သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၂၆ ရက် ၂၀၁၀
(UDP ဥက္ကဋ္ဌ ဦးသုဝေနှင့် တွေ့ဆုံမေးမြန်းချက်)
မဇ္ဈိမသတင်းဌာန
ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂ဝ၁ဝ ခုနှစ်။
ချင်းမိုင်(မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် တွေ့ဆုံ ဆွေးနွေးပွဲများ ဖြစ်ပေါ် မလာခြင်းသည် စစ်အစိုးရနှင့် အတိုက်အခံ အကြား လူပုဂ္ဂိုလ် အထစ်အငေါ့ကြောင့် ဖြစ်သည်ဟု မြန်မာပြည်တွင်းရှိ UDP ခေါ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက မဇ္ဈိမကို ပြောသည်။
စစ်အစိုးရသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့်သာ ဆွေးနွေး လိုသော်လည်း NLD ဘက်က (မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်) ဒေါ်အောင်ဆန်းစုကြည်ကို ဦးဆောင် ဆွေးနွေးမည့်သူ အဖြစ် သဘောထား ရှိနေသဖြင့် ထိုသို့သော လူပုဂ္ဂိုလ် အထစ် အငေါ့ကြောင့်သာ တွေ့ဆုံ ဆွေးနွေးရေး အဆင်မပြေ ဖြစ်ရကြောင်း ဝါရင့် နိုင်ငံရေး သမားကြီးက ပြောဆိုခြင်း ဖြစ်သည်။
UDP သည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိရေးအတွက် ရည်ရွယ်ထားသည့် အလျောက် UDP ဖွဲ့စည်းပုံ၊ လှုပ်ရှားမှု၊ ရွေးကောက်ပွဲမှ ပေါ်ထွက်လာမည့် ရလဒ်၊ မီဒီယာများ၏ အခန်းကဏ္ဍ၊ အမေရိကန် အစိုးရ၏ မြန်မာပြည်အပေါ် ထားရှိသည့် engagement မူဝါဒအသစ်၊ အိမ်နီးချင်း နိုင်ငံကြီးများ၏ ရပ်တည်ချက် စသည်တို့ကို သိရှိနိုင်ရန် ထိုင်းနိုင်ငံတွင် ခေတ္တ ရောက်ရှိနေသော UDP ဥက္ကဋ္ဌ ဦးသုဝေကို မဇ္ဈိမသတင်းဌာန မန်းနေးဂျင်း အယ်ဒီတာ စိန်ဝင်းက တွေ့ဆုံမေးမြန်းထားပါသည်။
ပါတီရဲ့ ဖွဲ့စည်းပုံနဲ့ လက်ရှိလှုပ်ရှားမှုအခြေအနေကို အကျဉ်းချုံး ရှင်းပြပေးပါခင်ဗျ။
ကျနော်တို့က လာမယ့် အထွေထွေ ရွေးကောက်ပွဲဟာ အရေးကြီးတယ်လို့ ယူဆတယ်ပေါ့နော်။ အရေးကြီးတယ်လို့ ယူဆပေမယ့်၊ ဒီရွေးကောက်ပွဲ ဥပဒေတွေကလည်း မထွက်သေးဘူး။ တရားဝင် မလုပ်နိုင် သေးဘူးပေါ့နော်။ မလုပ်နိုင် သေးပေမယ့် မလုပ်ရင် ကျနော်တို့က တိုင်းပြည် အတွက်လည်း နာမယ်၊ ကျနော်တို့လည်းပဲ အချိန် နောက်ကျသွားမယ်လို့ ယူဆတဲ့အတွက် ကျနော်တို့က စွန့်စားပြီးတော့ လုပ်နေပါတယ်။
ပါတီဖွဲ့စည်းပုံကို ကျနော်တို့ ဖွဲ့စည်းတဲ့အခါမှာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ဖွဲ့လိုက်ပါတယ်။ ပြီးတော့ အမျိုးသမီး အဖွဲ့ကို ဖွဲ့တယ်၊ လူငယ် အလုပ်အမှုဆောင် အဖွဲ့ကို ဖွဲ့တယ်။ အဲဒါပြီးတဲ့နောက် ကျနော်တို့ မြို့နယ်တွေနဲ့ တိုင်းတွေအချို့ကို စပြီးတော့ ဖွဲ့စည်းပါတယ်။
အခုအခြေအနေမှာ ဖြစ်ပေါ်လာမယ့် ရွေးကောက်ပွဲမှာ တရားမျှတမယ်လို့ အန်ကယ့်အနေနဲ့ ထင်သလား။
အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လူထုကို ပြောတယ်ပေါ့နော်။ တရားမျှတမှု ရှိတဲ့ ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ သူက ပြောတယ်။ နောက်တခုကတော့ နိုင်ငံခြားရေး ဝန်ကြီးကလည်းပဲ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေကို တရားမျှတတဲ့၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲ လုပ်ပေးပါမယ်လို့ ပြောတယ်။
သူတို့က ဒီလိုအများကို ထုတ်ပြီးတော့ ပြောတာကြတော့ကာ သူတို့ပြောတာကို ကျနော်တို့က ကြိုဆိုတယ်။ ကောင်းတဲ့ ပြောခြင်းပဲ။ သို့သော် လက်တွေကတော့ အဲသလို ဟုတ်ချင်လည်း ဟုတ်မယ်၊ မဟုတ်ချင်လည်း နေမယ်။ ကျနော်တို့ကတော့ လောလောဆယ်မှာ ယုံလိုက်ချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နေရာတကာမှာ သံသယတွေ ထားရင် အလုပ် မဖြစ်ဘူး။
အန်အယ်ဒီအနေနဲ့ရော ဒီရွေးကောက်ပွဲမှာ ဝင်ပြိုင်သင့်တယ်လို့ ထင်သလား ခင်ဗျ။
ဒီလို ပါတီတခုဆိုသည်မှာကတော့ သူတို့ပါတီရဲ့ အခြေအနေ၊ သူတို့ပါတီရဲ့ ရပ်တည်ချက်ကို ပါတီဝင်တွေက ဆုံးဖြတ်တာ ဆိုတော့ သူတို့ရဲ့ အခြေအနေအရ သူတို့ဆုံးဖြတ်တာပေါ့။ ကျနော်တို့ကတော့ သူတို့ကို ဝင်စေချင်တယ်၊ ပါစေချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတဲ့အခါ ကျနော်တို့က ပါဝင်တဲ့ လူတွေများလေလေ၊ လူထုက လူတော် လူကောင်းတွေ ရွေးနိုင်လေလေ ဖြစ်လို့ ပါစေချင်တယ်။ ပါတာ၊ မပါတာကတော့ သက်ဆိုင်ရာ ပါတီရဲ့ ဆုံးဖြတ်ချက်ပေါ့ဗျာ။
ဒီရွေးကောက်ပွဲကနေ ဘယ်လိုတွေ ဖြစ်လာနိုင်မယ်လို့ အန်ကယ် မျှော်လင့်ထားလဲ။ အရပ်သားတွေ ဘက်က ဘာတွေ ရလာနိုင်မယ်လို့ မျှော်လင့်လဲ။
ဒီရွေးကောက်ပွဲဖြစ်ရင်ပေါ့နော်၊ ရွေးကောက်ပွဲ လာပြီဆိုတာနဲ့ အခု လက်ရှိ စစ်အစိုးရစနစ်နဲ့ အုပ်ချုပ်နေတာ။ ဒီစစ်အစိုးရ စနစ်နဲ့ အုပ်ချုပ်နေရာမှ နေပြီးတော့ ရွေးကောက်ပွဲ ပြီးသွားတာနဲ့ စစ်အစိုးရ စနစ် မဟုတ်တော့ဘူး၊ အရပ်သား အစိုးရ ဖြစ်လာပြီ။ ဒီစနစ် အပြောင်းအလဲ ဆိုတာကလည်း နည်းတဲ့ အပြောင်းအလဲ မဟုတ်ဘူး။ ဒီအပြောင်းအလဲမျိုးက လည်းပဲ အခွင့်အရေး တခါပဲရတယ်။
ဒါကြောင့်မို့လို့ ဒီအပြောင်းအလဲကို ကျနော်တို့ ပါတီက တကယ့်ကို ဆုပ်ကိုင်ပြီးတော့ အသုံးချမယ်။ အဲဒီ အရပ်သား အစိုးရဖြစ်လာရင် အဲဒီ အရပ်သား အစိုးရက ဒီမိုကရေစီ အရပ်သား အစိုးရ ဖြစ်လာအောင်ကတော့ လူထုမှာ ရှိတယ်။
အန်ကယ့်ပါတီက မကြာသေးခင်က ပြောထားတာရှိတယ်။ အခုချိန်ထိ ရွေးကောက်ပွဲ ဥပဒေက ထွက်မလာသေးဘူး။ အဲဒီတော့ ရွေးကောက်ပွဲ ဝင်ဖို့ကို ပြန်စဉ်းစားရပါမယ် ဆိုတဲ့ဟာ။ အဲဒီအပေါ်မှာရော အန်ကယ့်အနေနဲ့ ဘာများ ထပ်ပြောချင်သေးလဲ။
အမှန်အတိုင်းဆိုရင် ရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့ဆိုတာ အချိန် အများကြီး လိုပါတယ်။ တနှစ်နဲ့တောင်မှ လူထုဆီကို အပြည့်အဝ ရောက်လိမ့်မယ် မထင်ဘူး။ အများကြီး လိုသေးတယ်။ ဒါက တကယ်လိုတာကို ပြောတာ။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲကို အချိန်မီဖြစ်အောင် လုပ်ပေးပါလို့ တောင်းဆို ခဲ့တာပေါ့နော်။
ဒါပေမဲ့ သူတို့ကလည်း ပြန်ကြားချက် မရှိပါဘူး။ အချိန်ကလည်း အဲလောက် မရပါဘူး။ မရပါဘူး ဆိုတဲ့အခါကျ သူတို့ မဝင်တော့ဘူးဆိုရင် သူတို့ မူလက ရည်ရွယ်ချက် ဥစ္စာက တိုင်းပြည်အတွက် နစ်နာသွားမှာပေါ့။
ဒါကြောင့်မို့လို့ တရားမဝင် နဂိုကတည်းက လုပ်နေတာပေါ့။ ဟိုဟာကြီးကို စောင့်နေတော့ကြတော့ အကယ်၍များ လုပ်ချိန်မရရင် မဝင်ဘူးပေါ့။ အခုတော့ တရားမဝင် လုပ်နေတဲ့ အတွက်ကြောင့် ရတဲ့ အချိန်ဟာ တို့အတွက် အမြတ်ပဲ ဆိုပြီးတော့ ဒီလိုလုပ်မှာပါ။
လက်ရှိမြန်မာပြည်ရဲ့ အနေအထားက ရွေးကောက်ပွဲလား ဒါမှမဟုတ် တခြား ပြဿနာတွေ၊ စိန်ခေါ်မှုတွေ ဘာတွေလဲ။
မြန်မာပြည်မှာက ပြဿနာ စိန်ခေါ်မှုတွေက အများကြီးပဲ။ အခု တွေ့ဆုံဆွေးနွေးရေး ဆိုတာ နည်းတဲ့ ပြဿနာ မဟုတ်ဘူး။ နောက်ပြီးတော့ တိုင်းရင်းသားတွေရဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ဆိုတာကလည်း ဒီပြဿနာလည်း အကြီးကြီးပဲ မလွယ်ဘူး။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြောနေကြတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ Reconcile အတူ မလုပ်နိုင်တာ ဘာကြောင့်လို့ အန်ကယ်ထင်လဲ။
တွေ့ဆုံဆွေးနွေးရေး လုပ်လာတာ အနှစ် ၂ဝ ရှိပြီ။ နည်းနည်းလေး မဟုတ်ဘူး။ အကြိမ်ကြိမ် တွေ့တာ၊ ဆယ်ပေါင်း ရာပေါင်းနဲ့ချီ တွေ့ဆုံပွဲတွေ သူတို့လုပ်တာ။ မအောင်မြင်ဘူး။ မအောင်မြင်တာက သူတို့ ပြောပုံ ဆိုပုံတွေကို ကျနော်တို့က တွေ့ဆုံ ဆွေးနွေးတဲ့ နေရာမှာ သူတို့ ဘာတွေ ပြောကြသလဲဆိုတာ ထုတ်ပြန်ခြင်း မရှိဘူး။ ထုတ်ပြန်ခြင်း မရှိဘူးဆိုတော့ အသေးစိတ်ကို ကျနော်တို့ မသိရဘူး။
မသိရပေမယ့် သူတို့တွေ ပြောပုံဆိုပုံတွေ ဘာတွေကို ကြည့်ရခြင်း အားဖြင့်တော့ ဘာက အထစ်အငေါ့ ဖြစ်နေသလဲလို့ ဆိုလို့ရှိရင် လူပုဂ္ဂိုလ် အထစ်အငေါ့ပဲလို့ ကျနော်တော့ ထင်တယ်။ ဘာဖြစ်လို့လဲလို့ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့တော့ တောင်းဆိုတဲ့ နေရာမှာ သူတို့က ပြောဆိုနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မလိုချင်ဘူး ပေါ့နော်။
ဒါပေမဲ့ NLD နဲ့ တွေ့ဆုံမယ်ဆိုပြီးတော့ သူတို့ ချဉ်းကပ်တယ်၊ ဒီအစိုးရက။ ဒါပေမဲ့ NLD အဖွဲ့ကလည်းပဲ၊ သူတို့က ဘာပြန်ဖြေလဲ ဆိုတော့ NLD အဖွဲ့ကို ခေါင်းဆောင်မှာက ဒေါ်စု၊ ခင်ဗျားတို့ ဒေါ်စုနဲ့ပဲ ဆွေးနွေးပါ။ ဒါမှမဟုတ်ရင် ဆွေးနွေးတဲ့ အဖွဲ့မှာ ဒေါ်စုကို ခေါင်းဆောင်ပေးပါ။ သူတို့က ဆွေးနွေးချင်တယ် ပေါ့နော်။ ဟိုကနေပြီးတော့ ကမ်းလှမ်းတဲ့ အခါမှာ။ ဒီအစိုးရကလည်း ဘာလဲဆိုတော့ ဒေါ်စုကို မလိုချင်တာ။ သူပါနေလို့ကို မဆွေးနွေးတာ။
ဒါဆိုရင် ဒီတွေ့ဆုံဆွေးနွေးဖို့က ဖြစ်နိုင်ဖို့ အတော်နည်းနေတဲ့ သဘောပေါ့။
ကျနော်တို့ကတော့လေ တွေ့ဆုံဆွေးနွေးရေးက အမှန်တော့ ဖြစ်နိုင်ရင် သိပ်ကြိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ညင်ညင် သာသာနဲ့ အပြောင်းအလဲ ဖြစ်မှာပါ။ ဒါပေမဲ့ ခုန အတားအဆီးကြောင့် ဖြစ်ဖို့က မလွယ်ဘူးလို့ ယူဆတယ်။ မလွယ်တဲ့ အတွက်ကြောင့် ကျနော်တို့က ရွေးကောက်ပွဲကို ဝင်ပြီးတော့ ဒီနည်းဟာ တခြားနည်း တနည်းပဲ ဆိုပြီးတော့ အဲဒီလို ဆုံးဖြတ်တာ။
ဒီနိုင်ငံရေး အကျပ်အတည်းမှာ ဒီရွေးကောက်ပွဲက ထွက်ပေါက်တခုရယ်လို့ ပြောတာ၊ NLD အနေနဲ့ ရွေးကောက်ပွဲ ဝင်မယ်၊ တဖက်ကလည်း စစ်အစိုးရ အနေနဲ့ သူ့ရဲ့ ပါတီတွေတော့ ရှိလာမှာပေါ့လေ။ အန်ကယ်တို့ အနေနဲ့ အဲလိုကြားမှာ ယှဉ်ပြိုင်ရတာ အခက်အခဲ မကြီးနိုင်ဘူးလား။
ဒီလို။ ဒါကတော့ ရွေးကောက်ပွဲဆိုသည်မှာကတော့ အဖြေက ဘယ်လိုလာမှန်း မသိသေးဘူးနော်။ အခြေအနေ ဘယ်လို လာမှန်း မသိသေးဘူး ဆိုတော့ ကျနော်တို့ကတော့ နိုင်ငံရေး ပါတီတွေကို တည်တည်ငြိမ်ငြိမ်ပဲ ဖြစ်စေချင်တယ်။ ဥပမာ အားဖြင့် ဖြစ်နိုင်တဲ့ NLD လည်း တပေါင်းတည်း ဖြစ်စေချင်တယ်။ ဟိုးအရင် ၁၉၉ဝ ရွေးကောက်ပွဲ တုန်းကလည်း ဖြစ်ဖို့ ကြိုးစားတယ်။
ဖြစ်ဖို့ ကြိုးစားတယ်ဆိုတာက ဒေါ်စုကလည်း ဖြစ်စေချင်တယ်။ သူပဲ ကျနော့်ကို အစပေးထားတာ အတူ ဆွေးနွေးရအောင် ဆိုတော့ ကျနော် သွားတယ်။ ဆွေးနွေးတော့ သူက ချက်ချင်းပဲ ပြောတယ်။ အတူတူ လုပ်ကြရအောင် ဆိုတဲ့ အကြောင်းကို ပြောတယ်။
ကျနော်ကလည်း သဘောကျပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ဘာဖြစ်နေလဲလို့ ဆိုတော့ ဦးနုကလည်း ရှိတယ်။ ဦးနုက ရှိတော့ ကျနော်က ပြောတယ်။ ကျနော်နဲ့တင် မပေါင်းပါနဲ့ ဦးနုနဲ့ပေါင်းပါ သူက အရေးကြီးတယ် ဆိုတော့ ဒေါ်စုကလည်း ဘာပြန်ပြောသလဲ ဆိုတော့ ကျမလည်း ပေါင်းချင်တယ်။
ဒါပေမဲ့ သူတို့အဖွဲ့တွေမှာ အဲဒီတုန်းက ဦးအောင်ကြည်ကလည်း ရှိသေးတယ်။ ဦးအောင်ကြည်က ဦးနုက အိမ်ရှေ့က တက်ရင် သူနောက်ဖေးက ဆင်းမယ် ပြောနေတယ်။ အဲဒီတော့ကာ ဒီလိုလုပ်ပါလား ဦးသုဝေရယ်တဲ့၊ ရှင်က ဦးနုကို ဒီထဲပါလာအောင် လုပ်ပါ။ ကျမက ကိုအောင်ကြည်ကို နားလည်မှု ရှိလာအောင် လုပ်ပြီးတော့ ပေါင်းကြရအောင် ဆိုတော့ နားလည်မှု ရှိခဲ့ဖူးတယ်။ အဲဒီနောက်မှာ သူ အဖမ်း ခံလိုက်ရတယ်။
အန်ကယ်က သတင်းစာ ဆရာကြီးတယောက်လည်း ဖြစ်ခဲ့ဖူးတယ်ဆိုတော့ ရွေးကောက်ပွဲမှာ မီဒီယာရဲ့ အခန်းကဏ္ဍ ဘယ်လောက်ထိ အရေးကြီးလဲ၊ မီဒီယာက ဘာတွေ လုပ်နိုင်မယ်လို့ ထင်လဲခင်ဗျ။
မီဒီယာက အများကြီး လုပ်နိုင်တာပေါ့။ ဒီခေတ်မှာဆို ပိုပြီး လုပ်နိုင်တာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဘာပဲပြောပြော ဒီတိုင်းပြည် လူထုကို သိအောင် လုပ်ရမှာပေါ့။ နိုင်ငံရေး ပါတီတွေက ဘာကြောင့် ရွေးကောက်ပွဲ ဝင်တယ်၊ သူတို့သဘောထားက ဘာလဲ၊ ဆိုတာတွေ ရှင်းပြနိုင်ဖို့ လိုတာပေါ့နော်။ အစိုးရလုပ်တာ ကောင်းတယ်၊ မကောင်းဘူး။ ဒီပါတီတွေက သူရှင်းပြတဲ့ဟာ ကောင်းတယ်၊ မကောင်းဘူး။ ဒီပါတီတွေက သူရှင်းပြတဲ့ဟာ သဘာဝကျတယ်၊ မကျဘူး။ သူတို့ ကြိုက်တယ်၊ မကြိုက်ဘူးဆိုတာ သိရအောင် မီဒီယာက လုပ်ပေးရမှာ။ မီဒီယာရဲ့ အခန်းကဏ္ဍက အင်မတန်ကို ကြီးတယ်။ လုပ်ပေးနိုင်တဲ့ အခြေအနေမှာ ရှိတယ်။ လုပ်ခွင့်သာ ရရင်။
စစ်အစိုးရကရော လုပ်ခွင့်ပေးမလား။
လုပ်ခွင့်သာ ရရင်ပေါ့နော်။ အခုတော့ အပြတ်ဖြတ်ထားတယ်။ မီဒီယာတွေ အရင်တုန်းက ရှိတာထက်ကိုတော့ နည်းနည်း ရေးပိုင်ခွင့်လေးတွေ ပေးလာတာကို တွေ့ရတယ်။ ဒါပေမယ့်လည်း သူတို့က ဘာပြင်ဆင် ထားလဲ။ ဒါကတော့ သူတို့ဘက်က ရွေးကောက်ပွဲ ပြီးမှပဲ သူတို့ဘက်က ပြင်ဆင်တာ ရှိလိမ့်မယ်။ ဥပမာ မြန်မာတိုင်းမ်တို့၊ ဘာတို့ ဆိုလို့ရှိရင် သတင်းစာတွေ ထိတောင် လုပ်ဖို့၊ ဂျာနယ်တွေ ထပ်ဖွဲ့ဖို့တောင် ရှိတယ်။
ဒီလောလောဆယ်တော့ ကျနော်တို့ အစည်းအဝေးတွေ ဘာတွေ လုပ်တယ်။ ကျနော်တို့ ပြောတဲ့ သဘောထားတွေကို ဖေါ်ပြလို့ မရသေးဘူး။ စာပေစိစစ်ရေးက တားထားတယ်။ ဒါ ဥပဒေ မထွက်သေးလို့ ဆိုပြီး သူတို့က ပြောတယ်။
အမေရိကန်ရဲ့ လက်ရှိ ပေါ်လစီ၊ မြန်မာပြည်အပေါ်မှာ ထားရှိတဲ့ engagement ပေါ်လစီကို အန်ကယ့် အနေနဲ့ ဘယ်လိုမြင်လဲ။
အမေရိကန်ကတော့ အစတုန်းက နဝတ နဲ့ ဆန့်ကျင်တယ်ပေါ့နော်။ လွန်ခဲ့တဲ့ အစပိုင်းတုန်းကပေါ့။ အခု အိုဘားမား အစိုးရ တက်လာတဲ့ အခါကျတော့ သူ့ပေါ်လစီ အပြောင်းအလဲ ရှိပါတယ်။ အပြောင်းအလဲက ဘာလဲဆိုတော့ နအဖနဲ့ စကားပြောတယ်။ သူတို့ အဲဒီလိုပြောလာတဲ့ အခါမှာ နအဖ အစိုးရလည်းပဲ အမေရိကန် အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးချင်ပါတယ်လို့ ဖြေတယ်။
ဒီကိုလာလို့ရှိရင် အောင်မြင်လာလိမ့်မယ်လို့ ပထမတုန်းက ကျနော်တို့က တွက်တယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ ပေါ်လစီက ဟိုတုန်းက ပေါ်လစီတွေကို အပြောင်းအလဲ မလုပ်ဘူး။ မလုပ်ဘူးဆိုတာ ဘာတွေ့လဲဆိုတော့ စပြီးတော့ မဆွေးနွေးခင်မှာ ကတည်းကိုက သူက ဘာတောင်းဆိုလိုက်လဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ။ အမေရိကန်နဲ့ ဆက်ဆံရေး အကုန် ပြေလည်သွားပါစေ့မယ်။ ဒါ အရင်ဦးပဲ။ ဒီအစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မပါစေချင်တာ။ အကယ်၍သာ အမေရိကန်က ဒေါ်စု ပြဿနာမှတပါး တခြားဟာတွေ ဆွေးနွေးမယ်ဆိုရင် ပြေလည်နိုင်တယ်။
နောက်ထပ် အရေးကြီးတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယအစိုးရနဲ့ မြန်မာ အစိုးရ ဆက်ဆံနေတဲ့ အပေါ်မှာရော ဘယ်လို သုံးသပ်လဲခင်ဗျ။
ဒါကတော့ နိုင်ငံတိုင်းက သူ့နိုင်ငံအကျိုး ကြည့်ကြတာပဲဗျ။ တရုတ်လည်း သူ့နိုင်ငံအကျိုး ကြည့်တယ်။ အိန္ဒိယလည်း သူ့နိုင်ငံအကျိုး ကြည့်တယ်။ မြန်မာလည်း သူ့နိုင်ငံအကျိုး ကြည့်တယ်။ အကျိုးကြည့်တဲ့ အခါကျတော့ ဥပမာ ပြီးခဲ့တဲ့ အချိန်လောက်တုန်းက ဆိုလို့ရှိရင် နိုင်ငံတကာ ဆက်ဆံရေးမှာ တရုတ်က အများကြီး အထောက်အပံ့ ပေးခဲ့တယ်။ သူက ကာကွယ်ပေးတာကိုး။
နို့မို့ဆိုရင်လည်း မြန်မာပြည်က နိုင်ငံတကာရဲ့ တံတွေးခွက်ထဲမှာ မျောနိုင်တာပေါ့။ တရုတ်က အကာအကွယ် ပေးထားတော့ တရုတ်ကိုလည်း အများကြီး ကျေးဇူးတင်မှာပေါ့။ ဒါပေမဲ့ တရုတ်နဲ့ကလည်း ပြဿနာတွေ အများကြီး ရှိသေးတယ်။ ကျနော်တို့ မြန်မာနိုင်ငံနဲ့ နယ်စပ် ပြဿနာတွေနဲ့ပေါ့နော်။
တရုတ်က တဖြည်းဖြည်းနဲ့ ဝါးနေတာ ကျနော်တို့ မြန်မာပြည်ကို။ မြန်မာပြည်ကို တရုတ်က တိုက်ခိုက်ဖူးတယ်။ တရုတ်ပြည်ထဲ ဝင်ခဲ့ဖူးတယ်။ တရုတ်ပြည်ထဲ ကျူးကျော်ဖူးတယ်။ တရုတ်ပြဿနာက တရုတ်က စိတ်ချရတဲ့ အိမ်နီးချင်း မဟုတ်ဘူး။ အားကိုးရတဲ့ အခါ အားကိုးရတာပေါ့။ ဒါကြောင့်မို့လို့ အိန္ဒိယနဲ့လည်းပဲ အားကိုးလို့ ရအောင်လို့ပေါ့နော်၊ ရင်းနှီးအောင် လုပ်တယ်။ အိန္ဒိယကလည်း သူ့အကျိုးအတွက် ရင်းနှီးအောင် လုပ်တယ်။
ဟိုတုန်းကဆိုရင် အိန္ဒိယက ကျနော်တို့ နိုင်ငံရေးပါတီတွေကို နီးနီးစပ်စပ် သူတို့ဧည့်ခံပွဲတွေ အကုန်ဖိတ်တယ်။ ရင်းရင်းနှီးနှီး ဆက်ဆံတယ်။ သို့သော်လည်း ဒီအစိုးရရဲ့ အငြိုငြင်ကို မခံချင်ဘူးပေါ့ဗျာ။ ဒီအစိုးရနဲ့ ရင်းနှီးအောင် လုပ်ပြီးတော့ ကျနော်တို့နဲ့ အဆက်အသွယ် ဖြတ်တယ်။ လုံးဝကို ဖြတ်ထားလိုက်တယ်။
ဒီမိုကရက်တစ်ပါတီအနေနဲ့ ဘယ်နှနေရာကို ဝင်ပြိုင်မယ်လို့ မှန်းထားပြီး၊ ဘယ်လောက် အနိုင်ရမယ်လို့ တွက်ထားမျိုး ရှိလားခင်ဗျ။
ကျနော် ခုနပြောသလိုပေါ့နော်။ ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးလို့ မရသေးဘူး။ မရသေးဘူးဆိုတော့ ကိုယ်စားလှယ် ကောင်းတွေ ကိုယ်တိုင်ကိုယ်၌က ကိုယ်စားလှယ် ကောင်းကလည်း၊ ပါတီက မကျသေးတဲ့ အခါကျတော့ ကိုယ်စိတ်ကြိုက် ရွေးနိုင်တဲ့အရာ ဘယ်ရှိဦးမလဲ။ ရှာရတာပေါ့။ အဲတော့ ရည်ရွယ်ချက်ကတော့ တနိုင်ငံလုံးမှာ ပါနိုင်သမျှ ပါအောင် လုပ်မှာပေါ့။
သို့သော် ဘာအဟန့်အတားတွေ၊ ဘာအကန့်အသတ်တွေ ရှိဦးမလဲဆိုတာ မသိသေးဘူး။ ဥပမာအားဖြင့် သိန်း ၅ဝဝ တင်ရမယ်တို့၊ အမတ်တယောက်က ဆိုရင် ၅ သိန်း တင်ရမယ်၊ ၁ဝ သိန်း တင်ရမယ်။ ဒီလို ငွေကြေးတွေနဲ့ ကန့်သတ်တာတွေ ရှိမယ်။ နောက်တချက်က ဒီပါတီတွေမှာ ပါတီဝင် ဘယ်လောက် ရှိရမယ်တို့ အဲလို ကန့်သတ်ချက်တွေ ရှိလာမယ်ပေါ့ဗျာ၊ အဲဒီလို အကန့်အသတ်တွေ။ အဲဒီလို အကန့်အသတ်တွေရှိလာခဲ့ရင် ကျနော်တို့ အခက်တွေ့မှာ။
ပါတီအနေနဲ့ အရပ်သားတွေကြားမှာ၊ နိုင်ငံရေးအဖွဲ့အစည်း အသိုင်းအဝိုင်းတွေ ကြားမှာ စွပ်စွဲခံရတဲ့ ဟာမျိုးတွေပေါ့။ ပါတီရဲ့ ရန်ပုံငွေက ကနေဒါမှာ ရှိနေတဲ့ လူတယောက်ဆီက ရတယ် ဆိုပြီးတော့ အဲလိုမျိုး ကောလာဟလ အပေါ်မှာ အန်ကယ့်အနေနဲ့ ဘာများ ပြောချင်ပါသလဲ ခင်ဗျာ။
ဦးကျော်မြင့်ဆိုတဲ့ လူပေါ့နော်။ ကျနော်တို့ကတော့ ဟိုတုန်းက သူ့အကြောင်းလည်း သေချာမသိပါဘူး။ ကြားက လူတယောက် မိတ်ဆက်ပေးတဲ့ အတွက် ကျနော်တို့ ရွေးကောက်ပွဲတွေ ဘာတွေ ဖြစ်လာရင် အတူတူ လုပ်မယ်ဆိုတဲ့ ကမ်းလှမ်းချက် ရှိတာပေါ့နော်။
ကျန်တဲ့လူတွေကို ကမ်းလှမ်းတဲ့ သဘောပါပဲ။ သူတယောက်ထဲကို ကမ်းလှမ်းတာ မဟုတ်ဘူး။ လူအများကြီး ကမ်းလှမ်းတဲ့ အထဲမှာ ပါတာပေါ့နော။ ဒါပေမဲ့ နောက်ပိုင်းကျတော့ သူက သီးခြားပါတီ နိုင်ငံခြားမှာ ရှိတယ်လို့ ကြားလိုက်တာ ပေါ့နော်။ အဲဒီတော့ နိုင်ငံခြားမှာရှိတဲ့ သီးခြားပါတီနဲ့ ကျနော်တို့ ပေါင်းလုပ်လို့ မရဘူး။ ပေါင်းလုပ်လို့ မဖြစ်ဘူး။ အဲဒီလို မဖြစ်တော့ ကျနော်တို့က ဖြတ်လိုက်တာပေါ့နော်။
ဖြတ်ပစ်လိုက်တာက ဒီလို။ အဲဒီ ဦးကျော်မြင့်ဆိုတဲ့ ပုဂ္ဂိုလ်နဲ့ ကျနော်နဲ့က တခါမှ စကား မပြောဖူးဘူး။ တွေ့လည်း မတွေ့ဖူးဘူး။ အင်တာနက်တို့၊ ရေဒီယိုတို့ကလည်း စကား မပြောဖူးဘူး။ သူနဲ့ ပတ်သက်တုန်းကလည်း ကျနော်တို့မှာ ဘာမှ အကျိုးမရှိဘူး။
ဒီနေ့ နိုင်ငံရေးမှာ ပြောပြောနေတာ Third Force တတိယလိုင်းပေါ့နော်။ ဒီ ဒီမိုကရက်တစ်ပါတီက မိမိကိုယ်ကို အဲလို Third Force ရယ်လို့ သတ်မှတ်လား။ ဘယ်လို သဘောထားလဲခင်ဗျ။
ကျနော်တို့က ကိုယ့်ကိုကိုယ်တော့ Third Force လို့ မသတ်မှတ်ဘူး။ သို့သော် ကျနော်တို့က အစိုးရလည်း မဟုတ်ဘူး။ နောက်ပြီးတော့ NLD လည်း မဟုတ်ဘူးပေါ့ဗျာ။ ကျနော်တို့က သီးခြား လွတ်လပ်တဲ့ပါတီ။ အဲဒါပါပဲ။
အန်ကယ်ဟာ ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် ပါတီအကြီးအကဲ တယောက်အနေနဲ့ပေါ့၊ မြန်မာ ပြည်သူ လူထုကို ဘာပြောချင်လဲ ခင်ဗျ။
ပြည်သူလူထုအနေနဲ့ လက်တွေ့ကျကျ စဉ်းစားစေချင်ပါတယ်။ လက်တွေ့ကျကျ စဉ်းစားမယ်ဆိုရင် ရွေးကေက်ပွဲက ဖြစ်မှာပဲ။ ရွေးကောက်ပွဲဖြစ်ရင် စစ်အစိုးရ စနစ်မှ အရပ်သားအစိုးရ ဖြစ်အောင် ပြောင်းမယ်နော်။ အရပ်သား အစိုးရ စနစ်က ခုန ကျနော် ပြောတဲ့အတိုင်း ဒီမိုကရေစီ အရပ်သား အစိုးရ ဖြစ်အောင် ပြည်သူလူထုမှာ တာဝန်ရှိတယ်။ အရေးကြီးတယ်ပေါ့နော်။
ပြည်သူလူထုဟာ လက်ထဲမှာ တကယ်ကို အရေးကြီးတဲ့ မဲပိုင်ရှင် ဖြစ်တယ်။ သူတို့က လူကောင်းကို ရွေးနိုင်တယ်။ တန်ဖိုးရှိတဲ့ မဲပိုင်ဆိုင်တဲ့ ပြည်သူလူထုဆီကို လူလိမ်တွေလည်း လာလိမ့်မယ်။ အဲဒီလူတွေကို သတိထားပါ။
ဒီမိုကရက်တစ်ပါတီရဲ့ ရွေးကောက်ပွဲ မဲဆွယ်တဲ့ ကြွေးကြော်သံက ဘာများ ဖြစ်မလဲခင်ဗျာ။
ကျနော်တို့ကတော့ ဒီလို မြန်မာနိုင်ငံသားတွေအားလုံး လူဖြစ်ကျိုးနပ်အောင် လုပ်ချင်တယ်။ အဲဒါ အဓိက ပေါ့နော်။ လူဖြစ်ကျိုးနပ်အောင် ကျနော်တို့ လုပ်ချင်တယ်။
Ref: မဇ္ဈိမ
Saturday, February 27, 2010
လူပုဂ္ဂိုလ် အထစ်အငေါ့ကြောင့် ဆွေးနွေးပွဲ မဖြစ်
နေ့စဉ်သတင်းများ ( ၂၆ - ၂ - ၁၀ )
■ EU နှင့် အမေရိကန်အမတ်များ NLD ပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံ သတင်း
■ ရွေးကောက်ပွဲအပေါ် သဘောထား US/EU က NLD ကို မေးမြန်း သတင်း
■ NLD ပါတီ ဒု-ဥက္ကဌ ဦးတင်ဦး နယ်လှည့်ခရီးထွက်ဖို့ ကြိုးစား သတင်း
■ ဒေါ်အောင်ဆန်းစုကြည် အယူခံပယ်မှု နိုင်ငံတကာက ကန့်ကွက် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံပယ်ခံရခြင်းအပေါ် တရားမျှတမှုမရှိဟု မွန်အမျိုးသားဒီမိုကရေစီ ပြော သတင်း
■ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လျှောက်လဲချက် ပယ်ချခံရ သတင်း
■ ၀ နယ်ထဲ နအဖ တပ်မ (၂) ခု ပို့မည်ဟု တရုတ်မှတဆင့် ခြိမ်းခြောက် သတင်း
■ မိုင်းလားကိုယ်စားလှယ်များအား တြိဂံတိုင်းမှူး လက်မခံ သတင်း
■ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး စစ်အစိုးရနဲ့ အပစ်ရပ်အဖွဲ့တွေကြား သဘောတူညီမှုမရ သတင်း
■ နယ်စပ်ဖြတ်ကျော် အကူအညီတွေ သြစတြေးလျ ဆက်ပေးတော့မည်မဟုတ် သတင်း
■ မြန်မာစစ်တပ်၏ နှိပ်စက်ခံရသည့် သူကြီးမ အစီရင်ခံစာ ကေဒဗလျူအို ထုတ်ပြန် သတင်း
■ နိုင်ငံသားစိစစ်ရေး စာရင်းသွင်းရက် မတ်လ (၂) ရက်နေ့အထိ အချိန်တိုး သတင်း
■ သွင်းကုန် စည်းကြပ်ခွန် ပြင်ပငွေလဲနှုန်း ပေးရမည် သတင်း
■ လွိုင်ကော်မြို့နယ်တွင်းတွင် တခြားသီးနှံများထက် ဖရဲသီး စိုက်လာ သတင်း
■ ကုန်ကျငွေ မတတ်နိုင်၍ နွေစပါးစိုက်ပျိုးမှု နည်း သတင်း
■ တောင်ဒဂုံစက်မှုဇုန် လုပ်သားများ ဆန္ဒပြ သတင်း
■ အလုပ်သမားဆန္ဒပြမှုကို ၀န်ကြီး စိုးရိမ် သတင်း
■ ဥရောပ သံတမန်များနှင့် NLD ခေါင်းဆောင်များ တွေ့ သတင်း
■ အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင်များ ရွေးချယ်ပြီးစီး၊ မကြာမီ အတည်ပြု ထုတ်ပြန်မည် သတင်း
■ ထိုင်းလုံခြုံရေး ပစ်ခတ်လို့ မြန်မာ (၃) ယောက် သေဆုံး သတင်း
■ ဒုတိယအကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းလည်း တရုတ် တာဝန်ယူ သတင်း
■ မြန်မာအမျိုးသမီးများ သစ်လုပ်ငန်းခွင်အတွင်း ဘဝပျက်ကြရ သတင်း
■ စည်ပင် အားနည်းချက်ကြောင့် မီးလောင် သတင်း
■ အမျိုးသားအကျိုးစီးပွားဆိုရာဝယ် (ဆောင်းပါး)
■ ရွေးကောက်ပွဲ အတုအစစ် သတိပြုတော်မူကြပါရန် (ဆောင်းပါး)
■ ကတိများ သက်သက်ဖြင့် နှစ်တနှစ်လော (ဆောင်းပါး)
Friday, February 26, 2010
ဒေါ်အောင်ဆန်းစုကြည်အမှု တရားရုံးချုပ် ငြင်းပယ်
ကိုထွေး
Friday, 26 February 2010
ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံနေရမှု အယူခံအတွက် ဒီဇင်ဘာလတွင် တင်သွင်း ထားသော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုကို ဗဟိုတရားရုံးချုပ်က ယနေ့ ငြင်းပယ် လိုက်ကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။
အယူခံလွှာ တင်သွင်းရန် အဆင့်တခု ရှိသေးသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ဦးဉာဏ်ဝင်းက “အစိုးရက တက်တဲ့ ပြင်ဆင်မှုကို လက်ခံတယ်၊ ကျနော်တို့ ဘက်က တက်တဲ့ ပြင်ဆင်မှု ၂ ခုလုံးကို ပယ်လိုက် ပါတယ်၊ အထူး အယူခံဝင်ဖို့ ကျနော်တို့ စပြီးတော့ ဆောင်ရွက် တော့မှာပါ” ဟု ပြောသည်။
ဒေါ်အောင်ဆန်းကြည်နှင့် အတူ ထိန်းသိမ်း ခံနေရသည့် ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့၏ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုကိုလည်း ငြင်းပယ် လိုက်ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းတွင် တရားရုံးက စီရင်ချက်ချမှုကို ရန်ကုန်အခြေစိုက် ပြင်သစ်၊ ဗြိတိန်၊ အမေရိကန်၊ သြစတြေးလျ နိုင်ငံတို့မှ သံအမတ်ကြီးများက တက်ရောက် နားထောင်ကြသည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသည့် စီရင်ချက်သည် အခြေခံဥပဒေနှင့် ကိုက်ညီခြင်း မရှိဟု ဦးဉာဏ်ဝင်းက ဆိုသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် လက်မှတ်ရေးထိုး အတည်ပြု ထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နိဒါန်းအရ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေ ရပ်ဆိုင်းသွားသည့် အတွက် မည်သူ တဦးတယောက်မှ သုံးခွင့် မရှိတော့ကြောင်း အကိုး အကား များဖြင့် ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများက လျှောက်လဲကြသည်။
အစိုးရ ရှေ့နေများက ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တရားဝင် ဖျက်သိမ်းကြောင်း မကြေညာသေးသည့် အတွက် သုံးခွင့် ရှိသည်ဟု လျှောက်လဲချက် ပေးခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အယူခံကို ကိုယ်တိုင် တက်ရောက် ကြားနာခွင့် မရပေ။
ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့်နှစ် မေလ၊ အိမ်အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏ နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား တဦးကြောင့် တရားစွဲ ခံရပြီး နေအိမ် အကျယ်ချုပ် သက်တမ်း ထပ်မံ တိုးမြှင့် ခံထားရသည်။
Ref: ဧရာဝတီ်
ဟာသကြက်ဥကြော်လား
ဘွဲ့ဖြူ
၂၅/ ဖေဖော်ဝါရီ ၂၀၁၀
နွေရာသီရဲ့ ရှေ့ပြေးဖြစ်တဲ့ ဥသြတွန်သံမှ လှိုင်လှိုင် မကြားရသေးဘူး၊ မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီး အခြေအနေက အတော်ကလေး ဆိုးဆိုးရွားရွား ဖြစ်နေပြီဆိုတဲ့ အသံတွေ ကြားနေရတယ်။ တချို့မြို့နယ်တွေမှာ ဆိုရင် တရက်ကို မီးလာချိန် (၃) နာရီတောင် မပြည့်ဘူးလို့ သိရတယ်။ မြို့ငယ်ကလေးတွေ မပြောပါနဲ့လေ။ ရန်ကုန်မြို့တော် ကြီးမှာတောင် မြို့လယ် တခုလုံးဟာ မီးစက် မောင်းသံတွေနဲ့ နေ့စဉ် ငရဲပွက်နေသလို ပါပဲလို့ ပြောကြတယ် (တချို့ကတော့ အဲဒီ မီးစက်သံတွေကို ဒီမိုကရေစီ တောင်းဆိုသံတွေလို့ တင်စားကြသတဲ့)။
နအဖက သူ့လက်ထက်မှာ ရေအားလျှပ်စစ် ကီလိုဝပ် ဘယ်လောက် ထုတ်လုပ်နိုင်တဲ့ ရေကာတာကြီး ဘယ်နှခု တည်ဆောက် ပြီးစီးခဲ့ပြီ၊ နောက်ထပ်လည်း ဘယ်နှခု တည်ဆောက်ဦးမယ် ဆိုပြီး အမြဲတမ်း ကြွားလုံး ထုတ်လေ့ရှိတယ်။ ရုပ်ရှင် မင်းသမီးလေးတွေ၊ အဆိုတော်လေးတွေ၊ မော်ဒယ်လေးတွေကို ကခိုင်း ဆိုခိုင်း သရုပ်ဆောင်ခိုင်းပြီး အဲဒီဆည်မြောင်း တာတမံ ရေကာတာကြီးတွေကို ‘ပွဲထုတ်’ လေ့ရှိတယ်။
ဒါပေမယ့် သဘာဝဓာတ်ငွေ့တွေ အလျှံပယ်ထွက်ရှိလို့ ထိုင်းတို့၊ တရုတ်တို့ကိုတောင် ရောင်းချပြီး ဒေါ်လာ သန်းထောင်ပေါင်း များစွာ ရရှိနေတဲ့ ငါတို့နိုင်ငံ၊ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်တဲ့ ဆည်မြောင်း တာတမံ ရေကာတာကြီးတွေ အဲသလောက် များများ ရှိနေတဲ့ ငါတို့နိုင်ငံဟာ နွေတောင် မရောက်သေးဘူး၊ တနေ့ (၃) နာရီတောင် မီးမရတော့တဲ့ အခြေအနေကို ဘာကြောင့် ရောက်နေရတာလဲ ဆိုတာကို ပြည်သူတွေ နားမလည်နိုင် ဖြစ်နေကြတယ်။
အဲသလိုပဲ တချိန်က အာရှရဲ့ ‘ဆန်အိုးကြီး’ ဖြစ်ခဲ့ဖူးတဲ့၊ အခုလက်ရှိမှာလည်း (နအဖရဲ့ ထုတ်ပြန် ပြောဆိုချက်တွေ အရ) စပါးစိုက် ဧကတွေ တနှစ်ထက်တနှစ် ကြောက်ခမန်းလိလိ တိုးလာနေတဲ့ ဒီနိုင်ငံမှာ ပြည်သူတွေဟာ အနှစ်အသား သိပ်မပါတဲ့ ဆန်ကြမ်းကိုတောင် ဈေးသက်သက် သာသာနဲ့ ၀၀လင်လင် မစားနိုင်ကြဘူး ဖြစ်နေတယ်။ မကြာသေးမီကလည်း ဆန်ဈေးတွေ ခုန်တက် သွားတယ်လို့ ကြားရတယ်။ အခြေခံ လူတန်းစားက အိမ်ရှင်မတွေရဲ့ ချူသံပါအောင် ညည်းတဲ့ အသံတွေ ပိုမို ကျယ်လောင်လာတာကို သတိပြုမိတယ်။
မြန်မာပြည်သူတွေရဲ့ လူမှုဒုက္ခတွေ အကြောင်းကတော့ ပြောမဆုံးပေါင် တောသုံးထောင်ပဲ။
ပြည်သူတွေ အဲသလို ‘ချဉ်သီးပင်အောက် ချဉ်သီးရှား’ နေကြချိန်မှာ နအဖကတော့ လူထုဆီက ‘တိုက်ရာပါပစ္စည်း’ ဖြစ်တဲ့ အာဏာကို ထာဝရ သိမ်းပိုက် ထားနိုင်ဖို့ကိုပဲ ‘ဆင်ကြံကြံ’ နေတယ်။ သူတို့ရဲ့ လမ်းပြမြေပုံဆိုတာထဲက အဆင့်တဆင့်ဖြစ်တဲ့ ရွေးကောက်ပွဲကို ဒီနှစ်ထဲမှာ ကျင်းပမယ်လို့ ရပ်ကျော်ရွာကျော် ကြေညာထားပြီး ဖြစ်နေပြီမို့ ပြည်သူ လူထုကလည်း လက်မခံ၊ ယဉ်ကျေးတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း အသိအမှတ် ပြုဖွယ်မရှိတဲ့ အဲဒီ ‘ခဲမူးစေ့’ ကို ဘယ်လို ပွဲထုတ်ရမလဲ ဆိုတာ အကြံထုတ်ရင်း အခုဆိုရင် ရွေးကောက်ပွဲ လုပ်မယ် ဆိုတဲ့ ၂၀၁၀ ခုနှစ်ထဲကို တရက်ပြီးတရက် နက်သထက်နက်အောင် ၀င်ရောက် လာခဲ့ပြီဖြစ်တယ်။ ဒါပေမယ့် ထုတ်ပြန်သင့်တဲ့ အချိန်ထက် အများကြီးတောင် ကျော်လွန် လာခဲ့ပြီဖြစ်တဲ့ ရွေးကောက်ပွဲ ဥပဒေ၊ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ … စတာတွေကတော့ အခုအထိ ပေါ်မလာသေးဘူး။
ကြားဖြတ်ရုပ်သေးအစိုးရတခုဖွဲ့ပြီး ရွေးကောက်ပွဲကိစ္စ အဲဒီအစိုးရ လက်ထဲကိုပဲ အလုံးစုံ လွှဲအပ် ပေးတော့မယ့်ပုံမျိုး လေသံလွှင့်ရင်း အဲဒီဥပဒေတွေ ထုတ်ပြန်ပေးဖို့ နောက်ကျ နေမှုအတွက် ‘အလီဘိုင်’ ပြနိုင်ဖို့ ကြိုးစားနေတယ်။ တချိန်တည်းမှာ ဗိုလ်သန်းရွှေရဲ့ ‘လူပြက်အလီ’ ဗိုလ်ကျော်ဆန်းက အကယ်ဒမီ ပေးပွဲမှာ ဘာမှ မဆီမဆိုင် ရွေးကောက်ပွဲ အကြောင်း ကြော်ငြာ ၀င်ခဲ့တာကိုကြည့်ရင် ဘယ်လိုမှ မဆီလျော်မှန်း သိပေမယ့် အကြံကုန် ဂဠုန် ဆားချက်ဆိုသလို လမ်းတံတားတွေ၊ တက္ကသိုလ်တွေ၊ ဆည်မြောင်းတာတမံ ရေကာတာတွေလို ‘အနှစ်ဗလာ အကာပြဲ့ပြဲ့’ အဲဒီ ရွေးကောက်ပွဲကိုလည်း ရုပ်ရှင် မင်းသမီးလေးတွေ၊ အဆိုတော်လေးတွေ၊ မော်ဒယ်လေးတွေနဲ့ တွဲပြီး ပွဲထုတ်ဖို့ ကြံစည်နေပုံ ရတယ်။
တချိန်တည်းမှာ နအဖရဲ့ ၂၀၀၈ နာဂစ်အခြေခံဥပဒေ အသက်ဝင်ရေး လုပ်ငန်းစဉ်ကို တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ၊ သွယ်ဝိုက်တနည်း၊ တည့်တိုးတလမ်း ရှေ့နေ လိုက်ပေးနေကြတဲ့ ‘နိုင်ငံပြု ဂျာနယ်လစ်’ ကြီးများလည်း အခုတော့ နည်းနည်း မောသွားကြပုံရတယ်။ ‘လက်အားလုံး ထုတ်ပြခြင်းသည်သာ’ ဆရာလေးလည်း ခပ်စပ်စပ်ကလေး အတွယ်ခံလိုက်ရလို့ အခုနောက်ပိုင်း ကလောင် သိပ်မရမ်းရဲတော့တာ ပဲလား၊ စကားလုံး ပဉ္စလက်ဆရာ ကွန်မြူနစ် လူထွက်ကြီးလည်း ပစ်လွှတ်စရာ ဝေါဟာရ မီးရှူးမီးပန်း အသစ်တွေ ခန်းခြောက် သွားလို့ပဲလား မသိ၊ ဒါမှမဟုတ် သူတို့က ကန့်လန့်ကာရှေ့က ခွန်းထောက်တွေ၊ ဆိုင်းဆင့်တွေ၊ လေပြည်တွေ ဘယ်လို ဘယ်လောက်ပဲ ထိုးနေပေမယ့် ကန့်လန့်ကာနောက်က သူတို့မင်းသား နအဖက ထွက်ချိန်တွေ အများကြီး လွန်သွားတာတောင် မထွက်သေးတော့ သူတို့ကိုယ်တိုင် ကိုယ့်မင်းသားကိုယ် ဇဝေဇ၀ါ ဖြစ်နေကြလေသလား မသိ။ သူတို့ရဲ့ လိုင်စင်ရ စာမျက်နှာတွေပေါ်မှာ ရွှေဂုံတိုင် ကြေညာချက် ဘက်တော်သားတွေကို ချော့မြှူခြိမ်းခြောက် ကြိမ်းမောင်း တာတွေထက် ယေဘုယျ နိုင်ငံရေး သဘောတရား ဆိုင်ရာ သြ၀ါဒတွေကိုပဲ ပိုပြီး အတွေ့များလာရတယ်။
ဗိုလ်သန်းရွှေကတော့ ရွေးကောက်ပွဲကို ဒီနှစ်ထဲမှာ မဖြစ်မနေ မပျက်မကွက် ကျင်းပမယ်ဆိုတဲ့ ဂါထာကို လွတ်လပ်ရေးနေ့မှာ တကြိမ်၊ ပြည်ထောင်စုနေ့မှာ တကြိမ် ရွတ်ဆိုပြီး ယောင်တောင်တောင် ဖြစ်နေတဲ့ သူ့လူတွေဘက်က မဲတင်း ပေးနေတယ်။ မြန်မာ ပြည်သူလူထုကြီးနဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ သဘောထားကို ထင်ဟပ်နေတဲ့ ရွှေဂုံတိုင် ကြေညာချက် အကြောင်းကိုလည်း တခွန်းမဟ၊ စစ်မှန်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ ပထမဆုံး မဖြစ်မနေ လှမ်းရမယ့် ခြေလှမ်းဖြစ်တဲ့ တွေ့ဆုံ ဆွေးနွေးရေးလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား ပျော့ပျောင်း ညွတ်နူးယဉ်ကျေးစွာ ကမ်းလှမ်း ဖိတ်ခေါ်ထားမှုကိုလည်း အကြောင်းမပြန်ဘဲ ဒီနှစ်ထဲမှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ စကားတခွန်းကိုပဲ မျက်စိမှိတ် ပြောနေပုံထောက်တော့ ဗိုလ်သန်းရွှေတယောက် မျက်ကန်း တစ္ဆေမကြောက် ကြမ်းတော့ရမ်းတော့မယ့်ပုံ ရှိနေတယ်။
ဆိုရိုးစကားတခု ကြားဖူးတယ်။ “ပညာရှိများသည် သူတပါး၏ အမှားမှ သင်ခန်းစာယူကြ၏။ သာမန်လူများသည် မိမိအမှားမှ သင်ခန်းစာ ယူကြ၏။ လူမိုက်များသည်ကား မည်သည့် သင်ခန်းစာမျှ ယူနိုင်ခြင်း မရှိကြကုန်” တဲ့။
ဗိုလ်သန်းရွှေဟာ ကျေးဇူးရှင် ဗိုလ်နေ၀င်းကိုလည်း ဖယ်ရှား ရှင်းလင်းခဲ့တယ်။ သူ့ခေါင်းဆောင် သူ့အထက်အရာရှိ ဗိုလ်စောမောင်ကိုလည်း ဖယ်ရှား ရှင်းလင်းခဲ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေ ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘ … စသည်ကိုလည်း ဖယ်ရှား ရှင်းလင်းခဲ့တယ်။ ညာလက်ရုံး ဗိုလ်ခင်ညွန့်ကိုလည်း ဖယ်ရှား ရှင်းလင်းခဲ့တယ်။ အဲသလို ဖယ်ရှား ရှင်းလင်းခဲ့တဲ့ အတွက် တိုင်းပြည်က စည်ပင်ဝပြော ငြိမ်းချမ်း သာယာပြီး ကမ္ဘာ့အလယ်မှာ ထည်ထည်ဝါဝါ ဝင့်ဝင့်ကြွားကြွား ရပ်တည် နေနိုင်တယ် ဆိုရင်တော့ အဲဒီ ဖယ်ရှားရှင်းလင်းမှုတွေကို ရင်နာနာနဲ့ လုပ်ခဲ့ရတယ် ဆိုရင်တောင် ထိုက်တန် ပါသေးတယ်။ ရင်နာရကျိုး နပ်ပါသေးတယ်။
အခုတော့ တိုင်းပြည်အခြေအနေက အားလုံးသိကြတဲ့အတိုင်းပဲ။ ဗိုလ်သန်းရွှေ တယောက် သူ့ရဲ့ ‘မှန်ပါ့ဘုရား’ အသိုင်းအ၀ိုင်း အပြင်ဘက်ကို ထွက်ပြီး ကြည့်ရဲ၊ နားထောင်ရဲမယ် ဆိုရင် ဗမာပြည်ရဲ့ ပကတိ အခြေအနေကို မြင်ရကြားရမှာ ဧကန်ဖြစ်တယ်။ သူ့ရဲ့ ကျေးဇူးရှင်ကြီး ဗိုလ်နေ၀င်း အပင်းသွင်း သင်ကြားပေးခဲ့တဲ့ ‘ငါနဲ့မတူ ငါ့ရန်သူ’ မျက်မှန်စိမ်းကို ရဲရဲချွတ်ပြီး ကြည့်မယ်ဆိုရင် ဗမာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ အထွေထွေ ဘယ်လို ရှိသလဲဆိုတာကို ဗိုလ်သန်းရွှေ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်မှာ ဖြစ်တယ်။
သူ့လူတွေ သူ့ကို တလျှောက်လုံး လိမ်ညာလာခဲ့တယ် ဆိုတာကို (၂၆) နှစ်ကြာမှ သိသွား ခဲ့ရပါတယ်ဆိုတဲ့ ဗိုလ်နေ၀င်းဟာ အဲဒီအမှားကို ပြင်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုတယ်။ ဒါပေမယ့် သူကျွေးမွေးပြုစု မြေတောင် မြှောက်ပေးခဲ့တဲ့ သရဲတွေရဲ့ ဒဏ်ကို ‘ဖွတ်ကော့ ပတတ်ကော့’ ကော့အောင် ခံစား ခဲ့ကြရပြီးဖြစ်တဲ့ ပြည်သူတွေအတွက် သူ့ရဲ့ ‘ပုံရိပ်ပြင်’ ကုသချက်တွေ ဆေးမမီတော့ဘူး။ နောက်ဆုံးတော့ သူဟာ သူ့ရဲ့နောက်ဆုံး ခရီးကို အထီးကျန်စွာ ထွက်ခွာသွားခဲ့ရပြီး သမိုင်းမှာလည်း နာမည်ဆိုးနဲ့ တွင်ကျန်ရစ်ခဲ့တယ်။ ကမ္ဘာ့သမိုင်းမှာလည်း ဒီလိုဖြစ်ရပ်မျိုးတွေ ရှိခဲ့တယ်။ ဗိုလ်သန်းရွှေ အနေနဲ့ ဒါတွေကို သင်ခန်းစာ ယူနိုင်ခဲ့မယ်ဆိုရင် သူ့အတွက်ရော တိုင်းပြည်အတွက်ပါ သိပ်ကောင်းမှာ သေချာတယ်။
နအဖလက်ထက် အနှစ်နှစ်ဆယ်နီးပါး ကာလ အတွင်းမှာရော ဗမာပြည်ရဲ့အခြေအနေဟာ ဘယ်လိုရှိခဲ့၊ ရှိနေသလဲ။ နအဖအစိုးရဟာ ဗမာ့ သမိုင်းတလျှောက် ဘယ်အစိုးရမှ ရင်မဆိုင်ခဲ့ရဖူးတဲ့ နိုင်ငံတကာရဲ့ ဝေဖန်ရှုတ်ချ ဆန့်ကျင် ကန့်ကွက်မှုနဲ့ ရင်ဆိုင်နေရတယ်။ မြန်မာ အစိုးရ ကိုယ်စားလှယ်တွေဟာ မြန်မာနိုင်ငံ နယ်နိမိတ်အပြင်ကို ရောက်သွားတာနဲ့ တပြိုင်နက် နိုင်ငံတကာ ဆက်ဆံရေး စစ်မျက်နှာမှာ လုံးလုံးလျားလျား ခံစစ်သမားတွေ ဖြစ်သွားကြတယ်။
ဒါဆိုရင် ပြည်တွင်းမှာရော အခြေအနေဘယ်လိုရှိသလဲ။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အပစ်အခတ် ရပ်စဲရေးအဖွဲ့ (၁၇) ဖွဲ့တောင် ရှိတယ်ဆိုပြီး ကြုံတိုင်း ကြွားလုံး ထုတ်လေ့ ရှိပေမယ့် အဲဒီငြိမ်းချမ်းရေး ဆိုတာတွေဟာ ‘လက်နက်အသင့် ငြိမ်းချမ်းရေး’ သာဖြစ်တယ်။ အဲဒီ ညီညွတ်ရေး ဆိုတာတွေဟာ ‘တံတွေးနဲ့ ကပ်ထားတဲ့ ညီညွတ်ရေး’ သာ ဖြစ်တယ်ဆိုတာ ဗိုလ်သန်းရွှေရော သူ့ဗိုလ်ချုပ်တွေပါ အကုန်လုံး သိကြတယ်။
‘ပင်လုံခေတ်က ကုန်သွားပြီ’ လို့ ယူဆနေကြတဲ့ စစ်ဗိုလ်ချုပ်တွေဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုမှ တည်ဆောက် နိုင်စွမ်း မရှိသူတွေ ဖြစ်တယ်ဆိုတာ တိုင်းရင်းသားတွေက ကောင်းကောင်း သိကြတယ်။ ပြည်တွင်းနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့လည်း နအဖခေတ်ဟာ သမိုင်းတလျှောက် နိုင်ငံရေး အကျဉ်းသား အများဆုံးခေတ် ဖြစ်တယ်ဆိုတာ နအဖ ဗိုလ်ချုပ်တွေ ကိုယ်တိုင် မငြင်းနိုင်ဘူး။
နိုင်ငံရေးသမားတွေရဲ့ ဒုက္ခပရိဒေ၀နဲ့ သူတို့မိသားစုတွေရဲ့ သောက ဗျာပါဒတွေဟာ မြန်မာပြည်သူလူထု အများစုကြီးရဲ့ ဘ၀တွေနဲ့ တခြားစီပဲ၊ ဘာမှမဆိုင်ဘူးလို့ ခံယူရင် ပြောဆိုရင် ဆင်သေကောင်ပေါ်က ကျီးမိုက်လို အမှားကြီး မှားသွားလိမ့်မယ်။ အဲဒီ ဒုက္ခပရိဒေ၀ သောကဗျာပါဒ တွေဟာ ရေမျက်နှာပြင်ပေါ် ပေါ်နေတဲ့ ရေခဲတောင်ကြီးရဲ့ အဖျားပိုင်းကလေး တပိုင်းသာ ဖြစ်တယ်ဆိုတာ စိတ်ဓာတ် ပုံမှန်ရှိသူတိုင်း သိကြတယ်။ ဒါတွေအားလုံးဟာ နအဖရဲ့ မူဝါဒအမှားတွေရဲ့ အကျိုးဆက်ဖြစ်တယ်။ ဗိုလ်သန်းရွှေဟာ အဲဒီသူကိုယ်တိုင် မှားခဲ့တဲ့ အမှားတွေကနေ သင်ခန်းစာယူပြီး အခုအချိန်မှာ ဂငယ်ကွေ့ ကွေ့နိုင်မယ်ဆိုရင် သူ့အတွက်ရော တိုင်းပြည်အတွက်ပါ အချိန်မီသေးတယ်။
ဒါပေမယ့် အခုအထိတော့ ကံမကောင်း အကြောင်းမလှစွာဘဲ ဗိုလ်သန်းရွှေဟာ သင်္ဘောကြီးကို ဧရာမ ကျောက်ဆောင်ကြီး တခုဆီ ဦးတည်ပြီး အရှိန်ပြင်းပြင်းနဲ့ ခုတ်မောင်းနေတယ်။ ကျောက်ဆောင်ပေါ်မှာ မီးပြတိုက်ကြီး ထီးထီးမားမား ရှိနေတာကို ကျန်တဲ့သူ အားလုံး မြင်နေကြပေမယ့် ဗိုလ်သန်းရွှေနဲ့ သူ့လူတသိုက်ကတော့ ‘အင်းသူကြီး ဘုရားမမြင်’ တဲ့ ကိန်း ဆိုက်နေတယ်။
ဒီနေရာမှာ စကားမစပ် ‘သံခင်းတမန်ခင်း’ ဆိုတဲ့ ပရော်ဖက်ရှင် တခုအကြောင်း ပြောချင်တယ်။ အားလုံး သိကြတဲ့အတိုင်း အစိုးရ အကြီးအကဲတွေဟာ အင်မတန် စိတ်ရှည်သည်းခံပြီး အပြောအဆို အမူအရာမှာ အင်မတန့်ကို ထိန်းထိန်း သိမ်းသိမ်း ရှိတဲ့ လူမျိုးတွေကိုမှ သံတမန်အဖြစ် ခန့်ထားလေ့ရှိကြတယ်။ အဲဒီ သံတမန်တွေ ထဲမှာမှ နိုင်ငံခြားရေး ၀န်ကြီး ဆိုတာတော့ အခေါင်အချုပ် အခရာပဲ။ တချို့နိုင်ငံကြီးတွေ ဆိုရင် သူတို့ရဲ့ နိုင်ငံခြားရေး ၀န်ကြီးကို နိုင်ငံရဲ့အဆင့်အမြင့်ဆုံး သံတမန်အဖြစ် တင်စားလေ့ ရှိကြတယ်။
အများလက်ခံထားကြတဲ့ အဆိုတခုက အရှေ့ကမ္ဘာသား (အာရှသား) တွေဟာ အနောက်ကမ္ဘာသား (ဥရောပနဲ့ အမေရိကသား) တွေထက် အပြောအဆို အပြုအမူမှာ ပိုပြီး ထိန်းထိန်းသိမ်းသိမ်း ရှိကြတယ်ဆိုတဲ့ အဆိုဖြစ်တယ်။
ဒါပေမယ့် ခိုင်လုံ လုံလောက်တဲ့ အကြောင်းတွေကြောင့် ဖြစ်မယ်။ မကြာသေးမီကတော့ ဖိလစ်ပိုင် နိုင်ငံခြားရေး ၀န်ကြီးဟာ သူ့ရဲ့ သံတမန်ရေး အထိန်းအချုပ် အကန့်အသတ်တွေကို ခွာချပြီး “ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ မပါဘဲလုပ်တဲ့ နအဖရဲ့ ရွေးကောက်ပွဲဟာ 'ဟာသ' ပဲ ဖြစ်လိမ့်မယ်” လို့ ခပ်ပြင်းပြင်း သတိပေးခဲ့တယ်။ သူ အဲဒီလိုပြောပြီး မကြာမီမှာပဲ မလေးရှား နိုင်ငံခြားရေး ၀န်ကြီးကလည်း အလားတူ သဘောမျိုးဆောင်တဲ့ စကားကို ပြောဆိုခဲ့တယ်။
အရပ်ကတော့ ကြည့်မနေနိုင်လို့ ပြောကုန်ကြပြီ။ နအဖ ဘာလုပ်မှာလဲ။
“ကြက်ဥကို မခွဲဘဲ ကြက်ဥကြော်လုပ်၍ မရနိုင်ပါ” ဆိုတဲ့ စကားတခုရှိတယ်။ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး ဆိုတဲ့ ကြက်ဥကြော် လုပ်မယ်ဆိုရင် “နိုင်ငံတော် အချုပ် အခြာအာဏာသည် ပြည်သူလုထုထံမှ ဆင်းသက်သည်” ဆိုတဲ့ ကြက်ဥကို အရင် ခွဲရမှာဖြစ်တယ်။ အဲဒီသဘောတရားကို ၁၉၉၀ ရွေးကောက်ပွဲမှာ မြင်တွေ့ခဲ့ရပြီးဖြစ်တယ်။ အနှစ်နှစ်ဆယ် လွန်မြောက် ခဲ့ပြီးတဲ့နောက် အခုအချိန်မှာ အဲဒီသဘောတရားကို အနှစ်သာရအရ ဆက်လက် ကိုယ်စားပြုနေတာ ကတော့ အဲဒီတုန်းက အနိုင်ရပါတီ ဖြစ်ခဲ့သလို အခုအချိန် အထိလည်း ပြည်သူလူထု အများစုကြီးရဲ့ ထောက်ခံမှုကို ဆက်လက် ရရှိနေဆဲဖြစ်တဲ့ အန်အယ်လ်ဒီ ပါတီက ထုတ်ပြန်ခဲ့တဲ့ ရွှေဂုံတိုင် ကြေညာချက်ဖြစ်တယ်။
အဲဒီတော့ အဲဒီရွှေဂုံတိုင်ကြေညာချက် အတိုင်း လိုက်နာ ဆောင်ရွက်ခြင်း ဆိုတဲ့ ကြက်ဥကို မခွဲဘဲ ရွေးကောက်ပွဲ ကြက်ဥကြော် လုပ်မယ် ဆိုရင်တော့ နအဖရဲ့ ကြက်ဥကြော်ဟာ အလုံး လိုက်ကြော်ထားတဲ့ ကြက်ဥကြော်၊ တနည်းပြောရရင် မြန်မာပြည်သူ လူထုကြီးနဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကြက်ဥကြော်လို့ လက်မခံတဲ့ ကြက်ဥကြော်၊ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး စကားကို ငှားပြီးပြောရရင် ‘ဟာသကြက်ဥကြော်’ ပဲ ဖြစ်လိမ့်မယ်။ ။
Ref: ခေတ်ပြိုင်
နေ့စဉ်သတင်းများ ( ၂၅ - ၂ - ၁၀ )
■ အဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦးကို ယူအက်စ်သံအရာရှိများ လာရောက်နှုတ်ဆက် သတင်း
■ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှု ပြင်ဆင်ချက် ဆုံးဖြတ်ချက် ချတော့မည် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် ဦးဉာဏ်ဝင်းတို့ တွေ့ဆုံ သတင်း
■ NLD တိုင်းနဲ့ ပြည်နယ် ဗဟိုဦးစီးအဖွဲ့ အောင်မြင်စွာ ဖွဲ့စည်း သတင်း
■ ရွေးကောက်ပွဲဝင်ကြရန် နိုင်ငံရေးသမား (၂) ဦး ပြည်ပတွင် တိုက်တွန်း သတင်း
■ ရွေးကောက်ပွဲသည် စစ်တပ်က စနစ်တကျ တပ်ဆုတ်ခြင်းဖြစ်ဟု ဦးသုဝေ သုံးသပ် သတင်း
■ ဗဟိုဦးစီးအဖွဲ့ဝင် (၁၀၀) ဦးကို အန်အယ်ဒီ CEC အတည်ပြု သတင်း
■ အမေရိကန်သံရုံး ယာယီတာဝန်ခံနှင့် NLD ဗဟိုကော်မတီ တွေ့ သတင်း
■ သံဃာတော်များအပေါ် ပိုမိုတင်းကျပ်ရန် ပြင်ဆင်နေ သတင်း
■ ထိုင်းလုံခြုံရေးပစ်ခတ်မှု မြန်မာ (၃) ဦး သေဆုံး သတင်း
■ အဖွဲ့ချုပ်ဝင် ဒေါ်မြင့်မြင့်အေးကို အရေးယူမှုအပေါ် သုံးသပ်ချက် သတင်း
■ ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ၀ ခေါင်းဆောင် ပေါက်ယူချန်း မနက်ဖြန် တွေ့ဆုံမည် သတင်း
■ မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် သာသနာကာကွယ်ရေးတပ်ဦး၏ လှုပ်ရှားမှု သတင်း
■ အစာငတ်ခံဆန္ဒပြသည့် နိုင်ငံရေးအကျဉ်းသားများ အခြေအနေ သတင်း
■ အစာငတ်ခံဆန္ဒပြသူ နိုင်ငံရေးအကျဉ်းသား (၂) ဦးကို စစ်ခွေးတိုက်သို့ ပို့ သတင်း
■ ကေအိုင်အို အပစ်ရပ်အခမ်းအနား ကျင်းပ သတင်း
■ စစ်တပ်က ပစ်ခတ်သဖြင့် ကရင်ကျောင်းသားငယ် သေဆုံး သတင်း
■ မြန်မာစစ်တပ်ရဲ့ နှိပ်စက်မှု ကရင်တိုင်းရင်းသူများ ခံရ သတင်း
■ ရန်ကုန်၌ ကင်မရွန်းနိုင်ငံသားတဦး ပြင်သစ်သံရုံးကို အကူအညီတောင်းခံ သတင်း
■ မြန်မာ့သတင်းသမဂ္ဂ ဖွင့်ပွဲနေ့၌ မြန်မာသတင်းထောက်နှစ်ဦးကို ဂုဏ်ပြုဆုချီးမြှင့် သတင်း
■ ဆေးရုံက နှင်ချခံရသည့် လူနာကိုယ်တိုင် သက်သေခံ ထွက်ဆို သတင်း
■ နိုင်ငံသားစိစစ်ရေးအစီအစဉ် လျှောက်လွှာတင်ရန် နောက်ဆုံးရက် ရွှေ့ သတင်း
■ ဝ ခေါင်းဆောင် ပေါက်ယူချန်း နအဖကိုယ်စားလှယ်နှင့် တွေ့တော့မည် သတင်း
■ တနင်္သာရီတိုင်းမှ အလယ်စခန်းရွာသားများ ရွာပြင် မထွက်ရဲကြ သတင်း
■ ဟာသကြက်ဥကြော်လား (ဆောင်းပါး)
■ ကဗျာဆရာတင်မိုးရဲ့ စကားပြေ (ဆောင်းပါး)
Thursday, February 25, 2010
နေ့စဉ်သတင်းများ ( ၂၄ - ၂ - ၁၀ )
■ ဦးတင်ဦး NLD အဖွဲ့ချုပ် ပြန်လည်ဦးဆောင်မှုအတွက် ဒေါ်အောင်ဆန်းစုကြည် ၀မ်းမြောက် သတင်း
■ ဦးတင်ဦး လုပ်ကိုင်ပြောဆိုမှု ဒေါ်အောင်ဆန်းစုကြည် ကျေးဇူးတင် သတင်း
■ NLD တာဝန်ခံတချို့နဲ့ အမေရိကန် ယာယီသံမှူး တွေ့ဆုံ သတင်း
■ အန်အယ်လ်ဒီ ဗဟိုဦးစီး ဖွဲ့စည်းသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည် အားရကျေနပ် သတင်း
■ လက်နက်ကြီးထိမှန်၍ ကျောင်းသား (၃) ဦး ထိခိုက်သေဆုံး သတင်း
■ ဒုတိယအကြိမ်မြောက် ကဲန်ဂျီနာဂါအိဆု ပေးအပ်ချီးမြှင့် သတင်း
■ ထိုင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ နိုင်ငံသားစိစစ်ရေးလျှောက်လွှာ ပိတ်ရက် တလတိုး သတင်း
■ မြန်မာနိုင်ငံမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာနိုင်ကြောင်း ကင်တားနားက ရဲချုပ်ကို သတိပေးခဲ့ သတင်း
■ အော်စကာဆုချီးမြှင့်ပွဲ ရွှေဝါရောင်သံဃာတော်တွေကို ဖိတ်ကြား သတင်း
■ တွေ့ဆုံရေးအတွက် တရုတ် ကြားဝင်ပေး - ၀ ခေါင်းဆောင် ငြင်းဆန် သတင်း
■ နိုင်ငံရေးအကျဉ်းသမားများ အစာငတ်ခံဆန္ဒပြ သတင်း
■ မြန်မာ့သတင်းသမဂ္ဂညီလာခံ ကျင်းပ သတင်း
■ မြန်မာ့သတင်းသမဂ္ဂညီလာခံတွင် ၂၀၁၀ ရွေးကောက်ပွဲအရေး ဦးစားပေး သတင်း
■ မီဒီယာသမားများ အရေးတော်ပုံတွင် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း သတင်း
■ အတုအယောင်မြန်မာ မဖြစ်ရဟု ၀န်ကြီးချုပ် သိန်းစိန်ပြော သတင်း
■ အပစ်အခတ်ရပ်စဲရေး (၁၆) နှစ်ပြည့်အထိမ်းအမှတ် မနောပွဲ ကေအိုင်အို ကျင်းပ သတင်း
■ ကေအိုင်အို အပစ်ရပ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပွဲ စတင်ကျင်းပ သတင်း
■ ဥရောပကော်မရှင် ကိုယ်စားလှယ်က နိုင်ငံရေးသမားအချို့ကို တွေ့ဆုံမေးမြန်း သတင်း
■ ခရီးဝေးနှင်ပြီး နိုင်ငံရေးအကျဉ်းသားကို သွားတွေ့ရသည့်အခက်အခဲများ သတင်း
■ ကချင်ပြည်နယ်၌ မြန်မာမိန်းကလေးများကို တရုတ်ပြည်ဘက်သို့ ရောင်းစားနေ သတင်း
■ မတော်တဆမှုကြောင့် ရွှေတူးသမားများစွာ သေဆုံး သတင်း
■ ဆန္ဒပြ မြန်မာဒုက္ခသည် (၁၀၆) ဦး လွှတ်ပေး သတင်း
■ ဒုက္ခသည်များ ရင်ဆိုင်နေရသည့် ဒုက္ခကို အလုပ်လုပ်ခွင့်ဖြင့် တဘက်တလမ်းမှ ဖြေရှင်းပေးနိုင် သတင်း
■ ရွှေ့ပြောင်းအလုပ်သမားများ၏ အန္တရာယ်အကြောင်း အစီရင်ခံစာထုတ်ပြန် သတင်း
■ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရန် နယ်စပ်မြို့တမြို့ ထပ်တိုး သတင်း
■ မဲဆောက်၌ မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်လုပ်ရန် စာရင်းပေး သတင်း
■ မြန်မာဓာတ်ငွေ့အတွက် တောင်ကိုရီးယားကုမ္ပဏီတို့ ပူးပေါင်း သတင်း
■ ရေဖြူမြို့နယ်ရှိ ဒေသခံများလည်း ပြည်သူ့စစ်ဝင်လုပ်နေရ သတင်း
■ ရခိုင်ပြည်နယ်မှာ ပထမဆုံး မျက်မမြင်ကျောင်း ဖွင့်လှစ် သတင်း
■ စစ်တပ်က လယ်မြေဥယျာဉ်ခြံများ သိမ်းယူ သတင်း
■ မြန်မာ-လာအိုနယ်စပ် လုံခြုံရေးတိုးမြှင့် သတင်း
■ ဦးပိုင်က ဆားတန်ချိန် (၁) သိန်း ၀ယ်မည့် အစီအစဉ်ကို ဖျက်လိုက်ပြီ သတင်း
■ ဆိပ်ကမ်းများလည်း ပုဂ္ဂလိကကို လွှဲမည် သတင်း
■ လိုင်စင်မဲ့ကား ဖမ်းနေစဉ် မသမာမှု ရှိနေ သတင်း
■ အကျိုးပြုသီချင်းများ ဆုချီးမြှင့်ရန် ပြန်ကြားရေး ပြင်ဆင် သတင်း
■ နာမည်ကျော် အဆိုတော်များ နေပြည်တော်တွင် သင်္ကြန်ကျမည် သတင်း
■ သွေးနှောဝါဒ ကျင့်သုံးနေခြင်းကို ရပ်တန့်ပေးရန် မွန်အမျိုးသမီးများ တောင်းဆို သတင်း
■ သူတပါးလူမျိုးကို ဖိနှိပ်ရင် ကိုယ့်လူမျိုးလည်း မလွတ်လပ်ဘူး (အင်တာဗျူး)
■ ဦးတင်ဦး၏ စိတ်ဒဏ်ရာ ဒဏ်ချက်များ (အင်တာဗျူး)
■ ဦးတင်ဦးနှင့် လက်တွေ့ပြဿနာ (ဆောင်းပါး)
■ သမိုင်းဂါရဝ (ဆောင်းပါး)
■ လူ့အခွင့်အရေး နှိုင်းယှဉ်ချက် (ဆောင်းပါး)
■ နအဖစစ်အုပ်စုရဲ့ အခက်အခဲ (ဆောင်းပါး)
■ အရည်ပျော်ပီတိ (ဆောင်းပါး)
■ ရန်ကုန် ဝဋ်လည်ခြင်း (ဆောင်းပါး)
■ ရွှံ့ရေနောက် (ဆောင်းပါး)
■ သွေးနှောနည်းဖြင့် ယဉ်ကျေးမှုနှင့် လူမျိုးပျောက်ရန် လုပ်နေ (ဆောင်းပါး)
ဦးတင်ဦး၏ စိတ်ဒဏ်ရာ ဒဏ်ချက်များ
Wednesday, 24 February 2010
မကြာသေးခင်က စစ်အစိုးရ၏ နေအိမ်အကျယ်ချုပ် ချထားရာမှ ပြန်လည် လွတ်မြောက် လာသည့် အသက် (၈၃) နှစ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု ဥက္ကဌ ဦးတင်ဦး၏ နိုင်ငံရေး အတွေ့အကြုံများ၊ အနာဂတ် အမြော် အမြင်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်သည်များကို ဧရာဝတီ မဂ္ဂဇင်းက ဆက်သွယ် မေးမြန်း၍ ဖော်ပြလိုက် ပါသည်။
ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လူသတ်ပွဲအပြီး ဒေါ်အောင်ဆန်း စုကြည်နှင့် အတူ ဖမ်းဆီးခံခဲ့ရပြီး ၇ နှစ်နီးပါး ထိန်းသိမ်း ခံခဲ့ရသူ ဖြစ်သည်။
၎င်းသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုကာလ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် တည်ထောင်စဉ် ကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း တဦးလည်း ဖြစ်သည်။
မေး။ ။ ဒီပဲယင်း အရေးအခင်းပြီးတော့ အဘတို့ အထိန်းသိမ်းခံရတဲ့ ဖြစ်စဉ်ကို ပြောပြပေးပါ။
ဖြေ။ ။ သြော်...ဒီပဲယင်းနောက်ပိုင်းမှာ ပထမက ဒီပဲယင်း ရဲအချုပ်ထဲမှာ နေရတာ ပေါ့လေ။ ရဲအချုပ်ထဲမှာ နေလိုက်ပြီးတော့ နောက်သူတို့က ကလေးထောင်ကို ပို့လိုက်တယ်။ ကလေးထောင်ကြတော့ သူတို့တခါတည်း အလုံပိတ် အခန်းထဲ တန်းထည့် လိုက်တယ်။ တယောက်တည်းပေါ့၊ အခန်းပိတ်ပေါ့။ အဲလိုနေရတဲ့ သဘောပေါ့။ အဲတော့ ဘယ်လိုချုပ်တယ်။ ဘယ်လိုဖမ်းတယ် ဆီးတယ်ဆိုတာကတော့ ဘာမှမပြောဘူး။ အဲသူတို့ပြောသံ ကြားတာကတော့ ရမန်ယူပြီးတော့ ချုပ်တယ် ပြောတာပဲ။ အဲတော့ ရမန်ယူမယ် ဆိုရင်လည်းပဲ ရက်ပေါင်း အကုန်လုံး အပြည့် ဆိုရင်လည်း ၃၀ ပေါ့။ ဒါပေမယ့်လို့ ၃၀ ကျော်သွားပြီး နေလိုက်ရတာ အားလုံး ၈ လ နေလိုက်ရတယ်။ အဲတော့ နေတာထိုင်တာ ကျွေးတာ မွေးတာကတော့ ကောင်းကောင်း မွန်မွန်ပါပဲ၊ ကောင်းကောင်းမွန်မွန် ဆိုတာကလည်း အဲဒီမှာ ကျွေးတာကိုပဲ နည်းနည်းကောင်းအောင် ပြုပြင်ပြီးတော့ ကျွေးတာပေါ့လေ။ အဲတော့အဲဒီလို အနေနဲ့တော့ အစားအသောက် အနေနဲ့တော့ မဆိုးပါဘူး။ နောက်ပြီးတော့ လိုတာပြုတာရှိရင် တောင်းရင် ပေးလိုက်ပါလို့ လူကြီးတွေက မှာလိုက်တယ်တဲ့ အဲတော့ တောင်းရင်တော့ ပေးပါတယ်။
ဥပမာပြောရရင် ဟိုစားဖို့သောက်ဖို့ကောင်းတဲ့ အမယ် လေးတွေ ဘာလေးတွေထဲက နည်းနည်းပါးပါး ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် ပေါ့လေ ဒါပါပဲ။ ထည့်ပေါင်းစားဖို့ လုပ်ဖို့ အဲဒါလေးတွေ တောင်းပြီး အဲဒါမျိုးလေးတွေ သူတို့ ဖြည့်ဆည်းပါတယ်။ အဲတော့ ဆေးကုသ ပေးတာကတော့ နေ့တိုင်းလိုလို လာပြီးတော့ ဆရာဝန်က သွေးတိုး ကြည့်ပေးတယ်။ ဆိုတော့ အဲဒီမှာ နေတုန်းကတော့ ဘာဖြစ်သလဲ ဆိုတော့က ဗိုက် သိပ်အောင့်တယ် သေကောင်ပေါင်းလဲကို အောင့်တယ်။ အဲဒါတော့ ကိုယ့်မှာပါလာတဲ့ဆေး သောက်လိုက်ရင်းနဲ့ပဲ သက်သာသွားတယ်။ အဲတော့ ဆရာဝန်ကတော့ စောစောပိုင်းကတော့ ထောင်မှာရှိတယ်။ နောက်တော့ ထောင်မှာ တာဝန်ရှိတဲ့ ဆရာဝန်လေးက စာမေးပွဲ အောင်သွားတော့ သူက အဲဒီကနေတဆင့် သီးသန့်သင်တန်း သွားတက်တော့ မလာဖြစ် တော့ဘူး။ အဲလို မလာဖြစ်တဲ့ အချိန်မှာ နောက်တော့ အစားထိုးတော့ လာပါတယ်။ နောက်ပိုင်းကြတော့ ဘယ်လိုဖြစ်သွားလဲ ဆိုတော့ ဆရာဝန် ခေါ်ပေမယ့်လို့ ခုနကအောင့်တာ ပျောက်သွားပြီးတော့မှ ရောက်ရောက် လာတယ်ပေါ့လေ။ အဲဒီလို အချိန်လေး တွေတော့ ရှိပါတယ်။
စပြီး အထိန်းသိမ်းခံရတာက ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်း ပေါ့လေ။ နောက်ကြတော့ ၂၀၀၄ ခုနှစ် ရောက်သွားတယ်။ ဖေဖော်ဝါရီ လထဲမှာပေါ့။ အဲဒီနေ့ညပိုင်းမှာ သူတို့က ပစ္စည်း ပစ္စယတွေ ထုပ်ဖို့ ပလတ်စတစ်အိတ်တွေ လာပေးတာပေါ့။
နောက်မေးလိုက်တဲ့အခါ အဘ တနေရာသွားဖို့ ရှိတယ်တဲ့ ဒီလောက်ပဲ ပြောတယ်။ မနက် မိုးလင်းတဲ့ အခါကြတော့ အထုတ်တွေ ဘာတွေ ပြင်ပြက်လာထုတ်ပြီးတော့ စောင့်ရင်းနဲ့ နောက်ဆုံး နေ့ခင်းပိုင်း ကျတော့ ထောင်မှာခေါ်ပြီးတော့ တနေရာသွားမယ်။ ပို့မယ် ဆိုပြီးတော့ ပြောခဲ့တယ်။ ဆိုတော့အဲဒီလိုနဲ့ စောင့်ရင်း ညနေပိုင်း လေယာဉ်နဲ့ မန္တလေး၊ နောက်ပြီးတော့မှ အိမ်ရောက်တယ်။ အိမ်ပို့ လိုက်တယ်ပေါ့။ အဲအိမ်မှာတော့ နိုင်ငံတော် နှောင့်ယှက် ဖျက်ဆီးသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်ခြင်း ဥပဒေနဲ့ပေါ့ အဲဒါ ၁၀/ခ နဲ့ အိမ်ချုပ် ချလိုက်တယ်ပေါ့။
မေး။ ။ နေအိမ်အကျယ်ချုပ်နဲ့ အကျဉ်းထောင်အချုပ်နဲ့ ဘယ်လို ကွာခြားပါသလဲ။ တဆက်တည်းမှာပဲ သိချင်တာက အဲဒီလို အချိန် ကာလတွေကို အဘအနေနဲ့ ဘယ်လိုများ ဖြတ်ကျော်ခဲ့ပါသလဲ။
ဖြေ။ ။ အိမ်ချုပ်ချလိုက်တဲ့အခါကျတော့ အိမ်ချုပ်နေတာ ကတော့ အိမ်ချုပ်ပေါ့။ မိသားစုနဲ့ ပြန်ထားတာပဲ ရှိတာပေါ့။ အနှောင်အဖွဲ့နဲ့ နေရတယ်ဆိုတော့ ဘယ်လာ စိတ်ချမ်းသာမလဲ။ အဲတော့အိမ်ချုပ် အိမ်မှာနေရတဲ့ အခါကျတော့ သွားခွင့် လာခွင့် စည်းကမ်းတွေကလည်း အများကြီးလေ။ မတွေ့နိုင်ဘူး။ မလှူနိုင်ဘူး။ ပါတီ အဖွဲ့အစည်းကနေပြီးတော့ မဆက်သွယ်နိုင်ဘူး။ နောက်ပြီးတော့ စကား မပြောနိုင်ဘူး။ ဒါတွေအများကြီး ကန့်သတ်တာတွေ ရှိတယ်။ သတင်းစကား မကြားရဘူး။ မပြောရဘူး။ ဆက်လို့မရဘူး။ နိုင်ငံရေး ပါတီအဖွဲ့အစည်းက လူတွေနဲ့ မဆက်ဆံရဘူး။ အတင်းအကျပ် အချုပ်အနှောင်တွေ ရှိတာပေါ့။ တကယ်တော့ အိမ်ချုပ် ဆိုတာလည်း ချုပ်နှောင်ထားတာပါပဲ။ မထူးပါဘူး။ ဟိုမှာ ကလေးမှာ ချုပ်ချုပ်၊ အိမ်ချုပ် ချုပ်ချုပ်၊ မထူးပါဘူး။ နောက်ဒီကြားထဲမှာပဲ ဘာတွေ ကြားကြားနေရလဲ ဆိုတော့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ပေါ့လေ။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်တို့ ဘာတို့ ဆိုလည်းပဲ အင်းစိန်ထောင်ချတယ်။ အဲနောက်ပိုင်းမှာ ကျနော်လိုပဲ အိမ်ချုပ် ချထားတယ် ဆိုတာကြားရတော့ စိတ်မချမ်းသာဘူးပေါ့။ ဒါတွေကတော့ သောက ရှိတာပေါ့လေ။ နောက် အိမ်မှာကလည်း ဘယ်လိုလဲ ဆိုတော့ ဘာမှတော့ ဒုက္ခမပေးပါဘူး။
သို့သော်လည်းပဲ အိမ်မှာကိစ္စ ရှိတယ်၊ လုပ်စရာရှိတယ် ဆိုရင်တော့ အဲသူတို့က သူတို့ကို အကြောင်းကြားရတယ်။ စောစောပိုင်း တုန်းကတော့ နှုတ်နဲ့ အကြောင်းကြားလို့ ရတယ်။ နောက်ပိုင်း ကြတော့ နှုတ်နဲ့တင် မရတော့ဘူး စာရေး တင်ရတယ်။ ဥပမာဆိုလို့ ရှိရင် ဆေးစစ်မယ် ကျန်းမာရေး ကိစ္စဆိုရင်လည်း စာနဲ့တင် ဆိုတော့ အောက်က လူတွေကလည်းပဲ သူတို့က တာဝန်ခံချင်တဲ့ သတ္တိ မရှိဘူးလေ။ သူတို့က တခုခုဆိုရင် သူတို့ အပြစ်လွတ်အောင် ဆိုပြီး အထက်အထက် အဆင့်ဆင့်တွေ အကြောင်းကြားရတော့ ကြာတာပေါ့။ တကယ်လို့ သေကောင်ပေါင်းလဲ ဖြစ်ရင်တော့ ပြဿနာ ရှိတာပေါ့လေ။ ဒါပေမယ့် စိတ်ထဲမှာ ဆုံးဖြတ် ထားပါတယ်။ သေကောင်ပေါင်းလဲ ဖြစ်ရင်တော့ အိမ်ကကားနဲ့ ဖြစ်ဖြစ် တက္ကစီ နဲ့ဖြစ်ဖြစ် ဆေးရုံကို သွားမယ် နောက်မှ မင်းတို့ လိုက်ချင်တာနဲ့လိုက် လုပ်ချင်တာလုပ် ဆိုပြီးတော့လေ။ ဒီလိုတော့ စိတ်တော့ကူး ထားတာပဲ။ ဒါပေမယ့် ကံအားလျော်စွာပဲ နောက်ထပ် နေရထိုင်ရတာကို သတိကြီးမားစွာနဲ့ နေတော့ ရောဂါဘယ ဆိုးဆိုးဝါးဝါးတော့ မဖြစ်ဘူးပေါ့။ ဒါပေမယ့် အိမ်မှာ တခုခုဖြစ်ပြီ ဆိုပါတော့ဗျာ ဟုတ်လား အဲယားကွန်းလေး ပျက်လို့ လုပ်ချင်တယ် ဆိုရင် လူတော့ ခေါ်လို့ရတယ်။ ဒါပေမယ့် ခေါ်ရတဲ့လူကို စစ်လားမေးလား လုပ်ကြတော့ လူတွေက မလာချင်ဘူး။
နောက် ဒီအဲယားကွန်းတပ်ဖို့ဆိုရင်လည်းပဲ ရောင်းတဲ့လူကတော့ တပ်မယ်လို့ဆိုပြီးတော့ တပ်ပေမယ့် အိမ်ကို ဒီလို အခြေအနေနဲ့ ကျတော့ ဘယ်သူမှ လာပြီး မလုပ်ပေးနိုင်ဘူးပေါ့။ အဲဒါမျိုး ဆိုလို့ရှိရင်လည်း ကိုယ့်ဆွေးမျိုး သားချင်းထဲက လူလိုက်ရှာပြီးတော့ လုပ်ရ ကိုင်ရတာတွေပေါ့။ ဥပမာ ရေစက်ပျက်တယ်။ ဘာပျက်တယ်၊ ညာပျက်တယ် ဆိုရင်တော့ ပြဿနာတွေကတော့ အခက် အခဲတွေကတော့ အများကြီး ကြုံခဲ့ရတာပေါ့။ ရှိတာပေါ့။ နောက် စိတ်ဒုက္ခ ရောက်တဲ့ အခါများတော့လည်း လူက ဒုက္ခရောက်တယ်ပေါ့ လေ။ အဲဒါလေးတွေတော့ ရှိတာပေါ့လေ။ နောက် အောက်က လုပ်ပေးတဲ့ ကလေးတွေ အနေနဲ့ကတော့ သူတို့ကတော့ တတ်နိုင် သမျှ အမိန့်ရရင်တော့ သူတို့က ပြေပြေလည်လည် ဖြစ်အောင်တော့ လုပ်ကိုင်ပေးပါတယ်။ ဒီကလေးတွေ လုပ်ကိုင် ပေးတာကတော့ ကျေးဇူး တင်ရမှာပေါ့။ တတ်နိုင်သမျှ ကြိုးစား လုပ်ကိုင်ပေးပါတယ်။ နောက်တခုကတော့ ဘာဖြစ်လည်း ဆိုတော့ သွားချင်တိုင်းသွား၊ လာချင်တိုင်းလာ လို့မရတဲ့ အခါကြတော့ စိတ်ထဲမှာ ညစ်ညူးမှုတွေကတော့ အများကြီး ရှိတာပေါ့။
အဲဒါ အဲဒီလိုပဲ တဖြည်းဖြည်းနဲ့ အဆင်ပြေအောင်နေရင်းကနေ ကိုယ်က နေ့စဉ် ဘာလုပ်လဲ ဆိုတော့ ဒီဒဏ်တွေကို ကျော်လွှားနိုင်အောင် ဆိုပြီးတော့ ၀ိပဿနာ တရားလည်း လုပ်ဖြစ်တယ်။ အရင်တုန်းက မဟာစည်မှာ နှစ်ကြာအောင် နှစ်နှစ်ခြိုက်ခြိုက် လုပ်တယ်။ အားထုတ်ခဲ့ဖူးတယ် ဆိုတော့ အဲဒါကိုပြန်ပြီးတော့ တရား အားထုတ်တယ်ပေါ့လေ။ တရား အားထုတ်တယ် ဆိုတော့လည်း အိမ်မှာ ဆိုတာက ဟိုရိပ်သာတို့လို မဟုတ်ဘူးလေ။ ပြဿနာတွေက သောင်းခြောက်ထောင် ရှိတယ်။ ရှိတော့ သိပ်တော့ သမာဓိအား မကောင်းဘူး။ ဒါပေမယ့် ဒါကိုတော့ နောက်မှ အပြင်ရောက်ရင်တော့ ရိပ်သာ သဘောမျိုးဆက်ပြီး ကျင့်စရာရှိတာ ကျင့်မယ်၊ လုပ်မယ်၊ အားထုတ်မယ် ပေါ့လေ။ အဲ မနက်ကိုတော့ ဘာလုပ်လဲ ဆိုတော့ ဘုရား ၀တ်ပြုတယ်ပေါ့။ အဲနောက်ပြီးတော့ သီလယူ တယ်ပေါ့။ နောက်ဟို ဟိုဒင်းပေါ့ ပဌာန်းအရှည်ပေါ့။ ပဌာန်းရွတ်ပြီး ဘုရားမှာ ပူဇော်တယ်။ နောက်ပြီးတော့ ပရိတ်ကြီး ၁၁ သုတ် ရွတ်ဖတ်တယ်။ နောက်ပြီးတော့ ဓမ္မစကြာ တခါတလေ မဟာသာမရသုတ်၊ နောက်ပြီးတော့ သတိပဌာန်တရား စသည်ဖြင့် ပေါ့လေ ဒါတွေ ရွတ်ဖတ်ပါတယ် နောက်တော့ ဗုဒ္ဓစာပေတွေကိုလည်း အချိန်ရတဲ့အခါမှ အခါအားလျော်စွာ ဖတ်တယ်၊ မှတ်သားတယ် ပြုတယ် ပေါ့လေ။
နောက်တော့ အိမ်ကဇနီးနဲ့ သားသမီးလေးတွေကလည်းပဲ တိုက်တွန်းတယ်ပေါ့။ ကိုယ့်အကြောင်းလေးတော့ ရေးဖို့ ကောင်းတယ် ဆိုတော့ အဲဒါနဲ့ ကောက်ရေးတယ်ပေါ့။ ကောက်ရေးတာကလည်းပဲ တော်တော် စောစောတုန်းကလည်း စိတ်အား တက်ကြွစွာနဲ့ ရေးပါတယ်။ ရေးတော့လည်း ရေးအားလည်း မဆိုးပါဘူး။ ဒါပေမယ့် ရေးရင်းရေးရင်းနဲ့ပဲ နောက်ပိုင်းတွေ ကြတော့ ၀မ်းနည်းစရာ လေးတွေက ဖြစ်ဖြစ်လာတယ်။ ၀မ်းနည်းစရာတွေက ပေါ်ပေါ်လာတဲ့ အခါကြတော့ ဆိုပါတော့ အရေးအခင်း တွေဖြစ်လာတယ်။ ဘာတွေ ညာတွေဆိုတော့ ရေးတဲ့အားက နည်းနည်းတော့ စိတ်ကျတယ်ပေါ့။
အဲလိုရေးရင်းနဲ့ ၀မ်းနည်းစရာတွေ ဖြစ်လာတာက ဘာဖြစ်လဲဆိုတော့ ဟို အိမ်က ကလေးကလည်း သူ့မှာ မွေးရာပါ နှလုံးရောဂါဖြစ်တဲ့ အတွက် ဆေးရုံကုသတဲ့ ကိစ္စကလည်း နောက်ဆုံး ကုသတဲ့အချိန် တန်သော်လည်းပဲ ဟိုငွေရေးကြေးရေးပေါ့ ငွေရေးကြေးရေး ဆိုတာကလည်း အကြောင်းကြောင်း တွေကြောင့်ပေါ့လေ နောက်ဆုံးတော့ ကလေးက နောက်ဆုံး အသည်းအသန်ဖြစ်မှ ခေါ်ပြီး သွားပြတော့ ကလေးကလည်း ဆုံးသွားတယ်။ အဲဒီကလေး ဆုံးပြီးတော့ သင်္ဂြိုဟ်တဲ့ နောက်တနေ့မှာပဲ တပ်မတော် တာဝန်ကနေပြီးတော့ နုတ်ထွက်ရတယ်။ နုတ်ထွက်ပြီးတော့ မကြာခင်မှာပဲ အချုပ်ကျတယ်။ အကျဉ်းထောင် အင်းစိန်မှာ နေရတယ်။ အင်းစိန်မှာ အားလုံးပေါင်း ၇ နှစ်ကျတယ်။ နောက်ပြီးတော့ စိတ်ထိခိုက်စရာတွေ အများကြီး ဖြစ်တယ်။ စိတ်ထိခိုက်စရာတွေ အများကြီးပဲ။ စိတ်ထဲမှာ စိတ်မချမ်းသာစရာတွေ စိတ်မချမ်းသာစရာတွေ ဆိုတာက ကိုယ်က ဒီလောက်တောင် လုပ်ကိုင်ပေးရက်သားနဲ့ ပြန်လည်ပြီးတော့ ဆက်ဆံခံရတဲ့ အပိုင်းမှာ တချို့နေရာတွေက ၀မ်းနည်းစရာတွေ အများကြီးဖြစ်ခဲ့တယ်။ အဲတော့ အပြင်ရောက်တဲ့ အခါကြတော့ ဒါဒီအကြောင်းတွေ အခုလို ပြန်ပြီးတော့ ရေးရမယ် ပြုရမယ် ဆိုတဲ့ အခါကြတော့ စိတ်ထဲမှာ စိတ်ထိခိုက်တယ်။ ကလေးဆုံးသွားပြီး အလုပ်က နုတ်ထွက်ရတယ်၊ ထောင်ကျတယ်၊ ဆိုတော့ အဲဒါအခုမရေးဘဲနဲ့ ရပ်ထားတာ တော်တော်လေးပဲ ကြာပြီ။ လချီ နှစ်ချီ နီးပါး လောက်ဖြစ်သွားတယ်။ မရေးဘဲ အဲဒီနေရာမှာပဲ ရပ်ထားတယ်။ အဲတော့စပြီးတော့ မွေးကတည်းက နေပြီးတော့ အဲဒီတပ်မတော်က တာဝန် ပြီးဆုံးပြီးတော့ အင်းစိန် အကျဉ်းထောင်ကျတဲ့ အချိန်ထိ ပထမအပိုင်းပေါ့ အဲဒီမှာရပ်ထားတယ်။
နောက်ရေးမယ်ဆိုတော့ ဆက်ပြီးတော့ဒီနေ့ ဆက်ပြီး အများကြီး ရေးစရာရှိတယ် ပေါ့လေ။ နောက်ပြီးတော့ ရဟန်းဘ၀ နေတာတို့၊ နောက်ပြီးတော့ ကိုယ်တက်လာတဲ့ ကျောင်းနဲ့ ပတ်သက်တဲ့ တက္ကသိုလ် ပညာရပ်နဲ့ ပတ်သက်ပြီးတော့ နောက်ဆုံး အဲဒါ ဥပဒေပညာ ရဖို့ ဥပဒေပညာနဲ့ ဖြေရှင်းပြီးတော့ အလုပ်လုပ်စားဖို့ ဒါလေးတွေ ကျန်သေးတယ်။ နောက် အရေးအခင်း ဖြစ်ပြီးတော့ အခုလို အကျဉ်းကျ ခံနေရတာတွေ အဲဒါလေးတွေလည်း ရေးဖို့ကျန်တယ်။ ထားပါတော့ အဲတော့ ဘယ်လိုနေရလဲ ဆိုတော့ အိမ်မှာ မိသားစုနဲ့ နေရသော်လည်းပဲ စိတ်ကတော့ အမှန်တိုင်း ပြောရမယ်ဆိုရင်တော့ ဒီအဖွဲ့ချုပ် သတင်းကိုတော့ မပြတ် နားထောင် ပြီးတော့ အမြဲ တမ်းပေါ့လေ အားနာတယ်။ သြော် ဒီလူတွေ ကျန်ရစ်သူတွေက ဒီလောက်တောင် အန္တရာယ်များ ကြားထဲကနေ အကျပ် အတည်းတွေ ကြားထဲကနေ ပါတီကျန်နေခဲ့အောင် ကျူံးကုန်းပြီးတော့ လုပ်ကိုင် နေရရှာတယ်။ မနည်း ရပ်တည်နေရတယ် ဆိုတာ စိတ်ထဲက နေ နားလည်နေတယ်၊ စိတ်မကောင်း ဖြစ်နေရတယ်။ ငါကတော့ ဒီမှာ မလုပ်နိုင်ဘဲနဲ့ အနှောင်အဖွဲ့မှာ နေရတယ်။ အဲဒီ ထဲကနေ သတင်းတွေ ကြားတဲ့ အခါ စိတ်ထဲမှာ မကောင်းဘူး။ အဲတော့လို ဖိဆီးမှုလေးတော့ ရှိတာပေါ့။ စိတ်သောကလေးလည်း ရှိတာပေါ့။
အဲဒီတော့ နေရင်းနဲ့ပဲ နောက်တကြိမ် ထွက်ရမှာလိုလိုနဲ့ နေလာလိုက်တာ အားလုံးပေါင်း ၆ နှစ် ဖြစ်သွားတယ်ပေါ့လေ။ အဲတော့ တပိုင်းကတော့ ဘယ်လိုပဲ ပြောပြော နေရတာ အချုပ်အနှောင်နဲ့ နေရတဲ့အတွက် မိသားစုနဲ့ နေရသော်လည်းပဲ တကယ် စိတ်ထဲမှာတော့ မပျော်ရွှင်နိုင်ပါဘူး။ နော် အခု လွတ်လာတယ် ဆိုလည်းပဲ အရင်တုန်းက ဆိုရိုးစကား ရှိတယ်မို့လား ရှင်လိင်ပြန်လို့ ရှိရင် လည်းပဲ ၀မ်းမြောက်တယ်။ အိမ်ထောင်ကျရင်လည်း ၀မ်းမြောက်တယ်။ အကျဉ်းကျရင်းကနေ လွတ်မြောက်တယ် ဆိုတဲ့ဟာလေ။ ကျနော့် အဖို့တော့ အချုပ်အနှောင် အဖွဲ့အစည်း ကြားထဲမှာ စိတ်သောက အကြီးအမား ဖြစ်တဲ့ဟာကနေ လွတ်လာငြားသော်လည်းပဲ အခုလို အနှောင်အဖွဲ့နဲ့ပဲ နေရတာပါပဲ မထူးပါဘူး။ ဟုတ်လား အိမ်မှာသွားတယ် အပေါက်ဝမှာ အစောင့်နဲ့ ခြံထဲမှာ အစောင့်နဲ့ ခုလို သွားရင်လည်း လိုက်တဲ့ဟာနဲ့ ။ နောက်ပြီးတော့ နေတဲ့ နေရာတွေမှာ ဆိုရင်လည်းပဲ တောက်လျှောက်ကြီး လိုက်နေတာ အနှောင် အဖွဲ့တွေနဲ့ပါ။ တကယ်တမ်းတော့ မလွတ်လပ်ပါဘူး။ နောက်ပြီးတော့ ဒီအလားတူပဲ ပြန်စဉ်းစား ကြည့်လိုက်လို့ရှိရင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး လုပ်တဲ့ ပုဂ္ဂိုလ်မှန်သမျှ အကုန်လုံး အကျဉ်းကျနေတဲ့ သဘောရောက်တယ် လို့ပဲခံယူနေတယ်၊ အဲလိုပဲ ခံစားရတာပါပဲ။ အဲလို နေရလို့တောာ့ စိတ်ထဲမှာ ဘ၀င်မကျပါဘူး။ တခါတလေတော့လည်း သိပ်ဒေါသ ဖြစ်တယ်ပေါ့လေ။
တခါတလေတော့လည်းပဲ သိပ်မခံမရပ်နိုင်ဖြစ်တယ်။ တခါတလေတော့လည်းပဲ ဒီဘုရားရဲ့ အဆုံးအမကို နားထောင်ပြီးတော့ ကိုယ့်စိတ်ကို ပြန်ဆုံးမပြီး နေရတာတွေလည်း အများကြီးရှိတာပေါ့။ နောက် အဖွဲ့ချုပ် လုပ်ငန်းနဲ့ ပတ်သက်ပြီး အားလုံးဒီမှာ လုပ်ကိုင် နေတာကို ကူညီချင်တယ်။
ဥပမာလူငယ်တွေအပိုင်း၊ လူငယ်တွေ၊ ပြီးတော့ အပြစ်ချလို့ ရှိရင်လည်းပဲ တခါတည်း ဘာခေါ်မလဲ တပေါင်းတည်း မချဘဲနဲ့ ခုနှစ်ခု ရှစ်ခုနဲ့ အမှုတွေ တင်ပြီးတော့ အပြစ်ဒဏ်တွေကို ချနေတာ၊ နှစ်ပေါင်း ၇၀ တို့ ၈၀ တို့ ၁၀၀ တို့ ဒါတွေက စိတ်ထဲမှာ ဘ၀င်မကျဘူး။ အားလုံး စိတ်ထိခိုက်တယ်။ နောက်ပြီးတော့လည်း ဒီလောက်တောင်ပဲ ရက်စက်လွန်းတယ် ဆိုတဲ့ ခံစားမှုကတော့ တောက်လျှောက် ဖြစ်တာပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိစ္စမှာ ဆိုရင်တော့ အများကြီးပဲ ဒီဟာ မတရားမှုပဲလို့ ဆိုပြီးတော့ ဒီဟာ တော်တော့်ကို ဘ၀င်မကျဘူး။ ဘာတခုမှ တရားမျှတမှု မရှိဘူး၊ အဲဒီလိုဖြစ်တဲ့အတွက် အဲဒီခံစားမှုကတော့ တရားဥပဒေ အရ ပြန်လည်ပြီးတော့ ဖြောင့်ဖြောင့် မတ်မတ်ဖြစ်အောင် လုပ်ပေးချင်တဲ့ စိတ်က ၀င်လာတယ်၊ ပြန်လည်ပြီး ဖြောင့်ဖြောင့်မတ်မတ် ဖြစ်စေချင်တယ်၊ တရားရေး ကိစ္စတွေကို။ ကိုယ်က တတ်တော့ မတတ်ပါဘူး။ ဥပဒေသမားလည်း မဟုတ်ပါဘူး။ ကိုယ်က ဖတ်ရုံ ဖတ်ဖူးတာ။ ပြောလို့ ကြားရုံကြားဖူးတာပဲ။ ဒါပေမယ့် တတ်နိုင်သမျှတော့ ကူညီချင်တယ်။
မေး။ ။ ဟုတ်ကဲ့ပါအဘ အဲဒီလို အိမ်မှာနေတဲ့အချိန်၊ အခါအားလျော်စွာ ကျန်းမာရေး စစ်ဆေးဖို့ အတွက်ကော အဆင်ပြေခဲ့ပါ သလား။
ဖြေ။ ။ ဆိုတော့ အဲဒါပြောရဦးမယ်။ အဲတော့ ပထမတခါ အကျဉ်းကျတုန်းက ထွက်လာတော့ အဲသွေးတိုးက ပါလာတယ်။ ဘယ်လောက်ထိ တိုးလည်း ဆိုရင် ကျနော်တောင် မယုံဘူး။ ၁၈၀-၁၁၀ ထိတိုးတယ်။ အဲတုန်းက တခါတည်း ချက်ချင်းဆေးရုံမှာ ကြည့်ပြီးတော့ သူတို့တောင် လန့်ဖျပ်သွားတယ်။ ဆေးရုံရောက်တော့မှ တိုင်းကြည့်လိုက်တော့ ၁၈၀-၁၁၀ ပေါ့။ အဲလိုသွေးတိုးနေတယ်။ နောက် ဒုတိယအကြိမ်မှာ ဆေးစားတယ်။ နည်းနည်းတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ နေတယ်။ နောက်တကြိမ်ကြတော့ ဘာဖြစ်လာလဲ ဆိုတော့ အကျဉ်းကျတဲ့ အချိန်မှာ နှလုံးခုန်တာ မမှန်ဘူး ဆီးကျိတ်က ပိုဆိုးလာတယ်။ အဲဒါကုရတယ်။ အခု တကြိမ် အထိန်းသိမ်းခံရတော့ ဘာပါလာလဲဆိုတော့ ကျနော့် မျက်စိ ပျက်သွားတယ်ပေါ့။ ဒါတွေက ဘာကြောင့်လဲဆိုတော့ သွေးတိုး (ပရက်ရှာ) ကြောင့် ဆိုတော့ ဒါအင်မတန်နုတဲ့ နေရာလေးတွေက သွေးကျိတ်ထွက်တယ် ဆိုတဲ့သဘော ဒီကြားထဲမှာလည်း ကျနော်ရဲ့အပြစ်လဲ ရှိပါတယ်။
ခုနပြောတော့ ဘာသာတရားလုပ်တယ်၊ ဘာတွေ၊ ညာတွေရေးတယ်ဆိုပြီးတော့ အပြင်အချိန် ကုန်အောင် ရုပ်ရှင် ကြည့်တယ်ဗျာ။ ရုပ်ရှင်ကလည်း အမှန်တိုင်း ပြောရမယ် ဆိုရင်တော့ ကိုရီးယားကား ကြည့်တယ်ဗျာ။ အဲတော့ ကိုရီးယားကား ကလည်း ကြည့်ရင်း ကြည့်ရင်းနဲ့ပဲ ဆွဲဆောင်မှုလေးတွေ ရှိလာတော့လည်း ကြည့်ဖြစ်တယ် ပေါ့နော်၊ အဲတော့ နောက်တခုက ဒါတင်မကဘဲ ကျနော်က အားကစားလည်း ၀ါသနာပါတော့ အားကစား သတင်း ဆိုလည်း မလွတ်ဘူးဗျာ။ ဆိုပါတော့ဟုတ်လား ပရီးမီးယားလိစ်တို့၊ တင်းနစ်ပွဲတို့ နောက်ပြီးတော့ စပိန်မှာကန်တဲ့ ပွဲဆိုတဲ့ ဘောလုံးအသင်းတွေ အကြောင်းလည်း သိတယ်။ ဘောသမားတွေလည်း သိတယ်။ သိတော့ ဒီကောင် ဟိုပြောင်းသွားပြီ။ ဟိုကောင် ဟိုပြောင်းသွားပြီ ဘယ်ကောင် ဘယ်ရောက်သွားပြီ၊ ဒါတွေလည်း သိတော့ ဘောလုံးပွဲ ကတော့ စိတ်ပါ ၀င်စားပြီးတော့ အဲဒါ အကြည့်များတယ်။ အဲဘောလုံးပွဲ မန်ချက်စတာ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့နဲ့ အာဆင်နယ်တို့ လစ်ပါပူး တို့နဲ့ အဲဒါတွေ ကြည့်တာလည်း များတယ်ဗျာ။ အဲဒါကြောင့် ဒီ မျက်စိ ဖြစ်တယ်လို့ပဲ အောက်မေ့ပါတယ်။ အဲတော့ အခုတော့ ဆေးဝါးကုသမှု ခံနေတဲ့ အတွက်ကြောင့်မို့လို့တော့ ပြန်လည် ကောင်းမယ်လို့တော့ ထင်ပါတယ်။ အကျယ်ချုပ် နေရတုန်းကတော့ ကျန်းမာရေးနဲ့ ပတ်သက်ရင်လည်း အခက်အခဲတော့ အများကြီးရှိတယ်။
အကြောင်းကြောင်းပေါင်းများစွာ သူတို့ကလည်း ကျနော့် ကိစ္စဆိုရင်အောက်က ဘယ်သူမှ အေးအေးဆေးဆေး မယူချင်ဘူး။ သူတို့က ထစ်ခနဲ ထစ်ခနဲ ဒီလူလာပြောတယ် ဆိုရင်ပဲ စာနဲ့ ပေနဲ့ ပို့တာပဲ။ပို့တော့ သူတို့နည်း သူတို့ဟန်နဲ့ အမြန်ဆုံး ပို့တာပေါ့။ ဒါပေမယ့် ကြာတာပါပဲ။ အနည်းဆုံးကတော့ ရိုးရိုးဆိုရင်တော့ နှစ်ပတ်ပေါ့။ တပတ်နှစ်ပတ် ဆိုတာကတော့ ထုံးစံပဲ။ အဲဒါ အဲလိုဖြစ်တယ် ဆိုတော့ ကျနော်က ခုနပြောသလိုပေါ့။ သေကောင်ပေါင်းလဲ ဖြစ်မယ်ဆိုရင်တော့ ဒါကိုယ့်ဟာကိုယ် ဖြစ်ဖြစ် လုပ်ရမှာပေါ့လေ။ သာမန်အနေနဲ့ကတော့ သူတို့ အချိန်ကိုက်သွားတဲ့ အတွက် သူတို့ကအမိန့် ကျလာပြီးလို့ ရှိရင်တော့ သူတို့က ဒီအောက်က ကောင်တာထိုင်တဲ့ တာဝန်စောင့်တဲ့ ကလေးတွေကတော့ သူတို့ဖြစ်သလောက် တတ်သလောက်ကို အကူအညီ ပေးပြီးတော့ ဖြစ်မြောက်အောင် ဆောင်ရွက်ပေးပါတယ်။
မေး။ ။ နောက်တခုက မေးချင်တာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ အဘရဲ့ သဘောထား ခံယူချက် ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတော်အတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ငြိမ်းချမ်းရေးအတွက် တကယ့်ကို အင်မတန်ကို လိုအပ်နေတဲ့ ခေါင်းဆောင်ကောင်း တယောက်။ သူ့မှာ ဒီအရည်အချင်းတွေလည်း ပြည့်နေပြီ။ သူ့ဘက်က အင်မတန် လိုအပ်တဲ့ ခေါင်းဆောင်ပီသတယ်။ သတ္တိကတော့ မပြောနဲ့တော့။ သူရသတ္တိကော၊ ဓမ္မသတ္တိကောရှိတယ်။ သူ့ အဖေဆီက ပါလာတဲ့ ဗီဇ၊ သွေး၊ အား၊ ဖခင်ရဲ့ဆန္ဒ၊ နိုင်ငံအတွက် သူကိုယ်ကျိုးစွန့်တဲ့ လုပ်တဲ့ ကိစ္စတို့ ဘာတို့ ရဲရင့်တာတို့၊ ပြတ်သားတာတို့၊ ဖြောင့်မတ်တာတို့၊ တည်ကြည်တာတို့ နောက်ပြီးတော့ တမျိုးသားလုံးအတွက်ကို ဟုတ်လား ကြီးပွားရာ ကြီးပွားကြောင်း၊ ချမ်းသာရာ ချမ်းသာကြောင်း၊ တိုးတက်ရာ တိုးတက်ကြောင်း လုပ်ချင်တဲ့ စိတ်ဓာတ် စေတနာတွေ၊ ဒါတွေက ဗီဇ ပါလာတာတော့ အမှန်ပဲ။ သူဟာ တကယ့်ကို နိုင်ငံအတွက် အိတ်သွန်ဖာမှောက် ရှိသမျှကို ကိုယ်ကျိုးစွန့်ပြီးတော့၊ အနစ်နာခံပြီးတော့၊ သူ့ရဲ့ အသက်သွေးကို စွန့်ပြီး တော့တောင် သူက ဒီနေ့ လုပ်ကိုင်ပေးခဲ့တယ်။ တကယ့် ခေါင်းဆောင်ကောင်းပဲဗျာ။ အဲဒီလိုပဲမြင်တယ်။
ဒါကြောင့်မို့ပြည်သူလူထုကိုလည်း ကျနော် ပြောချင်တယ်ဗျ။ ဟုတ်လား အခုလို အချိန်အခါမျိုးမှာ ပြည်သူလူထုရဲ့ ဒီအရင်တုန်းက ထားရှိခဲ့တဲ့ ချစ်တယ်ဆိုတဲ့ စကားလုံး အပြည့်ထားပြီးတော့ သူ့ရဲ့ ကျန်းမာရာ ကျန်းမာကြောင်း လွတ်ရာလွတ်ကြောင်း နောက်ပြီးတော့ ဆောင်ရွက်နိုင်တာကို ချောချောမောမောနဲ့ အောင်မြင်စွာ ဆောင်ရွက်နိုင်ကြောင်းကို ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာနဲ့ စိတ်ဓာတ်ကိုရော အားပေး ထောက်ခံ ခဲ့ကြတယ်။ ပြည်သူ တရပ်လုံးအတွက်ကော သူဟာ ခေါင်းဆောင်၊ ဒီနိုင်ငံတော် ဒီမိုကရေစီ အင်အားစုတွေကကော နိုင်ငံတကာ အားလုံးကကော ခေါင်းဆောင်ကောင်း ဆိုတဲ့ နေရာမှာ သတ်မှတ်ခြင်း ခံနေရတဲ့သူပဲ။ အဲတော့ ကျနော့်သဘောက ဒီအဖွဲ့ချုပ်နဲ့ ပတ်သက်တာ အားလုံး ဒေါ်အောင်ဆန်းကြည် ခေါင်းဆောင်ပြီးတော့ လုပ်တဲ့ ကိစ္စအ၀၀က အောင်မြင် စေချင်တယ်ဒါပဲ။ အဲဒီလို အောင်မြင်ဖို့အတွက် မလုပ်ရတဲ့အတွက် လူက နေမထိ ထိုင်မထိ နေနေရတဲ့ သဘောပေါ့။
မေး။ ။ အဘက တချိန်ကတပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်း ဖြစ်ခဲ့တော့ ယနေ့ တပ်မတော် အပေါ်မှာ သဘောထား ခံယူချက် ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့ရဲ့ ဒီနိုင်ငံတော်ရဲ့ လွတ်လပ်ရေးဖခင်ကြီး၊ လွတ်လပ်ရေး ဗိသုကာကြီး တပ်မတော် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ခဲ့တဲ့ ချမှတ်ခဲ့တဲ့ တပ်မတော်ဟာ အစဉ်အလာ ကောင်းတွေ ရှိတယ်။ အစဉ်အလာ ကောင်းတွေ ထိန်းသိမ်းခဲ့တဲ့ တပ်မတော် အနေနဲ့ ဒီအစဉ်အလာ ကောင်းတွေကို ပြန်ပြီးတော့ ထိန်းသိမ်း စေချင်ပါတယ်။ ဟုတ်တယ်မို့လား အကုန်လုံး တပ်မှူးကြီး၊ ငယ်တွေ အားလုံး လိုက်ပြီးတော့ ပြည်သူကိုသာ အလုပ်အကျွေးပြုပါ။ နိုင်ငံကိုဦးဆောင် ခေါင်းရွက် သွားနေတာသည် ပြည်သူလူထုပါ။ ပြည်သူလူထုရဲ့ အောက်မှာ တပ်မတော် နေပြီးတော့ တကယ့်ကို မိမိတို့ရဲ့ တာဝန်ဖြစ်တဲ့ နိုင်ငံတော် လုံခြုံရေး၊ နိုင်ငံတော် ကာကွယ်ရေး၊ အဲဒါကိုတော့ တကယ့် တရားနည်းလမ်း မှန်ကန်စွာနဲ့ ကျင့်သုံးနိုင်အောင် ဖြစ်စေချင်တယ်။ ဒါပါပဲ။
မေး။ ။ ဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အနာဂတ် အခန်းကဏ္ဍကို ဘယ်လို သဘောထားပါသလဲ။
ဖြေ။ ။ သြော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒါ သူသေသေချာချာကိုပဲ စပြီးတော့ ဖွဲ့စည်းပြီးကတည်းက အဖွဲ့ချုပ်ရဲ့ အဖွဲ့ချုပ် မူကြမ်းတွေမှာ သေချာပါပြီးသားပဲ။ နောက်ပြီးတော့လည်း ရွေးကောက်ပွဲ ရွေးတုန်းကလည်း အဖွဲ့ချုပ်ဟာ သူတို့ရဲ့ ကြွေးကြော်သံတွေကို သူတို့ရဲ့ ရွေးချယ်ထားတဲ့ ဒီနိုင်ငံတော်ကြီးကို ဟုတ်လား အခု လွတ်လပ်ရေး ရရခဲ့ပြီးပြီ။ လွတ်လပ်ရေး ရခဲ့ပြီးတဲ့ နောက်ပိုင်းမှာ လွတ်လပ်ရေး အသီးအပွင့်ဟာ ဒီနေ့အထိ ပြည့်ဝအောင် မခံစားကြရသေးဘူး။ အခု တခါထပ်ပြီးတော့ ဒီစစ်အုပ်ချုပ်ရေး စနစ်က လွတ်မြောက်ပြီးတော့မှ ဒုတိယ လွတ်လပ်ရေး အတွက်ကို စွမ်းဆောင်တဲ့ နေရာမှာ အေးချမ်းသောနည်း၊ ငြိမ်းချမ်းသောနည်း၊ ဆွေးနွေးသောနည်း၊ တယောက်နဲ့တယောက် ယုံကြည်မှုရအောင် ဖြစ်အောင် လုပ်တဲ့နည်း အဲလို တွေ့ဆုံ ဆွေးနွေးနည်းလမ်းတွေနဲ့ ဆက်လက်ပြီးတော့ အောင်မြင်အောင် အကောင်အထည် ဖော်သွားနိုင်တယ် ဆိုတဲ့ ယုံကြည်ချက် ကတော့ အဖွဲ့ချုပ်က ဒီနေ့ ဆက်လက်ပြီး ဆုပ်ကိုင် ထားလျက် ရှိပါတယ်။
မေး။ ။ ဟုတ်ကဲ့ တကယ်လို့များ ဒီစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံ စကားပြောခွင့် ရမယ် ဆိုလို့ရှိရင် အဘအနေနဲ့ ဘယ်လိုများ ပြောကြားမလဲ။
ဖြေ။ ။ သြော် တယောက်နဲ့တယောက်ဟာ ဒီယုံကြည်မှု တည်ဆောက်ကြဖို့ပဲလို့ ဦးဆုံး ပြောချင်ပါတယ်။ တိုင်းပြည်နဲ့ ပြည်သူ လူထု အတွက် တွေ့ဆုံ ဆွေးနွေးပြီးတော့ ယုံကြည်မှု တည်ဆောက်လို့ ရနိုင်ပါတယ်။ လုပ်နိုင်ပါတယ်လို့။ ယုံယုံကြည်ကြည် လုပ်ပါ ဆိုတာပါပဲ။ ။
Ref: ဧရာဝတီ်
ဦးတင်ဦးနှင့် လက်တွေ့ပြဿနာ
ရန်ငြိမ်းအောင် (လူငယ်)
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၄ ရက် ၂၀၁၀
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး ပြန်လည်လွတ်မြောက်လာပြီး အဖွဲ့ချုပ်၏ မူလ တာဝန်များကို ပြန်လည် ထမ်းဆောင်နေပါပြီ။ လူငယ်များက ဘဘဦးတင်ဦးဟု ခေါ်ကြသော NLD ဒုဥက္ကဋ္ဌ လွတ်မြောက်လာသည့် သတင်းသည် ကိုမင်းကိုနိုင်တို့၊ ဘဘဦးဝင်းတင်တို့ လွတ်စဉ်များကလောက် ဂယက် သိပ်မထလှပါ။ မီဒီယာများကလည်း ယခင် ကိစ္စများတုန်းကလောက် အသားမပေးလှပါ။ ကိုမင်းကိုနိုင်တို့ လွတ်လာကြစဉ်က၊ အမျိုးသား ညီလာခံ ဆိုတာကြီးက ကျင်းပနေဆဲဖြစ်ပြီး၊ အခြေခံ ဥပဒသစ်အတွက် အခြေခံမူများ ဆိုတာတွေကို မချရသေးပါ။ ထို့ကြောင့် နိုင်ငံရေး ရေစီးကြောင်းကို တစုံတရာ ပြောင်းပစ်နိုင်စရာ လမ်းတွေ၊ မျှော်လင့်ချက်တွေ ရှိသေးသည်ဆိုပါစို့။ ထို့ကြောင့် ‘၈၈ မျိုးဆက်’ ကျောင်းသားများအပေါ် အားကိုး မျှော်လင့်ပြီး လှုပ်လှုပ်ရွရွ ဖြစ်ခဲ့ရပါသည်။
ဘဘဦးဝင်းတင် လွတ်လာချိန်တွင်တော့ ၂ဝဝ၈ အခြေခံဥပဒေ ဆိုတာကို အတင်း ပြဋ္ဌာန်းပြီးနေပြီ။ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆိုတာကိုလည်း ကြေညာပြီးနေပြီ။ သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂတို့က ပြင်းပြင်းထန်ထန် ကန့်ကွက် နေဆဲဖြစ်သဖြင့်၊ စစ်အစိုးရ၏ ခြေလှမ်းတွေကို ဟန့်တားရန် အချိန်တွေ ရှိသေးသည်ဟု ထင်ကြပြီး၊ ဘာတွေများ ဖြစ်လာမလဲဟု စိတ်ဝင်စား ခဲ့ကြပါသည်။ ဘဘဦးဝင်းတင်ကလည်း၊ လွတ်လာကတည်းက ယနေ့အထိ အရှိန်အဟုန် မပျက်ဘဲ ရုန်းကန်လှုပ်ရှားရင်း၊ ပြောသင့်သည် ထင်သမျှကို ဘာမှ မငဲ့ကွက်ဘဲ ပြောဆိုနေဆဲ ဖြစ်ပါသည်။ စစ်အစိုးရကလည်း သူတို့စိုးရိမ်သလို ဆူပူအုံကြွမှုတွေ ဖြစ်မလာလေတော့ ပြောပစေဟုများ ပစ်ထားသလား မသိပါ။
ဘဘဦးတင်ဦးသည်လည်း၊ ဘဘဦးဝင်းတင်လိုပင် ခံယူချက်ကို မြဲမြံစွာ ကိုင်ထားပြီး မိမိ အယူအဆကို ရိုးရိုးရှင်းရှင်းနှင့် ပွင့်လင်းစွာ ဖော်ထုတ်ပြောဆိုလေ့ရှိသူ ဖြစ်ပါသည်။ ၈၈ အရေးတော်ပုံကို ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တတန်းတည်း ခေါင်းဆောင်ခဲ့သူ၊ ၁၉၉၅ မှ ၂ဝဝ၃ ခုနှစ်အထိ ၈ နှစ်တိုင်တိုင် အဖွဲ့ချုပ်လူထုနှင့် လက်ပွန်းတတီး တသားတည်းနေခဲ့ပြီး လူငယ်ထု၏ ချစ်ခင်ကြည်ညို ခံရသူဖြစ်ပါသည်။ သို့သော် ယနေ့ မျက်မှောက် နိုင်ငံရေးဖြစ်စဉ်ကို ပြောင်းပစ်နိုင်လိမ့်မည်ဟု မျှော်လင့်၍တော့ မဖြစ်နိုင်ပါ။ မည်သို့ဆိုစေ ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင်၊ အဖွဲ့ချုပ်အပေါ်တွင် သြဇာအရှိဆုံး၊ အဖွဲ့ဝင်ထု၏ ယုံကြည် အားထား အကြည်ညိုဆုံး ခေါင်းဆောင်တဦးဖြစ်သော၊ ဘဘဦးတင်ဦး၏ တိုက်ရိုက် ခေါင်းဆောင်မှုကို ပြန်လည် ရရှိခြင်းသည်၊ အဖွဲ့ချုပ်အတွက် တအားပင် ဖြစ်ပါသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ညက လွတ်လာပြီး၊ ၁၅ ရက်နေ့ ရုံးစတက်သည်နှင့် ဘဘဦးတင်ဦး အရင်ဆုံး စတင် ကိုင်တွယ်ရသည့် ပြဿနာမှာ၊ ဗဟိုကော်မတီ ပြန်လည်ဖွဲ့စည်းရန် လူစာရင်း လျာထားခြင်း ကိစ္စပင်။ ထိုနေ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတွင်ရော၊ ၁၆ ရက်နှင့် ၁၇ ရက်နေ့၌ တိုင်း/ပြည်နယ် ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင်ပါ၊ ဘဘဦးတင်ဦး၏ ဆွေးနွေးချင့်ချိန် ဆုံးဖြတ်ချက် ချမှုများသည်၊ အကျဉ်းကျရာမှ လွတ်လာသည်နှင့် မတူဘဲ၊ အဖွဲ့ချုပ်၏ ဖြစ်စဉ်ဖြစ်ရပ်များနှင့်၊ အဆက်မပြတ် တထပ်တည်း ရှိနေသည်ဟု ကြားသိရသဖြင့် အားရှိစရာပင် ဖြစ်ပါသည်။ သို့သော် ဗဟိုကော်မတီအတွက် လူရွေးခြင်း ဆိုသည်မှာ အရေးတကြီးကိစ္စ ဖြစ်သော်လည်း၊ အရေးကြီးဆုံး ကိစ္စတရပ်တော့ မဟုတ်ပါချေ။
ရွှေဂုံတိုင် ကြေညာစာတမ်းကို ကိုင်ဆွဲလျက်၊ ၂ဝ၁ဝ ရွေးကောက်ပွဲကိစ္စကို စဉ်းစားရန် အချိန် မကျသေးပါဟု ဆိုနေသော်လည်း၊ အဆုံးအဖြတ် ပေးရမည့် အချိန်က မဝေးတော့ပါ။ ထို့ကြောင့် အဖွဲ့ချုပ် အဖွဲ့ဝင်ထုထဲတွင် ဤရွေးကောက်ပွဲ ကိစ္စနှင့် ပတ်သက်၍ အမျိုးမျိုး ဝေဖန်သုံးသပ်လျက်၊ အမြင်အမျိုးမျိုး ရှိနေကြသည်မှာ၊ ပိတ်ပင်တားစီး၍ မရနိုင်သလို၊ ဆန်းသည့်ကိစ္စလည်း မဟုတ်ပါ။ အခုတလောတွင် ကျယ်နေသည့် ဝေါဟာရကိုသုံး၍ ပြောရလျှင် ရီရယ်လစ် (Realist) များနှင့် အိုင်ဒီယယ်လစ် (Idealist) များ သဘောထား ကွဲနေကြသည် ဆိုပါစို့။ မြန်မာလို ရိုးရိုးပဲ ဆိုရလျှင် လက်တွေ့ကျကျ စဉ်းစားသူများနှင့် မူဝါဒကို အထိမခံဟူသော ခံစားချက်နှင့် စဉ်းစားသူများဟု ကွဲပြားနေပါသည်။ ကဗျာဆန်ဆန် ပြောရလျှင်တော့ ဦးနှောက်နှင့် နှလုံးသား လွန်ဆွဲနေခြင်းပါ။
ဤသို့သော ဒိုင်ယာလက်တစ်သည်၊ သဘာဝလောကကြီးနှင့် လူ့လောက တခုလုံးတွင် ရှိနေသည်သာ ဖြစ်၍၊ အဖွဲ့ချုပ် အထဲတွင် ၎င်းအဖွဲ့ဝင် တဦးချင်း၏ အကြံအစည် စိတ်ကူးထဲတွင် ပါရှိနေပါသည်။ လူတယောက် ထဲတွင်ပင် ဒီနေ့၊ ဒီအခြေအနေ၌ လက်တွေ့ကျကျ စဉ်းစားသော Realist ဖြစ်နေသော်လည်း နောက်တနေ့ နောက်အခြေအနေတွင် ခံယူချက်ကို တစက်မှ အထိမခံဟူသော ခံစားချက်နှင့် စဉ်းစားသော Idealist ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် အဖွဲ့ချုပ်အတွင်း ဖြစ်ပေါ်နေသော ဝိရောဓိများသည်၊ ချေဖျက်၍မရသော၊ သို့မဟုတ် ပျက်စီးမှုကို ဦးတည်သော ကွဲပြားချက်များ မဟုတ်ပါ။ ပြေလည်အောင် ညှိနိုင်သော ဝိရောဓိများသာ ဖြစ်ပါသည်။
သို့သော် ဘဘဦးတင်ဦးကပင်၊ ပဋိပက္ခအသွင်ဆောင်သော ဝိရောဓိ တခုသည် ရှိနေကြောင်းကို ယခုလ ၂ဝ ရက်နေ့တွင် ဖော်ထုတ် သွားခဲ့ပါသည်။ ဝါရင့် နိုင်ငံရေးသမားကြီးများနှင့် တိုင်းရင်းသားပါတီများ စုပေါင်း၍ ပြုလုပ်သော ဂုဏ်ပြုပွဲတွင်၊ ပြန်လည် ကျေးဇူးတင်စကား ပြောရာ၌ ဒီပဲယင်းကိစ္စ အပြီး အမျိုးသားညီလာခံ ပြန်မခေါ်မီ အခြေအနေများနှင့် ပတ်သက်၍ ယခင် အဖွဲ့ချုပ်ခေါင်းဆောင် မည်သူကမှ မဖော်ထုတ်ခဲ့သည်များကို ဘဘက သူ့ထုံးစံအတိုင်း ပွင့်ပွင့်လင်းလင်းပင် ပြောခဲ့ပါသည်။ အဓိက အချက်မှာ ထိုစဉ်က ဆွေးနွေးပွဲများ ဖြစ်ခဲ့သည်၊ ထိုဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်က ဒီပဲယင်းကိစ္စကို ခွင့်လွှတ်ကြောင်း နအဖ ဘက်ကို ပြောထားပြီးပြီ၊ ညီလာခံသို့ NLD ပြန်တက်ရန် နှစ်ဖက်သဘောတူပြီးပြီ၊ ထိုစဉ်က ပြည်ထဲရေးဝန်ကြီး အပါအဝင် တဖက် ကိုယ်စားလှယ်များ၏ အဆိုအရ၊ ထိုစဉ်က ဝန်ကြီးချုပ်ကလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ပြီးပြီ။ တရက်အလိုကျမှ တပ်ချုပ်က အားလုံးကို ဖျက်ပစ်လိုက်သည်ဟူ၍ ဖြစ်ပါသည်။
ဤတွင် NLD က ထည့်သွင်းစဉ်းစားရမည့် ကွယ်ဝှက်နေသော ပြဿနာတခုကို အဖွဲ့ဝင်များ ရှင်းရှင်းကြီး မြင်လာရပါပြီ။ အဖွဲ့ချုပ်က တွေ့ဆုံဆွေးနွေးခြင်းကို အခြေခံမူအဖြစ် ရွှေဂုံတိုင် ကြေညာစာတမ်း အထိ မြဲမြံစွာ ကိုင်ထားဆဲဖြစ်သည်။ သို့သော် တဖက်က အဆုံးအဖြတ်ပေးနိုင်သော ပုဂ္ဂိုလ်သည် တွေ့ဆုံဆွေးနွေးရန် စိတ်မဝင်စားရုံမျှမက၊ တွေ့ဆုံဆွေးနွေးရေး ရလဒ်ကို ဖျက်ပစ်ပြီး ဝန်ကြီးချုပ်ကို ဖြုတ်ပစ်ဖို့ ဝန်မလေးပါ။ ဤပဋိပက္ခကို မည်သို့ ဖြေရှင်းမည်နည်း။
ဘဘဦးဝင်းတင် ထောင်ထဲက ထွက်လာကတည်းက ပြောနေခဲ့သလိုပင်၊ ဤကိစ္စကို ပြေလည်ရန်မှာ၊ လက်တွေ့ကျကျ လက်နက်ချ အရှုံးပေး ဒူးထောက်ခြင်းနှင့် အဖွဲ့ချုပ်အပျက်ခံပြီး မူဝါဒကို စွဲကိုင်ထားခြင်း နှစ်ခုကိုသာ ရွေးရန်ရှိသည်။ ဤကိစ္စသည် နှလုံးသားနှင့် ဦးနှောက် ဝိရောဓိထက် မြင့်သော အဖွဲ့ချုပ်၏ ဖြစ်တည်မှု ပြဿနာပင် ဖြစ်နေပါသည်။
ဘဘဦးတင်ဦးသည် တပ်ချုပ်ဘဝမှ ထောင်အကြိမ်ကြိမ် ကျခဲ့ပြီးသော ဥပဒေပညာရှင် နိုင်ငံရေးသမား ဘဝသို့ ရောက်လာခဲ့သူ ဖြစ်ပါသည်။ သူ့ဘဝတလျှောက်တွင် လက်တွေ့ကျကျ၊ ဆင်ခြင်တုံတရားကို ရှေ့တန်းတင်၍ စဉ်းစားဝေဖန် ဆုံးဖြတ်ခဲ့သည်မှာလည်း များလှပါပြီ။ ထို့အတူ ခံယူချက်ကို ကိုင်ဆွဲ၍ နိုင်ငံနှင့် ပြည်သူတို့အတွက် ခံစားကာ၊ ရုန်းကန်လှုပ်ရှားခဲ့၍ အကျဉ်းကျခံရသော ကာလများမှာလည်း စုစုပေါင်း ဆယ်စုနှစ် နှစ်စုနီးပါး ရှိနေပါပြီ။
မကြာမီတွင် မလွဲမသွေ လုပ်ကြရတော့မည်ဖြစ်သော၊ အဖွဲ့ချုပ်၏ လက်တွေ့လမ်းစဉ် ချမှတ်ခြင်း လုပ်ငန်းစဉ်တွင် ဘဘ၏ ကျယ်ပြန့်သော အတွေ့အကြုံများ၊ ခိုင်မြဲသော ခံယူချက်၊ သန့်ရှင်းသော သီလ၊ မြင့်မြတ်သော ကိုယ့်ကျင့်သိက္ခာတို့အပြင် အစဉ်အလာကြီးသော ခေါင်းဆောင်မှု စွမ်းရည်တို့က ကြီးမားသော အထောက်အပံ့ ဖြစ်ပါစေဟု ရိုးသားစွာ ဆုတောင်းလိုက်ပါသည်။
Ref: မဇ္ဈိမ
Wednesday, February 24, 2010
နေ့စဉ်သတင်းများ ( ၂၃ - ၂ - ၁၀ )
■ အဖွဲ့ချုပ် ဥက္ကဌက ဗိုလ်ချုပ်မှူးကြီးထံ ပေးစာတစောင် ပေးပို့မည် သတင်း
■ တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်များ ဦးတင်ဦးအတွက် ဂုဏ်ပြုကြိုဆိုပွဲလုပ် သတင်း
■ အန်အယ်လ်ဒီ ဗဟိုဦးစီးအဖွဲ့ ဖွဲ့စည်းရေး ပဏာမလျာထားချက် အောင်မြင်စွာပြီးစီး သတင်း
■ မန္တလေးတိုင်းစည်းအဖွဲ့နဲ့ လူငယ်အကူအညီပေးရေးအဖွဲ့ တွေ့ဆုံ သတင်း
■ နိုင်ငံရေးအကျဉ်းသား (၆) ဦး ထောင်တွင်း အစာငတ်ခံ ဆန္ဒပြ သတင်း
■ သူပုန်အဖွဲ့များ အသွင်ပြောင်းရန် (၅) ရက်သာလို သတင်း
■ နောက်ထပ် သံဃာတော်များ ဖမ်းဆီးရန်ရှိဟု မယက ပြော သတင်း
■ ဖမ်းဆီးမှုအခြေအနေ တင်းကျပ်ခြင်းကြောင့် ဒေသခံများ ကြောက်ရွံ့နေကြ သတင်း
■ ဟွန်ဒေးနဲ့ ဒေ၀ူး မြန်မာ့သဘာဝဓာတ်ငွေ့ရှာဖွေရေး ဒေါ်လာ ကုဋေချီ စာချုပ်ချုပ်ဆို သတင်း
■ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအရေး လူ့အခွင့်အရေးအဖွဲ့ စိုးရိမ် သတင်း
■ ထိုင်းအလုပ်သမားတွေ အခွင့်အရေး ဆုံးရှုံး သတင်း
■ ဟတ်ကြီးရေကာတာ လေ့လာရေး ပြန်စပြီ သတင်း
■ ငြိမ်းချမ်းရေး မနောပွဲတော် KIO ကျင်းပ သတင်း
■ အမျိုးသမီးရေးရာ အဖွဲ့ဝင်တဦးကို ဖမ်းဆီးစစ်ဆေး သတင်း
■ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲ (၃) နှစ်မြောက် အခမ်းအနား သတင်း
■ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းစာအုပ် သုတစွယ်စုံစာပေဆု ရရှိ သတင်း
■ မြန်မာရေတပ်ဦးစီးချုပ် အိန္ဒိယသို့ ရောက် သတင်း
■ ပြင်သစ်သံရုံးအတွင်း ဝင်ရောက်သူမှာ နိုင်ငံခြားသားဖြစ် သတင်း
■ စည်ပင်က ဖမ်းခေါ်သွားသည့် ကလေးငယ် မိဘလက်ထဲ ပြန်ရောက် သတင်း
■ လူပေါင်းတသိန်းကျော် တက်ရောက်သည့် တရားပွဲတခု စစ်တွေမြို့ ဝေသာလီရင်ပြင်တွင် ပြုလုပ် သတင်း
■ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် မျက်မမြင် ပညာသင်ကျောင်း စစ်တွေတွင် ဖွင့်လှစ် သတင်း
■ စစ်ဗိုလ်ချုပ်များ ကြည့်ရှုရန် နွေစပါး ဟန်ပြစိုက် သတင်း
■ နွေစပါး အတင်းအကျပ် စိုက်ခိုင်း၍ တောင်သူများ အခက်ကြုံ သတင်း
■ မလေးရှား ထိန်းသိမ်းရေးစခန်း၌ မြန်မာ (၁,၀၀၀) ကျော် အစာငတ်ခံ ဆန္ဒပြ သတင်း
■ အလုပ်သမားများ ထိုင်းတွင် နှိပ်စက်ခံရမှု HRW ဖွင့်ချ သတင်း
■ ဦးခေါင်းမဲ့ ရုပ်အလောင်း လှော်ကားတွင် တွေ့ရှိ သတင်း
■ နိုင်ငံပိုင်မှ ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချရာတွင် အာဏာပိုင်နှင့် နီးသူတို့သာ လေလံအောင်နိုင် သတင်း
■ ကျပ်ငွေ ဘီလီယံ (၃၀၀) ထက်မနည်း ဦးတေဇ ရမည် သတင်း
■ TV ထုတ်လွှင့်ခွင့် ရွှေသံလွင် ရရှိ သတင်း
■ အမျိုးသမီး ပြိုင်ကားလေးမောင်းပြိုင်ပွဲ ကျင်းပမည် သတင်း
■ နိုင်ငံရေးလုပ်တာ မဟုတ်ဘူး၊ ပြဿနာ (ဆောင်းပါး)
■ အားနာမိပါတယ် (ဆောင်းပါး)
■ ကျနော် သတင်းမုဆိုး (ဆောင်းပါး)
Tuesday, February 23, 2010
ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်ဖြစ်ဖို့ သူရ ဦးတင်ဦး တိုက်တွန်း
23 February 2010
မြန်မာ့တပ်မတော်အနေနဲ့ အစဉ်အလာ ကောင်းတွေကို ထိန်းသိမ်းပြီး ပြည်သူတွေကို အလုပ်အကျွေးပြုတဲ့ တပ်မတော် အဖြစ် ပြောင်းလဲဖို့ မကြာသေးခင်မှာ နေအိမ် အကျယ်ချုပ်က လွတ်မြောက် လာခဲ့တဲ့ NLD ဒု-ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက စစ်တပ် အရာရှိတွေ၊ တပ်မတော်သားတွေကို တိုက်တွန်း လိုက်ပါတယ်။ အဘက်ဘက်က ချို့ယွင်းနေတဲ့ တိုင်းပြည် အခြေအနေကို ပြန်လည် ထူထောင်ဖို့ ယုံကြည်မှု တည်ဆောက်ပြီး သဘောတူညီချက်တွေ ရအောင် ကြိုးစားဖို့ လိုတယ်လို့ ဗွီအိုအေ မြန်မာပိုင်းနဲ့ သီးသန့် ဆက်သွယ် မေးမြန်းခန်းမှာ ပြောဆိုခဲ့တာပါ။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြ ပေးထားပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက သူဟာ ငယ်ရွယ်စဉ် အချိန်ကတည်းက တပ်မတော်မှာ အရာရှိငယ် တယောက်အဖြစ် တာဝန်ယူခဲ့ပြီး နောက်ပိုင်းမှာ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ အကြောင်း၊ တပ်မတော်ဟာ သူ့ရဲ့ အသည်းနှလုံးထဲမှာ ထာဝရ ရှိနေတဲ့ အကြောင်း ဗွီအိုအေ မြန်မာပိုင်းနဲ့ ဆက်သွယ် မေးမြန်းတဲ့အချိန် ပြောဆိုပါတယ်။ သူဟာ တပ်မတော်သားတွေကို ချစ်တဲ့ အကြောင်းနဲ့ ဒါပေမဲ့လည်း ပြည်သူတွေကို ပိုချစ်တဲ့ အတွက် ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ ပါဝင် ဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။
လက်ရှိ တပ်မတော်ဟာ ပြည်သူတွေကို အလုပ်အကျွေးပြုတဲ့ တပ်မတော်တရပ် ဖြစ်ဖို့လိုပြီး လွတ်လပ်ရေး ဗိသုကာ၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့တဲ့ အစဉ်အလာ ကောင်းတွေကို ထိန်းသိမ်းဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။
“ဒီလိုပဲ အစဉ်အလာကောင်းတွေကို ထိန်းစေချင်ပါတယ်။ အကုန်လုံး တာဝန်ရှိနေတဲ့ သူတွေ အားလုံး အလိုက်ပေါ့။ ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဖ၊ ပြည်သူတို့ကိုသာ အလုပ်အကျွေးပြုပါ။ နိုင်ငံကို ဦးဆောင် ခေါင်းရွက် သွားနေတာ ပြည်သူလူထုပါ။ ပြည်သူလူထုရဲ့ ဦးဆောင်မှု အောက်မှာ တပ်မတော်သည် တကယ့်ကို စံပြကောင်းကောင်းနဲ့ ဖြစ်တဲ့ ၀န်ထမ်းကောင်းကြီး တွေပေါ့၊ ကိုယ့်ရဲ့ လုပ်ငန်းကိစ္စ အ၀၀ကို ကျွမ်းကျင်အောင် လုပ်ပြီးတော့ မိမိရဲ့တာဝန်ဖြစ်တဲ့ နိုင်ငံတော် လုံခြုံရေး၊ ကာကွယ်ရေးကို တရားနည်းလမ်း မှန်ကန်စွာနဲ့ ကျင့်သုံးနိုင်အောင်တော့ ဖြစ်စေချင်တယ်၊ ဒါပါပဲ။”
အဘက်ဘက်က ချွတ်ခြုံကျနေတဲ့ ဒီနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ပြန်လည် တည်ဆောက်နိုင်ဖို့ အတွက် နိုင်ငံရေးအရ သဘော တူညီမှုတွေကို ရှာနိုင်တဲ့ ယုံကြည်မှု တည်ဆောက်ဖို့ လိုအပ်တဲ့ အကြောင်းကိုလည်း ဦးတင်ဦးက ပြောပါတယ်။ ဒီလို ယုံကြည်မှု တည်ဆောက်နိုင်တဲ့ အနေအထားကို ဖန်တီးဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘက်ကတော့ အဆင်သင့် ရှိတယ်လို့လည်း သူက ပြောပါတယ်။
“တယောက်နဲ့ တယောက်ဟာ ယုံကြည်မှု တည်ဆောက်ကြဖို့ပဲ။ ပြည်သူလူထုတွေဟာ ဒီနေ့အထိ နိုင်ငံရေး အားဖြင့်၊ စီးပွားရေး အားဖြင့်၊ လူမှုရေး အားဖြင့် ချွတ်ခြုံ ကျနေတာ။ အဲဒါကို ညှိနှိုင်းဆွေးနွေးပြီး တခုနဲ့တခု တွေ့ဆုံ ဆွေးနွေးပြီးတော့ ယုံကြည်မှု တည်ဆောက်လို့ ရနိုင်မယ့် နေရာတခု၊ The area of agreement ရောက်အောင် လုပ်မယ်ဆိုရင် လုပ်လို့ ရနိုင်ပါတယ်လို့၊ ယုံယုံကြည်ကြည် လုပ်ပါ။ ဒေါ်အောင်ဆန်းစုကြည် ဘက်ကတော့ ဒီလိုကိစ္စနဲ့ ပတ်သက်လို့ တစိုက်မတ်မတ် စွဲကိုင်ထားတဲ့ ၀ါဒပါ။”
မြန်မာပြည် ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ နိုင်ငံတကာရဲ့ ထောက်ခံ အားပေးမှုတွေကို ကြိုဆိုတဲ့ အကြောင်း၊ ဒါပေမဲ့လည်း တကယ်တမ်း အပြောင်းအလဲတွေ၊ တိုးတက်မှုတွေ ရှိဖို့ ပြည်တွင်းက အင်အားတွေကသာ ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့ အကြောင်းကိုလည်း အခုလို ပြောဆို သွားပါတယ်။
“ဒါပေမဲ့ တကယ့်အင်အားကတော့ ကိုယ့် ပြည်သူလူထုပဲ။ ကိုယ့်ဟာကို လုပ်ကြပါ။ ကိုယ့်ဟာကို လုပ်တဲ့ အားကိုပဲ ကိုယ်က ယုံကြည်တာပါ။ အဲတော့ နိုင်ငံတကာက ကူညီနေပြီး ကျနော်တို့အတွက် ပြောကြတယ်၊ ဆိုကြတယ် ဆိုတဲ့ဟာတွေ အပေါ်မှာ၊ အထောက်အပံ့တွေ အပေါ်မှာတော့ ကြိုဆိုတယ်၊ အားရတယ်၊ ဆက်လက်ပြီး တော့လည်း ကြိုဆိုကြပါ၊ ထောက်ခံကြပါ။ သို့သော် တကယ် ဆောင်ရွက်ရမယ့် အင်အားကတော့ ကိုယ့်ပြည်တွင်းက အားပဲ ဖြစ်တဲ့အတွက် ပြည်သူ လူထုတွေက လုပ်ရမယ်လို့ပဲ၊ ကိုယ့်အချင်းချင်း တိုင်းရင်းသားတွေနဲ့ အတူတကွ လုပ်ရမယ်လို့ပဲ ကျနော်တို့က ယုံကြည် တယ်။”
ဗွီအိုအေ မြန်မာပိုင်းက ဆက်သွယ်မေးမြန်းတဲ့ အချိန် ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက လက်ရှိ မြန်မာနိုင်ငံ အခြေ အနေတွေနဲ့ မြန်မာ့ တပ်မတော်အပေါ် သူ့ရဲ့ သဘောထားတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့တပ်မတော် အနေနဲ့ အစဉ်အလာကို ထိန်းသိမ်းဖို့ လိုအပ်သလို အနာဂတ်မှာ တပ်မတော်ရဲ့ သမိုင်းကောင်းအောင် ဆောင်ရွက်ဖို့လည်း လိုအပ်တယ်လို့ ဦးတင်ဦးက ပြောပါတယ်။ မြန်မာပြည် နိုင်ငံရေးမှာ တပ်မတော် အနေနဲ့ သမာသမတ် ရှိတဲ့ ဒိုင်လူကြီး နေရာက ရပ်တည် စေချင်တဲ့အကြောင်း NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပြသွားပါတယ်။
Ref: VOA News
ရခိုင်ပြည်နယ်က တိုက်ပွဲခေါ်သံ
ဖေဖေ၀ါရီ ၂၃၊ ၂၀၁၀
မနေ့က ဘုန်းကြီး ဦးသုမင်္ဂလာ တရားပွဲမှာ ဆရာတော်က မကြောက် တရားတွေ ထည့်ဟောလိုက်လို့ လူထု မကြေနပ် ချက်တွေ ပေါက်ကွဲပြီး ဆန္ဒပြ ကြွေးကြော်သံတွေ ဟစ်ကြွေးကြတယ်လို့ ကြားတယ်။ ဖြစ်တာက စစ်တွေမှာ ဆရာတော်က သန်းရွှေမိသားစုနဲ့ လက်တစုပ်စာ လူတစုက မြန်မာ တနိင်ငံလုံးက သယံဇာတတွေကို ဂုတ်သွေးစုတ် နေတာတွေကို ထုတ်ဖေါ် ပြောဆိုသွားတယ်။ ရခိုင်ပြည်နယ်က သဘာဝဓါတ်ငွေ့တွေ ထွက်ပြီး ရခိုင်ပြည်နဲ့ တပြည်လုံးမှာ မီးမရှိ၊ ရေမရှိ၊ လောင်စာမရှိတဲ့ အခြေအနေတွေကို ဟောကြားသွားတယ်လို့ ဆိုပါတယ်။ ကျောင်းသား လူငယ်တွေအနေနဲ့ ၈၈ တုံးက ကျောင်းသားတွေကို အတုယူကြဖို့ ဟောကြားသွားတယ်။ တရားပွဲအပြီးမှာ ကျောင်းသား ၁၀ ဦးနှင့် သံဃာ ၂ ဦးက စတင် လှုံ့ဆော်လိုက်ရာက ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပါတယ်။ ကျောင်းသားများ ရွှေစေတီ ဘုရားအထိ ချီတက်တယ်။ ရဟန်းပျို သမဂ္ဂနဲ့ ကျောင်းသား သမဂ္ဂက ဦးဆောင်တယ်။ တဖြေးတဖြေးနဲ့ လမ်းဘေးက ကြည့်နေတဲ့ သူတွေကပါ ပူးပေါင်းလာတဲ့ အတွက် အင်အား သုံးထောင်ခန့် ဖြစ်သွားတယ်လို့ သိရတယ်။
ဆန္ဒပြနေစဉ်မှာ ကျောင်းသားများက ....
လျပ်စစ်မီး-ရရှိရေး ဒို့အရေး၊
နအဖ စစ်အစိုးရ အလိုမရှိ၊
၂၀၁၀ အလိုမရှိလို့ ကြွေးကြော် ဆန္ဒပြကြတယ်။
နအဖ၊ ကြံ့ဖွတ်နဲ့ ရဲများက ဆန္ဒပြသမားများကို နိမ်နင်းရန် ရောက်လာကြတယ်။ ဦးဝိစာရ ပန်းခြံနဲ့ မီးစက် ဂွဆုံတွေမှာ နေရာယူပြီး လူစုခွဲခိုင်းတယ်။ ဆန္ဒပြသမားများက သွေးထွက်သံယိုမှု မရှိခင်မှာ အောင်မြင်စွာ ဆုတ်ခွာ ပေးလိုက်တယ်လို့ သိရတယ်။ မနက်ဖန် က ပြန်စမယ်၊ မကြာခင် ပြန်ဆုံကြမယ်။ မကြောက်ကြနဲ့ ရခိုင် သွေးနီတယ်ဟေ့ စသဖြင့် တဦးနဲ့တဦး အချိန် အချက် ပေးသွားကြတယ်လို့ ဆိုပါတယ်။
--
ရခိုင်ပြည်နယ် လူထုဆန္ဒပြပွဲနဲ့ ပတ်သက်လို့ မြန်မာနိင်ငံလုံး ဆိုင်ရာ ရဟန်းပျို သမဂ္ဂ ဥက္ကဌ - ဆရာတော် အရှင်ခေမာ စာရ က “ဒီဆန္ဒပြပွဲ ကြီးဟာ ၂၀၁၀ အတွက် ပထမဆုံး လှုပ်ရှားမှုကြီး ဖြစ်ခဲ့ပြီ၊ ဒီလို လှုပ်ရှားမှုတွေ ဆက်တိုက်ဖြစ်လာ လိမ့်မယ်။ ဘာဖြစ်လို့လည်း ဆိုတော့ စစ်အစိုးရ လက်အောက်မှာ မြန်မာ တပြည်လုံးဟာ ဒုက္ခ အတိကို ရောက်နေကြရပြီ။ ပြည်သူတွေ ဒုက္ခတွေ ပင်လယ်ဝေနေရတာ၊ ပြည်သူတွေကပ်တဲ့ ဆွမ်းပူကွမ်းပူကို ဒို့ရဟန်းတွေ ဘယ်မှာ မျိုလို့ကျမလဲ။ သံဃာတွေက တိုက်ပွဲဝင်ဖို့ ပိုင်းဖြတ် ထားပြီးပါပြီ” လို့ အမိန့် ရှိပါတယ်။
ဆရာတော်ဟာ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုကြီးမှာ တက်ကြွစွာ ခေါင်းဆောင်ခဲ့တဲ့ သံဃာတစ်ပါး ဖြစ်ပြီး ၈၈ တုံးက ထင်ရှားခဲ့တဲ့ အထွေထွေသပိတ် ကော်မတီမှာ နာယက ဆရာတော်တစ်ပါး ဖြစ်ခဲ့ပါတယ်။ မာနယ်ပလော တော်လှန်ရေး နယ်မြေမှာ ကရင်များ၊ ကျောင်းသားများနှင့် အတူ တလျှောက်လုံးလက်တွဲ တိုက်ပွဲဝင်ခဲ့တဲ့ ဆရာတော်တစ်ပါး ဖြစ်ပါတယ်။
Ref: ဒီရေ
Burma Update - 19 Feb 2010
Tomas Quintana, Disappointed and Regret - 19 Feb 2010
Burma Update - Tomas Quintana, Disappointed and Regret - 19 Feb 2010
နေ့စဉ်သတင်းများ ( ၂၂ - ၂ - ၁၀ )
■ မြန်မာ (၄) ဦး ထိုင်းနယ်စပ်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ သတင်း
■ ရွှေတြိဂံဒေသတွင် ပစ်ခတ်မှုဖြစ်ပွား ရဲ (၁၅) ဦးသေဆုံး သတင်း
■ ကလေးစစ်သား စုဆောင်းသူ (၄၄) ဦး အရေးယူခံရ သတင်း
■ ဦးတင်ဦးကို အမျိုးသားပြန်လည်သင့်မြတ်ရေး သူရဲကောင်းအဖြစ် ဂုဏ်ပြုချီးမြှင့် သတင်း
■ ကင်တာနာသတင်း မြန်မာပြည်တွင် ဆင်ဆာဖြတ် သတင်း
■ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်၏ ခရီးစဉ်အပေါ် သုံးသပ်ချက် သတင်း
■ ကလလတမှ နိုင်ငံရေးပါတီ ဖွဲ့စည်းပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် ကြိုးပမ်းနေ သတင်း
■ အစိုးရသတင်းပေးများအတွက် ဝေါ်ကီတော်ကီများ ထုတ်ပေး သတင်း
■ အစ္စလာမ် ဘာသာဝင်များကို ယာယီမှတ်ပုံတင် ထုတ်ပေး သတင်း
■ ရိုဟင်ဂျာ ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်မှာလည်း မသက်သာ သတင်း
■ ရွေးကောက်ပွဲအတွက် ရန်ကုန်မြို့တော်ဝန် ကွင်းဆင်း အမိန့်ပေး သတင်း
■ ရန်ကုန် အကျိုးပြုလုပ်ငန်းများအတွက် ကြံ့ဖွံ့က သန်း (၁၂၀၀) သုံးမည် သတင်း
■ ရှားတောမြို့နယ်တွင်းရှိ ရွာသားများ ရွာသူကြီး မဖြစ်ရဲကြ သတင်း
■ အကြီးဆုံး ရဲရွာစီမံကိန်း လျှပ်စစ် စတင်ထုတ် သတင်း
■ အလုပ်သမားသပိတ် သတင်း
■ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်ပို့မည့်ကိစ္စ စိုးရိမ်ဟု ကုလအရာရှိ ပြော သတင်း
■ ကမ္ဘာ့လူတုပ်ကွေးကြောင့် စက်ရုံတရုံ ပိတ်လိုက်ရပြီ သတင်း
■ နယ်မပြောင်းလိုသော ဆရာဝန်များ လာဘ်ပေးရန်လို သတင်း
■ သင်္ကန်းကျွန်းဈေး မီးလောင်မှု မီးသတ်နှင့်စည်ပင် မကျေမလည်ဖြစ် သတင်း
■ ချောက်မြို့တွင် မီးလောင်မှုဖြစ်ပွား သတင်း
■ ထိုင်းလုပ်ငန်းအချို့ မြန်မာအလုပ်သမားများအပေါ် မှီခိုနေရ သတင်း
■ လိုင်စင်မဲ့ကား သယ်ယူမှု ဆက်လက်ရှိနေ သတင်း
■ ကုန်တင်ချင်တဲ့ ခရီးသည်တင်ကားကြောင့် အခက်တွေ့ သတင်း
■ မော်ဒယ်နိမ့် ကားများ နယ်နှင်မည် သတင်း
■ စတိတ်ရှိုးကြည့်ချင် အရက် (၁) ပါကင် ဝယ် သတင်း
■ ရှပ်နီတထောင် ဘန်ကောက်ဘဏ် ဌာနချုပ်ကို ၀ိုင်း သတင်း
■ စစ်တပ်က ပရင်ကို လစဉ် ဘတ် (၂) သိန်းပေးရတယ်ဆိုတာကို အနုဖောင် ငြင်းဆို သတင်း
■ အာဏာသိမ်း၊ မသိမ်း လူထုအမြင် သတင်း
■ Skill, Investment နှင့် ချမ်းသာစာရင်းတွင် မြန်မာ ပါသင့်သော်လည်း ... (ဆောင်းပါး)
■ မဲဆောက်စက်ရုံ မြင်ကွင်းစုံ (၃) (ဆောင်းပါး)
■ ပီကင်းပြန် ဂူဂဲလ်ရဲ့ မကောင်းတဲ့ အကျင့် (ဆောင်းပါး)
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88