Wednesday, February 4, 2009

ကိုအေးလွင် ဂမ်ဘာရီကို ဘာတွေပြောခဲ့လဲ (အင်တာဗျူး)

ကိုဝိုင်း
အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ 03 2009

စစ်အစိုးရ လိုလားသည့် ကိုအေးလွင် ဦးစီးသော ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်အဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) လည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး၏ မြန်မာနိုင်ငံ ကိုယ်စားလှယ် မစ္စတာ အီဘရာဟင်ဂမ်ဘာရီနှင့် ယနေ့နံနက်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ကိုအေးလွင်ကို မဇ္ဈိမသတင်းထောက် ကိုဝိုင်း (ချင်းမိုင်) က ဆက်သွယ်မေးမြန်းရာတွင် ကုလနှင့် မစ္စတာ ဂမ်ဘာရီအပေါ် သူတို့အဖွဲ့ သဘောထားနှင့် ကုလကိုယ်စားလှယ်က မြန်မာ့အရေးတွင် မြင်သာထင်သာရှိ သည့် လူအများ၏ ရပ်တည်ချက်ဖြင့် ကိုင်တွယ်ဖြေရှင်းမည်ဟူသော ပြောကြားချက်များကို တင်ပြလိုက်ပါ သည်။
ကိုအေးလွင်တို့အဖွဲ့ ဒီနေ့ မစ္စတာဂမ်ဘာရီနဲ့ တွေ့တယ်လို့ သိရပါတယ်။

ဟုတ်ပါတယ်။ ဒီမနက် ၈ နာရီ ၅၀ မှာ ဆုံတာပါ။ မိနစ် ၃၀ လောက် ကြာပါတယ်။ ရန်ကုန် နိုင်ငံတော် ဧည့် ဂေဟာ စိမ်းလဲ့ကန်သာမှာ တွေ့ပါတယ်။ ကျနော်တို့ဘက်က ၄ ယောက်ပါတယ်။ မစ္စတာဂမ်ဘာရီဘက်က တော့ သူအပါ ၂ ယောက်ပေါ့။

ဘာတွေကို အဓိကထား ဆွေးနွေးဖြစ်ပါသလဲဗျ။

ကျနော်တို့ဘက်က အဓိက ဆွေးနွေးတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာက ၁၉၉၀ ရွေးကောက်ပွဲအပြီး အမျိုးသားညီလာခံ မကျင်းပခင် ၁၉၉၂ ခု အလုံက သမ္မတအိမ်တော်ဝန်းထဲမှာ အန်အယ်ဒီပါတီ ခေါင်းဆောင်တွေနဲ့ တခြား နိုင်ငံရေးပါတီ ခေါင်းဆောင်တွေပါပြီးတော့ ဆွေးနွေးတယ်။ အဲဒီ မှာ တပ်မတော်က အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်ထမ်းဆောင်နိုင်ရေးကို အန်အယ်ဒီ က လက်ခံခဲ့တယ်။ လက်ခံပြီးတော့ ၁၉၉၆ မှာ အခြေခံမူတွေ ချခဲ့တယ်။ သိပ်မကြာခင်မှာ ဒေါ်စု ပြန်လွတ် လာပြီးကာမှ အငြင်းပွားစရာတွေဖြစ်လာပြီး အန်အယ်ဒီက ညီလာခံထဲကနေ ထွက်သွားတယ်ဗျာ။

အမျိုးသား ညီလာခံပြီးတော့ ၂၀၀၈ မေလထဲမှာ ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲလုပ်တယ်။ အဲဒီမှာလည်းပဲ အဲဒီပါတီ (အန်အယ်ဒီ) နဲ့ ဒေါ်အောင်ဆန်းစုကြည် မဲပေးတယ်။ ၂၀၀၈ မေလထဲမှာ ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲအရ ဖွဲ့စည်းပုံ က အတည်ဖြစ်သွားပြီ။ အဲဒါကို အန်အယ်ဒီပါတီက စစ်တပ်က ပါဝင်တဲ့ကိစ္စပေါ်မှာ အငြင်းပွားနေတယ်။ အဲဒီ လို လုပ်နေတဲ့ကိစ္စက ဒီမိုကရေစီရဲ့ သဘောသဘာဝနဲ့ မကိုက်ညီဘူး။ ဆန္ဒခံယူပွဲမှာ မမှန်မကန် လုပ်တယ် လို့ မြင်ရင်လည်း ဘာတွေလဲဆိုတာ တရားဝင်ပုံစံနဲ့ တင်ပေါ့။ ဒီလို ပြောနေလို့မရဘူး။

နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ personal ကိစ္စပေါ့။ personal ကိစ္စဆိုပေမယ့် လျစ်လျှူရှုလို့ မရဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုဟာက မြန်မာ့နိုင်ငံရေးမှာ ဝင်ပါတာ အငြင်းပွားဖွယ်ရာ ဖြစ်နေ တယ်။ ဘာလဲဆိုတော့ သူ့သား ၂ ဦးပေါ့ဗျာ။ သူတို့က အင်္ဂလန်နိုင်ငံအစိုးရရဲ့ အစောင့်ရှောက်ခံတွေ ဖြစ်နေ တယ်။ ဆိုတော့ သားနှစ်ယောက်ကပဲ အင်္ဂလန်နိုင်ငံသား အဖြစ်ကနေ စွန့်လွှတ်မလား၊ ဒေါ်အောင်ဆန်း စုကြည်ကပဲ ဥပဒေကြောင်းအရ သားအဖြစ်ကနေ စွန့်လွှတ်မလား။ သူ့သား နှစ်ဦးက အင်္ဂလန်နိုင်ငံမှာ အင်္ဂလန်နိုင်ငံသားအဖြစ် အစောင့်ရှောက်ခံထားရတယ်။ အင်္ဂလန်နိုင်ငံက သူ့သား နှစ်ဦးဆီ သွားလို့ရှိရင် သူ လည်း အစောင့်ရှောက်ခံရတာပဲ။

ဖွဲ့စည်းပုံ ဥပဒေအရရော၊ နောက်ပြီးတော့ election law တွေအရ ပြဋ္ဌာန်းထားတယ်။ ၄၇ က စတယ်။ နောက် ၆၂ အာဏာသိမ်းပြီးတော့ ၇၄ ခု ဖွဲ့စည်းပုံ။ ၁၉၉၀ ရွေးကောက်ပွဲမှာလည်း ကန့်သတ်ထားပါတယ်။ ဥပဒေကြောင်းအရ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစည်းဝိုင်းထဲမှာ မရှိတဲ့ လူက သူ့ကို ပြည်သူလူထုက Mandate ပေးထားပါတယ်ဆိုတာကို ကမ္ဘာက လက်ခံမလား။ အဲဒီဟာက နိုင်ငံရေးဖြစ်ပေါ်မှုမှာ နောက်ဆုတ်သွားတဲ့ အကြောင်းတရပ်ထဲမှာ ပါတယ်။ ဖွဲ့စည်းပုံက ပြင်လို့မရဘူး။ တကယ်လို့ ပြင်ရမှာ သူ (ဒေါ်အောင်ဆန်းစု ကြည်) က ပြင်ရမှာဗျ။ အဲဒါကို မစ္စတာဂမ်ဘာရီအနေနဲ့ ကုလသမဂ္ဂကို သေချာပြောပြပါ။ တောင်းဆိုပါ။ ကျနော်တို့က မေတ္တာရပ်ခံပါတယ်။ တောင်းဆိုပါတယ်လို့ ပြောလိုက်တယ်။

လွှတ်တော်မှာ စစ်တပ်က အရွေးမခံဘဲ ၂၅ ရာခိုင်နှုန်း ပါဝင်မယ်ဆိုတဲ့ကိစ္စကို ဆွေးနွေးတယ်လို့ သိရပါတယ်။ ရှင်းပြပေးပါလား။

တပ်က ၂၅ ရာခိုင်နှုန်းပါနေတဲ့ကိစ္စဟာ အန်အယ်ဒီကိုယ်တိုင်က ဒီညီလာခံစကတည်းက ဒါကို လက်ခံခဲ့ တယ်။ နောက်ကျမှ ဒါကို ပြန်ပြင်ပေးပါ၊ ပြန်သုံးသပ်ပေးပါ လျှောက်ပြောနေတော့ မလုပ်သင့်တဲ့ကိစ္စ ဖြစ် တယ်။ ပြည်သူလူထုအပေါ်မှာ တာဝန်မဲ့ရာကျတယ်။ ကျနော်တို့ကတော့ သဘာဝမကျဘူးလို့ မြင်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ လက်မခံနိုင်ဘူး။ ဒါကို ကုလသမဂ္ဂအနေနဲ့လည်း ချင့်ချိန်သင့်ပါတယ်လို့ ကျနော် တို့ ပြောလိုက်တယ်။

ကိုအေးလွင်တို့ရဲ့ ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) က တပ်မတော်က ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲမှာ ပါမယ်ဆိုတာကို လက်ခံတဲ့ သဘောလားဗျ။

အဲဒီကိစ္စလည်း ကျနော် မစ္စတာဂမ်ဘာရီကို ရှင်းပြပါတယ်။ ဒီသဘောထားတွေကို တပ်မတော်အစိုးရနဲ့ ဒီမို ကရေစီရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးနဲ့ပတ်သက်ပြီး အခြေခံမူတွေ ချမှတ်ရေး ဆွေးနွေး ခဲ့တဲ့အချိန်မှာ ကျနော်တို့ ပါဝင်ခွင့် မရခဲ့ဘူးလေ။ အလုံလမ်း သမ္မတအိမ်တော်ဝန်းမှာ ဆွေးနွေးတုန်းက ကျနော်တို့ မပါခဲ့ရဘူးလေ။ ဒါ အန်အယ်ဒီက ရပ်တည်ပေးခဲ့ပြီးတော့ ဖြစ်လာတဲ့ကိစ္စပဲ။ ဒါကို ကျနော်တို့က အမွေတခုအနေနဲ့ ဆက်ခံပြီးတော့ ပြောနေရတာ။ အဲဒီကိစ္စကို ဒီနေ့အချိန်မှာ ကိုယ်က တာဝန်မရှိသလို ပြော ပြီး၊ လျှောက်လုပ်နေတဲ့ကိစ္စက ပိုပြီးတာဝန်မဲ့တယ်။ မြန်မာ့နိုင်ငံရေးမှာ လွတ်လပ်ရေး မရခင်ကတည်းက တပ်က ပါဝင်ခဲ့တာ။ များသောအားဖြင့် တပ်ကပဲ တာဝန်ယူခဲ့တာ။ လက်ရှိ အသွင်ကူးပြောင်းမှုကာလမှာ တပ်မတော်က အကန့်အသတ်နဲ့ ပါဝင်တဲ့ကိစ္စကို အခိုက်အတန့်အနေနဲ့ပေါ့။ သူတို့ (တက်မတော်) ပါတဲ့ကိစ္စ က မပါတဲ့ကိစ္စထက် ပိုကောင်းမယ်လို့ ယူဆတယ်။ သူတို့ ယုံကြည်တဲ့ကိစ္စ၊ ကျနော်တို့ ယုံကြည်တဲ့ကိစ္စ နား လည်နိုင်မှာပေါ့။ အချိန်အတိုင်းအတာတခုမှာ တပ်မတော်က သူ့ဘာသာ ပြန်ဆုတ်သွားအောင် ဖန်တီးရမှာ ပါ။

နောက်တချက်က မြန်မာနိုင်ငံမှာ နိုင်ငံတကာက ပိတ်ဆို့ထားတဲ့ကိစ္စမှာ အန်အယ်ဒီကရော၊ ယူအန်ကရော ဖယ်ရှားပေးဖို့ပေါ့။

နောက်တချက်က ကုလသမဂ္ဂက အန်အယ်ဒီရဲ့ အလိုကျ လိုက်လို့ရှိရင် ယူအန်အနေနဲ့ လွဲမှားနိုင်တယ်ဆို တာ။ အပြုသဘောဆောင်တာမျိုး ကုလသမဂ္ဂက လုပ်ဆောင်ဖို့ပေါ့။

ယူအန်က အပြုသဘောမဆောင်ဘူးလို့ ကိုအေးလွင်တို့က ယူဆလို့လား။

အခုနောက်ပိုင်းတော့ တရွေ့ရွေ့တော့ ပြောင်းလာပါတယ်။ ယူအန်ကိုယ်တိုင်ကလည်း အပြုသဘောမဆောင် ပါဘူး။ မစ္စတာဂမ်ဘာရီ ကိုယ်တိုင်ပေါ့ဗျာ။ ဒေါ်စုက ပေးလိုက်တဲ့ စာကို အပြင်မှာထုတ်တဲ့ကိစ္စ။ ဒါဟာ ယူအန်ကိုယ်စားလှယ်အနေနဲ့ မလုပ်အပ်ဘူး။ ဒါတွေက မဖြစ်သင့်ဘူး။

အဲဒီ ဆွေးနွေးမှုတွေအပေါ် မစ္စတာဂမ်ဘာရီက ဘယ်လို ပြန်ဆွေးနွေးလဲဗျ။

ကျနော်တို့ပြောတဲ့ စကားတွေကို သူ သေချာနားထောင်တယ်။ ပြီးတော့ သူ (ဂမ်ဘာရီ) က ကုလသမဂ္ဂ က လည်း မြန်မာနိုင်ငံ ကိစ္စကို ကိုင်တွယ်တဲ့နေရာမှာ လူပုဂ္ဂိုလ်တဦးတယောက်၊ အဖွဲ့တခုထက် အများစုအတွက် ထင်သာမြင်သာတဲ့ ရပ်တည်ချက်တွေကိုပဲ အဓိကထားပြီးတော့ ကိုင်တွယ်ဖြေရှင်းမှာပါတဲ့။



REF: မဇ္ဈိမ

0 comments:

အပေါ်သို့