Wednesday, February 18, 2009

၂၀၁၀ ရွေးကောက်ပွဲနဲ့အတူ ပေါ်ထွက်လာမယ့် ပွဲကောင်းတွေ - ဗသြ

နအဖရဲ့ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဗမာပြည် ပြည်သူလူထုက နည်းနည်းမှစိတ်မဝင်စားဘူး။ လုပ်ဇာတ်မို့ မဟုတ်မဟတ်သာဖြစ်မယ်မှန်း လူတိုင်းသိတယ်။ ဒီရွေးကောက်ပွဲမှာ ဘယ်သူတွေပဲ နိုင်နိုင် နိုင်ငံ့အာဏာဟာ ဗိုလ်သန်းရွှေခေါင်းဆောင်တဲ့ စစ်အုပ်စုရဲ့လက်ထဲမှာပဲ ရှိနေမယ်ဆိုတာ ရှင်းနေတယ်။ ရွေးကောက်ပွဲမလုပ်ခင်ကတည်းက စစ်အုပ်စုက နိုင်ငံ့အာဏာရဲ့ ၉ဝ% ကို ရရှိပြီးနေ ပြီ။ ဒါကြောင့် ပြီးခဲ့တဲ့ဆန္ဒခံယူပွဲတုန်းကလိုပဲ လူထုက ကိုယ်နဲ့ဘာမှမဆိုင်သလိုပဲ နေတယ်။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတုန်းက လူထုရဲ့တက်ကြွမှုနဲ့ နှိုင်းယှဉ်လိုက်ရင် ဒီတခါရွေးကောက်ပွဲဟာ အာရုံ အစိုက်ခံရမှု အင်မတန်မှ နည်းလှတယ်။ ကြက်ပွဲသာသာနဲ့ ပြီးသွားမယ့် လက္ခဏာတွေ တွေ့နေရ တယ်။

ဒီရွေးကောက်ပွဲကို သာမန်လူထုကတောင် စိတ်မဝင်စားလေတော့ နအဖပါးစပ်ဟလိုက် တာနဲ့ သူတို့ဝမ်းထဲမှာ အူဘယ်နှစ်ခွေရှိတယ်ဆိုတာသိနေတဲ့ နိုင်ငံရေးအတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေ၊ အင်အားစုတွေကဆိုရင် ဘာမှပြောစရာမလိုတော့ဘူး။ တကယ်ပဲ ဘယ်သူကမှ အယုံအကြည်မရှိ ဘူး။ မယုံတဲ့လူတွေထဲမှာ အတွင်းသိဖြစ်တဲ့ နအဖကိုယ်တိုင်လည်း ပါတယ်။

ဒီလိုပြောလို့ ဒီရွေးကောက်ပွဲကို စိတ်ဝင်စားသူတွေ လုံးလုံးမရှိတော့ဘူးဆိုရင်တော့ မှား တယ်လို့ ပြောရမယ်။ စိတ်ဝင်စားသူတွေ ရှိတယ်။ သူတို့ဟာ စိတ်ဝင်စားလိုက်သမှ ဒီတပွဲမှာ အကုန် ပုံအောဖို့ကို စဉ်းစားပြီး စီမံကိန်းတွေချနေကြတယ်။ တချို့လည်း စလှုပ်ရှားနေကြတာ အခု ကြာလေ ထင်ထင်ရှားရှား တွေ့မြင်ရလေလေ ဖြစ်လာနေတယ်။ တခြားမပြောနဲ့၊ ရွေးကောက်ပွဲကျင်းပမယ့် ရက်၊ ရွေးကောက်ပွဲဥပဒေ စတာတွေမှ မကြေညာရသေးဘူး နယ်ဆင်းပြီး စည်းရုံးတယ်ဆိုတာတွေ များသထက် များလာနေတယ်။ ဒါ ဘာကြောင့်လဲ။ ဟုတ်တယ်၊ ဘာကြောင့်လဲဆိုတာ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းတယ်။

အခုအခါမှာ လူသိရှင်ကြား မဟားဒယား စည်းရုံးရေး ဆင်းနေကြသူတွေကတော့ တစညနဲ့ ကြံ့ဖွံ့တွေ အဓိကပဲ။ သူတို့ကို ဘယ်အာဏာပိုင်ကမှ မတားဘူး၊ မပိတ်ပင်ဘူး။ သူတို့အဖို့ လမ်းကို ဖြူးနေတာ။ ဒါပေမဲ့ သူတို့နဲ့ တချိန်ထဲမှာ လူမသိသူသိ တိတ်တိတ်ပုန်း ခြေပုန်းခုတ်လှုပ်ရှားနေသူ တွေ၊ အစုတွေက ပိုများတယ်ဆိုတာ သိလာနေရတယ်။ သူတို့ဟာ ဗမာပြည်တနံတလျားမှာ အကွက် ချ လုပ်နေကြတာဖြစ်တယ်။ ဒါ့အပြင် နအဖနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့တွေဆီကို အကြိမ်ကြိမ် သွားပြီး ဆွယ်တရား ဟောနေကြတာတွေကိုကြည့်ရင် ဒီရွေးကောက်ပွဲအပေါ် နအဖကရော တချို့ လူတွေပါ တကယ် အလေးထားတယ်ဆိုတာ ပေါ်လွင်နေတယ်။

ဒါက ဘာကိုဖော်ပြနေသလဲ။

ဒါကနေ ဘယ်လို ကောက်ချက်ဆွဲနိုင်သလဲ။

အသေအချာပြောနိုင်တာက အုပ်စုချင်းအားပြိုင်မှုတွေ စ’ပေါ်လာနေတယ်ဆိုတာပဲ။

သိကြတဲ့အတိုင်း နအဖကိုယ်တိုင်ရော၊ သူ့ဘေးမှာဝန်းရံနေတဲ့ အင်အားတွေပါ ဘယ်သူမှ အဘိဓမ္မာတရပ်၊ မူတရပ်၊ ယုံကြည်ချက်တရပ်အပေါ်မှာ စုစည်းနေကြတာ၊ လှုပ်ရှားနေကြတာ မဟုတ်ဘူး။ အားလုံးဟာ ကိုယ်ကျိုးစီးပွားပေါ်မှာ စုစည်းနေ၊ လှုပ်ရှားနေကြတာဖြစ်တယ်။ သူတို့ အားလုံးဟာ ကိုယ့်အခွင့်အရေးကိုပဲ အမြဲစောင့်နေ၊ ချောင်းနေကြတာဖြစ်တယ်။ ဒီတခါရွေးကောက် ပွဲဟာ သူတို့အထဲမှာ ထိပ်ဆုံးအဆင့်နဲ့ စစ်တပ်အဆင့်ကလွဲရင် တခြားအဆင့်တွေမှာ အပိုင်စား နယ်ပယ်တွေ ခွဲဝေမယ့်သဘောဖြစ်တယ်။ ဒါကြောင့် အခုကိုပဲ အဆင့်အသီးသီး၊ နေရာအသီးသီးမှာ ဒီအတွက် နေရာလုပွဲ၊ အာဏာလုပွဲတွေ စပြီး ဖြစ်လာနေတွေ တွေ့ရပြီ။

ရွေးကောက်ပွဲမတိုင်ခင် ကိုယ်စားလှယ်လောင်းရွေးကတည်းက အတွင်းမှာ ခွက်စောင်း ခုတ်ပွဲတွေဖြစ်မှာ သေချာနေတော့ တကယ့်ပွဲကောင်းတွေ ကြည့်ရမှာ သေချာတယ်။ သူ့လူပါတယ်၊ ငါ့လူမပါဘူးဆိုတဲ့ ကိစ္စတွေနဲ့ မပြောနိုင် မဆိုနိုင်တွေဖြစ်ကြမှာ သေချာတယ်။ အမတ်နေရာဆိုတာ သူကြီးနေရာထက် ကျယ်တယ်။ ဒါကြောင့် အမတ်နေရာတခုမှာ ဝင်အရွေးခံခွင့်ရချင်တဲ့ လူတွေဟာ ကြံ့ဖွံ့ထဲမှာကိုပဲ များမယ်။ ဒီတော့ ဒီဒေသရှိကြံ့ဖွံ့တွေအတွင်းမှာ ရန်စောင်တာ၊ မကြေလည်တာ တွေ မုချဖြစ်မယ်။ ဟိုရပ်ကွက်က ကြံ့ဖွံ့နဲ့ ဒီရပ်ကွက်ကကြံ့ဖွံ့ စောင်ကုန်ကြမယ်။ ရန်ကုန်လို၊ နေပြည်တော်လို အရေးကြီးတဲ့နေရာတွေမှာ အထက်ကနေ “ဟေ့ကောင်တွေ၊ စကားများမနေကြနဲ့၊ ဘယ်သူပဲ ဝင်အရွေးခံလိုက်” လို့ အမိန့်ပေးလို့ ရနိုင်တယ်။ ဒါပေမဲ့ တခြားနေရာတွေမှာကျတော့ အထက်က နေရာတကာကို လိုက်ပြီး အသေးစိတ် ညွှန်ကြားနေလို့မဖြစ်ဘူး။ အရွေးခံရဖို့ တိုင်းမှူးကို လာဘ်ထိုးတာ၊ ဒေသကြံ့ဖွံ့ခေါင်းဆောင်ကို လာဘ်ပေးတာတွေ ဖြစ်လာရတော့မယ်။ လက်တွေ့ ကျကျ ဆက်တွေးလိုက်ရင် ဘယ်လိုပြဿနာတွေ ပေါ်နိုင်သေးတယ်ဆိုတာ အလွယ်နဲ့ ပေါ်လာ တယ်။ ဒါက ကြံ့ဖွံ့တဖွဲ့ထဲ အတွင်းမှာတင် ပြောတာ။

မုချမြင်တွေ့ရအုန်းမယ့် နောက် ပွဲကောင်းတခုက တစညနဲ့ ကြံ့ဖွံ့အကြားမှာ ပေါ်လာမယ့် ပဋိပက္ခပဲ။ မဆလစစ်အုပ်စုလက်ကျန်နဲ့ နအဖခြံပေါက် တပည့်လက်ကိုင်းတွေအကြား ဘယ်သူက ပိုထက်တယ်၊ စွမ်းတယ်ဆိုတာ မြင်ရမှာပဲ။ တစညဟာ ကြံ့ဖွံ့လို ကိုယ်စားလှယ်တွေနဲ့ ပြိုင်အရွေးခံ ရမှာလို့ တွက်ထားတာမို့ သူတို့ရဲ့ အခြေအနေကို သူတို့ မျှော်လင့်ချက်ကြီးစွာနဲ့ အားတက်နေကြတာ ဖြစ်တယ်။ ကြံ့ဖွံ့လို ရပ်ရွာရဲ့ အော့ကြောလန်တွေကိုတော့ သူတို့ မုချနိုင်မယ်လို့ ယုံထားကြပုံရှိ တယ်။

ဒါပေမဲ့ ဒီရွေးကောက်ပွဲကို ဝင်ပြိုင်မှာက ဒီနှစ်ဖွဲ့ထဲသာမဟုတ်ဘူး။ တခြားသော အင်အားစု အမျိုးမျိုးလည်း ဝင်ပြိုင်ကြဦ်းမှာ ဖြစ်တယ်။ သဘောရိုးနဲ့ ဝင်ပြိုင်သူတွေ ရှိနိုင်သလို အခွင့်အရေးနဲ့ အာဏာအတွက် ဝင်ပြိုင်တဲ့ တခြား အင်အားစုတွေလည်း ရှိဦးမှာ သေချာတယ်။ ဥပမာဆိုရင် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဟာ ကိုယ့်စီးပွားရေးအခြေခံဒေသကို လက်မလွတ်စေဖို့အတွက် အဲဒီ နေရာမှာ ကိုယ်ကိုယ်တိုင်၊ ဒါမှမဟုတ် ကိုယ့်လူကို ဝင်အရွေးခံခိုင်းမှာ ဖြစ်တယ်။ ဒါ့အပြင် စစ်တပ်က လူဖြစ်ရမယ်လို့ မသတ်မှတ်ဘဲ ချန်ထားတဲ့ ဝန်ကြီးဌာနတွေလည်း ရှိသေးတယ်။ အဲဒီရာထူးတွေ အတွက် အမတ်လောင်းတွေ လိုသေးတယ်။ ဒါတွေဟာ မင်းကြိုက်စိုးကြိုက်၊ ကာလသားများနဲ့ လားလားမှ မထိုက်တဲ့ ရာထူးတွေဖြစ်တယ်။ ဒီတော့ ဒီရာထူးတွေကိုမှန်းပြီး ဝင်အရွေးခံတယ်ဆိုတာ မုချရှိလာမယ်။ နောက်ပြီး အဲဒီဝင်ပြိုင်သူတွေဟာ သာမန်အရပ်သားမဟုတ်ဘူး၊ အကောင်တွေပဲ ဖြစ်ရမယ်။ ဒါဆိုရင် အကောင်တွေချင်း ခွပ်ပွဲပါ ကြည့်ကြရဖို့ရှိနေတယ်။

နအဖရဲ့ ထိပ်သီးကြီးတွေအတွက်ကတော့ ဝင်မပြိုင်ဘဲ အာဏာရအောင် လုပ်ထားမှာ သေချာတယ်။ ဒါပေမဲ့ အထက်မှာပြောခဲ့တဲ့ သူတို့ရဲ့ စီးပွားရေးတွေ၊ သူတို့လူတွေရဲ့ အကျိုးစီးပွားနဲ့ အာဏာအနေအထားတွေနဲ့ ပတ်သက်နေတဲ့ ပြဿနာတွေ ရှိနေတယ်။ ဒါကို သူတို့ လက်ပိုက်ကြည့် မနေနိုင်ဘူး။ ဒါ ဖော်ပြနေတာကတော့ ဂိုဏ်းအုပ်စုတိုက်ပွဲတွေဟာ အောက်ပိုင်းမှာတင် ရှိမှာမဟုတ် ဘူး ဆိုတာပဲ။ အဆင့်အသီးသီး၊ နေရာဒေသအသီးသီးမှာ ပေါ်လာမှာသေချာနေတယ်။

အခုကိုပဲ ဘယ်ဗိုလ်ချုပ်ရဲ့လူတွေ(ဂိုဏ်း)က ဘယ်နေရာမှာ စပြီး လှုပ်ရှားနေကြတယ်။ စီမံကိန်းတွေဆွဲ၊ လူတွေ လျာထားနေကြတယ်ဆိုတဲ့ သတင်းတွေ ကြားရလှပြီ။ ဒီရွေးကောက်ပွဲဟာ လက်နက်နဲ့ အဓိကတည်ဆောက်ထားတဲ့ နအဖအာဏာကို ပိုခိုင်မာစေမှာ မဟုတ်ပေမဲ့ သူတို့တွင်း မှာ အက်ကြောင်းတွေ ပိုပေါ်လာစေမှာကတော့ မြေကြီးလက်ခတ်မလွဲပဲ။



REF: လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

0 comments:

အပေါ်သို့