Thursday, 12 February 2009
မနက်ဖြန် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် ငွေစက္ကူ ပေါ်တွင် ဗိုလ်ချုပ်ပုံကို ရိုက်နှိပ်ဖြန့်ဝေသည့် လှုပ်ရှားမှု ပြုလုပ်နေ ကြောင်း လူငယ်အဖွဲ့တဖွဲ့က ဆိုသည်။
ဗိုလ်ချုပ် ကဲ့သို့ သူရဲကောင်းစိတ်ဓာတ်ကို လူထုများ အကြား မေ့လျော့ခြင်းမရှိစေရန် ရည်ရွယ်သည်ဟု မျိုးဆက်သစ် လူငယ်များ အဖွဲ့ ခေါ် Generation Wave (GW) အဖွဲ့က ဆိုသည်။
“ဗိုလ်ချုပ် အောင်ဆန်းက မတရားဖိနှိပ်မှုတွေကို တွန်းလှန်ခဲ့တဲ့ သူရဲကောင်းဖြစ်တယ်။ သူရဲကောင်း တယောက်ရဲ့ ပုံရိပ်ကို လက်ရှိ ဖိနှိပ်နေတဲ့ သူတွေက ဖျောက်ဖျက် ပစ်တယ်။ ဒါပေမယ့်လည်း ဗိုလ်ချုပ် အောင်ဆန်းရဲ့ စိတ်ဓာတ်ကို လူငယ်တွေက လုံးဝ မမေ့ဘူး။ အမြဲတမ်း အတုယူ လေးစားနေတယ် ဆိုတဲ့ ရွည်ရွယ်ချက်နဲ့ ဖြန့်ဝေခြင်းဖြစ်ပါတယ်” ဟု (GW) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမိုဃ်းသွေး က ပြောသည်။ ဗိုလ်ချုပ်အောင်ဆန်း ပုံပါသည့် အင်္ကျီ ဝတ်ဆင်သည့် လူငယ်တချို့ ဖမ်းဆီးခံရဖူးသည် ဟုလည်း ကိုမိုဃ်းသွေးက ဆိုသည်။
ယင်း ငွေစက္ကူ လှုပ်ရှားမှုကို ၂၀၀၈ခုနှစ် နိုဝင်ဘာလမှ စတင်ခဲ့သည်ဟု ဆိုသည်။ ယခုနှစ် ဇန်နဝါရီလအထိ ဗိုလ်ချုပ်ပုံကို ငွေစက္ကူများပေါ်တွင် ရိုက်နှိပ်ပြီး ရန်ကုန်မြို့ နှင့် နယ်မြို့ကြီးတချို့တွင် ဖြန့်ဝေခဲ့သည်ဟု ဆိုသည်။
စစ်အစိုးရက ဗိုလ်ချုပ်အောင်ဆန်း သမိုင်းကြောင်း နှင့် ပတ်သက်ပြီး မှေးမှိန်စေရန် ငွေစက္ကူများမှ ဗိုလ်ချုပ်ပုံများကို ဖျောက်ဖျက်ခြင်း၊ ဗိုလ်ချုပ် အောင်ဆန်း၏ အထ္ထုပ္ပုတ္တိ စာအုပ်များ၊ ကျောင်းစာအုပ်များ၊ ၎င်းတို့မှ ဖျောက်ဖျက်ခြင်း ကိုမိုဃ်းသွေးကဆိုသည်။
“လက်ရှိ အသက်၁၈နှစ်ကျော် လူငယ်တွေက ဗိုလ်ချုပ်အောင်ဆန်း မည်သူမည်ဝါဆိုတာကို သိပေမယ့်လည်း သူ့ရဲ့ ကိုယ်ရေးရာဇာဝင် အသေးစိတ်ကိုတော့ သိကြမယ်လို့ မထင်ဘူး။ အသက် ၁၈နှစ်အောက် ကလေးတွေကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်လို့ သိပ် မသိကြတော့ဘူး” ဟုလည်း ကိုမိုဃ်းသွေးကရှင်းပြသည်။
မြန်မာနိုင်ငံ၌ ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားသည့် ဖေဖော်ဝါရီလ ၁၃ရက်နေ့ကို ကလေးများနေ့ အဖြစ် သတ်မှတ် ထားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်နာမည်မှာ မောင်ထိန်လင်းဖြစ်ပြီး ၁၉၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့ ၌ မကွေးတိုင်း၊ နတ်မောက်မြို့တွင် မွေးဖွားခဲ့သည်။ နယ်ချဲ့ ကိုလိုနီ နှင့် ဖက်ဆစ်ဂျပန် တို့၏ လက်အောက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် ဦးဆောင် တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။
၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့ သူ၏ အသက် ၃၂နှစ် အရွယ်တွင် လုပ်ကြံခံရပြီး ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့သည်။
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သည်။
GW အဖွဲ့က ဖေဖော်ဝါရီ ၅ ရက်နေ့တွင်လည်း ရန်ကုန်မြို့ရှိ လူစည်ကားရာ အရပ်များတွင် အင်္ဂလိပ် ဘာသာဖြင့် “CNG” Change New Government စာတန်းများကို ပိုစတာချိတ်ခြင်း၊ လှုံ့ဆော်စာများ ဖြန့်ဝေခြင်း၊ နံရံတွင် လှုံ့ဆော်စာများ ရေးသားခြင်း စသည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
လာမည့် ဖေဖော်ဝါရီ ၁၄ရက်နေ့ ချစ်သူများနေ့ (Valentine’s Day)တွင်လည်း ငြိမ်းချမ်းရေးနှင့် ချစ်ခြင်း မေတ္တာကို သင်္ကေတ အဖြစ် နှင်းဆီပန်းများကို ရင်ဘတ်တွင် ထိုးခြင်း၊ ကျောပိုးအိတ်များ၊ ကျောင်းများ၊ အိမ်များ၊ ရုံးများတွင် ချိတ်ဆွဲခြင်း၊ နှင်းဆီပန်းပုံပါသည့် ပို့စကတ်များ၊ ဆုတောင်းမေတ္တာ ပို့သသည့် စာများ ရေးပြီး ဖြန့်ဝေရန် ပြည်သူလူထု တရပ်လုံးက တက်ကြွစွာ ပါဝင် လှုပ်ရှားသွားရန်လည်း ပန်ကြားထားသည်။
GW အပါအဝင်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (အထက်ဗမာပြည် - ယာယီ) နှင့် လူထုတရပ်လုံးအတွက် အစတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့ တို့က ပူးပေါင်း တိုက်တွန်းထားခြင်းဖြစ်သည်။
GW အဖွဲ့သည် ၂၀၀၇ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် သံဃာတော်များ၏ ဆန္ဒပြပွဲများအပြီးတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
အေးလဲ့
REF: ဧရာဝတီ
0 comments:
Post a Comment