Thursday, February 19, 2009

ကင်တာနာ နေပြည်တော်ရောက်

Wednesday, 18 February 2009

မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် ကမ္ဘာ့ကုလမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ် စ် အိုဟေး ကင်တာနာသည် ယနေ့တွင် နေပြည်တော်သို့ သွားရောက် ကြောင်း သိရသည်။

အဆိုပါ မစ္စတာ ကင်တာနာနှင့် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ခေါင်းဆောင် များနှင့် တွေ့ဆုံရန် အာဏာပိုင်များက တစုံတရာ အကြောင်းကြားခြင်းမရှိသေးကြောင်း အန်အယ်လ်ဒီ ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ကပြောသည်။

ဦးဉာဏ်ဝင်းက“ မစ္စတာကင်တာနာ ဒီနေ့နေပြည်တော် သွားတယ်တော့ ကြားတယ်၊ သူ့ ခရီးစဉ် အသေးစိတ် ကိုတော့ မသိရပါဘူး” ဟုပြောသည်။

ယနေ့ခရီးစဉ်တွင် မစ္စတာ ကင်တာနာသည် ဝန်ကြီးချုပ် ဗိုလ်ချူပ်ကြီး သိန်းစိန်နှင့် တွေ့ဆုံနိုင်ဖွယ်ရှိသည်ဟု လည်း သိရသည်။

ယမန်နေ့က မစ္စတာကင်တာနာသည် သံအမတ်တချို့နှင့် တွေ့ဆုံခဲ့သည်။ မနက်ဖြန်တွင် ၎င်း၏ ခရီးစဉ် ပြီး ဆုံးမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ပြန်လည် မထွက်ခွာမီ ရန်ကုန်လေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဟု လည်း သိရသည်။

မစ္စတာကင်တာနာသည် ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၉ ရက်နေ့အထိ ၆ရက် ခရီးစဉ်အတွင်းတွင် ကရင်ပြည်နယ် နှင့် ရန်ကုန် အင်းစိန် အကျဉ်းထောင်များသို့ သွားရောက်ခဲ့ပြီး နိုင်ငံရေးအကျဉ်သားတချို့နှင့်လည်း တွေ့ဆုံခဲ့ သည်။

အာဂျင်တီးနားလူမျိုး လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တာနာသည် ၂၀၀၈ ခုနှစ် မေလမှ စတင် ၍ ယခင်ကိုယ်စားလှယ် မစ္စတာ ပေါ်လိုဆာဂျီယို ပီညဲယိုး၏ တာဝန်ကို လွှဲပြောင်းထမ်းဆောင်ခဲ့ပြီး လွန်ခဲ့သည့် နှစ် သြဂုတ်လ ခရီးစဉ်အပါအ၀င် ယခုတကြိမ်နှင့်ဆိုပါလျှင် မြန်မာနိုင်ငံသို့ လာရောက်သည်မှာ၂ ကြိမ် ရှိပြီဖြစ်သည်။

တချိန်တည်းတွင် မန္တလေးအိုးဘိုထောင်အတွင်း နိုင်ငံရေးမှုဖြင့် ၂၆နှစ်စီ ထောင်ဒဏ်ချမှတ်ထားသော မကေသီအောင်နှင့် ကိုဝေမျိုးထူးတို့ နှစ်ဦးကို မန္တလေးတိုင်း တရားရုံးမှ ယမန်နေ့က အမှုလျှော့ အမိန့် ချမှတ် လိုက်ကြောင်း အမှုလိုက်ရှေ့နေ ဦးမြင့်သွင်က ပြောသည်။

ဦးမြင့်သွင်က “မကေသီအောင်ရယ် ကိုဝေမျိုးထူး ရယ် နှစ်ယောက်ကို ၂၆နှစ်ချထားတာကနေ ပြစ်မှုကျင့်ထုံး အရရယ် ဥပဒေ စီရင်ထုံးတွေ အရရယ် တိုင်းရုံးကနေ ပြစ်မှုတွေကို ပေါင်းလိုက်ပြီး တော့ ၂၆နှစ် ကနေ ၁၆နှစ် လျှော့ပါတယ်။ ၁၀နှစ်ပဲ ကျန်ပါတယ်”ဟု ပြောသည်။

မကေသီအောင်နှင့် ကိုဝေမျိုးထူးတို့အား မတရားအသင်းနှင့် ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၁၇(၂) လူဝင်မှု ကြီးကြပ်ရေး အရေးပေါ် ဥပဒေ ပုဒ်မ ၁၃(၁) စသည့် ပုဒ်မများဖြင့် တရားစွဲခံရပြီး စုစုပေါင်း ထောင်ဒဏ် ၂၆နှစ် ချမှတ်ခံရခြင်း ဖြစ်သည်။

မကေသီအောင်အမှုတွဲနှင့်ပတ်သက်ပြီး ဇန်နဝါရီလ ၂၆ရက်နေ့တွင် အယူခံဝင်ခဲ့ပြီး ကိုဝေမျိုးထူးအမှုတွဲကို လွန်ခဲ့သည့် နှစ်ပတ်အတွင်း အယူခံဝင်ခဲ့ပြီးနောက် ယခုလို ထောင်ဒဏ် လျှော့လိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

မကေသီအာင်နှင့်အတူ ဗိုလ်မင်းယု၊ ကိုဝေမျိုးထူး၊ ကိုအောင်ကိုလွင်၊ ကိုမျိုးမြင့်အောင်၊ ကိုညီညီ၊ ဦးသုမင်္ဂလ ဦးစိတ္တသာဂရ အပါအ၀င် ဗကသ အဖွဲ့ဝင် ၁၁ ဦးအား ၂၀၀၈ ခုနှစ် စက်တင်ဘာနှစ်ပတ်လည် ကျင်းပရန် စီစဉ်နေချိန်အတွင်း ဖမ်းဆီးခြင်းခံရသည်။

စစ်အစိုးရက ယခုကဲ့သို့ ထောင်ဒဏ်များလျှော့ပေးခြင်းသည် မစ္စတာ ကင်တာနာ ၏ ခရီးစဉ်နှင့် ဆက်စပ်မှု ရှိနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသား အသိုင်းအ၀န်းက ယူဆနေကြသည်။

သို့သော် အန်အယ်လ်ဒီ နှင့် AAPP တို့ကမူ ယင်းသို့ ထောင်ဒဏ်များ လျှော့ချရန်အတွက် မစ္စတာ ကင်တာနာ ၏ ခရီးစဉ်က မည်သို့မျှ စွမ်းဆောင်နိုင်မည်ဟု မထင်မြင်ကြောင်းပြောခဲ့သည်။

ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး(အေအေပီပီ) အသင်း၏ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က “ဥပဒေ အတိုင်း လုပ်နေတာတွေ တခုမှ မရှိဘူးလေ။ ဖမ်းထားတာ က အစ ခိုင်ခိုင် လုံလုံနဲ့ ဖမ်းထားတာ မဟုတ်ဘူး။ လွတ်လပ်တဲ့ တရားစီရင်ခွင့်မရဘူး။ အခုဆိုလည်း လျှော့လိုက်ပြန် တယ် ဆိုတော့လည်း သူတို့လုပ်ချင်သလို လုပ်နေတာပဲ။ တကယ်တော့ လျှော့ပေးရမှာ မဟုတ်ဘူး။ လွှတ် ပေးရမှာဖြစ်တယ်”ဟု ပြောသည်။

ဇန်နဝါရီတွင် မကေသီအောင်သည် ထောင်အတွင်း အစာအဟာရ ကောင်းစွာမရခြင်း၊ ထောင်တွင်း ကိုယ်ဝန် ဆောင်နေစဉ် စိတ်ဖိစီးမှု အမျိုးမျိုး တို့ကြောင့် ကိုယ်ဝန်ဆောင်ပျက်ခဲ့ကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့ သည်။

မကေသီအောင်ခင်ပွန်းဖြစ်သူ ကိုထွန်းထွန်းက “တကယ်ဆိုရင် မကေသီအောင်က အပြစ်မရှိဘူးလေ။ နောက်ဆုံး သူကိုယ်ဝန်ပျက်ကျသွားရတာက အစ ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်တာ ဖြစ်ပါတယ်။ အခုလိုမျိုး ထောင်ဒဏ်လျော့ ပေးတာထက်စာရင် လုံးဝ လွတ်ပေးသင့်တယ် လို့ပဲပြောချင်ပါတယ်။ အခု ဆိုရင် မစ္စတာ ကင်တာနာ ရောက်နေတဲ့ အချိန်မှာ ဖိအား တစုံတရာ လျော့ကျသွားအောင်လို့ လုပ်ပြလိုက် တယ်လို့ပဲ ကျနော်မြင်တယ်”ဟု ပြောသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က နိုင်ငံတ၀န်းရှိ စစ်အစိုးရ အကျဉ်းထောင်များအတွင်း နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရသူပေါင်း ၂၁၃၇ ဦးရှိ ကြောင်း ထုတ်ပြန်ထားသည်။



အေးလဲ့
REF: ဧရာဝတီ

0 comments:

အပေါ်သို့