Friday, February 13, 2009

အရေးကြီးပြီ သွေးနီးကြပါစို့ (၂) - ဦးအောင်ဆက်ပိုင်

၁၃ ဖေဖော်ဝါရီ ၂၀၀၉
နောက်ဆုံးတချက်ဖြစ်တဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ အချက်ကို ဆက်လက်ဆွေးနွေးပါရစေ။ ကျနော်တို့နိုင်ငံဟာ လွတ်လပ်ရေးရခဲ့တာ နှစ်ပေါင်း (၆၀) ကျော်လာပါပြီ။ တကယ်ရော တည်တံ့ခိုင်မြဲနေပါသ လား။ ဒီမေးခွန်းကို ကျနော့်ဘာသာ ဖြေကြည့်မိပါတယ်။ ဒီနေ့ ဆုံးရှုံးနေပြီလို့ပဲ ခံယူမိပါတယ်။

နားလည်ခံစားမိသမျှတင်ပြရရင် ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက် တရုတ်ပြည်နယ်စပ်တနေရာမှာ တပ်စစ်ရင်းနဲ့ ဗိုလ်ချုပ်နေ၀င်းနဲ့ ဗိုလ်မှူးချုပ် မောင်မောင်တို့ဟာ တောင်ကုန်းတခုပေါ်ကနေ အဝေးက နှစ်နိုင်ငံနယ်စပ်ကို ဖြတ်ကျော်ပြီး တရုတ်နိုင်ငံသားတွေ တဖွဲဖွဲ ၀င်ရောက်နေတာကို တွေ့တော့ ဗိုလ်မှူးချုပ် မောင်မောင်က စိုးရိမ်တကြီးနဲ့ ဒီလို လူဝင်မှုပြဿနာတွေကို ရေရှည်မှာ တားဆီးနိုင်ဖို့ စီစဉ်ဆောင်ရွက်သင့် ကြောင်း တင်ပြခဲ့ပါတယ်။

သူ့အကြံကတော့ နယ်စပ်မျဉ်းတလျှောက် မြန်မာနိုင်ငံဘက် အခြမ်းမှာ စစ်မှုထမ်းဟောင်းမိသားစုများနဲ့ ကျေးရွာများတည်တောင်ဖို့၊ တကယ်လို့ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့ရင် တားဆီးပြီးသားဖြစ်နေသလို နောက်ဆုံး ဆက်ဖြစ်ပေါ်နေရင်လည်း သွေးနှောမှုတွေ ဖြစ်ပေါ်ပြီး တိုင်းရင်းသားအသစ်တွေသာ ပေါ်ပေါက်လာနိုင်ကြောင်းနှင့် မြန်မာနိုင်ငံရဲ့ အတွင်းပိုင်းအထိ ထိခိုက်မှုမရှိနိုင် ကြောင်းတို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အကောင်အထည် မပေါ်လာနိုင်ခဲ့ပါဘူး။ တလောကတော့ နအဖအနေနဲ့ ဒီကေဘီအေ ဗုဒ္ဓဘာသာကရင်အဖွဲ့ကို နယ်ခြားစောင့်တပ်အနေနဲ့ ဖွဲ့စည်းအသွင်ပြောင်းမယ်လို့ ကြားလိုက်ရတာဟာ ဒီသဘောမျိုးပါလားလို့ပဲ ထင်မြင်မိပါတယ်။

တရုတ်ပြည်နဲ့ပတ်သက်လို့ သုံးသပ်ရလျှင် လွတ်လပ်ရေးရပြီးနောက် ကေအမ်တီ တရုတ်ဖြူအရေး ပေါ်ပေါက်ခဲ့ရတာ၊ ကေအမ်တီကို စီအိုင်အေက ထောက်ပံ့ပေးခဲ့တာ၊ တပ်မတော်က ဗိုလ်ချုပ်ထွန်းတင်ဦးစီးပြီး ကွမ်းလုံ ရက် (၄၀) ဟိုက်ကမ်းပါး တိုက်ပွဲအပါအ၀င် အပြင်းအထန်ခုခံတိုက်ခိုက်ပြီး နိုင်ငံတော်ကို ကာကွယ်ခဲ့ရတာတွေကို အားလုံးမှတ်မိကြမှာပါ။ သမိုင်းတင်ခဲ့တဲ့အချက်တွေပါ။

ဒီဖြစ်စဉ်ကို ဆက်သုံးသပ်ရင် အဲဒီအချိန်က မြန်မာပြည်ရဲ့ လူဦးရေဟာ သန်း (၂၀) မပြည့်သေးပါ။ အဲဒီအချိန်က အင်္ဂလန်နိုင်ငံ လန်ဒန်တိုင်းမ်သတင်းစာကနေ ဆောင်းပါးတပုဒ် ပါလာပါတယ်။ တရုတ်ပြည်အနေနဲ့ မြန်မာပြည်ကို သိမ်းချင်ရင် စစ်ဝင်တိုက်ဖို့ မလိုပါဘူး။ တရုတ်ပြည်က အချောဆုံး၊ အလှဆုံး အမျိုးသမီးငယ် သန်း (၂၀) လောက် မြန်မာပြည်ထဲပို့လိုက်ရင် မြန်မာလူမျိုး ပျောက်သွားပါလိမ့်မယ်တဲ့။ တနည်းတော့ တရုတ်ပြည် ဖြစ်သွားလိမ့်မယ် ဆိုလိုတာပါ။ ဒါဟာ အင်မတန်မှပင် စဉ်းစားဖွယ်အချက်တချက်ပါ။

ယှဉ်တွဲစဉ်းစားနိုင်ဖို့ သမိုင်းဖြစ်ရပ်လေးတခုကို ခြုံပြီး တင်ပြပါရစေ။ ဒီနေ့ အစ္စရေးလို့ ရပ်တည်နေတဲ့ ဂျူးလူမျိုးတွေဟာ တချိန်တုန်းက တနည်းပြောရရင် အစ္စရေးနိုင်ငံရယ်လို့ မပေါ်ပေါက်လာခင်က နိုင်ငံမဲ့တွေ ဖြစ်ခဲ့ကြဖူးပါတယ်။ သမိုင်းမှာ သူတို့လူမျိုးတွေကို တခြားလူမျိုးတွေက တိုက်ခိုက်သိမ်းပိုက်ပြီး နှင်ထုတ်လိုက် ကြတာပါ။ အဲဒီနောက် ကမ္ဘာ့နေရာအနှံ့ ရောက်ရှိသွားကြပါတယ်။ သူတို့အနေနဲ့ မိမိနိုင်ငံ၊ မိမိမြေကို အခြေချ ပြန်လည်ထူထောင်ဖို့အရေး မမေ့ခဲ့ကြပါဘူး။ ကိုးကွယ်တဲ့ ဟီဘရှု (ရဟူဒီ) ဘာသာကျမ်းစာမှာပင် ဇီယွန်တောင်ခြေမှာ ပြန်ဆုံကြပါစို့ဆိုတဲ့ စာသားကို ထည့်သွင်းခဲ့ကြပြီး အမြဲရွတ်ဆိုခဲ့ကြတာပါ။

ဒါပေမယ့် သူတို့ဟာ ရောက်ရာအရပ်မှာ ကြိုးစားခဲ့ကြလို့ ကြီးပွားခဲ့ကြပါတယ်။ ပေါက်မြောက်ခဲ့ကြပါတယ်။ တဖက်ကလည်း သူတို့မြေကို ပြန်ဖို့အရေးကို သားစဉ်မြေးဆက် မမေ့ခဲ့ကြပါဘူး။ တကယ်တော့ သူတို့ရဲ့ သမိုင်းကြောင်းကလည်း ရှည်လျားလွန်းလှပါတယ်။ ၂၀ ရာစုအစောပိုင်းတွေရောက်တော့ ကမ္ဘာအနှံ့က ဂျူးတချို့ ယခုအစ္စရေးလို့ခေါ်တဲ့ ပါလက်စတိုင်းဒေသကို ပြန်ဝင်လာပါတယ်။ ပါလက်စတိုင်းတွေဆီက မြေယာတွေကို ဈေးကောင်းပေးဝယ်ပါတယ်။ ပါလက်စတိုင်းတွေကလည်း ဈေးကောင်းရတော့ ရောင်းတယ်။ ဒီတော့ တဦးအခြေကျတော့ နောက်ထပ်တဦး ထပ်ခေါ်တယ်။ ပြည်ပမှာရှိနေတဲ့ သူတွေကလည်း ငွေကြေးထောက်ပံ့မှုတွေ ပြုတယ်။ ဒီလိုနဲ့ပဲ ထပ်ထပ်ပြီး ဈေးမြှင့်ပြီး ဈေးကြီးပေးဝယ်တယ်။ ဒီလို တဖြည်းဖြည်း တိုးချဲ့လာလိုက်တာ ပါလက်စတိုင်းတွေ သိလာတဲ့တနေ့မှာ သူတို့မြေအများစုဟာ ဂျူးတွေလက်ထဲ ပါသွားခဲ့ပါပြီ။ ဒီလိုနဲ့ပဲ ဂျူးတွေ ခြေကုပ်ရသွားခဲ့တာပါ။ တနည်းပြောရရင်တော့ ကုလားအုပ် ပုံပြင်လိုပါပဲ။ သမိုင်းအရလည်း သူ့မြေလို့ ဆိုလိုတာက တပိုင်းပေါ့။ ကျနော် တင်ပြလိုရင်းက ဖြစ်ပျက်သွားတဲ့ ဖြစ်စဉ်လေးကိုပါ။

ဒီတော့ ကျနော်တို့ မြန်မာလူမျိုးတွေလည်း ကိုယ့်မြေကို ကာကွယ်နိုင်ဖို့နဲ့ ပြည်ပရောက် မြန်မာများကလည်း ကိုယ့်ပြည်ကို မမေ့ကြဖို့ပါ။ ဒီဖြစ်စဉ်ကို အပေါ်က လန်ဒန်တိုင်းမ်သတင်းစာရဲ့ ဆောင်းပါးနဲ့ ယှဉ်တွဲရင်း ကျနော်တို့နိုင်ငံနဲ့ တရုတ်ပြည်ရဲ့အခြေအနေ၊ တနည်း လက်ရှိ မြန်မာနိုင်ငံတွင်းအခြေအနေကို တစေ့တစောင်း အကဲခတ်ကြည့်ရအောင်ပါ။

ကျနော် သဘောပေါက်မိတာကတော့ မြန်မာနိုင်ငံလည်း အပေါ်က အဖြစ်အပျက်နဲ့ ခပ်ဆင်ဆင်ပါပဲ။

၁၉၈၀ ကျော်မှာ မန္တလေး မီးအကြီးအကျယ် အလောင်ခံရပြီးနောက် မြန်မာမင်းရုံးစိုက်ခဲ့တဲ့ မင်းနေပြည်တော်ဟောင်း မန္တလေးမြို့ အချက်အချာနေရာအားလုံးမှာ တရုတ်တွေဖြစ်ကုန်ကြပါပြီ။ ဈေးကောင်းပေးဝယ်ပြီး ၀င်သွားကြတာပါ။ အစိုးရအနေနဲ့ တားဆီးမှု မပြုခဲ့သလို မီးဘေးသင့်သူတွေအပေါ်မှာ ကူညီစောင့်ရှောက်မှု မပြုခဲ့ပါဘူး။ ဒီနေရာကစပြီး ကျနော်တင်ပြလိုရင်းသည် မြန်မာပြည်ဖွား တိုင်းရင်းသား မြန်မာ(တရုတ်) များကို မဆိုလိုပါခင်ဗျား။ ဒီကနေ့ မန္တလေးမှာ မုန့်တီစားချင်ရင်တောင် ဆိုင်ရှာရခက်သွားပါပြီ။ အလွယ်တကူ တွေ့ရမှာကတော့ ခေါက်ဆွဲဆိုင်တွေချည်းပါပဲ။ ဒါက ပထမတချက်ပါ။

၁၉၈၈ ခုနှစ် န၀တ တက်လာပြီးတဲ့နောက် တဖြည်းဖြည်းချင်းနဲ့ မူဆယ်၊ နမ့်ခမ်း၊ ကြူကုတ် ဘက်ကနေ တရုတ်လူမျိုးတွေ ထိုးဖောက်ဝင်ရောက်လာကြတာ ကွတ်ခိုင်၊ လားရှိုးကနေ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မေမြို့လွန်ပြီး မန္တလေးအဆုံး တရုတ်တွေ အခြေကျသွားပါပြီ။ တခါ မြစ်ကြီးနား၊ ဗန်းမော်ဘက်နေ နည်းမျိုးစုံနဲ့ မန္တလေးတိုင်အောင် အဲဒီကမှ ရန်ကုန်မြို့တော်အထိ အနယ်နယ်အရပ်ရပ် မြန်မာပြည် တနံတလျား နှစ်ပေါင်း (၂၀) အတွင်း အကြီးအကျယ် ပျံ့နှံ့သွားခဲ့ပါပြီ။ စီးပွားရေးကလွဲလို့ “၀”တို့ ဘာမှမမြင်ဘူးဆိုတဲ့ တရုတ်လူမျိုးတွေနဲ့ အာဏာတည်မြဲရေးနဲ့ ဆွေမျိုးတစု ကောင်းစားရေးကို အဓိကထားကြတဲ့ နအဖခေါင်းဆောင်များနဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေ ပေါင်းစည်းသွားကြရာကနေ ပေါ်ထွက်လာတဲ့ ရလဒ်ဆိုရင်လည်း လွန်အံ့မယ်မထင်ပါ။

ဒါကို တာဝန်ရှိသူများအနေနဲ့ မသိမဟုတ် သိရှိကြပါတယ်။ ဒါပေမယ့် ကာကွယ်တားဆီးရေး မပြုလုပ်ခဲ့ကြပါ ဘူး။ အမတ်ကြီး ဦးပေါ်ဦး လျှောက်တင်တဲ့ နောင်အနှစ် (၆၀) ကြာရင် ဘုရင်ကြီးရော၊ ဆင်ကြီးရော၊ အမတ်မင်းတို့ရော ဘယ်သူမှ ရှိကြတော့မှာမဟုတ်တာဆိုတဲ့ ဆင်ဖြူ၊ ဆင်မဲ အဖြေမျိုးကို လက်ရှိ ပုဂ္ဂိုလ်များ လက်ကိုင်ထား အသုံးပြုနေကြတာပါ။ နယ်စပ်ကနေ တိုင်းတပါးသားတွေ ဖြတ်ကျော်ဝင်ရောက်ရာမှာ လာဘ်ပေးလာဘ်ယူမှုတွေ အမျိုးမျိုးနဲ့အတူ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းတို့ကို ငွေပေးလုပ်ခဲ့တာတွေ အဆုံး။ နည်းမျိုးစုံသုံးပြီး လှိမ့်ဝင်လာခဲ့ကြတာပါ။ ဒီနေရာမှာ ပြည်တွင်းက သားချင်းတွေကတဆင့် ကြိုတင်စီစဉ်ပေးခဲ့ တာတွေလည်း ပါဝင်ပါတယ်။
၂၀၀၀ ပြည့်နှစ် ၀န်းကျင်တွေမှာ ရန်ကုန်လိုနေရာမျိုးမှာပဲ မြန်မာစကားလုံးဝမတတ်တဲ့ တရုတ်တွေ အခြေခံပြီး လူကုန်ကူးမှုတွေ ရှိခဲ့ကြသလို မြန်မာပတ်စပို့ကို နည်းမျိုးစုံနဲ့ ရယူခဲ့ကြတာတွေ။ ရန်ကုန်ကတဆင့်ပဲ သံရုံးကြီး တွေမှာ ဗီဇာရယူပြီး နိုင်ငံရပ်ခြား ဆက်လက်ထွက်ခွာသွားကြသူတွေအကြောင်းလည်း ကြားသိ တွေ့မြင်ခဲ့ရပါ တယ်။

တလောလေးကပဲ ပြည်ပရောက် မိတ်ဆွေတဦးက သူတိုရဲ့ ရန်ကုန်က ဘိုးဘွားပိုင်ခြံကို မြန်မာကျပ်ငွေ သိန်း (၁) သောင်းကျော်နဲ့ ရောင်းချလိုက်ကြောင်း ပြောပြပါတယ်။ သူတို့အနေနဲ့ ဈေးကောင်းရလို့ ၀မ်းသာနေ တဲ့ပုံပါ။ ကျနော့်အတွေးမှာတော့ အမိမြေပဲ့ပါသွားပြန်ပါလားလို့ပဲ မြင်လိုက်မိပါတယ်။ သေချာတာ တခုကတော့ ၀ယ်ယူသွားသူဟာ မြန်မာတိုင်းရင်းသား မဟုတ်တာတော့ အသေအချာပါပဲ။

တကယ်တော့ တရုတ်ပြည်ဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းပါ။ သူတို့အဆိုအရ တဘက်ခြံက ကြက်တွန်သံကို ဒီဘက်ခြံက ကြားနေရလောက်အောင်ကို နီးစပ်တယ်ဆိုပါတယ်။ လူဦးရေအရ ကမ္ဘာ့လူဦးရေရဲ့ လေးပုံတပုံ နီးပါးရှိသလို အဏုမြူပိုင်ဆိုင်တဲ့ ကုလသမဂ္ဂအမြဲတမ်းအဖွဲ့ဝင် နိုင်ငံဖြစ်တဲ့အတွက် ကျနော်တို့ အနေနဲ့ ဆက်ဆံရေး အဆင်ပြေဖို့ လိုအပ်သလို ကိုယ့်ရဲ့ အချုပ်အခြာအာဏာအတွက်လည်း အင်မတန်မှ သတိထားဖွယ်ပါ။ နိုင်ငံတွေမှာဖြစ်ဖြစ်၊ မိသားစုတွေပိုင်ဆိုင်တဲ့ အိမ်တွေမှာဖြစ်ဖြစ်၊ မိမိရဲ့လုံခြုံရေးအတွက် မိမိခြံစည်းရိုးကို လုံအောင် ကာကြရပါတယ်။

ဒီအတွက် နိုင်ငံမှာ တည်ငြိမ်တဲ့ စနစ်တခု၊ ခိုင်မာတဲ့ အစိုးရတရပ် ရှိဖို့ လိုအပ်သလို အဲဒီအစိုးရမှာ တောင့်တင်းခိုင်မာတဲ့ အင်အားရှိတဲ့ ခေတ်မီတပ်မတော်တရပ် ရှိဖို့လည်း အထူးလိုအပ်နေပါတယ်။ ဒီထက်ပိုအရေးကြီးတာကတော့ ဒီ (၂) ဖွဲ့စလုံးအနေနဲ့ ပြည်သူလူထုတရပ်လုံးရဲ့ ထောက်ခံမှုအပြည့်အ၀ ရရှိထားဖို့က အရေးကြီးဆုံး လိုအပ်နေပြန်ပါတယ်။ ဒီကနေ့ ကျနော်တို့နိုင်ငံမှာ ဒီအခြေခံအချက်တွေ ကင်းမဲ့နေပါတယ်။

နိုင်ငံရေးသိပ္ပံမှာ ဆိုရိုးစကားတခု မှတ်သားဖူးပါတယ်။ ကိုယ့်ခြံထဲကို လုံခြုံဖို့အတွက် ပတ်ဝန်းကျင်ခြံထဲမှာ ပြဿနာ ဖော်ထားပေးဖို့ လိုအပ်ပါတယ်။ သူ့ဖာသာ ပြဿနာပေါ်နေတာဆိုရင်တော့ ထပ်ပြီးတော့ မြှောက်ပေးလိုက်ရုံပါပဲ။ တနည်းပြောရရင်တော့ တခြားသူ ကောင်းကောင်း မအိပ်နိုင်အောင် အိပ်ရာထဲ ကြမ်းပိုးထည့်ပေးထားလိုက်သလိုပါပဲ။ တညလုံး လူးရင်း လှိမ့်ရင်းနဲ့ ကောင်းကောင်းမအိပ်ရဘဲ မိုးလင်းနေရ တာပါ။

ကျနော်တို့ နိုင်ငံရဲ့ ပြည်တွင်းပြဿနာတွေက လွတ်လပ်ရေးရပြီးကတည်းက ပြန်ကြည့်ရင် မငြိမ်းသွားတဲ့အပြင် အသစ်အသစ်တွေ ပွားနေရတာပါ။ သတိထားကြည့်ကြပါ။ ဘာကြောင့်ပါလဲ။ အဖြေကတော့ ကိုယ်အလို့ ကိုယ်ခံရတာပါ။ တရားခံကတော့ မိမိတို့ကိုယ်တိုင်ပါပဲ။ ဒါ့အပြင် မိမိတို့ကိုယ်ကို ကြမ်းပိုးဖြစ်မှန်းမသိနေကြတဲ့ ပုဂ္ဂိုလ်တွေကြောင့်လည်း ပါပါတယ်။ နောက်တချက်ကတော့ အကျိုးအပြစ်ကို မမြင်တဲ့ ဆင်ခြင်စဉ်းစားဥာဏ်နည်းတဲ့ တလွဲဆံပင်ကောင်းတဲ့ စိတ်ဓာတ်လေးတွေကြောင့်လည်း တိုင်းပြည်ဒုက္ခများနေရတာပါ။ တိုင်းပြည်ကို ဒုက္ခပေးတဲ့အဖြစ် ရောက်နေကြတာပါ။ ဒီမှာ ထိပ်ဆုံးက ဒီကနေ့ တပ်မတော်ခေါင်းဆောင်များ ပါဝင်နေပါတယ်။

ကျနော့်အနေနဲ့တော့ ဘယ်လိုအခြေအနေ ရောက်ရောက်၊ ကျနော်တို့ မြန်မာတွေ “၀ယ်မအ” ကြပါနဲ့လို့ပဲ သတိပေးပါရစေ။ မြင်လွယ်တဲ့ အချက်တခုကလည်း မြန်မာပြည်ဟာ တရုတ်ပြည်အတွက် ပင်လယ်ထွက် ပေါက်တခုပါ။ တဖက်မှာလည်း ယူနန်ပြည်နယ်ရဲ့ စားဝတ်နေရေးတချို့ကို မြန်မာပြည်က ပံ့ပိုးပေးထားရသလို ပါပဲ။ ကျနော်တို့ဆီက ကုန်ကြမ်းအမျိုးမျိုး စားသောက်ကုန်အပါအ၀င် ပေးလိုက်ရပြီး တဘက်ကပြန်လာတော့ အသုံးမလို၊ စွန့်ပစ်တော့မယ့် ပစ္စည်းအဟောင်းတွေ ဒလဟော ၀င်ရောက်နေတာပါ။ ကျနော်တို့ သွေးနဲ့ ချွေးနဲ့ ရင်းနှီးအားထုတ်လုပ်ကိုင်ထားရသမျှ တရုတ်ပြည်ကို ပံ့ပိုးနေရသလိုပါပဲ။ တိုင်းပြည်ရဲ့ အခြေအနေအရ မြန်မာလူမျိုးတွေ ပြည်ပထွက်ရပြီး ဒုက္ခဝေနေရချိန်မှာ ပြည်တွင်းက ကိုယ့်နေရာတွေမှာလည်း တိုင်းတပါးသားတွေ ၀င်ရောက်နေရာယူပြီး ကျန်ခဲ့တဲ့ ကိုယ့်သားချင်းတွေလည်း ဒုက္ခရောက်နေရပါပြီ။ တကယ်တော့ အရူးမီးဝိုင်းအဖြစ် တပူပေါ်နှစ်ပူဆင့်အဖြစ် ဖြစ်နေရတာပါ။

ဒီလိုပါပဲလေ။ တခြားသော နယ်စပ်ဒေသဖြစ်တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတောဒေသတွေမှာလည်း လူဝင်မှုပြဿနာတွေ ဒုနဲ့ဒေးပါ။ လတ်တလော လူသိများလာတဲ့ ရိုဟင်ဂျာတွေရဲ့ပြဿနာက အကြီးအကျယ်ခြိမ်းခြောက်နေပြန်ပါပြီ။ ဒီတော့ ဒီအချက်တွေကို ခြုံငုံသုံးသပ်ရင်ပဲ မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာဟာ တ၀က်လောက်တော့ ဆုံးရှုံးသွားပြီဆိုရင် မှားမယ်မထင်ပါ။

လက်ရှိအခြေအနေမှာ တပ်မတော်တရပ်တည်းနဲ့ ဒီတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါ။ ဒါကို တပ်မတော်သားများ ရှင်းရှင်းလင်းလင်း သိရှိနားလည်ဖို့ လိုအပ်ပါတယ်။
တပ်မတော်ဟာ လက်တွေ့မှာ မိမိရဲ့ မူလတာဝန်ဖြစ်တဲ့ နိုင်ငံတော် ကာကွယ်ရေးကို ကျေပွန်စွာ ထမ်းဆောင် နိုင်စွမ်းမရှိသလို ဘယ်သူကမှ အပ်နှင်းထားတာမဟုတ်တဲ့ ကိုယ့်ဘာသာတာဝန်ယူထားတဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး တာဝန်တွေကိုလည်း ကျေပွန်ဖို့ ခက်ခဲနေပါတယ်။ တကယ်တော့ လက်တွေ့မှာ မအောင်မြင်တာတွေက အထင်အရှား သက်သေခံနေပါတယ်။ ပြည်တွင်းမှာလည်း တိုင်းရင်းသားတွေရဲ့ အရေးကို ကာကွယ်ပေးဖို့ ပျက်ကွက်နေသလို အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေမှာ မြန်မာနိုင်ငံသားတွေ နှိပ်စက်ခံနေရတာတွေ၊ ဗိုလ်ကျခံနေရတာ၊ သတ်ဖြတ်ခံနေရတာတွေဟာ မကြားချင်အဆုံးပါ။ တည့်တည့်ပြော ရရင် တပ်မတော် ဘယ်လောက်အင်အားရှိပါတယ်ပြောပြော လက်ရှိအခြေအနေမျိုးကို ထိုင်းနိုင်ငံက နည်းနည်း လေးမှ ဂရုမစိုက်ပါ။ ဒါကြောင့်လည်း စော်ကားရဲတာပါ။ ခေတ်အဆက်ဆက် တဦးချင်းစီရဲ့ အကျိုးစီးပွားတွေ ရှိနေကြလို့သာ တနည်းပြောရရင် အချောင်စီးပွားဖြစ်နေကြလို့သာ ချော့ပေါင်းနေကြတာပါ။

တဖက်မှာလည်း ဘင်္ဂလားဒေ့ရှ်လိုနိုင်ငံက မကြာသေးခင်က ရေပိုင်နက်အကြောင်းပြုပြီး တိတိလင်းလင်း စော်ကားခဲ့တာတွေဟာ လူမျိုးသိက္ခာကျလှပါတယ်။ ယခုထပ်မံပေါ်ပေါက်လာတဲ့ ရိုဟင်ဂျာဆိုတဲ့ အရေးက လည်း အမိနိုင်ငံကို ချစ်တတ်ရင် ၀ိုင်းဝန်းကာကွယ်ကြဖို့ လိုအပ်နေပါပြီ။ တကယ်တော့ ဒီဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ နှစ်စဉ်နိုင်ငံတကာကို လက်ဖြန့်တောင်းနေရပြီး နိုင်ငံတကာရဲ့ ပေးကမ်းစာ၊ လှူဒါန်းထောက်ပံ့တာ တွေနဲ့ အဓိက ရပ်တည်နေရတာပါ။ ဒါပေမယ့် တကယ်လက်တွေ့မှာ ကျနော်တို့ နိုင်ငံအနေနဲ့ ဒီနိုင်ငံနဲ့ တပ်မတော်ချင်း မယှဉ်နိုင်ဖြစ်နေရပါပြီ။

ကျနော်တို့ လူမျိုးများ မညံ့ကြပါ။ အရည်အသွေးကောင်းတွေရှိကြပါတယ်။ အခုလို ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး နိုင်ငံကြီး (၂) နိုင်ငံရဲ့အကြား နှစ်ပေါင်းများစွာ သမိုင်းတင်ရပ်တည်နေနိုင်ခဲ့တာကိုက ကျနော်တို့မညံ့ကြောင်း အထင်အရှား ပြသခဲ့ပြီးပါပြီ။ တကယ်တော့ အဖြေရှာကြည့်ရင် ကျနော်တို့ အချင်းချင်း စည်းလုံးညီညွတ်မှုပြိုကွဲနေတာက အဓိကအကြောင်းအရင်းပါ။ အမှန်မှာ တပ်မတော်ပဲဖြစ်ဖြစ်၊ နိုင်ငံရေး သမားပဲဖြစ်ဖြစ်၊ ၀န်ထမ်းတွေ၊ ကျောင်းသားတွေ၊ ပညာရှင်အသီးသီးနဲ့ နောက်ဆုံး ရဟန်းသံဃာတော်များ အဆုံး မိမိတို့ရဲ့ မူလနေရာတွေမှာ ပြန်လည်ရပ်တည်ကြပြီး မိမိအလုပ် မိမိလုပ်ကြဖို့ပဲ လိုအပ်တာပါ။

ဒီကနေ့ တပ်မတော်ခေါင်းဆောင်များအနေနဲ့ မိမိတို့နေရာကို မစွန့်လွှတ်နိုင်သေးရင်တောင် အနိမ့်ဆုံးအနေနဲ့ တပ်မတော်ကို သူ့ရဲ့မူလတာဝန်ကို လွတ်လွတ်လပ်လပ် ပြန်လည်ထမ်းဆောင်ခွင့် ပေးလိုက်ပါ။ တပ်မတော်ကို ပြန်ပြီး အာဏာသိမ်းထားခြင်း မလုပ်ကြပါနဲ့တော့။ ဒါအင်မတန် အရေးကြီးပါတယ်။ ပြီးရင် မိမိတို့ ဦးစီးဦးဆောင်ပြုနေတဲ့ အစိုးရအဖွဲ့ထဲကို အတိုက်အခံ အန်အယ်လ်ဒီကို ထည့်သွင်းပေးပြီး အတူတကွ လက်တွဲဆောင်ရွက်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ ဒါမှလည်း လူထုလက်ခံနိုင်တဲ့ ခိုင်မာတဲ့အစိုးရတရပ် အနေနဲ့ တိုင်းပြည်ကို ကာကွယ်သွားနိုင်မှာပါ။ အန်အယ်လ်ဒီအနေနဲ့လည်း တိုင်းပြည်အတွက်ဆိုရင် အားလုံး ကို သင်ပုန်းချေပြီး လက်တွဲဆောင်ရွက်ဖို့ အသင့်ရှိတယ်ဆိုတာ နှစ်ပေါင်းများစွာကတည်းက ပြောကြားထား၊ လက်ကမ်းထားတာပါ။

ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဦးကြည်မောင် ပြောကြားခဲ့တဲ့ စကားကို ကောက်ရရင် ကိုယ့်နိုင်ငံသားတွေ အချင်းချင်း ဘယ်လိုမှ ညှိနှိုင်းမရနိုင်စရာမရှိပါဘူး။ တွေ့ဆုံဆွေး နွေးလိုက်ရင် အဖြေတခု ထွက်လာရမှာပါ။ ဒီမိုကရေစီနိုင်ငံတော်ကို လျှောက်လှမ်းနေကြတယ်ဆိုထားကြတဲ့ အတွက် တူညီသောလမ်းပေါ် ရောက်နေကြတာပါ။ နှစ်ဖက်စလုံးက တိုင်းပြည်မျက်နှာကြည့်ပြီး အလျှော့ပေးလျှောက်လာကြရင် နှစ်ဦးဆုံနိုင်တဲ့ ဆုံရပ်တခုရှိကို ရှိပါတယ်။ အရေးကြီးတာက စပြီးလျှောက်လာကြဖို့ပါပဲ။

အန်အယ်လ်ဒီဘက်ကတော့ အလျှော့ပေးလျှောက်လာတာ ကမ်းကုန်နေပါပြီ။ လက်ရှိအစိုးရဘက်ကပဲ လျှောက်ဖို့ နည်းနည်းလောက်ပဲဖြစ်ဖြစ် လျှော့ပေးဖို့ လိုနေတာပါ။ တိုင်းပြည်အပေါ် တကယ်သစ္စာရှိရင် နေ့စဉ်ရွတ်ဆိုနေကြတဲ့ သစ္စာဓိဋ္ဌာန် မစူးစေချင်ရင်ပေါ့။ တပ်မတော်သားများလည်း ခေါင်းဆောင်များကို အမြန်ဆုံးနားချပေးဖို့ လိုအပ်နေပါပြီ။

တဖက်မှာလည်း ပြည်ပရောက် အတိုက်အခံများလည်း အချင်းချင်းစည်းလုံးမှုကို အမြန်တည်ဆောက်ပါ။ တဖက်ကို စောင့်မနေပါနဲ့။ ကိုယ်ကိုယ်တိုင်လုပ်နိုင်တာ၊ လျှော့နိုင်တာမှန်သမျှ အမြန်ဆောင်ရွက်ပေးပါလို့ပဲ တိုက်တွန်းချင်ပါတယ်။ တိုင်းပြည်မျက်နှာ တခုတည်းကြည့်လိုက်ရင် အားလုံးအဆင်ပြေသွားလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

တဆက်တည်း လူထုက လေးစားနိုင်တဲ့ အနေအထိုင်၊ အပြုအမူ၊ အပြောအဆို၊ ကိုယ်ရည် ကိုယ်သွေး ကောင်းများကို မွေးမြူကြပါ။ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်လိုမျိုး ကိုယ်ကျိုးစွန့် အနစ်နာခံနိုင်ဖို့ လည်း အထူးလိုအပ်ပါတယ်။ အနိမ့်ဆုံးအနေနဲ့ ပြည်တွင်းမှာ အဖမ်းဆီး၊ အထိန်းသိမ်းခံ၊ ဆွေစဉ်မျိုးဆက် အနှိပ်စက်ခံနေရတဲ့အချိန်မှာ မိမိတို့ကလည်း အခြေခံကျတဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုလေးတွေလောက် ပြသ ဖို့ လိုအပ်ပါတယ်။ အများက လေးစားယုံကြည်လာဖို့၊ မိမိတို့ရဲ့ လုပ်ငန်းတွေ အောင်မြင်ဖို့၊ ယုတ်စွအဆုံး နိုင်ငံ ရေးနဲ့ပတ်သက်တဲ့ ပွဲလေးတွေလောက်မှာပဲဖြစ်ဖြစ်၊ အသောက်အစားတွေကင်းပြီး တိုင်းပြည်အကျိုးကို ဆောင်ကျဉ်းနိုင်ကြပါစေ။ အသောက်အစား ကုန်ကျမယ့်ငွေတွေကို စုဆောင်းပြီး အဖမ်းဆီးခံ၊ နိုင်ငံရေး အကျဉ်းသားမိသားစုများထံ ထောက်ပံ့မှုပေးမယ်ဆိုရင်တောင် အများလေးစားနိုင်ကြမှာပါ။ ထိပ်ဆုံး NCGUB အဖွဲ့လိုမျိုးကစပြီး ပြုပြင်နိုင်ကြစေဖို့ တိုက်တွန်းတောင်းဆိုပါတယ်။ အလွဲသုံးစားမှုလေးတွေလည်း ကင်းပြီး ရိုးသားဖြူစင်နိုင်ကြပါစေ။ နမူနာကောင်းတွေ ပြနိုင်ကြပါစေ။

ကျနော့်ရဲ့ တင်ပြချက်ကို အဆုံးသတ်ရရင် နောက်ဆုံးမှာ နိုင်ငံရဲ့ အပြောင်းအလဲကို တကယ်တမ်းဖော်ဆောင်ရမှာ၊ အဆုံးအဖြတ်ပေးမှာက ပြည်သူလူထုပါ။ ပြည်သူလူထုလို့ဆိုရာမှာ တိုင်းရင်းသားအားလုံး၊ ၀န်ထမ်းများ၊ ဒီအထဲမှာ တပ်မတော်သားများလည်း ပါဝင်နေပါတယ်။ ဒီတော့ အားလုံးကို ဘ၀တူတွေလို့ ရှုမြင်ပေးပါ၊ စည်းရုံးကြပါ၊ စည်းလုံးကြပါ။

လူထုမှာ ဘေးကျပ်နံကျပ်ရောက်နေပါတယ်။ အခြေခံအကျဆုံး အချက်ငယ်လေးတွေကစပြီး ညီညွတ်မှုကို အမြန်ဆုံး တည်ဆောက်နိုင်ဖို့ ကြိုးစားပေးကြပါ။ အထူးသဖြင့် ပြည်ပရောက် ၀န်ထမ်းများကိုလည်း အထူးစည်းရုံးပေးပါ။ တပ်မတော်သား တွေဟာလည်း ပြည်သူက ပေါက်ဖွားလာတာပါ။ သူတို့ကိုလည်း တိုက်ရိုက်ရော၊ သူတို့ရဲ့ မိဘဆွေမျိုး နီးစပ်ရာ တွေကတဆင့် နားဝင်အောင် ပြောဆိုစည်းရုံးကြပါ။ လူတိုင်းဝိုင်းပြီး စည်းရုံးရေးဆင်းကြရင် အမြန်ညီညွတ်လာ မှာပါ။ ဒါဟာ မလွဲမသွေ ဆောင်ရွက်သင့်တဲ့ သမိုင်းပေးတာဝန်တရပ်ပါပဲ။

ပြည်ပရောက်အဖွဲ့အစည်းတွေအနေနဲ့လည်း လူကြားကောင်းရုံ၊ စားကောင်းသောက်ကောင်းရုံ၊ အလုပ်ဖြစ်တယ်ဆိုရုံလောက် ပြောဆိုလုပ်ကိုင်နေကြမယ့်အစား ကျယ်ပြန့်တဲ့ လူထုလူတန်းစားအသီးသီး ပါဝင်နိုင်မယ့် ပြည်တွင်းအပြောင်းအလဲကို အမှန်တကယ် တွန်းအားပေးနိုင်တဲ့ အခြေခံအကျဆုံး၊ အရိုးဆုံး အရှင်းဆုံး နည်းဗျူဟာငယ်တွေ သုံးပြီး စဉ်းစားဆောင်ရွက်ပေးကြပါ။ ရိုးသားကြပြီး တိုင်းပြည်နဲ့ လူမျိုးအပေါ်အမှန်တကယ် သစ္စာရှိကြဖို့ကို အနူးအညွတ် တိုက်တွန်းပါရစေ။ ပြည်ပရောက် နိုင်ငံရေး ခေါင်းဆောင်များအပေါ် မယုံကြည်နိုင်ကြလို့ ဘေးရောက်နေကြတဲ့ အင်အားတွေ ဒုနဲ့ဒေးပါ။ မိမိတို့ကိုယ်တိုင် နမူနာပြနဲ့ စတင်ဆောင်ရွက်နိုင်ကြရင် အင်အားစုတွေ စည်းလုံးမိကြမှာပါ။ ဒီလိုနဲ့ပဲ ပြည်တွင်းပြည်ပမှာ ပြည်သူ့အားတွေ တစည်းတလုံးထဲ ပေါင်းစည်းမိသွားရင် ငြိမ်းချမ်းတဲ့ အပြောင်းအလဲတရပ် အမြန်ပေါ်ပေါက်လာရမှာပါ။

ကျနော့်အနေနဲ့ တင်ပြလိုရင်းဆန္ဒသည် မည်သည့် ပုဂ္ဂိုလ်တဦးတယောက်ကိုမှ ပျက်စီးစေရန် မရည်ရွယ်ပါ။ တပ်မတော်အပါအ၀င် ရှိရှိသမျှသော မြန်မာနိုင်ငံသားတွေ အချင်းချင်း စည်းလုံးညီညွတ်မှုကို အမြန်ဆုံး တည်ဆောက်ပြီး ရှေးဘိုးဘွား အစဉ်အဆက် တည်ဆောက်ထိန်းသိမ်းလာခဲ့တဲ့ အမိမြန်မာပြည်ရဲ့ မြေပုံကို အသွင်သဏ္ဌာန်အရရော၊ အနှစ်သာရအနေနဲ့ပါ ပြောင်းလဲမှုမရှိအောင် လက်ဆင့်ကမ်း ထိန်းသိမ်းနိုင် ကြဖို့အတွက် ကျနော်တို့အားလုံး “အရေးကြီးနေပြီ သွေးနီးကြပါစို့” လို့ အလေးအနက် တိုက်တွန်းတောင်းဆို လိုက်ရပါတယ်။

အမိမြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းသာယာ၍ ကမ္ဘာ့အလယ် ၀င့်ဝင့်ထည်ထည်နှင့် အမြန်ဆုံး ရပ်တည်နိုင်ပါစေကြောင်း ဆုမွန်တောင်းလိုက်ပါတယ်။



အရေးကြီးပြီ သွေးနီးကြပါစို့ (၁)

REF:
ခေတ်ပြိုင်

0 comments:

အပေါ်သို့