Wednesday, February 4, 2009

ဂန်ဘာရီ ပြန်ပြီ

Tuesday, 03 February 2009

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာ ဂန်ဘာရီသည် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် လက်ဆုပ်လက်ကိုင် တိုးတက်မှု တစုံတရာမရရှိဘဲ ယနေ့ညနေပိုင်းတွင် ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း အတိုက်အခံများနှင့် မြန်မာ့အရေးလေ့လာသူများကပြောသည်။

မစ္စတာ ဂန်ဘာရီသည် ယနေ့နေ့လယ်ပိုင်းတွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီး နောက် ၎င်း၏ ခရီးစဉ်အတွင်း တိုးတက်မှု တစုံတရာမရရှိဘဲ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောခွင့်ရ ဦးဉာဏ်ဝင်းကပြောသည်။

“မစ္စတာ ဂန်ဘာရီ က ကျနော်တို့ အဖွဲ့ချုပ် စီအီးစီ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံတုန်းက စီအီးစီ ပြောဆိုတာတွေ ကို ဂရုပြု နားထောင်သွားတာပဲရှိပါတယ်၊ သူ့ဆီက တုံ့ပြန်ဆွေးနွေးတာ မရှိပါဘူး၊ ဒါကြောင့် သူ့ခရီးစဉ်မှာ တစုံတရာ တိုးတက်မှုကို မတွေ့ရဘူးလို့ပြောနိုင်ပါတယ်”ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

မစ္စတာ ဂန်ဘာရီသည် နေပြည်တော်သို့ သွားရောက်၍ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံမှုမရှိကြောင်းနှင့် ယနေ့ညနေ ၄း ၃၀ နာရီ ခန့်က မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားကြောင်း ရန်ကုန်မြို့ရှိ ကုလသမဂ္ဂသတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဦးအေးဝင်း က ပြောသည်။

“ဒီနေ့ နေ့လယ် ၂ နာရီ လောက်က ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ မစ္စတာ ဂန်ဘာရီ အချိန် တနာရီ လောက် ကြာကြာ တွေ့ပါတယ်၊ ပြီးတော့ ပြန်ကြားရေး ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းနဲ့လည်း တွေ့ပါ တယ်” ဟု ၎င်းက ပြောဆိုသည်။

မစ္စတာ ဂန်ဘာရီသည် ၎င်း၏ ခရီးစဉ် မတိုင်မီ တွေ့ဆုံရန် စီစဉ်ထားသူများနှင့် တွေ့ဆုံသွားခြင်းဖြစ်သည်ဟု လည်း ဦးအေးဝင်းက ဆိုသည်။

ယနေ့တွင် မစ္စတာ ဂန်ဘာရီသည် အန်အယ်လ်ဒီ ခွဲထွက်အဖွဲ့ ၀ံသာနုအန်အယ်လ်ဒီ အဖွဲ့နှင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့(ပြည်ထောင်စု မြန်မာနိုင်ငံ) စသော အစိုးရထောက်ခံသည့်အဖွဲ့များနှင့်လည်း တွေ့ဆုံ ကြောင်း သိရသည်။

ယမန်နေ့က မစ္စတာ ဂန်ဘာရီနှင့် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်(စီအီးစီ)များ ဖြစ်သော ဦးအောင်ရွှေ၊ ဦးညွန့်ဝေ၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် အစိုးရ ဧည့်ဂေဟာ၌ တချိန်တည်း အတူတကွ တွေ့ဆုံခဲ့ပြီး တွေ့ဆုံချိန် တနာရီခွဲခန့် ကြာမြင့်ခဲ့သည်။

မြန်မာ့အရေးလေ့လာသူများက ယခု မစ္စတာ ဂန်ဘာရီ ၏ ၇ ကြိမ်မြောက် ခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် မတွေ့ဆုံခြင်းနှင့် ပတ်သက်ပြီး မေးခွန်းထုတ်နေကြသည်။

“အခု ဂန်ဘာရီရဲ့ခရီးစဉ်က နောက်ဆုံး ခရီးစဉ်ဖြစ်ဖို့များတယ်၊ သူနောက်တခေါက် မြန်မာပြည် ပြန်လာဖို့ မလွယ်ဘူး”ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေအစိုက် မြန်မာ့အရေး လေ့လာသူ ဗြီတိသျှ ဂျာနယ်လစ် လယ်ရီဂျေဂင် က ပြောသည်။

မစ္စတာဂန်ဘာရီသည် ယခုခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ နောက်ပိုင်းခရီးစဉ်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့သော်လည်း ကန့်သတ်မှုများရှိခဲ့သည်။

တချိန်တည်းတွင်ပင် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ အစိုးရဧည့်ရိပ်သာတွင် ဒေါ်အောင် ဆန်းစုကြည် အပါအ၀င် အန်အယ်လ်ဒီ စီအီးစီအဖွဲ့ဝင် ၆ ဦးနှင့် မစ္စတာ ဂန်ဘာရီ တွေ့ဆုံရာ၌ ဦးဝင်းတင် နှင့် ဦးခင်မောင်ဆွေတို့ကို တွေ့ခွင့်မပြုခဲ့ကြောင်း အန်အယ်လ်ဒီ က ပြောသည်။

၎င်းတို့အား ယခုကဲ့သို့ တွေ့ခွင့်မရရန် ရဲ အထူးသတင်းတပ်ဖွဲ့က အန်အယ်လ်ဒီသို့ ကြိုတင် တားဆီးပိတ်ပင် ခဲ့ခြင်းဖြစ်သည်ဟု ဦးဝင်းတင် က ပြောပြသည်။

ယင်းသို့ ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့ကို မစ္စတာ ဂန်ဘာရီနှင့် တွေ့ဆုံရန် ပိတ်ပင်ခြင်းအား ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်သည်ဟုလည်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ ၂ ယောက်ကို ပိတ်ပင်တာနဲ့ ပတ်သက်ပြီး သူသဘောမတူဘူး၊ ကန့် ကွက်တယ်လို့လဲပြောတယ်၊ ဒါဟာ တရားဥပဒေ စိုးမိုးမှု ဆိတ်သုဉ်းခြင်းရဲ့ လက္ခဏာ တရပ်ဖြစ်တယ်လို့ လည်း သူက သဘောထားတယ်၊ နောက်တချက်က အန်အယ်လ်ဒီ အရေးကိစ္စတွေကို အစိုးရက ၀င်စွက်တာ အတော်ဆိုးဝါးတဲ့ အချက်ပဲလို့လည်း သူပြောတယ်၊ စီအီးစီ လုပ်တဲ့ နိုင်ငံရေးလုပ်ငန်းတွေကို သူသဘောတူ တယ်၊ ထောက်ခံတယ်ဆိုတဲ့ သဘောကိုလည်း ပြောတယ်”ဟု ၎င်းက ဧရာဝတီသို့ ရှင်းပြသည်။

ဦးဝင်းတင်၊ ဦးခင်မောင်ဆွေတို့ ၂ ဦး ကိစ္စသည် အန်အယ်လ်ဒီ စီအီးစီကသာ ဆုံးဖြတ်ရမည့်ကိစ္စဖြစ်ကြောင်း၊ အစိုးရလုပ်ဆောင်ရမည့် ကိစ္စမဟုတ်ကြောင်း၊ အစိုးရက အန်အယ်လ်ဒီ လုပ်ဆောင်ရမည့်ကိစ္စရပ်ကို ၀င် ရောက် စွက်ဖက်ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်ဟုလည်း သိရသည်။

“သတင်းတပ်ဖွဲ့ကပြောတာက အန်အယ်လ်ဒီကို လူ ၅ ယောက်ပဲဖိတ်တယ်ပေါ့ဗျာ၊ ဦးဝင်းတင်နဲ့ ဦးခင်မောင်ဆွေကိုတော့ မဖိတ်ဘူးဆိုပြီးတော့ ပြောတယ်တဲ့၊ သဘောကတော့ ကျနော်တို့ကို ဖိတ်ကြားချက် ကို၊ အဆင့်အနိမ့်ဆုံးပေါ့ဗျာ၊ နိုင်ငံရေးကိစ္စတွေ လုပ်နေတဲ့နေရာမှာ ရဲ သတင်းတပ်ဖွဲ့လိုဟာမျိုးကနေ လာပြီး တော့ ကျနော်တို့ကို ဖိတ်ကြားချက်ကို တားဆီးတယ်၊ ဟန့်တားတယ် ၊ ပိတ်ပင်တယ် ဆိုတဲ့သဘောပေါ့ဗျာ၊ တွေ့ဖို့ ဖိတ်တဲ့ အခါမှာ အကန့်အသတ်တွေ့လုပ်မယ်ဆိုတာ ကျနော်တွက်ပြီးသားပါ”ဟု ဦးဝင်းတင်က ဆို သည်။

ယခုကဲ့သို့ ပိတ်ပင်တားဆီးခြင်းသည် နိုင်ငံရေးသဘောမဆောင်ကြောင်း၊ နိုင်ငံရေး လုပ်ပိုင်ခွင့်အဆင့်အတန်း ဆိတ်သုဉ်းခြင်းပင်ဖြစ်ကြောင်း ဦးဝင်းတင်က ဆက်လက်ပြောဆိုသည်။

“တရားဝင် ဖိတ်ကြားတဲ့ အစိုးရဘက်ကတားတယ်ဆိုရင် တမျိုးပေါ့ဗျာ၊ နိုင်ငံရေးသဘော ဆောင်သေးတယ်၊ အခုက နိုင်ငံရေး သဘောမဆောင်ဘဲနဲ့ အုပ်ချုပ်မှုအောက်က ဌာနတခုကနေ ၀င်ပြီးတော့ ပိတ်တာ၊ ကျနော် တို့ရဲ့ နိုင်ငံရေးအဆင့်အတန်း Political status ဟာ တိုင်းရေးပြည်ရေးကို လာဆွေးနွေးမယ့် ကုလသမဂ္ဂ ကလို ပုဂ္ဂိုလ်များနဲ့ ကျနော်တို့ တွေ့ဆုံခွင့်ကို တားဆီးခြင်းဟာ နိုင်ငံရေးလုပ်ပိုင်ခွင့် ဆိတ်သုဉ်းနေတာပဲ”ဟု ဦးဝင်းတင်က ဆိုသည်။

စနေနေ့က မြန်မာနိုင်ငံသို့ စတင်ရောက်ရှိခဲ့သည့် မစ္စတာ ဂန်ဘာရီ၏ ၇ ကြိမ်မြောက် ယခုခရီးစဉ်တွင် အန်အယ်လ်ဒီ အပါအ၀င် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည)၊ စစ်အစိုးရ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့ ခေါင်းဆောင် ပြန်ကြားရေး ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ် ခင်အောင် မြင့်၊ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ကျော်မြင့်၊ ပြည်လုံးကျွတ် ဆန္ဒခံယူ ပွဲ ကော်မရှင်အဖွဲ့၊ ကြံ့ဖွံ့အဖွဲ့များနှင့်လည်း တွေ့ဆုံခဲ့သည်။



ကိုစိုး
REF: ဧရာဝတီ

0 comments:

အပေါ်သို့