Tuesday, March 31, 2009

ထိုင်းနိုင်ငံ IC ဂီတဖျော်ဖြေပွဲ အဖမ်းအဆီးများ ရှိခဲ့

ကိုဝိုင်း

တနင်္လာနေ့၊ မတ်လ 30 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ ဘန်ကောက်မြို့ပြင်၌ ကျင်းပသည့် Iron Cross – IC ၏ ယမန်နေ့ည ဂီတဖျော်ဖြေပွဲသို့ လာကြည့်သူ မြန်မာရွှေ့ပြောင်းလုပ်သား ၂ဝဝ ကျော် ထိုင်းအာဏာပိုင်များ၏ အဖမ်းအဆီး ခံခဲ့ရသည်။

အချုပ်ကားကြီး ၂ စီး ယူဆောင်လာသည့် ရဲ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ထောက်လှမ်းရေး ပူးပေါင်းအဖွဲ့က ပွဲကျင်းပသည့် မြို့ပြင် ဘန်ဘော်မြို့နယ် ဘန်ဘော်ရပ်ကွက်ရှိ ငါးသေတ္တာရုံလမ်းထိပ်တွင် ပွဲကြည့်လာသူများကို စစ်ဆေး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အလုပ်လုပ်ပိုင်ခွင့် လက်မှတ်ရှိသူများ အပါအဝင် အဖမ်းခံရသည့် အလုပ်သမားဦးရေ ၂ဝဝ နှင့် ၃ဝဝ အကြားရှိမည်ဟု ပွဲကြည့်သွားခဲ့သူ ဘန်ကောက်မြို့မှ အလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုကျော်သောင်းက ခန့်မှန်းသည်။

ထို့အပြင် ထိုင်းကုမ္ပဏီတခုတွင် အလုပ်လုပ်နေသူ ကိုသက်ကလည်း ပရိသတ်အများစုက ကခုန်အော်ဟစ်ကြသော်လည်း ကြမ်းတမ်းစွာ ကခုန်သူ ၅-၆ ဦး ခန့်ကို ပွဲခင်း လုံခြုံရေးရဲများက ဝိုင်းချုပ်၍ ပွဲဝင်းအတွင်းမှ ဆွဲထုတ်သွားသည်ကို မြင်ခဲ့ရကြောင်း ပြောသည်။

ဖမ်းဆီးမှုများကြောင့် ပရိသတ်ဦးရေမှာ လက်မှတ် ဝယ်ယူထားသည့် အရေအတွက်ထက် လျော့ကျသွားပြီး တထောင်ခန့်သာ ရှိနိုင်ကြောင်း ပွဲကြည့်သူများက ဆိုသည်။

အဆိုပါ စစ်ဆေးဖမ်းဆီးမှုများကြောင့် ည ၇ နာရီတွင် ပွဲစတင်မည်ဟု ကြေညာထားသော်လည်း အစီအစဉ်ကို ည ၉ နာရီခန့်မှ စတင်နိုင်ခဲ့သည်။

ထို့အပြင် IC ဂီတပညာရှင်များနှင့် အဆိုတော်များဖြစ်သည့် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဆုန်သင်းပါရ်၊ ကြိုးကြာတို့၏ နိုင်ငံကူးလက်မှတ်၊ ပြည်ဝင်ခွင့်ဗီဇာ စသည်တို့ကို စစ်ဆေးမေးမြန်းခံရသည်။

ဂီတပွဲ သွားခဲ့သူ ရမ်းခမ်းဟန် တက္ကသိုလ်မှ မြန်မာကျောင်းသားတဦးက “သူတို့လည်း စင်ပေါ်မှာ အဲဒီအကြောင်း ပြောတယ်လေ။ ကျနော်က စင်နောက် သွားမေးတော့ သူတို့ အစစ်ခံရတာ ဟုတ်တယ်။ နောက် ပွဲပါမစ်ကိုလည်း စနစ်တကျ လုပ်ထားတာ မဟုတ်ဘူးလေ။ ရပ်ကွက်နဲ့ အပိုင်ညှိပြီး လုပ်လိုက်တာ။ ဒါပေမဲ့ အထက် (ဗဟို) က ဆင်းလာစစ်တော့ ငြိတာပေါ့။ ဒါပေမဲ့ ပွဲစီစဉ်သူတွေနဲ့ ညှိလိုက်တော့ လွတ်သွားပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

အဆိုတော်များက တဦးလျှင် ၃ ပုဒ်စီ အလှည့်ကျ ဆိုပြီးနောက် ည ၁ဝ နာရီခွဲခန့်တွင် ထိုင်းအာဏာပိုင်များက ပွဲရပ်နားရန် ပြောသဖြင့် ပွဲစီစဉ်သူများနှင့် အာဏာပိုင်များ ထပ်မံညှိနှိုင်းပြီးနောက် ဝိုင်ဝိုင်း၊ မျိုးကြီး၊ အငဲနှင့် လေးဖြူတို့ တယောက်တပုဒ်စီ ထပ်မံ ဆိုခွင့်ရခဲ့ကြောင်း ကိုသက်က ပြောသည်။

သူက “လေးဖြူဆိုနေတုန်း ပွဲသိမ်းဖို့ပြောတော့ လေးဖြူက ကျနော် နဲနဲလောက် ညှိကြည့်မယ်လို့ ပရိသတ်ကို ပြောတယ်။ အဲဒါနဲ့ ဝိုင်ဝိုင်း၊ မျိုးကြီး၊ အငဲနဲ့ လေးဖြူတို့ တယောက်တပုဒ် ဆက်ဆိုလို့ရပြီး ပွဲသိမ်းလိုက်ရတာပဲ။ ပရိသတ်တွေက ထုံးစံအတိုင်း တောင်းနေကျ ‘အလင်းရောင်’ ကို တောင်းတယ်။ ‘အလင်းရောင်’ တော့ မရလိုက်ဘူး။ ‘စုန်းမ’ နဲ့ သိမ်းလိုက်ရတယ်” ဟု မဇ္ဈိမကို ပြောသည်။

ပွဲဝင်ကြေးမှာ တဦးလျှင် ၄၅ဝ ဘတ်၊ ဓာတ်ပုံ ကင်မရာအတွက် ဘတ် ၃ဝဝ သတ်မှတ်ထားသော်လည်း ဗီဒီယို ကင်မရာကိုမူ အတွင်းသို့ ယူဆောင်ခွင့်မပြုခဲ့ပါ။

ယခုပွဲအား မည်သူ စီစဉ်သည်ကို အတိအကျ မသိရသော်လည်း ပွဲကြော်ငြာစာရွက်တွင်မူ “ထိုင်း-မြန်မာ ချစ်ကြည်ရေး ရန်ပုံငွေ ပွဲတော်” ဟု အမည်တပ်ထားသည်။

မြန်မာနိုင်ငံက အဆိုတော်များသည် ထိုင်းနိုင်ငံ မဲဆောက်၊ ချင်းမိုင်၊ ဘန်ကောက် မြို့များသို့ မကြာခဏ လာရောက်ဖျော်ဖြေလေ့ ရှိသော်လည်း Iron Cross ဂီတဝိုင်းနှင့် အဆိုတော် အများစုမှာ ယခုတကြိမ်သည် ပထမဆုံးဖြစ်သည်။



REF: မဇ္ဈိမ

0 comments:

အပေါ်သို့