■ စစ်အစိုးရပြစ်မှုစုံစမ်းရေး အမေရိကန်လွှတ်တော်အမတ်များ တောင်းဆို သတင်း
■ အဲန်အယ်လ်ဒီ အိုင်အယ်လ်အိုနဲ့ ပူးပေါင်းဆောင်ရွက်မည် သတင်း
■ ရဲမွန်တပ်ကို တပ်တွေက ထပ်ဝိုင်းထား သတင်း
■ မြန်မာကို သတိထားစောင့်ကြည့်မည်ဟု အမေရိကန် ပြောဆို သတင်း
■ မြောက်ကိုရီးယားဝန်ကြီး ခရီးစဉ် အမေရိကန် စိုးရိမ် သတင်း
■ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဖိတ်ကြား၍ အိန္ဒိယကို သတင်းမီဒီယာ ဝေဖန် သတင်း
■ သန်းရွှေရဲ့ မာယာခရီးကြမ်း သတင်း
■ အိန္ဒိယ-မြန်မာ ဆက်ဆံရေး သတင်း
■ စစ်ပြေးဒုက္ခသည် လှေမှောက်ပြီး သေဆုံး၊ ဒီကေဘီအေတပ်ဖွဲ့ ဖိအားပေးခံရ သတင်း
■ ထောင်တွင်းရှိ ဦးပဉ္စင်း ဦးစန္ဒာမိက ကျန်းမာရေး စိုးရိမ်နေရ သတင်း
■ နိုင်ငံရေးတာဝန် ထမ်းဦးမည်ဟု ဦးဝင်းထိန် ပြော သတင်း
■ အဖွဲ့ချုပ် စီအီးစီများက ပဲခူးအောက်ခြေပါတီဝင်များနှင့် တွေ့ဆုံ သတင်း
■ ၀ ဒေသမှာ နိုင်ငံရေးပါတီတွေကို မဲဆွယ်ခွင့်မပြု သတင်း
■ ကချင်ယဉ်ကျေးမှုအဖွဲ့ ကချင်နိုင်ငံရေးပါတီကို ကန့်ကွက် သတင်း
■ NDF ခေါင်းဆောင်တွေကို ကော်မရှင် ခေါ်တွေ့ သတင်း
■ စစ်တွေ ကြံ့ဖွံအသင်းရုံးအား ပါတီရုံးအဖြစ် မကြာမီ တွေ့မြင်ရတော့မည် သတင်း
■ နိုင်ငံရေးပါတီများ မီဒီယာများနဲ့ နီးစပ်မှု နည်းပါးနေဆဲ သတင်း
■ မကွေးမြို့သစ်မှ တောင်သူများကို ဖမ်းဆီး သတင်း
■ နာဂစ် အဲန်ဂျီအိုတွေ ရန်ပုံငွေပြတ် သတင်း
■ ကာကွယ်ရေးဌာန ကုန်ကျစရိတ် တနှစ် (၆) ထရီလီယံကျပ်ခန့် သုံး သတင်း
■ ရွှေတိဂုံစေတီတော်အနီး လုံခြုံရေးများ ချထား သတင်း
■ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ပြန်ဖွင့်ရေး ရက်မသတ်မှတ်နိုင်သေး သတင်း
■ မြောက်ကိုရီးယားဝန်ကြီး ဦးသိန်းစိန်နှင့် ဆွေးနွေး သတင်း
■ ပြည်သူ့စစ်ဖွဲ့စည်းရေး လက်မခံသည့် ပေါက်ပင်ကွင်း ကျေးရွာသား (၄ဝဝ) ထိုင်းဘက် တိမ်းရှောင်လာ သတင်း
■ ဝ ဒေသအတွင်း မဲဆွယ်စည်းရုံးရေးနှင့် မဲဆန္ဒနယ်မြေမရှိ သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲ တိုင်းရင်းသားများကို ကိုယ်စားမပြုဟု အကဲခတ်ပြော သတင်း
■ ဆိတ်ခေါင်းကို ချိတ်ပြီး ခွေးသားကို ရောင်းမယ့် ဒီမိုကရေစီပဲ (အင်တာဗျူး)
■ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီ အနိုင်မရရင် စစ်တပ်က အာဏာသိမ်းဦးမှာလား (တိုက်ရိုက်လေလှိုင်း)
■ စစ်သည်တော်ကျင့်ဝတ် (၆၀) တပ်မတော်မှာ ရှိသေးရဲ့လား (တပ်မှုးတပ်သား ပြောစကား)
Saturday, July 31, 2010
နေ့စဉ်သတင်းများ ( ၃၀ - ၇ - ၁၀ )
Friday, July 30, 2010
The Voice ဂျာနယ်ဆောင်းပါးနဲ့ မိမိအမြင်
Wednesday, July 21, 2010
The Voice ဂျာနယ်က သူ့ဆောင်းပါး တွေကို တဆင့်ဖော်ပြတာ ခွင့်မပြုပေမယ့် ဂျာနယ်ပါ ဆောင်းပါး တွေကိုတော့ မပြတ် လေ့လာ ဖြစ်ပါတယ်။ သဘော မတူတာ ရှိရင်ထောက်ပြခွင့် ရှိတယ်လို့လည်း ခံယူထားပါတယ်။ အခုလည်း The Voice ဂျာနယ်ရဲ့ ဆောင်းပါး တစ်ပုဒ်နဲ့ ပတ်သက်ပြီး မှားနေတယ်လို့ ထင်တာကို ထောက်ပြချင်ပါတယ်။
ဇူလိုင် (၁၂ ) ရက်နေ့ထုတ် ဂျာနယ်မှာ ဆောင်းပါးရှင် အောင်ထွဋ်က Concept နှင့် Process အမည်နဲ့ ဆောင်းပါး တစ်ပုဒ် ရေးထားပါတယ်။ အဲဒီဆောင်းပါးမှာ အခြေခံ ဥပဒေအရ ပေါ်လာမယ့် လွှတ်တော်မှာ ဥပဒေပြုရေးနဲ့ ပတ်သက်ပြီး စစ်တပ် ကိုယ်စားလှယ် ၂၅% ရဲ့ အရေးပါမှုကို အခုလို တွက်ချက် ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်အရ ဥပဒေသစ် တစ်ခုပြဋ္ဌာန်းရန် ရွေးချယ် တင်မြှောက်ခံ အမတ် ၄၉၈၊ တပ်မတော် ခန့် အမတ် ၁၆၆ ၏ ထက်ဝက်ဖြစ်သော ၃၃၃ မဲလိုအပ်ပြီး သမ္မတ ဖြစ်သူတွင် ဗီတို အာဏာ မရှိပါ။ သို့သော် အခြားရှု့ထောင့် တစ်ခုက ကြည့်လျှင် သမ္မတဖြစ်သူ လက်မခံနိုင်သော ဥပဒေတစ်ရပ်ကို လွှတ်တော် တစ်ရပ်က ပြဋ္ဌာန်းမည် ဆိုလျှင် တပ်မတော် ခန့် အမတ် ၁၆၆ ၏ ထောက်ခံမှုကို မရရှိနိုင်၍ ရွေးချယ်ခံ လွှတ်တော်အမတ် ၄၉၈ ဦး၏ မဲများအနက် ၃၃၃ မဲလိုအပ်သည့် သဘောဖြစ်သည်။ ၄၉၈ အနက် ၃၃၃ မဲဆိုသည်မှာ သုံးပုံနှစ်ပုံ လိုအပ်ချက် ရှိသည်ဆိုသော သဘောဖြစ်သည်။ တနည်းအား ဖြင့် ပြောရလျှင် Default Veto ရှိနေသည် ဆိုသည့် သဘောဖြစ်ပါသည်။ အမေရိကန် ပြည်ထောင်စု တွင်လည်း သမ္မတက ဗီတို အာဏာဖြင့် ပယ်ချထားသော ဥပဒေ တစ်ရပ်ကို အတည်ပြုရန် လွှတ်တော် နှစ်ရပ်ပေါင်း၏ သုံးပုံ နှစ်ပုံ လိုအပ်ချက် ရှိပါသည်။
ဒါပေမယ့် အခြေခံ ဥပဒေပါ အချက်များအရ သာမန် ဥပဒေကြမ်းများကို အဲဒီနေ့မှာ တက်ရောက်မဲပေးတဲ့ အမတ်များရဲ့ များ ရာဆန္ဒမဲနဲ့ ဆုံးဖြတ်ချက်နဲ့ အတည်ပြုခြင်း၊ ပယ်ချခြင်း လုပ်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူ့လွှတ်တော်မှာ ကိုယ်စား လှယ်အားလုံး တက်ပြီး မဲပေးရင် အမတ် ၂၂၁ ဦး၊ အမျိုးသား လွှတ်တော်မှာ ကိုယ်စားလှယ် အားလုံး တက်ပြီး မဲပေးရင် ၁၁၂ မဲ ပေးရင် အဲဒီ ဥပဒေကြမ်းက အတည်ဖြစ်ပါပြီ။ တကယ်ကတော့ အဲဒီထက် နည်းတဲ့ အရေအတွက်နဲ့ ဥပဒေကြမ်းများကို အတည်ပြုလိုက ရပါတယ်။ ပြည်ထောင်စု လွှတ်တော် အနေနဲ့ ပေါင်းပြီး မဲပေးဖို့ မလိုပါဘူး။ ပြည်ထောင်စု လွှတ်တော် အနေနဲ့ ဆုံးဖြတ်တယ် ဆိုတာက လွှတ်တော်တစ်ခုက အတည်ပြုတဲ့ ဥပဒေကြမ်းကို နောက်လွှတ်တော် တစ်ခုက လက်မခံနိုင်ဘဲ ပယ်ချတဲ့ အခါမျိုးမှာသာ လွှတ်တော် နှစ်ရပ်ပေါင်း အစည်းအဝေး ထိုင်ပြီးရင် အဲဒီနေ့မှာ တက်ရောက်မဲ ပေးတဲ့ အမတ်များရဲ့ များရာဆန္ဒမဲနဲ့ အတည်ပြု ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဆောင်းပါးရှင် အောင်ထွဋ် ပြောတဲ့ ဥပဒေ ကြမ်းများ အတွက် ၃၃၃ မဲလိုတယ် ဆိုတာ အမြဲတမ်း မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ ဒါတောင်မှ ပြည်ထောင်စု လွှတ်တော်ရဲ့ ပထမနေ့ အစည်း အဝေးမှာ လွှတ်တော်အမတ် ၅၀ % တက်ရင် အစည်းအဝေး ထမြောက်ပြီး နောက်နေ့ တွေမှာ သုံးပုံတစ်ပုံ တက်ရောက်ရင် အစည်းအဝေး ထမြောက်တာ ဖြစ်လို့ ဥပဒေကြမ်း တစ်ခု အတည်ပြုဖို့ လိုအပ်တဲ့မဲဟာ ၃၃၃ မဲထက် အများကြီး နည်းနိုင် ပါတယ်။ ဒါ့ကြောင့် ၃၃၃ ဆိုတဲ့ ဂဏန်းအား အောင်ထွဋ် ယူဆသလို သော့ချက် ကိန်းဂဏန်း မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။
နောက်တစ်ခါ ဆောင်းပါးရှင် အောင်ထွဋ်က အမေရိကန် သမ္မတရဲ့ ဗီတိုအာဏာနဲ့ အခုအခြေခံ ဥပဒေမှာ စစ်တပ်ကိုယ်စား လှယ် ၂၅ % ပါတဲ့ အခြေအနေကို ထင်ဟပ်ထားပြီး စစ်တပ် ၂၅% က သမ္မတရဲ့ ဗီတိုအာဏာ သဘောဖြစ်တယ်။ Default Veto ဖြစ်တယ်လို့ သုံးသပ် ပြထားပါတယ်။ ဒီအဆိုကိုလည်း မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ အမေရိကန် သမ္မတ ရဲ့ လုပ်ပိုင်ခွင့် အရ ကွန်ဂရက်က တင်လာတဲ့ ဥပဒေကြမ်း တစ်ခုကို သမ္မတ မကြိုက်တဲ့ အချက်ပါရင် သူ့ ကန့်ကွက်ချက်နဲ့ အတူ စပြီး အတည်ပြုခဲ့တဲ့ လွှတ်တော်ကို ပြန်ပို့ရပါတယ်။။ အဲဒီလို ဖြစ်လာရင် အမေရိကန် ကွန်ဂရက်အနေနဲ့ ဥပဒေကြမ်းကို သမ္မတ လက်ခံနိုင်အောင် ပြင်ချင်ရင် ပြင်၊ မဟုတ်ရင် လွှတ်တော် တစ်ရပ်ခြင်းရဲ့ အမတ် သုံးပုံ နှစ်ပုံက ပြန်ပြီး အတည်ပြုဖို့ လုပ်ရပါတယ်။ တကယ်လို့ အထက် လွှတ်တော်အမတ် သုံးပုံ နှစ်ပုံ၊ အောက်လွှတ်တော် အမတ် သုံးပုံနှစ်ပုံက မူလ ဥပဒေ ကြမ်းကိုပဲ ပြန်ပြီး အတည်ပြုတယ် ဆိုရင် သမ္မတရဲ့ ဗီတိုအာဏာကို ကျော်လွှားပြီး ဥပဒေကြမ်းဟာ သမ္မတ သဘော မတူပေမယ့် ဥပဒေ အဖြစ်ကို ရောက်ပါတယ်။ အောင်ထွဋ် ပြောသလို လွှတ်တော် နှစ်ရပ်ပေါင်း၏ သုံးပုံနှစ်ပုံ လိုအပ်ချက် မဟုတ်ပါ။ တကယ်တော့ သမ္မတရဲ့ ဗီတိုလို့သာ ရေးပြော နေပေမယ့် အမေရိကန် အခြေခံဥပဒေမှာ ကန့်ကွက်ချက်နဲ့ အတူ ပြန်ပို့တယ်။ ( အခု မြန်မာ ဥပဒေမှာ ပါတဲ့စာသားမျိုး ) လို့ပဲဆိုပါတယ်။ အတိအကျကို အခုလို ဖော်ပြထား ပါတယ်။
Every Bill which shall have passed the House of Representatives and the Senate, shall, before it become a Law, be presented to the President of the United States; If he approve he shall sign it, but if not he shall return it, with his Objections to that House in which it shall have originated, who shall enter the Objections at large on their Journal, and proceed to reconsider it. If after such Reconsideration two thirds of that House shall agree to pass the Bill, it shall be sent, together with the Objections, to the other House, by which it shall likewise be reconsidered, and if approved by two thirds of that House, it shall become a Law.
မြန်မာနိုင်ငံရဲ့ အခြေခံ ဥပဒေမှာတော့ သမ္မတကို အဲဒီ အခွင့်အရေး မပေးပါဘူး။ လွှတ်တော် နှစ်ရပ်က အတည်ပြုပြီး ဖြစ်တဲ့ ဥပဒေကြမ်းကို သမ္မတဆီကို လက်မှတ် ထိုးဖို့ တင်ပြတဲ့ အခါ သမ္မတက ၁၄ ရက်အတွင်း လက်မှတ်ထိုးပြီး အတည်ပြုရ ပါတယ်။ သဘော မတူတာ တွေ့ရင် အဲဒီရက်အတွက် သူ့ရဲ့ အကြံပြုချက်နဲ့ အတူ ပြည်ထောင်စုလွှတ်တော်ကို ပြန်ပို့ရပါတယ်။ လက်မှတ်လဲ မထိုးဘူး၊ အကြံပြုချက်နဲ့ အတူပြန်လည်း မပို့ဘူးဆိုရင် ၁၄ ရက်ကျော်တာနဲ့ အလိုအလျောက် သမ္မတ လက်မှတ်ထိုး သကဲ့သို့ အတည် ဖြစ်သွားပါတယ်။ ဒါ့ကြောင့် သမ္မတက ပယ်ချခွင့် မရှိသလို လက်မှတ် မထိုးဘဲ အချိန်ဆွဲထား လို့လည်း မရပါဘူး။
သမ္မတက အကြံပြုချက်နဲ့ ပြန်ပို့တဲ့ အခါ လွှတ်တော် နှစ်ခုက သီးခြား ပြန်မစဉ်းစား ပဲနဲ့ ပြည်ထောင်စု လွှတ်တော် အနေနဲ့ အစည်းအဝေး လုပ်ပြီး သမ္မတ အကြံပြုချက် အတိုင်း လက်ခံမလား၊ လက်မခံဘူးလား ဆုံးဖြတ်ရပါတယ်။ အဲဒီလို စဉ်းစားဆုံး ဖြတ်တဲ့အခါ အမေရိကန် ဥပဒေမှာလို သုံးပုံ နှစ်ပုံ ထောက်ခံ ရမယ်ဆိုတဲ့ ကန့်သတ်ချက် မရှိပါဘူး။ ဒါ့ကြောင့် တက်ရောက် မဲပေးတဲ့ ကိုယ်စားလှယ်များရဲ့ များရာ ဆန္ဒမဲနဲ့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အဲဒီလို ဆုံးဖြတ်တဲ့ အခါ သမ္မတ အကြံပြုချက်ကို လက်ခံရင် ပြင်ရေး၊ လက်မခံရင် မူလအတိုင်း သမ္မတဆီကို ပြန်ပို့ပါတယ်။ ဒီတစ်ခါ မှာတော့ သမ္မတက ၇ ရက်အတွင်း လက်မှတ်ထိုး ရပါတယ်။ ပြန်ပို့ခွင့် မရှိတော့ပါဘူး။ သူလက်မှတ် မထိုးရင်လည်း ၇ ရက်ကျော်ရင် အလို အလျောက် အတည် ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံ အခြေခံ ဥပဒေအရ သမ္မတဟာ အမေရိကန် သမ္မတရဲ့ ဗီတိုအာဏာနဲ့ နှိုင်းယှဉ်စရာ အခွင့်အရေး ဘာမှ မရှိပါဘူး။
ဆောင်းပါးရှင် အောင်ထွဋ်က စစ်တပ်ကိုယ်စားလှယ် ၂၅%ဟာ သမ္မတမကြိုက်တဲ့၊ လက်မခံနိုင်တဲ့ ဥပဒေများကို ကန့်ကွက်မဲ ပေးခြင်း အားဖြင့် ဒါဟာ သမ္မတရဲ့ ဗီတိုသဘောပဲ ဖြစ်တယ်ဆိုတယ်လို့ ယူဆပုံရပါတယ်။ နိုင်ငံခြားသား သတင်းထောက်ကို သူရှင်းပြတဲ့ အခါမှာရော၊ ၃၃၃ အရေအတွက်ကို ပြောတဲ့အခါ မှာရော ဒီသဘော ရေးထားတယ်လို့ မြင်မိပါတယ်။ ဒီအယူ အဆမှာ အားနည်းချက် နှစ်ခုရှိပါတယ်။ အရင် ဆောင်းပါးများမှာ ကျွန်တော် ဆွေးနွေးဘူး သလို သာမန် ဥပဒေကြမ်းများ အတည်ပြုခြင်းနဲ့ ပတ်သက်ပြီး စစ်တပ် ၂၅ % ဟာ ဘယ်လိုမှ သြဇာ မသက်ရောက် နိုင်တဲ့ အချက်က ပထမ အားနည်းချက် ဖြစ်ပါတယ်။ အပေါ်မှာ ရှင်းပြထားတဲ့ မဲပေးမှု ပုံစံများကို ကြည့်ရင်လည်း ဒါကို တွေ့နိုင်ပါတယ်။ ဒုတိယ အားနည်းချက် ကတော့ စစ်တပ် ၂၅% ဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ် ထားသူများ ဖြစ်တဲ့အတွက် သမ္မတ အလိုကျမဲပေးမယ် လို့တထစ်ချ မပြောနိုင်တဲ့ အချက်ဖြစ်ပါတယ်။
တကယ်တော့ စစ်တပ် ၂၅% ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်တဲ့ အခါ အမတ် ၇၅% ကျော်က ထောက်ခံဖို့ လိုတယ်ဆိုတဲ့ သတ်မှတ်ချက် အရ အဲဒီကိစ္စမှာ စစ်တပ် သဘောမတူရင်၊ အနည်းဆုံး တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးက ပြင်ဆင်ရေး ဘက်က ထောက်ခံ ဆန္ဒမဲ မပေးရင် ပြင်လို့ မရတဲ့ အာဏာ အတွက်ပဲ ဖြစ်ပါတယ်။ ဒါကို Default Veto လို့ဆိုမယ် ဆိုရင်တော့ ဆိုနိုင်ပါတယ်။ ဒါတောင်မှ ဒါဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ Default Veto လို့ဘဲ ဆိုနိုင်ပါတယ်။ သမ္မတ ရဲ့ Default Veto လို့ မဆိုနိုင်ပါဘူး။ ဒါ့ကြောင့်လည်း ဂမ်ဘာရီနဲ့ နအဖ ပြောရေး ဆိုခွင့် အာဏာပိုင် အဖွဲ့ တွေ့တဲ့အခါ ၊ အစိုးရ သတင်းစာ ဆောင်းပါးများ ရေးတဲ့အခါ ၂၅% ဟာ တိုင်းပြည် အတွက် အရေးကြီးတဲ့ အခြေခံ ဥပဒေပြင်ဆင်ခြင်းလို့ ကိစ္စ တွေမှာ ထိန်းညှိတဲ့ အခန်းကပါဖို့ ဖြစ်တယ်လို့ ရေးနေတာဖြစ်ပါတယ်။
ဒါကတော့ အောင်ထွဋ် ဆောင်းပါးပါ အချက်များ အပေါ် မိမိအမြင်နဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။ ဒါဟာ မှန်တယ်လို့ မဆိုပါ ဘူး၊ အခြေခံ ဥပဒေအပေါ် ဖွင့်ဆိုမှုတွေနဲ့ ပတ်သက်ရင် အမေရိကန် မှာလည်း နှစ်နှစ်ရာကျော် အထိ မပြီးသေးပါဘူး။ တရား ရုံးချုပ်က ၀င်ဆုံးဖြတ် ပေးရတာလည်း မကြာခဏ ဖြစ်ပါတယ်။ ဒါ့ကြောင့် အခုဆောင်းပါး ကလည်း မိမိ အယူအဆ မျှသာဖြစ် ပြီး ကျန်တဲ့ သူများက ၀ိုင်းပြီး ဆွေးနွေး ပေးဖို့လိုတယ် လို့လည်း ထင်မိပါတယ်။
Ref: ပိတောက်မြေ
နိုင်ငံရေးသမားနဲ့ နိုင်ငံပြုခေါင်းဆောင်
Tuesday, February 23, 2010
မောင်ဝံသ
(နိုင်ငံရေးသမားနဲ့ နိုင်ငံပြု ခေါင်းဆောင် ဘယ်လို ကွာတယ် ဆိုတာ ဖော်ပြထားတဲ့ ဆရာမောင်ဝံသရဲ့ ဆောင်းပါး ကောင်း တစ်ပုဒ် ဖြစ်ပါတယ်။ ဂျာနယ် အသစ် တစ်စောင် ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထုတ် Envoy ဂျာနယ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ )
နိုင်ငံရေး ဆောင်ရွက်သူကို အားလုံး လွှမ်းခြုံပြီး နိုင်ငံရေးသမား (Politician) လို့ပဲ ခေါ်ဆိုပါတယ်။ နိုင်ငံရေးသမား တွေဟာလည်း ပုထုဇဉ်တွေပဲ ဖြစ်လို့ လောဘ၊ ဒေါသ၊ မာန်မာနများ ရှိကြစမြဲ ဖြစ်ပါတယ်။ အနည်း- အများတော့ ကွာခြားကြမှာပေါ့။ အဲဒီအပေါ် တည်ပြီး နိုင်ငံရေးသမားဆိုး၊ နိုင်ငံရေးသမား ကောင်းရယ်လို့ ကွဲပြား လာကြတယ်။ ဆိုးတယ်၊ ကောင်းတယ် ဆိုတာကို သူတို့နဲ့ ဆက်ဆံနေရတဲ့ လူထုက အကဲဖြတ် သတ်မှတ်ကြတာပါ။
အစိုးရ အရာရှိ တစ်ယောက်ဟာ သူ့အလုပ် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရင် အရာရှိကောင်း တစ်ယောက်လို့ ပြောနိုင်တယ်။ သူနဲ့ ဆက်ဆံရတဲ့ ပြည်သူတွေကို အကျပ်ကိုင်၊ ပညာပြပြီး လာဘ်လာဘ ရအောင် လုပ်ရင် အရာရှိဆိုးလို့ ပြောကြတယ်။ နိုင်ငံရေး သမားလည်း ထိုနည်း၎င်းပါပဲ။ ပြည်သူလူထုကို အလုပ် အကျွေးပြုရင် နိုင်ငံရေး သမားကောင်း၊ ပြည်သူ လူထုကို အာဏာ အလွဲသုံးပြီး ပြန်လည် နှိပ်စက်နေရင် နိုင်ငံရေး သမားဆိုးပါပဲ။ အရာရာကို ပြည်သူလူထု ကောင်းကျိုး လုပ်သလား၊ ဆိုးကျိုး လုပ်သလား ဆိုတာနဲ့ပဲ တိုင်းတာရပါမယ်။
အစိုးရ၀န်ထမ်းနဲ့ နိုင်ငံရေးသမား ကွာခြားတာက အစိုးရ ၀န်ထမ်းဟာ သူ့ပညာနဲ့ ကျွမ်းကျင်မှု အားလျော်စွာ လစာ ငွေကြေး ရရှိတယ်။ နိုင်ငံရေးသမားက လစာ ငွေကြေးမရဘူး။ စေတနာ့ဝန်ထမ်း အလုပ်ဖြစ်တယ်။
သူ့ကို နိုင်ငံရေး လုပ်ရမယ်လို့ ဘယ်သူကမှ ခိုင်းတာ မဟုတ်ပါ။ သဘောတရားအရ ပြောရင် မိမိဆန္ဒ အလျောက် အများအကျိုးကို ဆောင်ရွက်ချင်တဲ့စိတ် ထက်သန်လွန်းလို့ နိုင်ငံရေး လုပ်ကြတာ ဖြစ်တယ်။ ဒါဖြင့် နိုင်ငံရေး သမားဟာ နိုင်ငံရေး လုပ်လို့ ဘာရသလဲ။ ဘာမှ မရပါဘူး။ သူ ဘာစားမလဲ။ ပီတိကိုပဲ စားရပါမယ်။ သူပါဝင် လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေး လုပ်ငန်းကြီး တစ်ခု အောင်မြင် သွားတာကို ကြည့်ပြီး တစိမ့်စိမ့် ပီတိ ဖြစ်နေမယ်။ အဲဒါ အရသာပဲပေါ့။ သူပါဝင် စွမ်းဆောင်ခဲ့တာကို အသိအမှတ် ပြုတဲ့ အနေနဲ့ မော်ကွန်းတင် ခံရရင်လည်း ပီတိ ဖြစ်ရတာပဲ။ ရင်ဘတ်မှာ ဖဲကြိုးဝါလေး ချိတ်ဆွဲပေးတာ ခံရရင်ပဲ ပင်ပန်း နွမ်းနယ်ခဲ့သမျှတွေ အားလုံး ပြေပျောက် သွားတော့တာပေါ့။
နိုင်ငံရေးသမားတွေထဲမှာ ၀န်ကြီး၊ ၀န်ကလေး၊ အမတ် စသည်ဖြင့် နိုင်ငံရေး ရာထူးဌာနန္တရ အသီးသီး ရရှိသူတွေ ကတော့ လစာငွေကြေး တင်မက လုပ်ပိုင်ခွင့် အခွင့်အရေးတွေပါ ရကြတယ်။ လုပ်ပိုင်ခွင့် အာဏာကနေ ငွေကြေးတွေ ဒလဟော ၀င်လာတယ်။ အဲဒီအခါ သူ့ကို အဲဒီလို နေရာမျိုး ရောက်အောင် ပခုံးနဲ့ ထမ်းပြီး တွန်းတင်ပေးခဲ့တဲ့ တပည့်တပန်းတွေကို ပြန်လည် ကြည့်ရှုရတယ်။ တစ်ချိန်တည်းမှာ သူ့ကို လာဘ်ရွှင်တဲ့၊ နေရာကောင်း ပေးထားတဲ့ အထက် ဆရာများကိုလည်း ကျေးဇူးတင် ရတယ်။ သည်လိုနဲ့ပဲ ရထားတဲ့ လုပ်ပိုင်ခွင့် အာဏာလေးကို လက်မလွှတ်ချင်တော့ဘူး။ အာဏာ ဆက်မြဲဖို့ နည်းလမ်း မျိုးစုံ ကျင့်သုံးတော့တယ်။ ဘယ်လောက် ဖြူစင်တဲ့ နိုင်ငံရေးသမား ဖြစ်ပါစေ၊ အာဏာမှာ ယစ်မူး သွားတတ်တယ်။
နိုင်ငံရေး သမားတွေထဲမှာပဲ ရင့်ကျက်မှု ရှိပြီး အမြော်အမြင်ကြီးတဲ့ ပုဂ္ဂိုလ်ကို statesman လို့ ခေါ်ဝေါ် သုံးနှုန်းတယ်။ statesman ဟာ နိုင်ငံရေး သမားပါပဲ။ သို့ပေမဲ့ politician နိုင်ငံရေးသမားက အုပ်ချုပ်ရေး လုပ်ငန်းတွေကို တာဝန်ယူတယ်။ သူ့ရဲ့ အဓိက ရည်မှန်းချက်က ရွေးကောက် တင်မြှောက်ခံရဖို့ ဖြစ်တယ်။ လူသား ရေးရာတွေဟာ သူ့အတွက် အရေးမကြီးဘူး။ ရာထူးနေရာ ရှိမှ သူ့သြဇာ အာဏာကို လူတွေက လိုက်နာကြမယ်လို့ သိထားတယ်။ တိုင်းပြည် ကောင်းကျိုး လုပ်ဆောင်နိုင်ဖို့ ပထမဆုံး "နေရာ" ရအောင် လုပ်ရမယ်လို့ ခံယူထားတယ်။ Statesman နိုင်ငံရေး သမားက လူသား ရေးရာကို ပိုစိတ်ဝင်စားတယ်။ လူအများ ကောင်းကျိုးကို ဘယ်နေရာက လုပ်ရလုပ်ရ လုပ်မယ်လို့ ဆုံးဖြတ် ထားတယ်။ လူတွေကို ကူညီနိုင်သမျှ ကူညီတယ်။
Statesman နဲ့ politician ကို ခွဲခြားပြောပြတဲ့ နာမည်ကျော် အဆိုအမိန့် တချို့ရှိတယ်။
"နိုင်ငံရေး သမားဟာ လာမဲ့ ရွေးကောက်ပွဲ ကိစ္စကို စဉ်းစားတယ်။ နိုင်ငံပြု ခေါင်းဆောင်က လာမဲ့ မျိုးဆက်အတွက် စဉ်းစားတယ်။"
A politician thinks of the next election. A statesman, of the next generation.
James Freeman Clarke
ဂျိမ်းဖရီးမန်းကလပ် (၁၈၁၀-၁၈၈၈) ဟာ အမေရိကန် နိုင်ငံရေးသမား၊ တရားဟော ဆရာ၊ စာရေးဆရာ တစ်ယောက် ဖြစ်တယ်။ သူ့ရဲ့ အဆိုအမိန့်က ခုနောက်ပိုင်းမှာ လူအတော် များများရဲ့ ကိုးကားစရာ ဖြစ်လာတယ်။ တကယ်ကတော့ အေဘရာ ဟမ်လင်ကွန်းက အလားတူ ပြောပြီးသားပါ။
"နိုင်ငံပြုခေါင်းဆောင်ဟာ အနာဂတ် မျိုးဆက်များ အတွက် စဉ်းစားတယ်။ နိုင်ငံရေးသမားက လာတော့မဲ့ ရွေးကောက်ပွဲတွေ အတွက် စဉ်းစားတယ်"
A statesman is he who thinks in the future generations, and a politician is he who thinks in the upcoming elections.
Abraham Lincoln
လင်ကွန်းစကားက သိပ်ပေါ်ပြူလာ မဖြစ်ဘဲ အထက်က ဂျိမ်းကလပ်ရဲ့ စကားကို လူပြောများနေကြပါတယ်။
လက်စနဲ့ နိုင်ငံပြု ခေါင်းဆောင်နဲ့ နိုင်ငံရေးသမား ဖွင့်ဆိုချက် အချို့ တွေ့မိတာလေးတွေ တင်ပြပါဦးမယ်။
"နိုင်ငံရေးသမား တစ်ယောက်အဖို့ဝါရင့် နိုင်ငံပြု ခေါင်းဆောင် အမြန်ဆုံး ဖြစ်လာစေတဲ့ နည်းကတော့ ရွေးကောက်ပွဲ မှာ ရှုံးခြင်းပါပဲ"
The fastest way for a politician to become an elder statesman is to lose an election.
Earl Wilson
"နိုင်ငံရေးသမား ဆိုတာ သူ့နိုင်ငံရေးကို ခင်ဗျား လက်မခံနိုင်သူကို ခေါ်တယ်။ အကယ်၍ ခင်ဗျားဟာ သူ့နိုင်ငံရေးကို လက်ခံတယ်ဆိုရင် အဲဒါ နိုင်ငံပြု ခေါင်းဆောင်ပဲ" A politician is a person with whose politics you don't agree; if you agree with him he's a statesman.
David Lloyd George
အထက်ဖော်ပြပါ အဆိုအမိန့် "စာကိုး"များအအရ politician နိုင်ငံရေးသမား ဆိုတာ လူအများရဲ့ ကိုးစား ယုံကြည်ခြင်းကို သိပ်မရရှိဘူးလို့ ဆိုနိုင်ပါတယ်။ statesman နိုင်ငံပြု ခေါင်းဆောင် အဆင့်ကိုလည်း လူတိုင်းတော့ ရောက်ဖို့ မလွယ်ပါဘူး။ မည်သို့ရှိစေ၊ တတ်နိုင်သမျှ အများ ကောင်းကျိုးကို ရွက်ဆောင်ကြရင်ဖြင့် နိုင်ငံရေးသမား အပေါ် ပြည်သူ့မေတ္တာ ရောင်ပြန် ဟပ်မှာပါလို့ ပြောချင်ပါတယ။်
နောက်ဆုံး တစ်ခုကတော့ အမည်မသိ အဆိုအမိန့် တစ်ခုပါ။ "လူတစ်ယောက် အကြောင်းကို အခြင်းအရာ သုံးခုက ပြောနေတယ်။ သူ့မျက်လုံးတွေရယ်၊ သူပေါင်းသင်းတဲ့ မိတ်ဆွေရယ်၊ သူကြိုက်နှစ်သက်တဲ့ စာကိုးတွေရယ်" (Three things tell a man: his eyes, his friend and his favorites quotes.
သည်တော့ အဆွေ စာဖတ်သူ . . . သင့်မျက်လုံးကို မှန်ထဲ ပြန်ကြည့် ကြည့်ပါလေ။ ပြီးတော့ သင့်အပေါင်းအသင်း တွေ ဘယ်သူတွလဲ၊ ဘာတွေလဲ ကြည့်ပါလေ။ အခုဖော်ပြခဲ့တဲ့ "စာကိုး" တွေကိုတော့ သင်နှစ်သက်မယ်လို့ ထင်ပါတယ်။
မောင်ဝံသ
Ref: ပိတောက်မြေ
ပြောချင်လွန်းလို့
Thursday, July 29, 2010
(၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆရာမောင်ဝံသ ဆောင်းပါး ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲကို လက်မခံပေမယ့် အဖွဲ့ချုပ် ခေါင်းဆောင် တစ်ဦး ဖြစ်ခဲ့တဲ့ ဆရာမောင်ဝံသ ကတော့ ရွေးကောက်ပွဲ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ခပ်စိတ်စိတ် ကလေး ရေးနေတာ တွေ့ရလို့ မျှဝေပေး လိုက်တာပါ။)
သည်ခေါင်းစဉ် ပေးဖို့ ရေးချလိုက်ပြီးမှ သင့်မသင့် တော်မတော် ပြန်စဉ်းစားရ သေးသဗျ။ ကျွန်တော့် ခေါင်းစဉ်က ယခုလက်ရှိ ပင်ပန်းကြီးစွာ ရုန်းကန် ကြိုးစားနေကြတဲ့ နိုင်ငံရေး သမားတွေကို ထိပါးနိုင်သလား။ ရိသဲ့သဲ့ ပြောရာ ရောက်သွား နိုင်သလားလို့ စဉ်းစားရတာပါ။ ရုတ်တရက် ကြည့်ရင် ‘လောလောဆယ် နိုင်ငံရေး နယ်ထဲမှာ ဘယ်လို လူတွေ များသလဲ’ ဆိုတာ နည်းနည်းလေး အဆိုး မြင်သလိုများ ဖြစ်သွား လေမလားပဲ။ ဒါပေမဲ့ ကျွန်တော့် အနေနဲ့ သည်ခေါင်းစဉ် တင်လိုက်မှ လိုရင်း ရောက်အောင် သုံးသပ်လို့ ရမှာဖြစ်လို့ သည်ခေါင်းစဉ် အောက်ကပဲ ဆက်ပြောပါရစေဗျာ။
ပထမဦးဆုံး ပြောချင်တာက ရွေးကောက်ပွဲ ဝင်မယ့် ပါတီတွေကိုရော၊ နိုင်ငံရေး သမားတွေကိုရော၊ တစ်သီး ပုဂ္ဂလတွေကို ရော ကျွန်တော့် အနေနဲ့ လုံးဝ မဆန့်ကျင်ပါဘူး။ ရွေးကောက်ပွဲ ဝင်ရကောင်းလား ဆိုပြီး အပြစ်မတင်ပါဘူး။
ရွေးကောက်ပွဲ ဝင်ခြင်း၊ မဝင်ခြင်း၊ မဲပေးခြင်း၊ မပေးခြင်းဟာ လူတစ်ဦးချင်းရဲ့ ဆုံးဖြတ်ပိုင်ခွင့် ဘောင်ထဲမှာပဲ ရှိတယ်လို့ နားလည် ထားတယ်။ ပြီးခဲ့တဲ့အပတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဆရာဖေမြင့် ရေးတဲ့ ‘ဝီစကီ စာနယ်ဇင်း သမား’ ရပ်တည် ချက်မျိုးနဲ့ ပြောတာ မဟုတ်ပါဘူးဗျ။ (‘အယ်ဒီတာ ခေါင်းကြီး’ ဆိုတဲ့ အဲဒီ ဆောင်းပါး မဖတ်ရသေးရင် ရှာဖတ်ကြည့်ဗျာ၊ အတော် ကောင်းတယ်ဗျ။)
ကျွန်တော်က စာနယ်ဇင်း သမားဘဝမှာ မြှုပ်နှံပြီး စာရေးခြင်း အလုပ်ကိုပဲ ဖိလုပ်နေပေမယ့် နိုင်ငံရေး ပိုးလေးတွေက ခန္ဓာကိုယ်တွင်းမှာ ရွစိရွစိနဲ့ ကျန်နေတုန်းပဲဗျာ။ ဆိုင်းသံကြားရင် ထကချင်တဲ့ ဝါသနာအိုးလို ဖြစ်နေတာကိုး။
ကျွန်တော် ကတော့ လက်ရှိ အနေအထားမှာ ကိုယ့်ကိုယ်ကိုယ် ဘာနဲ့တူသလဲ စဉ်းစားတော့ ကမ္ဘာ့ဖလားပွဲ ကာလမှာ ပြောနေတာ ဆိုတော့ ဘောလုံးပွဲကို သွားထိုင် ကြည့်နေတဲ့ ဘောလုံး သမားဟောင်း တစ်ယောက်နဲ့ ပိုပြီး တူနေတယ်လို့ ထင်မိတယ်ဗျ။ ကိုယ်တိုင် ဘောလုံး ကန်နေတုန်းက အသုံးကျချင်မှ ကျမယ်၊ သူများတွေ ကန်တာ ထိုင်ကြည့်တဲ့ အခါ လစ်ကွက် ဟာကွက်တွေကို တယ်မြင် တတ်တာကိုး။
ဘောလုံးပွဲနဲ့ နှိုင်းပြီး ပြောနေတာ ဆိုတော့ ဂျာနယ်ကြီး တစ်စောင်က လောလောဆယ် နိုင်ငံရေး သမားတွေကို ‘လူသစ်တန်းတွေ’ လို့ သုံးနှုန်း လိုက်တာ သတိထားမိတယ်ဗျ။ ‘လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ် အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် တိုက်ရိုက်ပါဝင် ပတ်သက်ခဲ့သူ အများစုက ရွေးကောက်ပွဲကို ပါဝင်ဆင်နွှဲခြင်း မပြုရန် ဆုံးဖြတ် ခဲ့ခြင်းကြောင့် လူသစ်တန်းများ နိုင်ငံရေး ဝင်လုပ်သည့် ရွေးကောက်ပွဲ ဖြစ်လာရသည့် အချက်’ လို့ရေးထားတယ်။ (Voice ဂျာနယ်၊ ၅ ဇူလိုင် ၂၀၁၀)။ သည်အချက်ကို ဖတ်ပြီး ကျွန်တော် သုံးသပ် ထားမိတာလေး တင်ပြရရင် တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေမှာ လူသစ်တန်းတွေ များနိုင်မှာ ဖြစ်ပေမယ့် ပြည်ထောင်စု လွှတ်တော် အဆင့်မှာတော့ လူသစ်တန်း နည်းလိမ့်မယ် ထင်တယ်ဗျ။ အနည်းဆုံး နှစ်နှစ်ဆယ် နိုင်ငံရေး အတွေ့အကြုံ ရှိသူတွေက အင်အား ပိုများမယ် ထင်တယ်ဗျာ။ ပါတီ တည်ထောင်သူတွေ အကြောင်း ဂျာနယ်တွေက တာဝန် ကျေပွန်စွာ ဖော်ပြခဲ့ကြလို့ သိရသမျှဆိုရင် ဝါရင့် သမ္ဘာရင့်တွေ အတော်များများ တွေ့ရတာပဲ။
လူသစ်တန်း ဆိုတာ အတွေ့အကြုံ နည်းပါးသေးသူ၊ နိုင်ငံရေးနယ်ထဲ ခုမှ ဝင်သူတွေကို ဆိုလိုတာ ဖြစ်မယ်။ လက်တွေ့ နိုင်ငံရေးနယ်မှာ လူသစ်တန်းက နည်းပြီး လူဟောင်းတန်းက ပိုများဖို့ အရေးကြီးတယ်။ ဘာကြောင့်လဲ ဆိုတော့ အခု အချိန်ဟာ တိုင်းပြည် တည်ဆောက်ချိန် ဖြစ်လို့ ဥပဒေပြုရေး တာဝန်ကို အဓိက ထမ်းဆောင် ကြရမယ့် ပြည်သူ့ ကိုယ်စား လှယ်လောင်းတွေဟာ သာမန် လူတွေထက် အရည်အချင်း ပိုပြည့်စုံသူတွေ ဖြစ်ဖို့လိုတယ်။ ကရော်ကမယ် ရွက်ကြမ်း ရေကျို လောက်နဲ့တော့ ပြည်သူ့ ကိုယ်စားလှယ် လုပ်ဖို့ စိတ်မကူး သင့်ဘူးဗျ။ ရွေးကောက်ပွဲ ဝင်ဖို့ငွေကျပ် ငါးသိန်း စိုက်ထုတ်တင် သွင်းနိုင်သူ ဖြစ်ရုံနဲ့ ကိုယ်စားလှယ်လောင်း အရည်အချင်း ပြည့်စုံသွားပြီလို့ မထင်နဲ့ဗျ။
လွတ်လပ်ရေး တိုက်ပွဲဝင်နေတဲ့ အချိန်တုန်း ကတော့ တစ်မျိုးပေါ့ဗျာ။ ၁၉၄၇ တိုင်းပြု ပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ အတွက် ဖဆပလ အမတ်လောင်းတွေ ရွေးတော့ အရွေးခံရတဲ့ ၁၈၂ ယောက်ထဲမှာ လူငယ် ၆၀ ကျော်ပါတယ်ဗျ။ ဗိုလ်ချုပ်အောင်ဆန်းက “အခုလာမယ့် တိုင်းပြု ပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ အတွက် အမတ်ဖြစ်ချင်တဲ့ လူ ၂၀၀၀ ကျော်မှာ လက်ရွေးစင် ၁၈၂ ယောက် ရွေးခဲ့တယ်။ အဲဒီ ၁၈၂ ယောက်မှာ ၆၀ ကျော်ဟာ မလိမ် မညာတတ်သေးတဲ့ ပြည်သူ့ ရဲဘော် လူငယ်တွေချည်းပဲ။ ကျန်တဲ့ လူတွေဟာလည်း တကယ် တစ်နေ့ကျလို့ အင်္ဂလိပ်ကို ခံချရမယ်ဆိုရင် သူပုန်အဖြစ် အကြေညာခံနိုင်ရဲတဲ့ လူတွေချည်းပဲလို့ ကျုပ်ယူဆတယ်။ ဒါပေမယ့် ဗုံးကြဲတဲ့ နေရာမှာ မဆီမဆိုင်တဲ့ အရပ်သူ အရပ်သားတွေ ထိသွားသလို အချောင်သမား တစ်ယောက် တလေ ပါချင်ပါလိမ့်မယ်၊ ဒီလောက် တိုတောင်းတဲ့ ရက်မှာ ဒီလောက်ပဲ စိစစ်ပြီးတော့ ရွေးနိုင်မယ်။ ကျုပ်တို့ ရွေးလိုက်တဲ့ လူထဲမှာ သစ္စာဖောက်မဲ့သူ နည်းတယ်။ ဖောက်ရင်လည်း ကျုပ်တို့က တာဝန်ယူတယ်” (၁၇ မတ် ၁၉၄၇ မော်လမြိုင် လူထုကို ပြောတဲ့မိန့်ခွန်း)
“ယခု လွှတ်တော် အမတ်တွေဟာ စာတတ်ဖို့ မလိုသေးပါဘူး၊ တိုက်စရာရှိ တိုက်မယ်ဆိုတဲ့ လူကိုပဲ လိုတယ်။ နောင်အခါကျမှ ကြည့်ပြီး စာတတ်တွေနဲ့ စီမံရမှာပဲ။ အခု စာတတ်တွေ ရွေးလိုက်ရင် စကားများ နေကြမှာပဲ။ လွတ်လပ်ရေး စခန်းကို ရောက်နိုင်မှာ မဟုတ်ဘူး” (၂၁ မတ် ၄၇၊ မုံရွာ)
စသည်ဖြင့် မိန့်ကြား ခဲ့တာတွေဟာ အချိန်ကာလနဲ့ လျော်ညီစွာ လိုအပ်တဲ့ နိုင်ငံရေးသမား အမျိုးအစားကို ထင်ဟပ် နေတာပဲဗျ။ လွတ်လပ်ရေး တိုက်ပွဲ အရေးတကြီး ဖြစ်နေချိန်မှာ ဖဆပလ ခေါင်းဆောင်များရဲ့ ဦးဆောင်မှု နောက်ကနေ မသွေမဖည် မတွန့်မဆုတ် လိုက်ပါမည့် နောက်လိုက် ကောင်းတွေကိုပဲ ခေါင်းခေါက် ရွေးခဲ့တာ ဖြစ်တယ်။ မလိမ်မညာ တတ်ခြင်း၊ စာတတ် (ပညာတတ်) မဟုတ်ပေမယ့် တိုက်စရာရှိ တိုက်ရဲခြင်း စသည်တို့ဟာ ထိုခေတ် ထိုကာလက နောက်လိုက် နိုင်ငံရေး သမားများရဲ့ အရည်အချင်း ဖြစ်လိမ့်မယ်လို့ ဗိုလ်ချုပ် မိန့်ခွန်းကနေ ကောက်ချက်ချ မိတယ်ဗျာ။
အဲသလို အနေအထားမှာ ခေါင်းဆောင်ကောင်းတွေ ရှိနေခြင်းဆိုတဲ့ အချက်အလက် ကတော့ အလွန် အရေးကြီးတယ်ဗျ။ ရွက်ကြမ်းရေကျို ခေါင်းဆောင်မှုမျိုးနဲ့ ဆိုရင်တော့ နောက်လိုက်တွေက ဘယ်လောက် အသေခံ လုပ်လုပ် ရည်မှန်းချက် ပေါက်မြောက်မှာ မဟုတ်ပေဘူးပေါ့ဗျာ။
အခု ကျွန်တော့် ဆောင်းပါးကို ‘လောလောဆယ် နိုင်ငံရေးနယ်ထဲမှာ ဘယ်လို လူတွေများသလဲ’ လို့ ခေါင်းစဉ် တပ်ထားပေမယ့် ကျွန်တော်က အဖြေထုတ်ပေးဖို့ မရည်ရွယ်ပါဘူး။ စာဖတ်သူများ အနေဖြင့် မိမိဘာသာ သုံးသပ် ကြည့်ကြဖို့ အလုပ်ရှုပ် ခိုင်းလိုက်ခြင်း ဖြစ်ကြောင်းပါဗျာ။
မောင်ဝံသ
မြွေပွေးပိုးထိခြင်း
Friday, July 23, 2010
မျိုးဆက်သွေး
××××× စာရေးသူကို အပတ်စဉ်ထုတ် ကမ္ဘာကျော် မဂ္ဂဇင်းမှ သတင်းစာဆရာ တစ်ဦးက မေးခွန်းတစ်ခု မေးသည်။ လူတွေ ဝေဖန်နေတဲ့ အခြေခံ ဥပဒေကို လက်ခံသူ အဖြစ်နဲ့ အတိုက်အခံတွေက မင်းကို ဝေဖန်ကြတယ်နော်၊ ပြီးတော့ အဲဒီအခြေခံ ဥပဒေကို မင်းက သင်တန်း ပို့ချတယ်လို့လည်း ပြောကြတယ်။ ဘာ့ကြောင့် အဲဒီအခြေခံ ဥပဒေကို လက်ခံရသလဲဟု မေးခြင်း ဖြစ်သည်။ ××××××××××× ကျွန်တော်ဟာ အခြေခံ ဥပဒေများရဲ့ သဘောသဘာဝကို ဘွဲ့လွန်ပညာ အဖြစ် ဆည်းပူးခဲ့ပြီး ဒီအခြေခံ ဥပဒေသစ်ရဲ့ သဘော သဘာဝကိုလည်း ကျေညက်စွာ သဘော ပေါက်တဲ့အတွက် ဖြစ်ပါတယ်ဟု စာရေးသူ ဖြေခဲ့သည်။
နောင်တွင် ဤအခြေခံ ဥပဒေကို ပညာရှင် အမျိုးမျိုးတို့က ပညာရပ် ရှုထောင့်မှ အသီးသီး သုံးသပ် ကြသည့် အခါတွင် ဤကိစ္စကို စာရေးသူ အရင်ဦးဆုံး မှတ်တမ်း တင်ခဲ့ကြောင့် မှတ်တိုင် စိုက်လိုသောကြောင့် ရေးသား ဖော်ပြလိုက်ရခြင်း ဖြစ်ကြောင်း ၀န်ခံလိုပါသည်။
အဲဒါကတော့ Voice ဂျာနယ်မှာ အောင်ထွဋ် အမည်ခံ နေ၀င်းမောင်က Concept နဲ့ Process ဆောင်းပါးမှာ ပြောထားတဲ့ ကိုယ့်ကို ကိုယ်ဖော် မသူတော် လုပ်ထားတဲ့ စကားတွေ ဖြစ်တယ်။ သူ့ဆောင်းပါးမှာ ရေးထားတဲ့ အယူအဆတွေ မှန်မမှန်ဆိုတာ ကိုပိတောက်က ချေပထားပြီး ဖြစ်လို့ မပြောလို၊ တကယ်တော့ နေ၀င်းမောင်နဲ့ ပတ်သက်ပြီး လက်ရှောင် နေတာ ကြာခဲ့ပြီ။ သူ့ကို ဝေဖန်တဲ့ ကျွန်တော့် စာတွေကို ပိတောက်က တင်ပေးလို့ စိတ်ကောက်ပြီး ပိတောက်မြေမှာ သူ့ဆောင်းပါးတွေ မထည့်ဖို့ တားပြီးထဲက ပိတောက်ကို အားနာတာနဲ့ မရေးဖြစ်ခဲ့ဘူး။ အခုတော့ မပြောမဖြစ် ရေးရဦးမယ်။
ပိတောက်က နေ၀င်းမောင် ဆောင်းပါးကို ချေပတဲ့ စာရေးတဲ့ အချိန်မှာ အစိုးရ ပြန်ကြားရေးဌာန စာပေကင်ပေတိုင် အဖွဲ့က Voice ကို နှစ်ပတ် ပိတ်လိုက်ပြီ ဖြစ်တယ်။ ပိတောက်က မသိလို့ ဘာမှ မညွှန်းတာလား၊ ဒါမှမဟုတ် တစ်ချို့ ပြောသလို အစိုးရ ဘလော့ဂ် ဖြစ်တဲ့အတွက် အစိုးရ ချေပခိုင်းတဲ့ အတိုင်း ပြန်ချေပ နေတာလားတော့ မသိဘူး။
ဇူ ၂၁ ဧရာဝတီ ဆောင်းပါးမှာတော့ နေ၀င်းမောင်ရဲ့ Concept နဲ့ Process ဆောင်းပါးမှာ ပါတဲ့ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး ရေးထားတာရယ်။ နေ၀င်းမောင်ရဲ့ လေသံရယ်ကို မကြိုက်တာကြောင့် ပိတ်လိုက်တာလို့ ပါတယ်။ ဒီနေရာမှ အကြောင်း အရာနဲ့ ပတ်သက်လို့ မပြောချင်ဘူး။ ဒီလို ပိတ်လိုက်တဲ့ အကျိုး သက်ရောက်မှုကိုပဲ ပြောချင်တယ်။
နေ၀င်းမောင်ဟာ သူ့မိဘနှစ်ပါး စစ်တက္ကသိုလ်မှာ စာသင်ခဲ့ဘူးတဲ့ အရှိန်နဲ့ စာပေစင်မြင့်ပေါ် တက်လာပြီး စွာကျယ်ကျယ် လုပ်နေတယ်လို့ အရင်တုံးက စာတွေမှာ ရေးပြခဲ့ပြီး ဖြစ်တယ်။ ဒီအရှိန်နဲ့ ဘယ်သူမှ သူ့ကို မထိရဲဘူး ဆိုပြီး ဘ၀င်ကိုင်လာတာ အခုတော့ ထိပ်ထု ခံလိုက်ရတဲ့ ဘ၀ရောက်ပြီ။ ဒါက ဘာကို ပြသလဲဆိုရင် စစ်အစိုးရအနေနဲ့ သူ့ကို ထိပါးလာတယ် ဆိုရင် ဘယ်သူ့ကိုမှ လက်မခံဘူး၊ ဆော်မှာပဲ ဆိုတာပြလိုက်တာပဲ။ တတိယ အုပ်စုဆိုပြီး နေ၀င်းမောင်လို ဂြိုလ်ထောင်ချင် နေတဲ့ လူတွေ၊ ရွေးကောက်ပွဲ ရထားပေါ် ခါတော်မှီ ခုန်တက်လိုက် နေတဲ့လူတွေကို မင်းတို့ သတိထားဆိုပြီး ကြိမ်တုတ် ၀င့်ပြလိုက်တာပဲ ဖြစ်တယ်။ အထူးသဖြင့် ပြန်ကြားရေးနဲ့ ပိုင်တယ်ဆိုပြီး သူများထက် ပိုရေးခွင့် ရနေတယ် ဆိုတဲ့ ဂျာနယ်လစ် များကို ရန်ငါစည်း ဆွဲပြလိုက်တာလဲ ဖြစ်တယ်။ နောက်ပြီး အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြောတဲ့အခါ အမှားလုံးဝမခံဘူး၊ နေ၀င်းမောင်လို အခြေခံဥပဒေ ဆိုင်ရာ ကျွမ်းကျင်သူလိုလို ဘာလိုလိုနဲ့ တောရောက် တောင်ရောက် အဓိပ္ပါယ် ဖွင့်တာမျိုးကို လက်မခံဘူး၊ အစိမ်းအကျက် မရွေးဘူးလို့ အချက်ပြ လိုက်တာလည်း ဖြစ်တယ်။ ဒါဟာ ပါတီသစ်တွေက ရွေးကောက်ပွဲ၊ အခြေခံဥပဒေတို့နဲ့ ပတ်သက်ပြီး ပြောကြ ဆိုကြတာတွေကို စင်တင်ပေးနေတဲ့ ဂျာနယ်များ အတွက်လည်း သတိပေးလိုက် တာလို့လည်း ဆိုလို့ရတယ်။
ဒီထက်ပို အရေးကြီးတာက နေ၀င်းမောင်တို့လို တတိယ အုပ်စုဆိုတဲ့ လူတွေ ပြောပြောနေကြ၊ အခြေခံ ဥပဒေထဲကနေ Space ချဲ့ယူမယ်ဆိုတဲ့ စကားရေထဲ မျောသွားတာပဲ။ အခုအဖြစ်က အဲဒီ Space က ဘယ်လောက်ပဲ ကျယ်တယ်ဆိုတာ သွားချဲ့ဖို့ကြိုးစားရင် ဘာဖြစ် တတ်တယ် ဆိုတာ နေ၀င်းမောင် သိသွားပြီလို့ ထင်တယ်။ သူ့ဆောင်းပါး အစမှ အခြေခံ ဥပဒေ ဘယ်လို ဆွဲခဲ့တယ်ဆိုတဲ့ Process ကိုပဲ ပြောပြော နေကြတာ မှားတယ်။ Concept ကိုမြင်အောင် ကြည့်ဖို့ လိုတယ်လို့ အစချီပြီး သူ့ထုံးစံအတိုင်း လေပြေထိုးပြီးမှ အခြေခံဥပဒေရဲ့ Concept ကို နားလည်ဖို့ လိုတယ်၊ ဒီလို နားလည်ဖို့ အတွက် သီအိုရီ အခြေခံ လိုအပ်ချက် ရှိတယ်ဆိုပြီး (အဲဒီလို နားလည်တာလည်း မြန်မာပြည်မှာ သူပဲရှိတယ်လို့ မပြောရုံတမယ်ပဲ) လုပ်နေကြအတိုင်း ပြည်သူတွေကို အထင်သေးတဲ့ လေလုံး၊ အစိုးရကို ဆရာလုပ်ချင်တဲ့ မိုးလုံးတွေ ပစ်လိုက် တော့တာပဲ။ ဒါပေမယ့် ဒီတစ်ခါတော့ နေ၀င်းမောင် အရှိန်မသတ်နိုင်ဘဲ ချောက်ပေါက်တိုးပြီ။ တနည်းအားဖြင့် နေ၀င်းမောင် အဖြစ်ဟာ မြွေပွေး ပိုးထိ သွားတာလည်း ဖြစ်တယ်။
ဒီတော့ သူ့ဂျာနယ် ပြန်ထွက်လာရင် ဒီကိစ္စနဲ့ ပတ်သက်လို့၊ ရွေးကောက်ပွဲ၊ လမ်းပြမြေပုံနဲ့ ပတ်သက်လို့ ဘာတွေများ ပြောမလဲဆိုတာ စောင့်ကြည့်ရမှာပဲ။
မျိုးဆက်သွေး
Ref: ပိတောက်မြေ
စစ်အစိုးရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒေါက်တာနေ၀င်းမောင် ထောက်ခံသလား
Friday, July 23, 2010
လှတောသား
ဇူလိုင် ၁၂ ၇က်ထုတ် The Voice ဂျာနယ်မှာ ဒေါက်တာ နေ၀င်းမောင်ရဲ့ ကလောင်ခွဲ အောင်ထွဋ်ရေးတဲ့ ဖွဲ့စည်းပုံကို ဝေဖန်တဲ့ ဆောင်းပါး ပါပြီး မကြာခင် The Voice ဂျာနယ်ကို ၂ ပတ် အပိတ်ခံ ရတယ်လို့ ကြားရပါတယ်။
ဒီနေရာမှာ မှတ်ရ လွယ်အောင် ဆောင်းပါးရှင်ကို ဒေါက်တာ နေ၀င်းမောင်လို့ဘဲ ညွှန်းပါရစေ။ စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်ခံသူ၊ စစ်အစိုးရနဲ့ နီးစပ်သူလို့ အများက အသမုတ် ခံနေရတဲ့ ဒေါက်တာ နေ၀င်းမောင် ဘာကြောင့် Concept နဲ့ Process ဆောင်းပါးမျိုး ရေးသလဲဆိုတာ စိတ်ဝင်စားဘို့ ကောင်းပါတယ်။
သူ့ဆောင်းပါးကို အနှစ်ချုပ် ကြည့်ရင် စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ မှာ သမ္မတကို ဗီတိုအာဏာ ပေးမထားပေမဲ့ သမ္မတ မကြိုက်တဲ့ ဥပဒေကြမ်း တခုခုကို လွှတ်တော် ၂ ရပ်က တင်သွင်းလာရင် ၂၅ ရာနှုန်း စစ်ဗိုလ်အမတ် ၁၆၆ ဦးက ကန့်ကွက်မဲ ပေးကြမှာ ဖြစ်တယ်၊ ဒါကြောင့် သမ္မတ လက်မခံတဲ့ ဥပဒေကြမ်းမျိုး ပြင်ချင်သပ ဆိုရင် အရပ်သား အမတ် ၄၉၈ ဦးထဲက အနည်းဆုံး ၃၃၃ ဦး ထောက်ခံမှ ဖြစ်မယ်ဆိုတာ (မဖြစ်နိုင်အောင် လုပ်ထားတာမို့) ဖွဲ့စည်းပုံမှာ ရေးမထားတဲ့ သမ္မတရဲ့ ဗီတိုအာဏာ ဖြစ်တယ်လို့ ရေးခဲ့တာပါ။
ဒီနေရာမှာ စာရေးဆရာ ဒေါက်တာ နေ၀င်းမောင်က ရွေးကောက်ပွဲ အပြီး ပထမဆုံး အရွေးခံရမဲ့ သမ္မတကို စစ်တပ်က ခေါင်းခေါက်ရွေးတဲ့ စစ်သားသမ္မတ မုချဧကန် ဖြစ်ရမယ်လို့ တထစ်ချယူဆပြီး ရေးထားတာကြောင့် စစ်အစိုးရ ၀ှက်ဖဲကို ထုတ်ပြသလို ဖြစ်သွားတဲ့ အတွက် စစ်အစိုးရကို နားရွက် တံတွေး ဆွတ်သလို ဖြစ်သွားပုံရပါတယ်။ တနည်းပြောရရင် သမ္မတ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သဘောမကျတဲ့ ဥပဒေကြမ်းမျိုးကို စစ်ဗိုလ်အမတ် ၁၆၆ ဦးက လက်ခံမှာ မဟုတ်ဘူးလို့ ဒေါက်တာ နေ၀င်းမောင် မပြောရုံ တမယ် ရှိတာမို့ နအဖဘက်က ပိုပြီး စိတ်ခုသွားပုံရပါတယ်။
ဒါကြောင့် စစ်ဗိုလ်အမတ် ၁၆၆ ဦးရဲ့ ကန့်ကွက်မဲကို သမ္မတရဲ့ ရေးမထားတဲ့ ဗီတို (Default Veto) လို့ သုံးထားတာမို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဘို့ နေနေသာသာ စစ်တပ်ကဘဲ ကြိုးကိုင် ထားမှာမို့ သာမန် ဥပဒေကြမ်းမျိုး ပြင်ဘို့တောင် စစ်တပ် သဘောမတူရင် မဖြစ်ဘူးဆိုတဲ့ သဘော ဆောင်သွားပါတယ်၊ ဒီမှာတင် စစ်အစိုးရ အနေနဲ့ အနာပေါ် တုတ်ကျ ဖြစ်သွားပုံရပါတယ်။
နောက်တချက်က သမ္မတ လက်မခံတဲ့ ဥပဒေကြမ်းမျိုး ပြင်ချင်သပ ဆိုရင် အရပ်သား အမတ် ၄၉၈ ဦးထဲက အနည်းဆုံး ၃၃၃ ဦး ထောက်ခံမှ ဖြစ်မယ် ဆိုတာဟာ အရပ်သား အမတ် စုစုပေါင်းရဲ့ သုံးပုံ ၂ ပုံ ထောက်ခံဘို့ မဖြစ်နိုင်ဘူး- လက်တွေ့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ တစညလို ပါတီတွေက အမတ်တွေ၊ စစ်အစိုးရ ကျောထောက် နောက်ခံ ပေးထားတဲ့ မဟာမိတ်ပါတီ အမတ်တွေက အရပ်သား အမတ် အများစု ဖြစ်နေမှာမို့ ပြည်သူလူထု အကျိုးလိုလားတဲ့ အရပ်သားအမတ် ၃၃၃ ဦး လိုတယ်လို့ ဒေါက်တာ နေ၀င်းမောင် ဥပါယ်တမျဉ်နဲ့ ထောက်ပြတာကို စစ်အစိုးရက မျက်ထောင့် နီသွားတာ ဖြစ်နိုင်ပါတယ်။
ပိုပြီး စာဖတ်သူတွေ ရှင်းသွားအောင် ပြည်သူနဲ့ နိုင်ငံရေးပါတီတွေ သာမန်ထက် ပိုပြီး ညီညွတ်ကြမယ် ဆိုရင် အပြန်အလှန် ထိန်းကျောင်းမှု ရှိတဲ့ နိုင်ငံရေး စနစ်တခုကို အသေအချာ ခံစားရ ပါလိမ့်မယ်လို့ ဒေါက်တာ နေ၀င်းမောင် မှတ်ချက် ချတာဟာ လူထုကနေ ပြည်သူလူထု အကျိုးလိုလားတဲ့ အရပ်သား အမတ် ၃၃၃ ဦး ရအောင် စစ်အစိုးရ မထောက်ခံတဲ့ ပါတီတွေကို မဲဖိပေးရင် ကိုယ်လိုချင်တာ ရနိုင်တယ်လို့ ဆိုလိုရာ ရောက်နေတာမို့ ဒေါက်တာ နေ၀င်းမောင်ကို မဖမ်းတာဘဲ တော်လှပြီလို့ ဆိုရမလို ဖြစ်နေပါတယ်။
ဒီမှာတင် ဒေါက်တာ နေ၀င်းမောင် ရေးတာတွေ လွဲနေပါတယ် ဆိုပြီး ပိတောက်မြေလို စစ်အစိုးရ ဘောင်းတော်ညိတ် ဘလော့ဆိုက်တွေက အူယားဖားယား လိုက်ရှင်းရတဲ့ အဖြစ် ရောက်သွားပါတယ်။
တကယ်တော့ ဒေါက်တာ နေ၀င်းမောင်ရဲ့ ဒီဆောင်းပါးဟာ ပြည်တွင်းမှာ နေပြီး ဖွဲ့စည်းပုံရဲ့ အပြစ် အနာအဆာကို ဥပါယ်တမျဉ်နဲ့ ထောက်ပြရုံမက လူထုကိုပါ လွှတ်တော်မှာ ပြည်သူအကျိုး လိုလားတဲ့ ပါတီတွေကို ထောက်ခံမဲ အပြတ်ပေးပါ ဆိုတဲ့ သဘော ရောက်စေတဲ့ ဆောာင်းပါးမျိုး ရေးတာမို့ ကြီးလေးတဲ့ အပြစ်ဒဏ် ခံရနိုင်တဲ့ အတွက် သတ္တိကို ချီးကျူးထိုက်ပါတယ်။
တဘက်ကလဲ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ စစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ကို ကာကွယ် ထားတဲ့ ပုဒ်မ ၁၀၀ နီးပါးကို ၂၅ ရာနှုန်း စစ်ဗိုလ်တွေရဲ့ ထောက်ခံမှု မရဘဲ ပြင်လို့ မရတာသာ ရှိပါတယ်- သာမန် ဥပဒေကြမ်းမျိုးကို ထက်ဝက်ကျော် မဲနဲ့ ပြင်နိုင် ပါတယ်လို့ ၀ါဒဖြန့်နေသူတွေ အားလုံးကို ဒေါက်တာ နေ၀င်းမောင်ပေးတဲ့ မက်ဆေ့က စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ သာမန် ဥပဒေကြမ်းမျိုးတောင် ပြင်ဘို့ မဖြစ်နိုင်ဘူးလို့ သွယ်ဝိုက် ပြောရာ ရောက်နေပါတယ်။
ဒီအချက်ကို ပိုပြီး ပီပြင်စေဘို့ အတွက် နောင်ကို ပညာရှင် အမျိုးမျိုးက စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရှုထောင့် အမျိုးမျိုးက သုံးသပ်ရာမှာ ဒီကိစ္စကို သူအရင်ဆုံး မှတ်တမ်းတင်ခဲ့တာ သိစေချင်လို့ ရေးတာပါလို့ ဒေါက်တာ နေ၀င်းမောင်က ဆောင်းပါး နိဂုံးမှာ ရဲရဲ တင်းတင်း ရေးထားပါတယ်။
တကယ်တော့ စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အလကားပါလို့ ပြောသူတွေ ပြည်တွင်း ပြည်ပမှာ မရေတွက် နိုင်ပေမဲ့ ဘယ်အချက်တွေဟာ တိုင်းပြည် အတွက် အဆိပ်အတောက် ဖြစ်တယ် စစ်ခေါင်းဆောင်တွေနဲ့ စစ်တပ် အကျိုးကို ဘယ်လို ကာကွယ် ထားသလဲ ဆိုတာတွေကို ခွဲခြမ်း စိတ်ဖြာပြီး လူထုကို အသိပေးနိုင်သူက အတော် နည်းပါတယ်။
ဒေါက်တာ နေ၀င်းမောင်ဟာ တကယ်ဘဲ စစ်အစိုးရနဲ့ နီးစပ်သူလား- တကယ်ဘဲ အခြေခံဥပဒေ ၂၀၀၈ ကို သဘောကျ ယုံကြည်သူလား ဆိုတာ ကျွန်တော် မသိပါ။ ဒေါက်တာ နေ၀င်းမောင်ကိုလဲ မမြင်ဘူးပါ။
ဒါပေမဲ့ The Voice ဂျာနယ်ပါ အောင်ထွဋ် ဆောင်းပါးကတော့ စစ်အစိုးရ ဖွဲ့စည်းပုံကို ယုံကြည်သူလို့ ဒေါက်တာ နေ၀င်းမောင် ခံယူ ထားတာဟာ ပြည်တွင်းကနေ စစ်အစိုးရကို ပူးသတ်မဲ့ ကတ္တီပါ လက်အိတ် စွပ်ထားတဲ့ သံလက်သီး လားလို့တောင် မေးစရာ ဖြစ်နေပါတယ်။
Ref: ပိတောက်မြေ
မြောက်ကိုရီးယား၊ မြန်မာ ဆက်ဆံရေး အမေရိကန် စိုးရိမ်ကြောင်း ထပ်လောင်းပြောဆို
ကြာသပတေး, 29 ဇူလိုင် 2010
ပွင့်လင်းထင်သာမှု မရှိတဲ့ မြန်မာနဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ဆက်ဆံရေးကြောင့် အမေရိကန် ပြည်ထောင်စုက စိုးရိမ်မကင်း ဖြစ်ရတယ်လို့ ပြောဆို လိုက်ပါတယ်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ဝေချွန်း (Pak Ui-Chun) မြန်မာနိုင်ငံကို ၄ ရက်ကြာခရီး ရောက်ရှိနေတာနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေအပေါ် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီ.ဂျေ ခရော်လီ (P.J Crowley) က မနေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ အခုလို သုံးသပ် ပြောဆိုသွားတာ ဖြစ်ပါတယ်။
“မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံ ဆက်ဆံရေး သဘော သဘာဝနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း ကျနော်တို့ ထပ်ခါ ထပ်ခါ ပြောဆိုနေတာပါ။ ကျနော်တို့ တွေ့မြင်လိုတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးအတိုင်း ထင်သာ မြင်သာ ပွင့်လင်းမှုတွေ မတွေ့ရပါဘူး။ မြောက်ကိုရီးယား နိုင်ငံဟာ နျူကလီးယား လက်နက် ပြန့်ပွားရေးကို တောက်လျှောက် လုပ်နေတဲ့ နိုင်ငံပါ။
“မြောက်ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံတင် မကပါဘူး၊ တခြားနိုင်ငံတွေနဲ့လည်း တရားမ၀င် လက်နက် ရောင်းချမှုတွေ သိသိသာသာ လုပ်နေတာပါ။ မြန်မာနိုင်ငံ အနေနဲ့ကလည်း နိုင်ငံတကာ ကျင့်ဝတ်တွေ၊ ၀တ္တရားတွေ အတိုင်း လိုက်နာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့် ထားပါတယ်။”
မြောက်ကိုရီးယားနိုင်ငံရဲ့ နောက်ခံ သမိုင်းမှတ်တမ်းတွေအရ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို အမေရိကန် ပြည်ထောင်စုက မျက်ခြည်မပြတ် စောင့်ကြည့်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီ.ဂျေ ခရော်လီက ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ဝေချွန်းဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပြီး ဒီနေ့ နေပြည်တော်ကို ခရီးဆက်မှာ ဖြစ်ပါတယ်။
Ref: VOA News
အရုဏ်ဦးမှာ ဖူးသည့်ကြာ ရုပ်ရှင်သရုပ်ဆောင်များ အမေရိကန်ဗီဇာ မပေးရေး တောင်းဆို
ကိုရန်နိုင်
ကြာသပတေး, 29 ဇူလိုင် 2010
မြန်မာနိုင်ငံမှာ မကြာခင်က ထုတ်လွှင့်ပြသခဲ့တဲ့ အရုဏ်ဦးမှာ ဖူးသည့်ကြာ ဆိုတဲ့ မြန်မာ စစ်အစိုးရရဲ့ ၀ါဒဖြန့်ချိရေး ရုပ်ရှင် ဇာတ်လမ်းနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကြား ဝေဖန်သံတွေ ထွက်ပေါ်နေတဲ့ တချိန်တည်းမှာပဲ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီ တ၀ိုက်မှာ နေထိုင်ကြတဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေကလည်း ဒီရုပ်ရှင်ဇာတ်ကားမှာ ပါဝင်တဲ့သူ အားလုံးကို အမေရိကန်အစိုးရ အနေနဲ့ ပြည်ဝင်ခွင့် ဗီဇာတွေ ပိတ်ပင်ဖို့ တောင်းဆို လိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားတဲ့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။
မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု၊ တိုင်းရင်းသား လူမျိုးစုတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေနဲ့ မြန်မာ့သမိုင်း ဖြစ်ရပ်မှန်တွေကို ဖုံးကွယ်ပြီး မှားယွင်းစွာ ဖော်ပြခဲ့တဲ့အတွက် ၀ါရှင်တန်ဒီစီ တ၀ိုက်မှာ နေထိုင်ကြတဲ့ မြန်မာ့ ဒီမိုကရေစီရေး အင်အားစုတွေက ဒီဇာတ်ကားမှာ ပါဝင်တဲ့ သူတွေကို အမေရိကန်နိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ဖို့အတွက် တောင်းဆို လိုက်တာပါ။ ရန်ကုန်မြို့ အမေရိကန် သံရုံးမှာရှိတဲ့ သံရုံး ယာယီတာဝန်ခံ မစ္စတာ လယ်ရီ ဒင်းဂါးကို စာရေးသားပေးပို့ပြီး တောင်းဆို လိုက်တာပါ။ အခုလို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ဖို့ တောင်းဆိုရတာနဲ့ ပတ်သက်လို့ ဒီကိစ္စမှာ ကမကထလုပ် ဆောင်ရွက်သူတွေထဲက တဦးဖြစ်တဲ့ ကိုညီညီအောင်က အခုလို ပြောပါတယ်။
“ကျနော်တို့ ပြည်ပမှာရောက်နေတဲ့၊ အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ဗမာတွေ အနေနဲ့ ကျနော်တို့ လုပ်ပိုင်ခွင့်ရှိတဲ့ အနေအထား၊ ကျနော်တို့ လုပ်နိုင်တဲ့ စွမ်းအားနဲ့ ပြည်သူလူထု မလိုလားတဲ့ အခြေအနေကို အားပေးတဲ့ အနုပညာရှင်တွေကို ပိတ်ပင်နိုင်တဲ့ အနေအထားတွေမို့ ကျနော်တို့က ပိတ်ပင်တာပဲ ဖြစ်ပါတယ်။
“ကျနော် မျှော်လင့်ပါတယ်၊ အောင်မြင်မယ်လို့။ အချက်အလက်နဲ့ ထောက်ပြပြီး ပြောထားတဲ့ အတွက်လည်း အမေရိကန် အစိုးရ အနေနဲ့ စဉ်းစားပြီးတော့ ဆောင်ရွက် လိမ့်မယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီမှာလည်း ရှိထားပြီးသား စစ်အစိုးရနဲ့ ပတ်သက်တဲ့ လူတွေ၊ စစ်အစိုးရက ပုဂ္ဂိုလ်တွေ၊ အာဏာရှင်ဘက်က အင်အားစုတွေကို ပြည်ဝင်ခွင့်ဗီဇာ မပေးဘူးဆိုတဲ့ ပိတ်ပင်တဲ့ ဥပဒေလည်း ရှိနေတဲ့ အတွက်ကြောင့် ဒါဟာ ထပ်မံ တိုးသွားနိုင်တဲ့ စာရင်း ဖြစ်နိုင်ပါတယ်။”
ဒီရုပ်ရှင်ဟာ သမိုင်းဖြစ်ရပ်မှန်၊ တကယ့် အဖြစ်အပျက်တွေကို အခြေခံပြီးတော့ ရိုက်ထားတာလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီဇာတ်ကား အတွင်း တချိန်တုန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ ဦးသန့်အပေါ်မှာ ဝေဖန် ပြောဆိုတာ၊ ဦးသန့် ဈာပနနဲ့ အတူ ဖြစ်ပေါ်လာခဲ့တဲ့ ဦးသန့် အရေးအခင်း၊ တပါတီ အာဏာရှင်စနစ်ကို တော်လှန်ခဲ့တဲ့ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုနဲ့ ၁၉၉၀ ရွေးကောက်ပွဲတွေကို အဓိက ဝေဖန်ခဲ့ပြီး သမိုင်း ဖြစ်ရပ်မှန်တွေကို ဖုံးကွယ်ခဲ့တယ်လို့ အများက ဝေဖန်ခဲ့ကြပါတယ်။ သမိုင်း ဖြစ်ရပ်မှန်တွေကို မှားယွင်းစွာ ဖော်ပြတာတွေနဲ့ ပတ်သက်လို့ ကိုညီညီအောင်က အခုလို ဥပမာပေးပြီး ပြောပါတယ်။
“ကျနော်တို့ အဲဒီထဲမှာ တွေ့လိုက်ရတာ ကရင်တွေ၊ ဗကပတွေကို သူတို့တွေ တင်ပြနေတဲ့ ပုံစံက အာဏာလိုချင်လို့ လက်တဆုပ်စာ အင်အားစုတစု၊ တိုင်းရင်းသားတစုက သောင်းကျန်းနေတယ် ဆိုတဲ့ အနေအထားမျိုး တင်ပြနေတယ်။ တင်ပြနေတော့ ဒါက အစစ်အမှန် မဟုတ်ပါဘူး။ တိုင်းရင်းသားတွေ ပြဿနာက တွေ့ဆုံဆွေးနွေး ဖြေရှင်းရလိမ့်မယ်။ ဒီဟာကို မတင်ပြသွားဘဲနဲ့ သူတို့က လက်တဆုပ်စာ ဖြစ်နေတဲ့ တိုင်းရင်းသား တစုက သောင်းကျန်းနေတယ် ဆိုပြီး တင်ပြတာ မှားယွင်းစွာ တင်ပြခြင်းလို့ ကျနော် ပြောချင်ပါတယ်။”
စစ်အစိုးရ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှာ အခုလိုမျိုး အစိုးရရဲ့ ၀ါဒဖြန့်ချိတဲ့ ရုပ်ရှင်ဇာတ်ကားတွေ မကြာမကြာ ရိုက်ကူး ပြသလေ့ရှိပြီး အာဏာပိုင်တွေက အနုပညာရှင်တွေကို မဖြစ်မနေ ပါဝင် သရုပ်ဆောင် ခိုင်းတာကြောင့် တချို့ အနုပညာရှင် တွေဟာလည်း မရိုက်ချင်ဘဲ ရိုက်ပေး ခဲ့ရတာတွေလည်း ရှိပါတယ်။ ဒီလိုအခါမျိုးမှာ အနုပညာရှင်တွေ ရင်ဆိုင်ရတဲ့ အခြေအနေတွေ၊ ခံစားချက်တွေနဲ့ ပတ်သက်ပြီး ရုပ်ရှင်ဒါရိုက်တာ၊ အကယ်ဒမီ ဦးဝင်းဖေကတော့ သူ့ရဲ့ အတွေ့အကြုံတွေကို အခုလို ပြောပါတယ်။
“ဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော် ကိုယ်တိုင်ကလည်း အဲဒီလို ဒီစစ်အစိုးရရဲ့ အလိုက်ကန်းဆိုး မသိ ခေါ်ခေါ်ခိုင်းတဲ့ ကိစ္စကို ခံခဲ့ရဖူးပါတယ်။ ဒါ ကျနော့် ခံစားချက်နဲ့ ပြောရမယ်ဆိုရင် အဲဒီလို ၀ါဒဖြန့်ကားတွေ ရိုက်ရပြီဆို ကျနော်တို့က ရှက်လည်းရှက်တယ်၊ ၀မ်းလည်းနည်းတယ်၊ ခံပြင်းတယ်၊ စိတ်တိုတယ်၊ အဲလိုဟာတွေ ဖြစ်တယ်။
“ပြီးတော့ ပရိသတ်ကလည်း အဲဒီလိုပဲ။ ဒီကောင် ငဖားပဲဆိုပြီး ပြောတာမျိုး ကျနော်တို့က ခံရတယ်။ အဲဒီ ဒဏ်ရာ ဒဏ်ချက်တွေကိုက တော်တော် များလှပါပြီ။ အဲဒီတော့ ခုတ်ရာတခြား၊ ရှရာတခြား ဖြစ်မှာလည်း ကြောက်ရတယ်ဗျ။ အနုပညာသည်တွေက မိအေး နှစ်ခါနာလို ဖြစ်မှာလည်း ကြောက်ရတယ်ဗျ။ ဒါကတော့ ကျနော့်အမြင်ကို ပြောတာပါ။”
စွယ်စုံ အနုပညာရှင်၊ ရုပ်ရှင်ဒါရိုက်တာ၊ အကယ်ဒမီ ဦးဝင်းဖေ ပြောပြသွားတာ ဖြစ်ပါတယ်။
Ref: VOA News
နေ့စဉ်သတင်းများ (၂၉ - ၇ - ၁၀)
■ နအဖ ရွေးကောက်ပွဲကို သတိထားရန် စာရေးဆရာ သန်းဝင်းလှိုင် ပြောကြား သတင်း
■ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရန်ကုန်ရောက် သတင်း
■ နအဖအား ဆန့်ကျင်သည့် ဒီကေဘီအေတပ်ဖွဲ့ကို ကေအန်ယူ ကြိုဆို သတင်း
■ နစက တပ်ကြပ်ကြီးတဦး နယ်စပ်တွင် ပစ်သတ်ခံရ သတင်း
■ နစက တပ်သားနှစ်ဦး ထွက်ပြေးလာသဖြင့် ရခိုင်ကျေးရွာများကို ဘီဒီအာရ်မှ အပြင်းအထန် ရှာဖွေ သတင်း
■ ထွက်ပြေးပုန်းအောင်းနေရသော ကျောင်းသူကျောင်းသား (၂၀၀) ကျော် ကျောင်းမတက်နိုင်သေး သတင်း
■ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ပြည်သူများကို နအဖ ဦးတည်စစ်ဆင်လာ သတင်း
■ စစ်အာဏာပိုင်များကို ခပ်ရွံ့ရွံ့ဖြစ်သဖြင့် ဒေသခံလူထု ကျားဖြူပါတီသို့ မ၀င်ရဲ သတင်း
■ ပြိုင်ဘက်မရှိ ရွေးကောက်ပွဲနိုင်မည်ဟု ကြံ့ဖွံ့ ယုံကြည်နေ သတင်း
■ ယာယီပတ်စပို့ ရှိသော်လည်း အလုပ်သမားများ အဖမ်းခံရဆဲ သတင်း
■ ကလေးမြို့ ရေကြီး၊ ကလေးငယ်တဦး ပျောက်ဆုံး သတင်း
■ ရခိုင်တွင် ရေချိုငါးမွေးမြူရေး စတင် သတင်း
■ ထိုင်း-ကမ္ဗောဒီးယားနယ်စပ် ဘုရားကျောင်းကိစ္စ ယူနက်စ်ကို (Unesco) ဆိုင်းငံ့ သတင်း
■ ဗိုလ်ကြီးဝင်းထိန်နှင့် အင်တာဗျူး (ရုပ်သံ)
■ လွတ်လပ်မှုကို အရယူကြပါ (ဆောင်းပါး)
Thursday, July 29, 2010
မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်ဖို့ အိန္ဒိယကို ဗြိတိန် တိုက်တွန်း
ဦးသားညွန့်ဦး
ဗုဒ္ဓဟူး, 28 ဇူလိုင် 2010
ဗြိတိန်ဝန်ကြီးချုပ် ခရီးစဉ်အတွင်း အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) နဲ့ တွေ့တဲ့အခါမှာ ကုန်သွယ်ရေး ကိစ္စ အပြင် အခြား လုံခြုံရေး အကြောင်းရပ်တွေ ဆွေးနွေးကြတဲ့အခါ အိန္ဒိယ အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။
လာမယ့် ကြာသပတေးနေ့ ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်း (David Cameron) နဲ့ အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန် ဆင်းဂ်တို့ တွေ့ကြတဲ့ အခါ စီးပွားရေးကိစ္စ အပြင် ဒေသတွင်း အခြေအနေကိုလည်း ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီအထဲမှာတော့ အာဖဂန်၊ ပါကစ္စတန် အရေးကိစ္စနဲ့ မြန်မာနိုင်ငံ ကိစ္စတွေဟာ အဓိက ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် အခု အိန္ဒိယ စရောက်နေတဲ့ အချိန်မှာပဲ မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာလည်း အခု အိန္ဒိယ နိုင်ငံမှာ ရှိနေတုန်းပါ။
မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် အိန္ဒိယရဲ့ အခန်းကဏ္ဍ ဘယ်လောက် အရေးပါတယ်ဆိုတာ အိန္ဒိယ ခေါင်းဆောင်တွေကို ဗြိတိသျှ အစိုးရက သတိပေးသွားဖို့ ရှိတယ်လို့ လန်ဒန်အခြေစိုက် Burma Campaign UK ရဲ့ တာဝန်ခံ မာ့ခ် ဖာမနာ (Mark Farmaner) က ပြောပါတယ်။
“Burma Campaing UK က ရတဲ့ သတင်းအရဆိုရင် ဗြိတိန်ဝန်ကြီးချုပ် အနေနဲ့ အိန္ဒိယ ၀န်ကြီးချုပ်နဲ့ တွေ့တဲ့အခါမှာ မြန်မာ့အရေးကို ဆွေးနွေးပါလိမ့်မယ်။ အခု ဒီကနေ့မှာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလီယံ ဟေဂင် (William Hague) တို့ တွေ့ဆုံတော့ မြန်မာ့အရေးကို ဆွေးနွေးခဲ့ကြပါတယ်။ ဗြိတိန်ရဲ့ နိုင်ငံခြားရေး မူဝါဒမှာ မြန်မာ့အရေးဟာ ထိပ်တန်းမှာ ရှိနေသေးတယ်ဆိုတော့ ဒါ သတင်းကောင်းပါပဲ။”
ဗြိတိန်အစိုးရဟာ လက်ရှိအားဖြင့်တော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သဘောထား အတော်လေး တင်းမာမှု ရှိပေမဲ့ အိန္ဒိယ အစိုးရကတော့ နောက်ပိုင်း မြန်မာအစိုးရနဲ့ အတော်လေး နီးနီးကပ်ကပ် ဆက်ဆံလာပါတယ်။ အိန္ဒိယ အစိုးရရဲ့ လက်ရှိ မြန်မာ့အရေး ချဉ်းကပ်မှုဟာ မြန်မာနိုင်ငံ အပြောင်းအလဲအတွက် အလုပ်မဖြစ်ဘူး ဆိုတာကို ဗြိတိသျှ ၀န်ကြီးချုပ်က ပြောနိုင်တယ်လို့ မာ့ခ်က ယူဆပါတယ်။
“မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာဖို့နဲ့ တိုင်းရင်းသားတွေ၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ စစ်အစိုးရ တွေ့ဆုံ ဆွေးနွေးလာအောင် အမှန်ကန်ဆုံး ချဉ်းကပ်ရမယ့် နည်းလမ်းဟာ စစ်အာဏာရှင်တွေကို ဖိအားတွေ ပိုပေးခြင်းပဲလို့ ဗြိတိန်အစိုးရက ယူဆထားတုန်းပါ။ အခု ရှိနေတဲ့ အခြေအနေဟာ ရွေးကောက်ပွဲကို လွတ်လပ်ပြီး မျှတမှု ရှိမယ်လို့ မယူဆပါဘူး။ ရွေးကောက်ပွဲ လုပ်ငန်းစဉ် တခုလုံးဟာ ဒီမိုကရေစီ ပြောင်းလဲမှုအတွက် မဟုတ်ဘဲ စစ်အစိုးရကို ပိုပြီး အားကောင်းစေဖို့သာ ဖြစ်တယ်လို့ ယူဆထားပါတယ်။
“အခု ဖွဲ့စည်းပုံသစ်ဟာ အာဏာရှင်စနစ်ကို တရားဝင်ဖြစ်အောင် လုပ်တာပဲလို့ ယူဆပါတယ်။ ဒါကြောင့် အပြောင်းအလဲတွေဖြစ်ဖို့ စစ်အစိုးရကို ပိုပြီး ဖိအားတွေ ပေးရမယ် ဆိုတာကို အိန္ဒိယ အစိုးရကို ပြောဖွယ်ရှိပါတယ်။ ဒါ့အပြင် သူတို့အနေနဲ့ အိန္ဒိယက မြန်မာ့အရေး လက်ရှိ ချဉ်းကပ်မှု ပုံစံကိုလည်း သဘောမတူဘူးဆိုတာ ပြောဖွယ်ရှိပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ချည်းကပ်မှုဟာ အပြုသဘော အဖြေမထွက်သလို အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ မယူဆတဲ့ အကြောင်းတွေ ပြောဆိုဖွယ် ရှိပါတယ်။”
ဗြိတိန်ဝန်ကြီးချုပ် အိန္ဒိယကို ရောက်နေချိန်၊ မြန်မာစစ်ခေါင်းဆောင်ကလည်း အိန္ဒိယကို ရောက်နေချိန်မှာပဲ အိန္ဒိယနိုင်ငံ အနေနဲ့ မြန်မာ့ ဒီမိုကရေစီရေးအတွက် မြန်မာခေါင်းဆောင်တွေကို ဖျောင်းဖျ ပြောသင့်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ (P.J Crowley) ကလည်း မနေ့က နိုင်ငံခြားရေး ၀န်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
“အိန္ဒိယ၊ မြန်မာ အိမ်နီးချင်း ဆက်ဆံရေး ရှိတယ်ဆိုတာ ကျနော် သတိပြုမိပါတယ်။ အဲဒီ အိမ်နီးချင်း ဆက်ဆံရေးမျိုးနဲ့ ပတ်သက်လို့ အိန္ဒိယကို အမေရိကန် ပြည်ထောင်စုက တိုက်တွန်း ပြောခဲ့ဖူးပါတယ်။ အိန္ဒိယဟာ သူ့ရဲ့ အရှိန်အ၀ါ၊ သူ့ရဲ့ ရင်းနှီးမြှုပ်နှံ သြဇာတွေကို အသုံးပြုပြီး မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တိုးတက်လာရေး မြန်မာခေါင်းဆောင်တွေကို နားချ ပြောဆိုသင့်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့လည်း အမေရိကန် ပြည်ထောင်စုတင် မဟုတ်ပါဘူး။ အခြား ဒေသတွင်း ခေါင်းဆောင်တွေ ပြောဆို တိုက်တွန်းချက်တွေကိုလည်း နားထောင်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အိန္ဒိယနိုင်ငံရဲ့ ပြောဆို တိုက်တွန်းမှုတွေပါ။”
မြန်မာ့ အိမ်နီးချင်းလည်းဖြစ်၊ ဒီမိုကရေစီ နိုင်ငံလည်း ဖြစ်တဲ့ အိန္ဒိယနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ပိုပြီး တာဝန်ယူသင့်တယ်လို့ အနောက်နိုင်ငံ အများစုက နောက်ပိုင်း ပြောဆိုလာပါတယ်။ ဒါ့အပြင် G-20 စီးပွားထွန်းကား နိုင်ငံများ အဆင့်မှာ အိန္ဒိယ အနေနဲ့ ပိုပြီး တာဝန်ယူမှုရှိတဲ့ နိုင်ငံ၊ သြဇာသုံးနိုင်တဲ့ နိုင်ငံဖြစ်ဖို့ အနောက်နိုင်ငံတွေက လိုလားနေကြပါတယ်။
Ref: VOA News
နအဖ နောက်ခံပြု နိုင်ငံရေးပါတီတွင် ဒေါက်တာ စိုင်းခမ်းလိတ် မပတ်သက်
မွေခေါဝ်
Wednesday, 28 July 2010
နိုင်ငံကျော်တေးရေးဆရာ ဒေါက်တာစိုင်းခမ်းလိတ်အား ၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် လောင်း (သို့) ရွေးကောက်ပွဲ ကော်မရှင်၌ ပါဝင်ပြီး နိုင်ငံရေး လှုပ်ရှားရန် မန္တလေးကြံ့ဖွံ့ အကြီးအကဲများနှင့် နအဖ အာဏာပိုင်များ အကြိမ်ကြိမ် ကမ်းလှမ်းသော်လည်း လက်မခံကြောင်း စုံစမ်း သိရှိရသည်။
“အသက်အရွယ်ထောက်လာတဲ့အတွက် ခါးမကောင်းတာကြောင့် လက်မခံ ပါရစေနဲ့လို့ ဆရာ့ ဇနီးဒေါက်တာ ဒေါ်နွဲ့နွဲ့တင်က တောင်းပန်ပြီး ပြောလိုက်တယ်။ ခါးနာနေတော့ အမြဲတမ်း ကုသနေရတယ်လေ” ဟု သျှမ်းပြည်မြောက် ပိုင်းသား တပည့်ဖြစ်သူ တစ်ဦးက ပြောပြပါသည်။
ဒေါက်တာစိုင်းခမ်းလိတ်အား မန္တလေးကြံ့ဖွံ့ပါတီ အကြီးအကဲများနှင့် ဒေသခံ အာဏာပိုင် တို့က ကြံ့ဖွံ့ပါတီ အတွက် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်/ရွေးကောက်ပွဲ ကော်မရှင်တွင် ပါဝင်ရန် အကြိမ်ကြိမ် တောင်းဆိုသော်လည်း လက်မခံနိုင်ကြောင်း လိမ္မာ ပါးနပ်စွာငြင်းဆို၏။
သို့သော်ဆိုင်ရာအာဏာပိုင်တို့က အကြိမ်ကြိမ်ဖုန်းဆက်လာနေသေးကြောင်း၊ ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်နွဲ့နွဲ့တင်ကလည်း “အသက်အရွယ် ထောက်လာပြီ ဖြစ်သဖြင့် ဘုရားတရား အလုပ်ကိုသာ လုပ်ခိုင်း စေလိုကြောင်း” ဖြေကြားခဲ့သည် ဟု ၎င်းက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။
ဒေါက်တာစိုင်းခမ်းလိတ်သည် ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်နှင့်လည်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီး သိကျွမ်းသူ ဖြစ်၏။
စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်းက မန္တလေး ပြင်ဦးလွင်နှင့် မိုးကုတ်သို့ သျှမ်းလူမျိုးများနှင့် တွေ့ဆုံ စည်းရုံးစဉ် ဒေါက်တာ စိုင်းခမ်းလိတ်အား နိုင်ငံရေး ပါတီဖြစ်လာမည့် ကြံ့ဖွံ့ဖက်မှနေ၍ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အဖြစ် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် အရွေးခံရန် တောင်းဆို ထားသည်ဟု ဆို၏။
ထို့အတူပင် မန္တလေးမြို့နေ လက်ရှိသျှမ်းသာရေးနာရေး ဒုဥက္ကဋ္ဌ (AD.1 ဟိုတယ်နှင့် ဂဠုန်နဂါး သင်္ကန်းတိုက်ပိုင်ရှင်) စိုင်းနွမ်၊ ရွှေပျားမင်း ဘော်ဒါပိုင်ရှင်(နမ့်ခမ်းပါတီကောင်စီခေတ် လူကြီးဟောင်း) စိုင်းကျော်အေးဝင်းနှင့် မိုးကုတ် သျှမ်းစာပေနှင့် ယဉ်ကျေးမှုဥက္ကဋ္ဌ (သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့ဇာတိ) စိုင်းနော် (လက်ရှိကျားဖြူပါတီဝင်) တို့လည်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အဖြစ် ချဉ်းကပ် ဖြောင်းဖြခြင်း ခံခဲ့ရသည်။
Ref: သျှမ်းသံတော်ဆင့်
ရှင်လျက်နဲ့ သေနေတယ်ဆိုတဲ့ ကဗျာဆရာ ခင်လွန်း
ဇူလိုင် ၂၉၊ ၂၀၁၀
ပစ္စဘတ်မြို့၊ ဆန်ဆိုနီယဝေး အနုပညာစာစောင်မှာ ဖော်ပြထားတဲ့ မြန်မာကဗျာဆရာ တဦးရဲ့ အင်တာဗျူး
အဲသည့်ရောက် စာရေးဆရာမ ခက်မာက မိုးမခအတွက် ဘာသာပြန်ပေးတယ်
၁။ ဘယ်ခုနှစ်က ဘာအကြောင်းကြောင့် မြန်မာပြည်ကို စွန့်ခွာလာခဲ့တာပါလဲ။
ဖြေ - ၁၉၉၉- မှာ မြန်မာပြည်က ထွက်ခွာလာခဲ့ပါတယ်။ ထွက်ခွာလာတဲ့ အကြောင်းရင်းတွေက..
၁။ ၁၉၈၈- ခု စက်တင်ဘာလ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ နိုင်ငံသား အားလုံးရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ရေးသား ဖန်တီးခွင့်၊ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်တွေကို စစ်တပ်က မတရား ဥပဒေတွေ ထုတ်ပြန်ပြီး ကန့်သတ်မှုများ ပြုလုပ်ခဲ့ပါတယ်။
၂။ ၁၉၉၀ - ခု ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD- National League for Democracy) ကို အာဏာ လွှဲပြောင်းပေးမှု မရှိတဲ့အပြင် နိုင်ငံရေး ပါတီတခုရဲ့ရပိုင်ခွင့် များအားလုံးကို ( ပြောဆို စည်းရုံး ရေးသား ထုတ်ဝေခွင့်) ပိတ်ပင်ခဲ့ပါတယ်။ ပြည်သူနဲ့ NLD ပါတီ ထိတွေ့ခွင့် မရစေရန် ဖြတ်တောက်တာ ဖြစ်ပါတယ်။
၃။ စစ်တပ်က မီဒီယာများအားလုံးကို ထိန်းချုပ်ထားပြီး ပြည်တွင်း-ပြည်ပ နိုင်ငံရေး အခင်း အကျင်း များကို ပြည်သူများ သိရှိခွင့် မရှိအောင် ဆင်ဆာ ဖြတ်တောက်ခြင်း၊ အနုပညာ အရပ်ရပ်ရဲ့ လွတ်လပ်စွာ ဖန်တီး ရေးသားခွင့်တို့ကို တင်းကြပ်စွာ ကန့်သတ်ခဲ့ပါတယ်။
၎။ အထက်မှာပြောခဲ့တဲ့အချက်တွေအပြင် အာဏာသိမ်း စစ်အစိုးရရဲ့ နိုင်ငံနဲ့အ၀န်း ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ မတရား အကျိုးစီးပွား ရှာမှုတွေ၊ NLD အပါအ၀င် ဒီမိုကရေစီရေး လှုပ်ရှားနေသူ ရဟန်းသံဃာ၊ ကျောင်းသား ပြည်သူတွေ အပေါ် စစ်တပ် က မတရားဖိနှိပ် အနိုင်ကျင့် နေတာတွေ၊ နယ်စပ်ဒေသတွေမှာ တိုင်းရင်းသား လူမျိုးစုတွေ အပေါ် လူမျိုးတုန်း စစ်ပွဲ ဆင်နွှဲ နေတာတွေ ကို နိုင်ငံတကာ ကမ္ဘာ့ပြည်သူတွေ သိရှိအောင် ဖွင့်ချ ချင်ပါတယ်။ ဒီ့အတွက် ၁၉၉၆-၉၇မှာ ပြည်ပ (ထိုင်း) ရှိ ဒီမိုကရေစီရေး လှုပ်ရှား နေသူများနဲ့ ဆက်သွယ်ပြီး ပြည်တွင်း အခြေအနေတွေကို ဖွင့်ချနိုင်မည့် သတင်းဌာန တခု တည်ထောင်ဖို့ ကြိုးစား ခဲ့ပါတယ်။ (လစဉ်ထုတ် မိုးကြိုးသတင်းစဉ် MoJo Newsletter ထုတ်ဝေနိုင်ခဲ့၊ ယခုတိုင် ထိုင်းနယ်စပ်တွင် ထုတ်ဝေဆဲ)
ဒီကိစ္စကို စစ်ထောက်လှမ်းရေးက သတင်းရသွားပြီး ဖမ်းဆီးမှုများ ပြုလုပ် ခဲ့ပါတယ်။ မိမိ လွတ်မြောက်ပြီး ထိုင်းနိုင်ငံကို ထွက်ခွာလာခဲ့ပါတယ်။ လုပ်ဖော်ကိုင်ဘက် (၂) ဦး ဖမ်းဆီး ထောင်ချခံရကာ ထောင်ဒဏ် (၈) နှစ် ကျပါတယ်။ သူတို့ဟာ ၂၀၀၄-ခုနှစ်မှာ CPJ ကချီးမြှင့်တဲ့ သတင်းနဲ့စာ နယ်ဇင်းလွတ်လပ်ခွင့်ဆု ရရှိခဲ့ပါတယ်။
၂။ မြန်မာပြည်တွင်းမှာတုန်းက ဘယ်လိုစာပေအမျိုးအစားတွေကို ဘယ်လောက်ကြာကြာ ဖန်တီး ခဲ့ပါသလဲ။
ဖြေ - ကဗျာ၊ ၀တ္ထုတို၊ ဆောင်းပါးများ ရေးသားခဲ့ပါတယ်။ ပထမဆုံး ကဗျာကို ၁၉၇၅- မှာ စတင် ပုံနှိပ် ဖော်ပြခဲ့ရပါတယ်။ ကဗျာကို အများဆုံး ရေးသားပြီး ယနေ့ထိတိုင် ရေးသားဆဲ ဖြစ်ပါတယ်။ ၀တ္ထုတိုနဲ့ ဆောင်းပါး များကိုလည်း အခါအားလျော်စွာ ရေးသားခဲ့ပါတယ်။ စာပေဆောင်းပါး၊ လူငယ် တိုးတက်ရေးနဲ့ စီးပွားရေး အနုပညာဆိုင်ရာ ဆောင်းပါး၊ အားကစား ဆောင်းပါးများ ရေးသားခဲ့ပါတယ်။ ဘ၀ သရုပ်ဖော် ၀တ္ထုတိုများလည်း ရေးသားပါတယ်။ ကလောင်အမည် အမျိုးမျိုးနဲ့ ရေးသားခဲ့ တာဖြစ်ပါတယ်။ နှစ်ပေါင်း (၂၀) ခန့်ထိ စာပေ ရေးသားခြင်း၊ စာပေ လုပ်ငန်းတွင် ဘ၀နစ်မြှုပ်ထား ခြင်းတို့ဖြင့် အချိန်ကုန်ခဲ့ပါတယ်။
၃။ မိမိတိုင်းပြည်ကိုစွန့်ခွာခဲ့ရခြင်းဟာ ကဗျာဆရာတယောက်ရဲ့ဘ၀ကို ဘယ်အတိုင်းအတာ အထိ ထိခိုက်စေခဲ့ ပါသလဲ။ စွန့်ခွာ ခဲ့ရမှုကြောင့် တစုံတရာ ကောင်းကျိုးရော ရှိခဲ့ပါသလား။ ရှိခဲ့မယ်ဆိုရင် အဲဒါ ဘာဖြစ်ပါသလဲ။
ဖြေ - မိမိတိုင်းပြည်ကိုစွန့်ခွာခဲ့ရခြင်းဟာ ကဗျာဆရာတယောက်ရဲ့ဘ၀မှာ ထိခိုက်ဝမ်းနည်း ကြေကွဲ ဖွယ်ရာတွေ အများကြီး ရှိခဲ့ပါတယ်။
ကဗျာဆရာတွေဟာ မိခင်တိုင်းပြည်ရဲ့ အငွေ့အသက် မိမိလူမျိုးရဲ့ ယဉ်ကျေးမှု ဓလေ့စရိုက် ထုံးတမ်း အစဉ်အလာ တွေကို အင်မတန် ချစ်မြတ် နိုးကြသူများပါ။ ဒါတွေသာမက လူသားဘာဝ မိမိ မိဘ မောင်နှမ ဘ၀ ၀န်းကျင်များ အကြား အေးချမ်းမှုရှိတဲ့ ချစ်ခြင်းမေတ္တာကို တန်ဖိုး ထားကြသူများ ဖြစ်တဲ့အတွက် အဲဒါတွေကို ယခုအချိန်အထိ ပြန်မရတော့အောင် ဆုံးရှုံး ခဲ့ရပါပြီ။ (ယခုအချိန်ထိ ဇာတိမြေနဲ့ မည်သို့သော အကြောင်းနဲ့မှ မဆက်သွယ်တော့ပါ။ စစ်တပ်က သိခဲ့ရင် မိခင်အိုနဲ့တကွ ပတ်သက်သူ အားလုံးကို မတရားပုဒ်များ တပ်ကာ ဖမ်းဆီး ထောင်ချလေ့ရှိ)
နောက်ဆုံးရှုံးမှုတခုက ပြည်ပမှာ ရပ်တည်ရမှုဟာ အနုပညာနယ် မဟုတ်တော့ဘဲ ဒီမို ကရေစီရေး လှုပ်ရှားရာ နေရာဖြစ်တဲ့ အတွက် စာပေ ရေးဖွဲ့ရေးဟာ နောက်တန်း ရောက်သွားခဲ့ပါတယ်။ အနု ပညာ ဖန်တီးမှုအတွက် အခက်အခဲ ကြီးမား သွားပါတယ်။ ပြည်တွင်း စာနယ်ဇင်းများနဲ့ မျက်ခြေပြတ် သွားတာဟာလည်း စာရေးဖြစ်ဖို့ လှုံဆော်မှုကို ဆုံးရှုံး ရတာပါပဲ။ အဓိက အကျဆုံးက စာဖတ်သူများရဲ့ မြင်ကွင်းမှ ပျောက်ကွယ် ရခြင်းဟာ အထီးကျန်မှုထက် ပိုတဲ့ ကြေကွဲဖွယ် ဆုံးရှုံးမှုများပဲ ဖြစ်ပါတယ်။ ဒါဟာ အနုပညာသမား တယောက်အတွက် ရှင်လျက် သေဆုံးရခြင်းနဲ့ ဘာမှ မခြားတဲ့ နိဂုံး လို့တောင် ဆိုလို့ရပါတယ်။
ဒါပေမဲ့ ပြည်ပရောက်လာမှ အကျိုးရှိတွေလည်းရှိပါတယ်။ ကောင်းကျိုးလို့တော့ မဆိုချင်ပါ။ အနုပညာရှင် မည်သူ တဦးတယောက်မျှ အမိမြေက ထွက်ခွာလာရတာကို ကောင်းကျိုးလို့ ဆိုနိုင်ဖို့ ခက်လှပါတယ်။ (အစိုးရကို ဖီဆန်လို့ တိမ်းရှောင် ထွက်ပြေးလာသူများ ကိုသာ ဆိုလို) မိမိ ပြည်ပကို ထွက်ခွာလာရ တာဟာ တရားဝင် ရောက်လာတာမျိုး မဟုတ်ဘဲ ရာဇ၀တ်သား အဖြစ် ရှောင်ပုန်း ပြေးလွှားခဲ့ရတာသာ ဖြစ်ပြီး ထိုင်းအစိုးရက တရားမ၀င် ရောက်လာတဲ့ လူတွေကို မျက်နှာသာပေးလေ့ မရှိပါဘူး။
ဒါပေမယ့် ထိုင်းမှာနေရင်း မြန်မာစစ်အာဏာရှင် အဆက်ဆက်ရဲ့ ဖိနှိပ်ရက်စက် သတ်ဖြတ် အနိုင်ကျင့် စတဲ့ လူမဆန်မှုတွေကို ခါးစီးခံနေကြရတဲ့ တနိုင်ငံတည်းသား တိုင်းရင်းသားလူထုရဲ့ ဘ၀များကို မျက်ဝါးထင်ထင် ကိုယ်တွေ့ ကြုံရတဲ့အခါ စစ်အာဏာရှင် စနစ် မြန်မာပြည်မှာ အပြီးတိုင် ပျက်သုဉ်းဖို့ မဖြစ်မနေ လိုအပ်လာပြီ ဆိုတာကို ပိုမို အလေးအနက် ပြုမိလာပါတယ်။
ပြည်မမှာသာ ကျင်လည်ခဲ့တဲ့မိမိအဖို့ နယ်စပ်တိုင်းရင်းသား ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက် ခံနေရမှုနဲ့ ကရင် အမျိုးသားများ အပေါ် စစ်အစိုးရက လူမျိုးတုန်း သတ်ဖြတ်နေတာတွေကို ပိုမိုစာနာ နားလည်လာ နိုင်တာဟာ ကြီးမားတဲ့ အသိတန်ဖိုးလို့ မြင်မိပါတယ်။ ပြည်သူလူထု လိုလားတဲ့ အေးအတူ ပူအမျှ ပြည်ထောင်စုကြီး တခု မဖြစ်မနေ တည်ဆောက်ဖို့ လိုအပ်ပါလား ဆိုတဲ့ အသိဟာ ယခင်ကထက် ပိုခိုင်မြဲ လာပါတယ်။ ဒါဟာ အင်မတန် တန်ဖိုးကြီးတဲ့ အသိလို့ ဆိုချင်ပါတယ်။ နောက်တခုက လက်ရှိ အနေအထားမှာ တဦးပေါ်တဦး နားလည်မှု ကွဲလွဲနေတဲ့ တိုင်းရင်း သားများအကြား ညီညွတ် ချစ်ကြည်နေထိုင်ဖို့ မိမိကိုယ်တိုင် လက်တွေ့ ကြိုးစား နေထိုင်ပါတယ်။ ဒါ ဟာ အပေါင်းလက္ခဏာ ဆောင်တဲ့ အကျိုးရလဒ်ပါ။
၎။ ပြည်ပကိုရောက်တဲ့အခါ စာရေးခြင်း၊ ကဗျာရေးခြင်းအလုပ်ကို ဆက်လုပ်နိုင်ခဲ့ပါသလား။ ဘယ်လို နည်းနဲ့ စာ ဆက်ရေးခဲ့ ပါသလဲ။
ဖြေ - ပြည်ပရောက်စမှာ အတိုက်အခံအင်အားစုတွေထုတ်ဝေတဲ့ဂျာနယ်များမှာ အခါ အားလျော်စွာ ကဗျာ ရေးသားခွင့် ရပါတယ်။ ၂၀၀၁-၀၂-ခုများမှာ ပြည်ပရောက် မြန်မာတွေ အင်တာနက် ၀က်ဆိုက်တွေ တည်ထောင် လာကြတော့ စာပေနယ်တရပ် ပီပြင် ထွန်းကား လာပါတယ်။ အဲဒီအတွက် မိမိ ရေးသား ဖန်တီးလိုတာများ ရေးခွင့် ရလာပါတယ်။ ယခုနှစ်များအတွင်းမှာ ဂျာနယ်၊ မဂ္ဂဇင်းများပါ ထုတ်ဝေလာကြတဲ့ အတွက် ပါဝင် ရေးသားခွင့် ပိုရ လာပါတယ်။
၅။ ပြည်တွင်းမှာအနုပညာဖန်တီးရတာနဲ့ Exile ဘ၀နဲ့ ပြည်ပမှာနေပြီး အနုပညာ ဖန်တီးရခြင်း အတွက် ကွာခြားတဲ့ ခံစားချက်ကို ပြောပြပေးပါလား။
ဖြေ - ပြည်တွင်းမှာ အနုပညာဖန်တီးရတာဟာ အာဏာပိုင်နဲ့ စီးချင်း ထိုးရတာမျိုးပါ။ အားချင်း ဉာဏ်ချင်း ပြိုင်ရတာပါ။ စာတပုဒ် ရေးသားနိုင်တာဟာ အတားအဆီး အပိတ်အပင် အစောင့်အကြပ် များလှတဲ့ ဘဏ္ဍာသိုက်ထဲက ရတနာတွေကို ခက်ခက်ခဲခဲ ကျော်လွှားပြီး ရယူနိုင်တဲ့ သူရဲကောင်း တဦးရဲ့ ခံစားမှုမျိုးနဲ့ တူပါလိမ့်မယ်။ အင်မတန်ပီတိ ဖြစ်ရပါတယ်။ စစ်ပွဲတပွဲ အောင်နိုင်သလိုမျိုး ခံစားရပါတယ်။ ဒါပေမယ့် ပိတ်ပင် တားမြစ်မှုတွေ ကာလ ကြာရှည်လာတဲ့ အခါ လူတွေဟာ မွန်းကျပ်မှု ဒဏ်ကြောင့် မပွင့်လန်း နိုင်တော့တာမျိုးလည်း ရှိကြပါတယ်။
ပြည်ပမှာက အာဏာပိုင်နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ မလိုတော့တဲ့အတွက် ရေးသား ဖန်တီးရတာ ပိုမို လွတ်လပ်တာ အမှန်ပါ။ ဒါပေမယ့် အကြွင်းမဲ့ လွတ်လပ်မှုအောက်မှာ ဖန်တီးတဲ့ အနုပညာဟာ တခါတခါ နိုင်ငံရေး ကြေညာစာတမ်း ဆန်သွားတတ်တာနဲ့ အနုပညာ အားနည်းပြီး ရသဗေဒ ထိခိုက် သွားတတ်တာဆိုတဲ့ အစွန်းနှစ်ခုကို တွေ့ရ တတ်ပါတယ်။
မိမိကတော့ တိုင်းပြည်မှာ အရေးတကြီးလိုအပ်နေတဲ့ (ထောင့်) ဒေါင့်တွေကို တတ်စွမ်းတဲ့ ရသဗေဒကို လက်စွဲအဖြစ် အားပြုပြီး ရေးသား တင်ပြနေပါတယ်။ ဘာပဲပြောပြော လွတ်လပ်မှုဆိုတဲ့ တန်ဖိုး အကြီးဆုံး လာဘ်တပါးကို ရထားတာတော့ အမှန်ပါပဲ။ ကျေနပ်စရာ ကောင်းပါတယ်။
၆။ အခုအချိန်မှာ ဘယ်လိုအနေအထားမျိုး ဘယ်လိုပုံစံမျိုး (အလုပ်အကိုင်မျိုး) နဲ့ ဘ၀ရပ်တည် နေပါသလဲ။
ဖြေ - ၂၀၀၁- ခုကနေ ၂၀၀၆- နှစ်လည်အထိ ပြည်ပမှာ မိမိတို့ ကြိုးပမ်းမှုရလဒ် အရ ယနေ့တိုင် ထုတ်ဝေနေဆဲ ဖြစ်တဲ့ မိုးကြိုး သတင်းစဉ်မှာ Volunteer လုပ်ခဲ့ပါတယ်။ အယ်ဒီတာအဖြစ်ပါ။ အခမဲ့ ဖြန့်ချိတဲ့ တော်လှန်ရေး သတင်းစာ ဖြစ်တဲ့အတွက် လစာ ထောက်ပံ့မှု စသည် တစုံတရာ မရခဲ့ပါ။ ၂၀၀၄- ခုနောက်ပိုင်းမှာ UNHCR မှာ ဒုက္ခသည် အဖြစ် လျှောက်ခဲ့ပြီး တတိယနိုင်ငံ အခြေချ နိုင်ရေးအတွက် ၂၀၀၆- စက်တင်ဘာမှာ ထိုင်း-မြန်မာ နယ်စပ်က နို့ဖိုး ဒုက္ခသည်စခန်းကို ၀င်ခဲ့ပါတယ်။ ယခုတိုင် ဒုက္ခသည်စခန်းထဲမှာ ခိုလှုံ နေရပါတယ်။ ဒုက္ခသည် စခန်းမှာ ဒုက္ခသည်တွေကို အလုပ်လုပ်ခွင့် မပေးတဲ့အတွက် ဘာမှ မလုပ်နိုင်ပါ။ UNHCR က ထောက်ပံ့သည့် ရိက္ခာ၊ အိုး အိမ်တို့နဲ့ ကျရာဘ၀မှာ ဖြစ်သလို နေထိုင်ပါတယ်။ အခါ အားလျော်စွာ စာပေ ရေးသားခြင်း အလုပ်ကို လုပ်နေပါတယ်။
၇။ မြန်မာကဗျာဆရာတယောက်အနေနဲ့ အနာဂတ်မှာ အဖြစ်ချင်ဆုံး ဆန္ဒက ဘာဖြစ်ပါသလဲ။
ဖြေ - ပထမဆုံးက တိုင်းပြည်ကို ငြိမ်းချမ်း စေချင်တာပါပဲ။ အမုန်းအာဃာတတွေ ကင်းစင်ပြီး တိုင်းရင်းသား ညီအကိုများ အချင်းချင်း လေးနက် တည်ကြည် အနှစ်သာရရှိတဲ့ အေးအတူ ပူအမျှ ဘ၀မျိုးနဲ့ အတူတကွ ချစ်ချစ်ခင်ခင် နေထိုင်ချင်ပါတယ်။ ကာလတာရှည် အဖြစ်ဆိုး သံသရာကြီးထဲ က အမြန်ဆုံး လွတ်မြောက် ချင်ပါတယ်။ နယ်ပယ် အသီးသီးကိုလဲ လွတ်လပ်မှု ရစေချင်ပါတယ်။ မိတကွဲ ဖတကွဲ သားတကွဲ မယားတကွဲ အဖြစ်တွေ နိဂုံးချုပ်ကြပါစေ။ တိုင်းပြည်ကြီး အေး ချမ်းပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်း နိုင်တဲ့ အဆင့်မျိုး ရောက်ဖို့ အမျိုးသား ညီညွတ်ရေး ဖြစ်ပေါ်စေ ဖို့ဟာ အခုရော အနာဂတ်မှာရော ထာဝရ အဖြစ်ချင်ဆုံး ဆန္ဒပါ။
မူရင်းက ဒီမှာ
Ref: မိုးမခ
နေ့စဉ်သတင်းများ (၂၈ - ၇ - ၁၀)
■ သံဃာတော်များ နှင်ထုတ်၊ ကျောင်းများ ချိတ်ပိတ် သတင်း
■ ရွှေတိဂုံ ဘာသာရေးအသင်းများ မှတ်ပုံတင်ရမည် သတင်း
■ ရွေးကောက်ပွဲနေ့ရက် မကြေညာတာ ဒေါ်အောင်ဆန်းစုကြည် ဝေဖန် သတင်း
■ နအဖနောက်ခံပြု နိုင်ငံရေးပါတီတွင် ဒေါက်တာစိုင်းခမ်းလိတ် မပတ်သက် သတင်း
■ စစ်ပြေးဒုက္ခသည် (၇ဝဝ) ကျော် စားနပ်ရိက္ခာ အရေးပေါ်လို သတင်း
■ DKBA နယ်ခြားစောင့်တပ် ဖွဲ့မည် သတင်း
■ ၀န်ကြီးကြောင့် အရပ်သားဝန်ထမ်းများ နစ်နာ သတင်း
■ ဗိုလ်ချုပ်မှူးကြီးအလှူ ပြယုဂ်သာဖြစ်ဟု သံဃာတော်များ မိန့်ဆို သတင်း
■ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်အဖွဲ့၏ ဇူလိုင်လ (၂၅) ရက်နေ့မှ (၂၉) အထိ ခရီးစဉ်နှင့်ပတ်သက်၍ လက်ခံကြိုဆို သည့် အိန္ဒိယအစိုးရကို အိန္ဒိယကွန်မြူနစ်ပါတီက ကြေညာချက်ထုတ်၍ ကန့်ကွက်ရှုတ်ချ သတင်း
■ အမျိုးသားပြန်လည်သင့်မြတ်ရေး အိန္ဒိယ ထောက်ပြ သတင်း
■ ပါတီများ ရန်ပုံငွေ ရှာဖွေရန် ခက်ခဲ သတင်း
■ ပြည်ထောင်စုဒီမိုကရေစီပါတီ စာစောင် ထုတ်ဝေ သတင်း
■ တပြည်လုံး၌ ကြံ့ဖွံ့ပါတီရုံးများ ဖွင့်တော့မည် သတင်း
■ အခွင့်အရေးပေးခြင်းဖြင့် ကြံ့ဖွံ့ စည်းရုံးရေးဆင်းနေ သတင်း
■ နိုင်ငံရေးပါတီ (၂) ခုအား စည်ပင်က တရားစွဲ သတင်း
■ အိန္ဒိယ-မြန်မာ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်မည် သတင်း
■ ရန်ကုန်မှာ ဝစ်သောက်ကားတွေ လိုင်စင်စတင်ပေးပြီ၊ စစ်အစိုးရ၏ ငွေရှာနည်းသစ်ဟု ဝေဖန် သတင်း
■ မြ၀တီ ကုန်သွယ်ရေးဇုန် ပိတ် သတင်း
■ ထိုင်း-မြန်မာနယ်စပ် ကုန်စည်သတင်း ဖော်ပြခွင့်မရ သတင်း
■ ဒေါ်လာဈေး ပြန်တက်၊ ရွှေ အဝယ်လိုက် သတင်း
■ ဒူဘိုင်းရှိ မြန်မာများ Passport သက်တမ်းတိုးရန် အခက်အခဲရှိ သတင်း
■ ကြံ့ဖွံ့တွေ ပြောဖန်များတော့ စကားထဲက ဇာတိပြတယ် (ဆောင်းပါး)
Wednesday, July 28, 2010
ကြံ့ဖွံ့တွေ ပြောဖန်များတော့ စကားထဲက ဇာတိပြတယ်
ရဲဘော်ဖိုးသံချောင်း
၂၈ ဇူလိုင် ၂၀၁၀
ကြံ့ဖွံ့အသင်းဆိုတာကနေ ကြံ့ဖွံ့ပါတီဆိုတာ ဖြစ်သွားပြီပေါ့။ အရင်က ထောင်ထောင် ထောင်ထောင်နဲ့ နေရာ တကာမှာ တွင်ကျယ်နေတဲ့ အမျိုးသမီးရေးရာ ဆိုတာဟာလည်း အခုတော့ ကြံ့ဖွံ့ အမျိုးသမီး အဖွဲ့ရယ်လို့ ဖြစ်သွား ပါပြီ။ (၁၀) နှစ်ကျော် အရေခြုံ ထားတာတွေ ခွာချ လိုက်ကြပြီလို့ ဆိုရင် ရမလားပါပဲ။ ဒီနေ့လို ရွေးကောက်ပွဲ ဗိန်းမောင်းသံ၊ လေးခင်းသံတွေ ပေါ်ထွက်လာတဲ့ အခါမှာ နအဖ စစ်အုပ်စုရဲ့ အမာခံတွေဟာ အပေါ်က အ၀တ်အစားကိုခွာပြီး လက်ဝှေ့ဝိုင်းထဲကို ၀င်လာ၊ လက်ဝှေ့ရေး ပြကြသလား အောက်မေ့ ရပါတယ်။ လက်ခမောင်း တဖောင်ဖောင်နဲ့ပါ။ သွားလေရာ ညောင်မြစ် တဖြာဖြာ ဆိုတာလို သူတို့ “စည်းရုံးရေး” သွားတဲ့ နေရာတိုင်းမှာ ပြဿနာတွေလည်း တက်ချင်တိုင်း တက်နေ ပါတော့တယ်။ ဒါကြောင့်လည်း တချို့နေရာတွေမှာ သူတို့ကို လက်နက်ကိုင် တပ်နဲ့တောင် အစောင့်အရှောက် ပေးနေတာ တွေ့ရပါတယ်။ တချိန်တည်းမှာ မြင်တွေ့ရတာ တခုကတော့ နဂို အမျိုးသမီးရေးရာ ထဲက ဟန်ရေး ပြရုံလောက်သာ အသုံးဝင်တဲ့ ဗိုလ်ချုပ် ကတော်တွေဟာ ဒီအဆင့်မှာ ဘေးထွက် ထိုင်လိုက်ကြတာပါပဲ။
ဒါပေမယ့် ဒီကတော်တွေလိုပဲ အရင်က ကြံ့ဖွံ့ အဖွဲ့ဝင်တွေ ဖြစ်ခဲ့ကြပေမယ့် အထွက်မှာတော့ ကတော်တွေလို မဟုတ်ဘဲ ကန်ထုတ်ပစ်တာ ခံလိုက်သူတွေကတော့ နဂိုက ကြံ့ဖွံ့ထဲကို အတင်း မ၀င်မနေရ ဆွဲသွင်းထားတဲ့ ၀န်ထမ်းတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ ဖြစ်ပါတယ်။ အသုံးမ၀င်၊ အလို မရှိတော့ပြီမို့ အခုတော့ သူတို့ကို စစ်ဗိုလ်တွေက စာရင်းထဲ မထည့်တော့ပါဘူး။ နဂိုက (၂၃) သန်းကျော် ရှိတယ်လို့ ဗိုလ်သန်းရွှေ ပါးစပ်က ကြွားနေတဲ့ ကိန်းဂဏန်းကနေ တနေ့ကတော့ ကြံ့ဖွံ့မှာ ပါတီဝင် (၈) သန်း ရှိသေးတယ်လို့ ကြုံးဝါးတာ ကြားလိုက်ရပါတယ်။ ဒါဆိုရင် နဂို ကြံ့ဖွံ့အဖွဲ့ဝင် (၁၅) သန်းလောက်ကို ခါထုတ် ပစ်လိုက်တဲ့ အဓိပ္ပာယ် ဖြစ်နေပါတယ်။
တချိန်ကတော့ နိုင်ငံတကာပါတီပေါင်းစုံအစည်းအဝေးတွေ၊ အမျိုးသမီး အစည်းအဝေးတွေ တက်ခဲ့တဲ့၊ ပြည်တွင်းမှာ ညီလာခံတွေ အချီချီ လုပ်ခဲ့တဲ့ အဖွဲ့ကြီးတွေဟာ ဘာညီလာခံ၊ ဘာအစည်းအဝေး၊ ဘာဆုံးဖြတ်ချက်မှ မချဘဲ ချက်ချင်း အသွင်ပြောင်း ကုန်ကြပါတယ်။ အံ့သြစရာ မကောင်းဘူးလား။ မျက်လှည့် ဆရာက လက်ဖျောက် တချက်တီးလိုက်တာနဲ့ ဖားကနေ ဖွတ်ဖြစ်၊ ဖွတ်ကနေ ဖားဖြစ် ဆိုတာမျိုးတွေပါ။ ပြီးခဲ့တဲ့ နအဖ စစ်တပ် ထိပ်သီးတွေရဲ့ လေးလပတ် အစည်းအဝေး ဆုံးဖြတ်ချက်အရ ကွေးသောလက် မဆန့်မီ ဆုံးဖြတ် အသွင် ပြောင်းလိုက်ရတာ ဖြစ်ပါတယ်။ အဖွဲ့ဝင် သန်းပေါင်း (၂၀) ကျော် ရှိတယ် ဆိုတဲ့ အဖွဲ့ကြီးတခုဟာ ပျောက်သွားတယ် ဆိုတော့လည်း ရေပေါ်မှာ ရေးထားတဲ့ အရုပ်လိုပါပဲ။ ဗိုလ်သန်းရွှေက ပေါ်ဆိုပေါ်၊ ပျောက်ဆိုပျောက်။ အင်း၊ ပြန်စဉ်းစား လိုက်တော့ သူတို့ ပေါ်လာတုန်းကလည်း ဒီလိုပဲ ပေါ်လာခဲ့တာပဲ မဟုတ်ပါလား။ အရှင်မွေးမို့ နေ့ချင်းကြီးခဲ့သလို အရှင်က မလိုတော့လည်း နေ့ချင်းပဲ ပျောက်ရ ပါတော့တယ်။ တဆက်တည်း ဆက်တွေးမိတာက အခု အသစ်ဖွဲ့စည်းကြတဲ့ ရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့ ပါတီ အဖွဲ့အစည်းတွေရော၊ နအဖဆီက ‘ပျောက်စေ’ ဆိုတဲ့ အမိန့်မျိုး ထွက်လာရင် ဆက်တည်ရှိ နေပါ့မလား ဆိုတာပါ။ လောလောဆယ် မှာတော့ ပါတီ အသစ်ဖွဲ့ချင်သူတွေကို မဖွဲ့စေရ ဆိုတဲ့ တချက်လွှတ် အမိန့်ကြောင့်မို့ မဖွဲ့နိုင်ဘဲ ဖြစ်နေတာတွေ တွေ့နေရပြီ။ အဲဒီကနေ တဆင့်တက် တွေးလိုက်ရင် နောင် ရွေးကောက်ပွဲလွန် လို့ လွှတ်တော် ဆိုတာတွေ ဘာတွေ ပေါ်လာရင်ရော။ ဒီတချက်လွှတ် အမိန့်ပေးတဲ့ အာဏာကြီးဟာ (ဘယ်လို ပုံစံနဲ့ပဲဖြစ်ဖြစ်) တည်ရှိနေဦးမှာလား။ မတည်ရှိတော့ပါဘူး လို့တော့ အာမ မခံရဲ ကြဘူး မဟုတ်ပါလား။
အဲဒါကို တချို့က နောင်ခါလာနောင်ခါဈေးလို့ ပြောကောင်း ပြောကြပါလိမ့်မယ်။ လောလောဆယ် မှာတော့ အဲဒီ ကြံ့ဖွံ့ မဟုတ်သူတွေ ခေါင်းခဲနေတဲ့ ကိစ္စဟာ ကြံ့ဖွံ့က ဒီလို နိုင်ငံတော်ရဲ့ အရင်းအနှီး၊ အထောက် အကူတွေနဲ့ မတော်မတရား ရွေးကောက်ပွဲ ၀င်တော့မယ်ဆိုတာ သေချာ သထက် သေချာလာတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ အခုအချိန်ကျမှတော့ ‘အစက ငါမပြောလား’ လို့ သူတို့ကို အပြစ် တင်နေလို့လည်း အပိုပဲ ဖြစ်မှာပါ။ ကျားနဲ့သမင် လယ်ပြင်မှာ တွေ့ကြတာကို စောင့်ကြည့် ကြရုံပဲရှိပါတယ်။ ဒီလိုနဲ့ အခုတလော ပြည်ပရေဒီယို အသံလွှင့်ချက်တွေမှာ နအဖရဲ့ရွေးကောက်ပွဲမှာ ချစ်တီးခေါင်းသန်းရှာ သလို စပေ့စ် ရှာပုံတော်ဖွင့်မယ့် အဖွဲ့တိုင်း နီးပါးဟာ မီဒီယာတွေက မေးတိုင်း မကျေမနပ်တွေ ပြောထွက် နေကြတာကို နေ့တိုင်းလိုလို ကြားနေရပါတယ်။ ဒါပေမယ့်လည်း တဆက်တည်း သတိ ထားမိတာက ကြံ့ဖွံ့ကို ဒီလို အခွင့်အရေးတွေ တဖက် သတ်ပေးထားတာဟာ မတရားဘူး လောက်ပဲ ပြောရဲပါတယ်။ ဒီရွေးကောက်ပွဲဟာ ဒါကြောင့် မတရားဘူး၊ ဒါတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာမျိုးတော့ မပြောဝံ့ကြပါဘူး။
ဒီလို အားလုံးက တရားမျှတခြင်းမရှိဘူးလို့ ကန့်ကွက်ပြောဆိုနေကြချိန်မှာပဲ နအဖဟာ လက်နက်သစ် တခုကို ထုတ်သုံး လာခဲ့ပါတယ်။ အဲဒါကတော့ ဘာသာရေး လက်နက်ဖြစ်ပါတယ်။ နအဖဟာ သာသန နုဂ္ဂဟ အသင်းဆိုတာကို ဖန်တီးပေးပြီး ကြံ့ဖွံ့အတွက် မဲရှာဖို့ လုပ်ပါတော့မယ်။ ဒါကိုကြည့်ပြီး နအဖ စစ်အစိုးရဟာ နိုင်ငံရေး လောကမှာ ရှေးအကျဆုံး မသမာမှုတခု ဖြစ်တဲ့ ဘာသာရေးကို ခုတုံးလုပ်တဲ့ နည်းကိုလည်း ချန်မထားဘူးလို့သာ မှတ်ချက် ချရပါတော့တယ်။ မြန်မာနိုင်ငံက ဗိုလ်ချုပ်တွေဟာ (၂၁) ရာစုနှစ်ထဲမှာ ကိုပဲ (၁၂) ရာစု နှစ်တုန်းက ခရူးဆိတ် စစ်ပွဲ ဆင်နွှဲ နေတုန်းပါလားလို့ စိတ်မကောင်း ဖြစ်ရပါတယ်။
အခုနောက်ဆုံးကြားနေရတဲ့ ကြံ့ဖွံ့တွေရဲ့မဲဆွယ်ရာမှာ လက်သုံးစကား တခုကတော့ ‘နောက်တခါ အာဏာသိမ်းတာ မတွေ့လိုရင် ကြံ့ဖွံ့ကို မဲပေးကြ’ ဆိုတာပါပဲ။ သူတို့အနေနဲ့ မဲဆွယ်ရာမှာ ချော့မြှူတဲ့နည်း၊ ခြိမ်းခြောက်တဲ့နည်း စသဖြင့် နည်းမျိုးစုံ အသုံးပြုနေရာမှာ အခုနောက်ဆုံး ကြားရတဲ့ နည်းတခုကတော့ ချော့မြှူတာလား၊ ခြိမ်းခြောက်တာလား အတော်ကို စဉ်းစားရ ကြပ်ပါတယ်။ ဒီစကားသာ မှန်ခဲ့ရင် ကြံ့ဖွံ့တွေ အနေနဲ့…
- စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ မကောင်းဘူးလို့ အသိအမှတ် ပြုတာလား။
- နအဖစစ်တပ်ဟာ ရွေးကောက်ပွဲမှာ သူတို့လိုလားတဲ့ အဖြေမထွက်ရင် အာဏာ သိမ်းလိမ့်မယ်လို့ အပိုင် ပြောနေတာလား။
- သူတို့ကို မဲမပေးရင် စစ်တပ်ကို အာဏာသိမ်းခိုင်းနိုင်စွမ်း သူတို့မှာရှိတယ်လို့ ၀န်ခံတာလား။
- ဒါမှမဟုတ် သူတို့နောက်မှာ စစ်တပ်ရှိနေတယ်လို့ ကြေညာတာလား။
ဒင်းတို့အလဟဿ ပြောနေတာတော့ ဟုတ်ဟန်မတူပါ။ အကြောင်းရှိမှာပါ။ ဒါတွေကို ကြားတော့ “ပေးနေတုန်းမှာ ပေးတာလေးတွေ ယူထားလိုက်ကြ” လို့ နအဖရဲ့စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို အဓိပ္ပာယ် ဖွင့်သူတွေ၊ “ဒီရွေးကောက်ပွဲကို ဆန့်ကျင်တယ် ဆိုသူတွေဟာ ပြည်တွင်း အခြေအနေကို ဘာမှမသိဘဲ ပြည်ပကနေ ရမ်းပြောနေတယ်” လို့ လှမ်းရမ်းနေသူတွေကို သတိရမိပါတယ်။ ပြည်တွင်းမှာ နေတဲ့ သူတို့တတွေ ဒီအခြေ အနေတွေကို တကယ် မသိတာလားလို့။ သူတို့ပြောတာ နောက်တခွန်း ရှိပါသေးတယ်။ အဲဒါက “ဒီမိုကရေစီကို နောက်တော့မှ တဖြည်းဖြည်း တိုးချဲ့ သွားကြတာပေါ့” တဲ့။ အာဏာ မသိမ်းသေးရင် ပေါ့လေ။
Ref: ခေတ်ပြိုင်
နေ့စဉ်သတင်းများ (၂၇ - ၇ - ၁၀)
■ ရွှေပိဋကတ်တိုက်ရှိ စာသင်သံဃာတို့ တိုက်မှ ဖယ်ရှားခြင်း မရှိသေး သတင်း
■ နေထိုင်သော တည်းခိုခန်း စီးနင်းခံရပြီးနောက် ရခိုင်ကျောင်းသားခေါင်းဆောင် ကိုနီမင်းအောင် ပျောက်ဆုံးနေ သတင်း
■ နအဖကို DKBA ဘက်မှ ကူတိုက်မည်ဟု KNU ပြော သတင်း
■ စစ်ပြေးဒုက္ခသည်များကို ထိုင်းစစ်တပ်က နေရပ်ရင်း ပြန်လွှတ် သတင်း
■ စစ်ဗိုလ်ချုပ်များနှင့် ပတ်သက်သည့် သတင်းဂျာနယ် ထုတ်ဝေမှုများပြား သတင်း
■ အန်ဒီအေ (ကချင်) တပ်မှူးဟောင်းများ မည်သည့်လုပ်ပိုင်ခွင့်မျှ မရှိ သတင်း
■ အိုင်အယ်လ်အိုက သတင်းအချက်အလက် ဖလှယ်သော ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ သတင်း
■ ဖမ်းဆီးခံရသော ရွာသား (၃) ဦး အသတ်ခံရ သတင်း
■ ဖားကန့်တံတား ကျိုးသဖြင့် ကားသမား (၁) ဦး သေဆုံး သတင်း
■ တံတားပိတ်ထားသဖြင့် နယ်စပ်ကုန်သွယ်ရေး ပြတ်တောက် သတင်း
■ ထိုင်း-မြန်မာနယ်စပ်ဂိတ် ပိတ်သည့်ကိစ္စ စီးပွားရေးလုပ်ငန်းရှင်များ ပူပန် သတင်း
■ စာပေကင်ပေတိုင် ညွှန်ကြားချက်သစ် ဥပေဒများကို မရေးရဲအောင်ဖြစ် သတင်း
■ ကျိုင်းတုံအရာရှိများအား လိုင်စင်မဲ့ယာဉ် လက်ဝယ်ထားရှိခြင်း မပြုလုပ်ရန် နေပြည်တော် မိန့်ကြား သတင်း
■ မန္တလေး-မြစ်ကြီးနား ရထားလမ်း အတင်းအဓမ္မ ကင်းစောင့်ခိုင်း သတင်း
■ အခွန်မဆောင်သော ထိုင်း-တရုတ်ကုန်ပစ္စည်းများကို အခွန်ဆောင်ခိုင်း သတင်း
■ သျှမ်းပြည် (မြောက်ပိုင်း) တွင် ကြံ့ခိုင်ရေးပါတီရုံးခန်းများ ဖွင့်တော့မည် သတင်း
■ တအာင်း(ပလောင်)ပါတီ တပြည်လုံးအဆင့် ယှဉ်ပြိုင်မည် သတင်း
■ အိန္ဒိယ သမ္မတက မြန်မာအာဏာရှင်ကို လက်ခံတွေ့ဆုံ သတင်း
■ ရွှေ့ပြောင်းအလုပ်သမားများ ဘုန်းကြီးကျောင်းဆောက် လှူဒါန်း သတင်း
■ ဘန်ကောက် မြန်မာအလုပ်သမားများ ၀ါဆိုသင်္ကန်းကပ်နှင့် တရားပွဲ ကျင်းပ သတင်း
■ ထက်ထက်မိုးဦးအမှု ဆက်လက်ကြားနာ၊ သတင်းထောက်များ တရားခွင် ၀င်ခွင့်မရ သတင်း
■ ဒိန်းမတ်နိုင်ငံတွင် ရခိုင်လူမှုရေးအသင်း ဖွဲ့စည်း သတင်း
■ အကျဉ်းထောင်ထဲက စိတ်ငြိမ်းချမ်းမှု ရှာပုံတော် (အင်တာဗျူး)
■ ဘာကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိန္ဒိယ သွားသလဲ (ဆောင်းပါး)
■ နာဂစ်တစ္ဆေ (ဆောင်းပါး)
■ နိုင်ငံရေး၊ စီးပွားရေး အလားအလာများ (သုံးသပ်ချက်ဆောင်းပါး)
Tuesday, July 27, 2010
ငွေချေးလိုပါက ကြံ့ဖွံ့ပါတီ ၀င်ရကြောင်း မင်္ဂလာဈေးမှ ဆိုင်ရှင်များ ပြော
မျိုးချစ်သူ
၂၆ ဇူလိုင် ၂၀၁၀
မီးသင့်မင်္ဂလာဈေး ဈေးဆိုင်များမှ ဆိုင်ရှင်များသည် ချေးငွေ ရလိုပါက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသို့ ၀င်ရကြောင်း မင်္ဂလာဈေးမှ ဈေးသူ ဈေးသားများက ပြောသည်။
ပြီးခဲ့သည့် မေ (၂၄) ရက်နေ့တွင် မီးလောင်ခဲ့သော ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေးဆိုင်ခန်း ပိုင်ရှင်များကို ကြံ့ဖွံ့ပါတီ (USDP) က ယခုအခါ ချေးငွေ သိန်းပေါင်း ကျပ် (၁၀,၀၀၀) နီးပါး ချေးပေးပြီးဖြစ်ကြောင်း အဆိုပါဈေး သာယာရေး ကော်မတီမှ သိရသည်။
ထိုသို့ငွေထုတ်ချေးရန်အတွက် ပြီးခဲ့သည့်ဇွန်လမှ စာရင်းများ ကောက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း၊ ငွေချေးရန် လျှောက်လွှာတွင် မြို့တော်ဝန် ဦးအောင်သိန်းလင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟု လိပ်မူ လျှောက်ထားရခြင်း ဖြစ်ကြောင်း ယင်းဈေး ကော်မတီမှ တာဝန်ရှိသူက ပြောသည်။
မင်္ဂလာဈေး မီးလောင်ရာ၌ ဆိုင်ခန်းမီးထဲပါသွားသူတဦးက “လျှောက်လွှာမှာ လိုချင်တဲ့ပမာဏကို ရေးရပါတယ်။ ဈေးအုပ်ချုပ်ရေး ရုံးခန်းမှာပါ။ ကျမက သိန်း (၂၀၀) ချေးလိုက်တယ်။ အိမ်ခန်းကို အပေါင်ထားတာပါ။ အခုတော့ ကျပါပြီ၊ ကြံ့ဖွံ့ ပါတီဝင်တော့ လုပ်ရပါတယ်” ဟု ပြောသည်။
ချေးငွေများကို ရန်ကုန်မြို့တော်စည်ပင်ဘဏ်က ဘဏ်၏ဘဏ်ထုံးလုပ်နည်းများနှင့်အညီ ငွေထုတ် ချေးပေးကြောင်း၊ ချေးငွေအတိုး နှုန်းမှာ အစိုးရ စီးပွားရေးဘဏ်များက နှုန်းအတိုင်း (၁) ကျပ်ခွဲ ပေးရမည်ဖြစ်ကြောင်း ရန်ကုန်စည်ပင်မှ အရာထမ်း တဦးက ပြောသည်။
မင်္ဂလာဈေးတွင် မီးသင့်ခဲ့သော ဆိုင်ခန်း စုစုပေါင်း (၇၉၉) ခန်းရှိကြောင်း၊ ယခုအခါ ငွေချေးသူဦးရေ (၈၀) နီးပါးခန့် ရှိကြောင်း ဈေးကော်မတီ စာရင်းများအရ သိရသည်။
ကြံ့ဖွံ့ပါတီသို့ မ၀င်လိုသူ ဆေးအရောင်းဆိုင်တဆိုင်မှ ပိုင်ရှင်ဖြစ်သူကမူ “ကျနော်တို့က လေးထပ်က ဆိုင်ခန်းပိုင်ရှင်တွေပါ။ မီးသင့်လို့ စိတ်ညစ်ရတဲ့ အထဲမှာ ပါတီပါ ၀င်ရမယ် လုပ်လာတော့ အစိုးရကို နဂိုကမှ မကြိုက်ရတဲ့ အထဲ ငွေမရလည်း နေပေါ့ဗျာ၊ မချေးဘူးလို့ မချေးဘဲ နေလိုက်တယ်” ဟု ပြောသည်။
ကြံ့ဖွံ့ပါတီသည် ကြံ့ဖွံ့အသင်းကို အသွင်ပြောင်းကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် ပြီးခဲ့သည့် ဧပြီ (၂၉ ) ရက်၌ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ရာ ဇွန် (၈) ရက်တွင် ပါတီမှတ်ပုံတင်ခွင့် ကျခဲ့ပြီးဖြစ်ကာ နအဖ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ဦးသိန်းစိန်အဖြစ် ပြောင်းလဲပြီး ပါတီ ဥက္ကဋ္ဌ အဖြစ် နေရာ ယူထားသည်။
Ref: မဇ္ဈိမ
နေ့စဉ်သတင်းများ (၂၆ - ၇ - ၁၀)
■ ဗိုလ်ချုပ်မှူးကြီး၏ ခရီးစဉ်တလျှောက် အိန္ဒိယရောက် မြန်မာများ ဆန္ဒပြ သတင်း
■ မဲဆောက်-မြ၀တီတံတား လကုန်ပြန်ဖွင့်ရန် ထိုင်းဘက်မှ မျှော်လင့် သတင်း
■ ၀ါဆိုလပြည့်နေ့တွင် မြန်မာအလုပ်သမားများ မြန်မာနိုင်ငံလာခွင့် ပိတ်ပင်ခံရ သတင်း
■ ဒယ်အိုးဆရာတော် တရားရေအေး တိုက်ကျွေး သတင်း
■ စစ်ရေးတင်းမာ၍ ကရင်ဒုက္ခသည်များ ထိုင်းဘက် ထွက်ပြေး သတင်း
■ ဘန်ကောက် ဗုံးကွဲမှု ဒဏ်ရာရသူ (၈) ဦးတွင် မြန်မာ (၁) ဦးပါ သတင်း
■ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အဖွဲ့ (၅) နာရီကြာ ဘုရားဖူး သတင်း
■ လိုင်စင်မဲ့ကားများ မှတ်ပုံတင်ထုတ်ပေး သတင်း
■ စစ်ဘက်အရာရှိများ လိုင်စင်မဲ့ကားခွန် (၅၀) ရာခိုင်နှုန်းသာ ပေးဆောင်ရ သတင်း
■ ငွေချေးလိုပါက ကြံ့ဖွံ့ပါတီ ၀င်ရကြောင်း မင်္ဂလာဈေးမှ ဆိုင်ရှင်များ ပြော သတင်း
■ ဒီးမော့ဆိုကို ကရင်နီရိုးရာအကဖြင့် ပူဇော်ခြင်း သတင်း
■ ဒုက္ခဝင်္ကပါ (ဆောင်းပါး)
Monday, July 26, 2010
နေ့စဉ်သတင်းများ (၂၅ - ၇ - ၁၀)
■ ရွေးကောက်ပွဲကို ပြည်သူအားလုံး သပိတ်မှောက်သင့်ကြောင်း ဦးဝင်းတင် ပြောကြား သတင်း
■ ပြန်လည်တိုက်ခိုက်ရန် ဒီကေဘီအေ စစ်ရေးအဆင်သင့်ဖြစ်နေပြီ သတင်း
■ ကရင်လူထု (၅၀၀) ကျော် ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးရောက်ရှိလာ သတင်း
■ စစ်အစိုးရအကြီးအကဲ အိန္ဒိယခရီးစဉ်အစ ဗုဒ္ဓဂယာ ရောက်ရှိ သတင်း
■ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဗုဒ္ဓဂယာခရီးစဉ် ယနေ့ စတင် သတင်း
■ ဗိုလ်ချုပ်မှူးကြီးတို့စုံတွဲ အိန္ဒိယဘုရားဖူးခရီးတွင် ငွေရောင်ပုဝါ ဆင်မြန်း သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီများ နိုင်ခြေ ရှိမရှိ သတင်း
■ ပြည်ထဲရေး ဒု-၀န်ကြီး ဖုန်းဆွေ မောင်တောမြို့နယ်မှ ပြည်ထောင်စုလွှတ်တော်အမတ်အဖြစ် အရွေးခံမည် သတင်း
■ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်နဲ့ စကားပြောခြင်း သတင်း
■ မိတ္ထီလာမြို့နယ်အတွင်း နွားများ သေဆုံးမှုရှိနေ သတင်း
■ ကြွက်တွေ အုပ်စုလိုက် နယ်ပြောင်းကြတာ ဘာကြောင့်လဲ သတင်း
■ ရွေးကောက်ပွဲအပေါ် လူထု ယုံကြည်မျှော်လင့်မှု နည်းပါး သတင်း
■ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သွားမည့် ဗုဒ္ဓဂယာတွင် ကန့်ကွက်ပိုစတာများ ကပ် သတင်း
■ နိုင်ငံရေးအကျဉ်းသား မထက်ထက်ဝေဦးကို ထောင်အာဏာပိုင်များက ရိုက်နှက် သတင်း
■ ဒီကေဘီအေနှင့် နအဖ ပဋိပက္ခကြောင့် ကရင်ရွာသားများ ထိုင်းနယ်စပ် ထွက်ပြေး သတင်း
■ ‘အစိုးရ’ စာလုံးကို အဓိပ္ပာယ်ပြောင်းသဖြင့် စက်မှုကျောင်းသားတချို့ ကျောင်းထုတ်ခံရ သတင်း
■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်စာဖတ်ဝိုင်း ပြန်လည်စတင် သတင်း
■ နိုင်ငံသားစိစစ်ရေး ကတ်ပြားတခုခု မရှိသူများ မဲစာရင်းတင်သွင်းခြင်း ခံရမည်မဟုတ် သတင်း
■ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လူထုကို လိမ်လည် စည်းရုံးနေ သတင်း
■ ဘင်္ဂလာပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်သူ နစက (၂) ဦး ဖမ်းဆီးခံရ သတင်း
■ ဘန်ကောက်ဗုံးပေါက်ကွဲမှု (၁၀) ယောက်ထက်မနည်း ဒဏ်ရာရ သတင်း
■ ရွေးကောက်ပွဲ ၀င်သင့် မ၀င်သင့် (တနင်္ဂနွေ ဆွေးနွေးပွဲ)
■ ကျော်သူ့ ဇာတ်ကားတွေ ကြည့်နိုင်ပြီဟေ့ ... (ဆောင်းပါး)
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88