Friday, July 30, 2010

ပြောချင်လွန်းလို့

Thursday, July 29, 2010


မောင်ဝံသ

(၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆရာမောင်ဝံသ ဆောင်းပါး ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲကို လက်မခံပေမယ့် အဖွဲ့ချုပ် ခေါင်းဆောင် တစ်ဦး ဖြစ်ခဲ့တဲ့ ဆရာမောင်ဝံသ ကတော့ ရွေးကောက်ပွဲ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ခပ်စိတ်စိတ် ကလေး ရေးနေတာ တွေ့ရလို့ မျှဝေပေး လိုက်တာပါ။)

သည်ခေါင်းစဉ် ပေးဖို့ ရေးချလိုက်ပြီးမှ သင့်မသင့် တော်မတော် ပြန်စဉ်းစားရ သေးသဗျ။ ကျွန်တော့် ခေါင်းစဉ်က ယခုလက်ရှိ ပင်ပန်းကြီးစွာ ရုန်းကန် ကြိုးစားနေကြတဲ့ နိုင်ငံရေး သမားတွေကို ထိပါးနိုင်သလား။ ရိသဲ့သဲ့ ပြောရာ ရောက်သွား နိုင်သလားလို့ စဉ်းစားရတာပါ။ ရုတ်တရက် ကြည့်ရင် ‘လောလောဆယ် နိုင်ငံရေး နယ်ထဲမှာ ဘယ်လို လူတွေ များသလဲ’ ဆိုတာ နည်းနည်းလေး အဆိုး မြင်သလိုများ ဖြစ်သွား လေမလားပဲ။ ဒါပေမဲ့ ကျွန်တော့် အနေနဲ့ သည်ခေါင်းစဉ် တင်လိုက်မှ လိုရင်း ရောက်အောင် သုံးသပ်လို့ ရမှာဖြစ်လို့ သည်ခေါင်းစဉ် အောက်ကပဲ ဆက်ပြောပါရစေဗျာ။

ပထမဦးဆုံး ပြောချင်တာက ရွေးကောက်ပွဲ ဝင်မယ့် ပါတီတွေကိုရော၊ နိုင်ငံရေး သမားတွေကိုရော၊ တစ်သီး ပုဂ္ဂလတွေကို ရော ကျွန်တော့် အနေနဲ့ လုံးဝ မဆန့်ကျင်ပါဘူး။ ရွေးကောက်ပွဲ ဝင်ရကောင်းလား ဆိုပြီး အပြစ်မတင်ပါဘူး။

ရွေးကောက်ပွဲ ဝင်ခြင်း၊ မဝင်ခြင်း၊ မဲပေးခြင်း၊ မပေးခြင်းဟာ လူတစ်ဦးချင်းရဲ့ ဆုံးဖြတ်ပိုင်ခွင့် ဘောင်ထဲမှာပဲ ရှိတယ်လို့ နားလည် ထားတယ်။ ပြီးခဲ့တဲ့အပတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဆရာဖေမြင့် ရေးတဲ့ ‘ဝီစကီ စာနယ်ဇင်း သမား’ ရပ်တည် ချက်မျိုးနဲ့ ပြောတာ မဟုတ်ပါဘူးဗျ။ (‘အယ်ဒီတာ ခေါင်းကြီး’ ဆိုတဲ့ အဲဒီ ဆောင်းပါး မဖတ်ရသေးရင် ရှာဖတ်ကြည့်ဗျာ၊ အတော် ကောင်းတယ်ဗျ။)

ကျွန်တော်က စာနယ်ဇင်း သမားဘဝမှာ မြှုပ်နှံပြီး စာရေးခြင်း အလုပ်ကိုပဲ ဖိလုပ်နေပေမယ့် နိုင်ငံရေး ပိုးလေးတွေက ခန္ဓာကိုယ်တွင်းမှာ ရွစိရွစိနဲ့ ကျန်နေတုန်းပဲဗျာ။ ဆိုင်းသံကြားရင် ထကချင်တဲ့ ဝါသနာအိုးလို ဖြစ်နေတာကိုး။

ကျွန်တော် ကတော့ လက်ရှိ အနေအထားမှာ ကိုယ့်ကိုယ်ကိုယ် ဘာနဲ့တူသလဲ စဉ်းစားတော့ ကမ္ဘာ့ဖလားပွဲ ကာလမှာ ပြောနေတာ ဆိုတော့ ဘောလုံးပွဲကို သွားထိုင် ကြည့်နေတဲ့ ဘောလုံး သမားဟောင်း တစ်ယောက်နဲ့ ပိုပြီး တူနေတယ်လို့ ထင်မိတယ်ဗျ။ ကိုယ်တိုင် ဘောလုံး ကန်နေတုန်းက အသုံးကျချင်မှ ကျမယ်၊ သူများတွေ ကန်တာ ထိုင်ကြည့်တဲ့ အခါ လစ်ကွက် ဟာကွက်တွေကို တယ်မြင် တတ်တာကိုး။

ဘောလုံးပွဲနဲ့ နှိုင်းပြီး ပြောနေတာ ဆိုတော့ ဂျာနယ်ကြီး တစ်စောင်က လောလောဆယ် နိုင်ငံရေး သမားတွေကို ‘လူသစ်တန်းတွေ’ လို့ သုံးနှုန်း လိုက်တာ သတိထားမိတယ်ဗျ။ ‘လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ် အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် တိုက်ရိုက်ပါဝင် ပတ်သက်ခဲ့သူ အများစုက ရွေးကောက်ပွဲကို ပါဝင်ဆင်နွှဲခြင်း မပြုရန် ဆုံးဖြတ် ခဲ့ခြင်းကြောင့် လူသစ်တန်းများ နိုင်ငံရေး ဝင်လုပ်သည့် ရွေးကောက်ပွဲ ဖြစ်လာရသည့် အချက်’ လို့ရေးထားတယ်။ (Voice ဂျာနယ်၊ ၅ ဇူလိုင် ၂၀၁၀)။ သည်အချက်ကို ဖတ်ပြီး ကျွန်တော် သုံးသပ် ထားမိတာလေး တင်ပြရရင် တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေမှာ လူသစ်တန်းတွေ များနိုင်မှာ ဖြစ်ပေမယ့် ပြည်ထောင်စု လွှတ်တော် အဆင့်မှာတော့ လူသစ်တန်း နည်းလိမ့်မယ် ထင်တယ်ဗျ။ အနည်းဆုံး နှစ်နှစ်ဆယ် နိုင်ငံရေး အတွေ့အကြုံ ရှိသူတွေက အင်အား ပိုများမယ် ထင်တယ်ဗျာ။ ပါတီ တည်ထောင်သူတွေ အကြောင်း ဂျာနယ်တွေက တာဝန် ကျေပွန်စွာ ဖော်ပြခဲ့ကြလို့ သိရသမျှဆိုရင် ဝါရင့် သမ္ဘာရင့်တွေ အတော်များများ တွေ့ရတာပဲ။

လူသစ်တန်း ဆိုတာ အတွေ့အကြုံ နည်းပါးသေးသူ၊ နိုင်ငံရေးနယ်ထဲ ခုမှ ဝင်သူတွေကို ဆိုလိုတာ ဖြစ်မယ်။ လက်တွေ့ နိုင်ငံရေးနယ်မှာ လူသစ်တန်းက နည်းပြီး လူဟောင်းတန်းက ပိုများဖို့ အရေးကြီးတယ်။ ဘာကြောင့်လဲ ဆိုတော့ အခု အချိန်ဟာ တိုင်းပြည် တည်ဆောက်ချိန် ဖြစ်လို့ ဥပဒေပြုရေး တာဝန်ကို အဓိက ထမ်းဆောင် ကြရမယ့် ပြည်သူ့ ကိုယ်စား လှယ်လောင်းတွေဟာ သာမန် လူတွေထက် အရည်အချင်း ပိုပြည့်စုံသူတွေ ဖြစ်ဖို့လိုတယ်။ ကရော်ကမယ် ရွက်ကြမ်း ရေကျို လောက်နဲ့တော့ ပြည်သူ့ ကိုယ်စားလှယ် လုပ်ဖို့ စိတ်မကူး သင့်ဘူးဗျ။ ရွေးကောက်ပွဲ ဝင်ဖို့ငွေကျပ် ငါးသိန်း စိုက်ထုတ်တင် သွင်းနိုင်သူ ဖြစ်ရုံနဲ့ ကိုယ်စားလှယ်လောင်း အရည်အချင်း ပြည့်စုံသွားပြီလို့ မထင်နဲ့ဗျ။

လွတ်လပ်ရေး တိုက်ပွဲဝင်နေတဲ့ အချိန်တုန်း ကတော့ တစ်မျိုးပေါ့ဗျာ။ ၁၉၄၇ တိုင်းပြု ပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ အတွက် ဖဆပလ အမတ်လောင်းတွေ ရွေးတော့ အရွေးခံရတဲ့ ၁၈၂ ယောက်ထဲမှာ လူငယ် ၆၀ ကျော်ပါတယ်ဗျ။ ဗိုလ်ချုပ်အောင်ဆန်းက “အခုလာမယ့် တိုင်းပြု ပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ အတွက် အမတ်ဖြစ်ချင်တဲ့ လူ ၂၀၀၀ ကျော်မှာ လက်ရွေးစင် ၁၈၂ ယောက် ရွေးခဲ့တယ်။ အဲဒီ ၁၈၂ ယောက်မှာ ၆၀ ကျော်ဟာ မလိမ် မညာတတ်သေးတဲ့ ပြည်သူ့ ရဲဘော် လူငယ်တွေချည်းပဲ။ ကျန်တဲ့ လူတွေဟာလည်း တကယ် တစ်နေ့ကျလို့ အင်္ဂလိပ်ကို ခံချရမယ်ဆိုရင် သူပုန်အဖြစ် အကြေညာခံနိုင်ရဲတဲ့ လူတွေချည်းပဲလို့ ကျုပ်ယူဆတယ်။ ဒါပေမယ့် ဗုံးကြဲတဲ့ နေရာမှာ မဆီမဆိုင်တဲ့ အရပ်သူ အရပ်သားတွေ ထိသွားသလို အချောင်သမား တစ်ယောက် တလေ ပါချင်ပါလိမ့်မယ်၊ ဒီလောက် တိုတောင်းတဲ့ ရက်မှာ ဒီလောက်ပဲ စိစစ်ပြီးတော့ ရွေးနိုင်မယ်။ ကျုပ်တို့ ရွေးလိုက်တဲ့ လူထဲမှာ သစ္စာဖောက်မဲ့သူ နည်းတယ်။ ဖောက်ရင်လည်း ကျုပ်တို့က တာဝန်ယူတယ်” (၁၇ မတ် ၁၉၄၇ မော်လမြိုင် လူထုကို ပြောတဲ့မိန့်ခွန်း)

“ယခု လွှတ်တော် အမတ်တွေဟာ စာတတ်ဖို့ မလိုသေးပါဘူး၊ တိုက်စရာရှိ တိုက်မယ်ဆိုတဲ့ လူကိုပဲ လိုတယ်။ နောင်အခါကျမှ ကြည့်ပြီး စာတတ်တွေနဲ့ စီမံရမှာပဲ။ အခု စာတတ်တွေ ရွေးလိုက်ရင် စကားများ နေကြမှာပဲ။ လွတ်လပ်ရေး စခန်းကို ရောက်နိုင်မှာ မဟုတ်ဘူး” (၂၁ မတ် ၄၇၊ မုံရွာ)

စသည်ဖြင့် မိန့်ကြား ခဲ့တာတွေဟာ အချိန်ကာလနဲ့ လျော်ညီစွာ လိုအပ်တဲ့ နိုင်ငံရေးသမား အမျိုးအစားကို ထင်ဟပ် နေတာပဲဗျ။ လွတ်လပ်ရေး တိုက်ပွဲ အရေးတကြီး ဖြစ်နေချိန်မှာ ဖဆပလ ခေါင်းဆောင်များရဲ့ ဦးဆောင်မှု နောက်ကနေ မသွေမဖည် မတွန့်မဆုတ် လိုက်ပါမည့် နောက်လိုက် ကောင်းတွေကိုပဲ ခေါင်းခေါက် ရွေးခဲ့တာ ဖြစ်တယ်။ မလိမ်မညာ တတ်ခြင်း၊ စာတတ် (ပညာတတ်) မဟုတ်ပေမယ့် တိုက်စရာရှိ တိုက်ရဲခြင်း စသည်တို့ဟာ ထိုခေတ် ထိုကာလက နောက်လိုက် နိုင်ငံရေး သမားများရဲ့ အရည်အချင်း ဖြစ်လိမ့်မယ်လို့ ဗိုလ်ချုပ် မိန့်ခွန်းကနေ ကောက်ချက်ချ မိတယ်ဗျာ။

အဲသလို အနေအထားမှာ ခေါင်းဆောင်ကောင်းတွေ ရှိနေခြင်းဆိုတဲ့ အချက်အလက် ကတော့ အလွန် အရေးကြီးတယ်ဗျ။ ရွက်ကြမ်းရေကျို ခေါင်းဆောင်မှုမျိုးနဲ့ ဆိုရင်တော့ နောက်လိုက်တွေက ဘယ်လောက် အသေခံ လုပ်လုပ် ရည်မှန်းချက် ပေါက်မြောက်မှာ မဟုတ်ပေဘူးပေါ့ဗျာ။

အခု ကျွန်တော့် ဆောင်းပါးကို ‘လောလောဆယ် နိုင်ငံရေးနယ်ထဲမှာ ဘယ်လို လူတွေများသလဲ’ လို့ ခေါင်းစဉ် တပ်ထားပေမယ့် ကျွန်တော်က အဖြေထုတ်ပေးဖို့ မရည်ရွယ်ပါဘူး။ စာဖတ်သူများ အနေဖြင့် မိမိဘာသာ သုံးသပ် ကြည့်ကြဖို့ အလုပ်ရှုပ် ခိုင်းလိုက်ခြင်း ဖြစ်ကြောင်းပါဗျာ။

မောင်ဝံသ


0 comments:

အပေါ်သို့