Wednesday, February 18, 2009

နယ်စပ်ဈေးကွက်နှင့် တိုက်ရိုက် ဘဏ်လုပ်ငန်း ဆွေးနွေးရန် ဘင်္ဂလာဒေ့ခ်ျ ကိုယ်စားလှယ် အဖွဲ့ မြန်မာသို့ သွားမည်

2/17/2009

မောင်ရမ္မာ(နိရဉ္စရာ)

ဘင်္ဂလာဒေ့ခ်ျ-မြန်မာနှစ်နိုင်ငံ အကြား စီးပွါးရေး လုပ်ငန်း အရှိန်အဟုန်မြှင့် တင်ရေး ဆွေးနွေးရန် အတွက် ဘင်္ဂလာဒေ့ခ်ျ ကိုယ်စားလှယ် အဖွဲ့တဖွဲ့သည် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

အဆိုပါ အဖွဲ့ကို ဘင်္ဂလာဒေ့ခ်ျ နိုင်ငံ ဘဏ်လက်ထောက် အရာရှိ ဇီယာဟူဟာဆင်းဆီးဒိက ဦးဆောင်မည် ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲကို ဖေဖေါ်ရီလ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း ပြုလုပ်မည် ဖြစ်သည်။

“အဲဒီအဖွဲ့ဟာ ဒီလ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံကို သွားပီးတော့ နှစ်နိုင်ငံအကြား တိုက်ရိုက် ဘဏ်တခုနဲ့ တခုအကြား ငွေလွဲနိုင်ရေး အတွက် ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စတွေကို အဓိကထား ဆွေးနွေးဖို့ ဖြစ်ပါတယ်။ အဲဒါအပြင် နှစ်နိုင်ငံ စီးပွါးရေး လုပ်ငန်းတွေ တိုးချဲ့ နိုင်ဖို့ နည်းလမ်း တွေကိုလည်း ဆွေးနွေး မှာဖြစ်ပါတယ်”ဟု ဘင်္ဂလာ ဘဏ်အရာရှိတဦးက ပြောသည်။

ဘင်္ဂလား ကိုယ်စားလှယ် အဖွဲ့တွင် စီးပွားရေးနှင့် ကုန်သွယ်ရေး ၀န်ကြီးဌာန၏ ကုန်သွယ်ရေး ဆိုင်ရာ အတိုင်ပင်ခံ ချော်ဖူးအီစလာန်၊ ဘင်္ဂလာဒေ့ခ်ျ -မြန်မာ ကုန်သွယ်ရေး မြှင့်တင်ရေး ကောင်စီ ဥက္ကဌ ဆီယတ်မာမူဒူးလ်ဟောနှင့် NCC ဘဏ် စီမံခန့်ခွဲရေး ဒါရိုက်တာ မိုဟာမတ်နရူအာမီတို့ ပါဝင်မည် ဖြစ်သည်။
၎င်းကိုယ်စားလှယ်အဖွဲ့သည် မြန်မာနှင့်နယ်စပ်ချင်း ဆက်စပ်နေသော တရုတ်နှင့် ထိုင်းနိုင်ငံ နယ်စပ် ကုန်သွယ်ရေး ဈေးကွက်များကိုလည်း သွားရောက်လည်ပတ်မည်ဟု သိရသည်။

ယခုအခါ မြန်မာပြည်မှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ တင်သွင်း နေသော ကုန်ပစ္စည်းများမှာ စပါး၊ ဂျုံ၊ ပြောင်း ဆံ၊ စားသုံးဆီ၊ စားအုန်းဆီ၊ ကြက်သွန်နှင့် ငါးများဖြစ်ပြီး တန်ဖိုးအားဖြင့် တခါ တင်သွင်းလျှင် အမေရိကန်ဒေါ်လာ ၂၀၀၀၀ တန်ဖိုးထိ ရှိသည်။

လွန်ခဲ့သော ၂ လကျော်က ဘင်္ဂလာ ပင်လယ်အော် အတွင်း မြန်မာနိုင်ငံက ရေနံနှင့်သဘာဝဓါတ်ငွေ့ စမ်းသပ်တူးဖေါ်ရာမှ ဘင်္ဂလာ- မြန်မာ ရေပြင်ပိုင်နက် အငြင်းပွားမူ ဖြစ်ပွားပြီးနောက်ပိုင်း ဘင်္ဂလာဒေ့ခ်ျ-မြန်မာ နှစ်ဘက် ကုန်သွယ်ရေးသည် အမေရိကန်ဒေါ်လာ သန်း ၁၄၀ အထိ တိုးမြှင့်လာခဲ့သည်ဟု သိရသည်။

REF: နိရဉ္စရာ

0 comments:

အပေါ်သို့