နိုင်ငံရပ်ခြားမှ လူငယ်များ၊ ပြည်တွင်းမှ လူငယ်များ တိုးတက်အောင်မြင်ရေးနှင့် ပတ်သက်ပြီး စာရေးဆရာကြီး ဦးအောင်သင်းနှင့် ခေတ်ပြိုင် အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင်တို့ တယ်လီဖုန်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ လူငယ်တွေ ဘာလုပ်ရမလဲ၊ ထွက်ပေါက်ရှာ ရမလား ဖောက်ထွက်ရမလား၊ အခက်အခဲကြားက ရုန်းထွက်နည်း၊ အင်္ဂလိပ်စာ ဘယ်လိုသင် မလဲ၊ မျိုးချစ်စိတ်ဓါတ် စသည်တို့ကို ဆွေးနွေးခဲ့သည်။ နိုင်ငံရပ်ခြား မြန်မာလူငယ်များအတွက် ဆရာအောင်သင်း၏ အကြံပေးချက် ၁။ ငါမုချကြီးပွားအောင်မြင်ရမယ်ဆိုတဲ့ အဓိဋ္ဌာန်ထားပါ လူငယ်တယောက်ဟာ အရေးကြီးဆုံးအချက်က ငါဟာမုချကြီးပွားအောင်မြင်နေရမယ် ဆိုတဲ့ အဓိဋ္ဌာန် ခိုင်ခိုင်မာမာချဖို့ အရေးကြီးတယ်။ များသောအားဖြင့် လူငယ်တွေဟာ အမှတ်မထင် အမှတ်မထင်လေးတွေ နေကြတယ်။ အဲဒီလို ခိုင်ခိုင်မာမာ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ ဆုံးဖြတ်ချက် အဓိဋ္ဌာန်ပြုခဲ့သလား။ ဝေေ၀၀ါးဝါးလေးပေါ့ အမှတ်မထင် ပဲရှိတတ်တယ်။ ခိုင်မာရမယ်ဆိုတာ။ ဘုရားရှေ့မှာ အာရုဏ်ပြုသလို အဓိဋ္ဌာန်ပြုလိုက်သလို၊ သစ္စာဆိုလိုက် သလို အဲလိုကို အဓိဋ္ဌာန်ပြုရတယ်။ အဲဒါဟာ အလွန်ကို အရေးကြီးပါတယ်။ အဲဒီအဓိဋ္ဌာန်ချက် ခိုင်မာသွားလို့ရှိရင် ကျန်တဲ့ဥစ္စာတွေဟာ သူ့ကိုယ်သူထိန်းသွားလို့ရှိတယ်။ ဘယ်သူမဆို အဲဒီလို ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒါကြောင့် အဲဒီဟာက အရေးကြီးတယ်လို့ ကျနော် ပြောဆို ခြင်းဖြစ်ပါတယ်။ အဲဒါ နံပါတ် (၁) အချက်ပေါ့ နော်။ ၂။ ကျန်းမာရေးကို ကိုးကွယ်ပါ နံပါတ် (၂) အချက်ကတော့ အဲအောင်မြင်ချင်လို့ရှိရင် ကျန်းမာရေးကို ကိုးကွယ်ရတယ်။ ကိုယ်ကကျန်းမာနေတဲ့အခါမှာ ကျန်းမာရေးရဲ့တန်ဖိုးကို မေ့နေတတ်တယ်။ အဲဒီတော့ ဘုရားရှင်က မေတ္တာပို့တာတောင်မှ မိမိကိုယ်ကို မိမိပထမဆုံးမေတ္တာပို့ပါ လို့ပြောခဲ့တာ။ ဘာကြောင့်လဲလို့ဆိုတော့ ကိုယ့်ကိုယ်ကို ကျန်းမာမှ တခြားသူကို ဒုက္ခမပေးမိမှာပေါ့။ အဲဒီတော့ ကျန်းမာရေးကို ဂရုစိုက်တယ် ဆိုတဲ့ကိစ္စမှာ အဲဒါဟာ မေ့မေ့လျော့လျော့ ဖြစ်တဲ့အခါကျတော့ ကျန်းမာရေးနဲ့ ဆန့်ကျင်ဘက် ဥပမာ မူးယစ်ဆေးဝါး သုံးတာတွေ၊ အရက်သေစာအများကြီး သောက်တာတွေ၊ သို့မဟုတ်လို့ရှိရင် အ၀လွန်လွန်းတဲ့ အဆီအအိမ့် တမက်တမောစားတာတွေ အဲဒီဥစ္စာတွေ အကုန်လုံးကို ထိန်းချုပ်သွားရတာ။ အဲဒီဘာကိုပဲ စားသည်ဖြစ်စေ၊ လုပ်သည်ဖြစ်စေ၊ အိပ်သည်ဖြစ်စေ၊ နေသည်ဖြစ်စေ ကျန်းမာရေးကို မထိခိုက်ရအောင် လူတွေသိပ်ကိုအရေးကြီးတယ်။ မကျန်းမာတာနဲ့ တပြိုင်နက်တည်း ကိုယ်သည် မှီခိုသော လူဘ၀ကို ရောက်သွားတတ်တယ် ဆိုတာကို မေ့နေတတ်တယ်။ အင်မတန်အရေးကြီးပါတယ် ကိုစိန်ကျော်လှိုင် အဲဒါလေးကို သေသေချာချာ အလေးနက် ကလေး ထည့်ပေးစေချင်ပါတယ် နော်။ ၃။ စိတ်ဝင်စားတဲ့လုပ်ငန်း ရွေးချယ်ပါ နောက်တခါ နံပါတ် (၃) အချက်က ကိုယ်စိတ်ဝင်စားတဲ့လုပ်ငန်းကို ရွေးချယ်ရတယ်။ ဥပမာ လျှပ်စစ်ဘက်မှာ စိတ်ထက်သန်လား၊ ဆောက်လုပ်ရေးဘက်မှာ စိတ်ထက်သန်လား သို့မဟုတ် ကွန်ပျူတာမှာလား၊ စာရေးတာမှာ စိတ်ထက်သန်တာလား အစရှိတာတို့ပေါ့နော်။ တကယ့်ကို အသက်မွေးဝမ်းကျောင်းကို ပေးနိုင်မယ့် လုပ်ငန်းတခုကို ကိုယ်ချင့်ချင့်ချိန်ချိန် ရွေးချယ်ရပါမယ်။ ကိုယ့်ဝါသနာပါတဲ့ဥစ္စာ ဟော်ဘီသဘောမျိုးပေါ့။ အပိုဝါသနာပါတဲ့ ကိစ္စမျိုးကတော့ ပန်းချီရေးသည် ဘာရေးသည်ဖြစ်စေ အသက်မွေးဝမ်းကျောင်းမျိုး မဟုတ်ဘဲ နဲ့ လုပ်ချင်တာလုပ်ပေါ့။ ဒါပေမယ့် လက်ငင်းအရေးကြီးတဲ့ ဥစ္စာကတော့ အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လုပ်ငန်းကို စိတ်ဝင်စားလဲ ဆိုတာ ပထမဆုံး ရွေးချယ်ဖို့ လိုပါတယ်။ အဲဒီရွေးချယ်တဲ့ ဥစ္စာဟာ ကိုယ့်စိတ်နဲ့ ပတ်ဝန်းကျင်နဲ့ ရှိတဲ့အထဲမှာမှ ကိုယ်ရွေးလို့ ရနိုင်တဲ့ လုပ်ငန်းတွေထဲမှာ ဘယ်ဟာကို ရွေးနိုင်မလဲဆိုတာ၊ အဲဒါကို ချင့်ချိန်ရွေးချယ်ပြီးတော့ အဲဒီဥစ္စာကို နေ့နေ့ညည လေ့လာရတယ်။ ၄။ ရွေးချယ်တဲ့ပညာကို နေ့နေ့ညည ကြံဆပါ ဆက်ပြီးတော့ ပြောချင်တာက နံပါတ် (၄) အချက်က အဲဒီရွေးချယ်လိုက်တဲ့ ပညာရပ်ကို သို့မဟုတ် အဲလုပ်ငန်းကို လေ့လာတာ အဲဒါကို နေ့နေ့ညည စိတ်ထဲမှာတွေးပြီးတော့ ကြံဆနေရပါတယ်။ အဲကြံဆမနေလို့ရှိရင် အဲဒီဥစ္စာ ဘယ်တော့မှ မအောင်မြင်နိုင်ဘူး။ အဲဒီလို ကြံဆရင်းကနေ ဘာဖြစ်လာသလဲဆိုတော့ တခါတရံမှာ ဖြစ်သွားတတ်တာက ပထမ ရွေးချယ်ထားတဲ့ လုပ်ငန်းထက် ပိုပြီးကောင်းတဲ့လုပ်ငန်း၊ ကိုယ်နဲ့ပိုသင့်တော်တဲ့ လုပ်ငန်း တွေ့သွားတတ်တယ်။ ဒါမှမဟုတ်လို့်ရင် ကိုယ်ရွေးချယ်ထားတဲ့ လုပ်ငန်းမှာ တိုးတက်ရာ တိုးတက်ကြောင်း ဖြစ်လာတတ်ပါတယ်။ အဲဒါကျနော်ပြောတာ နေ့နေ့ညည ကြံဆပါလို့ ကျနော် ပြောချင်ပါတယ်။ ၅။ မိတ်ဆွေအပေါင်းအသင်းထံ တပည့်ခံဖို့ ၀န်မလေးနဲ့ နောက်နံပါတ် (၅) အချက်က အဲဒီဟာနဲ့ ပတ်သက်ပြီး လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ သိကျွမ်းတဲ့သူ၊ မိတ်ဆွေအပေါင်းအသင်း အဲဒီကနေ ဆရာတင်ဖို့ ကိုယ်က တပည့်ခံဖို့ ၀န်မလေးပါနဲ့။ နောက်ပြီးတော့ ဆိုလိုတာက မေးဖို့ဝန်မလေးနဲ့၊ ငါ့အဲဒါလေးသင်ပေးစမ်းပါကွာ ဆိုတာမျိုး ပြောတာလိုမျိုး။ ကျနော့်ကို အဲဒါလေးသင်ပေးပါခင်ဗျာလို့ အဲဒီလိုပြောတာမျိုး။ အဲဒီလို လုပ်ဖော်ကိုင်ဖက် အချင်းချင်းကဖြစ်စေ တပည့်ခံဖို့ ၀န်မလေးရဘူး။ တချို့က ဆရာတင်ဖို့ တပည့်ခံဖို့ အင်မတန် ၀န်လေးတတ်ကြတယ်။ ကျနော်ကိုယ်တိုင် ပြောရမယ်ဆိုလို့ရှိရင် ကျနော်တချို့ အပိုင်းတွေမှာကို ကျနော်တပည့်တွေ ဆီကနေ ပြန်ပြီးသင်ယူနေတာပဲ။ တပည့်တွေက ကိုယ့်ဆရာဖြစ်တဲ့အခါကျတော့ လိုလိုချင်ချင် သင်ပေးကြတယ်။ ကျနော် အဲဒီနည်းအားဖြင့် ကျနော် ပညာတွေ အများကြီးရခဲ့တယ်။ ကိုယ့်တပည့်ဆီမှာပြန်ပြီး ကျနော်တပည့်ခံခဲ့တာပါ။ အဲဒီတော့ ကိုယ့်တပည့်ဆီတောင်မှ တပည့်ခံရတယ်ဆိုလို့ရှိရင် ကိုယ့်မိတ်ဆွေ၊ အပေါင်း အသင်းဆီ ဘာဖြစ်လို့ တပည့်မခံနိုင်ရမှာလည်း။ ဒါပေမယ့် အဲတခုရှိတယ် တပည့်ခံပြီး သင်လို့ရတဲ့အခါမှာ ကိုယ်ကနှုတ်ဆိတ်ပြီးတော့ မနေပါနဲ့။ သူ့ကို ကျေးဇူးတင်ကြောင်းကို လှိုက်လှိုက်လှဲလှဲ ပြောဖို့လိုတယ်။ နောက်ပြီး ကျေးဇူးတင်ကြောင်းကိုလည်း ပြဖို့လိုပါတယ်။ ဥပမာဆိုပါတော့ သူ့ကိုကျေးဇူးတင်ကြောင်းလေး တကယ်လို့ ရပ်ဝေးမှာနေတယ်ဆိုလို့ရှိရင် ကျေးဇူးတင်ကြောင်းလေး စာနဲ့တကြောင်းလေးဖြစ်စေ၊ မင်းပေးလိုက်တဲ့ ကျေးဇူးလေးရတယ် ကွာ ငါအခုထက်ထိ ကျေးဇူးမမေ့နိုင်သေးဘူး ဆိုတာမျိုးလေး စာလေးတကြောင်းလောက်နဲ့ ဖြစ်စေ၊ ဒါမှမဟုတ် ကဒ်လေးတခုလောက် ပို့ပြီးဖြစ်စေ ၀န်မလေးပါနဲ့။ တကယ်လို့ကြုံလို့ ဖြစ်စေ သူ့ကို လက်ဖက်ရည်တခွက်တိုက်တာဖြစ်စေ၊ ထမင်းတနပ်ကျွေးတာဖြစ်စေ ၀န်မလေး ပါနဲ့။ အဲဒီဥစ္စာ တသက်တာလုံး ကိုယ့်အတွက်ကို သင်ပြမယ့်သူတွေပေါ်လိမ့်မယ်၊ လမ်းညွှန် မယ့်သူတွေ ပေါ်လိမ့်မယ်၊ အဲဒီလိုဟာမျိုး အဲဒါမျိုးဝန်မလေးပါနဲ့။ နောက်တခုက အဲလိုနည်းအားဖြင့် အပေါင်းအသင်း သိပ်ဖွံ့ဖြိုးလာလိမ့်မယ်၊ အဲဒီ အပေါင်း အသင်းက ကိုယ့်ဘ၀ တိုးတက်မှုအတွက် အမြဲစောင့်ရှောက်မယ့်သူတွေ ဖြစ်လာလိမ့်မယ်လို့ ကျနော် အကြံဥာဏ်ပေးချင်ပါတယ်။ အဲဒါရပ်ဝေးမှာနေတဲ့ ကလေးတွေအတွက် ကျနော် တတ်နိုင်တဲ့ အကြံပေးချက်ပါ။ အဲဒါလေးပါပဲ ကိုစိန်ကျော်လှိုင်။
အောက်ဖော်ပြပါ နိုင်ငံရပ်ခြား မြန်မာလူငယ်များအတွက် ဆရာအောင်သင်း အကြံပေးချက်မှာ တွေ့ဆုံမေးမြန်းခန်းမှ ကောက်နှုတ်ချက်ဖြစ်သည်။ အပြည့်အစုံကို အသံဖိုင်ဖြင့် နားဆင်နိုင်သည်။)
ကိုးကွယ်ရတယ်ဆိုတဲ့စကားလုံးကို ကျနော်တကယ်ပြောတာပါ။ ကိုယ့်ကျန်းမာရေးကို ဘယ်လောက် အရေးကြီး တယ်ဆိုတာက လူငယ်တွေဟာ အမှတ်မထင် နေတတ်ကြတယ်။ မကျန်းမာရင် ဘာမှမဖြစ်နိုင်တော့ဘူး၊ သူများကို မှီခိုနေရတဲ့ဘ၀ကို ရောက်သွားတတ် တယ်ဆိုတာကို မေ့နေကြတယ်။
(လူငယ်ရေးရာနှင့် ပတ်သက်ပြီး စာရေးဆရာ အောင်သင်းနှင့် ခေတ်ပြိုင် အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင် တွေဆုံမေးမြန်းခန်း အပြည့်အစုံနားဆင်ရန်)
REF: ခေတ်ပြိုင်
Friday, February 20, 2009
လူငယ်များ တိုးတက်ရေးအတွက် ဆရာအောင်သင်း၏ အကြံပေးချက်
၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ် ရပ်စဲရေး အဖွဲ့များ ကံကြမ္မာ - အပိုင်း (၄) - ဗိုလ်ထက်မင်း
၂၀ ဖေဖော်ဝါရီ ၂၀၀၉
UWSA “၀” တွေဟာ ဗကပကို တော်လှန်ခဲ့ပြီးတဲ့နောက် န၀တနဲ့ စတင်ဆွေးနွေးလာပါတယ်။ ထိုစဉ်က ထောက်လှမ်းရေး အကူတပ် တပ်မှူးဖြစ်သူ ဒုဗိုလ်မှူးကြီး တင်ဝင်းဟာ “၀” ခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ခဲ့ပါတယ်။ ကက (ကြည်း) က ကျိုင်းတုံရှိ တပ်မ (၈၈) တပ်မမှူးဖြစ်နေတဲ့ ဗိုလ်သိန်းဟန်ကို စေ့စပ် ငြိမ်းချမ်းရေး လုပ်လိုတဲ့ “၀” တိုင်းရင်းသား ခေါင်းဆောင်များအား လက်ခံတွေ့ဆုံ ဆွေးနွေးဖို့နဲ့ အထူးသဖြင့် သဘောတူညီချက်တွေထဲမှာ ပါဝင်ရမဲ့ နယ်နိမိတ်၊ ဧရိယာကိစ္စ ပိုင်းခြားရာမှာ ရှေ့တန်း နယ်မြေကို ကိုင်တွယ်ထားတဲ့ တပ်မမှူးတဦးရဲ့  အခန်းကဏ္ဍ အရေးပါလှတာမို့ လိုအပ်တာ လုပ်ပေးရန်ကိုပါ ညွှန်ကြားခဲ့ပါတယ်။
ဒုဗိုလ်မှူးကြီး တင်ဝင်းနဲ့ “၀” အဖွဲ့တွေဟာ ကျိုင်းတုံရှိ တပ်မဌာနချုပ်ထံ သွားရောက်ကာ တပ်မမှူး ဗိုလ်သိန်းဟန်ကို တွေ့ခွင့်တောင်းပါတယ်။ ဒါပေမဲ့ ဗိုလ်သိန်းဟန်ဟာ မူလကတည်း က ကွန်မြူနစ် ဗကပဖြစ်တဲ့ “၀” များကို တိုက်ခိုက်နေခဲ့သူပီပီ မုန်းတီးမှုကြောင့် အတွေ့မခံဘဲ “ငါးကန်” စစ်ဆေးရန် ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရှောင်ထွက်သွားခဲ့ပါတယ်။ အဲဒီ ထောက်လှမ်းရေးအဖွဲ့ စစ်ရုံးကိုပြန်ရောက်ပြီး ကက (ကြည်း) ထံ ကကလှမ်းရဲ့ အစီရင်ခံစာ အဖြစ် ဒီဖြစ်စဉ်ကို တင်ပြလိုက်တဲ့အခါ တပ်ချုပ် ဗိုလ်စောမောင်က ဒေါသတကြီး ပစ်တင်ပြော ဆိုခဲ့ပါတယ်။ အထက်က မူဝါဒနဲ့ လုပ်နေတာကို ဒီကောင်က ပမာမခန့် လုပ်ရသလားဆိုပြီး တပ်မမှူးအား ရာထူးဖြုတ်ပစ်ကာ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ချောင်ထိုးရွှေ့ပြောင်းလိုက်ပါတယ်။ ဗိုလ်မောင်အေး စိတ်နာတဲ့နောက် အပစ်ရပ် တိုင်းရင်းသားအဖွဲ့ကတော့ ကယားတိုင်းရင်းသား အပစ်ရပ် KNPP အဖွဲ့ပဲ ဖြစ်ပါတယ်။ ကယားပြည်နယ်ဟာ ချောင်းရှိသော်လည်း ရေမရှိဘဲ ရေရှားသလို တောင်တွေကလည်း ကျောက်တောင်များ ဖြစ်လို့ မတ်စောက်လွန်းတာရယ်၊ မိုင်းပေါတာရယ်၊ ရိက္ခာ စပါး အသီးအနှံများ ရှားပါးတာရယ်ကြောင့် တစ်ရွာနှင့် တစ်ရွာ ဘာသာစကားမတူတဲ့ အခက်အခဲများနှင့်အတူ ကယားပြည်နယ်ကို စစ်ဆင်ရေး ၀င်ရတဲ့ တပ်တွေအတွက် အင်မတန်ခေါင်းခဲရပါတယ်။ ကယားပြည်နယ် စစ်ဆင်ရေး ၀င်ခဲ့တဲ့ အတွင်းရေးမှူး (၂) ဗိုလ်တင်ဦးကအစ ဗိုလ်မောင်အေး အဆုံး ခေါင်းတွင်တွင်ခါရတဲ့ အထိ လန်ပြန်ထွက်အောင် တပ်များ အထိနာခဲ့လို့ KNPP ကို အငြိုးထား မုန်းတီးခဲ့ပါတယ်။ KNPP အပြင် တာကလယ် ဦးစီးတဲ့ ပအိုဝ်နီ ရလလဖ အဖွဲ့ကလည်း လက်သံပြောင်ပြောင်နဲ့ “ဆော်” လေရာ ကက (ကြည်း) ဟာ ရပခကို ထုတော့တာမို့ ရပခ တိုင်းမှူးဘ၀က ရခဲ့တဲ့ ဒဏ်ရာကို ဗိုလ်မောင်အေး အနေနဲ့ ဒုချုပ် ဖြစ်နေချိန်အထိ မေ့ပျောက်ရန် ကြိုးစားဖို့ ခက်ခဲ ခဲ့ပါတယ်။ အဲဒီနောက် KNPP နှင့် ကကလှမ်းတို့ ညှိနှိုင်းသဘောတူညီချက်အရ ငြိမ်းချမ်းရေး စတင် ယူနေပြီ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင်က ကယားပြည်နယ်အတွင်း ဆရာကျောင်း ခေါ် ဦးအောင်ကိုဝင်းရဲ့ ကုမ္ပဏီနဲ့ ဦးကျော်ဝင်းရဲ့  ရွှေသံလွင် ကုမ္ပဏီတွေကို သစ်ခုတ်လှဲခွင့် ပါမစ်အား စစ်အစိုးရက ပေးခဲ့ပေမယ့် ရှေ့ တန်းအနက်ရောင် နယ်မြေမို့ KNPP ကို အခွန်ပေး လာဘ်ထိုးကာ နားလည်မှုယူ ခုတ်လှဲနေခဲ့ရပါတယ်။ KNPP ကလည်း ငြိမ်းချမ်းရေး ၀င်ရောက် ရမှာဖြစ်လို့ ယခင်လို ကုမ္ပဏီတွေထံမှ ပိုက်ဆံတောင်းဖို့ အခွင့်အရေး မရတော့မှာ စိုးရိမ်နေတဲ့ အတွက် ကုမ္ပဏီများနဲ့ အပြိုင်အဆိုင် သစ်တွေကို ခုတ်လှဲပါတော့တယ်။ ဒါကြောင့် ကုမ္ပဏီတွေက ကကကြည်းကို တိုင်တန်းခဲ့ရာမှာ အခဲမကျေ ဖြစ်နေတဲ့ ဗိုလ်မောင်အေးက ကယားပြည်နယ်အတွင်းသို့ စကခ (၇) တပ်မ တစ်ခုလုံးအား ဖယ်ခုံတွင် အခြေစိုက် ဖွင့်လှစ်စေပြီး ကယားပြည်နယ်ကို မွှေနှောက်ခိုင်း ပါတော့တယ်။ အဲဒီ အခြေအနေ ကို ထိန်းသိမ်းဖို့ လွိုင်ကော်မြို့ က ထောက်လှမ်းရေးတပ်မှူး ဗိုလ်မှူးဇော်သက်နိုင်ကို ကကလှမ်း မှ ညွှန်ကြားပြောဆိုခဲ့ပါတယ်။ သို့သော် KNPP က မလုပ်တော့ကြောင်း ပြန်ကြားပေမဲ့ အခြေအနေ တင်းမာနေပြီး စစ်တပ်နဲ့ KNPP တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ ပထမ စောစောပိုင်းကာလ စစ်ဆင်ရေး စတင်ရာမှာ နအဖ တပ်မှရှုံးနိမ့်ခဲ့လို့ စကခ (၇) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးကိုကိုကျော် အဖြုတ်ခံရပြီး စစ်သံမှူးအဖြစ် လွင့်ထွက်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒုတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့  ပါဝါကုန်သုံးပြီး စစ်တပ် အလုံးအရင်းနဲ့ တပ်မ (၅၅) ကိုပါ ထည့်သွင်းချေမှုန်းတာမို့ အင်အားမမျှလို့ KNPP လည်း တောထဲသို့ ပြန်ဝင် သွားခဲ့ရပါတယ်။ ကကလှမ်းအနေနဲ့ KNPP ကို တွေ့ဆုံ ဆွေးနွေးရေးအတွက် ပြန်လည် ကြိုးစား ကြည့်ခဲ့ပါသေးတယ်။ KNPP ရဲ့  ကိုယ်စားလှယ် ခူအူးရယ် အဖွဲ့ဝင် (၅) ယောက်အား ရန်ကုန်သို့ ခေါ်ယူညှိနှိုင်းရာ KNPP က အရင်သဘောတူညီချက်များအတိုင်း နေထိုင် လုပ်ဆောင်ခွင့်ရရင် ပြန်လည်ဝင်ရောက်မယ်လို့ပြောရာ ကက(ကြည်း) ထံ ကကလှမ်းမှ အကျိုးအကြောင်းပြန်လည် တင်ပြခဲ့ပါတယ်။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ကကကြည်းဟာ “အင်း မလုပ်၊ အဲ မလှုပ်” ဆိုင်းငံ့ ထားပြန်ပါတယ်။ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ခရစ်ယာန်သာသနာပြု ဂိုဏ်းချုပ်ဆရာတော် ဆိုတေးရို ဖာရိုမို ဆိုရင် ကယားပြည်နယ် ငြိမ်းချမ်းရေးကို လိုချင်လွန်းတာကြောင့် အခေါက်ခေါက် အခါခါ လွန်းပျံသွားရောက်ညှိနှိုင်းရာ ဒုက္ခကြီးလှတာမို့ ငဲ့ညှာဖို့ ကောင်းလှပါတယ်။ ဒီနေရာမှာ သုံးသပ်ချင်တာက ဗိုလ်သန်းရွှေဟာ ငြိမ်းချမ်းရေးကိစ္စအား ယခင်မူဝါဒအတိုင်း မပြင်ရဲဘဲ ဗိုလ်ခင်ညွန့်ရဲ့  အပစ်ရပ် အဖွဲ့တွေအပေါ် ညှိနှိုင်းတဲ့ အစီအစဉ်တွေကို မဖျောက်ချင် ပေမဲ့ ကကကြည်းအား ကိုင်တွယ်ထားတဲ့ ဗိုလ်မောင်အေးရဲ့  တင်းမာတဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ် အပေါ် ဗိုလ်ခင်ညွန့်နဲ့ ဗိုလ်မောင်အေးတို့အကြား မှန်မှန်ကန်ကန် အလယ်အလတ် ရပ်တည် ပေးခဲ့မှုမရှိတာ တွေ့ရပါတယ်။ ဗိုလ်သန်းရွှေကိုယ်တိုင် အပစ်ရပ် အဖွဲ့တွေအပေါ် မူလကတည်း က နှိမ့်ချဆက်ဆံလိုပြီး ယုံကြည်မှုမရှိတဲ့ အတွက်ကြောင့် “ကြားနေ” ရပ်တည်ခဲ့တာလည်း ဖြစ်ပါတယ်။ ဗိုလ်ခင်ညွန့်ကို ဖြုတ်လိုက်ပြီးတဲ့ နောက်ပိုင်းမှာတော့ တိုင်းရင်းသားတွေရဲ့  အရေးဟာပိုပြီးတောင် အလှမ်းဝေးခဲ့ပြီဖြစ်ပါတယ်။ လေးလပတ် အစည်းအဝေးတွေမှာ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးရဲ့  မကြာခဏ လက်သုံး စကားကတော့ “သူပုန်တွေ တို့တပ်ကို လာစော်ကားရင်တော့ ချမယ်ကွာ၊ အတင်အစီးမခံဘူး၊ ဒီကောင်တွေ လူပါးဝတယ်” စသဖြင့် အမြဲပြောနေတာကြောင့် ဗိုလ်ခင်ညွန့် အနေနဲ့ ဟိုစဉ်ကတည်းက ဘေးကျပ်နံကျပ် မျက်နှာပျက်ရတဲ့ကိန်း အမြဲဆိုက်ရောက်ခဲ့ရပါတယ်။ တကယ်တော့ ဗိုလ်သန်းရွှေက ငါးတစ်ကောင်ကို ၀မ်းပျဉ်းသားအဆီဖြိုးဖြိုးကို ယူထားပြီး ခေါင်းပိုင်းကို ဆွေမျိုးပေါက်ဖော် တရုတ်ကိုကျွေးသလို အမြီးပိုင်းကိုတော့ သူ့လက်အောက် ငယ်သား ဗိုလ်ချုပ်အပေါင်းနဲ့ အပေါင်းအပါတွေကို ကျွေးထားတာမို့ အရိုးအရင်း အကျတွေ ကြားက အသားစရှာစားနေရတဲ့ အဖြစ်ကို အပစ်ရပ် တိုင်းရင်းသားတွေ အနေနဲ့ သိမြင်ဖို့ လိုပါတယ်။ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးဟာ အပစ်ရပ် တိုင်းရင်းသား အဖွဲ့တွေကို နှိမ့်ချ ဆက်ဆံသလို တိုင်းရင်းသားတွေ အပေါ်မှာတော့ အမြတ်ထုတ် အခွင့်အရေးယူ “ဖျံ” ကျတတ်ပုံတွေ၊ နိုင်ထက်စီးနင်းရယူ အမြတ်ထုတ်ခဲ့ပုံတွေကို ဆက်လက် တင်ပြပါဦးမယ်။
အဲဒီအချိန်မှာ ဒုတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်နေတဲ့ ဗိုလ်သန်းရွှေက လက်တို့ပြီး ဂျပန် သံအမတ်ကြီးအဖြစ် စောင့်ရှောက်ရန် ပြောဆိုစီမံကာ ဗိုလ်သိန်းဟန်ကို နှစ်သိမ့်ဆု ပေးလိုက်ပါတယ်။ အဲဒီအချိန်တုန်းက ရပခ တိုင်းမှူးဖြစ်နေတဲ့ ဗိုလ်မောင်အေးကလည်း တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး တင်းမာတဲ့ သဘောထား ဟန့်တားမှုတွေနဲ့ တုန့်ပြန်ခဲ့မှုတွေ ရှိခဲ့တာကြောင့် အဆင်မသင့်ရင် သူ့ကိုပါဆက်ပြီး “ဆော်” မယ့် အနေအထား ရှိခဲ့ပါတယ်။ ကံကောင်းချင်တော့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ကိစ္စနဲ့ ဗိုလ်စောမောင် နပန်းလုံးနေရာက စိတ်ဂယောင်ချောက်ချား ဖြစ်ခဲ့တာမို့ ဗိုလ်မောင်အေး သက်သာရာ ရောက်သွားခဲ့ပါတယ်။
ဗိုလ်ထက်မင်း
REF: ခေတ်ပြိုင်
မြန်မာငွေ တန်ဖိုးတက် ကုန်သွယ်ရေး ထိခိုက်
၁၉ ဖေဖော်ဝါရီ ၂၀၀၉
ကန်ဒေါ်လာ၊ ထိုင်းဘတ်၊ ဘင်္ဂလားဒေ့ရှ် တာကာ အပါအဝင် နိုင်ငံခြားငွေကြေးများနှင့် နှိုင်းယှဉ်လျင် မြန်မာကျပ်ငွေတန်ဖိုး အလျင်အမြန် မြင့်တက်နေသည့်အတွက် ကုန်သွယ်ရေးလုပ်ငန်းများ ထိခိုက်လာနေကြောင်း ကုန်သည်ကြီးများ အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။
နယ်စပ်ကုန်သွယ်ရေးမှတဆင့် ထိုင်းနိုင်ငံနယ်စပ် မြဝတီသို့ ကြက်သွန်နီ တင်ပို့နေသူတစ်ဦးက “ကျွန်တော်တို့က မြန်မာငွေနဲ့ ဈေးဖြတ်ပြီး မြဝတီ အရောက်တင်တယ်။ အခြားကုန်သည် တစ်ယောက်က ပါမစ်ကိစ္စ အရောင်းအဝယ်ကိစ္စ သူ့ဖာသာသူ လုပ်ပြီး မဲဆောက်ဘက်ကို ထပ်တင်တယ်။ ခုရန်ကုန်မှာ လက်ကားဈေး တစ်ပိဿ (၃၅ဝ) ကျပ် (၃၈ဝ) ကျပ်ရှိတယ်။ ပါမစ်ကြေး၊ ကားခ အပါအဝင် နယ်စပ်အရောက် တစ်ပိဿ စားရိတ် (၁၃၅) ကျပ်လောက်ရှိ တယ်၊ ပုံမှန်အားဖြင့်ဆိုရင်တော့ ကိုက်တယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းကစ မြန်မာကျပ်ငွေ တန်ဖိုးတက်လာတော့ ထိုင်းဘတ်နဲ့ ရတဲ့ငွေက နည်းသွားပြီး အရှုံးပြလာတယ်။ ခု မနေ့ကဆို ဟိုဘက်ပို့တဲ့ ကုန်သည်က ဒီဈေးအတိုင်းပဲဆို ဆက်မတင်ဖို့ ပြောလာတယ်။ တကယ်လို့ ရန်ကုန်ကြက်သွန်ဈေး ထပ်ကျဦးမယ် ဆိုရင်တော့ ပြန်ပို့နိုင်လိမ့်မယ် ထင်တယ်” ဟု ပြောပြသည်။ ဒေါ်လာငွေ တန်ဖိုးသည် ပြီးခဲ့သည့်နှစ် မကုန်ခင်က ရန်ကုန်မှာ တစ်ဒေါ်လာ ကျပ် (၁,၁၅ဝ) ဝန်းကျင် ရှိခဲ့သည်။ လွန်ခဲ့သည့် တပတ်ခန့်အထိ တစ်ဒေါ်လာ (၁,ဝ၈ဝ) ကျပ် ပတ်ဝန်းကျင် ထိ ကျဆင်းခဲ့ပြီး ယခုရက်ပိုင်း တစ်ဒေါ်လာ ကျပ် (၁,ဝဝဝ) အောက်ရောက်ကာ ၁၈.၂.၂၀၀၉ ပေါက်ဈေး တစ်ဒေါ်လာ (၉၈ဝ) ကျပ် လောက်သာ ရှိတော့သည်။ ရက်ပိုင်းအတွင်း (၁ဝ) ရာခိုင်နှုန်းကျော် ကျဆင်းခဲ့တာဖြစ်သည့်အတွက် နိုင်ငံခြားကို ကုန်ပစ္စည်းတင်ပို့နေသည့် ပို့ကုန်သမားတွေ အထူးအထိနာခဲ့သည်။ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်ပြီး စစ်တွေမြို့အခြေစိုက် စီးပွားရေး သတင်းဆောင်းပါးများ ရေးသားနေသူတစ်ဦးကို မေးမြန်းကြည့်ရာ ၄င်းက ပြီးခဲ့သည့်နှစ်က ဘင်္ဂလားဒေ့ရှ် တာကာ (၁ဝဝ) ကို မြန်မာကျပ်ငွေ (၁,၇ဝဝ) ကျော် ရှိနေခဲ့ရာမှ လက်ရှိ ကျပ် (၁,၂ဝဝ) ပင် မပြည့်ချင်တော့ကြောင်း၊ တာကာငွေ တန်ဖိုးကျနေလို့ ပို့ကုန်သမားတွေ တွက်ခြေ မကိုက်တာကြောင့် မောင်းတောဘက် သွားသူပင် သိပ်မရှိကြောင်း၊ ပုဇွန် ပို့သူများလည်း ရပ်နားထားကြောင်း ပြောပြသည်။ နိုင်ငံခြားငွေများနဲ့ စာလျင် ကျပ်ငွေတန်ဖိုး ယခုလို မြင့်တက်နေမှုကြောင့် ပို့ကုန်သမားများ တွက်ခြေမကိုက် ဖြစ်နေချိန် သွင်းကုန်သမားများလည်း ပြည်သူတွေ စီးပွားရေး ကျဆင်းပြီး၊ ပြည်တွင်း ဝယ်လိုအား လျော့ကျနေခြင်းကြောင့် ကုန်ပစ္စည်းတင်သွင်းမှု များစွာလျော့ကျ နေသည်ဟု စုံစမ်းသိရသည်။ ရန်ကုန်မင်္ဂလာဈေးမှ ငွေလွှဲလုပ်ငန်း လုပ်နေသူ တစ်ဦးကလည်း ယခုတလော မလေးရှားအပါအဝင် ပြည်ပက ငွေလွှဲပေးပို့မှု ထက်ဝက်မက ကျဆင်းသွားကြောင်း၊ အလုပ်သမား အချို့မြန်မာပြည် ပြန်လာခြင်း၊ မြန်မာငွေ တန်ဖိုး တက်နေလို့ ငွေမလွှဲကြသေးပဲ အခြေအနေ စောင့်ကြည့်နေခြင်း စတာတွေကြောင့် ဖြစ်နိုင်ကြောင်း ပြောပြသည်။ စာရေးဆရာ ဘောဂဗေဒ ပညာရှင်တစ်ဦးကမူ တရုတ်ပြည်ဆိုရင် သူ့ရဲ့ ပို့ကုန်လုပ်ငန်း ထိခိုက်မှာ စိုးလို့ တရုတ်ယွမ်ငွေ တန်ဖိုးကို မူလ ရှိနေတဲ့ တန်ဖိုးထက် နှိမ့်ချ သတ်မှတ်ထား တာမျိုး တစ်လျောက်လုံး လုပ်ကိုင်လာကြောင်း၊ မြန်မာကျပ်ငွေ တန်ဖိုး မြင့်တက်လာလျှင် လည်း အလားတူ ပို့ကုန်လုပ်ငန်းကို ထိခိုက်လာနိုင်စရာ ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ငွေတန်ဖိုး တည်ငြိမ်နေလျင် စီးပွားရေး အတွက် အကောင်းဆုံးဖြစ်ကြောင်း၊ ငွေတန်ဖိုးအတက် အကျ မြန်ဆန်ပြောင်းလဲနေခြင်းသည် စီးပွားရေးကို ဆိုးကျိုးသာ ဖြစ်စေနိုင်ကြောင်း သုံးသပ်ပြခဲ့သည်။
REF: ခေတ်ပြိုင်
နအဖ နှင့် ဝ ဆက်ဆံရေး ပုံမှန်ပါ (ဝ ပြောရေးဆိုခွင့် ရှိသူနှင့် အင်တာဗျူး)
အင်တာဗျူး မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ 19 2009
ချင်းမိုင် (မဇ္ဈိမ) ။ ။ နအဖ နှင့် UWSA အကြား ဆက်ဆံရေး တင်းမာနေပြီး စစ်အစိုးရတပ်များက ဝ ထိန်းချုပ် နယ်မြေများတွင် လက်နက်များ ဖြည့်တင်းနေကြောင်း သတင်းများ ပေါ်ထွက်နေသည်။
ထို့အပြင် နိုင်ငံရေး ပါတီဖွဲ့ပြီး ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် UWSA ခေါ် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်အား နအဖ က ဖိအားပေးနေသည်ဟုလည်း သတင်းများ ထွက်နေသည်။
ထို့အပြင် ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းက UWSA သည် သူတို့ကိုယ်သူတို့ နအဖ သတ်မှတ်ပေးထားသော အထူးဒေသ (၂) ဟု မသုံးတော့ဘဲ မြန်မာနိုင်ငံတော် ဝ' ပြည်နယ်အစိုးရ အထူး အုပ်ချုပ်ရေးဒေသဟု ကြေညာခဲ့သည်။
ဝ ဒေသ အခြေအနေနှင့်အတူ UWSA ထိန်းချုပ်ရာ ဒေသတွင် ဘိန်းစိုက်ပျိုးမှု အခြေအနေများကို သိရှိနိုင်ရန် UWSA ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်အား မဇ္ဈိမ သတင်းထောက် ကိုဝိုင်းက ဆက်သွယ် မေးမြန်းထားပါသည်။
UWSA နဲ့ နအဖ တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်တယ်၊ နောက်ပြီး မိုင်းဆတ်ဘက်မှာ နအဖ တပ်တွေက လက်နက်ကြီးတွေ ဖြည့်တင်းနေတယ်လို့ ကြားပါတယ်။ အဲဒီသတင်းတွေနဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ ခင်ဗျာ။
တိုက်ပွဲမဖြစ်ပါဘူး။ ကျနော်က ရန်ကုန်မှာ ဟိုဘက်ကကိစ္စ ကျနော် သိပ်မသိဘူး။ လက်နက်ကြီးဖြည့်တာတို့၊ ဘာတို့တော့ သိပ်မသိဘူး။ တိုက်ပွဲဖြစ်တယ် ဆိုတာတော့ မရှိပါဘူး။
နအဖ နဲ့ UWSA အကြားမှာ ဆက်ဆံရေး အခြေအနေ တင်းမာနေတယ်ဆိုပြီး သတင်းတွေ ထွက်နေပါတယ်။ ဘယ်လိုရှိပါသလဲ။
ကောင်းပါတယ်။ ပုံမှန်ပါ။
နအဖ က ဝတွေကို လက်နက်ချခိုင်းဖို့၊ ဒါမှမဟုတ်ရင် ပြည်သူ့စစ် လုပ်ခိုင်းဖို့ စီစဉ်နေတယ်ဆိုပြီး သတင်းတွေလည်း ကြားရပါတယ်။ တကယ်လို့ လက်နက်ချဖို့၊ ပြည်သူ့စစ်လုပ်ဖို့ နအဖ က တွန်းအားပေးလာမယ်ဆိုရင် UWSA အနေနဲ့ ဘယ်လို အစီအစဉ်ရှိပါသလဲ။
ဒါကတော့ ဌာနချုပ်ရဲ့ ဆုံးဖြတ်ချက်ရှိမှာပေါ့။ (အမျိုးသား) ညီလာခံပြီးတဲ့နောက်မှာ တပ်ကို ပြန်လည်ဖွဲ့စည်းဖို့တို့ ဘာတို့ ညာတို့၊ ဒီကိစ္စလေးတွေ ရှိတယ်လေ။ ဘယ်လိုဆောင်ရွက်ကြမလဲ၊ ဘယ်လိုလုပ်ကြမလဲဆိုတာ တခု ရှိသေးတယ်လေ။ တပ်ပြန်လည်ဖွဲ့စည်းပြီးတော့ ကိုယ့်ဒေသကိုယ် ပြန်အုပ်ချုပ်ဖို့၊ ကိုယ့်ဒေသမှာ ကိုယ်နေဖို့ ကိစ္စတွေတော့ ဆွေးနွေးပါတယ်။ လက်နက်ချရမယ့် ကိစ္စကတော့ မရှိပါဘူး။
အဲဒီကိစ္စနဲ့ပတ်သက်လို့ နအဖ ဗိုလ်ချုပ်တွေက UWSA ဌာနချုပ်ကို လာပြီး တပ်တွေ ပြန်လည် ပြင်ဆင်ဖွဲ့စည်းဖို့၊ ပါတီဖွဲ့ဖို့ ပြောဆိုတယ်ဆိုတဲ့ သတင်းတွေကိုရော အတည်ပြုလို့ ရမလားခင်ဗျ။
ဒီဟာကတော့ ပြောတာတွေတော့ ရှိပါတယ်။ ဒီကိစ္စလေးလည်း ရွေးကောက်ပွဲက ရောက်တော့မယ်ဆိုတော့ ဒီဟာလေးတွေ ပြောတာ ဆွေးနွေးတာတော့ ရှိမှာပါ။
ပြီးခဲ့တဲ့ အမျိုးသားညီလာခံမှာ UWSA အဖွဲ့ အပါအဝင် အပစ်ရပ်ထားတဲ့ တိုင်းရင်းသားအဖွဲ့တွေကနေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပတ်သက်တဲ့ စာတင်ထားတာရှိတယ်လေ။
တောင်းဆိုထားတာတော့ ပြည်နယ်လို့တော့ တောင်းဆိုထားတယ်။ ဒါပေမဲ့ ညီလာခံကနေ အများက ဆုံးဖြတ်ချက်ကတော့ ကိုယ်ပိုင်အုပ်ခွင့်ရ တိုင်းအဆင့်တော့ ပေးပါတယ်။ ဆိုလိုတာက ပြည်နယ်ထက် နည်းနည်းနိမ့်တယ်။ ခရိုင်ထက် နည်းနည်းမြင့်တယ်။ ခရိုင်နဲ့ ပြည်နယ်ကြား သဘောမျိုးပေါ့။
အဲဒီဆုံးဖြတ်ချက်ကို UWSA က လက်ခံပါသလားခင်ဗျ။
ယေဘုယျအားဖြင့် ဆန့်ကျင်တယ်လို့တော့ မပြောပါဘူး။ အများ ဆုံးဖြတ်ထားတာကတော့ လက်ခံထားရမယ့် အပိုင်းတော့ ရှိတာပေါ့။
UWSA အနေနဲ့ကရော ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲမှာ ဝင်ဖို့ရော အစီအစဉ်ရှိလားဗျ။ ပြင်ဆင်မှုတွေ ရှိပါသလား။
အခုထိ ဘာမှ ဆုံးဖြတ်ချက် မရှိသေးပါဘူး။ ဘာမှတော့ မပြင်သေးဘူး။
အခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ UWSA က မြန်မာနိုင်ငံတော် ဝ' ပြည်နယ်အစိုးရ အထူးအုပ်ချုပ်ရေးဒေသ ဆိုပြီးတော့ ကြေညာလိုက်တာ ရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး နအဖ က တစုံတရာ ပြောဆိုတာများ ရှိသလားဗျာ။
ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဆီက နာမည်ပြောင်းတဲ့ သဘောလေးပဲ ရှိပါတယ်။ နောက်ပိုင်း ဒီနှစ် တလပိုင်းမှာပဲ နအဖ ဘက်က ဗိုလ်ချုပ်ကြီးရဲမြင့်တို့လည်း လာဆွေးနွေးပါတယ်။ ကျနော်တို့ဆီက လူကြီး အကုန်လုံးနဲ့ ဆုံပါတယ်။ ဥက္ကဋ္ဌကြီးနဲ့လည်း တွေ့ပါတယ်။ ကျနော်တို့ ဒီနာမည်ကို မသုံးတော့ဘဲနဲ့ မူလအတိုင်းပဲ အထူးဒေသ (၂) နာမည်ကိုပဲ ပြန်လည်သုံးစွဲထားပါတယ်။
နအဖ က အတည်ပြုထားတဲ့ ၂ဝဝ၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေ အပေါ်မှာရော ဘယ်လို သဘောထားပါသလဲ။
၂ဝဝ၈ ဆန္ဒမဲထည့်တဲ့ကိစ္စက ကျနော်တို့ မဲပုံးချတဲ့ နေရာတွေကတော့ ထည့်ကြတယ်။ အစိုးရရဲ့ အဖြေကတော့ စာရင်းကောက်ချက်အရ အများစုက မဲထည့်ကြပါတယ်။ ဒါပေမဲ့ ကျေးလက်တွေ ဘာတွေ တောထဲ တောင်ထဲအထိတော့ သွားပြီးတော့ ကောက်တာမျိုးတော့ မရှိတော့ အားလုံး မစုံညီဘူးပေါ့။ မပြည့်စုံဘူးပေါ့။
မဲပုံးထောင်တဲ့ နေရာတွေက ဘယ်နေရာတွေဆိုတာ ပြောပြပေးလို့ ရမလားခင်ဗျာ။
မိုင်းပေါက်ဖက်၊ ပန်ဆန်းဖက်၊ နန်းတစ်၊ မိုင်းမောမှာရှိတယ်။ မြို့နယ်တွေပဲ။ ပန်ဆန်းကတော့ ဌာနချုပ်ရုံးစိုက်ရာ မြို့ပေါ့။
ဆန္ဒမဲပေးတဲ့ အဲဒီဒေသတွေမှာ အများစုက ကန့်ကွက်မဲ ထည့်ကြလား၊ ထောက်ခံမဲထည့်ကြသလားဗျ။
အစိုးရဲ့ စာရင်းပြန်ကောက်ချက်အရကတော့ ထောက်ခံမဲက များပါတယ်။ ဒါပေမဲ့ ဒေသကြီးတခုလုံးမှာတော့ သူက အချိန်က ကျပ်တဲ့အတွက် ပြည့်ပြည့်စုံစုံ မရှိဘူးပေါ့။ အများစုက မဲထည့်တာကို မပါဝင်နိုင်ခဲ့ဘူးပေါ့။
မဲထည့်တုန်းက ကြီးကြပ်မှုထဲမှာ UWSA ကရော ပါရသေးပါလား။
ကျနော်တို့ စုပေါင်း လုပ်ကြတာခင်ဗျ။ ပူးတွဲလုပ်ကြတာပါ။ နအဖ ဘက်က အရာရှိတွေရော။ လဝက ကိုယ်စားလှယ်တွေ၊ နောက် ကျနော်တို့ဆီက ကိုယ်စားလှယ်တွေရော ပူးတွဲလုပ်ကြပါတယ်။
ဝ ဒေသရဲ့ ဘိန်းပပျောက်ရေး လုပ်ဆောင်မှု အခြေအနေ ပြောပြပေးပါလား။ ဝ ဒေသမှာ ဘိန်းစိုက်ဧက တိုးလာတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေလို့ပါ။
ဝ ဒေသမှာ ဘိန်းစိုက်ပျိုးမှု ပြန်တိုးလာတယ် ဆိုတာတွေကတော့ ကောလာဟလတွေပါ။ ကျနော်တို့ ဒေသမှာက ဘိန်းစိုက်တဲ့ သမိုင်းအကြောင်းတော့ မပြောချင်တော့ဘူး။ နှစ်ပေါင်း ရာနဲ့ချီပြီး ဖြစ်လာတဲ့ကိစ္စ။ ကျနော်တို့ လူကြီးတွေအားလုံး ဆုံးဖြတ်ချက်က ဝ ဒေသမှာ ဘိန်းစိုက်နေတဲ့အတွက် ကမ္ဘာ့ပြည်သူပြည်သားတွေကိုလည်း ခြိမ်းခြောက်ရာ ဖြစ်စေတယ်။ တချိန်တည်းမှာ ကိုယ့်ဒေသက လူငယ်တွေလည်း ထိခိုက်တယ်။ ကိုယ့်လူမျိုးလည်း တုံးမှာဖြစ်တယ်။
ဒါကြောင့် ဒေသမှာ ဘိန်း လုံးဝမစိုက်ဖို့၊ စီးပွားရေးစနစ်ကို အခြေခံကနေ စပြီးတော့ ပြန်လှည့်ပြောင်းယူဖို့ ဆုံးဖြတ်ပြီး ၁၉၉၁-၉၂ လောက်ကနေ ၁ဝ နှစ်၊ ၁၅ နှစ် စီမံကိန်းနဲ့ ဆောင်ရွက်တာလေ။ ၂ဝဝ၆ မှာ အပြီးအပြတ် ကမ္ဘာကို အခမ်းအနားနဲ့ကို ကြေညာပြီးတော့ တားဆီးပိတ်ပင်လိုက်တာ ဖြစ်တယ်လေ။ အခုဆိုရင် ၃ နှစ် ကျော်လာပြီ။
စပြီး တားဆီးတဲ့ နှစ်ကဆိုရင် တဧက၊ နှစ်ဧက ဒီနားနည်းနည်း၊ ဟိုနားနည်းနည်း ပြန်တွေ့တာရှိတယ်။ ပြန်တားမြစ် ပညာပေးတယ်။ အခုထိတော့ ဘိန်း လုံးဝ စိုက်မှု မရှိပါဘူး။
တခုတော့ ပြောချင်တယ်ဗျာ။ ကျနော်တို့ ဘိန်းစိုက်နေတုန်းကတော့ UNODC ရော၊ နိုင်ငံတကာ အသီးသီးကရော ကူညီဖို့၊ ထောက်ပံဖို့ ဒီဟာတွေ လာတယ်ဗျ။ အခုက ၃ နှစ်ရှိပြီ။ မစိုက်တော့ဘူးဆိုတဲ့ အခါကျတော့မှပဲ ကူညီထောက်ပံ့မှုတွေက နည်းသွားတယ်။ တချို့ လာတောင် မလာတော့ဘူး။ စိုက်နေတုန်းကတော့ ဖိအားပေးတယ်။ မစိုက်တော့ လှည့်မကြည့်တော့ဘူး။ ပြည်သူအရပ်သား ဘိန်းစိုက်တောင်သူတွေ နေထိုင်မှု ဘဝက ဘယ်လိုရှိတယ် ဆိုတာတောင် ပြန်မကြည့်တော့ဘူး။
REF: မဇ္ဈိမ
လက်နက်ချ ရှမ်းအဖွဲ့ဝင်ဟောင်းများကို လိုက်လံရှာဖွေ
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ 19 2009
ရွှေလီ (မဇ္ဈိမ) ။ ။ ရှမ်းပြည် အမျိုးသား တပ်မတော်မှ တပ်ဖွဲ့ဝင်ဟောင်းများကို ကွတ်ခိုင်အခြေစိုက် နအဖ စစ်ဗျူဟာလက်အောက်ခံ တပ်ရင်းများက ယခုအခါ လိုက်လံ ရှာဖွေလျှက် ရှိသည်။ "နမ့်အွန်ရွာက တယောက်ဆိုရင် သူ့အမျိုးသမီးအမရော၊ ယောက္ခမရော ပါသွားတယ်။ သူ့အိမ် သွားမွှေတာ သူ့အမျိုးသမီးက ဖမ်းတယ်ဆိုတာ ကြားတာနဲ့ ကလေးနဲ့ ချက်ချင်း ရှောင်လိုက်တာ။ နောက်ပြီး သူ့အမျိုးသမီး အမရော၊ ယောက္ခမရော ခိုမုန်းဘက်ကို ဆွဲခေါ်သွားတယ်၊ မဆီမဆိုင်" ဟု သူက ပြောသည်။
၂၀၀၅ ခုနှစ် အတွင်းက မြန်မာ စစ်အစိုးရထံ လက်နက်ချခဲ့သည့် SSNA ခေါ် ရှမ်းပြည် အမျိုးသား တပ်မတော်မှ အဖွဲ့ဝင်ဟောင်းများ နေထိုင်ရာ မူဆယ်နှင့် ကွတ်ခိုင်မြို့နယ် အတွင်းရှိ ခိုမုန်း၊ နားရှီမူး၊ ခိုတိန်း၊ နမ့်အွန်၊ ကောင်းဝိန်း၊ တာလုံ စသည့် ကျေးရွာများတွင် စစ်တပ်က ရှာနေခြင်း ဖြစ်သည်။
စစ်သားများက ရှမ်းတပ်ဖွဲ့ဝင်ဟောင်းများကို မတွေ့သဖြင့် ဇနီးသည်များနှင့် ကလေးများကို ခေါ်ဆောင်သွားကြောင်း ၎င်းအဖွဲ့ဝင်ဟောင်းများနှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ယခုလို ပြောသည်။
"အရင်တုန်းက ယောက်ျားတွေက SSNA အဖွဲ့ဝင်ဟောင်းတွေပဲ။ ပြုတ်ပြီးမှ နားထားတာ။ ဘာမှမလုပ်ဘူး၊ ကြာပြီ။ နာမည်ရှိထားတယ်ပေါ့။ ဒါပေမဲ့ သူတို့ယောက်ျား အိမ်မှာ မရှိဘူး။ မီးသွေး သွားဖုတ်တယ်၊ တောင်ပေါ်တက်ပြီးမှပဲ။ အဲဒါနဲ့ အမျိုးသမီးတွေပဲ ဖမ်းတယ်" ဟု သူက ပြောသည်။
ယခုလ ၁၀ ရက်နေ့က ကွတ်ခိုင်နှင့် နမ့်ဖတ်ကာကြား ဖြစ်ပွားခဲ့သည့် ကုန်ကားကြီးများ ဓားပြတိုက်ခံရမှုအပြီး မူဆယ်မြို့နယ် ကောင်းဝိန်းကျေးရွာတွင် နေထိုင်သည့် SSNA အဖွဲ့ဝင်ဟောင်း ၂ ဦးကို စစ်တပ်က ဖမ်းခေါ်သွားသည်။ ထို့အပြင် ခင်ပွန်းသည်များကို မတွေ့သဖြင့် ဇနီးသည် ၅ ဦးနှင့် ကလေးတဦးကို ဖမ်းခဲ့သည်။
အဖမ်းခံကြရသည့် အမျိုးသမီးနှင့် ကလေးငယ်ကို ယမန်နေ့က ပြန်လွှတ်ပေးခဲ့သော်လည်း ၃ ရက်အတွင်း ယောက်ျားများ လာရောက် အဖမ်းခံရမည်ဟု ပြောဆိုခဲ့သည်။
"လွတ်ခဲ့ပြီ။ မနေ့က လွတ်ခဲ့တယ်။ ၃ ရက်ကို ချိန်းတယ်တဲ့။ ယောက်ျားတွေကို သွားလဲခိုင်းတာပေါ့။ မလဲရင်တော့ ခင်ဗျားတို့ အမျိုးသမီးပဲ ထောင်ကျခံနိုင်မလား၊ အိမ်ပစ္စည်းပဲ အသိမ်းခံမလားဆို အိမ်ပစ္စည်းပဲ အသိမ်းခံမယ်ဆိုပြီး အဲဒါ ၃ ရက်ချိန်းတယ်။ ၃ ရက်ချိန်းဆို မနက်ဖြန် နောက်ဆုံးပေါ့" ဟု သူက ပြောသည်။
မျိုးကြီး
REF: မဇ္ဈိမ
မြန်မာစစ်တပ်နှင့် ဝ တပ်ဖွဲ့ တိုက်ပွဲဖြစ်ဟု သျှမ်းသံတော်ဆင့်က ပြောဆို
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ 19 2009
ချင်းမိုင် (မဇ္ဈိမ)။ ။ နအဖ တပ်ဖွဲ့နှင့် UWSA မြောက်ပိုင်းစစ်ဒေသ လက်အောက်ခံ တပ်ဖွဲ့ဝင်များ ယခုလ ပထမအပတ်အတွင်း တိုက်ပွဲဖြစ်ခဲ့ကြောင်း ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာန အဆိုအရ သိရသည်။ "ခန့်မှန်းကြည့်တာ ရင်ဆိုင်တိုက်ပွဲပဲ။ အရင်က နအဖ ထိုင်ဖူးတဲ့ တောင်ကုန်း ၂-၃ ကို ၂ နှစ်ကျော်ကတည်းက နအဖ က ဒီအတိုင်း ပစ်ထားပြီးတော့ ဆုတ်ပေးလိုက်တယ်။ လွန်ခဲ့တဲ့ လပိုင်းလောက်မှ အဲဒီ စခန်းဟောင်းမှာ ဝတပ်က ပြန်လာထိုင်တယ်။ အဲဒါ နအဖ ဘက်က နယ်မြေကျူးကျော်တယ်ပြောပြီး သူတို့ကို ဆုတ်ခိုင်းတာ အရေးမစိုက်ဘူး။ အဲဒီတော့ စကားများ ရန်ဖြစ်တာကနေ ပစ်ကြခတ်ကြတယ်တဲ့" ဟု သူက ဆိုသည်။
ဝပြည် သွေးစည်းညီညွတ်ရေး - UWSA ၏ မြောက်ပိုင်း စစ်ဒေသအတွင်းက နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှာ သံလွင်အရှေ့ဘက် ကွန်လုံခရိုင်၊ ပန်ယောင်နယ်မြေ၌ ဖြစ်ပြီး ထိန်းချုပ်နယ်မြေ သူပိုင်ကိုယ်ပိုင် အငြင်းပွား စကားများရာမှ ယခုလို ပေါ်ပေါက်လာကြောင်း သိရခြင်းဖြစ်သည်။
"ရက်စွဲအတိအကျ အခုထိ မေးလို့ မရသေးဘူး။ ဟုန်ပန်မြို့နယ် ဟုန်ပန်မြို့ရဲ့ တောင်ဘက် မိုင် ၂၀ လောက်၊ ဟုန်ပန်မြို့နဲ့ ပန်လုံမြို့ငယ်ကြားက ပန်ယောင်ဆိုတဲ့နေရာ အနီးအနားမှာ ဖြစ်တာ။ နအဖ ရဲ့ တပ်နံပါတ် မသိဘူး။ နအဖ ဘက်က အင်အားကတော့ ၁၀၀ ပတ်ဝန်းကျင်ပေါ့။ ဝ မြောက်ပိုင်း စစ်ဒေသ လက်အောက်က ဝ တပ်ဖွဲ့နဲ့ပေါ့။ အကျအဆုံး ဘယ်လောက်ရှိတယ် ဆိုတာလည်း မသိရသေးဘူး" ဟု သျှမ်းသံတော်ဆင့်မှ လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်က မဇ္ဈိမကို ပြောသည်။
နှစ်ဖက်ထိန်းချုပ်သည့် ပန်ယောင်နယ်မြေ၌ နအဖ တပ်များ ပြန်ဆုတ်သွားခဲ့သည့် တောင်ကုန်းအချို့ကို ဝ တပ်ဖွဲ့များက ယခင်လ၌ ဝင်ရောက်နေရာယူ တပ်စွဲခဲ့သဖြင့် နအဖ တပ်များက ပြန်ဆုတ်ပေးရန် ဝ တပ်ဖွဲ့များကို ပြောဆိုသတိပေးရာမှ စကားများကာ ပစ်ခတ်မှု ဖြစ်ပွားရခြင်း ဖြစ်သည်။
ထို့အပြင် မြန်မာစစ်တပ်က ယခင် တနှစ်ကျော်ခန့်ကတည်းက ၁၅ဝ မမ ဟောင်ဝစ်ဇာ အမြောက် ၁၅ လက်ခန့် ပို့ထားပြီးဖြစ်သည့် UWSA တောင်ပိုင်း တပ်ဖွဲ့များရှိရာ မိုင်းဆတ်ခရိုင်မှ မိုင်းဆတ်မြို့သို့ လက်နက်ကြီးများ ထပ်မံပေးပို့ အင်အား ဖြည့်နေကြောင်းလည်း ဦးစိန်ကြည်က ပြောသည်။
"မိုင်းဆတ်ခရိုင် စကခ (စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ်) ထိုင်တယ်။ မိုင်းဆတ်မြို့ထဲကို အရင် တနှစ်ကျော်ကတည်းက တောင်ပစ် အမြောက်ပေါ့၊ ဟောင်ဝစ်ဇာ ၁၅ဝ မမ ၁၅ လက်လောက် ပို့ထားတယ်။ လွန်ခဲ့တဲ့လ ၂၅ ရက် လောက်တုန်းက နောက်ထပ် အသစ် ရောက်လာတယ်။ အငယ်စား။ တချို့ပြောတာ ၇၆ မမ၊ တချို့ပြောတာ ၈ဝ-၈၅ မမ။ အတိအကျကတော့ confirm လို့ မရသေးဘူး။ အလက် ၄ဝ လောက် ရောက်လာတယ်။ ဝ တောင်ပိုင်း ၁၇၁ စစ်ဒေသထဲက နေရာတချို့မှာ အင်အားလိုက်ပြတယ် ကြားတယ်'' ဟု သူက ပြောသည်။
ယခု သတင်းများနှင့် ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
ဦးစိန်ကြည်ကမူ နအဖ တပ်များသည် ဝ တောင်ပိုင်း စစ်ဒေသအတွင်း၌သာမက အပစ်ရပ် NDAA မိုင်းလားအဖွဲ့ဘက်သို့လည်း မကွေး အခြေစိုက် တပ်မ ၈၈ ၊ အင်းမအခြေစိုက် တပ်မ ၆၆ မှ တပ်ဖွဲ့ဝင်များကို အင်အားဖြည့်တင်းရန် စေလွှတ်နေသည်ဟု သတင်းများ ရရှိထားကြောင်း ပြောသည်။
ထို့အပြင် ယခုလ ၇ ရက်နေ့က ကျရောက်ခဲ့သော ရှမ်းပြည် အမျိုးသားနေ့တွင် မိုင်းလားအဖွဲ့အား အထူးဒေသ ၄ အစား NDAA-ESS (National Democratic Alliance Army-Eastern Shan State) ဟု သုံးစွဲသွားမည်ဟု မိုင်းလားဗဟိုဌာနချုပ်၌ အစည်းအဝေးလုပ် ဆုံးဖြတ်ခဲ့ကြောင်းလည်း သူက ပြောသည်။
ကိုဝိုင်း
REF: မဇ္ဈိမ
လုံခြုံရေးကောင်စီတွင် မြန်မာ့အရေး ပြောမည်
Thursday, 19 February 2009
မစ္စတာ ဘရက် အိုဘားမား အမေရိကန် သမ္မတ ဖြစ်လာပြီးနောက် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပထမဆုံးအကြိမ် မြန်မာ့အရေး ဆွေးနွေးပွဲတရပ်ကို သောကြာနေ့တွင် ပြုလုပ်မည် ဖြစ်သည်။ ထိုခရီးစဉ်တွင် မစ္စတာ ဂန်ဘာရီသည် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား တွေ့ဆုံခွင့် မရခဲ့ပေ။
မြန်မာစစ်အစိုးရ၏ တိုးတက်မှု တစုံတရာမရှိသော အငြင်းပွားဖွယ်ရာ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံပါဝင်သည့် လုံခြုံရေးကောင်စီသည် မကြာသေးမီ က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီထံမှ ကြားနာမည်ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ မစ္စတာ ဂန်ဘာရီသည် ဇန်န၀ါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိသွားရောက်ခဲ့သော ၇ ကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) အပါအ၀င် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(အက်စ်အန်အယ်လ်ဒီ)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည)၊ စစ်အစိုးရ ၀န်ကြီး ချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ စစ်အစိုးရပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့နှင့် အစိုးရ ထိပ်ပိုင်း ခေါင်းဆောင် များ၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကော်မရှင်အဖွဲ့၊ ကြံ့ဖွံ့အဖွဲ့အပါအ၀င် အစိုးရ ထောက်ခံ သည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။
မစ္စတာ ဂန်ဘာရီသည် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာလာပြီးနောက် တရုတ်နိုင်ငံ ဘေဂျင်းမြို့နှင့် ဂျပန်နိုင်ငံ တိုကျိုမြို့များသို့ သွားရောက်၍ စစ်အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်များကို သက် ဆိုင်ရာ နိုင်ငံအာဏာပိုင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သေးသည်။
ထို့အပြင် မစ္စတာ ဂန်ဘာရီသည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသည့် နိုင်ငံတကာ အစည်းအဝေး တခုတွင် ရောက်ရှိနေသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် သွားရောက်တွေ့ဆုံ၍ ၎င်း ၏ မြန်မာနိုင်ငံအတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနယူးဒေလီမြို့ နိုင်ငံတကာအစည်းအဝေးတွင် အိုဘားမား အစိုးရ၏ မြန်မာ့အရေးဆိုင်ရာ ပေါ်လစီကို ကုလ သမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် ဆူစန် ရိုက်စ် က အရိပ်အမြွက် ပြောကြားခဲ့ကြောင်း ကုလသမဂ္ဂက ပြော သည်။
တချိန်တည်းတွင်ပင် ယမန်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့အစည်းအဝေးတခုတွင် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးသစ် မစ္စ ဟီလာရီ ရော့ဒ်ဟန် ကလင်တန်က အိုဘားမား အစိုးရ၏ မြန်မာ့အရေးဆိုင်ရာ ချဉ်းကပ်ပုံ ပေါ်လစီ မှ အဓိက အစိတ်အပိုင်းတချို့ကို ပြောကြားသွားကြောင်း သိရသည်။
အစည်းအဝေးအပြီးတွင်“အရေးယူဒဏ်ခတ် ပိတ်ဆို့မှု နည်းလမ်းနဲ့တော့ မြန်မာစစ်အစိုးရက မတုန်လှုပ်ဘူးဆို တာ ရှင်းပါတယ်”ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟာဆန် ၀ီရာယုဒ ကို မစ္စ ကလင်တန် က ပြောကြားခဲ့ သည်။
ဟာဆန် ၀ီရာယုဒက“အလှမ်းဝေးနေတာကို စေ့စပ်ဖို့ကြိုးစားရတဲ့ အလုပ်ဟာ မလွယ်ကူပါဘူး”ဟုပြောဆိုသည်။
မစ္စ ကလင်တန်က မြန်မာ့အရေးဆိုင်ရာ လက်ရှိအမေရိကန်အစိုးရ၏ ပေါ်လစီနှင့်ပတ်သက်ပြီး တိုက်ရိုက်ဖွင့်ချ ပြောဆိုခြင်းမရှိသော်လည်း စစ်အစိုးရအနေနှင့် တစုံတဦး၏ အကူအညီလွှမ်းမိုးမှုကိုမခံယူလိုဘဲ လွှဲရှောင်ပါက ကံမကောင်းသည့်လမ်းကို ရွေးချယ်သကဲ့သို့ ဖြစ်နိုင်သည်ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။
မည်သို့ပင်ဖြစ်စေ အိုဘားမား အစိုးရအနေနှင့် အရေးယူပိတ်ဆို့မှုကိုဆက်လက်အသုံးပြုပါက ကွန်ဂရက် လွှတ်တော်တွင် အတိုက်အခံများနှင့် ရင်ဆိုင်ရနိုင်သည်ဟု ၀ါရှင်တန်ပို့စ် သတင်းစာက ရေးသားထားသည်။
REF: ဧရာဝတီ
နယ်စပ်မှာ ထောက်လှမ်းရေးတွေ ပိုများလာသလား
Thursday, 19 February 2009
စစ်အစိုးရ၏ ထောက်လှမ်းရေး သတင်းကွန်ယက်သည် ထိုင်း - မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ပိုမို ကျယ်ပြန့်လာကာ သတင်းမှန်နှင့် သတင်းမှားများကို ရောနှော ပေးပို့လျက်ရှိ သည်ဟု နယ်စပ် သတင်းရပ်ကွက် နှင့် လျှို့ဝှက် အစီရင်ခံစာ တစောင်အရ သိရှိရသည်။ “များသောအားဖြင့် သူတို့က သတင်းမှားတွေ အထက်ကို ပေးကြတာပဲ။ ဒါပေမယ့် (အတိုက်အခံ) အဖွဲ့အစည်းတွေ အနေနဲ့ လုံခြုံရေးကို ဂရုစိုက်ဖို့ လိုသေးတယ်” ဟု ဗိုလ်မှူး စောလှငွေက ဧရာဝတီသို့ ပြောပြသည်။
ဧရာဝတီက ရရှိထားသည့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်က တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံးသို့ ပေးပို့သည် ဟူသော အစီရင်ခံစာ တစောင်တွင် ထိုင်း-မြန်မာ နယ်စပ်ဒေသ အခြေစိုက် အဖွဲ့အစည်းများနှင့် ပတ်သက်သည့် လှုပ်ရှားမှုများကို ဖော်ပြထားသည်။
ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ ၁၄ ကြိမ်မြောက် ကွန်ဂရက် နှင့် ခေါင်းဆောင်သစ်များ ရွေးကောက် တင်မြှောက်ခြင်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုလည်း အဆိုပါ သတင်းပေးပို့ချက်တွင် တွေ့ရသည်။
စစ်အစိုးရ ထောက်လှမ်းရေးများသည် အတိုက်အခံ ခေါင်းဆောင်များ အချင်းချင်း ထင်ယောင်ထင်မှား ဖြစ်စေရန် သတင်းမှားများ ဖြန့်ချိလေ့ရှိသည်ဟု KNU တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက ဆိုသည်။
ပြည်ပရောက် အဖွဲ့အစည်းများမှာ လုံခြုံရေးဂရုစိုက်မှု အားနည်းကြောင်း ထိုင်းအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ သုတေသီ ဦးဌေးအောင်ကလည်း သုံးသပ်သည်။
“ထောက်လှမ်းရေးဆိုတာ ချိုပါတာမှ မဟုတ်တာ” ဟု ဦးဌေးအောင်က ပြောသည်။ “တပ်မတော် ထောက်လှမ်းရေး အဖွဲ့ကို ဖျက်သိမ်းပြီး နောက်ပိုင်း အသစ် ပေါ်လာတဲ့ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့က အားနည်းကောင်း နည်းနေလိမ့်မယ်။ ဒါပေမယ့် ငွေအကုန်အကျခံ၊ အချိန်ယူပြီး လှုပ်ရှားနေတော့ အခုနေအခါ ပိုအားကောင်းလာမယ်လို့ ယူဆရတယ်” ဟု ဦးဌေးအောင်က ပြောသည်။
ဧရာဝတီက ရရှိသည့် အဆိုပါ “လျှို့ဝှက်” အစီရင်ခံစာတွင် စာမျက်နှာ ၄၂ မျက်နှာ ပါရှိသည်။ အောက်တိုဘာ ၂ ရက်နေ့က လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုငွေလင်းသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဆွေးနွေးပွဲတခု ပြုလုပ်ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။
ကိုငွေလင်းက ထို အချက်အလက်မှာ မှားယွင်းသည်ဟု ဧရာဝတီသို့ ပြောသည်။ “ဒီအစီရင်ခံချက်က အစစ်အမှန် ဆိုရင်တော့ တော်တော်လွဲမှားတဲ့ အစီရင်ခံချက်လို့ ပြောချင်တယ်။ ပြီးခဲ့တဲ့ နှစ်ကတည်းက ကျနော် ချင်းမိုင်ကို မရောက်ဘူး” ဟု ပြောပြသည်။
အစီရင်ခံစာတွင် မြန်မာ အမျိုးသမီး သမဂ္ဂ ဥက္ကဋ္ဌ မိဆူးပွင့်သည် ပြီးခဲ့သည့် အောက်တိုဘာလ အတွင်း နို့ဖိုး ဒုက္ခသည်စခန်းသို့ သွားရောက်ပြီး ကူညီလှူဒါန်းမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
“ကျမ နို့ဖိုးဒုက္ခသည် စခန်းကို တခါမှ မရောက်ဖူးဘူး” ဟု မိဆူးပွင့်က ဧရာဝတီသို့ ပြောပြသည်။ “သူတို့ သတင်းပို့တဲ့စနစ်က အလုပ်ရှိကြောင်း ပြချင်တဲ့ သဘောနဲ့ အောက်ခြေ အဆင့်ဆင့်က တင်နေတယ်လို့ ကျမ ထင်တယ်လေ” ဟု မိဆူးပွင့်က သုံးသပ်ပြသည်။
ယခင်ကလည်း “လျှို့ဝှက်” အစီရင်ခံစာ တချို့ ပြင်ပသို့ ပေါက်ကြား ခဲ့ဖူးကြောင်း၊ လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တို့၏ အမည်များ လှုပ်ရှားမှုများကို ရှည်လျားစွာ ရေးသားထားကြောင်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အခြေစိုက် လေ့လာသူတဦးက ပြောသည်။ ထိုသို့သော သတင်းများ အဆင့်ဆင့် တင်ပြနေခြင်းသည် မြန်မာစစ်တပ်အတွင်း အမြဲတမ်း နိုးကြားနေစေရန် တပ်လှန့်လိုခြင်းလည်း ဖြစ်နိုင်သည်ဟု ၎င်းက ယူဆသည်။
“ထောက်လှမ်းရေးဆိုတာ သတင်းတွေကို များများ တင်နိုင်မှ၊ မတင်နိုင်ရင် သူတို့အတွက် ပြဿနာရှိတယ်။ မှားတာ မှန်တာ အရေးမကြီးဘူး၊ အထက်က ဒီသတင်းတွေနဲ့ ပတ်သက်ပြီး လာစစ်တာလည်း မဟုတ်ဘူး” ဟု ၎င်းက သုံးသပ်လိုက်သည်။
ဇာနည်ဝင်း
REF: ဧရာဝတီ
အမေရိကန်ပေါ်လစီသစ်နှင့် မြန်မာနိုင်ငံ (သုံးသပ်ချက်)
မြန်မာစစ်အစိုးရအပေါ် အမေရိကန် စီးပွားရေးဒဏ်ခတ်မှု မအောင်မြင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်သည့်အတွက် မြန်မာနိုင်ငံအပေါ် အမေရိကန်ပေါ်လစီ အပြောင်းအလဲ ဖြစ်ဖို့များသည်ဟု နိုင်ငံတကာသတင်းတွေက သုံးသပ်သည်။
သို့သော် မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ထားသည့်ဥပဒေကို ရုတ်သိမ်းမည် သို့မဟုတ် မည်သည့်ပေါ်လစီနှင့် အစားထိုးမည်ဆိုသည်ကိုမူ နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်က တိတိကျကျ ပြောမသွားပေ။
မြန်မာအရေး မည်သို့ဖြေရှင်းရမလဲ ဆိုသည့်ကိစ္စနှင့် ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရနှင့်လည်း တိုင်ပင်ဆွေနွေးနေကြောင်း မစ္စကလင်တန်က အင်ဒိုနီးရှား သတင်းစာရှင်းလင်းပွဲတခုတွင် ပြောကြားသည်။ သို့သော် စီးပွားရေးဒဏ်ခတ်မှုကို လျော့ပါးစေမည့်အချက်သည် အိုဘားမား အစိုးရ စဉ်းစားနေသည့်အထဲမှ တချက်ဖြစ်သည်ဆိုသည်ကိုမူ မစ္စကလင်တန်က ငြင်းဆိုခြင်း မရှိပေ။ “မြန်မာနိုင်ငံအပေါ် ကျမတို့ချမှတ်ခဲ့တဲ့ စီးပွားရေးဒဏ်ခတ်မှုက စစ်အစိုးရကို ပြောင်းလဲအောင် မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံဖို့ ကြိုးစားတဲ့ မြန်မာရဲ့ အိမ်နီးချင်း နိုင်ငံတွေသုံးတဲ့ ပေါ်လစီလဲ စစ်အစိုးရအပေါ် သြဇာမညောင်းခဲ့ပါဘူး” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ သို့သော် အိုဘားမားအစိုးရဘက်က မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ထားမှုကို လျော့ပါးအောင်ကြိုးစားမှုမှန်သမျှ အမေရိကန်ကွန်ဂရက်မှာ အတိုက်အခံနှင့် ကြုံရနိုင်သည်ဟု ၀ါရှင်တန်ပိုစ်သတင်းစာကြီးက ထောက်ပြထားသည်။ လက်ရှိ အိုဘားမားအစိုးရ၏ ဒုသမ္မတ ဘိုင်ဒန်သည်ပင် မြန်မာကျောက်မျက်ဥပဒေ ဖြစ်ပေါ်ရေးအတွက် တချိန်ကတွန်းအားပေးခဲ့သူ ဖြစ်သည်။ သို့သော် ဘရပ်ဆဲအခြေစိုက် International Crisis Group ကဲ့သို့ သြဇာရှိသည့် လူမှုရေးကူညီမှုအဖွဲ့တွေကတော့ စီးပွားရေးဒဏ်ခတ်မှုပေါ်လစီကို မေးခွန်းထုတ်လာကြသည်။ လွန်ခဲ့သည့် အောက်တိုဘာလမှာ ထုတ်ပြန်ခဲ့သည့် ICG အစီရင်ခံစာအရဆိုလျှင် မြန်မာနိုင်ငံတွင်း လူမှုရေးအကူအညီများ ရောက်သင့်သလို အထည်ချုပ်လုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ ငါးလုပ်ငန်းတွေအပေါ် တားမြစ်ချက်တွေ၊ ခရီးသွားလုပ်ငန်းအပေါ် ကန့်သတ်ချက်တွေ ရုတ်သိမ်းသင့်ပြီဟု ရေးထားသည်။ U.S Campaign for Burma အဖွဲ ညွှန်ကြားရေးမှူး Jeremy Woodrum မူ အိုဘားမားအစိုးရအနေနှင့် မြန်မာအစိုးရအပေါ် စီးပွားရေးဒဏ်ခတ်မှုကို မရုတ်သိမ်းသင့်ကြောင်း၊ ယင်းအစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေအစိုးရ ပြည်သူတွေအပေါ် ကျူးလွန်နေသည့် ရာဇ၀တ်မှုများ ရပ်တန့်စေရန်အတွက် မြန်မာစစ်အစိုးရအား တကမ္ဘာလုံးက လက်နက်မရောင်းချရေး ပိတ်ဆို့မှုလုပ်သင့်ကြောင်း ပြောသည်။ မြန်မာနိုင်ငံရှိ ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရဘက် အခြေအနေအရပ်ရပ်အပေါ်တွင် ဆောင်ရွက်မှုများ ပြည့်စုံနေပါပြီဟု မေတ္တာရပ်ခံလာခဲ့လျှင် ထိုပိတ်ဆို့မှု ဥပဒေပြဋ္ဌာန်းချက်များကို အမေရိကန်သမ္မတအနေဖြင့် ရုတ်သိမ်းနိုင်သည်။ ထိုဆောင်ရွက်မှုများထဲတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်စေရေးအတွက် နအဖမှ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ဆောင်ရွက်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးပြီး ဒီမိုကရေစီ အစိုးရဖြစ်အောင် ဆောင်ရွက်ခြင်း၊ အရပ်သားအစိုးရအား အာဏာလွှဲပြောင်းပေးရန် အတွက် ဒီမိုကရေစီ အင်အားစုများနှင့် သဘောတူညီမှုတရပ် ရယူခြင်း၊ နိုင်ငံတကာမူးယစ်ဆေးဝါး တန်ပြန်နှိမ်နင်းမှု သဘောတူညီချက်ပါအချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့သည့် နိုင်ငံစာရင်းမှ ပယ်ဖျက်ခြင်း စသည်တို့ ပါဝင်သည်။ အိုဘားမားအစိုးရ၏ နိုင်ငံခြားရေးပေါ်လစီကို သံတမန်နည်း၊ စစ်ရေးနည်း (၂) မျိုးလုံး အလျဉ်းသင့်သလို သုံးမည့် Smart Power ပေါ်လစီသုံးခြင်းဖြင့် အမေရိကန်၏ ဦးဆောင်မှုကို ပြန်ထိန်းနိုင်မည်ဟု ယုံကြည်ကြောင်း မစ္စဟီလာရီကလင်တန်က သန္နိဋ္ဌာန်ချထားသည်။ ထိုအချက်သည် မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်မှုပေါ်လစီကို ပြန်သုံးသပ်မှုနှင့် တိုက်ရိုက်ပတ်သက်မှုရှိမရှိ အတိအကျ မသိရပေ။ ၂၀၀၃ ခုနှစ် အီရတ်ကို အမေရိကန်သိမ်းပိုက်ပြီးနောက်ပိုင်းမှာ သံတမန်နည်း၊ စစ်ရေးနည်း (၂) မျိုးလုံး အလျဉ်းသင့်သလို သုံးသည့် Smart Power ဆိုသည့် စကားကို နိုင်ငံတကာ ဆက်ဆံရေးမှာ ထွင်သုံးလာကြသည်။ အစိုးရတရပ်က ယဉ်ကျေးမှုနည်း၊ အတွေးအခေါ်နည်း များဖြင့် သွယ်ဝိုက်ပြီး သြဇာသက်ရောက်ရန် ကြိုးပမ်းမှုများကို Soft Power ဟု သုံးပြီး စစ်ရေးနည်း၊ စီးပွားရေးနည်းတို့ဖြင့် သြဇာသက်ရောက်ရန် ကြိုးပမ်းမှုများကိုမူ Hard Power ဟု သုံးလေ့ရှိသည်။ ဟားဗတ်တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ ဒေါက်တာ Joseph Nye ကမူ smart power ဆိုသည်မှာ soft power နှင့် hard power (၂) မျိုးပေါင်းစပ်ထားသည့် အောင်မြင်ရေးနည်းဗျူဟာ အရည်အသွေးဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ သမ္မတဟောင်း ဘွတ်ရှ်၏ ၂၀၀၅ ခုနှစ် ဒုတိယသက်တမ်း ဘိသိက်ခံပွဲတွင် ရက်စက်ကြမ်းကြုတ်သည့် ဖိနှိပ်ညှဉ်းပန်း အုပ်ချုပ်မှုဆိုသည့် စကားကို (၅) ကြိမ်သုံးခဲ့သည်။ ထိုအချိန်က ဟီလာရီကဲ့သို့ နိုင်ငံခြားရေးဝန်ကြီး ရာထူး လျာထားခံရသူ မစ္စကွန်ဒါလီဇာရိုက်စ်ကလည်း မြန်မာ၊ မြောက်ကိုရီးယား၊ ဇင်ဘာဘွေ၊ ဘယ်လာရုစ်၊ ကျူးဘားနှင့် အီရန် (၆) နိုင်ငံကို ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်အုပ်ချုပ်မှု စိုးမိုးရာဒေသများ (Outposts of Tyranny) ဟု သုံးနှုန်းခဲ့သည်။ သဘောမှာ အဆိုပါ (၆) နိုင်ငံသည် အမေရိကန်အစိုးရ စောင့်ကြည့်ရမည့် နိုင်ငံများဖြစ်ပြီး ထို (၆) နိုင်ငံမှ ပြည်သူများ လွတ်မြောက်ရေးအတွက် အမေရိကန်အစိုးရမှာ တာဝန်ရှိသည်ဆိုသည့် ဓိပ္ပာယ်ဖြစ်ကြောင်း လန်ဒန် Independent သတင်းစာ ဆောင်းပါးရှင် Rupert Cornwell က ထောက်ပြခဲ့သည်။ ထိုအချိန်က မစ္စကွန်ဒါလီဇာရိုက်စ် ပြောသည့်စကားကို အမေရိကန်နိုင်ငံခြားရေးပေါ်လစီသစ်အဖြစ် ကမ္ဘာကလည်း မှတ်ယူခဲ့ကြသည်။ အစောပိုင်းကမူ အီရန်၊ အီရတ်နှင့် မြောက်ကိုရီးယား (၃) နိုင်ငံကို မိစ္ဆာအုပ်စုဝင်နိုင်ငံများ (Axis of Evil) ဆိုပြီး အမေရိကန်သမ္မတ ဘွတ်ရှ်က ကင်ပွန်းတပ်ခဲ့သည်။ သို့သော် အီရတ်ကို အမေရိကန်က ၀င်တိုက်ပြီးနောက်ပိုင်း မိစ္ဆာအုပ်စုဝင်နိုင်ငံများစာရင်းမှ အီရတ်ကို ပယ်ဖျက်ခဲ့သည်။ အိုဘားမား၏ သမ္မတ နန်းတက်ပွဲမိန့်ခွန်းမှာမူ သမ္မတဟောင်း ဘွတ်ရှ် ဒုတိယ နန်းတက်ပွဲ မိန့်ခွန်းကဲ့သို့ အာဏာရှင်နိုင်ငံများအပေါ် တိတိကျကျ ကြိမ်းဝါးမှုမရှိသည့်အတွက် ဟီလာရီကလင်တန်၏ smart power နိုင်ငံခြားရေးပေါ်လစီသည် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရာတွင် ထိထိရောက်ရောက် ရှိပါ့မလားဆိုသည်မှာ စောင့်ကြည့်ရမည် ဖြစ်သည်။ သမ္မတ ဘွတ်ရှ်လက်ထက်က မြန်မာ့အရေး လုံခြုံရေးကောင်စီရောက်အောင် ကြိုးပမ်းခဲ့သည့် Soft power နည်း မအောင်မြင်ခဲ့မှု၊ အီရတ်နှင့် အာဖဂန်အရေးကို hard power နည်းသုံးပြီး မအောင်မြင်ခဲ့မှုတို့ကြောင့် ဟီလာရီကလင်တန်၏ smart power နိုင်ငံခြားရေးပေါ်လစီ သည်လည်း မြန်မာ့အရေးအတွက် အနာနှင့် ဆေးတည့်ပါ့မလားဆိုသည်မှာလည်း မသေချာပေ။
စင်စစ် အမေရိကန် စီးပွားရေးဒဏ်ခတ်မှုသည် ရာသက်ပန်မဟုတ်။
သတင်းထောက် ဟန်တင်အောင်
REF: ခေတ်ပြိုင်
Thursday, February 19, 2009
NLD တောင်းဆိုချက်အပေါ် စစ်အစိုးရ တုန့်ပြန်ရန် လေ့လာသူများ မျှော်လင့်ချက်မထား
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 18 2009 NLD ပါတီအနေဖြင့် စစ်အစိုးရအပေါ် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးကို အစဉ်တစိုက် ကမ်းလှမ်းချက်များ ယခင်ကတည်းက ရှိခဲ့သော်လည်း အမျိုးသား ညီလာခံသည်သာလျှင် တွေ့ဆုံဆွေးနွေးရန် နေရာဆိုကာ သီးခြား လုပ်ဆောင်ရန် ငြင်းဆန်ခဲ့သည်။
နယူးဒေလီ။ ။ တိုင်းပြည်နှင့် ပြည်သူလူထု အကျိုးရှိမည့် တွေ့ဆုံ ဆွေးနွေးခြင်းကို အတိုက်အခံ ခေါင်းဆောင်နှင့် စစ်အစိုးရ ခေါင်းဆောင်တို့ အပေးအယူလုပ် တွေ့ဆုံဆွေးနွေးကြရန် တောင်းဆိုချက်အပေါ် စစ်အစိုးရဘက်မှ တုန့်ပြန်ရန် လမ်းမမြင်ကြောင်း မြန်မာ့အရေး သုံးသပ်သူများက ပြောသည်။
ယမန်နေ့က NLD အဖွဲ့ချုပ်မှ အထူးကြေညာချက် တစောင် ထုတ်ဝေခဲ့ရာ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦး အပြန်အလှန် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုချက်အပေါ် လမ်းပြမြေပုံအတိုင်း ဆက်လက် သွားနေသည့် စစ်အစိုးရက တုန့်ပြန်လိမ့်မည် မဟုတ်ကြောင်း ထိုင်းအခြေစိုက် မြန်မာ့အရေး သုံးသပ်သူ ကိုအောင်နိုင်ဦးက ပြောသည်။
"နောင်တော့ မပြောတတ်ဘူးပေါ့။ ခုလောလောဆယ်နဲ့ ကျနော်တို့ မြင်နိုင်တဲ့ အနာဂတ်မှာတော့ NLD က တောင်းဆိုတဲ့ တောင်းဆိုချက်တွေကို စစ်အစိုးရက တုန့်ပြန်လိမ့်မယ် မဟုတ်ဘူး။ ခုနပြောသလိုပဲ လမ်းပြမြေပုံကလည်း ပြီးတော့မယ်။ ရှေ့နှစ်ဆိုရင် ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အနေအထားတွေကလည်း ရှိနေတော့ စစ်အစိုးရဘက်က လုံးဝ တုန့်ပြန်မှာ မဟုတ်ဘူးလို့ ကျနော်ထင်တယ်" ဟု သူကပြောသည်။
သူက ဆက်၍ ပြောဆိုသည်မှာ "အခုအနေထားမှာဆိုရင် အမျိုးသား ညီလာခံလည်း ပြီးခဲ့ပြီ။ လမ်းပြမြေပုံအတိုင်း ဆက်သွားနေပြီ ဖြစ်တဲ့အတွက် NLD နဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းဆိုတာလဲ ပိတ်သွားပြီ ခင်ဗျ" ဟု သူကပြောသည်။
NLD အနေဖြင့် တွေ့ဆုံဆွေးနွေးရေးကို ထပ်မံ တောင်းဆိုလိုက်ခြင်းသည် ပါတီတခုအနေဖြင့် တောင်းဆိုသင့်သည့် အချက်ဖြစ်ပြီး စစ်အစိုးရအနေဖြင့် ထည့်သွင်း စဉ်းစားလိမ့်မည် မဟုတ်ကြောင်း FDP (Forum For Democracy in Burma) ခေါ် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု မှ ဒေါက်တာ အောင်နိုင်က ယခုလိုပြောသည်။
"စစ်အစိုးရက ဒီတောင်းဆိုချက်ကို စိတ်ဝင်စားမှာ မဟုတ်သလို ထည့်စဉ်းစားမှာ မဟုတ်ဘူး။ နိုင်ငံတကာ အမြင်မှာ ပြလို့ကောင်းအောင် လုပ်နေတာ တချို့ပဲရှိမယ်။ တကယ် နားထောင်မှာ မဟုတ်ဘူး" ဟု သူကပြောသည်။
တွေ့ဆုံဆွေးနွေးရေး ကိစ္စနှင့် စပ်လျင်း၍ မြန်မာ ပြည်သူလူထုအတွက် အကျိုးပြုမည့် ရလဒ်ကောင်းများ ရရှိရေးအတွက် မြင်သာပြောင်းသာစွာဖြင့် တွေ့ဆုံဆွေးနွေးမည်ဟု ၂၀၀၂-ခုနှစ်၊ မေလတွင် ဒေါ်အောင်ဆန်းစုကြည်မှ ထုတ်ဖော်ပြောဆိုခဲ့သည်။
တွေ့ဆုံဆွေးနွေးမှုကို အစမပြုနိုင်ခြင်း၏ အဓိက အတားအဆီးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသာဖြစ်ကြောင်း ကိုအောင်နိုင်ဦးက ပြောသည်။
"အဓိကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပဲပေါ့။ သူ့ကြောင့် ခုလို ရှေ့မတိုးနိုင်ဖြစ်ရတယ်ဆိုတာ သိကြပေမယ့် ဒါကို ဒေါ်အောင်ဆန်းစုကြည်ကြောင့်လို့ ပြောကြတယ်။ လက်တွေ့မှာတော့ အများနားလည်ထားတာကတော့ ဒေါ်အောင်ဆန်းစုကြည် မဟုတ်ဘဲနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဖြစ်ပြီးတော့ သူ့အနေနဲ့ နည်းမျိုးစုံ ပိတ်ထားတယ်။"
"အုပ်ချုပ်ရေး အနေထားအရ ဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ရေး လမ်းတွေ မဖွင့်ဘဲနဲ့ လမ်းတွေနည်းမျိုးစုံနဲ့ ပိတ်ထားတာဖြစ်တယ်" ဟု သူကပြောသည်။
အစိုးရနှင့် အတိုက်အခံ ညှိနှိုင်းအဖြေရှာခြင်း ပြုလုပ်ရန် သံဃာတော်များ ဦးဆောင်ကာ မေတ္တာသုတ်ရွတ်ဆို လမ်းပေါ် ဆန္ဒပြမှုများကို ပစ်ခတ်နှိမ်နင်းရာမှ နိုင်ငံတကာ ဖိအားများ မြင့်တက်လာပြီးနောက် ၂၀၀ရ-ခုနှစ်၊ အောက်တိုဘာလ တွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ခေါင်းဆောင်တို့အကြား တွေ့ဆုံဆွေးနွေးရန် ကြားခံဆက်သွယ် လုပ်ဆောင်ပေးမည့် ဆက်ဆံရေး ၀န်ကြီးအဖြစ် ဦးအောင်ကြည်ကို ခန့်အပ်ခဲ့သည်။
သို့သော်လည်း တွေ့ဆုံဆွေးနွေးမှုများ တကယ်တန်း မဖြစ်လာဘဲ အခြေခံဥပဒေ ဆန္ဒခံယူပွဲကို လွတ်လပ်စွာ စောင့်ကြည့်လေ့လာခွင့် မပြုဘဲ ပြုလုပ်ကာ အတည်ပြု ပြဌာန်းခဲ့ပြီး နောက်တဆင့်ဖြစ်သည့် ရွေးကောက်ပွဲကို ၂၀၁၀တွင် ကျင်းပမည်ဟု ကြေညာထားသည်။
ထို့အပြင် ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်ခဲ့သူ အများအပြားကိုလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
နန်းဒေ၀ီ
REF: မဇ္ဈိမ
အန်အယ်လ်ဒီက တွေ့ဆုံဆွေးနွေးရေး ထပ်မံတောင်းဆို
Wednesday, 18 February 2009
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ အကြား အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန် အန်အယ်လ်ဒီ က တောင်းဆိုလိုက်သည်။ ထို့အပြင် မစ္စတာ ဘန်ကီမွန်းအနေနှင့် ယင်းသဘောထားကို ကိုင်စွဲ၍ မြန်မာနိုင်ငံသို့ လာရောက်ပြီး ကြိုတင် စည်းကမ်းချက်များမသတ်မှတ်ဘဲ ဆွေးနွေးရန် ကြိုးပမ်းမည်ဆိုပါက ယခုအခြေအနေထက် ပိုမိုကောင်းမွန်သော အခြေအနေတရပ် ပေါ်ပေါက်လာနိုင်သောကြောင့်လည်း အထူးကြေညာချက်ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ဦးသိန်းညွန့်ကပြောဆိုသည်။
ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် အန်အယ်လ်ဒီ၏ အထူးကြေညာချက်တွင် ယင်းကဲ့သို့ တောင်းဆိုထားခြင်း ဖြစ်သည်ဟု အန်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွန့်က ပြောသည်။
“တိုင်းပြည်ရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်တာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်ပဲဖြစ် ပါတယ်၊ ဒါကြောင့် သူတို့ ၂ ယောက် ကြိုတင် စည်းကမ်းချက်တွေမထားဘဲနဲ့ အမြန်တွေ့ဆုံဆွေးနွေးဖို့ လိုအပ် တဲ့ အတွက် ဒီအထူးကြေညာချက်ကို ထုတ်တာဖြစ်ပါတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကြိုတင် စည်းကမ်းချက်များမထားဘဲ တွေ့ဆုံဆွေးနွေးရန် ဖေဖော်ဝါရီ ၅ ရက်တွင် ကြေညာချက်ထုတ်ထားသည်ကို အန်အယ်လ်ဒီ၏ နိုင်ငံရေး သဘောထားရပ်တည်ချက်နှင့် ထပ်တူကျသည့်အတွက် ကြိုဆိုသည်ဟုလည်း ဆိုသည်။
ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် နအဖ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံဆွေးနွေးရန်၊ တွေ့ဆုံ ဆွေးနွေးရေးနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့၏ ကြေညာချက် ၁/၂၀၀၇ မှာပါ သော အပိုဒ် ၇ မှ ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံ ပျက်သုဉ်းရေး၊ စီးပွားရေး အဆက်အသွယ်ဖြတ်တောက်ရေး၊ အလုံးစုံ ပိတ်ဆို့ရေးတို့နှင့် ပတ်သက်ပြီး ကြေညာချက်အပေါ်တွင် အပြန်အလှန်ငြင်းခုန်နေမည့်အစား အဆုံး အဖြတ်ပေးနိုင်မည့် ပုဂ္ဂိုလ် တဦးစီနှင့် ကြိုတင်စည်းကမ်းချက်များ မထားဘဲ ကိုယ်တိုင် တွေ့ဆုံဆွေးနွေးခြင်း သည် အသင့်လျော်ဆုံး နည်းလမ်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရကြား တွေ့ဆုံဆွေးနွေးရေးပြုလုပ်ရမှာဖြစ်ပါတယ်၊ ကျနော်တို့ဘက်က တွေ့ဆုံဆွေးနွေးရေးအတွက် အမြဲတမ်းတံခါးဖွင့်ထားတာပါ”ဟုလည်း ဦးသိန်းညွန့်က ပြောသည်။
ကိုစိုး
REF: ဧရာဝတီ
အိုက်ဟော့ ပန်ဆန်းမှာ ခိုလှုံနေသလား
Wednesday, 18 February 2009
မူးယစ်ဆေး ထုတ်လုပ်ပြီး နိုင်ငံတကာသို့ ဖြန့်နေသည့် လုပ်ငန်းရှင်ကြီး တဦးသည် ဝ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၏ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ဒေသတွင် ခိုလှုံနေသည် ဟု သတင်းရရှိသည်။ ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသံတော်ဆင့်သတင်းဌာန၏ အဆိုအရ ဦးအိုက်ဟော့သည် မောင်းမောကုမ္ပဏီ၏ အစုရှယ်ယာဝင်တဦးဖြစ်သည်။ အဆိုပါကုမ္ပဏီသည် အပစ်ရပ် UWSA လက်နက်ကိုင်အဖွဲ့၏ ဟုန်ပန်းကုမ္ပဏီပိုင်ဆိုင်သော လုပ်ငန်းပေါင်း ၃ဝ ခန့်တွင် တခုအပါအဝင် ဖြစ်သည်။ ရှမ်းပြည်နယ် တန့်ယန်းမြို့ပြင်ရှိ UWSA ခေါင်းဆောင် ဝေရှောက်ခမ်း၏ ခြံသို့လည်း မကြာခဏ သွားရောက်လေ့ရှိသည်ဟု ဆိုသည်။
အဆိုပါ လုပ်ငန်းရှင်မှာ အသက် ၄ဝ ကျော်အရွယ်ရှိသော ဦးအိုက်ဟော့ ခေါ် စိုင်းဟော့ ဆိုသူ ဖြစ်ပြီး ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၏ ခေါင်းဆောင်တဦးဖြစ်သူ ဦးပေါက်ယူချန်း၏ သားမက်တော်စပ်သည်ဟု သိရသည်။
ဦးအိုက်ဟော့သည် ရန်ကုန်အဲယားဝေး လေကြောင်းလိုင်း၏ ပိုင်ရှင် ဖြစ်ပြီး ဝ တိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်သည်ဟု ရန်ကုန်မှ စီးပွားရေးသမားတဦးက ပြောပြသည်။ ကျောက်မျက်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်သည့် Tetkham ကုမ္ပဏီလီမိတက်၏ ဥက္ကဋ္ဌလည်း ဖြစ်သည်ဟု သိရသည်။
“မူဆယ်၊ မန္တလေးတို့မှာ ရှိတဲ့ သူပိုင်တဲ့ ဟိုတယ်တွေမှာ အဖော်အချွတ်ပွဲတွေ ဘာတွေ အကုန်ရတယ်ဗျာ” ဟု စီးပွားရေး အသိုင်းအဝန်း သတင်းရပ်ကွက်က ဆိုသည်။
တခြားသော လုပ်ငန်းရှင်ကြီးများနည်းတူ ဦးအိုက်ဟော့သည် စစ်ဗိုလ်ချုပ်ကြီးများ၊ ၎င်းတို့၏ မိသားစုများနှင့် နီးစပ်သူဖြစ်သည်ဟု သိရသည်။ နိုင်ငံတကာခရီးများ ထွက်လေ့ရှိသူဖြစ်ရာ မလေးရှား၊ စင်္ကာပူနိုင်ငံတို့မှ သံတမန်များနှင့် အဆက်အသွယ်ရှိသည်ဟု ဆိုသည်။
ဦးအိုက်ဟော့သည် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် နီးစပ်ခဲ့သူလည်းဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ပိုင်ခွင့်များ ရရှိခဲ့သည်ဟု သိရသည်။
ဦးအိုက်ဟော့သည် စစ်တိုင်းမှူးများကို ငွေကြေး ထောက်ပံ့ပေးခဲ့သူတဦးလည်း ဖြစ်သည်။ အထူးသဖြင့် လေကြောင်းရန် ကာကွယ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးမြင့်လှိုင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို တာဝန်ယူခဲ့စဉ်က ထောက်ပံ့ခဲ့သည်ဟု သိရသည်။
ရန်ကုန်မှ လုပ်ငန်းရှင်အချို့၏ အဆိုအရ ဦးအိုက်ဟော့သည် ငွေကြေးခဝါချမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ၎င်း၏ မူးယစ်ဆေးလုပ်ငန်းမှရသည့် ငွေများဖြင့် ကျောက်မျက်ရတနာ လေလံပွဲများတွင် ကာလပေါက်ဈေးထက် ပိုပေးပြီး လေလံဆွဲခဲ့သည်ဟု သိရသည်။
“သူက ကျောက်မျက်ကုန်သည်လည်း ဖြစ်တယ်” ဟု ရန်ကုန်မှ ရွှေကုန်သည်တဦးက ပြောပြသည်။
မြန်မာပြည်၏ ဇန်နဝါရီလအတွင်း ဘိန်းဖြူ ဖမ်းဆီးမိမှု ပမာဏမှာ ၁၄၈ ကီလိုဂရမ် ရှိသည်ဟု သောကြာနေ့က ထုတ်ဝေသော စစ်အစိုးရ၏ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ဤအတောအတွင်း မြန်မာစစ်အစိုးရတပ်များနှင့် UWSA တပ်များသည် ရှမ်းပြည်နယ်အတွင်း ထိပ်တိုက် တွေ့နေကြသည်ဟု သတင်းရရှိသည်။ ဦးအိုက်ဟော့အား ပြန်လည် လွှဲပြောင်းပေးရန် စစ်အစိုးရ၏ တောင်းဆိုချက်ကို UWSAက လက်ခံခြင်းမရှိဟု ဆိုသည်။
ဦးအိုက်ဟော့သည် UWSA ဌာနချုပ်တွင် ခိုလှုံနေသည်ဟု မြန်မာစစ်အစိုးရက ယူဆထားကြောင်း သိရသည်။
တပ်သားအင်အား ၂ဝဝဝဝ ဝန်းကျင်ရှိသည့် UWSA အဖွဲ့သည် မူးယစ်ဆေး ထုတ်လုပ်ရေး လုပ်ငန်းများဖြင့် နာမည် ပျက်လျက်ရှိသည်။ ၁၉၈၉ တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရယူခဲ့သည်။ အထူးဒေသ အမှတ် - ၂ အဖြစ် စစ်အစိုးရ သတ်မှတ်ပေးသော ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသတွင် UWSA တပ်ဖွဲ့များ လှုပ်ရှားနေသည်။
REF: ဧရာဝတီ
ကင်တာနာ နေပြည်တော်ရောက်
Wednesday, 18 February 2009
မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် ကမ္ဘာ့ကုလမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ် စ် အိုဟေး ကင်တာနာသည် ယနေ့တွင် နေပြည်တော်သို့ သွားရောက် ကြောင်း သိရသည်။ အာဂျင်တီးနားလူမျိုး လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တာနာသည် ၂၀၀၈ ခုနှစ် မေလမှ စတင် ၍ ယခင်ကိုယ်စားလှယ် မစ္စတာ ပေါ်လိုဆာဂျီယို ပီညဲယိုး၏ တာဝန်ကို လွှဲပြောင်းထမ်းဆောင်ခဲ့ပြီး လွန်ခဲ့သည့် နှစ် သြဂုတ်လ ခရီးစဉ်အပါအ၀င် ယခုတကြိမ်နှင့်ဆိုပါလျှင် မြန်မာနိုင်ငံသို့ လာရောက်သည်မှာ၂ ကြိမ် ရှိပြီဖြစ်သည်။
အဆိုပါ မစ္စတာ ကင်တာနာနှင့် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ခေါင်းဆောင် များနှင့် တွေ့ဆုံရန် အာဏာပိုင်များက တစုံတရာ အကြောင်းကြားခြင်းမရှိသေးကြောင်း အန်အယ်လ်ဒီ ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ကပြောသည်။
ဦးဉာဏ်ဝင်းက“ မစ္စတာကင်တာနာ ဒီနေ့နေပြည်တော် သွားတယ်တော့ ကြားတယ်၊ သူ့ ခရီးစဉ် အသေးစိတ် ကိုတော့ မသိရပါဘူး” ဟုပြောသည်။
ယနေ့ခရီးစဉ်တွင် မစ္စတာ ကင်တာနာသည် ဝန်ကြီးချုပ် ဗိုလ်ချူပ်ကြီး သိန်းစိန်နှင့် တွေ့ဆုံနိုင်ဖွယ်ရှိသည်ဟု လည်း သိရသည်။
ယမန်နေ့က မစ္စတာကင်တာနာသည် သံအမတ်တချို့နှင့် တွေ့ဆုံခဲ့သည်။ မနက်ဖြန်တွင် ၎င်း၏ ခရီးစဉ် ပြီး ဆုံးမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ပြန်လည် မထွက်ခွာမီ ရန်ကုန်လေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဟု လည်း သိရသည်။
မစ္စတာကင်တာနာသည် ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၉ ရက်နေ့အထိ ၆ရက် ခရီးစဉ်အတွင်းတွင် ကရင်ပြည်နယ် နှင့် ရန်ကုန် အင်းစိန် အကျဉ်းထောင်များသို့ သွားရောက်ခဲ့ပြီး နိုင်ငံရေးအကျဉ်သားတချို့နှင့်လည်း တွေ့ဆုံခဲ့ သည်။
တချိန်တည်းတွင် မန္တလေးအိုးဘိုထောင်အတွင်း နိုင်ငံရေးမှုဖြင့် ၂၆နှစ်စီ ထောင်ဒဏ်ချမှတ်ထားသော မကေသီအောင်နှင့် ကိုဝေမျိုးထူးတို့ နှစ်ဦးကို မန္တလေးတိုင်း တရားရုံးမှ ယမန်နေ့က အမှုလျှော့ အမိန့် ချမှတ် လိုက်ကြောင်း အမှုလိုက်ရှေ့နေ ဦးမြင့်သွင်က ပြောသည်။
ဦးမြင့်သွင်က “မကေသီအောင်ရယ် ကိုဝေမျိုးထူး ရယ် နှစ်ယောက်ကို ၂၆နှစ်ချထားတာကနေ ပြစ်မှုကျင့်ထုံး အရရယ် ဥပဒေ စီရင်ထုံးတွေ အရရယ် တိုင်းရုံးကနေ ပြစ်မှုတွေကို ပေါင်းလိုက်ပြီး တော့ ၂၆နှစ် ကနေ ၁၆နှစ် လျှော့ပါတယ်။ ၁၀နှစ်ပဲ ကျန်ပါတယ်”ဟု ပြောသည်။
မကေသီအောင်နှင့် ကိုဝေမျိုးထူးတို့အား မတရားအသင်းနှင့် ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၁၇(၂) လူဝင်မှု ကြီးကြပ်ရေး အရေးပေါ် ဥပဒေ ပုဒ်မ ၁၃(၁) စသည့် ပုဒ်မများဖြင့် တရားစွဲခံရပြီး စုစုပေါင်း ထောင်ဒဏ် ၂၆နှစ် ချမှတ်ခံရခြင်း ဖြစ်သည်။
မကေသီအောင်အမှုတွဲနှင့်ပတ်သက်ပြီး ဇန်နဝါရီလ ၂၆ရက်နေ့တွင် အယူခံဝင်ခဲ့ပြီး ကိုဝေမျိုးထူးအမှုတွဲကို လွန်ခဲ့သည့် နှစ်ပတ်အတွင်း အယူခံဝင်ခဲ့ပြီးနောက် ယခုလို ထောင်ဒဏ် လျှော့လိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
မကေသီအာင်နှင့်အတူ ဗိုလ်မင်းယု၊ ကိုဝေမျိုးထူး၊ ကိုအောင်ကိုလွင်၊ ကိုမျိုးမြင့်အောင်၊ ကိုညီညီ၊ ဦးသုမင်္ဂလ ဦးစိတ္တသာဂရ အပါအ၀င် ဗကသ အဖွဲ့ဝင် ၁၁ ဦးအား ၂၀၀၈ ခုနှစ် စက်တင်ဘာနှစ်ပတ်လည် ကျင်းပရန် စီစဉ်နေချိန်အတွင်း ဖမ်းဆီးခြင်းခံရသည်။
စစ်အစိုးရက ယခုကဲ့သို့ ထောင်ဒဏ်များလျှော့ပေးခြင်းသည် မစ္စတာ ကင်တာနာ ၏ ခရီးစဉ်နှင့် ဆက်စပ်မှု ရှိနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသား အသိုင်းအ၀န်းက ယူဆနေကြသည်။
သို့သော် အန်အယ်လ်ဒီ နှင့် AAPP တို့ကမူ ယင်းသို့ ထောင်ဒဏ်များ လျှော့ချရန်အတွက် မစ္စတာ ကင်တာနာ ၏ ခရီးစဉ်က မည်သို့မျှ စွမ်းဆောင်နိုင်မည်ဟု မထင်မြင်ကြောင်းပြောခဲ့သည်။
ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး(အေအေပီပီ) အသင်း၏ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က “ဥပဒေ အတိုင်း လုပ်နေတာတွေ တခုမှ မရှိဘူးလေ။ ဖမ်းထားတာ က အစ ခိုင်ခိုင် လုံလုံနဲ့ ဖမ်းထားတာ မဟုတ်ဘူး။ လွတ်လပ်တဲ့ တရားစီရင်ခွင့်မရဘူး။ အခုဆိုလည်း လျှော့လိုက်ပြန် တယ် ဆိုတော့လည်း သူတို့လုပ်ချင်သလို လုပ်နေတာပဲ။ တကယ်တော့ လျှော့ပေးရမှာ မဟုတ်ဘူး။ လွှတ် ပေးရမှာဖြစ်တယ်”ဟု ပြောသည်။
ဇန်နဝါရီတွင် မကေသီအောင်သည် ထောင်အတွင်း အစာအဟာရ ကောင်းစွာမရခြင်း၊ ထောင်တွင်း ကိုယ်ဝန် ဆောင်နေစဉ် စိတ်ဖိစီးမှု အမျိုးမျိုး တို့ကြောင့် ကိုယ်ဝန်ဆောင်ပျက်ခဲ့ကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့ သည်။
မကေသီအောင်ခင်ပွန်းဖြစ်သူ ကိုထွန်းထွန်းက “တကယ်ဆိုရင် မကေသီအောင်က အပြစ်မရှိဘူးလေ။ နောက်ဆုံး သူကိုယ်ဝန်ပျက်ကျသွားရတာက အစ ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်တာ ဖြစ်ပါတယ်။ အခုလိုမျိုး ထောင်ဒဏ်လျော့ ပေးတာထက်စာရင် လုံးဝ လွတ်ပေးသင့်တယ် လို့ပဲပြောချင်ပါတယ်။ အခု ဆိုရင် မစ္စတာ ကင်တာနာ ရောက်နေတဲ့ အချိန်မှာ ဖိအား တစုံတရာ လျော့ကျသွားအောင်လို့ လုပ်ပြလိုက် တယ်လို့ပဲ ကျနော်မြင်တယ်”ဟု ပြောသည်။
ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က နိုင်ငံတ၀န်းရှိ စစ်အစိုးရ အကျဉ်းထောင်များအတွင်း နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရသူပေါင်း ၂၁၃၇ ဦးရှိ ကြောင်း ထုတ်ပြန်ထားသည်။
အေးလဲ့
REF: ဧရာဝတီ
Wednesday, February 18, 2009
ဒုတိယပင်လုံစာချုပ် လိုအပ်နေပြီ - လွင်အောင်စိုး
လက်ထပ်စာချုပ် ချုပ်ဆို နိုင်ဖို့ နှစ်ဘက်သော မိဘတွေ၊ ဆွေမျိုးတွေ၊ ရပ်ကွက် လူကြီးတွေ သဘောတူတာထက် စာရင် ကာယကံရှင် ခင်ပွန်းလောင်းနဲ့ ဇနီးလောင်းတို့ သဘောတူမျှဖို့က အဓိက ကျပါတယ်။
ဘာကြောင့်လဲဆိုတော့ သူတို့နှစ်ယောက်ဘဲ ကောင်းတိုင်ပင် ဆိုးတိုင်ပင် ဘဝကိုရင်ဆိုင်ပြီး တည်ဆောက်ရမှာ ဖြစ်လို့ပါဘဲ။ တကယ်လို့ လက်ထပ်စာချုပ် မချုပ်ဆိုမီမှာ စေ့စပ်ကြောင်းလမ်း ထားရင် ဘဝကို ဘယ်လို ရင်ဆိုင်ကြမလဲ ဆိုတာ ကြိုတင် ဆွေးနွေးညှိနှိုင်း နိုင်လို့ ပိုပြီး အဆင်ပြေစရာ ရှိနိုင်ပါတယ်။ နိုင်ငံအုပ်ချုပ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာ အမှန်မှာတော့ စာချုပ် ဖြစ်ပါတယ်။ လင်မယား လက်ထပ် စာချုပ်လိုပါဘဲ။ အစိုးရနဲ့ ပြည်သူတွေ ကြားမှာ သဘောတူထားတဲ့ စာချုပ်ပါဘဲ။
ဒီစာချုပ် ဖြစ်နိုင်ဖို့ ပဏာမ သဘောတူညီချက်တွေ ရှိနေရပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ အတိတ်ကာလရဲ့ ဆိုးမွေတွေ ခံစားနေရတာ ဖြစ်လို့ ဒါတွေ ပြင်နိုင်ဖို့က အခြားနိုင်ငံ တွေလို လိုက်လုပ်လို့ မရသလို၊ တဦး တဖွဲ့တည်းက စိတ်ကြိုက်လုပ်လို့လည်း မရနိုင်ပါဘူး။ အတိတ် တချိန်မှာတုန်းက “ပင်လုံစာချုပ်”ဟာ မြန်မာ့ သမိုင်းကြောင်းကို ကောင်းစေခဲ့တဲ့ ပဏာမ စာချုပ် ဖြစ်ခဲ့တာကို နမူနာ ယူရပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ အပါအဝင် ပြည်သူတွေအားလုံး ညီညွတ်အောင် လုပ်နိုင်ဖို့ဆိုတာ အခြေခံဥပဒေမှာ အတိအလင်း ဖော်ပြထားတဲ့ ရပိုင်ခွင့်တွေကို အာမခံနိုင်တဲ့ အပေါ်မှာ မူတည်ပါတယ်။ ဒီလို အာမခံနိုင်အောင် လုပ်ယူဖို့ အတွက် လွတ်လပ်ရေး ရပြီးနောက်ပိုင်းက စပြီး လက်ရှိ ကာလထိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေခဲ့တဲ့ အခြေအနေအရ “ပင်လုံစာချုပ်”လိုမျိုး နောက်ထပ် စာချုပ်တခု လိုအပ်လာပါတယ်။ ဒီလို စာချုပ်မှာ အရင်ဦးဆုံး သက်ဆိုင်သူတွေ အားလုံး တွေ့ဆုံပြီး ပွင့်ပွင့်လင်းလင်းနဲ့ တာဝန်ယူ ဆွေးနွေးနိုင်ရပါမယ်။ သဘောတူနိုင်ရပါမယ်။ ဒီအဆင့်ကို အောင်မြင်မှ အခြေခံဥပဒေ မူကြမ်းကို ရေးဆွဲဖို့ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီကို ကျင့်သုံးကြဖို့ မြန်မာနိုင်ငံသား အများစုက သဘောတူ ထောက်ခံခဲ့တာကို ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်က သက်သေပြခဲ့ပြီး ဖြစ်လို့ နောက်ထပ် သံသယဖြစ်စရာ မလိုတော့ပါဘူး။ လက်ရှိမှာ ကမ္ဘာ့နိုင်ငံတွေ ကျင့်သုံးနေကြတာက ပိုပြီး တိကျအောင် ပြောရရင် ကိုယ်စားပြု ဒီမိုကရေစီစနစ် (Representative Democracy) ဖြစ်ပါတယ်။ လူထုတရပ် လုံးက သူတို့ ဖြစ်စေချင်တာတွေကို သူတို့ ကိုယ်စားပြုသူတွေက လိုက်လုပ်ပေးရတဲ့ စနစ်ဖြစ်ပါတယ်။ အရှင်းဆုံး ပြောရရင် အခြေခံဥပဒေကို လူထုက စိတ်ကြိုက် ရေးဆွဲတာပါ။ မြန်မာနိုင်ငံမှာ ကိုယ်စားပြု ဒီမိုကရေစီစနစ်ကို ကျင့်သုံးမှ လူထုကလည်း ထောက်ခံ၊ နိုင်ငံတကာနဲ့လည်း ရင်ဘောင် တန်းနိုင်မှာ ဖြစ်ပါတယ်။ အခြေခံဥပဒေကို လူထု စိတ်ကြိုက်ရေးဆွဲ နိုင်မှလည်း လူတိုင်းအတွက် အခြေခံ လူ့အခွင့်အရေးတွေ၊ တန်းတူညီမျှတဲ့ အခွင့်အရေးတွေ၊ အသင်းအဖွဲ့ဌာန (Institution) အတွက် လွတ်လပ်မှု အခွင့်အရေးတွေက အစ အာဏာပိုင်တွေကို ကန့်သတ်ထိန်းညှိ (Checks and Balances) ပေးနိုင်တာ၊ စစ်တပ်က ဒီမိုကရေစီနဲ့ သဟဇာတ ဖြစ်အောင် နေနိုင်တာတွေ အဆုံး လူထုကို အကျိုးပြုစေတာတွေ အားလုံးကို အာမခံချက် အပြည့်အဝနဲ့ စိတ်ချလက်ချ ကျင့်သုံးနိုင်ပါမယ်။ နအဖ လုပ်သွားတဲ့ အခြေခံဥပဒေ ဆိုတာက တိုက်ရိုက် ဒီမိုကရေစီ (Direct Democracy) ကို အသက်သွင်း နေတာပါ။ ဒါပေမယ့် ကိုယ်စားပြု ဒီမိုကရေစီကို ဦးတည်လုပ်ဆောင်နေ သလိုလို လှည့်စားထားပါတယ်။ မြန်မာပြည်သူတွေက ဒီမိုကရေစီ အကြောင်း သိမှာ မဟုတ်ဘူးလို့ ယူဆပြီး၊ ဒါမှမဟုတ် သိပ် မသိသေးခင်မှာ နအဖက သူတို့လိုချင်တဲ့ မူဝါဒ၊ စနစ်၊ လုပ်ထုံး လုပ်နည်းတွေကို လက်ဦးအောင် ပန္နက် ရိုက်ပစ် ယူတာမျိုး ဖြစ်ပါတယ်။ ဒီအချက်ကို ကြည့်ရင် ဒီမိုကရေစီ စနစ်ကို တည်ဆောက်မယ့် မြန်မာပြည်သူတွေ အနေနဲ့ ဒီမိုကရေစီ အကြောင်း အတော်အတန် လေ့လာသိရှိထားဖို့ လိုနေပြီဆိုတာ သိသာပါတယ်။ တိုက်ရိုက် ဒီမိုကရေစီ စနစ်မှာ အစိုးရ အာဏာပိုင်တွေကို လူထုရဲ့ ဆန္ဒနဲ့ ရွေးချယ်ခွင့် မရှိပါဘူး။ အာဏာပိုင်တွေရဲ့ ဆန္ဒ၊ တနည်းအားဖြင့် ဆိုရင် အာဏာပိုင်တွေ ချပေးတဲ့ မူဝါဒတွေကိုဘဲ လူထုက ကြိုက်-မကြိုက် ရွေးချယ် ပေးရပါတယ်။ ဘာနဲ့ တူသလဲလို့ အနီးစပ်ဆုံး နမူနာပြရရင် မြန်မာနိုင်ငံမှာ အာဏာရှင် ဦးနေဝင်းရဲ့ တပါတီ စနစ် ကြီးစိုးတုန်းက မဆလ ပါတီက ကြိုတင် သတ်မှတ်ထားတဲ့ အာဏာပိုင် အဆင့်ဆင့်ရဲ့ ကိုယ်စားလှယ်လောင်းတွေကို လူထုက ရွေးချယ် တင်မြှောက်ပေးရတာ၊ မဆလ ပါတီက ရေးထားတဲ့ အခြေခံဥပဒေကို အတည်ပြု-မပြု လူထုက ရွေးချယ်ပေးရတာတွေ ဖြစ်ပါတယ်။ လူထု ဆန္ဒခံယူပွဲလို့ နာမည်တပ်ပြီး ရွေးခိုင်းတာတောင်မှ လွတ်လပ်ပြီး သမာသမတ် ရှိအောင် မလုပ်ပေး နိုင်ပြန်ရင်လည်း အာဏာရှင် လုပ်ချင်တဲ့ သဘောတွေကို သက်သေပြ သလို ဖြစ်နေပါတယ်။ ကိုယ်စားပြု ဒီမိုကရေစီမှာ နိုင်ငံသား ဘယ်သူမဆို ရွေးကောက်ပွဲမှာ မဲပေးနိုင်ခွင့် ရှိသလို ရွေးကောက်ပွဲ ဝင်နိုင်ခွင့်လည်း ရှိပါတယ်။ နမူနာပြရရင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်ခွင့် ပေးမှာမဟုတ်ဘူးလို့ နအဖ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းက ( ကြိုတင် သွေးတိုးစမ်းသလိုမျိုး ) အာဆီယံမှာ ပြောဖူးတာ ရှိပါတယ်။ ကိုယ်စားပြု ဒီမိုကရေစီကို အစစ်အမှန် ကျင့်သုံးချင်ရင် ဒေါ်အောင်ဆန်းစုကြည်လို မျိုးရိုးစဉ်ဆက် မြန်မာနိုင်ငံသား ဖြစ်ကြောင်း သိပ်ထင်ရှားနေတဲ့ မြန်မာ နိုင်ငံသားတဦးကို ရွေးကောက်ပွဲဝင်ခွင့် ပြုရမှာ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသမား မှန်သမျှ ဖမ်းဆီးထိန်းသိမ်း ထားတာကို ပြန်လွှတ်ပြီး နိုင်ငံရေး လှုပ်ရှားခွင့် ပြုရမှာ ဖြစ်ပါတယ်။ ကိုယ်စားပြု ဒီမိုကရေစီမှာ ကိုယ်စားပြုမယ့် သူတွေကို ဘယ်လို ရွေးချယ်ရမလဲ ဆိုတာကို လူထုက သတ်မှတ်ရတာ ဖြစ်ပါတယ်။ အာဏာပိုင်တွေက သတ်မှတ်လို့ မရပါဘူး။ ပင်လုံစာချုပ်လို သမိုင်းဝင် သဘောတူညီချက် တခုခုကို အရင် ရပြီးမှဘဲ အခြေခံ ဥပဒေမူကြမ်းကို အားလုံးက ချွင်းချက်မရှိ ပါဝင်ရေးဆွဲ ရပါမယ်။ အဲဒီမူကြမ်းမှာ နောက်လုပ်မယ့် ရွေးကောက်ပွဲတွေကို အခြေခံ ဥပဒေအတိုင်း ကျင်းပပေးနိုင်ဖို့ ရွေးကောက်ပွဲ ဆိုင်ရာ အခန်းကဏ္ဍ ကလည်း ပါရှိနေမှာ ဖြစ်ပါတယ်။ မူကြမ်းကို လူထု ဆန္ဒခံယူပွဲနဲ့ အတည်ပြု နိုင်ရပါမယ်။ လူထုက အတည်ပြု လိုက်တာဟာ ရွေးကောက်ပွဲ ဝင်မယ့်သူတွေကို ဘယ်လို ရွေးချယ်ရမလဲလို့ လူထုက သတ်မှတ်လိုက်တယ် ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ ဒါကြောင့် ပင်လုံစာချုပ်လို ပဏာမ သဘောတူညီချက် မရှိပဲ ရှေ့ဆက်လုပ်လို့ မဖြစ်နိုင်ပါဘူး။ နောက်ထပ် သက်သေတခု ကတော့ နအဖ ရေးတဲ့ အခြေခံဥပဒေမှာ အမြင့်ဆုံး အာဏာပိုင်ဖြစ်တဲ့ သမတ နေရာကို လူထုက ရွေးချယ်ခွင့်မရတာ၊ စစ်တပ်က လွှတ်တော်မှာ အမတ်၂၅ % အတွက် ရွေးချယ်ခံစရာမလိုပဲ အလိုအလျောက် ယူထားတာတွေ ဖြစ်ပါတယ်။ နောက်ပြီးတော့ တပ်မတော် (စစ်တပ်)က နိုင်ငံကို ဦးဆောင်တဲ့ အခန်းကဏ္ဍက ပါရမယ် ဆိုတာလည်း ပါဝင်နေပါတယ်။ ဒါတွေဟာ နိုင်ငံရဲ့ အနာဂါတ် ကံကြမ္မာကို အကြီးအကျယ် ပြောင်းလဲစေမယ့် ကိစ္စတွေပါဘဲ။ ပြည်သူတွေကို မလှုပ်မရှား ပိပြားနေအောင် အုပ်ချုပ်နိုင်ဖို့ ရည်ရွယ်ပြီး လုပ်နေတာ သိသာပါတယ်။ အမှန်တကယ်မှာ အဲဒီလို ဖြစ်လာမှာ မဟုတ်ဘဲ ပိုပြီးတောင် မငြိမ်မသက် အုံကြွလာနိုင်စရာ ဖြစ်နေပါတယ်။ လမ်းအလယ် ဒါးကိုင်ပြီး လူတကာကို စိန်ခေါ်နေသလို ဖြစ်နေပါတယ်။ ဒါဟာ “လွတ်လပ်မှုကို တလွဲ ဆံပင်ကောင်း လုပ်တာ၊ တန်းတူညီမျှမှုကို ဖျက်ဆီးပစ်တာ ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ အခြေခံမူတွေနဲ့လည်း ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ ဒီမိုကရေစီမှာ အရေးကြီးဆုံး မဖြစ်မနေ လုပ်ရတဲ့ မူကတော့ ရွေးကောက်ပွဲပါဘဲ။ လူထုက အစိုးရကို ရွေးကောက်တာ ဖြစ်ပါတယ်။ စစ်တပ်ဆိုတာ အစိုးရ မဟုတ်ပါဘူး။ တိုင်းပြည်မှာ စစ်ဖြစ်နေရင် စစ်တပ်က ကြီးစိုးပါတယ်။ ဒီလိုမျိုး မဟုတ်ရင် စစ်တပ်ဆိုတာ အစိုးရရဲ့ ထိန်းချုပ်မှု အောက်မှာရှိတဲ့ အထူးသဖြင့် ရွေးကောက်ပွဲ လုံခြုံရေး၊ သဘာဝဘေး အန္တရာယ် ကာကွယ် စောင့်ရှောက်ရေးတွေကို လုပ်ပေးတဲ့ အသင်းအဖွဲ့ (Institution) တခုဘဲ ဖြစ်ပါတယ်။ ကျောင်းသား သမဂ္ဂတို့၊ အလုပ်သမားသမဂ္ဂတို့ဆိုတာ Institution ပါဘဲ။ မီးသတ်၊ ရဲ၊ ကုန်သည်ကြီးများအသင်း အစရှိတာတွေက လည်း Institution ပါဘဲ။ ဘယ်နိုင်ငံမှာမှ Institution တွေက အစိုးရလုပ်တာ မရှိပါဘူး။ အစိုးရအလုပ်ကို အစိုးရအဖြစ် ရွေးချယ် တင်မြှောက်ခံရတဲ့သူတွေ၊ ဒါမှမဟုတ် အာဏာသိမ်းပြီး သူတို့ကိုသူတို့ သတ်မှတ် ထားသူတွေကဘဲ လုပ်ရပါ တယ်။ ဒါကြောင့် စစ်တပ်က အစိုးရ လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ ပြည်သူတွေက ရွေးချယ် တင်မြှောက်တာ မရှိပဲ အစိုးရနေရာ ဝင်ယူရင် (လွှတ်တော်အမတ် လုပ်ရင်) ဒါဟာ ကိုယ်စားပြု ဒီမိုကရေစီ အစစ်အမှန် မဟုတ်တော့ပါဘူး။ တကယ်လို့သာ ပင်လုံစာချုပ်လို ပဏာမ သဘောတူညီချက်သာ ရှိနေခဲ့ရင် ဒီလို မမှန်မကန် ဖြစ်နေတာတွေကို ကြိုတင် ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။ နအဖရဲ့ လမ်းပြမြေပုံအတိုင်း ဆက်လုပ်နေလို့ကတော့ ဒီမိုကရေစီ အစစ်အမှန်ကို ရမှာ မဟုတ်ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် မဆလ ခေတ်တုံးက ပုတ်သင်ညို လွှတ်တော်လို ဖြစ်နေဦးမှာ ပါဘဲ။ ဒီလို ဖြစ်ခဲ့လို့လည်း နောက်ဆုံး တနေ့မှာ မဆလ ပါတီရော အာဏာရှင် ဦးနေဝင်းပါ ဘုံးဘုံးလဲ ပြိုကွဲခဲ့ရတာ ဖြစ်ပါတယ်။ ဒါကို ထပ်တူ လိုက်လုပ်ဦးမယ်၊ ဒါမှ မဟုတ် နည်းလမ်းခွဲတမျိုး (Alternative)နဲ့ လုပ်ကြည့်ဦးမယ် ဆိုရင်လည်း “ဒီတောင်ပို့က ဖွတ်ဘဲ ထွက်တတ်တယ်” ဆိုတာ လူထုက သိနေပြီးဖြစ်လို့ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ နောင်ခါလာ နောင်ခါဈေး သဘောထားလို့လည်း လုံဝ မဖြစ်နိုင်ပါဘူး။ တချိန်တည်းမှာဘဲ မြန်မာနိုင်ငံမှာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးလည်း ရမှာ မဟုတ်ပါဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့၊ ခွဲထွက်ခွင့်တို့ကို တောင်းဆိုလာတဲ့အထိ ဆိုးဆိုးဝါးဝါး ဖြစ်သွားနိုင်ပါတယ်။ ဒါဟာ ပြည်ထောင်စုစနစ်အတွက် မကောင်း ပါဘူး။ ဒါတွေဟာ သိသာမြင်သာတဲ့ အနာဂတ်အန္တရာယ်တွေ ဖြစ်ပါတယ်။ နအဖ ဖြေရှင်းတဲ့ ပုံစံမှာတော့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကို အတင်း လက်နက်ချ ခိုင်းနေတာက လွဲလို့ အခြား မရှိပါဘူး။ ဒီအခါမှာ တိုင်းရင်းသားတွေ လက်နက်ကိုင်တယ် ဆိုတာက နိုင်ငံရေးအရ အင်အား ချိန်ခွင်လျှာ (Balance of Power) ညှိတဲ့သဘော ဖြစ်လာပါတယ်။ သူတို့ ရည်ရွယ်တာက နိုင်ငံရေး ဆိုပေမယ့် ဒီရည်ရွယ်ချက်ကို အကောင်အထည် ဖော်နေတဲ့နည်းလမ်းက ပြည်တွင်းမှာ စစ်ရေးပုံစံ ပြိုင်ဆိုင်တဲ့ သဘောကို ဖြစ်စေပါတယ်။ ဒါဆိုရင် ဒီမိုကရေစီနဲ့ ဆန့်ကျင် သွားပါပြီ။ အမှန် တကယ်ဆိုရင် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးတဲ့အခါမှာ နိုင်ငံကို ကာကွယ်ဖို့ စစ်တပ်ဆိုတာ တခုတည်းဘဲ ရှိနေရမှာ ဖြစ်ပါတယ်။ တခုတည်းရှိတဲ့ စစ်တပ်ဟာလည်း ဒီမိုကရေစီနဲ့ သဟဇာတ ဖြစ်အောင် ဖွဲ့စည်းထားရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ဖြစ်လာအောင် လုပ်ပေးနိုင်တာက ပဏာမ သဘောတူညီချက်တွေ ဖြစ်ပါတယ်။ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကို လက်နက်ချခိုင်းနေရုံ၊ နှစ်ဦးနှစ်ဘက် သဘောတူညီမှုရရုံ ( ဥပမာ-Gentlemen’s agreement ) နဲ့ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ပန္နက် ရိုက်ပြီးသား သဘောတူညီမှုကို မရနိုင်ပါဘူး။ နအဖ အနေနဲ့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေနဲ့ ပူးပေါင်း ဆောင်ရွက်ရမယ့် နည်းလမ်းတခုဘဲ ရှိပါတယ်။ ဒီလို လုပ်တာဟာလည်း ဒီမိုကရေစီ ကျင့်သုံးတဲ့ လူ့ အသိုင်းအဝိုင်းထဲမှာ လူအချင်းချင်း၊ အသင်းအဖွဲ့အချင်းချင်း ယိုင်းပင်း ပူးပေါင်း ရမယ်ဆိုတဲ့ အခြေခံမူနဲ့ ကိုက်ညီ နေပါတယ်။ တချိန်တည်းမှာဘဲ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေက တိုင်းရင်းသားတွေရဲ့ အခွင့်အရေး အတွက် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကို သူတို့ ယုံကြည် လက်ခံလာအောင် အာမခံ ပေးလာနိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင် ပြည်တွင်းမှာ စစ်ရေးပုံစံ ပြိုင်ဆိုင်တာတွေ မရှိနိုင်တော့ပါဘူး။ ဒီနောက်မှာတော့ ပင်လုံစာချုပ်လိုမျိုး နောက်တကြိမ် ထပ်ချုပ်နိုင်ဖို့ လွယ်ကူသွားပါပြီ။ ဒီလိုစာချုပ် ချုပ်ဖို့ ဘယ်သူက ဦးဆောင်နိုင်ပါသလဲလို့ တချို့က မေးကြပါတယ်။ ဘယ်သူတွေက ကိုယ်စားပြုပြီး တက်လာကြမှာ လဲလို့လည်း ထပ်မေး ကြပြန်ပါတယ်။ ဒါကတော့ သိပ်မခက်လှပါဘူး။ တိုင်းပြည်မှာ အများ သတ်မှတ်ထားတဲ့ ကိုယ်စားပြုသူတွေ ရှိနှင့်ပြီး ဖြစ်လို့ သူတို့ကဘဲ အမှန်တကယ် ဦးဆောင် ဆော်သြလိုက်ရင် ချက်ချင်းတောင် စလို့ရသွားမှာ ဖြစ်တယ်။ ဒီမိုကရေစီ စနစ်ကို တကယ်တမ်း ဘယ်သူတွေက ဦးဆောင်နိုင်မလဲလို့ စိန်ခေါ်လိုက်တာလည်း ဖြစ်ပါတယ်။ ဒီအဆင့်ကို သိက္ခာရှိရှိ ကျော်ဖြတ်နိုင်တယ် ဆိုရင် နောက်ကျန်တာတွေက သူ့အလိုလို ရှောရှောရှူရှူ ဖြစ်သွားမှာ သေချာပါတယ်။ အရင်ဦးဆုံး လိုနေတာကတော့ ပင်လုံစာချုပ်လို ပဏာမ သဘောတူညီမှုတွေ ဖြစ်ပါတယ်။
လွင်အောင်စိုး (၁၅-၂-၂ဝဝ၉)
REF: လူထုအသံ
ပြည်သူ့ အကျဉ်းသား - ခိုင်ထွန်း
ဒီမိုကရေစီရဲဘော်များမှာ ၎င်းတို့ဆန့်ကျင်မိသည့် အာဏာရှင်စစ်တပ်က နှိပ်စက်ရသည့်အထဲ ကိုယ့်ပြည်သူကိုယ်တိုင်က ရှောင်ဖယ်ဖယ်လုပ်ကြတော့ "ပက်လက်လန်ကျန်ရစ်" ဆိုသလို ခံစားရတော့သည်။ ကောင်းကျိုးအထွေထွေ ချွန်စေ မြစေသော်ဝ်
အဖြစ်မှန်တခု ရှိနေသည်။ ဒီမိုကရေစီကို လိုလားပါသည်ဆိုသော ပြည်သူလူထုက ဒီမိုကရေစီတိုက်ပွဲကို တိုက်ယူနေကြသော ရဲဘော်များကို စစ်အစိုးရက ရက်ရက်စက်စက် ဖိနှိပ်သောအခါ ၎င်းတို့နှင့် ပတ်သက်ရမည်ကို ကြောက်နေကြလေသည်။ ဤအဆို တကယ်မှန်သလော။
ရွေးကောက်ပွဲပြီးသည်မှစ၍ စစ်တပ်က အာဏာကို သိမ်းပိုက်သည်။ မခံနိုင်သော တော်လှန်ရေးသမားများက ဆန့်ကျင်သည်။ ကန့်ကွက်သူမှန်သမျှ နှိပ်စက်သည်။ ထောင်ချသည်။ မိသားစုကိုပါ ဒုက္ခပေးတော့သည်။ တချို့မှာ ပြည်တွင်း၌ပင် မနေနိုင်တော့ဘဲ ပြည်ပသို့ လက်လွတ်ပြေးရသည်။ စကားလုံးဖြင့် ဖော်ပြခြင်းငှာ မစွမ်းသာသော ဒုက္ခမျိုးစုံ ခံကြရသည်။ ဤသို့ဖြင့် စစ်တပ်အာဏာ ကြီးမားလာသောအခါ ဒီမိုကရေစီတောင်းဆိုသော ပြည်သူတို့မှာ ချောက်ချားလာပြီး နိုင်ငံရေးလှုပ်ရှားသူ တော်လှန်ရေး ရဲဘော်များကို ရှောင်လာတော့သည်။
ယခု နိုင်ငံရေးအကျဉ်းသားများကို ကြည့်ပါ။ ၎င်းတို့ အဘယ့်ကြောင့် ထောင်ကျ၊ တန်းကျ အနှိပ်စက်ခံကြရသနည်း။ ပြည်သူတို့ တောင်းဆိုကြသော လိုချင်ကြသော ဒီမိုကရေစီကို ပြည်သူ့ကိုယ်စား ရယူတောင်းဆို တိုက်ပွဲဝင်မိခြင်းကြောင့် ဖြစ်ရလေသည်။ ယခု ၎င်းတို့ကို အစိုးရက နှိပ်စက်၊ ၎င်းတို့မိသားစုကို အခြောက်တိုက် ဒုက္ခပေး၊ ကြွက်မနိုင်ကျီမီးရှို့။ ဒါကိုပြည်သူက မသိကျိုးကျွံ။
ယခု စစ်တပ်က အကျဉ်းသားတွေကို နယ်ဝေးထောင်တွေ ပို့သည်။ မိသားစုဝင်တွေ ဒုက္ခများကြရသည်။ သည်ဒုက္ခကို ပြည်သူတို့ မျှဝေ၍ မယူသင့်သလော။ ၎င်းတို့မိသားစုကို မစောင့်ရှောက်သင့်ကြသလော။
၎င်းအကျဉ်းသားတို့သည် မည်သူတို့နည်း။ ပြည်သူ့အတွက် တိုက်ပွဲဝင်နေသော ပြည်သူ့ဘက်တော်သား၊ ပြည်သူ့အကျဉ်းသားများဖြစ်သည်။
ဤတော်လှန်ရေးသမားများကို စစ်တပ်က ဒဏ်ခတ်လျှင် ပြည်သူက ဆုတံဆိပ်ချီးမြှင့်ခံရသော ကိုယ့်ရင်သွေးကဲ့သို့ ဂုဏ်ယူပြီး ကိုယ့်ရဲဘော် ကိုယ့်ရင်သွေးကို ယခုမှ ချီးမြှောက်ခွင့်ရပြီ၊ စောင့်ရှောက်ခွင့်ရပြီ၊ ကူညီခွင့်ရပြီဆိုပြီး အားပေးသင့်လှပေသည်။
ထိုအခါ စစ်အစိုးရက ဖိနှိပ်လေလေ ရဲဘော်များက ဆန့်ကျင်လေလေ၊ ဒဏ်ခတ်ခံရလေလေ၊ ပြည်သူက ချီးမြှောက်ခွင့်၊ စောင့်ရှောက်ခွင့် ရလေလေ ဖြစ်နေရပေမည်။
ဆရာမင်းသုဝဏ်၏ ဖိုးမောင်ကဗျာ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ခွပ်ဒေါင်း လေးချိုးတို့သည် ဤဇာနည်ရဲဘော်များကို ဥဒါန်းတွင်အောင် စာပေဖြင့် ချီးမြှောက်ခဲ့ကြခြင်းဖြစ်ပေသည်။
ယခု ပြည်သူတို့ မိမိတို့၏ တော်လှန်ရေးရဲဘော်များကို မည်သို့ သဘောထားနေကြပါသနည်း။ မည်သို့ ချီးမြှောက်နေကြပါသနည်း။ မြန်မာကဗျာဆရာတို့ ဘာတွေရေးဖွဲ့နေကြပါသနည်း။ မှိုင်းရာပြည့်၊ ၀ဏ်ရာပြည့်၊ လုပ်နေကြပါလျက် အဘယ်ကြောင့် မှိုင်းတို့၊ ၀ဏ်တို့လို ပြည်သူ့သားကောင်းများအကြောင်း မဖွဲ့ဆိုနိုင်ကြပါသနည်း။ မဂ္ဂဇင်းထဲ ပါဖို့မလို၊ ပြည်သူထဲ ပျံ့နှံ့ဖို့လိုသည်။ သို့မှသာ သားကောင်းဇာနည် တော်လှန်ကဗျာသည် ကမ္ဘာချီပေလိမ့်မည်။ ကဗျာဆရာတို့ စဉ်းစားကြပါကုန်။
ရဲဘော်များအတွက် လိုအပ်လှသော စိတ်ဓာတ်ခွန်အားနှင့် ပြည်သူ့မေတ္တာရေစင်သည် တောင်ကိုလည်း ထွင်းနိုင်၏။ ဓားသွားပေါ်လည်း လျှောက်နိုင်၏။ ဤမျှထိ တန်ခိုးကြီးလှသည်။
ပြည်သူ့တာဝန်က ဘာပါလိမ့်။ တိုင်းပြည်၏ အဖိနှိပ်ခံ သားကောင်းတို့ကို စစ်အစိုးရက ထောင်ဆုချီးမြှင့်လျှင် ပြည်သူကကော ဘာဆုချီးမြှင့်မည်နည်း။ အပယ်ခံဆုလော။
ထောင်ကျအကျဉ်းသား၊ လူပုဂ္ဂိုလ်၊ ရဟန်းသံဃာတို့ကို အားတက်စေမည့် မည်သည့်အပြုအမူတို့ကို လုပ်ကြမည်နည်း။
နယ်ဝေးထောင်ကိုပို့လျှင် မည်မျှပင်ဝေးပါစေ ထိုနယ်တို့ရှိ နယ်ခံလူထုတို့က ကိုယ့်ဆီရောက်လာသော ကိုယ့်သားကောင်းများကို ပြုစုစောင့်ရှောက်ခွင့် မရပြီလော။ မကူညီသင့်ပြီလော။ ၎င်းတို့၏ မိသားစုများကို မစောင့်ရှောက်သင့်ပြီလော။ အ၀တ်အထည်၊ စားစရာ၊ အိပ်ရာ၊ နေရာ၊ သွားရေးလာရေးတို့ကို နယ်ခံလူထုတို့ မကူညီသင့်ပြီလော။ ငွေကြေးမတတ်နိုင်စေကာမူ စိတ်ဓာတ်ဖြင့် အားမပေးသင့်မည်လော။ ဤကမ္ဘာတွင် ကိုယ်နှင့်မဆိုင်ပါဘဲလျက် ကိုယ့်တာဝန်၊ ကိုယ့်အသိဖြင့် အဖွဲ့အစည်းများ ဖွဲ့စည်းကာ နယ်ပယ်အသီးသီးတွင် ပရဟိတ လုပ်ဆောင်နေကြသော လူသားများကို အလွန်လေးစားဖွယ် ကောင်းလှသည်။ ယခုလည်း စစ်အစိုးရ နှိပ်စက်သမျှ အကျဉ်းသားများကို အသင်းဖွဲ့၍ ကူညီနေကြသော ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာပုဂ္ဂိုလ်များ၊ အေအေပီပီ ခေါ် အကျဉ်းသားများကို ကာကွယ်စောင့်ရှောက်ဖို့ ဖွဲ့စည်းထာသော အဖွဲ့များကို အတုယူစရာ ကောင်းလှပေသည်။
၎င်းတို့ကို နမူနာယူ၍ ကိုယ့်နယ်၊ ကိုယ့်ဒေသတွင် ကိုယ်စွမ်းသလောက် စုစည်းပြီး အဆက်အသွယ်များ ရယူကာ အနှိပ်စက်ခံ ရဲဘော်တို့ကို ကူညီစောင့်ရှောက်သင့်လှသည်။ အတွေ့အကြုံရှိပြီးသား ထိုပရဟိတ အဖွဲ့အစည်း များကလည်း ထိုသို့ ဖွဲ့စည်းရန် နည်းပေးလမ်းပြ ပြုလုပ်သင့်သည်။ သို့မှသာ ထိထိရောက်ရောက်ရှိပေလိမ့်မည်။ အဖွဲ့အစည်းများ နယ်ပယ်အသီးသီးတွင် အဆင့်ဆင့်ဖွဲ့စည်းပြီး စည်းစနစ်ကျနစွာဖြင့် ထိရောက်သော အကူအညီများ ပေးအပ်နိုင်ကြမည်ဆိုလျှင် တိုက်ပွဲဝင် ရဲဘော်တို့၏ စိတ်ထဲ ဘယ်နေရာရောက်ရောက် ပြည်သူ၏ အားဖြင့် စစ်တပ်က နှိပ်စက်သမျှကို ရင်ကော့ခံနိုင်ကြပေလိမ့်မည်။
ပြည်တွင်းရှိ အလွှာအသီးသီးမှ ပြည်သူများ၊ ပြည်တွင်းပြည်ပမီဒီယာများက အကျဉ်းသားတို့အတွက် အကောင်းဆုံး အတတ်နိုင်ဆုံး၊ လုပ်ဆောင်ပေးရပေလိမ့်မည်။ သို့မှသာ တချိန်တွင် ဒီမိုကရေစီကို မျက်မှောက်ပြုနိုင်လာလျှင် ကိုယ့်ရဲဘော် ကိုယ့်ခေါင်းဆောင်များကို စောင့်ရှောက်ခွင့် ရလိုက်ဖူးသည့်အတွက် မမေ့နိုင်သော ပီတိကို ခံစားကြရပေလိမ့်မည်။ သခင်စိုးမောင်က ဗိုလ်ချုပ်အောင်ဆန်းမဖြစ်မီ၊ သခင်အောင်ဆန်းဘ၀က အင်္ဂလိပ်ရန်မှ တိမ်းရှောင်နေစဉ်အတွင်း ထမင်းကျွေးခဲ့ဖူးသည်။ ပြေးဆဲ၊ လွှားဆဲဘ၀က ရဲဘော်အောင်ဆန်း။ ဤသည်ကို သားစဉ်မြေးဆက် ပြောလို့မဆုံး၊ ဂုဏ်ယူမဆုံး ဖြစ်ခဲ့သည်။ သည်လိုပဲ စောင့်ရှောက်ခဲ့ကြဖူးသည့် လူများစွာ ရှိခဲ့ကြပေလိမ့်မည်။ ၀မ်းသာမဆုံး၊ ဂုဏ်ယူမဆုံးသော လူထု၏ ပီတိများ။
ဤသည်ကပင် ကိုယ်စွမ်းသမျှ တာဝန်ကျေခဲ့ကြသော ပြည်သူ၏ တန်ဖိုး၊ ဂုဏ်သိက္ခာမဟုတ်ပါလော။ တလောကပင် သခင်သိန်းဖေက သခင်အောင်ဆန်း အပါအ၀င် ရဲဘော်များကို ဒို့ဗမာအစည်းအရုံး ကာလအတွင်း ကျွေးခဲ့မွေးခဲ့ဖူးသည်များကို မှတ်မှတ်ရရ ပြန်ပြောနေဆဲ၊ ပီတိကို ခံစားနေရဆဲ။ သည်အကြောင်းကို ယခုနှစ်ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် ၀မ်းသာအားရ ပြန်ပြောပြသည်။ အလွန်ချစ်စရာကောင်းသော ညီအကိုစိတ်ဓာတ်ပင်။
တော်လှန်ရဲဘော်တို့အတွက် အုတ်တချပ်၊ သဲတပွင့်၊ ဖြစ်ကြပါစို့။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် ဆရာမင်းသုဝဏ်တို့၏ ပြည်ချစ်စိတ်ဓာတ်နှင့် သားကောင်းရဲဘော်များကို ဂုဏ်ပြုတတ်သည့် စာဆိုစိတ်ဓာတ်ကို အောက်ပါကဗျာဖြင့် ရေးဖွဲ့ပူဇော်ပါသည်။
ဒေါင်းအိုးဝေတို့ တွန်စေကစေသော်ဝ်
တို့ရွာသူရဲကောင်း ကိုဖိုးမောင်
သမိုင်းတွင်သည့် သူ့ဂုဏ်ရောင်
သည်စာသည် ကဗျာရေးသူများကိုဖြင့်
အလေးအဆင့်ဆင့်ပြုလိုက်ပါ၏။
သူတို့ကျေးဇူး စာအထူးထူးကြောင့်
ကိုယ့်ရဲဘော် ကိုယ့်ပြည်သား
ဇာနည်များရဲ့ ရာဇ၀င်
နှုတ်တွင်အစဉ်စွဲပါ၏။
အသည်းတွင် အစဉ်မြဲပါ၏။
ဒီမိုကရေစီ
တောင်းဆိုသည့်တိုက်ပွဲ
အဆုံးတိုင် ညီညီမြဲပါလို့
မာန်သွင်းကာ ဘာမထီရဲဘော်တို့
ရဲကြသည် မြန်မာပီပီ
ဒီလိုမှ သားကောင်း မောင်းခတ်နိုင်မည်။
သူ့အမည် သူ့အကြောင်းကိုဖြင့်
တို့ရင်မှာ ဘယ်မမေ့နိုင်ဘူး
စွဲခတ်လိုက်ပြီ။
မျက်ရည်ကကျဆဲ
နောက်လူတွေ ဂုဏ်ယူကြစရာပေါ့
သမိုင်းစဉ် ဥဒါန်းတွင်အောင်လို့
စာပြောင်ပြောင်ရာဇ၀င်ထွင်းခဲ့မယ်
(အမေရေ) ငါတို့ရဲ့ ဒေါင်းမျိုးနွယ်ဖွား။
ကဗျာနာမည်ကိုတော့ " ရဲရင့်ဇာနည်" လို့ ပေးထားပါတယ်။ နောက်ကဗျာတပုဒ်ကတော့ အစိုးရထောင်ထဲက ပြည်သူ့အကျဉ်းသား အကြောင်းပါ။ ခေါင်းစဉ်က " ပြည်သူ့အကျဉ်းသား " ပါ။
ငါတို့ပြည်တွင်
နှစ်ရှည်လများ
ဗိုလ်ကျထားသည့်
ငမိုက်သားတသိုက်ရှိလေသည်။
ထိုလူတသိုက်
စရိုက်ညစ်ဆိုး
အမျိုးဂုဏ်လည်း ချိုးခဲ့ပြီ။
ထိုလူတသိုက်
ကံကြီးထိုက်၍
သံဃာကိုလည် သတ်ခဲ့ပြီ။
ထိုလူတသိုက်
မောဟမိုက်ဖြင့်
ပြည်သူကိုလည်း ရိုက်ခဲ့ပြီ။
ငါတို့ဇာနည်
ဘာမထီတို့လည်း
ရင်နှင့်ဆီးခံ
အမြဲအံတု
မမှုခဲ့ပြီ။
ငါတို့သမိုင်း
မရိုင်းကြအောင်
ဇာနည်မော်များ
ရဲဘော်များကို
ဝိုင်းလို့ကူညီကြရမည်။
ငါတို့သမိုင်း
မရိုင်းရအောင်
စုကာရုံးကာ
ညီညာစွာဖြင့်
သင်းပင်းဖွဲ့စည်း
အနည်းနည်းဖြင့်
ထောင်နီးထောင်ဝေး
ပြေးလွှားရောက်လာ
ရင်ဆို့ရှာသည့်
ရဲဘော်အမိကို ကူရမည်။
ရဲဘော်အမကို ကူရမည်။
ရဲဘော်ညီဘွား နောင်တော်များလည်း ကူရမည်။
ရဲဘော်မယား သမီးသားလည်း ကူရမည်။
ရဲဘော်အမျိုး တို့အမျိုးလည်း ကူရမည်။
အကျဉ်းစခန်း
သူညှဉ်းပမ်း၍
နွမ်းခွေလဲကျ
ဇာနည်လှကို
အားအင်ပြည့်ဖြိုး
စိတ်ဓာတ်တိုးအောင်
ပြည်သူ့မေတ္တာ
ကရုဏာဖြင့်
ရေစင်ပက်ဖျန်း
ရွှင်လန်းစေမည်။
ရဲဘော်တောင့်ထား
ပျော့မသွားနှင့်
ရဲဘော်နောက်က
တို့ရှိကြသည်
အားကူညီကြ ရိုင်းပင်းကြ။
ဤသို့မှသာ
အမှောင်တိုက်တွင်း
စိတ်ဓာတ်ပြင်းသည့်
ဇာနည်ရဲဘော်
စက်လို့ပျော်လိမ့်
ဘ၀င်လည်းကျ
ခံစားသမျှသည်
ထိုက်တန်ပေ၏ တန်ပေ၏။
စွန့်သင့်ပေ၏ သင့်ပေ၏ဟု
ဝမ်းမြောက်ဝမ်းသာ ရှိရှာမည်။
ပြည်သူလူထု
ဤသို့ပြုမှ
ပြည်သူ့အကျဉ်းသား
ပြည်ချစ်သားကို
တန်ဖိုးထားရာ ရောက်ပေမည်။
ရဲဘော်နှင့်ပြည်သူ
အစဉ်သွေးတူမှ
တိုင်းပြည်နှိပ်စက်
စစ်သဘက်တို့
ခွေးပြေးဝက်ပြေး ပြေးလိမ့်မည်။
ငါတို့ညီညာ
ရှိကြပါလေ မျှကြစေ။
တိုင်းဖွဲ့ပြည်ဖွဲ့ကဗျာတွေ၊ ရဲဘော်တွေအတွက် ခွန်အားရှိမယ့် အလုပ်တွေ လုပ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
ခိုင်ထွန်း
REF: မဇ္ဈိမ
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်စု တွေ့ဆုံဆွေးနွေးရန် ဒီချုပ် ထပ်လောင်း တောင်းဆို
မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ 17 2009
နယူးဒေလီ (မဇ္ဈိမ) ။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နေအိမ်အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်တို့ ကြိုတင် စည်းကမ်းသတ်မှတ်ချက် မထားဘဲ တွှေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် အတိုက်အခံ နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့ ထပ်လောင်း တောင်းဆိုလိုက်သည်။ အဖွဲ့ချုပ်အနေဖြင့် တွေ့ဆုံဆွေးနွေးရေးအတွက် "အစဉ်အမြဲ တံခါးဖွင့်ထားသည်" ဟု ပါရှိပြီး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြင်သာပြောင်းသာစွာဖြင့် တွေ့ဆုံဆွေးနွေးမည်ဟု မေလ၊၂၀၀၂ ခုနှစ် က ပြောခဲ့သည့်စကားကို ထပ်မံကိုးကား ဖော်ပြထားသည်။
"အပြန်အလှန် ငြင်းခုံရေးသားနေကြမည့်အစား အဆုံးအဖြတ်ပေးနိုင်သည့် အဆိုပါ ပုဂ္ဂိုလ်ကြီးနှစ်ဦးတို့သည် ကြိုတင်၍ စည်းကမ်း သတ်မှတ်ချက်များ မထားဘဲ ကိုယ်တိုင်ကိုယ်ကျ အမြန်ဆုံး တွေ့ဆုံဆွေးနွေး ညှိနှိုင်းကြခြင်းသည်သာ တိုင်းပြည်အတွက် အထူးတလည် အကျိုးကျေးဇူးများ ပေါ်ပေါက်လာနိုင်ရန် အသင့်လျော်ဆုံး နည်းလမ်းဖြစ်သည်။" ဟု အဖွဲ့ချုပ်၏ အင်္ဂါနေ့က ထုတ်ပြန်သော အထူးကြေညာချက်တွင် ပါရှိသည်။
ကြေညာချက်သည် ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူ တောမတ် အိုဂျေ ကွင်တားနား မြန်မာနိုင်ငံသို့ ရောက်ရှိလည်ပတ်နေခိုက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
ထို့အပြင် ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုံးရေး၊ စီးပွားရေး ပိတ်ဆို့မှုတို့သည် တိုင်းပြည်နှင့် ပြည်သူလူထုကို အကျိုးမရှိကြောင်းနှင့် နှစ်ဦးနှစ်ဘက် ပူးပေါင်း ဆောင်ရွက်ကြရန် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသို့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်မှတဆင့် အကြောင်းကြားထားပြီး ဖြစ်သည်ဟုလည်း ပါရှိသည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကိုယ်တိုင် မြန်မာနိုင်ငံသို့လာ၍ သက်ဆိုင်ရာအာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးမှသာ မြန်မာနိုင်ငံ၏ အခြေအနေသည် တစုံတရာ ပိုမိုကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း အန်အယ်ဒီက ယနေ့ပြောသည်။
"အဓိကကတော့ ဘန်ကီမွန်းကိုယ်တိုင် ဒီကြေညာချက်မှာပါတဲ့သဘောထားတွေကို အခြေခံပြီးတော့ သူကိုယ်တိုင် မြန်မာပြည်လာပြီးတော့ ဆောင်ရွက်မယ်ဆိုရင် မစ္စတာဂမ်ဘာရီလာတဲ့အခြေအနေထက်ကို ပိုပြောင်းလဲလာနိုင်တယ်။ ဘန်ကီမွန်းရဲ့သဘောထားကို သူကိုယ်တိုင် မြန်မာပြည်မှာလာပြီးတော့ အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုရင် ရာနှုန်းပြည့်အောင်မြင်မှုကြီးမရတောင် လက်ရှိအခြေအနေထက် တစုံတရာ ကောင်းမွန်တဲ့အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်မယ်လို့ ကျနော်တို့ဘက်က မျှော်လင့်ပါတယ်" ဟု အထူးကြေညာချက် အမှတ် ၂ /၀၂/၀၉ ကို ထုတ်ပြန်ပြီးနောက် အဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် သင်္ဃန်းကျွှန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က မဇ္ဈိမသို့ပြောသည်။
ကုလအထွေထွေအတွင်းရေးမှုးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံရေးရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီသည် ဇန်န၀ါရီ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီ ၂ ရက်နေ့အထိ မြန်မာနိုင်ငံသို့လာရောက်လည်ပတ်ပြီး နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနှင့် နှစ်ဖက်တွေ့ဆုံဆွေးနွေးရေးဖြစ်မြောက်အောင် ထပ်မံနားချတိုက်တွန်းကြိုးပမ်းခဲ့သော်လည်း အတိုက်အခံများက မအောင်မြင်သော ခရီးစဉ်ဟု တညီတညွတ်တည်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
(ကိုဝိုင်း ထပ်မံ သတင်းပေးပို့သည်။)
REF: မဇ္ဈိမ
၂၀၁၀ ရွေးကောက်ပွဲနဲ့အတူ ပေါ်ထွက်လာမယ့် ပွဲကောင်းတွေ - ဗသြ
နအဖရဲ့ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဗမာပြည် ပြည်သူလူထုက နည်းနည်းမှစိတ်မဝင်စားဘူး။ လုပ်ဇာတ်မို့ မဟုတ်မဟတ်သာဖြစ်မယ်မှန်း လူတိုင်းသိတယ်။ ဒီရွေးကောက်ပွဲမှာ ဘယ်သူတွေပဲ နိုင်နိုင် နိုင်ငံ့အာဏာဟာ ဗိုလ်သန်းရွှေခေါင်းဆောင်တဲ့ စစ်အုပ်စုရဲ့လက်ထဲမှာပဲ ရှိနေမယ်ဆိုတာ ရှင်းနေတယ်။ ရွေးကောက်ပွဲမလုပ်ခင်ကတည်းက စစ်အုပ်စုက နိုင်ငံ့အာဏာရဲ့ ၉ဝ% ကို ရရှိပြီးနေ ပြီ။ ဒါကြောင့် ပြီးခဲ့တဲ့ဆန္ဒခံယူပွဲတုန်းကလိုပဲ လူထုက ကိုယ်နဲ့ဘာမှမဆိုင်သလိုပဲ နေတယ်။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတုန်းက လူထုရဲ့တက်ကြွမှုနဲ့ နှိုင်းယှဉ်လိုက်ရင် ဒီတခါရွေးကောက်ပွဲဟာ အာရုံ အစိုက်ခံရမှု အင်မတန်မှ နည်းလှတယ်။ ကြက်ပွဲသာသာနဲ့ ပြီးသွားမယ့် လက္ခဏာတွေ တွေ့နေရ တယ်။
ဒီရွေးကောက်ပွဲကို သာမန်လူထုကတောင် စိတ်မဝင်စားလေတော့ နအဖပါးစပ်ဟလိုက် တာနဲ့ သူတို့ဝမ်းထဲမှာ အူဘယ်နှစ်ခွေရှိတယ်ဆိုတာသိနေတဲ့ နိုင်ငံရေးအတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေ၊ အင်အားစုတွေကဆိုရင် ဘာမှပြောစရာမလိုတော့ဘူး။ တကယ်ပဲ ဘယ်သူကမှ အယုံအကြည်မရှိ ဘူး။ မယုံတဲ့လူတွေထဲမှာ အတွင်းသိဖြစ်တဲ့ နအဖကိုယ်တိုင်လည်း ပါတယ်။
ဒီလိုပြောလို့ ဒီရွေးကောက်ပွဲကို စိတ်ဝင်စားသူတွေ လုံးလုံးမရှိတော့ဘူးဆိုရင်တော့ မှား တယ်လို့ ပြောရမယ်။ စိတ်ဝင်စားသူတွေ ရှိတယ်။ သူတို့ဟာ စိတ်ဝင်စားလိုက်သမှ ဒီတပွဲမှာ အကုန် ပုံအောဖို့ကို စဉ်းစားပြီး စီမံကိန်းတွေချနေကြတယ်။ တချို့လည်း စလှုပ်ရှားနေကြတာ အခု ကြာလေ ထင်ထင်ရှားရှား တွေ့မြင်ရလေလေ ဖြစ်လာနေတယ်။ တခြားမပြောနဲ့၊ ရွေးကောက်ပွဲကျင်းပမယ့် ရက်၊ ရွေးကောက်ပွဲဥပဒေ စတာတွေမှ မကြေညာရသေးဘူး နယ်ဆင်းပြီး စည်းရုံးတယ်ဆိုတာတွေ များသထက် များလာနေတယ်။ ဒါ ဘာကြောင့်လဲ။ ဟုတ်တယ်၊ ဘာကြောင့်လဲဆိုတာ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းတယ်။ အခုအခါမှာ လူသိရှင်ကြား မဟားဒယား စည်းရုံးရေး ဆင်းနေကြသူတွေကတော့ တစညနဲ့ ကြံ့ဖွံ့တွေ အဓိကပဲ။ သူတို့ကို ဘယ်အာဏာပိုင်ကမှ မတားဘူး၊ မပိတ်ပင်ဘူး။ သူတို့အဖို့ လမ်းကို ဖြူးနေတာ။ ဒါပေမဲ့ သူတို့နဲ့ တချိန်ထဲမှာ လူမသိသူသိ တိတ်တိတ်ပုန်း ခြေပုန်းခုတ်လှုပ်ရှားနေသူ တွေ၊ အစုတွေက ပိုများတယ်ဆိုတာ သိလာနေရတယ်။ သူတို့ဟာ ဗမာပြည်တနံတလျားမှာ အကွက် ချ လုပ်နေကြတာဖြစ်တယ်။ ဒါ့အပြင် နအဖနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့တွေဆီကို အကြိမ်ကြိမ် သွားပြီး ဆွယ်တရား ဟောနေကြတာတွေကိုကြည့်ရင် ဒီရွေးကောက်ပွဲအပေါ် နအဖကရော တချို့ လူတွေပါ တကယ် အလေးထားတယ်ဆိုတာ ပေါ်လွင်နေတယ်။ ဒါက ဘာကိုဖော်ပြနေသလဲ။ ဒါကနေ ဘယ်လို ကောက်ချက်ဆွဲနိုင်သလဲ။ အသေအချာပြောနိုင်တာက အုပ်စုချင်းအားပြိုင်မှုတွေ စ’ပေါ်လာနေတယ်ဆိုတာပဲ။ သိကြတဲ့အတိုင်း နအဖကိုယ်တိုင်ရော၊ သူ့ဘေးမှာဝန်းရံနေတဲ့ အင်အားတွေပါ ဘယ်သူမှ အဘိဓမ္မာတရပ်၊ မူတရပ်၊ ယုံကြည်ချက်တရပ်အပေါ်မှာ စုစည်းနေကြတာ၊ လှုပ်ရှားနေကြတာ မဟုတ်ဘူး။ အားလုံးဟာ ကိုယ်ကျိုးစီးပွားပေါ်မှာ စုစည်းနေ၊ လှုပ်ရှားနေကြတာဖြစ်တယ်။ သူတို့ အားလုံးဟာ ကိုယ့်အခွင့်အရေးကိုပဲ အမြဲစောင့်နေ၊ ချောင်းနေကြတာဖြစ်တယ်။ ဒီတခါရွေးကောက် ပွဲဟာ သူတို့အထဲမှာ ထိပ်ဆုံးအဆင့်နဲ့ စစ်တပ်အဆင့်ကလွဲရင် တခြားအဆင့်တွေမှာ အပိုင်စား နယ်ပယ်တွေ ခွဲဝေမယ့်သဘောဖြစ်တယ်။ ဒါကြောင့် အခုကိုပဲ အဆင့်အသီးသီး၊ နေရာအသီးသီးမှာ ဒီအတွက် နေရာလုပွဲ၊ အာဏာလုပွဲတွေ စပြီး ဖြစ်လာနေတွေ တွေ့ရပြီ။ ရွေးကောက်ပွဲမတိုင်ခင် ကိုယ်စားလှယ်လောင်းရွေးကတည်းက အတွင်းမှာ ခွက်စောင်း ခုတ်ပွဲတွေဖြစ်မှာ သေချာနေတော့ တကယ့်ပွဲကောင်းတွေ ကြည့်ရမှာ သေချာတယ်။ သူ့လူပါတယ်၊ ငါ့လူမပါဘူးဆိုတဲ့ ကိစ္စတွေနဲ့ မပြောနိုင် မဆိုနိုင်တွေဖြစ်ကြမှာ သေချာတယ်။ အမတ်နေရာဆိုတာ သူကြီးနေရာထက် ကျယ်တယ်။ ဒါကြောင့် အမတ်နေရာတခုမှာ ဝင်အရွေးခံခွင့်ရချင်တဲ့ လူတွေဟာ ကြံ့ဖွံ့ထဲမှာကိုပဲ များမယ်။ ဒီတော့ ဒီဒေသရှိကြံ့ဖွံ့တွေအတွင်းမှာ ရန်စောင်တာ၊ မကြေလည်တာ တွေ မုချဖြစ်မယ်။ ဟိုရပ်ကွက်က ကြံ့ဖွံ့နဲ့ ဒီရပ်ကွက်ကကြံ့ဖွံ့ စောင်ကုန်ကြမယ်။ ရန်ကုန်လို၊ နေပြည်တော်လို အရေးကြီးတဲ့နေရာတွေမှာ အထက်ကနေ “ဟေ့ကောင်တွေ၊ စကားများမနေကြနဲ့၊ ဘယ်သူပဲ ဝင်အရွေးခံလိုက်” လို့ အမိန့်ပေးလို့ ရနိုင်တယ်။ ဒါပေမဲ့ တခြားနေရာတွေမှာကျတော့ အထက်က နေရာတကာကို လိုက်ပြီး အသေးစိတ် ညွှန်ကြားနေလို့မဖြစ်ဘူး။ အရွေးခံရဖို့ တိုင်းမှူးကို လာဘ်ထိုးတာ၊ ဒေသကြံ့ဖွံ့ခေါင်းဆောင်ကို လာဘ်ပေးတာတွေ ဖြစ်လာရတော့မယ်။ လက်တွေ့ ကျကျ ဆက်တွေးလိုက်ရင် ဘယ်လိုပြဿနာတွေ ပေါ်နိုင်သေးတယ်ဆိုတာ အလွယ်နဲ့ ပေါ်လာ တယ်။ ဒါက ကြံ့ဖွံ့တဖွဲ့ထဲ အတွင်းမှာတင် ပြောတာ။ မုချမြင်တွေ့ရအုန်းမယ့် နောက် ပွဲကောင်းတခုက တစညနဲ့ ကြံ့ဖွံ့အကြားမှာ ပေါ်လာမယ့် ပဋိပက္ခပဲ။ မဆလစစ်အုပ်စုလက်ကျန်နဲ့ နအဖခြံပေါက် တပည့်လက်ကိုင်းတွေအကြား ဘယ်သူက ပိုထက်တယ်၊ စွမ်းတယ်ဆိုတာ မြင်ရမှာပဲ။ တစညဟာ ကြံ့ဖွံ့လို ကိုယ်စားလှယ်တွေနဲ့ ပြိုင်အရွေးခံ ရမှာလို့ တွက်ထားတာမို့ သူတို့ရဲ့ အခြေအနေကို သူတို့ မျှော်လင့်ချက်ကြီးစွာနဲ့ အားတက်နေကြတာ ဖြစ်တယ်။ ကြံ့ဖွံ့လို ရပ်ရွာရဲ့ အော့ကြောလန်တွေကိုတော့ သူတို့ မုချနိုင်မယ်လို့ ယုံထားကြပုံရှိ တယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲကို ဝင်ပြိုင်မှာက ဒီနှစ်ဖွဲ့ထဲသာမဟုတ်ဘူး။ တခြားသော အင်အားစု အမျိုးမျိုးလည်း ဝင်ပြိုင်ကြဦ်းမှာ ဖြစ်တယ်။ သဘောရိုးနဲ့ ဝင်ပြိုင်သူတွေ ရှိနိုင်သလို အခွင့်အရေးနဲ့ အာဏာအတွက် ဝင်ပြိုင်တဲ့ တခြား အင်အားစုတွေလည်း ရှိဦးမှာ သေချာတယ်။ ဥပမာဆိုရင် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဟာ ကိုယ့်စီးပွားရေးအခြေခံဒေသကို လက်မလွတ်စေဖို့အတွက် အဲဒီ နေရာမှာ ကိုယ်ကိုယ်တိုင်၊ ဒါမှမဟုတ် ကိုယ့်လူကို ဝင်အရွေးခံခိုင်းမှာ ဖြစ်တယ်။ ဒါ့အပြင် စစ်တပ်က လူဖြစ်ရမယ်လို့ မသတ်မှတ်ဘဲ ချန်ထားတဲ့ ဝန်ကြီးဌာနတွေလည်း ရှိသေးတယ်။ အဲဒီရာထူးတွေ အတွက် အမတ်လောင်းတွေ လိုသေးတယ်။ ဒါတွေဟာ မင်းကြိုက်စိုးကြိုက်၊ ကာလသားများနဲ့ လားလားမှ မထိုက်တဲ့ ရာထူးတွေဖြစ်တယ်။ ဒီတော့ ဒီရာထူးတွေကိုမှန်းပြီး ဝင်အရွေးခံတယ်ဆိုတာ မုချရှိလာမယ်။ နောက်ပြီး အဲဒီဝင်ပြိုင်သူတွေဟာ သာမန်အရပ်သားမဟုတ်ဘူး၊ အကောင်တွေပဲ ဖြစ်ရမယ်။ ဒါဆိုရင် အကောင်တွေချင်း ခွပ်ပွဲပါ ကြည့်ကြရဖို့ရှိနေတယ်။ နအဖရဲ့ ထိပ်သီးကြီးတွေအတွက်ကတော့ ဝင်မပြိုင်ဘဲ အာဏာရအောင် လုပ်ထားမှာ သေချာတယ်။ ဒါပေမဲ့ အထက်မှာပြောခဲ့တဲ့ သူတို့ရဲ့ စီးပွားရေးတွေ၊ သူတို့လူတွေရဲ့ အကျိုးစီးပွားနဲ့ အာဏာအနေအထားတွေနဲ့ ပတ်သက်နေတဲ့ ပြဿနာတွေ ရှိနေတယ်။ ဒါကို သူတို့ လက်ပိုက်ကြည့် မနေနိုင်ဘူး။ ဒါ ဖော်ပြနေတာကတော့ ဂိုဏ်းအုပ်စုတိုက်ပွဲတွေဟာ အောက်ပိုင်းမှာတင် ရှိမှာမဟုတ် ဘူး ဆိုတာပဲ။ အဆင့်အသီးသီး၊ နေရာဒေသအသီးသီးမှာ ပေါ်လာမှာသေချာနေတယ်။ အခုကိုပဲ ဘယ်ဗိုလ်ချုပ်ရဲ့လူတွေ(ဂိုဏ်း)က ဘယ်နေရာမှာ စပြီး လှုပ်ရှားနေကြတယ်။ စီမံကိန်းတွေဆွဲ၊ လူတွေ လျာထားနေကြတယ်ဆိုတဲ့ သတင်းတွေ ကြားရလှပြီ။ ဒီရွေးကောက်ပွဲဟာ လက်နက်နဲ့ အဓိကတည်ဆောက်ထားတဲ့ နအဖအာဏာကို ပိုခိုင်မာစေမှာ မဟုတ်ပေမဲ့ သူတို့တွင်း မှာ အက်ကြောင်းတွေ ပိုပေါ်လာစေမှာကတော့ မြေကြီးလက်ခတ်မလွဲပဲ။
REF: လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
ကင်တားနား၏ ဘားအံခရီးစဉ် ကေအန်ယူခွဲထွက် လက်နက်ချအဖွဲ့များနှင့်သာ အဓိက တွေ့ခွင့်ရ
ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာတောမတ်ကင်တားနား၏ ဘားအံခရီး စဉ်တွင် ငြိမ်းချမ်းရေးအဖွဲ့များနှင့်တွေ့ဆုံခဲ့ပြီး ရခိုင်နှင့် ကချင်ပြည်နယ် ခရီးစဉ်များသွားဖြစ် လိမ့်မည် မဟုတ်ကြောင်း ရန်ကုန်ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ယနေ့ ထုတ်ပြန်ပြောကြားသည်။
မစ္စတာတောမတ်ကင်တားနားသည် ယနေ့ ရန်ကုန်မြို့တွင်ပင်ရှိနေပြီး သံတမန်အချို့နှင့် အချိန်အတော်ကြာ တွေ့ဆုံခဲ့ပြီး ကုလအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံနေကြောင်းသိရသည်။ ကင်တားနားနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ရရေးကိစ္စမှာ အလားအလာနည်းပါးသည်ဟု ရန်ကုန် နိုင်ငံခြားသတင်းထောက်အချို့က သုံးသပ်သည်။ လွန်ခဲ့သောစနေနေ့က မြန်မာနိုင်ငံသို့ရောက်ရှိခဲ့သော မစ္စတာတောမတ်ကင်တားနားသည် လူအခွင့်အရေး စုံစမ်းမှုခရီးစဉ်အဖြစ် ဘားအံသို့ ဦးစွာသွားရောက်ခဲ့ပြီး ဗိုလ်ချုပ်စောဌေးမောင် ၏ KNU-KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့၊ ပဒိုအောင်ဆန်း၏ ဘုရားကုန်းငြိမ်းချမ်းရေးအဖွဲ့၊ ဦးသာထူးကျော်၏ ဒီကေဘီအေ ငြိမ်းချမ်းရေးအဖွဲ့များနှင့် တွေ့ဆုံခဲ့ကာ ဘားအံ အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများနှင့်လည်း တွေ့ဆုံခဲ့သည်ဟု ဦးအေးဝင်း ကပြောသည်။ ယမန်နေ့ကမူ အင်းစိန်အကျဉ်းထောင်သို့သွားရောက်ကာ ဒေါက်တာတင်မင်းထွဋ်၊ ကိုကျော်ကိုကို၊ ဦးညီညီထွေး၊ ဦးညီပု၊ ပုဏ္ဏမီခေါ် ဒေါ်မြညွှန့်တို့နှင့် တွေ့ဆုံခဲ့ကြောင်း၊ အကျဉ်းသားတဦးလျှင် မစ္စတာကင်တားနားနှင့် (၁၀)မိနစ်၊ (၁၅)မိနစ်ခန့် စကားပြောခွင့် ရခဲ့ကြောင်းသိရသည်။ မစ္စတာတောမတ်ကင်တားနား၏ မြန်မာနိုင်ငံခရီးစဉ်အစတွင် နိုင်ငံရေးအကျဉ်းသား အများအပြားထိန်းသိမ်းထားရာ ရခိုင်နှင့်ကချင်ပြည်နယ်များသို့ သွားရောက်မည်ဟု သတင်းများပေါ်ထွက်ခဲ့သော်လည်း ယခုအခါ သွားရောက်ဖြစ်တော့မည် မဟုတ်ကြောင်း ဦးအေးဝင်းက ဆိုသည်။ “အဲဒီခရီးစဉ်တွေသွားဖြစ်မှာ မဟုတ်တော့ပါဘူး။အကြောင်းမညီညွတ်လို့မသွားဖြစ်တာပါ”ဟု ဦးအေးဝင်းက ပြောသည်။ ရခိုင်နှင် ကချင်ပြည်နယ်များတွင် လူအခွင့်အရေး ချိုးဖောက်မှုများရှိကြောင်း ကင်တားနားကို တိုင်ကြားမှုများရှိနေသည့်ကြားမှ ခရီးစဉ်ပျက်ခဲ့ရခြင်းဖြစ်သည်။ ၂၀၀၈ ခုနှစ် ခရီးစဉ်အတွင်း စစ်အစိုးရအား ကင်တားနားအကြံပေးချက် (၄) ချက်အနက် “နှိမ်ချခွဲခြားဆက်ဆံထားသည့် ဥပဒေများကို ပယ်ဖျက်ပစ်ရမည်။ အထူးသဖြင့် မွတ်စလင် အသိုင်းအ၀န်း အများအပြား နေထိုင်ရာ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ခွဲခြားနှိမ်ချထားသည့် ဥပဒေများကိုပယ်ဖျက်ရန်နှင့် ခွဲခြားဆက်ဆံမှုများကို ရှောင်ကြဉ်ရန်” ဆိုပြီးထည့်သွင်းထားသည့်အတွက် ရခိုင်ပြည်နယ်မှာ ခွဲခြားဆက်ဆံမှုများရှိနေကြောင်း ထင်ရှားသည်။ မည်သည့်အတွက် စစ်အစိုးရက ကင်တားနား အား ရခိုင်နှင့် ကချင်ခရီးစဉ်တွေ ဖျက်ခဲ့သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
မင်းနိုင်သူ
REF: ခေတ်ပြိုင်
ကင်တားနား နိုင်ငံခြားသံတမန်များနဲ့ တွေ့ဆုံ
17 February 2009
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုမာ့စ် အိုဟေး ကင်တားနား(Tomas Ojea Quintana) ဟာ သူ့ရဲ့ ၆ ရက်ကြာ ခရီးစဉ်ရဲ့ တစိတ်တပိုင်းအဖြစ်နဲ့ဒီကနေ့ ရန်ကုန်အခြေစိုက် သံတမန်တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံရေးအသိုင်းအ၀ိုင်းက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခွင့်ရဖို့လည်း တောင်းဆို ထားတဲ့ ခရီးစဉ်အတွင်း နိုင်ငံရေးအကျဉ်းသားတချို့နဲ့ တွေ့ခဲ့တာတွေ ရှိခဲ့ပေမယ့် အတိုက်အခံ နိုင်ငံရေး အင်အားစုတွေနဲ့ အခုအချိန်အထိတော့ မတွေ့ဖြစ်သေးဘူးလို့လည်း ရန်ကုန် နိုင်ငံရေးအသိုင်းအ၀ိုင်းက ပြောပါတယ်။ လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ ဒီကနေ့ခရီးစဉ်နဲ့ ပတ်သက်လို့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းဖို့ ရောက်နေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူး ကိုယ်စားလှယ် တိုမာ့စ် အိုဟေး ကင်တားနား အခုနောက်ဆုံး တွေ့ဆုံခဲ့တာကတော့ ရန်ကုန်အခြေစိုက် သံတမန်တွေ၊ ကုလသမဂ္ဂ အဖွဲ့စည်းတွေက တာဝန်ရှိသူတွေနဲ့ပါ။ ပြီးခဲ့တဲ့နှစ် သူ မြန်မာနိုင်ငံကို သွားပြီးတဲ့နောက်ပိုင်း လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ တိုးတက်ဖြစ်ထွန်းမှုတွေကို လေ့လာဖို့အတွက်စနေနေ့ကတည်းက ရောက်လာပြီး လာမယ့် ကြာသပတေးနေ့အထိ ရှိနေမယ့် အထူးကိုယ် စားလှယ်ဟာ နိုင်ငံခြားသံရုံးတွေက သံတမန်တွေ၊ ကုလသမဂ္ဂ တာဝန်ရှိသူတွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တာလို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်ရုံး ပြန်ကြားရေးတာဝန်ခံ ဦးအေးဝင်းက ပြောပါတယ်။ “သြစတြေးလျ၊ စင်ကာပူ၊ ရုရှား၊ ထိုင်း၊ ယူအက်စ်အေ၊ တချို့ကလည်း သံအမတ်ပေါ့။ သြစတြေးလျတို့ စင်ကာပူတို့က သံအမတ်၊ တချို့ကြတော့လည်း ရန်ကုန်မှာမရှိကြတော့ သူတို့ ဒုတိယတွေပေါ့။ ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂ အဖွဲ့တွေရဲ့ ဌာနေကိုယ်စားလှယ်၊ ဒါမှမဟုတ်ရင်လည်း ကိုယ်စားလှယ်ရဲ့ ကိုယ်စားလှယ်တွေပေါ့။” အခုခရီးစဉ်အတွင်း မစ္စတာကင်တားနားဟာ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ပြည်တွင်းဥပဒေတွေကို နိုင်ငံတကာ လူ့အခွင့်အရေးစံတွေနဲ့ ကိုက်ညီအောင်ပြင်ဆင်ဖို့၊ ယုံကြည်မှုကြောင့် အကျဉ်းချခံနေရသူတွေကို လွှတ်ပေးဖို့၊ တရားစီရင်ရေး လွတ်လပ်မှုရှိစေဖို့ စတာတွေ အပါအ၀င် လူ့အခွင့်အရေး အခြေအနေတိုးတက်ဖို့ ကိစ္စတွေမှာ ကုလသမဂ္ဂက တိုက်တွန်းထားတဲ့အတိုင်း မြန်မာစစ်အစိုးရ အာဏာပိုင်တွေဘက်က ဘယ်လောက် အထိ ဆောင်ရွက်ပြီးပြီလဲဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာပုဂ္ဂိုလ်တွေ၊ အစိုးရအရာရှိတွေနဲ့ ဆွေးနွေးဖို့ အစီအစဉ်တွေလည်း ပါဝင်ပါတယ်။ ဒီလို နိုင်ငံရေးအကျဉ်းသား အခွင့်အရေးတွေ၊ တရားစီရင်ရေး အခြေအနေတွေအကြောင်း စုံစမ်းမယ့် အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲလို့ပြောရမှာကတော့ သူ့ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရ အာဏာပိုင်တွေဘက်ကနှစ်ရှည်ထောင်ဒဏ် ကျခံနေရသူတွေ အပါအ၀င် နိုင်ငံရေးအကျဉ်းသားတချို့ကို ပြစ် ဒဏ်တွေ လျှော့ပေါ့ပြင်ဆင်ပေးတာတွေပါ။ အခုဆိုရင်လည်း မန္တလေးထောင်မှာနှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေရသူတချို့ကို မူလကပေးထားတဲ့ ပြစ်ဒဏ်တွေကို ပြင်ဆင်လိုက်တယ်လို့ သူတို့ရဲ့ ဥပဒေအကျိုးဆောင်ဖြစ်တဲ့ ရှေ့နေ ဦးမြင့်သွင်က ပြောပါတယ်။ “လူငယ် ၁၁ ယောက်ထဲက မကေသီအောင်ကို ပြစ်ဒဏ် ၂၆ နှစ်ကနေ ၁၆ နှစ်လျှော့ပြီး ၁၀ နှစ်ပဲကျန်ပါတယ်။ နောက် ကိုဝေမျိုးထူးကလည်း အားလုံး ၂၆ ကျတာ ၁၆ နှစ် လျော့ပြီး ၁၀ နှစ်ပဲကျန်ပါတယ်။ သူတို့ပြစ်ဒဏ်တွေကို တပေါင်းတည်းပြန်ပြီးတော့ လျှော့ပြီးချပေးတာပါ။ တိုင်းတရားရုံးက လျှော့ပေးတာဖြစ်ပါတယ်။ အခု မန္တလေး ထောင်မှာပဲ ရှိပါတယ်။ ဒီနေ့ တိုင်းတရားရုံးကနေ အမိန့်ချ လိုက်တာပါ။” ဒီလိုပဲ တခြားနိုင်ငံရေးအကျဉ်းသားတချို့လည်း အလားတူ ပြစ်ဒဏ်ကို ပြင်ဆင်ခဲ့တာမျိုးတွေ ရှိခဲ့ပြီးတော့ ဒီအထဲမှာ အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်န်အယ်လ်ဒီပါတီဝင်တချို့လည်း ပါဝင်တဲ့အကြောင်း ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ဆိုပါတယ်။ “ဒီနေ့ ကျနော်တို့ နာမည်တွေတော့ အကုန်မသိဘူး၊ ကိုသိန်းဆွေဆိုတာ ဧရာဝတီတိုင်းပေါ့၊ ဗဟိုကလူငယ်ပါပဲ၊ သူ့လည်း ပြစ်ဒဏ်တွေ ပေါင်းလိုက်တာပေါ့ဗျာ။ အရပ်စကားကတော့ လျှော့တာပေါ့။ နောက် ဒီ့ပြင်လည်းရှိတယ်။ ကျနော် အကုန်တော့မသိဘူး။ ကျနော်ကြားတာတော့ လေးငါးဆယ်ယောက်လောက် ရှိတယ်။” အစောပိုင်းမှာတုန်းကလည်း အလားတူ နိုင်ငံကျော် စွယ်စုံအနုပညာရှင် လူရွှင်တော်ဇာဂနာခေါ် ကိုသူရ၊ နောက် အားကစားဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေးတို့ကို ဒီလိုပြစ်ဒဏ်တွေ လျှော့ပေါ့ပေးခဲ့တာမျိုး ရှိခဲ့ပါတယ်။ ဒီလို လျှော့ပေါ့တယ် ဆိုပေမယ့်လည်း ဒါဟာ မူလကတည်းက ပြစ်ဒဏ်နဲ့ မထိုက်တန်သူတွေ၊ ဒီလိုပြစ်ဒဏ်တွေ စီရင်ဖို့တောင် မသင့်ဘူးလို့လည်း အန်န်အယ်လ်ဒီက သဘောထားတာပါ။ “အစကတည်းကိုက အပြစ်မရှိကို မရှိတာဗျာ။ အဲဒါတွေကို အပြစ်တွေ အများကြီးချတယ်။ အခုတော့ ပြစ်ဒဏ်တွေကို ပြန်ပေါင်းပေးတော့ ပြစ်ဒဏ်နည်းနည်းလျော့သွားတာပေါ့။ ဒါပဲရှိပါတယ်။ ကျနော် ဘယ်လိုပြောရမှန်း မသိပါဘူးဗျာ။ ဒီလိုပြစ်ဒဏ်တွေကို စကတည်းက လုပ်လို့ရတဲ့ဟာတွေပါဗျာ။ အဲတော့ အခုမှလုပ်တယ်ဆိုတာ တမင်တကာ တင်ထားတဲ့သဘောတွေပေါ့။ ဥပဒေနဲ့မညီဘူးလို့ပဲ ကျနော်တို့ ပြောတယ်ဗျာ။ အစကတည်းကလည်း ကျနော်တို့ပြောပါတယ်။ ပြစ်ဒဏ်တွေက အမြင့်ဆုံးပြစ်ဒဏ်ပေးတယ်။ အမြင့်ဆုံးပြစ်ဒဏ်ဆိုတာ အနိမ့်ဆုံးပြစ်ဒဏ်နဲ့ အမြင့်ဆုံးပြစ်ဒဏ်ကြားမှာဘယ်ပြစ်ဒဏ်ထိုက်သင့်တယ်ဆိုတာ တရားရုံးတွေက အဆုံးအဖြတ်ပြုရမှာ။ အဲတော့ဒါကို မစဉ်းစားဘဲနဲ့ အမြင့်ဆုံးပေးတာကိုက မှန်ကန်မှုမရှိဘူးလို့ ကျနော်တို့ယူဆတယ်။” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်န်အယ်လ်ဒီ ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။ အထူးကိုယ်စားလှယ် မစ္စတာကင်တားနားဟာ ခရီးစဉ်အစအဖြစ် တနင်္ဂနွေနေ့တုန်းကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုတွေအပေါ် ဖိနှိပ်မှုတွေ ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ဘက်ကိုလည်း သွားရောက်ခဲ့တာပါ။ အဲဒီမှာတော့ အစိုးရနဲ့ ငြိမ်းချမ်းရေးရယူထားခဲ့တဲ့ တိုးတက်သော ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)၊ နောက် အစိုးရကိုလက်နက်ကိုင်တော်လှန်နေတဲ့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) က ခွဲထွက်သွားခဲ့တဲ့ ကေအန်ယူ ငြိမ်းချမ်းရေးကောင်စီ စတဲ့အဖွဲ့တွေနဲ့လည်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
REF: ဗွီအိုအေ
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88