Thursday, July 29, 2010

ရှင်လျက်နဲ့ သေနေတယ်ဆိုတဲ့ ကဗျာဆရာ ခင်လွန်း

ဇူလိုင် ၂၉၊ ၂၀၁၀




ပစ္စဘတ်မြို့၊ ဆန်ဆိုနီယဝေး အနုပညာစာစောင်မှာ ဖော်ပြထားတဲ့ မြန်မာကဗျာဆရာ တဦးရဲ့ အင်တာဗျူး


အဲသည့်ရောက် စာရေးဆရာမ ခက်မာက မိုးမခအတွက် ဘာသာပြန်ပေးတယ်


၁။ ဘယ်ခုနှစ်က ဘာအကြောင်းကြောင့် မြန်မာပြည်ကို စွန့်ခွာလာခဲ့တာပါလဲ။


ဖြေ - ၁၉၉၉- မှာ မြန်မာပြည်က ထွက်ခွာလာခဲ့ပါတယ်။ ထွက်ခွာလာတဲ့ အကြောင်းရင်းတွေက..
၁။ ၁၉၈၈- ခု စက်တင်ဘာလ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ နိုင်ငံသား အားလုံးရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ရေးသား ဖန်တီးခွင့်၊ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်တွေကို စစ်တပ်က မတရား ဥပဒေတွေ ထုတ်ပြန်ပြီး ကန့်သတ်မှုများ ပြုလုပ်ခဲ့ပါတယ်။

၂။ ၁၉၉၀ - ခု ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD- National League for Democracy) ကို အာဏာ လွှဲပြောင်းပေးမှု မရှိတဲ့အပြင် နိုင်ငံရေး ပါတီတခုရဲ့ရပိုင်ခွင့် များအားလုံးကို ( ပြောဆို စည်းရုံး ရေးသား ထုတ်ဝေခွင့်) ပိတ်ပင်ခဲ့ပါတယ်။ ပြည်သူနဲ့ NLD ပါတီ ထိတွေ့ခွင့် မရစေရန် ဖြတ်တောက်တာ ဖြစ်ပါတယ်။

၃။ စစ်တပ်က မီဒီယာများအားလုံးကို ထိန်းချုပ်ထားပြီး ပြည်တွင်း-ပြည်ပ နိုင်ငံရေး အခင်း အကျင်း များကို ပြည်သူများ သိရှိခွင့် မရှိအောင် ဆင်ဆာ ဖြတ်တောက်ခြင်း၊ အနုပညာ အရပ်ရပ်ရဲ့ လွတ်လပ်စွာ ဖန်တီး ရေးသားခွင့်တို့ကို တင်းကြပ်စွာ ကန့်သတ်ခဲ့ပါတယ်။

၎။ အထက်မှာပြောခဲ့တဲ့အချက်တွေအပြင် အာဏာသိမ်း စစ်အစိုးရရဲ့ နိုင်ငံနဲ့အ၀န်း ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ မတရား အကျိုးစီးပွား ရှာမှုတွေ၊ NLD အပါအ၀င် ဒီမိုကရေစီရေး လှုပ်ရှားနေသူ ရဟန်းသံဃာ၊ ကျောင်းသား ပြည်သူတွေ အပေါ် စစ်တပ် က မတရားဖိနှိပ် အနိုင်ကျင့် နေတာတွေ၊ နယ်စပ်ဒေသတွေမှာ တိုင်းရင်းသား လူမျိုးစုတွေ အပေါ် လူမျိုးတုန်း စစ်ပွဲ ဆင်နွှဲ နေတာတွေ ကို နိုင်ငံတကာ ကမ္ဘာ့ပြည်သူတွေ သိရှိအောင် ဖွင့်ချ ချင်ပါတယ်။ ဒီ့အတွက် ၁၉၉၆-၉၇မှာ ပြည်ပ (ထိုင်း) ရှိ ဒီမိုကရေစီရေး လှုပ်ရှား နေသူများနဲ့ ဆက်သွယ်ပြီး ပြည်တွင်း အခြေအနေတွေကို ဖွင့်ချနိုင်မည့် သတင်းဌာန တခု တည်ထောင်ဖို့ ကြိုးစား ခဲ့ပါတယ်။ (လစဉ်ထုတ် မိုးကြိုးသတင်းစဉ် MoJo Newsletter ထုတ်ဝေနိုင်ခဲ့၊ ယခုတိုင် ထိုင်းနယ်စပ်တွင် ထုတ်ဝေဆဲ)

ဒီကိစ္စကို စစ်ထောက်လှမ်းရေးက သတင်းရသွားပြီး ဖမ်းဆီးမှုများ ပြုလုပ် ခဲ့ပါတယ်။ မိမိ လွတ်မြောက်ပြီး ထိုင်းနိုင်ငံကို ထွက်ခွာလာခဲ့ပါတယ်။ လုပ်ဖော်ကိုင်ဘက် (၂) ဦး ဖမ်းဆီး ထောင်ချခံရကာ ထောင်ဒဏ် (၈) နှစ် ကျပါတယ်။ သူတို့ဟာ ၂၀၀၄-ခုနှစ်မှာ CPJ ကချီးမြှင့်တဲ့ သတင်းနဲ့စာ နယ်ဇင်းလွတ်လပ်ခွင့်ဆု ရရှိခဲ့ပါတယ်။

၂။ မြန်မာပြည်တွင်းမှာတုန်းက ဘယ်လိုစာပေအမျိုးအစားတွေကို ဘယ်လောက်ကြာကြာ ဖန်တီး ခဲ့ပါသလဲ။

ဖြေ - ကဗျာ၊ ၀တ္ထုတို၊ ဆောင်းပါးများ ရေးသားခဲ့ပါတယ်။ ပထမဆုံး ကဗျာကို ၁၉၇၅- မှာ စတင် ပုံနှိပ် ဖော်ပြခဲ့ရပါတယ်။ ကဗျာကို အများဆုံး ရေးသားပြီး ယနေ့ထိတိုင် ရေးသားဆဲ ဖြစ်ပါတယ်။ ၀တ္ထုတိုနဲ့ ဆောင်းပါး များကိုလည်း အခါအားလျော်စွာ ရေးသားခဲ့ပါတယ်။ စာပေဆောင်းပါး၊ လူငယ် တိုးတက်ရေးနဲ့ စီးပွားရေး အနုပညာဆိုင်ရာ ဆောင်းပါး၊ အားကစား ဆောင်းပါးများ ရေးသားခဲ့ပါတယ်။ ဘ၀ သရုပ်ဖော် ၀တ္ထုတိုများလည်း ရေးသားပါတယ်။ ကလောင်အမည် အမျိုးမျိုးနဲ့ ရေးသားခဲ့ တာဖြစ်ပါတယ်။ နှစ်ပေါင်း (၂၀) ခန့်ထိ စာပေ ရေးသားခြင်း၊ စာပေ လုပ်ငန်းတွင် ဘ၀နစ်မြှုပ်ထား ခြင်းတို့ဖြင့် အချိန်ကုန်ခဲ့ပါတယ်။

၃။ မိမိတိုင်းပြည်ကိုစွန့်ခွာခဲ့ရခြင်းဟာ ကဗျာဆရာတယောက်ရဲ့ဘ၀ကို ဘယ်အတိုင်းအတာ အထိ ထိခိုက်စေခဲ့ ပါသလဲ။ စွန့်ခွာ ခဲ့ရမှုကြောင့် တစုံတရာ ကောင်းကျိုးရော ရှိခဲ့ပါသလား။ ရှိခဲ့မယ်ဆိုရင် အဲဒါ ဘာဖြစ်ပါသလဲ။

ဖြေ - မိမိတိုင်းပြည်ကိုစွန့်ခွာခဲ့ရခြင်းဟာ ကဗျာဆရာတယောက်ရဲ့ဘ၀မှာ ထိခိုက်ဝမ်းနည်း ကြေကွဲ ဖွယ်ရာတွေ အများကြီး ရှိခဲ့ပါတယ်။

ကဗျာဆရာတွေဟာ မိခင်တိုင်းပြည်ရဲ့ အငွေ့အသက် မိမိလူမျိုးရဲ့ ယဉ်ကျေးမှု ဓလေ့စရိုက် ထုံးတမ်း အစဉ်အလာ တွေကို အင်မတန် ချစ်မြတ် နိုးကြသူများပါ။ ဒါတွေသာမက လူသားဘာဝ မိမိ မိဘ မောင်နှမ ဘ၀ ၀န်းကျင်များ အကြား အေးချမ်းမှုရှိတဲ့ ချစ်ခြင်းမေတ္တာကို တန်ဖိုး ထားကြသူများ ဖြစ်တဲ့အတွက် အဲဒါတွေကို ယခုအချိန်အထိ ပြန်မရတော့အောင် ဆုံးရှုံး ခဲ့ရပါပြီ။ (ယခုအချိန်ထိ ဇာတိမြေနဲ့ မည်သို့သော အကြောင်းနဲ့မှ မဆက်သွယ်တော့ပါ။ စစ်တပ်က သိခဲ့ရင် မိခင်အိုနဲ့တကွ ပတ်သက်သူ အားလုံးကို မတရားပုဒ်များ တပ်ကာ ဖမ်းဆီး ထောင်ချလေ့ရှိ)

နောက်ဆုံးရှုံးမှုတခုက ပြည်ပမှာ ရပ်တည်ရမှုဟာ အနုပညာနယ် မဟုတ်တော့ဘဲ ဒီမို ကရေစီရေး လှုပ်ရှားရာ နေရာဖြစ်တဲ့ အတွက် စာပေ ရေးဖွဲ့ရေးဟာ နောက်တန်း ရောက်သွားခဲ့ပါတယ်။ အနု ပညာ ဖန်တီးမှုအတွက် အခက်အခဲ ကြီးမား သွားပါတယ်။ ပြည်တွင်း စာနယ်ဇင်းများနဲ့ မျက်ခြေပြတ် သွားတာဟာလည်း စာရေးဖြစ်ဖို့ လှုံဆော်မှုကို ဆုံးရှုံး ရတာပါပဲ။ အဓိက အကျဆုံးက စာဖတ်သူများရဲ့ မြင်ကွင်းမှ ပျောက်ကွယ် ရခြင်းဟာ အထီးကျန်မှုထက် ပိုတဲ့ ကြေကွဲဖွယ် ဆုံးရှုံးမှုများပဲ ဖြစ်ပါတယ်။ ဒါဟာ အနုပညာသမား တယောက်အတွက် ရှင်လျက် သေဆုံးရခြင်းနဲ့ ဘာမှ မခြားတဲ့ နိဂုံး လို့တောင် ဆိုလို့ရပါတယ်။

ဒါပေမဲ့ ပြည်ပရောက်လာမှ အကျိုးရှိတွေလည်းရှိပါတယ်။ ကောင်းကျိုးလို့တော့ မဆိုချင်ပါ။ အနုပညာရှင် မည်သူ တဦးတယောက်မျှ အမိမြေက ထွက်ခွာလာရတာကို ကောင်းကျိုးလို့ ဆိုနိုင်ဖို့ ခက်လှပါတယ်။ (အစိုးရကို ဖီဆန်လို့ တိမ်းရှောင် ထွက်ပြေးလာသူများ ကိုသာ ဆိုလို) မိမိ ပြည်ပကို ထွက်ခွာလာရ တာဟာ တရားဝင် ရောက်လာတာမျိုး မဟုတ်ဘဲ ရာဇ၀တ်သား အဖြစ် ရှောင်ပုန်း ပြေးလွှားခဲ့ရတာသာ ဖြစ်ပြီး ထိုင်းအစိုးရက တရားမ၀င် ရောက်လာတဲ့ လူတွေကို မျက်နှာသာပေးလေ့ မရှိပါဘူး။

ဒါပေမယ့် ထိုင်းမှာနေရင်း မြန်မာစစ်အာဏာရှင် အဆက်ဆက်ရဲ့ ဖိနှိပ်ရက်စက် သတ်ဖြတ် အနိုင်ကျင့် စတဲ့ လူမဆန်မှုတွေကို ခါးစီးခံနေကြရတဲ့ တနိုင်ငံတည်းသား တိုင်းရင်းသားလူထုရဲ့ ဘ၀များကို မျက်ဝါးထင်ထင် ကိုယ်တွေ့ ကြုံရတဲ့အခါ စစ်အာဏာရှင် စနစ် မြန်မာပြည်မှာ အပြီးတိုင် ပျက်သုဉ်းဖို့ မဖြစ်မနေ လိုအပ်လာပြီ ဆိုတာကို ပိုမို အလေးအနက် ပြုမိလာပါတယ်။

ပြည်မမှာသာ ကျင်လည်ခဲ့တဲ့မိမိအဖို့ နယ်စပ်တိုင်းရင်းသား ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက် ခံနေရမှုနဲ့ ကရင် အမျိုးသားများ အပေါ် စစ်အစိုးရက လူမျိုးတုန်း သတ်ဖြတ်နေတာတွေကို ပိုမိုစာနာ နားလည်လာ နိုင်တာဟာ ကြီးမားတဲ့ အသိတန်ဖိုးလို့ မြင်မိပါတယ်။ ပြည်သူလူထု လိုလားတဲ့ အေးအတူ ပူအမျှ ပြည်ထောင်စုကြီး တခု မဖြစ်မနေ တည်ဆောက်ဖို့ လိုအပ်ပါလား ဆိုတဲ့ အသိဟာ ယခင်ကထက် ပိုခိုင်မြဲ လာပါတယ်။ ဒါဟာ အင်မတန် တန်ဖိုးကြီးတဲ့ အသိလို့ ဆိုချင်ပါတယ်။ နောက်တခုက လက်ရှိ အနေအထားမှာ တဦးပေါ်တဦး နားလည်မှု ကွဲလွဲနေတဲ့ တိုင်းရင်း သားများအကြား ညီညွတ် ချစ်ကြည်နေထိုင်ဖို့ မိမိကိုယ်တိုင် လက်တွေ့ ကြိုးစား နေထိုင်ပါတယ်။ ဒါ ဟာ အပေါင်းလက္ခဏာ ဆောင်တဲ့ အကျိုးရလဒ်ပါ။

၎။ ပြည်ပကိုရောက်တဲ့အခါ စာရေးခြင်း၊ ကဗျာရေးခြင်းအလုပ်ကို ဆက်လုပ်နိုင်ခဲ့ပါသလား။ ဘယ်လို နည်းနဲ့ စာ ဆက်ရေးခဲ့ ပါသလဲ။

ဖြေ - ပြည်ပရောက်စမှာ အတိုက်အခံအင်အားစုတွေထုတ်ဝေတဲ့ဂျာနယ်များမှာ အခါ အားလျော်စွာ ကဗျာ ရေးသားခွင့် ရပါတယ်။ ၂၀၀၁-၀၂-ခုများမှာ ပြည်ပရောက် မြန်မာတွေ အင်တာနက် ၀က်ဆိုက်တွေ တည်ထောင် လာကြတော့ စာပေနယ်တရပ် ပီပြင် ထွန်းကား လာပါတယ်။ အဲဒီအတွက် မိမိ ရေးသား ဖန်တီးလိုတာများ ရေးခွင့် ရလာပါတယ်။ ယခုနှစ်များအတွင်းမှာ ဂျာနယ်၊ မဂ္ဂဇင်းများပါ ထုတ်ဝေလာကြတဲ့ အတွက် ပါဝင် ရေးသားခွင့် ပိုရ လာပါတယ်။

၅။ ပြည်တွင်းမှာအနုပညာဖန်တီးရတာနဲ့ Exile ဘ၀နဲ့ ပြည်ပမှာနေပြီး အနုပညာ ဖန်တီးရခြင်း အတွက် ကွာခြားတဲ့ ခံစားချက်ကို ပြောပြပေးပါလား။

ဖြေ - ပြည်တွင်းမှာ အနုပညာဖန်တီးရတာဟာ အာဏာပိုင်နဲ့ စီးချင်း ထိုးရတာမျိုးပါ။ အားချင်း ဉာဏ်ချင်း ပြိုင်ရတာပါ။ စာတပုဒ် ရေးသားနိုင်တာဟာ အတားအဆီး အပိတ်အပင် အစောင့်အကြပ် များလှတဲ့ ဘဏ္ဍာသိုက်ထဲက ရတနာတွေကို ခက်ခက်ခဲခဲ ကျော်လွှားပြီး ရယူနိုင်တဲ့ သူရဲကောင်း တဦးရဲ့ ခံစားမှုမျိုးနဲ့ တူပါလိမ့်မယ်။ အင်မတန်ပီတိ ဖြစ်ရပါတယ်။ စစ်ပွဲတပွဲ အောင်နိုင်သလိုမျိုး ခံစားရပါတယ်။ ဒါပေမယ့် ပိတ်ပင် တားမြစ်မှုတွေ ကာလ ကြာရှည်လာတဲ့ အခါ လူတွေဟာ မွန်းကျပ်မှု ဒဏ်ကြောင့် မပွင့်လန်း နိုင်တော့တာမျိုးလည်း ရှိကြပါတယ်။

ပြည်ပမှာက အာဏာပိုင်နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ မလိုတော့တဲ့အတွက် ရေးသား ဖန်တီးရတာ ပိုမို လွတ်လပ်တာ အမှန်ပါ။ ဒါပေမယ့် အကြွင်းမဲ့ လွတ်လပ်မှုအောက်မှာ ဖန်တီးတဲ့ အနုပညာဟာ တခါတခါ နိုင်ငံရေး ကြေညာစာတမ်း ဆန်သွားတတ်တာနဲ့ အနုပညာ အားနည်းပြီး ရသဗေဒ ထိခိုက် သွားတတ်တာဆိုတဲ့ အစွန်းနှစ်ခုကို တွေ့ရ တတ်ပါတယ်။

မိမိကတော့ တိုင်းပြည်မှာ အရေးတကြီးလိုအပ်နေတဲ့ (ထောင့်) ဒေါင့်တွေကို တတ်စွမ်းတဲ့ ရသဗေဒကို လက်စွဲအဖြစ် အားပြုပြီး ရေးသား တင်ပြနေပါတယ်။ ဘာပဲပြောပြော လွတ်လပ်မှုဆိုတဲ့ တန်ဖိုး အကြီးဆုံး လာဘ်တပါးကို ရထားတာတော့ အမှန်ပါပဲ။ ကျေနပ်စရာ ကောင်းပါတယ်။

၆။ အခုအချိန်မှာ ဘယ်လိုအနေအထားမျိုး ဘယ်လိုပုံစံမျိုး (အလုပ်အကိုင်မျိုး) နဲ့ ဘ၀ရပ်တည် နေပါသလဲ။

ဖြေ - ၂၀၀၁- ခုကနေ ၂၀၀၆- နှစ်လည်အထိ ပြည်ပမှာ မိမိတို့ ကြိုးပမ်းမှုရလဒ် အရ ယနေ့တိုင် ထုတ်ဝေနေဆဲ ဖြစ်တဲ့ မိုးကြိုး သတင်းစဉ်မှာ Volunteer လုပ်ခဲ့ပါတယ်။ အယ်ဒီတာအဖြစ်ပါ။ အခမဲ့ ဖြန့်ချိတဲ့ တော်လှန်ရေး သတင်းစာ ဖြစ်တဲ့အတွက် လစာ ထောက်ပံ့မှု စသည် တစုံတရာ မရခဲ့ပါ။ ၂၀၀၄- ခုနောက်ပိုင်းမှာ UNHCR မှာ ဒုက္ခသည် အဖြစ် လျှောက်ခဲ့ပြီး တတိယနိုင်ငံ အခြေချ နိုင်ရေးအတွက် ၂၀၀၆- စက်တင်ဘာမှာ ထိုင်း-မြန်မာ နယ်စပ်က နို့ဖိုး ဒုက္ခသည်စခန်းကို ၀င်ခဲ့ပါတယ်။ ယခုတိုင် ဒုက္ခသည်စခန်းထဲမှာ ခိုလှုံ နေရပါတယ်။ ဒုက္ခသည် စခန်းမှာ ဒုက္ခသည်တွေကို အလုပ်လုပ်ခွင့် မပေးတဲ့အတွက် ဘာမှ မလုပ်နိုင်ပါ။ UNHCR က ထောက်ပံ့သည့် ရိက္ခာ၊ အိုး အိမ်တို့နဲ့ ကျရာဘ၀မှာ ဖြစ်သလို နေထိုင်ပါတယ်။ အခါ အားလျော်စွာ စာပေ ရေးသားခြင်း အလုပ်ကို လုပ်နေပါတယ်။

၇။ မြန်မာကဗျာဆရာတယောက်အနေနဲ့ အနာဂတ်မှာ အဖြစ်ချင်ဆုံး ဆန္ဒက ဘာဖြစ်ပါသလဲ။

ဖြေ - ပထမဆုံးက တိုင်းပြည်ကို ငြိမ်းချမ်း စေချင်တာပါပဲ။ အမုန်းအာဃာတတွေ ကင်းစင်ပြီး တိုင်းရင်းသား ညီအကိုများ အချင်းချင်း လေးနက် တည်ကြည် အနှစ်သာရရှိတဲ့ အေးအတူ ပူအမျှ ဘ၀မျိုးနဲ့ အတူတကွ ချစ်ချစ်ခင်ခင် နေထိုင်ချင်ပါတယ်။ ကာလတာရှည် အဖြစ်ဆိုး သံသရာကြီးထဲ က အမြန်ဆုံး လွတ်မြောက် ချင်ပါတယ်။ နယ်ပယ် အသီးသီးကိုလဲ လွတ်လပ်မှု ရစေချင်ပါတယ်။ မိတကွဲ ဖတကွဲ သားတကွဲ မယားတကွဲ အဖြစ်တွေ နိဂုံးချုပ်ကြပါစေ။ တိုင်းပြည်ကြီး အေး ချမ်းပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်း နိုင်တဲ့ အဆင့်မျိုး ရောက်ဖို့ အမျိုးသား ညီညွတ်ရေး ဖြစ်ပေါ်စေ ဖို့ဟာ အခုရော အနာဂတ်မှာရော ထာဝရ အဖြစ်ချင်ဆုံး ဆန္ဒပါ။

မူရင်းက ဒီမှာ

Ref: မိုးမခ

0 comments:

အပေါ်သို့