Thursday, February 5, 2009

ဒီမိုကရေစီ - ခိုင်ထွန်း

ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 04 2009

၁၉၇၁ ခုနှစ်မှာ လူဖြစ်လာသော ကျနော့်မှာမူ ဆိုရှယ်လစ်ကိုသာ နားရည်ဝခဲ့ရသည်။ ကျနော်တို့သိသမျှ ထိုစဉ်က စာနယ်ဇင်းမှန်သမျှတွင် ဆိုရှယ်လစ်နှင့် အရင်းရှင်နှစ်မျိုးသာ အဓိကထားဖော်ပြရာ ကျနော် ငယ်စဉ် က အသိဉာဏ်တွင် ဆိုရှယ်လစ်သည် အခြေခံလူတန်းစားအတွက်၊ အရင်းရှင်သည် ဘူဇွာတို့အတွက်ဟု အသိတံခါး ဖွင့်ခဲ့ရသည်။

၁၉၈၈ ခုနှစ်တွင်မူ ကျနော်သည် မဆလကို ဖြုတ်ချ၊ စစ်အာဏာရှင် ဖြုတ်ချ ဟူသော တောင်းဆိုသူများတွင် ပါဝင်ခဲ့သည်။ ဘာထပ်တောင်းရမည်ကိုမူ သေချာစွာ မလေ့လာရသေး။ နောင်မှ ပါတီများစွာနှင့် ယဉ်ပါးပြီး၊ ဒီမိုကရေစီကို ရယူဖို့ ဆန္ဒဖြစ်လာသည်။ ဤသည်မှာ ကျနော် ၁၈ နှစ်သားက အတွေ့အကြုံ။ ဤသို့ဖြင့် ရွေးကောက်ပွဲတွင် NLD အတွက် မဲရုံကိုယ်စားလှယ် တာဝန်ယူခဲ့သည်။ နိုင်သည် သို့သော် ရလဒ်ကား အကောင်အထည်မပေါ်။

၁၉၉၀ ခုနှစ်မှစ၍ စစ်အစိုးရ၏ ဖိနှိပ်မှုအောက်တွင် လူသန်းပေါင်းများစွာသည် ဒီမိုကရေစီကို တောင်းဆိုခဲ့ကြ သည်။ အဆုံးအရှုံး ကြီးမားလှသည်။ သို့သော် ဒီမိုကရေစီရေးကို ဖော်ဆောင်ရာတွင် ပြည်သူအများစုသည် ပညာတတ်ရော၊ ပညာမတတ်သူများပါ အတွေ့အကြုံနည်းကြသည်။ ဦးနုခေတ်က ကျန်ရစ်သော လူကြီး အချို့သာ အရသာလည်းသိ၊ အမြင်လည်း ရှိကြသည်။ နောင်လူများမှာ မတရားအုပ်ချုပ်မှုကို ဆန့်ကျင်လို၍ သာ တောင်းဆိုကြသည်။ အတွေ့အကြုံ အားနည်းလှသည်။

မည်သို့ပင်ဖြစ်စေ ဤအနှစ် ၂၀ သည် မြန်မာပြည်သူများ (မဆလ လက်ထက် လာခွင့်ပြုသော နိုင်ငံခြားသား အနည်းငယ်မှအပ ပြည်သူလူထုမှာ မဆက်ဆံဖူးကြ။ လက်ရှိ စစ်အစိုးရလက်ထက်တွင်လည်း စီးပွားရေး သမား အနည်းငယ်မှအပ နိုင်ငံရေးအမြင်ကို ကျယ်ပြန့်စေနိုင်သည့် မည်သည့်အခွင့်အရေးမှ ရကြသည် မဟုတ်) မှာ နိုင်ငံရပ်ခြား ဗဟုသုတ ကြွယ်ဝလာသည်။ အခွင့်အလမ်းကို ရှာဖွေတတ်လာသည်။ သို့သော် နိုင်ငံရေးအမြင်နှင့် ဖော်ဆောင်မှုများမှာမူ အားနည်းဆဲဖြစ်သည်။

နိုင်ငံရေးသမား ဆိုသည်မှာလည်း ဤပြည်သူထဲမှပင် ဖြစ်လေရာ ၎င်းတို့ကိုယ်တိုင်လည်း နိုင်ငံရေးရာကို ကျွမ်းကျင်ရန် လိုအပ်ပါသည်။ အလွန်ကျယ်ပြန့်လှသော နိုင်ငံရေး သဘောတရားများကို နည်းစနစ်ကျကျ လေ့လာခွင့် ရကြသော်လည်း မတရားမှုကို စက်ဆုပ်လွန်း၍သာ ယုံကြည်မှုဖြင့် အသက်စွန့် ပါဝင်ရင်း လက် တွေ့သင်ကြားနေခြင်းဖြစ်သည်။

၎င်းတို့၏ လှုပ်ရှားမှုများဖြင့် လူထု၏ အရည်အသွေးကို ဆွဲတင်နိုင်ဖို့ကလည်း လူ ၅ ဦးပင် စုမရသော ဖိနှိပ်မှု အောက်တွင် ဖြစ်သောကြောင့် အောင်မြင်မှု နည်းပါးရသည်။ ပြည်ပရောက် နိုင်ငံရေးအင်အားစုမှာမူ ၎င်းတို့ ကြိုးစားမှုအလျောက် အထိုက်အလျေက် မျက်စိပွင့်လာသည်ဟု ဆိုနိုင်သည်။ စနစ်တကျလည်း သင်ယူခွင့် ရကြ၊ ဆည်းပူးကြနိုင်သည်။ သို့သော် ၎င်းတို့၏ စွမ်းရည်ကို အသုံးချခွင့်ရရန်အတွက်မူ ပြည်တွင်းသို့ ပြန်ဝင် လာမရပေ။

အနှစ် ၂၀ အတွင်းတွင်မူ လိုချင်သော ဒီမိုကရေစီစနစ်ကို မရခဲ့ကြသော်လည်း အရည်အသွေးပိုင်းတွင်မူ အတန်ငယ် ရင့်ကျက်ခဲ့ကြလေသည်။

အခွန်ထမ်းပြည်သူတို့မှာ ၎င်းတို့ဘ၀ ရပ်တည်ရေးကြောင့် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးတွင် ပါဝင်ဖို့ မစွမ်းသာ။ သို့သော် နိုင်ငံတနိုင်ငံ တောင့်တင်းခိုင်မာရန် ဆိုသည်မှာ အခွန်ထမ်းပြည်သူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်မှသာလျှင် ဖြစ်နိုင်ပေမည်။

မဆလမှ စစ်အစိုးရ၊ စစ်အစိုးရမှ ဒီမိုကရေစီကို အသွင်ကူပြောင်းရေးသည် အခုတိုက် အခုရ မဖြစ်နိုင်။ စိတ် ရှည်ရမည်၊ အင်အားစုရမည်၊ သဘောတရားတို့ကို ရင့်ကျက်လာအောင် ပြုစုရမည်။ မည်သို့ပင်ဖြစ်စေ အခြေခံလိုအပ်ချက်မှာ လုံးဝစည်းလုံးရေး သို့မဟုတ် အဖွဲ့အစည်းအားလုံး တညီတညွတ်တည်းသော အကောင်အထည်ဖော်ဆောင်မှုကို ရည်ရွယ်နိုင်ရမည်။

အချင်းချင်းတွင် ညီညွတ်မှုဖြစ်စေနိုင်သော အပြုသဘောဖြင့်သာ ဝေဖန်ချဉ်းကပ်ရပေသည်။ အောင်မြင်လိုသူ သည် ဆုံးရှုံးစေနိုင်သော မည်သည့်ဖြုန်းတီးမှုကိုမျှ မရည်ရွယ် မလုပ်ကိုင်သင့်ပေ။ ကျွန်ုပ်တို့သည် အမိမြန်မာ ပြည် တိုးတက်မှုအတွက် အလွန်တရာ ခိုင်ခံ့အားကြီးလှသော စနစ်တခု ဖော်ဆောင်ရပေမည်။ ထိုစနစ်ကို ပြည့်ဝစွာ မဖော်ဆောင်နိုင်လျှင် မလိုလားအပ်သော ဆုံးရှုံးမှုများစွာကို ပေးဆပ်နေရဦးမည်။ လက်ရှိတွင်မူ ပြည်သူလူထုသည် အရင်ထက်စာလျှင် နိုင်ငံရေးပိုင်း မကျေလည်လှသော်လည်း စီးပွားရေးတွင်မူ မျက်စိ ကြည်လင်လာခဲ့ကြသည်။ နိုင်ငံတကာသို့ ခြေဆန့်မှု များလာသည်။ လူ့အခွင့်အရေးဆိုသည်ကို အာရုံပြုလာ သည်။ နိုင်ငံတကာ အဖွဲ့အစည်းတို့၏ စွမ်းဆောင်ရည်ကို တွက်ဆလာနိုင်ကြသည်။ စစ်အစိုးရ၏ အားသာ အားနည်းချက်ကိုလည်း ဆ၀ါးမိလာသည်။ ဤသည်မှာ အနှစ် ၂၀ အတွေ့အကြုံပင်။ ရည်ရွယ်ချက်ကို ပို၍ အာရုံစိုက်လာကြပြီး နိုင်ငံတကာနှင့်ယှဉ်သော အမြင်များ ရှိလာရာ ဒီမိုကရေစီကို လေးလေးနက်နက် တန်ဖိုး ထားလာကြသည်။

တဖက်တွင်လည်း စစ်အစိုးရသည် အာဏာကို ပိုမိုသုံးစွဲလာသည်။ ပို၍ ရုပ်ပျက်လာသည်။ မင်းသားခေါင်း ကျွတ်လာပြီဖြစ်သည်။ မမျှတသော ဈေးကွက်စီးပွားရေးစနစ်ကို အဓမ္မဖော်ဆောင်ပြီး ကျားကန်လာရသည်။ ၎င်းတို့အနေဖြင့် တဦးချင်း ပိုမို ကြွယ်ဝလာသော်လည်း တဖက်က ပို၍ အကြည်ညိုမဲ့လာကြသည်။

လက်ရှိတွင် အာဏာကို ဆုပ်ကိုင်ထားနိုင်သော်လည်း တဖြည်းဖြည်းနှင့် အာဏာလျော့ကျလာသည်ကို တွက် ဆမိလာသည်။ နိုင်ငံတကာ ဧည့်သည်များလာလျှင်ပင် မျက်နှာမပြနိုင်အောင် ဖြစ်လာသည်။

အာဏာကို အရူးအမူး ဖတ်တွယ်သူတို့၏ အကျိုးအမြတ်ကား နိုင်ငံတကာ၏ ပြစ်တင်မှုနှင့် ကန့်သတ်မှုကို ရင်ဆိုင်လာရခြင်းပင်ဖြစ်သည်။ မိမိတိုင်းသူပြည်သားကို ဖိနှိပ်သော မည်သည့်အစိုးရ၊ အာဏာရှင်မဆို၊ တစ်နေ့နေ့ စလေငခွေးကဲ့သို့ပင် ကြုံရမည်။ အနှစ် ၂၀ လမ်းကြောင်းသည် ယခုအခါ ပို၍ တည်ငြိမ်ပြတ်သား လာသည်ဟု သုံးသပ်ရပေမည်။

ဆိပ်ကမ်းတခုကို ရောက်ရှိရန် သဘောင်္သည် ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်ဝယ် မှောင်မဲသော အကာလ ညများကို ကျော်ဖြတ်ရပေဦးမည်။



REF: မဇ္ဈိမ

0 comments:

အပေါ်သို့