Monday, February 16, 2009

ဦးတင်ဦးကို နေအိမ်အကျယ်ချုပ် ထပ်တိုး

Saturday, 14 February 2009

စစ်အစိုးရက ထိန်းသိမ်းထားသော အသက် ၈၁ နှစ် ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(အန်အယ်လ်ဒီ) ဒု ဥက္ကဌ ဦးတင်ဦးကို နေအိမ်အကျယ်ချုပ်သက်တမ်း တနှစ် ထပ်တိုးလိုက်ကြောင်း အန်အယ်လ်ဒီက ပြောသည်။
ဦးတင်ဦးကို ယမန်နေ့က နေအိမ် သက်တမ်းတနှစ် ထပ်တိုးလိုက်ခြင်းဖြစ်သည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဧရာဝတီသို့ပြောပြသည်။

“ဦးတင်ဦးကို အကျယ်ချုပ် သက်တမ်း တနှစ် ထပ်တိုးလိုက်ပါတယ်၊ ဥပဒေအရ ဆိုရင်တော့ စုစုပေါင်း ၅ နှစ် ထက်ပိုပြီး တားဆီးချုပ်နှောင်ခွင့် မရှိဘူးလို့ ကျနော်တို့ နားလည်ပါတယ်၊ ဒါကြောင့် အခုလို သက်တမ်း ထပ်တိုး တာဟာ ဥပဒေနဲ့ မညီပါဘူး” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

တိုင်းပြည်အတွက် မည်သည့်အန္တရာယ်မှ မပေးနိုင်သူ တဦးကို ယခုကဲ့သို့ အကျယ်ချုပ်သက်တမ်း ထပ်တိုး နေခြင်းသည် တရားမျှတမှုမရှိကြောင်းလည်း ဦးဉာဏ်ဝင်းက သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။

ဦးတင်ဦးကို ပထမအကြိမ် သက်တမ်းထပ်တိုးစဉ်ကပင် ဥပဒေအရ မှားယွင်းကြောင်း၊ အမြန်ဆုံးပြန်လည်လွှတ် ပေးရန် စစ်အစိုးရ ပြည်ထဲရေး ဝန်ကြီးဌာနသို့ အယူခံတင်ခဲ့သော်လည်း အကြောင်းပြန်ခြင်းမရှိကြောင်း ၎င်းက ဧရာဝတီသို့ ပြောခဲ့ဖူးသည်။

ယင်းကဲ့သို့ ဦးတင်ဦးအား နေအိမ်အကျယ်ချုပ် သက်တမ်းတိုးခြင်းကို ကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည် ၏ အယူခံလွှာကိစ္စအပေါ်တွင်လည်း အားရမှုမရှိကြောင်း ဦးဉာဏ်ဝင်းက ဆိုသည်။

“အယူခံက ၂၀၀၈ အောက်တိုဘာလ ကတည်းက တင်တာ၊ ဒီနေ့အထိ မကြားနာဘူးဆိုတော့ ဒီအတွက်လည်း အားရစရာမရှိပါဘူး၊ ဥပဒေမှာပေးထားတဲ့ အခွင့်အရေးကိုတောင် မျက်ကွယ်ပြုပြီးလုပ်နေတာလို့ မြင်တယ်”ဟု လည်း ၎င်းက ပြောဆိုသည်။

အဆိုပါ ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းလူသတ်ပွဲအပြီး ဒေါ်အောင်ဆန်း စုကြည် နှင့်အတူ ဖမ်းဆီးခံခဲ့ရရာ ယခု ဆိုလျှင် ၅ နှစ် ကျော်ပြီဖြစ်သည်။

၎င်းအား စတင် ဖမ်းဆီးစဉ်က ပုဒ်မ ၁၀ (က) ဖြင့် စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်တွင် ချုပ်နှောင်ခဲ့ပြီး ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ တွင် ပုဒ်မ ၁၀ (ခ) ဖြင့် နေအိမ်အကျယ်ချုပ် သို့ ပြောင်းလဲ၍ ရန်ကုန်နေအိမ်တွင်ထားရှိ ခဲ့ခြင်း ဖြစ်သည်။

၁၉၉၈ ခုနှစ် ဇူလိုင်လတွင်လည်းစစ်အစိုးရက ဦးတင်ဦးကို နေအိမ် အကျယ်ချုပ် ၅ လ အပါအဝင် ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပြီး ၂၀၀၀ ခုနှစ် စက်တင်ဘာလမှ ၂၀၀၁ ခုနှစ် သြဂုတ်လ အထိ နေအိမ်အကျယ်ချုပ် ချခဲ့သည်။
ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့် နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုတိုက်တွန်းမှုများ ပြုလုပ် ထားသည်။



ကိုစိုး
REF: ဧရာဝတီ

0 comments:

အပေါ်သို့