ်သည်ဟု ရန်ကုန်အခြေစိုက် ဆောင်းပါးရှင်က ပြောသည်။

“ဒါမျိုးက နိုင်ငံ၂ ခုကြားမှာ၊ နိုင်ငံတွေကြားမှာ ဖြစ်နေကျ ပြဿဿနာပဲ။ ဒါမျိုးဖြစ်လာရင် နိုင်ငံအများစုက လက်တွေ့ကျကျ ချဉ်းကပ်မှုနဲ့ အချိန်ယူဖြေရှင်းတာပဲ” ဟု သူက ဆိုသည်။ ထို့ပြင် ဤသို့ ၂ နိုင်ငံကြား ပင်လယ်နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုဆိုသည်မှာလည်း ရွေးကောက်ပွဲ ရွှေ့ဆိုင်းရလောက်သည့် အကြောင်းတရပ် မဟုတ်ကြောင်းဖြင့် သူက ဆက်ပြောသည်။

နှစ်နိုင်ငံဆက်ဆံရေးနှင့် ပတ်သက်၍ အကျွမ်းတဝင်ရှိသူ နောက်တဦးကမူ မြန်မာနိုင်ငံသည် နယ်နိမိတ်နှင့် လူဝင်မှု ပြဿနာများ၌ အများစု သူ့ဘက်က မှန်လေ့ရှိသည်ဟု ပြောသည်။

“ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာက နိုင်ငံတကာမျက်နှာစာမှာ နိုင်ငံရေးအရ မျက်နှာပန်းမလှ ဖြစ်နေတော့ အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ် နိုင်ငံကလည်း ဒီအခြေအနေပေါ်မှာ အခွင့်ကောင်းယူ အမြတ်ထုတ်ချင်တဲ့ သဘော ရှိတယ်” ဟု သူက ပြောသည်။

ရိုဟင်ဂျာပြဿဿနာမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွက်လည်း မြန်မာနိုင်ငံထက် မလျှော့ဘဲ ပြဿနာကြီးတရပ် ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် လူမျိုးများကလည်း သူတို့ကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခဲ့ကြကြောင်းဖြင့် သူ က ပြောသည်။ ဤရိုဟင်ဂျာများကို မည်သည့်ရိုဟင်ဂျာက မည်သည့်နိုင်ငံဘက်က ဖြစ်သည်၊ ဦးရေ မည်မျှရှိ သည် ဆိုသည်ကို နှစ်နိုင်ငံလုံးက ဆက်လက်ဖော်ထုတ်သွားကြရဦးမည်။ အချို့က ဘင်္ဂါလီလူမျိုး စီးပွားရေး ဒုက္ခသည်များသာဖြစ်သည်။ နောက်ထပ် စစ်အစိုးရဘက်က ပြသော အကြောင်းပြချက် ၂ ရပ်မှာ သန်းခေါင် စာရင်း ကောက်ယူရေးလုပ်ငန်းများ မပြီးဆုံးသေးခြင်းနှင့် မူးယစ်ဆေးဝါးပပျောက်ရေး အစီအစဉ်တွင် ကြုံ တွေ့နေရသော ပြဿနာများဖြစ်သည်။

ဤကိစ္စ ၂ ရပ်စလုံးအတွက် အကူအညီပေးလိုကြသော နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကမ်းလှမ်းမှုများကို စစ် အစိုးရက ကြိမ်ဖန်များစွာ ငြင်းဆန်ခဲ့သည်။

နောက်အကြောင်းတရပ်မှာ အပစ်ရပ်အဖွဲ့များ၊ အထူးသဖြင့် ဝ နှင့် ကချင်အဖွဲ့တို့က လက်နက်ချရန် ငြင်းဆန် နေပြီး၊ နောက်ပိုင်းကျမှ ၂ဝ၁ဝ တွင် ရွေးကောက်ပွဲကျင်းပမည့် အစီအစဉ်ကို သူတို့ သဘောတူညီပါကြောင်း ကြေညာခဲ့ကြသည်။

ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၏ လက်နက်ကိုင်တပ်ဖြစ်သော ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တွင် အင်အား ၂ သောင်းခန့်ရှိသည်ဟု ခန့်မှန်းရသည်။ မြန်မာအစိုးရက သူတို့နယ်မြေ ကို ‘ရှမ်း ပြည်နယ်အထူးဒေသ အမှတ် (၂)’ ဟု ဆက်လက်ခေါ်ဆိုစေလိုသော်လည်း ဝ တို့က သူတို့နယ်မြေ ကို ‘ဝပြည်နယ်အထူးဒေသအစိုးရ’ ဟု စတင်ပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကမူ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည် မဟုတ်သော်လည်း၊ အနိမ့် ဆုံးအားဖြင့် ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် နိုင်ငံရေးပါတီတရပ် ရှိလာ မည်ဖြစ်သည်။

ပအို့ဝ်များကမူ ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ တရားဝင် ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ခြင်း မရှိသေး ပါ။

မည်သို့ပင်ရှိစေ၊ ဦးအောင်ခမ်းထီ၏ ပအို့ဝ်အဖွဲ့ကမူ အစိုးရနှင့် အဆင်ပြေပြီး၊ သူသည် ရှမ်းပြည်တောင်ပိုင်း ကြံ့ဖွံ့၏ နာယကတဦးလည်း ဖြစ်သည်။ သူ့အဖွဲ့ကို ပအို့ဝ် အမျိုးသားတပ်မတော် (PNA) ဟု ခေါ်ပါသည်။

ထိုအတောအတွင်း ချင်း၊ မွန်နှင့် ရှမ်းတို့ အပါအဝင် နောက်ထပ် အ"ိက တိုင်းရင်းသား အင်အားစုများကို လည်း စစ်အစိုးရ၏ လမ်းပြမြေပုံအတိုင်း လိုက်လာအောင် စည်းရုံးဆွဲဆောင်ဖို့ လိုသေးသည်။

ရှမ်းစစ်မျက်နှာနှင့် စပ်လျဉ်း၍ စစ်အစိုးရသည် ၁၉၉ဝ စုနှစ်များအတွင်းက ရှမ်းပြည်နယ်အတွင်း သွေးခွဲ အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခဲ့ပါသေးသည်။

“ရှမ်းပြည်နယ်မြို့တော် တောင်ကြီးလို နေရာမျိုးမှာ စစ်အစိုးရက ရှမ်းတွေကိုနှိမ်ပြီး ပအို့ဝ်တွေကို ဦးစားပေး တာလုပ်တယ်” ဟု ကြာရှည်စွာ စောင့်ကြည့်လေ့လာခဲ့သူက ပြောသည်။

ရှမ်းပြည်တောင်ပိုင်းတွင် ပအို့ဝ်နှင့် ရှမ်းတို့ ပြိုင်ဘက်များ ဖြစ်နေကြပြီး၊ ကရင်နီပြည်နယ် နယ်စပ်ရှိ ပအို့ဝ်နီ များမှလွဲ၍ ပအို့ဝ်များ ရှမ်းတို့နှင့် ဘယ်တုန်းကမှ အဆင်မပြေခဲ့ဟုလည်း သူက ပြောသည်။

နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ကြောင်သူတော် ကြေညာချက်အရမူ မြန်မာနိုင်ငံကို အမျိုး သား ညီညွတ်ရေးကို အခြေခံကာ ခေတ်မီနိုင်ငံတော်တရပ်အဖြစ် တည်ဆောက်လျက်ရှိသည်ဟု ဆိုသည်။

နိုင်ငံရေးပါတီများ ပြင်ဆင်နိုင်ရန်အတွက် ရွေးကောက်ပွဲဥပဒေများ ရေးဆွဲပြဋ္ဌာန်းခြင်းကို ယခုပင် စတင် လုပ် ဆောင်သင့်နေပြီ။

လွန်ခဲ့သော သြဂုတ်လအတွင်း စစ်အစိုးရနှင့်နီးစပ်သည့် အသိုင်းအဝိုင်းအကြား ပြောဆိုမှုများအရ ရွေး ကောက်ပွဲ ဥပဒေများကို ယမန်နှစ် နှစ်ကုန်လောက်တွင် ပြဋ္ဌာန်းကြေညာပြီး ဖြစ်လိမ့်မည်ဟု ဆိုခဲ့ကြသည်။ သို့သော် ယခုအချိန်အထိ ထိုသို့ မလုပ်ဆောင်ရသေးပေ။

စစ်အစိုးရက မည်သည့် အကြောင်းပြချက်များပြပြ၊ အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေး အဖွဲ့ များ၊ အရပ်သားများ ကဲ့သို့သော ကာယကံရှင်အားလုံး ပါဝင်သည့် အလုပ်ဖြစ်လောက်သော ရွေးလမ်းမျိုးကိုမူ ယခုအထိ မရှာဖွေနိုင်သေးပါ။ ဤအတိုင်းသာ သွားလျှင် နောက်ထပ် ပိုမိုများပြားသော ပြဿနာများက တိုင်း ပြည်၏ ၅၅ သန်းသော ပြည်သူများနှင့် စစ်တပ်၏ ထိပ်တန်းခေါင်းဆောင်များကို စောင့်ကြိုနေသည်။



REF: မဇ္ဈိမ

Read More...

အန်အယ်လ်ဒီကို စစ်အစိုးရ ရာဇသံပေး လူထုအတွက် အကောင်းဆုံးကို အန်အယ်လ်ဒီ တောင်းဆို

၅ ဖေဖော်ဝါရီ ၂၀၀၉


ပြည်သူလူထု၏ဆန္ဒကို အမှန်တကယ်လေးစားပါက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို အသိအမှတ်ပြုရမည်ဟု အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ပြည်သူလူထု ထောက်ခံထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပျက်ပြားအောင်၊ ထိခိုက်အောင် လုပ်ဆောင် လာမှု မှန်သမျှကို ဆန့်ကျင်ဖယ်ရှားသွားမည်ဟု ဗိုလ်မှူးချုပ်ကျော်ဆန်းက ဂမ်ဘာရီအား ခပ်တင်းတင်း ပြောဆိုခဲ့ခြင်းနှင့် ပတ်သက်ပြီး ခေတ်ပြိုင်က မေးမြန်းရာ ပြည်သူလူထု၏ဆန္ဒကို အမှန်တကယ်လေးစားလျှင် ပြည်သူများ တခဲ နက် မဲပေးရွေးချယ်ခဲ့သော ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အဘယ့်ကြောင့် အသိအမှတ် မပြုသနည်းဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေကို နအဖစစ်အစိုးရက နာဂစ်ဖြစ်ပြီးစအချိန် ၂၀၀၈ မေလအတွင်း နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများကို လက်မခံဘဲ ကျင်းပခဲ့ခြင်းဖြစ်ပြီး (၉၂.၄၈) ရာခိုင်နှုန်း ထောက်ခံခဲ့ကြောင်း ကြေညာခဲ့သည်။ သို့သော် အန်အယ်လ်ဒီက အဆိုပါအခြေခံဥပဒေကို ပြန်သုံးသပ်ပေးရန် စစ်အစိုးရထံ တောင်း ဆိုထားသည်။

“ကျနော်တို့ ပြန်လည်သုံးသပ်ရေးမူနဲ့ နအဖလုပ်နေတာတွေ နီးစပ်ပါ့မလားဆိုတော့ ရှေ့အလားအလာ သုံးသပ်ရ မှာ ခက်ပါတယ်။ အခုပြောသွားတဲ့အထဲမှာကိုက တရားမျှတမှုမရှိတာတွေ အများကြီးပါနေတယ်။ ပြည်သူ့ဆန္ဒကို လေးစားတယ်ဆို ပြည်သူတွေ ရွေးကောက်ထားတဲ့ ၁၉၉၀ ရလဒ်ကို ဘာဖြစ်လို့ အသိအမှတ်မပြုတာလဲ။ ကျနော် တို့က ဒီလိုပြန်ပြောချင်ပါတယ်” ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

အန်အယ်လ်ဒီအနေဖြင့် တောင်းဆိုထားချက်များ ရနိုင်မည့်အသွင်လက္ခဏာ မတွေ့ရကြောင်း၊ သို့သော် တိုင်းပြည်နှင့် လူထုအတွက် အဖြစ်နိုင်ဆုံးနှင့် အကောင်းဆုံးကို တောင်းဆိုထားခြင်းကြောင့် ထိုအတိုင်းသာ ဆက် လက် ရပ်တည်သွားမည်ဖြစ်ကြောင်း၊ မရခဲ့လျှင် မည်ကဲ့သို့လုပ်ဆောင်သွားမည်ဆိုသည့် မူဝါဒဆိုင်ရာကိစ္စများကို ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ဦးဥာဏ်ဝင်းက ဆက်လက်ပြောဆိုသည်။

အဆိုပါဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စနှင့်စပ်လျဉ်း၍ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက “ထိပ်တိုက်တွေ့ရ မယ့် သဘောတောင် ဖြစ်နေတယ်ပေါ့။ အစိုးရကလည်း ဒီဥပဒေကိုကိုင်ပြီး ရွေးကောက်ပွဲ လုပ်မယ်။ ရွေးကောက် ပွဲ ပျက်အောင် လုပ်တဲ့သူတွေကို အရေးယူသွားမယ်ဆိုတာတွေက ဂမ်ဘာရီ မလာခင် ကတည်းက ပြောဆို လုပ် ကိုင်ပြနေတာပဲ။ ဖွဲ့စည်းပုံ ကန့်ကွက်တဲ့သူတွေကို ဖမ်းတာဆီးတာတွေ လုပ်ခဲ့တာပဲကိုး။ တင်းတင်းကျပ်ကျပ် လုပ်တာကို တွေ့ရတယ်လေ။၂၀၁၀ ရွေးကောက်ပွဲကို နှောင့်ယှက်တယ်လို့ ယူဆရင် အစိုးရကတော့ ဖမ်းဆီး ထောင်ချနေမှာပဲ။ အခုလည်း နှစ်ရှည်ထောင်ဒဏ်တွေ ချနေတာပဲလေ။ ဆိုတော့ အဲဒီအချိန်ကျတော့ အန်အယ်လ်ဒီဘက်က (၅) သောင်း၊ (၁) သိန်း ဖမ်းချင်ဖမ်းကွာဆိုပြီးတော့ ဆန္ဒပြမယ့်လူ ရှိသလား မရှိဘူးလား။ သူတို့ ကန့်ကွက်ပွဲအောင်နိုင်ဖို့ရာက အနည်းဆုံး လူတသောင်းလောက် ထောင်ကျခံရဲတဲ့သူ ရှိသလား။ ဒါပဲ။ အဲဒီ ပေါ်မှာ တည်နေတယ်လေ။ အစိုးရဆိုတာကတော့ သူ့လက်ရှိအာဏာကို လက်မလွှတ်ချင်တာ သဘာဝပဲ” ဟု သုံးသပ်ပြောဆိုသည်။

ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံ လာရောက်ရေးကိစ္စမှာလည်း အခြေအနေနှင့် အချိန်အခါပေါ် မူတည်သည်ဟု ဗိုလ်မှူးချုပ်ကျော်ဆန်းက ဂမ်ဘာရီအား ပြောခြင်းသည် မြန်မာစစ်အစိုးရဘက်က ဘန်ကီမွန်းကို လက်ခံလိုခြင်း မရှိဆိုသည့် သဘောဖြစ်ကြောင်း ရန်ကုန် နိုင်ငံရေးသမားအချို့က ယူဆသည်။
ဂမ်ဘာရီအား နအဖပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ကျော်ဆန်း၏ ရှင်းလင်းပြောဆို ချက်များကို ချုပ်ကြည့်လျှင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂမ်ဘာရီ၏ ကမ်းလှမ်းချက်များကို အနုနည်းဖြင့် ငြင်းပယ်ခဲ့သလို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခွင့်တောင်းထားသည့် အန်အယ်လ်ဒီကိုလည်း ရာဇသံပေးသည့် သဘောဆောင်သည်ဟု အတိုက်အခံအချို့က ယူဆသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီထောင်ခွင့်၊ စည်းရုံးခွင့်၊ ရွေးချယ်ခံပိုင်ခွင့်များ ကျယ်ကျယ်ပြန့်ပြန့်ရမည် ဖြစ် ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြောကြားခဲ့သော်လည်း ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် မည်သည့်လတွင် ကျင်းပမည်၊ ရွေးကောက်ပွဲဥပဒေကို မည်သည့်အချိန် ထုတ်ပြန်ပေးမည် စသည်တို့ကိုမူ ဖြေကြားသွားခြင်းမရှိပေ။



မင်းနိုင်သူ
ွREF: ခေတ်ပြိုင်

Read More...

သျှမ်း/အရှေ့အပစ်ရပ် အဖွဲ့များနှင့် နအဖတပ်အကြား ဆက်ဆံရေးအေးကျဲလာ

သောကြာနေ့၊ 06 ဖေဖော်ဝါရီလ 2009 သျှမ်းသံတော်ဆင့်

နအဖ - စရဖ ညွှန်ချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် အဖွဲ့ ၏လက်နက်ကြီးအချို့ကို ဂျန္န၀ါရီ ၁၉ ရက်က ပန်ဆန်းမြို့တွင် အပစ်ရပ် ၀ လုံခြုံရေးတပ်ဖွဲ့ ယာယီဖြုတ်ထားသည့်နောက်ပိုင်း ၀ တပ်ဖွဲ့၊ မိုင်းလားတပ်ဖွဲ့နှင့် နအဖတို့ အကြား ဆက်ဆံရေး အေးတိအေးစက် ကျဲလာကာ နှစ်ဘက်စလုံး စစ်ရေးပြင်ဆင်မှု၊ အင်အားဖြည့်တင်းမှု၊ လုံခြုံရေး တင်းကြပ်မှုနှင့် တပ်လှန့်မှုများ ပိုလုပ်လာကြောင်း တရုပ်နယ်စပ် သတင်းရပ်ကွက်က ဆိုသည်။

အသက် ၄၀ ကျော် ကျိုင်းတုံ ကုန်သည်တဦးက - “ကျနော်ရင်းနှီးတဲ့ စစ်ဗျူဟာမှူး တချို့နဲ့ MAS အရာရှိတချို့ ပြောတာက - သူတို့ သွားလာနေကျ မိုင်းလားထိန်းချုပ်နယ်မြေအတွင်း အခုနောက်ပိုင်း အ၀င်အထွက်ကျဲလာ တယ်၊ ဆက်ဆံရေး အေးတိအေးစက်ဖြစ်လာတယ်၊ မြောက်ပိုင်း ၀ ထိန်းချုပ်နယ်မြေဘက်ဆိုရင် ပိုဆိုးတယ်” - ဟုဆို၏။

မြောက်ဘက် ၀ တပ်ထိန်းချုပ်နယ်မြေတွင်လည်း နအဖ တပ်ဖွဲ့များမဆိုထားနှင့် “အမြဲဝင်ထွက်လေ့ရှိတဲ့ သာမာန် ဗမာအရပ်သားတွေတောင် ၀ တပ်ဂိတ်မှာ ဖြတ်သန်းရင် အစစ်အဆေး တော်တော်တင်းကြပ်လာတယ်” ဟု ပြော ပြ၏။ “အရင်တုန်းက ၄-၅ ယောက် စောင့်တဲ့ ၀ တပ်ဂိတ်တွေ အခု အယောက် ၂၀-၃၀ စောင့်လာတယ်”ဟု ကွန်လုံ-ဟိုပန် ကားဆရာတဦးက ပြောပြပါသည်။

ဂျန္န၀ါရီလလယ်ပိုင်းလောက်မှ စ၍ ယခုအထိ NDAA မိုင်းလားအဖွဲ့ တပ်မဟာ ၃၆၉ ထိန်းချုပ် နယ်မြေ၊ UWSA ပန်ဆန်းအဖွဲ့ တပ်မဟာ ၄၆၈ ထိန်းချုပ်နယ်မြေအတွင်းနှင့် ဗမာစစ်တပ် ထိန်းချုပ်နယ်မြေစပ်ကြား တ၀ိုက်၊ ကျေးရွာများ၌ အထူး လုံခြုံရေးချပြီး ယခင်ကမလုပ်စဖူး ညဘက်ပတ္ထရောင်လှည့်မှုများ ပိုရှိလာသည်ဟုဆို၏။

ကျိုင်းတုံဒေသခံ လူလတ်ပိုင်းကားဆရာ တဦးကလည်း - “အခုပုံစံက ဗမာစစ်အစိုးရတပ်ဖွဲ့နဲ့ အပစ်ရပ် မိုင်းလား အဖွဲ့၊ UWSA အဖွဲ့တို့အကြား ဆက်ဆံရေး ဆိတ်ငြိမ်နေသယောင်ထင်ရပေမဲ့ လျှို့ဝှက်စစ်ရေး အပြိုင်ပြင်ဆင်နေ ကြတယ်လို့ ကြားတယ်၊ လွန်ခဲ့တဲ့တလလောက်ကစပြီး အေကေ ၄၇ နဲ့အမ် ၂၀ ပစ္စတိုအသစ် အတော်များများ ထုတ်ပေးတာတွေ ရှိတယ်၊ ဗမာစစ်တပ်ဘက်မှာလည်း မော်ဖှာ့နယ်နဲ့ မိုင်းခတ် မြို့နယ်အတွင်းမှာ တပ်အင်အား တွေ တိုးဖြည့်လာတာ တွေ့ရတယ်” ဟုဆို၏။

ဒု - ဗိုလ်မှူးကြီး အဆင့်ရှိ UWSA တပ်မှူးတစ်ဦးက - “၂၀၁၀ ရွေးကောက်ပွဲအတွက် နအဖ စစ်အစိုးရ ပြင်ဆင် နေချိန်မှာ အပစ်ရပ်အဖွဲ့တွေ လက်နက်ချဖို့၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်နေဖို့ ဖိအားပေးတဲ့အပေါ် - ကျနော် တို့ ၀ အဖွဲ့ အနေနဲ့ လက်နက်အပ်နိုင်တဲ့ နည်းလမ်း ၂ ခုဘဲရှိတယ်၊ သေနတ်ဘဲအပ်မလား ကျည်ဆံဘဲ ပေးရမ လားဆိုတာဘဲ” - ဟုပြောပြကြောင်း ကျိုင်းတုံဆိုစ့်ထံမှ ကြားသိရသည်။



REF: သျှမ်းသံတော်ဆင့်

Read More...

နေပြည်တော်မှ တိုးတိုးတိတ်တိတ် မင်္ဂလာပွဲ

Thursday, 05 February 2009

“စိန်စီသောည” ကဲ့သို့သော အရှက်ကွဲစေမည့် ဗွီစီဒီတချပ် ထပ်မံ ပေါ်ပေါက်ခြင်း မရှိစေရန် နေပြည်တော်မှ ဗိုလ်ချုပ်ကြီးများက မင်္ဂလာဧည့်ခံပွဲကြီးတခုကို သိုသိုသိပ်သိပ် ပြုလုပ်ခဲ့ကြသည်။

ဧည့်ခံပွဲသည် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ဒေါ်ခင်ခင်ဝင်းတို့၏ သမီး မယဉ်သူဇာသိန်းနှင့် ဗိုလ်ကြီး ဟန် ဝင်းအောင်တို့၏ လက်ထပ်မင်္ဂလာပွဲဖြစ်ပြီး စနေနေ့ (ဇန်န၀ါရီလ ၃၁ရက်နေ့) က မြို့တော်သစ် နေပြည်တော် တွင် ကျင်းပခဲ့ကြောင်း သိရသည်။

နေပြည်တော်ရှိ အစိုးရ ဧည့်ဂေဟာ တခုတွင် ပြုလုပ်ခဲ့သော အဆိုပါ ဧည့်ခံပွဲကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မိသားစု အပါအ၀င် စစ်ခေါင်းဆောင်များ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများ တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။ လက်ဝတ်ရတနာပစ္စည်း၊ ဇိမ်ခံကား၊ အိမ်ခြံမြေ စသည့် လက်ဆောင်ပစ္စည်း အများအပြား ရရှိခဲ့သည်ဟု သိရ သည်။

ဝန်ကြီးချုပ်၏ သမီးဖြစ်သူ မင်္ဂလာဆောင်ပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခြင်း မပြုရန် တားမြစ်ခံခဲ့ရဖွယ်ရှိသည် ဟု ၎င်းမင်္ဂလာပွဲ တက်ရောက်သူတဦးက သုံးသပ်သည်။ “မင်္ဂလာဆောင်က သိပ် အကျယ်မချဲ့ဘူး၊ မီဒီယာကို သတင်းပေါက်သွားမှာ စိုးရိမ်ကြပုံရတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောပြသည်။

ထိုသို့ သိုသိုသိပ်သိပ် ပြုလုပ်ခဲ့ခြင်းမှာ ၂၀၀၆ခုနှစ် ဇူလိုင်လတွင် ကျင်းပခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမီး ဖြစ်သူ မသန္တာရွှေ မင်္ဂလာဆောင်ကဲ့သို့ နောက်ဆက်တွဲ အရှက်ကွဲမှုများ ထွက်ပေါ်လာမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်မည်ဟု နေပြည်တော်နှင့် နီးစပ်သည့် သတင်းရပ်ကွက်များက ဆိုသည်။

မသန္တာရွှေ၏ ခမ်းနား ထည်ဝါလှသော မင်္ဂလာဧည့်ခံပွဲ မှတ်တမ်းမှာ You Tube ရုပ်မြင်သံကြား အင်တာနက် စာမျက်နှာမှ စတင်ပျံ့နှံ့ခဲ့သည်။

“စိန်စီသောည” ဟု အမည်ပေးထားသည့် အဆိုပါ မှတ်တမ်း ရုပ်ရှင်ထဲတွင် သတို့သမီး မသန္တာရွှေက စိန်ရတနာ ပစ္စည်းများ ကိုယ်လုံးညွတ်မျှ ၀တ်ဆင်ထားသည်။

အဆိုပါ မင်္ဂလာဧည့်ခံပွဲကို အင်တာနက်မှတဆင့် ကြည့်ရှုခဲ့ရသည့် စင်ကာပူဝန်ကြီးချုပ်ဟောင်းလီကွမ်ယုက “(ဗိုလ်ချုပ်မှူးကြီး) သမီးကလည်းဗျာ ခရစ်စမတ်သစ်ပင် ကျနေတာပဲ”ဟု အင်တာဗျူးတခုတွင် မှတ်ချက်ချခဲ့ သည်။

“စိန်စီသောည” တွင် ခမ်းနားလှသော ဧည့်ခံပွဲ၊ အဖိုးတန် ဝတ်စားဆင်ယင်မှုများ၊ ရှန်ပိန်အရက်များ အလျှံအပယ် တို့ဖြင့် ညစာစားပွဲ တည်ခင်းပုံကို ပြည်သူများ ဆင်းရဲ ကြပ်တည်းပြီး စားစရာ မရှိ ဖြစ်နေသည့် အခြေအနေများ နှင့် ဖြတ်ညှပ်ကပ်ပြီး နှိုင်းယှဉ် ဖော်ပြထားသည်။ အဆိုပါ မှတ်တမ်းအား မည်သူက စတင် ဖြန့်ချိခဲ့သည်ကို မသိရ ပါ။

ထို မှတ်တမ်းစီဒီကြောင့် စစ်အစိုးရ ခေါင်းဆောင်ပိုင်း မိသားစုတစု၏ နေထိုင်မှု ဘဝတစိတ်တပိုင်းကို မြန်မာနှင့် ကမ္ဘာက မျက်ဝါးထင်ထင် တွေ့မြင်ခဲ့သည်။

ယင်း “စိန်စီသောည” မင်္ဂလာဧည့်ခံပွဲ မှတ်တမ်းစီဒီမှာ လူအများအကြား ရေပန်းစား ပျံ့နှံခဲ့သဖြင့် ၎င်းအခွေ လက်ဝယ်တွေ့ရှိသူများကို ဖမ်းဆီးထောင်ချခဲ့သည်ဟု သိရသည်။

မင်္ဂလာဧည့်ခံပွဲ ကြော်ငြာကို စစ်အစိုးရ၏ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့တွင် ထည့်သွင်းခြင်း မပြုခဲ့ပေ။ ယခင်က စစ်ခေါင်းဆောင်နှင့် ပတ်သက်သည့် မင်္ဂလာဧည့်ခံပွဲများကို သတင်းစာများတွင် ခမ်းခမ်းနားနား ကြော်ငြာလေ့ရှိခဲ့သည်။

စီးပွားရေး လုပ်ငန်းရှင်တို့က အခွင့်အရေးများ၊ လုပ်ငန်း လုပ်ပိုင်ခွင့်များ ရရှိရန် စစ်ခေါင်းဆောင်တို့၏ ဧည့်ခံပွဲ အခမ်းအနားများတွင် တန်ဖိုးကြီးလက်ဆောင်များ၊ ငွေကြေးများ ပေးအပ်ခြင်းဖြင့် ချည်းကပ်လေ့ရှိသည်ဟု သိရ သည်။

ဗိုလ်ချုပ်မှူးကြီး၏ သမီးဖြစ်သူ မင်္ဂလာဆောင်တွင် ဇိမ်ခံကား၊ လက်ဝတ်ရတနာ စသဖြင့် စုစုပေါင်း ဒေါ်လာသန်း ၅၀ ခန့် တန်ဖိုးရှိသော လက်ဖွဲ့ပစ္စည်းများ ရရှိခဲ့သည်ဟု ဆိုသည်။

၁၉၉၀ ပြည့်လွန် အစောပိုင်း နှစ်များအတွင်းက ဗိုလ်ချုပ်တင်ဦး၏သားနှင့် မြို့တော်ဝန်ဟောင်း ဦးကိုလေး၏ သမီး ဖြစ်သူတို့ ပြုလုပ်ခဲ့သည့် မင်္ဂလာ ဧည့်ခံပွဲတွင်လည်း စီးပွားရေး လုပ်ပိုင်ခွင့်များ ရရှိရေးအတွက် လုပ်ငန်းရှင်တို့က အကြီးအကျယ် လက်ဖွဲ့ခဲ့ကြသည်ဟု သိရသည်။



အေးလဲ့
REF: ဧရာဝတီ

Read More...

Thursday, February 5, 2009

မစ္စတာဂမ်ဘာရီခရီး စာရင်းရှင်းတမ်း - ရဲဘော်ဖိုးသံချောင်း

၅ ဖေဖော်ဝါရီ ၂၀၀၉


လက်ဗလာဝင်ရောက်လာတဲ့ မစ္စတာဂမ်ဘာရီတော့ လက်ဗလာနဲ့ ပြန်သွားပြန်ပြီ။

လက်ဗလာပြန်သွားရပေမယ့် လာကတည်းက လက်ဗလာလာသူမို့ သူကတော့ ဘာမှမရှုံးဘူး။ ပါးစပ်ပဲ စိုက် ရတာ။ ပါးစပ်အစာ (ပြန်အစီရင်ခံစရာ) ရရင် သူ့အတွက် စရိတ်ကျေပြီ။

အလားတူပဲ နဂိုကတည်းက ဒီမိုကရေစီဗလာဖြစ်နေတဲ့ ဗမာပြည်သားတွေအဖို့ ဗလာပဲရလိုက်ပါတယ်။
စာရင်းချုပ်လိုက်တော့ ဘယ်သူတွေကမြတ်လို့ ဘယ်သူတွေကရှုံးသလဲ။

ပြန်ကြည့်လိုက်ရင် ကုလသမဂ္ဂအတွင်းရေးမှူးရဲ့အထူးသံတမန်ဆိုတာတွေ လာလိုက်တဲ့အကြိမ်တွေ များပဲ များလှပြီဆိုတာ တွေ့ရမှာပါ။ ဘဝသံသရာ ရထားကြီးလိုပဲ တယောက်ဆင်း တယောက်တက်၊ ကုလသမဂ္ဂ အတွင်းရေးမှူးတွေလည်းပြောင်း၊ သူတို့ရဲ့ အထူးသံတမန်တွေလည်းပြောင်း။ မပြောင်းတာက ဗမာပြည်ရဲ့ အခြေအနေ။ ပြည်သူတွေရဲ့ဘဝ။ ဓာတ်ပြားဟောင်းကြီးနဲ့ ငိုချင်းချနေရတဲ့ ဗမာပြည် ပြည်သူတွေရဲ့ဘဝ။ နအဖစီစဉ်တဲ့အတိုင်းနေ၊ သွား၊ တွေ့၊ ပြော၊ အကုန်လိုက်လုပ်နေရတဲ့ အထူးသံတမန်ဟာ ဘယ်သူ့ကို ကိုယ်စားပြုတာလဲ ဆိုတာတောင် စဉ်းစားရမလိုဖြစ်နေပါပြီ။

မစ္စတာဂမ်ဘာရီရဲ့ ဒီတခါလာတဲ့ ခရီးစဉ်ဟာ နှစ်ဖက်ရင်ကြားစေ့ပေးဖို့လို့ ဆိုပါတယ်။ ကြားလို့ကောင်းလှပါ တယ်။ ဒါပေမယ့် ဒီနိုင်ငံကို သူတခေါက်လာတိုင်း နှစ်ဖက်ဟာ ပိုပိုနီးလာသလား၊ ဝေးဝေးသွားသလား ပြန် စဉ်းစားရမလို ဖြစ်နေပါတယ်။ လက်တွေ့အနေအထားက ကုလသမဂ္ဂ သံတမန် တခေါက်လာတိုင်း၊ ဗိုလ် သန်းရွှေတယောက် “အတွေ့မခံဘူး” ဆိုပြီး တခါမာန် တခါတင်းလိုက်ရတိုင်း၊ ကြာရင် ဗိုလ်သန်းရွှေ တက် နေမှာတောင် စိုးရပါတယ်။ မနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်က မစ္စတာဂမ်ဘာရီကို အတွေ့မခံဘူးဆိုတဲ့ အခါမှာတော့ နအဖနဲ့ သူတို့ရဲ့ အလိုတော်ရိတွေဟာ ဒေါ်စုကို အကြီးအကျယ် တိုက်ခိုက်ပြောဆိုခဲ့ကြပါ တယ်၊ ဒါပေမယ့် ဗိုလ်သန်းရွှေက အခေါက်တိုင်းမှာ မတွေ့ဘူးဆိုတာကျတော့ လေသံတောင်မဟဝံ့ပါဘူး။

ဒီကြောင့်မို့ အကြိမ်ကြိမ်လာနေတဲ့ မစ္စတာဂမ်ဘာရီလိုလူဟာ သင်ခန်းစာမယူရော့လေသလားလို့ တွေးစရာ ဖြစ်နေပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးတွေရော သင်ခန်းစာမယူလေရော့သလား။ သူတို့အနေနဲ့ နှစ်ဖက် ရပ်တည်ချက်တွေကို ပိုသိရတာဟာ အမြတ်ပဲလို့ ပြောကောင်းပြောပါလိမ့်မယ်။

တကယ်က နှစ်ဖက်စလုံးဟာ လက်ရှိရပ်တည်ချက်တွေကို လွန်ခဲ့တဲ့ (၁၈) နှစ်လောက် ကတည်းကစပြီး အပြောင်းအလဲမရှိ ရပ်တည်ခဲ့ကြတာပါ။ ဒါကိုပဲ “အော်- ဒီနှစ်လည်းမပြောင်းကြသေးဘူး” လို့ ကောက်ချက် ချပြီး ပြန်သွားရတယ်ဆိုတာမျိုးနဲ့ ဗမာပြည်နိုင်ငံရေးကို စမ်းသပ်ခန်းထဲက ယုန်ကလေး၊ ပူးကလေးလို အသုံး ချတာ ခံမနေသင့်တော့ပါဘူး။

တခြားနိုင်ငံတွေအဖို့က လက်ရှိစစ်အစိုးရပုံစံကနေ အရပ်သားအစိုးရပုံစံကို တကယ်ပြောင်း မပြောင်းဆိုတာ အရေးမကြီးပါဘူး။ ကြည့်ရတာ သဏ္ဌာန်လောက်ပြောင်းရင်တောင် ကျေနပ်မယ်ဆိုတဲ့ အစိုးရတွေလည်း မနည်းဘူးထင်ပါတယ်။ အီးယူက အီတလီနိုင်ငံ သံအမတ်က ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းခဲ့တယ် ဆိုတာ ကို သတိထားသင့်ပါတယ်။ သူတို့အနေနဲ့ နအဖရဲ့စရိုက်အကျင့်ရော၊ ရပ်တည်ချက်သဘောထားတွေကိုပါ ကောင်းကောင်းသိပါတယ်။ သူတို့ဟာ ဗမာပြည်သူတွေကို မစာနာတာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်သူမှ ကိုယ့်နိုင်ငံအရေးလို သဘောမထားနိုင်ပါဘူး။ ဒါဟာ ပကတိအခြေအနေပါ။ ဒီကြားထဲကပဲ ဘယ် နိုင်ငံ၊ ဘယ်ခေါင်းဆောင်ကဖြင့် ဗမာပြည်နဲ့ပတ်သက်ပြီး ဘာပြောပြန်ပြီဆိုတာတွေကို ရှေ့တန်းတင်ဖော် ထုတ်၊ ပြောဆိုကြ၊ တဆက်တည်းမှာ စိုးရိမ်ကြ၊ အားတက်ကြ၊ မျှော်လင့်ကြ၊ ဗမာပြည်သားတွေကို “ထမင်း ဆီဆမ်း ရွှေလင်ပန်းနဲ့ပေးပါ” ဆိုတဲ့ ပုံပြင်တွေနဲ့ ချွေးသိပ်နေတာ မတရားဘူးလို့ ထင်ပါတယ်။

မစ္စတာဂမ်ဘာရီရဲ့ ဒီတခေါက်ခရီးမှာ အားလုံးအာရုံစိုက်သင့်တဲ့ကိစ္စတရပ်၊ သဘောထားတခုလည်း ပေါ် ပေါက် လာပါတယ်။ အဲဒါကတော့ နအဖက ဦးဝင်းတင်၊ ဦးခင်မောင်ဆွေတို့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပြုတာပါပဲ။ ဒါဟာ ဒီပုဂ္ဂိုလ်နှစ်ယောက်အပေါ် စစ်အစိုးရက အငြိုးအတေးကြီးတယ်ဆိုတာလောက် မဟုတ်ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သွေးခွဲဖို့၊ ခြိမ်းခြောက်ဖို့၊ အချိန်မရွေး အရေးယူနိုင်ဖို့ ဖဲတချပ် ချန်ထားတယ်ဆိုတာကို ပြနေတာဖြစ်ပါတယ်။
နောက်အချက်တချက်က နအဖဟာ ကုလသမဂ္ဂအတွင်းရေးမှူးရဲ့ အထူးသံတမန်တွေလာတိုင်း ဘယ်မှာမှ လူတောမတိုးတဲ့ သူတို့ရဲ့ နောက်လိုက်ခွေးတွေကို ပွဲထုတ်ဝါဒါဖြန့်ခွင့်ရနေပါတယ်။ ဒါဟာ သူတို့ရဲ့ ရွေးကောက်ပွဲအတွက် ကြော်ငြာဖြန့်တာလို့ ဆိုနိုင်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒီမိုကရေစီ အင်အားစုတွေကိုလည်း “တွေ့လား” လို့ မေးငေါ့ပြနေတာဖြစ်ပါတယ်။

နိုင်ငံတကာအသိုင်းအဝန်းကိုတော့ နအဖဗိုလ်ချုပ်တွေက မျက်စိထဲတောင် မထားဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။
ဗမာပြည်အရေးကို နိုင်ငံတကာဇာတ်ခုံပေါ် ရောက်စေတယ်ဆိုတိုင်း အကောင်းချည်းမဟုတ်ဘူးဆိုတာကို ဒီ အခြေအနေတွေက သက်သေပြနေပါတယ်။ ဗမာနိုင်ငံသားတွေရဲ့ သေရေးရှင်ရေးကို သူတို့က စားလို့ သောက်လို့ကောင်းရုံ၊ မင်းတိုင်းကျေ လုပ်နေကြတာဖြစ်ပါတယ်။ ဒီကြားထဲမှာ နအဖအဖို့ကျတော့ ဒါတွေဟာ သူတို့ ဖြစ်စေချင်တဲ့ အချိန်ဆွဲခြင်းဖြစ်လာပြီး အချောင် အမြတ်ရနေပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ နအဖကို ဘယ်သူမှမကြိုက်တာတော့အမှန်ပါပဲ။ ဒါပေမယ့် ဒီကိစ္စအတွက် ဘယ်သူမှ ကိုယ့်အကျိုးစီးပွားကို အထိခိုက်ခံမှာမဟုတ်ပါဘူး။ အလွန်ဆုံး လေသံလေးပစ်လိုက်၊ ဒေါ်လာစ လေး ပစ်လိုက်လောက်ပဲ ဖြစ်မှာပါ။ ဒါဟာ သူတို့ကို အပြစ်တင်တာမဟုတ်ပါဘူး။ ဒါတွေကို သိုက်စာလုပ်ပြီး ပေးနေတဲ့လူတွေနဲ့ သိုက်စာလို ဖတ်ရှု မျှော်မှန်းနေကြသူတွေကိုသာ မဖြစ်သင့်ကြောင်း ပြောလိုတာဖြစ်ပါ တယ်။
တကယ်က ဒီနေ့ နိုင်ငံတကာအခြေအနေမှာ ကုလသမဂ္ဂဟာ သိပ်စွမ်းဆောင်နိုင်တာမဟုတ်ပါဘူး။ ကမ္ဘာ့ နေရာ အနှံ့အပြားမှာ ကုလသမဂ္ဂက ဝင်စေ့စပ်တယ်ဆိုတာတွေဟာ တိုးလိုးတန်းလန်းချည်းဖြစ်ပါတယ်။ ကောင်းတဲ့အဖြေထွက်ပြီး ပြီးပြတ်သွားတယ်ဆိုတာ (၁ဝ) ရာခိုင်နှုန်းတောင် မရှိလောက်ပါဘူး။ ပါလက် စတိုင်း၊ ကွန်ဂို၊ ဇင်ဘာဘွေ၊ ပြည်သူတွေဟာ အသက်ကို ဖက်နဲ့ထုပ်ပြီး ဒုက္ခပင်လယ်ထဲမှာ မျောနေရှာကြ တာ ကြာပဲကြာလှပါပကော။ ဒီ ဂျာအေး သူ့အမေရိုက်ဇာတ်လမ်းတွေထဲမှာ ဗမာပြည်အရေးကို ထည့်မထား သင့်တော့ပါဘူး။ ဗမာပြည်ပြည်သူတွေအနေနဲ့ လော်ဘီတွေကို မျှော်ရည်နေမယ့်အစား တော်ပြီလို့ ပြောကြရ မယ့် အချိန်ကို ရောက်လာပြီထင်ပါတယ်။



REF: ခေတ်ပြိုင်

Read More...

တမီးလ်တိုက်ဂါးအကြောင်း တစေ့တစောင်း - ခင်မမမျိုး

စကားချီး

(၂၀၀၈)ခုနှစ်နဲ့ (၂၀၀၉) ခုနှစ် အစပိုင်း ကာလတလျှောက်ဟာ ကမ္ဘာတ၀ှမ်းမှာ ပဋိပက္ခစစ်မီးတွေ တောက် လောင်နေတဲ့ ကာလလို့ ဆိုရမလားပဲ။ ၂၀၀၈ခုနှစ်၊ သြဂုတ်လထဲမှာ Georgian- Ossetian ပဋ္ဋိပက္ခရဲ့ တစိတ်တပိုင်းဖြစ်တဲ့ South Ossetia စစ်ပွဲဖြစ်ခဲ့တယ်။ ဂျော်ဂျီယာတွေက တဘက်၊ ရုရှားနဲ့ South Ossetia ထဲက separatists တွေကတဘက် ဖြစ်ခဲ့တဲ့ ဒီစစ်ပွဲမှာ လူအများအပြား သေကြေပျက်စီးခဲ့ရတယ်။ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတယ်။ နှစ်ကုန်ပိုင်းရောက်တော့ အစ္စရေးက ပါလက်စတိုင်း Hammas အဖွဲ့ကို စစ်ရေးနည်းနဲ့ ချေမှုန်းတဲ့ကိစ္စဟာ ကမ္ဘာတ၀ှမ်းက မီဒီယာတွေအားလုံးရဲ့ ခေါင်းကြီးပိုင်းသတင်းတွေ ဖြစ်လာခဲ့တယ်။ ဒါ တွေတင်မက ကမ္ဘာတ၀ှမ်းလုံးမှာ ဖြစ်ပျက်နေတဲ့ armed conflict တွေဖြစ်တဲ့ အာရှတိုက်က အာဖဂန်နစ်စ တန်- တာလီဘန်အရေး၊ အိန္ဒိယ - Kashmier အရေး၊ ဖိလစ်ပိုင်- Mindanaoan separatists အရေး၊ သီရိ လင်္ကာ- တမီးလ်အရေး၊ အာဖရိကတိုက်က အယ်လ်ဂျီးရီးယားနဲ့ လက်နက်ကိုင်အစ္စလာန်အုပ်စု (ဂျီအိုင် အေ) အရေး၊ ဆိုမားလီးယားအရေး၊ ဆူဒန်-ဒါဖာအရေး၊ ယူဂန်ဒါနဲ့ Lord's Resistance Army အရေး၊ ဥရောပက ရုရှား - Chechenအရေး၊ ဂျော်ဂျီယာအရေး၊ လက်တင်အမေရိကက ကိုလန်ဘိုအရေး၊ အရှေ့ အလယ်ပိုင်းက အီရတ်အရေး၊ အစ္စရေး-ပါလက်စတိုင်းအရေး၊ ရေမင်- Shabab al-Moumineen အရေး၊ Turkey- the Kurdish Workers’ Party (PKK) အရေးကိစ္စတွေဟာ လူပေါင်းများစွာရဲ့ အသက်တွေ၊ ဘ၀ တွေကို ဖျက်ဆီးပစ်ခဲ့ပါပြီ။

ဒီအရေးကိစ္စတွေကြားထဲမှာ အခု ၂၀၀၉ နှစ်ဦးပိုင်းကာလများကျတော့ သီရိလင်္ကာက တမီးလ်တိုက်ဂါးများနဲ့ အစိုးရတပ်များအကြားက (၃၇)နှစ်ကြာရှည်ခဲ့ပြီဖြစ်တဲ့ ပဋ္ဋိပက္ခဟာ စစ်ရေးလေ့လာသူများနဲ့ နိုင်ငံတကာရဲ့ concern ကို တိုးမြင့်စေခဲ့ပါတယ်။ သီရိလင်္ကာ သမ္မတ Mahinda Rajapakse က တမီးလ်တိုက်ဂါးများကို အပြီးသတ် ချေမှုန်းနိုင်တော့မယ်ဆိုတဲ့အကြောင်း (၆၁) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားမှာ ပြော ဆိုသွားခဲ့ပေမယ့်လဲ အစိုးရတပ်များနဲ့ တမီးတိုက်ဂါးတို့ရဲ့ ပဋ္ဋိပက္ခဇုန်အတွင်းမှာ အရပ်သား ၂ သိန်းခွဲခန့် ပိတ်မိနေပါတယ်။ ယူအက်စ်၊ အီးယူ၊ ဂျပန်၊ နော်ဝေတို့ပါဝင်တဲ့ quartet ( Oslo-led Peace Negotiations) ကတော့ တမီးတိုက်ဂါးများကို လက်နက်ချပြီး၊ အပစ်အခတ်ရပ်စဲဖို့ တိုက်တွန်းထားပါတယ်။ သူတို့အဆိုအရ မကြာခင်မှာ တမီးလ်တိုက်ဂါးများရဲ့ လှုပ်ရှားနယ်မြေတွေလဲ ဆုံးရှုံးတော့မှာဖြစ်တဲ့အတွက် ဆက်တိုက်နေ တာဟာ တိုက်ပွဲဝင်သူတွေနဲ့ အရပ်သားတွေရဲ့ အသက်တွေ ထပ်မံဆုံးရှုံးတာပဲ ဖြစ်လာနိုင်တာကြောင့် အကျိုးမရှိကြောင်း ပြောထားကြပါတယ်။ ဒီဖြစ်ရပ်တွေကို သတင်းမှာ နားထောင်နေမိရင်း တမီးလ်တိုက်ဂါး များနဲ့ ပတ်သက်တဲ့ ဒီဆောင်းပါးလေးကို ရေးဖြစ်သွားပါတယ်။

နိဒါန်း

ကမ္ဘာတ၀ှမ်းက insurgent forces တွေကို စစ်ရေးလေ့လာသူတွေ၊ လက်နက်ကိုင်အဖွဲ့တွေ၊ ငြိမ်းချမ်းရေး လှုပ်ရှားသူတွေက ရှုထောင့်မျိုးစုံကနေ အမျိုးအစားမျိုးစုံ ခွဲခြားပြီး လေ့လာ ဆန်းစစ်လေ့ရှိကြပါတယ်။ ဒီ အထဲမှာ ထင်ရှားတဲ့ model တမျိုးကတော့ စစ်ရေးလေ့လာသူ Clap ham ခွဲခြားသုံးသပ်ပြထားတဲ့ အမျိုး အစား ပုံစံဖြစ်ပါတယ်။ သူက insurgent forces တွေကို လွတ်မြောက်ရေးလှုပ်ရှားသူတွေ၊ ခွဲထွက်ရေး လှုပ် ရှားသူတွေ၊ ပြုပြင်ပြောင်းလဲလိုသူတွေနဲ့ စစ်ဘုရင်တွေဆိုပြီး အမျိုးအစားလေးမျိုး ခွဲခြားခဲ့ပါတယ်။ သူ့ခွဲခြား မှုပုံစံဟာ ထင်ရှားလှပေမယ့် ဒီပုံစံဟာ aspirations ကိုသာ အခြေခံပြီး၊ manifestations တွေကို ထည့်သွင်း စဉ်းစားထားခြင်း မရှိပါဘူး။ တခြားထင်ရှားတဲ့ ပုံစံတမျိုးဖြစ်တဲ့ O' Neill ရဲ့ anarchist, egalitarian, traditionalist, pluralist, separatist, reformist, preservationist အမျိုးအစားတွေကလဲ Clap ham ရဲ့ ပုံစံတုန်းကလိုပဲ aspirations ကိုသာ အခြေခံထားပါတယ်။

အခုဒီဆောင်းပါးမှာ တမီးလ်တိုက်ဂါးများအကြောင်း ဖော်ပြတဲ့အခါမှာတော့ တခြားပုံစံတမျိုးတမျိုးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ စစ်မဟာဗျူဟာလေ့လာရေးအဖွဲ့ကြီးမှ ထုတ်ဝေတဲ့ Adelphi Paper ထဲက Mack inlay ရဲ့ ခွဲခြားမှုပုံစံကို အသုံးပြုပါမယ်။ သူက insurgent forces တွေကို Lumpen, Clan, Popular နဲ့ Global ဆိုပြီး လေးမျိုးလေးစား ခွဲခြားထားခဲ့ပါတယ်။ သူ့ခွဲခြားမှုပုံစံဟာ လှုံ့ဆော်မှုအကြောင်းတရားတွေ၊ အားသာ ချက်တွေ၊ မဟာဗျူဟာဝန်းကျင်အနေအထားတွေ၊ ဦးဆောင်မှု၊ အဖွဲ့အစည်းပုံစံ၊ နည်းဗျူဟာ စတဲ့ အချက် တွေအပေါ်မှာ အခြေခံထားတဲ့အတွက် အဖွဲ့အစည်းတခုအကြောင်း လေ့လာဖော်ပြတဲ့အခါမှာ instruments of assessment အနေနဲ့ အသုံးဝင်လှပါတယ်။

သူ့ခွဲခြားမှုပုံစံအရ Lumpen insurgent force ဆိုတာက ideology အပေါ်မှာ အခြေမခံပဲ၊ culture နဲ့ intellectual လွှ့မ်းမိုးမှုကနေ ပေါ်ပေါက်လာတဲ့ အဖွဲ့အမျိုးအစား ဖြစ်ပါတယ်။ ဥပမာ- Sierra Leone က အာရ်ယူအက်ဖ်လို့ အတိုကောက်ခေါ်ကြတဲ့ Revolutionary Front Party ပါ။ နောက်တမျိုးကတော့ Clan Insurgent force ပါ။ Clan ဆိုတာက ဘိုးဘေးဘီဘင်တဦးတည်းက ဆင်းသက်လာတယ်လို့ အစဉ် အဆက် ယူဆသတ်မှတ်ခဲ့ကြတဲ့ မျိုးနွယ်စုပါ။ နိုင်ငံအများစုမှာ ဒီလိုမျိုးနွယ်စုတွေ ရှိတတ်ပါတယ်။ သူတို့ တွေက ဘာသာစကား၊ အမျိုးတော်မှု၊ အမည်နာမတူမှုတွေအပေါ်မှာ အလေးအနက် ထားတတ်ကြပါတယ်။ ဒီမျိုးနွယ်စုတွေက military purposes အတွက် စုစည်းရာမှာ အရေးကြီး သွေးနီးတတ်တာကြောင့် တချို့ နိုင်ငံတွေမှာကျတော့လဲ national army ရဲ့ အစိတ်အပိုင်းတွေ ဖြစ်လာပါတယ်။ ဥပမာ- ဗြိတိသျှစစ်တပ်ရဲ့ Highland Regiments များဟာ Scottish Clans ဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာကျတော့လဲ insurgent forces တွေဖြစ်လာကြပါတယ်။ ဥပမာ- ဆိုမားလီးယားမှာဆိုရင် clans, sub-clans အမျိုးအစားများစွာ ကွဲပြားနေပြီး၊ ပြည်တွင်းပဋ္ဋိပက္ခကလဲ အရမ်းကြီးမားနေတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ နောက်တမျိုးက တော့ global insurgent forces ပါ။ ဒီအမျိုးအစားကတော့ ဥပမာပြရတာ လွယ်ကူလှပါတယ်။ အိုစမာ ဘင်လာဒင်ရဲ့ al-Qaeda အဖွဲ့လို ပုံစံမျိုးတွေကို ခေါ်ဆိုတာပါ။ နောက်ဆုံးတမျိုးကတော့ popular insurgent forces ပါ။ popular ဆိုတဲ့ စကားလုံးက လူထုရဲ့ ထောက်ခံမှုကို ဆိုလိုတာပါ။ ပိုမို အင်အား ကြီးမားတဲ့ တရားဝင်အစိုးရ (သို့မဟုတ်) တရားမ၀င် အစိုးရတရပ်ကို ဆန့်ကျင်ဖို့ တမျိုးသားလုံးကဖြစ်စေ၊ လူမျိုးစုများ ပူးပေါင်းနေထိုင်တဲ့နိုင်ငံဆိုရင်လဲ လူမျိုးစုတခုကဖြစ်စေ၊ ထောက်ခံအားပေးတဲ့ လက်နက်ကိုင် အဖွဲ့ကို ရည်ညွှန်းသတ်မှတ်တာဖြစ်ပါတယ်။

တမီးလ်နှင့် Popular insurgency

Classical form အရ Popular insurgency မှာ phase သုံးမျိုးရှိပါတယ်။ ပထမက Pre-Revolutionary Phase ပါ။ အဲဒီအချိန်မှာ ခေါင်းဆောင်ဖြစ်သူဟာ နောက်လိုက်အနည်းငယ်နဲ့ ကင်ပိန်းအတွက် political environment ကို စတင်ဖန်တီးပါတယ်။ ထောက်ခံသူများလာတဲ့အခါ လှုပ်ရှားမှုအသက်ဝင်လာတော့မှ အစိုးရတပ်တွေကို ထိတွေ့မှုစတင်လာပြီး Insurgency Phase ဖြစ်လာတာပါ။ ဒီလိုထိတွေ့မှုလေးတွေ အောင်မြင်လာတဲ့အခါကျမှ၊ လက်နက်ကိုင်လှုပ်ရှားမှု အားကောင်းလာပြီး ပြည်တွင်းစစ်ကို အသွင်ပြောင်း ကြပါတယ်။ အဲဒါကို Limited War Phase လို့ စစ်ရေးအသုံးအနှုန်းအရ ခေါ်ဆိုပါတယ်။ တမီးလ်တိုက်ဂါး တွေရဲ့ လှုပ်ရှားမှုပုံသဏ္ဍာန်တွေဟာ ဒီ Phases သုံးမျိုးလုံးကို တဆင့်ချင်းကူးပြောင်းလာခဲ့တာ ဖြစ်ပါတယ်။

Popular insurgency မှာ နောက်ထပ်တွေ့ရတဲ့ သွင်ပြင်လက္ခဏာတမျိုးကတော့ အစိုးရတပ်နဲ့ insurgent forces အကြားက ဆက်နွယ်မှုပါပဲ။ ဒါကတော့ အစိုးရလှုပ်ရှားမှုအပေါ်မှာ မူတည်ပြီး၊ လိုက်လံ ချိန်ဆရတာ ဖြစ်ပါတယ်။ A tough regime invites a dangerous insurgent ဆိုတဲ့ သမိုင်းဝင် ဆိုရိုးစကားတခုလိုပါပဲ။ တမီးလ်တိုက်ဂါးများကိစ္စမှာ အကြမ်းဖက်မှုကိစ္စ၊ လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စတွေနဲ့ ပတ်သက်ပြီး အပြန်အလှန် စွပ်စွဲမှုတွေကြောင့်၊ လေ့လာစောင့်ကြည့်သူတွေ အကြားမှာတောင် ကိုယ်ပိုင်တန်ဖိုးထားမှု တွေ၊ စံတွေပေါ်မူတည်ပြီး အကြီးအကျယ် အငြင်းပွားမှုတွေ ဖြစ်လေ့ရှိကြပါတယ်။ တက္ကသိုလ်ဌာနတခု အတွင်းမှာတင် လူ့အခွင့်အရေးလေ့လာသူတွေနဲ့ နိုင်ငံရေးအကြမ်းဖက်မှု လေ့လာသူတွေအကြား၊ serious debate တွေ ဖြစ်လာကြရပါတယ်။ ဘယ်သူမှန်တယ်၊ မှားတယ်ပြောရခက်တဲ့ ပုစ္ဆာကြီးတပုဒ်ပါပဲ။ နှစ်ဖက် စလုံးမှာ အားနည်းချက်တွေ၊ အမှားတွေ ရှိခဲ့ကြတာတော့ အသေအချာပါ။

Popular insurgency မှာ နောက်ထပ်တွေ့ရတဲ့ သွင်ပြင်လက္ခဏာတမျိုးကတော့ အဖွဲ့အစည်းဖွဲ့စည်းပုံပါ။ ဒီအဖွဲ့တွေမှာ ဘဏ္ဍာရေး၊ နိုင်ငံတကာဆက်သွယ်ရေး၊ နိုင်ငံရေး၊ ပြန်ကြားရေးနဲ့ ၀ါဒဖြန့်ချိရေး၊ စစ်ရေးဆို တဲ့ functional areas တွေ ရှိပါတယ်။ ဒီဧရိယာတွေမှာ တခုမဟုတ်တခု ချို့ယွင်းတဲ့ အဖွဲ့ဆိုရင်လဲ သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ကို ပြည့်မှီအောင် ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ ကမ္ဘာတ၀ှမ်းတော်လှန်ရေးများစွာက ဒီအချက်ကို သွေးနဲ့ရင်းပြီး သက်သေထူသွားခဲ့ပြီးပါပြီ။ တမီးလ်တိုက်ဂါးများမှာ ဒီသွင်ပြင်လက္ခဏာတွေ အားလုံးရှိနေပါတယ်။ ၁၉၉၇ ခုနှစ်မှာ မြို့တော်ရဲ့ ဘဏ္ဍာရေး District ကို ဗုံးဖောက်ခွဲမှုသာ မပြုလုပ်ခဲ့ဖူးဆို ရင် ဒီအဖွဲ့ရဲ့ အခြေအနေက အခုအချိန်မှာ တမျိုးဖြစ်ပါလိမ့်မယ်။ ဒီကိစ္စအကြောင်းကို အောက်က သမိုင်း ဖြစ်စဉ်တွေမှာ အသေးစိတ်ရေးသားထားပါတယ်။

ပဋ္ဋိပက္ခမြစ်ဖျားခံရာ

သီရိလင်္ကာနိုင်ငံမှာ အခုဖြစ်ပွားနေတဲ့ ပဋ္ဋိပက္ခဟာ လူများစုဖြစ်တဲ့ Sinhala community နဲ့ လူနည်းစု Tamil Community တို့အကြားက ethnic conflict အမျိုးအစားဖြစ်ပါတယ်။ ၁၉၇၀ အစပိုင်း ကာလများက တမီးလ်လူမျိုးတွေအကြားမှာ ရွေးကောက်ခံ Sinhalese government ရဲ့ တမီးလ်လူမျိုးများအပေါ် ဘာသာ စကား၊ ပညာရေးတိုးတက်မှုအခွင့်အလမ်း၊ အလုပ်အကိုင်အခွင့်အလမ်း စတဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှု ရေး အခွင့်အလမ်းတွေမှာ exclusion လုပ်ထားတာတွေနဲ့ ပတ်သက်ပြီး မကျေနပ်မှုတွေ ပေါက်ဖွားလာခဲ့ပါ တယ်။ တမီးလ်လက်နက်ကိုင် လှုပ်ရှားမှုတွေ စတင်ပေါ်ပေါက်လာခဲ့ပြီး၊ တမီးလ်လူမျိုးများရဲ့ တန်းတူညီမျှ ခွင့်၊ လွတ်လပ်ခွင့်တွေကို ဆောင်ကျဉ်းပေးနိုင်မယ့် autonomy အတွက် တောင်းဆိုမှုတွေ အများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။ တချို့သောအဖွဲ့များကလဲ လုံးဝလွတ်လပ်ရေးကို တောင်းဆိုခဲ့ကြပါတယ်။

ပဋ္ဋိပက္ခကြီးထွားလာခြင်း

၁၉၈၃ ခုနှစ်ကျတော့ တမီးလ် insurgent group ဖြစ်တဲ့ Liberation Tigers of Tamil Eelam (LTTE) အဖွဲ့က အစိုးရတပ်တွေကို ခြုံခိုတိုက်ခိုက်တဲ့ တိုက်ပွဲတခုဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲကြောင့် အစိုးရတပ်သား (၁၃) ယောက် သေဆုံးခဲ့ပါတယ်။ ဒီဖြစ်ရပ်အပေါ်မှာ လူများစုဖြစ်တဲ့ Sinhala community က လူမျိုးရေး အရေးအခင်းတွေ ဖန်တီးပြီး အကြီးအကျယ်တုံ့ပြန်ခဲ့ပါတယ်။ ဒါကြောင့် တမီးလ်လူမျိုးများဟာ နေရပ်ဒေသ တွေကို စွန့်ခွာပြီး၊ တမီးလ်လူမျိုးအများစုရှိတဲ့ နယ်မြေဒေသတွေမှာ သွားရောက် အခြေချနေထိုင်ကြပါတော့ တယ်။ တခါတရံမှာ သေးငယ်တဲ့ တိုက်ပွဲလေးတွေဟာလဲ ကြီးမားခက်ထန်လှတဲ့ ပဋ္ဋိပက္ခကြီးတွေရဲ့ မီးပွား တွေ ဖြစ်လာစေတတ်တယ်ဆိုတာ ဒီဖြစ်ရပ်က သက်သေတခုပါပဲ။

များသောအားဖြင့် လူမျိုးရေးအပေါ် အခြေခံတဲ့ ပဋ္ဋိပက္ခမီးတွေ တဟုန်းဟုန်းတောက်လောင်စေမှုတွေရဲ့ တရားခံတွေဟာ လူနည်းစုခေါင်းဆောင်တွေ မဟုတ်ပါဘူး။ လူများစုခေါင်းဆောင်တွေ ဖြစ်လေ့ရှိပါတယ်။ အင်အားကြီးမားမှုအပေါ်မှာ မာနသွေးတွေကြွပြီး၊ လူနည်းစုတွေ၊ တိုင်းရင်းသားတွေကို ချိုးနှိမ်တဲ့ စကားလုံး တွေ၊ လှုပ်ရှားမှုတွေ ပြုလုပ်တတ်ကြပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာ လူနည်းစု တိုင်းရင်းသားတွေရဲ့ ရပ်တည် ချက်ကို စော်ကားမိသလိုဖြစ်ပြီး၊ ပဋ္ဋိပက္ခတွေကို ပိုမိုကြီးကျယ်သွားစေတော့တာပါပဲ။ ဒါကြောင့်လဲ majority leader ဟာ rational ဖြစ်ဖို့ လိုအပ်ကြောင်း ပညာရှင်တွေက ထောက်ပြပြောဆိုကြတာပါ။ rational မဖြစ် တဲ့ လူများစုခေါင်းဆောင်တွေနဲ့ တိုင်းပြည်စည်းလုံး ညီညွတ်ရေးကို တည်ဆောက်လို့ မရပါဘူး။ အချိန် မရွေး conflict escalation ဖြစ်သွားနိုင်ပါတယ်။

တကယ်တော့ အခုပဋ္ဋိပက္ခကိုသာ ကျွမ်းကျင်စွာ ကိုင်တွယ်တတ်ခဲ့ရင် နောင်နှစ်ပေါင်း သုံးဆယ်ကျော်ကြာ အောင် တဟုန်းဟုန်း တောက်လောင်မယ့် စစ်မီးတွေကို ထိန်းနိုင်ခဲ့ပါလိမ့်မယ်။ ဒါပေမယ့် rational မဖြစ်တဲ့ ခေါင်းဆောင်တွေကြောင့် ပဋ္ဋိပက္ခကတော့ အကြီးအကျယ် ကြီးမားသွားခဲ့ပါတယ်။ ၁၉၈၃ ကနေ ၁၉၈၇ ခု အထိ ကာလတွေမှာ တမီးလ်လူငယ်နှစ်သောင်းကျော်ဟာ တမီးလ်တိုက်ဂါးအဖွဲ့ဝင်တွေ ဖြစ်လာခဲ့ပါတယ်။ ပြည်ပကို ထွက်ခွာသွားကြတဲ့ တမီးလ်လူမျိုးများရဲ့ လှုပ်ရှားမှု၊ ကူညီထောက်ပံ့မှုများကြောင့် လှုပ်ရှားမှုရဲ့ အသက်သွေးကြောဖြစ်တဲ့ ဘဏ္ဍာရေးခိုင်မာတောင့်တင်းလာခဲ့ပါတယ်။ ဘဏ္ဍာရေး ဆက်နွယ်မှုများဟာ ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသ၊ နိုက်ဂျီးရီးယား၊ ရေမင်၊ ဇန်းဘီးယားတို့အထိ ချဲ့ထွင်နိုင်ခဲ့ကြပါတယ်။ နိုင်ငံတကာ ကင်ပိန်းအတွက် ရုံးပေါင်း (၄၀) ကျော်ကို ကမ္ဘာအနှံ့မှာ တည်ထောင်နိုင်ခဲ့ကြပါတယ်။

Indo-Lanka Peace Accord

(၁၉၈၇)၊ မေလ (၂၉) ရက်နေ့ကျတော့ တမီးလ်တွေရဲ့ autonomy ရရှိနိုင်ဖို့နဲ့ အိန္ဒိယနိုင်ငံရဲ့ ဒေသတွင်း geopolitical and strategic interests ကို ထိန်းသိမ်းနိုင်ဖို့အရေး ရှေးရှုတဲ့ Indo- Lanka Peace Accord ထွက်လာပါတယ်။ ဒီစာချုပ်အရ တမီးနဲ့ သီရိလင်္ကာအစိုးရတပ်များအကြားက တင်းမာမှုတွေကို ထိန်းသိမ်း နိုင်ဖို့အတွက် အိန္ဒိယစစ်တပ်က တပ်သား တသိန်းကျော်ကို သီရိလင်္ကာနိုင်ငံတွင်းမှာ အခြေချတပ်စွဲစေပါ တယ်။ Peace Keeping force တွေ အနေနဲ့ပါ။ တမီးလ်နိုင်ငံရေးအဖွဲ့ တော်တော်များများက ဒီ political stream မှာ ပူးပေါင်းပါဝင်လာကြပါတယ်။ တမီးလ်တိုက်ဂါးအဖွဲ့တော့ မပါပါဘူး။ သုံးလကြာတဲ့အချိန်မှာပဲ တမီးလ်တိုက်ဂါးအဖွဲ့က India Peace Keeping Force ကို စစ်ကြေငြာပါတော့တယ်။ အခြားတဖက်မှာလဲ နိုင်ငံခြားတပ်သားများ အခြေချတပ်စွဲမှုကို အကြောင်းပြုပြီး Sinhala nationalist force က အစိုးရကို စစ် ကြေငြာ ပြန်ပါတော့တယ်။

ပြည်တွင်းရေးကိစ္စတွေမှာ နိုင်ငံခြားတပ်တွေ အသုံးပြု ဖြေရှင်းမှုရှိလာခဲ့ရင် ဒီအချက်တွေကို အထူးပဲ သတိ ထားရပါလိမ့်မယ်။ ideology ပိုင်းမှာ သဘောထားကွဲလွဲတဲ့ နိုင်ငံခြားတပ်တွေ အသုံးပြုခဲ့ရင် ပိုဆိုးနိုင်ပါ တယ်။ ကိုယ့်တပ်တွေ၊ ကိုယ့်မဟာမိတ်တပ်တွေဟာလဲ ရန်သူတပ်တွေ ဖြစ်သွားတတ်ပါတယ်။ ဒီအချက်ဟာ သိပ်အရေးကြီးပါတယ်။

သွေးမြေကျသောကာလများနှင့် Rajiv Gandhi လုပ်ကြံခံရမှု

အဲဒီနောက်ပိုင်းမှာ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပြီး၊ စစ်မီးတွေ တောက်လောင်တော့တာပါပဲ။ လူတွေရဲ့ အသက်တွေ သိန်းချီသောင်းချီပြီး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ တမီးလ်အုပ်စုကွဲ သုံးဆယ်ကျော် ပြိုကွဲသွားခဲ့ပြီး၊ တမီးလ်တိုက်ဂါးတဖွဲ့တည်းသာ အင်အားကြီး အဖွဲ့ဖြစ်လာခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်၊ မေလရောက်တော့ အိန္ဒိယ၀န်ကြီးချုပ် Rajiv Gandhi လုပ်ကြံခံခဲ့ရပါတယ်။ ၁၉၉၀ နှောင်းပိုင်းကာလတလျှောက် ဗုံးပေါက်ကွဲမှု တွေ၊ အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ နိုင်ငံရေးအရ လုပ်ကြံမှုတွေ အများအပြား သီရိလင်္ကာမှာ ဖြစ်ပွားခဲ့ပါ တယ်။ တမီးလ်တိုက်ဂါးနဲ့ အစိုးရတပ်များအကြား အပြန်အလှန်စွပ်စွဲမှုတွေ ပေါ်ပေါက်လာပါတော့တယ်။

၁၉၉၅၊ ၉၆ ခုနှစ် ကာလများတွေမှာ အစိုးရတပ်ဘက်က လက်ထောက်ကာကွယ်ရေးဝန်ကြီးကိုယ်တိုင် တိုက်ရိုက်စီမံကွပ်ကဲမှုနဲ့ ပြုလုပ်တဲ့ ထိုးစစ်တွေ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ ဒီထိုးစစ်တွေကြောင့် တမီးလ်ထိန်းချုပ်နယ်မြေရဲ့ အချက်အချာနေရာဖြစ်တဲ့ Jaffna ကနေ တမီးလ်တပ်တွေ ဆုတ်ခွာပေးလိုက်ရပါ တယ်။ တမီးလ်ခေါင်းဆောင်တွေက Mullitaivu တောထဲတွေမှာ စခန်းချရတဲ့အထိ ဖြစ်လာပါတယ်။ ဒီအပေါ် မှာ တမီးလ်တွေရဲ့ တုန့်ပြန်မှုကကျတော့ သာမန်ထက် ပိုပြင်းထန်သွားပါတယ်။ စစ်ပွဲတွေမှာ ခံစားမှုကို ဦးစားပေးတိုက်လာတဲ့အခါ နိုင်ငံရေးရည်မှန်းချက်ကနေ လက်စားချေရေးဆီကို ရွေ့လျောသွားတတ်တယ်။ အဲဒီအချက်ကို တော်လှန်ရေးအဖွဲ့အစည်းတိုင်း သတိထားကြရပါမယ်။ တမီးလ်တွေလဲ အဲဒီအချိန်မှာ အလျင်အမြန်လက်စားပြန်ချေရေးကိုသာ အာရုံစိုက်ခဲ့ကြပါတယ်။ ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ အကျိုး ဆက်တွေကို ထည့်သွင်းစဉ်းစားခြင်း မလုပ်ခဲ့ကြပါဘူး။ စစ်ရေးထိုးစစ်ကို သူတို့ပြန်လှန်တုံ့ပြန်ခဲ့ကြတာက စစ်ရေးနဲ့ မဟုတ်ပဲ အကြမ်းဖက်မှုဆီကို ရွေ့လျောသွားပါတယ်။ ၁၉၉၇ ခုနှစ်၊ ဇန်န၀ါရီလ (၃၁)ရက်နေ့မှာ မြို့တော်ရဲ့ ဘဏ္ဍာရေး district ကို suicide truck ကားနဲ့ တိုက်ခိုက်ခဲ့မှုဟာ လူပေါင်း (၈၆) ယောက်ရဲ့ ဇီဝိန်ကို ခြွေယူသွားခဲ့ပြီး၊ အမျိုးသမီးနဲ့ ကလေးများအပါအ၀င် လူပေါင်း (၁၃၃၀)ကျော်ကို ဒဏ်ရာရရှိစေခဲ့ပါ တယ်။ ဒီဖြစ်ရပ်ဟာ အစိုးရတပ်အပေါ် တိုက်ရိုက်ထိခိုက်ခဲ့ခြင်း ဘာမှမရှိပဲ၊ အစိုးရတပ်ရဲ့ legitimacy ကို မြှင့်တင်ပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။

ငြိမ်းချမ်းရေးဆီသို့

၁၉၉၀ နှောင်းပိုင်းကာလကျတော့ Norwegian- Brokered peace process စတင်လာပါတယ်။ ၂၀၀၂ ခုနှစ် မှာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ထွက်ပေါ်လာပါတယ်။ တမီးလ်များဘက်ကလဲ တမီးလ်လူမျိုး များ အများစုနေထိုင်ရာ နယ်မြေတွေအတွက် လုံးဝလွတ်လပ်ရေးမဟုတ်ပဲ ကိုယ်ပိုင်အုပ်ချုပ်ရေးကိုသာ တောင်းဆိုဖို့ သဘောတူညီခဲ့ပါတယ်။ နှစ်ဘက်စလုံးက တိုင်းရင်းသားလူမျိုးစုများဆိုင်ရာ ပဋ္ဋိပက္ခတွေ အတွက် အသင့်လျော်ဆုံး တိုင်းပြည်တည်ဆောက်မှု ပုံစံဖြစ်တဲ့ federal structure ကို သဘောတူညီခဲ့ကြပါ တယ်။ ဒါပေမယ့် ဒီငြိမ်းချမ်းရေးဖြစ်စဉ်ဟာ မရှည်ကြာလိုက်ပါဘူး။

အလုံးစုံ ချေမှုန်းရေးဆီသို့

နိုင်ငံတကာက ဘယ်လိုပဲကြိုးစားကြိုးစား၊ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ မအောင်မြင်ခဲ့ပါဘူး။ နှစ်ဘက်စလုံးက မညီညွတ်မှုတွေဟာ ပြဿနာမီးပွားတွေကို မီးတောက်တွေ ပြန်ဖြစ်သွားစေခဲ့ပါတယ်။ အစိုးရဘက်က ပါတီ နှစ်ခုအကြား အကြီးအကျယ်ပြိုင်ဆိုင်မှုတွေဟာ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို နှောင့်နှေးစေခဲ့သလို၊ တမီးလ်တွေဘက်မှာလဲ political schism ပြဿနာက ပေါ်ပေါက်လာခဲ့ပါတယ်။ ထိပ်တန်းစစ်ရေး ခေါင်းဆောင်တဦးက ကေဒါ ခြောက်ထောင်ကျော်ကို ဖဲ့ထုတ်ပြီး၊ အစိုးရတပ်တွေနဲ့ ပူးပေါင်းသွားမှုပါ။ တော်လှန်ရေးကြာရင် တော်လှန်ရေးရဲ့ မူလရည်မှန်းချက်က ဘယ်လောက်ပဲ ကောင်းကောင်း၊ ဘယ်လောက်ပဲ မှန်မှန် ဒီလိုပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ ရတဲ့အခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး၊ အဆုံးသတ်အောင်ပွဲကို အမြန်ရယူနိုင်ဖို့ လိုအပ်လှပါတယ်။

အဆိုးဆုံးကတော့ ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ အဓိကကျတဲ့ အစိုးရဘက်ခေါင်းဆောင် အပြောင်းအလဲ ဖြစ်သွားတာပါပဲ။ ၂၀၀၅ ခုနှစ်မှာ hardliner ဖြစ်တဲ့ Mahinda Rajapaksa အာဏာရလာပါတယ်။ ငြိမ်းချမ်း ရေးတည်ဆောက်ဖို့ ကြိုးပမ်းရာမှာ၊ ယုံကြည်မှုတည်ဆောက်ရာတွေမှာ အင်အားကြီးမားတဲ့ အစိုးရတပ် ဘက်က attitudes ဟာ အလွန်ကိုအရေးကြီးပါတယ်။ အင်အားနည်းတဲ့ အတိုက်အခံဘက်က ပြုလုပ်လို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်သွားတာတွေ၊ အပစ်အခတ်ရပ်စဲမှု သဘောတူညီချက်ပျက်သွားတာတွေဟာ ကမ္ဘာ့သမိုင်းမှာ တော်တော်ရှားပါတယ်။ အင်အားနည်းသူဘက်က ကတိကို အလွယ်တကူမဖျက်ကြပါဘူး။ အင်အားကြီးသူဘက်က မလိမ့်တပတ်လုပ်တဲ့အခါ၊ ငြိမ်းချမ်းရေးမဟုတ်ပဲ ချေမှုန်းရေးအသွင် ဖန်တီးလာတဲ့ အခါတွေမှာသာ ဒီလိုဆိုးဝါးတဲ့ ငြိမ်းချမ်းရေးပျက်ပြယ်မှုတွေ ဖြစ်လာနိုင်တာပါ။

ဒီလိုနဲ့ ၂၀၀၆ ခုနှစ်၊ နှစ်လယ်ပိုင်းရောက်တော့ လူမျိုးရေးပဋ္ဋိပက္ခတွေ ထပ်မံဖြစ်ပွားလာပါတယ်။ ၂၀၀၇ ခုနှစ် ကျတော့ အပစ်အခတ်ရပ်စဲထားတဲ့ တပ်အချင်းချင်း ရင်ဆိုင်ထိတွေ့မှုတွေ တစတစများလာပါတယ်။ ၂၀၀၈၊ ဇန်န၀ါရီလကျတော့ အပစ်အခတ်ရပ်စဲရေးကို ကိုလံဘိုက တရားဝင် ရုတ်သိမ်းလိုက်ပြီး၊ တဘက်နဲ့တဘက် အလုံးစုံချေမှုန်းရေးအပေါ် အခြေခံတဲ့ ပြည်တွင်းစစ်ပွဲကြီးဆီကို ဦးတည်သွားပါတော့တယ်။ အခု ၂၀၀၉၊ ဖေဖော်ဝါရီကျတော့ တမီးလ်တိုက်ဂါးတွေကို အလုံးစုံချေမှုန်းနိုင်တော့မယ်လို့ အစိုးရက ကြေငြာလိုက်ပါ တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အပြစ်မဲ့လူဦးရေ နှစ်သိန်းကျော်ကတော့ conflict zone ထဲမှာ ပိတ်မိနေဆဲပါပဲ။ ဒဏ်ရာရသူတွေကို ကယ်ထုတ်ဖို့ humanitarian view ကတောင်းဆိုမှုကိုလဲ အစိုးရတပ်တွေက အကြောင်းပြန်ခြင်း မရှိသေးပါဘူး။

နိဂုံး

ဒီဖြစ်ရပ်တွေဟာ ပဋ္ဋိပက္ခပြဿနာတွေ ရှိနေဆဲ အခြားနိုင်ငံများအတွက် အရေးကြီးတဲ့ သင်ခန်းစာတွေကို မီး မောင်းထိုးပြထားပါတယ်။ တော်လှန်ရေးတရပ် ရှည်ကြာလာရင် ဖြစ်လာတတ်တဲ့ အကျိုးဆက်တွေ၊ အမှန် အမှားေ၀၀ါးသွားမှုတွေ၊ ကတိဖျက်မှုတွေ၊ ငြိမ်းချမ်းရေးတည်ဆောက်မှုကို ပျက်ယွင်းစေနိုင်တဲ့ အချက်တွေ စတဲ့ သင်ခန်းစာတော်တော်များများကို လေ့လာဆန်းစစ် ကြည့်နိုင်ပါတယ်။ အခုဒီဆောင်းပါးဟာ တမီးလ် တိုက်ဂါးတွေ ဘက်ကိုပဲဖြစ်ဖြစ်၊ သီရိလင်္ကာနိုင်ငံ အစိုးရတပ်တွေဘက်ကိုပဲဖြစ်ဖြစ်၊ ဘက်လိုက်ရေးသား ထားခြင်း မရှိပါဘူး။ သမိုင်းဖြစ်စဉ်များကိုသာ ဗဟုသုတအနေနဲ့ တင်ပြရေးသားခြင်းဖြစ်ပါတယ်။

ခင်မမမျိုး (၄၊၂၊ ၂၀၀၉)

ရည်ညွှန်းကိုးကား။ ။
Kalatunge, M. (2003) “Insurgency in a small country: Ethnic Revolt in SRI LANKA”, Strategy Research Project, U.S. Army War College, Unclassified document
Kronstadt, K. (2008) “Sri Lanka: Background and U.S. Relations”, CRS Report for Members and Committees of Congress, Congressional Research Services, Unclassified document
Mackinlay, J. (2002) “Globalization and Insurgency”, Adelphi Paper, The International Institute for Strategic Studies, Oxford



REF: ခင်မမမျိုး

Read More...

ဒီမိုကရေစီ - ခိုင်ထွန်း

ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 04 2009

၁၉၇၁ ခုနှစ်မှာ လူဖြစ်လာသော ကျနော့်မှာမူ ဆိုရှယ်လစ်ကိုသာ နားရည်ဝခဲ့ရသည်။ ကျနော်တို့သိသမျှ ထိုစဉ်က စာနယ်ဇင်းမှန်သမျှတွင် ဆိုရှယ်လစ်နှင့် အရင်းရှင်နှစ်မျိုးသာ အဓိကထားဖော်ပြရာ ကျနော် ငယ်စဉ် က အသိဉာဏ်တွင် ဆိုရှယ်လစ်သည် အခြေခံလူတန်းစားအတွက်၊ အရင်းရှင်သည် ဘူဇွာတို့အတွက်ဟု အသိတံခါး ဖွင့်ခဲ့ရသည်။

၁၉၈၈ ခုနှစ်တွင်မူ ကျနော်သည် မဆလကို ဖြုတ်ချ၊ စစ်အာဏာရှင် ဖြုတ်ချ ဟူသော တောင်းဆိုသူများတွင် ပါဝင်ခဲ့သည်။ ဘာထပ်တောင်းရမည်ကိုမူ သေချာစွာ မလေ့လာရသေး။ နောင်မှ ပါတီများစွာနှင့် ယဉ်ပါးပြီး၊ ဒီမိုကရေစီကို ရယူဖို့ ဆန္ဒဖြစ်လာသည်။ ဤသည်မှာ ကျနော် ၁၈ နှစ်သားက အတွေ့အကြုံ။ ဤသို့ဖြင့် ရွေးကောက်ပွဲတွင် NLD အတွက် မဲရုံကိုယ်စားလှယ် တာဝန်ယူခဲ့သည်။ နိုင်သည် သို့သော် ရလဒ်ကား အကောင်အထည်မပေါ်။

၁၉၉၀ ခုနှစ်မှစ၍ စစ်အစိုးရ၏ ဖိနှိပ်မှုအောက်တွင် လူသန်းပေါင်းများစွာသည် ဒီမိုကရေစီကို တောင်းဆိုခဲ့ကြ သည်။ အဆုံးအရှုံး ကြီးမားလှသည်။ သို့သော် ဒီမိုကရေစီရေးကို ဖော်ဆောင်ရာတွင် ပြည်သူအများစုသည် ပညာတတ်ရော၊ ပညာမတတ်သူများပါ အတွေ့အကြုံနည်းကြသည်။ ဦးနုခေတ်က ကျန်ရစ်သော လူကြီး အချို့သာ အရသာလည်းသိ၊ အမြင်လည်း ရှိကြသည်။ နောင်လူများမှာ မတရားအုပ်ချုပ်မှုကို ဆန့်ကျင်လို၍ သာ တောင်းဆိုကြသည်။ အတွေ့အကြုံ အားနည်းလှသည်။

မည်သို့ပင်ဖြစ်စေ ဤအနှစ် ၂၀ သည် မြန်မာပြည်သူများ (မဆလ လက်ထက် လာခွင့်ပြုသော နိုင်ငံခြားသား အနည်းငယ်မှအပ ပြည်သူလူထုမှာ မဆက်ဆံဖူးကြ။ လက်ရှိ စစ်အစိုးရလက်ထက်တွင်လည်း စီးပွားရေး သမား အနည်းငယ်မှအပ နိုင်ငံရေးအမြင်ကို ကျယ်ပြန့်စေနိုင်သည့် မည်သည့်အခွင့်အရေးမှ ရကြသည် မဟုတ်) မှာ နိုင်ငံရပ်ခြား ဗဟုသုတ ကြွယ်ဝလာသည်။ အခွင့်အလမ်းကို ရှာဖွေတတ်လာသည်။ သို့သော် နိုင်ငံရေးအမြင်နှင့် ဖော်ဆောင်မှုများမှာမူ အားနည်းဆဲဖြစ်သည်။

နိုင်ငံရေးသမား ဆိုသည်မှာလည်း ဤပြည်သူထဲမှပင် ဖြစ်လေရာ ၎င်းတို့ကိုယ်တိုင်လည်း နိုင်ငံရေးရာကို ကျွမ်းကျင်ရန် လိုအပ်ပါသည်။ အလွန်ကျယ်ပြန့်လှသော နိုင်ငံရေး သဘောတရားများကို နည်းစနစ်ကျကျ လေ့လာခွင့် ရကြသော်လည်း မတရားမှုကို စက်ဆုပ်လွန်း၍သာ ယုံကြည်မှုဖြင့် အသက်စွန့် ပါဝင်ရင်း လက် တွေ့သင်ကြားနေခြင်းဖြစ်သည်။

၎င်းတို့၏ လှုပ်ရှားမှုများဖြင့် လူထု၏ အရည်အသွေးကို ဆွဲတင်နိုင်ဖို့ကလည်း လူ ၅ ဦးပင် စုမရသော ဖိနှိပ်မှု အောက်တွင် ဖြစ်သောကြောင့် အောင်မြင်မှု နည်းပါးရသည်။ ပြည်ပရောက် နိုင်ငံရေးအင်အားစုမှာမူ ၎င်းတို့ ကြိုးစားမှုအလျောက် အထိုက်အလျေက် မျက်စိပွင့်လာသည်ဟု ဆိုနိုင်သည်။ စနစ်တကျလည်း သင်ယူခွင့် ရကြ၊ ဆည်းပူးကြနိုင်သည်။ သို့သော် ၎င်းတို့၏ စွမ်းရည်ကို အသုံးချခွင့်ရရန်အတွက်မူ ပြည်တွင်းသို့ ပြန်ဝင် လာမရပေ။

အနှစ် ၂၀ အတွင်းတွင်မူ လိုချင်သော ဒီမိုကရေစီစနစ်ကို မရခဲ့ကြသော်လည်း အရည်အသွေးပိုင်းတွင်မူ အတန်ငယ် ရင့်ကျက်ခဲ့ကြလေသည်။

အခွန်ထမ်းပြည်သူတို့မှာ ၎င်းတို့ဘ၀ ရပ်တည်ရေးကြောင့် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးတွင် ပါဝင်ဖို့ မစွမ်းသာ။ သို့သော် နိုင်ငံတနိုင်ငံ တောင့်တင်းခိုင်မာရန် ဆိုသည်မှာ အခွန်ထမ်းပြည်သူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်မှသာလျှင် ဖြစ်နိုင်ပေမည်။

မဆလမှ စစ်အစိုးရ၊ စစ်အစိုးရမှ ဒီမိုကရေစီကို အသွင်ကူပြောင်းရေးသည် အခုတိုက် အခုရ မဖြစ်နိုင်။ စိတ် ရှည်ရမည်၊ အင်အားစုရမည်၊ သဘောတရားတို့ကို ရင့်ကျက်လာအောင် ပြုစုရမည်။ မည်သို့ပင်ဖြစ်စေ အခြေခံလိုအပ်ချက်မှာ လုံးဝစည်းလုံးရေး သို့မဟုတ် အဖွဲ့အစည်းအားလုံး တညီတညွတ်တည်းသော အကောင်အထည်ဖော်ဆောင်မှုကို ရည်ရွယ်နိုင်ရမည်။

အချင်းချင်းတွင် ညီညွတ်မှုဖြစ်စေနိုင်သော အပြုသဘောဖြင့်သာ ဝေဖန်ချဉ်းကပ်ရပေသည်။ အောင်မြင်လိုသူ သည် ဆုံးရှုံးစေနိုင်သော မည်သည့်ဖြုန်းတီးမှုကိုမျှ မရည်ရွယ် မလုပ်ကိုင်သင့်ပေ။ ကျွန်ုပ်တို့သည် အမိမြန်မာ ပြည် တိုးတက်မှုအတွက် အလွန်တရာ ခိုင်ခံ့အားကြီးလှသော စနစ်တခု ဖော်ဆောင်ရပေမည်။ ထိုစနစ်ကို ပြည့်ဝစွာ မဖော်ဆောင်နိုင်လျှင် မလိုလားအပ်သော ဆုံးရှုံးမှုများစွာကို ပေးဆပ်နေရဦးမည်။ လက်ရှိတွင်မူ ပြည်သူလူထုသည် အရင်ထက်စာလျှင် နိုင်ငံရေးပိုင်း မကျေလည်လှသော်လည်း စီးပွားရေးတွင်မူ မျက်စိ ကြည်လင်လာခဲ့ကြသည်။ နိုင်ငံတကာသို့ ခြေဆန့်မှု များလာသည်။ လူ့အခွင့်အရေးဆိုသည်ကို အာရုံပြုလာ သည်။ နိုင်ငံတကာ အဖွဲ့အစည်းတို့၏ စွမ်းဆောင်ရည်ကို တွက်ဆလာနိုင်ကြသည်။ စစ်အစိုးရ၏ အားသာ အားနည်းချက်ကိုလည်း ဆ၀ါးမိလာသည်။ ဤသည်မှာ အနှစ် ၂၀ အတွေ့အကြုံပင်။ ရည်ရွယ်ချက်ကို ပို၍ အာရုံစိုက်လာကြပြီး နိုင်ငံတကာနှင့်ယှဉ်သော အမြင်များ ရှိလာရာ ဒီမိုကရေစီကို လေးလေးနက်နက် တန်ဖိုး ထားလာကြသည်။

တဖက်တွင်လည်း စစ်အစိုးရသည် အာဏာကို ပိုမိုသုံးစွဲလာသည်။ ပို၍ ရုပ်ပျက်လာသည်။ မင်းသားခေါင်း ကျွတ်လာပြီဖြစ်သည်။ မမျှတသော ဈေးကွက်စီးပွားရေးစနစ်ကို အဓမ္မဖော်ဆောင်ပြီး ကျားကန်လာရသည်။ ၎င်းတို့အနေဖြင့် တဦးချင်း ပိုမို ကြွယ်ဝလာသော်လည်း တဖက်က ပို၍ အကြည်ညိုမဲ့လာကြသည်။

လက်ရှိတွင် အာဏာကို ဆုပ်ကိုင်ထားနိုင်သော်လည်း တဖြည်းဖြည်းနှင့် အာဏာလျော့ကျလာသည်ကို တွက် ဆမိလာသည်။ နိုင်ငံတကာ ဧည့်သည်များလာလျှင်ပင် မျက်နှာမပြနိုင်အောင် ဖြစ်လာသည်။

အာဏာကို အရူးအမူး ဖတ်တွယ်သူတို့၏ အကျိုးအမြတ်ကား နိုင်ငံတကာ၏ ပြစ်တင်မှုနှင့် ကန့်သတ်မှုကို ရင်ဆိုင်လာရခြင်းပင်ဖြစ်သည်။ မိမိတိုင်းသူပြည်သားကို ဖိနှိပ်သော မည်သည့်အစိုးရ၊ အာဏာရှင်မဆို၊ တစ်နေ့နေ့ စလေငခွေးကဲ့သို့ပင် ကြုံရမည်။ အနှစ် ၂၀ လမ်းကြောင်းသည် ယခုအခါ ပို၍ တည်ငြိမ်ပြတ်သား လာသည်ဟု သုံးသပ်ရပေမည်။

ဆိပ်ကမ်းတခုကို ရောက်ရှိရန် သဘောင်္သည် ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်ဝယ် မှောင်မဲသော အကာလ ညများကို ကျော်ဖြတ်ရပေဦးမည်။



REF: မဇ္ဈိမ

Read More...

ဂမ်ဘာရီနှင့်စခဲ့သည့် ၂၀၀၉ ပွဲဦးထွက် နိုင်ငံရေး (သုံးသပ်ချက်)

၎ ဖေဖော်ဝါရီ ၂၀၀၉


(၄) ရက်ကြာ မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီခေါင်းဆောင်ပိုင်း လျှပ်တပြက် တွေ့ခွင့်ရသည်မှလွဲပြီး မယ်မယ်ရရ ထောက်ပြစရာမရှိဘဲ နိဂုံးချုပ်သွားသည်။

စစ်အစိုးရကို ကြံဖန်ကျေးဇူးတင်ရမည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်ကို အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းနှင့် တွေ့ခွင့်ပေးသည့်အချက်ဖြစ်သည်။ သို့သော် ဂမ်ဘာရီနှင့်မတွေ့မီ (၁၅) မိနစ်သာ တွေ့ခွင့်ပေးခြင်းသည် တိုင်းပြည်အရေးကိစ္စများကို ကျယ်ကျယ်ပြန့်ပြန့် မတိုင်ပင်နိုင်ရန် ညစ်ပတ်သည့် စိတ်ဓာတ်မျိုးဖြင့် တွေ့ခွင့် ပေးခြင်းဖြစ်သည့်အတွက် စစ်အစိုးရအား ကျေးဇူးမတင်ထိုက်ဟု ဆိုရပါမည်။

ဂမ်ဘာရီ၏ ၂၀၀၉ နှစ်ဆန်းပိုင်း ခရီးစဉ်ကို အနှစ်ချုပ်ကြည့်လျှင် နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေးကိစ္စကို ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းက ဂမ်ဘာရီအား အလေးထားတင်ပြခဲ့သည်။ သို့ သော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကမူ မြန်မာနိုင်ငံအပေါ် အမေရိကန်စီးပွားရေးဒဏ်ခတ်မှု၊ စစ်ခေါင်း ဆောင်များကို ဗီဇာဒဏ်ခတ်မှုတို့ ရုပ်သိမ်းမှသာ မြန်မာ့နိုင်ငံရေး တည်ငြိမ်မည်ဟု ဂမ်ဘာရီအား အကျပ်ကိုင် သည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၏ စကားအရဆိုလျှင် အမေရိကန် စီးပွားရေး ဒဏ်ခတ်မှု မရုပ်သိမ်းသရွေ့ မြန်မာ့နိုင်ငံရေး မတည်မငြိမ် ဖြစ်နေမည်ဆိုသည့်သဘော ပြောလိုက်ခြင်းဖြစ်သည်။ တနည်းပြောရလျှင် အစိုးရဘက်က စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးမူကို လက်ကိုင်ထားပြီး အန်အယ်လ်ဒီဘက်က နိုင်ငံရေး အကျဉ်းသားလွှတ်ပေးရေးမူကို လက်ကိုင်ထားသည်။ ထိုအစွန်းနှစ်ဘက်မှာ တခုနှင့်တခု ဆက်စပ်မှု မရှိ သည့်အတွက် ဂမ်ဘာရီ အလျှော့အတင်းလုပ်ဖို့မလွယ်။

ဤတွင် စစ်အစိုးရအပေါ် ဘာကြောင့် အမေရိကန်က စီးပွားရေး ဒဏ်ခတ်ရသလဲ ပြန်ကြည့်ရန်လိုသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီက အနိုင်ရပါလျက် စစ်အစိုးရက အာဏာမလွှဲသည့်အတွက် အမေရိကန်အစိုးရက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ခြင်းဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့ကြီးက ဒဏ်ခတ်ပိတ်ဆို့ ထားခြင်းမဟုတ်။ ထို့ကြောင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာ့အရေးစေ့စပ်ဖို့ တာဝန်ပေးထားသည့် ဂမ်ဘာရီကို အမေရိကန်စီးပွားရေးပိတ်ဆို့မှု ရုပ်အောင် စစ်အစိုးရ တစာစာ ပြောနေခြင်းသည် မယောင်ရာ ဆီလူးသည့်ကိန်း ဖြစ်နေသည်။

အမေရိကန်အစိုးရဘက်ကမူ စီးပွားရေးပိတ်ဆို့မှုကို ရာသက်ပန်လုပ်ဖို့ ရည်ရွယ်ချက်မရှိ။ မြန်မာနိုင်ငံရှိ ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရအနေဖြင့် အခြေအနေအရပ်ရပ်အပေါ်တွင် ဆောင်ရွက်မှုများ ပြည့်စုံနေပါပြီဟု မေတ္တာရပ်ခံလာခဲ့လျှင် ထိုပိတ်ဆို့မှု ဥပဒေပြဋ္ဌာန်းချက်များကို အမေရိကန် သမ္မတအနေဖြင့် ရုပ်သိမ်းနိုင်သည်ဟု ပြဋ္ဌာန်းထားပြီး ဖြစ်သည်။

ဆောင်ရွက်မှုများထဲတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်စေရေးအတွက် နအဖမှ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ဆောင်ရွက်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးပြီး ဒီမိုကရေစီ အစိုးရဖြစ် အောင် ဆောင်ရွက်ခြင်း၊ အရပ်သားအစိုးရအား အာဏာလွှဲပြောင်းပေးရန်အတွက် ဒီမိုကရေစီအင်အားစုများ နှင့် သဘောတူညီမှုတရပ် ရယူခြင်း၊ နိုင်ငံတကာမူးယစ်ဆေးဝါး တန်ပြန်နှိမ်နင်းမှု သဘောတူချက်ပါ အချက် များကို လိုက်နာရန် ပျက်ကွက်ခဲ့သည့် နိုင်ငံစာရင်းမှ မြန်မာနိုင်ငံကို ပယ်ဖျက်ခြင်း စသည်တို့ ပါဝင်သည်။

အမေရိကန်အစိုးရပြောသည့်အတိုင်း စစ်အစိုးရဘက်က နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးလျှင် အမေရိ ကန် ပိတ်ဆို့မှုတွေ ပြန်ရုတ်သိမ်းဖို့ လမ်းပွင့်သွားသည့် သဘောဖြစ်သည်။ သို့သော် အန်အယ်ဒီဘက်က ဂမ်ဘာရီကို တင်ပြသည့် နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေးကို စစ်အစိုးရဘက်က လိုက်လျောမည့်ပုံ မရှိ သည့်အတွက် မြန်မာ့နိုင်ငံရေးမှာ တဘက်ပိတ်လမ်းသဖွယ် ဖြစ်နေသည်။ ထွက်ပေါက်မရှိ။

သေချာသည့်အချက်မှာ မြန်မာ့နိုင်ငံရေး ထွက်ပေါက်မရှိဖြစ်နေချိန်တွင် စစ်အစိုးရက စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းအောင်လုပ်ပြီး နိုင်ငံရေး စီးပွားရေး အမြတ်ထုတ်ရန် ကြံစည်နေခြင်းဖြစ်သည်။

အမေရိကန်စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းလျှင် မူးယစ်ဆေးကိစ္စ၊ ငွေမဲကိစ္စတို့ကြောင့် အမေရိကန် ဒဏ်ခတ် ထားသည့်ဘဏ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ ပြန်ခေါင်းထောင်လျှင် နအဖခေါင်းဆောင်တွေ ကြီးပွားတော့ မည်။ စစ်တပ်နှင့် နိုင်ငံခြားဖက်စပ်လုပ်ငန်းများ ပြန်ခေါင်းထောင်မည်။ အမေရိကန်က စီးပွားရေး ဖွင့်မပေး လည်း ၂၀၁၀ ရွေးကောက်ပွဲကို မနိုင် နိုင်အောင်လုပ်ပြီး ရုပ်သေးအရပ်သားအစိုးရဖွဲ့ပြီး စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်အောင်လုပ်ပြီး ဒိထက်ချမ်းသာအောင် လုပ်နိုင်သည်။ ဘယ်ဘက်ကမျှ ရှုံးဖို့လမ်းမရှိ။

အန်အယ်လ်ဒီဘက်ကကြည့်တော့ နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ရင် ဘန်ကီမွန်းမြန်မာနိုင်ငံ မလာထိုက် ဟု ဂမ်ဘာရီကို ထောက်ပြသည်။ ဂမ်ဘာရီ၏ (၄) ရက်ကြာ ခရီးစဉ်သည် ဘန်ကီမွန်း မြန်မာနိုင်ငံလာဖို့ သင့် မသင့် ဂမ်ဘာရီက ချိန်ဆသည့် ခရီးဟုဆိုလျှင် စစ်အစိုးရ၏ သဘောထားကြောင့် ဘန်ကီမွန်း မလာဖြစ်ဖို့ များနေသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအပိုင်းမှာ ထိုဥပဒေကို အန်အယ်လ်ဒီက ပြန်သုံးသပ်စေလိုသည်။ သို့သော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်ပြင်ရန် မဖြစ်နိုင်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်းက ဂမ်ဘာရီကို ၂၀၀၈ ခု မတ်လ၌ တိတိလင်းလင်း ပြောခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အန်အယ်လ်ဒီဘက်က မျှော်လင့်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြန်သုံးသပ်ရေးမှာ အကောင်အထည်ပေါ်နိုင်ရန် အကြောင်းမရှိတော့ပေ။

ချုပ်ရလျင် ဂမ်ဘာရီနှင့် ပွဲဦးထွက်ခဲ့သည့်၂၀၀၉ နှစ်ဆန်းပိုင်း မြန်မာ့နိုင်ငံရေးမှာ ဘေထိဆိုသည်နှင့် တပ်လန် သွားခဲ့ပေပြီ။



သတင်းထောက် ဟန်တင်အောင်
REF: ခေတ်ပြိုင်

Read More...

သုံးပွင့်ဆိုင်ဆွေးနွေးပွဲဖြစ်မှ ၂၀၁၀ ရွေးကောက်ပွဲစဉ်းစားမည်ဟု ဂမ်ဘာရီကို သျှမ်းဒီချုပ်ပြော

ဗုဒ္ဓဟူးနေ့၊ 04 ဖေဖော်ဝါရီလ 2009

နိုင်ငံရေးအရ စစ်မှန်သောတွေ့ဆုံဆွေးနွေးမှု မလုပ်လျှင် ၂၀၁၀ ရွေးကောက်ပွဲအတွက် စဉ်းစားမည် မဟုတ် ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က မစ္စတာဂမ်ဘာရီကို တင်ပြဆွေးနွေးခဲ့သည် ဟု ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က ပြောပါသည်။

ဂျန္န၀ါရီ လ ၃၁ ရက် မှ ဖေဖေါ်ဝါရီလ ၃ ရက်နေ့အထိ ကုလအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ၏ ၇ ကြိမ် မြောက် မြန်မာပြည်ခရီးစဉ်တွင် ပထမဆုံးအကြိမ်အဖြစ် စစ်အစိုးရဧည့်ဂေဟာ စိမ်းလဲ့ကန်သာ၌ သျှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးများ အဖွဲ့ဝင်များဖြစ်ကြသော စိုင်းစောအောင်၊ စိုင်းရွှေ ကျူး၊ စိုင်းတင်လှိုင်တို့အား ယခုလ ၂ ရက်နေ့ က နာရီဝက်ခန့် လက်ခံတွေ့ဆုံခဲ့ကြောင်း၊ ထိုတွေ့ဆုံပွဲ၌SNLD ပြင်ဆင်ထားသောအချက်အလက်များ အားလုံးပြောပြခွင့်ရရှိခဲ့ကြောင်း၊ မစ္စတာ ဂမ်ဘာရီလည်း ကုလ အတွင်းရေးမှူးချုပ် မစ္စတာဗန်ကီမွန်းနှင့် တွေ့ဆုံလျှင်သော်လည်းကောင်း၊ စစ်အစိုးရအရာရှိများနှင့် တွေ့ဆုံ လျှင်သော်လည်းကောင်း SNLD ၏ ပြောဆိုတိုက်တွန်းချက်များကို အစီရင်ခံတင်ပြပေးမည်ဖြစ်ကြောင်း မစ္စတာဂမ်ဘာရီက ကတိပေးသွားခဲ့သည်ဟု ဆို၏။

မစ္စတာ ဂမ်ဘာရီနှင့်တွေ့ဆုံစဉ် တင်ပြဆွေးနွေးခဲ့ရသော အချက်များကို SNLD ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က ဤကဲ့သို့ ပြောပြ၏။ “မစ္စတာ ဂမ်ဘာရီကို ကျနော်တို့အထက်လူကြီးတွေ တင်ပြဆွေးနွေးခဲ့တာက အဓိက အကြောင်းရင်း ၃ ချက်ပေါ့ - (၁) ဒီမိုကရေစီ အင်အားစုဖြစ်တဲ့ အတိုက်အခံခေါင်းဆောင် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် နောက်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်နဲ့ ဗိုလ်ချုပ်ဆေထဲင် အပါအ၀င်၊ စစ်အစိုးရဖမ်းဆီးထားတဲ့ ရဟန်း၊ ကျောင်းသား၊ ပြည်သူနိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လွှတ်ဖို့၊ (၂) နအဖ စစ်အစိုးရ၊အတိုက်အခံ ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီခေါင်းဆောင်တွေ၊ တိုင်းရင်းသားလက်ကိုင် အဖွဲ့အစည်းတွေပါဝင်တဲ့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်အောင် ဆောင်ရွက်ပေးဖို့၊ (၃) သုံးပွင့်ဆိုင် Tripartite dialogue ပုံစံ တွေ့ဆုံ ဆွေးနွေးရေး မလုပ် ဘူးဆိုရင်တော့ SNLD အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲအတွက် တစုံတရာ လက်ခံစဉ်းစားမှာ မဟုတ်ဘူး” - ဟု ဆို၏။

မစ္စတာဂမ်ဘာရီကလည်း မစ္စတာဗန်ကီမွန်းနှင့် တွေ့ဆုံသောအခါ SNLD ဆွေးနွေးချက်အားလုံးကို ပြန်လည် တင်ပြပေးမည်ဖြစ်ကြောင်း၊ စစ်အစိုးရနှင့်တွေ့ဆုံလျှင်လည်း အဆိုပါကိစ္စများ ပြောဆိုတိုက်တွန်း သွားမည်ဖြစ် ကြောင်း၊ ခရီးစဉ်တိုင်း တိုင်းရင်းသား အဖွဲ့များနှင့်တွေ့ဆုံရန် အစီအစဉ်ဆွဲလာခဲ့သော်လည်း အခုမှတွေ့ဆုံခဲ့ရ ကြောင်း၊ Tripartite dialogue သုံးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက်လည်း ကြိုးစားဆောင် ရွက်ပေးမည်ဟု ကတိစကားပြောသွားကြောင်းလည်း စိုင်းလိတ်က သျှမ်းသံတော်ဆင့်သို့ပြောပြပါသည်။

အမျိုးသား ရင်ကြားစေ့ရေးအတွက် ၇ ကြိမ် ၇ လီ ရှိပြီဖြစ်သော မစ္စတာဂမ်ဘာရီ ၏ မြန်မာပြည်ခရီးစဉ်တွင် ၉၀ ရွေးကောက်ပွဲ ဒုတိယမဲအများဆုံးအနိုင်ရ တိုင်းရင်းသားနိုင်ငံရေးပါတီ SNLDကို ပထမဆုံးအကြိမ် လက်ခံတွေ့ဆုံခဲ့သည့်အတွက် ယခင်ကထက် နိုင်ငံရေးတိုးတက်မှုအနည်းငယ်ရှိလာသည်ဟု SNLD အနေ ဖြင့် ယူဆနိုင်သော်လည်း “အခုတွေ့ဆုံပွဲမှာ ကျနော်တို့ မျှော်လင့်ချက် ထားနိုင်ပေမယ့် ပြီးပြည့်စုံတဲ့ ကျေနပ် အားရမှုမျိုးတော့မရှိဘူး။

ဒါပေမယ့် နောက်ထပ်တွေ့ဆုံနိုင်ဖို့လည်း မျှော်လင့်ပါတယ်” - ဟု စိုင်းလိတ်က ပြောပါသည်။ မစ္စတာ ဂမ်ဘာရီ တွေ့ဆုံသင့် တွေ့ဆုံထိုက်သော ပုဂ္ဂိုလ်များ၊ ပါတီအသင်းအဖွဲ့များ လက်နက်ကိုင်အပစ်ရပ်အဖွဲ့များ၊ လက်နက်ကိုင် တိုက်ပွဲဝင်နေဆဲ အဖွဲ့အစည်းများ၊ နိုင်ငံရေးဆက်လုပ်နေသော ဖျက်သိမ်းခံ နိုင်ငံရေးပါတီများ အားလုံး လက်ခံတွေ့ဆုံပြီးမှသာ ဗိုလ်ချုပ်မှူးကြီးနှင့်တွေ့ဆုံပါက နိုင်ငံရေးအရ တိုးတက်သည်ဟု သုံးသပ်နိုင် ကြောင်း၊သို့သော်ယခုခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်လည်း တွေ့ဆုံခွင့်မရဘဲပြန်သွားရကြောင်းဆိုပါ သည်။



REF: သျှမ်းသံတော်ဆင့်

Read More...

ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်များ မလုံလောက်သေးဟု ဒေါ်အောင်ဆန်းစုကြည် သုံးသပ်

မြန်မာနိုင်ငံ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့အရေးနှင့် စပ်လျဉ်းပြီး ကုလသမဂ္ဂမှ ဆောင်ရွက်နေမှုများသည် မလုံလောက်သေးကြောင်း ပြောကြားခဲ့သည်။

ဇန်န၀ါရီလ (၂) ရက်နေ့က ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖွဲ့သည် မြန်မာစစ်အာဏာပိုင်များအား နိုင်ငံ တော်အာဏာကို မောင်ပိုင်စီးထားခြင်းအား စွန့်လွှတ်ရန် တောင်းဆိုခဲ့သော်လည်း မအောင်မြင်ခဲ့မှုကို ရည် ညွန်းပြီး ဒေါ်အောင်ဆန်းစုကြည်က ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်မှာ လက်ရှိ အချိန်အထိ မြန်မာအစိုးရ၏ နေအိမ်အကျယ်ချုပ် ပြစ်ဒါဏ်ချမှတ်မှုကို ခံနေရဆဲ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီ NLD မှ ပြောရေးဆိုခွင့်ရှိသူ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကလည်း အစည်းအဝေးတခုအတွင်း ကုလသမဂ္ဂ အထူးကိုယ်စား လှယ် ဂမ်ဘာရီကို ဒေါ်အောင်ဆန်းကြည်က တွေ့ဆုံလိုခြင်း မရှိသောကြောင့် မဟုတ်ပါကြောင်း၊ သို့သော် လည်း သူမ အနေနှင့် မှတ်တမ်းတင်ရုံ အဆင့်ထက်ပိုပြီး မည်သည့် အကျိုးကျေးဇူးမှ မရရှိနိုင်သော အစည်း အဝေးမျိုးကိုမူ အလိုမရှိကြောင်း ထုတ်ဖော် ပြောကြားသွားသည်။

ကုလသမဂ္ဂကမူ ယခုတခေါက် ဂမ်ဘာရီ၏ မြန်မာနိုင်ငံ ခရီးစဉ်သည် ဒီမိုကရေစီ ဖော်ဆောင်ရေး ရလဒ် ကောင်းများ ပေါ်ပေါက်လာမည်ဟု ယုံကြည်နေဆဲဖြစ်ကြောင်း သိရှိရသည်။

REF: လူထုအသံ

Read More...

ဗိုလ်ချုပ်မှူးကြီးက ဂန်ဘာရီကို ပညာပြ

Wednesday, 04 February 2009

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ကုလသမဂ္ဂ၏ အထူးသံတမန် မစ္စတာ ဂန်ဘာရီကို တွေ့ဆုံခြင်း မရှိသော် လည်း အာရှတိုက်မှ သံတမန်များကိုမူ ယမန်နေ့က လက်ခံ တွေ့ဆုံခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးနှင့် ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တရုတ် နိုင်ငံတို့မှ သံအမတ်များ မြို့တော်သစ် နေပြည်တော် တွင် တွေ့ဆုံသည့်ဓာတ်ပုံများကို ယနေ့ထုတ် မြန်မာသတင်းစာများတွင် ဖော်ပြထားသည်။

အာရှသံတမန်များနှင့် တွေ့ဆုံမှုမှာ ကြိုတင်စီစဉ်ထားခြင်းဖြစ်ပြီး မစ္စတာ ဂန်ဘာရီကို တွေ့ဆုံခြင်း မပြုရန် လည်း ကြိုတင်ဆုံးဖြတ်ထားပြီးဖြစ်မည်ဟု မြန်မာ့အရေး လေ့လာသူတဦးဖြစ်သည့် ဦးဝင်းမင်းက သုံးသပ် သည်။

“ဂန်ဘာရီကတဆင့် တောင်းဆိုလာမယ့် အချက်တွေကို အကြောင်းမပြန်ချင်လို့၊ မလိုက်လျောချင်လို့ပေါ့။ ဘန်ကီမွန်း (ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်) လာမယ့် ခရီးစဉ်နဲ့ ပတ်သက်လို့ စီစဉ်သင့်တာ တွေကို သူမလုပ်ချင်ဘူးဆိုတဲ့ လက္ခဏာ ပြတာပေါ့” ဦးဝင်းမင်းက ဧရာဝတီသို့ ပြောပြသည်။

ဗိုလ်ချုပ်မှူးကြီးသည် ဒီဇင်ဘာလကုန်ပိုင်းတွင် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ မကွေးတိုင်းရှိ မြို့များသို့ လှည့် လည် သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ပြီး နောက်ပိုင်းတွင် ၎င်း၏ လှုပ်ရှားမှုများ သတင်းစာများတွင် တလကြာ ပျောက်ကွယ်နေခဲ့ရာမှ ယနေ့ထုတ် သတင်းစာများတွင် ပြန်လည် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

မစ္စတာ ဂန်ဘာရီသည် စစ်အစိုးရနှင့် အတိုက်အခံတို့အကြား ဝင်ရောက် စေ့စပ်ပေးရန်အတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က စေလွှတ်လိုက်သည့် အထူးကိုယ်စားလှယ် ဖြစ်သည်။ အတိုက်အခံ ခေါင်းဆောင်များနှင့် တွေ့ခွင့်ရသော်လည်း ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ခွင့်မရခဲ့သည့် ၎င်း၏ ၄ ရက်ကြာ ခရီးစဉ် ကို ယမန်နေ့ ညနေက အဆုံးသတ်ခဲ့သည်။

ခရီးစဉ်အတွင်း မစ္စတာ ဂန်ဘာရီသည် စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းတို့နှင့် တွေ့ခွင့်ရခဲ့သည်။ ဝန်ကြီးချုပ်က ၎င်းအား နိုင်ငံတကာ၏ မြန်မာပြည်အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုများကို ရုပ်သိမ်းရေးအတွက် ကုလသမဂ္ဂက ဆောင်ရွက်ပေးရန် ပြောကြားလိုက်သည်။

ဗိုလ်မှူးချုပ်ကျော်ဆန်းကလည်း ၎င်းတို့အနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်း စုကြည်အား ကမ်းလှမ်းမှုများ ပြုလုပ်လေ့ရှိကြောင်း၊ ပြီးခဲ့သည့် ၅ လအတွင်း ဆက်ဆံရေးဝန်ကြီးနှင့် ဒေါ်စု တွေ့ဆုံနိုင်ရေးအတွက် ၂ ကြိမ်တိတိ ကမ်းလှမ်းခဲ့သော်လည်း ဒေါ်စုက လက်ခံခဲ့ခြင်း မရှိကြောင်း ပြောကြား ခဲ့သည်ဟု ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

ဗိုလ်မှူးချုပ် ကျော်ဆန်း၏ ပြောကြားချက်များမှာ တရားမျှတမှု မရှိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်က ပြောတာက ဘယ်သူနဲ့ တွေ့ဆုံမယ်ဆိုတာ သူငြင်းတာ တခုမှမရှိဘူးတဲ့၊ ဒါပေ မယ့် အကျိုးမရှိတဲ့ တွေ့ဆုံခြင်းကိုတော့ သူမလိုလားဘူးတဲ့။ ဦးအောင်ကြည်ကို လက်ခံဖို့ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က လက်ခံတယ်၊ ဆရာဝန်နဲ့ ချိန်းထားတယ်၊ အဲဒီ ချိန်းတဲ့ရက် နောက်ပိုင်းမှာ ဆိုရင် ဖြစ်နိုင်တယ်လို့ ဒီလို ဖြေထားတာ။ ရှေ့နေကိုယ်တိုင် သူတို့ သတင်းတပ်ဖွဲ့ကို ပြောထားတာ”ဟု ဧရာဝတီသို့ ရှင်းပြသည်။



ဇာနည်ဝင်း
REF: ဧရာဝတီ

Read More...

ဒု နိုင်ငံခြားရေး ၀န်ကြီး ဦးကျော်သူကို ရာထူးရွှေ့

Wednesday, 04 February 2009

စစ်အစိုးရအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒု ၀န်ကြီး ဦးကျော်သူ အပါအ၀င် ၀န်ကြီးတချို့ ရာထူး အပြောင်း အလဲ ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ ၀န်ကြီး ဦးကျော်သူကို ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေး ဥက္ကဌ နေရာသို့ ပြောင်းလဲ ခန့်ထားလိုက်ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ သံတမန်အသိုင်းအ၀န်းက ပြောသည်။

ဦးကျော်သူသည် ယမန်နှစ် မေလအတွင်းက ဧရာဝတီ မြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်းတို့တွင် တိုက်ခတ်ခဲ့ သော နာဂစ် ဆိုင်ကလုန်းမုန်တိုင်း လေဘေးဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ၊ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဖွဲ့စည်းထားသော သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ (TCG) တွင်လည်း ဥက္ကဌ တာဝန်ယူထားသူဖြစ်သည်။


ဦးကျော်သူနှင့် အာဆီယံ အထွေထွေ အတွင်းရေးမှူး
ဆူရင်ပစ်ဆူဝမ်တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - www.aseansec.org)

နာဂစ် မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် အနည်းဆုံး လူပေါင်း ၁၂၄၀၀၀ ခန့် သေဆုံး ခဲ့ကြောင်း သိရသည်။

ယင်း ဦးကျော်သူ ၏ TCG ဥက္ကဌ တာဝန်ကို မည်သူ တာဝန်ယူမည်ဆိုသည်ကိုမူ မသိရှိရသေးပေ။

ယခုကဲ့သို့ ဦးကျော်သူကို ရုတ်တရက် ရာထူး အပြောင်းအလဲ ပြုလုပ်လိုက်ခြင်းသည် လေဘေးဒုက္ခသည် များ ကူညီကယ်ဆယ်ရေး ပြုလုပ်နေသူများကို အံအားသင့်သွားစေသည်ဟုလည်း သိရှိရသည်။

၎င်းဦးကျော်သူသည် မြန်မာနိုင်ငံတွင်း လုပ်ကိုင်နေသော ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အန်ဂျီ အို INGOs အဖွဲ့များကိုလည်း အကူအညီပေးနေသူဖြစ်ပြီး မြန်မာနိုင်ငံအတွက် အကူအညီ အထောက်အပံ့ များ ပိုမိုရရှိရန် မကြာသေးခင်ကပြုလုပ်သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံ ၀န်ကြီးများအဆင့် အစည်းအဝေးသို့ လည်း တက်ရောက်ဆွေးနွေးခဲ့သည်။

TCG စီမံချက်သည် လာမည့် ဇွန်လတွင် ပြီးဆုံးမည်ဖြစ်သည်ဟု ဇန်န၀ါရီ ၂၂ ရက်နေ့ထုတ် ဒိန်းမတ် သတင်း စာ Politike အဆိုအရ သိရသည်။

ပြီးခဲ့သည့်လအတွင်းက ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန ၀န်ကြီးနှင့် နော်ဝေးနိုင်ငံ ပတ်ဝန်းကျင်နှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ၀န်ကြီးတို့၏ မုန်တိုင်း သင့် ဒေသများသို့ သွားရောက်သော ခရီးစဉ်တွင်လည်း ဦးကျော်သူ လိုက်ပါပို့ဆောင်ခဲ့သည်။

TCG စီမံချက် အချိန်ထပ်တိုးရေးအတွက် အလှူရှင်နိုင်ငံများ အစည်းအဝေးတခုကို ယခုလအတွင်း ထိုင်းနိုင် ငံ ဘန်ကောက်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ယမန်နေ့က မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားသည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာ အီဗရာဟင် ဂန်ဘာရီနှင့်လည်း ဦးကျော်သူသည် တနင်္လာနေ့က ဧရာဝတီတိုင်း လေဘေးသင့်ဒေသများ ပြန်လည်တည်ဆောက်ရေးများကို အတူသွားရောက် ကြည့်ရှုခဲ့သေးသည်။

ဒု နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးကျော်သူသည် မြန်မာစစ်တပ် တပ်မ (၃၃) တွင် အမှုထမ်းခဲ့ပြီး တောင် အာဖရိကနှင့် အိန္ဒိယနိုင်ငံများတွင်လည်း မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် အမှုထမ်းခဲ့သည်။

၎င်း၏ ဖခင်မှာ သမ္မတဟောင်း ဒေါက်တာမောင်မောင် ဖြစ်သည်။

အတည်မပြုနိုင်သေးသော သတင်းများအရ ယခုရာထူး အပြောင်းအလဲတွင် ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်ချုပ်စောထွန်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဗိုလ်ချုပ်စောလွင်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီး ဗိုလ်ချုပ်မောင်မောင်ဆွေ၊ သစ်တောရေးရာဝန်ကြီး ဗိုလ်မှူးချုပ်သိန်းအောင်တို့လည်း ပါဝင် ကြောင်း သိရသည်။



ကိုစိုး
REF: ဧရာဝတီ

Read More...

Wednesday, February 4, 2009

မြန်မာနိုင်ငံမှာတည်ငြိမ်မှု တွေ့လိုလျှင် ဆန်ရှင် ရုပ်သိမ်းလိုက်ပါဟု ၀န်ကြီးချုပ် ပြော

မုံပီး
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 04 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်မှုကို ကမ္ဘာ့အသိုင်းအ၀ိုင်းက မြင်တွေ့လိုလျှင် စီးပွား ရေး ပိတ်ဆို့မှုကို ရုတ်သိမ်းပေးရမည်ဟု ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ကုလသမဂ္ဂအထူးသံတမန် အီဘရာဟင်ဂမ်ဘာရီကို အင်္ဂါနေ့က ပြောကြားလိုက်သည်။

ဝန်ကြီးချုပ်က စီးပွားရေးပိတ်ဆို့မှုသည် လူ့အခွင့်အရေးနှင့် အလုပ်အကိုင်အခွင့်အရေးများကို ဆုံးရှုံးစေ ကြောင်း၊ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် လူနေမှုအဆင့်အတန်းများကို ထိခိုက်စေကြောင်း ဂမ်ဘာရီကို ပြောလိုက်သည်ဟု ဗုဒ္ဓဟူးနေ့ထုတ် မြန်မာ့အလင်း သတင်းစာက ရေးသားထားသည်။

" တကယ်တန်းမြန်မာနိုင်ငံကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံရေးတည်ငြိမ်စေချင်သည်ဆိုလျှင် ကုလသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများကို အရင်ဖယ်ရှားပေးရန် ကြိုးပမ်းဆောင်ရွက်သင့် ကြောင်း" ဗိုလ်ချုပ်ကြီးသိန်းစိန်၏ ပြောကြားချက်ကို မြန်မာ့အလင်းက ကိုးကားထားသည်။

ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဂမ်ဘာရီ၏ လေးရက် တာ ခရီးစဉ်အတွင်း ဆွေးနွေးခဲ့မှုတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်ရာတွင် စီးပွားရေးပိတ်ဆို့ အရေးယူမှုက အတားအဆီးတခုဖြစ်နေကြောင်း ဒုဗိုလ်ချုပ်ကြီးသိန်းစိန်က ပြောကြားခဲ့သည်။

"ခြေနှစ်ဖက်ကို ကြိုးများနှင့် ချည်နှောင်ထားပြီး မြန်မြန်ပြေးခိုင်းသည်နှင့် တူနေကြောင်း" ဗိုလ်ချုပ်ကြီး သိန်းစိန်က ပြောသည်။

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့သည် မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူထားသည်။

ရန်ကုန်ရှိ ဇေယျာသီရိဗိမာန်တွင် ဆွေးနွေးရာတွင် နိုင်ဂျီးယီးယားနိုင်ငံသား ကုလသံတမန်က ဗိုလ်ချုပ်ကြီး သိန်းစိန်ကို နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန်နှင့် လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းဆောင်တာများ တိုးမြှင့်ခွင့်ပြုဆောင်ရွက်ရန်တို့ တောင်းဆိုခဲ့ သည်။

တောင်းဆိုချက်အပေါ် ၀န်ကြီးချုပ်က ရေရေရာရာ ပြန်လည်ဖြေကြားခြင်းမရှိဘဲ "မိမိတို့နိုင်ငံ၏ ပကတိ အခြေအနေနှင့် အချိန်အခါအရ မိမိတို့နိုင်ငံတွက် အကောင်းဆုံးလမ်းစဉ်ကို ချမှတ်ဆောင်ရွက်နေခြင်းဖြစ် သည်" ဟု ပြန်လည်ဖြေကြားသွားပြီး အစိုးရ၏ တိုးတက် လုပ်ဆောင်မှုများကို မြင်တွေ့မှာဖြစ်သည်ဟု ဆို သည်။

ထို့အပြင် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားအားလုံး ပါဝင်ယှဉ်ပြိုင်ပြီး အတူတကွ လက်တွဲ လုပ်ရန် ဂမ်ဘာရီအနေဖြင့် တိုက်တွန်းဖို့ ဗိုလ်ချုပ်ကြီးသိန်းစိန်က ပြောသွားသည်။

အင်္ဂါနေ့က ပြီးဆုံးသွားခဲ့သည့် ဂမ်ဘာရီ၏ လေးရက်တာခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း အပါအ၀င် ၀န်ကြီးများနှင့် တွေ့ဆုံခွင့်ရခဲ့သော်လည်း နေပြည်တော်မှ ဖိတ်စာမရ၍ စစ်အစိုးရအဖွဲ့ ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခွင့်မရဘဲ ပြန်သွားရခြင်းဖြစ်သည်။

သို့ပေမယ့်လည်း ယခင်တခေါက်က တွေ့ဆုံခွင့် ငြင်းပယ်ခဲ့သည့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဂမ်ဘာရီကို ယခုတခေါက်တွင် လက်ခံတွေ့ဆုံခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲချုပ် ခေါင်းဆောင်များနှင့် ဆွေးနွေးခွင့်ရခဲ့သည်။

ဂမ်ဘာရီက နားထောင်သွားပြီး တစုံတရာ မှတ်ချက်ချ ပြောကြားသွားခြင်းမရှိဟုဆိုကာ ခရီးစဉ်နှင့် ပတ်သက် ပြီး ကောင်းကျိုးရလာဒ်ထွက်သည် မထွက်သည်ကို ပြောရန် အန်အယ်ဒီက ငြင်းဆန်ထားသည်။



REF: မဇ္ဈိမ

Read More...

ကုလအကြီးအကဲနှင့် ဂမ်ဘာရီ ဒေလီတွင် တွေ့ဆုံမည်


မုံပီး
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 04 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် မြန်မာနိုင်ငံသို့ မကြာသေးခင်က သွားရောက်လည်ပတ်ခဲ့သော သူ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီတို့သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကြာသာပတေးနေ့တွင် တွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း ကုလအရာရှိတဦးအပြောအရ သိရသည်။

"သူတို့နှစ်ယောက်လုံး ကြာသာပတေးနေ့မှာ ဒီမှာရှိမယ်။ ခရီးစဉ်အသေးစိတ်တော့ မသိဘူး" ဟု နယူးဒေလီ အခြေစိုက် ကုလသမဂ္ဂရုံး အရာရှိတဦးက ပြောသည်။

ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ မာရီအိုကာဘီက နယူးယောက်တွင် သတင်းထောက်များကို ပြောကြားရာ တွင် "ကုလသံတမန် (ဂမ်ဘာရီ) သည် အထွေထွေအတွင်းရေးမှူးချုပ်နှင့် အိန္ဒိယတွင် ကြာသာပတေးနေ့ တွင် တွေ့ဆုံကာ သူ၏ ခရီးစဉ်မှတွေ့ရှိရချက်များကို အစီရင်ခံတင်ပြပါမယ်" ဟု ပါရှိသည်။

ဘန်ကီမွန်းသည် နယူးဒေလီကို ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ရောက်ရှိမှာဖြစ်ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ပရာနတ်မူကာဂျီးနှင့် ဒေသတွင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးဖွယ်ရှိသည်။

" ကျနော်တို့ (ယူအန်)က အစည်းအဝေးအတွက် မေတ္တာရပ်ခံထားပါတယ်။ ဖြစ် မဖြစ်ကတော့ မသိသေးဘူး" ဟု ကုလအရာရှိက ပြောသည်။

ဘန်ကီမွန်းသည် " ရေရှည်ခိုင်ခံ့ဖွံ့ဖြိုးရေး ဒေလီ စုံညီ ညီလာခံ ၂၀၀၉" ကိုလည်း တက်ရောက်မှာဖြစ်ကြောင်း ကမကထပြုသူများက ပြောကြားသည်။

REF: မဇ္ဈိမ

Read More...

မြန်မာ့အရေး ကုလသမဂ္ဂအခန်းနဲ့ ပတ်သက်ပြီး မေးမြန်းချက်

ကုလသမဂ္ဂအထူးကိုယ်စားလှယ် Gambari ဟာ မြန်မာနိုင်ငံကနေ ခုနစ်ကြိမ်မြောက်အဖြစ် မနေ့က ပြန်လည်ထွက်ခွာသွားပါပြီ။ မြန်မာ့နိုင်ငံရေးအခြေအနေဟာလည်း သောင်မတင်ရေမကျအနေအထားကနေ မပြောင်းလဲသေးပါဘူး။ ဒီတော့ ကုလသမဂ္ဂရဲ့ အခန်းနဲ့ပတ်သက်ပြီး Rutgers တက္ကသိုလ်က ပါမောက္ခ ဟောင်း Josef Sivlerstein ကို BBC က ဆက်သွယ်မေးမြန်းထားပါတယ်။

BBC: ခု မြန်မာနိုင်ငံမှာ ရှေ့မတိုး နောက်မဆုတ်ဖြစ်နေတဲ့ အနေအထားကနေ ကုလသမဂ္ဂအနေနဲ့ ဘယ်လို ရှေ့ဆက်မလဲခင်ဗျ။ ရှေ့ဆက်နိုင်မယ့် နည်းလမ်းရှိပါသေးရဲ့လား။

Silverstein : လောလောဆယ်တော့ မရှိပါဘူး။ နှစ်ဖက်စလုံးက ကိုယ့်ရပ်တည်ချက်ကနေ မလျှော့တဲ့ အတွက် တွေ့ဆုံဆွေးနွေးရေးအတွက် လမ်းပိတ်နေပါတယ်။ အစိုးရဘက်က လျှော့မှာမဟုတ်သလို NLD ဘက်ကလည်း နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေးနဲ့ ပတ်သက်တဲ့အစိုးရရဲ့ သဘောထားမပြောင်းမချင်း စကားပြောမှာ မဟုတ်ဘူး။ ဒီတော့ ရှေ့ဆက်ရခက်တဲ့ အနေအထားမှာ ရောက်နေပါတယ်။

BBC : ဒါဖြင့်ရင် အနာဂတ် မြန်မာ့နိုင်ငံရေးမှာ ကုလသမဂ္ဂရဲ့အခန်းရှိပါသေးရဲ့လား။

Silverstein : ရှိသေးတယ် ထင်ပါတယ်။ ဒါပေမယ့် ပုံစံပြောင်းပြီးလုပ်ဆောင်ရမယ်ထင်ပါတယ်။ စစ်အစိုးရ ရော NLD ရော နှစ်ဖက်စလုံးကိုပေါက်တဲ့ ကြားခံတယောက်ရှိရပါမယ်။ ဒါ ပထမအဆင့် လိုအပ်ချက်ပါ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဒီကြားလူအလုပ်ကို လုပ်မှာမဟုတ်ပါဘူး။ အလွန်ဆုံးလုပ်လှ နှစ်ဖက်စလုံး က ဘုံရပ်တည်ချက်တခုရှိလာပြီးမှ နှစ်ဖက်တွေ့ဆုံစကားပြောလာအောင် ကြားဝင်ပေးတာလောက်ပဲ လုပ်နိုင် ပါတယ်။ ဒါပေမဲ့လည်း ဒီဘုံရပ်တည်ချက်က ခု မရှိသေးပါဘူး။ ဒီတော့ စစ်အစိုးရနဲ့ NLD ကြားက တတိယ ပါတီ တခုမရှိသေးဘဲ ဘာမှ လုပ်လို့ ရအုံးမယ် မထင်ပါဘူး။

BBC : ဒါဆိုရင် ဒီကြားခံအဖြစ်ဆောင်ရွက်ပေးမယ့်လူအဖြစ် ဘယ်သူ့ကိုမြင်ပါလဲ။ ဘယ်သူက လုပ်ပေးနိုင် မယ် ထင်ပါလဲ။

Silverstein : ကျနော့်အထင်မှာတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တရုတ်ကို ကြားလူအဖြစ် ဆောင် ရွက်ပေးနိုင် မပေးနိုင် ဖိတ်မန္တကပြုလာရင်၊ တခါ ပြည်တွင်းမှာလဲ ကြားကတယောက်ယောက်နဲ့ စကားပြောဖို့ လိုလိုလားလားရှိလာတာကို တရုတ်ကလည်းသိမယ်၊ သူကလည်း စိတ်ဝင်စားမယ်ဆိုရင် တရုတ်ကို ကြားခံ လူအဖြစ် ဆောင်ရွက်ခိုင်းဖို့ ဖြစ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံထဲမှာတော့ လောလောဆယ်မှာ ကြားလူအဖြစ် ဆောင်ရွက်ပေးနိုင်မယ့်သူ ဘယ်သူမှ မရှိပါဘူး။ ကုလသမဂ္ဂကိုယ်တိုင်လည်း ဒီအလုပ် မလုပ်နိုင်တာ တွေ့ခဲ့ ရတယ်။ တရုတ်ကတော့ ပိုဖြစ်နိုင်မယ်ထင်ပါတယ်။ ဒီတော့ ကြားလူအဖြစ် ဘယ်သူ့ကိုဆောင်ရွက်ခိုင်းရင် ကောင်းမလဲဆိုတာကို စစ်အစိုးရနဲ့ NLD အရင် စကားပြောကြရင် ကောင်းမယ်ထင်ပါတယ်။

BBC : စစ်အစိုးရက သူတို့နဲ့ NLD ကိစ္စဟာ ပြည်တွင်းရေးသက်သက်သာဖြစ်တယ်၊ ကုလသမဂ္ဂလောက်မှ အပ တခြားဘယ်သူ့ကိုမှ ကြားဝင်ဆောင်ရွက်စေချင်တာ မဟုတ်ပါဘူး။ ဒီတော့ ပါမောက္ခပြောသလို တရုတ် ကို ကြားလူအဖြစ် ဆောင်ရွက်ခိုင်းတာကို စစ်အစိုးရဘက်က လက်ခံနိုင်ပါ့မလား။

Silverstein : တရုတ်ဟာ ကမ္ဘာ့ကြီးငါးကြီးနိုင်ငံထဲ တနိုင်ငံ အပါအဝင်ဖြစ်သလို ကမ္ဘာ့သံခင်းတမန်ခင်းကိစ္စ တွေမှာလည်း အထူးသဖြင့် အရှေ့အာရှဒေသမှာ လက်ခံနိုင်စရာရှိတဲ့ အင်အားကြီးနိုင်ငံကြီးပါ။ ကျနော် ပြော ချင်တာက တရုတ်ကိုသူ့ဘက်ကစပြီး ကြားလူအဖြစ် ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းခိုင်းတာမျိုး မဟုတ်ပါဘူး။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တရုတ်အစိုးရကိုပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကုလသမဂ္ဂက တရုတ်ကိုယ်စား လှယ်ကိုပဲဖြစ်ဖြစ် အလွတ်သဘောပြောပြီး နှစ်ဖက်စလုံးချဉ်းကပ်လို့ ရနိုင်မယ့် လမ်းကြောင်းကို ရှာကြည့်ဖို့ပါ။ နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်အောင် ကြိုးစားပေးမယ့် ကြားခံနိုင်ငံရဲ့ ရပ်တည်ချက်ဟာ အစောကြီးထဲက နှစ် ဖက်စလုံးနဲ့ ရင်းနှီးမှုရှိတဲ့ နိုင်ငံဖြစ်ရမယ်။ နောက် ဘယ်သူ့သြဇာ လမ်းညွှန်ချက်မှ မခံဘဲ သူ့ရပ်တည်ချက် အတိုင်း သူရပ်တည်နိုင်သူဖြစ်ရမယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရင်အတွေ့အကြုံတွေအရ တရုတ် ဟာ မြန်မာပြည်ကိစ္စမှာ ကြားခံလူအဖြစ် ကောင်းကောင်းဆောင်ရွက်နိုင်မယ်ထင်ပါတယ်။




REF: ဘီဘီစီ

Read More...

ပိတ်ဆို့ဒဏ်ခတ်ထားတာတွေ ရုပ်သိမ်းပေးဖို့ ဂမ်ဘာရီကို စစ်အစိုးရ ပြော

04 February 2009

မြန်မာနိုင်ငံက အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေနဲ့ စစ်အာဏာရှင်တွေကြား တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်ရေး ကြားဝင်စေ့စပ်ပေးတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန် အီဘရာဟင်မ် ဂမ်ဘာရီ (Ibrahim Gambari) ဟာ သူ့ရဲ့ဆောင်ရွက်မှု မအောင်မမြင် ဖြစ်ခဲ့ပြန်ပြီး ဒီတကြိမ်လည်း လက် ဗလာနဲ့ မြန်မာနိုင်ငံက မနေ့က ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

ရန်ကုန်ကနေ စင်ကာပူကို မနေ့ညနေက မထွက်ခွာခင် မစ္စတာဂမ်ဘာရီဟာ မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှုကို တွေ့ချင်ရင် နိုင်ငံတကာက ချမှတ်ထားတဲ့ စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပြီး စစ်အစိုးရ ခေါင်းဆောင်တွေကို ပြည် ၀င်ခွင့်ဗီဇာ ပိတ်ထားတာတွေကိုလည်း ပယ်ဖျက်ပေးဖို့လိုတယ်လို့ မစ္စတာဂမ်ဘာရီကို ဗိုလ်ချုပ်ကြီးသိန်းစိန် က ပြောကြားတဲ့အကြောင်း မြန်မာစစ်အစိုးရ ရုပ်မြင်သံကြားမှာ ကြေညာ ဖတ်ကြားသွားခဲ့ပါတယ်။

တနင်္လာနေ့ကတော့ နေအိမ်မှာ အကျယ်ချုပ်နဲ့ အကျဉ်းကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာဂမ်ဘာရီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုခံရရေးဟာ အနာဂတ် စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လိုအပ်ချက် ဖြစ်နေဆဲပဲလို့ မစ္စတာဂမ်ဘာရီကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့ကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုနေပါတယ်။

၎ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း မစ္စတာဂမ်ဘာရီဟာ ဗိုလ်မှူးချုပ်ကျော်ဆန်း ဦးဆောင်တဲ့ မြန်မာ စစ် အစိုးရရဲ့ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မစ္စတာဂမ်ဘာရီဟာ နေပြည်တော်ကို လာရောက်ဖို့ ဖိတ်ကြားခြင်း မခံခဲ့ရဘဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တခြား စစ်ကောင်စီဝင် ထိပ်တန်းဗိုလ်ချုပ် ကြီးတွေနဲ့လည်း တွေ့ဆုံခွင့် မရခဲ့ဘဲ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာသွားခဲ့ရတာ ဖြစ်ပါတယ်။



REF: ဗွီအိုအေ

Read More...

ဂန်ဘာရီ ပြန်ပြီ

Tuesday, 03 February 2009

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာ ဂန်ဘာရီသည် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် လက်ဆုပ်လက်ကိုင် တိုးတက်မှု တစုံတရာမရရှိဘဲ ယနေ့ညနေပိုင်းတွင် ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း အတိုက်အခံများနှင့် မြန်မာ့အရေးလေ့လာသူများကပြောသည်။

မစ္စတာ ဂန်ဘာရီသည် ယနေ့နေ့လယ်ပိုင်းတွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီး နောက် ၎င်း၏ ခရီးစဉ်အတွင်း တိုးတက်မှု တစုံတရာမရရှိဘဲ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောခွင့်ရ ဦးဉာဏ်ဝင်းကပြောသည်။

“မစ္စတာ ဂန်ဘာရီ က ကျနော်တို့ အဖွဲ့ချုပ် စီအီးစီ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံတုန်းက စီအီးစီ ပြောဆိုတာတွေ ကို ဂရုပြု နားထောင်သွားတာပဲရှိပါတယ်၊ သူ့ဆီက တုံ့ပြန်ဆွေးနွေးတာ မရှိပါဘူး၊ ဒါကြောင့် သူ့ခရီးစဉ်မှာ တစုံတရာ တိုးတက်မှုကို မတွေ့ရဘူးလို့ပြောနိုင်ပါတယ်”ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

မစ္စတာ ဂန်ဘာရီသည် နေပြည်တော်သို့ သွားရောက်၍ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံမှုမရှိကြောင်းနှင့် ယနေ့ညနေ ၄း ၃၀ နာရီ ခန့်က မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားကြောင်း ရန်ကုန်မြို့ရှိ ကုလသမဂ္ဂသတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဦးအေးဝင်း က ပြောသည်။

“ဒီနေ့ နေ့လယ် ၂ နာရီ လောက်က ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ မစ္စတာ ဂန်ဘာရီ အချိန် တနာရီ လောက် ကြာကြာ တွေ့ပါတယ်၊ ပြီးတော့ ပြန်ကြားရေး ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းနဲ့လည်း တွေ့ပါ တယ်” ဟု ၎င်းက ပြောဆိုသည်။

မစ္စတာ ဂန်ဘာရီသည် ၎င်း၏ ခရီးစဉ် မတိုင်မီ တွေ့ဆုံရန် စီစဉ်ထားသူများနှင့် တွေ့ဆုံသွားခြင်းဖြစ်သည်ဟု လည်း ဦးအေးဝင်းက ဆိုသည်။

ယနေ့တွင် မစ္စတာ ဂန်ဘာရီသည် အန်အယ်လ်ဒီ ခွဲထွက်အဖွဲ့ ၀ံသာနုအန်အယ်လ်ဒီ အဖွဲ့နှင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့(ပြည်ထောင်စု မြန်မာနိုင်ငံ) စသော အစိုးရထောက်ခံသည့်အဖွဲ့များနှင့်လည်း တွေ့ဆုံ ကြောင်း သိရသည်။

ယမန်နေ့က မစ္စတာ ဂန်ဘာရီနှင့် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်(စီအီးစီ)များ ဖြစ်သော ဦးအောင်ရွှေ၊ ဦးညွန့်ဝေ၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် အစိုးရ ဧည့်ဂေဟာ၌ တချိန်တည်း အတူတကွ တွေ့ဆုံခဲ့ပြီး တွေ့ဆုံချိန် တနာရီခွဲခန့် ကြာမြင့်ခဲ့သည်။

မြန်မာ့အရေးလေ့လာသူများက ယခု မစ္စတာ ဂန်ဘာရီ ၏ ၇ ကြိမ်မြောက် ခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် မတွေ့ဆုံခြင်းနှင့် ပတ်သက်ပြီး မေးခွန်းထုတ်နေကြသည်။

“အခု ဂန်ဘာရီရဲ့ခရီးစဉ်က နောက်ဆုံး ခရီးစဉ်ဖြစ်ဖို့များတယ်၊ သူနောက်တခေါက် မြန်မာပြည် ပြန်လာဖို့ မလွယ်ဘူး”ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေအစိုက် မြန်မာ့အရေး လေ့လာသူ ဗြီတိသျှ ဂျာနယ်လစ် လယ်ရီဂျေဂင် က ပြောသည်။

မစ္စတာဂန်ဘာရီသည် ယခုခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ နောက်ပိုင်းခရီးစဉ်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့သော်လည်း ကန့်သတ်မှုများရှိခဲ့သည်။

တချိန်တည်းတွင်ပင် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ အစိုးရဧည့်ရိပ်သာတွင် ဒေါ်အောင် ဆန်းစုကြည် အပါအ၀င် အန်အယ်လ်ဒီ စီအီးစီအဖွဲ့ဝင် ၆ ဦးနှင့် မစ္စတာ ဂန်ဘာရီ တွေ့ဆုံရာ၌ ဦးဝင်းတင် နှင့် ဦးခင်မောင်ဆွေတို့ကို တွေ့ခွင့်မပြုခဲ့ကြောင်း အန်အယ်လ်ဒီ က ပြောသည်။

၎င်းတို့အား ယခုကဲ့သို့ တွေ့ခွင့်မရရန် ရဲ အထူးသတင်းတပ်ဖွဲ့က အန်အယ်လ်ဒီသို့ ကြိုတင် တားဆီးပိတ်ပင် ခဲ့ခြင်းဖြစ်သည်ဟု ဦးဝင်းတင် က ပြောပြသည်။

ယင်းသို့ ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့ကို မစ္စတာ ဂန်ဘာရီနှင့် တွေ့ဆုံရန် ပိတ်ပင်ခြင်းအား ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်သည်ဟုလည်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ ၂ ယောက်ကို ပိတ်ပင်တာနဲ့ ပတ်သက်ပြီး သူသဘောမတူဘူး၊ ကန့် ကွက်တယ်လို့လဲပြောတယ်၊ ဒါဟာ တရားဥပဒေ စိုးမိုးမှု ဆိတ်သုဉ်းခြင်းရဲ့ လက္ခဏာ တရပ်ဖြစ်တယ်လို့ လည်း သူက သဘောထားတယ်၊ နောက်တချက်က အန်အယ်လ်ဒီ အရေးကိစ္စတွေကို အစိုးရက ၀င်စွက်တာ အတော်ဆိုးဝါးတဲ့ အချက်ပဲလို့လည်း သူပြောတယ်၊ စီအီးစီ လုပ်တဲ့ နိုင်ငံရေးလုပ်ငန်းတွေကို သူသဘောတူ တယ်၊ ထောက်ခံတယ်ဆိုတဲ့ သဘောကိုလည်း ပြောတယ်”ဟု ၎င်းက ဧရာဝတီသို့ ရှင်းပြသည်။

ဦးဝင်းတင်၊ ဦးခင်မောင်ဆွေတို့ ၂ ဦး ကိစ္စသည် အန်အယ်လ်ဒီ စီအီးစီကသာ ဆုံးဖြတ်ရမည့်ကိစ္စဖြစ်ကြောင်း၊ အစိုးရလုပ်ဆောင်ရမည့် ကိစ္စမဟုတ်ကြောင်း၊ အစိုးရက အန်အယ်လ်ဒီ လုပ်ဆောင်ရမည့်ကိစ္စရပ်ကို ၀င် ရောက် စွက်ဖက်ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်ဟုလည်း သိရသည်။

“သတင်းတပ်ဖွဲ့ကပြောတာက အန်အယ်လ်ဒီကို လူ ၅ ယောက်ပဲဖိတ်တယ်ပေါ့ဗျာ၊ ဦးဝင်းတင်နဲ့ ဦးခင်မောင်ဆွေကိုတော့ မဖိတ်ဘူးဆိုပြီးတော့ ပြောတယ်တဲ့၊ သဘောကတော့ ကျနော်တို့ကို ဖိတ်ကြားချက် ကို၊ အဆင့်အနိမ့်ဆုံးပေါ့ဗျာ၊ နိုင်ငံရေးကိစ္စတွေ လုပ်နေတဲ့နေရာမှာ ရဲ သတင်းတပ်ဖွဲ့လိုဟာမျိုးကနေ လာပြီး တော့ ကျနော်တို့ကို ဖိတ်ကြားချက်ကို တားဆီးတယ်၊ ဟန့်တားတယ် ၊ ပိတ်ပင်တယ် ဆိုတဲ့သဘောပေါ့ဗျာ၊ တွေ့ဖို့ ဖိတ်တဲ့ အခါမှာ အကန့်အသတ်တွေ့လုပ်မယ်ဆိုတာ ကျနော်တွက်ပြီးသားပါ”ဟု ဦးဝင်းတင်က ဆို သည်။

ယခုကဲ့သို့ ပိတ်ပင်တားဆီးခြင်းသည် နိုင်ငံရေးသဘောမဆောင်ကြောင်း၊ နိုင်ငံရေး လုပ်ပိုင်ခွင့်အဆင့်အတန်း ဆိတ်သုဉ်းခြင်းပင်ဖြစ်ကြောင်း ဦးဝင်းတင်က ဆက်လက်ပြောဆိုသည်။

“တရားဝင် ဖိတ်ကြားတဲ့ အစိုးရဘက်ကတားတယ်ဆိုရင် တမျိုးပေါ့ဗျာ၊ နိုင်ငံရေးသဘော ဆောင်သေးတယ်၊ အခုက နိုင်ငံရေး သဘောမဆောင်ဘဲနဲ့ အုပ်ချုပ်မှုအောက်က ဌာနတခုကနေ ၀င်ပြီးတော့ ပိတ်တာ၊ ကျနော် တို့ရဲ့ နိုင်ငံရေးအဆင့်အတန်း Political status ဟာ တိုင်းရေးပြည်ရေးကို လာဆွေးနွေးမယ့် ကုလသမဂ္ဂ ကလို ပုဂ္ဂိုလ်များနဲ့ ကျနော်တို့ တွေ့ဆုံခွင့်ကို တားဆီးခြင်းဟာ နိုင်ငံရေးလုပ်ပိုင်ခွင့် ဆိတ်သုဉ်းနေတာပဲ”ဟု ဦးဝင်းတင်က ဆိုသည်။

စနေနေ့က မြန်မာနိုင်ငံသို့ စတင်ရောက်ရှိခဲ့သည့် မစ္စတာ ဂန်ဘာရီ၏ ၇ ကြိမ်မြောက် ယခုခရီးစဉ်တွင် အန်အယ်လ်ဒီ အပါအ၀င် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည)၊ စစ်အစိုးရ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့ ခေါင်းဆောင် ပြန်ကြားရေး ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ် ခင်အောင် မြင့်၊ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ကျော်မြင့်၊ ပြည်လုံးကျွတ် ဆန္ဒခံယူ ပွဲ ကော်မရှင်အဖွဲ့၊ ကြံ့ဖွံ့အဖွဲ့များနှင့်လည်း တွေ့ဆုံခဲ့သည်။



ကိုစိုး
REF: ဧရာဝတီ

Read More...

ကိုအေးလွင် ဂမ်ဘာရီကို ဘာတွေပြောခဲ့လဲ (အင်တာဗျူး)

ကိုဝိုင်း
အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ 03 2009

စစ်အစိုးရ လိုလားသည့် ကိုအေးလွင် ဦးစီးသော ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်အဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) လည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး၏ မြန်မာနိုင်ငံ ကိုယ်စားလှယ် မစ္စတာ အီဘရာဟင်ဂမ်ဘာရီနှင့် ယနေ့နံနက်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ကိုအေးလွင်ကို မဇ္ဈိမသတင်းထောက် ကိုဝိုင်း (ချင်းမိုင်) က ဆက်သွယ်မေးမြန်းရာတွင် ကုလနှင့် မစ္စတာ ဂမ်ဘာရီအပေါ် သူတို့အဖွဲ့ သဘောထားနှင့် ကုလကိုယ်စားလှယ်က မြန်မာ့အရေးတွင် မြင်သာထင်သာရှိ သည့် လူအများ၏ ရပ်တည်ချက်ဖြင့် ကိုင်တွယ်ဖြေရှင်းမည်ဟူသော ပြောကြားချက်များကို တင်ပြလိုက်ပါ သည်။
ကိုအေးလွင်တို့အဖွဲ့ ဒီနေ့ မစ္စတာဂမ်ဘာရီနဲ့ တွေ့တယ်လို့ သိရပါတယ်။

ဟုတ်ပါတယ်။ ဒီမနက် ၈ နာရီ ၅၀ မှာ ဆုံတာပါ။ မိနစ် ၃၀ လောက် ကြာပါတယ်။ ရန်ကုန် နိုင်ငံတော် ဧည့် ဂေဟာ စိမ်းလဲ့ကန်သာမှာ တွေ့ပါတယ်။ ကျနော်တို့ဘက်က ၄ ယောက်ပါတယ်။ မစ္စတာဂမ်ဘာရီဘက်က တော့ သူအပါ ၂ ယောက်ပေါ့။

ဘာတွေကို အဓိကထား ဆွေးနွေးဖြစ်ပါသလဲဗျ။

ကျနော်တို့ဘက်က အဓိက ဆွေးနွေးတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာက ၁၉၉၀ ရွေးကောက်ပွဲအပြီး အမျိုးသားညီလာခံ မကျင်းပခင် ၁၉၉၂ ခု အလုံက သမ္မတအိမ်တော်ဝန်းထဲမှာ အန်အယ်ဒီပါတီ ခေါင်းဆောင်တွေနဲ့ တခြား နိုင်ငံရေးပါတီ ခေါင်းဆောင်တွေပါပြီးတော့ ဆွေးနွေးတယ်။ အဲဒီ မှာ တပ်မတော်က အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်ထမ်းဆောင်နိုင်ရေးကို အန်အယ်ဒီ က လက်ခံခဲ့တယ်။ လက်ခံပြီးတော့ ၁၉၉၆ မှာ အခြေခံမူတွေ ချခဲ့တယ်။ သိပ်မကြာခင်မှာ ဒေါ်စု ပြန်လွတ် လာပြီးကာမှ အငြင်းပွားစရာတွေဖြစ်လာပြီး အန်အယ်ဒီက ညီလာခံထဲကနေ ထွက်သွားတယ်ဗျာ။

အမျိုးသား ညီလာခံပြီးတော့ ၂၀၀၈ မေလထဲမှာ ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲလုပ်တယ်။ အဲဒီမှာလည်းပဲ အဲဒီပါတီ (အန်အယ်ဒီ) နဲ့ ဒေါ်အောင်ဆန်းစုကြည် မဲပေးတယ်။ ၂၀၀၈ မေလထဲမှာ ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲအရ ဖွဲ့စည်းပုံ က အတည်ဖြစ်သွားပြီ။ အဲဒါကို အန်အယ်ဒီပါတီက စစ်တပ်က ပါဝင်တဲ့ကိစ္စပေါ်မှာ အငြင်းပွားနေတယ်။ အဲဒီ လို လုပ်နေတဲ့ကိစ္စက ဒီမိုကရေစီရဲ့ သဘောသဘာဝနဲ့ မကိုက်ညီဘူး။ ဆန္ဒခံယူပွဲမှာ မမှန်မကန် လုပ်တယ် လို့ မြင်ရင်လည်း ဘာတွေလဲဆိုတာ တရားဝင်ပုံစံနဲ့ တင်ပေါ့။ ဒီလို ပြောနေလို့မရဘူး။

နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ personal ကိစ္စပေါ့။ personal ကိစ္စဆိုပေမယ့် လျစ်လျှူရှုလို့ မရဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုဟာက မြန်မာ့နိုင်ငံရေးမှာ ဝင်ပါတာ အငြင်းပွားဖွယ်ရာ ဖြစ်နေ တယ်။ ဘာလဲဆိုတော့ သူ့သား ၂ ဦးပေါ့ဗျာ။ သူတို့က အင်္ဂလန်နိုင်ငံအစိုးရရဲ့ အစောင့်ရှောက်ခံတွေ ဖြစ်နေ တယ်။ ဆိုတော့ သားနှစ်ယောက်ကပဲ အင်္ဂလန်နိုင်ငံသား အဖြစ်ကနေ စွန့်လွှတ်မလား၊ ဒေါ်အောင်ဆန်း စုကြည်ကပဲ ဥပဒေကြောင်းအရ သားအဖြစ်ကနေ စွန့်လွှတ်မလား။ သူ့သား နှစ်ဦးက အင်္ဂလန်နိုင်ငံမှာ အင်္ဂလန်နိုင်ငံသားအဖြစ် အစောင့်ရှောက်ခံထားရတယ်။ အင်္ဂလန်နိုင်ငံက သူ့သား နှစ်ဦးဆီ သွားလို့ရှိရင် သူ လည်း အစောင့်ရှောက်ခံရတာပဲ။

ဖွဲ့စည်းပုံ ဥပဒေအရရော၊ နောက်ပြီးတော့ election law တွေအရ ပြဋ္ဌာန်းထားတယ်။ ၄၇ က စတယ်။ နောက် ၆၂ အာဏာသိမ်းပြီးတော့ ၇၄ ခု ဖွဲ့စည်းပုံ။ ၁၉၉၀ ရွေးကောက်ပွဲမှာလည်း ကန့်သတ်ထားပါတယ်။ ဥပဒေကြောင်းအရ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစည်းဝိုင်းထဲမှာ မရှိတဲ့ လူက သူ့ကို ပြည်သူလူထုက Mandate ပေးထားပါတယ်ဆိုတာကို ကမ္ဘာက လက်ခံမလား။ အဲဒီဟာက နိုင်ငံရေးဖြစ်ပေါ်မှုမှာ နောက်ဆုတ်သွားတဲ့ အကြောင်းတရပ်ထဲမှာ ပါတယ်။ ဖွဲ့စည်းပုံက ပြင်လို့မရဘူး။ တကယ်လို့ ပြင်ရမှာ သူ (ဒေါ်အောင်ဆန်းစု ကြည်) က ပြင်ရမှာဗျ။ အဲဒါကို မစ္စတာဂမ်ဘာရီအနေနဲ့ ကုလသမဂ္ဂကို သေချာပြောပြပါ။ တောင်းဆိုပါ။ ကျနော်တို့က မေတ္တာရပ်ခံပါတယ်။ တောင်းဆိုပါတယ်လို့ ပြောလိုက်တယ်။

လွှတ်တော်မှာ စစ်တပ်က အရွေးမခံဘဲ ၂၅ ရာခိုင်နှုန်း ပါဝင်မယ်ဆိုတဲ့ကိစ္စကို ဆွေးနွေးတယ်လို့ သိရပါတယ်။ ရှင်းပြပေးပါလား။

တပ်က ၂၅ ရာခိုင်နှုန်းပါနေတဲ့ကိစ္စဟာ အန်အယ်ဒီကိုယ်တိုင်က ဒီညီလာခံစကတည်းက ဒါကို လက်ခံခဲ့ တယ်။ နောက်ကျမှ ဒါကို ပြန်ပြင်ပေးပါ၊ ပြန်သုံးသပ်ပေးပါ လျှောက်ပြောနေတော့ မလုပ်သင့်တဲ့ကိစ္စ ဖြစ် တယ်။ ပြည်သူလူထုအပေါ်မှာ တာဝန်မဲ့ရာကျတယ်။ ကျနော်တို့ကတော့ သဘာဝမကျဘူးလို့ မြင်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ လက်မခံနိုင်ဘူး။ ဒါကို ကုလသမဂ္ဂအနေနဲ့လည်း ချင့်ချိန်သင့်ပါတယ်လို့ ကျနော် တို့ ပြောလိုက်တယ်။

ကိုအေးလွင်တို့ရဲ့ ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) က တပ်မတော်က ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲမှာ ပါမယ်ဆိုတာကို လက်ခံတဲ့ သဘောလားဗျ။

အဲဒီကိစ္စလည်း ကျနော် မစ္စတာဂမ်ဘာရီကို ရှင်းပြပါတယ်။ ဒီသဘောထားတွေကို တပ်မတော်အစိုးရနဲ့ ဒီမို ကရေစီရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးနဲ့ပတ်သက်ပြီး အခြေခံမူတွေ ချမှတ်ရေး ဆွေးနွေး ခဲ့တဲ့အချိန်မှာ ကျနော်တို့ ပါဝင်ခွင့် မရခဲ့ဘူးလေ။ အလုံလမ်း သမ္မတအိမ်တော်ဝန်းမှာ ဆွေးနွေးတုန်းက ကျနော်တို့ မပါခဲ့ရဘူးလေ။ ဒါ အန်အယ်ဒီက ရပ်တည်ပေးခဲ့ပြီးတော့ ဖြစ်လာတဲ့ကိစ္စပဲ။ ဒါကို ကျနော်တို့က အမွေတခုအနေနဲ့ ဆက်ခံပြီးတော့ ပြောနေရတာ။ အဲဒီကိစ္စကို ဒီနေ့အချိန်မှာ ကိုယ်က တာဝန်မရှိသလို ပြော ပြီး၊ လျှောက်လုပ်နေတဲ့ကိစ္စက ပိုပြီးတာဝန်မဲ့တယ်။ မြန်မာ့နိုင်ငံရေးမှာ လွတ်လပ်ရေး မရခင်ကတည်းက တပ်က ပါဝင်ခဲ့တာ။ များသောအားဖြင့် တပ်ကပဲ တာဝန်ယူခဲ့တာ။ လက်ရှိ အသွင်ကူးပြောင်းမှုကာလမှာ တပ်မတော်က အကန့်အသတ်နဲ့ ပါဝင်တဲ့ကိစ္စကို အခိုက်အတန့်အနေနဲ့ပေါ့။ သူတို့ (တက်မတော်) ပါတဲ့ကိစ္စ က မပါတဲ့ကိစ္စထက် ပိုကောင်းမယ်လို့ ယူဆတယ်။ သူတို့ ယုံကြည်တဲ့ကိစ္စ၊ ကျနော်တို့ ယုံကြည်တဲ့ကိစ္စ နား လည်နိုင်မှာပေါ့။ အချိန်အတိုင်းအတာတခုမှာ တပ်မတော်က သူ့ဘာသာ ပြန်ဆုတ်သွားအောင် ဖန်တီးရမှာ ပါ။

နောက်တချက်က မြန်မာနိုင်ငံမှာ နိုင်ငံတကာက ပိတ်ဆို့ထားတဲ့ကိစ္စမှာ အန်အယ်ဒီကရော၊ ယူအန်ကရော ဖယ်ရှားပေးဖို့ပေါ့။

နောက်တချက်က ကုလသမဂ္ဂက အန်အယ်ဒီရဲ့ အလိုကျ လိုက်လို့ရှိရင် ယူအန်အနေနဲ့ လွဲမှားနိုင်တယ်ဆို တာ။ အပြုသဘောဆောင်တာမျိုး ကုလသမဂ္ဂက လုပ်ဆောင်ဖို့ပေါ့။

ယူအန်က အပြုသဘောမဆောင်ဘူးလို့ ကိုအေးလွင်တို့က ယူဆလို့လား။

အခုနောက်ပိုင်းတော့ တရွေ့ရွေ့တော့ ပြောင်းလာပါတယ်။ ယူအန်ကိုယ်တိုင်ကလည်း အပြုသဘောမဆောင် ပါဘူး။ မစ္စတာဂမ်ဘာရီ ကိုယ်တိုင်ပေါ့ဗျာ။ ဒေါ်စုက ပေးလိုက်တဲ့ စာကို အပြင်မှာထုတ်တဲ့ကိစ္စ။ ဒါဟာ ယူအန်ကိုယ်စားလှယ်အနေနဲ့ မလုပ်အပ်ဘူး။ ဒါတွေက မဖြစ်သင့်ဘူး။

အဲဒီ ဆွေးနွေးမှုတွေအပေါ် မစ္စတာဂမ်ဘာရီက ဘယ်လို ပြန်ဆွေးနွေးလဲဗျ။

ကျနော်တို့ပြောတဲ့ စကားတွေကို သူ သေချာနားထောင်တယ်။ ပြီးတော့ သူ (ဂမ်ဘာရီ) က ကုလသမဂ္ဂ က လည်း မြန်မာနိုင်ငံ ကိစ္စကို ကိုင်တွယ်တဲ့နေရာမှာ လူပုဂ္ဂိုလ်တဦးတယောက်၊ အဖွဲ့တခုထက် အများစုအတွက် ထင်သာမြင်သာတဲ့ ရပ်တည်ချက်တွေကိုပဲ အဓိကထားပြီးတော့ ကိုင်တွယ်ဖြေရှင်းမှာပါတဲ့။



REF: မဇ္ဈိမ

Read More...

ဘိန်းခြံတောင်သူများအပေါ် နအဖစစ်ကြောင်း ကျပ်သိန်းချီဆက်ကြေးကောက်

အင်္ဂါနေ့၊ 03 ဖေဖော်ဝါရီလ 2009

ဒေသခံ နအဖနယ်လှည့်စစ်ကြောင်းများ ဘိန်းခြံတောင်သူများ အရှုံးပေါ်အထိနာမှုကို စိတ်မ၀င်စားဘဲ သျှမ်း ပြည်တောင်ပိုင်း ဒေသခံများအပေါ် ရွာစဉ်အလိုက် ကျပ်သိန်းချီ ဆက်ကြေးကောက်ကြောင်း သျှမ်းပြည် တောင်ပိုင်း သတင်းရပ်ကွက်က ဆိုပါသည်။

ကွန်ဟိန်းမြို့နယ် ကျိန်းလုမ်းအုပ်စုအတွင်း တပ်စွဲအခြေချသည့် ကွန်ဟိန်းအခြေစိုက် ခမယ ၅၂၄ မှ ဗိုလ်ကြီး သက်နိုင်စိုး ဦးဆောင်သော ကွန်မန်ဒို စွန်ရဲစစ်ကြောင်းက လွန်ခဲ့သော ဂျန္န၀ါရီ ၂၇ ရက်အထိ ဒေသခံများထံ ဘိန်းခွန် ဆက်ကြေးကောက်သည်ဟုဆို၏။

“စွန်ရဲစစ်ကြောင်းက ဘိန်းခြံခွန် ဆက်ကြေးဆင့်ဆိုတာ ကျနော်တို့ မိုက်ဟျိုလောင်းရွာ၊ ဖိုင်ရွာ၊ ကျိန်းလုမ်းရွာ၊ ဆိုင်မိန်းရွာ၊ နားကျိုင်းရွာ အပါအ၀င် ၁၀ ရွာလောက်ရှိမယ်။ တစ်ရွာအနဲဆုံးကျပ် ၅သောင်း ကနေ ၂ သိန်း ကျော် အထိ ပေးရတယ်။ ဒါ့အပြင် ၀မ့်လောင်းအုပ်စု၊ ဆိုင်းခေါင် အုပ်စုမှာ စခန်းချတဲ့ မိုးနဲအခြေစိုက် ခမရ ၅၁၈ ကလဲ ကျေးရွာ ၆ ရွာ စလုံး ဘိန်းခြံခွန်ကောက်တယ်။ သူတို့က ပိုဆိုးတယ်။ ကျပ် ၁ သိန်းနဲ့ အထက် ချည်းဘဲ” ဟု နယ်စပ်ရောက်ကျိန်းလုံးအုပ်စုမှ ရွာသားမိသားတစုက ပြန်လည်ပြောပြသည်။

ဘိန်းခြံဆက်ကြေးအပြင် ရွာသားများ၏ အိမ်မွေးကြက်၊ ၀က်၊ ဘဲ များကိုလည်း စစ်ကြောင်းရိက္ခာအတွက်ဟု ဆိုကာ အမြဲမပြတ်ယူဆောင်လေ့ရှိသည်ဟုဆို၏။


သျှမ်းပြည်တောင်ပိုင်းမှ ဘိန်းခင်း

“ရောက်တဲ့ရွာက ရွာသူကြီးကိုခေါ်ပြီး - ခင်ဗျားတို့ရွာက ဘိန်းခွန် ၂ သိန်းကျတယ်၊ ၃ သိန်းကျတယ်။ မပေး ရင် ဘိန်းခြံအထိသွားပြီး ရှင်းပစ်မယ်။ အခု ကျုပ်တို့ သဘောမနောကောင်းကောင်းနဲ့ ရွာထဲလာပြီး ဆင့်ဆို တာကို တောင်းသလောက်ပေးပါ၊ ဘာမှ စောဒက တက်စရာမလိုဘူး- လို့ ခြိမ်းခြောက်တော့ ခွဲတမ်းတွက်ပြီး ၀ိုင်းပေးရတာပေါ့” ဟု အဆိုပါ ရွာသားမိသားစုက ဆက်ပြော၏။

ယခုနှစ် ဘိန်းပျိုးပင်ပေါက်ချိန် မိုးကြီးခြင်းကြောင့်တစ်ကြောင်း၊ ရာသီဥတုအေးလွန်းသဖြင့်တစ်ကြောင်း သျှမ်း ပြည်အလယ်ပိုင်းနှင့် တောင်ပိုင်း နေရာတော်တော်များများတွင် ဘိန်းစိုက်ဧရိယာတိုးလာသော်လည်း ဘိန်း အထွက်နှုန်း အထူးကျဆင်းသည်ဟု သိရ၏။ သို့သော် နအဖ စစ်ကြောင်းက ကျေးလက်လူထု၏ အရှုံးပေါ် အထိနာမှုကို စိတ်မ၀င်စား ငွေရရေးတစ်ခုတည်းအတွက်ကိုသာ အမိန့်အာဏာဖြင့် ဆင့်ဆိုသောကြောင့် ဘိန်းခြံလုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ၎င်းတို့တောင်းသလောက် ရပ်ရွာအိမ်တိုင်းစေ့ ပိုက်ဆံကောက် ပေးနေရကြောင်း ဒေသခံရွာသားများ ပြောပြချက်အရ သိရပါသည်။

အလားတူ ၂၀၀၈ နှစ်ကုန်ပိုင်းကတည်းက ယခုချိန်အထိ ၁ လ ၁ ကြိမ်၊ ၂ ကြိမ် သျှမ်းပြည်တောင်ပိုင်း နမ့်ဇန် မြို့နယ် နောင်ဟီးအုပ်စု ရွာသားများထံဘိန်းခွန် သွားရောက်ကောက်စားသော နမ့်ဇန်အခြေစိုက် ခလရ ၆၆ မှ နအဖနယ်လှည့် စစ်ကြောင်းလည်း ကျေးလက်လူထု၏ ခြံထွက်သီးနှံများ ကြက် ၀က် ဘဲများအား စိတ်ထင် တိုင်း ပစ်သတ်ဖမ်းယူကြကြောင်း၊ ရွာသူကြီးများအားလည်း “ ခင်ဗျားတို့ ဘိန်းခွန်ဆောင်ရင် ရွာသားတွေ ဘိန်းများများစိုက်လေ ကျုပ်တို့အတွက် ကောင်းလေဘဲ ” ဟုပင်ပြောကြောင်း နမ့်ဇန်ဒေသခံ တစ်ဦးက ပြန် လည်ပြောပြ၏။

“ ဘိန်းခြံရှင်ဆိုရင် တအိမ် ကျပ် ၄ သောင်းကောက်တယ်၊ ဘိန်းခြံမရှိလည်း တအိမ် ကျပ် ၁ သောင်း ကောက်တယ်” ဟု ၎င်းက ပြောပြသည်။

ယခုနှစ်ဘိန်းစိုက်ရာသီ သျှမ်းပြည်အတွင်း ဘိန်းအထွက်နှုန်းမကောင်းသော်လည်း အရှေ့တောင်အာရှ ထွက် တဲ့ ဘိန်းအားလုံး၏ ၉၆ % ကို မြန်မာနိုင်ငံမှ ထုတ်လုပ်ခြင်းဖြစ်ပြီး ကမ္ဘာ့ဘိန်းထွက် ဒုတိယအများဆုံးနိုင်ငံ အဖြစ် နေရာယူထားဆဲဖြစ်သည်ဟု ကမ္ဘာ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါ နှင့် ရာဇ၀တ်နှိမ်နင်းရေးရုံး UNODC က ဆိုထားပါ သည်။



REF: သျှမ်းသံတော်ဆင့်

Read More...

ရန်ကုန်ဘိန်းမှုတွင် နာမည်ကြီး စီးပွားရေးသမားများ ပတ်သက်နေ

Tuesday, 03 February 2009

ရန်ကုန်ရှိ ဘီအမ်အီး ကလပ်ပိုင်ရှင် ဦးအိုက်ဟော့၏ တပည့်တချို့ကို ယခင်အပတ်က စင်ကာပူသွားမည့် သင်္ဘောပေါ်တွင် ဘိန်းဖြူဖမ်းမိသည့် အမှုနှင့် ဆက်စပ်၍ ဖမ်းဆီးထားကြောင်း ဦးအိုက်ဟော့၏ စီးပွားရေး လုပ်ဖော်ကိုင်ဖက်များထံမှ ကြားသိရသည်။

ယခင်အပတ်က မြန်မာပြည် အေးရှားဝေါလ်ကုမ္ပဏီပိုင် ဆိပ်ကမ်းတခုမှ စင်ကာပူနိုင်ငံသို့ ထွက်ခွာမည့် ကုန်တင်သင်္ဘော တစီးပေါ်တွင် ဘိန်းဖြူ ၂၉ ကီလိုဂရမ်ထက် မနည်း ဖမ်းဆီးရမိခဲ့သည်။ ဦးအိုက်ဟော့သည် အေးရှားဝေါလ်ကုမ္ပဏီ၏ အစုရှယ်ယာဝင်တဦးဖြစ်သည်။

ဦးအိုက်ဟော့သည် မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသည့် ဝ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) ၏ ငွေမည်းခဝါချမှုတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ပတ်သက်နေသည်ဟု ဆိုကြသည်။ ၎င်းသည် UWSA ဥက္ကဌ ဦးပေါက်ယူချန်း၏ သားမက်ဖြစ်ပြီး အသက် ၄၀ ကျော် အရွယ်ဖြစ်သည်။

ရန်ကုန်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များ၏ အဆိုအရ ဦးအိုက်ဟော့ကို ရန်ကုန်မြို့ရှိ ကျောက်မျက်ရတ နာ အရောင်းပွဲတော်ကဲ့သို့သော စီးပွားရေးသမားများ ကျင်လည်ရာ အသိုင်းအဝန်းတွင် မကြာခဏတွေ့ရ ကြောင်း သိရသည်။

ဦးအိုက်ဟော့သည် UWSA ၏ စီးပွားရေးဆိုင်ရာ လုပ်ငန်းအချိတ်အဆက်များအတွက် အဓိကနေရာမှ ပါဝင် ဆောင်ရွက်ပေးနေသူဖြစ်ပြီး စစ်အစိုးရနှင့် ပတ်သက်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများအနက် တဦးဖြစ် သည်။

၎င်းသည် ရန်ကုန်အဲဝေး၊ ဟိုတယ်လုပ်ငန်း၊ သစ်လုပ်ငန်းနှင့် ကျောက်မျက်လုပ်ငန်းများကို တရားဝင် လုပ် ကိုင်လျှက်ရှိပြီး ၂၀၀၃ ခုနှစ်က ငွေမည်းခဝါချမှုဖြင့် အပိတ်ခံခဲ့ရသော မြန်မာမေဖလားဝါးဘဏ်၏ အရေးကြီး သည့် တာဝန်ယူထားသူတဦးဟု နာမည်ကြီးသည်။

ဦးအိုက်ဟော့ကို တရုတ်ပြည် ယူနန်နယ်အတွင်းရှိ လောင်လင်ဒေသတွင် မွေးဖွားပြီး ဆယ်ကျော်သက် အရွယ်တွင် မြောက်ပိုင်းရှမ်းပြည်၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ တာမိုးညဲဒေသသို့ ပြောင်းရွှေ့ခဲ့ကြောင်း ထိုင်း နိုင်ငံအခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာနမှ လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်က ပြောပြသည်။

“ကျနော်သိသလောက်တော့ သူက နိုင်ငံကူးလက်မှတ် ၂ ခုကိုင်ထားတာပဲ။ တရုတ်နဲ့ မြန်မာပေါ့” ဟု ဦးစိန်ကြည်က ဆိုသည်။

အေးရှားဝေါလ်ဆိပ်ကမ်းတွင် ဘိန်းဖြူဖမ်းဆီးရမိသည်နှင့် တရက်တည်း လှိုင်သာယာ FMI အိမ်ရာ၌လည်း ဘိန်းဖြူများဖမ်းဆီးရမိခဲ့ကြောင်း လှိုင်သာယာရဲစခန်းမှ အတည်ပြုပြောကြားသည်။

ယခင်အပတ်က ဖမ်းဆီးရမိသည့် ဘိန်းဖြူကိစ္စနောက်ဆက်တွဲကို မြန်မာနိုင်ငံ မူးယစ်ဗဟိုအဖွဲ့က ဆက်လက် စုံစမ်းလျှက်ရှိသည်။ ဘိန်းဖြူကုန်သွယ်မှုတွင် စစ်အစိုးရ၏ အကြီးပိုင်းတာဝန်ရှိသူများနှင့် ထင်ရှားသော စီးပွားရေးသမားများ ပါဝင်ပတ်သက်နေသည်ဟု ယုံကြည်ရသည်။

ယခုအခါ မူးယစ်ဆေးဝါးမျိုးစုံသည် မြန်မာပြည်၏ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော ထိုင်းနှင့် တရုတ်တို့မှ နယ်စပ်ကို ဖြတ်ကျော်ကာ နည်းမျိုးစုံဖြင့် ပြည်တွင်းသို့ ဝင်ရောက်နေသကဲ့သို့ ပြည်တွင်းမှတဆင့် ပြည်ပသို့ ပင်လယ်လမ်းကြောင်းနှင့် ကုန်းလမ်း နှစ်မျိုးစလုံးနှင့် ဘိန်းကုန်သွယ်လျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ထိုသို့ ဘိန်းကုန်သွယ်မှုများပြုလုပ်ရန်မှာ စစ်အစိုးရ တာဝန်ရှိသူများ မပါဝင်ဘဲမဖြစ်နိုင်ကြောင်း အများက ယူဆနေကြသည်။

တချိန်တည်းတွင် ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆန့်ကျင်ရေး အေဂျင်စီ၏ အစီအရင်ခံစာ၌ မြန်မာပြည်တွင် ၂၀၀၈ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ၃ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ခြင်းနှင့် ပတ်သက်၍ ရေးသားဖော်ပြထား သည်ကို တွေ့ရသည်။

စစ်အစိုးရသည် ဒီဇင်ဘာလအတွင်းက အေးရှားဝေါလ်နှင့် ရွှေတောင် အပါအဝင် ကုမ္ပဏီ ၄ ခုကို ဝ၊ ကိုးကန့် ဒေသ၌ ဘိန်းစိုက်ပျိုးရန် ခွင့်ပြုထားကြောင်း ၎င်းကုမ္ပဏီများနှင့် နီးစပ်သည့် သတင်းရင်းမြစ်တခုမှ ကြားသိရ သည်။

အေးရှားဝေါလ်ကုမ္ပဏီသည် ဘိန်းဘုရင်လော်စစ်ဟန်၏ သားဖြစ်သူ စတီဗင်လော ပိုင်ဆိုင်သည့် ကုမ္ပဏီ ဖြစ်ပြီး ၎င်းကုမ္ပဏီကို အမေရိကန်နိုင်ငံက ငွေကြေးနှင့် ပတ်သက်၍ ပိတ်ဆို့ အရေးယူထားသည်။

ရွှေတောင်ကုမ္ပဏီမှာ ယခင်က အာရှဓနဘဏ် လုပ်ငန်းလုပ်ကိုင်ပြီး ယခုအခါ ဆောက်လုပ်ရေး၊ သစ်ထုတ် လုပ်ရေး၊ သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းများ လုပ်ကိုင်သည့် ဘိန်းဘုရင်တဦးဟု ကြော်ကြားခဲ့သော ဦးအိုက်ထွန်းပိုင် ကုမ္ပဏီ ဖြစ်သည်။ အာရှဓနဘဏ်ကို ၂၀၀၃ ခုနှစ်က ငွေမည်းခဝါချသည့် ကိစ္စကြောင့် အပိတ်ခံခဲ့ရသည်။

အတည်မပြုနိုင်သည့် သတင်းရပ်ဝန်းများ၏ အဆိုအရ လက်ရှိအနေအထားတွင် ရှမ်းပြည်နယ်အတွင်း ယခင် က ဘိန်းစိုက်ပျိုးခဲ့သည်ဟု လူသိများသော ဒေသများတွင် မစိုက်ပျိုးတော့ဘဲ လူသိနည်းသည့် ဒေသများတွင် ဘိန်းကို အကြီးအကျယ် စိုက်ပျိုးနေသည်ဟု သိရသည်။

ယခင်က ဘိန်းအထွက်များသော ဒေသများမှာ ဝ နယ်အတွင်း၊ ရှမ်းပြည်နယ်အတွင်းရှိ ပင်လောင်းဒေသ၊ မိုင်းကိုင်ဒေသတို့တွင် ဖြစ်ပြီး ယခုအခါ လူသိနည်းသော ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ မိုင်းပွန်မြို့နယ်၊ မိုင်းကိုင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးနေသည်ဟု ကြားသိရသည်။

ယခုအခါ ရှမ်းပြည်ဒေသတွင် ဥစားစီပီကြက်မွေးမြူရေးလုပ်ငန်းများကို ဒေသခံစားသုံးသူ လိုအပ်ချက်ထက် ကျော်လွန်၍ မွေးမြူလျှက်ရှိသည်။ ဘိန်းစိုက်ပျိုးရေးတွင် ကြက်ချေးကို မြေသြဇာအဖြစ် အသုံးပြုပါက ဘိန်းဆီပိုမို အထွက်ကောင်းသောကြောင့်ဖြစ်ကြောင်း နားလည်သူများက သုံးသပ် ပြောဆိုသည်။



အေးချမ်းမြေ့
REF: ဧရာဝတီ

Read More...

Tuesday, February 3, 2009

တရားဥပဒေစိုးမိုးမှု ဒေါ်အောင်ဆန်းစုကြည် တောင်းဆို

Tuesday, 03 February 2009

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတွင်း တရားဥပဒေ စိုးမိုးမှု ဆိတ်သုဉ်းနေ သည်ဟု ယမန်နေ့က မစ္စတာ ဂန်ဘာရီသို့ ပြောကြားလိုက်ကြောင်း သိရသည်။

စစ်အစိုးရက နိုင်ငံရေး အကျဉ်းသားများကို ကြီးလေးသည့် ပြစ်ဒဏ်များ ချမှတ်နေခြင်းနှင့် နိုင်ငံရေး အမှု လိုက် ရှေ့နေများကို ဖမ်းဆီးထောင်ချနေခြင်းတို့သည် နိုင်ငံတွင်း တရားဥပဒေ စိုးမိုးမှု မရှိခြင်းပင် ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မစ္စတာဂန်ဘာရီအား ပြောကြားလိုက်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ကိုးကား၍ ရန်ကုန်မြို့ရှိ သံတမန် အသိုင်းအ၀န်း က ပြောသည်။




စစ်အစိုးရက မကြားသေးခင်ကပင် နိုင်ငံရေး လှုပ်ရှားသူများနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ နာဂစ် မုန်တိုင်း ဒုက္ခသည်များကို အကူအညီ ပေးနေသူများအား ကြီးလေးသည့် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။


ယမန်နေ့က အစိုးရ ဧည့်ဂေဟာ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံ ရေး အခြေအနေများကို ဒေါ်အောင်ဆန်းစုကြည် သိရှိနေခြင်းအတွက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာ အီဗရာဟင် ဂန်ဘာရီက များစွာ အံ့အားသင့်သွားခဲ့ကြောင်းလည်း ရန်ကုန်မြို့မှ အနောက်တိုင်း သံတမန်တဦးက ပြောဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိအခြေအနေတွေကို အများကြီး သိနေပါတယ်” ဟု ၎င်း အနောက်တိုင်း သံတမန်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရပ်ခြားမှ ထုတ်လွှင့်သည့် ရေဒီယို အစီအစဉ်များကို နားထောင်လေ့ရှိ ကြောင်းနှင့် ကျန်းမာရေးလည်းကောင်းမွန်ကြောင်း ၎င်းက ထည့်သွင်းပြောကြားသည်။

မြန်မာနိုင်ငံ အမှန်တကယ် ပြုပြောင်းလဲရေးအတွက် ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်များ ပျက်ကွက်သည့် အပေါ် အားမလိုအားမရ ဖြစ်မှုကိုလည်း မစ္စတာ ဂန်ဘာရီနှင့် တွေ့ဆုံစဉ်၌ ဒေါ်အောင်ဆန်းစုကြည်က အထင်အရှား ဖော်ပြခဲ့ကြောင်းလည်း သိရသည်။

အန်အယ်လ်ဒီ ခေါင်းဆောင်များ ဖြစ်သော ဦးအောင်ရွှေ၊ ဦးညွန့်ဝေ၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ယမန်နေ့က မစ္စတာ ဂန်ဘာရီနှင့် အစိုးရ ဧည့်ဂေဟာ၌ တချိန်တည်း အတူ တကွ တွေ့ဆုံခဲ့ပြီး တွေ့ဆုံချိန် တနာရီခွဲခန့် ကြာမြင့်ခဲ့သည်။

ထို့အပြင် မစ္စတာ ဂန်ဘာရီသည် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) ကိုယ်စားလှယ် များနှင့်လည်း တွေ့ဆုံကြောင်း သိရသည်။

ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် “မစ္စတာ ဂန်ဘာရီသည် ယခု မြန်မာနိုင်ငံသို့ ရောက်ရှိချိန်မှ စတင်၍ အတိုက်အခံ နိုင်ငံရေး ပါတီအဖွဲ့ဝင်များ အပါအ၀င် တခြားသော နိုင်ငံရေးပါတီများ၊ ပြောဆိုဆွေးနွေးသင့်သူ များနှင့် ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံကြောင်း” ဖော်ပြထားသည်။



REF: ဧရာဝတီ

Read More...

အပေါ်သို့