Wednesday, February 4, 2009

မြန်မာ့အရေး ကုလသမဂ္ဂအခန်းနဲ့ ပတ်သက်ပြီး မေးမြန်းချက်

ကုလသမဂ္ဂအထူးကိုယ်စားလှယ် Gambari ဟာ မြန်မာနိုင်ငံကနေ ခုနစ်ကြိမ်မြောက်အဖြစ် မနေ့က ပြန်လည်ထွက်ခွာသွားပါပြီ။ မြန်မာ့နိုင်ငံရေးအခြေအနေဟာလည်း သောင်မတင်ရေမကျအနေအထားကနေ မပြောင်းလဲသေးပါဘူး။ ဒီတော့ ကုလသမဂ္ဂရဲ့ အခန်းနဲ့ပတ်သက်ပြီး Rutgers တက္ကသိုလ်က ပါမောက္ခ ဟောင်း Josef Sivlerstein ကို BBC က ဆက်သွယ်မေးမြန်းထားပါတယ်။

BBC: ခု မြန်မာနိုင်ငံမှာ ရှေ့မတိုး နောက်မဆုတ်ဖြစ်နေတဲ့ အနေအထားကနေ ကုလသမဂ္ဂအနေနဲ့ ဘယ်လို ရှေ့ဆက်မလဲခင်ဗျ။ ရှေ့ဆက်နိုင်မယ့် နည်းလမ်းရှိပါသေးရဲ့လား။

Silverstein : လောလောဆယ်တော့ မရှိပါဘူး။ နှစ်ဖက်စလုံးက ကိုယ့်ရပ်တည်ချက်ကနေ မလျှော့တဲ့ အတွက် တွေ့ဆုံဆွေးနွေးရေးအတွက် လမ်းပိတ်နေပါတယ်။ အစိုးရဘက်က လျှော့မှာမဟုတ်သလို NLD ဘက်ကလည်း နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေးနဲ့ ပတ်သက်တဲ့အစိုးရရဲ့ သဘောထားမပြောင်းမချင်း စကားပြောမှာ မဟုတ်ဘူး။ ဒီတော့ ရှေ့ဆက်ရခက်တဲ့ အနေအထားမှာ ရောက်နေပါတယ်။

BBC : ဒါဖြင့်ရင် အနာဂတ် မြန်မာ့နိုင်ငံရေးမှာ ကုလသမဂ္ဂရဲ့အခန်းရှိပါသေးရဲ့လား။

Silverstein : ရှိသေးတယ် ထင်ပါတယ်။ ဒါပေမယ့် ပုံစံပြောင်းပြီးလုပ်ဆောင်ရမယ်ထင်ပါတယ်။ စစ်အစိုးရ ရော NLD ရော နှစ်ဖက်စလုံးကိုပေါက်တဲ့ ကြားခံတယောက်ရှိရပါမယ်။ ဒါ ပထမအဆင့် လိုအပ်ချက်ပါ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဒီကြားလူအလုပ်ကို လုပ်မှာမဟုတ်ပါဘူး။ အလွန်ဆုံးလုပ်လှ နှစ်ဖက်စလုံး က ဘုံရပ်တည်ချက်တခုရှိလာပြီးမှ နှစ်ဖက်တွေ့ဆုံစကားပြောလာအောင် ကြားဝင်ပေးတာလောက်ပဲ လုပ်နိုင် ပါတယ်။ ဒါပေမဲ့လည်း ဒီဘုံရပ်တည်ချက်က ခု မရှိသေးပါဘူး။ ဒီတော့ စစ်အစိုးရနဲ့ NLD ကြားက တတိယ ပါတီ တခုမရှိသေးဘဲ ဘာမှ လုပ်လို့ ရအုံးမယ် မထင်ပါဘူး။

BBC : ဒါဆိုရင် ဒီကြားခံအဖြစ်ဆောင်ရွက်ပေးမယ့်လူအဖြစ် ဘယ်သူ့ကိုမြင်ပါလဲ။ ဘယ်သူက လုပ်ပေးနိုင် မယ် ထင်ပါလဲ။

Silverstein : ကျနော့်အထင်မှာတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တရုတ်ကို ကြားလူအဖြစ် ဆောင် ရွက်ပေးနိုင် မပေးနိုင် ဖိတ်မန္တကပြုလာရင်၊ တခါ ပြည်တွင်းမှာလဲ ကြားကတယောက်ယောက်နဲ့ စကားပြောဖို့ လိုလိုလားလားရှိလာတာကို တရုတ်ကလည်းသိမယ်၊ သူကလည်း စိတ်ဝင်စားမယ်ဆိုရင် တရုတ်ကို ကြားခံ လူအဖြစ် ဆောင်ရွက်ခိုင်းဖို့ ဖြစ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံထဲမှာတော့ လောလောဆယ်မှာ ကြားလူအဖြစ် ဆောင်ရွက်ပေးနိုင်မယ့်သူ ဘယ်သူမှ မရှိပါဘူး။ ကုလသမဂ္ဂကိုယ်တိုင်လည်း ဒီအလုပ် မလုပ်နိုင်တာ တွေ့ခဲ့ ရတယ်။ တရုတ်ကတော့ ပိုဖြစ်နိုင်မယ်ထင်ပါတယ်။ ဒီတော့ ကြားလူအဖြစ် ဘယ်သူ့ကိုဆောင်ရွက်ခိုင်းရင် ကောင်းမလဲဆိုတာကို စစ်အစိုးရနဲ့ NLD အရင် စကားပြောကြရင် ကောင်းမယ်ထင်ပါတယ်။

BBC : စစ်အစိုးရက သူတို့နဲ့ NLD ကိစ္စဟာ ပြည်တွင်းရေးသက်သက်သာဖြစ်တယ်၊ ကုလသမဂ္ဂလောက်မှ အပ တခြားဘယ်သူ့ကိုမှ ကြားဝင်ဆောင်ရွက်စေချင်တာ မဟုတ်ပါဘူး။ ဒီတော့ ပါမောက္ခပြောသလို တရုတ် ကို ကြားလူအဖြစ် ဆောင်ရွက်ခိုင်းတာကို စစ်အစိုးရဘက်က လက်ခံနိုင်ပါ့မလား။

Silverstein : တရုတ်ဟာ ကမ္ဘာ့ကြီးငါးကြီးနိုင်ငံထဲ တနိုင်ငံ အပါအဝင်ဖြစ်သလို ကမ္ဘာ့သံခင်းတမန်ခင်းကိစ္စ တွေမှာလည်း အထူးသဖြင့် အရှေ့အာရှဒေသမှာ လက်ခံနိုင်စရာရှိတဲ့ အင်အားကြီးနိုင်ငံကြီးပါ။ ကျနော် ပြော ချင်တာက တရုတ်ကိုသူ့ဘက်ကစပြီး ကြားလူအဖြစ် ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းခိုင်းတာမျိုး မဟုတ်ပါဘူး။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တရုတ်အစိုးရကိုပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကုလသမဂ္ဂက တရုတ်ကိုယ်စား လှယ်ကိုပဲဖြစ်ဖြစ် အလွတ်သဘောပြောပြီး နှစ်ဖက်စလုံးချဉ်းကပ်လို့ ရနိုင်မယ့် လမ်းကြောင်းကို ရှာကြည့်ဖို့ပါ။ နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်အောင် ကြိုးစားပေးမယ့် ကြားခံနိုင်ငံရဲ့ ရပ်တည်ချက်ဟာ အစောကြီးထဲက နှစ် ဖက်စလုံးနဲ့ ရင်းနှီးမှုရှိတဲ့ နိုင်ငံဖြစ်ရမယ်။ နောက် ဘယ်သူ့သြဇာ လမ်းညွှန်ချက်မှ မခံဘဲ သူ့ရပ်တည်ချက် အတိုင်း သူရပ်တည်နိုင်သူဖြစ်ရမယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရင်အတွေ့အကြုံတွေအရ တရုတ် ဟာ မြန်မာပြည်ကိစ္စမှာ ကြားခံလူအဖြစ် ကောင်းကောင်းဆောင်ရွက်နိုင်မယ်ထင်ပါတယ်။




REF: ဘီဘီစီ

0 comments:

အပေါ်သို့