Tuesday, March 31, 2009

အန်ဂျီအိုများ ကူညီသည့်တိုင် ဧရာဝတီတိုင်းတွင် ရေခက်ခဲ

မတ်လ(၃၁) ရက်၊ ၂၀၀၉

လေဘေးဒဏ်သင့် ဧရာဝတီတိုင်းအတွင်းတွင် နိုင်ငံတကာ အန်ဂျီအိုများနှင့် ပုဂ္ဂလိက အလှူရှင်များက ကူညီနေကြ သော်လည်း ရေရရှိရေး အခက်အခက်များ ရှိနေသေးကြောင်း ဒေသခံများက ပြောပြကြသည်။

ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ခါးပြတ်ကျေးရွာအုပ်စု လေယာဉ်ကွင်းကျေးရွာမှ ရွာသားတဦးက “ကျနော်တို့ရွာက ပင်လယ်နဲ့ အရမ်းနီးတယ်။ နာဂစ်မုန်တိုင်းတိုက်ပြီးနောက် ရွာက ရေကန်တွေ ဆားငန်ရေဝင်ပြီး ပျက်ကုန်တယ်။ ခုချိန်ထိ ပြန်မပြုပြင်နိုင်သေးတော့ သောက်ရေသုံးရေ အခက်အခဲ ဖြစ်ရတယ်” ဟု ပြောသည်။

သောက်ရေအတွက် ၎င်းတို့ရွာကို အိုင်အန်ဂျီအိုတခု (Merlin) က လူတယောက် တနေ့ ရေ (၃) လီတာ တန်ဖိုးအားဖြင့် တရက် (၁၄ဝ) ကျပ်နှုန်း ထောက်ပံ့ကြောင်း၊ အဆိုပါငွေကို ရွာရှိ လူ (၁ဝ) ယောက်ကျော်ပါသည့် ကော်မတီက စီမံခန့်ခွဲပြီး အန်ဂျီအိုများ ခွင့်ပြုသည့်သူများထံမှ ရေပြန်ဝယ်ရသည့်အတွက် အဆင်မပြေကြကြောင်း ပြောသည်။

၎င်းက ဆက်လက်၍ ကျေးရွာအနေဖြင့် ထောက်ပံ့ငွေ ရပြီးနောက် အဆိုပါငွေကို ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ပါဝင်သည့် ကော်မတီက ရေဝယ်ယူရေးကို စီမံခန့်ခွဲကြောင်း၊ သို့သော် ရေကို ကိုယ့်ဖာသာကိုယ် သင့်တော်ရာ ဈေးနှုန်းသက်သာရာတွင်ဝယ်၍ မရဘဲ အန်ဂျီအိုများ အသိအမှတ်ပြုသူထံမှသာ ဝယ်ရကြောင်း၊ ထို့အပြင် ရေကို မကြိုက်ပါက ငြင်းပယ်ပိုင်ခွင့်ရှိသော်လည်း ငြင်းပယ်မှုလုပ်သည့်အခါ အဆိုပါ ရေလာပို့သူများက မှန်မှန် လာမပို့ကြကြောင်း ပြောသည်။

ထို့ကြောင့် တခါတရံ ရေပြတ်လတ်ပြီး အခက်အခဲဖြစ်ရကြောင်း၊ သုံးရေနှင့် ပတ်သက်၍လည်း ရွာက အနည်းငယ် သုံး၍ရသေးသည့် လက်ကျန် ရေတွင်း ရေကန်များက မနက် (၇) နာရီမှ (၈) နာရီအထိ တကြိမ်၊ ညနေ (၄) နာရီမှ (၅) နာရီအထိ တကြိမ် ခွဲတမ်းဖြင့် ခပ်သုံးရသည့်အတွက် လုံလောက်မှုမရှိကြောင်း အဆိုပါ လေယာဉ်ကွင်းကျေးရွာမှ ရွာသားက ဆက်လက်ပြောကြားသည်။

အခြားရွာသူရွာသားများကလည်း မုန်တိုင်းကြောင့် ရေငန်ဝင်ပြီး ပျက်စီးသွားသည့် ၎င်းတို့ရွာက ရေတွင်းရေကန်များ ကို အဓိက ပြုပြင်ပေးမှသာ လာမည့်နှစ်တွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ပြောသည်။
ဧရာဝတီတိုင်းအတွင်းက လေဘေးသင့်ဒေသများ ယခုကဲ့သို့ သောက်ရေသုံးရေ ရှားပါးခြင်းကြောင့် သုံးရေရနိုင် သည့် အနီးဆုံးနေရာများကို လှေများဖြင့် သွားရောက် သယ်ယူနေကြရပြီး အချို့သုံးရေ ရရှိရာ နေရာများသည် ရွာနှင့် ရေလမ်းခရီး (၆) နာရီကြာခန့် ကွာဝေးကြောင်း သိရသည်။

သောက်ရေသုံးရေ ရှားပါးခက်ခဲနေသော်လည်း အိုင်အန်ဂျီအိုများအနေဖြင့် ရေသန့်ဆေးပြားများ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေထားနိုင်သည့်အတွက် ဝမ်းရောဂါကဲ့သို့ ရေမသန့်ရာမှ ရသည့်ရောဂါများ ကြီးကြီးကျယ်ကျယ် ဖြစ်ပွားခြင်း မရှိသေးဟု သိရသည်။

ထို့အပြင် အန်ဂျီအိုများ၏ မိုဘိုင်းဆေးခန်းလေးများက လေဘေးဒဏ်ခံ ကျေးရွာများအတွင်း ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးနေ၍ ဖြစ်ကြောင်း သိရသည်။ သို့သော် လာမည့် မေလ (၁၂) ရက်မှစ၍ လပွတ္တာမြို့နယ်အတွင်း က ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် မိုဘိုင်းဆေးခန်း (၁ဝ) ခုအနက် (၈) ခု ထွက်ခွာသွားရမည်၊ ကျန်သည့် (၂) ခုမှာမူ သက်ဆိုင်ရာ အစိုးရကျန်းမာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဆိုသည့် အာဏာပိုင်များ၏ ညွှန်ကြားချက်ကြောင့် လေဘေးဒဏ်ခံ ဒေသက ရွာသူရွာသားများ စိုးရိမ်ပူပန်နေကြကြောင်း သိရှိရသည်။



REF: ခေတ်ပြိုင်

Read More...

ရန်ကုန် စာပေစိစစ်ရေး တရားရုံးအထက်က ဆုံးဖြတ်ပေးနေ

မတ်လ(၃၁) ရက်၊ ၂၀၀၉


လတ်တလောဖြစ်ပေါ်နေသည့် ဂျာနယ်ထုတ်ဝေရေးနှင့် ဗလာစာအုပ်ထုတ်လုပ်ငန်းလုပ်နေသည့် Eleven Media Group နှင့် ယမကာ ထုတ်လုပ်သည့် Lucky Eleven Whisky ကုမ္ပဏီ ကိစ္စတွင် သက်ဆိုင်ရာတရားရုံးက ဖြေရှင်းရမည့်အစား စာပေစိစစ်ရေးဌာနက ကြော်ငြာဖော်ပြခွင့် ပိတ်ပင်သည့်နည်းဖြင့် အဆုံးအဖြတ်ပေးနေကြောင်း Lucky Eleven Whisky ကုမ္ပဏီဘက်နှင့် ဂျာနယ်ထုတ်ဝေသူ အသိုင်းအဝိုင်းများက ပြောသည်။

Lucky Eleven Whisky ကုမ္ပဏီ ကြော်ငြာဆိုင်ရာ တာဝန်ရှိသူတဦးက “ကျနော်တို့ ဝီစကီ ကြော်ငြာတွေကို ဂျာနယ်တွေမှာ ထည့်တော့ Eleven Media Group က သတိပေးကြေညာချက်ထုတ်တယ်။ ကျနော်တို့ ထုတ်လုပ်တဲ့ ဝီစကီ နာမည်နဲ့ သူတို့နာမည် ဆင်တူသလို ဖြစ်နေပြီး သူတို့ သိက္ခာကျပါတယ်ဆိုပြီး စွပ်စွဲတယ်။ နောက် ကျနော်တို့ ကြော်ငြာ ဆက်ထည့်ရင် ကျနော်တို့ ကုမ္ပဏီကိုရော၊ ကြော်ငြာထည့်ပေးတဲ့ ဂျာနယ်တွေကိုပါ တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ကိစ္စမရှိပါဘူး။ ကျနော်တို့လည်း ကိုယ့်ကုန်ပစ္စည်းကိုယ် သက်ဆိုင်ရာမှာ မှတ်ပုံတင်ပြီး တရားဝင် ထုတ်လုပ်ရောင်းချတာ။ ဒီတော့ ကြော်ငြာဆက်ထည့်တယ်။ ဂျာနယ်တိုက်တွေကလည်း ထည့်ပေးတယ်။ ဒါပေမယ့် ဒီကြော်ငြာတွေကို မထည့်ရဘူးလို့ စာပေစိစစ်ရေးက ပိတ်ပင်လိုက်တယ်။ တချို့ဂျာနယ်တွေဆို ကြော်ငြာထည့်ဖို့ စာချုပ် ချုပ်ထားတာ တကြိမ်မှတောင် မထည့်ရသေးဘူး။ တကယ်ဆို ဒီကိစ္စ တရားရုံးမှာ ဖြေရှင်းရမယ့်ကိစ္စ။ ဒါကို စာပေစိစစ်ရေးက တရားရုံးအထက်ကနေ ဆုံးဖြတ်ပေးလိုက်တဲ့သဘော၊ ဥပဒေကို မလေးစားတဲ့သဘော သက်ရောက်နေတယ်” ဟု ပြောသည်။

ဂျာနယ်ထုတ်ဝေသူ တဦးကလည်း ၎င်းတို့ဂျာနယ်တွင် ကြော်ငြာထည့်ရန် စာချုပ် ချုပ်ထားပြီးသော်လည်း စာပေစိစစ်ရေးက ခွင့်မပြုခြင်းကြောင့် တကြိမ်မှ ထည့်ခွင့်မရတော့ဘဲ ငွေကြေးများစွာ နစ်နာဆုံးရှုံးကြောင်း၊ အမှန်တိုင်းဆိုပါက အဆိုပါကိစ္စသည် တရားရုံးတွင် ဖြေရှင်းရမည့်ကိစ္စသာဖြစ်ကြောင်း ပြောသည်။

ရန်ကုန်စာနယ်ဇင်း အသိုင်းအဝိုင်းကမူ စစ်အစိုးရ စာပေစိစစ်ရေးအဖွဲ့၏ ယခုလုပ်ရပ်သည် ပထမဦးဆုံး မဟုတ်ကြောင်း၊ အာဏာရအသိုင်းအဝိုင်းမှ ကုမ္ပဏီ စီးပွားရေး လုပ်ငန်းများကိစ္စ၊ ကိုယ်ရေးကိုယ်တာ ကိစ္စ စသည့် အကြောင်းအရာ အမြောက်အမြား၌ ပုံနှိပ်ဖော်ပြခွင့် ပိတ်ပင်ခြင်းအားဖြင့် တရားရုံးအထက်က အဖွဲ့အစည်း သဖွယ် ပြုမူဆောင်ရွက်ခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း ပြောသည်။
အမှန်အတိုင်းဆိုပါက အစိုးရကို မထိခိုက်သည့် စာပေစိစစ်ရေးမူများကို မထိခိုက်သည့်အကြောင်းအရာတို့ကို ဖော်ပြခွင့်ပေးပြီး သက်ဆိုင်ရာ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ ကာယကံရှင်များက မကျေနပ်ပါက တရားရုံးတွင် တရားစွဲဆို ရင်ဆိုင်ဖြေရှင်းကြရမည်ဖြစ်သော်လည်း ယခု စာပေစိစစ်ရေး၏ ပြုမူပုံများသည် စာနယ်ဇင်းလွတ်လပ်ခွင့် ချိုးဖောက်နေ ရုံမျှမက တရားဥပဒေ၏ အထက်ကပါ ရပ်တည်လုပ်ကိုင်နေသည့်သဘော သက်ရောက်ကြောင်း ရန်ကုန်စာနယ်ဇင်းအသိုင်းအ၀ိုင်းက ပြောသည်။



REF: ခေတ်ပြိုင်

Read More...

ဒီမိုကရေစီ ဥယျာဉ်မှူးကြီး

Monday, 30 March 2009
ဟန်လေး

REF: ဧရာဝတီ

Read More...

ဗိုလ်ချုပ်သန်းရွှေ ဘယ်လမ်းလိုက်မလဲ - လွင်အောင်စိုး


အခုတလော နအဖရဲ့ နိုင်ငံတကာဆက်ဆံရေး ခြေလှမ်းတွေ သွက်နေပါတယ်။ နအဖဟာ အမေရိကန်၊ တရုတ်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်းနဲ့ ဆက်ဆံရေးတွေကို ကောက်ခါငင်ခါ လုပ်လာလို့ပါဘဲ။ နအဖ ခြေလှမ်းတွေမှာ သူကိုယ်တိုင်က အပြောင်းအလဲဖြစ်လိုတဲ့ သဘောတွေ ရှိနေပါတယ်။ ပုံမှန်သွားနေတဲ့ လမ်းပြမြေပုံကို ဦးတည် နေတာ ဖြစ်ပေမယ့်ခြေလှမ်း လှမ်းပုံတွေမှာ ထူးခြားနေတယ်လို့ သုံးသပ်ရပါတယ်။ အဓိကအချက်ကတော့ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (ICC- International Criminal Court) က ဆူဒန် စစ်အာဏာရှင် ဘာရှီးယား (Bashir)ကို ဖမ်းဝရမ်း ထုတ်လိုက်တာနဲ့ ဆက်စပ်နေမယ်လို့ ယူဆရပါတယ်။ ဆူဒန်ကို ICC က စတင်အရေးယူပြီဆိုရင် နောက်အလှည့် သူတို့များ ဖြစ်လေမလားလို့ ကမ္ဘာ့အဆိုးဝါးဆုံး အာဏာရှင်တွေက တွေးလာကြတော့မှာပါ။ မြန်မာနိုင်ငံက ဗိုလ်ချုပ်သန်းရွှေလည်း ဒီကိစ္စကိုမတွေးပဲ နေနိုင်မှာတော့ မဟုတ်ပါဘူး။
ဆူဒန်သမတ ဘာရှီးယားဟာ ၂ဝဝ၃ ခုနှစ်ကတည်းကစပြီး တောင်ပိုင်း ဒါဖား (Darfur) ဒေသက အစိုးရဆန့်ကျင်သူတွေကို ၂ဝဝ၅ ခုနှစ် ငြိမ်းချမ်းရေး မယူမီအထိ ရက်ရက်စက်စက် တိုက်ခိုက်နေခဲ့ပါတယ်။ သူ့ရဲ့စစ်ဆင်ရေးမှာ အရပ်သားတွေအပေါ် စနစ်တကျ စီစဉ်ထားတဲ့ အတိုင်း မုဒိမ်းမှု၊ လူသတ်မှုနဲ့ အခြားရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြပါတယ်။ နိုင်ငံအစိုးရ ကိုယ်တိုင်က ပြည်သူတွေအပေါ် ရာဇဝတ်မှုတွေကျူးလွန်နေတာတောင် လုံခြုံရေးကောင်စီက ဘာမှ မတားဆီးနိုင်ပဲ ဖြစ်နေရပါတယ်။ အဓိက အကြောင်းရင်းကတော့ ဆူဒန်ကို အရေးမယူ နိုင်အောင် ဗီတိုအာဏာပိုင်ဆိုင်ထားတဲ့ တရုတ်က ဟန့်တားပိတ်ဆို့နေလို့ ဖြစ်ပါတယ်။ ဒါဟာ ယဉ်ကျေးလာတဲ့ ခေတ်သစ် ကမ္ဘာ့သမိုင်းမှာ အတော့်ကိုဆိုးဝါးတဲ့ အဖြစ်ပါဘဲ။ နောက်ဆုံးမှာတော့ ဘာရှီယားကို နိုင်ငံတကာ တရားရုံးကနေ အရေးယူရတဲ့ပုံစံ ဖြစ်သွားပါတယ်။

ဆူဒန်နိုင်ငံဟာ ICC မှာ အဖွဲ့ဝင်နိုင်ငံမဟုတ်လို့ သွားရောက် အစစ်ဆေးခံစရာ မလိုဘူးလို့ ဘာရှီးယားက ခုခံ ပြောဆိုပါတယ်။ ဒီအခါမှာ ICC က ဘာရှီးယားကို ဖမ်းဝရမ်း ထုတ်လိုက်ပါတော့တယ်။ ဆူဒန်သမ္မတ ဘာရှီးယားကို တွေ့ရင်ဖမ်းပေးကြဖို့ ICC က နိုင်ငံတကာ တိုင်းပြည်များကို တိုက်တွန်းထားပါတယ်။

မြန်မာ၊ ဇင်ဘာဘွေ၊ မြောက်ကိုးရီးယား၊ ဆော်ဒီအာရေဗျနဲ့ တရုတ်နိုင်ငံတွေမှာလည်း အစိုးရကိုယ်တိုင်က စနစ်တကျ စီစဉ်ပြီး လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes against humanity) တွေ အမြောက်အမြား ရှိနေခဲ့ပါတယ်။ သက်သေတွေလည်း ရှိလာနေခဲ့ပါပြီ။ ဆူဒန်ခေါင်းဆောင် ဘာရှီယားကို ICC က နိုင်ငံတကာ တရားရုံးတင်ရသလို ကျန်တဲ့နိုင်ငံတွေက ခေါင်းဆောင်တွေကိုလည်း ICC က ခုံရုံးတင်ရဖို့ ရှိနေပါပြီ။ ဒါမှသာ အစိုးရတွေက အာဏာအလွဲသုံးစားလုပ်ပြီး သူတို့နိုင်ငံသားတွေကို စနစ်တကျ နှိပ်စက်တဲ့ ရာဇဝတ်မှုတွေကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။ ၂ဝဝ၉ ခုနှစ် ကမ္ဘာ့အဆိုးဝါးဆုံး အာဏာရှင်စာရင်းကို ၂၃-၃-၂ဝဝ၉ နေ့မှာ ဝါရှင်တန်ပို့စ် အပတ်စဉ်မဂ္ဂဇင်း (Washington Post weekend magazine Parade) က ထုတ်ပြန်လိုက်ပါတယ်။















































ခေါင်းဆောင်နိုင်ငံ၂ဝဝ၉ ခုနှစ် အဆင့်၂ဝဝ၈ ခုနှစ် အဆင့်
မူဂါဘေးဇင်ဘာဘွေ
ဘာရှီးယား ဆူဒန်
ကင်ဂျုံအီးလ် မြောက်ကိုးရီးယား
သန်းရွှေမြန်မာ
အဗ္ဗဒူလာဆော်ဒီအာရေဗျ
ဟူဂျင်တောင်းတရုတ်






ICC က ဖမ်းဝရမ်းထုတ်ထားတာကို ဘာရှီးယားက အံတုပြီး တပါတ်ထဲမှာ အဲရီထရီးယား (Eritrea)နဲ့ အီဂျစ်ကို သွားပြလိုက်ပါတယ်။ ICC အဖွဲ့ဝင်အဖြစ် လက်မှတ်မထိုးတဲ့ နိုင်ငံ တွေကို တိုက်ရိုက်သွားလို့ ရပေမယ့် ICC အဖွဲ့ဝင် နိုင်ငံတွေကို ဖြတ်သွားရင်တော့ အဖမ်းခံ ရမှာ ဖြစ်ပါတယ်။ တကမ္ဘာလုံးမှာ ICC အဖွဲ့ဝင်နိုင်ငံပေါင်း (၁ဝ၈)နိုင်ငံ ရှိနေပြီး နောက်ထပ် နိုင်ငံပေါင်း (၄ဝ)ကလည်း လက်မှတ်ထိုးပြီးပေမယ့် အတည်ပြုဖို့ စောင့်နေတဲ့အဆင့်ကို ရောက်နေပါပြီ။ တနည်းအားဖြင့်ဆိုရင် ဆူဒန်စစ်အာဏာရှင်အတွက် အနည်းဆုံး နယ်ကျဉ်း သွားရပါပြီ။

မြန်မာစစ်အာဏာရှင်ခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေလည်း ဘာရှီးယားလို ICC ဖမ်းဝရမ်း ထုတ်ခံရရင် ဘယ်လိုဖြစ်သွားမလဲလို့ တွေးကြည့်နိုင်ပါတယ်။ ဒါဟာ ဥရောပသမဂ္ဂ (EU)နဲ့ အမေရိကန်ပြည်ထောင်စုက ပြည်ဝင်ခွင့်ဗီဇာ ပိတ်ထားတာထက်ပိုဆိုးပါတယ်။ တွေးကြည့်လို့ ဖြစ်နိုင်တာတွေ အများကြီး ရှိပါတယ်။ အဲဒီထဲက (၃)ချက်ကို အလွယ်တကူတွေးလို့ ရနိုင်ပါ တယ်။

ပထမအချက်က အဖမ်းခံ၊ ခုံရုံးတင် အပြစ်ပေးခံရမယ့်ကိစ္စပါ။ ဒါက အရှင်းဆုံးဖြစ်ပါတယ်။ နိုင်ငံပြင်ပကို ထွက်ဖို့ မလွယ်တော့သလို နိုင်ငံတွင်းမှာလည်း အတိုက်အခံတွေအတွက် နိုင်ငံရေးချိန်ခွင်လျှာ အားသာစေမယ့်အချက် ဖြစ်ပါတယ်။

သေချာပေါက်ဖြစ်လာနိုင်မယ့် ဒုတိယအချက်ကတော့ ICC ဖမ်းဝရမ်း ထုတ်ခံထားရသူတဦးအနေနဲ့ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအပြီးမှာ သမတ (ဒါမှမဟုတ်) ကာကွယ်ရေးဦးစီးချုပ်လိုမျိုး အဆင့်မြင့်ရာထူးကို ထမ်းဆောင်ဖို့ အတော်ခဲယဉ်းသွားမယ့် ကိစ္စပါ။ နိုင်ငံတကာကလည်း ဝိုင်းဝန်းရှုံ့ချမယ့်အပြင် ပြည်တွင်းမှာလည်း လူထုက သူ့ကို အပြစ်ဖို့ လှောင်ပြောင် ဟားတိုက်နေကြတော့မှာ ဖြစ်ပါတယ်။ လွှတ်တော်ထဲမှာလည်း ပြဿနာတွေ ရှုပ်ထွေး လာနိုင်ပါတယ်။ ဗိုလ်ချုပ်သန်းရွှေ ဖမ်းဝရမ်းထုတ်ခံရတာကို အကြောင်းပြုပြီး သူ့ကို ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုသူတွေ ရှိလာနိုင်ပါတယ်။ သူ့လိုမျိုး ရာထူး၊ အာဏာ၊ အခွင့်အရေး၊ စည်းစိမ် ခံစားချင်သူတွေကလည်း ထိုင်ခုံလုလာကြဖို့ ရှိနိုင်ပါတယ်။ ဒီကိစ္စလောက်နဲ့တင် ဗိုလ်ချုပ်သန်းရွှေ တယောက် ဘယ်လောက်တုန်လှုပ် ခြောက်ခြားနေမလဲဆိုတာ တွေးကြည့်နိုင်ပါတယ်။

တတိယအချက်ကတော့ ICC ဖမ်းဝရမ်း ထုတ်ခံရသူ၊ နိုင်ငံတကာ ဝရမ်းပြေး စတဲ့ အမည်းစက်ကြီးက မြန်မာနိုင်ငံ သမိုင်းတလျှောက် ပထမဦးဆုံးအကြိမ် မှတ်တမ်းတင်ခံရတော့မှာ ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေး သိမ်မွေ့တဲ့ ဓလေ့စရိုက်နဲ့ ဗုဒ္ဓဘာသာပါ နာမည်ပျက်ရမယ့်ကိစ္စ ဖြစ်နေပါတယ်။ ပုဂ္ဂိုလ်ရေးရာ၊ တပ်မတော်ရေးရာ၊ နိုင်ငံတကာဆက်ဆံမှု အနေအထား အစရှိတာတွေ အကုန်လုံးလိုက်ပြီး နာမည်ပျက်နိုင်တာကိုလည်း ယထာဘူတ ကျကျ ဆက်တွေးလို့ ရနိုင်ပါသေးတယ်။

ICC ဖမ်းဝရမ်း ထုတ်ခံရတာကို အာဆီယံနဲ့ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုးရီးယားတို့ကလည်း အကာအကွယ် မပေးနိုင် ပါဘူး။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းလည်း မတတ်နိုင်ပါဘူး။ လုံခြုံရေးကောင်စီရဲ့ ဗီတို ပိုင်ရှင်တွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့က ဗိုလ်ချုပ်သန်းရွှေရဲ့ ပုဂ္ဂိုလ်ရေးရာအတွက် ICC နဲ့ ဆန့်ကျင်ပြီး နောက်ထပ် တကြိမ် ခုခံကာကွယ်ပေးဖို့ကလည်း အတော့်ကို စဉ်းစားရမယ့် ကိစ္စပါ။

“မြန်မာ့အရေးဟာ နိုင်ငံတကာက ကိုင်တွယ်ဖြေရှင်းဆုံးဖြတ်ရမယ့်ကိစ္စ (International issue) ဖြစ်နေပြီ”လို့ တရုတ်က အခုကတည်းကတောင် ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာနေပါတယ်။ ဒီလိုပြောတာ ပထမဦးဆုံး အကြိမ်ပါ။ မြန်မာပြည်ထဲမှာ ဘယ်လောက်ဘဲ ဆိုးဆိုးဝါးဝါးဖြစ်နေနေ၊ “ဒါဟာ မြန်မာ့ပြည်တွင်းရေးကိစ္စပါ”လို့ အမြဲတမ်း ဘက်လိုက် ကာကွယ်ပေးနေခဲ့တဲ့ တရုတ်ပေါ်လစီက အခုဆိုရင် ပြောင်းလဲစပြုလာတဲ့သဘောလို့ သုံးသပ်စရာ ဖြစ်ရပါတယ်။

စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းကလည်း မြန်မာနိုင်ငံတွင်းမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးကိစ္စ၊ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပြေလည်အောင်ရေး ကိစ္စတွေကို ပိုပြီး ရဲရဲတင်းတင်းလုပ်ဖို့၊ အခွင့်ကောင်းကို လက်လွှတ်မခံဖို့ နအဖဝန်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန်ကို တရားဝင်ဖိတ်ခေါ်ပြီး လူသိရှင်ကြား တိုက်တွန်းသွားခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ကို နအဖက ပြန်လည်ဆက်သွယ်ရာမှာ စင်ကာပူက အတတ်နိုင်ဆုံး ကူညီမယ်လို့လည်း ကြားဝင် လမ်းခင်းပေးနေခဲ့ပါတယ်။

ဒီကြားထဲမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့အဖွဲ့ကလည်း အိမ်ဖြူတော်ကိုသွားရောက်ပြီး သမတသစ် အိုဘားမားကို သွားရောက်တွေ့ဆုံတဲ့ အခါမှာ မြန်မာ့အရေးကိုလည်း ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ သိရပါတယ်။ ဘန်ကီမွန်း ကလည်း ဧပြီလ(၁၈)ရက်မှာ မြန်မာနိုင်ငံကိုလာရောက်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

စင်ကာပူ မရောက်ခင် ဗိုလ်ချုပ်သိန်းစိန်ဟာ အင်ဒိုနီးရှားသမတ ဆူစီလို (Susilo Bambang Yudhoyono) နဲ့ ဆွေးနွေးခဲ့တဲ့ကိစ္စ၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသစ် ဟီလာရီ ကလင်တန်နဲ့ အင်ဒိုနီးရှားသမတတို့ မြန်မာ နိုင်ငံအကြောင်း ဆွေးနွေးတဲ့ကိစ္စ၊ ကလင်တန်က နအဖအပေါ် ချမှတ်ပိတ်ဆို့ထားတဲ့ စီးပွားရေး ပြစ်ဒဏ်ခတ်တဲ့ (Sanctions)နဲ့ ချဉ်းကပ်နေတာဟာ မထိရောက်သလို အာဆီယံက မြန်မာအပေါ် ချဉ်းကပ်တာလည်း မထိရောက်ဘူးလို့ ဝေဖန် ပြောဆိုပြီး အမေရိကန်အနေနဲ့ နအဖအပေါ်ထားရှိတဲ့ ပေါ်လစီကို ပြန်လည် သုံးသပ်မယ်ဆိုတဲ့ကိစ္စ၊ အမေရိကန်သမတသစ် အိုဘားမားက အင်ဒိုနီးရှား သမတကို ဖုန်းဆက်ပြီး မြန်မာနိုင်ငံအကြောင်း ပြောတဲ့ကိစ္စ၊ ဒါတွေ အားလုံးကို ပေါင်းစုလိုက်တဲ့အခါမှာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Stephen Blake က နအဖရုံးစိုက်ရာ နေပြည်တော်မှာ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနဲ့ တွေ့ဆုံတဲ့ကိစ္စတွေ ဖြစ်ပေါ်လာရပါတယ်။ အမေရိကန်နဲ့နအဖ အဆင့်မြင့်တွေ့ဆုံပွဲဟာ ၁၉ရရ ခုနှစ် ကစပြီး ပြတ်တောက်နေခဲ့ရာကနေ အခုမှ ပထမဦးဆုံး ပြန်ဆက်ဆံလာတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ်ကလည်း မြန်မာနိုင်ငံကို ရောက်လာပြီး နအဖနဲ့ ဆွေးနွေး ပါတယ်။ ဒီနောက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နအဖ ပြန်လည်သင့်မြတ်ရေးအတွက် ကြားဝင်ညှိနှိုင်းပေးမယ်လို့ ပြောလာပါတယ်။ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်ကလည်း နအဖကို လာတွေ့နေပါတယ်။

နအဖနဲ့ နိုင်ငံတကာဆက်ဆံရေးတွေမှာ ဘယ်လိုဘဲ ဖြစ်နေစေဦးတော့၊ နအဖဟာ သူကြီးကြပ်စီစဉ်နေတဲ့ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရိုးသားဖြောင့်မတ်တဲ့ အပြုအမူတွေကို အခုထိ မပြသရသေးပါဘူး။ ဒါတွေဟာ အမှန်တကယ် ဒီမိုကရေစီ ဖော်ဆောင်ဖို့ ကိစ္စအပေါ် သံသယ ဖြစ်စရာပါဘဲ။

ဘာကြောင့်လဲဆိုတော့ နအဖကိုယ်တိုင် တဘက်သပ် စိတ်ကြိုက်ရေးဆွဲပြီး အတင်းအဓမ္မ အတည်ပြုသွားတဲ့ အခြေခံဥပဒေမှာကိုက မရိုးမသား လှည့်စား တာတွေ၊ အနိုင်ကျင့်ထားတာတွေ ရှိနေလို့ဖြစ်ပါတယ်။ အဲဒီ ၂ဝဝဂ ခုနှစ် အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်မှာ မဟုတ်ဘူးလို့ တော်လှန်ရေးနေ့မိန့်ခွန်းမှာ ဗိုလ်ချုပ်သန်းရွှေက ပြောသွားပါတယ်။

နောက်ထပ် မရိုးသားတဲ့အချက်တွေထဲမှာ အထင်ရှားဆုံးအချက်ကတော့ နအဖက ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့် မရှိပဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ ဝင်ခွင့်မပြုဘူးဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါဟာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းသာဖြစ်ပြီး နိုင်ငံအစိုးရနဲ့ မပတ်သက်ရပါဘူး။

တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမဝင်ရဘူးလို့ နအဖက ပြောနေရင် ရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်မှုမရှိဘဲ စစ်အာဏာရှင်တွေရဲ့သြဇာခံပြီး လိုက်လုပ်ပေးနေတဲ့အဖွဲ့လို့ သတ်မှတ်လိုက်သလို ဖြစ်သွား ပါမယ်။ ဒီမိုကရေစီအသွင်ပြောင်းလဲဖို့ ရွေးကောက်ပွဲဖြစ်မလာပဲ စစ်အစိုးရကို သက်တမ်းရှည်စေမယ့် ရွေးကောက်ပွဲ ဖြစ်တယ်လို့ သက်သေပြသလို ဖြစ်နေပါမယ်။ အဲဒီအခါမှာ ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ နိုင်ငံတကာတိုင်းပြည်နဲ့ အဖွဲ့အစည်းတွေကို ဘယ်လိုဘဲ ခေါ်ထားပစေ၊ သမာသမတ်ကျတဲ့ ရွေးကောက်ပွဲလို့ ဘယ်လိုမှ မသတ်မှတ်နိုင် တော့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသမား ၂ဝဝဝ ကျော်ကို ပြန်မလွှတ် ပေးသေးတဲ့ကိစ္စကလည်း နအဖရဲ့ မရိုးသားမှုကို နိုင်ငံတကာသိ ဖော်ထုတ်သလို ဖြစ်နေပါသေးတယ်။ သူတို့ကို ချွင်းချက်မရှိ လွှတ်ပေးဖို့ နိုင်ငံတကာက အမြဲတမ်း ဝိုင်းဝန်းတောင်းဆိုနေကြတဲ့အပြင် အမြဲမပြတ် စောင့်ကြည့်နေ ကြတာကြောင့် မရိုးမသား လှည့်စားလုပ်ဆောင်ဖို့ မဖြစ်နိုင်သလောက်ပါဘဲ။

တကယ်လို့သာ ဗိုလ်ချုပ်သန်းရွှေအနေနဲ့ ဒီမိုကရေစီအပေါ်မှာ၊ ရွေးကောက်ပွဲအပေါ်မှာ၊ မြန်မာနိုင်ငံနဲ့ ပြည်သူတွေ အပေါ်မှာ၊ နိုင်ငံရေးသမားတွေအပေါ်မှာ ရိုးသားဖြောင့်မတ်မယ် ဆိုလို့ရှိရင် သူ့ကို အတော်အတန် လက်ခံလာကြဖို့ ရှိနိုင်ပါတယ်။ ဒါဟာ သူ့အတွက် နောက်ဆုံးအခွင့်အရေး ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ မရိုးမသား ဆက်လုပ်နေဦးမယ်ဆိုရင်တော့ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (ICC)က တရားစွဲလာရတော့မှာ ဖြစ်ပါ တယ်။ တချိန်တည်းမှာဘဲ ဒီမိုကရေစီချစ်မြတ်နိုးတဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေအတွက် တန်ဖိုးရှိတဲ့ နိုင်ငံရေး လက်နက်ကောင်းတခု ရရှိလာတော့မှာ ဖြစ်ပါတယ်။

လွင်အောင်စိုး
၂၈-၃-၂ဝဝ၉



REF: လူထုအသံ

Read More...

ဒေါ်စု ပြန်လွတ်ရင် ဘာဖြစ်မလဲ

Friday, 27 March 2009

လွန်ခဲ့သောနှစ်မှစ၍ မြန်မာနိုင်ငံ၏ အတိုက်အခံ ခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် မကြာမီ ပြန်လည် လွတ်မြောက် လာမည်ဟု ထင်ကြေးပေးကြသည့် ကောလာ ဟလများ တလျှောက်လုံး ထွက်ပေါ်နေခဲ့သည်။

မြန်မာစစ်အစိုးရက ဒေါ်စုကို ချုပ်နှောင်ထားခြင်းမှာ တရားမ၀င်ဟု အနောက်တိုင်း အစိုးရတချို့နှင့် နိုင်ငံတကာရောက် တက်ကြွ လှုပ်ရှားသူ မြန်မာများက စွပ်စွဲနေကြပြီး ဒေါ်စုလွတ်မြောက်ရေး ဖိအားပေး လှုပ်ရှားမှုများကိုလည်း တိုးတက် လုပ် ဆောင်နေကြသည်။

ရန်ကုန်နှင့် ဘန်ကောက်ရှိ သံတမန်အသိုင်းအ၀န်းက ယခုနှစ် မေလတွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက် လာလိမ့်မည်ဟုပင် ပြောဆိုနေခဲ့ကြသည်။ ယခုနှစ်မေလဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်ကို အိမ်အကျယ်ချုပ်ချခဲ့သည်မှာ ၆ နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း တချို့သော ဝေဖန်သုံးသပ်သူများက ယခုအချိန်တွင် ဒေါ်စုကို ပြန် လွှတ်ပေးခြင်းဖြင့် စစ်အစိုးရတွင် အကျိုးများဖွယ်မမြင်၊ သို့အတွက်ကြောင့် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းတွင်မှ ပြန် လွှတ်ပေးနိုင်ဖွယ်ရှိသည်ဟု ဆိုကြပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ၊ ၁၉၇၅ ခုနှစ် နိုင်ငံတော်လုံခြုံမှု ကာကွယ်ရေး ဥပဒေဖြင့် ထိန်းသိမ်းထားခြင်း ဖြစ် သည်။ ဤဥပဒေပြဌာန်းချက်အရဆိုလျှင် နိုင်ငံတော်အချုပ်အခြာ အာဏာတည်မြဲရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်သူများ၊ ပြည်သူအများ၏ ငြိမ်းချမ်းရေးကို နှောင့်ယှက်သူများကို ၅ နှစ်အထိ ထိန်းသိမ်းထားနိုင်သည်။

ဤဥပဒေအရဆိုလျှင် ဒေါ်စုက ၂၀၀၈ ခုနှစ်၊ မေလ ကတည်းက ပြန်လည်လွတ်မြောက်သင့်နေပြီ ဖြစ်သည်။ သူ့ကို ဆက်လက်ထိန်းသိမ်းထား ခြင်းအားဖြင့် စစ်အစိုးရက သူတို့၏ ဥပဒေကို သူတို့ကိုယ်တိုင် ချိုးဖောက်နေသည်ဟု စွပ်စွဲမှုများလည်း ရှိလာခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တာနာက လွန်ခဲ့သည့်လက သူ မြန်မာနိုင်ငံသို့ သွားရောက်စဉ်တွင် ဒေါ်စုကို ဆက်လက်ထိန်းသိမ်းထားခြင်း ကိစ္စအပေါ် အစိုးရအာဏာပိုင်များထံ မေးခွန်းထုတ်ခဲ့သေးသည်။ မြန်မာနိုင်ငံ တရားသူကြီးချုပ်က ယခုထိန်းသိမ်းချုပ်နှောင် ထားခြင်းသည် စီမံခန့်ခွဲမှုအာဏာနှင့် လုပ်ဆောင်ထားခြင်းကြောင့် ဥပဒေကြောင်းအရ အမှုကို ဗဟိုတရားရုံးချုပ်သို့ မတင်နိုင်ကြောင်းလည်း ကင်တာနာကို ပြန်လည် ဖြေကြားခဲ့သည်။

အစိုးရအရာရှိများကိုယ်နှိုက်ကပင် ဒေါ်စုကို “ဥပဒေကြောင်းအရ တ၀က်တပျက် လျော်ညီသည့်” အနေအထားတွင် ချုပ်နှောင်ထားခြင်းဖြစ်သည်ဟု ပြောဆိုနေကြပြီး နိုင်ငံတကာဥပဒေကျွမ်းကျင်သူများကလည်း ဤသည်မှာ မည်သို့ဆိုလို အဓိပ္ပာယ်ရကြောင်း စောကြော မေးခွန်းထုတ်နေကြသည်။

မြန်မာနိုင်ငံတွင် ဥပဒေနည်းကျ အုပ်ချုပ်သည့် စနစ်မရှိသည့်အတွက်ကြောင့်လည်း စစ်အစိုးရကိုယ်နှိုက်က လေးစားစောင့် ထိန်းမှု မရှိသည့်ဥပဒေကို သူကိုယ်တိုင် လိုက်နာ၍ လွှတ်ပေးပါမည်ဟု ယုံကြည်နေလျှင် ထုံအနေ၍သာ ဖြစ်တော့မည်။ ဒေါ်စုလွတ်မြောက်ရေး တောင်းဆိုချက်များကို စစ်အစိုးရက လိုက်လျောနားထောင်ကာ လွှတ်ပေးမည်ဟု တွေးလျှင် ပို၍ ဝေးပါလိမ့်မည်။

မည်သို့ပင် ဖြစ်စေ ဤကောလာဟလများကြောင့် ဖြစ်လာရသည့် အရေးကြီးသော မေးခွန်းမှာ ဒေါ်အောင်ဆန်းစုကြည် မကြာမီ လွတ်မြောက်လာလေမည်လော ဟူ၍သာ ဖြစ်သည်။

မေး။ ။ တကယ်လို့ ဒီနှစ် မေလမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမယ်ဆိုရင် ဘယ်လိုဖြစ်လာနိုင်မလဲ။

ဖြေ။ ။ မြန်မာပြည်သူတွေ အလွန်ဝမ်းမြောက်ပါလိမ့်မယ်။ စစ်အစိုးရကိုလည်း လူတွေက ကျေးဇူးတင် သာဓုခေါ် ကြပါလိမ့်မယ်။ သူ့ကိုဝေဖန်နေတဲ့သူတွေကတောင် အသိအမှတ်ပြုတုံ့ပြန်တာမျိုး ရနိုင်ပါတယ်။ အထူးသဖြင့်တော့ အမေရိ ကန်နိုင်ငံနဲ့ နိုင်ငံတကာမိသားစုဆီကပါပဲ။

မေလမှာ ဒေါ်စု ပြန်လွတ်လာဖို့ဆိုတာ စိတ်ကူးယဉ်တာမျိုးပဲ ဖြစ်နိုင်ပါတယ်။ တကယ်လို့ လွတ်လာရင်တော့ ဗိုလ်ချုပ်မှူး ကြီးက သူ့ကို "လမ်းပြမြေပုံ" လုပ်ငန်းစဉ်မှာ ပါဝင်စေချင်လို့ သာဖြစ်ပါလိမ့်မယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ရွေးကောက်ပွဲ ၀င်စေချင်လို့ ဆိုတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အကယ်၍ သူက ၂၀၁၀ ရွေးကောက်ပွဲပြီး နောက်ပိုင်းမှ လွတ်လာမယ်ဆိုရင်တော့ လက်ရှိ စစ်အစိုးရက ဒီကိစ္စကို နောက် အစိုးရလက်ထဲ လွှဲပေးချင်လို့ ဖြစ်ပါလိမ့်မယ်။ ဒါနဲ့ စစ်အစိုးရ ဘာကြောင့် ဒေါ်စုနဲ့ NLD ကို ရွေးကောက်ပွဲ ၀င်စေချင်ရမှာ လဲ။ စဉ်းစားဖို့ လိုပါတယ်။ အခုပွဲက ဗိုလ်ချုပ်သန်းရွှေရဲ့ ရွေးကောက်ပွဲပါ။ သူ့အလိုကျ မဲလိမ်ညစ်ပတ်တာတွေ ဖြစ်လာနိုင်ပါတယ်။

ဖြစ်နိုင်တာက သူပြန်လွတ်လာပြီးတဲ့နောက်ပိုင်းမှာတော့ အမျိုးသမီးတွေ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ အပါအ၀င် နိုင်ငံ ရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် သူက ဆက်လက် တောင်းဆိုပါလိမ့်မယ်။

သူ့ကို ပြန်လွှတ်ပြီးတဲ့နောက်ပိုင်းမှာတောင်မှ ကျနော်တို့ ထပ်တွေ့ကြရမယ့် လက်တွေ့ပြဿနာက ဒေါ်စု ပြန်ပြီးတော့လည်း အဖမ်းခံရနိုင်ပါသေးတယ်။ နောက်ထပ် ၆ နှစ်ကြာ အိမ်အကျယ်ချုပ် ပြန်ချထားတာမျိုးလည်း ကြုံနိုင်ပါသေးတယ်။

ပိုဆိုးတဲ့ အနေအထား မျှော်လင့်ထားနိုင်တာက ဒေါ်စုကိုယ်တိုင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ကြုံရနိုင် တာပါပဲ။ အခု သူအဖမ်းမခံရခင် ၂၀၀၃ ခုနှစ်ကလည်း ဖြစ်ခဲ့ပြီးပါပြီ။ စစ်အစိုးရ လိုလားတဲ့ လူအုပ်စုတွေက သူ့ကားတန်း ကို ဒီပဲယင်းမှာ တိုက်ခိုက်ခဲ့ကြပါတယ်။ တချို့ လေ့လာသူတွေနဲ့ သံအမတ်တွေ ထင်ကြတာက ပြန်လွတ်လာရင်တောင် ရန်ကုန်မြို့ထဲ လောက်ပဲ သွားလာခွင့် ကန့်သတ်ထားတာမျိုးလည်း ကြုံရနိုင်ပါသေးတယ်။

မေး။ ။ တချို့မြန်မာ့အရေး လေ့လာသူတွေ ပြောကြတာက သူ့ကို NLD ပါတီကနေ ခဏနားသင့်တယ်လို့ ဆိုကြပါ တယ်။ အဲသည်အစား သူက နိုင်ငံရဲ့ခေါင်းဆောင်တဦးအနေနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် စစ်အစိုးရနဲ့ အတူ ပူးပေါင်းလုပ်ဆောင်ဖို့ အင်အား ပိုသုံးသင့်တယ်လို့ ဆိုနေပါတယ်။

ဖြေ။ ။ ကုလသမဂ္ဂအထူးသံ မစ္စတာ အီဗရာဟင် ဂန်ဘာရီကတဆင့် ဒေါ်စုထုတ်ပြန်ခဲ့တဲ့ ၂၀၀၇၊ နိုဝင်ဘာလ ကြေညာ ချက်ကို ကြည့်ရင်၊ ဒီမေးခွန်းအတွက် အကောင်းဆုံး အဖြေပေးထားတယ်လို့ ဆိုနိုင်ပါတယ်။ သူပြောတာက ဒီမို ကရေစီ နိုင်ငံ (လူမှုအဖွဲ့အစည်း) တွေမှာ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍကို ကောင်းကောင်းသိထားတယ်။ သူ့ပါတီက လူတွေရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေကိုလည်း လေးလေးနက်နက် ကျေးဇူးတင်တယ်။ သူက ဒီပါတီရဲ့ အထွေထွေအတွင်း ရေးမှူးတဦး လည်းဖြစ်တဲ့အတွက်ကြောင့် ဒီပါတီဝင်တွေရဲ့ ဆန္ဒလိုလားမှုတွေ၊ ချမှတ်ထားတဲ့ မူဝါဒတွေက သူ့ကို ဦးဆောင် လမ်းညွှန်နေတယ် လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း အခုအချိန်က ဒီမိုကရေစီရေးအတွက် သွေးစည်းကြရတော့မယ့် အချိန်၊ သူ့တာဝန်ကလည်း မတူကွဲပြားတဲ့ နိုင်ငံရေးအင်အားစုတွေ၊ အုပ်စုတွေ အသီးသီးရဲ့ အကျိုးစီးပွားတွေ၊ ထင်မြင်ချက်တွေကို တစိုက်မတ်မတ်နဲ့ လေးလေး နက်နက် ထည့်သွင်းစဉ်းစား ရတော့မယ့်ကာလဖြစ်တယ်။ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုတွေရဲ့ ကိစ္စကိုလည်း ထည့်သွင်းစဉ်းစားရမယ့်အချိန် လို့ သူကပြောခဲ့ပါတယ်။

ဒေါ်စုအနေနဲ့ သူ့ပါတီကနေ ခဏနားသင့်သလားဆိုတဲ့ အကြံပေးချက်တွေကတော့ တနိုင်ငံလုံးက လုံးဝဆန့်ကျင်ကြမှာပါ ပဲ။ ဒါပေမယ့် သူဖော်ပြခဲ့တာကတော့ အကယ်၍ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက်၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ် ထွန်းတိုးတက်စေရေးအတွက် လေးနက်စဉ်းစားဖွယ်ရှိတဲ့၊ အပြုသဘောဆောင်တဲ့ အကြံပြုချက်တွေရှိ လာရင်တော့ လေး လေးနက်နက် ထည့်သွင်းစဉ်းစားမယ်ဆိုတာ ဖော်ပြခဲ့ပါတယ်။ ဒေါ်စုမရှိရင် NLD ပါတီဆိုတာ အသက်မဲ့သွားမှာပါပဲ။ သူ့ ဘက်ကရော၊ ပါတီဘက်ကပါ အပြန်အလှန် လိုအပ်နေကြပါတယ်။

မေး။ ။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဒေါ်စုရပ်တည်ချက်က ဘယ်လိုရှိမလဲ။

ဖြေ။ ။ အကယ်၍ NLD ပါတီရဲ့ ထုတ်ပြန်ကြေညာချက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ စဉ်းစားချက်ကို ထင်ဟပ်နေမယ်လို့ ယူဆရင်တော့ (ဒါပေမယ့် သူဘယ်လို စဉ်းစားနေတယ်ဆိုတာ ဘယ်သူမှ မသိပါဘူး) သူက စစ်အစိုးရရေးထားတဲ့ ဖွဲ့စည်းပုံကို သဘောတူမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း NLD ပါတီက ဖွဲ့စည်းပုံ ပြန်လည်သုံးသပ်ဖို့ တောင်းဆိုထားပါတယ်။ ဒါကပါတီရဲ့ ပျော့ပြောင်းညင်သာမှုကို ပြတာပါ။

မေး။ ။ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ပတ်သက်ရင် ဘယ်လိုသဘောထားနိုင်မလဲ။ အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်ရေးမူတွေကို သူ့အနေနဲ့ အနည်းအကျဉ်း သြဇာသက်ရောက်နိုင်မယ် ထင်ပါသလား။

ဖြေ။ ။ ဒီမေးခွန်းအတွက် အဖြေကတော့ ဖေဖေါ်ဝါရီလက ထုတ်ပြန်ခဲ့တဲ့ NLD ပါတီရဲ့ အထူးထုတ်ပြန်ကြေညာချက်ကို ဖတ်ဖို့ လိုပါတယ်။ NLD က ပြောတာက ဒေါ်စုက ကြားခံဆက်သွယ်ရေးအရာရှိ ဦးအောင်ကြည်ကတဆင့် အချိန်မရွေး ပူးပေါင်းဆောင်ရွက်မယ်ဆိုတာ အာဏာပိုင်တွေကို ပြောထားတယ် ဆိုပါတယ်။ “ထိပ်တိုက်ရင်ဆိုင်ရေး။ အလုံးစုံပျက်သုဉ်း ရေး၊ စီးပွားရေးပိတ်ဆို့မှုနဲ့ ပိတ်ပင်မှု” တွေ ရှောင်လွှဲနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပါမယ်လို့ ပြောထားပြီးသားပါ။ စစ် အစိုးရက ဒီအချက်တွေကို ဒေါ်စုကလုပ်တယ်ဆိုပြီး စွပ်စွဲထားပါတယ်။

“သို့ဖြစ်ပါ၍ ယင်းကိစ္စရပ်များကို အဆုံးအဖြတ်ပေး နိုင်ကြမည့် ပုဂ္ဂိုလ်ကြီးနှစ်ဦးတို့သည် လက်တွေ့ကျကျ မလွှဲမသွေ တွေ့ဆုံဆွေးနွေးကြပါရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စိတ်စေတနာကောင်းမွန်စွာဖြင့် တိုက်တွန်းကြောင်း ထပ်မံ၍ အလေးအနက် ကြေညာလိုက်ပါသည်” လို့ ပါတီ ကြေညာချက်က ဆိုထားပါတယ်။

ဒေါ်စုနဲ့ အစိုးရရဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်ကလည်း သူတို့ တွေ့ဆုံဆွေးနွေးပွဲမှာ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒေါ်စုနဲ့ စစ်အစိုးရခေါင်းဆောင်များ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ပူးတွဲ ကြေညာချက်ထုတ်ဖို့ အကြံပေးတာလည်း ရှိပါတယ်။ ဒါပေမယ့် တချို့သူတွေပြောတာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သဘောတူချင်မှ တူပါလိမ့်မယ်။

နှစ်ဘက်စလုံးမှာ သံသယနဲ့ မယုံကြည်တာတွေ အကြီးအကျယ် ရှိနေကြပါတယ်။ ဒါကြောင့် တချို့က ယုံကြည်မှု တည် ဆောက်ပေးတဲ့ အစီအစဉ်တွေ အဆင့်မြင့်ခေါင်းဆောင်ပိုင်းမှာ မနှေးအမြန် ပြန်လည်စတင်ဖို့ လိုအပ်တယ်လို့ ဆိုကြ ပါတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျနော်တို့ကတော့ အကြံမပြုလိုပါဘူး။ ကုလသမဂ္ဂနဲ့ သူ့တို့ရဲ့ ဘာမှ မသိ နားမလည်တဲ့ အထူးသံကြီးက ခဏနေ ဒီလှည့်ကွက်ထဲ ခုန်ဆင်းပြီးတော့ “ယုံကြည်မှုတည်ဆောက်ရေး” စီမံချက်လုပ်ပြီး လှည့်ရောင်းစားနေပါဦးမယ်။

မေး။ ။ ဒေါ်စု မြန်မာနိုင်ငံက ထွက်သွားသင့်သလား။

ဖြေ။ ။ ဒီလိုဆိုရင် စစ်အစိုးရက သိပ်ပျော်ပါလိမ့်မယ်။ ဒေါ်စုကို လေယာဉ်လက်မှတ်တောင် ၀ယ်ပေးလိုက်ပါဦးမယ်။ ဒါပေမယ့် တလမ်းသွား၊ ပြန်လမ်းမရှိတဲ့ လက်မှတ်မျိုးပေါ့။

သူက နိုင်ငံတကာမှာတော့ အတော်ရေပန်းစား နာမည်ကြီးပါလိမ့်မယ်။ ဒါပေမယ့် သူက ဘုန်းတော်ကြီးဒလိုင်းလားမားလို မျိုးတော့ မဟုတ်ပါဘူး။

သူနာမည်ကြီးတာက ဘယ်လောက်ကြာကြာ ခံမှာလဲ။ စစ်အစိုးရကို အကောင်းပြောနေတဲ့သူတွေ၊ ထောက်ခံတဲ့သူတွေ၊ စစ်အစိုးရဘက်လိုက်ကြမယ့် အစိုးရတွေက ဒေါ်စုကို သေးသိမ်အောင် လုပ်ကြပါလိမ့်မယ်။ သူလုပ်ချင်တဲ့ကိစ္စတွေ မအောင် မြင်နိုင်အောင်လည်း ခြေထိုးဖျက်ဆီးကြပါလိမ့်မယ်။ အာရှတိုက်ကိုတောင် ပြန်လာဖို့ မဖြစ်နိုင်တဲ့ အခြေ အနေဖြစ်သွားနိုင်ပါ တယ်။ ဂျပန်ကိုတောင် လာဖို့ မဖြစ်နိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ သူသြဇာအရှိန်အ၀ါကြီး မှာ သေချာပါတယ်။

စစ်အစိုးရကို အကောင်းပြောနေသူတွေ၊ မူဝါဒချမှတ်သူတွေနဲ့ စစ်အစိုးရကို လိုလားတဲ့ တချို့ပညာရှင်တွေက ဒေါ်စုကိုယ်နှိုက်က ပြဿနာရဲ့ အစိတ်အပိုင်းတခုဖြစ်နေပြီလို့ ပြောနေကြပါတယ်။ ဒီလိုဝါဒဖြန့်ချိမှုတွေက အချိန်တခုမှာ ဖြစ်နေနိုင်ပါတယ်။ အဲသည်တော့ ချုပ်ပြောရရင် ဒေါ်စုက မြန်မာပြည်မှာပဲနေပြီး ပြည်တွင်းထဲကပဲ လုပ်သင့်ပါတယ်။

မေး။ ။ မြန်မာလူထုတွေအနေနဲ့ ဒေါ်စုကို ဒီအတိုင်း ဆက်လက်ထောက်ခံနေကြမှာလား။

ဖြေ။ ။ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းလိုပဲ ငြိမ်းချမ်းရေးနိုဘဲလ် ဆုရှင်က မြန်မာပြည်သူတွေအတွက် မျှော်လင့်ချက် ဖြစ်နေ မှာပါ။ သူ့ကို ဆက်ပြီးလေးစားနေကြပါလိမ့်မယ်။ အတိုက်အခံတွေနဲ့ ဒီမိုကရေစီ လှုပ်ရှားနေကြသူတွေက သူပြန်လွတ်လာ ရင် တဖန်ပြန်ပြီး အားတက်လာကြပါလိမ့်မယ်။ ဒါကြောင့်လည်း သူ့ကို စစ်အစိုးရက ကြောက် နေရတာပါ။ အကျယ် ချုပ်ဆက်ပြီး ချုပ်နှောင်ထားတာပါ။

မေး။ ။ ဒေါ်စုလွတ်လာရင် သူ ဘာတွေပြောမှာလဲ။

ဖြေ။ ။ တချို့လေ့လာသူတွေ ပြောနေတာက သူရော၊ စစ်အစိုးရခေါင်းဆောင်တွေမှာပါ မူဝါဒတွေမှာ လက်တွေ့ကျကျ ကြည့်သင့်တယ်လို့ ဆိုကြပါတယ်။ သူတို့ပြောတာက တွေ့ဆုံဆွေးနွေးရေး၊ ဒီမိုကရေစီ ဆိုတာတွေ တောင်းဆိုနေတာထက် စာရင်၊ စီးပွားရေးအကြောင်း ပြောသင့်တယ်၊ နိုင်ငံရဲ့ လူမှုကပ်ဘေး ဒုက္ခအကြပ်အတည်းတွေအကြောင်း ပြောသင့်တယ်၊ ဆင်းရဲ မွဲတေမှုအကြောင်း ပြောသင့်တယ် လို့ ဆိုကြပါတယ်။ နောက်ပြီး ဒေါ်စုအခု စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုကို ဘယ်လို စဉ်းစား နေတယ်ဆိုတာတွေလည်း ပြောသင့်တယ်လို့ သူတို့က အကြံပြုကြပါတယ်။

သူက အခုတခါ စာမျက်နှာသစ်ကို တကယ်ပြောင်းဖို့ အသင့်ဖြစ်နေပြီဆိုတာ ပြဖို့ လိုပါတယ်။ သူက အပေးအယူလုပ်ဖို့ အသင့်ရှိနေတယ်ဆိုတာ အရင်လိုပဲ မပြောင်းလဲကြောင်း ဆက်လက်ပြဖို့ လိုပါတယ်။ သူက တကယ်လက်တွေ့ကျကျ ကျင့်သုံးနိုင်တဲ့ နိုင်ငံရေးသမားကောင်းတဦးဆိုတာ ပြသဖို့ လိုပါတယ်။

သူက NLD ပါတီနဲ့ တနိုင်ငံလုံးက ထောက်ခံသူတွေကို ပြန်လို့ သက်ဝင်တက်ကြွလာစေနိုင်ပါတယ်။ သူက ပထမဦးဆုံး ပါတီက “အန်ကယ်ကြီး” တွေနဲ့၊ ပါတီဝါရင့်ခေါင်းဆောင်တွေ၊ လူငယ်တွေနဲ့ အရင်မျက်နှာစုံညီ ထိုင်ဖို့ လိုပါတယ်။ ပါတီကို ဘယ်လိုပြုပြင် ပြောင်းလဲကြမလဲ၊ ဘယ်လိုအားသစ်လောင်းကြမလဲ၊ NLD ပါတီကို သက်ဝင်လှုပ်ရှားအောင် ဘယ်လိုလုပ် ကြမလဲ ဆွေးနွေးကြရပါလိမ့်မယ်။

သူက စစ်တပ်က အရာရှိ၊ အရာခံ၊ ရဲဘော်တွေကို စကားပြောတဲ့အခါ သတိထားဖို့ လိုပါတယ်။ တချို့အရာရှိတွေက စစ် အစိုးရကို စိတ်ကုန်နေကြပါပြီ။ အပြောင်းအလဲကို မြင်ချင်နေကြပါတယ်။ သူတို့က ဒေါ်စုအပေါ်မှာ အပြောင်းအလဲအတွက် မျှော်လင့်ထားကြပါတယ်။

ဒါပေမယ့် စစ်တပ်ထဲမှာ သူ့ကို နာမည်ဖျက် အပုပ်ချနေတာတွေ ရှိနေနိုင်တာကိုလည်း သတိထားရပါလိမ့်မယ်။ စစ်တပ်အရာရှိ အများစုက သူ့ကို အဆိုးမြင်ကောင်း မြင်နေနိုင်ပါတယ်။ သူတို့ကို နည်းပရိယာယ်အရ ထောက်ခံမှုရလာအောင် ပြန်ကြိုးစား ဖို့ လိုနေပါတယ်။

မေး။ ။ NLD ပါတီက မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံကို မကြာခင်လာလည်မယ့် ကိစ္စကို ကြိုဆိုထားပါတယ်။ ဒါပေမယ့် စစ်အစိုးရက ဒီအစီအစဉ်အပေါ် နှုတ်ဆိတ်နေပါတယ်။ ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ။ ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကုလသမဂ္ဂကို သိပ်နေရာမပေးချင်ပါဘူး။ ဒါပေမယ့် သူက ဒေါ်အောင်ဆန်းစုကြည် ကို မကြာခင်ပြန်လွှတ်ဖို့ စဉ်းစားကောင်း စဉ်းစားနိုင်ပါတယ်။ အကယ်၍ ကုလအကြီးအကဲကို မြန်မာနိုင်ငံထဲ လာခွင့်ပြု လိုက်ရင် မစ္စတာဘန်ကီမွန်းကိုယ်တိုင်က သူ့အိမ်စာ သူလုပ်ဖို့လိုပါတယ်။ ပြန်ထွက်သွားတဲ့အခါ သိသာထင်ရှားတဲ့ ရလဒ်တခုခု ကိုင်ပြီး ထွက်သွားတာမျိုး ဖြစ်အောင် ပြင်ဆင်ဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင် သူကိုယ်တိုင်နဲ့ သူ့ခရီးစဉ်လည်း သိက္ခာကျစရာ၊ လူရယ်စရာ ဖြစ်ပါလိမ့်မယ်။

မေး။ ။ ဒေါ်စုအနေနဲ့ မြန်မာပြည် ပြင်ပက ဘယ်သူတွေကို အားကိုးနိုင်မလဲ။

ဖြေ။ ။ သူ့အနေနဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတွေနဲ့ ပတ်သက်လို့ လက်တွေ့ကျတဲ့ မူဝါဒတွေကို ထုတ်ဖော်ပြောဖို့ ပြင် ဆင်ထားသင့်ပါတယ်။ သူတို့က စစ်အစိုးရကို အဓိကပံ့ပိုးရပ်တည်ပေးနေသူတွေပါ။ ၀ါရှင်တန် (အမေရိကန်အစိုးရ) က တော့ အမြဲတမ်း သူ့နောက်က ရှိပါလိမ့်မယ်။ ဒါပေမယ့် တရုတ်နဲ့ အိန္ဒိယကို သူ့နောက်မှာ အပါခေါ်ဖို့ လိုအပ်ပါတယ်။ တရုတ်နိုင်ငံက လက်တွေ့ကျကျ ကျင့်သုံးတယ်ဆိုတာ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စစ်အစိုးရကို စိတ်ပျက်နေတယ် ဆိုတာကို သူက လျစ်လျူရှုမထားသင့်ပါဘူး။

ဒါကြောင့်မို့ ဒေါ်စုအနေနဲ့ မြန်မာနိုင်ငံရဲ့ အင်အားကြီးတဲ့ အိမ်နီးချင်းတွေ၊ အာဆီယံနိုင်ငံတွေကို ဖီလာဆန့်ကျင် မတိုက်သင့် ပါဘူး။ သူတို့က လက်တွေ့ကျကျချဉ်းကပ်သလို စီးပွားရေးအရ အကျိုးစီးပွားဖြစ်မှုအပေါ် မူတည်နေကြတာပါ။ အာဆီယံ အဖွဲ့ခေါင်းဆောင်တွေကတော့ ကြိုတင်ခန့်မှန်းရ ခက်ပါတယ်။ ဒါကြောင့်မို့ ဒေါ်စုက ပြောတဲ့စကားဟာ အနောက်နိုင်ငံတွေ ကို ပြောတဲ့စကားထက်စာရင်၊ သူတို့ကို ထိရောက်အောင် ပြောတာက ပိုအရေးကြီးပါတယ်။

သိထားသင့်တာက အာဆီယံခေါင်းဆောင်တချို့က စစ်အစိုးရကို မကြိုက်နှစ်သက်ကြသလို ဒေါ်စုကိုလည်း တခြား ရွေး ချယ်စရာ ခေါင်းဆောင်တဦးအနေနဲ့ မြင်လိုကြပါတယ်။ ဒါကြောင့် ဒေါ်စုက ဒီလိုဖြစ်နိုင်တယ်ဆိုတာ ပြဖို့ လိုပါတယ်။ သူက ဒီလို အသိအမှတ်ပြုထိုက်တဲ့ အင်အားတခုဆိုတာ ပေါ်လွင်လာအောင်လည်း ဆောင်ရွက်ဖို့ လိုနေပါတယ်။

အောင်ဇော်၏ Will Suu Kyi Be Soon Free? And What Then? ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။



အောင်ဇော်
REF: ဧရာဝတီ

Read More...

၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ စစ်အစိုးရကို ထောက်ခံဖို့ ကရင်ခွဲထွက် အဖွဲပေါင်းစုံတွင်း (၁)ကို ကတိပေး


မတ်လ(၃၀) ရက်၊ ၂၀၀၉


နအဖပြုလုပ်မည့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ကရင်ခွဲထွက်အဖွဲ့များက လက်ရှိ တပ်မတော်အစိုးရကို အပြည့်အ၀ထောက်ခံအားပေးသွားမည်ဟု နအဖကို ကတိပေးလိုက်ကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) အဖွဲ့၏ အဆင့်မြင့် ခေါင်းဆောင်တဦးက ပြောသည်။

နအဖအတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးနှင့်အဖွဲ့ ယခုလ (၂၁) ရက်နေ့၌ ကရင်ခွဲထွက်အဖွဲ့များဖြစ်သည့် ဒီကေဘီအေအဖွဲ့၊ ပဒိုအောင်ဆန်းအဖွဲ့၊ စောဌေးမောင်အဖွဲ့တို့၏ အခြေချရာ နေရာများသို့ လာရောက်စဉ် အဆိုပါအဖွဲ့များက ကတိက၀တ်ပြု ပြောကြားလိုက်ခြင်းဖြစ်သည်။

ကရင်ခွဲထွက်အဖွဲ့တခုဖြစ်သည့် ဒီကေဘီအေအဖွဲ့မှ အရာရှိတဦးက “ကရင်ခွဲထွက်အဖွဲ့တွေအနေနဲ့ ကေအန်ယူနဲ့ ပြန်ပေါင်းဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်စရာ အကြောင်းမရှိတော့ဘူး။ ခေတ်ကာလ အခြေအနေက ပြောင်းသွားပြီ။ ကေအန်ယူဘက်က လာတာပဲ ရှိရင် ရှိမယ်၊ ဒီဘက်ကတော့ ဟိုဘက်ကို သွားစရာ မရှိတော့ဘူး၊ လက်ရှိဘ၀ကနေ လက်မဲ့ဘ၀ကို ဘယ်သူမှ စွန့်မှာမဟုတ်ဘူး” ဟု ပြောသည်။

နအဖအတွင်းရေးမှူး (၁) ၏ ခရီးစဉ်သည် ကရင်ခွဲထွက်အဖွဲ့များ၏ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ရေရှည် အကျိုးစီးပွားဖြစ်ထွန်းရေး၊ ဒေသဖွံ့ဖြိုးရေးများအတွက် လာရောက် တွေ့ဆုံအားပေးသည့် ခရီးစဉ်ဟုဆိုသော်လည်း အဓိကရည်ရွယ်ချက်မှာ ၂၀၁၀ ရွေးကောက်ပွဲကိစ္စရပ်များအတွက် တဖက်လှည့်ဖြင့် ချည်ပြီးတုပ်ပြီးဖြစ်အောင် လာရောက်သည့် ခရီးစဉ်သာဖြစ်သည်ဟု ကရင်ခွဲထွက်အဖွဲ့ဝင်အချို့က ပြောဆို သုံးသပ်ကြသည်။

နအဖအတွင်းရေးမှူး (၁) နှင့်အဖွဲ့သည် ထော့ကိုကိုးရွာတွင် ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ယခင်လက ကေအန်ယူမှ ငြိမ်းချမ်းရေးကောင်စီအဖွဲ့သို့ ကူးပြောင်းသွား သည့် ဗိုလ်ချုပ်ကြီးမြ၏ သားငယ် စောနေစိုးမြကိုလည်း ငြိမ်းချမ်းရေးကောင်စီအဖွဲ့၏ အဖွဲ့ဝင်တဦးအနေဖြင့် တွေ့ဆုံခဲ့သည့်သတင်းကို ယခုလ (၂၄) ရက်နေ့ညက မြန်မာရုပ်မြင်သံကြားလိုင်းများတွင် ထုတ်လွှင့်ပြသခဲ့သည်။

ကရင်ခွဲထွက် အဖွဲ့တခုမှ ယာဉ်မောင်းတဦးက “အခြေအနေမှန်ကို အားလုံးသိကြပါတယ်။ ဒါပေမယ့် လွန်သွားပြီ။ ကိုယ်လိုချင်တာကို ဥပဒေဘောင်ထဲက တောင်းမယ်ဆိုပြီး ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် ဆိုတဲ့လူတွေ သူတို့ဆီက ဘာမှ ဖမ်းလို့မရဘူး။ ကိုယ့်ကို ပြန်မဖမ်းနိုင်အောင်ကိုဘဲ မီးစင်ကြည့်ပြီး လှုပ်ရှားနေရတယ်။ ကျနော်ဆိုရင် မာနယ်ပလော ဌာနချုပ်မှာနေတုန်းက အကောင်၊ အခုတော့ အဖွဲ့က ထောင်ထားတဲ့ ခရီးသည်တင်ကားမောင်းတဲ့ ဒရိုင်ဘာလိုလို ကုန်သည်ပွဲစားလိုလိုဖြစ်သွားပြီး ကိုယ့်ရည်ရွယ်ချက်ကတမျိုး၊ ဖြစ်လာတာကတမျိုး ကိုယ်ရွေးတဲ့ လမ်းဆိုတော့ ဘာမှမတတ်နိုင်တော့ဘူး” ဟု ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ခွဲထွက်သွားသည့် ဒီကေဘီအေအဖွဲ့၊ ပဒိုအောင်ဆန်း ဘုရားကုန်းအဖွဲ့၊ စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့များ သည် နအဖ ပြုလုပ်မည့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲကို အပြည့်အ၀ ထောက်ခံကြသော်လည်း ကေအန်ယူ အဖွဲ့ကမူ လူထုဆန္ဒနှင့်အညီမဟုတ်ဘဲ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝ လက်ခံမည် မဟုတ်ကြောင်း အဖွဲ့၏ ဒု-ဥက္ကဋ္ဌ ပဒို ဒေးဗစ်သကဘောက ယခုရက်ပိုင်းအတွင်း ခေတ်ပြိုင်သို့ ပြောကြားခဲ့သည်။

ပဒိုအောင်ဆန်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့သည် ဘားအံမြို့နယ် ဘုရားကုန်းရွာတွင် အခြေချပြီး ဦးသာထူးကျော် ခေါင်းဆောင်သည့် ဒီကေဘီအေအဖွဲ့သည် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူရွာတွင် ဌာနချုပ် အခြေစိုက်ကာ စောဌေးမောင်ဦးဆောင်သည့် ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့သည် ကော့ကရိတ်မြို့နယ် ထော့ကိုကိုး ကျေးရွာတွင် အခြေစိုက်သည်။



REF: ခေတ်ပြိုင်

Read More...

IC ပရိသတ် ၄၀၀ ကျော် ဖမ်းဆီးခံရ

Monday, 30 March 2009

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသော Iron Cross (IC) ပွဲကို လာရောက် ကြည့်ရှုအားပေးသည့် ပရိသတ် ၄၀၀ ကျော်အား ထိုင်း လူဝင်မှုကြီးကြပ်ရေး ဌာနက ဖမ်းဆီး လိုက်ကြောင်း ဘန်ကောက် အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ကိုအောင်မြင့်သိန်းက ပြောသည်။

အဖမ်းခံရသူများမှာ ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင် အလုပ်လုပ်နေသူများ ဖြစ်ကြသည်။ “ကန်ထရိုက်တွေက လက်မှတ် စရောင်းတုန်းက လုံခြုံရေး တာဝန်ယူတယ်လို့ ပြောလို့ ကျနော်တို့လည်း လက်မှတ် ရောင်းရတာ။ ခု အလုပ်သမားတွေက လက်မှတ်ဖိုးလည်း ဆုံး၊ အဖမ်းလည်း ခံရပြီ”ဟု ကိုအောင်မြင့်သိန်းက ပြောဆိုသည်။

ထိုသတင်းကို ကြားရသောကြောင့် IC ၏ လိဒ်ဂစ်တာသမား ချစ်စမ်းမောင်က အဖမ်းခံရသည့် အလုပ်သမား များအတွက် စိတ်မကောင်းကြောင်း ပြောသည်။

ဘန်ကောက် IC ရှိုးတွင် လေးဖြူသီဆိုနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)

အဆိုတော် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဆုန်သင်းပါရ်နှင့် ကြိုးကြာတို့ ပါဝင်ဖျော်ဖြေခဲ့သည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘ္ဘန်ဘော် ဒေသ၌ ကျင်းပခဲ့သည့် မတ်လ ၂၉ ရက်ညက IC ရှိုးကို လာရောက်ကြည့်ရှုသည့် ဘန်ကောက် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ် နေကြသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

IC ပွဲကျင်းပရာ ငါးသေတ္တာ စက်ရုံသို့ အဝင်လမ်းကြားတွင် လူဝင်မှုကြီးကြပ်ရေး ရဲများက စောင့်ဆိုင်း ဖမ်းဆီးခဲ့ရာ အဖမ်းခံခဲ့ရသူများ နယ်စပ်သို့ ပြန်ပို့နိုင်ခြေ ရှိသည်ဟု ကိုအောင်မြင့်သိန်းက ပြောပြသည်။

“ကျနော်တို့ သူငယ်ချင်း၂ ယောက် ဒီလာတာ လမ်းစရိတ်ရယ်၊ လက်မှတ်ခရယ် ဆိုရင် ဘတ် ၁၁၀၀ ကျတယ်။ အဝေးကြီးက လာရတာ။ အဖမ်းအဆီးကိုလည်း ရှောင်ရသေးတယ်။ ရောက် တော့ သီချင်း ၂ ပုဒ်ပဲ မီလိုက်တယ်”ဟု မောင်ဝင်းအမည်ရှိ အထည်ချုပ် အလုပ်သမား လူငယ်တဦးက ပြောပြသည်။

အလုပ်သမားများ၏ ပျမ်းမျှ နေ့တွက်ခမှာ တရက်လျှင် ၂၀၃ ဘတ်ဖြစ်သောကြောင့် IC ပွဲကြည့်ရန် ၎င်းတို့၏ လုပ်အားခ ၂ ရက်စာ အကုန်ခံကြရသည်။

ပွဲကျင်းပစဉ် ကြည့်ရှုသူများဘက်က မည်သည့် အနှောင့်အယှက် တစုံတရာမှ မပြုလုပ်သော်လည်း လေးဖြူ သီဆိုအပြီးတွင် ပွဲကိုလာရောက်ရပ်နားခိုင်းသဖြင့် IC ထုံးစံ အတီးသမားများ၏ လက်စွမ်း ပြကွက်များကို ပရိသတ်က မြင်ခွင့်မရလိုက်ပေ။

IC အဖွဲ့စီးလာသည့်ကားကိုလည်း လူဝင်မှုကြီးကြပ်ရေးက ပွဲကျင်းပမည့်နေရာ ရောက်ခါနီးမှ တားမြစ် ထားသောကြောင့် ပွဲကျင်းပမည်ဟု ကြေညာထားသည့် ၇ နာရီအချိန်တွင် မကျင်းပနိုင်ဘဲ ည ၈ နာရီကျော်မှ ကျင်းပနိုင်ခဲ့ကြောင်း IC ဘေ့စ် ဂစ်တာသမား ကိုခင်မောင်သန့်က ပြောပြသည်။

“ကျနော်တို့ကို သူတို့က တီးဝိုင်းအဖွဲ့မှန်းလည်းသိတယ်။ ဒါပေမယ့် ပတ်စ်ပို့တွေ ခဏပေးပါဆိုပြီး အကြာကြီးပဲညှိနေတာနဲ့ ပွဲကိုစမယ်ဆိုတဲ့အချိန်မှာ မစရဘူး” ဟု သူက်ပြောသည်။

ထိုသို့ဖြစ်ရခြင်းမှာ IC အဖွဲ့၏ ပတ်စ်ပို့စ်များတွင် ဖျော်ဖြေရေး ဗီဇာမပါသောကြောင့်ဟုလည်း သိရသည်။ နာရီဝက်ကျော် ညှိနှိုင်းခဲ့ရပြီးမှ ပွဲစခွင့်ပြုခဲ့သည်။

ဘန်ကောက် IC ရှိုးလာ ပရိသတ်များ (ဓာတ်ပုံ - ဧရာဝတီ)

IC ပွဲကို စီစဉ်သူများထဲတွင် ထိုင်းလူမျိုးနှင့် ဗမာများပါဝင်ပြီး ယခုပွဲကို ထိုင်းမြန်မာ ချစ်ကြည်ရေး အစီအစဉ်ဟု ကြေညာထားသည်။ ရသည့်ငွေကို ၎င်းဒေသရှိ ဝပ်ဘာနမ်ဖု ဘုန်းတော်ကြီး ကျောင်းသို့ လှူဒါန်းမည်ဟုလည်း သတင်းရရှိသည်။

ယခု IC ပွဲကို ကြည့်ရှုလိုပါက လက်မှတ်တစောင်ကို ဘတ် ၄၀၀ နှင့်ရောင်းချပြီး ကင်မရာယူ ဆောင်ပါက ဘတ် ၃၀၀ အခွန်ဆောင်ရသည်။ ဗီဒီယိုကင်မရာကို ယူဆောင်ခွင့်လုံးဝမပေးပေ။

ကန်ထရိုက်များနှင့် နီးစပ်သူတဦး က “ငါးသေတ္တာစက်ရုံပိုင်ရှင်က မြေနေရာငှားတယ်။ သူက ရပ်ကွက်လူကြီး အဆင့်လောက်ရှိတယ်။ ကန်ထရိုက်တွေက ထိုင်းမြန်မာ ချစ်ကြည်ရေး ဆိုပြီး နာမည်သာတပ်တာ။ တကယ်က ပိုက်ဆံရှိလို့ ထလုပ်တဲ့သူတွေ။ ဘာအဖွဲ့အစည်းမှ မဟုတ်ဘူး” ဟု ပြောသည်။

IC ပွဲကိုလာကြည့်သူ ပရိသတ်မှာ ၁၅၀၀ ဝန်းကျင်ခန့်ရှိပြီး အများသောအားဖြင့် စက်ရုံ အလုပ်ရုံ များတွင် အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများဖြစ်ကြသည်။ ဘန်ကောက်မြို့ ထဲရှိ အေပက် တက္ကသိုလ်တွင်တက်ရောက်နေသော မြန်မာကျောင်းသူ ကျောင်းသား အယောက် ၃၀ ကျော်ခန့်လည်း လာရောက်အားပေးကြသည်။

IC အနေနှင့် ဘန်ကောက်တွင် ကျင်းပခြင်းမှာ ယခုတကြိမ်သည် ပထမဆုံးဖြစ်ပြီး ပထမဆုံးအကြိမ် တွင်ပင်စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရကြောင်း ပြောဆိုသည်။



အေးချမ်းမြေ့
REF: ဧရာဝတီ

Read More...

ထိုင်းနိုင်ငံ IC ဂီတဖျော်ဖြေပွဲ အဖမ်းအဆီးများ ရှိခဲ့

ကိုဝိုင်း

တနင်္လာနေ့၊ မတ်လ 30 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ ဘန်ကောက်မြို့ပြင်၌ ကျင်းပသည့် Iron Cross – IC ၏ ယမန်နေ့ည ဂီတဖျော်ဖြေပွဲသို့ လာကြည့်သူ မြန်မာရွှေ့ပြောင်းလုပ်သား ၂ဝဝ ကျော် ထိုင်းအာဏာပိုင်များ၏ အဖမ်းအဆီး ခံခဲ့ရသည်။

အချုပ်ကားကြီး ၂ စီး ယူဆောင်လာသည့် ရဲ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ထောက်လှမ်းရေး ပူးပေါင်းအဖွဲ့က ပွဲကျင်းပသည့် မြို့ပြင် ဘန်ဘော်မြို့နယ် ဘန်ဘော်ရပ်ကွက်ရှိ ငါးသေတ္တာရုံလမ်းထိပ်တွင် ပွဲကြည့်လာသူများကို စစ်ဆေး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အလုပ်လုပ်ပိုင်ခွင့် လက်မှတ်ရှိသူများ အပါအဝင် အဖမ်းခံရသည့် အလုပ်သမားဦးရေ ၂ဝဝ နှင့် ၃ဝဝ အကြားရှိမည်ဟု ပွဲကြည့်သွားခဲ့သူ ဘန်ကောက်မြို့မှ အလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုကျော်သောင်းက ခန့်မှန်းသည်။

ထို့အပြင် ထိုင်းကုမ္ပဏီတခုတွင် အလုပ်လုပ်နေသူ ကိုသက်ကလည်း ပရိသတ်အများစုက ကခုန်အော်ဟစ်ကြသော်လည်း ကြမ်းတမ်းစွာ ကခုန်သူ ၅-၆ ဦး ခန့်ကို ပွဲခင်း လုံခြုံရေးရဲများက ဝိုင်းချုပ်၍ ပွဲဝင်းအတွင်းမှ ဆွဲထုတ်သွားသည်ကို မြင်ခဲ့ရကြောင်း ပြောသည်။

ဖမ်းဆီးမှုများကြောင့် ပရိသတ်ဦးရေမှာ လက်မှတ် ဝယ်ယူထားသည့် အရေအတွက်ထက် လျော့ကျသွားပြီး တထောင်ခန့်သာ ရှိနိုင်ကြောင်း ပွဲကြည့်သူများက ဆိုသည်။

အဆိုပါ စစ်ဆေးဖမ်းဆီးမှုများကြောင့် ည ၇ နာရီတွင် ပွဲစတင်မည်ဟု ကြေညာထားသော်လည်း အစီအစဉ်ကို ည ၉ နာရီခန့်မှ စတင်နိုင်ခဲ့သည်။

ထို့အပြင် IC ဂီတပညာရှင်များနှင့် အဆိုတော်များဖြစ်သည့် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဆုန်သင်းပါရ်၊ ကြိုးကြာတို့၏ နိုင်ငံကူးလက်မှတ်၊ ပြည်ဝင်ခွင့်ဗီဇာ စသည်တို့ကို စစ်ဆေးမေးမြန်းခံရသည်။

ဂီတပွဲ သွားခဲ့သူ ရမ်းခမ်းဟန် တက္ကသိုလ်မှ မြန်မာကျောင်းသားတဦးက “သူတို့လည်း စင်ပေါ်မှာ အဲဒီအကြောင်း ပြောတယ်လေ။ ကျနော်က စင်နောက် သွားမေးတော့ သူတို့ အစစ်ခံရတာ ဟုတ်တယ်။ နောက် ပွဲပါမစ်ကိုလည်း စနစ်တကျ လုပ်ထားတာ မဟုတ်ဘူးလေ။ ရပ်ကွက်နဲ့ အပိုင်ညှိပြီး လုပ်လိုက်တာ။ ဒါပေမဲ့ အထက် (ဗဟို) က ဆင်းလာစစ်တော့ ငြိတာပေါ့။ ဒါပေမဲ့ ပွဲစီစဉ်သူတွေနဲ့ ညှိလိုက်တော့ လွတ်သွားပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

အဆိုတော်များက တဦးလျှင် ၃ ပုဒ်စီ အလှည့်ကျ ဆိုပြီးနောက် ည ၁ဝ နာရီခွဲခန့်တွင် ထိုင်းအာဏာပိုင်များက ပွဲရပ်နားရန် ပြောသဖြင့် ပွဲစီစဉ်သူများနှင့် အာဏာပိုင်များ ထပ်မံညှိနှိုင်းပြီးနောက် ဝိုင်ဝိုင်း၊ မျိုးကြီး၊ အငဲနှင့် လေးဖြူတို့ တယောက်တပုဒ်စီ ထပ်မံ ဆိုခွင့်ရခဲ့ကြောင်း ကိုသက်က ပြောသည်။

သူက “လေးဖြူဆိုနေတုန်း ပွဲသိမ်းဖို့ပြောတော့ လေးဖြူက ကျနော် နဲနဲလောက် ညှိကြည့်မယ်လို့ ပရိသတ်ကို ပြောတယ်။ အဲဒါနဲ့ ဝိုင်ဝိုင်း၊ မျိုးကြီး၊ အငဲနဲ့ လေးဖြူတို့ တယောက်တပုဒ် ဆက်ဆိုလို့ရပြီး ပွဲသိမ်းလိုက်ရတာပဲ။ ပရိသတ်တွေက ထုံးစံအတိုင်း တောင်းနေကျ ‘အလင်းရောင်’ ကို တောင်းတယ်။ ‘အလင်းရောင်’ တော့ မရလိုက်ဘူး။ ‘စုန်းမ’ နဲ့ သိမ်းလိုက်ရတယ်” ဟု မဇ္ဈိမကို ပြောသည်။

ပွဲဝင်ကြေးမှာ တဦးလျှင် ၄၅ဝ ဘတ်၊ ဓာတ်ပုံ ကင်မရာအတွက် ဘတ် ၃ဝဝ သတ်မှတ်ထားသော်လည်း ဗီဒီယို ကင်မရာကိုမူ အတွင်းသို့ ယူဆောင်ခွင့်မပြုခဲ့ပါ။

ယခုပွဲအား မည်သူ စီစဉ်သည်ကို အတိအကျ မသိရသော်လည်း ပွဲကြော်ငြာစာရွက်တွင်မူ “ထိုင်း-မြန်မာ ချစ်ကြည်ရေး ရန်ပုံငွေ ပွဲတော်” ဟု အမည်တပ်ထားသည်။

မြန်မာနိုင်ငံက အဆိုတော်များသည် ထိုင်းနိုင်ငံ မဲဆောက်၊ ချင်းမိုင်၊ ဘန်ကောက် မြို့များသို့ မကြာခဏ လာရောက်ဖျော်ဖြေလေ့ ရှိသော်လည်း Iron Cross ဂီတဝိုင်းနှင့် အဆိုတော် အများစုမှာ ယခုတကြိမ်သည် ပထမဆုံးဖြစ်သည်။



REF: မဇ္ဈိမ

Read More...

အပေါ်သို့