Friday, January 14, 2011

Uncensored Burma - Daily News ( 2011 Jan13)

Daily News ( 2011 Jan13)

Read More...

အဆိုးရွားဆုံး အာဏာရှင် အစိုးရတွေထဲမှာ မြန်မာနိုင်ငံ စာရင်းဝင်

ကြာသပတေး, 13 ဇန်နဝါရီ 2011

အမေရိကန်နိုင်ငံက နိုင်ငံရေးနဲ့ နိုင်ငံသားဆိုင်ရာ လွတ်လပ်မှုတွေကို စောင့်ကြည့် အကဲခတ်နေတဲ့ အဖွဲ့က ကမ္ဘာ တခုလုံးရဲ့ လွတ်လပ်မှုဟာ မနှစ်က ဆုတ်ယုတ် လာခဲ့တယ်လို့ ဆိုပါတယ်။ အခုလို ဆုတ်ယုတ် လာခဲ့ရတာဟာ ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံတွေရဲ့ ဝေဖန် ဆန့်ကျင်မှု အားနည်းလာတဲ့အတွက် အာဏာရှင် အစိုးရတွေက အာဏာ ပိုရှိလာတာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ဒီအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံဟာလည်း ကမ္ဘာမှာ နိုင်ငံရေးနဲ့ နိုင်ငံသားဆိုင်ရာ အခွင့်အရေး လွတ်လပ်မှု အဆိုးတကာ့ အဆိုးဆုံး နိုင်ငံ ၄၇ နိုင်ငံထဲမှာ ပါဝင်တယ်လို့ ဆိုထားပါတယ်။

မနေ့က ထုတ်ပြန်ခဲ့တဲ့ ဒီအဖွဲ့ရဲ့ နှစ်စဉ် အစီရင်ခံစာမှာ Freedom House အဖွဲ့ကြီးက ၂၀၁၀ မှာ ကမ္ဘာပေါ်မှာ လွတ်လပ်မှုတွေ ဆုတ်ယုတ် လာတယ်၊ အခုလို ဆုတ်ယုတ် လာတာဟာ ၅ နှစ် ဆက်တိုက် ရှိလာပြီလို့ ဆိုထားပါတယ်။

ဒီအဖွဲ့ရဲ့ သုတေသန ညွှန်ကြားရေးမှူး အက်ရှ် ပရက်တင်တန်က ဒီလိုဖြစ်ခဲ့တဲ့ အဆိုးဆုံး ဖြစ်ရပ်ထဲမှာ မနှစ်က တရုတ်နိုင်ငံဟာ သူ့နိုင်ငံ အတိုက်အခံ ပညာရှင် လျူရှောင်ဘို (Liu Xiaobo) ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရတာကို ဒေါသတကြီး တုံ့ပြန်ခဲ့တာလည်း ပါတယ်လို့ ဆိုပါတယ်။

ကြေညာချက် တခုထဲမှာတော့ ဘယ်အစိုးရကမှ ဆိုဗီယက်တို့၊ နာဇီ ဂျာမနီတို့တုန်းကတောင်မှ ဒီ နိုဘယ်လ်ဆုပေါ်မှာ အခုလို ရိုင်းရိုင်းပြပြ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

ရုရှားနိုင်ငံမှာလည်း စိတ်ပျက်စရာ ဖြစ်ခဲ့တယ်၊ ရုရှား ရေနံသူဌေးကြီးနဲ့ အစိုးရ ဝေဖန်သူ မစ်ခေး ကိုဒိုကော့စကီးကို ထောင်ချတာက သက်သေ ပြနေတယ်လို့ ဆိုပါတယ်။

ဗင်နီဇွဲလား သမ္မတ ဟူဂို ရှာဗက် (Hugo Chavez) က သမ္မတ အမိန့်နဲ့ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ဥပဒေပြု အဖွဲ့က ခွင့်ပြု လိုက်တာကိုလည်း ဝေဖန် ဆန့်ကျင်ထားပါတယ်။

အဖွဲ့ ဥက္ကဋ္ဌ ပရက်တင်တန်က ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံတွေက ဝေဖန်ထုတ်ဖော်မှုတွေ မလုပ်ရင် အာဏာရှင်တွေ ပိုပြီး အရှိန် ရလာလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။

Ref: VOA News

Read More...

စစ်တပ်အင်အား ပိုမိုကြီးမားရေး အရန်တပ်ဖွဲ့ဥပဒေကိုပါ ပြဌာန်း

2011-01-13။

၂၀၁၀ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်း မနေရ ပြဌာန်း ချက်မှာ အရန် တပ်ဖွဲ့ ဥပဒေကိုပါ စစ်အစိုးရက ထည့်သွင်း ထားတယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက ဇန်နဝါရီ ၁၂ ရက် မနေ့က ပြောကြား လိုက်ပါတယ်။

အရန်တပ်ဖွဲ့ဥပဒေအရ အငြိမ်းစား စစ်မှုထမ်းတွေကို ခံစားခွင့်အပြည့်နဲ့ စစ်တပ်ရဲ့ အရန်တပ်ဖွဲ့မှာ ငါးနှစ် ဆက်လက် တာဝန် ပေးအပ် ထားတာပါ။ ဒါကြောင့် အရန်တပ်ဖွဲ့ ဆိုတာထက် အမြဲတမ်း စစ်တပ် ပုံသဏ္ဍာန်မျိုး ပိုပြီး အင်အား ကြီးမားအောင် စစ်အစိုးရက ရည်ရွယ်တာ ဖြစ်တယ်လို့ ရှေ့နေ ဦးအောင်ထူးက ဆိုပါတယ်။

“ဘာကြောင့်လဲဆိုတော့ အရန်တပ်ဖွဲ့ဝင်တွေ အကုန်လုံးက တပ်မတော်သားတိုင်း လိုက်နာရတဲ့ ၁၉၅၉ တပ်မတော် အက်ဥပဒေကို လိုက်နာရမယ်၊ နောက် အရန်တပ်ဖွဲ့ ကုန်ကျ စရိတ်တွေ အကုန်လုံးကို တိုင်းပြည် ဘဏ္ဍာငွေက ကျခံရမယ်၊ နောက် လက်ရှိ တပ်မတော်မှာ တာဝန် ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေဟာ လက်ရှိ တပ်မတော်က အငြိမ်းစားယူသည် ဖြစ်စေ၊ နုတ်ထွက်သွားသည် ဖြစ်စေ၊ အရန် တပ်ဖွဲ့မှာ ငါးနှစ် တာဝန် မထမ်းဆောင် မနေရ ထမ်းဆောင်ရမယ်။ အဲဒီ ငါးနှစ် ဟိုဖက်ကို ကျော်သွားဦးတော့၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နေပြီးတော့ အဲဒီ ပုဂ္ဂိုလ်တွေကို တပ်က ထွက်သွားတဲ့ ပုဂ္ဂိုလ်တွေ၊ အငြိမ်းစား ယူသွားတဲ့ ပုဂ္ဂိုလ်တွေ အရန် တပ်ဖွဲ့ဝင် အဖြစ်နဲ့ ထပ်မံ ခန့်အပ် နိုင်တယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တွေ ပါရှိတာကြောင့်မို့လို့ ဒီ အရန်တပ်ဖွဲ့ ဆိုသော်ငြားလည်းပဲ ဒီတပ်ဖွဲ့က တကယ့် အရန်သဘော မဆောင်ပဲနဲ့ ပင်မ တပ်မတော်ကြီး ကိုသာ ကြီးထွားသည်ထက် ကြီးထွားအောင် လုပ်မယ့် အနေအထားကို ဖန်တီးမယ့် ဥပဒေ ဖြစ်နေတာကို တွေ့ရတယ်။”

လွှတ်တော်ခေါ်ယူပြီး နောက်ပိုင်း လက်ရှိ စစ်ခေါင်းဆောင်တွေ အနေနဲ့ အုပ်ချုပ်ရေး ကဏ္ဍကနေ အပြင်ကို ရောက်သွားမယ့် အခြေအနေ အတွက် ကြိုတင်ပြီး ပြင်ဆင်တဲ့ သဘောလို့လည်း ဦးအောင်ထူးက ယူဆပါတယ်။ ဒါအပြင် စစ်တပ်အတွင်း အသက် ၆၀ ပြည့် ပင်စင် မဖြစ်မနေ ယူရမယ် ဆိုတဲ့ ဥပဒေမျိုး လွှတ်တော်ကနေ ပြဌာန်းနိုင်တဲ့ အလားအလာကို စစ်ဗိုလ်ချုပ်ကြီးတွေ ကြိုတင် အကာအကွယ် ယူတဲ့ သဘော ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အခုပြဌာန်းလိုက်တဲ့ စစ်တပ်ပိုင်းဆိုင်ရာ ဥပဒေတွေဟာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၄၀ တပ်မတော်ရဲ့ အခန်းကဏ္ဍ ခေါင်းစဉ် အောက်မှာ ပါတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

Ref: RFA News

Read More...

Thursday, January 13, 2011

နအဖ စစ်အစိုးရ၏ ပြည်ထောင်စု မြန်မာနိုင်ငံတော်ပြန်တမ်း

ဒေါင်းရန်

Military Conscription Law

Read More...

ကားခလျှော့ချရေး ကျောင်းသားများ ဆန္ဒပြ

အောင်မြတ်စိုး
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၂ ရက် ၂၀၁၁

ဘန်ကောက် (မဇ္ဈိမ) ။ ။ ကျောင်းကားခကို နှစ်ဆ တိုးမြှင့်လိုက်သဖြင့် တက္ကသိုလ် ကျောင်းသား ၈၀၀ ခန့် ယနေ့ မနက်တွင် လမ်းလျှောက် ဆန္ဒပြမှု ကလေးမြို့တွင် ဖြစ်ပွားခဲ့ပြီးနောက် အာဏာပိုင်များက လိုက်လျောမှု ပြုလိုက်သည်။

စစ်ကိုင်းတိုင်း ကလေးမြို့ရှိ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်နှင့် ကွန်ပြူတာ တက္ကသိုလ်များနှင့် ကလေး မြို့တွင်းသို့ ပြေးဆွဲနေသော ကျောင်းကားများတွင် ကားခကို ပုံမှန် ၁ဝဝ ကျပ် ကောက်ခံ နေခဲ့ရာမှ ယခုလ ၁ ရက်နေ့မှစ၍ ကျပ် ၂ဝဝ အထိ တိုးမြှင့် ခဲ့ခြင်းကြောင့် ပြန်လည်လျှော့ချရန် ဆန္ဒ ပြကြခြင်း ဖြစ်ကြောင်း မဇ္ဈိမသို့ ဆက်သွယ်လာသော ဆန္ဒပြ ကျောင်းသားများက ပြောသည်။

သီးခြား ဒေသခံများကလည်း ဆန္ဒပြမှု ဖြစ်ပွားခြင်းကို တယ်လီဖုန်းမှတဆင့် အတည်ပြု ပြောကြားသည်။

မနက် ၇ နာရီခွဲခန့်တွင် လူစည်ကားရာ လမ်းဆုံလမ်းခွဖြစ်သည့် တာဟန်း ရပ်ကွက် ဗိုလ်ချုပ် လမ်းမ ပေါ်ရှိ ဘူတာကွေ့၌ ကျောင်းသားများ စတင်စုရုံးပြီး တက္ကသိုလ်ကြိုပို့ ကျောင်းကား အားလုံးကို ရပ်တန့် တားဆီးကာ ဗိုလ်ချုပ် လမ်းမအတိုင်း ပင်လုံ ရပ်ကွက်ကို ဖြတ်၍ အောင်သစ္စာ ရပ်ကွက်ရှိ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) သို့ သွားရောက်ခဲ့သည်ဟု ဆိုသည်။

ဒကစ ရှေ့တွင် အဝါရောင်နှင့် အနီရောင် သတိပေးတားမြစ်သည့် မျဉ်းများ တားထားသဖြင့် ကျောင်းသားများသည် အဝါရောင် မျဉ်း၌ ရပ်တန့် နေခဲ့ပြီး ကားခကို ယခင်နှုန်းထား အတိုင်း ပြန်လည်သတ်မှတ်ရန်၊ ကားအစီးရေ တိုးမြှင့်ပြီး အချိန်မှန် ပြေးဆွဲ ပေးရန်နှင့် ကျောင်းကားတွင် ကုန်စည်များ တင်ဆောင်ခြင်း တားမြစ်ပေးရန် တောင်းဆို ခဲ့ကြသည်။

တပ်နယ်မှူး ဒုဗိုလ်မှူးကြီး အောင်ရင်ဦး ဦးဆောင်သော အဖွဲ့က လက်ခံဆွေးနွေးပြီး နှစ်ဖက် သဘောတူ ခဲ့ကာ သက်ဆိုင်ရာ ကျောင်းများသို့ သွားရောက်၍ လူစု ခွဲလိုက်ကြသည်။

ဆန္ဒပြရာတွင် ပါဝင်သော ကျောင်းသားများကို အရေးယူမှု မပြုရန် အာဏာပိုင်များနှင့် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့များက အများ ရှေ့မှောက်တွင် ကတိပြုကြသည်ဟု ကျောင်းသားတဦးက မဇ္ဈိမကို ပြောသည်။

ကားခလျှော့ပေါ့ပေးရန် တောင်းဆိုမှုကို ကလေးတက္ကသိုလ် ကျောင်းသားများက ယခုလ ၁၀ ရက်နေ့ ကတည်းက လက်မှတ် ကောက်ခံခဲ့ရာ ကျောင်းသား ၅ဝဝ ကျော် လက်မှတ် ရေးထိုး ခဲ့သေးသည်။

ကလေးမြို့နယ် သာယာဝတီရွာရှိ နည်းပညာတက္ကသိုလ်တွင် ကျောင်းသား ၁၀၀၀ ကျော်၊ ကျီကုန်းရွာရှိ ကွန်ပြူတာ တက္ကသိုလ်တွင် ကျောင်းသား ၂၀၀ ကျော်၊ ချင်းပြည်နယ် ခိုင်ကမ်းရွာ အနီးရှိ ကလေး တက္ကသိုလ်တွင် ကျောင်းသား ၄၀၀၀ ကျော် တက်ရောက်လျက် ရှိသည်။

Ref: မဇ္ဈိမ

Read More...

Wednesday, January 12, 2011

အမေရိကန် အရာရှိ ပေါလ် ဂရို့ဗ် NLD နဲ့ တွေ့ဆုံ

အင်္ဂါ, 11 ဇန်နဝါရီ 2011


အမေရိကန် အထက်လွှတ်တော်၊ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ကြီးကြပ်မှု ကော်မတီရဲ့ အကြီးတန်း လက်ထောက် တဦး ဖြစ်သူ ပေါလ် ဂရို့ဗ် (Paul Grove) ဟာ မြန်မာနိုင်ငံမှာ ရောက်နေပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ကြိုးပမ်းမှု တွေကို ဆက်ပြီး ထောက်ခံ သွားမယ် ဆိုတာ တွေ့ဆုံပွဲအတွင်း ပြောခဲ့တယ်လို့ NLD တာဝန်ရှိသူ ဦးအုန်းကြိုင်က ဗွီအိုအေကို ပြောပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်က ဂီရိ မုန်တိုင်းဒဏ်သင့် ပြည်သူတွေအ တွက် US AID အမေရိကန် ထောက်ပံ့ရေး အစီအစဉ်က ပေးမယ့် အကူအညီ ကိစ္စကိုလည်း ပြောဆိုခဲ့ပါတယ်။

သူဟာ ဒီကနေ့မှာပဲ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်က HIV/AIDS လူနာတွေအတွက် ဖွင့်ထားတဲ့ ဂေဟာဆီ သွားရောက် ခဲ့ပါတယ်။ သူ့ရဲ့ ဒီကနေ့ တွေ့ဆုံပွဲတွေအတွင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံး၊ ယာယီတာဝန်ခံ လယ်ရီ ဒင်းဂါး (Larry Dinger) လည်း အတူ လိုက်ပါခဲ့တယ်လို့ သိရပါတယ်။

ပေါလ် ဂရို့ဗ်ဟာ မြန်မာနိုင်ငံကို အချက်အလက် ရှာဖွေလေ့လာရေး ခရီးစဉ်တခု အနေနဲ့ ရောက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ ၂၀၀၉ ခုနှစ်၊ မတ်လအတွင်းတုန်းကလည်း နာဂစ်မုန်တိုင်းဒဏ် သင့်ခဲ့တဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို သွားရောက်ပြီး အကူအညီပေးရေး ကိစ္စအတွက် လေ့လာခဲ့ဖူးပါတယ်။

လက်ရှိ အမေရိကန် အစိုးရက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နဂိုက ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူ တာတွေကိုလည်း ဆက်ထား သွားမယ်၊ ထိတွေ့ ဆက်ဆံတဲ့ မူကိုလည်း ကျင့်သုံး သွားမယ်ဆိုပြီး ပြောင်းလဲ ခဲ့ပြီးကတည်းက အမေရိကန် အစိုးရအဖွဲ့ အကြီးတန်း တာဝန်ရှိသူတွေနဲ့ ကွန်ဂရက် လွှတ်တော် တာဝန်ရှိသူတွေ မြန်မာနိုင်ငံ သွားရောက်တာ အတော်များများ ရှိလာခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်းန် (Joseph Yun) ဟာလည်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာပဲ မြန်မာနိုင်ငံ သွားရောက်ခဲ့ပါသေးတယ်။

Read More...

လွှတ်တော်စည်းမျဉ်း အချိန်ကိုက် ထုတ်ပြန်မှု နည်းလမ်းမကျ

ဦးကျော်အောင်လွင်
အင်္ဂါ, 11 ဇန်နဝါရီ 2011


မြန်မာစစ်အစိုးရက ဒီလကုန်မှာ လွှတ်တော်စခေါ်မယ်လို့ ကြေညာပြီး လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ တွေကိုလည်း အချိန် ကိုက်ပြီး ကြေညာ လိုက်တဲ့အတွက် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေ အပါအ၀င် လွှတ်တော်ကို တက်ရောက်ကြမယ့် ကိုယ်စားလှယ်တွေ အဆင်သင့် မဖြစ်သေးတဲ့ အခြေအနေတွေနဲ့ ထပ်ပြီး ကြုံနေရပါတယ်။ ရွေးကောက်ပွဲ ကျင်းပ ခဲ့တုန်းကလည်း ဒီလိုပဲ ကမန်းကတန်း အဖြစ်မျိုး နိုင်ငံရေး ပါတီတွေ ကြုံခဲ့ရပြီးပါပြီ။ အဆင်သင့် မဖြစ်ဘဲ လွှတ်တော်ကို သွားကြမယ့် သူတွေ အတွက် သတိထား စရာတွေ အများကြီး ရှိနေတဲ့ အကြောင်း မြန်မာ့ အရေးကို အနီးကပ် လေ့လာ စောင့်ကြည့်နေတဲ့ အမေရိကန် ပြည်ထောင်စုရောက် ချင်းအမျိုးသား ဒေါက်တာ အန်ဒရူး မုံကျုံးလျန်က ပြောပါတယ်။ အပြည့်အစုံကို ဒေါက်တာ အန်ဒရူးနဲ့ ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်အောင်လွင်က တင်ပြ ပေးထားပါတယ်။

အခု ဇန်န၀ါရီလ ၃၁ ရက်နေ့ကျရင် လွှတ်တော်ခေါ်မယ်လို့ ကြေညာလိုက်တဲ့ အခါမှာ ပြည်နယ်လွှတ်တော် အစည်း အဝေးတွေ ကျင်းပတဲ့အခါ တက်ရောက်ကြမယ့် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ အဆင်သင့် မဖြစ်ကြ သေးဘူးလို့ ကြားပါတယ်။ ဆရာအန်ဒရူးကလည်း ဒီကိစ္စတွေကို စောင့်ကြည့်နေတဲ့သူ ဆိုတော့ နောက်ဆုံး ဘယ်လို သိထား ပါလဲခင်ဗျ။

“ကျနော် သိထားသလောက်ကတော့ ပြည်နယ်လွှတ်တော် ခေါ်နိုင်ဖို့အတွက် ပြည်နယ် လွှတ်တော် အဆောက်အဦးတို့၊ ပြီးတော့ အဲဒီပြည်နယ် အသီးသီးကနေ ရွေးကောက်ခံတဲ့ ကိုယ်စားလှယ်တွေ အတွက် နအဖဘက်က ပြင်ဆင်မှုတွေ အခုချိန်ထိ ကောင်းကောင်း မွန်မွန်လုပ်တာ မသိရသေးပါဘူး။ ကျနော် သိထားတာတော့ ချင်းပြည်နယ်မှာဆိုရင် ပြည်နယ် လွှတ်တော် အဆောက်အဦး အတွက် အရင်တုန်းက ပ၀တရုံးရဲ့ အဆောက်အဦးကို သူတို့ ပြန်သုံးမယ်လို့ ပြောတယ်။

“အခုချိန်ထိ ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးကောက်ခံရတဲ့ ပြည်နယ်လွှတ်တော် အမတ် အသီးသီး အတွက် အိမ်ရာ နေရာ ထိုင်ခင်းတို့၊ လစာတို့၊ အကျိုး ခံစားခွင့်တို့၊ အဲဒါမျိုးတွေ အားလုံးကို နအဖဘက်က လုပ်ထားတာ ဘာမှ မရှိသေးဘူး ဆိုတာတော့ ကျနော် လွန်ခဲ့တဲ့ ၇ ရက်အတွင်းက ရထားတဲ့ သတင်းအရ သိရပါတယ်။

“ပြီးတော့ ပြည်နယ်တွေ အားလုံး အသီးသီးက သူတို့အတွက် အခုချိန်ထိ မှတ်သားလောက်တဲ့ ပြင်ဆင်မှု သူတို့ လုပ်ထားတာ ကျနော် မကြားရပါဘူး။ သူတို့ ပြင်ဆင်မှု လုပ်နေတာ နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ ပြည်သူ့ လွှတ်တော် အဲဒါအတွက်ပဲ ပြင်ဆင်မှု သူတို့က အားသွန်ခွန်စိုက် လုပ်နေတယ်။ ကျန်တဲ့ဟာတွေ ပြည်နယ်နဲ့ တိုင်း ဒေသကြီးတွေ အတွက် လက်ရှိ အာဏာရ နေတဲ့ နအဖ အနေနဲ့ လုပ်ထားတာ မရှိပါဘူး။”

ရက် ၂၀ လောက်ကျမှ လွှတ်တော်စမယ့်ရက်ကို ကြေညာတာ၊ ဆွေးနွေးကြရမယ့် ဥပဒေ၊ နည်းဥပဒေတွေကို ထုတ်ပြန်တာဟာ အချိန်ကပ်ပြီး ကြေညာတယ်လို့ ပြောရမလား၊ လုံလောက်တဲ့ အချိန်လို့ ပြောရမလားခင်ဗျ။

“စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီ မကျတကျ၊ လွှတ်တော်စနစ်ကို ရွေးကောက်ပွဲအပြီး ရက် ၉၀ အတွင်း အသွင် ပြောင်းရမှာ ဆိုတော့ ရက် ၂၀ အတွင်းမှာ ဒါတွေကို ပြည်သူလက်ထဲ အရောက် ထုတ်ပြန်တယ် ဆိုတာ ကျနော့် အမြင်မှာတော့ ဖြစ်သင့် ဖြစ်ထိုက်တဲ့ အရာ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ အခြေခံ ဥပဒေကို အတည်ပြုပြီး ကတည်းက အသွင် ကူးပြောင်းရေး တာဝန်ကို ယူထားတဲ့ နအဖက အချိန် ယူပြီးတော့ ရေးဆွဲ ထုတ်ပြန်ထားသင့်တဲ့ အရာလို့ ကျနော်ကတော့ မြင်ပါတယ်။

“နောက်ပြီးတော့ ဒီလို အချိန်ကပ်ပြီး ထုတ်ပြန်လိုက်တော့ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်း ဒေသကြီးများ၊ ပြည်နယ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများအတွက် ဥပဒေပြုခြင်း လုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ အနှောင့်အနှေး ဖြစ်စေမှာ ဖြစ်တယ်။ မရှိမဖြစ် ဥပဒေပြုရမယ့် ကိစ္စရပ်တွေမှာ နှောင့်နှေး ကြန့်ကြာခြင်းဟာ တိုင်းပြည် တခုလုံးရဲ့ ဆိုးကျိုးဖြစ်တယ်။”

လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေ တွေကို အချိန်ကပ်ပြီးမှ အသိပေးရတဲ့ အတွက်ကြောင့်မို့ လွှတ်တော် ကိုယ်စားလှယ်တွေ အတွက် ဘယ်လိုအခက်အခဲတွေ ဖြစ်လာလိမ့်မယ်လို့ ထင်ပါလဲခင်ဗျ။ ဘာတွေ သတိထားစရာတွေ ရှိပါမလဲခင်ဗျ။

“အရေးကြီးတဲ့အရာတွေ များလွန်းတော့ ဘယ်ဟာကို ရှေ့တန်းတင်မလဲဆိုတာ ပြောရ တော်တော် ခက်နေပါတယ်၊ မြန်မာပြည်မှာ။ ဒါပေမဲ့ ကျနော့် အမြင်မှာတော့ ၂၀၁၀ အတွင်း ပြည်ထောင်စု ဘတ်ဂျက် လက်ကျန် ဘယ်လောက်ရှိတယ်၊ ၂၀၁၁ အတွင်းမှာ ရရှိနိုင်ခြေ ရှိတဲ့ အခွန် ဘဏ္ဍာငွေတွေကို ထည့်တွက်ပြီးတော့ ၂၀၁၁ အတွက် ပြည်ထောင်စု ဘတ်ဂျက်၊ ပြည်နယ် ဘတ်ဂျက်၊ တိုင်းဒေသကြီးများ ဘတ်ဂျက်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ ဘတ်ဂျက်၊ စတာတွေကို လွှတ်တော် စဖွင့်ကတည်းက လွှတ်တော်အမတ်တွေ အသီးသီးက ရေးဆွဲရမှာ ဖြစ်တယ်။

“ဒီလိုလုပ်ခြင်းအားဖြင့် နှစ်ပေါင်း ၄၈ နှစ်အတွင်း တိုင်းသူပြည်သားတွေ မသိနိုင်တဲ့ ပြည်ထောင်စု ဘဏ္ဍာငွေ တွေကို ဘယ်နေရာမှာ ဘယ်လောက် သုံးစွဲတယ် ဆိုတာ ကျနော်တို့က သိလာမှာဖြစ်တယ်။ ဒီဟာတွေ လုပ်ဖို့ဆိုတာ ရက် ၂၀ အတွင်းမှာ လုပ်ဖို့ ရနိုင်တဲ့ ကိစ္စ မဟုတ်ဘူး။ အဲဒါက ပြဿနာ။

“ဒုတိယအချက်က ၀န်ကြီးဌာနတွေ အသီးသီး ပေါ်လာမယ်။ အဲဒီဝန်ကြီးဌာန အသီးသီးအတွက် ဘတ်ဂျက်တွေ ဆွဲရမယ်၊ ပြည်နယ်တွေ၊ တိုင်းဒေသကြီး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေ အတွက်လည်း ပြည်ထောင်စုက သတ်မှတ် ပေးအပ် လိုက်တဲ့ ဘတ်ဂျက်တွေ၊ ပြီးတော့ သူတို့ရဲ့ ၂၀၁၀ လက်ကျန် ဘဏ္ဍာငွေ အသီးသီးတွေ အပေါ်မှာ မူတည်ပြီးတော့ တိုင်းပြည် တခုလုံး အတွက် လိုအပ်တဲ့ ဥပဒေပြုခြင်း လုပ်ငန်းတွေကို ပြုနိုင်ဖို့အတွက် အဲဒီ ဥပဒေပြုတဲ့ နည်းဥပဒေတွေ မနေ့တနေ့ကမှ ထုတ်ပြန်ပြီးတော့ ရက် ၂၀ ပဲ အချိန်ပေးတယ် ဆိုတာကတော့ တော်တော်ကို မဖြစ်သင့်တဲ့ ကိစ္စလို့ ကျနော်ကတော့ မြင်ပါတယ်။”

အဆင်သင့်မဖြစ်ဘဲ လွှတ်တော်တက်ရမယ့် အခြေအနေဟာ နိုင်ငံရေးအရ ဘယ်လို သတိ ထားစရာတွေ ရှိပါမလဲ။

“ဥပဒေပြုမယ့် သူတွေက သူတို့ ဘယ်လိုနည်း၊ ဘယ်လိုဟန်နဲ့ ဥပဒေပြုရမယ် ဆိုတဲ့ဟာကို အချိန် လိုအပ်သလို မရတဲ့ အတွက် သူတို့မှာ ၂၀၁၁ ဖြစ်ဖြစ်၊ ၅ နှစ်အတွင်းမှာ သူတို့ ဥပဒေ ပြုစရာတွေကို အချိန်မီ မလုပ်နိုင်တဲ့ အခါကြတော့ တတိုင်း ပြည်လုံးက နစ်နာစရာ ရှိပါတယ်။

“ဒုတိယအချက်က လွှတ်တော်အသီးသီးကို တက်မယ့်သူတွေ အနေနဲ့ သတိထားစရာ အများကြီး ရှိပါတယ်။ ဘာလို့လဲ ဆိုတော့ နှစ်ပေါင်း ၄၈ လုံးလုံး မရှိခဲ့တဲ့ နေရာကို ကျနော်တို့ ၀င်သွားတော့မယ် ဆိုတော့ ၂၀၁၀ မှာ ရွေးကောက်ခံတဲ့ အမတ်တွေ အားလုံးဖြစ်ဖြစ်၊ စစ်တပ်က ခန့်အပ်လိုက်တဲ့ စစ်ဗိုလ် အမတ်တွေ အားလုံးဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် တိုင်းပြည် မျက်နှာကို ကြည့်ပြီးတော့ ပူးတွဲ လုပ်ဆောင်နိုင်ဖို့ ဆိုတဲ့ ဆန္ဒ ရှိဖို့လိုတယ်။

“စစ်ဗိုလ်အမတ်တွေ အားလုံးလည်း မကောင်းတဲ့သူတွေ မဟုတ်သလို ပြည်သူက ရွေးလိုက်တဲ့ သူတွေ အားလုံးလည်း အကုန် ကောင်းတယ် မဟုတ်ပါဘူး။ ပြည်သူတွေ ဘာကို လိုလားတောင့်တနေတယ် ဆိုတာကို နားလည်ပြီးတော့ ပြည်သူ့ ကိုယ်စားပြု အမတ်ကောင်း တယောက်ပီပီ တာဝန်ကျေပြွန်စွာ လုပ်ဆောင်နိုင်ဖို့ အခြေခံဆန္ဒ ထားဖို့၊ အခြေခံဆန္ဒ ရှိဖို့က အရေးကြီးတယ်။ အဲဒီအပေါ်မှာပဲ တဖြည်းဖြည်းနဲ့ တတ်ကျွမ်းတဲ့သူတွေ၊ သိတဲ့သူတွေ ဗမာပြည်မှာ အများကြီး ရှိပါတယ်၊ ဥပဒေနဲ့ ပတ်သက်တဲ့သူတွေ၊ အဲဒါတွေရဲ့ အကူအညီ ယူပြီးတော့ တဖြည်းဖြည်းနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို အသွင်ကူးပြောင်းဖို့၊ သွားဖို့ လိုအပ်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။”

မြန်မာ့အရေး လေ့လာသုံးသပ်သူ အန်ဒရူး မုံကျုံးလျန် ပြောပြသွားတာ ဖြစ်ပါတယ်။


Ref: VOA News

Read More...

Tuesday, January 11, 2011

ဇိမ်ခံကားနှင့် ဥက္ကဌ

အမျိုးသမီးကြီးတစ်ယောက် ဟာ ဇိမ်ခံကားကြီး တစ်စီး ဈေးကြီးကြီး
ပေးဝယ်လိုက်တယ်..။

နှစ်ရက်လောက် အကြာမှာတော့ ရေဒီယို ကတ်ဆက် အလုပ် မလုပ်တော့ လို့ ကုမ္ပဏီ ကို
သွားပြီး တိုင်တယ်..။

အရောင်းမန်နေဂျာက...
"....ကျွန်တော်တို့ ကားရဲ့ ရေဒီယိုက အလိုအလျှောက် စနစ် တပ်ထားတဲ့စက်ပါ...
ခင်ဗျားနားထောင် ချင်တဲ့ သီချင်း ဒါမှ မဟုတ် အဆိုတော် ကို ပါးစပ်ကနေ ရွတ်လိုက်ရင်
အလိုအလျှောက် ဆိုပေးပါလိမ့်မယ်..........""

အမျိုးးသမီးကြီး ကားမောင်းထွက် သွားပြီး ပါးစပ်နေရေရွတ်လိုက်တယ်
" ... သိန်းတန်..."
ရေဒီယိုက အသံကြားလိုက်ရတယ်

"...မြန်မာပြည် ..လား....တံွေ တး ...လား... "

အမျိုးသမီးက တွံတေးသိန်းတန် လို့ ပြောလိုက်တာ့ တွန်တေးသိန်းတန်
သီချင်း ထွက်ပေါ်လာတယ်... သူမနှစ်ချိုက်သွားတယ်..။

ဒါနဲ့ ကား ကို အရှိန်မြှင့် မောင်းရင်း နားဆင်ရင်း စက်ကို စမ်းရင်းပေါ့
ကိုင်ဇာလို့ ပြောလိုက်တာ့ ကိုင်ဇာ သီချင်း ထွက်လာတယ်......

အဆိုတော် တော်တော် များများပြောကြည့်တယ် အကုန် ရတယ်
အပျော်လွန်ပြီး မီးပွိုင့်မှာ မီးနီ ဖြတ်လိုက်မိတယ်..

သိလိုက်တဲ့အချိန်မှာ မော်တော် ပီကယ် တစ်စီး သူ့မနောက် လိုက်တာတယ် သူမကားကို
ရပ်ပေးလိုက်ပြီး

ပါးစပ်ကနေရေရွတ်လိုက်မိတယ်....။
""....Shit! Stupid. !...."" (သေစမ်း..ငတုံး)

ရေဒီယိုက အသံထွက်လာတယ် ""..နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကာင်စီ ဥက္ကဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊
ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည်

ဒီနေ့မနက်.....................................။"

Read More...

The New Parliament Held on Jan 31 - 10 Jan 2011


Burma Update

Read More...

Monthly News Commentary - January 2011


Monthly News Commentary - January 2011

Read More...

လကုန်မှာ လွှတ်တော်အကုန် ခေါ်မည်

ကိုဝိုင်း
တနင်္လာနေ့၊ ဇန်နဝါရီလ ၁၀ ရက် ၂၀၁၁။

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲအပြီး ပထမဆုံး လွှတ်တော်အစည်းအဝေးများကို ဇန်နဝါရီ ၃၁ ရက်တွင် ခေါ်ယူမည်ဟု စစ်အစိုးရက ယနေ့ ကြေညာ လိုက်သည်။

စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်သော အမိန့်ကို နိုင်ငံပိုင် ရုပ်မြင် သံကြားနှင့် အသံလွှင့်ရုံက ထုတ်ပြန် ရာတွင် ဇန်နဝါရီလ ၃၁ ရက် တနင်္လာနေ့ နံနက် ၈ နာရီ ၅၅ မိနစ် တွင် ပထမအကြိမ် ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်တို့ကို တပြိုင်တည်း ကျင်းပရမည် ပါရှိသည်။

လွှတ်တော် အစည်းအဝေးများအတွက် ကြိုတင်ပြင်ဆင်ချက်အနေဖြင့် လေ့လာဖတ်ရှုနိုင်ရန် ဥပဒေ၊ နည်းဥပဒေ ၁၇ မျိုးကိုလည်း ပုံနှိပ် ဖြန့်ဝေကြောင်း မြန်မာ့ရုပ်မြင်သံကြား MRTV4 ကြေညာချက်တွင် ပါရှိသည်။

၎င်းတို့မှာ (က) နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ဥပဒေ၊ နည်းဥပဒေ၊ (ခ) နိုင်ငံတော် သမ္မ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ် တင်မြှောက်ခြင်း ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ၊ (ဂ) ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ၊ (ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရ အဖွဲ့ ဥပဒေ၊ (င) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥပဒေ၊ (စ) နေပြည်တော် ကောင်စီ ဥပဒေ၊ (ဆ) နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေ (ဇ) ပြည်ထောင်စု ရာထူးဝန် အဖွဲ့ ဥပဒေ၊ (ဈ) နိုင်ငံတော် အလံ ဥပဒေနှင့် နည်းဥပဒေ၊ (ည) နိုင်ငံတော် သီချင်း ဥပဒေနှင့် နည်းဥပဒေတို့ ပါရှိသည်။

ထို့ပြင် (ဋ) ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၊ (ဌ) ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ (ဍ) အမျိုးသား လွှတ်တော် ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၊ (ဎ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၊ (ဏ) ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ၊ (တ) ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေ၊ (ထ) ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေတို့ ဖြစ်သည်။

လွှတ်တော်သုံးရပ်ပေါင်းအမတ် ၆၄ ဦးအရွေးခံရသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကလည်း လွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးကို သန်ဘက်ခါ နောက်ဆုံးထား လုပ်မည်ဟု ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဦးဟန်ရွှေက ပြောသည်။

ထို့ပြင် လွှတ်တော်သုံးရပ်ပေါင်း မဲဆန္ဒနယ် ၁,၁၅၄ အနက် ၈၈၂ နေရာဖြင့် အများဆုံး နိုင်ထားသော စစ်အစိုးရ ထူထောင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြိုင်ဘက် ပါတီများကို ပိုအားနည်းအောင် လုပ်နေသည်ဟု အတိုက် အခံပါတီများက စွပ်စွဲနေကြသည်။

လတ်တလောတွင် တစည၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ-SNDP၊ ရခိုင် တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ-RNDP တို့မှ ရွေးကောက်ခံ အမတ် ၂ဝ ကို ကြံ့ဖွံ့က နေပြည်တော် ပြည်ထောင်စု ကော်မရှင်ရုံးတွင် ကန့်ကွက် ထားခြင်းကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။

ပဲခူးတိုင်းနှင့် မကွေးတိုင်းမှ တစညအမတ် ၈ ယောက်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ အမတ် ၁ ယောက်၊ ကျားဖြူခေါ် SNDP မှ အမတ် ၂ ယောက်၊ RNDP မှ ၉ ယောက်ကို ကြံ့ဖွံ့က မဲမသမာမှုဖြင့် အနိုင်ရသည်ဆိုကာ ကန့်ကွက်ထားသည်။

သို့သော်လည်း ပဲခူးတိုင်း ကြို့ပင်ကောက် မဲဆန္ဒနယ်မှ ဝင်ပြိုင်ခဲ့သော ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ဒေါ်ချိုချို ကျော်ငြိမ်းက ကြံ့ဖွံ့ ပြည်သူ့ လွှတ်တော်အမတ် ဦးသန့်ဇင်က မဲလိမ်ကာ အနိုင် ယူသွားသည်ဟု တရား စွဲထားသည်။ ထိုအမှုကို မနက်ဖြန် နေပြည်တော်တွင် ကြားနာမည်။

တချိန်တည်းမှာပင် ရှမ်း၊ ရခိုင်၊ ချင်း၊ မွန်၊ ကရင်ပါတီများကလည်း ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ရန် မကြာခင် တွေ့ဆုံ သွားမည်ဟု ပါတီ သတင်းရပ်ကွက် များက ပြောသည်။

Ref: မဇ္ဈိမ

Read More...

Monday, January 10, 2011

Uncensored Burma - Daily News ( 2011 Jan9)

Daily News ( 2011 Jan9)

Read More...

မတားပါဘူး စဉ်းစားဖို့ ပြောတာပါ

လူထုစိန်ဝင်း



အခုတလော လာသမျှလူတိုင်း တစ်ခုတည်းသော မေးခွန်းကိုပဲ မေးလေ့ရှိတယ်။ နိုင်ငံရေးပါတီ တချို့က ပါတီရန်ပုံငွေ ရဖို့အတွက် ကုမ္ပဏီထောင်ပြီး စီးပွားရေး လုပ်ငန်းတွေ လုပ်မယ်လို့ ပြောနေကြတာနဲ့ ပတ်သက်ပြီး ဘယ်လို ထင်မြင် ယူဆသလဲ ဆိုတဲ့ မေးခွန်း ဖြစ်တယ်။

ကိုယ့်သမိုင်းကိုယ်ရေးတာ
ဒီလို မေးမလာကြခင် ကတည်းက ဒီကိစ္စကို အထပ်ထပ်အခါခါ စဉ်းစားကြည့်ခဲ့ပါတယ်။ စီးပွားရေး လုပ်ငန်းတွေ လုပ်မယ်လို့ ပြောသူများရဲ့ စကားတွေကိုလည်း သေသေချာချာ နားထောင် ရတယ်။ အားလုံးက ပါတီ ရန်ပုံငွေ အတွက် ကုမ္ပဏီထောင်ပြီး လမ်းဖောက်၊ တံတားဆောက်တဲ့ ကန်ထရိုက် လုပ်ငန်းတွေ လုပ်မယ်။ စိုက်ပျိုး မွေးမြူရေးတွေ လုပ်မယ်။ ရေလုပ်ငန်း လုပ်မယ်။ အိတ်စပို့ အင်ပို့ လုပ်ငန်းတွေလုပ်မယ် စသဖြင့် သန်ရာသန်ရာတွေ စိတ်ကူး ထားကြတယ်။

ဒီမိုကရေစီ လမ်းကြောင်းမှာက ဘယ်သူမဆို ကိုယ်စိတ်သန်ရာကို လွတ်လွတ်လပ်လပ် လုပ်ခွင့် ရှိတာကြောင့် နိုင်ငံရေး ပါတီတွေက စီးပွားရေး လုပ်မယ် ဆိုရင်လည်း ဘာမှပြောစရာ မရှိပါဘူး။ သူတို့စိတ်ကြိုက် လုပ်ခွင့် ရှိပါတယ်။ ကိုယ့်သမိုင်း ကိုယ်ရေးကြတာပဲ ဆိုတဲ့စကား အရှိသား မဟုတ်လား။

ကိုယ့်မှာလည်း ခေါင်းတစ်လုံးရှိလို့
သူတို့သဘောနဲ့သူတို့ လုပ်တာကို ဘာမှမပြောလိုဘူး။ ဒါပေမဲ့ ကိုယ့်မှာလည်း ခေါင်းတစ်လုံး ရှိတာကြောင့် ကိုယ့်ဟာကိုယ် လွတ်လပ်စွာ စဉ်းစား တွေးတောတာတော့ လုပ်ဖြစ်တယ်။ ရှေးတုန်းက လွှတ်တော်တွေ အကြောင်းလည်း ပြန်စဉ်းစားမိတယ်။ ရှေးက လွှတ်တော် ဘတ်ဂျက် အစည်းအဝေးတွေမှာ ၀န်ကြီးတွေက သူတို့ဌာနအတွက် တစ်နှစ်တာ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွေကို လွှတ်တော်မှာ တင်ပြပြီး အသုံးစရိတ် ခွင့်ပြုချက် တောင်းကြရတယ်။ အဲဒီအခါ အတိုက်အခံ အမတ်တွေကထပြီး၊ ဒါလောက်တောင်းတာ များတယ်။ ဒါလောက် မပေးသင့်ဘူး။ ဘယ်ရွေ့ဘယ်မျှ လျှော့ချဖြတ်တောက် သင့်ပါတယ်လို့ ကန့်ကွက်ကြတယ်။

နေ့ရောညပါ အကြိတ်အနယ်
ကန့်ကွက်ချက်တွေကို သက်ဆိုင်ရာဝန်ကြီးက အကျိုးအကြောင်းနဲ့ထပ်ပြီး ရှင်းပြရတယ်။ ကန့်ကွက်သူက မကျေနပ်ရင် မဲခွဲ ဆုံးဖြတ် ကြရတယ်။ ၀န်ကြီးဌာန တစ်ခုစီရဲ့ အသုံးစရိတ် တောင်းခံချက်တိုင်းကို ဒီလိုပဲလုပ်ကြတယ်။ ဒါကြောင့် ဘတ်ဂျက် အစည်းအဝေး တွေဟာ လနဲ့ချီပြီး ကြာတတ်တယ်။ ပါလီမန် ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံတိုင်းမှာ ဒီလိုပဲ လုပ်ကြရတယ်။ ကမ္ဘာ့ နိုင်ငံကြီးတိုင်းရဲ့ လွှတ်တော်တွေဟာ တစ်နှစ်ပတ်လုံး ရုံးထိုင်ပြီး နိုင်ငံ့အရေး၊ ကမ္ဘာ့အရေးတွေကို ဆောင်ရွက်ကြရတယ်။ တစ်ခါတစ်ရံ ဘတ်ဂျက် အစည်းအဝေး တွေဟာ လေးငါးရက် ဆက်တိုက် နေ့ရောညပါ အကြိတ်အနယ် ဆွေးနွေးကြရတာ မျိုးတွေတောင် ရှိတတ်တယ်။

ဥပမာပြောကြည့်တာ
မြန်မာပြည်က နိုင်ငံရေးပါတီတွေက နိုင်ငံရေးလုပ်ရင်း တစ်ဖက်မှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကြမယ်ဆိုတော့ အကျိုးစီးပွားချင်း ဆန့်ကျင့်ဘက် ဖြစ်မှု (conflict of interests) ဆိုတာတွေ ပေါ်ပေါက်မလာနိုင် ဘူးလားဆိုတဲ့ အတွေး ပေါ်လာတယ်။ ဒီအလုပ်မျိုးတွေက ၀န်ကြီး ဌာနတွေဆီက ကန်ထရိုက်ယူပြီး လုပ်ရမှာ ဖြစ်တယ်။ လွှတ်တော်မှာ အဲဒီဝန်ကြီး ဌာနတွေက ဘတ်ဂျက် တင်သွင်းပြီး အသုံးစရိတ် တောင်းခံတဲ့အခါမှာ နိုင်ငံရေးပါတီ အနေနဲ့ဆိုရင် အသုံးစရိတ် လျှော့ချဖြတ်တောက်ဖို့ အဆိုတင်သွင်းရမှာ ဖြစ်တယ်။

ထိပ်တိုက်တိုးလေ့ရှိ
ဒါပေမဲ့ တစ်ဖက်က စီးပွားရေး အပိုင်းကို တာဝန်ယူထားသူတွေ အနေနဲ့ကတော့ ၀န်ကြီးဌာနနဲ့ ဆက်ဆံရေး ချောမွေ့စေချင်တယ်။ မကန့်ကွက် စေချင်ဘူး။ အဲဒီလိုဆိုရင် ပါတီခေါင်းဆောင်တွေ ဘယ်လို ဆုံးဖြတ်မလဲ။ ပါတီ အကျိုးစီးပွားကို ဦးစားပေးမှာလား။ ပြည်သူလူထု အကျိုးစီးပွား အတွက် အစိုးရ အသုံးစရိတ်တွေကို လျှော့ချဖြတ်တောက်ဖို့ လုပ်မှာလား။

ဒီလို ကြီးမားတဲ့ နိုင်ငံ့အရေးကိစ္စကြီးတွေ ဆိုတာထား။ ဘာမဟုတ်တဲ့ ဂျာနယ်မဂ္ဂဇင်း လုပ်ငန်း အသေးစားလေး တွေမှာတောင် ဒီလို အကျိုးစီးပွားချင်း ဆန့်ကျင်ဘက် ဖြစ်မှုတွေက ထိပ်တိုက် တိုးလေ့ရှိတယ်။ ဂျာနယ်၊ မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့က မှန်ရင်မှန်တယ်။ မှားရင်မှားတယ်။ ကောင်းရင်ကောင်းတယ်။ မကောင်းရင် မကောင်းဘူး။ အမှန်အတိုင်း ရေးချင်တယ်။ ရုပ်ရှင်ကားတစ်ကားကို ဝေဖန်သူက မကောင်းဘူးလို့ ရေးရင်၊ ရေးတဲ့အတိုင်းပဲ ထည့်ချင်တယ်။ ဆေးဝါးအတုတွေ ပေါ်နေရင် အတုတွေ ပေါ်နေတယ်လို့ ရေးချင်တယ်။

ပိုက်ဆံရဖို့ အကွက်ပဲချောင်းနေ
ကြော်ငြာဌာနနဲ့ မားကက်တင်းသမားတွေကတော့ ကြော်ငြာရှင်တွေ ငြိုငြင်သွားမှာ စိုးတဲ့အတွက် မကောင်းတာတွေ မထည့် စေချင်ဘူး။ ပိုက်ဆံ ပေးနေတဲ့ ကြော်ငြာရှင် စီးပွားရေး သမားတွေ သဘောတွေ့၊ မနောခွေ့စေမယ့် စာမျိုးတွေပဲ ထည့်စေချင်တယ်။ ဂျာနယ်မဂ္ဂဇင်း အဖုံး လုပ်တာကအစ အယ်ဒီတာတွေက ပန်းချီ သရုပ်ဖော်ပုံ ကောင်းကောင်းလေးတွေ သုံးချင်တယ်။ ကြော်ငြာနဲ့ မားကက်တင်း သမားတွေ ကတော့ မင်းသား၊ မင်းသမီးပုံတွေပဲ သုံးစေချင်တယ်။ ပိုက်ဆံ ထုတ်တဲ့ ထုတ်ဝေသူ ကိုယ်တိုင်က အယ်ဒီတာ လုပ်ရင် တော်သေးတယ်။ သူက ထုတ်ဝေသူ သူဌေး နေရာမှာပဲ နေတယ်ဆိုရင်တော့ အယ်ဒီတာတွေ နေ့စဉ် စိတ်ညစ် နေရပြီသာမှတ်။

နေ့စဉ်ဖြစ်နေတာပဲ
တချို့ နိုင်ငံတွေမှာတော့ ရွေးကောက်ခံတော့မယ် ဆိုတာနဲ့ တစ်ပြိုင်နက် သူတို့ပိုင်ဆိုင်သမျှ စည်းစိမ် ချမ်းသာတွေကို လူသိရှင်ကြား ထုတ်ဖော် ကြေညာ ထားရတယ်။ ဒီလို လုပ်တာတောင်မှ မသမာမှုတွေ နေ့စဉ်နဲ့အမျှ ဖြစ်နေကြတာပါပဲ။ ဂျပန်နိုင်ငံမှာ ဆိုရင် သက်တမ်း ပြည့်အောင် တာဝန် ထမ်းဆောင်ရတဲ့ ၀န်ကြီးချုပ် အတော်ရှားတယ်။ အရှုပ်တော်ပုံ တစ်မျိုးမျိုးကြောင့် ရာထူးက တစ်နှစ်၊ နှစ်နှစ် အတွင်း နုတ်ထွက် သွားရသူတွေ များတယ်။ တချို့ဆို တစ်နှစ်တောင် မခံလိုက်ကြဘူး။ တောင်ကိုရီးယား နိုင်ငံရဲ့ အကြီးဆုံး ကုမ္ပဏီကြီးတွေက သူဌေးကြီးတွေ အားလုံးလည်း အာဏာရ ပုဂ္ဂိုလ်တွေနဲ့ ပေါင်းပြီး ငွေကြေး မသမာမှု အမျိုးမျိုးနဲ့ ထောင်ချခံရ သူတွေချည်းပဲ။ အနောက် နိုင်ငံကြီးတွေမှာလည်း ကင်းတယ် မရှိပါဘူး။ သတင်းစာတွေမှာ နေ့စဉ်လိုလို ဖတ်နေရတယ်။

စိန်နဲ့ သံပရာ
နိုင်ငံရေးနဲ့ စီးပွားရေးဆိုတာက တိုင်းပြည်တစ်ပြည်မှာ အရေးကြီးဆုံး နယ်ပယ်နှစ်ရပ် ဖြစ်တယ်။ ကိုယ့်နယ်နဲ့ကိုယ် တစ်သီး တခြားစီ ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ရတယ်။ ဒီနှစ်ခုကို မရောထွေးသင့်ဘူး။ ရောထွေးလိုက်ရင် နှစ်ဖက်လုံး အကျိုးမရှိဘူး။ နှစ်ဖက်စလုံး ပျက်စီး သွားတတ်တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီနယ်ပယ် နှစ်ခုဟာ စိန်နဲ့ သံပရာလိုပဲ ဓာတ်မတည့်ကြလို့ ဖြစ်တယ်။ တစ်ခုချင်း အနေနဲ့ အသုံးဝင်တယ်။ တန်ဖိုးရှိတယ်။ ဒါပေမဲ့ နှစ်ခု ရောလိုက်ရင်တော့ အဆိပ်ဖြစ်သွားတယ်။

နိုင်ငံရေးဆိုတာက နိုင်ငံအတွက်၊ အများအတွက် လုပ်ရတဲ့အလုပ် ဖြစ်တယ်။ ကိုယ်ကျိုးစီးပွား ငဲ့ကွက်လို့ လုံးလုံး မဖြစ်ဘူး။ လိုအပ်လာရင် အသက်ကိုတောင် စွန့်တဲ့အခါ စွန့်ပြီး လုပ်ရလေ့ရှိတယ်။ ပရဟိတ သဘောသက်သက် ဖြစ်တယ်။

တန်ဖိုးနဲ့မူ
စီးပွားရေးကတော့ သဘာဝကိုက အမြတ်ရအောင် လုပ်ရတဲ့အလုပ် ဖြစ်တယ်။ အရှုံးခံ အနစ်နာခံပြီး လုပ်ရိုး ထုံးစံမရှိဘူး။ လုပ်ရင် လုပ်တဲ့သူဟာ စီးပွားရေး သမားကောင်းလို့ မခေါ်တော့ဘူး။ ညံ့ဖျင်းတဲ့ စီးပွားရေး သမားလို့ သတ်မှတ်တယ်။ နိုင်ငံရေး သမားက မူနဲ့ဝါဒကို ကိုင်ပြီး လုပ်ရတယ်။ မူကို တန်ဖိုးထားတယ်။ "Value of the principle" ကို အမြဲ ဆုပ်ကိုင်တယ်။ စီးပွားရေး သမားက အမြတ်ရဖို့ အတွက် ဆိုရင် ဘာမဆို အလျှော့အတင်း အပေးအယူ လုပ်နိုင်တယ်။သူက "principle" မူထက် "value" တန်ဖိုးကိုသာ ကြည့်တယ်။ ဒါကြောင့်သူ့ မှာ "principle of the value" တန်ဖိုးအတွက် မူဆိုတာပဲ ရှိတယ်။ မူအတွက် တန်ဖိုးဆိုတာ မရှိဘူး။ နားမလည်ဘူး။ ဂရုမစိုက်ဘူး။

အမြတ်ကို ဦးထိပ်ပန်ဆင်
စီးပွားရေးသမားက ကုမ္ပဏီအတွက် ရှယ်ယာရှင်တွေအတွက် အမြတ်များများ ရအောင် ဘယ်လို လုပ်ရမလဲလို့ အမြဲ စဉ်းစားရတယ်။ အမြတ်ကို ဦးထိပ် ပန်ဆင်ရတယ်။ နိုင်ငံရေး သမားကတော့ ပြည်သူလူထု သက်သာ ချောင်ချိဖို့အတွက် ကုန်ဈေးနှုန်းတွေ ကျဆင်းရေးနဲ့ အခွန် အတုတ်တွေ နည်းနိုင်သမျှ နည်းရေးကို ဆောင်ရွက်ရတယ်။ အခွန်အတုတ်တွေ လျော့ကျ စေဖို့အတွက် အစိုးရ အသုံးစရိတ်တွေ လျော့ကျဖို့ လိုတယ်။ အဲဒါကြောင့် လွှတ်တော်ထဲမှာ ၀န်ကြီးဌာနတွေက တင်ပြတောင်းခံတဲ့ အသုံး စရိတ်တွေထဲက တစ်ကျပ် ဖြတ်တောက်ရေး အဆို နှစ်ကျပ် ဖြတ်တောက်ရေး အဆိုတွေ တင်ကြတယ်။ တောင်းတဲ့ထဲက ငွေတစ်ရာမှာ တစ်ကျပ်နှုန်း၊ နှစ်ကျပ်နှုန်း ဖြတ်ပါဆိုတဲ့ သဘောဖြစ်တယ်။

မတားပါဘူး
စီးပွားရေးရဲ့ သဘာဝက အစိုးရက အသုံးစရိတ် များများသုံးလေ လုပ်ငန်း ဆောင်ရွက်မှု ပမာဏများလေ ဖြစ်ပြီး ကန်ထရိုက် များများရ၊ ပစ္စည်းများများ ရောင်းချရတဲ့အတွက် သဘောကျ အားပေး ထောက်ခံရတယ်။ များများ သုံးအောင် နှိုးဆော် တိုက်တွန်းရတယ်။ တကယ်လို့ နိုင်ငံရေး ပါတီတွေက ကုမ္ပဏီထောင်ပြီး စီးပွားရေး လုပ်ကြမယ်ဆိုရင် ဒီ 'conflict of interests' အကျိုးစီးပွားချင်း ဆန့်ကျင်ဘက်ဖြစ်မှု ပြဿနာကို ဘယ်လို ကိုင်တွယ်ကြမှာလဲ။ ကုမ္ပဏီ အမြတ် ရဖို့ လုပ်မှာလား။ ပြည်သူလူထု သက်သာ ချောင်ချိအောင် လုပ်မှာလား။ အစိုးရက အခွန်အတုတ်တွေ များများ ကောက်ပြီး လုပ်ငန်းတွေ များများလုပ်ဖို့ တိုက်တွန်းမှာလား။ အခွန် အတုတ်တွေ လျှော့ကောက်ပြီး လုပ်ငန်းနည်း နည်းပဲ လုပ်ဖို့ တောင်းဆိုမှာလား။

ဒီအချက်တွေကို စီးပွားရေးလုပ်မယ့် နိုင်ငံရေးသမားတွေ သေသေချာချာ စဉ်းစားစေချင်တယ်။ မလုပ်နဲ့လို့ ပြောတာ မဟုတ်ပါဘူး။ ဒီမိုကရေစီ လမ်းခရီးမှာ လူတိုင်း လွတ်လပ်စွာ လုပ်ခွင့်ရှိပါတယ်။ မတားပါဘူး။ စဉ်းစားဖို့ ပြောတာပါ။

Read More...

အပေါ်သို့