Friday, January 28, 2011

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မြန်မာစစ်အစိုးရကို ဖိအားပေး

ဒေါ်လှလှသန်း
ကြာသပတေး, 27 ဇန်နဝါရီ 2011

ဂျီနီဗာမှာရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ UPR ခေါ် လူ့အခွင့်အရေး မှတ်တမ်းတွေကို သုံးသပ်တဲ့ ၉ ကြိမ်မြောက် ညီလာခံမှာ ဇန်န၀ါရီလ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ စိုးရိမ်မကင်း ဖြစ်မှုတွေကို လေ့လာသုံးသပ်ပြီး အကြံဉာဏ်တွေ ပေးခဲ့ကြပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြ ပေးထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ UPR ခေါ် လူ့အခွင့်အရေးမှတ်တမ်း ပြန်လည် သုံးသပ်တဲ့ ညီလာခံမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်း မှတ်ရာနဲ့ ပတ်သက်လို့ ခုခံကာကွယ် ပြောဆိုဖို့ မြန်မာ စစ်အစိုးရရဲ့ ကိုယ်စားလှယ် အဖွဲ့ကို ဒုတိယ ရှေ့နေချုပ် ဒေါက်တာ ဦးထွန်းရှိန် ခေါင်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ သူက မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေး ခံစားခွင့်ကို အာမခံချက် ပေးထားတယ်လို့ အခုလို တင်ပြသွားပါတယ်။

“ကျနော်တို့ ကိုယ်စားလှယ်အဖွဲ့ အနေနဲ့ ဒီညီလာခံမှာ တင်ပြဖို့ လာရောက်ခြင်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် အရ မြန်မာ နိုင်ငံသားတွေကို ပေးထားတဲ့ ရပိုင်ခွင့်တွေ အကြောင်း တင်ပြဖို့ ဖြစ်ပါတယ်။ အခြေခံ လူ့အခွင့်အရေး အပိုင်းဖြစ်တဲ့ အပိုင်း ၈ မှာ အခြေခံ လူ့အခွင့်အရေး မူတွေက တခြားနိုင်ငံတွေရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေနဲ့ တန်းတူ ပေးထားပါတယ်။ တရား ဥပဒေရေး အရလည်း ဘက်လိုက်မှုကင်းပြီး တရား မျှတမှုရှိဖို့ အာမခံချက် ပေးထားပါတယ်။”

ဂျီနီဗာ အခြေစိုက် မြန်မာစစ်အစိုးရရဲ့ အမြဲတမ်း ကိုယ်စားလှယ် ဦးဝဏ္ဏမောင်လွင် ကတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို အခြေခံပြီး ဒီမိုကရေစီ ဖော်ဆောင်ရာမှာ လမ်းပြမြေပုံရဲ့ အချက် ၆ ချက်ဖြစ်တဲ့ လွှတ်တော်သစ်ကို ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ ကျင်းပမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲရဲ့ တရားမျှတမှုနဲ့ လွတ်လပ်မှု ကိုလည်း သူက အခုလို တင်ပြသွားပါတယ်။

“စုစုပေါင်း လွှတ်တော်အမတ် ၃,၀၆၉ ယောက်တို့ဟာ နိုင်ငံရေးပါတီ ၃၇ ခုအပြင် တသီးပုဂ္ဂလ ထဲက ကိုယ်စားလှယ် တွေလည်း ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင် ခဲ့ကြပါတယ်။ ရွေးကောက်ပွဲမှာ မဲရုံတွေကိုသွားပြီး မဲပေး ခဲ့ကြပါတယ်။ မဲမပေးဖို့ အတွက် အုပ်စုတွေရဲ့ လှုပ်ရှားမှုတွေလည်း ရှိခဲ့ပေမဲ့ မဲပေးနိုင်သူ လူဦးရေရဲ့ ၇၅.၂၆% က မဲပေးခဲ့ကြပါတယ်။ ရွေးကောက်ပွဲရဲ့ ရလဒ်တွေကို ကြည့်ခြင်းအားဖြင့် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ မရှိခဲ့သလို အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုတွေလည်း မရှိခဲ့ပါဘူး။”

အမေရိကန် အထူးသံကိုယ်စားလှယ် မစ်စ် အိုင်လင်း ချမ်ဘာလိန် ဒိုနာဟိုး (Ms. Eileen Chamberlain Donahoe) ကတော့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဟာ လက်ခံနိုင်စရာ မရှိဘူးလို့ အခုလို တုံ့ပြန် သွားပါတယ်။

“နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ သိပ်ကို စိတ်ပျက် မိပါတယ်။ အဲဒီ ရွေးကောက်ပွဲ တွေဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိသလို နိုင်ငံတကာက ကန့်သတ်ထားတဲ့ စံနှုန်းတွေနဲ့လည်း မကိုက်ညီပါဘူး။ ရွေးကောက်ပွဲ ဖော်ဆောင်မှုဟာလည်း ချို့ယွင်းချက်တွေ လွန်ကဲနေပြီး အခြေခံ လူ့အခွင့်အရေး တွေလည်း ချုပ်ချယ် ကန့်သတ် ထားတာ ဖြစ်ပါတယ်။

“မြန်မာစစ်အစိုးရရဲ့ လက်ရှိ ခေါင်းဆောင်တွေ အာဏာတည်မြဲရေးကိုပဲ အာမခံချက် ရရှိအောင် လုပ်ဆောင် ပေးခဲ့တယ်လို့ မြင်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ယုံကြည်ကိုးစားမှု မရှိသလို ရွေးကောက်ပွဲ ဥပဒေ တွေဟာလည်း မတရားပါဘူး။ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ဗြောင်ကျကျပဲ ဘက်လိုက်တဲ့ အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေလည်း ပါဝင်ခွင့် မရခဲ့ကြပါဘူး။” လို့ မစ်စ် ဒိုနာဟိုးက ထောက်ပြသွားပါတယ်။

ဒါ့အပြင် မြန်မာစစ်အစိုးရကိုလည်း အကြံပေးရာမှာ နိုင်ငံရေး အကျဉ်းသားတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့၊ နိုင်ငံတကာ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို ချက်ချင်း ရပ်တန့်ဖို့နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားဝင်ပါတီ အဖြစ် အသိအမှတ် ပြုပြီး အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် NLD အပြင် တခြား တိုင်းရင်းသားတွေ၊ ဒီမိုကရေစီ အုပ်စုတွေနဲ့ ဖော်ဆောင်ဖို့လည်း အမေရိကန် ကိုယ်စားလှယ်က တိုက်တွန်း သွားပါတယ်။

ဗြိတိန်နိုင်ငံရဲ့ အထူးသံကိုယ်စားလှယ်ဖြစ်တဲ့ ပီတာ ဂွတ်ဒါဟမ် (Peter Gooderham) ကလည်း မြန်မာနိုင်ငံရဲ့ လူ့အခွင့် အရေး ချိုးဖောက်မှု တွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်း အခုလို ထုတ်ဖော် ပြောကြား သွားပါတယ်။

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့အတွက် စိုးရိမ်မကင်း ဖြစ်မှုတွေ၊ ဥပဒေမဲ့ မတရား ဖမ်းဆီးမှုတွေ၊ အတင်း အဓမ္မ ရွှေ့ပြောင်းခိုင်းမှုတွေ၊ ကလေးစစ်သား စုဆောင်းမှုတွေ၊ နိုင်ငံရေး အကျဉ်းသားတွေကို နှိပ်စက် ညှဉ်းပန်းမှုတွေ၊ တိုင်းရင်းသားတွေ အပေါ် နှိပ်ကွပ်မှုတွေနဲ့ ကရင် တိုင်းရင်းသားတွေ အပါအ၀င် တခြား တိုင်းရင်းသားတွေ အပေါ် စစ်တပ်က လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတွေကို ရပ်တန့်ပေးပါ။”

လက်ရှိ အာဆီယံ အသင်းကြီးရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားရဲ့ အထူးသံ မစ္စတာ အမ် အန်ရှော (Mr. M Anshor) ကတော့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးမှာ အုပ်စုအားလုံးတို့ ပါဝင်နိုင်ဖို့ တိုက်တွန်းခဲ့ပြီး လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ မြန်မာ စစ်အစိုးရကို အခုလို အကြံ ပေးသွားပါတယ်။

“လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့် အပါအ၀င် လွတ်လပ်တဲ့ သတင်း မီဒီယာတွေကို အာမခံချက် ရရှိဖို့ အတွက် ပြည်တွင်း ဥပဒေတွေကို ပြင်ဆင်ပေးပါ၊ လူ့အခွင့်အရေး အဖွဲ့ကို တသီး ပုဂ္ဂလတွေနဲ့ ဖွဲ့စည်းပြီး ယုံကြည် ကိုးစားမှု အဆင့် ရရှိအောင် မြှင့်တင်ပါ။ နိုင်ငံသားတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အခွင့်အရေးတွေ ခံစားခွင့်ရအောင် ဖော်ဆောင်ပါ။ အာဆီယံနဲ့ လူ့အခွင့်အရေး ကော်မရှင်နဲ့ ဆက်ဆံရေး မြှင့်တင်ပါ။”

မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အမြဲတမ်း ကာကွယ် ပြောဆိုနေတဲ့ တရုတ် နိုင်ငံကတော့ အနောက် နိုင်ငံက ချမှတ် ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ တိုက်တွန်းခဲ့ပြီး မြန်မာ စစ်အစိုးရကို ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အခုလို တိုက်တွန်း သွားပါတယ်။

“တရုတ်အစိုးရ အနေနဲ့ မြန်မာအစိုးရကို အကြံပေးလိုတာကတော့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လူ့အခွင့် အရေး ဆွေးနွေးပွဲတွေ၊ သင်တန်းတွေကို ကျင်းပ ပေးဖို့ ဆိုတာပါပဲ။”

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အဖွဲ့ဝင် ၄၇ နိုင်ငံတို့က အခုလို လူ့အခွင့်အရေး အခြေ အနေတွေကို အလှည့်ကျ သုံးသပ်တဲ့ စနစ်ကို ၂၀၀၆ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တွေကို အခုလို တင်ပြ ဆွေးနွေးခွင့် ရတဲ့ အတွက်ကြောင့်လည်း ဒီချိုးဖောက်မှုတွေ ရပ်တန့်ဖို့ မြန်မာ စစ်အစိုးရကို ကောင်စီ အဖွဲ့ဝင်တွေ အနေနဲ့ ဖိအားပေးခွင့် ရတာလည်း ဖြစ်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ရှုမြင်ကြပါတယ်။

Ref: VOA News

Read More...

တိုင်းနှင့် ပြည်နယ် လွှတ်တော်နေရာ မသိသေး

ကိုပေါက် |
ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၇ ရက် ၂၀၁၁။

နယူးဒေလီ (မဇ္ဈိမ) ။ ။ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အစည်းအဝေးများ ကျင်းပရန် ၄ ရက်သာ ကျန်ရှိချိန်တွင် မည်သည့် အဆောက်အအုံ၌ ပြုလုပ်မည်ကို ပါတီအချို့ ယခုတိုင် မသိသေးဘဲ ဖြစ်နေသည်။

ယခုလ ၃၁ ရက်နေ့တွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် အစည်းအဝေး များကိုပါ တပြိုင်တည်း ကျင်းပရန် ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော် အမတ်များကို ဖိတ်ကြားထား လင့်ကစား မည်သည့် နေရာ၌ ကျင်းပမည်ကို ဖိတ်စာထဲတွင် ဖော်ပြမထားဘဲ ယနေ့တိုင် မသိရသေးခြင်း ဖြစ်သည်။

“လွှတ်တော်ကျင်းပမယ့် နေရာတော့ ဖော်ပြမထားဘူး။ ပြည်ထောင်စု ရိပ်သာမှာပဲ တည်းလို့ရတယ် ဆိုတဲ့ အနေအထားပေါ့” ဟု ချင်းအမျိုးသား ပါတီ CNP မှ ဥက္ကဋ္ဌ ဦးဇိုဇမ် ခေါ် ဦးဇမ်ကျင်ပေက မဇ္ဈိမကို ပြောသည်။

ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီမှ အမျိုးသားလွှတ်တော်အမတ် ဦးခက်ထိနန် ကလည်း “အရင် ပြည်နယ် ရုံးကိုပဲ ခေါ်မယ်ထင်တယ်။ ကချင်ပြည်နယ် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီရုံးပေါ့။ အားလုံး စီစဉ်ထားမှာပါ။ ဒါပေမယ့် အဲဒီနေရာက ပြည်နယ် အစိုးရသစ်က ပြန်ထိုင်မယ့် နေရာပဲ။ လွှတ်တော်ရုံးကတော့ အခုမှ သူတို့ ဆောက်ဖို့ စီစဉ်နေတယ်” ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကို မုံရွာမြို့တွင် ကျင်းပမည်ဖြစ်ကာ၊ အဆောက်အအုံဆောက်ရန် မုံရွာနှင့် အလုံကြားမှ အိုးဖိုတောင် မြို့သစ်တွင် လူနေအိမ်ယာ သိမ်းယူမှုများ ရှိခဲ့ပြီး လက်ရှိ ကျင်းပမည့် နေရာကိုမူ အတိအကျ မသိသေးပါ။

“ဂေါက်ကွင်းနဲ့ မြစ်ကမ်းဘေးကြားမှာ ဆောက်နေဆဲဗျ။ လောလောဆယ် ခေါ်မယ်ဆိုရင်တော့ အရင် တိုင်းကောင်စီ ရုံးမှာပဲ ရှိမှာပဲ။ သိပ်တော့ အဆင် မပြေနိုင်ဘူး။ ကျယ်လှတယ် လို့တော့ မဟုတ်ဘူး။ မြို့တော် ခန်းမလည်း ဖြစ်လောက်တယ်။ အဲဒီနေရာကတော့ ဆံ့တယ်” ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ မြင့်ဝေက မဇ္ဈိမကို ပြောသည်။

ကယားပြည်နယ် လွှတ်တော်ကိုမူ လွိုင်ကော်မြို့တွင် ပြုလုပ်မည် ဖြစ်သော်လည်း နေရာ အသေအချာ မသိကြောင်းနှင့် ဤလွှတ်တော်တွင် ကြံ့ခိုင်ရေး ပါတီနှင့် တပ်မတော်သား ကိုယ်စားလှယ်များသာ ပါဝင်မည် ဖြစ်ကြောင်း ကယန်း အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးပေါလုချမ်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွက် ယခင် မဆလ ခေတ်ကကတည်းက အသုံးပြုခဲ့သည့် ပြည်သူ့ လွှတ်တော် အဆောက်အအုံ၌ပင် ကျင်းပသွားမည် ဖြစ်သည်။

ရခိုင်ပြည်နယ် လွှတ်တော်ကို စစ်တွေမြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပရန် စီစဉ်ထားပြီး မွန်ပြည်နယ်တွင် မော်လမြိုင် မြို့ရှိ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသွားမည်။

“(ပြည်နယ် ထွေ/အုပ်) ပယက ရုံးမှာပဲ လုပ်မှာပါ။ ဒီမှာ လွှတ်တော် အဆောက်အအုံ အသစ် ဆောက်တာကတော့ မကြားရ သေးဘူးခင်ဗျ။ တခြားမှ ရှိမှ မရှိတာ။ ဖိတ်စာတော့ ရထားပါတယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။ စည်ပင်ရုံးတွင် တည်းခိုရန် ဖိတ်စာတွင် ရေးထားသည်ဟု ဆိုသည်။

ရှမ်းပြည်နယ် လွှတ်တော်ကို တောင်ကြီးမြို့တွင် ကျင်းပမည်ဟု ရှမ်းအမျိုးသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

“ကျားခေါင်း အဆောက်အအုံမှာ လုပ်မယ်လို့ ကြားတယ်။ အဲဒီအဆောက်အအုံက ကြီးတယ်လေ။ အခု လောလောဆယ် အဲဒီမှာပဲ လုပ်မှာပဲ။ နောက်တော့ မပြောတတ်ဘူးခင်ဗျ။ သပ်သပ်လုပ်ရင် လုပ်မှာပေါ့” ဟု သူက ပြောသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အတွက် အဆောက်အအုံသစ်ကို နေပြည်တော်၌ ၂ဝဝ၇ ခုနှစ် ကတည်းက စတင် တည်ဆောက်ခဲ့ပြီး ယခုအခါ အဆင်သင့်ဖြစ်နေသော်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များအတွက် အသစ်ဆောက်လုပ်မှု မရှိသေးခြင်း ဖြစ်သည်။

၎င်းကိစ္စနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက “နေရာတွေသိမ်း၊ ဆိုင်တွေသိမ်း၊ လူနေတဲ့ အိမ်တန်းတွေ ဘာတွေ လုပ်နေတယ်။ နေရာရှိတာ၊ မရှိတာက ကိစ္စမရှိဘူး။ စစ်တပ်က သုံးနေတဲ့ စကားအတိုင်း ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်ဆိုတာပဲ” ဟု ပြောဆိုသည်။

ဦးနိုင်ငွေသိန်းက ယခုစီစဉ်ထားသည့် နေရာများမှာ လွှတ်တော်အစည်းအဝေး ကျင်းပရန် ကျဉ်းကျပ် နိုင်သော်လည်း အဆောက် အအုံမှာ ဒုတိယသာ ဖြစ်ပြီး၊ မူဝါဒဆိုင်ရာ သဘောထားများသာ ပထမ ဖြစ်ကြောင်း ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များမှာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပထမဦးဆုံး ခေါ်ယူ ကျင်းပခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

မင်းတြားကြီး သန်းရွှေနဲ့ နေပြည်တော် ခိုးသားများ အပိုင်း (၂)

Wednesday, 26 January 2011

ဥပဒေ အထက်မှာ ဘယ်သူမှ မရှိစေရဆိုတာ ယဉ်ကျေးတဲ့ လူအဖွဲ့ အစည်းတိုင်းရဲ့ပြဋ္ဌာန်းချက်ပါ။ ဒါပေမယ့် စစ်ထောက်လှမ်းရေးမှူး ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် အပါအ၀င် စစ်ထောက်လှမ်းရေး အဖွဲ့ဝင်တွေကို လာဘ်စားမှု၊ အာဏာ အလွဲသုံးစား လုပ်မှုတွေနဲ့ စွပ်စွဲလို့ ဖမ်းဆီးအပြီး တပ်မတော် ထိပ်တန်း ခေါင်းဆောင် နံပါတ် ၃ နေရာကို အရှင်မွေးတော့ နေချင်း ညချင်းကြီးကာ ရောက်လာသူ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း က ဒီစကားကို ပြောတော့ လူတွေက ကောက်ချက်ချကြတယ်။ “အပြောကတော့ ရွှေမန်း” တဲ့။ အခုလာမယ့် အစိုးရ အသစ်မှာလည်း သမ္မတလား၊ လွှတ်တော် ဥက္ကဋ္ဌလား။ ရှေ့တန်းက သတင်း ပြေးနေပါတယ်။ ဘာပဲဖြစ်ဖြစ် ပစ္စည်း ဥစ္စာ ပိုင်ဆိုင်မှုကတော့ အတိအလင်း ကြေညာရမှာပါ။ ကြေညာသည် ဆိုဦးတော့ အပြော လောက်နဲ့တင် မပြီးပါ။ မှတ်ကျောက် အတင် ခံဖို့တော့ လိုပါတယ်။ အခုထက်ထိတော့ သူရ ဦးရွှေမန်းကို အက ကတော့ ချိုမိုင်မိုင် လောက်ပဲလို့ ပြောဆို သံတွေသာ ဆူညံနေရဲ့။


သူရ ဦးရွှေမန်း (ဗိုလ်ချုပ်ကြီးဟောင်း)

၁၉၆၉ ခုနှစ် DSA အပါတ်စဉ် ၁၁ က ဆင်းတဲ့ သူရ ဦးရွှေမန်းဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ကြီးကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းတုန်းက ဗိုလ်မှူး အဆင့်ပဲ ရှိပါသေးတယ်။ ၁၉၈၉ ခုနှစ်မှာတော့ ကရင် သူပုန်တွေကို တိုက်ရာမှာ အစွမ်း ပြနိုင်ခဲ့လို့ သူရ ဘွဲ့တံဆိပ်ကို ရခဲ့ပြီး ဗိုလ်မှူးကြီး အဆင့်အထိ ရာထူး ဆက်တိုက် တိုးမြှင့်ခံခဲ့ရတယ်။ ၁၉၉၁ မှာ တပ်မ ၆၆ ရဲ့ ဗျူဟာမှူး၊ ၁၉၉၆ ခုနှစ် မှာ ဗိုလ်မှူးချုပ် အဆင့် တိုးမြှင့်ခံရပြီး ရန်ကုန် လုံခြုံရေးကို တာဝန်ယူတဲ့ တပ်မ ၁၁ ရဲ့ တပ်မမှူး ဖြစ်လာတယ်။ နောက်တနှစ် အကြာ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ အနောက်တောင်တိုင်း တိုင်းမှူး ဖြစ်လာပြီး နအဖ စစ်ကောင်စီရဲ့ ယာယီ အဖွဲ့ဝင် ဖြစ်လာတယ်။ ၂၀၀၀ ပြည့်နှစ် မှာတော့ ဗိုလ်ချုပ် အဖြစ် ရာထူး တိုးမြှင့်ခံရပြီး စစ်ကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ဖြစ်လာတော့တယ်။

အထက်အမိန့်ကို တသဝေမတိမ်း လိုက်နာပြီး အောင်မြင်အောင် အကောင်အထည် ဖော်ပေးတတ်တဲ့ သူရ ဦးရွှေမန်းကို ဗိုလ်ချုပ်မှူးကြီးက မျက်စိ ကျသလို ဇနီးဖြစ်တဲ့ ဒေါ်ခင်လေးသက် ကလည်း ဒေါ်ကြိုင်ကြိုင်ကို အောက်သက်ကြေအောင် ပြုစု တတ်တော့ အရှင် မွေးတော့ နေ့ချင်း ကြီးတော့တာပါပဲ။ ဒေါ်ခင်လေးသက် အောက်သက် ကြေပုံကတော့ ဗိုလ်ချုပ်မှူးကြီး မြေးအစဉ် အဆက်ကို ထိန်းပေး ခဲ့သလို၊ သမီးတွေရဲ့ ဝေယျာဝစ္စတွေနဲ့ အိမ်မှု ကိစ္စတွေကို မျက်နှာအောက်ချ လုပ်ပေးခဲ့တယ်လို့ အတွင်းသိ တချို့ကတော့ ပြောကြတယ်။

တကယ်တော့ ဒီလိုအလုပ်မျိုးတွေဆိုတာ တပ်မှာ ဒေါ်ခင်လေးသက် အဆင့်နဲ့ လုပ်စရာ မလိုတဲ့ ကိစ္စတွေပါ။ ဒါပေမယ်လည်း ယောက်ျား တက်လမ်း၊ ဘ၀ တက်လမ်း အတွက် မောင်တထမ်း မယ်တရွက် ဆိုသလို အစွမ်းကုန် စွမ်းဆောင် ခဲ့တယ်လို့ ဆိုရမှာပါ။

နောက်ဆုံးတော့ ဗိုလ်ချုပ် ရွှေမန်းဟာ ကာကွယ်ရေး ၀န်ကြီးဌာနမှာ တာဝန် ချထားခြင်း ခံရပြီး တပ်မတော် သမိုင်းမှာ တခါမှ မရှိဘူး သေးတဲ့ ရာထူးအသစ် တပ်မတော်ညှိနှိုင်း ကွပ်ကဲရေးမှူး အဖြစ် ခန့်ထားခြင်း ခံရပါတယ်။ လုပ်ပိုင်ခွင့် ဘယ်ရွေ့ဘယ်မျှ ရှိတယ် ဆို တာ တိတိကျကျ မသိရပေမယ့် ဗိုလ်ချုပ်မှူးကြီး နဲ့ ဒု ဗိုလ်ချုပ်မှူးကြီး တို့ရဲ့ အမိန့်တွေကို အကောင်အထည်ဖော် ကြီးကြပ်ရတယ်လို့ ကာကွယ်ရေး ၀န်ကြီးဌာန အသိုင်းအ၀ိုင်းက ဆိုကြတယ်။ ဒါပေမယ့် တပ်ထဲမှာတော့ သူ့ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လူလို့ အားလုံး က သိကြတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း ဦးရွှေမန်းကို ဘယ်လောက်အထိ ယုံသလဲဆိုတော့ တပ်အပေါ် သြဇာအရှိဆုံး တယောက် ဖြစ် တဲ့ စစ်တပ်ကို ပိုက်ဆံ ရှာပေးနေရတဲ့ ဦးပိုင်လီမိတက် ဥက္ကဋ္ဌ ဟောင်းလည်းဖြစ် စစ်ထောက်ချုပ် ဟောင်းလည်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တင်အေးနဲ့ တွဲပြီး၂၀၀၈ မှာ စစ်လက်နက်ပစ္စည်း ၀ယ်ယူဖို့ မြောက်ကိုရီးယားကို စေလွှတ်ခြင်း ခံခဲ့ရတယ်။

ဗိုလ်ချုပ်ကြီး ရွှေမန်းကလည်း တပ်အသိုင်းအ၀န်း အတွင်းမှာ လူရှိန်အောင် စမတ်ကျကျ နေတတ်တယ်၊ အနေအထိုင် ဟော့ဟော့ ရမ်းရမ်းမရှိ၊ အသောက်အစားကလည်း လူကြီး လူကောင်း ဆန်ဆန်။ တပ်ထဲမှာဆိုရင် တခြားဗိုက်ပူ ဗိုလ်ချုပ်တွေနဲ့ မတူဘဲ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းနဲ့ သူ့ကို စမတ်ကျတယ်ဆိုပြီး အမှတ်ပေးကြတယ်။ ဘယ်လောက်တောင် စမတ်ကျသလဲ ဆိုရင် တခြား ဗိုလ်ချုပ်တွေလို မိန်းမ ကြိုက်တတ် တာကိုတောင် သူ့ဆရာ ဗိုလ်ချုပ်မှူးကြီး မသိဘူးလို့ ပြောရမယ်။

စစ်သား စစ်ဗိုလ်ဆိုတာ မိန်းမကိစ္စနဲ့ မကင်းတာ ဓမ္မတာပါပဲ၊ ဒါပေမယ့် သူ့ရှေ့က မျိုးချစ် ဗိုလ်ချုပ်ကြီးတွေနဲ့ မတူတာကတော့ သူရ ဦးရွှေမန်း က နိုင်ငံတကာ အမြင် ပိုရှိတယ်လို့ ဆိုရမယ်။ နီးစပ်သူတွေရဲ့ အဆိုအရတော့ ဦးရွှေမန်းဟာ ပြည်တွင်း ဖြစ်ထက် ထိုင်းနဲ့ အနောက်တိုင်း သူတွေကိုမှ ပိုပြီး အာသီသ ရှိသတဲ့၊ ဆက်သွယ်ရေး လမ်းကြောင်းကတော့ သူ့သား အောင်သက်မန်းရဲ့ ဆရာ ဦးတေဇ ပါပဲ၊ အဲပုဂံ နဲ့ ဘန်ကောက်က သွားပင့်လာပြီး ရန်ကုန်က ထိပ်တန်း ဟိုတယ်ကြီးတွေမှာ ပျော်ပါးသတဲ့။

ပြည်တွင်းရေးမှာလည်း ကျယ်ပြန့်တဲ့ အမြင်ရှိပါတယ်၊ အထူးသဖြင့် ဆန်စပါး စိုက်ပျိုးရေးနဲ့ နိုင်ငံခြားတင်ပို့ရေး ကဏ္ဍတွေမှာ ခေတ် မီ ဖွံ့ဖြိုးလာအောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် နိုင်ငံ စီးပွားထက် စာရင် မိသားစု အကျိုးစီးပွားက ပိုများနေမလားပဲ။ တကယ်တမ်း လည်း သူရဦးရွှေမန်း အနောက်တောင် တိုင်းမှူး ဖြစ်စဉ် တုန်းကတည်းက သားကြီး သြရသ အောင်သက်မန်းရဲ့ ဧရာရွှေဝါ ကုမ္ပဏီ ဟာ ဧရာဝတီတိုင်း တတိုင်းလုံးအတွက် မြေသြဇာ ရောင်းချခွင့် လိုင်စင်ကို တဦးတည်းပိုင် အဖြစ်နဲ့ ၀င်ငွေလမ်း ဖြောင့်ခဲ့တယ်။ ၂၀၀၁ ခုနှစ်မှာ လယ်ဧက သုံးသောင်းကျော်ကို ကုမ္ပဏီပိုင် လုပ်ခဲ့လို့ လယ်သမားတချို့ အလုပ်လက်မဲ့ ဖြစ်ခဲ့တယ်။၂၀၀၃ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ရာထူး လက်ခံအပြီး ၂ နှစ်အကြာ ၂၀၀၅ မှာ ဧရာရွှေဝါဟာ စင်ကာပူနဲ့ ဘင်္ဂလား ဒေရှ့်ကို ဆန်တင်ပို့ ရောင်းချခွင့် လိုင်စင် ရခဲ့ပါတယ်။ ဒါဟာ ပုဂ္ဂလိက ကုမ္ပဏီကို ဆန် ပြည်ပတင်ပို့ခွင့် ပထမဦးဆုံး ခွင့်ပြုခဲ့ခြင်းပါ။

အောင်သက်မန်းရဲ့ ဧရာရွှေဝါကုမ္ပဏီဟာ ၁၉၉၇ ကတည်းက ဦးတေဇရဲ့ထူး ကုမ္ပဏီနဲ့ ပူးပေါင်းခဲ့ပြီး အခု အချိန်မှာတော့ စားအုန်း ဆီ၊ ဓာတ်မြေသြဇာနဲ့ လယ်ယာ လုပ်ငန်းသုံး စက်ကိရိယာများနဲ့ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ တင်သွင်းခြင်း၊ ရွှေတူးဖော်ရေး လုပ်ငန်း၊ ဆန်၊ ပဲ၊ သစ်၊ ငါး ပုစွန် စတဲ့ ပစ္စည်းတွေကို တင်ပို့ရေးအပြင် လောင်စာဆီ တင်သွင်း ရောင်းဝယ်ခြင်း လုပ်ငန်း တွေကို လုပ်ကိုင် နေပါပြီ။ နီးစပ်သူ တယောက်ကတော့ “လက်နက်ကလွဲရင် အကုန်လုပ်တယ်”လို့ ပြောပါတယ်။

မိုးကုတ်နဲ့ ဖားကန့်မှာလည်း ကျောက်တူးဖော်ရေး လုပ်ငန်းတွေ အကြီးအကျယ် လုပ်နေပြီး ရန်ကုန်မှာလည်း မြေကွက် အမြောက် အမြား ပိုင်ထားတယ်။ ဘန်ကောက်၊ မလေးရှား၊ စင်ကာပူနဲ့ သြစတြေးလျမှာ ကွန်ဒိုတွေ ၀ယ်ထားပြီး အမေရိကန်ရဲ့ ဆန်ရှင်ကို ရှောင်ဖို့ မလေးရှားနဲ့ ထိုင်းက ဘဏ်တွေမှာ ငွေစာရင်း ဖွင့်ထားတယ်လို့ အတွင်းသိတွေက ဆိုတယ်။

တပ်ထဲမှာ ဆက်ရှိနေတဲ့ သူရ ဦးရွှေမန်းရဲ့သားငယ် တိုးနိုင်မန်း ကလည်း စီးပွားရေး အသိုင်းအ၀န်းနဲ့ အဆက် အသွယ် ကောင်းကောင်း ရှိတယ်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ ချမ်းသာ ကြွယ်ဝနေတဲ့ ဇေကမ္ဘာ ဦးခင်ရွှေရဲ့ သမီးနဲ့ ထိမ်းမြား ထားတာ မဟုတ်လား။ ကြားရတဲ့ သတင်းတွေအရ နာမည်ကြီး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ Red Link နဲ့ ဖျော်ဖြေရေး ရေဒီယို ချယ်ရီ FM ဟာ တိုးနိုင်မန်း ပိုင်တယ်လို့ သိရတယ်။

လက်ရှိ စစ်ဗိုလ်ချုပ်တွေရဲ့ ပုဂ္ဂလိက ပိုင်ပြုရေး၊ နိုင်ငံ စီးပွား စီမံခန့်ခွဲမှုကို လူတွေက ခနဲ့ကြတယ်။ “အဖေနှင့် သားများ ကုမ္ပဏီ” တွေ ကြီးစိုးတဲ့ ခေတ်တဲ့။ အာဏာရှိတဲ့ အဖေတွေက သားသမီးတွေကို ကုမ္ပဏီ ထောင်ခိုင်းပြီး လုပ်ပိုင်ခွင့် လိုင်စင်တွေ ဖောဖောသီသီ ချပေးမှတော့ ဒီမိသားစုတွေမှ မကြီးပွားရင် ဘယ်သူ ကြီးပွားတော့မှာတုန်းတဲ့။

လတ်တလောပြီးဆုံးသွားပြီဖြစ်တဲ့ နအဖ စစ်ကောင်စီရဲ့ အစည်းအဝေးက ထွက်လာတဲ့ သတင်းအရ သူရ ဦးရွှေမန်း လွှတ်တော် ဥက္ကဋ္ဌ တာဝန် ယူရမယ်လို့ ဆိုတယ်။ လွှတ်တော် ဥက္ကဋ္ဌ ကြီး အနေနဲ့ တကယ်လို့များ ပိုင်ဆိုင်မှု စာရင်းကို ကြေညာတဲ့အခါ “ကျနော့် သားတွေ ပိုင်တာ ကျနော်ပိုင်တာ မဟုတ်ဘူး”လို့ အရူးကွက် နင်းမှာကိုတော့ ကြိုသိနေပါကြောင်း။ ။

နောက်လာမယ့် အပိုင်း (၃) မှာ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီးဟောင်း သီဟ သူရ တင်အောင်မြင့်ဦး အကြောင်း တင်ပြ ပါဦးမယ်။ စောင့်မျှော် အားပေးကြပါကုန်။


Ref: ဧရာဝတီ်

Read More...

ဝန်ကြီးများ ရာထူးမှမထွက်ဘဲ လွှတ်တော်တက်မည်

ခင်ဦးသာ
Thursday, 27 January 2011 ။

စစ်အစိုးရအဖွဲ့၌ လက်ရှိတာဝန် ထမ်းဆောင် နေကြသော အစိုးရ အဖွဲ့ဝန်ကြီးများသည် လက်ရှိ ရာထူးများကို မနုတ်ထွက်ဘဲ လွှတ်တော် တက်ကြမည်ဟု သိရသည်။

“ရက်က နီးကပ်နေပြီဆိုတော့ ဒီအတိုင်းပဲ လွှတ်တော်တက်ကြမှာပါ။ လာမယ့် အစိုးရ သစ်အတွက်တော့ ဖွဲ့စည်းပုံ အတိုင်းပဲ သွားမှာပါ” ဟု ကြံ့ဖွံ့ပါတီ၏ လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် ဇေကမ္ဘာ ဦးခင်ရွှေက ဧရာဝတီကို ပြောသည်။

ဦးခင်ရွှေသည် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်သည့်အပြင် လာမည့် အစိုးရသစ် အတွက် သမ္မတ ရာထူးနေရာ တစ်ပြေးနေသော စစ်အစိုးရ၏ နံပါတ် ၃ အဆင့် ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနှင့် ခမည်းခမက် တော်စပ် သူလည်းဖြစ်သည်။

လွှတ်တော်မတိုင်မီ လက်ရှိဝန်ကြီးများအားလုံးသည် ရာထူးများစွန့်လွှတ်၍ လွှတ်တော် တက်မည်ဟု သတင်းများ ထွက်ပေါ်နေပြီး ကြားဖြတ် အစိုးရသစ် တရပ် ပေါ်လာမည်ဟုလည်း အတည် မပြုနိုင်သော သတင်းများ ထွက်နေသည်။

သို့ရာတွင် ဦးခင်ရွှေက “လတ်တလောမှာတော့ ကြားဖြတ်အစိုးရ ပေါ်မယ့် အသံမကြားသေးပါဘူး” ဟု ဆိုသည်။

နှစ်ပေါင်း ၂၂ နှစ်တာ ကာလအတွင်း ပထဆုံး ခေါ်ယူမည့် လွှတ်တော်အား ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ပြီး အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေးများကို နေပြည်တော်၌ ကျင်းပမည် ဖြစ်သည်။

လာမည့် အစိုးရသစ်တွင် သူရဦးရွှေမန်းသည် သမ္မတ ရာထူး တစ်ပြေးနေသကဲ့သို့ စီးပွားရေး လုပ်ငန်းရှင်များထဲမှ ဦးခင်ရွှေ သည်လည်း ဒုတိယ သမ္မတ တဦးအဖြစ် သတင်းများထွက်ပေါ် နေခြင်းအပေါ် ဦးခင်ရွှေက “ဒါတွေက နိုင်ငံတော်က လုပ်ဆောင်ရမယ့် ကိစ္စတွေပါ။ ကျနော်က စီးပွားရေးသမား ဆိုတော့ ဒီရာထူးတွေထက် စီးပွားရေးကိုပဲ ပိုပြီး စိတ်ဝင်စား ပါတယ်” ဟု ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ လွှတ်တော်မတိုင်မီ နောက်ဆုံးအစည်း အဝေးကို နေပြည်တော်၌ မနက်ဖြန်တွင် ကျင်းပမည်ဟု သိရသည်။

ထိုအစည်းအဝေးမှ လွှတ်တော်အတွက် တာဝန်ယူမည့် ရာထူးများ၊ အစိုးရသစ်အတွက် တာဝန်များကို ရွေးချယ်မည် ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

သို့ရာတွင် ကြံ့ဖွံ့ပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေက “ပါတီရဲ့ အစည်းအဝေးက ရှေ့လုပ်ငန်းစဉ် တွေကို ဆွေးနွေး ကြမှာပါ။ ကျနော်လည်း သေသေချာချာ တော့မသိသေးဘူး” ဟု ဆိုသည်။

ကြံ့ဖွံ့ပါတီ၏ အစည်းအဝေးသို့ ရွေးကောက်ခံ ပါတီဝင်ကိုယ်စားလှယ် အားလုံး တက်ရောက်ကြမည် ဟု သိရသည်။

ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် လွှတ်တော်တက်ရမည့် ကိုယ်စားလှယ်များသည် ယနေ့မှစ၍ ၂၉ ရက်နေ့ အထိ နေပြည်တော်သို့ ရောက်ရှိ သတင်း ပို့ပေးရမည် ဖြစ်ပြီး ပြည်နယ်နှင့်တိုင်း အလိုက် သတ်မှတ်ချိန် အတိအကျ သတင်းပို့ရမည်ဟု ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များကို သက်ဆိုင်ရာ ဒေသ မြို့တော်များ၌ ကျင်းပမည် ဖြစ်သည်။

နေပြည်တော်ရှိ လွှတ်တော် အစည်းအဝေးများတွင် ဒုတိယ သမ္မတ ၃ ဦးအဖြစ် စစ်တပ် ကိုယ်စားလှယ် တဦး၊ ရွေးကောက်ခံ အရပ်သားများ ထဲမှ ၂ ဦးတို့ကို ရွေးချယ်ကြမည်ဖြစ်ပြီး လွှတ်တော်၏ သဘာပတိ၊ ဥက္ကဋ္ဌ ရာထူးများကိုလည်း ရွေးချယ်ကြမည် ဟု ဦးခင်ရွှေကပြောသည်။

ဒုတိယ သမ္မတ ၃ ဦးထဲမှ တဦးအား သမ္မတ အဖြစ် တင်မြှောက်ရမည်ဖြစ်ပြီး သမ္မတသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးအမြင် ရှိရမည် ဟု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ဆိုထားသည်။


Ref: မဇ္ဈိမ

Read More...

Thursday, January 27, 2011

Uncensored Burma - Daily News ( 2011 Jan 25)

Uncensored Burma

Read More...

ယခင်ဦးပိုင် ယခုမောင်ပိုင် အကြောင်း တစေ့တစောင်း...

Wednesday, January 26, 2011


မြန်မာ့စီးပွားရေး လုပ်ငန်းတွေကို လက်ဝါးကြီး အုပ်ထားတဲ့ ဦးပိုင်ရဲ့ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး တင်အေးရဲ့ ချမ်းသာသမျှ ဆိုပြီး GRW မှ အတွင်းသိ ပေးပို့လာတာကို အားလုံးသိအောင် ဖော်ပြ လိုက်ရပါတယ်...

ကိုဒီမို ဘလော့(ဂ်)မှာ ဦးပိုင်အကြောင်းပါလို့ ဦးပိုင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အေး အကြောင်းနဲ့ အောက်ခြေ စစ်သည်တွေရဲ့ ဘဝတွေ အကြောင်း ရေးသား ပေးပို့ လိုက်ရပါတယ်။ ဦးပိုင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အေးလောက် မပြောနဲ ဦးပိုင်က အစွယ် အပွားတွေတောင် ချမ်းသာတာ။ ဦးတင်အေးအိမ်မှာ သူတို့ လက်ထဲမှာ သိန်း ၃ သောင်း အထက်ရှိတယ်။ တစ်နေ့ တစ်သိန်း သုံးတယ်ထား တစ်နှစ် သိန်း ၃၆၀နဲ့ နှစ်တစ်ရာကျော် ထိုင်စားလို့ရတယ်..။ သိန်း ၃ သောင်းကျော်နော် စဉ်းစားသာကြည့် သူတို့ကို နိုင်ငံတော်က ပေးထားတဲ့ ကားတင်ပဲ သိန်း၂ ထောင်ကျော် တန်တယ်..။ သူတို့ စီးဖို့ပေါ့နော် အဲ့လိုမျိုး လိုင်စင်ဆို သူတို့ပဲရတာ။ လန်ခရုဆာလို အဖြူတွေ. ဦးတင်အေးက သား၂ ယောက် သမီးတစ်ယောက်လေ...။ မိန်းမနာမည်က ဒေါ်ကြည်ကြည်အုန်း ..။ သားအငယ် ဥက္ကာအေးက အရင်တိုင်မှုး PSO ခု တော့ ဗိုလ်မှုးပေါ့..။ နောက်အကိုကြီးက ဇော်မင်းအေး သူလည်း စီးပွားရေးသမားပဲ..။ ဒါပေမယ့် နာမည် မထွက်ဘူး ရွှေမန်းသားတွေ လိုတော့...။ အဲ့တော့ တွက်ကြည့်ပေါ့..။ .. ကား၊ စိန်၊ အိမ်.. သိန်း ၃ သောင်း အထက်ရှိတယ်။ ဦးတင်အေးတို့ အဆင့်ဆိုရင်... နှစ်တရာ စားမကုန်ဘူး.. အခုခေတ် အလုပ်လုပ်တဲ့ သာမန် သူဋ္ဌေးတွေတောင် သိန်းကို ထောင်ဂဏန်းတော့ ရှိတယ်လေ။ နည်းနည်း ပိုချမ်းသာရင် သောင်းဂဏန်းရှိမယ်..။ သူတို့က အလကားရတဲ့ ငွေတွေက သိန်းကို သိန်းချင်း ထပ်နေတာ..။

အိမ်ကနေ စတွက်ကြည့်ရအောင် ဦးတင်အေးတို့နေတဲ့ ရန်ကုန်က မီးမပြတ်တဲ့ ဗိုလ်ချုပ်ရွာ အကျယ် ပေ ၁၀၀ ပတ်လည်.. အိမ်တွေရဲ့ ဈေးက သိန်း ၅ထောင် လောက်တော့ ရှိတယ်။ ကဲ ကား တွက်ကြည့်ရအောင် နိုင်ငံတော်က ပေးထားတဲ့ လောလောဆယ် ပြန်ရောင်းလို့တော့ မရတဲ့ လန်ခရုဆာလို အဖြူကားက အနည်းဆုံး သိန်း ၂၀၀၀ နီးပါးရှိတယ်..။ သူတို့ အိမ်မှာရှိတဲ့ ကားတွေ ကြည့်ရအောင် ဇူဇူကီးလေ. လက်ရှိ အနည်းဆုံး ၂၀၀ နဲ့ တွက် အိမ်တိုင်း ရှိတယ်။ ဗိုလ်ချုပ် အဆင့်တွေရတဲ့ ပရာဒို သိန်း ၂ ထောင်နဲ့တွက် ဆလွန်း အကောင်းစား သိန်း ၁ ထောင်တန် ရှိတယ်။ အနည်းဆုံး ၄ စီးနဲ့ တွက်လိုက်တယ်.......။ နေ့စဉ် အန်တီကြီးတွေ ၀တ်သော အရာများ နားကပ် သိန်း ၄၀၀ လက်စွပ် သိန်း ၂၀၀ ဆွဲသီး သိန်း ၇၀ လက်ကောက် သိန်း ၅၀ ဒါနေ့စဉ် ၀တ်တာကို တွက်ပြတာနော်...။ ဒါလက်ရှိ မြင်ရတာကို တွက်ပြတာ..။ မမြင်ရတဲ့ အတွင်းပစ္စည်း ဘယ်လောက်ရှိမယ် ဆိုတာ စဉ်းစားကြည့်..။

ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ညွန့်တင်ကို ဖမ်းတုန်းက ရွှေချောင်းတွေ ဒေါ်လာတွေ ဖမ်းမိတာ အားလုံး အသိပဲလေ..။ လက်ရှိ နအဖ ခေတ်မှာ သာမန် စီးပွားရေး လုပ်နေပါပီ ဆိုတဲ့ ကားစီးနေတဲ့ သူဌေး တစ်ယောက်မှာ သိန်း ၁ ထောင်နဲ့ပဲ တွက်ပြီး သူတို့မှာ ရှိတာတွေကို တွက်ကြည့်တာလေ...။ သူရရွှေမန်းတို့ ဆိုရင်တော့ သိန်းကို သိန်းချင်း ထပ်နေတာ..။ ဗိုလ်ချုပ်ကြီးတွေ ချမ်းသာတာကို ကြည့်ပြီး ဗိုလ်ချုပ်တွေရော ဗိုလ်မှူးချုပ်တွေ၊ ဗိုလ်မှူးကြီးတွေပါ ချမ်းသာချင်ပြန်ရော.. အဲ့တော့ ၀န်ထမ်းတွေထဲက ပေးနိုင်သူကို နေရာပေးရော..။ စားရတဲ့ နေရာပေးတော့ မတရားတာ လုပ်ရော ..၀န်ကြီးဌာနတွေမှာ ၀န်ကြီးထက် ဒုဝန်ကြီးတွေ ကပိုဆိုးတယ်။ အဲ့ဒီတော့ ဘယ်လိုလုပ် ကောင်းတော့မလည်း ဒီနိုင်ငံ။

ကဲမြင်သလောက် ပြောကြရအောင် ပြီးခဲတဲ့နှစ် တောင်ကြီး သင်္ကြန်မှာ အရှေ့ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်း မဏ္ဍပ်က အစည်ဆုံးပေါ့ ..။ ရန်ကုန်က အဆိုတော်တွေ နဲ့ စည်လို့ ကားလို့ အဆိုတော်တွေ အလကားတော့ မဆိုကြပါဘူး...။ အာဇာနည် ၃ ရက် သိန်း ၁၀၀ နီးပါး ရှင်းရတယ်..။ ၃ရက်ကို သိန်း (၃၀) နီးပါး အဆိုတော် တွေလည်းပါတယ်..။ တောင်ကြီးလို နေရာမှာ သကြီန် အတွက်ကို သိန်း ၅၀၀ ကနေ ၁၀၀၀ အတွင်း သုံးတယ်.။ ဘယ်က ပိုက်ဆံလည်း အဲ့ဒါ ...စပွန်ဆာတွေ ဆီက ဆိုရင် လည်း စပွန်ဆာဘ ယ်သူက အလကား ပေးမလည်း။ ခုထိ တောင်ကြီးဘက်မှာ သစ်ခိုးထုတ်တဲ့ လမ်းတွေ ဘိန်းလမ်းကြောင်းတွေက ရှိနေတုန်းပဲ။

ကဲ အဲ့လို့ ပိုက်ဆံတွေ အကုန်ခံပြီး ပျော်ပွဲရွှင်ပွဲတွေကို စစ်တပ်ထဲမှာ ဖိနပ် တောင် သားသမီးကို မဆင်နိုင်တဲ့ စစ်သားတွေ မိသားစုတွေ.... ဆေးကုဖို့ မရှိလို့ ကင်ဆာနဲ့ ဆုံးကြတဲ့ မိသားစုတွေ၊ ကျောင်းမတတ်နိုင်လို့ ကျောင်းထွက် ထင်းခွေရတဲ့ သူတွေဟာ သူတို့ အတွက် လိုအပ်ချက်တွေ အများအတွက် .. လိုအပ်တာတွေ မသုံးပဲ တပျော်တပါး မလိုအပ်တဲ့ နေရာမှာ သုံးနေကြတာ နားမလည်နိုင်ဘူး။ စစ်သားမိန်းမတွေ မလောက်ငှလို့ ညဘက်ထွက် ညဥ့်ငှက် လုပ်နေကြသူတွေ အများကြီးပဲ။ တစ်ခါက တပ်ထဲကို စာရင်းစစ် လာမယ်ပြောလို့ စာရင်းစစ်တွေ အတွက် လိုအပ်ရင် ကျွန်မတို့ကိုပဲ ခေါ်ပါလို့ ပေါ်တင်ပြောတဲ့ စစ်သား မိန်းမလေး တွေကို မြင်ဘူးလို့ပါ..။

ဒါကလောလောဆယ် သိသမျှ ပါးပါးလေး ရေးသားလိုက်တာပါ..။ ဒီထက် ဆိုးတာတွေ အများကြီး ရှိပါသေးတယ်..။ အခုမကြာခင် တရားမဝင် စားနေတာကနေ နောက်တစ်ပတ်လောက် ကြာရင် တရားဝင် ဥပဒေနဲ့ စားနိုင်တော့မယ်လေ..။ လွှတ်တော်ထဲ ၁၀ ရာခိုင်နှုန်းတောင် မပြည့်ချင်တဲ့ အတိုက်အခံတွေလည်း ပြည်သူ့ အတွက်ပဲ ဖြစ်လာမလား ကိုဒီမိုရေးသလို အများလို အနည်းစားခြေပဲ ဖြစ်ပြီး အလိုတူ အလိုပါ ကြံရာပါတွေပဲ ဖြစ်မလား ဆိုတာ အားလုံး စောင့်ကြည့်ကြတာပေါ့ ကိုဒီမိုရေ... နောက်အချိန်ရရင် ထပ်ပြီးပို့ပေး လိုက်ပါဦးမယ်..။

လေးစားစွာဖြင့်

GRW အတွင်းသိ...။

Ref: ဒီမိုဝေယံ

Read More...

လူ့အခွင့်အရေး ချိုးဖောက်မှု တိုးပေမဲ့ မြန်မာလူထု နိုးကြားမှု ပိုရှိလာ

ဦးသားညွန့်ဦး
ဗုဒ္ဓဟူး, 26 ဇန်နဝါရီ 2011 ။

မြန်မာနိုင်ငံမှာ အမျိုးသား လူ့အခွင့်အရေး ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့တာ ၁၀ နှစ် ကျော်ခဲ့ပေမဲ့ မြန်မာနိုင်ငံတွင်း လူ့ အခွင့်အရေး ချိုးဖောက် မှုတွေဟာ အရင်ကထက် ပိုဆိုးဝါး လာနေတယ်လို့ မြန်မာ့အရေး၊ လူ့အခွင့်အရေး လှုပ်ရှား သူတွေက တုံ့ပြန်ပါတယ်။ ဒါပေမဲ့ တဘက်မှာတော့ မြန်မာ လူထု အကြားမှာ လူ့အခွင့်အရေး နိုးကြားမှု အရင်ထက် ပိုလာတယ်လို့ သုံးသပ်ပါတယ်။ အခု ဇန်န၀ါရီလ ၂၇ ရက်နေ့ ဂျီနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာ့ လူ့အခွင့်အရေး အခြေအနေကို နိုင်ငံတကာက ပထမဆုံး သုံးသပ်တဲ့ UPR အစည်းအဝေး ကျင်းပမှာဖြစ်လို့ မြန်မာ စစ်အစိုးရ ဘက်ကရော လူ့အခွင့်အရေး လှုပ်ရှား သူတွေကပါ ဒီအတွက် ကြိုတင် အစီရင်ခံစာတွေ တင်သွင်း ခဲ့ကြပါတယ်။ အသေးစိတ်ကို ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။

လူ့အခွင့်အရေးကောင်စီ ဖွဲ့စည်းပြီးနောက် လုပ်ထုံးလုပ်နည်းသစ်အရ တနိုင်ငံချင်း လူ့အခွင့်အရေး အခြေအနေ တွေကို သုံးသပ် ဆွေးနွေး ကြရာမှာ အခုလာမယ့် ဇန်န၀ါရီ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံ အတွက် ပထမဆုံး အကြိမ် အလှည့် ကျပါတယ်။ နိုင်ငံ ကိုယ်စားလှယ် အသီးသီးက မြန်မာ့ လူ့အခွင့်အရေး အခြေအနေကို မြန်မာ ကိုယ်စားလှယ်ကို ၀ိုင်းဝန်းမေးမြန်း အကြံပြုကြမှာ ဖြစ်ပါတယ်။ ဒီအတွက် မြန်မာနိုင်ငံ ဘက်က ပထမဆုံး အကြိမ် လူ့အခွင့်အရေး အစီရင်ခံစာကို လူ့အခွင့်အရေး ကောင်စီထံ တင်သွင်း ထားပါတယ်။ အခြား လူ့အခွင့်အရေး အဖွဲ့အစည်း အသီးသီးက ဒီအစည်းအဝေး အတွက် ကြိုတင်ပြီး အစီရင်ခံစာတွေ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာအစိုးရ အစီရင်ခံစာထဲမှာတော့ နိုင်ငံတကာက စွပ်စွဲခံထားရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အထူးသဖြင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ် မှုတွေကို ရှင်းလင်း ချေပထားတာမျိုး မရှိဘဲ နိုင်ငံတွင်း လူ့အခွင့်အရေး တိုးတက်မှု အတွက် ဥပဒေ ပြဋ္ဌာန်းမှုတွေ၊ တရားရေးကဏ္ဍ လုပ်ဆောင်ချက်တွေကို အလေးပေး ဖော်ပြပါတယ်။ ပြည်ထဲရေး ၀န်ကြီး ဦးဆောင်တဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မတီကိုလည်း ၂၀၀၀ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့ပြီး လူ့အခွင့်အရေး စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

NCGUB အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာ သောင်းထွန်း ကတော့ ဒီကော်မတီ ဖွဲ့ခဲ့တာ ၁၀ နှစ် ကျော်ပေမဲ့ ဘာရလဒ်မှ မထွက်ခဲ့ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ တွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုဆိုး လာတယ် လို့တောင် ပြောပါတယ်။

“ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုက နေပြီးတော့ ဒီကော်မတီကို တိုင်ကြား ခဲ့တာတွေရော၊ အရေး ယူတာတွေရော တခါမှ မတွေ့ရဘူး။ သူတို့ အစီရင်ခံစာ ထဲမှာလည်း ဥပမာ တိုင်စာ ဘယ်နှစ်ခု ရောက်ပြီးတော့ အဲဒီ တိုင်စာ ဘယ်နှစ်ခုကို စုံစမ်း စစ်ဆေးပြီးတော့ ဘယ်လိုမျိုး ဥပဒေကြောင်း အရ အရေးယူမှု လုပ်ပါတယ် ဆိုတာလည်း မပါဘူး။ အမှန်တော့ ဒီလိုမျိုး အဖွဲ့အစည်းမှာ အစိုးရခန့်တဲ့ သူတွေချည်းပဲ မဟုတ်ဘဲနဲ့ လူထု လူ့အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေ၊ လွတ်လပ်တဲ့ ဥပဒေပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ ဖွဲ့စည်း သင့်တယ်လို့ ကျနော်တို့ မြင်ပါတယ်။”

ပြည်တွင်းမှာ ရှိနေတဲ့ လက်ရှိ တည်ဆဲဥပဒေတွေ အရရော ဘယ်လောက်အထိ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အကာ အကွယ် ပေးနိုင်လဲခင်ဗျ။

“လက်ရှိ မြန်မာနိုင်ငံမှာလည်း ပြည်သူလူထုရဲ့ အခြေခံ လွတ်လပ်ခွင့်ကို ကန့်သတ်တဲ့ တရား ဥပဒေတွေကလည်း တပုံ တခေါင်း ရှိနေတာပေါ့။ Electronic Act တို့၊ ကိုယ့်သာသာကိုယ် အီးမေးလ် ပို့တာတောင် လွတ်လွတ်လပ်လပ် မပို့ရဘဲ နိုင်ငံရေးနဲ့ လူ့ အခွင့်အရေးနဲ့ ပတ်သက်လာရင် ကန့်သတ်တာတို့၊ လူ့ အခွင့်အရေးကို တကယ် ကျင့်သုံးမယ်ဆိုရင် ဒီ ဥပဒေတွေနဲ့တော့ ကျိန်းသေပေါက် ဆန့်ကျင်မှာပဲ။”

လွန်ခဲ့တဲ့ နှစ် ၂၀၊ ၃၀ တုန်းကဆိုရင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ပြောတာဆိုတာ၊ နောက်တခုက နိုင်ငံတကာကလည်း ပြောတာဆိုတာ တော်တော်လေး အားနည်းခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဘာပဲပြောပြော ပြောလာတယ်၊ ဆိုလာတယ်၊ နောက်တခုက မြန်မာနိုင်ငံတွင်းမှာလည်း အစိုးရရဲ့ အစီရင် ခံစာတွေမှာရော၊ စစ်အစိုးရ ကိုယ်တိုင် လုပ်တဲ့ ပုံစံအရရော နိုင်ငံတကာနဲ့ ပိုပြီးတော့ ပူးပေါင်း ဆောင်ရွက်လာတယ်လို့ မြင်တဲ့သူတွေလည်း ရှိပါတယ်။ ဒါတွေက တိုးတက်လာတဲ့ လက္ခဏာလို့ မြင်လို့ရလား။

“တဘက်မှာတော့ လူ့အခွင့်အရေး အခြေအနေတွေက ပိုပြီးတော့ ဆိုးလာတာ တွေ့ရပါတယ်။ အဓိက အကြောင်း ၂ ခုကြောင့်ပေါ့။ တခုကတော့ ပြည်သူလူထုရဲ့ ဒီမိုကရေစီရေး ဆန္ဒကြောင့် လူ့အခွင့်အရေးအတွက် လှုပ်ရှားမှုတွေ၊ ဒါတွေကို ချုပ်ချယ် ကန့်သတ်လို့ ဖြစ်လာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပါ။ နောက်တခုကတော့ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင် အခွင့်အရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နဲ့ စာပေနဲ့ ယဉ်ကျေးမှုဆိုင်ရာ၊ ကိုယ့်လူမျိုး ကိုယ် ထိန်းသိမ်းစောင့်ရှောက်ဖို့၊ ကာကွယ်ဖို့တွေ၊ ဒါတွေကို ဖိနှိပ်တဲ့ အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ လူ့အခွင့်အရေး အခြေအနေတွေပေါ့။

“ပြည်သူလူထု အပိုင်းကတော့ အများကြီး တိုးလာတယ်။ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်မှုနဲ့ ပတ်သက်လို့ တကယ်ကို စွန့်စွန့်စားစားနဲ့ အနစ်နာခံပြီး လုပ်နေတဲ့သူတွေ ရှိတယ်။ ILO လို ရုံးတွေမှာ တကယ်ကို သွားရောက်ပြီးတော့ ဆက်သွယ် တိုင်ကြား ပေးပြီးတော့ ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်နေတဲ့သူတွေ ရှိတယ်။ လူ့ အခွင့်အရေးဆိုင်ရာ ပညာပေးမှု တွေကိုလည်း ဖိနှိပ်ချုပ်ချယ် ကန့်သတ်တဲ့ ကြားက လုပ်ကိုင် နေတဲ့သူတွေ အများကြီး ရှိပါတယ်။ ဒါဟာ အင်မတန် ကောင်းတဲ့ အလားအလာပါ။

“ကျနော်တို့ အနေနဲ့ နိုင်ငံတကာ တရားဥပဒေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ယန္တရားတွေ၊ UN ကို တင်ပြမှုတွေ လုပ်ရပေမဲ့ တကယ်တမ်း ကတော့ ပြည်သူ လူထုဟာ ကိုယ့်ရဲ့ လူ့အခွင့်အရေးကို ကိုယ့်ဘာသာကိုယ် ကာကွယ် ကြရမှာပါ။ နိုင်ငံတကာ ဥပဒေတွေနဲ့ နိုင်ငံတကာ ယန္တရားတွေက တစိတ်တပိုင်း အားဖြင့်၊ အကန့်အသတ် အားဖြင့်တော့ ကျနော်တို့ကို အကူအညီ ပေးနိုင်တယ်၊ အကာအကွယ် ပေးနိုင်တယ်။ သို့သော်လည်း တကယ်တမ်းက ကိုယ့်ရဲ့ မွေးရာပါ လူ့အခွင့်အရေး တွေကို ကိုယ့်ဘာသာကိုယ် ကာကွယ် စောင့်ရှောက် ကြရမှာပဲ ဖြစ်ပါတယ်။”

စစ်အစိုးရက လူ့အခွင့်အရေး ကောင်စီကို တင်သွင်းမယ့် အစီရင်ခံစာ ထဲမှာတော့ လက်ရှိ ပြဋ္ဌာန်းထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံမှာ လူ့အခွင့်အရေး ကာကွယ်မှုဆိုင်ရာ အချက် အလက်တွေကို ထည့်သွင်း ဖော်ပြပါတယ်။ အခု အစီရင်ခံစာ ကိုလည်း အစိုးရ တာဝန်ရှိသူတွေ အပြင် အခြား လူထုအခြေပြု အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ တိုင်ပင် ဆွေးနွေးပြီး ပြုစု ရေးသားခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေထဲမှာ လက်ရှိအားဖြင့် ကုလသမဂ္ဂရဲ့ ကလေးသူငယ် အခွင့်အရေးနဲ့ အမျိုးသမီး အခွင့်အရေးဆိုင်ရာ စာချုပ်နှစ်ခုကိုပဲ အဓိက လက်မှတ် ထိုးထားတာပါ။ အစီရင်ခံစာ ထဲမှာတော့ ကုလသမဂ္ဂ မျက်နှာစာကို အသုံးပြုပြီး အင်အားကြီး နိုင်ငံတွေက နိုင်ငံရေး ဖိအားတွေ ပေးနေတာကြောင့် မြန်မာ အပါအ၀င် တတိယ နိုင်ငံတွေရဲ့ လူ့အခွင့်အရေး တိုးတက်မှုတွေကို ထိခိုက်စေတယ်လို့လည်း မြန်မာ စစ်အစိုးရက ဖော်ပြ ထားပါတယ်။

Ref: VOA News

Read More...

တူနီရှား လူထု အုံကြွမှု အပိုင်း (၃) အင်တာနက်၊ ဒီမိုကရေစီ နှင့် အီဂျစ်

January 26, 2011

တူနီရှား နိုင်ငံ မှ ကျောင်းသား၊ပြည်သူများ ဦးဆောင်ဆန္ဒပြ၍ အာဏာရှင် သမ္မတ ဘင်အလီကို ဖြုတ်ချ နိုင်ခဲ့ခြင်းသည် အာရပ် ကမ္ဘာရှိ အာဏာရှင် လက် အောင်မှ ပြည်သူများ သာမက မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနား မြို့မှ တက္ကသိုလ် ကျောင်းသား အထိ ရိုက်ခတ်သည်။

တူနီရှား နိုင်ငံ၏ လူထုတော်လှန် ရေးသည် တွစ်တာ နှင့် ဖေ့ဘွတ် တွင် စတင်ခဲ့ခြင်းကြောင့် Twitter Revolution သို့ မဟုတ် စံပယ်ငုံ တော်လှန်ရေး ဟု လည်း ခေါ်သည်။ တူနီရှားတွင် အာဏာရှင် ဘင်အလီ နိုင်ငံမှ ခွေးပြေးဝက်ပြေး ထွက်ခွာ သွားပြီးနောက် အာဏာရှင် နှင့် ပုလင်းတူ ဗူးဆို့ ၀န်ကြီးချုပ် မိုဟာမက် ဂူနော့ချီက ဦးဆောင်ပြီး ကြားဖြတ် အစိုးရ အဖွဲ့ကို ဖွဲ့သည်။ နိုင်ငံရေး အကူအပြောင်း တွင် အတွေ့အကြုံ ရှိရန်ဟု ဆိုကာ ယခင်အစိုးရ အဖွဲ့ဟောင်းမှ နိုင်ငံရေး စားဖားကြီး များကို အစိုးရ အဖွဲ့ထဲတွင် ပြန်လည် ထည့်သည်။

အတိုက် အခံ လေးယောက် လောက်ကို အရေးမပါသည့် ၀န်ကြီး ရာထူး နေရာများ ပေးသည်။ ၂၄ နာရီ မပြည့်မှီပင် ထိုဝန်ကြီး လေးယောက် လည်း ရာထူးမှ နှုတ်ထွက်သည်။ ပြည်သူများက လူစု ၍ “လွတ်မြောက်ရေးလှည်း တပ်တော်စု” ဆိုပြီး မြို့ တော် တူနစ်သို့ နေ့ရော ညပါ ချီတက်သည်။

နိုင်ငံ၏ ဆန္ဒပြမှု သတင်း ကို အချိန် နှင့် တပြေးညီ ထုတ် လွှင့်ပေးသည့် ဟန်နီဘော ရုပ်သံကို ကြားဖြတ် အစိုးရက ပိတ်ပြီး ၊ ရုပ်သံ ပိုင်ရှင်ကို ဖမ်းလိုက်သည်။ တူနီရှား ပြည်သူ တို့၏ ဆန္ဒပြမှု က ပိုမို ကြီးထွားလာသည်။

ဆန္ဒပြ သူများ ဘက်က ရဲ အရာ ရှိ များ၊ မီးသတ် အရာရှိများ နှင့် ယခင် သမ္မတ အစောင့်တပ်များ ပူးပေါင်း ခဲ့သည်။

နောက် တစ်နေ့ တွင် တူနီးရှား စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရစ်ချဒ် အာမာ ကိုယ်တိုင် စစ်တပ်သည် ပြည်သူတို့၏ တော်လှန် ရေးကို အကာအကွယ် ပေးကြောင်း ပြောကြား ခဲ့သည်။ ဆန္ဒပြမှု များအတွင်း ကျဆုံးခဲ့သူများ ကို အလေးပြုပြီး ပြည်သူများ က ဆက် လက် ဆန္ဒပြနေမှု အား ရပ်တည်ထောက် ခံရုံသာမက လက်ကိုင် စကား ပြောစက် ဖြင့် မိန့်ခွန်းပါ ပြောကြား ခဲ့သည်။

အာဏာရှင် ဘင်အလီ ၏ အပေါင်းအပါ များ အစိုးရ အဖွဲ့အတွင်း ဆက်လက် တည်ရှိ နေမှုကို စစ်တပ်က ဗြောင် ဆန့်ကျင်ပြီး ပြည်သူများ ဘက်မှ ရပ်ခံခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ ထိပ်တန်း အာဏာရှင် လစ်ဗျား ခေါင်းဆောင် ကဒါဖီ က ပင် တူနီရှား နိုင်ငံ၏ လူထုတော်လှန်ရေးသည် ကြောက် စရာ ကောင်းသည် ဟု ပြောသည်။ တူနီရှား ရုပ်သံ နာဆမ်နှင့် ပြောကြားရာတွင် ဘင်အလီ ကို သူ့နိုင်ငံဉ် ခိုလှုံခွင့် အတွက် ငြင်းဆန် ခဲ့သည်။
“ကျုပ်က သည်သကောင့်သား ဘင်အလီ ကို ခိုလှုံ ခွင့်ပေးရင် တူနီရှား ပြည်သူတွေ အကျိုးကို ဆန့်ကျင်သလို နေမှာပေါ့ ” ဟု ဆိုသည်။

တူနီရှား နိုင်ငံ၏ လူထု အုံကြွှမှု အစသည် အင်တာနက် လူမှု မီဒီယာ များ ဖြစ်သည့် Face Book ၊ Twitter နှင့် Youtube တို့ ကြောင့်ဖြစ်သည်။ ဆိုရှယ် မီဒီယာများသည် တစ်ချိန်က မော်စီတုန်း ပြောခဲ့သည့် ” နိုင်ငံရေး အာဏာဆိုတာ သေနတ် ပြောင်းဝက လာတာ ဆိုသောစကား ကို ချေဖျက် လိုက်ပြီ ဖြစ်သည်။

အီဂျစ် ပြည် သူ ထု အုံကြွှမှု ၂၀၁၁

အီဂျစ် နိုင်ငံ ၏ အာဏာရှင် ဟူစနီ မူဘာရက် ရာထူးမှ နှုတ်ထွက် ရန် အီဂျစ် ပြည်သူများက ဇန်န၀ါရီလ ၂၅ ရက်နေ့ မှ စ၍ မြို့တော် ကိုင်ရို၊ အလက်ဇန္ဒီယား ၊ ဆူးအက်၊ ဂီဇာ၊ တန်တာ နှင့် မိုနိုဖီယာ အပါအ၀င် မြို့ပေါင်း နှစ်ဆယ်ကျော် မှာ စတင် ဆန္ဒပြ ခဲ့ကြသည်။

ဇန်န၀ါရီ လ ၆ ရက်နေ့ က ရဲတပ်ဖွဲ့ က နှိပ်စက် ညှင်းပန်းပြီး အသတ် ခံရသည့် အသက် ၂၈ နှစ် အရွယ် လူငယ် ခါလက် မိုဟာမက် ရှိခ် ကို အကြောင်းပြုပြီး တော်လှန်ရေး စတင် ခဲ့သည်။ တော်လှန်ရေး ကိုလည်း Face Book ရှိ ခါလစ် ရှိတ် စာမျက်နှာတွင်ပင် လူစု ပြီး စတင် ခဲ့ခြင်း ဖြစ်သည်။

ဇန်န၀ါရီလ ၁၄ ရက်နေ့ တွင် လူငယ် ခြောက် ဦးက မြို့တော် ကိုင်ရို နှင့် အလက်ဇန္ဒြီယား တွင် မိမိ ကိုယ်ကို မီးရှိုပြီး ဆန္ဒပြ ခဲ့သေးသည်။

လက်ရှိအီဂျစ်နိုင်ငံတွင်ဖြစ်ပေါ်နေသောအကျင့်ပျက်ခြစားမှုများ၊ ပြည်သူကို ရက်စက်စွာ စစ်ဆေး နှိပ်စက်မှုများ၊ တိုးမြင့်လာနေသော အလုပ်လက်မဲ့ ပြသနာများကြောင့် လူထု အုံကြွှမှု စခဲ့ရသည်။

အင်တာနက်လှုမှုကွန်ယက်များ မှ တစ်ဆင့်တင်ပြခဲ့သောကြောင့် အီဂျစ်ပြည်သူ ၉၀၀၀၀ ကျော် ဆန္ဒပြု လက်မှတ် ရေးထိုးကြပြီး အစိုးရဆန့် ကျင်သည့် လမ်းပေါ်တက် ဆန္ဒပြမှု ဖြစ်ပွား ခဲ့သည်။

အင်တာနက်လှုမှုကွန်ယက်များကို အသုံးပြုပြီး တက်ကြွသော အစိုးရဆန့်ကျင် ဆန္ဒ ပြသူများက အသုံးပြုပြီး အဓိက ကျသော ကိုင်ရိုလမ်းမကြီးပေါ်တွင် စုရုံး ဆန္ဒပြနိုင်ခဲ့ကြသည်။

အထူးရဲအမြောက်အများအမြောက်အများကိုအသုံးပြုပြီး ဆန္ဒပြသူများကို နှိမ်းနှင်းရန် လက်ရှိ အီဂျစ် အစိုးရက ဆောင်ရွက် စီမံခဲ့သည်။ ယနေ့ မနက်စောစောတွင် ကိုင်ရို အထူး နှိမ်နှင်းရေး ရဲတပ်ဖွဲ့၏ အကြမ်းဖက် နှိမ်နှင်းမှုကြောင့် ဆန္ဒပြသူ ၃ဦး သေဆုံးခဲ့ရပြီး၊ ဆန္ဒပြသူ အချို့ အဖမ်း ခံခဲ့ရသည်။ ဆန္ဒပြသူများမှ အထူး ရဲတပ်ဖွဲ့ဝင်များကို ခဲများ၊ ပုလင်းခွံများဖြင့် ပစ်ပေါက် ပြန်လည် တိုက်ခိုက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် အချို့ ထိခိုက် ဒါဏ်ရာရရှိခဲ့သည်။

တူးနီးရှားမှစတင်ခဲ့သောတော်လှန်ဆန္ဒပြမှုမှသည် အလုပ်လက်မဲ့ပြသနာနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုဒါဏ် ခံနေကြသော အာရပ် နိုင်ငံများ ဖြစ်ကြသော အယ်ဂျီးရီးယား၊ မော်ရိုကိုနှင့် ယီမင် နိုင်ငံများသို့ပါ ဆန္ဒပြမှုများ ကူးစက် သွားခဲ့ရသည်။

လက်ရှိဆန္ဒပြမှုဖြစ်ပွားနေသောနိုင်ငံများ မှာ ကမ္ဘာ့အကျင့်ပျက်မှု အစိုးရများ စာရင်းတွင် အဆိုးဆုံး ပါရှိသော မြန်မာ နိုင်ငံနိုင်ကဲ့သို့သော နိုင်ငံများ ဖြစ်နေကြသည်။

ယီမင်

ယီမင် နိုင်ငံတွင် လည်း အခြား အာရပ် နိုင်များ ဖြစ်သည့် အယ်(လ)ဂျီးရီးယား၊ တူနီးရှား အီဂျစ် တို့ နည်းတူ တက္ကသိုလ် ကျောင်းသားများ က ဦးဆောင်ပြီး ဆန္ဒပြ ခဲ့ကြသည်။

Ref: Freedom News Group

Read More...

Wednesday, January 26, 2011

ဗိုလ်ချုပ်မှူးကြီးရဲ့ အထ္ထုပ္ပတ္တိ

Tuesday, 25 January 2011



ကာတွန်း ဟန်လေး

Read More...

မင်းတြားကြီး သန်းရွှေ နဲ့ နေပြည်တော် ခိုးသားများ အပိုင်း (၁)

Monday, 24 January 2011 ။

ဒီလကုန်ရင် နေပြည်တော်မှာ လွှတ်တော် ခေါ်တော့မယ်။ အစိုးရ အုပ်ချုပ်ရေး ပြောင်းသွားမယ်လို့ ယူဆသူ တချို့ ရှိပေမယ့် မြန်မာ လူထု အများစုကတော့ ဘာမှ မပြောင်းဘူးလို့ ပြောနေကြတယ်။ ဗိုလ်ချုပ်မှူးကြီးနဲ့ အပေါင်းအပါ မိသားစုဝင်တွေ စိတ် ထင်တိုင်း ကျဲနေတာကို တရားဝင်မှု ပြုပေးရုံ လွှတ်တော် အမည်ခံ သက်သက်ပဲလို့ ဆိုကြတယ်။ လာမယ့် အစိုးရသစ်ကလည်း ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် ခေါင်းဆောင်လုပ်ရင်လုပ်၊ မလုပ်ရင် သူ့သစ္စာခံတွေကို သူကောင်းပြု ခန့်ထားမှာ လို့လည်း ပြောကြတယ်။

ဘယ်သူပဲ တက်တက် အစိုးရ အဖွဲ့ဝင်တွေဟာ ပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာတွေကို ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း ကြေညာရမှာ ဖြစ်ပါတယ်။ လက်ရှိ အနေအထားကတော့ အစိုးရသစ်ကို ဆက်ပြီး ဦးဆောင်မယ်လို့ သတင်းပြေးနေတဲ့ ဗိုလ်ချုပ်မှူးကြီး အပါအ၀င် သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဦးရွှေမန်းနဲ့ လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန် တို့ အပြင် နေပြည်တော်က စစ်အာဏာပိုင်တွေ အတွက် ဒီ ဥပဒေက အရာမ၀င်ဖြစ်နေရတယ်။ ဥပဒေအထက်မှာ ထင်ရာဆိုင်းနေကြတဲ့ ဗိုလ်ချုပ်မှူးကြီး နဲ့ အပေါင်းအပါတွေ အကြောင်း တစေ့တစောင်းကို ဧရာဝတီ က ဖော်ထုတ် တင်ပြအပ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
ကွယ်လွန်သူ အာဏာရှင်ကြီး ဦးနေ၀င်းက နိုင်ငံတော် အစည်း အဝေးတွေမှာ သူများထက်မြင့်တဲ့ ထိုင်ခုံနဲ့ ထိုင်လေ့ရှိပါတယ်။ လက်ရှိ စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်မှာတော့ မိသားစုဝင် တွေပါ သူများထက် ခေါင်းတလုံး ပိုမြင့် ချင်ကြတယ်။ နိုင်ငံတော် ပွဲတွေဆို ရှေ့ဆုံးမှာ နေရာယူ ကြတယ်၊၊ ပဒေသရာဇ် စိတ်ဝင်နေတဲ့ ဒီမိသားစုဟာ ဘယ်လောက်အထိ ချမ်းသာ ကြွယ်ဝတယ် ဆိုတာ မသိနိုင် လောက်အောင်ပါပဲ။

လေ့လာ သုံးသပ်သူတွေ အဆိုအရ နိုင်ငံတော် ဘဏ္ဍာငွေ ရှင်းတမ်းမှာ တဒေါ်လာ ၆ ကျပ်နဲ့ စာရင်း ပြထားလို့ ပိုနေတဲ့ ဘီလျံနဲ့ ချီတဲ့ ဂက်စ်ရောင်းရ ငွေတွေဟာ စင်ကာပူ ဘဏ်တွေမှာ စာရင်းဖွင့် အပ်ထားကြောင်း သိရတယ်။ အဲ့ဒီငွေတွေကို စာရင်းကိုင်ဖို့ ဒု ဗိုလ်ချုပ်ကြီး တင်အေးက တာဝန်ယူရတယ်။ တရုတ်ပြည် ပီကင်းနဲ့ ရှန်ဟိုင်းမှာလည်း အိမ်တွေ ၀ယ်ထားတယ်လို့ ဆိုတယ်။

ပြည်တွင်းမှာကတော့ လက်ညှိုးညွှန်ရာ အကုန်ပိုင်တယ် ဆိုတဲ့ အခြေအနေမျိုးပါ။ ကာကွယ်ရေး ၀န်ကြီးဋ္ဌာန အသိုင်း အ၀ိုင်းတွေ အဆိုအရ ဗိုလ်ချုပ်မှူးကြီး မပါဘဲ ဒေါ်ကြိုင်ကြိုင်နဲ့ သမီးတွေ မကြာခဏ တိုင်းခန်း လှည့်လည် သလိုမျိုး ခရီးထွက် တတ်တယ်၊ သူတို့ ရောက်လာရင်လည်း ရောက်ရာ အရပ်က တိုင်းမှူး တပ်မမှူးတွေက စိတ်ညစ်ရတယ်လို့ ဆိုတယ်၊၊ ဈေးတွေ၊ ရှော့ပင်းမောလ်တွေ၊ စူပါ မားကက်တွေကို ရောက်ရင်လည်း လက်ညှိုထိုးပြီး ယူကြသလို၊ စိန်၊ ရွှေ လက်ဝတ်ရတနာ တွေကိုလည်း တိုင်းမှူး တပ်မမှူး ကတော် တွေက ဗန်းနဲ့ ယူပြရတယ်။ သူတို့က ကြိုက်တာရွေးပြီး တခါယူရင် အောက်ထစ် သိန်းနှစ်ထောင် ဖိုးလောက် ယူတယ်။ အဲဒီလို ယူတာတွေကို တိုင်းမှူးတွေက နောက်ကနေ လိုက်ရှင်းပေးရတယ်။ ဒီမိသားစု စိန်ကြိုက်တတ်ပုံကိုတော့ ၂၀၀၆ ခုနှစ်မှာ လူတွေ ကျယ်ကျယ် ပြန့်ပြန့် ကြည့်လိုက်ရတဲ့ သမီးတော် သန္တာရွှေ ရဲ့ မင်္ဂလာပွဲ မှတ်တမ်းတင် ဗီဒီယို အခွေမှာ အမြည်းအစမ်း သဘော တွေ့လိုက်ကြရပါတယ်။

ရှေးမြန်မာမင်းများထုံး နှလုံးမူသလားတော့ မသိဘူး။ မကွေး၊ မုံရွာ နယ်တွေဘက်မှာ ရှိတဲ့ လက်ယက် ရေနံတွင်းတွေ တူးဖော်ခွင့်၊ ကောလင်း၊ ၀န်းသို၊ မုံရွာနယ်က ရွှေတူးဖော်ခွင့်တွေ အားလုံးကို ချုပ်ကိုင်ထားပြီး တခြားသူတွေကို လုပ်ပိုင်ခွင့် ပြန်ချပေးတယ်။ လုပ်ပိုင်ခွင့် လိုင်စင်တွေကိုတော့ ဒေသဆိုင်ရာ တိုင်းမှူးတွေက တဆင့်လျှောက်ရတယ်။ လိုင်စင်ကြေးကတော့ တဧက ကို သိန်း ၃၀ ပေါက်ဈေး ရှိတယ်လို့ သိရတယ်။ လုပ်ပိုင်ခွင့် ဧက ၁၀၀၀ ဆိုရင် ကျပ်ငွေ သိန်း တသောင်း။ အမေရိကန် ဒေါ်လာ ၁ သန်း နဲ့ ညီမျှတဲ့ ငွေကို နှစ်စဉ်ကြေး ပေးကြရတယ်။ သူတို့ဆီကနေ ပြန်ပြီး လုပ်ပိုင်ခွင့် ယူတဲ့ သူတွေထဲမှာတော့ မုံရွာမှာ လက်ရှိ ရေနံ တူးနေတဲ့ မန္တလေးမြို့က တရုတ်သူဌေး ဂရိတ်ဝေါလ် အုပ်စုလို့ နာမည်ကြီးတဲ့ ဟွန်ဒါ တင်မောင်က အများဆုံး ယူထားတယ်။

နေပြည်တော်နဲ့ မေမြို့မှာလည်း အကောင်းဆုံး အိမ်တွေ ခြံတွေကို ပိုင်ဆိုင်ထားလို့ အားမရဘူး။ ရန်ကုန်မြို့က အင်းလျားကန် အနီး တ၀ိုက်မှာရှိတဲ့ ကောင်းပေ့ညွန့်ပေ ဆိုတဲ့ နိုင်ငံတော်နဲ့ စစ်တပ်ပိုင်မြေ တွေကိုလည်း ယူထားပြီးပြီလို့ သိရတယ်။ ရန်ကုန် ပြည် လမ်းနဲ့ ကမ္ဘာအေး ဘုရားလမ်းကြား၊ မရမ်းကုန်းမြို့နယ် ပါရမီလမ်းမကြီးဘေးမှာရှိတဲ့ ကာကွယ်ရေး ပစ္စည်း စက်ရုံ (ကပစ ၁၊ ကပစ ၄) တပ်နေရာတွေကိုလည်း အခု ဖယ်ရှားခိုင်းပြီး သူတို့မိသားစု ယူထားတယ်လို့ သိရတယ်။

အလားတူပဲ ပြည်လမ်း ရိုးမရိပ်သာနားက အင်းလျားလမ်းထိပ်မှာရှိတဲ့ အရင် မိသားစုအမွေမှု ဖြစ်နေတဲ့ အိမ်(မြို့နယ် ငြိမ်ဝပ် ပိပြား ရေး ရုံးဟောင်း) ကို ရဟတ်ယာဉ် ပျက်ကျလို့ ကွယ်လွန်ရသူ ဗိုလ်ချုပ်ကြီးတင်ဦး ဇနီး ဒေါ်ခင်သန်းနွဲ့ကို ပေးပေမယ့် မယူတဲ့ အတွက် ဒေါ်ကြိုင်ကြိုင်က ယူပြီး ဦးတေဇက နာမည်ခံပေး ထားရတယ်။ စီးပွားရေး အသိုင်း အ၀န်းမှာတော့ ဦးတေဇဟာ ဗိုလ်ချုပ်မှူးကြီး တို့ မိသားစု စီးပွားရေး လုပ်ငန်းတွေကို ဦးဆောင် လုပ်ပေးနေရတဲ့ ကိုယ်စားလှယ်လို့ ပြောနေကြတယ်။ ပုဂ္ဂလိက ဆေးရုံလုပ်ဖို့ ဦးတေဇ ၀ယ်ယူလိုက်တဲ့ အင်းလျားကန်ထိပ်က ကန်သာယာ ဆေးရုံမှာလည်း သမီးတွေရှယ်ယာ ငွေ ပါတယ်၊ ငွေဆောင် ကမ်းခြေနဲ့ ချောင်းသာက ဦးတေဇပိုင် ဟိုတယ်တွေမှာလည်း ရှယ်ယာ ထည့်ထားတယ်လို့ သိရတယ်။

ဗိုလ်ချုပ်မှူးကြီးတို့ မိသားစု စီးပွားရေး သောင်းကျန်းတာကတော့ နောက်ဆုံး ဖိုးလပြည့်တောင် မကျန်ဘူးလို့ ဆိုရမယ်။ တရားဝင် ကုမ္ပဏီ ထောင်ပြီးတော့ စီးပွားရေး လုပ်တာ မဟုတ်ဘဲ အဘိုး အရှိန်အ၀ါနဲ့ မာဖီးယား ဆန်ဆန် မျက်နှာပြပြီး ပွဲစား စီးပွားရေးမျိုး လုပ်နေတာပါ။

သူ့လုပ်နည်းလုပ်ဟန်က တချို့ကုမ္ပဏီတွေ တရားမ၀င် ပစ္စည်းတွေသွင်းလာရင် အကောက်ခွန်ဌာနက အစစ်အဆေး မခံရအောင် တရားဝင် အခွန် မဆောင်ရအောင် ဆိပ်ကမ်းမှာ ရှင်းပေးတယ်။ ၀န်ဆောင်မှု အနေနဲ့ကတော့ ပစ္စည်း အမျိုးအစားပေါ် မူတည် ပြီး ပိုက်ဆံယူတယ်။ ဒါ့အပြင် ရန်ကုန်မြို့က မြေနေရာတွေမှာ အလုပ် လုပ်လိုတဲ့ လုပ်ငန်းရှင်တွေကို ၀န်ကြီးတွေ ဌာန ဆိုင်ရာတွေနဲ့ ဆက်သွယ်ပေးတဲ့ ပွဲစားမျိုးလည်း လုပ်တယ်။

အထင်ရှားဆုံးကတော့ ပြည်လမ်းနဲ့ မနော်ဟရီလမ်း အတွင်းမှာရှိတဲ့ ထိုင်းသံရုံးဘေးက ဖျာပုံမမြနွယ် ခြံလို့ လူသိများတဲ့ မြေကွက်ကြီး ကို ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်တဲ့ နိုင်ဂရု(Naing Group)က ကုလားသူဌေးတွေ ၀ယ်ယူရာမှာ မြို့တော် စည်ပင်က အတည် မပြုပေးတဲ့ အတွက် ကုမ္ပဏီက ဖိုးလပြည့်ကို ကျပ် သိန်း ၅၀၀၀ ပေးပြီး မြို့တော်ဝန် ဦးအောင်သိန်းလင်းကို နားချပေးခိုင်း တာပါ။

ဖိုးလပြည့်ဟာ စီးပွားရေးနဲ့ ပတ်သက်လာရင် ဘယ်စစ်ဗိုလ်ချုပ်သားသမီးတွေ ကိုမှ ဗိုလ်မထားပါဘူး။ နေရာကောင်းမှာ ဆိုင်ဖွင့်ထား တဲ့ အတွင်းရေးမှူး(၁) သီဟသူရ တင်အောင်မြင့်ဦး ရဲ့သား ဗိုလ်ကြီး ဟောင်း တေဇာစောဦး လုပ်ကိုင်နေတဲ့ “7 Lekker” ကော်ဖီ ဆိုင်ကို နောက်လိုက်တွေ စေလွှတ်ပြီး ဖျက်ဆီး ပြခဲ့သလို သူပွဲစား လုပ်နေတဲ့ ပြည်သူ့ ဥယျာဉ်ထဲက မြေကွက်နဲ့ ပတ်သက်ပြီး ကာ ကွယ်ရေး ၀န်ကြီးဌာန ပစ္စည်းဝယ်ယူရေး(ကက ၀ယ်) ညွှန်ကြားရေးမှူး ချုပ်ဟောင်း ဗိုလ်ချုပ် ၀င်းလှိုင်ရဲ့သား ၀င်းထွေးလှိုင်က ၀င်လာလို့ နောက်လိုက်တွေကို ရိုက်နှက်ဖို့ ခိုင်းစေ ခဲ့ဖူးပါတယ်။

အနိုင်ကျင့်တဲ့နေရာမှာတော့ အဘိုးခြေရာမီပါတယ်။ ဖိုးလပြည့်ဟာ သူ့မကောင်းကြောင်း Facebook မှာ ရေးမိတဲ့ အမေရိကားနေ သူငယ်ချင်း တယောက်ကို မြန်မာပြည် ပြန်အလာ ရဲနဲ့ ဖမ်းခိုင်းပြီး ဒုက္ခ ပေးခဲ့တာကြောင့် မိဘများ အခက် ကြုံခဲ့ရတယ်။၂၀၀၉ ခုနှစ် တုန်းကလည်း စင်ကာပူမှာ ကျောင်းတက်နေတဲ့ သူငယ်ချင်း တယောက် အလားတူ မကောင်းကြောင်း ရေးမိတဲ့ အတွက် ရန်ကုန်မြို့က အဲ့ဒီ သူငယ်ချင်း မိဘတွေရဲ့ အိမ်ကို ခဲနဲ့ထု၊ လူတွေကို ရဲနဲ့ဖမ်းခိုင်းပြီး ဦးချ တောင်းပန်ခိုင်းတဲ့ အတွက် မိဘတွေမှာ သားဇောကြောင့် ရှက်ရှက်နဲ့ပဲ ဦးချ တောင်းပန်ခဲ့ရတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ရန်ကုန်မြို့ လမ်း ၅၀ မှာရှိတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ရုံး ကားရပ်နားရာ နေရာမှာ နိုင်ငံခြား ရေး ၀န်ကြီး ဦးဉာဏ်ဝင်းရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးတဦး က ဖိုးလပြည့် ကားရှေ့မှာ ပိတ်ရပ်မိတဲ့ အတွက် အိမ်ကို ခေါ်သွားပြီး ဆုံးမသြ၀ါဒ ပေးခဲ့တာကို အဲဒီဗိုလ်ကြီး က သတိ အနေအထားနဲ့ နာယူ ရတယ်လို့လည်း သိရပါတယ်။ အလားတူ အဲပုဂံရဲ့ နေပြည်တော်သွား ပြည်တွင်း ခရီးစဉ်တခုမှာ ဖိုးလပြည့်နဲ့ အပေါင်းအပါ အုပ်စု ရောက်လာခဲ့လို့ အရင်ရောက်နှင့် နေပြီး ဗီအိုင်ပီ အတန်းမှာ နေရာယူထားတဲ့ ဦးရွှေမန်းရဲ့သား အောင်သက်မန်း က အောင့်သက်သက်နဲ့ ရိုးရိုးတန်းကို ပြောင်းပေး လိုက်ရတယ်။

ဗိုလ်ချုပ်မှူးကြီး မိသားစုရဲ့ မတရားမှုတွေက ဒီလောက်နဲ့တင် ရပ်မသွားပါဘူး။ အရည်အချင်း ပြည့်ဝ၏ မပြည့်ဝ၏ နောက်ထား။ အာဏာရှင်ကြီး ဦးနေ၀င်း လက်ထက်ကတောင် မလုပ်ခဲ့တဲ့ စင်ကာပူ၊ တရုတ်နိုင်ငံက သံရုံး တွေမှာ သမီးတွေကို အကြီးတန်း သံတမန် ရာထူးတွေ ခန့်ထားခဲ့တယ်။ သမီးတွေကတော့ သံတမန် အလုပ်ထက် သံရုံးက ကောက်ထားတဲ့ အခွန်ငွေတွေကို အချိန် မှန်လာရောက် သိမ်းတဲ့ အလုပ်ကိုပဲ လုပ်တယ်။ သားတွေဖြစ်တဲ့ ထွန်းနိုင်ရွှေ၊ ကြိုင်ဆန်းရွှေ တို့ကတော့ နေပြည်တော်က ဟိုတယ် လုပ်ငန်းတွေနဲ့ မြန်မာပြည်အနှံ့ လက်ညှိုးထိုး မလွဲအောင် မှိုလိုပေါက်နေတဲ့ လောင်စာဆီ ဆိုင်တွေကို ပိုင်ကြတယ်။

ဗိုလ်ချုပ်မှူးကြီး မိသားစုက ဒီလို မြန်မာတပြည်လုံးမှာ ထင်သလို ချယ်လှယ်ပိုင်ခွင့်၊ ထင်ရာ ဆိုင်းပိုင်ခွင့် ရှိနေတာဟာ ရှေးဘ၀ ကုသိုလ် ကြောင့် ဒီဘ၀မှာ အကျိုးပေးတာလို့ နှစ်နှစ်ကာကာ ယုံကြည် နေကြပါတယ်။ ဒါပေမယ့် ရှေးကုသိုလ်ဟာ ဗိုလ်ချုပ်မှူးကြီး ယူနီဖောင်း ချွတ်မချွတ်နဲ့ သက်ဆိုင်နေကြောင်း သူတို့ ကောင်းကောင်းကြီး သဘောပေါက် နေကြတယ်။

ဗိုလ်ချုပ်မှူးကြီး အသက်အရွယ် ထောက်လာလို့ နားချင်တယ် ဆိုတာတောင် ဒေါ်ကြိုင်ကြိုင်က နားခွင့် မပေးဘူးလို့ သိရပါတယ်။

လက်ရှိ စစ်တပ်မှာ ဗိုလ်ချုပ်မှူးကြီးဟာ နောက်တက်လာမယ့် စစ်ခေါင်းဆောင်တွေကို စိတ်မချသလို အာဏာရှင် ဦးနေ၀င်းလို ကျဆုံးခန်း ရောက်မှာမျိုးကို စိုးရိမ်တဲ့ အတွက် သီဟ သူရ ဦးတင်အောင်မြင့်ဦးနဲ့ ဦးတင်အေးကိုလည်း လက်ရှိ စစ်တပ် ခေါင်းဆောင် ငယ်တွေကို စိတ်ချလက်ချ လွှတ်မထားဖို့ ပြောဆိုကြောင်း သိရပါတယ်။ ဒါကြောင့် လက်ရှိ စစ်ထောက်ချုပ်နဲ့ စစ်ရေးချုပ်ဟာ နာမည်သာရှိပြီး တပ်နဲ့ပတ်သက်တဲ့ လုပ်ပိုင်ခွင့်ကတော့ မရှိသေးပါဘူး။

သမ္မတကြီးပဲ လုပ်မှာလား၊ နာယက ကြီးပဲ လုပ်မှာလား ဆိုတဲ့ မေးခွန်းရဲ့ အဖြေကတော့ မကြာခင် ရုပ်လုံး ပေါ်လာလိမ့်မယ်လို့ ယူ ဆ ရပါတယ်။ လူတွေကတော့ အနားယူတယ် ဆိုတာ အနားကပ်တော့မှ သိမ်းကျုံး ယူသွားတယ်လို့ ဆိုကြတယ်။ တကယ် အနားယူတယ် ဆိုဦးတော့ မိသားစု အနာဂတ် လုံခြုံရေး စိတ်ချရအောင် ဗိုလ်ချုပ်မှူးကြီး စီမံထားပြီးပါပြီ။ ဒီပဲယင်း အရေးအခင်းမှာ နာမည်ကြီးခဲ့ပြီး မကြာခင်က အငြိမ်းစားယူသွားတဲ့ ဗိုလ်မှူးကြီး သန်းဟန်ကို Eagle Security ဆိုတဲ့ လုံခြုံရေး ကုမ္ပဏီဖွဲ့စေပြီး မိသားစု လုံခြုံရေးကို လက်ရှိ စောင့်ရှောက် ခိုင်းထားတယ်လို့ သိရပါတယ်။

နောက်လာမယ့် အပိုင်း (၂) မှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်း အကြောင်း တင်ပြပါဦးမယ်။ စောင့်မျှော် အားပေးကြပါကုန်။

Ref: ဧရာဝတီ်

Read More...

သမ္မတနေရာ ဦးရွှေမန်း တစ်ပြေး

မျိုးသိဏ်း |
အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၁။

နယူးဒေလီ (မဇ္ဈိမ) ။ ။ နေပြည်တော်မှ လာသော အထူးသတင်းတရပ်အရ လာမည့် လွှတ်တော်တွင် စစ်ဘက်မှ တင်သွင်းမည့် ဒု သမ္မတ နေရာအတွက် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း အလားအလာ အကောင်းဆုံး ဖြစ်နေကြောင်း သိရသည်။

အရပ်သားဝေစုတွင် အမတ်နေရာ အများဆုံး ရထားသော စစ်တပ် ကျောထောက် နောက်ခံ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက ဝန်ကြီးချုပ် ဦးသိန်းစိန်ကို ပြည်သူ့ လွှတ်တော်မှ တင်သွင်းသော ဒုသမ္မတ အဖြစ် ရွေးလိမ့်မည်ဟု သီးခြား သတင်းရပ်ကွက် တခုက ပြောသည်။

တိုင်းရင်းသားပါတီများက ဒုသမ္မတ တနေရာ တောင်းဆိုနေသော်လည်း အမျိုးသား လွှတ်တော်က စီးပွားရေး လုပ်ငန်းရှင် တဦးကို ဒုသမ္မတ တင်မြောက်ရန် ကြံ့ဖွံ့ဘက်က လျာထားသည်ဟုလည်း ပြောသည်။

သို့သော် ပြည်နယ်နှင့် တိုင်းအချို့တွင် တိုင်းရင်းသား အမတ်များကို ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး ဝန်ကြီးချုပ် သို့မဟုတ် လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်နိုင်လိမ့်မည်ဟု ပါရှိသည်။

ကြံ့ဖွံ့မှာ ပြည်သူ့လွှတ်တော်တွင် ၅၉ ရာခိုင်နှုန်း၊ အမျိုးသားလွှတ်တော်တွင် ၅၇ ရာခိုင်နှုန်း လွှမ်းမိုး ထားသဖြင့် ကြံ့ဖွံ့ ထောက်ခံသူမှာ ဒုသမ္မတနှင့် သမ္မတ ဖြစ်လိမ့်မည်။

ဒုသမ္မတ ၃ ယောက်အနက် သမ္မတဖြစ်ရန် အလားအလာ အကောင်းဆုံးမှာ သူရဦးရွှေမန်း ဖြစ်ပြီး တပ်မတော်တွင်း သူ့ကို ထောက်ခံမှု အားကောင်း နေသည်ဟုလည်း စစ်တပ် သတင်းရပ်ကွက် တခုက ပြောသည်။

နံပါတ် ၂ စစ်ခေါင်းဆောင် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး အနား ယူမည်ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ လွဲ၍ ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် စစ်တပ် ခေါင်းဆောင်များ အငြိမ်းစား ယူရမည့် အသက်ကို ပြန်လည် ပြဋ္ဌာန်း လိမ့်မည်ဟု ဆိုသည်။

ဒုဗိုလ်ချုပ်ကြီး မြင့်အောင်နှင့် ဒုဗိုလ်ချုပ်ကြီး ကိုကိုတို့ကို ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုကာကွယ်ရေး ဦးစီးချုပ် ရာထူးများ လျာထားပြီး ဖြစ်သော်လည်း မည်သည့်အချိန် တရားဝင် လွှဲပြောင်းမည် မသိနိုင်ဘဲ ဖြစ်နေသည်။

အလားတူပင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မည်သည့်နေရာ ဆက်ကိုင်ထားမည်ဆိုသည်ကို စစ်ဘက် အကဲခတ်များ အပါအဝင် တပ်တွင်း အရာရှိကြီး များပင် မပြောနိုင် ဖြစ်နေသည်။

အများစုထင်ကြေးတွင် ဗိုလ်ချုပ်မှူးကြီးရာထူးကို ဆက်ကိုင်ထားပြီး ကာကွယ်ရေး ဦးစီးချုပ်သစ် ထက် ရာထူး အမြင့် ယူ၍လည်းကောင်း၊ ကြံ့ဖွံ့ နာယက အဖြစ်လည်းကောင်း ဆက်ကိုင် နိုင်ဖွယ် ရှိသည်ဟု ဆိုသည်။

ကြိုတင် ရေးဆွဲထားသည့် စစ်မှုမထမ်းမနေရ စနစ်ကိုလည်း လွှတ်တော်က အတည်ပြုရန် တပ် ကိုယ်စားလှယ်များ တင်ပြ သွားလိမ့်မည်ဟု စစ်တပ် အရာရှိတဦးက ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း လာမည့်လွှတ်တော်အတွင်း အာဏာခွဲဝေမှုနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်များ ချသွားမည်ဟု သတင်းရင်းမြစ်က ဆိုသည်။

စီးပွားရေးမြို့တော် ရန်ကုန်၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ပွဲတွင် ဆိပ်ကြီးခနောင်တိုမှ ကြံဖွံ့ ကိုယ်စားပြု အနိုင် ရထားသည့် ဦးမြင့်ဆွေ (ယခင် ကစထမှူးဟောင်း ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ) ကို ယာယီ အတည်ပြု ထားကြောင်းလည်း သတင်း ရင်းမြစ်က ဆိုသည်။

Ref: မဇ္ဈိမ

Read More...

Tuesday, January 25, 2011

Uncensored Burma - Daily News ( 2011 Jan 24)

Uncensored Burma

Read More...

NLD တရားဝင် ရပ်တည်ခွင့် နောက်ဆုံး လျှောက်လဲချက် ပြီးပြီ

ဦးဇော်ဝင်းလှိုင် တနင်္လာ, 24 ဇန်နဝါရီ 2011။ ။


NLD ပါတီ တရားဝင် ရပ်တည်ခွင့် ရှိရေးအတွက် တရား ရုံးချုပ်မှာ အထူးအယူခံ ၀င်ထားတဲ့ အမှုကို ဒီကနေ့ နေပြည်တော် တရားရုံးချုပ်မှာ နှစ်ဘက် ရှေ့နေတွေက နောက်ဆုံး လျှောက်လဲချက် တင်သွင်း ခဲ့ကြပါတယ်။ နောက်ဆုံး စီရင်ချက် ဘယ်တော့ ချမယ်ဆိုတာ အတိအကျ မသိရသေးပေမဲ့ ဒီကိစ္စဟာ ဥပဒေ လမ်းကြောင်းအရ မှန်ကန်နေတဲ့အမှု ဖြစ်တာကြောင့် ဒီအမှုကို ပယ်မယ့်အစား လက်ခံမယ်လို့ သူတို့အနေနဲ့ မျှော်လင့်ကြောင်း အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြ ပေးထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုဖို့ NLD ပါတီက ဆုံးဖြတ် ခဲ့ပြီးနောက်ပိုင်း စစ်အစိုးရက ထုတ်ပြန် ထားတဲ့ ဥပဒေတွေအရ ပါတီအနေနဲ့ နိုင်ငံရေး ပါတီ အဖြစ် တရားဝင် ရပ်တည်ပိုင်ခွင့် မရှိတော့သလို ဖြစ်သွားခဲ့တဲ့ နောက်ပိုင်း ပါတီ တရားဝင် ရပ်တည်ပိုင်ခွင့် ရရေးအတွက် တရားစွဲဆို ထားခဲ့တာပါ။

အရင် စွဲဆိုချက်တွေကို တရားရုံးချုပ်က ပလပ်လိုက်ပေမဲ့ အခုနောက်ဆုံး နေပြည်တော် တရား ရုံးချုပ်မှာ တင်သွင်း ထားတဲ့ လျှောက်လဲချက်နဲ့ ပတ်သက် လို့တော့ ဒီကနေ့ နေပြည်တော် တရားရုံးချုပ်က နှစ်ဘက် ရှေ့နေတွေရဲ့ လျှောက်လဲ ချက်တွေကို ကြားနာခဲ့တဲ့ အကြောင်း NLD ပါတီ ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့ဝင်လည်းဖြစ်၊ ဒီအမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ အကျိုးဆောင် ရှေ့နေ တဦးလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“ဒီနေ့မနက် ၁၀ နာရီမှာ နှစ်ဘက်ပေါ့၊ ကျနော်တို့ တဘက်ရယ်၊ အစိုးရဘက်က ရှေ့နေချုပ်ရုံးရယ်၊ လျှောက်လဲချက် ပေးပါတယ်။ ၁၂ နာရီဝန်းကျင်မှာ ပြီးပါတယ်။ ကျနော်တို့ဘက်ကတော့ ဆရာ ဦးကြည်ဝင်း ကိုယ်တိုင် လျှောက်လဲချက် ပေးပါတယ်။ အဲဒါကို အမိန့်ကျဖို့ရက် မရသေးပါဘူး။ ကျနော်ကတော့ Order Result ပေါ့၊ အမိန့်ချမှတ်ရန် သီးသန့်ထားသည်ဆိုတော့ ကျနော်တို့ အဲဒါ အမိန့် စောင့်ရဦးမယ်။ လျှောက်လဲချက်ပေးတဲ့ အဆင့်ပါပဲ။ ကိုယ့်ဘက်က လျှောက်လဲချက် ပေးတယ်၊ ဟိုဘက်က လျှောက်လဲချက် ပေးတယ်၊ အဲဒါပါပဲ။”

အစိုးရရှေ့နေတွေဘက်ကတော့ စစ်အစိုးရက ထုတ်ပြန်ထားတဲ့ ဥပဒေသစ်တွေကို ကိုးကားပြီး တင်ပြခဲ့တဲ့ အကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြော ပြပါတယ်။

“သူတို့ကတော့ ဒီဥစ္စာ မှန်တယ်ပေါ့။ ဥပဒေအသစ် ထွက်နေပြီ၊ ဥပဒေအတိုင်းပဲ ဘာညာပေါ့ဗျာ။ ကျနော်တို့ ကတော့ အသေးစိတ် ပြောပါတယ်။ ကျနော်တို့ ပြောတဲ့ အသေးစိတ်ကိုလည်း ဟိုဘက်က အသေးစိတ်တော့ မတုံ့ပြန်ဘူး။ မတုံ့ပြန်ဘူးဆိုတာ သူတို့ Ready မဖြစ်တာလည်း ပါမှာပေါ့ဗျာ။ အကြမ်းဖျင်းအားဖြင့်တော့ အစိုးရဘက်က ဒါ မှန်တယ်လို့ ပြောတာပေါ့။ ကျနော်တို့ကတော့ လုံးဝ လွဲမှားနေတဲ့ အကြောင်း ဥပဒေ အထောက် အထားနဲ့ ပြောတာပါ။”

အခု သူတို့ဘက်က လျှောက်လဲချက်ဟာ ဥပဒေလမ်းကြောင်းအရ မှန်ကန်တဲ့ လျှောက်လဲချက် ဖြစ်တာကြောင့် လျှောက်ထားချက် အပေါ် တရားရုံးက လက်ခံမယ်လို့ သူ့အနေနဲ့ ယုံကြည်တဲ့ အကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော့်အနေနဲ့တော့ ဥပဒေကြောင်းအရ ကောင်းတဲ့အတွက် ပယ်လိုက်တယ် ဆိုတဲ့အစား လက်ခံလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။”

NLD ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

နေပြည်တော် တရားရုံးက NLD ပါတီ တရားဝင် ရပ်တည်ခွင့် ရှိရေးအတွက် လက်ခံပြီး ဆုံးဖြတ်ချက် ချပေးလိုက်ရင် ပါတီ အနေနဲ့ တရားဝင် နိုင်ငံရေး ပါတီ အဖြစ် ရပ်တည်ခွင့်ရှိမှာ ဖြစ်ပေမဲ့ တရားရုံးက ပယ်လိုက်ရင်တော့ NLD ပါတီဟာ တရားဝင် နိုင်ငံရေးပါတီ အဖြစ် ဆက်လက် ရပ်တည်ခွင့် ရတော့မှာ မဟုတ်ပါဘူး။

စစ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေအရ ရွေးကောက်ပွဲ မ၀င်ဖို့ ဆုံးဖြတ်ခဲ့တဲ့ NLD ပါတီ အနေနဲ့ အဲဒီ ဥပဒေတွေနဲ့ ငြိစွန်းပြီး တရားဝင် နိုင်ငံရေးပါတီ အဖြစ် ဆက်လက် ရပ်တည်ခွင့် မရတော့သလို ဖြစ်ခဲ့ပေမဲ့ NLD ကတော့ အရင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ တရားဝင် မှတ်ပုံတင်ထားပြီး ဖြစ်တဲ့အတွက် မှတ်ပုံ ထပ်တင်စရာ မလိုတော့ဘူးလို့ အစောပိုင်းက ပြောထားခဲ့ဖူးပါတယ်။

Ref: VOA News

Read More...

Monday, January 24, 2011

ကံ ဆိုတာ '' အလုပ် '' ပါပဲ

စနေနေ့၊ ဇန်နဝါရီလ ၂၂၊ ၂၀၁၁

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် NEWSWEEK သတင်းထောက်တို့ အင်တာဗျုး


မြန်မာပြည် တပ်မတော် အစိုးရ ၏ ထိန်းသိမ်းမှု အောက်တွင် နှစ်ပေါင်းများစွာ ကြာခဲ့ပြီးနောက် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် မှ စီးပွားရေး ပိတ်ဆို့မှုများ၊ ကံကံ၏ အကျိုး နှင့် နောင် အနာဂတ် အကြောင်းများကို NEWSWEEK သတင်းထောက် DANIELLE BERNASTEIN နင့် အင်တာဗျုးတွင် ပြောကြားခဲ့ ပါသည် ။

နေအိမ် အကျယ် ချုပ် ချထားခဲ့တာကြောင့် ခငိဗျားရဲ့ အချိန် တော်တော် များများ ကို ရေဒီယို နားထောင်ရင် ကုန်ဆုံး ခဲ့ရတယ်ဆိုတော့ ဘာတွေ ကို ခင်ဗျား နားထောင် ဖြစ်ပါ သလဲ ?

နိုင်ငံရေး အကြောင်းနဲ့ ပတ်သတ်တဲ့ အစီအစဉ်တွေ ကတော့ တာဝန်တစ်ရပ် အနေနဲ့ နားထောင် ဖြစ်ပါတယ်။ အလုပ် တစ်ခု ပဲပေါ့လေ။ ဒါပေ့မယ့်လို့ ယဉ်ကျေးမှု ဆိုင်ရာ အစီအစဉ် တွေကတော့ ကျမ အကြိုက်ပါပဲ။ ကျမက ဘီဘီစီ အသံလွင့် အစီအစဉ် တော်တော် များများ ကို နားထောင် ဖြစ်ပါတယ်။ ဒါပေမယ့် ကြည့်ရတာ သူတို့မှာ တေးဂီတ အစီအစဉ်တွေ အတွက် အချိန် သိပ်မပေးနိုင်တာ ကိုတွေ့ရပါတယ်။ ကျမ နားထောင်တဲ့ အချိန် ကလည်း ဘီဘီစီ မြန်မာဘာသာ အစီအစဉ်နဲ့ လွတ်လပ်သော အာရှအသံ လာတဲ့ အချိန် မို့လို့လဲ ဖြစ်နိုင်ပါတယ်။

တစ်နေ့ကို အနည်းဆုံး ခြောက်နာရီ လောက်တော့ နားထောင် ဖြစ်ပါတယ် ။ အချိန် တိုင်းမှာလဲ ကြောက်စရာ တုန်လှုပ်စရာ သတင်းတွေချည်း ကြားနေရတယ်။ ကြည့်ရတာ ကတော့ ရာသီဥတု ဖေါက်ပြန် ပြောင်းလဲတာ၊ အကြမ်းဖက် တိုက်ခိုကတာ တွေဟာ မြန်မာပြည်မှာတင် မဟုတ်ပဲ ကမ္ဘာ တစ်ဝှမ်း လုံးမှာ ဖြစ်ပွားနေတယ် လို့ ထင်ပါတယ်။ မြန်မာပြည်ထဲ မှာ တင်မက ပါဘူး ရေးလွမ်းမိုးမှု တွေ၊ ငလျင်လှုပ် ခတ်မှုတွေ၊ ဆိုင်ကလုံး မှုန်တိုင်း တွေ စတာတွေပေါ့။

ဒါဆိုရင် ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှု ( မြန်မာပြည် စစ်အစိုးရ ကို ဆန့်ကျင် ရှုံချမှု ) ပေါ့လေ .. ဒီသတင်းကို ကြားရတော့ ခင်ဗျား ဘယ်လို ခံစားရပါသလဲ ?

ကျမ စဖြစ်ကတည်း ကသိလိုက် တယ်၊ အဲဒါက အေးအေးဆေးဆေး ပြီးသွားမှာ မဟုတ်ဘူးလို့။ ကျမ အရမ်း ၀မ်းနည်းရပါတယ်။ ဒါပေမယ့် ဒီ ဖြစ်စဉ်ဟာ လူတော်တော် များများ ရဲ့ စိတ်ကို ပြောင်းလဲအောင်တော့ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါဟာ အရမ်း အရေးကြီးတဲ့ အချက်ပါပဲ ။ ကျမ ထင်တာပေါ့လေ ..လူတော်တော် များများ က နိုင်ငံရေး ဆိုတာ သူတို့ စိုးရိမ်စရာ ကိစ္စမဟုတ်ဘူး လို့ ထင်နေတာ သံဃာတွေ တွေ အပေါ်မှာ ပြုမှု လိုက်တဲ့ အခါ ကျတော့ ဒီနိုင်ငံ မှာ ဖြစ်နေတဲ့ ကိစ္စတွေ ကို လုံးလုံး လစ်လျု ရှု လို့ရပါလား လို့ နက်နက်ရှိုင်းရှိုင်း သိသွား ကြပါတယ်။

ခင်ဗျား ဟာ စီးပွားရေးပိတ်ဆို့ထားမှု အပေါ်မှာ ခေါင်းမာမာနဲ့ (မြန်မာစစ်အစိုးရ၏ ဖိနှိုပ် လွမ်းမိုး အုပ်ချုပ်ထားမှုများအား ဆန့်ကျင်၍) ရပ်တည် နေမှုကြောင့် ဝေဖန်ခံ နေရတယ် နော် ?

အချို့ လူတွေ ကတော့ စီးပွားရေးပိတ်ဆို့မှု ကို နိုင်ငံတွင်း စီးပွားရေး ဖွဲ့စည်းပုံ ပျက်နေရတာ ဒါကြောင့် ဆို ပြီး ဆင်ခြေ ဆင်လက် ပေးကြပါတယ်။ ဒါပေမယ့် စီးပွားရေးဆိုင်ရာ ပညာရှင်တွေက တော့ အဓိက ပြသာနာကြီးက လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရရဲ့ လိုအပ်ချက်တွေ ကြောင့် လို့ထင်ကြတယ်၊ ပြီးတော့လည်း IMF (နိုင်ငံ တကာ ငွေကြေးရန်ပုံငွေ အဖွဲ့ ) ပြောနေတာကလည်း စီးပွားရေး ပညာရှင်တွေ နဲ့ အတူတူ ပါပဲ။

ဒါဆို သူတို့ ဘာလို့ မပြောင်းတာလဲ ?

ဘာလို့လဲ ဆိုတော့ တစ်ချို့လူတွေ က ဒီစီးပွားရေး ပိတ်ဆို့မှု ရှိနေလည်း အပြင်ကနေ ကောင်းကောင်း လုပ်နိုင်တာပဲလေ ဒီလို ပါဝါသုံးပြီး ပိတ်ထားလည်း တစ်ဦးချင်း အလိုက် တစ်ယောက်ချင်း အလိုက် အနည်းစု အတွက် ကိုတော့ ပြောင်းလဲ ချင်အောင် စွမ်းဆောင် မထားနိုင်ပါဘူး ။

ခင်ဗျားတို့ပါတီရဲ့ ခေါင်းဆောင်ပိုင်းတွေ က အသက်ကြီးနေပြီ ဆိုတော့ ဒီ လစ်ဟာနေတဲ့ အပေါက်ကို ဘယ်လို ဖာထေး မှာပါလဲ ?

ဒီနိုင်ငံထဲမှာ နိုးနိုးကြားကြား တက်တက်ကြွကြွနဲ့ သင်ယူ လေ့လာနေတဲ့ လူငယ်တွေ အများကြီး ရှိပါတယ်။ သူတို့နဲ့ အပြိုင် နိုင်ငံ ရပ်ခြားကို ရောက်ရှိနေလို့ သိပ်မသိကြသေးတဲ့ လူငယ်တွေလည်း ရှိပါတယ် ။သူတို့လဲ သင်ယူ လေ့လာ နေကြတာပါပဲ။ ဒီနိုင်ငံ ကနေ ထွက်ခွာပြီး ပညာရေး စနစ် ကောင်းကောင်း နဲ့ ပညာ သင်ယူနေတဲ့ လူငယ်တွေကို ကျမတို့နဲ့ အလုပ်လုပ် ဖို့  ဒီနိုင်ငံကို ပြန်လာ စေချင်ပါတယ်။ ဒါဟာ လစ်ဟ သွားတယ်လို့ မခေါ်ပါဘူး ။ ကျမတို့ ဆန္ဒရှိနေတာ ထက် နည်းနည်းလေး နည်းတယ်ဆိုယုံပဲ။

တကယ်လို့ ဆက်နေဖို့ ရွေးချယ် လိုက်တဲ့ သူတွေ အနေနဲ့ရော ဘယ်လို အခက်အခဲ တွေနဲ့ ရင်ဆိုင် ရနိုင်ပါလဲ ?

အခက်အခဲ အတားအဆီးတွေက အများကြီးပါပဲ ။ ဒါတွေ ကိုတစ်ခုခြင်း လိုက်ပြီး ရေတွက် မနေနိုင်ပါဘူး ကျမ စဉ်းစားနေတာ '' အခက်အခဲ အတားအဆီး '' ဆိုတာထက် ပို ထိရောက်တဲ့ စကားများရှိ ဦးမလားလို့ပါ။

သူတို့အဖေ တွေ ရဲ့ ခြေရာကို နင်းနိုင်ပြီး နိုင်ငံ အတွက် အလုပ်လုပ်ပေးမယ့် အမျိုးသမီး နိုင်ငံရေး ခေါင်းဆောင်တွေ က နည်းနည်းလေးပဲ ရှိတယ်နော်။ အဲဒါ ခင်ဗျား အတွက်ဆို မှန်ပါမလား ?

ကျမ အဖေ( မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချူပ်အောင်ဆန်း ) ဟာ ကျမ အတွက်တော့ စံပြပါပဲ။ ကျမရဲ့ ဖခင် လည်း ဖြစ်သလို ကျမရဲ့ ခေါင်းဆောင် လည်း ဖြစ်တယ်။ ကျမလုံးဝ ဥသုံ ယုံကြည်တဲ့ ပုဂ္ဂိုလ် ဘာကြောင့်လဲ ဆိုတော့ ကျမက သူရဲ့ ဘ၀ သူရဲ့ အလုပ် နဲ့ သူရဲ့ နိုင်ငံရေး အတွေးအခေါ်တွေကို လေ့လာခဲ့ လို့ပါ။

ဒါခင်ဗျားရဲ့ ဘ၀ပေး ကံ အကြောင်းတရားပဲ လို့ထင်ပါသလား ?

ဒါကျမရဲ့ ကံ အကျိုးပေး လို့ကျမ မထင်ပါဘူး။ မြန်မာတွေ ဟာ ကံ ကံ ၏ အကျိုးနဲ့ ပတ်သတ်ပြီး ပြောတတ် ကြတဲ့ စကား တစ်ခွန်း ရှိပါတယ် ကျမလည်းပဲ လူတွေ ပြောကြတာကို လက်ခံပါတယ် ကံ ဆိုတာ အကျိုးရှိလို့ အကြောင်း ရှိတာ .. ကံ ဆိုတာ '' အလုပ် '' ပါပဲ...

ရှင် အစေ့ချခဲ့ တဲ့ အပင် ကို ရှင်ပြန်လည် ရိတ်သိမ်းခူးဆွတ် ရမှာပဲလေ။ ရှင် ကောင်းတာ လုပ်ရင် ကောင်းတာ ဖြစ်မယ်။ ရှင် ရဲ့ အလုပ် ကြောင့် ရှင်ရဲ့ ကံကြမ္မာ ဖြစ်ပေါ် လာတာပဲလေ။ ရှင်ကိုယ်တိုင် လုပ်ခဲ့တဲ့ အကျိုးကို ရှင် ပြန်ခံစားရမှာပဲ ။ ကျမက တော့ ကံကြမ္မာ ကို ဘ၀ပေးကြောင့်တို့၊ ဘုရားသခင်ရဲ့ အလိုတော် အတိုင်းတို့ စသည် ပုံစံမျိုး မယူဆပါဘူး ။

ခင်ဗျား ခံစားခဲ့ရတဲ့ ခက်ခဲတဲ့ အချိန်တွေကို ဟာသ တစ်ခုလို့ ဖေါ်ပြချင်တာလား ?

အဲ့ ဒီ အတိုင်းပါပဲ ။

Ref: ဒေါင်းမာန်ဟုန်

Read More...

စစ်တပ်နှင့် အမိန့်နာခံမှု - အပိုင်း (၁)

ရော်နီညိမ်း
စနေ, 22 ဇန်နဝါရီ 2011

တပ်မှူးတပ်သား ပြောစကား (၀၄၄)

ကမ္ဘာ့နိုင်ငံတွေက စစ်တပ်တွေနဲ့ အမိန့်နာခံမှု အကြောင်းကို မြန်မာ့ တပ်မတော်ရဲ့အမိန့်နာခံမှုနဲ့ ယှဉ်တွဲပြီး၊ ဒီ သီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ် ကဏ္ဍမှာ ဦးရော်နီညိမ်းက “စစ်တပ် နှင့် အမိန့်နာခံမှု - အပိုင်း (၁)” ခေါင်းစဉ်နဲ့ စီစဉ်တင်ဆက် ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ကမ္ဘာပေါ်က စစ်တပ်တိုင်းမှာ မရှိမဖြစ် လိုအပ်ချက် တစ်ခုကတော့ အထက်က ပေးအပ်တဲ့ အမိန့်ကို နာခံလိုက်နာ ဆောင်ရွက်ခြင်းပါ။ ရန်သူနဲ့ ရင်ဆိုင် တိုက်ခိုက် နေကြချိန်မှာ ဘယ်လောက်ပဲ ရန်သူရဲ့ ကျည်ဆံ မိုးတွေ ရွာသွန်း နေပါစေ၊ စစ်သည်တွေဟာ အထက်က အမိန့်အတိုင်း ရန်သူ့ တောင်ကုန်းကို လှံစွပ် တက်ထိုးဆို တက်ထိုး ကြပါတယ်။ ရန်သူရဲ့ ပစ်ကွင်းထဲကို အတင်းဝင် ရန်သူနဲ့ လုံးထွေး တိုက်ခိုက် ကြပါတယ်။ ရန်သူရဲ့ သင်္ဘောကြီးပေါ်ကို မိမိရဲ့ တိုက်လေယာဉ်နဲ့ ဦးစိုက်ထိုးချ တိုက်ခိုက်ခဲ့ကြတဲ့ ခါမိခဇဲ (Kamikaze) ခေါ် အသေခံ ဂျပန် တိုက်လေယာဉ်မှူး တွေလည်း ဒုတိယ ကမ္ဘာစစ်မှာ ပေါ်ထွက် လာခဲ့ပါတယ်။ ဒါဟာ စစ်မြေပြင်မှာ အထက်က အမိန့်ကို တသွေမတိမ်း နာခံပြီး တိုက်ကြ ခိုက်ကြရတဲ့ စစ်သားဘ၀ရဲ့ လေ့ကျင့်ထားတဲ့ ပြုမူ ဆောင်ရွက် ချက်တွေပါ။ ရန်သူနဲ့ သူသေ ကိုယ်သေ တိုက်ခိုက် နေရတယ် ဆိုတဲ့ အခြေအနေ ပေါ်မှာ အနိုင်မခံ အရှုံးမပေး လိုတဲ့ စိတ်ဓါတ်၊ ငါ့တပ်မတော် ငါ့တိုင်းပြည်အတွက် ငါ့ အသက်ကို စွန့်လွှတ်မယ် ဆိုတဲ့ စိတ်ဓါတ်၊ အဲဒီ စိတ်ဓါတ်တွေနဲ့ အထက်က အမိန့်ကို နာခံပြီး အသက်ကို စွန့်လွှတ် အသေခံ လုပ်ကိုင် ဆောင်ရွက် သွားကြတဲ့ အစဉ်အလာတွေ ကမ္ဘာ့ နိုင်ငံအသီး သီးက တပ်မတော်တွေမှာ ရှိကြပါတယ်။ ၁၉၈၃ ခုနှစ် ရန်ကုန်မြို့ အာဇာနည်ဗိမာန် ဗုံးခွဲ တိုက်ခိုက်ခံရမှု အတွက် မြောက်ကိုရီးယား သူလျှိုတွေကို လက်ရ ဖမ်းဆီးစဉ်က သေမယ်ဆိုတာ သိလျှက်နဲ့၊ အမိန့်ကို တသွေမတိမ်း လိုက်နာပြီး အသက်စွန့်လွှတ် လုပ်ဆောင် သွားကြတဲ့ မြန်မာ့ တပ်မတော်သား တွေရဲ့ လုပ်ရပ်ကို အဲဒီဖြစ်စဉ်မှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ သံလျင်မြို့ ခလရ(၉၀)က တပ်သားဟောင်း ဦးထွန်းလင်းက ၂၀၁၀ ခုနှစ် ဗီအိုအေ မြန်မာပိုင်းရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍတစ်ခုမှာ အခုလို ပြောပြခဲ့ပါတယ်။

ဦးထွန်းလင်း။ ။ ကျနော်တို့ကို တခါထဲ သူတို့ မှတ်ပုံတင် စာအုပ်ခေါ်မယ် ထင်ပါတယ်၊ စာအုပ်ကြီး အကြီးကြီး ပေါ့ဗျာ၊ အဲဒီအထဲမှာ ကျနော်တို့ ကိုယ်ပိုင် နံပါတ်တွေ၊ နံမည်တွေ၊ နေရပ် လိပ်စာတွေ အဖေအမေ နံမည်တွေ၊ သွေးအမျိုးအစားတွေ၊ တကယ်လို့ ကျဆုံးခဲ့ရင် အမွေစား အမွေခံအတွက် ဘယ်သူ့ကို ပထမ ဦးစားပေး၊ ဒုတိယ ဦးစားပေး ဘာ ညာ ..အဲဒါတွေ ဖြည့်တယ်ပေါ့ဗျာ။ ဖြည့်ပြီးတော့မှ briefing ပေးတာ။ “အခု မင်းတို့ ရန်သူ သွားရှာရမယ်။ ရှာတဲ့အခါ မှာ ဆူးတွေ့လည်း နင်း၊ ကျားတွေ့လည်း တိုး၊ မြေကြီး တစ်လက္မ မကျန်အောင် နင်းရှာ။ တွေ့လို့ရှိရင် အရှင်ရအောင် ဖမ်း၊ တို့တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ ပြန်ဆည်ဖို့ တို့ရဲဘော်တွေရဲ့ အသက်နဲ့ စတေးသင့်ရင် စတေးရမယ်။ ဒါပေမယ့် ရန်သူ ဒဏ်ရာရတာ မလိုချင်ဘူး” တဲ့။ “ရန်သူကို အရှင်ဖမ်းရမယ်”တဲ့။ အဲဒီလို အမိန့် အပြတ် ပေးတယ်။ အမိန့် ပေးပြီးတာနဲ့ သူတို့က တစ်စီး၊ ကျနော် တို့က တစ်စီးပေါ့ဗျာ၊ ရဟတ်ယာဉ်ပေါ်ကို တက်တယ်။ တက်ပြီးတော့ ကျနော်တို့ကို ရွှေတိဂုံဘုရားကို သုံးပတ် ပတ်ပြီး ပျံပေးတယ်။ ကျနော် တို့ကို အမှန်ကတော့ သရဏဂုံ တင်တဲ့ သဘောပေါ့။ နောက် အမိန့်က ဘာပြန်လာလဲ ဆိုတော့ “မရဘူး လူကြီးတွေ စိတ်ဝင်စားတယ်။ အခု လောလောဆယ် စက်နဲ့ကို ထိုင်ပြီး လူကြီးတွေ စောင့်နေကြတယ်။ ၀င်ဖမ်းပါ၊ ၀င်လုံးပါ။” အရှင် ၀င်လုံးခိုင်းတာ။ အဲဒီအချိန်တုန်းက service အရင့်ဆုံး ရဲဘော်ကြီးက ပေါ့ဗျာ ..နော်။ “ဘယ်အစွန်က သုံးယောက် အသင့်ပြင်”လို့ သူက အမိန့်ပေးတယ်ဗျ။ အဲဒီအချိန်မှာ ဘယ်ဘက် အစွန်မှာ ရှိနေတဲ့ သုံးယောက်က သေနတ်ကို ဘေးချပြီးတော့၊ ရှေ့ကို တစ်ယောက် တစ်လှမ်းစီ တိုးလိုက်တယ်။ အဲဒါ ကို ကျနော်တို့ လှမ်းတွေ့လိုက် တယ်။

အဲဒီအချိန်မှာ သူကနေ လက်ခုပ်တီးပြီး “စ” လို့ အမိန့်ပေးလိုက်တဲ့ အချိန်မှာ ရဲဘော် သုံးယောက်က “ကျား” ဆိုပြီး အော်တဲ့ အသံနဲ့ ပြေးသွားတယ်။ နောက် “ ဂျိမ်း” ဆိုတဲ့ ပေါက်ကွဲသံ ထွက်လာတယ်။ နောက် မီးခိုးလုံးကြီးနဲ့ အဲဒီ မြင်ကွင်း တခုလုံးကို ဖုံးသွားတယ်။ ကျနော်တို့ဆီက သုံးယောက်က အဲဒီမှာ ဖရိုဖရဲ လဲနေပြီပေါ့ဗျာ၊ အဲဒီမှာ နောက်သုံးယောက် အဆင်သင့်ပြင် ဆိုတော့ ကျနော်တို့ သုံးယောက် အဲဒီလိုပဲ သေနတ် ချပြီးတော့ ရှေ့တစ်လှမ်း တက်ပေါ့ ဗျာ။ နောက် သူက အမိန့်ပေးတော့ ကျနော်တို့က “ကျား” ဆိုပြီး ၀င်လုံးတာပေါ့။ ဒါပေမယ့် ကံကောင်းချင် တော့ အဲဒီအချိန်မှာ သူ ပစ်လိုက်တဲ့ လက်ပစ်ဗုံးက သူကိုယ်တိုင်လည်း ထိထားတော၊့ အဲဒီ ကင်မင်ချူး (ဗိုလ်ကြီးအဆင့်ရှိ မြောက်ကိုးရီးယား သူလျှို) က သူ ကျနော်တို့ကို ပစ်စရာ လက်ထဲမှာ ဘာမှ မရှိတော့ဘူး ပေါ့ဗျာ။ အဲဒီမှာ ကျနော်တို့ ၀င်လုံးတော့ မိပြီပေါ့ဗျာ။ သုံးယောက်က ကျ သွားတာပေါ့နော်။ ဒီ ရဲဘော်တွေ ကျတာတော့ ဒါကတော့ ထုံးစံကတော့ ကျနော်တို့ အမြဲတမ်း ရှေ့တန်းမှာလည်း ဒီလိုပဲ ကျနေကြတာပါ ပဲ။ ဒါပေမယ့် မတူတာ တစ်ခုကတော့၊ လက်နက်ရှိတဲ့ ရန်သူကို ကိုယ့်လက်နက်ကို ဘေးချပြီးတော့ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုး အတွက် အမိန့်ကို ကျနော်တို့က ဦးထိပ် ထားပြီးတော့ ထမ်းဆောင်ရင်းနဲ့ ကျဆုံးသွားတာ ဖြစ်တဲ့ အတွက်ကြောင့်မို့၊ အရမ်း စိတ်ထဲမှာတာ့ မကောင်းဘူးပေါ့ နော်။ အဲဒီ အချိန်မှာတော့ ကျနော်တို့ တော်တော်ကို ခံစားရပါတယ်။ ကျနော်တို့က ဖြေပါတယ်။ ပြန်ဖြေပါတယ်။ ကျနော်တို့က မနက် တစ်ကြိမ်၊ ည တစ်ကြိမ် သစ္စာအဓိဌာန် (၄)ချက်ကို ဆိုရတယ်ဗျ။

“ငါတို့သည် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။ ငါတို့သည် ကျဆုံးလေပြီးသော ရဲဘော်တို့၏ သစ္စာကို စောင့်သိ ရိုသေ ပါမည်။ ငါ့အား အထက်မှ ပေးအပ်သော အမိန့်နှင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော် အတွက် ငါ၏ အသက်ကို စွန့်လွှတ်ရန် အဓိဌာန် ပြုပါ၏။ ”

ဆိုပြီးတော့ ကျနော်တို့က မနက် တစ်ကြိမ်၊ ည တစ်ကြိမ် သစ္စာ ဆိုရတယ်။ ကျနော်တို့ ဒီသစ္စာကို စောင့်ပြီးတော့ ကျနော်တို့ တိုင်းပြည်နဲ့ လူမျိုး အတွက် ကျနော်တို့ တပ်မတော်အတွက် ကျနော်တို့ အသက်တွေပေး ကျနော်တို့ ခန္ဓာကိုယ်တွေ စတေး၊ ဘ၀တွေ စတေးပြီး လုပ်ခဲ့တာပါ။ ကျနော်တို့က အဲဒီအချိန်မှာ ကိုယ့်ရဲဘော် ကျဆုံးတာတော့ စိတ်ထဲ မကောင်းဘူးပေါ့ဗျာ။ ဒါပေမယ့် ကျနော်တို့ သိလိုက်တာက ကိုယ့်နိုင်ငံကို လာတဲ့ ဧည့်သည်ကို လာပြီးတာ့ စော်ကားတဲ့၊ ကိုယ့်နိုင်ငံကို လာပြီး သိက္ခာကျအောင် လုပ်တဲ့ လူတွေကို ကျနော်တို့ ကိုယ့်အသက်နဲ့ လဲပြီး တော့ ဒီကောင်တွေကို ရအောင် ဖမ်းလိုက်တယ် ဆိုတာတော့ ကျနော်တို့ ဂုဏ်ယူတယ်ပေါ့၊ အဲဒီအချိန်မှာ ကျနော်တို့ရဲ့ စိတ်ထဲမှာ အဲဒီလိုတော့ ရှိတယ်ပေါ့ နော်။

You’re beautiful သီချင်း။ ။ My life is brilliant. My love is pure. I saw an angel. Of that I'm sure.

She smiled me on the subway. She was with another man. But I won't lose any sleep on that, 'cause I've got a plan.

You're beautiful, you’re beautiful; you’re beautiful, it's true. ……………

ဦးရော်နီညိမ်း။ ။ You're beautiful ဆိုတဲ့ ဒီကမ္ဘာကျော် သီချင်းကလေးကိုတော့ ဒီနေ့ခေတ် လူငယ်လူလတ်တွေ သိကြမှာပါ။ You're beautiful အပါအ၀င် သီချင်းများစွာနဲ့ ကမ္ဘာ့ ဂီတလောကမှာ ထင်ရှား ကျော်ကြားလာခဲ့သူ ဗြိတိသျှ အဆိုတော် James Blunt ဟာ အဆိုတော် မဖြစ်မီက ဗြိတိသျှ တပ်မတော်(ကြည်း)မှာ တာဝန် ထမ်းဆောင်ခဲ့ သူပါ။ အင်္ဂလန် Bristol တက္ကသိုလ်မှာ လူမှုဗေဒ Sociology ဘာသာရပ်နဲ့ သိပ္ပံ (ဂုဏ်ထူး) ဘွဲ့ ရယူခဲ့တဲ့ James Blunt ဟာ ဗြိတိသျှ တပ်မတော်မှာလည်း လေးနှစ် စစ်မှုထမ်းဖို့ အတွက် တော်ဝင် Sandhurst စစ်တက္ကသိုလ် (RMAS - The Royal Military Academy Sandhurst) မှာ ဗိုလ်သင်တန်း တက်ခဲ့ပါတယ်။ သူဟာ စစ်မှုထမ်း ဘ၀မှာ ကျရာနေရာကို သွားရောက် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်တွေမှာ အရှေ့ ဥရောပ ယူဂိုဆလားဗီးယား နိုင်ငံထဲက ကိုဆိုဗို ဒေသမှာ ဒေသ ခံ အယ်(လ်)ဘေးနီးယား တိုင်းရင်းသားတွေကို ဆားဗီးယား စစ်တပ်က ဖိနှိပ် ညှင်းပန်း သတ်ဖြတ် နေတာကြောင့် မြောက်အတ္တ လန္တိတ်စစ်စာချုပ် NATO(North Atlantic Treaty Organization) တပ်ဖွဲ့ ၀င်တွေက ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်တွေ အဖြစ် ကိုဆိုဗိုအယ်(လ်) ဘေးနီးယား ဒေသခံတွေကို အကာအကွယ် ပေးနေသလို ရုရှ တပ်မတော်ရဲ့ တပ်ဖွဲ့တွေကလည်း ရှေးရိုး အစဉ်အလာ မဟာမိတ် ဖြစ်တဲ့ ယူဂိုဆလား ဗီးယားနိုင်ငံထဲက ဆားဗီးယား စစ်တပ်ကို NATO တပ်တွေရဲ့ ချေမှုန်းခြင်း မခံရအောင် အကာအကွယ် ပေးဖို့ ကုလသမဂ္ဂရဲ့ သဘောတူညီချက်နဲ့ ကိုဆိုဗိုကို ရောက်ရှိ နေခဲ့ကြပါတယ်။ ၁၉၉၉ ခုနှစ်က ကိုဆိုဗိုဒေသ NATO သံချပ်ကာရှေ့ပြေး ကင်းထောက် တပ်ဖွဲ့ရဲ့ တပ်မှူး ငယ် အသက်(၂၅) နှစ်ပဲ ရှိသေးတဲ့ ဗိုလ်ကြီး James Blunt ရဲ့ တပ်ဟာ အင်အား (၃၀၀၀၀) ရှိတဲ့ NATO တပ်ဖွဲ့တွေရဲ့ ရှေ့ကနေ ကိုဆိုဗိုဒေသ ပရစ္စတီးနား (Pristina) မြို့တော်ကို ချီတက် နေပါတယ်။ တပ်ဦးက ဗိုလ်ကြီးJames Blunt ရဲ့ တပ်ဖွဲ့ Pristina မြို့ကို မရောက်သေးခင်မှာ ရုရှား တပ်ဖွဲ့တွေက Pristina နိုင်ငံတကာ လေဆိပ်ကို ကြိုတင် ရောက်ရှိ သိမ်းပိုက် ထားကြပါတယ်။ အဲဒီအချိန်မှာ ရှေ့ဆုံးက point တပ်ဖွဲ့ရဲ့ တပ်မှူး ဗိုလ်ကြီး James Blunt ဆီကို ရေဒီယို ဆက်သွယ်ရေး စက်က တဆင့် NATO တပ်ဖွဲ့တွေရဲ့ တပ်မှူးကြီး ကြယ်လေးပွင့်ရ အမေရိကန် ဗိုလ်ချုပ်ကြီး Wesley Clerk ဆီကနေ တိုက်ရိုက် ပေးအပ်တဲ့ အမိန့်တစ်ရပ် ရောက်ရှိ လာခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး Wesley Clerk ဆီက သူရရှိ ခဲ့တဲ့ အမိန့်ကို အခုအခါမှာတော့ အဆိုတော် James Blunt က ပြီးခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာလ ၁၄ ရက်နေ့ ဘီဘီစီ ရေဒီယို Channel 5 (Live) နိုင်ငံရေးကဏ္ဍ အစီအစဉ် တင်ဆက်တဲ့ John Pienaar နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ အခုလို ပြောပြခဲ့ပါတယ်။

James Blunt ။ ။ ကျနော့်ရဲ့တပ်က Pristina နိုင်ငံတကာ လေဆိပ်က အင်အား(၂၀၀) လောက် ရှိတဲ့ ရုရှတပ်ကို အနိုင် တိုက်ပြီး လေယာဉ်ကွင်းကို သိမ်းယူဖို့ ဗိုလ်ချုပ်ကြီး Wesley Clark ရဲ့ တိုက်ရိုက် အမိန့်ကို ကျနော် ရခဲ့ပါတယ်။ “ရုရှတွေကို ချေမှုန်းပစ်” ဆိုတဲ့ သူ့ရဲ့ အမိန့် က ရေဒီယို ဆက်သွယ်ရေး စက်ထဲကနေ ထွက်လာ ခဲ့ပါတယ်။ ကျနော့်ရဲ့ ရှေ့ပြေး point တပ်ဖွဲ့ရဲ့နောက်မှာ ကပ်နေတာက လေထီးတပ်ရင်း တစ်ရင်း ပါ။ အဲဒီ နောက်မှာတော့ သံချပ်ကာကားတွေ၊ တင့်ကားတွေ၊ စစ်ကား အမျိုးမျိုးတွေနဲ့ ကျနော်တို့ ချီတက်လာခဲ့တဲ့ လမ်းမကြီး တလျှောက် နောက် ကိုပြန်ကြည့်လိုက်ရင်၊ လက်နက် အပြည့်အစုံနဲ့ NATO တပ်တွေ အင်အား (၃၀၀၀၀) လောက် သူ့တပ် အမျိုးအစားနဲ့ သူ၊ တမျှော်တခေါ်ကြီး ရှိနေ ပါတယ်။ တပ်ဦးကတော့ ကျနော့်ရဲ့ တပ်ပေါ့၊ သွေးရိုးသားရိုး မဟုတ်တဲ့ စစ်မိန့်ကို ကျနော်ရခဲ့တာပါ။ ကျိန်းသေပေါက် တတိယ ကမ္ဘာစစ်ကြီး ဖြစ်သွားနိုင်တဲ့ အမိန့်ပါ။ ဒီလေယာဉ်ကွင်းကို သိမ်းပြီး ရုရှတွေအပေါ် အပေါ်စည်းရယူဖို့ ဆိုတဲ့ နိုင်ငံရေး ရည်မှန်းချက်နဲ့ ပေးတဲ့ အမိန့်ပါ။

ဦးရော်နီညိမ်း။ ။ ဒီအမိန့်ကို မနာခံရင် စစ်ခုံရုံးကို ရောက်သွားနိုင်တာကို သူ သိရှိပြီးတော့၊ ဒီအမိန့်အတိုင်း နာခံပြီး လိုက်နာ ဆောင်ရွက် ခဲ့ရင် ဘာတွေ ဖြစ်လာမလဲ ဆိုတာ သူ ဘယ်လို တွေးတော ဆင်ခြင်ခဲ့ပါသလဲလို့ James Blunt ကို မေးတဲ့ အခါမှာတော့ သူက အခုလို ဖြေဆိုခဲ့ ပါတယ်။

James Blunt ။ ။ ပြောရမယ်ဆိုရင် အခြေအနေတွေကတော့ ရှုပ်ထွေးနေတာပေါ့ ဗျာ၊ ကျနော့်ရဲ့ တပ်က၊ တိုက်ချင် ခိုက်ချင်နေကြတဲ့ ရုရှစစ်သား (၂၀၀) လောက်ရဲ့ သေနတ် ပြောင်းဝအောက် ရောက်နေတဲ့ အနေအထားပါ။ ဒီ လေယာဉ်ကွင်းကို ရရင် NATO တပ်တွေ Pristina မှာ လက်မထောင်ပြီး ဇိမ်ကျကျ တပ်ချ ထားနိုင်ပြီပေါ့ ဗျာ။ ဒီလို နိုင်ငံရေး အမြတ်ထုတ် နိုင်အောင် တပ်ဦးက ကျနော့်ရဲ့ တပ်က ပေးအပ်လာတဲ့ အမိန့်အတိုင်း အကောင်အထည် ဖော်ရမယ်ပေါ့။ လက်တွေ့မှာ ဒီအမိန့်အတိုင်း လိုက်လုပ်လိုက်လို့ ကတော့ တတိယ ကမ္ဘာစစ်ကြီး ဖြစ်သွားနိုင် တယ်လို့ ကျနော်တွေးမိတယ်။ ဒါကြောင့်လည်း အမေရိကန် ဗိုလ်ချုပ်ကြီးက ပေးအပ်လာတဲ့ အမိန့်တာဝန်ကို ကျနော်တို့ စောဒက တက်ခဲ့ရတာ ပေါ့။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ နောက်သီတင်းပတ် စနေနေ့ မနက်နဲ့ ညနေပိုင်း ဗီအိုအေ မြန်မာပိုင်း အစီအစဉ်ရဲ့ “တပ်မှူးတပ် သား ပြောစကား” ကဏ္ဍမှာ “စစ်တပ်နှင့် အမိန့်နာခံမှု အပိုင်း(၂)” ကို ဆက်ပြီး တင်ဆက်ပေးမှာ ဖြစ်ပါတယ် စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။

Ref: VOA News

Read More...

တူနီးရှား နိုင်ငံ၏ လူထု အုံကြွမှု အပိုင်း (၂)

January 20, 2011

တင်ကျော်ကျော်စိုး။ ။


တူနီးရှား နိုင်ငံ၏ သမိုင်းကြောင်း

နိုင်ငံကာတွင် နာမည် သိပ်မကြီး လှသော်လည်း ကမ္ဘာကျော် Star Wars ရုပ်ရှင် ဇာတ်ကားများ၊ English Patient၊ Sahara စသည့် ဇာတ်ကားများ မှာ တူနီးရှား နိုင်ငံတွင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

အာဖရိက နှင့် အာရပ်ကမ္ဘာ မှ လွဲ၍ အခြား နိုင်ငံများ တွင် မူ တူနီးရှား နိုင်ငံ သည် လူသိများခြင်း သိပ်မရှိသည့် မြောက်အာဖရိက နိုင်ငံတစ်ခု ဖြစ်သည်။ ကာသေ့ ယဉ်ကျေးမှု ၏ ဘူမိနက်သန် နေရာ ဖြစ်သောကြောင့် ယခုတိုင် ကာသေ့ မြို့ပြ နိုင်ငံ၏ ယဉ်ကျေးမှု အမွေ အနှစ် များကို ယူနက် စကို၏ စောင့်ရှောက်မှုဖြင့် တွေ့ရှိနိုင်သည်။ နိုင်ငံသာ ငယ်သော်လည်း ကာသေ့ မြို့ပြ ယဉ်ကျေးမှု အမွေ အနှစ် များကို ရှုမျှော်မဆုံး တွေ့နိုင်သည်။

ဘီစီ ၁၁၀၀ တွင် ဖိုနီးရှန်း လူမျိုး တို့  အာဖရိက မြောက် ပိုင်း တွင် အခြေချ ခဲ့ရာမှ ကာသေ့ မြို့ပြ နိုင်ငံများ ပေါ်ပေါက် လာခြင်း ဖြစ်သည်။ ဘီစီ ၁၄၆ တွင် ရောမတို့ ကျူးကျော် ခံရပြီးနောက် နာမည်ကျော် တတိယ ပြူးနစ် စစ်ပွဲ (Battle of Carthage ၁၄၉ ဘီစီ ) ဖြစ်ပွားပြီးနောက် ကာသေ့ တို့၏ အဆောက်အဦများ ယဉ်ကျေးမှု များမှာ ရောမ အင်ပါယာ လက်အောက် ကျရောက်ကာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။


ရောမခေတ် မတိုင်မှီက နိုင်းမြစ်ဝှမ်း နှင့် မြေထဲပင် လယ်အကြား နေထိုင်ပြီး အာဖရိက မြောက်ပိုင်းတွင် ကျင်လည် ကျက်စားသည့် ဘာဘာလူမျိုး တို့သည် ယခု တူနီရှန်း တို့၏ ဘိုးဘေး ဘီဘင်များ ဖြစ်သည်။ (ပြင်သစ်ဘောလုံးသမား ဇီဒန်း သည် ဘာဘာ လူမျိုး ဖြစ်သည်)

ခရစ် သက္ကရာဇ် ၆၀၀ တွင် အာရပ် တို့  တူနီးရှားကို သိမ်းသွင်း ပြီး နောက် ဘာဘာတို့ ကစဥ့်ကလျှား ဖြစ်သွားခဲ့ရ ပြန်သည်။ ၁၆၀၀ တွင် အော်တိုမန် အင်ပါယာ လက်အောက်သို့ ကျရောက် သွားခဲ့သည်။

၁၈၈၃ ခုနှစ် တွင် ပြင်သစ် တို့က တူနီရှား နိုင်ငံကို သိမ်းပိုက် ခဲ့သည်။ ၁၉၃၄ ခုနှစ် တွင် ဟာဘစ် ဘိုဂီဘာက နီယို ဒေါ်စတာ ပါတီကို တည်ထောင်ပြီး တူနီးရှား နိုင်ငံအား ပြင်သစ် လက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်း ခဲ့သည်။

၁၉၅၆ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် တူနီရှား နိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သည်။ လွှတ်လပ်ရေး ကြိုးပမ်းမှု၏ ခေါင်းဆောင် ဟာဘစ် ဘိုဂီ ဘာက ၀န်ကြီးချုပ် အဖြစ် တာဝန်ယူသည် ။ နောက် တစ်နှစ်တွင် ဘုရင် စနစ်ကို ဖျက်သိမ်း ပြီးနောက် ဘိုဂီဘာ သမ္မတ ဖြစ်လာသည်။]

၁၉၈၀ ပြည့်လွန် နှစ် များ တွင် PLO အပါအ၀င် ပါလက် စတိုင်း လွတ်မြောက်ရေး အဖွဲ့အစည်း များကို ပါလက်စတိုင်းတွင် အခြေစိုက်ခွင့် ပေးသည်။ ပါလက်စတိုင်း ခေါင်းဆောင် ယာဇာ အာရဖတ်သည် တူနီးရှားတွင် နှစ်အတန်ကြာ နေထိုင်ခဲ့သည်။

၁၉၈၅ တွင် အစ္စရေး ကွန်မန် ဒို များက မြို့တော် တူနစ်ရှိ ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့ (PLO) ဌာနချုပ်ကို ၀င်ရောက် စီးနင်းရာ လူခြောက်ဆယ်ကျော် သေဆုံး ခဲ့သည်။

၁၉၈၇ ခုနှစ်တွင် ၀န်ကြီးချုပ် ဘင်အလီ က သမ္မတ ဖြစ်သူ ဟာဘစ် ဘိုဂါဘီသည် နိုင်ငံကို အုပ်ချုပ် နိုင်စွမ်း မရှိတော့ဟု အကြောင်းပြကာ အာဏာ သိမ်းယူခဲ့သည်။

၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် အမေရိကန် ၏ အကြမ်းဖက် တိုက်ဖျက်ရေး စစ်ပွဲဉ် အမေရိကန် လေယာဉ်များ ဆင်းသက်ခွင့်ကို တူနီရှား နိုင်ငံတွင် ခွင့်ပြုထားပြီး အမေရိကန် နှင့် ဆက်ဆံရေး ကောင်းခဲ့သည်။

တူနီရှား အစိုးရသည် သတင်းစာ ဆရာ တော်ဖစ် ဘန် ဘရခ် အပါအ၀င် သတင်းစာ ဆရာ ရှစ်ဦး ခန့်ကို ထောင်သွင်း အကျဉ်း ချထားခဲ့သည်။ တူနီရှား အစိုးရ၏ လူ့အခွင့် အရေး ချိုးဖောက်မှု များနှင့် အစိုးရက အကျင့်ပျက် ချစားခြင်း ကို အမေရိကန်က လစ်လျူရှု ထားသည် ဟု ဝေဖန် မှုများ ရှိခဲ့သည်။

၂၀၀၉ ခုနှစ် တွင် ဘင်အလီ သည် ငါးကြိမ်မြောက် သမ္မတ အဖြစ် အရွေးခံရပြီးနောက် ပြည်သူတို့၏ မကျေနပ်မှုများ စတင်ခဲ့သည်။

တူနီးရှား နိုင်ငံ၏ ယဉ်ကျေးမှု

အနောက်ယဉ်ကျေးမှု ကို နိုင်ငံတွင်း ခွင့်ပြုထားသည် တစ်ခုတည်းသော အာရပ် နိုင်ငံဖြစ်သည့် တူနီရှားတွင် အမျိုးသမီးများ မှ အစ္စလာမ် ဘာသာဝင်တို့၏ ဓလေ့ဖြစ်သည့် ဘာကာ ခေါ် မျက်နှာဖုံးများ တပ်ဆင်ရခြင်း မရှိပါ။ မြေထဲ ပင်လယ် ကမ်းခြေ အာဖရိက နိုင်ငံ ငယ်လေးသည် ဥရောပ နိုင်ငံများနှင့် မခြား လူမှုရေး လွတ်လပ်မှု ရှိသည်။ ပြင်သစ် ဘောလုံး အကျော်အမော် ဘားသက်ဇ် ၊ ဖက်ရှင် အကျော်အမော် ဒိုနာ တယ်လာဗက်ဆက်ချီ တို့၏ ဇိမ်ခံအိမ် အကောင်းစားများလည်း တူနီရှားတွင် ရှိသည်။

သို့သော် …….နိုင်ငံရေး၊ စီးပွားရေး များကတော့ လွတ်လပ်မှုမရှိ ၊ နိုင်ငံ အာဏာကို ၁၉၈၇ ခုနှစ် ကတည်းက အာဏာသိမ်းပြီး ရယူလာသည့် သမ္မတ ဇင်အယ် အဘီဒင်း ဘင်အလီ က အုပ်ချုပ်သည်။ ဘင်အလီသည် တူနီရှား နိုင်ငံကို ပြင်သစ် ကိုလိုနီ လက်အောက်မှ လွတ်မြောက်အောင် တိုက်ပွဲဝင်ခဲ့သူ သမ္မတ ဟာဘစ်ဘော်ဂီဘာ ကို ဖြုတ်ချပြီး အာဏာသိမ်း ခဲ့သူ ဖြစ်သည်။ အာဏာရပြီး နောက်တွင် ၎င်း၏ အာဏာကို တည်မြဲအောင် လုပ်ပြီး အတိုက်အခံများ ကို ဖမ်းဆီး ထောင်ချခြင်းများ ပြုလုပ်သည်။ နောက်ပိုင်းတွင် သတင်းစာ ဆရာများ ၊ဘလောက်ဂါများ၊ ပညာရှင်များ ကိုပါ ဖမ်းဆီး ထောင်ချခဲ့သည်။

၂၀၀၉ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံတွင်း လွတ်လပ်စွာပြောဆိုခွင့်များ ကို ပိုမို ချုပ်ချယ်ကန့်သတ် လာသည်။ ဘလောက်ဂါ များ ကို ဖမ်းဆီးထောင် ချခဲ့ပြီး နှိပ်စက် ညှင်းပန်း မှုများ ပြုလာခဲ့သည်။ တူနီရှား အစိုးရ အဖွဲ့သည် လာဘ်စားမှု များမှ ပိုမို ဆိုးရွားလာပြီး ၂၀၀၉ ခုနှစ်တွင် ဘင်အလီ ၏ ဇနီးဖြစ်သူ လိုင်လာ ဘင်အလီက ဆွစ်ဘဏ် နှင့် ဂျာမဏီဘဏ် တို့တွင် ဒေါ်လာ သိန်း ၈၀၀ ကျော် အပ်နှံခဲ့သည် ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

တူနီရှား နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရောဘတ် ဂိုဒက် က တူနီရှား သမ္မတ ဘင်အလီ ၏ ဆွေမျိုး မိသားစု ကို “ကွေဇိုင်း မာဖီးယား” ဟု ခေါ်ဆို ခဲ့သည်။ ဘင်အလီ ၏ ပထမ အိမ်ထောင် မှ သားသမီး များသည် တူနီရှား နိုင်ငံ၏ ပင်လယ် ကမ်းခြေ များတွင် ဟိုတယ် နှင့် ရီဆော့ များကို ပိုင်ဆိုင်သည်။ ၎င်း၏ ယောက်ဖ ဆခ်ခါ မာတာရီသည် ဇိုင်တိုနာ ရေဒီယို နှင့် ရုပ်သံကို ပိုင်သည်။ ဘင်အလီ ၏ ဆွေမျိုးများသည် တူနီးရှား နိုင်ငံတွင် အဖိုးတန် အိမ်များ အလုံး ၁၀၀ ထက်မနည်း ပိုင်ဆိုင်ပြီး နိုင်ငံ၏ အိမ်ခြံမြေ လုပ်ငန်း ကို လက်ဝယ်ကြီး လုပ်ထား သည်။ မြို့တော် တူနစ် ရှိ ကာသေ့ နိုင်ငံတကာ ကျောင်း ကို ဘယ်(လ)ဂျီယန် ကုမ္ပဏီ တစ်ခုသို့  ဒေါ်လာ တစ်သန်းခွဲဖြင့် ရောင်းချသည်။

ဘင်အလီ၏ ယောက်ဖ တစ်ဦးသည် ဗဟိုဘဏ်၏ ရှယ်ယာ အများစုကို ပိုင်ဆိုင်ပြီး ကိုယ်ပိုင်ဘဏ် တစ်ခု ရှိကာ ဆွစ်ဇာလန် နိုင်ငံ ရိုဒူဟွန်တွင် ဒေါ်လာ လေးသန်းကျော်တန် အိမ်နှင့် ကိုယ်ပိုင် ပြင်သစ်လုပ် Falcon 9000 Jet လေယာဉ် တစ်စီးရှိသည်။

တူနီရှား ပြည်သူများ မှာ ၂၀၀၈ ခုနှစ် အမေရိကန် စီးပွားပျက်ကပ် ဂယက်ကြောင့် အလုပ်အကိုင်များ ရှားပါး လာပြီး ပို၍ ဆင်းရဲတွင်း နက်လာကြသည်။ တိုင်းသူ ပြည်သား များမှာ ဆင်းရဲတွင်း နက်သော်လည်း ဘင်အလီ နှင့် မိသားစုက အနောက်တိုင်း သံတမန်များကို ပြင်သစ် နိုင်ငံမှ မှာယူထားသည့် ၀ိုင် အကောင်းစား များဖြင့် တည်ခင်း ဧည့်ခံသည်။ သံအမတ် များကလည်း အလွန် သဘောကျသည် ပြင်သစ် နိုင်ငံခြားရေး ၀န်ထမ်းများ ဆိုလျှင် တူနီရှား နိုင်ငံတွင် သံဝန်ထမ်း အဖြစ် စေလွှတ်ခြင်း ခံရလျှင် အလွန် သဘောကျသည်။

အုံကြွှမှု ၏ နိဒါန်း

၂၀၁၀ ခုနှစ် ဒီဇင်ဘာ လ ၁၇ ရက်နေ့တွင် အသက် ၂၆ နှစ် အရွယ် မိုဟာမက် ဘူဇာဇီ မိမိကိုယ်ကို မီးရှို့ ဆန္ဒပြသည့် ပြည်သူတို့၏ ဒေါသသည် ဘူဇာဇီ၏ ကိုယ်ပေါ်မှ မီးတောက် ကဲ့သို့ ဟုန်းကနဲ တောက်လောင်သည်။

ထိုနေ့တွင် ပင် ဘူဇာဇီ မီးရှို့ ဆန္ဒပြသည့် ဓာတ်ပုံများ ၊ ဗီဒီယို များအား တူနီရှန်း ဘလောက်များတွင် ဖော်ပြ ထားသောကြောင့် အခြား မြို့များ တွင်လည်း ပြည်သူများ က မော်တော်ကား တာယာများကို မီးရှို့ ပြီး ဆန္ဒပြကြသည်။

မီးရှို့ ဆန္ဒပြမှု ဖြစ်ပေါ်ပြီးနောက် ဆစ်ဒီ ဘိုဇီ မြို့ငယ်လေးတွင် လူ ၄၀ ကျော်မှ စတင်ကာ လမ်းပေါ်ထွက် ဆန္ဒပြမှု စတင်ပြီး နောက် အခြား မြို့များသို့ ကူးစက် သွားခဲ့သည်။

ပြည်သူ တို့၏ တောင်းဆိုမှု မှာ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး ဖြစ်သည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ တွင် အစိုးရ အဖွဲ့ မှ ဖွံ့ဖြိုးရေး ၀န်ကြီးက ဆစ်ဒီ ဘိုဇီ မြို့ငယ်သို့ သွားရောက်၍ အလုပ်အကိုင် နေရာများ အတွက် ဒေါ်လာ ၁၀ သန်း အကုန် အကျခံကာ ဖန်တီးပေးမည် ဟု စီစဉ် ခဲ့သော်လည်း ဆန္ဒပြမှုများမှာ အခြား တူနီးရှား မြို့များ ဆီသို့ ကူးစက် သွားသည်။

ဒီဇင်ဘာ လ ၂၁ ရက်နေ့ တွင် အသက် ၂၂ အရွယ်ရှိ လူငယ် တစ်ဦးက မိမိ ကိုယ်ကို သတ်သေ ဆန္ဒပြမှု ထပ်မံ ပေါ်ပေါက် ခဲ့ပြီးနောက်တွင် တူနီးရှား တောင်ပိုင်း မြို့များ သို့ပါ ဆန္ဒပြမှု စတင် ကူးစက်သည်။

နိုင်ငံအလယ် ပိုင်း ရှိ မြို့တစ် ခု ဖြစ်သော မန်ဇယ် ဘိုဇီယန်း တွင် အသက် ၁၈ နှစ် အရွယ် ဆန္ဒပြသူ မိုဟာမက် အာမာရီ ကို ရဲတပ်ဖွဲ့က ပစ်သတ် ခဲ့ပြီး အသက် ၄၄ နှစ် အရွယ်ရှိ ချောကီ အယ်ဟာဇီ ကိုလည်း ပစ်သတ် ခဲ့သည်။

အစိုးရ၊ လုံခြုံရေး အဖွဲ့များ နှင့် ဒေသခံ အာဏာပိုင် များက ဆန္ဒပြသူများသည် တိုင်းပြည် စီးပွားရေးကို အထိနာ အောင် လုပ်သူများ ဖြစ်သောကြောင့် ဖြို ခွဲမှုများ ပြုလုပ်မည်ဟု သတိပေးကာ ပစ်ခတ်မှုများ ပြုလုပ်သော်လည်း ကျောင်းသားများ၊ ရှေ့နေ များနှင့် အတိုက်အခံ ခေါင်းဆောင် များက ဦးဆောင်ပြီး ဆန္ဒပြ သောကြောင့် ပြည်သူများ ပါဝင်လာရာ လူထု အုံကြွှမှု အသွင် ဆောင်လာခဲ့သည်။

ခရစ္စမတ် နေ့တွင် တူနီးရှား နိုင်ငံ၏ အကြီးဆုံးသော အတိုက် အခံ ပါတီ ဖြစ်သည့် Progressive Democratic Party မှ ခေါင်းဆောင် များက ဦးဆောင်ပြီး လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြရာ ပြည်သူများ က အားတက် လာပြီး ဆစ်ဖစ် မြို့တွင် ဆန္ဒပြသူများက ရဲများ ၏ သေနတ်များ ကို ၀င်ရောက် လုကြသည်။

အခြား မြို့ငယ်များ တွင်မူ စစ်တပ် နှင့် လုံခြုံရေး အဖွဲ့များ ကို ပြန်လည် ပစ်ခတ်ကြရာ လက်နက်ကိုင် အဖွဲ့များက ပြန်လည် ပစ်ခတ်သော် လည်း ဆန္ဒပြမှု များက နေ့ရော ညပါ အားကောင်းလာသည်။

နာမည်ကျော် တူနီးရှား ရှေ့နေ Abderrahman Ayedi ကို ရဲတပ်ဖွဲ့က ဖမ်းဆီး ပြီး နှိပ်စက် ညှင်းပန်းသည့် သတင်း ထွက်လာသည့် အခါ ပြည်သူများက ရဲစခန်းကို ၀ိုင်းပြီး အေဒီကို ကယ်ဆယ်ခဲ့သည်။

အယ်(လ) ဂျီးယား နှင့် နယ်စပ်ခြင်း ကပ်နေသည့် မြို့တော် တာလာတွင် ဆန္ဒပြမှု ဖြစ်ပွားပြီး နောက်တွင် ရဲတပ်ဖွဲ့က သက်ကြီးရွယ်အို အမျိုးသမီး နှစ်ဦးကို ပစ်သတ်သည့် အခါ အုံကြွှမှုမှာ မြို့တော်တူနစ် သို့ပါ ကူးစက် သွားသည်။

ဇန်န၀ါရီ လ ၄ ရက်နေ့တွင် တူနီးရှား ရှေ့နေများ ကောင်စီ၊ အတိုက်အခံ ပါတီနှင့် ကျောင်းသားများ က အထွေထွေ သပိတ် တိုက်ပွဲ ဆင်နွှဲရန် ကြေငြာပြီး နောက် မြို့တော် တူနစ် တွင် ပြည်သူများက လမ်းပေါ် ထွက်၍ ဆန္ဒပြကြသည်။

တူနစ် အပါအ၀င် တူနီရှား နိုင်ငံ တစ်ခု လုံး ဘင်အလီ ကို အုံကြွှ တွန်းလှန် ရာတွင် စီးပွားရေး လုပ်ငန်းရှင် များက ထောက်ပံ့ကူညီမှု များ ပြုလုပ်ခဲ့သည်။

၂၀၁၁ ခုနှစ် နှစ်သစ်ကူးနေ့ ဇန်န၀ါရီလ ၁ရက်နေ့ အထိ ဆန္ဒပြသူ ၅၀ ကျော်ခန့် အသက် ဆုံးရှုံးခဲ့ပြီး လူ ၂၀၀ ကျော်ကို ဖမ်းဆီး ထားသည်။ ဆန္ဒပြသူများ ကို စစ်တပ် နှင့် ရဲတပ်ဖွဲ့များ က ပစ်ခတ် ခဲ့သော်လည်း မြို့တော် တူနီးရှား တွင် နေ့ရော ညပါ ဆက်လက် ဆန္ဒ ပြခဲ့ကြသည်။

ဇန်န၀ါရီလ ၄ ရက်နေ့တွင် တူနီရှား ကွန်ပြုတာ ကျွမ်းကျင်သူများက အစိုးရ ၀ဘ်ဆိုတ် များကို တိုက်ခိုက် မှုများ စတင် ပြုလုပ်ခဲ့သဖြင့် အစိုးရ ၀ဘ်ဆိုတ် လေးဆယ်ကျော် ပိတ်လိုက်ရသည်။

တူနီးရှား ပုဂ္ဂလိက ရုပ်သံ Nessma TV က အစိုးရ အမိန့် ကို ငြင်းဆန်ပြီး ပြည်သူများ ၏ ဆန္ဒပြမှု များကို အချိန်ပြည့် ထုတ်လွှင့် ခဲ့ရာ ဆန္ဒပြမှု မှာပိုမို အားကောင်းလာပြီး ကမ္ဘာ က သိလာခဲ့သည်။

ကိုးကား၊ အယ်(လ)ဂျာဇီးယား၊ ဘီဘီစီ၊ ဂါဒီးယန်း၊ ၀ီကီပီဒီးယား ၊ ၀ီကီလိခ် ၊ အာရပ်နှင့် တူနီးရှား ဘလောက်များ။

Ref: Freedom News Group

Read More...

မြန်မာဘုန်းတော်ကြီးများကို ထိုင်းအာဏာပိုင်တို့က ဖိနှိပ်ပုံ

ဥိးသူရိယ

ဇန်န၀ါရီ ၂၂၊ ၂၀၁၁

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် မြန်မာသံဃာတော်အချို့ ဖမ်းဆီး ပြန်ပို့ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး ကိုယ်တွေ့ ကြုံခဲ့ရသည့် သံဃာတော် အရှင် ဦးသူရိယ၏ ပြန်လည် ပြောကြား အကြံပြုချက်

ဇန်န၀ါရီလ ၂၀ ရက်နေ့ အာရုဏ်ဆွမ်း ဆွမ်းခံနေချိန် နံနက် ၆ နာရီလောက်မှာ ဦးဇင်း အပါအင် မြန်မာ သံဃာတော် ၁၀ ပါး လောက်ကို နေထိုင်ခွင့် လက်မှတ် မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းခံရတယ်။ မြို့လယ်က ၀ပ်ချန်ဖုန်း ဆိုတဲ့ ဘုန်းကြီး ကျောင်းကို ကားနဲ့ တင်ခေါ်သွားတယ်။ ကျန်တဲ့ သံဃာတော်တွေက သူ့တို့ ကျောင်းတွေက လာပြန်ရွေးသွားလို့ ပြန်လွှတ်ပေး လိုက်ပေမယ့် ဦးဇင်း အပါအ၀င် သံဃာ ၅ ပါးကိုတော့ လက်မှတ် မရှိဘူးဆိုတဲ့ အကြောင်းပြချက် တခုတည်းနဲ့ ချက်ခြင်း သိက္ခာချ လူဝတ်လဲဖို့ လုပ်တယ်။

အာဏာပိုင် အဖွဲ့အစည်းလား (လ၀က ထင်တယ်) အဲဒီလူတွေက အတင်း သင်္ကန်းတွေ အတင်း ဆွဲချွတ်ကြတယ်။
ဦးဇင်းကတော့ သိက္ခာချတာကို ရိပ်မိလို့ လိုက်လည်း မဆိုသလို လူဝတ်လည်း အလဲ မခံတော့ နောက်ဆုံး သင်္ကန်းဝတ်နဲ့ပဲ ကျန်တဲ့ လူဝတ်လဲခံရတဲ့ (၄) ပါးနဲ့ အတူ အဲဒီ မနက်ပိုင်းမှာပဲ မြန်မာထိုင်း နယ်စပ် တံတားနားက လ၀က ရုံးကို ပို့လိုက်တယ်။

လ၀က ရုံးရောက်တော့ ဦးဇင်းကို သင်္ကန်း အတင်းချွတ်ပြီး ကျန်တဲ့ ကိုယ်တော်တွေနဲ့အတူ အချုပ်ခန်းထဲ ထည့်လိုက်တယ်။ ညနေ ၅ နာရီ အထိ နေခဲ့ရသမျှ ဘာ အစားအစာ၊ ရေတောင် အကပ် မခံရဘူး။ နားလည်မှုရှိတဲ့ ကိုအောင်ထွန်းမြင့် ဆိုတဲ့ တကာ တယောက်က ဆွမ်းလာကပ်လို့သာ ဆွမ်းမငတ် ခဲ့ရတာပေါ့။

ညနေ ၅ နာရီလောက်ကျတော့ မြန်မာဖက်ခြမ်းကို အပို့ခံရတယ်။ အားလုံး ယောင်္ကျား၊ မိန်းမ လူစုံ အယောက် ၅၀ လောက် ရှိမယ်။ တဖက်ကမ်းက နယ်ခြားစောင့် ခေါ်မလား၊ ဒီကေဘီအေလား ဘာလား အဲဒီ လက်ထဲ အပ်တယ်။ ဗိုလ်ချစ်သူတို့ အဖွဲ့လား ဘာလား သေချာတော့ ဦးဇင်းမသိဘူး။

အဲဒီဖက်ရောက်တော့ တာဝန်ယူလက်ခံတဲ့သူက အမျိုးသမီး။ လူကြီးကတော်လား ဘာလားတော့ မသိဘူး။ သြဇာ အာဏာတော့ ရှိတယ်။ သူက လူဝတ်လဲ ခံထားရတဲ့ သံဃာတော်တွေ ပါလာမှန်းလည်း သိတယ်။ ဒါပေမယ့် ဘာသာရေးအရ အရိုအသေတွေ မရှိသလို ဘာအကူအညီမှ မရတဲ့အပြင် လူမျိုးအလိုက် ခွဲပြီး ခေါ်ထုတ်တယ်။ ကရင်က သပ်သပ်၊ မွန်ကသပ်သပ်၊ ဗမာက သပ်သပ်ပေါ့။ ဦးဇင်းလည်း ကရင်လူမျိုးပါ။ ဒါပေမယ့် ကရင်စကား မတတ်တော့ ဗမာ အုပ်စုတွေနဲ့ အတူ နေရပြီး အများနည်းတူ နေခဲ့ရတယ်။ ဦးဇင်းငယ် ၂ ပါးကတော့ ဘယ်လို အခြေအနေကြောင့် မသိဘူး။ ခေါ်ထုတ် သွားတယ်။ နောက်တပါးကိုလည်း သူ့တကာ တချို့က လာရွေးသွားလို့ ဦးဇင်းတို့ ၂ ပါးပဲ ည ၉ နာရီ အထိ ဒုက္ခခံနေရတယ်။

မဲဆောက်ကျောင်းကြီးကျောင်းက ဦးပညာသီဟနဲ့ တကာ ကိုအောင်ထွန်းမြင့် တို့က ဒီအကြောင်း သိတော့ မဲဆောက်ကနေ မြ၀တီဂိတ် အထိ လာပြီး ဦးဇင်းနဲ့ ဦးဇင်း မိတ်ဆွေ နောက်တပါးကို ည ၉ နာရီလောက်မှာ ငွေပေးပြီး လာရွေးတော့မှပဲ ပြန်လွှတ် ပေးလိုက်တယ်။ လာရွေးတဲ့ သူက သင်္ကန်း ၂ စုံပါ ယူခဲ့ ပေးတာကြောင့် ဦးဇင်းတို့ သင်္ကန်း ပြန်ဝတ်ပြီး မြ၀တီက ဘုန်းကြီးကျောင်းမှာ သွားတည်းခဲ့ရတယ်။ အဖြစ်အပျက်က တော့ ဒါပဲ…။

ဒီအဖြစ်အပျက်အပေါ် ဦးဇင်းအဓိက ပြောချင်တဲ့အချက် တချို့ရှိတယ်။ ပထမ တချက်က ထိုင်းဖက်က ကိုင်တွယ် ဖြေရှင်းမှု ပေါ့။ တကယ်ဆိုရင် ဆွမ်းခံ ထွက်နေတဲ့ အခါမျိုးမှာ ဒါမျိုး ပြုမူဖို့ မသင့်ဘူး။ ဖမ်းဆီး ခံရတော့လည်း တကယ်ဆို ဘာသာရေး အရ တာဝန်ရှိတဲ့ သံဃာတော်တွေပဲ သေချာ မေးမြန်း စစ်ဆေးပြီးမှ ဆောင်ရွက်သင့်တယ်။ အခုတော့ ထိုင်း သံဃာတော်ကလည်း ဘာမှ သေချာ စုံစမ်း မေးမြန်းတာ မရှိပဲ အတင်း လူဝတ် လဲစေတယ်။ ဒါမျိုးဟာ ဖြစ်သင့် မသင့်ကို ဆင်ခြင် စေချင်တယ်။ ဒုတိယ အချက်ကတော့ မြန်မာ ဖက်ပိုင်းက တာဝန်ယူ ဆောင်ရွက်သူတွေဟာ ဗုဒ္ဓဘာသာ အဖြစ် ခံယူထားသူတွေ၊ ဗုဒ္ဓဘာသာ အမည်ခံထားတဲ့ အဖွဲ့ အစည်း ဖြစ်ပေမယ့် လူဝတ်လဲ ခံထားရတဲ့ ဗုဒ္ဓဘာသာဝင် သံဃာတော်တွေ ပါလားလို့ တစက်ကလေးမှ ငဲ့ကွက်မှု၊ အလေးဂရုဓမ္ဓ ပြုမှု မရှိတဲ့အပြင် ဘာသာတရား အရ ရှိသင့်တဲ့ စိတ်ဓါတ်မျိုး လုံးလုံး မတွေ့ရတာ အတော်လေး စိတ်မကောင်းစရာ ဖြစ်ပါတယ်။

နောက်.. ဦးဇင်းတို့ဟာ တခြား ဘာဥပဒေမှ ချိုးဖေါက်တာ မရှိသလို ရာဇ၀တ်မှု ကျူးလွန်တဲ့ သူတွေ မဟုတ်ပါဘူး။ သာသနာရေး ကိစ္စ၊ ဘာသာရေး ကိစ္စ ဆောင်ရွက် နေသူတွေဖြစ်ပါတယ်။ ထိုင်းတာဝန်ရှိသူ အာဏာပိုင်တွေ အနေနဲ့ အမှန်တကယ် ဘာသာ သာသနာ အတွက် ဆောင်ရွက်နေသူတွေ၊ ထိုင်းနိုင်ငံမှာ နေထိုင်ပြီး ၀ါဆို ၀ါကပ်တော်မူကြတဲ့ သံဃာတော်တွေကို စိစစ်ပြီး သင့်တော်တဲ့ နေထိုင်ခွင့် တခုခု ဖန်တီး ပေးစေချင်တယ်။ ထိုင်းဘာသာ အရေးအပြော သင်တန်း ပေးပြီး သာသနာ ပြုခွင့် ရှိစေချင်တယ်။ အခုလို ငွေပေးလိုက် ပြန်လွှတ်လိုက် သံသရာ လည်တာမျိုး မဖြစ်သင့်ဘူးလို့ ယူဆပါတယ်။

မြန်မာ ဒကာ ဒကာမတွေအတွက် ပြောရရင်လည်း သူတို့ဟာ ရာဇ၀တ်မှု ကျူးလွန်ဖို့ လာကြသူတွေ မဟုတ်ပဲ ကိုယ့်နိုင်ငံ အခြေ အနေအရ ရေကြည်ရာ မြက်နုရာမှာ လာရောက်ပြီး ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင် စားကြရရှာတာမို့ ထိုင်း လူမျိုးတွေ အနေနဲ့ နိုင်ငံကြီးသား ပီပီ ကိုယ့်အရိပ်ကို လာခိုသူတွေကို မေတ္တာရှေ့ထား ဖေမပြီး သင့်တော်တဲ့ အကူအညီတွေ ပေးစေချင်ပါတယ်။

ဦးဇင်းပြောချင်တာက အခုအဖြစ်အပျက်ဟာ ကျောင်းကျိုးတရားတွေပဲလို့ ဦးဇင်းတို့ နှလုံးသွင်းပါတယ်။ ဘယ်သူ့ ကိုမှလည်း အပြစ်တင်လို၊ နစ်နာစေလိုတဲ့ သဘော မရှိပါဘူး။ ဒါပေမယ့် နောက်နောင်လည်း ဒီလို ပြဿနာ အဖြစ်အပျက်တွေ ရှိလာနိုင်တာ မို့ ဆင်ခြင် နှလုံးသွင်း ဖြေရှင်း ဆောင်ရွက် နိုင်ကြစေဖို့ပဲ ရည်ရွယ် ပါတယ်။

ဦးသူရိယ

Read More...

ကိုယ်ကျိုးရှာသမားများနဲ့ မအပ်စပ်တဲ့အလုပ်


လူထုစိန်ဝင်း


လတ်တလော ထုတ်ဝေနေတဲ့ ဂျာနယ်ပေါင်း ၁၇၀ လောက်ရှိတယ်လို့ သိရတယ်။ အဲဒီ ၁၇၀ လောက်ထဲက စတုတ္ထ မဏ္ဍိုင်ထဲ အကျုံးဝင်တဲ့ သတင်း ဂျာနယ်ပေါင်း ၆၀ လောက် ရှိတယ်။

အခါမလပ်စောင့်ကြည့်
သတင်းဂျာနယ် ၆၀ လောက်ပဲ စတုတ္ထမဏ္ဍိုင်ထဲမှာ အကျုံးဝင်တယ်လို့ ဆိုခဲ့လေတော့ ကျန်တာတွေကို စတုတ္ထ မဏ္ဍိုင်ထဲ ထည့်သွင်းမထား ဘူးလားလို့ မေးစရာရှိတယ်။ ဘယ်နိုင်ငံမှာမဆို သတင်းစာနဲ့ သတင်းဂျာနယ်၊ မဂ္ဂဇင်းများကိုပဲ စတုတ္ထ မဏ္ဍိုင်ထဲ ပါဝင်တယ်လို့ သတ်မှတ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရား စီရင်ရေး ဆိုတဲ့ မဏ္ဍိုင်ကြီး သုံးရပ်ရဲ့ လုပ်ရပ်တွေကို နေ့စဉ် အခါမလပ် စောင့်ကြပ် ကြည့်ရှုပြီး နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဖြစ်တဲ့ ပြည်သူလူထုကြီးကို အစီရင်ခံ တင်ပြတဲ့ တာဝန်ကို ထမ်းဆောင် နေရတဲ့ အတွက်ဖြစ်တယ်။ ဒါကြောင့် သတင်းစာနဲ့ သတင်း မီဒီယာတွေကို ‘watch dog’ အိမ်စောင့်ခွေးလို့ ခေါ်ခဲ့ကြတာ ဖြစ်တယ်။

ဘ၀ချင်းမတူ
စတုတ္ထမဏ္ဍိုင်ထဲမှာ အကျုံးမ၀င်ဘူးလို့ဆိုတဲ့ အတွက် ကျန်တဲ့ဟာတွေက အလကားပဲ အသုံး မကျဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။ နိုင်ငံတိုင်း၊ လူမျိုးတိုင်း အတွက် ပညာရေး၊ ကျန်းမာရေး၊ အားကစား ကဏ္ဍများ အရေးကြီးသလို ဖျော်ဖြေရေးလည်း လိုအပ်တယ်။ ဒါပေမယ့် အဲဒီကဏ္ဍများရဲ့ သဘာဝက အဓိက မဏ္ဍိုင်ကြီး သုံးရပ်ကို စောင့်ကြပ် ကြည့်ရှုတဲ့ ‘watch dog’ သဘာဝ မဟုတ်ဘူး။ သတင်းစာနဲ့ သတင်းမီဒီယာ လုပ်ငန်းတွေကသာ စောင့်ကြည့်ပြီး ပြည်သူကို အစီရင်ခံ တင်ပြတဲ့ အလုပ်ကို လုပ်တာဖြစ်လို့ စတုတ္ထ မဏ္ဍိုင်လို့ ခေါ်တာဖြစ်တယ်။

လူသူတော်ကောင်းကြီးတွေ
စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ်ထားတဲ့အတွက် သတင်းမီဒီယာအလုပ်ဟာ အင်မတန်မှကို တာဝန် ကြီးတယ်။ နိုင်ငံသားတိုင်း လိုက်နာ ကျင့်ကြံရတဲ့ နိုင်ငံသား ကျင့်ဝတ်အပြင် အင်မတန် တင်းကြပ်တဲ့ သတင်းသမား ကျင့်ဝတ် တွေကိုလည်း လိုက်နာ စောင့်ထိန်းရတယ်။ သတင်းသမား ကျင့်ဝတ်တွေကို အတိအကျ အမှန်အကန် လိုက်နာ စောင့်ထိန်းနိုင်ရင် အဲဒီပုဂ္ဂိုလ်ဟာ အလွန့်အလွန် ဖြူစင်တဲ့ ပုဂ္ဂိုလ် တစ်ယောက်လို့ သတ်မှတ် နိုင်ပါလိမ့်မယ်။ ဆရာ ဂျာနယ်ကျော် ဦးချစ်မောင်လို၊ ဆရာ လူထုဦးလှလို ပုဂ္ဂိုလ်များဟာ လူတွေကြားမှာ အင်မတန် ရှားတဲ့ လူသူတော်ကောင်းကြီးတွေပါ။ အင်မတန် ထူးချွန် ထက်မြက်တဲ့ သတင်းစာ ဆရာကြီးများလည်း ဖြစ်ကြတယ်။ ဒီလို ပုဂ္ဂိုလ်မျိုးက ဒီခေတ်မှာ ရှားတယ်။ ကမ္ဘာမှာကို ရှားတာ။ တော်သူတွေ ပေါပါတယ်။ တော်လည်းတော်ပြီး လူ သူတော်ကောင်း ကြီးတွေလို့လည်း ခေါ်နိုင်တဲ့ ပုဂ္ဂိုလ်မျိုးကတော့ တွေ့ဖို့ မလွယ်ပါဘူး။

လူတော်ဆိုတာ
လူတော်လူကောင်းလို့ပြောတဲ့အခါမှာ အကျယ်ဝိတ္တာရချဲ့ပြီး ပြောဖို့ နည်းနည်းတော့ လိုအပ်တယ်။ လူတော် ဆိုတာနဲ့ ပတ်သက်လို့ ကတော့ ပြောစရာ မရှိပါဘူး။ ပညာရပ် နယ်ပယ် တစ်ခုခုမှာ ထူးထူးချွန်ချွန် ကျွမ်းကျင် တတ်မြောက် ထားသူကို လူတော်လို့ ခေါ်ကြတာပါပဲ။ နိုင်ငံ လူမျိုး ကွဲပြားခြားနားမှု မရှိ၊ စံနှုန်း တစ်ခုတည်းပါပဲ။ တောင်အာဖရိက နိုင်ငံသား နှလုံး အစားထိုး ခွဲစိတ်ကုသမှု လုပ်ခဲ့တဲ့ ဆရာဝန်ကြီး ခရစ္စတီယန်ဘားနာ့ဒ်ဟာ အမေရိကန် ရောက်တော့လည်း နှလုံးခွဲစိတ်ကုသ ဆရာဝန်ကြီး အဖြစ် အသိအမှတ် ပြုကြတာပါ။ အင်္ဂလန်က တွေးခေါ်ပညာရှင်ကြီး ဘာထရန်ရပ်ဆဲလ်ကို ကမ္ဘာ တစ်ခုလုံးကလည်းတွေး ခေါ်ပညာရှင်ကြီး အဖြစ် လေးစားကြပါတယ်။

လူကောင်းဆိုတာ
လူကောင်းဆိုတာကျတော့ ပြောစရာနည်းနည်း ရှိလာတယ်။ ဘာကြောင့်လဲ ဆိုတော့ လူကောင်းလို့ သတ်မှတ်တဲ့ နှုန်းစံက လူမျိုး တစ်မျိုးနဲ့ တစ်မျိုး၊ နိုင်ငံ တစ်ခုနဲ့တစ်ခု မတူကြလို့ ဖြစ်တယ်။ အလွယ်ဆုံး ဥပမာပေးရရင် အရက်ကိစ္စကို ပြချင်တယ်။ အရက်သောက်တာကို ကမ္ဘာ့ လူမျိုးတိုင်းလိုလိုက အပြစ်ကြီး တစ်ခုလို့ မယူဆကြတော့ဘူး။ အရက် သောက်တတ်လို့ လူကောင်း မဟုတ်ဘူးလို့ မသတ်မှတ်ဘူး။ ဗုဒ္ဓဘာသာ လက်ခံကျင့်သုံးတဲ့ မြန်မာ လူမျိုးတွေကတော့ အရက် သောက်တာကို အပြစ်ကြီး တစ်ခု၊ သီလ ပျက်ယွင်းမှု တစ်ခုလို့ သဘောထားတယ်။ အရက်သောက်သူကို လူကောင်းလို့ မမြင်နိုင်ကြဘူး။ ဘုရားဂေါပက ရွေးရင် တခြား စာရိတ္တပိုင်းမှာ ဘယ်လောက်ပဲ ကောင်းကောင်း၊ အရက်သေစာ သောက်စားသူ ဆိုရင် ၀င်ရောက် အရွေးခံခွင့်တောင် မရှိပါဘူး။ ဂေါပက အဖွဲ့တိုင်းရဲ့ စည်းမျဉ်းမှာ ရှင်းရှင်းလင်းလင်း ဖော်ပြ ထားကြတယ်။

တောင်ပေါ်မြေပြန့်ခြားနားမှု
ဒါပေမဲ့ မြန်မာပြည်မှာလည်း တောင်ပေါ်နဲ့မြေပြန့် မတူတာမျိုးတော့ ရှိသေးတယ်။ မြေပြန့် သားတွေက အရက် သောက်တာကို သီလ ပျက်ယွင်းမှု အဖြစ် ရှုမြင်ပေမယ့် အလွန် ချမ်းအေးတဲ့ တောင်ပေါ် ဒေသတွေမှာတော့ ဒီလို မမြင်တော့ဘူး။ အအေးဒဏ်ကို ကာကွယ်ဖို့ လူကြီး လူငယ် ကျားမ မရွေး အရက်သောက်ကြတယ်။ အနောက် နိုင်ငံတွေမှာလည်း ဒီလို ကွဲပြားမှုတွေ ရှိကြတာပဲ ဖြစ်တယ်။ အင်္ဂလိပ် ဘောလုံး သမားတွေ အိမ်ထောင်ဖက် အပေါ် သစ္စာ မစောင့်မှုကြောင့် ပြဿနာ ဖြစ်ရတဲ့ သတင်းတွေ အမြဲမပြတ် သတင်းစာတွေမှာ ဖတ်နေရတယ်။ အင်္ဂလိပ်တွေက ဒီကိစ္စကို တော်တော် ရေးကြီးခွင်ကျယ် သဘောထားတယ်။ ပြင်သစ် ဘောလုံး လောကမှာတော့ ဒါမျိုးတွေကို သတင်းစာတွေက ရေးကြီးခွင်ကျယ် လုပ်ပြီး ရေးလေ့ မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ပြင်သစ်နိုင်ငံမှာက အိမ်ထောင်ဖက် အပြင် ချစ်သူ(Lover) ထားတာမျိုးက မဆန်းတော့တဲ့ ကိစ္စအဖြစ် သဘောထားကြလို့ ဖြစ်တယ်။ ယောက်ျား၊ မိန်းမ ဘယ်သူမဆို 'ချစ်သူ' ထားကြတာပဲလို့ ပြောလေ့ရှိတယ်။

မတားပါဘူး
အတိအကျ အခိုင်အမာပြောချင်တာ တစ်ခုတော့ရှိတယ်။ မြန်မာလူမျိုး အဖြစ်နဲ့ မြန်မာနိုင်ငံမှာ နေထိုင်နေသမျှ ကာလ ပတ်လုံး မြန်မာ လူမျိုးတို့ရဲ့ ရိုးရာ အစဉ်အလာ ဓလေ့ ထုံးစံတွေနဲ့ ယဉ်ကျေးမှုတွေကို စောင့်ထိန်း လိုက်နာရမယ် ဆိုတဲ့ အချက်ဖြစ်တယ်။

မျက်စိရှက်လို့
အထက်မှာပြောခဲ့တဲ့ စတုတ္ထမဏ္ဍိုင် ကိစ္စမှာလည်း နိုင်ငံနဲ့ လူမျိုး အလိုက် ကွဲပြား ခြားနားတဲ့ နှုန်းစံတွေ ရှိကြတယ်။ သတင်းသမား ဆိုတာ အဖြစ်မှန်၊ သတင်းမှန်ကို အတိအကျ အမှန်အကန် ရေးသား တင်ပြရတယ်။ ဒါပေမဲ့ နိုင်ငံနဲ့ လူမျိုးရဲ့ ဓလေ့ထုံးစံ ယဉ်ကျေးမှု အလိုက် ခြားနားချက်တော့ ရှိကြတယ်။ မှုခင်း သတင်းတစ် ပုဒ်ကို ဖော်ပြရာမှာ အနောက် နိုင်ငံများ က မှုခင်း ကျူးလွန်သူရော၊ ကျူးလွန် ခံရသူကိုပါ နာမည် လိပ်စာ အတိအကျ ဖော်ပြလေ့ရှိတယ်။ ဂျပန်နိုင်ငံမှာတော့ သတင်း မီဒီယာ အများစုက နာမည်နဲ့ လိပ်စာနေရာမှာ ကွက်လပ်ထား ဖော်ပြကြတယ်။ အနောက်နိုင်ငံ သတင်းစာတွေမှာ မျက်နှာဖုံး သတင်း အဖြစ် အသားပေး ဖော်ပြလေ့ ရှိတဲ့ သတင်းတစ်မျိုး ဆိုရင် မြန်မာလူမျိုး တစ်ယောက်အနေနဲ့ ရေးသား ဖော်ပြဖို့ ဆိုတာထား။ ဖတ်ရမှာတောင် မျက်စိရှက်လို့ ကျော်ဖတ် သွားရတယ်။

စာနယ်ဇင်းကျင့်ဝတ်နဲ့ ပတ်သက်လို့ မကြာခဏလာမေးကြတဲ့ လူငယ်တွေကို မြန်မာနိုင်ငံမှာ စာနယ်ဇင်း သမားကောင်း တစ်ယောက် အခေါ်ခံရဖို့က နိုင်ငံခြားမှာထက် ပိုခက်တဲ့ အကြောင်း အမြဲ ပြောပြဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဗုဒ္ဓဘာသာရဲ့ သြဇာရိပ် ကြီးမားတဲ့ နိုင်ငံဖြစ်တော့ မြန်မာတွေက 'သီလ' ပိုင်းကို သိပ်အလေးထားတဲ့ အတွက် ဖြစ်တယ်။

သာသနာပြုနဲ့တူတဲ့အလုပ်
အရက်သောက်တာကြောင့် စာနယ်ဇင်းသမားကောင်း မဟုတ်ဘူးလို့ မပြောနိုင်ပါဘူး။ အရက် လုံးဝ မသောက်ပေမယ့် တခြား နည်းမျိုးစုံနဲ့ ပျက်စီးနေတဲ့ စာနယ်ဇင်း သမားတွေလည်း အများကြီး ရှိပါတယ်။ အဓိက အကျဆုံးကတော့ စာနယ်ဇင်း သမား အလုပ်ကို ခုတုံးလို အသုံးချပြီး ကိုယ်ကျိုးစီးပွား ရှာတဲ့ အလုပ်မျိုး မလုပ်ဖို့ ဖြစ်ပါတယ်။ စာနယ်ဇင်း အလုပ်ဆိုတာ သာသနာပြု လုပ်ငန်းနဲ့တူတဲ့ မွန်မြတ်တဲ့ အလုပ်ဖြစ်တယ်၊ ကိုယ်ကျိုးရှာ သမားများနဲ့ လုံးဝ မအပ်စပ်တဲ့ အလုပ်ဖြစ်တယ်လို့ပဲ ဆိုလိုက် ချင်ပါတယ်။

Read More...

News Commentary - January 2011 (Eng)

News Commentary - January 2011 (Eng)

Read More...

အပေါ်သို့