Monday, February 2, 2009

တြိဂံတိုင်းမှူး ၀ နှင့် မိုင်းလား နယ်ခြား၌ ကွင်းဆင်းစစ်ဆေး စစ်ရေးပြင်ဆင်

စနေနေ့၊ 31 ဇန်န၀ါရီ 2009

ယခုလနှောင်းပိုင်းက တြိဂံတိုင်းမှူးး ဗိုလ်မှူးချုပ်ကျော်ဖြိုး မိုင်းယန်းမြို့၌ ညအိပ်၍ UWSA တပ်ဖွဲ့နှင့် မိုင်းလား အဖွဲ့ ထိန်းချုပ်နယ်မြေ နအဖ အခြေချ နယ်ခြားစခန်းများ ကွင်းဆင်းစစ်ဆေးပြီး စစ်ရေးပြင်ဆင်ခဲ့ကြောင်း တရုပ်နယ်စပ် သတင်းကဆိုသည်။

ယခုလလယ်ပိုင်းတွင် စရဖ လုံခြုံရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် အဖွဲ့ ၀ ဌာနချုပ်အသွား မိုင်းပေါက်၌ ၀ နယ်ခြားစောင့်တပ်ဖွဲ့က ၎င်းတို့အဖွဲ့ပါလာသော လက်နက်ကြီးများဖြုတ်သိမ်းသည့်နောက်ပိုင်း ကျိုင်းတုံအခြေစိုက် နအဖ တြိဂံတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ဖြိုးသည် ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် ၁၀၂ ကီလိုမီတာ အကွာရှိ မိုင်းယန်းမြို့သို့ ညအိပ်ခရီးထွက်ခဲ့ကြောင်း၊ ထိုခရီးစဉ်တွင် အခြေချ တပ်စခန်းများ လက်နက်ခဲယမ်းမီးကျောက်၊ လူအင်အား၊ စားနပ် ရိက္ခာဖြည့်တင်းမှုကို အထူးအလေးထားကြည့်ရှုစစ် ဆေးခဲ့ကြောင်း၊ ထို့အတူ ကျိုင်းတုံမြို့ နယ် အနောက်ဖက်နှင့် မိုင်းပြင်းမြို့နယ် မြောက်ဖက် မက်မန်းမြို့နယ် အတွင်းတွင်လည်း နအဖ အင်အားဖြည့် တင်းမှုရှိကြောင်း -ဒေသခံများကဆိုသည်။

ဂျန္န၀ါရီလ ၂၉ မှ ၃၀ အထိ တြိဂံတိုင်းမှူး၏ ထူးခြားသော ညအိပ်ခရီးစဉ်နှင့် ပတ်သက်၍ အသက် ၄၀ ကျော် ဒေသခံ ကုန်သည်တဦးက -“အရင်တုန်းကဆို နအဖ အရာရှိကြီးတွေ မိုင်းယန်းမှာ ညအိပ်တယ်ဆိုတာ သိပ်ရှား တယ်။ အခုက လာအိပ်ပြီး တပ်စခန်းအဟောင်း အသစ်တွေ စစ်ဆေးတယ်။ အင်အားထပ်ဖြည့်တယ်။ အရင်က မိုင်းယန်းမှာ ဗမာစစ်သား သိပ်မများဘူး။ မိုးနှောင်းချိန်ကနေ အခုအထိ အင်အား သိသိသာသာများလာတယ်။ လက်နက်ကြီးတွေတောင် လာတပ်ဆင်နေတယ်လို့ ပြောတယ်။ ဒေသခံတွေတော့ တိုက်ပွဲဖြစ်မှာကို အရမ်းစိုးရိမ် နေကြတယ်”-ဟုဆို၏။

ဦးစိုင်းလင်းခေါင်းဆောင်သော အထူးဒေသ ၄ National Democratic Alliance Army – Eastern Shan State NDAA –ESS မိုင်းလား အဖွဲ့ နှင့် အထူးဒေသ (United Wa State Army) UWSA ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်တို့လည်း စစ်ရေးလေ့ကျင့်မှုများ အဆက်မပြတ်လုပ်နေကြောင်း ဆိုပါသည်။

ထိုဒေသရောက် တက္ကသိုလ်ဘွဲ့ရလူငယ်တဦးက -“တောင်ပိုင်းဝတပ်ဖွဲ့တွေ စစ်အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အောက်မှာ နယ်ခြားကာကွယ်ရေးတပ် တပ်ဖွဲ့လုပ်ဖို့ သဘောတူညီချက်ရထားသလိုလို ဆိုတော့ နအဖက သူတို့ တွေကို ပိုမျက်နှာသာ ပေးထားတာ တွေ့ရတယ်။ မိုင်းလားအဖွဲ့နဲ့ မြောက်ပိုင်း ၀ အဖွဲ့ကို ပညာပြတော့မယ်ဆိုတဲ့ သဘောလားတော့မသိဘူး”- ဟု သျှမ်းသံတော်ဆင့်ကို ပြောပြ၏။

ထို့အတူ ကျိုင်းတုံမြို့ရှိ အထူးဒေသ ၄ မိုင်းလားအဖွဲ့ ကိုယ်စားလှယ် စိုင်းစိုးဝင်း ဆိုသူကိုလည်း ပါတီထောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ပါဝင်ရေး အပါအ၀င် တပ်ဖွဲ့စည်းမှု ပြန်လည်ပြင်ဆင်ပြီး ကာကွယ်ရေးဝန်ကြီးဌာနအောက် နေရေးအတွက် ဆွေးနွေးရန် နအဖထိပ်ပိုင်း ခေါင်းဆောင်ကြီးများဆင့်ခေါ်ထားသဖြင့် ယခုလ ၂၇ ရက် ကတည်း က ပျဉ်းမနားကြပ်ပြေး နေပြည်တော်သို့ ရောက်နေကြောင်းဆို၏။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် တပ်မဟာ ၄၆၈ အခြေစိုက် မိုင်းပေါက်ဒေသသည် မိုင်းယန်းမြို့ အနောက်မြောက်ဘက် မိုင် ၃၀ ကျော် အကွာတွင်ရှိပြီး အထူးဒေသ ၂ အတွင်း ခရိုင်အဆင့်အဖြစ် သတ်မှတ်ထား သည်။ စစ်အစိုးရ ဖွဲ့စည်းပုံနှင့် မြေတိုင်းဌာနက ထိုဒေသကို မိုင်းယန်းမြို့နယ်၏ ကျေးရွာအုပ်စုအဖြစ် သတ်မှတ် ထားသောကြောင့် ၀ တပ်ဖွဲ့များ တပ်ရုပ်ပေးရန် ယခုချိန်ထိဖိအား ပေးခံနေရဆဲဖြစ်သည်။ ထို့အတူ အထူးဒေသ ၄ တပ်မဟာ ၃၆၉ ဌာနချုပ် ဆီလူးလည်း မိုင်းပေါက်နှင့် အလားတူဖြစ်နေသောကြောင့် မိုင်းယန်းမြို့နယ်အတွင်း နအဖ တပ်များ အင်အားဖြည့်ပြီး အထူးအလေးထားလာသောဒေသဖြစ်သည်။


ွREF: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့