Tuesday, February 17, 2009

ကင်တာနာ ခရီးစဉ် မျှော်လင့်ချက်မရှိ

Monday, 16 February 2009

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဒု ဥက္ကဌ ဦးတင်ဦးကို နေအိမ်အကျယ်ချုပ် သက်တမ်း ထပ်မံတိုး၍ လွှတ်တော်အမတ်၂ ဦးကိုလည်း နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့ပြီးနောက် ရောက်ရှိလာသော ကမ္ဘာ့ကုလ သမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ အိုဟေး ကင်တာနာ၏ မြန်မာနိုင်ငံခရီးစဉ်သည် အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်း လူ့အခွင့်အရေးအဖွဲ့များနှင့် အတိုက်အခံများက ပြောသည်။

ပြီးခဲ့သည့်စနေနေ့က စတင်၍ မြန်မာနိုင်ငံသို့ ၆ ရက်တာ ခရီးစဉ်ဖြင့်ရောက်ရှိလာသော မစ္စတာ ကင်တာနာ အပေါ် မြန်မာနိုင်ငံလူ့အခွင့်အရေး တိုးတက်မှုအတွက် မျှော်လင့်မထားဟု စင်ပြိုင်အာဆီယံ အဖွဲ့မှ မစ္စ ဒက်ဘီ စတူးဟတ် ကပြောသည်။

“သူ့ခရီးစဉ်နဲ့ ပတ်သက်ပြီး ကျမတို့ အများကြီးမျှော်လင့်မထားပါဘူး”ဟု မစ္စ ဒက်ဘီ စတူးဟတ် ကပြောသည်။

မစ္စ ဒက်ဘီက မစ္စတာ ကင်တာနာ၏ ကရင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး သွားရောက် လေ့လာသည့် ခရီးစဉ်နှင့် ပတ်သက်၍လည်း“မစ္စတာ ကင်တာနာ အနေနဲ့ စစ်အစိုးရ စီစဉ်ပေးတဲ့ ရဟတ်ယာဉ်နဲ့ နယ်စပ်မှာ ရှိတဲ့ ဒီကေဘီအေ အဖွဲ့ကို ဘာကြောင့်သွားကြည့်ရတာလဲ၊ ကျမတို့ အရမ်းအံ့သြမိ တယ်”ဟု ပြောဆိုသည်။

“ဘာကြောင့် သူက ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့နိုင်ရတာလဲ”ဟုလည်း မစ္စ ဒက်ဘီ က မေးခွန်းထုတ်သည်။

အာဂျင်တီးနားလူမျိုး လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တာနာသည် ၂၀၀၈ ခုနှစ် မေလမှ စတင် ၍ ယခင်ကိုယ်စားလှယ် မစ္စတာ ပေါ်လိုဆာဂျီယို ပီညဲယိုး၏ တာဝန်ကို လွှဲပြောင်းထမ်းဆောင်ခဲ့ပြီး လွန်ခဲ့သည့် သြဂုတ်လ ခရီးစဉ်အပါအ၀င် ယခုတကြိမ်နှင့်ဆိုပါလျှင် မြန်မာနိုင်ငံသို့ လာရောက်သည်မှာ၂ ကြိမ် ရှိပြီဖြစ်သည်။

မစ္စတာ ကင်တာနာသည် မြန်မာစစ်အစိုးရအား ၂၀၁၀ ရွေူးကောက်ပွဲ မတိုင်မီ တရားဥပဒေ စိုးမိုးရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တွင် လူ့အခွင့်အရေး ပြဌာန်းချက်များ ပါမပါ သုံးသပ်ရန်၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေး ရန်၊ စစ်တပ်အတွင်း လူ့အခွင့်အရေး နားလည် ကျင့်သုံးရန် စသည့် အခြေခံ လူ့အခွင့်အရေး ဆိုင်ရာ အချက် ၄ ချက်ကို အကောင်အထည်ဖော်ဆောင်ရန် တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်ကလည်း မစ္စတာ ကင်တာနာ၏ ခရီးစဉ်နှင့် ပတ်သက်ပြီး မျှော်လင့်နိုင်စရာ မရှိကြောင်း ပြောသည်။

“ကျနော်တို့ သူ့ ခရီးစဉ်အပေါ်မှာ ဘာမှ မျှော်လင့်နိုင်စရာ မရှိပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ စစ်အစိုးရက လွှတ်တော် အမတ် ၂ ဦးကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ပြီး သူ့ကို ကြိုဆိုလိုက်တာကိုပဲ ကြည့်လေ” ဟု ဦးဘိုကြည် က ဆိုသည်။

မြန်မာနိုင်ငံ၏ ဆိုးဝါးနေသည့် လူ့အခွင့်အရေး အခြေအနေများ တိုးတက်လာရန် မစ္စတာ ကင်တာနာအနေနှင့် ဆောင်ရွက်နိုင်ရန်မမြင်ကြောင်းလည်း ၎င်းက ပြောသည်။

“စစ်အစိုးရကလည်း သူတိုက်တွန်း တောင်းဆိုထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ အချက် ၄ ချက်ကို အကောင် အထည်ဖော်ခြင်းမရှိပါဘူး”ဟု ဦးဘိုကြည်က ပြောဆိုသည်။

တချိန်တည်းတွင်ပင် စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားသော လူရွှင်တော် ဇာဂနာ၊ အားကစား အယ်ဒီတာ ကိုဇော်သက်ထွေး၊ ကိုသန့်ဇင်အောင်နှင့် ကိုတင်မောင်အေးတို့ကို ထောင်ဒဏ်များ လျှော့ချပေးလိုက် ကြောင်း မိသားစုဝင်များကပြောသည်။

ထောင်ဒဏ် ၅၉ နှစ် ချမှတ်ထားပြီး မြစ်ကြီးနားထောင်တွင်ထားရှိသော ကိုဇာဂနာကို အီလက်ထရွန်နစ်အမှု တမှုလျှင် ၈ နှစ်ဖြင့် ၃ မှုအတွက် ထောင်ဒဏ် ၂၄ နှစ် လျှော့ပေးလိုက်ကြောင်း၊ ကိုဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်း က ပြောသည်။

“သောကြာနေ့က ရန်ကုန်တိုင်းတရားရုံးကနေအမိန့်ချတာ၊ ကိုဇာဂနာကို ၂၄ နှစ်လျှော့တယ်၊ ရှေ့နေနဲ့ အယူခံဝင်ထားတာ၊ အယူခံတင်ထားတာက လွန်ခဲ့တဲ့ တလလောက် ကတည်းက”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

တခြားသော ထောင်ဒဏ် ၁၉ နှစ် ချမှတ်ထားသည့် ကိုဇော်သက်ထွေးကိုမူ အီလက်ထရွန်နစ်မှု ၁ မှု အတွက် ထောင် ဒဏ် ၈ နှစ် လျှော့ပေးလိုက်ပြီး ထောင်ဒဏ် ၁၈ နှစ် ချမှတ်ထားသော ကိုသန့်ဇင်အောင်ကို အီလက် ထရွန်နစ်မှု ၁ မှုအတွက် ၈ နှစ်လျှော့ပေးလိုက်ကြောင်းနှင့် ထောင်ဒဏ်၂၉ နှစ် ချမှတ်ထားသော ကိုတင်မောင် အေး ကို အီလက်ထရွန်နစ်မှု ၁ မှုအတွက် ၈ နှစ်အပါအ၀င် တရားမ၀င် စာရွက်စာတန်းအမှု ၇ နှစ် ပေါင်း ၁၅ နှစ် လျှော့ပေးလိုက်ကြောင်းလည်း သိရသည်။

စစ်အစိုးရက ယခုကဲ့သို့ ထောင်ဒဏ်များလျှော့ပေးခြင်းသည် မစ္စတာ ကင်တာနာ ၏ ခရီးစဉ်နှင့် ဆက်စပ်မှု ရှိနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသား အသိုင်းအ၀န်းက ယူဆနေကြသည်။

သို့သော် အန်အယ်လ်ဒီ နှင့် AAPP တို့ကမူ ယင်းသို့ ထောင်ဒဏ်များ လျှော့ချရန်အတွက် မစ္စတာ ကင်တာနာ၏ ခရီးစဉ်က မည်သို့မျှ စွမ်းဆောင်နိုင်မည်ဟု မထင်မြင်ကြောင်းပြောသည်။

“မစ္စတာ ကင်တာနာ လာတဲ့အတွက် ထောင်ဒဏ်တွေလျှော့ပေးတာတော့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်”ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ပြောဆိုသည်။

AAPP ၏ ထုတ်ပြန်ချက်အရ နိုင်ငံတ၀န်းရှိ စစ်အစိုးရအကျဉ်းထောင်များအတွင်း နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရသူပေါင်း ၂၁၃၇ ဦးရှိကြောင်း သိရသည်။

“စစ်အစိုးရက နိုင်ငံတ၀န်း လူ့အခွင့်အရေး ချိုးဖောက်ယုံတင်မကဘူး၊ ရာဇ၀တ်ပြစ်မှုတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်”ဟု ဦးဘိုကြည်က ပြောသည်။



ကိုစိုး
REF: ဧရာဝတီ

0 comments:

အပေါ်သို့