Wednesday, February 4, 2009

ကုလအကြီးအကဲနှင့် ဂမ်ဘာရီ ဒေလီတွင် တွေ့ဆုံမည်


မုံပီး
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 04 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် မြန်မာနိုင်ငံသို့ မကြာသေးခင်က သွားရောက်လည်ပတ်ခဲ့သော သူ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီတို့သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကြာသာပတေးနေ့တွင် တွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း ကုလအရာရှိတဦးအပြောအရ သိရသည်။

"သူတို့နှစ်ယောက်လုံး ကြာသာပတေးနေ့မှာ ဒီမှာရှိမယ်။ ခရီးစဉ်အသေးစိတ်တော့ မသိဘူး" ဟု နယူးဒေလီ အခြေစိုက် ကုလသမဂ္ဂရုံး အရာရှိတဦးက ပြောသည်။

ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ မာရီအိုကာဘီက နယူးယောက်တွင် သတင်းထောက်များကို ပြောကြားရာ တွင် "ကုလသံတမန် (ဂမ်ဘာရီ) သည် အထွေထွေအတွင်းရေးမှူးချုပ်နှင့် အိန္ဒိယတွင် ကြာသာပတေးနေ့ တွင် တွေ့ဆုံကာ သူ၏ ခရီးစဉ်မှတွေ့ရှိရချက်များကို အစီရင်ခံတင်ပြပါမယ်" ဟု ပါရှိသည်။

ဘန်ကီမွန်းသည် နယူးဒေလီကို ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ရောက်ရှိမှာဖြစ်ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ပရာနတ်မူကာဂျီးနှင့် ဒေသတွင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးဖွယ်ရှိသည်။

" ကျနော်တို့ (ယူအန်)က အစည်းအဝေးအတွက် မေတ္တာရပ်ခံထားပါတယ်။ ဖြစ် မဖြစ်ကတော့ မသိသေးဘူး" ဟု ကုလအရာရှိက ပြောသည်။

ဘန်ကီမွန်းသည် " ရေရှည်ခိုင်ခံ့ဖွံ့ဖြိုးရေး ဒေလီ စုံညီ ညီလာခံ ၂၀၀၉" ကိုလည်း တက်ရောက်မှာဖြစ်ကြောင်း ကမကထပြုသူများက ပြောကြားသည်။

REF: မဇ္ဈိမ

0 comments:

အပေါ်သို့