Friday, September 7, 2012

မူးယစ်ဆေးဝါး အရေး ဘင်္ဂလာနှင့် မြန်မာ ညွှန်ကြားရေးမှူး အဆင့် ဆွေးနွေးမည်

September 7, 2012


မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့ ညွှန်ကြားရေးမှူး အဆင့် အစည်းအဝေး တစ်ခုကို ဒက္ကားမြို့တွင် ယနေ့ ပြုလုပ်ကြမည် ဖြစ်သည်ဟု ဘင်္ဂလာဒေခ်ျ့ ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ဖေါ်ပြောကြားသည်။

အဆိုပါ အစည်းအဝေးတွင် မူးယစ် တိုက်ဖျက်ရေး ဆိုင်ရာ ဌာနမှ နှစ်ဘက်နိုင်ငံ ညွှန်ကြားရေးမှူး အဆင့် တာဝန်ရှိသူများ တက်ရောက်ကြမည် ဖြစ်ပြီး မူးယစ် နှိမ်နှင်းရေး ကိစ္စများကို ဆွေးနွေးကြမည်ဟု ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနေဖြင့် ဆွေးနွေးပွဲတွင် စိတ်ကြွဆေးပြား (ယာဘား) ထုတ်လုပ်နေသော မြန်မာဘက်က စက်ရုံ ၃၇ ရုံကို ပိတ်ပေးရန် တောင်းဆိုသွားမည်ဟု ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ သတင်းစာများက အဆိုပါ စက်ရုံ ၃၇ ရုံကို နာမည်နှင့် တကွ ရေးသား ဖေါ်ပြကြပြီး အများစုမှာ မြန်မာနိုင်ငံ အရှေ့ဘက် ရှမ်းပြည်နယ်တွင် ဖြစ်သည်ဟု သိရသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံသည် မြန်မာဘက်မှ တင်သွင်းလာသော စိတ်ကြွဆေးပြားများ၏ ဆိုးကျိုးကို အူးအလိမ့်ခံနေကြရပြီး အသက် ၁၈ နှစ်နှ ၃၀ နှစ်အကြား လူငယ်များ အနေဖြင့် ယာဘားဆေးများကို တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြသည်ဟု ဆိုသည်။

မြန်မာဘက် အခြမ်း မောင်တော နယ်စပ်တလျှောက်တွင်လည်း ယာဘားဆေးပြားများကို ထုတ်လုပ်ကာ ဘင်္ဂလာဒေခ်ျ့ကို တင် သွင်းနေကြသည်ဟု ဘင်္ဂလာဒေခ်ျ့ ပြော ကြားသည်။

အနည်းဆုံး နှစ်နိုင်ငံ နယ်စပ်တလျှောက်တွင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖေါက်ကားနေသော ဂိုဏ်း(၁၃) ခန့်ရှိပြီး မြန်မာ နိုင်ငံမှ မူးယစ်ဆေးဝါးများကို နယ်စပ် လမ်းကြောင်းများမှ တဆင့် ဘင်္ဂလာဒေခ်ျ့ကို တင်သွင်းနေကြသည်ဟု ဘင်္ဂလာ အာဏာ ပိုင်များက ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နယ်စပ် ခရိုင် နေရာ ၅၈ ခုမှ ယာဘားဆေးပြားများကို နေ့စဉ် ထုတ်လုပ်နေပြီး ဘင်္ဂလာဒေခ်ျ့နိုင်ငံသား ၂၀၈ ဦး ပါဝင်ပတ်သက်မူ ရှိနေသည်ဟု ဘင်္ဂလာဒေခ်ျ့ ထောက်လှမ်းရေး ဌာနက ပြောသည်ဟု ဆိုသည်။

ယခင်က မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ်တွင် ယာဘား ဆေးတစ်ပြားကို တာကာငွေ ၁၃ တာကာရှိခဲ့ရာမှ ယခုအခါ ၅၀ နှင့် ၆၀ အထိ ဈေးတက်သွားခဲ့ပြီး ဒက္ကားမြို့နှင့် တစ်ခြားမြို့များတွင် ၃၅၀ မှ ၄၀၀ တာကာထိ ဈေးရှိနေကြောင်း ဘင်္ဂလာဒေခ်ျ့ သတင်း များ က ဖေါ်ပြသည်။

Ref: နိရဉ္စရာ

Read More...

ဆရာတော် ဦးဥတ္တမနေ့ တရားဝင် ကျင်းပ ခွင့်ရ

September 6, 2012
ထွန်းထွန်း

အစိုးရ တာဝန်ရှိသူများမှ နှစ်စဉ်နှစ်တိုင်း တရားဝင် ကျင်းပရန် ခွင့်ပြုလေ့ မရှိသော ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ယခုနှစ်တွင် စစ်တွေမြို့ သက်ဆိုင်ရာ တာဝန်ရှိသူများမှ တရားဝင် ကျင်းပ ခွင့်ပြုပေးလိုက် ပြီ ဖြစ်ကြောင်း ကျောင်းသားခေါင်း ဆောင် တစ်ဦးက ပြောသည်။

ထိုသို့ ခွင့်ပြုပေးလိုက်သဖြင့် စစ်တွေမြို့ ဦးဥတ္တမပန်းခြံအတွင်းရှိ ဆရာတော် ဦးဥတ္တမရုပ်ထုအား ချီတက် ဂါရ၀ပြု ပန်းခွေချ အခမ်းအနားများကို ခန်းနား ကြီးကျယ်စွာ ပြုလုပ်သွားမည် ဟု သိရသည်။

“ စစ်တွေ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငွေစန်းက စက်တင်ဘာ ၅ရက်နေ့မှာ ဆရာတော် ဦးဥတ္တမနေ့ကို ပြုလုပ် ကျင်းပခွင့် ပေး လိုက်ပါတယ်။ ဒါပေမယ့် စစ်တွေမြို့ လမ်းမကြီး အတိုင်း လမ်းလျှောက် ချီတက်တာခွင့်ကိုတော့ ပယ်ချလိုက်ပါတယ်။ ဒါပေမယ့် ခန်းခန်းနားနားတော့ လုပ်သွားမှာပါ” စစ်တွေ တက္ကသိုလ် ကျောင်းသား သမဂ္ဂ (ယာယီ) ကော်မတီ အဖွဲ့ဝင် ကျောင်းသား တဦးက နိရဉ္စရာသို့ ပြောသည်။

စက်တင်္ဘာလ ၄ရက်နေ့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ပြီးခွင့်ပြုချက် တောင်းခံရာတွင် စက်တင်္ဘာလ ၅ရက်(ဗုဒ္ဓ ဟူး) နေ့ မနက် ၁၀နာရီမှာ ခွင့်ပြုပေးလိုက်သည်ဟု သူက ဆိုသည်။

စစ်တွေ တက္ကသိုလ် ကျောင်းသား သမဂ္ဂမှ ဆရာတော် ဦးဥတ္တမနေ့အား ကျင်းပရန် အတွက် (၁)ပန်းခွေချ ပူဇော်ဂါရ၀ပြု လုပ်ခွင့်ပေးရန် (၂)ကျောင်းသူ/ကျောင်းသားများ တူညီ ၀တ်စုံဖြင့် စစ်တွေမြို့ လမ်းမကြီးအတိုင်း စနစ် တကျ ဦးဥတ္တမ ပန်းခြံသို့ ချီတက်ခွင့် ပြုရန် (၃)ဆရာတော် ဦးဥတ္တမ ရုပ်ထုရှေ့တွင် ဆုတောင်း ဂုဏ်ပြု စကား ပြောကြားခွင့် ပြုရန် (၄) လုံခြုံရေးကို မိမိတို့မှ တာဝန်ယူရန် နှင့်(၅) ဆုတောင်း ဂါရ၀ ပြုပြီးနောက် ငြိမ်းချမ်းစွာ လမ်းလျှောက် သွားလာရန် ခွင့်ပြုရန် စသည့် အချက်များကို တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။

စက်တင်္ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ ကျင်းပမည့်  အစီအစဉ် နှင့် ပတ်သက် ပြီးလည်း သူက ယခုလို ပြောသည်။

“ လမ်းလျှောက် ချီတက် ခွင့်မပေးတဲ့ အတွက် မြို့ထဲကနေ ဦးဥတ္တမပန်းခြံအထိ မော်တော်ကားတွေနဲ့ဘဲ သွားပါမယ်။ မနက် ၉နာရီ မထိုးခင် ပန်းခြံ အရောက် သွားပြီ ၉နာရီ ၉ မိနစ်မှာ မြို့သူမြို့သားတွေစု ပေါင်းပြီး ဆရာတော် ရုပ်ထုရှေ့မှာ ဆုတောင်း ဂါရ၀ ပြုကြမှာ ဖြစ်ပါတယ်။ တီရှပ်တွေကို ဆင်တူ ၀တ်ဆင်ကြမှာပါ။ တီရှပ်ရဲ့ ရှေ့ဘက်မှာတော့ အ သျှင်ဦးဥတ္တမ ထောင်ဝတ် စုံနဲ့ နောက်ဘက် မှာတော့ “ကိုယ့်စာပေကို တတ်မှ အခြားစာကိုသင်ပါ – ဆိုတဲ့ ဆရာတော် မှာကြားခဲ့ တဲ့ စာတန်းလေးကို ရေးထိုးထားပါတယ်” ဟုပြောသည်။

စက်တင်္ဘာလ ၉ ရက်နေ့တွင် ကျရောက်သော(၇၃) နှစ်မြှောက် မြန်မာ့လွှတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမ နေ့အား ရခိုင် နိုင်ငံရေး ပါတီများ၊ ရဟန်းတော်များ၊ ကျောင်းသား ကျောင်းသူများ၊ အလုပ်သမား လယ်သမား လူတန်းစားများက ယခုနှစ်တွင် ရခိုင်ပြည်နယ် အနှံ့တွင် စည်ကား သိုက်မြိုက်စွာကျင်းပရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။

Ref: နိရဉ္စရာ

Read More...

ဒိန်းမတ် ရခိုင်အသင်းမှ ရွှေဝါရောင် ရဟန်းတော်များ တည်းခိုရာ တောကျောင်းသို့ အ၀ီစိ စက်ရေတွင်းလှူ

September 6, 2012
ထွန်းထွန်း

ရွှေဝါရောင် အရေးအခင်းပြီးနောက် ထွက်ပြေး တိမ်းရှောင်လာကြသော ရဟန်းတော်များ အများဆုံး တည်းခိုရာ ကော့စ်ဘားမြို့ တောကျောင်း ဘုန်းတော်ကြီးကျောင်းသို့ ဒိန်းမတ် ရခိုင် အသင်းမှ စက်ရေတွင်း တစ်တွင်းနှင့် ရေတင် မော်တာ စက်တစ်လုံး လှူဒါန်း လိုက်ကြာင်း သတင်း ရရှိသည်။

လှူဒါန်းငွေမှာ ဘင်္ဂလာ တာကာ ၄၇၀၀၀ (မြန်မာကျပ်ငွေနှင့် ဆိုလျှင် ၄၅၀၀၀၀) ရှိကြောင်း သိရသည်။

“ဒိန်းမတ်နိုင်ငံ အခြေစိုက် ရခိုင်အမျိုးသား ရိုင်းပင်းကူညီမှု အသင်းက တာကာ ၄၇၀၀၀တန်ဖိုးရှိ အ၀ီစိ စက်ရေ တွင်းတစ်တွင်းနဲ့ ရေတင် မော်တာစက် တစ်လုံး လှူဒါန်း ပါတယ်။ ဒါဟာ ပထမဆုံး အကြိမ်နိုင်ငံခြားက လှူဒါန်းတာ ဖြစ်တဲ့ အတွက် ဆရာတော် အနေနဲ့ အရမ်းလည်း ၀မ်းသာသလို ကျေးဇူးလည်း တင်ပါတယ်” ဟု တောကျောင်း ဆရာတော် ဦးစန္ဒာဝရ က ပြောသည်။

ကော့စ်ဘဇားရှိ တောကျောင်းမှာ ရခိုင်မှ ရောက်ရှိလာသော ရဟန်းတော်များ၊ တော်လှန်ရေး သမားများ အများဆုံး ၀င်ထွက် တည်းခိုနေထိုင်ရာ ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်း ဖြစ်ပြီး စက်ရေတွင်း မရှိသဖြင့် တည်းခို နေထိုင်သူ များ အနေဖြင့် အမြဲတန်းလိုလို ရေအခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။

“ အခုတော့ ကျောင်းရဲ့ အဓိက အခက်အခဲ ရေကတော့ အဆင်ပြေသွားပြီ။ ရေအကျိုး ဆယ်ပါး ဆိုတဲ့အတိုင်း ခုလို ရေရရှိ ရေး လှူဒါန်းတဲ့ အတွက် ဒိန်းမတ်က တကာ တကာမတွေ ရေအကျိုး ဆယ်ပါး ပြည့်ကြပါစေလို့ ဆန္ဒပြုပါတယ်” ဟု ဆရာတော် က ဆက်လက် မိန့်ကြားသည်။

ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များမှာ လူနည်းစု ဖြစ်သည့် အပြင် စီးပွားရေးလည်း အရင်လို မကောင်းကြတော့သဖြင့် တည်ရှိနေသော ကျောင်းကန် ဇရပ်များကို ထိန်းသိမ်း ပြုပြင်နိုင်ခြင်း မရှိဘဲ ဖြစ်နေကြသည်ဟု ဆရာတော်က ပြောသည်။

“ဒီနိုင်ငံက မူဆလင် တိုင်းပြည် ဖြစ်တဲ့ အတွက် ဘုန်းကြီးကျောင်း တွေရဲ့ လိုအပ်ချက် တွေကို ကောင်းကောင်း မွန်မွန် မပြုပြင် နိုင်ဘူး။ မဆောက်လုပ်နိုင်ဘူး။ ခုဦးပဉ္ဇင်းတို့ ကျောင်းဆိုရင် ခြံဝင်း ထရံ တောင်မရှိ ဖြစ်နေတယ်။ ကျောင်းတကာ တွေကလည်း မိမိ မိသားစုစားဝတ် နေရေးအတွက် တိုက်ပွဲဝင် နေကြရတော့ ကျောင်း ကန်တွေ ဘယ်လို ရှိနေတယ် ဆိုတာကို လှည့်တောင် မကြည့် နိုင်ဘူး ဖြစ်နေပါတယ်။ အဲဒါကြောင့် နိုင်ငံခြားမှာရှိတဲ့ အလှူရှင်တွေရဲ့ အကူအညီကို ယူပြီး စက်ရေတွင်း တူးဖေါ်ရတာ ဖြစ်ပါတယ်။ အရမ်းဝမ်းသာမိပါတယ်” ဟု ဆိုသည်။

ဘင်္ဂလားဒေ့ခ်ျနိုင်ငံရှိ ရခိုင် ကျေးရွာ အများအပြား တွင် ဘုရား ကျောင်းကန် စေတီပုထိုး အများအပြား တည်ရှိသော်လည်း စီးပွားရေး အကျပ် အတည်းနဲ့ ဆင်းရဲ မွဲတည်မူကြောင့် ထိန်းသိမ်း စောင့်ရှောက် နိုင်ခြင်း မရှိတော့သဖြင့် ဘင်္ဂလာဒေခ်ျ့တွင် ဘာသာ သာသနာ ကွယ်ပျောက် သွားမည်ကို ဗုဒ္ဓဘာသာဝင်များက အထူး စိုးရိမ် နေကြသည်ဟု သိရသည်။

Ref: နိရဉ္စရာ

Read More...

ဘန်ကောက်တွင် စိတ်ကြွဆေးပြား ၃ သန်းကျော် ဖမ်းဆီး

September 7, 2012
ထွန်းထွန်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အသက် ၂၂ နှစ်အရွယ် လူငယ် တစ်ဦးအား စိတ်ကြွဆေးပြား သုံးသန်း သုံးသိန်းနှင့် အတူရဲက ဖမ်းဆီး လိုက်သည်ဟု အေပီ သတင်း တစ်ပုဒ်တွင် ဖေါ်ပြထားသည်။

ဘန်ကောက်မြို့ အနောက်ဘက် အစွန်းအဖျား နေအိမ်တလုံးအား ရဲတပ်ဖွဲ့က ၀င်ရောက် ရှာဖွေစဉ် အဆိုပါ ဆေးပြားများကို လူငယ် တစ်ဦးနှင့်အတူ စက်တင်ဘာ ၅ရက် နေ့က ဖမ်းဆီ ရမိခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံမှ ထုတ်လုပ်သော စိတ်ကြွဆေးပြားများ ၀င်ရောက် လမ်းကြောင်းနှင့် အရှေ့တောင် အာရှ၏ ဈေးကွက် တစ်ခု ဖြစ်နေသည်ဟု ဆိုသည်။

ယခုနှစ်အတွင်း စိတ်ကြွဆေးပြား အမျိုးမျိုး ၄ သန်းခန့် ထိုင်းနိုင်ငံ အတွင်းတင်သွင်းလာခြင်းကို ထိုင်းရဲအဖွဲ့က တားဆီး နိုင်ခဲ့ပြီး ယခု ဖမ်းဆီးရရှိမူသည် အရေအတွက် အားဖြင့် ဒုတိယ အကြိမ် အများဆုံးဖြစ်သည်ဟု ပြောသည်။

အဖမ်းခံရသူ Sophon Sawaengsuk က ၎င်းမှာ အဆိုပါ အိမ်အား စောင့်ရှောက်သူ ဟု ပြောဆိုသော်လည်း သူ့မှာ ထိုင်း နိုင်ငံမြောက်ပိုင်း ချင်းရိုင်း ခရိုင်မှ မူးယစ်ဂိုဏ်း အဖွဲ့ဝင် တစ်ဦး ဖြစ်နိုင်သည်ဟု ရဲအရာရှိက ပြောသည်။

Ref: နိရဉ္စရာ

Read More...

စပ်မျိုးစပါးအစား စိုက်ပျိုးစရိတ်သာ ချပေးရန်ဧရာလယ်သမား များ တောင်းဆို

6 September 2012
နော်ဆဲကလယ်

ဧရာဝတီတိုင်းအတွင်း မိုးများ၍ လယ်ယာမြေများ ရေနစ်မြှုပ်မှုကြောင့် ပြန်လည်စိုက်ပျိုးရန် အတွက် စိုက်ပျိုးရေးဌာနမှ ပေးဝေ မည့် မျိုးစပ် စပါးများကို စိုက်ပျိုးရန် အဆင်မပြေသဖြင့် စိုက်ပျိုးစရိတ် ငွေကြေးသာ ချပေးပါရန် ကျောင်းကုန်းမြို့နယ် လယ်သမား များက ယနေ့ တောင်းဆိုခဲ့ကြသည်။

“ကျနော်တို့ ဒီလိုတောင်းဆိုတာကလည်း အခုပေးမဲ့ မျိုးစပါးက ပုလဲသွယ် စပ်မျိုးဖြစ်သလို ဧရာဝတီတိုင်းက လယ်မြေတွေမှာ စိုက်ပျိုးဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဆုံးရှုံးမှုတွေပဲ ဖြစ်လာမှာမို့ ဒီစပ်မျိုးစပါးကို မယူချင်ဘူးလို့ ငြင်းဆိုရတာပါပဲ” ဟု ကျောင်း ကုန်းမြို့နယ်ရှိ လယ်သ မားတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့်လ ၁၇ရက်နေ့က သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ကွင်းဆင်းလေ့လာ ကြည့်ရှုခဲ့ပြီး လယ်သမားများအား လိုအပ်သည့် စပါးမျိုးစေ့ များ ၀ယ်ရန်အတွက် ငွေပေးရန် မှာကြားခဲ့သော်လည်း ယနေ့ညနေအထိ မရရှိသေးသည့်အပေါ် ကျောင်းကုန်းမြို့နယ် NLD ရုံးရှေ့တွင် တောင်းဆိုခြင်းဖြစ်ပြီး စမ်းသပ်စိုက်ကွင်းများမှ စပါးခင်း ပျက်စီးသည့်အပေါ် အခြားစိုက်ခင်းများကို ပြသလိုက်ရ သည်ဟု NLD ဥက္ကဌ ဦးသိန်းဟန်က ပြောသည်။

ဦးသိန်းဟန်က “သမ္မတကြီးနဲ့ ၀န်ကြီးတွေလာတော့ စိုက်ပျိုးရေးက လူတွေက စမ်းသပ်စိုက်ကွင်းတွေကို လိုက်ပြတယ်။ ကညင် သုံးဆင့် ဆိုတဲ့ရွာမှာ စိုက်ထားတဲ့အခင်းက မီးလောင်သလိုဖြစ်လို့ ဇရပ်ကွင်းရွာက အခင်းကို ပြလိုက်ရတာ တွေ့တယ်။ အရင်နှစ် ကလည်း စိုက်ပျိုး ရေးကပေးတဲ့ မျိုးစေ့တွေက တင်းမပြည့်ဘဲ လျော့ပြီး ၁ဧကကို ၂တင်းနှုန်းပဲ ပေးခဲ့တယ်လေ”ဟု ဆိုသည်။

ကျောင်းကုန်းမြို့နယ်အပြင် ကန်ကြီးဒေါင့်၊ ကျုံပျော်၊ ပုသိမ်မြို့နယ်များရှိ လယ်သမားများမှာလည်း ပုလဲသွယ်မျိုးမှာ စိုက်ပျိုးရန် အဆင်မ ပြေကြောင်း သမ္မတကြီး ပြောကြားခဲ့သည့်အတိုင်း ငွေသာချပေးရန် တောင်းဆိုကြကြောင်း သိရသည်။

ယခု စိုက်ပျိုးရေးဌာနမှပေးမည့် မျိုးစပါးမှာ ယခင်က ဒေသခံ လယ်သမားများ စိုက်ပျိုးလာခဲ့သည့် မျိုးစပါးများမဟုတ်ဘဲ နေပြည် တော်ရှိ လယ်ယာစိုက်ပျိုးရေးစီမံချက်ဖြင့် လုပ်ဆောင်နေသော ဖိလစ်ပိုင်မျိုးများဖြစ်ပြီး သေချာပြုစုရသည့် စပါးမျိုးများဖြစ်ကြောင်း လယ်သမား များနှင့် နီးစပ်သူ ကျောင်းကုန်း အသောကကျောင်းမှ ဦးပဉ္ဇင်းတစ်ပါးက မြွက်ကြားပြောဆိုသည်။

ကျောင်းကုန်းစိုက်ပျိုးရေးရုံးမှ ဒုဦးစီးမှူး ဦးခင်မောင်မြင့်က “ကျောင်းကုန်း၊ ကန်ကြီးဒေါင့်၊ ပုသိမ်၊ ရေကြည်၊ အသုတ်၊ ကျုံပျော်တို့ အတွက် ပုလဲသွယ်မျိုးကို ချက်ချင်း ချပေးဖို့ လုပ်နေပါတယ်။ ဒီမျိုးကို ချပေးရတာကလည်း လယ်မြေတွေကို အုပ်ချုပ်ရေး၊ မြေ တိုင်း၊ စိုက်ပျိုးရေးနဲ့ ယုံကြည်ရတဲ့ လယ်သမား ၃ဦးနဲ့ သွားရောက်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာပါ”ဟု ကေအိုင်စီသို့ ပြောဆို သည်။

သို့သော် ကွင်းဆင်းစစ်ဆေးရန် ရွေးချယ်လိုက်သူ လယ်သမား ၃ဦးမှာ အုပ်ချုပ်ရေးမှုးနှင့် နီးစပ်ရာ ဆွေမျိုးများသာဖြစ်ပြီး အဆိုပါ စပ်မျိုး စပါးချပေးရန်ကို စိုက်ပျိုးရေးဌာနနှင့် စပါးကုန်သည်များက ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့်လက ဧရာဝတီတိုင်း၌ ရေကြီး၍ ရေဘေးသင့်မှုဖြစ်ပွားရာတွင် လယ်သမားများ စိုက်ပျိုးထားသည့် စပါးများ ပျက်စီးဆုံး ရှုံးသဖြင့် ကျောင်းကုန်း၊ ပုသိမ်၊ ပန်းတနော်၊ သာပေါင်း၊ ကျုံပျော်၊ ကန်ကြီးဒေါင့်၊ ရေကြည်၊ အသုတ် မြို့နယ် ၈ခုအတွက် မျိုးစေ့ ၀ယ်ယူမည့် ကျပ် ငွေသိန်း ၄ထောင် ချပေးရန် သမ္မတ ဦးသိန်းစိန်မှ လယ်သမားများအား ပြောကြားခဲ့သည်။

Ref: ကေအိုင်စီ

Read More...

မဲဆောက်တရုတ်ရိုးရာ အလှူကြီးပေးပွဲ မြန်မာရွှေ့ပြောင်း အလုပ်သမား တစ်သောင်းကျော် အလှူခံ

6 September 2012
နန်းသူးလေ

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် ယနေ့ တရုတ်လူမျိုးများကျင်းပ ပြုလုပ်သည့် ၄၃ကြိမ်မြောက် ရိုးရာအလှူကြီးပေးပွဲသို့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားပေါင်း တစ်သောင်းကျော် သွားရောက်အလှူခံခဲ့ကြသည်။

တရုတ်လူမျိုးတို့၏ ဆွေမျိုးသားချင်းများနှင့် ဆွေမျိုးမဲ့သားချင်းများ လွတ်ရာလွတ်ကြောင်းအတွက် ရည်စူး၍ နှစ်စဉ်နှစ်တိုင်း စက်တင်ဘာ လ ၆ရက်နေ့တွင် အလှူပေးပွဲကြီးကို ကျင်းပခဲ့ကြပြီး ယခုနှစ်တွင် အလှူပေးမည့် ပစ္စည်းအထုတ်ပေါင်း ၁၂,၀၀၀ စီစဉ်ထားသည်ဟု ယင်းအလှူပေးပွဲကို ဦးဆောင်သူတစ်ဦးက ပြောသည်။

သို့သော် အလှူလာရောက်ခံယူသည့် ရွေ့ပြောင်းအလုပ်သမားများမှာ အလှူပစ္စည်းထုတ် တစ်သောင်းနှစ်ထောင်မကဘဲ တစ်သောင်း ခွဲ ကျော် လာရောက်ခဲ့ကြခြင်းဖြစ်သည်။

တရုတ်အလှူရှင်ဘက်က အလှူပေးမည့် ပစ္စည်းထုတ်များပေးဝေရန် လတ်မှတ်ကဒ်ပြားများကို မနက် ၈နာရီခွဲမှ စတင်ပေးဝေခဲ့ပြီး တရုတ် ရိုးရာ ရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပပြီးစီးသွားသည့် ညနေ ၃နာရီခွဲမှ စတင်ကာ စောင့်ဆိုင်းနေသည့် အလုပ်သမားများကို အလှူပစ္စည်းများ ပေးဝေခဲ့သည်ဟု ရွှေ့ပြောင်းအလုပ်သမား နော်ညိုညိုမြင့်က ပြောသည်။

“စီးပွားရေးကလည်း မကောင်းဘူးလေ။ သူတို့ကလည်း အလကားပေးတာဆိုတော့ ဘာပဲဖြစ်ဖြစ် မိသားစုအတွက် သက်သာလို့ လာစောင့်နေတာပါ။ မိသားစုများတဲ့သူတွေကတော့ လူတိုင်းစေ့ လာစောင့်ယူနိုင်တော့ များများရတာပေါ့”ဟု သူမက ပြောသည်။

ထိုအလှူပေးပွဲသို့ လာရောက်စောင့်ဆိုင်းနေသည့် အသက် ၆၂နှစ်အရွယ် ကရင်အမျိုးသမီးကြီးတစ်ဦးက “အဖွားက ဒီမှာနေတာ နှစ် ၂၀ ကျော်သွားပြီလေ။ အသက်ကြီးပေမယ့်လည်း ၀မ်းစာအတွက် လာစောင့်ရတာပါပဲ။ အရင်နှစ်တွေကဆို ဒီထက်လူပို များ တယ်။ ပစ္စည်းပေး တာလည်း ပိုများတယ်။ အရင်နှစ်က ပုလိပ်ဖမ်းလို့ ဒီနှစ်သိပ်မလာကြတော့တာ”ဟု ဤအလှူအပေါ် သူမ၏ အတွေ့အကြုံများကို ရှင်းပြခဲ့ သည်။

ယနေ့ အလှူပေးဝေသည့် ပစ္စည်းများမှာ လူတစ်ယောက်စာ အထုပ်တစ်ထုပ်လျှင် ဆန်ငါးကီလို၊ ငါးသေတ္တာတဗူး၊ မားမား၊ ငပိ တို့ဖြစ်ပြီး အချို့အထုပ်ထဲတွင် အ၀တ်အစားများ ပါရှိသည်ဟု သိရသည်။

ရွှေ့ပြောင်းအလုပ်သမားတစ်ဦး ဖြစ်သည့် ဦးဝင်းစိုးက “ကျနော်က တခါမှမလာဖူးဘူးလေ။ သူများတွေပြောတာ ပျော်ဖို့ ကောင်း တယ်။ သွားကြည့်ဆိုတာနဲ့ လာခဲ့တာပါ။ သူတို့ပစ္စည်းဝေပေးတာလည်း ယူရင်း ကျနော့် အမျိုးသမီးနဲ့ မနက်ကတည်းက လာ စောင့် နေ တာပါ”ဟု ပြောသည်။

တရုတ်လူမျိုးများသည် ကွယ်လွန်သွားပြီဖြစ်သော ဆွေမျိုးသားချင်းများအတွက် အဓိကရည်စူးပြီး ကျင်းပပြုလုပ်သည့် အလှူပေးပွဲ ကြီး ကို လူမျိုးမရွေး၊ ဘာသာမရွေး အလှူခံသူများအား ပေးဝေခဲ့ခြင်းဖြစ်သကဲ့သို့ အလှူထုပ်သယ်နိုင်သည့် ကလေးများမှစ၍ သက်ကြီးရွယ်အိုအ ထိ လှူဒါန်းပေးဝေခဲ့သည်။

Ref: ကေအိုင်စီ

Read More...

အခြေခံပညာရေး ဝန်ထမ်းများအား ယခုလမှစတင်၍လစာတိုး

ရတနာဦး
စက်တင်ဘာလ ၀၆ ရက် ၂၀၁၂ ခုနှစ်

အခြေခံပညာဦးစီးဌာနအောက် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်မှ မြို့နယ်အဆင့်အထိ စီမံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာပညာရေး ဝန်ထမ်းများနှင့် ဆရာဆရာမအား လက်ရှိရာထူး၏ တစ်ဆင့်တိုးလစာများ အတိုင်း တိုးမြှင့်ပေးသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အမှတ် ၃ အခြေခံ ပညာဦးစီးဌာနကပြောသည်။

ဆရာများ၏ အရည်အသွေး ပိုမိုမြင့်မားလာစေရန်နှင့် စီမံခန့်ခွဲမှုအပိုင်းအဆင့်တိုးမြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဌာနမှ တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးအောင်ရှိန်ကပြောသည်။

မူလတန်းကျောင်းအုပ်များကို အထက်တန်းပြလစာသို့လည်းကောင်း၊ ခရိုင်ပညာရေးမှူးကို ဒုတိယညွှန်ကြားရေးမှူး အဆင့်နှင့် လစာသို့လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပညာရေးမှူးများကို ညွှန်ကြား ရေးမှူးအဆင့်နှင့် လစာသို့ လည်းကောင်း သတ်မှတ် တိုးမြှင့်ပေးသွားမှာဖြစ်သည်။

လစာတိုးနှုန်းပမာအားဖြင့် အခြေခံပညာကျောင်းအုပ်တစ်ဦးသည် လက်ရှိလစာပေါ်တွင် ၇ ရာခိုင်နှုန်းခန့် တိုးမည် ဖြစ်သည်။

လက်ရှိရာထူးထက် တစ်ဆင့်တိုးပြီး လစာပေးခြင်းကို လေးနှစ်အတွင်း လေးသုတ်ခွဲ လုပ်ဆောင်သွားမှာဖြစ်ကာ "ပထမဦးဆုံး အသုတ် မှာတော့ ပင်စင်ယူကြတော့ မယ့်သက်ကြီးတွေနဲ့ ထူးချွန်တဲ့ဆရာ၊ ဆရာမတွေကို ဦးစားပေးဆောင်ရွက်မှာ ပါ" ဟု အမှတ် ၃ အခြေခံပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်ဝင်းက မဇ္ဈိမကို ပြောသည်။

ထို့ပြင်ပညာရေးကဏ္ဍ ပိုမိုအားကောင်းစေရန် ခရိုင်အဆင့်ပညာရေးမှူးများကိုလည်း ယခုနှစ်အတွင်း တိုးချဲ့ခန့် အပ်သွားရန် စီစဉ် နေကြောင်း ဦးအောင်ရှိန်ကပြောသည်။

"တိုင်းအဆင့်အနေနဲ့ကတော့ တိုင်းဒေသကြီးတွေရှိတဲ့ နေရာတိုင်းမှာ တိုင်းပညာရေးမှူးတွေ ထားရှိမှာဖြစ်ပြီး၊ ရန်ကုန် ကိုတော့ ရုံးချုပ်က တိုက်ရိုက်ကွပ်ကဲသွားပါမယ်။ ရန်ကုန်အနေနဲ့ ခရိုင်လေး ခုရှိတဲ့အတွက် ခရိုင်ပညာရေးမှူး လေးဦး ထားရှိသွားပါမယ်"ဟု ဦးအောင်ရှိန် ကပြောသည်။

ရန်ကုန်တွင်ထားရှိမည့် ခရိုင်များတွင် တောင်ပိုင်းခရိုင်ပညာရေးမှူးရုံးကို သံလျင်၌ လည်းကောင်း၊ မြောက်ပိုင်း ခရိုင်ပညာရေးမှူး ရုံးကို အင်းစိန်၌လည်းကောင်း၊ ရှေ့ပိုင်းခရိုင် ပညာရေးမှူးရုံးကို သင်္ဃန်းကျွန်း၌လည်းကောင်း ခန့်ထားသွားမည်ဖြစ်ပြီး အနောက် ပိုင်းခရိုင်ပညာရေးမှူးရုံးကို လမ်းမတော်ရှိ ယခင်ရန်ကုန်တိုင်း ပညာရေးမှူးရုံး၌ပင် ဖွင့်လှစ်သွားမည်ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

သမိုင်းထဲက အမေ့လျော့ခံ အားကစား (သို့မဟုတ်) ဗန်တို

လင်းကိုကိုထက်
စက်တင်ဘာလ ၀၆ ရက် ၂၀၁၂ ခုနှစ်

"မြန်မာသိုင်းပညာ သင်တန်းကျောင်း" ဆိုတဲ့ ဆိုင်းဘုတ်က ယိုင်နဲ့နေသလို ကျောင်းဝင်း ထဲမှာလည်း မြက်တွေက ခြေသလုံး မြုပ်မတတ်ရှည်လို့တောင် နေပါပြီ။ ရေညှိတွေဖုံးနေလို့ သိုင်းကသလို ဟန်ချက် ထိန်းပြီး လျှောက်နေရတယ်။

အားကစားဝန်ကြီးဌာန လက်အောက်မှာရှိပေမယ့် ပုဂ္ဂလိက သူဌေးတဦး တည်ထောင်ထားတဲ့ ဒီကျောင်းရဲ့ ကျောင်းအုပ်က အသက် ၇၅ နှစ်အရွယ် ဦးအောင်ဌေးပါ။

"ဖက်ဆစ်ကို တော်လှန်ခဲ့တာလည်း မြန်မာ့သိုင်းပဲ။ ဗြိတိသျှကို နှင်ထုတ်ခဲ့တာလည်း မြန်မာ့သိုင်းပဲ ဒါပေမယ့် ငါတို့ လူမျိုးက ငါတို့သိုင်းကို မေ့ထားတယ်။ ဘာကြောင့်လဲ" လို့ ဆရာကြီးက ပြောရင်း သက်ပြင်းရှည်တချက် ချလိုက်ပါ တယ်။

“မြန်မာတွေအပြစ်တော့ မဟုတ်ဘူး။ မြန်မာ့သိုင်းက နယ်ချဲ့တွေကို အထိနာတဲ့အခါ ခြောက်လက်မ လက်နက်ကိုင်ရင် ပုဒ်မ ဘယ်လောက်၊ ဓါးတွေ၊လှံတွေကို ပန်းပဲတွေကလုပ်ရင် ပုဒ်မဘယ်လောက်ဆိုပြီးတော့ ဒီပညာကို နှိပ်ကွပ်ပစ်ကြ တယ်။ အဲဒီတော့ ငါတို့အဖိုးတွေ၊ အဖွားတွေက ဘာဖြစ်လာလဲ။ သိုင်းပညာသင်ရင် လူဆိုးဖြစ်လိမ့်မယ် မသင်နဲ့။ အဲလိုတွေ ဖြစ်လာကြတယ်။ အဲဒီ ကိုလိုနီအမွေဟာ အခုထိပါလာတုန်းပဲ။ သိုင်းပညာဆိုတာ ဘာသာနဲ့ ယဉ်ကျေးမှုနဲ့ အတူ ယှဉ်တွဲပြီး ပေါ်ပေါက်လာတဲ့ အမျိုးသား ရေးပညာကွ” လို့ ဆက်ပြောပါတယ်။

ဒဂုံမြို့သစ်မြောက်ပိုင်း ၁ဝ ရပ်ကွက် ကန်သာယာလမ်းမှာရှိတဲ့ သိုင်းသင်တန်းကျောင်းမှာ ပုံမှန်သင်ချိန်နဲ့ သင်တန်း သားရယ်လို့ မရှိဘဲ တက္ကသိုလ်တွေ၊ ကျောင်းတွေကနေ တခါတရံလာတတ်သူတွေကို သင်ပေးရတာပါ။ ကျောင်းက အဓိက သင်ပေးတာက စွမ်းရည်မြှင့်တင်ပေးတာဖြစ်ပါတယ်။ ကျောင်းအတွက် ငွေထောက်ပံ့တာကတော့ ရွှေတောင် ကုမ္ပဏီပိုင်ရှင် ဦးအောင်ဇော်နိုင် ဖြစ်ပါတယ်။

မြန်မာ့မြေပေါ်မှာ ဆယ်စုနှစ်လေးခုအကျော်မှာ တကျော့ပြန် ပြန်မြင်ရမယ့် နိုင်ငံတကာပြိုင်ပွဲကြီးဖြစ်တဲ့ ၂ဝ၁၃ ခုနှစ် အာဆီယံ ဆီးဂိမ်းပြိုင်ပွဲမှာ ဗန်တိုနဲ့ အချက်အလက်ချင်း အတော်လေး ဆင်တူတဲ့ ဗီယက်နမ် ဗီုဗီနမ်ကို လက်ခံထဲ့သွင်း ထားတာ တွေ့ရ ပါတယ်။

မြန်မာ့သိုင်းပညာ အခြေခံ ခြောက်မျိုးဖြစ်တဲ့ ဗန်တို၊ ဗန်ရှည်၊ လက်ဝှေ့၊ လက်ပွေ့၊ လက်ပမ်း၊ နပမ်းဆိုပြီး ရှိပါတယ်။

ဗန်တိုဆိုတာကတော့ လက်နက်မဲ့ တိုက်ခိုက်နည်း။ ဗန်ရှည်ဆိုတာကတော့ လက်နက်နဲ့ တိုက်ခိုက်နည်း။ လက်ဝှေ့ ဆိုတာကတော့ အမာခံတိုက်တဲ့စနစ်။ နပမ်းဆိုတာက အားချင်းပြိုင်တဲ့ပွဲ။ လက်ပွေ့ဆိုတာကတော့ ချုပ်ကိုင်မှုကို အသားပေးတဲ့ပွဲတွေပါ။ လက်ပမ်း ဆို တာကတော့ အားချင်းပြိုင်ပြီးလုံးချိန်မှာ ဖြည်ရတဲ့နည်း လို့ဆိုပါတယ်။ လက်ဝှေ့ ကတော့ လူသိအများဆုံးပါ။ ဒါပေမယ့် ရုပ်ရှင် မင်းသား ညွန့်ဝင်းတို့ခေတ်ကတည်းက “ဗန်တိုလူလေး” ဆိုတဲ့ဇာတ်ကား ဟာ အောင်မြင်လူကြိုက်များခဲ့တဲ့ ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။

ဒါတောင်မှ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်မလာခဲ့တာ။ ရိုးရာအားကစားတစ်ခုအနေနဲ့ မအောင်မမြင်ဖြစ်ခဲ့တာ ဘာကြောင့်လဲ။

ဗန်တိုသိုင်းပညာဆိုတာနဲ့ ပါတ်သက်ပြီး အသက် ၂၀ ကျော်အရွယ် လူငယ် ခုနှစ်ဦးကို မဇ္ဈိမက မေးမြန်းကြည့်တဲ့ နေရာမှာ အားလုံးက တစ်ညီတစ်ညွတ်တည်းဖြေကြပါတယ်။ “ကြားတော့ကြားဖူးတယ်၊ တစ်ခါမှမမြင်ဖူးဘူး” တဲ့။

“ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ဗန်တိုလူလေးနှင့် သူဇာ ဆိုတဲ့ဇာတ်ကား ကြည့်ဖူးတယ်။ အဲဒီအထဲက ညွန့်ဝင်း သိုင်းချ တာတွေ့တော့ အော် ဗန်တိုဆိုတာ ဒီလိုပါလားလို့ သိတယ်။ အဲဒီနောက် ဗန်တိုဆိုတာနဲ့ ပါတ်သက်ပြီး ဘာဆို ဘာမှ မသိရတော့ ဘူး”လို့ အသက် ၂၈ နှစ်အရွယ် ကိုထွန်းနိုင်က ပြောပါတယ်။

အမေရိကန်၊ ပြင်သစ်၊ ဆွစ်ဇာလန်နဲ့ အင်္ဂလန်လို နိုင်ငံမျိုးတွေမှာတော့ ဗန်တို (bando) ကစားနည်းကို လေ့လာသူများ ရှိ သလို နိုင်ငံတကာ ဗန်တိုသိုင်းအဖွဲ့ချုပ်ဆိုပြီး ဆွစ်ဇာလန်နိုင်ငံမှာတောင် ရှိတယ်လို့ ဦးအောင်ဌေးက ပြောပါတယ်။

“ဗန်တိုကို အပျော့နဲ့ အမာဆိုပြီး နှစ်မျိုးခွဲထားတာတော့ ကြားဖူးတယ်။ အပျော့ဗန်တိုဆိုတာ ကိုယ့်ကိုကိုယ် အထိမခံပဲ ရှောင် တိမ်းပြီး တုန့်ပြန်တဲ့နည်း။ အမာဗန်တိုကိုတော့ အခုခေတ်မှာလက်ဝှေ့ လို့ခေါ်တယ်ဆိုတာ။ အဲဒါကတော့ အကွဲအပြဲ မတွန့်မ ဆုတ်ပဲ ရင်ဆိုင်ပြီး ခံနိုင်ရည်ရှိတဲ့သူက နိုင်တာပဲ။” လို့ အသက် ၂၉ နှစ်အရွယ် ကိုကျော်မျိုးက ပြောရင်း သူကိုယ်တိုင် ဗန်တိုသိုင်းကို တတ်ကျွမ်းလို့မဟုတ်ဘဲ သူ့အဘိုးပြောခဲ့ဖူးတာကို ပြန်လည်ဖောက်သည်ချတာ လို့ ဆိုပါတယ်။

ဦးအောင်ဌေးက ဗန်တိုရဲ့မူလ အဓိပ္ပာယ်ဟာ “မိမိကိုယ်ကို ကျင့်ကြံအားထုတ်ခြင်း” လို့ ဆိုပါတယ်။

“ခုခေတ်လူငယ်တွေက ကျန်ကျောင်း (တရုတ်သိုင်းကားထဲမှ မင်းသားအမည်) ဆိုရင်သာ သိကြတယ်။ မြန်မာ့သိုင်း ဆိုရင်တော့ မသိကြတော့ဘူးကွ။ ခေတ်ရဲ့ရေစီးကြောင်း၊ ရုပ်သံမီဒီယာတွေရဲ့ ရေစီးကြောင်းတွေကြားမှာ မြန်မာ့ သိုင်းက ညှပ်ပြီးကျန်ခဲ့တာပဲ။ မြန်မာတွေ တရုတ်ကား၊ ကိုရီးယားကားတွေ ကြည့်တယ်။ အဲဒီအထဲက ရှောင်လင်တွေ ကွန်ဖူးတွေသိတယ်။ ဒါပေမယ့် မြန်မာ ကားကြည့်ရင် မြန်မာတွေဘာသိုင်းနဲ့ ချနေလဲဆိုတာ မသိဘူး။ တရုတ်မှာဆိုရင် ရုပ်ရှင်လောကထဲကို ဝင်ဖို့ကွန်ဖူးနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်လက်မှတ်တစ်စောင်တော့ လိုတယ်လို့ကြားဖူးတယ်။ ဒီလိုပဲ သူ့လူမျိုးအလိုက် သူတို့ရဲ့ ရိုးရာဓလေ့တွေကို ထိန်းသိမ်းကြရ တာပဲ။ ငါတို့မြန်မာပြည်မှာတော့ အဲဒါအားနည်း နေတယ်” လို့ ဦးအောင်ဌေးက ပြောပါတယ်။

ဗီယက်နမ်စစ်ပွဲဖြစ်နေခိုက် ရန်ကုန်မြို့မှာ အရှေ့တောင်အာရှ ကျွန်းဆွယ်ပွဲကို ၁၉၆၉ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ကျင်းပ ခဲ့ဖူးပါတယ်။ ရန်ကုန်တက္ကသိုလ် (လှိုင်) ဝင်းထဲက အဆောက်အဦ အဲဒီနောက်ပိုင်းတော့ ငွေကြေးအကုန်အကျ မတတ်နိုင်လို့ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပဖို့ ငြင်းနေခဲ့ရတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ အရှေ့တောင်အာရှပြိုင်ပွဲများ သို့မဟုတ် ဆီးဂိမ်းလို့ လူသိများတဲ့ SEA Games အဖြစ် ပြောင်းလဲခဲ့ပါ တယ်။ အထီးကျန်ဆန်နေခဲ့တဲ့ မူဝါဒကို စွန့်လွှတ်ကြောင်း ပြသတဲ့အနေနဲ့ အစိုးရဟာ ဘတ်ဂျတ် အခက်ခဲရှိနေတဲ့ ကြားက ၂၀၁၃ ခုနှစ်မှာတော့ ဆီးဂိမ်းကို လက်ခံကျင်းပဖို့ ဆုံးဖြတ်ထားပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ငွေဆောင်တို့မှာ ပြိုင်ပွဲများ လုပ် သွားဖို့ ပြင်ထားပါတယ်။

လက်တွေ့မှာတော့ ဗန်တိုဆိုတာ နောက်ကျကျန်ခဲ့ပါပြီ။ ၂၇ ကြိမ်မြောက်ဆီးဂိမ်းမှာ ယှဉ်ပြိုင်ချင်ရင်၂၆ ကြိမ်မြောက် ဆီးဂိမ်းမှာ တင်ပြရမှာ ဖြစ်ပါတယ်။ ၂၆ ကြိမ်မြောက်ဆီးဂိမ်းမှာ မတင်ပြခဲ့တဲ့အတွက် လာမယ့် ဆီးဂိမ်းပြိုင်ပွဲမှာ ဒီကစားနည်းကို ချန်ခဲ့ရ တော့မှာ ဖြစ်ပါတယ်။

အမေ့ခံ ဗန်တိုသိုင်းပြိုင်ပွဲကို ဆီးဂိမ်းပြိုင်ပွဲတခုခုမှာ ပါလာနိုင်အောင် ကြိုဆိုနေတယ်လို့ ဦးဌေးအောင်က ပြောပါတယ်။ သူမှန်း တာကတော့ ၂၀၁၅ ခုနှစ်မှာလုပ်မယ့် ပြိုင်ပွဲပေါ့။

Ref: မဇ္ဈိမ

Read More...

အစိုးရတပ်တည်နေရာ သုံးပုံတပုံနီးပါး ရွှေ့ပေးရန် KNU တောင်းဆို

ဟင်္သာနီ (မွန်မြေ)
စက်တင်ဘာလ ၀၆ ရက် ၂၀၁၂ ခုနှစ်

ကရင် အမျိုးသား အစည်းအရုံးနှင့် အစိုးရတို့၏ ပြည်ထောင်စု အဆင့် တွေ့ဆုံပွဲ၌ အစိုးရ တပ်များ နေရာယူ တပ်စွဲထားသည့် တပ်တည် နေရာ သုံးရာနီးပါးရှိသည့်အနက် ကိုးဆယ်ခန့်ကို ရွှေ့ပြောင်း တပ်စိုက် ပေးရန် တောင်းဆိုထားကြောင်း ကရင်အမျိုး သား အစည်းအရုံး ဒု-ဥက္ကဋ္ဌ ဒေးဗစ်သာကပေါ က ပြောသည်။

“တပ်မဟာ (၁) ကနေ (၇) အထိ အစိုးရ တပ်တွေ နေရာ (၃၀၀) နီးနီးလောက် တပ်စွဲ ထားတဲ့ အပေါ် နေရာ (၉၀) လောက် ရွှေ့ပေးဖို့ ကျွန်တော်တို့ တောင်းဆိုထားပါတယ်၊ သူတို့သဘောတူချင်ရင်လည်း တူမှာ ပေါ့လေ၊ တစ်ထိုင်တည်းနဲ့ ဆုံးဖြတ်လို့မရဘူး၊ သူတို့လည်း အထက်ကို တင်ပြရမယ်လေ” ကရင်မျိုးသား အစည်းအရုံး ဒု-ဥက္ကဋ္ဌ ဒေးဗစ် သာကပေါက မဇ္ဈိမကို ပြောသည်။

ယခု ရွှေ့ပေးရန် တောင်းဆိုထားသည့် အစိုးရတပ်များမှာ တောင်ငူ၊ ညောင်လေးပင်၊ ကော့ကရိတ်၊ ဘားအံ၊ ဘိတ်ထားဝယ် ခရိုင်များတွင် ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ် နယ်မြေတွင်း၌ တည်ရှိသည့် အစိုးရတပ်တည်စခန်းများ ဖြစ်သည်ဟု သိရှိရသည်။

“အဲဒီလို ရွှေ့ပေးဖို့ တောင်းဆိုထားတဲ့ တပ်တွေက ရွာတွေနားမှာ ရှိတယ်၊ သို့မဟုတ် ပြည်သူတွေ သွားလာတဲ့ လမ်းကြောင်း တွေပေါ်မှာ ရှိတယ်၊ ရွာတွေနဲ့ နီးတဲ့အခါ လယ်တွေ ယာတွေသိမ်း၊ လူ့အခွင့်အရေးတွေ ချိုးဖောက် အဲဒါတွေကြောင့်ပါ” ဟု ဒေးဗစ် သာကပေါက မဇ္ဈိမကို ပြောသည်။

ထို့ပြင် အဆိုပါ အစိုးရ တပ်စခန်းများ အနီး၌ ထောင်ထားသည့် မိုင်းများလည်း ရှင်းလင်းပေးရန်လည်း တောင်းဆို ထားသည်ဟု သိရသည်။

အဆိုပါ တပ်များမှာ အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံးသို့ တိုက်ခိုက်နေကြသည့် ကာလအတွင်း ပြောက်ကျား နည်းဖြင့် တိုက်ခိုက်နိုင်ရန် မိမိတို့ထိန်းချုပ် နယ်မြေသို့ အဝင်ခံခဲ့ပြီး ထိုမှ တဆင့် အစိုးရ တပ်များက တပ်စခန်းများ ဆောက်လုပ်ကာ နေရာယူ တပ်စွဲထားခြင်း ဖြစ်သည်ဟု ဆိုပါသည်။

အဆိုပါ ကရင်အမျိုးသား အစည်းအရုံးနှင့် အစိုးရတို့၏ ပြည်ထောင်စုအဆင့် ကိုယ်စားလှယ်များ ဆွေးနွေးပွဲကို စက်တင်ဘာ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ ဘားအံမြို့ရှိ ဇွဲကပင် ဟိုတယ်၌ ပြုလုပ်ခဲ့သည်။

၎င်းဆွေးနွေးပွဲသို့ သမ္မတရုံး ဝန်ကြီးသစ်များ ဖြစ်ကြသော ဦးအောင်မင်းနှင့် ဦးစိုးသိန်း၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ၊ သစ်တော ဝန်ကြီး တင်အောင်၊ အရှေ့တောင်တိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ် ခင်မောင်ဝင်းနှင့် ပြည်နယ်အစိုးရ အဖွဲ့များလည်း တက်ရောက်ခဲ့ကြသည်။ KNU ဘက်မှ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ တက်ရောက် ခဲ့ကြသည်။

ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး ခိုင်မာရန် အတွက် နှစ်ဘက်တပ်များ၏ တပ်နေရာ ချထားရေးမှာ အဓိက ကျသည့် အကြောင်းရင်း တစ်ရပ် ဖြစ်သည် ဟုလည်း ဒေးဗစ် သာကပေါက ပြောပါသည်။

“တပ်ရွှေ့ဖို့ကို သူတို့သဘောတူရင် နေ့ချင်းညချင်း ပြီးတာပဲ၊ ဟိုတပ်ရွှေ့ ဒီတပ်ရွှေ့ ဘယ်လောက်ကြာမှာလဲ၊ တစ်ပတ် နှစ်ပတ် ပေါ့။ မလုပ်ချင်ရင်တော့ ကြာနေမှာပေါ့၊ အဲဒီလို ဖြစ်လာရင် ထပ်ဆွေးနွေးရမှာပေါ့၊ ဘာလို့မလုပ် ချင်တာလဲလို့” ဟု ဒေးဗစ် သာကပေါက ပြောသည်။

ယခု စက်တင်ဘာလ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ ဘားအံမြို့ ဇွဲကပင် ဟိုတယ်၌ ပြုလုပ်သည့် ပြည်ထောင်စု အဆင့် ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲတွင်မူ နှစ်ဖက် တပ်များ လိုက်နာသင့်သော ကျင့်ဝတ် များအပေါ် အစိုးရနှင့် သဘောတူ လက်မှတ်ရေးထိုး နိုင်ခဲ့သည်ဟု သိရပါသည်။

KNU သည် အချက် ၄ ချက် အခြေခံဖြင့် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့က ဘားအံမြို့ ဇွဲကပင်ဟိုတယ် ဆွေးနွေးပွဲ ၌ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်ကို ပြည်နယ် အစိုးရနှင့် ချုပ်ဆိုခဲ့ပြီး ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

မလေးရှားကို မြန်မာအမျိုးသမီး အလုပ်သမများ တရားဝင်ပို့ဆောင်

စက်တင်ဘာလ ၀၆ ရက် ၂၀၁၂ ခုနှစ်

မလေးရှားနိုင်ငံတွင် သွားရောက် လုပ်ကိုင်လိုသော မြန်မာအမျိုးသမီး လုပ်သားများ တရားဝင် ပို့ဆာင်ပေးနေမှုကို သြဂုတ်လ နောက်ဆုံးပတ်မှ စတင်နေခဲ့ရာ မြန်မာအမျိုးသမီး လုပ်သားများကို ပြည်ပနိုင်ငံများတွင် တရားဝင် သွားရောက်လုပ်ကိုင်ခွင့် စတင် ခွင့်ပြုမှု ဖြစ်လာသည်။

မလေးရှားငွေ ရင်းဂစ် ၉၀၀ သို့မဟုတ် တလစာလုပ်အားခကို ဝန်ဆောင်ခအဖြစ် ပေးဆောင်ရမည့် အလုပ်များ အတွက်လုပ်သား ဦးရေ နှစ်ရာခန့် သွားရောက် လုပ်ကိုင်နေပြီး ဖြစ်သည်ဟု ယုံကြည်ရသည်။

အလုပ်သမားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများမှ အေဂျင်စီ သုံးခု စေလွှတ်ခွင့် ရခဲ့သည်ဟု အေဂျင်စီ အသိုင်းအဝန်းမှ သိရသည်။

ပြည်ပအလုပ်အကိုင် အေဂျင်စီ တာဝန်ရှိသူတစ်ဦးက “ စက်ရုံက အီလက်ထရောနစ် ပစ္စည်းတွေ လုပ်တဲ့ စက်ရုံပါ။ နေစရာ နေရာကလည်း အမျိုးသမီးတွေ အတွက် လုံခြုံမှု ရှိပါတယ်။ စက်ရုံက လူ ၇၀၀၀ လောက် လိုပါသေးတယ် ” ဟု ပြောသည်။

ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတခု၏ အပြောအရ သွားရောက် လုပ်ကိုင်လိုသူအတွက် ကုမ္ပဏီမှလေယာဉ်လက်မှတ်၊ နိုင်ငံကူးလက်မှတ်တို့အတွက် ကုန်ကျစရိတ်ကို ပြန်လည် ထုတ်ပေးမှာ ဖြစ်သည်ဟု ဆိုသည်။ အသက် ၂ဝ မှ ၃၅ နှစ်အတွင်း အခြေခံပညာ အဆင့် ရှစ်တန်း အောင်မြင်ပြီးသူများ သွားရောက် လုပ်ကိုင်နိုင်သည်ဟု ဆိုသည်။

သို့သော် ဦးစွာ သွားရောက်လုပ်ကိုင်လိုသူက ငွေစိုက်ထုတ်ထားရမှာဖြစ်ပြီး မလေးရှားနိုင်ငံ ပြည်ဝင်ခွင့် ဗီဇာရပြီးချိန်တွင် ကုမ္ပဏီ က ကုန်ကျငွေကို ပြန်အမ်းမှာ ဖြစ်သည်။ ကုမ္ပဏီသို့ ဝန်ဆောင်ခအဖြစ် လုပ်ခလစာမှ တလလျှင် ရင်းဂစ်ငွေ ၁၅၀ ဖြင့် ခြောက် လ ဖြတ်တောက်သွားမှာ ဖြစ်သည်။

တလလျှင် ရက် ၂၀ ပုံမှန် အလုပ်ရက် သတ်မှတ်ထားပြီး လစာမှာ ရင်းဂစ် ၉၀၀ ဖြစ်သည်။ ကြာသပတေးနေ့ ပေါက်ဈေး မှာ တစ်ရင်းဂစ်လျှင် မြန်မာကျပ်ငွေ ၂၇၉.၄ ကျပ် ဖြစ်သည်။ စနေနှင့် တနင်္ဂနွေ နေ့များကို အချိန်ပို အဖြစ် သတ်မှတ်ပေးပြီး အချိန်ပိုကြေးပေးမည် ဟုဆိုသည်။

လေယာဉ်လက်မှတ်ရပြီးချိန်တွင် သွားရောက် လုပ်ကိုင်လိုခြင်း မရှိတော့လျှင် လျော်ကြေးပေးဆောင်ရန် သတ်မှတ် ထားသည်။

သွားရောက် လုပ်ကိုင်မည့် အသက် ၃၀ ဝန်းကျင် အမျိုးသမီး တစ်ဦးက “ အချိန်ပို မရှိရင်တော့ မကိုက်ဘူး။ ဖြတ်မှာနဲ့ ဆိုရင် တစ်လကို (ကျပ်) တစ်သိန်းကျော်ပဲ ကျန်မယ်။ အချိန်ပို ရှိပါစေ ဆုတောင်း ရမှာပဲ။” ဟု ဆိုသည်။

Ref: မဖ္ဈိမ

Read More...

အရွေ့နောက်က သင်ခန်းစာများ

အောင်မြတ်ထွန်း
စက်တင်ဘာလ ၀၆ ရက် ၂၀၁၂ ခုနှစ်

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅၀ နီးပါး အတွင်း ဒီမိုကရေစီဆိုတဲ့ အသံကို ခပ်တိုးတိုး ကြားခဲ့ရပေမယ့် ဒီမိုကရေစီရရှိဖို့ အတွက် ရုန်းကန်လှုပ်ရှားမှုတွေကို ခက်ခက်ခဲခဲနဲ့ ဆောင်ရွက်ခဲ့ ကြရတယ်။

ဒီလို လှုပ်ရှားဆောင်ရွက်သူတွေရဲ့ ဘဝတွေက ညှင်းပန်းနှိပ်စက်ခံရပြီး ထောင်ထဲ ရောက်သူတွေရောက်နဲ့ ဖြစ်ရတဲ့ အတွက် တတိယမျိုးဆက်မှာတော့ နိုင်ငံရေးဆိုတာကို မကြားဝံ ၊ မပါဝင်ရဲအောင် ဖြစ်ခဲ့ရတယ်။ ဒါက ဆယ်စုနှစ် နှစ်စုကျော်မျှမကပါပဲ။

မိဘတွေကသားသမီးတွေ နိုင်ငံရေး လှုပ်ရှားမှုထဲမှာ ပါဝင်မှာကိုတောင် စိုးရိမ်တကြီးနဲ့ ဆယ်စုနှစ် နှစ်စုအတွင်းမှာ ဖြစ်ခဲ့ရတယ်။

ရှေ့မှာ ခက်ခဲကြမ်းတမ်းတဲ့ ခရီးကြမ်းကို လျှောက်လှမ်းခဲ့ကြသူတွေကို သာဓကပေးပြီး မိဘတွေက တားမြစ်ကြပေ မယ့် လူငယ် တွေရဲ့ စိတ်ထဲမှာ ပါဝင်ဆောင်ရွက်လိုတဲ့စိတ်က ကိန်းအောင်းနေဟန်တော့ တူပါတယ်။

ဒီမိုကရေစီ ဆိုသည့် အနှစ်သာရကို လူငယ်များသာမက လူကြီးများကပါ လိုလားကြတယ်။

ဒီလိုနဲ့ပဲ မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အရပ်သား အစိုးရအနေနဲ့ ဒီမိုကရေစီစနစ်မှာ ဆောင်ရွက်လာ တာ ပြောင်းလဲမှုတွေနဲ့ ဆောင်ရွက်လာတာ သက်တမ်းအားဖြင့် ၁၈ လ ရောက်ရှိလာတဲ့ အတွက် ပြောင်းလဲမှုတွေကို ကြိုဆိုရမှာ ဖြစ်ပါ တယ်။

ဘာပဲပြောပြော အရွှေ့တခုကို သွားနေတာလို့ ကျွန်တော်မြင်ပါတယ်။

“ဒီမိုကရေစီစနစ် အသွင်းကူးပြောင်းမှုက လ သားအရွယ် ကလေးလို့ တင်စားရမှာပါပဲ။ ဒါပေမယ့်ပြောင်းလဲမှုတွေက အရမ်းကို မြန်ဆန်နေတာတွေကိုတော့ တွေ့ရပါတယ်။ဒါပေမယ့် ကျွန်တော်တို့ မမြင်နိုင်သေးတာက ဒီလို လသား အရွယ်ရှိတဲ့ ဒီမိုကရေစီ နိုင်ငံမှာ ဖြစ်နေတဲ့ ပြောင်းလဲမှုတွေ မြန်ဆန်စွာ ဖြစ်နေတဲ့ အတွက် လူ့အဖွဲ့အစည်းတွေပေါ် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေပါပဲ။ စစ်တပ်အုပ်ချုပ်မှုကလည်း နှစ်အတော်ကြာ ရှိခဲ့တော့။ ဒါပေမယ့် မေးခွန်းထုတ် စရာ တစ်ခုကတော့ အရင်ကတည်းက ဘာလို့ ဒီလိုပြောင်းလည်းမှုတွေကို မဆောင်ရွက်တာလည်း ဆိုတာပါကိုပဲ” ဟု ဟောင်ကောင် အခြေစိုက် မီဒီယာ အကြံပေး ကုမ္မဏီ တစ်ခုဖြစ်သည့် တယ်လီစစ် အကြံပေးကုမ္မဏီ မှ ဥက္ကဌ မစ္စတာ စီရီရယ် ပယ်ရီရာ ကပြောသည်။

အလားတူ ယနေ့ခေတ် တတိယ မျိုးဆက်များတွေမှာ ဒီမိုကရေစီစနစ် ဖော်ဆောင်ဖို့အတွက် ၂၀၁၀ အခင်းအကျင်းကို မြင်တွေ့ ခွင့်ရခဲ့ ပြန်ပါတယ်။ ပါဝင်ခွင့်ရခဲ့တယ်။ တစ်ချို့လူငယ်တွေအတွက် ဒါက ပထမဆုံးအကြိမ် မြင်တွေ့ခွင့်ရခြင်း ပါပဲ။

“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ပထမဆုံးအကြိမ်ပါပဲ ၂၀၁၀ မှာတော့သွားပြီး ပေးဖြစ်ပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲမှာ တော့ ကျမတို့ မြို့နယ်မှာ မရှိတဲ့အတွက် မဲမပေးရပါဘူး။ ဘာပဲဖြစ်ဖြစ် လွတ်လပ်ပြီး တရားမျှတမှု မရှိခဲ့ဘူးလို့ ပြောကြပေမယ့် ရွေးကောက်ပွဲဆိုတာ ဒီလို အခြေအမျိုးရှိတာ သိခွင့်တော့ ရလိုက်တယ်။ အခုနောက်ပိုင်း ပြောင်းလဲမှုတွေ လုပ်လာတာ တွေ့ရတဲ့ အတွက် မဲပေးခဲ့ရကျိုးနပ်တယ်လို့ ဆိုရမှာပေါ့” ဟု မြောက်ဥက္ကလာပ မြို့နယ် တွင်နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် မဟေမန်က ပြောသည်။

ဒီလိုနဲ့ ၂၀၁၀ ရွေးကောက်ပွဲနှင့် ရွေကောက်ပွဲမှာ မဲပေးပုံ၊ မဲပေးနည်း စနစ်များ နှင့် ခေါင်းဆောင်မှုစွမ်းရည် စသည့် ဘာသာ ရပ်များ ပါဝင်သည့် စွမ်းရည် မြင့်တင်မှု သင်တန်းများကို Myanmar Egress က မြန်မာနိုင်ငံကို စတင် မိတ်ဆက်ပေးခဲ့ ပြန် ပါတယ်။

ရွေးကောက်ပွဲ အကြိုကာလ လှုပ်ရှားမှုအနေဖြင့် “No Vote” နှင့် “Yes Vote” အားပြိုင်မှု များရှိနေကြရာ Myanmar Egreess က “Yes Vote” ဟူသည် ခေါင်းစဉ် အောက်တွင် ရပ်တည်ခဲ့သည့် အတွက် ဝေဖန်မှုများကလည်း ပြင်းထန် ခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲ ရန်ကုန်တိုင်း ဆိပ်ကြီးခနောင်တို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေး ခံခဲ့သည့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ရန်ကုန်တိုင်း အတွင်းရေးမှူးဖြစ်တဲ့ ဦးထက်အောင်ကျော် က “ ကျတော်ကတော့ Myanmar Egress က ဖွင့်တဲ့ နိုင်ငံတည်ဆောက်မှုနဲ့ဆိုင်တဲ့ သင်တန်းတွေ ၂၀၁၁ မှာ တက်ခဲ့တယ်။ သင်တန်းကတော့ ဘာသာရပ် တွေစုံပါတယ်။ နိုင်ငံတကာ ဆက်ဆံရေး၊ နိုင်ငံရေးမူဝါဒ၊ စီပွားရေး မူဝါဒတွေကို လူမှုဆက်ဆံရေး မဲပေးပုံ မဲပေး နည်း စနစ်တွေ၊ နိုင်ငံတော် တည်ဆောက်ရေးစတာတွေကို သင်ခဲ့ရတဲ့ မသိသေးတဲ့ တချို့အချက်တွေကို သိခွင့်ရခဲ့တယ်။ ဒီလို သင်တန်းတွေ ကျယ်ကျယ်ပျံပျံနဲ့ ပို့ချသွားစေချင်တယ်” လို့ ဆိုပါတယ်။

ဒါအပြင် ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံခဲ့တဲ့ နိုင်ငံရေးပါတီ ၃၇ ကျော် တွေမှာလည်း ပြင်ဆင်ချိန် သိပ်မရခဲ့တာ လူတိုင်းအသိပါပဲ။ တစ်ချို့ပါတီတွေ ဝင်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းရဖို့တောင် မနည်းရှာခဲ့ရပါတယ်။

လွတ်လပ်ပြီး တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ အများက ကြိုတင်ဟောကိန်းထုတ်ခဲ့တဲ့ အတိုင်းပါပဲ။ ၂၀၁၀ ရွေးကောက်မှာ အများက ထင်ကြေးပေးခဲ့တဲ့ အတိုင်း စစ်တပ်က အသွင်းပြောင်းပြီး ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီက လွှတ်တော်သုံးရပ်လုံးအတွက် ၇၅ ရာခိုင်နှုန်းနဲ့ နိုင်ရခဲ့တယ်။

၂၀၁၀ ရွေးကောက်ပွဲမှာလည်း တောင်တန်းဒေသတွေမှာရှိတဲ့ တိုင်းရင်းသားများတချို့ မဲပေးနိုင်ရေးအတွက် ပါဝင်ခဲ့ ကြတယ်။ တချို့ကလည်း မြန်မာစကားကို ကောင်းစွာ မပြောတတ်သူများ ရှိသလို တစ်ချို့ကလုံးဝ မပြောတတ်ပါဘူး။

မဲပေးတဲ့နေရာမှာ မဲပေးရမယ့် စက္ကူမှာ ပါဝင်တဲ့ ပါတီကိုယ်စားပြု အမှတ်အသားတွေက ဘယ်ပါတီ က ဘယ်တံဆိပ် နဲ့ ကိုယ်စားပြုတယ် ဆိုတာ မသိဘဲနဲ့ မဲပေးခဲ့ရတယ်။

ဒါကြောင့်ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှု အပိုင်းမှာ မြို့ပေါ်မှာသာမက နယ်မြို့များတွင်ပါ ကောင်းစွာ သိရှိမှု မရှိခဲ့ဘူး။

မဲပေးတဲ့ နည်းစနစ်ကို လူထု သိရှိအောင် ဆောင်ရွက်နိုင်မှု ကလည်းလွန်စွာ အားနည်းခဲ့သည်။

ခေါင်းဆောင်မှု စွမ်းရည်မြင့်တင်မှုဆိုင်ရာ သင်တန်းတွေ၊ မဲပေးတဲ့ နည်းစနစ်တွေ ဖြန့်ဝေပေးနိုင်ဖို့ကို ကျေးလက်ဒေသ များအထိ ပါ ရောက်ရှိဖို့ လိုအပ်နေဆဲ ဖြစ်တယ်။

ဒါတွေကို အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ အစိုးရ မဟုတ်သော လူအဖွဲ့အစည်းတွေ အများဆုံး ဆောင်ရွက်နိုင်လိမ့် မယ်လို့ မျှော်လင့်မိတယ်။

“ကျမအနေနဲ့လည်း မေးခွန်းထုတ်စရာ တစ်ခုကတော့ မြန်မာနိုင်ငံရဲ့ လူငယ်တွေပါပဲ။ တစ်ချို့ဆိုရင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲ က သူတို့အတွက် ပထမဆုံးအကြိမ်ပါပဲ။

ဒါဆိုရင် သူတို့တွေက နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးတွေ၊ မဲပေးပိုင်ခွင့်နဲ့ ပတ်သတ်ပြီး သေသေချာချာ သိရဲ့လား။ ဒီလို အချက်တွေကို အသိပညာ ဗဟုသုတပေးနိုင်ဖို့ အများကြီး လိုအပ်မယ်လို့ ထင်ပါတယ်” လို့ ဂျာမနီအခြေစိုက် Friedrich Ebert Stiftung (FES) ၏ အာရှဒေသတွင်း ပူပေါင်းဆောင်ရွက်ရေးအဖွဲ့ စီမံကိန်း မန်နေဂျာ မစ္စ မရီနာခမာ က ပြောသည်။

မြို့နေလူထု ၂၀ ရာခိုင်နှုန်းနှင့် ကျေးလက်နေလူထု ၈၀ ရာခိုင်နှုန်းရှိသည့် မြန်မာနိုင်ငံအတွက် ဒီလို ကျေးလက်ကို အသိပညာ ဗဟုသုတ ဖြန့်ဝေပေးနိုင်ဖို့ကလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိတယ်။

ဒါအပြင် ၂၀၁၂ ဧပြီလမှာ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ရလဒ် အနေနဲ့ကတော လူထု မျှော်လင့်သလို လွှတ် တော် သုံးရပ်လုံးအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၆၆ ရာခိုင်နှုန်း ရရှိခဲ့ပြီး ကြံခိုင်ရေးပါတီက ၂၇ ရာခိုင်နှုန်း ရရှိခဲ့ တယ်။

ရွေးကောက်ပွဲနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကာလနဲ့ အလွန်ကာလတွေမှာတော့ လူထုအများစု မှာ ကြောက်ရွှံမှုတွေ ကင်းဝေးကြ သလို၊ တရားမျှတမှုတွေကို ရှာဖွေရဲလာကြတယ်၊ ရင်တွင်းခံစားချက်တွေကို ဖော်ထုတ်လာနိုင်ကြတယ်။

ပြည်သူ့ဟစ်တိုင်ဆိုပြီး နေရာသတ်မှတ်ချက်တွေ မထားပေးပေမယ့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခွင့်တွေ ရလာကြတယ်။

ဘာပဲပြောပြော ဒါတွေက ပြီးပြည့်စုံမှုတွေလို့ မဆိုလိုပေမယ့် နှစ်ပေါင်း ၂၀ အတွင်း ရင်ထဲအောင်းထားတဲ့ ခံစားချက် တွေကို အတွက် ထွက်ပေါက်ဖြစ်စေတဲ့ တိုးတက်မှု ပြယုဒ်တစ်ခုလို့ ဆိုရမှာပါပဲ။

Ref: မဇ္ဈိမ

Read More...

အိန္ဒိယက မြန်မာနိုင်ငံတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့မည်

နေလင်းအောင်
စက်တင်ဘာလ ၀၆ ရက် ၂၀၁၂ ခုနှစ်

မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ဆက်ဆံမှု တိုးမြှင့်ရန် ရည်ရွယ်၍ အိန္ဒိယမှ လုပ်ငန်းရှင်များ သည် ယခုသီတင်းပတ်အတွင်း ရန်ကုန်မြို့တွင် ကုန်စည်ပြပွဲတစ်ခုကို ပြုလုပ်ခဲ့ သည်။

“ဈေးကွက် မြှင့်တင်မှုတွေ လာလုပ်တာပါ။ အိန္ဒိယကုမ္ပဏီတွေအများစုက မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက် နိုင် ဖို့ရယ်၊ ဖက်စပ်လုပ်ကိုင်မယ့် လုပ်ငန်းရှင်တွေ ရှာဖို့အတွက်လည်း ရည်ရွယ်ပါတယ်။” ဟု ပြပွဲကို ဦးစီးဆောင်ရွက်သူ အိန္ဒိယ ပို့ကုန်လုပ်ငန်းအဖွဲ့များ ဖက်ဒရေးရှင်း Federation of Indian Export Organizations (FIEO) မှ ဒုတိယ အထွေထွေ ညွှန်ကြားရေးမှူးချုပ် မစ်စစ် ဒယ်လ်ဒက်တာ နန်ဝါနီ Mrs. Deldatta Nandwani က ပြောသည်။

မြန်မာနိုင်ငံတွင် ဈေးကွက်ချဲ့ထွင်ရန်အတွက် စက်တင်ဘာ ၄ ရက်နှင့် ၅ ရက်နေ့များတွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း အဆောက်အအုံတွင် ကျင်းပသည့်ပြပွဲတွင် ဒယ်လ်ဒက်တာက ယင်းကဲ့သို့ ပြောကြားသည်။

ဆေးရုံသုံးပစ္စည်း၊ ကြွေပြား ကျောက်ပြား၊ အဝတ်အထည်၊ ဆန်စက်နှင့် ပတ်သက်သော ပစ္စည်းများ၊ ဓါတ်မြေသြဇာနှင့် အခြား စက်ပစ္စည်းများ ထုတ်လုပ်ရောင်းချနေသည့် ကုမ္ပဏီပေါင်း ၂၈ ခု ပါဝင်ပြသခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို အသေးစိတ် မသိသေးကြောင်းနှင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် အတွင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံရန်ရှိကြောင်း မစ်စစ် ဒယ်လ်ဒက်တာ က ယင်းကဲ့သို့ ပြောသည်။

ပြပွဲဝင် ANAND Group ဆေးရုံသုံးပစ္စည်းနှင့် ဆေးဝါးများ ထုတ်လုပ်သည့် လုပ်ငန်းမှ အထွေထွေမန်နေဂျာ မစ္စတာ ရာကီး ရှနန်ဒ် Mr. Rakeshanand ကလည်း “မြန်မာနိုင်ငံရဲ့ အနာဂါတ် စီးပွားရေးအလား အလာကောင်းတယ်လို့ ရှုမြင်တယ်။ ပိုပြီး လစ်ဘရယ်ကျမယ်၊ နိုင်ငံတကာက ပိတ်ဆို့မှုတွေအားလုံး ရုတ်သိမ်းသွားအောင် လုပ်နိုင်မယ်ဆိုရင် တကယ့်ကောင်းမွန်တဲ့ လမ်း ကြောင်းပေါ် ရောက်လာမှာပါ” ဟု ပြောသည်။

ထို့ပြင် ၎င်းကို့ကုမ္ပဏီမှ ထုတ်ကုန်များကို မြန်မာနိုင်ငံတွင် ဖြန့်ချီသွားမည်ဖြစ်ပြီး ယင်းကိစ္စအတွက်လည်း ပြည်းတွင်းက ပူးပေါင်း ဆောင်ရွက်လိုသူများ လိုအပ်ကြောင်းနှင့် ယင်းသို့ လုပ်ကိုင်နိုင်ရန်အတွက်လည်း ထွက်ပေါ်လာမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေပေါ်တွင် မူတည်ကြောင်းလည်း ရာကီးရှနန်ဒ်က ကပြောသည်။

အိန္ဒိယနိုင်ငံမှ အသေးစား၊ အလတ်စားနှင့် အကြီးစား ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံလိုကြောင်းနှင့် ယခုပြပွဲသည် ၂၀၁၂ အတွင်း FIEO ကပြုလုပ်သည့် ပထမဦးဆုံးပွဲ ဖြစ်သလို၊ တတိယအကြိမ်မြောက် အိန္ဒိယကုန်စည်ပြပွဲ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဖက်မှ စီစဉ်ပေးသည့် NMT Ltd မှ အထွေထွေ မန်နေဂျာ မစ္စတာ ဒယ်နီယယ် ရာဂျစ် Mr.Daniel Rajiv က ပြော သည်။

မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏမှာ ၂၀၁၀-၁၁ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၀၇၀ ဒဿမ ၈၈ ရှိခဲ့ပြီး၊ ၂၀၀၉-၁၀တွင် ဒေါ်လာသန်းပေါင်း ၁၄၉၇ ဒဿမ ၇၇ ရှိခဲ့ရာ၊ မြန်မာဘက်က အသာစီးရှိနေကြောင်း ဗဟိုစာရင်း အင်း အဖွဲ့စာရင်းများက ဆိုသည်။

ယခုနှစ် မတ်လတွင် ကုန်ဆုံးခဲ့သည့် ၂၀၁၁-၁၂နှစ် ဘဏ္ဍာနှစ်စာရင်းများအရ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၈၉ ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီး ဌာနထုတ်ပြန်ချက်အရ သိရသည်။

အိန္ဒိယ၏ အဓိက ရင်းနှီးမြှုပ်နှံမှုနယ်ပယ်များတွင် ပို့ဆောင်ဆက်သွယ်ရေး၊ ရေအားလျှပ်စစ်၊ ရေနံ သဘာဝဓါတ်ငွေ့နှင့် စွမ်းအင်တို့ ပါဝင်သည်။

Ref: မဇ္ဈိမ

Read More...

ဖားကန့်တွင် လူစုလူဝေးဖြင့် လုယက်မှု ပစ်ခတ်နှိမ်နင်း တဦးသေ

ဖနိဒါ
စက်တင်ဘာလ ၀၆ ရက် ၂၀၁၂ ခုနှစ်

မကြာသေးခင်က တိုက်ပွဲကြီးများဖြစ်ပွားခဲ့သော ကချင်ပြည်နယ် ဖားကန့်တွင် လူအုပ်စုဖြင့် လုယက်ဖျက်စီးမှုများ အနည်းဆုံး နေရာငါးခုတွင် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

အနယ်နယ်အရပ်ရပ်မှ လာရောက်လုပ်ကိုင်နေကြသော ထောင်နှင့်ချီသည့် ကျောက်တူးသမားများနှင့် ကျောက်ရှာ သူများ ရှိနေ ထိုင်ရာ ဖားကန့်မြို့မှော်ဆီစာ၊ ရှရော်ခ၊ မျောက်ဖြူ၊ မိုးပြင်းနှင့် ကထန်မှော် စသည့် ကျောက်စိမ်းမှော် ငါးနေရာတွင် အခင်းဖြစ် ပွားခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလ ၃ ရက်နေ့က မှော်စီဆာရှိ အမျိုးသားစီးပွားတိုးတက်ရေးကုမ္ပဏီနှင့် ကျောက်စိမ်းတောင် ကုမ္ပဏီများ ၏ လုပ် ကွက်တွင် ခွင့်ပြုချက် မရဘဲ ဝင်ရောက်ကာ ရေမဆေးကျောက်ရှာသဖြင့် ကုမ္ပဏီ၏ တိုင်ကြားချက်ဖြင့် ရဲက ဖမ်းဆီးကာ ယင်း တို့ပိုင် မော်တော်ဆိုင်ကယ်နှင့် သုံးဘီးကားများကို သိမ်းဆည်းခဲ့သည်။ နောက်ပိုင်းတွင် မကျေနပ်သော လူအုပ်စုက အဆောင် ကိုမီးရှို့ကာ ကုမ္ပဏီပိုင်ပစ္စည်းများကို လုယက်ကြသည်။

"ကျနော်သွားကြည့်လိုက်တဲ့အခါမှာ လမ်းမှာ သွားသွားလာလာ ကျောက်သယ်တဲ့သူ၊ သွပ်သယ်တဲ့လူ၊ ပျဉ်တွေ သယ်တဲ့လူတွေ တွေ့ရတယ်" ဟု ရိုမင်ကက်သလစ် အသင်းတော်မှ သင်းအုပ်ဆရာ နော်ဂျာက ပြောသည်။

အလားတူပင် မျောက်ဖြူမှော်ရှိ ကုမ္ပဏီတခုတွင်လည်း ညအချိန်တွင် ကျောက်စိမ်းများ၊ သိုလှောင်ထားသော လောင်စာဆီများ လုယက်ခံရပြီး အဆောင်ကိုလည်း ဖျက်စီးသွားခဲ့ကြကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်လူစုခွဲခဲ့ သည်ဟု ဆိုသည်။

"ကုမ္ပဏီ လုပ်ငန်းရှင်တွေရော သူတို့အဆောင်တွေကို ကြီးကြပ်တဲ့လူ မရှိဘူးဆိုတော့ ဥပဒေ စိုးမိုးမှု အပိုင်းမှာလဲ မလုပ်နိုင်တဲ့ အခါကျတော့ ကျောက်တူးသမားတွေ၊ ရေမဆေးသမားတွေ၊ သူတို့ လုပ်ချင်တာလုပ်၊ မီးရှို့ဖျက်ဆီး၊ ရှိတဲ့ကျောက်တွေ သယ်ယူကြ တယ်ဆိုတော့ ဟိုဘက်က တပ်က ရမ်းပစ်တယ်။ အဲဒီမှာ တယောက်က ထိလို့သေသွားတယ်" ဟု ဆရာ နော်ဂျာက ပြောသည်။

ဖားကန့်မြို့နယ်တွင် မေလ ၃ဝ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်များနှင့် အစိုးရတပ်များ တိုက်ပွဲကြီးများ ဖြစ်ပွားခဲ့ပြီးနောက် ကျောက်မျက်ရှာဖွေရေးကုမ္ပဏီများ၏ လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့သည်။ သို့သော်လည်း တရားမဝင် သို့မဟုတ် သိုသိုသိပ်သိပ်ဖြင့် ဆက်လက်လုပ်ဆောင်သည်များလည်း ရှိနေခဲ့သည်။

ဗုဒ္ဓဟူးနေ့ညက ယူမာနှင့် ဆိုင်းတောင်အကြားတွင် KIO နှင့် အစိုးရတပ်ဖွဲ့များအကြား တိုက်ပွဲငယ်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ပစ်ခတ်သံများကိုပင် ကြားရသည်ဟု သင်းအုပ်ဆရာတော်က ပြောသည်။

ထို့ပြင်ညပိုင်းတွင် ဆိုင်းတောင်မြို့အဝင် ဒေါ်တင်လှ ဓါတ်ဆီဆိုင်အနီး ကားလမ်းပေါ်တွင် အစိုးရ စစ်ကြောင်းပါ စစ်သား ၁၀ ဦး ကျော်သည် ယင်းတို့ သယ်ဆောင်လာသည့် ဗုံးပေါက်ကွဲ၍ အနည်းဆုံး သုံးဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပြီး အန်ဂျီအို ဝန်ထမ်း လင်မယားနှစ်ဦးလည်း ဒဏ်ရာရသွားခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဒေါ်နေဂျာရှန်က ပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဖားကန့်မြို့ ရဲစခန်းအား မဇ္စျိမက ဆက်သွယ်မေးမြန်းခဲ့ရာ အကြောင်း ပြန်ကြား ခြင်း မရှိပေ။

အင်္ဂါနေ့နံနက်ကလည်း ဖားကန့်မြို့နယ် မှော်ဝမ်းမြို့ ရပ်ကွက် ၂ နေ အသက် ၂၇ နှစ်အရွယ် ဦးကရင်နော်ကျန်းသည် ရေမ ဆေးရှာရန် သွားသည့်လမ်း မျောက်ဖြူနှင့် ရှရော်ခဘက်သို့ သွားခဲ့ရာလမ်းတွင် ဗုံးဆံထိမှန်ကာ သေဆုံးသွားခဲ့ သည်။

"အစိုးရတပ်ကနေ ဗုံးပစ်ပေးလိုက်တာ မိုင်းစထိမှန်သွားတယ်၊ အဲဒီမိုင်းစက အဆုတ်မှာ ထိသွားတယ်။ မနေ့က ကျမ သူ့မိသား စုနဲ့ သွားတွေ့တယ်။ အဲဒီနေ့မှ အဲဒီရှရော်ခဘက်ကို သွားတာတဲ့။ ရေမဆေးလိုက်ကောက်တဲ့။ တခါမှ မသွားတော့ဘူး။ အဲဒီနေ့မှ သွားလို့ ရပြီဆိုပြီး သွားလိုက်တာ အဲဒီလို ဖြစ်သွားတာတဲ့" ဟု ဒေါ်နေဂျာရှန်က ပြောသည်။ ဦးကရန်နော်ကျန်းတွင် သူက သား သမီး နှစ်ဦးရှိပြီး ဇနီးဒေါ်ဒေါင်နန်းတို့ ကျန်ရစ်သည်။

ပြီးခဲ့သည့်လ ၁၉ ရက်နေ့မှစတင်၍ နှစ်ဖက်တပ်များ တင်းမာမှုကြောင့် ဖားကန့်မြို့နယ်အတွင်းရှိ မှော်မောင်ကုန်၊ တောင်ပြို၊ သူဌေးချောင်း၊ ဆိုင်းဂျာဘွမ်၊ မနားချေား၊ ဗလခ၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေး၊ ရှရောခ၊ ဇွပ်ငိုင်၊ မျောက်ဖြူနှင့် မှော်မောင်း လယန် စသည့်ကျေးရွာများက ဒေသခံများသည် အိုးအိမ်များစွန်ကာ ဖားကန့်မြို့ပေါ်သို့ ထွက်းပြေး တိမ်းရှောင်နေရဆဲပင် ဖြစ်သည်။

လက်ရှိ ဖားကန့်မြို့ပေါ်တွင် အစိုးရတပ်အင်အား တဖြည်းဖြည်း ပိုမိုများပြားလာနေပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် များနှင့် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသေးသော်လည်း နှစ်ဘက် သတိနှင့် စောင့်ကြည့်နေကြသည်ဟု KIA ၏ တပ်မဟာ ၂ လက်အောက်မှ တပ်ရင်း ၆ တပ်ဖွဲ့မှ အရာရှိ တဦးက ပြောသည်။

သြဂုတ်လ ၂၉ ရက်နေ့က အစိုးရတပ်နှင့် KIA တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ဝေအောင်ကမ္ဘာ အကျိုးတူ ကုမ္ပဏီ တခုထဲ လက်နက်ကြီး ကျကာ ယင်းကုမ္ပဏီအတွင်းမှ သိုလောင်ထားသော လောင်စာဆီ ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် အစိုးရတပ်ဘက်မှ ကျဆုံးသူဦးရေ ၅ဝ အထိပင်ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

စာအုပ်အတွက် ISBN မြန်မာနိုင်ငံတွင် လျှောက်ထားနိုင်ပြီ

ကိုကိုအောင်
စက်တင်ဘာလ ၀၆ ရက် ၂၀၁၂ ခုနှစ်

နိုင်ငံတကာ အသိအမှတ်ပြု စာအုပ်နံပါတ် အိုင်အက်စ်ဘီအင်န် (International Standard Book Number ISBN) လျှောက်ထားလိုသူများ အနေဖြင့် စက်တင်ဘာ ၁ ရက်နေ့မှ စတင်ကာ စာပေထုတ်လုပ်သူ များနှင့် ဖြန့်ချိသူများအသင်းတွင် လုပ်ဆောင်နိုင်ပြီ ဖြစ်ကြောင်း အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စာအုပ် တစ် အုပ်အတွက် ISBN ရရှိရန် အသင်းသို့ ငွေကျပ် ငါးထောင်နှင့် အခြားလိုအပ်သော စာရွက်စာတမ်းများ
ဖြည့် စွက်ပြီး ပါက နေ့ချင်းပြီး ရယူနိုင်ကြောင်း အသင်းဒုတိယဥက္ကဋ္ဌ ဦးမျိုးအောင် ကပြောသည်။

“အရင်ကဆို မြန်မာစာအုပ်တွေကို ပြည်ပနိုင်ငံက မြန်မာ့အစားအစာနဲ့ လူသုံးကုန်ရောင်းတဲ့ ဆိုင်တွေမှာဘဲ ဝယ်လို့ ရတယ်။ ဈေးကွက်ရှိခဲ့ပေမယ့် ISBN မရှိတော့ စာအုပ်ဆိုင်ကြီးတွေမှာ တင်ရောင်းလို့ မရဘူး။ ခုတော့ မြန်မာ့ စာအုပ်တွေကို နိုင်ငံ တကာကို တင်ပို့ရောင်းချနိုင်တော့မှာပါ” ဟု ၎င်း က ပြောသည်။

ISBN ရရှိပြီ ဖြစ်သည့်အတွက် အထူးသဖြင့် မြန်မာရွှေ့ပြောင်းလုပ်သား အများအပြား ရှိသည့် ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ ကိုရီးယား၊ ဂျပန် ကို စာအုပ်များ အဓိကထား တင်ပို့သွားမည် ဖြစ်ကြောင်း ဦးမျိုးအောင်က ပြောသည်။

၂၀၀၇ ခုနှစ် သြဂုတ်လမှ စတင်ကာ နိုင်ငံတကာ ISBN အဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလတွင် မြန်မာ နိုင်ငံ၏ ISBN အေဂျင်ဆီကို ဖွဲ့စည်းခွင့် ရခဲ့သည်။

မြန်မာနိုင်ငံ ISBN တွင် ဂဏန်းနံပါတ် ၁၃ လုံးပါဝင်သည်။ ဥပမာ ၉၇၈-၉၉၉၇၁-၆၀ -၀၀-၃ ပါဝင်မည်ဖြစ်ပြီး ၉၇၈ ဂဏန်းသည် ISBN ၏ နံပါတ်၊ ၉၉၉၇၁ သည် မြန်မာကို ကိုယ်စားပြုသော ဘာသာစကားဆိုင်ရာ သတ်မှတ်ချက် နံပါတ်၊ ၆၀ နံပါတ်သည် ထုတ်ဝေသူကို ကိုယ်စားပြုသော နံပါတ်၊ ၀၀ နံပါတ်သည် စာအုပ် ခေါင်းစဉ်၏ နံပါတ်၊ ၃ နံပါတ်သည် အဆိုပါ ဂဏန်းများအား စစ်ဆေးသော ဂဏန်းတို့ ဖြစ်သည်။

"ISBN ရရှိခဲ့တာဟာ ကျွန်တော်တို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ခြင်းရဲ့ အသီးအပွင့်ပါ၊ တချိန်မှာ ISBN ရှိခြင်း ဟာ အလွန်အ သုံး ဝင်လာမယ့် ကိစ္စပါ၊ အမေဇုန်လို အွန်လိုင်းစာအုပ်စင်မှာ တင်ရောင်းမယ် ဆိုရင်တောင် ISBN လိုပါတယ်" ဟု ဆုပြည့်စုံ ထွန်း စာပေပိုင်ရှင် ကိုမြင့်ထွန်းက ဆိုသည်။

ထို့ပြင် စာစောင်ဂျာနယ်များ အတွက် ISSN (အချိန်မှန်ထုတ်များ အတွက် အစဉ်လိုက် အမှတ်စဉ်) နံပါတ်နှင့် အသံသွင်းခွေ များအတွက် ISML (ထုတ်ဝေဖြန့်ချိသော တေးဂီတများအတွက် အစဉ်လိုက် အမှတ်စဉ်)နှင့် CPI ခေါ် Cataloging in Publication နံပါတ်စနစ်များ ရရှိစေရေး အတွက်လည်း ဆောင်ရွက်လျက်ရှိသည်။

ယခုအခါ မြန်မာနိုင်ငံ အနေဖြင့် ISBN ရရှိပြီ ဖြစ်ခြင်းကြောင့် အင်္ဂလန်နိုင်ငံမှ MOTILAL စာအုပ်ဆိုင်မှ ISBN အမှတ်စဉ်ပါ သော အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မြန်မာစာအုပ်များကို မှာယူဖြန့်ချိလိုကြောင်း ကမ်းလှမ်းမှု များ ရှိနေကြောင်းလည်း သိရသည်။

လက်ရှိတွင် ISBN စနစ်ကို ကမ္ဘာ့နိုင်ငံပေါင်း ၁၆၆ နိုင်ငံတွင် သုံးစွဲလျက်ရှိရာ မြန်မာနိုင်ငံသည် ၁၆၇ မြောက်နိုင်ငံ ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ကရင်နီအရာရှိ တူရယ် ကွယ်လွန်

ကွန်းချမ်း
စက်တင်ဘာလ ၀၆ ရက် ၂၀၁၂ ခုနှစ်

မြန်မာအစိုးရကို လက်နက်ကိုင်တော်လှန်နေသော ကရင်နီအစိုးရ၏ သာသနာရေးနှင့် ယဉ်ကျေးမှုဌာန ညွှန်ကြားရေးမှူး ဆရာကြီး တူရယ်သည် အင်္ဂါနေ့တွင် အသည်းရောဂါဖြင့် ကယားပြည်နယ် လွိုင်ကော် ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားသည်။

သြဂုတ် ၂၅ ရက်နေ့မှ စ၍ လွိုင်ကော် စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ပြီး၊ အခြေအနေ မကောင်းမွန်သဖြင့် လွိုင်ကော် ပြည်သူ့ ဆေးရုံကြီးသို့ ပြောင်းလဲ ကုသရာမှ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။

KNPP ဒုတိယ ပညာရေး ဝန်ကြီး ဦးအောင်ဆန်းမြင့် က “ကရင်နီစာပေ သင်တန်း ဖွင့်မယ် ဆိုပြီးတော့ အထဲကို ဝင်သွားတာ နှစ်ပတ်လောက်ပဲ ရှိသေးတယ်။ အဲဒီမှာ ရောဂါထပြီး ဆေးရုံတက်တယ်။ ဆရာဝန် ပြောပြချက်အရ အသည်းက သိပ်အလုပ်မ လုပ် တော့လို့ အခုလို ဖြစ်သွားတာ” ဟု ပြောသည်။

အသက် ၆၅ နှစ်ရှိ ဆရာကြီး တူရယ်သည် ၎င်း၏ တော်လှန်ရေး ဘဝတလျှောက်တွင် ဆေးမှူး၊ မြို့နယ်ဥက္ကဋ္ဌ၊ ခရိုင်ဥကဋ္ဌ၊ ကရင်နီအစိုးရ စာပေနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီး၊ KNPP ဒု ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဌာန ညွှန်ကြား ရေးမှူး စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သည်။

၁၉၄၇ ခုနှစ် မေလ ၁ ရက်နေ့တွင် ကယားပြည်နယ် ဒီမောဆိုမြို့နယ် သေးဆူလဲရွာ၌ အဖ ဦးပါးရယ်၊ အမိ ဒေါ်မိုင်းမူ တို့မှ ဖွားမြင်သည့် ဆရာကြီး တူရယ်သည် မွေးချင်း ၆ ဦးအနက် အကြီးဆုံးသား ဖြစ်သည်။

လွိုင်ကော် အထက ၁ မှ ပညာသင်ကြားပြီးနောက် ၁၉၆၇ ခုနှစ်မှ စ၍ တော်လှန်ရေးနယ်မြေသို့ ရောက်ရှိခဲ့သည့် ဆရာကြီး တူရယ်သည် ယမန်နှစ်တွင် ကွယ်လွန်ခဲ့သည့် KNPP ဥက္ကဋ္ဌကြီး ခူးထဲဘူးဖဲနှင့် ပူးတွဲပြီး ကရင်နီ စာပေ ပြန့်ပွားရန် အတွက် တစိုက်မတ်မတ် ကြိုးစားလာခဲ့သူ ဖြစ်ကြောင်း KNPP အသိုင်းအဝိုင်းက ပြောသည်။

“ဆရာကြီး ထဲဘူးဖဲ ဆုံးသွားပြီးတဲ့ နောက်မှာ သူ (ဆရာကြီး တူရယ်) အပါအဝင် တယောက် နှစ်ယောက်လောက်ပဲ ကရင်နီ စာပေအတွက် လုပ်ပေးနိုင်တဲ့လူ ကျန်တယ်။ အခုက သူတယောက် ကွယ်လွန်သွားပြီ ဆိုတော့ ကျနော်တို့ အတွက် လှော်တက် ကျိုးသွားသလို ခံစားရတယ်” ဟု ဦးအောင်ဆန်းမြင့် က ပြောသည်။

၁၉၅၉ ခုနှစ်တွင် KNPP ဥက္ကဋ္ဌ ခူထဲဘူးဖဲ စတင် တီထွင်ခဲ့သည့် ကရင်နီစာပေသည် သူပုန်စာဟု အစိုးရ၏ သတ်မှတ်ခြင်းကို ခံရပြီး KNPP သြဇာသက်ရောက်သည့် နယ်မြေတွင်သာ သင်ကြားနိုင်ခဲ့ရာမှ မတ်လ အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်းတွင် ရှားတောမြို့နှင့် လွိုင်ကော်မြို့များတွင် တရားဝင် စတင်သင်ကြားလာခဲ့သည်။

ဆရာကြီး တူရယ်၏ ရုပ်အလောင်းကို ၎င်း၏ ဖွားရာဇာတိ ဖြစ်သည့် သေးဆူလဲရွာတွင် ထားရှိပြီး စနေနေ့တွင် ခရစ်ယာန် ဘာသာ ထုံးတမ်းနှင့်အညီ မီးသဂြုင်္ိဟ်မည် ဖြစ်ကြောင်း သိရသည်။

ကွယ်လွန်ချိန်တွင် ဇနီး နော်ဖဲရှာ၊ သမီး ဦးမယ်နှင့် မြေး ၃ ဦး ကျန်ရစ်သည်။

သီးခြားနိုင်ငံ ထူထောင်မည့် ရည်ရွယ်ချက်ဖြင့် လွတ်လပ်ရေး မတိုင်မီ ၁၉၄၆ ခုနှစ် စက်တင်ဘာလက စတင်ဖွဲ့စည်း ခဲ့သည့် ကရင်နီ အစိုးရအဖွဲ့ကို ၁၉၈၆ ခုနှစ်တွင် KNPP ဥက္ကဌ ခူးပြားရယ်က ဦးဆောင်ကာ အသစ်ပြန်လည် ဖွဲ့စည်းခဲ့သည်။

၂၀၀၀ ခုနှစ်တွင် စစ်မှန်သည့် ပြည်ထောင်စု ပုံစံကို လက်ခံခဲ့သော်လည်း ကရင်နီ အစိုးရအဖွဲ့ကို ဖျက်သိမ်းခြင်း မရှိသေးကြောင်း KNPP အတွင်းရေးမှူး ခူဦးရယ် က ပြောသည်။

Ref: မဇ္ဈိမ

Read More...

ပုဂံဟိုတယ်ဇုန်တွင် လာမည့်နှစ် အတွင်း တည်းခိုခန်းများ နှစ်ဆတိုးရန် လျာထား

တင်ဇာအောင်၊ ရတနာဦး
စက်တင်ဘာလ ၀၆ ရက် ၂၀၁၂ ခုနှစ်

နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှု အများဆုံးဖြစ်သည့် ပုဂံဒေသ ဟိုတည်ဇုန်တွင် နောက်ထပ် အခန်းနှစ်ဆနီးပါး တိုးချဲ့ရန် အစီအစဉ်ဖြင့် အခန်း ၂,၀၀၀ ခန့်အထိကို လာမည့်နှစ်အတွင်း တိုးချဲ့ရန် ပြင်ဆင်နေပြီး ဝန်ကြီး၏ ခွင့်ပြုမိန့်စောင့်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

"အခန်း ၂၀၀၀ လောက် တိုးချဲ့ဖို့ လိုတယ်ဆိုတာ သူတို့က မှန်းထားတာ။ ဒါပေမယ့် တကယ်မှာ ဘယ်လောက်ထွက် လာမလဲ ဆိုတာတော့ မပြောတတ်သေးပါဘူး" ဟု အဆိုပါအရာရှိက ပြောသည်။ "ဒါကြောင့် ရှိနေပြီးသား ဟိုတယ် တွေမှာ အခန်းတိုးချဲ့ တွေ ရှိလာနိုင်သလို အသစ်တည်ဆောက်မယ့် ဟိုတယ်တွေလည်း ရှိလာမှာ ဖြစ်တယ်" ဟု သူက ဆက်ပြောသည်။

ဟိုတယ်နှင့် ခရီးသွားရေးဝန်ကြီးဌာအနေဖြင့် နိုင်ငံခြားဧည့်သည် ဝင်ရောက်မှုကို ယခုနှစ်အတွင်း ခြောက်သိန်းနှင့်နောက်နှစ် တွင် ကိုးသိန်း ဝင်ရောက်ရန် မျှော်မှန်းထားသည်။

ယင်းကဲ့သို့ တိုးချဲ့တည်ဆောက်နိုင်ရန်အတွက် ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်း ကားလမ်းဘေး၊ တူးရွင်းတောင်ခြေရှိ မြေဧက ၁,၂၆၀ ခန့်တွင် အကောင်ထည် ဖော်နိုင်ရန်အတွက် မြေနေရာ ချထားပေးနိုင်ရန် အဆိုပြုလွှာကို ဟိုတယ်လုပ်ငန်းရှင် ၂၆ ဦးမှ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ တင်ထားကြောင် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်းအသင်း(ပုဂံဇုန်)အတွင်း ရေးမှူး ဦးဇော်ဝိတ် ကဆိုသည်။

"လက်ရှိ ရှိနေတဲ့ အခန်းအရေအတွက်နဲ့ ဧည့်သည်ပိုမို ဝင်ရောက်လာရင် လုံလောက်ဖို့ အခက်အခဲ ဖြစ်နိုင်တယ်။ မနှစ်ကထက် စာရင် ယခုနှစ် ခရီးသွား ဧည့်သည်တွေကို ပိုပြီးများလာတဲ့အတွက် အခုလို တိုးချဲ့နိုင်ဖို့ စီစဉ်တာ ဖြစ်တယ်"ဟု ဦးဇော်ဝိတ် က ပြောသည်။

ပုဂံတွင် လက်ရှိ ခရီးသွားဧည့်သည်များ တပြိုင်တည်း တည်းခိုနိုင်ရန် အခန်းပေါင်း ၂,၁၀၀ ကျော်ရှိသည်။ ပုဂံသို့ပြည်ပ ခရီးသွား ဧည့်သည်များ ဝင်ရောက်မှုမှာ ၂၀၁၁ ခုနှစ်နှင့်ယှဉ်လျှင် ယခုနှစ် နှစ်ဝက်တွင် ခရီးသွား ဧည့်သည် ၅၀ ရာခိုင်နှုန်းကျော် တိုး တက်လာခဲ့သည်။

ပုဂံသို့ နိုင်ငံခြားသား ခရီးသွား ဧည့်သည်ဝင်ရောက်သည့် အရေအတွက်မှာ ၂၀၁၁ ခုနှစ်တွင် ၁၀၂,၅၀၀ ကျော် ရှိခဲ့ပြီး ၂၀၁၂ တွင် ဇွန်လအထိ ၇၇,၅၀၀ ကျော်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

Ref: မဇ္ဈိမ

Read More...

စစ်တိုင်းမှူးနှင့် တပ်မမှူးများ ပြောင်းရွှေ့

ရန်ပိုင်
September 6, 2012

မြန်မာ့ တပ်မတော်အတွင်း မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်းနှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်တိုင်းမှူး အပါအ၀င် တပ်မမှူးများ အပြောင်းအရွှေ့ကို ပြီးခဲ့သည့် သောကြာနေ့က စတင်ပြုလုပ်သည်။

မန္တလေး အခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ရဲအောင် အား စစ်ဥပဒေချုပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇေယျာအောင် ကို မီးရထားဝန်ကြီးအဖြစ် လွှတ်တော်တွင် အမည်စာရင်းတင်သွင်းခံရပြီး အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ကျော်ဇောကို ပဲခူးတိုင်း တောင်ငူ အခြေစိုက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်စေခြင်း ဖြစ်သည်။

၎င်းတို့၏ နေရာတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညိုစောအား အလယ်ပိုင်းတိုင်း၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်ကို မြောက်ပိုင်းတိုင်း၊ တပ်မတော် နည်းပညာ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်စိုးကို အရှေ့မြောက်တိုင်းသို့ လည်းကောင်း တိုင်းမှူးများအဖြစ် ပြောင်းရွှေ့ တာဝန်ပေးလိုက်သည်။

ယခု စစ်တိုင်းမှူးများ အပြောင်းအရွှေ့ ပြုလုပ်ချိန်သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ကချင်ပြည် လွတ်လပ်ရေး တပ် မတော်(KIA) အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် တိုက်ပွဲပြင်းထန်ချိန်နှင့် တိုက်ဆိုင်နေသည်။

စစ်ဘက်အသိုင်းအ၀ိုင်း အဆိုအရ မြောက်ပိုင်းတိုင်းနှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးများ ပြောင်းရွှေ့ခံရခြင်းသည် KIA တပ်များနှင့် တိုက်ခိုက်ရာတွင် အကျအဆုံးများခြင်း၊ စခန်းသိမ်းတိုက်ပွဲ ရရှိမှု နည်းပါးခြင်းတို့ကြောင့်ဖြစ်သည်ဟု သိရသည်။

“တချို့က ငြိမ်းချမ်းရေး အတွက်လို့ ထင်တယ်၊ မဟုတ်ပါဘူး၊ တိုက်ပွဲမှာ အကျအဆုံးများရင် ရည်မှန်းချက်ကို မသိမ်းနိုင်ဘူးဆိုရင် ဒီလိုပဲ အပြောင်းအရွှေ့ လုပ်ကြတာပါပဲ”ဟု စစ်ဘက် အသိုင်းအ၀ိုင်း နှင့် နီးစပ်သူ တဦးက ပြောဆိုသည်။

မြန်မာ့တပ်မတော်သည် တိုက်ပွဲများ၌ သေကျေ၊ ဒဏ်ရာရ စာရင်းနှင့်ပတ်သက်ပြီး တရားဝင်ပြောဆိုလေ့မရှိသော်လည်း မကြာ သေး ခင်က ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ် ဖားကန့် ဒေသတိုက်ပွဲ၌ စစ်တပ်မှ အရာအရှိ အရာခံများ အပါအ၀င် ၇၀ ခန့် ကျဆုံး သည် ဟု KIA အဖွဲ့ က ဆိုသည်။

တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော ကလည်း“သြဂုတ်လထဲမှာ လားရှိုးနဲ့ ကျောက်မဲမှာ KIA ရယ်၊ နောက် ရှမ်းတပ်တွေနဲ့ ဖြစ်တဲ့ တိုက်ပွဲတွေမှာ သေကျေ ဒဏ်ရာရတာ များတယ်၊ ဒါကြောင့် ရမခ (အရှေ့မြောက်ပိုင်း)တိုင်းမှူးကို ပြောင်းတာ ဖြစ်မယ်”ဟု ဆိုသည်။

ဗိုလ်ချုပ် ဇေယျာအောင်၊ ဗိုလ်ချုပ် အောင်ကျော်ဇောနှင့် ဗိုလ်ချုပ် ရဲအောင် တို့မှာ ၂၀၁၀ ပြည့်နှစ် သြဂုတ်လအတွင်းက စစ်တိုင်းမှူးများ အဖြစ် တာဝန်ပေး ခံရသူများ ဖြစ်သည်။

မြောက်ပိုင်းတိုင်းနှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးများ အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး KIA အဖွဲ့ ပြောခွင့်ရ ဦးလနန် ကမူ ငြိမ်းချမ်းရေး အတွက် ထူးခြားမှုရှိမည် မထင်ဟု ဆိုသည်။

ယခုပြုလုပ်သည့် စစ်ဘက်ဆိုင်ရာ ရာထူးအပြောင်းအရွှေ့များတွင် လစ်လပ်နေသည့် တပ်မမှူးများ နေရာအတွက် ဗိုလ်မှူးကြီးတင် မောင်ဆွေ အား တပ်မ ၇၇ တပ်မ မှူး၊ ဗိုလ်မှူးကြီး အောင်ဇော်အေးမှာ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၁၄ တပ်မမှူး အဖြစ် ခန့်အပ် ခဲ့ပြီး လွှတ်တော် နှစ်ရပ်တွင် တက်ရောက်နေသည့် တပ်မတော်သား ကိုယ်စားလှယ်များ ဖြစ်သည့် ဗိုလ်မှူးကြီး လှမြင့်စိုးနှင့် ဗိုလ်မှူးကြီး သန်းထွတ်သိန်း တို့လည်း တပ်မမှူးများအဖြစ် ရာထူးတိုးမြှင့် ခံရကြောင်း သိရသည်။

ဧရာဝတီ သတင်းထောက် သန်းထိုက်ဦး ပူးပေါင်းရေးသားသည်။

Ref: ဧရာဝတီ

Read More...

ချင်း ခရစ်ယာန်များ ဖိနှိပ်ခံနေရ

လင်းသန့်
September 6, 2012

ချင်းပြည်နယ်တွင် ခရစ်ယာန်ဘာသာ၏ အထွဋ်အမြတ်ထားရာ လက်ဝါးကပ်တိုင်များ ဖြိုချခြင်း၊ အလိုမတူဘဲ ဗုဒ္ဓဘာသာ သွတ် သွင်းခံရခြင်းများကို မြန်မာအစိုးရက ကျူးလွန်နေကြောင်း ချင်းလူ့အခွင့်အရေး အဖွဲ့တခုက အစီရင်ခံစာထုတ်ပြန် စွပ်စွဲလိုက်သည်။

“အရင်အစိုးရ အဆက်ဆက်ကတည်းက သာသနာရေးဝန်ကြီးဌာန အမိန့်နဲ့ လက်ဝါးကပ်တိုင် အကြီးကြီးတွေ ဖြိုချဖျက်ဆီးတာ အားလုံး ၁၃ ကြိမ် ရှိတယ်။ အဲဒီအထဲက သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဖြစ်တာ ၄ ကြိမ် ရှိတယ်” ဟု ချင်းလူ့ အခွင့်အရေးအဖွဲ့ (Chin Human Rights Organization – CHRO) ညွှန်ကြားရေးမှူး ကိုဆလိုင်းလိင်းက ဧရာဝတီသို့ ပြောသည်။

ချင်းပြည်နယ်အတွင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ကန့်သတ်ခံရမှု၊ ဘာသာရေးဖိနှိပ်မှု၊ ချင်းတိုင်းရင်းသားတို့၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ CHRO က “ဖြစ်တည်မှုကို ခြိမ်းခြောက်ခြင်း” အမည်ရ အစီရင်ခံစာတစောင်ကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

“ကျနော်တို့ ဒီအစီရင်ခံစာကို လွန်ခဲ့တဲ့ ၂ နှစ်လောက်က စပြီးပြင်ဆင်ခဲ့တာပါ။ အဓိက ဘာသာရေး နှိပ်ကွပ်မှုနဲ့ ပတ်သက်ပြီး မှတ်တမ်းတင်ခဲ့တာ” ဟု ကိုဆလိုင်းလိင်းက ပြောသည်။

၂၀၀၀ ပြည့်နှစ်ကတည်းက ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်း ကိုယ်တိုင်ကိုယ်ကျ အဖွဲ့ခွဲများနှင့် အသေးစိပ် လေ့လာ စုံစမ်းမှုများလုပ်၍ အစီရင်ခံစာများ ထုတ်ပြန်ခဲ့ကြောင်း၊ ချင်းပြည်နယ်တွင် လူများစု ချင်းတိုင်းရင်းသားများမှာ ခရစ်ယာန်ဘာသာ ကိုးကွယ်သူများပြားပြီး အစိုးရ အဆက်ဆက်က ခရစ်ယာန်ဘာသာဝင် ကျောင်းသူ၊ ကျောင်းသားများကို အလိုမတူဘဲ ဗုဒ္ဓဘာသာ သွတ်သွင်းမှုများလည်း တွေ့ရှိရကြောင်း သူက ဆိုသည်။

“အစိုးရက တောင်တန်းသာသနာပြုဆိုတဲ့ အစီအစဉ်နဲ့ ဗုဒ္ဓဘာသာ ထွန်းကားအောင် အစိုးရငွေတွေနဲ့ ဘုန်းကြီးကျောင်းတွေ အများကြီးဆောက်တယ်။ ဗုဒ္ဓဘာသာမဟုတ်တဲ့ လူနည်းစုတွေကို နည်းအမျိုးမျိုးနဲ့ ကန့်သတ် တားမြစ် ချုပ်ချယ်သလို တဖက် ကလည်း ဗုဒ္ဓဘာသာ ပြန့်ပွားအောင်လုပ်တယ်” ဟု ကိုဆလိုင်းလိင်းက ဆက်ပြောသည်။

လူဦးရေ ၅ သိန်းကျော် နေထိုင်သည့် ချင်းပြည်နယ်တွင်း ချင်းလူမျိုး ခရစ်ယာန် ကိုးကွယ်သူများအား နိုင်ငံတော် မူဝါဒ အနေဖြင့် အစိုးရက ခရစ်ယာန်ဘာသာရေး ဘုရားကျောင်းနှင့် ခရစ်ယာန်ဘာသာ ကိုးကွယ်မှု ပျက်သုဉ်းရန် နှစ်ပေါင်းများစွာ လုပ်ဆောင်နေ မှုသည့် ကြီးမားသည့် လူ့အခွင့်အရေး ချိုးဖောက်မှု တခုဖြစ်ကြောင်း ဆယ်စုနှစ်တခုကြာ အချိန်ယူ လေ့လာတင်ပြထားသည်ဟု သိရသည်။

ချင်းပြည်နယ်အတွင်း အစိုးရအာဏာပိုင်များက အတင်းအဓမ္မ အလုပ်စေခိုင်းမှု၊ ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ချင်းတိုင်းရင်းသား ထောင်နှင့်ချီပြီး နေရင်းရပ်မှ ထွက်ပြေးနေကြရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ချင်းတိုင်းရင်းသူ တက်ကြွလှုပ်ရှားသူတဦးဖြစ်သည့် မချယ်ရီဇာဟောင်းကလည်း ချင်းပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှု များသည် ကျယ်ပြန့်စွာရှိပြီး ဦးနေ၀င်း ခေတ်ကတည်းက နိုင်ငံရေးအဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများ အလွန်အား နည်းကြောင်း၊ လူထု၏ အခက်အခဲကို အစိုးရက ဖြေရှင်းမပေးမှုကြောင့် အားမကိုးတော့ဘဲ ဘာသာရေးဆိုင်ရာ ဘုရားကျောင်း စသည်တို့ကို အားကိုးလာခြင်းကို အစိုးရက မလိုလားခြင်းက ပြဿနာကို ကျယ် ပြန့်စေခဲ့ကြောင်း ပြောသည်။

“ချင်းပြည်နယ်မှာက ဆုံချက်က ခရစ်ယာန် ဘုရားကျောင်းတွေ ဖြစ်တယ်။ အဲဒီမှာ လူတွေက လူမှုရေး၊ နိုင်ငံရေး စတဲ့ သူတို့ရဲ့ ပြဿနာ အသေးစိပ်ကို ဘုရားကျောင်းတွေကို ယူလာကြတယ်။ ဒါတွေကို အစိုးရကသိတော့ ဘုရားကျောင်းတွေကို ဖိအားပေး တယ်။ ကျမ သိသလောက်ကတော့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေကိုလည်း ဖိအားပေးတာပဲ” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံ စာသင်ကျောင်းများတွင်လည်း ပြည်ထောင်စုတွင် စုဝေးနေထိုင်ကြသည့် တိုင်းရင်းသားအချင်းချင်း လေးစားပြီး ခွဲခြားဆက်ဆံမှုမပြုရန် သင်ကြားမှုများ မရှိကြောင်း၊ ထို့ကြောင့် လူမျိုးရေး ခွဲခြားသည့် အသုံးအနှုန်းများကို ဆရာ၊ ဆရာမ တချို့သည်ပင် သုံးနေကြကြောင်း မချယ်ရီဇာဟောင်းက ဆက်ပြောသည်။

ချင်းလူအခွင့်အရေးအဖွဲ့ အနေဖြင့် ယခုကဲ့သို့ အစိုးရကိုယ်တိုင် ကျင့်သုံးသည့် မူဝါဒအတိုင်း ဘာသာရေးဖိနှိပ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ချင်းပြည်နယ်တွင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေခြင်းကို ယခု အစီရင်ခံစာအပြင် နိုင်ငံတကာ သိစေရန် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၀၉ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၄ သန်းကျော် ရှိသော မြန်မာနိုင်ငံတွင် ထေရ၀ါဒ ဗုဒ္ဓဘာသာ ၉၀ ရာခိုင်နှုန်း၊ ခရစ်ယာန် ကိုးကွယ်သူ ၄ ရာခိုင်နှုန်း၊ အစ္စလမ်ဘာသာဝင် ၄ ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာဝင် ၁ ရာခိုင်နှုန်း၊ မဟာယန ဗုဒ္ဓဘာသာ အပါအ၀င် တခြား ကိုးကွယ်သူ ၁ ရာခိုင်နှုန်း ရှိသည်။

၂၀၁၁ ခုနှစ်က အမေရိကန် နိုင်ငံခြားရေးဌာနမှ နှစ်စဉ် ထုတ်ပြန်သည့် အစီရင်ခံစာအရ မြန်မာနိုင်ငံသည် လွတ်လပ်စွာ ကိုး ကွယ်ခွင့်ဆိုင်ရာနှင့် ပတ်သက်ပြီး ဘာသာရေး လွတ်လပ်မှု မရှိဆုံး နိုင်ငံများစာရင်းတွင် ပါဝင်နေဆဲဖြစ်သည်။

Ref: ဧရာဝတီ

Read More...

စွပ်စွဲပြစ်တင်ရန် လွှတ်တော်နှစ်ရပ်ပေါင်း ထောက်ခံ

ငြိမ်းငြိမ်း
September 6, 2012

ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးအား အမျိုးသား လွှတ်တော်၏ စွပ်စွဲပြစ်တင်မှုအဆိုကို ပြည်သူ့လွှတ်တော်က ယနေ့ ထောက်ခံလိုက်ပြီး စွပ်စွဲပြစ်တင်မှု ပြုလုပ်ရန် သမ္မတထံ တင်ပြသွားမည် ဖြစ်ကြောင်းသိရသည်။

လွှတ်တော်မှ ဖွဲ့စည်းသည့် ကော်မရှင်၊ ကော်မတီများကို ”ပြည်ထောင်စုအဆင့်အဖွဲ့” များအဖြစ် မသတ်မှတ်ကြောင်း နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံးရုံး ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်မှုကို ပြီးခဲ့သည့်လက ပြည်သူ့လွှတ်တော်မှ စတင်ခဲ့သည်။

ယခုနှစ် မတ်လကတည်းက ဆုံးဖြတ်ခဲ့သော ထို ပြည်ထောင်စုအဆင့်အဖွဲ့ မဟုတ်ဟူသော ဆုံးဖြတ်ချက်သည် လွှတ်တော် ကော်မတီ အသစ်တခု ဖြစ်သည့် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဖွဲ့စည်းပြီး နောက်ပိုင်း အငြင်းပွားမှု အရှိန်မြင့်လာခဲ့သည်။

ယနေ့ ပြည်သူ့လွှတ်တော်တွင် ခုံရုံးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာကို လွှတ်တော်သို့တင်ပြပြီးနောက် အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို စွပ်စွဲပြစ်တင်မှု ဆုံးဖြတ်ချက် အတည်ပြုလိုက်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်ရေး ကော်မရှင်အဖွဲ့ဝင် ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးဘရှိန်က ဧရာဝတီသို့ ပြောသည်။

”ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃၄ (က) ၂ နဲ့ (က) ၅ အရ ဒီပြစ်မှုတွေကို ဖောက်ဖျက်တဲ့အတွက်ကြောင့် ခုံရုံးဥက္ကဌနဲ့ အဖွဲ့ဝင်တွေကို စွပ်စွဲပြစ်တင်လိုက်တယ်” ဟု ဦးဘရှိန်က ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခုံရုံးဥက္ကဌနှင့်အဖွဲ့ဝင်များအား ဖွဲ့စည်းပုံပါ ပြဌာန်းချက်တရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း နှင့် ဥပဒေ အရ ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း များ ရှိပါက စွပ်စွဲပြစ်တင်နိုင်သည်။

သြဂုတ်လဒုတိယပတ်က ခုံရုံးဆုံးဖြတ်ချက်ကို ရုပ်သိမ်းပေးရန်နှင့် ခုံရုံးဥက္ကဌနှင့်အဖွဲ့ဝင်များ မိမိဆန္ဒအလျောက် နုတ်ထွက်ပေးရန် တောင်းဆိုသည့် အတွက် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက နိုင်ငံတော်သမ္မတထံ သ၀ဏ်လွှာပေးပို့ခဲ့သလို သမ္မတ ဦးသိန်း စိန်ကလည်း ခုံရုံးဆုံးဖြတ်ချက်ကို ပြင်မရပါကြောင်းနှင့် စွပ်စွဲပြင်တင်မှုထက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်လိုပါက ပြင်ဆင်နိုင်ကြောင်း အကြောင်းပြန်ခဲ့သည်။

ယင်းနောက်တွင် လွှတ်တော်ကိုယ်စားလှယ်များက စွပ်စွဲပြစ်တင်မှုနည်းလမ်းကို ရွေးချယ်ကာ အမျိုးသားလွှတ်တော်က စွပ်စွဲပြစ်တင် မှုအဆို စတင်ခဲ့သဖြင့် ခုံရုံးစွပ်စွဲပြစ်တင်မှုအား စုံစမ်းရန် ကိုယ်စားလှယ် ၁၅ ဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ ကို ပြည်သူ့လွှတ်တော် က သြဂုတ်လမကုန်ခင်က ဖွဲ့စည်းခဲ့သည်။

သို့သော် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌ ကိုယ်တိုင် ခုံရုံးဆုံးဖြတ်ချက်အား ကန့်ကွက်သည့်လက်မှတ်ထိုးသူများ စာရင်းတွင် ပါဝင် သည့်အတွက် မျှတမှုမရှိဟု ဆိုကာ ခုံရုံးအဖွဲ့က ပယ်ချခဲ့သည်။ ယင်းစုံစမ်းရေးအဖွဲ့ထံသို့ ခုံရုံးအဖွဲ့ဝင်များလာရောက်ကြားနာမှု မရှိကြောင်းလည်း သိရသည်။

ယခုစွပ်စွဲပြစ်တင်မှုအရ နိုင်ငံတော်သမ္မတက ခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များအား နှုတ်ထွက်ခိုင်းရမှာဖြစ်ပြီး ယင်းအရေးယူမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်တာဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

စွပ်စွဲပြစ်တင်မှုအတွက် လွှတ်တော်အမတ်စုစုပေါင်း၏ ၃ ပုံ ၂ ပုံ ထောက်ခံမှုလိုအပ်ပြီး ထိုအချိုးအရ အမတ်စုစုပေါင်းမှာ ၂၈၆ ဦး၏ ထောက်ခံမဲသာ လိုအပ်သော်လည်း ယနေ့တွင် ထိုအဆိုကို ပြည်သူ့လွှတ်တော်အမတ်ပေါင်း ၃၀၇ ဦးက ထောက်ခံခဲ့ ကြောင်း သိရသည်။

Ref: ဧရာဝတီ

Read More...

Thursday, September 6, 2012

ရန်ကုန်-မန္တလေး လမ်းမကြီးတွင် အရှိန်ထိန်းတိုင်းစက် တပ်မည်

မေစစ်ပိုင်
September 6, 2012

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်အရှိန်ထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ်များကို မောင်းနှင်သွားသည့် အချိန်၊ မောင်းနှင်သွားသည့် အရှိန်နှုန်း၊ GPS တည်နေရာတို့ကို အရှိန်ထိန်း တိုင်းတာမည့် စက်ကိရိယာကို တပ်ဆင်သွားမည်ဟု အမြန်လမ်းမကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေဝင်းက ပြောသည်။

အရှိန်ထိန်းတိုင်းစက်သည် အရှိန်နှုန်း ၄၀၀ ကီလိုမီတာအထိ မှတ်တမ်းတင်နိုင်ပြီး ရေဒါစနစ် ပါဝင်ကြောင်း၊ လမ်းမကြီးပေါ်တွင် မိုင်နှုန်းပိုမို မောင်းနှင်လာသည့် ယာဉ်၏ နံပါတ်ပြား၊ ယာဉ်ပုံစံ၊ ယာဉ်မောင်းသူပုံစံတို့ကို မှတ်တမ်းတင်ထားနိုင်ကြောင်း သိရသည်။


“အမြန်လမ်းပေါ်မှာ ကားတွေက သတ်မှတ်နှုန်းထက် ပိုမောင်းနေလို့ ကြပ်မတ်ဖို့ လိုလာတယ်။ ဒါကြောင့် အရှိန်တိုင်းတာမယ့် ကိရိယာကို တပ်ဆင်ပြီး လမ်းအသုံးပြုသူတွေ သတ်မှတ်ရှိန်ထက် ပိုမောင်းနှင်ရင် မှတ်တမ်းတင်မယ်၊ ပြီးတော့ အမြန်လမ်း ဥပဒေ အရ အရေးယူမယ်” ဟု ရဲမှူးကြီး နေဝင်းက ဆိုသည်။

ယင်းကိရိယာ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇ သောင်း ရှိကြောင်း၊ လတ်တလောတွင် ရန်ကုန်-မန္တလေး အမြန်မလမ်းမကြီး ပေါ်၌ ၂ လုံး စတင် တပ်ဆင်မည်ဖြစ်ပြီး လုံခြုံရေးအရ ထားရှိမည့်နေရာကိုမှု ထုတ်ဖော်ပြောကြားထားမည် မဟုတ်ကြောင်း သိရ သည်။

“မိုဘိုင်းရေဒါစနစ်နဲ့ လုပ်ထားတာကြောင့် လွဲမှားနိုင်ခြေက ၁ ရာခိုင်နှုန်းပဲရှိမယ်။ မှတ်တမ်းတင်ခံရတဲ့ကားက ငြင်းလို့ ဥပဒေ ကြောင်းအရ ပြောရဆိုရတာတွေ ရှိမယ်ဆိုရင်လည်း ကျနော်တို့က ရှင်းပေးမယ်” ဟု ယင်းကိရိယာအတွက် အရှေ့တောင်အာရှ တာဝန်ခံ မစ္စတာ ကူးမားရက်ရှ်က ပြောသည်။

အရှိန်ထိန်းတိုင်းကိရိယာသည် လမ်းမကြီးပေါ်တွင် ဖြတ်သန်းလာသော ယာဉ်တစီး၏ အရှိန်နှုန်းထားကို မိုဘိုင်းစနစ် GPS အရ ကား၏ ၂၂ ဒီဂရီအနေအထားမှ ဓာတ်ပုံမှတ်တမ်း တင်မည်ဖြစ်သည်။ ညဘက်တွင် မောင်းနှင်သောကားများကိုလည်း အလားတူ နည်းဖြင့် မှတ်တမ်းတင်ကာ အရေးယူသွားမည်ဟု သိရသည်။

အဆိုပါ အရှိန်ထိန်းတိုင်းကိရိယာကို အမြန်လမ်းမကြီးနှင့်ဆိုင်သည့် ဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့သို့ တင်ပြကာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဘတ်ဂျက်ဖြင့် အသုံးပြုသည်ဟု သိရှိရသည်။
ယင်းကိရိယာကို လက်ရှိ အရှေ့တောင်အာရှ နိုင်ငံများအပါအ၀င် ယာဉ်မတော်တဆ ဖြစ်ပွားမှုများအတွက် အလုံးရေ ၂၅၀၀ ကျော် အသုံးပြုလျက်ရှိကြောင်း သိရသည်။

အမြန်လမ်းမကြီးပေါ်တွင် အရက်သေစာသောက်စား မူးယစ်မောင်းနှင်မှုကိုလည်း အရက်မူးတိုင်း စက်ကိရိယာဖြင့် အသုံးပြုစစ်ဆေး မည်ဖြစ်သည်။

လက်ရှိတွင် အမြန်လမ်းမကြီးပေါ်တွင် ယာဉ်များ သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်နေခြင်းကြောင့် နေ့စဉ်ယာဉ်တိုက်မှု နှစ်မှုနီးပါး ပုံမှန်ဖြစ်နေကြောင်း ရဲမှူးကြီး နေ၀င်းက ဆိုသည်။

လက်ရှိ အဓိကကားလမ်းမကြီးများ၏ မိုင်နှုန်းသတ်မှတ်ချက်မှာ အမှတ် ၃ လမ်းမကြီးပေါ်တွင် မိုင် ၆၀ နှုန်း၊ ပြည်လမ်းပေါ်တွင် မိုင် ၄၀ နှုန်း၊ ရန်ကုန် ပဲခူးလမ်းတွင် မိုင် ၆၀ နှုန်း၊ အင်းလျားလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ၃၉ မိုင်နှုန်းဖြစ်သည်။ ယင်းသို့ သတ်မှတ်ထားသော်လည်း မော်တော်ယာဉ်အများစုမှာ နေ့စဉ် သတ်မှတ်မိုင်နှုန်းထက် မိုင် ၂၀၊ ၃၀ ကျော် ပိုမိုမောင်း နှင်နေကြကြောင်း သိရသည်။

အဆိုပါလမ်းမကြီးများတွင် နေ့စဉ်ဖြတ်သန်းသွားလာနေသော ယာဉ်အစီးရေမှာ ပျှမ်းမျှ ၂၀၀၀ မှ ၃၀၀၀ ကြားရှိကြောင်း၊ မဆင် မခြင် မောင်းနှင်မှုကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားနေပြီး ထိခိုက်ဒဏ်ရာရရှိမှု သေဆုံးမှုနှင့် ယာဉ်ပျက်စီးမှုများ မကြာခဏ ဖြစ်ပွားနေကြောင်း၊ ယခုနှစ် ဇွန်လမှ သြဂုတ်လကုန်အထိ ယာဉ်တိုက်မှုများကြောင့် သေဆုံးသူ ၁၇ ဦးရှိပြီး ဒဏ်ရာရသူ ၇၄ ဦး ရှိကြောင်းသိရသည်။

အမြန်လမ်းမကြီးများပေါ်တွင် လုံခြုံရေးအတွက် အမြန်လမ်းရဲစခန်း ၂၁ ခုကို ဖွင့်လှစ်ထားပြီး အသစ်နှစ်ခုကိုလည်း ထပ်မံဖွင့်လှစ် မည်ဟု သိရရှိရသည်။

Ref: ဧရာဝတီ

Read More...

အပြင်ကကောင်တွေနဲ့ အထဲကကောင်တွေ ဇာတ်လမ်းကြီး

ဇော်မင်း
September 6, 2012

သည်ရက်ပိုင်း သည်ကာလပိုင်းအတွင်း ကြားရတာတွေ သိရတာတွေကတော့ ဝမ်းနည်းဖွယ်ရာတွေ စိတ်မကောင်း စရာတွေ များ နေသည်။ ဘာတွေများ ကြားရလို့ ဘာတွေကို စိတ်မကောင်း ဖြစ်နေတာတုန်း လို့ မေးမယ့်သူလည်း ရှိပါ လိမ့်မည်။ လူတွေ တဦးနဲ့တဦး တယောက်နဲ့တယောက် ကြည့်မရသလိုလို ရန်လိုနေသလိုလို ဖြစ်နေတာကြောင့်လို့ ဆိုရပါမည်။

တဲ့တဲ့ပြောစမ်းပါဗျာ၊ တိတိလင်းလင်း ပြောစမ်းပါဗျာဟု တောင်းဆိုလာသူ မိတ်ဆွေများလည်း ရှိသေးသည်။ ဟုတ်ကဲ့။ တဲ့တဲ့နဲ့ တိတိလင်းလင်း ပြောရမည် ဆိုပါက ကျနော်တို့မျိုးဆက်တွေ ညီညီညွတ်ညွတ် မရှိတာ ကို မြင်ရသောကြောင့်ပင်။ ကျနော်တို့ မျိုးဆက်ဆိုတာ ရှစ်လေးလုံးက ပေါက်ဖွားလာသော နိုင်ငံရေး သမား၊ တော်လှန်ရေးသမားများကို ဆိုလိုတာ ဖြစ်သည်။ နိုင်ငံရေး၊ တော်လှန်ရေး တိုက်ရိုက်ကိစ္စတွေကို မလုပ်တော့ဘဲ မီဒီယာလုပ်ငန်းတွေကို လုပ်ကိုင်နေသူတွေ လည်း ဒီအထဲမှာ ပါသည်။ အန်ဂျီအို လုပ်ငန်းတွေမှာ ကူးပြောင်းလုပ်ကိုင် နေသူတွေလည်း အကျုံးဝင်သည်။

အခုအခြေအနေက အရင်လို မဟုတ်တာတော့ သေချာသည်။ အရင်တုန်းက နိုင်ငံရေးအခြေအနေက တိုက်ရိုက် စစ် အုပ်ချုပ်ရေး အောက်မှာ ပြားပြားဝပ်နေခဲ့ရတာကို ဆိုလိုရင်းဖြစ်သည်။ အခုတော့ အတော်အတန် ပြောဆိုခွင့်တွေ ရလာ သည်။ အတော်အ တန်လေး ပြောဆို၊ လုပ်ကိုင်၊ သွားလာခွင့် ရလာတဲ့ အပေါ်မှာ တချို့က ဂုဏ်မောက်လာသည်။ တချို့က မျက်နှာကြော ပြောင်း လာသည်။ တချို့က အိုက်တင်များလာသည်။ တချို့က ပဲများလာသည်။ အဲသည်မှာပဲ ဇာတ်လမ်းက စသည်လို့ ဆိုနိုင်သည်။ ဘာဇာတ်လမ်း စတာတုန်းလို့ မေးရင် ဖြေရပေတော့မည်။

အပြင်ကကောင်တွေနဲ့ အထဲကကောင်တွေ ဆိုသည့် ဇာတ်လမ်းကြီးပင် ဖြစ်ပေတော့သည်။ အပြင် ကကောင်တွေဟာ အပြင်မှာ လွတ်လပ်နေတိုင်း သူတို့ပြောချင်ရာ ပြောသည် ဆိုသည်ဟု အထဲကကောင်တွေက ထင်သည်။ အဲသည်တော့ အပြင်က ကောင် တွေ အထဲကို ပြန်လာရင် ဘယ်လို ဆက်ဆံရမှာလဲ ဘယ်လိုသဘော ထားရမှာလဲ ဆိုတဲ့ အယူအဆ ကလေးများ ဟိုမှာသည်မှာ ပြောနေ ကြတာကို ကြားရသည်။ အတွင်းကကောင်တွေက ပြည်ပရောက်နေသူများကို အပြင် က ကောင်တွေဟု အမည်သညာ ပေးသည်။ ဒို့ ရှစ်လေးလုံးမျိုးဆက်တွေ၊ တချိန်က လုပ်ဖော်ကိုင်ဖက် ရဲဘော်တွေလို့ သတ်မှတ်နိုင်ဖို့ ဝန်လေးနေဟန် ရှိသည်။ ကျနော်ပြောတာ လွန်သွားတယ်ဆိုပါက တောင်းပန်သည်။

လက်ခုပ်ဆိုတာ နှစ်ဖက်တီးလို့သာ မည်ရသည်ဟု ဆိုထားသည်။ အပြင်ကကောင်တွေကလည်း အထဲကကောင်တွေဟာ နှစ်ပေါင်း များစွာ ထောင်တန်းကျခဲ့တော့ ကက်ပယ်စီတီ အရာမှာ နိမ့်နေသေး သည်လို့ မြင်ဟန်ရှိသည်။ ငဒို့က အနောက် နိုင်ငံများမှာ တက္ကသိုလ်တွေတောင် တက်နိုင်ခဲ့တာမို့ သူတို့ထက် ပိုတတ်ပိုသိသည်ဟု ထင်နေသူ တချို့လည်း ရှိသည်။ အထဲကကောင်တွေ နိုင်ငံတကာ မျက်နှာစာကို ဒို့လောက် နားမလည်သေး ဟုလည်း တချို့ကလည်း ထင်ဟန်ရှိသည်။ ဒါကြောင့် အထဲကို ပြန်ဝင်ပြီး သင်းကလေးတို့ကို ကက်ပယ်စီတီ မြှင့်တင်ပေးဖို့ လုပ်ပေးရမည်ဟု ဆိုလာသူလည်း ရှိသည်။ တခါ အဲတာကို ပြောင်ထုတ်ပြော မိလို့ (စကားမပြော တတ်တာလည်းပါ) မျက်နှာစာအုပ်တွေမှာ အဝေဖန်ခံရသည်။ အဆဲခံ ရသည်။ အကောင်းမြင်နဲ့ ဝေဖန်သူ ရှိသလို အပြင်ကကောင်တွေဆိုရင် မစွံပါဖူး၊ သည်လိုချည်းပဲဟု ဝေဖန်သူများလည်း ရှိနေသည်။

အပြင်ကကောင်တွေ မှာလည်း လူဆိုးလူကောင်းရှိသည်။ ကြွားဝါတာကို ရှေ့တန်းမတင်သူ တွေ ရှိသလို သောက်ကြွား ပိုလွန်း သူများလည်း မနည်းလှ။ အခွင့်ရေးမမက်သူနှင့် အခွင့်ရေးမက်မောသူ ဟူ၍လည်း ရှိသည်။ ဗိုလ်လုပ်ချင်သူ ရှိသလို ပူးပေါင်း ဆောင်ရွက်တာမျိုးကို လိုလားသူလည်း ရှိသည်။ ဂိုဏ်းဂနစွဲ ရှိသူတွေ ရှိနေသေးသလို ပကတိ အခြေအနေတွင် လက်တွေ့ လုပ် နိုင်တာကို လက်တွေ့ လုပ်လိုသူများလည်း ရှိသည်။ နာမည်ရှိထားသူများနဲ့ တပူးတွဲတွဲလုပ်ရင်း ကိုယ့်ကိုယ် ကို လူသိအောင် လုပ်လိုသူများလည်း ရှိသည်။ အပြင်မှာ နေတာကြာပြီဆိုတော့ အဆက်အသွယ်ကောင်း ဒိုနာကောင်းတွေ ရထားသူ တချို့လည်း ရှိနေသည်။ သူတို့က အထဲကိုဝင်လိုသည်။

ဝင်လာသည့်သူတချို့ကိုလည်း တွေ့နေရသည်။ ဘယ် ဒိုနာရဲ့ ပိုက်ဆံမှ မပါဘဲ ကိုယ့်တိုင်းပြည် အခြေအနေကို လက်တွေ့မျက်တွေ့ မြင်တွေ့လို၍ ကိုယ့်စရိတ်ကိုယ်စားပြီး ပြန်သွား ကြည့်သူများ လေ့လာသူများလည်း ရှိသည်။ အပြင်ကကောင်တွေဟာ နိုင်ငံခြား တိုင်းပြည်တွေလို ကွန်ဖော့ဇုန် အတွင်းမှာ သက်တောင့်သက်သာ နေပြီး ဆရာလုပ်ချင်တဲ့ စိတ်ကများနေသည်ဟု ဆိုလာသူတွေ လည်း ရှိသည်။ ငြင်းမရ ဟုတ်သင့် သလောက်လည်း ဟုတ်နေသည်။

အထဲကကောင်တွေရော ဘယ်လိုလဲ။ ကြားရတာက မသက်သာပါ။ အထဲကကောင်တွေလည်း ထင်ထားသလို ညီညွတ် ခြင်း မရှိဘဲ တိတ်တိတ်လေး ကွဲနေကြသည်တဲ့။ ရုံးခန်းကြီး ဖွင့်ထား၍ ပုံမှန်ရုံးတက်သူ တချို့ ရှိနေသော်လည်း ရုံးကို လုံးဝနီးပါး မလာတဲ့ သူများလည်း ရှိသေးသည်ဟု ကြားရသည်။ အပြင်ကကောင်တွေ အထဲအကြောင်း မသိဘဲနဲ့ ငါတို့ အထဲက ကောင် တွေကို ဆရာလုပ်တာ မကြိုက်ဟု ဆိုသူများလည်း ရှိသည်။ ဆရာလုပ်ခြင်းကို မကြိုက်တာ သဘာဝ ကျသည်။ ဆရာလာလုပ် သူကိုလည်း ပြောင်ပြောသင့်သည်။ သို့သော် အပြင်ကကောင်တွေဟာ ဆရာ သိပ်လုပ်ချင်တယ် လို့ အပြင်ကကောင်တွေ အားလုံးကို လုံးပြီး မပြောသင့်။ ခြေမမကောင်း ခြေမ၊ လက်မမကောင်း လက်မ ခွဲခြားနားလည်ဖို့ တော့ လိုသည်။ ဒါ့အပြင် အထဲက ကောင်တွေကိုလည်း ဝေဖန်သူများ ရှိလာသည်။

မီဒီယာအားကောင်းသော၊ သံတမန်ရေးရာ အားကောင်းသော၊ နိုင်ငံခြားသားမျိုးစုံ ဝင်ထွက်သွား လာသော ရန်ကုန်တွင် သာ ပျော်နေသည်ဟု ဆိုသော စကားများ ဖြစ်သည်။ ဒါကို တချို့က ကွန်ဖော့ဇုန်ထဲမှာ နေလိုတာက လူ့သဘာဝ၊ ဘယ်သူ မှ ချင်းတောင်မှာ နာဂတောင်တန်းမှာ ကြာကြာသွား နေနိုင်ပါ့မလဲဟု ဖြည့်စွက်ကြသည်။ ဒါလည်း ဟုတ်သင့်သလောက် ဟုတ်နေ သည်။ ဒါပေမယ့် နာဂတောင်တန်းကတော့ ဝေးလွန်းလှသည်။ ရန်ကုန်ကနေ သိပ်မဝေးတဲ့ တောနယ်တွေဖက် သွားပြီး လုပ်ကိုင် ပေးနိုင်တယ် ဆိုရင်တော့ သိပ်မဆိုးလှ။ ရန်ကုန်ကိုလည်း မကြာခဏ ပြန်နိုင်ဦးမည်။ နောက်တချက် ကတော့ အထက်ဗမာပြည် မှာ နိုင်ငံရေး အားမကောင်းလို့ နိုင်ငံရေးအားကောင်းရန် ကျုပ်တို့လာတာဆိုပြီး ပြောမိလို့ အထက်သားများ တရှုးရှုးဖြင့် နှာမှုတ် သံပြင်းနေတာ အပြင်ကတောင် ကြားနေရသည်။ အထက်အရပ် ရောက်တုန်း ရောက်ခိုက် မြန်မာ့ရိုးရာ ဆိုင်းဝိုင်းကြီးနဲ့ သီချင်းဆို ချင်တဲ့ ခေါင်းဆောင်တယောက်ကို အထက်သားများ မျက်မှောင်ကုတ် ပြီး ကြည့်နေတာကိုလည်း သတိချပ်ဖို့လိုသည်။

လူကြီးတွေ ပြောခဲ့ဖူးတာ တခု အမှတ်ရသည်။ ဘာကြောင့် မြန်မာပြည်မှာ ပြည်တွင်းစစ် သက်ဇိုးရှည်ရတာလဲ ဆိုတာကို ပြောပြ ခြင်းဖြစ်သည်။ တိုတိုဆိုရသော် မြန်မာနိုင်ငံရေးသမားတွေ အကွဲကွဲ အပြားပြားနဲ့ မညီညွတ်လို့ဆိုတဲ့ ကောက်ချက် ကို မှတ်သားရ ဖူးသည်။ ဒီခေတ်မှာလည်း မြန်မာနိုင်ငံရေး ခေါင်းဆောင် ကြီးငယ်လတ်တွေ မညီညွတ်ရင် ဘောင်းဘီချွတ် ထားတာ ပူပူနွေးနွေး သာ ရှိသေးတဲ့ ခရိုနီများရဲ့ အဘများနဲ့ စုဖွဲ့ထားတဲ့ အစိုးရသာ သက်ဆိုး ရှည်လိမ့်ဦးမည်ဆိုတဲ့ အဖြေကိုသာ တွက်ထုတ်လို့ရသည်။

နိဂုံးချုပ်သောအခါ အပြင်ကကောင်တွေကိုလည်း ဝေဖန်ပြီးပြီ။ အထဲကကောင်တွေကိုလည်း ဝေဖန်ပြီးပြီ။ ဝေဖန်ပြီးရင် ဘာလုပ်မ တုန်း။ မျိုးဆက်တူ ညီအကို မောင်နှမ ရဲဘော်များ ထဲထဲဝင်ဝင် ပွင့်ပွင့်လင်းလင်း ညှိနိုင်းတိုင်ပင်ပြီး လုပ်စရာ ရှိတာတွေ လုပ် သင့် သည်။ အမြင်မကြည်လင် တာတွေကို အပြန်အလှန် ဆွေးနွေးပြီး သကာလ၊ အပြင်ကကောင်တွေ၊ အထဲကကောင်တွေ ဆိုတဲ့ ဝေါဟာရများလည်း ပျောက်ပျက်စေသတည်းလို့ ဆုတောင်းလိုက်သည်။ ။

Ref: ဧရာဝတီ

Read More...

ကန့်သတ်ချက်များကြောင့် အသေးစား လူမှုလုပ်ငန်းများ အခက်တွေ့

ခင်သြ
September 6, 2012

ခေတ်စနစ်နှင့် မလျော်ညီတော့သော ဥပဒေများနှင့် တရားဝင်မှတ်ပုံတင်မှသာ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင် ခွင့်ရရှိ မည်ဆိုသည့် အချက်များကြောင့် ပြည်တွင်းရှိ ရပ်ရွာအခြေပြု အဖွဲ့အစည်းများနှင့် အသေးစား NGO လုပ်ငန်းများ အခက်အခဲ ကြုံတွေ့နေကြရကြောင်း NGO အသိုင်းအ၀ိုင်းမှ သိရသည်။

“နိုင်ငံခြား အကူအညီကို တိုက်ရိုက်ရယူနေတဲ့ ပြည်တွင်း NGO ကြီးတွေကို မှတ်ပုံတင်ခိုင်းတာက ကိစ္စမရှိပါဘူး။ ဒါပေမယ့် ကိုယ့်ရပ် ကိုယ့်ရွာအတွက် ကိုယ့်ထမင်းကိုယ်စားပြီး လုပ်နေတဲ့ CSO တွေ၊ CBO တွေကို မှတ်ပုံမတင်ခိုင်းပါနဲ့။ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အသိအမှတ်ပြုမှုနဲ့ လှုပ်ရှားခွင့် ပေးစေချင်တယ်” ဟု ရက္ခိတ လူမှုဖွံ့ဖြိုးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင် သိန်းဖေက ပြောသည်။

၁၉၈၈ ခုနှစ်က ပြဌာန်းခဲ့သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်း ဥပဒေသည် ၈၈ အရေးတော်ပုံ ကာလ အတွင်း က အဖွဲ့အစည်းများကို ဖိနှိပ်ကန့်သတ်ရန် ရေးဆွဲထားသည့် ဥပဒေဖြစ်သည့်အပြင် မှတ်ပုံတင်ရန် မြန်မာငွေ ၅ သိန်း တောင်းခံသည့် ကိစ္စသည်လည်း ရပ်ရွာအခြေပြု အဖွဲ့အစည်းများအတွက် အဟန့်အတားများ ဖြစ်နေကြောင်း သိရသည်။

“တချို့ဒေသတွေမှာ မှတ်ပုံတင်မရှိဘဲ မလှုပ်ရှားရဘူး၊ လှုပ်ရှားရင် အဖွဲ့ ကြီးကြီးငယ်ငယ် ထောင် ၅ နှစ် ဆိုပြီး ပြောထားတာ တွေ ရှိတယ်။ ဒီအဖွဲ့အစည်းလေးတွေဟာ အစိုးရအဖွဲ့က မလုပ်နိုင်တဲ့၊ မမြင်နိုင်တဲ့ နေရာတွေက ကွက်လပ်တွေကို လိုက်ဖြည့်ပေး နေတာပါ။ ဒါကို နားလည်ပေးပါ။ လုပ်ခွင့်ပေးစေချင်ပါတယ်” ဟု ဦးမောင်မောင်သိန်းဖေက ဆိုသည်။

၂၀၁၁ ခုနှစ်မှ စတင်ပြီး ပြည်တွင်း NGO များ၏ မှတ်ပုံတင်ကြေးကို ၁ နှစ်လျှင် ၁၀၀ ကျပ်နှုန်းဖြင့်သာ ပေးဆောင်နေရာမှ ၂၀၁၂ ခုနှစ်တွင် မှတ်ပုံတင်ကြေး ၁ နှစ်လျှင် ၁ သိန်းနှုန်းဖြင့် ငါးနှစ်စာ တပြိုင်နက် ပေးဆောင်စေခဲ့ရာ တနိုင်တပိုင်နှင့် အချိန်ပိုင်း လုပ်ကိုင်နေသော အဖွဲ့အစည်းများ အခက်အခဲ တွေ့နေရကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်က သင်္ကန်းကျွန်းမြို့နယ် မဲဆန္ဒနယ် လွှတ်တော် အမတ် ဦးသိန်းညွန့်က ခေတ်နှင့်လျှော်ညီ သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်း ဥပဒေသစ် ပြဌာန်းနိုင်ရေး အဆိုတင်သွင်းခဲ့ရာ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဥပဒေရှိပြီးသားဖြစ်၍ အသစ်ပြန်လည်ရေးဆွဲရန် မလိုအပ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

“လိုအပ်နေတဲ့ သဘာဝ ဘေးအန္တရာယ်စီမံချက် ဆွဲဖို့တွေ၊ ဆင်းရဲမွဲတေမှု လျှော့ချရေး လုပ်ငန်းတွေအတွက် ပြည်တွင်းအားနဲ့ မရရင် နိုင်ငံတကာအကူအညီ ရနိုင်ဖို့ နိုင်ငံတော်က လုပ်ပေးဖို့ လိုပါတယ်။ နိုင်ငံတကာ အကူအညီတွေဟာ NGO တွေကို တိုက်ရိုက်ပေးပါတယ်။ ဒါပေမယ့် အဲလိုပေးသူရှိသော်လည်းပဲ NGO တွေအတွက် အမြင်တွေက ဒီကောင်တွေက ငွေပဲတောင်းစား နေ တယ်ဆိုတဲ့ အမြင်မျိုးရှိတဲ့အခါ ချုပ်ကိုင်ဖို့ပဲ စဉ်းစားနေတာတွေ့ရတယ်။ ဆိုတော့ ငွေလာပေးတာတောင်မှ လက်ခံယူပြီး အလုပ်ပြန် မလုပ်နိုင်တဲ့ ဘ၀ရောက်နေတယ်” ဟု EcoDev မှ သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူက ပြောသည်။

မှတ်ပုံတင် မလျှောက်နိုင်သေးသော NGO, CBO, CSO များသည် နိုင်ငံတကာ၏ တိုက်ရိုက် အကူအညီ ရယူရန် အခက်အခဲ မရှိသော်လည်း မှတ်ပုံတင်မရှိ၊ ဘဏ်စာရင်းမရှိသဖြင့် အခက်အခဲကြုံနေရပြီး ပြည်တွင်းတွင် လာရောက် အခြေစိုက် ရုံးဖွင့်ထား သည့် နိုင်ငံတကာ NGO ကြီးများ၏ လုပ်ငန်းများကိုသာ လက်ဝေခံအဖြစ် လုပ်နေရကြောင်း သိရသည်။

လူမှုကူညီရေးအဖွဲ့ငယ်တခု တည်ထောင်ထားသည့် လူငယ်တဦးက “ပြောရမယ်ဆိုရင် ကျနော်တို့က ဒေသခံပါ။ ဘယ်နေရာမှာ ဘာလိုနေတယ်၊ ဘာဖြစ်နေတယ်ဆိုတာ ကျနော်တို့ သိတယ်။ ဖြစ်နိုင်ရင် ကျနော်တို့ငွေနဲ့ ကျနော်တို့ လုပ်ချင်တယ်။ ဒါပေမယ့် အဲလိုမလုပ်နိုင်တဲ့ အခါ နိုင်ငံတကာ NGO ကြီးတွေရဲ့ ပရောဂျက်တွေအရပဲ သူတို့ ခိုင်းတဲ့နေရာတွေကိုပဲ သွားနေရတာတွေ ဖြစ်နေတယ်။ တကယ် လိုအပ်တဲ့ နေရာကို တော်တော်နဲ့ မရောက်နိုင်ဘူး” ဟု ဆိုသည်။

တရားဝင် မှတ်ပုံတင် အဖွဲ့အစည်းဖြစ်ရန် ကြိုးစားနေသူများမှာလည်း အဖွဲ့၏ အမှုဆောင်အဖွဲ့ဝင်များသည် နိုင်ငံရေး ကင်းရှင်းရ မည်၊ အမှုဆောင် အဖွဲ့ဝင်ဦးရေ ၅ ဦးမှ ၁၀ ဦးအထိ ရှိရမည် အစရှိသည့် ကန့်သတ်ချက်များ၊ မှတ်ပုံတင်ရရှိရန် အနည်းဆုံး ၈ လမှ ၁ နှစ်အထိ စောင့်ဆိုင်းနေရခြင်း စသည်တို့ကို အမြန်ဆုံးပြင်ဆင်ပေးစေလိုသည့် ဆန္ဒရှိကြောင်း သိရသည်။

ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများအတွက် ဥပဒေသစ် ပြန်လည်ရေးဆွဲနိုင်ရေး ကိစ္စကို သြဂုတ်လ ၂၂ ရက်နေ့က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် NGO ကွန်ရက်အဖွဲ့ဝင်များနှင့် အစိုးရဌာန ဥပဒေရေးရာ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ဒေသခံ NGO များ အများအပြား ပေါ်ပေါက်လာခဲ့ရာ ယနေ့အချိန်တွင် မှတ်ပုံတင်ထားသော NGO များနှင့် မှတ်ပုံတင် မရှိသော တနိုင်တပိုင် အဖွဲ့အစည်းပေါင်း ၁၀၀၀ ကျော်ရှိ ကြောင်း သိရသည်။

Ref: ဧရာဝတီ

Read More...

အပြောင်းအလဲတွေ လမ်းပေါ်ထိ မရောက်သေး

ဖြိုးဝေသာ
September 6, 2012

ရန်ကုန်မြို့လယ်ကနေ ကားနဲ့ မိနစ်အနည်းငယ်ပဲ သွားရတဲ့နေရာမှာ နေနေပေမယ့် ဦးလှရွှေတယောက် ကမ္ဘာတခုထဲ ရောက်နေ သလို ဖြစ်နေပါတယ်။

သူနေတဲ့ရပ်ကွက်က ရေလည်းမလာတဲ့အပြင် အမှိုက်လည်း မသိမ်းပါဘူး။ အနီးဆုံးဘတ်စကားမှတ်တိုင်ကို ရောက်ဖို့ဆိုရင်လည်း နောက်ဖေး လမ်းကြိုလမ်းကြားတွေကိုဖြတ်ပြီး အဝေးကြီး လမ်းလျှောက်ရပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး ပြည်သူလူထု အကျိုးအတွက် ပြုပြင်ပြောင်းလဲမှုတွေ လုပ် မယ်လို့ ကြေငြာခဲ့တာ အခုဆိုရင် ၁၇ လ ရှိသွားပါပြီ။ အခုအချိန်ထိတော့ ဦးလှရွှေ နေတဲ့အရပ်ဆီ သမ္မတရဲ့ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်တွေ မရောက်လာသေးပါ။

ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ သမ္မတက အစိုးရအဖွဲ့အတွင်း ဝန်ကြီနေရာအပြောင်းအလဲတွေ တသီတတန်းလုပ်လိုက်တဲ့အခါ ဒါဟာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုအတွက် အဓိက တွန်းအားဖြစ်စေတဲ့အရာတခုလို့ ပြည်တွင်းပြည်ပ အင်အားစု တွေကယူဆကြ ပါတယ်။

ဒါပေမယ့် တချိန်ထဲမှာလည်း အခုလို အစိုးရအဖွဲ့အပြောင်းအလဲက ဆင်းရဲမွဲတေမှု အမှတ်မျဉ်း (Poverty Line) အောက်မှာ ရှိနေဆဲဖြစ်တဲ့ မြန်မာပြည်သူ ၂၅ ရာခိုင်နှုန်းအတွက် စီးပွားရေးအရ ဒါမှမဟုတ် လူမှုရေး အရ တိုးတက်ကောင်းမွန်မှု တစုံတရာ ဆောင်ကျဉ်းလာပါ့မလားဆိုတာ မေးခွန်းမေးစရာ ဖြစ်လာပါ တယ်။

ဝန်ကြီးနေရာအပြောင်းအလဲနဲ့ပတ်သက်ပြီး ဦးလှရွှေနေတဲ့ အရပ်ထဲက လူလတ်ပိုင်းအရွယ် အမျိုးသားတယောက်ကို ကျနော်မေး ကြည့် မိပါတယ်။ သူက “ပြောင်းတော့ ဘာဖြစ်လဲ” တဲ့။

ဟုတ်တာပေါ့။ အများစုက အလုပ်လက်မဲ့ဖြစ်နေကြပြီး ၂ လုံးထီနဲ့ ကံစမ်းနေကြတဲ့ ဒီအရပ်မှာ ဝန်ကြီးအပြောင်းအလဲ ဆိုတာ သူတို့အတွက် စိတ်လှုပ်ရှားစရာမှ မဟုတ်တာကိုး။ အဲ့ဒီတော့ ပြောင်းလဲ ပြောင်းပေါ့ပဲ ရှိမှာပေါ့။ အစိုးရအဖွဲ့ထဲရောက်လာတဲ့ လူသစ်တွေထက်စာရင် သူတို့ ပိုပြီးစိတ်ဝင်စားတာက နေ့စဉ်ပေါက်ဂဏန်းလေ။

“အစိုးရအဖွဲ့သစ်မှာ ဘယ်သူတွေပါတယ်၊ လွှတ်တော်ထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ဒီကလူတွေက ဂရုမစိုက်ဘူး။ တနေ့စာ တနေ့ကာမိအောင် အလုပ်ရှုပ်နေကြတာ” လို့ အသက် ၇၅ နှစ် အရွယ် အဘိုးအိုတယောက်က ပြောပါတယ်။ ဝန်ကြီးနေရာ ၃၀ အပြောင်းအလဲကို သမ္မတက ကြေငြာအပြီး ရက် အနည်းငယ်အကြာမှာ သူက ကျနော့်ကို အခုလို ပြောပြတာပါ။

တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ဟောင်း ဝါရင့်နိုင်ငံရေးသမားကြီး ဦးချန်ထွန်းကလည်း ပြုပြင်ပြောင်းလဲမှု အစစ်အမှန်ဆို တာ သာမန်ပြည်သူတွေရဲ့ဘဝတွေ ပိုကောင်းလာတာကို ဆိုလိုတာဖြစ်တယ်၊ ထိပ်ပိုင်းက ဝန်ကြီး အဆင့်မှာ ပြောင်းရုံတခုထဲနဲ့ မရဘူးလို့ ဆိုပါတယ်။

“အောက်ခြေမှာ တိုးတက်မှုတွေကို မြင်ချင်တယ်ဆိုရင် မြို့နယ် ဒါမှမဟုတ် ရပ်ကျေးအဆင့် အာဏာပိုင် တွေကိုပါ ပြောင်းပစ်ဖို့ လိုတယ်” လို့ အသက် ၉၁ နှစ်ရှိပြီဖြစ်တဲ့ ဦးချန်ထွန်းက ပြောပါတယ်။ လယ်သမားတွေကို အမတော်ကြေးငွေတွေ ချပေးတဲ့အခါ အာဏာပိုင်တွေကြားမှာ ခြစားမှုတွေ မကြာခဏဖြစ်လေ့ရှိတယ်လို့လည်း သူက ထောက်ပြပါတယ်။

“ခြစားတဲ့ဝန်ထမ်းတွေက အစိုးရက အားနည်းစေတယ်။ အားနည်းတဲ့ အစိုးရက ပြည်သူလူထု အကျိုးရှိ တာထက်ရှိရင် ဒုက္ခပိုဖြစ် စေမယ်” တဲ့။

ဒီမိုကရက်ပါတီ (မြန်မာ) ရဲ့ ဥက္ကဌ ဦးသုဝေကတော့ အစိုးရထဲက ရှေးရိုးဝါဒီနဲ့ ပြုပြင်ပြောင်းလဲရေးလိုလားသူတွေရဲ့ အကွဲအပြဲ ဟာ တကယ့်အပြောင်းအလဲတွေဖြစ်ဖို့ ခက်ခဲစေလိမ့်မယ်လို့ ယုံကြည်နေသူပါ။

“တပ်မှူးငယ်တယောက်က သမ္မတရဲ့အမိန့်ကို ဖီဆန်ရဲတယ်ဆိုရင် သူ့အထက်မှာ သူ့ကို ကာကွယ်ပေးနိုင်မယ့် ပြီးတော့ သမ္မတ အမိန့်ကို မနှစ်သက်တဲ့သူ တစုံတယောက်ရှိနေလို့သာ အဲ့ဒီလို ဖီဆန်ရဲတာပေါ့။ ဒါကြောင့်မို့လည်း သမ္မတရဲ့ ပြုပြုင်ပြောင်းလဲရေး လုပ်ငန်းစဉ် အများစုက သေသေချာချာ အကောင်အထည် မပေါ်တဲ့အပြင် သာမန်ပြည်သူလူထုလည်း ဆိုးဆိုးဝါးဝါး နစ်နာနေရ တာပါ” လို့ သူက ဆိုပါတယ်။

မကြာသေးခင်က သူ သမ္မတနဲ့ တွေ့ဆုံခဲ့တဲ့အချိန်မှာလည်း လက်ရှိလုပ်ငန်းစဉ်တွေမှာ အတားအဆီး အနှောင့်အယှက် တချို့ရှိနေ တဲ့အကြောင်း သမ္မတက သူ့ကို ဝန်ခံခဲ့တယ်လို့ ပြောပြပါသေးတယ်။

“ပြည်ပရောက် မြန်မာတွေ ပြည်တော်ပြန်တဲ့ကိစ္စကို ကြည့်ရအောင်။ အဲ့ဒီလူတွေကို Black List ကနေ တရားဝင် ဖယ်ထုတ် နိုင်ဖို့အရေး သူ တနှစ် အချိန်ယူခဲ့ရတယ်။ ဒီလောက်ဆို အခြားကိစ္စတွေမှာ ဘာတွေဖြစ်နေလဲ ဆိုတာ မှန်းကြည့်လို့ ရနိုင်ပါ တယ်” လို့ ဦးသုဝေက ဆက်ပြောပါတယ်။ သူ့နာမည်ကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းကမှ အစိုးရက အဲ့ဒီ Black List ကနေ ဖယ်ထုတ်ခဲ့တာပါ။

မြန်မာ့အရေးကျွမ်းကျင်သူတွေကတော့ နောက်ဆုံး အစိုးရဝန်ကြီးအဖွဲ့အပြောင်းအလဲဟာ “ပြုပြင်ပြောင်းလဲလိုစိတ် မရှိသည့်” သ ဘောထားတင်းမာသူ တချို့ကိုရှင်းထုတ်တဲ့ သမ္မတရဲ့ကြိုးပမ်းမှုဖြစ်တယ်လို့ ဆိုကြပါတယ်။ အဲဒီလို ပြောင်းလဲလိုစိတ်မရှိသူတွေကို ချန်ထားခဲ့ရမှာပဲလို့ သူရဲ့ မေလ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာကိုး။

“အစိုးရအဖွဲ့သစ်ထဲမှာသဘောထားတင်းမာသူတွေ မရှိတော့တာမို့ အခုဆိုရင် သမ္မတအနေနဲ့ လွတ်လွတ်လပ်လပ် ဆောင်ရွက် နိုင်ပြီ လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အဲ့ဒီအပြောင်းအလဲက အစပိုင်းလေးမှာပဲ ရှိသေးတဲ့အတွက် သူဘယ်လောက်အတိုင်း အတာအထိ လုပ်နိုင်မယ်ဆိုတာကိုတော့ ကျနော်တို့ မသိသေးပါဘူး” လို့ ဦးသုဝေက ထပ်ဖြည့်ပြောပါတယ်။

သမ္မတဦးသိန်းစိန်က သူ့ရဲ့ သမ္မတရုံးဝန်ကြီးတွေကို ၆ ဦးအထိ တိုးမြှင့်ခန့်ထားလိုက်တာဟာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို အရှိန်မြှင့်ဖို့ သူ့နည်းသူ့ဟန်နဲ့ ပြင်ဆင်တာလို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ ခေါင်းဆောင် ကိုကိုကြီးက ယူဆပါတယ်။

“ဝန်ကြီးအဖွဲ့ အပြောင်းအလဲအပြီးမှာ ပြည်သူလူထုရဲ့ အခွင့်အရေးတွေကို မြှင့်တင်နိုင်မယ့် မှန်ကန်တဲ့ မူဝါဒ အပြောင်း အလဲတွေ ကျနော်တို့ တကယ်တွေ့လိုပါတယ်” လို့ သူက ဆိုပါတယ်။

အစိုးရအဖွဲ့ အပြောင်းအလဲနဲ့ပတ်သက်လို့ သံသယ တစုံတရာရှိနေကြပေမယ့် ကျနော်စကားပြောဖြစ်တဲ့သူတွေ ကတော့ ပညာရှင် တွေ၊ ကျွမ်းကျင်သူတွေကို ဒုဝန်ကြီးတွေအဖြစ် ခန့်အပ်လိုက်တာဟာ အပြုသဘောဆောင်တဲ့ လက္ခ ဏာဖြစ်တယ်လို့ မြင်ကြပါ တယ်။

“ဝန်ကြီးအဖွဲထဲမှာ ကိုယ့်အလုပ်အကြောင်း ကိုယ်သိတဲ့သူ ရှိတာက အမိန့်နာခံဖို့ပဲ လေ့ကျင့်ထားတဲ့သူရှိတာထက် ပိုကောင်းပါ တယ်” လို့ ဦးချန်ထွန်းက ဆိုပါတယ်။

ဦးလှရွှေကလည်း အစိုးရအနေနဲ့ တကယ်အပြောင်းအလဲတွေလုပ်ချင်ရင် ဖြစ်အောင်လုပ်ရမယ်လို့ ပြောပါတယ်။

“သူသမ္မတဖြစ်တာ ၁၇ လ ရှိသွားပေမယ့် အခုထိ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ရလာဒ် ဘာမှ မတွေ့ရသေးတာမို့ အစိုးရက ‘ပြုပြင်ပြောင်းလဲမှု ဒါမှမဟုတ် အပြောင်းအလဲ’ ဆိုတာကို သံယောင်လိုက် စတန့်ထွင်နေသလားလို့ တောင် ထင်နေမိတယ်” လို့ သူက ဆိုပါတယ်။

“သူတို့ (အစိုးရ) အနေနဲ့ ဆင်းရဲမွဲတေမှုကို လျော့ပါးစေချင်ရင် လူထု ဒုက္ခရောက်နေတာကို မျက်စေ့နဲ့တတ်အပ်မြင်ရ အောင် ဘာဖြစ်လို့ အောက်ခြေအဆင့်ထိ ဆင်းမကြည့်လဲ။ ဆင်းရဲသားတွေနေတဲ့ နေရာတခုကို သွားလည်ရင်တောင် အခြေအနေ ဘယ် လိုရှိသလဲဆိုတာ သူတို့ သိသွားနိုင်တာပဲ” လို့လည်း သူက ပြောပါသေးတယ်။

သမ္မတဦးသိန်းစိန်က ပြုပြင်ပြောင်းလဲမှုကို အားကောင်းစေဖို့ သူ့ရဲ့ အစိုးရအဖွဲ့သစ်ကို ကြေငြာပြီး၎ ရက်မြောက် ညနေမှာ ကိုမင်း ဇော်တယောက် ရန်ကုန်မြို့လယ်က ဘတ်စကားဂိတ်တခုမှာ ရှိနေခဲ့ပါတယ်။ သူက သူနေတဲ့ မြို့စွန် ကနေ အရောင်းစာရေးအဖြစ် အလုပ်လုပ်နေတဲ့ မြို့လယ်ကိုရောက်ဖို့ နေ့စဉ် နာရီပေါင်းများစွာ ဘတ်စကား တိုးစီးနေ ရသူပါ။

“သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲမှုကိစ္စတွေကို ကျနော် နည်းနည်းလေးပဲ သိပါတယ်” လို့ သူက ပြောပြပါ တယ်။

“ဒါပေမယ့်ဗျာ တကယ်လို့သာ သမ္မတကြီးအနေနဲ့ ကျနော်တို့ သက်တောင့်သက်သာနဲ့ အိမ်ပြန်နိုင်အောင် ဘတ်စကား လိုင်းတွေ ပိုပြီးစီစဉ်ပေးနိုင်မယ်ဆိုရင် သူဟာ သိပ်ကို စာနာတတ်တဲ့သူ ဖြစ်ပါလိမ်မ့ယ်” လို့အခြားခရီးသည်တွေနဲ့ အတူ ကားပေါ် မတိုး တက် ခင်မှာ သူက ပြောသွားပါတယ်။

Hpyo Wai Tha ၏ Waiting for Reform to Hit the Streets ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။

Ref: ဧရာဝတီ

Read More...

ရခိုင်ကမ်းရိုးတန်းဒေသ၌ မုန်တိုင်းဒဏ်ခံအဆောက်အဦး(၂)လုံးထက် ပိုမိုမျှော်လင့်

အာရကန်ကိုကို-မောင်တော(မြစ်မခ)
6 Sep, 2012

ဘင်္ဂလားပင်လယ်အော်နှင့်နီးကပ်စွာတည်ရှိသော ရခိုင်ကမ်းရိုးတန်းဒေသများ၌ မုန်တိုင်းဒဏ်ခံ အဆောက်အဦးများ (၂)လုံးထက် ပိုမိုဆောက်လုပ်ထားရှိရန် မျှော်လင့်လျှက် ရှိကြောင်း ပြည်နယ်မိုးလေ၀သနှင့်ဇလဗေဒဦးစီးဋ္ဌာနက သိရှိရသည်။

ရခိုင်ကမ်းရိုးဒေသမှာ မြန်မာ့ကမ်းရိုးတန်းဒေသတစ်လျှောက် မုန်တိုင်းအန္တရာယ်ကျရောက်နိုင်မှု အလွယ်ကူဆုံးသော ဒေသတစ်ခု ဖြစ်သည်နှင့်အညီ ရခိုင်ပြည်နယ်ရှိ မြို့နယ်ဒေသတိုင်း၌ မုန်တိုင်းဒဏ်ခံအဆောက်အဦးများ ဆောက်လုပ်ထားရှိ ရန်လိုအပ်ခြင်း ဖြစ်သည်ဟု သိရသည်။

"ရခိုင်ကမ်းရိုးတန်းဒေသက ဘင်္ဂလားပင်လယ်အော်မှ လေမုန်တိုင်းအန္တရာယ် အချိန်မရွေးခြိမ်းခြောက်ဝင်ရောက်တတ်တဲ့ ဒေသ တစ်ခုပါ။ ဒီလိုဝင်ရောက်စဉ် လူ့အသက်စည်းစိမ်ဥစ္စာတွေ လုံခြုံ စိတ်ချရဖို့အတွက် မုန်တိုင်းဒဏ်ခံအဆောက်အဦးများ မြို့နယ် ဒေသတိုင်းမှာ ပိုမိုဆောက်လုပ်ထား ရှိဖို့လိုပါတယ်’’ဟု ပြည်နယ်မိုး၊ ဇလဗေဒမှ အရာထမ်းတစ်ဦးကပြောသည်။

လက်ရှိတွင်ရခိုင်ကမ်းရိုးတန်းဒေသတစ်ခုလုံး၌ ဂျာမနီနိုင်ငံ ကိုလုံးမြို့ အခြေစိုက် မာတေဆာအင်တာနယ်ရှင် နယ်အဖွဲ့(စစ်တွေ ဌာနခွဲ)မှ စစ်တွေနှင့် ရသေ့တောင်မြို့နယ်(၂)ခုတွင်သာ မုန်တိုင်းဒဏ်ခံအဆောက်အဦး(၂)လုံးဆောက်လုပ်ထားရှိသည်။

ကမ်းရိုးတန်းမြို့နယ်ဒေသများဉ် မုန်တိုင်းဒဏ်ခံအဆောက်အဦးများ ဆောက်လုပ်ထားခြင်းအားဖြင့် မုန်တိုင်းအန္တရာယ်များ ကျရောက် လာမည်ဆိုပါက မုန်တိုင်းဒဏ်ခံအဆာက်အဦးများတွင် ၀င်ရောက်ခိုလုံခြင်းအားဖြင့် အသက်အန္တရာယ်အတွက် လုံခြုံစိတ်ချနိုင်မည် ဖြစ် ကြောင်းလည်း သိရသည်။

ရခိုင်ကမ်းရိုးတန်းဒေသအပါအ၀င် မြန်မာတစ်နိုင်ငံလုံးရှိ မုန်တိုင်းဒဏ်ခံအ ဆောက်အဦး(၁၀)လုံး ခန့်သာရှိပြီး မြန်မာ့အိမ်နီး ချင်း ဘင်္ဂသာဒေ့ရှ် နိုင်ငံ၌မုန်တိုင်းဒဏ်ခံအဆောက်အဦး အလုံးရေ(၃၀၀) နီးပါး ဆောက်လုပ်ထား ရှိကြောင်းလည်းသိရှိရသည်။

နှစ်စဉ်ဘင်္ဂလားပင်လယ်အော်မှ သဘာဝဘေးအန္တရာယ် လေမုန်တိုင်းများ ခြိမ်းခြောက် ၀င်ရောက် လေ့ရှိသောရခိုင်ကမ်းရိုးတန်း ဒေသ အား လွန်ခဲ့သော(၂၀၁၀)ခုနှစ်တွင် ဂီရိဆိုင်ကလုန်း မုန်တိုင်းဝင်ရောက် မွှေနှောက်တိုက်ခတ်စဉ်က မြေပုံ၊ကျောက်ဖြု မြို့နယ်ဒေသများ၌ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးမှုများပြားခဲ့ရသည်။

Ref: မြစ်မခ

Read More...

လမ်းမများပေါ်သွားလာနေကြသည့် ဆိုင်ကယ်များကို အရေးယူမှုအားနည်းနေသေး

မြတ်မိုးကျော်(မြစ်မခ)
6 Sep, 2012

ရန်ကုန်မြို့ရှိ မြို့နယ်အများစုတွင် လျှပ်စစ်ဆိုင်ကယ်များနှင့်အတူ လိုင်စင်မဲ့ဆိုင်ကယ်များပါ လမ်းမကြီးများပေါ်တွင် ပေါ်ပေါ်တင်တင် မောင်းနှင်မှုများရှိနေသော်လည်း အရေးယူမှုအားနည်းနေသေးကြောင်း မြို့ခံများထံက သိရှိရသည်။

ရန်ကုန်မြို့ လှိုင်မြို့နယ်၊ အလုံမြို့နယ်၊ ကမာရွတ်၊သင်္ယန်းကျွန်း၊ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အင်းစိန်၊ ရွှေပြည်သာ လှိုင် သာယာအစရှိသည့် မြို့နယ်များတွင် လိုင်စင်မဲ့ဆိုင်ကယ်များ စီးနင်းနေလာကြသည့်အလျောက် ရန်ကုန်သို့ နည်းလမ်းမျိုးစုံဖြင့် တင်သွင်းနေကြောင်းကိုလည်း သိရှိရသည်။

လိုင်စင်မဲ့ဆိုင်ကယ်များမှာ ယခင်က ရပ်ကွက်အတွင်းတွင် မောင်းနှင်နေကြသော်လည်း ယခုအခါ လမ်းများပေါ်တွင်ပါ စီးနင်း လာ သည်ကို တွေ့ရှိရသည်။

သက်ဆိုင်ရာရဲစခန်းများအနေဖြင့်လည်း လိုင်စင်မဲ့ဆိုင်ကယ်များအား ဖမ်းဆီးအရေးယူခြင်းများ ပြုလုပ်နေသော်လည်း ထိရောက်မှု သိပ်မရှိဟု သင်္ဃန်းကျွန်း ရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

''ကျွန်တော်တို့လည်း တွေ့တာနဲ့ ဖမ်းတာပဲလေ။ဒါပေမဲ့ အမြဲတမ်းတော့လည်း စောင့်မကြည့် နေနိုင်ဘူးလေ။ သူတို့ကလည်း လစ်မှ လစ်သလို စီးကြတာလေ။ ဖမ်းမယ် ဆိုရင်လည်း ရုတ်တရက် တွေ့တာမျိုးဆိုရင် ဖမ်းဖို့ မလွယ်ဘူးလေ။ သူတို့က ရဲမြင် တာနဲ့ပြေးတာပဲလေ။ အခုဆို ဒီမှာလည်း အဲလို အမှုတွေတော့ သိပ်မရှိဘူး '' ဟု သင်္ဃန်းကျွန်း ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက ပြောသည်။

ယာဉ်မောင်းလိုင်စင်တစ်ခုခုရရှိရန်အတွက် စတင်သင်ကြားမောင်းနှင်နိုင်ရန် အမောင်းသင်လိုင်စင်အား (၁၇)နှစ်ပြည့်ပြီးမှ ရယူ ရမည်ဟု သတ်မှတ်ထားသည့်အပေါ်တွင် သြဂုတ်လ (၁)၇က်နေ့မှ စတင်၍ အသက်(၁၆)ပြည့်ပြီး ပါက အမောင်းသင်လိုင်စင် နှင့် ဆိုင်ကယ်စီးနင်းခွင့်ရရှိကြောင်းကိုလည်း ရထားပို့ဆောင်ရေးဝန်ကြီးဋ္ဌာနက သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

''အခုလို ယာဉ်တိုက်မှုတွေ ပေါများနေတဲ့ကာလမှာ ပရမ်းပတာဖြစ်နေတဲ့ လူငယ်တွေအတွက် ပိုထိခိုက်စေနိုင်တယ်''ဟု တပ်မတော်မှ အငြိမ်းစားဝန်ထမ်းတစ်ဦးက သုံးသပ်ပြောကြားသည်။

လျှပ်စစ်စက်ဘီးထက် လျှပ်စစ်ဆိုင်ကယ်အား ဝယ်ယူရန်စိတ်ပါဝင်စားသူပိုမိုများပြားကြောင်းနှင့် လျှပ်စစ်ဆိုင်ကယ်၊ စက်ဘီးနှင့် လိုင်စင်မဲ့ဆိုင်ကယ်များပြားလာခြင်းကြောင့် ယာဉ်မတော်တဆမှုများအား စိုးရိမ်ပူပမ် လျှက်ရှိကြောင်းသိရသည်။

''အစကတည်းက ကျွန်တော်တို့လို စက်ဘီးဆိုင်တွေက သိပ်မရောင်းရဘူးလေ။ အခုဆို ပိုက်ဆံ နည်းနည်း တတ်နိုင်တာနဲ့ ရိုးရိုးစက်ဘီးထက် လျှပ်စစ်စက်ဘီး၊ လျှပ်စစ်ဆိုင်ကယ်တွေကိုပဲ စိတ်ဝင်စားတော့တယ်လေ။ အခုဆို လျှပ်စစ်စက်ဘီးနဲ့ ဆိုင် ကယ်တွေက လမ်းမပေါ်မှာ တောင် အချိန်ပြည့် တွေ့နေရတယ်လေ။ ဟိုနေ့ကဆို ဆိုင်ရှေ့မှာ တင်ဖြစ်တာလေ။ လိုင်းကား တစ်စီးကလည်း တအားမောင်းလာတာလေ။ ဆိုင်ကယ်ကလည်း လမ်းထိပ်က အထွက်တိုက်ပြီတောင်ထင်ထားတာ။ တော်သေး တယ်။ နည်းနည်းလေး ပွန်းရုံလေး ပွန်းသွားတယ်။ ရန်ကုန်မှာ ဆိုင်ကယ်တွေ အခုလိုများလာတာ ကျွန်တော်ကတော့ မကောင်း ဘူးလို့ထင်တယ်။ အခုလို ယာဉ်မတော်တဆမှုတွေလည်း ဖြစ်လာနိုင်တယ်လေ။ အစကတည်းက ရန်ကုန်က လိုင်းကားတွေများ တယ်လေ ''ဟု လှိုင်မြို့နယ်မှ စက်ဘီးအရောင်းဆိုင်တစ်ခုမှ ကိုမင်းခန့်က ပြောသည်။

ရန်ကုန်မြို့ မြို့နယ်များရှိ လမ်းမကြီးများ၊ လမ်းမများ၊ လမ်းသွယ်များတွင် ဆိုင်ကယ်များမှာ ညအချိန်တွင် အရှိန်ဖြင့် မောင်းနှင် လေ့ ရှိသည်ကိုလည်း ကြုံတွေ့နေရကြောင်း ပြည်သူများထံက သိရှိရသည်။

''အခုဆိုရင် ကျွန်တော်တို့ဆို ညဘက်တွေမှာ စက်ဘီးဆို စီးတောင်မစီးရဲတော့ဘူးလေ။ ညဘက်ဆို ဆိုင်ကယ် တွေက ဘယ် သူ့ကိုမှ လူမထင်တော့ဘူး။ တအားမောင်းကြတာ။ တစ်ခါတစ်လေဆို ဆိုင်ကယ်ချင်း ပြိုင်မောင်း တာတွေတောင် ရှိတယ်။ အခု နေ့ခင်းဆိုရင်လည်း နေ့ခင်းမို့လို့ အကြောက်အလန့်မရှိ မောင်းနေကြတာပဲ''ဟု သုဝဏ္ဏတွင်နေထိုင်သူ ကိုဇင်မင်းကျော် က ပြောသည်။

ယခုကဲ့သို့ဆိုင်ကယ်များ များပြားလာခြင်းကို အရေးယူမှုထိရောက်စွာ့ တားဆီးသင့်ကြောင်း ဆိုင်ကယ်များ လမ်းမ များတွင် များ ပြား လာခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ကြုံတွေ့နိုင်ကြောင်းနှင့် စည်းကမ်းမဲ့မောင်းနှင်လာ ကြသော လိုင်စင်မဲ့ ဆိုင်ကယ် များကြောင့် ယာဉ်မတော်တဆမှုအန္တရာယ်ကို ဖိတ်ခေါ်သကဲ့သို့ဖြစ်နေကြောင်း ကိုလည်း ပြည်သူများထံက သိရှိရသည်။


Ref: မြစ်မခ

Read More...

အရန်ဆန်များရောင်းချပေးနေသော်လည်း ဆန်ဈေးနှုန်းသိသိသာသာကျဆင်းခြင်းမရှိ

ရန်နိုင်(မြစ်မခ)
6 Sep, 2012

ဆန်ဈေးကွက်တွင်း ဈေးနူန်းတည်ငြိမ်သည်အထိ အရန်ဆန်များ ထုတ်လုပ်ရောင်းချရန် ရည်ရွယ် ရောင်းချနေသော်လည်း ဈေးကွက်အတွင်း ဆန်ဈေးနှုန်းသိသိသာသာ ကျဆင်းသွားခြင်း မရှိကြောင်း သိရှိရသည်။

“လုံလောက်တဲ့ ဈေးကွက်အနေအထား ရောက်တဲ့အချိန်အထိ ထုတ်ရောင်းသွားမှာပါ။ အန်ကယ်တို့ လက်ဝယ် သိုလှောင် ထားတာတွေတင်မကဘူး တခြားကရဖို့နည်းလမ်းတွေလည်းရှိတယ်”ဟု မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးချစ်ခိုင်က ပြောသည်။

ဈေးကွက်တွင်းဆန်ဈေးနှုန်းတည်ငြိမ်စေရန် အရန်ဆန်များအား စက်တင်ဘာလ (၃) ရက်နေ့မှစတင်ကာ ဝါးတန်းလမ်း ကုန်စည် ဒိုင်တွင် တစ်နေ့လျှင် ဆန်အိတ်ရေ တစ်သောင်း ဝန်းကျင်ရောင်းချလျက်ရှိကြောင်း သိရသည်။

အရန်ဆန် ထုတ်ရောင်းချရခြင်းမှာ ပြည်တွင်းဆန်ဈေးကွက်ဈေးနှုန်းကို ထိန်းကွပ်နိုင်ရန်ရည်ရွယ်ကာ ပြီးခဲ့သည့် လပိုင်းတွင်း မြန်မာ နိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်း အရန်ဆန်ရောင်းချရေးကော်မတီမှ ဆန်တန်ချိန်(၄၅၀၀)ကျော်အား သမဝါယမ အသင်း၊ ကုမ္ပဏီခြောက်ခုနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်တို့ကို တင်ဒါ စနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

“အရန်ဆန်တွေကို စရောင်းချနေတဲ့အချိန်ဖြစ်နေတဲ့အတွက် ဝယ်လိုအားရှိနေတယ်။ ဈေးကွက်ကသိပ်တော့ မကျသေးဘူး။ ဒါက လည်း ရက်ပိုင်းအတွင်းလောက်ပါ။ ခဏနေ ပုံမှန်နှုန်းထားအတိုင်းပဲ ဖြစ်လာမှာပါ”ဟု ဆန်ကုန်သည်တစ်ဦးဖြစ်သူ ကိုစိုးဝင်းက သုံးသပ်ပြောကြားသည်။

ဈေးကွက်တွင်း အရန်ဆန်များ ထုတ်ရောင်းချနေပေမယ့်လည်း ဆန်ဈေးနှုန်းများတက်မည်ကို စိုးရိမ်၍ ဝယ်ယူမှုများကြောင့် ဈေး ကွက်အတွင်း ရောင်းအားမြင့်တက်နေပြီး စားသုံးသူဈေးကွက်တွင်း၌ ဆန်ဈေးနှုန်း သိသိသာသာ ကျဆင်းလာမှုမရှိသေး ကြောင်း သိရှိရသည်။

သြဂုတ်လနောက်ဆုံးပတ်တွင်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းမှ ဆန်ဈေးနှုန်း မြင့်တက် နေခြင်းကို တစ်ဖက်တစ် လမ်းမှ လျော့ချနိုင်ရန်အတွက် အနည်းဆုံး အရန်ဆန် တန်ချိန် ငါးထောင်အား ဈေးကွက်တွင် ဖြန့်ဖြူးခဲ့ပြီး မည်သို့မည်မျှ ရောင်း ချမည်ကို မသတ်မှတ်တော့ပဲ ဆန်ဈေးကွက်တည်ငြိမ်လာသည်အထိ အရန်ဆန်များထုတ်လုပ်ရောင်းချသွားမည်ဖြစ်ကြောင်း တာဝန် ရှိသူများပြောပြချက်အရသိရှိရသည်။

Ref: မြစ်မခ

Read More...

မန္တလေးမြို့ ရေစီးရေလာကောင်းမွန်စေရေး ကျပ်နှစ်ဘီလီယံဝန်းကျင်သုံး၍ ဆောင်ရွက်မည်

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
6 Sep, 2012

မန္တလေးမြို့တော်အား ရေစီးရေလာကောင်းမွန်ရန်နှင့် ရေတင်ကျန်မှုများ မဖြစ်ပေါ်စေရန် ထိုင်းနိုင်ငံနှင့် ပူးပေါင်းကာ လေ့လာမှု များပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင် လမ်းတံတားဌာနမှုးဒေါ်ခင်မင်းဌေးက ဆိုသည်။

ထိုကဲ့သို့ ပြုပြင်မှုများ ၊ ရေမြောင်းများ ထပ်မံတူးဖေါ်မှုများပြုလုပ်ရန်အတွက် ခန့်မှန်းကုန်ကျငွေမှာ မြန်မာ ကျပ်ငွေ(၂)ဘီလျှံခန့် ရှိကြောင်း ၎င်းက ပြောဆိုသည်။

‘’ရေဆိုးထုတ်စက်ရုံတွေ ထပ်ဆောက်ဖို့ရှိပါတယ်။ မန္တလေးမြို့အနေအထားကိုက ပင်လယ်ပြင်အောက်ရောက်နေတာ၊ မြစ်ရေလျှံ လာရင် မြို့ထဲကို ရေ၀င်တာတို့ရှိတယ်၊ နောက်ပြီး ရှမ်းကုန်းမြေမြင့်က ရေကလည်းဒီဖက်ကိုပဲ ဆင်းလာတာတွေ ရှိတယ်´´ ဟု လမ်းတံတားဌာနမှုး ဒေါ်ခင်မင်းဌေးက ပြောသည်။

မန္တလေးမြို့တွင် စက်တင်ဘာ(၄)ရက်က မိုးရွာသွန်းမှုသည် (၄.၁)လက်မထိရွာသွန်းခဲ့ပြီး မြို့အနှံ့ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး မြို့တွင်း တွင် သွားလာနေသည့် ယာဉ်များပျက်ခြင်း ၊ ယာဉ်ကြောများ ပိတ်ဆို့ခြင်း မှာ(၃)နာရီ နီးပါး ခန့်ကြာမြင့်ခဲ့သည်။

“ရေလျှံတာတွေက တစ်ချို့နေရာတွေမှာ ပေါင်ထိရောက်တယ်၊ မန္တလေးမှာ သွားလာဖို့အတွက်က ဆိုင်ကယ်ကိုပဲ အားထားကြ တော့ အဲဒီလောက်ရေလျှံလာတော့ ဆိုင်ကယ်ထဲ ရေ၀င်ပြီး အကုန်ထိုးရပ်ကုန်ရော ၊ တစ်ချို့ကားတွေပါ ပျက်ကုန်တဲ့အထိ ဖြစ်ပြီး လမ်းပိတ်ဆို့မှုတွေပါ ဖြစ်လာတယ်‘’ဟု ရုံးဝန်ထမ်းတစ်ဦး က ပြောသည်။

မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် အမန္တလေးမြို့တော်အား အမှိုက်ကင်းစင်အောင် ဆောင်ရွက်ယုံသာမကပဲ ရေစီး ရေလာ ကောင်းမွန် ရေးအတွက်ပါ ဆောင်ရွက်လျှက်ရှိကြောင်း ကိုလည်း သိရှိရသည်။

Ref: မြစ်မခ

Read More...

အသွင်သဏ္ဍန်နှင့် အနှစ်သာရပြောင်းလဲလာတော့မည့် မြို့တော်သတင်းစာ

ထက်အောင်ခန့် (မြစ်မခ)
6 Sep, 2012

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှထုတ်ဝေလျှက်ရှိသော မြို့တော်သတင်းစာအား မြန်မာ့အလင်း၊ ကြေးမုံသတင်းစာ များနည်တူ အသွင်သဏ္ဍာန်နှင့်အနှစ်သာရပါပြောင်းလဲထုတ်ဝေတော့မည် ဖြစ်ကြောင်းသိရှိရသည်။

“အရင်က စည်ပင်ကိုပဲ ကိုယ်စားပြုသတင်းတွေကို အဓိက ဖော်ပြခဲ့ကြတယ်။ ခုတော့တိုင်း ဒေသကြီး အစိုးရကို ကိုယ်စားပြုတဲ့ သတင်းတွေ ဖော်ပြမယ်။ ပြီးတော့ ပြည်သူ့အသံ၊ ပြည်သူ့ ဆန္ဒတွေကို အဆက်မပြတ်ရေးသားမယ်။ အများဖတ်ချင်၊ စိတ်ဝင်စား တဲ့ သတင်းများကို ဦးစားပေး ဖော်ပြသွားမှာပါ။” ဟု မြို့တော်သတင်းစာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်းစာကို အသွင်ပုံသဏ္ဍာန်ပြောင်းလဲရာတွင် ယခုလက်ရှိ ၁၆ မျက်နှာအစား စာမျက်နှာ ၂ဝ အထိ တိုးမြှင့်ရိုက်နှက်ကာ ထုတ်ဝေသွားမည်ဖြစ်ကြောင်းနှင့် စာမျက်နှာ တိုးမြှင့်ထုတ်ဝေမည် ဖြစ်သော်လည်း ယခင်ဖြန့်ချီနေသည့် ဈေးနှုန်းအတိုင်း တစ် စောင် ကို ၄ဝ ကျပ်နှုန်းဖြင့်သာ ဖြန့်ချီသွားမည်ဖြစ်ကာ စောင်ရေ တစ်သောင်း ကျော်အထိ တိုးမြှင့်ဖြန့်ချီသွားမည်ဟူ၍လည်း သိရသည်။

“ဒီမိုကရေစီနိုင်ငံတွေမှာ လွတ်လပ်တဲ့သတင်းစာမရှိရင်တိုင်းပြည်ကမတိုးတက်နိုင်ဘူး။ သတင်းစာတွေ မှာအမှန် တရားတွေဖော်ပြ သင့်တယ်” ဟု ပထမဦးဆုံးတာဝန်ယူခဲ့သူ ဦးထွန်းအောင်ကျော်က မြို့တော်သတင်းစာနှင့်ပတ် သက်၍သုံးသပ်ပြောကြားသည်။

မြို့တော်သတင်းစာအနေဖြင့် အသွင်သဏ္ဍန်နှင့် အနှစ်သာရပြောင်းလဲရန် ယခုကတည်းက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေ ပြီဖြစ် သည်။

“အခုသတင်းစာအသွင်အပြင်ပြောင်းဖို့အတွက် လိုအပ်တဲ့ဝန်ထမ်းတွေကိုခေါ်ဆောင်နေပါတယ်။ အရင်ကဆိုရင် ဝန်ထမ်းတွေနဲ့ ကော်လံစား သတင်းထောက်တွေနဲ့ပဲသတင်းတွေကို ရေးသားဖော်ပြ ထုတ်ဝေခဲ့ပါတယ်။ အခုတော့ လိုအပ်တဲ့ဝန်ထမ်းတွေဖြစ်တဲ့ ဒုတိယအယ်ဒီတာ၊ အကြီးတန်းသတင်း ထောက်၊အငယ်တန်း သတင်းထောက်၊ အကြီးတန်းဓါတ်ပုံသတင်းထောက်တွေကို ခေါ်နေ ပါတယ်” ဟု မြို့တော်သတင်းစာတိုက်မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ယခင်က စည်ပင်သာယာရေးကော်မတီ၏ လုပ်ဆောင်ချက်များကိုသာ အဓိက အသားပေးဖော်ပြခဲ့ပြီး အသွင်သစ်သတင်းစာတွင် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြုအနေဖြင့် တိုင်းဒေသကြီးသတင်း များနှင့်တကွ သတင်းဦး သတင်းထူးများကိုပါ အသားပေး ဖော်ပြ လျက်ရှိသည်။

''ပြည်သူတွေ သိသင့်သိထိုက်တဲ့သတင်း၊ပြည်သူတွေကို အကျိုးပြုမဲ့သတင်းတွေကို ဖော်ပြနေ ပါတယ်။ နောက်ထပ် ထပ်ပြောင်း မယ့် သတင်းစာမှာ ပိုပြီး ပြည်သူ့အသံကို အဓိကထား ဖော်ပြ ရေးသားသွားမှာပါ။ အခုလိုအပ်တဲ့ သတင်းထောက်တွေ ပညာရှင် တွေကိုလဲ ထပ်ပြီးတော့ ခေါ်နေပါတယ်။'' ဟု မြို့တော်သတင်းစာမှ တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။

မြို့တော်သတင်းစာကို ၁၉၉၁ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး အနံ ၉ လက်မခွဲ၊ အလျားမှာ ၁၄ လက်မခွဲ၊ စာမျက်နှာပေါင်း ၁၂ မျက်နှာဖြင့် ရိုက်နှိပ် ထုတ်ဝေကာ ထုတ်ဝေစဉ်က တစ်စောင်လျှင် (၁၂)ကျပ်နှုန်းဖြင့် စတင် ဖြန့်ချီခဲ့သည်။

၂ဝ၁၁ ခုနှစ် နိုဝင်ဘာတွင် သတင်းစာကို အသွင်အပြင်ပုံသဏ္ဍာန်နှင့် အနှစ်သာရကို စတင် ပြောင်းလဲ ထုတ်ဝေခဲ့သည်။ ယခင် သတင်းစာ အဟောင်းထုတ်ဝေခဲ့စဉ်နှင့် မတူပဲ ယခုအခါတွင်အနံ ၁၁ လက်မ၊ အလျားမှာ ၁၅ လက်မ၊ စာမျက်နှာ ၁၆ မျက်နှာ ဖြင့် သတင်းစာအရွယ်အစားအား ကြီးလိုက်ပြီး စာမျက်နှာ (၄)မျက်နှာထပ်တိုးကာ တစ်စောင်လျှင် (၄ဝ)ကျပ်တို့ တိုးမြှင့်ခဲ့ ကြောင်း သိရှိရသည်။

Ref: မြစ်မခ

Read More...

အပေါ်သို့