Thursday, February 5, 2009

ဂမ်ဘာရီနှင့်စခဲ့သည့် ၂၀၀၉ ပွဲဦးထွက် နိုင်ငံရေး (သုံးသပ်ချက်)

၎ ဖေဖော်ဝါရီ ၂၀၀၉


(၄) ရက်ကြာ မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီခေါင်းဆောင်ပိုင်း လျှပ်တပြက် တွေ့ခွင့်ရသည်မှလွဲပြီး မယ်မယ်ရရ ထောက်ပြစရာမရှိဘဲ နိဂုံးချုပ်သွားသည်။

စစ်အစိုးရကို ကြံဖန်ကျေးဇူးတင်ရမည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်ကို အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းနှင့် တွေ့ခွင့်ပေးသည့်အချက်ဖြစ်သည်။ သို့သော် ဂမ်ဘာရီနှင့်မတွေ့မီ (၁၅) မိနစ်သာ တွေ့ခွင့်ပေးခြင်းသည် တိုင်းပြည်အရေးကိစ္စများကို ကျယ်ကျယ်ပြန့်ပြန့် မတိုင်ပင်နိုင်ရန် ညစ်ပတ်သည့် စိတ်ဓာတ်မျိုးဖြင့် တွေ့ခွင့် ပေးခြင်းဖြစ်သည့်အတွက် စစ်အစိုးရအား ကျေးဇူးမတင်ထိုက်ဟု ဆိုရပါမည်။

ဂမ်ဘာရီ၏ ၂၀၀၉ နှစ်ဆန်းပိုင်း ခရီးစဉ်ကို အနှစ်ချုပ်ကြည့်လျှင် နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေးကိစ္စကို ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းက ဂမ်ဘာရီအား အလေးထားတင်ပြခဲ့သည်။ သို့ သော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကမူ မြန်မာနိုင်ငံအပေါ် အမေရိကန်စီးပွားရေးဒဏ်ခတ်မှု၊ စစ်ခေါင်း ဆောင်များကို ဗီဇာဒဏ်ခတ်မှုတို့ ရုပ်သိမ်းမှသာ မြန်မာ့နိုင်ငံရေး တည်ငြိမ်မည်ဟု ဂမ်ဘာရီအား အကျပ်ကိုင် သည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၏ စကားအရဆိုလျှင် အမေရိကန် စီးပွားရေး ဒဏ်ခတ်မှု မရုပ်သိမ်းသရွေ့ မြန်မာ့နိုင်ငံရေး မတည်မငြိမ် ဖြစ်နေမည်ဆိုသည့်သဘော ပြောလိုက်ခြင်းဖြစ်သည်။ တနည်းပြောရလျှင် အစိုးရဘက်က စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးမူကို လက်ကိုင်ထားပြီး အန်အယ်လ်ဒီဘက်က နိုင်ငံရေး အကျဉ်းသားလွှတ်ပေးရေးမူကို လက်ကိုင်ထားသည်။ ထိုအစွန်းနှစ်ဘက်မှာ တခုနှင့်တခု ဆက်စပ်မှု မရှိ သည့်အတွက် ဂမ်ဘာရီ အလျှော့အတင်းလုပ်ဖို့မလွယ်။

ဤတွင် စစ်အစိုးရအပေါ် ဘာကြောင့် အမေရိကန်က စီးပွားရေး ဒဏ်ခတ်ရသလဲ ပြန်ကြည့်ရန်လိုသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီက အနိုင်ရပါလျက် စစ်အစိုးရက အာဏာမလွှဲသည့်အတွက် အမေရိကန်အစိုးရက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ခြင်းဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့ကြီးက ဒဏ်ခတ်ပိတ်ဆို့ ထားခြင်းမဟုတ်။ ထို့ကြောင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာ့အရေးစေ့စပ်ဖို့ တာဝန်ပေးထားသည့် ဂမ်ဘာရီကို အမေရိကန်စီးပွားရေးပိတ်ဆို့မှု ရုပ်အောင် စစ်အစိုးရ တစာစာ ပြောနေခြင်းသည် မယောင်ရာ ဆီလူးသည့်ကိန်း ဖြစ်နေသည်။

အမေရိကန်အစိုးရဘက်ကမူ စီးပွားရေးပိတ်ဆို့မှုကို ရာသက်ပန်လုပ်ဖို့ ရည်ရွယ်ချက်မရှိ။ မြန်မာနိုင်ငံရှိ ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရအနေဖြင့် အခြေအနေအရပ်ရပ်အပေါ်တွင် ဆောင်ရွက်မှုများ ပြည့်စုံနေပါပြီဟု မေတ္တာရပ်ခံလာခဲ့လျှင် ထိုပိတ်ဆို့မှု ဥပဒေပြဋ္ဌာန်းချက်များကို အမေရိကန် သမ္မတအနေဖြင့် ရုပ်သိမ်းနိုင်သည်ဟု ပြဋ္ဌာန်းထားပြီး ဖြစ်သည်။

ဆောင်ရွက်မှုများထဲတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်စေရေးအတွက် နအဖမှ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ဆောင်ရွက်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးပြီး ဒီမိုကရေစီ အစိုးရဖြစ် အောင် ဆောင်ရွက်ခြင်း၊ အရပ်သားအစိုးရအား အာဏာလွှဲပြောင်းပေးရန်အတွက် ဒီမိုကရေစီအင်အားစုများ နှင့် သဘောတူညီမှုတရပ် ရယူခြင်း၊ နိုင်ငံတကာမူးယစ်ဆေးဝါး တန်ပြန်နှိမ်နင်းမှု သဘောတူချက်ပါ အချက် များကို လိုက်နာရန် ပျက်ကွက်ခဲ့သည့် နိုင်ငံစာရင်းမှ မြန်မာနိုင်ငံကို ပယ်ဖျက်ခြင်း စသည်တို့ ပါဝင်သည်။

အမေရိကန်အစိုးရပြောသည့်အတိုင်း စစ်အစိုးရဘက်က နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးလျှင် အမေရိ ကန် ပိတ်ဆို့မှုတွေ ပြန်ရုတ်သိမ်းဖို့ လမ်းပွင့်သွားသည့် သဘောဖြစ်သည်။ သို့သော် အန်အယ်ဒီဘက်က ဂမ်ဘာရီကို တင်ပြသည့် နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေးကို စစ်အစိုးရဘက်က လိုက်လျောမည့်ပုံ မရှိ သည့်အတွက် မြန်မာ့နိုင်ငံရေးမှာ တဘက်ပိတ်လမ်းသဖွယ် ဖြစ်နေသည်။ ထွက်ပေါက်မရှိ။

သေချာသည့်အချက်မှာ မြန်မာ့နိုင်ငံရေး ထွက်ပေါက်မရှိဖြစ်နေချိန်တွင် စစ်အစိုးရက စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းအောင်လုပ်ပြီး နိုင်ငံရေး စီးပွားရေး အမြတ်ထုတ်ရန် ကြံစည်နေခြင်းဖြစ်သည်။

အမေရိကန်စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းလျှင် မူးယစ်ဆေးကိစ္စ၊ ငွေမဲကိစ္စတို့ကြောင့် အမေရိကန် ဒဏ်ခတ် ထားသည့်ဘဏ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ ပြန်ခေါင်းထောင်လျှင် နအဖခေါင်းဆောင်တွေ ကြီးပွားတော့ မည်။ စစ်တပ်နှင့် နိုင်ငံခြားဖက်စပ်လုပ်ငန်းများ ပြန်ခေါင်းထောင်မည်။ အမေရိကန်က စီးပွားရေး ဖွင့်မပေး လည်း ၂၀၁၀ ရွေးကောက်ပွဲကို မနိုင် နိုင်အောင်လုပ်ပြီး ရုပ်သေးအရပ်သားအစိုးရဖွဲ့ပြီး စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်အောင်လုပ်ပြီး ဒိထက်ချမ်းသာအောင် လုပ်နိုင်သည်။ ဘယ်ဘက်ကမျှ ရှုံးဖို့လမ်းမရှိ။

အန်အယ်လ်ဒီဘက်ကကြည့်တော့ နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ရင် ဘန်ကီမွန်းမြန်မာနိုင်ငံ မလာထိုက် ဟု ဂမ်ဘာရီကို ထောက်ပြသည်။ ဂမ်ဘာရီ၏ (၄) ရက်ကြာ ခရီးစဉ်သည် ဘန်ကီမွန်း မြန်မာနိုင်ငံလာဖို့ သင့် မသင့် ဂမ်ဘာရီက ချိန်ဆသည့် ခရီးဟုဆိုလျှင် စစ်အစိုးရ၏ သဘောထားကြောင့် ဘန်ကီမွန်း မလာဖြစ်ဖို့ များနေသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအပိုင်းမှာ ထိုဥပဒေကို အန်အယ်လ်ဒီက ပြန်သုံးသပ်စေလိုသည်။ သို့သော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်ပြင်ရန် မဖြစ်နိုင်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်းက ဂမ်ဘာရီကို ၂၀၀၈ ခု မတ်လ၌ တိတိလင်းလင်း ပြောခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အန်အယ်လ်ဒီဘက်က မျှော်လင့်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြန်သုံးသပ်ရေးမှာ အကောင်အထည်ပေါ်နိုင်ရန် အကြောင်းမရှိတော့ပေ။

ချုပ်ရလျင် ဂမ်ဘာရီနှင့် ပွဲဦးထွက်ခဲ့သည့်၂၀၀၉ နှစ်ဆန်းပိုင်း မြန်မာ့နိုင်ငံရေးမှာ ဘေထိဆိုသည်နှင့် တပ်လန် သွားခဲ့ပေပြီ။



သတင်းထောက် ဟန်တင်အောင်
REF: ခေတ်ပြိုင်

0 comments:

အပေါ်သို့